အခန်း (၁၈၁၅-၁၈၁၆)
Vol. 182 Ch. 1815-1816
အခန်း (၁၈၁၅) - အခြားအစီအစဉ် ရှိသည်
"မင်းက... အဆင့် ၉ လား"
ဝူရှင်းကျစ်သည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး ဝမ်ချုံစန်းကို ကြောင်စီစီဖြင့် စိုက်ကြည့်နေမိသည်။
"အင်း... အဆင့် ၉ ကို တက်လှမ်းနိုင်ခဲ့တာ မကြာသေးဘူး"
ဝမ်ချုံစန်းက ပြုံးလျက် ခေါင်းညိတ်ပြလိုက်ပြီးနောက် လက်ချောင်းဖြင့် ခပ်ဖွဖွလေး ဝှေ့ယမ်းလိုက်ရာ၊ မမြင်နိုင်သော လေစွမ်းအင် အရှိန်အဝါတစ်ခုသည် ဝူရှင်းကျစ်၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ဖြတ်သန်းသွားတော့သည်။
တစ်ခဏအကြာတွင် ဝူရှင်းကျစ်နှင့် သူစီးနင်းထားသော ဆင်ဖြူ၏ ခန္ဓာကိုယ်ပေါ်၌ ရှုပ်ထွေးပွေလီလှသော အနီရောင်မျဉ်းကြောင်းများ ပေါ်ပေါက်လာသည်ကို လူတိုင်း မျက်ဝါးထင်ထင် တွေ့လိုက်ရသည်။
သွေးစက်များမှာ ထိုမျဉ်းကြောင်းများမှတစ်ဆင့် တစိမ့်စိမ့် ထွက်ပေါ်လာသော်လည်း ထိုအချိန်တွင် ဝူရှင်းကျစ်မှာ သေဆုံးခြင်း မရှိသေးပေ။ သူသည် လုံးဝ မလှုပ်ရဲတော့ချေ၊ အကယ်၍ အနည်းငယ်မျှ လှုပ်ရှားမိလိုက်သည်နှင့် တစ်ကိုယ်လုံး အပိုင်းပိုင်းပြတ်ကာ ချက်ချင်း သေဆုံးသွားပေလိမ့်မည်။
"ဝတုတ်... ကျန်တာတွေကိုတော့ မင်းဘာသာမင်းပဲ ရှင်းလိုက်တော့။ ငါကတော့ ရှုပ်ပွနေတာတွေကို လိုက်သိမ်းပြီးရင် ပြန်တော့မယ်"
ဝမ်ချုံစန်းသည် ဝတုတ်ကို ပြုံးပြနှုတ်ဆက်ပြီးနောက် သူ၏လူများကို ခေါ်ဆောင်ကာ လေထုကို ခွဲထွက်၍ ပျံသန်းထွက်ခွာသွားတော့သည်။
ဝတုတ်သည် အခြေအနေကို မြင်သည်နှင့် နေရာတွင်ရှိသော နတ်ဘုရားဆက်သွယ် အဆင့် ရန်စစ်များထံသို့ ချက်ချင်း ခုန်အုပ်လိုက်ပြီး
"သတ်ကြစမ်း... တစ်ကောင်မှ အလွတ်မပေးနဲ့"
ဤသည်မှာ တစ်ဖက်သတ် သတ်ဖြတ်ပွဲကြီးပင် ဖြစ်သည်။
ဝူရှင်းကျစ်၏ လက်ရှိအခြေအနေကို လူတိုင်း သဘောပေါက်သွားချိန်တွင် ဝမ်းသာအားရ ကြွေးကြော်လိုက်ကြပြီး၊ စိတ်ထဲမှ ကြောက်ရွံ့မှုများ အကုန်အစင် ကင်းစင်သွားကာ ဝတုတ်၏နောက်မှနေ၍ အပြင်းအထန် သတ်ဖြတ်ကြတော့သည်။
တစ်ဖက်တွင် လမ်းစဉ်နှင့် ပေါင်းစပ်ခြင်း အဆင့်ရှိ အဘိညာဉ်ရှင် ပါဝင်နေပြီး၊ အခြားတစ်ဖက်တွင်မူ နတ်ဘုရားဆက်သွယ် အဆင့် များသာ ရှိတော့ရာ တိုက်ပွဲ၏ ရလဒ်မှာ သံသယဖြစ်ဖွယ် မရှိပေ။
တိုက်ပွဲတစ်လျှောက်လုံး ဝူရှင်းကျစ်နှင့် ဆင်ဖြူတို့မှာ မိမိတို့၏ ရဲဘော်များ ရန်သူ့လက်ထဲတွင် တစ်ယောက်ပြီးတစ်ယောက် သေဆုံးနေသည်ကို မျက်တောင်မခတ်တမ်း ကြည့်နေရုံမှတစ်ပါး အခြားမတတ်နိုင်ခဲ့ကြချေ။
နာရီဝက်ခန့်အကြာတွင် တိုက်ပွဲ ပြီးဆုံးသွားခဲ့သည်။
ရှီးကျန့်သည် မောဟိုက်စွာဖြင့် ရှေ့မှ မြင်ကွင်းကို ကြည့်ရင်း ပါးစပ်ကြီးဖြဲကာ ရယ်မောလိုက်တော့သည်။
"မထင်ထားရဘူးဗျာ... ဒါတွေအားလုံးက ငါတို့ လူသားမျိုးနွယ်ရဲ့ အကွက်ဆင်မှုတွေပဲကိုး။ ရန်စစ်တွေတော့ အကွက်ထဲ ဆင်းမိသွားပြီ၊ ဟားဟား "
လက်ရှိ အခြေအနေမှာ ကံကောင်းခြင်းသက်သက် မဟုတ်ဘဲ လူသားမျိုးနွယ်ဘက်မှ ရန်စစ်များကို ပစ်မှတ်ထားကာ အကွက်ကျကျ စီစဉ်ထားခြင်းဖြစ်ကြောင်း လူတိုင်း နားလည်သွားကြသည်။ မတော်တဆမှု မရှိခဲ့လျှင် မဟာမန်စစ်ဒေသ ၏ အခြားသော ရှေ့တန်းစစ်မျက်နှာများတွင်လည်း တိုက်ပွဲများ ပြီးဆုံးတော့မည် ဖြစ်သည်။
"ကျိုးချန်... ခုနက တိုက်ပွဲမှာ မင်းက နတ်ဘုရားဆက်သွယ် အဆင့် နှစ်ယောက်ကို သတ်နိုင်ခဲ့တယ်နော်။ မင်းရဲ့ ကျင့်စဉ်က ဘယ်တုန်းက အဆင့်တက်သွားတာလဲ"
