← Chapters

အခန်း (၁၂၃-၁၂၄)

Vol. 13 Ch. 123-124

အခန်း (၁၂၃-၁၂၄)

Vol. 13 Ch. 123-124

Chapter 123

~

အခန်း ၁၂၃ : ဧကရီ စိတ်ပျက်အားလျော့သွားခြင်း...

~

ထိုက်ရှန်းတောင် ... ယွိဟွမ်တောင်ထိပ်..

" ဟမ်းး... ငါ... ငါ... နောက်ဆုံးတော့... ရောက်ပြီ.. "

လုံယွဲ့သည် လက်ရန်းကို အားပြုကိုင်ကာ ထိုက်ရှန်းတောင်၏ အမြင့်ဆုံးနေရာဖြစ်သော ယွိဟွမ်တောင်ထိပ် ဆီသို့ ခက်ခဲပင်ပန်းစွာ လှမ်းတက်လိုက်သည်။

ဤအချိန်တွင် သူမ၏ အသက်ရှူသံများ ပြင်းထန်နေပြီး ခေါင်းများပင် မူးဝေနေတော့သည်။ သူမ၏ ခြေထောက်နှစ်ဖက်မှာလည်း သူမပိုင်သည်မဟုတ်တော့သကဲ့သို့ နာကျင်ကိုက်ခဲကာ အားအင်ချည့်နဲ့နေလေပြီ။ တောင်ခြေတွင် ရှိခဲ့သော ယုံကြည်မှုနှင့် တည်ငြိမ်မှုများမှာ သူမ၏ မျက်နှာပေါ်တွင် အရိပ်အယောင်ပင် မကျန်တော့ချေ။

' မလျှော့နဲ့ဦး .. နင်က အင်မော်တယ်နယ်မြေတစ်ခုလုံးက လူတွေ ကြည်ညိုရတဲ့ အင်မော်တယ်နယ်မြေရဲ့ ဧကရီပဲ .. နင် လုပ်နိုင်ပါတယ် လုံယွဲ့.. '

' တောင်ထိပ်ရောက်တာနဲ့ ဝိညာဉ်ချီစွမ်းအင်တွေ ပြန်ရမယ့် နည်းလမ်းကို ရှာတွေ့နိုင်မှာပါ.. '

' တောင်တက်တာက ဝိတ်လည်း ကျစေတယ်လေ .. နင် ကြိုးစားမှ ဖြစ်မယ်.. '

မိမိကိုယ်ကိုယ် အားပေးစကားများ ဆက်တိုက်ဆိုရင်း သူမသည် လက်ရန်းကို ဆွဲကာ ယွိဟွမ်တောင်ထိပ်ပေါ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။ သူမ၏ လှပသော မျက်နှာလေးပေါ်တွင် ဂုဏ်ယူဝမ်းမြောက်သည့် အပြုံးတို့ ပေါ်လွင်လာတော့သည်။

ဤသည်က သူမ၏ ဘဝတွင် ဝိညာဉ်ချီစွမ်းအင် အသုံးမပြုဘဲ ကိုယ်ပိုင်ခြေထောက် နှစ်ဖက်ကိုပဲ အားပြုပြီး တောင်တက်ခဲ့ရသော ပထမဆုံး အကြိမ် ဖြစ်ပေလိမ့်မည်။

ဝိညာဉ်ချီစွမ်းအင် မရှိလျှင်ပင် အင်မော်တယ်နယ်မြေ၏ ဧကရီဆိုသည်က အထင်ကြီးစရာ ကောင်းနေရမည်ဖြစ်သည် ။

" အထင်ကြီးစရာပဲ ဧကရီအရှင်မ.. "

လင်းဖန်သည် တောင်ထိပ်ပေါ်တွင် အသင့်ရောက်နှင့်နေပြီ ဖြစ်ကာ လုံယွဲ့ဆီသို့ လက်ကမ်းပေးလိုက်သည်။

သူမ၏ စွမ်းဆောင်ရည်မှာ သူထင်ထားသည်ထက် ကျော်လွန်နေလေသည်။ တောင်တက်ရန် အချိန်အတော်ကြာမည်ဟု သူ ထင်ထားသော်လည်း လေးနာရီခန့်သာ ကြာမြင့်ခဲ့သည်။ ယခု သူမ၏ အားနည်းလှသော ခန္ဓာကိုယ်နှင့်ဆိုလျှင် ဤအချိန်မှာ တကယ့်ကို ချီးကျူးစရာပင် ဖြစ်သည်။

အနည်းဆုံးတော့ ဟိုလူနှစ်ယောက်ထက် အများကြီး သာနေသေး၏။

အောက်ဘက်သို့ လှမ်းကြည့်လိုက်သောအခါ ကျိုးယန်နှင့် လုကျိုက်တို့မှာ လက်တစ်ဖက်က လက်ရန်းကိုကိုင်၊ အခြားလက်တစ်ဖက်က တောင်တက်တုတ်ကို အားပြုရင်း တစ်လှမ်းချင်းစီ ခက်ခဲစွာ တက်လာနေကြသည်။

