အခန်း (၂၁၇-၂၁၈)
Vol. 19 Ch. 217-218
အခန်း (၂၁၇) - မြွေနဂါးသစ်သီး
ဘာသာပြန် - အားသစ်
လင်းဖုန်း လောင်ဘီသမ်၏ ဆိုလိုရင်းကို နားလည်ပေသည်။
သူ မကြာသေးမီကပင် ဘီမွန်စိတ်ဝိညာဉ်လမ်းညွှန်ကျင့်စဉ်ကို ကျင့်ကြံနေခဲ့ခြင်း ဖြစ်သည်။ သူ၏ စိတ်စွမ်းအားသည်ကား စဉ်ဆက်မပြတ် ဆထမ်းပိုး ပေါက်ကွဲတိုးတက်နေခဲ့ပြီး ကြီးထွားမှုနှုန်းက အမှန်တကယ်ပင် အလွန်မြန်ဆန်ခဲ့သည်။ စိတ်စွမ်းအားစက်လုံးသည်လည်း နှစ်ဆ၊ သုံးဆခန့်အထိပင် ကျယ်ပြန့်လာခဲ့သည်။
သို့သော် ယခုအချိန်တွင်မူ သူ အကန့်အသတ်သို့ ရောက်ရှိနေပြီဟု ခံစားရသည်။ မည်မျှပင် ပေါက်ကွဲအားကောင်းပါစေ သူ၏ စိတ်စွမ်းအားတိုးတက်မှုကား အလွန်နှေးကွေးသွားသည်။
ဤသည်က အကန့်အသတ်ပင်။ အကယ်၍ ဘီမွန်စိတ်စွမ်းအားလမ်းညွှန်ကျင့်စဉ်၏ ဒုတိယအဆင့်သို့ မချိုးဖျက်နိုင်လျှင် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းကို မေ့ထားလိုက်ရုံသာ ရှိတော့သည်။ ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုပြုနိုင်ခဲ့လျှင်တောင် စိတ်စွမ်းအား၏ လမ်းညွှန်မှုမပါဘဲ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကျင့်ကြံရန်က မဖြစ်နိုင်ပေ။
လင်းဖုန်းအနေဖြင့် စိတ်စွမ်းအားလမ်းညွှန်ကျင့်စဉ် ဒုတိယအဆင့်သို့ သေချာပေါက် ရောက်ရှိရန် လိုအပ်သည်။ ထိုအခါမှသာ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းမှုကို လမ်းညွှန်ရန်နှင့် တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကျင့်ကြံရန် လုံလောက်သော စိတ်စွမ်းအားကို ရရှိမည်ဖြစ်ပေသည်။
“စိတ်စွမ်းအားလမ်းညွှန်ကျင့်စဉ်ကလွဲရင် စိတ်စွမ်းအားကို ကျင့်ကြံဖို့ တခြားနည်းလမ်း ရှိသေးလား” လင်းဖုန်းက တိုးညင်းညင်းအသံဖြင့် မေးလိုက်သည်။
“သေချာတာပေါ့ ရှိတာပေါ့ကွ။ မင်းတို့ကမ္ဘာက သူတော်စင်တွေမှာလည်း တကယ်တော့ အရမ်းအားကောင်းတဲ့ စိတ်စွမ်းအားတွေ ရှိကြတယ်။ သူတို့ရဲ့စိတ်စွမ်းအားက ဘီမွန်စိတ်စွမ်းအားလမ်းညွှန်ကျင့်စဉ်ရဲ့ ဒုတိယအဆင့်လောက်နဲ့ အကြမ်းဖျင်း ညီမျှတယ်။ တစ်ကြိမ်ပြီးတစ်ကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုကနေ သဘာဝအလျောက် စိတ်စွမ်းအား တိုးတက်လာတာအပြင် သူတို့က အရိုးရှင်းဆုံးနည်းလမ်းတစ်ခုကို သုံးကြသေးတယ်။ အဲဒါကတော့ စိတ်စွမ်းအားကို ဖြည်းဖြည်းချင်း တိုးစေမယ့် ထူးခြားဆန်းပြားတဲ့ ပစ္စည်းတချို့ကို အသုံးပြုတာပဲ”
“ထူးခြားဆန်းပြားတဲ့ ပစ္စည်းတွေလား”
“သိုင်းနယ်မြေကွန်ရက်က အွန်လိုင်းအရောင်းဆိုင်ထဲက ပညာရေးအဖွဲ့ကဏ္ဍ၊ စီးပွားရေးအဖွဲ့ကဏ္ဍနဲ့ အလွတ်တန်းကျင့်ကြံသူများသမဂ္ဂ စတာတွေမှာ ဒီလိုမျိုးပစ္စည်းတွေ ရှိတယ်။ ဥပမာအနေနဲ့ ဒီမြွေနဂါးသစ်သီးလိုမျိုးပေါ့။ မင်းတို့ဆီမှာ ဒီအသီးကို ဘယ်လိုရလဲတော့ ငါမသိဘူး။ တကယ်တော့ စကြဝဠာထဲမှာလည်း အဲ့လို မြွေနဂါးသီးတွေ ရှိတယ်၊ ဒါပေမဲ့ အရမ်းကို အဖိုးတန်တယ်။ ဂလက်ဆီ အနည်းငယ်ထဲမှာရှိတဲ့ ဂြိုဟ်တစ်လုံးတစ်လေမှာတောင် ဒီအသီး ထွက်ချင်မှ ထွက်တာ။"
“ဒီမြွေနဂါးသီးက စားပြီးရင် စိတ်စွမ်းအား ကြီးထွားမှုကို လှုံ့ဆော်ပေးနိုင်တယ်။ ဒါပေမဲ့ မင်းတို့ကမ္ဘာက သိုင်းသမားတွေမှာ စိတ်စွမ်းအားလမ်းညွှန်ကျင့်စဉ် မရှိတော့ အကျိုးသက်ရောက်မှုက တော်တော်လေး အားနည်းတယ်။ မင်းသာ ဘီမွန်စိတ်စွမ်းအားလမ်းညွှန်ကျင့်စဉ်နဲ့ တွဲသုံးမယ်ဆိုရင်တော့ အကျိုးသက်ရောက်မှုက တအားကောင်းမှာပဲ။"
“နောက်ပြီးတော့ ဒီ မှင်အဆိပ်တစ်စက်လည်း ရှိသေးတယ်။ အဲဒါက စိတ်စွမ်းအားကို လှုံ့ဆော်ပေးနိုင်တဲ့ အရမ်းကိုပြင်းထန်တဲ့ အဆိပ်ပစ္စည်းတစ်ခုပဲ။ အဲဒီအဆိပ်က မှင်သစ်ပင်လို့ခေါ်တဲ့ အဆိပ်ပင်ကနေ ထုတ်ယူထားတဲ့ အဆိပ်ရည်ပဲ။ တစ်စက်တည်းနဲ့တင် မင်းရဲ့ မျိုးရိုးဗီဇတွေကို ပြိုကွဲသွားစေနိုင်တယ်။ အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု တစ်ကြိမ်ပဲလုပ်ထားရသေးတဲ့ သက်ရှိတွေဆို အဲ့အဆိပ်ကို တောင့်မခံနိုင်ဘူး။ ဒုတိယ ဒါမှမဟုတ် တတိယအကြိမ် အသွင်ပြောင်းလဲထားတဲ့သူမှပဲ တောင့်ခံနိုင်တာ။ ဒါပေမဲ့ မင်းအဲ့ဒါကို ဝယ်ပြီး ရေဖျော်သုံးရင်တော့ မင်းခန္ဓာကိုယ်က ခံနိုင်ရည်ရှိမှာပါ။ အဲဒီဟာကလည်း မင်းရဲ့ စိတ်စွမ်းအားကို လှုံ့ဆော်ပေးနိုင်တယ်။"
“နောက်ပြီးတော့ ဒီဒေါင်းဝတ်မှုန်လည်း ရှိသေးတယ်...”
