အခန်း (၅-၆)
Vol. 1 Ch. 5-6
5 01
အပိုင်း 5
နံနက်စာ စားသောက်ပြီးတဲ့နောက် ရွှီမိသားစုက ယောက်ျားသားအားလုံး လယ်ထဲဆင်းဖို့ လုပ်ကြတယ်။ သူတို့နဲ့အတူ အိမ်ထဲကထွက်လာတဲ့ ရွှီချင်းရှန်ကတော့ လယ်ကွင်းတွေဘက်မဟုတ်ဘဲ အဲဒီအစား ဒီနေ့မြို့က သူ့မိတ်ဆွေတစ်ယောက်အိမ်မှာ မွေးနေ့ပွဲအခမ်းအနားရှိတယ်ဆိုပြီး မြို့ထဲဘက် ဦးတည်သွားတယ်။
အခုက တောင်သူလယ်သအမေတွေအတွက် တကယ့်အရေးကြီးဆုံး ထယ်ထိုးချိန်မို့လို့ လူနည်းစုသာ ကျောင်းတက်ကြတော့တယ်။ ကျေးလက်တောရွာတွေမှာ အားလုံးက ဒီလိုပဲ နှစ်တိုင်း နွေဦးကောက်စိုက်ချိန်နဲ့ ဆောင်းဦးရိတ်သိမ်းချိန် ရောက်လာပြီဆို ကျောင်းသားလူငယ်တွေ အိမ်ကိုကူလို့ရအောင်လို့ ရွာကျောင်းက ကာလတစ်ခုကြာ ပိတ်ပေးထားတယ်။
ဒီအတွက် အခုရက်ပိုင်း ရွှီချင်းရှန်က အတော်လေး အားလပ်နေတော့တယ်။ သို့ပေမဲ့လည်း သူ အပြင်ဘဲထွက်ထွက် အိမ်ထဲမှာပဲနေနေ ဘယ်သူမှ မေးမငေါ့ကြပါဘူး။ အခုလိုကျောင်းတွေ နားထားတဲ့အချိန်ဆို သူက ခဏခဏ ရက်ပိုင်းလောက် ပျောက်သွားတတ်တယ်။
ကျောက်အာက စားပြီးသားပန်းကန်တွေအားလုံး ဆေးကြောပြီးတာနဲ့ အိမ်နောက်ဖေး မီးဖိုချောင်စင်ပေါ်မှာ သူ့နေရာနဲ့သူ ပြန်သွားထားလိုက်တယ်။ အဒေါ်ကျိုးက ဝက်စာလုပ်နေတဲ့အချိန် ထောက်အာကတော့ ခြံထဲမှာ တံမြက်စည်း လှဲကျင်းနေတယ်။
နှစ်ယောက်လုံး သူမ အကူအညီ သိပ်မလိုအပ်သေးတာတွေ့တော့ ကျောက်အာက ဟေးကျစ်ကိုပဲ အစာခွက်ဖြည့်ပေးလိုက်တယ်။ ဝက်စာထဲက စားကြွင်းစားကျန်အချို့ကို ခွက်အပြည့်ခပ်ရင်း ခြံဝကို ယူသွားပေးလိုက်တယ်။
အဒေါ်ကျိုးက ထွက်သွားတဲ့ သူမနောက်ကျောကို တစ်ချက်ကြည့်လိုက်ပေမဲ့ ဘာမှတော့ ပြောမလာဘူး။ တောရွာတွေမှာ ခွေးစာဆိုတာ ဒါပဲ။ သခင်တွေက အစာခြောက်စားရင် ခွေးတွေက ယာဂုစားရတယ်။
သခင်တွေကိုယ်တိုင်က ယာဂုစားနေရရင်တော့ ခွေးလေးတွေက အငတ်နေဖို့ပဲ တတ်နိုင်တော့တယ်။ လယ်စောင့်ခွေးတွေကတော့ ရေသောက်ဗိုက်မှောက်နေရတာကို နေသားကျနေပြီ။ ဒါပေမဲ့ ကျောက်အာက သူ့ဟေးကျစ်လေးကို အလိုလိုက်တာကြောင့် အစားအစာက ကောင်းကောင်းမကောင်းကောင်း သူတို့စားတဲ့အတိုင်း ဝဝလင်လင်တော့ ကျွေးဖြစ်တယ်။
ကျောက်အာက တစ်ခါတလေဆို ဘယ်သူမှရှိမနေတဲ့အချိန် ဟင်းကောင်းထမင်းကောင်းတွေတောင် ချကျွေးတတ်သေးတယ်။ လောလောဆယ် ကံဆိုးချင်တော့ အဘွား ကျောက်က သူ့ခွေးစာခွက်ကို မြင်ဖြစ်အောင်မြင်သွားတော့တယ်။
ဒီကောင်မလေး ဝက်စာတွေကို သူ့ခွေးအတွက် ယူသွားပြန်ပြီ!
အဘွား ကျောက်က အိမ်မကြီးကနေ မပြောမဆိုထွက်လာပြီး ဒီမြင်ကွင်းကို တန်းမြင်လိုက်ရတော့ ပါးရေတွန့်နေတဲ့ သူမမျက်နှာအိုအိုက ချက်ချင်း မဲမှောင်ကျသွားတယ်။ ဒါပေမဲ့ ကျောက်အာကို တိုက်ရိုက်ဆူတာထက် သူမက တံခါးမကြီးအပေါက်ဝမှာ ခါးထောက်ရပ်ပြီး တစ်ခြံလုံးကြားတဲ့အထိ အသံကျယ်ကျယ်နဲ့ စောင်းမြောင်းပြောဆိုလာတယ်။
“တချို့လူတွေများ ဝက်စာလေး ကျွေးခိုင်းလိုက်မိပါတယ်။ ဒါပေမဲ့ သူတို့က ဘာမဟုတ်တဲ့ ခွေးလေခွေးလွင့်တွေကို သွားဆက်သနေတယ်။ အရွယ်ပဲကြီးနေပြီ။ အခုထိ အလကားထိုင်စားနေပြီး တစ်ကျပ်တစ်ပြားလောက်တောင် အသုံးမဝင်ဘူး!”
ဒါက မျောက်ကိုဆူဖို့ သစ်ပင်ကိုဆဲနေတယ်ဆိုတဲ့ ဆိုရိုးအတိုင်းပါပဲ။ မီးဖိုချောင်ထဲက အဒေါ်ကျိုးကတော့ တိတ်ဆိတ်လျက်သာ ရှိနေပြီး ခြံထဲက ထောက်အာက သူ့အဘွားကို ဖြတ်ခနဲမော့ကြည့်ပြီးမှ ခေါင်းအသာပြန်ငုံ့သွားတယ်။
အဘွားကျောက်က နာမည်တပ်မပြောတော့ သူဘယ်သူ့ကိုဆူနေမှန်း မသိပေမဲ့ အခုချိန် ပါးစပ်သွားဟလိုက်တဲ့သူမှန်သမျှ သူမရဲ့ ဒုတိယပစ်မှတ်ဖြစ်သွားလိမ့်မယ်။ ဒါက လူတိုင်း အဆူအဆဲခံရပြီးမှ သိလာရတဲ့သင်ခန်းစာပဲ။
ကျောက်အာက အခုလေးတင် ခြံဝရောက်တော့မှ အနောက်က လေအပင့်မှာ ပျံ့လွင့်လာတဲ့ အသံကျယ်ကျယ်ကို ကြားလိုက်ရတယ်။ သူမက တစ်စက်ကလေးမှ ကြောက်ရွံ့တုန်လှုပ်ခြင်းမရှိတဲ့အပြင် သဘာဝဆန်တဲ့အပြုံးလေးတစ်ခုတောင် ကောက်တပ်လိုက်ပြီး
“အဘွား အဒေါ် ၃ကို ပြောနေတာလား။ အဲဒါဆိုရင်တော့ သူ့အတွက် ဘယ်တရားပါ့မလဲ။ တကယ်လို့ အဆူခံရကြေးဆို ဟေးကျစ်အတွက် အစာယူသွားတဲ့သမီးပဲ အဆူခံရမှာ သမီးကလည်း ဟေးကျစ်က လိမ်မာလို့ ဆုပြန်ချတာပါ။ အရင်ကတည်းက သူက ရံဖန်ရံခါ ယုန်တစ်ကောင် နှစ်ကောင် သယ်လာတတ်တယ်လေ။ သမီးတို့ နွားကိုတောင် လယ်ထွန်ခိုင်းတုန်းက ထွန်ခိုင်းပြီး အစာကျွေးဖို့ကျ မေ့နေလို့မရဘူးမလား။ ဟုတ်တယ်ဟုတ်”
5 02
အဘွားအိုကြီးက ဒေါသပုန်ထတော့တယ်။ ဒီကောင်မလေးက ဘယ်တော့မဆို ပြန်ပြောစရာမကုန်မှန်း သိလို့ ချွေးမ ၃ကို ဦးတည်ပြီး ဆူနေတာ။ ဒါပေမဲ့ ကျောက်အာက ဘယ်ငြိမ်နေမလဲ။ အဘွား ကျောက်က ခွန်းတုံ့ပြန်ဖို့ ပါးစပ်ပြင်လိုက်တဲ့အချိန်မှာပဲ သူမတို့ခြံရှေ့က ဖြတ်သွားတဲ့ အမျိုးသမီးအုပ်စုထဲက တစ်ယောက်က ရယ်ရယ်မောမောနဲ့ လှမ်းအော်လာတယ်။
“ဟားဟား အောင်မယ်လေး လျန်ရှင်းအိမ်က အကြီးဆုံး မြေးချွေးမလေးက မနက်စောစောစီးစီး တက်ကြွနေပါ့လား!”
