အခန်း (၂၂၁-၂၂၂)
Vol. 19 Ch. 221-222
အခန်း (၂၂၁) - လူတစ်ရာပါအဖွဲ့
ဘာသာပြန် - အားသစ်
“ဝေ... ငါ ပြန်လာပြီ”
ရုတ်တရက် လင်းဟိုင်တစ်ယောက် လျှို့ဝှက်စစ်အခြေစိုက်စခန်းရှိ လျှို့ဝှက်အခန်းတစ်ခုအတွင်းသို့ ဝင်လာသည်။
ဝေတစ်ယောက် ပါးစပ်အဟောင်းသားသွားပြီး သူ့မျက်လုံးများလည်း နီရဲသွားသည်။ “ဟိုင်ဇီ... မင်း ဘာလို့ ဒီရောက်နေတာလဲ။ မင်း တံတိုင်းဖြိုသူစစ်ဆင်ရေးကနေ ဖယ်ထုတ်ခံလိုက်ရပြီ မဟုတ်ဘူးလား”
“ငါ ပြန်ပြီးတော့ ပါဝင်ခွင့်ရဖို့ ကိုယ်တိုင် လျှောက်ထားခဲ့တယ်”
“မင်း ရူးနေလားကွ။ မင်း အရူးပဲ။ တကယ့် အရူးပဲကွ”
“အဲဒီတုန်းက အမာရွတ်က ဘာလို့ သူ့အသက်ကိုစွန့်ပြီး ငါတို့ကို ကယ်ခဲ့တာလဲ။ အဲဒါ ငါတို့ တံတိုင်းဖြိုသူ စစ်ဆင်ရေးကို ပြီးမြောက်အောင် လုပ်ပြီး အပျက်အစီးနယ်မြေရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ဖို့ပဲမလား။ အခု တံတိုင်းဖြိုသူ စစ်ဆင်ရေးက စတော့မယ်ဆိုတော့ အမာရွတ်ရဲ့ ဆန္ဒက ပြည့်ဝတော့မှာပဲလေ။ အခုတော့ ငါ ထွက်မသွားတော့ဘူး”
လင်းဟိုင်၏ လေသံက ခိုင်မာပြတ်သားနေသည်။ ဝေ ဘာမှ မတတ်နိုင်တော့ပေ။ သူ လင်းဟိုင်၏ ပခုံးကို ပုတ်ကာ သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်သည်။
“မင်းက ငါတို့ထဲမှာ ပါရမီအရှိဆုံးပဲ။ ငါတို့တွေကတော့ ဒီတစ်သက် နတ်ဘုရားနယ်ပယ်ကို ရောက်နိုင်တော့မှာ မဟုတ်ဘူးလို့ ထင်ပါတယ်ကွာ။ ဒါပေမဲ့ မင်းကတော့ အနည်းနဲ့အများ မျှော်လင့်ချက်ရှိသေးတယ်။ တကယ် နှမြောစရာပဲ... ဒါပေမဲ့ ဒါက မင်းရဲ့ ရွေးချယ်မှုဆိုတော့ မင်းသဘောကို ငါတို့ လေးစားပါတယ်။ မင်း ဒီရောက်လာမှတော့ ငါတို့အားလုံး တစ်သက်လုံး လက်တွဲရမယ့် စစ်သားတွေပဲ။ ဒုတိယဗိုလ်မှူးကြီး လင်းဟိုင်... အဖွဲ့ဆီ ပြန်လည်သတင်းပို့ပါ”
“ဟုတ်ကဲ့ပါ”
လင်းဟိုင်က ရိုသေစွာ အလေးပြုလိုက်သည်။ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြသည်။ နောက်ဆုံးတော့ သူတို့ အတူတကွ ပြန်လည် တိုက်ပွဲဝင်နိုင်ပြီ ဖြစ်၏။
တံတိုင်းဖြိုသူ စစ်ဆင်ရေးဆိုသည်မှာ စစ်တပ်က ပြင်ပနယ်မြေ၏ အနက်ရှိုင်းဆုံးနေရာတွင် ရှာဖွေတွေ့ရှိခဲ့သော အပျက်အစီးနယ်မြေတစ်ခုကို ရည်ညွှန်းခြင်း ဖြစ်သည်။ ဤအပျက်အစီးကို သုံးနှစ်တိုင်တိုင် လေ့လာခဲ့ကြသည်။ ဤသုံးနှစ်အတွင်း စစ်တပ်သည် အပျက်အစီး၏ လျှို့ဝှက်ချက်အချို့ကို နောက်ဆုံးတွင် ဖော်ထုတ်နိုင်ရန် ကြီးမားလှသော တန်ဖိုးများကို ပေးဆပ်ခဲ့ရသည်။
ဤအပျက်အစီးနယ်မြေသည် ရှေးဟောင်းယဉ်ကျေးမှု တစ်ခုဖြစ်ပြီး နည်းပညာယဉ်ကျေးမှု အမျိုးအစားတွင် ပါဝင်ကြောင်း အတည်ပြုနိုင်ခဲ့၏။
အပျက်အစီးနယ်မြေ အပြင်ဘက်တွင် အချက်ပြစနစ်များနှင့် ကာကွယ်ရေးယန္တရားတချို့လည်း ရှိသည်။ ဒုတိယအကြိမ်နှင့်အထက် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုပြုထားသော သိုင်းသမားများက ပြင်းထန်သော တိုက်ခိုက်မှုများနှင့် ကြုံတွေ့ရမည်ဖြစ်ပြီး လုံးဝ ဝင်ရောက်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် သူတို့သည် သာမန်စစ်သားတချို့နှင့် အသက်ဝိညာဉ် တစ်ကြိမ်သာ အသွင်ကူးပြောင်းထားသော သိုင်းသမားများကိုသာ အပျက်အစီးများဆီသို့ စေလွှတ်နိုင်သည်။
