← Chapters

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း (၁-၂)

Vol. 1 Ch. 1-2

1 01

အပိုင်း ၁

အိပ်မက်ပဲ … သူ အဲဒီအိပ်မက်ကို ထပ်မက်နေပြန်ပြီဆိုတာ သိလိုက်တယ်။ သူ့ကို နေ့စဥ်နေ့တိုင်း ညစဥ်ညတိုင်း ဆယ်စုနှစ်တစ်ခုလောက် ခြောက်လှန့်နေခဲ့တာ ဖန်တစ်ရာထေနေတဲ့ ဒီအိပ်မက်ဆိုးကြီးပဲ။

မသိရင် သူ့အသွေးအသားတွေထဲအထိ ကုပ်တွယ်ရှင်သန်နေတဲ့အလား သူ့မှာ ခါထုတ်လို့လည်းမရ တူးဆွလို့လည်း မဖြစ်နိုင်နဲ့ နှစ်ပေါင်းများစွာ ခံစားနေခဲ့ရပေမဲ့ ကံတရားက မျက်နှာသာပေးလို့ ဘာအိပ်မက်မှ မမက်ဖြစ်ရင်လည်း စိတ်ထဲ တစ်စုံတစ်ရာလိုအပ်နေသလို နေမထိထိုင်မသာ ဖြစ်ရပြန်တယ်။

ဒီကာလတွေထဲ ထိုအိပ်မက်ကို အပြင်မှာ ဖြစ်နေတဲ့အတိုင်း လက်တွေ့ဆန်ဆန် အရှင်းလင်းဆုံး မြင်မက်မိတာကတော့ အခုက ပထမဆုံးအကြိမ်ပင်။

‘ကုန်းအာ နင် ဘာလို့ ဒီလောက်ခေါင်းမာရတာလဲ။ ငါ့ပိုက်ဆံကလည်း နင့်ပိုက်ဆံ မဟုတ်ဘူးလား။ ငါ ဘာလို့ ဒီလောက် ကုန်းရုန်းရှာခဲ့တယ်ထင်လဲ။ အားလုံးက နင့်ကို ပညာသင်ပေးပြီး လူပုံအလယ် ခေါင်းမော့ရင်ကော့နိုင်အောင်လို့ပဲ မဟုတ်ဘူးလား။’

‘ဘာလို့ အရမ်းခေါင်းမာနေတာလဲ။ ဘယ်သူ့ကို ဘာတွေအဲဒီလောက်တောင် သက်သေပြချင်နေတာလဲ။ နင် ငါ့ကို သဘောမကျမှန်းသိပေမဲ့ ဒါက ငါ့ပုံစံပဲ။ မွေးကတည်းက ဒီအတိုင်းပဲမို့ မပြောင်းလဲနိုင်ဘူး ပြောင်းလဲပေးဖို့လည်း စိတ်ကူးမရှိဘူး!’

‘ဟုန်အာလေးကို ကြည့်စမ်းပါ ရှင်နဲ့မတူလွန်းဘူးလားဟင်။’

ရွှီထင်းရှန်းက ရုတ်တရက် တစ်စုံတစ်ယောက်ရဲ့ကိုင်လှုပ်နှိုးခြင်း ခံလိုက်ရတယ်။ သူ့မျက်လုံးတွေ ဖွင့်လိုက်တဲ့အခါ သိပ်မကြည်လင်ချင်တော့တဲ့ အမြင်အာရုံက ခပ်မှိန်မှိန် အတွင်းပိုင်းအိပ်ဆောင်ကို ကျော်ပြီးမှ ဟူဆန်းရဲ့အိုမင်းနေတဲ့မျက်နှာတွတွကို မြင်လိုက်ရတယ်။

အိပ်ရာခင်းရဲ့အဆင်ကတောင် သူမြင်တွေ့နေကျပုံစံနဲ့ ရင်းနှီးလွန်းတာကြောင့် အခုမှပဲ ဒါတွေအားလုံးက အိပ်မက်ပဲဆိုတာ သဘောပေါက်လိုက်တယ်။ ဒါပေမဲ့ အိပ်မက်က အင်မတန် ပီပြင်လွန်းနေတယ်။

ပီပြင်လွန်းလို့ သူ့နှာဖျားဝမှာ အဲဒီတုန်းက ပြောင်းနှံအနံ့တချို့ စွဲကျန်ရစ်ခဲ့ပြီး သူမရဲ့ တင်းတင်းစေ့ပိတ်ထားတဲ့ နှုတ်ခမ်းသားတစ်စုံကိုတောင် မြင်ယောင်မိနေတုန်းပဲ။ မသိရင် သူ တကယ် အဲဒီမှာ ရှိနေခဲ့သလိုနဲ့။

ဒေါသကြောင့် မျက်ခမ်းစပ်က လိမ့်ကျလာတဲ့ မျက်ရည်ဥတွေကတောင် သလင်းကျောက်လို တလက်လက်ထနေပြီး သူ ထိကိုင်ဖို့ လက်လှမ်းလိုက်တဲ့အချိန်မှာပဲ ရုတ်တရက် လှုပ်နှိုးခံလိုက်ရတယ်။

“သခင်ကြီး ဆေးသောက်ဖို့ အချိန်ကျပါပြီ”

လူတစ်ယောက်က သူ့ကို အိပ်ရာပေါ်က ကူညီထူမပေးပြီး ဆေးခါးတစ်ခွက် ခွံ့တိုက်လာတယ်။ တစ်ချိန်က နှုတ်ထွက်စကားတစ်ခွန်းနဲ့တင် နန်းတွင်းရုံးတော်ကို အပေါ်အောက် ပြောင်းပြန်လှန်နိုင်စွမ်းရှိတဲ့ မဟာအတွင်းဝန်ကြီးဟာ အခုတော့ ဆေးတစ်ခွက်တောင် ကိုယ့်ဟာကိုယ် မသောက်နိုင်တော့သတဲ့။

မဟုတ်သေးဘူး သူက အခုဆို မဟာအတွင်းဝန်တောင် ဟုတ်တော့တာမှ မဟုတ်တာ …

နှုတ်ထွက်စာတင်ပြီးလို့ ဧကရာဇ်ရဲ့ခွင့်ပြုချက်နဲ့ ပင်စင်တောင် ယူလိုက်ပြီးပြီပဲ။ ဒါပေမဲ့ သူ့မှာ ပြန်စရာအိမ်ဆိုတာလည်း မရှိတော့သလို မိသားစုဝင်တစ်ယောက်တစ်လေတောင် မှီခိုစရာမရှိတော့ဘူး။

သူလည်း အစကတည်းက မိသားစုအိမ်ကို ပြန်ဖို့ စိတ်ကူးမရှိပါဘူး။

“သခင် ကျန်းသခင်လေး ဝမ်နဲ့သခင်လီတို့အားလုံး သခင်ကြီးဆီ ရောက်လာကြပါသေးတယ်။ ဒါပေမဲ့ အမိန့်အတိုင်း ကျွန်တော်တို့ သူတို့ကို အပြင်မှာပဲ ဧည့်ခံစေခဲ့ပါတယ်။ အဲဒီလိုဆိုရင်တောင် သူတို့က နေ့တိုင်း လာနေကြတာ။ ဒီနေ့လည်း အတူတူပဲမို့ သခင်ကြီး … လက်ခံတွေ့ဆုံလိုပါသလား”

သူတို့ကို တွေ့တော့ရော ဘာထူးမှာမို့လို့လဲ။ ဒီလူတွေက နိုင်ငံရေးလှည့်ကွက်အရ သူနာမကျန်းဖြစ်ချင်ဟန်ဆောင်တယ်ထင်ပြီး ဧကရာဇ်ကို ပုန်ကန်မဲ့နေရာမှာ ဦးစီးဦးဆောင်လုပ်ပေးဖို့ မျှော်လင့်နေကြတာ။

ဒါပေမဲ့ သူ ကျန်းမာရေးချို့တဲ့လာတာကတော့ အမှန်ပဲလေ။ တစ်နေ့တခြား ပိုပိုဆိုးဝါးလာခဲ့တာ ကုလို့တောင် မနိုင်တော့တဲ့အထိပဲ။

“မတွေ့ဘူး”

“ဒါဆိုလည်း အနားယူလိုက်ပါဦး သခင်ကြီး”

1 02

အခန်းကြီးက တဖန်တိတ်ဆိတ်သွားပြန်တယ်။ ရွှီထင်းရှန်းရဲ့ မျက်ခွံတွေကလည်း တဖြည်းဖြည်း လေးလံလာပြီး ဖြည်းညှင်းစွာ ခတ်နေတဲ့ မျက်တောင်တွေက နောက်ဆုံးတော့ ပင်ပန်းစွာ မှိတ်ချသွားခဲ့တယ်။

****

“သခင်လေး ဝမ်လိုလူမျိုးမှာ ငါ့လိုအဘိုးကြီးဆီ လာတွေ့ဖို့ အချိန်ရှိသေးတယ် ဟုတ်လား”

ဝမ်မင်းရှန်ရဲ့ မျက်နှာအမူအရာက ရှုပ်ထွေးသွားပေမဲ့ သူ့နှုတ်ခမ်းတွေက အလိုအလျောက် ယဥ်ကျေးသမှုနဲ့ ပြုံးပြီးသားပဲ။

“ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က ရုံးတော်ရဲ့တစ်မိုးအောက်ထဲမှာ အတူတူ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့သူတွေပဲမလား။ အဲဒီအတွက် ပုဂ္ဂိုလ်ရေးအရပဲကြည့်ကြည့် လူမှုရေးအရပဲကြည့်ကြည့် ကျွန်တော့်အနေနဲ့ မဟာအတွင်းဝန်ဟောင်းကြီးကို သတင်းလာမေးရမှာ ထုံးစံပါပဲ”

“မင်းဆီက ဒီလိုအပေါ်ယံ စကားချိုချိုလေးတွေ ကြားရလိမ့်မယ်လို့တော့ မမျှော်လင့်ထားမိတာ အမှန်ပဲ။ ဝမ်မင်းရှန် ဒါမှမဟုတ်လည်း ကြီးမြတ်လှတဲ့ ဧကရာဇ်အစား ငါ သေမသေကို လာအတည်ပြုပေးတာလို့ပဲ တန်းပြောလိုက်ပါတော့လား”

ရွှီထင်းရှန်းက ထေ့ငေါ့ပြောဆိုလာတယ်။ သူက အိုမင်းညှိုးနွမ်းပြီး သေမင်းခံတွင်းဝ ရောက်နေတဲ့လူဆိုတာ သိသာပါတယ်။ ဒါပေမဲ့ ခပ်ထက်ထက် မျက်ဝန်းတစ်စုံကတော့ ရေသေကန်လိုမျိုး တည်ငြိမ်နက်ရှိုင်းနေပြီး လျှော့တွက်လို့မရမှန်း ထင်ရှားတယ်။

ဘယ်လိုမဆို ဒါဟာ သူ့ခေတ်သူ့အချိန်တုန်းက တစ်မိုးအောက် လျှမ်းလျှမ်းတောက်ခဲ့တဲ့ မဟာအတွင်းဝန် ရွှီပဲမဟုတ်ပါလား။ ဒီပုဂ္ဂိုလ်ရဲ့နာမည်တစ်လုံးကတင် လူအပေါင်းကို အထင်ကြီးလေးစားမှုနဲ့အတူ ကြောက်လန့်ခြင်း အရှိန်အဝါပါ ခံစားစေဖို့ လုံလောက်တယ်။

