အခန်း (၂၁-၂၂)
Vol. 3 Ch. 21-22
21 01
အခန်း 21
“အစ်မ ကျောက်အာ အဘိုးက ကုန်းအာကို ခေါ်နေတယ်”
ကုန်းအာကို ခေါ်နေတယ်။ အခုချိန် သူတို့ကိုခေါ်တယ်ဆိုတာ ဘယ်မှာအကောင်းဖြစ်နိုင်ပါ့မလဲ။
ကျောက်အာက တမဟုတ်ချင်း စိုးရိမ်ကြောင့်ကြသွားပြီး ရွှီထောက်အာကတော့ အမြန်အနားရောက်လာကာ သူမနားထဲ လေသံလေးနဲ့ ပြောပြတယ်။
“အဒေါ် ၁ရဲ့ အဖေက ခေါ်ခိုင်းလိုက်တာ။ သူက ကုန်းအာနဲ့စကားပြောချင်လို့တဲ့”
ရွှီထင်းရှန်းက အခန်းထဲကနေတောင် မိန်းကလေးနှစ်ယောက်ရဲ့ တီးတိုးပြောဆိုမှုကို ကြားလိုက်ရပြီး အခန်းရှေ့ထွက်လာတယ်။
“ထင်းအာ မသွားနဲ့ ငါ အရင်သွားပြီး ငြင်းလိုက်မယ်”
ကျောက်အာက အကောင်းခေါ်တာမဟုတ်မှန်း သိလို့ တားတယ်။ အဲဒီယန်ကျုံးဆိုတဲ့လူက စာတတ်ပေတတ် လူကြီးသူမဆိုတဲ့ခေါင်းစဥ်တပ်ပြီး အားလုံးကို ဆရာလုပ် ခြယ်လှယ်ချင်နေတာ။ ရွှီကျွင်းခိုင်ကလည်း သူ့မြေးအရင်းဆိုတော့ အခုနက ပြိုင်ပွဲကိုပါထည့်တွက်လိုက်ရင် ဒီလူ့ပါးစပ်က ဘာမှအကောင်းထွက်လာဖို့မရှိဘူး။
“ပြဿနာမရှိပါဘူး”
ကျောက်အာက တန့်သွားတော့မှ ရွှီထင်းရှန်းက ဒါသူပုံမှန်ပြောနေကျ လေသံမဟုတ်တာ သဘောပေါက်သွားပြီး အပြုံးတစ်ပွင့်နဲ့ စိတ်ချအောင် နှစ်သိမ့်ပေးလိုက်တယ်။
“ဘာမှမဖြစ်လောက်ပါဘူး။ ဘာလဲ သူက ငါ့ကို ကိုက်စားလိုက်မှာ စိုးလို့လား”
“ဒါပေမဲ့ …”
ရွှီထင်းရှန်းက သူမကိုကျော်ဖြတ်လို့ အိမ်မကြီးဆီတောင် လျှောက်သွားနှင့်နေပြီမို့ ကျောက်အာခမျာ သူ့နောက်က အမြန်လိုက်ရုံပဲ ရှိတော့တယ်။ သူတို့အိမ်ရှေ့ထမင်းဝိုင်းကို ရောက်တဲ့အခါ ဘေးမှာချထားတဲ့ သေရည်အိုးအလွတ်တွေနဲ့တင် ဒီလူတွေ ဘယ်လောက်သောက်ထားမှန်း သိသာပါတယ်။
ယန်ကျုံးရဲ့အဆီပြင်မျက်နှာက ယမကာအရှိန်ကြောင့် နီမြန်းနေသလို အဘိုး ရွှီရဲ့ မျက်နှာညိုညိုကလည်း ဖယောင်းတိုင်မီးရောင်အောက်မှာ နီရဲနေတယ်။ စားပွဲဝိုင်းမှာ ဘေးချင်းကပ်ရပ်ထိုင်နေတဲ့ ရွှီချင်းရှန်တို့သားအဖအပြင် ရွှီချင်းပိုင်နဲ့ ရွှီချင်းဟွိုင်တို့သာ ရှိပြီး အမျိုးသမီးတွေကိုတော့ တစ်ယောက်မှမတွေ့ရဘူး။
ယန်ကျုံးက ရွှီထင်းရှန်းဝင်လာတာမြင်တာနဲ့ စပြောတော့တယ်။
“အိုး နောက်ဆုံးတော့ ငါတို့ရဲ့ ပညာရှင်လေးရောက်လာပြီပဲ လာစမ်းပါဦး အနီးကပ်ကြည့်ရအောင်”
သူက ယိုင်ထိုးနေတဲ့အခြေအနေကိုမှ ဂရုမစိုက် လက်တွေခါယမ်းရင်း ရင်းနှီးသယောင် ဆောင်နေတယ်။ ရွှီထင်းရှန်း အနားကပ်လာတော့မှ သူက မျက်ဝန်းတွေကိုမှေးချလိုက်ပြီး ကောင်ငယ်လေးကို ခေါင်းအစခြေအဆုံး အကဲခတ်လာတယ်။
“ဘာမှလည်း မပြောင်းလဲပါဘူး။ ဒါတောင် မင်းဘယ်လိုဖြစ်လို့ အရမ်းတွေ တော်တတ်လာရတာလဲကွ”
သူက ရွှီထင်းရှန်းကို တမင်ခေါ်ပြီး ကဲ့ရဲ့နေတယ်ဆိုတာ သိသာပါတယ်။ တစ်ခန်းလုံးက ချက်ချင်း တင်းမာတဲ့တိတ်ဆိတ်မှုကြားထဲ ကျသွားပြီး ရွှီချင်းရှန်ကတော့ ဘာကိုမှမမြင်ဟန် မကြားဟန်နဲ့ အရံဟင်းတွေကိုသာ တမြုံ့မြုံ့ဝါးနေတယ်။
ရွှီကျွင်းခိုင်က သူ့အကျင့်အတိုင်း ကိုယ်ကိုမတ်မတ်ထားပြီး တည်ငြိမ်လေးနက်သယောင် ဆောင်နေပေမဲ့ မသိမသာငုံ့ထားတဲ့ကြားက ရွှီထင်းရှန်းကို ခဏတိုင်းဆိုသလို မျက်လွှာဝင့်ကြည့်နေတယ်။
ကျန်တဲ့ရွှီမိသားစုဝင်တွေကတော့ အနည်းငယ် နေရခက်သွားပုံရပေမဲ့ အထူးသဖြင့် အဘိုး ရွှီရဲ့အမူအရာကတော့ သစ်သားတုံးလို တောင့်တင်းခက်ထန်သွားတော့တယ်။ သူက တစ်ခုခုပြောချင်သလို ရှိပေမဲ့ နောက်ဆုံးကျတော့လည်း တုံ့ဆိုင်းနေပြန်တယ်။
ကျောက်အာက သူမတစ်ယောက်တည်း ဒီစကားနာထိုးတဲ့ပွဲကို ဝင်နွှဲဖို့လုပ်ပေမဲ့ ရွှီချင်းဟွိုင်က ရုတ်တရက်ကြီး သေရည်အိုးမြှောက်ရင်း အာရုံလွှဲလိုက်တယ်။
21 02
“လူကြီးမင်းယန် တစ်ခွက်လောက်ငှဲ့ပေးပါရစေ။ ဒါကကျုပ်တို့အဖေကိုယ်တိုင် ချက်ထားတဲ့သေရည်ပါ။ ဘယ်သူမှ လွယ်လွယ်သောက်လို့ရတာ မဟုတ်ဘူးနော် ကျုပ်တို့လူကြီးမင်း ရောက်နေတာကြားတော့မှ အမြန်ဆွဲထုတ်လာတဲ့ အဖိုးတန်နောက်ဆုံးပုလင်းလေး လာ လာ”
ယန်ကျုံးက ရွှီချင်းဟွိုင်ကို ပြုံးပြလိုက်ပြီး မတုံ့မဆိုင်းဘဲ သေရည်တစ်ခွက် လက်ခံကာ တစ်ကျိုက်တည်း မော့ချလိုက်တယ်။ ပြီးမှ သူ့လက်တွေက အမြည်းပန်းကန်ဆီ ရောက်လာတယ်။ ရွှီချင်းဟွိုင်ကတော့ ဒီအချိန်ကို အသုံးချပြီး ကျောက်အာတို့ကို ရှောင်ထွက်သွားဖို့ အချက်ပြတယ်။
ရွှီထင်းရှန်းက မသိမသာ သက်ပြင်းလေးချပြီး လှည့်ထွက်ဖို့ပြင်တဲ့အချိန်မှာပဲ ယန်ကျုံးက စလာပြန်တယ်။
“ဟေ့ ဒါက ဘာလုပ်တာလဲ။ လူကြီးက ပြောလို့တောင်မပြီးသေးတာကို … ဒီတိုင်း-ထွက်သွားရဲတယ်ပေါ့။ အေ့ ငါက မင်းရဲ့အဘိုးအရင်း မဟုတ်ဘူးဆိုရင်တောင် …. မင်းအဒေါ်ဘက်က အဘိုးလေးပဲကွ ဒီအဘိုးကို လျစ်လျူရှုရဲတယ်လား။ အေ့ မင်းငါ့ကို လူကြီးလို့ရော မြင်သေးရဲ့လား”
ဒါက သက်သက်မဲ့ စွပ်စွဲတာမို့ ကျောက်အာ ထပြောဖို့လုပ်တဲ့အချိန်မှာပဲ ရွှီထင်းရှန်းက ပြန်ဆွဲတားလိုက်လို့ ငြိမ်လိုက်ရတယ်။ သူကတော့ ရှေ့နှစ်လှမ်းတက်ကာ တရိုတသေ နားထောင်နေဟန် လုပ်ယူရင်း ယဥ်ကျေးစွာ ဆိုလိုက်တယ်။
“ကောင်းပါပြီ အဘိုးလေးက သင်ပြစရာရှိမှတော့ ဒီမြေးက နားထောင်ဖို့အသင့်ပါပဲ … ဒါပေမဲ့ ကိုယ်တိုင်က ပညာတတ်ဖြစ်တဲ့အတွက် အဘိုးလေးလည်း တစ်ပါးသူကို မလျော်မကန် မပြောဆိုဖို့ သင်ကြားခဲ့ရမယ် ထင်ပါတယ်”
“ဟ ဆိုတော့ မင်းပြောချင်တာ ငါ လူကြီးက မင်းကို မလျော်မကန်ပြောလို့မရဘူးပေါ့ ဟုတ်လား”
ယန်ကျုံးက ယိမ်းထိုးနေတဲ့ကြားက အပြင်းအထန် ဆန့်ကျင်တဲ့ပုံစံနဲ့ ခန္ဓာကိုယ် အရှေ့ကိုင်းလာတော့ မွှန်ထူနေတဲ့အရက်နံ့တွေနဲ့အတူ ပါးစပ်ထဲက စားကြွင်းစားကျန်တချို့က ရွှီထင်းရှန်းမျက်နှာတည့်တည့်ကို လာစင်တယ်။
သို့ပေသိတိုင်အောင် လူငယ်လေးက နောက်ဆုတ်သွားတာမျိုးမရှိသလို တစ်ချက်တောင် မျက်နှာမပျက်သွားဘဲ တည်ငြိမ်တဲ့ကိုယ်နေဟန်ထားကိုသာ ထိန်းထားရင်း ခေါင်းတစ်ချက်ညိတ်ပြီး အတည်ပြုပေးလိုက်တယ်။
“အမှန်ပါပဲ”
“ဟက် ကြည့်စမ်း ဒါတော့ ပြောင်းလဲသွားပြီပဲ!!”
