အခန်း (၁၂၇-၁၂၈)
Vol. 13 Ch. 127-128
Chapter 127
~
အခန်း ၁၂၇ : မျက်နှာချင်း မဆိုင်ရဲသော ဧကရီ...
~
နောက်တစ်နေ့ မနက်ခင်းတွင်...
အိပ်ချင်မူးတူးဖြင့် လုံယွဲ့သည် သူမ၏ ခန္ဓာကိုယ်ကို ဟိုဘက်ဒီဘက် လှည့်လိုက်ပြီး အိပ်စက်သည့် အနေအထားကို ပြင်ကာ သူမ၏ ဖက်လုံးကြီးကို ပိုမိုသက်သောင့်သက်သာရှိအောင် တိုးကပ်ဖက်တွယ်လိုက်သည်။
မနေ့ညက သူမ မယုံနိုင်စရာ ကောင်းသော အိမ်မက်တစ်ခုကို မက်ခဲ့၏။ အင်မော်တယ်နတ်ဆိုးတိုက်ကြီးသို့ ပြန်မသွားနိုင်တော့သည့်အတွက် သူမ စိတ်ပျက်အားငယ်နေချိန်တွင် လင်းဖန်သည် သူမအပေါ် ထားရှိသော သူ၏ နက်နက်ရှိုင်းရှိုင်း ချစ်ခင်မြတ်နိုးမှုများကို ရုတ်တရက် ဝန်ခံခဲ့သည်။ ထိုအချက်က သူမကို ဤကမ္ဘာတွင် ဆက်နေထိုင်ရန် အကြောင်းပြချက်နှင့် တွန်းအားတစ်ခု ပေးခဲ့ခြင်း ဖြစ်သည်။
သို့သော် ဤသည်မှာ မဖြစ်နိုင်သောအရာသာ ဖြစ်သင့်သည်။ လင်းဖန်ကဲ့သို့သောသူက အင်မော်တယ်နယ်မြေ၏ ဧကရီကို အဘယ်သို့ ဝန်ခံနိုင်ပါမည်နည်း။
ဤသို့ တွေးတောရင်း သူမ ဖက်ထားသော နွေးထွေးသည့် ဖက်လုံးကြီးကို ခံစားမိသောအခါ လုံယွဲ့သည် ရုတ်တရက် မျက်လုံးများ ပွင့်လာပြီး အိပ်ချင်စိတ်များ ပျောက်ဆုံးသွားတော့သည်။
'တစ်ခုခုတော့ မှားနေပြီ..'
သူမသည် နတ်ဘုရားနန်းတော်ထဲတွင် ရှိနေသည်မဟုတ်ဘဲ ဤကမ္ဘာသို့ ရောက်နေသည်မှာ ကြာလေပြီ ။ ဤနေရာတွင် သူမအတွက် ဖက်လုံးဆိုသည်မှာ ဘယ်က ရောက်လာမည်နည်း။
လုံယွဲ့က ခေါင်းကို ဖြည်းဖြည်းချင်း မော့ကြည့်လိုက်သောအခါ ငြိမ်သက်စွာ အိပ်ပျော်နေသော လင်းဖန်၏ မျက်နှာကို အတိုင်းသား မြင်လိုက်ရသည်။ သူမ သူ၏ ရင်ခွင်ထဲသို့ ရောက်နေခြင်းပင်။
နွေးထွေးလှပါသည်ဆိုသော ဖက်လုံးကြီးမှာ အခြားမဟုတ်ဘဲ လင်းဖန်၏ ရင်ဘတ်ပင် ဖြစ်နေတော့သည်။
' ဟင်.. '
သူမ အဘယ်ကြောင့် လင်းဖန်၏ ရင်ခွင်ထဲတွင် အိပ်ပျော်နေရပါသနည်း။ သူမဘက်က စည်းကျော်မိသွားပြန်ပြီလော သို့မဟုတ် မနေ့ညက လင်းဖန်က သူမကို တစ်ခုခု စော်ကားခဲ့သည်လော။
လုံယွဲ့မှာ ဇဝေဇဝါဖြစ်ရင်း အသိစိတ်များ ပြန်ဝင်လာသောအခါမှ မနေ့ညက ဖြစ်ပျက်ခဲ့သမျှကို အမှတ်ရလာတော့သည်။
သူမ အအေးမိပြီး စိတ်ဓာတ်ကျနေချိန်တွင် လင်းဖန်သည် သူမကို နမ်းခဲ့ပြီး ဝန်ခံခဲ့သည်။ ထို့အပြင် သူမ မှတ်မိသည်မှာ မှန်ကန်ပါက သူမဘက်ကလည်း သဘောတူခဲ့မိသည် ထင်၏။
ထို့နောက်တွင် လင်းဖန် တိုက်ကျွေးသော ဆေးကို သောက်ပြီးနောက် အိပ်ချင်စိတ်ကို မထိန်းနိုင်ဘဲ မျက်လုံးမှိတ် အိပ်ပျော်သွားခဲ့ခြင်း ဖြစ်သည်။
'ဒါတွေအားလုံးက အိမ်မက်မဟုတ်ဘူးပဲ..'
'ဒါဆို အခု ငါက... လင်းဖန်ရဲ့ ကောင်မလေး ဖြစ်သွားပြီပေါ့..'
