← Chapters

ပွဲဖန်တီးရှင် ပိုင်ရှောင်ချန်း

Vol. 12 Ch. 1107

ပွဲဖန်တီးရှင် ပိုင်ရှောင်ချန်း

Vol. 12 Ch. 1107

မြို့ထဲတွင် သတင်းများ ပျံ့နှံ့သွားနှင့်အမျှ မြို့စားကျစ်လင်အား အသရေဖျက်သော စကားသံများမှာလည်း ပို၍များပြားလာသည်။

သရဲကြီးဘုရင်က ထိုအကြောင်းများကို ကြားလိုက်ရသောအခါ ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။ ဤကိစ္စ၏ လက်သည်တရားခံမှာ ပိုင်ရှောင်ချန်းဖြစ်ကြောင်း သူက သိပါသော်လည်း ယခုလုပ်ရပ်အားလုံးမှာ လုံးဝအလုပ်ဖြစ်မည် မဟုတ်သဖြင့် သက်ပြင်းချလိုက်တော့သည်။

" ဘယ်သူက ယုံမှာတုန်းကွာ "

သရဲကြီးဘုရင်က တွေးလိုက်သည်။ သူသည် ခေါင်းခဲလာသဖြင့် ပိုင်ရှောင်ချန်းဆီသို့ သွား၍ အကျိုးအကြောင်းမေးရန် ပြင်လိုင်သည်။ သို့သော် သူ ထိုနေရာသို့ ရောက်သွားသည်နှင့် ပိုင်ရှောင်ချန်းက နဂါးများဖြင့် အလှဆင်ထားသည့် ခရမ်းရောင်ဝတ်ရုံတစ်ထည်ကိုဆင်မြန်း၍ သူ့အခန်းထဲမှ ထွက်လာသည်ကို တွေ့လိုက်ရသည်။ သူသည် ဘုရင့်သရဖူတစ်ခုကို ဆောင်းထားပြီး ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ အငွေ့အသက်များကို အပြည့်အဝ ထုတ်လွှတ်နေသည်။

သူသည် အလွန့်အလွန် ခမ်းနားကြီးကျယ်လွန်းလှသဖြင့် သရဲကြီးဘုရင်မှာ အသက်မရှူနိုင်လောက်အောင်ပင် ဖြစ်သွားရသည်။ မည်သည့်အကြောင်းကြောင့်မသိ ပိုင်ရှောင်ချန်း၏ ယခုပုံစံမှာ ယခင်က သူ မြင်တွေ့ဖူးခဲ့သည့် ပုံစံအားလုံးနှင့် မတူညီပဲ ကွဲထွက်နေသည်။

သူ့ထံမှ ထွက်ပေါ်နေသည့် အငွေ့အသက်များကြောင့် သူသည် အခြားသက်ရှိများအားလုံး၏ အထက်တွင်ရှိနေသည့်အလားပင်။ ထို့အပြင် သူ၏မျက်လုံးများထဲတွင် စိတ်ဆန္ဒစွမ်းအားများမှာလည်း ရစ်ဝဲနေသည်။ ရှိရှိသမျှ အခြားအရာအားလုံးမှာ သူနှင့်ယှဥ်လိုက်ပါက ပိုးကောင်လေးများသဖွယ် ဖြစ်သွားသည့်အလားပင်။ သူသည် အမြင့်မားဆုံးသော တောင်ထိပ်တစ်ခုပေါ်တွင်ရပ်၍ သက်ရှိသက်မဲ့အားလုံးကို ချေမှုန်းပစ်နိုင်သည့် စွမ်းအားများကို ပိုင်ဆိုင်ထားပေသည်။

သရဲကြီးဘုရင်မှာ အလွန်အံ့အားသင့်သွားသဖြင့် သူပြောရန် ပြင်နေသည့်စကားလုံးများမှာ ပျောက်ကွယ်သွားရတော့သည်။ သူသည် ယခင်ကနှင့် လုံးဝမတူညီလောက်အောင် ပြောင်းလဲသွားသော ပိုင်ရှောင်ချန်းအား ရပ်ကြည့်နေမိသည်။