ယန်ကျုံးက မျက်စိအရှေ့က ကောင်လေးကို အကြိမ်ကြိမ် လက်ညှိုးငေါက်ငေါက်ထိုးရင်း ကျန်တဲ့ရွှီမိသားစုဝင်တွေကို မဲ့ပြုံးတစ်ပွင့်နဲ့ ခနဲ့နေတယ်။ မကောင်းတဲ့လူတွေက ဒညင်းသီးက ချီးတစ်ပြန်ဆိုတဲ့အတိုင်း တကယ်လည်း ယန်ကျုံးက ရွှီမိသားစုကို အပြစ်တင်လာတယ်။
“ယောက္ခထီး ရွှီ မင်းတို့ကလေးတွေကို ဒီလိုပဲသင်ပေးထားတာလား”
ယန်ကျုံးက သူ့မြေး ရွှီကျွင်းခိုင်ကိုယ်စား ရည်ရွယ်ချက်ရှိရှိ ပြဿနာရှာဖို့ရောက်လာတယ်ဆိုတာ ရှင်းပါတယ်။ အဘိုးရွှီလည်း ရွာလူကြီးအိမ်က ပြန်လာတုန်းက သားကြီးတို့မိသားစုတွေ ဘယ်လိုသောင်းကျန်းကြဦးမလဲဆိုတာ တွေးနေခဲ့တာ။
ဒါပေမဲ့ သူ့သားနဲ့ချွေးမက ပြိုင်ပွဲရလဒ် ဘယ်လိုပဲထွက်လာလာ လက်ခံပါမယ်ဆိုတဲ့ သူတို့စကားအတိုင်း ခြေချုပ်မိသွားပြီမို့ အဘိုးရွှီနဲ့ ဘယ်လိုလုပ် ပေါ်တင်ငြင်းခုံရဲတော့မှာလဲ။ အခုမှ ထပ်စောဒကတက်ရင် ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို ဖြစ်သွားလိမ့်မယ်။
အဲဒီအတွက် ယန်ကျုံးက ဒီကတိပေးခဲ့တဲ့ ‘ရွှီ’မိသားစုဝင်မဟုတ်တော့ အကြီးဆုံးမိသားစုခွဲဘက်က ရပ်တည်ပေးမဲ့ အကောင်းဆုံးလူပဲပေါ့။ အဲဒီလိုနဲ့ အားလုံး အဆင်ပြေသွားရင်တော့ ကောင်းတာပေါ့။ မပြေလည်း ဒီလောက်အတွက်နဲ့တော့ သားအဖဆက်ဆံရေးက မပြတ်တောက်သွားလောက်ပါဘူး။
“လူကြီးမင်းယန်”
အဘိုးရွှီက တစ်ခုခုပြန်ပြောမလို့ လုပ်တဲ့အချိန် ရွှီထင်းရှန်းရဲ့အသံက ကြားဖြတ်ဝင်လာတယ်။
21 03
“မိဘနှစ်ပါး ကွယ်လွန်သွားပေမဲ့ ကျွန်တော့်မှာအဘိုးအဘွားနဲ့ ဦးလေးတွေအဒေါ်တွေ ရှိနေတုန်းပါပဲ။ အဲဒါမှမဟုတ်လည်း ကျွန်တော့်နောက်မှာ ရွှီမျိုးရိုးရဲ့ ခေါင်းဆောင်တွေ အကြီးအကဲတွေ အများကြီးရှိသေးတယ်။ အခုဖြစ်ရပ်မှာ ကျွန်တော့်ဘက်က အပြစ်ဆိုရင်တောင် အပြင်လူတစ်ယောက်က လာထောက်ပြဖို့ မလိုပါဘူး။ အဘိုးလေးက ကျွန်တော်တို့နဲ့ အမျိုးတော်တယ်ဆိုရင်တောင် ရွှီမိသားစုကျွေးတာစား တိုက်တာသောက်ပြီး ရွှီမျိုးရိုးတွေကို စိတ်ရှိသလို ဝေဖန်ပိုင်ခွင့်မရှိဘူး မဟုတ်ပါလား”
ဧည့်သည်ရောက်လာတယ်ဆိုကတည်းက အဘွားကျောက်က တစ်အိမ်လုံးကို ပုံမှန်ထွန်းခဲတဲ့ ဖယောင်းတိုင်အကြီးကြီးတွေနဲ့ လင်းထင်းနေအောင် ထွန်းညှိထားတယ်။ အခန်းအလယ်က လူငယ်လေးက ပိန်ပါးသေးကွေးပေမဲ့ အလင်းပေးထားတဲ့ မီးညွှန့်လေးတွေတောင် လေအဝှေ့မှာ လူးလွန့်တတ်ပေမဲ့ သူကတော့ မယိမ်းယိုင်တဲ့အရှိန်အဝါတစ်ခုနဲ့ လူတိုင်းကို ရှိန်သွားစေတယ်။
“မဟုတ်လည်း … ဒါက အဘိုးလေးရဲ့ သူများအိမ်သွားလည်တဲ့အခါ ပြုမူနေကျ ပုံစံများလား။ ဒါဆိုရင်တော့ ကျွန်တော်တို့ ရွှီမိသားစုတွေလည်း အဘိုးလေးအိမ် ဧည့်သည်လာလုပ်ပြီး တွေ့သမျှ ယန်မျိုးရိုးအားလုံးကို ပွင့်ပွင့်လင်းလင်း ဝေဖန်ဦးမှပါ။ ယဥ်ကျေးမှုဆိုတာ ဒီလိုပဲဖလှယ်ရတာမလား။ အဲဒီအခါကျရင်တော့ ကျွန်တော်တို့ကို အပြစ်မမြင်ပါနဲ့။ အမှန်တော့ ကျွန်တော့်အဘိုးက အဘိုးလေးနဲ့ပတ်သက်ပြီး ကောင်းတာတွေအများကြီး ပြောပြထားတော့ ဒီငယ်သားကလည်း စည်းဘောင်နဲ့ကျင့်ဝတ်ရှိပြီး အမှန်တကယ်လေးစားအပ်တဲ့ ထုန်ရှန်းတစ်ယောက်လို့ မှတ်ယူထားတာ ဒီနေ့မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရမှ အဘိုးက မျက်စိမကောင်းမှန်း သိတော့တယ်”
“မင်း..”
တစ်ခန်းလုံးက တိတ်ဆိတ်မှုအတိပြီးသွားပြီး ဘယ်သူကမှ ရွှီထင်းရှန်းတစ်ယောက် အသိလွတ်ပြီး အားလုံးအရှေ့မှာ ဧည့်သည်လူကြီးတစ်ယောက်ကို လှောင်ပြောင်ထေ့ငေါ့ လာမယ်လို့ မမျှော်လင့်ထားဘူး။
ရွှီချင်းရှန်က ဝါးနေတာတောင်တန့်သွားပြီး ရုတ်တရက်ကြီး ဂနာမငြိမ်ဖြစ်လာကာ မသက်မသာခံစားလိုက်ရပေမဲ့ သူ့ယောက္ခထီးဘက်က ကူလည်းမပြောပေးရဲဘူး။ ဘာလို့ဆို ရွှီထင်းရှန်းက သူတို့မျိုးရိုးတစ်ခုလုံးနဲ့ပါကိုင်ပြီး ထောက်ပြလာတာကြောင့် သူသာဝင်ပြောလိုက်ရင် ဘိုးဘေးတွေကို သစ္စာဖောက်ရာကျသွားလိမ့်မယ်။
ဒါကသူ့ကိုယ်ပိုင်အစီအစဥ်နဲ့ မကိုက်တာတွေ့တော့ သူလည်း ဘာမှမပြောနိုင်ဘူး။ ယန်ကျုံးရဲ့မျက်နှာအင့်အင့်ခမျာ ကြီးစွာသောရှက်ရွံ့မှုကြောင့် ပေါက်ကွဲမတတ် နီရဲသွားပြီး နှုတ်ခမ်းတွေပါ တဆတ်ဆတ် တုန်ယင်လာတော့တယ်။
“မင်း ကောင်စုတ်လေး! အသက်ကဖြင့် လက်တောက်လောက်လေးရှိသေး လူကြီးသူမကို ဆရာပြန်လုပ်ရဲတယ်လား”
“မလုပ်ရဲပါဘူး လူကြီးလူကောင်းတစ်ယောက်က သင့်မြတ်ခြင်းကိုသာ မွေ့လျော်ပြီး ရန်လိုခြင်းကို ကျောခိုင်းတတ်တယ်တဲ့ ဒီငယ်သားကလည်း အမှန်တရားကို ပြောပြတယ်ဆိုတာ လူကြီးမင်းယန် စာလေ့လာတုန်းက ဒီအသိတွေ မပါလာခဲ့ဘူးထင်လို့ လူကြီးလူကောင်းတစ်ယောက်အဖြစ် ပြုမူတတ်အောင် ထောက်ပြပေးရုံပါ”
ဒီကောင်စုတ်လေးက သူ့ကိုစော်ကားဖို့ စာရိတ္တကျမ်းထဲက စကားကိုငှားလိုက်တာပဲ!။
