အခန်း (၁၅-၁၆)
Vol. 2 Ch. 15-16
15 01
အပိုင်း 15
ကျောက်အာတစ်ယောက် စာအုပ်ဆိုင်လေးရှိတဲ့လမ်းက ထွက်လာပြီးတော့မှ သူမမှာ ဘယ်မှသွားစရာမရှိဘူးဆိုတာ သဘောပေါက်လိုက်တာ။ သူဒီနေ့ မြို့တက်လာတယ်ဆိုတာ သူ့ယောက်ျားလေးကို အဖော်ပြုဖို့သက်သက်ပဲ။
လက်ချုပ်ပစ္စည်းလေးတွေ ရောင်းဝယ်ဖို့ကိစ္စကလည်း အချိန်တစ်ခုလောက်အထိ အကောင်အထည်ပေါ်ဦးမှာ မဟုတ်သလို သူမ ရွာထဲမှာ အသီးအနှံ သွားမကောက်ဖြစ်တာလည်း ရက်တချို့ရှိနေပြီ။
သူ့မှာ ရွာပြန်ဖို့ပဲ ရှိတော့ပေမဲ့ အခုချိန် တစ်လမ်းလုံး လမ်းလျှောက်ပြန်ပြီး နေ့လယ်ကျ ဒီကိုပြန်လာရဦးမှာမို့ ဒါကလည်း အချိန်သက်သက်ကုန်တာပဲ အဖတ်တင်မယ်။ အဲဒီလိုနဲ့ နေပူထဲ ဦးနှောက်ခြောက်အောင် စဥ်းစားပြီးတဲ့နောက် ကျောက်အာက သူ့ရဲ့ ဒုတိယအစ်မဆီသွားဖို့ ဆုံးဖြတ်လိုက်တယ်။
ဝမ်ကျောက်တိလို့ခေါ်တဲ့ ကျောက်အာရဲ့ဒုတိယအစ်မက ဟူယန်းမှာနေတာတော့ မဟုတ်ဘူး။ အဲဒီအစား သူမက ရှားစီရင်စုထဲက ရှန်အိမ်တော်မှာ အစေခံအဖြစ် အလုပ်လုပ်နေတာ တော်တော်ကြာပြီ။
ဟူယန်းကနေ အဲဒီကိုသွားချင်ရင် ရထားလုံးနဲ့ဆို နာရီဝက်လောက်ပဲ ကြာပေမဲ့ ပေးရတဲ့ဈေးက မနည်းဘူး။ တစ်ခါစီးရင် ၁၅ ဝမ်တောင် ကုန်တယ်။ ကျောက်အာ ရှားစီရင်စုဘက်ကိုရောက်တဲ့အခါ အချိန်က ၁၁နာရီဝန်းကျင်ရှိနေပြီမို့ အလည်လာဖို့ ကွက်တိပဲ။
ဒီထက်နည်းနည်းလောက် စောရင်ဖြစ်ဖြစ် နောက်ကျရင်ဖြစ်ဖြစ် သူမ အစ်မက ထွက်တွေ့ဖို့တောင် အားမှာမဟုတ်တော့ဘူး။ တစ်နည်းပြောရရင် ကျောက်အာက သူအလုပ်ပြီးတဲ့အထိ အပြင်မှာပဲ အကြာကြီး ရပ်စောင့်နေရတော့မှာ။
သူမက မြို့တော်ရဲ့ တောင်ဘက်ခြမ်းကို တရွေ့ရွေ့ လျှောက်လာခဲ့ပြီး ရှန်အိမ်တော်ရဲ့ တံခါးမကြီးကို မရောက်ခင် လမ်းအကွေ့အဝင်ဝမှာတင် ကြီးမားခံ့ညားတဲ့ အလံရှည်ကြီးနှစ်ခုက တန်းပြီး မျက်စိထဲဝင်လာတယ်။
အလံတစ်ခုစီက ငါး ကျန့်(အကြမ်းဖျင်းအားဖြင့် ၁၆ မီတာ)အတိုင်းအတာ လောက်ရှိပြီး နန်းတွင်းစာမေးပွဲကြီးကို အောင်မြင်စွာ ကျော်ဖြတ်သွားနိုင်တဲ့ ကျင်းရှီ(ချီးမြှောက်ခံရသော စာသင်သား) ရှိနေတဲ့အိမ်တွေမှ တင်မြှောက်နိုင်တဲ့ ဂုဏ်ယူစရာ သင်္ကေတတစ်ခုဖြစ်တယ်။
ဒီဂုဏ်တင့်လှတဲ့ အလံတိုင်တွေကို ယေဘုယျအားဖြင့် အချောသတ်ထားတဲ့ ကျောက်တုံးထဲမှာ စိုက်ထူထားတဲ့ အောက်ခြေနဲ့ မားမားမတ်မတ်ရှိနေတဲ့ တိုင်လုံးဆိုကာ နှစ်ပိုင်းခွဲခြားလို့ရပြီး တိုင်ထိပ်က မြင့်မိုရ်ပိတ်ကအစ ရာထူးရာခံအလိုက် အဆင့်ဆင့်မတူညီကြဘူး။
နန်းတွင်းစာမေးပွဲကို ရိုးရိုးအောင်သွားတဲ့သူတွေကတော့ တိုင်လုံးမှာ မြင့်မိုရ်ပိတ် နှစ်ဆင့် တပ်ဆင်ပေးခြင်းခံရတတ်ပေမဲ့ တကယ်လို့ ကျွမ်းယွမ် (အမှတ်အမြင့်ဆုံးသူ)ဆိုရင်တော့ နောက်တစ်ဆင့် ထပ်တိုးသွားလိမ့်မယ်။
ပြီးတော့ အိမ်တစ်အိမ်မှာ နန်းတွင်းလွှတ်တော်ထဲ တတိယအဆင့် အမတ် ဒါမှမဟုတ် ဒိထက်ရာထူးအဆင့်ပိုမြင့်တဲ့သူတစ်ယောက် ရှိနေပြီဆိုရင်တော့ ဂုဏ်သရေခမ်းနားမှုကို ကိုယ်စားပြုတဲ့ မြင့်မိုရ်ပိတ်က လေးဆင့်အထိ တက်သွားလိမ့်မယ်။
ရှန်အိမ်တော်ရဲ့ အရှေ့မျက်နှာစာမှာ ထည်ဝါစွာ လွှင့်ထူထားတဲ့ အလံတိုင်နှစ်ခုအနက် တစ်ခုမှာ မြင့်မိုရ်ပိတ် သုံးဆင့်ရှိနေပြီး နောက်တစ်ခုမှာတော့ လေးဆင့်ရှိနေတာကြောင့် ရှန်မိသားစုက ကျွမ်းယွမ်တစ်ယောက်အပြင် နန်းတော်ထဲမှာပါ ရာထူးကြီးပုဂ္ဂိုလ်တစ်ယောက် မွေးထုတ်ပေးထားနိုင်ကြောင်း သိသာတယ်။
ကျေးလက်သူလေးဖြစ်တဲ့ ကျောက်အာက သူ့အစ်မပြောပြထားလို့သာ ဒါတွေ အသေးစိတ်သိနေတာ။ အိမ်တော်ကြီးဟာ ကျယ်ပြောသလောက် ဝင်ပေါက်တွေကလည်း အရှေ့တံခါးမကြီး ဘေးတံခါးနဲ့ တံခါးငယ်လေးတွေ အများကြီးရှိပေမဲ့ သူမလိုအဆင့်အတန်းနဲ့ ဒါတွေတစ်ခုမှ သုံးလို့မရပါဘူး။
အဲဒါကြောင့် ကျောက်အာခမျာ တစ်ကွေ့တစ်ပတ်ကြီး လမ်းလျှောက်ခဲ့ရပြီး နောက်ဆုံးအနောက်တံခါးဆီကို ရောက်လာခဲ့တယ်။ တံခါးက အနည်းငယ် ခပ်ဟဟဖြစ်နေရင်တောင် ကျောက်အာကတော့ ဒီတိုင်းကြီး မဝင်သွားရဲလို့ ရှေ့တစ်လှမ်းတက်ပြီး တရိုတသေပဲ တံခါးခေါက်လိုက်တယ်။
ကျွီဆိုတဲ့အသံနဲ့ တံခါးပွင့်လာပြီး သက်လတ်ပိုင်းအရွယ် ခပ်ဖိုင့်ဖိုင့်အမျိုးသမီးကြီးတစ်ယောက် ထွက်လာတယ်။
“ဘယ်သူ့ကို လာရှာတာလဲ”
ဒီမိန်းမကြီးက တံခါးစောင့်ပဲဆိုပေမဲ့ နားနှစ်ဖက်စလုံးမှာ နားကပ်ကိုယ်စီနဲ့ လက်တွေ လည်ပင်းတွေမှာပါ လက်ဝတ်အဆင်တန်ဆာတွေ ရှိနေပြီး အိစက်ညက်ညောတဲ့ ဖဲသားထည်ကို ဝတ်ဆင်ထားတယ်။ ဒါကိုကြည့်တာနဲ့တင် သခင်ဖြစ်တဲ့ ရှန်မိသားစုရဲ့ ကြွယ်ဝမှုကို ခန့်မှန်းနိုင်တယ်။
တကယ်လည်း ရှန်မျိုးရိုးတွေဆိုတာ လုံးဝ ကျိကျိတက် ချမ်းသာကြတဲ့မိသားစုတစ်စု။ ရှားစီရင်စုမှာ သူတို့ရဲ့ လှုပ်ရှားမှုတိုင်းက တစ်မြို့လုံးကို ကိုင်လှုပ်နိုင်တဲ့အထိ ဩဇာအာဏာ လွှမ်းမိုးကြတဲ့ မြို့မျက်နှာဖုံးတွေ။
ဒီအိမ်တော်ကြီးကလည်း သူတို့ဘိုးဘင်ဘောင်ဆက် အမွေစံအိမ်ကြီးပဲ။ တစ်နယ်တစ်ကျေးမှာ တာဝန်ထမ်းဆောင်နေရတဲ့ အကြီးဆုံးသားနဲ့ ဒုတိယသားတို့ကလွဲရင် ကျန်တဲ့ရှန်မိသားစုဝင်အားလုံး ဒီမှာပဲ နေထိုင်ကြတယ်။
