အခန်း (၁၇-၁၈)
Vol. 2 Ch. 17-18
17 01
အပိုင်း 17
ကျန်းဝူတစ်ယောက် ကျောက်အာအပြောကြောင့် မနိုင်ဘူးဆိုတဲ့သဘောနဲ့ ခေါင်းယမ်းလိုက်ပေမဲ့ သူ့မျက်ဝန်းတွေထဲမှာတော့ အပြုံးရိပ်သန်းနေတယ်။
“အေးပါကွာ ဒါပေမဲ့ မင်းပြောသလိုတော့ တစ်ဝက်လုံး မယူချင်ပါဘူး။ ဘာပဲဖြစ်ဖြစ် ဒါက မင်းကြိုးစားလို့ရလာတဲ့ အလုပ်မလား။ ဆိုတော့ အကြိုအပို့ပဲဖြစ်ဖြစ် တခြားလိုအပ်တဲ့နေရာမှာ ဝင်ကူပေးမယ်။ အဲဒါကြောင့် ငါ့ကို ၂၀ရာခိုင်နှုန်းပဲပေး ကျန်တာမင်းယူပေါ့”
“ဟာ အဲဒီလိုတော့ ဘယ်ဖြစ်မလဲ။ ဒါပေမဲ့ စိတ်ချပါ အချိန်တန်တဲ့အခါ အစ်ကို မြည်းလှည်းကို မယူပါနဲ့ဆိုတောင် ယူသုံးရမှာ။ ပြီးတော့ အစ်ကိုရဲ့အချစ်တော် သာ့ချင်လေးကိုရော ဝင်ငွေအပိုလေး ဘာလေး မပေးချင်တော့ဘူးလား။ သာ့ချင်ရေ ကြည့်ပါဦး ကျန်းဝူ အစ်ကိုက နင့်ကို အလုပ်သမားစာရင်းတောင် မသွင်းတော့ဘူးတဲ့ အစာလည်း လျှော့ပစ်ဖို့လုပ်နေတယ်”
ထိုအခါ သာ့ချင်လို့အမည်ရတဲ့ မြည်းလေးက နှာတမှုတ်မှုတ်နဲ့ ခေါင်းယမ်းလာပုံက မသိရင် ‘ငါ့အစာကို လျှော့ရဲလျှော့ကြည့် တစ်သက်လုံး ကိုယ့်ခြေထောက်ပဲ အားကိုးရအောင် လုပ်ပစ်မယ်’လို့ ခြိမ်းခြောက်နေတဲ့အတိုင်းပဲ။
ကျောက်အာက အကျယ်ကြီး အော်ရယ်လိုက်မိပြီး သာ့ချင်ကို လက်ညှိုးထိုးကာ “တွေ့လား။ သာ့ချင်တောင် ကန့်ကွက်နေပြီ!”
ကျန်းဝူကတော့ သူ့အပြောနဲ့သူ ဟက်ဟက်ပက်ပက် ရယ်မောနေတဲ့ ကောင်မလေးကို အမည်ဖော်မရတဲ့ မျက်ဝန်းချိုချိုတွေနဲ့ ဘေးကနေငေးကြည့်ရင်း အလုပ်ရှုပ်နေလို့ လှည်းသမားရာထူးကိုတောင် မေ့ပျောက်နေတယ်။
သာ့ချင်က လိမ်မာပြီး လမ်းသိလို့ တော်သေးတာပေါ့ မဟုတ်ရင် သူတို့သုံးယောက်စလုံး ဒီကျောက်စရစ်ပေါတဲ့လမ်းပေါ်မှာ လှည်းမှောက်နေတာ ကြာပြီ။ မျက်စိအရှေ့က မြင်ကွင်းကြောင့် လှည်းထောင့်စွန်းနားက တစ်စုံတစ်ယောက်ရဲ့မျက်နှာကတော့ အိုးဖင်လို မဲတူးခြစ်နေပြီ။
ရွှီထင်းရှန်းက မြင်နေတွေ့နေရတာတွေကြောင့် စိတ်လည်းတို အမြင်လည်း ကပ်လာရတယ်။ သူ တကယ်ကြီး အဲဒီကျန်းဝူဆိုတဲ့လူကို မေ့နေခဲ့တာ။ အိပ်မက်ထဲမှာ ကျန်းဝူက ကျောက်အာကို ဘယ်လောက်တောင် လိုက်ပိုးခဲ့သလဲ။ သူက ကျောက်အာထက် ၂နှစ်တောင်ကြီးပေမဲ့ နောက်ပိုင်းမှာလည်း ဘယ်သူနဲ့မှ အိမ်ထောင်မပြုဘဲ လူပျိုကြီးလုပ်နေခဲ့တာ။
တကယ်လို့ ကျောက်အာသာ ငယ်ငယ်ကတည်းက နှစ်ဖက်မိဘတွေရဲ့ သဘောတူညီမှုအရ သူနဲ့မစေ့စပ်ထားဘူးဆို ကျန်းမိသားစုက ဟိုးအရင်ကတည်းက လာရောက်တောင်းရမ်းပြီးတာ ကြာပေါ့။
ဒါတောင် ကျန်းဝူဆိုတဲ့တစ်ယောက်က လက်မလျှော့သေးဘူး။ တစ်ခေါက်ဆို ကျန်းဝူက သူ့ကိုသီးသန့်ခေါ်ပြီး ကျောက်အာအပေါ် စိတ်ရင်းအမှန်မရှိရင် အစကတည်းက သူမကို သူ့လက်ထဲထည့်ပေးပြီး အပြည့်အဝ လက်လွှတ်ပေးလိုက်ဖို့တောင် ပြောလာခဲ့သေးတယ်။
အဲဒါထက် သူတို့နှစ်ယောက် လက်ထပ်ပြီးရင်လည်း သူ့ကို ညီလေးတစ်ယောက်လို သဘောထားပြီး ပညာရေးအတွက် ထောက်ပံ့ပေးမယ်လို့တောင် ကတိတွေဇွတ်ပေးနေခဲ့တာ အဲဒီလိုနဲ့ ရွှီထင်းရှန်းက သူ့ခံစားချက်တွေကို သိသွားခဲ့တယ်။
ရှော့လည်းရ ဒေါသလည်းထွက်သွားတဲ့ သူက တကယ်လည်း အဲဒီတုန်းက ကျောက်အာတစ်ယောက် သူလက်ထပ်ဖို့ပြောတော့ တုံ့ဆိုင်းနေခဲ့တာကို မှတ်မိပါသေးတယ်။ ကျောက်အာက သူ့အတွက်တွေးပေးပြီး ငြင်းနေခဲ့တာကို အသုံးမကျတဲ့သူကတော့ ကျန်းဝူကြောင့် ငြင်းတာလို့ အထင်မှားခဲ့လိုက်တယ်။
အဲဒါကြောင့် မိဘတွေနာမည်ကို အသုံးချကာ တမင်တကာ သူမကို အတင်းလက်ထပ်ယူခဲ့တယ်။ နောက်ပိုင်း အခွင့်ကြုံတဲ့အခါကျမှ သူမကို မတရားစွပ်စွဲခဲ့မိတာကို သဘောပေါက်ခဲ့တယ်။ ဒီကိစ္စကြီးက အမြဲတမ်း နှစ်ဦးသားကြားမှာ အဖုအထစ်ဖြစ်နေခဲ့တော့ ဘယ်သူမှ ပြန်အစမဖော်တော့ဘူးဆိုရင်တောင် သူတို့ကြား စိမ်းသက်နေတုန်းပဲ။
နောက်ကျတော့ သူက သူ့ပညာရေးအတွက် ကြိုးပမ်းနေရသလို ကျောက်အာကလည်း စီးပွားရေးကိစ္စတွေနဲ့ ရုန်းကန်နေရတော့ လင်မယားနှစ်ယောက်က အတော်လေးကြာမှ တစ်ကြိမ်လောက် မျက်နှာချင်းဆိုင်တွေ့ရတတ်တယ်။
17 02
ဒါတောင် သူတို့အတူရှိနေတဲ့အခါတိုင်း စကားအပြန်အလှန်ပြောတာ ရှားတာမို့ အဲဒီလို အေးတိအေးစက် အခြေအနေကြီးက သူ စာမေးပွဲအောင်ပြီး မြို့တက်သွားတဲ့အချိန်အထိ တည်ရှိနေခဲ့တယ်။
နှစ်တွေအများကြီး ကျော်လွန်လို့ ကျောက်အာ ကွယ်လွန်သွားတော့မှ အိပ်မက်ထဲက ‘သူ’က သူသာ အတင်းအကျပ် လက်ထပ်ဖို့မတိုက်တွန်းခဲ့ရင် သူမ ဒီလိုအဆုံးသတ်ရမှာမဟုတ်ဘူးဆိုတဲ့ နောင်တရဲ့ အရသာကို သိရှိသွားခဲ့တယ်။
ဒါပေမဲ့ အခုပြန်ယှဥ်တွေးကြည့်ရင်လည်း သူက အိပ်မက်ထဲကလို ပိုင်ဆိုင်လိုစိတ်ကြီးတုန်းပါပဲ။ ဒီမကောင်းတဲ့ ဗီဇကြီးက မွေးကတည်းက အသွေးအသားထဲစိမ့်ဝင်နေသလိုမျိုး သူက အိပ်မက်ထဲက ‘သူ’ မဟုတ်တော့တာတောင် ကျောက်အာကို လက်လွှတ်ပေးဖို့ လုံးဝ စိတ်ကူးမရှိသေးဘူး။
သူမက သူ့အပိုင်ဖြစ်ဖို့ မွေးဖွားလာတာ သူမရဲ့ဖြစ်တည်မှုက သူ့အနားမှာ အဖော်ပြုပေးဖို့ပဲ အရင်ကတည်းက ဒီလိုပဲဖြစ်လာခဲ့တာ နောက်လည်း ဒီလိုပဲ ဆက်ဖြစ်သွားမှာ ….