သုံးနှစ်တာ ကာလပတ်လုံး စစ်တပ်သည် အနာဂတ်၌ ဤအပျက်အစီးနယ်မြေအတွင်းသို့ ဝင်ရောက်ရန် ပြင်ဆင်နေခဲ့သည်။ ယခုမူ ပြင်ဆင်မှုများအားလုံး ပြီးစီးလုနီးပါး ဖြစ်နေပြီဖြစ်သည်။ လင်းဟိုင်ကား နောက်ဆုံးအခွင့်အရေးကို အမိအရ ဆုပ်ကိုင်နိုင်ခဲ့ခြင်း ဖြစ်၏။ သူ အနည်းငယ်သာ နောက်ကျခဲ့လျှင် တံတိုင်းဖြိုသူ စစ်ဆင်ရေးမှာ တရားဝင် စတင်သွားပေတော့မည်။
သို့သော် လင်းဟိုင်ကို မည်သူမျှ ကံကောင်းသည်ဟု ထင်မည်မဟုတ်ပေ။ အကြောင်းမှာ တံတိုင်းဖြိုသူ စစ်ဆင်ရေးသည်ကား အလွန်တရာ အန္တရာယ်များသောကြောင့်ပင်။ ဤစစ်ဆင်ရေးတွင် ပါဝင်သော သိုင်းသမားများ အားလုံး အမြစ်ပြတ် ချေမှုန်းခံရနိုင်ခြေ အလွန်များသည်။
“စစ်တပ်က မင်းတို့ကို အထောက်အပံ့ အများကြီး ပေးမှာပါ။ ဒါပေမဲ့ အပျက်အစီးနယ်မြေထဲမှာ ကာကွယ်ရေး ယန္တရားတွေ ရှိနေနိုင်ခြေ အရမ်းများတယ်။ ဒါကြောင့် မင်းတို့ အထဲရောက်သွားတာနဲ့ စစ်တပ်က မင်းတို့ကို ထောက်ပံ့ပေးနိုင်စွမ်း ရှိတော့မှာ မဟုတ်ဘူး။ အရာအားလုံးအတွက် မင်းတို့ကိုယ်မင်းတို့ပဲ အားကိုးရတော့မယ်”
“ဟုတ်ကဲ့ပါ...ဗိုလ်ချုပ်... တာဝန်ပြီးမြောက်အောင် လုပ်မယ်လို့ ကတိပေးပါတယ်”
ဤတစ်ကြိမ်တွင် စစ်တပ်သည် ရင်းနှီးမြှုပ်နှံမှုများစွာ ပြုလုပ်ခဲ့သည်။ စစ်တပ်က အသွင်ပြောင်းနယ်ပယ် သိုင်းသမား အယောက် ၂၀ နှင့် ထိပ်တန်းစစ်သား အယောက် ၈၀ ကို စေလွှတ်ခဲ့ပြီး အားလုံးကလည်း ပရော်ဖက်ရှင်နယ် သိုင်းသမားများ ဖြစ်ကြ၏။
အပျက်အစီးများကို စူးစမ်းရန် လူတစ်ရာ ပါဝင်သော အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းခဲ့ကြသည်ပင်။
ဤတံတိုင်းဖြိုသူ စစ်ဆင်ရေးကို တိုက်ရိုက် တာဝန်ယူရသူအနေဖြင့် ဗိုလ်ချုပ်လုံသည်လည်း ဖိအားများစွာ ခံနေရသည်။ သို့သော် ဤလူများအားလုံးက သူ့လက်အောက်ငယ်သားများ ဖြစ်ကြ၏။ သူ ဤလူများကို အချည်းနှီး အသေမခံလိုပေ။
“မှတ်ထားကြ... ကိုယ့်အသက် အန္တရာယ်ကင်းဖို့က အဓိက အရေးကြီးဆုံးပဲ”
ထိုသို့ပြောပြီးနောက် ဗိုလ်ချုပ်လုံက လူတစ်ရာပါအဖွဲ့ကို အလေးပြုလိုက်သည်။ တံတိုင်းဖြိုသူ စစ်ဆင်ရေးကို တရားဝင် စတင်လိုက်ပြီဖြစ်သည်။ လူတစ်ရာပါအဖွဲ့သည် အပျက်အစီးနယ်မြေဆီသို့ သတိထားကာ လျှောက်ဝင်သွားကြတော့သည်။
လင်းဟိုင်သည်လည်း ထိုလူများထဲတွင် ပါဝင်ပေ၏။ သူ ပတ်ဝန်းကျင်ကို အထူးဂရုပြု စောင့်ကြည့်နေသည်။ ဤအပျက်အစီးနယ်မြေသည် တောင်ကြားတစ်ခုထဲတွင် တည်ရှိပြီး အလွန် သိုဝှက်လွန်းလှ၏။ ရှေ့တန်းစစ်အခြေစိုက်စခန်းသည်သာ ကြမ်းကြုတ်သားရဲများကို တိုက်ခိုက်ရင်း ဤတောင်ကြားကို မတော်တဆ ရှာဖွေတွေ့ရှိခဲ့ခြင်းမဟုတ်လျှင် ဤအပျက်အစီးနယ်မြေကို သူတို့ မည်သို့မျှ ရှာတွေ့နိုင်မည် မဟုတ်ပေ။
လူများစွာက ဤအပျက်အစီးများအတွက် ကြိုးစားအားထုတ်မှု မြောက်များစွာ ပြုလုပ်ခဲ့ကြသည်။ လင်းဟိုင်ပင်လျှင် ဤလေ့လာမှုတွင် လျှို့ဝှက်စွာ ပါဝင်နေခဲ့သည်။ သူရရှိသော အရင်းအမြစ်များသည်ကား အခြားရာထူးတူစစ်သားများထက် များစွာ သာလွန်လှ၏။
အကျိုးခံစားခွင့်များ ရရှိပြီးနောက် တာဝန်များကိုလည်း သဘာဝကျကျ ထမ်းဆောင်ရမည်သာ ဖြစ်သည်။