ထိုအခါ သူမတို့ထဲက နောက်ထပ်အမျိုးသမီးတစ်ယောက်က ဝင်ပြောတယ်။
“သူပြောတာလည်း မှန်တာပဲ နွားတောင် အစာမကျွေးဘဲ ခိုင်းလို့မှမရတာ”
“ဟုတ်ပါ့ ဟုတ်ပါ့” နောက်တစ်ယောက်ကလည်း ထပ်ထောက်ခံတယ်။ “ကဲပါ လျန်ရှင်းကတော်ရယ် လျှော်ပေးလိုက်ပါ။ ရွာထဲမှာ နင်တို့အိမ်က အဲဒီခွေးနက်ကလေးကို သဘောမကျတဲ့သူ ဘယ်သူရှိလို့လဲ။ အခုချိန်တောထဲမှာတောင် ယုန်တွေ ကြွက်တွေရှားနေတာကို သူက သခင်အတွက် ပြန်သယ်လာပေးတယ်ဆိုတာနဲ့တင် တော်တော်လိမ်မာနေပါပြီ။ ကျွေးရကျိုးနပ်ပါတယ်ဟယ် တကယ်လို့ နင်ဟေးကျစ်ကို မလိုချင်ဘူးဆို ငါတို့ကိုသာ ပေးလိုက်စမ်းပါ။ နင်တို့အဒေါ် ရှို့ရှင်းက ဒီကောင်လေးကို မျက်စိကျနေတာ တော်တော်ကြာပြီ”
သူတို့ ခဏခဏပြောနေတဲ့ လျန်ရှင်းကတော်ဆိုတာ သေချာပေါက် အဘွားကျောက်ကို ရည်ညွှန်းတာဖြစ်တယ်။ နောက်ပြီး ပြောလာတဲ့သူကလည်း ရွာထဲမှာ ဒေါ်ကြီး ရှို့ရှင်းလို့ သိကြတဲ့ အဘိုးရွှီရဲ့အဒေါ်ဖြစ်ပြီး သူမက အဘွားကျောက်ထက် ဆယ်နှစ်လောက် ငယ်ရင်တောင် ဝါကြီးတယ်။
ယွီချင်းရွာက အိမ်ထောင်စုပေါင်း ၂၀၀ကျော်သာရှိပြီး မိသားစုမျိုးရိုးအများစုက ရွှီနဲ့ကျန်းတို့ များတယ်။ တခြားမျိုးရိုးနာမည်နဲ့ မိသားစုတွေလည်း အများအပြား ရှိတယ်ဆိုပေမဲ့ ရွာသားအတော်များများက တူညီတဲ့မျိုးရိုးတစ်ခုထဲဆိုတော့ စပ်မယ်ဆိုရင် တစ်ရွာလုံးနီးပါး အမျိုးတော်နေကြတယ်။
သွေးဝေးတယ်ဆိုရင်တောင် ဆွေမျိုးက ဆွေမျိုးပဲမို့ ကိုယ်က ဝါပိုင်းမှာ ငယ်တယ်ဆိုရင် အကြီးဖြစ်သူကို အရိုအသေပေးရမှာ ထုံးစံအတိုင်းပဲ။ ဒီတော့ ဒေါ်ကြီးရှို့ရှင်းကတောင် အကြီးက အငယ်ကို သင်ပြတဲ့လေသံနဲ့ ဆိုလာတော့ အဘွားကျောက်လည်း ဘာမှထပ်မပြောနိုင်တော့ဘူး။
သူမ စိတ်ထဲမှာတော့ ဝေဖန်ခံလိုက်ရတဲ့အတွက် အတော်လေး မခံချိမခံသာ ဖြစ်နေတော့တယ်။ ကျိန်းသေပေါက် ဒီတလောအတွင်း ဖြစ်နေတဲ့မိသားစုအပူတွေကြောင့် ဒီခွေးအပေါ် ပုံချလိုက်မိတာဆိုပေမဲ့ အခုတခြားသူတွေက ပေါ်ပေါ်ထင်ထင် ချီးကျူးပြီး ပေးပစ်လိုက်ဖို့ပြောလာတော့လည်း တွန့်ဆုတ်နေမိပြန်တယ်။
အမှန်အတိုင်းပြောရရင် သူတို့ပြောသလိုပဲ ဟေးကျစ်က တကယ်လည်း အိမ်အတွက် ယုန်ဖြစ်ဖြစ် လယ်ကြွက်ဖြစ်ဖြစ် မကြာခဏ ယူလာပေးနေကျ သေးသေးကြီးကြီး အသားကအသားပဲလေ။ ပြီးတော့ ခေါင်ခိုက်တဲ့ ဒီလိုနေရာတွေမှာ အသားဆိုတာ ရဖို့လွယ်တာ မဟုတ်ဘူး။
အဘွားကျောက်က ဘာမှပြန်ငြင်းစရာမရှိတော့ ပါးစပ်ပိတ်သွားပြီး မျက်နှာထားတင်းတင်းနဲ့ ရှိနေတယ်။ ကျောက်အာကတော့ ခြံတံခါးဝမှာရပ်နေဆဲဖြစ်ပြီး ရွှတ်နောက်နောက်အပြုံးလေးနဲ့အတူ ဝင်နောက်တယ်။
“အောင်မယ်လေး အဘွား ၇ရယ်… အဲဒီလိုတော့ မလုပ်ပါနဲ့ ဟေးကျစ်က သမီးရဲ့အဖိုးတန်ကလေးလေးပါ သူသာမရှိရင် သမီးလည်း ဒီလောကမှာ ဆက်နေစရာ အကြောင်းမရှိတော့ဘူး”
ပိုလွန်းတဲ့သူမရဲ့မှတ်ချက်က ဒေါ်ကြီးရှို့ရှင်းနဲ့ အပေါင်းအဖော်တွေကို ဟက်ဟက်ပက်ပက် ရယ်မောသွားစေတယ်။ အမျိုးသမီးကြီးတစ်ယောက်က ကျောက်အာကို လက်ညှိုးထိုးရင်း သူ့ဘေးကလူကိုပါ အဖော်ဆွယ်လိုက်သေးတယ်။
“ဟားဟား တွေ့လား တွေ့လား။ အဲဒီနောက်တီးနောက်တောက်လေးက အမြဲတမ်း ဒီလိုစိတ်ထဲရှိတာ ပြောနေကျ ဘာမှဟန်ဆောင်မနေဘူး။ အေးပါ အေးပါ နင့်ရဲ့အဖိုးတန်လေးကို မတောင်းတော့ပါဘူး။ မဟုတ်ရင် အရွယ်ကောင်းလေးတစ်ယောက် ဆုံးရှုံးလိုက်ရမှာစိုးလို့”
5 03
သူတို့အုပ်စုနဲ့ ရယ်လိုက်မောလိုက် စနောက်ပြောဆိုပြီးတော့မှ ကျောက်အာက အမျိုးသမီးအုပ်စုကို ရွှင်ရွှင်မြူးမြူး နှုတ်ဆက်လိုက်ပြီး ဟေးကျစ်ကို အစာကျွေးတဲ့အပေါ် ပြန်အာရုံစိုက်လိုက်တယ်။ အဘွားကျောက်ကတော့ သူမကို သတိပေးသလို ခပ်စူးစူးကြည့်ပြီးမှ အထဲပြန်ဝင်သွားတယ်။
သို့ပေမဲ့ သူမနောက်လှည့်လိုက်တဲ့အချိန်မှာပဲ အိမ်အပြင်က အသံတစ်ခုထွက်လာတယ်။
“အမေ အဲဒီမှာ ဘာရပ်လုပ်နေတာလဲ”
အသံပိုင်ရှင်က ရုတ်တရက် အိမ်ပြန်ရောက်လာတဲ့ သူတို့ရဲ့သမီးကြီး ရွှီစွေ့ဖျင်းပဲ။ ရွှီစွေ့ဖျင်းရဲ့ ရုပ်ရည်က ၆၀ရာခိုင်နှုန်းလောက် သူမအမေနဲ့ဆင်တူပြီး တစ်ခုတည်း ကွဲထွက်နေတာဆိုလို့ သူမရဲ့ မကျဥ်းမကျယ် မျက်ဝန်းတစ်စုံပဲ။
အမျိုးသမီးလေးကြည့်ရတာ အသက်နှစ်ဆယ်ဝန်းကျင်မှာပဲ ရှိဦးမယ်။ အပြာရောင် ခပ်ဖျော့ဖျော့ ပန်းပွင့်ရိုက်အဆင်အင်္ကျီကိုမှ ကြက်သွေးရောင် ရိုးရာဘောင်းဘီရှည်အပွနဲ့ တွဲဝတ်ထားပြီး လက်တစ်ဖက်မှာတော့ အဝတ်ဖြူနဲ့အုပ်ထားတဲ့ ဝါးခြင်းတောင်းတစ်ခု ချိတ်ထားတယ်။ သူမက လောလောဆယ် ခြံဝင်ပေါက်မှာရပ်ရင်း အဘွားကျောက်ကို နားမလည်သလို ကြည့်နေတယ်။
အောင်မယ်လေး အသက်ရှည်ဦးမယ်! အဘိုးကြီးရွှီက အခုနကပဲ ရှန်ရွှေ့ရွာကို လူတစ်ယောက်လွှတ်ပြီး သမီးကြီးကိုခေါ်ခိုင်းဖို့ ပြောနေတာမို့ သူလည်း ဘယ်သူ့ကိုခိုင်းရမလဲဆိုပြီး အကျပ်ရိုက်နေတာ။ အခုတော့ မိုးနတ်မင်းက ကောင်းချီးပေးတာပဲ။ စွေ့ဖျင်းက သူ့ခြေထောက်နဲ့သူ ရောက်လာတော့ သူမ အလုပ်ရှုပ်စရာမလိုတော့ဘူး။
အဲဒီလိုနဲ့ သားအမိနှစ်ယောက်က စကားစမြည်ပြောရင်း ကန့်လန်ကာမ,ပြီး အိမ်မကြီးထဲ ဝင်သွားကြတယ်။ ဟေးကျစ်ဘေးနား ဆောင့်ကြောင့်ထိုင်နေတဲ့ ကျောက်အာကတော့ သူ့ခွေးလည်ဂုတ်က အမဲရောင်အမွှေးပွပွတွေကို ပွတ်သပ်ပေးရင်း အားလုံးမအားလပ်တဲ့ ကောက်စိုက်ချိန် အလယ်တည့်တည့်မှာမှ ဒေါ်လေးစွေ့ဖျင်း ဘာလို့ရောက်လာသလဲဆိုတာ စဥ်းစားနေမိတယ်။
“ဒီလိုတော့ မရဘူးလေ အမေ… အမေက သမီးကို လူတိုင်းလက်ညှိုးထိုးခံရအောင် လုပ်နေတာပဲ”
အိမ်မကြီးထဲမှာ ရွှီစွေ့ဖျင်းတစ်ယောက် အဘွား ကျောက်ရဲ့တောင်းဆိုချက်ကို ကြားတာနဲ့ တစ်ပြိုင်နက် ငြင်းဆန်မှုနဲ့အတူ မတ်တပ်ထရပ်လာတယ်။ အဘွားကျောက်ကတော့ သူ့သမီးကို လက်ကနေပြန်ဆွဲချရင်း အသံတိုးဖို့ လက်ဟန်ပြလိုက်ရတယ်။
“ရှူး တိုးတိုးပြောစမ်းပါ တစ်ယောက်ယောက် ကြားသွားလိမ့်မယ် ဘာကိုမရတာလဲ။ နင်က ငါတို့မိသားစုထဲမှာ ကုန်းကျစ်နဲ့ အရင်းနှီးဆုံးသူလေ။ ငယ်ငယ်လေးကတည်းက မောင်နှမတွေထဲ သား ၂နဲ့ နင်က အတည့်ဆုံးတွေမဟုတ်ဘူးလား။ တကယ်လို့ ဒီတစ်အိမ်လုံးမှာ အဲဒီကောင်လေးကို နားချလို့ရမဲ့သူကို ပြဆိုရင် နင့်ပဲပြရမှာပဲ”
အဲဒါကတော့ အမှန်ပဲ။ စွေ့ဖျင်းက ကလေးဘဝကတည်းက ကျန်တဲ့လူတွေထက် ရွှီချင်းစုန့်နဲ့ အရင်းနှီးဆုံးပဲ။ သူမ အိမ်ထောင်မကျခင် ယောင်းမချူနဲ့လည်း အတော်လေး သင့်မြတ်ခဲ့တာမို့ ကုန်းကျစ်လေး ရောက်လာတော့လည်း ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီးချူကြောင့် သူမပဲ မကြာခဏ ကလေးထိန်းပေးခဲ့ရတာ။
ကုန်းကျစ်က ဟိုးအရင်ကတည်းက သီးသန့်ဆန်ပြီး တိတ်တဆိတ်နေတတ်တယ်။ သူ့မိဘတွေ ဆုံးပါးသွားတော့ ပိုတောင်ဆိုးသွားသေးတယ်။ တစ်ခါတလေဆို တစ်ပတ်လုံးလုံး ဘယ်သူနဲ့မှ စကားမပြောတာမျိုးတောင် ရှိတယ်။ လက်ရှိအချိန်အထိ ရွှီမိသားစုတစ်ခုလုံးမှာ သူနဲ့လက်ပွန်းတတီးအဖြစ်ဆုံးဆိုလို့ ဒေါ်လေးစွေ့ဖျင်းပဲရှိတယ်။
“ဒါပေမဲ့ …”
