အခန်း (၂၁၉-၂၂၀)
Vol. 19 Ch. 219-220
အခန်း (၂၁၉) - ဒုတိယအဆင့်
ဘာသာပြန် - အားသစ်
ဒေါင်းဝတ်မှုန်သည် ဒေါင်းအမြီးနှင့်တူသော ထူးဆန်းသည့် ပန်းတစ်မျိုးမှ ရရှိခြင်းဖြစ်၏။ ထိုပန်း၏ ဝတ်မှုန်သည် ပြင်းထန်သော စိတ်ချောက်ချားစေသည့် အာနိသင်ရှိပြီး နတ်ဘုရားနယ်ပယ် သိုင်းသမားများပင် ပုံမှန်အားဖြင့် ထိုပန်း၏ လှည့်စားမှုကို ခံရတတ်သည်။
ထို့ကြောင့် ၎င်း၏ ဈေးနှုန်းကလည်း ခေါင်ခိုက်နေပေ၏။
သို့သော် လင်းဖုန်း အနည်းငယ် စိုးရိမ်နေမိသည်။ သူ၏ စိတ်စွမ်းအားက ဤမျှ အားကောင်းနေသော်လည်း ပုံရိပ်ယောင်ထဲသို့ ကျဆင်းသွားဦးမည်လော။ လင်းဖုန်း မသိပေ။ မည်သို့ပင်ဆိုစေ သာမန်ပုံရိပ်ယောင်များက လင်းဖုန်းကို မလှည့်စားနိုင်တော့ပေ။
မကြာမီမှာပင် ဒေါင်းဝတ်မှုန် လင်းဖုန်းထံသို့ ရောက်ရှိလာသည်။ ဒေါင်းဝတ်မှုန် ၁၀ ဂရမ်ကို ၁၀ ပုံ ပုံထားသည်။ ဒေါင်းဝတ်မှုန် တစ်ဂရမ်သည် နတ်ဘုရားနယ်ပယ် သိုင်းသမားတစ်ဦးကို ပုံရိပ်ယောင်ထဲ ကျဆင်းသွားစေရန် လုံလောက်၏။ သို့သော် ဤဝတ်မှုန်သည်ကား မိတ်ဆွေနှင့် ရန်သူကို ခွဲခြားနိုင်စွမ်း မရှိပေ။ အကယ်၍ ယင်းကိုသာ အဆင်အခြင်မဲ့ အသုံးပြုပါက အသုံးပြုသူကိုယ်တိုင်ပင် ပုံရိပ်ယောင်ထဲသို့ ကျဆင်းသွားနိုင်သည်။
ထို့ကြောင့် တချို့လူများက ဒေါင်းဝတ်မှုန်ကို ဝှက်ဖဲတစ်ခုအဖြစ် သို့မဟုတ် အထူးနည်းလမ်းတစ်ခုအဖြစ် ထားရှိကြသော်လည်း လက်တွေ့တွင်မူ အသုံးပြုခဲလှ၏။
လင်းဖုန်းသည် ဒေါင်းဝတ်မှုန်ကို နှာသီးဖျားသို့ ယူဆောင်လာပြီး ရှူရှိုက်လိုက်သည်။ ဤဝတ်မှုန်ကား လေထုထဲမှတစ်ဆင့် လူများကို ပုံရိပ်ယောင်ထဲ ကျဆင်းစေရန် ရည်ရွယ်ခြင်းဖြစ်သည်။
ဒေါင်းဝတ်မှုန် လင်းဖုန်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ မသဲမကွဲ ခံစားချက်ထဲတွင် လင်းဖုန်းတစ်ယောက် လွင့်မျောနေသကဲ့သို့ ခံစားလိုက်ရသည်။ သူ့ပတ်ဝန်းကျင်မှာ အိမ်မက်ထဲ ရောက်နေသကဲ့သို့ အနည်းငယ် ဝေဝါးနေသည်ဟုပင် သူ ခံစားလိုက်ရသည်။
“အခု ချက်ချင်း နိုးထစမ်း။"
လောင်ဘီသမ်၏ အသံက လင်းဖုန်း၏ စိတ်ထဲ၌ မိုးကြိုးပစ်သကဲ့သို့ ထွက်ပေါ်လာသည်။ သူ ချက်ချင်း နိုးလာသည်။
သူ၏သတိက ကြည်လင်နေသော်လည်း အိပ်ပျော်တော့မည့်အလား အလွန်ငိုက်မျည်းနေဆဲပင်။ ဤအဖြစ်က သူ့ကို များစွာထိတ်လန့်သွားစေသည်။
“ဒေါင်းဝတ်မှုန်က ဒီလောက်တောင် အစွမ်းထက်တာလား”
“သေချာတာပေါ့။ လုံလောက်တဲ့ ဒေါင်းဝတ်မှုန်ပမာဏသာရှိရင် မင်းတို့ရဲ့ သူတော်စင်တွေတောင် အဲဒါကို ခုခံနိုင်မှာ မဟုတ်ဘူး။ မင်းရဲ့ စိတ်စွမ်းအားက စိတ်စွမ်းအားလမ်းညွှန်ကျင့်စဉ်ရဲ့ ဒုတိယအဆင့်ကို မရောက်မချင်း မင်း အဲဒါကို ခုခံနိုင်မှာ မဟုတ်ဘူး။"
လင်းဖုန်းသည် လောင်ဘီသမ်၏ စကားထဲမှ နောက်ထပ် အဓိပ္ပာယ်တစ်လွှာကို နားလည်လိုက်မိသည်။ စိတ်စွမ်းအားလမ်းညွှန်ကျင့်စဉ် ဒုတိယအဆင့်က ဒေါင်းဝတ်မှုန်၏ စိတ်ကို ပြောင်းလဲစေသော အာနိသင်ကို ခုခံနိုင်သော်လည်း လေးကြိမ်အထိ အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုပြုထားသော သူတော်စင်တစ်ဦးက မခုခံနိုင်ခြင်းမှာ သူတော်စင်ကိုးပါး၏ စိတ်စွမ်းအားသည်ကား စိတ်စွမ်းအားလမ်းညွှန်ကျင့်စဉ်၏ ဒုတိယအဆင့်အခြေအနေသို့ ရောက်ရန် များစွာ လိုနေသေးသည်ဟု ဆိုလိုခြင်းပင်။