“ဝေ... အမာရွတ်သေသွားတဲ့အချိန်ကို မင်း မှတ်မိသေးလား။ ဒီအပျက်အစီးနယ်မြေက ကာကွယ်ရေးယန္တရား ရှိတယ်ဆိုပေမဲ့ အဲဒါက အဆင့်တွေအများကြီး ခွဲခြားထားပုံရတယ်။ အဲဒါတွေကို ငါတို့ရဲ့ အရေအတွက်နဲ့ ခွန်အားအပေါ်မှာ မူတည်ခွဲခြားပြီးတော့ သက်ဆိုင်ရာ ကာကွယ်ရေးယန္တရားက အလုပ်လုပ်လိမ့်မယ်”
“သေချာတာပေါ့ သိတာပေါ့ကွာ။ ဟိုင်ဇီ... ငါတို့ သေသေချာချာ သတိထားရမယ်။ အရေးကြီးတဲ့ အချိန်ကျရင် တာဝန်ကို ခေါင်းထဲထည့်မနေနဲ့။ အသက်ရှင်ဖို့က တခြား ဘာထက်မဆို ပိုအရေးကြီးတယ်။ မှတ်ထား။”
ဝေသည်ကား ခေါင်းမာသူ မဟုတ်ပေ။ သူတို့အားလုံး စစ်သားများဖြစ်ပြီး အမိန့်ကို နာခံကြမည်ဖြစ်သော်လည်း သူတို့၏ ကိုယ်ပိုင်ဘေးကင်းလုံခြုံမှုကို သေချာစေရင်း တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ရမည် ဖြစ်၏။
ဝှစ်
ရုတ်တရက် အပျက်အစီးနယ်မြေ၏ အဝင်ဝတွင် ထူးဆန်းသော အသံတစ်ခုနှင့်အတူ အနီရောင်အလင်းတစ်ခု လက်သွားသည်။
လင်းဟိုင်နှင့် ဝေတို့၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။ သူတို့က ရုတ်တရက် အော်ဟစ်လိုက်သည်။
“မြန်မြန်... တံခါးကို ဖြတ်ပြေးကြ။ ကာကွယ်ရေးယန္တရား ပွင့်သွားပြီ”
အပျက်အစီးနယ်မြေ၏ ကာကွယ်ရေးယန္တရားသည် သူတို့ ယခင်က စူးစမ်းခဲ့သည့် အကြိမ်များထက် ဤတစ်ကြိမ်တွင် များစွာ ပိုမိုစောစီးစွာ ပွင့်သွားသည်မှာ ထင်ရှားလှသည်။
လူတိုင်း ချက်ချင်းပင် တံခါးဆီသို့ ပြေးသွားကြသော်လည်း တံခါးကို အချိန်မီ မဖြတ်နိုင်ခဲ့သူ အချို့လည်း ရှိသည်။ အနီရောင်အလင်းတန်း တစ်ချက် လက်သွားသည်နှင့် မရေမတွက်နိုင်သော အနီရောင် လေဆာများက ကွန်ရက်တစ်ခုအဖြစ် ပြောင်းလဲသွားကာ စစ်သား ၁၁ ဦးကို ချက်ချင်း လွှမ်းခြုံသွားသည်။
ဝုန်း...
ကံကောင်းခြင်းဟူသည် ဤစစ်သား ၁၁ ဦးအတွက် ဟုတ်ပုံမရပေ။ စစ်သား ၁၁ ဦးစလုံး အပိုင်းပိုင်းအစစ ဖြစ်သွားကာ အပျက်အစီးနယ်မြေ အပြင်ဘက် မြေပြင်ပေါ်သို့ အတုံးအရုံးလဲကျသွားသည်။
လူတိုင်း နှလုံးခုန်သံ တစ်ချက်မှားသွားရသည်။ အပျက်အစီးနယ်မြေထဲသို့ ဝင်ဝင်ချင်းပင် လူတစ်ရာပါ အဖွဲ့ထဲမှ ၁၁ ယောက်ကို ဆုံးရှုံးလိုက်ရပြီဖြစ်၏။ ယခုအခါ ၈၉ ယောက်သာ ကျန်ရှိတော့သည်။
ကံကောင်းထောက်မစွာ အသွင်ပြောင်းနယ်ပယ် သိုင်းသမား ၂၀ မှာ ဘာမှမဖြစ်ခဲ့ပေ။ သူတို့သည်ကား ဤအဖွဲ့ငယ်၏ အဓိကအင်အားစု ဖြစ်ကြသည်။ အကယ်၍ သူတို့သာ အပျက်အစီးနယ်မြေကို စူးစမ်းလိုပါက အသွင်ပြောင်းနယ်ပယ် သိုင်းသမားများကို အားကိုးအားထားပြုရပေမည်။
“ငါတို့ အရင်က ချမှတ်ခဲ့တဲ့ အစီအစဉ်အရဆိုရင် ဒီအပျက်အစီးတွေက နည်းပညာယဉ်ကျေးမှုတစ်ခု ဖြစ်တာ ထင်ရှားတယ်။ အပျက်အစီးတွေထဲက ကာကွယ်ရေး ယန္တရားအားလုံးကို ထိန်းချုပ်နိုင်တဲ့ ထိန်းချုပ်ခန်းတစ်ခု သေချာပေါက် ရှိရမယ်။ ငါတို့ ထိန်းချုပ်ခန်းကို အရင် ရှာရမယ်”
လင်းဟိုင်၏ အကြည့်များက စူးစမ်းရန်အတွက် အပျက်အစီးများအတွင်းသို့ ဝေ့ဝဲကြည့်လိုက်သည်။
ဤအပျက်အစီးနယ်မြေတွင် အရွယ်အစားအမျိုးမျိုးရှိသော လျှို့ဝှက်ခန်းများစွာ ရှိသည်။ အချို့မှာ ခန်းမကြီးများကဲ့သို့ ဖြစ်ပြီး အချို့မှာမူ နေအိမ်များကဲ့သို့ ဖြစ်ကာ လမ်းကြောင်းပြမြေပုံတစ်ခုပင် ရှိသေးသည်။