အခြေအနေကို နားလည်သွားသောအခါ လုံယွဲ့၏ လှပသော မျက်နှာလေးမှာ တဖြည်းဖြည်း နီရဲလာပြီး အပူရှိန်များ တက်လာကာ ဘာလုပ်ရမှန်း မသိဖြစ်နေတော့သည်။
သူမက အိပ်ပျော်နေသော လင်းဖန်ကို ခိုးကြည့်လိုက်ပြီး သူ နိုးမလာသေးသည်ကို အတည်ပြုကာ သူ၏ ရင်ခွင်ထဲမှ တိတ်တဆိတ် ရုန်းထွက်လိုက်သည်။ ထို့နောက် ခြေသံကို ဖော့ကာ ရေချိုးခန်းထဲသို့ ခပ်မြန်မြန် ပြေးဝင်လိုက်တော့သည်။
' လုံယွဲ့... အိုးး... လုံယွဲ့... နင် မနေ့ညက ရူးသွားတာပဲ ဖြစ်ရမယ် .. ဒါမှမဟုတ် အဖျားတက်ပြီး ဦးနှောက်တွေ အရည်ပျော်သွားတာလား .. လင်းဖန်ရဲ့ ကောင်မလေး ဖြစ်ဖို့ကို ဘယ်လိုဖြစ်ပြီး သဘောတူလိုက်ရတာလဲ.. '
လုံယွဲ့သည် မှန်ရှေ့တွင် ရပ်ကာ ပန်းသီးလေးကဲ့သို့ နီမြန်းနေသော သူမ၏ ပါးပြင်ကို အသာအယာ ပုတ်ရင်း စိတ်ကို ငြိမ်သက်အောင် ကြိုးစားနေမိသည်။
သို့သော် သူမ မည်သို့ပင် ကြိုးစားစေကာမူ ခုန်ပေါက်နေသော နှလုံးသားမှာ ငြိမ်ကျမသွားချေ။
အင်မော်တယ်နယ်မြေ၏ ဧကရီတစ်ဦးက လင်းဖန်၏ အမျိုးသမီးဖြစ်ရန် သဘောတူလိုက်သည်ဆိုသည်မှာ တကယ်ကို မယုံနိုင်စရာ အဓိပ္ပာယ်မရှိသော ကိစ္စပင်။
ယခုမှစ၍ လင်းဖန်ကို မည်သို့မျက်နှာချင်း ဆိုင်ရပါမည်နည်း။
အင်မော်တယ်နယ်မြေ၏ ဧကရီတစ်ဦးအနေဖြင့်လော သို့တည်းမဟုတ် လင်းဖန်၏ ချစ်သူ အနေဖြင့်လော...
ထိုအချိန်တွင် ရေချိုးခန်း အပြင်ဘက်မှ လင်းဖန်၏ အသံ ထွက်ပေါ်လာသည်။
လုံယွဲ့ သတိပြန်ဝင်လာပြီး သူမ ရေချိုးခန်းထဲတွင် ကြာနေပြီဖြစ်ကြောင်း သတိထားမိသဖြင့် ပျာပျာသလဲ ပြန်ထူးလိုက်သည်။
" ပြီး... ပြီးတော့မယ်.. "
ပြောပြောဆိုဆိုဖြင့် သူမသည် ရေပိုက်ကို ဖွင့်ကာ ရေအေးများဖြင့် မျက်နှာကို သစ်လိုက်သည်။ ပူထူနေသော ပါးပြင်ကို အအေးခံရန်နှင့် နီမြန်းနေသော မျက်နှာကို ဖုံးကွယ်ရန် ကြိုးစားလိုက်ခြင်း ဖြစ်သည်။
မှန်ရှေ့တွင် အသက်ကို ပြင်းပြင်းရှူကာ ပုံမှန်အတိုင်း တည်ငြိမ်နေစေရန် စိတ်ကို ပြင်ဆင်ပြီးမှ တံခါးကို ဖွင့်လိုက်သည်။
တံခါးပွင့်သွားသည်နှင့် သူမရှေ့တွင် မတ်တပ်ရပ်နေသော လင်းဖန်၏ အရပ်ရှည်ရှည် ခန္ဓာကိုယ်ကြီးကို မြင်လိုက်ရလေသည်။
သူ့ရင်ခွင်ထဲတွင် တစ်ညလုံး သက်သောင့်သက်သာ မှီအိပ်ခဲ့သည်ကို တွေးမိလိုက်သည်နှင့် ပုံမှန်ပြန်ဖြစ်ကာစ သူမ၏ ပါးပြင်မှာ ထပ်မံ နီမြန်းသွားရပြန်ကာ နှလုံးသားမှာလည်း တုန်လှုပ်သွားပြန်သည်။
'သွားပါပြီ..ငါ ကိုယ့်ကိုယ်ကို လုံးဝ မထိန်းနိုင်တော့ပါကလား..'
" ဘာလို့ မျက်နှာက နီနေတုန်းလဲ ..အအေးမိတာ မသက်သာသေးဘူးလား .."
လုံယွဲ့၏ ထူးဆန်းသော အမူအရာကို မြင်သောအခါ လင်းဖန်သည် စိုးရိမ်တကြီးဖြင့် သူ၏ လက်ဖမိုးကို သူမ၏ နဖူးပေါ် တင်ကာ စမ်းကြည့်လိုက်သည်။
" ဘာ... ဘာမှ မဖြစ်ပါဘူး .."