“သူတော်စင်တွေရဲ့ စိတ်စွမ်းအားက စိတ်စွမ်းအားလမ်းညွှန်ကျင့်စဉ်ရဲ့ ဒုတိယအဆင့်အနေအထားကို မရောက်သေးဘူးလား။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"
လင်းဖုန်း မယုံကြည်နိုင်ဖြစ်နေသည်။
“ဘာလို့ မဖြစ်နိုင်ရမှာလဲ။ မင်းတို့ကမ္ဘာက သူတော်စင်ကိုးပါးက တကယ်ကို အထင်ကြီးစရာ ကောင်းပါတယ်။ သူတို့ရဲ့ စိတ်စွမ်းအားက ဒီလောက် အားနည်းနေပြီး စိတ်စွမ်းအားကို သီးသန့်လေ့ကျင့်ဖို့ ဘယ်လိုနည်းလမ်းမှ မရှိဘဲနဲ့တောင် လေးကြိမ်မြောက် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုကို အတင်းအကျပ် လုပ်နိုင်ခဲ့ကြတာ။ ဒါက ငါ့အတွက်တောင်မှ ထူးဆန်းပြီး နားမလည်နိုင်စရာပဲ။ ဖြစ်နိုင်တာကတော့ သူတို့က တိုက်ပွဲဝင်ခန္ဓာကိုယ်တွေကို ကျင့်ကြံဖို့ မလိုလို့လည်း ဖြစ်လိမ့်မယ်။"
လောင်ဘီသမ်၏ လေသံတွင်လည်း အံ့ဩမှု အရိပ်အယောင်တချို့ ပါဝင်နေသည်။
မည်သို့ပင်ဆိုစေ သူတော်စင်ကိုးပါး မည်သို့လုပ်ဆောင်ခဲ့ပါစေ လင်းဖုန်းမှာမူ စိတ်စွမ်းအားလမ်းညွှန်ကျင့်စဉ်ကို ကျင့်ကြံရန် အခွင့်အရေးကို ဆုပ်ကိုင်ထားရမည်ဖြစ်ပြီး ဘီမွန်စိတ်စွမ်းအားလမ်းညွှန်ကျင့်စဉ်၏ ဒုတိယအဆင့်သို့ အမြန်ဆုံး ရောက်ရှိရန် ကြိုးစားရမည်ဖြစ်ပေသည်။
ဒေါင်းဝတ်မှုန်၏ စိတ်ကို ပြောင်းလဲစေသော အာနိသင်က အမှန်တကယ်ပင် ထူးခြားလှသော်လည်း မှင်အဆိပ်နှင့် နှိုင်းယှဉ်လျှင်မူ အကျိုးသက်ရောက်မှုက အနည်းငယ် နိမ့်ကျပုံရသည်။
လင်းဖုန်းသည် တစ်ရက်လျှင် ဝတ်မှုန် တစ်ဂရမ်ကို အသုံးပြုခဲ့သည်။ ၁၀ ရက် ကြာပြီးနောက် ဒေါင်းဝတ်မှုန်မှာ လင်းဖုန်းအပေါ် ထိရောက်မှု သိပ်မရှိတော့ပေ။ လက်ရှိအချိန်တွင် သူ့စိတ်စွမ်းအားသည်ကား နောက်ထပ် ၂၀ ရာခိုင်နှုန်းခန့် ထပ်မံတိုးတက်လာသည်။
သူ့စိတ်အစဥ်ထဲမှ စိတ်စွမ်းအားစက်လုံးသည်လည်း ကလေးတစ်ယောက်၏ လက်သီးဆုပ်ခန့်အထိ ကျယ်ပြန့်လာခဲ့ပြီဖြစ်ကာ နွေးထွေးတောက်ပသော အလင်းရောင်များ ထွက်ပေါ်နေသည်။ စိတ်စွမ်းအားစက်လုံးက မြူဖြူများကဲ့သို့သော စိတ်စွမ်းအား အမြောက်အမြားကိုလည်း အဆက်မပြတ် စုပ်ယူနေသေးသည်။
“မကြာတော့ဘူး... နည်းနည်းပဲ လိုတော့တယ်။"
လင်းဖုန်း အနည်းငယ် စိတ်လှုပ်ရှားနေသည်။ သူ ဘီမွန်စိတ်စွမ်းအားလမ်းညွှန်ကျင့်စဉ် ဒုတိယအဆင့်သို့ ရောက်ရန် အနည်းငယ်သာ လိုတော့ကြောင်း ရှင်းရှင်းလင်းလင်း ခံစားနေရသည်။
ဒေါင်းဝတ်မှုန်က အာနိသင် မရှိတော့သော်လည်း လင်းဖုန်း အခြားသော ထူးခြားဆန်းပြားသည့် ပစ္စည်းများကို ထပ်မံ မဝယ်ယူတော့ပေ။ အဘယ်ကြောင့်ဆိုသော် လုံးဝ မလိုအပ်တော့သောကြောင့်ပင်။ သူ စိတ်စွမ်းအားလမ်းညွှန်ကျင့်စဉ်ကိုသာ ဆက်လက်လည်ပတ်နေပြီး သူ၏စိတ်စွမ်းအားကို ထပ်ခါတလဲလဲ ပေါက်ကွဲစေကာ စိတ်စွမ်းအား ပမာဏအနည်းငယ်ကို စဉ်ဆက်မပြတ် ထုတ်လုပ်နေလေသည်။
အောင်မြင်ရန်အတွက် စိတ်စွမ်းအား အနည်းငယ်သာ သူ လိုတော့သည်။
ဘုန်း...
