← Chapters

အခန်း (၇-၈)

Vol. 1 Ch. 7-8

အခန်း (၇-၈)

Vol. 1 Ch. 7-8

7 01

အပိုင်း 7

“ကုန်းအာ .. ကုန်းအာ …”

ခပ်ဆတ်ဆတ်အသံကြောင့် ရွှီကုန်းကျစ်တစ်ယောက် အသိစိတ်ပြန်ဝင်လာပြီး အိပ်မက်ထဲမှာ နှစ်ပေါင်းများစွာ သူ့ကိုခြောက်လှန့်နေတဲ့ တူညီတဲ့မျက်နှာကို ငေးကြည့်နေမိတယ်။

“မင်းပြောတာမှန်တယ်” သူက တိတ်တိတ်လေး ဆိုလာတယ်။ “အခုကစပြီး ငါအများကြီး မတွေးမိအောင် နေတော့မယ်”

ရွှီကုန်းကျစ်က တုံ့ဆိုင်းဆိုင်းနဲ့မှ ထပ်ဖြည့်ပြောတယ်။

“ဒါပေမဲ့ တောင်းဆိုချင်တာတစ်ခုရှိတယ် ရှေ့လျှောက် …. ငါ့ကို ကုန်းအာလို့ မခေါ်ပါနဲ့တော့လား”

ကျောက်အာက ငြိမ်ငြိမ်လေးနားထောင်နေရင်းမှ ဒါကိုကြားတော့ နားမလည်ပုံနဲ့ မျက်တောင်ပုတ်ခတ် ပုတ်ခတ်ဖြစ်သွားတယ်။

“ဒါပေမဲ့ ငါက အရင်ကတည်းက အဲဒီလိုပဲခေါ်လာတာလေ ကုန်းအာလို့ မခေါ်လို့ ဘယ်လိုခေါ်ရမှာလဲ”

ရွှီကုန်းကျစ်က ခဏလောက် တိတ်သွားပြီးတော့မှ ပြတ်သားစွာ ပြောလိုက်တယ်။

“ထင်းရှန်းလို့ခေါ်”

“ထင်းရှန်း… ကိုယ့်ဘာသာ ပေးထားတဲ့နာမည်လား”

သူမ ကြည့်ရတာ အံ့ဩသွားပုံရပြီး နောက်တော့ ရုတ်တရက် အကြီးဆုံးမိသားစုခွဲက အဲဒီအယုတ်တမာကောင် သူ့ကောင်လေးနောက်ကွယ်မှာ ‘ကုန်းကျစ်’ဆိုတာ ခွေးကိုပေးတဲ့နာမည်လို့ အကြိမ်ကြိမ်အခါခါ စနောက်လှောင်ပြောင်နေတာကို ပြန်သတိရသွားပြီး အားလုံးသဘောပေါက်သွားတယ်။

သူမရဲ့အကြည့်တွေက နာကျင်မှုနဲ့အတူ ပျော့ပျောင်းသွားပြီး သူ့စိတ်တိုင်းကျ လုပ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။

“ကုန်းအာ- အယ် မဟုတ်ပါဘူး ထင်းအာက အခုမှတကယ် စာတတ်ပေတတ် ကျောင်းသားလေးနဲ့တူသွားတာ။ ရွေးထားတဲ့နာမည်ကလည်း အရမ်းကျက်သရေရှိတယ် ဆိုတော့ နောက်ဆို ကုန်းအာလို့မခေါ်တော့ဘူးနော်။ တခြားသူတွေကိုလည်း မခေါ်ခိုင်းတော့ဘူး။ အခုကစပြီး ရှင်က ထင်းရှန်းဖြစ်သွားပြီ”

သူမမျက်လုံးထဲမှာတော့ အိမ်ကလူလေး ဘာပြောပြော အကုန်မှန်တယ်။ သူမ စကားကိုကြားပြီးနောက် ရွှီကုန်းကျစ်-မဟုတ်သေးပါဘူး။ ရွှီထင်းရှန်းတစ်ယောက် သူ့စိတ်ထဲမှာ ထူးဆန်းတဲ့ လစ်ဟာမှုကြီးတစ်ခုကို အေးစိမ့်စွာ ခံစားလိုက်ရတယ်။ သူက ကျောက်အာထက် ၂နှစ်ငယ်ပေမဲ့ ဒီကလေးလိုဆက်ဆံတတ်တဲ့ စည်းကတော့ သူ ဘယ်တော့မှ မကျော်ဖြတ်နိုင်မဲ့ မြစ်တစ်စင်းလိုပဲ။

ဒါပေမဲ့ စကားတွေက ကျွံပြီးသွားပြီဆိုမှတော့ သူ့မှာရှေ့ဆက်တိုးဖို့ပဲရှိတော့တယ်။

“ပြီးတော့ … ရှေ့လျှောက် ကိုယ့်ကိုယ်ကိုယ် ငါ့ရဲ့အစ်မတစ်ယောက်လို မခံယူထားနဲ့တော့”

ကျောက်အာက အခုမှပိုအံ့ဩသွားပြီး သူမရဲ့လက်ဖဝါးက ချက်ချင်း သူ့နဖူးပေါ် ရောက်လာပြီး ဟိုစမ်းဒီစမ်းနဲ့ “ထင်းအာ ဘာဖြစ်သွားတာလဲ။ တစ်ယောက်ယောက် ဝင်ပူးထားတာလား ဘာလား… နင် ကလေးဘဝကတည်းက ငါ့ကို အစ်မတစ်ယောက်လို သဘောထားပြီး အစ်မလို့ခေါ်လာတာ မဟုတ်ဘူးလား”

ရွှီထင်းရှန်းက အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ပြုံးလိုက်တယ်။

“ဟုတ်ပါတယ် ဒါပေမဲ့ မင်းက ငါ့အစ်မအရင်းမှမဟုတ်တာ နောက်ဆိုလင်မယားတွေပဲ ဖြစ်လာတော့မယ်။ ဘယ်ယောက်ျားက သူ့မိန်းမကို ‘အစ်မ’လို့ခေါ်လို့လဲ”

ကုတင်ခေါင်းရင်းကို ကျောမှီထိုင်နေတဲ့ ရွှီကုန်းကျစ်ရဲ့ အသားအရည်က ဖြူဖတ်နေဆဲဆိုပေမဲ့ အခုလိုပြုံးလိုက်တော့လည်း ဘေးပတ်ပတ်လည်မှာ ကြယ်မှုန်ကြယ်မွှားလေးတွေ ထွက်လာသလိုမျိုး အတော်လေး မျက်စိပသာဒဖြစ်စေတယ်။

ကျောက်အာရဲ့ပါးနှစ်ဖက်က သိသိသာသာ ရဲတက်သွားပြီး သူ့ကိုတည့်တည့်တောင် မကြည့်ရဲတော့ဘဲ အထစ်ထစ်အငေါ့ငေါ့နဲ့ “ကုန်းအာ န-နင် ဘ…ဘာတွေ ပြောနေတာလဲ။ … ငါ…ငါ…”

7 02

“ဘာလဲ… မင်းက ငါ့မိန်းမ မလုပ်ချင်လို့လား။ ငါ့အတွက် ရင်သွေးလေးတွေ မမွေးပေးချင်ဘူးလား”

သူက ခန္ဓာကိုယ်ကို အသာလေးရှေ့ကိုင်းလာပြီး အမေးထုတ်လာတဲ့ စကားလုံးတွေက ပွင့်လင်းပေမဲ့ နူးညံ့တယ်။ ကျောက်အာက မနေနိုင်တော့တဲ့အဆုံး ခြေထောက်ဆောင့်ချပြီး ရှက်ရမ်းရမ်းတော့တယ်။

“ကုန်းကျစ် အရမ်းတွေဆိုးနေတယ် ဟုတ်လား… ဘာပေါက်ကရတွေ လျှောက်ပြောနေတာလဲ။ အခုထိ အတောင်တောင် စုံအောင်မပေါက်သေးဘဲနဲ့”

သူမက သူအမုန်းဆုံးစကားတွေကိုမှ ကွက်တိပြောလာပြန်တယ်။

“အခုချိန် နေပြန်ကောင်းလာဖို့ တစ်ခုတည်းကိုပဲ အာရုံစိုက်ရမှာ ဒီကိစ္စတွေကို နောက်မှပြော”

သူမလေသံက မာဆတ်နေပြီး မျက်ဝန်းတွေကလည်း အရှက်ဒေါသမာန်တချို့ စွက်နေတယ်။ ပြောစရာရှိတာ အကုန်ပြောပြီးသွားတာနဲ့ ကျောက်အာက သူ့ပါးစပ်ထဲ အစားအသောက်တွေ ထိုးထည့်ပေးလာပြန်တယ်။

ရွှီကုန်းကျစ်ကတော့ သူမကို တစ်ချက်သာကြည့်ပြီး နှုတ်ခမ်းပေါ်မှာ အပြုံးပါးလေးနဲ့အတူ ခွံ့ကျွေးသမျှကို ငြိမ်ငြိမ်လေး စားနေလိုက်တယ်။ သူ့စိတ်အခြေအနေကလည်း ရုတ်တရက်ကြီး ကောင်းသွားတော့တယ်။

ကြည့်ရတာတော့ … သူတို့နှစ်ယောက်ကြား ပြောဆိုဆက်ဆံပုံတွေ ပြောင်းလဲသွားလို့ ထင်ပါတယ်။ အခုတော့ ရွှီကုန်းကျစ်က သူမနဲ့ဘယ်လိုဆက်သွယ်ရမလဲဆိုတာ သဘောပေါက်သွားပြီ။ တကယ်လို့ သူ မကြိုက်တာဆို အရင်ထုတ်ပြောပြီး ပြောင်းလဲဖို့ တိုင်ပင်ကြမယ်။ အရင်လိုမျိုး ရေငုံနှုတ်ပိတ်နေရင်း သူမဘာသာ သိနားလည်လာမဲ့အချိန်ကို ခပ်တုံးတုံးထိုင်စောင့်မနေတော့ဘူး။

ကျောက်အာက သူမရဲ့ လှိုင်းထနေတဲ့နှလုံးသားကို အတည်ငြိမ်ဆုံးဖြစ်အောင် ထိန်းရင်း ရွှီကုန်းကျစ်ကို ထမင်းခွံ့ကျွေးခြင်းအမှု ပြီးတာနဲ့ ချက်ချင်း အိမ်နောက်ဖေးဆီ ပြန်သွားလိုက်တယ်။ သူမ ရောက်လာတဲ့အချိန်မှာတော့ တစ်အိမ်လုံးက တောင့်တင်းတိတ်ဆိတ်တဲ့ အနေအထားနဲ့ နေ့လယ်စာကို အဆုံးသတ်ပြီးသွားပြီ။

စားသောက်နေတုန်း အဒေါ်စွန်းက တင်းမာနေတဲ့လေထုကိုဖြိုခွဲဖို့ စကားလမ်းကြောင်းစတာတောင် ဘယ်သူမှ ပြန်မပြောကြဘူး။ အဒေါ်ယန်က သူ့ပါးစပ်ထဲရောက်လာတဲ့ အစားအသောက်တွေကို မြိုချဖို့တောင် မနည်းကြိုးစားနေရတယ်။