လောင်ဘီသမ် တစ်ခုပြီးတစ်ခု ပြသနေသော ထူးခြားဆန်းပြားသည့် ပစ္စည်းများကို မြင်သောအခါ လင်းဖုန်း၏ မျက်နှာအမူအရာက အလွန်ထူးဆန်းသွားသည်။
ထိုဆန်းကြယ်ပစ္စည်းများမှာ အလွန်ဈေးကြီးလှပေ၏။ ဥပမာအားဖြင့် မြွေနဂါးသစ်သီးတစ်လုံးလျှင် အကျိုးပြုတန်ဖိုး ၁၀၀ ပေးရသည်။ ဤသည်ကား မယုံနိုင်စရာပင်။
အကျိုးပြုတန်ဖိုး ၁၀၀ မှာ မည်မျှအထိ တန်ဖိုးရှိလိုက်သနည်း။
နှိုင်းယှဉ်ကြည့်ရလျှင် လင်းဖုန်း ဝယ်ယူခဲ့သော ကြယ်တာရာဝါးမြိုကျင့်စဉ်ပင်လျှင် အကျိုးပြုတန်ဖိုး ၁၀၀ သာ ကျသင့်ခဲ့သည်။
တစ်နည်းအားဖြင့်ဆိုသော် မြွေနဂါးသစ်သီးတစ်လုံးက ကြယ်တာရာဝါးမြိုကျင့်စဉ်တစ်ခုလုံးနှင့် တန်ဖိုးချင်း ညီမျှနေခြင်း ဖြစ်ပေ၏။
သာမန်အသွင်ပြောင်းနယ်ပယ် တတိယအဆင့် သိုင်းသမားတစ်ဦးသည် အခြေစိုက်စခန်းတစ်ခု၏ စစ်သေနာပတိအဖြစ် တာဝန်ထမ်းဆောင်ပြီး နတ်ဆိုးများကို သတ်ဖြတ်ခြင်းမပြုပါက တစ်နှစ်လျှင် အကျိုးပြုတန်ဖိုး ၁၀ မှတ်သာ ရရှိပေမည်။
ထိုသို့ဆိုလျှင် သူတို့အနေဖြင့် အကျိုးပြုတန်ဖိုး ၁၀၀ ရရန် ဆယ်နှစ်တိုင်တိုင် စောင့်ဆိုင်းရမည်ဖြစ်၏။
တစ်နည်းအားဖြင့်ဆိုသော် လင်းဖုန်း မြွေနဂါးသစ်သီး တစ်လုံးဝယ်ရန် တောင်ပိုင်းတောင်တန်းအခြေစိုက်စခန်းကို ဆယ်နှစ်တိုင်တိုင် စောင့်ရှောက်ရမည် ဖြစ်၏။ အတိတ်တွင် လင်းဖုန်း ဤမျှဈေးကြီးသော ပစ္စည်းများကို ကြည့်ပင်မကြည့်ဘဲ အသုံးမဝင်ဟုသာ ထင်ခဲ့ပေလိမ့်မည်။
မြွေနဂါးသစ်သီး၏ မိတ်ဆက်တွင် ဖော်ပြထားသည်မှာ ထိုအသီးသည် စိတ်ကို လှုံ့ဆော်ပေးပြီး စိတ်ဆန္ဒကို ခိုင်မာစေသည်ဟု ဆိုထားသည်။ ယင်းကား အသက်ဝိညာဉ် အသွင်းပြောင်းလဲမှုပြုလိုသော သိုင်းသမားများအတွက် အထောက်အကူ ဖြစ်စေ၏။
စင်စစ်တွင် လောင်ဘီသမ် ပြောသကဲ့သို့ စိတ်စွမ်းအား တိုးတက်စေရန်အတွက်သာ ဖြစ်သည်။ စိတ်စွမ်းအား အားကောင်းလာပါက အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းက အနည်းငယ် ပိုလွယ်ကူလာမည် ဖြစ်သော်လည်း ထိုအထောက်အကူမှာ အလွန်သေးငယ်လှသည်။
ထိုပစ္စည်းများ ဤမျှဈေးကြီးရသည့် အကြောင်းရင်းမှာ ယင်းတို့ကို စိုက်ပျိုး၍ မရသောကြောင့်ပင်။ ထိုပစ္စည်းတို့ကို ပြင်ပနယ်မြေ၏ အနက်ရှိုင်းဆုံးရှိ အန္တရာယ်များသော နေရာများမှ ရရှိလာခြင်းဖြစ်သည်။ ပစ္စည်းတိုင်းကို နတ်ဘုရားနယ်ပယ် သို့မဟုတ် သာလွန်နယ်ပယ် သိုင်းသမားများက သူတို့၏ အသက်ကို ရင်းပြီး ရှာဖွေခဲ့ကြရခြင်း ဖြစ်သည်။
ဥပမာအားဖြင့် ပညာရေးအဖွဲ့ကဏ္ဍတွင် မြွေနဂါးသစ်သီးသုံးလုံးသာ ရှိ၏။ စီပွားရေးအဖွဲ့ကဏ္ဍတွင် အနည်းငယ် ပိုများသော်လည်း ငါးလုံးသာ ရှိသည်။
နတ်ဘုရားနယ်ပယ် သို့မဟုတ် သာလွန်နယ်ပယ် သိုင်းသမားများ အကျိုးပြုတန်ဖိုး မည်သို့ရှာကြသည်ကို လင်းဖုန်း နောက်ဆုံးတွင် နားလည်သွားသည်။ သူတို့သည် ပြင်ပနယ်မြေ၏ အနက်ရှိုင်းဆုံးနေရာများသို့ သွားကြခြင်း ဖြစ်၏။ သူတို့ အပျက်အစီးများကို စူးစမ်းရှာဖွေရန် စွန့်စားသွားလာကြပြီး ထိုမှတစ်ဆင့် ရှေးဟောင်းယဉ်ကျေးမှုများမှ ရတနာတချို့ကို ရရှိနိုင်ပေသည်။