မည်မျှကြာသွားသည်မသိ... လင်းဖုန်း၏ စိတ်ထဲမှ စိတ်စွမ်းအားများ ထပ်မံ ပေါက်ကွဲထွက်သွားချိန်တွင် သူစိတ်အစဥ်ထဲ၌ စိတ်စွမ်းအား မုန်တိုင်းတစ်ခု ရုတ်တရက် ပေါ်လာသည်။ ထိုမုန်တိုင်းသည်ကား ရှိသမျှအရာအားလုံးကို သိမ်းကြုံးတိုက်ခတ်သွားပြီး သူစိတ်ထဲမှ စိတ်စွမ်းအားစက်လုံးပင်လျှင် ချက်ချင်း ပေါက်ကွဲထွက်သွားတော့သည်။
လင်းဖုန်း၏စိတ်သည်ကား ရုတ်ချည်းဗလာဖြစ်သွား၏။ သူ၏သတိမှာလည်း အချိန်တိုအတွင်း ပျောက်ကွယ်သွားတော့သည်။ ထိုသည်မှာ ခဏတာမျှသာဟု ခံစားရသော်လည်း နှစ်ပေါင်း သန်းချီကြာသွားသကဲ့သို့လည်း ထင်ရပေသည်။ သူသတိပြန်လည်ရရှိလာချိန်တွင်မူ သူ့ စိတ်ထဲမှ ပြင်းထန်သော စိတ်စွမ်းအားများက စိတ်စွမ်းအားစက်လုံးအဖြစ်သို့ ပြန်လည် စုစည်းသွားခဲ့ပြီ ဖြစ်သည်။
သို့သော် ဤစိတ်စွမ်းအားစက်လုံးသည် ပုံမှန်ထက် များစွာ ပိုမိုသိပ်သည်းလာ၏။ မြူနှင့်တူသော စိတ်စွမ်းအားများကလည်း အရည်အဖြစ်သို့ မသဲမကွဲ ပြောင်းလဲသွားပုံရသည်။ ဤစိတ်စွမ်းအားပြောင်းလဲမှုကို သာမန်မျက်စိဖြင့် မမြင်တွေ့နိုင်ပေ။ လင်းဖုန်း တစ်ယောက်တည်းသာ သူ့စိတ်ထဲတွင် ဖြစ်ပျက်နေသည့် ပြောင်းလဲမှုတို့ကို ခံစားသိရှိနိုင်ပေသည်။
လင်းဖုန်းသည် အရည်အခြေအနေနှင့် နီးစပ်သော ဤသို့နှယ် စိတ်စွမ်းအားမျိုးကို ယခင်က မတွေ့ဖူးခဲ့ပေ။ သို့သော်လည်း ယခုလက်ရှိ စိတ်စွမ်းအား အနည်းငယ်သည်ကား ယခင်က စိတ်စွမ်းအားသုံးခု သို့မဟုတ် ငါးခုထက်ပင် ပိုမိုအားကောင်းနေကြောင်း ခံစားနေရသည်။
“ဘီမွန်စိတ်စွမ်းအားလမ်းညွှန်ကျင့်စဉ်ရဲ့ ဒုတိယအဆင့်က တကယ်ကို အံ့ဩစရာကောင်းတာပဲ။"
လင်းဖုန်းသည် သူ့စိတ်ထဲမှ စိတ်စွမ်းအားစက်လုံးကို ဂရုတစိုက် ခံစားကြည့်လိုက်သည်။ သူ၏ လက်ရှိ စိတ်စွမ်းအားအဆင့်က တခြားသူများကိုပင် သက်ရောက်မှု ပေးနိုင်ပုံရ၏။ သူ့အနေဖြင့် ပုံရိပ်ယောင်နည်းစနစ်များကို မသိလျှင်ပင် လူအများကို ပုံရိပ်ယောင်ထဲသို့ ကျဆင်းသွားစေနိုင်ပေသည်။
အမှန်ပင်... စိတ်စွမ်းအား၏ ရည်ရွယ်ချက်က ပုံရိပ်ယောင်များ ပြုလုပ်ရန် မဟုတ်ပေ။ ထိုသို့လုပ်ဆောင်ခြင်းက ဖြုန်းတီးရာ ရောက်ပေလိမ့်မည်။ စိတ်စွမ်းအား၏ အဓိကရည်ရွယ်ချက်မှာ အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုပြုစဉ်အတွင်း မျိုးရိုးဗီဇနှင့် ဆဲလ်များကို ပြန်လည်ဖွဲ့စည်းရာတွင် တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကျင့်ကြံနိုင်ရန် လမ်းညွှန်ပေးဖို့သာ ဖြစ်သည်။
ယခု သူ၏စိတ်စွမ်းအားက တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကျင့်ကြံရန် အခြေခံလိုအပ်ချက်များကို ပြည့်မီသွားပြီဖြစ်သော်လည်း ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းအတွက်ကမူ အလှမ်းဝေးနေဆဲသာ။ လင်းဖုန်း မည်သည့်ဘက်သို့ အောင်မြင်အောင် လုပ်ရမည်ဆိုသော ဦးတည်ချက် မရှိသေးပေ။
လောင်ဘီသမ် ပြောခဲ့သည့်အတိုင်း အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းဆိုသည်ကား အသက်ဓာတ်၏ အနှစ်သာရကို မြှင့်တင်ခြင်း ဖြစ်ပေ၏။ ပုံမှန်အားဖြင့် အရေးကြီးဆုံးမှာ အသက်အနှစ်သာရကို စဉ်ဆက်မပြတ် စုဆောင်းရန်သာ ဖြစ်သည်။
