← Chapters

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

23 01

အပိုင်း 23.1

နေ့လယ်စာ စားသောက်ပြီးတဲ့အခါ ရွှီမိသားစုဝင် အားလုံးနီးပါးက အညောင်းအညာဖြေဖို့ ကိုယ့်အခန်းကိုယ် ဝင်သွားကြပြီး အဒေါ်ကျိုးတစ်ယောက်သာ ထမင်းဝိုင်းသိမ်းဖို့ ကျန်ခဲ့တယ်။ အဒေါ်ကျိုးက ပန်းကန်ခွက်ယောက်တွေမှန်သမျှ ဆေးကြောသိမ်းဆည်းပြီးလို့ သူမတို့အိပ်ခန်းထဲ ပြန်ဝင်လာတဲ့အခါ ကုတင်ပေါ်မှာ လဲနှင့်နေတဲ့ သူ့ယောက်ျားကို တန်းတွေ့လိုက်ရတယ်။

ရွှီချင်းပိုင်က အရုဏ်တက်ချိန်ကတည်းက တစ်နံနက်လုံး လယ်ထဲလုပ်ကိုင်ခဲ့ရတာကြောင့် တော်တော်နုံးချိနေပြီ။ သူ့မိန်းမကို မြင်တော့မှ အသာခေါင်းထောင်ကြည့်လာပြီး လက်ယပ်ခေါ်လိုက်တယ်။

“လာလေ မင်းလည်း ပန်းနေရောပေါ့ ခဏလာနားလိုက်”

“အောင်မယ်လေး ကျွန်မက ဘာပင်ပန်းရမှာလဲ။ ဒီလောက်ကတော့ ကျင့်သားရနေပြီ”

သူမက ပါးစပ်ကသာ ဒီလိုပြောလိုက်တာ လူကတော့ ခြေအိတ်တွေချွတ်လို့ ကုတင်ပေါ်တက်နှင့်ပြီးနေပြီ။ အဒေါ်ကျိုးက ရွှီချင်းပိုင်ဘေးနားမှာ တင်ပလင်ခွေထိုင်ကာ သူ့ယောက်ျားရဲ့ကျောက်စိုင်ပမာ မာကျောကြမ်းတမ်းတဲ့ ခြေသလုံးကြွက်သားတွေကို အသေအချာနှိပ်ပေးနေတယ်။

“ရှင်လည်း အရမ်းပင်ပန်းနေရင် ဒီတစ်နေ့တော့ နားလိုက်တော့။ ကိုယ့်ကိုယ်ကိုယ် တအားမခိုင်းနဲ့ ဪ ဟုတ်သား အကူခေါ်ဖို့ကိစ္စကရော… အဖေ ဘာမှမပြောသေးဘူးလား”

ရွှီမိသားစုမှာ ဘိုးဘွားစဥ်ဆက်ပိုင်လာတဲ့ လယ်ကွက်ပေါင်း ၃၀ မုတောင်ရှိတာမို့ အိမ်က ယောက်ျားသားတွေချည်း သိမ်းကျုံးလုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ရွှီချင်းစုန့် ရှိတုန်းကတောင် လက်မလည်တဲ့ ဒီလိုရာသီမှာ ရွာထဲက ယာယီလုပ်သားတွေကို ငှားခဲ့ရတာပဲ။

တောရွာဓလေ့အတိုင်း အားလုံးက တစ်ရွာထဲသားတွေမို့ အိမ်နီးနားချင်း အချင်းချင်း လိုအပ်ရင် ကူပေးကြမှာဆိုပေမဲ့ သူတို့က အချိန်တိုင်း အလကားခိုင်းနေလို့မှမရတာ။ ‘တစ်လုပ်စားဖူး သူ့ကျေးဇူး’ဆိုတဲ့အတိုင်း သူတို့ ရွှီမိသားစုကလည်း အားလုံးကို ထိုက်သင့်သလောက် လုပ်အားခပေးခဲ့ပါတယ်။

ဒါက နှစ်တိုင်းလိုလို ငှားနေကျမို့လို့ အဲဒီလုပ်သားတွေက အခုလောက်ဆို လယ်ထဲ ရှိနေရတော့မှာ။ စိုက်ပျိုးရာသီက လျင်မြန်စွာ နီးကပ်လာပြီဆိုသော်ငြား အဘိုးရွှီကတော့ ဘာမှမလှုပ်ရှားသေးဘူး။ ဒီအကြောင်း ပြောလာတော့ ရွှီချင်းပိုင်ရဲ့မျက်ခုံးတွေက စိုးရိမ်မှုကြောင့် တွန့်ချိုးသွားတယ်။

သူက ခဏလောက် တုံ့ဆိုင်းနေပြီးတော့မှ “အဖေ့ပုံစံကို ကြည့်ရတာတော့ ဒီနှစ် ဘယ်သူ့ကိုမှ မငှားလောက်ဘူး ထင်တာပဲ”

“ဘယ်သူမှမငှားဘူး။ သူတို့ကို မငှားဘဲ ဘယ်လိုလုပ်မှာလဲ” အဒေါ် ကျိုးရဲ့မျက်နှာက ချက်ချင်း မဲကျသွားတယ်။ “ဒီလောက် လယ်တွေအများကြီး ကျွန်မတို့က တစ်ယောက်တည်း အသားကုန် နွားလိုရုန်းရမှာလား”

ရွှီချင်းပိုင်ရဲ့ နှုတ်ခမ်းနှစ်လွှာက ခပ်တင်းတင်း စေ့ပိတ်သွားတယ်။

“အင်း ငါထင်တာတော့ အဖေတို့ အဲဒီအတွက် မတတ်နိုင်တော့တာ ဖြစ်လိမ့်မယ်”

သူ့အပြောမှာ အဒေါ်ကျိုးရဲ့ သုန်မှုန်နေတဲ့မျက်နှာက ချက်ချင်းဆိုသလို အကျည်းတန်တဲ့ဘက် ကူးပြောင်းသွားတယ်။ ထိုအချိန် နံရံတစ်ဖက်ခြား အခန်းမှာ ရွှီထောက်အာက သူ့မိဘနှစ်ယောက်ပြောနေတာတွေကို တစ်ချိန်လုံး နားထောင်နေခဲ့တာကြောင့် ဒီတစ်ခေါက်မှာတော့ သည်းမခံနိုင်တော့တဲ့သူမက တစ်ဖက်ခန်းတံခါးကို အားနဲ့ဆွဲဖွင့် ဝင်ရောက်လာခဲ့တယ်။

“အဖေ အဘိုးတို့က ဒီလိုလိုအပ်တဲ့နေရာကျ ဘယ်လိုလုပ် မတတ်နိုင်ဘူး ဖြစ်သွားရတာလဲ။ အလုပ်သမားတစ်ယောက်ခေါ်မှ အစားအသောက်အပါအဝင် တစ်နေ့ ကြေး ၃၀ပဲပေးရတာ။ တစ်ပတ်လုံး အကူ ၅ယောက်လောက်ခေါ်တောင် ကုန်မဲ့ငွေက ငွေတစ်တုံးမပြည့်ဘူး။ တကယ်လို့ ဒီထက်ပိုကုန်မယ်ဆိုရင်တောင် လူ့အသက်ထက် ဘာကပိုအရေးကြီးမှာလဲ။ သမီးတော့ ဦးလေး၁တို့မိသားစု ရေးကြီးခွင်ကျယ်လုပ်လို့ အဘိုးက ရွှီကျွင်းခိုင်ကိုပါ ကျောင်းထားပေးဖို့ လုပ်နေမှာပဲ စိုးတယ်။ သမီးတို့ လူမငှားနိုင်ဘူးဆို အဲဒါကပဲ အဓိကအကြောင်းအရင်းဖြစ်လိမ့်မယ်”

23 02

“ဒါပေမဲ့ မု ၃၀လုံးကို လူသုံးယောက်ပဲ လုပ်ရအောင် အဖေက ရှင်တို့ကို သေတဲ့အထိ ခိုင်းချင်နေတာလား”

အဒေါ်ကျိုးရဲ့ အံကြိတ်အော်ဟစ်သံက တစ်ခန်းလုံးကို ပဲ့တင်သံထပ်သွားစေတယ်။ စတုတ္ထမြောက်သား ရွှီချင်းဟွိုင်က အလုပ်များတဲ့ကာလမှာ နည်းနည်းပါးပါး ဝင်ကူပေးတယ်ဆိုရင်တောင် သူ့မှာ လယ်လုပ်တာလောက် မပင်ပန်းဘဲ ပိုက်ဆံလည်း ပိုများများရတဲ့ ပျံကျကုန်သည်အလုပ် ရှိသေးတယ်လေ။

အဲဒါကြောင့်လည်း အဘိုးရွှီတို့က သူ့ကို ဒီအလုပ်ကနားပြီး လယ်ယာ လာမလုပ်ခိုင်းတာပေါ့။ နောက်ပြီး အဘိုးရွှီကလည်း မငယ်တော့တာကြောင့် စိတ်ဆောင်သလောက် ကိုယ်မပါနိုင်တော့ဘူး။ ဒီတော့ ရှိသမျှလယ်ကွက်အားလုံးရဲ့ ဝန်က ရွှီချင်းပိုင်တစ်ယောက်တည်းပေါ် ကျလာတော့တယ်။

“အဲဒိလိုတော့ မဟုတ်လောက်ပါဘူး။ အဖေလည်း လာကူပေးတာပဲ ကြည့်ရတာ ငါတို့က ဒီတိုင်းအတွေးလွန်နေတာ နေမှာပါ။ အဖေ့မှာလည်း သူ့ဘာသာ စီစဥ်ထားတာ ရှိမှာပေါ့”

ဒီစကားကြားတော့ အဒေါ်ကျိုးရဲ့နှုတ်ခမ်းတစ်ဖက်က သရော်ဟန်မဲ့လိုက်ပေမဲ့ ဘာမှ ထပ်မပြောလာတော့ဘူး။ ရွှီထောက်အာကတော့ မခံမရပ်နိုင်ဖြစ်နေပုံရတယ်။ ရွှီချင်းပိုင်က သူ့ခေါင်းသူ အူကြောင်ကြောင် ကုပ်လိုက်ပြီးမှ

“အေးပါ မင်းတို့ စိတ်ဖိစီးမနေနဲ့တော့။ ခဏနေ ငါအဖေ့ကို ဒီကိစ္စသွားပြောလိုက်မယ်”

“ရှင့်ဘာသာ လုပ်ချင်တာလုပ်တော့ ကိုယ့်ကိုယ်ကိုယ် မညှာလို့ သေအောင်လုပ်ချင်ရင်တောင် ရှင့်မှာ မိန်းမနဲ့သားသမီးတွေ ရှိသေးတယ်ဆိုတာသာ ခေါင်းထဲထည့်ထား။ ရှင့်တူ ကုန်းကျစ်တစ်ယောက် မိဘတွေ မရှိတော့တာနဲ့ ဘယ်လိုနေနေရသလဲဆိုတာ တွေ့တယ်မလား။ ရွှီချင်းပိုင် ရှင့်မှာလည်း သားတစ်ယောက်ရှိသေးတယ်ဆိုတာ မမေ့နဲ့!!”

အဲဒီလို နောက်ဆုံးတစ်ခွန်းကိုပြောပြီးသွားတဲ့အခါ အဒေါ်ကျိုးက သူ့သမီးကိုဆွဲခေါ်ပြီး အတွင်းခန်းထဲ ဝင်သွားတော့တယ်။ ဒါက အမြဲတမ်း ရိုးရိုးအေးအေး နေတတ်တဲ့ အဒေါ်ကျိုးတစ်ယောက် ရွှီချင်းပိုင်အရှေ့မှာ အသံကျယ်ကျယ်နဲ့ ကြမ်းတမ်းတဲ့စကားတွေ ပြောဖူးတာ ပထမဆုံးပဲ။ တစ်ခဏလောက်အထိ ရွှီချင်းပိုင်က ကြက်သေသေနေခဲ့ပေမဲ့ တစ်အောင့်နေမှ သူ့မျက်နှာပေါ် ခါးသီးတဲ့အမူအရာတစ်ခု ဖြတ်ပြေးသွားခဲ့တယ်။

ထိုနေ့‌မွန်းလွဲပိုင်းမှာပဲ သူတို့တွေ လယ်ထဲပြန်သွားတဲ့လမ်းတစ်လျှောက်မှာ ရွှီချင်းပိုင်က ယာယီလုပ်သားခေါ်ဖို့ကိစ္စ အဘိုးရွှီကို ပြောပြလိုက်တယ်။ ရွှီချင်းပိုင်ဆိုတာ ဘာဖြစ်ဖြစ် ခေါင်းငုံ့ပြီး ကိုယ့်အလုပ်ကိုယ်လုပ်ကာ အမြဲတစေ စကားနည်းခဲ့တဲ့လူစားမျိုး။

ဒါပေမဲ့ ဒီနေ့တော့ အဲဒီလိုမဟုတ်တော့ဘူး။ ဒီနေ့က အဘိုးရွှီအရှေ့မှာ သူ့လုပ်ပိုင်ခွင့်ကိုကျော်ပြီး အခက်အခဲတွေကို ပထမဆုံးအကြိမ် တိုက်ရိုက်တင်ပြလာခဲ့တယ်။ သူ့စိတ်ထဲမှာတော့ အဘိုး ရွှီက စဥ်းစားဦးမယ်ဆိုတာ သိနေတာမို့ ပိုတောင်ထုတ်ပြောဖို့ မသက်မသာဖြစ်နေခဲ့တာ။

အဘိုးရွှီက သူ့တတိယသားကို သေချာကြည့်ကြည့်လိုက်တယ်။ သားကြီးနဲ့ သား ၄တို့နဲ့ယှဥ်ရင် သား ၃က အများကြီးပို ရုပ်ရင့်နေတယ်။ သူက အရပ်ရှည်ရှည် ကိုယ်လုံးတောင့်တောင့်ဆိုရင်တောင် မျက်နှာပေါ်က အရေးကြောင်းတွေကတော့ အသက်အရွယ်နဲ့မလိုက်အောင် ရှိနေတယ်။

ဒါတွေက ဟင်းလင်းပြင်ထဲမှာ တစ်နှစ်ပတ်လုံး အမိုးအကာမရှိ အလုပ်လုပ်ခဲ့လို့ နေနဲ့တိုက်ရိုက်ထိတွေ့ခဲ့ရတဲ့ နောက်ဆက်တွဲရလဒ်တွေပဲ။ အပေါ်ပိုင်းအရေပြားတွေက နေလောင်ကာ ကွာကျလာပြီး အတွင်းပိုင်းအလွှာထဲက ရေဓာတ်ကိုပါ ခမ်းခြောက်သွားစေတာမို့ သူ့မျက်နှာအသားအရည်ကို သားရေလိုဖြစ်သွားစေတာ။

တစ်ချိန်လုံး နေပူထဲထွက်နေရတဲ့ ဘယ်သူမဆို ဒီလိုဖြစ်ကြတာပဲ။ အခုမှ မတ်လဆန်းမို့ သူများတွေက ဂွမ်းအနွေးထည်တွေ ဝတ်နေရသေးတဲ့အချိန် သူ့တစ်ကိုယ်လုံးကတော့ အခုလေးတင် လယ်ကွင်းထဲကပြန်လာတာမို့ မဲနက်ကာ မျက်နှာကအဆီပြန်နေပြီး အင်္ကျီကလည်း ချွေးတွေနဲ့ စိုကပ်နေသေးတယ်။

အဘိုးရွှီရဲ့မျက်လုံးတွေက နက်မှောင်သွားပြီး သူ့ရဲ့မသိမသာ ကိုင်းနေတဲ့ခါးက ပိုတောင် ငုံ့ကျသွားတယ်။ နောက်တော့ သူ့ရယ်သံက ခါးသက်မှုအနည်းငယ်နဲ့အတူ ရောထွက်လာတယ်။

“မင်းအဖေက တော်တော်အတာပဲနော်။ အရင်ကတော့ ငွေကြေးကျပ်တည်းလာရင် ငါပိုလုပ်လိုက်ပါမယ်ဆိုတဲ့စိတ်နဲ့ အလုပ်သမားမငှားဘူးလို့တွက်ထားတာ ငါ့သားတွေက သံမဏိနဲ့ထုထားတာ မဟုတ်မှန်း မေ့သွားတာ ထင်ပါတယ်ကွာ။ အေးပါ ခဏနေ အဖေရွာထဲသွားပြီး လူငှားသွားရှာလိုက်မယ် ဟုတ်ပြီလား”

23 03

ဒီစကားလမ်းကြောင်းကိုစဖောက်တာ ရွှီချင်းပိုင်ဆိုပေမဲ့ အဘိုးရွှီက ဒီလိုပြောလာတော့လည်း သူကိုယ်တိုင် အပြစ်ရှိသလို ခံစားလိုက်ရပြန်တယ်။ သူ့ခြေထောက်တွေက စုတ်ဖွာနေတဲ့ ကောက်ရိုးဖိနပ်ထဲ လေးလံသွားပြီး ကြီးမားကာ အသားမာတက်နေတဲ့ လက်ဖဝါးနှစ်ဖက်ကို မနေတတ်သလို ပွတ်သပ်လိုက်မိတယ်။

“အဖေ တကယ်လို့ အဲဒါအဆင်မပြေလည်း ကျွန်တော်တို့သုံးယောက်ပဲ အရင်လုပ်ထားလိုက်လို့ ရပါတယ်။ အရမ်းအလျင်လိုစရာ မလိုပါဘူး”

အဘိုးရွှီက ခါးမတ်လိုက်ပြီး သူ့ကိုငြင်းဆန်ခွင့်မရှိအောင် အသံကျယ်ကျယ်နဲ့ ယတိပြတ်ဆိုတယ်။

“အလုပ်သမားပဲ ငှားမယ် အခုမင်းက နွားလှည်းပြန်ယူသွား။ ငါရွာထဲမှာ သွားမေးစမ်းကြည့်လိုက်ဦးမယ်”

****

ရွှီချင်းဟွိုင်က ဒီတစ်နေ့စာ နေရာတကာ လှည့်ပတ်အရောင်းအဝယ်လုပ်ပြီးလို့ အိမ်ပြန်လာတဲ့အချိန် နေလုံးကြီးတောင် မိုးကုတ်စက်ဝိုင်းမှာ မေးတင်နေပြီ။ သူခြံထဲခြေချလိုက်တာနဲ့ အိမ်ရှေ့ကွပ်ပျစ်မှာ ရွာထဲကယောက်ျားသားအချို့ ထိုင်နေတာတွေ့လိုက်ရပြီး သူတို့က သူ့ကိုနှုတ်ဆက်ပြီးမှ အဘိုးရွှီဘက်လှည့်ကာ မနက်ဖြန်နံနက်စလာမယ်လို့ ဆိုရင်း ပြန်သွားကြတယ်။

ရွှီချင်းဟွိုင်က သူတို့အုပ်စုထဲက သူနဲ့ရင်းနှီးတဲ့ကာလသား တစ်ယောက်နှစ်ယောက်နဲ့ စကားစမြည်ပြောပြီးတော့မှ သူလွယ်ထားတဲ့ခြင်းတောင်းကို ဂိုဒေါင်ထဲသိမ်းကာ သူတို့အဆောင်ဆီ ဝင်လာခဲ့တယ်။

အဒေါ်စွန်းက သူပြန်လာတာမြင်တာနဲ့ ရေတစ်ခွက် အမြန်သွားခပ်လာပေးတယ်။ ရွှီချင်းဟွိုင် မျက်နှာသစ် ခြေလက်သန့်စင်လုပ်နေတဲ့အချိန်မှာပဲ သူမက ဘေးနားမှာရပ်ပြီး လေသံလေးနဲ့ အတင်းချတယ်။

“အဖေပြန်ရောက်လာတော့ အနောက်မှာ ရွာထဲကလူတွေအများကြီး တန်းစီပါလာတာ ကြည့်ရတာ ခဲအို ၃နဲ့လယ်ထဲကပြန်လာတာနဲ့ ရွာထဲမှာ အကူတွေသွားရှာလာတာ ထင်ပါတယ်။ ကျွန်မအထင်တော့ တတိယမိသားစုခွဲကလူတွေလည်း ဒီထက်ပိုပြီး သည်းမခံနိုင်တော့လို့ အဖေ့ကို တစ်ခုခုပြောလိုက်တာ ဖြစ်လိမ့်မယ်”

ရွှီချင်းဟွိုင်က မေးစေ့အောက်က တစက်စက်ကျနေတဲ့ ရေသီးရေပေါက်တွေကို လက်နဲ့ပွတ်သုတ်လိုက်ပြီး “ဘယ်လိုဖြစ်ဖြစ် လူကတော့ငှားရမှာပဲလေ။ တကယ်လို့ အစ်ကို ၃တို့ ဘာမှမပြောတောင် ငါပြောမှာပဲ။ ဒီအတိုင်းကြီး ငါတို့သားအဖတွေပဲ အပင်ပန်းခံလို့ဘယ်ဖြစ်မလဲ”

ထိုအခါ အဒေါ်စွန်းက လက်သင့်မခံချင်ဟန် ဘောက်ဆတ်ဆတ်ထပြောတယ်။

“ရှင်ကတော့လေ ဝင်မပါစမ်းပါနဲ့။ ဒီတိုင်း ဘာဆက်ဖြစ်မလဲသာ စောင့်ကြည့်စမ်းပါ ယောင်းမ ၃က ပုံမှန်ဆို အေးအေးနေတတ်ပေမဲ့ အခုတော့ သူတစ်ခုခုကြံနေလောက်ပြီလို့ ကျွန်မခံစားနေရတယ်။ ကျွန်မပြောတာတွေ သေချာမှတ်ထား သူလည်း ဒီကိစ္စကို တိတ်တိတ်လေး မပြီးသွားနိုင်ဘဲ ပေါက်ကွဲလိမ့်မယ် ရှင်ကြည့်နေ!”