ဤသည်က လင်းဟိုင်နှင့် အခြားသူများအတွက် မြေပုံမှတစ်ဆင့် ထိန်းချုပ်ခန်းကို ရှာဖွေရန် အဆင်ပြေစေသည်။
သို့သော် သူတို့ ထိန်းချုပ်ခန်းအတွက် နေရာများစွာကို ဖြတ်သန်းသွားရန် လိုအပ်ပြီး ထိုနေရာများက အလွန်တရာ အန္တရာယ်များနိုင်ခြေ ရှိသည်။ သို့သော် ထိန်းချုပ်ခန်းသို့ သွားရာလမ်းကို မြင်နေရပြီဖြစ်ရာ သူတို့ မည်သို့ မသွားဘဲ နေမည်နည်း။
ထို့ကြောင့် ၈၉ ယောက်ပါအဖွဲ့မှာ ဆက်လက် ထွက်ခွာလာခဲ့ကြသည်။ သူတို့အားလုံး ပတ်ဝန်းကျင်ကို မပြတ်သတိထားကာ စောင့်ကြည့်နေကြသည်။
“ဝေ... သတိထား”
လမ်းပေါ်တွင် မှိန်ဖျော့ဖျော့ အစိမ်းရောင်အလင်းတစ်ခု ဖြတ်သွားသည်ကို လင်းဟိုင် သတိထားမိလိုက်သည်။ အံ့အားသင့်သွားပြီး သူ ဝေကို ချက်ချင်း နောက်သို့ ဆွဲချလိုက်သည်။ ဤဆွဲချမှုကပင် ဝေကို သေဘေးမှ ဆွဲထုတ်လိုက်ခြင်း ဖြစ်သည်။
အစိမ်းရောင်အလင်း ဖြတ်သွားရာနေရာတွင် အသွင်ပြောင်းနယ်ပယ် သိုင်းသမား နှစ်ဦးအပါအဝင် စစ်သား ၁၃ ဦးမှာ တိုက်ရိုက် အခိုးအငွေ့အဖြစ် ပြောင်းလဲသွားသည်။ မှန်ပေ၏... သူတို့အားလုံး အခိုးအငွေ့အဖြစ် တိုက်ရိုက်ပြောင်းလဲသွားပြီး ပြာအဖြစ်သာ ကျန်ပေတော့သည်။
ထိုစွမ်းအားက မည်မျှထိ ကြောက်စရာကောင်းလိုက်သနည်း။ တွေးကြည့်ရုံဖြင့်ပင် ကြက်သီးထစေသည်။
အဖွဲ့ထဲတွင် လူ ၇၆ ဦးသာ ကျန်ရှိတော့သည်။ သို့သော်လည်း လူတိုင်း၏ နှလုံးသားများသည်ကား ထိတ်လန့်မှုကြောင့် တုန်ရီနေပေ၏။ ဤသည်က မည်ကဲ့သို့သော အပျက်အစီးနယ်မြေမျိုး ဖြစ်လိမ့်နည်း။ စင်စစ်သေမင်းတမန် ငရဲခန်းတစ်ခု ဖြစ်နေသည်မှာ ထင်ရှားလှ၏။
“ငါတို့ ရောက်ခါနီးပြီ။ ငါတို့ ရောက်ခါနီးပြီပဲ ဖြစ်ရမယ်”
လင်းဟိုင် လက်ဝါးများမှပင် ချွေးစေးများထွက်နေသည်။ သူတို့ ထိန်းချုပ်ခန်းနှင့် တဖြည်းဖြည်း ပိုမိုနီးကပ်လာသည်။ လမ်းတစ်လျှောက်တွင် ထောင်ချောက်အမျိုးမျိုး တွေ့ခဲ့ရ၏။ သူတို့ ထိန်းချုပ်ခန်းသို့ အောင်အောင်မြင်မြင် ရောက်ရှိချိန်တွင် ၇၆ ဦးအနက် ၃၉ ဦးသာ အသက်ရှင်လျက် ကျန်ရှိတော့သည်။
ဤသည်ကား ကြီးကျယ်လှသော ဆုံးရှုံးမှုတစ်ခု ဖြစ်သော်လည်း လင်းဟိုင်နှင့် ဝေတို့နှစ်ယောက်စလုံး ကံကောင်းထောက်မစွာဖြင့် ဘေးမသီရန်မခဘဲ ထိန်းချုပ်ခန်းသို့ ရောက်ရှိလာခဲ့ကြသည်။
ထိန်းချုပ်ခန်းတံခါးသည်ကား စေ့စေ့ပိတ်နေပြီး ဖွင့်၍မရပေ။ ကံကောင်းထောက်မစွာဖြင့် သူတို့ လက်နက်ခဲယမ်းများကို အလုံအလောက် ယူဆောင်လာခဲ့ကြသည်။ အလွန်ပြင်းထန်လှသော ဗုံးများက အဆောက်အအုံတစ်ခုလုံးကို အပိုင်းပိုင်းအစစဖြစ်အောင် ဖောက်ခွဲပစ်ရန် လုံလောက်ပေ၏။
ဤအပျက်အစီးများရှိ သတ္တုက အလွန်ထူးခြားပြီး ကာကွယ်နိုင်စွမ်း မြင့်မားလျှင်ပင် တံခါးတစ်ချပ်ကိုတောင်မှ မဖောက်ခွဲနိုင်ဘူးဆိုသည်ကိုတော့ သူတို့ မယုံကြည်ကြပေ။
သို့သော် မေးစရာမှာ မည်သူက တံခါးကို သွားရောက် ဖောက်ခွဲမည်နည်း။
ထာဝရသိုင်းတာအိုအရှင်
အခန်း (၂၂၂) - ဘေးအန္တရာယ်
ဘာသာပြန် - အားသစ်
“ငါ သွားမယ်။"
မူလက လင်းဟိုင် သွားချင်ခဲ့သော်လည်း သူ့ရှေ့မှ ဝေက ချက်ချင်းဝင်သွားသည်။
“ဝေ... မင်း..."