စွေ့ဖျင်းရဲ့ တုံ့ဆိုင်းနေတဲ့မျက်နှာက သူမ မလုပ်ချင်ကြောင်း ထင်ရှားစွာ လှစ်ဟပြနေတယ်။ ဒီနေ့အိမ်ကို မလာခဲ့သင့်ဘူးလို့တောင် စိတ်ထဲ တိတ်တိတ်လေး တွေးလိုက်မိတယ်။ တကယ်တော့ သူမလည်း အရမ်းတွေပျော်နေလို့ ရောက်လာတာ မဟုတ်ပါဘူး။ ကိုယ့်ဟာနဲ့ကိုယ် ယောက်ျားအိမ်က ပြဿနာကိုတောင် မဖြေရှင်းရသေးတဲ့အချိန် ဒီလိုအရှုပ်ထဲ ဆွဲသွင်းခံလိုက်ရပြန်တယ်။
“အခုနင့်သား ရှင်းကျစ်ကလည်း ငါတို့ကျောင်းမှာပဲ တက်နေတာနော်။ ပြီးတော့ နင့်အစ်ကိုကြီးကရော နင့်ကို ကျောင်းလခတစ်ပြားတစ်ချပ်တောင် တောင်းလို့လား။ အခု သူနင့်အကူအညီကို လိုအပ်နေပါတယ်ဆိုမှ နင်က မျက်ကွယ်ပြုလိုက်တော့မလို့လား။ တကယ်လို့ မြေးကြီးနဲ့သားကြီးတို့ နှစ်ယောက်လုံး စာမေးပွဲအောင်ပြီး အကြီးဆုံးမိသားစုခွဲက ကြီးပွားသွားခဲ့ရင် သူတို့နင့်ကို ပစ်ထားမယ် ထင်လို့လား”
“ဒါဆိုလည်း ဘာလို့ အမေတို့ကိုယ်တိုင် ကုန်းကျစ်ကိုသွားမပြောကြတာလဲ”
5 04
စွေ့ဖျင်းက ပြန်ထောက်ပြတယ်။ အဘွားကျောက်က ဘယ်တုန်းကမှ စိတ်ရှည်တတ်တဲ့လူစားမျိုး မဟုတ်ဘူး။ သူမ အခုကောင်းကောင်းမွန်မွန် ချော့ပြောနေတယ်ဆိုတာကလည်း ဒါ သူ့သမီးအရင်းဖြစ်နေလို့။
ဒါပေမဲ့ ဒီသမီးက ခေါင်းမာနေသေးပြီး သူမအနာပေါ် ဆားသိပ်လိုက်တာ တွေ့တော့ သူလည်း သည်းမခံနိုင်တော့ဘူး။
“တကယ်လို့ ငါသာ နားချလို့ရနေမယ်ဆိုရင် နင့်ကို တကူးတက ပြောနေပါတော့မလား။ ပြီးတော့ ငါသာ အဲဒီလိုတွေ သွားပြောလိုက်ပြီး အဲဒီစကားတွေက အပြင်ရောက်သွားလို့ရှိရင် တခြားလူတွေပါးစပ်ထဲ ငါ့နာမည်က ဘာဖြစ်သွားမလဲ”
စွေ့ဖျင်းက သူ့ယောက္ခမအိမ်က ပြဿနာတွေနဲ့တင် ခေါင်းကိုက်နေတာ အခုသူ့အမေကိုယ်တိုင်က အော်ဟစ်လာတော့ သူမလည်း မနေနိုင်တော့ဘဲ မကျေနပ်တာမှန်သမျှ ထုတ်ပြောတော့တယ်။
“ဆိုတော့ အမုန်းခံရမဲ့နေရာကျတော့ တစ်မိသားစုလုံးက ခေါင်းရှောင်ပြီး သမီးကိုပဲ လူဆိုးမကြီး လုပ်ခိုင်းနေတာပေါ့။ တကယ်လို့ လူတွေသိသွားရင်လည်း သမီးကပဲ နှလုံးသားမရှိတဲ့ အဒေါ်ပါပေါ့။ ပြီးတော့ အစ်ကို ၂တို့လင်မယားနှစ်ယောက်လုံးလည်း ရှိတော့တာ မဟုတ်ဘူး။ အဲဒါကို အမေက သမီးကို မိဘမဲ့ကလေးတစ်ယောက်ကိုသွားပြီး အတင်းဖိအားပေးစေချင်နေတာလား”
ပြောရင်းပြောရင်းနဲ့ စွေ့ဖျင်းအသံက ကျယ်လောင်လာတဲ့အခါ အဘွားကျောက်က သူ့သမီးကို အမြန်ပြန်ဆွဲပြီး ခပ်ကျိတ်ကျိတ် ဆူလိုက်တယ်။
“အသံလျှော့စမ်းပါ။ ဘာလဲ နင်က တစ်ရွာလုံး ကြားစေချင်နေတာလား”
သူ့အမေက ဖျောင်းဖျလာတော့လည်း ရွှီစွေ့ဖျင်းက ပြန်ငြိမ်ပေးလိုက်ပေမယ့် မကျေနပ်တာကိုတော့ လေသံလေးနဲ့ ရေရွတ်နေတုန်းပဲ။
“သမီးအမြင်ကိုပြောဆိုရင်တော့ ဒီကိစ္စက အမေရော အဖေရော ဝင်ပါရမဲ့ကိစ္စမဟုတ်ဘူး။ အစ်ကိုကြီးတို့က ဒီလိုဖြစ်စေချင်နေတယ်ဆိုလည်း သူပဲဖြစ်ဖြစ် သူ့မိန်းမပဲဖြစ်ဖြစ် လုပ်ပါလား။ အမုန်းခံရမဲ့နေရာကျ သူတို့က မျက်နှာကောင်းပဲလိုချင်ပြီး သူများတွေကို ထိုးကျွေးနေတာ ဘယ်မှာတရားလို့လဲ”
“ဒီကိစ္စထဲ နင့်အစ်ကိုကြီးကို သွားအပြစ်တင်မနေစမ်းပါနဲ့။ သူက ပညာတတ်တစ်ယောက်လေ။ သူ့မှာ ထိန်းသိမ်းရမဲ့ ဂုဏ်သိက္ခာရှိတယ်။ ဒါတွေကို ဦးစားပေးရမှာပေါ့ ပြီးတော့ သူက သား ၂ရဲ့အဖြစ်နဲ့ပတ်သက်ပြီး အခုထိ အပြစ်ရှိသလို ခံစားနေရသေးတာမို့ ဘယ်လိုလုပ် ပြောထွက်ပါ့မလဲ”
စွေ့ဖျင်းက ပါးစပ်ဟလိုက်ပြီး တစ်ခုခုပြောလိုက်ချင်ပေမဲ့ နောက်တော့လည်း ဘာမှမပြောဖို့ဘဲ ဆုံးဖြတ်လိုက်တော့တယ်။
သူလား အပြစ်ရှိသလို ခံစားရမှာ။ တကယ်လို့ သူသာ အဲဒီလိုဆိုရင် ဒီကိစ္စတွေက ဖြစ်လာစရာအကြောင်းတောင် မရှိဘူး
အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ရွှီစွေ့ဖျင်းတစ်ယောက် သူ့အစ်ကိုကြီးရဲ့ ပုံစံအစစ်အမှန်ကို တွေ့မြင်လာရပြီး သူ့ယောင်းမရဲ့ အပေါ်ယံ ပြုံးချိုနေပြီး တကယ်တမ်းကျ ကြောင်လက်သည်းဖွက်ထားတဲ့ စရိုက်ကို မသိချင်လည်း သိလာရတယ်။
သူတို့က ပညာတတ်ဆိုတဲ့တစ်ခုတည်းကိုပဲ အရမ်းအခွင့်အရေးယူပြီး မကောင်းတဲ့ကိစ္စမှန်သမျှကို ကိုယ့်လက်အညစ်ပတ်မခံဘဲ သူများခေါင်းပေါ်ပုံချနေတာ။ သူတို့ကိုယ်တိုင်ကျ အပြစ်ကင်းသလိုဟန်ဆောင်နေပြီး ရလာတဲ့အကျိုးအမြတ်ကျ အကုန်သိမ်းချင်တယ်။
ဒါပေမဲ့လည်း သူမက ဘာလုပ်နိုင်မှာလဲ။ အခုဆို သူမက အိမ်ထောင်သည်ဖြစ်သွားလို့ ဒီအိမ်မှာ သမီးတစ်ယောက်အဖြစ်တောင် ဘောင်ဝင်တော့တာ မဟုတ်ဘူး။ ဟိုးအရင်ကတည်းက သူမ မိဘတွေရဲ့ သားအကြီးဆုံးကိုသာ ဦးစားပေးတဲ့ အကျင့်ကြီးကလည်း အရိုးစွဲနေတာမို့ ဒါသာ မပြောင်းလဲသရွေ့ အစ်ကိုကြီးရဲ့ စကားကသာ အရာရောက်ဆုံးဖြစ်နေမှာပဲ။
နောက်ပြီး သူမမှာလည်း ကိုယ့်အပူနဲ့ကိုယ် အိမ်မှာဘာတွေဖြစ်နေသလဲ သိရင်တောင် ပါးစပ်ပိတ်ပြီး မမြင်ချင်ယောင် ဆောင်ထားဖို့အပြင် တခြားရွေးချယ်စရာမရှိဘူး။ နဖူးပေါ် ပြိုကျလာတဲ့ဆံချည်တစ်မျှင်ကို နားရွက်အနောက်ထဲ အသာထိုးထည့်ရင်း စွေ့ဖျင်းက စကားလမ်းကြောင်း ပြောင်းလိုက်တယ်။
“အမေ တခြားအကြောင်း ပြောရအောင် တကယ်တော့ သမီးလာခဲ့တာ ဂျုံစေ့နည်းနည်း ချေးမလို့… ဟိုဘက်မှာ သမီးယောက္ခမကြီး ဘယ်လောက် အသည်းအသန်ဖြစ်နေသလဲဆိုတာ အမေလည်း သိတာပဲ။ မနှစ်ကတည်းက သူ့ဆေးဖိုးအတွက် ရှိသမျှအကုန်သုံးလိုက်ရလို့ ဘာမျိုးစေ့မှ ဝယ်မစုလိုက်ရဘူး …”
ဒါပေမဲ့ သူမပြောလို့မဆုံးခင်မှာပဲ အဘွား ကျောက်က အပြတ်ငြင်းဆန်လိုက်တယ်။
5 05
“လာပြန်ပြီလား ဒီချေးတဲ့ကိစ္စ။ ဘာလဲ ငါတို့ကို အဆုံးမရှိတဲ့ စိန်တွင်းကြီးလို့ မှတ်နေတာလား။ အဲဒီလျူတွေလောက် သားများတာ တစ်အိမ်လုံး ယောက်ျားလေးတွေချည်းပဲ မဟုတ်ဘူးလား။ အဲဒါကို ချွေးမဖြစ်တဲ့နင်က မိဘအိမ်ကို လာတောင်းတယ်ပေါ့။!!”
“အမေကလည်း …”
သံရှည်ဆွဲပြောလာတဲ့ စွေ့ဖျင်းရဲ့အသံက ကွဲအက်နေသော်လည်း အကျိုးအမြတ်ကိုသာမြင်တဲ့ အဘွား ကျောက်ကတော့ သတိထားမိပုံမရဘဲ သူမ ပြောချင်တာကိုသာ ဆက်ပြောနေတယ်။
“အဲဒီလျူမိသားစုက ယောက်ျားလေးတွေသာ တစ်ပုံတစ်ခေါင်းရှိတာ အကုန်ဆန်ကုန်မြေလေးတွေချည်းပဲ တကယ့်အသုံးမဝင်တဲ့ အမှိုက်တွေ ကိုယ့်သားမယားတောင် ရှာမကျွေးနိုင်ကြဘူး …”
စွေ့ဖျင်းတစ်ယောက် မျက်ရည်တွေ ကျလာတာမြင်တော့ အဘွားကျောက်က ခံပြင်းမှုနဲ့အတူ သူ့သမီးပုခုံးကို နှစ်ချက်လောက်ရိုက်လိုက်ပြီး အခုနကထက်စာရင် ဒေါသတွေ ငြိမ်းသွားပေမဲ့ အလိုမကျမှုကတော့ ကျန်ရစ်နေတုန်းပဲ။
“သွား အဲဒီကုန်းကျစ်ရဲ့ကိစ္စကို ကူညီပေးရင် ငါနင့်ကို ချေးမယ်”
“အမေ …”
စွေ့ဖျင်းအသံက သနားစရာကောင်းအောင် အကူအညီမဲ့နေတယ်။
“သွားလေ ဘာလုပ်နေသေးတာလဲ”
ဒီဘက်က ဒုတိယမိသားစုခွဲရဲ့အဆောင်ငယ်လေးထဲမှာတော့ ကုန်းကျစ်တစ်ယောက် အဒေါ်စွေ့ဖျင်းပြန်လာကြောင်း ကြားလိုက်ရတဲ့အချိန် ရှောင်လွှဲမရနိုင်ဘူးဆိုတဲ့ ထူးဆန်းတဲ့ခံစားချက်တစ်ခု ရုတ်တရက် ဝင်လာခဲ့တယ်။
သိပ်မကြာခင်မှာပဲ ရွှီစွေ့ဖျင်းက အပြုံးတစ်ခုနဲ့အတူ သူတို့အခန်းကန့်လန့်ကာကို မတင်ကာ အထဲဝင်လာတဲ့အခါ သူ့စိတ်ထဲ ဝမ်းနည်းစိတ် နည်းနည်းလေးတောင် မရှိတဲ့အပေါ် ရွှီကုန်းကျစ်ကိုယ်တိုင် အံ့ဩသွားတယ်။
သူမက သူ့ကို စကားတွေအများကြီး ပြောနေပေမဲ့ ကုန်းကျစ်ကတော့ ဒီအပေါ်ယံ သာကြောင်းမာကြောင်း မေးနေတဲ့အပေါ် အာရုံရောက်မနေဘူး။ အဲဒီအစား သူ့စိတ်က ဟိုအိပ်မက်ရှည်ကြီးနဲ့ တကယ့်လက်တွေ့ဘဝက တိုက်ဆိုင်လွန်းတဲ့ အဖြစ်အပျက်တွေကြား ကူးလူးလွင့်မျောနေခဲ့တယ်။
