← Chapters

အခန်း (၂၂၃-၂၂၄)

Vol. 19 Ch. 223-224

အခန်း (၂၂၃-၂၂၄)

Vol. 19 Ch. 223-224

အခန်း (၂၂၃) - ခေါင်းဆောင်

ဘာသာပြန် - အားသစ်

“ငါတို့ ရောက်ပြီ။"

ရုတ်တရက် သူတော်စင်ခန်းက သူ့ရှေ့မှ ကုန်းမြင့်လေးတစ်ခုကို ညွှန်ပြလိုက်သည်။

ထိုကုန်းမြင့်လေး၏ ပတ်ဝန်းကျင်တွင် စိမ်းလန်းစိုပြေသော တောအုပ်တစ်ခု ရှိသည်။ ဤနေရာကား ပြင်ပနယ်မြေ၏ အနက်ရှိုင်းဆုံးနေရာတစ်နေရာ ဖြစ်နေပြီ ဖြစ်၏။ ဤနေရာတွင် ကြမ်းကြုတ်သားရဲများစွာ ရှိနေသင့်သော်လည်း ပတ်ဝန်းကျင်က အလွန်တိတ်ဆိတ်နေပြီး သားရဲတစ်ကောင်မျှပင် မတွေ့ရပေ။

လူတိုင်းဇဝေဇဝါဖြစ်နေသည်ကို သတိပြုမိပုံရသော သူတော်စင်ယွမ်ယီက ပြုံးလျက် ရှင်းပြလိုက်သည်။

“ဒီနေရာကို ငါတို့ မတော်တဆ ရှာတွေ့ခဲ့တာပါ။ မူလတုန်းက ငါတို့ရဲ့ ရှေ့တန်းအခြေစိုက်စခန်းက နောက်မှာ အဝေးကြီးပဲ ရှိသေးတာ။ ဒါပေမဲ့ ဒီနေရာကို ရှာတွေ့ပြီးတဲ့နောက်မှာတော့ စခန်းကို ရှေ့တိုးလိုက်တာပဲ။ ပတ်ဝန်းကျင်လုံခြုံရေးကို အကြွင်းမဲ့ စိတ်ချရဖို့အတွက် ငါနဲ့ သူတော်စင်ခန်းတို့ကိုယ်တိုင် ပတ်ဝန်းကျင်က သားရဲတွေကို အမြစ်ပြတ် ရှင်းလင်းခဲ့ကြတယ်။ ဒါကြောင့် အခုလောလောဆယ် ဒီနေရာက အရမ်း အန္တရာယ်ကင်းပါတယ်။"

လူတိုင်း နားလည်ကြောင်း ခေါင်းငြိမ့်လိုက်ကြသည်။ သူတော်စင်များကိုယ်တိုင် ရှင်းလင်းထားသော နေရာတွင် မည်သည့်အန္တရာယ် ရှိနိုင်ပါဦးမည်နည်း။ သားရဲတစ်ကောင်မျှပင် ကျန်ရှိမည် မဟုတ်ပေ။ သို့သော် သူတော်စင်များသည်ကား ပြင်ပနယ်မြေ၏ အနက်ရှိုင်းဆုံးနေရာများတွင်သာ နေထိုင်လေ့ရှိကြပြီး လူသူရှေ့တွင် ပေါ်လာခဲလှ၏။ သူတို့အနေဖြင့် ဤသားရဲများကို ရှင်းလင်းရန် အဘယ်ကြောင့် ရုတ်တရက် အချိန်ပေးခဲ့ကြသနည်း။

“သူတော်စင်ခန်းနဲ့ သူတော်စင်ယွမ်ယီတို့ အခြေစိုက်နေကြတဲ့ နေရာတွေက ဒီနဲ့ မဝေးဘူးမလား။" လင်းဖုန်းက ရုတ်တရက် ကောက်ကာငင်ကာ မေးလိုက်သည်။

သူတော်စင်ခန်း၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ သူက အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းငြိမ့်ကာ ပြောလိုက်သည်။

“အမှန်ပဲ။ ငါနဲ့ သူတော်စင်ယွမ်ယီက ပြင်ပနယ်မြေရဲ့ အနက်ရှိုင်းဆုံး အပိုင်းတွေကို စောင့်ကြပ်နေတာ။ အဲဒီနေရာတွေက တစ်ခုနဲ့တစ်ခု မဝေးလှသလို ဒီနေရာနဲ့လည်း သိပ်မဝေးဘူး။"

“ဒါဆိုရင် အပျက်အစီးတွေနဲ့ သိပ်မဝေးတဲ့နေရာမှာ နတ်ဆိုးဧကရာဇ်တွေ ရှိနေတာလား။"

နတ်ဆိုးဧကရာဇ်ဟူသော အမည်ကို ကြားလိုက်ရသဖြင့် လူတိုင်း ထိတ်လန့်သွားကြသည်။

နတ်ဆိုးဧကရာဇ်ဆိုသည်ကား သူတော်စင်တစ်ဦးနှင့် အင်အားချင်း တန်းတူရှိသော ကြောက်မက်ဖွယ်ကောင်းသည့် သားရဲကြီးများ ဖြစ်သည်။ အတိတ်ကာလက ယင်းတို့ကို လူနည်းစုလောက်က ခဏတဖြုတ်သာ မြင်တွေ့ခဲ့ရဖူးပြီး သိုင်းသမားများစွာ တစ်သက်လုံး တစ်ခါမျှ မမြင်ဖူးကြပေ။ သမိုင်းတစ်လျှောက်တွင် နတ်ဆိုးဧကရာဇ်များ လူသားမြို့တော်ကို တိုက်ခိုက်ခဲ့သည့် ဖြစ်ရပ်က သုံးကြိမ်သာ ရှိခဲ့ဖူးသည်။

သို့သော် ထိုဖြစ်ရပ် သုံးကြိမ်စလုံးက လူသားမျိုးနွယ်အတွက် ကပ်ဘေးများ ဖြစ်စေခဲ့သည်။ လူသားမျိုးနွယ် လူ့အဖွဲ့အစည်းတစ်ခုလုံး ကြီးကြီးမားမား ဆုံးရှုံးခဲ့ရပြီး သူတော်စင်များကို အားကိုးအားထားပြုခြင်းဖြင့်သာ နတ်ဆိုးဧကရာဇ်များကို ခုခံနိုင်ခဲ့ခြင်း ဖြစ်သည်။

သူတော်စင်အရေအတွက် တိုးလာသည်နှင့်အမျှ ယခင်ကကဲ့သို့ သူတော်စင်ခန်းတစ်ဦးတည်း အားကိုးနေရသည့် အခြေအနေမျိုး မဟုတ်တော့ပေ။ ထို့ကြောင့် သူတော်စင်ကိုးပါးသည် နေရာအသီးသီးတွင် စောင့်ကြပ်နေကြပြီး ထိုနတ်ဆိုးဧကရာဇ်များကို ဟန့်တားကာ လူသားအားလုံးကို ကာကွယ်ပေးနေကြ၏။

“သူတော်စင်နှစ်ပါးက ရှေးဟောင်းယဉ်ကျေးမှု အပျက်အစီးတွေကို စူးစမ်းဖို့ ငါတို့ကို ဒီလောက် အသည်းအသန် ခိုင်းနေတာက နတ်ဆိုးဧကရာဇ်တွေနဲ့ တစ်ခုခု ပတ်သက်နေလို့များလား။"

လင်းဖုန်း၏ အမူအရာက လေးနက်သွားသည်။ သူတော်စင်နှစ်ပါးက သူတို့ကို ရှေးဟောင်းအပျက်အစီးများဆီသို့ ကိုယ်တိုင်ကိုယ်ကျ လိုက်လံပို့ဆောင်ပေးခြင်းမှာ ထင်သလောက် မရိုးရှင်းနိုင်ကြောင်း သူ ဝေဝေဝါးဝါး ခန့်မှန်းမိလိုက်သည်။

ဤရှေးဟောင်းအပျက်အစီးနယ်မြေက သူတို့အတွက် အလွန်အရေးကြီးသောကြောင့်သာ ဖြစ်နိုင်ပါ၏လော။

ရှေးဟောင်းအပျက်အစီးများ ရှိရာနေရာသို့ ရောက်ရှိလာပြီးနောက် သူတော်စင်နှစ်ပါး ဟန့်တားထားသော နတ်ဆိုးဧကရာဇ်များနှင့် ဆက်စပ်တွေးတောကြည့်ပြီးမှသာ လင်းဖုန်း ဤသို့ တွေးမိခြင်း ဖြစ်သည်။

