← Chapters

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

19 01

အပိုင်း 19

ကျန်းလီကျန်းရဲ့ ရုတ်ခြည်းထောက်ပြချက်က ဆရာကြီး ဟယ်နဲ့ချောင်တို့နှစ်ယောက်လုံးရဲ့ အကြည့်တွေ ရွှီထင်းရှန်းအပေါ် တစ်ပြိုင်နက်ရောက်သွားစေတယ်။ သဘာဝအားဖြင့် အပြင်လူဖြစ်တဲ့ သူတို့က အတွင်းဇာတ်လမ်းတွေ မသိသော်လည်းဘဲ ရွာလူကြီးရဲ့စကားတွေ နောက်ကွယ်မှာ အဓိပ္ပာယ်ဝှက်တစ်ခုခုရှိရမယ်ဆိုတာ နားလည်လိုက်ကြတယ်။

ဘာပဲဖြစ်ဖြစ် သူတို့မလာခင်ကတည်းက ဒါက မျိုးရိုးတူမိသားစုတစ်ခုထဲက ကလေးနှစ်ယောက်ကြား ပြိုင်ပွဲဆိုတာ သိထားပြီးသား။ သူတို့က ပညာရေးမှာတင် ပြိုင်နေတာမဟုတ်ဘဲ ပိုကောင်းတဲ့အနာဂတ်ရဖို့ပါ ယှဥ်ပြိုင်နေတာဖြစ်တယ်။

လက်ရှိ ဆရာကြီးနှစ်ယောက်ကလည်း ချို့တဲ့တဲ့နောက်ခံက ဆင်းသက်လာတဲ့သူတွေမို့ သာမန်ဆင်းရဲသားတွေအတွက် ပညာတတ်တစ်ယောက် မွေးထုတ်ပေးဖို့ဆိုတာ ဘယ်လောက်ခက်ခဲကြောင်း ပြောစရာမလိုအောင် သိတယ်။

အဲဒါကြောင့်လည်း ရွှီထင်းရှန်းက သူတို့ရွှီမျိုးနွယ်က ရုန်းကန်နေရတဲ့ကြားက ကလေးတွေကိုပါ ရေးတတ်ဖတ်တတ်အောင် သင်ပေးဖို့မမေ့ဘူးဆိုတဲ့ကဏ္ဍကို မီးမောင်းထိုးပြသွားခဲ့တဲ့အပေါ် ချောင်ရှို့ချိုင်က အတော်လေး ထောပနာပြုလိုက်မိတာ။

သာမန်လူတွေကတော့ ဒါကိုအသေးအမွှားလို့ ထင်ကောင်းထင်နိုင်ပေမဲ့ တောသူတောင်သားတွေအတွက်တော့ ပညာရေးဆိုတာ သူတို့ရဲ့ သနားစရာကောင်းလှတဲ့ဘဝကို တစ်ဆစ်ချိုး ပြောင်းလဲပေးနိုင်တာမို့ စာလေးတစ်လုံး တတ်ဖို့ ဒူးထောက်ဆိုတောင် ထောက်ကြမှာ …

ဆင်းရဲတဲ့နောက်ခံကနေ တက်လာတဲ့ ပညာရှင်တွေအကုန် လောကဓံရဲ့ ရိုက်ချက်ကြီးကြီးမားမားတွေကို ဖြတ်သန်းခဲ့ရတာ အမှန်ပဲ။ ပြည့်စုံတဲ့သူတွေနဲ့ယှဥ်ရင် သူတို့စတင်မှတ်က အရမ်းနောက်ရောက်လွန်းတာကြောင့် ဒီလူတွေကို လိုက်မှီဖို့မလွယ်ကူလှဘူး။

တစ်ချိန်တည်းမှာပဲ မြောက်မြားစွာသော အခက်အခဲ စမ်းသပ်မှုတွေကိုလည်း ကျော်လွှားနိုင်ဖို့ လိုသေးတယ်။ ဒီလိုအလုအယက် ပြိုင်ရတဲ့အထဲမှာ ကိုယ့်ရွယ်တူ သူငယ်ချင်းတွေကြား မပြောနဲ့ တစ်မိသားစုထဲက ညီအစ်ကိုတွေကြားမှာတောင် သွေးချောင်းစီးမတတ်ပဲ။

ဒီတိုက်ပွဲကို အောင်မြင်သွားတဲ့သူကတော့ အများသူငှာကြား ခေါင်းမော့ရင်ကော့နိုင်ပေမဲ့ အရှုံးသမားတွေကတော့ ခေါင်းငိုက်စိုက်ရင်း စာအုပ်ကိုချလို့ ပေါက်တူးကို ပြန်ကိုင်ရတော့မှာ။

ဒီလိုရက်စက်တဲ့ အမှန်တရားကို နားလည်ထားလို့သာ ဆရာကြီးနှစ်ယောက်က ဒီကောင်လေး သူ့အစ်ကိုကို အလျှော့ပေးဖို့အတွက် တမင်နောက်မှာကျန်ရစ်ခဲ့တာလား ဒါမှမဟုတ် တမင်အထင်သေးခံပြီး ပြိုင်ဘက်ကို များများစားစား မပြင်ဆင်လာအောင် ထောင်ချောက်ဆင်တာလားဆိုတာ ဒွိဟပွားသွားမိတယ်။

ဘာပဲဖြစ်ဖြစ် တကယ် မတတ်မြောက်တာဆိုရင်တော့ သူ့အတွက် အားနည်းချက်အကြီးကြီးပဲ။ ဒီအတွေးမျိုးစုံက မျက်စိတစ်မှိတ်အတွင်း ဆရာကြီးနှစ်ယောက်ရဲ့ခေါင်းထဲ ဝင်လာခဲ့တယ်။ အဲဒါထက် ရွှီချင်းရှန်ကတော့ ရှို့ချိုင်နှစ်ယောက်ရဲ့ သူ့တူပညာရေးအခြေအနေပေါ် စိတ်ဝင်စားမှုမြင့်တက်သွားလို့ တော်တော်လေး ချွေးစေးပျံနေရပြီ။

ဒီဉာဏ်များတဲ့ကောင်လေးပါးစပ်က ဘယ်လိုစကားတွေ ထွက်လာမလဲဆိုတာ တွေးဆမရဘူး။ အရင်ကတော့ ရွှီထင်းရှန်း ဘာမှမတတ်လေ ကောင်းလေလို့ တွေးထားမိပေမဲ့ အခုကျမှ ဒီအချက်က သူ့ဂုဏ်သိက္ခာကိုပါ ထိပါးလာနိုင်တာကို သဘောပေါက်လိုက်တာ။

မိသားစုခေါင်းဆောင်ရွှီကလည်း အခြေအနေအရပ်ရပ်ကို ရိပ်ဖမ်းသံဖမ်းမိလိုက်ပေမဲ့ သူ့ခြုံငုံသုံးသပ်ချက်ကတော့ သူတို့မိသားစုတွင်းက ပြဿနာတွေက မကျေနပ်ရင်တောင် အိမ်မှာပဲရှင်း၊ တစ်ရွာလုံးအရှေ့မှာ မျက်နှာပျက်စရာလုပ်တာတော့ မသင့်တော်ဘူးလို့ ထင်တယ်။

အဲဒီလိုနဲ့ မျက်စိပျက် မျက်နှာပျက်ဖြစ်နေတဲ့ ရွှီမျိုးရိုးနှစ်ယောက်ရဲ့ အကြည့်တွေက ရွှီထင်းရှန်းပေါ်မှာပဲ ဂနာမငြိမ်စွာ စောင့်ကြည့်နေကြတယ်။ သို့သော် မမျှော်လင့်ထားစွာဘဲ လူငယ်လေးက ဘာအပိုအလိုမှ မဆိုဘဲ ရှက်ပြုံးလေးသာ ပြုံးလာတယ်။

“ဒီတပည့်က ငယ်ငယ်ကတည်းက ချူချာလို့ သင်ကြားရေးမှာလည်း အများကြီး နှောင့်နှေးသွားရတာပါ”

ရွှီချင်းရှန်က အဲဒီတော့မှ ရင်ထဲအလုံးကြီးကျသွားပြီး စိတ်အေးသလို အပြုံးလေးနဲ့ အလျင်စလို ဝင်ကွန့်တယ်။

“ဟုတ်တယ် ဟုတ်တယ်။ စီနီယာကြီးနှစ်ယောက်အရှေ့မှာ မျက်နှာပျက်တော့မလို့ ကျွန်တော့်တူလေးက ဉာဏ်ကောင်းပေမဲ့ ကျန်းမာရေးမကောင်းတော့ ကျောင်းပုံမှန်မလာနိုင်ဘူးလေ”

19 02

မိသားစုခေါင်းဆောင်ရွှီကလည်း ထောက်ခံသလို ခေါင်းတညိတ်ညိတ် လုပ်လိုက်တယ်။ ပွဲကြည့်သူတွေကတော့ ဘာတွေဖြစ်နေမှန်း သေချာမသိပေမဲ့ ဒီဇာတ်လမ်းလေးကို မျက်စိကျယ်ကျယ်နဲ့ စောင့်ကြည့်နေကြတယ်။

ကျန်းလီကျန်းတစ်ယောက်သာ သူတို့အပြောတွေက သိပ်မူမမှန်ဘူးလို့ သံသယဝင်လာမိတာ။ ဒါပေမဲ့ သူ့မှာ အတိအကျ ထောက်ပြစရာလည်း မတွေ့တော့ ဒီတိုင်း ငြိမ်လိုက်ရုံသာ ရှိတော့တယ်။ ဆရာကြီးနှစ်ယောက်က အချင်းချင်း လူမှုရေးစကားတွေ ဖလှယ်လို့ပြီးတော့ ဟယ်ရှို့ချိုင်က နောက်ဆုံး စတင်လက်ဦးမှုယူလိုက်တယ်။

သူက သူ့ဂုဏ်ယူဖွယ်ထိုင်ခုံကနေ ရွှီထင်းရှန်းကို ကြည့်ရင်း “မင်းက ဂန္ဓဝင်စာပေတွေနဲ့ပက်သတ်ပြီး သိပ်နားမလည်သေးမှတော့ ဒီပြိုင်ပွဲက အနည်းငယ် မမျှမတဖြစ်နေပြီ။ ဒါပေမဲ့ မင်းတို့နှစ်ယောက်လုံးက ငယ်ရွယ်သေးတာမို့ အခြေခံတတ်ထားတာ မကြာသေးဘူးလို့ ထင်တယ်။ ဒါကြောင့် ဒီဆရာက နှစ်ယောက်လုံးကို အခြေခံဘယ်လောက်ခိုင်လဲ စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်”

သူ့အပြောမှာ ရွှီကျွင်းခိုင်က သူတော်ကြောင်း တတ်ကြောင်း ကြွားပြလို့မရတော့တဲ့အပေါ် အတော်ဒေါသထွက်သွားမိတယ်။ အဆင့်မြင့်ဂန္ဓဝင်စာပေတွေအကြောင်း မမေးမှတော့ ရွှီထင်းရှန်းဆိုတာ သူဖက်ပြိုင်ရမဲ့အဆင့်တောင် မဟုတ်ဘူး။

ဟယ်ရှို့ချိုင်က သူ့မုတ်ဆိတ်မွှေးကို ပွတ်သပ်ရင်း တွေးဆဆနဲ့ နောက်ဆုံးထုတ်ပြောလာတယ်။

