အခန်း (၉-၁၀)
Vol. 1 Ch. 9-10
9 01
အပိုင်း 9
ကျောက်အာက အံဆွဲထဲက တဘက်တစ်ထည်ကို ယူလိုက်ပြီး အိပ်ရာစွန်းမှာ ပြန်ထိုင်လိုက်တယ်။ စုထုံးထားတဲ့ သူမဆံပင်တွေကိုဖြည်ချလိုက်တဲ့အခါ ဆံနွယ်အဆုံးတွေက ရေစက်လက်ကျနေတုန်းပဲ။ သူမ ဆံပင်က အုံထူပြီး မဲနက်ကာ ခါးအထိ ရှည်လျားတယ်။
ကျောက်အာက ဆံပင်အားလုံးကို ပုခုံးတစ်ဖက်အပေါ် စုယူလိုက်ပြီးမှ ခေါင်းလေးအသာစောင်းကာ ဘီးနဲ့ တစ်ချောင်းချင်း အရင်ရှင်းတယ်။ သူမက ဗေဒါရောင်အပေါ်ဝတ်နဲ့ ခရမ်းရင့်ရောင် ဘောင်းဘီပွပွကို တွဲဝတ်ထားပြီး အင်္ကျီတွေမစိုအောင်လို့ ခါးနဲ့ရင်ကို တတ်နိုင်သလောက် မတ်ထားပြီး ခေါင်းတစ်ဖက်ကို စောင်းရင်းမှ အဝတ်နဲ့ဖြည်းဖြည်းချင်း သုတ်နေတယ်။
သူမ အပြုအမူတွေက ကိုယ်တိုင်တောင် သတိမထားဘဲ အလိုလိုလုပ်လိုက်မိတာ ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ရွှီထင်းရှန်းအတွက်တော့ သူ့နှလုံးသားကို ထိန်းချုပ်မရအောင် ခုန်လှုပ်သွားစေတယ်။
ဒီအနေအထားက တမင်လုပ်ယူထားတာမဟုတ်ပေမဲ့ သူမရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းကို သိသိသာသာ ပေါ်လွင်နေစေတယ်။ ပြည့်တင်းတဲ့ ရင်ဘတ် စွင့်ကားနေတဲ့ တင်ပါးနဲ့ သေးသွယ်သွယ် ခါးလေးက မမြင်ချင်ရင်တောင် အထင်းသား မြင်နေရတယ်။
သူက မိန်းကလေးတစ်ယောက်ကို တစ်ခါမှ ဒီလောက်အနီးကပ်ကြီး မမြင်ဖူးတာကြောင့် ချက်ချင်းဆိုသလို သူ့ကိုယ်တွင်းမှာ မရင်းနှီးတဲ့အပူလှိုင်းတချို့ ဆန်တက်လာတော့တယ်။ ဆယ်ကျော်သက်ဖြစ်တာနဲ့အညီ လုံးဝမရင်းနှီးတာတော့ မဟုတ်ပါဘူး။
ဒါပေမဲ့ သူ့စိတ်အာရုံထဲမှာ သူတို့နှစ်ယောက်ရဲ့ မင်္ဂလာဦးညကို ပြတ်ပြတ်သားသား မြင်ယောင်လာမိတယ်။ အဲဒီအိပ်မက်လို မှတ်ဉာဏ်ထဲမှာ သူက သူမကို လုံးဝကြည့်မရသေးဘူးဆိုပေမဲ့ သူ့မိန်းမဖြစ်လာပြီပဲလို့ သဘောထားပြီး ရယူခဲ့မိတယ်။
ငယ်ငယ်ကတည်းက သူမက သူ့အပိုင်ပဲဖြစ်လာရမယ်ဆိုတဲ့ ယုံကြည်မှုက စိတ်ရဲ့ ဟိုအနက်ရှိုင်းဆုံးထဲမှာ အမြစ်တွယ်နေခဲ့တာ။ ဒါပေမဲ့ အဲဒီခံစားချက်တွေက သူ့ရဲ့ခေါင်းမာပြီး မာနကြီးတဲ့ အကျင့်အောက်မှာ ဖိချခံထားရတယ်။
အထူးသဖြင့် သူ ကျောင်းတော်မှာ ပညာသင်ဖို့သွားပြီးတဲ့နောက် သူ့အတန်းဖော်တွေက သူ့ကို ‘တောသူဇနီး’ရှိတဲ့အတွက် စနောက်လှောင်ပြောင်ကြတာကြောင့် ရွှီထင်းရှန်းက သူမနဲ့ပက်သတ်ပြီး အရှက်တရားသာ ခံစားခဲ့ရတယ်။
သို့ပေမဲ့ ဒီထက်ပိုတူးဆွကြည့်မယ်ဆိုရင်တော့ သူ တကယ် ကျောက်အာကို သဘောကျခဲ့ပါတယ်။ အဲဒီမင်္ဂလာဦးညမှာတော့ သူ တစ်ဖက်သားကို နည်းနည်းလေးတောင် မတွေးပေးဘဲ စိတ်တိုင်းကျ ကြမ်းရမ်းခဲ့မိတယ်။
သူကိုယ်တိုင်လည်း ဘယ်လိုကိုင်တွယ်ရမှန်း မသိခဲ့သလို သူမအတွက်လည်း ပထမဆုံးအကြိမ်ဖြစ်နေခဲ့တယ်။ နာကျင်နေတဲ့သူမကို တွေ့ရတာ သူလည်း ရင်နာရတယ်ဆိုပေမဲ့ ရွှီထင်းရှန်းက မရပ်တန့်နိုင်ခဲ့ဘူး။
သူမက သူ့မျက်စိအောက်မှာ ဒီလောက်အထိ ငိုယိုဖူးတာ အဲဒါပထမဆုံးပဲ။ အဲဒီအချိန်မှာပဲ ရွှီထင်းရှန်းက သူ့လက်အောက်မှာ သူမလေး ဒီလိုကူကယ်ရာမဲ့ပြီး ငိုယိုတောင်းပန်နေတဲ့ပုံစံကို မြင်ရတာ ဘယ်လောက်ကြိုက်နှစ်သက်လဲဆိုတာ သူ့ကိုယ်သူ သဘောပေါက်သွားတာ။
အဲဒီတုန်းက သူက ဆယ်ရက်တစ်ခါမှ အိမ်ကိုပြန်လာတတ်တယ်။ သူပြန်လာတိုင်းလည်း သူမက ကြောက်လန့်ပြီး ပုန်းဖို့ကြိုးစားပေမဲ့ နောက်ဆုံးတော့လည်း သူ့အလိုကျ ဖြည့်ဆည်းပေးရတာပါပဲ။ သူကတော့ နက်နက်ရှိုင်းရှိုင်း ဂရုစိုက်နေသော်လည်း အပြင်ပန်းမှာတော့ မသိချင်ယောင်သာ ဆောင်နေခဲ့တယ်။
9 02
အခုပြန်တွေးကြည့်လိုက်တော့မှ သူ ဘယ်လောက်အောက်တန်းကျခဲ့သလဲဆိုတာ ပြန်နားလည်သွားရတယ်။ ဖရိုဖရဲအတွေးတွေထဲ နစ်မြုပ်နေတဲ့ ရွှီထင်းရှန်းက ရုတ်တရက်ကြီး ထပြောတယ်။
“ငါ သုတ်ပေးမယ်”
ကျောက်အာက အံ့ဩတကြီး လှည့်ကြည့်လာပြီး မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်နေတယ်။ နောက်တော့မှ သူမက အလိုအလျောက် ငြင်းဆန်လာတယ်။
“ရပါတယ် ကိုယ့်ဘာသာလုပ်လိုက်ပါ့မယ်”
ဒီရက်တွေအတွင်း သူ့ရဲ့ပြန်ပြင်ပေးမှုတွေကြောင့် သူမက နောက်ဆုံးတော့ အစ်မကြီးတစ်ယောက်လို မပြောဆိုတော့ဘူး။ သူမ စကားမဆုံးခင်မှာတင် ရွှီထင်းရှန်းက လက်ထဲကတဘက်ကို ဆွဲယူကာ ကိုယ်ကိုလည်း အသာလေး လှည့်ပေးလာတယ်။
ငြိမ်နေရုံကလွဲပြီး ရွေးချယ်စရာမရှိတော့လည်း ကျောက်အာက အဲဒီနေရာမှာပဲ တောင့်တောင့်ကြီး ထိုင်ရင်း သုတ်ခွင့်ပေးလိုက်ရတယ်။ အမှန်တိုင်းပြောရရင် သူက ကျောက်အာထက် ခေါင်းတစ်လုံးစာလောက် ပိုနိမ့်နေသေးတာကြောင့် အိပ်ရာပေါ် ဒူးထောက်လိုက်တော့မှ သူမခေါင်းကို မှီတယ်။
သူတို့က အင်မတန် နီးကပ်နေကြပြီး ကျောက်အာကတော့ နည်းနည်းလေးမှ သတိထားမိပုံမရပေမဲ့ သူကတော့ ကိုယ်တွင်းသွေးစီးဆင်းနှုန်းတွေတောင် ထိပ်ဆုံးမြင့်တက်လာခဲ့တယ်။ လုပ်နေကျမဟုတ်တာကြောင့် အစပိုင်းမှာတော့ ခပ်ကြမ်းကြမ်းသုတ်ပေးမိလို့ ကျောက်အာဆီက အော်သံတချို့ ထွက်လာခဲ့ပေမဲ့ နောက်တော့မှ ရွှီထင်းရှန်းက သူ့လက်အားကို ညှိနိုင်သွားခဲ့တယ်။
ဒူးထောက်လျက်ကြီးနဲ့ သူမခေါင်းထိပ်ကို မှီဖို့အရမ်းကြိုးစားနေရတဲ့သူကို ကြည့်ပြီး ကျောက်အာက နည်းနည်း အားနာလာတယ်။
“ခဏလေး ငါ ဒီလိုလဲလိုက်တာ ပိုအဆင်ပြေမယ် ထင်တယ်”
သူမက ပြောရင်းဆိုရင်း အိပ်ရာပေါ်မှာ မျက်နှာအပ်ရင်း မှောက်လျက်သား လဲပေးလိုက်တယ်။ တကယ်လည်း ဒီပုံစံက နှစ်ယောက်စလုံးအတွက် ပိုအဆင်ပြေပေမဲ့ အနောက်ကနေဆို ဒီအနေအထားအသစ်က ဟော်မုန်းတွေ အကြွဆုံးဖြစ်တဲ့ လူပျိုလေးအတွက်တော့ ပိုဆွဲဆောင်မှုအားကောင်းနေတာ အမှန်ပဲ။
ရွှီထင်းရှန်းက ကူပေးမယ်လို့ ပြောမိတာတောင် တော်တော်နောင်တရချင်သွားတယ်။ အခုက သူ့သမာဓိကို နှိပ်စက်သလိုဖြစ်နေပေမဲ့လည်း စိတ်ကိုအတတ်နိုင်ဆုံး တည်ငြိမ်အောင်ထားရင်း မျက်လုံးတွေ မကစားမိအောင် ကြိုးစားလိုက်တယ်။
“ပြန်ပဲ … ထလိုက်ပါလား”
“….”
