အခန်း (၂၁၅-၂၁၆)
Vol. 19 Ch. 215-216
အခန်း (၂၁၅) - ချူချန်း
ဘာသာပြန် - အားသစ်
ဝင်ရိုးစွန်းအကယ်ဒမီ၊ မိန်းကလေးအဆောင်
ဝင်ရိုးစွန်းအကယ်ဒမီရှိ ကျောင်းသားအများစုကား သာမန်နောက်ခံမှ လာသူများဖြစ်ကြသဖြင့် သူတို့ မိသားစုများမှာ သိပ်ပြီးမချမ်းသာကြပေ။ ထို့ပြင် ဝင်ရိုးစွန်းအကယ်ဒမီသည် ကျောင်းသားများကို ကိုယ်ပိုင်အိမ်ငှားနေထိုင်ခြင်းအား တင်းတင်းကျပ်ကျပ် တားမြစ်ထားသည်။ ကျောင်းသားအားလုံး အကယ်ဒမီ၏ အဆောင်တွင်သာ နေထိုင်ကြရမည် ဖြစ်၏။
အုပ်ချုပ်မှုစနစ်က အလွန်တင်းကျပ်သည်။ လက်ရှိအချိန်တွင် ချူချန်းတစ်ယောက် အမျိုးသမီးကျောင်းသူ စုစုပေါင်းရှစ်ယောက် နေထိုင်သည့် အဆောင်တွင် ရှိနေသည်။
“ချန်းချန်း... ဒီနေ့ စီနီယာလီဟန်က ဘာလို့ နင့်ကို လိုက်မပို့တာလဲ” ချူချန်း၏ အခန်းဖော်က စပ်စုလိုစိတ်ဖြင့် မေးလိုက်သည်။
အမှန်တကယ်တော့ ချူချန်းကိုယ်တိုင်လည်း ထူးဆန်းသည်ဟု ထင်မိသည်။ ဒီနေ့ လီဟန်၏ မျက်နှာက အနည်းငယ် ဖြူရော်နေပြီး တက်ကြွမှုများအားလုံး ပျောက်ဆုံးနေသကဲ့သို့ ဖြစ်နေသည်။ သူ တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲ ပြီးသည်နှင့် ချက်ချင်းထွက်သွားသည်။ ယခင်ကဆိုလျှင် ထိုအချိန်မျိုး၌ လီဟန်အနေဖြင့် သူ့စွမ်းဆောင်နိုင်စွမ်းပြရန် အခွင့်အရေးကို လုံးဝလက်လွတ်ခံမည် မဟုတ်ပေ။ သူ ချူချန်းကို အဆောင်သို့အရောက် သေချာပေါက် လိုက်ပို့ပေးမည်သာ ဖြစ်သည်။
“စီနီယာလီဟန်မှာ အလုပ်တစ်ခုခု ရှိလို့နေမှာပေါ့”
ချူချန်း ဝေဝေဝါးဝါး ခန့်မှန်းမိသည်။ လီဟန်တစ်ယောက် သူမနှင့် လင်းဖုန်းတို့၏ ဆက်ဆံရေးအကြောင်းကို သိသွားခဲ့ပြီလား။ အဲ့လိုဆိုလည်း မဆိုးလှပေ။ သူမ စိတ်ကသိကအောက်ဖြစ်စရာ ကင်းပေရော့မည်။
“ချန်းချန်း... ဒီတစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲက တကယ်ကို စိတ်လှုပ်ရှားစရာပဲ။ ကြည့်စမ်း၊ အင်တာနက်ပေါ်မှာ ဒီပြိုင်ပွဲအကြောင်း ဆွေးနွေးနေတာတွေ အများကြီးပဲ။ သူတို့ပြောကြတာကတော့ လင်းဖုန်းသာ အဲဒီခေတ်က တုန်ဖန်းရှန် ဒါမှမဟုတ် လုချန်းတို့နဲ့ တွေ့ခဲ့ရင် သူတို့ရဲ့ ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်ဘူးတဲ့။ ဟွန့်...ငါကတော့ သူတို့ ဘာမှမသိဘဲ လျှောက်ပြောနေကြတာလို့ပဲ ထင်တယ်။ အဲဒီချိန်တုန်းက ဂရီမန်က တုန်ဖန်းရှန်နဲ့ လုချန်းတို့ထက် နည်းနည်းလေးမှတောင် နိမ့်ကျမနေခဲ့ဘူးလေ။ လင်းဖုန်းက ဂရီမန်ကို အနိုင်ယူနိုင်တယ်ဆိုရင် အဲဒီခေတ်က လုချန်းနဲ့ တုန်ဖန်းရှန်တို့ကိုလည်း သေချာပေါက် အနိုင်ယူနိုင်မှာပဲမဟုတ်လား”
“ပြီးတော့ သူတို့က ငါတို့ ဝင်ရိုးစွန်းအကယ်ဒမီက ဘယ်သိုင်းသမားမှ ထိပ်သီးဆယ်ယောက်စာရင်းထဲ မဝင်ဘူးလို့တောင် ဝေဖန်နေကြသေးတယ်...”
