အခန်း (၁၃-၁၄)
Vol. 2 Ch. 13-14
13 01
အပိုင်း 13
ရွှီထင်းရှန်းက စာအုပ်တွေ စတင်ကူးရေးဖို့ စိတ်ပိုင်းဖြတ်လိုက်ပြီဆိုမှတော့ ကျောက်အာကလည်း ဘာမှကန့်ကွက်နေစရာ မရှိဘူးပေါ့။ အမှန်တော့ သူမက ကိုယ့်ဘာသာ စိတ်ထဲမှာတောင် သံန္နိဌာန်တစ်ခု ချပြီးသွားပြီ။
တစ်နေ့ ထင်းအာ စာလေ့လာတဲ့အခါ ဘယ်တော့မှ ပိုက်ဆံကိုထည့်တွေးမနေရအောင်လို့ သူမ ငွေအလုံအလောက် ရှာပြီး စုထားမယ်။ ဒါပေမဲ့ အခုချိန်မှာတော့ အဲဒီကိစ္စက ဖြစ်လာဖို့လိုပါသေးတယ်။
ကျောက်အာက ရွှီထင်းရှန်းကို စာရွက်ကူစီပေးပြီးတာနဲ့ သင့်တော်မဲ့ အပ်နဲ့အပ်ချည်ကို သွားရှာလာပြီး အားလုံးရေးပြီးသွားရင် တန်းဖတ်လို့ရအောင်လို့ စာမျက်နှာအစဥ်လိုက် ချုပ်ပေးဖို့ အကြံပေါ်လာတယ်။ ရွှီထင်းရှန်းကတော့ သူမရဲ့အမျှော်အမြင်ကြီးမှုအပေါ် မနေနိုင်ဘဲ ရယ်လိုက်မိပေမဲ့ ဘာမှမဟန့်တားခဲ့ဘူး။
အဲဒီအစား သူက နောက်တစ်ကြိမ် စုတ်တံကိုင်ကာ တိတ်တဆိတ် အာရုံစိုက်ရင်း ဆက်ရေးတော့တယ်။ သူက သူ့ဦးနှောက်ထဲ မှတ်မိနေသမျှ စာပေအားလုံးကို ပြန်ချရေးဖို့ ရည်ရွယ်ထားတယ်။ ဘာလို့ဆို သူ အဲဒီအိပ်မက်ကြီးမက်ပြီးကတည်းက သူ့အတွင်းစိတ်ထဲက နောက်ထပ် ‘သူ’ရဲ့ လွှမ်းမိုးမှုက ပိုမိုကြီးမားလာပြီး သူ့နေ့စဥ်ဘဝမှာပါ လာရောက်ဝင်စွက်ဖက်နေလို့ပဲ။
ဒီကိစ္စကို သူ ဉာဏ်ကောင်းလွန်းတယ်လို့လည်း မပြောနိုင်ဘူး။ အကြောင်းကတော့ သူဆိုတာ ကလေးဘဝတုန်းက လေ့လာခဲ့ဖူးတဲ့စာအုပ်တွေမှာတောင် အကြောင်းအရာက ပိုအသေးစိတ်လေ ပိုမေ့လွယ်တဲ့လူစားမျိုးမို့ ဒါတွေအစအဆုံးမှတ်မိနေတာက တော်တော်ထူးဆန်းစရာပဲ။
အားလုံးကို ခြုံငုံစဥ်းစားမိတဲ့နောက်မှာတော့ ရွှီထင်းရှန်းက အကြောင်းအရင်းကို သဘောပေါက်သွားတယ်။ အဲဒီအိပ်မက်ထဲကသူက စာလေ့လာတုန်းက အတော်လေး ခါးခါးသီးသီးဖြတ်သန်းခဲ့ရတဲ့ နှစ်တွေကို ခံပြင်းမုန်းတီးလွန်းလို့ ဒီမှတ်ဉာဏ်တွေကို ချောင်ထိုးထားလိုက်တာ ဖြစ်ရမယ်။
အုပ်ချုပ်ရေးအရာထမ်းစနစ် ဝင်ခွင့်အောင်ပြီးသွားတော့လည်း သူ့တစ်ဘဝလုံးက နိုင်ငံရေး တိုက်ပွဲထဲ ရောက်သွားပြီး စာလေ့လာဖို့ဘက်ကို အားမစိုက်နိုင်တော့ဘူး။ မျက်တောင်တစ်ခတ်အတွင်းမှာတင် နှစ်တွေအများအပြား ကုန်လွန်သွားပြီး သူ ရှင်းရှင်းလင်းလင်း မှတ်မိတာဆိုလို့ နန်းတွင်းလွှတ်တော်ရဲ့ နိုင်ငံရေးကစားကွက်တွေပဲ ရှိတယ်။
အမှန်အတိုင်းပြောရရင် အိပ်မက်ထဲက ရွှီထင်းရှန်းက စာပေပညာရှင်တစ်ယောက်ထက် နိုင်ငံရေးသမားလုံးလုံး ဖြစ်ခဲ့တာ။ ဒါပေမဲ့ လောလောဆယ်မှာတော့ အဲဒါတွေက ကလေးလက်ထဲ စစ်သူကြီးဓားထည့်ပေးသလိုမျိုး သူ့အတွက် အသုံးမဝင်သေးဘူး။
သို့သည့်တိုင် မှတ်ဉာဏ်တွေကတော့ မဖိတ်ခေါ်ပါဘဲ အလိုအလျောက် တိုးဝင်လာကြတုန်းပဲ။ ရွှီထင်းရှန်းက သူတစ်ချိန်တုန်းက သင်ကြားခဲ့တာတွေကို မမေ့လိုက်ချင်ဘူး။ အခုချိန် သူ့အိပ်မက်ရှည်ကြီးထဲက အကျိုးရှိမဲ့ ဗဟုသုတတချို့ကို ထုတ်ယူလာပြီး သူ့ကိုယ်သူ အခြေခံခိုင်အောင်လုပ်ဖို့ပဲ လိုအပ်တယ်။
ဒီနည်းလမ်းကို သူ့လက်နဲ့ကိုယ်တိုင် စာအုပ်တွေ ကူးရေးတာက အစပြုဖို့အကောင်းဆုံးဖြစ်လိမ့်မယ်။ ဝါးစက္ကူက အရည်အသွေးနိမ့်တာကြောင့် စုတ်တံကိုင်တဲ့အားကိုတောင် သေချာလေး ထိန်းညှိပေးရတယ်။ မဟုတ်ရင် အရမ်းဖွလွန်းရင်လည်း မှင်မထင်သလို အရမ်းဖိရေးမိရင်လည်း စာရွက်ပေါက်သွားနိုင်တယ်။
ဒီလိုအခက်အခဲကြားမှာတောင် ရွှီထင်းရှန်းရဲ့ လက်ကောက်ဝတ်ကတော့ မနည်းမများတဲ့ အားနဲ့အတူ စုတ်တံကို လိုသလိုစေခိုင်းသွားတာများ တိမ်တွေပေါ်မှာ ကြိုးကြာတစ်သိုက် ခမ်းနားထည်ဝါစွာ ကူးလူးပျံသန်းနေသလိုပဲ။
ကျောက်အာက သူမကြောင့် အာရုံပျက်သွားမှာစိုးပြီး အသက်တောင်ကျယ်ကျယ် မရှူရဲရှာဘူး။ သူမအကြည့်တွေက စာရေးခြင်းအပေါ်မှာပဲ အာရုံစူးစိုက်ထားတဲ့ လူငယ်လေးအပေါ် ကျောက်ချရှိနေပြီး သူလေးတောင် အရွယ်ရောက်လာပြီပဲဆိုတဲ့ မိခင်လိုခံစားချက်မျိုး ခဏတစ်ဖြုတ်ဝင်လာမိတယ်။
ရွှီထင်းရှန်းက ခဏတွင်းချင်း တစ်မျက်နှာပြီးသွားပြန်တယ်။ သူက ဘေးမှာအခြောက်ခံဖို့ လုပ်လိုက်ပေမဲ့ ကျောက်အာက အလျင်အမြန် ဆွဲယူကာ သူတို့အိပ်ရာပေါ်မှာ ဖြန့်တင်ပေးလိုက်တယ်။
ကျောက်အာက စာမတတ်ပေမဲ့ သူမမျက်လုံးတွေက ပန်းချီခြယ်ထားသလို ညီညာဝန်းဝိုင်းနေတဲ့ စာလုံးတွေအပေါ် ရောက်သွားတဲ့အခါ အကြည့်မလွှဲနိုင်တော့ဘူး။ သူမ အသိစိတ်ပြန်ဝင်လာတဲ့အချိန်မှာတော့ ရွှီထင်းရှန်းက နောက်တစ်ရွက် ထပ်ပြီးသွားခဲ့ပြီ။
13 02
အဲဒီလိုနဲ့ သူက ရေးလိုက် သူမက အခြောက်ခံပေးလိုက်နဲ့ အချိန်တစ်ခုလောက်လုပ်ပြီးတဲ့အခါ အိပ်ရာတစ်ပြင်လုံးက စာရွက်တွေနဲ့ နေရာလပ်မရှိ ဖြစ်သွားတယ်။ သူရေးနေတဲ့ အက္ခရာသုံးလုံးတွဲကျမ်းက ဝေါဟာရတချိုု့လောက်ပဲမို့ အားလုံးအပြီးရေးဖို့ ဘယ်လောက်မှ မကြာလိုက်ဘူး။
အဆုံးသတ် စုတ်ချက်တစ်ချက် ဆွဲပြီးတာနဲ့ သက်ပြင်းတစ်ချက်ချကာ လက်ထဲက မှင်တံကိုချလိုက်ပြီး ညောင်းညာနေတဲ့ လက်ကောက်ဝတ်ကို အနည်းငယ် နှိပ်ပေးလိုက်တယ်။ သူ တစ်ထိုင်တည်း အများကြီးမရေးတာ ကြာပြီမို့ လက်အကြောတွေက နေသားမကျသေးဘဲ နာကျင်ကိုက်ခဲနေတယ်။
“နောက်ကျ စာလိုက်ကူးရေးပြီး အိမ်စရိတ် စိုက်ပေးမယ်”
သူက ရုတ်တရက်ကြီး ပြောလာပေမဲ့ စိတ်ထဲဒီလိုအကြံရှိနေတာကတော့ ကြာပါပြီ။ သူ့အိပ်မက်ထဲက ရွှီထင်းရှန်းက ‘လောကီရေးရာကို စုံမှိတ်ပစ်ပယ်လို့ ကျမ်းဂန်တွေကိုသာ နှလုံးဖွင့် မူသွင်းပါ’ဆိုတဲ့ စကားအတိုင်း စာအုပ်ပုံထဲခေါင်းနှစ်ခဲ့တာမို့ အိမ်ရဲ့ဝန်အားလုံးကို ကျောက်အာက ထမ်းခဲ့ရတာ။