သူ့လက်နှင့် သူမနဖူး ထိတွေ့မိလိုက်သောအခါ လုံယွဲ့၏ ပါးပြင်မှာ ပို၍ နီမြန်းသွားကာ သူ့လက်ကို ခပ်မြန်မြန် ဖယ်ရှားလိုက်ပြီး ခေါင်းငိုက်စိုက်ဖြင့် သူ့ဘေးမှ ဖြတ်ကျော် ထွက်ခွာသွားတော့သည်။
ဤကဲ့သို့ ပုံမှန်မဟုတ်သော အပြုအမူကြောင့် လင်းဖန်မှာ ဇဝေဇဝါဖြစ်ကာ စိုးရိမ်သွားသည်။
'ဧကရီ ဘာဖြစ်နေတာပါလိမ့်..'
'အဖျားက မကျသေးတာလား..'
မနက်စာ စားချိန်တစ်လျှောက်လုံး လုံယွဲ့သည် ခေါင်းကို ငုံ့ထားပြီး စကားတစ်ခွန်းမှ မပြောဘဲ ပဲနို့ကိုသာ တစ်ဇွန်းချင်းစီ ငြိမ်သောက်နေသည်။
" မင်း အီကြာကွေး ကြိုက်တယ် မလား .. ဒီမနက် အများကြီး ဝယ်လာတယ်..အများကြီး စားနော်.. "
လင်းဖန်က အီကြာကွေးတစ်ခုကို ယူကာ အပိုင်းလေးများ ပိုင်းပြီး သူမ၏ ပဲနို့ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။
လုံယွဲ့၏ မျက်နှာလေးက အနည်းငယ် နီရဲနေပြီး တိုးတိုးလေး ကျေးဇူးတင်စကား ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ်... "
ထိုစကားကြောင့် လင်းဖန်က သူမကို စပ်စုသော အကြည့်ဖြင့် ကြည့်လိုက်မိသည်။
အရင်ကဆိုလျှင် သူမ၏ ပန်းကန်ထဲ စားစရာ ထည့်ပေးပါက သူမ ပျော်ပျော်ရွှင်ရွှင်နှင့် တန်းစားလေ့ရှိသည်။ ယနေ့ကဲ့သို့ ယဉ်ယဉ်ကျေးကျေး ပြုမူလေ့ မရှိချေ။
" ဒီဧကရီ ဗိုက်ဝပြီ.. "
လင်းဖန်၏ အကြည့်ကို သတိထားမိသောအခါ လုံယွဲ့က ပန်းကန်ထဲရှိ ပဲနို့နှင့် အီကြာကွေးများကို တစ်ကျိုက်တည်း သောက်လိုက်ပြီး ထမင်းစားပွဲမှ ထွက်ပြေးသကဲ့သို့ ခပ်မြန်မြန် ထွက်သွားတော့သည်။
အိုးထဲတွင် ကျန်နေသေးသော ပဲနို့များနှင့် အီကြာကွေးပုံကြီးကို ကြည့်ကာ လင်းဖန် ပို၍ စိုးရိမ်သွားသည်။ ထို့နောက် ကွန်ပျူတာ စားပွဲတွင် ထိုင်နေသော လုံယွဲ့ကို ကြည့်လိုက်သည်။
အရင်ကဆိုလျှင် သူမသည် ပဲနို့ တစ်အိုးလုံး ကုန်အောင် သောက်တတ်သူ ဖြစ်သည်။ ယနေ့တွင် လေးပန်းကန်မျှသာ သောက်ခြင်းမှာ အလွန်ပင် ထူးဆန်းလှသည်။
" ဧကရီ... "
လင်းဖန်သည် လုံယွဲ့၏ ဘေးသို့ လျှောက်သွားကာ တစ်ခုခု မေးရန် ပြင်လိုက်သော်လည်း သူမက နားကြပ်ကို အမြန် တပ်လိုက်သည်။
" အင်း... ဒီဧကရီ Live လွှင့်တော့မယ် ..တခြားကိစ္စတွေကို နောက်မှ ပြောကြတာပေါ့ .."
ပြောပြောဆိုဆိုနှင့် သူမသည် ကွန်ပျူတာ မျက်နှာပြင်ကို ကြည့်ကာ နှုတ်ဆက်လိုက်သည်။
" အားလုံးပဲ မင်္ဂလာနံနက်ခင်းပါ... "
" ဧကရီ... မင်းရဲ့ ကွန်ပျူတာက မဖွင့်ရသေးဘူးလေ... "
လင်းဖန်သည် မှောင်မည်းနေသော ကွန်ပျူတာ မျက်နှာပြင်ကို ညွှန်ပြရင်း စိုးရိမ်တကြီး ပြောလိုက်သည်။
'ဘယ်သူကများ ကွန်ပျူတာ မပွင့်ခင် Live စလွှင့်လို့တုန်း...'
'မနေ့ညက အဖျားတက်ပြီး သူ တကယ်ပဲ စိတ်တွေ လွတ်နေပြီလား..'