“ဆရာကြီး ကျူးရှီကပြောဖူးတယ်။ သင်ယူလေ့လာခြင်းမှာ ချဥ်းကပ်လို့ရမဲ့ ပုံစံတွေအများကြီးရှိပေမဲ့ အားလုံးက တစ်ခုတည်းသော နည်းကပဲ စတင်ရတယ်တဲ့။ ဒီအတွက် ကလေးတွေဆိုလည်း သူတို့မူလတန်းမှာ သင်ကြားတဲ့စာတွေနဲ့ စိမ်းသက်နေမယ်ဆိုရင် နှလုံးသားထဲက အသိပညာကိုလည်း ပုံဖော်ထုထွင်းနိုင်မှာ မဟုတ်ပေဘူး။ ပိုမိုမြင့်မားတဲ့ သင်ယူမှုတွေအတွက် အခြေခံဟာ အရေးကြီးဆုံး။ပဲ ဒါကြောင့် မင်းတို့နှစ်ယောက် ကလေးဘဝက သင်ခဲ့ဖူးတဲ့ ‘တပည့်နီတိ’ကို ပြန်ရေးရမယ်”

ရွှီထင်းရှန်းတို့နှစ်ယောက်စလုံး သူတို့ပြိုင်ပွဲရဲ့ ပထမဆုံးစမ်းသပ်ချက်က မူလတန်းသင်ရိုးထဲက သင်ခန်းစာတစ်ခုဖြစ်နေမယ်လို့ မထင်ထားဘူး။ ဒီစာပိုဒ်က အက္ခရာထောင်ချီလောက် စုပေါင်းထားတာဆိုပေမဲ့ နိဒါန်းကလွဲရင်

-အိမ်ဝတ္တရားကျေပွန်ရန်

-လူကြီးသူမတွေအား လေးစားသမှုရှိရန်

-ကိုယ်နှုတ်အမူအရာ ယဥ်ကျေးသိမ်မွေ့ရန်

-ယုံကြည်ထိုက်သူဖြစ်ရန်

-အနီးရှိလူတိုင်းအား ချစ်ခင်ကြင်နာစွာ ဆက်ဆံရန်

-အကောင်းအဆိုး ခွဲခြားတတ်ရန် နဲ့

-အားလပ်ချိန်တိုင်း စွဲမြဲစွာ စာလေ့လာရန်ဆိုတဲ့ ကဏ္ဍ ၇ခုအဖြစ် ပိုင်းခြားနိုင်တယ်။

ကဏ္ဍတစ်ခုချင်းစီက အက္ခရာသုံးလုံး စာတစ်ကြောင်းထဲမို့ လွယ်ကူတိုတောင်းပြီး ဖွဲ့ထားတဲ့ဝါကျတွေကလည်း ကာရံညီတာကြောင့် အလွတ်ရွတ်ဖို့ မခက်ခဲဘူး။ ဒါက ကလေးတွေကို လိမ်မာရေးခြားရှိဖို့နဲ့ ကူညီဖေးမတတ်ဖို့ သင်ပေးပြီး ဆရာကြီး ဟယ်ပြောသလိုပဲ ကြိုက်ရာနည်းနဲ့ လေ့လာလို့ရပေမဲ့ အားလုံးက အခြေခံကစ သင်ကြရတာပဲ။

ရွာလူကြီးရဲ့ခိုင်းစေမှုကြောင့် လူတစ်ယောက်က လေးထောင့်စားပွဲနှစ်ခုနဲ့အတူ ကောင်လေးတွေအတွက် ခန်းမအရှေ့မှာ စာရေးဖို့လိုအပ်တဲ့ ပစ္စည်းကိရိယာမှန်သမျှ ယူလာပေးတယ်။ စာရွက်တွေဘေးက ခွက်ထဲမှာ မှင်တုံးကအစ သွေးပြီးသား။

သူတို့နှစ်ယောက်က ကိုယ်စီနေရာယူပြီးတာနဲ့ တွေဝေတုံ့ဆိုင်းခြင်းမရှိ စရေးတော့တယ်။ သူတို့စုတ်တံတွေ စာရွက်လိပ်ပေါ် စတင်ရွေ့လျားလာတာနဲ့ ဘေးပတ်ဝန်းကျင်က ဆူဆူညံညံအသံတွေက တဖြည်းဖြည်း တိတ်ကျသွားတယ်။

ရွာသားတွေက အသိပညာနည်းပါးရင်တောင် စာသင်သားတွေ အလုပ်စတဲ့အခါ တိတ်ဆိတ်ရကောင်းမှန်းတော့ သိသေးတယ်။ ကျောင်းစတက်ကတည်းက ကြီးလာတဲ့အချိန်အထိ မူလတန်းစာအုပ်တွေသာ ဖတ်ခဲ့ရတဲ့ ရွှီထင်းရှန်းအတွက်တော့ ဒါက ခက်ခဲတယ်လို့တောင် မဆိုသာဘူး။

အမှန်အတိုင်းပြောရရင် ထပ်ကာတလဲလဲ ဖတ်ရလွန်းလို့ သူအကုန်လုံးကို မှတ်မိတဲ့အပြင် စာလုံးတွေက စာအုပ်ထဲမှာတင်မက သူ့စိတ်အာရုံထဲမှာပါ နက်နက်ရှိုင်းရှိုင်း ရေးထွင်းထားသလိုတောင်ဖြစ်နေပြီ။

19 03

အတိုပြောရရင် ဖတ်ခဲ့တဲ့စာအုပ်တွေ နည်းတာလည်း တစ်ချက်ကောင်းတာပါပဲ။ အခုလိုဆို ခေါင်းထဲ ခက်ခဲတဲ့ ဂန္ဓဝင်စကားလုံးတွေချည်း ပြည့်နှက်နေတဲ့ ရွှီကျွင်းခိုင်ထက်စာရင် သူက အများကြီးပိုအားသာတယ်။

အဲဒီအိပ်မက်ကြီး မက်ပြီးကတည်းက ရွှီထင်းရှန်းက အိပ်မက်ထဲက အဖြစ်ဆိုးတွေ သူ့ခေါင်းထဲဝင်မလာဖို့ရာ ဒီဘဝမှာသင်ဖူးတဲ့ စာအုပ်တွေကိုပဲ အထပ်ထပ်အကာကာ ပြန်ဖော်ကြည့်နေခဲ့တာ။

ရွှီထင်းရှန်းက စည်းချက်ညီညီ ရေးနေရင်းနဲ့ပဲ ဟယ်ရှို့ချိုင်အပေါ် အမြင်ကလည်း အနည်းငယ် ပြောင်းလဲသွားတယ်။ ဒီမထင်မှတ်ထားတဲ့ စမ်းသပ်ချက်က သူ့ကို သနားလို့လည်းမဟုတ်သလို လွယ်အောင်လုပ်ပေးတာလည်း မဟုတ်ဘူး။

အဲဒါထက် ဒီလိုမေးခွန်းမျိုးက ဖြေဆိုမဲ့ ကျောင်းသားတွေကို အငိုက်ဖမ်းဖို့ ရည်ရွယ်တာ။ ဘာလို့ဆို စာသင်သားအများစုက ‘တပည့်နီတိ’ကို အရမ်းအခြေခံဆန်လွန်းတယ်ဆိုပြီး ချောင်ထိုးကာ တခြားအဆင့်မြင့် ကဗျာအလင်္ကာတွေကိုသာ တလေးတစား ကျက်မှတ်ထားတတ်ကြလို့ပဲ။

တကယ်လည်း ဆရာတွေက ကျောင်းသားတွေ မူလတန်းကျော်သွားတာနဲ့ ဒီလိုအခြေခံတွေကို မမေးတော့ဘူး။ အဲဒီအစား သူတို့က အက္ခရာသုံးလုံးတွဲကျမ်း ဒါမှမဟုတ် မိသားစုမျိုးရိုးတစ်ရာ တို့ကိုသာ အများအားဖြင့် မေးလေ့ရှိကြတယ်။

တကယ်ဆို ရွှီထင်းရှန်းတစ်ယောက် ရွှီကျွင်းခိုင် ဘယ်လိုမျက်နှာဖြစ်သွားမလဲဆိုတာ မြင်ရဖို့ မစောင့်နိုင်တော့ဘူး။ သေချာပေါက် အဲဒီရောင်းရင်းလေးက တချို့တဝက်တော့ မှတ်မိလောက်တယ်ဆိုပေမဲ့ ကလေးဘဝထဲက စာတွေကိုတစ်အုပ်လုံး ၏သည်မရွေး မှတ်မိနိုင်ပါ့မလား။

ပြီးတော့ ဟယ်ရှို့ချိုင်က သူတို့ကို ရုတ်တရက်ကြီး ‘တပည့်နီတိ’ အကုန်လုံးထရေးခိုင်းတာ ပြိုင်ပွဲကလွဲရင် တခြားအကြောင်းအရင်းရော ရှိမနေနိုင်ဘူးလား။ သေချာပေါက် ရှိနေနိုင်တာပေါ့ ခန့်မှန်းရသလောက်ဆို ဒီလူကြီးက သူ့ဘာသာ စာကူးရေးပြီး စီးပွားရှာနေတာ ဖြစ်လောက်တယ်။

ဆိုတော့ ဒီလိုနည်းနဲ့ ပြိုင်ပွဲပြီးသွားတဲ့အခါ သူတို့ကိုလည်း စမ်းသပ်ရာရောက်သလို သူ့အတွက် အလကားလက်ရေးစာအုပ်နှစ်အုပ်လည်း ရသွားမှာလေ။ ပြိုင်ဘက်စားပွဲကို ခပ်သွက်သွက် ဖြတ်ခနဲလှမ်းကြည့်လိုက်ရုံနဲ့တင် ရွှီထင်းရှန်းက သူ့ဝမ်းကွဲနောင်တော် အခြေအနေကို သိလိုက်ပြီ။

လက်ရေးကြည့်ရုံနဲ့တင် သိသာပါတယ်။ တကယ်လည်း ရွှီထင်းရှန်း တွေးထားတဲ့အတိုင်းပဲ ရွှီကျွင်းခိုင်က ပထမဆုံး ‘တပည့်နီတိ’ ချရေးရမယ်ဆိုတုန်းက ဟယ်ရှို့ချိုင်ကိုတောင် ခပ်ပိန်းပိန်း မေးခွန်းထုတ်ရသလားဆိုပြီး မေးငေါ့ခဲ့တာ။

တစ်ခါလောက် ကျောင်းတက်ဖူးတဲ့သူတောင် သိတာ ဘယ်လိုစာသင်သားက မသိဘဲနေမှာလဲပေါ့။ ဒါပေမဲ့ စုတ်တံကို စာရွက်ပေါ်ချလိုက်တော့မှသာ ဒီကိစ္စအပေါ် သူဘယ်လောက် အထင်သေးမိထားသလဲ သိလိုက်ရတော့တယ်။

ဒီစမ်းသပ်ချက်က အပြောနဲ့လွယ်ပေမယ့် အလုပ်နဲ့သက်သေပြရတဲ့အချိန်ကျမှ ကျဥ်းထဲကျပ်ထဲရောက်တော့တာပဲ။ အဲဒါကြောင့် သူ စတင်ချရေးတော့မှ စိတ်ထဲတွေးထားသလောက် လွယ်ကူမနေမှန်း သဘောပေါက်လိုက်ရတယ်။

ရွှီကျွင်းခိုင်တစ်ယောက် ကြာလာတာနဲ့ လှုပ်ရှားနေတဲ့စုတ်ချက်တွေက နှေးသွားပြီး တစ်ခါတစ်ရံဆို နောက်တစ်ကြောင်းက ဘာလဲဆိုတာတောင် ရပ်ပြီးစဥ်းစားနေရတယ်။ အပေါ်မှာပြောခဲ့တဲ့အတိုင်း ‘တပည့်နီတိ’က ကာရံညီတဲ့ စကားလုံးတွေနဲ့ ဖွဲ့စည်းထားတာကြောင့် မသိရင် လျှောက်ဖြီးဖြန်းရေးလို့ရတဲ့ စာမျိုးမဟုတ်ဘဲ တစ်ကြောင်းမှားရင် အားလုံးလိုက်မှားလိမ့်မယ်။

ရွှီကျွင်းခိုင်က ပါးစပ်လှုပ်ရုံလောက် သူ့ဘာသာ ပြန်ရွတ်ကြည့်နေပေမဲ့ နောက်စာကြောင်းတွေ ထွက်မလာလေ ပိုစိုးရိမ်လာလေပဲ။ တကယ်လို့ သူတစ်ခုခုချရေးလိုက်ရင်တောင် တစ်နေရာရာမှာ မှားနေသလို ထင်လာတယ်။

အကယ်၍ တစ်စုံတစ်ယောက်က နှုတ်တိုက်မေးလာရင်တောင် ဘယ်စာမဆို သူချက်ချင်းဖြေနိုင်မှာ….