နောက်ဆုံးတွင် တောင်ထိပ်သို့ ရောက်ရှိလာကြသောအခါ သူတို့နှစ်ဦးမှာ ပင်ပန်းလွန်းသဖြင့် လက်ရန်းပေါ်တွင် ငါးပိကပ်သကဲ့သို့ မှောက်ခုံကြီး တက်လျက် အသက်ပင် မရှူနိုင်တော့ဘဲ ငြိမ်ကျသွားကြတော့သည်။

" ငါ တကယ် အားကုန်ပြီ... "

" ငါ့ခြေထောက်တွေ ဘာမှကို မသိတော့ဘူး... "

" ဒီလောက် မြင့်တဲ့တောင်ကို တက်ခိုင်းတာက အိမ်ထဲက အိမ်ပြင်မထွက်တဲ့ လူတစ်ယောက်အတွက် ဘယ်လောက် ရက်စက်လဲ မင်းတို့ သိကြလား... "

ကျိုးယန်နှင့် လုကျိုက်တို့မှာ တစ်ယောက်တစ်လှည့် ညည်းတွားနေကြသည်။

" ကဲ... ခဏနားကြဦး .. ရေသောက်လိုက်ဦး .."

လင်းဖန်သည် ရေပုလင်း အနည်းငယ် ဝယ်ယူကာ သူတို့နှစ်ဦးထံသို့ ကမ်းပေးလိုက်သည်။ ကျိုးယန်နှင့် လုကျိုက်တို့မှာ ရေပုလင်းကို ယူရင်း သူ့ကို အငြိုးတကြီး စိုက်ကြည့်လိုက်ကြသည်။

" ငါပြောတာ... မင်းတို့ လင်မယားက ရှေ့ကနေ နည်းနည်းလောက် နှေးနှေး လျှောက်ပေးလို့ မရဘူးလား... "

လင်းဖန်က ရှေ့မှ ဦးဆောင်နေသဖြင့် သူတို့မှာ နောက်ကျန်မနေခဲ့စေရန် အံကြိတ်ကာ ထပ်ကြပ်မကွာ လိုက်ခဲ့ကြရခြင်း ဖြစ်သည်။ ဒီလူတွေက တစ်ချက်ကလေးတောင် မနားဘဲ ဆက်တိုက် တက်သွားလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပါချေ။

မနက်ကနေ ညအထိ အေးအေးဆေးဆေး တက်လို့ ရပါလျက်နှင့် ဇွတ်အတင်း လေးနာရီအတွင်း တောင်ထိပ်ရောက်အောင် တက်ခဲ့ကြသည်။ ဤသည်က လင်းဖန်၏ အမှားပင်။

တောင်ခြေကနေ တောင်ထိပ်အထိ လေးနာရီအတွင်း တက်လာခဲ့သော်လည်း လင်းဖန်မှာ မျက်နှာမနီ၊ အမောမဖောက်ဘဲ ဘာမှမဖြစ်သကဲ့သို့ ရှိနေခြင်းမှာ တကယ်ကို မယုံနိုင်စရာကောင်းလှပေသည်။

လင်းဖန်ဟာ မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ စူပါစစ်သည်တော်တစ်ယောက် ဖြစ်မယ်လို့ ကျိုးယန်ပိုပြီး ယုံကြည်လာတော့သည်။ မည်သည့်သာမန်လူကမှ ထိုက်ရှန်းတောင်ကို အမောမဖောက်ဘဲ ယခုကဲ့သို့ တက်နိုင်မည် မဟုတ်ချေ။

" ဆောရီးပါ ..နောက်တစ်ခါကျရင် သတိထားပါ့မယ်.. "

လင်းဖန်က အားနာစွာ ပြုံးပြလိုက်သည်။

တကယ်တော့ သူ အတော်လေး နှေးအောင် လျှောက်ပေးခဲ့ခြင်း ဖြစ်သည်။ မဟုတ်လျှင် သုံးနာရီပင် မကြာဘဲ တောင်ထိပ်သို့ ရောက်သွားပေလိမ့်မည်။ ကျိုးယန်နှင့် လုကျိုက်တို့မှာ ချမ်းသာသော လူငယ်လေးနှင့် အိမ်တွင်းအောင်း များ ဖြစ်ကြသဖြင့် သူတို့၏ ကြံ့ခိုင်မှုမှာ ပုံမှန်လူများထက် ပို၍ အားနည်းနိုင်သည်ကို သူ မေ့လျော့သွားမိခဲ့၏။

" နောက်တစ်ခါ မင်းကို ရှေ့ကနေ လုံးဝ လျှောက်ခွင့်မပေးဘူး .."