လုံယွဲ့ .." ... "
လုံယွဲ့သည် အကျပ်ရိုက်ကာ ခဏတာ ငြိမ်ကျသွားပြီးနောက် ကွန်ပျူတာ ပါဝါခလုတ်ကို လျှပ်စီးကဲ့သို့ အမြန်နှိပ်လိုက်သည်။ ထို့နောက် Mouse ကို လှုပ်ရှားကာ Live လွှင့်သည့် ဆော့ဖ်ဝဲလ်များကို ကမန်းကတန်း ဖွင့်လိုက်တော့သည်။
" ဧကရီ... မင်း ဖျားတာက လုံးဝ မပျောက်သေးဘူးလေ .. ငါ မနေ့ကလည်း မင်းအတွက် ခွင့်တိုင်ပေးထားပြီးပြီ .. ဒီနေ့လည်း ထပ်ပြီး အနားယူလိုက်ပါလား.. "
လင်းဖန်က စိတ်မချသဖြင့် အကြံပေးလိုက်သည်။
" ရပါတယ် ..ဒီဧကရီ လုံးဝနီးပါး သက်သာသွားပါပြီ .."
" ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ခွင့်တွေ အများကြီး ယူထားမိပြီ ..အခု ထပ်ယူရင် ဒီဧကရီကို စောင့်နေကြတဲ့ ပရိသတ်တွေကို အားနာစရာ ဖြစ်လိမ့်မယ်.. "
လုံယွဲ့က ရှက်ပြုံးလေး ပြုံးကာ သူမ ဘာမှမဖြစ်ကြောင်း လက်ယမ်းပြလိုက်သည်။ ထို့နောက် ခေါင်းကို လွှဲကာ ကွန်ပျူတာ မျက်နှာပြင်ကိုသာ အာရုံစိုက်နေတော့သည်။
" ကောင်းပြီလေ .. ဒါဆိုလည်း အရမ်းကြီး အပင်ပန်းမခံနဲ့ .."
လင်းဖန်သည် သူမကို ထပ်မနှောင့်ယှက်လိုတော့ပေ။ သူ အဖျား ပျောက်ဆေးတစ်ခွက် ဖျော်ကာ သူမ၏ စားပွဲပေါ်တွင် တင်ပေးလိုက်သည်။
" ဆေးဖျော်ပေးထားတယ် .. နွေးနေတုန်း သောက်လိုက်ဦး.. "
သူမကို မေးချင်သည့် မေးခွန်းများ ရှိနေသေးသော်လည်း သူမ Live လွှင့်တော့မည် ဖြစ်သဖြင့် လောလောဆယ်တွင် လက်လျှော့လိုက်ကာ Live ပြီးမှသာ မေးရန် ဆုံးဖြတ်လိုက်သည်။
လင်းဖန် ထွက်သွားသည်ကို မျက်စိထောင့်မှ မြင်လိုက်ရသောအခါ လုံယွဲ့သည် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ သူမသည် လင်းဖန်ကို မည်သို့ ရင်ဆိုင်ရမည်ဆိုသော ပြဿနာကို ခဏတာ မေ့ထားနိုင်ရန် Live လွှင့်ခြင်းထဲတွင်သာ အာရုံနစ်မြှုပ်လိုက်တော့သည်။
သူမ ခုနက ပြောခဲ့သော စကားများမှာ လင်းဖန်၏ မေးခွန်းများကို ရှောင်လွှဲရန် ဖြစ်သလို သူမ၏ စိတ်ရင်းလည်း ဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းက သူမသည် ပြန်မည့်လမ်းကို ရှာဖွေရန် အလုပ်ရှုပ်နေခဲ့သဖြင့် Live များကို ဆက်တိုက် ခွင့်ယူခဲ့မိသည်။ ပရိသတ်များစွာကလည်း မကျေမနပ် ဖြစ်နေကြပြီဖြစ်ရာ ယခုအချိန်မှာ Live ပြန်လွှင့်ရန် အချိန်တန်လေပြီ ။
ကွန်ပျူတာ မျက်နှာပြင်ရှေ့တွင် ပြန်ထိုင်လိုက်သောအခါ သူမ၏ စိတ်ခံစားချက်မှာ အရင်နှင့် လုံးဝ ကွဲပြားနေသည်။
အရင်ကဆိုလျှင် Live လွှင့်ခြင်းမှာ ဤကမ္ဘာတွင် နေထိုင်စရိတ် ရရှိရန်အတွက် ယာယီ လုပ်ကိုင်ခြင်းသာ ဖြစ်သည်။ သူမ အချိန်မရွေး ထွက်ခွာသွားရန် ပြင်ဆင်ထားသဖြင့် streaming ကို အလေးအနက်ထားရန် စိတ်မကူးခဲ့ချေ။
ယခုမူ သူမတွင် ဤနေရာ၌ နေထိုင်ရန် အကြောင်းပြချက်နှင့် ဆန္ဒ ရှိနေပြီ ဖြစ်သဖြင့် အခုကစပြီး streaming ကို ပို၍ ကောင်းမွန်အောင်၊ ပို၍ အလေးအနက်ထားကာ လုပ်ကိုင်ရန် ဆုံးဖြတ်လိုက်သည်။
အခုမှစ ဤကမ္ဘာတွင် သူမ၏ အသက်မွေးဝမ်းကျောင်း အလုပ် ဖြစ်လာတော့မည် မဟုတ်ပါလော။
Chapter 128
~
အခန်း ၁၂၈ : ရင်ဖွင့်လိုသော ဧကရီ...