ယန်ကျုံးတစ်ယောက် ဒေါသသွေးဆောင့်တက်သွားပြီး သူ့မှာ ဘာမှမပြောနိုင်တော့လို့ ရွှီထင်းရှန်းကို လက်ညှိုးတန်တန် ထိုးရင်းသာ ဟက်ခနဲရယ်မောလိုက်ရတယ်။
“ကောင်းတယ် ကောင်းတယ်။ မှတ်သားလောက်စရာပဲ တစ်ရက်နှစ်ရက်လောက် စာလေးဖတ်တတ်သွားတာနဲ့ လုံးဝတခြားသူတစ်ယောက်လို ပြောင်းလဲသွားတာကိုး။ ဒါပေမဲ့ ငါပြောမယ် မင်းဒီနေ့ ကျွင်းခိုင်ကို အနိုင်ယူလိုက်နိုင်တာနဲ့ ကိုယ့်ကိုယ်ကိုယ် သိပ်တော်လှပြီ ထင်နေတာလား။ ဒီလောက်အထိ အောက်ခြေလွတ်သွားရအောင်”
“လူမွန်လူမြတ်တစ်ယောက်က အငြင်းမပွားသော်ငြား မဖြစ်မနေ တန်ပြန်ရမယ်ဆိုရင်တောင် သဘောထားကြီးစွာ အဆုံးမှာ အလျှော့ပေးလိုက်စမြဲသာ ဉာဏ်တိမ်သူတွေသာ ရန်ပွဲရဲ့အောင်နိုင်မှုကို ပျော်မွေ့ပြီး အမှန်တရားကို မျက်ကွယ်ပြုထားကြတာ”
ဒီစာသားကလည်း ‘ကွန်ဖြူးရှပ်၏ မှတ်သားစရာ အဆိုများ’ထဲက ကိုးကားချက်တစ်ခုဖြစ်တယ်။ အသိတရားရှိတဲ့ လူတစ်ယောက်က အကျိုးမရှိတဲ့ ရန်ပွဲတွေမနွှဲသလို ဘယ်အရာမှာမှ မပြိုင်ဆိုင်တတ်ကြောင်းကို ဆိုလိုချင်တာ။
သို့ပေသိ နဂါးမှန်းသိအောင် အမောက်ထောင်ပြရမယ်ဆိုရင်လည်း စိတ်ကြီးမဝင် မာန်မထောင်လွှားတဲ့ အပြောအဆိုမျိုးနဲ့သာ နားလည်အောင် ရှင်းပြပြီး နောက်ဆုံးမှာ အရှုံးပေးခဲ့ရင်တောင် သူ့စိတ်နေစိတ်ထားကတော့ ဘုံဖျားမှာပဲ ရှိနေကြောင်းကို ဖော်ပြတာဖြစ်တယ်။
21 04
စာပါအကြောင်းအရာက ပညာရှိတစ်ယောက် ဘယ်လိုစိတ်ထားနဲ့ အပြုအမူရှိရမလဲဆိုတာ အလေးပေး ဆုံးမထားတာဖြစ်လို့ အတိုပြောရရင် ရွှီထင်းရှန်းက ယန်ကျုံးရဲ့ ထုန်ရှန်းဖြစ်ပြီး အသိမနက်မှုရယ် ကြီးနိုင်ငယ်ညှင်းပြုချင်တာရယ်ကို ရှုံ့ချလိုက်ရုံတင်မက သူ့ရဲ့စာဖတ်အားကောင်းမှုကိုပါ ပညာသားပါပါ ချပြလိုက်တာ။
လောလောဆယ် အခန်းထဲမှာ စာသင်သားဆိုလို့ စုစုပေါင်း လေးယောက်ပဲရှိတာကြောင့် ကျန်တဲ့လူတွေက ဒီအမြင့်သုံး သွယ်ဝိုက်စော်ကားမှုတွေကို သေချာနားမလည်ပေမဲ့ ယန်ကျုံးတစ်ယောက် ဒေါသထွက်လွန်းလို့ နှာခေါင်းက မီးမှုတ်မတတ် တရှူးရှူးဖြစ်နေတာကို ကြည့်တာနဲ့တင် ရွှီထင်းရှန်း အရေးသာနေတယ်ဆိုတာ သဘောပေါက်လိုက်ကြတယ်။
လက်ရှိ ခွန်းတုံ့ပြန်စရာမဲ့ပြီး နှာတမှုတ်မှုတ်သာ လုပ်နေနိုင်တဲ့ ယန်ကျုံးကိုအသာထားလိုက်ဦး ဘေးက ရွှီချင်းရှန်တို့သားအဖလည်း ချက်ကျလက်ကျပြောသွားနိုင်တဲ့ စကားတွေကိုကြားပြီး အတော်လေး ထိတ်လန့်အံ့ဩသွားရတယ်။
ရွှီထင်းရှန်းက ‘စာပေကြီး ၄ကျမ်းနဲ့ဂန္ဓဝင် ငါးဖြာ’ကို သင်ခဲ့ဖူးတယ်ဆိုရင်တောင် သူက အပေါ်ယံ ရေးတတ်ဖတ်တတ်ရုံအပြင်ရှိပြီး ရေရေရာရာ နားလည်ခဲ့တာမဟုတ်ဘူး။ ဒါတောင် အခုကျ သူ့ဆိုလိုရင်းကို မီးမောင်းထိုးပြဖို့အတွက် စာပေကြီး ၄ကျမ်းထဲက စာသားနှစ်ကြောင်းကို လက်ငင်း ကောက်နှုတ်ပြလိုက်တာက သိပ်မြန်လွန်းတယ်။
တကယ်လို့ သူသာ ဒီစာပိုဒ်တွေကို အတွင်းကျကျ နားမလည်ထားဘူးဆို ဘယ်လိုလုပ် သူများတွေကို ဝေဖန်ဖို့ ထုတ်သုံးတတ်မှာလဲ။ ဖြစ်နိုင်တာ တစ်စုံတစ်ယောက်က သူ့ကို တိတ်တိတ်လေး ခိုးသင်ပေးနေတာများလား။
အကယ်၍ ဟုတ်နေခဲ့ရင်တော့ ဒီနေ့ပြိုင်ပွဲမှာ သူ့လုပ်ဆောင်ချက်က ဒီလောက်ထူးကဲကောင်းမွန်နေတာ အံ့ဩနေစရာမရှိတော့ဘူး။ ထိုအချိန်မှာပဲ အိမ်ရှေ့ထမင်းဝိုင်းမှာ ရုတ်ရုတ်သဲသဲတွေ ဖြစ်လာခဲ့တယ်။
ယန်ကျုံးက ဒေါသအလျောက် အလိုလိုမတ်တပ်ထရပ်လာပြီး ရွှီထင်းရှန်းကို သင်ခန်းစာကောင်းကောင်း ပေးချင်နေပုံရပေမဲ့ အဘိုးရွှီနဲ့ သူ့သားနှစ်ယောက်ရဲ့ တားဆီးခြင်းခံလိုက်ရတယ်။
“အကျင့်မကောင်းတဲ့ ကောင်စုတ်လေး။ သူငယ်နာတောင်မစင်သေးဘဲနဲ့ လူတွေကို စော်ကားမော်ကား ပြောတတ်နေပြီဟုတ်လား”
“လူတစ်ယောက်ရဲ့ မွန်မြတ်ခြင်း ယုတ်ညံ့ခြင်းဟာ မှန်ထဲမှာမထင်သလို ရေထဲမှာလည်း မပေါ်ပါဘူး။ အဲဒါထက် တခြားသူတွေအပေါ် ဆက်ဆံပုံမှာသာ ပေါ်လွင်တယ်တဲ့။ ဒါပေမဲ့ ကျွန်တော်ပြောပြလည်း အဘိုးလေး ဒီအဆိုကို နားမလည်လောက်ပါဘူးလေ”
ရွှီထင်းရှန်းက အဲဒီလိုပြောနေတုန်း သူ့မျက်နှာပေါ်မှာလည်း အင်မတန် ယဥ်ကျေးတဲ့အပြုံးလေး တပ်ဆင်ထားတာကြောင့် နှိမ့်ချတဲ့ဟန်တောင် ပေါက်နေသေးတယ်။ အဲဒါနဲ့ဆန့်ကျင်ဘက် သူ့နှုတ်ထွက်စကားတွေကတော့ အင်မတန် ချွန်မြထက်ရှတဲ့ ဓားအစင်းပေါင်းများစွာ အရှိန်နဲ့ စိုက်ဝင်လာသလိုပဲ။
“ဒီအဘိုးကြီးက နားလည်လည် မလည်လည် မင်းငါ့ကိုစော်ကားနေတာတော့ သိတယ်ကွ။ လာစမ်း ရောင့်တက်နေတဲ့ကောင်စုတ်လေးကို ဒီနေ့တော့ ကောင်းကောင်းကို ပညာပေးပစ်ဦးမယ်”
ယန်ကျုံးက လက်သီးလက်မောင်းတန်းရင်း ရွှီထင်းရှန်းဆီ ရွယ်လိုက်တဲ့အချိန်မှာပဲ တင်းမာခက်ထန်တဲ့ အသံကျယ်ကြီးတစ်ခု ရုတ်တရက် ပဲ့တင်သံထွက်လာတယ်။
“တော်သင့်ပြီ!”
ထွက်လာတဲ့အသံပိုင်ရှင်က အဘိုး ရွှီပဲ။
“လူကြီးမင်းယန် ခင်ဗျားကို ဆွေမျိုးတစ်ယောက်အနေနဲ့ ကျုပ်လေးစားပေမဲ့ ဒါက ကျုပ်တို့ ရွှီမိသားစုအိမ်ပါ!”