သူ့ယောင်းမတွေ ယောက္ခမတွေအရှေ့မှာ မျက်နှာမပျက်ချင်လို့သာ ထိန်းနေရတာ မဟုတ်လို့ကတော့ လက်ထဲက တူကိုဆောင့်ချပြီး ချက်ချင်း လှည့်ထွက်သွားမိမှာ သေချာတယ်။ အခုတော့ သူ့မှာ အလိုမကျခြင်းတွေနဲ့ ထိုင်နေရပြီး မခံချိမခံသာ ဒေါသတွေသာ ရင်ထဲသိပ်သည်းလာတော့တယ်။

အားလုံးစားသောက်ပြီးတဲ့အခါ အဒေါ်စွန်းက နဂိုကတည်းက မုန်တိုင်းထန်နေရတဲ့ကြားထဲ အော်ကြီးဟစ်ကျယ် လုပ်လိုက်တဲ့ သူ့သား မောက်ဒန်အပေါ် အပြစ်တွေပုံချလာမှာစိုးလို့ ထမင်းစားခန်းထဲက အလျင်စလို ထွက်သွားတယ်။

အဲဒီလိုနဲ့ ဒီနေ့တော့ စားပြီးသားပန်းကန်တွေကို အိမ်နောက်ဖေးပြန်သယ်ဖို့ တာဝန်မှာ အဒေါ်ကျိုးနဲ့ထောက်အာတို့ အကူအညီတစ်ယောက် လျော့သွားတော့တယ်။ ဒီပန်းကန်တွေအားလုံးကို သူတို့သားအမိနှစ်ယောက်ထဲ မနိုင်တာ သဘောပေါက်တဲ့ ရွှီချင်းပိုင်က သူပါဝင်ကူပေးလာတယ်။

ခဏကြာတော့ ပြောင်ရှင်းသွားတဲ့ စားပွဲဝိုင်းမှာ အကြီးဆုံးမိသားစုခွဲရယ် အဘိုးရွှီနဲ့ အဘွား ကျောက်ရယ်ပဲ ကျန်တော့တယ်။ အဒေါ်ယန်က သူ့အခန်းသူပြန်ဖို့ မတ်တပ်ထရပ်လိုက်ပေမဲ့ အဘိုးရွှီရဲ့အသံက သွားလက်စတွေကို ရပ်တန့်သွားစေတယ်။

လူအိုကြီးက ခါးကြားထဲကဆေးတံကို ဖြည်းဖြည်းချင်းထုတ်ရင်း နက်ပြာရောင်ရှုံ့အိတ်ကလေးထဲက အိမ်စိုက်ဆေးရွက်ကြီးတချို့ကို ကြိုက်သလောက် ထိုးထည့်နေတဲ့ပုံက အလောတကြီးမရှိဘဲ နှေးကွေးတည်ငြိမ်တယ်။

နောက်တော့မှ ထိုဆေးရွက်တွေက မီးနဲ့ထိတွေ့တဲ့အခါ အဖြူရောင်အခိုးအငွေ့ တစ်သုတ်ကို ထုတ်လွှတ်ပေးလာတယ်။ သူ့အကြောင်းသိတဲ့ ဘယ်သူမဆို အခုချိန် သူ့မှာအလေးအနက်ပြောစရာ တစ်ခုရှိနေပြီဆိုတာ သဘောပေါက်လိုက်လိမ့်မယ်။

တကယ်လည်း သူ့မှာရှိနေခဲ့တယ်။ ဘာလို့ဆို အဘိုးရွှီက အကြောင်းမရှိဘဲ သူ့ချွေးမတွေကို သီးသန့်စကားခေါ်ပြောတာမျိုး မိန်းကလေးတွေကိစ္စမှာ ဝင်ပါတာမျိုး ဘယ်တုန်းကမှ မလုပ်ဖူးလို့ပဲ။

“ရှောင်ကျွင်း ရှောင်ယို့ မြေးတို့နှစ်ယောက် အရင်ပြန်နှင့် မင်းတို့အမေနဲ့ ဘိုးဘိုး စကားပြောစရာရှိလို့”

7 03

ရွှီယို့ခိုင်က သူ့အမေကို ပြန်ကြည့်ပြီး တစ်ခုခုပြောချင်ပေမဲ့ သူပါးစပ်မဟနိုင်ခင်မှာတင် သူ့အစ်ကို ကျွင်းခိုင်က လက်ကနေအမြန်ဆွဲခေါ်သွားတယ်။

“အဖေ ပြောစရာရှိတယ်ဆို ပြောလိုက်ပါ”

အဒေါ်ယန်က ဒီနှစ်ဆို အသက် ၃၄နှစ်ရှိပြီမို့ ကျေးလက်တောရွာတွေမှာဆို သူမအရွယ်က မိန်းမငယ်လေးလို့ မသတ်မှတ်နိုင်တော့ဘူး။ ကြီးပြင်းစကတည်းက ရွှေပေါ်မြတင် သခင်မလေးမဟုတ်တဲ့အတွက် သူမရဲ့မျက်နှာက သက်တမ်းတစ်ခုကို ပြနေတယ်။

သို့ပေမဲ့ အဒေါ်ယန်က ရွာထဲကသက်တူရွယ်တူတွေထက်စာရင်တော့ အတော်လေး အထိန်းအသိမ်းကောင်းတယ်လို့ ပြောလို့ရပါတယ်။ ဖြူညက်ညက် အသားအရေနဲ့ သူမက အရေးကြောင်းဆိုလို့ မျက်လုံးထောင့်နားမှာ တစ်ကြောင်းနှစ်ကြောင်းသာ ရှိတယ်။

လက်ရှိ သူမက အနည်းငယ် နွမ်းပေမဲ့ ကျော့ရှင်းနေဆဲဖြစ်တဲ့ ကျောက်တုံးပြာရောင် ဘရိုကိတ်သား ဝတ်ဆင်ထားပြီး နက်ပြောင်တဲ့ဆံနွယ်ရှည်ရှည်ကို ရိုးရှင်းတဲ့ ဆံထိုးတစ်ခုနဲ့ပဲ သေသေသပ်သပ် ထုံးဖွဲ့ထားတယ်။

နားနှစ်ဖက်မှာတော့ အရောင်လွင့်နေတဲ့ ငွေနားဆွဲတစ်ရံက လှုပ်ခတ်နေပြီး သိပ်မနူးညံ့လှတဲ့ လက်ချောင်းတွေကြားမှာ ရွှေလက်စွပ်တစ်ကွင်း ရှိနေတယ်။ အဘိုးရွှီက သူမအပြောကို ဘာမှမတုံ့ပြန်ဘဲ တိတ်တဆိတ် ခြေဆုံးခေါင်းဆုံး အကဲခတ်လာတာက အဒေါ်ယန်ကို ရပ်နေတဲ့နေရာမှာတင် တောင့်တင်းသွားစေတယ်။

သူမ တစ်ခုခုပြောဖို့ရွယ်တဲ့အချိန်မှာပဲ ယောက္ခထီးဖြစ်သူက ရုတ်တရက် မေးလာတယ်။

“ချွေးမကြီး ငါတို့မိသားစုထဲရောက်လာတာ ဘယ်နှနှစ်ရှိပြီလဲ”

အဒေါ်ယန်က ကြောင်အမ်းသွားတယ်။

“၁၇နှစ်ရှိပါပြီ။ ကျွန်မအသက် ၁၇နှစ်မှာပဲ ရွှီမိသားစုကို ရောက်လာတာပါ”

“ပြီးတော့ ဒီနှစ်တွေထဲ ငါတို့ယောက္ခထီး ယောက္ခမနှစ်ယောက် မင်းကို ဘယ်လိုဆက်ဆံပေးခဲ့လဲ”

သူမ နှလုံးခုန်နှုန်းတစ်ချက် မှားသွားတယ်။

“အဖေရော အမေရော ကျွန်မကို သမီးအရင်းတစ်ယောက်လို ဆက်ဆံပေးခဲ့ပါတယ်”

အဘိုး ရွှီက ခေါင်းတညိတ်ညိတ်နဲ့ ဆေးတံတစ်ချက်ရှိုက်လိုက်တယ်။ တွန့်လိမ်ကောက်ကွေးစွာ လွင့်ပျံလာတဲ့ အခိုးအငွေ့တွေကြားထဲမှာပဲ သူ့ရဲ့တည်ငြိမ်အေးဆေးတဲ့ အသံက တစ်ဆက်တည်း ထွက်ပေါ်လာတယ်။

“မင်းက ငါတို့အိမ်ရဲ့အကြီးဆုံးချွေးမ၊ မင်းယောက္ခမကလည်း မင်းဆိုသိပ်ချစ်တာ၊ မင်းရော သားကြီးရောက ငါတို့တွေရဲ့ မျှော်လင့်ချက် အနာဂတ်တွေပဲ၊ အဲဒါကြောင့် ရှောင်ကျွင်းကိုလည်း ဖြစ်ဖြစ်မြောက်မြောက် ရှိစေချင်တယ်”

အဒေါ ယန်က အခုမှ အသက်ရှူချောင်သွားပြီး နည်းနည်းပြုံးနိုင်လာတယ်။

“ရှောင်ကျွင်းက တကယ်ကြိုးကြိုးစားစား စာလုပ်နေပါတယ်။ အဖေ ကျွန်မ ဖေကြီးတောင် သူက ရှားမှရှား အရည်အချင်းနဲ့လို့ ပြောသေးတယ်။ ခရိုင်အဆင့်ကိုလည်း အခက်အခဲမရှိ ကျော်ဖြတ်နိုင်မှာတဲ့”

သူဂုဏ်ယူဝမ်းမြောက်ရတဲ့ အရာကို ထည့်ပြောလာတော့ အဘိုးရွှီတောင် အတည်ပေါက်ဖြစ်နေရင်း ပြုံးလိုက်မိသေးတယ်။ နည်းနည်းစိုပြေသွားတဲ့ သူ့မျက်နှာကြောင့် အဒေါ် ယန်က ဒီအခွင့်အရေးကို အရယူလိုက်တယ်။

“ဒါပေမဲ့ အဖေလည်း သိတဲ့အတိုင်းပဲ။ စာမေးပွဲအောင်ဖို့ဆိုတာ အိမ်မှာစာထိုင်လုပ်နေရုံနဲ့တင် ရတာမှမဟုတ်တာ။ ဟိုအရင် အဖေ့သား(ရွှီချင်းရှန်)တုန်းကလည်း ကျွန်မအဖေစကားအတိုင်း ချင်းဟယ်ကျောင်းတော်မှာ ၂နှစ်သွားတက်လိုက်လို့ အဆက်အသွယ်တွေရပြီး သူ့ဆရာဆီက နည်းနည်း အသိအမှတ်ပြုခံလိုက်ရတာ။ မြို့နယ်မှူးတောင် မှတ်မိသွားသေးတယ်လေ။ အဲဒီလိုနဲ့ နောက်လည်းကျရော ထုန်ရှန်းအဆင့် အောင်သွားတော့တာပဲ”

“ထုန်ရှန်းအဆင့်မှာ အမှတ်ကောင်းတာနဲ့ ပြည်နယ်အဆင့်က အောင်ဖို့ တစ်ဝက်တော့ သေချာနေပြီ။ တိုင်းအဆင့်ကသာ ဘယ်လောက် စာလုပ်လုပ် နတ်ကြီးတာ အဖေ့သားက တော်ရဲ့သားနဲ့ မိုးနတ်မင်းက မျက်နှာသာမပေးလို့သာ … မဟုတ်ရင် သူအောင်တာ ကြာပြီ”

