အခန်း (၁၂၉-၁၃၀)
Vol. 13 Ch. 129-130
Chapter 129
~
အခန်း ၁၂၉ : ဧကရီ၏ မာတာမိခင်..
~
ကော်ဖီဆိုင်တစ်ဆိုင်အတွင်း၌ လုံယွဲ့က အရင်ရောက်နှင့်နေပြီး ထောင့်ကျကျနေရာတစ်ခုတွင် ထိုင်ကာ ကော်ဖီသောက်ရင်း သူမနှင့်တွေ့ဆုံမည့်သူစိမ်းကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။
မကြာမီမှာပင် အမျိုးသမီးတစ်ဦးသည် သူမရှိရာသို့ တည့်တည့်လျှောက်လှမ်းလာပြီး ဘေးတွင် ရပ်လိုက်သည်။
ထိုအမျိုးသမီးသည် အဖြူရောင်အတွင်းခံအင်္ကျီပေါ်တွင် ကုတ်အင်္ကျီခပ်ပါးပါးတစ်ထည်ကို ထပ်ဝတ်ထားပြီး မျက်နှာတွင် မျက်မှန်ဝိုင်းလေး တပ်ထားသဖြင့် အတော်လေးကို တည်ငြိမ်အေးဆေးပြီး အသိပညာကြွယ်ဝသည့် ပုံစံမျိုး ပေါက်နေ၏။
လုံယွဲ့၏ ရုပ်ရည်ကို မြင်လိုက်ရသောအခါ ထိုအမျိုးသမီးသည် အံ့အားသင့်သွားပြီး ပါးစပ်ကို လက်ဖြင့်အုပ်ကာ မအောင့်နိုင်ဘဲ ရေရွတ်လိုက်မိသည်။
" အို... မင်းက ဧကရီ ဖြစ်ရမယ် .. ဟုတ်တယ်မလား.. "
" ဆံပင်အရောင်ကလွဲရင် မင်းရဲ့ ရုပ်ရည်က တကယ့် ပုံရိပ်ယောင်ဇာတ်ကောင် နဲ့ တစ်ပုံစံတည်းပဲ .."
" ဟုတ်တယ်.. ဒီဧကရီပဲ .."
လုံယွဲ့က ခေါင်းငြိမ့်ပြလိုက်ပြီး ဇဝေဇဝါဖြင့် ပြန်မေးလိုက်သည်။
" ဒါနဲ့... မင်းက ဘယ်သူလဲ.. "
" ဟားဟားဟား... အပြင်လောကမှာတောင် မင်းကိုယ်မင်း ဒီဧကရီလို့ ဆက်ပြီး သုံးနှုန်းနေလိမ့်မယ်လို့ ငါ ထင်မထားဘူး.. "
ထိုအမျိုးသမီးက အားရပါးရ ရယ်မောလိုက်ပြီး ချက်ချင်း အဖြေမပေးသေးဘဲ လုံယွဲ့ကို တစ်ပတ်ပတ်ကြည့်ကာ ကျေနပ်အားရဟန်ဖြင့် ချီးကျူးနေတော့သည်။
" မင်းရဲ့ အရှိန်အဝါနဲ့ ရုပ်ရည်က တကယ့်ကို ထူးကဲလှပတာပဲ.. ငါ မြင်ဖူးသမျှထဲမှာ အရှိန်အဝါအရှိဆုံးအမျိုးသမီးပဲ.. နတ်သမီးလေးတစ်ပါးလို့ ပြောရင်လည်း မမှားဘူး .."
" ကျိုးယန့် ပြောတာ တကယ် မှန်တာပဲ..မင်းက ဧကရီအရှင်မ ဆိုတဲ့ character နဲ့ တကယ့်ကို လိုက်ဖက်လွန်းတယ်.. "
လုံယွဲ့ .. " ... "
မိမိဘာသာ စကားတွေပြောနေသည့် ရှေ့ကအမျိုးသမီးကို ကြည့်ပြီး လုံယွဲ့၏ လှပသော မျက်ခုံးတန်းလေးများ တွန့်ကွေးသွားကာ ဆွံ့အနေချေသည်။
'ဒီအမျိုးသမီးက ဘယ်သူပါလိမ့်...'