~
တိုက်ရိုက်ထုတ်လွှင့်မှု စတင်လိုက်သည်နှင့် တပြိုင်နက် မှတ်ချက်စာတန်းများက မျက်နှာပြင်ပေါ်တွင် အလျင်အမြန် ပြည့်နှက်သွားတော့သည်။
" ဧကရီအရှင်မ... နောက်ဆုံးတော့ Live လွှင့်ပြီပေါ့.. "
" ဘာလို့ အမြဲတမ်း ခွင့်တွေ အကြာကြီး ယူနေရတာလဲ.. ဒီလောက် ပျင်းတဲ့သူက ဘယ်လိုလုပ် အင်မော်တယ်နယ်မြေရဲ့ ဧကရီ ဖြစ်နိုင်မှာလဲ.. "
" ဧကရီ နေမကောင်းဘူးလို့ ကြားတယ် .."
" ဒီနေ့ Live လွှင့်တယ်ဆိုတော့ နေပြန်ကောင်းသွားပြီပေါ့ ဟုတ်လား.. "
မှတ်ချက်များထဲရှိ အပြစ်တင်စကားများနှင့် စိုးရိမ်ပူပန်မှုများကို ကြည့်ရင်း လုံယွဲ့၏ ရင်ထဲတွင် နွေးထွေးမှုတစ်ခု ခံစားမိလိုက်သည်။ ဤကမ္ဘာတွင်ပင် သူမကို ဂရုစိုက်ပေးကြသည့် လူအများကြီး ရှိနေပါသေး၏။
ရုတ်တရက်ဆိုသလို သူမကို အမြဲတမ်း စနောက်တတ်သည့် ဤလူသားများကို ကြည့်ရသည်မှာ အရင်ကကဲ့သို့ မုန်းတီးစရာ မကောင်းတော့ဘဲ အတော်လေးပင် ချစ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။
" တောင်းပန်ပါတယ်... ဒီဧကရီမှာ မကြာသေးခင်က ကိုင်တွယ်ဖြေရှင်းစရာ ကိစ္စတချို့ ရှိနေလို့ပါ..အခုတော့ အဲ့ဒီကိစ္စတွေ ပြေလည်သွားပါပြီ..အားလုံးကို စိတ်ပူအောင် လုပ်မိသွားလို့ တောင်းပန်ပါတယ်.. "
လုံယွဲ့က ကျေနပ်စွာ ပြုံးရင်း ဤလူသားအုပ်စုကို စိတ်ရင်းဖြင့် တောင်းပန်လိုက်သည်။
" ရပါတယ် .. ရပါတယ်..ကိစ္စရှိလို့ ပျက်တာဆိုတော့လည်း မတတ်နိုင်ဘူးလေ.. "
" ဧကရီ ကိုယ်တိုင်က တောင်းပန်နေမှတော့ ငါတို့က ဘာပြောစရာ ရှိတော့မှာလဲ.. ခွင့်လွှတ်ပါတယ် ဧကရီအရှင်မ "
" တောင်းပန်တာက ဗိုက်ကို ပြမှလေ .."
" မဟုတ်ဘူး... ဧကရီအရှင်မရဲ့ ဗိုက်လုံးလုံးလေးကို ငါ မမြင်ချင်ဘူး..အဲ့ဒါဆိုရင် ငါ့ရဲ့ စိတ်ကူးယဉ်အိမ်မက်တွေ ပျက်စီးကုန်လိမ့်မယ်.. "
" ... "
တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပုံမှန်အတိုင်းပင် စနောက်ကျီစယ်သံများ စတင်လာသဖြင့် လုံယွဲ့၏ နဖူးမှ အကြောများမှာ ဒေါသကြောင့် တင်းခနဲ ဖြစ်သွားသည်။
သူမ အစောပိုင်းက ပြောခဲ့သော စကားကို ပြန်ရုပ်သိမ်းရတော့မည်။ ဤမုန်းတီးစရာကောင်းသော လူသားများသည် ချစ်စရာ လုံးဝမကောင်းပါချေ။
" အသင်တို့တွေ... "
" ထားပါတော့... ဒီနေ့ ဒီဧကရီ စိတ်ကြည်နေတာမို့လို့ အသင်တို့ကို အပြစ်မယူတော့ဘူး .."