ကျိုးယန်နှင့် လုကျိုက်တို့က တစ်ပြိုင်တည်း ပြောလိုက်ကြသည်။ လင်းဖန်သာ ရှေ့က လျှောက်လျှင် အပန်းဖြေ တောင်တက်ခရီးစဉ်မှာ တာဝေးအပြေး ပြိုင်ပွဲကြီးအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။ သူတို့၏ ကန့်ကွက်မှုကို လင်းဖန်က အားနာနာနှင့်သာ ပြုံးနေမိတော့သည်။

ထိုစဉ် လုံယွဲ့မှာ သူတို့ဘေးတွင် မရှိတော့သည်ကို သတိထားမိလိုက်ကြပြီး နောက်ဘက်ရှိ လူအုပ်ကြီးထံမှ ဆူညံသံများ ထွက်ပေါ်လာသည်။

" ဟိုမှာကြည့်စမ်း .. အဲ့ဒီကောင်မလေး ဘာလုပ်နေတာလဲ.. "

" ပုံစံကြီးက တမျိုးပဲနော်... "

" အမှတ်တရ ဓာတ်ပုံရိုက်ဖို့ ပို့စ်ပေးနေတာလား.. "

ဆူညံသံများကြောင့် လင်းဖန်နှင့် ကျိုးယန်တို့ လှည့်ကြည့်လိုက်သောအခါ လုံယွဲ့သည် တင်ပျဉ်ခွေထိုင်ကာ မျက်လုံးများကို မှိတ်ထားပြီး လက်နှစ်ဖက်ကို ကောင်းကင်ယံသို့ မြှောက်ကာ တစ်စုံတစ်ခုကို ပင့်မထားသည့် ပုံစံမျိုး လုပ်နေသည်ကို တွေ့လိုက်ရသည်။

" လင်းဖန်... မရီး ဘာလုပ်နေတာလဲ .."

ကျိုးယန့်က စပ်စုလိုက်သည်။

" အာ... မိုးရွာအောင် ဆုတောင်းနေတာ ထင်ပါရဲ့... "

လင်းဖန်က ကြုံရာဆင်ခြေတစ်ခု ပေးလိုက်သည်။

တကယ်တော့ လုံယွဲ့သည် ပတ်ဝန်းကျင်တွင် ဝိညာဉ်စွမ်းအင် လှိုင်းတစွန်းတစ ရှိမရှိ အာရုံခံနေခြင်းသာ ဖြစ်သည်။ သို့သော် ဤအချက်ကို လူသိခံ၍ မဖြစ်ပါချေ။

" ဒါနဲ့ မိုးလေဝသကလည်း ဒီနှစ်ရက်အတွင်း ထိုက်ရှန်းတောင်မှာ မိုးရွာနိုင်တယ်လို့ ပြောထားသားပဲ.. "

" ဒါပေမဲ့ မရီးက ဘာလို့ အကြောင်းရင်းမရှိဘဲ မိုးရွာအောင် ဆုတောင်းနေရတာလဲ... "

ကျိုးယန်နှင့် လုကျိုက်တို့မှာ ကောင်းကင်ကို မော့ကြည့်ရင်း ပို၍ ဇဝေဇဝါ ဖြစ်သွားကြသည်။

အတန်ကြာသည်အထိ လုံယွဲ့မှာ မလှုပ်မယှက် ရှိနေသဖြင့် လင်းဖန်က သူမဘေးသို့ အသာအယာ လျှောက်သွားကာ တိုးတိုးလေး မေးလိုက်သည်။

" ဧကရီ... ဘယ်လိုလဲ .. ဝိညာဉ်စွမ်းအင် အငွေ့အသက်ကို ခံစားမိလား.. "

" မခံစားမိဘူး... ဒီဧကရီ ဘာမှ မခံစားရဘူး... "

လုံယွဲ့သည် သူမ၏ လက်များကို ပြန်ချလိုက်ပြီး စိတ်ပျက်အားလျော့စွာ ခေါင်းငိုက်စိုက် ကျသွားသည်။

ယွိဟွမ်တောင်ထိပ်သို့ မတက်မီက သူမသည် တောင်ထိပ်တွင် ဝိညာဉ်စွမ်းအင် အငွေ့အသက်ကို ခံစားရလိမ့်မည်ဟု မျှော်လင့်ချက် အပြည့်ရှိခဲ့သည်။ အနည်းငယ်မျှ ခံစားရလျှင်ပင် ပြန်နိုင်မည့် မျှော်လင့်ချက် ရှိပါသေးသည်။

သို့သော် လက်တွေ့ဘဝက သူမ၏ တစ်ခုတည်းသော မျှော်လင့်ချက်ကို ရက်ရက်စက်စက် နင်းခြေလိုက်ပြန်သည်။ ဝိညာဉ်စွမ်းအင်ကို အာရုံခံနိုင်စွမ်း အရှိဆုံးဖြစ်သည့် ကောင်းကင်ချိတ်ဆက် ဝိညာဉ်အာရုံပုံစံကို အသုံးပြုလျှင်ပင် ဘာအစအနမျှ မခံစားရပါချေ။

" နတ်ဆိုးအရှင်... နင်ရော ဝိညာဉ်စွမ်းအင်ကို ခံစားမိလား.. "

လုံယွဲ့သည် မျှော်လင့်ချက် အပြည့်ဖြင့် လင်းဖန်ကို ကြည့်လိုက်သည်။ သူမ၏ ကျင့်ကြံမှုနှင့် စွမ်းအားတွေ အကုန်ဆုံးရှုံးသွားသဖြင့် ကမ္ဘာမြေ၏ ဝိညာဉ်စွမ်းအင်ကို အာရုံမခံနိုင်ခြင်း ဖြစ်နိုင်မလားဟု တွေးမိသောကြောင့် ဖြစ်သည်။

လင်းဖန်က မျက်လုံးများကို မှိတ်ကာ ပတ်ဝန်းကျင်ကို အာရုံခံကြည့်ပြီးနောက် ခေါင်းကို ဖြည်းဖြည်းချင်း ခါလိုက်သည်။

" ဒီအရှင်လည်း ဘာမှ မခံစားရဘူး .."