ဒါက အဒေါ်ယန်တစ်ယောက် ရွှီမိသားစုမှာ ဘာလို့ ဒီလောက်အရေးပေးခံနေရသလဲဆိုတာရဲ့ အဓိကအချက်ပဲ။ သူမရဲ့ဖခင်ဖြစ်သူက အသိအမှတ်ပြုလက်မှတ်ရ ပညာတတ်တစ်ယောက်ဖြစ်တဲ့အပြင် တစ်ခါတုန်းက ရွှီချင်းရှန်အတွက် အသုံးတည့်ဆုံး အကြံတစ်ခုလည်း ပေးခဲ့သေးတယ်။

7 04

အဒေါ်ယန်ရဲ့စကားတွေက ပိုပိုသာသာ ပြောထားတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းကျ အဲဒါတွေက အမှန်ပဲ။ ခရိုင်နဲ့ပြည်နယ်စာမေးပွဲတွေက တိုင်းအဆင့်နဲ့ယှဥ်ရင် ပမွှားလေးပဲ အထူးသဖြင့် မြို့နယ်အတွင်းက ခရိုင်မှူးစစ်တဲ့ ရှုခိုင်အဆင့်စာမေးပွဲကပေါ့။

စာမေးပွဲကြီးမှာ စုစုပေါင်း အပိုင်း ငါးပိုင်းရှိပေမဲ့ ပထမအပိုင်းကသာ အရေးကြီးတာ။ ဖြေဆိုသူတွေက ရှစ်ပိုဒ်ပါဝင်တဲ့ စာစီစာကုံး နှစ်မျက်နှာနဲ့ မှူးမတ်အရာရှိတွေနဲ့ပက်သတ်တဲ့ ကဗျာတစ်ပုဒ် ရေးရမယ်။

အရေးအသားက စာလုံးပေါင်းသတ်ပုံ အဖြတ်အတောက်မှန်တာနဲ့ အားလုံးကို အအောင်ပေးနေကျပဲ။ အဲဒီထဲမှာမှ ခရိုင်မှူးက လူတွေ့စစ်ဆေးတဲ့အခါ သူ ရင်းနှီးတဲ့မျက်နှာသိကိုပဲ ဦးစားပေးရွေးချယ်လိမ့်မယ်။

ဒါကြောင့် မြို့ထဲကနာမည်ရကျောင်းတော်တွေကို တက်ဖို့က အရမ်းအရေးကြီးတယ်။ ခရိုင်မှူး မျက်မှန်းတန်းမိတဲ့သူက ပိုအခွင့်အရေးများတယ်။ သာ့ချန်မှာ နန်းတွင်းလွှတ်တော်က တိုင်းပြည်အတွင်း ထူးချွန်ထက်မြက်တဲ့ ပညာတတ်တွေကို အကြီးအကျယ် ချီးမြှင့်မြှောက်စားတယ်။

ရာထူးဂုဏ်သိမ်ရှိတဲ့ မှူးကြီးမတ်ရာတစ်ယောက်အတွက် သူ့လက်အောက်ခံမြို့နယ်တွေမှာ ထွက်တဲ့မင်းမှူထမ်းနဲ့ ပညာတတ်အရေအတွက်က နန်းတော်ထဲမှာ ခေါင်းမော့ရင်ကော့စရာ အောင်မြင်မှုတစ်ခုပဲ။

ကျော်ကြားတဲ့ ကျောင်းတော်တစ်ခုမှာ ဝင်လိုက်ပြီဆိုတာနဲ့ ထိုကျောင်းသားရဲ့ ဗဟုသုတ ၊ အဆက်အသွယ်တွေကလည်း ကွန်ရက်တစ်ခုလို ကျယ်ပြန့်သွားလိမ့်မယ်။ ဥပမာ ခရိုင်စာမေးပွဲကိုသာ ကြည့်။

အဲဒီမှာ တိုင်းပြည်ရဲ့ ထိပ်တန်းစာအုပ်စာပေတွေ ဂန္ဓဝင်ကျမ်းဂန်တွေနဲ့ အထွတ်အမြတ်ထားရတဲ့ အမိန့်ပြန်တမ်းတွေကို ဘယ်လောက်သိသလဲဆိုတာ စမ်းသပ်ထားတာ။ ဒါပေမဲ့ အရေးကြီးဆုံးက ဘာတွေကိုရှောင်ရမယ် ဘာတွေကိုထည့်သုံးရမယ်ဆိုတာပဲ။

ဥပမာ နတ်ကွန်းနာမည်တွေ မရေးရတာမျိုး ဧကရာဇ်ရဲ့ဘွဲ့တော်ကို တိုက်ရိုက်ထည့်သုံးလို့မရတာမျိုး ဒါမှမဟုတ်လည်း တခြားအမှတ်လျော့မဲ့ ရေးဟန်တွေကို ရှောင်ကျဥ်တတ်အောင် သင်ပေးတာမျိုးပေါ့။

ကိုယ့်အရေးအသားက ဘယ်လောက်ကောင်းနေပါစေ ကန့်သတ်ထားတဲ့ အသုံးအနှုန်းတွေကို ရေးမိရင်တော့ ထိုကျောင်းသားက ချက်ချင်း စာမေးပွဲကျမဲ့အပြင် အခန့်မသင့်ရင် အပြစ်ဒဏ်ပါသင့်ဦးမယ်။

ဒါပေမဲ့ သူတို့လို တောစပ်ရွာငယ်လေးတွေက ဆရာတွေအားလုံးက အသက်မွေးဖို့ စာသင်စားနေရတဲ့သူတွေချည်းပဲ။ အများစုက ရှုခိုင်အဆင့်ကိုတောင် သူတို့ကိုယ်တိုင် အောင်မြင်သေးတာ မဟုတ်တော့ ဒီလိုအသေးစိတ်တွေကအစ ကျောင်းသားတွေကို ဘယ်လိုပြန်သင်ပေးနိုင်မှာလဲ။

ရွှီချင်းရှန်ကလည်း သူကိုယ်တိုင် ပညာမပြည့်သေးတာသိလို့ သူ့သားကို မြို့ပို့ဖို့ ဆုံးဖြတ်လိုက်တာ။ အဒေါ် ယန်က သူ့သားကျောင်းကိစ္စအကြောင်း ပြောမယ်ထင်ပြီး ဒီအထိ အရှည်ကြီးရှင်းပြလာပေမဲ့ သူမ မသိလိုက်တာက အဘိုးရွှီရဲ့ဆိုလိုရင်းက တခြားအကြောင်းဆိုတာပဲ။

“သားကြီးကလည်း ဒါတွေအားလုံး ပြောပြပြီးသွားပါပြီ ဒီကိစ္စကို ငါတို့နောက်မှ ဆက်ပြောတာပေါ့ အမေတစ်ယောက်အနေနဲ့ ကိုယ့်သားကို ကောင်းစားစေချင်တာ နားလည်ပေမဲ့ ငါတို့မိသားစုမှာ မင်းတို့အကြီးဆုံးမိသားစုခွဲတစ်ခုထဲ မဟုတ်ဘူးဆိုတာ မမေ့ပါနဲ့”

သူ့လေသံက ခပ်ဆတ်ဆတ်ဖြစ်နေတာမို့ အဒေါ်ယန်က ခဏတန့်သွားပြီးမှ မရရအောင် အပြုံးတစ်ခု ညှစ်ထုတ်လိုက်ရတယ်။

“ဒါပေါ့ အဖေရယ် ရွှီမိသားစုက ကျွန်မတို့ချည်းပဲ မဟုတ်ဘူးဆိုတာ ကောင်းကောင်းနားလည်ပါတယ်။ အဲဒါကြောင့် ရှောင်ကျွင်းလေး ထိုးတက်သွားတဲ့တစ်နေ့ကျ အဖေတို့ကို မမေ့စေရပါဘူး”

သူ့ယောက္ခထီးမျက်နှာ မဲကျသွားတာကို သတိပြုမိလိုက်တော့ အဒေါ်ယန်က နောက်မှ ပျာပျာသလဲ ထပ်ဖြည့်ပြောတယ်။

“ပြီးတော့ တစ်မိသားစုလုံးကိုလည်း ပါပါတယ်။ ရှောင်ကျွင်းက သူ့ပညာရေးအတွက် အဒေါ်တွေ ဦးလေးတွေအားလုံး ထောက်ပံ့ပေးထားတယ်ဆိုတာ အမြဲတမ်း ခေါင်းထဲရိုက်သွင်းပေးထားပါတယ်”

ဒီတော့မှ အဘိုးရွှီက ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြလာပြီး “အေး အဲဒါကိုနားလည်တယ်ဆိုရင်ပဲ အိမ်က တခြားမိသားစုခွဲတွေ အားလုံး မင်းတို့အတွက် ဘယ်လောက်အနစ်နာခံပေးနေသလဲ သိမှာပါ။ ငါ ရှည်ရှည်ဝေးဝေးတွေ မပြောဘူး။ တတိယနဲ့စတုတ္ထသားတို့ မိသားစုတွေကိုပဲကြည့် သူတို့တွေ လယ်ထဲဆင်းပေးနေလို့ ငါတို့စားပွဲပေါ် ထမင်းရောက်လာတာ မင်းတို့အဖေ ငါက အိုနေပြီ။ အရင်လို စိတ်ရှိတိုင်း မလုပ်နိုင်တော့ဘူး။ သား ၄ဆို ဘယ်နှနှစ်ရှိနေပြီလဲမသိတဲ့ စုတ်စုတ်ဖွာဖွာ ဖိနပ်တစ်ရံထဲနဲ့ လယ်ယာလည်းလုပ် ကုန်လည်းသွယ်ရသေးတယ်။ ဒါတောင် သူရသမျှ တစ်ပြားတစ်ချပ်ကအစ အိမ်ကိုအကုန်လာအပ်တာ”

7 05

“သူတို့တွေ ဒီလောက်ကြိုးစားပေးနေကြတာ ဘာအတွက်လဲ။ ငါတို့တစ်မိသားစုလုံးအတွက် မဟုတ်ဘူးလား။ သားကြီးနဲ့မြေးကြီးတို့အတွက်ပဲလေ”

အဒေါ်ယန်ရဲ့မျက်နှာပေါ်က အပြုံးက မနည်းလုပ်ယူထားရမှန်း သိသာတယ်။

“အဖေ ဒါတွေက ကျွန်မတို့အတွက်ချည်းပဲလို့တော့ မပြောပါနဲ့။ တကယ်လို့ သူတို့သားအဖ အောင်မြင်သွားတဲ့အခါ တစ်မိသားစုလုံးလည်း ဂုဏ်တက်မှာပဲလေ။ အခုပဲကြည့်ပါလား သူ ထုန်ရှန်းအဆင့်ဖြစ်သွားတာနဲ့ တစ်ရွာလုံးက ကြည့်တဲ့အကြည့်တွေ ပြောင်းလဲသွားတယ် မဟုတ်ဘူးလား။ ကျန်းမျိုးရိုးတွေတောင် အခုဆို ကျွန်မတို့ ရွှီတွေကို ပိုလေးစားသမှုရှိလာပြီလေ။ ဒါက ကျွန်မတို့မိသားစုခွဲအတွက်တင်မဟုတ်ဘဲ နောက်လာမဲ့ မျိုးဆက်တွေအတွက် အနစ်နာခံပေးတယ်လို့ ပြောတာက ပိုမှန်ပါလိမ့်မယ်”