အတိတ်က ရွှီကုန်းကျစ်က ယောက်ျားတစ်ယောက်အနေနဲ့ မဦးဆောင်ပေးနိုင်တဲ့အပေါ် သူ့ကိုယ်သူ ခံရခက်ခဲ့ပေမဲ့လည်း ကျောက်အာက သူမပါဘဲနဲ့တောင် စီးပွားလုပ်တဲ့နေရာမှာ စေ့စေ့စပ်စပ်ရှိပြီး နေ့တိုင်း ပိုက်ဆံကို ခေါင်းထဲမထည့်ဖို့ ပြောလာတော့ သူလည်း နောက်ဆုံး ဒါတွေကို ထည့်တွေးမနေတော့ဘူး။
ဒါပေမဲ့ အခုပြန်ကြည့်တော့မှ အဲဒီတုန်းက ရွှီကုန်းကျစ်က အပေါ်ယံသာ ဂရုမထားတော့သလို နေနေပေမဲ့ တကယ်တမ်းကျ ထိုကိစ္စကြီးက သူ့စိတ်အနက်ရှိုင်းဆုံးထဲမှာ ဆူးတစ်ချောင်းလို နစ်ဝင်နေခဲ့တယ်။
အခု သူ့မှာ ငွေရှာဖို့လမ်းစရှိလာမှတော့ ဘာလို့ ငုပ်တုပ်ထိုင်နေတော့မလဲ။ စစ်မှန်တဲ့ယောက်ျားတစ်ယောက်က ဘယ်တော့မှ မိန်းမထမိန်နား ခိုမစားဘူး အိပ်မက်ထဲက ရွှီကုန်းကျစ်က ဒါတွေကိုနားမလည်ပေမဲ့ လက်တွေ့ဘဝက ‘သူ’ နားလည်သွားလို့ တော်သေးတယ်
“စာကူးပေးပြီး ငွေရှာမယ်” ကျောက်အာက တွေဝေတုံ့ဆိုင်းခြင်းကင်းစွာ ခေါင်းယမ်းလိုက်ပြီး “မဖြစ်ပါဘူး အဲဒီအလုပ်က ဘယ်လောက်ပင်ပန်းလိုက်သလဲ- မျက်လုံးထိခိုက်လိမ့်မယ်”
“အဲဒီလောက်လည်း မဟုတ်ပါဘူး အခုပဲကြည့်ပါလား ငါဒီတစ်အုပ်လုံးကို ဘယ်လောက်မြန်မြန် ကူးလိုက်နိုင်သလဲလို့”
ရွှီထင်းရှန်းက စာမျက်နှာအားလုံးကို အစဥ်လိုက် ညီညီညာညာ စီပြီးမှ သူမကို တွဲချုပ်ဖို့ကမ်းပေးလိုက်တယ်။
“ပြီးတော့ ဒီအလုပ်က ပိုက်ဆံလည်းရမယ် စာလည်းဖတ်ရမယ်။ လက်ရေးလှလည်း ကျင့်လို့ရသေးတယ် ဘာလို့မလုပ်ရမှာလဲ။ ငါမှတ်မိသလောက် မြို့ထဲက စာအုပ်ဆိုင်တစ်ဆိုင်က ရောင်းမဲ့စာအုပ်တွေ အများကြီး ကူရေးပေးဖို့ ဆင်းရဲတဲ့ကျောင်းသားတွေ ခေါ်နေတယ်တဲ့ မနက်ဖြန် မြို့တက်ပြီး စာအုပ်ဆိုင်ပိုင်ရှင်ကို ဒါတွေသွားပြလိုက် တကယ်လို့ အဆင်ပြေတယ်ဆို တစ်ခါတည်း အလုပ်ယူခဲ့လိုက် ငါကြိုးစားကြည့်မယ် …”
ရွှီထင်းရှန်းက ပြောနေရင်းတန်းလန်း ခဏလောက် တန့်သွားပြီး စဥ်းစားသယောင်ပြုတယ်။
“နေဦး ငါပါလိုက်ခဲ့မယ် အတူတူသွားကြတာပေါ့”
“ဒါက တကယ်ရော အလုပ်ဖြစ်မှာမို့လို့လား” ကျောက်အာက သူ့ကောင်လေးနဲ့ပတ်သက်လာရင် မနေနိုင်ဘဲ အမေကြီးတစ်ယောက်လို စိုးရိမ်မိတယ်။
“ဘာလို့မဖြစ်ရမှာလဲ”
အဲဒီလိုနဲ့ ဒီကိစ္စအတွက် သဘောတူညီမှုရသွားကြပြီး နောက်တစ်နေ့ကျတော့ နှစ်ယောက်လုံးက အိပ်ရာစောစောထကာ အိမ်မှာနံနက်စာတောင် မစားဘဲ ထွက်လာခဲ့ကြတယ်။ ယွီချင်းရွာက ဟူယန်းမြို့နယ် လက်အောက်မှာ တည်ရှိတဲ့ရွာစုလေးတွေ အများကြီးထဲက တစ်ခုအပါအဝင်ဖြစ်တယ်။
အလွယ်ပြောရရင် အားလုံးက ကျေးရွာလေးတွေ စုပေါင်းထားတာဆိုသော်လည်း နေရာအကွက်အကွင်းကျတဲ့ ဧရိယာမှာတည်လိုက်နိုင်တဲ့ ရွာကတော့ မြို့နယ်လေးတစ်ခုဖြစ်သွားတာပေါ့။
13 03
ယွီချင်းရွာကလည်း ဒီလက်အောက်ခံ ရွာငယ်လေးတွေထဲမှာ အကြီးဆုံးတွေထဲက တစ်ရွာပဲ။ မြို့တက်မဲ့ ခရီးလမ်းက ခြေကျင်လျှောက်မယ်ဆို ၂နာရီကြာမြင့်မှာဖြစ်ပြီး လှည်းနဲ့ဆိုရင်တော့ နည်းနည်းပိုမြန်လိမ့်မယ်။
သူတို့ဒေသမှာ လမ်းပန်းဆက်သွယ်ရေးဆိုလို့ မြို့နဲ့နီးရာနီးကြောင်း ရွာလေးတွေက ထွက်တဲ့ ခရီးသည်တင် နွားလှည်း၊ မြည်းလှည်းတွေသာ ရှိတယ်။ နွားလှည်းတွေက တစ်ခါစီးမှ ကြေး ၂ပြားပဲမို့ ဈေးသက်သာပေမဲ့ ခရီးဖင့်တယ်။
မြည်းလှည်းတွေကတော့ ကြေး ၄ပြားပေးရတာကြောင့် သိသိသာသာ ပိုမြန်တယ်။ ယွီချင်းရွာလမ်းမကြီးထဲကနေ ထွက်လာခဲ့ပြီးနောက် နှစ်ယောက်သားက အနောက်ဘက်အရပ်ဆီ ဦးတည်လျှောက်လာခဲ့ရင်း ဖြတ်သွားဖြတ်လာ လှည်းစောင့်ဖို့ အရိပ်ရတဲ့ အပင်အိုကြီးတစ်ပင်အောက်မှာ ရပ်စောင့်နေကြတယ်။
သူတို့အင်္ကျီအဝတ်အစားတွေက ရိုးရှင်းပေမဲ့ သေသပ်တယ် အထူးသဖြင့် ယောက်ျားလေးပုံစံဝတ်ထားတဲ့ ကျောက်အာက ပိုပြီးမျက်စိထဲ ထင်းထွက်နေတယ်။
“ဆိုတော့ ဒါကြောင့် မင်းအမြဲတမ်း နောက်ဖေးစိုက်ခင်းတွေထဲက ခိုးခိုးထွက်သွားတာလား”
ရွှီထင်းရှန်းက သူမကို ခေါင်းအစခြေအဆုံး ကြည့်ပြီး မေးလာတယ်။
“ဒီအဝတ်အစားတွေ လဲဖို့လေ”
ကျောက်အာက ခေါင်းညိတ်ပြလိုက်ပြီး စိတ်ထဲမလုံဖြစ်သွားတယ်။ ဒါပေမဲ့လည်း သူမ စိတ်ဆုံးဖြတ်ပြီးပြီဆိုကတည်းက အဆိုးဆုံးတွေအတွက် ပြင်ဆင်ထားခဲ့သော်ငြား ရွှီထင်းရှန်းက အနည်းငယ် အံ့ဩသွားရုံကလွဲရင် တခြားဆူပူပြောဆိုတာမျိုး မရှိလို့ တော်သေးတယ်။
“ဒီလိုက အလုပ်ရှာရတာ ပိုလွယ်တယ်လေ ကြည့်ပါလား အခုဆို ငါက မိန်းကလေးဆိုတာတောင် သေချာမပြောနိုင်တော့ဘူးမလား”
ရွှီထင်းရှန်းက နှုတ်ခမ်းနှစ်လွှာကို ခပ်ပါးပါးမျဥ်းလေးတစ်ခုဖြစ်အောင် စေ့ပိတ်ရင်း သူမကို အကဲခတ်ကြည့်လိုက်တယ်။ သူ့မျက်စိအရှေ့က ‘လူငယ်လေး’က ယောက်ျားတစ်ယောက်အနေနဲ့ဆို ပိန်ပါးသွယ်လျပုံပေါ်ပေမဲ့ မိန်းမဆန်တဲ့လက္ခဏာတော့ တစ်စက်မှမတွေ့ရဘူး။
ရှေ့တစ်လှမ်းတိုးပြီး အနီးကပ်ကြည့်လိုက်တော့မှ ကျောက်အာက မျက်ခုံးတန်းတွေကို ပိုနက်ပိုထူအောင် ဆွဲထားပြီး ရင်ဘတ်ကိုလည်း တစ်နည်းနည်းနဲ့ ပြားကပ်နေအောင် လုပ်ထားတယ်။ သူ့အကြည့်တွေကို သတိထားမိသွားတဲ့ ကျောက်အာက အမှန်အတိုင်း ပြောပြလိုက်တယ်။
“အဲဒါက ရုပ်ဖျက်တဲ့နေရာမှာ လာရှုပ်နေလို့ အဝတ်နဲ့စည်းထားလိုက်တာ”
သူမက မသိရင် နေ့တိုင်းဖြစ်နေကျကိစ္စအတိုင်း ထမင်းစားရေသောက်လေသံနဲ့ အေးအေးလူလူ ပြောလာပေမဲ့ ရွှီထင်းရှန်းကတော့ အတော်လေး နှမြောတသဖြစ်သွားရတယ်။ အဲဒီအိပ်မက်ထဲမှာ သူမရဲ့ရင်သားလေးတွေက ဘယ်လောက်ပြည့်ဝန်းအိစက်နေသလဲဆိုတာ ပြန်သတိရသွားတော့ သူမ လုပ်ပုံနဲ့ အဖိုးတန်လေးတွေ ပြားကပ်သွားမှာကြောက်လာတဲ့ ရွှီထင်းရှန်းက မနေနိုင်တော့ဘဲ