သူမဆီက ဘာအဖြေမှ ပြန်မလာလို့ သူ လှမ်းကြည့်လိုက်တော့မှ ကျောက်အာက အိပ်ပျော်နေတာ တွေ့လိုက်ရတယ်။ ကြည့်ရတာ အရမ်းပင်ပန်းသွားလို့ထင်ပါတယ် သူမက တော်တော်လေး နှစ်ခြိုက်စွာ အိပ်မောကျနေတယ်။
စောင်အခေါက်လေးပေါ်မှာ မျက်နှာအပ်လှဲနေတဲ့အတွက် ပါးလေးတွေက ဖိထားသလိုဖြစ်နေတော့ နှုတ်ခမ်းနှစ်လွှာက ပုံမှန်ထက်ပိုဆူထော်နေတယ်။ ထူထဲနက်မှောင်တဲ့ ဆံနွယ်ရှည်ကြီးကလည်း နောက်ကျောကနေ ခါးအထိ ပြန့်ကားဝဲကျနေတယ်။
ချောမွေ့ကြည်လင်တဲ့ အသားအရည်နဲ့ ခပ်နုနုမျက်နှာလေးက ငယ်သူအလှကို ပိုတိုးမြှင့်ပေးနေပြီး လေထုထဲမှာတင် သူမဆီက ချိုမြိန်မွှေးပျံ့တဲ့ သင်းရနံ့တစ်ခုကို ခံစားနေရတယ်။ ပန်းနုရောင် နှုတ်ခမ်းသားတွေက သိပ်ကိုဖိတ်ခေါ်လွန်းနေတော့ သူလည်း မထိန်းနိုင်တော့ဘဲ တဖြည်းဖြည်း တိုးကပ်သွားမိတယ်။
သူတို့မျက်နှာတွေက စင်တီမီတာအကွာအဝေးပဲ လိုတော့တဲ့အချိန် သူမက ရုတ်တရက် လှုပ်ရှားလာတာကြောင့် ရွှီထင်းရှန်းက အသိပြန်ကပ်လာပြီး ချက်ချင်း နောက်ဆုတ်သွားမိတယ်။ ပါးစပ်ကနေလည်း ဘယ်လိုတောင် ဒီတိုင်းကြီး အိပ်ပျော်သွားတာလဲလို့ ရှက်ရှက်နဲ့ အလျင်စလို ပြောလိုက်မိပေမဲ့ ရင်ထဲမှာတော့ လူမိသွားမှာကို သေမလောက် ကြောက်နေမိတယ်။
ကံကောင်းချင်တော့ သူမက လှုပ်ရုံတင်လှုပ်လာတာဖြစ်ပြီး နိုးမလာခဲ့ဘူး။ အဲဒီတော့မှ ရွှီထင်းရှန်းက စိတ်သက်သာရာရဟန် သက်ပြင်းတစ်ချက်ချနိုင်တော့တယ်။ သို့ပေမဲ့ ရုန်းကြွနေတဲ့ စိတ်ရိုင်းတွေကတော့ ပြန်ငြိမ်သက်သွားပြီး အိပ်ရာပေါ်က သူမကို ခဏလောက် ငေးကြည့်နေမိတယ်။
နောက်မှ စောင်ပါးလေးတစ်ထည် ခြုံပေးလိုက်ပြီး ဘေးချထားတဲ့တဘက်ကို ပြန်ကောက်ကာ ရေစိုဆံပင်ကို ခြောက်တဲ့အထိ သုတ်ပေးလိုက်တော့တယ်။ ယွီချင်းရွာကို ပြီးခဲ့တဲ့မင်းဆက်တုန်းက စစ်အကြွင်းအကျန်တွေကြားမှာ စစ်ဘေးရှောင်တစ်စုက စတင်ရှာတွေ့ခဲ့တာဖြစ်တယ်။
9 03
အစကတော့ ယွီချင်းရွာရယ်လို့ အမည်နာမတောင်မရှိခဲ့ဘဲ စတင်အခြေချခဲ့တဲ့ ကျန်းမိသားစုဇနပုဒ်လို့သာ သိခဲ့ကြတာ။ နေထိုင်သူတွေက အိမ်ထောင်စုအနည်းငယ်သာဆိုပေမဲ့ တကယ်လည်း လူတိုင်းလိုလိုက ကျန်းမျိုးရိုးတွေချည်းပဲ။
နှစ်တွေကြာလာတော့ ကိစ္စတွေလည်း ပြောင်းလဲလာခဲ့တယ်။ တိုင်းပြည်ထဲ ငတ်မွတ်ခေါင်းပါးလာတဲ့ တစ်နှစ်မှာတော့ အာဏာပိုင်တွေက ဒီကိုနောက်ထပ် ဒုက္ခသည်တစ်စု လွှတ်ပေးလိုက်ပြီး သူတို့ကတော့ ရွှီမိသားစုရဲ့ ဘိုးဘေးတွေပဲ။
ကျန်းတွေက ပိုများပေမဲ့ ရွှီမျိုးရိုးတွေကလည်း အချိန်တိုအတွင်း လူဦးရေတိုးပွားလာခဲ့တယ်။ အစကတော့ ကျန်းမျိုးရိုးတွေကပဲ ရွာထဲအရာရာကို ချုပ်ကိုင်ထားတာဆိုပေမဲ့ ကြီးမားလာတဲ့ အရေအတွက်အရ မျိုးနွယ်နှစ်ခုက သူပြိုင်ကိုယ်ပြိုင်ဖြစ်လာခဲ့တယ်။
နောက်တော့ လူကြီးတွေက မဟာချန်းမင်းဆက်တုန်းက ကျင့်သုံးခဲ့တဲ့ စနစ်တစ်ခုကို ယူဖို့အကြံပေးလာခဲ့တယ်။ အဲဒီလိုနဲ့ ဆယ်အိမ်မှူး ရာအိမ်မှူးဆိုတဲ့ အဆင့်တွေပေါ်လာပြီး အိမ်ပေါင်းရာနဲ့ချီကို ကြီးမှူးရတဲ့လူကိုတော့ လီကျန်း(ရွာသူကြီး)အဖြစ် ခေါ်ခဲ့ကြတယ်။ သူ့အောက်မှာတော့ ရွာရဲ့ရပ်မိရပ်ဖလို့ပြောနိုင်တဲ့ နောက်ထပ် မောက်ဆူအချို့ ခန့်အပ်ထားကြတယ်။
ယွီချင်းရွာရဲ့ အခွန်အခတွေ မင်းမိန့်တွေနဲ့ ဖြစ်ပျက်သမျှကိစ္စကြီးငယ်အားလုံးကို ရွာအကြီးအကဲတွေနဲ့လီကျန်းက အတူတူဆောင်ရွက်ကိုင်တွယ်ရတယ်။ ဒါဆိုရင် လီကျန်းတစ်ယောက်ရဲ့ ဩဇာကို စိတ်ကူးကြည့်လို့ ရပါတယ်။
ဒီနေရာကို ရတဲ့လူတိုင်းကလည်း အမြဲတမ်း ရွာတွင်းမှာ လေးစားခံရတဲ့သူ လူမှုအသိုင်းအဝိုင်းမှာ ပူးပေါင်းနိုင်တဲ့သူ ဖြစ်ကြတယ်။ ဒီစနစ်ကြီးတစ်ခုလုံးကတော့ ငါတို့ရွာကကိစ္စ ငါတို့ဘာသာ ဖြေရှင်းမယ်ဆိုတဲ့ သဘောကို သက်ရောက်တယ်။
အဲဒါကြောင့် ဘုရင့်အာဏာက မြို့ရွာတောစပ်လေးတွေအထိ မရောက်နိုင်ဘူးဆိုတဲ့စကားတောင် ပေါ်လာသေးတယ်။ ဒီမှာဖြစ်ပျက်သမျှ အကုန်လုံးက ဒေသခံမျိုးနွယ်တွေကသာ သူတို့ကိုယ်ပိုင်စည်းမျဥ်းတွေနဲ့ အုပ်ချုပ်ကြတာဖြစ်တယ်။
အချိန်တွေကြာလာတာနဲ့ ကျန်းနဲ့ရွှီမျိုးရိုးတွေက အပေါ်ယံသာ ငြိမ်းချမ်းရေး ယူထားကြတာ အတွင်းမှာတော့ ရွာထဲအာဏာပိုရရေးအတွက် သွေးအေးတိုက်ပွဲ ဆင်နွှဲနေကြတယ်။ အရင်တုန်းကတော့ ရွှီမျိုးရိုးတွေက နောက်ကောက်ကျကျန်ခဲ့တာ သူတို့ထဲက တစ်ယောက် နန်းတွင်းစာမေးပွဲအောင်သွားတဲ့အချိန်အထိပဲ။
ဒီတော့မှ သူတို့ရဲ့ကံကြမ္မာက အလှည့်အပြောင်းဖြစ်သွားခဲ့ပြီး နောက်ပိုင်းမျိုးဆက်တွေမှာ ရွာရဲ့အကြီးအကဲ မောက်ဆူနေရာကို အောင်မြင်စွာ ရရှိခဲ့ကြတယ်။ ဒါပေမဲ့ အာဏာအရှိဆုံးဖြစ်တဲ့ လီကျန်းရာထူးကိုတော့ ကျန်းမျိုးရိုးတွေက မြဲမြဲမြံမြံ ဆုပ်ကိုင်ထားဆဲပဲ။
လက်ရှိမှာတော့ ယွီချင်းရွာက လီကျန်းတစ်ယောက်နဲ့ မောက်ဆူ လေးယောက်ရှိတယ်။ သူတို့တွေထဲက သုံးယောက်က ရွှီမျိုးနွယ်တွေဖြစ်ပြီး အရေအတွက်အရ သုံးယောက် နှစ်ယောက်ဖြစ်နေသော်လည်း ကျန်းတစ်ယောက်က သူကြီးဆိုတော့ ရွှီတွေက အခွင့်မသာသေးဘူး။
ရွှီမျိုးရိုးတွေရဲ့ အကြီးဆုံး ခေါင်းဆောင်ကတော့ သူတို့သာ နောက်ထပ်ရှုခိုင်တစ်ယောက် ထပ်မွေးထုတ်ပေးနိုင်ရင် ရွှီတွေက ကျန်းတွေကိုအသာလေး အနိုင်ယူသွားနိုင်တယ်လို့ တွေးတယ်။ အဲဒါကြောင့် ဒီရက်ပိုင်းအတွင်း ပျံ့လာတဲ့ကောလဟာလတွေကို ကြားတော့ သူ တမဟုတ်ချင်း ပေါက်ကွဲတော့တယ်။
အဘိုးရွှီက သူ့မိသားစုခေါင်းဆောင်ဆီက အခေါ်စာကို လက်ခံရရှိတဲ့အချိန် လယ်ထဲမှာ အလုပ်လုပ်နေတုန်းရှိသေးတယ်။ သူသွားလိုက်တဲ့အခါ လူအိုကြီးရဲ့မျက်နှာက ဒယ်အိုးဖင်လို မဲနက်နေတာ တွေ့တော့ အဘိုးရွှီတစ်ယောက် တော်တော် ကြောင်အသွားရတယ်။
“အစ်ကိုကြီး ဟိုင် ဘာဖြစ်လို့လဲ”
ဝါစဥ်အရဆို ရွှီမိသားစုခေါင်းဆောင်က အဘိုးရွှီရဲ့ အစ်ကိုတစ်ဝမ်းကွဲဖြစ်တယ်။
“မင်းက ငါ့ကိုပြန်ပြီး လာမေးနေတယ်ဟုတ်လား။ လူတွေ ဘာပြောနေတယ်ဆိုတာ မသိဘူးလို့တော့ လာမပြောနဲ့နော်!”