လုံယွဲ့ကို အထပ်ထပ်အခါခါ အကဲခတ်ပြီးနောက် ထိုအမျိုးသမီးက လုံယွဲ့နှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ပြီး ပြုံးကာ မိတ်ဆက်လိုက်သည်။
" ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ဖို့ မေ့နေတာ.. ငါ့နာမည်က ချန်ယီကျင့် ပါ..ကျိုးယန့်ရဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်သလို မင်းရဲ့ ဧကရီ ပုံရိပ်ကို ဖန်တီးပေးခဲ့တဲ့သူလည်း ဟုတ်တယ်.. "
" နောင်မှာ မင်းရဲ့ character illustration တွေ အဆင့်မြှင့်တာပဲဖြစ်ဖြစ် .. ပြဿနာ တစ်ခုခုရှိရင်ပဲဖြစ်ဖြစ် ငါကပဲ တာဝန်ယူပေးသွားမှာပါ.. "
" ပြောရမယ်ဆိုရင်တော့ လုပ်ငန်းသဘောအရ ငါက မင်းရဲ့ မိခင်လို့တောင် ပြောလို့ရတယ်.. "
" အယ်.. "
လုံယွဲ့ ဆွံ့အသွားသည်။
သူမကိုယ်တိုင်ပင် မသိဘဲ အမေတစ်ယောက် မည်သည့်နေရာမှ ရုတ်တရက် ရောက်လာရပါသနည်း။
Virtual avatar ဖန်တီးပေးသည့်သူကို မိဘအဖြစ် အသိအမှတ်ပြုရမည်ဟု သူမကို မည်သူမှ မပြောခဲ့ကြပေ။
" ဟားဟားဟား... မင်းရဲ့ မျက်နှာပေးလေးက တကယ်ကို ရယ်ရတယ်.. "
လုံယွဲ့၏ အံ့သြနေသော အမူအရာကို မြင်သောအခါ ချန်ယီကျင့်က မအောင့်နိုင်ဘဲ အားရပါးရ ရယ်မောတော့သည်။
" စိတ်မပူပါနဲ့.. ငါက မင်းကို တကယ်ကြီး အမေလို့ ခေါ်ခိုင်းနေတာ မဟုတ်ပါဘူး.. ဒါက သုံးနှုန်းတဲ့ အခေါ်အဝေါ် တစ်ခုပါပဲ.. "
" အွန်လိုင်းလောကမှာတော့ virtual avatar သုံးတဲ့သူနဲ့ ဖန်တီးတဲ့သူကြားက ဆက်ဆံရေးကို မိခင်နဲ့ သားသမီး လို့ တင်စားခေါ်ဝေါ်ကြတာ ထုံးစံပဲလေ..ဖန်တီးလိုက်တဲ့ avatar တိုင်းက ကမ္ဘာပေါ်မှာ မွေးဖွားလာတဲ့ ကလေးလေးတွေလိုပဲပေါ့.. "
" အို... "
ထိုစကားကို ကြားမှ လုံယွဲ့ စိတ်အေးသွားသည်။
အကယ်၍ ဤကမ္ဘာတွင် သူမ၌ နောက်ထပ် အမေတစ်ယောက် ရုတ်တရက် ရှိလာမည်ဆိုလျှင် သူမ ဘာလုပ်ရမှန်း သိတော့မည် မဟုတ်ပေ။ ဆက်ဆံရေး အသုံးအနှုန်းမျှသာ ဆိုလျှင်တော့ ပြဿနာ မရှိ။
" ကျိုးယန့်က ဧကရီ ရုပ်ပုံဖန်တီးပေးဖို့ ငါ့ကို အကူအညီတောင်းတုန်းက ငါ တကယ် အံ့သြသွားတာ.. "
" ဘာလို့လဲ.. "
" ဘာလို့လဲဆိုတော့ virtual avatar သုံးတဲ့အခါမှာ ကိုယ့်ရဲ့ အမူအရာတိုင်းက character နဲ့ တတ်နိုင်သမျှ ထပ်တူကျနေဖို့ လိုတယ်လေ..ခက်ခဲတဲ့ character မျိုးကို ရွေးချယ်မိရင် လူအတော်များများအတွက် ထိန်းကျောင်းဖို့ မလွယ်ဘူး .."
" အဲ့ဒါကြောင့် မင်း Live စလွှင့်တုန်းက ငါ အမြဲတမ်း စပ်စုပြီး ခိုးကြည့်နေခဲ့တာ.. မင်းက ဧကရီ character နဲ့ တကယ်ကို အံဝင်ခွင်ကျ ဖြစ်နေတာ တွေ့လိုက်ရတယ်.. မင်းရဲ့ အမူအရာတိုင်းက လုံးဝ အပြစ်ပြောစရာ မရှိဘူး .."