သို့သော် လင်းဖုန်း၏ လက်ရှိကိုယ်ခန္ဓာ တည်ဆောက်ပုံအရ သူ၏စုဆောင်းမှုက လုံလောက်နေပြီ ဖြစ်၏။ သူ ယခုလိုအပ်နေသည်မှာ အခွင့်အရေးတစ်ခုသာ ဖြစ်ပေသည်။ ဤအခွင့်အရေးက တကယ့်အရေးကြီးဆုံးဖြစ်ပြီး ကံတရားအပေါ်၌သာ မူတည်ပေလိမ့်မည်။
လင်းဖုန်း အချိန်ကို တွက်ချက်ကြည့်လိုက်သည်။ သူ ဟိုတယ်တွင် နေခဲ့သည်က တစ်လခွဲခန့် ရှိနေလေပြီ။ ဤကာလအတွင်း သူ ဆန်းကြယ်ပစ္စည်းများစွာကို ဝယ်ယူခဲ့သည်။ ယခု သူ၏ အကျိုးပြုတန်ဖိုးများသည်ကား စုစုပေါင်း ၁၇,၃၀၇ မှတ်သာ ကျန်တော့၏။
ဤသည်ကလည်း များနေဆဲသာဖြစ်ပြီး ဆန်းကြယ်ပစ္စည်းများစွာ ဝယ်ယူရန် လုံလောက်နေသေးသည်။
သို့သော် လင်းဖုန်း၏ စိတ်စွမ်းအားကျင့်ကြံမှုက အောင်မြင်သွားခဲ့ပြီ ဖြစ်၏။ ဆန်းကြယ်ပစ္စည်းများ ထပ်မံဝယ်ယူလျှင်ပင် သူ့စိတ်စွမ်းအားကို များစွာ တိုးတက်စေတော့မည် မဟုတ်ပေ။ ထို့ပြင် သူ ရှေးဟောင်းယဉ်ကျေးမှု အပျက်အစီးဆီသို့ မသွားမီ အချိန်တစ်လကျော်သာ ကျန်တော့၏။
အချိန်သိပ်မရှိတော့သဖြင့် လင်းဖုန်းသည် ဟိုတယ်မှ ချက်ချင်း ထွက်လာခဲ့သည်။
သူ ကျန်ရှိနေသော အချိန်များကို ချူချန်းနှင့်အတူ ကောင်းကောင်းမွန်မွန် ကုန်ဆုံးစေလို၏။
...
လင်းဖုန်း၏ အနားယူမှုနှင့် နှိုင်းယှဉ်လျှင် အခြားသော သိုင်းသမား ကိုးဦးကမူ အစွမ်းကုန် ကြိုးစားကျင့်ကြံနေကြသည်။ သုံးလအတွင်း၌ပင် သူတို့သည် သိုင်းနယ်မြေကွန်ရက်ရှိ အဖိုးတန်ပစ္စည်းများ၊ ကျင့်စဉ်များနှင့် ကြယ်တာရာသိုင်းပညာများကိုပင် သိမ်းကြုံးဝယ်ယူခဲ့ကြသည်။
အကျိုးပြုတန်ဖိုး ၁၀,၀၀၀ ၏ ဝယ်ယူနိုင်စွမ်းကား သိသိသာသာပင် အားကောင်းလှ၏။ အဖိုးတန်ပစ္စည်း အများအပြားမှာ လုံးဝဝယ်ယူခြင်း ခံလိုက်ရပြီး အဆင့်မြင့် နည်းပညာထုတ်ကုန် အချို့သည်လည်း မျက်စိကျခြင်း ခံခဲ့ရသည်။
မည်သို့ပင်ဆိုစေ သူတို့အားလုံးသည် ဤတစ်ကြိမ်တွင် နည်းပညာယဉ်ကျေးမှုတစ်ခု၏ အပျက်အစီးများကို စူးစမ်းကြရမည်ဖြစ်၏။ ထိုနေရာတွင် မည်သို့သော အန္တရာယ်များနှင့် ကြုံတွေ့ရမည်ကို မည်သူမျှ အသေအချာ တပ်အပ်မပြောနိုင်ပေ။ အရေးကြီးသည့ အချိန်များတွင် အသက်ကို ကယ်တင်နိုင်မည့် အဆင့်မြင့် နည်းပညာထုတ်ကုန်တချို့ ရှိကောင်းရှိပေလိမ့်မည်။
ယင်းတို့အပြင် သူတို့ ကြယ်တာရာသိုင်းပညာများကိုလည်း အသီးသီး ဝယ်ယူခဲ့ကြသေးသည်။ လက်တွေ့တွင်မူ လူအများအတွက် တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပြိုင်ပွဲအတွင်း လင်းဖုန်း အသုံးပြုခဲ့သော ဟင်းလင်းပြင်ပူပေါင်းနည်းစနစ်သည်ကား ပြိုင်ဘက်ကင်း အနှိုင်းမဲ့ပင် ဖြစ်၏။
ရလဒ်အနေဖြင့် ဟင်းလင်းပြင်ပူပေါင်းနည်းစနစ်ကလည်း အလွန်ရေပန်းစားခဲ့သည်။ အပျက်အစီးများကို စူးစမ်းမည့် သိုင်းသမားကိုးဦးအနက် အနည်းဆုံးငါးဦးမှာ ဟင်းလင်းပြင်ပူပေါင်း ကြယ်တာရာသိုင်းပညာကို ဝယ်ယူခဲ့ကြသည်။
ကံမကောင်းစွာဖြင့် သူတို့ ဝယ်ယူပြီးနောက် ထိုပညာရပ်ကို မလေ့ကျင့်နိုင်ခဲ့ကြပေ။ ယင်းကား အလွန် ခက်ခဲလွန်းလှ၏။ သူတို့တွင် ဇွဲမလျှော့စတမ်း လေ့ကျင့်ရန် သတ္တိရှိပြီး အောင်မြင်ခဲ့လျှင်ပင် သူတို့အနေဖြင့်ကြယ်တာရာစွမ်းအား အမျှင် ၄၀၀၀ ကိုသာ ပေါင်းစပ်နိုင်ကြောင်း သိရှိသွားကြပေလိမ့်မည်။ ထိုသည်ကလည်း အလွန် အားကောင်းလှသော်လည်း လင်းဖုန်း အသုံးပြုသော ဟင်းလင်းပြင်ပူပေါင်းနှင့် နှိုင်းယှဉ်လျှင်မူ များစွာနိမ့်ကျလှသည်။