သို့မဟုတ်လျှင် ပြင်ပနယ်မြေ အနက်ရှိုင်းဆုံးနေရာများတွင် ပေါက်ရောက်တတ်သော ထူးခြားဆန်းပြားသည့် ပစ္စည်းများကို ရရှိနိုင်မည့် အန္တရာယ်ရှိသည့် နေရာများသို့ သွားကြခြင်း ဖြစ်ပေသည်။ ပစ္စည်းအမျိုးအစားတိုင်းက အလွန်ဈေးကြီးလှသော်ငြား ဝယ်ယူသူများလည်း မြောက်မြားစွာရှိသည်။
ဥပမာအားဖြင့် အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦးသည် နှစ်ပေါင်းများစွာ စုဆောင်းခဲ့သော်လည်း ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းကို မအောင်မြင်နိုင်သေးဟု ဆိုကြပါစို့။ အကယ်၍ မြွေနဂါးသစ်သီးသည် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုအပေါ် အကျိုးသက်ရောက်မှု အနည်းငယ်မျှသာ ရှိသည်ဆိုလျှင်ပင် သူ့အနေဖြင့် အကျိုးပြုတန်ဖိုး ၁၀၀ အကုန်အကျခံကာ စွန့်စားဝယ်ယူလိမ့်ဦးမည် ဖြစ်၏။
ထို့ကြောင့် ဈေးနှုန်းများက အဆမတန် မြင့်မားလှသော်လည်း ထိုပစ္စည်းများအတွက် ဝယ်ယူသူ မပြတ်ရှိနေ၏။
“စကားမစပ်... မင်း ဒီပစ္စည်းတွေကို ဝယ်ချင်တယ်ဆိုရင် အများကြီး မဝယ်တာ အကောင်းဆုံးပဲ။ ပစ္စည်းတစ်ခုကို အကြိမ်အနည်းငယ် သုံးပြီးရင် အကျိုးသက်ရောက်မှုက လျော့လာပြီး အသုံးမဝင် ဖြစ်သွားလိမ့်မယ်။ အဲဒီအခါကျရင် တခြားပစ္စည်းတွေကို ပြောင်းသုံးကြည့်ပေါ့။ အဲဒါတွေက စိတ်ဝိညာဉ်လမ်းညွှန်ကျင့်စဉ် ဒုတိယအဆင့်ကို ချိုးဖျက်ဖို့ ကူညီပေးနိုင်လိမ့်မယ်။"
လင်းဖုန်း ခေါင်းညိတ်လိုက်သည်။ ထိုသို့ဖြင့် သူ မြွေနဂါးသစ်သီးသုံးလုံးကို အရင်ဝယ်လိုက်သည်။ သူ၏ လူသားမျိုးနွယ်သူရဲကောင်းတံဆိပ်ကြောင့် ၂၀ ရာခိုင်နှုန်း လျှော့ဈေးရရှိသည်။ ထို့ကြောင့် မြွေနဂါးသစ်သီးသုံးလုံးအတွက် စုစုပေါင်း အကျိုးပြုတန်ဖိုး ၂၄၀ ကျသင့်ခဲ့၏။
မြွေနဂါးသစ်သီးသုံးလုံး ဝယ်ပြီးနောက် လင်းဖုန်းတွင် အကျိုးပြုတန်ဖိုး ၂၀,၁၀၇ မှတ်သာ ကျန်တော့သည်။
နှစ်ရက် စောင့်ဆိုင်းပြီးနောက် မြွေနဂါးသစ်သီးသုံးလုံးမှာ လင်းဖုန်းထံသို့ ရောက်ရှိလာသည်။
လင်းဖုန်း အထုပ်ကို ဖွင့်ကြည့်လိုက်သောအခါ မြွေနဂါးသစ်သီးသုံးလုံးက တစ်လုံးလုံး အစိမ်းရောင်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ယင်းတို့သည်ကား မြွေကလေးများကဲ့သို့ တွန့်လိမ်ကွေးကောက်နေပြီး စားချင့်စဖွယ် ရနံ့များ ထွက်ပေါ်နေသည်။
သို့သော် ဤမြွေနဂါးသစ်သီးသုံးလုံးအတွက် လင်းဖုန်း အကျိုးပြုတန်ဖိုး ၂၄၀ အကုန်အကျခံခဲ့ရ၏။ သူ့အတွက်တော့ အလွန်ဈေးကြီးသည်ဟု ခံစားနေရဆဲပင်။
“တကယ်ကို ဈေးကြီးလွန်းတယ်။ အလုပ်ဖြစ်မယ်လို့ပဲ မျှော်လင့်ရတာပဲ။"
လင်းဖုန်း ခေါင်းခါလိုက်သည်။ အကယ်၍ လောင်ဘီသမ်က ဤမြွေနဂါးသစ်သီးများသည် စိတ်စွမ်းအား တိုးတက်မှုအပေါ် အကျိုးသက်ရောက်မှုရှိသည်ဟု မပြောခဲ့လျှင် သူ မည်သို့မျှ ဝယ်ယူမည် မဟုတ်ပေ။