အဘိုး ရွှီက ရွာထဲမှာ ဘာတွေဖြစ်နေမှန်း တကယ် မသိဘူး။ သူ့ရဲ့ အူကြောင်ကြောင်ရုပ်ကိုမြင်တော့ မိသားစုခေါင်းဆောင်မျက်နှာက ပိုတောင်ရှုံ့တွသွားတယ်။ ဘယ်သူကစလိုက်မှန်းမသိပေမဲ့ လောလောဆယ် ရွှီမိသားစုရဲ့ အတင်းအဖျင်းတွေက တောမီးလို လေးဖက်လေးလံ ပျံ့နှံ့နေပြီ။
9 04
ဒါတွေစလာတဲ့ ဇစ်မြစ်ကတော့ တစ်ယောက်ယောက်က ဒုတိယမိသားစုခွဲက တစ်ဦးတည်းသော မိဘမဲ့ကလေး ရွှီကုန်းကျစ် သူ့အဖေအုတ်ဂူအရှေ့မှာ ထိုင်ငိုနေတာကို မတော်တဆ တွေ့သွားလို့ပဲ။ သူ ဘာတွေပြောနေလဲ အတိအကျမသိရပေမဲ့ သူ့အသက်အရွယ်လေးနဲ့ ဒီလောက်အထိ ငိုကြွေးနေရတယ်ဆိုတာ အိမ်မှာ ကောင်းကောင်းမနေရလို့ပေါ့။
အဲဒီလိုနဲ့ သူတို့နားနေတဲ့ အိမ်နီးချင်းတစ်ယောက်က အကြီးဆုံးသား ရွှီချင်းရှန်က တူဖြစ်သူကို ဖယ်ကျဥ်ထားပြီး သူ့သားကိုပဲ မြို့ကျောင်းပို့ဖို့ လုပ်နေတဲ့အကြောင်းကို ဖွပစ်လိုက်ပြန်တယ်။ ရွာထဲကလူတိုင်း ကုန်းကျစ်ရဲ့အဖေ ဘယ်သူ့ကြောင့် သေသွားလဲဆိုတာ မှတ်မိတယ်။
သူသေတဲ့အချိန်မှာလည်း သူ့အစ်ကိုလက်ကိုဆွဲပြီး ကတိတစ်ခုတောင်းခဲ့တာ သူ့သားလေးကို ညီတူမျှတူ ဆက်ဆံပေးဖို့ပဲ။ အဲဒီနေ့က ရွှီအိမ်ကထွက်လာတဲ့လူတိုင်း ဒီကတိတည်မလား မတည်မလားဆိုတာ တိတ်တိတ်လေး လောင်းခဲ့ကြသေးတယ်။
အခုတော့ လူတွေက ဒီသတင်းကြောင့် အဲဒီကတိကို အစအဆုံးပြန်မှတ်မိသွားကြပြီး လူကြီးတွေက ခေါင်းတယမ်းယမ်းနဲ့ ဘယ်သူ့ကိုမှ ယုံလို့မရတော့ကြောင်း သက်ပြင်းချကြတယ်။ နောက်တော့ ရွှီထင်းရှန်းတစ်ယောက် မိသားစုထဲမှာ ဘယ်လိုဆက်ဆံခံရသလဲဆိုတာကိုပါ လူပြောများနေတော့တယ်။
ဥပမာ ရွှီကုန်းကျစ်က အပြင်ထွက်ခဲ့ပေမဲ့ တွေ့လိုက်တိုင်းလည်း စုတ်စုတ်ပြတ်ပြတ်ပုံစံနဲ့ပဲ။ ဒါပေမဲ့ အကြီးဆုံးမိသားစုခွဲက ရွှီကျွင်းခိုင်ကတော့ အမြဲတမ်း ဝတ်ကောင်းစားလှနဲ့ သန့်ပြန့်နေတာပဲ။ သူတို့ ရွှီကိုယ်ပိုင်ကျောင်းက အဖြစ်အပျက်တွေတောင် ပါးစပ်မလုံသေးတဲ့ အတန်းဖော် ကလေးတွေဆီက အံကျလာသေးတယ်။
ကလေးတွေ ပြောစကားအရတော့ တစ်ကျောင်းလုံးမှာ ရွှီကျွင်းခိုင်က စာရွက် မှင်တုံး စုတ်တံအပြည့်အစုံနဲ့ သင်ရိုးစာအုပ်တွေလည်း အများဆုံးဆိုပဲ။ အဲဒီအချိန် ရွှီကုန်းကျစ်ကတော့ စာရွက်ဖိုးမတတ်နိုင်လို့ စားပွဲပေါ်မှာပဲ ရေစွတ်ပြီး ရေးနေရတယ်။
လူတိုင်းကတော့ ကိုယ့်သွေးသားကိုယ် ပိုဦးစားပေးကြတယ်ဆိုတာ လက်ခံနိုင်ပါတယ်။ ဒါပေမဲ့ သူ့အဖေတစ်ယောက်လုံးက အသက်နဲ့ရင်းပြီး ကတိတောင်းခဲ့တာကိုတော့ ဘက်လိုက်နေလို့ မရဘူးလေ။
“မင်းလည်း ငယ်တော့တာမှ မဟုတ်တာ ကိုယ့်အောက်က မိသားစုတွေကိုတောင် သင့်တင့်လျောက်ပတ်အောင် မစီမံနိုင်ဘူးလား။ သားကြီးကို ဦးစားပေးတာက ဦးစားပေးတာ တစ်ကဏ္ဍ၊ ဒါပေမဲ့ အခု အပြင်ထိရောက်သွားပြီ။ ငါတို့ ဘယ်လိုလုပ်ကြမလဲ ပြော”
အဘိုး ရွှီရဲ့မျက်နှာက ရှက်ရွံ့မှုကြောင့် နီရဲသွားတယ်။ ဒါက အသေးအဖွဲမဟုတ်ဘူးဆိုတာ သူသိတယ် တစ်ချက်မှားတာနဲ့ တစ်မိသားစုလုံးရဲ့ သိက္ခာက မြောင်းထဲရောက်သွားမှာ။ သူ့တစ်ယောက်တည်း သိက္ခာဆိုရင်တောင် တော်သေးတယ် ဒါပေမဲ့ သားကြီးရဲ့ နာမည်ကိုတော့ စွန်းထင်းမခံနိုင်ဘူး။
တကယ်လို့ ဒီအမဲစက်ကြီးသာ ပါသွားလို့ကတော့ နန်းတွင်းစာမေးပွဲအောင်ဖို့မပြောနဲ့ စာတောင်လေ့လာလို့ရတော့မှာ မဟုတ်ဘူး။
“အစ်ကိုကြီး ဟိုင် … ”
သူက ခေါင်းဆောင် ရွှီကို ကူကယ်ရာမဲ့သလို မော်ကြည့်လိုက်မိတယ်။
“ဒီကောလဟာလကို ပျောက်အောင်လုပ်ဖို့ တစ်နည်းပဲရှိတယ် မင်းမြေးနှစ်ယောက်လုံးကို မြို့ကျောင်းပို့လိုက် အဲဒါဆို ဘယ်သူမှ လက်ညှိုးလာထိုးလို့မရတော့ဘူး”
အဘိုး ရွှီရဲ့မျက်နှာက ပိုတောင်ရဲတက်လာပြီး သူက လက်ကြမ်းကြီးနှစ်ဖက်ကို အသာပွတ်ရင်း နေရခက်ခက်နဲ့ ပြောလာတယ်။
“အစ်ကိုကြီး ဟိုင် ကျွန်တော်တို့မိသားစု အခြေအနေကိုလည်း သိတာပဲ ကျွန်တော်တို့က သားကြီးအတွက် ရှိသမျှအကုန်ထုခွဲရောင်းချပြီးသွားပြီလေ တကယ်က နှစ်ယောက်လုံးကို မပို့ချင်တာမဟုတ်ဘဲ ပို့ဖို့ အင်အားမရှိတာ …”
ဒီစကားကြောင့် မိသားစုခေါင်းဆောင်က မျက်ခုံးတွေတွန့်ချိုးသွားတယ်။ အရင်တုန်းက ရွှီချင်းရှန်ကို ချင်းဟယ်ကျောင်းတော်ပို့ဖို့ ဘယ်လောက်ကုန်ကျခဲ့သလဲဆိုတာ သူလည်း ကောင်းကောင်းသိပါတယ်။ အဲဒီမြို့ကျောင်းက ကျောင်းသားတိုင်းကို မွဲဆေးဖော်နေတာဆိုပေမဲ့ နာမည်ကျော်ကျောင်းဆိုတော့လည်း ဘယ်သူမှ အထွန့်မတက်ရဲဘဲ စာရင်းသွင်းဖို့တောင် တန်းစီနေကြတာ။
တစ်နှစ်စာတင် ငွေတုံး ၂၀ထက်မနည်းကုန်ကျတာ ရွှီချင်းရှန်က အဲဒီမှာ ငါးနှစ်တိတိ တက်ခဲ့တာဆိုတော့ ဘယ်လောက်ကုန်မလဲ တွက်ကြည့်လို့ရတယ်။ အစကတော့ မိသားစုခေါင်းဆောင်က သူတို့ကျပ်တည်းနေရင် နည်းနည်းပါးပါး ကူညီပေးဖို့လုပ်ထားတာ ဒါပေမဲ့ အခုတော့ သူက ဘာမှပြောမလာဘူး။
9 05
ချင်းရှန်က ထားလိုက်ပါတော့၊ ဒါပေမဲ့ ကျွင်းခိုင်က ငယ်သေးတယ်၊ နောက်ပိုင်း သူ့မှာအလားအလာရှိပါ့မလားတောင် သေချာသေးတာမဟုတ်ဘူး။ အဲဒါထက် သူ့မှာလည်း သူ့မြေးနှစ်ယောက် ကျောင်းထားနေရသေးတယ်။ အခုက မိသားစုတိုင်းလိုလို သူ့ဟာနဲ့သူ ခက်ခဲနေကြတာ။
အဘိုး ရွှီက တုံ့ဆိုင်းဆိုင်းနဲ့ “တကယ်လို့ …. ကျွန်တော်တို့ နှစ်ယောက်လုံးကို မပို့တော့ဘူးဆိုရင်ရော”