“အစ်ကို ကျန်း လှည်းမောင်းနေရင် လမ်းတော့ ကြည့်သင့်တာပေါ့ မတော်လို့ ချော်သွားရင် ကျွန်တော်တို့ပဲ ထိခိုက်မှာမလား”
ရွှီထင်းရှန်းရဲ့ ခပ်ဆတ်ဆတ်အသံက ကျန်းဝူနဲ့ကျောက်အာတို့ရဲ့ သဟဇာတဖြစ်လွန်းတဲ့ ပျော်ရွှင်စရာစကားဝိုင်းလေးကို အောင်မြင်စွာ ဖြတ်တောက်နိုင်လိုက်ပြီး ပတ်ဝန်းကျင်လေထုကိုလည်း ပေါ့ပါးနေရာက အနည်းငယ် အေးစက်သွားစေတယ်။
ကျောက်အာကတော့ တစ်ခုခု မူမမှန်တာသိလို့ ခပ်ခြောက်ခြောက် ရယ်လိုက်တယ်။
“ဟားဟား ဟုတ်ပါရဲ့ ကျွန်တော်-အယ် ကျွန်မက အလုပ်အကြောင်း လေပေါနေလိုက်တာ အစ်ကို လှည်းမောင်းနေရတာတောင် မေ့သွားတယ်။ သာ့ချင်က လမ်းမှတ်မိလို့ တော်သေးတာပေါ့။ မဟုတ်ရင် ဒုက္ခရောက်ဦးမှာ”
သာ့ချင်က သူ့နာမည်ပါလာတော့ ခေါင်းမော့ နားရွက်ထောင်ကာ အပီအပြင် ပြေးတော့တယ်။ ကျန်းဝူလည်း မသိစိတ်အရ အနောက်ကို ငဲ့ကြည့်လိုက်တဲ့အချိန် လူငယ်လေးရဲ့ နက်မှောင်တဲ့မျက်ဆံတွေနဲ့ တန်းဆုံလိုက်ရတယ်။
ထိုမျက်ဝန်းတွေက သူ့ကို အလိုလို စိတ်ထဲမသိုးမသန့်ဖြစ်လာအောင် လုပ်နိုင်ပေမဲ့ သူက အချိန်တိုအတွင်းမှာတင် ဒီခံစားချက်ကြီးကို ချောင်ထိုးပစ်လိုက်တယ်။ ရွှီမိသားစုက ခိုကိုးရာမဲ့နေတဲ့ ကလေးတိုင်းကို နေစရာပေးရအောင် စိတ်ထားမွန်မြတ်မနေဘူးဆိုတာ သူသိတာပေါ့။
အဲဒါကြောင့် ကျောက်အာကို ဒုတိယမိသားစုခွဲက ချွေးမလောင်းအဖြစ်မဟုတ်ဘဲ သမီးတစ်ယောက်အနေနဲ့ မွေးစားလိုက်တာကိုလည်း သူသိထားပြီးသား။ ချွေးမလောင်းဆိုတာက ရွာထဲက တစ်ယောက်စကား တစ်ယောက်ကားရင်း ဖြစ်သွားတဲ့အရာတစ်ခုပဲ။
ဒီရာထူးကို ပိုသေချာသွားစေတာကတော့ ဒုတိယ ရွှီကတော်က မဆုံးခင် ကျောက်အာကို ရွှီအိမ်ရဲ့မြေးချွေးမအဖြစ် စောင့်ရှောက်ပေးဖို့ ကျန်တဲ့မိသားစုတွေကို မှာသွားခဲ့တာကြောင့် ဖြစ်တယ်။ ဒါ့အပြင် ကျန်းဝူက ကျောက်အာ ဒီကောင်လေးအပေါ် မောင်လေးတစ်ယောက်ထက် ပိုမမြင်ဘူးဆိုတာလည်း သိထားသေးတယ်။
ကောင်လေးက တစ်ချက်ကြည့်တာနဲ့ ညှက်မှန်းသိသာပြီး ပိန်ပါးတဲ့ မျက်နှာပေါက်က ရုပ်ခံရှိပေမဲ့ ကလေးပုံက မပျောက်သေးဘူး။ ဒါတောင် ဒီလိုဆယ်ကျော်သက်လေးက အရွယ်ရောက်ပြီးသား ကျန်းဝူလို ယောက်ျားတစ်ယောက်ကို တုန်လှုပ်နိုင်စွမ်းရှိနေတယ်။
ဒါပေမဲ့လည်း ကျန်းဝူက သူ့အကျင့်အတိုင်း ဖော်ဖော်ရွေရွေပြုံးပြကာ ဂရုမထားစတမ်း ဆိုတယ်။
“မကြောက်ပါနဲ့ ကုန်းကျစ်ရဲ့ ဒီက အစ်ကိုကျန်းဝူက ဒီနေရာတွေကို နေ့တိုင်းခေါက်တုံ့ခေါက်ပြန် သွားနေရတာ မျက်စိမှိတ်ပြီးတောင် မောင်းနိုင်တယ်”
ရွှီထင်းရှန်းက ဘာမှပြန်မပြောပေမဲ့ သူ့နှုတ်ခမ်းတွေကတော့ ပိုပိုမဲ့ကျသွားတယ်။ ကျောက်အာက အခုမှ သူ့ကောင်လေး ‘ကုန်းကျစ်’(ခွေးလေး)ဆိုတဲ့ နာမည်ကြောင့် မသက်မသာဖြစ်သွားမှန်း သတိထားမိလိုက်တယ်။
ဒါပေမဲ့ တစ်ဖက်က ကျန်းဝူဖြစ်နေတော့ သွားမာန်မဲလို့ကလည်း မရဘူး။ အဲဒီလိုနဲ့ သူမက အပြုံးလေးနဲ့ ရှင်းပြရုံသာ ရှိတော့တယ်။
“ကျန်းဝူ အစ်ကို ကုန်းအာမှာ အခုနာမည်အသစ် ရှိနေပြီ။ ထင်းရှန်းတဲ့ ရွှီထင်းရှန်း”
“ဟုတ်လား နာမည်လေးက မဆိုးပါဘူး”
“ဟုတ်တယ် အဲဒါကြောင့် သူ့ကို နောက်ဆို ကုန်းကျစ်လို့မခေါ်နဲ့တော့နော်”
17 03
သူတို့ပြောရင်းဆိုရင်းနဲ့ပဲ လှည်းကလေးက ယွီချင်းရွာရဲ့ အဓိကလမ်းမကြီးထဲ ချိုးကွေ့ဝင်လာခဲ့တယ်။ ကျန်းဝူက ရွာအစပ်မှာ သူတို့ကို ချပေးလိုက်တယ်။
“လုပ်ငန်းက ဘယ်တော့စမှာလဲ။ စတော့မယ်ဆို ငါ့ကိုကြိုပြောလေ လာကြိုပေးမယ် ပြီးတော့ မနက်ဖြန် ရွာထဲမှာ အလုပ်ရှုပ်တော့မှာမလား။ ဟိုအဝတ်တွေကို လျှော်ဖို့လည်း လိုသေးတယ်ဆို အားလုံးအဆင်သင့်ဖြစ်ရင် ငါ့ဆီကို စာသာလှမ်းပို့လိုက်”
ကျောက်အာကလည်း နောက်နှစ်ရက်နေရင် ရွှီထင်းရှန်းနဲ့ ရွှီကျွင်းခိုင်တို့ ပြိုင်ပွဲစပြီမို့ ဒီကိစ္စကြီး မပြီးမချင်း အလုပ်ကို ဖြောင့်ဖြောင့်မလုပ်နိုင်မှာ ကြိုတွေးထားပြီးသား။ သူမက ခေါင်းတစ်ချက်ညိတ်ရင်းပဲ ကျန်းဝူရဲ့အကြံပြုချက်ကို လက်ခံလိုက်တယ်။
“ဟုတ်ပြီလေ”
အခု ဒီကိစ္စက ဖြေရှင်းပြီးသွားပြီဆိုတော့ သူတို့က အချင်းချင်း နှုတ်ဆက်ပြီး လမ်းခွဲလိုက်ကြတယ်။ ကျန်းဝူက လှည်းနဲ့အိမ်ပြန်သွားပြီး ကျောက်အာနဲ့ ရွှီထင်းရှန်းတို့ကတော့ ရွာလမ်းတစ်လျှောက် အိမ်ပြန်လာကြတယ်။
ရွှီထင်းရှန်းက တစ်လမ်းလုံး ဘာမှမပြောဘဲ တိတ်တဆိတ် လမ်းလျှောက်နေတော့ ကျောက်အာက သူ့ကို ဖြတ်ခနဲ ခိုးကြည့်လိုက်တယ်။
“ဘာဖြစ်နေတာလဲ။ နင့်ကြည့်ရတာ နည်းနည်း စိတ်မကြည်သလိုပဲ။ အစ်ကိုကျန်းဝူက ကုန်းကျစ်လို့ ခေါ်လိုက်လို့ စိတ်ဆိုးနေတာလား။ သူက မသိလို့ပါ အခု ငါ ပြောပြလိုက်တော့ သူ နောက်မခေါ်တော့ဘူးလို့ ပြောတယ်လေ”
ရွှီထင်းရှန်းရဲ့ မကြည်တဲ့စိတ်က အခု သူမ ဟိုလူ့ဘက်က ကာပြောပေးနေတာ တွေ့တော့ ပိုတောင်နောက်ကျိသွားပြီး သဝန်တိုခြင်းတွေက မသိလိုက်ခင်မှာတင် လျှံတက်လာတယ်။
“ဘာလို့ သူနဲ့အဲဒီလောက် ရင်းနှီးနေတာလဲ”
“အာ ကျန်းဝူ အစ်ကိုဆိုတာ ငယ်ငယ်ကတည်းက ခင်လာခဲ့တဲ့အစ်ကိုကြီးလေ။ အိမ်က ဟေးကျစ်တောင် သူတို့အိမ်က ခွေးအမေကြီးမွေးတဲ့ထဲက တစ်ကောင်ယူလာပေးတာ မေ့သွားပြီလား။ ကျန်းဝူ အစ်ကိုက တကယ်စိတ်ရင်းကောင်းတဲ့လူတစ်ယောက်ပါ။ အရင်ကတည်းက သူကူညီပေးခဲ့တာတွေမှ အများကြီး”
ရွှီထင်းရှန်းက ဘာမှပြန်မပြောပေမဲ့ ချက်ချင်း ခြေလှမ်းတွေ ရပ်ဆိုင်းပစ်လိုက်တယ်။ ကျောက်အာက တစ်လှမ်းနှစ်လှမ်း ဆက်လျှောက်သွားပြီးမှ အနောက်ကလူပါမလာတာ တွေ့တော့ သူ့အနား ပြန်လာခဲ့ရတယ်။
“ဘာဖြစ်လို့လဲ။ ရှင် ဒီနေ့ထူးဆန်းနေတယ်”
ရွှီထင်းရှန်းက အသက်အောင့်လိုက်မိပြီးမှ ဘောက်ဆတ်ဆတ်လေသံနဲ့ “မင်းမှာ ယောက်ျားရှိသေးတယ်ဆိုတာ မေ့မနေနဲ့ဦး”