ချူချန်း ခေါင်းခါလိုက်သည်။ သူမ အင်တာနက်ပေါ်မှ ဤမှတ်ချက်များကို လုံးဝ ဂရုမစိုက်ပေ။ တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲ ပြီးဆုံးသွားခဲ့ပြီဖြစ်သော်လည်း ထိုလူက သူမကို အခုထိ ဆက်သွယ်မလာသေးပေ။
“သူ မေ့များမေ့သွားပြီလား”
ချူချန်း တီးတိုးရေရွတ်လိုက်သည်။ ပြိုင်ပွဲမတိုင်ခင်က သူ သူမကို ဆက်သွယ်ခဲ့သေးသည်။ သူ မေ့သွားဖို့ဆိုသည်က မဖြစ်နိုင်ပေ။ ဖြစ်နိုင်သည်မှာ သူ အလုပ်တစ်ခုခုကြောင့် ကြန့်ကြာနေခြင်း ဖြစ်ရပေမည်။
ထိပ်သီးသိုင်းသမား ဆယ်ယောက်လုံးကို သူတော်စင်ကိုးပါးက သီးသန့်တွေ့ဆုံမှုအတွက် အစည်းအဝေးခန်းမသို့ ခေါ်သွားကြောင်း သူမ ကြားသိခဲ့ရသည်။
ချူချန်း အတွေးများကာ အနည်းငယ် အာရုံလွင့်နေစဉ်မှာပင် သူမ၏ ဆက်သွယ်ရေးကိရိယာက ရုတ်တရက် မြည်လာသည်။
ဆက်သွယ်ရေးကိရိယာက ကုတင်ပေါ်တွင် ရှိနေ၏။ ချူချန်း၏ သူငယ်ချင်းကောင်းဖြစ်သူ မေ့လင်းက အနီးဆုံးတွင် ရှိနေသည်။ သူမ ချက်ချင်း လှမ်းယူလိုက်ပြီး ချူချန်းကို ပေးရန် ပြင်လိုက်သည်။
သို့သော် သူမ၏ အကြည့်က မျက်နှာပြင်ပေါ်ရှိ နာမည်ဆီသို့ ချက်ချင်း ရောက်သွားသည်။
“လင်းဖုန်း”
အကယ်၍ တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲ မတိုင်ခင်ကသာဆိုလျှင် မေ့လင်း ဤနာမည်ကို လုံးဝ ဂရုစိုက်မည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေ ဤနာမည်က အလွန်ရိုးရှင်းပြီး လူများစွာ အသုံးပြုကြသည်။
သို့သော် တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲအပြီးတွင် မည်သူမျှ "လင်းဖုန်း" ဟူသော အမည်နာမကို လျစ်လျူရှုထားနိုင်မည် မဟုတ်ပေ။
မေ့လင်း၏ ဇဝေဇဝါဖြစ်နေသော အကြည့်ကို မြင်သောအခါ ချူချန်း ဘာမှမရှင်းပြတော့ပေ။ ထိုအစား သူမ ဖုန်းကို ကောက်ကိုင်လိုက်ပြီး အဆောင်ထဲမှ အမြန်ထွက်သွားသည်။
“ချူချန်း... မင်း ဝင်ရိုးစွန်းအကယ်ဒမီမှာလား”
“ဟုတ်တယ်၊ ကျွန်မ အဆောင်မှာ”
“ငါ ဝင်ရိုးစွန်းအကယ်ဒမီမှာ ရောက်နေတယ်။ အောက်ဆင်းလာပြီး တွေ့ဖို့ အဆင်ပြေလား”
ချူချန်း အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်ပြီး သူမ၏ အသံကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ကြိုးစားလိုက်သည်။ “ရတယ်လေ... အကယ်ဒမီရဲ့ တောင်ပံပြာကဖေးမှာ တွေ့ကြမယ်”
“အင်းအင်း...ငါ စောင့်နေမယ်”
စကားလုံးအနည်းငယ်မျှဖြင့် သူတို့နှစ်ဦး ဖုန်းချလိုက်ကြသည်။
ချူချန်း အဆောင်သို့ ပြန်ရောက်သောအခါ မေ့လင်းနှင့် အခြားသူငယ်ချင်းကောင်းတချို့က သူမအား စူးစူးရဲရဲ ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။
“ဘာဖြစ်လို့လဲ” ချူချန်းက ဇဝေဇဝါဖြင့် မေးလိုက်သည်။
မေ့လင်းက နာကျည်းဟန်ဖြင့် ကြမ်းတမ်းစွာ ပြောလိုက်သည်။ “ဘာဖြစ်ရမှာလဲ။ ပြောစမ်း၊ စောစောက နင့်ကို ဆက်သွယ်လာတဲ့သူက လင်းဖုန်း မဟုတ်လား။ နာမည်တူတဲ့ တခြားတစ်ယောက်လို့တော့ လာမပြောနဲ့နော်။ တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲက ပထမဆုရှင် လင်းဖုန်းမလား”
လက်ရှိအချိန်တွင် မေ့လင်းနှင့် အခြားသူများ၏ အကြည့်များမှာ အရောင်လက်နေသကဲ့သို့ ရှိသည်။
ချူချန်း အံကြိတ်ကာ ပြောလိုက်သည်။ “ဟုတ်တယ်၊ သူပဲ။ ငါတို့က ဗဟိုပင်လယ်တက္ကသိုလ်မှာတုန်းက အတန်းဖော်တွေလေ”
