← Chapters

အခန်း (၃-၄)

Vol. 1 Ch. 3-4

အခန်း (၃-၄)

Vol. 1 Ch. 3-4

3 01

အခန်း ၃

ရွှီကုန်းကျစ်တစ်ယောက် ရုတ်ခြည်းအိပ်ရာထဲလဲသွားတာက တစ်အိမ်လုံးကို ကမောက်ကမဖြစ်သွားစေပြီး အိမ်ရှိလူကုန် ဒုက္ခပေးသလိုဖြစ်သွားတယ်။ တတိယမြောက် ဦးလေးဖြစ်သူ ရွှီချင်းပိုင်ဆို အကြီးဆုံးမိသားစုခွဲဆီကနေ နွားလှည်းတစ်စီးငှားပြီး သူ့အတွက် မြို့တော်က သမားတော်တစ်ယောက် တကူးတက သွားပင့်ပေးလိုက်ရတယ်။

သမားတော် ရောက်လာပြီး စစ်ဆေးလိုက်တော့ သူ့မှာ ဘာရောဂါ ကြီးကြီးမားမားမှမရှိဘဲ အရင်ချူချာခဲ့တာတွေလည်း ကောင်းမွန်လုနီးပါးဖြစ်သွားပြီလို့ ဆိုတယ်။ လောလောဆယ်က အားနည်းရုံတင်မို့လို့ ကောင်းကောင်းအနားယူလိုက်ရင် နာလန်ထူနိုင်မယ်လို့ ပြောလာတယ်။

ခေါင်းကိုက်တာအတွက်ကိုတော့ သမားတော်ကြီးကိုယ်တိုင် အကြောင်းအရင်းကို မရှာဖွေနိုင်ခဲ့ဘူး။ သမားတော်ကို ပြန်လိုက်ပို့ပြီးတာနဲ့ အဘွားကျောက်ရဲ့ မျက်နှာက ချက်ချင်းဆိုသလို မဲမှောင်ကျသွားတယ်။

သူမက ခေါင်းတစ်ခုလုံးနီးပါး ဖြူဖွေးနေတဲ့ဆံပင်တွေကို စုထုံးထားပြီး အသက် ၅၀စွန်းစွန်းရှိပြီဖြစ်တယ်။ နဂိုကတည်းက သူမရဲ့ ရှည်လျားတဲ့မျက်နှာနဲ့ တွဲကျနေတဲ့မျက်ခွံတွေက ခက်ထန်တဲ့အသွင်ပေါက်နေတာ အခုလို ဆူပုတ်သွားတဲ့အခါ မြင်တဲ့လူတိုင်းကို ချဥ်းကပ်ဖို့မလွယ်မှန်း တန်းသိသွားစေတယ်။

အဘွားကျောက်ဘာမှတောင်မပြောရသေးခင်မှာပဲ စတုတ္ထအဒေါ် စွန်းက ညည်းညူသံနဲ့ ဝင်အပြစ်တင်တယ်။

“ကျောက်အာ စိတ်တော့မဆိုးနဲ့။ ဒါပေမဲ့ နင့်အဒေါ် ၄ကတော့ ပြောရမှာပဲ။ နင်က ဘာမဟုတ်တာကို တအားတွေ ပုံကြီးချဲ့နေတာ။ မသိရင် တမင် ငါတို့အားလုံးကို ပြဿနာလိုက်ရှာနေသလိုပဲ။ နင်မကျေနပ်တာတွေ ရှိရင်တောင် လူကြီးတွေကို ပြန်ခံမပြောသင့်…”

“ကဲ တော်ပြီ မင်းလည်း ဘာမှထပ်မပြောနဲ့တော့”

သူမစကား မဆုံးခင်မှာတင် ယောက်ျားဖြစ်သူ ရွှီချင်းဟွိုင်က အသံမာမာနဲ့ ဝင်ဖြတ်ပြောလာတယ်။

“ကျောက်အာကလည်း မိုက်မိုက်ကန်းကန်း ပြုမူတတ်တဲ့မိန်းကလေးမဟုတ်ဘူး။ ပြီးတော့ ကုန်းကျစ်က တကယ်လည်း မသက်သာသေးတာမို့ သမားတော်ပင့်တယ်ဆိုတာ အကောင်းဆုံးနည်းလမ်းပဲ”

“ရှင်က ဘာကိုထပ်မပြောခိုင်းတာလဲ။ ကျွန်မဖြင့် ဘာမှတောင်မပြောရသေးတဲ့ဟာ”

“ဒါပေမဲ့ မင်းပါးစပ်က ပွင့်နေတုန်းပဲလေ …”

လင်မယားနှစ်ယောက်က အခန်းထဲက ထွက်သွားတဲ့တစ်လျှောက်လုံး သူတွန်းကိုယ်တိုက်နဲ့ ရန်ဖြစ်သွားတယ်။ အကြီးဆုံးအဒေါ်ယန်က ကျောက်အာကို လူမှုရေးအရ အပြုံးလေးတစ်ခုပေးပြီးမှ ဘေးက ယောက္ခမဖြစ်သူဆီ အကြည့်ရောက်သွားတယ်။

“အမေ သွားရအောင် ။လူလေး သူ့ဘာသာ ကောင်းကောင်းနားပါစေ”

အဘွားကျောက်က အိပ်ရာပေါ်လှဲနေတဲ့ ကုန်းကျစ်ကို တစ်ချက်ကြည့်ပြီးမှ အေးတိအေးစက် ခနဲ့ကာ နောက်ပြန်လှည့်မကြည့်စတမ်း တန်းထွက်သွားတယ်။ သူမရဲ့အပြုအမူတွေကို ကြည့်ရသလောက် အဘွားကျောက်က ရွှီကုန်းကျစ်ကို တော်တော်အမြင်ကပ်နေတာ သိသာပါတယ်။

အမှန်တော့ ဖြစ်လည်းဖြစ်ချင်စရာပါပဲ။ ရွှီမိသားစုက တောသူဌေးတော့မှန်ပေမဲ့ မြို့တော်က သမားတော်တစ်ယောက်ပင့်တယ်ဆိုတာ တစ်ခါလေး ခေါ်တာနဲ့ ကြေးပြားတစ်ရာလောက် အသာလေး ကုန်တယ်။

အခုတလော ကျောင်းစရိတ်တွေနဲ့တင် ငွေကြေးကျပ်တည်းနေတဲ့ သူတို့က ဘယ်လိုလုပ် အခေါက်ခေါက်အခါခါ တတ်နိုင်မှာလဲ။

အခြေအနေကို ပိဆိုးသွားစေတာက အဲဒီသမားတော်ရဲ့ မရေမရာ သုံးသပ်ချက်တွေက အဘွား ကျောက်ရဲ့ ‘ဒီကောင်လေးဟာ သက်သက်မဲ့ နေမကောင်းဖြစ်ချင်ယောင် ဆောင်နေတာ’ဆိုတဲ့ သံသယကို ပိုခိုင်မာသွားစေတာပဲ။

သူမအမြင်မှာတော့ ဒုတိယမိသားစုခွဲရဲ့ အဲဒီကောင်လေးက အိမ်အတွက် ထွက်ငွေနဲ့ ဒုက္ခတွေပဲ အမြဲယူဆောင်လာတဲ့ ပြဿနာအိုးပဲ။ ဒါပေမဲ့ အခုချွေးမကြီးက ဒီလိုပြောလာတော့လည်း အဘွားကျောက်က လူငယ်လေးအပေါ် ဘာမှမပြောဆိုတော့ဖို့ ဆုံးဖြတ်လိုက်တယ်။

အိမ်ကချွေးမတွေထဲမှာ အကြီးဆုံး အဒေါ်ယန်က အဘွားကျောက် သဘောအကျဆုံးလို့ ပြောလို့ရတယ်။ အနေအထိုင်တတ်တဲ့သူမက သားကြီးရွှီချင်းရှန်ရဲ့ မိန်းမလည်း ဖြစ်နေတော့ မိသားစုထဲမှာ ပြောရေးဆိုခွင့်ရှိပြီး အဘွားကျောက်ကလည်း သူမကို ပစားပေးချင်တယ်။

သူမတို့နှစ်ယောက် ပြန်သွားတဲ့နောက် အခန်းထဲမှာ တတိယမြောက် ဦးလေး ရွှီချင်းပိုင်နဲ့ အဒေါ်ကျိုးတို့ပဲ ကျန်တော့တယ်။ သူတို့ကလည်း စကားများများစားစား မပြောကြတဲ့လူတွေဆိုတော့ ခဏလောက်နေပြီးတာနဲ့ ပြန်သွားကြတယ်။

3 02

ခုနတုန်းက တကယ်တမ်း အလုပ်ရှုပ်ခဲ့ရတာက ဦးလေး ၃တို့မို့ ကျောက်အာက သူတို့လင်မယားကို အခန်းဝအထိ လိုက်ပို့ပေးခဲ့တယ်။ သူမ အထဲပြန်ဝင်လာတော့မှ ကုတင်ပေါ်က ရွှီကုန်းကျစ်က တစ်ခုခုဝင်ပူးခံထားရသလိုနဲ့ မျက်နှာကျက်ကို ပြူးကြောင်ကြောင် စိုက်ကြည့်နေတာ တွေ့လိုက်ရတယ်။

ဒါပေမဲ့လည်း ကျောက်အာက ထွေထွေထူးထူး တွေးမနေဘဲ သူ့ဘေးနားသွားရပ်ကာ ရွှီကုန်းကျစ်ရဲ့ နဖူးကို အသာစမ်းကြည့်လိုက်တယ်။

“ကုန်းအာ အရမ်းမတွေးပါနဲ့။ နင် တကယ်နေမကောင်းဘူးဆိုတာ သူတို့ ယုံယုံမယုံယုံ ငါယုံပါတယ်။ အဲဒါကြောင့် ကိုယ်နေပြန်ကောင်းလာဖို့ကိုပဲ အာရုံစိုက် ဟုတ်ပြီလား။ မဟုတ်တာတွေ အတွေးမလွန်နဲ့”

ရွှီကုန်းကျစ်ရဲ့အကြည့်တွေက သူမဆီရောက်လာပြီး ခြောက်သွေ့နေတဲ့ နှုတ်ခမ်းတစ်စုံက အက်ကွဲကြမ်းရှစွာ ပွင့်ဟလာတယ်။

“ကျောက်အာ …”

သူ ဗလုံးဗထွေး ခေါ်လာတယ်။

“အင်း ဘာဖြစ်လို့လဲ။ ဘယ်နား အဆင်မပြေလို့လဲ”

ပြောရင်းဆိုရင်း သူမရဲ့ကြမ်းရှပေမဲ့ နွေးထွေးတဲ့လက်ဖဝါးတွေက သူ့မျက်နှာတစ်လျှောက်ကို ထိကိုင်လာတဲ့အခါကျမှ ငေးငိုင်နေတဲ့ ရွှီကုန်းကျစ်တစ်ယောက် လက်တွေ့ကို အသိဝင်လာပြီး စိတ်ဒုန်းဒုန်းချနိုင်သွားတယ်။

သူမ အသက်ရှင်နေသေးတယ် … သူလည်း အသက်ရှင်နေသေးတယ် …

သူမရဲ့အပြုအမူတချို့ကြောင့် ငယ်စဥ်ကတည်းက သူ့သတို့သမီးဖြစ်လာမဲ့ ကျောက်အာကို ဘယ်တုန်းကမှ ကြည့်မရခဲ့ဘူးဆိုရင်တောင် သူမကို သေစေချင်စိတ် တစ်ခါမှမရှိခဲ့ဖူးတာ အမှန်ပါ။ အဲဒါကို သူက ဘယ်လိုလုပ် မိန်းမနဲ့ကလေးကို လုပ်ကြံတဲ့လူ ဖြစ်လာမှာတဲ့လဲ။