လင်းဟိုင်က သူ့ကို တားချင်ခဲ့သော်လည်း ဝေက ပြတ်သားစွာဖြင့် ပြောလိုက်သည်။
“တစ်ယောက်ယောက်တော့ သွားရမှာပဲ။ ငါ သေသွားရင်တောင် လင်းဟိုင်... မင်း ငါ့အလောင်းကိုတော့ ယူသွားပေးမယ် မဟုတ်လား။ ဟားဟားဟား... တကယ်တော့ ငါ့အလောင်းကို မယူသွားလည်း ပြဿနာမရှိပါဘူး။ ဒီတံတိုင်းဖြိုသူ စစ်ဆင်ရေးမှာ ငါတို့ ဒီအထိတောင် ရောက်လာခဲ့ပြီပဲ။ ဘာပဲဖြစ်ဖြစ် ငါ့ရဲ့ စွမ်းရည်တွေကို ပြသဖို့ အချိန်ရောက်ပြီ။"
ဝေကသာ ဟာသလုပ်နေသော်လည်း လင်းဟိုင်မှာမူ မပြုံးနိုင်ပေ။
နောက်ဆုံးတွင်မူ ထိန်းချုပ်ခန်းတံခါးဆီသို့ လမ်းလျှောက်သွားသူမှာ ဝေသာ ဖြစ်၏။ လူတိုင်း အလျင်အမြန်နောက်ဆုတ်သွားကြပြီး သူ့ကို တစ်ယောက်တည်း ထားရစ်ခဲ့ကြသည်။
တီ...
အလွန်ပြင်းထန်သော ဗုံးကို တပ်ဆင်ပြီးနောက် ဝေတစ်ယောက် နောက်သို့ အသည်းအသန် အသက်လုကာ ပြေးထွက်သွားသည်။ သူ အကာအကွယ်နောက်သို့ ရောက်သောအခါ ဗုံးက ရုတ်တရက် ပေါက်ကွဲသွားသည်။ (ဒီနေရာမှာ ဘာလို့အဝေးထိန်းစနစ်မသုံးလဲဆိုရင် အပျက်အစီးနယ်မြေမှာရှိတဲ့ သံလိုက်စက်ကွင်းကြောင့် အဝေထိန်းစနစ်က အလုပ်မဖြစ်လို့ပဲ။)
ဘုန်း...
မီးတောက်များ ကောင်းကင်ယံသို့ မြင့်တက်သွားသည်။ အလွန်ပြင်းထန်လှသော ဗုံး၏ စွမ်းပကားကို သံသယဖြစ်ဖွယ် မရှိပေ။ ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲမှု၏ နောက်ဆက်တွဲ ရိုက်ခတ်မှုများက အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသည်။ အကာအကွယ် နောက်တွင် ရှိနေသည့်တိုင်အောင် လူတိုင်း အသက်ရှူရပ်မတတ် ခံစားလိုက်ရသည်။
ကံကောင်းထောက်မစွာဖြင့် ဗုံး၏ နောက်ဆက်တွဲ ရိုက်ခတ်မှုမှာ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ ဖုန်မှုန့်များ ငြိမ်သက်သွားသောအခါ ထိန်းချုပ်ခန်းဆီသို့ သွားရာ တံခါးသည်လည်း ပွင့်ထွက်သွားပြီ ဖြစ်၏။
“ပွင့်သွားပြီ... ငါတို့ အခု ထိန်းချုပ်ခန်းထဲ ဝင်လို့ရပြီကွ။"
လူအများ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး လင်းဟိုင်ကမူ ဝေကို ကြည့်လိုက်သည်။ ကံကောင်းစွာဖြင့် ဝေတစ်ယောက် အခြေအနေ ဆိုးရွားနေသော်လည်း မသေသေးပေ။
လင်းဟိုင် အလျင်စလို ပြေးသွားပြီး ဝေကို တွဲထူလိုက်သည်။ “မင်း တော်တော် ကံကောင်းတာပဲ။ ပွန်းပဲ့ဒဏ်ရာ နည်းနည်းကလွဲရင် တခြားဘာမှမဖြစ်ဘူး။"
“ဟမ့်... ငါက ဘာဖြစ်နိုင်မှာလဲကွ။ ဟိုင်ဇီ... တံခါး ပွင့်သွားပြီ မဟုတ်လား။ ဟားဟားဟား... ထိန်းချုပ်ခန်းထဲ မြန်မြန်ဝင်ရအောင်။ ကာကွယ်ရေးယန္တရားကို ပိတ်ပြီး ဗိုလ်ချုပ်လုံ လူတွေ ခေါ်လာမယ့်အချိန်ကို စောင့်ရုံပဲ။ ငါတို့တာဝန် ပြီးပြီလို့ မှတ်ယူလို့ရပြီ။"
သို့သော် လင်းဟိုင်ကမူ အနည်းငယ် ဝေခွဲမရ ဖြစ်နေသည်။ လမ်းတစ်လျှောက် လူများစွာ သေဆုံးခဲ့သော်လည်း အခက်အခဲ သိပ်များများစားစား မရှိခဲ့သကဲ့သို့ပင်။ သူတို့သည် ထိန်းချုပ်ခန်းကို အလွယ်တကူ ဖောက်ခွဲနိုင်ခဲ့သည်။ အရာအားလုံးက အလွန် ချောမွေ့လွန်းနေပါသလော။
ဤအပျက်အစီးသည်ကား တကယ်ပဲ ဤမျှ အလွယ်တကူ ချိုးဖျက်နိုင်ပါသလော။
လင်းဟိုင်တွင် မေးခွန်းတချို့ ရှိနေသော်လည်း သူ သေချာ မစဉ်းစားရသေးမီ လူတစ်ယောက်က ထိန်းချုပ်ခန်းထဲသို့ လမ်းလျှောက်ဝင်သွားခဲ့ပြီ ဖြစ်သည်။
တီ... တီ... တီ...