သူဝတ်ဆင်ထားသည့် အဝတ်အစားမှာ သူ ကောင်းကင်ဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့စဥ်က သူတော်စင်ဧကရာဇ်က သူ့အားချီးမြှင့်ခဲ့သည့် ကောင်းကင်ဧကရာဇ် တာအိုဝတ်ရုံပင် ဖြစ်သည်။ သူတော်စင်ဧကရာဇ်မင်းဆက်ထဲတွင် ထိုဝတ်ရုံကို ဆင်မြန်းခွင့်ရှိသူ ငါးယောက်သာရှိသည်။ သို့သော် သူတို့သည် သူတော်စင်ဧကရာဇ်မြို့တော်ထဲတွင် ဆယ်နှစ်တစ်ကြိမ်ကျင်းပလေ့ရှိသည့် အထူးဝတ်ပြုခြင်းအခမ်းအနားများတွင်သာ ဤဝတ်ရုံကို ဆင်မြန်းလေ့ရှိကြသည်။

သူဆောင်းထားသည့် သရဖူမှာလည်း အလားတူပစ္စည်းပင်။

ပိုင်ရှောင်ချန်းမှာ ဤအဖိုးတန်ရတနာကို အဆင်တန်ဆာတစ်ခုအဖြစ် ဆင်မြန်းလိုက်သောအခါ သူ၏စွမ်းအင်မှာ ပြောင်းလဲသွားပြီး ယခင်ကနှင့် သိသိသာသာ ကွဲပြားသွားတော့သည်။

သရဲကြီးဘုရင်၏ အမူအရာကို ပိုင်ရှောင်ချန်း မြင်လိုက်ရသောအခါ သူသည် သူ့ကိုယ်သူ အလွန်အမင်းဂုဏ်ယူသွားပြီး တခမ်းတနား ခေါင်းညိတ်ပြလိုက်သည်။

" ကျုပ်နဲ့လိုက်ခဲ့ "

သူက ထိုသို့ဆိုလိုက်ပြီး စံအိမ်အပြင်သို့ ထွက်သွားတော့သည်။

သရဲကြီးဘုရင်မှာ အသက်ပင် ကောင်းကောင်းမရှူနိုင်ပဲ သူ၏နောက်သို့ပြေးလိုက်သွားသည်။ သူသည် ပိုင်ရှောင်ချန်း ကြံစည်နေသည့်အချင်းအရာကို အနည်းငယ် ရိပ်မိနေပြီး အပြည့်အဝ ယုံကြည်မှု မရှိပါသော်လည်း ပိုင်ရှောင်ချန်း၏ လက်ရှိအသွင်အပြင်ကြောင့် သရဲကြီးဘုရင်သည် မြေရိုင်းဒေသထဲတွင် ဗဟိုဧကရာဇ်ကို သူ ပထမဆုံးအကြိမ်အဖြစ် မြင်တွေ့ခဲ့ရသည့် အခိုက်အတန့်ကို ပြန်၍သတိရသွားသည်။

ဗဟိုဧကရာဇ်၏နေရာကို မဟာကောင်းကင်သခင် မယူခဲ့စဥ်က သူသည် မြေရိုင်းဒေသတစ်ခုလုံး၏ အရှင်သခင်ဖြစ်ခဲ့ပြီး သူ၏အကြည့်မှာ သက်ရှိအားလုံးကို တုန်ရီသွားစေရုံသာမက တုတ်တုတ်မျှမလှုပ်အောင်ပင် အစွမ်းထက်ခဲ့သည်။

သရဲကြီးဘုရင်က သူ၏နောက်မှလိုက်သွားနေလျက် သူ၏မျက်လုံးများမှာ အရောင်တောက်လာတော့သည်။ သူသည် ဧကရာဇ်တစ်ပါး၏ရှေ့သို့ရောက်နေသည့် မင်းမှုထမ်းတစ်ယောက်အလား အလိုအလျောက် ခေါင်းငုံ့မိလိုက်သည်အထိပင်။