သုံးလသည်ကား မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားခဲ့ချေပြီ။ လင်းဖုန်း ချူချန်းကို နှုတ်ဆက်ပြီး ကျန်သိုင်းသမားကိုးဦးနှင့် သွားရောက်တွေ့ဆုံရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
မျှော်လင့်ထားသည့်အတိုင်း သူတော်စင်ခန်းနှင့် သူတော်စင်ယွမ်ယီတို့ ကိုယ်တိုင် ရောက်ရှိလာခဲ့ကြသည်။ သူတော်စင်နှစ်ပါးသည်ကား သူတို့ ကြီးကြပ်ရာ နယ်မြေများမှ ထွက်လာခဲ့ကြကာ လင်းဖုန်းနှင့် အခြားသူများကို ရှေးဟောင်းအပျက်အစီးနယ်မြေဆီသို့ အထူးတလည် လိုက်ပါပို့ဆောင်ရန် အချိန်ပေးခဲ့ကြခြင်း ဖြစ်၏။
ထာဝရသိုင်းတာအိုအရှင်
အခန်း (၂၂၀) - တံတိုင်ဖြိုသူစစ်ဆင်ရေး
ဘာသာပြန် - အားသစ်
လေသင်္ဘောအပြင်ဘက်တွင် ဝင်ရိုးစွန်းမြို့တော်သည်ကား မှုန်ရီဝိုးတဝါးသာ ကျန်ခဲ့တော့၏။ (ကျွန်တော်က အသုံးအနှုန်းအမျိုးမျိုးပြောင်းရေးနေတာ မဟုတ်ပါဘူးဗျ။ မူရင်းကိုက spaceshipသုံးလိုက် airshipသုံးလိုက်ဖြစ်နေတာပါ။
သူတော်စင်ခန်းနှင့် သူတော်စင်ယွမ်ယီတို့သည် လင်းဖုန်းနှင့် အခြားသူများကို ကိုယ်တိုင် လိုက်ပါပို့ဆောင်ရန် လေသင်္ဘောပေါ်တွင် ရှိနေကြသည်။ လေသင်္ဘောပေါ်တွင် အစေခံတစ်ဦးတစ်ယောက်မျှပင် မရှိပေ။
“ဒီတာဝန်က တော်တော်လေး အန္တရာယ်များတယ်။ မူလတုန်းကတော့ မင်းတို့ အထဲရောက်လို့ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲတွေနဲ့ ကြုံရရင် အဆင်ပြေအောင် သိပ္ပံပညာရှင်တချို့ကိုပပါ ထည့်ပေးချင်ခဲ့တာ။ ဒါပေမဲ့ သေသေချာချာ ဆွေးနွေးပြီးတဲ့နောက်မှာတော့ နောက်ဆုံး မင်းတို့နဲ့အတူတူ သိပ္ပံပညာရှင်တွေကို မလွှတ်လိုက်ဖို့ပဲ ဆုံးဖြတ်လိုက်ကြတယ်။"
“အပျက်အစီးတွေ ရှိတဲ့နေရာက အရမ်းကို အန္တရာယ်များလွန်းတယ်။ သာမန်လူတွေရဲ့ ရှင်သန်နိုင်စွမ်းက အရမ်းအားနည်းတယ်လေ။ သိပ္ပံပညာရှင်တွေသာ မင်းတို့နဲ့အတူတူ လိုက်သွားမယ်ဆိုရင် အကူအညီမဖြစ်တဲ့အပြင် မင်းတို့အတွက် ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်နေလိမ့်မယ်။ အဲဒါကြောင့်မို့ သိပ္ပံပညာရှင်တွေ မလွှတ်တော့တာ။ ဒီမှာ ချစ်ပ်တစ်ခု ရှိတယ်။ အဲဒါက ငါတို့ လက်ရှိကမ္ဘာရဲ့နည်းပညာတွေထဲမှာ အကောင်းဆုံးပဲ။ အပျက်အစီးနယ်မြေရဲ့ တည်ဆောက်ပုံနဲ့ အရင်က လေ့လာမှုတွေအရ အဲဒီနေရာကို ထိန်းချုပ်နိုင်မယ့် နည်းလမ်းတချို့ကို ငါတို့ ဖော်ထုတ်နိုင်ခဲ့ပြီ။"
“တကယ်လို့ မင်းတို့သာ အပျက်အစီးနယ်မြေရဲ့ အနက်ရှိုင်းဆုံးပိုင်းမှာရှိတဲ့ ထိန်းချုပ်ခန်းကို ရောက်သွားနိုင်ခဲ့ရင် ဒီချစ်ပ်ထဲမှာ ပါတာတွေက အသုံးဝင်လိမ့်မယ်။ မင်းတို့သာ ကာကွယ်ရေးစနစ်ကို ပိတ်ပစ်နိုင်မယ်ဆိုရင် ငါတို့ လူတွေထပ်လွှတ်ပေးမယ်။ အဲဒီအခါကျရင် မင်းတို့ရဲ့ တာဝန် အောင်မြင်ပြီလို့ သတ်မှတ်လို့ရပြီ။"
လင်းဖုန်းနှင့် အခြားသူများအားလုံး သူတို့၏ ဆက်သွယ်ရေးကိရိယာများထဲသို့ ထည့်သွင်းနိုင်သည့် ချစ်ပ်တစ်ခုစီ လက်ခံရရှိခဲ့ကြသည်။
“စကားမစပ်... အဲဒီ အပျက်အစီးနယ်မြေထဲမှာ ဆက်သွယ်ရေးကိရိယာနဲ့ အချင်းချင်း ဆက်သွယ်လို့ရလား” ဂရီမန်က ရုတ်တရက် ကောက်ကာငင်ကာ မေးလိုက်သည်။