“အဲဒါဆို မင်းက အားလုံးထင်နေတာ မှန်တယ်ဆိုတာ သက်သေပြလိုက်တာပဲပေါ့။ မင်းသားကြီးရဲ့နာမည်နဲ့ မြေးကြီးရဲ့အနာဂတ်ကို ကာကွယ်ချင်တယ်ဆို နှစ်ယောက်လုံးကို ပို့ရင်ပို့ မဟုတ်ရင်လည်း ဒုတိယမိသားစုခွဲက ဟိုကလေးကိုပဲ ပို့လိုက်တော့”
သူတို့စကားဝိုင်းက မိသားစုခေါင်းဆောင်ရဲ့ ကြမ်းတမ်းတဲ့ သရော်သံနဲ့သာ အဆုံးသတ်သွားတယ်။ အဘိုးရွှီက တစ်ကိုယ်လုံး ထုံထိုင်းရင်း ထွက်လာတယ်။ တုန်ယင်နေတဲ့ သူ့လက်တွေက ခါးကြားထဲမှာ ထိုးထားတဲ့ ဆေးတံကိုတောင် မနည်းထုတ်ယူလိုက်ရတယ်။
အဘိုး ရွှီက ဘယ်ကိုမှမသွားဘဲ လမ်းဘေးက သစ်ပင်တစ်ပင်အောက်မှာ ဆောင့်ကြောင့်ထိုင်ချရင်း မိးညှိကာ ဖက်ကြမ်းတစ်ထုပ်လုံးကုန်တဲ့အထိ တစ်စက်မနားဘဲ သောက်နေတယ်။ အားလုံးကုန်သွားတော့မှ ထရပ်လိုက်ပြီး နှေးကွေးလေးလံတဲ့ခြေလှမ်းတွေနဲ့ အိမ်ဘက် ခြေဦးလှည့်လာခဲ့တယ်။
တစ်လမ်းလုံး တွေ့သမျှလူတိုင်းက နှုတ်ဆက်သွားပေမဲ့ ဘာကြောင့်မှန်းမသိ ဒီနေ့ကျမှ စိတ်ရင်းနဲ့နှုတ်ဆက်တဲ့လူတွေကိုတောင် သူတို့အပြုံးက လှောင်သလိုဖြစ်နေတယ်လို့ ခံစားနေမိတယ်။ အဘိုးရွှီက သူ့စိတ်သူတင်းရင်း ဆက်လျှောက်ဖို့လုပ်ပေမဲ့ ထိုအချိန်မှာပဲ ရင်းနှီးတဲ့မျက်နှာတစ်ခုက သူ့ဆီလျှောက်လာခဲ့တယ်။
“ဒီနေ့တော့ အစောကြီးပြန်လာပါလားကွ”
ဒါက သူ့ရဲ့နောက်ဆုံးကောက်ရိုးမျှင်ပဲ။ မအောင့်အီးနိုင်တော့တဲ့ အဘိုး ရွှီက ထိုလူကြီးကို လက်ကနေ လမ်းဘေးတစ်ဖက်ခြမ်းက သစ်ပင်အောက်ဆွဲခေါ်သွားတယ်။
“အဘိုးကြီး ကျိုး ငါ့ကိုမှန်မှန်ပြောစမ်း အခုရွာထဲမှာ ငါတို့မိသားစုအကြောင်း ဘယ်သူတွေ ဘယ်လိုပြောနေကြတာလဲ”
အဘိုးကြီးကျိုးဆိုတာက နီရဲကြမ်းထော်နေတဲ့ ခပ်နက်နက်အသားအရည်နဲ့ အဘိုး ရွှီထက် အရပ်အနည်းငယ်ပုတဲ့ သူငယ်ချင်းတစ်ယောက်ပဲ။ ဒီမေးခွန်းကြောင့် သူက အလိုအလျောက် အပြုံးတွေဆိတ်သုဥ်းသွားပြီး သက်ပြင်းဖွဖွ ချလိုက်တယ်။
“ငါက မင်းသိမယ်ထင်ထားတာ လက်စသတ်တော့ မသိသေးဘူးကိုး”
“ဘာကို မသိတာလဲ။ ဘယ်သူမှမပြောတော့ ငါက ဘယ်လိုလုပ်သိမှာလဲ”
ဆယ်စုနှစ်များစွာ ဖြတ်သန်းလာခဲ့တဲ့ အဘိုးကြီးကျိုးက သူ့ငယ်ကျွမ်းဆွေကြီး ဘယ်လိုခံစားနေရမလဲ နားလည်တာကြောင့် နောက်ဆုံးတော့ အတင်းအဖျင်း အတိုချုံ့ကို ကြားကောင်းမဲ့စကားနဲ့ ပြန်ပြောပြလိုက်တယ်။
“အရမ်းကြီး စိတ်ထဲမထားပါနဲ့ ဒီရွာကလူတွေက အတင်းတုပ်ရ ဝါသနာပါတယ်လေ ဒါပေမဲ့ ငါမင်းကို မလိမ်ချင်ဘူး-မင်းမိသားစုလုပ်တာက …. သိပ်တော့မမှန်ကန်ဘူးကွ”
မမှန်ကန်ဘူး။။
သူ့သူငယ်ချင်းက သူတို့ရှည်ကြာတဲ့ မိတ်ဆွေသက်တမ်းကြောင့် စကားကိုလျှော့ပြောထားတာ သေချာပေမဲ့ ဒီအတိုင်းသာဆို လူတွေ ဘယ်လောက်တောင် ဝေဖန်ကဲ့ရဲ့နေကြမလဲ ဘယ်သူသိမှာလဲ။ မိသားစုခေါင်းဆောင်ကလည်း ‘အကျည်းတန်တဲ့ ကောလဟာလတွေ’လို့ပဲ ပြောလိုက်ပြီး ဘာမှန်းအတိအကျ ပြောခဲ့တာ မဟုတ်ဘူး။
“တကယ်ပဲ သူတို့ ဘာတွေပြောနေကြတာလဲ။ ငါ့ကို ပြောစမ်းပါ”
အဘိုးကြီး ကျိုးက သက်ပြင်းထပ်ချပြီး နောက်ဆုံးတော့ လက်လျှော့အရှုံးပေးကာ အားလုံး ဖွင့်ပြောလိုက်တော့တယ်။
“အေး အဲဒါဆိုလည်း ငါပွင့်ပွင့်လင်းလင်းပဲ ပြောမယ်။ မင်း- အဖေတစ်ယောက်ဖြစ်ပြီး ဘယ်လိုလုပ် ဒီလိုလုပ်ရက်ရတာလဲ။ မင်းဒုတိယသား ဘယ်လိုဆုံးသွားလဲဆိုတာ မေ့နေတာလား။ မိသားစုကို ဒီလိုအုပ်ချုပ်နေမှတော့ လူတွေ မင်းနောက်ကွယ်မှာ လက်ညှိုးထိုးနေကြတာ မဆန်းတော့ပါဘူး”
အဘိုးရွှီက ဖြူဖျော့သွားပြီး လေသံလေးနဲ့ ရေရွတ်တယ်။
9 06
“အဲဒါ ငါ့သားကြီးအပြစ်မဟုတ်ပါဘူး။ အဲဒီလိုဆုံးဖြတ်လိုက်တာ ငါတို့လင်မယား … သူမဟုတ်ဘူး”
အဘိုးကြီးကျိုးက မျက်လုံးထောင့်ကနေ မယုံသင်္ကာနဲ့ကြည့်လိုက်ပေမဲ့ ဒီထက်ပြင်းတဲ့ သုံးသပ်ချက်တွေကိုတော့ လည်ချောင်းထဲ ပြန်မျိုချလိုက်ပါတယ်။ ထုတ်သာပြောလိုက်ရင် သူတို့သူငယ်ချင်းဆက်ဆံရေး ဒီမှာတင် အဆုံးသတ်သွားလိမ့်မယ်။
“ကဲပါ ဘာဖြစ်ဖြစ် မင်းအရင်ဆုံး တစ်ခုခုလုပ်တာ ကောင်းလိမ့်မယ်။ ငါသွားရတော့မယ် ဒီညသောက်ချင်ရင် လာသာလာခဲ့ ငါအိမ်မှာရှိနေမယ်”
“ထားလိုက်ပါတော့ … ငါ့မှာ အိမ်မှာလုပ်စရာတွေ ရှိသေးတယ်”
အဘိုးကြီး ကျိုးထွက်သွားပြီးတဲ့အထိ အဲဒီမှာခဏလောက်ရပ်နေသေးတဲ့ အဘို ရွှီက နေဝင်မှပဲ အိမ်ပြန်လာတော့တယ်။ သူခြံထဲဝင်လိုက်တာနဲ့ ရွှီချင်းရှန်က လှမ်းခေါ်တယ်။
“အဖေ ဝမ်းကွဲဦးလေး ဘာခေါ်ပြောတာတဲ့လဲ”
အဘိုးရွှီက သူ့သားကိုတစ်ချက်သာ စောင်းငဲ့ကြည့်ပြီး ဘာမှပြန်မဖြေဘဲ အိမ်မကြီးထဲ တန်းဝင်သွားတယ်။ အပြင်ဘက်က ရွှီချင်းရှန်ကတော့ ခေါင်းကုတ်ရင်း နားမလည်သလို ကျန်ခဲ့တော့တယ်။
သူ့ညီ ၃ကို အဖေ ဘာဖြစ်သွားလဲ မေးလိုက်ချင်ပေမဲ့ မီးဖိုချောင်ထဲက အဒေါ်ကျိုးရဲ့ ညစာအသင့်ဖြစ်ပြီဆိုတဲ့ အသံကြောင့် စကားစပြတ်သွားတယ်။ စားသောက်နေတုန်း အဘိုး ရွှီရဲ့မျက်နှာက တစ်ချိန်လုံး သုန်မှုန်နေတယ်။
ရွှီထင်းရှန်းကလည်း လမ်းပြန်လျှောက်လာနိုင်ပြီဆိုကတည်းက ထမင်းကို အားလုံးနဲ့အတူ လာထွက်စားတယ်။ လေထုအခြေအနေက အတော်လေး တင်းမာနေပြီး ပုံမှန်ဆို ပန်းကန်တွေနဲ့ လျှောက်ဆော့တတ်တဲ့ မောက်ဒန်လေးတောင် အသံတစ်သံ မထွက်ရဲဘူး။
ညစာစားပြီးတော့ အဒေါ်ကျိုးတို့သားအမိက ပန်းကန်တွေသိမ်းနေပြီး တခြားလူတွေကလည်း အသီးသီးထသွားဖို့လုပ်တဲ့အချိန်မှာပဲ အဘိုး ရွှီရဲ့အသံပြတ်ပြတ် ထွက်လာတယ်။
“ချင်းရှန် မင်းတို့လင်မယားနေခဲ့ ငါပြောစရာရှိတယ်။ ကုန်းကျစ်ရောပဲ ကျန်တဲ့လူတွေကတော့ သွားနားလို့ရပြီ”
……….