အဘိုးရွှီက သက်ပြင်းတစ်ချက်ချပြီး သူမစကားကို ဖြတ်ပြောလိုက်တယ်။

“မင်းပြောချင်တာကို ငါနားလည်ပါတယ်။ မင်းယောက္ခမလည်း သိတယ်။ ဒါပေမဲ့ ကိုယ့်ဝမ်းနာတာ ကိုယ်သာအသိဆုံးဆိုတဲ့ စကားတောင် ရှိသေးတာပဲ။ သူတို့တွေနေရာမှာ ဝင်ကြည့်လိုက် ကိုယ်သာဆိုလည်း ဘယ်လိုခံစားရမလဲလို့… တစ်နှစ်ပတ်လုံး ကိုယ့်လက်နဲ့ ရေလောင်းပေါင်းသင်လာတဲ့ အပင်က သီးပွင့်တော့ သူများအတွက် ဖြစ်သွားတာလေ”

နောက်ဆုံးစကားက အခုနက ကျောက်အာပြောသွားတဲ့အတိုင်းမို့ အဒေါ် ယန်ရဲ့မျက်နှာတစ်ပြင်လုံးက ရှက်ရွံ့မှုနဲ့အတူ နီရဲသွားတယ်။

“အဖေ ဘယ်လိုလုပ် သီးပွင့်တော့ သူများအတွက်ဆိုတာမျိုးကို ပြောနိုင်ရတာလဲ။ ကျွန်မတို့…”

အဘိုး ရွှီက သူ့ကိုလျစ်လျူရှုလိုက်ပြီး ဒီဘက်က အဘွား ကျောက်ကို တဖန်လှည့်ဆူတယ်။

“ပြီးတော့ မင်း-မင်းလည်း အားလုံးအရှေ့မှာ ကြပ်ကြပ်ဘက်လိုက်ပြ သိလား။ ဆက်လုပ် ဆက်လုပ် သား ၃နဲ့ သား ၄တို့ကို အပြင်လူတွေလို့ ခံစားရအောင် လုပ်နေလိုက်။ အဲဒီလိုနဲ့ နောက်ဆုံး သူတို့သွေးအေးသွားပြီး အိမ်ခွဲတဲ့အထိ ဖြစ်သွားလိမ့်မယ်။ အဲဒီအခါကျ ရှောင်ကျွင်းတို့သားအဖကို ပံ့ပိုးဖို့ မင်းပဲ လယ်အလုပ်အားလုံး ဆင်းလုပ်!”

သူ့စကားအဆုံးမှာ အဘိုးရွှီရဲ့လေသံက စိတ်အနှောင့်အယှက်ဖြစ်မှုတွေနဲ့ ပြည့်နှက်နေပြီး သူတို့နားမလည်သေးတဲ့ စိတ်ပျက်ခြင်းတွေကလည်း သုံးပုံနှစ်ပုံလောက် ရောယှက်နေတယ်။ အဘွားကျောက်ကတော့ နည်းနည်းလေးမှ အပြောမခံနိုင်တာကြောင့် သူ့ဘက်သူ ကာပြောလာတယ်။

“ဘာကိုဘက်လိုက်လို့လဲ။ ကျွန်မ ဘာလုပ်လို့တုန်း။ သားကြီးနဲ့ရှောင်ကျွင်းတို့က နေ့တိုင်း စာအမြဲလုပ်နေရလို့… ပြီးတော့ အစားကောင်းအသောက်ကောင်းတွေက ဉာဏ်ရည်တိုးစေတယ်ဆိုလို့လေ အဲဒါကြောင့် နည်းနည်းလေး ပိုကျွေးမိတာ ဘာဖြစ်လဲ။ မသိရင် ကျွန်မက ကိုယ်တစ်ယောက်တည်း အကောင်းတွေဖွက်စားနေတဲ့ပုံနဲ့!!”

သူမအသံကျယ်ကျယ်က ခပ်စွာစွာ ထွက်လာတယ်။

“ဘာလဲ အဲဒါနဲ့တင် သူတို့က အိမ်ခွဲချင်တယ်တဲ့လား။ ဘာမဟုတ်တာလေးနဲ့ တစ်အိမ်လုံးကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် လုပ်မယ်ပေါ့။ မိဘတွေ သက်ရှိထင်ရှားရှိနေသရွေ့ ဘယ်သားသမီးမှ ခွဲထွက်လို့မရဘူး!! တကယ်လို့ ဒီမအေက ခွင့်ပြုတောင် ဘိုးဘေးဘီဘင်တွေ ချမှတ်ထားတဲ့စည်းကမ်းတွေကတော့ ဘယ်တော့မှ ခွင့်ပြုမှာမဟုတ်ဘူး”

အဘိုး ရွှီက ဘာစကားမှမဆိုဘဲ တိတ်တိတ်လေး ခါးသက်စွာ ပြုံးလိုက်မိတယ်။ တကယ်လို့ သူတို့မိဘနှစ်ယောက်သာ ထိန်းမထားရင် ဒီအိမ်ထောင်စုက ပြိုကွဲသွားတာ ကြာလှပြီ။ ဘယ်သူက ဒီလိုမတရားတဲ့မိသားစုမှာ နွားကျခံပြီး နေချင်မှာလဲ။

အဘိုးရွှီက သူ့အကြည့်တွေကို အဒေါ် ယန်ဘက် ပြန်လှည့်လိုက်ပြီး “ငါတို့မိသားစု အခြေအနေကို မင်းလည်း သိပါတယ် ဖိခံရပေါင်းများရင် သံတောင်ကွေးတတ်သေးတာပဲ ငါတို့မိဘတွေက အခုချိန် ဩဇာလွှမ်းနိုင်ပေမဲ့ တစ်သက်လုံး မဟုတ်ဘူး။ အဲဒါကြောင့် မြေးကြီးကို မြို့ကျောင်း လွှတ်ချင်တယ်ဆိုရင် အခုကစပြီး ကျန်တဲ့မိသားစုတွေရဲ့ တာဝန်ခွဲယူပါ”

“အဖေ ဒါတော့..”

7 06

“မင်းယောက္ခမက အရမ်းအရေးပေးနေလို့ ငါဘယ်တုန်းကမှ ဝင်မပြောခဲ့ဖူးပေမဲ့ မင်းကိုယ်တိုင် ဘာကမှန်တယ် မမှန်ဘူးဆိုတာ သိမှာပါ။ မနက်ဖြန်ကစပြီး အိမ်မှုကိစ္စတွေမှာ မင်းပါ ဝင်ကူပါ”

ဒီစကားနဲ့တင် အဘိုးရွှီက သူတို့စကားဝိုင်းကို အဆုံးသတ်လိုက်ပြီး ဆေးတံဖွာတဲ့အပေါ်မှာပဲ အာရုံစိုက်လိုက်တော့တယ်။ အဒေါ်ယန်ကလည်း ဒီထက်ပိုပြီးမနေနိုင်တော့လို့ ခေါင်းအသာငုံ့ရင်း အိမ်မကြီးထဲက အမြန်ထွက်သွားတယ်။

အိမ်နောက်ဖေးမှာ အဒေါ်ကျိုး ဆေးကြောသိမ်းဆည်းလို့ပြီးတဲ့အချိန်မှာပဲ သူတို့ယောင်းမအကြီးဆုံး အိမ်မကြီးရဲ့အရှေ့ဘက်အခန်းကို ခပ်သွက်သွက် ဦးတည်နေတာတွေ့လိုက်ရပြီး သူမ မျက်နှာအမူအရာက အတော်လေး မှုန်ကုပ်နေတယ်။

အဒေါ်ကျိုးရဲ့မျက်လုံးတွေက အိမ်အနောက်ခြမ်းက တောင်ဘက်ကိုမျက်နှာမူထားတဲ့ အဆောင်လေးဘက်ကို ဖြတ်ခနဲရောက်သွားတဲ့အခါ စတုတ္ထ မိသားစုခွဲရဲ့ အခန်းရှိရာ ပြူတင်းပေါက်မှာ လူရိပ်တစ်ခု မြင်လိုက်ရပြန်တယ်။

အမျိုးသမီးစွန်းစောင့်ကြည့်နေမယ်ဆိုတာ သူသိသားပဲ။ ဒါပေမဲ့လည်း နေမြဲအတိုင်း အားလုံးကို မသိချင်ယောင်ဆောင်ကာ ရေစိုနေတဲ့လက်နှစ်ဖက်ကို အေပရွန်ပေါ်မှာ သုတ်လိုက်ပြီး ကိုယ့်အခန်းကိုယ် ဝင်သွားတော့တယ်။

ထိုနေ့ ညနေ ညစာပြင်ဆင်ရမဲ့အချိန်မှာတော့ အတော်လေး အံ့အားသင့်စရာတစ်ခု ဖြစ်ပျက်လာခဲ့တယ်။ တစ်ခါမှ မီးဖိုချောင်ထဲ ခြေဦးမလှည့်ဖူးတဲ့ အဒေါ်ယန်က ဒီနေ့ကျတော့ အိမ်နေရင်း အဝတ်အစားဗြောင်နဲ့ အိမ်နောက်ဖေးရောက်လာပြီး အဒေါ်ကျိုးကို ညစာကူချက်ပေးမယ်လို့ ပြောလာတယ်။

အဒေါ်ကျိုးက အံ့ဩသွားပေမဲ့ မလိုကြောင်း ငြင်းဆန်တော့လည်း အဒေါ်ယန်က နွေးထွေးတဲ့အပြုံးလေးနဲ့ “မဟုတ်တာ ဒီတလောအတွင်း ငါ့ညီမ အရမ်းပင်ပန်းနေပါပြီ။ ခဏနားလိုက် ဒီနေ့ညစာကို ငါတာဝန်ယူလိုက်မယ်”

မီးဖိုချောင်ထဲက အတင်းထုတ်ခံလိုက်ရတဲ့ အဒေါ်ကျိုးက အနောက်ဘက်ခြမ်းက အဒေါ်စွန်းနဲ့ မျက်လုံးချင်းဆုံမိသွားတယ်။ အမျိုးသမီးနှစ်ယောက်စလုံးက သရဲတစ္ဆေတွေ့လိုက်ရသလိုမျိုး ကြောင်အမ်းဆွံ့အနေကြတယ်။

ပိုပြီး အံ့ဩစရာကောင်းတာက နောက်နေ့တွေပဲ။ ထိုနေ့ကစပြီး အဒေါ်ယန်က လူစားထိုးခံလိုက်ရသလို ပြောင်းလဲသွားတော့တယ်။ သူမက အိမ်အလုပ်မှန်သမျှ ဝင်လုပ်ပေးလာပြီး မလုပ်တာကြာလို့ နည်းနည်း အသားမကျသေးပေမဲ့လည်း သူမက ကြိုးစားလုပ်တုန်းပဲ။

အဲဒါတင်မကဘဲ သူမက အတော်လေး သဘောထားကြီး ရက်ရောလာသေးတယ်။ နောက်နေ့တွေကစပြီး အဘွား ကျောက်ကို မကြာခဏဆိုသလို ဈေးဖိုးတိုးဖို့ သိမ်းသွင်းပြီး တစ်မိသားစုလုံးအတွက် အသားတွေ ငါးတွေ ချက်ကျွေးတတ်တယ်။