" အဲ့လိုလား... "

ထိုစကားကို ကြားလိုက်ရသောအခါ လုံယွဲ့၏ မျက်နှာမှာ ချက်ချင်း မှိုင်ကျသွားပြီး ဇဝေဇဝါ ဖြစ်ခြင်းနှင့် စိတ်ပျက်အားလျော့ခြင်းတို့ ပေါ်လွင်လာတော့သည်။ နတ်ဆိုးအရှင်ပင်လျှင် ဝိညာဉ်စွမ်းအင်ကို အာရုံမခံနိုင်ပါက ဤနေရာတွင်လည်း ဝိညာဉ်စွမ်းအင် မရှိဟုသာ ဆိုရပေလိမ့်မည်။ သူမ၏ နောက်ဆုံး မျှော်လင့်ချက်မှာ ထပ်မံ ပျက်စီးသွားရပြန်သည်။

မျှော်လင့်ချက် ကြီးလေလေ ၊ စိတ်ပျက်မှု ကြီးလေလေ ဖြစ်သည်။ ပြန်နိုင်ရန်အတွက် သူမ သိသမျှ နည်းလမ်းတိုင်းကို ကြိုးစားခဲ့သော်လည်း မျှော်လင့်ချက်တိုင်းမှာ တစစီ ပျက်စီးခဲ့ရသည်။

" ဒီနေ့တော့ ငါတို့ အချည်းနှီး ဖြစ်ခဲ့ရပြီ ထင်ပါရဲ့... "

" ဘာလို့ အချည်းနှီး ဖြစ်ရမှာလဲ ..ကြည့်စမ်း... ဒီနေဝင်ချိန် ရှုခင်းက မလှဘူးလား.. "

လင်းဖန်သည် တောင်ထိပ်ရှိ လက်ရန်းအစွန်းသို့ လျှောက်သွားကာ အဆုံးမရှိသော တိမ်ပင်လယ်ကြီးကို လှမ်းကြည့်လိုက်သည်။

နေမင်းကြီး၏ တစ်ဝက်မှာ တိမ်ပင်လယ်အောက်တွင် နစ်မြုပ်နေပြီဖြစ်ကာ ကျန်တစ်ဝက်မှာမူ နေဝင်ဆည်းဆာ အလင်းတန်းများဖြင့် ကောင်းကင်ယံနှင့် တိမ်ပင်လယ်ကြီးကို ပန်းချီကား တစ်ချပ်ပမာ လှပစွာ ဆေးရောင်ခြယ်သပေးထားသည်။

လုံယွဲ့သည်လည်း လင်းဖန်၏ဘေးတွင် ရပ်ကာ တိမ်ပင်လယ်နှင့် နေဝင်ချိန်ကို ကြည့်နေသော်လည်း သူမ၏ ရင်ထဲ၌မူ ပို၍ ဝမ်းနည်းလာမိသည်။

အင်မော်တယ်နယ်မြေ၏ ဧကရီတစ်ပါးအနေဖြင့် သူမသည် ကောင်းကင်နှင့် မြေပြင်ကြားတွင် ပျံသန်းနေရမည် ဖြစ်ပြီး တိမ်ပင်လယ်များ၏ အထက်တွင် ရပ်နေရမည် ဖြစ်သည်။ ယခုလို သာမန်လူတစ်ယောက်အနေဖြင့် ဤနေရာတွင် ရပ်ပြီး ငေးကြည့်နေရမည် မဟုတ်ချေ။

တောင်ပေါ်မှ ပြန်ဆင်းလာသည့် လမ်းတစ်လျှောက်တွင် လုံယွဲ့မှာ တိတ်ဆိတ်နေပြီး သူမ၏ မျက်ခုံးတန်းလေးများမှာလည်း မှိုင်းညှို့နေချေသည်။ တောင်တက်စဉ်က ရှိခဲ့သည့် ပျော်ရွှင်မှုနှင့် မျှော်လင့်ချက်များမှာ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

" လင်းဖန်... မရီး ဘာဖြစ်တာလဲ ..သိပ်မပျော်သလိုပဲနော်.. "

ကျိုးယန်သည် လင်းဖန်ဘေးတွင် လျှောက်ရင်း ဇဝေဇဝါဖြင့် မေးလိုက်သည်။ တောင်မတက်ခင်ကနှင့် တောင်ပေါ်မှ ပြန်ဆင်းလာချိန်ရှိ သူမ၏ ခံစားချက်မှာ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသဖြင့် စိုးရိမ်မိခြင်း ဖြစ်သည်။