******
10 01
အပိုင်း 10
ဒါကိုကြားတော့ ကျောက်အာက လုပ်လက်စအားလုံး ရပ်လိုက်ပြီး ချက်ချင်းအပြုံးတစ်ခုနဲ့ ပြောလာတယ်။
“အဘိုး ကျန်တဲ့လူတွေ နားထောင်လို့မရအောင် ဘာလျှို့ဝှက်ချက်တွေများ ပြောမှာမို့လို့လဲ။ ကုန်းအာ နေခဲ့ရမယ်ဆိုကတည်းက သမီးလည်း တစ်ခါထဲ နားထောင်လိုက်တော့မယ်လေ”
အဘိုးရွှီက သူမဆီကို ခပ်စူးစူးတစ်ချက်ကြည့်လိုက်ပြီး ပုံမှန်အေးဆေးတဲ့စရိုက်နဲ့ ကွဲပြားစွာ ခပ်ကြမ်းကြမ်းအော်လာတယ်။
“ဘာကိုနားထောင်မှာလဲ။ ဒါ ယောက်ျားလေးတွေ စကားဝိုင်း နင်တို့မိန်းကလေးတွေ နားထောင်စရာ ဘာမှမရှိဘူး!!”
အရေထူပြီးသား ကျောက်အာကတော့ စိတ်ဆိုးဒေါသထွက်ခြင်းမရှိဘဲ အနည်းငယ် မတရားလုပ်ခံလိုက်ရသလိုနဲ့ မျက်နှာလေး တမင်ညှိုးပြလိုက်တယ်။
“ဒါဆို ဘာလို့ အဒေါ် ၁ကျ နေလို့ရတာလဲ။ သူကရော မိန်းမမဟုတ်ဘူးလား။ ပြီးတော့ ကုန်းအာက စကားသိပ်ပြောတတ်တာ မဟုတ်ဘူး။ တကယ်လို့ သမီးသာ သူ့ဘေးမှာမနေပေးရင် မပြောတတ်မဆိုတတ်နဲ့ သူက အဘိုးကို ဒေါသထွက်စေတာပဲရှိမယ်”
စားပွဲမှာရှိတဲ့သူတိုင်းက အရွယ်ရောက်ပြီးသားတွေမို့ သူမစကားက အနေအေးတဲ့ ရွှီထင်းရှန်းကို တစ်ယောက်ယောက် အနိုင်ကျင့်မှာ စိုးတယ်လို့ ဆိုလိုချင်တာ သိပြီးသားပဲ။ အဘိုးရွှီကတော့ ဘာမှမတုံ့ပြန်နိုင်ဘဲ ကျောက်အာကိုသာ အကြည့်စူးစူးတွေ ပစ်လွှတ်နေတယ်။
ဒါတွေအားလုံးဖြစ်လာရတာ ဒီကောင်မလေးကြောင့်ပဲဖြစ်မယ်လို့တောင် သူစပြီး သံသယဝင်လာမိတယ်။
ကုန်းအာက ခေါင်းငုံ့ငြိမ်ခံတတ်တဲ့လူစားမျိုးမို့ အခုချိန်ကျမှ အများမြင်အောင် အုတ်ဂူအရှေ့ သွားငိုတယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ။ သေချာပေါက် နောက်ကွယ်မှာ ဒီကောင်မလေးရဲ့ စနက်ရှိရမယ် …
ဒီကောင်မလေး အိမ်ကိုစရောက်ကတည်းက တစ်ချိန်လုံး စကားနားမထောင်ဘဲ ပြန်ခံပြောနေတာတွေကို စဥ်းစားလိုက်မိပြီး အဘိုးရွှီက တော်တော်လေး အမြင်ကပ်သွားရတယ်။ ဒါပေမဲ့ အခုက ဒါတွေအပေါ် ဒေါသထွက်နေချိန် မရှိတာကြောင့် အရင်ဦးဆုံး အရေးကြီးတဲ့ကိစ္စကို အာရုံစိုက်ရမယ်။
“အေး အဲဒါဆိုလည်း ထိုင်”
သူ့အသံက ပုံမှန်လေသံပြန်ဖြစ်သွားပေမဲ့ အလိုမကျမှုတွေကတော့ သိသိသာသာ ပါဝင်နေတယ်။ ကျောက်အာက မသိသလို ဟန်ဆောင်ရင်း သူ့လူဘေးမှာ ဝင်ထိုင်လိုက်တယ်။ ဒါကိုမြင်တော့ အဒေါ်စွန်းကလည်း ရွှီချင်းဟွိုင်ကို ခပ်မြန်မြန် ဆွဲချလိုက်ရင်း ဆက်နေဖို့ အချက်ပြလိုက်တယ်။
“ကျောက်အာ နေခဲ့မယ်ဆိုတော့ အားလုံးတစ်ခါတည်း နားထောင်လိုက်ကြတာပေါ့”
သူမက အတင်းညှစ်ထုတ်ထားတဲ့ အပြုံးတစ်ခုနဲ့ စကားလမ်းကြောင်းလာတယ်။ အဘိုးရွှီကတော့ ဒေါသပုန်ထတော့တယ်။
“အဲဒီလောက်တောင် နားထောင်ချင်သပဆိုလည်း ထိုင်ကြဟေ့!!”
နောက်ဆုံးတော့ ၄နှစ်သား မောက်ဒန်လေးအပါအဝင် မိသားစုဝင်အားလုံး နေခွင့်ရသွားကြတယ်။ မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေတဲ့ အဒေါ်ကျိုးတောင် စားပွဲခုံသုတ်ဖို့ အကြောင်းပြချက်နဲ့ အနားရောက်လာတယ်။
ကျယ်ဝန်းတဲ့ အိမ်ရှေ့ခန်းတစ်ခုလုံးကို လေးထောင့်စားပွဲ အလယ်တည့်တည့်က ရေနံဆီမီးအိမ်တစ်ခုကပဲ အလင်းပေးနေတာကြောင့် အဘိုးရွှီကို အလယ်ခေါင်မှာ ထားပြီး ဝိုင်းထိုင်နေကြတဲ့ အားလုံးရဲ့မျက်နှာကို အရိပ်ထင်နေစေတယ်။
အချိန်တစ်ခုအထိ သူဘယ်ကစပြောရမှန်းတောင် မသိတော့ဘူး။ အဘိုးရွှီက လူတိုင်းရဲ့မျက်နှာကို ဖြည်းဖြည်းချင်း လိုက်ကြည့်ပြီးတော့မှ နောက်ဆုံး သူ့မျက်ဝန်းတွေကို ရွှီထင်းရှန်းဆီ ပို့လိုက်တယ်။
“တကယ်တော့ ဘာမှအများကြီး ပြောစရာမရှိပါဘူး။ ပြီးခဲ့တဲ့ရက်တုန်းက သားကြီးပြောနေတဲ့ ကလေးတွေကို မြို့ကျောင်းပို့ဖို့ကိစ္စ ပြောချင်လို့”
ကျောက်အာက ရုတ်တရက်ကြီး အနည်းငယ် စိုးရိမ်လာလို့ ရွှီထင်းရှန်းကို အသာလေး ခိုးကြည့်ပြီးမှ အဘိုးရွှီဆီ အာရုံပြန်စိုက်လိုက်တယ်။ အကြီးဆုံးမိသားစုခွဲက လင်မယားနှစ်ယောက်ကတော့ သူတို့အပျော်တွေကို မနည်းဖိနှိပ်လိုက်ရတယ်။ ဒါပဲလေ သူတို့ဒီအတောအတွင်း အများကြီးသည်းခံခဲ့ရတာ ဒီအခိုက်အတန့်လေးအတွက်ပဲ။
10 02
ရွှီချင်းရှန်က နှုတ်ခမ်းပေါ်ကအပြုံးကိုတောင် မထိန်းနိုင်တော့ဘဲ ရွှီထင်းရှန်းကို သနားတာတစ်ဝက် ကျေနပ်တာတစ်ဝက်နဲ့ ဖြတ်ခနဲကြည့်လိုက်ပြီးမှ လူတိုင်းအမူအရာကို တစ်ချက်အကဲခတ်ကာ သူ့အကြည့်တွေကို ကောင်ငယ်လေးဆီ ပြန်ပို့လိုက်တယ်။
“ကုန်းအာ စိတ်ဓာတ်မကျနဲ့နော် မင်းက လောလောဆယ် မင်းအစ်ကို ကျွင်းခိုင်ကို မမှီသေးတော့ ဒီဦးလေးဆီမှာ ဆက်လေ့လာသွားလိုက် နောက်တစ်နှစ်နှစ်နှစ်လောက်ကျရင်တော့ မင်းကိုလည်း မြို့ကျောင်းမှာ ထားပေးမှာပါ”
ဒီတဒင်္ဂလေးမှာ သူ့လေသံက သရော်လှောင်ပြောင်ချင်တာ သိသာနေတာမို့ ကျောက်အာရဲ့ နှုတ်ခမ်းတွေက တွန့်လိမ်သွားပြီး သူမ တစ်ခုခု ခွန်းတုံ့ပြန်ဖို့လုပ်ပေမဲ့ ရွှီထင်းရှန်းက စားပွဲအောက်ကနေ လက်ကိုဆွဲပြီး တားလိုက်တာကြောင့် ပြန်ငြိမ်လိုက်ရတယ်။
ဒါတွေအားလုံး မြင်လိုက်တဲ့ ရွှီချင်းရှန်က သူ့စိတ်ထဲ ပိုတောင် လှောင်လိုက်မိသေးတယ်။ ဒီကောင်မလေး ဘယ်လောက်ပြဿနာရှာရှာ အသေးအဖွဲလေးတွေအပေါ်မှာပဲ အနိုင်ယူနိုင်မယ်။ ဒီလိုကိစ္စကြီးတွေမှာတော့ အသုံးဝင်မှာမဟုတ်ဘူး။ သူက သူမကို ဦးတည်ပြီး ခပ်မဲ့မဲ့ပြုံးပြလိုက်တယ်။
“ကျောက်အာလည်း စိတ်မပျက်သွားနဲ့ဦး။ မင်းက မာနတလူလူနဲ့ အမြင့်မှန်းတာသိပေမဲ့ အဲဒီမာနက ထမင်းလာမကျွေးဘူးလေ ဟုတ်တယ်မလား”
သူ့စကားတွေအပြီး တစ်ခန်းလုံးက အပ်ကျသံတောင် ကြားရလောက်အောင် တိတ်ဆိတ်သွားတယ်။ အဲဒီအချိန်မှာပဲ အဘိုးရွှီက ရုတ်တရက် ဒေါသတကြီး ထမာန်မဲတော့တယ်။
“ချင်းရှန် မင်းဘာတွေ ပေါက်ကရပြောနေတာလဲ”
ရွှီချင်းရှန်ကတော့ မဖြုံတဲ့ပုံနဲ့ “အဖေ ကျွန်တော်က ကုန်းအာတို့ကို စိတ်ဓာတ်မကျဖို့ပဲ ပြောနေတာပါ …”
အဘိုးရွှီက ဒေါသထွက်လွန်းလို့ လက်တွေတောင်တုန်ယင်လာပြီး ဆေးတံနဲ့ထခေါက်ပစ်လိုက်တော့တယ်။
“အဲဒါ မင်းကို သူတို့က လာပြောရမှာ။ မြို့မှာကျောင်းသွားတက်ရမှာက ကျွင်းခိုင်မဟုတ်ဘဲ ကုန်းကျစ်ပဲ!”