အဘိုး ရွှီရဲ့မျက်နှာက တော်တော်မသာမယာဖြစ်နေတယ်။ ယန်ကျုံးကို သူ့ရဲ့ပညာတတ် အဆင့်အတန်းကြောင့် သူအများကြီး သည်းခံပေးပြီးသွားပြီ ဒါပေမဲ့ ကုန်းကျစ်ပြောတာ မှန်တယ်။ ဒီအိမ်က ရွှီမျိုးရိုးတွေနဲ့ပြည့်နှက်နေတာ ယန်မျိုးနွယ်တစ်ယောက်က သူတို့ကိုလာပြီး ဘာမှဝေဖန်ကဲ့ရဲ့နေစရာ မလိုဘူး။
မိသားစုတွင်း ပြဿနာဘယ်လောက်ဖြစ်ဖြစ် အပြင်လူတစ်ယောက်ကလာပြီး ဝင်စွက်ဖက်နေစရာ အကြောင်းမရှိဘူး။ တိတ်ဆိတ်ငြိမ်သက်သွားတဲ့ အခန်းထဲမှာ ယန်ကျုံးရဲ့ ကျယ်လောင်လှိုက်မောတဲ့ အသက်ရှူသံပြင်းပြင်းတွေသာ ကြားရတယ်။
21 05
အဲဒီအချိန်မှာပဲ အကြီးဆုံးမိသားစုခွဲရဲ့ အိပ်ခန်းထဲမှာ ပုန်းအောင်းနေတဲ့ အဒေါ်ယန်က အလျင်စလို ပြေးထွက်လာတယ်။ သူမက ဒေါသလည်းထွက် စိုးလည်းစိုးရိမ်နေပြီး ပြဿနာတွေ ဒီထက်မကြီးခင် အော်ဟစ်ဆူပူတော့တယ်။
“အဖေ ဘာတွေလုပ်နေတာလဲ။ နည်းနည်းလေး သောက်ပြီးတာနဲ့ ဘာလို့ ဒီလောက်တောင် ပြဿနာအမွှေရှာနေရတာလဲ”
သူမက သောကရောက်နေတဲ့မျက်နှာနဲ့ပဲ အဘိုး ရွှီဘက်လှည့်ကာ ဖြောင်းဖြတယ်။
“အဖေ ကျေးဇူးပြုပြီး သူ့ကိုစိတ်ထဲမထားပါနဲ့နော် ဒီလူကြီးက ယမကာဝင်လိုက်တာနဲ့ သွေးဆိုးတတ်လို့ပါ အိုင်းယား အဖေ ဘာလို့သူများအိမ်လာပြီး ဒုက္ခပေးနေရတာလဲ။ တကယ်ပါပဲ”
နောက်တော့ အဒေါ် ယန်က ရွှီချင်းရှန်ဘက်လှည့်သွားပြန်တယ်။
“ပြီးတော့ ကျွင်းခိုင်အဖေ ရှင်ကရော ဘာလို့သူ့ကိုမထိန်းတာလဲ။ ဒါရှင့်အပြစ်တွေလည်းပါတယ် အခုတော့ ဒီအရှုပ်တွေကို ကြည့်ပါဦး။ ငါတော့ သေချင်တာပဲ အိုင်းယား”
“ငါက အမွှေရှာတယ်။ ငါက ပြဿနာကောင်ပေါ့။ ရွှီလျန်ရှင်း မင်းအရင်တုန်းက ပေးခဲ့တဲ့ ကတိကိုမေ့လိုက်ပြီလား။ ကျွင်းခိုင်က မင်းရဲ့မြေးဦးလေ။ မင်းသူ့ကို ဒီလိုပဲစွန့်ပစ်လိုက်တော့မှာလား”
“ဖေဖေ့ ကျေးဇူးပြုပြီး တော်ပါတော့ အဖေနားဖို့လိုနေပြီ သမီးလိုက်ပို့ပေးမယ်နော်။ လာ လာ”
အဲဒီလိုနဲ့ အဒေါ်ယန်နဲ့ ကြားဝင်ဖျန်ဖြေပေးမှုနဲ့အတူ အကြီးဆုံးမိသားစုခွဲက လင်မယားနှစ်ယောက်က ယန်ကျုံးကို တစ်ဖက်တစ်ချက်ဆီကနေ ကူတွဲရင်း လိုက်ပို့ပေးဖို့ ပြင်တယ်။ အဘိုးကြီးယန်ကတော့ မူးရူးနေတဲ့ပုံစံနဲ့ပဲ သိက္ခာတွေ ဘာတွေမထောက်နိုင်တော့ဘဲ ‘မင်း ကျွင်းခိုင်ကို စွန့်ပစ်လိုက်ပြီ’ဆိုတာပဲ တစ်လမ်းလုံး အော်ဟစ်သွားတယ်။
ပြဿနာရဲ့လက်သည် ထွက်သွားတော့ ရွှီမိသားစုအိမ်အတွင်း အေးချမ်းမှုက တဖန်ပြန်လည်တိုးဝင်လာတယ်။ အဒေါ်ကျိုးက ကျောက်အာနဲ့ရွှီထင်းရှန်းတို့အတွက် ထမင်းပြင်ပေးရမလား မေးပေမဲ့ နှစ်ယောက်လုံးက ငြင်းဆန်ပြီး ကိုယ့်အခန်းကိုယ် ပြန်သွားကြတယ်။
စားပွဲဝိုင်းကြီးအပြည့် ခင်းကျင်းထားတဲ့ ဟင်းပန်းကန်တွေမှာ တစ်ဝက်လောက်ပဲ တို့ထိရသေးတယ်။ အဘိုးရွှီက သူ့နေရာမှာ ပြန်ထိုင်လိုက်ပြီး တစ်ယောက်တည်း သောက်နေတော့ ဘယ်သူမှလည်း မနှောင့်ယှက်ရဲဘူး။
ပုံမှန်ဆို အမြဲတမ်း အော်ငေါက်လေ့ရှိတဲ့ အဘွားကျောက်တောင် အခုသူ့ယောက်ျား တကယ်ဒေါသထွက်နေတဲ့အချိန်ကျ အခန်းထဲက ထွက်မလာရဲဘဲ အသံတိတ်နေတယ်။ အချိန်တစ်ခုကြာတော့မှ ရွှီချင်းဟွိုင်ကသာ ထမင်းစားပွဲမှာပြန်လာထိုင်ပြီး
“အဖေ နောက်ကျနေပြီ စောစော နားတော့လေ”
အဘိုးရွှီက ခေါင်းတစ်ချက်ညိတ်ပြလိုက်ပေမဲ့ လက်ထဲကတူတစ်စုံကို စားပွဲပေါ်ချကာ သက်ပြင်းချလိုက်မိတယ်။
“အခုနကကိစ္စကိုလည်း အများကြီးမတွေးပါနဲ့”
ရွှီချင်းဟွိုင်က စိတ်ဓာတ်ကျနေတဲ့ သူ့အဖေပုံစံကိုတွေ့လို့ မနေနိုင်ဘဲ နှစ်သိမ့်ပေးလာတယ်။
“မင်းတို့အစ်ကိုကြီးလင်မယားကို ကြည့် ဘယ်လောက်တောင် ကျေးဇူးမသိတတ်လိုက်သလဲ။ သား ၂ဆုံးသွားတာဖြင့် ဘယ်လောက်မှမရှိသေးဘူး။ မြေး ၂က ဘယ်လိုပဲ အလိုက်မသိဘူးဆိုရင်တောင် ဒီလိုတွေတော့ မလုပ်သင့်ပါဘူး ဟူး”
ရွှီချင်းဟွိုင်ကလည်း သူ့အဖေရဲ့ဆိုလိုရင်းကို သဘောပေါက်ပေမဲ့ ဘယ်လိုပြန်ပြောရမလဲဆိုတာလည်း မသိပြန်ဘူး။ အခက်တွေ့နေတဲ့ သူက ကိုးရိုးကားရားရယ်သံနဲ့ ဒီလိုပဲပြောတတ်တော့တယ်။
“ကြည့်ရတာ အစ်ကိုကြီးနဲ့ မရီးကလည်း လူကြီးမင်းယန် ဒီလိုပြဿနာထရှာမယ်မှန်း မသိလို့နေမှာပါ”
အဘိုးရွှီက ဟမ့်ခနဲ တစ်ချက်သရော်လိုက်ပေမဲ့ ဘာမှတော့ထပ်မပြောလာတော့ဘူး။
21 06
“ဒါတောင် ကုန်းကျစ်က မရှုံးသွားဘူးလေ။ မတွေ့ဘူးလား သူ မရီးရဲ့အဖေကို ဘယ်လိုနှိပ်ကွပ်ပစ်လိုက်သလဲဆိုတာ”
ဒါကိုကြားမှ အဘို ရွှီကလည်း မျက်ခုံးတစ်ဖက်ပင့်လိုက်ရင်း ထောက်ခံလာတယ်။
“ဒီတစ်ခုတော့ အဖေတူတာလေ”
ရွှီချင်းစုန့်က အမြဲတစေ အလျှော့ပေးပြီး အနေအေးပေမဲ့ လွန်လာရင် သည်းခံတတ်တဲ့ လူစားမျိုးမဟုတ်ဘူး။ အဲဒါကြောင့် ချောင်ပိတ်သွားရင်တော့ ပြန်ခုခံမှာပဲ။
“ငါတို့တစ်မိသားစုလုံး ဒီတလောအတွင်း သင့်သင့်မြတ်မြတ် နေလာတာ အခုမှဘယ်လိုတွေ ဖြစ်သွားလဲ မသိတော့ပါဘူး။ ဘာလို့ တစ်နေ့တခြား အားလုံး တည့်ဖို့က ပိုပိုခက်လာရတာလဲ”
အဘိုးရွှီက ခဏခဏ သက်ပြင်းချနေပြီး အရက်ရှိန်ကြောင့်ထင်ပါတယ်။ ပုံမှန် ပေါ့ပေါ့တန်တန် နေတတ်တဲ့သူက အခုမှ ခံစားချက်တွေပြင်းပြနေတယ်။ ရွှီချင်းဟွိုင်ကတော့ တိတ်ဆိတ်နေလိုက်တယ်။ အကြာကြီးနေမှ အဘိုးရွှီက သက်ပြင်းတစ်ဝက်လေသံနဲ့
“အေး မင်းလည်း သွားနားတော့ မင်းမိန်းမကို စားပွဲလာသိမ်းခိုင်းလိုက်”
“ဟုတ်ကဲ့ ကျွန်တော် လုပ်ခိုင်းလိုက်ပါ့မယ်”
……………
******
22 01
အခန်း 22
ဒုတိယမိသားစုခွဲရဲ့ အခန်းငယ်လေးထဲမှာ ကျောက်အာက သူတို့ခြေထောက်ဆေးဖို့အတွက် ရေနွေးစပ်လိုက်တယ်။ နှစ်ယောက်လုံးက ခြေလက်သန့်စင်ပြီးတာနဲ့ ဒီနေ့အတွက် အနားယူဖို့ အပူပေးအိပ်ရာပေါ် တန်းတက်သွားကြတယ်။
အိပ်ရာပေါ်မှာ စောင်နှစ်ထည်ရှိတာကြောင့် နှစ်ယောက်လုံးက အိစက်နွေးထွေးတဲ့ ဂွမ်းစောင်အောက်မှာ အကျအနလှဲအိပ်လိုက်ကြတယ်။ သို့သော် ဒီညမှာတော့ ကျောက်အာတစ်ယောက် ဘယ်လိုမှအိပ်မပျော်ဖြစ်နေတယ်။