စကားအဆုံးတွင် လုံယွဲ့သည် သူမ၏ ဒေါသကို မျိုသိပ်လိုက်ကာ အားလုံးကို ရက်ရက်ရောရော ခွင့်လွှတ်ပေးလိုက်သည်။ ဤအချက်က လူတိုင်း၏ ဇဝေဇဝါဖြစ်မှုနှင့် စပ်စုလိုစိတ်ကို ပို၍ နှိုးဆွလိုက်သကဲ့သို့ ဖြစ်သွားသည်။
အရင်ကဆိုလျှင် ဧကရီအရှင်မသည် ဗုံးတစ်လုံးကဲ့သို့ ချက်ချင်း ပေါက်ကွဲထွက်လာမည် ဖြစ်သော်လည်း ယနေ့တွင် မည်သည့်အကြောင်းကြောင့် ဤမျှအထိ သဘောကောင်းနေရပါသနည်း။
" ဧကရီ... မကြာသေးခင်က တစ်ခုခု ထူးထူးခြားခြား ကောင်းတာမျိုး ရှိလို့လား..ဒီနေ့ အရမ်း ပျော်နေသလိုပဲ.. "
" ဘာ... ဘာမှ ထွေထွေထူးထူး ပျော်စရာ မရှိပါဘူး... "
တစ်စုံတစ်ယောက်က မေးလိုက်သည်ကို မြင်သောအခါ လုံယွဲ့သည် မနေ့ညက အကြောင်းကို ပြန်လည် မြင်ယောင်လာပြီး သူမ၏ ရှက်ရွံ့မှုကို ခပ်မြန်မြန် ဖုံးကွယ်လိုက်သည်။
သို့သော် သူမ၏ ရှက်ကိုးရှက်ကန်း လေသံနှင့် ထိန်းမနိုင်သိမ်းမရ ဖြစ်ပေါ်လာသော အပြုံးများက သူမကို သစ္စာဖောက်နေလေပြီ ။
ချက်ချင်းဆိုသလိုပင် မှတ်ချက်စာတန်းများထဲတွင် ခန့်မှန်းချက်များစွာ ပြည့်နှက်သွားတော့သည်။
" တစ်ခုခုတော့ မှားနေပြီ .."
" ဧကရီ... မြန်မြန် ပြောပြပါဦး ..ဘာကောင်းတဲ့ကိစ္စ ရှိနေတာလဲ .."
" ထီပေါက်လို့ ချမ်းသာသွားတာလား.. "
" ငါကတော့ ဧကရီ အချစ်မှာ ကျရှုံးနေတယ်လို့ ခံစားရတယ်... "
" ... "
သူမ၏ လျှို့ဝှက်ချက်ကို အတိအကျ ခန့်မှန်းမိသွားသဖြင့် လုံယွဲ့၏ လှပသော မျက်နှာလေးမှာ နီမြန်းသွားကာ ရှက်ရွံ့စွာ ငြိမ်သက်သွားတော့သည်။ ဤသို့ ငြိမ်သက်သွားခြင်းမှာ လူသိရှင်ကြား ဝန်ခံလိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။
ခဏချင်းမှာပင် မှတ်ချက်များမှာ ပေါက်ကွဲထွက်ကုန်တော့သည်။
" အား... ဧကရီက တကယ်ပဲ အချစ်မှာ ကျရှုံးသွားတာလား .."
" ဧကရီ ဘာလို့ ရုတ်တရက် သဘောကောင်းသွားလဲဆိုတာ အံ့သြစရာ မရှိတော့ပါဘူး .."
" ဘယ်သူလဲ... ဘယ်သူက ငါတို့ရဲ့ ဧကရီကို ခိုးယူသွားတာလဲ.. "
" ဘေးအိမ်က နတ်ဆိုးအရှင်များလား မသိဘူးနော်.. "
" ... "
အားလုံးက ခန့်မှန်းမိသွားကြပြီဖြစ်သဖြင့် လုံယွဲ့သည်လည်း ထပ်မံ ဖုံးကွယ်မနေတော့ရန် ဆုံးဖြတ်လိုက်သည်။ သူမက အိပ်ခန်းထဲတွင် စာရေးခြင်း၌ အာရုံနစ်နေသော လင်းဖန်ကို ခိုးကြည့်လိုက်ပြီးနောက် သူမ၏ အခက်အခဲများကို ပရိသတ်များအား တိုးတိုးလေး ရင်ဖွင့်လိုက်တော့သည်။
" တကယ်တော့ ဒီဧကရီနဲ့ သူနဲ့က သိလာတာ ကြာပါပြီ.. ဒါပေမဲ့ အရင်က ငါတို့ရဲ့ ဆက်ဆံရေးက သိပ်မကောင်းခဲ့ဘူး.. တွေ့တာနဲ့ အမြဲတမ်း တိုက်ခိုက်နေကြတာ... "
" အာ... တိုက်ခိုက်တယ် ဟုတ်လား.. "
" အဲ့ဒီလူက ဧကရီကို ရိုက်တာလား.. "
" ဧကရီက ဒီလောက် ချစ်ဖို့ကောင်းတာကို သူ ဘယ်လိုလုပ် လက်ပါရဲတာလဲ.. "
" ဒီလိုလူစားမျိုးနဲ့ လမ်းမခွဲပါနဲ့ဦး .. နှစ်သစ်ကူးအထိ ထိန်းထားလိုက်.. "
" ဧကရီ... သူ့ရဲ့ ID နံပါတ်ကို ချပြလိုက်ပါ ..ငါတို့ ကူညီပြီး ဆဲပေးမယ်.. "
" ... "
ပရိသတ်များက မတရားမှုကို မခံမရပ်နိုင် ဖြစ်ကုန်ကြကာ ဝိုင်းဝန်း ပြစ်တင်ရှုတ်ချနေကြတော့သည်။ ဤသည်မှာ လုံယွဲ့ကို ကြောင်အအ ဖြစ်သွားစေ၏။
" အင်း... တကယ်တော့ ဒီဧကရီကပဲ သူ့နောက်ကို တကောက်ကောက်လိုက်ပြီး ရိုက်ခဲ့တာပါ... "
ပရိသတ်များ .. " ... "
သူမ ထိုသို့ ပြောလိုက်သည်နှင့် တိုက်ရိုက်ထုတ်လွှင့်မှု တစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။ တိုက်ခိုက်သည် ဟု ကြားလိုက်ရချိန်တွင် လူတိုင်းက တစ်ဖက်လူမှာ ဧကရီကို နှိပ်စက်နေသည်ဟုသာ အလိုလို ထင်မြင်မိခဲ့ကြခြင်း ဖြစ်သည်။ အမှန်တရားက ပြောင်းပြန်ဖြစ်နေလိမ့်မည်ဟု မည်သူမှ ထည့်မတွက်ခဲ့ကြချေ။
" ဧကရီက ရိုက်ခဲ့တယ်ဆိုတာ လုံးဝကို ထင်မထားတဲ့ ကိစ္စပဲ... "
" ငါလည်း အတူတူပဲ... "
" မယုံနိုင်စရာပဲ .. ဧကရီက အတော်လေး လက်ရဲဇက်ရဲရှိတာပဲ.. "
" ကြောက်စရာကြီး .."