သူဟာ ဒီတိုင်းပြည်ရဲ့ မင်းဆက်သုံးယောက်မြောက်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ဆယ်စုနှစ်တစ်ခုကြာ တိုင်းရေးပြည်ရေး အဝဝကို သူ့လက်ခုပ်ထဲက ရေလို ခြယ်လှယ်နိုင်ခဲ့တယ်။ မဟာအတွင်းဝန်ရွှီရဲ့ ခြေတံလက်တံရှည်မှုက အရပ်ရှစ်မျက်နှာ တနံတလျားပဲလို့ ပြောရလောက်တဲ့အထိ သူဟာ အာဏာစက်လွှမ်းခဲ့တယ်။

သူဆိုတဲ့ဖြစ်တည်မှုက လက်တစ်ချောင်း မြှောက်စရာမလို ရှိနေရုံနဲ့တင် တစ်ပါးသူတွေကို ကြောက်ရွံ့တုန်လှုပ်စေတဲ့အထိပဲ။ အဲဒီလိုသာမဟုတ်ရင် အခုမှတက်လာတဲ့ အသစ်စက်စက် ဧကရာဇ်မင်းက သူ့ကို ပြောင်ပြောင်တင်းတင်း မဆွဲချဘဲ နောက်ကွယ်ကသာ ရသမျှနည်းလမ်းပေါင်းစုံသုံးပြီး အမြန်ရှင်းထုတ်ပစ်ဖို့ ဘယ်လုပ်နေပါ့မလဲလေ။

“ကြည့်ရတာ ကျွန်တော်တို့ရဲ့အတွင်းဝန်ဟောင်းက အရှင်မင်းကြီးအပေါ် အင်မတန် အထင်မှားနေတဲ့ပုံပါပဲ”

ရွှီထင်းရှန်းက ဒီစကားကို ခပ်တိုးတိုး လှောင်ရယ်သံနဲ့အတူ ပြန်တုံ့ပြန်တယ်။ နောက်တော့ သူ့မျက်လုံးတွေကို တစ်ဝက်မှေးချလိုက်ပြီး လုပ်ယူထားတဲ့ ဒီစကားဝိုင်းအပေါ် စိတ်မဝင်စားဟန် ပြတယ်။

“တကယ်တော့ ဒီနေ့ ဒီနေရာကို ကျုပ်အတွက်ကျုပ် လာခဲ့တာ” ဝမ်မင်းရှန်ရဲ့ အသုံးအနှုန်းတွေက ပြောင်းလဲသွားတယ်။

“ဘာလို့လဲဆိုတော့ အာဏာအတွက် ကိုယ့်သားမယားကိုတောင် စွန့်ပစ်ခဲ့တဲ့ လူတစ်ယောက်၊ နောက်ဆုံးတော့ ခိုကိုးရာမဲ့ သနားစရာကောင်းနေတဲ့ပုံကို မျက်ဝါးထင်ထင် တွေ့ချင်လို့လေ။ ခန့်မှန်းရသလောက်တော့ ခင်ဗျားသေသွားလည်း ဝမ်းနည်းပေးမဲ့သူ ဘယ်သူမှမရှိလောက်ဘူး ထင်တာပဲ။ ဒါပေမဲ့ တကယ်တမ်းကျ ဒါတွေအားလုံးက ကိုယ်စိုက်ပျိုးတာ ကိုယ်ပြန်ရိတ်သိမ်းရတာပါပဲလေ။ ဘာပဲဖြစ်ဖြစ် အားလုံးက ဒီတိုင်း ပြဇာတ်လေးတစ်ခုပဲပေါ့ ဟုတ်တယ်မလား။ ဒါကို ဘာလို့ သိပ်ခံစားပြနေတာလဲ။ ဘာလို့ အရှင်လတ်လတ် ဝါးမျိုခံနေတာလဲ။ လိပ်ပြာမလုံလို့လား။ ဒါမှမဟုတ် တစ်လောကလုံးက ခင်ဗျားရဲ့ပုံစံအစစ်ကို တွေ့သွားပြီး နောက်မျိုးဆက်တွေအထိ နာမည်တပ် ကျိန်ဆဲခံရမှာကို ကြောက်နေတာလား”

“မင်း…”

“စွန့်ပစ်တယ်ဆိုတာကတောင် နည်းနေပါသေးတယ်။ အဲဒီအစား သတ်ပစ်ခဲ့တယ်လို့ ပြောရင် ပိုမှန်မလား။ မိန်းမနဲ့ကလေးနှစ်ယောက်စလုံးကိုလေ ဟုတ်ရဲ့လား သခင်ကြီးရွှီ”

အဖြစ်အပျက် အစစ်အမှန်ကို ဘယ်သူမှမသိကြဘူး။ အားလုံးသိထားတာဆိုလို့ အတွင်းဝန်ရွှီမှာ လက်ရှိဇနီးမယားမတိုင်ခင် ပထမမိန်းမတစ်ယောက်ရှိခဲ့ဖူးတယ်ဆိုတာပဲ ရှိတာ။ ဒါပေမဲ့ သူမ တကယ်ပဲ ဘာဖြစ်သွားတာလဲဆိုတဲ့ အမှန်တရားကတော့ တိမ်မြုပ်နေဆဲပဲ။

1 03

အချိန်တွေလည်း နှစ်ပေါင်းများစွာ ကြာညောင်းခဲ့ပြီ။ ရွှီထင်းရှန်းကလည်း ဒီတလောအတွင်း နန်းတွင်းရဲ့ ထိပ်ဆုံးမှာ မယိမ်းမယိုင် မားမားမတ်မတ် ရပ်တည်ခဲ့လေတော့ သူ့ကို ရင်ဆိုင်ယှဥ်ပြိုင်ဖို့ ကြိုးပမ်းခဲ့သူအားလုံး အရင်ကရော အခုရော မညှာမတာ နင်းချေမွခံခဲ့ရတာပါပဲ။

လူတွေက သူ့ကိုဂုဏ်သရေရှိ ပညာတတ်တစ်ယောက်ရယ်လို့သာ သိထားကြတာ ဒါပေမဲ့ အဲဒီဖန်တီးယူထားတဲ့ မျက်နှာဖုံးအောက်မှာ ဘယ်လိုယုတ်ညံ့တဲ့ အကျင့်စရိုက်တွေ ပုန်းအောင်းနေလဲဆိုတာတော့ ဘယ်သူမှ မသိကြဘူး။

မသိရတဲ့ အကြောင်းအရင်းကလည်း ဒီနှစ်တွေအတောအတွင်း သူ့စရိုက်အမှန်ကို တူးဖော်ဖို့လာတဲ့သူမှန်သမျှ သူ့လက်ချက်နဲ့ အဆုံးသတ်သွားရတာကြောင့်ပဲ။ ဒီလူရဲ့လက်မှာ အပြစ်မဲ့တဲ့ လူဘယ်နှယောက် သွေးတွေစွန်းထင်းခဲ့ပြီးပြီလဲဆိုတာ သိတဲ့လူဆိုလို့ ဒီကမ္ဘာပေါ်မှာ တစ်ယောက်တည်း ရှိတယ်။

သူ့ကြောင့်နဲ့ အဆိုးဝါးဆုံး ခံစားခဲ့ရတဲ့ ဝမ်မင်းရှန်ပဲ။

“မင်း-မင်းက ….”

ဝမ်မင်းရှန်က လူအိုကြီးရဲ့မျက်နှာအနား အသာတိုးကပ်လာပြီး တီးတိုးပြောတယ်။

“ကျုပ်နဲ့ကျုပ်အမေက သတ်ဖို့ခက်နေတာတော့ ခင်ဗျားအတွက် ဆိုးတာပဲ။ အဲဒီမြုပ်သွားတဲ့ သင်္ဘောက ကျုပ်တို့အသက်ကို မနှုတ်ယူသွားနိုင်တဲ့အပြင် ဘဝသစ်စဖို့ပါ လုပ်ပေးလိုက်တာ ခင်ဗျား သိလား။ ကျုပ် ဒီလိုအချိန်ရောက်လာဖို့ နှစ်ပေါင်းများစွာ စောင့်နေခဲ့တာ ဒါပေမဲ့ ခင်ဗျားက သိပ်အာဏာပြင်းပြီး မသေနိုင်တော့လည်း ကျုပ်မှာ အဘိုးကြီးကို ဆွဲချနိုင်ဖို့ ဒီလိုအမြင့်ရောက်အောင် တစ်လှမ်းချင်း လှမ်းခဲ့ရတော့တာပေါ့”

“မင်းက… ဟုန်အာလား …”

ရွှီထင်းရှန်းက ဒီစကားလေးတချို့ ထွက်ဖို့တောင် မနည်းညှစ်ထုတ်ပြောယူလိုက်ရတယ်။ ဝမ်မင်းရှန်က ကိုယ်ပြန်မတ်လိုက်ပြီး ရှားရှားပါးပါး အော်ရယ်လာတယ်။

“ကျုပ်နာမည် ဟုန်အာမဟုတ်ဘူး။ ပြီးတော့ ကျုပ်ရဲ့မျိုးရိုးကလည်း ရွှီမဟုတ်ဘူး။ ကျုပ်မျိုးနွယ်ကဝမ် အမေက ကျုပ်တို့ရဲ့အသက်သခင် ကျေးဇူးရှင်နဲ့ ဘဝအသစ်စခဲ့တာ။ ကိုယ့်ကိုယ်ကိုယ်လည်း သိပ်ဘဝင်လေဟပ် မနေနဲ့ဦး။ အခုချိန် သေပြပါမယ်ဆိုရင်တောင် ကျုပ်ကတော့ ခင်ဗျားသားမဟုတ်တော့ဘူး”

သူ့ရဲ့တည်ကြည်တဲ့ပုံစံကြောင့် လူသိများတဲ့ ဝမ်မင်းရှန်က တစ်စုံတစ်ရာကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြတာ ရှားတယ်။ ဒါကြောင့် အခုတစ်ကြိမ်က သူ့အနေနဲ့ သူစိမ်းတစ်ယောက်အရှေ့မှာ ပထမဆုံးအကြိမ် လွတ်လွတ်လပ်လပ် ရယ်မောဖူးတာပဲ။

“ဪ ပြီးတော့ ကျုပ်က ဝမ်မျိုးရိုးယူထားပေမဲ့ ခင်ဗျားသွေးမို့ ရွှီမိသားစုမျိုးဆက် ရလာလိမ့်မယ်လို့ မထင်နဲ့နော်။ မှတ်ဉာဏ်လေး ပြန်ခေါ်ပေးပါရစေ။ အရင်တုန်းက ကျုပ်က ယောက်ျားတွေကိုပဲ နှစ်ခြိုက်တတ်တယ်ဆိုပြီး ကောလာဟလ ထွက်ခဲ့သေးတယ်မလား ကျုပ်မှတ်မိတာသာ မှန်ရင် ဒီသတင်းဖြန့်ဖို့ အမိန့်ပေးခဲ့တာလည်း ခင်ဗျားလက်ချက်ပဲလေ။ ဖြစ်ချင်တော့ … ဒီတစ်ခါ ခင်ဗျား မှန်သွားတယ် ဟုတ်တယ် ကျုပ်က မိန်းမတွေကို စိတ်မဝင်စားဘူး။ အဲဒါကြောင့် ဘယ်တော့မှ လက်မထပ်တာလေ”