“အဲဒီတော့ ပြားသွားရင် ဘယ်လိုလုပ်မလဲ”
ကျောက်အာက မထင်မှတ်ထားတဲ့မေးခွန်းကြောင့် အံ့အားသင့်သွားပေမဲ့ ဘာမှရှည်ရှည်ဝေးဝေး တွေးမနေဘဲ စိတ်ထဲရှိရာ ဖြေချတယ်။
“ပြားသွားတော့လည်း ပြားပါစေပေါ့ ဘယ်လိုပဲဖြစ်ဖြစ် ဘာမှအသုံးဝင်တာမှ မဟုတ်တာ”
အဲဒီအချိန်မှာပဲ အဝေးကနေ လှည်းတစ်စီး မောင်းလာတာ တွေ့တော့ လက်လှမ်းပြလိုက်တဲ့ ကျောက်အာက သူ့အနောက်က ရွှီထင်းရှန်းမျက်နှာပေါ်က ထူးဆန်းတဲ့အမူအရာတစ်ခုကို မတွေ့လိုက်ဘူး။
တရွေ့ရွေ့ရောက်လာတဲ့ လှည်းက နွားမဟုတ်ဘဲ မြည်းလှည်းဖြစ်နေတာမြင်တော့ ရွှီထင်းရှန်းက နည်းနည်းအံ့ဩသွားတယ်။ မြည်းလှည်းက ပိုဈေးကြီးတာကို ကျောက်အာကတော့ တွေဝေခြင်းမရှိ လှည်းသမားကို ကျသင့်ငွေ ကမ်းပေးလိုက်ပြီးပြီ။
“ဒီတစ်ခုက ပိုမြန်တယ် ငါတို့ ဘယ်လောက်မှမကြာခင် ရောက်သွားလိမ့်မယ်”
အမှန်တော့ သူမက အခုမှနေပြန်ကောင်းကာစ သူ့ခန္ဓာကိုယ်လေးက ကြမ်းတမ်းတဲ့ နွားလှည်းဒဏ်ကို မခံနိုင်မှာ စိုးလို့ နှစ်ခုထဲက တစ်ခုရွေးရကြေးဆို သူ သက်တောင့်သက်သာရှိဖို့ကိုပဲ ဦးစားပေးရွေးလိုက်တာ။
သက်လတ်ပိုင်း လှည်းသမားဦးကြီးက အကြွေစေ့တွေ ရေတွက်ရင်း ရယ်ရယ်မောမောနဲ့ ထောက်ခံလာတယ်။
13 04
“မောင်ရင်က ကြည့်တတ်သားပဲ။ ဒီမြည်းတွေက ဟိုနွားအိုကြီးတွေလိုမဟုတ်ဘူး ပိုမြန်ရုံတင်မက လှည်းဆောင့်မှာလည်း မစိုးရိမ်ရဘူး။ ပြောစမ်းပါဦး ဒါက မင်းညီလေးလား”
သူ့မှတ်ချက်က ရွှီထင်းရှန်းရဲ့ မျက်နှာသေးသေးကို မဲမှောင်သွားစေတယ်။ တကယ်လည်း သူက အခုချိန် ကျောက်အာထက် ပိုညှက်ပြီးခေါင်းတစ်လုံးစာလောက် ပုနေသေးတာကြောင့် ဦးလေးကြီးကို သွားအပြစ်တင်လို့မရဘူး။
ကျောက်အာက ခဏလောက် တန့်သွားပေမဲ့ နောက်တော့မှ အပြုံးတစ်ပွင့်နဲ့ ခေါင်းညိတ်ပြလိုက်တယ်။
“ဟုတ်တယ် သူက ကျွန်တော့်ညီလေး”
သူတို့ စကားစမြည်ပြောနေရင်းနဲ့ပဲ လှည်းသမားဦးကြီးက ဇက်ကြိုးကိုင်ပြီး လှည်းစထွက်တယ်။ မြည်းလှည်းလေးက တကယ်လည်း လမ်းက တခြားလှည်းတွေထက်စာရင် အများကြီး ပိုမြန်ပြီး ပိုငြိမ်တယ်။
ခဏတိုင်းလိုလို လမ်းမှာခရီးသည်တွေ့တိုင်း ရပ်တင်တတ်တာကလွဲရင် လှည်းက ကိုယ်တိုင်စိတ်တိုင်းကျ ဆောက်လုပ်ထားတာမို့ စုစုပေါင်း လူ ၁၂ယောက်လောက် အသာလေးထိုင်လို့ရတယ်။
ခေါင်မြင့်တဲ့အမိုးကလည်း အထူးတလည် ပြုလုပ်ထားတာမို့ အသက်ရှူကြပ်မနေစေဘဲ အလေးချိန်ပေါ့တဲ့ အထုပ်အပိုးတွေလောက်ဆို တင်လို့ အဆင်ပြေတယ်။ မြည်းလှည်းစီးတဲ့နေရာမှာ အကောင်းဆုံးတစ်ချက်က ဘာလဲလို့မေးရင် ဖုန်တွေသဲတွေကို ကာရံပေးထားတဲ့ ကန့်လန့်ကာလေးပဲ။
ဖုန်ထတဲ့မြေနီလမ်းမှာ ဘာမှမပါတဲ့ နွားလှည်းတွေထက်စာရင် ထရံကာမြည်းလှည်းလေးနဲ့ဆို မြို့ရောက်ရင်လည်း ဘာမှဖုန်ပြန်ခါစရာ မလိုတော့ဘူး။
“တကယ်လို့ တစ်နေ့ ငါမ ငွေလေးဘာလေး စုမိတဲ့အခါကျ ဒီလိုလှည်းလေးတစ်စီးလောက် ဝယ်ချင်တယ်”
ဘေးချင်းကပ်မှာထိုင်နေတဲ့ ရွှီထင်းရှန်းကို သူ့ဆန္ဒလေးပြောပြလာတဲ့ ကျောက်အာရဲ့အသံထဲမှာ ကလေးဆန်ဆန် စိတ်လှုပ်ရှားမှုလေးတွေ တစွန်းတစပါဝင်နေတယ်။
“မောင်းတတ်လို့လား”
သူမက သူ့အပြောကြောင့် မျက်တောင်လေး တစ်ချက်နှစ်ချက်ခတ်ရင်း စဥ်းစားလိုက်ပြီး “မမောင်းတတ်ပေမဲ့ သင်လိုက်လို့ရတာပဲ”
တကယ်လို့ လှည်းမောင်းတာကအစ ကိုယ့်ဘာသာလုပ်မယ်ဆိုရင် ဒီယောက်ျားကိုလိုပါဦးမလား။
ရွှီထင်းရှန်းက သူ့ဘာသာ တစ်ယောက်တည်း ကျိတ်တွေးလိုက်တယ်။ နောက်တော့ သူပြန်သတိရသွားတာက အဲဒီအိပ်မက်ထဲက ‘ယောက်ျား’ဆိုသူက တကယ်လည်း ဘယ်လောက်မှ အသုံးဝင်ခဲ့တာမှမဟုတ်တာ။
ကြည့်ရတာ ငါလည်း လှည်းမောင်းသင်ထားတာ ပိုကောင်းမယ်နဲ့ တူပါတယ် …
သူက တိတ်တိတ်လေး ဆုံးဖြတ်ချက်ချလိုက်တယ်။ လှည်းတစ်စီးလုံး နေရာပြည့်သွားတာနဲ့ ခရီးသည်ထပ်မတင်တော့ဘဲ သွားလိုက်တာ နောက်ထပ် ၁၅မိနစ်လောက်ကြာတော့ ဟူယန်းမြို့တံတိုင်းကို အဝေးကနေ လှမ်းမြင်နေရပြီ။
လှည်းလေးက မြို့ဝင်ပေါက်မှာတင် ရပ်တန့်သွားပြီး ခရီးသည်တွေအားလုံး ဆင်းလာကြတယ်။ ကျောက်အာက ရွှီထင်းရှန်းကို မြို့ထဲဦးဆောင်ခေါ်သွားလိုက်တယ်။ ဟူယန်းက အရမ်းမကြီးပေမဲ့ သေးငယ်နေတာလည်းမဟုတ်ဘူး။
ကျောက်အာက ပုံမှန်ဆို ကုန်ပစ္စည်းတွေ အများဆုံးရှိတဲ့ အရှေ့ဈေးကို အရင်သွားလေ့ရှိပေမဲ့ ဒီနေ့တော့ သူတို့က စာအုပ်တန်းရှိတဲ့ တောင်ဘက်ဈေးကို ဦးဆုံးဦးတည်ခဲ့တယ်။ ပြီးခဲ့တဲ့မင်းဆက်က စစ်ရေးစစ်ရာတွေထက် စာပေအနုသုခုမဘက်ကိုသာ ပိုမိုအားထည့်ခဲ့တာကြောင့် စစ်ပွဲတွေပြီးဆုံးသွားတာတောင် စာပေယဥ်ကျေးမှုကတော့ တည်ရှိနေဆဲပဲ။
ဖြစ်နိုင်တာက ပိုတောင် ထွန်းကားလာသေးတယ် အထူးသဖြင့် လက်ရှိသာ့ရှီမင်းဆက်ကို တည်ထောင်လိုက်တဲ့ ဧကရာဇ်က ပညာရှိအမတ်တစ်စုရဲ့ တင်မြှောက်ခြင်းကြောင့် ဒီနေ့ဒီလိုနေရာကို ရောက်လာခဲ့တာက အဓိကအရေးကြီးဆုံးအချက်ပဲ။
အဲဒါကြောင့်လည်း သာမန်အရပ်သားတွေကြားမှာတောင် ‘အသက်မွေးဝမ်းကြောင်းတွေထဲမှာ စာသင်သားတွေက အဆင့်အမြင့်ဆုံး’ဆိုတဲ့ ဆိုရိုးစကား ပေါ်ပေါက်လာခဲ့တာ။ ဟူယန်းလိုမြို့ငယ်လေးမှာတောင် အိမ်ထောင်စုတစ်ခုက အပိုဝင်ငွေလေး နည်းနည်းရှိတာနဲ့ သူတို့ကလေးကို စာသင်နှစ်တချို့လောက် ကျောင်းထားပေးကြတယ်။
13 05
တကယ်လို့ သူတို့ဘွဲ့နာမည်တစ်ခုရရင်တော့ အကောင်းဆုံးပေါ့ မရလည်း ပညာတတ်တစ်ယောက်ဖြစ်တာနဲ့တင် အသက်မွေးဖို့ပိုလွယ်တယ်။ ဒီလိုပညာတတ်တွေ ဦးစားပေးတဲ့လူမှုဝန်းကျင်ကြောင့်ပဲ မြို့ငယ်လေးမှာ စာရေးကိရိယာနဲ့ စာအုပ်ဆိုင်တန်းလေးတွေ ရှိလာခဲ့တယ်။