ပြောရင်းနှင့် ချန်ယီကျင့်၏ မျက်လုံးများထဲတွင် ချီးကျူးမှုများ ပြည့်လျှံနေပြီး လုံယွဲ့ကို လက်မထောင်ပြလိုက်သည်။
သူမသည် လူအများကြီးအတွက် avatar များစွာ ဖန်တီးပေးခဲ့ဖူးသော်လည်း လုံယွဲ့ကဲ့သို့ character setting ကို အပိုင်နိုင်ဆုံး ထိန်းကျောင်းနိုင်သူမျိုး တစ်ခါမှ မမြင်ဖူးခဲ့ပေ။
သူမ အချိန်ပိုဆင်းပြီး အကောင်းဆုံး ဧကရီ ပုံရိပ်ကို ဖန်တီးပေးခဲ့ရကျိုး နပ်ပေသည်။ ဤကဲ့သို့သောသူမျိုးမှသာ သူမ ပင်ပင်ပန်းပန်း ဖန်တီးခဲ့ရသော သမီးလေး နှင့် ထိုက်တန်ပေမည်။
" အင်း... ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်.. "
ချန်ယီကျင့်၏ ချီးကျူးမှုများရှေ့တွင် လုံယွဲ့သည် ဝတ်ကျေတန်းကျေသာ ကျေးဇူးတင်စကား ဆိုလိုက်သော်လည်း ရင်ထဲတွင်မူ လုံးဝ မပျော်နိုင်ပေ။
အမှန်တရားမှာမူ သူမသည် အင်မော်တယ်နတ်ဆိုးတိုက်ကြီးမှ တကယ့် ဧကရီအရှင်မ ဖြစ်နေခြင်းပင်။ သို့သော် ထိုအချက်ကို သူမ လူသိရှင်ကြား ဝန်ခံ၍ မရ။ ဝန်ခံလျှင်လည်း မည်သူမှ ယုံကြည်ကြလိမ့်မည် မဟုတ်ပေ။
" ဪ... ဒါနဲ့ မင်းရဲ့ Live မှာ ကြားလိုက်ရသလောက် မင်းနဲ့ မင်းရဲ့ ကောင်လေးကြားမှာ ပြဿနာတချို့ ရှိနေပုံရတယ်နော်.. "
" ငါ့ကို ပြောပြလို့ ရမလား.. ငါ အသုံးဝင်မယ့် အကြံဉာဏ်တွေ ပေးပြီး ကူညီပေးနိုင်မှာပါ.. "
ကော်ဖီတစ်ခွက် မှာပြီးနောက် ချန်ယီကျင့်က လိုရင်းကို တည့်တည့်မေးလိုက်သည်။ အမှန်တော့ သူမ Live ထဲတွင် တိတ်တဆိတ် ခိုးနားထောင်နေစဉ်ကတည်းက စပ်စုချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်နေခဲ့ခြင်း ဖြစ်သည်။
မိခင် တစ်ဦးအနေဖြင့် သမီးဖြစ်သူ၏ အချစ်ရေး ပြဿနာကို စိတ်ပူပေးရသည်မှာ သဘာဝကျသည် မဟုတ်ပါလော။
လုံယွဲ့က ခဏတာ တုံ့ဆိုင်းနေပြီးနောက် သူမနှင့် လင်းဖန်၏ ဆက်ဆံရေးနှင့် လက်ရှိ ကြုံတွေ့နေရသော အခက်အခဲများကို အကျဉ်းချုပ် ပြောပြလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ယခုအချိန်၌ သူမအတွက် ရင်ဖွင့်စရာဆို၍ ရှေ့က အမျိုးသမီးတစ်ယောက်သာ ရှိပေသည် ။
ချန်ယီကျင့်သည် ကော်ဖီသောက်ရင်း သူမ၏ ပြောစကားများကို ငြိမ်သက်စွာ နားထောင်နေသည်။
ဇာတ်ကြောင်း အကျဉ်းကို ကြားပြီးနောက် သူမသည် ကော်ဖီခွက်ကို ချလိုက်ကာ ပြန်လည် အကျဉ်းချုပ်လိုက်သည်။
" ဆိုလိုတာက... မင်းနဲ့ မင်းရဲ့ ချစ်သူက အရင်က ဆက်ဆံရေး အရမ်းဆိုးခဲ့တယ် .. တွေ့တာနဲ့ တိုက်ခိုက်နေကြတာပေါ့.. ဒါပေမဲ့ မကြာသေးခင်က တိုက်ဆိုင်မှုတွေကြောင့် အတူတူ နေထိုင်ခဲ့ကြရင်း သူက မဆိုးဘူးလို့ မင်း ခံစားလာရတယ်.. သူက မင်းကို ဝန်ခံတဲ့အခါ မင်းကလည်း လက်ခံလိုက်တယ် ..ဒါပေမဲ့ အခု သူ့ကို ဘယ်လို ရင်ဆိုင်ရမလဲဆိုတာ မင်း ရှက်နေတာပေါ့ ဟုတ်လား.. "
" အင်း... "
လုံယွဲ့က ခေါင်းလေး ငြိမ့်ပြလိုက်သည်။
" ငါကတော့ ပြဿနာ ကြီးကြီးမားမား လားလို့ ထင်နေတာ .. ဒါလေးပဲကိုး .."
ချန်ယီကျင့်က သာမန်ကိစ္စတစ်ခုလို ပြုံးလိုက်သည်။ ထို့နောက် တည်ကြည်သော မျက်နှာဖြင့် ...
" ငါ မင်းကို မေးခွန်းတစ်ခုပဲ မေးမယ် ဧကရီ.. မင်း သူ့ကို ချစ်သလား .."
" အင်း .."
လုံယွဲ့က တွေဝေမနေဘဲ ပြတ်သားသော မျက်ဝန်းများဖြင့် ထပ်မံ ခေါင်းငြိမ့်ပြလိုက်သည်။ ဤအချက်တစ်ခုတည်းကိုတော့ သူမ၏ နှလုံးသားထဲတွင် လုံးဝ သေချာနေပေသည်။
" ဒါဆိုရင်တော့ ကိုင်တွယ်ရတာ လွယ်သွားပြီ .."