ဝတုတ်၏ အကြည့်မှာ ဖန့်ချန်ထံသို့ ကျရောက်လာသည်။
ဝှစ် ဝှစ် ဝှစ်
လူတိုင်းသည် ဖန့်ချန်ထံသို့ တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြပြီး မျက်ဝန်းများမှာ အံ့သြတုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။
ဤနေရာတွင် နှစ်ပေါင်းများစွာ စောင့်ကြပ်နေခဲ့သော စစ်သည်ဟောင်းများပင်လျှင် မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိကြသည်။ အတွေ့အကြုံသစ် တစ်ယောက်အနေဖြင့် 'အဘိညာဉ်နိုးထခြင်း' မှ 'နတ်ဘုရားဆက်သွယ် အဆင့်' သို့ ဤမျှ မြန်မြန်ဆန်ဆန် တက်လှမ်းနိုင်ခြင်းမှာ တကယ့်ကို ရှားပါးလှသည်။
"ကျွန်တော် ပြီးခဲ့တဲ့ ရက်ပိုင်းကမှ အဆင့်တက်ခဲ့တာပါ"
ဖန့်ချန်က ပြန်ဖြေလိုက်သည်။
"မင်း အဘိညာဉ်နိုးထခြင်း ဖြစ်တာ ဘယ်လောက်ကြာမှ လျှိုဖုန်းတောင်ကြားက တမန်တော်ရုံးကို အပို့ခံရတာလဲ"
ဝတုတ်က စပ်စုလိုက်သည်။
"နှစ်အနည်းငယ်တော့ ကြာပါတယ်"
ဖန့်ချန်က ပြုံး၍ ဆိုသည်။
"အင်း... ဒါဆိုရင်တော့ အဓိပ္ပာယ်ရှိသွားပြီ"
ဝတုတ်က ခပ်ဖွဖွ ခေါင်းညိတ်လိုက်သည်။ တမန်တော် အများစုမှာ လူသားများကို လူသားလောက ထဲမှ ချက်ချင်း ပို့ထုတ်လေ့မရှိကြသည်မှာ အမှန်ပင်။ သို့သော် ထိုသူသည် နတ်ဘုရားဆက်သွယ် အဆင့် သို့ မရောက်ခင်မှာပင် ပို့ဆောင်ပေးခဲ့မည်ဆိုလျှင် စည်းမျဉ်းကို ချိုးဖောက်ရာ မရောက်ပေ။
ပါရမီ အလွန်အမင်း ညံ့ဖျင်းလွန်းပြီး သေခါနီးမှ အဘိညာဉ်နိုးထလာသူများသာလျှင် လူသားလောကမှ ခြေလှမ်းတစ်လှမ်းမျှ ထွက်ခွင့်မရှိကြခြင်း ဖြစ်သည်။
"မင်းရဲ့ စစ်မှုထမ်းကောင်းမှုတွေကြောင့် မင်းကို လော့ရွှယ်မဟာမိတ်အဖွဲ့ ရဲ့ အဖွဲ့ဝင်အဖြစ် ကြိုတင်သတ်မှတ်လိုက်ပြီ။ ဒီတံဆိပ်ပြားကို ယူထားလိုက်"
ဝတုတ်သည် ဖန့်ချန်ထံသို့ လော့ရွှယ်မဟာမိတ်အဖွဲ့၏ တံဆိပ်ပြားတစ်ခုကို ပစ်ပေးလိုက်ရာ လူအများမှာ မနာလိုဖြစ်ကာ ငေးကြည့်နေကြတော့သည်။ လော့ရွှယ်မဟာမိတ် တံဆိပ်ပြားကို ရရှိခြင်းမှာ အဖွဲ့ဝင် အစစ်အမှန် ဖြစ်သွားခြင်းနှင့် အတူတူပင်ဖြစ်ပြီး၊ နောင်တွင် ရာထူးတိုးရန်နှင့် အာဏာရရှိရန်မှာ လက်တစ်ကမ်း အကွာတွင်သာ ရှိတော့သည်။
ဤအရာအားလုံး ပြီးစီးသွားသောအခါ ဝတုတ်သည် ဝူရှင်းကျစ်၏ ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။
"ဝူရှင်းကျစ်... နောက်တစ်ခါကျရင်တော့ ဒီလောက်အထိ အဆင်အခြင်မဲ့ မလုပ်နဲ့ဦး။ အော်... ဒါပေမဲ့ မင်းအတွက် နောက်တစ်ခါဆိုတာ မရှိတော့ဘူးလေ"
ဝတုတ်က လှောင်ပြုံးဖြင့် ဆိုသည်။
ဝူရှင်းကျစ်မှာ ယခုထက်တိုင် မသေသေးသော်လည်း ခန္ဓာကိုယ်ပေါ်မှ သွေးစက်များမှာ ပို၍ ပို၍ မြန်မြန် ထွက်ပေါ်လာနေသည်။ ဝတုတ်၏ စကားကို ကြားသောအခါ သူ၏ မျက်ဝန်းထဲတွင် ကောင်းကင်ကို တုန်ဟိန်းစေလောက်သော ဒေါသများ ပြည့်လျှံလာတော့သည်။
သို့သော် နောက်တစ်ခဏ၌ ဝတုတ်သည် သူ၏ လက်ထဲမှ အနက်ရောင် လေးကိုင်းကြီးကို ဆွဲယူလိုက်သည်။
ထိုသို့ လှုပ်ရှားလိုက်သည်နှင့် ဝူရှင်းကျစ်နှင့် ဆင်ဖြူတို့မှာ ပြိုကျနေသော တိုက်မြင့်ကြီးများအလား တစ်ကိုယ်လုံး အသားစများအဖြစ်သို့ ပြောင်းလဲကာ ချက်ချင်း ပြိုပျက်သေဆုံးသွားကြတော့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသည့် လူတိုင်းမှာ ဝမ်ချုံစန်း၏ လက်စလက်နကို ကြောက်ရွံ့ထိတ်လန့်သွားကြရသည်။