အဲဒီလိုဆိုရင်တောင် နက်ရှိုင်းတဲ့ မသက်မသာခံစားချက်ကြီးတစ်ခုက သူ့ရင်ထဲ အမြစ်တွယ်နေဆဲပဲ။ အဲဒီအိပ်မက်က အရမ်းလက်တွေ့ဆန်လွန်းတယ်။ ထိုလူရဲ့နှစ်ပေါင်း ၇၀ကြာတဲ့ အဖြစ်အပျက်တွေကို အသေးစိတ်မြင်တွေ့နေရတာ မသိရင် သူကိုယ်တိုင် အဲဒီဘဝမှာနေခဲ့ရသလိုပဲ။

အခု ပြန်နိုးလာတော့မှ အချိန်တွေ နောက်ပြန်ဆုတ်သွားသလိုနဲ့ အရာအားလုံးက ကွဲပြားသွားခဲ့တာ။ ဒါပေမဲ့ သူ အခုချိန်အထိ အဲဒီအိပ်မက်ကို ပြန်မတွေးရဲသေးဘူး။

“ကျောက်အာ …”

သူ့နှုတ်က မရည်ရွယ်ပါဘဲ ငြင်ငြင်သာသာ ထွက်လာခဲ့တဲ့အမည်နာမတစ်ခု။

“ငါ ရှိပါတယ်”

ကျောက်အာက မတုံ့မဆိုင်းပဲ ချက်ချင်းဖြေတယ်။

“ကျောက်အာ …”

“ဟင်မ်”

“ကျောက်အာ …”

သူမ ပြန်မဖြေနိုင်ခင် တစ်ဖက်လူရဲ့အသိစိတ်လွင့်နေသလို ခပ်ကြောင်ကြောင် မျက်ဝန်းတွေဆီက မျက်ရည်ပူတွေ စီးကျလာတာကို မြင်တဲ့အခါ ကျောက်အာတစ်ယောက် လန့်ဖြန့်သွားပြီး ဒါကိုထူးဆန်းတယ်လို့တောင် တွေးချိန်မရှိဘဲ ကြောက်အားလန့်အားနဲ့ ရွှီကုန်းကျစ်ရဲ့ခေါင်းကို သူမရင်ခွင်ထဲ ဆွဲသွင်းလိုက်မိတယ်။

“ဘာဖြစ်လို့လဲ။ ငါ့ကိုပြော … နင် ဘာဖြစ်တာလဲ”

သူမရဲ့တရစပ်ထွက်လာတဲ့ မေးခွန်းတွေကလွဲလို့ အခန်းထဲမှာ ပြန်ဖြေသံထွက်မလာဘဲ တစ်ဖက်လူက သူမရင်ခွင်ထဲ အတင်းမျက်နှာအပ်ကာ ရှိုက်ငိုလာလေတော့ ကျောက်အာက အခုနက စကားတွေကြောင့် စိတ်ထိခိုက်သွားတယ်လို့ပဲ ယူဆလိုက်တယ်။

သူမ မျက်လုံးထဲမှာတော့ ဒီကောင်လေးက အမြဲတမ်း လေးလံတဲ့ဖိအားတွေကို တစ်ယောက်တည်း သယ်ထားပြီး ဘယ်တော့မှ သူ့အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်း ထုတ်မပြောတတ်ဘူး။ အဲဒီလိုသာမဟုတ်ရင် သူ အပြင်းဖျားပြီး ဒီလိုအိပ်ရာထဲတောင် လဲသွားမှာမဟုတ်ဘူး။

3 03

သူမ ကလေးဘဝတုန်းက နှစ်သိမ့်ပေးခဲ့တဲ့အတိုင်း ကျောက်အာက သူ့ခေါင်းလေးကို ခပ်ဖွဖွပွတ်သပ်ပေးရင်း တင်းတင်းကျပ်ကျပ် ပွေ့ဖက်ပေးထားလိုက်တယ်။

“ဘာမှ စိတ်မကောင်းဖြစ်မနေနဲ့။ ကုန်းအာ သူတို့ နင့်ကို ကျောင်းမထားပေးဘူးဆိုရင်တောင် ငါ့မှာရှိသမျှ အကုန်ထုခွဲရောင်းချပြီး နင့်ကို စာသင်ပေးမယ် ဟုတ်ပြီလား”

ရှည်လျားတဲ့အိပ်မက်ဆိုးကြောင့်ရော ရက်ရှည်နေမကောင်းဖြစ်ထားတာနဲ့ရော ပေါင်းပြီး စိတ်ရောကိုယ်ပါ ချွတ်ခြုံကျသွားတဲ့ ရွှီကုန်းကျစ်က ယာဂုလေးနည်းနည်းသာ စားပြီး အိပ်ရာဝင်သွားတယ်။

သူ စောင်အောက်မှာ နွေးနွေးထွေးထွေး အိပ်ရာဝင်သွားတာသေချာတော့မှ ကျောက်အာက နောက်ဆုံး သူမယူလာတဲ့ အခန်းထောင့်ကခြင်းကို ဖြည်ဖို့ အာရုံရတယ်။ ခြင်းတောင်းထဲမှာက ဘာမှထူးဆန်းထွေလာမရှိဘဲ သူမ ဒီနေ့မြို့ထဲက အပ်ချုပ်ဆိုင်က ကောက်လာတဲ့ အပ်ချုပ်ပစ္စည်းအချို့နဲ့ အဝတ်စတွေသာဖြစ်တယ်။

ကျောက်အာက အရင်ကရွာထဲကမိန်းကလေးတွေ မြို့တက်ပြီး ဈေးမှာ လက်ချုပ်အိတ်ကလေးတွေ ရောင်းတာကို သွားကူပေးရင်းနဲ့မှ ဒါတွေလုပ်ပြီး သူမကိုယ်တိုင် ဆိုင်မှာလိုက်သွင်းဖို့ အကြံရသွားတာ။

သူတို့ဒုတိယမိသားစုခွဲမှာ လူကြီးတစ်ယောက်မှ မရှိတော့ဘူး။ မိသားစုက တစ်နေ့ထမင်းသုံးနပ်တော့ ကျွေးပေမဲ့ ကုန်းကျစ်ရဲ့စုတ်တံ၊ မှင်ရည်နဲ့ စက္ကူရွက်တို့လို ကျောင်းပစ္စည်းတွေအပြင် တခြားနေ့စဥ်သုံးပစ္စည်းအတိုအထွာတွေအတွက် ငွေက လိုသေးတယ်။

အဘွားကျောက်ဆီက ခြူးတစ်ပြား ထွက်လာဖို့ဆိုတာ ကောင်းကင်ဘုံ တက်ရတာထက်တောင် ခက်သေးတယ်။ နောက်ပြီး အကြီးဆုံးဦးလေး ရွှီချင်းရှန်ကလည်း ကိုယ့်သားသမီးလို ဂရုစိုက်ပါမယ်ဆိုတာ အပြောပဲရှိကြောင်းကို သူမကိုယ်တိုင် မျက်စိနဲ့တပ်အပ်မြင်ပြီးသွားပြီ။

အကြီးဆုံးမိသားစုခွဲကကလေးတွေက နေ့တိုင်း နှုတ်ခမ်းအဆီတဝင်းဝင်းနဲ့ ဝတ်ကောင်းစားလှတွေ အပြည့်ဖြစ်နေတဲ့အချိန် ရွှီကျွင်းခိုင်မှာဆိုလည်း စာရေးကိရိယာတွေ လိုအပ်နေတာ တစ်ခါမှမတွေ့ဖူးဘူး။

သူတို့နဲ့ဆန့်ကျင်ဘက် သူမရဲ့ ကောင်လေးကတော့ ဝါးတစ်ချောင်းလို ပိန်ခြောက်နေပြီး စက္ကူလည်းမလောက် စုတ်တံဆိုလည်း ရွှီချင်းရှန် ဟိုးအရင်နှစ်တွေတုန်းက စွန့်ကျဲထားတဲ့ အဟောင်းလေးကိုပဲ ဖွာလန်ကျဲတဲ့အထိ ဆက်သုံးနေရတယ်။

ကျောက်အာက ဒါတွေကိုမကြည့်ရက်တော့လို့ ကိုယ်ပိုင်ဝင်ငွေရှာဖို့ လုပ်ပေမဲ့ ဒီလိုလူသူကျဲပါးခေါင်ဖျားတဲ့ ကျေးလက်ဒေသမှာ ငွေဝင်ပေါက်က တော်တော်ရှားတယ်။ အဲဒီလိုဆိုပေမဲ့ လက်မလျှော့လိုက်နိုင်တဲ့ ကျောက်အာက မြို့တက်ပြီး သူမ လုပ်နိုင်စွမ်းအတွင်းရှိတဲ့ အလုပ်မှန်သမျှ လိုက်လုပ်ခဲ့တယ်။

အောက်ခြေသိမ်းမှန်သမျှ မလုပ်ဖူးတာမရှိတဲ့အထိ အချိန်တွေကြာလာတော့မှ ရွာထဲက အသီးအနှံတချို့ကို စုဝယ်ပြီး မြို့တော်မှာ သွားရောင်းတယ်။ အပ်ချုပ်ဆိုင်တွေက ပေးလိုက်တဲ့အမှာစာတွေကို ရွာထဲက အပ်ချုပ်ကျွမ်းကျင်တဲ့မိန်းကလေးတွေဆီကို ပြန်ဖြန့်ပေးပြီး အဲဒီကနေမှ ဆိုင်ရှင်ဆီက လုပ်အားခအပြင် သူမကိုယ်တိုင် တစ်နိုင်တစ်ပိုင်ပစ္စည်းလေးတွေ လုပ်ရောင်းခဲ့တယ်။

ဒီစုပေါင်းစပ်ပေါင်း လုပ်ငန်းသေးသေးလေးတွေက ဘယ်လောက်မှမမြတ်ဘူးဆိုပေမဲ့ အနည်းဆုံးတော့ အပိုဝင်ငွေလေးတချို့ စုမိလာခဲ့တယ်။ အရေထူထူ လျှာဖျားချိုချိုနဲ့ ကျောက်အာက အပ်ချုပ်ဆိုင်ပိုင်ရှင်ကို သိမ်းသွင်းပြီး သူမကို ပိုနေတဲ့အဝတ်စတွေ ပြန်ရောင်းခိုင်းလိုက်တယ်။

အဲဒီအဝတ်စတွေရလာပြီဆိုတာနဲ့ အိမ်မှာပဲ လိုသလိုဖြတ်ညှပ်ပြီး ရွာထဲက မိန်းကလေးတွေအကူအညီနဲ့ ခါးချိတ်အိတ်ကလေးတွေ အမွှေးအိတ်ကလေးတွေအဖြစ် ဖန်တီးလိုက်တယ်။

နောက်တော့မှ ဒီကုန်ပစ္စည်းလေးတွေကို မြို့ကဆိုင်တွေမှာ လိုက်သွင်းတဲ့အခါ အရင်နည်းလမ်းဟောင်းတွေထက် မဆိုသလောက်ပိုတဲ့ ဝင်ငွေလေးတွေ ရလာခဲ့တယ်။ ဒီအရံစီးပွားရေးလေးသာမရှိရင် ကုန်းကျစ်ရဲ့ ဆေးကုသစရိတ်ကို ဘယ်လိုကာမိပါ့မလဲ။

အဘွား ကျောက်ကလည်း ဆေးဖိုးပေးတော့တာမဟုတ်ဘူး။ ဒီလိုနဲ့ ဒီတလောအတွင်း အိမ်ကလူကြီးတွေအမြင်မှာ ရွာရိုးကိုးပေါက်လျှောက်သွားနေတဲ့ ကျောက်အာကသာ သူမရဲ့ လျှို့ဝှက်လုပ်ငန်းလေးနဲ့ ကုန်းကျစ်ကို ဆက်ကုပေးနေခဲ့တာ။