15 02
“မင်္ဂလာပါ ဒေါ်ဒေါ်” ကျောက်အာက ယဥ်ကျေးစွာ အရင်နှုတ်ဆက်လိုက်တယ်။ “သမီးက ဒီကစူးလန်ရဲ့ ညီမပါ သူ့ကိုပဲ တွေ့ဖို့လာတာပါ”
မိန်းမကြီးက ဖော်ရွေပုံမရပေမဲ့ ရိုင်းလည်းမရိုင်းပြဘူး။ အနည်းဆုံးတော့ သူမက အင်္ကျီခပ်နွမ်းနွမ်းနဲ့ ကျောက်အာလို တောသူလေးကို အထင်မသေးဘဲ ရှန်အိမ်တော်က စည်းကမ်းတင်းကျပ်တယ်လို့ ရှင်းပြပြီး တံခါးဝမှာသာ စောင့်နေဖို့ပြောရင်း အထဲပြန်ဝင်သွားတယ်။
ကျောက်အာက အဲဒီမှာ အမွှေးတိုင်တစ်တိုင်စာလောက် ရပ်နေခဲ့ရပြီးတော့ နောက်ဆုံးတော့ တံခါးပြန်ပွင့်လာတယ်။ ထွက်လာတာကတော့ အတော်လေး မျက်စိကျချင်စရာကောင်းတဲ့ မိန်းမလှလေးတစ်ဦးပဲ။
သူမရဲ့အသားအရည်က နှင်းလိုဖြူစွတ်နေပြီး နှုတ်ခမ်းလေးက နီရဲတယ် တောက်ပတဲ့မျက်ဝန်းလေးတွေကတော့ မြေခွေးလို အစွန်းလေးတွေ ကော့တက်နေတယ်။ သူမက ခပ်ဖျော့ဖျော့ နှင်းဆီရောင်ဝတ်စုံလေးကိုမှ ကောင်းကင်ပြာရောင်စကပ်ရှည်နဲ့ တွဲဖက်ဝတ်ဆင်ထားပြီး ထူထဲနက်မှောင်တဲ့ ဆံနွယ်တွေကိုတော့ ရွှေဆံထိုးလေးတစ်ခုနဲ့ ရိုးရှင်းစွာ ထုံးဖွဲ့ထားတယ်။
သူမရဲ့ အဝတ်အစားနဲ့ ဆင်ယင်ထုံးဖွဲ့ပုံတွေက ဘာမှမထူးခြားပေမဲ့ သူဝတ်လိုက်လို့ကို ယဥ်ယဥ်လေးနဲ့ ကျက်သရေရှိနေတာ။ ရင်ဘတ်လေးက မိန်းကလေးဆန်ဆန် လုံးဝိုင်းနေပြီး ခါးသွယ်သွယ်နဲ့အတူ ကောက်ကြောင်းလှတဲ့ခန္ဓာက ထင်းထွက်နေတယ်။
သူမကတော့ ကျောက်အာရဲ့ ဒုတိယအစ်မ ဝမ်ကျောက်တိပဲ။ ဒါပေမဲ့ ရှန်အိမ်တော်မှာတော့ သူမက စူးလန်ဆိုတဲ့ နာမည်ကို သုံးထားတယ်။ ကျောက်အာက သူ့အစ်မကိုမြင်တာနဲ့ မျက်မှောင်ကျုံ့သွားမိတယ်။
အကြောင်းကတော့ သူ့အစ်မက သူတို့နောက်ဆုံးတစ်ခေါက် တွေ့ခဲ့ပြီးကတည်းက အများကြီးပြောင်းလဲသွားလို့ပဲ။ လက်ဝတ်ရတနာတွေနဲ့ အင်္ကျီတွေသာ သစ်လွင်လာတာမဟုတ်ဘဲ သူမရဲ့နေပုံထိုင်ပုံ သွားဟန်လာဟန်ကအစ တော်တော်လေး ပြောင်းလဲသွားတယ်။
မသက်မသာခံစားချက်ကြီးက ကျောက်အာရဲ့စိတ်ထဲ လှိုက်တက်လာလို့ သူမက စူးလန်ကို လက်ဖျားစကနေ နံရံအကွယ်လေးနား အမြန်ဆွဲခေါ်သွားလိုက်တယ်။
“မမ .. တကယ်ပဲ လုပ်လိုက်တာလား”
စူးလန်က ကျောက်အာရဲ့ ခပ်ကြမ်းကြမ်းကိုင်တွယ်မှုကြောင့် သူမအဖိုးတန် အင်္ကျီစလေး တွန့်ကြေသွားတာကို စိတ်အနှောင့်အယှက်ဖြစ်ဟန် မျက်ခုံးတွေစုကျုံ့သွားတယ်။
“ငါက ဘာကို လုပ်ရမှာလဲ”
ခေါက်သွားတဲ့ လက်ဖျားစကို အသာပြန်ဖြည်ရင်း သူမက စိတ်မရှည်သလို ပြောတယ်။
“အဲဒါလေ … မမ သိပါတယ်” ကျောက်အာက မပြောဝံ့သလို အချိန်အကြာကြီး တွန့်ဆုတ်နေပြီးမှ နောက်ဆုံး နီရဲရဲမျက်နှာနဲ့ ထုတ်ပြောလိုက်ရတယ်။
“ဟာ မမ တကယ်ကြီး ရှန်သခင်လေး ၆ရဲ့ အိပ်ရာဖော် လုပ်လိုက်ပြီလို့ မပြောနဲ့နော်”
စူးလန်ရဲ့ကွေးညွှတ်နေတဲ့ မျက်ခုံးတန်းလေးတွေ အသာပင့်တက်သွားပြီး နှုတ်ခမ်းပေါ်မှာလည်း အပြုံးပါးပါး ဖြစ်ပေါ်လာတယ်။
“ငါ့ဟာငါ ဘာပဲလုပ်လုပ် နင်က ဘာလို့လာဂရုစိုက်နေတာလဲ”
“မမ!!”
ကျောက်အာက မကျေမချမ်းနဲ့ ခြေထောက်ဆောင့်လိုက်မိတယ်။ သူ့ညီမငယ်ကို ကြည့်နေရင်းနဲ့မှ စူးလန်က ရုတ်တရက်ကြီး သူမ မိသားစုရဲ့အရောင်းစားခံလိုက်ရတဲ့အချိန်ကို ပြန်သတိရသွားတယ်။ မောင်နှမတွေအားလုံးထဲမှာ ကျောက်အာတစ်ယောက်ထဲသာ သူမ ဘယ်မှာရှိနေမှန်းသိပြီး အမြဲလိုလို တိတ်တဆိတ် လာလည်တတ်တယ်။
ဒီကလေးမက သူမကိုတွေ့ဖို့အတွက်နဲ့ တစ်နေ့လုံး တစ်ညလုံး လမ်းလျှောက်ရမယ်ဆိုရင်တောင် မမှုဘူး။ အဲဒီတုန်းက ငယ်ရွယ်သေးတဲ့ စူးလန်ခမျာ တစ်ယောက်တည်း အားငယ်ကြောက်ရွံ့နေခဲ့တာ ကျောက်အာပေါ်လာမှ သူမ တစ်ယောက်တည်း မဟုတ်ဘူးဆိုတဲ့အသိက ခွန်အားဖြစ်စေခဲ့တယ်။
အဲဒါကြောင့် သူမ အခုနေ ခေါက်ခနဲသေသွားရင်တောင် အသုဘလိုက်ပို့မဲ့ သွေးသားရင်းတစ်ယောက် ရှိနေသေးတယ်ဆိုတဲ့အတွေးနဲ့တင် သူမ နှလုံးသားက ပျော့ပျောင်းသွားတော့တာပဲ။
15 03
သက်ပြင်းတစ်ချက်နဲ့အတူ စူးလန်က “ငါ နင့်ကိုပြောပြီးသားလေ ဘာတွေပဲဖြစ်ဖြစ် ရွာက အဲဒီဒုက္ခဆင်းရဲအပြည့်နဲ့ ဘဝကို ပြန်မသွားတော့ဘူးလို့ ဟုတ်တယ်… ငါက အခုသူ့အိပ်ရာဖော် ဖြစ်သွားပြီ။ ဒါပေမဲ့ သခင်လေး ၆က ငါ့ကိုကတိပေးထားပါတယ် သူတရားဝင်မယားကြီး တစ်ယောက်ရပြီဆိုတာနဲ့ ငါ့ကို ကိုယ်လုပ်တော်အဖြစ် ထားမယ်တဲ့”
ကျောက်အာကတော့ မျက်လုံးအပြူးသားနဲ့ ဆွံ့အသွားတော့တယ်။ စတွေ့ကတည်းက ထင်တော့ထင်ခဲ့ပေမဲ့ သူ့အစ်မပါးစပ်က အတည်ပြုသံကို ကိုယ်တိုင်ကြားလိုက်ရတာက ထိတ်လန့်မှုကို ပိုတောင် တိုးသွားစေတယ်။
ကျောက်အာတစ်ယောက် တစ်သက်နဲ့တစ်ကိုယ် ပြောစရာစကား ပျောက်ရှသွားတာ ဒါပထမဆုံးပဲ။ အကြာကြီး တန့်နေပြီးမှ သူမက မပီမသ ရေရွတ်လာတယ်။
“ဆိုတော့ ဒါလေးပဲလား။ ကိုယ်လုပ်တော်အဆင့် … တစ်သက်လုံး မယားကြီးရဲ့ အနိုင်ကျင့်ခံလေးပေါ့”
သူမ သိသလောက်တော့ အိမ်တော်တစ်ခုမှာ ဇနီးမယားနည်းလေ ပိုအေးချမ်းလေတဲ့။ သူမ စကားတွေက စူးလန်အတွက်တော့ နားခါးစရာပဲ။ စူးလန်က အားလုံးကို မကြားချင်သလိုနဲ့ လက်ကာပြလိုက်တော့ လက်ချောင်းသွယ်သွယ်တွေ ကြားထဲက ကြောင်မျက်လုံးနဲ့ ရွှေလက်စွပ်လေးက ဖြတ်ခနဲ လက်သွားတယ်။