လမ်းစဉ်နှင့် ပေါင်းစပ်ခြင်း အဆင့်ရှိ အစွမ်းထက်သူတစ်ဦးပင်လျှင် အဆင့် ၉ ရှေ့တွင် ဝက်များ၊ ခွေးများထက်ပင် မသာဘဲ အလွန်လွယ်ကူစွာ သတ်ဖြတ်ခြင်း ခံလိုက်ရသည်။ သေစေနိုင်သော ဒဏ်ရာရထားသည့်တိုင်အောင် အချိန်အတန်ကြာ အသက်ရှင်နေအောင် လုပ်နိုင်သည့် ထိုသို့သော နည်းဗျူဟာနှင့် လက်စွမ်းမျိုးမှာ တကယ့်ကို ကျောချမ်းဖွယ်ရာပင်။
"အခု ရန်စစ်တွေဘက်မှာ အင်အား လစ်ဟာနေမှာ အသေအချာပဲ။ ငါနဲ့အတူ လိုက်ခဲ့ကြစမ်း၊ သူတို့ရဲ့ သတ္တုကြောတွေကို သိမ်းပိုက်ရမယ်။ လုနိုင်သလောက် လုကြ "
ဝတုတ်က အမိန့်ပေးလိုက်သည်။
ထို့နောက် အဘိညာဉ်ရှင် ရာပေါင်းများစွာသည် ဝတုတ်၏နောက်မှ လိုက်ပါ၍ ရန်စစ်တို့၏ နယ်မြေအတွင်းသို့ ဝင်ရောက်တိုက်ခိုက်ကြရာ လမ်းခရီးတွင် ခုခံမှုမှာ အလွန်ပင် နည်းပါးလှသည်။
ရန်သူ၏ စစ်အင်အားမှာ အကုန်အစင် ကုန်ခမ်းနေပြီ ဖြစ်သောကြောင့် ရန်စစ်တို့ ထိန်းချုပ်ထားသော သတ္တုကြောများကို အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့ပြီး၊ ရန်စစ်မျိုးနွယ်မှ ကိုယ်ခံပညာရှင် အမြောက်အမြားကို ဖမ်းဆီးကာ ကျွန်များအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြသည်။
ဤသတ္တုကြောများမှာ မူလကတည်းက လော့ရွှယ်မဟာမိတ်အဖွဲ့နှင့် မဆိုင်သောကြောင့် ဝတုတ်သည် ကြမ်းတမ်းစွာ တူးဖော်မှုကြောင့် ဖြစ်ပေါ်လာမည့် ပျက်စီးဆုံးရှုံးမှုများကို ဂရုမစိုက်ဘဲ လူများကို ဦးဆောင်ကာ သတ္တုကြောများကို အငမ်းမရ တူးဖော်ခိုင်းလေသည်။
တစ်နှစ်ပင် မပြည့်မီသော အချိန်တိုအတွင်း သတ္တုကြောများမှာ လုံးဝ ကုန်စင်သွားတော့သည်။
ထိုတစ်နှစ်အတွင်းမှာပင် မဟာမန်စစ်ဒေသ ၏ အခြားသော နေရာများမှလည်း အောင်ပွဲခံသံများကို လူတိုင်း ကြားသိခဲ့ရသည်။
စစ်ရှုံးတော့မည့် အခြေအနေရှိခဲ့သော မဟာမန်စစ်ဒေသမှာ အံ့သြဖွယ်ကောင်းလောက်အောင် အခြေအနေကို ပြောင်းပြန်လှန်နိုင်ခဲ့ပြီး၊ အပြတ်အသတ် အသာစီးရသော ရလဒ်များကို ရရှိခဲ့သည်ဟု ဆိုနိုင်သည်။
ဤအောင်မြင်မှုသည် ရန်စစ်မျိုးနွယ်ဘက်မှ စစ်ကူများ ရောက်မလာမချင်း ကြာမြင့်ခဲ့ပြီး၊ အခြေအနေမှာ တဖြည်းဖြည်း ပြန်လည် တည်ငြိမ်သွားသောအခါ ဝတုတ်သည် ဖန့်ချန်တို့အုပ်စုကို ခေါ်ဆောင်ကာ ပေဖုန်းလင်သို့ ပြန်လည်ဆုတ်ခွာ၍ ဆက်လက် စောင့်ကြပ်နေလိုက်သည်။
အချိန်များမှာ မျက်စိတစ်မှိတ်အတွင်း နှစ်ပေါင်း (၂၀၀) ကုန်ဆုံးသွားခဲ့သည်။
ပေဖုန်းလင်
ဝမ်လန် သည် လူတိုင်း၏ ရှေ့တွင် ရပ်နေပြီး အကြည့်များဖြင့် အားလုံးကို ဝေ့ဝဲကြည့်လိုက်သည်။
ဖန့်ချန်နှင့် ရှီးကျန့်တို့ နှစ်ဦးထံတွင် အကြည့်မှာ ခေတ္တမျှ ရပ်တန့်သွားပြီးနောက် နောက်ဆုံးတွင် ဝတုတ်ထံ၌ အဆုံးသတ်သွားသည်။
"ဝတုတ်... မင်း အဆင့် ၉ ကို အောင်အောင်မြင်မြင် တက်လှမ်းနိုင်ခဲ့ပြီဆိုတော့ အထက်က ရာထူးပြောင်းရွှေ့မိန့် ရောက်လာပြီ။ မင်း ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီး လျှိုဖုန်းတောင်ကြားက တမန်တော်ရုံးကို ပြန်ပြီး တာဝန်ထမ်းဆောင်ရမယ်"
ဝမ်လန်က ခပ်ပြုံးပြုံးဖြင့် ဆိုသည်။
ဝတုတ်၏ မျက်နှာတွင် ဝမ်းသာအားရမှုများ ပေါ်လာပြီး အလျင်အမြန်ပင် လက်အုပ်ချီလိုက်သည်။
"စစ်သေနာပတိ လူကြီးမင်းရဲ့ မြောက်ပင့်ပေးမှုကို ကျေးဇူးတင်ပါတယ်ခင်ဗျာ "
