← Chapters

အခန်း (၁၈၁၇-၁၈၁၈)

Vol. 182 Ch. 1817-1818

အခန်း (၁၈၁၇-၁၈၁၈)

Vol. 182 Ch. 1817-1818

အခန်း (၁၈၁၇) - ရန်သူကို မွေးမြူ၍ အာဏာတည်ဆောက်ခြင်း

အရက်ဆိုင်မှ ထွက်လာသည်နှင့် ဝတုတ်၏ မျက်နှာပေါ်ရှိ မူးရိပ်များမှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။

"နောင်ကျရင် အဲဒီ ရှောင်ဆန့် ကို သတိထားဦး။ သူက အဆင့် ၂ မသေမျိုးလေ၊ အခု ငါက သူ့ရဲ့ ဒုတိယဌာနမှူး ရာထူးကို လာလုသလို ဖြစ်သွားတော့ သူ ကျိန်းသေပေါက် မကျေနပ်ဖြစ်နေမှာပဲ"

"ဌာနမှူးကရော "

ဖန့်ချန်က ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။

"လီထင်ကျိုလား သူကတော့ ဘာမှမဖြစ်ပါဘူး။ သူက ငါ့နောက်ခံကိုလည်း သိတယ်၊ ကိုယ်တိုင်ကလည်း ဌာနမှူးဖြစ်နေပြီလေ။ သူ ထပ်ပြီး ရာထူးတက်ချင်ရင် ဒီလိရွှေမြို့ ကင်းလှည့်စစ်ဆေးရေးဌာနကနေ ထွက်သွားရတော့မှာ။ ဒါကြောင့် ငါက အလွန်အကျွံ မလုပ်သရွေ့ သူကတော့ ဘာမှ တုံ့ပြန်မှာ မဟုတ်ဘူး"

ဝတုတ်က ပြုံးလျက် ဆိုသည်။

"လူကြီးမင်း... ဒါဆို ကျွန်တော်တို့ လိရွှေမြို့ ကင်းလှည့်စစ်ဆေးရေးဌာနမှာ လုပ်ရမယ့် အဓိကအလုပ်က ဝရမ်းပြေးစာရင်းထဲက ရာဇဝတ်သားတွေကို လိုက်ရှာဖို့ပေါ့ ဟုတ်လား "

"ဒါပေါ့... မင်းလည်း ဒါကို စိတ်ဝင်စားမယ် ထင်ပါတယ်။ သခင်လေး ငါ့ကို ပြောပြဖူးတာတော့ သူ မင်းနဲ့ ရှီးကျန့်ကို ပထမဆုံး စတွေ့တုန်းက မင်းတို့နှစ်ယောက် ဝရမ်းပြေးစာရင်းကို ကြည့်နေကြတာဆို"

ဝတုတ်က ရယ်မောရင်း ဆက်ပြောသည်

"ဒါကြောင့်လည်း မဟုတ်ရင်၊ ပြီးတော့ မင်းရဲ့ အဘိညာဉ်က မိုးကြိုးစွမ်းအား ဖြစ်နေလို့လည်း မဟုတ်ရင် ငါ မင်းကို ဒီကို ခေါ်လာမှာ မဟုတ်ဘူး။ မင်းရဲ့ ပါရမီက မဆိုးဘူး၊ စစ်ဒေသထဲမှာ သေသွားရင် နှမြောစရာကြီး။

အဲဒီအစား ဒီလို နောက်တန်းမှာ အေးအေးဆေးဆေး ခိုအောင်းရင်း တစ်ဖက်က ဆုလာဘ်တွေရှာ၊ တစ်ဖက်က ကျင့်စဉ်ကို မြှင့်တင်တာက ပိုကောင်းပါတယ်။

အကယ်၍ မင်းသာ ကင်းလှည့်စစ်ဆေးရေးဌာနမှာ အောင်မြင်မှုတွေ ရခဲ့ရင်၊ နောင်တစ်ချိန် အဆင့် ၉ ကို ရောက်တဲ့အခါ မင်းရဲ့ အနာဂတ်က လော့ရွှယ်မဟာမိတ်အဖွဲ့ထဲမှာထက် အများကြီး ပိုတောက်ပလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် မင်းက လော့ရွှယ်မဟာမိတ်ထဲမှာ ကျောထောက်နောက်ခံ မရှိဘူးလေ။ ဒီမှာကတော့ သခင်လေးက ငါ့ရဲ့ ကျောထောက်နောက်ခံ၊ ငါက မင်းရဲ့ ကျောထောက်နောက်ခံပေါ့"

(ဒီဘက်ရဲ့ အဆင့်၉က ဖန့်ချန်တို့ဘက်က တက်လှမ်းခြင်းအဆင့် နဲ့တူပါတယ် ပြီးမှ မသေမျိုးအဆင့်စတင်တာပါ )

"လက်အောက်ငယ်သား နားလည်ပါပြီ"

ဖန့်ချန်က လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။

ကင်းလှည့်စစ်ဆေးရေးဌာန၏ တည်းခိုဆောင်သို့ ပြန်ရောက်ပြီး နားနေစဉ် ဖန့်ချန်သည် သူ၏ စိတ်ဝိညာဉ်ကို ခန္ဓာကိုယ်မှ ခွဲထုတ်ကာ ကင်းလှည့်စစ်ဆေးရေးဌာန တစ်ခုလုံးကို တစ်ပတ် လှည့်လည်ကြည့်ရှုလိုက်သည်။

"ဒီနေ့ကစပြီး ငါ့လက်ထဲက အာဏာအတော်များများကို အဲဒီ ချန်ဖေးဖေ ဆီ လွှဲပေးရတော့မယ်။ သူက မင်းတို့ရဲ့ တိုက်ရိုက်အထက်လူကြီး ဖြစ်သွားပြီဆိုတော့ သူ့လက်အောက်မှာ အလုပ်လုပ်ရင် သတိထားကြဦး"

ရှောင်ဆန့်သည် ပတ်ဝန်းကျင်တွင် အကာအကွယ်အတားအဆီးများ ပြုလုပ်ထားပြီး သူ၏ ယုံကြည်ရသော လက်အောက်ငယ်သား (၁၀) ဦးကျော်ကို ကြည့်ကာ ပြောနေသည်။ ထိုသူတိုင်းမှာ 'လမ်းစဉ်နှင့် ပေါင်းစပ်ခြင်း' အဆင့်ရှိ အဘိညာဉ်ရှင်များ ဖြစ်ကြသည်။

"အရာရှိရှောင်... ဒီ ဒုတိယဌာနမှူး ရာထူးက အရာရှိ ထိုင်ရမယ့်နေရာလေဗျာ။ အထက်က ဘာလို့ ကျင့်စဉ်အဆင့်မှာ အရာရှိကိုတောင် မမီတဲ့ကောင်ကို လွှတ်လိုက်ရတာလဲ မသိဘူး..."