“ဟဲဟဲ... အတန်းဖော်တွေတဲ့လား။ အဲလောက် ရိုးရှင်းမယ်တော့မထင်ပါဘူး။ နင်က လင်းဖုန်းကို သွားတွေ့ဖို့ အဲ့လောက်တောင် အလောတကြီး ဖြစ်နေတာလား”
“တို့ချန်းချန်းရဲ့ နှလုံးသားထဲမှာ တစ်ယောက်ယောက် ရှိနေပြီလို့ ငါ မထင်ထားမိဘူး။ ဒါကြောင့်လည်း စီနီယာလီဟန် ဒီလောက် ထူးချွန်တာတောင် တို့ချန်းချန်းက စိတ်မဝင်စားတာကိုး။ ဒါပေမဲ့ ပြန်တွေးကြည့်တော့ စီနီယာလီဟန်က လင်းဖုန်းထက် အများကြီး နိမ့်ကျပုံပါပဲ”
“အများကြီး နိမ့်ကျတာလောက်တင် မဟုတ်ဘူးဟဲ့။ မိုးနဲ့မြေလို ကွာခြားနေတာကြီး။ ချန်းချန်းက တကယ်အမြင်ကျယ်တာပဲ”
အဆောင်ထဲရှိ မိန်းကလေးများက ချူချန်းထံမှ သတင်းပိုရရန် တတွတ်တွတ် ပြောနေကြသည်။ သို့သော် ချူချန်းကမူ အလျင်လိုနေသဖြင့် အဆောင်မှ ပြေးထွက်သွားတော့သည်။
ထွက်ခွာသွားသော ချူချန်း၏ ကျောပြင်ကို ကြည့်ရင်း မေ့လင်းက အားကျစွာဖြင့် ပြောလိုက်သည်။ “တကယ်တော့ စီနီယာလီဟန်ပဲဖြစ်ဖြစ်၊ ဒီလင်းဖုန်းပဲဖြစ်ဖြစ် နှစ်ယောက်လုံးက အရမ်းထူးချွန်တဲ့ သိုင်းသမားတွေချည်းပဲ။ ချန်းချန်းကပဲ သူတို့ရဲ့ နှလုံးသားကို ဖမ်းစားနိုင်တာ တကယ်ကို အားကျစရာပဲ”
“ငါတို့အားလုံး ဝင်ရိုးစွန်းအကယ်ဒမီမှာ ကြာကြာနေနိုင်မှာ မဟုတ်ဘူး။ တကယ်လို့ နှစ်အနည်းငယ်ကြာတဲ့အထိ မျိုးရိုးဗီဇကန့်သတ်ချက်ကို မချိုးဖျက်နိုင်ရင် ဝင်ရိုးစွန်းအကယ်ဒမီကနေ ထွက်ရလိမ့်မယ်”
“တကယ်လို့ ချန်းချန်းက လင်းဖုန်းနဲ့ တကယ်ပဲ အဆင်ပြေသွားမယ်ဆိုရင် သူမအနေနဲ့ အကယ်ဒမီမှာ မျိုးရိုးဗီဇကန့်သတ်ချက်ကို မချိုးဖျက်နိုင်ရင်တောင် စိုးရိမ်စရာ ဘာမှမရှိတော့ဘူး။ လင်းဖုန်းရဲ့ ပါရမီနဲ့ဆိုရင် သူက နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦး ဖြစ်လာနိုင်ခြေ အရမ်းများတယ်။ အဲဒီအချိန်ကျရင် ချန်းချန်းကို သူ ထောက်ပံ့ပေးနိုင်မယ့် အရင်းအမြစ်တွေက တွေးကြည့်လို့တောင် မရနိုင်လောက်ဘူး”
သူတို့အားလုံး အလွန် အားကျနေကြသော်လည်း ဤကဲ့သို့သော ကိစ္စများကို အားကျနေ၍ အကျိုးမရှိကြောင်းကိုလည်း သိကြသည်။ ဤသည်ကား ချူချန်းကိုယ်တိုင်က လုံလောက်အောင် ထူးချွန်နေသောကြောင့်လည်း ဖြစ်၏။ အဆောင်ရှိ သူတို့ရှစ်ယောက်ထဲတွင် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်ရန် အလားအလာ အရှိဆုံးသူဆိုလျှင် ချူချန်းကိုသာ လက်ညှိုးထိုးကြမှာ မလွဲဧကန်ပင်။
ချူချန်းကိုယ်တိုင်က ဤမျှ ထူးချွန်နေပြီဖြစ်သည်။ သူမကို ပိုမိုထူးချွန်သူများက သဘောကျနှစ်သက်ခြင်းမှာ ပုံမှန်သာ ဖြစ်ပေ၏။ သူတို့ အနည်းငယ် အားကျမိသော်လည်း တစ်ချိန်တည်းမှာပင် ချူချန်းအတွက် စိတ်ရင်းမှန်ဖြင့် တောင်းဆုပြုပေးခဲ့ကြသည်။
...
ချူချန်းသည် အဆောင်မှ ခပ်သွက်သွက် ထွက်လာခဲ့သည်။ သို့သော် သူမ အချိန်အတော်ကြာသည်အထိ စိတ်မငြိမ်သက်နိုင်သေးပေ။ ထိုအချိန်တွင် သူမ ကဖေးဆိုင် အပြင်ဘက်သို့ ရောက်နေပြီဖြစ်၏။ မူလက သူမအနေဖြင့် တည်တည်ငြိမ်ငြိမ်နေသင့်သည် စိတ်အေးအေးထားသင့်သည်ဟု တွေးထားသော်လည်း လင်းဖုန်းကို အမှန်တကယ် တွေ့ရတော့မည့် အချိန်တွင် သူမ၏ စိတ်ခံစားမှုများ အနည်းငယ် လှုပ်ခတ်လာသည်။
ကဖေးဆိုင်အပြင်ဘက်တွင် ခဏမျှရပ်တန့်ကာ သူမ၏ ဗြောင်းဆန်နေသော စိတ်ခံစားမှုများကို ပြေလည်အောင် ဖြေရှင်းပြီးမှ ချူချန်း ဆိုင်ထဲ ဝင်သွားသည်။
ကဖေးဆိုင်မှာ အလွန် တိတ်ဆိတ်နေ၏။ မွန်းလွဲပိုင်းဖြစ်သဖြင့် လူ သိပ်မရှိလှပေ။ ချူချန်း ပြတင်းပေါက်နားရှိ သူ့ပုံရိပ်ကို တစ်ချက်ကြည့်ရုံဖြင့် တွေ့လိုက်ရသည်။