လမ်းတစ်လျှောက်တွင် ပိုင်ရှောင်ချန်းကိုမြင်ခဲ့ရသည့် သူ၏အစေခံများမှာ အလွန်အမင်း အံ့အားသင့်ကုန်ကြသည်။ အများစုမှာ အသက်ရှူရန်ပင် မေ့ကုန်ကြပြီး ဒူးများထောက်၍ အရိုအသေပေးလိုက်ကြသည်။

သူသည် သူ၏စံအိမ်မှထွက်၍ လမ်းပေါ်သို့ရောက်သွားသည့်အခါတွင်လည်း သူ၏ခမ်းနားကြီးကျယ်မှုများမှာ အနည်းငယ်လေးပင် လျော့ကျမသွားပေ။ သူသည် ကောင်းကင်ဧကရာဇ်သက်တော်ရှည်ဝိညာဥ်၏ စံအိမ်သို့ ဦးတည်၍ သွားနေပြီး ထိုခမ်းနားကြီးကျယ်မှုမှာလည်း တဖြည်းဖြည်း ပိုမိုသိသာထင်ရှားလာတော့သည်။

လမ်းတစ်လျှောက်တွင် သူ့ကိုမြင်လိုက်ရလူတိုင်း အလွန်အမင်း အံ့အားသင့်သွားကြရသည်သာဖြစ်သည်။ မည်သည့် ကျင့်ကြံခြင်းအခြေခံကို ပိုင်ဆိုင်ထားသည့် လူများဖြစ်စေကာမူ သူတို့အားလုံး ပင့်သက်များရှိုက်၍ ဦးညွှတ်ကာ အရိုအသေပေးလိုက်ကြရသည်သာ ဖြစ်သည်။

" မင်္ဂလာပါ ကောင်းကင်ဧကရာဇ် "

" မင်္ဂလာပါ ကောင်းကင်ဧကရာဇ် "

" မင်္ဂလာပါ ကောင်းကင်ဧကရာဇ် "

စစချင်း ထိုနှုတ်ဆက်သံများမှာ ဟိုတစ်နေရာသည်တစ်နေရာ ဖြစ်နေခဲ့ပါသော်လည်း အဆုံးသတ်တွင် လေထဲသို့ သံပြိုင် အော်ဟစ်သံများအဖြစ် ပေါ်ထွက်လာတော့သည်။ သူတို့မှာ သူ့ကို ယခုကဲ့သို့ နှုတ်ဆက်ချင်သည့်ဆန္ဒများ ရှိနေကြသည် မဟုတ်ပါသော်လည်း သူတို့အပေါ်သို့သက်ရောက်နေသည့် ဖိအားကြီးကြောင့် အလိုအလျောက်ထွက်ပေါ်လာသည့် လုပ်ရပ်တစ်ခုပင် ဖြစ်သည်။

ကံကောင်းစွာပင် သူ၏စံအိမ်မှာ ကောင်းကင်ဧကရာဇ်သက်တော်ရှည်ဝိညာဥ်၏ စံအိမ်နှင့် သိပ်မဝေးသဖြင့် သူ၏စွမ်းအင် ထိပ်ဆုံးအဆင့်သို့ ရောက်သွားသည့်အချိန်တွင် သူက ထိုနေရာသို့ ရောက်ရှိသွားတော့သည်။

ပိုင်ရှောင်ချန်းသည် စံအိမ်၏အရှေ့တွင် ဆွံ့အနေသည့် တာဝန်ကျနတ်အဆင့်အစောင့်နှစ်ယောက်ကို လျစ်လျူရှုလိုက်ပြီး အတွင်းသို့ ဝင်သွားသည်။ သရဲကြီးဘုရင်မှာလည်း အံ့သြတုန်လှုပ်နေဆဲဖြစ်ပြီး သူ၏နောက်မှ အပြေးလိုက်သွားသည် အစောင့်များ၏ တာဝန်မှာ လူများအတွင်းသို့ မဝင်နိုင်ဖို့ရာ တားဆီးရန်ဖြစ်ပါသော်လည်း ယခုတွင်မူ ပိုင်ရှောင်ချန်း၏ တရိပ်ရိပ်မြင့်တက်နေသော စွမ်းအင်မှာ သူတို့၏အသိစိတ်များထဲတွင်ရှိနေသည့် ထိုသို့ တားဆီးလိုသောအတွေးစများအားလုံးကို ဖျောက်ဖျက်ပစ်လိုက်ပြီဖြစ်သည်။