သူတို့ အိမ်မကြီးကထွက်လာပြီးကတည်းက ကျောက်အာရဲ့အာရုံတွေက တစ်ခုတည်းအပေါ်မှာပဲ ကျောက်ချရှိနေတာ။ သူမက ဟိုလှိမ့်ဒီလှိမ့်နဲ့ အိပ်ပျော်ဖို့ ကြိုးစားပေမဲ့ အလုပ်မဖြစ်တော့ နောက်ဆုံး စိတ်အလိုလိုက်ဖို့ပဲ ဆုံးဖြတ်လိုက်တယ်။
“မအိပ်သေးဘူးမလား”
တကယ်လည်း သူတို့နှစ်ယောက်က ပုံမှန်ဆို ဒီလောက်အစောကြီး အိပ်ရာဝင်လေ့မရှိပါဘူး။ သို့သော် ဒီနေ့တစ်နေ့လုံး လူရောစိတ်ရော ပင်ပန်းထားတာမို့ ကျောက်အာက အိပ်ရာပေါ်တက်ပြီးတာနဲ့ အခန်းထဲကမီးအားလုံး ငြှိမ်းပစ်လိုက်တာ။
ဒါပေမယ့် ကောင်းကင်ပေါ်က ထိန်လင်းနေတဲ့ လရောင်က ပြူတင်းပေါက်ကတစ်ဆင့် အလင်းပေးနေတာကြောင့် တစ်ခန်းလုံးမှောင်နေတာတောင် အားလုံးကို မြင်ရတုန်းပဲ။ ကျောက်အာက တံတောင်နဲ့ထောက်ကာ ကိုယ်တစ်ဝက်ထလာပြီး ရွှီထင်းရှန်းရှိရာဘက် လှည့်လာတယ်။
“ကုန်းအာ ငါ့ကိုပြောပြစမ်းပါ။ အခုနတုန်းက ဟိုလူကြီးကိုပြောလိုက်တဲ့ စကားအရှည်ကြီးက ဘာကိုဆိုလိုတာလဲလို့”
ကျောက်အာက လူတွေကို စော်ကားတာနဲ့ပက်သတ်ပြီး စိမ်းသက်တဲ့လူမျိုးမဟုတ်ဘူး။ ဟိုးအရင်ကတည်းက သူမက အမြင်ကပ်တဲ့လူမှန်သမျှကို နည်းမျိုးစုံနဲ့ အထိနာအောင်ပြောဆိုနေကျ ဒါပေမဲ့ ဒီတစ်နည်းကိုတော့ တစ်ခါမှ မမြင်ဖူးဘူး။
ယန်ကျုံးလို ထုန်ရှန်းတစ်ယောက်ကိုတောင် ဒေါသအကြီးအကျယ်ထွက်သွားစေပြီး ရွှီမိသားစုကိုပါ သူ့ဘက်ပါလာအောင် သိမ်းသွင်းနိုင်တဲ့ ဒီနည်းလမ်းက ကျောက်အာမျက်လုံးထဲမှာတော့ တကယ့်ပြိုင်စံရှားပဲ။
လူတွေကို အဆဲတစ်လုံးမပါဘဲ စော်ကားရတာ ဘယ်လောက်တောင် ကောင်းလိုက်သလဲ။
ကျောက်အာက ဒီနည်းကို အရမ်းသင်ယူချင်နေတယ်။
ဘယ်ပြောလို့ရမလဲ။ တစ်နေ့ အသုံးဝင်ရင်ဝင်လာမှာပေါ့
ရွှီထင်းရှန်းကတော့ တစ်ဖက်လှည့်သွားပြီး သူမကို ကျောပေးသွားတယ်။ ကျောက်အာက လက်မလျှော့သေးဘဲ သူ့ပုခုံးကို လက်ညှိုးနဲ့တို့ရင်း ခေါ်နေတယ်။
“ဘာလဲလို့။ ဘာလို့စိတ်ကောက်နေပြန်တာလဲ”
ရွှီထင်းရှန်းက ဘာမှလည်း မဖြေဘဲ တုပ်တုပ်တောင်မလှုပ်တာကြောင့် သူမက ပိုပြီးတိုးကပ်လာတော့တယ်။ ကုတင်လေးက လူနှစ်ယောက်အိပ်ဖို့ လုံလောက်ရုံလေးမို့ သူတို့ကြား လက်တစ်ထွာအကွာအဝေးလောက်ပဲ ခြားတယ်။
သူတို့ညဝတ်အင်္ကျီတွေကလည်း ခပ်ပါးပါးမို့ ကျောက်အာ သူ့ဘက်ကုန်းလာတဲ့အခါ သူမကိုယ်ငွေ့နွေးနွေးကို ခံစားလိုက်ရပြီး ဘာကြောင့်ရယ်မသိ သင်းပျံ့နေတဲ့ ကိုယ်သင်းနံ့ဖျော့ဖျော့တောင် ရလိုက်တယ်။
တစ်ဆက်တည်းမှာပဲ သူ့နောက်ကျောကို ပြောပြလို့မရတဲ့ အိစက်စက် အသားစိုင်တစ်ခု လာကပ်တာ သိလိုက်ရတယ်။ ရွှီထင်းရှန်းက ချက်ချင်း တစ်ကိုယ်လုံး တောင့်တင်းသွားတဲ့အချိန် သူမအသံက ခေါင်းပေါ်က ထွက်လာတယ်။
“အဲဒီအဘိုးကြီး စကားတွေကို စိတ်ထဲထည့်မနေနဲ့။ ငါ ဒီလိုတော့မပြောချင်ပေမဲ့ အဒေါ်၁တို့လင်မယားက အရမ်းဉာဏ်များတာ။ သူတို့ သောင်းကျန်းပြလိုက်တာနဲ့ အဘိုးက လိုက်လျောပေးလိုက်မယ်လို့ ထင်နေတာလား မသိဘူး။ အိမ်ကလူတွေက ငြိမ်ပေးလိုက်ရင်တောင် တစ်ရွာလုံးက သူတို့ဘာလုပ်သလဲ စောင့်ကြည့်နေကြတာ။ အဲဒါကြောင့် ဘာမှစိတ်မပူနဲ့ သိလား။ နင် မြို့မှာကျောင်းတက်ကိုတက်ရမှာပါ”
22 02
သူမက နီးကပ်လွန်းလို့ စကားတစ်ခွန်းပြောတိုင်း နှုတ်ခမ်းနှစ်လွှာကြားက ထွက်လာတဲ့ အာငွေ့ပူပူက သူ့နားဖျားကို ပွတ်တိုက်သွားလို့ ရွှီထင်းရှန်းတစ်ယောက် အမှောင်ထဲမှာ တုန်တက်သွားတယ်။ နားသန်သီးကတစ်ဆင့် ပူနွေးပြင်းရှတဲ့ခံစားချက်တစ်ခုက လျှပ်စစ်စီးသလိုမျိုး သူ့ခန္ဓာကိုယ် တစ်လျှောက်ကို ဖြတ်သန်းပျံ့နှံ့သွားတယ်။
မသိလိုက်ခင်မှာပဲ သူ့အသက်ရှူနှုန်းက တဖြည်းဖြည်း မြန်ဆန်လာပြီး နောက်ဆုံးမှာတော့ သည်းမခံနိုင်တော့တဲ့အဆုံး သူမနဲ့ မျက်နှာချင်းဆိုင် လှည့်ပစ်လိုက်ရတယ်။ ကျောက်အာက စကားပြောနေတုန်းဖြစ်ပြီး သူ ရုတ်တရက်ကြီး လှည့်လာမယ် မထင်ထားဘူး။
အဲဒီလိုနဲ့ ရွှီထင်းရှန်းရဲ့ မဆင်မခြင်လုပ်ရပ်ရဲ့ ရလဒ်ကတော့ ကျောက်အာရဲ့ရင်နှစ်မွှာကြား မျက်နှာတန်းအပ်သွားတာပဲ။ ထိုအခိုက်အတန့်မှာ ရွှီထင်းရှန်းရဲ့စိတ်အာရုံတစ်ခုလုံး ဗလာကျင်းသွားပြီး တစ်စက္ကန့်လောက် အဲဒီအတိုင်းရှိနေပြီးမှ ကြောက်လန့်တကြားနဲ့ ချက်ချင်း နောက်ပြန်ဆုတ်သွားတယ်။
အထိအတွေ့လေးက မျက်တောင်တစ်ခတ်စာလေးဆိုပေမဲ့ မလွန်ဆန်နိုင်စရာ နူးညံ့အိထွေးမှုလေးကို သူ့ပါးပြင်မှာ ခံစားနေရတုန်းပဲ။ အရိုးသားဆုံးပြောရရင် ပါးလွှာတဲ့အင်္ကျီက မဖုံးကွယ်ပေးထားနိုင်တဲ့ စူဖောင်းဖောင်းအရာလေးတွေကိုတောင် ခံစားလိုက်မိသေးတယ်။
အဲဒီလိုတွေးလိုက်မိရုံနဲ့တင် အိပ်မက်ထဲက တိကျတဲ့မြင်ကွင်းတချို့ကိုပါ ပြန်ပြီး ဘွင်းဘွင်းရှင်းရှင်း မြင်ယောင်လိုက်ရတော့ နထင်မှာ စူးကနဲကျင်တက်လာတာအပြင် ဘာမှမသိတော့ဘူး။ လောလောဆယ် ဦးနှောက်တစ်ခုလုံး ကယောက်ကယက်ဖြစ်နေလို့ နှာခေါင်းဝက စီးကျလာတာတွေကိုတောင် သုတ်ဖို့ အာရုံမရှိတော့ဘူး။
“ကုန်းအာ ဘာဖြစ်တာလဲ။!”
ကျောက်အာက ရုတ်တရက် နှာခေါင်းသွေးယိုလာတဲ့ ရွှီထင်းရှန်းကြောင့် တော်တော်လန့်ဖြန့်သွားပြီး ပုခုံးကို အသာလှုပ်မေးတာတောင် ငိုင်ငိုင်ကြီးနဲ့ ဘာမှပြန်မဖြေတဲ့အတွက် ပိုစိုးရိမ်သွားရတယ်။ ကျောက်အာခမျာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ပျာယာခတ်သွားပြီး သူမအင်္ကျီလက်ဖျားစနဲ့ပဲ သွေးသုတ်ပေးဖို့ ပြင်ရတယ်။
“ဘာဖြစ်လို့လဲ။ လာ လာ သွေးတွေ အရင်သုတ်ရအောင်နော်”
သူမ လာထိဖို့ပြင်နေတာ တွေ့တော့မှ ရွှီထင်းရှန်းက သူ့နှာခေါင်းကို လက်တစ်ဖက်နဲ့အုပ်ရင်း ကျောက်အာကို အသာပြန်တွန်းထုတ်တယ်။
“ငါ ဘာမှမဖြစ်ဘူး”
သူက သွေးတွေကို လက်ဖနောင့်နဲ့ဖြစ်သလို ပွတ်သုတ်လိုက်ပြီး တစ်ဖက်အမြန်လှည့်အိပ်သွားတယ်။
“နောက်ကျနေပြီ အိပ်တော့”
“ဒါပေမဲ့ နင် ငါ မေးထားတာမဖြေရသေးဘူးလေ!”