ချန်ယီကျင့်က လက်ဝါးချင်းရိုက်ကာ အတွေ့အကြုံရှိသော ဆရာတစ်ဦးကဲ့သို့ သင်ကြားပေးတော့သည်။
" ချစ်သူတွေဆိုတာ နေ့စဉ် ဖြတ်သန်းမှုတွေထဲမှာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ သဘာဝကျကျနဲ့ ချောမွေ့စွာ အံဝင်ခွင်ကျ ဖြစ်သွားတဲ့သူတွေကို ခေါ်တာ.. တစ်ဖက်သတ် အလိုက်အထိုက် နေပေးဖို့ မလိုဘူး.. "
" မင်း အရင်ကအတိုင်းပဲ နေလိုက်ပါ..သူ့ကို အရင်ကအတိုင်းပဲ ဆက်ဆံလိုက် ..ရှက်နေစရာ မလိုပါဘူး.. "
" အကယ်၍ မင်းက သူ့ကို အခုလို တမင် ရှောင်နေမယ်ဆိုရင် သူက မင်း နောင်တရနေပြီလို့ ထင်သွားနိုင်တယ်.. အဲ့ဒါဆိုရင် သူ့ရဲ့ စိတ်ကို ထိခိုက်စေလိမ့်မယ်.. "
" သူ့ရဲ့ စိတ်ကို ထိခိုက်စေမယ် ဟုတ်လား... "
လုံယွဲ့၏ ရင်ထဲတွင် လေးလံသွားရပြီး သူမ၏ အကြည့်များမှာ တဖြည်းဖြည်း ပြတ်သားလာသည်။
" ဒီဧကရီ နားလည်ပါပြီ.. ကျေးဇူးတင်ပါတယ် "
ပြောပြောဆိုဆိုနှင့် သူမသည် ချန်ယီကျင့်ကို ကျေးဇူးတင်သောအားဖြင့် မတ်တပ်ရပ်ပြီး လေးလေးစားစား ဦးညွှတ်လိုက်သည်။
ချန်ယီကျင့်၏ စကားများမှာ မိခင်တစ်ဦး၏ ဆုံးမစကားကဲ့သို့ သူမကို ရုတ်တရက် နိုးကြားသွားစေသည်။ သူမ၏ အမြဲတမ်း ရှောင်လွှဲနေမှုက ဘာကိုမှ ပြေလည်စေမည်မဟုတ်ဘဲ အကျိုးမဲ့စေလိမ့်မည်။ နောင်တစ်ချိန်တွင် ဇနီးမောင်နှံ ဖြစ်လာကြမည့်သူများအနေနှင့် တစ်ဦးကိုတစ်ဦး ပွင့်ပွင့်လင်းလင်း ရင်ဆိုင်ကြရမည် ဖြစ်ရာ အမြဲတမ်း ရှောင်နေ၍ အဘယ်သို့ဖြစ်ပါမည်နည်း။
သူမသည် မိခင် ဖြစ်ထိုက်သည့် အမျိုးသမီးတစ်ယောက် ဖြစ်ပေသည်။
စကားတစ်ခွန်းတည်းနှင့် သူမကို နိုးကြားသွားအောင် လုပ်နိုင်သည်မှာ အချစ်ရေး အတွေ့အကြုံများစွာ ရှိရမည်မှာ အသေအချာပင်။ လူသားများထံမှ သင်ယူစရာတွေ အများကြီး ရှိနေသေး၏။ သူမ တကယ်ကို အမြင်ပွင့်သွားရသည်။
" ဒီဧကရီ အရင်ပြန်နှင့်တော့မယ်.. "
နားလည်သွားသောအခါ လုံယွဲ့သည် အိတ်ကိုဆွဲကာ ချက်ချင်းပင် ကော်ဖီဆိုင်မှ ထွက်ခွာသွားတော့သည်။
သူမ၏ အလောတကြီး ထွက်ခွာသွားမှုကို ကြည့်ရင်း ချန်ယီကျင့်က ကျေနပ်စွာ ပြုံးလိုက်ကာ ကော်ဖီကိုသာ ဆက်လက် အရသာခံနေတော့သည်။
သူမ တစ်ခါမှ အချစ်နှင့် မတွေ့ဖူးသော်လည်း ဤအချက်က သူမကဲ့သို့ အချစ်ရေး ဆရာမကြီး တစ်ဦးကို ဝေခွဲမရဖြစ်နေသော ချစ်သူရည်းစားများကို အကောင်းဆုံး အကြံဉာဏ်ပေးရန်အတွက် အနှောင့်အယှက် မဖြစ်ပါချေ။
Chapter 130
~
အခန်း ၁၃၀ : ဧကရီ ၏ ဆွဲဆောင်မှုများ...