လူငယ်ဟာ ရပ်မြဲအတိုင်းပဲ။ အိပ်ရာပေါ်က လူအိုကြီးတစ်ယောက် ဆန်တက်လာတဲ့ နောင်တအမြောက်အများနဲ့အတူ သူ့ကို ဝမ်းနည်းခြင်း ထိတ်လန့်ခြင်းတွေ ရောယှက်နေတဲ့ မျက်ဝန်းအစုံက အပြူးသားဖြစ်နေတာကို တည်ငြိမ်စွာ ရပ်ကြည့်နေတယ်။

ဒါပေမဲ့ ဘာလုပ်ရမှာလဲ။

အံ့ဩစရာကောင်းအောင်လို့ လူငယ်ဟာ သူဖြစ်ချင်တဲ့အတိုင်း ဖြစ်လာခဲ့ပြီးတာတောင် အလုံးစုံကျေနပ်မှုကို မခံစားရဘူးဖြစ်နေတယ်။ နှုတ်ခမ်းသားပေါ်က အောင်နိုင်သူအပြုံးကတောင် အသက်မဝင် အဓိပ္ပာယ်မဲ့နေခဲ့တယ်။

သူ အချိန်အတော်ကြာ စိတ်ကူးခဲ့တဲ့ ဝမ်းသာအားရခြင်းတွေကလည်း မရောက်ရှိလာခဲ့ဘူး။ သူ့နှုတ်ခမ်းထောင့်စွန်းတွေက ပြန်မဲ့ကျသွားပြီး သူ့စိတ်ဝင်စားမှုကလည်း အခိုးအငွေ့လို ပျောက်ကွယ်သွားခဲ့တယ်။

သူ့လက်ဖျားစပေါ်က တကယ်မရှိတဲ့ ဖုန်မှုန့်ကိုသာ ခါချဟန်ပြုရင်း ဝမ်မင်းရှန်က တည်ငြိမ်စွာ ဆိုတယ်။

“ကဲ သခင်ကြီးရွှီက ကောင်းကောင်းမွန်မွန်ရှိနေတယ်ဆိုတော့ ကျွန်တော်လည်း ဒီလောက်နဲ့ ပြန်လိုက်ပါဦးမယ်”

“ငါ … ငါ မလုပ်ခဲ့…”

“သခင်ကြီး။ ဘာတွေ ပြောနေတာလဲ”

1 04

အသက်ကြီးကြီးအသံတစ်သံက ရွှီထင်းရှန်းရဲ့နားထဲ ဝင်လာတော့မှ သူ့စိတ်အာရုံက ရုတ်တရက်ကြီး အသိပြန်ဝင်လာတယ်။ သူ နောက်တစ်ကြိမ် နိုးကြားလာတဲ့အချိန်မှာလည်း မျက်စိအရှေ့က မြင်ကွင်းက အတူတူပဲ။

မှိန်ဖျော့နေတဲ့ အိပ်ဆောင်နဲ့ ဟူဆန်းရဲ့ အရေးကြောင်းတွေနဲ့ ခပ်ဆိုးဆိုး မျက်နှာအိုကြီး။ ဆေးနံ့ခါးခါးကလည်း အခန်းလေထုထဲမှာ နစ်ဝင်လွင့်ပျံ့နေတုန်းပဲ။ ရွှီထင်းရှန်းက ပါးစပ်တပြင်ပြင်ဖြစ်နေပေမဲ့ တကယ်ကျ ဘာစကားမှမထွက်လာဘူး။

“ဘာများဖြစ်လို့လဲ သခင်ကြီး”

စိုးရိမ်ကြောင့်ကြလာတဲ့ ဟူဆန်းက အလျင်စလို မေးမြန်းလိုက်ပေမဲ့ ရွှီထင်းရှန်းကတော့ ဘာမှမပြောနိုင်ဖြစ်နေတုန်းပဲ။ အဲဒီလိုနဲ့ ဟူဆန်းကပဲ ဖြစ်နိုင်ချေကို မှန်းပြောပြလိုက်တယ်။

“အခုနတုန်းက ဖြစ်ခဲ့တာအတွက် စိုးရိမ်နေတာပါလား။ ဒါဆိုရင်ဖြင့် နောက်ဆံမတင်းပါနဲ့တော့။ သခင်ကြီး သခင်ကြီးရဲ့အမှာစကားက သခင်ကျန်းဆီ အတိအကျရောက်သွားပါပြီ။ သခင်လေးဝမ်က သခင်ကြီးရဲ့တစ်ဦးတည်းသော မျိုးဆက်မှန်းသိလို့ သခင်ကျန်းက သခင်ကြီးရဲ့ နောက်ဆုံးဆန္ဒကို သေချာပေါက် ဖြည့်ဆည်းပေးပါလိမ့်မယ်”

ရွှီထင်းရှန်းက ဖြည်းညှင်းစွာ မျက်တောင်ခတ်နေတော့ သူ့မှာ ထပ်ပြောစရာ‌ရှိနေမလားဆိုပြီး ဟူဆန်းက ခေါင်းငုံ့ရင်း လူအိုကြီးရဲ့ မရှင်းမလင်း စကားသံတွေကို နားထောင်ပေးလိုက်တယ်။ အဲဒီလိုနဲ့ သူကြားလိုက်ရတာက ပြတ်တိပြတ်တောင်း လေသံတချို့ပဲ။

“ငါ … ငါ မလုပ်ခဲ့…”

နောက်တော့ ဘာအသံမှ ထပ်ထွက်မလာတော့ဘူး။ ပျာယာခတ်သွားတဲ့ ဟူဆန်းက မော့ကြည့်လိုက်တဲ့အချိန်မှာပဲ မျက်နှာတစ်ခုလုံး ဖြူဖျော့ပြီး မျက်လုံးပွင့်လျက်သား ဖြစ်နေတဲ့ ရွှီထင်းရှန်းကို တွေ့လိုက်ရတယ်။

ရိပ်မိသွားတဲ့ဟူဆန်းက တုန်ရီနေတဲ့ လက်တစ်ဖက်နဲ့ လူအိုကြီးရဲ့အသက်ရှူသံကို စမ်းကြည့်လိုက်ပြီးတော့မှ ကြောက်အားလန့်အားနဲ့ ကြမ်းပြင်ပေါ် နောက်ပြန်လဲကျသွားခဲ့တယ်။

အေးခဲနေတဲ့ လေပြည်တစ်သုတ်က ဖွင့်ဟထားတဲ့ စက္ကူပြူတင်းပေါက်ကို ဖြတ်သန်းရင်း အခန်းထဲက ရွှီကုန်းကျစ်ရဲ့အသက်မဲ့နေတဲ့ မျက်နှာကို ခပ်ပြင်းပြင်း ဖြတ်တိုက်သွားတယ်။

******

သူ ရုတ်တရက် လန့်နိုးလာပြီး အိပ်ရာပေါ် ထထိုင်လိုက်မိတယ်။ ထိုအခါ အမြင်အာရုံထဲ ပထမဆုံးရောက်လာတာက မီးခိုးရောင်အုတ်ချပ်တွေနဲ့ ဆောက်လုပ်ထားပြီး ခေါင်မိုးခပ်မဲမဲရှိတဲ့ တော်သင့်ရုံအခန်းလေးတစ်ခုပဲ။

နံရံတွေက အဖြူရောင်ဆေးသုတ်ထားပုံရပေမဲ့ အချိန်ရဲ့တိုက်စားမှုကြောင့် တော်တော်လေးတောင် ညစ်နွမ်းနေခဲ့ပြီ။ ခေါင်းပေါ်က ထုတ်တန်းတွေကလည်း လေတိုက်တာနဲ့ ပြုတ်ကျလာတော့မယ်လို့ အောက်မေ့ရတယ်။

အဲဒီသစ်သားထုတ်တန်းတွေပေါ်မှာ ဝါးခြင်းထောင်းတချို့ ချိတ်ဆွဲထားပြီး ခြင်းတိုင်းခြင်းတိုင်းရဲ့အပေါ်မှာ နက်ပြာရောင်အဝတ်စနဲ့ ဖုံးအုပ်ထားတာကြောင့် အထဲမှာဘာရှိမှန်း မသိရဘူး။ လက်ရှိ သူက *အပူပေးအုတ်ဖိုအိပ်ရာပေါ်မှာ ထိုင်နေပြီး သူ့အောက်မှာတော့ အသစ်လည်းမဟုတ် ပြဲစုတ်နေတာလည်း မဟုတ်တဲ့ ဂွမ်းကပ်တစ်ထည် ဖြန့်ခင်းထားတယ်။

(*kang bed လို့ခေါ်ပြီး တရုတ်ပြည်မြောက်ပိုင်း အေးတဲ့ဒေသတွေမှာ အုတ် ဒါမှမဟုတ် ရွှံ့စေးကို ကုတင်လုပ်ပြီးမှ အဲဒီအုတ်ထဲမှာ မီးလင်းဖိုတစ်ခု ထည့်ပြီး သဘာဝနည်းအရ အနွေးဓာတ်ပေးတဲ့ ရိုးရာအိပ်ရာတစ်ခုပါ။)

အိပ်ရာခင်းက သေသပ်သန့်ရှင်းတယ်လို့ ထင်ရပေမဲ့ အထဲမှာသွတ်ထားတဲ့ ဂွမ်းတွေကတော့ အရင်ကတည်းက မာတောင့်သွားတာ ကြာလှပြီ။ ကုတင်ခြေရင်းမှာတော့ အပူပေးအိပ်ရာအဖြစ်လုပ်ထားတဲ့ အညိုရင့်ရောင် ပစ္စည်းထည့်စရာ အံဆွဲတွေ တန်းစီရှိနေပြီး မျက်နှာပြင်နဲ့ လက်ကိုင်တစ်ခုချင်းစီမှာ တိမ်တိုက်တွေနဲ့ စီးဆင်းနေတဲ့ ရေအသွင် ရုပ်လုံးကြွလက်ရာတွေက ကိုယ်စီအလှပြိုင်နေကြတယ်။

‘ဒါက နောက်မျိုးဆက်တွေအထိ ကြာရှည်ခံမှာ’ ဆိုတဲ့ အဖေ့ရဲ့တစ်ခါက စကားကိုတောင် ပြန်ကြားယောင်လာတယ်။ သူ့ဖခင်က တစ်ရွာလုံးမှာ အတော်ဆုံးလက်သမားမို့ ဒါကိုလည်း သူကိုယ်တိုင် ဆောက်လုပ်ခဲ့တာပဲဖြစ်တယ်။

ရွှီကုန်းကျစ်ရဲ့ နားထင်က ထိုးကိုက်လာပြီး သူမတ်တပ်ထရပ်ဖို့ ကြိုးစားကြည့်ပေမဲ့ သူ့တစ်ကိုယ်လုံးက အားအင်မရှိသလို အိပ်ရာပေါ် ပြန်ခွေကျသွားတယ်။ အဲဒီအချိန်ကျတော့မှ သူက ရွှီကုန်းကျစ်ဖြစ်နေသေးတယ်ဆိုတာ အသိဝင်သွားတာ။

1 05

လတ်တလော ပြဿနာအချို့ကြောင့် စိတ်ထိခိုက်ပြီး ဖျားသွားရင်း ရက်အတော်ကြာအထိ အိပ်ရာထဲလဲနေခဲ့တဲ့ ရွှီမိသားစုက ဒုတိယမိသားစုခွဲရဲ့ အကြီးဆုံးသား။ သူက ရွှီထင်းရှန်း မဟုတ်ဘူး။ အဲဒီလူက … သူ့အိပ်မက်တွေထဲက ပုံရိပ်တစ်ခုပဲ။