"မြောက်ပင့်ပေးတယ်ဆိုတာထက် ဒါဟာ မင်းကိုယ်တိုင် ကြိုးစားတိုက်ခိုက်ပြီး ရယူခဲ့တဲ့ အောင်မြင်မှုပါ။ တမန်တော်ရုံးကို ပြန်ရောက်ရင် ဘာတွေ လုပ်ဖို့ စိတ်ကူးထားလဲ အဲဒီမှာပဲ ဆက်နေမလား၊ စစ်ဒေသတွေဆီ ဆက်သွားမလား၊ ဒါမှမဟုတ် မျိုးနွယ်စုကြီးတွေဆီမှာ တာဝန်ထမ်းဆောင်မလား "
ဝမ်လန်က စူးစမ်းမေးမြန်းသည်။
ဝတုတ်က ပွင့်ပွင့်လင်းလင်းပင်
"ကျွန်တော် ဝမ်မျိုးနွယ်စုထဲကို ဝင်ပြီး ဝမ်ချုံစန်း သခင်လေးရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်ဖို့ စိတ်ကူးထားပါတယ်"
ဝမ်လန်၏ မျက်နှာတွင် နားလည်သွားသည့် အရိပ်အယောင်များ ပေါ်လာသည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ကျော်က ထိုဝမ်သခင်လေး၏ လက်စလက်နကို သူ မြင်တွေ့ခဲ့ဖူးပြီး၊ ယခုနှစ်ပိုင်းအတွင်း ဝမ်သခင်လေး၏ ကျော်ကြားမှုမှာ ပို၍ ပို၍ ကြီးမားလာခဲ့သည်။
ထိုဝမ်သခင်လေး၏ အစွမ်းသတ္တိမှာ ကန့်သတ်ချက်ကျော်လွန်ခြင်း နယ်ပယ်သို့ပင် ရောက်ရှိနေနိုင်ကြောင်း သူ ကြားဖူးသည်။ ထိုစဉ်က သူ့ကို လုပ်ကြံရန် ကြိုးစားခဲ့သော သစ္စာဖောက်များကို ဖော်ထုတ်ရန်အတွက် သူသည် လမ်းစဉ်နှင့် ပေါင်းစပ်ခြင်းအဆင့်သာ ရှိသေးကြောင်း အမြဲတမ်း ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်သည်။
"ဒါဆိုရင်တော့ ငါ မင်းကို ကြိုတင် ဂုဏ်ပြုလိုက်ပါတယ်။ အခွင့်အရေးရှိရင် ငါ့အတွက်လည်း စကားလေး ဘာလေး ပါးပေးပါဦး၊ ငါလည်း ဝမ်သခင်လေးရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်ချင်လို့ပါ"
ဝမ်လန်က ပြုံး၍ လက်အုပ်ချီလိုက်သည်။
"အေးဆေးပါ... စစ်သေနာပတိရဲ့ အရည်အချင်းနဲ့ဆိုရင် ဝမ်သခင်လေးဘက်က လူလိုတဲ့အခါ ကျွန်တော် အသေအချာ တိုက်တွန်းပြောကြားပေးပါ့မယ်"
ဝတုတ်က ရင်ဘတ်ကို ပုတ်၍ အာမခံလိုက်သည်။
"ကောင်းပြီ... ဒါဆိုရင် ဒီပေဖုန်းလင်မှာ အုပ်ချုပ်သူ မရှိလို့ မဖြစ်ဘူး။ ငါ့လက်အောက်မှာလည်း တာဝန်ချထားပေးဖို့ သင့်တော်တဲ့သူ မရှိဘူးဆိုတော့... မင်းက ဘယ်သူ့ကို တပ်မှူး အဖြစ် အကြံပေးချင်သလဲ "
ဝမ်လန်က အဓိက အကြောင်းအရာသို့ ဝင်လိုက်သည်။
ထိုနေရာရှိ စစ်သည်ဟောင်းများသာမက ဤနှစ်ပိုင်းအတွင်း ရောက်လာသော စစ်သည်သစ်များ၏ အကြည့်များမှာ ဖန့်ချန်နှင့် ရှီးကျန့်တို့ နှစ်ဦးထံသို့ ချက်ချင်း ကျရောက်သွားသည်။
လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ နီးပါးအတွင်း၌ ဖန့်ချန်သည် လမ်းစဉ်နှင့် ပေါင်းစပ်ခြင်း အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး အဆင့် ၉ သို့ တက်လှမ်းရန် ခြေတစ်လှမ်းသာ လိုတော့သည်ဟု ကြားသိရသည်။
(ဒီမှာပါတဲ့ အဆင့် ၉က ဖန့်ချန်တို့ဆီက အဆင့် ၉ မသေမျိုး မဟုတ်လောက်ဘူး မူရင်းအတိုင်းပဲပြန်မယ်နော် )
ရှီးကျန့်မှာလည်း ယခုလေးတင် လမ်းစဉ်နှင့် ပေါင်းစပ်ခြင်း သို့ တက်လှမ်းနိုင်ခဲ့သော်လည်း သူ၏ နောက်ခံအင်အားမှာ အလွန်တောင့်တင်းလှသည်။ အကယ်၍ သူသာ မဟာမန်စစ်ဒေသတွင် အဆင့် ၉ သို့ တက်လှမ်းနိုင်ခဲ့လျှင် ရှီးမျိုးနွယ်စု၏ အရေးပေးခြင်းကို ခံရလိမ့်မည်ဟု ကောလာဟလများ ထွက်ပေါ်နေခဲ့သည်။
"ဒီတပ်မှူးရာထူးကိုတော့ ရှီးကျန့် ကိုပဲ ပေးလိုက်ပါတော့။ သူ့ရဲ့ လက်စလက်နကို လူတိုင်းလည်း အသိပဲလေ"
ဝတုတ်က ရယ်မောလျက် ဆိုလိုက်သည်။
လူတိုင်း၏ မျက်နှာထားမှာ ထူးဆန်းသွားသော်လည်း ဘာမှ မပြောကြချေ။