သူမ ကျေးဇူးကြောင့် ရွှီမိသားစုထဲမှာ လေထုအခြေအနေ ပိုကောင်းလာပြီး ကျောက်အာပြောခဲ့တဲ့ စကားတွေကိုလည်း ခဏတာ မေ့ပျောက်သွားကြတယ်။ ဒီအတောအတွင်း ရွှီထင်းရှန်းရဲ့ကျန်းမာရေးကလည်း နောက်ဆုံးတော့ ပြန်လည်တိုးတက်လာတယ်။

အခုဆို သူက အိမ်ထဲဟိုနားဒီနား လျှောက်သွားဖို့တောင် အားပြန်ရှိလာပြီး တစ်မနက်ကျ သူတို့မနက်စာစားသောက်ပြီးတဲ့အချိန် ကျောက်အာက မြို့ထဲတစ်ခေါက်ထပ်သွားဖို့ ဆုံးဖြတ်လိုက်တယ်။

သူမ အပ်ချုပ်ဆိုင်တွေဆီက ကောက်လာခဲ့တဲ့ အဝတ်စတွေကလည်း အခုဆို ရွာထဲကမိန်းကလေးတွေ ကျေးဇူးနဲ့ ခါးချိတ်ရှုံ့အိတ်ကလေးတွေ လက်ကိုင်ပုဝါးလေးတွေနဲ့ တခြားအသေးအမွှားပစ္စည်းလေးတွေ အဖြစ် ရုပ်လုံးပေါ်လာခဲ့တယ်။

သူမ ဒါတွေကို ရက်အချို့သိမ်းဆည်းထားပြီးတဲ့နောက် အခုက မြို့ကဈေးဆိုင်တွေမှာ သွားသွင်းရမဲ့အချိန်ပဲ။ ကျောက်အာက ပစ္စည်းအားလုံးကို သူမခြင်းတောင်းထဲ သပ်သပ်ရပ်ရပ် ထုပ်ပိုးပြီးနောက် အိမ်ကမထွက်ခင် ရွှီထင်းရှန်းကို ဒီနေ့က ရာသီဥတုသာယာလို့ ခြံထဲလမ်းဆင်းလျှောက်ဖို့ ပြောလိုက်တယ်။

ဒီရက်ပိုင်းအတွင်း ဆန့်ကျင်တာရှားတဲ့ ရွှီထင်းရှန်းကလည်း လိမ်လိမ်မာမာပဲ ခေါင်းညိတ်နာခံတော့မှ ကျောက်အာက စိတ်အေးလက်အေးနဲ့ ထွက်သွားနိုင်တယ်။ သူမ ထွက်သွားပြီး သိပ်မကြာခင်မှာပဲ ရွှီထင်းရှန်းက အခန်းပြင်ထွက်လာခဲ့တယ်။

ခြံဝန်းတစ်ခုလုံးက တိတ်ဆိတ်နေပြီး တခြားမိသားစုခွဲတွေရဲ့ အခန်းကန့်လန့်ကာတွေကလည်း အကုန်ချထားတာမို့ ဘယ်သူမှ အိမ်မှာမရှိဘူးလို့တောင် ထင်ရတယ်။ သူက တံခါးဝမှာ ခဏလောက်ရပ်နေပြီးတော့မှ အရှေ့ခြံတံခါးဝကို လျှောက်သွားလိုက်တယ်။

ထိုအခါ ခြံစည်းရိုးနားမှာ အသာဝပ်ရင်း ငြိမ်ငြိမ်လေး နေပူဆာလှုံနေတဲ့ ခွေးနက်ကလေးက သခင်အရိပ်မြင်တာနဲ့ ချက်ချင်း ထလာပြီး ခြေလှမ်းစိပ်စိပ်နဲ့ သူ့နောက် တကောက်ကောက် လိုက်လာတော့တယ်။

………….

******

8 01

အပိုင်း 8

လူငယ်လေးက ယွီချင်းရွာရဲ့ ခပ်ကျဥ်းကျဥ်း ရွာလမ်းမလေးအတိုင်း ဆင်းလာပြီး ရိုးရှင်းတဲ့ အပြာရောင် ဖျင်ကြမ်းထည် ဝတ်ဆင်ထားတယ်။ အချိန်အတော်ကြာ နေမထိ လေမထိနေခဲ့ရတာနဲ့အညီ သူ့အသားအရေက ဖြူနုနေပြီး တစ်ချက်ကြည့်လိုက်တာနဲ့ ပိန်ပါးတဲ့ခန္ဓာကိုယ်လေးက လေတိုက်ရင်တောင် ယိမ်းသွားမယ်လို့ ထင်ရပေမဲ့ သူ့အမူအရာ ကိုယ်နေဟန်ထားအကုန်လုံးက အရွယ်နဲ့မလိုက်အောင် တည်ငြိမ်အေးဆေးနေတယ်။

နွမ်းလျနေတဲ့ အဝတ်အစားတွေနဲ့ ရွာလမ်းမတစ်လျှောက်မှာလည်း အမှိုက်တွေ နွားမစင်တွေနဲ့ ညစ်ပေပြန့်ကျဲနေတာကလွဲရင် လူငယ်လေးက အတော်လေး ကျက်သရေရှိ ကျော့ရှင်းတဲ့ဟန်ပန်နဲ့ လမ်းလျှောက်နေခဲ့တယ်။

အခုက နွေဦးကောက်စိုက်ချိန်မို့ လူတိုင်း လူတိုင်း လယ်ထဲအလုပ်ရှုပ်နေကြရတာကြောင့် ရွာလမ်းမပေါ်မှာ လူသူတစ်ယောက်မှမတွေ့ရဘူး။ အဲဒီလိုနဲ့ မလှမ်းမကမ်းက ခြံဝိုင်းထဲမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးတစ်ယောက်က အဝေးကနေ သူ့ကိုမြင်သွားပြီး ဘယ်သူများလဲလို့ မျက်လုံးမှေးကြည့်လိုက်တော့မှ သူ့ကိုမှတ်မိသွားတယ်။

“ကုန်းကျစ် ဘယ်သွားမလို့လဲ”

ရွှီထင်းရှန်းက အသံလာရာဆီ လှည့်ကြည့်လိုက်ပြီး ထိုအမျိုးသမီးကို အသာပြုံးပြလိုက်တယ်။

“ဒီတိုင်း လမ်းထွက်လျှောက်တာပါ အဒေါ်”

သူက ယဥ်ယဥ်ကျေးကျေးပဲ ပြန်ဖြေပေးလိုက်တယ်။ တစ်ဖက်အမျိုးသမီးက ဘာမှထပ်မပြောတော့ဘဲ အသိအမှတ်ပြုဟန် ခေါင်းတစ်ချက်ညိတ်ပြပြီးမှ တစ်ခုခုယူဖို့ အိမ်ထဲပြန်ဝင်သွားတဲ့အချိန် သူ့ယောက္ခမဖြစ်သူက မေးလာတယ်။

“ချွေးမ ၃ အခုနက ဘယ်သူနဲ့စကားပြောနေတာလဲ”

“ရွှီလျန်ရှင်းတို့အိမ်ကလေ ဒုတိယမိသားစုခွဲက ကောင်လေး ကုန်းကျစ်နဲ့ … ရယ်စရာပြောပြရဦးမယ်။ သမီးသူ့ကို စစတွေ့တုန်းက ဘယ်သူမှန်းတောင် မမှတ်မိဘူး အဲဒီကောင်လေးက လုံးဝ တခြားတစ်ယောက်လို ပြောင်းလဲသွားတာ”

ထိုမိန်းမကြီးရဲ့ ယောက္ခမဖြစ်သူကတော့ မယုံတဲ့ပုံနဲ့ “ဘယ်လောက်များ ပြောင်းလဲနိုင်မှာမို့လို့လဲဟယ်။ မျက်နှာချင်းလဲလိုက်လို့ရတာလည်း မဟုတ်ဘဲနဲ့ အဲဒီကောင်လေး တလောလေးကပဲ အရမ်းနေမကောင်းဖြစ်နေသေးတာ မဟုတ်ဘူးလား”

“ဟုတ်တယ်လေ အခုတော့ သူ အနောက်တောင်ကုန်းဆီ သွားနေတယ် ထင်တာပဲ”

ယွီချင်းရွာရဲ့အနောက်ဘက်မှာ ရွာသားတွေ မြှုပ်နှံလေ့ရှိတဲ့ တောင်ကုန်းတစ်တန်းရှိတယ်။ ရွာသင်္ချိုင်းလို့ဆိုလို့ရတာကြောင့် ရွှီမိသားစုရဲ့ ဘိုးဘေးဘီဘင်အကုန်လုံးလည်း အဲဒီမှာပဲ လဲလျောင်းနေကြတယ်။

အဘွားအိုက သက်ပြင်းချလိုက်ပြီး “ဟင်း ပြောမနေပါနဲ့တော့ လျန်ရှင်းရဲ့ဒုတိယသားက တော်တော်အဖြစ်ဆိုးတာပါ။ မိဘနှစ်ယောက်လုံး ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးသွားတော့ လူမမယ်ကလေးခမျာ တစ်ယောက်ထဲ ကျန်ခဲ့ရရှာတယ်”

သူတို့စကားဝိုင်းက သာမန်ယောက္ခမနဲ့ချွေးမတို့ကြား အပြန်အလှန်စကားတွေပါပဲ။ ထိုစဥ် ရွှီထင်းရှန်းကတော့ နံဘေးမှာ အဖော်လိုက်ပေးတဲ့ ဟေးကျစ်နဲ့အတူ အနောက်တောင်ကုန်းကို ရောက်လာခဲ့တယ်။

ဒီတောင်ကုန်းတွေမှာ တရားဝင်သတ်မှတ်ထားတဲ့ အမည်နာမရယ်လို့မရှိဘဲ ရွာရဲ့အနောက်ဘက်မှာရှိလို့သာ ရွာခံတွေက ခပ်ရိုးရိုး အနောက်တောင်ကုန်းလို့ မှည့်လိုက်ကြတာ ဖြစ်တယ်။

တောင်တန်းတွေက အရမ်းမရှည်လျားပေမဲ့ တော်တော်တော့ မတ်စောက်တာကြောင့် ရွာကဘယ်သူမှ ထိပ်ဆုံးအထိ အသွားအပြန်မလျှောက်နိုင်ကြဘူး။ အများဆုံးဆိုလို့ အောက်ခြေနားလေးတွေသာ လျှောက်နိုင်ကြတာ။

8 02

ရွှီမိသားစုရဲ့ ဘိုးဘွားအုတ်ဂူတွေကလည်း ရွာထဲကနေ သိပ်မလှမ်းတဲ့ တောင်ကမူလေးပေါ်မှာ တည်ရှိတယ်။ ရွှီမျိုးနွယ်က လက်ရှိရွှီထင်းရှန်းတို့ လက်ထက်မှာတင်မဟုတ်ဘဲ ဟိုးအရင်ကတည်းက အနွယ်အပွားတွေအများကြီးရှိခဲ့တာ။

တောင်ကုန်းလေးတစ်ခုလုံးက သုဿန်မြေဖြစ်ပြီး အလယ်တည့်တည့်မှာ မျိုးနွယ်ခေါင်းဆောင်တွေကို အစဥ်လိုက် မြှုပ်နှံထားကာ မိသားစုခွဲတွေကတော့ တဖြည်းဖြည်း ဘေးကိုပြန့်ကားသွားတယ်။ အဘိုး ရွှီရဲ့နယ်မြေကတော့ တောင်ကုန်းလေးရဲ့ ခြေရင်းလို့ဆိုနိုင်တဲ့ အနောက်တောင်ဘက်မှာ စတင်တယ်။