သူက ဘယ်လိုလုပ် အဲဒီလူလို ဖြစ်လာမှာတဲ့လဲ။

ဒါတွေအားလုံးက အိပ်မက်ပဲဆိုတာ သူ့ကိုယ်သူ သိမ်းသွင်းဖို့အတွက် ရွှီကုန်းကျစ်က သူ့လက်သူ အနီးကပ် စစ်ဆေးကြည့်လိုက်တယ်။ သေချာသလောက်ပါပဲ သူ့လက်တွေက ဇရာကြောင့် အိုမင်းရွတ်တွနေတာတွေမရှိတဲ့ ဖြူနုနု ရှည်သွယ်သွယ်လက်ချောင်းတွေ။

သူက အခုမှ ၁၄နှစ်ပဲရှိသေးတာ ဘယ်လိုလုပ် အသက် ၇၀အရွယ်အထိ ရောက်သွားပြီး မျက်လုံးအပြူးသားနဲ့ နောက်ဆံတင်းပြီး သေသွားမှာလဲ။ မဖြစ်နိုင်တာ …

ရွှီကုန်းကျစ်က အခုမှ သက်ပြင်းရှည်ကြီး ချပြီး ဘေးဘီဝဲယာကို တစ်ခါထပ်ကြည့်လိုက်တယ်။ အဲဒီတော့မှ သူ့နှလုံးခုန်သံတွေ ပြန်တည်ငြိမ်လာတဲ့အချိန် စောင်းရွဲ့နေတဲ့ပြူတင်းပေါက်ကြားက တိုးဝင်လာတဲ့ အပြင်ဘက်က အော်ကျယ်အော်ကျယ်အသံတွေကို ကြားလိုက်ရတယ်။

“ငါ ပြောမယ်နော် ကျောက်အာ- ဒီအဒေါ် ၄က ကုန်းချောတာတော့ မဟုတ်ပေမဲ့ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ကြည့်ပါဦး! ဘယ်လိုမိန်းကလေးက တစ်နေကုန် အပြင်ထွက်ပြီး သူ့ကိုယ်သူ ပျံကျဈေးသည်လို လုပ်နေလို့လဲ။ စီးပွားရေးဟုတ်လား။ အဲဒါက တကယ်ကြီး နင်လုပ်သင့်တာ ဟုတ်လို့လား။ နင့် ဦးလေး ၄ကိုပဲ ကြည့် တစ်နေကုန် ပြေးလွှားနေရတာတောင် အသပြာတစ်ပြားနှစ်ပြားပဲ ရတယ် အဲဒါကြောင့် နင့်လိုမိန်းမသားတစ်ယောက်က အပြင်မှာ လက်ဗလာနဲ့ပြန်လာမဲ့အစား ငါ့ကိုသာ အိမ်မှုကိစ္စတွေ ကူလုပ်ပေးစမ်းပါ”

ထိုအသံက အမျိုးသမီးငယ်တစ်ယောက်ရဲ့အသံလို့ ထင်ရပေမဲ့ ပြောပုံဆိုပုံက ဈေးထဲကအဒေါ်ကြီးတွေပုံ ပေါက်နေတယ်။ လူတစ်ယောက်ရဲ့မျက်နှာက သူ့ကိုယ်ကျင့်စရိုက်ကို ထင်ဟပ်တယ်တဲ့။

တကယ်လည်း မှန်ပါတယ် အဒေါ်စွန်းက သူ့အသံလိုမျိုး မျက်နှာကလည်း စိတ်ပုတ်တဲ့ရုပ်ပေါက်နေတာ မဆန်းတော့ပါဘူး။ ဒီအတွေးက ရွှီကုန်းကျစ်ရဲ့စိတ်ထဲ အလိုလိုဝင်လာတော့ သူတန့်သွားမိတယ်။

သူ သူ့အဒေါ် ၄ကို ကြည့်မရတာမှန်ပေမဲ့ ဘယ်တုန်းက သူမအကြောင်း ဒီလိုမျိုး ပြောတတ်သွားတာလဲ။

သူဘာမှတွေးမရခင်မှာပဲ အိပ်မက်ထဲကအတိုင်း တစ်ထေရာထဲဆင်တူတဲ့ အသံတစ်သံက မရှေးမနှောင်းမှာတင် ထွက်လာတယ်။

“အဒေါ် ၄ သမီးလည်း တကယ် ဒေါ်လေးကို ကူညီချင်ပါတယ်။ ဒါပေမယ့် ကုန်းကျစ်ရဲ့အဖျားက တော်တော်ကြာနေပြီ။ အစကတော့ အမေတို့က ဆေးဖိုးဘာဖိုးပေးသေးတယ်။ လဝက်လောက်ကျတော့ သူတို့လည်း မတတ်နိုင်တော့လို့ ဆေးဆက်မကုနဲ့တော့လို့ အဘွားက ပြောလာတယ်လေ။ ကုန်းကျစ်က သမီးယောက်ျားပါ။ သမီးက ဘယ်လိုလုပ် သူဝေဒနာခံစားနေရတာကို ထိုင်ကြည့်နေနိုင်မှာလဲ။ တကယ်လို့ ကူပေးဆိုလည်း ကူပေးမယ် ဒါပေမဲ့ အဲဒီအစား သမီးကို ဆေးဖိုးလေး ပြန်ချေးပါလား နည်းနည်းချင်းစီ ပြန်ဖဲ့ဆပ်မယ်လေ … ဘယ်လိုလဲ”

ပြောလာတာက မိန်းမငယ်လေးတစ်ယောက်ဖြစ်ပြီး သူမအသံက ယုံကြည်ချက်အပြည့်နဲ့ ထက်မြနေပြီး တစ်ဖက်လူကို သရော်ချင်ဟန်ရတယ်။ ဟုတ်တယ်- တကယ်လည်း ကျောက်အာက အဒေါ်စွန်းကို တမင်တကာ ရန်ဆွနေတာ

အဒေါ်စွန်းက ယူသာယူ ပြန်မပေးတတ်တဲ့လူမျိုးဆိုတာ အားလုံးသိတယ်။ သူ့ဆီက ငွေတစ်စရဖို့ထက် ကျားမြှီးသွားဆွဲလိုက်တာကတောင် ပိုလွယ်ဦးမယ်။ အဲဒီတော့ သူမပြောသလို မိသားစုခွဲက ဒီအရွယ်မရောက်တရောက် ကလေးနှစ်ယောက်ကို ယုံကြည်ပြီး ချေးလိုက်ဖို့ဆိုတာ ဘယ်ဖြစ်နိုင်မလဲ။

ကုန်းကျစ်က ၁၄သာသာမို့ အရွယ်ရောက်ရုံသာရှိပြီး အိမ်ထောင်တစ်ခုကို ဦးစီးဦးဆောင်ပြုနိုင်လောက်တဲ့ အရည်အချင်းမရှိသေးဘူး။ တစ်ယောက်ကလည်း ၁၆နှစ်တော့ ဖြစ်ပါရဲ့ မိန်းကလေးတန်မဲ့ ရွာရိုးကိုးပေါက် လျှောက်သွားပြီး ပိုက်ဆံရှာနေတယ်ဆိုတဲ့အကြောင်းက ရွာထဲကလူတွေ မပြောချင်မှအဆုံးပဲ။

ကျောက်အာ စီးပွားရေးလုပ်နေတဲ့အကြောင်းကြားတိုင်း အဒေါ် စွန်းတစ်ယောက် မျက်နှာတွေရှုံ့မဲ့သွားတတ်တယ်။

အဲဒီ မုန်းစရာလေးလား ပိုက်ဆံရှာနိုင်မှာ။ သူက ဘာအလုပ်လုပ်စားမှာမို့လို့လဲ။ လယ်ထဲက သဘာဝဖရုံတွေ ခူးရင်ခူး မဟုတ်ရင်လည်း ရွာစပ်ခြောက်စပ်တွေမှာ မရှိရှိတာလုပ်မှ အများဆုံးရ တစ်ပြားနှစ်ပြားပေါ့

“အေး ဒီအဒေါ်ကတော့ ဘာမှချေးစရာမရှိဘူးဟေ့… အားလုံးက အမေ့ဆီမှာ တောင်းရဲရင်တော့ နင့်ဟာနင်သာ သွားတောင်းတော့”

1 06

အဒေါ်စွန်းက သူမလက်ထဲက လုပ်လက်စတွေကို ကောက်သိမ်းပြီး ဘာမှမပြောချင်တော့ဟန်နဲ့ အိမ်ထဲပြန်ဝင်သွားတယ်။

“ချေးစရာမရှိဘူးဆိုလည်း ရပါတယ်။ သမီးကတော့ အဘွားကို သွားတောင်းဖို့ မရဲပါဘူး” ကျောက်အာက သူမအနောက်က လိုက်အော်တယ်။

“ကြည့်ရတာတော့ ကိုယ့်ဟာကိုယ်ပဲ သွားရှာရတော့မယ် ထင်ပါ့။ ဘာပဲဖြစ်ဖြစ် ကုန်းကျစ်ကို ကုရဦးမယ်မလား”

ကျောက်အာရဲ့အသံက ကျယ်လောင်ပြီး ထင်ရှားတာမို့ အဒေါ် စွန်းတင်မက အဓိကခန်းမထဲမှာ ထိုင်နေတဲ့ အဘွားကျောက်ပါ ကြားသွားတယ်။ သေချာပေါက်ကိုပဲ ကျောက်အာတစ်ယောက် သူမအခန်းထဲဝင်ဖို့ ခြေလှမ်းလိုက်တဲ့အချိန် အဘွားကျောက်ရဲ့အသံက ခပ်ငေါက်ငေါက်ထွက်လာတယ်။

“ဝက်ခြံကို ရှင်းလို့တောင်မပြီးသေးဘူး အခုအခန်းထဲပြန်ဝင်ပြီး အသေကောင်လို အပျင်းထူဦးမလို့လား”

ကျောက်အာက ရွံရှာမုန်းတီးဟန်နဲ့ သူမနှုတ်ခမ်းကို မဲ့ရွဲ့ရင်း ဆက်နားထောင်မနေတော့ဘဲ ကန့်လန့်ကာကိုမ,တင်ကာ အခန်းထဲဝင်လာခဲ့လိုက်တယ်။ ထိုအခါ ရွှီကုန်းကျစ်တစ်ယောက် သူမကို တည့်တည့်စိုက်ကြည့်နေတာ တန်းတွေ့လိုက်ရတော့တယ်။

******

2 01

အပိုင်း ၂

ရွှီကုန်းကျစ်ဟာ ရက်သတ္တပတ်တစ်ခုလောက်အထိ နာမကျန်းဖြစ်နေခဲ့တဲ့အတွက် နဂိုကတည်းက သွယ်လျတဲ့မျက်နှာမှာ အရိုးပေါ်အရေတင်သာ ကျန်တော့ပြီး ရှိရင်းစွဲမျက်လုံးဝိုင်းဝိုင်းတွေကလည်း ပိုမိုပြူးကျယ်သယောင်ဖြစ်နေတယ်။