ကျောက်အာက တဒင်္ဂလောက် ကြောင်အမ်းသွားပြီးမှ သူ့ကိုကြည့်ပြီး မျက်နှာတည့်တည့် အော်ရယ်တော့တယ်။ ဗိုက်ဖိရင်း ကောင်းကောင်းရယ်လို့ဝမှ သူ့ကို အသည်းယားသလို ပြုံးပြီးကြည့်လာတာက ရွှီထင်းရှန်းကို ပိုတောင် စိတ်တိုသွားစေတယ်။
ကလေးဘဝကတည်းက ဒီအမူအရာကို မြင်ဖူးပြီးသားမို့ သူမ စိတ်ထဲမှာ သူ့ကို ဖျစ်ညှစ်ချင်စိတ် ပေါက်နေပြီဆိုတာ မသိချင်လည်း သိနေပြီးသား။ သူ့မျက်နှာနုနုက ဒေါသကြောင့် နီရဲတက်လာတာတွေ့တော့မှ ကျောက်အာက အလျင်စလို ပြောတယ်။
“အဟင်း ဟုတ်ပါပြီ စိတ်မဆိုးပါနဲ့တော့ ငါ့မှာ ယောက်ျားရှိတာ သိပါတယ်”
သူမလေသံထဲမှာ စနောက်ရိပ် တစွန်းတစပျော်ဝင်နေပြီး အဲဒီလေသံပျော့ပျော့နဲ့ သူ့ကို ချော့ဖို့လုပ်နေတယ်ဆိုတဲ့အတွေးက ဘယ်ဘက်ရင်အုံထဲကကောင်ကို ဗလောင်ဆူသွားစေတယ်။
အိပ်မက်ထဲက အတွေ့အကြုံအရ အခုက တလွဲမာနတွေနဲ့ ဟန်ဆောင်မူပိုနေရမဲ့အချိန်မဟုတ်ဘူးဆိုတာ သူသိတယ်။ အဲဒီအပြင် သူ့နေရာကို ဝင်လုဖို့ချောင်းနေတဲ့ ကျန်းဝူလည်း ရှိနေတော့ ရွှီထင်းရှန်းက အိပ်မက်ထဲကအမှားမျိုး ထပ်မလုပ်ချင်တော့ဘူး။
“ငါကလည်း မင်းကောင်းဖို့အတွက်ပြောတာ ရွာထဲက လူတွေသာ ဒီလိုတပူးပူးတတွဲတွဲဖြစ်နေတာ မြင်သွားလို့ကတော့ မဟုတ်မမှန်တွေ လျှောက်ဖြန့်ကြလိမ့်မယ်”
ရွှီထင်းရှန်းက ကျောက်အာအမြင်မှာ သူ့ကို လူကြီးဆန်တဲ့ယောက်ျားတစ်ယောက်အဖြစ် မြင်စေချင်လို့ လေသံကိုတောင် တမင်ရင့်ကျက်အောင် လုပ်ယူထားခဲ့ပေမဲ့ သူမနဲ့ မျက်လုံးချင်းတောင် ဆုံအောင်မကြည့်ရဲသေးဘဲ ဘေးနားက လယ်ကွင်းပြင်တွေကိုသာ အကြောင်းမရှိ အကြောင်းရှာ ကြည့်နေမိတယ်။
17 04
တစ်ဖက်က ကျောက်အာမျက်လုံးထဲမှာလည်း ရှက်ရမ်းရမ်းပြီး အတင်းတွေ လူကြီးဆန်ချင်နေတဲ့ ကလေးပေါက်စကို ဘယ်လိုမှ အိမ်ထောင်ဦးစီးဖြစ်လာမဲ့လူလို့ မမြင်နိုင်ဘဲ ငုံ့နေတဲ့ခေါင်းကို ပြေးဖွချင်စိတ်တွေသာ ပေါက်နေတယ်။
တကယ်လည်း ကျောက်အာရဲ့ လက်တွေက သူ့အတွေးနဲ့ထပ်တူ လုပ်ခဲ့ပါတယ်။
“ကဲပါ ကဲပါ ငါတို့ထင်းအာလေး ပြောတာမှန်ပါတယ်။ ငါ နောက်ဆို စကားနားထောင်ပါ့မယ် ဟုတ်ပြီလား”
တစ်စက်ကလေးမှ ပြောင်းမသွားတဲ့အသံနေအသံထားကြောင့် ရွှီထင်းရှန်းကတော့ ပိုပြောလေ ပိုဒေါသထွက်လာရလေနဲ့ သူ့ရင်ထဲ ကူကယ်ရာမဲ့မှုနဲ့အတူ စိတ်ဓာတ်ကျခြင်းတွေပါ အစုလိုက် ဝင်လာခဲ့တော့တယ်။
ဘာလို့ အမြဲတမ်း သူ့ကိုဆို ကလေးလိုပဲ သဘောထားနေရတာလဲ။
****
နောက်တစ်နေ့နံနက်ရောက်တော့ ကျောက်အာနဲ့ရွှီထင်းရှန်းတို့ နှစ်ယောက်စလုံး အိပ်ရာစောစောထပြီး မြို့တက်လာခဲ့တယ်။ သူတို့ သုန်းလီဗိမာန်ကို ရောက်တဲ့အချိန် စာအုပ်ဆိုင်လေးက အခုမှစဖွင့်နေတုန်း ရှိသေးတယ်။
ရွှီထင်းရှန်းက စာရေးလေးနဲ့အတူ မနေ့က သူစာကူးရေးခဲ့တဲ့ အနောက်ခန်းကို သန့်ရှင်းရေး ကူလုပ်ပေးလိုက်ပြီး စတင်အလုပ်လုပ်တော့တယ်။ ထိုစဥ်ကျောက်အာကတော့ ဆိုင်လေးရဲ့ အနောက်ဘက်က မကျဥ်းမကျယ်ခြံဝန်းလေးထဲ ဦးတည်လိုက်တယ်။
သူမရဲ့အထည်လုပ်ငန်းအတွက် ဒီနေရာကို အချိန်ပိုင်းငှားပေးဖို့ ကျောက်အာက ဦးလေး ချန်းနဲ့ဆွေးနွေးထားပြီးသား။ ဒီအင်္ကျီတွေကို ပထမဆုံးစမြင်ကတည်းက အားလုံးက ဝတ်ပြီးသား အဟောင်းတွေဆိုတာ သိသာတယ်။
အဲဒါကြောင့် သူတို့ကို ဈေးပေါပေါနဲ့ ပြန်ရောင်းမယ်ဆိုရင်တောင် ဒီလိုမဲညစ်နေတဲ့ အခြေအနေနဲ့တော့ ပေးလိုက်လို့မရဘူးလေ။ ဒီအတွက် သူမ ဒီနေ့လိုက်လာခဲ့တာက အထည်တွေကို လျှော်ဖွတ်သန့်စင်ဖို့ပဲ။ ကျောက်အာက ဦးလေးချန်းဆီကနေ စာအုပ်တွေ မှင်ခြောက်အောင် လှန်းတဲ့ဝါးဖျာကလေးကို ငှားကာ အဝတ်ထုပ်ကြီး ဖြည်ချလိုက်တယ်။
အင်္ကျီတွေကို ပထမဆုံး ယောက်ျားဝတ်နဲ့ မိန်းကလေးဝတ် သက်သက်စီခွဲပုံပြီးတော့မှ ပုံစံနဲ့ အသားကိုလိုက်ပြီး သင့်ရာသင့်ရာ စနစ်တကျ ခွဲခြားလိုက်တယ်။ နောက်တော့မှ တစ်ထည်ချင်းစီကို အပြစ်အနာအဆာရှိမရှိ လိုက်စစ်ပြီး တကယ်လို့ ပြဲရာပေါက်ရာ တစ်စုံတစ်ခုရှိနေခဲ့ရင်လည်း ကျောက်အာက သူမ ယူလာတဲ့အပ်နဲ့အပ်ချည်ကို အသုံးပြုရင်း ချက်ချင်း ချုပ်ပေးလိုက်တယ်။
ကျောက်အာရဲ့လက်ရာက ဇာထိုးပန်းထိုးလောက်အထိ မကောင်းပေမဲ့ ချုပ်ရိုးချုပ်သား သေသပ်ပြီး ရိုးရိုးအင်္ကျီလောက်ကတော့ အသာလေး ချုပ်လို့ရတယ်။ သူမ ရှိသမျှအဝတ်ပုံတိုင်းကို ဖာထေးပြုပြင်လို့ပြီးတဲ့အခါ ခေါင်းပေါ်က နေတောင် အတော်လေးမြင့်နေပြီ။
အချိန်မစောတော့တာကြောင့် ကျောက်အာက ပျင်းရိမနေဘဲ ရေခပ်ဖို့ ပြင်တယ်။ သူတို့ခြံထဲမှာပဲ ရေတွင်းလေးတစ်တွင်းနဲ့ ခြေလက်ဆေးစရာ နေရာလေးရှိတာကြောင့် လျှော်ဖွတ်ဖို့က ရေကန်အသင့် ကြာအသင့်ပဲ။
ကျောက်အာက ရေဆွဲလိုက် ရေဖြည့်လိုက်နဲ့ နောက်ဆုံးသစ်သားစည်ပိုင်းကြီး တစ်ခုလုံး ပြည့်အောင် ဖြည့်ပြီးတဲ့အချိန်မှာတော့ အဝတ်အားလုံး ပစ်ထည့်ကာ ဆပ်ပြာတုံးနဲ့ တိုက်ချွတ်တော့တယ်။ သူမ ရေဆေးလိုက် ဆပ်ပြာတိုက်လိုက် လုပ်နေတုန်း မီးဖိုချောင်ထဲက ဆန်ပြုတ်အိုးကလည်း အဆင်သင့်ဖြစ်နေပြီ။
ဦးလေး ချန်းနဲ့ တခြားလူတွေက ဆိုင်ထဲမှာ မချက်ပြုတ်ကြပေမဲ့ အကြမ်းရည်သောက်ဖို့ နေ့တိုင်း ရေနွေးအိုးတည်ရတာကြောင့် ဒီမှာထင်းမီးဖိုလေးတစ်ခုတော့ ရှိတယ်။ လောလောဆယ်တော့ ကျောက်အာက အဲဒါကိုငှားပြီး အိုးကြီးတစ်လုံးနဲ့ ဆန်တွေပြုတ်ထားတယ်။
သူမက ဆန်အိုးကြီးကို သယ်လာပြီး သစ်သားစည်ပိုင်းထဲ အကုန်လောင်းချလိုက်တယ်။ ရေက ပူလေ ကောင်းလေပဲ။ ဆပ်ပြာထိပြီးသားအဝတ်တွေအပေါ်မှာ ဆန်ရည်ပူပူက အတော်လေး အာနိသင်ထိရောက်ပြီး ကျောက်အာကတော့ ပိုအစွမ်းထက်အောင် တုတ်တစ်ချောင်းနဲ့ ရောသမမွှေတော့တယ်။
ကောင်းကောင်းမွှေပြီးတော့မှ ရေတွေသွန်လိုက်ပြီး တွင်းထဲကရေအသစ်ထည့်ကာ နောက်တစ်ခါ တိုက်လျှော်ပြန်တယ်။ ဒါက လူတိုင်းအလွယ်ခေါ်နေကြတဲ့ ‘အသစ်လျှော်နည်း’ပဲ။ ဒီလိုနည်းနဲ့ လျှော်လိုက်တဲ့အင်္ကျီတွေက ကျယ်နေတာတွေ ကျုံ့ဝင်သွားပြီး တွန့်ကြေတာကိုလည်း သက်သာလာစေတယ်။