တစ်ဦးက မကျေမနပ် ပြောလိုက်သည်။

"မင်းတို့လည်း ကြားသားပဲ။ ဒီလူက စစ်ဒေသကနေ လာတာ၊ စစ်မှုထမ်းကောင်းမှုတွေလည်း အများကြီး ရှိခဲ့တယ်။ ဒါကြောင့် အထက်က လူကြီးတစ်ယောက်ယောက်က သူ့ကို မျက်စိကျပြီး စစ်မျက်နှာကနေ ဆွဲထုတ်ပြီး နောက်တန်းမှာ ရာထူးပေးလိုက်တာပဲ ဖြစ်ရမယ်"

ရှောင်ဆန့်က အေးစက်စက် ဆိုသည်

"နောင်ကျရင် မင်းတို့ ကိစ္စတစ်ခုခု လုပ်ချင်ရင် လျှို့လျှို့ဝှက်ဝှက် လုပ်ကြ။ သူ့ကို တိုက်ရိုက် ပစ်မှတ်မထားနဲ့၊ ဒါပေမဲ့ ပညာပေး ဖို့တော့ လိုတယ်။ ခက်ခဲတဲ့ ဝရမ်းပြေး အချို့ကို ရွေးပြီး သူ့လက်အောက်က ကျိုးဆိုတဲ့ ကောင်လေးကို သွားဖမ်းခိုင်းလိုက်။

သူတို့ တစ်ခါလောက် ပညာရသွားရင် ဒီလုပ်ငန်းက စစ်တိုက်သလောက် မလွယ်ကူဘူးဆိုတာ သိသွားလိမ့်မယ်။ စစ်မျက်နှာနဲ့ ယှဉ်ရင် ငါတို့ ရင်ဆိုင်နေရတဲ့ အန္တရာယ်ကရော ဘာလျော့လို့လဲ "

ဖန့်ချန် ဤသည်ကို မြင်သောအခါ ခပ်ဖွဖွ ခေါင်းညိတ်လိုက်မိသည်။ ဤသို့သော ကိစ္စမျိုးမှာ သူ အတွေ့အကြုံ များလှပြီ ဖြစ်သဖြင့် အထူးအဆန်း မဟုတ်တော့ပေ။

လိရွှေမြို့ ကင်းလှည့်စစ်ဆေးရေးဌာနသည် အရေးမကြီးသော ဝရမ်းပြေးအချို့ကို ဖမ်းမပစ်ဘဲ 'မွေးမြူ' ထားပြီး၊ အောင်မြင်မှု လိုအပ်သည့် အချိန်မှသာ ထုတ်ဖမ်းလေ့ရှိပုံရသည်။

ရန်သူကို မွေးမြူပြီး မိမိ၏ အာဏာနှင့် အရေးပါမှုကို တည်ဆောက်ခြင်း သာ ဖြစ်သည်။

'ဒီနေရာမှာ တွေ့ရမယ့် ဝရမ်းပြေးတွေက အဆင့် သိပ်မမြင့်လှဘူး။ အောင်မြင်မှုတွေ မြန်မြန်ရအောင် လုပ်ရမယ်။ ဝတုတ် ရာထူးတက်ရင် ငါလည်း အလိုလို ရာထူးတက်မှာပဲ၊ လူလုံးပြစရာလည်း မလိုဘူး။ အကယ်၍ လဲ့ဘိုးဘေးတို့ရဲ့ အမှုတွဲကိုသာ တာဝန်ယူခွင့်ရမယ်ဆိုရင်တော့ အောင်မြင်ပြီလို့ ပြောလို့ရတယ်'

ဤသို့ တွေးတောပြီးနောက် ဖန့်ချန်သည် ထိုသူတို့၏ ကျန်ရှိသော အစီအစဉ်များကို ဆက်နားမထောင်တော့ဘဲ စိတ်ဝိညာဉ်ဖြင့် လိရွှေမြို့ တစ်မြို့လုံး၏ အခြေအနေအရပ်ရပ်ကို သေသေချာချာ လေ့လာစုံစမ်းလိုက်သည်။

ရက်အနည်းငယ် ကြာပြီးနောက်...

ဖန့်ချန်သည် ရုံးစာအုပ်များကို စစ်ဆေးနေစဉ် လက်အောက်ငယ်သား တစ်ဦးသည် အလျင်အမြန် ပြေးဝင်လာပြီး တိုးတိုးလေး ပြောလိုက်သည်။

"ခေါင်းဆောင်... ကျွန်တော်တို့ ဝရမ်းပြေးစာရင်းထဲက ရာဇဝတ်သား တစ်ယောက်ကို တွေ့လိုက်ရပြီ ထင်တယ်"

"အိုး... ဒါဆို အစည်းအဝေး ခေါ်လိုက်လေ"

ဖန့်ချန်က အသာအယာ ခေါင်းညိတ်လိုက်သည်။

မကြာမီမှာပင် လမ်းစဉ်နှင့် ပေါင်းစပ်ခြင်း အဆင့်ရှိသူ (၁၀) ဦးကျော် စုံညီစွာ ထိုင်နေကြသည်။ ဖန့်ချန်သည် ဝတုတ်၏ ဆက်ဆံရေးကြောင့် ထိုသူတို့၏ ခေါင်းဆောင် ဖြစ်လာခဲ့ပြီး အလယ်ဗဟိုနေရာတွင် ထိုင်နေသည်။