“လင်းဖုန်း... မင်းက ဒီမြွေနဂါးသီးသစ်တွေကို တကယ်ပဲ ဈေးကြီးတယ်လို့ ထင်နေတာလား။ အကျိုးပြုတန်ဖိုး ၁၀၀ က ဘာများတန်ကြေးရှိလို့လဲ။ အဲ့လောက်နဲ့ ကျင့်ကြံခြင်းအရင်းအမြစ် ဘယ်လောက်များများ လဲလှယ်လို့ရမှာမို့လဲ။ ငါ မင်းကို ပြောပြမယ်... စကြဝဠာထဲမှာဆိုရင် ဒီမြွေနဂါးသစ်သီးသုံးလုံးရဲ့ တန်ဖိုးက အတိုင်းအဆ မရှိဘူးကွ။ ဂြိုဟ်အဆင့် သက်ရှိတချို့တောင် ဒါကို အလုအယက်ဝယ်ကြမှာပဲ။"
“ငါ တကယ်ကို နားမလည်နိုင်တာက မင်းတို့ဂြိုဟ်မှာ ဘာတွေဖြစ်နေတာလဲဆိုတာပဲ။ ငါ လေ့လာကြည့်ပြီးပြီ။ ဒီဂြိုဟ်က သိပ်ပြီးကြီးတဲ့ ဂြိုဟ်တစ်လုံးလည်း မဟုတ်ဘူး။ လူသားတွေအပြင် ရှုပ်ရှက်ခတ်နေတဲ့ သားရဲတွေပဲ ရှိတာ။ ဒါပေမဲ့ စကြဝဠာထဲမှာတောင် ရှားပါးတဲ့ ဒီလို ထူးခြားဆန်းပြားတဲ့ ပစ္စည်းတွေ အများကြီး ဘယ်လိုလုပ်ပြီးတော့များ ပေါက်ရောက်နေရတာလဲ။ တွေးကြည့်လို့ကိုမရဘူး။"
လောင်ဘီသမ်ကမူ ယင်းတို့မှာ အလွန်ဈေးပေါလှသည်ဟု ထင်နေသည်။ လောင်ဘီသမ် ပြောပုံအရ မြွေနဂါးသစ်သီးသည် စကြဝဠာထဲတွင်ပင် အလွန်ရှားပါးလှပေ၏။
လက်တွေ့တွင်မူ အခြားထူးခြားဆန်းပြားသည့် ပစ္စည်းများသည်လည်း စကြဝဠာထဲတွင် အလွန်ရှားပါးသော်လည်း ယင်းတို့အားလုံးမှာ ဂြိုဟ်တစ်လုံးတည်းတွင် စုပြုံပေါက်ရောက်နေကြသည်။ ဤသည်က လောင်ဘီသမ်ကို များစွာဝေခွဲမရ ဖြစ်စေ၏။
“ငါတို့ဂြိုဟ်မှာ ထူးခြားတဲ့ အရာတစ်ခုခု ရှိနေလို့များလား”
“ဘယ်သူသိမှာလဲ။ မင်းတို့ဂြိုဟ်မှာ ထူးဆန်းတဲ့ ကောင်းကင်မျက်နှာကျက် အကာအကွယ်တစ်ခု ရှိတယ်။ အဲဒါက အချိန်အတော်ကြာအောင် ရှိနေခဲ့ပုံလည်းရတယ်။ နောက်ပြီးတော့ မင်းတို့ဂြိုဟ်က အရမ်းဝေးလံခေါင်ဖျားတဲ့နေရာမှာ ရှိနေပြီးတော့ ဘယ်သူမှ ရှာမတွေ့နိုင်သလောက်ပဲ။ ငါသာ စွမ်းအင်ကုန်ခမ်းပြီး စကြဝဠာကပ်ဘေးတစ်ခုနဲ့ မကြုံခဲ့ရင် မင်းတို့ဂြိုဟ်ကို ဘယ်တော့မှ ရောက်လာမှာ မဟုတ်ဘူး။ လင်းဖုန်း... တကယ်လို့ မင်း နောင်တစ်ချိန်မှာ အသက်ဝိညာဉ် ခြောက်ကြိမ် အသွင်ကူးပြောင်းပြီး ဂြိုဟ်အဆင့် သက်ရှိ ဖြစ်လာခဲ့ရင် ဒီဂြိုဟ်ကို လုံးဝလက်မလွှတ်ပါနဲ့။ အနည်းဆုံးတော့ ဒီဂြိုဟ်ကို သေသေချာချာ စူးစမ်းကြည့်ပါ။ မင်း ကံကောင်းရင် ထူးခြားတာတစ်ခုခု တွေ့ကောင်းတွေ့နိုင်တယ်။"
လင်းဖုန်း ခေါင်းညိတ်လိုက်သည်။ သို့သော် သူက ယခုမှ အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု တစ်ကြိမ်သာ လုပ်ဆောင်ရသေးသည်။ အသက်ဝိညာဉ် ခြောက်ကြိမ် အသွင်ပြောင်းလဲရန်က အလွန် အလှမ်းကွာနေသေးပေသည်။
“လောင်ဘီသမ်... မြွေနဂါးသစ်သီးကို ဘယ်လိုသုံးရမလဲ”
“တိုက်ရိုက်စားရမှာပေါ့ကွ၊ တခြား ဘယ်လိုရှိဦးမှာလဲ”
လင်းဖုန်း မြွေနဂါးသစ်သီးကို စိုက်ကြည့်လိုက်သည်။ အသီးများမှာ အနည်းငယ် ထူးဆန်းနေသော်လည်း လောင်ဘီသမ်က တိုက်ရိုက်စားနိုင်သည်ဟု ပြောသဖြင့် ပြဿနာရှိမည် မဟုတ်ပေ။ ထို့ကြောင့် လင်းဖုန်း မြွေနဂါးသစ်သီးတစ်လုံးကို ထုတ်ယူကာ ချက်ချင်းပင် ပါးစပ်ဟပြီး အားရပါးရ ကိုက်စားလိုက်တော့သည်။
ထာဝရသိုင်းတာအိုအရှင်
အခန်း (၂၁၈) - တဟုန်ထိုး တိုးတက်လာခြင်း
ဘာသာပြန် - အားသစ်
ဂလွပ် ဂလွပ်...