“နင် ဘာမှနားမလည်ပါဘူး ပြီးတော့ ငါအနိုင်ကျင့်ခံရမှာလည်း စိုးမနေနဲ့ သခင်လေး ၆က ငါ့ဘက်ရှိနေသရွေ့ သူ့ကတော်ကလည်း ငါ့ကိုဘာမှလုပ်ရဲမှာမဟုတ်ပါဘူး”
“ဒါပေမဲ့…”
“ကဲ ကဲ ငါ့အကြောင်း တော်လောက်ပြီ နင့်ယောက်ျားလေးရော ဘယ်လိုလဲ။ သူ နေမကောင်းဖြစ်နေတာ သက်သာသွားပြီလား။ အမှန်တိုင်းပြောရရင် ငါတော့ နင့်ကို နားကိုမလည်တော့တာ။ မြို့တက်ပြီး ဒီအိမ်တော်မှာ ငါ့ကို အဖော်လုပ်ပေးရင်း အလုပ်လာလုပ်လို့ရရဲ့သားနဲ့ ဘယ်လိုမဆို အဲဒီရွှီအိမ်မှာ အလကားကျွန်ခံရတာထက်တော့ သာသေးတယ်လေ။ မိန်းကလေးတိုင်းက ကိုယ့်ကို ကာကွယ်ပေးမဲ့ ယောက်ျားကိုပဲ လိုချင်ကြတာ။ ဒါပေမဲ့ နင်ကတော့ မိန်းကလေးဖြစ်ပြီး သူ့အတွက်တောင် တစ်ပြန် ပိုက်ဆံထွက်ရှာနေရတယ်”
“သူက ငယ်သေးလို့ပါ။ ပြီးတော့ မမလည်း သိတာပဲလေ။ တကယ်လို့ သူ့မိဘတွေကြောင့်သာမဟုတ်ရင် သမီး ဘယ်နေရာကို ဘယ်လိုရောင်းစားခံလိုက်ရမလဲ မသိဘူး။ ရှန်အိမ်တော်ရောက်လာတဲ့ မမက ကံကောင်းသွားလို့ ကံမကောင်းတဲ့ တခြားလူတွေကို ကြည့်ပါလား။ သူတို့မှာ လူမဆန်တဲ့ ရွံစရာနေရာတွေဆီ ရောက်သွားရတာ …”
စူးလန်က နှုတ်ခမ်းနှစ်လွှာကို ဖိပိတ်လိုက်မိပြီး ဘာမှဆက်မပြောတော့ဘူး။ သူမလည်း ရှန်အိမ်တော်ကိုရောက်လာတာ ကံကောင်းလို့မဟုတ်ပါဘူးလေ။ အမည်ဖော်မရတဲ့ အရိပ်အယောင်တချို့ ဖြတ်ပြေးသွားတဲ့ မျက်ဝန်းတွေက ခဏနေတော့ ဖြည်းဖြည်းချင်း ပြန်တည်ငြိမ်လာတယ်။
“အဲဒါကြောင့် နင့်ကို အမြင်ကပ်တာ။ သူရောက်လာတိုင်း ငါ့ကို ဒုက္ခပေးမယ်ဆိုတာချည်းပဲ”
ကျောက်အာက ဘေးနားမှာရှိတဲ့ ကျောက်တုံးတစ်တုံးကို ခပ်ဆောင့်ဆောင့် ကန်ပစ်လိုက်ပြီး “ဟမ့် သမီးကလည်း အရမ်းတွေ့ချင်လွန်းလို့ မဟုတ်ပါဘူးနော် ဒီတိုင်း အခြေအနေလာကြည့်တာ”
“အေးပါ နင့်ဘက်မှာရော အကုန်အဆင်ပြေရဲ့လား။ အဲဒီရွှီမိသားစုက နင့်ကို ဒုက္ခပေးသေးလား။ ပေးလို့ကတော့ ငါ သခင်လေး ၆ရဲ့ ကိုယ်လုပ်တော်ဖြစ်လာတဲ့အချိန်အထိပဲ စောင့် အဲဒီအခါကျ နင့်ကို အနိုင်ကျင့်တဲ့လူမှန်သမျှ ဒီအစ်မက လိုက်စာရင်းရှင်းပေးမယ်”
ကျောက်အာက ရင်ထဲနွေးသွားပြီး သူ့အစ်မရဲ့ ခါးကျဥ်ကျဥ်ကို ရွှတ်နောက်နောက် အပြုံးလေးနဲ့ လှမ်းဖက်ရင်း “သမီးကို စိတ်မပူပါနဲ့ သမီးက ဒီလောက် အနိုင်ကျင့်ဖို့လွယ်လို့လား။ ဒါပေမဲ့ မမ မသိလို့ အဲဒီရွှီမိသားစုကလေ အားလုံး အကြံကိုယ်စီနဲ့ သိလား ….”
ကျောက်အာက စူးလန်ကို ဒီတလောအတွင်း ဖြစ်ပျက်ခဲ့သမျှအားလုံးကို မချွင်းမချန်ပြောပြလိုက်တယ်။ ထိုအခါ စူးလန်က မဲ့ပြုံးတစ်ပွင့်နဲ့ သရော်တော်တော် ဆိုတယ်။
“ဟမ့် အေးပေါ့ ဒါလူ့သဘာဝပဲလေ။ သူတို့အပေါ် ဘာမှသွားပြီး မျှော်လင့်ချက်ထားမနေနဲ့ နောက်ဆုံး ကိုယ်ပဲ ခံရတာ။ ဘယ်သူ့အပေါ်မှ မမှီခိုနဲ့ ဒီလောကကြီးမှာ ကိုယ့်လက်ထဲရောက်လာမှ အကျုံးဝင်တာ”
သူမစကားတွေက ကြားရခါးပေမဲ့ အမှန်တွေဆိုတာ ကျောက်အာသိတယ်။
15 04
“ဆိုတော့ နင် အခုဘာဆက်လုပ်မှာလဲ။ တကယ်လို့ နင့်ယောက်ျားလေး ရှုံးသွားရင် သူ ကျောင်းမတက်ရတော့ဘူးပေါ့။ အဲဒါကိုရော တွေးပြီးပြီလား။ သူနိုင်သွားရင်က ကိစ္စမရှိပေမဲ့ တကယ်လို့ ရှုံးသွားရင်ရော နင်တို့နှစ်ယောက် အဲဒီရွှီအိမ်မှာ ဘယ်လိုဆက်လုပ်ကြမှာလဲ”
ကျောက်အာလည်း ဒါတွေအားလုံးကို လူတိုင်းထက်ပိုသိတာပေါ့။ အဲဒါကြောင့် သူမက ကိုယ်ကိုမတ်မတ်ရပ်ရင်း အပြုံးလေးနဲ့ “သိပါတယ် မမ စိတ်မပူပါနဲ့။ အဲဒါကြောင့် သမီး ကိုယ်ပိုင်လုပ်ငန်းသေးသေးလေးတစ်ခု စဖို့လုပ်ထားတယ်။ အဆိုးဆုံးဖြစ်ရင်တောင် သူတို့ဆီက ခွဲထွက်ပြီး ကိုယ့်ဘာသာ နှစ်ယောက်တည်းနေရုံပေါ့။ ကုန်းအာက စာလေ့လာရတာ အရမ်းကြိုက်တာ။ အဲဒါကြောင့် သမီးကတော့ တတ်နိုင်သလောက် သူ့ကိုပံ့ပိုးပေးသွားမှာ”
သူ့စကားဆုံးတာနဲ့ စူးလန်က ကျောက်စိမ်းလက်ချောင်းလေးတွေနဲ့ နဖူးကို အသာတွန်းလိုက်တယ်။
“သူ့ကိုပံ့ပိုးပေးဦးမယ် ဟုတ်လား။ နင်ကိုယ်တိုင်တောင် အခုမှအရွယ်ရောက်ကာစ ရှိသေးတာ။ ကိုယ့်ဘာသာ တစ်ရက်ကလေးမှ ကောင်းကောင်းနေရတယ်။ မရှိဘဲနဲ့ ကိုယ်တိုင် အလောင်ခံပြီး သူများကိုအလင်းပေးမဲ့ ဖယောင်းတိုင်ဖြစ်ချင်လို့လား။ အေးပါ အေးပါ ပြီးတော့မှ နင့်အစ်မက နင့်ကိုဂရုမစိုက်ဘူးလို့တော့ မပြောနဲ့နော် ဘာပဲဖြစ်ဖြစ် ဟယ်ရုန်းရှန်က ဆိုင်တာဝန်ခံ၃ဆိုတဲ့တစ်ယောက်ကို ငါသိတယ်။ သူ့ကိုသွားရှာလိုက် သူကတော့ နင့်ကို အလုပ်လေး ဘာလေး ပေးနိုင်လိမ့်မယ်”
ဟယ်ရုန်းရှန်ဆိုတာ ဖျင်ယန်းပြည်နယ်ကြီးတစ်ခုလုံးမှာ ဆိုင်ခွဲတွေအများအပြားရှိတဲ့ နာမည်ကျော် အပေါင်ဆိုင်ကြီးတစ်ခု ဖြစ်တယ်။ ဟူယန်းမြို့ထဲမှာလည်း ဆိုင်ခွဲတစ်ခုရှိပြီး ကျောက်အာက နေ့တိုင်း အဲဒီအရှေ့က ဖြတ်နေရတာကြောင့် မျက်မှန်းတန်းမိသလိုတော့ ရှိတယ်။
“ဟယ်ရုန်းရှန်ကရော ရှန်မိသားစုရဲ့ စီးပွားရေးတွေထဲက တစ်ခုပဲလား။ အဲဒီက ဆိုင်တာဝန်ခံကို မမက ဘယ်လိုသိတာလဲ”