“မင်းပြောပုံကိုလည်း ကြည့်ပါဦး မရီးက အဲ့လိုဆိုတောင် သူ့ယောက်ျားသူ စိတ်ပူလို့လေ။ ငါလည်း လယ်ထဲဆင်းနေရတာပဲဟာ မင်းက ကိုယ့်ယောက်ျား ဘာဖြစ်ဖြစ် မစိုးရိမ်ဘူးလား”

အဒေါ်စွန်းက ချက်ချင်း တိတ်ကျသွားတော့ ရွှီချင်းဟွိုင်က သူမကိုတစ်ချက်စောင်းကြည့်ပြီး “ပြီးတော့ မင်းကို အရင်ထဲက အရေးပါတဲ့အရာတွေအပေါ်မှာပဲ အာရုံထားပါလို့ မပြောဘူးလား။ ဘာလို့ အမြဲတမ်း မိသားစုအချင်းချင်းကြားထဲမှာတောင် လိုက်ပြိုင်ပြီး လိုက်နှိုင်းနေတာလဲ။ မပင်ပန်းဘူးလား ဟမ်”

အဒေါ် စွန်းက ဘာမှထပ်မကြားချင်တော့ဟန်နဲ့ “ကျွန်မက မပင်ပန်းဘူးလို့ ရှင်ထင်လား။ နေ့တိုင်း ရှင့်အစ်ကိုကြီး မငြိုငြင်အောင် အကောင်းဆုံးလုပ်ပေးနေရတာ ဘာလို့ဆို မောက်ဒန်လေး ကြီးလာတဲ့အခါကျ သူ့ကျောင်းမှာ စာသင်ပေးအောင်လို့ ဘယ်သူသိမလဲ။ ကျွန်မတို့မောက်ဒန်လေးလည်း စာလေ့လာတာမှာ ပါရမီပါလာပြီး ထုန်ရှန်းဖြစ်ဖြစ် ရှို့ချိုင်ဖြစ်ဖြစ် ဖြစ်သွားနိုင်တာပဲ။ အဲဒါကြောင့် သူတို့ကို မစော်ကားမိအောင် ဒီလိုအတွင်းရေးကိစ္စတွေမှာမပါချင်လည်း ပါနေရတာ ရှင်သိလား”

ရွှီချင်းဟွိုင်ကတော့ သူမရဲ့ပြောဆိုချက်တွေကို နားမယောင်ဘဲ “မောက်ဒန်လေးကို စာသင်ပေးဖို့ အစ်ကိုကြီးကို တကူးတက မျက်နှာ လုပ်နေစရာမလိုပါဘူး သူအရွယ်ရောက်လာတာနဲ့ အစ်ကိုကြီးက ကျောင်းတက်ခွင့်ပေးမှာပေါ့”

23 04

အဒေါ်စွန်းကတော့ သူ့ယောက်ျားရဲ့ စုံလုံးကန်းမှုအပေါ် မျက်လုံးလှန်လိုက်မိပြီး “ရှင် တုံးတာလား အတာလား။ ဟမ် ရိုးရိုးကျောင်းသားနဲ့ အနီးကပ်တပည့်နဲ့က ဘယ်တူပါ့မလဲ။ အခုရှောင်ကျွင်းနဲ့ ကုန်းကျစ်တို့ကိုပဲ ကြည့်ပါလား။ သူနှစ်ယောက်လုံးကို စာသင်ပေးတာဟုတ်တယ်။ ဒါပေမဲ့ ကုန်းကျစ်က ဘာလို့ ရှောင်ကျွင်းထက် အတန်းပိုနိမ့်နေရတာလဲ။ ဘယ်ဆရာက ဆရာစားမချန်ဘဲနေမှာလဲ။ သူ ကုန်းကျစ်ကိုသင်ပေးတုန်းက သူ့သားကို ကျော်တက်သွားမှာစိုးလို့ တမင်တကာ လျှော့သင်ပေးခဲ့တယ်လို့ မထင်ဘူးလား”

“ဒါပေမဲ့ ကုန်းကျစ်က ပြိုင်ပွဲမှာ ကျွင်းခိုင်ကို နိုင်သွားတာပဲလေ”

အဒေါ်စွန်းက ဒီတန်ပြန်စကားကြောင့် နင်သွားပေမဲ့ ဘာပဲဖြစ်ဖြစ် ဆက်ငြင်းခုံလိုက်တုန်းပဲ။

“အဲဒီတုန်းက အဲဒီကောင်လေး ဘယ်လိုအကျိုးနည်းပြီး ကံကောင်းသွားလဲမှမသိတာ။ ခဲအို ၂တို့လင်မယားရဲ့ နောက်ဆုံးဆန္ဒကြောင့်သာမဟုတ်ရင် ရှင့်အစ်ကိုကြီးက ကုန်းကျစ်ကို မျက်စိထဲထည့်မယ်လို့တောင် ထင်နေတာလား”

“တတိယမိသားစုခွဲက ရွှမ်းကျစ်ကိုပဲ ကြည့်ဦး သူလည်း မငယ်တော့ဘူး။ ဒါပေမဲ့ ရှင့်အစ်ကိုကြီးက သူ့ကို ဉာဏ်မကောင်းဘူးဆိုပြီး စာသင်ပေးဖို့ ဆက်တိုက်အချိန်ဆွဲနေတာ။ ကျွန်မအမြင်မှာတော့ ရွှမ်းကျစ်လည်း အဲဒီလိုနဲ့ နောက်ဆုံးလယ်ထဲပဲ အခိုင်းခံရတော့မှာ ကျိန်းသေတယ်။ ကျွန်မကတော့ ကျွန်မရဲ့မောက်ဒန်လေးကို တစ်နေ့တစ်နေ့ ခါးကျိုးအောင် လုပ်ရပြီး ညပြန်လာတော့လည်း အခန့်သားထိုင်စားနေတဲ့သူတွေရဲ့ စောဒကတွေ ထိုင်နားထောင်ရမဲ့အဖြစ်ကို လုံးဝအဖြစ်ခံမှာမဟုတ်ဘူး”

ဒီနေရာမှာတော့ အဒေါ်စွန်းရဲ့စကားတွေက သွေးထွက်အောင်မှန်လွန်းနေလို့ ရွှီချင်းဟွိုင်ရဲ့အမူအရာက တမဟုတ်ချင်း ဟန်ဆောင်လို့မရအောင် ပျက်ကျသွားတယ်။ အမှန်တော့ သူတို့ညီအစ်ကို လေးယောက်ထဲမှာ နည်းနည်းတုံးအတဲ့ ရွှီချင်းပိုင်ကလွဲရင် ကျန်တဲ့သုံးယောက်စလုံးက အတော်လေး ထက်မြက်ကြတယ်။

ရွှီချင်းဟွိုင်က ရွှီချင်းရှန်ထက် ဆယ်နှစ်ကျော်ကျော် ပိုငယ်ပြီး သူသိတတ်စအရွယ်မှာတင် သူ့အစ်ကိုကြီးက မိဘတွေရဲ့အသည်းညှာလေး ဖြစ်နေခဲ့ပြီ။ သူတို့တွေ အိမ်ရဲ့လက်တိုလက်တောင်းနဲ့ နွားစာတွေ စဥ်းနေရတဲ့အချိန် ရွှီချင်းရှန်ကတော့ နေ့တိုင်း အိမ်ထဲမှာပဲ စာလုပ်ရင်း သက်တောင့်သက်သာ နေခဲ့ရတာ။

ဒါပေမဲ့ အငယ်ဆုံးဖြစ်တဲ့ ရွှီချင်းဟွိုင်မှာလည်း စာလေ့လာချင်တဲ့ တိတ်တခိုး စိတ်ကူးအိပ်မက်လေးတစ်ခု ရှိတာကိုတော့ ဘယ်သူမှမသိသလို ဘယ်သူမှလည်း မသိချင်ခဲ့ပါဘူး။ သူ ဆယ်ကျော်သက်အရွယ်တုန်းက လူကြီးတွေ နွားကျောင်းခိုင်းတဲ့အချိန်ဆို အနီးအနားက ရွာကျောင်းလေးတွေမှာ ဆရာတွေ သင်ပေးတာကို သွားသွားခိုးနားထောင်ရတာ မှတ်မိပါသေးတယ်။

ဘာလို့ဆို အဲဒီကတည်းက သူတို့မိသားစုက တစ်ယောက်ကို ထောက်ပံ့ပေးနေတာမို့ နောက်တစ်ယောက်အတွက် မတတ်နိုင်တော့ဘူးဆိုတာ သူ ကောင်းကောင်းနားလည်လို့ပဲ။ အစ်ကို ၂က လက်မှုပညာကို စတင်သင်ယူခဲ့တဲ့အချိန် အစ်ကို ၃ကလည်း လယ်လုပ်ငန်းတွေမှာ စိတ်ချနေရပြီ။

သူကတော့ ကျန်တဲ့တစ်ဘဝလုံး မြေဩဇာတွေကြားမှာ မရှင်သန်သွားချင်တဲ့အတွက် နောက်ဆုံးရွေးချယ်မှုဖြစ်တဲ့ ဒီပျံကျကုန်သည်အလုပ်ကို သင်ယူခဲ့တာ။ တကယ်တမ်း သူ့ရွေးချယ်မှု မှန်ကန်ခဲ့တယ်လို့ ပြောလို့ရပါတယ်။

အခုဆို အနည်းဆုံးတော့ မပင်မပန်းနဲ့ ငွေရှာနိုင်နေပြီလေ။ ရာသီစက်ဝန်းတွေ အထပ်ထပ်လည်သွားပြီးတဲ့နောက်မှာတော့ သူ့မှာ မိန်းမနဲ့ကလေးနဲ့ မိသားစုလေးတစ်ခု ရှိလာပြီ။ အခုမေးစရာက သူ့ကလေးကိုရော သူ့ခြေရာအတိုင်း လိုက်နင်းစေချင်ရဲ့လား ဆိုတာပဲ။

“ကျွန်မ ရှင့်မိသားစုကို မကောင်းပြောတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အကြီးဆုံးမိသားစုက လွန်လွန်းတယ်။ မဆိုင်တဲ့ ဦးကြီးယန်ကိုတောင် ဆွဲထည့်ပြီး ပြဿနာရှာတာ။ ရှင်ကြည့်နေ ရှင့်အဖေကလည်း ကျွင်းခိုင်ကို ကျောင်းထားပေးဖို့ စီစဥ်နေတာ။ အဲဒါကြောင့် လုပ်သားငှားဖို့ ဒီလောက်အထိ အချိန်ဆွဲနေတာပေါ့”

သူ့မိန်းမအသံစွာစွာကြောင့် အတွေးနယ်ထဲက ရုန်းထွက်လာနိုင်တဲ့ ရွှီချင်းဟွိုင်က ခါးခါးသီးသီး ရယ်မောလိုက်ပြီးမှ “ဒါဆို အဖေတို့က အဲဒီအတွက် ပိုက်ဆံကို ဘယ်ကသွားရှာမှာလဲ”

ရွှီမိသားစုတစ်ခုလုံးရဲ့ ဘဏ္ဍာရေးကို အဘိုးရွှီတို့လင်မယားနှစ်ယောက်က ဦးစီးတာဆိုပေမဲ့ တစ်နှစ်တစ်နှစ် သူတို့စိုက်ပျိုးနေတာရဲ့ ဘယ်နှစ်ပုံက အခွန်ပေးရပြီး ဘယ်နှစ်ပုံလောက် အမြတ်ကျန်လဲဆိုတာရယ် သူ့စီးပွားရေးလေးက ဘယ်လောက်ကျန်သလဲဆိုတာရယ်တော့ သူသိပါသေးတယ်။

23 05

အမှန်အတိုင်းပြောရရင် သူတို့လုပ်နေတဲ့ အလုပ်မျိုးစုံက ဝင်ငွေတွေနဲ့ဆို နည်းနည်းကျပ်တည်းရင်တောင် ကလေးနှစ်ယောက်လောက် တစ်ပြိုင်တည်း စာသင်ပေးလို့ ရတယ်။ ချင်းဟယ်ကျောင်းတော်မှာ ငါးနှစ်ဆက်တိုက် တက်ပြီး အခုချိန်အထိ ‘အဆက်အသွယ်ရဖို့’ဆိုတဲ့ အကြောင်းပြချက်နဲ့ ရှိသမျှအခမ်းအနားတွေ လိုက်တက်ကာ မိဘတွေဆီက လက်ဖြန့်တောင်းနေသေးတဲ့ ရွှီချင်းရှန်သာ မရှိရင်ပေါ့။

သူ့လုပ်ပုံက ရွှီမိသားစုမှာ ရွှေတွင်းကြီးရှိရင်တောင် သူ့လက်ချက်နဲ့ပဲ အားလုံးပြောင်သွားမှာ ကျိန်းသေတယ်။

“တကယ်လို့ လုံးဝ ပိုက်ဆံမရှိဘူးဆိုရင်လည်း လယ်တွေ ရောင်းလိုက်လို့မရဘူးလား။အဲဒါတွေကရော ပိုက်ဆံမဟုတ်ဘူးလား”

အဒေါ်စွန်းက စိတ်ပေါက်ပေါက်နဲ့ အဆုံးစွန်အထိ ပြောလာတော့ ရွှီချင်းဟွိုင်က ဆူပူလိုက်တယ်။

“ပေါက်ကရတွေ ပြောမနေနဲ့။ အဖေက ဘယ်တော့မှ သူ့လယ်တွေကို ရောင်းမှာမဟုတ်ဘူး”

…………

******

23 06

အပိုင်း 23.2

မြေဆိုတာ လယ်စိုက်စားတဲ့မိသားစုတွေအတွက်တော့ မျိုးရိုးစဥ်ဆက် လက်ဆင့်ကမ်းလာခဲ့တဲ့ ဘိုးဘွားရတနာတစ်ခုပဲ။ ဒါကြောင့် မိသားစုက ငတ်ပြတ်နေတဲ့အခြေအနေမှမဟုတ်ရင် ဘယ်သူမှ ကိုယ့်အပိုင်မြေကို ရောင်းစားကြမှာမဟုတ်ဘူး။

အဒေါ် စွန်းက သရော်လိုက်ပြန်တယ်။

“ဟမ့် ဟုတ်လား။ အခုတော့ ပုံသေတွက်လို့မရတော့ပါဘူး။ ရှင့်ရဲ့အစ်ကိုကြီးတို့လင်မယားက ဒီတလောအတွင်း တဖြည်းဖြည်း လောဘတက်လာလိုက်တာ။ သူတို့က ရှိသမျှအကုန် သိုက်တူးဖို့တွေးနေကြပြီ။ ဦးကြီး ယန်လုပ်သွားတဲ့ ပြဿနာက ဒီလောက်နဲ့ ပြီးသွားမယ်ထင်နေလား။ ရှင် ဆက်သာ စောင့်ကြည့်နေလိုက် ဇာတ်လမ်းက မပြီးသေးဘူး!”

နည်းနည်း ဒေါသထွက်လာတဲ့ ရွှီချင်းဟွိုင်က စိတ်မရှည်တော့ဘူး။

“မင်းကသာ အမြဲတမ်း ရေးကြီးခွင်ကျယ်လုပ်နေတာ အိမ်မှာ ဘာပြဿနာမှမရှိတောင် မင်းက မီးခွက်ထွန်းရှာနေဦးမှာပဲ”

ထိုအခါ အဒေါ်စွန်းရဲ့မျက်စောင်းက သူ့ဆီ တည့်တည့်ပစ်ဝင်လာပြီး “ဪ အဲဒါရှင့်ရဲ့ ဉာဏ်များလွန်းတဲ့ မိသားစုဝင်တွေကြောင့်ပဲ မဟုတ်ဘူးလား။ ကျွန်မက အားလုံးကို ဇာချဲ့နေရတာ အရမ်းကြိုက်လွန်းလို့များ ထင်နေတာလား။ ပြီးတော့ ဒါတွေ ဘယ်သူ့အတွက် လုပ်နေတယ် ထင်လဲ။ ရှင်နဲ့ရှင့်သားအတွက်ပဲလေ ဘယ့်နှယ့် သူ့မိသားစုက အေးချမ်းနေရင် ငါက အားလုံးကို လိုက်ပြောနေမှာတဲ့လား။ နောက်ပြီး ဘယ်တော့ ကျွန်မတို့အိမ်ခွဲရမှာလဲ။ အားလုံးမြန်မြန် ကိုယ့်အိမ်နဲ့ကိုယ် ဖြစ်သွားလည်း ကောင်းတာပဲ အဲဒါမှ ရှင်ရော ကျွန်မရော အေးအေးချမ်းချမ်း နေရမှာ ဒါပေမဲ့ အခုအခြေအနေကို ကြည့်ရတာတော့ ဒီအိုးထဲမှာပဲ အတူတူထိုင်ပြီး ဘယ်နှနှစ်လောက် ထပ်အပြုတ်ခံရဦးမလဲ မသိဘူး။ ဒီအပူတွေကို သည်းခံနေရသမျှတော့ ကျွန်မလည်း ပါးစပ်မပိတ်နိုင်ဘူး။ ရှင်လည်း နားထောင်ရမယ် မထောင်ချင်တောင် ထောင်ရမယ် ရှင်းလား”

အဲဒီအချိန် အပြင်က အဒေါ်ကျိုးရဲ့ ညစာရပြီဖြစ်ကြောင်း လှမ်းအော်တဲ့အသံ ထွက်လာတော့မှ အဒေါ်စွန်းက သူ့ယောက်ျားကို နောက်ဆုံးမျက်စောင်းတစ်ချက်နဲ့ ဆောင့်အောင့်စွာ ထွက်သွားတယ်။ ကျန်ခဲ့တဲ့ ရွှီချင်းဟွိုင်ကတော့ စိတ်ရှုပ်ရှုပ်နဲ့ သက်ပြင်းသာ ချလိုက်မိတယ်။

သူမရဲ့ရက်စက်တဲ့ပြောစကားတွေကို ဖယ်ထားလိုက်ရင် အဒေါ်စွန်းက အရိပ်အခြည်ကြည့်တတ်ပြီး အိမ်ထဲမှာ ဘာတွေဘယ်လိုဖြစ်နေလဲဆိုတာ ခြုံငုံနားလည်တဲ့အထိ လျင်တာတော့ အမှန်ပဲ။ အဲဒီလိုမှမဟုတ်ရင် သူတို့မိသားစုခွဲလေး ပြိုလဲသွားတာ ကြာလှပေါ့။

ထမင်းဝိုင်းမှာ လေထုအခြေအနေက အတော်တင်းမာနေပြီး လူတိုင်းက ခေါင်းငုံ့ကာ ကိုယ့်ထမင်းကိုယ် တိတ်တဆိတ် စားသောက်နေကြတယ်။ တစ်လုပ်၊နှစ်လုပ် စားပြီးသွားတဲ့နောက် အဘွားကျောက်က ရုတ်တရက် တူချကာ မတ်တပ်ထရပ်လာတယ်။

“ဘယ်သွားမလို့လဲ။ မစားတော့ဘူးလား”

“ကျွင်းခိုင်ကို သွားကြည့်မလို့ အဲဒီကလေးက ငယ်ငယ်ကတည်းက အမြဲတမ်း ကျန်းမာရေးကောင်းခဲ့တာ။ အခုတော့ အိပ်ရာထဲကတောင် မထနိုင်ဘဲ မစားမသောက်တာ ဘယ်နှစ်ရက်ရှိနေပြီလဲ။ သူ့အတွက် ခံတွင်းတွေ့အောင် ကြက်ဥဂျုံခေါက်ဆွဲလုပ်ပေးမလို့ မြေးလေးအတွက် ရှင့်ဦးနှောက်ထဲနေရာမရှိရင်တောင် ကျွန်မကတော့ ရှိတယ်!”