"ဓားသိုင်းသမား ဖေပုလျောင် ၊ အသက် ၇၀၀၊ လမ်းစဉ်နှင့် ပေါင်းစပ်ခြင်း အဆင့်၊ နောက်ခံ မသိရ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀ က စစ်ဒေသတစ်ခုမှာ စစ်ပြေးဒုက္ခသည်အဖြစ် ထွက်ပြေးခဲ့ပြီး ရဲဘော်အချင်းချင်း (၁၀) ဦးကျော်ကို သတ်ဖြတ်ခဲ့တယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကလည်း အမှုကြီးတစ်ခု ကျူးလွန်ခဲ့ပြီး ကင်းလှည့်စစ်ဆေးရေးဌာနက အဘိညာဉ်ရှင် ၃ ဦးကို သတ်ခဲ့တယ်။ အခု လိရွှေမြို့မှာ ဖေချန် ဆိုတဲ့ နာမည်လွှဲနဲ့ လက်ဖက်ရည်ဆိုင် တစ်ဆိုင် ဖွင့်ထားတယ်"

ဖန့်ချန်သည် ဖေပုလျောင်၏ အချက်အလက်များကို တစ်ချက်ကြည့်လိုက်ပြီးနောက် ခပ်ပြုံးပြုံးဖြင့် ဆိုသည်။

"အခု ဒီလူရဲ့ သတင်းကို ရပြီဆိုတော့၊ မင်းတို့ထဲက ဘယ်သူ သွားဖမ်းမှာလဲ "

လူတိုင်းမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသော်လည်း မည်သူမျှ အဖြေမပေးကြပေ။ ထိုအထဲမှ တစ်ဦးက ခါးသီးစွာ ပြုံးလျက်

"အစ်ကိုကျိုး... ကျွန်တော်တို့ အခု လက်ရှိမှာ ကိုယ်စီ အလုပ်တွေ ရှုပ်နေကြလို့ ဒီဖေပုလျောင်ကို ကိုင်တွယ်ဖို့ အချိန်မရှိဘူး ဖြစ်နေတယ်။ အစ်ကိုကျိုးပဲ လူခေါ်ပြီး သွားလိုက်ရင် ဘယ်လိုလဲ "

"ကျွန်တော့်အမြင်ကတော့ ဒါကို အထက်ကို တင်ပြပြီး အဆင့် ၉ အစွမ်းထက်သူတစ်ယောက်ကို လွှတ်ခိုင်းတာ ပိုကောင်းမယ် ထင်တယ်။ ဖေပုလျောင်က လမ်းစဉ်နှင့် ပေါင်းစပ်ခြင်း အထွတ်အထိပ်မှာ ရှိတဲ့ ကျွမ်းကျင်သူလေ၊ ကျွန်တော်တို့ သွားရင် မသေချာဘူး"

"အထက်ကို တင်ပြမယ် ဟုတ်လား ဒါဆို အထက်ကလူတွေက ငါတို့ကို အသုံးမကျဘူးလို့ ဆဲမှာပေါ့။ ငါတို့ကတော့ ကိစ္စမရှိဘူး၊ ဒီမှာ လုပ်လာတာ ကြာပြီဆိုတော့ ရာထူးတက်ဖို့ မျှော်လင့်ချက်လည်း သိပ်မရှိတော့ဘူး။ ဒါပေမဲ့ အစ်ကိုကျိုးက မတူဘူးလေ။ သူက ရှေ့ရေး အရမ်းကောင်းတာ၊ ဒီမှာ အောင်မြင်မှုတစ်ခုခု ပြနိုင်မှ ဖြစ်မှာပေါ့။ ငါတို့လို အချိန်ဖြုန်းနေလို့ ဘယ်ဖြစ်မလဲ"

တစ်ဦးက လှောင်ပြောင်သလို ဆိုလိုက်သည်။

ဖန့်ချန် ဤသည်ကို မြင်သောအခါ အေးဆေးစွာပင် ခေါင်းညိတ်လိုက်သည်။

"အားလုံး မအားကြဘူးဆိုရင်လည်း ငါပဲ သွားလိုက်ပါ့မယ်"

လူတိုင်းမှာ ထိုစကားကို ကြားသည်နှင့် ချက်ချင်းပင် ကန့်ကွက်သူ မရှိကြောင်း ပြသလိုက်ကြသည်။

မကြာမီမှာပင် ဖန့်ချန်သည် နတ်ဘုရားဆက်သွယ် အဆင့် ရှိသော လက်အောက်ငယ်သား (၁၀) ဦးခန့်ကို ခေါ်ဆောင်ကာ ကင်းလှည့်စစ်ဆေးရေးဌာနမှ ထွက်ခွာလာပြီး ဖေပုလျောင် ပုန်းအောင်းနေသည့် နေရာသို့ ပေါ်ပေါ်ထင်ထင်ပင် လျှောက်သွားတော့သည်။

သူတို့နောက်ကွယ်ရှိ အဆောက်အအုံပေါ်တွင် လူတစ်စုမှာ ဤမြင်ကွင်းကို တိတ်တဆိတ် ကြည့်နေကြသည်။ တစ်ဦးက ရုတ်တရက် ရယ်မောလိုက်ရင်း

"သူက စစ်မျက်နှာမှာ ရှိနေတုန်းပဲလို့ ထင်နေတာလား မသိဘူး။ လူဖမ်းတာကို ဒီလောက်ကြီး ပေါ်ပေါ်ထင်ထင် သွားရတယ်လို့၊ တကယ်ကို ဒီအလုပ်နဲ့ မတန်တဲ့ ကောင်ပဲ"

"အရာရှိရှောင်... ကျွန်တော် ကြားတာတော့ အဲဒီ ဖေပုလျောင်က အဆင့် ၉ ကို တက်လှမ်းသွားပြီဆိုပဲ... အကယ်၍ ကျိုးချန်ကို လွှတ်လိုက်လို့ လူအသေအပျောက် ရှိသွားရင် မကောင်းဘူး မဟုတ်လား..."