သူမ အလုပ်ကို လူကြီးတွေသိသွားရင်တော့ သေချာပေါက် ဟန့်တားမှာကျိန်းသေတယ်။ ဒီအတွေးနဲ့ ကျောက်အာရဲ့နှုတ်ခမ်းတွေက တင်းတင်းစေ့ပိတ်သွားတယ်။ နောက်တော့ ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ပြီး ကျောက်အာက ထုံးစံအတိုင်း လျင်မြန်ကျွမ်းကျင်စွာ အလုပ်စလုပ်တော့တယ်။

3 04

လေးထောင့်စားပွဲပေါ် သန့်ရှင်းတဲ့အခင်းတစ်ခုအရင် ခင်းလိုက်ပြီးမှ ဟိုတစ်စ ဒီတစ်စဖြစ်နေတဲ့အဝတ်ပုံထဲက အသုံးဝင်မဲ့ ပိတ်စတချို့ကို ရွေးထုတ်ကာ ကပ်ကြေးတစ်လက်နဲ့ ပုံစံကျအောင် ညှပ်တော့တယ်။

သူမက အိတ်တစ်ခုဆို အစဘယ်လောက်ကုန်မလဲ အတိအကျ တွက်ထားပြီးသားမို့ ရသမျှအဝတ်စအားလုံးကို အပိုအလိုမရှိ ညှပ်လိုက်နိုင်တယ်။ ကျောက်အာက သိုသိပ်လွန်းပြီး သူမ အပြင်က ဘာတွေပြန်ယူလာသလဲဆိုတာ ဘယ်သူ့ကိုမှ ပေးမတွေ့ဘူး။

ကျေးလက်တောရွာတွေမှာ ကြေးတစ်ပြားကအစ ခက်ခက်ခဲခဲရှာရတယ်။ တကယ်လို့ ဒီအလုပ်သာ ပေါက်ကြားသွားလို့ကတော့ သိပ်မကြာခင် သူမလုပ်ငန်းလေးက အခိုးခံလိုက်ရမှာပဲ။ ကျောက်အာက ဒီဝင်ငွေကိုသုံးပြီး သူ့ကောင်လေးကို ကျောင်းထားပေးဖို့ ရည်ရွယ်ထားတုန်းပဲ။

အကြီးဆုံးမိသားစုခွဲရဲ့ စိတ်ဓာတ်တွေအရ သူတို့က ကုန်းကျစ်ကို ဘယ်တော့မှ အကောင်းလုပ်ပေးမှာ မဟုတ်ဘူး။ တခြားသူတွေဆီမှာ လက်ဖြန့်တာထက် ကိုယ့်အားကိုယ်ကိုးလိုက်တာ ပိုကောင်းတယ်။

သူမ အသက် ၇နှစ်အရွယ် အဘွားနဲ့အဖေက သူမကို ပိုက်ဆံနဲ့လဲပစ်လိုက်ကတည်းက ကျောက်အာက ‘ဒီလောကကြီးမှာ ကိုယ်မှီခိုနိုင်တာ ကိုယ်တစ်ယောက်တည်းပဲ’ဆိုတဲ့ ဒီလောကကြီးရဲ့ ရက်စက်တဲ့နိယာမတစ်ခုကို နားလည်လိုက်တာ။

ထူးဆန်းပြီး သဏ္ဍာန်တောင်မပေါ်တဲ့ အဝတ်စတွေကို အိတ်ချုပ်လို့ရတဲ့အထိ ပုံကျအောင် ညှပ်ပြီးသွားလို့ အနောက်ကို လှည့်ကြည့်လိုက်တဲ့အခါ အိပ်ရာထဲကလူက နှစ်ခြိုက်စွာ အိပ်မောကျနေတုန်းပဲ။

အပြင်မှာ ကောင်းကင်တစ်ခုလုံး မဟူရာသန်းနေပြီမို့ သူမက ထိုပိတ်စတွေကို အစီအစဥ်တကျ စီရီလိုက်ပြီးမှ အလျင်စလို အိမ်ကထွက်လာခဲ့လိုက်တယ်။ ညကောင်းကင်ယံအောက်မှာ ယွီချင်းရွာလေးက ပုံမှန်နဲ့ကွဲပြားစွာ တိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်။

နူးညံ့တဲ့လရောင်ဖြူဖြူက ရွာလမ်းလေးတစ်လျှောက် တိတ်တဆိတ် ဖြာကျနေပြီး တတ်စွမ်းသလောက် အလင်းပေးနေသော်ငြား အောက်ခြေကို ရှင်းလင်းစွာ မြင်ရဖို့အထိ မစွမ်းသာတော့ ဘေးပတ်ဝန်းကျင်က မဲမှောင်ဆဲပဲ။

ကျောက်အာက တစ်လမ်းလုံး အေးအေးလူလူပဲ လျှောက်သွားတယ်။ တကယ်တော့ ဒီလိုလူဦးရေနည်းပါးတဲ့ ကျေးရွာတွေမှာ သူခိုးဓားပြဝင်တတ်တာကြောင့် အိမ်တိုင်းလိုလိုက အစောင့်ခွေးတစ်ကောင်တော့ မွေးထားလေ့ရှိကြတယ်။

ထိုခွေးတွေက သတိရှိလွန်းလို့ သူတို့ခြံရှေ့ဖြတ်လျှောက်ရုံနဲ့တင် နားကန်းအောင် အဟောင်ခံရလိမ့်မယ်။ သို့သော် ကျောက်အာရဲ့ ခရီးလမ်း ဒီလို အနှောင့်အယှက်မရှိ ချောမွေ့နေတာက သူမ ခြေသံလုံလို့ဆိုတာထက် ဘေးနားမှာ ထပ်ကြပ်မကွာလိုက်နေတဲ့ ခွေးလေးဟေးကျစ် ကျေးဇူးကြောင့်ပဲ။

ဟေးကျစ်က သာမန်တောခွေးတစ်ကောင်ပဲဆိုပေမဲ့ တခြားကောင်တွေထက် အားပိုသန်ပြီး အကောင်ပိုထွားတာကြောင့် ဒီရွာမှာ သူ့ကိုယှဥ်နိုင်တဲ့ခွေးဆိုလို့ လက်တစ်ဆုပ်စာပဲရှိတယ်။ ဒီဖိုက်တာကြီးရှိနေလို့သာ ကျောက်အာက မိန်းကလေးတစ်ယောက်တည်း ညကြီးမင်းကြီး ထွက်လာရဲတာ။

လေ့ကျင့်စရာမလိုအောင် ရင်းနှီးပြီးသား လမ်းတစ်လျှောက် ဆင်းချသွားလိုက်တဲ့အခါ သူမ ဦးတည်လာတဲ့အိမ်က ထူးထူးဆန်းဆန်း အကြားအမြင်ရနေသလား အောက်မေ့တယ် သူမ မလာခင် တံခါးကြိုဖွင့်ပြီး စောင့်နေကြတာ တွေ့လိုက်ရတယ်။

သူမ အထဲခြေချလိုက်တာနဲ့ အိမ်စောင့်ခွေးက ထွက်လာပေမဲ့ ဟေးကျစ်က အမြန်ရှေ့တက်ပြီး တစ်ဖက်ခွေးကို မြေကြီးမှာ ဖိနင်းပစ်လိုက်တာကြောင့် သနားစရာအကောင်လေးခမျာ ကြောက်အားလန့်အားနဲ့ အမြှီးကုပ်သွားပြီး အသံတစ်စက်မှမထွက်ရဲတော့ဘူး။

“အဟင်း အခုသင်ခန်းစာ ရသွားပြီလား ဟမ်”

ကျောက်အာက မြင်ကွင်းကြောင့် သဘောတကျရယ်ပြီး ပြောလိုက်တဲ့အချိန်မှာပဲ အိမ်ထဲက တစ်စုံတစ်ယောက်ရဲ့အသံ ထွက်လာတယ်။

“ဟေးကျစ်တစ်ကောင် ငါတို့ဝမ်ချိုင်လေးကို အနိုင်ကျင့်ပြန်ပါပြီ။ ဝင်ခဲ့လေ ကျောက်အာ ထိုင်ဦး”

“မထိုင်တော့ပါဘူး။ ဒေါ်လေးကွေ့ဟွာ သမီး အမြန်ပြန်ရမှာ”

3 05

ကျောက်အာက သူမ ယူလာတာတွေကို ပေးလိုက်တော့ တစ်ဖက်ကလည်း သူမ အပ်ထားတဲ့ပစ္စည်းလေးတွေ ပြန်ကမ်းပေးလာတယ်။ အဲဒီလိုနဲ့ ကျောက်အာက တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်ပေးရင်း စုစုပေါင်း ငါးအိမ်လောက် ရောက်ခဲ့တယ်။

သူမက ငွေရှာဖို့ စိတ်အားထက်သန်နေပြီး ရွာထဲက မိန်းကလေးအားလုံးနီးပါးကလည်း အချုပ်အလုပ် တော်ကြတယ်ဆိုပေမဲ့ အရင်တစ်ခေါက်က အဖြစ်အပျက်ကြောင့် သူမ နှုတ်လုံတဲ့လူတွေနဲ့သာ လက်တွဲလုပ်ဖို့ အရေးကြီးတယ်။

သူမ ပထမဆုံး ရွာထဲကအသီးအနှံတွေယူပြီး မြို့မှာ ပြန်ရောင်းဖို့လုပ်တုန်းက ပါးစပ်ဖွာတဲ့လူတစ်ယောက်က တစ်ရွာလုံး ဖြန့်ပစ်လိုက်လို့ ကျောက်အာမှာ အချိန်တစ်ခုအထိ အပြောအဆိုခံခဲ့ရသေးတယ်။

သူမက ဝေဖန်ခံရတာကို ကြောက်လို့တော့မဟုတ်ပါဘူး။ ဒါပေမဲ့ ပြဿနာက ဒီသတင်းတွေအကုန်လုံး သူ့အိမ်ကလူနားထဲပါ ရောက်ကုန်တာပဲ။ တချို့ရွာသားတွေက ကုန်းကျစ်ကို ဒီအကြောင်း စနောက်ကြတဲ့အခါ သူတို့နှစ်ယောက်ကြား မလိုလားအပ်တဲ့ ကတောက်ကဆတွေ ဖြစ်ခဲ့ရတယ်။

အဲဒါထက် ဒီကိစ္စပြီးတော့ ရွာထဲကဘယ်သူမှ သူမကို အသီးအနှံ မရောင်းချင်ကြတော့ဘူး။ ရောင်းခဲ့ရင်တောင် ဈေးကို မတန်တဆ မြှင့်ပစ်လိုက်ကြတာချည်းပဲ။ နောက်ဆုံးမှာတော့ ကျောက်အာခမျာ ကုန်ပစ္စည်းရဖို့ တခြားရွာအထိ သွားလိုက်ရတာက သူမကို ပိုအလုပ်ရှုပ်သွားစေတယ်။

အဲဒီကတည်းက ကျောက်အာက အလုပ်မဖြစ်သေးခင် ပါးစပ်ပိတ်ထားရမယ်ဆိုတာ သင်ခန်းစာ ရသွားတော့တာ။ ကျောက်အာ အိမ်ပြန်ရောက်တဲ့အထိ ရွှီကုန်းကျစ်က အပူပေးအိပ်ရာပေါ်မှာ အိပ်မောကျနေဆဲပဲ။

သူမက ရေတွင်းက ရေတစ်ပုံးလောက် ခပ်ပြီးမှ ကိုယ်လက်သန့်စင်ပြီး အိပ်ရာပေါ်တက်လိုက်တယ်။ ဒုတိယမိသားစုခွဲမှာ ကုတင်တစ်လုံးသာရှိတာမို့ နှစ်ယောက်သားက ငယ်ငယ်ကတည်းက အတူတူအိပ်ရတာ နေသားကျနေပြီ။

ဟေးကျစ်က ကုတင်ဘေးက ကြမ်းပြင်ပေါ်မှာ ခွေခေါက်လှဲအိပ်လိုက်ပြီး မျက်လုံးတွေ ပိတ်ထားတာတောင် သူ သတိရှိနေသေးတယ်ဆိုတာ ထောင်နေတဲ့နားရွက်နှစ်ဖက်က သက်သေပြနေတယ်။