ဒီစကားတွေက တစ်ခန်းလုံးကို ငယ်ထိပ်တည့်တည့် မိုးကြိုးပစ်ချခံလိုက်ရသလို ဖြစ်သွားစေတယ်။ တိတ်ဆိတ်မှုက ကျယ်လောင်လွန်းပြီး နောက်ကျမှ အဘွားကျောက်ရဲ့အသံက ခပ်ပြတ်ပြတ်ထွက်လာတယ်။
“အဘိုးကြီး ရှင်ဘာတွေပြောနေတာလဲ။ မြို့ကိုသွားရမှာ ကျွင်းခိုင်မဟုတ်ဘူးဆိုတာ ဘာကိုဆိုလိုချင်တာလဲ”
ရွှီချင်းရှန်ကလည်း အခုမှ အသိစိတ်ပြန်ဝင်လာပြီး “အဖေ ဒေါသထွက်လွန်ပြီး နာမည်မှားပြောမိသွားတာမလား”
“ငါက စကားမှားပြောရအောင် သူငယ်ပြန်နေလို့လား။ မင်းကြားလိုက်တာ မှန်တယ် မြို့မှာကျောင်းသွားတက်ရမှာ ကုန်းကျစ်ပဲ ကျွင်းခိုင်မဟုတ်ဘူး”
ဒီတစ်ခွန်းပြောပြီးသွားတဲ့နောက် အဘိုးရွှီက သူ့တစ်ကိုယ်လုံး အားအင်ကုန်ခမ်းသွားတဲ့ပုံနဲ့ မောပန်းစွာ တိတ်ဆိတ်သွားတယ်။ လူတိုင်းရဲ့မျက်လုံးတွေကတော့ ရွှီကျွင်းခိုင်နဲ့ ရွှီထင်းရှန်းတို့နှစ်ယောက်ကို တစ်လှည့်စီကြည့်ရင်း မယုံနိုင်ဖြစ်နေကြတယ်။
အခုနတုန်းက ရွှီချင်းရှန်ရဲ့မျက်နှာပေါ်က ဝင့်ကြွားတဲ့အပြုံးက ချက်ချင်းကွဲကြေသွားပြီး အဒေါ်ယန်ရဲ့မျက်နှာက မထင်မှတ်ထားမှုတွေနဲ့ တွန့်လိမ်သွားတယ်။ ရွှီကျွင်းခိုင်ရဲ့မျက်နှာချောချောကတော့ နီရဲတက်လာတယ်။
“အဘိုး …”
အဘိုးရွှီက နွမ်းလျလျနဲ့ လက်ယမ်းပြလိုက်ပြီး “တော်လောက်ပြီ အားလုံးကိုယ့်အခန်းကိုယ် ပြန်ကြတော့”
ဒီကိစ္စကြီးက အခုလို မထင်မှတ်ထားတဲ့ အလှည့်အပြောင်းကြီးနဲ့ တည့်တိုးဆန်စွာ ပြီးဆုံးသွားတော့ မဆိုင်တဲ့လူတွေအနေနဲ့ ကျန်တဲ့မိသားစုခွဲက လူတွေအားလုံး အလျှိုလျှိုထွက်သွားကြပေမဲ့ အကြီးဆုံး မိသားစုခွဲကတော့ ကျန်ရစ်ခဲ့တယ်။
တခြားလူတွေ အိမ်မကြီးထဲက ထွက်လာတာနဲ့ အနောက်ကနေ အဘွားကျောက်ရဲ့ အော်ဟစ်သံကျယ်ကျယ်ကို ကြားလိုက်ရတယ်။
“အဘိုးကြီး ရှင် မြန်မြန်ရှင်းပြတာ ကောင်းလိမ့်မယ် ကျွန်မရဲ့ကျွင်းခိုင်လေးအစား ကုန်းကျစ်က မြို့ကျောင်းတက်ရမယ်ဆိုတာ ဘာကိုပြောချင်တာလဲ”
10 03
တစ်ဆက်တည်းမှာပဲ ရွှီချင်းရှန်ရဲ့ အော်သံ အဒေါ် ယန်ရဲ့ ခံပြင်းမှုတွေ ပြည့်နှက်နေတဲ့ ငိုရှိုက်သံနဲ့ အဘိုးရွှီရဲ့ ပင်ပန်းနေတဲ့ လေသံယိုင်နဲ့နဲ့က ဖြည်းဖြည်းချင်း ရှင်းပြနေတာကို ကြားရလိမ့်မယ်။ တစ်မိုးအောက်ထဲမှာ ဘယ်လျှို့ဝှက်ချက်မှ ကြာကြာထိန်းသိမ်းထားလို့မရပါဘူး။ အဲဒီလိုနဲ့ လူတိုင်း ဘာတွေဖြစ်နေမှန်း နားလည်သွားကြတယ်။
နောက်တစ်နေ့နံနက်မှာတော့ လူတိုင်းက ပုံမှန်ထနေကျအချိန် ထလာကြပေမဲ့ ဘယ်သူမှ ကောင်းကောင်းအိပ်ခဲ့ရပုံ မပေါ်ဘူး။ အဒေါ်ယန်ရဲ့မျက်လုံးတွေက ငိုရလွန်းလို့ ဖောင်းအစ်နေပြီး ရွှီချင်းရှန်ရဲ့ မျက်ခမ်းစပ်တွေကလည်း သွေးလိုနီရဲနေတယ်။
သူက ကျောက်အာနဲ့ရွှီထင်းရှန်းတို့ကို မကြာခဏဆိုသလို သတ်မတတ်ဖြတ်မတတ် ကြည့်လာတတ်ပေမဲ့ အကြောင်းအရင်းတချို့ကြောင့် ဘာမှတော့ ပြောမလာဘူး။ ရွှီမိသားစုအိမ်အတွင်းက လေထုက မွန်းကျပ်စရာကောင်းလွန်းတယ်။
ဘယ်သူမှ အသံတစ်စက်မထွက်ရဲဘဲ လူတိုင်းက ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေကြတာတောင် ခြံဝန်းကြီးကတော့ တစပြင်လို တိတ်ဆိတ်မြဲ တိတ်ဆိတ်ဆဲပဲ။
နံနက်စာ စားသောက်ပြီးတဲ့အခါ အဘိုးရွှီက ဆေးတံခါးမှာချိတ်ပြီး လယ်ထဲသွားဖို့ပြင်တော့ ရွှီချင်းပိုင်နဲ့ ရွှီချင်းဟွိုင်တို့ ညီအစ်ကိုနှစ်ယောက်လည်း အချိန်ထပ်ဖြုန်းမနေရဲဘဲ တစ်ယောက်က နွားသွားထုတ်ကာ တစ်ယောက်ကတော့ သံထွန်သွားကြီးကို ပုခုံးပေါ် အမြန်ကောက်တင်လိုက်ရင်း အဖေအနောက်က လိုက်လာခဲ့ကြတယ်။
ရွှီချင်းရှန်ကလည်း အိမ်မှာမနေဘဲ အပြင်သွားပေမဲ့ သူဘယ်ကိုသွားလဲတော့ ဘယ်သူမှမသိကြဘူး။ ကျန်တဲ့ရွှီမိသားစုဝင်အားလုံးနဲ့မတူဘဲ အတော်လေး စိတ်အခြေအနေကောင်းနေတာကတော့ ကျောက်အာပဲ။
မနေ့ညက ရွှီထင်းရှန်းဆီက ဖြစ်ကြောင်းကုန်စင်အားလုံးကို ကြားပြီးသွားကတည်းက သူမက အရမ်းစိတ်လှုပ်ရှားနေခဲ့တာ။ ကိုယ့်ဘက်ကိုယ် ယက်တယ်လို့ပဲပြောပြော သူမအမြင်မှာတော့ သူ့လူကသာ မြို့ကျောင်းတက်သင့်တာ။
ပြီးခဲ့တဲ့ရက်တွေထဲ လက်ထဲပိုက်ဆံမရှိလို့ ခေါင်းခဲနေခဲ့ရတာ။ အခုတော့ ဒီသတင်းက သူမအတွက် ကောင်းကင်ဘုံက ချီးမြှင့်တဲ့လက်ဆောင်လေးလိုပဲ။ မြို့တော်ကြီးဆိုကတည်းက အဲဒီမှာကျောင်းသွားတက်မဲ့သူတွေကလည်း ကောင်းကောင်းမွန်မွန် ဝတ်စားမှဖြစ်မှာပေါ့။
အဲဒီလိုနဲ့ ကျောက်အာက သူမ နှစ်ပေါင်းများစွာ သိမ်းဆည်းထားတဲ့ အပြာရောင် ပိတ်စတစ်လိပ်ကို ထုတ်ယူလာခဲ့တယ်။ အမှန်အတိုင်းပြောရရင် အဲဒါကလည်း အမျိုးသမီးချူ သူ့ခန်းဝင်ပစ္စည်းတွေထဲက သူမကို အင်္ကျီချုပ်ဖို့ ပေးထားခဲ့တာဖြစ်တယ်။
သူမက အမြဲတမ်း ဒါလေးကို ချုပ်ဝတ်ဖို့ တုံ့ဆိုင်းနေခဲ့တာဆိုပေမဲ့ အခုတော့ ရွှီထင်းရှန်းအတွက် ကျောင်းလွယ်အိတ်လုပ်ပေးဖို့ အတော်ပဲဖြစ်သွားတယ်။ ကျောက်အာက ရွှီထင်းရှန်းနဲ့ စကားစမြည်ပြောရင်း ပိတ်စကို ညှပ် အပ်ပေါက်ထိုးကာ သူမရဲ့လက်မှုပညာကို စတင်တော့တယ်။
အဲဒီအချိန်မှာပဲ သူမတို့အခန်းရဲ့ ကန့်လန့်ကာက မ,တင်ခံလိုက်ရပြီး အပေါက်ဝမှာ အကြီးဆုံးမိသားစုခွဲရဲ့ သားငယ်ရွှီယို့ခိုင်ပေါ်လာတယ်။ ထိုကောင်လေးက ၁၀နှစ်သာရှိသေးပြီး ဝဝကစ်ကစ်နဲ့ အလိုလိုက်ခံကလေးတစ်ယောက်ပဲ။
သူက ဝင်လာတာနဲ့ ရွှီထင်းရှန်းကို ဦးတည်ပြီး ခနဲ့တော့တယ်။
“မင်းလိုလူမျိုးက ငါ့အစ်ကိုကြီး ရသင့်တာကို လုသွားချင်တယ်ဟုတ်လား။ ခွေးနာမည်နဲ့လူကများ မင်းကဘယ်တော့မှ အစ်ကိုကြီးကို ကျော်နိုင်မှာမဟုတ်ဘူး ကျန်တဲ့လူအားလုံးထက်လည်း သာမှာမဟုတ်ဘူး!”