ရှီးကျန့် ကြောင်အသွားပြီး ဖန့်ချန်ကို တစ်ချက်ကြည့်လိုက်ကာ ဝတုတ်အား လက်အုပ်ချီ၍
"လူကြီးမင်း... စီနီယာအစ်ကိုကျိုးရဲ့ ခွန်အားက ကျွန်တော့်ထက် အများကြီး သာလွန်တာပါ။ ကျွန်တော့်ကို တပ်မှူးခန့်လိုက်တာက ကျွန်တော့်ကို မီးကင်သလို ဖြစ်နေမှာ မဟုတ်ဘူးလား"
"ကျိုးချန်က ငါနဲ့အတူ ပြန်လိုက်ပြီး တာဝန်ထမ်းဆောင်ရလိမ့်မယ်။ သူ့အတွက် အခြားအစီအစဉ် ရှိတယ်"
ဝတုတ်က လက်ကာပြ၍ ဆိုလိုက်လေသည်။
အခန်း (၁၈၁၆) - ကင်းလှည့်စစ်ဆေးရေးဌာန
အခြားအစီအစဉ် ရှိသည် ဟုတ်လား။
လူတိုင်းမှာ ထိုစကားကို ကြားသည်နှင့် ရုတ်တရက် သဘောပေါက်သွားကြတော့သည်။
သို့သော် ရှီးကျန့်မှာမူ ချက်ချင်းပင် ပျာပျာသလဲ ဖြစ်သွားသည်။
"ဝတုတ်လူကြီးမင်း... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲဗျာ။ ကျွန်တော် ဒီနှစ်ပေါင်း နှစ်ရာအတွင်းမှာ လမ်းစဉ်နှင့် ပေါင်းစပ်ခြင်း အဆင့်ကို တက်လှမ်းနိုင်ခဲ့တာက စီနီယာအစ်ကိုကျိုးရဲ့ အမြဲတမ်း လမ်းပြသွန်သင်ပေးမှုကြောင့်လေ။ အခု လူကြီးမင်းက သူ့ကို ခေါ်သွားပြီဆိုရင် ကျွန်တော် ဘယ်လိုလုပ် အဆင့် ၉ ကို တက်လှမ်းနိုင်တော့မှာလဲ "
သူသည် အမှန်တရားကိုပင် ရဲရဲဝံ့ဝံ့ ပြောဆိုနေခြင်းဖြစ်ပြီး မျက်ဝန်းထဲတွင်လည်း စိုးရိမ်စိတ်ကြောင့် မီးတောက်များပင် ထွက်ပေါ်နေဟန် ရှိသည်။
"မင်း ကလေးကလား လုပ်မနေနဲ့"
ဖန့်ချန်က ရှီးကျန့်ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
"မင်း လမ်းစဉ်နှင့် ပေါင်းစပ်ခြင်း အဆင့်ကို တက်လှမ်းနိုင်တာက မင်းရဲ့ ပါရမီက မညံ့လို့ရယ်၊ သေမှာကို မကြောက်ဘဲ တိုက်ပွဲတိုင်းမှာ အစွမ်းကုန် ကြိုးစားခဲ့လို့ရယ်ကြောင့်ပဲ။ ငါနဲ့ ဘာမှမဆိုင်ဘူး။ ငါ့ရဲ့ ရှေ့ရေးကို လာပြီး အနှောင့်အယှက် မပေးနဲ့ဦး၊ မဟုတ်ရင်တော့ အဆော်ခံရမယ် မှတ်"
ဤအခြေအနေတွင် ဖန့်ချန်သည် ဝတုတ်နှင့်အတူ ဝမ်မျိုးနွယ်စုထံ ခိုလှုံပြီး ဝမ်မျိုးနွယ်စုမှ အထက်လူကြီးတစ်ဦးအတွက် အမှုထမ်းတော့မည်ဖြစ်ကြောင်း လူတိုင်း နားလည်သွားကြသည်။
အမှန်အတိုင်း ပြောရလျှင် ဤသည်မှာ လော့ရွှယ်မဟာမိတ်အဖွဲ့၏ အုပ်ချုပ်မှုစနစ်အောက်တွင် တစ်ဆင့်ပြီးတစ်ဆင့် ရာထူးတက်ရန် ကြိုးစားနေရသည်ထက် အဆပေါင်းများစွာ ပို၍ ကောင်းမွန်လှသည်။
ထိုကဲ့သို့သော ထိပ်တန်းမျိုးနွယ်စုကြီးများသည် ပေးသနားသည့် ဆုလာဘ်များမှာ အကန့်အသတ်မရှိပေ။ တစ်နေ့တွင် အထက်လူကြီးက စိတ်ကြည်လင်နေပါက 'ဝိညာဉ်ရတနာ' တစ်ခုကိုပင် တိုက်ရိုက် ပေးသနားနိုင်သည် မဟုတ်ပါလား။
ရှီးကျန့်သည် ဖန့်ချန်ကို အနည်းငယ် ဝမ်းနည်းသည့် အကြည့်ဖြင့် ကြည့်ကာ
"စီနီယာအစ်ကိုကျိုး... ကျွန်တော် အရင်က ကျွန်တော့်ရဲ့ ရှီးမျိုးနွယ်စုဆီ လိုက်ခဲ့ဖို့ ဖိတ်ခေါ်တုန်းက စီနီယာ ငြင်းခဲ့တယ်လေ၊ အခုကျတော့ ဘာလို့..."
"ကဲ တော်တော့... ရှီးမျိုးနွယ်စုက အရမ်းအစွမ်းထက်တာ မှန်ပေမဲ့ ဝမ်မျိုးနွယ်စုနဲ့ ယှဉ်ရင်တော့ အနည်းငယ် လိုသေးတယ်"
ဝတုတ်က လက်ကာပြလိုက်ရင်း
"မင်း လောလောဆယ် ဒီမှာပဲ တပ်မှူးလုပ်နေဦး။ အကယ်၍ မင်းသာ အဆင့် ၉ ကို တက်လှမ်းနိုင်ခဲ့ရင်၊ ပြီးတော့ မင်းရဲ့ မိသားစုကလည်း မကန့်ကွက်ဘူးဆိုရင် အဲဒီအချိန်ကျမှ မင်းကို ကျိုးချန်နဲ့အတူ အမှုထမ်းနိုင်အောင် ငါ စီစဉ်ပေးမယ်"
"ဒါဆိုလည်း ဒီလိုပဲ လုပ်ရတော့မှာပေါ့..."