အဘွားကျောက်က သူမရင်ထဲက စိုးရိမ်ပူပန်စိတ်နဲ့ ဒေါသတရားတွေကို မထိန်းနိုင်တော့ဘဲ သူမ ပြောလေ ပိုပြီးမခံမရပ်ဖြစ်ရလေပဲ။ အဲဒီလိုနဲ့ ခါးတစ်ဝိုက်က သော့တွဲကိုကိုင်ပြီး ဂျုံဖြူယူဖို့အတွက် သူမတို့အခန်းဆီ ဦးတည်သွားတယ်။

ဂျုံဖြူဆိုတာ ရွှီမိသားစုအတွက်တော့ ဇိမ်ခံအစားအသောက်ဖြစ်တဲ့အတွက် အဘွားကျောက်တို့ရဲ့ အိပ်ခန်းထဲက သေတ္တာထဲမှာ အမြဲလိုလို သိုလှောင်သိမ်းဆည်းထားခဲ့တာ။

“မင်း …”

အဘိုးရွှီက ပြောဖို့ခက်သွားတဲ့အခါ အဒေါ်ယန်က ချက်ချင်း မတ်တပ်ထရပ်ပြီး “မလုပ်ပါနဲ့ အမေ ဘာကိုဂျုံခေါက်ဆွဲလဲ။ ဂျုံဖြူက ဈေးကြီးလွန်းလို့ ဘယ်သူမှတောင် မထိရသေးဘူးမလား။ ရှောင်ကျွင်းအတွက်နဲ့တော့ အမေကိုယ်တိုင်အပင်ပန်းခံပြီး လုပ်ပေးစရာမလိုပါဘူး”

သူမက တစ်ခန်းလုံးကို မသိမသာ ဝေ့ဝဲကြည့်ရင်း မသက်သာလို့ ထုတ်ပြောလာတယ်။

23 07

“ငါလုပ်ပေးမယ်ဆို လုပ်ပေးမယ်ပဲ ကျွင်းခိုင်က အိပ်ရာထဲလဲတဲ့အထိ ဖျားနေတာ ဒီခေါက်ဆွဲလေးတစ်ခွက်များ ဘာအရေးလဲ။ တကယ်လို့ တစ်ယောက်ယောက်က အထွန့်တက်ချင်တယ်ဆို လာလေ ငါ့မျက်နှာတည့်တည့် လာပြောလိုက်စမ်းပါ”

ဒီလိုပြတ်သားတဲ့ ဆုံးဖြတ်ချက်နဲ့ အဘွားကျောက်က သိပ်မကြာခင်မှာတင် ဂျုံဖြူတစ်ပန်းကန်နဲ့ ပြန်ထွက်လာပြီး မီးဖိုချောင်ထဲ တန်းယူသွားတယ်။ အဒေါ်ယန်ကတော့ အားလုံးကို ကိုးရိုးကားရားနိုင်စွာ တစ်ချက်ပြုံးပြလိုက်ပြီးမှ အိမ်နောက်ဖေး အမြန်လိုက်ဝင်သွားတယ်။

အားလုံးစားသောက်ပြီးတဲ့အခါ အဒေါ်ကျိုးတို့သားအမိက ထမင်းစားပွဲသိမ်းလိုက်ပြီး ကျန်တဲ့လူတွေကလည်း ကိုယ့်သက်ဆိုင်ရာအခန်းဆီ အလျှိုလျှိုပြန်သွားကြတယ်။ မီးဖိုချောင်ထဲမှာတော့ သမီးယောက္ခမနှစ်ယောက်က တကုပ်ကုပ်နဲ့ ကြက်ဥဂျုံခေါက်ဆွဲ ပြင်ဆင်နေကြတယ်။

အားလုံးကျက်တဲ့အခါ အဘွားကျောက်က သူကိုယ်တိုင် ခေါက်ဆွဲပန်းကန်ကို အကြီးဆုံးမိသားစုခွဲနေတဲ့ အဆောင်ဘက် သယ်လာပေးတယ်။ ရွှီကျွင်းခိုင်မှာ တကယ်ကြီး သူ့တစ်ယောက်တည်းအပိုင်အခန်းလေး ရှိတယ်။

အစကတော့ ရွှီချင်းရှန်ရဲ့စာကြည့်ခန်းဆိုပေမဲ့ နောက်တော့ သူအရွယ်ရောက်လာတာနဲ့ ပြူတင်းပေါက်နားမှာ အပူပေးအိပ်ရာတစ်ခု ထည့်သွင်းကာ ကွက်တိလေးထောင့်ကျကျအခန်းလေးထဲမှာ အိပ်ရာရယ် စာအုပ်စင်တွေရယ် ထိုင်ခုံနှစ်လုံးနဲ့အတူ စာရေးစားပွဲတစ်ခုပါ ရှိတယ်။

နံရံပေါ်မှာလည်း စာသင်သားတစ်ယောက်အခန်းနဲ့ပိုတူအောင်ဆိုကာ ရွှီချင်းရှန် ယူလာပေးတဲ့ လက်ရေးလှပန်းချီအချို့ ချိတ်ဆွဲထားသေးတယ်။ လောလောဆယ် ရွှီကျွင်းခိုင်က အိပ်ရာပေါ်မှာ အားမရှိစွာ လဲလျောင်းနေပြီး မျက်နှာက ဖြူဖတ်ကာ ခြောက်သွေ့အက်ကွဲနေတဲ့ နှုတ်ခမ်းတွေနဲ့ အတော်လေး သနားစရာဖြစ်နေတယ်။ လူတွေဝင်လာတာ တွေ့တာနဲ့ သူက အမြန်ခေါင်းထောင်ကြည့်လာပြီး အဘွားကျောက်ကို ထုတ်ခေါ်လိုက်တယ်။

အဲဒီ ‘အဘွား’ဆိုတဲ့ နွမ်းလျလျအသံလေးကတင် အဘွားအိုကြီးကို မျက်ရည်လည်အောင် လုပ်နိုင်စွမ်းရှိတယ်။ သူမက ရွှီကျွင်းခိုင်ခေါင်းလေးကို အသာပုတ်ပေးလိုက်ပြီး လက်ထဲကဗန်းကို စားပွဲလေးပေါ် တင်ပေးလိုက်တယ်။

“ကဲ လာ မြန်မြန်ထပြီး ခေါက်ဆွဲလေးစားလိုက်။ ပါးစပ်ပျက်နေတယ်ဆိုရင်တောင် အားရှိအောင်စားဖို့ လိုတာပေါ့ အဲဒါမှ မြန်မြန်နေပြန်ကောင်းပြီး စာလေ့လာလို့ရမှာ”

ရွှီကျွင်းခိုင်ရဲ့မျက်နှာက အနည်းငယ် စက္ကူတစ်စလို တွန့်ကြေသွားပြီး တိုးတိုးလေး ရေရွတ်လိုက်တယ်။

“ကျွန်တော် နေပြန်ကောင်းလာတောင် စာဆက်လေ့လာနိုင်တော့မယ် မထင်ပါဘူး”

အဘွား‌ကျောက်က သူ့ကျောပြင်ကို အသာရိုက်လိုက်ပြီး “မဟုတ်တာတွေ လျှောက်မပြောရဘူး။ စာမလေ့လာနိုင်ဘူးဆိုတာ ဘာပြောတာလဲ။ မင်းအဖေတစ်ယောက်လုံးရှိမှတော့ အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ အခု မြန်မြန် ခေါက်ဆွဲတွေမအေးခင်စားလိုက် အဘွားကိုယ်တိုင် လုပ်ပေးထားတာ။ ကြည့်စမ်း ဥတောင်ပါသေး အရသာမမြည်းကြည့်ချင်ဘူးလား”

“ဘွား ဒီမြေးကို စေတနာစော်ကားတယ်လို့ပဲ ပြောလိုက်ပါတော့ ကျွန်တော် တကယ် ဘာမှမစားနိုင်လို့ပါ။ ကျွန်တော် အဲဒီအကြောင်း တွေးလိုက်မိတာနဲ့ …. အရင်ကတည်းက စာကြိုးကြိုးစားစားလုပ်ပြီး မြို့ကျောင်းမှာ တစ်နှစ်လောက် ပညာသွားသင်လိုက်တာနဲ့ စာမေးပွဲတန်းဖြေပြီး အဘွားတို့ဂုဏ်ယူရတဲ့ ရှို့ချိုင်တစ်ယောက်ဖြစ်အောင်လုပ်ဖို့ ကြံရွယ်ထားတာ အခုတော့ …”

ဘေးနားမှာ ရပ်နေတဲ့ အဒေါ်ယန်က ဒါကိုကြားတာနဲ့ စတင်ရှိုက်ငိုလာတော့ အဘွား ကျောက်ရဲ့နှလုံးသားကလည်း ဓားနဲ့အထပ်ထပ်စိုက်သလို ခံစားလိုက်ရတယ်။ ရွှီကျွင်းခိုင်က ဒီအိမ်ရဲ့မြေးဦးမို့ မွေးကင်းစအရွယ်ထဲက သူ့လက်ထဲ ကြီးပြင်းလာတဲ့ကလေးဖြစ်လို့ သူမရဲ့ ရတနာလေးဆိုတာ လူတိုင်းသိတယ်။

သူ့ကိုလာထိတဲ့သူမှန်သမျှလည်း သူမနဲ့တိုက်ရိုက်ငြိရတာပဲဆိုပေမဲ့ အခုက ရွာရဲ့လူကြီးသူမတွေအပြင် လေးစားရတဲ့ ရှို့ချိုင်ကြီးနှစ်ယောက်ပါ ပါဝင်နေတော့ သူမလို မိန်းမတစ်ယောက်က ဘယ်မှာသွားဝင်ပါနိုင်မှာလဲ။

“အဲဒါတွေ ဘာမှတွေးမနေနဲ့။ ခေါက်ဆွဲသာ အရင်စားလိုက် တစ်နည်းနည်းတော့ ရှိလာမှာပါ”

အဘွားကျောက်က သူ့အခန်းထဲပြန်ဝင်လာတဲ့အခါ အိပ်ရာပေါ်မှာ တင်ပလင်ခွေထိုင်ရင်း ဆေးတံသောက်နေတဲ့ အဘိုးရွှီကိုတွေ့လိုက်ရတယ်။ ကုတင်ဘေးက စားပွဲလေးပေါ်မှာတော့ ရေနွေးဘူးအပေါ်မှာ နွေးအောင်တင်ထားတဲ့ တစ်ယောက်စာ ထမင်းဝိုင်းလေးတစ်ခု ရှိနေတယ်။

23 08

“မြန်မြန်စားလိုက် ဘာတွေလုပ်နေလို့ ဒီလောက်ကြာနေတာလဲ”

အဘွား ကျောက်က သူ့ကိုဘာမှပြန်မဖြေဘဲ အိပ်ရာထောင့်စွန်းမှာထိုင်လိုက်တော့ အဘိုးရွှီက ထပ်မေးပြန်တယ်။

“အခုက ဘာဖြစ်ပြန်တာလဲ။ စားချင်စိတ် မရှိဘူးလား”

“ဘာကို ဘာဖြစ်ရမှာလဲ။ ရှင်တကယ်ကြီး ကျွန်မကို ဘာဖြစ်နေလဲ လာမေးနေတယ်။ အဲဒီအစား ကျွင်းခိုင်လေးကိုပဲ ဘယ်လိုပုံစံဖြစ်နေလဲ တစ်ချက်လောက် သွားကြည့်လိုက်ပါလား။ သူက ရှင့်မြေးမဟုတ်ဘူးမလား။ သူက ရှင့်အတွက် သူစိမ်းပဲမလား။!”

အဘွား ကျောက်က နောက်ဆုံးနှစ်ကြောင်းကို အင်္ကျိလက်ဖျားစနဲ့ မျက်လုံးထောင့်က မျက်ရည်စတွေကိုသုတ်ရင်း ရှိုက်သံတစ်ဝက်နဲ့ ပြောလိုက်တယ်။

“နှလုံးသားမရှိတဲ့လူ အဲဒီခွေးကောင်လေးကို ကျွန်မကိုယ်တိုင် စာရင်းသွားရှင်းမယ်လို့ ပြောတော့ ရှင် လာတားတယ်။ အခုကျွင်းခိုင်လေးကို သွားကြည့် သူ့ကြောင့် ဘယ်လိုဖြစ်နေပြီလဲဆိုတာ ကျွန်မမြေးလေးက ဘယ်လောက်သိတတ်လဲသိလား။ ဒီလောက် နေမကောင်းဖြစ်နေတာတောင် မိသားစုဂုဏ်တက်အောင် လုပ်ပေးချင်တယ်ဆိုတဲ့အကြောင်း တဖွဖွပြောနေတာ။ ရှင်ကတော့ ရှင်မျက်နှာ မပျက်ရဖို့ပဲ ဂရုစိုက်တယ်”

“ဒါ ကျွန်မတို့ပိုက်ဆံပဲ ကိုယ့်ဘာသာ ပို့ချင်တဲ့လူကိုတောင် ပို့လို့မရတော့ဘူးလား။ ကျွင်းခိုင်က စာတော်တာ ရှင်လည်းသိတာပဲ။ တွေ့သမျှလူတိုင်းလည်း ပြောတယ်။ သားကြီးလည်း သူသာ မြို့ကျောင်းမှာ တစ်နှစ် နှစ်နှစ်လောက် တက်လိုက်တာနဲ့ အသာလေး စာမေးပွဲဖြေပြီး ရှို့ချိုင်အဆင့် အောင်သွားမှာလို့ ပြောသေးတယ်။ အခုတော့ အဲဒီခွေးလေးက အားလုံးကို ဖျက်ဆီးပစ်လိုက်ပြီ။ ဟိုရှို့ချိုင်နှစ်ယောက်ကလည်း ကျွန်မတို့ ကျွင်းခိုင်ကို တမင်အနိုင်ကျင့်တာ သူတို့ထဲကတစ်ယောက်က ကျန်းလီကျန်း ခေါ်ထားတာမလား။ အဲဒီလူ ဘယ်သူ့ဘက်ကလဲဆိုတာ ဘယ်သူသိမှာလဲ။ …”

အဘိုးရွှီရဲ့မျက်ခုံးတွေက ဒီစကားတွေကြောင့် အနည်းငယ် တွန့်ချိုးသွားတယ်။ သူလည်း မိသားစုခေါင်းဆောင်ရွှီကို ဒီအကြောင်းပြောပြီးသွားပြီ။ ဒါပေမဲ့ တစ်ဖက်လူက အတွေးမလွန်ဖို့ပဲ ပြောလာခဲ့တယ်။

ဒါပေမဲ့ ရုတ်တရက်ကြီး ဉာဏ်အလင်းပွင့်လာတဲ့ ရွှီထင်းရှန်းထက်စာရင် အမြဲတ‌စေ ထူးချွန်ခဲ့တဲ့ ကျွင်းခိုင်က သူ့သဘောအကျဆုံးဖြစ်နေတာ‌တော့ အမှန်ပဲ။ ကျွင်းခိုင်အပေါ် ယုံကြည်ချက်တွေ နက်ရှိုင်းလာခဲ့တယ်ဆိုတာ တစ်နေ့ထဲနဲ့ဖြစ်လာတာမဟုတ်သလို အနာဂတ်မှာ မြေးကြီးဖြစ်တဲ့ ကျွင်းခိုင်ကသာ မိသားစုအရိုက်အရာကို ဆက်ခံရမှာ။

အဲဒီလိုကလေးက တစ်ခါလေးရှုံးသွားတာနဲ့ သူတို့ သူ့ကိုဆက်မထောက်ပံ့ပေးတော့လို့ ဖြစ်ပါ့မလား။ သို့ပေမဲ့ စာလေ့လာဖို့ဆိုတာ ငွေလိုတယ် …. အဲဒီပိုက်ဆံကို ဘယ်ကသွားရှာရမှာလဲ။

အဘွား ကျောက်က ငိုယိုရင်း ဆက်တိုက်အပြစ်တင်နေတဲ့အချိန် အဘိုးရွှီကတော့ ဆေးတံကို အဆုတ်အပြည့်ရှိုက်ယူရင်းသာ မလှုပ်မယှက်ရှိနေခဲ့တယ်။ နောက်ဆုံး ဆေးရွက်တွေကုန်သွားတော့မှ ဆေးရွက်အိတ်အခွံကို ကုတင်ခြေရင်းပစ်ချကာ ခြေအိတ်တွေချွတ်ပြီး အိပ်ရာပေါ်လှဲချလိုက်တယ်။

“အိပ်တော့”

အဘွား ကျောက်ကတော့ သူ့အပြုအမူကြောင့် လန့်သွားပေမဲ့ ဘာမှထပ်မပြောရဲတော့ဘူး။

*****

သုန်းလီဗိမာန်မှာတော့ ဦးလေးချန်းက သူ့လက်ထဲက လက်ရေးမူစာအုပ်ကိုကြည့်ပြီး အတော်လေး သဘောကျကျေနပ်နေတယ်။

“မဆိုးပါဘူး မင်းလက်ရေးတွေ အခုဆို ပိုတိုးတက်လာပြီပဲ”

ရွှီထင်းရှန်းကတော့ နှိမ့်ချစွာပဲ တုံ့ပြန်တယ်။

“အဲဒါက ကျွန်တော့်မှာ လေ့ကျင့်ချိန်ပိုရသွားလို့ပါ”

ဦးလေးချန်းက အားချိုင်ကို အချက်ပြပြီး ချက်ချင်း ကောင်တာအံဆွဲထဲက ငွေ ၁တုံး ပေးခိုင်းလိုက်တယ်။

23 09

“နောက်တစ်ရက်နှစ်ရက်နေရင် ကျောင်းစဖွင့်တော့မှာဆိုတော့ သွားဖို့မမေ့နဲ့ဦး။ ပြီးတော့ လက်ဆောင် ၆မျိုးကိုလည်း သတိတရပြင်ခဲ့နော်။ ကျောင်းလခကတော့ လောလောဆယ် လက်ထဲအများကြီးမရှိသေးလည်း ဖြည်းဖြည်းချင်း ခွဲသွင်းလို့ရတယ်”

“ဦးလေးချန်း အဲဒါတော့ စိတ်မပူနဲ့ ဒီချင်းယွမ်ကျောင်းတော်က ဂုတ်သွေးစုပ်တဲ့ ချင်းဟယ်လိုမဟုတ်ဘူးဆိုတော့ သမီးတို့မှာ ငွေအလုံအလောက်ရှိပါတယ်”

သူဘာမှမပြောနိုင်ခင် ကျောက်အာက တက်တက်ကြွကြွ ဝင်ပြောတော့ ဦးလေးချန်းက ခေါင်းညိတ်လိုက်ပြီး “ငါ့ဘက်ကတော့ နောက်ထပ်ကူးရေးရမဲ့ စာအုပ်တွေအများကြီးရှိတုန်းပဲ။ မင်းကိုပဲ ဆက်အပ်မှာမို့ အလုပ်ကိုဒီမှာလုပ်တာဖြစ်ဖြစ် အိမ်ယူသွားတာဖြစ်ဖြစ် နှစ်ခုလုံးအဆင်ပြေတယ်။ ပြီးတော့ အားရင်လည်း အချိန်မရွေး ကြိုက်တဲ့စာအုပ်လာဖတ်လို့ရတယ်”

“ကျေးဇူးတင်ပါတယ် ဦးလေးချန်း”

“ဘာတွေကျေးဇူးတင်နေတာလဲ။ ဘယ်လိုမဆို ငါလည်း လူတစ်ယောက်ငှားရမှာပဲဟာ ပြီးတော့ မင်းလက်ရေးက ကောင်းလွန်းလို့ ငါကတောင် အခွင့်ကောင်းယူသလို ဖြစ်နေတာ”

ဦးလေးချန်းက ပညာတတ်တစ်ယောက် အထူးသဖြင့် သူ့လိုဆယ်ကျော်သက်ကောင်လေးတွေရဲ့ မာနကို ကောင်းကောင်းသဘောပေါက်တာမို့ အလကားသက်သက် ကောင်လေး အားမငယ်ရအောင် စကားလုံး ရွေးချယ် သုံးနှုန်းပေးလိုက်တယ်။ အပြန်အလှန်အနေနဲ့ ဒါကိုနားလည်တဲ့ ရွှီထင်းရှန်းကတော့ ပိုတောင် ကျေးဇူးတင်ရသေးတယ်။

အဲဒါကြောင့် သူက ဦးလေးချန်းဆီက နောက်ထပ်စာအုပ်တစ်အုပ် ပျော်ပျော်ကြီး လက်ခံလိုက်ပြီး ကျောက်အာနဲ့အတူ စာအုပ်ဆိုင်လေးက ထွက်လာခဲ့တယ်။ သူတို့နှစ်ယောက် လမ်းလေးထဲကထွက်တာနဲ့ တောင်ဘက်ပိုင်းက ဆင်းဖို့လုပ်တဲ့အချိန် ရွှီထင်းရှန်းက သူမကို လက်ဆွဲပြီး ရုတ်တရက်ကြီး တခြားလမ်းဘက်ခေါ်သွားတယ်။

“ဘာလဲ ဘယ်သွားမလို့လဲ”