တောင်ဘက်ဈေးမှာတင် မှင်တုံးတွေ စုတ်တံတွေနဲ့ အမျိုးအစားစုံလင်တဲ့ စက္ကူလိပ်တွေ စတဲ့ စာသင်သားတစ်ယောက်လိုအပ်မဲ့ ပစ္စည်းအကုန် စီတန်းပြီးရှိနေတယ်။ ကျောက်အာက စာသင်နေတဲ့လူ မဟုတ်ဘူးဆိုရင်တောင် သူ့ကောင်လေးအတွက် ဝါးစက္ကူတွေ တစ်ခေါက်နှစ်ခေါက် လာဝယ်ဖူးတာကြောင့် ဘယ်နားဘာရှိလဲဆိုတာတော့ သိတယ်။
ဒါပေမဲ့ သူမက စာအုပ်တန်းဆီ နောက်မှသွားဖို့လုပ်လိုက်ပြီး လမ်းဘေးစားသောက်ဆိုင်လေးတွေ တန်းစီနေတဲ့ အကွေ့လေးတစ်ခုထဲ အရင်ချိုးဝင်လိုက်တယ်။ မျက်စိတစ်ဆုံး အစားအသောက်လှည်းတွေထဲမှာမှ ခေါက်ဆွဲဆိုင်လေးက မျက်စိထဲအရင်ဝင်လာတာကြောင့် နံနက်စာအတွက် ခေါက်ဆွဲဝယ်ကျွေးဖို့ ပြင်လိုက်တယ်။
“နံနက်စာဆိုတာ ထမင်းသုံးနပ်မှာ အရေးကြီးဆုံးပဲ ဒီနေ့ ငါတို့လောလောနဲ့ ဘာမှစားမလာခဲ့ဘူးမလား-ဝမ်းမဖြည့်ဘဲ ရှိသမျှအားကုန် ထုတ်သုံးနေလို့မရဘူးလေ စာအုပ်ဆိုင်မသွားခင် အရင်နံနက်စာ စားရအောင်”
ရွှီထင်းရှန်းကို ဘာမှပြန်ပြောခွင့်မပေးဘဲ ကျောက်အာကပဲ ဆိုင်ရှင်ကြီးဆီမှာ ကျူးဖျန်း ခေါက်ဆွဲနှစ်ပွဲ မှာလိုက်တယ်။ ပန်းဂျုံနဲ့ မုယောစပါးတို့ကနေ ပြုလုပ်ထားတဲ့ ကျူးဖျန်းခေါက်ဆွဲဆိုတာ ဖျင်ယန်းပြည်နယ်ရဲ့ အထူးဒေသထွက်စာလို့တောင် ပြောလို့ရတယ်။
ခေါက်ဆွဲမျှင်တွေက နီညိုရောင်သန်းနေပြီး အပေါ်မှာ နူးညံ့တဲ့ တို့ဟူးနဲ့တရုတ်မှိုတို့ကိုပါ ထည့်သွင်းထားတာကြောင့် အမွှေးနံ့က သွားရည်ယိုချင်စရာကောင်းတယ်။
“ဒီဆိုင်က ကျူးဖျန်းခေါက်ဆွဲ တော်တော်ကောင်းတယ် လာ စားကြည့်”
ရွှီထင်းရှန်းက တစ်လုပ်စားကြည့်လိုက်တယ်။ တကယ်လည်း ခေါက်ဆွဲက အရသာရှိတယ်။ အစပ်အဟပ်တည့်အောင် ချက်ထားတာကို မပြောနဲ့ဦး ရက်ရောလွန်းတဲ့ ပါဝင်ပစ္စည်းတွေကတင် လျှာပေါ် စွဲကျန်ရစ်နေစေတာ။
ရွှီအိမ်က ဆီမပါ ဆားမပါ ရေလုံပြုတ်အစားအစာတွေထက်စာရင် အတော်အရသာရှိပြီး ကျေနပ်စရာကောင်းတယ်။ ဒါပေမဲ့ ပေးရတဲ့ဈေးကလည်း ခေါင်ခိုက်နေတယ်။ သူ့ပန်းကန်ထဲက ခေါက်ဆွဲပွဲကြီးကို အကုန်အပြောင်ရှင်းလိုက်ပြီးတဲ့အခါ ကျောက်အာက စုစုပေါင်း ၈ ဝမ်တောင် ရှင်းလိုက်ရတယ်။
ဆိုလိုတာက တစ်ပွဲကို ၄ ဝမ်တောင်မှ … ဒီငွေနဲ့ဆို သူတို့ရွာမှာ အသား ၅၀သားလောက် ဝယ်လို့ရနေပြီ။
“စားကောင်းလား”
ခေါက်ဆွဲဆိုင်လေးထဲက ထွက်လာပြီး သူတို့ တောင်ဘက်ဈေးထဲ ဆက်လျှောက်နေတဲ့အချိန် ကျောက်အာက လှမ်းမေးတယ်။
“အင်း … ဒါပေမဲ့ နည်းနည်းတော့ ဈေးကြီးတယ်”
ရွှီထင်းရှန်းအတွက်တော့ တကယ် ဈေးများတာ အမှန်ပဲ။ သူက ဒီအသက်အရွယ်အထိ ကိုယ်ပိုင်ပိုက်ဆံရယ်လို့ ကိုင်မသုံးဖူးဘဲ လက်ထဲမြင်ဖူးတာဆိုလို့ အဘိုးရွှီဆီက နှစ်ကူးမုန့်ဖိုး အနည်းငယ်ပဲရှိတယ်။
အိပ်မက်ထဲမှာတော့ ဒီလိုတစ်ပဲခြောက်ပြား ပိုက်ဆံလေးက သူ့အတွက် ရယ်စရာတောင် ကောင်းနေသေးတယ်။ အဲဒီမှတ်ဉာဏ်တွေကို လက်ရှိ သူ့လက်တွေ့ဘဝနဲ့ တွဲတွေးလိုက်မိတဲ့အခါ ရွှီထင်းရှန်းက အင်မတန် ထူးဆန်းသလို ခံစားလိုက်ရတယ်။
“ဘာကိုကြီးတာလဲ။ အဲဒါက ဘယ်လောက်မှ မရှိပါဘူး။ နင်က မြို့ကိုလာခဲတယ်လေ ရောက်တုန်းရောက်ခိုက်လေး ငါက ကောင်းကောင်းမွန်မွန် ကျွေးမွေးရမှာပေါ့”
သူမက တကယ်လည်း ကောင်းကောင်းမွန်မွန် ကျွေးခဲ့ပါတယ်။ ကျောက်အာက ပိုက်ဆံရှင်းတဲ့အချိန် တည်ငြိမ်နေပုံရပေမဲ့ အမှန်တော့ သူမတစ်ယောက်တည်းသာဆို တစ်နေ့လုံးနေမှ ဗိုက်ဆာရင် ပေါက်စီအလွတ် တစ်လုံးပဲ ဝယ်စားလေ့ရှိတယ်။
ကျောက်အာက သူ့အတွက်သူ အရမ်းကပ်စေးကုပ်ပေမဲ့ ရွှီထင်းရှန်းအတွက်ဆိုရင်တော့ သူမ တတ်နိုင်သလောက် လုပ်ပေးချင်တယ်။ ကွက်တိ အဲဒါကြောင့်ပဲ ရွှီထင်းရှန်းက ဟိုအိပ်မက်ကို မြင်ယောင်မိတိုင်း အဲဒီမှာ သူက မိန်းမနဲ့ကလေးကို လုပ်ကြံတဲ့သူဖြစ်နေတာကို လုံးဝ မယုံကြည်နိုင်တာ။
13 06
“တကယ်လို့ ငါလည်း လက်ရေးမူစာအုပ်တွေနဲ့ ဝင်ငွေရလာတဲ့အခါကျ မင်းကို နေ့တိုင်း ဒီကိုခေါ်လာမယ်”
နေလုံးကြီးက အပြည့်အဝ ထွက်ပေါ်လာလို့ ရွှေရောင်သန်းတဲ့ နံနက်ခင်းရောင်ခြည်က ပတ်ဝန်းကျင်တစ်ခုလုံးအပြင် ကောင်လေးရဲ့ နုပျိုတဲ့မျက်နှာကိုပါ ပက်ဖြန်းထားတယ်။ သူ့အသားအရည်ဖွေးဖွေးက နေထိုးလိုက်တော့ ကြည်လင်တဲ့ကျောက်စိမ်းဖြူလို နူးနူးညံ့ညံ့လေး တောက်ပနေတော့တယ်။
ဂနာမငြိမ်စွာ တင်းတင်းစေ့ပိတ်ထားတဲ့ နှုတ်ခမ်းနှစ်လွှာက သွေးမရှိဘဲ သူမကိုကောင်းကောင်း မကြည့်ရဲတဲ့ ရွှီထင်းရှန်းက မကြာခဏဆိုသလို တစ်ဖက်ကိုပဲ ဆက်တိုက်အကြည့်လွှဲနေတယ်။ ကျောက်အာကတော့ မပွင့်တပွင့် စကားသံလေးကြောင့်ပဲ အပြုံးတွေ ပိုမိုဝေဆာလာရတယ်။
အကျင့်ပါနေတဲ့ သူမလက်တွေက မနေနိုင်တော့ဘဲ ထိုကောင်လေးရဲ့ ဆံပင်ပွပွကို အသာလေး သွားပွတ်ပေးလိုက်မိတယ်။
“ငတုံးခွေးပေါက်လေး အဲဒီစာကူးရေးပေးတဲ့အလုပ်ကနေ ဝမ် ဘယ်လောက်ရမယ်ထင်လို့လဲ။ ပြီးတော့ အဲဒါလေးနဲ့ ဒီမှာနေ့တိုင်း လာစားလို့ရမယ် ထင်နေတာလား”
သူမအသံက မေတ္တာတရားအပြည့်နဲ့ အေးမြနေပေမဲ့ ကောင်ငယ်လေးရဲ့ နက်မှောင်တဲ့ မျက်ဆံတွေနဲ့ ဆုံသွားတဲ့အခါ လည်ချောင်းထဲက စကားလုံးတွေအကုန် တစ်သွားပြီး ရုတ်တရက်ကြီး သူမ ဘာတွေပြောပြီး ဘာတွေလုပ်လိုက်မိသလဲဆိုတာ သဘောပေါက်သွားတယ်။
ကျောက်အာက နည်းနည်း ချိတုံချတုံဖြစ်သွားတယ်။ ထူးဆန်းတာက ဒီကောင်လေး ဘယ်လောက်အော်အော် သူမ ဘယ်တုန်းကမှ ကြောက်တယ်လို့ မခံစားခဲ့ရဖူးဘူး။ ဒါပေမဲ့ သူစပြီး ကျန်းမာရေးကောင်းလာကတည်းက သူ့အနား ရောက်သွားတာနဲ့ ဘာရယ်ကြောင့်မှန်းမသိ သက်တောင့်သက်သာ မဖြစ်တော့ဘဲ စိမ်းသက်တဲ့ ခံစားချက်ကြီးတစ်ခုရလာတယ်။
ဒီတိုင်း သူမ လျှောက်တွေးနေမိတာပဲ နေမှာပါလေ!