သူ့မိဘတွေရဲ့ကျေးဇူးကြောင့် ဒီကလေးက ပါးစပ်တော်တော်ဆိုးတယ်။ သူက ငယ်ငယ်လေးကတည်းက တစ်မိသားစုလုံးကို ပတ်ဗိုလ်ကျလာခဲ့ပြီး တကယ့်နိုင်ထက်စီးနင်းလေးမို့ အားလုံးကို ဒေါသကြောင့်အသက်တိုအောင်လုပ်နေတာ။
ဟိုးအရင်ကတည်းက သူ့အကျင့်စရိုက်နဲ့ပက်သတ်ပြီး ပိုဆိုးလာနိုင်ချေတွေ သိသိသာသာ ရှိနေပေမဲ့ အဒေါ်ယန်ကတော့ ဘယ်တော့မဆို ‘ကလေးပဲရှိသေးတာမို့ မသိတတ်သေးတာ’ဆိုတဲ့စကားကိုသာ လက်ကိုင်ထားပြီး ကာဆီးကာဆီးလုပ်နေခဲ့တယ်။
နောက်ဆက်တွဲရလဒ်အနေနဲ့ ဒီကောင်လေးက သွန်သင်ဆုံးမလို့တောင်မရတော့တာပဲ။ ကျောက်အာက ဘယ်သူပဲဖြစ်နေနေ ဒါမျိုးတွေကို နည်းနည်းလေးမှ သည်းခံနေဖို့စိတ်ကူးမရှိဘူး။ တကယ်လို့ ဒီအိမ်မှာ ရွှီယို့ခိုင်အပေါ် လက်တင်ဖူးတဲ့သူကိုပြပါဆိုရင် ကျောက်အာက တစ်ဦးတည်းသောသူပဲ။
10 04
အဲဒါကြောင့် ထိုကောင်လေးက သူမကို ကြောက်လည်းကြောက်သလို မုန်းလည်းမုန်းတယ်။ သူမ ခြေထောက်ဆောင့်ပြီး တစ်ခုခုပြောတော့မဲ့အချိန်မှာပဲ ရွှီယို့ခိုင်က ရုတ်ခြည်းဆိုသလို သဲသဲကွဲကွဲ မသိရတဲ့ တစ်စုံတစ်ရာနဲ့ ပစ်ပေါက်လာတယ်။
အဲဒီအရာက လေထဲမှာတင် အတော်ဆိုးဝါးတဲ့ စိမ်းရွှင်ရွှင်အနံ့ဆိုးထွက်နေပြီး သူမကို တိုက်ရိုက်လာထိတော့မှာမို့ အလိုအလျောက် ရှောင်ပစ်လိုက်ဖို့ဆိုပေမဲ့ အနောက်မှာရှိနေတဲ့ ရွှီထင်းရှန်းကို ပြန်သတိရသွားလို့ ကျောက်အာက ဆုံးဖြတ်ချက် ခိုင်မာစွာနဲ့ သူ့လူကိုကျောပေးပြီး ကာပေးလိုက်တယ်။
တစ်ခဏတွင်းချင်းဖြစ်ပျက်သွားတာတွေကြောင့် ကြောင်အမ်းသွားတဲ့ ရွှီထင်းရှန်းက အသိစိတ်ပြန်ကပ်လာတော့ သူမရင်ခွင်ထဲပွေ့ဖက်ခံထားရတာ သဘောပေါက်သွားပြီး အချိန်ကောင်းမဟုတ်တာတောင် မျက်နှာတွေနီရဲလာပြီး ရင်ခုန်မိသွားသေးတယ်။
အားလုံးပြီးသွားတော့မှ ကျောက်အာက သူ့ကိုပြန်လွှတ်ပေးလာတယ်။ ရွှီယို့ခိုင်ကတော့ အခုနကတည်းက ထွက်ပြေးသွားပြီ။ သူမ အနောက်ကို လှည့်ကြည့်လိုက်တော့မှ သူပစ်ပေါက်လာတာက ခြောက်ကပ်နေတဲ့ နွားချေးတုံးဖြစ်နေတယ်။
မြင်ကွင်းက သူမကို စိတ်လွတ်သွားစေပြီး ကျောက်အာက ဒေါသပုန်ထကာ ရွှီယို့ခိုင်အနောက် ပြေးလိုက်သွားတယ်။ ခြံတံခါးအဝမှာပဲ သူ့ကိုဖမ်းမိသွားပြီး ဘာမှမပြောဘဲ ဂုတ်ကနေဆွဲကာ ဘေးက သစ်ကိုင်းခြောက်တစ်ကိုင်း ကောက်ရင်း ရိုက်တော့တယ်။
“သုံးရက်လောက် ငါ့လက်စာမမိတာနဲ့ နင်က ရောင့်တက်လာတယ်ဟုတ်လား”
*ရွှမ်း*
*အား*
ရွှီယို့ခိုင်က အတင်းရုန်းပေမဲ့ မလွတ်မြောက်နိုင်ဘဲ ကျရောက်လာတဲ့ ရိုက်ချက်တွေကလည်း အသဲခိုက်မတတ်မို့ ငယ်သံပါအောင် အော်ငိုတော့တယ်။ နောက်တော့ ရုန်းမရတဲ့အဆုံး ကျောက်အာ သူ့ကိုသေချာရိုက်လို့မရအောင် မြေကြီးပေါ်လူးလှိမ့်ရင်း ရှောင်တိမ်းနေတယ်။
ဒါက ကလေးတစ်ယောက်အတွက်တော့ အတော်လေး ယုတ္တိရှိတဲ့ ဖြေရှင်းချက်တစ်ခု ဖြစ်နေပုံရပါတယ်။ အပြင်က ဆူညံသံတွေက အိမ်ထဲကလူတိုင်းရဲ့ အာရုံကို ဆွဲဆောင်သွားတယ်။
အားလုံးပြေးထွက်လာကြပေမဲ့ အဘွားကျောက်က ဖြတ်ခနဲမြင်လိုက်တာနဲ့ ပေါက်ကွဲတော့တယ်။
“ငါ့မြေးကို ဘယ်သူရိုက်ခွင့်ပေးလို့လဲ။ အခုချက်ချင်း ရပ်လိုက်စမ်း!!”
ကျောက်အာကတော့ သူမ အော်သံကို လျစ်လျူရှုရင်း မြေပေါ်က ယို့ခိုင်ကိုသာ ပြန်အော်တယ်။
“ထပ်လုပ်ဦးမလား။ ဟမ်။ အကြီးတွေကို နွားချေးနဲ့ပေါက်ရမယ်လို့ နင့်ကိုဘယ်သူသင်ပေးလိုက်လဲ။ ပါးစပ်ကလည်း ဆိုးလိုက်တာမှ နင့်ကို အဲဒီလိုတွေပြောဖို့ ဘယ်သူသင်ပေးသလဲ။ မြန်မြန်တောင်းပန်တာ ပိုသက်သာမယ်နော်! မဟုတ်လို့ကတော့ ငါရိုက်ရုံတင်မဟုတ်ဘဲ နင့်ရဲ့နံစော်နေတဲ့ ပါးစပ်ကိုဆေးဖို့ ရွာထိပ်ကမြစ်ထဲအထိ ဆွဲခေါ်သွားမှာ!”
အဒေါ်ယန်လည်း အလျင်စလို ပြေးထွက်လာပြီး အာခေါင်ခြစ်အော်တော့တယ်။
“ဝမ်ကျောက်အာ နင်ရူးနေပြီလား။ ယို့ခိုင်ကို ဘယ်လိုတောင် ရိုက်ရဲတာလဲ!”