ထိုစဥ် တစ်ဖက်စားပွဲက ရွှီထင်းရှန်းကတော့ အစကတည်းက မနှေးမမြန်တဲ့အရှိန်နဲ့ ခပ်မှန်မှန်လေး ချရေးနေပြီး ရပ်နားခြင်း တစ်စက်မရှိဘူး။ သူ့စုတ်ချက်တွေက ညီညာတိကျပြီး စစချင်းမှာတော့ ရွှီကျွင်းခိုင်နဲ့ယှဥ်ရင် နှေးသယောင်ထင်ရပေမဲ့ တကယ်တမ်းကျ သူက တည်ငြိမ်တဲ့ စမ်းချောင်းလေးလိုပဲ။

ဒိုင်လူကြီးတွေခုံမှာတော့ ချောင်ရှို့ချိုင်က ဘေးကလူကို လေးစားမှုတချို့ ဖြတ်ပြေးသွားတဲ့ မျက်ဝန်းတွေနဲ့ စောင်းငဲ့ကြည့်လိုက်မိပြီး သက်ပြင်းတစ်ချက် အလိုလိုထွက်ကျလာတယ်။ သဘာဝအားဖြင့် သူ့နေရာကနေဆို ဖြစ်ပျက်သမျှအလုံးစုံကို တန်းမြင်နေရတာကြောင့် ဟယ်ရှို့ချိုင်ရဲ့ ဗျူဟာကို မချီးကျူးဘဲ မနေနိုင်တော့ဘူး။

19 04

ဟယ်ရှို့ချိုင်ကတော့ သူ့ဘာသာ ခိုးပြုံးနေမိတယ်။ သူက ဒီလူလည်ကျတဲ့နည်းလေး ထုတ်သုံးလိုက်ရလို့ တော်တော်လေး ဂုဏ်ယူနေပြီး ဒါက ချောင်ရှို့ချိုင်ကိုတောင် အထင်ကြီးသွားစေတယ်ဆိုတော့ ခံစားချက်တွေက လေပေါ်မြောက်နေတော့တယ်။

သူက ကောင်လေးတွေကို ငုံ့ကြည့်ရင်း မေးစေ့ကိုပွတ်သပ်ပြီး ရယ်သံလွင်လွင်နဲ့အတူ ကျယ်ကျယ်လေး လှမ်းသတိပေးလိုက်တယ်။

“မိတ်ဆွေလေးနှစ်ယောက် အလျင်လိုစရာမလိုပါဘူး။ မင်းတို့မှာ အမွှေးတိုင်တစ်တိုင်စာ အချိန်ကျန်သေးတယ်”

‘တပည့်နီတိ’က စာလုံးရေထောင်ချီပေမဲ့ မှတ်မိတဲ့သူအတွက်တော့ ကျန်ရှိတဲ့အချိန်ပမာဏက လုံလောက်တယ်။ သို့သော် ရွှီကျွင်းခိုင်ကတော့ ဒီရိုးရှင်းတဲ့ သတိပေးမှုလေးကြောင့် စိတ်ပိုင်းဆိုင်ရာ တောင့်ခံထားသမျှ ပြိုလဲကုန်ပြီး သူဂနာမငြိမ်ဖြစ်လေ သူ့စာရွက်က ပိုပေပွလေပဲ။

မျက်လုံးတွေက မကြာခဏ အမွှေးတိုင်ဆီသာ ရောက်နေတော့ နောက်ဆုံးလက်ကျန်အချိန်လေးမှာ ရေးနိုင်တဲ့စာကြောင်းတွေတောင် မမှီလိုက်ဘူး။

“ကဲ အချိန်စေ့ပြီ”

ဆရာကြီးရဲ့ အသံထွက်လာတာနဲ့ ရွှီထင်းရှန်းကလည်း နောက်ဆုံးစုတ်ချက်ကို ရေးဆွဲရင်း အချိန်ကိုက် အဆုံးသတ်လိုက်တယ်။ ရွှီကျွင်းခိုင်ကတော့ တစ်စုံတစ်ယောက် သူ့စားပွဲနား ရောက်လာတဲ့အချိန်အထိ နေရာမှာတင် ကြက်သေသေနေတုန်းပဲ။

သူ့တစ်ကိုယ်လုံး ချွေးအေးတွေ ရွှဲနေပြီး အရှေ့က စာရွက်ပေါ်မှာတော့ စာမျက်နှာတစ်ဝက်သာ ရှိတယ်။ သူတို့နှစ်ယောက်က ရှို့ချိုင်နှစ်ယောက်နဲ့ အနီးဆုံးမှာ ဖြေဆိုရတာဖြစ်တဲ့အတွက် ထောင့်နားက ရွှီချင်းရှန်နဲ့ ယန်ကျုံးတို့က ကလေးတွေနောက်ကျောသာ မြင်ရလို့ ဘာကိုမှ သတိမထားမိသေးဘူး။

သူတို့စိတ်ထဲမှာတော့ ဒီစမ်းသပ်ချက်က အလွယ်ဆုံးလို့ မှတ်ယူထားတာကြောင့် ရွှီကျွင်းခိုင်ရဲ့ တောင့်တင်းနေတဲ့ ကိုယ်ဟန်က မျက်ခုံးအချို့ကို ပင့်တက်သွားစေပေမဲ့ ကျရှုံးရတဲ့အထိတော့ မဖြစ်နိုင်ဘူးလို့ တွေးထားတယ်။

ဆရာကြီးနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် အဓိပ္ပာယ်အပြည့်နဲ့ အကြည့်ချင်းဖလှယ်ရင်း ရွှီထင်းရှန်းကို အမှတ်ပေးလိုက်တော့မှ သူတို့နောက်ဆုံး တုံ့ပြန်ဖို့ သတိရတော့တယ်။ ရွှီချင်းရှန်က ရှော့ရသွားပြီး သူ့ခုံက ချက်ချင်း ထရပ်လာယ်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

အပြင်က ရွာသားတွေရဲ့ ဆွေးနွေးငြင်းခုံသံတွေကလည်း သူ့အသံအနောက်က တစ်ဆက်တည်း ထွက်ပေါ်လာတယ်။ ကြည့်ရတာ ရွာရဲ့ အဆင့်တစ် ရွှီကျွင်းခိုင်တစ်ယောက် ပထမဆုံးတစ်ချီမှာတင် သာမညောင်ညတစ်ယောက်ကို ရှုံးသွားလိမ့်မယ်လို့ ဘယ်သူမှမယုံနိုင်ကြတဲ့ပုံပဲ။

စာတော်တဲ့ကောင်လေးရွှီက ကုန်းကျစ်ကို ရှုံးသွားတယ်။။ ဒါက အရမ်းအံ့ဩစရာကြီး မဟုတ်ဘူးလား။

အားလုံးက စာပေအကြောင်း နားမလည်ရင်တောင် ရွှီကျွင်းခိုင်က ရွာမှာစာအတော်ဆုံးဆိုတာ လူတိုင်းသိတယ်။

“စီနီယာ ဟယ် စီနီယာ ချောင် စာစစ်တာမှာ အမှားတစ်ခုခုဖြစ်သွားတာများလား။ ဒါက ရိုးရိုး ‘တပည့်နီတိ’လေးပဲလေ ….”

ဟယ်ရှို့ချိုင်က အကြည့်နဲ့ပဲ အချက်ပြလိုက်တဲ့အခါ ဘေးကလူနှစ်ယောက် ထွက်လာပြီး အားလုံးအရှေ့မှာ အဖြေလွှာနှစ်ရွက်ကို ဖွင့်ပြလိုက်တယ်။ ဘယ်ဘက်က တစ်ရွက်က အားပါတဲ့လက်ရေးလက်သားနဲ့ ညီညာသပ်ရပ်နေပြီး အကြောင်းအရာအစုံကို ရှင်းရှင်းလင်းလင်း တင်ပြထားတယ်။

ညာဘက်က တစ်ရွက်ကတော့ လက်ရေးလက်သား လှပေမဲ့ စာကြောင်းတွေက အစဥ်လိုက်မဟုတ်ဘဲ အောက်ဆုံးမှာ ကပြက်ကချော် အဆုံးသတ်ထားကာ စာရွက်အပေါ်မှာလည်း မှင်စက်တွေ စွန်းထင်းနေသေးတယ်။

“ရွှီထင်းရှန်းရဲ့ အဖြေလွှာမှာ စကားလုံးအမှားတစ်ခုမှမရှိဘဲ လက်ရေးလက်သားလည်း ပြည့်စုံပြီး စွန်းထင်းရာ တစ်စက်မရှိဘူး ရွှီကျွင်းခိုင်ကတော့ စာပိုဒ်တွေမစုံလင်တဲ့အပြင် စာလုံးပေါင်းအမှားတွေလည်း များတယ် ဒါကြောင့် ရွှီထင်းရှန်းက နိုင်သွားခဲ့တာ”

“ကျွင်းခိုင်!”

ရွှီချင်းရှန်က မယုံနိုင်သလို အော်လိုက်မိတယ်။ သူက ငယ်ထိပ် မိုးကြိုးပစ်ခံရသလို ရှော့ရသွားလို့ အများကြီးထပ်ပြောချင်ပေမဲ့ ယန်ကျုံးက နောက်ပြန်ဆွဲပြီး ဟန့်တားလိုက်ရတယ်။ ရွှီကျွင်းခိုင်ကတော့ တစ်ချိန်လုံး မြေကြီးကိုသာ အကြည့်ပို့ထားပြီး သူ့နာမည်ခေါ်သံကြားတော့မှ ရွှီထင်းရှန်းကို နီရဲနေတဲ့မျက်လုံးတွေနဲ့ ခံပြင်းစွာ စိုက်ကြည့်လိုက်မိတယ်။

19 05

ဒုတိယအချီကတော့ အားလုံးမျှော်မှန်းထားတဲ့ အမေးအဖြေကဏ္ဍဖြစ်ပြီး ဟယ်ရှို့ချိုင်ကပဲ ဦးဆောင်တယ်။

“ကိုယ်စိတ်နှလုံး အေးချမ်းဖို့ ရှေးမူတွေကို ရှာဖွေစို့ ဆိုတဲ့ဆိုရိုးစကားကို အဓိပ္ပာယ်ဖွင့်ဆိုပါ”

“သမိုင်းကျမ်းတွေကနေတစ်ဆင့် ရှေးဟောင်းမျိုးနွယ်စုတွေနဲ့ သူတို့ရဲ့ဓလေ့ကို လေ့လာခြင်းအားဖြင့် ပြင်ပလောကကြီးကို ခဏတာ မေ့ထားနိုင်ပြီး စိတ်အပန်းပြေစေတယ်လို့ ဆိုလိုပါတယ်”

ရွှီကျွင်းခိုင်က ရှေ့တစ်လှမ်းတက်ပြီး ဖြေတယ်။

“လောကီတစ်ခွင် ရှီယွိနဲ့ မုန့်ခယ်တို့ကို ပေါင်းစပ်ရင်း ကျင်လည်ပါ။ ဒါကိုလည်း အနက်ပြောပြပါ”