ရွှီထင်းရှန်းက ဘာမှပြန်မဖြေဘဲ ကျောက်အာလက်ကိုသာ တစ်လမ်းလုံး တင်းတင်းဆွဲကိုင်ရင်း သူတို့ မြို့ကိုပထမဆုံးရောက်တုန်းက စားခဲ့ဖူးတဲ့ ခေါက်ဆွဲဆိုင်လေးကို တန်းခေါ်သွားတယ်။ အဲဒီတော့မှ ကျောက်အာက သဘောပေါက်သွားတာ။

“ဆိုင်ရှင် ကျူးဖျန်းနှစ်ပွဲလောက်ပေးပါ အစာများများနဲ့”

ရွှီထင်းရှန်းက မှာပြီးတာနဲ့ လွတ်နေတဲ့ ခပ်သန့်သန့်စားပွဲတစ်ခုမှာ နေရာယူလိုက်ပြီး ကျောက်အာက ရပ်နေသေးတာတွေ့တော့ လက်ကနေဆွဲချပြီး သူ့ဘေးမှာထိုင်ခိုင်းလိုက်တယ်။

“တခြားဘာစားချင်သေးလဲ။ အကုန်ဝယ်ကျွေးမယ်”

လူငယ်လေးပုံစံက အရမ်းတွေအတည်ပေါက်ကြီးဖြစ်နေတော့ ကျောက်အာက ရုတ်ခြည်းဆိုသလို မျက်ဝန်းထဲ ကြည်နူးရိပ်တွေဖြတ်ပြေးသွားပြီး စစနောက်နောက်နဲ့ ဆူချင်ဟန်ဆောင်လိုက်တယ်။

“ငမိုက်ကလေး အခုပဲ ပိုက်ဆံလေးနည်းနည်းရလာတာနဲ့ ဟိုဟိုဒီဒီ လျှောက်ဖြုန်းတော့မလို့လား”

ရွှီထင်းရှန်းရဲ့အကြည့်တွေက နက်မှောင်သွားပေမဲ့ ကျောက်အာက သတိမထားမိဘူး။ သူမက ဆက်တိုက် ကျောင်းတက်ရတော့မှာမို့ လက်ထဲငွေသားသိမ်းဖို့နဲ့ တခြားလုပ်သင့်တာတွေကို တန်းစီပြောသွားပြီးမှ တစ်ဖက်လူဆီက ဘာအသံမှမကြားလို့ မော့ကြည့်လိုက်တော့မှ

အင်းမ် … ဒီကောင်လေး တကယ်စိတ်ဆိုးနေတာပဲ …

ရွှီထင်းရှန်းက ပေါ်လွင်အောင် ဒေါသထွက်တာ ရှားပြီး ပုံမှန်မှာလည်း သူ့မျက်နှာက အမူအရာကင်းလို့ အေးတိအေးစက်လို့တောင် ခေါ်ကြသေးတယ်။ ဒါပေမယ့် ကျောက်အာကတော့ သူ့ကိုအစအဆုံး ကောင်းကောင်းသိတာကြောင့် နှုတ်ခမ်းထောင့်လေးတွေ မဲ့ကျနေရုံတင် ပါးလေးတွေ မသိမသာ စူဖောင်းနေတာကို ကြည့်တာနဲ့တင်ပဲ သူစိတ်ကောက်နေတယ်ဆိုတာ တန်းသိလိုက်တယ်။

“အိုင်းယား ဘာလို့စိတ်ကောက်နေပြန်တာလဲ”

23 10

သူမက ကူကယ်ရာမဲ့စွာ မေးလိုက်မိတယ်။ ဒါတောင် ဘာမှပြန်မပြောသေးတာ တွေ့တော့ ဘေးကိုအသာတိုးကပ်လာပြီး “ဒီတစ်ခေါက် အစ်မ ဘာပြောလို့ စိတ်ကောက်သွားရတာလဲ။ ဟမ် ဟုတ်ပါပြီ ဟုတ်ပါပြီ ငါပဲ မှားပါတယ် ရပြီလား”

သူက ခဏတန့်နေပြီးတော့မှ နှုတ်ခမ်းတင်းတင်းစေ့ရင်း အကြည့်လွှဲပြီး “ပိုက်ဆံရတာနဲ့ မင်းကို ဒီမှာလိုက်ကျွေးမယ်လို့ ပြောထားတယ်လေ”

ဆိုတော့ သူက ဒါလေးကြောင့် စိတ်ဆိုးသွားတာပေါ့။

ကျောက်အာတစ်ယောက် ဆွံ့အသွားတဲ့အချိန် သူကပဲ တကယ့်အတည်ပေါက်လေသံနဲ့ ဆက်ပြောတယ်။

“ငါက မင်းယောက်ျား ယောက်ျားဖြစ်သူက အပြင်ခေါ်ပြီး လိုက်ကျွေးမှ မှန်မှာပေါ့”

ဒါကိုကြားတော့ ကျောက်အာက ကိုယ့်တံတွေးကိုယ်သီးသွားပြီး “ကုန်း-ကုန်းအာ ဘာဖြစ်နေတာလဲ။ ဘာ-ဘာလို့ ဒီလိုတွေပြောနေတာလဲ”

ရွှီထင်းရှန်းက သူမအပြောကိုဂရုမစိုက်ဘဲ မျက်လုံးတွေမှေးကျဥ်းကာ ချောင်ပိတ်မေးတယ်။

“ငါက မင်းယောက်ျားလောင်း မဟုတ်ဘူးလား”

အယ် ….

“ငါ့ကို တကယ်ကြီး မင်းလူအဖြစ် မသတ်မှတ်ထားဘူးလား”

“ငါ့မိန်းမမလုပ်ချင်လို့လား။ မဟုတ်မှ မင်းရင်ထဲ တခြားတစ်ယောက်ရှိနေတာလား”

တန်းစီထွက်လာတဲ့ တရစပ်မေးခွန်းတွေက ကျောက်အာကို ပြောစရာပျောက်ရှသွားစေပြီး သူမဦးနှောက်ကိုလည်း ယာယီရပ်တန့်သွားစေတယ်။

“ရပ် ရပ် ရပ် ဘာတွေလျှောက်မေးနေတာလဲ။ ဒီကိုခေါက်ဆွဲစားဖို့လာတာမလား။ လာ လာ အစားကိုပဲအာရုံစိုက်ရအောင် ဘာလို့ မဟုတ်တာတွေ လိုက်တွေးနေမှာလဲ။ ကြည့် ခေါက်ဆွဲတောင် ရောက်လာပြီ”

တကယ်လည်း ဆိုင်ရှင်ကြီးက ကွက်တိခေါက်ဆွဲနှစ်ပွဲ ချပေးလာတယ်။

“ဖြည်းဖြည်း ဖြည်းဖြည်း ပူတယ်နော် အစာများများလေးနဲ့ ကျူးဖျန်းနှစ်ပွဲ ရပါပြီခင်ဗျာ ကြက်သွန်ဖြူနဲ့ ရှာလကာရည်တို့ကို စိတ်ကြိုက်ထည့်ပြီး သုံးဆောင်ပါ”

“အတော်ပဲ မြန်မြန်စားရအောင် အေးသွားရင် စားမကောင်းတော့ဘူး”

ကျောက်အာက ပြောရင်းဆိုရင်း တစ်ပွဲကို ရှာလကာရည်တချို့ ပေါက်ကာ ရွှီထင်းရှန်းအရှေ့ တိုးပေးလာတယ်။ ရွှီထင်းရှန်းက ဘယ်ခေါက်ဆွဲမဆို ရှာလကာရည်လေး ထည့်လိုက်မှ စားလို့အဆင်ပြေတာ။

ထည့်ရင်လည်း ပမာဏတချို့ပဲမို့ ခေါက်ဆွဲအရသာကို မချဥ်သွားစေဘူး။ သူ့အမေရှိတုန်းကတောင် သူ့ခေါက်ဆွဲထဲ ရှာလကာရည် ဘယ်လောက်ထည့်ရမလဲဆိုတာ အတိအကျမသိဘူး။ ကျောက်အာတစ်ယောက်သာ တိုင်းထည့်သလား အောက်မေ့ရအောင် သိနေတာ။

ရွှီထင်းရှန်းက အရင်ကတည်းက ဒီလိုထူးထူးခြားခြား ကြိုက်တတ်ခဲ့တာ ဒါပေမဲ့ အိပ်မက်ထဲမှာ ကျောက်အာဆုံးပါးသွားပြီးကတည်းက ခေါက်ဆွဲနဲ့ရှာလကာရည်ကို တွဲမစားဖြစ်တော့ဘူး။ သူ့အတွက် ဘယ်လောက်ထည့်ပေးရမလဲဆိုတာသိတဲ့ တစ်ဦးတည်းသောသူမရှိတော့တဲ့အခါ သူ့ဘာသာ ထည့်စားကြည့်ပေမဲ့ အချိန်တိုင်း အရမ်းချဥ်သွားတတ်တာကြောင့် နောက်ဆုံး လက်လျှော့လိုက်ရတယ်။

ဘာကြောင့်ရယ်မသိ ဒီလိုတွေးလိုက်မိတော့မှ အခုကျောက်အာက မျက်စိအရှေ့မှာ ရှိနေတယ်ဆိုတဲ့အသိက သူ့ဒေါသတွေကို အငွေ့ပြန်သွားစေတယ်။ ဟုတ်တယ် ကျောက်အာက အသက်ရှင်နေသေးတာမို့ သူက သူမ မောင်လေးမဟုတ်ဘဲ ယောက်ျားဆိုတာ နားလည်အောင်လုပ်ဖို့ အချိန်တွေအများကြီး ရှိသေးတယ်။

“မင်းလည်း စား”

ရွှီထင်းရှန်းက ပြောပြောဆိုဆို ခွက်ထဲက ဝါးတူတစ်စုံဆွဲထုတ်ပြီး သူမဘက်ကမ်းပေးလာတယ်။ ကျောက်အာက မျက်တောင်ကြားထဲကနေ ခိုးကြည့်လိုက်တဲ့အခါ ဘာလို့ရုတ်တရက် စိတ်ပြေသွားလဲမသိပေမယ် စိတ်သက်သာရာရသွားတာတော့ အမှန်ပဲ။

23 11

ကဲပါလေ စိတ်မကောက်တော့ဘူးဆိုတော့ ပိုကောင်းသွားတာပေါ့။ ဘယ်လိုတောင် ထူးဆန်းလိုက်တဲ့ စိတ်ပါလိမ့်။ သူက ငယ်ငယ်ကတည်းက ဒီလိုအပြောင်းအလဲမြန်တာ ကြီးလာတော့လည်း တစ်ပုံစံထဲပါလား။

ကျောက်အာက တူကိုင်ပြီး စတင်စားတဲ့အချိန် အတိတ်က ကြုံရာကျပန်းအမှတ်တရလေးတွေကို မြင်ယောင်တမ်းတနေမိတယ်။ သူတို့စားသောက်လို့ပြီးတဲ့အခါ ရွှီထင်းရှန်းက ဆိုင်ရှင်ကိုခေါ်ပြီး ပိုက်ဆံရှင်းဖို့လုပ်တယ်။

သူက အိတ်ထဲကတစ်ခုတည်းသော ငွေတုံးကို ထုတ်ပေးလိုက်တဲ့အခါ ခပ်ဝဝဆိုင်ရှင်ကြီးက မျက်နှာပူပူနဲ့ ခေါင်းကုပ်ရင်း အခက်တွေ့နေတယ်။ ဖြစ်ချင်တော့ သူတို့လို လမ်းဘေးဆိုင်လေးတွေမှာ ငွေတုံးနဲ့ရှင်းတာ ရှားတာမို့ ပြောရရင် သူ့မှာ ရွှီထင်းရှန်းကို ပြန်အမ်းစရာရှိမနေဘူး။

ရွှီထင်းရှန်းက တဒင်္ဂလောက် ဆွံ့အသွားတယ်။ သူ တကယ်ကြီး ဒါကိုမေ့နေခဲ့တာ။ ကျောက်အာက ကြေးပြားအချို့ ထုတ်ပေးဖို့လုပ်တဲ့အချိန်မှာပဲ “ခဏလေး” ဆိုကာ သူ့ခါးပတ်ထဲက ကြေးပြားလေးတွေ ဆွဲထုတ်လိုက်တယ်။

ရေတွက်လိုက်ရင် အားလုံးပေါင်း ၈ပြား အတိအကျရှိတယ်။ ဒါတွေက ကျောက်အာ စစချင်းတုန်းက သူ့ကိုမုန့်ဖိုးပေးသွားတဲ့ အကြွေစေ့လေးတွေပဲ။ သူကတော့ သူ့ကိုယ်ပိုင်ပိုက်ဆံနဲ့ ဝယ်ကျွေးဖို့လုပ်ပေမဲ့ ကံကြမ္မာက တခြားအကြံရှိနေတာတော့ ဘယ်တတ်နိုင်မလဲလေ။

အဲဒီလိုနဲ့ အဆုံးမှာတော့ အဲဒီပိုက်ဆံလေးနဲ့ပဲ ရှင်းလိုက်ရတယ်။ ခေါက်ဆွဲဆိုင်လေးက ထွက်လာပြီးတော့ ရွှီထင်းရှန်းက ဆက်မေးတယ်။

“တခြားစားချင်တာရှိသေးလား။ ရှိသေးရင် အားလုံးဝယ်သွားရအောင်”

ကျောက်အာကတော့ သူ့ကို အံ့အားသင့်သလို ကြည့်ရင်း “ဟမ် ဘာတွေပြောနေတာလဲ။အခုတောင် ဗိုက်ပေါက်ထွက်တော့မယ် ထပ်မစားနိုင်တော့ပါဘူး”

ဒါပေမဲ့လည်း လုပ်ချင်ရာလုပ်တတ်တဲ့ ကောင်လေးက အခုလည်း သူအကျင့်အတိုင်း ကျောက်အာကို ငြင်းမရအောင် လက်ကနေဆွဲခေါ်သွားပြီး တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် လိုက်ဝယ်တော့တယ်။

သူတို့က သစ်သီးဆိုင်ကနေ အချိုမုန့်ဆိုင်တွေ ပေါင်မုန့်နဲ့ မြေပဲပြုတ်လှည်းတွေကအစ လိုက်လံလှည့်ပတ်ခဲ့ပြီး နောက်ဆုံးတော့ ကျောက်အာလက်ထဲမှာ စက္ကူအိတ် ၆အိတ် ၇အိတ်လောက် တွဲလွဲခိုပါလာခဲ့တော့တယ်။

အခုနက သူ့ရဲ့ထူးဆန်းတဲ့ အပြုအမူကြောင့် ကျောက်အာက ပိုက်ဆံတွေ လိုက်သုံးနေတာကို ဘာမှမပြောရဲဘူး။ လက်ထဲမှာအထုပ်တွေ ပြည့်လာသလိုပဲ သူမရင်ထဲမှာလည်း အနွေးစီးကြောင်းလေးတစ်ခု ပြည့်နှက်လာတော့တယ်။

နောက်တော့ သူမ ခေါင်းယမ်းရင်း တစ်ခုပဲတွေးလိုက်မိတယ်။

သူက တကယ့်ကလေးလေးဖြစ်နေတုန်းပဲ။

ထိုနေ့ည ညစာစားပြီးတဲ့အခါ အဘိုးရွှီက ရွှီချင်းရှန်တို့မိသားစုအပါအဝင် သူ့သားအားလုံးကို ပြောစရာရှိတယ်ဆိုကာ ထမင်းဝိုင်းမှာ ဆက်ထိုင်ခိုင်းခဲ့တယ်။ ဒါက အလေးအနက်ဆွေးနွေးစရာဆိုတာ အသိသာကြီးပဲ။

အဲဒါကြောင့် အဒေါ်စွန်းက ထမင်းဝိုင်းမှာ မရှိရှိတဲ့အကြောင်းပြချက်ရှာပြီး ဆက်နေနေသလို အဒေါ်ကျိုးကလည်း ပန်းကန်တွေသိမ်းပြီးတာတောင် မသွားသေးဘဲ ဝေ့လည်ကြောင်ပတ်လုပ်နေတယ်။ အဒေါ်ယန်ကတော့ သူ့ယောက်ျားဘေးမှာ မလှုပ်မယှက်ထိုင်နေပြီး အငယ်ပိုင်း ကလေးတွေကိုတော့ အခန်းကိုယ်စီ ပြန်ခိုင်းလိုက်တယ်။

ထုံးစံအတိုင်းပဲ အဘိုးရွှီက ပြောဖို့အချိန်ယူနေရင်း အရင်ဆုံး သူ့ဆေးတံကိုမီးညှိ တစ်ချက်ဖွာပြီးတော့မှ လိုရင်းကိစ္စကို ပြောပြလိုက်တယ်။

“အဖေ ဘာပြောလိုက်တယ်။ လယ်တွေကို ရောင်းတော့မလို့ ဟုတ်လား”

………….

******

23 12

အပိုင်း 23 part 3

ဒုတိယမိသားစုခွဲအဆောင်မှာတော့ ကျောက်အာက မနေနိုင်ဘဲ ရွှီထင်းရှန်းရှိရာဆီ အကြည့်တစ်ချက်ပို့လိုက်မိတယ်။ ဒါပေမဲ့ နှစ်ဦးစလုံးက သူတို့အခန်းထဲမှာနေရင်း အိမ်မကြီးထဲက စကားသံတွေကို တိတ်တဆိတ် ဆက်နားထောင်နေလိုက်တယ်။

အိမ်ရှေ့ဧည့်ခန်းမှာတော့ ရွှီချင်းပိုင်ရဲ့ အံ့ဩတကြီးအသံက ဆက်ထွက်လာတယ်။

“ဘာဖြစ်လို့လဲ။ ကျွန်တော်တို့က ဘယ်လိုလုပ် လယ်တွေကိုထုတ်ရောင်းရတဲ့အထိ ဖြစ်သွားတာလဲ။ လယ်သမားတွေအတွက် လယ်ကွက်ဆိုတာ အသက်သွေးကြောပဲ ဒီမြေကျေးဇူးကြောင့်ပဲ ကျွန်တော်တို့ သားစဥ်မြေးဆက်အထိ လုပ်ကိုင်စားလို့ရနေတာလေ။ ဒါကိုရောင်းလိုက်မှတော့ ကျွန်တော်တို့ ဘယ်ကနေ ငွေသွားရှာရတော့မှာလဲ”

အဘိုးရွှီက လက်တစ်ဖက်မြှောက်ကာ ဟန့်တားလိုက်ပြီး “သား ၃ စိတ်အေးအေးထား ဒီဖအေရှင်းပြတာကို အရင်နားထောင်ပါဦး။ ငါ့မှာ အစီအစဥ်ရှိပါတယ်”

သူက အဲဒီလိုပြောလိုက်ပေမဲ့ အကျိုးအကြောင်း ရှင်းပြတယ်ဆိုတာထက် သူ့ဆေးတံခွက်ထဲကိုသာ ဆေးရွက်တချို့ထိုးထည့်လိုက်ပြီး မီးညှိနေတယ်။ နောက်ကျမှ အဆုတ်အပြည့် တစ်ဖွာရှိုက်လိုက်ပြီး “ကျွင်းခိုင်လည်း ဒီအထိရောက်ဖို့အတွက် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရတာ။ အမြဲတမ်းလည်း တော်ခဲ့တဲ့ကလေးမို့ အခုကျမှ မပံ့ပိုးတော့ရင် နှမြောစရာဖြစ်သွားလိမ့်မယ်။ အဲဒါကြောင့် သူ့ကို မြို့ကျောင်းမှာ တစ်နှစ်လောက်ထားလိုက်တာက ပိုကောင်းမယ်လို့ တွေးမိတယ်။ သားကြီးပြောတာတော့ ကျွင်းခိုင်ရဲ့ဗဟုသုတနဲ့ဆို တစ်နှစ်လောက် လေ့လာပြီးတာနဲ့ ချက်ချင်းစာမေးပွဲဝင်ဖြေလို့ရပြီတဲ့။ သူ တကယ်အောင်မြင်ခဲ့ရင်တော့ ငါတို့မိသားစုရဲ့ အနာဂတ်က တောက်ပပြီပေါ့ကွာ”

“ဒါဆို ကုန်းကျစ်ကျတော့ရော”

“ကုန်းကျစ်ကိုလည်း ထားပေးမှာပါ”

ဟိုးအစကတည်းက အဘိုးရွှီက သူ့စကားသူရုတ်သိမ်းဖို့ စိတ်ကူးမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် တစ်ရွာလုံးအရှေ့မှာ ကတိပေးခဲ့တာမို့ အားလုံးက သူဘယ်လိုလုပ်မလဲ စောင့်ကြည့်နေကြတာ။ အဘိုးရွှီက ယောက်ျားကတိမတည်ရအောင် အဲဒီလောက် အရေမထူပါဘူး။