တစ်ဦးက ဝေခွဲမရစွာ ပြောလိုက်သည်။

ရှောင်ဆန့်က ပြုံးလိုက်သည်

"လူတော့ အသေခံမှာ မဟုတ်ပါဘူး။ သူ မခံနိုင်တော့တဲ့ အချိန်ကျမှ ငါ ထွက်ကူလိုက်မှာပေါ့"

လူတိုင်းမှာ ထိုစကားကို ကြားမှ သဘောပေါက်သွားကြပြီး မျက်ဝန်းထဲတွင် လှောင်ပြုံးများဖြင့် ရယ်စရာ မြင်ကွင်းကို စောင့်ကြည့်ရန် ပြင်ဆင်လိုက်ကြသည်။

မကြာမီမှာပင် ဖန့်ချန်သည် လက်အောက်ငယ်သားများနှင့်အတူ လက်ဖက်ရည်ဆိုင်သို့ ရောက်ရှိသွားသည်။

လက်ဖက်ရည်ဆိုင်အတွင်းရှိ လူရိပ်တစ်ခုမှာ အပြင်ဘက်တွင် ကင်းလှည့်စစ်ဆေးရေးဌာနမှ လူများ ရောက်လာသည်ကို မြင်သောအခါ မျက်ဝန်းထဲတွင် အရောင်တစ်ချက် ဝင်းလက်သွားပြီးနောက် ချက်ချင်းပင် အသက်မပါသလို ပုံစံမျိုး ပြန်ပြောင်းလိုက်သည်။

"ဖေဆိုင်ရှင် ရှိပါသလား"

ဖန့်ချန်က ဆိုင်အတွင်းသို့ ဝင်လှမ်းရင်း အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။

ဆိုင်အတွင်းရှိ စားသုံးသူများမှာ ဘာဖြစ်သည်ကို မသိသဖြင့် စပ်စုသည့် အကြည့်များဖြင့် ကြည့်နေကြသည်။

တစ်ချိန်တည်းမှာပင် ရှောင်ဆန့်နှင့် လူအုပ်မှာလည်း နောက်မှ တိတ်တဆိတ် လိုက်ပါလာပြီး လမ်းတစ်ဖက်ရှိ မုန့်ဆိုင်လေးတွင် ထိုင်ကာ အေးအေးဆေးဆေး စားသောက်ရင်း၊ မျက်နှာပေါ်တွင် အပြုံးများဖြင့် ဤဘက်ကို အကဲခတ်နေကြသည်။

"လူကြီးမင်း... ဒီ အဖိုးကြီး ဒီမှာရှိပါတယ်။ လူကြီးမင်းတို့ ကျွန်တော့်ကို ဘာကိစ္စများ ရှိလို့ပါလဲခင်ဗျာ"

ဆိုင်ရှင် ဖေသည် သတင်းရသည်နှင့် ချက်ချင်း ပြေးထွက်လာပြီး ရိုရိုသေသေ လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။

"မင်းက ဓားသိုင်းသမား ဖေပုလျောင် လို့ တစ်ယောက်ယောက်က ပြောထားလို့လေ၊ ငါနဲ့ ခဏ လိုက်ခဲ့ပါဦး"

ဖန့်ချန်က ပြုံးလျက် ဆိုလိုက်သည်။

"ဓားသိုင်းသမား ဖေပုလျောင် ဟုတ်လား အဲဒါ ဝရမ်းပြေး မဟုတ်ဘူးလား"

စားသုံးသူများမှာ အံ့သြသွားကြပြီး ဖေပုလျောင်ကို စူးစမ်းကြည့်နေကြသည်။

သူတို့မှာ အလွန်အမင်း ကြောက်ရွံ့ခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ဤသူသည် တကယ်ပင် ဖေပုလျောင် ဖြစ်နေဦးတော့၊ သူ၏ အစွမ်းမှာလည်း အလွန်အမင်း ကြီးမားလှသည် မဟုတ်သဖြင့် ကင်းလှည့်စစ်ဆေးရေးဌာနက အလွယ်တကူ နှိမ်နင်းနိုင်မည်ဟု တွေးထားသောကြောင့် ဖြစ်သည်။

"ဟဲဟဲ... အဖိုးကြီး ဒီမှာ အချိန်အတော်ကြာ ပုန်းအောင်းနေခဲ့တာတောင် မင်းတို့လို ခွေးနှာခေါင်းတွေက အနံ့ခံနိုင်သေးတာပဲ"

ဖေပုလျောင်က ရုတ်တရက် အသံနိမ့်နိမ့်ဖြင့် ရယ်မောလိုက်သည်။

"ဒါပေမဲ့ မင်းတို့ သိထားဖို့က ငါ အရင်ကတည်းက အဆင့်တက်..."

သူ၏ စကားပင် မဆုံးသေးမီမှာပင် ဖန့်ချန်၏ ပါးရိုက်ချက်တစ်ခုမှာ သူ၏ မျက်နှာပေါ်သို့ ကျရောက်သွားပြီး၊ ထိုနေရာမှာတင် လဲကျကာ အိပ်ပျော်သွားတော့သည်။

"ခေါ်သွားကြ"

ဖန့်ချန်က လက်အောက်ငယ်သားများကို အမိန့်ပေးလိုက်ပြီးနောက် လက်ဖက်ရည်ဆိုင်မှ ထွက်ခွာကာ ကင်းလှည့်စစ်ဆေးရေးဌာနသို့ ပြန်လှည့်လာခဲ့သည်။

ရှောင်ဆန့်နှင့် လူအုပ်မှာ မှင်တက်သွားကြပြီးနောက်၊ ဖေပုလျောင်ကို လူတစ်စုက မပွေ့ချီကာ ခေါ်ထုတ်လာသည်ကို မြင်လိုက်ရသည်။ သူသည် လုံးဝ မလှုပ်ရှားတော့ဘဲ မေ့မြောနေပုံရသည်။