အဝတ်တွေက အရောင်မလွင့်သွားသရွေ့ အသစ်အတိုင်း ပြန်ဖြစ်သွားလိမ့်မယ်။ တချို့လူတွေက ပိုပြန့်သွားအောင် မီးကြွေထိုးလေ့ရှိပေမဲ့ သူမကတော့ မတတ်နိုင်တာကြောင့် ဒီအဆင့်ကို ကျော်ဖို့ စိတ်ကူးထားလိုက်တယ်။
17 05
အဲဒီအချိန်ဝင်လာတဲ့ ဦးလေးချန်းက ကျောက်အာတစ်ယောက် အရှိန်တက်နေတာမြင်တော့ ခြံထဲတွဲလောင်းချိတ်လှန်းထားတဲ့ အဝတ်မျိုးစုံကို လက်ညှိုးထိုးရင်း ခပ်ပြုံးပြုံး စတယ်။
“အေး အေး ကောင်းတယ် ကြည့်စမ်းပါဦး ငါ့ခြံကို အပိုင်စီးထားတာများ မသိရင် ကိုယ်ပိုင် အဝတ်လျှော်ခန်းဖွင့်ထားတာ ကျနေတာပဲ”
အခုဆို ကိုယ့်အဝတ်ကိုယ် မလျှော်ချင်တဲ့လူတွေအတွက် အခကြေးငွေယူပြီး အစားလျှော်ဖွတ်ပေးမဲ့ စီးပွားရေးလုပ်ငန်းလေးတွေ ရှိလာပြီ။ ဝန်ဆောင်ခကလည်း သက်သာတော့ မအားလပ်တဲ့လူတွေဆို အဝတ်လျှော်ခန်းတွေကိုသာ ငွေပေးပြီး အပ်လိုက်တာများတယ်။
“ဦးလေး ပြောတော့မှပဲ သမီးလည်း အကြံတစ်ခုရသွားတော့တယ်။ တကယ်လို့ ဘာအလုပ်မှမရှိတော့ဘူးဆို သမီး အဝတ်လျှော်ခန်းလေး တစ်ခုဖွင့်မယ် ဦးလေးချန်းလာရင်တော့ ကြေးတစ်ပြားမှ မယူဘဲ အလကားလျှော်ပေးမှာပါ”
“ဒီကောင်မလေးနှယ် … တကယ်စီးပွားရေးသမား ပီသပါပေတယ်”
ဦးလေးချန်းက ခေါင်းတယမ်းယမ်းနဲ့ ရယ်ရယ်မောမောပြောရင်း ဆိုင်ရှေ့ ပြန်ထွက်သွားတယ်။ ရွှီထင်းရှန်း စာကူးရေးနေတဲ့အခန်းက ခြံဝန်းလေးနဲ့ တည့်တည့်မို့ ကြီးမားတဲ့ပြူတင်းပေါက်ကတစ်ဆင့် ကျောက်အာ လုပ်သမျှ ပြောသမျှကို အတိုင်းသား မြင်နေကြားနေရတယ်။
ပုံမှန်ဆို သူက ဘယ်လောက်ဆူညံဆူညံ အာရုံစိုက်နိုင်တဲ့လူစားမျိုးပါ။ ဒါပေမဲ့ ဒီနေ့ကျမှ သူ့အကြည့်တွေက ခြံထဲကပုံရိပ်လေးဆီကို တမင်တကာဖြစ်ဖြစ် မတော်တဆဖြစ်ဖြစ် ရောက်ရောက်နေမိတာ ထူးဆန်းတယ်။
ခြံငယ်လေးထဲမှာ ဟိုဟိုဒီဒီပြေးလွှားနေတဲ့ သူမ၊ နံနက်ခင်းနေရောင်အောက်မှာ မောပန်းနေတာတောင် အရယ်အပြုံးမပျက်ဘဲ ရွှင်လန်းနေတဲ့ မျက်နှာလေးနဲ့ နဖူးကစီးကျလာတဲ့ ချွေးသီးချွေးပေါက်တစ်စက်ကအစ အကြည့်မလွှဲချင်အောင် ဆွဲဆောင်ထားနိုင်လွန်းတယ်။
မျက်စိအရှေ့မှာ ဒီလိုမြင်ကွင်းရှိနေမှတော့ ရွှီထင်းရှန်းက စာကူးရေးချင်စိတ်တောင် မရှိတော့ဘဲ ငေးမောနေတာ တစ်နံနက်လုံးမှ နှစ်မျက်နှာပဲ ကူးရသေးတယ်။ ဦးလေးချန်းက သူ့ကိုတစ်ချက်ကြည့်ဖို့ ရောက်လာတဲ့အချိန် သူ့မျက်ဆံတွေသွားရာအတိုင်း ခြေရာခံကြည့်လိုက်တော့ အကြောင်းအရင်းကို နားလည်သွားတယ်။
“မောင်ရင် ဒီလိုမိန်းမမျိုးရထားတာ သိပ်ကံကောင်းတယ်”
“….”
“ဒါနဲ့ မင်းလေ့လာနေတာ ဘယ်လိုအခြေအနေရှိလဲ”
“ကျွန်တော် စာအုပ်လေးအုပ်တော့ ဖတ်ပြီးသွားပြီဆိုပေမဲ့ ဖတ်ပဲဖတ်တတ်တယ်။ အခုထိ ဆိုလိုရင်းကို နားမလည်သေးဘူး”
“နားမလည်လည်း ရပါတယ်။ မင်းက အခုမှ ကျောင်းစတက်မှာဆိုတော့ မင်ကျင့်ကို စလေ့လာတာ ပိုကောင်းမယ်။ ဘယ်လိုမဆို ရွာကျောင်းလေးတွေမှာ ဆရာတွေကိုယ်တိုင်က ဗဟုသုတနည်းတော့ မင်းတို့ကိုလည်း ဘာမှသင်ပေးနိုင်မှာမဟုတ်ဘူး။ ဘာမှလုပ်စရာမရှိရင် စာသာထိုင်ဖတ်နေ ‘ကျူးဇီကျိကျူ’တို့ ‘ဆစ်ပန်းရှူ’တို့က အနက်မဖွင့်တတ်ဘူးဆိုရင်တောင် နေရာတော်တော်များများမှာ အသုံးဝင်တယ်။ အဓိကကတော့ မင်းကို သေချာသင်ပြပေးမဲ့ ဆရာကောင်းတစ်ယောက်နဲ့ တွေ့ဖို့ပဲ”
“ကျောက်အာဆီက ကြားတာတော့ သူက မင်းကို ချင်းဟယ်မှာထားပေးဖို့ လုပ်နေတာဆို အဲဒီလိုနေရာမှာ ငွေကြေးအများကြီးသွားသုံးမဲ့အစား ငါကတော့ ချင်းယွမ်ကျောင်းတော်ကိုပဲ သွားဖို့အကြံပေးချင်တယ်”
“ချင်းယွမ်ကျောင်းတော်”
ရွှီထင်းရှန်းက ငေးကြောင်ကြောင်နဲ့ အမေးထုတ်လာတော့ ဦးလေးချန်းက သူ့ကို မသိဘူးထင်ပြီး သာမန်လူတွေ လျှောက်ဖြန့်နေတဲ့ အစ်ကိုလဟာလတွေအောက်မှာ လှည့်စားခံနေရတဲ့ လူငယ်လေးကို ကယ်တင်ဖို့ ရှေ့ထွက်လိုက်တယ်။
“ဒီချင်းယွမ်ကျောင်းတော်ဆိုတာ ငါတို့ဟူယန်းမြို့နယ်မှာတော့ သက်တမ်းအရင့်ဆုံးပဲ။ ရှားစီရင်စုအတွင်းမှာ တော်တော်လည်း ကျော်ကြားခဲ့တယ်။ နှစ်တိုင်း ဟူယန်းက နန်းတွင်းစာမေးပွဲအောင်သွားတဲ့ စာသင်သားတွေထဲမှာ တစ်ဝက်လောက်က သူတို့ကျောင်းတော်ကပဲ။ ဒီတစ်နှစ် နှစ်နှစ်ထဲ ချင်းဟယ်ဆိုတဲ့ကျောင်းက ရုတ်တရက်ကြီး ထပေါ်လာလို့သာ အဲဒီကျောင်းက မြုပ်သွားရတာ”
17 06
ပထမစကားအစမှာ ဦးလေး ချန်းရဲ့လေသံက တိုးညှင်းပြီး နှမြောတသဖြစ်သလို သက်ပြင်းတချချနဲ့ ဆိုပေမဲ့ ဒီနားရောက်တော့ အသံက ရုတ်တရက် ကျယ်လာပြီး ဒေါသတကြီးဖြစ်လာတယ်။
“ဒီလောကမှာ လူတိုင်းက အရည်အချင်းထက် နာမည်ဂုဏ်သတင်းကိုပဲ ကြည့်ကြတော့တာ။ အဲဒါကြောင့်လည်း ချင်းဟယ်လို အခွင့်အရေးသမားတွေ လှည့်ဖျားတာ ခံနေရတာပေါ့ အဲဒီကျောင်းအုပ် ကောင်းဆိုတဲ့လူက ခရိုင်မှူး ဟူနဲ့ဆက်ဆံရေးကောင်းတာကို အခွင့်ကောင်းယူပြီး နန်းတော်က ချပေးသမျှ ပညာရေးစရိတ်တွေရော ကျောင်းသားတွေဆီက လခတွေကိုပါ မတရားသိမ်းနေတာ။ အခုဆို သူတို့နှစ်ယောက်ဆီမှာ ရွှေတုံးတွေ ထားစရာတောင် ရှိတော့မှာမဟုတ်ဘူး”
“ပြီးတော့ ချင်းယွမ်က ကျောင်းအုပ်ကြီးက ဖြောင့်မတ်တဲ့လူမျိုးဆိုတော့ သူတို့ဘက်မပါဘူး။ အဲဒါထက် ချင်းယွမ်ကျောင်းတော်က ဆင်းရဲတဲ့ကလေးတွေအတွက်လည်း ပညာဒါနအတန်းတွေ အများကြီးလုပ်ပေးဖူးတယ်။ ဒါပေမဲ့လည်း အထက်က ရန်ပုံငွေတွေမချပေးတော့ သူ့အိတ်ထဲကစိုက်ရုံပဲ ရှိတော့တာပေါ့။ ဆရာကြီး လင်သုက သူ့ကျောင်းတော်ကို နာမည်ထက် အရည်အချင်းနဲ့ တည်ဆောက်တာကြောင့် ဂုဏ်မက်တဲ့သူတွေကတော့ ဟိုကျောင်းမှာပဲ အပြေးအလွှား သွားစာရင်းပေးတယ်လေ။ အဲဒီလိုနဲ့ အားလုံးက ပြောင်းလဲသွားပြီး ချင်းယွမ်ကျောင်းရဲ့ နာမည်လည်း ကျဆင်းသွားရတော့တာပဲ”
…………..