ဒီအမေးကြောင့် စူးလန်ရဲ့မျက်နှာအမူအရာက ခေတ္တခဏလောက် ရှုပ်ထွေးသွားပေမဲ့ သူမက စိတ်မရှည်သလိုနဲ့ စကားလမ်းကြောင်းလွှဲလိုက်တယ်။
“အဲဒါတွေက အရေးကြီးလား။ သွား သွား ရှန်ဖျင်းဆိုတဲ့လူကိုသာ သွားရှာလိုက် နင်က အဲဒါသိထားရင် ရပြီ ဘာပဲဖြစ်ဖြစ် ငါ သွားရတော့မယ် သခင်လေး ၆က ခဏနေ နေ့လယ်စာ သုံးဆောင်တော့မှာ။ သူ့ဘေးနား ငါရှိနေမှဖြစ်မယ် မဟုတ်ရင် တခြားမြေခွေးမတွေ လက်ဦးသွားလိမ့်မယ်”
သူမက နောက်လှည့်လိုက်ပြီးတော့မှ ခြံဝန်းထဲ ခြေမချခင် ကျောက်အာဆီပြန်လာပြီး လက်ဖျားစထဲက တစ်စုံတစ်ခုကို ထုတ်ပေးလိုက်တယ်။
“ဒါယူသွား ဟိုဘက်မှာ အခြေအနေမကောင်းရင် နင့်မှာ အားထားစရာတစ်ခုရှိအောင်လို့ ရှန်မိသားစု ဦးစီးတဲ့ကျောင်းတော်က ဖျင်ယန်းမှာ နာမည်ကြီးတယ်။ တကယ်လို့ ငါ တရားဝင်ကိုယ်လုပ်တော် ဖြစ်သွားတာနဲ့ နင့်ယောက်ျား အဲဒီမှာ တက်လို့ရအောင် ငါသခင်လေး ၆ကို ကူပြောပေးမယ်။ အောင်မယ်လေး ကြည့်ရတာ ငါနင့်ကို အတိတ်ဘဝမှာ အကြွေးတွေ တော်တော်တင်ခဲ့တယ်နဲ့ တူပါတယ်ဟယ် အသေးအမွှားကအစ လိုက်ပူပေးနေရတာ”
အဲဒီလိုနဲ့ပဲ စူးလန်က တံခါးနောက်ထဲ ခပ်မြန်မြန် တိုးဝင်ပျောက်ကွယ်သွားတယ်။ ကျောက်အာက အဲဒီမှာခဏလောက်ရပ်နေပြီးမှ လက်ထဲက ငွေချောင်းလေးကို ငုံ့ကြည့်ရင်း အကြာကြီး တန့်နေပြီး နောက်ဆုံးတော့ ခပ်တင်းတင်းဆုပ်ကိုင်ကာ လမ်းလျှောက်ထွက်လာခဲ့တယ်။
ဒီမြို့မှာ ဟယ်ရုန်းရှန်ဆိုင်ခွဲ ဘယ်မှာရှိသလဲ သူ အတိအကျ မသိပေမဲ့ ပါးစပ်ပါရင် ရွာရောက်တယ်ဆိုတဲ့အတိုင်းပဲ ဟိုဟိုဒီဒီမေးစမ်းရင်း သွားလိုက်ရတယ်။ ကံတရားက မျက်နှာသာပေးချင်တော့ သူမ ရောက်သွားတဲ့အချိန် အဲဒီဆိုင်တာဝန်ခံ ၃ဆိုတဲ့လူကလည်း ကွက်တိရှိနေတယ်။
ရှန်ဖျင်းက ဥပဓိရုပ်ကောင်းကောင်းနဲ့ သန့်သန့်ပြန့်ပြန့် လူငယ်တစ်ဦးပဲ။ နက်ပြာရောင် ဝမ်းဆက်ဝတ်ထားတဲ့ သူ့ကြည့်ရတာ ရင့်ကျက်ပုံရပြီး အသက်ကဖြင့် ၂၀လောက်ပဲ ရှိဦးမယ်။ ဆိုင်တစ်ဆိုင်ရဲ့ ဆိုင်တာဝန်ခံတောင် ဖြစ်နေပြီ။
သူက သူမ ဘယ်လိုရောက်လာသလဲ ကြားလိုက်တာနဲ့ ရှန်ဖျင်းမျက်လုံးထဲ မှတ်မိတဲ့အရိပ်အယောင်တချို့ လက်သွားတယ်။
“အာ မင်းက ကျောက်အာမဟုတ်လား။ မင်းအစ်မက အရင်တုန်းက မင်းအကြောင်း ပြောပြဖူးတယ်”
ကျောက်အာက အစ်မ ၂ ဒီလူကို သူ့နာမည်ပြောပြထားမယ်လို့တောင် မထင်ထားဘူး။ ပင်ကိုယ်အသိစိတ်အရ တစ်ခုခုတော့ ပုံမှန်မဟုတ်တာ ရိပ်မိလိုက်ပေမဲ့ သူမ အဲဒါကိုကြာကြာ မစဥ်းစားနိုင်ခင်မှာပဲ ရှန်ဖျင်းက အထဲကို ဦးဆောင်ခေါ်သွားခဲ့တယ်။
15 05
“မင်းအစ်မ ပြောပြကတည်းက မင်းနဲ့ဘယ်လိုစီးပွားရေးက အဆင်ပြေမလဲဆိုတာ ငါတွေးနေခဲ့တာ မိန်းကလေးတစ်ယောက်အနေနဲ့ ရေရှည်လုပ်နိုင်မဲ့အရာမျိုးပေါ့ ခြုံငုံစဥ်းစားပြီးသွားတဲ့နောက်မှာတော့ အင်္ကျီဟောင်းတွေ ပြန်ရောင်းတာက မင်းလို မိန်းမငယ်လေးအတွက် အသင့်တော်ဆုံးလို့ ထင်တယ်”
ကျောက်အာက စူးလန် သူမကို မိန်းကလေးဖြစ်ကြောင်းပါ ပြောပြထားတဲ့အပေါ် နည်းနည်း အံ့ဩသွားပေမဲ့ ခပ်မြန်မြန်ပဲ သူမအာရုံက သူ့စကားတွေပေါ်ရောက်သွားတယ်။
“အင်္ကျီဟောင်းတွေ ရောင်းတာ”
“အပေါင်ဆိုင်တွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတာတော့ နားလည်မယ် ထင်ပါတယ် ငါတို့က ပေါင်လို့ရတဲ့ပစ္စည်းမှန်သမျှ လက်ခံတယ်။ ဒါပေမဲ့ အဲဒီမှာမှ ပြန်ရွေးသွားတဲ့ ပစ္စည်းတွေနဲ့ အပေါင်ရှုံးသွားတဲ့ ပစ္စည်းတွေဆိုပြီး နှစ်မျိုးကွဲသွားတာ အပေါင်ရှုံးတယ်ဆိုတာက ပိုင်ရှင်က ပြန်လာရွေးဖို့ သတ်မှတ်ရက်ကျော်သွားတာမျိုး ဒါမှမဟုတ်လည်း ပြန်မရွေးနိုင်တော့လို့ အဆုံးခံလိုက်တာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီဟာတွေကို ငါတို့က ပြန်ရောင်းကြတယ်”
“ပိတ်စတွေ အင်္ကျီတွေကိုတော့ ပုံမှန်ဆို မြို့ထဲက အပ်ချုပ်ဆိုင်တွေဖြစ်ဖြစ် အသင့်ဝတ်အထည်ဆိုင်တွေဖြစ်ဖြစ် ပို့လိုက်တာပဲ။ ဒါပေမဲ့ မင်းစိတ်ဝင်စားတယ်ဆိုရင်တော့ ဒီထဲက နည်းနည်း ယူသွားပြီး ကိုယ့်ဘာသာ ပြန်ရောင်းလို့ရပါတယ်”
ရှန်ဖျင်းက ရှင်းပြနေတုန်း ကျောက်အာရဲ့မျက်လုံးတွေက ပိုမိုတောက်ပလာတယ်။
“ဆိုတော့ သူတို့ကို ဘယ်လောက်နဲ့ရမှာလဲ။ တစ်ထည်ချင်းလား အပုံလိုက်လား။ သူတို့က ဝတ်ပြီးသားတွေဆိုတော့ အသစ်လောက်တော့ ဈေးမမြင့်လောက်ဘူး ထင်ပါတယ်”
ရှန်ဖျင်းက သူမကို တစ်ချက်လှည့်ကြည့်လိုက်ပြီး “မင်းက ထက်သားပဲ”
သူက ခေါင်းတစ်ချက်ညိတ်လိုက်ပြီးမှ တစ်ဖက်ကို ဦးတည်သွားတယ်။
“လိုက်ခဲ့ ငါလိုက်ပြပေးမယ်”
အဲဒီလိုနဲ့ ကျောက်အာက သူ့နောက်ကတစ်ဆင့် လိုက်သွားရာမှ အပေါင်ဆိုင်အနောက်က ခြံဝန်းအကျယ်ကြီးထဲ ရောက်သွားပြီး အံ့ဩစရာကောင်းအောင် ကြီးမားတဲ့ခြံထဲမှာ ဂိုဒေါင်လေးတွေ အများအပြား ရှိနေတယ်။
လမ်းတစ်လျှောက်ဖြတ်သွားတဲ့ အလုပ်သမားတိုင်းက ရှန်ဖျင်းကို တလေးတစား နှုတ်ဆက်သွားကြတယ်။ ရှန်ဖျင်းက သူမကို သိုလှောင်ရုံတစ်ခုဆီ ခေါ်သွားပြီး သူတို့အဝင်ဝမှာ ရပ်လိုက်တာနဲ့ အထဲက အလုပ်သမားတစ်ယောက်က အထုပ်ကြီးတစ်ထုပ် သယ်လာကာ ဖွင့်ပြပေးတယ်။