"အရာရှိရှောင်... ဒါက ဘယ်လိုဖြစ်တာလဲ"

တစ်ဦးက ရှောင်ဆန့်ကို ကြောင်စီစီဖြင့် ကြည့်လိုက်သည်။ သူတို့ရထားတဲ့ သတင်းက မှားနေတာလား ဖေပုလျောင်က အဆင့် ၉ ကို မရောက်သေးတာလား ဒါမှမဟုတ် ဒီလူက ဖေပုလျောင် မဟုတ်တာလား။

အခန်း (၁၈၁၈) - အသုံးဝင်သော သတင်းအချက်အလက်

ဖေပုလျောင် အဖမ်းခံလိုက်ရပြီ။ ၎င်းကို ဖန့်ချန်က ဖမ်းဆီးခဲ့ခြင်း ဖြစ်သော်လည်း ဖန့်ချန်မှာ ဝတုတ် ခေါ်ဆောင်လာသူ ဖြစ်သည့်အတွက်ကြောင့် ဤအောင်မြင်မှုမှာ ဝတုတ် ဒုတိယဌာနမှူးအဖြစ် ရာထူးတက်လာပြီးနောက် ပထမဆုံး ရရှိသည့် ရလဒ်ကောင်းတစ်ခုနှင့် အမျှပင် ဖြစ်သည်။

မူလက ဖန့်ချန်ကို ရယ်စရာတစ်ခုလို စောင့်ကြည့်ပြီးမှ ဝတုတ်၏ မျက်နှာကို ရိုက်ရန် ကြံစည်ထားသည့် ရှောင်ဆန့်မှာမူ ယခုအခါ အောင်ပွဲခံစားသောက်ပွဲ၌ ဝတုတ်ကို အားတင်းကာ ဟန်ဆောင်ပန်ဆောင် အပြုံးများဖြင့်သာ ဂုဏ်ပြုပေးနိုင်တော့သည်။

နောက်ထပ် ဆယ်စုနှစ် တစ်ခုကျော်အတွင်း၌ လိရွှေမြို့ ကင်းလှည့်စစ်ဆေးရေးဌာနက မွေးမြူထားသော ဝရမ်းပြေး အားလုံးနီးပါးမှာ တစ်ယောက်မကျန် ဖမ်းဆီးခြင်း ခံလိုက်ရတော့သည်။

ရှောင်ဆန့်နှင့် လူအုပ်မှာ မူလက အချိန်အတိုင်းအတာ တစ်ခုစီခြားပြီးမှ ဝရမ်းပြေး တစ်ယောက်ချင်းစီကို ဖမ်းကာ အောင်မြင်မှုများကို တည်ငြိမ်စွာ တိုးတက်အောင် လုပ်ရန် ကြံစည်ထားသော်လည်း၊ ဖန့်ချန်၏ ထက်သန်မှုကြောင့် သူတို့လည်း စိုးရိမ်တကြီး ဖြစ်လာကာ အောင်မြင်မှုများကို လုယူရန် ကိုယ်တိုင် လက်ဖျားခြေဖျား လှုပ်ရှားလာကြရသည်။

အချိန်တိုအတွင်းမှာပင် လိရွှေမြို့ ကင်းလှည့်စစ်ဆေးရေးဌာန၏ ဝရမ်းပြေးစာရင်းတွင် မှတ်တမ်းတင်ထားသူများမှာ ရှစ်ပုံကိုးပုံခန့် လျော့နည်းသွားတော့သည်။ အချို့မှာမူ လုံးဝ ခြေရာမခံနိုင်တော့ဘဲ ဖမ်းဆီးရန် မဖြစ်နိုင်သူများသာ ကျန်တော့သည်။

စစ်ဆေးမေးမြန်းရေးခန်း

ဝတုတ်သည် ဖေပုလျောင်၏ ရှေ့တွင် ပြုံးလျက် ရပ်နေပြီး ဖန့်ချန်ကို လှမ်းပြောလိုက်သည်။

"ဒီအဖိုးကြီးကတော့... ဆယ်စုနှစ် တစ်ခုကျော်ကြာ စစ်ဆေးမေးမြန်းပြီးမှ နောက်ဆုံးတော့ အသုံးဝင်တဲ့ အချက်အလက် အချို့ကို ထုတ်ပြောလာပြီဟေ့"

ဖန့်ချန်က အနည်းငယ် စပ်စုလိုဟန်ဖြင့်

"သူ့ဆီက ဘာအသုံးဝင်တဲ့ သတင်းတွေ ရနိုင်လို့လဲဗျ"

ဝတုတ်က လျှို့ဝှက်ဆန်းကြယ်သည့် ပုံစံဖြင့်

"သူ့ကို ဝရမ်းပြေးစာရင်းမှာ နာမည်မကြီးတဲ့ သာမန် ရာဇဝတ်သား တစ်ယောက်လို့ မထင်နဲ့ဦး။ ငါ့ကို လိရွှေမြို့ကို လွှတ်လိုက်တာ ဘယ်သူ့အတွက်ကြောင့်လဲ မင်းသိလား "

"သူ့အတွက်ကြောင့်များလား"

ဖန့်ချန်က ဖေပုလျောင်ကို တစ်ချက် ကြည့်လိုက်ပြီး မျက်ဝန်းထဲတွင် စူးစမ်းလိုစိတ်များ ပေါ်နေသည်။

သို့သော် အမှန်စင်စစ်တွင် ဖေပုလျောင်မှာ မည်သူမည်ဝါ ဖြစ်ကြောင်းနှင့် ဝတုတ်က သူ့ထံမှ မည်သည့်အရာကို မေးမြန်းသိရှိထားသည်ကို ဖန့်ချန် ကြိုတင်သိရှိပြီးသား ဖြစ်သည်။ သူ သိလိုက်ရသည်မှာ ဤသာမန် ဝရမ်းပြေးဟု ထင်ရသူသည် ဖန့်မျိုးနွယ်စု ဝရမ်းပြေးများနှင့် ပတ်သက်မှု ရှိနေသည်ဟူသော အချက်ပင်။