ကျောက်အာက ပက်လက်မလဲခင် သူ့ကောင်လေးအခြေအနေကြည့်ဖို့ အနားတိုးသွားလိုက်တယ်။ ရွှီကုန်းကျစ် နဖူးကို လက်နဲ့ခပ်ဖွဖွ စမ်းကြည့်ပြီး အားလုံးအဆင်ပြေတာ ကျိန်းသေမှ နောက်ဆုံး စိတ်အေးလက်အေးနဲ့ ခေါင်းချလိုက်နိုင်တယ်။

မိသားစုဝင်နည်းလို့ အခန်းနှစ်ခန်းနဲ့ကုတင် တစ်ခုတည်းရှိတဲ့ ဒုတိယမိသားစုခွဲထက်စာရင် အကြီးဆုံးမိသားစုခွဲက အများကြီးပိုသာတယ်။ သူတို့မှာ အိမ်ရဲ့အရှေ့ပိုင်းတစ်ခြမ်းလုံး အပိုင်စားရထားပြီး အခန်းသုံးခန်းတောင် ရှိတယ်။

လက်ရှိအိမ်မကြီးရဲ့ အရှေ့ဘက်ခြမ်းမှာ အမျိုးသမီးယန်က အိမ်မှာ တစ်နေကုန်မရှိတာကြောင့် ဘာမှမသိတဲ့ သူ့ယောက်ျား ရွှီချင်းရှန်ကို ဒီနေ့ဖြစ်ကြောင်းကုန်စင်အားလုံး ပြန်ပြောပြနေတယ်။ ရွှီချင်းရှန်ကတော့ အားလုံးနားထောင်ပြီး ချက်ချင်းဆိုသလို မျက်မှောင်တွေ ကြုတ်လာခဲ့တယ်။

အခုခေတ်မှာ တချို့ဟိတ်ဟန်ထုတ်ချင်တဲ့ ကျေးလက်မိသားစုအနည်းငယ်က မင်္ဂလာဆောင်တို့ ဈာပနပွဲတို့မှာ ပညာတတ်တစ်ယောက်ကို အထူးဧည့်သည်အဖြစ် ဖိတ်လာကြတယ်။ အဆင့်က အနိမ့်ဆုံးဖြစ်နေပါစေ ဒီလူမှုအသိုင်းအဝိုင်းမှာတော့ စာတတ်ပေတတ်တွေက နေရာရကြတာပဲလေ။

ဒီနေ့မတိုင်ခင် ရွှီချင်းရှန်က တစ်ဖက်ကျေးရွာမှာ မင်္ဂလာပွဲတက်ဖို့ အဖိတ်ခံခဲ့ရသေးတယ်။ မင်္ဂလာဆောင်ဆိုပေမဲ့ စာသင်သားဆိုတာနဲ့တင် လက်ဖွဲ့ပစ္စည်းယူသွားစရာမလိုဘဲ အလကားစားသောက်ရတဲ့အပြင် ကျေးဇူးတင်လက်ဆောင်အနေနဲ့ ဟုန်ပေါင်းပါ ရလိုက်သေးတယ်။

ပွဲကျင်းပတဲ့နေရာက မထင်မရှားကျေးရွာလေးဆိုတော့လည်း စာအိတ်ထဲက ပမာဏက ဘယ်လောက်ရှိပါ့မလဲ အများဆုံး ကြေးပြားတစ်ဒါဇင်လောက်ပေါ့ …

အမှန်အတိုင်းပြောရရင် ရွှီချင်းရှန်က ဒီလိုကမ်းလှမ်းခံရတာကို သိပ်နှစ်ခြိုက်တယ်။ တစ်ယောက်က ဖိတ်လာတာနဲ့ သူက ကျောင်းကကလေးတွေကို ကျက်စရာတချို့ ပေးပြီးတာနဲ့ တစ်နေ့လုံး ပျောက်သွားတော့တာပဲ။

သူ သဘောကျရတဲ့အကြောင်းအရင်းက မဖြစ်စလောက် ငွေကြောင့်လည်း မဟုတ်သလို အစားအသောက်တွေကြောင့်လည်းမဟုတ်ဘူး။ တကယ်တမ်းကျ လူပုံအလယ်မှာ ဂုဏ်သရေရှိဧည့်သည်အနေနဲ့ မိတ်ဆက်ခံရပြီး ပွဲတက်ရောက်သူတွေက သူနဲ့စကားအနည်းငယ် ပြောရတာနဲ့တင် ဂုဏ်ယူဝမ်းမြောက်နေတာကို ကြည့်ရတာပဲ။

3 06

ဒီလိုအချိန်တွေက သူ့ကိုယ်သူ အရမ်းဂုဏ်ယူရတယ်။ ဘယ်လိုမဆို သူက အသိအမှတ်ပြုခံရတဲ့ ထုန်ရှန်းလောင်ယဲ့တစ်ယောက်ပဲလေ။ ဒါထက်ရှို့ချိုင်အဆင့်ကို တက်နိုင်ရင်တော့ ပိုကောင်းတာပေါ့ ဒါပေမဲ့ ဒီနှစ်တွေအတွင်း သူ့အကန့်အသတ်သူ သဘောပေါက်သွားတဲ့ ရွှီချင်းရှန်က ဒီအိပ်မက်ကို သူ့သားအပေါ်သာ မျှော်လင့်ထားတော့တယ်။

ကံဆိုးချင်တော့ အခု သူ့သားတက်လမ်းမှာ တချို့ဆူးညှောင့်ခလုတ်တွေက လာဟန့်တားနေတာပဲ။ ပွဲမှာသောက်လာခဲ့တာကြောင့် သူ့မျက်နှာဝိုင်းဝိုင်းက ရဲတက်နေပြီး သူ့ရင်ထဲမှာလည်း ခံပြင်းမှုတွေက တောက်လောင်နေတယ်။

“အဲဒီကောင်စုတ်လေး ဝင်နှောင့်ပြန်ပြီ။ တစ်လက်မ နေရာပေးတာနဲ့ တစ်မိုင်လောက် ယူချင်တဲ့ကောင်!”

အမျိုးသမီးယန်က သက်ပြင်းအသာချပြီး “အဲဒီတုန်းက ရှင့်ညီကို ကတိပေးခဲ့တာ ရှင်ကိုယ်တိုင်ပဲလေ။ အခုတော့ကြည့်ပါဦး။ ကျွန်မတို့ သားလေးကျွင်းခိုင်က ပြန်ပေးဆပ်နေရတယ်”

“အဲဒီတုန်းက ငါ့မှာ တခြားရွေးစရာရှိလို့လား။ ညီလေး ၂က ရိုးသားမလိုလိုနဲ့ ငါ့ကို မသေခင် နောက်ဆုံးဆန္ဒဆိုတာနဲ့ တုပ်နှောင်ခဲ့တာ။ သူ ဒီလိုကြံစည်မှန်းသာ သိရင် ငါအရင် နှုတ်ပိတ်ပစ်လိုက်တာ ကြာပေါ့။ ဒါပေမဲ့ အဲဒီတုန်းက ဘေးမှာလူတွေလည်း အများကြီးရှိနေတာလေ။ ပြီးတော့ သူသေသွားရတာကလည်း ငါ့အပြစ်မကင်းဘူးဆိုတော့ အဲဒီတောင်းဆိုချက်လေးကိုတောင် ငြင်းလိုက်ရင် ငါ ဘယ်လိုမျက်နှာပြရတော့မလဲ”

အမျိုးသမီးယန်ကလည်း ဒီအကြောင်းပြချက်ကို နားလည်ပေမဲ့ အလိုမကျမှုတွေက သူမရင်ထဲ ပြည့်နှက်နေတုန်းပဲ။ ဒါတွေအားလုံးက အဲဒီအဓိပ္ပာယ်မရှိတဲ့ ကတိတစ်ခုကြောင့် ဖြစ်လာရတာ။ အခုတော့ သူတို့သားက ကိုယ့်ပိုက်ဆံနဲ့ကိုယ်တောင် ကျောင်းကို ပေါ်ပေါ်ထင်ထင်မတက်ရဲတော့ဘဲ တစ်ဖက်လူ တိတ်တဆိတ် အလျှော့ပေးမှာကို စောင့်နေရတယ်။ သူမက အရင်ကတည်းက မာန်မချတတ်ဘဲ ရည်မှန်းချက်ကြီးတာကြောင့် ဒါကိုတွေးလေလေ ပိုစိတ်တိုရလေလေပဲ။

သူမ မျက်လုံးတွေက ဖိနှိပ်ထားရတဲ့ ဒေါသမီးတောက်နေပေမဲ့ သူမ မျက်နှာကတော့ လှောင်ပြောင်ရိပ်လွှမ်းနေတယ်။

“အခု သူက ရုတ်တရက်ကြီး အိပ်ရာထဲလဲသွားတော့ အဖေကလည်း အမြင်မကြည်တော့ဘူး။ အမေကလည်း စိတ်ပျက်နေပြီ။ ယောင်းမ ၄ကိုလည်း အမေ့ကို ကုန်းကျစ်က တမင်ဖျားချင်ဟန်ဆောင်ထားတာဆိုပြီး သိမ်းသွင်းဖို့ ပြောပြီးသွားပြီမို့ အခုလောက်ဆို အမေယုံသွားလောက်ပါပြီ”

ရွှီချင်းရှန်ရဲ့မျက်လုံးတွေက အရောင်တောက်လာပြီး “ဒါဆို ကောင်းတာပေါ့ ငါ အမေတို့ကို မနက်ဖြန် သူ့ကို ထပ်တွန်းအားပေးဖို့ ပြောလိုက်တော့မယ်”

ရွှီချင်းရှန်က သူ့မိန်းမပုခုံးကိုဖက်ရင်း မျက်နှာပေါ်က အပြုံးကလည်း ပိုမိုကြီးမားလာတယ်။

“ငါ့မိန်းမက တကယ်တော်တာပဲ။ အမြဲတမ်း ခြေတစ်လှမ်း ကြိုလှမ်းထားတယ်”

အမျိုးသမီးယန်က သူ့ရဲ့ရွှတ်နောက်နောက်အပြောကို မျက်လုံးလှန်ပြလိုက်ပြီး နှစ်ယောက်သား အတူတူ အိပ်ရာဝင်သွားကြတယ်။ အဲဒီလိုနဲ့ ညချမ်းအချိန်အခါက ပြန်လည်တိတ်ဆိတ်သွားခဲ့တယ်။

******

4 01

အပိုင်း 4

နံနက်ခင်းနေက အခုမှပွင့်ကာစသာ ရှိသေးသော်လည်း ယွီချင်းရွာကတော့ တောရွာဓလေ့အတိုင်း လှုပ်ရှားသက်ဝင်နေကြပြီ။ အိမ်တိုင်းလိုလိုမှာ မီးခိုးငွေ့တွေ ဝေ့နေပြီး ခပ်စိမ့်စိမ့်တိုက်ခတ်နေတဲ့ နံနက်ခင်းလေရိုင်းက ရွာလမ်းမကြီးတစ်လျှောက်ကို ဖြတ်သန်းသွားတဲ့အခါ ခြေကျင်ဖြစ်စေ၊ နွားလှည်းနဲ့ဖြစ်စေ လယ်ထဲဆင်းဖို့ ဦးတည်နေကြတဲ့ ယွီချင်းရွာသားကိုယ်စီကို တွေ့မြင်ရလိမ့်မယ်။

လက်ရှိက နွေဦးပေါက်ပြီမို့ တစ်နှစ်တာအတွက် အရေးအကြီးဆုံး ထွန်ယက်ချိန်ဖြစ်တယ်။ ‘နွေဦးမှာ အစကောင်းမှ တစ်နှစ်လုံး ရလဒ်ကောင်းမှာ’ဆိုတဲ့ဆိုရိုးစကားအတိုင်း အခုချိန် အချောင်ခိုတဲ့သူကတော့ ရိတ်သိမ်းချိန်ရောက်မှ နောင်တအကြီးကြီးရမှာ သေချာတယ်။