အထဲမှာက အမျိုးမျိုးသော အင်္ကျီတွေစုပုံရှိနေပြီး တချို့က နွမ်းနေပေမဲ့ တချို့ကတော့ သစ်လွင်နေသေးတယ်။ ပိတ်စတွေကလည်း ချည်သားကစလို့ ပိုးသား ဖဲသားနဲ့ ဈေးကြီးတဲ့ ဘရိုကိတ်သားအထိ အစုံရှိပြီး သူတို့အားလုံးက ဘယ်လောက်ပဲ ဝတ်ပြီးသားပြောပြော ကျောက်အာ ဝတ်ထားတဲ့ ဖျင်ကြမ်းထည်ထက်စာရင်တော့ အရည်အသွေးကောင်းသေးတယ်။
“ပုံမှန်အားဖြင့်တော့ သူတို့ကို ရောရောင်းတာ ငါတို့က ဈေးသက်သက်သာသာနဲ့ ရထားတာမို့ ပြန်ရောင်းတဲ့ဈေးကိုလည်း အရမ်းမမြှင့်ထားပါဘူး ဒီတစ်ပုံကို မင်း ငွေ ၂တုံးနဲ့ ယူသွားလို့ရတယ်”
ကျောက်အာရဲ့မျက်လုံးတွေက ထိုအဝတ်ပုံကြီးကို ရတနာသိုက်တွေ့သလို မျက်စိမခွာနိုင်တော့ဘူး။ အရောင်းအဝယ်ကို ပိုတန်အောင်လို့ သူမက ဆောင့်ကြောင့်ထိုင်ချပြီး အနီးကပ် သေချာစစ်ကြည့်လိုက်တယ်။
အဲဒီတစ်ပုံမှာတင် အထည်တွေက တစ်ရာကျော်လောက် အသာလေး ပါတယ်။ တစ်ထည်ကို ကြေးပြား ၂၀လောက်နဲ့ပဲ ရောင်းဦး အေးအေးဆေးဆေး အရင်းကျေတယ်။ ပြီးတော့ သူမ မျက်စိကစားကြည့်လိုက်တဲ့အချိန် ဒီထဲက တချို့အဝတ်အစားတွေ လက်ရာကောင်းတွေမို့ ဒီထက်တိုးရောင်းလို့ရသေးတယ်။
အပြင်မှာ ကြေးပြား ၂၀ဆိုတာ အင်္ကျီတစ်ထည်ရဖို့ ပိတ်စဖိုးပဲရှိသေးတယ် ဒါတောင် ချုပ်ခမပါသေးဘူး။ အနည်းဆုံး အပေါဆုံးပိတ်စတောင် တစ်ကိုက်ကို ၇ ပြား ၈ပြားလောက် ကုန်တယ်။ အဲဒီအပြင် အထုပ်ထဲမှာ ဆောင်းဝတ်အနွေးထည်တွေလည်း ပါတာမို့ ရောင်းမထွက်လို့ ကိုယ်တိုင်ဝတ်ရင်တောင် တန်တယ်။
******
16 01
အပိုင်း 16
“ပုံမှန်အားဖြင့်တော့ သူတို့ကို ရောရောင်းတာ။ ငါတို့က ဈေးသက်သက်သာသာနဲ့ ရထားတာမို့ ပြန်ရောင်းတဲ့ဈေးကိုလည်း အရမ်းမမြှင့်ထားပါဘူး။ ဒီတစ်ပုံကို မင်း ငွေ ၂တုံးနဲ့ ယူသွားလို့ရတယ်”
ကျောက်အာက ကြားလိုက်ရတဲ့စကားတွေကြောင့် ရင်ထဲမီးရှူးမီးပန်းတွေ ပေါက်ထွက်လာတယ်။ ဝမ်းသာလုံးစို့နေတဲ့သူမက အချိန်အတော်လေးကြာသွားမှ စဥ်းစားချင့်ချိန်နိုင်စွမ်းတွေ ပြန်အလုပ်လုပ်လာပြီး ထိုင်နေရင်းကပဲ ရှန်ဖျင်းကို မော့မေးလိုက်တယ်။
“ဒါနဲ့ အစ်ကိုလေးရှန် ဒီတစ်ထုပ်လုံးမှ ငွေ ၂တုံးဆိုတော့ ဒီလိုသာရောင်းနေရင် ရှင်တို့ဆိုင်ဘက်က မရှုံးဘူးလား။ ကျွန်မကိုမို့လို့ ပေးတာဆို…”
ကျောက်အာမှာ နောက်ဆုံးစကားကိုတောင် ဆုံးအောင်မပြောရသေးဘူး အထာနပ်လွယ်တဲ့ ရှန်ဖျင်းက သူဆိုလိုချင်တာကို သဘောပေါက်သွားပြီ။ သူက သဘောတကျ ရယ်လိုက်ပေမဲ့ ကျောက်အာရဲ့ တစ်ဖက်သားအပေါ် တွေးပေးတတ်တဲ့စိတ်လေးကိုလည်း အသိအမှတ်ပြုလိုက်မိတယ်။
“ဘယ်လိုမဆို ဒါတွေကို အပ်ချုပ်ဆိုင်ဖြစ်ဖြစ် အထည်ဆိုင်ဖြစ်ဖြစ် သွားရောင်းလည်း ဒီလောက်ပဲဈေးပေးကြမှာပဲ။ အရေအတွက်ကို မကြည့်ဘဲနဲ့ သေချာစဥ်းစားကြည့်ရင် တကယ်လည်း ဒီအထုပ်ထဲမှာ သူတို့ဆိုင်တင်ရောင်းလို့ရမဲ့ အထည်ကောင်းတွေ သိပ်ပါတာမှမဟုတ်တာ။ ခေါင်တွေကို ငါတို့က ရွေးထုတ်ထားပြီးသွားပြီလေ”
ကျောက်အာလည်း ဒီလိုထင်တော့ ထင်သားပဲ။ မြို့သားတွေရဲ့မျက်စိက သူတို့ကျေးလက်တောရွာက လူတွေရဲ့အမြင်နဲ့ တူတာမဟုတ်ဘူး။ အကြီးအကျယ်စီးပွားလုပ်နေတဲ့ ဒီလိုအပေါင်ဆိုင်ကြီးကိုဆို ပြောမနေနဲ့တော့။ ရွာသားတွေမျက်လုံးထဲ ကောင်းပါတယ်ဆိုတဲ့အရာတွေက မြို့သားတွေအတွက်တော့ လှည့်ကြည့်ဖို့တောင် မတန်လောက်ဘူး။
သူမက စိတ်သက်သာရာရသွားဟန် သက်ပြင်းလေး တစ်ချက်ချပြီးတော့မှ “ဒါဆို အထည်တွေအတွက် ကျွန်မ အခုချက်ချင်း ငွေချေသွားပါမယ်”
“ကောင်းပါပြီ အခုကျ လက်ထဲရေလျှံနေပြီပေါ့”
ဒါပေါ့ ကျောက်အာမှာ နဂိုကတည်းက စုထားဆောင်းထားတဲ့ ငွေလေး ၂တုံးရှိတာ အခု မမ စူးလန်ကလည်း ပေးလိုက်သေးတယ်ဆိုတော့ မလိုတဲ့အပြင် ပိုတောင်ပိုနေသေးတယ်။ ရှန်ဖျင်းက တစ်ဆက်တည်းမှာပဲ ရယ်သံလေးစွက်ရင်း ဘာရယ်မဟုတ် ထုတ်ပြောလာတယ်။
“အေးပေါ့လေ မင်းအစ်မက ဒီနေရာနဲ့ရင်းနှီးခဲ့မှတော့ သူလွှတ်လိုက်တဲ့ မင်းကိုလည်း ငါ့အပေါ် ဘယ်အခွင့်ကောင်းယူခိုင်းပါ့မလဲ”
သူ့အသံက အသက်ရှူသံအောက် ရေရွတ်သလို တိုးညှင်းတာကြောင့် အဝတ်ထုပ်ကိုသာ အင်မတန်အာရုံစိုက်နေတဲ့ ကျောက်အာက တစ်လုံးမှ မကြားလိုက်ဘူး။
“ကဲ ဒါဆိုလည်း မင်းအတွက် လှည်းတစ်စီးခေါ်ပေးလိုက်မယ်။ ဒီအထုပ်တွေက မိန်းမငယ်လေးတစ်ယောက် မနိုင်မဲ့ဟာတွေ မဟုတ်ဘူး”
“ကျေးဇူးတင်ပါတယ် အစ်ကိုလေး ရှန်”
ကျောက်အာကို လှည်းငှားပေးပြီးသွားတဲ့အခါ ရှန်ဖျင်းက အပေါင်ဆိုင်ထဲ ပြန်ဝင်လာခဲ့တယ်။ သူက ဆိုင်တာဝန်ခံ ၃လို့ အခေါ်ခံရပေမဲ့ တကယ်တော့ သူက ဒီနေရာနဲ့ဘာမှမဆိုင်ဘူး။ သူ ရှားစီရင်စုမှာ ရှိနေတယ်ဆိုတာကလည်း ဟယ်ရုန်းရှန်ရဲ့ တကယ့်ပိုင်ရှင်ဆီက တောင်းဆိုချက်ကြောင့်ပဲ။
ရှန်ဖျင်းက ရှန်မိသားစုထဲက လက်အောက်ငယ်သားရဲ့သားတစ်ယောက်ဖြစ်ပြီး ဖခင်ဖြစ်သူက ရှန်အိမ်တော်ရဲ့ အလုပ်သမားခေါင်းဆောင်ဖြစ်တယ်။ သူကတော့ ငယ်စဥ်ကတည်းက တတိယသခင်လေး ရှန်ဖူရဲ့ ဆော့ဖော်ဆော့ဖက်ဖြစ်ခဲ့ပေမဲ့ အရွယ်ရောက်လာမှသာ အပြင်မှာ အလုပ်ထွက်လုပ်ခွင့်ရခဲ့တာ။
“တကယ်လို့ သူ နောက်တစ်ခေါက် ထပ်လာခဲ့ရင်လည်း ငါပြောထားတဲ့အတိုင်းပဲ ဆက်လုပ်ပါ”