~
" ဟူး... "
အိမ်တံခါးရှေ့တွင် စိတ်ကို ပြင်ဆင်လိုက်ပြီးနောက် လုံယွဲ့သည် သတ္တိမွေးကာ သော့ကိုထုတ်ပြီး တံခါးဖွင့်ဝင်လိုက်သည်။
" အမ်... စောစောစီးစီး ပြန်ရောက်လာပါလား.. "
တံခါးပွင့်သွားချိန်တွင် မထင်မှတ်ဘဲ စောစောပြန်ရောက်လာသော လုံယွဲ့ကို မြင်လိုက်ရသဖြင့် ကမာကင် စားနေသော လင်းဖန်မှာ အနည်းငယ် အံ့အားသင့်သွားသည်။
" ဘာလဲ... ဒီဧကရီက နည်းနည်းစောပြီး ပြန်မလာရဘူးလား... "
လင်းဖန်ကို မြင်လိုက်ရသည်နှင့် လုံယွဲ့၏ လှပသော မျက်နှာလေးမှာ ထိန်းမထားနိုင်ဘဲ အနည်းငယ် နီမြန်းသွားကာ မကျေမနပ်လေသံဖြင့် ပြန်ပြောလိုက်သည်။
" အဲ့လို မဟုတ်ပါဘူး ..ဒီအရှင်က မင်း နည်းနည်းနောက်ကျမှ ပြန်ရောက်မယ် ထင်နေလို့ပါ.. "
လင်းဖန်က ရှင်းပြရင်း သူစားလက်စ ကမာကင်ကို ကမ်းပေးလိုက်သည်။
" စားဦးမလား .. ကမာကင်လေးတွေ.. "
" ဒီဧကရီ ဗိုက်မဆာဘူး.. "
လုံယွဲ့က ခေါင်းခါပြလိုက်ပြီး လင်းဖန်ကို ကြည့်လိုက်သည်။ သူမ၏ အမူအရာမှာ ရှက်ရွံ့နေပြီး ရင်ထဲ၌လည်း ဝေခွဲမရ ဖြစ်နေသည်။
' လုံယွဲ့... အို... လုံယွဲ့ .. နင်က ကျိရှန့်ထျန်းကုန်းရဲ့ ဧကရီပဲ ..ဘယ်လိုဖြစ်လို့ သာမန်လူသား မိန်းကလေးတစ်ယောက်လို ရှက်ကြောက်နေရတာလဲ.. '
' ဒါက အနှေးနဲ့အမြန် ရင်ဆိုင်ရမယ့် ကိစ္စပဲ မလား.. အခုလို အခြေအနေ ရောက်နေမှတော့ နောက်ဆုတ်နေစရာ ဘာရှိတော့လို့လဲ.. '
' ဧကရီတစ်ပါးရဲ့ အရှိန်အဝါကို ပြလိုက်စမ်း.. '
စိတ်ထဲတွင် ကိုယ့်ကိုယ်ကိုယ် အကြိမ်ကြိမ် အားပေးလိုက်ပြီးနောက် လုံယွဲ့၏ အကြည့်များမှာ ပြတ်သားသွားသည်။ သူမသည် ယုံကြည်ချက် ပြည့်ဝနေသော ခြေလှမ်းများဖြင့် လဲလှယ်မည့် အဝတ်အစားများကို ယူကာ ရေချိုးခန်းထဲသို့ ဝင်သွားတော့သည်။
" ဒီဧကရီ အရင် ရေချိုးလိုက်ဦးမယ်.. "
" အင်း... ချိုးလေ.. "
ရေချိုးခန်းထဲ ဝင်သွားသော လုံယွဲ့ကို လင်းဖန်က သံသယမျက်လုံးများဖြင့် ကြည့်ကျန်ရစ်ခဲ့သည်။ ဧကရီ ပြန်ရောက်လာကတည်းက တစ်ခုခု ထူးဆန်းနေသလို သူ ခံစားနေရ၏။
မကြာမီမှာပင် ရေချိုးပြီးနောက် လုံယွဲ့သည် ရေချိုးခန်းထဲမှ ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်လာသည်။
လင်းဖန် မော့ကြည့်လိုက်သောအခါ ချက်ချင်းပင် မှင်သက်သွားတော့သည်။ သူ၏ လက်ထဲမှ ကမာကင်မှာ လေထဲတွင် တန့်သွားပြီး မျက်တောင်ပင် မခတ်နိုင်တော့ချေ။
လုံယွဲ့သည် အပေါ်ပိုင်းတွင် ပါးလွှာသော ညအိပ် ဝတ်စုံလေးကိုသာ ဝတ်ထားပြီး အောက်ပိုင်းတွင်မူ ဖြူဖွေးချောမွတ်သော ခြေတံရှည်ကြီးများကို အတိုင်းသား ဖော်ပြထားသည်။ မခြောက်သေးသော ဆံနွယ်များက တင်ပါးအထိ ဝဲကျနေကာ ရေထဲမှ ပေါ်ထွက်လာသော ကြာပန်းလေးတစ်ပွင့်ကဲ့သို့ အလွန်ပင် ဆွဲဆောင်မှု ရှိနေချေ၏။
လင်းဖန်၏ မျက်တောင်မခတ်သော အကြည့်များကို သတိထားမိသောအခါ လုံယွဲ့သည် ရှက်သွေးဖြန်းကာ ခေါင်းငုံ့ထားလိုက်သော်လည်း ရင်ထဲတွင်မူ ဘာကြောင့်မှန်းမသိ ဖော်ပြမတတ်သော ပျော်ရွှင်မှုတစ်ခု ဖြစ်ပေါ်လာသည်။
ချန်ယီကျင့်က သူမကို ချစ်သူမောင်နှံတွေဆိုတာ တကယ့် ဇနီးမောင်နှံဖြစ်ဖို့ အတားအဆီးတစ်ခုကို ကျော်ဖြတ်ရလိမ့်မည်ဟု ပြောခဲ့ပြီး အကြံဉာဏ်များစွာ ပေးခဲ့သည်။
ဥပမာအားဖြင့် ချစ်သူတွေ ဘယ်လို ဆက်ဆံကြမလဲ ၊ သဘာဝအတိုင်း အဲ့ဒီအတားအဆီးကို ဘယ်လို ကျော်ဖြတ်မလဲ ဆိုသည်များကို သင်ပြပေးခဲ့သည်။ ချန်ယီကျင့် ပြောခဲ့သည်မှာ ပတ်ဝန်းကျင် အနေအထား ကောင်းမွန်သွားပါက အရာအားလုံး သဘာဝအတိုင်း ဖြစ်ပျက်သွားလိမ့်မည် ဟူ၍ပင်ဖြစ်သည်။
ထို ပတ်ဝန်းကျင် အနေအထား ဆိုသည်မှာ တစ်ခါတစ်ရံတွင် တမင်တကာ ဖန်တီးယူ၍ ရသောအရာ ဖြစ်သည်။
ထို့နောက် သူမကို ရေချိုးပြီးလျှင် ပို၍ ဆွဲဆောင်မှုရှိအောင် ဝတ်ဆင်ရန် အကြံပေးခဲ့သည်။ အပေါ်ပိုင်းတွင် ညအိပ်ဝတ်စုံဝတ်ပြီး အောက်ပိုင်းတွင် အတွင်းခံမျှသာ ဝတ်ခြင်းက အပြစ်ကင်းစင်သော လူပျိုစစ်စစ် ၉၉.၉ ရာခိုင်နှုန်းကို သတ်ဖြတ်နိုင်စွမ်းရှိသည်တဲ့...