ဒုတိယမိသားစုခွဲက လင်မယားနှစ်ယောက်စလုံးက အရွယ်မတိုင်ခင် ဆုံးပါးသွားကြပြီး ရွှီချင်းစုန့်ကလည်း မတရားရိုက်သတ်ခံခဲ့ရတာကြောင့် သုဿန်ရဲ့အဆုံးစွန်ပိုင်းမှာပဲ မြေချခွင့်ရတယ်။ ရွှီထင်းရှန်းရောက်လာတော့ သူ့မိဘတွေအုတ်ဂူဘေးနားက ပေါင်းမြက်တွေကို စတင်ရှင်းလင်းတော့တယ်။

နှစ်ကူးအချိန်တုန်းကမှ အုတ်ဂူ လှဲကျင်းထားတာကြောင့် ရှင်းစရာသိပ်မရှိဘူးဆိုရင်တောင် သူကတော့ နည်းနည်းပါးပါး ရှိတဲ့ချုံနွယ်တွေကိုပါ ဆွဲနှုတ်လိုက်ပြီး ဘေးနားမှာ ပုံထားလိုက်တယ်။ အဲဒီအခါကျတော့မှ မြေပုံလေးနှစ်ခုအရှေ့မှာ အသာထိုင်ချလိုက်တယ်။

မြေပုံလေးနှစ်ခုလုံး ခေါင်းရင်းမှာ ဒုတိယမိသားစုခွဲက လင်မယားနှစ်ယောက်ရဲ့ နာမည်တွေကို အကြမ်းရေးထားတဲ့ ခပ်သေးသေး ကျောက်ပြားနှစ်ချပ် စိုက်ထားတယ်။ တကယ်တော့ ထိုကျောက်ပြားကတောင် ကျောက်အာငွေထုတ်ပေးလို့ စိုက်နိုင်ခဲ့တာ။

သူတို့ဆီမှာ သူများလက်ချက်ကြောင့် သေရတာ ၊ ကလေးဘဝမှာတင် သေဆုံးသွားတာနဲ့ မျိုးဆက်မရှိဘဲ ကွယ်လွန်သွားတာတွေလို သုံးမျိုးသုံးစားနဲ့သေလူတွေကို ကမ္ဗည်းတိုင်မစိုက်ရဘူးဆိုတဲ့ ရှေးထုံးတစ်ခုရှိတယ်။

ရွှီချင်းစုန့်က ပထမဦးဆုံးတစ်ချက်နဲ့ ကွယ်လွန်သွားခဲ့တာ။ ဘယ်သူမှပွင့်ပွင့်လင်းလင်း ထုတ်မပြောကြပေမဲ့ အဲဒီမတရားသေသွားရတဲ့ လူတွေက အငြှိုးထားတတ်လို့ ဘဝမကူးခင် ဘိုးဘွားတွေအုတ်ဂူရဲ့ဖုန်းရွှေကို နှောင့်ယှက်လိမ့်မယ်လို့ လူတိုင်းက ယုံကြည်ကြတယ်။

အဲဒါကြောင့် နာမည်မထိုးထားရင် သေလူလည်း သူဘယ်သူမှန်း မမှတ်မိတော့ဘဲ ဝိညာဥ်ဘဝကနေ လာနှောင့်ယှက်လို့မရတော့ဘူး။ တစ်ချိန်တည်းမှာပဲ နောက်ထပ်အယူတစ်ခုက ကမ္ဗည်းတိုင်မရှိတဲ့ ဝိညာဥ်တွေက ဘဝမကူးနိုင်ဘဲ မျက်စိလည်လမ်းပျောက်ပြီး နောက်မျိုးဆက်တွေလုပ်ပေးတဲ့ ကုသိုလ်ကိုလည်း မရနိုင်ဘူးတဲ့။

ဒုတိယမိသားစုခွဲရဲ့ ဈာပနကို ကြီးမှူးပေးတာက ရွှီမိသားစုဖြစ်ပြီး သူတို့က ထိုထုံးတမ်းစဥ်လာကိုပဲ လိုက်ကြတယ်။ အဲဒီတုန်းက ရွှီထင်းရှန်းက အရမ်းငယ်သေးလို့ နားမလည်ပေမဲ့ ကျောက်အာကတော့ ကောင်းကောင်းသိတတ်နေပြီ။

သူမက ကမ္ဗည်းတိုင်တပ်ပေးဖို့ ပြောပေမဲ့ တစ်အိမ်လုံးက အပြင်းအထန် ဆန့်ကျင်ကြတာကြောင့် နောက်ဆုံး ကျောက်အာလည်း ဘာမှပြောမနေတော့ဘဲ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ရွာထဲမှာ ကျောက်ပြားအသေးစားနှစ်ချပ် ဝယ်ပြီး ထူထားပေးလိုက်တော့တယ်။

ရွှီမိသားစုတွေ သိသွားတဲ့အချိန်ကျ အရမ်းနောက်ကျသွားပြီမို့ တစ်ရွာလုံးအရှေ့မှာ ကမ္ဗည်းတိုင်ကို ဖြုတ်ချလို့လည်း မရတာကြောင့် ဘာမှမဖြစ်သလို ဟန်ဆောင်ရင်း နေလိုက်ပေမဲ့ စိတ်ထဲမှာတော့ တော်တော်လေး လိပ်ပြာမလုံ ဖြစ်နေကြတယ်။

အဖြစ်မှန်ကိုမသိတဲ့ ရွာသားတွေကတော့ ထုန်ရှန်းရွှီက သူ့ညီငယ်အတွက်နဲ့ ဘိုးဘေးတွေရဲ့ ဖုန်းရွှေထိခိုက်မှာကိုတောင် စွန့်စားရဲတယ်ဆိုပြီး နာမည်ကောင်းတောင် ရသွားသေးတယ်။ ဒီလိုအတွေးမျိုးစုံနဲ့ပဲ ရွှီထင်းရှန်းက သူ့ရင်ဘတ်ထဲက အဝတ်စတစ်ခုကိုထုတ်ပြီး ကျောက်စာနှစ်ချပ်ကို ဖြည်းဖြည်းချင်း သုတ်ပေးနေတယ်။

ကျောက်ပြားပေါ်မှာ စာလုံးထွင်းခဲ့တာ သူကိုယ်တိုင်မို့ လက်ရေးတွေက မညီမညာနဲ့ ကလေးဆန်နေပေမဲ့ ဖတ်လို့တော့ရပါသေးတယ်။ ဒီနေ့က အဘိုးကျန်းရဲ့ နှစ်ပတ်လည်နေ့ဖြစ်လို့ သားဖြစ်သူကျန်းဟူက သူ့သားနှစ်ယောက်နဲ့အတူ ကန်တော့ပွဲလုပ်ဖို့ လာခဲ့တယ်။

ကျေးလက်ဒေသတွေက ကန်တော့ပွဲက ဘာမှကြီးကြီးကျယ်ကျယ်မဟုတ်ဘဲ သေရည်တစ်အိုး ပေါက်စီတစ်လုံးနှစ်လုံးနဲ့ အသားတချို့ယူလာပြီး အုတ်ဂူအရှေ့မှာ စက္ကူမီးရှို့ပေးလိုက်ရုံနဲ့ တာဝန်ကျေပြီ။

ကျန်းဟူက သူ့အဖေနဲ့ အသက်ရှိစဥ်ကတည်းက ရင်းနှီးခဲ့တာမို့ ဒီနေ့တော့ နည်းနည်းလေး ဝမ်းနည်းနေတယ်။ သူ့သားနှစ်ယောက်ကို အရင်ပြန်ဖို့ပြောလိုက်ပြီး သူကိုယ်တိုင်ကတော့ အဖေအိုကြီးနားထိုင်ပြီး ဆေးတံဖွာရင်း စကားတွေပြောနေမိတယ်။

8 03

ခဏကြာတော့မှ သူပြန်ဖို့ မတ်တပ်ထရပ်လိုက်တယ်။ ဘယ်လိုမဆို လယ်ထဲမှာအလုပ်တွေရှိသေးတာကြောင့် မြန်မြန်သွားဖို့အတွက် ဖြတ်လမ်းကနေ လျှောက်သွားတဲ့အချိန် မမျှော်လင့်ပါဘဲ ငိုသံတစ်ခု သဲ့သဲ့လေးကြားလိုက်ရတယ်။

ဒီတောင်ကုန်းတစ်ခုလုံးမှာ တစ်ဖက်က ရွှီ တစ်ဖက်က ကျန်းဆိုပြီး အုတ်ဂူတွေချည်းပြည့်နေတယ်။ အခါကြီးရက်ကြီးမဟုတ်ဘဲ ဒီကိုတက်လာတဲ့သူက တော်တော်ရှားတဲ့အပြင် နေရာတစ်ခုလုံးက သစ်ပင်တွေနဲ့ ထူထပ်နေတော့ နေ့လယ်ခင်းတောင် အမှောင်ရိပ်ကျနေတာ။

ဒီလိုအချိန်မှာ ငိုသံကြားလိုက်ရတော့ ကျန်းဟူတစ်ယောက် ခေါင်းမွှေးတွေထောင်သွားပြီး ခြေထောက်တွေတောင် ခွေယိုင်ကုန်တယ်။ ဒါပေမဲ့လည်း သူက ဆယ်စုနှစ်တစ်ခုတောင် ရှင်သန်ခဲ့ပြီးပြီပဲဆိုတဲ့ အတွေးနဲ့ ကိုယ့်ကိုယ်ကိုယ် အားတင်းကာ ရှေ့ဆက်လျှောက်လာခဲ့လိုက်တယ်။

အဲဒီတော့မှ ဒါက ငိုသံမဟုတ်ဘဲ ကောင်လေးတစ်ယောက် စကားပြောနေတဲ့အသံဆိုတာ သဘောပေါက်သွားရတာ။ ဒါဘယ်သူ့အုတ်ဂူလဲ မှတ်မိအောင် ကြိုးစားရင်း သူက အရှေ့တိုးသွားမိပြီး ခပ်ကြီးကြီး ပင်စည်တစ်ခုအနောက်ကနေ လှမ်းအကဲခတ်လိုက်တော့ အပြာရောင်နဲ့ ခပ်သေးသေးကောင်လေးတစ်ယောက်ကို တွေ့လိုက်ရတယ်။

ဘေးနားမှာတော့ အနက်ရောင်ခွေးကြီးက ခွေအိပ်နေပြီး ခါယမ်းနေတဲ့အမြှီးကလည်း တစ်ချက်တစ်ချက် အုတ်ဂူကို လှဲကျင်းပေးသလို ဖြစ်နေတယ်။ ဒါက ရွှီလျန်ရှင်းတို့အိမ်က ဒုတိယမြေး ကုန်းကျစ်ပဲ။

ကျန်းဟူက နောက်ဆုံးတော့ အသက်ဝဝရှူနိုင်သွားတော့တယ်။ လေအဝှေ့မှာ ကောင်လေးရဲ့ အသံတိုးတိုးက သူ့နားစည်ထဲ ရအောင်တိုးဝင်လာတယ်။

“အဖေ ကျွန်တော် ဘယ်လိုလုပ်ရမလဲ။ ဦးလေးက ကျွင်းခိုင်ကို မြို့ကျောင်းပို့ချင်နေတယ် ကျွန်တော်လည်း အတူတူသွားရမယ်လို့ ထင်ထားပေမဲ့ …. ဟိုတစ်နေ့ကပဲ ဒေါ်လေးက လာပြောသွားတယ် ကျွင်းခိုင်အတွက် ကျွန်တော်က လက်လျှော့ပေးပါတဲ့။ ဒါပေမဲ့ ဒီမတိုင်ခင်ကတော့ သူပြောထားတဲ့ပုံက အဲဒီလိုမဟုတ်ပါဘူး ….”