“ဟုတ်ကဲ့”
****
မွန်းတည့်တာနဲ့ စာရေးလေး အားချိုင်က ရွှီထင်းရှန်းအတွက် နေ့လယ်စာယူလာပေးတယ်။ ဦးလေးချန်းက ရိုးရိုးထမင်းတစ်နပ်လို့သာ ပြောပေမဲ့ တကယ်တော့ ဟင်းတွေက သိပ်မဆိုးပါဘူး။ အသားရော အသီးအရွက်ရော မျှတအောင်ပါဝင်ပြီး အရည်သောက်စွပ်ပြုတ်တစ်ခွက်တောင် ပါသေးတယ်။
16 02
ဦးလေးချန်းက သူ့တစ်ယောက်တည်းအပေါ်ကိုမှ တမင်တကာ ဦးစားပေးဂရုစိုက်နေတယ်ဆိုတာ ရွှီထင်းရှန်း သိပြီးသား။ မဟုတ်ရင် ဘယ်အလုပ်ရှင်က စာလေးကူးရေးပေးတဲ့အတွက်နဲ့ တစ်နေကုန်သောက်ဖို့ အခါးရည်ပြင်ပေးထားရုံသာမက ထမင်းပါကျွေးပြီး လုပ်ခလစာကိုလည်း ဒီလောက်ရက်ရက်ရောရော ပေးမှာတဲ့လဲ။
ဒါတွေအကုန်လုံးကို သူ့ရင်ထဲ ကောင်းကောင်းနားလည်နေလို့သာ သူ့ပါးစပ်ကနေ အငြင်းစကားတွေ ထွက်မလာခဲ့တာ။ ဒီလိုအခြေအနေမှာ မာနကိုငဲ့ပြီး ငြင်းလိုက်တော့မှ မရှိတာကို အတင်းရှိချင်နေတယ်ဆိုတဲ့ သဘောမျိုး သက်ရောက်သွားလိမ့်မယ်။
ထိုအခါ တစ်ဖက်လူကလည်း စေတနာပျက်သွားမှာပဲ။ ဒီအတွက် ရွှီထင်းရှန်းက နောင်တစ်ချိန်ကျမှ သေချာလေး ကျေးဇူးပြန်ဆပ်မယ်လို့ မှတ်ထားလိုက်တယ်။ စားသောက်ပြီးတဲ့နောက် စာရေးလေးက ပန်းကန်ခွက်ယောက်တွေ သိမ်းဆည်းဖို့ အခန်းထဲ ပြန်ရောက်လာပြီး နောက်တစ်နာရီလောက် နားလို့ရတယ်လို့ ပြောလာတယ်။
အနောက်ဘက်အခန်းထဲမှာ ခါးဆန့်အကြောဖြေဖို့ ခုံရှည်တစ်ခု အဆင်သင့်စွာရှိနေတာမှန်ပေမဲ့ အားလပ်ချိန်မို့ အရှေ့ခန်းမှာ စာလာဖတ်လို့ရတယ်လို့ ပြောတာနဲ့လည်း အတူတူပဲ။ အမှန်တော့ အနောက်ကတစ်ချက်က ဆိုလိုရင်းပဲ။
သွယ်ဝိုက်စကားကို နားလည်သွားတဲ့ ရွှီထင်းရှန်းကလည်း ယဥ်ကျေးမနေတော့ဘဲ လက်နှစ်ဖက်စလုံး ဆေးကြောသန့်စင်ပြီးတာနဲ့ အရှေ့ဘက်ကိုထွက်လာခဲ့လိုက်တယ်။ ဆိုင်လေးက ဘယ်လောက်မှမရှိဘူးဆိုပေမဲ့ ကျေးလက်ပုံပြင်တွေကနေ နန်းတွင်းစာမေးပွဲနဲ့ပက်သတ်တဲ့ စာအုပ်တွေအထိ အတော်လေး စုံလင်တယ်။
ပြီးခဲ့တဲ့မင်းဆက်က နန်းတွင်းစာမေးပွဲတွေမှာ ရှစ်မျက်နှာဆင့်ပွားစာစီစာကုံးကို တင်းကျပ်တဲ့ ပြဌာန်းချက်တွေနဲ့ စံနှုန်းအဖြစ် အောင်ချက်သတ်မှတ်ထားကြပြီး စာလုံးရေနဲ့ စာကြောင်းအတိုအရှည်ကိုတောင် တိတိကျကျ ကန့်သတ်ထားခဲ့တယ်။
စာစီစာကုံးခေါင်းစဥ်တွေကတော့ စာပေကြီး ၄ကျမ်းနဲ့ဂန္ဓဝင် ငါးဖြာထဲက အကြောင်းအရာတွေကိုပဲ ပုံသေမေးတာဆိုပေမဲ့ ချရေးတဲ့နေရာမှာ
၁။ ခေါင်းစဥ်တပ်
၂။ ခေါင်းစဥ်ကို အကျဥ်းချုပ်ဖော်ပြ
၃။ အဖွင့်စကား
၄။ နိဒါန်းပျိုး
၅။ စာကိုယ်ပိုင်း
၆။ အကျယ်တဝင့်ရှင်းလင်း
၇။ နိဂုံးချုပ်
၈။ အကြောင်းအရာအားလုံးကို ထိထိမိမိ စုပေါင်းသုံးသပ်ပြခြင်း ဆိုပြီး အခန်းကဏ္ဍ ၈ပိုင်းကွဲသွားတယ်။
ကြည့်တော့သာ လမ်းညွှန်ချက်တွေအတိုင်း လိုက်လုပ်ရင် လွယ်ပါတယ်လို့ ထင်ရတာ ဒါပေမဲ့ တကယ်တော့ ဒီ၈ ချက်စလုံးကို ဆက်စပ်အောင်ရေးဖို့ဆိုတာ လွယ်ကူမနေပါဘူး။ တကယ်လို့ စာပေကြီး ၄ကျမ်းနဲ့ဂန္ဓဝင် ငါးဖြာကို ကျေညက်ရုံနဲ့တင် ရပြီလို့တွေးနေရင်တော့ ပိုတောင် မှားသွားဦးမယ်။
စာစီစာကုံးတစ်ပုဒ် ကောင်းကောင်းထွက်လာဖို့ဆိုတာ ကိုယ့်ရဲ့ဗဟုသုတအကုန်ကို ချပြရတာမို့ သမိုင်းကြောင်းနဲ့ နက္ခတ်ပညာကို မပြောနဲ့ ပထဝီမြေပြင်ကအစ ဘက်ပေါင်းစုံကနေ သိထားမှ စစ်ဆေးသူက ကိုယ့်စာပါအချက်အလက်တွေကို ပိုမိုအထင်ကြီးလာမှာ။
အိပ်မက်ထဲမှာတော့ ရွှီထင်းရှန်းက ဒုတိယနှစ်မှာတင် နန်းတွင်းစာမေးပွဲကို ကျင်းရှီအဖြစ် ဖြတ်ကျော်နိုင်ခဲ့ပြီး ထိုကနေတစ်ဆင့် ဟန်လင်တော်ဝင်ကျောင်းတော်ကြီးကို အဆင့် ၂၁နဲ့ ဝင်ရောက်နိုင်ခဲ့တယ်။
အဲဒီအချိန်ကျတော့မှ သူ့ပညာရေးလမ်းကြောင်းက တည်ငြိမ်တိုးတက်စ ပြုလာတာဆိုပေမဲ့ မထိသင့်တဲ့ တစ်စုံတစ်ယောက်ကို သွားထိခဲ့မိလို့ ကြီးမားတင့်တယ်လှတဲ့ ဟန်လင်ကနေ ငှက်တွေတောင် မစင်မစွန့်တဲ့ ရာထူးငယ် အမှူထမ်းလေးဖြစ်သွားရတယ်။
ရွှီထင်းရှန်းက နှုတ်ခမ်းတွေကို တင်းတင်းစေ့ပိတ်လိုက်ပြီး သူအတွေးလွန်နေမှန်း ရိပ်မိလိုက်တယ်။ ဘာပဲဖြစ်ဖြစ် သူက အခုမှကလေးအရွယ်ပဲရှိသေးတာမို့ ပစ္စုပ္ပန်အတွက်ကိုပဲ အရင်စဥ်းစားတာ ကောင်းလိမ့်မယ်။
16 03
ဒီလိုနဲ့ ကစဥ့်ကလျားပြေးလွှားနေတဲ့ အတွေးပေါင်းစုံကို ထောင့်တစ်နေရာမှာ ကြိုးနဲ့ချည်တုပ်ကာ စင်ပေါ်က စာအုပ်တစ်အုပ် ယူဖတ်နေလိုက်တော့တယ်။ သူ တိတ်တိတ်လေး စာဖတ်နေတုန်း စုတ်တံတွေ မှင်တုံးတွေ လာသွင်းတဲ့ကုန်သည်တွေနဲ့ စာရွက်တွေ စာအုပ်တွေ လာဝယ်တဲ့လူတွေက အဝင်အထွက်မပြတ်တော့ သူ့မှာ ကောင်းကောင်းအာရုံမစိုက်နိုင် ဖြစ်နေရတယ်။
ဒါကိုမြင်တော့ ဦးလေး ချန်းက “ကောင်လေး ရွှီ အနောက်ယူသွားပြီး ဖတ်လို့ရတယ်”
ရွှီထင်းရှန်းက သူ့ကို အံ့ဩတကြီး မော့ကြည့်လာတယ်။
“ဒါပေမဲ့ …”
“ရပါတယ် မင်းတစ်မျက်နှာမှ မစုတ်စေရဘူးလို့ အာမခံထားတာပဲမလား”
ရွှီထင်းရှန်းက တိတ်ကျသွားပြီးမှ ခါးကို ၉၀ဒီဂရီအထိ ငုံ့ကိုင်းကာ အလေးအနက် ကျေးဇူးတင်ပြီးတဲ့နောက် အခန်းထဲ ဝင်သွားတယ်။ သူ စာအုပ်ထဲနစ်မျောပြီး ပတ်ဝန်းကျင်ကို အသိပြန်ဝင်လာတော့မှ အပြင်က ဦးလေး ချန်းအပြင် ကျောက်အာရဲ့အသံကိုပါ တစ်ဆက်တည်း ကြားလိုက်ရတယ်။