အတိအကျ ပြောရလျှင် သူသည် ဖန့်မျိုးနွယ်စု၏ လက်ပါးစေ တစ်ဦးဖြစ်ပြီး နေရာအနှံ့မှ သတင်းအချက်အလက်များကို ဖန့်မျိုးနွယ်စုအတွက် ထောက်လှမ်းပေးနေသူ ဖြစ်သည်။

ကင်းလှည့်စစ်ဆေးရေးဌာနနှင့် နှိုင်းယှဉ်လျှင် ထို ဖန့်သူတော်စင်တစ်ပိုင်း သည်လည်း လော့ရွှယ်မဟာမိတ်အဖွဲ့ကို တန်ပြန်ခုခံရန်အတွက် သီးသန့် ထောက်လှမ်းရေးအဖွဲ့အစည်းတစ်ခု ဖွဲ့စည်းထားပုံရသည်။

ထိုထောက်လှမ်းရေးအဖွဲ့အတွင်းရှိ လူအများစုမှာ ဝရမ်းပြေးစာရင်းဝင်များ ဖြစ်ကြသော်လည်း၊ အချို့မှာမူ အထောက်အထား ဖုံးကွယ်ထားကြသည်။ သူတို့သည် ကင်းလှည့်စစ်ဆေးရေးဌာနမှ ကင်းလှည့်အရာရှိ တစ်ဦး၊ သို့မဟုတ် ဌာနမှူး တစ်ဦး၊ သို့မဟုတ် စစ်ဒေသတစ်ခု၏ စစ်သေနာပတိ တစ်ဦးပင် ဖြစ်နေနိုင်ချေ ရှိသည်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် လော့ရွှယ်မဟာမိတ်အဖွဲ့သည် ဖန့်တစ်ပိုင်းသူတော်စင်ကို ကိုင်တွယ်ရာတွင် ပေါ်တင်ကြီး အရှုံးပေးထားရသည့် အခြေအနေများ ရှိနေကြောင်း ထင်ရှားလှသည်။

ထို့အပြင် ဖန့်တစ်ပိုင်းသူတော်စင်၏ နာမည်ဂုဏ်သတင်းကြောင့် လူအများအပြားမှာလည်း သူနှင့် ပူးပေါင်းရန် ဆန္ဒရှိနေကြသည်။ အကယ်၍ တစ်နေ့တွင် ဖန့်တစ်ပိုင်းသူတော်စင်သာ သူတော်စင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပါက၊ သူတို့သည် မင်ရွှီနယ်မြေအတွင်း၌ ပေါ်ပေါ်ထင်ထင် သွားလာနိုင်ကြမည့် ဒသမမြောက် အင်အားကြီးအဖွဲ့အစည်း ဖြစ်လာလိမ့်မည် မဟုတ်ပါလော။

ဖန့်ချန်၏ အတွေးအာရုံတို့သည် လွန်ခဲ့သော ညက မြင်ကွင်းဆီသို့ ပြန်လည် ရောက်ရှိသွားသည်။

...

ဖန့်ချန်သည် ထုံးစံအတိုင်း သူ၏ စိတ်ဝိညာဉ်ကို ခန္ဓာကိုယ်မှ ခွဲထုတ်ကာ ဝတုတ်က ဖေပုလျောင်ကို စစ်ဆေးမေးမြန်းနေသည်ကို စောင့်ကြည့်နေခဲ့သည်။

ဝတုတ်သည် မည်သို့သော ရလဒ်မျိုးကို လိုချင်နေသည်ကိုလည်း သူ သိသည်။ ဤညတွင်လည်း ဘာမှ ထူးခြားလာမည် မဟုတ်ဟု ထင်ထားခဲ့သော်လည်း...

"မင်းကို နောက်ဆုံး အခွင့်အရေး တစ်ခု ထပ်ပေးမယ်။ ရှဲ့ကျစ် နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် တစ်ခုခု ပေးစမ်း။ ငါ ကီလိုမီတာ ထောင်ချီ ခရီးနှင်ပြီး ဒီကို လာခဲ့တာ၊ ဘာအောင်မြင်မှုမှ မရဘဲတော့ ပြန်လို့ မဖြစ်ဘူး။ ငါ မကောင်းရင် မင်းလည်း ကောင်းမှာ မဟုတ်ဘူး"

ဝတုတ်က ဖေပုလျောင်ကို အေးစက်စက် ကြည့်ကာ ပြောနေသည်။

ဖေပုလျောင်၏ ခန္ဓာကိုယ်အနှံ့တွင် ညှဉ်းပန်းနှိပ်စက်ခံထားရသော အမှတ်အသားများ ရှိနေသော်လည်း ၎င်းတို့မှာ ဘာမှ မဟုတ်ပေ။ အဆင့် ၉ ရှိသူတစ်ဦး၏ နှိပ်စက်မှုကြောင့် ရရှိသော စစ်မှန်သည့် နာကျင်မှုမှာ ခန္ဓာကိုယ် အတွင်းပိုင်း၌သာ ရှိသည်။

ဖန့်ချန်၏ စိတ်ဝိညာဉ်သည် ဘေးနားတွင် ရပ်လျက် ဤမြင်ကွင်းကို တိတ်တဆိတ် ကြည့်နေမိသည်။ ဖေပုလျောင် အဖမ်းခံရသည့်နေ့ကပင် ဝတုတ်၏ ပါးစပ်မှ ရှဲ့ကျစ် နှင့် ပတ်သက်သော သတင်းအစအနအချို့ကို သူ ကြားထားပြီးသား ဖြစ်သည်။