******
18 01
အပိုင်း 18
“ဦးလေး ချန်းက ချင်းယွမ်ကျောင်းအုပ်ကြီးနဲ့ သိတာလား”
ဦးလေး ချန်းက အရမ်းတွေ ခံပြင်းဒေါသထွက်နေတာတွေ့တော့ ရွှီထင်းရှန်းက သိချင်စိတ်နဲ့ မေးကြည့်လိုက်တယ်။ ဦးလေး ချန်းက သူ့မုတ်ဆိတ်သူ ကိုင်တွယ်ပွတ်သပ်ရင်း
“အင်းးးး ပြောရမှာတော့ ရှက်စရာကောင်းပေမဲ့ ငါ ငယ်ငယ်တုန်းက သူနဲ့အတန်းဖော်ဖြစ်ခဲ့တာကွ၊ ဒါပေမဲ့ ငါက စာမတော်တော့ ဝင်ခွင့်စာမေးပွဲမှာတင် တစ်သွားတယ် သူကတော့ တစ်ချက်တည်းနဲ့ ပညာရှင်အဆင့်အထိ တက်သွားပေမဲ့ နောက်ပိုင်း ကံဆိုးတယ်ပဲ ပြောရမှာပေါ့။ သူ့ခမျာ နန်းတွင်းစာမေးပွဲအောင်ဖို့ နှစ်အတော်ကြာ ကြိုးစားလိုက်ရတာ ဒါပေမဲ့ ရလဒ်က မကောင်းတဲ့အခါ သူကလည်း မင်းမှုထမ်းအဖြစ် အသက်မွေးဖို့ စိတ်မဝင်စားတော့ ဇာတိပြန်ပြီး သူ့အဖေခြေရာအတိုင်း ကလေးတွေကိုပဲ စာပြပေးနေတော့တာ”
“တစ်ချိန်လုံးတော့ ကံကဆိုးမနေနိုင်ပါဘူးလေ”
တကယ်လို့ သူမှတ်မိတာသာ မှန်မယ်ဆို ချင်းယွမ်ကျောင်းတော်က ဆရာကြီးလင် နောက်သုံးနှစ်အကြာမှာ နန်းတွင်းစာမေးပွဲအောင်သွားတဲ့အခါ တစ်မြို့လုံး အုတ်အော်သောင်းနင်းဖြစ်သွားခဲ့ပြီး ချင်းဟယ်ပိုင်ရှင် ကောင်းယို့ကျီဆိုတာလည်း နေရာမှာတင် သွေးအန်သေတော့မလို့။
အဲဒီတုန်းက ရွှီထင်းရှန်းက ချင်းဟယ်ကျောင်းတော်ကနေ ရှန်မိသားစုပိုင် ကျောင်းကို ပြောင်းဖို့လုပ်နေတဲ့အချိန်မို့ ဒီအကြောင်း မထင်မှတ်ဘဲ ကြားသိလိုက်ရတယ်။ ဦးလေးချန်းကတော့ လူငယ်လေးက သူ့ကိုနှစ်သိမ့်ပေးတယ်လို့ ထင်မှတ်သွားတယ်။
“စကားအကောင်းပြောပေးလို့ ကျေးဇူးပါပဲကွာ”
ရွှီထင်းရှန်းကလည်း ကွေ့ဝိုက်မနေတော့ဘဲ လက်သီးနှစ်ဖက်ဆုပ်ကာ အရိုအသေပေးလိုက်ပြီး “အကြံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဦးလေး ချန်း ဒါပေမဲ့ အိမ်မှာဖြေရှင်းရမဲ့ကိစ္စလေးတွေ ရှိနေသေးတာကြောင့် အားလုံးပြီးသွားတဲ့အချိန်ကျ ကျွန်တော် ချင်းယွမ်ကျောင်းတော်မှာ နာမည်စာရင်းသွားပေးလိုက်ပါ့မယ်”
“မင်းက ပြတ်သားသားပဲ။ ဒါနဲ့ ကျောင်းကြောင့် မင်းနာမည် ထိခိုက်သွားမှာ မကြောက်ဘူးလား”
“ဒီတပည့်က ကျောင်းတောင် မတက်ဖူးသေးတာမို့ ဘာလို့ နာမည်ဂုဏ်သတင်းအတွက်ကို ထည့်စဥ်းစားနေရမှာပါလဲ။ အဲဒါထက် နန်းတွင်းခုံရုံးကလည်း တခြားအရာတွေအားလုံးထက် အရည်အချင်းကိုသာ အဓိကကြည့်တာမလား။ တကယ်လို့ အရည်အချင်းသာ သာလွန်နေရင် ခရိုင်မှူး ဟူလည်း အများကြီးကြားဝင်မနှောင့်ယှက်ရဲလောက်ပါဘူး”
“မင်းမှာ ဒီလောက်အထိ ရည်မှန်းချက်ကြီးကြီးရှိမယ်လို့ မထင်ထားဘူး။ ကဲပါလေ မမှုဘူးဆိုတော့လည်း ငါသိသလောက်လေး ပြောလိုက်ဦးမယ် ငါ့အတန်းဖော်က တင်းကျပ်ပြီး အပြောဆိုးပေမဲ့ သူ့ပညာဗဟုသုတကတော့ ပြိုင်ဘက်ကင်းပဲ ကျင်းရှီတစ်ယောက် မွေးထုတ်ပေးနိုင်တဲ့အထိလို့တော့ ငါအာမမခံရဲပေမဲ့ အနည်းဆုံး မင်း အသိပညာတော့ အများကြီးရသွားလိမ့်မယ်ကွာ။ စာတော့ တတ်ကိုတတ်တယ်”
“ဒါဆို ဦးလေး ချန်းကို အရင်ကျေးဇူးတင်ပါတယ်”
****
ရက်သတ္တပတ်တချို့အထိ ကျောက်အာနဲ့ရွှီထင်းရှန်းတို့က အိမ်ကအစောကြီးထွက်ပြီး နောက်ကျမှ ပြန်လာကြတယ်။ ရွှီမိသားစုဝင်တွေက နှစ်ခါလောက် မေးစမ်းကြည့်တာတောင် ကျောက်အာက ရွှီထင်းရှန်းကို လေကောင်းလေသန့်ရအောင် ခေါ်ထုတ်သွားတာလို့ပဲ ပြန်ဖြေတယ်။
အကြီးဆုံးမိသားစုခွဲကလူတွေက အထင်တသေးနဲ့ ကဲ့ရဲ့ကြတဲ့အခါ အဘိုးရွှီကတော့ ခေါင်းယမ်းရုံသာ တတ်နိုင်တယ်။ အဲဒီလိုနဲ့ နောက်တော့ ဘယ်သူမှ ဘာမှထပ်မမေးကြတော့ပေမဲ့ သူတို့စိတ်ထဲမှာတော့ ရွှီထင်းရှန်းကို သွားပြီလို့ တွေးထားကြတယ်။
ဖြစ်နိုင်တာ ဒုတိယမိသားစုခွဲက ကလေးနှစ်ယောက်က အရမ်းတွေ သတ္တိကောင်းနေလို့ နေ့တိုင်း စာမလုပ်ဘဲ အပြင်မှာလျှောက်လည်နေကြတာ ထင်ပါတယ်။ တကယ်လို့ ကိုယ်က ကျွင်းခိုင်နဲ့ လက်ရည်တူနေရင်တောင် အနည်းဆုံးတော့ ပြိုင်ပွဲအတွက် စာအုပ်စာပေ ပိုပြီးများများသိုမှီးလေ့လာနေရမယ် မဟုတ်ဘူးလား။
အဲဒီလိုနဲ့ မျက်တောင်တစ်ခတ်အတွင်းမှာတင် ငါးရက်တာက လျင်မြန်စွာ ကုန်ဆုံးသွားတယ်။ ပြိုင်ပွဲကျင်းပမဲ့ ဒီနေ့ကလည်း သာမန်နေ့တွေနဲ့ မထူးခြား မခြားနားပါပဲ။ လယ်တောအိမ်လေးက နံနက်အစောကတည်းက ချက်ပြုတ်ပြင်ဆင်ရတာနဲ့ အလုပ်ရှုပ်နေပြီး အားလုံးက နံနက်စာစုစားကြတယ်။
18 02
အားလုံးစားသောက်ပြီးတာနဲ့ ယောက်ျားသားတွေက လယ်ထဲဆင်းဖို့လုပ်ပြီး မိန်းမသားတွေကတော့ အိမ်မှုကိစ္စတွေ ကိုယ်စီတာဝန်ယူ လုပ်ကိုင်နေကြတယ်။ ကွဲပြားမှုကို ပြပါဆို ဒီနံနက်ထမင်းဝိုင်းမှာ တခြားသူတွေထက် ထူးပြီးပါလာတဲ့ ရွှီကျွင်းခိုင် ပန်းကန်ထဲက ကြက်ဥပြုတ်နှစ်လုံးပဲ။
လွန်ခဲ့တဲ့ ရက်တုန်းက အဘိုး ရွှီရဲ့ဆူပူမှုကြောင့် အဘွား ကျောက်က ဒီတလောအတွင်း အကြီးဆုံးမိသားစုခွဲကို သိပ်ထင်ထင်ပေါ်ပေါ် မျက်နှာသာမလိုက်ရဲဘူး။ ဒါပေမယ့် ဒီနေ့လို အရေးကြီးတဲ့နေ့မှာတော့ သူလည်း ဆက်မထိန်းထားနိုင်တော့ဘူး။
အစတုန်းက ရွှီထင်းရှန်းအတွက် မပါဘူး။ ဒါပေမဲ့ အကဲခတ်မြန်တဲ့ အဒေါ်ယန်က သူ့ယောက္ခထီး မျက်နှာမကောင်းတာ မြင်တာနဲ့ အဒေါ်ကျောက်ကို ခေါ်ပြီး နောက်ထပ်ဥနှစ်လုံးတောင်းကာ သူ့ပန်းကန်ထဲ ထည့်ခိုင်းလိုက်တယ်။
ကျေးလက်တောရွာက ဘဝတွေက ဒီလိုပဲ ကိုယ့်ရင်ထဲဘယ်လောက်ပဲ လေးလံနေပါစေ စားဝတ်နေရေးအတွက် ရုန်းကန်ရတာပဲ။ အထူးသဖြင့် ဒီလိုအမှားမခံတဲ့ နွေဦးကောက်စိုက်ချိန်မှာပေါ့။ အဘိုးရွှီက လယ်ထဲသွားဖို့ သူ့သားနှစ်ယောက်ကို ခေါ်သွားပြီး နေမြင့်မှ အိမ်ပြန်လာတယ်။