လင်းဖန်က ပြန်မဖြေဘဲ လုံယွဲ့၏ အထီးကျန်ဆန်လှသော ကျောပြင်လေးကို ကြည့်ရင်း သူမကို မည်သို့ နှစ်သိမ့်ပေးရမည့်အကြောင်း စဉ်းစားနေမိသည်။ တကယ်တော့ ဤခရီးစဉ်မှာ အချည်းနှီး ဖြစ်သွားနိုင်သည်ကို သူ ကြိုတင် သိထားပြီးသား ဖြစ်သည်။

မျှော်လင့်ချက်တွေ ပျက်စီးသွားတဲ့ စိတ်ပျက်မှုကို သူမ မခံစားစေချင်တာကြောင့် သူ မပြောခဲ့မိခြင်း ဖြစ်သည်။ သို့သော်လည်း ဤသည်က သူမကို ပိုပြီး စိတ်ထိခိုက်သွားစေပုံ ရသည်။

' ဂျိန်း.. '

ထိုစဉ် ကောင်းကင်ယံမှ မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာပြီး ထိုက်ရှန်းတောင်ပေါ်တွင် မည်းမှောင်သော တိမ်တိုက်များ ဖုံးလွှမ်းလာတော့သည်။ ကျိုးယန်နှင့် လုကျိုက်တို့သည် စိုးရိမ်တကြီးဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။

" ချီး..သေစမ်း... မိုးတော့ တကယ် ရွာတော့မှာပဲ.. "

သူ ပြောပြီးသည်နှင့် မိုးများ သည်းထန်စွာ ရွာချလာတော့သည်။

" မြန်မြန် .. မိုးခိုစရာ နေရာတစ်ခုခု ရှာကြစမ်း .."

ကျိုးယန်နှင့် လုကျိုက်တို့မှာ အနီးဆုံး နားနေဆောင်ဆီသို့ အပြေးသွားကြသော်လည်း လုံယွဲ့မှာမူ မိုးသည်းထဲတွင် ရပ်တန့်ကာ ကောင်းကင်ယံကို မော့ကြည့်နေမိသည်။ မိုးစက်မိုးပေါက်များကို သူမ၏ ခန္ဓာကိုယ်ပေါ်သို့ တဖွဲဖွဲ ကျဆင်းစေလျက် ငြိမ်သက်စွာ ရပ်နေမိ၏။

Chapter 124

~

အခန်း ၁၂၄ : ဧကရီ နေမကောင်းဖြစ်ခြင်း...

~

" အဟွတ်... အဟွတ်... "

မိုးမိခဲ့သည့် နောက်တစ်နေ့တွင် လုံယွဲ့ အအေးမိပြီး ဖျားနာသွားကာ အိပ်ရာထဲတွင် အားအင်ချည့်နဲ့စွာ လဲလျောင်းနေရတော့သည်။

လင်းဖန်သည် သူမ အိပ်ရာမှ ထမလာသည်မှာ ကြာနေပြီဖြစ်ကြောင်း သတိထားမိသော်လည်း အစပိုင်းတွင် သူမ အိပ်ပုတ်ကြီးနေပြန်ပြီဟု ထင်ကာ မနှောင့်ယှက်ခဲ့ချေ။ သို့ရာတွင် နေ့လယ်စာ စားချိန်အထိ ထမလာသေးသဖြင့် သူမ နေမကောင်းဖြစ်နေပြီဆိုသည်ကို သူ သိလိုက်ရသည်။

သူ အိပ်ခန်းထဲသို့ ဝင်စစ်ဆေးကြည့်သောအခါ သူမသည် စောင်ပုံထဲတွင် ခွေနေပြီး ခန္ဓာကိုယ်မှ ချွေးစီးများ ထွက်ကာ အားနည်းနေသည်ကို တွေ့လိုက်ရသည်။

" ဟူး..တကယ်ပါပဲ ..နေမကောင်းဖြစ်နေတာကို ဘာလို့ တစ်ခွန်းမှ မပြောတာလဲ .."

လင်းဖန်သည် သူမ၏ နဖူးပေါ်မှ ချွေးများကို သုတ်ပေးရန် တာဝါတစ်ခု ယူလာပြီး သူ၏ လက်ဖမိုးနှင့် နဖူးကို စမ်းကြည့်လိုက်သည်။

" ပူလိုက်တာ... "

လက်ဖမိုးမှ ခံစားလိုက်ရသော အပူချိန်ကြောင့် သူ မျက်မှောင်ကြုတ်လိုက်မိသည်။

" သာမန်လူတစ်ယောက် နေမကောင်းဖြစ်တာက ဒီလိုမျိုးလား... ခံစားရတာ သိပ်မကောင်းဘူးပဲ... "

လုံယွဲ့က အသံတိုးတိုးလေးဖြင့် ပြန်ပြောရှာသည်။ သူမ မွေးဖွားလာကတည်းက တစ်ခါမှ နေမကောင်း မဖြစ်ဖူးသလို ဖျားနာခြင်းဆိုသည်မှာ ဘာလဲဆိုသည်ကိုပင် မသိခဲ့ပါချေ။ ယခုမှာ သူမ၏ ပထမဆုံးသော ဖျားနာခြင်း အတွေ့အကြုံပင် ဖြစ်သည်။