ထိုမျက်လုံးတွေက သူမဆီရောက်လာတိုင်း အလိုမကျ စက်ဆုပ်ခြင်းတွေနဲ့ ပြည့်နှက်နေသော်ငြား ကျောက်အာအတွက်တော့ အဲဒီမျက်ဝန်းတစ်စုံက ကမ္ဘာပေါ်မှာ အလှဆုံးဖြစ်နေဆဲပါပဲ။ အမှန်အတိုင်းပြောရရင် တကယ်လည်း သူ့မှာ ကြည့်အကောင်းဆုံးဆိုလို့ အဲဒီမျက်လုံးတွေပဲ ရှိတာ။

ရွှီကုန်းကျစ်က မွေးကင်းစကတည်းက ချူချာခဲ့တဲ့သူမို့ သူ့မိဘတွေအတွက်တော့ ဂရုတစိုက် ပျိုးထောင်ခဲ့ရတဲ့ကလေးပဲ။ ဒီအတွက်ကြောင့်လည်း မိဘနှစ်ပါးက သူတို့သားဖြစ်သူကို အတော်လေး အလိုလိုက်ပြီး ယုယပေးခဲ့တယ်။

ရွာထဲက တခြားကလေးတွေ သူ့အသက်အရွယ်မှာ နေပူထဲအလုပ်လုပ်ပြီး အသားညိုလို့ နွားပေါက်လေးတွေလို သန်မာဖွံ့ထွားနေတဲ့အချိန် သူကတော့ လူကောင်ညှက်ညှက် အသားဖွေးဖွေးဖြစ်ရုံသာမက အမြဲလိုလို သီးသန့်ဆန်ပြီး တစ်ယောက်တည်း တိတ်တဆိတ် နေတတ်တယ်။

သို့ပေမဲ့ ကျောက်အာဆိုတာ ငယ်ငယ်ကတည်းက မဟုတ်မခံ ခပ်စွာစွာမိန်းကလေးဆိုတော့ သူမက တခြားလူတွေ သူ့လူကို ထိပါးပြောဆိုလာတဲ့အခါ ဘယ်တုန်းကမှ သည်းခံမနေခဲ့ဘူး။ တကယ်လို့ တစ်ယောက်ယောက်က ရွှီကုန်းကျစ်ကို စော်ကားမော်ကားပြုလာပြီဆို သူမက ထိပ်ဆုံးကအရင် စာရင်းသွားရှင်းတော့တာပဲ။

ကျောက်အာက ဒီကိစ္စနဲ့ပတ်သက်လို့ ရွာထဲက ယောက်ျားလေးတွေ မိန်းကလေးတွေအားလုံးနဲ့ တစ်ပွဲတစ်လမ်းနွှဲဖူးတာကြောင့် နောက်ကျတော့ တချို့တွေက ပြောချင်ရင်တောင် သူမနောက်ကွယ်မှာပဲ လက်ညှိုးထိုးရဲတော့တယ်။

သို့တိုင် ဒီနေ့သူ့ရဲ့အကြည့်တွေက တစ်ခုခုတော့ ထူးဆန်းနေတယ်။ သူမကိုတောင် မသက်မသာဖြစ်လာစေတာမို့ ကျောက်အာက ခပ်မြန်မြန်ပဲ အကြည့်လွှဲပစ်လိုက်ရတယ်။ သူ သေချာပေါက် သူမကို စိတ်ဆိုးနေပြန်ပြီဆိုတာ သိလိုက်ပါတယ်။

သူက သူမ ပါးစပ်က ‘ကုန်းကျစ်က ငါ့လူ’ဆိုတဲ့စကားမျိုးတွေ ထွက်လာတိုင်း စိတ်ဆိုးတတ်တယ်။ သူမ အဲဒီလိုပြောတာ ကြားတဲ့အခါတိုင်းလည်း သူမကို ရက်ပိုင်းလောက် လျစ်လျူရှုထားလေ့ရှိတယ်။ ကျောက်အာက စွာသာစွာမယ် အရှက်မရှိတဲ့ မိန်းကလေးမဟုတ်ပါဘူး။

သူမမှာလည်း သူ့မာနနဲ့သူ ရှိပေမဲ့ တစ်ဖက်မှာကျတော့လည်း သူမက ကလေးဘဝကတည်းက ရွှီမိသားစုနဲ့ စေ့စပ်ကြောင်းလမ်းထားတဲ့ သတို့သမီး ဖြစ်နေပြန်တယ်လေ။ တကယ်လို့ သူမသာ ဒီလိုပြန်မပြောဘူးဆိုရင် စတုတ္ထ အဒေါ်စွန်းနဲ့ ဘယ်လိုထိပ်တိုက်တွေ့နိုင်မှာလဲ။

“ဗိုက်ဆာနေပြီလား။ ဒီမှာ ငါ ဘာယူလာလဲ ကြည့်စမ်း!”

ကျောက်အာက စိတ်ထဲက စိုးရိမ်ပူပန်မှုတွေကို ချောင်ထိုးလိုက်ပြီး သူမလက်ဖျားစထဲက စက္ကူပါးလေးနဲ့အုပ်ထားတဲ့ ပေါက်စီနှစ်လုံး ထုတ်ပြလိုက်တယ်။ ဖြူဖွေးဖွေးဂျုံသားနဲ့လုပ်ထားတဲ့ ပေါက်စီတွေက အခုချိန်အထိ အငွေ့တထောင်းထောင်းနဲ့ သွားရည်ယိုချင်စရာဖြစ်နေတယ်။

“လာ ပူတုန်း မြန်မြန်စားလိုက်”

သူမက ပါးစပ်နားရွက်တက်ချိတ်မတတ် ပြုံးပြရင်း လူငယ်လေးရဲ့လက်ထဲ ခပ်သွက်သွက် ထိုးထည့်ပေးလိုက်ပြီးတော့မှ ပုခုံးပေါ်က လွယ်ထားတဲ့ခြင်းကို အခန်းထောင့်မှာ ချလိုက်တယ်။ ရွှီကုန်းကျစ်ကတော့ လက်ထဲက အစားအသောက်ကို စိတ်မရှိဘဲ သူမဆီမှာပဲ အာရုံရောက်နေတယ်။

မျက်စိအရှေ့က မိန်းကလေးက ဖူးပွင့်စအရွယ်ဖြစ်ပြီး ရွာထဲက သာမန်မိန်းကလေးတွေမှာ တွေ့ရများတဲ့ ခပ်လတ်လတ် အသားအရေနဲ့ တက်ကြွတဲ့စရိုက်ရှိတယ်။ သို့ပေမဲ့ ကျောက်အာမှာ ကွဲထွက်နေတဲ့တစ်ခုက သူမရဲ့အရေပြားက အစက်အပြောက်မရှိ ချောမွေ့နေပြီး ပျားရည်ရောင် သန်းနေတာပဲ။

သူမမှာ စင်းဖြောင့်နေတဲ့နှာတံ အမြဲတမ်း အသက်ဝင်ပြီး တောက်ပရွှန်းလဲ့နေတတ်တဲ့ မကျဥ်းမကျယ် မျက်ဝန်းတွေနဲ့ ပြုံးလိုက်တဲ့အခါ ရွှတ်နောက်နောက် ဟန်ပန်လေးရှိတယ်။ ကျောက်အာက သူ့ရွယ်တူမိန်းကလေးတွေထက် အရပ်ပိုရှည်ပြီး ခန္ဓာကိုယ်လည်း ပိုဖွံ့ဖြိုးကာ ကြည့်လိုက်တာနဲ့ နေရောင်ခြည်လို နွေးထွေးမြူးကြွတဲ့ ခံစားချက်မျိုး ရတယ်။

အသက်ဝင်လွန်းလို့ သူ့အိပ်မက်ထဲကအတိုင်းပဲ။

2 02

ရွှီကုန်းကျစ်က သူကိုယ်တိုင်တောင် မသိလိုက်ခင်မှာပဲ လက်ထဲက ပေါက်စီကို တစ်ကိုက်စားလိုက်မိတယ်။ ဒါကိုမြင်လိုက်တဲ့ ကျောက်အာရဲ့အပြုံးတွေကလည်း အခုနကထပ်တောင် ပိုတောက်ပလာတယ်။

သူမက မီးဖိုချောင်ထဲကနေ သူ့အတွက် ရေတစ်ခွက်နဲ့ပြန်ထွက်လာပြီး ဘေးမှာချပေးရင်း ရှုပ်ပွနေတဲ့ အိပ်ရာကို ပြန်ပြင်ပေးနေတယ်။ စိတ်ထဲမှာတော့ သူ့ကောင်လေးအတွက် အားရှိအောင် ဒီည ညစာဘာချက်ရမလဲဆိုတာတောင် တွေးပြီးသွားပြီ။

အခုကြည့်တော့မှ ထိုကောင်လေးက နောက်ဆုံးတော့ အများကြီး ပိုသက်သာလာသလိုပဲ။ ဒါပေမဲ့ ဆေးကတော့ ဆက်တိုက်ရဦးမှာပဲ။ ဒီအခြေအနေနဲ့သာဆို နောက်ထပ်ဆေးတစ်ခွက်နှစ်ခွက် ဝင်သွားရင် သေချာပေါက် ထူထူထောင်ထောင် ပြန်ဖြစ်လာလိမ့်မယ်။

ဒီလိုအတွေးတွေနဲ့ ကျောက်အာက သူမခေါင်းသေးသေးလေးထဲမှာ ဆေးတစ်ဖုံအတွက် ဘယ်လောက်ကုန်မယ် လက်ထဲမှာ ငွေစဘယ်လောက်ရှိသေးသလဲဆိုတာတွေ စတဲ့စတဲ့ အတွက်အချက်တွေကို လုပ်ရပြန်တယ်။

“မင်းရော … စားပြီးပြီလား”

ရွှီကုန်းကျစ်ရဲ့အသံက ရုတ်တရက် ထွက်လာတယ်။ သူက ပုံမှန်ဆို ဒီလိုမေးခဲတာမို့ ကျောက်အာက သတိလက်လွတ်နဲ့ ကုတင်ပေါ်က လူငယ်လေးကို မော့ကြည့်လိုက်မိတယ်။ ကျေးလက်ဒေသမှာနေတဲ့သူလို့ မထင်ရလောက်အောင် ဖြူဖွေးတဲ့အသားအရည်နဲ့ လူငယ်က မျက်ဝန်းထောင့်လေးတွေကလည်း အနည်းငယ် ကော့တက်နေသေးတာမို့ သူ့ကို အများကြား ထင်းထွက်နေစေတယ်။

သို့ပေမဲ့ သူက ဘယ်တော့မဆို ခေါင်းငုံ့နေတတ်တာမို့ တည်တံ့နေတဲ့မျက်နှာနဲ့ပါ ပေါင်းလိုက်ရင် သုန်မှုန်ထိုင်းမှိုင်းတဲ့အသွင်သာ ဖြစ်စေပြီး လူကြားထဲ ပျောက်နေတော့တယ်။ အမှတ်မထင်မေးခွန်းကြောင့် ကျောက်အာရင်ထဲ နွေးသွားရတယ်။

သူမရဲ့အပြုံးပန်းတွေက ပိုမိုဝေဆာလာပြီး “အင်း- အပြင်မှာ … စားပြီးသွားပြီ ဒါတွေက ရှင့်အတွက်”