အလွန် ရင်းနှီးနေဆဲပင်။ တစ်ဒင်္ဂအတွင်း သူမ မှတ်ဉာဏ်ထဲရှိ ပုံရိပ်နှင့် တဖြည်းဖြည်း ထပ်တူကျသွားသည်။
“လင်းဖုန်း”
“ချူချန်း”
သူတို့၏ အကြည့်များ ဆုံသွားကြသည်။ အနည်းငယ် စိမ်းသက်နေသော်လည်း ရင်းနှီးမှုက ပိုမိုကြီးမားနေသည်။
“ကျွန်မတို့ ဗဟိုပင်လယ်ကနေ ထွက်လာတာ တစ်နှစ်တောင် ရှိပြီနော်”
“အင်း... အဲဒီလောက်တော့ ရှိပြီ။ မင်းက သိပ်မပြောင်းလဲသွားပါဘူး။ ငါ မှတ်မိနေတဲ့အတိုင်းပဲ၊ ပိုပြီးတော့တောင် လှလာသေးတယ်”
ချူချန်းက နှစ်ခြိုက်သော အပြုံးဖြင့် ပြောလိုက်သည်။ “ရှင်ကတော့ အများကြီး ပြောင်းလဲသွားတယ်။ အခုဆို ရှင်က လူတိုင်းသိတဲ့ နာမည်ကျော်ပဲ။ ပထမဆုံးအနေနဲ့ လင်းဖုန်း... တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲမှာ ပထမရခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်”
ဤသည်ကား အမှန်တကယ်ပင် ဂုဏ်ပြုထိုက်သော ကိစ္စပင်။ လင်းဖုန်းမှာ အမှန်တကယ်ပင် ကြီးကြီးမားမား ပြောင်းလဲသွားခဲ့သည်။ သူသည် အချိန်မရွေး သေနိုင်သော ဖျားနာနေသည့် သာမန်လူတစ်ဦးမှ လူသားအကန့်အသတ်ထက်ကျော်လွန်သော သာလွန်လူသား ကျွမ်းကျင်သူတစ်ဦးအဖြစ်သို့ တဟုန်ထိုး တိုးတက်လာခဲ့သည်။ ထို့ပြင် တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲတွင်လည်း ပထမနေရာကို ရရှိခဲ့သည်။ သူ့ကို ကမ္ဘာတစ်ဝန်းလုံး၏ အာရုံစိုက်ရာ ဗဟိုချက်မဟု တကယ်ပင် သတ်မှတ်နိုင်ပေ၏။
လင်းဖုန်းအနေဖြင့် လုံးဝလူသစ်တစ်ယောက်အလား အမှန်တကယ် ပြန်လည်မွေးဖွားလာရန် တစ်နှစ်သာ အချိန်ယူခဲ့ရသည်။
လင်းဖုန်း အများကြီး ပြောင်းလဲသွားသော်လည်း သူမရှေ့ရှိ လင်းဖုန်းမှာ ဗဟိုပင်လယ်ရှိ ကဖေးဆိုင်မှ လင်းဖုန်းထက် အနည်းငယ် ပိုမိုယုံကြည်မှုရှိလာသည်ဟု ချူချန်း ခံစားရသည်။
လင်းဖုန်းက လင်းဖုန်းသာပင်။ သူမကို စိမ်းသက်သော ခံစားချက် သိပ်မပေးခဲ့ပေ။
“အဲဒီချိန်တုန်းက ငါ မင်းကို တားခဲ့သင့်ပေမဲ့ မတားခဲ့ဘူး။ အဲဒါကြောင့် ငါ နောင်တရနေခဲ့တယ်။ ဒီတစ်နှစ်လုံးလုံး ငါ နောင်တရနေခဲ့တာ။ ဒါပေမဲ့ ဒီတစ်ခါတော့ ငါ ဘာနောင်တမှ မကျန်ခဲ့ချင်တော့ဘူး။ ချူချန်း... ငါ့ရဲ့ ချစ်သူ ဖြစ်ပေးပါ”
လင်းဖုန်း ခပ်ဖွဖွ ပြုံးလိုက်သော်လည်း သူ့မျက်လုံးများက မှော်ဝင်ပုလဲလုံးတစ်လုံးအလား တောက်ပနေကာ ခိုင်မာပြတ်သားသော စိတ်ရင်းစိတ်ဓာတ်ကို လှစ်ဟပြနေသည်။
ထိုအခိုက်အတန့်တွင် အချစ်ဆိုသည်ကား တစ်ဦးကိုတစ်ဦး နားလည်သိကျွမ်းခြင်းနှင့် ကျယ်ပြောလှသော လူပင်လယ်ကြီးထဲတွင် ပြန်လည်ဆုံတွေ့ခြင်းဖြစ်ကြောင်း သူ မသဲမကွဲ ခံစားလိုက်ရသည်။
ချူချန်း ထိတ်လန့်မသွားခဲ့ပေ။ ထိုအစား သူမ ကြီးမားသော ဝန်ထုပ်ဝန်ပိုးကြီး တစ်ခုမှ လွတ်မြောက်သွားသည့်အလား ဖြစ်သွားသည်။
ဖြစ်နိုင်သည်က သူမသည်လည်း ဤအခိုက်အတန့်ကို လွန်ခဲ့သော တစ်နှစ်ကတည်းက စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ထာဝရသိုင်းတာအိုအရှင်
အခန်း (၂၁၆) - အကျိုးပြုတန်ဖိုးနှစ်သောင်း
ဘာသာပြန် - အားသစ်
လင်းဖုန်း စောင့်ဆိုင်းနေသည်။ သူ အလျင်မလိုစေဘဲ ချူချန်း၏ အဖြေကို တိတ်တဆိတ်သာ စောင့်နေသည်။
ချူချန်း ရုတ်တရက် ပြုံးလိုက်သည်။ သူမ၏ အကြည့်များက နူးညံ့နေပြီး တိုးညင်းသောအသံဖြင့် ပြောလိုက်သည်။ “တကယ်တော့ ကျွန်မ ရှင့်ဆီက ဒီစကားကို စောင့်နေတာ တစ်နှစ်တောင် ရှိပြီ...”