မနက်ပိုင်းက သူမ အနည်းငယ် အေးစိမ့်စိမ့်ဖြစ်ကာ ခြေလက်များ အားမရှိဘဲ ခေါင်းထဲတွင် လေးလံနေသဖြင့် အဆိပ်မိထားသကဲ့သို့ ခံစားခဲ့ရသည်။ သူမ၏ ခန္ဓာကိုယ်တွင် တစ်ခုခု မှားယွင်းနေသည်ကို သိသော်လည်း အဘယ်ကြောင့် ဖြစ်သည်ကိုမူ သူမ အဖြေရှာမရခဲ့ချေ။

လင်းဖန်၏ သတိပေးချက်ကြောင့်သာ သူမသည် ဧကရီတစ်ဦးအနေနှင့် ပထမဆုံးအကြိမ် ဖျားနာနေပြီဖြစ်ကြောင်း သိလိုက်ရတော့သည်။ သာမန်လူသား ခန္ဓာကိုယ်ဆိုသည်မှာ တကယ်ကို နုနယ်လွန်းလှသည် ။ မိုးအနည်းငယ် မိရုံနှင့်ပင် မခံနိုင်ပါကလား။

" မင်းရဲ့ မိုးပြာရောင် ကျောက်မျက်ကော ဘယ်မှာလဲ .. အဆိပ်အားလုံးကို ကာကွယ်ပေးတယ် ဆိုတာ မဟုတ်ဘူးလား .."

လင်းဖန်သည် အိမ်သုံး ဆေးသေတ္တာလေးကို ယူလာပြီး အပူချိန်တိုင်း ကိရိယာကို ရှာဖွေရင်း ဇဝေဇဝါဖြင့် မေးလိုက်သည်။ သူမတွင် အဆိပ်အားလုံးကို ကာကွယ်ပေးပြီး အသက်ရှည်စေသည့် ထိုရတနာ ပါလာသည်ကို သူ မှတ်မိနေသည်။ မိုးမိရုံနှင့်တော့ ဖျားစရာ အကြောင်းမရှိချေ။

လုံယွဲ့သည် သူမ၏ ရင်ဘတ်တွင် ဆွဲထားသော ကျောက်မျက်လေးကို ထုတ်ကြည့်လိုက်သည်။ နဂိုက ဝိညာဉ်အလင်းတန်းများ တောက်ပနေရမည့် ထိုကျောက်မျက်လေးမှာ ယခုအခါ အရောင်အဆင်း မှိန်ဖျော့ကာ ဝိညာဉ်စွမ်းအား လုံးဝ ကင်းမဲ့နေလေပြီ။

" ကျောက်မျက်ထဲမှာ ဒီဧကရီ ချိတ်ပိတ်ထားတဲ့ ဝိညာဉ်စွမ်းအားတွေ အကုန်လုံး ခန်းခြောက်သွားပြီ ထင်တယ်... "

ပုံမှန်ဆိုလျှင် သူမ ချိတ်ပိတ်ထားသော ဝိညာဉ်စွမ်းအားမှာ တစ်စုံတစ်ယောက်က ဖျက်ဆီးခြင်း မပြုသရွေ့ နှစ်ပေါင်း တစ်ထောင်တိုင် မပျောက်ပျက်ဘဲ ရှိနေရမည် ဖြစ်သည်။ သို့သော် ဤကမ္ဘာတွင် သုံးလမပြည့်ခင်မှာပင် အကုန်လုံး ပျောက်ကွယ်သွားခဲ့လေပြီ ။

" အဲ့လိုလား .. ဒါဆိုရင်တော့ ဘာမှတတ်နိုင်ဘူး.. "

လင်းဖန်သည် အပူချိန်တိုင်း ကိရိယာကို ခါယမ်းပြီးနောက် လုံယွဲ့ကို ကမ်းပေးလိုက်သည်။

" ကဲ... ဒါကို ဂျိုင်းအောက်မှာ ထည့်ထားလိုက်.. "

" ဒါက ဘာလဲ.. "

လုံယွဲ့က နားမလည်ဘဲ မေးလိုက်သည်။

" ဒါက သာမိုမီတာလို့ ခေါ်တယ် .. ခန္ဓာကိုယ် အပူချိန် တိုင်းတာ .."

" ဪ... "

" ဒီကမ္ဘာက သာမန်လူတွေမှာလည်း ပစ္စည်းစုံတာပဲနော်.. "

လုံယွဲ့က သက်ပြင်းချလိုက်ရင်း ကိရိယာကို ယူကာ သူမ၏ ဂျိုင်းအောက်တွင် ထည့်လိုက်သည်။

" ငြိမ်ငြိမ်လေး ထားနော် .. အနည်းဆုံး ငါးမိနစ်လောက်တော့ ထားရမယ်.. "

လုံယွဲ့ အပူချိန်တိုင်းနေစဉ် လင်းဖန်သည် ရေနွေးအိုး တည်ကာ အဖျား ပျောက်ဆေးတစ်ခွက် ဖျော်ပြီး ကုတင်ဘေးသို့ ပြန်လာခဲ့သည်။

" ကဲ ရပြီ ..ပြန်ထုတ်လိုက်တော့ .. ငါ ကြည့်ပေးမယ်.. "