ရှီးကျန့်သည် စိတ်ထဲတွင် သက်ပြင်းတစ်ချက် ချလိုက်ပြီး ဘာမှ ထပ်မပြောတော့ဘဲ ဝတုတ်၏ အစီအစဉ်ကို လက်ခံလိုက်တော့သည်။
ဝမ်လန်သည် ထိုမြင်ကွင်းကို ကြည့်ကာ ခါးသီးစွာ ပြုံးလျက် ခေါင်းခါလိုက်သည်။
"မင်း ကိုယ်တိုင် ထွက်သွားတာပဲ ထားပါတော့၊ ဒီကောင်လေးကိုပါ ခေါ်သွားတာကတော့... သူက ရှားပါးတဲ့ ထူးချွန်လူရည်ချွန်တစ်ယောက်လေ"
"စစ်သေနာပတိလူကြီးမင်း... ကျွန်တော်က ဟိုဘက်ကို တစ်ယောက်တည်း သွားပြီး တာဝန်ထမ်းဆောင်နေရင် လူကြီးမင်း စိတ်မကောင်းဖြစ်မှာ မဟုတ်ဘူးလား။ ယုံကြည်ရတဲ့ လက်အောက်ငယ်သား တစ်ယောက်မှ မရှိရင် ကျွန်တော် အနှိမ်ခံရမှာပေါ့"
ဝတုတ်က သနားကမားပုံစံဖြင့် ပြောလိုက်သည်။
"ကဲပါ... သွားကြတော့"
ဝမ်လန်က လက်ယမ်းကာ ခွင့်ပြုလိုက်လေသည်။
ဖန့်ချန်သည် ရှီးကျန့်ကို နှုတ်ဆက်ပြီးနောက် ဝတုတ်နှင့်အတူ ပေဖုန်းလင်မှ ထွက်ခွာခဲ့ပြီး လျှိုဖုန်းတောင်ကြား ရှိ တမန်တော်ရုံးသို့ ပြန်လာခဲ့ကြသည်။
"အိုး... ဝတုတ်၊ မင်း အဆင့် ၉ ကို တက်လှမ်းသွားပြီလို့ ငါ ကြားထားတာ ကြာပါပြီ။ ဒီနေ့ မင်းကို ငါကိုယ်တိုင် လာကြိုရတာဆိုတော့ ငါတို့က ရေစက်ရှိတယ်လို့ ပြောရမှာပဲ"
နျူးအမူဆောင်က ပြုံးရွှင်စွာ လျှောက်လာပြီး ဝတုတ်ကို နှုတ်ဆက်လိုက်သည်။
လျှိုဖုန်းတောင်ကြား တမန်တော်ရုံးသည် ဝမ်ချုံစန်း၏ ကိစ္စကို ကြားသိထားပုံရပြီး ဝတုတ်နှင့် သူ၏ ဆက်ဆံရေးမှာ မဆိုးလှကြောင်း သိထားသဖြင့် စကားပြောဆိုရာတွင် အလွန်ပင် ရင်းနှီးနွေးထွေးနေကြသည်။
"အစ်ကိုနျူး... ကျွန်တော် တာဝန်ပြီးဆုံးကြောင်း လာအစီရင်ခံတာပါ။ ကျွန်တော်နဲ့ ကျိုးချန်က လော့ရွှယ်မဟာမိတ်အဖွဲ့က ရာထူးတွေကို စွန့်လွှတ်ပြီး မျိုးနွယ်စုကြီး တစ်ခုဆီမှာ အမှုထမ်းတော့မှာမို့လို့ပါ"
ဝတုတ်က ပြုံးလျက် ပြောလိုက်သည်။
"ကျိုးချန်"
နျူးအမှုဆောင်မှာ ခေတ္တမျှ ကြောင်အသွားပြီး ဖန့်ချန်ကို အမှတ်မထင် အကဲခတ်ကြည့်လိုက်ရာမှ၊ လွန်ခဲ့သော နှစ်ပေါင်းနှစ်ရာကျော်က သူကိုယ်တိုင် မဟာမန်စစ်ဒေသ သို့ ပို့ဆောင်ခဲ့သည့် ကောင်လေးဖြစ်ကြောင်း သတိရသွားသည်။
သူသည် အနည်းငယ် မယုံကြည်နိုင်ဟန်ဖြင့် သေသေချာချာ ထပ်မံကြည့်ရှုလိုက်ပြီးနောက် လေကို ပြင်းပြင်းရှူသွင်းလိုက်မိသည်။
"မင်း... မင်းက လမ်းစဉ်နှင့် ပေါင်းစပ်ခြင်း အထွတ်အထိပ်ကို ရောက်နေပြီလား "
"ဒါကတော့ နျူးအမှုဆောင်က ကျွန်တော့်ကို မဟာမန်စစ်ဒေသကို ပို့ပေးခဲ့လို့ပဲလေ၊ အဲဒီမှာ အဘိညာဉ်စွမ်းအားတွေကို လေ့ကျင့်ဖို့ အခွင့်အရေးတွေ အများကြီး ရခဲ့တာပါ"
ဖန့်ချန်က ပြုံးလျက် လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။
နျူးအမှုဆောင်၏ မျက်နှာတွင် အနည်းငယ် တောင့်တင်းနေသော အပြုံးတစ်ခု ပေါ်လာပြီး ခေါင်းညိတ်လိုက်သည်။
"ဒါကတော့ သဘာဝပါပဲ၊ အန္တရာယ်များတဲ့ နေရာတွေက ကိုယ့်ကိုယ်ကိုယ် ပိုပြီး လေ့ကျင့်ပျိုးထောင်ပေးနိုင်တာပေါ့။ ဝတုတ်ကတော့ အဲဒီထဲမှာ အထင်ရှားဆုံး ဥပမာပဲ။ မင်းလည်း နောင်ကျရင် ဝတုတ်ရဲ့နောက်ကနေ ကောင်းကောင်း အလုပ်လုပ်ပါ၊ မင်းရဲ့ အနာဂတ်က အကန့်အသတ်မရှိ ဖြစ်မှာပါ"
ပြောပြီးသည်နှင့် သူသည် ထိုသူနှစ်ဦးအတွက် တာဝန်မှ နှုတ်ထွက်ခြင်း လုပ်ငန်းစဉ်များကို ကူညီပေးလိုက်ရာ၊ ၎င်းတို့၏ လော့ရွှယ်မဟာမိတ် တံဆိပ်ပြားများမှာ ရာထူးအဆင့်အတန်း မရှိတော့သည့် အချည်းနှီး တံဆိပ်ပြားများ ဖြစ်သွားတော့သည်။
အရာအားလုံး ပြီးဆုံးသွားသောအခါ ဝတုတ်သည် နျူးအမှုဆောင် နှင့် အပြန်အလှန် နှုတ်ဆက်စကား အနည်းငယ် ပြောကြားပြီး ဖန့်ချန်ကို ခေါ်ဆောင်ကာ လျင်မြန်စွာ ထွက်ခွာခဲ့သည်။