လင်းဖုန်း ချူချန်း၏ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။ ထိုအခိုက်အတန့်တွင် သူ ကျေနပ်ပျော်ရွှင်နေမိသည်။ သူ့နှလုံးသားထဲမှ နောက်ဆုံးကျန်ရစ်နေသော နောင်တများလည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ တစ်နှစ်မျှ အချိန်နှောင်းသွားခဲ့သော်လည်း သိပ်မနောက်ကျသေးပေ။
“ချန်းချန်း... တကယ်တော့ ကို မင်းကို ကျေးဇူးတင်ရမယ်။ လွန်ခဲ့တဲ့ တစ်နှစ်က မင်းအိမ်မက်တွေကို အကောင်အထည်ဖော်ဖို့ ဝင်ရိုးစွန်းအကယ်ဒမီကို သွားခဲ့လို့သာ ကိုလည်း အနန္တလမ်းစဉ်အကယ်ဒမီကို သွားဖို့ ဆုံးဖြတ်ချက်ချနိုင်ခဲ့တာ။ ဘဝက ဒီလောက် အံ့ဩစရာကောင်းလိမ့်မယ်လို့ ကို မထင်ထားခဲ့ဘူး။ အဲ့ဒိအချိန်တုန်းကဆို နောက်တစ်နှစ်အကြာ ဝင်ရိုးစွန်းအကယ်ဒမီမှာ ကိုတို့ ဒီလိုပုံစံမျိုးနဲ့ ပြန်တွေ့နိုင်ဦးမယ်လို့ ဘယ်သူထင်ခဲ့မှာလဲ”
လင်းဖုန်း အတိတ်ကို ပြန်တွေးကာ သက်ပြင်းချလိုက်သည်။ အမှန်တကယ်တော့ သူ ချူချန်းကို မပြောပြရသေးသော အရာတချို့ ရှိနေသေးသည်။ မျိုးရိုးဗီဇ ပေါင်းစပ်ကိရိယာသာ မရှိခဲ့လျှင် သူ အနန္တလမ်းစဉ်အကယ်ဒမီသို့ သွားခဲ့လျှင်တောင် လက်ရှိအခြေအနေသို့ ရောက်လာနိုင်မည် မဟုတ်ပေ။
လင်းဖုန်း ချူချန်းကို ဘာကြောင့် မတားခဲ့လဲဆိုသည်ကို သူတို့ နှစ်ဦးစလုံး မမေးဖြစ်ခဲ့ကြပေ။ ပြောပြစရာ မလိုသော အရာတချို့ ရှိနေပေသည်။ အဲဒီချိန်တုန်းက လင်းဖုန်းမှာ ထူးဆန်းသည့် ရောဂါဝေဒနာတစ်ခု ခံစားနေရပြီး မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ဖို့ဆိုသည်ကလည်း အိမ်မက်တစ်ခုသာ ဖြစ်ခဲ့သည်။ မျှော်လင့်ချက်ပင် ရှိချင်မှ ရှိပေလိမ့်မည်။
ထိုသို့သော အခြေအနေမျိုးတွင် လင်းဖုန်းအနေဖြင့် ချူချန်းကို အတ္တစိတ်ဖြင့် ဆွဲထားကာ သူ့အနားတွင်သာ နေစေရန် မည်သို့တောင်းဆိုနိုင်မည်နည်း။
ချူချန်းကရော။ သူမက အိမ်မက်ကို အကောင်အထည်ဖော်ရန်သက်သက်သာ သွားခဲ့ခြင်း ဖြစ်ပါသလော။ လက်တွေ့တွင်မူ ဝင်ရိုးစွန်းအကယ်ဒမီတွင် ရှိနေသော တစ်နှစ်တာကာလအတွင်း ချူချန်း ဝင်ရိုးစွန်းအကယ်ဒမီ၏ အတွင်းပိုင်းကွန်ရက်မှတစ်ဆင့် လင်းဖုန်း၏ ထူးဆန်းသည့် ရောဂါအကြောင်းကို တတ်နိုင်သမျှ အားကုန်ထုတ် စုံစမ်းနေခဲ့သည်။
သူမသည် မျိုးရိုးဗီဇရောဂါများကို ကုသရန် နည်းပညာအချို့နှင့် ဆေးဝါးများကိုပင် အထူးဂရုပြု လေ့လာခဲ့သည်။ ကံမကောင်းစွာဖြင့် လင်းဖုန်းအတွက် အသုံးဝင်မည့် မည်သည့်ဆေးဝါးကိုမျှ ရှာမတွေ့ခဲ့ပေ။
ထိုအချိန်အတွင်း ချူချန်း လင်းဖုန်း၏ ညီမဖြစ်သူ လင်းချန်နှင့် အမြဲအဆက်အသွယ်လုပ်ကာ လင်းဖုန်းအကြောင်း မေးမြန်းလေ့ရှိသည်။ လင်းဖုန်း မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီး လူသားမျိုးနွယ်၏ သူရဲကောင်း ဖြစ်လာမှသာ သူမ စိတ်အေးသွားခဲ့ရခြင်းဖြစ်၏။
အချင်းချင်း တကူးတက ပြောစရာမလိုဘဲ အပြန်အလှန်နားလည်ကြသော အရာတချို့ ရှိနေသည်။ တချို့ကိစ္စရပ်တို့က အပိုအဆာစကားလုံးများ စိုးစိမျှပင်မပါဘဲ လျှို့ဝှက်နားလည်မှုများ ရှိကြသည်။
ထိုအခိုက်အတန့်တွင် သူတို့နှစ်ဦးစလုံး အခက်အခဲဒုက္ခ အမျိုးမျိုးအဖုံဖုံ ဖြတ်သန်းခဲ့ရပြီး နောက်ဆုံးပြန်လည် ဆုံစည်းနိုင်ခဲ့ပြီဟု ဆိုနိုင်ပေ၏။ ဤတစ်ကြိမ်တွင် လင်းဖုန်းတစ်ယောက် မည်သည့်နောင်တမျှ ချန်ထားခဲ့မည် မဟုတ်ပေ။
“ချန်းချန်း... မင်း မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ချင်တယ်ဆိုရင် မင်းအတွက် အကိုးအကားလုပ်ဖို့ ကို့မှာ အတွေ့အကြုံတချို့ ရှိတယ်”
ထိုစဉ်ချိန်ခါ သူ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်စဉ်က ဘယ်လိုခံစားခဲ့ရလဲဆိုသည်နှင့်ပတ်သတ်၍ လင်းဖုန်း ချူချန်းကို အသေးစိတ် ပြောပြသည်။ ဤသည်ကား အတော်ပင် အဖိုးတန်သော အတွေ့အကြုံဖြစ်ပြီး ချူချန်းအား မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ရန်အတွက် အလွန် အထောက်အကူ ဖြစ်စေသည်။