သူတော်စင်ခန်းက လင်းဖုန်းကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်ပြီး သူ့အမူအရာကလည်း လေးနက်သွားသည်။ သူက တိုးညင်းသောအသံဖြင့် ပြောလိုက်သည်။

“လင်းဖုန်းက ဒီမေးခွန်းကို မေးလာမှတော့ ငါ ဖုံးကွယ်မထားတော့ပါဘူး။ ဒါပေမဲ့ နောင်ကျရင် ဘာသတင်းမှ အပြင်ကို မပေါက်ကြားစေဖို့ မင်းတို့ ကတိပေးရမယ်။"

လူတိုင်း အသက်ပင် ရဲရဲဝံ့ဝံ့ မရှူရဲတော့ဘဲ အာရုံစိုက်နားထောင်လိုက်ကြသည်။ ထိုအခါမှ သူတော်စင် ခန်းက ဆက်ပြောသည်။

“လူသားမျိုးနွယ်က ငြိမ်းချမ်းနေတာ အရမ်းကြာနေပြီ။ သိုင်းသမားတွေအတွက် မူဝါဒအသစ်တွေ ချမှတ်တာပဲဖြစ်ဖြစ်၊ မင်းတို့ကို ရှေးဟောင်းယဉ်ကျေးမှုကို စူးစမ်းခိုင်းတာပဲဖြစ်ဖြစ်၊ တကယ်တော့ ငါတို့မှာ အချိန်သိပ်မကျန်တော့လို့ပဲ။ နတ်ဆိုးဧကရာဇ်တွေနဲ့ ပတ်သက်ပြီး ပြဿနာရှိနေတာ အမှန်ပဲ၊ အဲဒါက တစ်ကောင် နှစ်ကောင်တည်း မဟုတ်ဘူး။ လက်ရှိမှာ သူတော်စင်ကိုးပါးလုံးက အဲဒီနတ်ဆိုးဧကရာဇ်တွေကို အနီးကပ် စောင့်ကြည့်နေရတယ်။ ငါတို့နှစ်ယောက်တောင် မင်းတို့ကို ပို့ဆောင်ပေးဖို့က အရမ်းအရေးကြီးတဲ့ ကိစ္စဖြစ်နေလို့သာ ခဏတဖြုတ် ထွက်လာခဲ့ရတာ။ မင်းတို့ကို ရှေးဟောင်းယဉ်ကျေးမှု အပျက်အစီးတွေဆီ ပို့ဆောင်ပြီးတာနဲ့ အဲဒီနတ်ဆိုးဧကရာဇ်တွေကို ပြန်ပြီး ဟန့်တားရဦးမယ်။"

“တကယ်လို့ နတ်ဆိုးဧကရာဇ်တွေကို မဟန့်တားနိုင်တော့ဘူးဆိုရင် ဘာဆက်ဖြစ်မယ်ဆိုတာ မင်းတို့လည်း သိမှာပါ။ ဒီရှေးဟောင်းယဉ်ကျေးမှု အပျက်အစီးနယ်မြေထဲမှာ ငါတို့ နတ်ဆိုးဧကရာဇ်တွေကို ရင်ဆိုင်တဲ့အခါ အသုံးဝင်မယ့် အရာတချို့ ရှိနေတယ်။ အဲဒါကြောင့်ပဲ တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပြိုင်ပွဲကို ဒီလောက် အလျင်အမြန် ကျင်းပခဲ့ပြီး အတော်ဆုံး အသွင်ပြောင်းနယ်ပယ် သိုင်းသမားတွေကို ရွေးချယ်ခဲ့တာပေါ့။ မျှော်လင့်ချက်အားလုံးနီးပါးက မင်းတို့အပေါ်မှာ ရှိနေတာ။ မင်းတို့ ထမ်းဆောင်ရမယ့် တာဝန်က ငါတို့ သူတော်စင်တွေထက် မနိမ့်ပါဘူး။"

သူတော်စင်ခန်း၏ ပွင့်ပွင့်လင်းလင်း ပြောဆိုမှုကြောင့် လင်းဖုန်းနှင့် အခြားသော သိုင်းသမား ၁၀ ဦးမှာ ပိုမို ဖိအားများပြီး စိုးရိမ်စိတ်များ ဖြစ်ပေါ်လာသည်။ သို့သော် ထိုသည်က သူတို့၏ စိတ်ထဲမှ မကျေနပ်မှုများကိုလည်း လျော့ပါးသွားစေသည်။

ယခင်က သူတို့အနေဖြင့် သူတော်စင်များ၏ အာဏာကြောင့်သာ ကြောက်ရွံ့နေခဲ့ကြခြင်း ဖြစ်၏။ သူတို့ကို အတင်းအကျပ် ခိုင်းစေခြင်း မဟုတ်ဟု ထင်ရသော်လည်း လက်တွေ့တွင်မူ အန္တရာယ်ရှိသော ရှေးဟောင်းယဉ်ကျေးမှု အပျက်အစီးများကို စူးစမ်းရန် အတင်းအကျပ်ခိုင်းစေခြင်း ခံရသည်နှင့် သိပ်မခြားပေ။ သူတို့ ထုတ်မပြောသော်လည်း စိတ်ထဲတွင်တော့ အနည်းနဲ့အများ မကျေမနပ် ဖြစ်နေခဲ့ကြသည်။

ယခုမူ သူတော်စင်ခန်းက လူသားမျိုးနွယ်မှာ အကျပ်အတည်းနှင့် ကြုံတွေ့နေရပြီဖြစ်ကြောင်း ဝန်ခံလိုက်သောအခါ လူတိုင်း မကျေနပ်မှုများ မရှိတော့ပေ။

သူတို့အားလုံးသည်ကား ရှေ့တန်းတွင် သားရဲများနှင့် တိုက်ခိုက်နေကြသော သိုင်းသမားများ ဖြစ်ကြ၏။ နတ်ဆိုးဧကရာဇ်များ၏ အရေးပါမှုကို သူတို့ သဘာဝကျကျ သိရှိထားကြသည်။ နတ်ဆိုးဧကရာဇ် တစ်ကောင်တည်းနှင့် ပြဿနာတက်လျှင်ပင် လူသားမျိုးနွယ် လူ့အဖွဲ့အစည်းတစ်ခုလုံး ကပ်ဘေးဆိုက်ရပေလိမ့်မည်။

ရှေးဟောင်းယဉ်ကျေးမှု အပျက်အစီးနယ်မြေကို စူးစမ်းရခြင်းက သူတို့အတွက် အမှန်တကယ်ပင် ကြီးကျယ်လှသည့် တာဝန်ကို ထမ်းဆောင်နေကြခြင်း ဖြစ်၏။

“သူတော်စင်ခန်း... ကျွန်တော်တို့ ပခုံးပေါ်က တာဝန်ကို ကျွန်တော်တို့အားလုံး နားလည်ပါတယ်။ ရှေးဟောင်းအပျက်အစီးနယ်မြေထဲမှာ ကျွန်တော်တို့ ဘာကို ရှာဖွေဖို့ လိုတာလဲ။" လင်းဖုန်းက ထပ်မံ မေးမြန်းလိုက်သည်။

“အရမ်း ရိုးရှင်းပါတယ်။ ရှေးဟောင်းယဉ်ကျေးမှု အပျက်အစီးနယ်မြေရဲ့ ကာကွယ်ရေးယန္တရားကို ပိတ်ပစ်လိုက်ဖို့ပါပဲ။ အဲဒီအချိန်ကျရင် ငါနဲ့ သူတော်စင်ယွမ်ယီကို ဆက်သွယ်လိုက်ပါ။ ငါတို့ အဲဒီရှေးဟောင်းယဉ်ကျေးမှု အပျက်အစီးနယ်မြေထဲက လက်နက်တွေကို လေ့လာဖို့ လူတွေလွှတ်ပေးမယ်။ အထူးသဖြင့် ငါတို့လို သူတော်စင်တွေကိုတောင် ခြိမ်းခြောက်နိုင်မယ့် လက်နက်တွေကိုပေါ့။"

“နားလည်ပါပြီ။"

လင်းဖုန်း အခုတော့ အရာအားလုံးကို အနည်းငယ် နားလည်သွားလေပြီ။ သူတော်စင်ခန်း၏ အစစ်အမှန် ရည်မှန်းချက်ကား ရှေးဟောင်းအပျက်အစီးနယ်မြေရှိ ကာကွယ်ရေးလက်နက်များပင် ဖြစ်၏။ အကယ်၍ ယင်းတို့က သူတော်စင်ခန်းကိုပင် ခြိမ်းခြောက်မှု ပေးနိုင်ပါလျှင် သူတော်စင်များကိုလည်း ခြိမ်းခြောက်မှုပေးနိုင်မည်ဖြစ်ပြီး နတ်ဆိုးဧကရာဇ်များကိုလည်း သေချာပေါက် ခြိမ်းခြောက်နိုင်ပေလိမ့်မည်။