ဝမ်းသာကြည်နူးမှုကြောင့် လွှတ်ခနဲ ထွက်သွားတဲ့စကားလုံးတွေက ‘မိန်းကလေးတစ်ယောက်ဖြစ်ပြီး အပြင်မှာ ရွာရိုးကိုးပေါက် လျှောက်သွားနေစရာလား’ဆိုတဲ့ ဆူပူမှုဆီကို ဦးတည်နေတာ သဘောပေါက်သွားတော့မှ ကျောက်အာက ခါးမတ်ရင်း အပြောခံဖို့ အားတင်းလိုက်တယ်။

အံ့ဩစရာက သူက ဘာမှပြောမလာတာပဲ။ အဲဒီအစား သူက လက်ထဲက ပေါက်စီကိုသာ အသံတိတ် ဖြည်းဖြည်းချင်း ငုံ့စားနေပြီး.. ကြည့်ရတာ တစ်ခုခုကို အတွေးများနေပုံ ရတယ်။ ကျောက်အာက တိတ်တခိုး သက်ပြင်းချရင်း တော်သေးတယ်လို့ တွေးလိုက်မိပေမဲ့ ရင်ထဲ မကောင်းဖြစ်သွားရတယ်။

“ကုန်းအာ အရမ်းစိတ်ထဲမထားနဲ့နော်။ ဘာပဲဖြစ်ဖြစ် သူတို့က နောက်ကွယ်မှာပဲ ပြောရဲတာမလား။ မျက်နှာတည့်တည့် လာမပြောရဲရင် စိတ်ထဲထည့်ဖို့တောင် မတန်ဘူး ပြီးတော့ သူတို့မှန်နေတော့ရော ဘာအရေးလဲ။ ငါက သေချာပေါက် ငွေကြိုးစားရှာပြီး နင့်ကို ကျောင်းထားပေးမယ် ဒါ ကတိပဲ”

ရွှီကုန်းကျစ်ရဲ့ ဦးနှောက်က အနည်းငယ် ထိုးကိုက်နေတုန်းမို့ သူ့အတွေးတွေကလည်း မြူခိုးဝေနေဆဲပဲ။ ကျောက်အာကတော့ သူ အခက်ကြုံနေတုန်းလို့ အထင်မှားသွားပေမဲ့ တကယ်တမ်းကျ သူက အဲဒီအိပ်မက်အကြောင်းကိုပဲ စဥ်းစားနေခဲ့တာ။

ကြားလိုက်ရတဲ့ သူမစကားတွေက ရုတ်တရက်ကြီး သူ့မှတ်ဉာဏ်ကို ပြန်နှိုးဆွပေးသလို ဖြစ်သွားတော့ သူဘာလို့ အိပ်ရာထဲလဲသွားခဲ့သလဲဆိုတာရဲ့ ကနဦးအကြောင်းအရင်းကိုပါ ပြန်သတိရသွားခဲ့တယ်။ မျှမျှတတပြောရရင် တကယ်တမ်း သူဒီလိုပြိုလဲသွားခဲ့ရတာ နှစ်ပေါင်းများစွာ စုပုံရင်း နက်ရှိုင်းလာတဲ့ စိတ်ဖိစီးမှုတွေကြောင့်ပဲ။

ဒီဖိအားတွေကို နားလည်ချင်ရင် ရွှီမိသားစုရဲ့ နောက်ကြောင်းနဲ့ အတွင်းရေးကိုပါ သေသေချာချာ သိထားဖို့လိုတယ်။ သူတို့နေထိုင်တဲ့ ယွီချင်းရွာဆိုတာ ဖျင်ယန်းပြည်နယ် ရှားစီရင်စုအတွင်းက ဟူယန်းမြို့အောက်မှာ တည်ရှိတယ်။

ရွာငယ်လေးဖြစ်တဲ့အလျောက် အိမ်ခြေကလည်း ၂၀၀ကျော်ကျော်သာရှိပြီး အားလုံးက ရာသီဥတုနဲ့ သဘာဝမြေကြီးကို အားကိုးပြီး လုပ်ကိုင်စားရတဲ့ သာမန်လယ်သမားတွေချည်းပဲ။ ရွှီမိသားစုကလည်း ထိုနည်း၎င်းပါပဲ။

ဒါပေမဲ့ တခြားသာမန်မိသားစုတွေနဲ့မတူဘဲ ရွှီမိသားစုမှာ အမွေအနှစ်တစ်ခုရှိတယ်။ ရွှီကုန်းကျစ်နဲ့ဆို သူ့အဘေးလို့ ပြောလို့ရပြီး လက်ရှိသူတို့အဘိုး ရွှီရဲ့အဘိုးဖြစ်သူက အရင်တုန်းက *ရှို့ချိုင်တစ်ယောက်ဖြစ်ခဲ့ဖူးတယ်။

(*ရှို့ချိုင် - တော်ဝင်စာမေးပွဲ၏ ခရိုင်အဆင့်ကို ပြီးမြောက်အောင်မြင်ပြီးသော စာသင်သား)

2 03

ဝေးလံခေါင်းဖျားလှတဲ့ ယွီချင်းရွာလိုနေရာမျိုးမှာ ဒီလိုပညာတတ်တစ်ယောက်ရှိတယ်ဆိုတာ မိသားစုအတွက်တော့ အင်မတန် ဂုဏ်ယူဝမ်းမြောက်စရာကိစ္စပဲ။ အဲဒီအဘေးကျေးဇူးနဲ့ ရွှီမိသားစုက ချက်ချင်းဆိုသလို တစ်ဆင့်မြင့်သွားပြီး သူတို့ရဲ့ ဘိုးဘေးဘီဘင်တစ်ယောက်ဆို ရွာသူကြီးတောင် ဖြစ်ခဲ့ဖူးတယ်။

အဲဒီလိုနဲ့ နောက်ပိုင်း မျိုးဆက်အားလုံးက ဒီလိုပဲ အကြီးအကဲနေရာကို ဆက်ခံလာပြီး ရလဒ်ကတော့ ရွှီမိသားစုက ရွာထဲမှာ ဩဇာလွှမ်းမိုးမှုတချို့ရှိလာခဲ့တယ်။ ဒီအခွင့်ထူးက ဦးဆောင်နိုင်စွမ်းရှိပြီး ရည်မှန်းချက်မြင့်တဲ့ လက်ရှိအဘိုး ရွှီရဲ့အဖေဖြစ်သူရဲ့ အားသွန်ခွန်စိုက် ကြိုးစားမှုနဲ့ပါ ပေါင်းလိုက်တော့ သူတို့မိသားစုက ဒီရွာတစ်လျှောက်မှာ ငွေကြေးရော ဂုဏ်သတင်းပါ အမြင့်ဆုံး ထိုးတက်သွားတော့တယ်။

အဘိုးရွှီလက်ထက် ရောက်လာတဲ့အချိန်မှာတော့ သူတို့မိသားစုက ဒီရွာတစ်လွှားမှာ စုစုပေါင်း လယ်ယာမြေ ၃၀လောက် ပိုင်နေပြီ။ သူ့သားတစ်ယောက်ချင်းစီကလည်း စီးပွားရေးအမြင်နဲ့အရည်အချင်းရှိတော့ ရွှီမိသားစုက သူတို့ရွာမှာတင်မက တခြားရွာတွေကြားမှာပါ ပိုလို့တောင် အထင်ကြီးခံရတော့တယ်။

အဘိုးရွှီနဲ့ သူ့မိန်းမ အဘွားကျောက်တို့က သားလေးယောက်နဲ့ သမီးနှစ်ယောက် ထွန်းကားတယ်။ အကြီးဆုံးသား ရွှီချင်းရှန်က ယန်မျိုးရိုးနဲ့ အိမ်ထောင်ကျပြီး သားနှစ်ယောက် သမီးတစ်ယောက် ဖွားမြင်တယ်။

အကြီးဆုံးသား ရွှီကျွင်းခိုင်က အခုအသက် ၁၅နှစ်ရှိပြီး အငယ်ကောင် ရွှီယို့ခိုင်က ၁၀နှစ်သာ ရှိသေးတယ်။ သမီးဖြစ်သူ ရွှီမန့်အာကတော့ အိမ်ထောင်ရက်သားတောင် ကျပြီးသွားပြီ။

ဒုတိယသား ရွှီချင်းစုန့်က ကျွမ်းကျင်လက်သမားတစ်ဦးဖြစ်ပြီး ချူအမျိုးသမီးနဲ့ လက်ထပ်ကာ လက်ရှိ ၁၄နှစ်ဖြစ်တဲ့ ရွှီကုန်းကျစ်တစ်ယောက်ပဲ သားရှိတယ်။

တတိယသား ရွှီချင်းပိုင်ကတော့ လယ်သမားဖြစ်ပြီး အဒေါ်ကျိုးနဲ့လက်ထပ်ကာ ၁၃နှစ်အရွယ် ရွှီထောက်အာလို့ခေါ်တဲ့ သမီးတစ်ယောက်နဲ့ ၈နှစ်အရွယ် ရွှီရွှမ်းကျစ်လို့ မှည့်ထားတဲ့ သားတစ်ယောက်ရှိတယ်။

အငယ်ဆုံးသား ရွှီချင်းဟွိုင်ကတော့ ပျံကျဈေးသည်တစ်ဦးဖြစ်ပြီး အဒေါ်စွန်းနဲ့အိမ်ထောင်ကျကာ ရွှီမောက်ဒန်လို့အမည်ရတဲ့ ၄နှစ်အရွယ် သားလေးတစ်ယောက်ပဲ ရှိသေးတယ်။

ကျန်တဲ့သမီးနှစ်ယောက်မှာတော့ အကြီးဖြစ်သူ ရွှီစွေ့ဖျင်းက အိမ်ထောင်ကျသွားပြီး အငယ်ဖြစ်သူ ရွှီစွေ့အယ်ကတော့ အသက် ၁၄ပဲရှိသေးတာမို့ သင့်တော်တဲ့ အိမ်ထောင်ဖက်ကို ရှာနေတုန်းပဲ။

သူတို့လည်းပဲ မိဘတွေ အသက်ရှိနေသေးသရွေ့ သားသမီးတွေ တစ်အိုးတစ်အိမ်ခွဲပြီး ထူထောင်ခွင့်မရှိဆိုတဲ့ စည်းမျဥ်းဟောင်းကြီးကို ကျင့်သုံးသေးတာမို့ လောလောဆယ် ရွှီမိသားစုက တစ်အိမ်ထဲမှာပဲ မိသားစုခွဲတွေအနေနဲ့ စုနေကြပြီး အမွေလည်း မခွဲရသေးဘူး။

ပညာရေးမှာ သီးပွင့်ဖူးတဲ့ ရွှီမျိုးရိုးက နောက်မွေးတဲ့ကလေးတွေကလည်း မျိုးရိုးလိုက်လေတယ်။ သားကြီးဩရသဖြစ်တဲ့ ရွှီချင်းရှန်က ငယ်စဥ်ကတည်းက ထက်မြက်တဲ့ကလေးမို့ အဘိုးရွှီက သူ့အပေါ် အတော်လေး မျှော်မှန်းခဲ့ပြီး ကျောင်းနေတဲ့အရွယ်ရောက်တော့လည်း ငွေကြေးအမြောက်အများ သုံးစွဲကာ ဆရာကြီးတစ်ယောက်ဆီမှာ သီးသန့်ပညာသင်စေခဲ့တယ်။