အဲဒီတုန်းကလည်း ရွှီထင်းရှန်းက သူ့အတိုင်း တစ်ပုံစံထဲဖြစ်ခဲ့တာ။ သူ့မိဘတွေ ရှေ့ဆင့်နောက်ဆင့် ဆုံးပါးသွားပြီးကတည်းက ရွှီမိသားစုအပေါ် နာကျည်းတဲ့အမုန်းမျိုးစေ့ကလေးက သူ့ရင်ထဲ တိတ်တဆိတ် ကြီးထွားလာခဲ့တာ။
ကြာမြင့်လာတဲ့ အချိန်ကာလတစ်ခုက ဒီခံစားချက်ပျိုးပင်လေးကို အားဖြည့်ပေးနေတဲ့အပြင် ဒီကြားထဲ အကြီးဆုံးမိသားစုခွဲရဲ့ မတရားမှုတွေနဲ့ သူတို့ကို တိတ်တဆိတ် မျက်ကွယ်ပြုပေးထားတဲ့ ရွှီမိသားစုက သူ့မျိုးစေ့ကို လောင်စာထည့်ပေးလိုက်သလို ဖြစ်သွားတယ်။
သို့ပေမဲ့ ရွှီထင်းရှန်းက လူတစ်ယောက်အပေါ်တော့ မျှော်လင့်ချက်ထားမိတုန်းပဲ။ သို့သော် သူနဲ့အရင်းနှီးဆုံးဒေါ်လေးကအစ တစ်ဖက်ကို ကူးပြောင်းသွားတဲ့အချိန်က သူ့ကို လုံးဝ စိတ်လွတ်သွားစေခဲ့တာပဲ။
နှစ်ပေါင်းများစွာ မျိုသိပ်လာခဲ့ရတဲ့ သည်းခံခြင်းတွေက နောက်ဆုံးတော့ ကွဲကြေသွားပြီး သူက အပြီးတိုင် ပေါက်ကွဲပစ်တော့တယ်။ တကယ်တော့ အကြီးဆုံးမိသားစုခွဲနဲ့ ကျန်တဲ့ရွှီမိသားစု အားလုံးကလည်း ဒီအခိုက်အတန့်ကိုပဲ မျှော်လင့်နေကြတာ။
သူက အရင်စဖောက်တဲ့သူဖြစ်နေသရွေ့ ကျန်တဲ့လူအားလုံးက အပြစ်အားလုံး သူ့အပေါ် ပုံချလိမ့်မယ်။ ပြီးတာနဲ့ ဒီအကြောင်းပြချက်ကိုသာ အသုံးချပြီး ရိုင်းစိုင်းမောက်မာတဲ့လူက ဘယ်လိုမှ မိသားစုရဲ့စေတနာနဲ့ မတန်ဘူးဆိုကာ ပညာတော်သင်လွှတ်ဖို့ ရုတ်သိမ်းလိမ့်မယ်။
အခုလည်း ဒါတွေအားလုံးက တစ်ထေရာထဲ ထပ်ဖြစ်လာပြန်ပြီ … သူ ဘယ်လိုလုပ်ရတော့မလဲ။
ရွှီစွေ့ဖျင်းက သူ့အမေသင်ပေးလိုက်တဲ့ စကားတွေကိုသာ ကရားရေလွှတ်ပြောနေပေမဲ့ သူ့လည်ချောင်းကတော့ အပြစ်ရှိစိတ်နဲ့ အားနာစိတ်တွေကြောင့် တင်းကျပ်နေရှာတယ်။ သူမအရှေ့က ဖြူဖျော့ပိန်လှီနေတဲ့ တူဖြစ်သူကိုကြည့်ပြီး သူမ တကယ်စိတ်မကောင်းဘူး။
သို့သော်လည်း သူမကိုယ်တိုင်က ဇာတ်ဆရာမဟုတ်လေတော့ ဆေးစက်ကျရာ အရုပ်ထင်အောင် စွမ်းဆောင်ရတော့မှာပေါ့။ မျက်စိအရှေ့က ကုန်းကျစ်ရဲ့ အကြည့်တွေကတော့ တည်ငြိမ်အေးစက်နေတုန်းပဲ။ သို့သော် သူ့ဘေးက တစ်စုံတစ်ယောက်ကတော့ လုံးဝ သည်းမခံနိုင်တော့ဘူး။
5 06
ကျောက်အာရဲ့မျက်နှာက ဖြူဖျော့သွားပြီး ဒေါသကြောင့် စိတ်လွတ်မတတ်ဖြစ်သွားပေမဲ့ အဲဒါတောင် သူမက အပြုံးတစ်ခု ဖျစ်ညှစ်ထုတ်လိုက်တုန်းပဲ။
“ဒေါ်လေးရွှီ ကုန်းကျစ်က အခုမှနေပြန်ကောင်းခါစဆိုတာ ဒေါ်လေးလည်း သိတာပဲ သူ့မှာအခုထိ ကောင်းကောင်းတောင် နာလန်မထူနိုင်သေးဘူး။ တကယ်လို့ ပြောစရာရှိတယ်ဆိုလည်း နောက်နေ့ကို ရွှေ့လိုက်လို့ ဘာမှမဖြစ်သွားပါဘူး”
ကျောက်အာက တစ်ရက်တော့ ဒီလိုနေ့ ရောက်လာမယ်ဆိုတာ သိပြီးသား။ ဒါကြောင့်လည်း သူမ ဒီရက်တွေအတွင်း ငွေကို မရမက အသည်းအသန်ရှာနေခဲ့တာပေါ့။ ဒါပေမဲ့ အပေါ်ယံ သကာရည်လောင်းထားတဲ့ ဒီမညှာမတာစကားတွေက သူ့လူနားထဲရအောင် ဝင်လာတဲ့အခါမှာတော့ သူမ ဒီတိုင်း လက်ပိုက်ကြည့်နေလို့မရတော့ဘူး။
ကိုယ်နဲ့အရင်းနှီးဆုံးလူတွေကသာ ကိုယ့်ကို နာကျင်အောင် အလုပ်နိုင်ဆုံးဆိုတာ သူမ ကောင်းကောင်းနားလည်တယ်။ ဘာလို့ဆို သူမကိုယ်တိုင် ဒီခံစားချက်ကြီးနဲ့ နေလာခဲ့ရတာမို့လို့ပဲ။ အဲဒါထက် သူမ ကုန်းကျစ်ကို ကာကွယ်ပေးပါမယ်လို့ အဒေါ်ချူကို ကတိပေးခဲ့တာကြောင့် လက်ရှိ ကျောက်အာရဲ့မျက်ဝန်းတွေက ကလေးခိုးခံရတဲ့ သားရဲမိခင်တစ်ယောက်လို စူးရှကြမ်းကြုတ်နေတယ်။
ထိုအကြည့်တွေက ရွှီစွေ့ဖျင်းကို တုန်လှုပ်သွားစေပြီး အမျိုးသမီးက ဟန်ကိုယ့်ဖို့အတွက် မပီပြင်တဲ့ရယ်သံတစ်ခု ထွက်လာတော့တယ်။ သူမ မိန်းမငယ်လေးတစ်ယောက်ဆီမှာ ဒီလောက်ကြောက်စရာကောင်းတဲ့အကြည့်မျိုး တစ်ခါမှမတွေ့ဖူးဘူး။
“ကျောက်အာ ဒေါ်လေးကလည်း ကုန်းကျစ်နဲ့ အကျိုးအကြောင်းလာပြောတာပါ အားလုံးက သူကောင်းဖို့အတွက်တင်မကဘဲ … တစ်မိသားစုလုံးအတွက်လည်း အဆင်ပြေဖို့”
“ဒေါ်လေး”
ရုတ်တရက်ကြီး ရွှီကုန်းကျစ်ရဲ့အသံ ထွက်လာပြီး သူ့စကားက စွေ့ဖျင်းရဲ့ဂနာမငြိမ်တဲ့ ရှင်းပြချက်ကို ဖြတ်တောက်လိုက်ပြီး ပေါက်ကွဲတော့မဲ့ ကျောက်အာကိုလည်း ခဏလောက် ပြန်ငြိမ်သွားစေတယ်။
“ကုန်းကျစ် ဒေါ်လေးပြောချင်တာက …”
“ကျွန်တော်ကတော့ ဒေါ်လေး ဘာကိုပြောချင်နေမှန်း တကယ်နားမလည်တော့ပါဘူး မိသားစုကောင်းစားဖို့အတွက် ကျွန်တော်က အနစ်နာခံပြီး အစ်ကို ၁ကို ဦးစားပေးရမယ်တဲ့လား။ … ဒါဆို ဒေါ်လေးကို ကျွန်တော် တစ်ခုအရင်မေးကြည့်ပါမယ်။ ကြီးပြင်းလာတဲ့တစ်လျှောက်လုံး ကျွန်တော် အစ်ကို ၁ကို အလျှော့မပေးခဲ့တာမျိုး ဘယ်မှာရှိလို့လဲ”
“မိသားစုကောင်းစားဖို့အတွက်လို့ ဒေါ်လေးပြောတယ်။ ဒါပေမဲ့ ဒေါ်လေး သေချာပြန်ကြည့်ကြည့်ပါဦး သူ့မှာ အရာအားလုံးပြည့်စုံတယ်။ အဘိုးနဲ့အဘွားကလည်း အရေးပေးသလို အဒေါ်တွေ ဦးလေးတွေကလည်း ချစ်ကြတယ်။ စာရေးကိရိယာတွေ ဝယ်တိုင်းလည်း အကောင်းဆုံးဆိုတဲ့အရာမှန်သမျှက သူ့လက်ထဲပဲ ရောက်သွားတာ။ သူ့စာကြည့်ခန်းထဲမှာ အကောင်းစားပေရွက်တွေ ပြည့်နေတဲ့အချိန် ကျွန်တော့်ဆီမှာတော့ လက်ရေးလှကျင့်ဖို့တောင် စက္ကူမရှိခဲ့ဘူး ရှိခဲ့ရင်လည်း ကျောက်အာ ဝယ်ပေးထားတဲ့ မှင်ပေါက်တဲ့ စက္ကူအညံ့စားတွေပဲရှိတာ”
“သူ့မှာ စာအုပ်တွေစင်နဲ့အပြည့်ရှိပေမဲ့ ကျွန်တော့်မှာတော့ ‘သင်ကြားမှုအတွက် အလင်းပြဥယျာဥ်’ဆိုတဲ့တစ်အုပ်ပဲ ရှိတယ် အဲဒါလေးဝယ်ဖို့တောင် အဖေက လနဲ့ချီပြီး လက်သအမေလုပ်ရင်း စုခဲ့ရတာ ကျွန်တော်က ပညာရေးမှာ သူ့လောက်မတော်တာ သိပါတယ် လက်ရေးလည်း မလှပါဘူး အဲဒါကြောင့်ပဲ သူနဲ့တန်းတူ ဆက်ဆံခံရဖို့ မပြောဝံ့ပါဘူး အဲဒါကြောင့် ဒေါ်လေးပဲ ယှဥ်ကြည့်ပါ ကျွန်တော့်ဆီမှာ အစ်ကို ၁ကို ဘာတွေများထပ်ပြီး အလျှော့ပေးစရာ ကျန်သေးလို့လဲ”
စကားအရှည်ကြီးကို တရစပ်ထဲပြောချသွားတဲ့ ရွှီကုန်းကျစ်ရဲ့မျက်ဝန်းတွေက နက်ရှိုင်းတဲ့ မနာလိုအားကျခြင်း သိမ်ငယ်ခြင်းနဲ့ ခါးသီးတဲ့ဝမ်းနည်းမှုတွေ ပြည့်နှက်နေပြီး မြင်သူတကာရင်ထဲကို ဓားအစင်းပေါင်း မြောက်မြားစွာ ထိုးစိုက်သလို ခံစားရစေတယ်။
ရွှီစွေ့ဖျင်းက ဆက်ပြောစရာစကား ပျောက်ရှသွားပြီး သူမကိုယ်တိုင် ရင်ထဲ လိပ်ပြာမလုံဘဲ တင်းကျပ်လာရတယ်။ တစ်ဆက်တည်းမှာပဲ သူမတော့ သေပြီးရင်တောင် အစ်ကို ၂တို့လင်မယားကို ပြစရာမျက်နှာမရှိတော့ဘူးဆိုတဲ့ အတွေးပါ ဝင်လာမိတယ်။
သို့သော် သူမမှာလည်း ထည့်တွက်ရမဲ့ မိသားစုအခက်အခဲတွေ ရှိနေသေးတယ်။ နွေဦးကောက်စိုက်ချိန်က မကြာခင် စတင်တော့မှာ။ ဒီရာသီကုန်သွားတဲ့အထိ တစ်ခုခုမစိုက်ပျိုးနိုင်ဘူးဆို သူမတို့အားလုံး ကြီးငယ်မရွေး ငတ်ရတော့မယ်။
5 07
အဲဒီလိုနဲ့ ရွှီစွေ့ဖျင်းမှာ စိတ်ထဲကနေသာ ထပ်တလဲလဲ တောင်းပန်လိုက်ပြီး ခြောက်သွေ့နေတဲ့ နှုတ်ခမ်းကို လျှာနဲ့သပ်ရင်း ဆက်ပြောလိုက်ရတယ်။
“ဒေါ်လေးက မြို့ကျောင်းတက်ဖို့ကိစ္စကိုပဲ ပြောတာပါ မင်းလည်း တွေ့တဲ့အတိုင်း ကျွင်းခိုင်က ဒီအခွင့်အရေးအတွက် အရမ်းကြိုးစားနေခဲ့တာလေ။ အဲဒီတော့ မင်းက အငယ်လည်းဖြစ်တော့ ဒီတစ်ခါလေးပဲ အလျှော့ပေးလိုက်လို့ရမလားလို့ပါ နဂိုကတည်းက တစ်နှစ်ငယ်တာပဲမလား။ နောက်နှစ်စာမေးပွဲကို စောင့်လိုက်ရင်လည်း မင်းအတွက် မနစ်နာပါဘူး”