ဒီမေးခွန်းက ရွှီထင်းရှန်းကို တိုက်ရိုက်မေးတာဖြစ်ပြီး သူက ခဏလောက်စဥ်းစားပြီးမှ ဂရုတစိုက် ဖြေတယ်။

“ဆရာကြီး မုန့်ခယ်က ရိုးရှင်းခြင်းကို ဦးစားပေးပြီး သမိုင်းပညာရှင် ရှီယွိကတော့ ဂုဏ်သိက္ခာကို အလေးထားတယ်။ ဒီအတွက် လူတစ်ယောက်က တတ်နိုင်သမျှ ရောင့်ရဲတင်းတိမ်ပြီး ကျင့်ဝတ်အားလုံးကို အသိနဲ့ယှဥ်ပြီး စောင့်ထိန်းရမယ်လို့ ဆိုလိုတာပါ”

“ဆိုဆုံးမတဲ့အခါ အပြစ်ရှာသလိုမြင် အလိုလိုက်လွန်းရင်လည်း ပုန်ကန်တတ် … ပြီးရင် ဘာဆက်လာမလဲ”

ဒါကိုမေးတဲ့အခါမှာတော့ ဟယ်ရှို့ချိုင်က နှစ်ယောက်လုံးကို မကြည့်တော့ဘူး။ ရွှီကျွင်းခိုင်က သူ့ဘာသာရေရွတ်ပြီး စဥ်းစားနေတဲ့အချိန် ရွှီထင်းရှန်းကတော့ ဖြေနေပြီ။

“ညှိုးငယ်ရလောက်အောင် အရှက်ခွဲခံရတဲ့အခါ တောမြိုင်အလယ် ကံတရားဟာ လျင်မြန်စွာ ရောက်ရှိလာလေတာ”

“သူ့အပြစ်လည်းမမြင် သူ့အားလည်းမကိုး”

ဒီတစ်ခါတော့ ရွှီကျွင်းခိုင်က တွန့်ဆုတ်မနေတော့ဘဲ အလျင်စလို ဝင်ဖြေတယ်။

“လူတစ်ယောက်က သူများအပြစ်လုပ်မိရင်တောင် လက်ညှိုးမထိုးဘဲ ကိုယ်တတ်စွမ်းသလောက် ကူညီလုပ်ကိုင်ပေးတာ”

သူက ပြောပြီးတော့မှ ပညာရှင်မဆန်တဲ့ သူ့အဖြေအပေါ် အတော်လေး ရှက်သွားတယ်။

“ကောင်းတယ်” ဟယ်ရှို့ချိုင်က သူ့ပေါင်ကို တစ်ချက်ရိုက်ချလိုက်ပြီး “အဖြေတွေက အတော်ကျေနပ်စရာပဲ”

“ရွှေ့ရှယ်”

သူက အစမရှိအဆုံးမရှိ ထပြောတော့ ရွှီကျွင်းခိုင်က ကြောင်သွားတဲ့အချိန် ရွှီထင်းရှန်းကတော့ အရိပ်ပြ အကောင်မြင်ကာ ချက်ချင်း ဦးအောင်ဖြေလိုက်တယ်။

“ရှန်းကျိုင်”

ဒါကိုကြားတော့မှ ရွှီကျွင်းခိုင်က သူတို့ အဆုံးသတ်မှာ ကာရံတူတဲ့ နှစ်ကြောင်းကဗျာစပ်နေမှန်း သိလိုက်တာ။ ကျောင်းသားတွေ ဒီထက်ပိုမြင့်တဲ့ အဆင့်ကိုမတက်ခင် ‘သုံးထောင့်သုံးရာ အက္ခရာ’ အပြင် ‘စည်းကိုက်ဝါးကိုက် ဝေါဟာရ’နဲ့ ‘နဂါးအပြော လေအဟော’ စတဲ့စာပေတွေကို သင်ကြားရတယ်။

သူတို့ထဲမှာမှ ‘စည်းကိုက်ဝါးကိုက် ဝေါဟာရ’နဲ့ “နဂါးအပြော လေအဟော’တို့က ကလေးတွေကို ကာရံညီအောင် အဓိကသင်ကြားပေးပြီး နောက်အဆင့်တွေမှာပါလာမဲ့ ကဗျာအလင်္ကာတွေကို နားလည်ဖွဲ့နွဲ့နိုင်စွမ်း တိုးတက်အောင် အထောက်အကူပြုတယ်။

ဒီစာအုပ်တွေကို ကျေညက်အောင် လေ့လာထားတဲ့သူမှန်သမျှ လက်တမ်း ကဗျာစပ်နိုင်တယ်လို့တောင် လူအများက ပြောကြသေးတယ်။ အထူးသဖြင့် အခုလို ရိုးရှင်းတဲ့ နှစ်ကြောင်းကဗျာလေးတွေကိုပေါ့။ နှစ်ခါလောက် အရေးနိမ့်ပြီးသွားတော့မှ ရွှီကျွင်းခိုင်ရဲ့ အဆင့်တစ်ဗီဇတွေက နောက်ဆုံး အလုပ်လုပ်လာတော့တယ်။

သူက ဟယ်ရှို့ချိုင်ပြောပြီးတာနဲ့ ဆက်တိုက် တန်း‌ဖြေပစ်တာကြောင့် ရွှီထင်းရှန်းအတွက် ကြိုးစားချိန်တောင် မရလိုက်ဘူး။ ဒီနေရာမှာတော့ ရွှီကျွင်းခိုင်ရဲ့ စာအုပ်အဖတ်များမှုက သူ့ကို အတော်အကျိုးပေးသွားတယ်။

19 06

“ဒီလူအိုကြီးက စကားအများကြီး ပြောလိုက်ရလို့ နည်းနည်းတောင် နွမ်းချင်နေပြီ ဒီလူငယ်လေးတွေကိုလည်း ခဏလောက် အနားပေးတဲ့အနေနဲ့ ညီအစ်ကို ချောင်ကပဲ ကျုပ်ကို အဖော်ပြုပေးပါဦး”

ချောင်ရှို့ချိုင်က နည်းနည်းလေး ပြုံးလိုက်မိတယ်။ ဟယ်ရှို့ချိုင်က သူ့ကို စိန်ခေါ်လာတယ်ဆိုတာ သူသိတာပေါ့။ ကိုယ်ခံပညာမှာ ဒုတိယမရှိသလို ပညာရေးမှာလည်း ပထမမရှိဘူးဆိုတဲ့အတိုင်း သူနဲ့ဟယ်ရှို့ချိုင်တို့က ဒီရွာနီးချုပ်စပ်မှာ နှစ်ဦးတည်းသော ရှို့ချိုင်တွေမို့ သူတို့နာမည်ဂုဏ်သတင်းက မြို့တော်အထိ မကျော်သော်ငြား နှိုင်းယှဥ်ခံရတာတွေတော့ ရှိစမြဲပဲ။

“ဒါဆိုလည်း အစ်ကိုကြီး ဟယ် အရင်စပါ”

“လူတစ်ယောက်ဆို ကောင်းတယ် နှစ်ယောက်ဆို ကြီးမြတ်တယ်။ ကောင်းကင်ဘုံက ကြီးမြတ်ပေမဲ့ လူသားတွေရဲ့ပြင်းပြတဲ့ဆန္ဒက မိုးထိတိုင် ကျော်နိုင်တယ်”

ရွှီထင်းရှန်းရဲ့မျက်လုံးတွေက ခေတ္တလောက် အရောင်လက်သွားပေမဲ့ ရွှီကျွင်းခိုင်ကို ကြည့်လိုက်တဲ့အချိန် ခေါင်းငုံ့ပြီး စဥ်းစားနေပုံရတာကြောင့် သူလည်းပဲ ဆရာကြီးနှစ်ယောက် အခြေအနေကို အကဲခတ်ပြီးမှ ခေါင်းငုံ့နေလိုက်တယ်။

တစ်ခန်းလုံးက တိတ်ကျသွားပြီး စာသင်သား ၄ယောက်သာ အတွေးနယ်ချဲ့နေကြတယ်။ အသံတစ်စက်ထွက်ဖို့မပြောနဲ့ ဘယ်သူမှ အသက်ကျယ်ကျယ်တောင် မရှူရဲကြဘူး။

ဒါက ကလေးနှစ်ယောက်ကြားက ပြိုင်ပွဲမဟုတ်ဘူးလား။ ဘယ်လိုဖြစ်လို့ ဆရာနှစ်ယောက်ကပါ ပြိုင်နေကြတာတုန်း။

ထိုအချိန် ခပ်ပြတ်ပြတ် လက်ခုပ်သံတစ်ချက်က တိတ်ဆိတ်မှုကို ဖြိုခွဲသွားတယ်။ ချောင်ရှို့ချိုင်က လက်ဖဝါးနှစ်ဖက်ကို ဖြည်းဖြည်းချင်း ပွတ်သပ်ရင်း “သစ်တစ်ပင်ကစလို့ တောဖြစ်နိုင်တယ် သုံးဆဆိုရင်တော့ မြိုင်ဆိုင်သွားပြီ အရွက်တွေ ထူထပ်လာတဲ့အခါ သစ်တောကလည်း အရိုင်းမြေဖြစ်လာလိမ့်မယ်”

တကယ်တော့ ဒီတစ်ခုက အရမ်းခက်နေတာလည်း မဟုတ်သလို လွယ်နေတာလည်း မဟုတ်ဘူး။ ဒီအဖြေက စည်းချက်ကိုက်ပေမဲ့ သံတူကြောင်းကွဲစကားလုံးတွေက သိပ်တည့်တိုးဆန်လွန်းတယ်။ ဟယ်ရှို့ချိုင်ရဲ့ အဖွင့်ကို ချောင်ရှို့ချိုင်က နဂိုကဗျာထဲကအတိုင်း တစ်ထေရာတည်း ပိတ်လိုက်တယ်။

အမှန်တိုင်းပြောရရင် ရွှီထင်းရှန်းက ချောင်ရှို့ချိုင် မဖြေခင်ကတည်းက စာတစ်ကြောင်း စပ်ထားပြီးသား။ ဒါပေမဲ့ ဒါက ဆရာနှစ်ယောက်ကြားထဲက ပြိုင်ပွဲအသေးစားလေးမို့ သူတို့လို မသိနားမလည်သေးတဲ့ ကောင်လေးတွေက ကိုယ့်နေရာကိုယ်မသိဘဲ အတင်းဝင်ဖြေလိုက်လို့မရဘူး။

ဒါပေမဲ့ အခုက ချောင်ရှို့ချိုင် ကိုယ်တိုင်ဖြေပြီးသွားပြီမို့ သူထပ်ဖြေလည်း စည်းကျော်ရာမရောက်တော့ဘူး။ ဘာပဲဖြစ်ဖြစ် ဒါက သူနဲ့ရွှီကျွင်းခိုင်တို့ရဲ့ အရည်အချင်းပြ ပြိုင်ပွဲလေ။ ဒီလိုနဲ့ပဲ ရွှီထင်းရှန်းက နောက်ဆုံးတော့ ခေါင်းမော့ရင်း ထုတ်ပြောလိုက်တယ်။

“ဒီတပည့်မှာလည်း နောက်ထပ် အဖြေတစ်ခုရှိပါတယ်”

……………..