ကျောက်အာကလည်း အချိန်မှန်နိုးထလာခဲ့တယ်။ သူမ မျက်လုံးပွင့်ပွင့်ချင်း ဘေးကိုစောင်းငဲ့ကြည့်လိုက်တော့ သူမလူလေးကတော့ ကောင်းကောင်း အိပ်ပျော်နေတုန်းပဲ။ မနေ့ညက သူမ အိပ်ရာဝင်ပြီး ဘယ်လောက်မှမရှိသေးခင်မှာပဲ ကုန်းကျစ်က အဖျားတက်လာပြန်တယ်။

အဲဒီလိုနဲ့ သူ့ကိုတစ်ညလုံး ပြုစုလိုက်ရတဲ့ ကျောက်အာတစ်ယောက် မနက်လင်းခါနီး အဖျားကျသွားတော့မှ မျက်စိပြန်မှိတ်နိုင်တယ်။ ကျောက်အာက ထထိုင်လိုက်ပြီး သူ့နဖူးပေါ် လက်ဖမိုးနဲ့ မသိမသာ စမ်းကြည့်လိုက်တယ်။

ထိုနဖူးပြေပြေက ညကလောက် အပူရှိန်မရှိတာတွေ့တော့မှ ခြေသံလုံလုံနဲ့အိပ်ရာပေါ်က ဆင်းကာ အဝတ်အစားအရင်လဲလိုက်တယ်။ သူမ မိုးလင်းတာနဲ့ ပထမဆုံးလုပ်ဖြစ်တာက အခန်းတံခါး ဖွင့်လိုက်တာပဲ။

ထိုအခါကျမှ လင်းကြက်တွန်သံကြားကတည်းက အခန်းထဲမှာ ဂနာမငြိမ်ဖြစ်နေတဲ့ ခွေးမည်းလေး ဟေးကျစ်တစ်ကောင် နောက်လှည့်မကြည့်စတမ်း ပြေးထွက်သွားတော့တယ်။ ကျောက်အာကလည်း အပြင်ကိုခြေချရင်း အခုမှ ခြံဝိုင်းအပြင်မှာ ကျင်ငယ်စွန့်နေတဲ့ ခွေးလေးကိုကြည့်ပြီး ရယ်မြူးရိပ်နဲ့ ခေါင်းခါလိုက်မိတယ်။

အခုဆို အိမ်ကလူတချို့လည်း နိုးနေလောက်ပြီ။ အထူးသဖြင့် မီးဖိုချောင်ထဲမှာ အလုပ်စနေတဲ့ တတိယမိသားစုခွဲက အဒေါ်ကျိုးနဲ့သူ့သမီးအကြီးဆုံး ထောက်အာတို့ပေါ့။ ဒီနေ့က တတိယမိသားစုခွဲ ချက်ပြုတ်ရမဲ့အလှည့်ပဲ။

ရွှီမိသားစုရဲ့စည်းမျဥ်းတွေအရ မိသားစုခွဲတိုင်းက ကိုယ့်ဝေယျာဝစ္စကလွဲလို့ တခြားအများနဲ့သက်ဆိုင်တဲ့တာဝန်တွေကိုတော့ တစ်လှည့်စီ လုပ်ဆောင်ကြရတယ်။ အချက်အပြုတ်တာဝန်ယူရတဲ့လူက တစ်အိမ်လုံးစာ ထမင်းဟင်းပြင်ဆင်ရတဲ့အပြင် ခြံထဲက တိရစ္ဆာန်လေးတွေကိုလည်း ကျွေးမွေးရသေးတယ်။

ရွှီမိသားစုခြံဝိုင်းထဲမှာ ခပ်ဝဝ ဝက်ကြီးနှစ်ကောင်ရှိပြီး ဒီသားရဲကြီးတွေကို ဂရုစိုက်ပေးရတာကတင် တော်တော်ပင်ပန်းစရာ ကောင်းနေပြီ။ ဒါပေမဲ့ တာဝန်တွေက ဒီမှာတင်ရပ်မသွားဘဲ ထင်းခုတ်စရာတွေအပြင် ခြံတစ်ဖက်ခြမ်းမှာ အစာကျွေးရမဲ့ ကြက်တွေရှိပြီး အများသုံးစည်ပိုင်းထဲကိုလည်း ရေဆွဲဖြည့်ရဦးမယ်။

ဒီတော့ ဘယ်မိသားစုခွဲမဆို အိမ်မှုကိစ္စတွေကိုတာဝန်ယူထားရတဲ့နေ့ဆို အဲဒီမိသားစုခွဲက မိန်းကလေးတွေက လယ်ထဲ ဆင်းစရာမလိုတော့ဘူး။ အပေါ်ယံကြည့်ရင်တော့ မျှတတယ်လို့ထင်ရပေမဲ့ အိမ်ကလူတိုင်း ကိစ္စတွေ ဘယ်လိုရှိလဲဆိုတာသိကြပါတယ်။

သူတို့ရဲ့အကြီးဆုံး အဒေါ်ယန်က သူ့ယောက်ျား ထုန်ရှန်းဖြစ်တာကို အခွင့်ကောင်းယူပြီး သူမကိုယ်သူမ တစ်မိသားစုလုံးက လူတွေထက်သာတယ်လို့ ယူဆထားတာ။ ရွှီချင်းရှန် စာမေးပွဲအောင်ပြီးသွားတဲ့နေ့ကစလို့ လက်ကလေးတစ်ချောင်းတောင် မလှုပ်တော့ဘူး။

အဲဒါထက် ပိုဆိုးတာက အဘွားကျောက်ကလည်း အမြဲသူ့ဘက်မှာရှိနေတော့ တခြားဘယ်သူမှ အထွန့်မတက်ရဲတော့တာပဲ။ အဲဒါကြောင့် ဟိုးအရင်ကတည်းက ကုန်းကျစ်ရဲ့အမေဖြစ်သူ အမျိုးသမီးချူက အိမ်မှုကိစ္စအဝဝကို အဓိကလုပ်ကိုင်ခဲ့ရတယ်။

နောက်ပိုင်း အဒေါ်ကျိုးရောက်လာမှသာ သမီးယောင်းမနှစ်ယောက်ဖြစ်သွားတော့ နည်းနည်းအသက်ရှူချောင်သွားတာ။ ဒါပေမဲ့ သူမယောက်ျားရဲ့အဖြစ်ဆိုးကြောင့် အမျိုးသမီးချူ စိတ်ထိခိုက်ပြီး ဆုံးပါးသွားတဲ့အခါ အားလုံးက အဒေါ်ကျိုးခေါင်းပေါ်ပဲ ကျလာတော့တယ်။

နောက်တော့ စတုတ္ထမိသားစုခွဲမှာ အဒေါ်စွန်းရောက်လာလို့ နည်းနည်းသက်သာမလား အောက်မေ့တယ် အဒေါ်စွန်းကလည်း လက်ထက် ပါးစပ်လှုပ်ရတာကိုပဲ ကြိုက်တဲ့သူမို့လို့ လက်ရှိအချိန်အထိ အိမ်အလုပ်အများစုက အဒေါ်ကျိုးတစ်ယောက်တည်း ဒိုင်ခံလုပ်နေရတယ်။

4 02

ကျောက်အာကတော့ အမျိုးသမီးချူရှိကတည်းက မကြာခဏ ကူညီပေးတတ်ပါတယ်။ သူမ ဆုံးပါးသွားတော့ ဒုတိယမိသားစုခွဲမှာ အိမ်မှုကိစ္စတွေကို လုပ်ကိုင်ပေးမဲ့သူဆိုလို့ ကျောက်အာတစ်ယောက်ပဲ ရှိတော့တယ်။

သို့သော် သူမကလည်း ငယ်လွန်းသေးတာမို့ အဘိုးရွှီက ကုန်းကျစ်ကိုဂရုစိုက်တဲ့နေရာမှာပဲ အာရုံစိုက်ဖို့ပြောလိုက်တာကြောင့် သူမမှာ အပြင်ထွက်ပြီး အပိုငွေတချို့ ရှာနိုင်သွားတာ။ အဲဒီလိုဆိုရင်တောင် ကျောက်အာက အသိတရားရှိတဲ့လူမျိုးပါ။

သူမ အားလပ်ချိန်ရတာနဲ့ အားလုံးကို တတ်နိုင်သမျှ ဝင်ကူပေးတတ်တယ်။ ဒါပေမဲ့ အဒေါ်စွန်းလို အပြစ်ပြောတတ်တဲ့သူနဲ့တွေ့ရင်လည်း လျှာစောင်းထက်ထက်နဲ့ ပြန်ခံပြောပစ်လိုက်တာပဲ။ လောလောဆယ် ရေတွင်းထဲက ရေခပ်ဖို့ ဒုက္ခရောက်နေတဲ့ ရွှီထောက်အာကို တွေ့တဲ့အခါ ကျောက်အာက အိပ်မှုန်စုံမွှား မျက်လုံးတွေကို လက်နဲ့ဖိပွတ်လိုက်ပြီး ကူပေးဖို့သွားလိုက်တယ်။

အသက် ၁၃နှစ်မှာ တက်သစ်စအရွယ် ရွှီထောက်အာက စတင်ဖူးပွင့်ကာစ ပန်းငုံလေးလိုပဲ။ သူမရဲ့မျက်နှာပေါက်က အလှဘုရင်မမဟုတ်ရင်တောင် ချိုမြိန်နူးညံ့တဲ့ မိန်းမဆန်ဆန် ဆွဲဆောင်မှုတစ်မျိုးရှိတယ်။ သူမက ကူညီဖို့လာတဲ့ ကျောက်အာကိုမြင်တော့ အပြုံးလေးနဲ့ အရင်စကားစတယ်။

“အစ်မ ကျောက်အာ အစ်ကို ၂ နေကောင်းသွားပြီလား”

“မနေ့ညက ထပ်ဖျားသေးပေမဲ့ တော်သေးလို့ မနက်ရောက်တော့ အဖျားကျသွားပါတယ်”

ကျောက်အာက ပြန်ဖြေပြီးမှ ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်ရင်း “ဦး‌လေး ၃ရော”

ရွှီချင်းပိုင်က စကားနည်းပြီး ခပ်လျှိုလျှိုနေတတ်ပေမဲ့ သူ့မိန်းမနဲ့သမီးအပေါ်တော့ သိပ်အလိုလိုက်တယ်။ အိမ်မှုကိစ္စအတွက် သူတို့မိသားစုအလှည့်ရောက်ပြီဆိုတာနဲ့ သူက လယ်ထဲမဆင်းခင် မနက်အစောကြီးထပြီး ရေစည်ကိုဖြည့်ပေးသွားတတ်တယ်။

ရွှီမိသားစုမှာ ကိုယ်ပိုင်ရေတွင်းရှိတာကြောင့် ရွာထိပ်ကတွင်းမှာ သွားတန်းစီစရာမလိုပေမဲ့ တွင်းက အတော်လေးနက်တော့ လှည့်ဘီးမရှိတဲ့အခါ သာမန်အားနဲ့ ရေဆွဲတင်လို့မရဘူး။ အထူးသဖြင့် မိန်းမငယ်လေးတွေအတွက်ဆို ရေတစ်ပုံးခပ်ရင်တောင် လက်ပြုတ်မတတ်ဆွဲနိုင်မှ။

ဒါပေါ့လေ ကျောက်အာလို အားကောင်းမောင်းသန်မိန်းမသားအတွက်ကတော့ ရေတစ်ပုံးလောက်က အသာလေးဆွဲတင်နိုင်တာပေါ့။