အကယ်၍ သူတို့ ဤလက်နက်များကို ကျွမ်းကျွမ်းကျင်ကျင်အသုံးချနိုင်ခဲ့ပါက သူတော်စင်အဆင့်ရှိ ပညာရှင်များစွာ ထပ်မံရရှိလိုက်သည့်နှယ်ပင် မဟုတ်ပါလော။

“ကောင်းပြီ... ငါတို့နှစ်ယောက် မင်းတို့ကို ဒီအထိပဲ လိုက်ပို့ပေးနိုင်မယ်။ ရှေ့က ကုန်းမြင့်လေးက တကယ်တော့ ရှေးဟောင်းအပျက်အစီးနယ်မြေရဲ့ အစိတ်အပိုင်း တစ်ခုပဲ။ ဒါပေမဲ့ အပျက်အစီးနယ်မြေရဲ့ အဓိကအစိတ်အပိုင်းကတော့ အဲဒီကုန်းမြင့်လေးရဲ့ အောက်မှာ ရှိနေတာ။ ငါတို့ အဲဒီနေရာကို ကြိမ်ဖန်များစွာ စူးစမ်းခဲ့ပြီးပြီ။ ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုထက် မြင့်တဲ့ သိုင်းသမားတွေ အနားမကပ်သရွေ့ မင်းတို့လို အသွင်ပြောင်းနယ်ပယ် သိုင်းသမားတွေ ဒါမှမဟုတ် သာမန်လူတွေ အပျက်အစီးတွေထဲကို ဝင်လို့ရပါတယ်။ ဒါပေမဲ့ အဲဒီအပျက်အစီးတွေထဲမှာ မင်းတို့ ကျော်လွှားရမယ့် အန္တရာယ်မျိုးစုံ ရှိနေမှာတော့ အသေအချာပဲပေါ့။"

သူတော်စင်ခန်းက လမ်းညွှန်ချက်တချို့ကို ထပ်မံပြောကြားခဲ့ပြီး လေသင်္ဘောက ဖြည်းညှင်းစွာ ဆင်းသက်သွားသည်။ လင်းဖုန်း၊ ဂရီမန်နှင့် အခြားသူများအားလုံး ဆင်းလိုက်ကြသည်။

လေသင်္ဘောသည်ကား ရှေးဟောင်းအပျက်အစီးနယ်မြေ ကာကွယ်ရေးလက်နက်များ၏ တိုက်ခိုက်ခြင်းကို ရှောင်ရှားရန်အတွက် အဝေးသို့ ပြန်လည် ပျံသန်းသွားတော့သည်။

လူတိုင်း ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သော်လည်း မည်သည့်အန္တရာယ်မျှ ရှာမတွေ့ပေ။ သူတို့ အနားသို့ ချဉ်းကပ်သွားသောအခါတွင်မှ ကုန်းမြင့်၏ အခြေတွင် အောက်ဘက်သို့ ရှည်လျားစွာ သက်ဆင်းသွားသော ဂူအဝတစ်ခု ရှိနေသည်ကို သတိထားမိလိုက်ကြသည်။

လူတိုင်း ဂူထဲသို့ ဝင်တော့မည့်အချိန်တွင် ဂရီမန်က တားမြစ်လိုက်သည်။

“ခဏလောက် စောင့်ဦး။"

သူ ဘာကြောင့် တားမြစ်သလဲဆိုသည်ကို လူတိုင်း ဂရီမန်အား ကြည့်ကာ နားမလည်နိုင်ဖြစ်နေကြသည်။

“ငါတို့ ၁၀ ယောက်စလုံးက သူတော်စင်နှစ်ပါးရဲ့ မျှော်လင့်ချက်တွေကို ထမ်းပိုးထားကြရတာပဲ။ ငါတို့အားလုံးက အသွင်ပြောင်းနယ်ပယ် သိုင်းသမားတွေထဲမှာ အတော်ဆုံးတွေ ဖြစ်ကြပေမဲ့ အပျက်အစီးနယ်မြေထဲမှာလည်း အန္တရာယ်တွေ အများကြီး ရှိနေနိုင်တယ်။ အဲဒါကြောင့် ငါတို့ အဖွဲ့အတွက် ခေါင်းဆောင်တစ်ယောက် အရင်ရွေးသင့်တယ်လို့ ငါ ထင်တယ်။ ဒါမှပဲ လူတိုင်းရဲ့ ခွန်အားကို အကောင်းဆုံး စုစည်းနိုင်မှာဖြစ်ပြီးတော့ ရှေးဟောင်းယဉ်ကျေးမှု အပျက်အစီးနယ်မြေရဲ့ လျှို့ဝှက်ချက်တွေကို အတူတကွ စူးစမ်းရှာဖွေနိုင်လိမ့်မယ်။"

လူတိုင်း တိတ်ဆိတ်သွားကြသည်။ ဂရီမန်၏ စကားက အဓိပ္ပာယ် ရှိလှ၏။ အကယ်၍ သူတို့ ၁၀ ဦးစလုံး စည်းလုံးမှုမရှိ စနစ်တကျမဟုတ်ဘဲ တစ်ယောက်တစ်ပေါက်ဖြစ်နေလျှင် အပျက်အစီးနယ်မြေထဲသို့ ဝင်ရောက်ခြင်းက အလွန်တရာ အန္တရာယ်များပေလိမ့်မည်။

သို့သော် သူတို့အားလုံးသည်ကား ဂုဏ်ယူဝံ့ကြွားတတ်ကြသော ပါရမီရှင်သိုင်းသမားများ ဖြစ်ကြသည်။ သူတို့ထဲမှ မည်သူက အခြားသူတစ်ဦး၏ ဦးဆောင်မှုကို ခံယူလိုကြပါမည်နည်း။

“ဒီတစ်ကြိမ် တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပြိုင်ပွဲရဲ့ အဆင့်သတ်မှတ်ချက်တွေအပေါ် မူတည်ပြီး ခေါင်းဆောင်ကို ရွေးသင့်တယ် မထင်ဘူးလား။ ကျွန်မကတော့ လင်းဖုန်းကို ခေါင်းဆောင်အဖြစ် အဆိုပြုတယ်။" ပထမဆုံး စကားပြောသူက ဖူလင်ဖြစ်၏။

“မှန်တယ်။ လင်းဖုန်းက ငယ်သေးပေမဲ့ သူက အသန်မာဆုံးပဲ။ ငါတို့အားလုံးက သိုင်းသမားတွေပဲလေ။ သဘာဝကျကျ ခွန်အားရှိတဲ့သူကို ငါတို့ အလေးစားဆုံးပဲ။ လင်းဖုန်းကို ခေါင်းဆောင်အဖြစ်ထားဖို့ ငါလည်း သဘောတူတယ်။"

“တကယ်လို့ လင်းဖုန်းသာ ခေါင်းဆောင်ဖြစ်မယ်ဆိုရင် ငါ သူ့ရဲ့အမိန့်တွေကို တသဝေမတိမ်း နာခံမယ်"

လူတိုင်း သူ့ကို ကြည့်နေကြပြီး ဂရီမန်ပင် ခေါင်းငြိမ့်နေသည်ကို မြင်သောအခါ လင်းဖုန်းလည်း ငြင်းဆန်ရမည့် အချိန်မဟုတ်မှန်း သိလိုက်သည်။ သူ ခေါင်းငြိမ့်ကာ ပြောလိုက်သည်။

“ကောင်းပြီလေ... ဒီတစ်ကြိမ် ငါတို့ရဲ့ တာဝန်က တော်တော်လေး ခက်ခဲတယ်။ ငါတို့ စည်းစည်းလုံးလုံးနဲ့ အတူတကွ လုပ်ဆောင်ဖို့လိုတယ်။ အပျက်အစီးတွေထဲ ရောက်တဲ့အခါ လူတိုင်း သတိထားကြဖို့ ကျွန်တော် မျှော်လင့်ပါတယ်။"

ထို့သို့ဖြင့် လင်းဖုန်း တွန့်ဆုတ်မနေဘဲ ခေါင်းဆောင် ဖြစ်လာသည်။ သူက စံနမူနာအနေဖြင့် မှောင်မည်းနေသည့် ဂူအတွင်းသို့ ပထမဆုံး ဝင်ရောက်သွားလေသည်။