ကျောက်အာက ခေါင်းပေါ်က သူမလက်တွေကို ခပ်သွက်သွက်ပြန်ရုတ်လိုက်ပြီး ဟိုဟိုဒီဒီကြည့်သလို ဟန်ဆောင်လိုက်တယ်။ နောက်တော့မှ ရွှေထုပ်တွေ့လိုက်သလိုမျိုး မျက်လုံးတွေအရောင်လက်လာပြီး ထပြောတယ်။
“ကြည့် ငါတို့ရောက်ပြီ”
သူမက ပြောပြီးတာနဲ့ ခပ်မြန်မြန်လေး စာအုပ်ဆိုင်ထဲ လျှောက်လာခဲ့တယ်။
******
14 01
အပိုင်း 14
‘သုန်းလီဗိမာန်’လို့အမည်ရတဲ့ စာအုပ်အရောင်းဆိုင်လေးက ခပ်ငယ်ငယ်သာဖြစ်ပြီး အရှေ့မျက်နှာစာမှာ အကန့်လေးနှစ်ကန့်သာ ရှိတယ်။ တစ်ကန့်က မှင်တုံး မှင်တံတို့လို စာရေးကိရိယာတွေ ရောင်းချပြီး နောက်တစ်ကန့်ကတော့ နံရံကပ်သစ်သားစင်တွေနဲ့ စာအုပ်စာပေမျိုးစုံနဲ့ အလယ်မှာ လျှောက်လမ်းလေးတစ်ခု ခြားထားတယ်။
စာအုပ်တွေကို ရောင်းအားအကောင်းဆုံး အသစ်စက်စက်ကနေစလို့ အစဥ်လိုက်စီထားပြီး အဟောင်းတန်းပါ ရှိတယ်။ တချို့တွေက တစ်ချက်ကြည့်တာနဲ့တင် ဈေးကြီးမှန်း သိသာလောက်အောင် သေသပ်ပြောင်လက်နေကြပြီး တချို့သာမန်ဗြောင်အဖုံးနဲ့ လက်ချုပ်လိုက်ထားတဲ့ စာအုပ်တွေကတော့ ဈေးသင့်မဲ့ပုံပေါက်တယ်။
ဘယ်လိုပဲဖြစ်ဖြစ် အများစုက လက်နဲ့ကူးရေးထားတဲ့ လက်ရေးမူစာအုပ်တွေသာ ဖြစ်တယ်။ စာအုပ်တစ်အုပ်က ကောင်းကောင်းရောင်းရ မရောင်းရ မသေချာသေးဘဲ စာအုပ်ဆိုင်ပိုင်ရှင်တွေက အဖိုးအခကြီးတဲ့ ပုံနှိပ်ခြင်းကို ပြုလုပ်မှာမဟုတ်ဘူး။
ယေဘုယျအားဖြင့် တစ်ခါသွားပုံနှိပ်မယ်ဆိုရင် အနည်းဆုံး ရာနဲ့ချီအောင် ထုတ်ဝေရမှာမို့ ဘယ်သူမှမသေချာတဲ့ကိစ္စကို အလောင်းအစားမလုပ်ရဲဘဲ အဲဒီအစား သူတို့က လက်ရေးနဲ့ကူးရေးပေးမဲ့သူတွေကိုသာ ငှားလိုက်တာ များတယ်။
ဆိုင်ရှင်ကြီးနဲ့ရင်းနှီးနေတဲ့ ကျောက်အာက ဝင်ဝင်ချင်းမှာပဲ တောက်ပတဲ့အပြုံးလေးနဲ့ အရင်နှုတ်ဆက်လိုက်တယ်။ ထူးဆန်းစရာကောင်းတာက တစ်ဖက်လူကလည်း သူ့ကို တန်းမှတ်မိနေတာပဲ။
ဆိုင်ရှင်က ပြန်နှုတ်ဆက်တဲ့အနေနဲ့ ခေါင်းတစ်ချက်ညိတ်ပြလာပြီး ညီလေးအတွက် စာရွက်လာဝယ်တာလားလို့ အမေးထုတ်လာတယ်။ သူ ဘယ်လိုသိနေသလဲဆိုတာတော့ သူမ မြို့တက်လာတဲ့ ပထမဆုံးအချိန်ကနေ စပြောရလိမ့်မယ်။
အရင်တုန်းက ကျောက်အာက သူ့ကောင်လေးအတွက် အတော်စိတ်မကောင်းဖြစ်ရလို့ မကြည့်ရက်နိုင်တဲ့အဆုံး ကိုယ်ပိုင်အသပြာလေးနဲ့ စာရွက်ဝယ်ပေးဖို့ ဆုံးဖြတ်ခဲ့တယ်။ သူမ မထင်မှတ်ထားတာက စာရွက်ဈေးတွေက ခေါင်ခိုက်နေမယ်ဆိုတာပဲ။
အရည်အသွေးအညံ့ဆုံး ဝါညစ်ညစ် ဝါးစက္ကူတောင် တစ်လိပ်ကို ဝမ် ၄၀ပေးရတယ်။ အဲဒီနေ့က သူမ ကိုယ်ပေါ်က ရှိရှိသမျှ အိတ်ကပ်တွေကို နှိုက်ပြီးထုတ်ကြည့်လိုက်တာတောင် ဝမ် ၃၀ပဲရှိတယ်။
အဲဒီလိုနဲ့ ကျောက်အာခမျာ လျှော့ဈေးရအောင်လို့ ဆိုင်ရှင်ကြီးနဲ့ အချိန်တစ်ခုလောက် ပြောဆိုခဲ့ရပြီး သူ့ညီလေးက မိဘတွေလည်း ကွယ်လွန်သွားပြီး မပြေလည်တဲ့ကြားထဲက ပညာတတ်ကြီးဖြစ်ချင်လို့ပါဆိုတဲ့ ကြေကွဲစရာဇာတ်လမ်းလေးနဲ့ မျက်ရည်ခံထိုးခဲ့ရသေးတယ်။
အဲဒီလိုကျတော့မှပဲ သဘောကောင်းတဲ့ ဆိုင်ရှင်ကြီးက ဈေးလျှော့ရောင်းပေးလိုက်တော့တာ။ အဲဒီကတည်းက ကျောက်အာ တစ်ခေါက်နှစ်ခေါက် စက္ကူလာဝယ်တိုင်း လျှော့ဈေးနဲ့ရပြီး ဆိုင်ပိုင်ရှင် ဦးလေးချန်းနဲ့ပါ အသိမိတ်ဆွေတွေဖြစ်လာခဲ့တယ်။
ဦးလေးချန်းက မကြာခဏဆိုသလို အသက်ငယ်ငယ်လေးနဲ့ သမာအာဇီဝနည်းလမ်းနဲ့ပဲ မိသားစုတာဝန်ကိုထမ်းထားပြီး ညီလေးပညာရေးကိုပါ ပံ့ပိုးပေးနေတဲ့ သူ့ကြိုးစားမှုကို ချီးကျူးလေ့ရှိတယ်။
အဲဒါကြောင့်လည်း သူ့ကိုပေးပေးလိုက်တဲ့ စာရွက်ဈေးတွေက လျှော့ပေးတာထက် အလှူပေးလိုက်သလိုပဲ။ သာမန်ဆိုရင်တော့ ကျောက်အာက ဒီလိုချီးမွမ်းသံတွေကို မျက်နှာပြောင်ပြောင်နဲ့ လက်ခံလိုက်မှာဆိုပေမဲ့ အခုရွှီထင်းရှန်း ဘေးမှာရှိနေတော့ ဦးလေးချန်းက သူမ လိမ်ထားတာတွေကို မတော်တဆဖော်လိုက်မိပြီး သူ့ဆီမှာ အထင်သေးခံရမှာကို နည်းနည်း စိုးရိမ်နေမိတယ်။
ကျောက်အာက ပင်ပန်းဆင်းရဲစွာ ကြီးပြင်းလာခဲ့တာမို့ ဘယ်လိုရှင်သန်ရမလဲဆိုတာ နားလည်ပေမဲ့ သူ့ကောင်လေးကတော့ ငယ်သေးတယ်။ အဲဒါထက် စာသင်သားဆိုတဲ့ မာနလေးက ရှိနေတော့ ပိုတောင်ခေါင်းမာသေးတယ်။
အဲဒီလိုနဲ့ သူတို့စကားဝိုင်းက နည်းနည်းအန္တရာယ်ရှိတဲ့ဘက် ကူးပြောင်းလာပြီဆိုတာနဲ့ ကျောက်အာက အမြန်စကားလမ်းကြောင်း လွှဲပစ်လိုက်တယ်။ ရွှီထင်းရှန်းအတွက်လည်း တစ်နေ့ထဲမှာတင် သူတို့ကို ‘ညီအစ်ကို’တွေအဖြစ် နှစ်ခါတောင် အခေါ်ခံလိုက်ရတော့ မျက်နှာက ပိုသုန်မှုန်လာခဲ့တယ်။
သူ့အာရုံက ဒီအပေါ်ပဲ ရောက်နေတာကြောင့် ဂနာမငြိမ်ဖြစ်နေတဲ့ ကျောက်အာကို သတိမထားမိပါဘူး။ နောက်ဆုံး သူ့စိတ်တွေ လက်ရှိကိုပြန်ရောက်လာတော့ ကျောက်အာက သူတစ်ညလုံး ကူးရေးထားတဲ့ ‘မိသားစုမျိုးရိုးတစ်ရာ’ဆိုတဲ့ လက်ရေးမူကို ဆိုင်ရှင်ကြီးဆီ ပြနေတာ တွေ့လိုက်ရတယ်။
14 02