ရုတ်တရက် အပျက်အစီးနယ်မြေ တစ်လျှောက်တွင် အနီရောင်အလင်းများ လက်သွားသည်။ စူးရှသော အချက်ပေးသံများ ထွက်ပေါ်လာပြီး နားမလည်နိုင်သော အသံတချို့က တစ်စုံတစ်ခုကို ပြောနေပုံရ၏။
ထိုအသံက ဘာကိုဆိုလိုသည်ကို နားမလည်နိုင်သော်လည်း ဤသည်မှာ သေချာပေါက် ကောင်းသောကိစ္စ မဟုတ်ကြောင်း လူတိုင်း ခံစားမိကြသည်။ အလွန်ပြင်းထန်သော နိမိတ်မကောင်းသည့် ကြိုတင်ခံစားချက်တစ်ခု ရှိလို့နေသည်။
ချလွပ်...
ရုတ်တရက် ခြေသံများ ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင်... တစ်၊ နှစ်၊ သုံး...
မျက်စိတစ်မှိတ်အတွင်းမှာပင် မရေမတွက်နိုင်သော ခြေသံများ ထွက်ပေါ်လာပြီး အပျက်အစီးများထဲတွင် လူများစွာ ပေါ်လာသကဲ့သို့ပင်။
ဝုန်း...
အနီရောင်အလင်းတစ်ခု လက်သွားသည်။ ထိန်းချုပ်ခန်းထဲသို့ ပထမဆုံး ဝင်သွားသော စစ်သားများအားလုံး အလင်းတန်းတစ်ခုဖြင့် သူတို့၏ ခန္ဓာကိုယ်များ အဖောက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ ထို့နောက် သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံး ပြာအဖြစ်သို့ ပြောင်းလဲသွားသည်။
သူတို့မှာ လေထုထဲတွင် တိုက်ရိုက်အငွေ့ပျံပျောက်ကွယ်သွားသကဲ့သို့ပင်။
လင်းဟိုင်နှင့် ဝေတို့၏ မျက်လုံးများ ကျွတ်ထွက်မတတ် ပြူးကျယ်သွားသည်။ ထိန်းချုပ်ခန်းထဲမှ အရပ် ၁.၆ မီတာခန့်ရှိသော စက်ရုပ်များ ထွက်လာသည်ကို သူတို့ မြင်လိုက်ရသည်။ မှန်ပေ၏... ယင်းတို့မှာ စက်ရုပ်များ ပင်။ ထိုစက်ရုပ်များသည်ကား တစ်ကိုယ်လုံး သတ္တုရောင်များဖြင့် တောက်ပနေ၏။
ဤစက်ရုပ်များက တိုက်ခိုက်ရေး လက်နက်များဖြင့် အပြည့်အဝ လွှမ်းခြုံဖွဲ့စည်းထားသကဲ့သို့ပင်။ သူတို့၏ခန္ဓာကိုယ်ပေါ်ရှိ ထူထပ်သော အပေါက်များအားလုံးမှ သေစေနိုင်သည့် လေဆာအလင်းတန်းများကို ပစ်လွှတ်နိုင်သည်။ ထိုသည်က လူသားများ၏ လက်ရှိ နည်းပညာနားလည်မှုကို များစွာ ကျော်လွန်နေသော ကြောက်မက်ဖွယ်ကောင်းသည့် လက်နက်တစ်မျိုး ဖြစ်ပေလိမ့်မည်။
တစ်ကောင်၊ နှစ်ကောင်သာဆိုလျှင် ပြဿနာ မဟုတ်ပေ။ သို့သော် လင်းဟိုင်နှင့် ဝေတို့ ထိန်းချုပ်ခန်းထဲမှ စက်ရုပ်အမြောက်အမြား ထွက်လာသည်ကို မြင်သောအခါ သူတို့နှစ်ဦးလုံး မျှော်လင့်ချက်မဲ့သွားကြသည်။
တစ်ကောင်၊ နှစ်ကောင်ထက် များစွာ သာလွန်လှ၏။ အနည်းဆုံး အကောင်တစ်ရာ၊ သို့မဟုတ် ထိုထက်မက ရှိနေသည်။ ရာနှင့်ချီ၊ ထောင်နှင့်ချီ ရှိနေပေသည်။ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသော စက်ရုပ်များက အဆုံးသတ်ဆိုတာ မရှိသကဲ့သို့ပင်။