သွားရမည့် ခရီးစဉ်နှင့် ပတ်သက်၍ ဖန့်ချန်၏ စိတ်ထဲတွင် ကြိုတင် သိရှိပြီးသား ဖြစ်သည်။
လွန်ခဲ့သော နှစ်အနည်းငယ်က ဝတုတ် အဆင့် ၉ သို့ တက်လှမ်းနိုင်ခဲ့သည့် အချိန်တွင် သူ့ကို လာရောက် တွေ့ဆုံခဲ့ပြီး ကင်းလှည့်စစ်ဆေးရေးဌာန ထဲသို့ ဝင်ရောက်ရန် ဆန္ဒရှိမရှိ မေးမြန်းခဲ့ဖူးသည်။
ဤကင်းလှည့်စစ်ဆေးရေးဌာနမှာ လော့ရွှယ်မဟာမိတ်အဖွဲ့၏ တရားဝင် အင်အားစု မဟုတ်ဘဲ ဝမ်မျိုးနွယ်စုမှ ကိုယ်တိုင် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ၎င်း၏ အဓိက တာဝန်မှာ ဝရမ်းပြေးစာရင်းတွင် ပါဝင်သော ရာဇဝတ်သားများကို ဖမ်းဆီးပြီး ဆုလာဘ်များ ရယူရန်နှင့် မင်ရွှီ နယ်မြေအတွင်းရှိ တရားဥပဒေ စိုးမိုးရေးကို ထိန်းသိမ်းရန် ဖြစ်သည်။
ဖန့်ချန်သည် ထိုအချက်ကို သိရသောအခါ ဝန်မလေးဘဲ ချက်ချင်း ခေါင်းညိတ် သဘောတူခဲ့သည်။ ဤနည်းဖြင့် သူ၏ လက်ရှိ အထောက်အထားကို ဆက်လက် အသုံးပြုသွားနိုင်မည် မဟုတ်ပါလော။
အဘယ်ကြောင့်ဆိုသော် ကင်းလှည့်စစ်ဆေးရေးဌာနတွင် အမှုထမ်းခြင်းက လော့ရွှယ်မဟာမိတ်အဖွဲ့ထက် ပိုမိုများပြားသော ဆုလာဘ်များကို ရရှိနိုင်သည်ဟု ဝတုတ်က ပြောခဲ့သောကြောင့် ဖြစ်သည်။ သူတော်စင်ကျမ်းစာ များ ရရှိရန်မှာပင် လက်တစ်ကမ်း အကွာတွင်သာ ရှိသည်။
ထို့အပြင် ကင်းလှည့်စစ်ဆေးရေးဌာနသည် ဝရမ်းပြေးများကို ပစ်မှတ်ထားရာ၊ ဖန့်လဲ့ ဆိုသည့် တစ်ပိုင်းသူတော်စင်မှာလည်း ကင်းလှည့်စစ်ဆေးရေးဌာန၏ ပစ်မှတ်များထဲမှ တစ်ဦး ဖြစ်နေမည်မှာ အသေအချာပင်။
ဖန့်ချန်သည် သူ၏ လဲ့ဘိုးဘေး နှင့် ဆုံတွေ့ခွင့် ရရှိခဲ့ပါက အသုံးဝင်သော သတင်းအချက်အလက် အချို့ကို သိရှိနိုင်လိမ့်မည်ဟု တွေးမိသည်။
လအနည်းငယ် ကြာပြီးနောက်...
သူတို့နှစ်ဦးသည် နယ်မြေများစွာကို ဖြတ်သန်းလာခဲ့ပြီးနောက် နောက်ဆုံးတွင် လူဦးရေ အလွန်အမင်း ထူထပ်သော မြို့ကြီးတစ်မြို့သို့ ရောက်ရှိလာခဲ့သည်။
ဤနေရာမှာလည်း လော့ရွှယ်မဟာမိတ်အဖွဲ့၏ နယ်မြေဖြစ်သော်လည်း ကင်းလှည့်စစ်ဆေးရေးဌာန၏ ရုံးခွဲ ရှိနေခြင်းမှာ ဤမြို့သည် ဝမ်မျိုးနွယ်စု၏ အုပ်ချုပ်မှုအောက်တွင် ရှိနေကြောင်း သက်သေပြနေသည်။
ဝတုတ်သည် ဖန့်ချန်ကို ခေါ်ဆောင်ကာ ကင်းလှည့်စစ်ဆေးရေးဌာန ရုံးခွဲအတွင်းသို့ ဝင်ရောက်ခဲ့ပြီး၊ လော့ရွှယ်မဟာမိတ် တံဆိပ်ပြားကို ပြသကာ မိမိ၏ အမည်မှာ ချန်ဖေးဖေ ဖြစ်ကြောင်း ပြောလိုက်ရာ ရုံးခွဲ၏ အရာရှိကြီး တစ်ဦးမှာ ချက်ချင်းပင် ကိုယ်တိုင် ထွက်ကြိုလေတော့သည်။
"အစ်ကိုချန်... အစ်ကို ဒီကို ဒုတိယဌာနမှူး အဖြစ် လာရောက် တာဝန်ထမ်းဆောင်မယ်ဆိုတဲ့ အထက်က သတင်းကို ကျွန်တော် ရထားပြီးသားပါ။ ကျွန်တော့်နာမည်က လီထင်ကျို ပါ၊ စောင့်နေတာ ကြာပါပြီ"
လီထင်ကျိုက ရင်းနှီးနွေးထွေးစွာ ပြုံးလျက် နှုတ်ဆက်သည်။
ဖန့်ချန်က သူ့ကို တစ်ချက် ကြည့်လိုက်သည်။
အဆင့် ၃ မသေမျိုး
သူ၏ ကျင့်စဉ်မှာ အဆင့် ၄ သို့ပင် မရောက်သေးရာ၊ ဤကင်းလှည့်စစ်ဆေးရေးဌာန ရုံးခွဲ၏ အဆင့်အတန်းမှာ အလွန်မမြင့်မားလှကြောင်း သိသာစေသည်။
"အစ်ကိုလီက အရမ်းအားနာစရာကောင်းအောင် လုပ်နေပါပြီ။ ကျွန်တော် လမ်းမကျွမ်းလို့ လမ်းမှားတာ တစ်ခါနှစ်ခါ ရှိသွားတာနဲ့ နည်းနည်း နောက်ကျသွားတာပါ။ အစ်ကိုလီကို စောင့်ခိုင်းမိသလို ဖြစ်သွားတာ တောင်းပန်ပါတယ်"
ဝတုတ်က ပြုံးလျက် ဆိုလိုက်သည်။
လီထင်ကျိုက ထိုစကားကို ကြားသောအခါ ဟားဟားတိုက် ရယ်မောလိုက်ရင်း