“ဒါမင်း ညီလေးမလား။ ကောင်လေးက လူချောလေးပဲကွ-ဒါပေမဲ့ နည်းနည်းတော့ ပိန်နေတယ်”
ဦးလေး ချန်းက ရယ်ရယ်မောမော ပြောလာတယ်။ သူက မုတ်ဆိတ်မွှေးသေးသေးနဲ့ အသက်လေးဆယ်ကျော်အရွယ် ပညာတတ်လူကြီးဖြစ်ပြီး ယဥ်ကျေးရည်မွန်ဟန်ရှိတယ်။ စာပေပညာရှင်တွေသာ ဝတ်လေ့ရှိတဲ့ ဝတ်ရုံရှည်နဲ့သူက စီးပွားရေးသမားထက် ပညာရှိတစ်ယောက်အသွင် ပိုပေါက်တယ်။
“သူက တလောလေးကမှ နည်းနည်းနေမကောင်းဖြစ်ထားလို့ပါ”
“အဲဒါကြောင့် ဒီတလော မင်းကိုမတွေ့ရတာကိုး”
ဦးလေးချန်းက ကျောက်အာလက်ထဲက စာအုပ်ကိုယူရင်း သဘောပေါက်သလို ပြောလာတယ်။ စာအုပ်ရဲ့ စက္ကူသားက ညံ့ပြီး ချုပ်ရိုးချုပ်သားကလည်း ဆိုးတာကြောင့် လယ်သမားမျိုးရိုးက ဆင်းသက်လာတဲ့ ကောင်လေးတစ်ယောက်အနေနဲ့ ဒီကလေးက လက်ရေးလှအတတ်မှာ သိပ်မထူးချွန်လောက်ဘူးလို့ သူယူဆလိုက်ပြီးပြီ။
ဒါပေမဲ့ ကျောက်အာကို လေးစားတာကြောင့် တကယ်လို့ လက်ရေးလက်သားက အတော်လေး ညံ့ဖျင်းနေတယ်ဆိုရင်တောင် ဒီညီအစ်ကိုနှစ်ယောက် စိတ်ဓာတ်မကျသွားရအောင်လို့ သွယ်ဝိုက်ငြင်းမဲ့စကားတွေပါ ပြင်ဆင်ထားပြီးသွားပြီ။
မထင်မှတ်ထားစွာနဲ့ လက်ရေးက အဆင်ပြေနေရင်တော့ ကြိုးစားတဲ့လူငယ်လေးတွေကို တစ်ဖက်တစ်လမ်းက ပံ့ပိုးပေးတဲ့အနေနဲ့ အလုပ်လေးတစ်ခုနှစ်ခုလောက် ပေးဖို့လုပ်ထားတယ်။ သို့သော်လည်း အဲဒီခပ်စုတ်စုတ် စက္ကူပေါ်မှာ ရေးထိုးထားတဲ့ စာလုံးတွေကိုမြင်လိုက်တာနဲ့ ဦးလေး ချန်းတစ်ယောက် ဆွံ့အသွားတယ်။
“ဒါက သူရေးထားတာလား”
သူ့အသံက မယုံနိုင်သလိုနဲ့ ရွှီထင်းရှန်းကို တစ်ချက်မော့ကြည့်ပြီးမှ နောက်ထပ်တစ်ရွက်နှစ်ရွက် လှန်ကြည့်ပြန်တယ်။ ဦးလေးချန်းရဲ့တုံ့ပြန်ပုံက ထူးဆန်းနေတော့ ကျောက်အာကလည်း ချက်ချင်းဆိုသလို မကောင်းတဲ့ ခံစားချက်ကြီးရလာတယ်။
သူ့ကောင်လေးရဲ့လက်ရေးက တကယ်ကြီး အဲဒီလောက်တောင် ဆိုးဝါးတာလားဆိုတာ မသိချင်ဘဲ မနေနိုင်တော့ဘူး။ ဘာပဲဖြစ်ဖြစ် ရွာမှာတုန်းက ဘယ်သူမှ သူ့လက်ရေးကို မချီးကျူးဖူးသလို ရွှီချင်းရှန်တောင် သူ့လက်ရေးက ပဲပင်ပေါက်တွေနဲ့တူတယ်လို့ တစ်ခေါက်ပြောဖူးသေးတယ်။
အဲဒါက ဘာကိုပြောချင်မှန်း သေချာမသိပေမဲ့ ကောင်လေးရဲ့ ညှိုးကျသွားတဲ့မျက်နှာအမူအရာနဲ့တင် ကောင်းတဲ့စကား မဟုတ်ဘူးဆိုတာတော့ သဘောပေါက်လိုက်တယ်။ အဲဒီလိုဆိုရင်တောင် သူမကတော့ ဘယ်တော့မှ အပြစ်ပြောမှာမဟုတ်ဘူး။
စာရေးဖို့တောင် စက္ကူချွေတာသုံးနေရတဲ့ လူတစ်ယောက်က ဘယ်လိုလုပ် လက်ရေးလှမှာလဲ။ အဲဒါကြောင့်ပဲ အဲဒီနေ့က သူမ နောက်ဆုံးပေါက်ကွဲသွားပြီး ရွာထဲက ကောက်လာတဲ့ ဟင်းသီးဟင်းရွက်တွေကို ထုပ် မြို့ဈေးမှာ သွားရောင်းပြီး ရလာတဲ့ငွေစလေးတွေနဲ့ ရွှီထင်းရှန်းအတွက် စက္ကူတစ်လိပ် ပထမဆုံးဝယ်ပေးခဲ့တယ်။
ကျောက်အာ ဝယ်ပေးခဲ့တာက ရွှီချင်းရှန်းနဲ့ ရွှီကျွင်းခိုင်တို့ အင်တင်တင်ပေးလာသလို တစ်ရွက်နှစ်ရွက်မဟုတ်ဘဲ အလိပ်လိုက်ယူလာခဲ့တာ။ အခုတော့ ကျောက်အာက စိတ်လှုပ်ရှားလွန်းလို့ ကျောတောင်ချမ်းနေပြီ။
ကြည့်ရတာ သူမ ထင်းအာအပေါ် အရမ်းတွေအယုံကြည်လွန်ပြီး စုံလုံးကန်း မြှောက်ပေးခဲ့မိတယ် ထင်ပါရဲ့။ ဒါပေမဲ့ အခုသူမ အကြောက်ဆုံးက ဦးလေးချန်းရဲ့ ပြင်းထန်တဲ့မှတ်ချက်တွေကြောင့် ကောင်လေး မျှော်လင့်ချက်တွေ ရိုက်ချိုးခံလိုက်ရမှာကိုပဲ။
အတွေးနဲ့တင် စိုးရိမ်လာတဲ့သူမက ဦးလေးချန်းကို အလျင်စလို တစ်ဖက်ကိုဆွဲသွားလိုက်ပြီး တိုးတိုးလေး ကပ်ပြောတယ်။
“ဦးလေးချန်း တကယ်လို့ ကျွန်တော့်ညီလက်ရေးက မကောင်းဘူးဆိုရင်တောင် စကားပြောတဲ့အခါ နည်းနည်းလောက် …”
“နည်းနည်းလောက် ဘာဖြစ်လဲ”
ဦးလေးချန်းက ကြားဖြတ်ပြောလိုက်ပြီးမှ သူဘာကိုဆိုလိုချင်မှန်း နားလည်သွားပြီး ခပ်လွင်လွင် ရယ်လာတယ်။
“ဒီငတုံးလေးကတော့ မင်းက ကာကွယ်တာသိပေမဲ့ သူ့ကိုအမြဲတမ်း ဒီလို ကာဆီးကာဆီး လုပ်နေလို့မရဘူးလေ မဟုတ်ရင် သူဘယ်လိုလုပ် တိုးတက်လာတော့မလဲ”
14 03
သူ့အသံက ခပ်တိုးတိုးမဟုတ်တာကြောင့် ရွှီထင်းရှန်းက အားလုံးအတိုင်းသား ကြားနေရတယ်။ ကျောက်အာက ရှက်သွားပြီး ဘယ်လိုပြန်တုံ့ပြန်ရမှန်းမသိ ဖြစ်သွားတယ်။ အဲဒီအချိန်မှာပဲ ဦးလေး ချန်းက ဆက်ပြောတယ်။
“ဒါပေမဲ့ မင်းညီရဲ့လက်ရေးက အံ့ဩလောက်စရာပဲ။ ဆရာကောင်းတစ်ယောက်နဲ့ သင်ထားတာ သိသာတယ်”
သူက ရွှီထင်းရှန်းဘက်ပြန်လှည့်လာပြီး လက်သီးနှစ်ဖက်စုကာ အနည်းငယ် ခေါင်းငုံ့ရင်း တရိုတသေ မေးလိုက်တယ်။
“လူငယ်လေးကို မေးပါရစေ မင်းဆရာက ဘယ်သူများလဲ”
ပါးစပ်က ဒီလိုမေးလိုက်ပေမဲ့ သူ့မျက်လုံးထဲမှာလည်း သင်္ကာမကင်းတဲ့အရိပ်တွေ ဖြတ်ပြေးသွားတယ်။ ဘာပဲဖြစ်ဖြစ် အရှေ့မှာရပ်နေတဲ့ကောင်လေးက အိမ်နေရင်း ဖျင်ကြမ်းထည်တွေသာ ဝတ်ထားပြီး နာမည်ကျော် ပညာရှင်ကြီးတွေရဲ့ တပည့်ဖြစ်ဖို့ဆိုတာ အဝေးကြီး ဒါပေမဲ့ သူ့လက်ရေးက ….