မိနစ်အနည်းငယ် ကြာပြီးနောက် လုံယွဲ့သည် ကိရိယာကို ပြန်ထုတ်ပေးလိုက်သည်။ လင်းဖန် ကြည့်လိုက်သောအခါ မျက်မှောင် အနည်းငယ် ကြုတ်သွားသည်။

" ၃၈.၉ ဒီဂရီ .. အပူချိန်က မနည်းဘူးပဲ ..အဖျား တော်တော် တက်နေတာ .. ဒီနေ့တော့ ကောင်းကောင်း အနားယူလိုက်ပါဦး .. ငါ မင်းရဲ့ Live စာမျက်နှာမှာ ခွင့်တိုင်ပေးထားလိုက်မယ် ..မပျောက်မခြင်း Live မလွှင့်နဲ့ဦး.. "

" ကဲ... ဆေးအရင် သောက်လိုက်ဦး .."

ပြောရင်းနှင့် လင်းဖန်သည် လုံယွဲ့ကို ကုတင်ခေါင်းရင်းတွင် မှီထိုင်နိုင်အောင် အသာထူကာ ကူညီပေးလိုက်ပြီး ဖျော်ထားသော ဆေးခွက်ကို ကမ်းပေးလိုက်သည်။

လုံယွဲ့သည် ဆေးခွက်ကို ကိုင်လိုက်သောအခါ ဆေး၏ နွေးထွေးမှုကို လက်ဖဝါးမှတစ်ဆင့် ခံစားလိုက်ရသည်။ ဆေးကို တစ်ငုံ သောက်ကြည့်လိုက်သောအခါ အရသာမှာ ချိုသော်လည်း သူမ၏ ခန္ဓာကိုယ်ထဲတွင် နွေးထွေးသော စီးဆင်းမှုတစ်ခု ဖြစ်ပေါ်လာပေသည်။

ဆေးက ချိုမြိန်သော်လည်း သူမ၏ ရင်ထဲတွင်မူ ခါးသီးသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာပြန်သည်။

" နတ်ဆိုးအရှင်... ဒီဧကရီ ပြန်လို့ မရတော့ဘူး... "

ဆေးခွက်ကို ကိုင်ထားသော လုံယွဲ့၏ လက်များမှာ ရုတ်တရက် လေးလံလာတော့သည်။ သူမ ဆေးကို ကုန်အောင် မသောက်တော့ဘဲ ခေါင်းငုံ့ကာ ဝမ်းနည်းပူဆွေးသော မျက်နှာဖြင့် ငြိမ်ကျသွားသည်။

အခုအချိန်တွင် သူမသည် အင်မော်တယ်နယ်မြေ၏ အခြေအနေထက် အင်မော်တယ်နယ်မြေကို ပြန်မသွားနိုင်တော့မည်ကို ပို၍ ကြောက်ရွံ့နေမိသည်။ အကယ်၍ သူမ လုံးဝ ပြန်မသွားနိုင်တော့ပါက ဤနေရာတွင် သာမန်လူတစ်ယောက်အဖြစ် ထာဝရ နေသွားရမည် မဟုတ်ပါလော။

လူတိုင်း ကြည်ညိုရသော၊ အရာရာကို စွမ်းဆောင်နိုင်သော ဧကရီတစ်ဦး၏ ဘဝမှ နေမကောင်းဖြစ်ခြင်းကိုပင် မကာကွယ်နိုင်သော သာမန်လူတစ်ဦး ဖြစ်သွားရသည့် ဤကွာဟချက်ကြီးကို သူမ ဘယ်လိုမှ လက်မခံနိုင်ပါချေ။ သူမ၏ ရင်ထဲတွင် မကြုံစဖူးသော ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာကာ မျှော်လင့်ချက်အားလုံး ပျောက်ဆုံးသွားသကဲ့သို့ ခံစားလိုက်ရသည်။

" အု...ဝူး... ဝူးး... "

ထိုအကြောင်းကို တွေးမိသောအခါ သူမ၏ စိတ်ခံစားချက်များကို မထိန်းနိုင်တော့ဘဲ ငိုချလိုက်တော့သည်။ မျက်ရည်များမှာ တသွင်သွင် စီးကျလာသလို နှာရည်များပါ ထွက်လာကာ အလွန်ပင် သနားစရာ ကောင်းနေချေတော့သည်။

လင်းဖန် ... " ... "

လင်းဖန်သည် လုံယွဲ့က ကလေးလေးတစ်ယောက်လို ဤမျှအသည်းအသန် ငိုနေသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ရာ ရင်ထဲတွင် မသက်မသာ ခံစားလိုက်ရသည်။ သူမ အရင်က ငိုဖူးသော်လည်း ယခုကဲ့သို့ စိတ်ပျက်အားငယ်စွာ ငိုခြင်းမျိုး မဟုတ်ချေ။

" ဧကရီ... မင်း နှပ်ချီးတွေ ကျတော့မယ်... "

" ဒါက မင်းရဲ့ ဧကရီ ပုံရိပ်ကို ထိခိုက်စေလိမ့်မယ် .. အရင်ဆုံး နှပ်ညှစ်လိုက်ဦး .."