သို့သော် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ရန်က မိမိကိုယ်ကိုသာ အားကိုးရမည်ဖြစ်၏။ လင်းဖုန်းတွင် လက်ရှိအချိန်၌ အကျိုးပြုတန်ဖိုးများစွာ ရှိနေသော်လည်း ချူချန်း မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်ရန် ကူညီပေးနိုင်မည့်အရာ တကယ်ပင် မရှိပေ။
လင်းဖုန်းသည်ကား ယခုအချိန်တွင် အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦးသာ ဖြစ်နေသေးသည်ကို မပြောနှင့်။ သူတော်စင်တစ်ဦးပင်လျှင် သိုင်းသမားတစ်ဦးကို မျိုးရိုးဗီဇကန့်သတ်ချက် ချိုးဖျက်နိုင်ရန် ကူညီမပေးနိုင်ပေ။
“အင်း... ရှင့်ရဲ့ အတွေ့အကြုံတွေနဲ့ဆိုရင် နောင်တစ်ချိန် ကျွန်မ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်တဲ့အခါ ပြင်ဆင်ပြီးသား ဖြစ်နေမယ်လို့ ကျွန်မယုံကြည်ပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့ အတွေ့အကြုံကတော့ မလုံလောက်သေးပါဘူး။ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ဖို့ နောက်ထပ် နှစ်နည်းနည်းလောက် ကြာဦးမယ်လို့ ကျွန်မ ခံစားရတယ်”
ချူချန်းသည် သူမ၏ အကန့်အသတ်ကို သူမ သိသည်။ ပုံမှန်အားဖြင့် သိုင်းသမားများသည် အသက် ၂၀ သို့မဟုတ် ၃၀ ကျော်အရွယ်၊ နှစ်အနည်းငယ် ကြာပြီးမှသာ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်ကြသည်။ အချို့ဆိုလျှင် ပို၍ပင် အသက်ကြီးကြသေး၏။
လင်းဖုန်းကဲ့သို့ ငယ်ငယ်ရွယ်ရွယ်ဖြင့် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်သူမှာ အလွန် ရှားပါးလှသည်။ သူ့ကို ထိပ်တန်း ပါရမီရှင်တစ်ဦးအဖြစ်ပင် သတ်မှတ်နိုင်သည်။ ချူချန်းသည်ကား သဘာဝကျကျပင် လင်းဖုန်းနှင့် မယှဉ်နိုင်သော်လည်း သူမကိုယ်သူမ ကောင်းကောင်းသိပေ၏။ သူမအနေဖြင့် သူမ၏ ပန်းတိုင်ဆီသို့ တစ်ဆင့်ချင်း တည်တည်ငြိမ်ငြိမ်ဖြင့် ရှေ့ဆက်သွားရပေမည်။ အလောတကြီး မလုပ်ဘဲ သူမ၏ အခြေခံကို ခိုင်မာအောင် တည်ဆောက်သွားမည် ဖြစ်၏။
ထို့ပြင် ယခုလက်ရှိအချိန်တွင် သူမ လင်းဖုန်းနှင့် ပြန်လည်ဆုံစည်းပြီး သူတို့၏ ဆက်ဆံရေးကိုလည်း အတည်ပြုနိုင်ခဲ့ပြီဖြစ်ရာ သူတို့နှစ်ဦးကြား ဆက်ဆံရေးက နောက်တစ်ဆင့်သို့ တက်လှမ်းသွားပြီဖြစ်သည်။ ထို့ကြောင့် သူမ ပို၍ပင် အလျင်စလိုဖြစ်နေစရာ အကြောင်းမရှိတော့ပေ။
ယခု အချစ်ရေးကိစ္စ ပြေလည်သွားပြီဖြစ်ရာ ကျန်ရှိနေသည်မှာ သူတို့၏ အိမ်မက်များကို ဆက်လက်အကောင်အထည်ဖော်ရန်သာ ဖြစ်၏။
“ဒါလည်း ကောင်းတာပါပဲ။ မင်း ဝင်ရိုးစွန်းအကယ်ဒမီမှာပဲ ဆက်နေပါ။ တစ်ခုခုဖြစ်ရင် ကို့ကို တိုက်ရိုက်ဆက်သွယ်လိုက်။ ကိုက ဝင်ရိုးစွန်းအကယ်ဒမီက ကျောင်းသား မဟုတ်ပေမဲ့ ဝင်ရိုးစွန်းအကယ်ဒမီက သာလွန်လူသား ကျွမ်းကျင်သူ တော်တော်များများကိုတော့ ကို သိတယ်”
မည်သို့ပင်ဆိုစေ လင်းဖုန်းသည်ကား ပညာရေးအဖွဲ့အစည်းမှ အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦး ဖြစ်၏။ အမှန်တကယ်ပြောရမည်ဆိုလျှင် သူတို့သည် အဖွဲ့အစည်းတစ်ခုတည်းမှဖြစ်သဖြင့် ဝင်ရိုးစွန်းအကယ်ဒမီမှ သာလွန်လူသား ကျွမ်းကျင်သူအချို့ကို အနည်းနှင့်အများ သိရှိထားသည်။ ချူချန်း ဒုက္ခရောက်ခဲ့လျှင် သူ သဘာဝကျကျ အလွယ်တကူ ဖြေရှင်းပေးနိုင်ပေသည်။
သို့သော် ချူချန်းက ခေါင်းခါကာ ပြောလိုက်သည်။ “စိတ်မပူပါနဲ့။ ဝင်ရိုးစွန်းအကယ်ဒမီရဲ့ အုပ်ချုပ်မှုက အရမ်း တင်းကျပ်တယ်။ ရှင်ပြောတဲ့ ပြဿနာတွေက ဝင်ရိုးစွန်းအကယ်ဒမီမှာ ဖြစ်လာမှာ မဟုတ်ပါဘူး”
လင်းဖုန်း ခေါင်းညိတ်လိုက်သည်။ သူတော်စင်မ ပင်းယွီက ဝင်ရိုးစွန်းအကယ်ဒမီကို တည်ထောင်ခဲ့ခြင်းဖြစ်ပြီး သူမ၏ တင်းကျပ်သော စည်းမျဉ်းများကြောင့် အမြဲတမ်း နာမည်ကြီးသည်။ ဝင်ရိုးစွန်းအကယ်ဒမီတွင် သာလွန်လူသား ကျွမ်းကျင်သူများပင်လျှင် မည်သည့် အထူးအခွင့်အရေးမျှ မရရှိကြပေ။
ထိုအကြောင်းကို တွေးမိပြီး လင်းဖုန်းလည်း စိတ်သက်သာရာ ရသွားသည်။
“ချန်းချန်း... ငါ ဝင်ရိုးစွန်းမြို့တော်မှာ နောက်ထပ် သုံးလလောက် နေဦးမယ်။ သုံးလပြည့်ရင် လျှို့ဝှက်တာဝန်တစ်ခု ထမ်းဆောင်ဖို့ ငါ ထွက်သွားရမယ်”
“လျှို့ဝှက်တာဝန်...”