'ဒီခေတ်က ရှဲ့ကျိူစ် ဟာ နယ်မြေကိုးခုက ရှဲ့ကျစ် နဲ့ ဆက်နွယ်မှု ရှိနေတယ်ဆိုရင်... နယ်မြေကိုးခုက ရှဲ့ကျစ်ဌာန ဟာ အဘိုးတို့နဲ့ဖြစ်ဖြစ်၊ ဒါမှမဟုတ် ဝမ်အိုကြီးနဲ့ဖြစ်ဖြစ် ပတ်သက်မှု ရှိနေဖို့ ရာခိုင်နှုန်း တော်တော်များနေပြီ'

ဖန့်ချန် စိတ်ထဲ၌ မှတ်ချက်ပြုမိသည်။

သူသည် အသုံးဝင်သော သတင်းအချက်အလက် အချို့ကို ထပ်မံ ရရှိခဲ့ပြန်သည်။ ဤသတင်းများသည် သူ့အတွက် တိုက်ရိုက် အကျိုးအမြတ် မရှိသော်လည်း၊ ကိစ္စရပ်များကို ပိုမို မှန်ကန်စွာ ဆုံးဖြတ်နိုင်ရန်နှင့် တိကျသော ကောက်ချက်များ ချနိုင်ရန် အထောက်အကူ ဖြစ်စေသည်။

သူ နယ်မြေကိုးခုသို့ ပြန်ရောက်သည့်အခါ အရေးကြီးသော သတင်းအချက်အလက်များကို စုဆောင်းပြီး အချင်းချင်း တိုက်ဆိုင်စစ်ဆေးကြည့်ပါက ယခု သူ မသေချာသေးသည့် ကိစ္စရပ်အချို့ကို ရှင်းလင်းသွားစေနိုင်သည်။

"ကျွန်တော်က ရှဲ့ကျစ် အသေးစားလေး တစ်ကောင်ပဲလေ၊ ဘာအသုံးဝင်တဲ့ သတင်းကို သိမှာလဲ အဲဒါထက်... မင်းတို့ ကင်းလှည့်စစ်ဆေးရေးဌာနက ဘာလို့ ငါတို့ကိုပဲ ဖိဖိစီးစီး လိုက်နေရတာလဲ "

"မင်းတို့ ကင်းလှည့်စစ်ဆေးရေးဌာနရဲ့ နောက်ကွယ်မှာ ဝမ်မျိုးနွယ်စု ရှိတယ် မဟုတ်လား။ ဝမ်မျိုးနွယ်စုကရော... လော့ရွှယ်မဟာမိတ်အဖွဲ့အတွက် တကယ်ပဲ အသက်ပေးပြီး အမှုထမ်းချင်ပါ့မလား ရှေးလူကြီးတစ်ယောက် ပြောတာ ငါကြားဖူးတယ်၊ လော့ရွှယ်သူတော်စင်မဟာ ငယ်စဉ်တုန်းက မင်းတို့ ဝမ်မျိုးနွယ်စုက တစ်ယောက်ယောက် မွေးစားထားတဲ့ သမီးလေးတစ်ယောက်ပဲ ဆို"

ဖေပုလျောင်က နှုတ်ခမ်းကို တွန့်လိုက်ရင်း လှောင်ပြောင်သည့် အပြုံးဖြင့် ဆိုသည်။

"ဟင်း... ဒါက ဒီလိုပဲ ဆိုပါတော့။ ဒါပေမဲ့ မင်းတို့ရဲ့ ရှဲ့ကျစ် ပိုင်ရှင် ဖန့်တစ်ပိုင်းသူတော်စင်ဟာ သူနဲ့ မထိုက်တန်တဲ့ အရာတစ်ခုကို ယူထားတယ်။ ဝမ်မျိုးနွယ်စုကလည်း အဲဒီအရာကို လိုချင်နေတာ။

အကယ်၍ သူသာ အဲဒီအရာကို ထုတ်ပေးမယ်ဆိုရင် လော့ရွှယ်မဟာမိတ်အဖွဲ့ကို ထားပါဦး၊ ဝမ်မျိုးနွယ်စုတောင် သူ့ကို ရန်သူအဖြစ် သတ်မှတ်မှာ မဟုတ်ဘူး။ မင်း ကြည့်လေ... ဒီနှစ်တွေမှာ ငါတို့ ဖန့်မျိုးနွယ်စုကို သွားပြီး ဒုက္ခမပေးခဲ့ဘူး မဟုတ်လား"

ဝတုတ်က ပြုံးလျက် ပြန်ပြောသည်။

'သူတို့အားလုံးက ဆယ့်ရှစ်ထပ် ငရဲမျှော်စင် ကို ဒီလောက်တောင် လိုချင်နေကြတာလား...'

ဖန့်ချန် စိတ်ထဲ၌ ခံစားမိရင်း၊ ငရဲပြည်၏ အဖိုးတန် ရတနာ (၁၀) ပါးမှာ သူ ထင်ထားသည်ထက် ပို၍ ထူးခြားဆန်းပြားကြောင်း ပိုမို သေချာသွားတော့သည်။

ယခုအခါ သူ၏ လက်ထဲတွင် အနည်းဆုံး နှစ်ပါး ရှိနေပြီဖြစ်သည်။ ငရဲမင်းတံဆိပ် နှင့် အပြစ်ပေးတုတ်ကောက် တို့ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဝမ်ချွမ်းမြစ်နှင့် နိုင်းဟယ်တံတားတို့ကိုလည်း သူ အသုံးပြုနိုင်သော်လည်း ပိုင်ဆိုင်သည်ဟုတော့ မဆိုနိုင်ပေ။

'ဝမ်အိုကြီး နယ်မြေကိုးခုကို ရောက်တဲ့အခါ ဆယ့်ရှစ်ထပ် ငရဲမျှော်စင် အကြောင်းကို သိသွားတယ်။ သတင်းနှစ်ခုကို တိုက်ဆိုင်စစ်ဆေးကြည့်ပြီးတဲ့နောက်မှာ... ဒီမျှော်စင်ဟာ ဖန့်တစ်ပိုင်းသူတော်စင်ရဲ့ လက်ထဲကို ဘယ်လို ရောက်သွားသလဲဆိုတာ သူ ခန့်မှန်းမိသွားပုံရတယ်။ အဲဒီကနေတစ်ဆင့် သံသရာမသေမျိုးဂိုဏ်း အကြောင်းကို သူ သိသွားတာပဲ'