လင်းဖုန်း မြွေနဂါးသစ်သီးကို အားပါးတရ ကိုက်စားလိုက်သည်။ သင်းပျံ့သော မွေးရနံ့များက သူ့ခံတွင်းအတွင်း ပြည့်နှက်သွားသည်။ အသီး၏ အရသာက အတော်လေး ချိုမြိန်လှ၏။
“အင်း... ကြွပ်ကြွပ်ရွရွလေးနဲ့ အရသာရှိတာပဲ။"
ဤမြွေနဂါးသီးသည်ကား တကယ်ပင် အရသာရှိ၏။ လင်းဖုန်း ယခင်က စားဖူးသမျှ အသီးအနှံများနှင့် မတူပေ။ ထိုအသီးသည် အလွန်ကြွပ်ဆတ်ပြီး မွှေးကြိုင်ကာ ပါးစပ်ထဲတွင်လည်း အရည်ရွှမ်းလှ၏။
မြွေနဂါးသစ်သီးမှာ သိပ်မကြီးလှပေ။ လင်းဖုန်း မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်လုံးလုံး စားပြီးသွားသည်။
“ဟင်... ဘာလို့ ဘာမှမဖြစ်တာလဲ”
ခဏအကြာတွင် လင်းဖုန်း၏ မျက်နှာပေါ်၌ ထူးဆန်းသည့် အမူအရာတစ်ခု ပေါ်လာသည်။ မြွေနဂါးသစ်သီးက စိတ်စွမ်းအားကို လှုံ့ဆော်ပေးရမည် မဟုတ်ပါလား။ ယခု စားပြီးသွားသည်အထိ ဘာကြောင့် သက်ရောက်မှုတစ်ခုတစ်လေမှ မရှိရသနည်း။
လင်းဖုန်း လောင်ဘီသမ်ကို မေးမြန်းရန် ပြင်လိုက်စဉ်မှာပင် သူ့စိတ်ထဲ၌ အေးမြလှသော ခံစားချက်တစ်ခု ရုတ်တရက် ပေါ်လာသည်။ သူ့စိတ်အစဥ်သည်လည်း ယခင်ကထက် ပိုမိုကြည်လင်လာသည်။
“မြန်မြန်လုပ်... စိတ်စွမ်းအားလမ်းညွှန်ကျင့်စဉ်ကို ချက်ချင်း ကျင့်ကြံတော့။"
လောင်ဘီသမ်၏ အသံက သူ့စိတ်ထဲ၌ ထွက်ပေါ်လာသည်။ လင်းဖုန်းသည် ချက်ချင်းပင် အာရုံစိုက်လိုက်ပြီး ဘီမွန်စိတ်စွမ်းအားလမ်းညွှန်ကျင့်စဉ်ကို စတင်ကျင့်ကြံလိုက်သည်။ သူ့စိတ်ထဲမှ စိတ်စွမ်းအားများသည်ကား ရုတ်တရက် ပေါက်ကွဲပျံ့ကျဲသွားပြီးနောက် အလျင်အမြန် ပြန်လည်ကောင်းမွန်လာကာ စိတ်စွမ်းအားစက်လုံး၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။
အတိတ်တွင် လင်းဖုန်း၏ စိတ်စွမ်းအား ပေါက်ကွဲထွက်ခဲ့လျှင်ပင် စိတ်စွမ်းအား တိုးတက်မှုက စင်စစ်တွင် အလွန်နည်းပါးလှသည်။ သို့သော် ယခုမူ လင်းဖုန်း ခြားနားချက်ကို ချက်ချင်း ခံစားလိုက်ရသည်။
သူ့စိတ်အစဥ်ထဲမှ အေးမြသည့် ခံစားချက်က စိတ်စွမ်းအား ပေါက်ကွဲထွက်သည်နှင့်တစ်ပြိုင်နက် သူ၏ စိတ် အနက်ရှိုင်းဆုံးပိုင်းအထိ စိမ့်ဝင်သွားပုံရသည်။ စိတ်စွမ်းအား ပြန်လည်ကောင်းမွန်လာပြီးနောက် မကြုံစဖူး သိသိသာသာ တိုးတက်လာသည်ကို သူ ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသည်။ တိုးပွားလာသည့် စိတ်စွမ်းအားအားလုံး စိတ်စွမ်းအားစက်လုံးအတွင်းသို့ ပေါင်းစည်းသွားကာ ပိုမိုကြီးထွားသန်မာလာစေသည်။
“ဒါက မြွေနဂါးသစ်သီးရဲ့ အာနိသင်ပေါ့...”