ထောက်အာ - “အဖေက လယ်ထဲရောက်သွားပြီ သူပြောတာတော့ လုပ်စရာရှိတာ နည်းနည်းလုပ်ပြီးတာနဲ့ မနက်စာ ပြန်လာစားမယ်တဲ့”

ရွှီချင်းပိုင်က ရိုးသားကြိုးစားတဲ့ လယ်သမားတစ်ယောက်ဖြစ်ပြီး တခြားအသက်မွေးမှုတွေလည်း ကျွမ်းကျင်တဲ့ သူ့အစ်ကိုတွေလိုမဟုတ်ဘဲ လယ်လုပ်တာတစ်ခုတည်း သိတဲ့သူမို့ သူ့လုပ်အားအကုန်ကို လယ်ယာလုပ်ငန်းမှာပဲ မြှုပ်နှံထားတယ်။

ရွှီမိသားစုက ရွာထဲမှာ စုစုပေါင်း မြေယာ ၃၀ မု (၅ ဧကနီးပါး) ပိုင်ဆိုင်ထားပြီး အခုစိုက်ခင်းအများစုက သူအပြင် အဘိုးရွှီနဲ့ လေးယောက်မြောက် ညီအစ်ကို ရွှီချင်းဟွိုင်တို့လက်ထဲမှာပဲ ကျလာတယ်။ အိမ်က မိန်းကလေးတွေကလည်း ကောက်ရိတ်သိမ်းချိန်လို အလုပ်ရှုပ်တဲ့ကာလတွေမှာ ဝင်ကူပေးကြပေမဲ့ ယောက်ျားအားနဲ့ မိန်းမအားနဲ့ကတော့ တူတာမှမဟုတ်တာ။

တော်သေးလို့ ယောက်ျားသား သုံးယောက်စလုံးက သန်မာဖြတ်လတ်နေသေးတာ မိုးနတ်မင်းကို ကျေးဇူးတင်ရမှာပဲ။ နောက်ပြီး ရွာထဲမှာ အချိန်ပိုင်းအလုပ်သမားတွေ အများကြီးမို့ လုံးဝအလုပ်တွေမနိုင်တော့တဲ့အခါကျရင်လည်း သူတို့ကို ရက်အချို့လောက် ခေါ်သုံးလိုက်လို့ရတယ်။

အဲဒီအချိန်မှာပဲ စတုတ္ထမိသားစုခွဲရဲ့ အခန်းတံခါးက ပွင့်ဟလာပြီး ရွှီချင်းဟွိုင် ထွက်လာတယ်။ ရွှီမိသားစုရဲ့ယောက်ျားလေးအကုန်လုံးက အရပ်ရှည်ရှည်နဲ့ ထောင်ထောင်မောင်းမောင်း ရှိကြတယ်။ ထိုနည်းတူစွာ မျက်ခုံးထူထူ မျက်ဖန်ကောင်းကောင်း နှာတံစင်းစင်းနဲ့ ရွှီချင်းဟွိုင်ကလည်း နက်ပြာရောင် သာမန်ဖျင်ကြမ်းထည်တစ်ခုတည်း ဝတ်ထားတာတောင် မျက်စိထဲ ထင်းထွက်နေတယ်။

အမှန်အတိုင်းပြောရရင် ရွှီမျိုးရိုးမှာ အဖေကစလို့ သားနဲ့မြေးအဆုံး အကုန်ကြည့်ကောင်းကြပြီး သူတို့ရဲ့မိန်းမတွေကသာ သာမန်ရုပ်ရည်အဆင့်ပဲ ရှိကြတာ။ အထူးသဖြင့် အငယ်ပိုင်းကလေးတွေက ရွာထဲမှာ အချောဆုံးလူရွယ်လေးတွေလို့ သတ်မှတ်နိုင်တယ်။

4 03

“ကျောက်အာ၊ ထောက်အာ နှစ်ယောက်စလုံး အစောကြီးနိုးနေကြတာပဲ” ရွှီချင်းဟွိုင်က သူတို့နားလျှောက်လာပြီး ကျောက်အာလက်ထဲက ရေအပြည့်နဲ့ သစ်သားရေပုံးကြီးကို လက်လွှဲယူကာ မလှမ်းမကမ်းက ရေစည်ပိုင်းထဲ ဖြည့်ပေးလိုက်တယ်။

“ဒီလိုအလုပ်ကြမ်းတွေက မင်းတို့လို ကလေးမလေးတွေ လုပ်ရမှာမဟုတ်ဘူးလေ။ သွား တခြားလုပ်စရာရှိတာပဲ သွားလုပ်ကြ ဦးလေး ၄က ရေဖြည့်ဖို့ တာဝန်ယူလိုက်မယ်”

သူက နွေးထွေးစွာ ဆိုလာတယ်။ ကျောက်အာတို့ကလည်း ဘာမှငြင်းဆန်မနေတော့ဘဲ တစ်ယောက်က သူ့အမေကို မီးဖိုချောင်ထဲမှာ ကူညီဖို့သွားလိုက်ပြီး တစ်ယောက်ကတော့ အေးမြတဲ့ တွင်းရေနဲ့ မျက်နှာအရင်သစ်လိုက်တယ်။

နေမြင့်လာတာနဲ့ အိမ်ထဲကတစ်ယောက်ပြီးတစ်ယောက် နိုးလာကြပြီး ရွှီမိသားစု ခြံဝန်းကြီးက ခဏတွင်းချင်း စည်ကားလာတယ်။ မရှေးမနှောင်းမှာပဲ မီးဖိုချောင်ထဲက အဒေါ်ကျိုးက မနက်စာအသင့်ဖြစ်ကြောင်း အော်ပြောလာတယ်။

ကျေးလက်တောရွာတွေမှာ မနက်စာဆိုတာ ရိုးရှင်းတဲ့အမှုကိစ္စပဲဖြစ်တာကြောင့် ဘယ်သူမှ စားပွဲဝိုင်းတွေခင်းပြီး စုစားတာမျိုးမလုပ်ကြဘူး။ လူတိုင်းက ကိုယ့်ပန်းကန်ကိုယ်ကိုင်ပြီး တွေ့တဲ့နေရာမှာ ကောက်ထိုင်စားပစ်လိုက်တာပဲ။

ဒီနေ့ရဲ့မနက်စာကတော့ နှစ်မျိုးစပ်ယာဂုပဲဖြစ်တယ်။ ယာဂုထဲမှာ ပါဝင်တာကတော့ နာမည်အတိုင်း မတူညီတဲ့ ဆန်နှစ်မျိုးကိုမှ အသီးအရွက်တချို့နဲ့ ပြုတ်ထားတာသာဖြစ်တယ်။ ယွီချင်းရွာမှာ စပါးစိုက်လို့ မဖြစ်ထွန်းတာမို့ အဲဒီအစား ပြောင်းနှံ၊ မုယောစပါးနဲ့ လူး ၊ ဆပ်တို့ကိုသာ စိုက်ပျိုးကြတယ်။

အများစုက မုယောစပါးကို အဓိကထားစိုက်ကြပြီး အိမ်အတွက်ဆိုတာထက် တင်ပို့ရောင်းချပြီးမှ ရလာတဲ့ငွေနဲ့ တခြားနှံစားပင်တွေကို ဝယ်စားကြတယ်။ ရွှီမိသားစုလို ပြေလည်တဲ့အိမ်တောင် လက်ကျန်ဂျုံစေ့တွေကိုသာ ပိုပိုလိုလို ဝယ်လှောင်ထားပြီး နေ့တိုင်း အကောင်းစားပြောင်းနှံတွေ မစားကြဘူး။

အများအားဖြင့်တော့ ဆန်ကြမ်းနဲ့ဂျုံကိုသာ ရောချက်လိုက်တာပဲ။ ဒီနေ့ယာဂုကလည်း ထိုအတိုင်းပဲမို့ လျှာဖျားမှာ အရသာခံလို့မကောင်းရင်တောင် အာဟာရတော့ ရှိပါတယ်။ အခုက ကောက်ပဲသီးနှံတွေ ပေါကြွယ်ဝတဲ့အချိန်မို့ ယာဂုက ပျစ်နှစ်မနေရင်တောင် ခါတိုင်းလို ပင်လယ်လက်ပစ်ကူးနေတာထက်စာရင် အများကြီးတော်သေးတယ်။

တကယ်ဆို ရွှီမိသားစုက ရွာထဲက တခြားအိမ်ထောင်စုတွေထက် အများကြီး ချမ်းသာပါတယ်။ သို့သော် သူတို့အိမ်ရဲ့ အဓိကငွေထွက်ပေါက်ကြီးက စာသင်သားသုံးယောက်တောင် ရှိနေတာပဲ။ ကုန်းကျစ်ကို ထည့်မပြောနဲ့ဦး အကြီးဆုံးမိသားစုခွဲက သားအဖကတင် ကုန်ကျစရိတ်အတော်များနေပြီ။

ဒါကြောင့်လည်း အဘွားကျောက်က ခြူးတစ်ပြားတောင် ကုပ်ခြစ်ခြွေတာနေတာ မဆန်းတော့ပါဘူး။ ကျောက်အာက ယာဂုနှစ်ပန်းကန်ကို ဗန်းပေါ်တင်လိုက်ပြီး ဘေးနားမှာ အသီးအရွက်ချဥ်တစ်ခွက်နဲ့အတူ ခပ်ကြမ်းကြမ်းဂျုံသားနဲ့လုပ်ထားတဲ့ ပြောင်းဖူးကိတ်တချို့ကိုပါ ထည့်လိုက်တယ်။

နောက်တော့မှ အစားအသောက်ဗန်းကို သူတို့ဒုတိယမိသားစုခွဲရဲ့ အခန်းဆီ ယူဆောင်သွားလိုက်တယ်။ သူမ အခန်းထဲခြေချလိုက်တာနဲ့ ကုန်းကျစ်တစ်ယောက် အိပ်ရာနိုးလို့ ကုတင်ပေါ်မှာ ထထိုင်နေတာတွေ့လိုက်ရတယ်။

သူမက ခပ်မြန်မြန် လင်ဗန်းကို ဘေးကစားပွဲပေါ် တင်လိုက်ပြီးတော့မှ အနားလျှောက်သွားလိုက်တယ်။

“နေလို့သက်သာရဲ့လား။ ဗိုက်ဆာနေပြီလား။ ငါ မနက်စာယူလာခဲ့တယ်”

ရွှီကုန်းကျစ်ကတော့ သူမကို ဖတ်ရခက်တဲ့ မျက်နှာအမူအရာနဲ့ ကြည့်နေတုန်းပဲ။ အဲဒီထူးဆန်းတဲ့အိပ်မက်ကြီးကို မက်ပြီးသွားတဲ့နောက် သူ ကျောက်အာကို ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲ မသိတော့ဘူး။

သူ သူမကိုမြင်တိုင်း အဲဒီ မိန်းမနဲ့ကလေးကို ကိုယ်တိုင်လုပ်ကြံတယ်ဆိုတဲ့ အကျည်းတန်စကားတွေကို ပြန်လည်ကြားယောင်လာမိတယ်။ သူက ကျောက်အာရဲ့ သေဆုံးမှုဇစ်မြစ်ကို သိချင်လို့ ဦးနှောက်ခြောက်အောင် စဥ်းစားကြည့်သော်လည်း ကြည့်ရတာ ရွှီထင်းရှန်းရဲ့မှတ်ဉာဏ်ထဲမှာ အပိုင်းအစတချို့ လစ်ဟာနေသလိုပဲ။

မနေ့ညက အဖျားရှိန်တက်နေတဲ့ အတောအတွင်းမှာတောင် ကုန်းကျစ်က ဒါနဲ့ပတ်သက်ပြီး အကြာကြီးတွေးမိလိုက်သေးတယ်။ ထိုအိပ်မက်ကြောင့် လောလောဆယ် သူဘယ်သူလဲတောင် မဝေခွဲနိုင်တော့ဘဲ ရွှီကုန်းကျစ်လား ဒါမှမဟုတ် အဲဒီလူအိုကြီး ရွှီထင်းရှန်းလားဆိုတာ ဒွိဟပွားနေမိတယ်။