“အဲဒါကြောင့် လယ်ကွက်တချို့ထုတ်ရောင်းဖို့ လုပ်လိုက်တာ။ အားလုံးလည်း မိသားစုအခြေအနေကို ကောင်းကောင်းသိပါတယ်။ တစ်ယောက်ကို ကျောင်းပို့ဖို့တောင် အနိုင်နိုင်ဖြစ်နေတာ။ ဒီတိုင်းတော့ နှစ်ယောက်လုံးကို တစ်ပြိုင်နက်မထားပေးနိုင်ဘူးလေ”

သူက ခဏလောက် ရပ်ပြီးမှ ဆက်ပြောတယ်။

“ပြီးတော့ ရှိသမျှမြေကွက်အကုန်လုံး ရောင်းမှာမဟုတ်ပါဘူး။ ကလေးနှစ်ယောက်အတွက် တစ်နှစ်စာကျောင်းလခရအောင် ၂ မုလောက်ပဲ ရောင်းဖို့လုပ်ထားတာ။ ငါတို့မှာ လယ်တွေအများကြီး ကျန်ပါသေးတယ်။ ဒီလောက်ကတော့ ဘာမှမထိခိုက်သွားပါဘူး”

“၁ မုဖြစ်ဖြစ် ၂ မုဖြစ်ဖြစ် ရောင်းတာကရောင်းတာပဲလေ။ အဖေ ဒီလိုသာဆို တခြားရွာသားတွေ ကျွန်တော်တို့မိသားစုကို ဘယ်လိုမြင်ကြတော့မလဲ”

ရွှီချင်းပိုင်ကပဲ ထပ်အမေးထုတ်တယ်။

“သူတို့ ဘယ်လိုမြင်မြင် ဘာအရေးလဲ။ ငါက ငါ့မြေးနှစ်ယောက်ကို ကျောင်းထားပေးဖို့ ရောင်းတာလေ ဘာလို့ တခြားသူတွေအပြောကို လိုက်ဂရုစိုက်နေရမှာလဲ”

တကယ်တော့ သူ ဂရုစိုက်ပါတယ်။ အဲဒါကြောင့်ပဲ အခုလို မြေထုတ်ရောင်းတဲ့အထိ ဖြစ်လာတာမလား။ ရွာထဲမှာ လယ်မြေပြန်ရောင်းတယ်ဆိုတာ အင်မတန် ရူးမိုက်ပြီး ရှက်စရာကောင်းတဲ့လုပ်ရပ်ပဲ။

“ဘာပဲဖြစ်ဖြစ် ငါကတော့ အားလုံးကိုအသိပေးပြီးသွားပြီ လက်ခံတာ မခံတာ မင်းတို့အပိုင်း နောက်နှစ်ရက်နေတာနဲ့ ဝယ်မဲ့သူ လိုက်ရှာတော့မယ်”

အဘိုးရွှီက ဆုံးဖြတ်ချက် ခိုင်မာနေတာကိုတွေ့တော့ ရွှီချင်းပိုင်က သူ့ဒေါသတွေကို မျိုသိပ်ပြီး ထပ်ဖြောင်းဖြကြည့်တယ်။

“ဒါပေမဲ့ ကျွန်တော်တို့က လယ်ကွက်အားလုံးကို သေချာထွန်ယက်ပြီးသွားပြီလေ။ အခုမှ ထုတ်ရောင်းတာက ကျွန်တော်တို့ လုပ်ခဲ့ရတာတွေ အလကားဖြစ်သွားပြီပေါ့”

“အဲဒါတော့ ဟုတ်တယ် အစ်ကိုကြီး ကြည့်ပါဦး။ ကျွင်းခိုင် ကျောင်းတက်ရဖို့အတွက် အဖေက ဘိုးဘွားပိုင်မြေတောင်ထုတ်ရောင်းနေရပြီ ဘာလို့ ဝင်မတားတာလဲ”

23 13

အဒေါ်စွန်းက အခုနကတည်းက သူ့ယောက်ျားကို တိတ်တိတ်လေး လက်ကုပ်နေခဲ့တာ ဒါပေမဲ့ ငတုံးကောင်က ဘာမှဝင်မပြောတော့ သူမကိုယ်တိုင် အားတင်းပြီး ရှေ့တက်လိုက်ရတယ်။

“ဒါပေမဲ့လည်း ဒါတွေအားလုံးက အဖေကိုယ်တိုင် ဆုံးဖြတ်ထားတာမဟုတ်ဘူးလား”

ရွှီချင်းရှန်က အခုမှအာဏာမရှိသလို ဟန်ဆောင်နေတယ်။

“ဒါဆို ယောင်းမ ၁ တစ်ခုခုပြောပါဦး။ မြေဆိုတာ တစ်ခါလောက် ရောင်းလိုက်တာနဲ့ နောက်ပိုင်း ပြန်ဝယ်လို့ရချင်မှ ရတော့တာနော်”

ယွီချင်းရွာအနီးအနားက စိုက်ပျိုးမြေဖြစ်ထွန်းတဲ့ မြေကွက်တွေဆိုတာ အကန့်အသတ်ရှိတယ်။ နှစ်တွေ ကြာညောင်းလာတာနဲ့ ဒီမြေတွေအားလုံးက ဦးသူဝယ်စနစ်နဲ့ ပါသွားပြီမို့ ငွေရှိတောင် ထပ်ဝယ်လို့မရတော့ဘူး။

ဆိုတော့ လက်ရှိမှာ လုပ်ကိုင်စားလို့ရတဲ့ မြေတွေက ရှားပါးလာပြီး လူဦးရေက တိုးပွားလာတော့ လယ်ကွက်ပိုင်ထားတဲ့သူမှန်သမျှက သူတို့ဟာသူတို့ တင်းတင်းဆုပ်ကိုင်ထားပြီး ဘယ်သူမှ ထုတ်မရောင်းကြဘူး။

အခုအဘိုးရွှီက ရောင်းမယ်ဆိုတော့ ကြိုက်ရာဈေးခေါ်ရင်တောင် အလုအယက် လာဝယ်မဲ့သူတွေ ဒုနဲ့ဒေးပဲ။ သို့ပေမဲ့ ရောင်းဖို့က လွယ်သလောက် ကိုယ် တကယ်ပြန်ဝယ်ချင်တဲ့အခါကျရင်တော့ ဒီလောက်ကံကောင်းချင်မှ ကောင်းတော့မှာ။

သူမနာမည်ထွက်လာတော့ အဒေါ်ယန်က မျက်လွှာချထားလျက်နဲ့ပဲ ခပ်တိုးတိုးလေး ဆိုတယ်။

“မြေက သက်မဲ့ လူတွေကတော့ သက်ရှိတွေ၊ ကျွင်းခိုင် ရှို့ချိုင်ဖြစ်သွားတာနဲ့ ကျွန်မတို့ လိုချင်သလောက် လယ်တွေထပ်ဝယ်လို့ရပါတယ်။ အဲဒါထက် ဒါက အဖေ့ရဲ့အကြံဉာဏ်ပဲ ကျွန်မလို မိန်းမသားတစ်ယောက်က မိသားစုအရေးတွေမှာ ဝင်ပါဖို့မသင့်ဘူး”

အကြီးဆုံးမိသားစုခွဲက လင်မယားနှစ်ယောက်လုံးက တစ်ဖက်ခြမ်းမှာ အဘိုးရွှီရဲ့အစီအစဥ်ကို ထောက်ခံရင်း အေးအေးလူလူရှိနေတဲ့အချိန် တခြားလူတွေကတော့ ဒီကိစ္စအပေါ် သောကရောက်နေရတာကို မြင်တော့ အဒေါ် စွန်းက ငြိမ်မနေနိုင်တော့ဘူး။

ရင်ထဲဆန်တက်လာတဲ့ ခါးသီးမှုတွေကို မထိန်းချုပ်နိုင်တော့တဲ့သူမက နောက်ဆုံးတော့ ပေါ်တင်သရော်တော့တယ်။

“အစ်ကိုကြီးက ကျွင်းခိုင်ကို တစ်နှစ်လောက် မြို့ကျောင်းတက်လိုက်တာနဲ့ အောင်မြင်သွားမယ်လို့ ပြောနေတော့ အရင်ကကိစ္စတစ်ခုကိုတောင် သွားသတိရမိတယ်။ အစ်ကိုကြီးလည်း အရင်က ဒီတစ်နှစ်ပဲ ဒီတစ်နှစ်ပဲဆိုပြီး ပြောလာတာ။ ငါးနှစ်တောင် ကြာသွားပေမဲ့ ကျွန်မတို့ အခုထိ ရှို့ချိုင်ဖြစ်သွားတာ မမြင်ရသေးဘူးနော်။ ကျွင်းခိုင်လည်း အဲဒီတစ်နှစ်ပြီးလို့ မအောင်ရင် ဘယ်လိုလုပ်မလဲ။ အစ်ကိုကြီး ခြေရာအတိုင်းလိုက်ပြီး မိသားစုတွေပဲ ခါးကျိုးအောင် စာဆက်လေ့လာဦးမှာလား။ အဲဒါဆိုရင်ရော ကျွန်မတို့က သူ့အတွက် လယ်ကွက်တွေ ထပ်ရောင်းရဦးမှာလား”

ဒီစကားတွေက မထင်မှတ်ထားဘဲ တရစပ်ထွက်လာတော့ ရွှီချင်းဟွိုင်က အလန့်တကြားနဲ့ သူ့မိန်းမကို ထအော်တယ်။

“မင်းဘာတွေပြောနေတာလဲ”

“ကျွန်မက ဘာကိုပြောရမှာလဲ။ အမှန်ကိုပြောနေတာပေါ့ ဒီအိမ်မှာ ဘာလို့အားလုံးက အကြီးဆုံးမိသားစုခွဲဆီပဲ ရောက်ရောက်သွားတာလဲ။ ဒီလယ်တွေမြေတွေအားလုံးက ကျွန်မတို့နဲ့ ယောင်းမ ၃တို့မိသားစုပဲ ကိုယ့်လက်ကိုယ်ခြေ အကုန်ဒိုင်ခံလုပ်ထားရတာ။ ရှင်ဆိုလည်း နေ့တိုင်း နေရာတကာလှည့်ပြီး စီးပွားလုပ်နေရတာလေ။ ဒါပေမဲ့ သူတို့ကတော့ တစ်နေ့တစ်နေ့ ဘာမှမလုပ်ဘဲ ပိုက်ဆံတောင်းဖို့ပဲ သိတာ။ အဲဒါကြောင့် အခု ပေးစရာတစ်ပြားမှမရှိတော့ လယ်ထုတ်ရောင်းရတဲ့အထိ ဖြစ်သွားတော့တာပေါ့! ကျွန်မ အခုတစ်ခါတည်း အားလုံးကိုရှင်းအောင် ပြောထားလိုက်မယ်။ ဒီရွှီမိသားစုမှာ အကြီးဆုံးမိသားစုခွဲတစ်ခုထဲ ရှိတာမဟုတ်ဘူး!”

“ချွေးမ ၄”

အဘိုးရွှီက ဒေါသတကြီး အော်ဟစ်ရင်း သစ်သားစားပွဲကြီးတစ်ခုလုံး တုန်သွားတဲ့အထိ အားပြင်းပြင်းနဲ့ ရိုက်ချလိုက်တယ်။ အဒေါ်စွန်းကလည်း သူ့ယောက်ျားရဲ့တားနေတဲ့လက်တွေကို ပြန်ရိုက်ချကာ မျိုသိပ်ထားသမျှ ဖွင့်ထုတ်တော့တယ်။

23 14

“သွားစမ်းပါ။ ကျွန်မ တော်တော်စိတ်ကုန်နေပြီ။ တကယ်လို့ အဖေ မဖြစ်မနေ ရောင်းမယ်ဆိုလည်း ဒီနေ့အားလုံး ရှင်းရှင်းလင်းလင်း လုပ်ကြတာပေါ့။ ကုန်းကျစ်ကိုတော့ မပြောတော့ပါဘူး။ ဘယ်လိုဖြစ်ဖြစ် ကျွန်မက အားလုံးအမြင်မှာ ပြဿနာရှာတတ်တဲ့ အရိုင်းအစိုင်းချွေးမဆိုတော့ ယဥ်ကျေးနေလည်း အလကားပဲ။ ဒါပေမဲ့ မောက်ဒန်အဖေ ပြောပြသလောက်ဆို လက်ရှိရွှီမိသားစုပိုင်နေတဲ့ လယ်ကွက်အများစုက ခဲအို ၂ရဲ့ လက်သမားအလုပ်က ရတဲ့ငွေတွေနဲ့ပဲ ဝယ်ထားတာမလား။ သူတို့မရှိတော့တဲ့အခါ ကုန်းကျစ်ကလည်း မိသားစုပိုက်ဆံကို ဘယ်လောက်မှ သုံးထားတာ မဟုတ်ဘူး”

“အဲဒါကြောင့် သူ့ကိုမြို့ကျောင်းထားပေးတဲ့အပေါ် ဘာမှကန့်ကွက်စရာမရှိဘူး။ အစကတည်းက ဒါက ဒီကလေးအပေါ် လုပ်ပေးရမဲ့တာဝန်ပဲမို့ ဒါပေမဲ့ အဓိက အကြီးဆုံးမိသားစုခွဲကို ဆက်ပြောကြရအောင်။ အရင်တုန်းက အစ်ကိုကြီး မဖြစ်နိုင်မှန်း သိသိလျက်နဲ့ ပိုက်ဆံအကုန်ခံပြီး ကျောင်းဆက်တက်ခဲ့တာကို ထားလိုက်တော့ ပြီးခဲ့တာတွေက ပြီးသွားပြီပဲ။ ဒါပေမဲ့ အခုလည်း လာပြန်ပြီ ကျွင်းခိုင်အတွက်။ ပိုက်ဆံမရှိလို့ မြေကွက်တောင် ထုတ်ရောင်းရသတဲ့ တကယ်လို့ ကျွန်မရဲ့မောက်ဒန်လေးအတွက် ကျောင်းထားပေးဖို့ မလောက်ရင်ရော အဖေ ဒီလိုထုတ်ရောင်းဦးမလားဆိုတာ သိပ်သိချင်စမ်းပါဘိ”

သူမက အဘိုးရွှီကို ပြန်တုံ့ပြန်ခွင့်တောင်မပေးဘဲ ဆက်ပြောတယ်။

“မောက်ဒန်လေးတင်မဟုတ်ပါဘူး။ တတိယမိသားစုမှာဆိုလည်း ရွှမ်းကျစ်ရှိသေးတာပဲ။ သူတို့အားလုံးက အဖေ့ရဲ့မြေးအရင်းတွေပါ။ မျှမျှတတတော့ ရှိရမှာပေါ့။ တကယ်လို့ ဒီကလေးတွေ ကျောင်းစရိတ်လိုလာရင်လည်း အဖေ လယ်ကွက်တွေ ထုတ်ရောင်းပေးမယ်ဆို ကျွန်မလည်း ဒီကိစ္စကို ကန့်ကွက်စရာဘာအကြောင်းမှမရှိဘူး”

အဘိုးရွှီက ရှော့ရလွန်းလို့ လက်ထဲကဆေးတံကိုတောင် သေချာမကိုင်နိုင်တော့ဘဲ စောင်းသွားတဲ့ခွက်ထဲက ထွက်ကျလာတဲ့ မီးစွဲနေတဲ့ ဆေးရွက်ကြီးအဖတ်တွေက သူ့ပေါင်ပေါ်က ဘောင်းဘီကို လောင်ကျွမ်းသွားစေတယ်။ အပူလောင်တော့မှ သူ့မှာ လက်ရှိကိုအသိပြန်ဝင်လာပြီး မီးစွဲနေတဲ့နေရာကို အမြန်ငြှိမ်းသတ်လိုက်ရတယ်။

အဘိုးရွှီက ဒေါသငယ်ထိပ်ဆောင့်တက်သွားပြီး လက်တွေပါ တုန်ယင်လာကာ သူ့သားရွှီချင်းဟွိုင်ကို မျက်ထောင့်နီနဲ့ စိုက်ကြည့်လိုက်တယ်။

“သား ၄ မင်းမိန်းမတစ်ယောက်ကိုတောင် မထိန်းနိုင်ဘူးလား။ ဘာလို့ သူ့ကို ပါးစပ်သရမ်းခွင့် ပေးထားတာလဲ”

ရွှီချင်းဟွိုင်က တကယ်လည်း သူမပြောခင်ကတည်းက သူ့မိန်းမကို အခန်းထဲဆွဲခေါ်သွားဖို့လုပ်နေတာပါ။ ဒါပေမဲ့ အဒေါ်စွန်းက ရေဘဝဲလက်တံတွေလို ကြမ်းပြင်နဲ့ သူ့ခန္ဓာကိုယ်ကို အသေစုပ်ပြီး ထိုင်နေတာကြောင့် အခက်တွေ့နေခဲ့တာ။

“ကျွန်မ အဖေ့ဆီက အဖြေမရမချင်း မသွားနိုင်ဘူး။ အဖေ ကျွန်မမေးတာ ဖြေပါ”

“မင်းက ဘာတွေသိချင်နေသေးတာလဲ လာစမ်းပါ”

ရွှီချင်းဟွိုင်က ထပ်ဆွဲခေါ်ဖို့လုပ်တဲ့အခါ အဒေါ်စွန်းက သူ့လက်တွေကို ရိုက်ချလိုက်ပြန်တယ်။

“ဖယ်စမ်းပါ ရှင်သာ ငကြောက်လုပ်နေလိုက် ကျွန်မကတော့ ကြောက်မနေနိုင်တော့ဘူး။ ရွှီချင်းဟွိုင် ရှင်ယောက်ျားရော ဟုတ်သေးရဲ့လား။ ဟမ်… မိသားစုအတွက် ဒီလောက်အကြာကြီး နွားလိုရုန်းလာခဲ့တာတောင် ရှင့်အတွက် ခြူးတစ်ပြားကျန်လား ဆီဦးထောပတ်စားရလား ယောင်းမ ၁ရဲ့အဝတ်အစားနဲ့ ကျွန်မအင်္ကျီတွေကိုပဲ ယှဥ်ကြည့်လိုက်ပါဦး။ ကျွန်မ ဘာလို့များ ရှင့်လိုယောက်ျားနဲ့ ယူခဲ့မိတာလဲ”

သူမက ပါးစပ်ကသာ ဆဲဆိုကြိမ်းမောင်းနေပေမဲ့ မျက်လုံးထောင့်ကနေ ခံပြင်းမျက်ရည်တွေ စီးကျလာတယ်။ နောက်တော့ သူမက အဒေါ် ကျိုးဘက် လှည့်သွားပြီး “ယောင်းမ ၃ တစ်ခုခုကို ပြောပါဦး။ ရှင်ရော တစ်သက်လုံး ဒီလိုပဲနေသွားတော့မလို့လား။ ကျွန်မ နည်းနည်းလောက် အမှန်ကိုထပြောတာ မှားသလား။ ဟမ်။ အခုလိုတွေ ဖြစ်နေရတာ ဘယ်သူ့ကြောင့်လဲ။ တချို့တွေကျ ဘုံနန်းစံပြီး ကျော့ကျော့လေးနေနေရတဲ့အချိန် ကျွန်မတို့ကတော့ အိမ်ဖော်တွေလို နေနေရတယ်။ အခုကစပြီး သူလည်း မလုပ်ရင် ကျွန်မလည်း ဘာအိမ်မှုကိစ္စမှ မလုပ်ပေးတော့ဘူး ဒါပေမဲ့ ဒီကိစ္စက ယောင်းမ ၃တို့နဲ့လည်း ဆိုင်တယ် ဆိုတော့ တစ်ခုခုတော့ ဝင်ပြော!!”

အဒေါ်ကျိုးက နှုတ်ခမ်းတွေကို တင်းတင်းစေ့ပိတ်လိုက်မိသလို ရွှီချင်းပိုင်ကလည်း မသိစိတ်အရ သူမအင်္ကျီစကို ဆွဲလိုက်မိပေမဲ့ အလုံးစုံမဟန့်တားနိုင်လိုက်ပါဘူး။ အဒေါ်ကျိုးက နဖူးပေါ်ကျနေတဲ့ ဆံပင်တွေကိုနားနောက်ထည့်လိုက်ပြီး အသက်မရှိတဲ့ မျက်လုံးတွေကတော့ ထုံးစံအတိုင်း မျက်လွှာချထားဆဲပဲ။

“အစ်ကိုကြီးက ကျွန်မသား ရွှမ်းကျစ်က ဉာဏ်မကောင်းလို့ တစ်လုံးနှစ်လုံး ဖတ်တတ်ရင်တောင် တော်လှပြီလို့ ပြောတယ်။ ရွှမ်းကျစ်က ပညာရေးမှာပါရမီမပါလည်း ရပါတယ်။ အနာဂတ်မှာ သူ့ကိုကြီးကြီးမားမားလည်း မမျှော်လင့်ထားပါဘူး ဒါပေမဲ့ ယောင်းမ ၄ပြောတာတစ်ခုတော့ မှန်တယ် အားလုံးက မျှမျှတတဖြစ်ရမှာပေါ့။ တကယ်လို့ ကျွင်းခိုင်ကို ပံ့ပိုးဖို့ လယ်ရောင်းချင်တယ်ဆို ကျွန်မတို့ကို သင့်တင့်တဲ့ဖြေရှင်းချက်တစ်ခုတော့ ပေးပါ”

23 15

“မင်းတို့က ဘာဖြေရှင်းချက်ကို လိုချင်နေတာလဲ။ ဒီမြေတွေအားလုံးက ဒီအဘိုးကြီး အပိုင်တွေပဲ!”