ချူချန်း ဆက်မမေးတော့ပေ။ သူမက ဉာဏ်ကောင်းသော မိန်းကလေးတစ်ဦးဖြစ်ပြီး မေးသင့် မမေးသင့်ကို သဘာဝကျကျ ချိန်ဆတတ်ပေသည်။ လင်းဖုန်း ဘာကိုဆိုလိုကြောင်း သူမ နားလည်သည်။ အနည်းဆုံးတော့ သူမ ဝင်ရိုးစွန်းမြို့တော်တွင် ရှိနေစဉ် သုံးလတာ ကာလအတွင်း လင်းဖုန်း သူမအနားတွင် ရှိနေပေးနိုင်ပေလိမ့်မည်။
ထိုအကြောင်းကို တွေးမိသောအခါ ချူချန်း မျက်နှာလေး အနည်းငယ် ရဲသွားသည်။ သူမ၏ နှလုံးသားထဲတွင် ပျော်ရွှင်မှုလှိုင်းဂယက်များ အပိုးမသတ်နိုင်အောင် ဖြတ်ပြေးသွားသည်။
...
ဝင်ရိုးစွန်းမြို့တော်ရှိ ဟိုတယ်သို့ ပြန်ရောက်ပြီးနောက် လင်းဖုန်း သိုင်းနယ်မြေကွန်ရက်ထဲသို့ တိုက်ရိုက် ဝင်ရောက်လိုက်သည်။
ယခု သူ၏ အကျိုးပြုတန်ဖိုးများမှာ ၂၀,၃၄၇ သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဤသည်ကား ကြီးကျယ်များပြားလှသော ချမ်းသာကြွယ်ဝမှု တစ်ခုပင်။ နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးပင်လျှင် အကျိုးပြုတန်ဖိုး ၂၀,၀၀၀ ရှိဖို့ မဖြစ်နိုင်ပေ။
လင်းဖုန်း ချူချန်းကို အဆောင်သို့ ပြန်မပို့မီ သူမနှင့်အတူ နာရီအနည်းငယ် အချိန်ဖြုန်းနေခဲ့သည်။ သူတို့နှစ်ဦးသား ဆက်ဆံရေးအတည်ပြုပြီးနောက် လင်းဖုန်း၏ တစ်ကိုယ်လုံးက ကြယ်ရောင်စုံတောက်ပနေသည့် ညကောင်းကင်ကြီးအလား ဖြစ်နေသည်။ သူ့နှလုံးသားထဲရှိ နောက်ဆုံးနောင်တလေးကို ဖြေရှင်းပြီးနောက် အနာဂတ်အတွက် သဘာဝကျကျ ပြင်ဆင်ရပေတော့မည်။
အတိတ်တွင် လင်းဖုန်းသည် မွေးရာပါ ထူးခြားဆန်းကြယ်သည့် ရောဂါကြောင့် ဒုက္ခရောက်နေရပြီး သေမင်း၏ ခြိမ်းခြောက်မှုကို အမြဲတစေ ခံနေခဲ့ရသည်။ သဘာဝကျကျပင် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ရန်မှာ သူ၏ ထိပ်တန်းဦးစားပေး ဖြစ်ခဲ့သည်။ သို့သော် ယခုမူ သူ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီးပြီဖြစ်ကာ တစ်ကမ္ဘာလုံးတွင်ပင် ကျော်ကြားနေပြီး ကမ္ဘာတစ်ဝန်း၏ အာရုံစိုက်ရာ ဗဟိုချက်မ ဖြစ်နေလေပြီ။
လင်းဖုန်းသည် အလုပ်အကိုင်၊ မိသားစု၊ အချစ်ရေး အပါအဝင် အရာအားလုံးနီးပါးကို ကျေနပ်နေပြီ ဖြစ်၏။ သူကား သာမန်လူများ၏ အမြင်၌ ဘဝတွင် ထိပ်တန်းအောင်မြင်မှု ရရှိထားသူတစ်ဦးဖြစ်သည်။ သူ မကျေနပ်စရာ ဘာရှိဦးမည်နည်း။
ထို့ကြောင့် လက်ရှိအချိန်တွင် လင်းဖုန်း သူ့ကိုယ်ပိုင်တိုးတက်ရေးအတွက် အစီအစဉ်ဆွဲရမည်ဖြစ်၏။ လက်ရှိ လင်းဖုန်းအတွက် အရေးအပါဆုံးနယ်ပယ်သည်ကား အဘယ်နည်း။ သံသယဖြစ်ဖွယ်မရှိ သိုင်းပညာပင် ဖြစ်၏။