ကျောက်အာကတော့ ချက်ချင်းလှည့်ထွက်ပြီး တံခါးအနောက်က တံမြက်စည်းကို ကောက်ဆွဲတော့တယ်။ ဒါပေမဲ့ သူမ မလှုပ်ရှားနိုင်ခင်မှာပဲ ရွှီကုန်းကျစ်ရဲ့ တည်ငြိမ်တဲ့အသံက ထပ်ထွက်လာခဲ့တယ်။
“ဘာလို့လက်လျှော့ပေးရမှာလဲ။ အစကတည်းက ကျွန်တော့်ကို ကတိပေးထားခဲ့တာမဟုတ်ဘူးလား။ ဒေါ်လေးကိုရော ဦးလေး ၁က လွှတ်လိုက်တာလား။ သူ အဖေ့ကိုမဆုံးခင်တုန်းက ပြောခဲ့တာတွေကို မေ့လိုက်တာလား။ ဒါဆို ကျွန်တော့်ကို သားအရင်းလို ဆက်ဆံပါမယ်ဆိုတာကလည်း … အလိမ်အညာတစ်ခုပဲလား”
……………
******
6 01
အပိုင်း 6
ရွှီကုန်းကျစ်ရဲ့အသံက နှစ်ကိုယ်စာကြားနိုင်ရုံလေးတင် ဖြစ်ပြီး တိုးညှင်းလွန်းလို့ လေတစ်ချက်အဝေ့မှာတောင် ပါသွားမှာ စိုးရတယ်။ ရွှီစွေ့ဖျင်းက လိပ်ပြာမလုံတဲ့ ခံစားချက်ကြီးကြောင့် တုန်ယင်သွားပြီး ခပ်သွက်သွက် ခေါင်းယမ်းပြလာတယ်။
“မင်းဦးလေး လွှတ်လိုက်တာမဟုတ်ပါဘူး ဒေါ်လေးက ကိုယ့်ဘာသာလာခဲ့တာပါ ဘာလို့ဆို …”
ဒါပေမဲ့ သူမစကား အဆုံးမသတ်လိုက်နိုင်ခင်မှာပဲ ရွှီကုန်းကျစ်က အတော်လေး စိတ်အေးသွားတဲ့ဟန်နဲ့ လျော့တိလျော့ရဲပြုံးရင်း ပုခုံးတန်းတွေလည်း ပျော့ပျောင်းကာ စကားဖြတ်ပြောလိုက်တယ်။
“ဦးလေး လွှတ်လိုက်တာမဟုတ်ရင် ရပါပြီ။ ဒေါ်လေး တကယ်ကျွန်တော့်ကို ရင်ပူအောင် လုပ်လိုက်တာပဲ။ ကျွန်တော်က သူ အစ်ကိုကျွင်းခိုင်အတွက်ပဲ ဂရုစိုက်တော့တယ် ထင်သွားတာ။ ဒါပေမဲ့ ဦးလေးကတော့ အမြဲပြောပါတယ်။ ကျွန်တော်က သူ့အချစ်ဆုံးကလေးတဲ့”
ဒီမှတ်ချက်အဆုံးမှာ ရွှီစွေ့ဖျင်းတစ်ယောက် သူမ ထုတ်ပြောဖို့ စာစီထားတာမှန်သမျှ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတော့တယ်။ သူမက ဘာမှန်းသေချာမကြားရတဲ့ စကားလုံးအချို့ကို ခေါင်းငုံ့ရေရွတ်ရင်း သူတို့ကို အတိုချုံးနှုတ်ဆက်ကာ ကန့်လန့်ကာမပြီး ပြန်ထွက်သွားတယ်။
ဒီလိုနဲ့ အခန်းငယ်လေးက ပြန်တိတ်ဆိတ်သွားပြီး အပူပေးအိပ်ရာပေါ်က ကောင်ငယ်လေးရဲ့မျက်ဆန်တွေကတော့ မှိန်ကျသွားတယ်။ တဒင်္ဂလေးပဲဆိုရင်တောင် သူ့ရဲ့မျက်ဝန်းဝိုင်းဝိုင်းလေးတွေထဲမှာ အရွယ်နဲ့မလိုက်အောင် ပင်ပန်းနွမ်းနယ်မှုတွေ ဖြတ်ပြေးသွားတယ်။
အသက်ဘယ်လောက်မှမရှိသေးတာတောင် ဝန်အများအပြားပိကျနေတဲ့ ခန္ဓာငယ်လေးကို မြင်ရတော့ ကျောက်အာက အနားတိုးလာဖို့ တုံ့ဆိုင်းသွားမိတယ်။ အချိန်တစ်ခုကြာတဲ့အထိ စောင့်ပြီးမှ သူမ နောက်ဆုံး ရွှီကုန်းကျစ်ဆီ လျှောက်သွားလိုက်ပြီး အိပ်ရာစွန်းမှာ သူနဲ့အတူတူထိုင်ချလိုက်တယ်။
“ကုန်းအာ … အဆင်ပြေရဲ့လား”
သူမရဲ့အမေးက တွန့်ဆုတ်နေပြီး မျက်နှာတစ်ခုလုံးမှာလည်း စိုးရိမ်ပူပန်မှုတွေ ပြည့်နှက်နေတော့ ရွှီကုန်းကျစ်က နှစ်သိမ့်တဲ့အနေနဲ့ အပြုံးပါးပါးတစ်ခု ပေးလိုက်တယ်။
“ပြေပါတယ်”
ကျောက်အာက နှုတ်ခမ်းနှစ်လွှာကို ခပ်တင်းတင်းစေ့ပိတ်လိုက်ပြီးမှ သူ့ခေါင်းလေးကို အသာပုတ်ပေးလာတယ်။
“ငါ့ကိုယုံ… တစ်နေ့ကျရင် ငါတို့တွေ ဘယ်သူ့ဆီက ဘာမှတောင်းနေစရာ မလိုလောက်တော့ပါဘူး”
ရွှီစွေ့ဖျင်းက နေ့လယ်စာတောင် မစားဘဲ အဘွား ကျောက်ပေးလိုက်တဲ့ ဂျုံစေ့တစ်ထုပ်ကို ခြင်းထဲထည့်ပြီး ခပ်သုတ်သုတ် ထွက်သွားတယ်။ သူမ အဘွားကျောက်ကို ဘာတွေပြန်ပြောလိုက်သလဲ ဘယ်သူမှမသိသလို အဘွားကျောက်ကလည်း ဘာတွေပြန်မှာလိုက်သလဲ မသိရဘူး။
အားလုံးမြင်လိုက်ရတာကတော့ နေ့လယ်စာထမင်းစားပွဲမှာ အဘွားကျောက်ရော အကြီးဆုံးမိသားစုခွဲက အဒေါ်ယန်ရော နှစ်ယောက်စလုံးရဲ့မျက်နှာက ပြိုတော့မဲ့မိုးလို မဲမှောင်နေတယ်ဆိုတာပဲ။
အဒေါ် ကျိုးနဲ့ အဒေါ် စွန်းတို့တောင် သူတို့ကိုကြည့်ပြီး အရာအားလုံးကို သတိတရှိနဲ့ လုပ်ကိုင်နေကြရတယ်။ ကျောက်အာကတော့ ဘယ်တုန်းကမှ လေထုအခြေအနေတွေကို အဲဒီလောက် ဂရုစိုက်မနေတာမို့ ထမင်းဟင်းချပြီးတာနဲ့ ပန်းကန်နှစ်လုံးယူလိုက်ပြီး ထမင်းခပ်ထည့်ကာ ဟင်းစယူတော့တယ်။
ဒီနေ့ရဲ့ နေ့လယ်စာကလည်း ဘာမှထူးခြားနေတာမျိုးတော့ မဟုတ်ပါဘူး။ ပြောင်းဆန်ထမင်းကိုမှ မုန်လာဥနဲ့ ဂေါ်ဖီထုပ်ကြော်တွေအပြင် အိမ်နောက်ဖေး မြေကြီးထဲမှာ အိုးထည့်နှပ်ထားတဲ့ တချို့အိမ်လုပ်အသီးအရွက်ချဥ်တွေပါပဲ။
စားပွဲဝိုင်းမှာ အသားတော့ပါပေမဲ့ များများစားစားမဟုတ်ဘဲ ယောက်ျားသားတွေအရှေ့မှာသာ ဝက်သားပြားအနည်းငယ်ကို ပန်းကန်သေးလေးနဲ့ ချထားတယ်။ ယောက်ျားလေးတွေက နေ့တိုင်း လယ်ထဲဆင်းနေရတာမို့ အသားစားပြီး အားရှိဖို့လိုတယ်လေ။
6 02
ဘယ်လိုပဲဖြစ်ဖြစ် ကျောက်အာကလည်း ဒါကိုမကျေနပ်တာမဟုတ်ပါဘူး။ အဒေါ်ကျိုး ကြော်ထားတဲ့ ဝက်သားတွေက ဖြူဖတ်ဖတ်နဲ့ အဆီတွေချည်းမို့ ကြည့်ရုံနဲ့တင် စားချင်စိတ်ပါပျောက်လို့ ယူလည်း မယူချင်ပါဘူး။
သူမက ထုံးစံအတိုင်းပဲ ကိုယ့်အတွက်ကိုယ် ပူပူနွေးနွေးအသီးအရွက်ကြော်နဲ့ ချဥ်ဖတ်နည်းနည်းယူလိုက်ပြီး နောက်တစ်ပန်းကန်အတွက် နှိုက်ဖို့လုပ်လိုက်တဲ့အချိန်မှာပဲ သူမလက်ထဲက တူက အဘွားကျောက်ရဲ့ ရိုက်ချခြင်း ခံလိုက်ရတယ်။
*ဒုန်း*
“ရှိတာဖြင့် ဟင်းလေးနည်းနည်းကို နင်တို့နှစ်ယောက်က ဖုတ်တွေလို သိမ်းကျုံးစားဖို့ လုပ်နေတာလား”
သူမစကားလုံးတွေက အတော်လေး ကြမ်းတမ်းပြီး အရှက်ခွဲရာရောက်ပေမဲ့ အရေထူနေတဲ့ ကျောက်အာကတော့ ဖြုံတောင်မဖြုံဘူး။ ဒါက အဘွားကျောက် သူတစ်ခုခုကို အလိုမကျရင် မဲနေကျမို့ သူမအတွက် နေသားကျနေပြီ။
ကျောက်အာက နည်းနည်းလေးတောင် စိတ်ဆိုးဒေါသထွက်တာမျိုးမရှိဘဲ တူကိုပြန်ကောက်ပြီး အစားအသောက်တွေသာ ထပ်ထည့်နေတယ်။ အတိအကျပြောရရင် သူမက အဘွားကျောက်ရဲ့ စကားတွေကြောင့် နောက်ထပ်နှစ်ဇွန်းစာတောင် ပိုထည့်လိုက်သေးတယ်။
“ဘယ်တတ်နိုင်မလဲ အဘွားရယ်။ ကုန်းအာက နေကောင်းသေးတာမှ မဟုတ်တာ။ ကောင်းကောင်းမစားရင် သူ ဘယ်လိုနာလန်ထူလာနိုင်မှာလဲ။ အနည်းဆုံး ဗိုက်ဝအောင်တော့ စားရမှာပေါ့”
သူမက တည်တည်ငြိမ်ငြိမ်ပဲ ပြောရင်း အဒေါ်ကျိုးဘက် လှည့်သွားတယ်။
“အဒေါ် ၃ နောက်တစ်ခေါက် အသီးအရွက်ခြွေတဲ့အခါကျ သမီးကိုခေါ်လိုက်နော် သမီးတို့အိမ်က မစားနိုင်မသောက်နိုင်တဲ့အထိ ဆင်းရဲနေတာမှမဟုတ်တာ အိမ်မှာ ထုန်ရှန်းအဆင့်ရှိတဲ့ ပညာတတ်ကြီးတစ်ယောက်လုံးတောင် ရှိနေတာပဲ အဘွားက ကပ်စေးနည်းကောင်းနည်းပေမဲ့ သမီးတို့ကို အသီးအရွက်ကအစ တွန့်တိုနေတာတော့ မဟုတ်ပါဘူး”
ဒီလိုသွယ်ဝိုက်ပြီး ထိအောင်ပြောတတ်တဲ့နေရာမှာ ကျောက်အာက သူမကိုယ်သူမ အရမ်းဂုဏ်ယူမိတယ်။ နောက်ပြီး ဒီတလောအတွင်း သူမရင်ထဲစုပုံလာတဲ့ အမုန်းတရားတွေက နည်းတာမှမဟုတ်တာ။
မျှော်လင့်ထားတဲ့အတိုင်းပါပဲ အဘွား ကျောက် အနာပေါ်တုတ်ကျသွားတော့တယ်။
“ချမ်းသာလှချည်ရဲ့ဆိုတဲ့ သူဌေးအိမ်တွေတောင် နင့်လိုလူမျိုးကို ခေါ်တင်ကျွေးထားနိုင်မှာမဟုတ်ဘူး။ တစ်နေကုန် လမ်းတကာလှည့်နေပြီး ဘာမှကူဖော်လောင်ဖက်မရဘဲ စားတော့ အားလုံးထက် တစ်ဖြဲနှစ်ဖြဲမျိုချင်တယ်။ နင့်လို ဆန်ကုန်မြေလေးကလေ- ငါတို့လိုမိသားစုသာမဟုတ်ရင် ကန်ထုတ်ခံရတာကြာပြီဟဲ့!”