လင်းဖုန်း၏ မျက်လုံးများ တောက်ပသွားသည်။ မြွေနဂါးသစ်သီးကဲ့သို့ ထူးခြားဆန်းပြားသည့် ပစ္စည်းများက သူ့စိတ်စွမ်းအားတိုးတက်မှုအတွက် အမှန်တကယ်ပင် ထိရောက်လှပြီး အကျိုးသက်ရောက်မှုကလည်း အတော်လေး ကြီးမားပေသည်။ လက်တွေ့တွင်မူ စိတ်စွမ်းအားစက်လုံးက စဉ်ဆက်မပြတ် ကျယ်ပြန့်လာမည် ဖြစ်ပေသည်။ အကန့်အသတ် တစ်ခုအထိ ကျယ်ပြန့်သွားပြီးလျှင် အောင်မြင်မှုမှာ သဘာဝအလျောက် ပေါ်ပေါက်လာပေလိမ့်မည်။ ယင်းအတွက် အခြားလှည့်ကွက် မရှိပေ။ ထိုသည်ကား စိတ်စွမ်းအားများကို အဆက်မပြတ် ဖြည်းဖြည်းချင်း စုဆောင်းခြင်းသာ ဖြစ်၏။
ထူးခြားဆန်းပြားသော ပစ္စည်းများ မရှိလျှင် လင်းဖုန်းအနေဖြင့် နည်းနည်းချင်းစီသာ စုဆောင်းနိုင်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် မည်မျှထိကြာဦးမည်ကို မသိနိုင်ပေ။
သို့သော် ယခုမူ များစွာ ပိုမိုလွယ်ကူသွားခဲ့လေပြီ။ မြွေနဂါးသစ်သီးနှင့်ဆိုလျှင် သူ စိတ်စွမ်းအား အမြောက်အမြားကို စုဆောင်းနိုင်ပေသည်။
မြွေနဂါးသစ်သီးတစ်လုံး၏ အာနိသင်ကား တစ်ရက်ခန့်အထိ ခံပေသည်။ တစ်ရက်အကြာတွင် လင်းဖုန်း၏ စိတ်ထဲမှ အေးမြသည့် ခံစားချက် ပျောက်ကွယ်သွားတော့သည်။
ထို့ကြောင့် လင်းဖုန်း ဒုတိယမြောက် မြွေနဂါးသီးသစ်ကို စတင်စားသုံးလိုက်သည်။ အေးမြလန်းဆန်းသော ခံစားချက်က ရှိနေဆဲဖြစ်သော်လည်း ဤတစ်ကြိမ်တွင်မူ အကျိုးသက်ရောက်မှုက အနည်းငယ် အားနည်းသွားပြီး တစ်ရက်မပြည့်တပြည့်သာ ခံတော့၏။
တတိယမြောက် တစ်လုံး ကျန်ရှိနေသေးသော်လည်း ယင်း၏ အာနိသင်က နေ့ဝက်ခန့်သာ ခံတော့သည်။
လင်းဖုန်း အကျိုးပြုတန်ဖိုး ၄၀၀ အကုန်အကျခံကာ မြွေနဂါးသစ်သီးငါးလုံးကို တစ်ပြိုင်နက် ထပ်မံဝယ်ယူလိုက်သည်။ စိတ်စွမ်းအားအတွက် ထိရောက်မှုရှိနေသရွေ့ လင်းဖုန်း အကျိုးပြုတန်ဖိုးများကို နှမြောတွန့်တိုနေမည် မဟုတ်ပေ။
မြွေနဂါးသစ်သီးငါးလုံး၏ အကျိုးသက်ရောက်မှုမှာ တဖြည်းဖြည်း ပိုမိုအားနည်းလာသည်။ ပဉ္စမမြောက်အသီးအရောက်တွင်မူ လုံးဝနီးပါး အာနိသင် မရှိတော့ပေ။
လောင်ဘီသမ် ပြောခဲ့သလိုပင် ထူးခြားဆန်းပြားသည့် ပစ္စည်းများ၏ အကျိုးသက်ရောက်မှုက တဖြည်းဖြည်း လျော့နည်းသွားတတ်ကာ နောက်ဆုံးတွင် လုံးဝအကျိုးသက်ရောက်မှု မရှိတော့သည်အထိ ဖြစ်သည်။ ထိုသို့ ဖြစ်ခဲ့လျှင်ပင် မြွေနဂါးသစ်သီး စုစုပေါင်းရှစ်လုံးက လင်းဖုန်း၏ ဂစိတ်စွမ်းအားကို အနည်းဆုံး ၂၀ ရာခိုင်နှုန်းခန့်အထိတိုင် တိုးတက်စေခဲ့သည်။
၂၀ ရာခိုင်နှုန်း တိုးတက်မှုဆိုသည်က လျှော့တွက်၍ မရပေ။ လင်းဖုန်းတွင် မူလကတည်းက စိတ်စွမ်းအားများစွာ ရှိနှင့်နေပြီးသား ဖြစ်သည်။ ယခု ရက်အနည်းငယ်အတွင်းမှာပင် ၂၀ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ခြင်း ဖြစ်၏။ လင်းဖုန်းသာ စိတ်စွမ်းအားကို ဖြည်းဖြည်းချင်း စုဆောင်းမည်ဆိုပါလျှင် ဤမျှအထိ တိုးတက်လာရန် အနည်းဆုံး နှစ်နှစ် သို့မဟုတ် သုံးနှစ်ခန့် အချိန်ယူရမည် ဖြစ်ကြောင်း သိထားသင့်ပေသည်။
မြွေနဂါးသစ်သီးရှစ်လုံးက နှစ်နှစ် သုံးနှစ်စာ အချိန်ကို သက်သာစေခဲ့သည်။ ယင်းမှာ များစွာ တန်ဖိုးရှိလှ၏။
ထို့ပြင် ထူးခြားဆန်းပြားသည့် ပစ္စည်းများသည်ကား အမျိုးအစားတစ်ခုတည်း ရှိသည်မဟုတ်ပေ။ ယခုအခါ လင်းဖုန်းအနေဖြင့် အကျိုးကျေးဇူးများကို မြင်တွေ့ခဲ့ရပြီဖြစ်ရာ ဤကဲ့သို့သော အခွင့်အရေးမျိုးကို သူ မည်သို့ လက်လွှတ်ခံမည်နည်း။
မြွေနဂါးသစ်သီးအပြင် လင်းဖုန်း မှင်အဆိပ်ကိုလည်း မျက်စိကျနေခဲ့သည်။ သို့သော် မှင်အဆိပ်မှာကား အလွန်ပြင်းထန်သည့် အဆိပ်ဖြစ်၏။ အကယ်၍ အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦးက ထိုအဆိပ်တစ်စက်နှင့် ထိတွေ့မိလျှင် သေချာပေါက် သေဆုံးရပေလိမ့်မည်။
မူလက ထိုပစ္စည်းသည်ကား တိုက်ခိုက်ရေးနည်းလမ်းတစ်ခုလည်း ဖြစ်၏။ သိုင်းသမားအများစုသည် မိမိကိုယ်ကိုယ် ကာကွယ်ရန်အတွက် ဤမှင်အဆိပ်ကို ဝယ်ယူတတ်ကြသည်။ အရေးကြီးသော အချိန်တွင် ရန်သူကို သေစေနိုင်သော ထိုးနှက်ချက် ပေးနိုင်သည့် ဝှက်ဖဲတစ်ခု ဖြစ်၏။
လင်းဖုန်း မှင်အဆိပ်ကို သူ့ဝှက်ဖဲအဖြစ် သဘာဝကျကျပင် အသုံးမပြုလိုပေ။ သူသည် စိတ်စွမ်းအားကို အမြန်ဆုံးနှုန်းဖြင့် တိုးတက်လာစေရန် မှင်အဆိပ်ကို လိုအပ်ခြင်း ဖြစ်သည်။ ထို့ကြောင့် လင်းဖုန်း အကျိုးသက်ရောက်မှုကို စမ်းသပ်ရန် မှင်အဆိပ် ငါးစက်ကို တစ်ပြိုင်နက်တည်း ဝယ်ယူလိုက်သည်။