ထာဝရသိုင်းတာအိုအရှင်

အခန်း (၂၂၄) - ကြွက်ဘေးအန္တရာယ်

ဘာသာပြန် - အားသစ်

ဂူအတွင်းပိုင်းသည်ကား အလွန်ပင် မှောင်မည်းနေ၏။

လင်းဖုန်းတစ်ယောက် ဓာတ်မီးကို ဖွင့်လိုက်သောအခါ အောက်ဘက်သို့ ဆင်းသွားသော လှေကားထစ်များကို တွေ့လိုက်ရသည်။ ထို့ပြင် လှေကားထစ်များအားလုံးကို သတ္တုတစ်မျိုးဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။

လှေကားဘေးရှိ နံရံမှာလည်း သတ္တုဖြစ်ပြီး ထိတွေ့လိုက်လျှင် အေးစက်စက် ခံစားချက်ကို ပေးစွမ်းသည်။

လင်းဖုန်း အလွန်သတိထားနေသည်။ သူသည် အာရုံအားလုံးကို စုစည်းထားပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးကို အနီးကပ် စောင့်ကြည့်နေသည်။

မကြာမီ သူတို့ လှေကားမှ ဆင်းလာခဲ့ကြသည်။ သူတို့ရှေ့တွင် ခန်းမကြီးတစ်ခုအလား ကျယ်ပြောလှသော နေရာတစ်ခု ပေါ်လာသည်။

“နေဦး... သွေးတွေ ရှိနေတယ်”

ရုတ်တရက် လင်းဖုန်း ရပ်တန့်လိုက်သည်။ ဤဗလာဖြစ်နေသော ခန်းမ၏ ကြမ်းပြင်ပေါ်တွင် သွေးများနှင့် ဖုံးလွှမ်းနေသည်ကို သူ သတိပြုမိလိုက်သည်။ သူတော်စင်ခန်းက သိုင်းသမားအဖွဲ့အချို့ကို အပျက်အစီးနယ်မြေအတွင်းသို့ စေလွှတ်ခဲ့ဖူးသော်လည်း မည်သူမျှ ပြန်ထွက်မလာခဲ့ကြောင်း ပြောဖူးသည်။

ထိုလူများအားလုံး သေဆုံးသွားခဲ့သည်က ဖြစ်နိုင်ခြေ များလှသည်။ သို့ဆိုလျှင် ဤသွေးများကား ထိုသိုင်းသမားများ၏ သွေးများ ဖြစ်နိုင်ပါသလော။

“လူတိုင်း သတိထားကြ။ အန္တရာယ် ရှိနိုင်တယ်”

လင်းဖုန်း သတိမပေးခင်မှာပင် လူတိုင်း အသင့်ဖြစ်နေကြပြီ ဖြစ်၏။ ဤမျှ များပြားလှသော သွေးများ ရှိနေခြင်းက သွေးပိုင်ရှင်များ သေဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း သက်သေပြနေသည်။ ဤအပျက်အစီးနယ်မြေက မည်မျှအန္တရာယ်ရှိကြောင်း သူတို့ မေ့မထားကြပေ။

ယခုလက်ရှိအချိန်တွင် လင်းဖုန်း၏ စိတ်စွမ်းအားက အမှန်တကယ် အသုံးဝင်လာသည်။ သူ ပတ်ဝန်းကျင်ကို စူးစမ်းရန် သူ၏ စိတ်စွမ်းအားကို အသုံးပြုနိုင်၏။ စူးစမ်းနိုင်သည့် အတိုင်းအတာက အလွန်မဝေးလှသော်လည်း ဤခန်းမတစ်ခုလုံးကို လွှမ်းခြုံရန်ကမူ ပြဿနာမရှိပေ။

ရုတ်တရက် လင်းဖုန်း မှောင်မည်းနေသော နေရာမှ အရိပ်တစ်ခု ဖြတ်သွားသည်ကို ခံစားမိလိုက်သည်။ ထိုအရိပ်သည်ကား အလွန်လျင်မြန်လှသဖြင့် လင်းဖုန်း၏ စိတ်စွမ်းအားဖြင့်ပင် ဘာဆိုသည်ကို ဖမ်းယူနိုင်လိုက်ခြင်း မရှိပေ။

ဝှစ်

နောက်ထပ် အရိပ်တစ်ခု။ ဤတစ်ကြိမ်တွင်မူ လင်းဖုန်း သေသေချာချာ မြင်လိုက်ရသည်။ ယင်းကား အလွန်ကြီးမားလှသော ကြွက်တစ်ကောင် ဖြစ်နေသည်မှာ ထင်ရှားလှ၏။ သို့သော် ဤကြွက်မှာ အနည်းငယ် ထူးဆန်းနေသည်။ ၎င်း၏ မျက်လုံးများမှ သွေးဆာနေသယောင် အလင်းတန်းများ ထွက်ပေါ်နေပြီး တစ်ကိုယ်လုံးတွင်လည်း အနက်ရောင်အလင်း မှိန်ဖျော့ဖျော့ တောက်ပနေကာ အမှောင်ထုနှင့် တစ်သားတည်း ဖြစ်နေသည်။

“သတိထား”

လင်းဖုန်း အော်ဟစ်သတိပေးလိုက်သော်လည်း ကြွက်က အလွန်လျင်မြန်လှသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့ဆီ ပြေးဝင်လာသည်။

ဝှစ်

ရှိီအဲလစ်တစ်ယောက် သူမ၏ လည်ပင်းတွင် နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။ သူမသည် ကြယ်တာရာစွမ်းအားကို ချက်ချင်း ထုတ်ဖော်လိုက်ပြီး ထိုအရိပ်ဆီသို့ ရိုက်ချလိုက်သည်။

ဘုန်း

ထိုအရိပ် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ပုပ်ညှီနေသော အသားစိုင်များအဖြစ် ပြောင်းလဲသွားသည်။ ထိုသည်ကား ကြီးမားပြီး ထူးဆန်းသော ကြွက်တစ်ကောင် ဖြစ်၏။ သို့သော် ရှိအဲလစ်၏ လည်ပင်းမှ သွေးများပန်းထွက်နေသည်။

ဝုန်းခနဲ အသံနှင့်အတူ ရှိအဲလစ်တစ်ယောက် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။ သူမ၏ မျက်နှာမှာ အနည်းငယ်ညိုမည်းနေပြီး တစ်ကိုယ်လုံး တုန်ယင်နေသည်။ ခဏအကြာတွင် သူမ အသက်ရှူရပ်သွားတော့သည်။

“သူမ သေသွားပြီ” ဂရီမန်က အေးစက်စက် ပြောလိုက်သည်။

“လူတိုင်း မင်းတို့ရဲ့ ကြယ်တာရာစွမ်းအားကို ချက်ချင်း ထုတ်ဖော်ပြီး တစ်ကိုယ်လုံးကို ကာကွယ်ထားကြ”

လင်းဖုန်း အော်ဟစ်လိုက်သည်။ ဤသို့လုပ်ခြင်းက ကြယ်တာရာစွမ်းအားအချို့ကို ကုန်ဆုံးစေမည် ဖြစ်သော်လည်း ဤကဲ့သို့ အန္တရာယ်ရှိသော ပတ်ဝန်းကျင်တွင် သူတို့၏ ဘေးကင်းမှုကို သေချာစေနိုင်သည်။

နှမြောစရာကောင်းသည်မှာ ရှိအဲလစ်အတွက်မူ အခွင့်အရေး မရှိတော့ပေ။ သူမ ဧရာမကြွက်တစ်ကောင်၏ ကိုက်ခဲမှုကို ခံရကာ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

“ဒါက ဘယ်လို သားရဲမျိုးလဲ”

တစ်ယောက်က မြေပြင်ပေါ်ရှိ အပိုင်းပိုင်းအစစဖြစ်နေသော ကြွက်သေကို ကြည့်ကာ အံကြိတ်လျက် မေးလိုက်သည်။

“တစ်ခါမှ မမြင်ဖူးဘူး။ လျင်မြန်ရုံတင်မကဘူး၊ အဆိပ်လည်း အရမ်းပြင်းတယ်။ ဒါကြောင့်လည်း ရှိအဲလစ် သေသွားတာ”

သူတို့ အပျက်အစီးနယ်မြေထဲသို့ ဝင်ရောက်ကာစတွင်ပင် အဖော်တစ်ဦး ဆုံးရှုံးလိုက်ရလေပြီ။ ရှီအဲလစ်၏ အစွမ်းကား အတော်လေး ကောင်းမွန်ကြောင်း သိထားကြသည်။ သူမသည် တတိယအဆင့် အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦးဖြစ်ပြီး သူမ၏ ကိုယ်ပိုင်နည်းလမ်းများကို အသုံးမချရသေးမီမှာပင် ဤသို့ သေဆုံးသွားရသည်က အလွန်နှမြောစရာကောင်းလှသည်။ တစ်ချိန်တည်းတွင်ပင် ဤအဖြစ်က သူတို့ကို ဤအပျက်အစီးနှင့် ပတ်သက်၍ ပိုမို သတိထားလာစေသည်။

ကျိ... ကျိ... ကျိ...