“ဘာမှမဟုတ်ဘူး ဒီတိုင်း သေးပေါက်ပြီး ကိုယ့်ပုံကိုယ် ပြန်ကြည့်လို့ ပြောလိုက်တာ”
“ဟမ်… အာ …”
ကျောက်အာက ရှော့ရသွားပြီးမှ နားလည်သွားတဲ့ဟန်နဲ့ “သိပြီ သိပြီ ဒါပေမဲ့ အဲဒါဆိုလည်း ဒီတိုင်းပြောလိုက်ရင် ရပြီကို ဘာလို့ လေအကုန်ခံပြီး အရှည်ကြီးပြောနေတာလဲ”
သူ ဘာမှပြန်မတုံ့ပြန်တော့တဲ့အခါ ကျောက်အာက နောက်ဆုံး ပြန်လဲအိပ်သွားပြီး တစ်ယောက်တည်း ရေရွတ်နေတယ်။
“အင်းပါ မဖြေချင်လည်း ထားပါတော့ ကောင်းကောင်းအိပ် ငါ မနှောင့်ယှက်တော့ဘူး”
မနေ့ညက ယန်ကျုံး ပြဿနာအကြီးအကျယ် ရှာသွားပေမဲ့ လတ်တလောက အလုပ်ရှုပ်ဆုံး နွေဦးကောက်စိုက်ချိန်မို့ နောက်တစ်နေ့လည်းရောက်ရော ရွှီမိသားစုက ပုံမှန်အတိုင်း ပြန်လည်ပတ်ကြတယ်။
မသိရင် ဘာမှမဖြစ်ခဲ့တဲ့အတိုင်း ဘယ်သူမှ မနေ့ညက ကိစ္စကို အစမဖော်ကြဘဲ ဒီရက်ပိုင်းအတွင်း အားလုံးက ပင်ပန်းပြီး မအားလပ်နိုင်ဖြစ်နေကြပေမဲ့ အိမ်ကြီးကတော့ ငြိမ်းချမ်းနေသေးတယ်။ တစ်နေ့မှာတော့ ရွှီထင်းရှန်းနဲ့ ကျောက်အာတို့က မနက်အစောထပြီး မြို့တက်ဖို့ ပြင်ကြပြန်တယ်။
22 03
ဒါပေမဲ့ သာမန်ထက် ထူးခြားနေတာကတော့ ဒီနေ့မှာ ရွှီထင်းရှန်းက အဝတ်အစားအသစ်တွေနဲ့ ကြည့်ကောင်းနေတာပဲ။ ဦးလေးချန်းက မနက်ဖြန် ထင်းအာကို ချင်းယွမ်ကျောင်းအုပ်ကြီးနဲ့ ပေးတွေ့မယ်လို့ ရုတ်တရက်ကြီး ပြောလာတာကြောင့် ကျောက်အာခမျာ ညလုံးပေါက် ဒီဝတ်စုံကို ကသုတ်ကရက် ထိုင်ချုပ်လိုက်ရတယ်။
ကျောက်အာက ဒီတလောအတွင်း သူမ မြို့မှာမြင်ခဲ့ဖူးတဲ့ စာသင်သားတွေရဲ့အင်္ကျီကို တုပပြီး ခိုပြာရောင် ချည်သား ချန်းပေါင်(ပညာရှင်တွေ ဝတ်လေ့ရှိတဲ့ ယူနီဖောင်းပုံစံဝတ်စုံ) တစ်ထည် ဖန်တီးပေးထားတယ်။
မွမ်းမံချုပ်လုပ်ထားပုံက ရိုးရှင်းပေမဲ့ သေသပ်တဲ့လက်ရာအပြင် အသစ်လျှော်နည်းလမ်းနဲ့ တစ်ခါနှစ်ခါ လျှော်ဖွတ်အခြောက်ခံလိုက်တဲ့အခါ ချန်းပေါင်က သစ်လွင်လှပသွားတယ်။ ရွှီထင်းရှန်းက ပိန်တဲ့ဘက်သွားပေမဲ့ ဒီချန်းပေါင်ကိုဝတ်လိုက်တဲ့အခါမှာတော့ သွယ်လျတဲ့ ကျောက်စိမ်းပင်လို ထင်းထွက်ပြီး ကျော့ရှင်းနေတယ်။
သူတို့ စာအုပ်ဆိုင်လေးကိုရောက်တာနဲ့ အသင့်ပြင်ပြီးသား ဦးလေးချန်းက အချိန်မဆွဲဘဲ ရွှီထင်းရှန်းကို ဦးဆောင်ခေါ်သွားတယ်။ ကျောက်အာကတော့ သူမရဲ့လျှော်လက်စ အဝတ်ပုံနဲ့ ကျန်နေခဲ့တော့တယ်။ နှစ်ယောက်သားက ဟူယန်းမြို့ရဲ့ အရှေ့ဘက်အစွန်ကို ဦးတည်လာခဲ့တယ်။
သူတို့ လျှောက်လေလေ ဘေးပတ်ဝန်းကျင်က ပိုပိုတိတ်ဆိတ်အေးချမ်းလာလေလေပဲ။ အကြမ်းရည်တစ်အိုးစာ နှပ်လို့ပြီးတဲ့အချိန်လောက်ကျတော့ အဖြူရောင်အုတ်နံရံကြီးတွေနဲ့ ကျောက်ပြားနက်တွေ ခင်းကျင်းထားတဲ့ အဆောက်အဦးကြီးတစ်ခုက သူတို့မျက်မှောက် ထွက်ပေါ်လာတယ်။
ရွှီထင်းရှန်းရဲ့အာရုံက အဲဒီအပေါ် ချက်ချင်းရောက်သွားတာကို ဦးလေးချန်းကလည်း သတိထားမိလိုက်တယ်။
“အဲဒါ ချင်းဟယ်ကျောင်းတော်လေ”
ခဏလောက် တန့်နေပြီးမှ သူက အဲဒီအဆောက်အဦးကြီး အနောက်မှာ ကွယ်ပျောက်နေတဲ့ ခြံဝန်းလေးကို လက်ညှိုးညွှန်ပြလိုက်ပြီး “ဟိုမှာက ချင်းယွမ်ကျောင်းရဲ့ ခြံဝန်းပဲ”
မြေပြင်အနေအထားအရ ပြောရရင်တော့ ချင်းယွမ်ကျောင်းတော်ကို ရောက်ဖို့ သူတို့ချင်းဟယ်ကျောင်းတော်ကို အရင်ဖြတ်ကျော်သွားရမယ်လို့ ဆိုလိုတာပဲ။ အရှေ့တံခါးမကြီးတစ်ခုထဲနဲ့တင် ချင်းဟယ်ကျောင်းကြီးက ဘယ်လောက်ထည်ဝါကြောင်း သိနိုင်တယ်။
သူတို့တွေ့ခဲ့တဲ့ အဖြူရောင်အုတ်တံတိုင်းကြီးက အကာအရံသက်သက်သာဖြစ်ပြီး နံရံပေါ်က တစွန်းတစထွက်နေတဲ့ ခေါင်မိုးချွန်တွေကအစ အတော်လေး မျက်စိပသာဒဖြစ်စေတယ်။
ဝင်ပေါက်အပေါ်တည့်တည့်မှာ ‘ချင်းဟယ်ကျောင်းတော်’ဆိုတဲ့ နာမည်ကို ပြောင်လက်နေတဲ့ အနက်ရောင်ဘုတ်ပြားအောက်ခံပြီး ရွှေရည်နဲ့ ရေးထိုးထားကာ တင်းတင်းပိတ်ထားတဲ့ တံခါးကြီးနှစ်ချပ်ကလည်း ရေနံချေးဝနေအောင်သုတ်ထားတယ်။
“ဆုံးဖြတ်ချက် ပြောင်းချင်တယ်ဆိုရင် အချိန်မှီသေးတယ်နော်”
ဦးလေးချန်းက ချင်းဟယ်ကျောင်းကို ဇက်ညောင်းမတတ် မော့ကြည့်နေတဲ့ ရွှီထင်းရှန်းပုံကိုမြင်တော့ တစ်ခါသတိပေးလိုက်တယ်။ သူတို့တွေ ချင်းဟယ်ကျောင်းတော်ကြီးရဲ့ အထင်ကြီးလောက်စရာ ဂိတ်တံခါးကို ဖြတ်ကျော်လာခဲ့ပြီးချိန်မှာတော့ မြင့်မားပေမဲ့ အိုဟောင်းနေတဲ့ ခြံစည်းရိုးတွေ ကာရံထားတဲ့ ခြံဝန်းထဲ ရောက်လာခဲ့တယ်။
အတွင်းရှိ ခန်းဆောင်တွေကတော့ သူ့အကန့်နဲ့သူ ပိုင်းခြားထားပြီး သက်တမ်းရင့်ပုံပေါ်သော်လည်း ကောင်းကောင်းထိန်းသိမ်းထားမှန်း သိသာပါတယ်။ ကျောင်းဝန်းငယ်လေးက ရိုးရှင်းပြီး နွေးထွေးဟန်ရတယ်။
သစ်သားနံရံတွေက အဖြူညစ်ညစ် ပြောင်းနေပြီး ခေါင်မိုးအုတ်ကြွပ်ပြားတွေကတော့ ခဲနက်ရောင်ဘက်သွားတယ်။ ကျောင်းနာမည်ဘုတ်ပြားကလည်း ‘ချင်းယွမ်ကျောင်းတော်’ဆိုတဲ့ တစ်လုံးကိုသာ ရှင်းရှင်းလင်းလင်း ရေးထားပြီး စောစောက ဘုတ်ပြားနဲ့ယှဥ်ရင် အများကြီး ပိုသေးကွေးတယ်။
အပေါ်ယံအမြင်အရ ပြောရမယ်ဆို ဘယ်နေရာကြည့်ကြည့် ချင်းဟယ်ကျောင်းတော်ထက် နိမ့်ကျနေတာတော့ အမှန်ပဲ။ အဲဒီလိုဆိုရင်တောင် ထိုနာမည်ဘုတ်ပြားအောက်ရပ်ပြီး မော့ကြည့်လိုက်တဲ့အခါ ရွှီထင်းရှန်းက တည်ငြိမ်အေးချမ်းခြင်းကို တစ်ပါတည်း တွဲခံစားလိုက်ရတယ်။
22 04
“ဒီငယ်သားက ရောက်တောင်ရောက်လာပြီးမှတော့ ဆုံးဖြတ်ချက်ပြင်ဖို့ စိတ်ကူးမရှိပါဘူး”
ဦးလေးချန်းက သူ့ကို အသိအမှတ်ပြုဟန်တစ်ချက်ကြည့်ပြီးတော့မှ သူတို့ရောက်လာကြောင်း စကားပါးဖို့ အထဲကို ခြေချလိုက်တယ်။ သိပ်မကြာခင်မှာပဲ အသက်ကြီးကြီး အလုပ်သမားတစ်ယောက်က အနားရောက်လာပြီး သူ့ကြည့်ရတာ ဦးလေးချန်းကို တွေ့တာနဲ့ မှတ်မိသွားပုံရတယ်။
ဘာမှအများကြီးမေးမနေဘဲ အဓိကကျောင်းဝန်းဆီ လမ်းပြခေါ်ဆောင်သွားတယ်။ ဒီကျောင်းလေးက သိမ်နုပ်ပုံရသော်လည်း တခြားသာမန်ကျောင်းတွေလိုပဲ ပစ္စည်းပစ္စယ အစုံအလင်ရှိတယ်။ သူတို့ ကျောက်ပီ(ရှေးတရုတ်ရိုးရာအိမ်တော် / ကျောင်းတော်တွေမှာ မကောင်းတဲ့အရာတွေ ဝင်မရအောင်တားဆီးထားတဲ့ အကာအရံတစ်ခု) ကို ဖြတ်ကျော်လာတာနဲ့ အလယ်မှာ ဟောခန်းမကြီးတစ်ခုနဲ့ သူ့တစ်ဖက်တစ်ချက်စီမှာ တခြားအဆောင်ကြီးနှစ်ခုကို ထပ်တွေ့လိုက်ရတယ်။
ဘယ်ဘက်အဆောင်ကတော့ ဆရာကြီး ကွန်ဖြူးရှပ်ကို ဂုဏ်ပြုထားတဲ့ နတ်ကွန်းဖြစ်ပြီး ညာဘက်ကတော့ ဆရာတွေနားနေဆောင်နဲ့ စာကြည့်တိုက်တွဲလုပ်ထားတယ်။ ဟောခန်းမကြီးကို ကျော်ရင်တော့ မြှားပစ်ဝန်းရယ် ကျောင်းသားအဆောင်နဲ့ မီးဖိုချောင်တို့ တည်ရှိတယ်။
ရွှီထင်းရှန်းက ဆောက်ထားတဲ့ပုံစံကို ကြည့်လိုက်တာနဲ့တင် ဘယ်နေရာမှာ ဘာရှိသလဲဆိုတာ ခန့်မှန်းလို့ရနေပြီ။ အကြောင်းကတော့ အိပ်မက်ထဲမှာလည်း ချင်းဟယ်ကျောင်းတော်ကို တက်ရောက်ခဲ့တဲ့အပြင် တခြားကျောင်းတွေအကုန် ဖွဲ့စည်းတည်ဆောက်ပုံချင်း အတူတူဖြစ်နေလို့ပဲ။
အဓိကကွာသွားတာဆိုလို့ ချင်းဟယ်ကျောင်းတော်က ချင်းယွမ်ထက်စာရင် ဧရိယာပိုမို ကျယ်ဝန်းပြီး အဆောက်အဦးတွေကလည်း ပိုခမ်းနားထည်ဝါကြတယ်။ ဦးလေးချန်းက သွားနေကျအတိုင်း ရွှီထင်းရှန်းကို ညာဘက်အဆောင်ဆီ တန်းခေါ်သွားပြီး အခန်းလေးတွေအများကြီးထဲက တစ်ခန်းအရှေ့မှာ ရပ်လိုက်တယ်။