တစ်ဖက်လူ၏ စိတ်နှလုံး လှုပ်ရှားသွားသည်နှင့် ကိစ္စက ပြီးမြောက်သွားပြီဟု ဆိုသည်။
ထို့ကြောင့် လုံယွဲ့က သတ္တိမွေးကာ ချန်ယီကျင့် အကြံပေးသည့်အတိုင်း နတ်ဆိုးအရှင်၏ ရှေ့၌ ဤကဲ့သို့ပေါ်လာခဲ့ခြင်းပင်။
'ငါ ဒီလောက်အထိ ဝတ်ထားမှတော့ နတ်ဆိုးအရှင်ကို စိတ်လှုပ်ရှားအောင် လုပ်နိုင်မှာပါနော်...'
လင်းဖန် တစ်ခုခုပြောလာမည့် သို့မဟုတ် တစ်ခုခုလုပ်လာမည့်အရေးကို စိတ်လှုပ်ရှားစွာနှင့် မျှော်လင့်တကြီး စောင့်ဆိုင်းနေစဉ်မှာပင် သူ၏ ခပ်တိုးတိုး ခေါ်သံကို ကြားလိုက်ရသည်။
" ဧကရီအရှင်မ... "
" အင်း... (ရှက်သွေးဖျာလျက်).. "
" ဘာလို့ ဘောင်းဘီ မဝတ်လာတာလဲ.. ယူသွားဖို့ မေ့ခဲ့တာလား .."
လင်းဖန်က မေးလိုက်သည်။
လုံယွဲ့ ....." ... "
" မ... မဟုတ်ပါဘူး .. ရေချိုးပြီးတော့ နည်းနည်း ပူနေသလို ခံစားရလို့... အဲ့ဒါကြောင့်... မဝတ်ထားတာ... "
လုံယွဲ့က ရှက်ရှက်နှင့် တိုးတိုးလေး ဗလုံးဗထွေး ပြန်ဖြေလိုက်သည်။
" အော်... ဒါဆိုရင် ဒီအရှင် အဲကွန်း ဖွင့်ပေးမယ်လေ .. မင်းလည်း ရေချိုးပြီးပြီဆိုတော့.. "
ထိုသို့ပြောပြီး လင်းဖန်က ရီမု ကို ယူကာ ဧည့်ခန်းထဲမှ အဲကွန်းကို ဖွင့်လိုက်သည်။
သူ ရီမု ကို ပြန်ချလိုက်သောအခါ လုံယွဲ့သည် ဘယ်အချိန်ကတည်းက ရောက်လာမှန်းမသိဘဲ သူ၏ ပေါင်နှင့် ထိကပ်လုနီးပါး ဘေးနားတွင် လာထိုင်နေသည်ကို တွေ့လိုက်ရ၏။
'ခုနကပဲ ပူတယ်လို့ ပြောပြီး အခုကျတော့ ဘာလို့ အနားမှာ တမင် လာကပ်ထိုင်နေတာလဲ...'