ရုတ်တရက် အမှောင်ထဲမှ ကြွက်အော်သံများစွာ ထပ်မံ ထွက်ပေါ်လာသည်။ လင်းဖုန်း သူ၏ စိတ်စွမ်းအားဖြင့် ကြွက်အမြောက်အမြားကို ရှာတွေ့လိုက်သည်။ ယင်းတို့အားလုံးမှာ စောစောက ကြွက်နှင့် အရွယ်အစား အတူတူပင် ဖြစ်ကြသည်။

ဝှစ် ဝှစ် ဝှစ်

ထိုကြွက်များသည် လင်းဖုန်းနှင့် အခြားသူများဆီသို့ အရူးအမူး ပြေးဝင်လာကြလေသည်။ ကံကောင်းထောက်မစွာဖြင့် လူတိုင်း ဤတစ်ကြိမ်တွင် အသင့်ပြင်ထားကြသည်။ သူတို့အနေဖြင့် ရှီအဲလစ်ကဲ့သို့ အမှားမျိုးကို သေချာပေါက် ထပ်မံပြုလုပ်မည် မဟုတ်ပေ။

“ချပ်ဝတ်”

“ကျောက်ဖြစ်စေခြင်း”

လင်းဖုန်း ဟိန်းဟောက်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်တစ်ခုလုံး ကြောက်မက်ဖွယ်ကောင်းသော ချပ်ဝတ်အလွှာတစ်ခုဖြင့် ဖုံးလွှမ်းသွားသည်။ ကျောက်ဖြစ်စေခြင်း အတတ်ကလည်း ချပ်ဝတ်တန်ဆာကို လွှမ်းခြုံထားသဖြင့် လင်းဖုန်း၏ ကာကွယ်နိုင်စွမ်းက များစွာ မြင့်တက်သွားသည်။

လင်းဖုန်းသည်လည်း ဤကြွက်များ မည်မျှ အင်အားကြီးကြောင်း စမ်းသပ်လိုနေသည်။ သူ ရုတ်တရက် ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး ကြွက်အုပ်ထဲသို့ တိုးဝင်သွားသည်။

ဘုန်း ဘုန်း ဘုန်း

ဤကြွက်များအားလုံး လင်းဖုန်း၏ ချပ်ဝတ်ပေါ်သို့ တိုက်မိရိုက်မိကြသည်။ သူတို့သည် စူးရှထက်မြသော သွားများဖြင့် လင်းဖုန်း၏ ချပ်ဝတ်ကို ကိုက်ဖြတ်ရန် ကြိုးစားနေကြသည်။

သို့သော် သူတို့ ကျောက်ဖြစ်စေခြင်း အတတ်ကိုပင် မဖောက်နိုင်သကဲ့သို့ လင်းဖုန်း၏ ချပ်ဝတ်တန်ဆာကိုလည်း ထိခိုက်စေနိုင်ခြင်း မရှိပေ။

လင်းဖုန်း လက်လှမ်းကာ ကြွက်တစ်ကောင်ကို ဖမ်းယူလိုက်သည်။ သူ ဤကြွက်ကို သေသေချာချာ ကြည့်လိုက်သည်။ စူးရှထက်မြသော သွားများနှင့် ခြေသည်းများ၊ အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦးကို သေစေနိုင်သည့် အဆိပ်များ ရှိနေခြင်းမှလွဲ၍ ယင်းတို့မှာ သာမန်ကြွက်များကဲ့သို့ပင် ဖြစ်နေသည်။

အနည်းဆုံးတော့ ထိုကြွက်များက လင်းဖုန်းအတွက် မည်သည့် ခြိမ်းခြောက်မှုမျှ မဖြစ်စေပေ။

ဖျစ်

လက်ဖြင့် အနည်းငယ်ညှစ်ကာ လင်းဖုန်း ကြွက်ကို သတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် လင်းဖုန်းသည် သူ့ လက်နှစ်ဖက်ကို ဓားကဲ့သို့ အသုံးပြုလိုက်သည်။ သူ့လက်ဖဝါးပေါ်တွင် ထူထပ်ကာ ထက်မြသော ဦးချိုများပေါ်လာပြီး ယင်းတို့ကား အမှုန်ဖြတ်ဓားမော့များထက်ပင် ပိုမို အစွမ်းထက်လှသည်။

“လျှပ်စီးဓားမော့သိုင်း”

သူ့လက်နှစ်ဖက်ကို ဓားကဲ့သို့ အသုံးပြုကာ လင်းဖုန်း လျှပ်စီးဓားမော့သိုင်းကို အသုံးပြုလိုက်သည်။ သူ ကြယ်တာရာစွမ်းအားကိုပင် အသုံးမပြုပေ။ သူ့အရှိန်က အလွန် လျင်မြန်လှသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် လင်းဖုန်း ကြွက်အုပ်အတွင်း သွေးချောင်းသွင်သွင်စီးအောင် သတ်ဖြတ်လိုက်တော့သည်။

ထိုသည်ကား သိုးအုပ်ထဲသို့ ကျားတစ်ကောင် ဝင်လာသည့်အလားပင်။ ထိုကြွက်များက လင်းဖုန်းကို ဘာမှ မလုပ်နိုင်ကြပေ။

လင်းဖုန်းက ကြွက်များကို ထောပတ်ကို ဓားဖြင့် လှီးနေသကဲ့သို့ အလွယ်တကူ သတ်ဖြတ်နေသည်ကို ကြည့်ပြီး ဂရီမန်နှင့် အခြားသူများမှာ အနည်းငယ် ရှက်မိသွားကြသည်။ သူတို့တွင် လင်းဖုန်းကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ကာကွယ်နိုင်စွမ်း မရှိကြပေ။ ထို့ပြင် ကြွက်များက အဆိပ်အလွန်ပြင်းသဖြင့် အသွင်ပြောင်းနယ်ပယ် သိုင်းသမားများကိုပင် သေစေနိုင်သည်။ သူတို့အနေဖြင့် ကာကွယ်ရေးအတွက် အသုံးပြုထားသော ကြယ်တာရာစွမ်းအားကို မရုပ်သိမ်းဝံ့ကြပေ။

ထို့ပြင် သူတို့သည် ဤကြွက်များကို သာမန်ခန္ဓာကိုယ်ခွန်အားဖြင့် မသတ်နိုင်ကြပေ။ ထို့ကြောင့် ဂရီမန် အပါအဝင် သူတို့အားလုံးမှာ ခက်ခက်ခဲခဲ ခုခံနေကြရသည်။ သူတို့ ရှစ်ယောက်ပေါင်း သတ်ဖြတ်သော ကြွက်အရေအတွက်က လင်းဖုန်း တစ်ယောက်တည်း သတ်ဖြတ်သော အရေအတွက်ကိုပင် မမီပေ။

တစ်ကမ္ဘာလုံးဆိုင်ရာ သိုင်းပြိုင်ပွဲတွင် လင်းဖုန်းနှင့် ယှဉ်ပြိုင်ခဲ့သော ဂရီမန်ပင်လျှင် လင်းဖုန်း၏ စွမ်းရည်များက အဘက်ဘက်မှ ပြည့်စုံလွန်းလှကြောင်း ဝန်ခံလိုက်ရသည်။ ထို့ပြင် ယင်းတို့မှာ မည်သည့် ပတ်ဝန်းကျင်တွင်မဆို အလွန်အသုံးဝင်လှသည်။

အကယ်၍ လင်းဖုန်းသာ မရှိခဲ့လျှင် ဤကြွက်အုပ်ကြီးက သူတို့ကို ဒုက္ခများစွာ ပေးပေလိမ့်မည်။ သူတို့၏ ကြယ်တာရာစွမ်းအား ကုန်ဆုံးသွားသောအခါ သူတို့အားလုံး ကြွက်များ၏ လက်ချက်ဖြင့် သေဆုံးရပေလိမ့်မည်။