အဲဒီအိပ်မက်ကြီးကရော အတွေးများတတ်တဲ့ သူ့စိတ်က ဖန်တီးလုပ်ယူလိုက်တာပဲလား။

တစ်ဖက်မှာလည်း သူ့ရင်ထဲက တစ်ထောင့်တစ်နေရာက ဒီအဖြစ်အပျက်တွေက တကယ်ဖြစ်ခဲ့တာလို့ ယူဆနေတာကြောင့် တကယ်လို့ ဒီအတွေးသာ မှန်မယ်ဆို သိပ်မကြာခင်မှာတင် ကိစ္စတသီတသန်းကြီးက သူ့အိပ်မက်ထဲကအတိုင်း ဖြစ်လာတော့မယ်။

4 04

တကယ်ကြီး အဲဒီလိုဖြစ်လာခဲ့ရင်တော့ သူ့မှာလည်း လက်ခံရုံအပြင် တခြားရွေးချယ်စရာ မရှိတော့ဘူးပေါ့။ သူ အတွေးနက်နေတုန်း လက်ကလည်း ကျောက်အာကမ်းပေးတဲ့ ပန်းကန်လုံးကို လှမ်းယူလိုက်မိပေမဲ့ သူ့မှာ ယာဂုတစ်ပန်းကန်တောင် ကောင်းကောင်း မကိုင်နိုင်တော့တာ တွေ့လိုက်ရတယ်။

တုံ့ပြန်မှုမြန်တဲ့ ကျောက်အာက လက်သွက်သွက်နဲ့ လှမ်းဖမ်းလိုက်လို့ သူ့အပေါ် အပူမလောင်သွားတာ။ ရွှီကုန်းကျစ်က ကျေးဇူးတော့တင်ပေမဲ့ တော်တော်လေးလည်း ရှက်ရွံ့သွားမိတယ်။ ထူးဆန်းတာက … ကျောက်အာအရှေ့မှာ သူ ဘယ်တုန်းကမှ ဒီလိုမျိုး မဖြစ်ဖူးတာပဲ။

ဒါပေမဲ့ အဲဒီအိပ်မက်ကြီးက သူ့အတွင်းက တစ်စုံတစ်ရာကို ပြောင်းလဲပစ်လိုက်တယ်နဲ့ တူပါတယ်။ ဘာလို့ဆို အခုသူ့စိတ်နေစိတ်ထားက အရင်နဲ့လုံးဝ ပြောင်းပြန်ဖြစ်သွားလို့ပဲ။ ကျောက်အာကတော့ သူ့ကို ပြုံးဖြီးဖြီးနဲ့ စနောက်လာတယ်။

“အောင်မယ်လေး ဘာတွေလာရှက်ပြနေတာလဲ။ နင် ငယ်ငယ်တုန်းက အိပ်ရာထဲ သေးပေါက်ချတုန်းကတောင် ငါပဲ လိုက်ရှင်းပေးခဲ့ရတာ မဟုတ်ဘူးလား”

ကျောက်အာက သူမ အသက် ၇နှစ်ကတည်းက ရွှီမိသားစုအိမ်မှာ လာနေခဲ့တာ။ အဲဒီတုန်းက ကုန်းကျစ်က ငါးနှစ်သားကလေးလေးပဲရှိသေးတယ်။ ဆောင်းတွင်းတစ်ညမှာတော့ သူအကြာကြီးနေမှ အိပ်နေတုန်း မထင်မှတ်ဘဲ အိပ်ရာထဲ ဆီးသွားလိုက်မိတယ်။

ကုန်းကျစ်လို အကျင့်ကောင်းတဲ့ကလေးက မအိပ်ခင် ရေတွေ အများကြီးသောက်လိုက်မိလို့လား တခြားကြောင့်လား မသိပေမဲ့ တစ်အိပ်ရာထဲ အိပ်ရတဲ့ ကျောက်အာကတော့ စိုစိစိအထိအတွေ့ကြောင့် ပထမဆုံး နိုးလာခဲ့တယ်။

မိခင်ဖြစ်သူ အမျိုးသမီးချူက ရွှီကုန်းကျစ်ကို မီးဖွားပြီးကတည်းက မကြာခဏဆိုသလို နာမကျန်းဖြစ်နေခဲ့ပြီး ထိုနေ့ညကလည်း အတော်လေး အေးခဲနေခဲ့တယ်။ အဲဒီလိုနဲ့ သူမကို ခေါ်ယူစောင့်ရှောက်ပေးခဲ့တဲ့ ဒုတိယမိသားစုခွဲကို ကျေးဇူးပြန်ဆပ်ချင်တဲ့ ကျောက်အာက ထိုအိပ်ရာခင်းတွေအားလုံးကို သူမကိုယ်တိုင် လိုလိုလားလားနဲ့ ထိုင်လျှော်ပေးခဲ့တယ်။ ကျောက်အာအတွက်တော့ ထိုညက ရွှီမိသားစုမှာ ကလေးသတို့သမီးအနေနဲ့ ပထမဆုံးဘဝစတင်ခဲ့တဲ့အချိန်ပဲ။

ရွှီကုန်းကျစ်က ကျောက်အာ အခုလို အတိတ်ကိုပြန်တူးဆွတိုင်း သိပ်မုန်းခဲ့တာ။ အလိုက်မသိတဲ့ သူမက သူ့ကို ကြီးတဲ့အချိန်အထိ အဲဒီလိုအရှက်ရစရာကိစ္စတွေနဲ့ မကြာခဏ စနောက်တတ်တုန်းပဲ။ ယောက်ျားလေးတစ်ယောက်အတွက် အသက် ၁၃ဆိုတဲ့အရွယ်က မာနနဲ့သိက္ခာကို အရေးပေးရတော့မဲ့အချိန်။

အထူးသဖြင့် ရွှီကုန်းကျစ်လို အရှက်ကြီးပြီး မျက်နှာပျက်မှာ အရမ်းကြောက်တဲ့ ဆတ်ဆတ်ထိမခံလူအတွက်ဆို ပိုတောင်ဆိုးသေးတယ်။ သို့ပေသိ ဒီနေ့မှာတော့ ကျားသားမိုးကြိုး သူ မဆိုသလောက် ရှက်သွားရုံကလွဲလို့ ဒါနဲ့ပတ်သက်ပြီး နည်းနည်းလေးတောင် ဒေါသထွက်မနေဘူးပဲ။

ရွှီကုန်းကျစ်ကိုယ်တိုင် သူ့တုံ့ပြန်မှုသူ အံ့ဩသွားရတယ်။ တစ်ဖက်က ကျောက်အာကတော့ ခွံ့ကျွေးဖို့ဆုံးဖြတ်လိုက်ပြီး ယာဂုပန်းကန်ကိုင်ရင်း သူ့ပါးစပ်အရှေ့ ဇွန်းတိုးပေးလာတယ်။ အဲဒီလိုကျတော့လည်း ရွှီကုန်းကျစ်က အလိုလို ပါးစပ်ဟပေးလိုက်မိတာပဲ။

ရွှီကုန်းကျစ်က သူမရဲ့ပြုံးရိပ်သန်းနေတဲ့ မျက်ဝန်းတစ်စုံကို ငေးကြည့်ရင်း အပူလောင်မှာစိုးလို့ မှုတ်ပေးထားတဲ့ ယာဂုတစ်ဇွန်းကို အသာမျိုချလိုက်မိတယ်။ ထိုမျက်လုံးတွေက နဂါးငွေ့တန်းတစ်ခုလုံး ပစ်ထည့်ထားသလား အောက်မေ့ရအောင် လင်းလက်နေတော့ ငေးကြည့်မိတဲ့သူရဲ့ မျက်နှာကပဲ ရဲသွေးခြယ်သွားရတယ်။

ကျောက်အာကတော့ နှုတ်ခမ်းထောင့်တွေ ပိုကော့တက်လာရင်း ယာဂုတစ်ဇွန်းပြီးတစ်ဇွန်း ခွံ့ကျွေးပြီးတဲ့အခါ ပြောင်းဖူးကိတ်တစ်ခု ကမ်းပေးလိုက်တယ်။

“ရော့ စားလိုက် နေ့လယ်စာအတွက် ကြက်ဥစတူးလုပ်ပေးမယ်နော်”

သူ့ကိုလာပြီး ကလေးလို ဆက်ဆံနေတာပဲ

ထိုအတွေးက ရုတ်တရက်ကြီး သူ့စိတ်ထဲဝင်လာပြီး သူ့တစ်ကိုယ်လုံးကို အင်မတန် ထူးဆန်းသွားစေတယ်။ ထိုအချိန်မှာပဲ တံခါးခေါက်သံတစ်ခု ထွက်လာပြီး လက်သည်ကတော့ ရွှီချင်းရှန်ပဲဖြစ်တယ်။

သူ့အိပ်မက်ထဲကအတိုင်းပဲ။ ထိုလူရဲ့မျက်နှာဖြူဖြူက စိုးရိမ်သောကတွေနဲ့ ပြည့်နှက်နေပြီး သူက ကုန်းကျစ်ကို အတွေးမလွန်ဘဲ အမြန်သက်သာအောင်လုပ်ဖို့ ခပ်သွက်သွက်ပြောရင်း ဘေးကျပ်နံကျပ်တွေ့နေသလိုမျိုး သက်ပြင်းအကြိမ်ကြိမ်လည်း ချနေသေးတယ်။

4 05

ဘက်လိုက်တာတော့မဟုတ်ပေမဲ့ ရွှီချင်းရှန်က အားလုံးနည်းတူ အရပ်ရှည်ပြီး ဖွံ့ထွားပေမဲ့ ရွှီမျိုးရိုးတွေကြားထဲမှာတော့ ရုပ်ရည်ကြည့်အကောင်းဆုံးပဲ။ လူငယ်တုန်းကဆို သူက ယွီချင်းတစ်ရွာလုံးမှာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကြီးဖြစ်ခဲ့တာ။

အခုအသက်ကလေး နည်းနည်းရလာတော့မှ ဝိတ်တက်လာပြီး အဲဒီချောမောမှုတွေ လျော့သွားတာကတော့ နှမြောစရာပဲ။

“ကဲ ငါလည်း ကျောင်းသွားရဦးမယ်” သူက ကုန်းကျစ်ကို ပုခုံးတစ်ချက်ပုတ်ရင်း သက်ပြင်းချလိုက်ပြီး “မင်းလည်း ဘာမှမတွေးဘဲ ကောင်းကောင်းနားလိုက်ဦး မင်းက အမြဲတမ်း အတွေးလွန်နေတတ်တာဆိုတော့”

ဒီလိုပြောပြီးတာနဲ့ ကန့်လန့်ကာကို ဆွဲမ,ပြီး ပြန်ထွက်သွားတော့တယ်။

ဒါက ဘာဖြစ်တာတုန်း။

ကျောက်အာက ပဟေဠိဖြစ်သွားတယ်။ သူမက ခဏလောက် စဥ်းစားလိုက်မိပေမဲ့ ဘယ်လိုတွေးတွေး ယုတ္တိမရှိတာမြင်တော့ လျစ်လျူရှုလိုက်ပြီး ကုန်းကျစ်ကို မုန့်ကျွေးတဲ့အပေါ်သာ ပြန်အာရုံစိုက်လိုက်တော့တယ်။

တစ်ဖက်က ရွှီကုန်းကျစ်ကတော့ အစားအပေါ် အာရုံမရှိတော့ဘဲ တဖန်အတွေးနက်သွားပြန်တယ်။ ထိုစဥ် အဓိကအိမ်ဦးခန်းထဲမှာ အဘွားကျောက်က တစ်နေ့က ဘာတွေဖြစ်ပျက်သွားလဲဆိုတာ သူ့ယောက်ျား အဘိုးရွှီကို အားလုံးပြောပြနေတယ်။