ရွှီအိမ်က ကလေးနှစ်ယောက်ကြား ကျောင်းတက်ခွင့်ရဖို့ ပြိုင်ပွဲဆိုတဲ့သတင်းက ယွီချင်းရွာတစ်ခုလုံးကို ချောင်ကြိုချောင်ကြားမကျန် ပျံ့နှံ့သွားပြီးပြီ။ ဝေဖန်တဲ့သူတွေကတော့ ရှိနေတုန်းပဲဆိုပေမဲ့ တကယ်လည်း ပိုက်ဆံက အပင်သီးနေတာမဟုတ်လို့ အများစုကတော့ အဘိုးရွှီရဲ့ဆုံးဖြတ်ချက်ကို နားလည်ပေးကြတယ်။
ဒီနေ့က ပြိုင်ပွဲနေ့မှန်း သိထားတာမို့ လူကြီးတွေ အလုပ်လုပ်နေတဲ့အချိန် အိမ်ကကလေးတစ်သိုက်ကို ရွာထဲစောင့်ကြည့်ဖို့ လွှတ်ထားလိုက်တယ်။ သူစိမ်းလူကြီးတစ်ယောက် ကျန်းလီကျန်းအိမ်ထဲဝင်သွားတာ တွေ့တာနဲ့ ပါးစပ်ဖွာတဲ့ကလေးတွေက လယ်ကွင်းတွေဘက် အပြေးရောက်လာပြီး ဖောက်သည်ချတော့တယ်။
“သူကြီး ကျန်းအိမ်ကို ဧည့်သည်တစ်ယောက်ရောက်လာတယ်”
ကန်သင်းရိုးဘောင်ပေါ်က စီကနဲအော်သံကြောင့် ကွင်းထဲက လူတိုင်းလည်း လုပ်လက်စတွေ အတောသတ်ကာ ကိုယ့်ပစ္စည်းကိုယ် အမြန်သိမ်းပြီး ရွာလူကြီးအိမ်ဘက် အပြေးထွက်လာကြတယ်။ သိပ်မကြာခင်မှာပဲ ကျန်းလီကျန်းရဲ့ အိမ်ရှေ့ခြံတစ်ခုလုံးမှာ ရွာသားတွေနဲ့ ပြည့်ကျပ်သွားတယ်။
ခြံထဲမှာလူတိုင်းက ဒီနေ့ပြိုင်ပွဲအကြောင်း တီးတိုးတီးတိုး သဖန်းပိုးလုပ်နေကြတဲ့အချိန် အိမ်ထဲမှာလည်း ကျန်းလီကျန်းက ပညာရှင်ဝတ်စုံခြုံထားပြီး ဖုထို(ရှေးခေတ်ပညာရှင်တွေ ဆောင်းလေ့ရှိတဲ့ဦးထုပ်) ဝတ်ထားတဲ့ သက်လတ်ပိုင်းအရွယ်လူတစ်ယောက်နဲ့ စကားလက်ဆုံကျနေတယ်။
ဒီလူ့မှာ ပိန်သွယ်ရှည်လျားတဲ့ မျက်နှာပေါက်ရှိပြီး အသားအရည်က ဖြူဖွေးလွန်းကာ မျက်ခွံသားတွေကတော့ မသိမသာ စူဖောင်းနေတယ်။ ကြည့်တာနဲ့တင် ရုပ်မလှမှန်းသိသာပေမဲ့ အတန်းလိုက်ချထားတဲ့ ထိုင်ခုံတွေရဲ့ အလယ်တည့်တည့်မှာ နေရာယူထားတာကြောင့် ပညာတော့ သေးပုံမရဘူး။
ရွာသူကြီး ကျန်းလီကျန်းကတော့ ဘေးမှာဆင်းထိုင်ရတော့တာပေါ့။ ဒီလူက ချောင်ရှို့ချိုင်လို့ခေါ်ပြီး နီးစပ်ရာ ဆယ်မိုင်အတွင်း အိမ်နီးချင်းရွာ ၈ရွာကြားမှာတော့ အတော်အသင့်ဂုဏ်သတင်း ကျော်စောတဲ့ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်။
ကျန်းလီကျန်းက အစောကြီးကတည်းက တွေးထားပြီးသား။ ရွှီချင်းရှန်က သူ့ဘက်က လူတစ်ယောက်ခေါ်လာမယ်ဆိုထဲက သူ့ယောက္ခထီး ယန်ကျုံးဖြစ်ဖို့များတယ်။ ဒါပေမဲ့ ယန်ကျုံးက သာမန်စာသင်သားတစ်ယောက်ရယ်မို့ သူက တစ်ဆင့်မြင့်တဲ့ ပညာရှင်တစ်ယောက်ကို ခေါ်လိုက်တာ။ ဒါက သူဘက်မလိုက်ဘူးဆိုတာလည်း ပြရာရောက်သလို သူ့အဆက်အသွယ် ကျယ်ပြန့်တဲ့အပေါ်မှာလည်း လူအထင်ကြီးသွားစေတယ်။
“ချောင် ရှန်းကုန်း အကြမ်းရည် သုံးဆောင်ပါဦး၊ အချိန်ကျလာရင် ကျွန်တော် လူခေါ်ပြီး လာအသိပေးလိုက်ပါမယ်”
ချောင်ရှို့ချိုင်က လက်ကာပြပြီး “မလိုပါဘူး မလိုပါဘူး”
သူတို့စကားပြောနေတဲ့အချိန်မှာပဲ အပြင်မှာ မိသားစုခေါင်းဆောင်ရွှီနဲ့ နောက်လူတစ်ယောက် ဝင်လာတယ်။ သို့သော် ခေါင်းဆောင်ရွှီက ဦးဆောင်လျှောက်လာခဲ့တာမဟုတ်ဘဲ တကယ်တမ်း ရှေ့ကလျှောက်လာတာ အသက် ၅၀ ဝန်းကျင် လူအိုကြီးတစ်ယောက်ပဲ။
18 03
ဒီအဘိုးကြီးက ဇရာထောင်းနေတာ သိသာပေမဲ့ ချောင်ရှို့ချိုင်လိုမျိုး ပညာရှင်ဝတ်စုံ ဖုထိုဦးထုပ်နဲ့အတူ ရောက်လာတာမို့ ပညာရှိမဟုတ်တောင် စာတတ်တာတော့ ကျိန်းသေတယ်။ သေချာပေါက်ပါပဲ ချောင်ရှို့ချိုင်က ဒီလူကြီးကိုမြင်တဲ့အခါ ချက်ချင်းထရပ်ပြီး နှုတ်ဆက်တယ်။
“အိုး စီနီယာကြီး ဟယ်ဖြစ်လိမ့်မယ်လို့ မထင်ထားဘူး ဒီနောင်လာနောက်သားက မရိုမသေပြုမိပါပြီ”
“ယဥ်ကျေးနေစရာ မလိုပါဘူး ထိုင်ပါ”
ဒီဟယ်ရှို့ချိုင်က မိသားစုခေါင်းဆောင် ရွှီရဲ့ကမ်းလှမ်းချက်နဲ့ ပြိုင်ပွဲကို အကဲဖြတ်ပေးဖို့ ရောက်လာတာဖြစ်တယ်။ တကယ်တော့ ကျန်းလီကျန်း တွေးတာမှန်တယ်။ ရွှီချင်းရှန်က အစတုန်းက သူ့ယောက္ခထီးကို ဒိုင်လုပ်မလို့ စဥ်းစားထားတာ။ ဒါပေမဲ့ မိသားစုခေါင်းဆောင်ရွှီဆီက အငြင်းခံလိုက်ရတယ်။
ခေါင်းဆောင်ရွှီက အခုမှပဲ ရွှီချင်းရှန်းတစ်ယောက် ဒီလောက်တုံးတာ သိတော့တယ်။ ကိုယ့်သားနိုင်မှာ ကျိန်းသေနေပြီဆိုရင် ဘာလို့ အများအရှေ့ ဝေဖန်ခံရမဲ့ကိစ္စကို လုပ်ဦးမှာလဲ။ နောက်ပြီး အဲဒီကျန်းမျိုးရိုးက သူတို့ထက်သာချင်ဇောနဲ့ နာမည်ကြီး ပညာရှင်တစ်ယောက်ကို ဖိတ်မယ်ဆိုတာ ကြိုသိနေတာကြောင့် သူလည်း စစချင်းတုန်းက ချောင်ရှို့ချိုင်ဆီ သွားခဲ့တာ။
ဖြစ်ချင်တော့ သူက ခြေတစ်လှမ်းနောက်ကျသွားတာမို့ နောက်ဆုံး ဟယ်ရှို့ချိုင်ကိုသာ ဖိတ်လိုက်ရတယ်။ တစ်ယောက်နဲ့တစ်ယောက် နှုတ်ဆက်စကားဆိုပြီးတဲ့အခါ ဒိုင်နှစ်ယောက်က အလယ်မှာဝင်ထိုင်လိုက်ကြတယ်။
ကျန်းလီကျန်းနဲ့ မိသားစုခေါင်းဆောင် ရွှီတို့ကတော့ သူတို့တစ်ဖက်တစ်ချက်စီမှာ နေရာယူလိုက်တယ်။
“သူကြီး ကျန်းကို ခဏလောက် အနှောင့်အယှက်ပေးရပါဦးမယ်”
“မဟုတ်တာ ကျွန်တော်က ဒီကအကြီးအကဲပဲဟာ ရွာမှာတစ်ခုခုဆို ဝင်မပါလို့မရဘူးလေ”
အပြန်အလှန် ယဥ်ကျေးသမှုစကားလုံးလေးတွေက အတော်လေး ခင်မင်ရင်းနှီးကြတယ်လို့ ထင်နိုင်ပေမဲ့ တကယ်က စကားတွေနောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ အကဲစမ်းမှုလေးတွေ ရှိနေတယ်။
ထိုအချိန် အဘိုးရွှီ ရွှီချင်းရှန်နဲ့အတူ ဒီနေ့ရဲ့အဓိကလူတွေက အချိန်ကိုက် ရောက်လာကြတယ်။ နောက်ထပ် မဖိတ်ခေါ်ထားတဲ့ဧည့်သည်ကတော့ ရွှီချင်းရှန်ရဲ့ယောက္ခထီး ယန်ကျုံးပဲ။ သူက ခပ်ဝဝကိုယ်လုံးနဲ့ အသက် ၅၀အရွယ် လူတစ်ယောက်ဖြစ်ပြီး ပညာတတ်ဆိုတာထက် အဆီပိတ်နေတဲ့ ငွေတိုးချေးစားသူနဲ့ပိုတူနေတယ်။