သူတော်စင်ခန်း စေလွှတ်ခဲ့သော သိုင်းသမားအဖွဲ့များစွာမှာ အဘယ်အကြောင်းကြောင့် ပြန်မလာနိုင်ခဲ့ကြသည်ဆိုသည်က မဆန်းတော့ပေ။ ဤကြောက်မက်ဖွယ်ကောင်းသော ကြွက်သားရဲများကပင် သာမန်အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦး ရင်ဆိုင်နိုင်သည်ထက် များစွာသာလွန်နေသည်။

နတ်ဘုရားနယ်ပယ် သိုင်းသမားများပင်လျှင် ဤနေရာတွင် မောပန်းသွားနိုင်ခြေ ရှိသည်။ သူတို့၏ ကြယ်တာရာစွမ်းအား ကုန်ဆုံးသွားသောအခါ သူတို့ ကြွက်များ၏ ဝါးမြိုခြင်းကို ချက်ချင်း ခံရပေလိမ့်မည်။

လက်ရှိ သူတို့တွင် လင်းဖုန်း ရှိနေသဖြင့် အနည်းငယ် စိတ်အေးသွားရသည်။ သို့မဟုတ်လျှင် ဤတစ်ကြိမ်တွင် မည်သို့ ရင်ဆိုင်ရမည်ကို သူတို့ သိကြမည် မဟုတ်ပေ။ အပျက်အစီးနယ်မြေအတွင်းသို့ နက်နက်ရှိုင်းရှိုင်း စူးစမ်းဖို့ နေနေသာသာ ဤနေရာမှပင် ထွက်ခွာနိုင်ကြမည် မဟုတ်ပေ။

“ကြွက်တွေက အရမ်းများနေတယ်။ ငါတို့ မြန်မြန် ထွက်သွားရမယ်”

လင်းဖုန်း နောက်လှည့်ကာ ကြည့်လိုက်သည်။ သူ၏ ခံနိုင်ရည်က အလွန်မြင့်မားသဖြင့် ရက်အနည်းငယ်ကြာအောင် မကြောက်မရွံ့ တိုက်ခိုက်နိုင်ပြီး ဤကြွက်များအားလုံးကိုပင် သတ်ဖြတ်ပစ်နိုင်ပေသည်။

သို့သော် ကျန်သိုင်းသမားရှစ်ဦးမှာ ထိုမျှအထိ ခံနိုင်ရည် မရှိကြပေ။ သူတို့တွင် ကြယ်တာရာစွမ်းအား လုံလုံလောက်လောက် ရှိနေသေးသဖြင့် ယခုလက်ရှိအချိန်တွင် ဤကြွက်များကို အလွယ်တကူ ရင်ဆိုင်နိုင်သော်လည်း ကြယ်တာရာစွမ်းအား ကုန်ဆုံးသွားသည်နှင့် အခြေအနေက ချက်ချင်း ပြောင်းလဲသွားပေလိမ့်မည်။

သူတို့ ဤကြွက်များနှင့် ဆက်လက် အချိန်မဖြုန်းနိုင်ကြပေ။

“လူတိုင်း ငါ့နောက်က လိုက်ခဲ့ကြ။ ဒီမှာ ဥမင်တစ်ခု ရှိတယ်”

လင်းဖုန်း ခြေလှမ်းကျယ်ကျယ်လှမ်းကာ ပြေးဝင်သွားသည်။ သူနှင့် တိုက်မိသော ကြွက်များအားလုံးမှာ အပိုင်းအစစ လွင့်စင်ပျံ့ကျဲသေဆုံးကုန်ကြသည်။ လင်းဖုန်း၏ ခြေတစ်လှမ်းတိုင်းကပင် ကြွက်တချို့ကို နင်းမိကာ သေဆုံးစေသည်။

လင်းဖုန်း၏ ချပ်ဝတ်တန်ဆာနှင့် ကျောက်ဖြစ်စေခြင်း အတတ်တို့ကား အလွန် အသုံးဝင်လှ၏။

လင်းဖုန်း လမ်းတစ်လျှောက် အရာအားလုံးကို ချေမှုန်းကာ သွားနေသည်။ ကြွက်သားရဲများက အရမ်းကို များပြားလှသည်။ တစ်ချက်ကြည့်လိုက်လျှင် ခန်းမတစ်ခုလုံးကို ဖုံးလွှမ်းနေပြီး အဆုံးမရှိသကဲ့သို့ အရပ်မျက်နှာ အသီးသီးမှ မပြတ်စုဝေးလာကြသည်။

သူတို့အားလုံးမှာ တိုက်ပွဲအတွေ့အကြုံရှိသော အသွင်ပြောင်းနယ်ပယ် သိုင်းသမားများ ဖြစ်ကြသော်လည်း ယခုအချိန်တွင်မူ သူတို့၏ ဦးရေပြားများပင် ထုံကျဉ်သွားရသည်။ ယခင်က သေဆုံးသွားသော ရှိအဲလစ်၏ အလောင်းကလည်း မရှိတော့ပေ။ သူမ၏ အရိုးများပင် ကျန်မနေခဲ့ပေ။ ကြွက်သားရဲများ၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။

ဘာကြောင့် ခန်းမထဲတွင် သွေးများကိုသာ တွေ့ရပြီး အလောင်းများကို မမြင်ရသနည်းဆိုသည်က မဆန်းတော့ပေ။ အလောင်းများကို ကြွက်သားရဲများက ဝါးမြိုပစ်ခဲ့ကြခြင်း ဖြစ်ပေသည်။

လင်းဖုန်း ဂရီမန်နှင့် အခြားသူများ၏ ရှေ့မှောက်သို့ ရောက်လာသည်။ သူတို့အားလုံး စက်ဝိုင်းပုံစံ ဖွဲ့စည်းထားကြသည်။ ကြယ်တာရာစွမ်းအားဖြင့် ဤကြွက်သားရဲများကို ရင်ဆိုင်ရန်က သူတို့အတွက် မခက်ခဲပေ။

“သွားကြစို့”

လင်းဖုန်း ထိတွေ့သမျှ အရာအားလုံးကို ထိုးဖောက်ဖြတ်ကျော်သွားကာ သွေးချင်းချင်းနီသော လမ်းတစ်ခုကို အတင်းအကျပ် ဖောက်လုပ်လိုက်သည်။ လင်းဖုန်း၏ ချပ်ဝတ်မှာ သွေးများဖြင့် အတိဖုံးလွှမ်းနေသော်လည်း ထိုသည်များက ကြွက်များ၏ သွေးများသာ ဖြစ်၏။

ခန်းမပတ်ပတ်လည်တွင် လမ်းကြောင်းတချို့ ရှိနေသည်။ လင်းဖုန်း ခဏမျှ စဉ်းစားလိုက်ပြီး အရှေ့ဘက်ရှိ လမ်းကြောင်းတစ်ခုဆီသို့ တန်းတန်းမတ်မတ် လျှောက်ဝင်သွားလိုက်သည်။

“မင်းတို့ အရင်ဝင်နှင့်ကြ။ ငါ နောက်ကနေ ကာကွယ်ပေးမယ်။ ဒီကြွက်တွေက ငါ့အတွက်တော့ ခြိမ်းခြောက်မှု သိပ်မရှိဘူး”

လင်းဖုန်းသည်ကား သွေးများဖြင့် ဖုံးလွှမ်းနေသော်လည်း ယခုအချိန်တွင် သူက လူတိုင်း၏ အားကိုးရာ ဖြစ်နေ၏။ မူလက သူတို့အားလုံး အပျက်အစီးနယ်မြေ၏ လျှို့ဝှက်ချက်များကို စူးစမ်းရန်နှင့် အပျက်အစီးများကို ရှာဖွေဖော်ထုတ်ရန် လာရောက်ကြသော ပါရမီရှင်များ ဖြစ်ကြသည်။

သို့သော လက်ရှိတွင် သူတို့အားလုံး လင်းဖုန်း၏ ဝန်ထုပ်ဝန်ပိုး ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။

“လင်းဖုန်း... သတိထားပါ”

ဂရီမန် လင်းဖုန်းကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။ မူလက သူ လင်းဖုန်း၏ အနိုင်ယူမှုအပေါ် လုံးဝလက်သင့်မခံဘဲ နောင်တွင် ပြန်လည်ယှဉ်ပြိုင်မည်ဟု တွေးထားခဲ့သည်။ သို့သော် ယခုအခါ အဆုံးမဲ့သော ကြွက်အုပ်ကြီးကို ကြည့်ပြီးနောက် လင်းဖုန်းနှင့် ယှဉ်ပြိုင်လိုသော စိတ်ဆန္ဒ မရှိတော့ပေ။