******

20 01

အပိုင်း 20

ငယ်ရွယ်တဲ့ယောက်ျားလေးအသံက တောင်ပေါ်ဘုရားကျောင်းက ခေါင်းလောင်းသံလို အခန်းထဲမှာ ကြည်လင်စွာ ထွက်ပေါ်လာတယ်။ ထိုအခါ အခုနကပဲ ပညာချင်းပြိုင်ထားတာ သူတို့မဟုတ်တဲ့အတိုင်း အချင်းချင်း သကာရည်လောင်းစကားတွေနဲ့ ချီးမွမ်းနေကြတဲ့ ရှို့ချိုင်နှစ်ယောက်အပြင် တစ်ခန်းလုံးရဲ့ အာရုံက သူ့ဆီကျလာတော့တယ်။

ဘေးချင်းကပ်က ရွှီကျွင်းခိုင်ကတော့ မယုံနိုင်သလို မော့ကြည့်လာတယ်။ သူ‌က သူတောင်မဖြေနိုင်တဲ့ ကဗျာတစ်ကြောင်းကို ရွှီထင်းရှန်းက ဘယ်လိုလုပ်စပ်နိုင်သွားသလဲဆိုတာ မေးခွန်းထုတ်နေပုံရတယ်။ အကြည့်တစ်ချက်နဲ့တင် ပညာတတ်ပုံစံပေါက်တဲ့ ပိန်သွယ်သွယ် စာသင်သားလေးဟာ ဆရာကြီးနှစ်ယောက် အရှေ့မှာ လက်နောက်ပစ်ကာ ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်းနဲ့မှ တစ်စုံတစ်ခုကို ရေရွတ်ပြလိုက်တယ်။

“ငါးစာက မလတ်တော့ ငါးမျှားချိတ်လည်း မစွမ်းသာတော့ ဇရာက ထောင်းလာတော့လည်း ထုန်ရှန်းအဆင့်က မကျော်နိုင်တော့”

အမှန်တော့ ရွှီထင်းရှန်းက ကဗျာစပ်ခြင်းအနုပညာမှာ တစ်ဖက်ကမ်းခတ်နေတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ သူ့တစ်စိတ်တစ်ပိုင်းလိုဖြစ်နေတဲ့ အဲဒီအိပ်မက်ထဲက ‘သူ’ရဲ့ လွှမ်းမိုးခံလိုက်ရတာတော့ မတတ်နိုင်ဘူး။ အိပ်မက်ထဲက ‘သူ’က အရွယ်တစ်ခုအထိ နေခဲ့ရတာကြောင့် ဒီလောကကြီးရဲ့ အကြောင်းအရာစုံကို မြင်ခဲ့ကြားခဲ့ရတယ်။

ဒါကြောင့်လည်း ပညာတတ်တွေကြား အတော်အတန်ကြာအောင် ရေပန်းစားခဲ့တဲ့ ဒီပြက်လုံးကို သိနေခဲ့တာပေါ့။ ပါးစပ်ရာဇဝင်အရ တစ်ခါတုန်းက အသက်အရွယ်ကိုမှ အားမနာ နန်းတွင်းစာမေးပွဲခန်းထဲမှာ ထိုင်နေခဲ့တဲ့ အဘိုးအိုစာသင်သားတစ်ယောက် ရှိတယ်။

သူ့တစ်ခေါင်းလုံးက ဆံဖြူတွေနဲ့ ဖွေးဖွေးလှုပ်နေတာကြောင့် ထင်ရှားပေါ်လွင်တဲ့ ပုံပန်းသွင်ပြင်က စာစစ်သူရဲ့ မျက်လုံးထဲ တန်းဝင်သွားတယ်။ သူ သေချာအကဲခတ်ကြည့်လိုက်တော့မှ ဒီလူက စာမေးပွဲအခါခါ ကျနေတဲ့ ထုန်ရှန်းတစ်ယောက်ဖြစ်မှန်း သိလိုက်ရတယ်။

အဲဒီလိုနဲ့ စာစစ်သူက ဒီလူအိုကြီးကို ပြက်ရယ်ပြုဖို့အတွက် အကြံတစ်ခုရသွားပြီး သူ့နား ချဥ်းကပ်လာခဲ့တယ်။

“ကျုပ် ခင်ဗျားကို နှစ်ကြောင်းစပ်က‌ဗျာ တစ်ပိုဒ် ရွတ်ပြမယ်။ အဲဒါကို ပြန်တုံ့ပြန်နိုင်ရင် ခင်ဗျားနာမည်ကို အောင်နိုင်သူစာရင်းမှာ ထည့်ပေးမယ်”

ထုန်ရှန်းအိုကြီးက ခါးသက်သွားပေမဲ့ သူ့မှာ ငြင်းဆန်ရဲတဲ့စိတ်လည်း မရှိရှာဘူး။ သူ လက်ခံလိုက်တဲ့အခါ စာစစ်သူက အဓိပ္ပာယ်ပါပါ စစပ်တယ်။

“ငါးစာက မလတ်တော့ ငါးမျှားချိတ်လည်း မစွမ်းသာတော့ ဇရာက ထောင်းလာတော့လည်း ထုန်ရှန်းအဆင့်က မကျော်နိုင်တော့”

ထိုအခါ ထုန်ရှန်းအိုကြီးက ရိုသေစွာ ဦးညွှတ်လိုက်ပြီးမှ ပြန်ပြောတယ်။

“တစ်ယောက်ကောင်းလို့ နှစ်ယောက်ကျော်သော် ကောင်းကင်ဘုံဟာ ကြီးမားသော်ငြား ဆန္ဒပြင်းပြ လူ့နှလုံးအား ဘယ်သို့ဘယ်မှာ တားနိုင်အံ့နည်း”

သူ့တန်ပြန်ချက်က ယဥ်ယဥ်ကျေးကျေးလေးနဲ့ ထိမိနေတော့ စာစစ်သူတစ်ယောက် အတော်ရှက်ရွံ့သွားရပြီး သူ့စကားနဲ့သူ ထိုလူအိုကြီးကို ရှို့ချိုင်အဆင့် တင်ပေးလိုက်ရတော့တယ်။

တကယ်တော့ နန်းတွင်းစာမေးပွဲစနစ်ကြီးတစ်ခုလုံး ဘယ်လိုအလုပ်လုပ်သလဲဆိုတာ အနည်းငယ်ပဲ ကြားဖူးတဲ့သူတောင် ဒီဇာတ်လမ်းက လုပ်ကြံထားတာမှန်း သိပါတယ်။ စာမေးပွဲခန်းမထဲကို ခြေချဖူးတဲ့ ဘယ်သူမဆို ဘယ်စာစစ်ကမှ ဖြေဆိုသူတွေနဲ့ စကားစမြည် လာမပြောတာ သဘော‌ပေါက်ပြီးသား။

အဲဒါကြောင့်လည်း လူအိုကြီးကို လာစမ်းသပ်ဖို့မပြောနဲ့ အနားတောင် ဖြတ်မလျှောက်တာ ပုံမှန်ပဲ။ ဒီဇာတ်လမ်းက စာမေးပွဲကျဖူးတဲ့ စာသင်သားတစ်ယောက်က လုပ်ကြံဖန်တီးထားတာဖြစ်ပြီး သူ့အပြောအဟောကလည်း စိတ်ဝင်စားစရာကောင်းတော့ ဒီအပျော်သဘော ဇာတ်လမ်းတိုလေးက စာသင်သားတွေကြားထဲ တောမိးလိုပျံ့နှံ့သွားပြီး နန်းတော်ထဲအထိတောင် ပေါက်သွားခဲ့တယ်။

နန်းတွင်းလွှတ်တော်ထဲ အခစားဝင်နေတဲ့ အမတ်အတော်များများကလည်း စာစစ်သူဖြစ်ရင်ဖြစ် မဟုတ်လည်း အားလုံးစာသင်သားဘဝကနေ တက်လာခဲ့ကြတာမို့ နန်းတွင်းစာမေးပွဲကို သဘာပတိအဖြစ် ဆောင်ရွက်ဖို့ ပို့လွှတ်ခံရတဲ့သူတွေက အမြဲလိုလို ‘လူ့အင်အားက ကောင်းကင်ဘုံထက် သာလွန်တယ်’ဆိုတဲ့ အယူအဆမျိုးကို ဆန့်ကျင်ကြတယ်။

20 02

ဒါက ရယ်စရာပြက်လုံးတင်မက တိုက်တွန်းနှိုးဆော်ချက်တစ်ခုလည်း ဟုတ်တယ်။ စာစစ်သူတွေက တင်းကျပ်လွန်းလို့ တစ်ခါလောက် မဟုတ်တာလုပ်တာ မိသွားတာနဲ့ တစ်ဘဝလုံး သိက္ခာမဲ့တဲ့မျက်နှာနဲ့ နေသွားရတော့မှာ။

ရွှီထင်းရှန်းက ဒီကဗျာကို ဒီနေရာမှာလာကြားရလိမ့်မယ်လို့ မထင်ထားဘူး။ သူက ဒီပြိုင်ပွဲမှာ ရွှီကျွင်းခိုင်ကို အပြတ်အသတ်အနိုင်ရဖို့ အင်မတန်စိတ်ပြင်းပြနေတာကြောင့် အသစ်တစ်ကြောင်း မစပ်နိုင်လည်း နဂိုမူရင်းစကားနဲ့သာ ပြန်ချေပလိုက်တယ်။

တကယ်လည်း အိပ်မက်ထဲက ‘သူ’က ပညာလေးသင်ရဖို့တောင် ဘယ်လိုခွေးလိုနွားလို ရုန်းခဲ့ရသလဲ။ သူ့မှာ ထိပ်ဆုံးရောက်ခဲ့တယ်ဆိုတာလည်း ဒီတလောအတွင်း ဓားတောင်ကိုကျော် မီးပင်လယ်ကို ဖြတ်ခဲ့ရတာ။

အဲဒီလို ခက်ခက်ခဲခဲ ရယူခဲ့ရလို့လည်း အောင်မြင်မှုအရသာကို မြည်းစမ်းကြည့်ဖူးသွားတဲ့အခါ စွဲလမ်းရူးသွပ်မှုက လူတစ်ယောက်ကို ဘယ်လောက်သက်ရောက်မှုရှိသလဲဆိုတာ သူနားလည်သွားခဲ့တာ။

လက်ရှိမှာတော့ သူ့ရည်မှန်းချက်တွေက ပိုတောင်ကြီးမားလာခဲ့ပြီ။ သူ့မှာ ပြင်ဆင်စရာတွေ ဖြစ်မြောက်အောင် လုပ်ရမှာတွေ အများကြီးရှိနေပြီမို့ အတိုပြောရရင် ရွှီကျွင်းခိုင်ဆိုတာ သူကျော်လွှားရမဲ့ အဟန့်အတားတွေထဲက တစ်ခုသာသာပဲ။

အခုချိန်မှာတော့ ဒီပန်းတိုင်ကို ကျော်ဖြတ်ဖို့က ပထမဦးစားပေးပဲ။ သူ ဘာလို့ ‌နောက်တစ်ကြောင်း ထပ်မစပ်တော့ဘဲ မူရင်းကိုပဲ သုံးလိုက်တာလဲလို့ မေးလာရင်တော့ အဖြေက တစ်ခုပဲရှိတယ်။ ရွှီထင်းရှန်းက အခန်းထဲက ရွှီချင်းရှန်နဲ့ ယန်ကျုံးတို့ နှစ်ယောက်ကို တစ်ချက်ကြည့်လိုက်တယ်။

သူ့ကို သဘောထားသေးသိမ်တယ်ပဲပြောပြော သူကတော့ ဒီလူတွေကို ထေ့ငေါ့ဖို့ ပြောခဲ့တာသာဖြစ်တယ်။ သိသိသာသာကိုပဲ လက်ရှိအခန်းထဲမှာ ထုန်ရှန်းက သူတို့နှစ်ယောက်ပဲရှိတာမို့ ကဗျာက ရှိပြီးသား ဟာသတစ်ခုကို ပြောလိုက်ရုံပဲဆိုရင်တောင် လှောင်ပြောင်ရိပ်က ထင်ရှားပါတယ်။

“ ဇရာက ထောင်းလာတော့လည်း ထုန်ရှန်းအဆင့်က မကျော်နိုင်တော့” ဆိုတာက သူတို့အခြေအနေနဲ့ တော်တော်သွားဆင်နေတယ်လေ။ ဒီထုန်ရှန်းနှစ်ယောက်ကလည်း ဒီဆိုလိုရင်းကို ဘယ်လွတ်မလဲ။ သူတို့မျက်နှာတွေက ချက်ချင်း ခရမ်းပုပ်ရောင် ပြောင်းသွားပေမဲ့ အရှေ့က ရှို့ချိုင်နှစ်ယောက်က အကြီးအကျယ် လက်ခုပ်ဩဘာပေးနေတာကြောင့် ကိုယ့်ခံစားချက်ကိုယ် မနည်းပြန်ထိန်းလိုက်ရတယ်။

“ကောင်းလိုက်တာ… ပြောင်မြောက်လွန်းတယ!”