" ဧကရီက တစ်ဖက်လူကို သဘောတူအောင် အကြမ်းဖက်ပြီး အတင်းအကျပ် လုပ်ခဲ့တာတော့ မဟုတ်လောက်ပါဘူးနော်.. "
" မ... မဟုတ်ပါဘူး .. လုံးဝ မဟုတ်ပါဘူး .."
လုံယွဲ့၏ မျက်နှာလေးက နီမြန်းသွားကာ ခပ်မြန်မြန်ပင် ပြန်ချေပလိုက်သည်။ မြင့်မြတ်လှသော ဧကရီအရှင်မ ဖြစ်သည့် သူမသည် ဘဝတွင် မကောင်းမှု တစ်ခုမှ မလုပ်ခဲ့ဖူးသော်လည်း ယခုတော့ အကြမ်းဖက် အမျိုးသမီးတစ်ယောက်အဖြစ် အထင်မှားခံနေရပြီ မဟုတ်ပါလော။
" ဒီဧကရီက အကြောင်းမရှိဘဲ လူတွေကို မရိုက်ပါဘူး .."
" များသောအားဖြင့် သူ့ကိုပဲ ရိုက်တာပါ... "
" သူ့ကိုပဲ ရိုက်တယ် ဟုတ်လား .."
" သိပြီ ..ဧကရီက သူ့ရဲ့ အာရုံစိုက်မှုကို ခံချင်လို့ လုပ်တာပဲ.. "
" အို... ဧကရီက အချစ်ဦးနဲ့ တွေ့နေတဲ့ ကလေးမလေး တစ်ယောက်လိုပါပဲလား.. "
" ... "
ပရိသတ်များ၏ စနောက်မှုကို ကြည့်ရင်း လုံယွဲ့မှာ စိတ်ပျက်သွားကာ သူမ ဘယ်လိုပဲ ရှင်းပြစေကာမူ ရှင်းလင်းသွားလိမ့်မည် မဟုတ်သဖြင့် လက်လျှော့လိုက်တော့သည်။
" ထားလိုက်ပါတော့ .. အသင်တို့ကို ရှင်းပြလို့လည်း နားလည်မှာမဟုတ်ဘူး .."
" တကယ်တော့ ဒီဧကရီက အခု သူ့နဲ့ ပတ်သက်တဲ့ ကိစ္စတွေကြောင့် စိတ်ညစ်နေရတာပါ... "
" မနေ့ညက သူက ဒီဧကရီကို ဝန်ခံခဲ့တယ် .. အဲ့ဒါကို ဒီဧကရီကလည်း သဘောတူလိုက်မိတယ် .. ဒါပေမဲ့ အခု သူ့ကို ဘယ်လို ရင်ဆိုင်ရမလဲဆိုတာ မသိတော့ဘူး... "
ပြောရင်းနှင့် လုံယွဲ့မှာ ရှက်သွေးဖြန်းသွားပြန်သည်။ သူမသည် ဤကိစ္စကို မပြောချင်သော်လည်း ရင်ထဲတွင် မြိုသိပ်ထားရသည်မှာ မသက်သာသဖြင့် ရင်ဖွင့်စရာ တစ်စုံတစ်ယောက်ကို ရှာဖွေနေမိခြင်း ဖြစ်သည်။
ဤကမ္ဘာတွင် လင်းဖန်နှင့် သူ၏ သူငယ်ချင်း နှစ်ယောက်မှလွဲ၍ သူမတွင် အခြား သူငယ်ချင်း မရှိပေ။ လူသားကမ္ဘာရှိ လူများသည် ချစ်သူနှင့် ချစ်ကြိုက်သည့် ဖြစ်စဉ်များကို ကြုံဖူးကြလိမ့်မည် ဖြစ်ရာ သူတို့၏ အတွေ့အကြုံများက သူမအတွက် တန်ဖိုးရှိသော အကြံဉာဏ်များ ပေးနိုင်လိမ့်မည်ဟု သူမ ထင်မှတ်နေမိသည်။
လုံယွဲ့၏ အခက်အခဲကို ကြားရသောအခါ ပရိသတ်များမှာ ထပ်မံ တိတ်ဆိတ်သွားပြန်သည်။
" ဧကရီမင်းမြတ်က အချစ်ဦးနဲ့ တွေ့နေတဲ့ မိန်းကလေး တစ်ယောက်အတိုင်းပဲ.. "
" ဧကရီက တစ်ခါမှ ရည်စား မထားဖူးဘူးလား.. "
" ဘုရားရေ ..ဒါဆိုရင် ဧကရီက အသက်ဘယ်လောက်ရှိပြီလဲ.. ငါ့တူလေးတောင် မူလတန်းကျောင်းသားပဲ ရှိသေးတာ.. ရည်းစားရှိနေပြီ.. "