ထို့ကြောင့် သူသည် ကောင်းကင်ဧကရာဇ်သက်တော်ရှည်ဝိညာဥ်၏ ခြံဝန်းထဲသို့ အသာအယာပင် ဝင်ရောက်သွားသည်။ သူ အတွင်းသို့ ရောက်သွားသောအခါတွင် ပင်မခန်းမထဲ၌ မြို့စားကျစ်လင်အပါအဝင် ဆွေးနွေးငြင်းခုံနေကြသည့် လူတစ်ဒါဇင်ခန့်ကို တွေ့လိုက်ရသည်။ သူတို့ထဲမှတစ်ယောက်မှာ သူ၏အငွေ့အသက်ကို တမင်သက်သက် ဖုံးကွယ်ထားပါသော်လည်း ပိုင်ရှောင်ချန်း၏ မျက်လုံးများထဲတွင်မူ ထိုအငွေ့အသက်များမှာ လမိုက်ညရှိ မီးရှူးတိုင်တစ်တိုင်ကဲ့သို့ အထင်းသားပေါ်နေ၏။

ပိုင်ရှောင်ချန်းသည် ကောင်းကင်ဧကရာဇ်သက်တော်ရှည်ဝိညာဥ်မှာ မည်သူဖြစ်ကြောင်း ဖော်ထုတ်လိုက်နိုင်သည့်အချိန်မှာပင် လူအများ၏အလယ်ရှိ ထိုကောင်းကင်ဧကရာဇ်က မော့ကြည့်လိုက်သည်။ သူ ထိုသို့မော့ကြည့်လိုက်သည့်အချိန်မှာပင် ပင်မခန်းမ၏ တံခါးများမှာ ရုတ်တရက် ဝုန်းခနဲ ပွင့်ထွက်သွားသဖြင့် မြို့စားကျစ်လင်အပါအဝင် အတွင်းထဲရှိ နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူများအားလုံး သတိထားမိလိုက်ကြသည်။ သူတို့အားလုံး ဘေးဘီဝဲယာကို ဝေ့ဝိုက်ကြည့်လိုက်ကြသောအခါ မြင်လိုက်ရသည့်အရာကြီးကြောင့် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားတော့သည်။ ခန်းမ၏ ဝင်ပေါက်တွင်ရပ်နေသူမှာ ကောင်းကင်ဧကရာဇ်တာအိုဝတ်ရုံနှင့် ဘုရင်သရဖူတို့ကို ဆင်မြန်းထားပြီး တန်ခိုးရှင်တစ်ပါး၏ အသွင်သဏ္ဍာန်ကိုဆောင်နေသည့် ပိုင်ရှောင်ချန်းပင် ဖြစ်သည်။

မြို့စားကျစ်လင်မှာလည်း အများနည်းတူ ဆွံ့အသွားတော့သည်။

ပိုင်ရှောင်ချန်းမှာ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူအားလုံးကို လျစ်လျူရှုလိုက်ပြီး ဂုဏ်ထူးဆောင်ထိုင်ခုံတွင် ထိုင်နေသည့် အဘိုးကြီးကို စိုက်ကြည့်လိုက်သည်။