လင်းဖန် အူတူတူ ဖြစ်သွားသော်လည်း အများကြီး မတွေးတော့ဘဲ သူစားလက်စ ကမာကင်ကိုသာ ဆက်စားနေလိုက်သည်။
' စား... စား... စား ..သူသိတာ စားဖို့ တစ်ခုပဲ ရှိတယ် .. '
သူမ ဤမျှအထိ ပြနေသည်ကိုပင် ဤငတုံးနတ်ဆိုးအရှင်က တုံ့ပြန်မှု မရှိချေ။
လုံယွဲ့သည် စိတ်ထဲမှ ကြိတ်၍ မကျေမနပ်ဖြစ်လာသဖြင့် နှုတ်ခမ်းဆူလာပြီး ပါးဖောင်းလေးများက ဖောင်းတက်လာသည်။ သူမ၏ မျက်နှာက ဆူပုပ်ပုပ်ဖြစ်နေချေပြီ။ သူမက လင်းဖန်၏ ဘေးသို့ ပို၍ တိုးကပ်သွားပြီး သူနှင့် ထိကပ်နေအောင် နေလိုက်သည်။ ထို့နောက် သူမ၏ အိပ်ယာဝင်ဝတ်စုံ ကော်လာကို ကိုင်ကာ ယပ်ခတ်ချင်ယောင် ဆောင်လိုက်၏။
" အို... အဲကွန်းဖွင့်ထားတာတောင် ပူနေတုန်းပဲ... "
ပွပွချောင်ချောင် ညအိပ်ဝတ်စုံကို လှုပ်ခါလိုက်သောအခါ သူမ၏ လှပသော ညှပ်ရိုးလေးများနှင့် ဖြူဖွေးသော ရင်ဘတ်မှာ တစ်ဝက်တစ်ပျက် ပေါ်ထွက်လာသည်။ ထိုအဖြူရောင် လွင်ပြင်ထဲတွင် မြှုပ်နှံထားသော ဇာအတွင်းခံလေးမှာ အထူးပင် မျက်စိကျစရာ ကောင်းလှပေသည်။
လင်းဖန် ကမာကင်စားနေရင်း သူ၏ မျက်လုံးထောင့်မှ သူမ၏ ရင်ဘတ်ရှိ အလှအပများကို မတော်တဆ မြင်လိုက်ရသောအခါ ချက်ချင်းပင် ထပ်မံ မှင်သက်သွားပြန်သည်။
' ထူးဆန်းတယ် .. အရမ်းကို ထူးဆန်းတယ် ..'
'ဒီနေ့ ဧကရီအရှင်မ ဘာဖြစ်နေတာလဲ.. ဘာလို့ ဒီလောက်တောင် ထူးဆန်းနေရတာလဲ...'
'ဒါက သူ ပုံမှန်လုပ်လေ့ရှိတဲ့ အပြုအမူမျိုး မဟုတ်ဘူး..'
'ဒီနေ့ တကယ်ပဲ အဲ့လောက် ပူနေလို့လား..'
'ပြီးတော့ ငါ အဲကွန်းလည်း ဖွင့်ပေးထားပြီလေ.. တကယ်ဆိုရင် သူ ဒီလောက် အဝတ်အစား နည်းနည်းလေးပဲ ဝတ်ထားတာ အေးနေသင့်ပြီ မဟုတ်လား...'
'ဒါမှမဟုတ်...'
လင်းဖန် ရုတ်တရက် တစ်ခုခုကို တွေးမိသွားသည်။ သူ ကမာကင်ကို ချက်ချင်း ချလိုက်ပြီးနောက် လှည့်ကာ လုံယွဲ့၏ ပုခုံးနှစ်ဖက်ကို တည်ကြည်သော မျက်နှာဖြင့် ကိုင်လိုက်၏။
" ဧကရီ... "
" ဘာ... ဘာဖြစ်လို့လဲ... "
လုံယွဲ့က ရှက်ရှက်နှင့် ပြန်ထူးလိုက်သည်။ သူမ၏ နှလုံးသားမှာ ရင်ဘတ်ထဲမှ ခုန်ထွက်မတတ် တဒိန်းဒိန်း ခုန်နေချေပြီ။
' နောက်ဆုံးတော့ ..နတ်ဆိုးအရှင်က ငါ့ကြောင့် စိတ်လှုပ်ရှားသွားပြီ ..သူ ထပ်ပြီး မအောင့်နိုင်တော့ဘူး မလား..ဟင်းဟင်းဟင်း... '
သူမသည် ဤကဲ့သို့ကိစ္စများကို သိပ်မသိပါချေ။ သင်ယူရန်လည်း မကြိုးစားခဲ့ဖူးပေ။
အင်မော်တယ်နတ်ဆိုးတိုက်ကြီးတွင် ရှိစဉ်က အစေခံမလေးများ စကားပြောနေကြသည်ကို မတော်တဆ ကြားခဲ့ဖူးသည်မှာ... အမျိုးသားတစ်ဦးသည် စိတ်ရိုင်းများ ဝင်လာပါက သားရဲတစ်ကောင်ကဲ့သို့ ဖြစ်သွားတတ်ပြီး ရက်စက် တတ်သည်ဟူ၍ ဖြစ်သည်။
သူမသည် လုပ်ငန်းစဉ် အသေးစိတ်ကို မသိ။ လူသားမျိုးနွယ် မဟုတ်သော နတ်ဆိုးအရှင်သည်လည်း သားရဲအဖြစ် အသွင်ပြောင်းနိုင်ပါမည်လော။
အကယ်၍ နတ်ဆိုးအရှင်က တကယ်ပဲ သားရဲတစ်ကောင်အဖြစ် ပြောင်းလဲနိုင်မည်ဆိုပါက သူ ပို၍ပင် ရက်စက်လိမ့်မည်။ သူမ ခံနိုင်ရည် ရှိပါ့မလားဟုပင် တွေးတောနေမိသည်။
လုံယွဲ့၏ စိတ်ထဲတွင် အတွေးပေါင်းစုံဖြင့် ရှုပ်ထွေးနေစဉ် လင်းဖန်က သူမ၏ မျက်လုံးများကို သေသေချာချာ စိုက်ကြည့်ကာ အလေးအနက် မေးလိုက်သည်။
" ဧကရီ... မင်းက... "
" ဘာ... ဘာဖြစ်လို့လဲ.. "
လုံယွဲ့က စိုးရိမ်တကြီး ပြန်မေးလိုက်သည်။
'နတ်ဆိုးအရှင်က ငါ တမင်လုပ်နေတာကို ရိပ်မိသွားတာလား...'