“စက်ရုပ်တပ်မတော်ကြီးပဲ”
ကြောက်မက်ဖွယ်ကောင်းသော အတွေးတစ်ခုက သူတို့၏ စိတ်ထဲတွင် ပေါ်လာသည်။ ဒီအပျက်အစီးက အတိအကျဆိုရင် ဘာလဲ။ ဤအပျက်အစီးကို တူးဖော်ရန် ဆုံးဖြတ်ချက်က သူတို့၏ အမှားအယွင်းတစ်ခုသာလော။ ဖြစ်နိုင်သည်မှာ ဤအပျက်အစီးသည် ရှေးဟောင်းယဉ်ကျေးမှုတစ်ခု၏ လက်နက်တိုက် ဖြစ်ပေလိမ့်မည်။
ထိုစက်ရုပ်များမှာ ကြောက်မက်ဖွယ်ကောင်းသော စစ်လက်နက်များ ဖြစ်ကြသည်ပင်။
“ထွက်ပြေးကြ”
လင်းဟိုင် လုံးဝ မတုံ့ဆိုင်းတော့ပေ။ သူနှင့် ဝေတို့ အလျင်အမြန် နောက်သို့ ပြေးထွက်သွားကြသည်။ သူတို့ ဘယ်နေရာသို့ ရောက်မည်ကို ဂရုမစိုက်နိုင်ဘဲ တွေ့ရာလမ်းထဲသို့ အရူးအမူး ဝင်ရောက်သွားကြရသည်။ အရာအားလုံး ပြီးဆုံးသွားပြီဆိုသည်ကို သူတို့ သိလိုက်ကြသည်။
အပျက်အစီးနယ်မြေ၏ အပြင်ဘက်တွင် ရှိနေသော ဗိုလ်ချုပ်လုံတစ်ယောက် အထဲတွင် ဘာဖြစ်သွားသည်ကို မသိပေ။
သူတို့သည် အပြင်ဘက်မှနေ၍ အပျက်အစီးနယ်မြေအတွင်းရှိ လှုပ်ရှားမှုများကို အထူးဂရုပြု စောင့်ကြည့်နေကြသည်။
သို့သော် အပျက်အစီးနယ်မြေထဲတွင် ရုတ်တရက် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်သွားသည်။ ဗိုလ်ချုပ်လုံ အံ့အားသင့်သွားသည်။ တစ်ခုခု မှားယွင်းသွားသလော။ သို့တည်းမဟုတ် သူတို့ ထိန်းချုပ်ခန်းကို ရှာတွေ့သွားပြီး အလွန်ပြင်းထန်သော ဗုံးဖြင့် ဖောက်ခွဲလိုက်ခြင်းလော။
ဗိုလ်ချုပ်လုံ အလွန် စိုးရိမ်နေသည်။ စစ်အခြေစိုက်စခန်းအတွင်းတွင် အပျက်အစီးနယ်မြေကို အချိန်အကြာကြီး လေ့လာခဲ့သော သုတေသီများသည်လည်း ထိုနည်းတူပင် စိုးရိမ်နေကြသည်။
မကြာမီ ပေါက်ကွဲမှုများ ငြိမ်သက်သွားပြီး အပျက်အစီးနယ်မြေက တိတ်ဆိတ်သွားပုံရသည်။
သို့သော် မကြာမီမှာပင် အပျက်အစီးများထဲမှ နားကွဲမတတ် အချက်ပေးသံများ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းတွင်ပင် အပျက်အစီးနယ်မြေ တည်ရှိရာ တောင်ကြားထဲရှိ ချောင်းငယ်လေးတစ်ခုမှာ ပြင်းပြင်းထန်ထန် တုန်ခါနေသည်။ ချောင်း၏ အနက်ရှိုင်းဆုံးနေရာ၌ အက်ကွဲကြောင်းတစ်ခု တဖြည်းဖြည်း ပေါ်လာသည်။
ဂလုန်း... ဂလုန်း...
တောင်ကြားတစ်ခုလုံး ကမောက်ကမ ဖြစ်သွားသည်။ တောင်ကြားအောက်တွင် သတ္တုအခန်းများ မြုပ်နေမည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။ ဤသတ္တုအခန်းများ တစ်ခုပြီးတစ်ခု ပွင့်လာသည်။
ချလောက်... ချလောက်...