လင်းဖုန်း နောက်ကနေ ကာကွယ်ပေးလိုက်သည်။ ဂရီမန်နှင့် အခြားသူများ ဥမင်ထဲသို့ ဝင်သွားသည်ကို မြင်သောအခါ သူ့နှုတ်ခမ်းထောင့်တွင် အေးစက်စက် အပြုံးတစ်ခု ပေါ်လာသည်။ အဆုံးအစမဲ့သော ကြွက်သားရဲများ၏ တိုက်ခိုက်မှုကြောင့် သူပင်လျှင် အနည်းငယ် တုန်လှုပ်မိသည်။ သူ ဤကြွက်များကို ဥမင်ထဲသို့ ဝင်မလာအောင် မတားဆီးနိုင်ပေ။

“ဟင်းလင်းပြင်ပူဖောင်း”

လင်းဖုန်း သူ့လက်ကို ဝေ့ယမ်းလိုက်ရာ လှပသော ဟင်းလင်းပြင်ပူဖောင်း စုစုပေါင်းဆယ်လုံး ပေါ်လာသည်။ ထို့ပြင် လင်းဖုန်းသည် ဤဟင်းလင်းပြင် ပူဖောင်းများ၏ အချင်းကို အလွန်ကြီးမားအောင် ထိန်းချုပ်ထားသည်။ အနည်းဆုံး ပူဖောင်းတစ်ခုစီ၏ အချင်းက ငါးမီတာထက် ပိုမိုကြီးမားလှသည်။

အချင်းငါးမီတာရှိသော ဟင်းလင်းပြင် ပူဖောင်းများက အနည်းငယ် အားနည်းနိုင်သော်လည်း ဤကြွက်များကို ရင်ဆိုင်ရန်အတွက်မူ လုံလောက်ပေသည်။

“ပြိုကွဲစေ”

လင်းဖုန်း၏ ဟင်းလင်းပြင်ပူဖောင်းဆယ်လုံးသည် ခန်းမအတွင်းရှိ ကြွက်သားရဲ အမြောက်အမြားကို လွှမ်းခြုံသွားပြီးနောက် ရုတ်တရက် ပြိုကွဲသွားသည်။

သိန်းနှင့်ချီသော ကြွက်များမှာ အရူးအမူး အော်ဟစ်လိုက်ကြသော်လည်း ဟင်းလင်းပြင်ပူဖောင်းဆယ်လုံး ပြိုကွဲသွားသည်နှင့် ထိုကြွက်များအားလုံး ချက်ချင်းပင် ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားသည်။ ဤမြင်ကွင်းကို ကြည့်ပြီး ဥမင်အတွင်းရှိ ဂရီမန်နှင့် အခြားသူများ အံ့အားသင့်သွားကြသည်။

လင်းဖုန်း၏ နည်းလမ်းများက အလွန်ပင် ပြည့်စုံလွန်းလှသည်။ ထို့ပြင် ဤဟင်းလင်းပြင်ပူဖောင်းသည်ကား အလွန် ထိတ်လန့်စရာ ကောင်းလှ၏။ ဟင်းလင်းပြင် ပူဖောင်းဆယ်လုံး ရုတ်ချည်းပြိုကွဲသွားကာ ကြွက်သားရဲ ထောင်ပေါင်းများစွာကို သတ်ဖြတ်နိုင်သည်ကို မည်သူ မြင်ဖူးပါသနည်း။

ဤသည်ကို သူတို့ ပထမဆုံး မြင်ဖူးခြင်းပင်။

လင်းဖုန်း ကြယ်တာရာစွမ်းအားမျှင် ၄၀၀၀ ကို အသုံးပြုခဲ့သော်လည်း ယင်းက ဘာမှ မဟုတ်ပေ။ သူ့တွင် ကြယ်တာရာစွမ်းအားမျှင် ၈၀၀၀၀ ကျော် ရှိသည်။ ဤမျှလောက်သော ကြယ်စင်စွမ်းအားကို ဆုံးရှုံးရခြင်းက ဘာမှမပြောပလောက်သကဲ့သို့ လင်းဖုန်းအပေါ်တွင်လည်း မည်သည့် သက်ရောက်မှုမျှ မရှိပေ။

သို့သော် အခြားသူများကမူ ထိုသို့ မထင်ကြပေ။ လင်းဖုန်း ကြယ်တာရာစွမ်းအား ၄၀၀၀ ကို တစ်ပြိုင်နက်တည်း ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။ ယင်းက သူ့ခန္ဓာကိုယ်အတွင်းရှိ ကြယ်တာရာစွမ်းအားစုစုပေါင်း၏ ထက်ဝက်နီးပါးနှင့် ညီမျှနေပြီး ထိုသည်ကလည်း သူတို့ကို ကာကွယ်ပေးရန်အတွက် ဖြစ်ပေ၏။

လင်းဖုန်းက သူတို့ကို ကယ်တင်ရန်အတွက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ လင်းဖုန်း၏ ကိုယ်ကျိုးစွန့်သော အပြုအမူကြောင့် အခြားသော သိုင်းသမားရှစ်ဦးမှာလည်း လင်းဖုန်းအပေါ် လေးစားသွားကြသည်။ သူတို့တွင် လင်းဖုန်းက သူတို့၏ ခေါင်းဆောင်ဖြစ်ကြောင်းနှင့်ပတ်သက်၍ မည်သည့်သံသယမျှ မရှိတော့ပေ။

လင်းဖုန်းသည် ခန်းမအတွင်းရှိ ကြွက်များကို ခဏအတွင်း ရှင်းလင်းရန် ဟင်းလင်းပြင်ပူဖောင်းကို အသုံးပြုခဲ့သော်လည်း ကြွက်များမှာ အလွန်များပြားလွန်းလှသည်။ သူတို့၏ အရေအတွက်ကား အဆုံးမရှိသကဲ့သို့ပင်။ သူ ဤကြွက်များကို သေသည်အထိ တိုက်ခိုက်ရန် သူ၏ ကြယ်တာရာစွမ်းအားများကို အကုန်အသုံးပြုမည် မဟုတ်ပေ။

ဥမင်ထဲသို့ ဝင်ပြီးနောက် ဥမင်အတွင်းတွင် ကြီးမားသော သံတံခါးကြီးတစ်ချပ် ရှိနေသည်ကို သူ သတိပြုမိလိုက်သည်။ ဟောင်းနွမ်းနေခြင်းကြောင့်လော၊ အခြားအကြောင်းကြောင့်လော မသိရသော်လည်း ထိုတံခါးမှာ ပိတ်မနေပေ။ သူ လက်ဖြင့် အတင်းအကျပ် ဆွဲပိတ်လိုက်သည်။

ဘုန်း

တံခါးကြီး ဝုန်းခနဲ ပိတ်သွားပြီး လမ်းကြောင်းကို လုံးဝ ပိတ်ဆို့သွားကာ ကြွက်များကို ခေတ္တမျှ တားဆီးထားလိုက်သည်။

“ဟူး...”

လူတိုင်း သက်ပြင်းတစ်ချက် ချလိုက်မိကြသည်။ လင်းဖုန်း လျှောက်ဝင်လာပြီး သိုင်းသမားရှစ်ဦးကို ကြည့်လိုက်သည်။ သူ တည်ကြည်သော အသံဖြင့် ပြောလိုက်သည်။

“ရှိအဲလစ် သေဆုံးသွားတာကတော့ နှမြောစရာပဲ။ လူတိုင်း သတိထားကြပါ။ ကြယ်တာရာစွမ်းအားတချို့ ကုန်ဆုံးသွားရင်တောင်မှ မင်းတို့ကိုယ်မင်းတို့ အမြဲတမ်း ကာကွယ်ထားဖို့ သုံးနေရမယ်”

“ဟုတ်ကဲ့ပါ ခေါင်းဆောင်”

လူတိုင်း လင်းဖုန်း၏ စကားကို အမိန့်တစ်ခုကဲ့သို့ သဘောထားကာ ပြိုင်တူပြောလိုက်ကြသည်။

“လင်း... ခေါင်းဆောင်၊ ကျွန်တော်တို့ ခေါင်းဆောင်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”

ဂရီမန်သည် မူလက လင်းဖုန်းကို သူ၏ အမည်ဖြင့်သာ ခေါ်ချင်ခဲ့သော်လည်း နောက်ဆုံးတွင်မူ "ခေါင်းဆောင်" ဟုသာ ခေါ်လိုက်သည်။ ဤသည်က သူ လင်းဖုန်းကို အကြွင်းမဲ့ လက်ခံလိုက်ပြီ ဖြစ်ကြောင်း ပြသနေသည်။