ဦးလေးချန်းက စာအုပ်ဆိုင်ဖွင့်ထားတယ်ဆိုထဲက ရောင်းဝယ်ဖောက်ကားမှုနဲ့ပက်သတ်ပြီး စိတ်အားထက်သန်သလို အရည်အချင်းလည်းရှိတယ်။ နောက်ပြီး ပညာမျိုးရိုးက ဆင်းသက်လာတာမို့ ရှို့ချိုင်အဆင့်ကနေ မကျော်နိုင်သေးဘူးဆိုရင်တောင် ငယ်ငယ်တုန်းက နန်းတွင်းစာမေးပွဲတချို့နဲ့လည်း ရင်းနှီးပြီးသား။
အဲဒါထက် သူ့မှာ နန်းတွင်းထဲ ခစားဖို့စိတ်ကူးမရှိတာကြောင့် ဒီမိသားစုစီးပွားရေးလေးကိုပဲ စိတ်နှစ်လုပ်ကိုင်ခဲ့တယ်။ သူက တစ်ခါတလေ ပညာရှင်မိတ်ဆွေအချို့နဲ့ အကြမ်းရည်လေးသောက် စာပေအကြောင်း ဆွေးနွေးမယ်။ ကျားထိုးမယ် ပြီးရင် လက်ရေးလှအတတ်နဲ့ အနုပညာလက်ရာတွေကို ရှုစားရတာကတင် ဘဝက ကျေနပ်စရာကောင်းလှပြီလို့ တွေးထားတာ။
သူ့အတွေ့အကြုံအရဆိုရင် ကောင်လေးရဲ့လက်ရေးက နည်းနည်း ကလေးဆန်သေးတယ်ဆိုပေမဲ့ စုတ်ချက်တိုင်းမှာ အားပါတယ်။ တရုတ်ပြည်ရဲ့ လက်ရေးလှအတတ်မှာ ထိပ်ခေါင်ဆရာနှစ်ဆူဖြစ်တဲ့ လျူကုန်းချွမ်နဲ့ ယန်ကျန်းချင်တို့ရဲ့ ‘ယန်က ကြွက်သား လျူက အရိုး’ ဆိုတဲ့စကားပုံအတိုင်း ရွှီထင်းရှန်းရဲ့ လက်ရေးက အဲဒီဆရာကြီးတွေရဲ့ အခြေခံပုံစံကို လိုက်မှီနေတယ်။
သူ့ကိုသာ လမ်းကြောင်းမှန်ပေါ် တင်ပေးလိုက်တာနဲ့ ညတွင်းချင်း ထိုးတက်သွားမှာ ကျိန်းသေတယ်။
ဒါပေမဲ့ ဦးလေးချန်း မသိတာက ဒါတောင် ရွှီထင်းရှန်းက သူ့ကျွမ်းကျင်မှုအကုန်လုံးကို မချပြရသေးဘဲ တမင်တကာ ထိမ်ချန်ထားတယ်ဆိုတာပဲ။ ရွှီထင်းရှန်းက သံသယအဝင်မခံရအောင်လို့ ရည်ရွယ်ချက်ရှိရှိ သူ့စုတ်ချက်တချို့ကို မသေမသပ် ရေးပေးခဲ့တာ။
အဲဒါကြောင့်လည်း ပုံမှန်တစ်နာရီထက် ပိုမကြာတဲ့စာအုပ်ကို တစ်ညလုံးနီးပါး အချိန်ပေး ကူးရေးခဲ့ရတာပေါ့။ သူသာ ပုံမှန်လက်ရေးနဲ့ ရေးမယ်ဆို ဦးလေးချန်းတစ်ယောက် လက်ရေးလှအတတ်ပညာရှင်ကြီးတစ်ယောက် လက်ရာလို့တောင် ထင်သွားမှာ။
ဦးလေး ချန်းက အသည်းအသန် အဖြေရှာနေတဲ့အချိန် ရွှီထင်းရှန်းကတော့ တည်ငြိမ်စွာပဲ ပြန်ဖြေတယ်။
“ကျွန်တော့်မှာ ဆရာမရှိပါဘူး”
“ဒါဆို ကိုယ့်ဘာသာ သင်ထားတာပေါ့”
“ဟုတ်ကဲ့ ကျွန်တော် ‘ယန်ချင်းလီ အမှတ်တရကျောက်စာ’ကို တစ်ခါ ကူးရေးခဲ့ဖူးပါတယ်”
ဒါသူလိမ်တာ မဟုတ်ဘူး။ တကယ်လည်း သူ အဲဒါကိုကူးရေးခဲ့ဖူးတယ်။ အဲဒီလက်ရေးနမူနာက ရွှီချန်းရှန်ရဲ့ အဖိုးတန်ဆုံး ရတနာတွေထဲကတစ်ခုဖြစ်တာကြောင့် ဘယ်သူ့ကိုမှ အနားပေးကပ်တာ မဟုတ်ဘူး။
သူမြင်ဖူးခဲ့တယ်ဆိုတာလည်း ရွှီကျွင်းခိုင် ငယ်ငယ်လေးတုန်းက ကြွားချင်ဇောနဲ့ တစ်ခါထုတ်ပြခဲ့တာကြောင့်ဖြစ်တယ်။ အဲဒီအခိုက်အတန့်လေးက သူ့စိတ်ထဲ နက်ရှိုင်းတဲ့အထင်ကြီးလေးစားမှု တချို့ချန်ရစ်ထားနိုင်ခဲ့တယ်။
အချိန်ကြာလာတော့ လေးစားမှုကနေ စွဲလမ်းမှုဖြစ်လာပြီး နောက်ပိုင်းကျတော့မှ ကျောက်အာဝယ်လာပေးတဲ့ စက္ကူပေါ်မှာ ပထမဆုံးလေ့ကျင့်ဖြစ်ခဲ့တာက အဲဒီယန်မင်းဆက်စတိုင် ရေးဟန်ပဲ။
“အဲဒါပဲ ရေးခဲ့ဖူးတာလား”
ရွှီထင်းရှန်းက ခေါင်းညိတ်ပြလိုက်တော့ ဦးလေးချန်းရဲ့မျက်လုံးတွေက ပိုတောင်အရောင်လက်သွားတယ်။ အကြာကြီး တန့်နေပြီးတော့မှ သူက နောက်ဆုံး ပြောလာတယ်။
14 04
“ကြည့်ရတာ မင်းမှာ ဒီပညာနဲ့ပက်သတ်ပြီး မွေးရာပါပါရမီပါလာတာနဲ့ တူပါတယ်။ တခြားလူတွေဆို ဘယ်တော့မှ လိုက်မှီမှာမဟုတ်တဲ့ စွမ်းရည်ပေါ့ကွာ။ ဒါပေမဲ့ ပါရမီရှိရုံနဲ့တင် မရသေးဘူး။ ဒီထက်ပိုတိုးတက်ဖို့ လေ့လည်းလေ့ကျင့်ရမယ် ကဲ အခုအလုပ်ကိစ္စ ပြန်ပြောရအောင် မင်းရဲ့လက်ရေးက အောင်တယ်။ ဘာမှပြောစရာတောင် မရှိဘူး”
သူက ကောင်တာအနောက်ဝင်သွားပြီး စာအုပ်တစ်အုပ် ယူလာကာ ရွှီထင်းရှန်းလက်ထဲ ထည့်ပေးလိုက်တယ်။
“ဒါက ‘အင်မတန် အသုံးဝင်သော လေ့လာသင်ယူမှုအတွက် ရှင်းလင်းချက်များ’ဆိုတာရဲ့ မူပွားတစ်စောင်ပဲ။ ယူသွားပြီး စမ်းကြည့်ခဲ့ မှင်ရော စာရွက်ရော ငါ့ဘက်က တာဝန်ယူတယ်။ ကူးပြီးသွားလို့ မင်းလက်ရေးက ဒီနေ့လိုမျိုးပဲဆိုရင် မင်းကို ငွေတစ်တုံးပေးမယ်”
“ငွေတစ်တုံး။ ဦးလေး ချန်း အဲဒါက အရမ်းမများလွန်းဘူးလား”
ကျောက်အာက အံ့ဩတကြီး မေးတော့ ဦးလေး ချန်းက ရယ်မောလိုက်ပြီး “ဒီစာအုပ်က ဘယ်နှစ်မျက်နှာရှိသလဲရော သိရဲ့လား။ မူပွားတစ်စောင်ကိုတောင် ငါ ဘယ်လောက်ရောင်းလို့ရလဲ မသိဘူးမလား”
သူက ကျောက်အာကို သင်ပြပေးပြီးတော့မှ ရွှီထင်းရှန်းဘက် ပြန်လှည့်လာတယ်။
“ပုံမှန်တော့ ကူးရေးတာက ဆိုင်မှာပဲ။ တစ်ခါတည်း လုပ်သွားရတာ အိမ်ယူသွားချင်ရင်တောင် ငွေပဲဖြစ်ဖြစ် ပစ္စည်းပဲဖြစ်ဖြစ် တစ်ခုခု အပေါင်ယူထားတာဆိုပေမဲ့ မင်းအစ်ကိုနဲ့ ရင်းနှီးနေလို့ မင်းကိုတော့ ချွင်းချက်လုပ်ပေးလိုက်မယ်။ ဒါနဲ့ ဒီတစ်အုပ်ကို ဘယ်တော့လောက် အပြီးကူးပေးနိုင်မလဲ”
ရွှီထင်းရှန်းက ခဏလောက် စဥ်းစားလိုက်ပြီးမှ ပြန်ဖြေတယ်။
“ဒီမှာတစ်ခါတည်း လုပ်ရတာက ဆိုင်စည်းကမ်းဆိုမှတော့ ကျွန်တော် အိမ်မယူသွားတော့ပါဘူး။ ဒါပေမဲ့ တောင်းဆိုချင်တာလေး တစ်ခုက … တကယ်လို့ ကျွန်တော် အလုပ်ပြီးသွားတဲ့အခါကျ ဒီကစာအုပ်တချို့ကို ဖတ်လို့ရမလား မသိဘူး”
ဦးလေးချန်းက ခဏလောက် ကြောင်အမ်းသွားပေမဲ့ ချက်ချင်းသဘောပေါက်သွားပြီး ခန္ဓာကိုယ်ကသာ ချည့်နဲ့ပုံရပေမဲ့ ကြိုးစားချင်စိတ်အပြည့်နဲ့ လူငယ်လေးအပေါ် ပိုပိုအထင်ကြီးလာမိတယ်။
“ရတာပေါ့”
“ကျေးဇူးတင်ပါတယ် ဦးလေးချန်း စိတ်မပူပါနဲ့။ တစ်မျက်နှာမှ မပျက်စီးစေရပါဘူး”
ကျောက်အာက တစ်ချိန်လုံးတိတ်ဆိတ်နေခဲ့ပေမဲ့ သူတို့ဆွေးနွေးမှုပြီးဆုံးသွားတာနဲ့ ရွှီထင်းရှန်းကို သူမဘက် အမြန်လှမ်းဆွဲလိုက်တယ်။