အမှန်တကယ်တော့ လူတိုင်း ခန့်မှန်းချက်တချို့ ရှိနေကြသော်လည်း သူတော်စင်နှစ်ပါးထံမှ အဖြေကို ကိုယ်တိုင် ကြားလိုနေကြ၍သာ ဖြစ်၏။
“အဲဒီနေရာမှာ လှိုင်းတွေကို နှောင့်ယှက်တဲ့ သံလိုက်စက်ကွင်း ရှိနေလိမ့်မယ်။ ဘယ်လို ဆက်သွယ်ရေးနည်းလမ်းမှ အလုပ်ဖြစ်မှာ မဟုတ်ဘူး။ ဒါကြောင့် အထဲရောက်သွားတာနဲ့ မင်းတို့ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရတော့မှာ။"
သိုင်းသမား ၁၀ ဦးလည်း ခဏမျှ တိတ်ဆိတ်သွားကြသည်။ သူတို့အားလုံး ဖိအားများကို ခံစားနေရ၏။
ဤတာဝန်ကား အမှန်တကယ်ပင် အလွန်တရာ အန္တရာယ်များပေလိမ့်မည်။ သူတော်စင်ကိုးပါး၏ ဖိအားပေးမှုသာ မရှိလျှင် အပျက်အစီးနယ်မြေဆီသို့ မသွားလိုသူများ ရှိကောင်းရှိပေလိမ့်မည်။ သို့သော် သူတော်စင်ကိုးပါးက ကိုယ်တိုင်တောင်းဆိုထားခြင်းဖြစ်ရာ သူတို့ မည်သို့ ငြင်းဆန်နိုင်မည်နည်း။
လက်တွေ့တွင်မူ ငြင်းဆန်ရန် ရွေးချယ်စရာ လုံးဝမရှိပေ။ သူတော်စင်ခန်းနှင့် သူတော်စင်ယွမ်ယီတို့ ဤကိစ္စကို မည်မျှအလေးအနက်ထားသည်ကို မြင်ရရုံနှင့် သူတို့ ငြင်းဆန်နိုင်ပါဦးမည်လော။
ထို့ကြောင့် မည်မျှပင် အန္တရာယ်များပါစေ သူတို့တွင် ရွေးချယ်စရာ မရှိပေ။
လူတိုင်းစိတ်ဓာတ်ကျနေသည်ကို မြင်သောအခါ သူတော်စင်ခန်းလည်း သူတို့ ဘာတွေးနေသည်ကို သဘာဝကျကျ သိရှိလိုက်သည်။ ထို့ကြောင့် သူတော်စင် ခန်းက ဆက်ပြောလိုက်သည်။
“အပျက်အစီးနယ်မြေဆီ ရောက်ဖို့ အချိန်နည်းနည်း လိုပါသေးတယ်။ ဒီအတောအတွင်း မင်းတို့ သိုင်းပညာနဲ့ ပတ်သက်ပြီး သိချင်တာရှိရင် ငါနဲ့ သူတော်စင်ယွမ်ယီကို စိတ်ကြိုက်မေးနိုင်တယ်။ ငါတို့ မင်းတို့ရဲ့ မေးခွန်းတွေအကုန်လုံးကို ဖြေပေးမယ်။"
သူတော်စင်ခန်း၏ စကားကို ကြားသောအခါ လူတိုင်း စိတ်အားတက်ကြွသွားကြသည်။ ဤသည်ကား ရှားပါးလှသည့် အခွင့်အရေးပင်။
သူတော်စင်များတွင် တပည့်အနည်းငယ်သာ ရှိသော်လည်း သူတို့၏ တပည့်များပင်လျှင် မေးသမျှတိုငကို ပြန်လည်ဖြေကြားပေးမည့် ဤကဲ့သို့သော ဆက်ဆံမှုမျိုး ခံစားရချင်မှ ခံစားရပေလိမ့်မည်။ သူတော်စင်များကို ကိုယ်တိုင်ကိုယ်ကျ မေးခွန်းထုတ်နိုင်မည့် အခွင့်အရေးကို လူတိုင်း အဘယ်ကြောင့် လက်လွှတ်ခံကြမည်နည်း။
ဤကဲ့သို့သော အခွင့်အရေးမျိုးက ကံကောင်းမှသာ ကြုံတွေ့ရနိုင်၏။ ဖြစ်နိုင်သည်မှာ သူတော်စင်တစ်ပါး၏ လမ်းညွှန်မှုနှင့်ဆိုလျှင် သူတို့အနေဖြင့် ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုကို အောင်မြင်နိုင်ပြီး တစ်ချိန်ချိန်တွင် နတ်ဘုရားနယ်ပယ် သိုင်းသမားများ ဖြစ်လာနိုင်ပေသည်။
လင်းဖုန်းပင်လျှင် သူတော်စင်နှစ်ပါးကို မေးလိုသည့် မေးခွန်းတချို့ ရှိနေသည်။ ခဏအတွင်းမှာပင် လေယာဉ်ပေါ်ရှိ အခြေအနေက တစ်ဖန်ပြန်လည် တက်ကြွလာသည်။ ယခင်ကကဲ့သို့ တစပြင်အလား တိတ်ဆိတ်မနေတော့ပေ။ (တစပြင် = သုဿန်)
...
အစောင့်အရှောက် ထူထပ်သော လျှို့ဝှက်စစ်အခြေစိုက်စခန်း တစ်ခု၌...
စိမ်းဖန့်ဖန့် စစ်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ် ဗိုလ်မှူးတစ်ဦး အခြေစိုက်စခန်းရှိ ရုံးခန်းအတွင်းသို့ လမ်းလျှောက်ဝင်လာသည်။ ထိုနေရာတွင် ဗိုလ်ချုပ်တစ်ဦး အလုပ်လုပ်နေ၏။
ဖြက်...