'ဒါကြောင့်လည်း အဲဒီတုန်းက သူ ငါ့ကို ပြောခဲ့တာပေါ့... ဆယ့်ရှစ်ထပ် ငရဲမျှော်စင် ရှိတဲ့နေရာက အရမ်းထူးခြားတယ်၊ သံသရာမသေမျိုးဂိုဏ်း ရဲ့ ကျွမ်းကျင်သူတစ်ယောက် ပြန်လည်ဝင်စားလာမှပဲ အဲဒါကို ရနိုင်လိမ့်မယ်လို့'

'သံသရာမသေမျိုးဂိုဏ်း ရဲ့ ကျွမ်းကျင်သူ ပြန်လည်ဝင်စားတာ... မင်ရွှီခေတ်မှာရှိတဲ့ သူဟာ တစ်စုံတစ်ခုကို မြင်လိုက်လို့ပဲ သံသရာမသေမျိုးဂိုဏ်းက လူတွေ သေကုန်ပြီလို့ အသေအချာ ပြောနိုင်ခဲ့တာ ဖြစ်ရမယ်'

'ဒါဆို ဒီကာလမှာ ထူးခြားတဲ့ ဖြစ်ရပ်တစ်ခုခု ဖြစ်လိမ့်မယ်။ အဲဒီဖြစ်ရပ်ကြောင့်ပဲ လူသားမျိုးနွယ်တွေရဲ့ အရိုး ၉ ခု ဆုံးရှုံးသွားပြီး နယ်မြေကိုးခု ဆီကို အဓမ္မ ပြောင်းရွှေ့ခံခဲ့ရတာလား '

အတွေးများကို ခေတ္တရပ်တန့်ကာ ဖန့်ချန်သည် ရှေ့မှ လူနှစ်ဦးကို ဆက်လက် စောင့်ကြည့်နေလိုက်သည်။

"ဖန့်မျိုးနွယ်စုကို ဒုက္ခမပေးခဲ့ဘူး ဟုတ်လား မင်းတို့ကရော ရဲလို့လား "

ဖေပုလျောင်၏ မျက်နှာမှာ ပို၍ပင် လှောင်ပြောင်ရိပ် သန်းလာသည်။

"ဖန့်တစ်ပိုင်းသူတော်စင်က သူ့လူတွေကို ခေါ်ပြီး မီးနတ်ဘုရားမျိုးနွယ် ထံ ခိုလှုံသွားမှာကို ကြောက်နေလို့ မင်းတို့ ခြေမရဲ လက်မရဲ ဖြစ်နေတာ မဟုတ်လား တစ်ဖက်ကလည်း သူ့လက်ထဲက ဆယ့်ရှစ်ထပ် ငရဲမျှော်စင်ကို လိုချင်တယ်၊ တစ်ဖက်ကလည်း အမြစ်ပြတ် သတ်ဖို့ မရဲဘူး"

ဝတုတ်၏ မျက်နှာ အနည်းငယ် ပျက်သွားသည်။

"ဒါဟာ ထူးခြားတဲ့ ဟန်ချက်ညီမှု တစ်ခုပဲ။ ကြည့်ရတာတော့ ငါတို့ ရှဲ့ကျစ်မျှော်စင်က အရှုံးပေးထားရသလိုပဲ၊ ဒါပေမဲ့ အမှန်တကယ်တော့ မင်းတို့ လော့ရွှယ်မဟာမိတ်အဖွဲ့ကသာ အကျပ်ရိုက်နေတာ။

မင်းတို့ ဖန့်တစ်ပိုင်းသူတော်စင်ကို မသတ်ရဲသလို၊ အဲဒီပစ္စည်း သူ့လက်ထဲမှာ ရှိနေတာကိုလည်း မကြည့်ရက်ဘူး။ နောင်တစ်ချိန် ဖန့်တစ်ပိုင်းသူတော်စင်သာ သူတော်စင်အဆင့်ကို တက်လှမ်းသွားရင် မင်းတို့ပဲ ပြန်ပြီး တောင်းပန်ရလိမ့်မယ်။ အခုတလော မင်းတို့ ပျာယာခတ်နေကြတာ ဒါကြောင့် မဟုတ်လား"

ဖေပုလျောင်က အေးဆေးစွာ ပြုံးလျက် ဆိုသည်။

"ဒါတွေက အထက်ကလူတွေရဲ့ ကိစ္စပါ။ ငါကတော့ အောင်မြင်မှုပဲ လိုချင်တာ၊ အဲဒါတွေကို ထည့်မစဉ်းစားဘူး။ မင်း ငါ့ကို အသုံးဝင်တဲ့ သတင်းတစ်ခုခု ပေးစမ်း၊ ငါ ရာထူးတက်နိုင်အောင်လို့"

ဝတုတ်၏ မျက်ဝန်းထဲတွင် အေးစက်သော အရောင်များ လက်ခနဲ ဖြစ်သွားသည်။

"ကောင်းပြီ... ငါ ပေးမယ်"

ဖေပုလျောင်က အသာအယာ ခေါင်းညိတ်လိုက်သည်။

ဝတုတ်သည် သူကြားလိုက်ရသည်ကို မယုံနိုင်အောင် ဖြစ်သွားပြီးနောက်၊ အလွန်ပင် ဝမ်းသာအားရ ပြုံးလိုက်သည်။

"အစကတည်းက ဒီလိုလုပ်ရင် ပြီးနေတာပဲကို။ ကဲ... မြန်မြန်ပြော"

"သူတော်စင်ကျမ်းစာရဲ့ မွေးနေ့ပွဲနေ့ ... စန့်လုံမြို့ ... ချောင်ရှန်းမျှော်စင် "

ဖေပုလျောင်က ခပ်ပြုံးပြုံးဖြင့် ဆိုလိုက်သည်

"မင်းတို့ သွားရဲတယ်ဆိုရင်လည်း... သွားကြပေါ့"

All Chapters