ကျောက်အာက ပြန်ပက်တယ်။
“အဒေါ်ရော ကိုယ့်ကလေးကိုယ် ဘယ်လိုဖြစ်နေသလဲ မသိဘူးလား။ လူကဖြင့် လက်တောက်လောက်လေးရှိသေး လူတွေကို နွားချေးနဲ့ပစ်ပေါက်ပြီး အပေါက်ဆိုးတဲ့ အဘိုးကြီးတွေလို ရိုင်းစိုင်းနေတာ ဟဲ့ ဒီမှာနားထောင်စမ်း နင့်အစ်ကို ၂မှာ နာမည်ရှိတယ် ရွှီထင်းရှန်းတဲ့! သူ့ကိုခွေးလို့ ထပ်နှိုင်းလို့ကတော့ ငါနင့်ကို ကြားတိုင်း ရိုက်မှာနော်!”
ရွှီယို့ခိုင်က လောလောဆယ် မျက်လုံးတွေပေါက်ထွက်မတတ် အော်ငိုနေပြီး နှပ်တွေ မျက်ရည်တွေနဲ့ ပေပွနေပေမဲ့ ဘယ်သူမှ ဝင်မဆွဲရဲဘူး။ အဘွားကျောက်ကတော့ စိတ်တိုလွန်းလို့ နေရာမှာတင် ဆွေ့ဆွေ့ခုန်နေတယ်။ တကယ်တော့ အဒေါ်ယန်က ရှေ့တက်ဖို့လုပ်ပေမဲ့ ဟေးကျစ်က သူမလမ်းကို ပိတ်ကာထားတယ်။
ပုံမှန်ဆို အပျင်းထူတဲ့ခွေးပေါကြီးလို့ ထင်ရတဲ့ ခွေးနက်ကြီးက အခုတော့ဖြင့် စူးရှတဲ့အကြည့်တွေနဲ့ သွားဖြဲရင်း တဂီးဂီး လုပ်နေတာများ တကယ်လို့ သူမသာ ရှေ့တစ်လှမ်းတိုးလိုက်ရင် တကယ် ကိုက်ပစ်တော့မယ် အောက်မေ့ရတယ်။ အဲဒီအချိန်မှာပဲ ခြံအပြင်ဘက်က အသံတစ်သံထွက်လာတယ်။
“ခြံထဲမှာ ဘာတွေဖြစ်နေကြတာလဲ”
သူကတော့ အိမ်ပြန်လာတဲ့ ရွှီချင်းရှန်ပဲ။ နောက်ပြီး သူကတစ်ယောက်တည်းမဟုတ်ဘဲ ရွာလူကြီး ကျန်းအပြင် ရွှီမိသားစုခေါင်းဆောင်ရယ် နောက်ထပ်ရွာအကြီးအကဲအချို့ရယ်လည်း ပါလာခဲ့တယ်။ ခြံထဲက ဖရိုဖရဲတွေကိုမြင်တဲ့အခါ ရွှီချင်းရှန်က ပထမတော့ လန့်သွားပြီးမှ နောက်တော့ ခါးသီးတဲ့အပြုံးတစ်ခုနဲ့ အနောက်ကလူကြီးတွေဆီ လှည့်ပြောလာတယ်။
“အပြင်လူတွေ ဘာပြောပြော ခဏထားလိုက်ပါဦး။ ဒါပေမဲ့ ကုန်းကျစ်ကို ဘယ်သူက အနိုင်ကျင့်ရဲမှာလဲ။ အခုပဲကြည့်ပါလား ဒီကောင်မလေးက အမြဲတမ်း စိတ်မထိန်းဘဲ ထင်ရာစိုင်းတတ်တယ်။ တကယ်လို့ ကျွန်တော်တို့သာ ကုန်းကျစ်ကို မတရားလုပ်ခဲ့တယ်ဆိုရင် ဟိုးအရင်ကတည်းက ဒီကောင်မလေးက ပြဿနာရှာနေလောက်ပြီ မဟုတ်ဘူးလား”
သူ့စကားတွေက အပေါ်ယံတော့ အကျိုးအကြောင်းသင့်သလို ခံစားရပေမဲ့ တကယ်တမ်းကျ ပညာတတ်ပီပီ အခြေအနေကို လှည့်လိုက်တာပဲ။ ကျောက်အာက ကိုယ့်ကိုယ်ကိုယ် ဒီလိုအသရေဖျက်မခံတဲ့အတွက် တစ်စက္ကန့်တောင်နားမနေဘဲ ပြန်ပြောတယ်။
“ဦးလေး တကယ်မတရားတာပဲ ကျွန်မ အမြဲတမ်း အိမ်ကလူကြီးတွေကို လေးစားသမှုနဲ့ ဆက်ဆံခဲ့တာ ကျွန်မကပဲ ပြဿနာရှာတတ်တဲ့သူလို မပြောပါနဲ့ ဒီနေ့ ဒီကောင်လေးကို ရိုက်တယ်ဆိုတာလည်း အကြောင်းရှိတယ် သူက…”
10 05
သူမ စကားမဆုံးခင်မှာပဲ အဒေါ်ယန်က ငိုကြီးချက်မနဲ့ ပစ်ဝင်လာပြီး လက်ထဲကယို့ခိုင်ကို ဆွဲဖက်ရင်း ရင်ထုမနာဖြစ်နေတယ်။
“အောင်မယ်လေး သူက ကလေးလေးပဲရှိပါသေးတယ်! နင်က သူ့ထက်အများကြီး အသက်ကြီးတယ် သူကအခုမှ မသိတတ်သေးတဲ့အရွယ်လေးကို ဘယ်လိုတောင် လုပ်ရက်တာလဲ။!”
အဒေါ်ယန်က ယို့ခိုင်ကို သိမ်းဖက်ထားရင်း မြေကြီးပေါ်မှာ ကူကယ်ရာမဲ့ဟန်နဲ့ထိုင်ငိုနေပြီး ရွှီချင်းရှန်ကတော့ ဒရာမာခင်းလွန်းတဲ့ သက်ပြင်းရှည်တွေ လေးလံစွာ ချပြနေတယ်။ ဒီနှစ်ယောက် လူအများအရှေ့မှာ မျက်ရည်ခံထိုးပြီး သနားစိတ် ဝင်အောင်လုပ်နေတယ်ဆိုတာ အရင်ကမသိတောင် အခုတော့ သေချာသိသွားပြီ။
သူမမျက်နှာက စိတ်အနှောင့်အယှက်ဖြစ်မှုကြောင့် ရှုံ့တွသွားပေမဲ့ ပါးစပ်ဟတော့မဲ့အချိန်မှာပဲ ရွှီထင်းရှန်းက အခန်းထဲကထွက်လာပြီး သူမကို လက်မောင်းကနေ ငြင်ငြင်သာသာလေး ဆွဲဟန့်လိုက်တယ်။
သူက တည်ငြိမ်တဲ့ခြေလှမ်းတွေနဲ့ ကျောက်အာအရှေ့မှာ ကွယ်ရပ်ရင်း ခြံဝက လူကြီးသူမတွေကို အရင်တရိုတသေ နှုတ်ဆက်လိုက်တယ်။ ဒီလူတွေအားလုံးက တစ်ရွာထဲသားတွေဖြစ်ပြီး သူနေ့တိုင်းမြင်နေရတဲ့မျက်နှာတွေချည်းပဲမို့ အသက်ငယ်တဲ့သူတစ်ယောက်အနေနဲ့ ယဥ်ကျေးသမှုရှိရမယ်လေ။
အားလုံးကို ကောင်းကောင်းမွန်မွန် နှုတ်ဆက်ပြီးတာနဲ့ သူက အဒေါ်ယန်ဘက် မျက်နှာမူပြီး လေသံခပ်အေးအေးနဲ့ ဆိုတယ်။
“ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့ အဒေါ် ကျောက်အာက စိတ်လိုက်မာန်ပါ လုပ်လိုက်မိပါတယ် ဒါပေမဲ့ သူ ယို့ခိုင်ကို ရိုက်တယ်ဆိုတာကလည်း ညီလေးက ကျွန်တော့်ကိုအရင် ခွေးနဲ့နှိုင်းပြီး နွားချေးနဲ့ပါ ပစ်ပေါက်လာလို့ပါ။ အဲဒါကြောင့် သူဒေါသထွက်ပြီး ထင်ရာစိုင်းလိုက်မိတာပါ”
ဒီအတိုချုပ်ရှင်းပြချက်လေးက ချက်ချင်းလူတိုင်းမျက်လုံးထဲ အမြင်ကောင်းရသွားစေတယ်။ ကောင်လေးပုံစံကြည့်ရတာ ငယ်ပေမဲ့ ပညာတတ်ဆိုတဲ့အတိုင်း လေးစားသမှုရှိပြီး တည်ငြိမ်တဲ့ စိတ်နေစိတ်ထားနဲ့ပဲ အားလုံးကို ထိန်းထိန်းသိမ်းသိမ်း ရှင်းပြသွားတယ်။
အဲဒါထက် နစ်နာသူဖြစ်တာတောင် လူကြီးသူမဆိုတာ အသိကပ်ပြီး ပြန်တောင် တောင်းပန်သွားသေးတယ်။ ကျောက်အာက ငတုံးမဟုတ်ပေမဲ့ သူမ အဖြစ်မှန်ကိုရှင်းပြတောင် ရှူးရှူးရှားရှားဖြစ်နေရင် ဘယ်သူမှ ယုံချင်ကြမှာမဟုတ်ဘူး။
အဲဒါနဲ့ဆန့်ကျင်ဘက် ရွှီထင်းရှန်းကတော့ အဓိကအချက်တွေသာ ထောက်ပြသွားတယ်။ တကယ်လည်း ကလေးတစ်ယောက်က ဆိုးသွမ်းတာ လက်ခံနိုင်ပေမဲ့ အစ်ကိုဖြစ်သူကို ခွေးနဲ့နှိုင်းပြီး မစင်နဲ့ပါ ပစ်ပေါက်တာကတော့ လက်မခံနိုင်စရာကိစ္စပဲ။
သေချာသလောက်ပါပဲ သူ့ရဲ့တည်ငြိမ်အေးဆေးတဲ့ ရှင်းပြချက်ကြောင့် မိသားစုခေါင်းဆောင်နဲ့ တခြားအကြီးအကဲတွေက ပိန်ပိန်ပါးပါး ရွှီထင်းရှန်းရဲ့ စိတ်ရှည်ပြီး ကျိုးနွံတဲ့အမူအရာလေးကို ကြည့်ကာ သူ့ဘက်မပါဘဲ မနေနိုင်တော့ဘူး။
……………
******