“ဒီအထုပ်ကြီးက ဘယ်ကရလာတာတုန်း”
ဦးလေးချန်းက ကျောက်အာကို အလန့်တကြားကြည့်ကာ သူမခြေရင်းက လူထက်နှစ်ပြန်လောက် ကြီးတဲ့အထုပ်ကြီးကို မေးခွန်းထုတ်တယ်။ ချွေးတလုံးလုံးနဲ့ ကျောက်အာကတော့ နဖူးပေါ်က ချွေးစက်တွေကို သုတ်ရင်း “မြို့ထဲက ရလာတာ ဦးလေးချန်းရေ အစကတော့ လှည်းနဲ့လာတာဆိုပေမဲ့ လှည်းသမားက လမ်းဆုံမှာချခဲ့လို့ ညီလေးကိုလည်း ကြိုရဦးမှာနဲ့ ဒီအထိ ဆွဲလာလိုက်တော့တာ”
သူမရဲ့ဟောဟဲလိုက်နေတဲ့ မြင်ကွင်းက ဦးလေးချန်းဆီက သဘောတကျ ရယ်သံလွင်လွင်တစ်ခု ထွက်ပေါ်လာစေပြီး သူက စာရေးလေးကို လှမ်းခေါ်လိုက်တယ်။
“အားချိုင်ရေ ဒီညီအစ်ကိုကျောက်ကို လာကူသယ်ပေးလိုက်ပါဦး”
နောက်တော့ သူက ကျောက်အာဘက်လှည့်ကာ “မင်းလည်း ခဏလာထိုင် မသွားခင် ရေလေးဘာလေးသောက်ပြီး အမောဖြေသွားပေါ့”
“အားနာစရာကြီး”
“အောင်မယ် ငါ့ကိုဈေးဆစ်တုန်းကတော့ အားမနာတတ်ဘဲနဲ့ အခုမှ လာယဥ်ကျေးပြနေတယ်”
ဦးလေးချန်းက သူမကို စစနောက်နောက် မျက်စောင်းခဲလာတယ်။ ခြုံပြောရရင် ဦးလေးချန်းက တကယ်စိတ်ကောင်းရှိပြီး ဟာသဉာဏ်ရွှင်တဲ့လူမျိုးပဲ။ ရွှီထင်းရှန်းကလည်း အသံတွေကြားလို့ ကူညီဖို့ ထွက်လာတယ်။
“အဲဒါ ဘာကြီးလဲ။ ဘာလို့ဒီလောက်တောင် လေးနေတာလဲ။ ဘယ်က ရလာတာလဲ”
အထုပ်ကြီးက လေးလွန်းလို့ အားချိုင်တစ်ယောက်တည်းအားနဲ့မရဘဲ ယောက်ျားသားသုံးယောက် မတော့မှသာ ကြွတော့တယ်။
“အပေါင်ဆိုင်တစ်ခုက ရလာတာ ဒီအထုပ်ကိုသာ ဖြေရောင်းလို့ရရင် မင်းတို့မကြီးက ငါတို့ထင်းအာကို ကျောင်းထားပေးလို့ရပြီ”
ကျောက်အာက သတိလက်လွတ်ပြောပြီးတော့မှ သူမ စကားမှားသွားပြီဆိုတာ သဘောပေါက်လိုက်တယ်။ ရွှီထင်းရှန်းကလည်း ဦးလေးချန်းမျက်နှာကို ချက်ချင်း အကဲခတ်လိုက်တော့ အဲဒီအခါမှ သူမရဲ့ တွန့်ဆုတ်ဆုတ်အသံလေးက ထွက်လာတယ်။
“ဦးလေးချန်း သမီးအားလုံး ရှင်းပြပါမယ်”
သူမက အပြစ်ရှိစိတ် ဝင်သွားတာကြောင့် နှစ်ယောက်လုံးကို မသယ်ခိုင်းတော့ဘဲ တစ်ယောက်တည်း အထုပ်ကြီးကို ပုခုံးပေါ်တင်ကာ စာအုပ်ဆိုင်လေးထဲ ဝင်လာလိုက်တယ်။ အားချိုင်ကလည်း ပိုတောင် အံ့အားသင့်သွားပြီး မျက်လုံးပြူးလေးနဲ့ မှတ်ချက်ပေးတယ်။
“သူက တော်တော်အားရှိတာပဲ တကယ်သန်မာတဲ့ မိန်းကလေးပဲ”
ဒီနေရာမှာတော့ ရွှီထင်းရှန်းက နှုတ်ခမ်းထောင့်လေးတွေ မသိမသာ ကွေးတက်သွားပြီး သူ နောက်ပြန်လှည့်ကြည့်လိုက်တဲ့အခါ ဦးလေးချန်းရဲ့မျက်နှာက မဲမှောင်နေတာ တွေ့လိုက်ရတယ်။ ကျောက်အာက အထုပ်ကြီးကို ချစရာနေရာတွေ့သွားပြီး ခြေလက်မျက်နှာ အရင်ဆေးလိုက်တယ်။
16 04
ပြီးတော့မှ အားချိုင်က သူမကို ဦးလေးချန်းတို့ရှိရာဆီ ခေါ်လာပေးခဲ့တယ်။ ကျောက်အာက ဦးလေးချန်းမျက်နှာကိုတောင် တည့်တည့်မကြည့်ရဲဘူး။ ဒါပေမဲ့လည်း ဦးလေး ချန်းက လူကောင်းမို့လို့ သူမ ဆက်ပြီးလိမ်ထားဖို့ စိတ်ကူးမရှိပါဘူး။
မိန်းကလေးမှန်းမသိခင်တုန်းကတောင် အများကြီးလုပ်ပေးခဲ့တာမပြောနဲ့၊ သူ့ယောက်ျားလေးကို အလုပ်ပေးပြီး အကျိုးခံစားခွင့်အမြောက်အများ ပေးထားတာနဲ့တင် ကျောက်အာမှာ ဘာတစ်ခုမှ ဖုံးကွယ်ထားချင်စိတ် မရှိတော့ဘူး။
အမှန်တော့ ကျောက်အာက လူလိမ်မဟုတ်ပါဘူး ဒီတိုင်းခေတ်ရဲ့ အခြေအနေအရသာ စီးပွားလုပ်ဖို့ သူမ လိင်ဖြစ်တည်မှုကို ဖုံးကွယ်ထားရတာ။
“ဦးလေး ချန်း …”
ဦးလေး ချန်းက သက်ပြင်းချပြီး လက်ကာပြလိုက်တယ်။
“ကဲ ကဲ ထားလိုက်တော့ ဘာမှထပ်ပြောဖို့မလိုတော့ဘူး။ မင်းက မိန်းကလေးမလား။ တကယ် လုပ်ရဲတဲ့ကောင်မလေး အဟင်း မင်းယောက်ျားက ငါ့ကို အခုပဲ အကုန်ပြောပြပြီးသွားပါပြီ”
ကျောက်အာရဲ့ဝိုင်းစက်သွားတဲ့မျက်ဝန်းတွေက သူမ အတော်ထိတ်လန့်သွားကြောင်း သက်သေပြနေတယ်။
“သူ-ဘာရယ် …”
ရွှီထင်းရှန်းက အမြဲလိုလို သူ့နာမည်နဲ့သိက္ခာကို ဦးစားပေးတတ်တဲ့သူမို့ အပြင်လူတွေအရှေ့မှာ သူမကို သတို့သမီးလောင်းလို့တောင် မမိတ်ဆက်ပေးခဲ့ဖူးဘူး။
“သူက ပြောသင့်ပြောထိုက်တာ အကုန်ပြောပြပြီးသွားပြီ။ ဒီလောက် အံ့ဩသွားပုံထောက်တော့ လျှို့ဝှက်ချက်မဟုတ်တော့ဘူး ထင်တယ်”
ကျောက်အာက အူကြောင်ကြောင် ရယ်လိုက်တယ်။
“အဟဲ အဲဒီလိုမဟုတ်ပါဘူး ဒီတိုင်း သူက ငယ်သေးတယ်။ ပြီးတော့ သမီးတို့ရွာကလူတွေက သူ့ကို သိပ်သဘောမကျကြဘူး။ အဲဒါထက် အားလုံးက ချူချာတဲ့သူ့ကို သမီးကပဲ ရှာကျွေးနေရတယ်ဆိုပြီး လှောင်ပြောင်ကဲ့ရဲ့ကြလို့ပါ …”
ဦးလေးချန်းက ရိပ်ဖမ်းသံဖမ်းဖြစ်သွားလို့ မထိန်းနိုင်ဘဲ စတင်ရယ်တော့တယ်။ ဒါပေမဲ့ တစ်ဖက်က ရွှီထင်းရှန်းကတော့ ကြမ်းပြင်တစ်နေရာကိုပဲ စိုက်ကြည့်ပြီး ငြိမ်ကျသွားတယ်။ သူ့အတွေးတွေက တဖန်လှုပ်ရှားထကြွလာပြန်တယ်။
ဒါကြောင့် သူမက သူ့ကိုယ်သူ အမြဲတမ်း အစ်မလို့သုံးနှုန်းခဲ့တာပေါ့။ အဲဒါကြောင့် အိပ်မက်ထဲမှာလည်း သူမက သူ့ကို လက်ထပ်ဖို့ငြင်းခဲ့တာကိုး။ ဒါပေမဲ့ သူကတော့ ယောက်ျားမာနထိခိုက်တယ်လို့ ထင်ပြီး မိဘတွေအမိန့်ကို အသုံးချကာ အတင်းအကျပ် လက်ထပ်ယူခဲ့တယ် ...