သတ္တုအခန်းထဲမှ သတ္တုစက်ရုပ်များ တစ်ကောင်ပြီးတစ်ကောင် ထွက်လာကြသည်။ တစ်ကောင်၊ နှစ်ကောင်၊ သုံးကောင်... ရုတ်တရက် စက်ရုပ်သောင်းနှင့်ချီ ပေါ်လာသည်။ ထိုမျှသာမက အရေအတွက်မှာ ဆက်လက်တိုးလာနေဆဲပင်။
စက်ရုပ် မည်မျှထိ ရှိနေသနည်း။ သောင်းနှင့်ချီလော... သိန်းနှင့်ချီလော... သို့တည်းမဟုတ် ထို့ထက်ပင်ပိုများသေးသလော။
မည်သူမျှ ဤအဖြစ်ကို မျှော်လင့်မထားခဲ့သော်လည်း ဤစက်ရုပ်များသည်ကား သံသယဖြစ်ဖွယ်မရှိ ကြောက်မက်ဖွယ်အကောင်းဆုံး စစ်လက်နက်များပင်။ သူတို့ ပေါ်ထွက်လာပြီးနောက် သူတို့၏ တစ်ခုတည်းသော တာဝန်ကား တွေ့သမျှမြင်သမျှ ဖျက်ဆီးပစ်ရန်သာ ဖြစ်၏။
ဖျက်ဆီးပစ်ရန်... အရာအားလုံးကို ဖျက်ဆီးပစ်ရန်။ မြင်မြင်သမျှ သက်ရှိအားလုံးကို အလုံးစုံ ဖျက်ဆီးပစ်မည် ဖြစ်သည်။
စစ်အခြေစိုက်စခန်းကို စက်ရုပ်များက ရှာတွေ့သွားပြီး စတင်တိုက်ခိုက်ကြတော့သည်။ အသုံးပြုသော လက်နက်များက အလွန်အဆင့်မြင့်သဖြင့် သာမန်စက်ရုပ်တစ်ကောင်၏ လက်နက်ပင်လျှင် အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦးကို အလွယ်တကူ သတ်ဖြတ်နိုင်သည်။
စစ်အခြေစိုက်စခန်းက တစ်ခဏအတွင်းပင် ကျဆုံးသွားတော့သည်။
“ငါတို့ တကယ့်တကယ် ဘာကို ဖွင့်လိုက်မိတာလဲကွာ”
ဗိုလ်ချုပ်လုံ၏ မျက်နှာသည်ကား စက္ကူတစ်ရွက်အလား ဖြူလျော်သွားသည်။ ဤသည်က နည်းပညာယဉ်ကျေးမှုတစ်ခု၏ အပျက်အစီးနယ်မြေ မဟုတ်ပေ။ ယင်းကား စစ်လက်နက်တိုက် တစ်ခုဖြစ်သည်မှာ ထင်ရှားလှ၏။ ထို့ပြင် သူတို့သည် ဤကြောက်မက်ဖွယ်ကောင်းသော စစ်လက်နက်တိုက်ကို ကိုယ်တိုင်သွားရောက်ဖွင့်လှစ်လိုက်ခြင်းဖြစ်၏။
အကယ်၍ သူတို့သာ အခြေအနေကို မထိန်းချုပ်နိုင်ပါလျှင် ဤစက်ရုပ်များ၏ ခြိမ်းခြောက်မှုက အတိတ်က ကြုံတွေ့ခဲ့ရသော အမဲလိုက်သားရဲကပ်ဘေးများထက်ပင် ပိုမိုကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။
ဤသည်က လူသားမျိုးနွယ်တစ်ခုလုံးအတွက်ပင် လျစ်လျူရှုထားရန် မဖြစ်နိုင်သော ကပ်ဘေးအန္တရာယ်တစ်ခု ဖြစ်လာပေလိမ့်မည်။
...
လင်းဖုန်း လေယာဉ်ပေါ်တွင် ဆယ်ရက်ခန့် လိုက်ပါသွားပြီးနောက် နောက်ဆုံးတွင် ပြင်ပနယ်မြေ၏ အနက်ရှိုင်းဆုံးရှိ ရှေ့တန်းအခြေစိုက်စခန်းသို့ ရောက်ရှိလာသည်။
လမ်းခရီးတစ်လျှောက်တွင် လူတိုင်းသည် သူတော်စင်နှစ်ပါးကို မေးခွန်းများ မေးမြန်းရန် ဤရှားပါးသော အခွင့်အရေးကို အသုံးချခဲ့ကြသည်။ လင်းဖုန်းပင်လျှင် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းနှင့် ပတ်သက်သည့် မေးခွန်းများကို မေးမြန်းခဲ့သေးသည်။
ထိုသည်ကား သိုင်းသမားအများစု စိုးရိမ်ပူပန်ကြသော မေးခွန်းလည်း ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။
သို့သော် သူတော်စင်များ၏ အဖြေက လင်းဖုန်းကို အနည်းငယ် စိတ်ပျက်စေခဲ့သည်။
လေးကြိမ်မြောက် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုကို ပထမဆုံး အောင်မြင်ခဲ့သော လူသားတစ်ဦးအနေဖြင့် သူတော်စင်ခန်းက ရှင်းလင်းသော အဖြေတစ်ခုကို ပေးခဲ့သည်။ အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းအတွက် ဖြတ်လမ်းဟူ၍ မရှိပေ။ မိမိ၏ ကိုယ်ပိုင် နားလည်သဘောပေါက်မှုအပေါ်တွင်သာ အားကိုးရမည် ဖြစ်သည်။
အချိန်တန်သောအခါ အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုက သဘာဝအလျောက် ဖြစ်ပေါ်လာလိမ့်မည်ပင်။
သို့သော် ဤဖြစ်စဥ်အတွက် မည်သည့် ပုံသေကားချပ်မျှ မရှိပေ။ စနစ်ကျသော လမ်းညွှန်ပြသမှုပင် မရှိပေ။ သူတော်စင်ခန်းပင်လျှင် အသက်ဝိညာဥ် အသွင်ပြောင်းလဲမှု နောက်တစ်ကြိမ်ပြုလုပ်နိုင်တော့မည် မဟုတ်ပေ။
လင်းဖုန်း တစ်ယောက်တည်း စိတ်ပျက်ခဲ့သည် မဟုတ်ပေ။ အခြားသော သိုင်းသမားများလည်း အလွန် စိတ်ဓာတ်ကျသွားခဲ့ကြသည်။
“တကယ်လို့ အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းက အဲဒီလောက် လွယ်ကူနေမယ်ဆိုရင် စကြဝဠာထဲမှာ ဂြိုဟ်အဆင့်သက်ရှိတွေနဲ့ ပြည့်နှက်နေတာ ကြာပြီပေါ့ကွ။ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ စကြဝဠာထဲမှာ သာမန်သက်ရှိတွေက ဖုန်မှုန့်တွေလို ပေါများနေတာနဲ့ ယှဉ်ရင် ဂြိုဟ်အဆင့် သက်ရှိတွေဆိုတာ အရမ်းကို ရှားပါးလွန်းပါတယ်။"
လောင်ဘီသမ်၏ စကားက လင်းဖုန်းအား ဖြတ်လမ်းလိုက်မည့် အတွေးကို လုံးဝစွန့်လွှတ်သွားစေသည်။
အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းအတွက် မည်သည့် ဖြတ်လမ်းနည်းမျှ မရှိပေ။