အဘိုးရွှီရဲ့မျက်နှာက ဒေါသကြောင့် ရဲရဲတွတ်နေတယ်။

“ဒီမြေတွေက အဖေ့အပိုင်ဆိုတာဟုတ်ပါတယ်။ ဒါပေမဲ့ လယ်အလုပ်အားလုံးကို ဒိုင်ခံလုပ်နေရတာ ရွှမ်းကျစ်အဖေပဲမဟုတ်ဘူးလား။ ရွှမ်းကျစ်အဖေက အစ်ကိုကြီးလို စာလေ့လာတာလည်း မတော်သလို မတ်လေးလိုလည်း စီးပွားမရှာတတ်ပါဘူး။ သူ့မှာ တတ်တာ ဒါပဲရှိတာမို့ ဒီလယ်ယာလုပ်ငန်းကိုပဲ နေ့တိုင်း စိတ်နှစ်လုပ်ခဲ့တာ။ အဖေအခု ကျွင်းခိုင်အတွက် ဒီလယ်တွေကို ထုတ်ရောင်းတော့မယ်လို့ ပြောလိုက်တော့ သူ့ခံစားချက်ကိုရော နည်းနည်းလေး တွေးကြည့်ပေးခဲ့ဖူးလား”

အားလုံးထဲမှာ ရုပ်အရင့်ဆုံးနဲ့ လူကောင်ကြီးကြီး ရွှီချင်းပိုင်က အခုတော့ သူ့အဖေဘေးနားထိုင်ချလာပြီး ကလေးတစ်ယောက်လို အော်ဟစ်ဆန့်ကျင်လာတယ်။

“အဖေ လယ်တွေကို ရောင်းလိုက်လို့မရဘူး”

“သား ၃ မင်း”

“ဒါပေါ့ တကယ်လို့ အဖေ့ဆန္ဒက ရောင်းမှရမယ်ဆိုရင်လည်း ကျွန်မတို့ တားလို့မရပါဘူး။ ဒါပေမဲ့ တစ်ခုတော့ ရှင်းရှင်းလုပ်ထားဖို့လိုပါမယ်။ အဖေရောင်းချင်တယ်ဆိုရင်တောင် ကျေးဇူးပြုပြီး အကြီးဆုံးမိသားစုခွဲရဲ့ အမွေထဲက လယ်တစ်ကွက်ကိုပဲ ရောင်းလိုက်ပါ တခြားလူတွေ ဝေစုထဲက လယ်တွေကိုတော့ ရောင်းချင်တိုင်း ရောင်းလို့မရပါဘူး”

ဒေါသတကြီးနဲ့ ပေါက်ကွဲပစ်နေတဲ့ အဒေါ်စွန်းလိုမဟုတ်ဘဲ အဒေါ် ကျိုးက အတော်လေး ကျိုးကျိုးနွံနွံနဲ့ တည်တည်ငြိမ်ငြိမ်ပဲ။ သူမ ဒါတွေကို တစ်ချက်ချင်း ပြောသွားနိုင်တယ်ဆိုတာ အရင်ကတည်းက တွေးထားခဲ့ပြီးသားမို့လို့ပဲ။

သူမကိုယ်တိုင် သူ့သားက ပညာရေးမှာ မထွန်းပေါက်နိုင်တာ သိပြီးသား။ စာလေ့လာလို့မရမှတော့ သူက ဒီမိသားစုပိုင် လယ်ထဲပဲဆင်းရမှာ ကျိန်းသေတယ်။ နောင်မှာ သမီးတွေကို အသွင်းပစ္စည်းနဲ့ အိမ်ထောင်ချပေးရမယ်ဆို သားတွေကလည်း အိမ်ထောင်တစ်ခု ထူထောင်ရမှာပဲ။

ဒီကိစ္စနှစ်ရပ်စလုံးက ပိုက်ဆံလိုအပ်ပြီး ပေါ့ပေါ့တန်တန် သဘောထားလို့ရတာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီအိမ်မှာတော့ ရှိသမျှဝင်ငွေအားလုံးက အကြိးဆုံးမိသားစုခွဲဆီကိုပဲ ရောက်ရောက်သွားတယ်။ အဒေါ် စွန်းစကားတွေက မှန်ပေမယ့် သူမတို့က ချွေးမသက်သက်မို့ ဒိထက်ပိုဝင်စွက်ဖက်လို့ မရဘူး။

သူမလည်း အခုလို ထုတ်ပြောလာတယ်ဆိုတာ သည်းမခံနိုင်တော့တဲ့အဆုံးမို့လို့ အနည်းဆုံးတော့ သူမတို့မိသားစုအတွက် ကိုယ်တိုင်ရှေ့တက်လာရတာပဲ။

“နင်ကရော ဘာကိုဆိုလိုချင်တာလဲ”

အဒေါ်ကျိုးက ပြောသွားတဲ့တစ်လျှောက်လုံး ခေါင်းကိုမော့မလာဘူး။

“ဒီချွေးမဆိုလိုချင်တာက ငှက်ပေါက်လေးတွေ အတောင်စုံရင် အသိုက်ကထွက်သလိုမျိုး အငယ်ပိုင်းမျိုးဆက်တွေကလည်း ကိုယ့်လမ်းကိုယ် လျှောက်ကြရမှာပါပဲ။ ဒါပေမဲ့ မိဘတွေရှိနေသေးရင် ခွဲမထွက်ရဘူးဆိုတဲ့ ဓလေ့ကြောင့်သာ အခုထိစုနေနေကြတာ ဒီနေ့မဟုတ်တောင် မနက်ဖြန်တော့ အိမ်ခွဲရမှာပဲ။ ဒီကိစ္စက တစ်ချိန်ချိန်ဖြစ်လာမဲ့အတူတူ အခုကတည်းက အားလုံးကို အညီအမျှ အမွေခွဲပေးလိုက်ရင် တစ်ယောက်နဲ့တစ်ယောက် ငြင်းခုံနေစရာ မလိုတော့ဘူးလေ”

“ယောင်းမ ၄က အားလုံးပြောပြီးသွားပြီမို့ ဒီချွေးမက အများကြီးထပ်မပြောတော့ပါဘူး။ မိသားစုတိုင်းမှာ စောင့်ရှောက်ကျွေးမွေးရမဲ့ ကလေးတွေရှိသေးတယ်။ ဒါပေမဲ့ အဖေ ကျွင်းခိုင်ကို ပံ့ပိုးပေးချင်ရင် အကြီးဆုံးမိသားစုခွဲရဲ့ ဝေစုထဲက လယ်ကိုပဲရောင်းပါ”

အဘိုးရွှီက အမျက်ခြောင်းခြောင်းထွက်လွန်းလို့ နောက်ဆုံးတော့ ရယ်သံပဲ ထွက်လာနိုင်တော့တယ်။

“ဟက် နင်က အခုတော့ အိမ်ထောင်ဦးစီးလား။ နင်တို့အဖေရော အမေရော အခုထိ မသေသေးဘူးကွ!”

စကားဝိုင်းက တဖြည်းဖြည်း လိုက်မမှီအောင် ကားလာတော့ ရွှီချင်းရှန်က အသည်းအသန် ဝင်ပြောတယ်။

23 16

“ညီလေး ၃ မင်းမိန်းမကို မထိန်းတော့ဘူးလား။ သူက ဘာလို့ဝင်ပြောနေရတာလဲ။ ဒီစားပွဲဝိုင်းမှာ ထိုင်နေတာကတင် တော်တော်လေး မရိုသေရာရောက်နေပြီ”

အဒေါ်ယန်ကလည်း ငြိမ်သက်နေရာက အဒေါ်ကျိုးကိုထပြီး မိသားစုတွင်း သွေးခွဲတယ်ဆိုကာ ပြောဆိုတော့တယ်။ ထိုအခါ အဒေါ်စွန်းက ကြားဖြတ်ပြောဖို့ အခွင့်ကောင်းကို အမိအရယူလိုက်ပြီး “ယောင်းမ ၃ပြောတာကို ကျွန်မထောက်ခံတယ်။ အဖေ ရောင်းချင်လည်း ရောင်း မတားတော့ဘူး ဒါပေမဲ့ အဲဒီလိုရောင်းတဲ့လယ်ကွက်က သူတို့ဝေစုထဲကပဲဖြစ်သင့်တယ်”

“သား ၃နဲ့သား ၄ မင်းတို့ကရော ဒီလိုပဲတွေးကြတာလား”

အဘိုးရွှီက ဆယ်နှစ်လောက်အိုစာသွားတဲ့မျက်နှာနဲ့ သူ့ချွေးမနှစ်ယောက်ကို မနိုင်တော့ ရုတ်တရက်ကြီး သူ့သားတွေဘက် လှည့်လာတယ်။

“ကျွန်တော် …”

ညီအစ်ကိုနှစ်ယောက်စလုံးက တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ပြီး တိတ်ဆိတ်နေကြတဲ့အချိန်မှာပဲ နောက်ထပ်လူနှစ်ယောက် ဝင်လာတယ်။ သူတို့က ရွှီထင်းရှန်းနဲ့ ကျောက်အာတို့ပဲ။

“ကုန်းအာ …”

ကျောက်အာက သူ့ကောင်လေး ဘာတွေလုပ်ဖို့ကြံရွယ်ထားလဲမသိလို့ လက်ကလေးဆွဲပြီး ဟန့်တားဖို့ကြိုးစားပေမဲ့ ရွှီထင်းရှန်းက သူမကို စိတ်ချနေဖို့ပြုံးပြကာ ဆက်လျှောက်သွားတယ်။

“အဘိုး ကျွန်တော် ပြောစရာရှိလို့ပါ”

သူ့ရဲ့ ရုတ်တရက် ကြားဖြတ်ဝင်ရောက်မှုက လူတိုင်းရဲ့အာရုံကို ဖမ်းစားသွားတယ်။

“ဒီမြေးက အခုပဲ အဘိုးတို့ပြောနေတာတွေ တစွန်းတစကြားလိုက်လို့ အဒေါ် ၃နဲ့ အဒေါ် ၄တို့ပြောတာ မှန်တယ်လို့ ထင်မိတယ်”

သူက ဒီလိုအစချီပြီးတာနဲ့ အဘိုးရွှီနဲ့ရွှီချင်းရှန်တို့ ဘာမှမဟနိုင်အောင် တစ်ဆက်တည်း ထပ်ပြောတယ်။

“ဒီမြေးကလည်း ကျောင်းတက်ဖို့ စီစဥ်ထားတာမို့ နောင်မှာ မိသားစုပိုက်ဆံကို သုံးရဦးမှာပဲ ကိုယ့်နောက်ခံက ချမ်းသာနေရင်တော့ ကိစ္စမရှိဘူးပေါ့။ ကံဆိုးတာက ကျွန်တော်တို့မိသားစုမှာ ငွေရေးကြေးရေး ကျပ်တည်းနေတာပဲ။ ဝမ်းကွဲအစ်ကိုက စာလေ့လာတာ ကြာလှပြီမို့ အခုချက်ချင်း ရပ်လိုက်ရင် နှမြောစရာဖြစ်သွားလိမ့်မယ်။ ဒါကိုနားလည်ပေမယ့် ကျွန်တော်ကိုယ်တိုင်လည်း ကျောင်းတက်ချင်သေးတာမို့ ဝေသန္တရာမင်းကြီးတော့ မလုပ်နိုင်ပါဘူး”

“ဒီနှစ်ဆို ရွှမ်းကျစ်က ၈နှစ် မောက်ဒန်က ၄နှစ်ပြည့်ပြီမလား။ အကြီးတွေပဲ စာသင်ခိုင်းပြီး အငယ်တွေကို ဖယ်ထားတာကျ မမျှတပါဘူး။ နောက်ပြီး ဒေါ်လေးကလည်း မကြာခင်အိမ်ထောင်ပြုရတော့မှာ။ နောက်နှစ်နှစ်ဆိုရင်ပဲ အစ်မ ထောက်အာကလည်း လက်ထပ်ရမဲ့အရွယ်ရောက်လာဦးမှာ။ အရာအားလုံးမှာ ပိုက်ဆံလိုနေတော့ ဘယ်သူ့ကိုဖြင့် ပံ့ပိုးပေးပြီး ဘယ်သူ့ကိုတော့ ချန်ထားခဲ့မယ်ဆိုတာမျိုး လုပ်လို့ရမှာလဲ။ အဲဒီလိုနဲ့ ယိုပေါက်တွေကိုလိုက်ဖြည့်လေ ပိုပေါက်လေဖြစ်နေမှာပဲ။ ဒီလိုအသေးအဖွဲလေးတွေနဲ့ မိသားစုဝင်တွေကြား စိတ်ဝမ်းကွဲနေမဲ့အစား စောစောအိမ်ခွဲလိုက်တာ ပိုကောင်းပါတယ်”

ကျောက်အာက အစကတော့ သူ့ကို တားဖို့ရည်ရွယ်ခဲ့ပေမဲ့ ဒီစကားလမ်းကြောင်း ဘယ်ကိုပေါက်နေသလဲဆိုတာ သိသွားတဲ့အချိန်မှာတော့ ဒီစိတ်ကူးမရှိတော့ဘူး။ အဘိုးရွှီက ပါးစပ်ပြင်လာတဲ့အချိန် ရွှီထင်းရှန်းက အရင်ဦးအောင် ပြောလိုက်ပြန်တယ်။

“ဒီမြေးကို စကားဆုံးအောင်ပြောခွင့်ပေးပါဦး။ ရွာထဲမှာ မိဘတွေရှိနေသရွေ့ အိမ်မခွဲရဘူးဆိုတဲ့အယူရှိတာမို့ ကျွန်တော်တို့က လွန်ဆန်လိုက်ရင် အများပြောစရာဖြစ်လာလိမ့်မယ်။ အဲဒီတော့ အမွေပဲခွဲလိုက်ပြီး လူတွေကတော့ ခါတိုင်းလိုပဲ တစ်အိမ်တည်းစုနေလိုက်ကြတာ အကောင်းဆုံးနည်းလမ်းပဲ။ အဲဒါမှ မိသားစုခွဲတွေလည်း ကိုယ်ရတဲ့ငွေ ကိုယ့်ဘာသာ ခန့်ခွဲလို့ရတာပေါ့”

“ဒါဆို မိသားစုပိုင်လယ်တွေကိုရော ဘယ်သူလုပ်မှာလဲ။ မင်းလား”

ရွှီချင်းရှန်က ရွဲ့မေးလာတော့ ရွှီထင်းရှန်းက အပြုံးပါးပါးနဲ့ ယုံကြည်ချက်ရှိရှိ ပြန်ဖြေတယ်။

“ကိုယ့်အပိုင်းကိုယ် ခွဲပြီးစီမံလည်းရတာပဲ ဒါမှမဟုတ်လည်း အရင်ကလိုပဲ လယ်အလုပ်ကို အဘိုးနဲ့ ဦးလေး ၃တို့ ဦးလေး ၄တို့ပဲ လွှဲထားပေးလိုက် လယ်ထဲမဆင်းနိုင်တဲ့သူတွေကတော့ လက်ရှိကုန်ဈေးနှုန်းအပေါ်လိုက်ပြီး အိမ်ရဲ့ဈေးဖိုးနဲ့ ကုန်ကျစရိတ်တွေ ထောက်ပေါ့။ ဒါဆိုဘယ်သူမှ မသာသလို ဘယ်သူမှလည်း မနာတော့ဘူးလေ”

23 17

“မင်းက မြို့ကျောင်းတက်ချင်သေးတာမလား။ အိမ်ခွဲလိုက်ပြီဆိုမှတော့ မင်းရဲ့ကျောင်းစရိတ်တွေကို ဘယ်သူက ထောက်ပံ့ပေးမှာလဲ”

ဒီမေးခွန်းကလည်း ရွှီထင်းရှန်းကို အကျပ်မရိုက်စေပါဘူး။

“တကယ်လို့ အိမ်ခွဲလိုက်ပြီဆိုမှတော့ အားလုံးက ကိုယ့်ဝမ်းကိုယ်ကျောင်းရတော့မှာပေါ့။ ဒါက လူတိုင်းနားလည်တဲ့ ဓမ္မတာပဲလေ”

“ဒီကောင်စုတ်လေးကတော့ တစ်နေ့တခြား အကြံအစည်တွေ ပိုပိုများလာတာပဲ ရတယ်လေ ငါ မင်းဦးလေးက ဒီပေါက်ကရတွေကို လုံးဝ သဘောမတူနိုင်ဘူး ဖီ!”

ရွှီချင်းရှန်ရဲ့ နဂိုဗီဇတွေက ဘူးပေါ်သလို ပေါ်လာတော့တယ်။ သူ အဘိုးရွှီကို ကျွင်းခိုင်ကို ကျောင်းထားပေးဖို့ လယ်ရောင်းခိုင်းလိုက်တဲ့ကိစ္စက အိမ်ခွဲဖို့အထိ ဖြစ်သွားလိမ့်မယ်လို့မထင်ထားဘူး။

ရွှီချင်းရှန်က သူ့အကြောင်းသူသိပြီးသား။ ငယ်ငယ်ကတည်းက လယ်ထဲတစ်ခါမှ မဆင်းဖူးတာကြောင့် လယ်တစ်ကွက်ရလာရင်တောင် လုပ်ကိုင်မစားတတ်ဘူး။ သူ့သားက စာလေ့လာရဦးမှာကို ထည့်မပြောနဲ့ဦး သူ့မိန်းမကလည်း ပညာတတ်မိသားစုကမို့ အိမ်မှုကိစ္စလောက်ပဲ နိုင်နင်းတာ။

တကယ်လို့ အိမ်သာခွဲလိုက်ရင် ဒီအလုပ်တွေကို ဘယ်သူလာလုပ်ပေးတော့မှာလဲ။ နောက်ပြီး သူ့အသုံးစရိတ်တွေက လယ်တစ်ကွက်နဲ့တင် လောက်ငှတာမဟုတ်ဘူး အခုဆို ညီလေး ၄ရဲ့ အလုပ်က ဝင်ငွေလည်းရတော့မှာ မဟုတ်ဘူး

အဒေါ်ကျိုးနဲ့ အဒေါ်စွန်းတို့ကတော့ ရွှီထင်းရှန်းရဲ့အကြံပြုချက်ကို ကြားတာနဲ့ မျက်လုံးတွေအရောင်တောက်သွားတယ်။ အဒေါ်ကျိုးက စတင်ပြီး သူတို့ကိုယ်ပိုင်ဝင်ငွေလေးတွေကို ကြိုက်သလိုစီမံရတော့မဲ့မြင်ကွင်းကို မြင်ယောင်မိသွားတဲ့အချိန် အဒေါ်စွန်းကလည်း သူ့ယောက်ျား နယ်လှည့်ကာ ရှာသမျှပိုက်ဆံအားလုံး သူမအတွက် သုံးလို့ရတော့မှာကို စိတ်ကူးယဥ်နေမိတယ်။

အဲဒါအပြင် နောက်ထပ် လယ်တချို့ပါ ထပ်ပေါင်းရဦးမယ်ဆိုတော့ ဘဝကြီးက ဘယ်လောက်တောင် ချောင်ချိသာယာလိုက်မလဲလေ။

အဒေါ်စွန်းက သူ့ပေါင်သူပုတ်ကာ အားကြိုးမာန်တက်ပဲ ရွှီထင်းရှန်းအပြောကို ထောက်ခံတယ်။

“ကုန်းကျစ်ရဲ့နည်းလမ်းက မဆိုးဘူး။ လူတိုင်းအတွက်မျှတသလို ဘယ်သူမှလည်း မကျေနပ်တာမရှိတော့ဘူး”

“သား ၃နဲ့သား ၄ မင်းတို့ကရော ဒီလိုပဲတွေးကြတာလား”

ဒါက ဒီနေ့ညအဖို့ အဘိုးရွှီ တူညီတဲ့မေးခွန်းကိုပဲ ထပ်မေးတာ နှစ်ခေါက်ရှိနေပြီ။ သူက သူ့သားနှစ်ယောက်ကို နောက်ဆုံးမျှော်လင့်ချက်တွေ ပြည့်နေတဲ့ မျက်ဝန်းအိုတွေနဲ့အတူ နက်ရှိုင်းစွာ ငေးကြည့်နေတယ်။

ရွှီချင်းပိုင်တို့သာ ခေါင်းမငြိမ့်သရွေ့ ဒီမိန်းမတွေလည်း ဘာမှထပ်ပြဿနာလုပ်နိုင်မှာ မဟုတ်တော့ဘူး။ အဒေါ်ကျိုးကတော့ အခွင့်အရေးလွတ်သွားမှာစိုးလို့ သူ့ယောက်ျားကို မျှော်လင့်တကြီး ခေါ်လိုက်တယ်။

“ရွှမ်းကျစ်အဖေ”

“ယောက်ျား ရှင်တွေးကြည့်စမ်းပါ ကျွန်မတို့ကိုယ့်ပိုက်ဆံကိုယ် ခန့်ခွဲလို့ရပြီလေ ဒီလိုသာဆို အချိန်တန်ရင် မောက်ဒန်လေးကိုလည်း ကျောင်းထားနိုင်မှာပဲ!”