ဗိုလ်မှူးငယ်က အလေးပြုလိုက်ပြီး လျှောက်လွှာတစ်ခုကို ထုတ်ပေးလိုက်သည်။
ဗိုလ်ချုပ်က ခေါင်းမော့ကြည့်လိုက်ပြီး စားပွဲပေါ်မှ လျှောက်လွှာကို လှမ်းယူကြည့်လိုက်သည်။ သူက အနည်းငယ် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“လင်းဟိုင်... မင်းရဲ့ နာမည်က ဒီတာဝန်ထဲမှာ မပါတော့ဘူး။ မင်းကို ကွန်လန်အခြေစိုက်စခန်းဆီ ပြောင်းရွှေ့ဖို့ လုပ်ထားပြီးပြီ။ အဲဒီမှာ မင်းကို စောင့်နေတဲ့ အရေးကြီး တာဝန်တွေ ရှိသေးတယ်။"
“ဗိုလ်ချုပ်... ကျွန်တော် တံတိုင်းဖြိုသူစစ်ဆင်ရေးမှာ ပါဝင်ခွင့်ရဖို့ တောင်းဆိုပါတယ်။"
“လင်းဟိုင်... အမိန့်ကို နာခံစမ်း။" ဗိုလ်ချုပ်၏ လေသံက ပြင်းထန်သွားပြီး သိပ်သည်းလှသည့် အရှိန်အဝါများ ထွက်ပေါ်လာသည်။
“ဗိုလ်ချုပ်... ကျွန်တော်က မူလက တံတိုင်းဖြိုသူစစ်ဆင်ရေးမှာ ပါဝင်ခွင့်ရသူများ စာရင်းထဲမှာ ရှိပါတယ်။ ဘာကြောင့် ကျွန်တော့်ကို ရုတ်တရက် ဖယ်ထုတ်လိုက်ရတာလဲ။"
“လင်းဟိုင်... မင်း အကြောင်းပြချက်ကို သိဖို့မလိုဘူး။ ဒါ အမိန့်ပဲ။"
“ဗိုလ်ချုပ်... ကျွန်တော် အမိန့်ကို နာခံပါတယ်။ ဒါပေမဲ့ အခု ကျွန်တော် တံတိုင်းဖြိုသူစစ်ဆင်ရေးမှာ ပါဝင်ခွင့်ရဖို့ ထပ်ပြီး လျှောက်ထားတာပါ။"
လင်းဟိုင်၏ ပြတ်သားသော အကြည့်များကို မြင်ရသောအခါ ဗိုလ်ချုပ်သည်လည်း လေသံကို လျှော့လိုက်သည်။ သူသည် သက်ပြင်းအရှည်ကြီး ချလိုက်ကာ လေသံအေးအေးပြောပြသည်။
“လင်းဟိုင်...တံတိုင်းဖြိုသူ စစ်ဆင်ရေးက အရမ်း အန္တရာယ်များတယ်။ အပျက်အစီးနယ်မြေအကြောင်း ငါတို့ သိထားပြီးပြီဆိုပေမဲ့ အထဲမှာ အန္တရာယ်တွေ ရှိနေတုန်းပဲ။ မင်းက မျိုးရိုးဗီဇကန့်သတ်ချက်ကို ခုလေးတင်ကမှ ချိုးဖျက်နိုင်ခဲ့တာဖြစ်ပြီးတော့ တောက်ပတဲ့ အနာဂတ် ရှိနေသေးတယ်။ ဒီစစ်ဆင်ရေးမှာ မင်း ပါဖို့ မလိုဘူး။ ငါတို့က မင်းကို ကာကွယ်ပေးနေတာပဲကွ။ ဒါကို မင်း ဘာလို့ နားမလည်နိုင်ရတာလဲ။"
ဗိုလ်ချုပ်က အနည်းငယ် စိတ်ပျက်ဟန်ဖြင့် ပြောလိုက်သည်။ လင်းဟိုင်သည်ကား အမြဲတစေ သူ့လက်အောက်ငယ်သားဖြစ်ခဲ့ပြီး သူကိုယ်တိုင် ရာထူးတိုးပေးခဲ့သူ ဖြစ်၏။ တံတိုင်းဖြိုသူစစ်ဆင်ရေးက ဘေးအန္တရာယ် များလွန်းလှသည်။ သူ လင်းဟိုင်ကို အန္တရာယ်တွင်းထဲ မရောက်စေလိုပေ။
ထို့ပြင် လင်းဟိုင်သည်ကား ငယ်ရွယ်သေးပြီး တောက်ပသည့် အနာဂတ်လည်း ရှိနေ၏။
လင်းဟိုင်၏ အမူအရာမှာ ခိုင်မာမြဲ ဖြစ်သော်လည်း သူ့လေသံကလည်း အနည်းငယ် ပျော့သွားသည်။ သူက တိုးညင်းသောအသံဖြင့်
“ဗိုလ်ချုပ် လုံ... ကျွန်တော် ဒီစစ်ဆင်ရေးမှာ အမြဲတမ်း ပါဝင်သူဖြစ်ခဲ့တာပါ။ အပျက်အစီးနယ်မြေကို ဝင်ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာ။ ဒီအချိန်ကျမှ ကျွန်တော် ဘယ်လိုလုပ် ထွက်သွားနိုင်မှာလဲ။ အမာရွတ် (လူအမည်) မသေခင်က ကျွန်တော့်လက်ကို တင်းတင်းဆုပ်ထားခဲ့တယ်။ ကျွန်တော် အပျက်အစီးနယ်မြေထဲ ဝင်ပြီး တံတိုင်းဖြိုသူစစ်ဆင်ရေးကို အောင်မြင်အောင် လုပ်မယ်လို့ သူ့ကို ကတိပေးခဲ့သေးတယ်။ ကျွန်တော် ကတိမဖျက်နိုင်ဘူး။"
“ဗိုလ်ချုပ်... ကျွန်တော့်ကို ပါဝင်ခွင့်ပေးပါ။ ကျွန်တော် မပါရရင် တစ်သက်လုံး အပြစ်ရှိသလို ခံစားနေရလိမ့်မယ်။ ကျွန်တော် မျက်စိမှိတ်လိုက်တိုင်း အမာရွတ်ရဲ့ မျှော်လင့်ချက်အပြည့်နဲ့ အကြည့်တွေကို မေ့လို့မရဘူး။"