သူမက အဝတ်ဟောင်းတစ်ထည်ကို ပြန်ဖာချုပ်နေရင်း ပါးစပ်ကလည်း ရေပက်မဝင် ပြောနေတယ်။

“ကျွန်မအမြင်ကို ပြောရရင်တော့ ရှင် အဲဒီတစ်ယောက်ကို သိပ်အလိုလိုက်လွန်းတယ်။ ရှင်ကသာ သူ့အတွက် စိတ်မကောင်းဖြစ်ပေးနေတာ။ သူကတော့ ကျွန်မတို့ကို စိတ်ထဲတောင် ထည့်တွေးပေးတာမဟုတ်ဘူး။ ဒီခေတ်မှာ ပိုက်ဆံက အပင်သီးနေတာမဟုတ်ဘူး သိလား။ သူ စိတ်လိုလက်ရလုပ်တာနဲ့ပဲ တစ်မိသားစုက သမားတော်ပင့်ပေးလိုက်ရတယ်။ အခုလည်း တစ်နေ့ပြီးတစ်နေ့ ကုန်လိုက်တဲ့ ဆေးဖိုးဆိုတာ သောက်သောက်လဲပဲ ဒီအတိုင်းသာဆို အဲဒီကောင်ကြောင့် တစ်မိသားစုလုံး မွဲပြာကျတော့မှာ”

အဘိုးရွှီက အသက်ငါးဆယ်ဝန်းကျင်ဆိုသော်ငြား သန်မာဖြတ်လတ်နေတုန်းပဲ။ ဆယ်စုနှစ်တစ်ခုလောက် နေရောင်အောက်မှာ လှုပ်ရှားခဲ့ရတဲ့ရလဒ်အနေနဲ့ သူ့အသားအရည်က နီညိုရောင်သန်းနေပြီး တောသားလူကြမ်းပုံ ပိုပေါက်စေတယ်။

လက်ရှိသူက အိပ်ရာထောင့်စွန်းမှာ တင်ပလင်ခွေထိုင်နေပြီး အိမ်နေရင်း နက်ပြာရောင်ဖျင်ကြမ်းအင်္ကျီနဲ့ ဆေးတံသောက်နေတယ်။ ဒါ သူ့အကျင့်ပဲ ထမင်းစားပြီးချိန်တိုင်း ဒါမှမဟုတ် အလုပ်မသွားခင်တိုင်းမှာ ဖက်ကြမ်းတစ်လိပ်လောက် ဖွာလိုက်ရမှ မဟုတ်ရင် တစ်နေကုန် နေမထိထိုင်မသာဖြစ်နေတတ်တယ်။

“သူက ကျန်းမာရေးမကောင်းဘူးလေ။ လူတိုင်း ဖျားနာတတ်ကြတာပဲ”

တစ်ချိန်လုံး တိတ်နေခဲ့တဲ့ သူကနောက်ဆုံးတော့ အဘိုးကြီးအသံ ခပ်အက်အက်နဲ့ ထုတ်ပြောလာတယ်။ စည်းချက်ညီတဲ့ ဆေးတံခေါက်သံက တတောက်တောက် ထွက်ပေါ်နေဆဲဖြစ်ပြီး တွန့်လိမ်နေတဲ့ မီးခိုးရောင် အခိုးအငွေ့တွေကြား သူ့ပုံရိပ်က တစ္ဆေတစ်ကောင်အလားပဲ။

“ဒါပေမဲ့ အဲဒီဖျားတယ်ဆိုပြီး သူဒုက္ခပေးနေတာ ဘယ်နှရက်တောင် ရှိနေပြီလဲ” အဘွား ကျောက်က သူမဦးတည်ရာကို ထပ်ဖိပြောပြန်တယ်။

“မနေ့တစ်နေ့ထဲကတင် ကျွန်မတို့ ရာနဲ့ချီပြီးကုန်သွားတာ သိလား။ အဲဒီလောက်ရဖို့ ရှင် လယ်ထဲဘယ်လောက် ကုန်းရုန်းရှာလိုက်ရသလဲ။ ပြီးတော့ တစ်နေ့ကပဲ သားကြီးကလည်း သူ့အတန်းဖော် မိသားစု မွေးနေ့ဆိုပြီး ငွေ ၂၀၀ထပ်တောင်းသွားတာ။ မနှစ်ကလည်း အထိနာပြီးပြီ။ သူတို့က ထွက်ငွေကိုလျှော့ရမဲ့အစား ပိုတောင်တိုးလိုက်သေးတယ်။ အခုသူက ကျွင်းခိုင်ကို မြို့ကျောင်းတောင် ပို့ဖို့လုပ်နေတယ်။ နောက်ထပ် ကုန်ပေါက်ကြီးတစ်ခု ရှင်ပြောကြည့် မိသားစုက ဘယ်လိုလုပ် ဒါတွေအားလုံးတတ်နိုင်တော့မှာလဲ”

သူ့မိန်းမတစ်ယောက် ဘယ်လောက်ခေါင်းမီးတောက်နေသလဲဆိုတာ နားလည်လို့ အဘိုးရွှီက ခါးမတ်လိုက်ပြီး ဆေးတံထဲက ဆေးရွက်တွေကို အိပ်ရာအောက် ခေါက်ချလိုက်တယ်။ နောက်တော့မှ သူ့မိန်းမကို တစ်ချက်ကြည့်လိုက်ပြီး “ကုန်းကျစ် ကျန်းမာရေးအတွက် သုံးလိုက်ရတဲ့ ငွေတစ်ရာကိုကျမြင်ပြီး သားကြီးကိုတော့ တောင်းသလောက် ပေးလိုက်တယ်ပေါ့။ ဒီမှာ နားထောင် ငါမင်းကို အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ ပြောမယ်။ မင်းက အမေတစ်ယောက် အဘွားတစ်ယောက် ကလေးတွေကြား အရမ်းသိသိသာသာ ဘက်မလိုက်စမ်းပါနဲ့။ အဲဒီလိုနဲ့ သူတို့တွေအချင်းချင်း သွေးကွဲကုန်ကြလိမ့်မယ်”

ထိုအခါ အဘွား ကျောက်က သူ့ကိုခပ်ဖွဖွ လှမ်းရိုက်လိုက်ပြီး ချက်ချင်း ပြန်ပြောတယ်။

4 06

“ကျွန်မက ဘက်လိုက်တယ်ပေါ့။ ဒါဆို ရှင်ကျတော့ရော”

ဒါပေါ့ သူလည်း ဘက်လိုက်တယ်ဆိုပေမဲ့ ဘယ်တတ်နိုင်မလဲ။ ဒီခေတ်ကြီးမှာ စာတတ်ပေတတ်ဆိုတဲ့ အဆင့်အတန်းက အံ့မခန်းလောက်အောင် စွမ်းဆောင်နေနိုင်တာကိုး။ သားကြီးက အားလုံးထဲမှာ အထက်မြက်ဆုံးဖြစ်ပြီး ကျွင်းခိုင်ကလည်း မြေးတွေထဲမှာ အတော်ဆုံးပဲ။

တကယ်လို့ အကြီးဆုံးမိသားစုခွဲသာ ရှို့ချိုင်တစ်ယောက် မွေးထုတ်ပေးနိုင်မယ်ဆို နောက်လာမဲ့ သူတို့ရွှီမျိုးဆက်တွေအထိ ကြီးမြတ်တဲ့ဂုဏ်သရေ ပိုင်ဆိုင်နိုင်လိမ့်မယ်။ ဒါပေမဲ့ ကုန်းကျစ်အတွက်ကျတော့လည်း …

အဘိုးရွှီက မတတ်သာဘဲ မျက်မှောင်ကြုတ်သွားမိတယ်။ ဒါပေါ့ သူ့မိန်းမဘာလို့ ဒီကောင်လေးအပေါ် အမြင်မကြည်ဖြစ်နေသလဲ သူသိတာပေါ့။ တကယ်လည်း ကုန်းကျစ်က ထင်ရာစိုင်းလွန်းတယ်။ သားကြီးက သား ၂ကို အသက်တစ်ခု အကြွေးတင်နေတာမှန်ပေမဲ့ လက်ရှိရွှီမိသားစုရဲ့ ငွေရေးကြေးရေးနဲ့ ယှဥ်ကြည့်လိုက်ရင်တော့ ထွန်းပေါက်မဲ့သူကို ဦးစားပေးရမှာပဲ။

ဒါက သူ့မြေးငယ်ကို အထင်သေးတာမဟုတ်ပေမဲ့ အရည်အချင်းမှာမဟုတ်ဘဲ ကျန်းမာရေးနဲ့ အားလုံးခြုံငုံကြည့်လိုက်ရင် ကုန်းကျစ်က ကျွင်းခိုင်နဲ့ယှဥ်လို့ကို မရတာတော့ အမှန်ပဲ။ ရည်မှန်းချက်ကြီးတာ ကောင်းပါတယ် ဒါပေမဲ့ မပြေလည်သူတွေအတွက်တော့ အိပ်မက်က ဈေးကြီးတာမို့ ချင့်ချိန်တတ်ဖို့ကလည်း လိုသေးတယ်။

“ချွေးမကြီးကလည်း ပြောပြောနေတာ တော်တော်ကြာပြီ။ အဲဒီမြို့ကျောင်းက ဒီထက်ပိုပြီး ကြန့်ကြာနေလို့မရတော့ဘူးတဲ့။ မဟုတ်ရင် ကလေးက နှစ်ဝက်လောက် လွတ်သွားမှာ။ သူ့အဖေက ကျွင်းခိုင်ကို နောက်နှစ်ထဲမှာတင် အရာရှိစာမေးပွဲဝင်ဖြေခိုင်းဖို့ မှန်းထားတာတဲ့”

“ဒါပေမဲ့ အဲဒီတုန်းက သား ၂ကို ငါကတိပေးခဲ့တယ်လေ!” အဘိုး ရွှီက သက်ပြင်းကြီးစွာ ချရင်း လေးလေးလံလံဆိုတယ်။

“အေး အဲဒါဆိုလည်း ရှင် တခြားနည်းလမ်း ရှာပေးလေ”

အဘွားကျောက်ကလည်း လက်ထဲက အစကိုတောင် ဆောင့်ကြီးအောင့်ကြီး ပစ်ချလိုက်ပြီး ပြန်အော်တယ်။ နောက်တော့ သူမက အဘိုးရွှီကို ကျောပေးပြီး ကုတင်ပေါ် လဲချပစ်လိုက်တယ်။ အဘိုးရွှီက စိတ်ရှုပ်မှုကြောင့် နှုတ်ခမ်းနှစ်လွှာကို ထပ်တလဲလဲ ဖိပိတ်လိုက်မိပြီး သူ့မျက်နှာကလည်း ပိုအိုစာလာသလို ထင်ရတယ်။

“မင်းက တစ်ခုခုတော့ တစ်ခုခုပဲ အဘွားကြီး… တကယ်လို့ ဒီစကားတွေသာ အပြင်ကိုရောက်သွားရင် ငါတို့မိသားစုဂုဏ်သိက္ခာလည်း မြောင်းထဲရောက်ပြီကွ”

“ဒါဆို ရှင်က ကျွန်မကိုဘာလုပ်စေချင်တာလဲ။ သူတို့ပြောသလို မလုပ်တော့ဘူးလား”

အဘွားကျောက်က သူ့ယောက်ျားကို မျက်စောင်းနာနာထိုးဖို့အတွက် ပြန်ထထိုင်လာတယ်။

“မလုပ်လို့တော့ ဘယ်ဖြစ်မလဲ အဓိကမေးရမှာက ဘယ်လိုလုပ်ရမလဲဆိုတာပဲ။ ဒီမှာ ငါတို့လုပ်ရမှာက မနက်ဖြန် စွေ့ဖျင်းကို ပြန်ခေါ်လိုက် ဒါက သူကိုင်တွယ်ရမဲ့အပိုင်းပဲ”

…………..

******

All Chapters