အသက်အန္တရာယ် ခြိမ်းခြောက်မှု မရှိတော့သောကြောင့် လင်းဖုန်း မျိုးရိုးဗီဇကန့်သတ်ချက်ကို ထပ်မံချိုးဖြတ်ရန် အလျင်စလိုဖြစ်မနေတော့ပေ။ ယခုလက်ရှိတွင် ပိုမိုအစွမ်းထက်သော သိုင်းပညာကို လိုက်စားလိုသည်။ ဤတစ်ကြိမ် သူတော်စင်ကိုးပါးကို ရှေးဟောင်းအပျက်အစီးများထဲ ဝင်ရောက်မည်ဟု ကတိပေးရဲခဲ့ခြင်းက သူ့ကိုယ်ပိုင် အသက်ရှင်သန်ရေးနည်းလမ်းများကို ယုံကြည်မှုရှိခြင်းကြောင့် ဖြစ်သည့်အပြင် အရေးအကြီးဆုံးမှာ သိုင်းပညာတိုးတက်ရေးအတွက်ပင် ဖြစ်သည်။ လင်းဖုန်းတစ်ယောက် ဒုတိယအကြိမ်မြောက် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းကို အောင်မြင်ပြီး တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကျွမ်းကျင်နိုင်မည်လော။
“လောင်ဘီသမ်... ငါ့အသက်ကို ပိုပြီးတော့ ကောင်းကောင်း ကာကွယ်နိုင်ဖို့ သိုင်းနယ်မြေကွန်ရက်ကနေ ဘာတွေဝယ်သင့်လဲ”
လင်းဖုန်းသည် လောင်ဘီသမ်၏ စွမ်းရည်ကို များစွာ ယုံကြည်နေဆဲဖြစ်၏။ မည်သို့ပင်ဆိုစေ သူသည် ဤတစ်ကြိမ်တွင် နည်းပညာယဉ်ကျေးမှုတစ်ခု၏ အပျက်အစီးနယ်မြေဆီသို့ သွားရမည်ဖြစ်သည်။ ထိုနေရာတွင် နည်းပညာထုတ်ကုန်များဖြင့် ပြည့်နှက်နေမည်ဖြစ်ရာ လောင်ဘီသမ်အနေဖြင့် ထိုအကြောင်းနှင့်ပတ်သတ်၍ အလွန်ရင်းနှီးကျွမ်းဝင်နေပေလိမ့်မည်။
“မင်းတို့လက်ရှိကမ္ဘာရဲ့ နည်းပညာက အရမ်းအားနည်းလွန်းတယ်။ ပထမဆုံး ယဉ်ကျေးမှုရှစ်ခုထဲက နည်းပညာယဉ်ကျေးမှု နည်းနည်းလောက်ကတောင် မင်းတို့ရဲ့ လက်ရှိ နည်းပညာအဆင့်ထက် အများကြီး သာတယ်။ မင်း ဘာမှဝယ်နေစရာ မလိုဘူး။ မင်းဝယ်သမျှ အရာအားလုံးက ဘာတစ်ခုမှ အသုံးဝင်မှာမဟုတ်ဘူး”
“ဒီလိုဆိုရင် အရမ်းအန္တရာယ်များနေမှာ မဟုတ်ဘူးလား”
လင်းဖုန်း မျက်မှောင်ကြုတ်လိုက်သည်။ သူ လက်ရှိ ခွန်အားကို ယုံကြည်မှုရှိသော်လည်း ထိုရှေးဟောင်းယဉ်ကျေးမှု အပျက်အစီးသည်ကား သူတော်စင်များကိုပင် ခြိမ်းခြောက်နိုင်စွမ်း ရှိ၏။ သူ သေသေချာချာ ဂရုမစိုက်ဘဲ မနေနိုင်ပေ။
“ငါ တခြားပြဿနာတွေကို မဖြေရှင်းနိုင်ပေမဲ့ နည်းပညာနဲ့ဆိုင်တဲ့ ပြဿနာတွေအတွက်ကတော့ ငါလာတဲ့ စက်မှုယဉ်ကျေးမှုရဲ့ နည်းပညာအဆင့်ထက် မကျော်လွန်သရွေ့ အခြေခံအားဖြင့်တော့ ဘာတွေပဲဖြစ်ဖြစ် အကုန်လုံးကို ငါ ဖြေရှင်းနိုင်တယ်။ ဒါကြောင့် အဲဒီအပျက်အစီးမှာ လုံခြုံရေးအတွက် မင်း သိပ်ပြီးစိုးရိမ်နေစရာ မလိုပါဘူး။ ဒါပေမဲ့ တစ်ဖက်မှာ မင်းရဲ့ စိတ်စွမ်းအား တိုးတက်မှုက အတော်လေး နှေးကွေးနေတယ်။ ဒီနှုန်းအတိုင်းသာ ဆက်သွားနေရင် ဒုတိယအဆင့်ကို ရောက်ဖို့ ဘယ်လောက်ထိကြာဦးမလဲ မသိဘူး။ နောက်ပြီးတော့ စွမ်းအင်တွေအများကြီး ပြင်ဆင်ထားဖို့ လိုအပ်သေးတယ်ဆိုတာလည်း မမေ့နဲ့ဦး”
လောင်ဘီသမ်၏ လေသံထဲတွင် လင်းဖုန်း၏ လက်ရှိ ကျင့်ကြံခြင်း တိုးတက်မှုအပေါ် မကျေနပ်မှုများ ခပ်ဝါးဝါး ပါဝင်နေသည်။