သူက မဝင်ခင် ကိုယ့်အဝတ်အစားကိုယ် ဆန့်ပြန့်အောင် ပြင်ပြီးမှ ရွှီထင်းရှန်းကိုခေါ်ပြီး အထဲဝင်လာခဲ့တယ်။ အခန်းလေးက ရိုးရှင်းသေသပ်စွာ ခင်းကျင်းထားပြီး အလယ်တည့်တည့်က နံရံပေါ်မှာတော့ *‘နင်ကျင်းကျိယွင်’ ဆိုတဲ့ စာတစ်ကြောင်းကို လက်ရေးခပ်ကြီးကြီးနဲ့ ရေးသွင်းချိတ်ဆွဲထားတယ်။
(*ရေသေက ပိုနက်သလိုမျိုး တရုတ်ဆိုရိုးစကားတစ်ခုဖြစ်ပြီး စိတ်တည်ငြိမ်လေ အောင်မြင်ဖို့ ပိုများလေလို့ အဓိပ္ပာယ်ရပါတယ်)
ထိုစာကြောင်းအရှေ့မှာ ရပ်နေတဲ့ သက်လတ်ပိုင်းအရွယ် ပိန်သွယ်သွယ် လူတစ်ယောက်က နက်ပြာရောင် ချန်းပေါင်နဲ့အတူ ပညာရှိတွေဝတ်လေ့ရှိတဲ့ လေးထောင့်သဏ္ဍာန် ဖုထိုကိုလည်း ဆောင်းထားသေးတယ်။
သူတို့ဝင်လာတာ သတိထားမိပုံရသွားတဲ့သူက နောက်လှည့်ကြည့်လာတယ်။ ဒီဆရာကြီးရဲ့ မျက်ခုံးတန်းတွေက ဖြောင့်တန်းနေပြီး ပါးရိုးကျတဲ့မျက်နှာပေါက်နဲ့ ကျိုးတို့ကျဲတဲ မုတ်ဆိတ်မွှေးတချို့ ရှိတယ်။
တည်ငြိမ်တဲ့မျက်ဝန်းတွေနဲ့ သူ့ကြည့်ရတာ အတော်လေး လေးနက်တင်းကျပ်ပုံရပြီး အသိပညာလည်း မနည်းတဲ့ပုံပဲ။ သူကတော့ ချင်းယွမ်ရဲ့ကျောင်းအုပ်ဆရာကြီး လင်းမြောင်ပဲ။
“ဆရာတူအစ်ကိုကြီးကို ဒုက္ခပေးဖို့ ရောက်လာပါပြီ”
ဦးလေးချန်းက တက်ကြွတဲ့အပြုံးတစ်ခုနဲ့ လက်နှစ်ဖက်ယှက်ကာ အရိုအသေပေးရင်း ရွှတ်နောက်နောက်ဆိုလာတယ်။
“ညီလေး မော့”
လင်းမြောင်ရဲ့နှုတ်ခမ်းတွေက ကွေးတက်သွားပုံအရ ဦးလေးချန်းနဲ့ ရင်းနှီးတာ ကျိန်းသေတယ်။ နှစ်ယောက်သားက တစ်ခဏလောက် အပြန်အလှန် နေကောင်းကျန်းမာလား မေးပြီးတော့မှ ဦးလေးချန်းက ရွှီထင်းရှန်းကို မိတ်ဆက်ပေးလိုက်တယ်။
“ဒါ ကျွန်တော်ပြောပြောနေတဲ့ ကောင်လေးလေ”
22 05
လင်းမြောင်က သူ့အကြည့်တွေကို ရွှီထင်းရှန်းဆီ ပို့လိုက်တယ်။ အနည်းဆုံးတော့ အိပ်မက်ထဲမှာ ဘုရင်မင်းမြတ်တွေနဲ့တောင် အခါခါ မျက်နှာချင်းဆိုင်ဖူးတဲ့ ရွှီထင်းရှန်းက အခုကျမှ ဒီလူ့အပေါ် အတော်လေး ကျိုးကြောင်းရှင်းပြမရတဲ့ လေးစားရိုသေမှုနဲ့အတူ ရှိန်နေမိတယ်။
“တပည့် ရွှီထင်းရှန်းက ဆရာကြီးကို နှုတ်ခွန်းဆက်သပါတယ်”
ဒါပေမဲ့လည်း ဂနာမငြိမ်တဲ့ကြားက သင့်တင့်လျောက်ပတ်အောင် နှုတ်ဆက်လိုက်နိုင်တာပါပဲ။ လင်းမြောင်က ခါးကို ၉၀ ဒီဂရီလောက် ငုံ့ကိုင်းပြီး နှုတ်ဆက်လာတဲ့ ရွှီထင်းရှန်းကို တစ်ချက်ခေါင်းညိတ်ပြပြီး
“ကောင်းပြီလေ ကျောင်းအပ်ဖို့လာမှတော့ တက်လို့ရပါတယ်။ ကျောင်းတော်ကြီးက နောက် ၁၀ရက်အတွင်း ဖွင့်လိမ့်မယ် အဲဒီအခါ ပြန်လာခဲ့ပါ”
“ကျေးဇူးတင်ပါတယ် ဆရာကြီး”
ဦးလေးချန်းက လင်းမြောင်ကို ကြည့်လိုက်ပြီး တစ်ခုခုပြောချင်ဟန်ရတာကြောင့် ရွှီထင်းရှန်းကလည်း အလိုက်တသိပဲ ကျောင်းပတ်ပတ်လည်ကို ရင်းနှီးအောင် လျှောက်ကြည့်ပါရစေလို့ ခွင့်တောင်းကာ ရှောင်ထွက်ပေးလိုက်တယ်။
“ရှုစ်ရှုံး ဒီညီငယ်ရဲ့ အမြင်ကိုမယုံဘူးလား။ ကျွန်တော် အဲဒီကောင်လေးကို အချိန်တစ်ခုအထိ သေချာစောင့်ကြည့်ပြီးတော့မှ ခေါ်လာခဲ့တာပါ။ သူက သင်ယူချင်စိတ်လည်းရှိပြီး လေ့လာနိုင်စွမ်းလည်း ကောင်းသလို စာသင်သားတစ်ယောက်မှာ ရှိသင့်တဲ့ ကိုယ်ကျင့်တရားလည်းရှိတယ်။ လိုနေတာဆိုလို့ ဆရာကောင်းတစ်ယောက်ပဲရှိတာ။ အဲဒါကြောင့် သင်ပြပေးမဲ့ လူကောင်းနဲ့သာတွေ့သွားရင် အဲဒီကလေးရဲ့အနာဂတ်က အဆုံးမရှိ ထွန်းတောက်သွားလိမ့်မယ်”
လင်းမြောင်ရဲ့ တုံ့ပြန်ပုံက သိပ်သာမန်ဆန်လွန်းလို့ ဦးလေးချန်းက စိတ်ထဲထင့်သွားရတာ။ သူယုံကြည်တာကတော့ လင်းမြောင်သာ ရွှီထင်းရှန်းရဲ့လက်ရေးကို မြင်ပြီးသွားရင် ဒီကောင်လေးကို သာမန်လို့မထင်လောက်တော့ပါဘူး။
သေချာပေါက် လက်ရေးလှအတတ်ကို ချစ်မြတ်နိုးတဲ့သူတစ်ယောက်အနေနဲ့ လင်းမြောင်က ရွှီထင်းရှန်းကို အနိးကပ်တပည့်အဖြစ် လက်ခံဖို့ ပိုစိတ်အားထက်သန်သွားမှာ။ အထူးသဖြင့် သူ ထောက်ခံပေးထားတဲ့ ကျောင်းသားလည်း ဖြစ်နေတယ်လေ။
အနီးကပ်တပည့်ဆိုတာ သာမန်ကျောင်းသားတွေနဲ့မတူဘဲ သူ့ခေါင်းစဥ်အတိုင်း ရင်အုပ်မကွာ သင်ကြားပေးချင်တဲ့လူကို ဆိုလိုတာ။ ‘ဆရာတစ်ခါဖြစ်တာက တစ်သက်တာ ဖခင်အရာပဲ’ဆိုတဲ့အတိုင်း ကျောင်းသားတစ်ယောက်က မူလတန်းကနေ ဝင်ခွင့်ဖြေတဲ့အချိန်အထိ ဆရာပေါင်းများစွာနဲ့ သင်ခဲ့ဖူးမှာပဲ။
ကျောင်းစစတက်ချင်းတုန်းက သင်ပေးတဲ့လူကို လက်ဦးဆရာလို့ခေါ်ပြီး ‘ရှေ့ဆောင်လမ်းပြဆရာ’ကတော့ ဘဝရဲ့အတွေ့အကြုံတွေကိုပါ ပေါင်းစပ်သင်ပြပေးတဲ့လူကို ရည်ရွယ်တာဖြစ်တယ်။
စာတွေ့သင်ကြားပြီးသွားတဲ့အခါ လက်တွေ့ကမ္ဘာကြီးထဲကို ဝင်တိုးဖို့ ဘဝအတွေ့အကြုံတွေကလည်း လိုသေးတယ်။ အဲဒါကြောင့် ကျောင်းသားတစ်ယောက်အတွက် ‘ရှေ့ဆောင်လမ်းပြဆရာ’က အရေးပါဆုံးပဲ။
အဲဒီနောက်မှာ ‘လူမှုရေးဆရာ’နဲ့ ‘သဘာပတိ’တို့လည်း ရှိသေးပေမဲ့ သူတို့ကတော့ ဒီနေရာမှာ ရည်ညွှန်းလို့မရသေးဘူး။ ဦးလေးချန်း ဆိုလိုချင်တာက လင်းမြောင်ကို ရွှီထင်းရှန်းရဲ့ ‘လူမှုရေးဆရာ’ရော ‘ရှေ့ဆောင်လမ်းပြ’ရော လုပ်ပေးစေချင်တာပဲ။
ဒီလိုတပည့်တပန်းအဖြစ် လက်ခံလိုက်တာနဲ့ ထိုဆရာက ကျောင်းသားအပေါ် ဆရာစားမချန်ဘဲ သူသိထားတာမှန်သမျှ သင်ပေးလေ့ရှိသလို တပည့်ဖြစ်သူကလည်း လိုအပ်ရင် အနစ်နာခံရတာမျိုးတွေ ရှိတာကြောင့် ‘ဆရာတစ်ခါဖြစ်တာက တစ်သက်တာ ဖခင်အရာပဲ’ ဆိုတဲ့စကားပေါ်ပေါက်လာခဲ့တာ။
လက်ရှိကာလမှာ ဆရာနဲ့တပည့်တိုးကြား ဒီလိုသားအဖဆက်ဆံရေးမျိုး တည်ဆောက်တာက သူတို့ပညာတတ်အသိုင်းအဝိုင်းအတွင်းမှာ အတော်လေး ခေတ်စားလာတယ်။
လင်းမြောင်က သဘောတကျ ထုတ်ရယ်လိုက်ပြီး “ညီလေး မော့က ဒီကောင်လေးကို သိပ်မှန်းထားတာပဲ”
ဦးလေးချန်းက ဒီတစ်ခါတော့ သရော်တော်တော်လေသံနဲ့ “ဟမ့် ကျွန်တော်က အစ်ကိုကြီးအတွက် စိတ်မပူရင် ဒီလိုတကူးတကတောင် လာခဲ့ပါ့မလား။ လာမဲ့ ၁၀လပိုင်းပြိုင်ပွဲကို မမေ့နဲ့ဦး ဒီနှစ်လည်း ချင်းယွမ်က ထပ်ရှုံးရင် …”
22 06
ဦးလေးချန်းက ဘာမှဆက်မပြောတော့ပေမဲ့ လင်းမြောင်ကတော့ နောက်ဆက်တွဲစကားတွေကို ခန့်မှန်းမိပြီးသား။
“အင်း… ဒီကိစ္စတွေဆိုတာ ကောင်းကင်ဘုံက ဆုံးဖြတ်တာပါလေ။ ကံကြမ္မာက သတ်မှတ်ထားရင် ဖြစ်မဲ့အရာက ဖြစ်တာပါပဲ”
ဦးလေးချန်းက လက်မခံချင်သလိုနဲ့ ခေါင်းယမ်းရင်း စိတ်ဆိုးမာန်ဆိုး ပြောလာတယ်။
“အိုင်းယား အစ်ကိုကြီးရဲ့အဲဒီစိတ်နဲ့တော့ မဖြစ်သေးပါဘူး။ သူကသာ အကောင်းမြင်နေတာ။ တခြားလူတွေက ကံကိုတောင် တစ်ပတ်ရိုက်သွားကြတာ ကျွန်တော်တို့ နှစ်တိုင်း အဲဒီအကျင့်ယုတ်တဲ့ကောင်တွေဆီမှာ ရှုံးနေရင် ဘယ်အလားအလာရှိတဲ့ ကျောင်းသားမှ ဒီကိုစာလာသင်မှာမဟုတ်တော့ဘူး ဒီတိုင်းဆက်သွားနေရင် ဘာတွေဖြစ်လာမယ် ထင်လဲ”
“ဟင်း ညီလေး မော့ ဘာမှနားမလည်ပါဘူး”
“ဟုတ်ပါတယ် ဟုတ်ပါတယ် ကျွန်တော်က နားမလည်ဘူးဆိုရင်တောင် ဒီတိုင်းထားလိုက်ရင် ချင်းယွမ်ကျောင်းတော်က အစ်ကိုကြီးလက်ထက်မှာတင် နာမည်ရှိတော့မှာမဟုတ်ဘူး!”