“ဘယ်လိုလုပ် ဝန်ထုပ်ဝန်ပိုး ဖြစ်မှာလဲ။ ခုနက ကြွက်တွေကို ရင်ဆိုင်ဖို့ ငါ့ရဲ့ စွမ်းရည်တချို့က အသုံးဝင်သွားရုံပါပဲ။ အပျက်အစီးတွေထဲမှာ တခြားအန္တရာယ်တွေလည်း ရှိနေနိုင်သေးတယ်။ အဲဒီချိန်ကျရင် ငါတို့ အတူတူ ရင်ဆိုင်ဖို့ လိုဦးမှာပဲ။ ဒီနေရာကတော့ လောလောဆယ် ဘေးကင်းပါတယ်။ လူတိုင်း ခုနက ကြယ်တာရာစွမ်းအားတွေ အများကြီး သုံးလိုက်ရတယ် မဟုတ်လား။ အရင်ဆုံး ကြယ်တာရာစွမ်းအားတွေကို ပြန်ဖြည့်ကြရအောင်”

လင်းဖုန်း မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး အခြားသူများလည်း သူတို့၏ ကြယ်တာရာစွမ်းအားများကို ပြန်လည် ဖြည့်တင်းနေကြသည်။

အသွင်ပြောင်းနယ်ပယ် သိုင်းသမားများအတွက် အရေးကြီးဆုံးက ကြယ်တာရာစွမ်းအား ဖြစ်သည်။ လင်းဖုန်း ကြယ်တာရာစွမ်းအားမျှင် ၄၀၀၀ ကို အသုံးပြုခဲ့သည်။ မည်သူမျှ သံသယမဝင်စေရန်အတွက် သူသည်လည်း သူ၏ ကြယ်စင်စွမ်းအားများကို ပြန်လည် ဖြည့်တင်းရမည် ဖြစ်၏။

ကြယ်တာရာဝါးမြိုကျင့်စဉ်ဖြင့် ကြယ်တာရာစွမ်းအားကို ပြန်လည် ဖြည့်တင်းရခြင်းက အလွန်မြန်ဆန်လှသည်။ နာရီဝက်ပင် မပြည့်မီမှာပင် သူ ကြယ်တာရာစွမ်းအားမျှင် ၄၀၀၀ ကို အပြည့်အဝ ပြန်လည်ဖြည့်တင်းနိုင်ခဲ့သည်။ လင်းဖုန်း သူတို့၏ ကြယ်စင်စွမ်းအားများကို ပြန်လည် ဖြည့်တင်းရန် ကြိုးစားနေကြဆဲဖြစ်သော အခြားသူများကို ကြည့်လိုက်သည်။

“လောင်ဘီသမ်... ဒါက ဘယ်ယဉ်ကျေးမှုလဲဆိုတာ မင်း သိပြီလား”

လင်းဖုန်း သူ့စိတ်ထဲမှ လောင်ဘီသမ်ကို ခေါ်လိုက်သည်။ သူသည် ခပ်ဝါးဝါး စိုးရိမ်စိတ်တစ်ခု ဖြစ်ပေါ်နေသည်။ ခုနက ကြွက်များသည်ကား အလွန်ထူးဆန်းလှ၏။ ယင်းတို့မှာ ကြမ်းကြုတ်သားရဲများ ဖြစ်နိုင်သော်လည်း ကြမ်းကြုတ်သားရဲများနှင့်တော့ သိပ်မတူပေ။

ခွန်အား၊ အရှိန်၊ အရွယ်အစား စသည်တို့အရ ကြွက်တစ်ကောင်စီက တကယ်တန်းတွင် နတ်ဆိုးများထက် နိမ့်ကျနေသည်။ သို့သော် သူတို့၏ အဆိပ်မှာမူ သာမန်နတ်ဆိုးတစ်ကောင်ကို သေစေနိုင်သည်။

ဤသည်က အလွန်ထူးဆန်းလှ၏။ လင်းဖုန်း သိထားသရွေ့ သာမန်သားရဲများ၊ သားရဲဘုရင်များပင်လျှင် နတ်ဆိုးများကို မည်သည့်ခြိမ်းခြောက်မှုမျှ မပေးနိုင်ပေ။ သို့သော် ဤကြွက်များကမူ သေချာပေါက် ခြွင်းချက် ဖြစ်နေသည်။

ဤသည်က ရှေးဟောင်းယဉ်ကျေးမှု အပျက်အစီးနယ်မြေတစ်ခု ဖြစ်သောကြောင့် ဤသည်က ထိုရှေးဟောင်းယဉ်ကျေးမှုနှင့် ပတ်သက်နေမလားဟု လင်းဖုန်း တွေးမိသည်။

ရှေးဟောင်းယဉ်ကျေးမှုများအကြောင်းကို အသိဆုံးက သူတော်စင်ကိုးပါးမဟုတ်ဘဲ လောင်ဘီသမ်သာ ဖြစ်သည်။

လင်းဖုန်း ခဏမျှ ခေါ်လိုက်ပြီးနောက် လောင်ဘီသမ်က နောက်ဆုံးတွင် ပြန်လည်း ဖြေကြားလာသည်။

“ဒါက နည်းနည်းတော့ ဒုက္ခရောက်တာပဲ။ ငါ မမှားဘူးဆိုရင် ဒီအပျက်အစီးနယ်မြေက သတ္တမမြောက် ယဉ်ကျေးမှုက ကျန်ရစ်ခဲ့တဲ့ အပျက်အစီး ဖြစ်ရမယ်”

“သတ္တမမြောက် ယဉ်ကျေးမှုလား”

လင်းဖုန်းသည် လောင်ဘီသမ်နှင့် သူ့စိတ်ထဲမှ ဆက်သွယ်နေခြင်း ဖြစ်သည်။ အခြား မည်သူမျှ မသိနိုင်ပေ။

လက်ရှိယဉ်ကျေးမှုမှာ နဝမမြောက် ယဉ်ကျေးမှု ဖြစ်ကြောင်း လောင်ဘီသမ် ပြောဖူးသည်ကို သူ မှတ်မိလိုက်သည်။ ဤမတိုင်မီက ယဉ်ကျေးမှုရှစ်ခု ရှိခဲ့ဖူးသည်။ အကယ်၍ ဤအပျက်အစီးက သတ္တမမြောက် ယဉ်ကျေးမှုမှ ကျန်ရစ်ခဲ့ခြင်း ဖြစ်ပါက ယင်းကား လက်ရှိခေတ်နှင့် အတော်လေး နီးစပ်နေပေလိမ့်မည်။

“မင်းတို့ မတိုင်ခင်က ဒီကမ္ဘာမှာ တခြားယဉ်ကျေးမှုရှစ်ခု ရှိခဲ့ဖူးတယ်။ အဲဒီ ယဉ်ကျေးမှုရှစ်ခုထဲမှာ နည်းပညာယဉ်ကျေးမှု သုံးခုပဲရှိခဲ့တယ်။ အဲဒါတွေက တတိယ၊ ပဉ္စမနဲ့ သတ္တမမြောက် ယဉ်ကျေးမှုတွေပဲ။

“အဲဒီထဲမှာ တတိယနဲ့ ပဉ္စမမြောက် ယဉ်ကျေးမှုတွေက သန့်စင်တဲ့ နည်းပညာယဉ်ကျေးမှုတွေပဲ။ သတ္တမမြောက် ယဉ်ကျေးမှု တစ်ခုတည်းကသာ နည်းပညာကို အဓိကထားပြီး သားရဲတွေကို လေ့လာတဲ့ဘက်ကို အာရုံစိုက်ခဲ့တာ။ အဲဒါကြောင့် သူတို့က ဇီဝပြုပြင်ထားတဲ့ သားရဲတွေနဲ့ ဆင်တူတဲ့ အရာတွေကို တီထွင်ခဲ့ကြတယ်။ ဒါကတော့ တော်တော်လေး ဒုက္ခရောက်မယ့် ကိစ္စပဲ”

လောင်ဘီသမ်၏ လေသံတွင် စိုးရိမ်စိတ်အချို့ ပါဝင်နေသည်။ ဤသည်က အလွန် ရှားပါးလှ၏။ လင်းဖုန်း လောင်ဘီသမ်နှင့် စတင်တွေ့ဆုံစဥ်ကတည်းက လောင်ဘီသမ်မှာ အမြဲတမ်း ယုံကြည်ချက်အပြည့် ရှိနေခဲ့သည်။

လောင်ဘီသမ် ဤကဲ့သို့ ဝေခွဲမရဖြစ်ပြီး စိုးရိမ်နေသည်ကို လင်းဖုန်း ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ပေသည်။

All Chapters