ယောက်ျားသားနှစ်ယောက်စလုံးက သားလိမ္မာလေးတွေဖြစ်တဲ့အလျောက် သူတို့အဖေအိုကြီးရဲ့ဆန္ဒကို မဆန့်ကျင်ချင်ကြဘူး။ သို့သော်လည်း ရွှီချင်းဟွိုင်က သူ့မျက်နှာကို ပွတ်သုတ်လိုက်ပြီး မချင့်မရဲ ပြောတယ်။

“ကျွန်တော်လည်း ဒီနည်းလမ်းက မဆိုးဘူးလို့ ထင်တယ်”

“သား ၃ မင်းကရော”

အဘိုးရွှီက နှစ်ယောက်ထဲက တစ်ယောက်ကို ဆုံးရှုံးလိုက်ရတော့ နောက်ဆုံးကောက်ရိုးမျှင်လေးကို ဆွဲကိုင်ထားချင်ဟန်နဲ့ သူ့လက်ထဲက ပူခြစ်နေတဲ့ ဆေးတံခွက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားမိတယ်။

လက်ရှိ သူ့ရင်ထဲကအပူတွေနဲ့ယှဥ်လိုက်ရင် ဒီပြင်ပဒဏ်ရာက မဆိုသလောက်ဖြစ်သွားပြီ။ သူ့ရဲ့ တစိုက်မတ်မတ် စောင့်မျှော်နေတဲ့အကြည့်တွေကို သတိထားမိတဲ့ ရွှီချင်းပိုင်က ခေါင်းတောင်သေချာမမော့ရဲဘဲ ထွက်လာတဲ့ အသံကလည်း ကိုယ့်နားကိုယ် ကြားရရုံလေးသာ ရှိတယ်။

“ကျွန်တော်တို့ ဒီတစ်ခေါက် ရွှမ်းကျစ်အမေ ပြောတဲ့အတိုင်းပဲ လုပ်လိုက်ကြရင်ရော”

…………..

******

24 01

အပိုင်း 24

“ကျွန်တော်တို့ ဒီတစ်ခေါက် ရွှမ်းကျစ်အမေ ပြောတဲ့အတိုင်းပဲ လုပ်လိုက်ကြရင်ရော”

တဒင်္ဂလောက်အထိ တစ်ခန်းလုံးက တိတ်ဆိတ်မှုအတိပြီးသွားတယ်။ အဘိုးရွှီရဲ့မျက်နှာအရောင်ကတော့ သွေးမရှိသလိုဖြူဖတ်သွားပြီး မေးရိုးတွေတင်းကာ ဘာပြောရမှန်းတောင် မသိတော့ဘူး။

ရွှီချင်းရှန်ကတော့ ဒေါသကြောင့် မျက်နှာကြီးနီရဲလာပြီး သူ့ညီတွေကို လက်ညှိုးတထိုးထိုးနဲ့ ငေါက်တော့တယ်။

“ဟ ကောင်းလိုက်တာ ညီအစ်ကို ၃နဲ့၄ မင်းတို့က အခုအတောင်စုံပြီဆိုတော့ သိပ်ကိုရဲတင်းလာတာပေါ့ ဟုတ်လား။ အဖေဒေါသထွက်မှာတောင် မကြောက်တော့ဘူးပေါ့လေ။ ပြီးတော့ မင်း! ကျေးဇူးမသိတတ်တဲ့ ကောင်စုတ်လေး! နို့နံ့တောင်မစင်သေးဘူး လူကြီးတွေကြား ဝင်ခလောက်ဆန်ရဲတယ်! တတ်ထားသမျှ ပညာအကုန်လုံး ခွေးသွားကျွေးလိုက်တာလား။ မင်းလုပ်တတ်တာဆိုလို့ သွားတဲ့နေရာတိုင်း အမွှေရှာတာပဲ! တကယ်လို့ မင်းကြောင့်သာမဟုတ်ရင် ငါတို့မိသားစုက ဒီလိုတွေတောင် ဖြစ်လာစရာမရှိဘူူးကွ!”

သူက ပြောရင်းပြောရင်း ဒေါသမာန်ပိုပြင်းလာပြီး ရိုက်ဖို့တောင် လက်တစ်ဖက် ရွယ်လာခဲ့တယ်။ ဒါကိုမြင်တဲ့ ကျောက်အာက ရွှီထင်းရှန်းကို သူမနောက်အမြန်ဆွဲကာ ကာပေးလိုက်ပြီး မြှောက်လာတဲ့ ရွှီချင်းရှန်လက်ကောက်ဝတ်ကိုတောင် ဖမ်းဆွဲတားလိုက်တယ်။

“ဦးလေး ၁ ဆူချင်ရင် ပါးစပ်ကပဲဆူပါ ဘာလို့လက်ပါရတာလဲ။ ဦးလေးကရော ပညာတတ်တစ်ယောက်မဟုတ်ဘူးလား။ အိမ်ကပြဿနာတွေအားလုံးအတွက် ဘာလို့ကုန်းအာအပေါ်ပဲ ပုံချတာလဲ။ အိမ်မှာဒီလိုတွေဖြစ်လာရတာ တကယ်တမ်း ဘယ်သူ့ကြောင့်လဲ မသိဘူးလား”

ကျောက်အာက ငြိမ်ခံမနေဘဲ ရွဲ့စောင်းပြောတယ်။ အစားကောင်းအသောက်ကောင်းတွေနဲ့ ဂရုတစိုက်ပျိုးထောင်ခံခဲ့ရတဲ့ ကျေးဇူးကြောင့် ရွှီချင်းရှန်က သက်လတ်ပိုင်းဖြစ်နေတာတောင် အရွယ်မကျသေးဘဲ သန်သန်စွမ်းစွမ်း ရှိတုန်းပဲ။

သူနဲ့ယှဥ်ရင် မိန်းမသားဖြစ်တဲ့ကျောက်အာက လှည်းကိုပိတ်ရပ်ဖို့ လုပ်နေတဲ့ နှံကောင်လို သေးငယ်နေပေမဲ့ ရွှီချင်းရှန်အားနဲ့ရုန်းတာတောင် သူမလက်ထဲက မလွတ်နိုင်သေးဘူး။

“လွှတ်စမ်း! နင့်ကိုယ်နင် ဘာထင်နေလဲ။ ဒီအိမ်မှာ နင်က ဘယ်တုန်းက ပြောရေးဆိုခွင့် ရှိသွားတာလဲ”

ကျောက်အာက သရော်တော်တော်နဲ့ “သမီးက ပြောရေးဆိုခွင့်မရှိပါဘူး။ အဲဒီလိုပဲ သူများတွေ နဖူးကချွေး ခြေမကျအောင် ရှာထားရတဲ့ပိုက်ဆံတွေကိုလည်း တစ်ပြားမှ အလကားမသုံးဖူးဘူး”

“နင်…”

“တော်လောက်ပြီ! ပါးစပ်ပိတ်စမ်း မင်းတို့နှစ်ယောက်လုံး!”

အဘိုးရွှီက သစ်သားစားပွဲကြီးကို ဒုန်းခနဲထုချပြီး ထအော်တော့မှ အငြင်းပွားနေတဲ့နှစ်ယောက် တိတ်ကျသွားတယ်။ လူအိုကြီးကတော့ သူ့နေရာမှာတင် ကျောက်တုံးတစ်တုံးလို တောင့်တင်းစွာ ငြိမ်နေမိတယ်။

ခဏကြာတော့မှ သူ့လက်တွေက ခါးကြားက ဆေးရွက်ကြီးအိတ်ဆီ ဖြည်းဖြည်းချင်းရောက်သွားပြီး နောက်တစ်ခါ မီးညှိလိုက်တယ်။ ကျောက်အာက ဆုပ်ကိုင်ထားတာကို လွှတ်ပေးလိုက်တော့ ရွှီချင်းရှန်က သူ့လက်သူ အမြန်ရုတ်သွားပြီး အင်္ကျီလှန်ကြည့်လိုက်တဲ့အခါ ထင်ထားတဲ့အတိုင်းပဲ သူမရဲ့လက်ရာကြီးက သူ့လက်ကောက်ဝတ်မှာ နီရဲစွာ အရာထင်နေခဲ့တယ်။

ဒီကောင်မစုတ်လေး ဘယ်တုန်းက ဒီလောက်အားရှိသွားတာလဲ။

အဘိုးရွှီက စိတ်အာရုံစုစည်းနိုင်အောင် မီးခိုးတစ်ငွေ့ မှုတ်ထုတ်ပြီးတော့မှ အရှေ့ကလူတွေကို ခြုံငုံကြည့်လိုက်မိတယ်။ အားလုံးက ငွေကြေးတစ်ခုအတွက် ခိုက်ရန်ဖြစ်ပွားနေကြတဲ့ သူ့သားသမီးတွေ မြေးမြစ်တွေပဲ။

ဒီလိုတွေဖြစ်လာရတာ ဘယ်သူ့အမှားကြောင့်လဲ။

အဘိုးရွှီက စိတ်အာရုံထဲ ရုတ်ခြည်းဆန်စွာ ပေါ်ထွက်လာတဲ့ မေးခွန်းတစ်ခုကြောင့် ကိုယ်တိုင်တောင် ရှော့ရသွားတယ်။ သူတို့တွေ အကြီးဆုံးမိသားစုခွဲကိုသာ အမြဲတမ်း ဦးစားပေးခဲ့တယ်ဆိုတာ မငြင်းပါဘူး။

ဘာလို့ဆို သူတို့က နောင်အနာဂတ်မှာ ရွှီမိသားစုနာမည်ကို ဂုဏ်တက်အောင်လုပ်ပေးမဲ့ သူတွေမို့လို့လေ။ သူ့သားကြီး ချင်းရှန်က ငယ်ငယ်ကတည်းက စာလေ့လာရာမှာ ပါရမီပါပြီး မိသားစုကို နာမည်ရအောင် လုပ်ပေးနိုင်ခဲ့တယ်။

24 02

သူတို့က ငွေကြေးမတတ်နိုင်တဲ့ သာမန်လယ်သမားတွေမို့ မိသားစုကို ဆင်းရဲတွင်းထဲက ကယ်တင်ပေးနိုင်မဲ့ အလားအလာအရှိဆုံးသူတစ်ယောက်ကိုသာ ဦးစားပေးပံ့ပိုးရတယ်။ သူတို့ရဲ့အဘေး ရွှီလည်း ဒီလိုနည်းနဲ့ပဲ အောင်မြင်တဲ့ရှို့ချိုင်တစ်ယောက်ဖြစ်လာပြီး တစ်မျိုးလုံးကို အကျိုးသယ်ပိုးလာပေးခဲ့တာပဲ။

အဲဒါကြောင့် အဘိုးရွှီကလည်း တစ်ယောက်ထဲကို စုပြုံပြီး ရင်းနှီးမြှုပ်နှံထားတာ အကောင်းဆုံးနည်းလမ်းလို့ မှတ်ယူခဲ့တာ။ ဒါပေမဲ့ … အခုတော့ သူ အသေအချာတောင် မပြောနိုင်တော့ပါဘူး။

အချိန်တစ်ခုလောက်အထိ တိတ်ဆိတ်နေတဲ့ အဘိုးရွှီရဲ့အမြင်အာရုံထဲ မြောက်မြားစွာသော အတိတ်ကပုံရိပ်တွေ ဖြတ်ပြေးလာတယ်။ သားကြီး ကျောင်းစတက်ပြီး မိသားစုထဲမှာ ပထမဆုံး ထုန်ရှန်းဖြစ်လာတဲ့အချိန်တုန်းက ခံစားခဲ့ရတဲ့ ပျော်ရွှင်မှု …

သူ့မြေးကြီးကလည်း ပညာရေးမှာ ထူးချွန်ပြီး သူ့အဖေခြေရာလိုက်နင်းတော့မှာ သိလာရတဲ့အခိုက်အတန့်အပြင် သား ၂ မဆုံးပါးခင်တုန်းက အနည်းငယ် နောက်ဆံတင်းနေဟန် အမူအရာတွေအစ တစ်ခုပြီးတစ်ခု ပြန်အမှတ်ရလာခဲ့တယ်။

တခြားအဖြစ်အပျက်တွေလည်း အများကြီးရှိသေးတယ်ဆိုပေမဲ့ လက်ရှိသူ့မျက်မှောက်မှာ မတူကွဲပြားတဲ့ မျက်နှာထားအမျိုးမျိုးနဲ့ရှိနေကြတဲ့ မိသားစုဝင်တွေကိုမြင်တော့ အားလုံးပြယ်လွ့င်သွားတော့တယ်။

အဘိုးရွှီက သူ့နှုတ်ခမ်းတွေကို ဖိပိတ်ပြီးတော့မှ ခြောက်သွေ့အက်ကွဲနေတဲ့အသံနဲ့ ထုတ်ပြောလိုက်တယ်။

“ကောင်းပြီလေ မင်းတို့က အရမ်းအိမ်ခွဲချင်နေမှတော့ ခွဲကြတာပေါ့!”

“အဖေ့”

အားလုံးထဲမှာ ရွှီချင်းရှန်ရဲ့အလန့်တကြားအသံက အရင်ဦးဆုံး ကျယ်လောင်စွာ ထွက်ပေါ်လာပြီး အဒေါ်ယန်ကလည်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိနဲ့ သူ့ယောက်ျားကိုတစ်လှည့် အဘိုးရွှီကိုတစ်လှည့် လိုက်ကြည့်နေတယ်။

သူ့ယောက္ခထီးကြည့်ရတာ စိတ်ပိုင်းဖြတ်ထားပုံပေါ်တာကြောင့် သူမက ရုတ်တရက်ကြီး ပစ်မှတ်ပြောင်းကာ အတွင်းခန်းကို မျက်နှာမူပြီး အော်တော့တယ်။

“အမေ တကယ်ကြီး ဘာမှဝင်မပြောတော့ဘူးလား”

“တိတ်စမ်း ဒီမိသားစုရဲ့ ဦးစီးဦးဆောင်က ငါဖြစ်နေတုန်းပဲကွ”

အဘိုးရွှီက မာနထိခိုက်သလို ခံစားသွားရတာကြောင့် ချက်ချင်း ဒေါသတကြီး ပြန်အော်တော့ အားလုံးငြိမ်ကုပ်သွားပြီး တစ်ဝက်တစ်ပျက် မတင်ခံလိုက်ရတဲ့ အတွင်းခန်း ကန့်လန့်ကာလေးကလည်း အသံတစ်စက်မထွက်ဘဲ ပြန်ပိတ်ကျသွားတယ်။

“ကဲ ပြော ဘယ်လိုခွဲချင်တာလဲ”

တတိယမိသားစုခွဲနဲ့ စတုတ္ထမိသားစုခွဲတို့ နှစ်အိမ်က အချင်းချင်းအကြည့်ဖလှယ်ပြီးမှ သူတို့မျက်စိတွေက နောက်ဆုံး ရွှီထင်းရှန်းဆီရောက်လာပေမဲ့ ဒီတစ်ခါတော့ လူငယ်လေးက တိတ်ဆိတ်လျက်သာ နေခဲ့တယ်။

ထိုအခါ အခွင့်အရေးလွတ်သွားမှာ စိုးတဲ့အဒေါ်စွန်းက အရင်ဦးဆောင်လိုက်တယ်။

“ကုန်းအာပြောတဲ့အတိုင်း လုပ်ကြတာပေါ့။ ပိုင်ဆိုင်မှုတွေနဲ့ လယ်ကွက်တွေကို အညီအမျှခွဲယူကြမယ်”

ကျောက်အာက ရုတ်တရက် ထပြောတယ်။

“ဒါဆိုသမီးတို့အခန်းကျတော့ရော။ သမီးတို့က လက်ရှိအခန်းမှာပဲနေရမှာလား ဒါမှမဟုတ် ဒေါ်ဒေါ် (ရွှီထင်းရှန်းအမေ)တို့မိသားစုအခန်းကို ရွှေ့ရမှာလား”

‘မိသားစုအခန်း’ဆိုတာနဲ့ပက်သတ်ပြီး ထုတ်ပြောလာတော့မှ လက်ရှိကျောက်အာတို့နေနေတဲ့ အဆောင်ငယ်လေးက ဒုတိယမိသားစုခွဲရဲ့ နဂိုနေရာမဟုတ်ဘူး။ ရွှီမိသားစုအိမ်က ကျေးလက်တောရွာတွေမှာ တွေ့ရများတဲ့ သူကြွယ်အိမ်လိုမျိုး အရပ်မျက်နှာတွေခွဲပြီး ဖွဲ့စည်းထားတာ။

အိမ်ဦးခန်းလို့ဆိုနိုင်တဲ့ မြောက်ဘက်မှာ အခန်းသုံးခန်းပါဝင်ပြီး တစ်ခန်းကို တန်ဖိုးကြီးပစ္စည်းတွေသိမ်းဆည်းဖို့ ချန်ထားရင်း အဘိုးရွှီတို့လင်မယားရယ် သမီးအငယ်ဆုံး ရွှီစွေ့အယ် ရယ်နေကြတယ်။

24 03

ကျန်တဲ့လူတွေအတွက်ကျ ညာဘက်အဆောင်နဲ့ ဘယ်ဘက်အဆောင်ဆိုပြီး ခွဲထားကာ မီးဖိုချောင်နဲ့အတူ နွားတင်းကုပ် ကြက်ခြံ ဝက်ခြံနဲ့ အသီးအရွက်စိုက်ခင်းလေးတွေကတော့ အိမ်မြောက်ဘက်ရဲ့ အကျော်မှာ အသီးသီးတည်ရှိတယ်။

ခြုံပြောရရင် ရွှီမိသားစုအိမ်ကြီးက အတော်လေး ကျယ်ဝန်းပါတယ်။ သို့သော် ရွှီချင်းရှန်နဲ့ သူ့ညီတွေအိမ်ထောင်ပြုပြီးတဲ့နောက် တိုးပွားလာတဲ့လူဦးရေကြောင့် အိမ်က ကျပ်ပိတ်သိပ်သွားခဲ့တယ်။

အဲဒီတုန်းက ရွှီမိသားစုက စီးပွားတက်နေတဲ့အချိန်မို့ သားကြီး ရွှီချင်းရှန်က လက်ထပ်ပြီးပြီးချင်း ဘယ်ဘက်ခြမ်းမှာ အခန်းပိုတွေထပ်ဆောက်လိုက်သလို ဒုတိယသားဖြစ်တဲ့ ရွှီချင်းစုန့်ကလည်း မင်္ဂလာဆောင်ပြီးတာနဲ့ ထိုနည်း၎င်းအတိုင်း သူ့အစ်ကိုမိသားစုဘေးမှာပဲ နေရာယူလိုက်ပြန်တယ်။

တတိယသား လက်ထပ်တဲ့အချိန်ကျမှ မိသားစုက ငွေကြေးအနည်းငယ် ကျပ်တည်းလာပြီး အခန်းပိုဆောက်ဖို့ကိစ္စက ကြန့်ကြာနေခဲ့တာ နှစ်ပေါင်းများစွာ ကြာသွားတဲ့အထိပဲ။ ဒုတိယမိသားစုက လင်မယားနှစ်ယောက်ဆုံးပါးသွားတဲ့အချိန် ရွှီချင်းဟွိုင်က လူပျိုပဲရှိသေးတာမို့ သူ့အခန်းငယ်လေးမှာပဲ နေနေခဲ့တာ။

သူအိမ်ထောင်ကျပြီး ကလေးတစ်ယောက်ရှိလာတော့မှ ထိုအခန်းလေးက မလုံလောက်တော့လို့ အဘိုးရွှီရဲ့ညွှန်ကြားချက်နဲ့ သူတို့မိသားစုသုံးယောက် ဒုတိယမိသားစုခွဲရဲ့ မိသားစုအခန်းမှာ ပြောင်းနေလိုက်ကြတယ်။

ဒုတိယမိသားစုမှာ ကျန်ရှိတဲ့ကလေးနှစ်ယောက်ကတော့ လက်ရှိ ရွှီချင်းဟွိုင်ရဲ့ အရင်အခန်းဟောင်းလေးထဲကို ရွှေ့ပြောင်းပေးလိုက်ရတယ်။ ဒီလိုစီစဥ်ပေးထားတာက ပုံမှန်ဆို ဘာပြဿနာမှမရှိပေမဲ့ အခုအိမ်ခွဲဖို့လုပ်လာတော့ ရှင်းရှင်းလင်းလင်း ပြောထားမှ တော်ကာကျမှာ။