“ဒါပေမဲ့ တံတိုင်းဖြိုသူ စစ်ဆင်ရေးက အရမ်းအရမ်း အန္တရာယ်များတယ်။ မင်း တစ်ခုခု ဖြစ်သွားရင် မင်းရဲ့ မိသားစုအတွက် ဆုံးရှုံးမှုတင် မကဘူး၊ ငါတို့ စစ်တပ်အတွက်လည်း ဆုံးရှုံးမှုပဲ။ မင်းကို စစ်တပ်အဖွဲ့ထဲ ပါဝင်စေဖို့ ငါ အကြံပြုထားဖို့တောင် ပြင်နေတာ။ မင်း မကြာခင်မှာ ဗိုလ်မှူးချုပ် ရာထူးရတော့မှာ။"
“ဗိုလ်ချုပ်... ကျွန်တော် နောင်တမရပါဘူး။ ကျွန်တော့် မိသားစုအတွက်ဆိုရင် ကျွန်တော့်မှာ မိဘတွေ ရှိသလို အစ်ကိုကြီးနဲ့ ညီလေးလည်း ရှိပါတယ်။ အထူးသဖြင့် ကျွန်တော့်ညီ လင်းဖုန်းပေါ့။ ဗိုလ်ချုပ်လည်း မှတ်မိဦးမှာပါ။ ပြီးခဲ့တဲ့အကြိမ်က ကျွန်တော့်အိမ်ကို ရောက်တုန်းက ကျွန်တော့်ညီ လင်းဖုန်းကို တွေ့ခဲ့တယ်လေ။ ငယ်ငယ်တုန်းက ထူးဆန်းတဲ့ ရောဂါဝေဒနာ ခံစားနေရတဲ့ လင်းဖုန်းက ဒီလောက်ထိ မြန်မြန် ကြီးထွားလာလိမ့်မယ်လို့ ကျွန်တော် မထင်ခားခဲ့ဘူး။ သူက အခုဆို တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပြိုင်ပွဲမှာ ပထမရခဲ့သလို လူသားမျိုးနွယ်ရဲ့သူရဲကောင်းတံဆိပ်တောင် ရထားသေးတာ။"
“လင်းမိသားစုမှာ လင်းဖုန်းတစ်ယောက် ရှိနေရင်ကို လုံလောက်နေပါပြီ။ သူတို့ ကျွန်တော့်အပေါ်မှာပဲ မျှော်လင့်ချက်တွေ အကုန်ပုံမထားကြတော့ပါဘူး။ ကျွန်တော်လည်း စိတ်အေးရပါပြီ။ ကျွန်တော့်မှာ မဖြစ်မနေ လုပ်ရမယ့်အရာတွေနဲ့ သေချာပေါက် တည်ရမယ့်ကတိတွေ ရှိနေပါသေးတယ်။"
လင်းဟိုင်၏ စကားကြောင့် ဗိုလ်ချုပ်လုံ တိတ်ဆိတ်သွားရသည်။
အမှန်ပင် လင်းမိသားစု၏ အခြေအနေကို သူ အခြားသူများထက် ပိုသိသည်။ လင်းဖုန်းက တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲတွင် သူရိန်နေမင်းအလား တောက်ပလှသော စွမ်းဆောင်ရည်တစ်ခုနှင့် ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့သည်။ သူ ပထမဆုံးအကြိမ် တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပညာပြိုင်ပွဲတွင် ပထမဆုကို ဆွတ်ခူးရယူနိုင်ခဲ့သည်။
ဤသည်က ဘာကို ဆိုလိုသည်ကို သူ သိသည်။ သူတော်စင်များပင်လျှင် လင်းဖုန်းကို အာရုံစိုက်ကြပေလိမ့်မည်။
လင်းဖုန်း ရှိနေသရွေ့ လင်းမိသားစုသည်ကား တစ်နေ့ထက်တစ်နေ့ ပိုမို ကြီးပွားလာပေလိမ့်မည်။ လင်းဟိုင်အပေါ်တွင်သာ မျှော်လင့်ချက်အားလုံး ပုံအောထားရန် မလိုတော့ပေ။ လင်းဟိုင် သာလွန်လူသား ဖြစ်လာသည်ဖြစ်စေ၊ မဖြစ်လာသည်ဖြစ်စေ သိပ်ပြီး အရေးမကြီးတော့ပေ။
သို့သော် ယခု လင်းဟိုင်မှာ လင်းမိသားစု၏ လေးလံသော ဝန်ထုပ်ဝန်ပိုးများကို ထမ်းထားရသည့်ကောင်လေး မဟုတ်တော့ပေ။ သူက စစ်သားတစ်ဦးဖြစ်သလို သိုင်းသမားတစ်ဦးလည်း ဖြစ်သည်။ သူ့အနေဖြင့် သူပေခဲ့သည့်ကတိကို တည်ရမည်သာဖြစ်ပြီး သူ မဖြစ်မနေ ဦးစားပေး လုပ်ဆောင်ရမည့် အရာတချို့လည်း ရှိသေးသည်။
လင်းဟိုင်အနေဖြင့် မိသားစု၏ လေးလံသော ဝန်ထုပ်ဝန်ပိုးများကို ထမ်းထားရန် မလိုတော့သဖြင့် လင်းဖုန်းကိုပင် ကျေးဇူးတင်နေမိသည်။
“ကောင်းပြီ... ငါ မင်းရဲ့ လျှောက်လွှာကို အထက်ကို တင်ပေးမယ်။ ဒါပေမဲ့ အတည်ပြုမယ်လို့တော့ ငါ အာမမခံနိုင်ဘူး။"
“ကျေးဇူးတင်ပါတယ် ဗိုလ်ချုပ်။"
ထို့နောက် လင်းဟိုင် လှည့်ထွက်သွားသည်။ ဗိုလ်ချုပ်လုံ သဘောတူလိုက်သည်နှင့် သူ တံတိုင်းဖြိုသူ စစ်ဆင်ရေးတွင် ပါဝင်ရန်အတွက် အခြေခံအားဖြင့် ပြဿနာမရှိတော့ကြောင်း သူ သိထားပေသည်။