တကယ်လည်း ရွှီချင်းရှန်က သူ့မိဘတွေကို စိတ်မပျက်စေခဲ့ဘူး။ သူအသက် ၂၀ရောက်တာနဲ့ တော်ဝင်စာမေးပွဲရဲ့ ဝင်ခွင့်စစ်ဆေးမှုကို အောင်မြင်သွားပြီး အရည်အချင်းပြည့်မှီသူလို့ အဓိပ္ပာယ်ရတဲ့ ထုန်ရှန်းအဆင့်ကို ရရှိနိုင်ခဲ့တယ်။

ရှို့ချိုင်ဖြစ်ဖို့ နောက်တစ်ဆင့်လောက် လိုသေးပေမဲ့ နီးစပ်ရာရွာငယ်လေးတွေကြားထဲမှာတော့ သူက လေးစားဖွယ်ရာ ပညာတတ်ကြီးအဖြစ် ယူဆခံရတုန်းပဲ။ ထုန်ရှန်းတစ်ယောက်ကိုလည်း အဆင့်နိမ့်သေးတယ်ဆိုပြီး သွားအထင်သေးလို့မရဘူး။

စာပေအနုပညာကို အရေးပေးလာတဲ့ခေတ်မို့ ထိပ်ဆုံးမှာ စာသင်သားတွေ ပြီးမှ လယ်သမား လက်မှုပညာရှင်နဲ့ ကုန်သည်တွေဆိုတဲ့ ဆိုရိုးစကားအတိုင်း ဒီလူမှုအသိုင်းအဝိုင်းမှာတော့ ပညာတတ်တွေက လူရာအဝင်ဆုံးပဲ။

သာမန်လူတစ်ယောက်အတွက် ဒီလိုအဆင့်ရောက်ချင်တယ်ဆိုရင် နည်းလမ်းတစ်ခုပဲရှိတယ်။ ဘုရင်မင်းမြတ်က ကြီးမှူးကျင်းပပေးတဲ့ တော်ဝင်စာမေးပွဲပဲ။ နောက်ပြီး စာမေးပွဲစနစ်ကလည်း အင်မတန် ပြင်းထန်ကြမ်းတမ်းတာမို့ ဈာန်ပေါက်အောင် တရားကျင့်ရတာထက် ပိုခက်ခဲတယ်။

ဒီလမ်းကြောင်းကို စလျှောက်ဖို့စိတ်ကူးထားတဲ့သူက အရင်ဆုံး မွေးရာပါပါရမီရှိဖို့လည်း လိုသေးတယ်။ ထုန်ရှန်းဆိုတာက ဝင်ခွင့်နဲ့ အရည်အချင်းစစ်စာမေးပွဲ နှစ်ခုစလုံး အောင်မြင်သွားတဲ့သူမို့ တရားဝင် နန်းတွင်းအရာရှိဖြစ်ဖို့ စတင်ရာလို့ ပြောလို့ရတယ်။

2 04

ဒီအချက်တွေအားလုံးကြောင့် ရွှီချင်းရှန်က မိသားစုထဲမှာ အရေးပါအရာအရောက်ဆုံးသူဖြစ်နေတာ မဆန်းတော့ပါဘူး။ ဒါပေမဲ့ အပေါ်မှာပြောခဲ့ဖူးတဲ့အတိုင်း ရွှီမိသားစုက သာမန်တောသူဌေးအဆင့်သာ ရှိသေးတဲ့အတွက် လူတစ်ယောက်ကို ပညာတော်သင်လွှတ်ဖို့ဆိုတာ ရှိသမျှလူအားလုံး ဝိုင်းဝန်းပံ့ပိုးပေးမှ ရမှာ။

အရင်ဆုံး ကိုယ်ပိုင်မိသားစုတည်ဆောက်ရမဲ့ သားအကြီးဆုံးဖြစ်တဲ့အပြင် ပညာရေးမှာလည်း ထွန်းပေါက်နေတော့ ကျန်တဲ့အငယ်တွေက အနစ်နာခံ နောက်ဆုတ်ပေးလိုက်ရတာ သဘာဝပါပဲ။ ဒါတွေနဲ့ ရွှီကုန်းကျစ် အိပ်ရာထဲလဲသွားရတာ ဘာဆိုင်လို့လဲလို့ ရှုပ်ထွေးနေသေးတယ်ဆိုရင်တော့ ကိစ္စတွေစတင်ရာ ဟိုးအရင်နှစ်တွေဆီကို ပြန်သွားရမှာပဲ။

ထုန်ရှန်းအဆင့် ရောက်သွားတဲ့ ရွှီချင်းရှန်က ယုံကြည်မှုအရမ်းရှိနေပြီး ခရိုင်အဆင့်စာမေးပွဲကိုပါ အောင်မြင်ပြီး ရှို့ချိုင်တစ်ယောက်ဖြစ်ဖို့အတွက် အရမ်းစိတ်အားထက်သန်နေတယ်။ ဒါပေမဲ့ သူမသိခဲ့တာက ကံကြမ္မာမှာ တခြားအစီအစဥ်ရှိနေတယ်ဆိုတာပဲ။

အားလုံး ချီးကျူးမြှောက်စားထားတဲ့ ရွှီချင်းရှန်ဟာ အောင်မြင်ဖို့ လက်တစ်ကမ်းအလိုမှာတင် ကပ်ပြုတ်ခဲ့ရတယ်။ လူတိုင်း ဆွံ့အသွားတဲ့အချိန် ကာယကံရှင်ကတော့ ကံကိုသာ ရိုးမယ်ဖွဲ့ပြီး မလျှော့သောဇွဲနဲ့ နောက်တစ်ကြိမ် ထပ်ကြိုးစားကြည့်ဖို့ လုပ်ပြန်တယ်။

အဆုံးသတ်ကတော့ ကျရှုံးမြဲကျရှုံးဆဲပဲ။ တစ်နှစ်ပြီးတစ်နှစ် ဒီလိုချည်းပဲဖြစ်နေတဲ့အခါ အားလုံးရဲ့ မျှော်လင့်ချက်တွေ ပျက်သုဥ်းလာရုံတင်မက သူကိုယ်တိုင်လည်း ယုံကြည်မှုတွေ လျော့ရဲလာခဲ့တယ်။

သူ ကြိမ်ဖန်များစွာ ကြိုးစားခဲ့ပေမဲ့လည်း ရလဒ်က မပြောင်းလဲသေးတာမို့ စာအကြောင်းပြပြီး တစ်နေကုန် အိမ်မှာ အလကားနေနေရတာကို ရှက်လာတဲ့ ရွှီချင်းရှန်က ရွေးချယ်စရာမရှိတော့ဘဲ ကိုယ်ပိုင်ကျောင်းတစ်ကျောင်းဖွင့်ပြီး ရွာထဲက ကလေးတွေအပြင် အိမ်နီးချင်းရွာတွေက ကလေးတွေကိုပါ စာသင်ပေးဖို့ ဆုံးဖြတ်လိုက်တော့တယ်။

ဒီအလုပ်က သိပ်မမြတ်ပေမဲ့ အနည်းဆုံးတော့ စားစရိတ်ရသေးတယ်လေ။ လက်လျှော့လိုက်တဲ့ သူ့ကျေးဇူးကြောင့် အဲဒီတော့မှပဲ ရွှီမိသားစုရဲ့ ကျန်တဲ့အငယ်တွေခမျာ အနည်းငယ် အခွင့်အရေးရတော့တယ်။

အထွေးဆုံးမောင်နှမတွေက သိပ်ငယ်သေးတော့ သူ့သားအကြီးဆုံး ရွှီကျွင်းခိုင်နဲ့ တူအကြီးဆုံး ရွှီကုန်းကျစ်တို့က သူ့ဆီမှာ အကြာဆုံး ပညာသင်ခဲ့ကြတယ်။ သူ့ဝမ်းကွဲအစ်ကို ရွှီကျွင်းခိုင်ထက်စာရင် ကျန်းမာရေးမကောင်းတဲ့ ရွှီကုန်းကျစ်က နောက်ကောက်ကျကျန်ခဲ့တာတွေ များတယ်။

ကလေးဘဝကတည်းက မကြာခဏ အပြင်းဖျားတတ်တာက ပညာသင်ကြားတဲ့နေရာမှာ အတော်ကြီးမားတဲ့ အားနည်းချက်ဖြစ်လာခဲ့တယ်။ လွန်ခဲ့တဲ့ ငါးနှစ်ကိုပဲ ပြန်သွားကြည့်ရအောင်။ စီရင်စုပညာရေးဝန်ကြီးက သက်ဆိုင်ရာနယ်ပယ်မှာ ယွမ်စာမေးပွဲ ကျင်းပနေတဲ့ အဲဒီနှစ်ပေါ့။

သေချာပေါက် အားမာန်မလျှော့သေးတဲ့ ရွှီချင်းရှန်က ဒီလိုအခွင့်အရေးကို ဘယ်လက်လွတ်ခံပါ့မလဲ။ သူက သူ့ကျောင်းလေးကို ခဏပိတ်ပြီး စာမေးပွဲမှာ စာရင်းပေးဖို့အတွက် မြို့တော်ကို ခပ်စောစော ထွက်လာခဲ့တယ်။

အရင်တုန်းက တစ်နေရာနဲ့တစ်နေရာ ကူးသန်းသွားလာဖို့ဆိုတာ သိပ်လွယ်ကူနေတာမဟုတ်ဘူး။ အဲဒီလိုနဲ့ အဘို ရွှီက သူ့သားတစ်ယောက်တည်း စိတ်မချလို့ဆိုပြီး ဒုတိယသား ရွှီချင်းစုန့်ကိုပါ အဖော်လိုက်ခိုင်းလိုက်တယ်။

ဒါပေမဲ့ အဲဒီခရီးက ကံမကောင်း အကြောင်းမလှစွာပဲ ဝမ်းနည်းကြေကွဲစရာတွေနဲ့သာ အဆုံးသတ်ခဲ့တယ်။ မြို့တော်မှာ ရွှီချင်းရှန်က သွားမထိသင့်တဲ့လူတွေကို စော်ကားခဲ့မိတယ်။ သူ့အစ်ကိုကြီးကို ကာကွယ်ဖို့ အရှေ့တက်ခဲ့တဲ့ ရွှီချင်းစုန့်က သေလုမျောပါး အရိုက်ခံခဲ့ရပြီး အိမ်အထိ အသက်ပြန်ပါလာပေမဲ့ နောက်ရက်အနည်းငယ်မှာပဲ ဆုံးပါးသွားခဲ့တယ်။

သူက မသေခင် ရွှီချင်းရှန်ကို ကတိတစ်ခုတောင်းခဲ့ပြီး အဲဒါက ရွှီကုန်းကျစ်ရဲ့ ပညာရေးနဲ့ပတ်သက်လို့ သူတတ်နိုင်တဲ့ဘက်က အားလုံးပံ့ပိုးပေးပါမယ်ဆိုတာပဲ။ အမှန်တိုင်းပြောရရင် ရွှီချင်းစုန့်က သားလတ်ဖြစ်တာနဲ့အညီ သူ့တစ်ဘဝလုံး အကြီးနဲ့အငယ်တွေအတွက် တိတ်တိတ်လေး အနစ်နာခံပေးခဲ့ရတာ။

သူ့နောက်ဆုံးအချိန်မှာလည်း ဒါတွေကို သူမခံပြင်းဘဲနေပါ့မလား။ ဒါပေမဲ့ သူက အမြဲတမ်း စိတ်ကောင်းရှိပြီး သူ့အစ်ကိုကြီးလို မိုးနတ်မင်းက ကောင်းချီးပေးခံရတဲ့သူမဟုတ်တာ သိလို့ပဲ မိသားစုအတွက် ခြေတစ်လှမ်း နောက်ဆုတ်ပေးနေခဲ့တာ။