သဘာဝအားဖြင့် အဒေါ်စွန်းရဲ့မျက်နှာအမူအရာကတော့ ပျက်ယွင်းသွားတော့တာပေါ့။ တစ်ဖက်မှာလည်း အဒေါ်ယန်ရဲ့နှုတ်ခမ်းစွန်းတွေက မသိမသာ ကော့တက်လာတယ်။

ဒါပဲလေ အောက်ခြေကခွေးတွေ အချင်းချင်းကိုက်ပါ‌စေ နောက်ဆုံးကျ နင်တို့ပါးစပ်ထဲ အမွှေးတစ်ဆုပ်အပြင် ဘာမှမရ။

သို့သော် သူမ ကိုယ့်ဘာသာ ကျေနပ်လို့တောင်မဆုံးသေးဘူး။ အဒေါ်စွန်းက အံတင်းတင်းကြိတ်ပြီး သဘောတူပေးလာတယ်။

“ကျောက်အာက မိသားစုအခန်းကို ပြန်လိုချင်တယ်ဆို အဒေါ်တို့ ဖယ်ပေးပါမယ်”

ဒီစကားထွက်လာတာနဲ့ အဒေါ်စွန်းအပေါ် ကျောက်အာရဲ့အမြင်က အနည်းငယ် ပြောင်းလဲသွားတယ်။ သူမက အမြဲတမ်း တခြားမိသားစုခွဲတွေကို အနိုင်ယူပြီး အကြီးဆုံးမိသားစုကို သွားသွားဖားတတ်ပေမဲ့ အရေးကြီးတဲ့အချိန်ကျ အသိတရားရှိသားပဲ။

ကျောက်အာက ခေါင်းခါပြလိုက်ပြီး “သမီးက အဒေါ်တို့နေနေတာကို မဖယ်ခိုင်းပါဘူး။ ဒါပေမဲ့ အခုအားလုံးက အမွေခွဲဖို့လုပ်နေတာဆိုတော့ ကိစ္စတွေကိုရှင်းရှင်းလင်းလင်းလုပ်တာ ပိုကောင်းမယ်ထင်လို့ပါ။ အဒေါ်တို့မိသားစုက လူများတာမို့ အခန်းကိုတော့ ပြန်မယူပါဘူး ။အဲဒီအစား အိမ်နောက်က မြေကိုပဲ ပေးလိုက်ပါ”

အိမ်အနောက်ကမြေဆိုတာ လွန်ခဲ့တဲ့ကာလတွေတုန်းက အိမ်ကြီးကို တိုးချဲ့ဆောက်ဖို့အတွက် ရည်ရွယ်ရင်း အဘိုးရွှီဝယ်ယူထားတဲ့ မြေကွက်ဖြစ်ပြီး ရွာအတွင်းထဲမှာမို့ ငွေ ၂တုံးဆိုတဲ့ ပမာဏနဲ့ ဈေးတန်တန်လေး ရလိုက်တယ်။

သို့သော် သူတို့က နှစ်တိုင်းအဆောင်အသစ်ဆောက်ဖို့ ဆွေးနွေးကြပေမဲ့ ငွေကြေးအခက်အခဲကြောင့် ရွှေ့ရင်းရွှေ့ရင်းနဲ့ နောက်ဆုံး အဲဒီမြေက အသီးအနှံစိုက်ခင်းပဲ ဖြစ်သွားတော့တယ်။

“ဒါကတော့ ….”

အဒေါ်စွန်းက တုံ့ဆိုင်းနေပြီးမှ “အခန်းလေးတစ်ခန်းနဲ့ မြေကတော့ ဘယ်လိုလုပ် တူမှာလဲ”

“အဒေါ် ၄ သမီးတို့ အခန်းထက် မြေကိုပဲ ပိုလိုချင်ပါတယ် ဘယ်လိုမဆို သမီးနဲ့ကုန်းအာတို့က လောလောဆယ် မိသားစုအခန်းကြီးကိုလည်း လိုသေးတာမှမဟုတ်တာ မြေရထားပြီးပြီးဆို လက်ထဲငွေလေးစုမိတာနဲ့ ကိုယ့်ဘာသာ အိမ်ဆောက်လိုက်မှာပါ”

“ကောင်းပြီလေ ဒီအဒေါ်တွေက မင်းတို့အပေါ် အခွင့်အရေးယူလိုက်မိတယ်ပဲ ထားပါတော့၊ ဘယ်လိုမဆို ပိုင်ထားသမျှ မြေအားလုံး ညီတူညီမျှခွဲယူရမှာဆိုတော့ အခုမင်းတို့ရဲ့ မိသားစုအခန်းကို ငါတို့မြေနဲ့လဲလိုက်ပြီနော် နောက်အိမ်ဆောက်တဲ့အခါကျရင်လည်း မင်းတို့ဦးလေး ၄နဲ့ အဒေါ်တို့က ဝင်ကူညီ…”

24 04

“ငွေ ၂တုံးပါ ထပ်ပေးလိုက်”

ရွှီချင်းဟွိုင်က ရုတ်တရက် ထပြောလာတော့ အဒေါ်စွန်းက လန့်သွားတယ်။ ဘယ်လိုမဆို သူမက ဖြစ်လာသမျှ အံကြိတ်မျိုချလိုက်ပြီး “အင်း ငွေ ၂တုံးလည်း ပေးမယ် အဒေါ်တို့လက်ထဲ အဲဒီလောက်စုမိပြီဆို အဲဒါပါ တစ်ခါတည်း ပေးလိုက်မယ် ဟုတ်ပြီလား”

ကျောက်အာက လက်တခါခါနဲ့ အမြန်ငြင်းတယ်။

“မဟုတ်တာ သမီးတို့က ဘယ်လိုလုပ် ပိုက်ဆံပါယူရမှာလဲ။ မဖြစ်ပါဘူး ပိုက်ဆံတော့ မယူပါဘူး”

“ပေးသင့်ပေးထိုက်တာတွေက ပေးကိုပေးရမှာပဲ ကျောက်အာ ဦးလေး ၄စကားနားထောင်ပါ မငြင်းနဲ့”

ရွှီချင်းဟွိုင်က ဒီလိုအခိုင်အမာဝင်ပြောလာတော့ ကျောက်အာလည်း မတတ်သာဘဲ လက်ခံလိုက်ရတယ်။ သူတို့နှစ်မိသားစု အပြန်အလှန် ဆွေးနွေးညှိနှိုင်းနေတဲ့အခါ အဘိုးရွှီရဲ့ မျက်နှာက ပိုပိုသုန်မှုန်လာတယ်။

အရွယ်လေးရောက်လာတော့ ဒီကလေးတွေက လူစိတ်တောင်မရှိကြတော့ဘူးပဲ မြန်မြန်အမွေခွဲလိုက်တာပဲ ကောင်းတယ် သွားကြ

“ဒါဆို အိမ်က ကြက်တွေ ဝက်တွေကိုရော ဘယ်လိုခွဲယူမှာလဲ။ …”

အဒေါ် စွန်းက ဒီလိုပြောလာတော့ ရွှီချင်းဟွိုင်က သူ့မိန်းမလက်မောင်းကနေ အမြန်ဆွဲပြီး “အဲဒါတွေကိုတော့ ထည့်မတွက်ပါနဲ့တော့”

“မဟုတ်ဘူးလေ နွားမရှိဘဲ လယ်ဘယ်လိုထွန်မှာလဲ”

“ဒါပေမဲ့ အိမ်မှာက နွားတစ်ကောင်ပဲရှိတာလေ …”

*ဒုန်း*

အသံတွေညံလာတာနဲ့ အဘိုးရွှီက စားပွဲကို ထုလိုက်ပြန်ပြီး “အေး မင်းတို့ပြောလို့ပြီးပြီလား။ ပြီးရင် ငါပြောမယ်”

သူက ရှိရင်းစွဲနေရာမှာပဲ ခါးမတ်မတ် ပြင်ထိုင်လိုက်တယ်။

“မင်းတို့အမေနဲ့ငါက သက်ရှိထင်ရှားရှိနေသေးတယ်။ စွေ့အယ်ကလည်း ဒီနှစ်ကုန်သာ လက်ထပ်ရတော့မှာ အခုထိ တင်တောင်းငွေ မစီစဥ်ရသေးဘူး။ အစဥ်အလာအရ မိဘတွေအတွက် အမွေမပါဘူးဆိုပေမဲ့ ငါတို့လူအိုနှစ်ယောက်လည်း စားဖို့သောက်ဖို့လိုသေးတယ် အဲဒါကြောင့် မြေက ၄ပုံမဟုတ်ဘဲ ၅ပုံခွဲမှရမယ်”

“ရွှီမိသားစုမှာ လယ်မြေပေါင်း ၃၂ မုရှိတယ်။ ငါးပုံပုံလိုက်ရင် တစ်ယောက်ကို ၆ မုစီ အညီအမျှရလိမ့်မယ်။ ကျန်တဲ့ ၂မုကတော့ ဒုတိယမိသားစုခွဲဆီပဲ သွားမှာပေါ့ သားကြီးနဲ့ သား ၂တို့က ဘယ်လောက်မှမကွာတာမို့ သား ၂က အသက်ငယ်ငယ်မှာတင် မိသားစုကိုကူဖို့ လယ်ထဲဆင်းနေပြီ။ နောက်ကျ လက်မှုပညာသင်ပြီးတော့လည်း သူ့လက်ရာက ရွာနီးချုပ်စပ်တွေမှာပါ ကျော်ကြားလာတော့ အိမ်ကို အတော်ထောက်ပေးခဲ့တာ။ အခုငါတို့မှာရှိနေတဲ့ လယ်တချို့မှာ သား ၂ရဲ့ငွေတွေလည်း ပါနေတယ်ဆိုတာ လူတိုင်းသိပါတယ်”

“ငါတို့ဝေစု လယ်မြေ ၆မုကတော့ မင်းအမေနဲ့ငါ အသက်ရှင်နေသရွေ့ ငါတို့လက်ထဲရှိနေမယ်။ ငါတို့သေသွားရင်တော့ မင်းတို့တွေ မျှမျှတတ ခွဲယူကြပေါ့ အိမ်ကနွားကတော့ အများပိုင်ပဲ ဘာမှခွဲနေစရာမလိုဘူး။ ဝက်နှစ်ကောင်ကလည်း အခုထိငယ်သေးတာမို့ နှစ်ကုန်မှ ပေါ်မယ်။ အဲဒီအခါကျရင်လည်း အားလုံးကို ချိန်ခွင်နဲ့ပါ တိုင်းပြီးဝေပေးမယ်။ ကြက်တွေလည်း အတူတူပဲ။ အခုတော့ အတူတူမွေးချင်မွေး မဟုတ်လည်း ကိုယ့်ကြက်ကိုယ် ခွဲမွေးချင်မွေးပေါ့။ ဂိုဒေါင်ထဲက ဂျုံတွေ ပြောင်းတွေကတော့ ဒီနှစ်ကောက်ရိတ်သိမ်းချိန်အထိ လောက်လောက်ပါတယ်”

အားလုံးက ကိုယ့်အကြောင်းပြချက်နဲ့ကိုယ် အိမ်ခွဲချင်တာမှန်ပေမဲ့ အဘိုးရွှီက အခုလိုအကြွေးစာရင်းရှင်းတဲ့ လေသံနဲ့ပြောလာတော့လည်း မသက်မသာ ခံစားရပြန်တယ်။

“ဒါပေမဲ့ ငါတစ်ခုတော့ ရှင်းအောင်ပြောထားမယ်။ မင်းတို့က အရမ်းတွေခွဲထွက်ချင်နေတာမို့လို့ နောက်ပိုင်း မင်းတို့ကလေးတွေရဲ့ အိမ်ထောင်ရေးနဲ့ပက်သတ်လို့တော့ ငါတို့လူကြီးနှစ်ယောက် ဝင်ပါတော့မှာမဟုတ်ဘူး”

24 05

အဒေါ်စွန်းက ပင့်မြှောက်တဲ့အပြုံးကြီးနဲ့ “ဒါပေါ့ ဒါပေါ့ ဒီလိုကိစ္စတွေလောက်နဲ့တော့ အဖေနဲ့အမေ့ကို နှောင့်ယှက်လို့ဘယ်ကောင်းမလဲ”

“စွေ့အယ်ရဲ့ မင်္ဂလာပွဲနေ့ကျရင်လည်း သူ့ရဲ့အစ်ကိုနဲ့ ယောင်းမတွေဖြစ်တဲ့အလျောက် လာချင်လာ မလာချင်နေလို့ရတယ်။ မင်းအမေနဲ့ငါကတော့ ငါတို့မှာ လယ် ၆ မုရှိနေသရွေ့ မင်းတို့ဆီက ပေးကမ်းတာတွေ မလိုအပ်ဘူး ငါအလုပ်မလုပ်နိုင်တော့တဲ့အထိ အိုလာမှ ဒီပေးစာကမ်းစာတွေအကြောင်း ဆက်ပြောကြတာပေါ့”

ထိုအချိန်မှာပဲ အတွင်းခန်းထဲက ကန့်လန့်ကာက ဖြတ်ခနဲပွင့်လာပြီး တစ်စုံတစ်ယောက်က အိမ်ရှေ့ကို အပြေးထွက်လာတယ်။ အဲဒါကတော့ ဒီထက်ပိုသည်းမခံနိုင်တော့တဲ့ အဘွားကျောက်ပဲ။

“ပေးစာကမ်းစာ မယူဘူးဆိုတာ ဘာသဘောလဲ။ သူတို့အားလုံးကို ကျွန်မတို့ပဲ ကျွေးမွေးလာရတာမဟုတ်ဘူးလား။ နင်တို့အားလုံး မိဘကို ဂုတ်သွေးစုပ်တဲ့လူနဲ့ မျက်ဖြူဝံပုလွေတွေချည်းပဲ အောင်မယ်လေး အရပ်ကတို့ရေ ဒင်းတို့က ဒီမအေအိုကြီးနဲ့ စာရင်းရှင်းချင်တာတဲ့ ငယ်ငယ်တုန်းက ချီးသေးသုတ်ပေးခဲ့ရကျိုးတောင် မနပ်ဘူး။ အခုကြီးလာပြီဆိုတော့ ရှိသမျှအကုန်ယူပြီး မိဘတွေကို စွန့်ပစ်ခဲ့တော့မယ်ပေါ့။ ဒီမအေက ခွင့်လွှတ်တောင် ဘိုးဘေးတွေကတော့ နင်တို့ကို ခွင့်လွှတ်မှာမဟုတ်ဘူး”

အဘွားကျောက်ရဲ့စကားလုံးတွေက ရက်စက်လွန်းလို့ ရွှီညီအစ်ကိုသုံးယောက်စလုံး ရှက်ရွံ့မှုနဲ့အတူ ခေါင်းတွေ ငိုက်ကျသွားတယ်။ သူတို့ထဲမှာ ရွှီချင်းပိုင်က အရင်ကတည်းက အသိတတ်ဆုံး သားလိမ်မာလေးမို့ ဒီစွပ်စွဲချက်တွေက သူ့ဆုံးဖြတ်ချက်ကို ယိမ်းယိုင်သွားစေတယ်။

“အမေ ဒါဆိုလည်း ကျွန်တော်တို့…”

ထိုစဥ် အဒေါ်ကျိုးရဲ့အသံက သူ့စကားတွေကို ဖြတ်တောက်လိုက်တယ်။

“အမေ စွန့်ပစ်တော့မယ်ဆိုတာ ဘာကိုပြောတာလဲ။ အဖေက ကျွန်မတို့ပေးကမ်းတာ မလိုဘူးလို့ပြောရင်တောင် ကျွန်မတို့ကတော့ ဝတ္တရားအရရော ထုံးတမ်းစဥ်လာအရပါ အမေတို့ကို ထောက်ပံ့ပေးနေဦးမှာပါပဲ။ အမွေခွဲလိုက်ပြီဆိုရင်တောင် တစ်အိမ်ထဲအတူနေနေတာပဲလေ ကျွန်မတို့ အမွေခွဲချင်ရတဲ့အဓိကအကြောင်းပြချက်က အမေတို့အပေါ် မသိတတ်ချင်လို့မှ မဟုတ်တာ။ မိသားစုဝင်တိုင်းမှာ သူတို့ရဲ့ ဦးစားပေးတွေက မတူလို့မဟုတ်ဘူးလား”

ကျိုးကြောင်းသင့်တဲ့ ဒီစကားတွေက ရွှီချင်းပိုင်ကို ပါးစပ်ပိတ်သွားစေတယ်။ သားသမီးဆိုတာ မိဘဘယ်အခြေအနေရောက်ရောက် ရှာကျွေးရမှာထုံးစံပဲ။ ဒါပေမဲ့ အစ်ကိုကြီးဆိုတိုင်း အရာရာမှာ အသာရချင်ပြီး ညီတွေရဲ့မိသားစုဘက်ကျ မကြည့်ပေးတာက မတရားတာမဟုတ်ဘူးလား။

“ဟက် သားကြီးတို့က အသုံးအဖြုန်းကြီးတယ်လို့တွေးပြီး မကျေနပ်ဘူးဆိုတာပါ ထည့်ပြောစမ်းပါ”

အဘွားကျောက်က သရော်လိုက်တော့ မျက်နှာချင်းဆိုင်က လူအားလုံး ငြိမ်သွားတယ်။

ဟုတ်တယ်‌လေ ဒါက သိသာနေတာပဲမဟုတ်ဘူးလား။ ပါးစပ်က ထုတ်ပြောဖို့တောင် လိုသေးလို့လား။

“ရတယ်လေ နင်တို့က ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်နေပြီဆိုတော့ သွားပေါ့ ကိုယ့်ဘဝကိုယ် ကျောင်းကြည့် အခုတော့ အကြီးဆုံးမိသားစုခွဲကို အပြစ်တွေဇွတ်တင်ပြီး သားကြီးတို့ ကြီးပွားသွားတဲ့တစ်နေ့ကျမှ နင်တို့အကုန်လုံး မျက်နှာလာမပြနဲ့”

“ထားလိုက်ပါ အမေရယ် သမီးတို့ကျွင်းခိုင်က သူ့အဒေါ်တွေ ဦးလေးတွေမျက်လုံးထဲမှာ ဘာအရည်အချင်းမှမရှိတဲ့လူဆိုတော့ ကြီးပွားသွားလည်း သူတို့က ဘယ်မျက်နှာလာပြကြမလဲ”

အခုအဒေါ်ယန်ကပါ ဒီလိုပြောလာတော့ သူတို့ဆက်ပြီး တိတ်ဆိတ်နေရင် နောင်မှာ အကျိုးမျှော်တယ် အထင်ခံရတော့မှာ။ ကျောက်အာကတော့ ဘယ်သူ့ကိုမှ ဂရုစိုက်မနေဘဲ ဝမ်းမြောက်ဝမ်းသာ ရွဲ့ပေးလိုက်တယ်။

“မပူပါနဲ့ အဒေါ် ၁ ကုန်းအာနဲ့သမီးက စားစရာမရှိတဲ့အထိ ငတ်ပြတ်နေရင်တောင် အဒေါ်တို့အိမ်ရိပ်ကို မနင်းပါဘူး”

“ဟုတ်ပါတယ် ယောင်းမကြီး စိတ်ချပါ ကျွန်မတို့က ကိုယ့်နေရာကိုယ်သိပါတယ် ကျွန်မတို့လိုလူတွေက တစ်သက်လုံး ရွှံ့ဗွက်ထဲမှာတင် နေသွားရမှာမို့ ချမ်းသာမဲ့ကံလည်းမပါသလို လောဘလည်း မကြီးပါဘူး။ ကိုယ့်မှာရှိတာနဲ့ ရောင့်ရဲတင်းတိမ်တတ်ပါတယ်”

အဒေါ်ကျိုးကပါ ဒီလိုပြောလာတော့ အဒေါ်စွန်းလည်း ငြိမ်နေလို့မရတော့ဘူးပေါ့။ နောက်ဆုံး သူမက ဘယ်လောက်ပဲ ကောင်းစားတဲ့ဘဝမှာ နေချင်ပါစေဦး ဒီလူတွေအမြင်မှာတော့ အကျိုးမျှော်တဲ့သူ မဖြစ်ချင်ပါဘူး။

အဲဒီလိုနဲ့ သူမ တစ်ခုခုပြောတော့မဲ့အချိန်မှာပဲ ကျယ်လောင်တဲ့အသံကြီးတစ်ခုက ဝင်နှောင့်ယှက်သွားပြီး တရားခံကတော့ စားပွဲကို မှောက်ပစ်လိုက်တဲ့ အဘိုးရွှီပဲ။

…………..

******

All Chapters