လက်ရှိအနေအထားကြီးက လူတိုင်း ရွှီကျွင်းခိုင်ကို မေ့သွားကြတဲ့အတိုင်းပဲ။ ဟယ်ရှို့ချိုင်နဲ့ ချောင်ရှို့ချိုင်တို့နှစ်ယောက်က အချင်းချင်း ခဏလောက် တီးတိုးတိုင်ပင်နေပြီးမှ ဟယ်ရှို့ချိုင်က တည်ငြိမ်စွာ ရှေ့တက်ပြီး ကြေငြာပေးလိုက်တယ်။

“ငါတို့နှစ်ယောက်လုံးရဲ့ ဆုံးဖြတ်ချက်အရ ဒီပြိုင်ပွဲမှာ အနိုင်ရသွားသူကတော့ ဒီကမိတ်ဆွေလေး ရွှီထင်းရှန်းပဲ”

“မိတ်ဆွေလေးရွှီ ဒီတိုင်းပဲ။ လိမ္မာပါးနပ်မှုကို အသုံးချပြီး ရှေ့လျှောက် အောင်မြင်လာဖို့ မျှော်လင့်ပါတယ်”

ဟယ်ရှို့ချိုင်က ပြုံးပြုံးလေး ချီးကျူးလာတော့ ရွှီထင်းရှန်းကလည်း ခါးကိုင်း ဦးညွှတ်ကာ ကျေးဇူးတင်လိုက်တယ်။

“အားပေးထောက်ခံမှုအတွက် ဆရာကြီးတို့ကို ကျေးဇူးတင်ပါတယ်။ ဒီငယ်သားက ဒီထက်ပိုကြိုးစားသွားပါ့မယ်”

ရှို့ချိုင်နှစ်ယောက်က ရွှီထင်းရှန်းကို အကြံပေး လမ်းညွှန်ပေးနေတဲ့အချိန် ဘေးပတ်ပတ်လည်က ရွာသားတွေကြား စကားသံတွေ ညံလာတယ်။ အများစုကတော့ အထင်ကြီးလေးစားသံတွေပဲဆိုပေမဲ့ အဲဒီကြားထဲမှာ လုပ်ကြံဇာတ်များလားဆိုပြီး မယုံနိုင်ဖြစ်နေကြတာတွေလည်း အများကြီးရောထွက်လာတယ်။

သူတို့အားလုံးထဲမှာ ရွှီမိသားစုကတော့ ဒီရလဒ်အပေါ် မယုံကြည်နိုင်ဆုံးပေါ့။ အထူးသဖြင့် ရွှီချင်းရှန်ပဲ။ သူက အစကနေအဆုံးအထိ ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းထားပေမဲ့ နောက်ဆုံးတော့ ငြိမ်မနေနိုင်တော့ဘူး။

သူက အသံကျယ်ကြီးနဲ့ ထိုင်ခုံက ဝုန်းကနဲထရပ်လိုက်ပြီး “ဒီအဖြေတွေအပေါ် မူတည်ပြီး ရလဒ်ကို ဆုံးဖြတ်လိုက်တာကတော့ အရမ်းကပြက်ကချော် မဆန်လွန်းဘူးလား။ စီနီယာကြီးတို့နှစ်ယောက် အရမ်းအလျင်စလို လုပ်လိုက်တယ်လို့ မထင်ဘူးလား”

20 03

ဟယ်ရှို့ချိုင်တို့နှစ်ယောက် သူ့ဆီအကြည့်ရောက်လာတော့မှ ရွှီချင်းရှန်က တုန်လှုပ်သွားပြီး သူ့စကားသူ ပြန်ဆင်ခြင်လိုက်တယ်။

“ကျွန်တော်ပြောချင်တာက သားလေးက ဒီကဗျာကိုတောင် မတုံ့ပြန်ရသေးဘူးမလား။ အဲဒါကြောင့် ဒီနည်းနဲ့ အနိုင်ရသူကို ဘယ်လိုဆုံးဖြတ်လိုက်တာပါလဲလို့ ....”

ဟယ်ရှို့ချိုင်ရဲ့အမူအရာက ပြောင်းလဲသွားတယ်။ ဒါပေမဲ့ သူက ရွှီချင်းရှန်ကို တိုက်ရိုက်ပြောဆိုမဲ့အစား မိသားစုခေါင်းဆောင် ရွှီဆီကိုသာ မျက်နှာထားတင်းတင်းနဲ့ လှည့်သွားပြီး

“ဒါဆို မိသားစုခေါင်းဆောင်ရွှီကရော ကျုပ်တို့ရဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်ချင်နေတာပါလား”

ခေါင်းဆောင်ရွှီက ကြီးမြတ်လှတဲ့ရှို့ချိုင်နှစ်ယောက်လုံးကို တစ်ပြိုင်နက်ထဲ ဘယ်စော်ကားရဲမလဲ။ နောက်ပြီး သူကိုယ်တိုင်လည်း ရွှီထင်းရှန်းက ပိုသာတယ်ဆိုတာ တပ်အပ်မြင်ပြီးတဲ့နောက် ဒီရလဒ်အပေါ် ငြင်းဆန်စရာမရှိတော့ဘူး။

ပုဂ္ဂိုလ်စွဲတွေဖယ်ထားတဲ့ သူက အပြင်လူတစ်ယောက်အနေနဲ့ ဘာကပိုကောင်းတယ်ဆိုတာ ခွဲခြားနိုင်တယ်။ ဒီအတွက် သူက ရွှီချင်းရှန်ကိုသာ အမြန်ပြန်ဆွဲချလိုက်ပြီး ရှို့ချိုင်နှစ်ယောက်ကိုတော့ အသည်းအသန် ‌တောင်းပန်လိုက်ရတယ်။

အဲဒီအချိန် ရွှီကျွင်းခိုင်ကလည်း မကျေနပ်တဲ့ရုပ်နဲ့ “ဒီတပည့်ကလည်း ဒီရလဒ်ကို လက်သင့်မခံနိုင်ပါဘူး။ သူက ဘယ်တုန်းကမှ ကျွန်တော်နဲ့ ယှဥ်နိုင်ခဲ့တာမဟုတ်ဘူး။ အခုကလည်း ကျွန်တော်က အငိုက်မိသွားလို့ ဆရာကြီးတို့ နောက်ထပ်ကဗျာတွေ စပ်ခိုင်းမယ်ဆို ဒီတပည့်က သူ့ထက်ကောင်းအောင် စပ်နိုင်မှာ သေချာပါတယ်”

ထိုအခိုက် မိန်းမတစ်ယောက်က လူအုပ်ကြီးကို တွန်းဖယ်ရင်း အခန်းထဲအလျင်စလို ပြေးဝင်လာတယ်။ သူမရဲ့အဝတ်အစားတွေနဲ့ ဆံပင်တွေက ဖရိုဖရဲဖြစ်နေပြီး သေချာကြည့်လိုက်တော့မှ အဒေါ်ယန်ဖြစ်နေတာ တွေ့လိုက်ရတယ်။

သူမက ဆရာကြီးတွေအရှေ့ကို ခွေယိုင်စွာ ရောက်ရှိလာပြီး စတင်အော်ဟစ်မြည်တမ်းတော့တယ်။

“အောင်မယ်လေး ကျွန်မသားက ဘယ်လိုမှမရှုံးနိုင်ဘူး။ အီးဟီး ရှင်တို့နှစ်ယောက် ဟိုကောင့်ဆီက လာဘ်စားထားလို့ ကျွန်မသားလေးကို တမင်ရှုံးခိုင်းလိုက်တာ”

သူမရဲ့ကျယ်လောင်တဲ့ စွပ်စွဲချက်ကြီးက အခြေအနေအားလုံးကို ဗုံးတစ်လုံးလို ပေါက်ကွဲသွားစေတယ်။ ဒီလိုအရေးပါတဲ့အခမ်းအနားတစ်ခုမှာ အတင်းပြေးဝင်လာရုံသာမက မြင်ကွင်းကိုပါ အကျည်းတန်စေတာကြောင့် ရှို့ချိုင်နှစ်ယောက်တင်မဟုတ် နေရာမှာရှိနေတဲ့ တခြားလူကြီးတွေကပါ သူမကို လေးစားသမှုမရှိလို့ ဆူပူပြောဆိုကြတော့တယ်။

“အဓိပ္ပာယ်မရှိတာ ဒါက လုံးဝအခြေအမြစ်မရှိတဲ့ စကားပဲ။ ရွာသူကြီးနဲ့ ခေါင်းဆောင် ရွှီတို့ကရော ကျုပ်တို့ လာဘ်ယူထားတယ်လို့ ထင်နေတာလား”

“ဂုဏ်သရေရှိ ဆရာကြီးတို့ ကျေးဇူးပြုပြီး စိတ်လျှော့ကြပါ။ အဲဒီမိန်းမက သက်တမ်းရှည်သလောက် မရင့်ကျက်လို့ပါ သူ့ပါးစပ်က မဟုတ်တာတွေပဲ ထွက်နေတာ”

“လျန်ရှင်း မင်းမိသားစုတွေကို မထိန်းဘဲ ဘာလုပ်နေတာလ။။ သွား အခုမြန်မြန် ဆွဲထုတ်သွားစမ်း”

အစကတည်းက ထောင့်နားလေးမှာ ဘာလုပ်လို့လုပ်ရမှန်းမသိဘဲ ဂနာမငြိမ်နဲ့ ရပ်နေတဲ့အဘိုးရွှီက ဒါကိုကြားမှ ရုတ်တရက် ရှေ့တက်လာတယ်။ သူက ပါးစပ်နဲ့ တိုက်ရိုက်အမိန့်ပေးလိုက်ပေမဲ့လည်း ယောက်ျားသားလည်းဖြစ် ယောက္ခထီးလည်းဖြစ်တဲ့ သူက ဘယ်လိုလုပ် ချွေးမတစ်ယောက်ကို ကိုယ်ထိလက်ရောက် ဆွဲခေါ်သွားလို့ရမှာလဲ။

အဲဒါကြောင့် သူ့မှာ အဒေါ်ယန်ကို ပြောမရတဲ့အဆုံး ရွှီချင်းရှန်ကိုသာ သူ့မိန်းမကို မြန်မြန်အိမ်ပြန်ခေါ်သွားဖို့ အတင်းတိုက်တွန်းလိုက်ရတယ်။ သို့ပေသိ ရွှီချင်းရှန်က သူ့ဟာသူ ရှို့ချိုင်နှစ်ယောက်ဆီကနေ ဖြေရှင်းချက်တောင်းနေတာနဲ့ အလုပ်ရှုပ်နေတော့ ဒါကိုဘယ်အာရုံရမလဲ။