2 05

အဲဒီလိုဆိုရင်တောင် ရွှီကုန်းကျစ်လို နုနယ်တဲ့သားတစ်ယောက်ရဲ့ ဖခင်ဖြစ်နေသေးတဲ့အတွက် တစ်ခါလောက်တော့ သူလည်း ဘယ်သူ့အတွက်မှမဟုတ်ဘဲ သူ့အတွက်သူ ကြည့်ချင်သေးတယ်။ သူ့အခြေအနေသူ သိတဲ့ရွှီချင်းစုန့်က မသေခင် နောက်ဆုံးဆန္ဒဆိုတဲ့ ဖိအားကို အသုံးချပြီး သူ့အစ်ကိုကို ကတိတစ်ခုတောင်းခဲ့လိုက်တယ်။

ဒါက သူ တစ်ကိုယ်ကောင်းဆန်ခဲ့တာမဟုတ်ဘဲ ဘယ်အရာမဆို အကြီးဆုံးတွေအတွက်သာဆိုတဲ့ ရွှီမိသားစုရဲ့ ရှေးရိုးစွဲအကျင့်ကြီးကို ပျောက်စေချင်လို့ပဲ။ အဲဒီတုန်းက သူ့ညီငယ် ၄တောင် အိမ်ထောင်မကျသေးဘဲ တတိယမိသားစုခွဲရဲ့ ကလေးတွေကလည်း လသားအရွယ်သာရှိနေတဲ့အချိန်မှာတောင် အကြီးဆုံး မိသားစုခွဲက ကလေးနှစ်ယောက်က ရေးတတ်ဖတ်တတ်နေပြီ။

အခု ကုန်းကျစ်ပါ ပါလာပြီဆိုတော့ နည်းနည်းတော့ မျှခြေညီသွားလောက်ပါတယ်။ ရွှီချင်းရှန်သာ လက်ခံသရွေ့ တခြားဘယ်သူမှ ဝင်တားရဲမှာ မဟုတ်ဘူး။ နိမ့်ပါးတဲ့ သူ့ဘဝတစ်လျှောက်လုံးမှာ သူ့သားအတွက် သူလုပ်ပေးနိုင်တာ ဒါအကုန်ပါပဲ။

ရွှီချင်းရှန်ကလည်း မျက်ရည်အပြည့်နဲ့ နေရာမှာတင် ချက်ချင်းသဘောတူပေးခဲ့တယ်။ ရွှီကုန်းကျစ်ကို သူ့သားအရင်းတစ်ယောက်လို စောင့်ရှောက်ပါ့မယ်ဆိုပြီး အဲဒီတော့မှသာ ရွှီချင်းစုန့်က မျက်လုံးကောင်းကောင်း မှိတ်သွားနိုင်ခဲ့တာ။

သိပ်မကြာတဲ့အချိန်မှာပဲ ကုန်းကျစ်ရဲ့အမေဖြစ်သူချူကလည်း ခင်ပွန်းရဲ့ကြေကွဲစရာ အဆုံးသတ်ကြောင့် စိတ်ထိခိုက်ပြီး အိပ်ရာထဲလဲကာ ဆုံးပါးသွားခဲ့တယ်။ အဲဒီလိုနဲ့ ရွှီကုန်းကျစ်ရဲ့ဘဝက မသိလိုက်ခင်မှာတင် မိဘမဲ့ဖြစ်သွားပေမဲ့ ကံကောင်းတာက မှီခိုစရာ မိသားစုဝင်တွေရှိနေသေးတာပဲ။ နောက်ပိုင်းမှာ ရွှီချင်းရှန်က တကယ်လည်း သူ့ကိုသားအရင်းလို ဆက်ဆံပေးခဲ့ပါတယ်။

အဲဒါကြောင့် ရွာထဲကလူတွေတောင် သူ့ရဲ့သဘောထားကြီးတဲ့ စိတ်ဓာတ်ကို ချီးကျူးမဆုံးဖြစ်နေကြတာ။ ဒါပေမဲ့ လူ့စိတ်ဆိုတာ ပြောင်းလဲတတ်တယ်ဆိုတဲ့အတိုင်း ကိုယ်ကျိုးကြည့်တာကလည်း လူတွေရဲ့ဗီဇထဲမှာပါနေတော့ အချိန်ကြာလာတာနဲ့ သူ့ဆက်ဆံပုံတွေက ပြောင်းလဲလာတယ်။

အပေါ်ယံမှာသာ တန်းတူဆက်ဆံတယ်လို့ ပြောတာ နောက်ကွယ်ကျ သိတဲ့သူသာ သိလိမ့်မယ်။ ဒီနှစ်မှာတော့ ရွှီချင်းရှန်က သူကိုယ်တိုင် သူ့သားကိုပေးနိုင်တဲ့ပညာက နည်းနေသေးတယ်လို့ ယူဆတာကြောင့် ရွှီကျွင်းခိုင်ကို ပိုအမြင်ကျယ်အောင်လို့ မြို့တော်မှာ ပညာတော်သင်လွှတ်ဖို့ စတင်စဥ်းစားနေခဲ့တယ်။

ပြဿနာက မြို့တော်ကကျောင်းတွေက ဈေးကြီးလွန်းတယ်။ တစ်နှစ်စာ ကျောင်းစရိတ်ကို နိုင်ရင်တောင် သွားလာနေထိုင်စရိတ်က လိုသေးတယ်။ အဲဒါထက် အခါကြီးရက်ကြီးကျ ဆရာဆရာမတွေကို လက်ဆောင်ပေးတာတို့ အလှူငွေဖိုးကောက်တာတို့ကို ထည့်မပြောနဲ့ဦး။

ရွှီမိသားစုက ဒီနှစ်တွေအတွင်း ရွှီချင်းရှန်ရဲ့ ပညာသင်စရိတ်ကို ထောက်ပံ့နေရတာနဲ့တင် ထွက်ငွေအတော်များနေပြီမို့ မြေးနှစ်ယောက်လုံးကို တစ်ပြိုင်နက် ကျောင်းပို့ဖို့ မဖြစ်နိုင်ဘူး။ အဲဒီလိုနဲ့ ရွှီချင်းရှန်က ဒီကိစ္စကို တစ်မိသားစုလုံးအရှေ့ ထုတ်ပြောလာတဲ့အခါ ရွှီကုန်းကျစ်က သူ့အဖေလိုမျိုး အလိုက်တသိနဲ့ တိတ်တဆိတ် နောက်ဆုတ်ပေးရမဲ့အစား သူက မသိချင်ယောင်ဆောင်နေခဲ့တယ်။

ဒါကြောင့် ဒီတလောအတွင်း အိမ်ရဲ့အခြေအနေက ပြောစရာမလိုအောင် တင်းမာနေပြီး အဘိုးရွှီက နေ့တိုင်းမျက်မှောင်ကုပ်နေသလို အဘွားကျောက်ကလည်း မဲမဲမြင်ရာ မာန်မဲဆူပူနေတော့တယ်။ အကြီးဆုံး မိသားစုခွဲသာ ဘာမှမဖြစ်သလို ဆက်နေနေနိုင်တာ။

ဒါပေမဲ့ ကံတရားမှာ သူ့အစီအစဥ်နဲ့သူ ရှိပါတယ်။ တစ်နေ့ကျတော့ ရွှီကုန်းကျစ် ဖြတ်သွားတဲ့အချိန်မှာပဲ သူ့အကြီးဆုံးအဒေါ်ယန်နဲ့ စတုတ္ထ အဒေါ်စွန်းတို့ရဲ့ စကားဝိုင်းကို မထင်မှတ်ဘဲ ကြားလိုက်ရတယ်။

အမျိုးသမီးနှစ်ယောက်ရဲ့ ဦးတည်ရာစကားလမ်းကြောင်းက သူ့ကို အဘိုးအဘွားတွေရဲ့ အမိန့်နဲ့ မြို့တော်မှာ စာသွားသင်ဖို့ ဖိအားပေး လက်လျှော့ခိုင်းမယ်ဆိုတာပဲ။ ချက်ချင်းလက်ငင်း ဆောင့်တက်လာတဲ့ ဒေါသနဲ့ခံပြင်းမှုတွေကြောင့် ငယ်ရွယ်တဲ့ ကုန်းကျစ်က သူ့ခံစားချက်တွေကို မထိန်းနိုင်တော့ဘဲ အိပ်ရာထဲလဲသွားတော့တယ်။

ဒါတွေအကုန်လုံး ပြန်ပြောင်းတွေးကြည့်ပြီးတော့ ရွှီကုန်းကျစ်က သူကိုယ်တိုင် မချုပ်တည်းနိုင်တဲ့ ခံစားချက်တချို့ ဆန်တက်လာပြန်တယ်။ တစ်ချိန်တည်းမှာပဲ လောလောလတ်လတ် မက်ထားတဲ့ အိပ်မက်ထဲကပုံရိပ်တွေကိုပါ မြင်ယောင်လာတော့တယ်။

ထိုအိပ်မက်ထဲမှာ ရွှီထင်းရှန်းလို့ခေါ်တဲ့ ကောင်လေးတစ်ယောက်ကလည်း အသက် ၁၄နှစ်မှာ သူ့အတိုင်း တစ်ထပ်တည်းဖြစ်ခဲ့တာ။ နောက်ကျတော့ အဲဒီကိစ္စကြောင့်ပဲ သူ့ဘဝမှာ ကြီးမားတဲ့အချိုးအကွေ့ကြီးဖြစ်သွားပြီး သူ့ကိုယ်ကျင့်စရိုက်တစ်ခုလုံးကို ပြောင်းလဲသွားစေခဲ့တယ်။

2 06

သူက အဲဒီရွှီထင်းရှန်းများလား အဲဒီရွှီထင်းရှန်းကရော သူပဲလား။ ဒါပေမဲ့ သူကဘာလို့ ဒီလိုအရာတွေကို အိပ်မက်ထဲ လာမက်နေရတာလဲ။

မေးခွန်းတွေ များလာလေလေ ရွှီကုန်းကျစ်ရဲ့ ဦးခေါင်းက မနေနိုင်အောင် ထိုးကိုက်လာခဲ့တယ်။ လက်ထဲက ပေါက်စီကိုလည်း လွှတ်ချလိုက်မိပြီး ကိုက်ပြီးသား ပေါက်စီလေးက မာကျောပူနွေးတဲ့ ကျောက်သားအိပ်ရာပေါ် ပြုတ်ကျသွားတယ်။

သူ့ဘေးနားချပေးထားတဲ့ ရေခွက်ကလည်း မှောက်ကျသွားပြီး ကျယ်လောင်တဲ့ ဒီဆူညံသံတွေက ကျောက်အာကို လန့်ဖြန့်သွားစေတယ်။ သူမက အလျင်စလို သူ့ဘေးနား အပြေးရောက်လာပြီး ချက်ချင်းဆိုသလို သူ့ကို ရင်ခွင်ထဲဆွဲထည့်ပစ်လိုက်တယ်။

“ကုန်းအာ ကုန်းအာ ဘာဖြစ်တာလဲ။ ငါ့ကို ဒီလိုမခြောက်ပါနဲ့!”

******

All Chapters