သူသည် ကောင်းကင်ဧကရာဇ်တာအိုဝတ်ရုံမဟုတ်သော်လည်း ရင်သပ်ရှုမောဖွယ်ကောင်းနေဆဲဖြစ်သည့် ခရမ်းရောင်ဝတ်ရုံတစ်ခုကို ဆင်မြန်းထား၏။ သူသည် ကောင်းကင်ဧကရာဇ်အဆင့် အငွေ့အသက်များကိုထုတ်လွှတ်နေပြီး ထိုနေရာတွင်ထိုင်နေပါသော်လည်း သူ၏ခန္ဓာကိုယ်က အစစ်လား ပုံရိပ်ယောင်လားဆိုသည်မှာ ဝေခွဲ၍မရပေ။ သူ့အား အချိန်တစ်ခဏမျှလောက်ကြည့်လိုက်လျှင်ပင် တန်ခိုးရှင်တစ်ပါးကို ကြည့်နေရသည်ဟု ထင်မှတ်သွားကြမည်ပင်ဖြစ်သည်။

နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူများမှာ ဂယောင်ခြောက်ခြားများ ဖြစ်နေကြသည်။ သူတို့သည် ပိုင်ရှောင်ချန်းကိုယ်တိုင် ဤနေရာသို့ရောက်လာရုံသာမက ကောင်းကင်ဧကရာဇ်တာအိုဝတ်ရုံကိုပါ ဆင်မြန်းလာခဲ့လိမ့်မည်ဟု မခန့်မှန်းမိခဲ့ကြပေ။ ယခုတွင်မူ သူ၏အသွင်အပြင်မှာ သူတော်စင်ဧကရာဇ် သူ့အား ခန့်အပ်ခဲ့သည့်ဘွဲ့ထူးဖြစ်သော ဘုရင်တစ်ပါးနှင့် တစ်ပုံစံထဲ တူနေပြီဖြစ်သည်။

သူတို့အတွက် ပို၍အခက်တွေ့နေရသည်မှာ ပိုင်ရှောင်ချန်းနှင့် ကောင်းကင်ဧကရာဇ်သက်တော်ရှည်ဝိညာဥ်တို့အကြားရှိ မြင့်တက်နေသော ဖိအားကြီးပင် ဖြစ်သည်။ ထိုဖိအားကြောင့် သူတို့မှာ အော်ဟစ်ပစ်ချင်စိတ်များပင် ပေါက်နေပြီဖြစ်သည်။

ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်မှာ မျက်လုံးမှေးကြီးများဖြင့် ပိုင်ရှောင်ချန်းအား ကြည့်လိုက်ရုံမှတစ်ပါး အမူအရာ မပြောင်းလဲသွားပေ။ အချိန်များစွာ ကြာမြင့်နေပြီဖြစ်သည့်တိုင်အောင် ယခုက သူတို့နှစ်ယောက် လူချင်းတွေ့ဆုံသည့် ပထမဆုံးအကြိမ်ဖြစ်သည်။

" ဒီအစည်းအဝေးပွဲကို နောက်ကျလို့ တောင်းပန်ပါတယ် "

ပိုင်ရှောင်ချန်းက ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်ကို မခွာတမ်းကြည့်၍ တည်ကြည်စွာဆိုလိုက်သည်။ သူသည် အထဲသို့ ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီးနောက် လက်ကိုဝှေ့ယမ်းလိုက်သောအခါ မရေမတွက်နိုင်သော ကျောက်တုံးများစွာ ရုတ်တရက် ပေါ်ပေါက်လာပြီး ပလ္လင်ကြီးတစ်ခုအသွင်အဖြစ် စုဝေးသွားကြသည်။

ထို့နောက်သူသည် အင်္ကျီလက်ကိုဝှေ့ယမ်းလိုက်ပြီး ထိုင်ချကာ ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်အား ပြန်ကြည့်လိုက်သည်။

ယခုတွင် ခန်းမကြီး၏တစ်ဖက်တစ်ချက်တွင် ၎င်း၏ အလယ်ဗဟိုမှ တူညီစွာကွာဝေးပြီး တူညီသောအမြင့်ကို ပိုင်ဆိုင်ထားသည့် ပလ္လင်နှစ်ခု ရှိနေပြီဖြစ်သည်။