ကိစ္စတွေက ထိန်းမနိုင်သိမ်းမရဖြစ်လာတော့ ဟယ်ရှို့ချိုင်က သူ့လက်ဖျားစတွေကို အားနဲ့ခါကာ ထွက်သွားဖို့လုပ်တော့ ချောင်ရှို့ချိုင်ကလည်း ဟမ့်ခနဲ နှာမှုတ်ရင်း လိုက်ထွက်ဖို့ ပြင်တယ်။ ကျန်းလီကျန်းနဲ့ ခေါင်းဆောင်ရွှီတို့က အဲဒီပြဿနာရှာတဲ့သူတွေကို မောင်းထုတ်ဖို့ စိတ်ဆိုးမာန်ဆိုးအော်ထုတ်ရင်း တစ်ဖက်မှာလည်း သူတို့ကို မသွားဖို့ မနည်းပြန်တောင်းပန်နေရတယ်။

ချောင်ရှို့ချိုင်က သရော်လိုက်ပေမဲ့ သူ့ဒေါသက ရွှီကျွင်းခိုင်ဆီ တိုက်ရိုက်မသွားဘဲ သူ့အဖေဆီ ရောက်သွားတယ်။

20 04

“ဘယ်လောက်တောင် အသုံးမကျလိုက်တဲ့ ထုန်ရှန်းလဲ။ ဒီလောက်စာမေးပွဲတွေ ဖြေပြီးတာတောင် အစ်ကိုကြီးဟယ် စမ်းသပ်ချက်ရဲ့ဆိုလိုရင်းကို နားမလည်သေးဘူး။ အချိန်တွေအများကြီး ကြာသွားတာတောင် ထုန်ရှန်းအဆင့်ကနေ မတက်တာ မဆန်းတော့ပါဘူး”

‌သူ့စကားအခွန်းတိုင်းက ရွှီချင်းရှန်ရဲ့ရင်ထဲ နက်ရှိုင်းစွာ ထိုးစိုက်ဝင်သွားတယ်။ ရွှီချင်းရှန်ရဲ့မျက်နှာက ဖြူတစ်လှည့် နီတစ်လှည့်ပြောင်းသွားတယ်။ အမှန်တော့ ‌ချောင်ရှို့ချိုင်က ပုံမှန်မှာလည်း ဒီလောက်အထိ မထောက်ထားဘဲ ပြောတာ ရှားပါတယ်။

သို့သော် အပြတ်အသတ်ကြီး ကွာနေတာတောင် အရှုံးကိုလက်မခံနိုင်ဘဲ စဥ်းစားဉာဏ်မဲ့စွာ ပြဿနာရှာနေတဲ့ ဒီသားအဖကိုမြင်တော့ လျှာစောင်းမထက်ဘဲ မနေနိုင်တော့ဘူး။

“ဘယ်လိုအခြေအနေမှာမဆို လိုက်လျောညီထွေ ဖြစ်အောင်နေတာနဲ့ ခေါင်းအေးအေးထားတတ်တဲ့ နေရာမှာ မင်းတို့နှစ်ယောက်လုံး ဒီကောင်လေးကို မယှဥ်နိုင်ဘူး!”

အများအရှေ့ ပြင်းထန်စွာ အဆူခံရပြီးတဲ့အချိန်မှာတော့ ရွှီကျွင်းခိုင်က အကြောက်တရားနဲ့ ဖြူဖတ်နေပြီး ခေါင်းတောင်မမော့ရဲတော့ဘူး။ ရွှီချင်းရှန်ဆိုရင်လည်း ငယ်ထိပ်တည့်တည့် မိုးကြိုးပစ်ချခံရသလို ကြောင်အမ်းနေတာ တွေ့ရလိမ့်မယ်။

နောက်ဆုံးမှာတော့ လူကြီးနှစ်ယောက်ရဲ့ ဖြောင်းဖြမှုကြောင့် ချောင်ရှို့ချိုင်နဲ့ ဟယ်ရှို့ချိုင်တို့က ပြန်ထိုင်လိုက်ကြတယ်။ ဒီလောက် ကန့်ကွက်တာတောင် ရလဒ်ကမပြောင်းလဲသွားတဲ့အပြင် သူတို့ပဲ ကိုယ့်ပေါင်ကိုယ် လှန်ထောင်းသလို ဖြစ်သွားတာ သဘောပေါက်လိုက်တဲ့ ရွှီချင်းရှန်က လက်လျှော့တဲ့အနေနဲ့ သူ့မိသားစုကိုခေါ်ကာ အိမ်ပြန်သွားတော့တယ်။

ပွဲကြီးပွဲကောင်း အရှိန်လျော့သွားတော့ ကျန်တဲ့ရွာသားတွေကလည်း အလျှိုလျှို ထွက်သွားကြပြီး လမ်းမှာတွေ့သမျှလူတွေကို ဒီနေ့ရဲ့ စိတ်လှုပ်ရှားစရာ အားလုံးကို ခရေစေ့တွင်းကျ ‌ဖောက်သည်ပြန်ချဖို့ မစောင့်နိုင်တော့ဘူး။

တကယ်တော့ သူတို့အစကနေအဆုံး ပြိုင်ပွဲရဲ့အကြောင်းအရာက ဘာမှန်းတောင် သေချာမသိလိုက်ပါဘူး။ သူတို့နားလည်တာတစ်ခုက ဒီပြိုင်ပွဲမှာ လျန်ရှင်းရဲ့ ဒုတိယမြေး ကုန်းကျစ်နိုင်သွားတယ်ဆိုတာပဲ ရှိပြီး ‌ဒီအကြောင်းက နောက်လာမဲ့ လပေါင်းများစွာအထိ ပြောမဆုံးတဲ့ တောသုံးထောင်ဖြစ်တော့မှာ။

ဘယ်လိုမဆို သူတို့ရွာက နိမ့်ကျတဲ့ကောင်လေးတစ်ယောက်က ဂုဏ်သရေရှိ ရှို့ချိုင်ကြီးနှစ်ယောက်ရဲ့ ချီးမွမ်းမှုကို ရက်ရက်‌ရောရောရထားတာလေ။ ဒါကြောင့် သူ့အနာဂတ်ကတော့ အတော်လေး ထွန်းပေါက်တော့မှာပဲ။

ရွှီကျွင်းခိုင်ရဲ့ တစ်ရွာလုံးမှာ အတော်ဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကတော့ ကြည့်ရတာ အခု ရွှီထင်းရှန်းဆီ ပြောင်းသွားပြီ ထင်ပါတယ်။ သူ့ဦးလေးမိသားစုလိုပဲ ရွှီထင်းရှန်းကလည်း ရှုပ်ယှက်ခတ်နေတဲ့ လူစုလူဝေးကြီးကို အခွင့်ကောင်းယူကာ ကျန်းလီကျန်း အိမ်ထဲကနေ ထွက်လာလိုက်တယ်။

ကျောက်အာက ခြံဝန်းအပြင်ဘက်မှာ ရပ်စောင့်နေတာ အတော်ကြာပြီ။ ရွှီထင်းရှန်း ထွက်လာတာမြင်တော့ သူမက အပျော်လုံးစို့နေတဲ့အသံနဲ့ ဦးဆုံးနှုတ်ဆက်တယ်။

“ကုန်းအာ ရှင်နိုင်သွားတယ်။ နောက်ဆုံးတော့ ရွှီကျွင်းခိုင်ကို နိုင်သွားပြီ။ ဒီအစ်မကြီးတော့ ပျော်လွန်းလို့ သေတော့မှာပဲ ဟီးဟီးဟီး”

သူမက ဝမ်းသာလုံးစို့နေလို့ ကိုယ့်ဘာသာ စကားမှားသွားတာတောင် သတိမထားမိလိုက်ဘူး။ ပါးစပ်နားရွက်တက်ချိတ်မတတ် ခုန်ပေါက်နေတဲ့ သူမပုံစံလေးကိုမြင်တော့ ရွှီထင်းရှန်းကလည်း ဆူချင်စိတ်မရှိတော့ဘဲ ပြုံးပြုံးလေးသာ ကြည့်နေလိုက်တယ်။

အချိန်တစ်ခုလောက် တခစ်ခစ်နဲ့ သဘောကျနေပြီးတော့မှ ကျောက်အာက နောက်ဆုံးတည်တည်ငြိမ်ငြိမ် ပြန်ဖြစ်သွားတယ်။

“ဒါနဲ့ အခုနိုင်သွားပြီဆိုတော့ ချင်းဟယ်မှာ ကျောင်းတက်ဖို့ပြင်ရတော့မှာပေါ့နော်”

ရွှီထင်းရှန်းက တဒင်္ဂလောက် တန့်နေပြီးမှ “ဟင့်အင်း ချင်းဟယ်ကျောင်းတော်ကို သွားဖို့စိတ်ကူးမရှိတော့ဘူး။ ဦးလေးချန်းက ချင်းယွမ်ကို သွားတာ ပိုကောင်းမယ်လို့ အကြံပေးတယ်”

“ချင်းယွမ်.. နာမည်နှစ်ခုက ဆင်လိုက်တာ အဲဒီကျောင်းကရော ကောင်းလို့လား”

ကျောက်အာက ရုတ်တရက် ထရယ်ပြီး “ကဲပါလေ ဦးလေးချန်းက ဒီအပိုင်းမှာ ဗဟုသုတပိုစုံပါတယ် သူကညွှန်း‌ပေးမှတော့ မကောင်းတဲ့နေရာမဟုတ်လောက်ပါဘူး”

ရွှီထင်းရှန်းကလည်း ခေါင်းညိတ်ပြပြီး “အင်း အဲဒါကြောင့် ဦးလေး ချန်းနဲ့ ဒီကိစ္စဆွေးနွေးဖို့ နောက်တစ်ရက်နှစ်ရက်လောက်နေရင် မြို့တက်ဖို့လုပ်ထားတယ်”

20 05

“အခုသွားလို့ရနေတာပဲဟာ။ ဘာလို့နောက်ရက်ရွှေ့နေဦးမှာလဲ”

ရွှီထင်းရှန်းက ကျောက်အာတစ်ယောက် ဒီလောက်စိတ်အားထက်သန်နေလိမ့်မယ်လို့ မထင်ထားတော့ ခဏလောက် တုံ့ဆိုင်းနေသေးတယ်။ အဲဒီတော့မှ ကျောက်အာက တကယ့်အကြောင်းအရင်းကို ထပ်ဖြည့်ပြောတယ်။

“အခုဆို အိမ်မှာလည်း အခြေအနေတွေက အတော်ဆိုးနေလောက်ပြီလေ ငါတို့ ခဏလောက် ရှောင်နေတာအကောင်းဆုံးပဲ”

ရွှီထင်းရှန်းက ချက်ချင်း အထာနပ်သွားတယ်။ အိမ်ကအဘိုးနဲ့အဘွားတို့နှစ်ယောက်စလုံး အကြီးဆုံးမိသားစုခွဲကို ဘယ်လောက်တောင် အရေးပေးလိုက်သလဲ။ အဲဒီတော့ သူအိမ်ပြန်သွားရင် အဘွားကျောက်က ဘယ်လိုတွေပြဿနာရှာဦးမလဲဆိုတာ ဘယ်သူသိမှာလဲ။

သူက အဲဒါတွေကို မသိချင်သလို ခေါင်းထဲထည့်ဖို့လည်း အချိန်မရှိဘူး။ အဲဒီလိုနဲ့ နှစ်ယောက်သားက ရွာကတန်းထွက်လာပြီး ရွာစွန်ရောက်တဲ့အခါ အရင်နေ့ကလောက် ကံမကောင်းတာကြောင့် မြည်းလှည်းတစ်စီးမှမတွေ့တော့ နွားလှည်းနဲ့သာ လိုက်သွားရတယ်။