လင်းဖန်သည် တစ်ရှူးအနည်းငယ် ထုတ်ပေးလိုက်သည်။ လုံယွဲ့မှာ ငိုနေရင်းနှင့်ပင် တစ်ရှူးကို ယူကာ နှာခေါင်းကို အုပ်ပြီး ဖူး ခနဲ ပြင်းပြင်းထန်ထန် နှာညှစ်လိုက်သည်။ ထို့နောက် အသုံးပြုပြီးသား တစ်ရှူးကို လင်းဖန်လက်ထဲ ပြန်ထည့်ပေးကာ ဆက်ငိုနေပြန်သည်။

လင်းဖန်လည်း ဘာမှမတတ်နိုင်ဘဲ တစ်ရှူးကို အမှိုက်ပုံးထဲ ပစ်လိုက်ကာ သူမကို နှစ်သိမ့်လိုက်သည်။

" ဧကရီ... ပြန်လို့ မရရင်လည်း မပြန်နဲ့တော့ပေါ့.. "

" ဒီကမ္ဘာမှာ ဝိညာဉ်စွမ်းအားတွေ မရှိပေမဲ့ အရသာရှိတဲ့ အစားအစာတွေ ..ပျော်စရာကောင်းတဲ့ ဂိမ်းတွေနဲ့ မင်း တစ်ခါမှ မကြုံဖူးသေးတဲ့ အရာတွေ အများကြီး ရှိပါသေးတယ် .. ဒီမှာနေရတာကလည်း ဆိုးလှတာ မဟုတ်ပါဘူး .."

" ဒီမှာ နေရမယ် ဟုတ်လား... "

ထိုစကားကို ကြားသောအခါ လုံယွဲ့ ခဏ ငြိမ်ကျသွားသည်။ သူမ၏ ရှိုက်သံများမှာ တဖြည်းဖြည်း တိတ်သွားတော့သည်။ အချိန်ခဏတာ စဉ်းစားပြီးနောက် သူမသည် သူမလက်ထဲမှ ဆေးခွက်ကို ငေးကြည့်ရင်း ပြန်ပြောလိုက်သည်။

" ဒါပေမဲ့ ဒီဧကရီက ဒီကမ္ဘာအတွက် လမ်းကြုံဖြတ်သန်းသွားတဲ့ လူတစ်ယောက်ပဲလေ ..ဒီနေရာနဲ့ မသက်ဆိုင်တဲ့ လူစိမ်းတစ်ယောက်ပါ .. ဒီမှာ ဒီဧကရီအတွက် အိမ်ဆိုတာ မရှိဘူး... "

" ဧကရီ... အိမ်ဆိုတာ အချိန်နဲ့အမျှ တစ်စတစ်စ တည်ဆောက်ယူရတဲ့ အရာမျိုးပါ ..အိမ်မရှိရင်လည်း ဆောက်လိုက်ရုံပေါ့ .."

လင်းဖန်က ပြောလိုက်သည်။

သူသည် လုံယွဲ့၏ ယခု ခံစားချက်ကို ကောင်းကောင်း နားလည်ပေ၏။ သူ အင်မော်တယ်နတ်ဆိုးတိုက်ကြီးသို့ ရောက်သွားစကလည်း သူမကဲ့သို့ပင် မယောင်မလည်နှင့် အားကိုးရာမဲ့ ဖြစ်ခဲ့ရဖူးသည်။ သို့သော် နောက်ဆုံးတွင် သူသည် နတ်ဆိုးနယ်မြေတွင် သံယောဇဉ် တွယ်ခဲ့ပြီး ပြန်လာဖို့ပင် စိတ်မကူးခဲ့တော့ပေ။

" အိမ်ကို ဆောက်ရမယ် ဟုတ်လား.. "

လုံယွဲ့သည် လင်းဖန် ဆိုလိုသည်ကို သေချာ နားမလည်ဘဲ ကြောင်ကြည့်နေမိသည်။

" ဟုတ်တယ် .."

လင်းဖန်သည် ခေါင်းငြိမ့်ပြလိုက်ပြီး ကုတင်ဘေးတွင် ဝင်ထိုင်လိုက်သည်။ သူ၏ မျက်လုံးများက သူမကို စိုက်ကြည့်ရင်း မေးလိုက်သည်။

" ဧကရီအရှင်မ... ဒီမှာ ငါနဲ့အတူ ငါတို့နှစ်ယောက်ရဲ့ အိမ်လေးတစ်လုံးကို ဆောက်ချင်လား... "

" နတ်ဆိုးအရှင်... နင်နဲ့အတူ အိမ်တည်ဆောက်ရမယ် ဟုတ်လား... "

လုံယွဲ့ မှင်သက်သွားသည်။ အတန်ကြာမှ စကားလုံးများ၏ အဓိပ္ပာယ်ကို သဘောပေါက်သွားကာ သူမ၏ မျက်နှာလေးမှာ အံ့သြသွားဟန်ဖြင့် နီမြန်းလာတော့သည်။

" နတ်... နတ်ဆိုးအရှင်... ဒီဧကရီ တစ်ခုလောက် အတည်ပြုပါရစေ .. နင်.. နင် အခု ငါ့ကို... ရည်းစားစကား လာပြောနေတာလား.. "

All Chapters