သူကဝင်လာတာနဲ့ ရှို့ချိုင်နှစ်ယောက်ကို အတင်းဝင်ရောပေမဲ့ ရှက်စရာကောင်းတာက ဟိုဘက်က လူမှုရေးအရ နှုတ်ဆက်ပြီးတာနဲ့ လှည့်တောင်မကြည့်တော့တာပဲ။ အဲဒီလိုနဲ့ သူ့ခမျာ နေရခက်ခက်နဲ့ ဘေးမှာသွားထိုင်လိုက်ရတယ်။
ရွှီချင်းရှန်က ထောင့်ဆုံးခုံမှာ ထိုင်ချလိုက်တယ်။ လက်ရှိဒီမှာထိုင်နေကြတဲ့လူတွေ အားလုံးက ဆရာကြီးတွေနဲ့ ရွာရဲ့ရပ်မိရပ်ဖတွေချည်းမို့ သမက်မျက်နှာကြောင့် ခုံတစ်နေရာစာရတာပဲ ကျေးဇူးတင်ရမယ်။
ပြောရရင် အဘိုးရွှီတောင် ထိုင်ခုံမရလို့ ဘေးမှာဒီတိုင်းမတ်တပ်ရပ်နေရတာ။
“ပြိုင်မဲ့ကလေးတွေကို မသိပေမဲ့ သူတို့ရောက်နေကြပြီလား”
ဟယ်ရှို့ချိုင်က အရှေ့ကလူအုပ်ကြီးကို ကြည့်ပြီး မေးလိုက်တော့ မိသားစုခေါင်းဆောင် ရွှီရဲ့အကြည့်က အဘိုး ရွှီဆီရောက်လာတယ်။ အဲဒီအချိန် အခုမှဝင်လာတဲ့ ရွှီချင်းဟွိုင်က လူအုပ်အစွန်ကနေ အလျင်စလို ပြန်ဖြေပေးလိုက်တယ်။
“ကျွန်တော်တို့ ရောက်ပါပြီ”
သူ့အသံကြောင့် ရွာသားတွေက ဂိတ်ပေါက်ဆီကို အာရုံရောက်လာပြီး လမ်းဖယ်ပေးလိုက်တဲ့အခါ ဆယ်ကျော်သက်လေးနှစ်ယောက် ထွက်လာတာ မြင်လိုက်ရတယ်။ အညိုရောင်ဖျင်ကြမ်းထည်တွေပဲ ဝတ်ထားတဲ့ သူတို့နှစ်ယောက်က ကြည့်လိုက်တာနဲ့ သိမ်နုပ်တဲ့မိသားစုက ဆင်းသက်လာတာ သိသာတယ်။
အရှေ့ကဦးဆောင်လာတဲ့ တစ်ယောက်က ကြည့်ကောင်းပြီး မျက်လုံးတွေ ဝင်းလက်နေတယ်။ အဝတ်အစားက ရိုးရှင်းတာတောင် သူကတော့ အတော်လေး ထင်းထွက်နေခဲ့တယ်။ အနောက်လိုက်လာတဲ့ ကောင်လေးက အရှေ့တစ်ယောက်ထက် ခေါင်းတစ်ဝက်စာ ပိုပုပြီး ပိန်ညှက်နေသလို မျက်လွှာချထားတဲ့သူက လူကြောက်တတ်ပုံလည်း ရတယ်။
18 04
လူအုပ်ကြီးကို ဖြတ်ကျော်ပြီး အခန်းထဲရောက်လာတော့မှ လူကြီးတွေက သေချာဆန်းစစ်ကြည့်လိုက်တယ်။ ပထမတစ်ယောက်ရဲ့ပုံစံက မဆိုးပေမဲ့ သူက ဒီတစ်လျှောက်လုံး အင်္ကျီလက်တွေကို ဆွဲဆွဲတင်နေတာကြောင့် ကြည့်ရတာ ဂနာမငြိမ်ဖြစ်နေတယ်။
ဒါပေမဲ့ ဒုတိယတစ်ယောက်ကတော့ နှိမ့်ချတာလည်းမဟုတ် မော်ကြွားတာလည်းမဟုတ်တဲ့ အနေအထားနဲ့ တည်တည်ငြိမ်ငြိမ်ရပ်နေပြီး မျက်လွှာချထားတာက လူကြီးသူမတွေကို ပိုမိုအလေးထားတဲ့ဟန် သက်ရောက်တယ်။
ဒီအတွက် အားလုံးကိုမျက်လုံးစေ့စေ့လိုက်ကြည့်နေတဲ့ ပထမတစ်ယောက်က ယုံကြည်ချက်ရှိတာကောင်းပေမဲ့ နည်းနည်းအတင့်ရဲသလို ဖြစ်နေတယ်။ ဒါတွေအားလုံးက တစ်ခဏလေးအတွင်းမှာတင် ချလိုက်တဲ့ကောက်ချက်တွေဖြစ်ပြီး ရှို့ချိုင်နှစ်ယောက်စလုံးက ကောင်လေးနှစ်ယောက်စလုံးရဲ့ အပြင်ပန်းအမူအရာကို အကဲခတ်ပြီးသွားပြီ။
“ကျောင်းသား ရွှီကျွင်းခိုင်”
“ကျောင်းသား ရွှီထင်းရှန်း”
“ဆရာကြီးနဲ့ အကြီးအကဲတို့ကို နှုတ်ခွန်းဆက်ပါတယ်!”
ဆရာကြီးနှစ်ယောက်က ခေါင်းညိတ်ပြလိုက်ပြီးမှ ချောင်ရှို့ချိုင်က သိချင်စိတ်နဲ့မေးတယ်။
“ထင်းရှန်း ဟုတ်လား။ လူလေး ဒီနာမည်မှာ ဆိုလိုရင်းအဓိပ္ပာယ်ရော ရှိသလား”
ရွှီထင်းရှန်းက မထင်မှတ်ထားတဲ့မေးခွန်းကြောင့် နည်းနည်းလန့်သွားပေမဲ့ အခုနက နှုတ်ဆက်ခဲ့တဲ့အတိုင်း လက်နှစ်ဖက်ကိုမချသေးဘဲ ခေါင်းအသာငုံ့ရင်း တရိုတသေ ပြန်ဖြေတယ်။
“ဟုတ်ကဲ့ ဒီတပည့်ရဲ့ အဘေးဖြစ်သူက စာသင်သားတစ်ယောက်ဖြစ်ခဲ့ပါတယ်။ အဘေးရဲ့ဘဝမှာ အကြီးမားဆုံးနောင်တကြီးက စာမေးပွဲကို မအောင်မြင်ခဲ့တာပါပဲ။ ကျွန်တော်တို့ရွှီမိသားစုက ဆင်းရဲတဲ့လယ်သမားတွေဆိုရင်တောင် နောက်မှာမျိုးဆက်တွေအများကြီး ကျန်ပါသေးတယ်။ စားဝတ်နေရေးကြောင့် ဘိုးဘေးရဲ့မပြည့်ဝလိုက်ရတဲ့ ဆန္ဒကို ဆိုင်းငံ့ထားရတယ်ဆိုပေမဲ့ ကျွန်တော်တို့ မေ့ထားတာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း မိသားစုက တတ်နိုင်သလောက် နောက်ပိုင်းကလေးတွေကို ဖတ်တတ်ရေးတတ်အောင် သင်ကြားပေးခဲ့ပါတယ်”
“စာအုပ်တွေထဲမှာ တွေ့ရတတ်တဲ့ အပြင်လောကမှာ တောင်တန်းတွေကာနေမယ်ဆိုရင်တောင် ရင်ထဲမှာတော့ အနုပညာအငွေ့အသက် ကျန်ရစ်နေရမယ်ဆိုတဲ့ စကားအတိုင်း အငယ်ပိုင်းမျိုးဆက်တွေက ဘိုးဘေးတွေရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးချင်ပါတယ်၊ ကျွန်တော်တို့က အရွယ်ငယ်သေးလို့ မသိနားမလည်သေးဘူးဆိုရင်တောင် ရည်မှန်းချက်တွေကတော့ မသေးပါဘူး။ ဒါကြောင့် ကျွန်တော်တို့လည်း တစ်နေ့တော့ ဘိုးဘေးတွေ လျှောက်ခဲ့တဲ့လမ်းကြောင်းပေါ် ထပ်လျှောက်ရင်း အဆုံးအထိ သွားနိုင်ဖို့ မျှော်လင့်ပါတယ် ဒါပါပဲ”
ဒီစကားလုံးတွေက အတော်လေး ကောင်းမွန်စွာ ရွေးချယ်သုံးနှုန်းထားပြီး စာတစ်သံ ပေတစ်သံဆန်လွန်းလို့ သာမန်တွေလူအဖို့ ရယ်ချင်စရာကောင်းနေပေမဲ့ ပညာရှင်တွေအမြင်မှာတော့ မိမိမျိုးနွယ်ဂုဏ်လည်းဆောင်ကာ တိုင်းပြည်အကျိုးလည်း သယ်ပိုးဖို့အတွက် ရည်ရွယ်ချက်ရှိနေတာကို လှလှပပ ဖော်ကျူးပြသွားနိုင်တယ်။
ဒီအပြင် ရွှီထင်းရှန်းရဲ့အပြောအဆိုတွေက အသက်အရွယ်နဲ့မလိုက်အောင် စာအုပ်စာပေလိုက်စားထားမှန်း သိပ်ပေါ်လွင်နေစေတယ်။ သူက စကားထဲမှာ ဘိုးဘေးတွေရဲ့နောက်ဆုံးဆန္ဒလို့တောင် ထည့်သုံးသွားတာကြောင့် ကြားရသူတွေက ကျေးဇူးသိတတ်တဲ့ မြေးလိမ္မာလေးတစ်ယောက်အဖြစ် မြင်ယောင်အောက်မေ့သွားမှာ ကျိန်းသေတယ်။
ချောင်ရှို့ချိုင်က သူ့မုတ်ဆိတ်ကိုပွတ်သပ်ရင်း စကားအရှည်ကြီးကို နားထောင်ပြီးသွားတဲ့အခါ အားရဝမ်းသာစွာ ချီးကျူးပေးလိုက်တယ်။
“ဟုတ်ပြီလေ တကယ်ကောင်းမွန်တဲ့ ရည်မှန်းချက်ပဲ!”