ဒီတစ်ခွန်း သူ့ပါးစပ်က အံကျလာတာနဲ့ တစ်ခန်းလုံး တိတ်ဆိတ်သွားတယ်။ လင်းမြောင်ကြည့်ရတာ ငြင်းခုံဖို့တောင် ပင်ပန်းနေတဲ့ပုံနဲ့ ဦးလေးချန်းကတော့ သူစကားလွန်မိသွားတာ သဘောပေါက်လို့ လေသံကို ပြန်လျှော့လိုက်တယ်။
“အစ်ကိုကြီးကိုတော့ ဘယ်လိုပြောမှ ဖြောင်းဖြနိုင်မလဲ မသိတော့ဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ တော်လောက်မဲ့ ကျောင်းသားကို ခေါ်လာခဲ့ပြီးသွားပြီ။ အဲဒီကောင်လေးက ထွန်းပေါက်မှာကိုလည်း ယုံကြည်တယ်။ ကျန်တာကတော့ အစ်ကိုကြီး သင့်သလိုသာ ဆက်လုပ်ပါတော့”
လင်းမြောင်က ခေါင်းညိတ်ပြတယ်။
“ညီလေး မော့ရဲ့စဥ်းစားပေးမှုကို ဒီအစ်ကိုကြီးက ကျေးဇူးတင်ပါတယ် ကောင်လေးကို တပည့်လုပ်မလုပ်ကတော့ နောင်မှာ ဆုံးဖြတ်ရမှာပဲ ဒါပေမဲ့လည်း တစ်ခုတော့ စိတ်ချပါ ချင်းယွမ်ကျောင်းတော်ထဲ ခြေချလိုက်တာနဲ့ ဒီဆရာက သူ့ကို အကောင်းဆုံး သင်ပြပေးမှာပါ”
ဦးလေးချန်းကလည်း လင်းမြောင်ရဲ့ စိုးရိမ်သောကတွေကို နားလည်တာကြောင့် ဘာမှထပ်မတိုက်တွန်းတော့ဘူး။ သူတို့နှစ်ယောက်က ခဏလောက် ရောက်တတ်ရာရာ ပြောပြီးတော့မှ ဦးလေးချန်းက နှုတ်ဆက်ပြီး ထွက်လာခဲ့လိုက်တယ်။
သူအခန်းပြင်ထွက်လာတဲ့အခါ ရွှီထင်းရှန်းကလည်း ကျောင်းကိုလေ့လာခြင်းအမှု ပြီးဆုံးသွားတာနဲ့ ကွက်တိဖြစ်သွားတယ်။ အလုပ်သမားတစ်ယောက်က သူ့ကို ကျောင်းဝန်းရဲ့ လေးဖက်လေးလံကို လိုက်လံပြသခဲ့ပြီး ကျောင်းတော်ကြီးက အိုဟောင်းနေပြီဆိုရင်တောင် ဥယျာဥ်အတွင်း တိကျစွာ ပုံသွင်းထားတဲ့ ပန်းပင်တွေ ချုံပင်တွေကို ကြည့်တာနဲ့တင် အထိန်းအသိမ်းကောင်းမှန်း ပေါ်လွင်တယ်။
ဒီနေရာက ချင်းဟယ်ကျောင်းတော်လို ကြွယ်ဝခြင်းနဲ့ ပကာသနတွေ မရှိသော်ငြား ရိုးရိုးရှင်းရှင်းနဲ့ အာရုံစူးစိုက်လို့ကောင်းမဲ့ ဆိတ်ငြိမ်ရာလေးပဲ။ သူတို့နှစ်ယောက် ကျောင်းဝန်းထဲက ထွက်လာတဲ့တစ်လျှောက်မှာ ရွှီထင်းရှန်းက ကုန်ကျစရိတ်အကြောင်း မေးလိုက်တယ်။
အဲဒီတော့မှ ချင်းယွမ်ကျောင်းတော်ရဲ့ ကျောင်းလခက အတော်လေး သက်သာတာ သိလိုက်ရတာ။ ထုံးစံအရ ရိုးရာလက်ဆောင် ၆မျိုးအပြင် ကျောင်းသားတစ်ဦးက တစ်နှစ်လုံးနေမှ ငွေ ၁တုံးသာ ပေးရတယ်။
တခြားပွဲတော်ရက်အတွက် လက်ဆောင်ပဏာတွေကတော့ ကျောင်းသားဘက်က အဆင်ပြေမပြေအပေါ်ပဲ မူတည်တယ်တဲ့။ အဆောင်နေဖို့အတွက်ကလည်း နယ်ဝေးကလာတဲ့လူတွေအတွက် ကျောင်းဝန်းထဲမှာပဲ နေစရာစီစဥ်ပေးထားပြီး လိုက်နာရမှာဆိုလို့ မနက်ခင်းအတန်းချိန်တွေကို မှန်မှန်တက်ပေးရမယ်ဆိုတဲ့ စည်းကမ်းတစ်ခုပဲရှိတယ်။
ပိုက်ဆံခြွေတာချင်တဲ့ ကျောင်းသားတွေအတွက် ကျောင်းကအကျွေးအမွေးကို မယူဘဲ ကိုယ့်ဘာသာ အိမ်ကထမင်းချိုင့်ထည့်လာလည်း အဆင်ပြေတယ်လို့ သိရပြီး မအားလပ်တဲ့လူတွေကတော့ ကိုယ့်စားစရိတ်အတွက် လစဥ်ငွေသွင်းထားရုံပဲ။
22 07
ဒီအချက်တွေက ကျောင်းလာအပ်တာနဲ့ အခကြေးငွေ အမြောက်အမြား ကောက်ခံပြီး အဆောင်မှာပဲနေ ကျောင်းကကျွေးတာပဲ စားရမယ်ဆိုတဲ့ ချင်းဟယ်ကျောင်းတော်နဲ့ အတော်လေး ကွာခြားနေတယ်။ ဦးလေးချန်းရဲ့ပြောစကားအရဆို ချင်းယွမ်ကျောင်းတော်က အရင်က အထက်ကပညာရေးစရိတ် ချပေးခဲ့တဲ့အချိန်တုန်းကဆို တစ်နှစ်စာ ငွေ ၁တုံးကိုတောင် မတောင်းခဲ့ဘူးဆိုပဲ။
သူတို့ ဒီအခွင့်အလမ်းကို ရုတ်သိမ်းခံလိုက်ရလို့သာ အခကြေးငွေကောက်တာဖြစ်တယ်။ ဘယ်လိုမဆို ကျောင်းမှာ ကူလုပ်နေတဲ့အလုပ်သမားတွေမှာလည်း ထောက်ပံ့ရမဲ့ မိသားစုတွေ ရှိနေသေးတယ်လေ။
ဦးလေးချန်းက ဒါတွေရှင်းပြနေတဲ့တစ်လျှောက်လုံး သက်ပြင်းတွေ အကြိမ်ကြိမ်ချနေခဲ့တာ မရေမတွက်နိုင်အောင်ပဲ။ ရွှီထင်းရှန်းကိုယ်တိုင်လည်း သူ့စိတ်ထဲ နောင်တအချို့ရလိုက်တယ်။
တကယ်လို့ အိပ်မက်ထဲက ‘သူ’သာ နာမည်ဂုဏ်သတင်းတွေ နားယောင်ပြီး ချင်းဟယ်မှာ ကျောင်းသွားမတက်ဘူးဆို ကျောက်အာလည်း သူ့ကျောင်းစရိတ်အတွက် ကုန်းရုန်းရှာနေရာ မလိုသလို ‘သူ့’ကို မိသားစုတွေ ပစ်ပယ်သွားတုန်းကလည်း မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားမှာမဟုတ်ဘူး။
အဲဒါထက် သူလည်း ချင်းဟယ်ကျောင်းတော်မှာ ဘာအကျိုးကျေးဇူးမှမရှိတဲ့ သုံးနှစ်တာ အချိန်ကာလကို ဖြုန်းတီးပစ်လိုက်မိမှာ မဟုတ်ဘူး။ ကံကောင်းလို့ လက်ရှိသူကတော့ အဲဒီအိပ်မက်ကြောင့် အသိတရားရသွားလို့ပေါ့။
အဲဒီလိုနဲ့ ရွှီထင်းရှန်းတစ်ယောက် ဘာကြောင့်ရယ်မှန်းမသိ ရင်ထဲတော်တော်လေး စိတ်သက်သာရာရသွားခဲ့တော့တယ်။
…………………
******