"ကိစ္စမရှိပါဘူးဗျာ... ဒုတိယဌာနမှူး ရောက်လာပြီဆိုမှတော့ ကျွန်တော် လက်အောက်က လူတွေကို စုစည်းပြီး ထမင်းလက်ဆုံ စားကြတာပေါ့။ ဒါဟာ ဒုတိယဌာနမှူးအတွက် ကြိုဆိုပွဲ ကျင်းပပေးတာလို့ပဲ သဘောထားလိုက်ပါ"
ဝတုတ်ကလည်း မငြင်းပယ်ခဲ့ပေ။
မကြာမီမှာပင် ခမ်းနားထည်ဝါလှသော အဆောက်အအုံကြီး တစ်ခု၏ ခန်းမအတွင်း၌ စားပွဲဝိုင်း (၁၀) ဝိုင်းခန့် ပြင်ဆင်ထားသည်။
လီထင်ကျိုနှင့် ဝတုတ်တို့မှာ အဓိက စားပွဲဝိုင်းတွင် ထိုင်ကြပြီး၊ ထိုစားပွဲဝိုင်းတွင်ပင် အခြားလူ (၈) ဦး ရှိသေးသည်။
လီထင်ကျိုမှလွဲ၍ ကျန် (၈) ဦးထဲတွင် အချို့မှာ အဆင့် ၁ မသေမျိုးများဖြစ်ပြီး၊ တစ်ဦးမှာမူ အဆင့် ၂ မသေမျိုး ဖြစ်သည်။ ထိုသူသည် ဝတုတ်ကို အပေါ်ယံ အပြုံးမျိုးဖြင့် ခဏခဏ အရက်တိုက်နေလေသည်။
ဝတုတ်ကလည်း တိုက်သမျှကို မငြင်းဘဲ သောက်လိုက်ရာ မကြာမီမှာပင် မျက်နှာမှာ အနည်းငယ် နီမြန်းလာပြီး မူးရိပ်သန်းလာတော့သည်။
"ဌာနမှူးလီ... ကျွန်တော်က အသစ်ရောက်လာတာဆိုတော့၊ ဒီ ဒုတိယဌာနမှူးက အဓိကအားဖြင့် ဘယ်လို တာဝန်တွေကို ထမ်းဆောင်ရတာလဲဗျ "
လူတိုင်း၏ စိတ်အာရုံမှာ လှုပ်ခတ်သွားကြပြီး ထို အဆင့် ၂ မသေမျိုးမှာမူ နှုတ်ခမ်းကို အနည်းငယ် တွန့်လိုက်ကာ ဘာမှ မပြောဘဲ နေလိုက်သည်။
လီထင်ကျိုသည် အခြေအနေကို မြင်သော် ချက်ချင်းပင် ပြုံးလျက် ပြောလိုက်သည်။
"ဒုတိယဌာနမှူးချန်... ကျွန်တော့်မှာ အကြံပြုချက်တစ်ခု ရှိပါတယ်။ အစ်ကိုက အခုမှ ရောက်လာတာဆိုတော့ ဒီနေရာနဲ့ သိပ်မရင်းနှီးသေးဘူးလေ။ ဒါကြောင့် အမှုတွဲဟောင်းတွေကို ပြန်လည် စိစစ်တဲ့ အလုပ်ကနေ အရင် စတင်ရင် ဘယ်လိုလဲ "
"အဲဒီထဲမှာ မဖြေရှင်းနိုင်သေးတဲ့ အမှုတွဲတွေ အများကြီး ရှိနေတော့ ဒုတိယဌာနမှူးက အဲဒါတွေကို အသေအချာ ဂရုစိုက်ပေးစေချင်ပါတယ်။ အကယ်၍ အမှုအချို့ကို ဖော်ထုတ်နိုင်ခဲ့ရင် ကျွန်တော်တို့ လိရွှေမြို့ ကင်းလှည့်စစ်ဆေးရေးဌာနအတွက် မျက်နှာပန်းလှတာပေါ့"
ထိုအချိန်တွင် ဖန့်ချန်သည် အခြားစားပွဲဝိုင်းတစ်ခု၌ ထိုင်နေသည်။ သူနှင့်အတူ ထိုင်နေသူများမှာ အဘိညာဉ်နိုးထခြင်း မှ လမ်းစဉ်နှင့် ပေါင်းစပ်ခြင်း အဆင့်အကြားရှိ အဘိညာဉ်ရှင်များ ဖြစ်ကြပြီး ကင်းလှည့်စစ်ဆေးရေးဌာနအတွင်း၌ ၎င်းတို့၏ အဆင့်အတန်းမှာ သိသိသာသာ ကွာခြားလှသည်။
ဖန့်ချန်နှင့် အတူထိုင်နေသူများမှာ လမ်းစဉ်နှင့် ပေါင်းစပ်ခြင်း အဆင့်ရှိ အဘိညာဉ်ရှင်များ ဖြစ်ကြပြီး၊ လီထင်ကျို၏ စကားကို ကြားသောအခါ သူတို့၏ မျက်ဝန်းထဲတွင် လှောင်ပြောင်သလို အမူအရာ အချို့ ပေါ်လာသည်။
အနည်းငယ် မူးနေသော ဝတုတ်သည် ထိုစကားကို ကြားသည်နှင့် ချက်ချင်းပင် ရယ်မောလျက် ဆဲရေးလိုက်တော့သည်။
"လီထင်ကျို... မင်းက ငါ့ကို အမှုတွဲဟောင်းတွေ ကြည့်ခိုင်းမလို့လား ဒါက နှမြောစရာကြီး။ ငါက မဟာမန်စစ်ဒေသမှာ နှစ်ပေါင်း ရာချီ စောင့်ကြပ်ခဲ့တာ၊ ငါသတ်ခဲ့တဲ့ ရန်စစ် သူပုန်တွေက တစ်သောင်း မကရင်တောင် ရှစ်ထောင်လောက်တော့ ရှိတယ်။ ဒီလို အရည်အချင်းရှိတဲ့သူကို အလဟဿ မဖြစ်စေနဲ့"
"ငါကတော့ လောလောဆယ် ဖမ်းဆီးအရေးယူတဲ့ အလုပ်ကိုပဲ တာဝန်ယူမယ်၊ ဝရမ်းပြေးတွေကို လိုက်ဖမ်းမယ်။ အဲဒါပဲ အတည်ပဲ... ကဲ... သောက်ကြစို့ "
ဝတုတ်သည် အရက်ခွက်ကို မြှောက်ကာ လီထင်ကျို၏ ရှေ့သို့ အတင်းတိုးသွားပြီး အတင်းအကျပ် တိုက်လိုက်ကာ တစ်ကျိုက်တည်း သောက်ချလိုက်လေသည်။
လူတိုင်းမှာ မှင်တက်သွားကြတော့သည်။
ဝတုတ်ထံမှ ဤကဲ့သို့သော တုံ့ပြန်မှုမျိုးကို မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။
သူ တကယ်ပဲ မူးသွားတာလား ဒါမှမဟုတ်... တစ်စုံတစ်ခုကြောင့်လား။