“တကယ်ကြီး ဒီမှာပဲ လုပ်တော့မလို့လား။ အိမ်မှာလုပ်တာက ပိုမကောင်းဘူးလား။ တကယ်လို့ ဦးလေးချန်း ခွင့်မပြုမှာစိုးရင်လည်း ငါ့မှာ ပိုက်ဆံနည်းနည်း ပါပါသေးတယ် အဲဒါပဲ အပေါင်ထားခဲ့လိုက်မယ်လေ”
“ဒါက တကယ့်နေရာကောင်းလေးလို့ မထင်ဘူးလား”
ရွှီထင်းရှန်းက စာအုပ်တွေအပြည့်နဲ့ ဆိုင်လေးကို တစ်ချက်ပြန်လှည့်ကြည့်လိုက်တယ်။ သူ့အစွမ်းအစနဲ့သူ လေ့လာမယ်ဆိုရင်တောင် စာပေကျမ်းဂန်တွေက ဖတ်ချင်တိုင်း ဖတ်လို့ရတာမဟုတ်ဘူး။
ပြီးတော့ ဒီ ’ရွှီထင်းရှန်း’ရဲ့ ဦးနှောက်ထဲမှာလည်း အခြေခံရေးနည်းကလွဲလို့ ကျန်တာတွေရှိတော့တာ မဟုတ်ဘူး။ ဒါပေမဲ့ ဒါက အခုသူရှင်သန်နေတဲ့ ဘဝမို့ တစ်ဆင့်ချင်းတော့ ကြိုးစားသွားရမှာပဲ။ သူ မဟာအတွင်းဝန်ကြီးဖြစ်လာတယ်ဆိုတာကို ကြိုတင်မြင်မက်ထားတာနဲ့တင် အဲဒီအနာဂတ်က တရားသေဖြစ်နေမယ်လို့ မဆိုလိုဘူး။
အိပ်မက်ထဲက ‘သူ’ကလည်း နောက်ဆုံးအဲဒီလိုနေရာရောက်ဖို့ကို ဆူးညှောင့်ခလုတ်တွေ အဆင့်ဆင့် ဖြတ်သန်းပြီး ခက်ခဲဆင်းရဲခဲ့ရတာပဲ။ ကျောက်အာက သူစဥ်းစားတာကိုနားလည်ပေမဲ့ သူ့လူကို တစ်ယောက်ထဲထားခဲ့ဖို့ကိုလည်း စိတ်မချဘူး။
အဲဒါကြောင့် သူ့နားမှာ တစ်နေကုန် အဖော်လုပ်ပေးလို့ရအောင် ဘယ်မှာနေရမလဲ စဥ်းစားနေတဲ့အချိန်မှာပဲ ဘေးက ဦးလေး ချန်းက ဝင်ပြောတယ်။
14 05
“ကဲ ကဲ တော်လောက်ပြီ မင်းညီအတွက် စိတ်ပူမနေနဲ့တော့ သူ ဒီမှာဘာဖြစ်မှာမို့လို့လဲ။ မင်း ဟင်းရွက်တွေရောင်းဖို့ ရှိသေးတယ်မဟုတ်ဘူးလား။ သွား ဈေးမကွဲခင် မြန်မြန်သွားတော့”
ဦးလေး ချန်းအမြင်မှာတော့ ကျောက်အာက ကုန်စိမ်းရောင်း ရရာအလုပ်လုပ်ပြီး ညီလေးကို ထောက်ပံ့ပေးနေတဲ့ အစ်ကိုကောင်းတစ်ယောက်ပဲ။
“ဟုတ်ကဲ့ ဦးလေး ချန်း ဒါဆို ကျွန်တော် သွားတော့မယ်”
ကျောက်အာက ထွက်သွားမလိုလုပ်ပြီးတဲ့အချိန်မှ တစ်ခုကိုပြန်သတိရပြီး ရွှီထင်းရှန်းဘက်လှည့်ကာ သူ့လက်ထဲ ကြေးပြားတချို့ လောင်းထည့်ပေးလာတယ်။
“မွန်းတည့်ချိန်လောက် နေ့လယ်စာစားဖို့ ပြန်လာခဲ့မယ်။ ဒါပေမဲ့ ငါမလာနိုင်ခဲ့ရင်လည်း တစ်ခုခုသွားဝယ်စားလိုက်နော်။ ဒီနားလေးမှာတင် ဆိုင်တစ်ဆိုင်ရှိ…”
“တကယ်လို့ ဆိုင်မှာလုပ်မယ်ဆို ငါတို့က မင်းညီကို ရိုးရိုးနေ့လယ်စာတစ်နပ် ကျွေးမှာပါ”
ဦးလေး ချန်းက ဝင်ပြောလိုက်ပေမဲ့ ကျောက်အာကတော့ စိတ်မချနိုင်သေးဘူး။
“ဘာပဲဖြစ်ဖြစ် ပိုက်ဆံယူထား တစ်ခုခုလိုရင် အချိန်မရွေး သွားဝယ်လိုက်နော် နေ့လယ်ရောက်တာနဲ့ ချက်ချင်း လာခေါ်မယ် ဟုတ်ပြီလား”
“အလုပ်မပြီးဘဲ မပြန်ရပါဘူး” ဦးလေး ချန်းက ဖြတ်ပြောပြန်တယ်။ “ကဲ ဘာမှပူမနေပါနဲ့-မင်းညီကို ဘယ်သူမှမခိုးပါဘူး”
ဒီဦးလေး ချန်းကတော့….
ကျောက်အာက ဘာဆက်ပြောရမှန်းတောင် မသိတော့ဘူး။ အဲဒီလိုနဲ့ ခဏလောက် တန့်နေပြီးမှ ရှက်ရှက်နဲ့ပဲ စာအုပ်ဆိုင်လေးအရှေ့ကနေ ခပ်သုတ်သုတ် ထွက်သွားတော့တယ်။ သူထွက်သွားမှ ဦးလေး ချန်းက ပြုံးတုံ့တုံ့နဲ့ စတယ်။
“မင်းအစ်ကိုက သူ့ညီကိုတော့ တကယ်ဂရုစိုက်တာပဲ”
ရွှီထင်းရှန်းကလည်း မပြုံးဘဲ မနေနိုင်တော့ဘူး။ တကယ်လည်း ကျောက်အာရဲ့အပြုအမူက ကြက်မကြီးက သူ့ကြက်ပေါက်လေးကို အပျောက်မခံနိုင်ဖြစ်နေတဲ့အတိုင်းပဲ။ ဘာကြောင့်မှန်းမသိပေမဲ့ ဒီဥပမာက သူ့ခေါင်းထဲအလိုလိုပေါ်လာတယ်။
နောက်တော့ ဆိုင်အကူလေးတစ်ယောက်က သူ့ကို စာအုပ်ဆိုင်အနောက်ဘက်ခြမ်းဆီ ဦးဆောင်ခေါ်သွားတယ်။ အခန်းလေးက ရိုးရှင်းပေမဲ့ ကောင်းမွန်စွာ နေရာချထားတာကြောင့် ဦးလေးချန်းရဲ့ အမြင်ရှိပုံကို ပိုပေါ်လွင်စေတယ်။
အကောင်းဆုံးအပိုင်းကတော့ သဘာဝအလင်းရောင်ရအောင်လို့ အပြင်ဘက်ခြံဝန်းကို မျက်နှာမူထားတဲ့ ပြူတင်းပေါက်အကျယ်ကြီးပဲ။ ထိုအရှေ့တည့်တည့်မှာ ရှိနေတဲ့ စားပွဲနဲ့ထိုင်ခုံတစ်လုံးက ရွှီထင်းရှန်း ထင်ထားတာနဲ့ တော်တော်ကွဲပြားနေတယ်။
သူက သူဖုန်ထူတဲ့ ခပ်မှောင်မှောင်ထောင့်လေးတစ်နေရာပဲ ရမယ်လို့ ထင်ထားတာ။ ဆိုင်အကူလေးက လက်ဆေးဖို့အတွက် ရေတစ်ဇလုံတောင်ယူလာပေးပြီး မှင်တုံး စုတ်တံနဲ့ စာရွက်တွေကိုလည်း နေရာတကျ ဖြန့်ခင်းပေးလာတယ်။
“လိုတာရှိရင် ခေါ်လိုက်ပါ”
သူက ဒီတစ်ခွန်းပြောပြီးတာနဲ့ အခန်းထဲက တိတ်တဆိတ် ပြန်ထွက်သွားတယ်။ ရွှီထင်းရှန်းက ရေဇလုံထဲမှာ လက်နှစ်ပြီး သေချာပွတ်တိုက်ဆေးကြောပြီးမှ ဘေးက အဝတ်နဲ့ခြောက်အောင်သုတ်လိုက်တယ်။
အဲဒီတော့မှ စာရေးစားပွဲခုံမှာ ဝင်ထိုင်လိုက်ပြီး မှင်စသွေးတော့တယ်။ ဒါက စာမရေးခင် စိတ်အာရုံရှင်းလင်းဖို့ အကောင်းဆုံးပဲ။ တကယ်လည်း မှင်အသင့်ဖြစ်တဲ့အချိန် သူ့စိတ်က ကြည်လင်ငြိမ်သက်နေပြီး အင်္ကျီလက်ခေါက်တင်ဖို့လုပ်လိုက်ပြီးမှ သူဝတ်ထားတာက လက်တိုဖြစ်နေမှန်း သတိရတယ်။
ရွှီထင်းရှန်းက အသာရယ်လိုက်မိတယ်။
ဒီလိုဆိုတော့လည်း အင်္ကျီတွေ မပေတော့ဘူးပေါ့
သူက စိတ်ပြန်စုစည်းပြီးတာနဲ့ စတင်ရေးတော့တယ်။ ထိုစဥ် တံခါးအပြင်ဘက်မှာ ရပ်နေတဲ့ဦးလေး ချန်းက သူ့စိတ်ထဲ သံသယတွေသာ ပိုမိုတိုးပွားလာတယ်။ ကောင်လေးရဲ့ သွားဟန်လာဟန် ပြုမူပုံတွေကအစ လုံးဝ ဆင်းရဲတဲ့ ရွာသားလို့မထင်ရဘူး။
ကြည့်ရတာ သူက အထည်ကြီးပျက် မိသားစုက သခင်လေးများလား။ ဒီကောင်လေး လုပ်ပုံကိုင်ပုံကစလို့ အပြောအဆိုတွေအထိ သာမန်အရပ်သားပုံစံနဲ့ နည်းနည်းမှ တူမနေဘူး။
သူက ဒီအကြောင်း ခဏလောက် ထပ်တွေးမိပေမဲ့ ဘယ်လိုမှဆက်စပ်မရတော့ နောက်ဆုံးခေါင်းယမ်းရင်းသာ ဆိုင်အရှေ့ကို ပြန်ထွက်လာလိုက်တော့တယ်။
……………
******