ကျောက်အာရဲ့နှုတ်ခမ်းပေါ်က မဲ့ပြုံးက ချက်ချင်းပျောက်ကွယ်သွားပြီး “အဘွား အဲဒီလိုပြောတာတော့ မတရားပါဘူး။ သမီး ၇နှစ်မှာ ဒီအိမ်ကိုစရောက်လာကတည်းက အတွင်းအပြင် အိမ်မှုကိစ္စအကုန်လုံး သမီးပဲဒိုင်ခံလုပ်ပေးခဲ့တာ။ အဖေဆုံးတုန်းကလည်း သမီးစိတ်မကောင်းဖြစ်ခဲ့ရပြီး အမေ့ကိုဆိုလည်း မဆုံးခင်အထိ လနဲ့ချီအောင် သမီးပဲ အနီးကပ်ပြုစုပေးခဲ့ရတာ မဟုတ်ဘူးလား။ သမီးက ဒုတိယမိသားစုခွဲရဲ့ တစ်ဦးတည်းသော ချွေးမမို့လို့ လူကြီးနှစ်ယောက်လုံးရဲ့ ဈာပနကိုလည်း အစအဆုံး သမီးပဲ ဦးဆောင်လုပ်ပေးခဲ့ရတာ။ အဲဒီတုန်းက ဘယ်လူကြီးသူမကများ ဒီဆန်ကုန်မြေလေးကို လာကူပေးခဲ့လို့လဲ။ ဘေးပတ်ဝန်းကျင်က ရွာတွေကိုအစ သွားမေးကြည့်လိုက် ဘယ်သူက ကန်ထုတ်ခံရသင့်သလဲလို့”
ကျောက်အာက စကားအရှည်ကြီးကို တရစပ်ပြောသွားရင်း ခဏလောက် နားပြီးမှ ဆက်ပြောတယ်။
“ဒါပေမဲ့ သမီးဒီလိုတွေပြောလို့တော့ အဘွား အပြစ်လာမတင်ပါနဲ့။ ဒီမိသားစုမှာ ဘယ်တုန်းက အစားအသောက်ကအစ အဆင့်အတန်းအလို ခွဲခြားခွဲခြားဖြစ်သွားတာလဲ။ တချို့လူတွေက ပါးစပ်မှာအဆီတဝင်းဝင်းနဲ့ ကောင်းပေ့ဆိုတာတွေချည်းပဲ စားနေတဲ့အချိန်ကျ ဘာအသံမှမထွက်ဘဲ အခုသမီးတို့က ရေလုံပြုတ် ဟင်းရည်လေး နည်းနည်းပိုယူမိတာကို ဖုတ်လို့အခေါ်ခံရတယ်လား။ ဒီအိမ်မှာ ကြက်တစ်ဒါဇင်လောက် ရှိတယ်။ ဒါပေမဲ့ ဘယ်ဥတစ်လုံးမှ ထမင်းစားပွဲပေါ် ရောက်လာတာ မရှိဘူး။ ထောက်အာနဲ့သမီးက သူတို့ကို နေ့တိုင်းအစာကျွေးနေရတာ သမီးတို့သိတာပေါ့။ ဒါပေမဲ့ ဒီအိမ်မှာ သရဲတစ္ဆေရှိနေသလား အောက်မေ့ရအောင် အဲဒီဥတွေက ဘယ်သူမှမစားရဘဲ ပျောက်ပျောက်သွားတာ။ ပြီးတော့ ကုန်းကျစ် အိပ်ရာထဲလဲနေတာ တော်တော်ကြာနေပြီ။ ဒီတလောအတွင်းမှ သူ ဥတစ်လုံးပဲ စားရသေးတယ်။ အခုကစပြီး သမီးကို ကြက်စာတွေ ဝက်စာတွေ လာမကျွေးခိုင်းနဲ့တော့ ကိုယ်တွေက ဘယ်လောက်လုပ်လုပ် ဘာမှမစားရမဲ့အတူတူ အဲဒီစားတဲ့သူတွေကိုသာ အားလုံးသွား လုပ်ခိုင်းလိုက်တော့”
6 03
သူမရဲ့ထိမိတဲ့စကားလုံးတွေက နားဝင်ဆိုးပေမဲ့ အမှန်တွေချည်းပဲမို့ အားလုံးရဲ့မျက်နှာက ရှုံ့တွသွားတယ်။ သို့ပေမဲ့ အဲဒီထဲကမှ အဆိုးဝါးဆုံးကတော့ အကြီးဆုံးမိသားစုခွဲက လူတွေပဲ။ သူတို့ရဲ့ မျက်နှာတွေက ဖြူတစ်လှည့် နီတစ်ခါ ပြောင်းသွားတာကြောင့် တစ်ယောက်ယောက်က အရောင်လာဆိုးထားသလိုပဲ။
အဲဒီအဆီတဝင်းဝင်းပါးစပ်တွေဆိုတာ သူတို့ကို ရည်ညွှန်းမှန်းအသိသာကြီးပဲ။ အဘွား ကျောက်က တခြားနေရာတွေမှာသာ ကပ်စေးကုပ်မယ် သူ့သားကြီးနဲ့မြေးကြီးတို့နဲ့ ပတ်သက်လာရင်တော့ ဘယ်တုန်းကမှ တွန့်တိုတယ် မရှိဘူး။ အဲဒီလိုနဲ့ အဒေါ်ယန်နဲ့ အငယ်လေးတို့ကလည်း သူတို့နဲ့ကပ်စားရင်း ကြီးပွားနေကြတာပေါ့။
သားအငယ်လေးက ၇နှစ်သာရှိသေးပြီး ကျောက်အာရဲ့ စကားခါးခါးတွေကြောင့် မကျေမချမ်းနဲ့ ပြန်ပြောဖို့လုပ်ပေမဲ့ သူ့အမေ အဒေါ်ယန်က ခပ်မြန်မြန် လက်ကဆွဲချရင်း တားလိုက်တာကြောင့် ပြန်ထိုင်သွားတယ်။
ထိုအချိန် စတုတ္ထမိသားစုခွဲက မောက်ဒန်လေးက အခုမှငယ်ငယ်လေးပဲရှိသေးတာမို့ ကလေးသဘာဝ လောဘလေးက ကြီးချင်တယ်။ သူလည်း နေ့တိုင်း ဘာအရသာမှမရှိတဲ့ ဂေါ်ဖီထုပ်တွေပဲ စားနေရတာကို တော်တော်ငြီးငွေ့နေပြီ။ အဲဒီလိုနဲ့ ကျောက်အာပါးစပ်က ‘ဥ’ဆိုတာကိုကြားတာနဲ့ မအောင့်အီးနိုင်တော့ဘဲ ကော့လန်ထိုးကာ ဂျီကျတော့တယ်။
“အမေ သားလည်း ဥစားချင်တယ် ဥစားချင်တယ်လို့ အီးဟီး!”
အစတုန်းက တိတ်ဆိတ်အေးချမ်းခဲ့တဲ့ ထမင်းစားခန်းက အခုတော့ သူ့ရဲ့နားမခံနိုင်စရာ အော်ငိုသံကြောင့် ချက်ချင်းဆူညံသွားပြီး အားလုံးကို ခေါင်းကိုက်လာစေတော့တယ်။ ထိုအခါ စိတ်ရှုပ်လာတဲ့အဒေါ်စွန်းကလည်း သည်းမခံနိုင်တော့ဘဲ မောက်ဒန်ကို ရိုက်တော့တယ်။
“နင်က ဘာတွေလာအော်နေတာလဲ။ ငါတို့က ဘယ်လိုလုပ် ဥစားနိုင်မှာလဲ။ ပါးစပ်ပိတ်ထား ဘာဥမှမရှိဘူး”
သူမလေသံက စိတ်တိုပြီး အရွဲ့တိုက်ချင်ဟန်ပါ စွက်နေတာကြောင့် အိမ်ကလူတိုင်း ရင်ထဲမှာ မကျေနပ်ချက်တွေရှိပေမဲ့ ထုတ်မပြောရဲကြလို့ဆိုတာကို မီးမောင်းထိုးပြနေတယ်။ အရိုက်ခံလိုက်ရတဲ့ ကလေးက အငိုမတိတ်တဲ့အပြင် ပိုတောင်အော်ငိုတော့တယ်။
နဂိုကတည်းက ပေါက်ကွဲနေတဲ့ အဘွားကျောက်ကလည်း သူမဒေါသရဲ့ တကယ့်တရားခံကို ဘာမှသွားပြောလို့မရတော့ အဒေါ်စွန်းကို ဖိအော်တော့တယ်။
“ချွေးမ စွန်း.. နင်က အခုငါ့မြေးကို ရိုက်ရဲတဲ့အထိ သတ္တိတွေကောင်းနေပြီပေါ့။”
အဒေါ်စွန်းက အရင်ကတည်းက အဘွားကျောက်ကို ကြောက်ခဲ့တာမို့ ချက်ချင်း ခပ်ဖျော့ဖျော့ အပြုံးလေးတစ်ခု ပြုံးပြလိုက်ပြီး “အမေရယ် မောက်ဒန်က ဘာမဟုတ်တဲ့ ကြက်ဥတစ်လုံးအပေါ် ရေးကြီးခွင်ကျယ်လုပ်နေလို့ပါ။ ကျွန်မတို့က တကယ်လည်း ဘယ်မှာကြက်ဥစားနိုင်မှာမို့လို့လဲ”
နောက်ဆုံးစကားတစ်ခွန်းပြောတဲ့အချိန်မှာ သူမရဲ့လေသံက ကိုယ့်ဘာသာ ကြားနိုင်ရုံလောက် တိုးသွားပြီး အကြည့်တွေကလည်း အကြီးဆုံးမိသားစုခွဲက သားအမိဆီ ရောက်သွားတယ်။ အဘိုးရွှီက သူ့ချွေးမတွေနဲ့ မိန်းမကြားကကိစ္စတွေမှာ ဝင်ပါလေ့မရှိပေမဲ့ ဒီတစ်ခေါက်တော့ သူတောင် ငြိမ်ငြိမ်နေလို့ မရတော့ဘူး။
မဲမှောင်နေတဲ့မျက်နှာကြီးနဲ့ပဲ ထမင်းစားပွဲကို ဘန်းခနဲ တစ်ချက်ရိုက်ချလိုက်ပြီး အဘိုး ရွှီက ခပ်တင်းတင်းအသံနဲ့ အားလုံးကိုမာန်မဲလိုက်တယ်။
“တော်လောက်ပြီ! ဘာတွေဒီလောက် ဆူညံနေကြတာလဲ”
လေးထောင့်သစ်သားစားပွဲလေးက သူ့လက်ဖဝါးကြမ်းကြမ်းအောက်မှာ တုန်တက်သွားပြီး ခြေတိုင်တွေပါ ယိုင်နဲ့လို့ တင်ထားတဲ့ ပန်းကန်တွေအားလုံး အချင်းချင်း တိုက်မိကာ တချွင်ချွင်အသံတွေ စီသွားတယ်။
ကျောက်အာကလည်း သူနဲ့မဆိုင်သလို ဘေးဖယ်နေမနေဘဲ အဘိုးရွှီဆီ အတော်လေး စိတ်ထိခိုက်သွားဟန်နဲ့ မျက်နှာမူလိုက်ပြီး “အဘိုး ဒါသမီးတို့အပြစ်မဟုတ်ဘူးလေ။ အဘွားက သမီးနဲ့ကုန်းအာတို့နှစ်ယောက်လုံးကို ဖုတ်လိုစားတယ်လို့ အရင်စပြောတာကိုး”
သူမက လက်ထဲက ထမင်းပန်းကန်လုံးတွေကို စားပွဲပေါ်ဆောင့်ချကာ မျက်နှာကို လက်နဲ့အုပ်ပြီး မျက်ရည်မိုးရွာပြလိုက်တယ်။
“သမီးတို့စားတယ်ဆိုတာလည်း ဆန်ကွဲနီးနီး ထမင်းကြမ်းကိုမှ ဆီမပါ ဆားမပါတဲ့ အသီးအရွက်ကြော်တွေတင်ပါ။ အဲဒါတွေအတွက်နဲ့ ဖုတ်လို့အခေါ်ခံရတယ်။ တကယ်လို့ ဒါတွေကိုသာ အပြင်ယူသွားပြီး တခြားသူတွေကို ပြကြည့်ပါလား။ ပညာတတ်အိမ်က ဒီလောက်ပဲလားဆိုပြီး အဟားတောင်ခံရဦးမယ်။ အဘွားက သမီးနဲ့ကုန်းအာတို့ကို ဝန်ထုပ်လို့မြင်နေရင်လည်း ဒုတိယမိသားစုကို သက်သက် အိမ်ခွဲနေခိုင်းလိုက်ပါတော့.. အဲဒါဆို သမီးတို့ကို ဒီအိမ်က ဘာဝေစုမှ မျှပေးစရာမလိုတော့ဘူးပေါ့”
6 04
‘အိမ်ခွဲနေမယ်’ဆိုတဲ့ စကားလုံးထွက်လာတာနဲ့ အဘိုးရွှီရဲ့မျက်ခုံးတွေက အလိုအလျောက်တွန့်ချိုးသွားပြီး မာမာထန်ထန် ငေါက်ပစ်လိုက်တယ်။
“အိမ်ခွဲမယ်။ စိတ်တောင်ကူးမနေနဲ့-ဒီအိမ်မှာ ဘယ်သူမှ ဒီကိစ္စကို ဟခွင့်မရှိဘူးကွ!”