ဒီချီးကျူးချက်ကြောင့် လူတိုင်းမျက်လုံးတွေက ရွှီထင်းရှန်းဆီ စုပြုံရောက်သွားတယ်။ အဲဒီထဲမှာမှ မိသားစုခေါင်းဆောင်ရွှီရဲ့ မျက်ဝန်းတွေက စစချင်း ရှော့ရသွားရာကနေ နောက်တော့ တဖြည်းဖြည်း အထင်ကြီးလေးစားမှုဆီကို ကူးပြောင်းလာတယ်။
မျိုးနွယ်ဂုဏ်ကို ထိန်းသိမ်းရမှာ သူ့တာဝန်ပဲ။ ဒိကောင်လေးရဲ့စကားတွေက အများအရှေ့မှာ သူတို့ဘိုးဘေးတွေကို တကူးတက ဖော်ထုတ်ချီးမွမ်းထားတဲ့အပြင် ရွှီမျိုးနွယ်တွေရဲ့ အများနဲ့မတူ ပညာကိုတန်ဖိုးထားကြောင်းပါ ပြသသွားတာကြောင့် သူ့မျက်နှာက ဂုဏ်ယူဝင့်ကြွားရိပ်တွေ လျှံတက်လာတယ်။
18 05
သူတို့ထဲက တစ်စုံတစ်ယောက်ကတော့ စကားပရိယာယ်ကို ကျွမ်းကျင်စွာသုံးသွားတဲ့ ချစ်လှစွာသောတူလေးကို ဉာဏ်များတဲ့ကောင်ဆိုပြီး တိတ်တိတ်လေး ကျိန်ဆဲနေလေရဲ့။
ဘိုးဘေးတွေရဲ့ နောက်ဆုံးဆန္ဒပါလို့ ထည့်ပြောသွားမှတော့ သူ့ကိုကျောင်းမတက်ဖို့ ပြောတဲ့သူမှန်သမျှက မကောင်းဖြစ်ပြီပေါ့!! ဒီကောင်လေး လှည့်ဖျားတဲ့နေရာမှာ ကျွမ်းမှန်း သူဘာလို့ အရင်က မသိခဲ့ရတာလဲ။။
“မင်းအိမ်ကလူတွေက ဒီလိုနာမည်ကိုမှည့်ခဲ့မှတော့ မင်းအပေါ်အတော်လေး မျှော်လင့်ထားပုံရတယ်”
ချောင်ရှို့ချိုင်က ဒီလိုပြောလာတဲ့အခါ ရွှီမိသားစုတစ်စုလုံး ရှက်ရွံ့သွားကြတယ်။ မိသားစုခေါင်းဆောင်ရွှီနဲ့ တခြားသူတွေက ရွှီထင်းရှန်း ဖြစ်ကြောင်းကုန်စင်ကို ပြောပြလိုက်မှာ ကြောက်နေတဲ့အချိန်မှာပဲ သူက နောက်တစ်ခါ အရိုအသေပေးပြီး “ဒီတပည့်က သေချာပေါက် ကြိုးကြိုးစားစား စာလေ့လာပြီး မိသားစုတွေ စိတ်မပျက်ရအောင် လုပ်ပါမယ်”
ရွှီချင်းရှန်က ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ဘူး။ ဒီနေ့ပြိုင်ပွဲက ဘယ်သူကျောင်းတက်ခွင့်ရမလဲဆိုတာ ဆုံးဖြတ်ဖို့လေ။ အခု စတောင်မစရသေးဘူး စကားလုံးလေးအနည်းငယ်နဲ့တင် အကဲဖြတ်တွေက သူ့ဘက်ပါချင်နေကြပြီ။
“ဆရာကြီးတို့ ကျွန်တော်တို့ စလိုက်ကြမလား”
အဲဒိတော့မှ ချောင်ရှို့ချိုင်က သူစကားများနေမိတာ သဘောပေါက်သွားတာ။ ဒါပေမဲ့ သူက စပြီးမှတော့ ချက်ချင်းကြီး ပြန်ရုတ်သိမ်းမှာမဟုတ်တာ သဘာဝကျပါတယ်။ ပြီးတော့ ရွှီချင်းရှန်ရဲ့မှတ်ချက်က ဆရာလုပ်သလိုဖြစ်သွားတာကြောင့် အရှက်ရသွားရတာ အမှန်ပဲ။
သူ့စိတ်ထဲခုသွားပေမဲ့ ချောင်ရှို့ချိုင်က ရွှီထင်းရှန်းရဲ့ပြောစကားကိုသာ ခေါင်းတညိတ်ညိတ်လုပ်ရင်း အကြမ်းရည်တစ်ငုံ သောက်လိုက်တယ်။ ဒီအပြုအမူက ရွှီချင်းရှန်ကို မရှိတဲ့သူလို သဘောထားသလိုဖြစ်သွားတာကြောင့် သူ့မျက်နှာက ချက်ချင်း သုန်မှုန်သွားတယ်။
ဒါပေမဲ့ သူ့မှာ ဘာမှလည်းအထွန့်မတက်ရဲလို့ ကိုးရို့ကားရားပြုံးကာ ပြန်ထိုင်လိုက်ရတယ်။ ချောင်ရှို့ချိုင်က ကြွေခွက်လေးကို ပြန်ချရင်း လက်နှစ်ဖက်ယှက်လိုက်ပြီး ဟယ်ရှို့ချိုင်ကို လှည့်ပြောတယ်။
“စီနီယာကြီး ဟယ် ဒါကိုကြည့်”
“ကျွန်တော်တို့ စလိုက်ရအောင်လေ”
“ဒါစီနီယာတွေရဲ့ စကားဝိုင်းပါ မောင်ရင်ကရော အကဲဖြတ်ဒိုင်ပဲလား”
ချောင်ရှို့ချိုင်ရဲ့လေသံက ယဥ်ယဥ်ကျေးကျေးပဲ။ သူက အသက်သုံးဆယ်မှာတင် ပညာရှင်တစ်ယောက်ဖြစ်နေပြီမို့ နောင်မှာလည်း စာသင်သားတစ်ယောက် မွေးထုတ်ပေးနိုင်မှာပဲ။ ဒါပေမဲ့ ဟယ်ရှို့ချိုင်ကတော့ အိုနေပြီမို့ ရွေးချယ်ခံရဖို့ဆိုတာ ဖြစ်နိုင်ချေအရမ်းနည်းတယ်။
အဲဒါကြောင့် သူက အဓိကအကဲဖြတ်ဆိုတာ သိသာတယ်။ သို့သော် သူက ချောင်ရှို့ချိုင် စကားပြောနေတဲ့အချိန်မှာတော့ စကားလည်းဖြတ်မပြောသလို ဦးဆောင်နေတာကိုလည်း အပြစ်မတင်လာဘူး။
ဒါက ဝါစဥ်နဲ့ အရည်အချင်းပြည့်မှီမှုတင်မက အလားအလာကိုပါ ကြည့်တဲ့ နန်းတွင်းစာမေးပွဲရဲ့ ထုံးတမ်းစဥ်လာပဲ။ ယန်ကျုံးလို ဝင်ခွင့်ကျတဲ့သူတွေကတော့ တစ်ဘဝလုံး စာသင်သားအဆင့်နဲ့သာ ရပ်တန့်သွားမှာဖြစ်တယ်။
ဘယ်လိုပဲဖြစ်ဖြစ် တကယ်လို့ အသက်တစ်ရာကျော်လူတစ်ယောက်က စာမေးပွဲအောင်သွားခဲ့ရင်တောင် သူနဲ့တစ်နှစ်တည်းဖြေပြီး အောင်တဲ့စာသင်သားတွေနဲ့ တစ်တန်းတည်းဖြစ်နေမှာ ဒီမှာအသက်အရွယ်နဲ့ လိုက်ပြီး ရိုသေသမှုကို သတ်မှတ်တာမဟုတ်တဲ့အတွက် လူငယ်က လူကြီးကို သူငယ်ချင်းပေါင်း ပေါင်းလို့ရနေမှာပဲ။
ဥပမာ အခုငယ်သားဖြစ်တဲ့ ရွှီချင်းရှန်လိုပေါ့။ ချောင်ရှို့ချိုင်က စီနီယာဖြစ်နေတဲ့အတွက် သူ့မှာ အရှက်ခွဲခံရတာကို ခေါင်းငုံ့ခံနေရုံသာရှိတယ်။ ချောင်ရှို့ချိုင်က ဟယ်ရှို့ချိုင်အပေါ် အရမ်းယဥ်ကျေးနေပေမဲ့ ဟယ်ရှို့ချိုင်က သူ့ကိုသာ အရင်ဆုံးဆုံးဖြတ်ခိုင်းတယ်။
ဒီအရာတွေကို နားလည်တဲ့သူအချို့သာရှိပေမဲ့ အဲဒီထဲမှာ ရွှီထင်းရှန်းလည်း အပါအဝင်ပဲ။
“ဒါဆို လူလေးတို့နှစ်ယောက် ဘယ်လောက်အထိ သင်ကြားပြီးသွားပြီလဲ”
“ကျွန်တော်က စာပေကြီး ၄ကျမ်းပြီးလို့ ဂန္ဓဝင် ငါးဖြာထဲက ‘သီချင်းများစာအုပ်’ကို လေ့လာနေပါတယ်”
ရွှီကျွင်းခိုင်က အရင်ဖြေတယ်။ ထိုအခါ ဟယ်ရှို့ချိုင်ရဲ့အကြည့်တွေက တိတ်ဆိတ်နေသေးတဲ့ ရွှီထင်းရှန်းအပေါ် ရောက်သွားတယ်။ ရွှီထင်းရှန်းက ခဏလောက်စဥ်းစားပြီးတော့မှ ပြန်ဖြေတယ်။
“ကျွန်တော် စာပေကြီး ၄ကျမ်းကိုတော့ ဖတ်ပြီးသွားပါပြီ ဒါပေမဲ့ ဆိုလိုရင်းကိုတော့ နားမလည်နိုင်သေးပါဘူး”
ဟယ်ရှို့ချိုင်က ဘာမှမပြောပေမဲ့ ကျန်းလီကျန်းက နားမလည်သလိုနဲ့ “တကယ်လို့ ကျုပ်မှတ်မိတာသာ မှန်မယ်ဆို မင်းတို့နှစ်ယောက်က စာသင်တာ ဘယ်လောက်မှမကွာဘူးမလား။ အခုကျ ဘယ်လိုဖြစ်လို့ မင်းက ဒီလောက်တောင် နောက်ကောက်ကျကျန်နေခဲ့တာတုန်း”
ရွှီထင်းရှန်းက တိတ်ဆိတ်နေပေမဲ့ ရွှီချင်းရှန်ရဲ့မျက်ခုံးတွေကတော့ တွန့်ချိုးသွားခဲ့ပြီ။
………….
******