မကြာမီမှာပင် မှင်အဆိပ်ငါးစက်သည်လည်း လင်းဖုန်းထံသို့ ရောက်ရှိလာသည်။ အစက်တိုင်းကို သီးခြား ပုလင်းငယ်များထဲတွင် ထည့်သွင်းထား၏။ လင်းဖုန်း ပုလင်းအဖုံးကို ဖွင့်ကြည့်လိုက်သောအခါ မှင်အဆိပ်က မည်းနက်နေပြီး မနှစ်မြို့ဖွယ် အနံ့အသက်များ ထွက်ပေါ်နေသည်ကို တွေ့လိုက်ရသည်။
မည်မျှပင် အနံ့အသက်ဆိုးပါစေ စိတ်စွမ်းအား တိုးတက်မှုအတွက် အသုံးဝင်သရွေ့ သူ့အတွက် ပြဿနာမရှိပေ။
“လောင်ဘီသမ်... ဒီမှင်အဆိပ်ကို ဘယ်လို သုံးရမလဲ”
“မင်းရဲ့ ကိုယ်ခန္ဓာ တည်ဆောက်ပုံအရဆိုရင် အဲဒါကို သုံးပုံ ပုံလိုက်ပြီး နေ့တိုင်း တစ်ပုံစီ သောက်လိုက်ပါ။"
လင်းဖုန်းသည် လောင်ဘီသမ်၏ ညွှန်ကြားချက်အတိုင်း မှင်အဆိပ်တစ်စက်ကို သုံးပုံ ပုံလိုက်သည်။ ထို့နောက်တစ်ပုံကို ရေဖျော်လိုက်သည်။ ပြီးသည်နှင့် သူ ပါးစပ်ဟကာ ရေဖျော်ထားသော မှင်အဆိပ်ကို တိုက်ရိုက်သောက်ချပစ်လိုက်သည်။
ရေဖျော်ထားသော မှင်အဆိပ်မှာ အရသာမကောင်းပေ။ အလွန် ခါးသက်လှ၏။ မှင်အဆိပ် သူ့ခန္ဓာကိုယ်ထဲသို့ ရောက်သွားသည်နှင့်တစ်ပြိုင်နက် ထူးဆန်းသည့် စွမ်းအားတစ်ခုက သူ့ခန္ဓာကိုယ်အတွင်း ဖျက်ဆီးနေသကဲ့သို့ လင်းဖုန်း ခံစားလိုက်ရသည်။
လင်းဖုန်း ထိတ်လန့်သွား၏။ အသွင်ပြောင်းနယ်ပယ် သိုင်းသမားများ၏ မျိုးရိုးဗီဇကိုပင် ပြိုကွဲစေနိုင်သော ကြောက်မက်ဖွယ် အဆိပ်ဆိုသည့်အတိုင်း မှင်အဆိပ်သည် သူ့ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံကိုပင် အထိန်းအကွပ်မရှိ ဖျက်ဆီးပစ်နိုင်သည်။ ကံကောင်းထောက်မစွာဖြင့် လင်းဖုန်းတွင် မသေနိုင်သောအစွမ်းသတ္တိ ရှိနေသဖြင့် မှင်အဆိပ်၏ ဖျက်ဆီးမှုမှ အလျင်အမြန် ပြန်လည်ကုစားနိုင်ခဲ့သည်။
ခန္ဓာကိုယ်နာကျင်မှုက ဘာမှမဟုတ်ပေ။ မှင်အဆိပ်မှာ အလွန်ပြင်းထန်သော်လည်း မည်သို့ပင်ဆိုစေ ရေဖျော်ထားခြင်းသာ ဖြစ်၏။ ထို့ပြင် မှင်အဆိပ်၏ ဖျက်ဆီးမှုနှုန်းမှာ လင်းဖုန်း၏ ကိုယ်တိုင်ကုစားနိုင်စွမ်းနှုန်းထက် များစွာ နိမ့်ကျလှသည်။ ထို့ကြောင့် မှင်အဆိပ်က လင်းဖုန်း၏ ခန္ဓာကိုယ်ကို ကြီးကြီးမားမား ထိခိုက်မှု မပေးနိုင်ပေ။
စိတ်စွမ်းအားအတွက်မူ လင်းဖုန်း ခံစားမိနေပြီ ဖြစ်သည်။ သူ့စိတ်ထဲ၌ မီးများ တောက်လောင်နေသကဲ့သို့ ခံစားရသည်။ ထိုဖြစ်စဉ်ကို ရင်းနှီးပြီးသား ဖြစ်သဖြင့် သူ ဘာလုပ်ရမည်ကို သဘာဝကျကျ သိရှိပေ၏။ လင်းဖုန်း စိတ်စွမ်အားလမ်းညွှန်ကျင့်စဉ်ကို အမြန်ဆုံး စတင်လည်ပတ်စေလိုက်သည်။
မှင်အဆိပ်၏ အကျိုးသက်ရောက်မှုက အလွန်ကောင်းမွန်ပေ၏။ မြွေနဂါးသစ်သီး၏ အကျိုးသက်ရောက်မှုထက်ပင် များစွာသာလွန်လှသည်။ မှင်အဆိပ်၏ လှုံ့ဆော်မှုအောက်တွင် လင်းဖုန်း၏ စိတ်ထဲမှ စိတ်စွမ်းအားများ တဟုန်ထိုး တိုးတက်လာတော့သည်။
ထို့ကြောင့် လင်းဖုန်းသည် မှင်အဆိပ် တစ်ပုံပြီးတစ်ပုံ အဆက်မပြတ် သောက်သုံးခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၁၅ ရက်ဆိုသည့် အချိန်က ကုန်လွန်သွားခဲ့လေပြီ။ လင်းဖုန်း မှင်အဆိပ်ငါးစက်လုံးကို အကုန်သောက်သုံးပြီးသွားခဲ့ပြီ ဖြစ်သည်။ အသေအချာပင်... ယင်းတို့အားလုံးမှာကား ရေဖျော်ထားခြင်းသာဖြစ်၏။
ဤမှင်အဆိပ်ငါးစက်က အလွန်ဈေးကြီးလှသည်။ တစ်စက်လျှင် အကျိုးပြုတန်ဖိုး ၂၀၀ ကျသင့်၏။ လင်းဖုန်းတွင် လျှော့ဈေးရှိခဲ့လျှင်ပင် ယင်းအတွက် စုစုပေါင်း အကျိုးပြုတန်ဖိုး ၈၀၀ ကျသင့်ခဲ့သည်။
သို့သော် လင်းဖုန်း နောက်ထပ် မှင်အဆိပ်ငါးစက်ကို ဆက်လက်ဝယ်ယူခဲ့သည်။ မှင်အဆိပ်မှာ ထိရောက်မှု ရှိနေသေးသည်ဟု သူ ခံစားရပြီး ထိုပစ္စည်း၏ အာနိသင် ခံနိုင်ရည်က မြွေနဂါးသစ်သီးထက် များစွာပိုကြာသည်။
လင်းဖုန်း မျှော်လင့်ထားသကဲ့သို့ပင် နောက်ထပ် မှင်အဆိပ်ငါးစက်ကို ဝယ်ယူသုံးစွဲပြီးမှသာ မှင်အဆိပ်မှာ နောက်ဆုံးတွင် အကျိုးသက်ရောက်မှုအာနိသင် လုံးဝကုန်သွားပေတော့သည်။
သို့သော် ဤမှင်အဆိပ်ဆယ်စက်၏ အကျိုးသက်ရောက်မှုက မြွေနဂါးသီးထက် များစွာ ပိုမို အားကောင်းလှပေသည်။ ယင်းက လင်းဖုန်း၏ စိတ်စွမ်းအားကို ၄၀ ရာခိုင်နှုန်းအထိ အပြည့်အဝ တိုးတက်စေခဲ့၏။
“ဟူး...”