" ငါကတော့ ဧကရီ အသက် ၁၈ ထက် မပိုဘူးလို့ ခံစားရတယ်.. "
" ... "
သူမ၏ အသက်ကို ခန့်မှန်းကာ စနောက်နေကြသည့် မှတ်ချက်များကို ကြည့်ရင်း လုံယွဲ့ အတော်လေး အားကိုးရာမဲ့သွားသည်။ သူမ အခု လိုချင်နေသည်မှာ လက်တွေ့ကျသော အကြံဉာဏ်များ ဖြစ်သည်။
' တင်း..တောင်.. '
ထိုအချိန်တွင် သူမ၏ ဖုန်းထဲမှ မက်ဆေ့ခ်ျအသစ် ဝင်လာသည့် အသိပေးသံ ထွက်ပေါ်လာသည်။
အစပိုင်းတွင် သူမသည် ကြော်ငြာစာတို တစ်ခုခုဟု ထင်မှတ်ခဲ့သော်လည်း ဖုန်းကို ဖွင့်ကြည့်လိုက်သောအခါ သူစိမ်းတစ်ယောက်ထံမှ မက်ဆေ့ခ်ျတစ်ခု ပေးပို့ထားသည်ကို တွေ့လိုက်ရသည်။
' ဧကရီ ဟုတ်တယ်မလား..တို့ မင်းရဲ့ Live ကို ကြည့်နေတာ ကြာပါပြီ.. အပြင်မှာ စကားစမြည် ပြောလို့ ရမလား.. မင်းရဲ့ အခက်အခဲတွေကို တို့ကူညီဖြေရှင်းပေးနိုင်မှာပါ ..'
"ဟမ်.."
လုံယွဲ့၏ လှပသော မျက်ခုံးတန်းလေးများမှာ တွန့်ကွေးသွားကာ ဖုန်းမျက်နှာပြင်မှ စာသားကို ဇဝေဇဝါဖြင့် ကြည့်နေမိသည်။ ဤမက်ဆေ့ခ်ျမှာ သူစိမ်းဖုန်းနံပါတ်တစ်ခုထံမှ လာခြင်းဖြစ်ပြီး သူမ ဤလူကို လုံးဝ မသိ။ သူမ၏ ဖုန်းနံပါတ်ကို မည်သို့ရသွားပါသနည်း။
သူမ၏ လက်ရှိအခက်အခဲကို ကူညီနိုင်သည်ဟု ပြောခြင်းမှာ ထိုသူသည် လက်ရှိတွင် သူမ၏ Live ကို ကြည့်နေသည်ဟု အဓိပ္ပာယ်ရသည်။ ထိုသူနှင့် သွားတွေ့သင့်ပါသည်လော။
သူမ ဝေခွဲမရ ဖြစ်နေစဉ်မှာပင် အိပ်ခန်းထဲမှ လင်းဖန်သည် စာရေးခြင်း ပြီးဆုံးသွားကာ အပြင်သို့ ထွက်လာရန် ပြင်ဆင်နေပြီ ဖြစ်သည်။
ထိုအခြေအနေကို မြင်သောအခါ လုံယွဲ့သည် သဘောတူကြောင်း ခပ်မြန်မြန် ပြန်စာပို့လိုက်ပြီး ပရိသတ်များကို တောင်းပန်ကာ Live ကို ချက်ချင်း ပိတ်လိုက်တော့သည်။ ထို့နောက် အိတ်ကို ဆွဲကာ အပြင်သို့ ထွက်ရန် ပြင်လိုက်သည်။
" အမ်... ဧကရီ... အပြင်သွားမလို့လား.. "
လင်းဖန်က စပ်စုလိုက်သည်။
" အာ... အင်း... ဟုတ်တယ် ..ဒီည ထမင်းစားဖို့ ငါ့အတွက် ပြင်မထားနဲ့တော့ .. သူငယ်ချင်းတစ်ယောက်နဲ့ အပြင်မှာ စားဖို့ ချိန်းထားလို့ .. "
စကားတစ်ခွန်း ချန်ထားခဲ့ပြီးနောက် လုံယွဲ့သည် နောက်လှည့်မကြည့်ဘဲ အိမ်အပြင်သို့ ပြေးထွက်သွားတော့သည်။
လင်းဖန်က ခဏကြာမှသာ တဖြည်းဖြည်း သတိထားမိလာတော့သည်။
'နေပါဦး... သူ ဒီကမ္ဘာမှာ သူငယ်ချင်း ဘယ်က ရှိမှာလဲ..'
'ဧကရီက ငါ့ကို တမင်တကာ ရှောင်နေတာလား..'