အော်ဟစ်လိုက်ပြီးမှ သူ့လေသံက မိန်းမငယ်လေးတစ်ယောက်အပေါ် အရမ်းမာကျောသွားတာကို သဘောပေါက်လိုက်တဲ့ အဘိုးရွှီက နောက်တစ်ခွန်းကျတော့ လေသံကိုနည်းနည်းပြန်လျှော့လိုက်ပြီး “မင်းအဘွားက မင်းတို့ဒေါ်လေးရဲ့ ယောက္ခမတွေနဲ့ပတ်သက်ပြီး နည်းနည်း စိတ်အဆင်မပြေလို့ သမီးအပေါ် ပုံချမိသွားတာ။ ဒါပေမဲ့ မင်းကလည်း အငယ်ဖြစ်ပြီး အကြီးတွေကို ဒီလိုပြန်ခံမပြောသင့်ဘူးလေ”
ကျောက်အာကို အကျိုးသင့်အကြောင်းသင့် ဆူပူပြီးတာနဲ့ သူက အဘွား ကျောက်ဘက်လှည့်လာတယ်။
“မင်းက ဘယ်တော့မှ မရင့်ကျက်ဘူးလို့ သူတို့ပြောတာ အမှန်ပဲ။ ဒီလောက်နှစ်တွေအများကြီး မင်းဦးနှောက်ကို ခွေးသွားကျွေးလိုက်တာလား ဟမ်။ ကြက်မကြီးလည်း မဟုတ်ပါဘဲ အဲဒီဥတွေကို ဘာလို့လိုက်ဝပ်ထားမှာလဲ။ ဘယ်သူမှမစားရခင် ပုပ်အောင်ထားထားတာလား။ ချွေးမ ၃ သမီးသွားစမ်း ကျင်းထဲက ဥနည်းနည်းယူပြီး မွှေကြော်လိုက် အားလုံးစားရအောင်”
နှစ်ဦးနှစ်ဖက်စလုံးကို ညီတူမျှတူ လုပ်ပေးလာတဲ့ အဘိုးရွှီရဲ့ စကားအဆုံးမှာမှ ထမင်းစားခန်းကြီးက တဖန်ပြန်လည်ငြိမ်သက်သွားတော့တယ်။ ကျောက်အာရဲ့မျက်လုံးတွေက အရောင်လက်သွားတယ်။ တကယ်တော့ အခုနက သူမရဲ့စကားတွေက ဒီတိုင်း အလွတ်ခြိမ်းခြောက်ချင်ရုံတင် မဟုတ်ဘူး။
သူမ တကယ်ပဲ ဒီမိသားစုကနေ ကုန်းကျစ်ကိုခေါ်ပြီး ခွဲထွက်သွားချင်နေပြီ။ သို့သော်ငြား ဒီလိုမရေမရာ ပြောရုံနဲ့တင် အဘိုးရွှီက တင်းတင်းကျပ်ကျပ် ဟန့်တားလာတော့ လောလောဆယ် ဒီအကြံကို ရင်ထဲမျိုသိပ်ထားရုံပဲ တတ်နိုင်တယ်။
ဒါပေါ့ အဘိုးရွှီကလည်း ဘာလို့ အကြောက်အကန်ငြင်းနေရလဲဆိုတော့ တကယ်တမ်း သူမတို့သာ ခွဲထွက်သွားကြည့်ပါလား။ ပတ်ဝန်းကျင်ကလူတွေအားလုံး လူကြီးတွေပေါင်းပြီး အားကိုးစရာမရှိတဲ့ ကလေးနှစ်ယောက်ကို အနိုင်ကျင့်တယ်လို့ လက်ညှိုးဝိုင်းထိုးကြမှာ သေချာတယ်။
အဲဒီအပြင် အဘိုးရွှီက ရှေးရိုးစွဲလူကြီးတစ်ယောက်ဖြစ်တဲ့အတွက် သူမသေခင်အထိ မိသားစုမောင်နှမအားလုံးကို တစ်မိုးအောက်ထဲမှာပဲ အတူတကွ ရှိစေချင်တယ်။ နောက်ထပ် ပညာတတ်တစ်ယောက် ထွန်းပေါက်အောင် အားလုံးစုပေါင်းပြီး ကြိုးစားပေးမှ နောက်လာမဲ့ ရွှီမျိုးဆက်တွေအတွက် ဂုဏ်ယူစရာတစ်ခု ကျန်ရစ်ခဲ့အောင်လို့လေ။
ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ရဲ့အဆုံးသတ်မှာတော့ ရွှီမိသားစုက ရန်ပွဲကြောင့်ပဲ ရှားရှားပါးပါး အားလုံး ကြက်ဥစားလိုက်ရတယ်။ အဒေါ်ကျိုးက ပန်းကန်လုံးအကြီးကြီးထဲမှာ ဝါဝင်းနေတဲ့ကြက်ဥတွေ မွှေကြော်ထားပြီး ကျောက်အာအတွက် တကူးတက တစ်ပန်းကန်တောင် ဖယ်ပေးခဲ့သေးတယ်။
ဒီအချက်ကတင် တော်တော်လေး သိသာနေပြီ။ အားလုံးထဲမှာ တတိယမိသားစုခွဲက လင်မယားနှစ်ယောက်စလုံးက အသံအိုးမပါတဲ့ ကျောက်ရုပ်ကြီးတွေလိုပဲ။ သူတို့စိတ်ထဲမှာ အလုပ်လုပ်ဖို့ပဲရှိပြီး ခွဲခြားဆက်ဆံခံရလည်း အမြဲတမ်း နှုတ်ဆိတ်လျက်သားနဲ့ ရှိနေကျမို့ ကျောက်အာတို့အတွက် ရပ်တည်ပေးတယ်ဆိုတာလည်း သိပ်မရှိဘူး။
အခုတော့ ဒီအပြုအမူသေးသေးလေးကတင် သူတို့လည်း သူမကို ထောက်ခံတယ်ဆိုတာ သက်သေပြနေတယ်။ သို့ပေမဲ့ ကျောက်အာက ဒီအိမ်မှာ သူ့လူကလွဲလို့ ကျန်တဲ့လူတွေကို အသေးစိတ်ကအစ လိုက်ကြည့်မနေတာကြောင့် ဘာကိုမှများများစားစား တွေးမနေဘူး။
ဒီလောက်မိသားစုအကြီးကြီးမှာ လူတိုင်း သူ့အကန့်နဲ့သူ ရှိကြတာပဲ။ သူတို့တွေ ဘာပဲလုပ်လုပ် သူမကို အဆုံးစွန်အထိ တွန်းပို့မလာဘူးဆို ပြီးတာပဲ။ ကျောက်အာက အစားအသောက်ဗန်းကို သယ်ရင်း သူမတို့အဆောင်လေးရှိရာဆီ ပြန်လာတယ်။
အခန်းထဲခြေချလိုက်တာနဲ့ ကျောက်အာရဲ့ အသံမြူးမြူးက သတင်းကောင်းတစ်ခု သယ်လာသလို တက်ကြွနေတယ်။
“ကြည့်စမ်း ကုန်းအာ ဒီနေ့ ငါတို့နေ့လယ်စာ ကြက်ဥစားရတယ်”
မိန်းမငယ်လေး မျက်နှာပေါ်က တောက်ပတဲ့အပြုံးလေးကိုမြင်တော့ ရွှီကုန်းကျစ်ရဲ့မျက်လုံးတွေထဲ အဓိပ္ပာယ်ဖော်ရခက်တဲ့ တစ်စုံတစ်ခု ဖြတ်ပြေးသွားတယ်။ သူက တစ်နေ့လုံးအခန်းထဲက အပြင်မထွက်ပေမဲ့ နောက်ဖေးမှာ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ တစ်လုံးမကျန် ကြားလိုက်ရပါတယ်။
6 05
ကျောက်အာက ဒီလိုလူမျိုးပဲ.. အမြဲတမ်း ရဲရင့်ပြီး တက်ကြွနေတာ အညွှန့်တလူလူတက်နေတဲ့ မီးတောက်လေးအတိုင်းပဲ။ တခြားသူတွေ ဘယ်လိုတွေးမလဲဆိုတာလည်း ဘယ်တုန်းကမှ ဂရုမစိုက်ဘူး။
တကယ်တော့ သူမက ဂရုမစိုက်ပေမဲ့ သူကတော့ အရမ်းဂရုစိုက်ခဲ့တဲ့အချိန်တွေ ရှိခဲ့ဖူးတယ်။ သူက သူမကို အမြဲတမ်း ပြဿနာရှာနေတဲ့ အရှက်ရစရာ မိန်းကလေးတစ်ယောက်အဖြစ် မြင်ခဲ့ပြီး သူ့လမ်းမှာ လာလာပိတ်နေတယ်လို့ ထင်ခဲ့ဖူးတယ်။
အဲဒါကြောင့်လည်း သူမကို တစ်ကြိမ်မက ပြုပြင်ဖို့ကြိုးစားဖူးတယ်။ ပြီးတော့ တချို့အကြောင်းအရာတွေကြောင့်လည်း အချိန်အတော်ကြာတဲ့အထိ သူမအပေါ် တိတ်တိတ်လေး မုန်းတီးနေခဲ့မိသေးတယ်။
သို့ပေမဲ့ သူ မသိလိုက်တာက တကယ်တမ်း တလွဲမာနတွေနဲ့ စိတ်မလုံခြုံမှုတွေ ပြည့်နှက်နေတဲ့ အရူးစစ်စစ်က သူကိုယ်တိုင်ဆိုတာပဲ။ ကံတရားက မျက်နှာသာမပေးချင်တော့ သူဒါကို ကောင်းကောင်းနားလည်သွားတဲ့အချိန်က အရမ်းနောက်ကျသွားခဲ့ပြီ။
“ကြက်ဥတစ်လုံးအတွက်နဲ့များ … အဘွားနဲ့ ဒီလောက်သွားငြင်းခုံနေသေးတယ်”
ဒီစကားလုံးတွေက သူကိုယ်တိုင်တောင် မတားနိုင်လိုက်ခင် လွှတ်ကနဲ ပြောထွက်သွားမိတယ်။ ဒီတော့မှ ရွှီကုန်းကျစ်က သူ့စိတ်နေသဘောထား ပြောင်းသွားတာတောင် ပါးစပ်ကတော့ အရင်အကျင့်မပျောက်သေးတာ သိသွားတာ။
သူ(မ)ကတော့ ထပ်ပြီး အထင်လွဲသွားတော့မှာပဲ …
ထင်ထားတဲ့အတိုင်းပါပဲ ကျောက်အာရဲ့ တလက်လက်ရွှန်းလဲ့နေတဲ့ မျက်ဝန်းတွေက မသိမသာ မှိန်ကျသွားပေမဲ့ ဟန်ဆောင်တော်တဲ့သူမက မျက်တောင်တစ်ခတ်အတွင်းမှာတင် နှုတ်ခမ်းပေါ် အပြုံးတစ်ခု ကောက်တပ်လိုက်ပြီး “တကယ်လို့ ကျွင်းခိုင်တောင် ဥစားရရင် ငါတို့ကုန်းအာလည်း စားရမှာပေါ့ လာ လာ ဟ ဗိုက်ထဲ အစားကောင်းကောင်းဝင်သွားရင် မကြာခင် ကျန်းမာရေးလည်း ပြန်ကောင်းလာလိမ့်မယ်”
တွေ့လား… သူမက အမြဲတမ်း သူ့ကို ကလေးတစ်ယောက်လို ဆက်ဆံနေတာ … ဘယ်တော့မဆို ‘ငါတို့ကုန်းအာလေး’ဆိုပြီး ချော့မြှူရမဲ့ သူငယ်နှပ်စားအရွယ်လို့ ထင်နေတာ ဒါပေမဲ့ သူက ကလေးမှမဟုတ်တော့တာ။
နောက်ပြီး သူ့လိုမြှီးကောင်ပေါက်အရွယ် ယောက်ျားလေးတစ်ယောက်က ဒီလိုအချိန်မှာ မာနတွေ သိက္ခာတွေအပေါ် ဆတ်ဆတ်ထမခံ အဖြစ်တတ်ဆုံးပဲ။ ရွှီကုန်းကျစ်က ဒါတွေတစ်ခုမှ သဘောမကျပေမဲ့ ဘယ်လိုထုတ်ပြောရမလဲလည်း မသိပြန်ဘူး။
အဲဒီလိုနဲ့ ဒီမကျေနပ်ချက်တွေက အချိန်တွေကြာလို့ စုပုံလာတဲ့အခါ သူကိုယ်တိုင်တောင် မသိလိုက်ဘဲ စည်းခြားထားမိတဲ့အထိ ပြင်းထန်သွားတော့တာ။ သူကိုယ်တိုင်လည်း အခုကျမှ ဒီအတွေးတွေ ဘယ်လိုပြန်ပေါ်လာသလဲ မသိဘူး။
အဲဒါထက် အဲဒီအိပ်မက်ကြီး မက်ပြီးသွားမှ သူ့အတွင်းထဲက တစ်ခုခုပြောင်းလဲသွားသလို ခံစားလိုက်ရတယ်။ မသိရင် သူက လူတစ်ကိုယ် စိတ်နှစ်မျိုးဖြစ်သွားတဲ့အတိုင်း တစ်ယောက်က ရွှီကုန်းကျစ် နောက်တစ်ယောက်ကတော့ ရွှီထင်းရှန်းပေါ့။
နောက်ပြီး ကျောက်အာနဲ့ပတ်သက်လာတိုင်းလည်း သူ့အတွင်းစိတ် အနက်ရှိုင်းဆုံးထဲက အသံတစ်သံက သူဘယ်လိုခံစားခဲ့ရသလဲဆိုတာ စတင်ပြီး တီးတိုးပြောပြလာတယ်။ သူ့စိတ်အာရုံတွေ ထွေပြားနေတဲ့အချိန်မှာပဲ သူ့နှုတ်ခမ်းအရှေ့ တစ်ခုခုကပ်လာတာ သတိထားမိလိုက်တယ်။
ငုံ့ကြည့်လိုက်တော့ တူနှစ်ချောင်းကြားမှာ ညှပ်ထားတာက အနားသားတွေ ကြွပ်ရွနေပြီး ရွှေဝါရောင်သန်းတဲ့ ကြက်ဥမွှေကြော်တစ်ဖတ်ပဲ။
“အဒေါ် ၃က ဟင်းချက်မတော်ပေမဲ့ သူ့ကြက်ဥမွှေကြော်ကတော့ တော်တော်ကောင်းတယ်။ လာ အကြီးကြီး ဟပါဦး။ ဒါမှငါတို့ကုန်းအာလေး အရပ်တွေရှည်ပြီး အကြီးကြီးဖြစ်လာမှာပေါ့”
သူမ လျှာဖျားက အကျင့်အတိုင်း လွှတ်ကနဲ ထွက်သွားပြီးမှ ကျောက်အာက တော်တော် နောင်တရသွားတယ်။ သူက ဒီနေ့ကျမှ ထူးထူးခြားခြား ငြိမ်သက်ပြီး စကားနားထောင်နေတော့ သူမလည်း ငယ်ငယ်တုန်းက ထမင်းကျွေးတဲ့အတိုင်း သတိလက်လွတ် ပြောလိုက်မိတာ။