" ဆက်ပြီးဆွေးနွေးကြပါ၊ ရပါတယ် " ပိုင်ရှောင်ချန်းက အေးစက်စက် ဆိုလိုက်သည် " ကျုပ်က သူတော်စင်ဧကရာဇ်အတွက် တာဝန်ထမ်းဆောင်နေရုံသက်သက်ပါ။ ကျုပ်ကို အာရုံစိုက်နေစရာ မလိုပါဘူး "

ခန်းမထဲရှိလူတိုင်းမှာ ပြင်းထန်သော ကပ်ဘေးကြီးတစ်ခု ဖြစ်တော့မည့်အလား ခံစားနေရသည်။ မည်သူကမှ စကားမပြောရဲသလို အသက်ပင်မရှူရဲကြပေ။ မြို့စားကျစ်လင်မှာမူ ပိုင်ရှောင်ချန်း၏နောက်ဘက်ဘေးတစ်နေရာတွင် ရပ်နေသည့် သရဲကြီးဘုရင်ကို မြင်လိုက်ရသောအခါ ပိုင်ရှောင်ချန်း၏ နှလုံးသားထဲသို့ ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်က အကြောက်တရားများ ရိုက်သွင်းနိုင်စေရန်သာ ဆုတောင်းလိုက်တော့သည်။

ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်မှာ ပိုင်ရှောင်ချန်းအား တစ်ခဏမျှ အေးစက်စွာကြည့်လိုက်ပြီး ရုတ်တရက် အထင်သေးသည့် လေသံကြီးဖြင့် ရယ်မောလိုက်သည်။ ထို့နောက် သူသည် ပိုင်ရှောင်ချန်းထံမှ အကြည့်ကိုခွာလိုက်ပြီး စကားထပ်ပြောလိုက်တော့သည်။

" ဆက်မယ် "

နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူများမှာ တစ်ခဏမျှ တွေဝေသွားပါသော်လည်း ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ် ယခုလေးတင် ဆိုလိုက်သည့်စကားကြောင့် သူတို့ကိုယ်သူတို့ အားတင်၍ ဆက်လက်ဆွေးနွေးရန် ပြင်လိုက်ကြသည်။

" မြင့်မြတ်လှသော အရှင်ခင်ဗျား မြို့စားကျစ်လင်နဲ့ ပတ်သတ်တဲ့ကိစ္စရပ်တွေကို ကျွန်တော်မျိုး စတင်စုံစမ်းနေပါပြီ။ ဒါ သွားပုတ်လေလွင့် စွပ်စွဲတာဆိုတာ အသေအချာပါပဲ "

" ဟုတ်ပါတယ်။ ဒါ မိစ္ဆာဧကရာဇ်မင်းဆက်က အသုံးများတဲ့ ဗျူဟာတစ်မျိုးပါ။ အခု ကျွန်တော်မျိုးတို့သာ မြို့စားကျစ်လင်ကို သံသယရှိသွားမယ်ဆိုရင် မိစ္ဆာဧကရာဇ်မင်းဆက်ရဲ့ ကျော့ကွင်းထဲကိုဝင်သွားမှာ အသေအချာပါပဲ "

" ဒုတိယအင်မော်တယ်နယ်မြေထဲမှာ မြို့စားကျစ်လင် အပြစ်ကင်းကြောင်း တရားဝင်ကြေငြာချက်တစ်ခုထုတ်ဖို့ ကျွန်တော်မျိုး တောင်းဆိုပါရစေ "

လူတိုင်း သူတို့၏ထင်မြင်ချက်များကို ဆိုလိုက်ပြီးနောက် ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်၏ နှုတ်ခမ်းများမှာ အေးစက်သော အပြုံးတစ်စအသွင် ပြောင်းလဲသွားသည်။

" ခွင့်ပြုတယ် "

သူကထိုသို့ဆိုလိုက်ပြီး ထွက်ခွာရန်အတွက် မတ်တတ်ထရပ်လိုက်သည်။

သို့သော် ထိုအချိန်တွင် ပိုင်ရှောင်ချန်းမှာ ခေါင်းမော့လာပြီး ဆိုလိုက်တော့သည်။

" ခဏနေဦး "

All Chapters