သူတို့ သုန်းလီဗိမာန်ကိုရောက်တဲ့အခါ ဦးလေးချန်းကလည်း ကွက်တိရှိနေခဲ့တယ်။ ရွှီထင်းရှန်းက အခြေအနေကို အကျဥ်းချုပ်ရှင်းပြလိုက်တော့ ဦးလေးချန်းဆီက လိုအပ်တာတွေအကုန် စီစဥ်ပေးမဲ့အပြင် မနက်ဖြန်ကျ သူ့သူငယ်ချင်းကို ပြောပေးမယ်ဆိုတဲ့အဖြေ ပြန်ရတယ်။

ဒီကိစ္စ အဆင်ပြေသွား‌တော့ ရွှီထင်းရှန်းက စာကူးရေးဖို့ အနောက်ခန်းထဲဝင်သွားပြီး ကျောက်အာကတော့ အခုထိ အပြတ်မဖြတ်နိုင်သေးတဲ့ လက်ကျန်အဝတ်တွေကို လျှော်ဖွတ်သန့်စင်နေတော့တယ်။

နေဝင်ရီတရောဖြစ်တော့မှ နှစ်ယောက်လုံး ရွာပြန်လာကြတယ်။ သူတို့ပြန်ရောက်တဲ့အခါ ရွှီမိသားစုခြံဝိုင်းကြီးက တိတ်ဆိတ်နေပေမဲ့ မီးဖိုချောင်ဘက်က မီးခိုးငွေ့တွေထွက်နေတာကြောင့် ညစာပြင်နေပြီဆိုတာ သိရတယ်။

အဘွား ကျောက်က ခြံထဲရောက်နေတာကြောင့် ဝင်လာတဲ့သူတို့နှစ်ယောက်ကို တန်းတွေ့သွားပြီး စတင်ကျိန်ဆဲပြောဆိုတော့တယ်။ သူမက ဘယ်သူဘယ်ဝါဆိုပြီး နာမည်မတပ်ပေမဲ့ ဦးနှောက်ရှိတဲ့သူတိုင်း ဘယ်သူ့ကို‌စောင်းပြောနေသလဲဆိုတာ သိပါတယ်။

“မြေးဆိုတာ အိမ်ရဲ့ပျော်ရွှင်စရာလို့ အားလုံးကတော့ပြောကြတာပဲ။ ဒါပေမဲ့ ငါရသမျှကတော့ ဒုက္ခတွေချည်းပဲ။ အောင်မယ်လေး ငါတို့လူအိုတွေက စားချိန်ရောက်ရင် ပါးစပ်ဟဖို့ပဲသိတဲ့ အငယ်တွေအတွက် ငယ်ကျွန်ကြီးကိုဖြစ်လို့ မသိရင် အတိတ်ဘဝမှာ သူတို့ကို အကြွေးတင်ထားတဲ့အတိုင်းပဲ”

ထိုအချိန် အဒေါ်ယန်က အိမ်နောက်ဖေးက ထွက်လာပြီး “အမေ အားလုံးအတွက် ညစာရပြီနော် မြန်မြန်ထမင်းပွဲပြင်ရအောင်”

အဲဒိတော့မှ အဘွားကျောက်က သူတို့ကို နှာမှုတ်ငြိုငြင်ကာ သူ့ချွေးမနဲ့အတူ အိမ်မကြီးထဲဝင်သွားတယ်။ အဒေါ်ယန်ကတော့ သူတို့ကို တစ်ချက်တောင်လှည့်မကြည့်ဘူး။ ကျောက်အာကလည်း ရွှီထင်းရှန်းကို လှမ်းအကဲခတ်လိုက်မိတယ်။

ဒါကိုသတိထားမိသွားတဲ့ ရွှီထင်းရှန်းက သူမကို ပြန်ကြည့်ပြီး “ဘာလို့ကြည့်တာလဲ”

ကျောက်အာက ရယ်မောလိုက်ပြီးမှ အသံနိမ့်နိမ့်နဲ့ “အဘွားကို စိတ်ထဲမထားနဲ့ သူက အရမ်းဘက်လိုက်လွန်းတယ်”

“အင်း သိပါတယ်”

သူတို့နှစ်ယောက်က တစ်နေကုန်အိမ်မှာမရှိတာမို့ အခုပြန်လာမှ အခန်းရှင်းဖို့ အချိန်ရတယ်။ သူတို့လုပ်ကိုင်နေတဲ့အချိန် အပြင်မှာလှုပ်လှုပ်ရှားရှားဖြစ်လာလို့ ကျောက်အာက ပြူတင်းပေါက်က လှမ်းကြည့်လိုက်တဲ့အခါ အဘိုးရွှီအပြင် ရွှီချင်းရှန်နဲ့ ယန်ကျုံးတို့ကို တွဲတွေ့လိုက်ရတယ်။

ယန်ကျုံးက ယွီချင်းရွာအနီးနားက နျိုကျောင်းလင်မှာ နေထိုင်တာဖြစ်ပြီး သူတို့ရွာအတွင်းမှာတော့ လေးစားအပ်တဲ့ ထုန်ရှန်းတစ်ယောက်ဖြစ်တာနဲ့အညီ သူ့သမက်လိုပဲ စာသင်ကျောင်းတစ်ကျောင်း ဖွင့်စားထားတယ်။

ဒီလူက အပြောကြီးပြီး ဘဝင်မြင့်လွန်းကာ တစ်ပါးသူတွေအပေါ် အထင်အမြင်သေးတတ်တာကြောင့် သူ့တစ်ကိုယ်လုံးက ကျောက်အာအတွက် မျက်စိဆံပင်မွှေးစူးစရာဖြစ်နေတယ်။ ယန်ကျုံးက ပမာဏတစ်ခုလောက်အထိ သောက်ခဲ့ပုံရပြီး နီအမ်းနေတဲ့မျက်နှာနဲ့ ခြေလှမ်းတွေယိုင်နေတယ်။

20 06

အိမ်မကြီးက လင်မယားက သူ့ကိုထွက်နှုတ်ဆက်ပြီး အဘိုးရွှီရဲ့မျက်နှာပေါ်မှာ နေရခက်မှုတွေက သိသိသာသာ ‌ပေါ်လွင်နေတယ်။

“ကျုပ်ရဲ့ ဆွေမျိုးကြီး တကူးတက လာခဲ့ရတာ ပင်ပန်းသွားပါပြီ အထဲဝင်ပြီး တစ်ခုခုသုံးဆောင်သွားပါဦး”

အဒေါ် ယန်ကလည်း “အဖေကလည်း ဘာလို့ဒီလောက်တောင် သောက်လာတာလဲ”

“အိုင်းယား အပြစ်တင်ချင်ရင် အရမ်းရက်ရောတဲ့ မင်းတို့ရွာသူကြီးကိုပဲ သွားတင်တော့ ဒီလောက် ကျွေးမွေးထားမှတော့ ဒီဖအေ မူးတာ မဆန်းဘူးဟေ့”

ယန်ကျုံးက ပြောပြီး ဂုဏ်ယူနေပုံ‌တောင်ရတယ်။ သူက အဘိုးရွှီကို မျက်နှာပြန်မူလိုက်ပြီး “ဒါက ဘာမှမဟုတ်ပါဘူး ကျွင်းခိုင်ကလည်း ငါ့မြေးပဲလေ။ သူ့အဘိုးတစ်ယောက်အနေနဲ့ ဘယ်လိုလုပ် မလာလို့ရမှာလဲ”

ဒါက အဘိုးရွှီကို ပိုတောင်မျက်နှာပူသွားစေတယ်။ ဒီမနက်က ပြဿနာက အချိန်တိုအတွင်း ဖြေရှင်းလို့မရလောက်ဘူးဆိုတာ သူလည်းမှန်းမိပါတယ်။ အဲဒါတောင် သူကတော့ ရေလိုက်ငါးလိုက်လေး လိုက်ရယ်‌ပေးလိုက်တယ်။

“ဟားဟားဟား ကျုပ်ရဲ့ မိတ်ဆွေကြီးကို ကျုပ်တို့မိသားစုရဲ့ ပရမ်းပတာအခြေအနေကြီးကို မြင်သွားစေတာတော့ ခွင့်လွှတ်ပေးပါ။ ကျုပ်တို့ ငွေကြေးအခက်အခဲသာမရှိဘူးဆို ဒါတွေ ဖြစ်လာစရာတောင် မရှိပါဘူး ...”

အိမ်ထဲဝင်သွားတာနဲ့ သူတို့အသံဗလံတွေက တဖြည်းဖြည်း လျော့ပါးသွားတယ်။

“ကံကောင်းလို့ ငါ လမ်းမှာ ပေါက်စီလေးနည်းနည်း ဝယ်လာခဲ့လို့ အခုထမင်းစားဖို့ သူတို့နဲ့ မျက်နှာချင်းဆိုင်နေစရာ မလိုတော့ဘူး”

တကယ်လည်း ညဥ့်နက်တဲ့အထိ ဘယ်သူမှ သူတို့ကိုညစာစားဖို့ လာမခေါ်ခဲ့ပါဘူး။ ရုတ်ခြည်းလာလည်တဲ့ ယန်ကျုံးကျေးဇူးကြောင့် ရွှီမိသားစုတစ်အိမ်လုံး အလုပ်ပြန်ရှုပ်သွားကြတယ်။ ယန်ကျုံးက သူကောင်းစားဖို့အတွက် သူတစ်ပါးကို အားမနာတတ်တဲ့လူစားမို့ အမြဲတမ်း ဟိတ်ဟန်တစ်ခွဲသားနဲ့ အဘိုးရွှီက သူ့ကို တလေးတစား ဆက်ဆံတာကို သိပ်သဘောခွေ့တယ်။

အဲဒါကြောင့်လည်း ထုန်ရှန်းဆိုတဲ့ခေါင်းစဥ်ကို အပြည့်အဝအသုံးချပြီး လာလည်တိုင်း စားကောင်းသောက်ဖွယ်နဲ့ ဧည့်ခံမှ ကျေနပ်တယ်။ အမှန်တော့ ရွှီမိသားစုက သူလာမယ်လို့မထင်ထားတော့ ရိုးရိုးဟင်းတစ်ခွက်လောက်ပဲ ချက်ထားတာပေါ့။

ဒါပေမဲ့ ဒီဟင်းတွေက ဧည့်သည်အတွက်ကျ မသင့်တော်တာကြောင့် ညစာအစအဆုံး ပြန်လုပ်ရတော့တယ်။ ကျောက်အာကတော့ ရှုပ်ယှက်ခတ်နေတဲ့ အပြင်ကအခြေအနေတွေကို ကိုယ်နဲ့လုံးလုံး မသက်ဆိုင်သလို ယူဆထားပြီး အိမ်နောက်ဖေးက အကြမ်းရည်တစ်အိုး သွားယူရင်း ရွှီထင်းရှန်းနဲ့အတူ အခန်းထဲမှာ ပေါက်စီ လာဝါးနေလိုက်တယ်။

သူတို့စားသောက်လို့ပြီးတဲ့အခါ မိုးတောင်ချုပ်သွားပြီ။ ကျောက်အာက တံခါးဝမှာရပ်ရင်း အိမ်မကြီးဘက်မှာ မီးတွေလင်းနေသေးတာတွေ့တော့ ဧည့်သည်မပြန်သေးကြောင်း ခန့်မှန်းလိုက်မိတယ်။

ခြေထောက်ဆေးရန်အတွက် ရေပူယူဖို့ မီးဖိုချောင်ဆီသွားတော့မဲ့အချိန်မှာပဲ ရွှီထောက်အာက အိမ်မကြီးက ထွက်လာပြီး “အစ်မ ကျောက်အာ အဘိုးက ကုန်းအာကို ခေါ်နေတယ်”

******

All Chapters