ကျောက်အာက အရင်ကတည်းက အစားနည်းတဲ့ ကုန်းအာကို ထမင်းခွံ့ကျွေးတိုင်း သူပိုစားအောင်လို့ ဒီလိုချော့မြှူနေကျပဲ။ တစ်ချိန်တုန်းကတော့ ကုန်းကျစ်က ဒီလိုချော့ကျွေးတာကို သဘောကျပေမဲ့ နောက်ပိုင်းကျတော့ သူမကို စတင်ဆန့်ကျင်လာပြီး ဒီလိုကျွေးတာကိုလည်း ဘယ်တုန်းကမှန်းမသိ မုန်းသွားတော့တာပဲ။
6 06
သူမ ရင်ထဲ စိုးရိမ်ကြောင့်ကြမှုတွေ ဆန်တက်လာပေမဲ့ သူကတော့ မလှုပ်မယှက်ရှိနေသေးတာမို့ ကျောက်အာက အာရုံလွှဲဖို့ အူကြောင်ကြောင် တစ်ချက်ရယ်လိုက်ပြီး တူကို ပြန်ရုတ်တော့မဲ့အချိန်မှာပဲ- ရွှီကုန်းကျစ်က ရုတ်တရက် ငုံ့ကိုင်းရင်း တစ်ခုလုံး စားပစ်လိုက်တယ်။
“ကောင်းသားပဲ”
မျက်လွှာချရင်း ဖြည်းဖြည်းချင်း အရသာခံမြုံ့နေတဲ့ ကောင်ငယ်လေးကိုကြည့်ရင်း ကျောက်အာရဲ့ စိုးရိမ်မှုတွေက လေနဲ့ယူသလို လွင့်ပါးသွားပြီး မျက်နှာပေါ်မှာလည်း ကြည်နူးဝမ်းသာမှုတွေ လှိုက်တက်လာခဲ့တယ်။
“ကောင်းရင် ထပ်စားနော်။ ငါ ငွေရှာနိုင်တာနဲ့ နင့်ကိုနေ့တိုင်း ကြက်ဥမွှေကြော် လုပ်ပေးမယ်”
သူမက ပါးစပ်ကလည်း ပြော လက်ကလည်း နောက်တစ်လုပ်အတွက် တူနဲ့သေချာခပ်နေရင်း မျက်တောင်တွေကြားထဲက ရွှီကုန်းကျစ်ရဲ့မျက်နှာထားကို မသိမသာ အကဲခတ်လိုက်သေးတယ်။ သူ့မျက်နှာပေါ်မှာ ဒေါသအရိပ်အယောင် မတွေ့တော့မှ နောက်ဆုံး စိတ်အေးဟန် သက်ပြင်းချနိုင်တယ်။
အမှန်အတိုင်းပြောရရင် သူမ အဲဒါကို တမင်တကာ ထုတ်ပြောလိုက်တာ။ သူက အမြဲလိုလို သူမ တစ်နေကုန်အိမ်မှာမရှိဘဲ အပြင်မှာ နေရာတကာပတ်ပြီး စီးပွားရှာတာကို မနှစ်မြို့တတ်ဘူး။ ဒီကိစ္စအတွက်ကြောင့်နဲ့လည်း သူမတို့နှစ်ယောက် အကြိမ်ကြိမ်အခါခါ စကားများဖူးတယ်။
ဒါပေမဲ့ ဒီလိုအခြေအနေမှာ သူ သဘောမကျတာနဲ့တင် ပိုက်ဆံမရှာတော့လို့ရမလား။
ကျောက်အာက ချမ်းသာတဲ့သူကြွယ်တစ်ယောက် ဖြစ်ချင်တယ်။ သူ့လူကို ကျောင်းထားနိုင်ပြီး ပညာရေးမှာ အစစအရာရာ ထောက်ပံ့ပေးနိုင်တဲ့အထိ လုံလောက်အောင် ငွေရှာချင်တယ်။ အဲဒါမှလည်း နဂိုကတည်းက နုနယ်တဲ့ သူ့ကောင်လေး တခြားလူတွေနဲ့ ကြက်လို ငှက်လို ပြိုင်ပြီး ထိုးဆိတ်စရာ မလိုတော့မှာ။
သူမမှာ မျှော်လင့်ချက်တွေ စိတ်ကူးအိပ်မက်တွေ အများကြီးရှိပေမဲ့ သူတို့အားလုံး ဖြစ်မြောက်လာဖို့ သူ့ပံ့ပိုးမှုလည်း လိုအပ်သေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က မိသားစုတွေလေ။ အခုဆို ဒုတိယမိသားစုခွဲမှာ သူတို့နှစ်ယောက်ပဲ ရှိတော့တာ။
အဲဒါကြောင့် ကျောက်အာက စိတ်ပိုင်းဖြတ်လိုက်တယ်။ တကယ်လို့ သူ မပံ့ပိုးပေးဘူးဆိုရင်တောင် သူမကတော့ ရှေ့ဆက်တိုးသွားမှာပဲ။ ဒါပေါ့ ဒါကို သူ မဆန့်ကျင်ရင်တော့ ပိုကောင်းတာပေါ့။ ဒီလိုအတွေးနဲ့တင် ကျောက်အာက သူစိတ်ကောင်းဝင်နေတုန်း ထပ်ပြောဖို့ အားမွေးလိုက်တယ်။
“အခုနတုန်းက ငါ အဘိုးကို အိမ်ခွဲဖို့အကြောင်း ပြောလိုက်တယ်သိလား။ ဒါပေမဲ့ သူက ချက်ချင်းကို ငြင်းပစ်တော့တာ”
တစ်ဖက်လူ စကားဟဖို့ လုပ်လာတာမြင်တော့ ကျောက်အာက ကြောက်အားလန့်အားနဲ့ အသည်းအသန် အရင်ပြန်ပြောတယ်။
“ခဏလေး ငါ ပြောတာကို အရင်နားထောင်ပါဦး။ နင့်ကို ပြောပြချင်ပေမဲ့ အချိန်မတန်သေးလို့ မပြောရတာတွေ ရှိတယ်။ အချိန်မတန်သေးဘူးဆိုတာကလည်း နင်က ငယ်သေးတာမို့ စာလုပ်တဲ့နေရာမှာ အနှောင့်အယှက်မဖြစ်စေချင်လို့ပါ။ ဒါပေမဲ့ ဒီနေ့တော့ ငါတစ်ခု သိလိုက်ရတာရှိတယ်”
သူမက ဆက်မပြောခင် ခဏလောက်နားလိုက်ပြီး အသံကို တည်ငြိမ်အောင် အရင်လုပ်လိုက်တယ်။
“ဒီအိမ်မှာက ကိုယ်ရသင့်ရထိုက်တာဆို တိုက်ခိုက်ပြီးလည်း ယူရင်ယူရမှာပဲ သိလား။ ကိုယ့်ဝေစုကို နှုတ်ဆိတ်နေရုံနဲ့တင် သူများလက်ထဲ အပါခံလိုက်လို့မရဘူးလေ။ တကယ်လို့ သူများကို ပေးလိုက်မယ်ဆိုရင်တောင် နိုင့်ထက်စီးနင်း လုပ်ခံရလို့မဟုတ်ဘဲ ကိုယ့်သဘောနဲ့ကိုယ် ပေးလိုက်တာပဲဖြစ်ရမယ်။ ဒီရန်ပွဲမှာ ရှုံးသွားလည်း ဘာမှမဖြစ်ပါဘူး။ ဒါအဆုံးသတ်မှမဟုတ်တာ နောက်ပြီး ငါလေ တလောလေးကမှ လုပ်ငန်းလေးတစ်ခု စထားတယ် သိလား … အဲဒီကရတဲ့ဝင်ငွေက နင့်ကျောင်းစရိတ်အတွက်တော့ လောက်လောက်မှာပါ”
သူမက အသာပြုံးလိုက်ပြီးမှ “ငါ ဒါတွေအားလုံးပြောပြနေတယ်ဆိုတာ နင် အတွေးလွန်ပြီး စိတ်မပူရအောင်လို့ ဘာမှစိုးရိမ်စရာ မလိုပါဘူး.။ ကုန်းအာ တကယ်လို့ မိုးကောင်းကင်တစ်ခုလုံး ပြိုကျလာရင်တောင် နင့်မှာ မတင်ပေးထားမဲ့ ငါတစ်ယောက်လုံးရှိပါတယ်။ ဘဝမှာ ဒီတစ်လမ်းမရရင် နောက်တစ်လမ်းပေါ့ အရူးတွေသာ လောကဓံကြောင့် ကိုယ့်ကိုယ်ကိုယ် မုန်းမှာ”
အမှန်အတိုင်းပြောရရင် သူမ ရွှီကုန်းကျစ်ကို ဒါတွေအားလုံးပြောချင်နေတာ အတော်ကြာပြီ။ ဒါပေမဲ့ အဲဒီကောင်လေးက ဘယ်လောက်အတွေးလွန်ပြီး စိတ်ပူတတ်သလဲဆိုတာ သိလို့ သူ့ကိုဝန်ပိသွားစေမှာ စိုးနေမိတာ။
6 07
ဒါပေမဲ့ သူမ မပြောလည်း သူက သူ့ဘာသာ တွေးချင်ရာတွေ လျှောက်တွေးပြီး အိပ်ရာထဲလဲတဲ့အထိတောင် ဖြစ်သွားတာပဲမလား။ အဲဒီတော့ အခုမှ ဘာကိုစိုးရိမ်နေတော့မလဲ။ ပြောချင်တာ အကုန် ပြောလိုက်တော့မှာပေါ့
ရွှီကုန်းကျစ်က ကျောက်အာကို တည့်တည့်ကြည့်လာတယ်။
သူ့အိပ်မက်ထဲမှာ ဖြစ်သွားတဲ့ကိစ္စတွေက အခုလက်တွေ့နဲ့ တော်တော်လေး ကွာခြားနေတယ်။ သူ့ရဲ့ ရုတ်တရက် ထသောင်းကျန်းမှုကြောင့် ရွှီမိသားစုမှာ အိမ်တွင်းပဋိပက္ခတွေ ဖြစ်ပေါ်လာပြီး အားလုံးက သူ့ကို တစ်ကိုယ်ကောင်းသမားလို့ သမုတ်ကြတဲ့အပြင် အဘွားမေ့လဲတဲ့အထိ ဖြစ်သွားတာကလည်း သူ့ကြောင့်ဆိုကာ ကျေးစွပ်တဲ့မြေးလို့ ပြောကြပြန်တယ်။
ကျောက်အာကတော့ ထုံးစံအတိုင်း တစ်အိမ်လုံးနဲ့တစ်ယောက် ဖြစ်နေတာတောင် သူ့ဘက်က မားမားမတ်မတ် ရပ်တည်ပေးခဲ့ပြီး ဒီကိစ္စက ရွာသူကြီးနားအထိ ပေါက်ကြားသွားခဲ့တယ်။ အဲဒီလိုနဲ့ ကျော်မကောင်း ကြားမကောင်းတွေဖြစ်လာပြီး ကျောက်အာကတော့ လူကြီးသူမကို ရိုင်းပြစွာ စော်ကားတဲ့ပြစ်မှုနဲ့ ဘိုးဘွားခန်းမထဲမှာ ငါးကြိမ်တိတိ ကြိမ်ဒဏ်ပေးခံခဲ့ရတယ်။
ဒီလိုနဲ့ပဲ ရွာသူကြီးက ဒီကိစ္စကို ခပ်မြန်မြန်လေး အပြီးသတ်လိုက်တာကြောင့် ကုန်းကျစ်မှာ ပြန်တွန်းလှန်ခွင့်တောင် မရလိုက်ဘဲ သူပိုင်ဆိုင်ထားသမျှအကုန် ရုတ်သိမ်းခံလိုက်ရတော့တယ်။ နောက်ကျတော့ ရွှီကျွင်းခိုင်က မြို့မှာကျောင်းသွားတက်ပြီး တစ်ရွာလုံးရဲ့ အာရုံစိုက်မှုကြားမှာ တောက်ပြောင်နေတော့တယ်။
ဒုတိယမိသားစုခွဲကတော့ တစ်အိမ်လုံးရဲ့ဖယ်ကျဥ်ခြင်းခံခဲ့ရပြီး အကြီးဆုံးမိသားစုခွဲရဲ့ နောက်ကွယ်က ဝင်နှောင့်တာတွေနဲ့ပါ ပေါင်းလိုက်တော့ ရွှီမိသားစုထဲမှာနေရတဲ့ သူတို့ဘဝက သည်းမခံနိုင်စရာအထိ ဆိုးဝါးလာခဲ့တယ်။
အိမ်ကဘယ်သူမှ သူတို့ဘက်က မရပ်တည်ပေးသလို တစ်ရွာလုံးကလည်း သူတို့ဘက်မှာ မရှိကြဘူး။ နောက်ဆုံး ရွှီချင်းရှန်က သူ့ကို ပညာသင်ပေးရကျိုးမနပ်တဲ့ ကျေးဇူးကန်းတူလို့ ပြောဆိုပြီး ရွာကျောင်းကိုပါ ပေးမတက်တော့ဘူး။
အဲဒါထက် သူက ကျောက်အာက သူ့မိန်းမကို မလေးမစားလုပ်ပေါင်းများနေပြီဆိုကာ သူတို့ကို မိသားစုထဲကနေ ထုတ်ပယ်ပစ်ဖို့ ပြောလာခဲ့တယ်။ အဲဒီအချိန်တုန်းက သူ့အသက် ၁၄နှစ်ပဲရှိသေးတယ်။ တချို့လူတွေက မကောင်းမှန်း ပြောနိုင်ရင်တောင် သူတို့ရဲ့ ရက်စက်မှုအတိုင်းအတာကို အပြည့်အဝ နားမလည်နိုင်သေးတဲ့အရွယ်။
ဒါမှမဟုတ်လည်း သူနားလည်ပေမဲ့ လူသားတွေရဲ့ ပင်ကိုယ်ဗီဇအရ ကိုယ့်ကိုယ်ကိုယ်ထက် တခြားသူကိုပဲ အပြစ်တွေအားလုံးပုံချခဲ့မိတယ်။ သူ့ဘဝမှာ ဖြစ်ပေါ်လာခဲ့တဲ့ ကံဆိုးမှုတိုင်း စိတ်မကျေနပ်တဲ့အခါတိုင်း ဒေါသတွေအားလုံးကို သူ ကျောက်အာအပေါ် ပုံချခဲ့မိတယ်။
အချိန်တွေကြာလာတော့မှ သူကျောက်အာအပေါ် အထင်မှားခဲ့မိတာ နားလည်သွားတဲ့အခါကျတော့ အခြေအနေတွေက ပြောင်းပြန်လှန်လို့ မရတော့လောက်အောင် ဆိုးဆိုးဝါးဝါး လွန်နေခဲ့ပြီ။ အဲဒီလိုနဲ့ သူတို့ကွဲကွာသွားကြပြီး သူ့မှာလည်း ဒီအမှားတွေကို ပြန်သွားရှင်းပြနိုင်တဲ့ မျက်နှာမရှိတော့ဘူး။
………….
******