သူမက ဒါတွေအားလုံးကို နားလည်သဘောပေါက်လျက်နဲ့တောင် အဆုံးအထိ သူ့မျက်နှာတစ်ကမ္ဘာအမှတ်နဲ့ ဆက်တိုက်ပါရမီဖြည့်ပေးခဲ့တာပဲ။
သူ့စိတ်တွင်းမှာ ဂယက်ထနေတဲ့အချိန် အပြင်က စကားဝိုင်းကတော့ ခေါင်းစဥ်ပြောင်းသွားပြီ။
“သူ့ကို ချင်းဟယ်ပို့ဖို့ ပိုက်ဆံစုနေတယ်လို့ ကြားလိုက်တယ် ဟုတ်လား”
ကျောက်အာက ခေါင်းညိတ်ပြလိုက်ပြီး ဦးလေး ချန်းမျက်နှာပေါ်က ထူးဆန်းတဲ့အမူအရာကိုမြင်တော့ မထိန်းနိုင်ဘဲ မေးကြည့်လိုက်တယ်။
“အဲဒိကျောင်းက မကောင်းလို့လား”
“ဖြတ်လမ်းလိုက်တာက ရေရှည်မှာ အကျိုးနည်းလိမ့်မယ်”
ကျောက်အာက သူ ဘာကိုဆိုလိုချင်မှန်း နားမလည်ပေမဲ့ ကောင်းတဲ့စကား မဟုတ်တာတော့ သိတယ်။
“တကယ်လို့ သူ့ကို ကျောင်းကောင်းကောင်းထားချင်တယ်ဆို ငါအကြံပေးချင်တာ တစ်ခုရှိတယ် ဒါပေမဲ့ …. ထားပါလေ အဲဒါတွေပြောလည်း မင်း နားမလည်ဘူးမလား။ နောက်မှ သေချာရှင်းပြမယ်”
ကျောက်အာက အူကြောင်ကြောင်နဲ့ ခေါင်းညိတ်ပြရုံသာ တတ်နိုင်တယ်။ အချိန်ကမစောတော့တာကြောင့် သူတို့နှစ်ယောက် ဆိုင်ရှင်ကြီးကို နှုတ်ဆက်ပြီး ယွီချင်းရွာကို ထွက်လာခဲ့လိုက်တယ်။
16 05
အဝတ်ထုပ်ကြီးက လေးလွန်းပြီး အိမ်ပြန်သယ်သွားရင်လည်း အာရုံစိုက်စရာဖြစ်နေမှာစိုးလို့ ဦးလေး ချန်းက ကျောက်အာကို သူ့ဆိုင်ရဲ့ဂိုဒေါင်ထဲမှာပဲ ထားခဲ့ဖို့ အကြံပြုတယ်။ တကယ်လည်း စာအုပ်ဆိုင်လေးရဲ့ ထောင့်ဘက်မှာ နေရာလွတ်လေး တစ်နေရာရှိနေသေးတယ်။
အဲဒီလိုနဲ့ပဲ သူတို့နှစ်ယောက်တည်း မြို့တံတိုင်းအစွန်ကို ထွက်လာခဲ့ပြီး အချိန်လင့်နေပြီမို့ ရွေးချယ်စရာများများစားစား မရှိတော့လို့ နွားလှည်းကိုသာ ဟိုဆောင့်ဒီဆောင့်နဲ့ ပါလာခဲ့ရတယ်။ လမ်းတစ်ဝက်ရောက်တော့မှ မျက်နှာချင်းဆိုင်ကနေ မောင်းလာတဲ့ အနည်းငယ် သစ်လွင်တဲ့ မြည်းလှည်းတစ်စီးကို တွေ့လိုက်ရတယ်။
မောင်းလာတာက ယောက်ျားလေးတစ်ဦးဖြစ်ပြီး အနက်ရောင်အဝတ်အစားတွေနဲ့ အရပ်ရှည်ပုံရတယ်။ နီးလာတော့မှ သေချာမြင်တွေ့လိုက်ရတဲ့ သူ့မျက်နှာအစိတ်အပိုင်းတွေက မျက်ခုံးထူထူ ကျားလိုမျက်ဝန်းနဲ့ နှာတံမြင့်မြင့်ရှိပြီး အတော်လေး သူရဲကောင်းဆန်တဲ့ပုံပေါက်နေတယ်။
အင်္ကျီလက်ဖျားစကို တံတောင်ဆစ်အထိ ခေါက်တင်ထားတာကြောင့် ကြွက်သားအပြည့်နဲ့ လက်ဖျံကို လှစ်ဟပြထားသလိုဖြစ်နေပြီး သူ့ကိုယ်လုံးကိုယ်ပေါက်ကလည်း ကြံ့ခိုင်သန်မာလောက်တယ်။ ရွှီထင်းရှန်းက ဒီလူကို စလာကတည်းက သတိထားမိလိုက်ပြီး သူ့သူငယ်အိမ်တွေက အလိုအလျောက် ကျုံ့ဝင်သွားတယ်။
ဘေးနားက ကျောက်အာကို အမြန်လှမ်းကြည့်လိုက်ပြီး သူမက ခေါင်းငုံ့ရင်း သတိမထားမိတာတွေ့တော့မှ သူအနည်းငယ် စိတ်အေးသွားတယ်။ ဒါပေမဲ့ တစ်ဖက်လူက တွေ့ဖြစ်အောင်တွေ့သွားပြီး မျက်လုံးတွေ အရောင်တောက်ကာ အသံကျယ်ကျယ်နဲ့ လှမ်းခေါ်တယ်။
“ဟေး ကျောက်အာ”
အသံကြောင့် ကျောက်အာကလည်း ချက်ချင်းမော့ကြည့်လိုက်ပြီး လူကိုမြင်တော့ ပြုံးဖြီးသွားတယ်။
“ကျန်းဝူကော ဘယ်သွားမလို့လဲ”
ကျန်းဝူက မြည်းဇက်ကြိုးကို အသာဆွဲတင်းလိုက်ပြီး လှည်းကို သူတို့ဘေးနား ကပ်ရပ်လိုက်တယ်။
“မြို့ထဲသွားမလို့ ပြန်ပြီလား။ လာ လာ အဲဒါဆို ဒီကိုလာခဲ့ ငါပြန်လိုက်ပို့ပေးမယ်”
ကျောက်အာက တုံ့ဆိုင်းသွားတယ်။
“ဒါပေမဲ့ မြို့ထဲသွားဖို့မဟုတ်လား။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့လည်း လှည်းပေါ်ရောက်နေပြိဆိုမှတော့ ကိုယ့်ဘာသာပဲ သွားလိုက်ပါမယ် ကော အလုပ်ကိုအနှောင့်အယှက်ဖြစ်နေလိမ့်မယ်”
“ဘယ်ကသာ ငါ့မှာ အရေးတကြီးလုပ်စရာမရှိပါဘူး။ ဒီတိုင်း လောင်လီ့ဆီသွားမလို့ အစကတော့ အဖေက မနက်ဖြန်ကျမှ မြို့တက်ပြီး အပြန်တစ်ခုခုဝယ်လာခဲ့လို့ ပြောပေမဲ့ ငါသွားသွား မသွားသွား ကိစ္စမရှိဘူး။ လာစမ်းပါ နွားလှည်းတွေက နှေးရနှေးနဲ့ ငါ့မြည်းက ပိုမြန်တယ်”
အပြုံးကြီးကြီးနဲ့ ပြောလာတဲ့ ကျန်းဝူက ကျောက်အာဆီမှာပဲ အာရုံရှိနေလို့ အရှေ့က နွားလှည်းသမားရဲ့ မဲကျသွားတဲ့မျက်နှာကို မမြင်လိုက်ဘူး။ ဒါကိုတွေ့တဲ့ ကျောက်အာက လှည်းသမားကို တကူးတက မရပ်ခိုင်းတော့ဘဲ ကိုယ့်ဘာသာ ခုန်ဆင်းလိုက်တယ်။
သူ နှစ်လှမ်းလောက်လျှောက်ပြီးတော့မှ အနောက်ကလူကို မေ့ကျန်ခဲ့တာ ပြန်သတိရသွားတယ်။ ဒီတစ်ခါတော့ လှည်းသမားကို ရပ်ခိုင်းလိုက်ရပြီး “လာ ဆင်းခဲ့လေ ကျန်းဝ ကောရဲ့ လှည်းနဲ့ပဲ လိုက်သွားလိုက်တော့မယ်”
သူမရဲ့ နားရွက်တက်ချိတ်မတတ် မျက်နှာအရတော့ အတော်လေး ပျော်နေတဲ့ပုံပဲ။ ရွှီထင်းရှန်းရဲ့မျက်နှာက အနည်းငယ် ပုပ်သိုးသွားပေမဲ့ လှည်းအောက်က ကျောက်အာကို တစ်ချက်ကြည့်ပြီးမှ မတတ်နိုင်တဲ့ပုံနဲ့ ဖြည်းဖြည်းချင်း ဆင်းလာခဲ့လိုက်တယ်။
အဲဒီလိုနဲ့ ကျန်းဝူရဲ့မြည်းလှည်းကလေးက သူတို့နှစ်ယောက်ကိုတင်ပြီး ယွီချင်းရွာဆီ ပြန်ဦးတည်လာခဲ့တယ်။
“တကယ်လို့ ကျွန်တော်သာ ကျန်းဝူကော မြို့ထဲလာမယ်မှန်းသိရင် ကျွန်တော့်ပစ္စည်းတွေပါ တစ်ခါတည်းသယ်လာခဲ့လိုက်ပါတယ်။ ပြောပြရဦးမယ် ကော သိလား ကျွန်တော်အများကြီးမြတ်မဲ့ လုပ်ငန်းတစ်ခုရခဲ့တယ်။ အဲဒါကြောင့် တစ်ယောက်တည်းတော့ လုပ်နိုင်မှာမဟုတ်ဘူး။ ကျွန်တော်တို့ စပ်တူလုပ်ပြီး တစ်ယောက်တစ်ဝက် ခွဲယူကြတာ မကောင်းဘူးလား”
အမှန်အတိုင်းပြောရရင် ကျန်းဝူက ကျောက်အာ ရွာထဲက အသီးအနှံတွေကောက်ပြီး မြို့မှာတက်ရောင်းကတည်းက အတူတူကူညီလုပ်ကိုင်ပေးလာတာမို့ ပထမဆုံးအကြိမ် အလုပ်တွဲလုပ်တာလို့ ပြောလို့မရဘူး။
16 06
ဘာပဲဖြစ်ဖြစ် ဘာမှမသိသေးတုန်းက ကျောက်အာတစ်ယောက် တခြားရွာတွေမှာ ဘယ်လိုရောင်းဝယ်တတ်ဦးမှာလဲ။ ပြီးတော့ သူ့မှာလှည်းမရှိတာကြောင့် အသွားအလာလုပ်ဖို့ မလွယ်ဘူးလေ။
ကျန်းမိသားစုဆိုတာ ဘိုးဘေးတွေလက်ထက်ကတည်းက အမဲလိုက်မျိုးရိုးနဲ့ ဆင်းသက်လာပြီး ဒီထူးခြားတဲ့ ကျွမ်းကျင်မှုတစ်ခုကြောင့်နဲ့တင် သူတို့က အတော်လေး သက်တောင့်သက်သာရှိတဲ့ ဘဝတစ်ခု ပိုင်ဆိုင်ထားကြတယ်။
ကျန်းမိသားစုမှာ လယ်ဧကပေါင်း ၂၀ကျော်လောက်ရှိပေမဲ့ ကျန်းမျိုးရိုး ယောက်ျားလေးတွေက လယ်ယာမလုပ်ဘဲ အမဲလိုက်ခြင်းနဲ့သာ စီးပွားလုပ်ပြီး လယ်တွေကိုတော့ သူရင်းငှားပြုထားလိုက်တယ်။
သို့ပေမဲ့ တောထွက်တာက နေ့တိုင်းမဟုတ်ဘဲ ရံဖန်ရံခါမှမို့လို့ ကျန်းဝူက တောင်ပေါ်လိုက်မသွားရတဲ့အချိန်တွေဆို အရမ်းအားလပ်နေတယ်။ ဒီအတွက် သူက ကျောက်အာနဲ့ခင်မင်ပြီး အသွားအပြန် ကူညီပေးရာက အသီးအရွက်ပါ ဝိုင်းရောင်းပေးခဲ့သေးတယ်။
ကျောက်အာက တစ်ယောက်တစ်ဝက်ခွဲယူဖို့ပြောပေမဲ့လည်း ကျန်းဝူက အခေါက်တိုင်း မယူတာ များတယ်။
“ဒါပေမဲ့ တစ်ခုတော့ ကြိုပြောထားမယ်နော် တကယ်လို့ တစ်ဝက်စီခွဲမယူဘူးဆို လုံးဝ ပေါင်းမလုပ်တော့ဘူး”
…………….
******