လင်းဖုန်း သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်သည်။ တစ်လနှင့် ရက်အနည်းငယ်သာ ကုန်လွန်သွားခဲ့သော်လည်း သူ၏ စိတ်စွမ်းအားက ထက်ဝက်ကျော်အထိ တိုးတက်လာခဲ့သည်။ ဤထူးခြားဆန်းပြားသည့် ပစ္စည်းများ၏ အကျိုးသက်ရောက်မှုကား အမှန်တကယ်ပင် ကောင်းမွန်လွန်းလှ၏။
မူလက လင်းဖုန်းမှာ အနည်းငယ် ကျေနပ်နေခဲ့သော်လည်း လောင်ဘီသမ်က ရုတ်တရက် ပြောလိုက်သည်။
“သိပ်ပြီးတော့လည်း မထူးခြားပါဘူး။ မင်းသာ အပြင်စကြဝဠာထဲမှာဆိုရင် ဒီလောက်များတဲ့ ထူးခြားဆန်းပြားတဲ့ ပစ္စည်းတွေနဲ့ဆို ကျင့်ကြံခြင်းအရင်းအမြစ် ဘယ်လောက်ထိများ လဲလှယ်လို့ရမလဲ မသိဘူး။ သက်ရှိ ဘယ်နှယောက်လောက်များ ဒါကိုရဖို့ ရူးသွပ်သွားကြမလဲ မသိနိုင်ဘူး။ နောက်ဆုံးမှာတော့ မင်းက ဒီလောက်များတဲ့ ပစ္စည်းတွေကို တစ်ယောက်တည်း သုံးခဲ့တာတောင် မင်းရဲ့ စိတ်စွမ်းအားက အခုထိကို မချိုးဖျက်နိုင်သေးဘူး။"
လင်းဖုန်း အနည်းငယ် ရှက်သွားသော်လည်း သူ၏ စိတ်စွမ်းအား မချိုးဖျက်နိုင်သေးခြင်းက သူ့အပြစ်မဟုတ်ပေ။ ထို့ပြင် သူ၏စိတ်စွမ်းအားမှာ ချိုးဖျက်ခါနီးပြီဖြစ်ကြောင်း သူ ဝေဝေဝါးဝါး ခံစားမိနေသည်။
ဤခံစားချက်က အလွန် ပြင်းထန်ရှင်းလင်းလှ၏။ လင်းဖုန်းသည် အကျိုးပြုတန်ဖိုးများကို နှမြောမနေဘဲ တတိယမြောက် ဆန်းကြယ်ပစ္စည်းဖြစ်သော ဒေါင်းဝတ်မှုန်ကို ဆက်လက်ဝယ်ယူလိုက်သည်။
သို့သော် ဒေါင်းဝတ်မှုန်ကို မဝယ်ယူမီ လင်းဖုန်း သူ၏ ဆက်သွယ်ရေးကိရိယာကို အသုံးပြုကာ ချူချန်းကို ဆက်သွယ်လိုက်သည်။ မည်သို့ပင်ဆိုစေ လင်းဖုန်းအနေဖြင့် တစ်လလုံးလုံး ရုတ်တရက် ပျောက်ကွယ်သွားခြင်းက ကျိုးကြောင်းမဆီလျော်ပေ။
သို့သော် ချူချန်းကလည်း အလွန်နားလည်ပေးနိုင်သူ ဖြစ်၏။ လင်းဖုန်း လျှို့ဝှက်တာဝန်အတွက် ပြင်ဆင်နေကြောင်း သူမ သိရှိထားသဖြင့် လင်းဖုန်းကို စိတ်သဘောထားကြီးစွာဖြင့် တာဝန်အတွက် ဦးစားပေးပြင်ဆင်ခွင့် ပေးထားခဲ့သည်။
လင်းဖုန်း သူ့ဘာသာ ခေါင်းညိတ်လိုက်ကာ ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်။ သူ၏ စိတ်စွမ်းအား ချိုးဖျက်ပြီးသည်နှင့် ကျန်ရှိနေသော အချိန်များအားလုံးကို ချူချန်းနှင့်အတူ ကုန်ဆုံးစေရမည်။
ထို့ကြောင့် သူ တစ်ဂရမ်လျှင် အကျိုးပြုတန်ဖိုး ၁၀၀ ပေးရသော ဒေါင်းဝတ်မှုန် ၁၀ ဂရမ်ကို ပြတ်ပြတ်သားသား ဝယ်ယူလိုက်သည်။ လျှော့ဈေးပြီးနောက် လင်းဖုန်းတစ်ယောက် ဒေါင်းဝတ်မှုန် ၁၀ ဂရမ်အတွက် အကျိုးပြုတန်ဖိုး ၈၀၀ ကုန်ကျခဲ့သည်။