ကောင်လေးလေသံက အတော်လေး စိတ်ရှုပ်ပြီး ကူကယ်ရာ မဲ့နေတဲ့ဟန်လေးနဲ့။ ကျန်းဟူက ရွှီမိသားစုရဲ့အတွင်းသတင်းကို ဒီလိုနေရာမှာမှ ကြားလိုက်ရလိမ့်မယ်လို့ မထင်မှတ်ထားတော့ သူက လန့်ဖြန့်ပြီး လက်ထဲကဆေးတံတောင် လွှတ်ချလိုက်မိတယ်။

သူ့ခြေထောက်ပေါ် ပြုတ်ကျလာမှ လက်ရှိကိုအသိစိတ်ပြန်ဝင်လာပြီး ဆေးတံကို ခပ်မြန်မြန် ကောက်ပြီး တစ်နေရာကို အလျင်စလို ထွက်သွားတော့တယ်။ သူမသိလိုက်တာက သူထွက်သွားပြီးတာနဲ့ တစ်ယောက်တည်းထိုင်နေတဲ့ ကောင်လေးရဲ့ ငိုမဲ့မဲ့အသံက တိတ်ဆိတ်သွားတယ်ဆိုတာပဲ။

ဒီရက်တွေအတောအတွင်း ရွှီထင်းရှန်းက သင့်တော်တဲ့အချိန်ကောင်းတစ်ခုကို ဦးနှောက်ခြောက်အောင် စဥ်းစားနေခဲ့တာ အဲဒီမှာပဲ တစ်နည်းနည်းနဲ့ ကျန်းဟူကို သတိရသွားတယ်။ အဘိုးကျန်းက ဒီလိုနွေဦးကောက်စိုက်ချိန်မှာပဲ လယ်လုပ်ရင်း အသက်အရွယ်ကြောင့်မဟုတ်ဘဲ သူ့နွားထီးတစ်ကောင်က စိတ်ရိုင်းဖောက်ပြီး ဝင်ခွေ့လို့ လယ်ကန်သင်းရိုးနဲ့ ခိုက်မိကာ ဆုံးပါးသွားခဲ့တယ်။

အဲဒီကန်သင်းရိုးက သိပ်မမြင့်ဘဲ နှစ်တိုင်း ရွာသားအတော်များများလည်း ခြေချော်ပြီး ပြုတ်ကျနေကျဆိုပေမဲ့ အဘိုးကျန်းတစ်ယောက်သာ သေတဲ့အထိ ကံဆိုးသွားရရှာတယ်။ အဲဒီတုန်းက ဒီအကြောင်းက ရွာထဲမှာ အချိန်တစ်ခုအထိ ပျံ့နှံ့နေခဲ့တာမို့ ရွှီထင်းရှန်းက စိတ်ထဲသေချာမှတ်မိနေခဲ့တာ။

ဒီနေ့က သူ့အဖေနှစ်ပတ်လည်ဆိုတော့ ကျန်းဟူက သေချာပေါက်လာမှာပဲ။ ပြီးတော့ သူက အမြဲတမ်း ဖြတ်လမ်းလိုက်ရတာကြိုက်တော့ သေချာပေါက် သူတို့ရွှီမျိုးရိုး အုတ်ဂူဘက်က ဖြတ်သွားမှာ … ဆိုတော့ သူ့လောက် ပြည့်စုံတဲ့သူ ဘယ်သူရှိဦးမှာလဲ။

အဓိကအချက်က ယွီချင်းရွာက အရမ်းမကြီးတာမို့ မျိုးရိုးအနည်းစုကြားမှာ အများဆုံးဖြစ်တဲ့ ရွှီနဲ့ကျန်းတွေက အရင်ကတည်းက အချင်းချင်း မျက်စိဒေါက်ထောက် ကြည့်နေခဲ့ကြတာ။ လက်ရှိ ရွာသူကြီးက ကျန်းဟူရဲ့ဦးလေး တကယ်လို့ သူသာ ဒါကိုကြားသွားရင် ရွာသူကြီးနားထဲလည်း ပေါက်သွားမှာပဲ။

ရွှီထင်းရှန်းက သူ့အတွေးတွေကို ဒီမှာတင်ရပ်လိုက်ပြီး သိပ်မကြာခင်မှာပဲ ဟေးကျစ်နဲ့အတူ အိမ်ပြန်လာခဲ့တယ်။ ခြံဝန်းကြီးက သူထွက်သွားတုန်းကအတိုင်း တိတ်ဆိတ်မြဲ တိတ်ဆိတ်ဆဲပဲ။ ရွှီထင်းရှန်းက ခုံပုလေးတစ်ခုကို အခန်းတံခါးဝမှာချပြီး နေရောင်ရဲ့ ခပ်နွေးနွေး အထိအတွေ့ကို ခံစားနေလိုက်တယ်။

အပြင်ပိုင်းမှာသာ တည်ငြိမ်ဟန်ရတဲ့ သူ့အတွင်းစိတ်ထဲမှာတော့ မြို့တက်သွားတဲ့ ကျောက်အာအကြောင်းကိုသာ တွေးနေမိတော့တယ်။

****

8 04

ထိုစဥ် ရွာထဲပြန်ရောက်လာတဲ့ ကျန်းဟူကလည်း သူ့အိမ်တောင်မဝင်တော့ဘဲ ရွာသူကြီးအိမ်ကို တန်းသွားလိုက်တယ်။ ရွာသူကြီး ကျန်းလီကျန်းက ယွီချင်းရွာရဲ့ တရားဝင်အကြီးအကဲဖြစ်ရုံတင်မက ကျန်းမျိုးရိုးရဲ့မိသားစုခေါင်းဆောင်လည်း ဖြစ်တယ်။

ဒါကြောင့် ထုံးစံအတိုင်း သူ့အိမ်က ရွာထဲမှာ အထင်ကြီးစရာအကောင်းဆုံးဖြစ်ပြီး ပြိုင်ဘက်ဆိုလို့ ရွှီမိသားစုခေါင်းဆောင်ရဲ့ အိမ်တစ်ခုပဲရှိတယ်။ အပြာရောင်အုတ်ခဲတွေနဲ့ ခိုင်ခံ့စွာ တည်ဆောက်ထားတဲ့ အိမ်ကြီးက ခေါင်မိုးမှာလည်း အကြမ်းခံ အုတ်ကြွပ်ပြားတွေ အုပ်မိုးထားတဲ့အပြင် ခြံတံတိုင်းကအစ အပြာရောင်ပဲ။

မျက်စိအဖမ်းစားနိုင်ဆုံးက လမ်းမဘက်ကို လှည့်ထားတဲ့ ဘိုးဘွားခန်းမဆိုပေမဲ့ အဲဒီအခန်းက နေ့ကြီးရက်ကြီးမဟုတ်ရင်တော့ ထုထည်ကြီးမားလေးလံတဲ့ အနက်ရောင်တံခါးကြီးနဲ့ သော့ပိတ်ထားတာဖြစ်တယ်။

ဘိုးဘွားခန်းမကိုကျော်ရင် တကယ့်အိမ်ရှေ့မျက်နှာစာကို တွေ့ရမှာဖြစ်ပြီး ခြံဝန်းက တော်တော်ကျယ်တယ်။ မွေးမြူရေးခြံတွေ သိုလှောင်ခန်းတွေနဲ့ မီးဖိုချောင်ကို အရှေ့မှာထားတတ်တဲ့ တခြားအိမ်တွေနဲ့မတူဘဲ ကျန်းမိသားစုရဲ့ အရှေ့ခြံကွက်လပ်က နှစ်ချို့သစ်ပင်ကြီးနှစ်ပင် ပေါက်နေတာကလွဲရင် လုံးဝ ဟာလာဟင်းလင်းကြီးပဲ။

ဒါမှလည်း ရွာထဲမှာ အစည်းအဝေးရှိရင်ဖြစ်ဖြစ် တစ်ခုခုဆိုရင် ဒီကွက်လပ်မှာပဲ တစ်ရွာလုံး လူစုလို့ရမှာ။ ခြံကိုမျက်နှာမူထားတဲ့ အိမ်မကြီးမှာ ဘယ်ရယ် ညာရယ် အိမ်ဦးခန်းရယ်ဆိုပြီး အခန်းသုံးခန်းပါဝင်တယ်။

ကျန်းဟူရောက်တဲ့အချိန် အိမ်ရှေ့မှာ ရွာသူကြီး မိန်းမ အမျိုးသမီးထျန်းတစ်ယောက်ကိုပဲ တွေ့ရတယ်။ သူမက တူဖြစ်သူရောက်လာတာမြင်တာနဲ့ အားရဝမ်းသာစွာ လှမ်းခေါ်တော့တယ်။

“အားဟူ ရုတ်တရက်ကြီး ဘယ်ကဘယ်လိုရောက်လာတာလဲ။ နင့်ဦးလေးကို တစ်ခုခုပြောစရာရှိလို့လား”

“ဟုတ် … အရေးကြီးလို့”

သူက အချိန်ဖြုန်းမနေဘဲ အိမ်ထဲတန်းဝင်သွားတယ်။ အမျိုးသမီးထျန်းကတော့ ခေါင်းတယမ်းယမ်းနဲ့ ဒီလောက်အလောတကြီးဖြစ်ရအောင် ဘာသတင်းမို့လို့လဲဆိုပြီး သိချင်နေတော့တယ်။ ပုံမှန်ဆို ကျန်းဟူက တည်ငြိမ်ရင့်ကျက်တယ်လို့ လူသိများတာ။

အထဲမှာတော့ ကျန်းဟူက ဘယ်ဘက်ခန်းဆီ တည့်တည့်လျှောက်သွားလိုက်တဲ့အခါ တကယ်လည်း သူ့ဦးလေးက အိပ်ရာပေါ်မှာ အေးအေးလူလူ ဆေးတံသောက်နေတယ်။

“ဘာလို့ ဒီလောက်လောနေတာလဲ။’

ကျန်းဟူက ကုတင်ဘေးက ခုံပုလေးမှာ အရင်ထိုင်ချရင်း စကားတောင်မပြောနိုင်သေးဘဲ ဟောဟဲလိုက်နေတာမို့ သူကြီး ကျန်းက သူ့ဘက်ကို ရေနွေးကြမ်း တိုးပေးလိုက်တယ်။ သူကြီး ကျန်းက မကျဥ်းမကျယ် မျက်လုံးရွဲရွဲတွေနဲ့ မျက်နှာရှည်ရှည် အသက် ၆၀အရွယ် အဘိုးအိုတစ်ဦးဖြစ်တယ်။

အပေါ်ယံကြည့်ရင်တော့ သာမန်လယ်သမားတစ်ယောက်ပဲလို့ ထင်ရပေမဲ့ ရိုးရှင်းစွာ ဝတ်စားတတ်တဲ့ ထိုလူကြီးရဲ့မျက်ဝန်းတွေထဲမှာ ဘဝအတွေ့အကြုံရင့်သန်မှုတွေ အများကြီး ရောယှက်နေတယ်။