" ဒီအရှင်ကို အမှန်အတိုင်းပြောစမ်း ..မင်း အဖျား တက်နေတုန်းလား.. "
ပြောပြောဆိုဆိုဖြင့် လင်းဖန်က လက်လှမ်းကာ သူမ၏ အပူချိန်ကို စမ်းရန် နဖူးပေါ် တင်လိုက်သည်။
" အင်း... နဖူးကတော့ သိပ်မပူတော့ဘူး.. အဖျားတော့ ကျသွားပြီပဲ .."
လုံယွဲ့...." ... "
လုံယွဲ့က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ဆွံ့အနေချေသည်။
သူမ ဤမျှအထိ သတ္တိမွေးပြီး လုပ်ဆောင်ခဲ့သမျှကို နတ်ဆိုးအရှင်က အဖျားတက်နေသည်ဟု ထင်နေသည်လော။
'ငါ တကယ်ပဲ ဆွဲဆောင်မှု မရှိတာလား...'
" ဧကရီ... စိတ်ချရအောင် ဒီအရှင်က ဆေးတစ်ထုပ် ထပ်ဖျော်ပေးမယ် .. ပြီးရင် သောက်လိုက်ဦး.. "
လင်းဖန်က ပြောရင်း ဆေးသေတ္တာထဲမှ အဖျားပျောက်ဆေးကို ထုတ်ယူလိုက်သည်။
" မလိုဘူး .. ဒီဧကရီ အိပ်တော့မယ် .. "
လုံယွဲ့က တွေးလေလေ ဒေါသထွက်လေလေ ဖြစ်လာကာ ဝုန်းခနဲ ထရပ်ပြီး အိပ်ခန်းထဲသို့ ဝင်သွားတော့သည်။ သူမသည် စောင်ပုံထဲသို့ ခေါင်းစိုက်ဝင်သွားကာ မျက်နှာတစ်ခုလုံး စိတ်ပျက်အားလျော့မှုနှင့် နာကျည်းမှုများဖြင့် ပြည့်နှက်နေပေတော့သည်။
'ငါက တခြားသူကို သွေးဆောင်ဖြားယောင်းဖို့အတွက် တကယ်ကို မလိုက်ဖက်ဘူး ထင်ပါရဲ့...'
'ဒါမျိုးတွေက ကာမဂုဏ်လိုက်စားတဲ့ ဂိုဏ်းက မြူဆွယ်တတ်တဲ့ ကောင်မတွေပဲ ကျွမ်းကျင်တာ မဟုတ်လား..ငါ့ကို ဒါမျိုးလုပ်ခိုင်းတာက တကယ့်ကို အခက်တွေ့စေတာပဲ..'
'ဒီနတ်ဆိုးအရှင်ကလည်း တကယ်ကို သစ်သားတုံးကြီးပဲ ..'
ကုတင်ပေါ်တွင် လှဲလျောင်းနေပြီး အကြောင်းပြချက်မရှိဘဲ စိတ်ဆိုး နေသော လုံယွဲ့ကို ကြည့်ကာ လင်းဖန်မှာ ကြောင်အမ်းအမ်း ဖြစ်နေသည်။
'ဒီနေ့ ဧကရီက တကယ်ကို ထူးဆန်းနေတာပဲ...'
'ပထမတော့ မနက်ခင်း တစ်လျှောက်လုံး ငါ့ကို ရှောင်နေတယ် .. ပြီးတော့ ညဘက် ပြန်ရောက်လာတော့လည်း ရုတ်တရက်ကြီး အရမ်းကို တက်ကြွနေပြန်တယ်.. အဝတ်အစား နည်းနည်းလေး ဝတ်ထားရုံတင်မကဘဲ ငါ့ဘေးနားမှာ တမင်လာကပ်ထိုင်နေသေးတယ်...'
'နေဦး ..'
ဤသို့ တွေးမိလိုက်သောအခါ လင်းဖန် ရုတ်တရက် အသိတစ်ခု ဝင်သွားသည်။
'ဒါဆို ဧကရီ ခုနက ငါ့ကို တမင် သွေးဆောင်နေတာလား...'
'မဖြစ်နိုင်တာ... သူက အင်မော်တယ်နယ်မြေရဲ့ ဧကရီအရှင်မလေ...'
'ဒါမျိုးက သူ လုပ်မယ့် အပြုအမူမျိုး မဟုတ်ဘူး..'
'ဒါပေမဲ့ ဒါမှမဟုတ်ရင်လည်း တခြား ဖြစ်နိုင်ခြေ မရှိတော့ဘူး...'
လင်းဖန်သည် ကုတင်ပေါ်မှ လုံယွဲ့ကို ခိုးကြည့်လိုက်သည်။ ထို့နောက် ခဏတာ တုံ့ဆိုင်းနေပြီးနောက် သူထကာ အိပ်ခန်းထဲသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်ဝင်သွားလေတော့သည်။