ကျန်းဟူက ယဥ်ကျေးမနေဘဲ ကိုယ့်ဘာသာ အကြမ်းရည်တစ်ခွက်ငှဲ့ရင်း တစ်ကျိုက်တည်း မော့သောက်ချလိုက်ပြီးမှ စကားစနိုင်တယ်။

“ဦးလေး ဦးလေးကို ဒီနေ့ကျွန်တော်ကြားခဲ့တာတစ်ခု ပြောပြစရာရှိတယ်”

“ဘာကြားခဲ့လို့လဲ”

“ဒီနေ့က အဖေ့ရက်လည်မို့ ကျွန်တော် ခပ်စောစော ကန်တော့ဖို့သွားခဲ့တာ …”

ကျန်းဟူက စကားတစ်ဝက်ပဲရှိသေးတယ် ကျန်းလီကျန်းက အိပ်ရာပေါ်မှာ ခပ်ပျင်းပျင်း မှီနေရာကနေ မတ်မတ်ထထိုင်လာတာမို့ သူဒီအကြောင်းကို စိတ်ဝင်စားတယ်ဆိုတာ သိသာတယ်။ ကျန်းဟူကလည်း သူ့ဦးလေးပုံစံကိုမြင်ပြီး သူနေရာမှန်ကို လာခဲ့မှန်း သိလိုက်တယ်။

အဲဒီလိုနဲ့ သူက ယွီချင်းရွာမှာ ရွှီမျိုးရိုးတွေရဲ့ ဂုဏ်သတင်းကို ရိုက်ချဖို့ အခွင့်ကောင်းကို သူ့ဦးလေးဆီ တစ်လုံးမကျန် အိတ်သွန်ဖာမှောက် ပြောပြလိုက်တော့တယ်။ တစ်ချိန်လုံး နားထောင်နေတဲ့ ကျန်းလီကျန်းရဲ့မျက်ဝန်းတွေကတော့ ဆေးတံအခိုးအငွေ့တွေကြားမှာ တဖြည်းဖြည်း ကျဥ်းမြောင်းလာခဲ့တယ်။

****

8 05

ကျောက်အာက မွန်းလွဲချိန်လောက်ကျမှ ပြန်ရောက်လာပြီး သူမရဲ့မျက်နှာကလည်း တော်တော်မကောင်းဘူး။ ရွှီထင်းရှန်းက သူမ နောက်ကျောမှာလွယ်ထားတဲ့ ခြင်းတောင်းကို တစ်ချက်လှမ်းကြည့်လိုက်တော့ ခါတိုင်း မြို့ကပြန်လာတိုင်း ပြည့်နေကျ ခြင်းက အခုတော့ ဗလာဖြစ်နေတာ တွေ့လိုက်ရတယ်။

“ဘာဖြစ်လာလို့လဲ”

သူ့အာရုံနဲ့သူဖြစ်နေတဲ့ ကျောက်အာက အခုမှ လန့်သွားပြီး အမြန်ပြန်ဖြေတယ်။

“ဟမ် ဘာမှမဖြစ်ပါဘူး မြို့ကနေ ပေါက်စီနည်းနည်းဝယ်လာတယ် ခဏနေ ပြန်နွှေးပေးမယ်နော်”

ဘာမှမဖြစ်ဘူး။ သေချာပေါက် တစ်ခုခုဖြစ်နေတာကို …

ရွှီထင်းရှန်းက ကျောက်အာမျက်နှာကို သေချာအကဲခတ်ကြည့်လိုက်ပေမဲ့ သူမက မပြောချင်တော့လည်း သူ အတင်းတိုက်တွန်းမနေတော့ဘူး။ မြို့ကနေပြန်လာပြီးနောက် တစ်ကိုယ်လုံး ဖုန်တွေသဲတွေနဲ့ ညစ်ပတ်နေတာကြောင့် ကျောက်အာက ရေတစ်ပုံးခပ် ရေနွေးတည်ပြီးတော့မှ ရေချိုးဆောင်လေးဆီ သယ်သွားလိုက်တယ်။

ရွှီမိသားစုမှာ တစ်နိုင်တစ်ပိုင်အသီးအရွက်ခြံလေး အနောက်မှာ ရေချိုးဖို့လုပ်ပေးထားတဲ့ အဆောင်လေးတစ်ခု သက်သက်ရှိတယ်။ ၃ စတုရန်းမီတာသာရှိတဲ့ အဆောင်ငယ်လေးကို လမ်းခင်းကျောက် အနည်းငယ်ခင်းထားပြီး ထောင့်နားက ရေဆင်းပေါက်ကိုတော့ ဟင်းရွက်ခြံထဲကို တိုက်ရိုက်ဆင်းအောင် သွယ်တန်းထားတယ်။

ကျောက်အာက အဝတ်အစားတွေ ချွတ်ပြီး တစ်ကိုယ်လုံးကို မန်ကျည်းဘောက် (သဘာဝအသီးတစ်မျိုးဖြစ်ပြီး ကိုယ်တိုက်ဆပ်ပြာနဲ့ ခေါင်းလျှော်တဲ့နေရာမှာ အသုံးပြုကြပါတယ်)နဲ့ စတင်တိုက်ချွတ်ခဲ့ပေမဲ့ ထိုဆပ်ပြာက သူမရင်ထဲကအပူတွေကိုတော့ မဆေးကြောနိုင်ခဲ့ပါဘူး။

အမှန်တော့ သူတစ်ခုခုဖြစ်ခဲ့တာ ဟုတ်တယ်။ ဒါပေမဲ့ ကောင်လေးကို စိတ်မဆင်းရဲစေချင်လို့သာ ထုတ်မပြောခဲ့တာ။ ကံဆိုးလိုက်ပုံများ စီးပွားလေးစမယ်ရှိသေး ဝင်ငွေရပေါက်အကုန် ပိတ်ခံလိုက်ရတယ်လို့။

ဖြစ်ပုံက သူမ ချည်ထိုးအိတ်ကလေးတွေကို ဝယ်နေကျဆိုင်ကပဲ လုပ်ပစ်လိုက်တာ။ ကျောက်အာက တကယ်တော့ တော်တော်ထက်တဲ့ကောင်မလေး။ သူက ပိတ်စအတိုအထွာတွေ ဝယ်တဲ့ဆိုင်မှာ သူ့ကုန်ပစ္စည်းလေးတွေကို ပြန်မသွင်းဘူး။ ဒါပေမဲ့ ဖြစ်ချင်တော့ သူမ သွားရောင်းတဲ့အထည်ဆိုင်ကလည်း အဲဒီအပ်ချုပ်ဆိုင်နဲ့ အမျိုးတွေဖြစ်နေတယ်လေ။

သူတို့ ဘယ်လိုရှာတွေ့သွားလဲတော့ မသိပေမဲ့ ဒီတစ်ခေါက် သူမ ပစ္စည်းသွင်းဖို့သွားတဲ့အချိန်မှာပဲ သူတို့က လက်လည်းမခံတော့သလို ပိတ်စတွေလည်း မပေးတော့ဘူး။ ဒီထက်ပိုဆိုးတာက အပ်ချုပ်ဆိုင်ပိုင်ရှင်က သူမ ဝယ်လို့မရအောင် မြို့ထဲကတခြားဆိုင်က ပိတ်စအတိုအထွာတွေအားလုံးကို လူလွှတ်ပြီး ဝယ်ခိုင်းပစ်လိုက်တာပဲ။

ဒီကြားထဲမှာတောင် ကျောက်အာက သူ့လူအတွက် ကျောင်းထားပေးဖို့ ချင်းဟယ်ကျောင်းတော်ကို စုံစမ်းခဲ့ကြည့်သေးတယ်။ သူမ သိရသလောက်တော့ ကျူရှင်ကြေးနဲ့တင် ငွေတုံး ၅တုံးလောက် ကုန်ကျမှာဖြစ်ပြီး ရပ်ဝေးကလာတဲ့ ကျောင်းသားအတော်များများက သွားရလာရ အဆင်မပြေတာမို့ အဲဒီမှာပဲ အဆောင်နေကြတယ်တဲ့။

သူ့လူက နုနယ်တဲ့အပြင် ရွှီမိသားစုကလည်း နေ့တိုင်းမိသားစုပြဿနာတွေနဲ့ ရှုပ်ယှက်ခတ်နေတာမို့ စာလုပ်ဖို့သင့်တော်တဲ့ ပတ်ဝန်းကျင်မဟုတ်ဘူး။ ကျောက်အာက ရွှီထင်းရှန်းကို အဆောင်ပါထားပေးချင်ပေမဲ့ အဲဒီလိုဆို အားလုံးစုစုပေါင်း ငွေ ၆တုံးလောက်တော့ လိုမှာပဲ။

အစကတော့ ကျောက်အာက သူမစီးပွားရေးလေး အခြေကျသွားတာနဲ့ နည်းနည်းချင်း စုသွားနိုင်မယ်လို့ တွက်ထားတာ ဒီလိုအဖြစ်ဆိုးမျိုး ဖြစ်လာလိမ့်မယ်လို့ မထင်ထားဘူး။ လေးလံတဲ့အတွေးတွေနဲ့ပဲ ကျောက်အာက ရေချိုးသန့်စင်ပြီးလို့ ရေစိုနေတဲ့ဆံပင်တွေကို ဖြစ်သလိုထုံးပြီး အဝတ်အစားလဲကာ သူတို့အခန်းဆီ ပြန်လာလိုက်တယ်။

ထိုအချိန် ရွှီထင်းရှန်းက အိပ်ရာပေါ်မှာထိုင်ရင်း ထုံးစံအတိုင်း သူ့မှာရှိတဲ့တစ်ခုတည်းသော စာအုပ်ကို ဖတ်နေပြန်တယ်။ သူမ ဝင်လာတော့မှ သူက စာအုပ်ကနေ မော့ကြည့်လာတယ်။

“ရာသီဥတုက အေးနေတုန်းပဲ ဆံပင်ကို အရင်ခြောက်အောင်သုတ်လိုက်”

သူ့စကားလေးက တိုပြတ်ပြတ်ဆိုပေမဲ့ ကျောက်အာရင်ထဲမှာတော့ အတော်လေး နွေးသွားရတယ်။ ဒီတလောအတွင်း ကောင်ငယ်လေးက အရမ်းပြောင်းလဲသွားတယ်- ဒါကလည်း ကောင်းသောပြောင်းလဲခြင်းပါပဲ။

8 06

ကျောက်အာက စိတ်ထဲမှာ သောကဝေနေရပေမဲ့ မပြုံးဘဲလည်း မနေနိုင်တော့ဘူး။ သူမက ဘေးနားက အံဆွဲထဲမှာ တဘက်ထုတ်ဖို့ ကုတင်ပေါ်တက်လာတဲ့အခါ အစွန်းမှာထိုင်နေတဲ့ ရွှီထင်းရှန်းက ကိုယ်အနည်းငယ်ရို့ပေးလိုက်ရတယ်။

သူမ ဖြတ်သွားတဲ့အခိုက်အတန့်မှာပဲ သင်းပျံ့တဲ့ မန်ကျည်းဘောက်ဆပ်ပြာအနံ့က ပျံ့လွင့်လာပြီး ရွှီထင်းရှန်းက ဘာရယ်မဟုတ် အလိုလို တွန့်သွားမိတယ်။ နောက်တော့ သူ့အကြည့်တွေက လက်တစ်ကမ်းအလိုမှာ ရှိနေတဲ့ သူမဆီမှာပဲ ရောက်နေမိတယ်။

…………

******

All Chapters