အခန်း (၂၅-၂၆)
Vol. 3 Ch. 25-26
25 01
အပိုင်း 25
*ဒုန်း*
စားပွဲလေးက အကွာအဝေးတစ်ခုအထိ လိမ့်ကျသွားပြီး အားလုံးရဲ့အကြည့်အောက်မှာ ဇောက်ထိုးမိုးမျှော်ဖြစ်သွားတယ်။ ကံကောင်းတာက ဒီစားပွဲလေးက အရင်တုန်းက ရွှီချင်းစုန့်ကိုယ်တိုင် တောင်ပေါ်ထင်းသွားခုတ်ရာက ရခဲ့တဲ့ကျွန်းသားတွေနဲ့ ပြုလုပ်ထားတာမို့ အကြမ်းပတမ်း အသုံးပြုရင်တောင် မကျိုးမကွဲသွားဘူး။
သို့တိုင် လူအပေါင်းကတော့ ရုတ်ခြည်း ကြမ်းတမ်းတဲ့အပြုအမူကြောင့် လန့်ဖြန့်သွားတုန်းပဲ။
“ဘာစကားတွေလဲ။ နင်တို့အကုန်လုံး ဘာစကားတွေပြောနေကြတာလဲ။ အားလုံး ပါးစပ်ပိတ်လိုက်တော့!!”
အဘိုးရွှီရဲ့မျက်နှာက ဝက်အသည်းနှလုံးလို မဲပုပ်နေပြီး မျက်ထောင့်နီနဲ့ လူတိုင်းကို စိုက်ကြည့်လိုက်တဲ့အချိန် သူ့နှုတ်ခမ်းသားတွေကလည်း အမျက်ဒေါသကြောင့် တုန်ရီနေတယ်။ သူက အိမ်ခွဲမဲ့အကြောင်းပြောတုန်းကတောင် ဒီလိုတုံ့ပြန်မှု မပေးခဲ့တာကြောင့် အခုတော့ သူဘယ်လောက် စိတ်ဆိုးနေသလဲဆိုတာ သိသာတယ်။
အဘိုးရွှီက ပတ်ပတ်လည်က မိသားစုဝင်တိုင်းကို လိုတာထက်ပို ကြာကြာလေး စူးစိုက်ကြည့်ပေးလိုက်ပြီးမှ နောက်ဆုံးကျောအပ်ထားတဲ့ နံရံမှာ မှီချလိုက်မိပြီး အားအင်ကုန်ခမ်းသွားသလိုနဲ့ လက်ကာပြလာတယ်။
“ကဲ ကိုယ့်အခန်းကိုယ် ပြန်တော့ ကျန်တာတွေ မနက်ဖြန်မှ ဆက်ပြောကြတာပေါ့”
“အဖေ ဒါဆို စာချုပ်စာတမ်းတွေကျတော့ရော”
အဒေါ်စွန်းရဲ့ စကားမနာခံချင်သလို တွန့်ဆုတ်ဆုတ် ပြောလာတဲ့အသံကြောင့် ဒီတစ်ခါတော့ အဘိုးရွှီ မပေါက်ကွဲနိုင်ခင် သူ့ယောက်ျားကအရင် စီးငေါက်ပြီး ဆွဲခေါ်သွားတယ်။
“မင်း တော်တော့ ပြဿနာရှာရတာ မဝသေးဘူးလား။ ပြောစရာရှိရင် မနက်ဖြန်မှပြော ဒီလိုတွေဖြစ်ပြီးသွားမှ အားလုံးက မင်းကို နစ်နာခိုင်းမယ် ထင်နေတာလား”
အဲဒီလိုနဲ့ မိသားစုဝင်တိုင်းက အလျှိုလျှိုလူစုကွဲသွားကြတယ်။ ဘယ်သူမှ ကိစ္စတွေက ဒီလိုအဆုံးသတ်သွားလိမ့်မယ်လို့ ကြိုမမှန်းထားကြတော့ အခန်းပြန်တဲ့အချိန်အထိ လူတိုင်းရင်ထဲ လေးလံနေတုန်းပဲ။
သူတို့ အမြဲတမ်းဖြစ်စေချင်ခဲ့တဲ့အရာတွေက လက်တွေ့ဖြစ်လာခဲ့ပေမယ့် အကောင်အထည်ပေါ်လာတော့လည်း မပျော်နိုင်ပြန်တာ ‘လူ့အလို နတ်မလိုက်နိုင်’ဆိုသလိုပဲ ထင်ပါရဲ့။
ရွှီထင်းရှန်းက ပထမဆုံး အကြံဉာဏ်ဝင်ပေးပြီးကတည်းက ငြိမ်နေခဲ့တာ စကားဝိုင်းပြီးသွားတဲ့အချိန်အထိမို့ ကျောက်အာက ခဏတိုင်းလိုလို ခိုးကြည့်နေခဲ့ပေမဲ့ ဘယ်လိုစကားစရမှန်းလည်း မသိတော့ ထိုနေ့ညက သူတို့နှစ်ယောက်စလုံး တစ်ခွန်းတလေမှ မပြောဖြစ်ခဲ့ကြဘူး။
****
အရုဏ်တက်ချိန်က အားနည်းဖျော့တော့တဲ့ နေရောင်နဲ့အတူ လင်းစပြုလာခဲ့တယ်။ လင်းကြက်တွန်တာနဲ့ ရွှီမိသားစုခြံဝန်းကြီးလည်း စတင်လှုပ်ရှားလာပေမဲ့ ခါတိုင်းလို အသက်ဝင်ခြင်းအလျဥ်းမရှိဘဲ ခြောက်ခြားစရာကောင်းအောင် တစပြင်အလား တိတ်ဆိတ်နေခဲ့တယ်။
ဘယ်သူမှ စကားတစ်ခွန်း မဆိုကြဘူး။ အိမ်တွင်းဝေယျာဝစ္စအားလုံးက သူ့တာဝန်နဲ့သူ ပုံမှန်ပြန်လည်ပတ်နေပြီး ခြံအနောက်ဘက်က တိရစ္ဆာန်တွေနဲ့ နွားစာစဥ်းသံကလွဲရင် ဘာအသံမှမကြားရဘူး။
ချက်ပြုတ်ရမဲ့သူတွေက မီးဖိုချောင်ထဲမှာ တကုပ်ကုပ်နဲ့ အလုပ်ရှုပ်နေသလို ကျန်တဲ့သူတွေကလည်း တံမြက်စည်းလှဲ ရေခပ်စတာတွေ ကူလုပ်ပေးနေတယ်။ နံနက်စာစားသောက်ပြီးတဲ့အခါကျမှ အဘိုးရွှီက နောက်ထပ်တစ်ခါ လူစုခိုင်းလိုက်ပြီး ဒီတစ်ခါတော့ လာချင်တဲ့လူ အကုန်လာလို့ရတယ်လို့ ဆိုတယ်။
အဘွား ကျောက်က သူ့ယောက်ျားအမိန့်နဲ့ အခန်းထဲက ရွှီမိသားစုပိုင်မြေယာတွေနဲ့ပတ်သက်တဲ့ စာချုပ်စာတမ်းတွေ သိမ်းဆည်းထားတဲ့သေတ္တာဘူးကို သွားယူလာပြီး အထဲမှာတော့ လယ် ၂မုကစလို့ မြေတစ်ကွက်ဝယ်တိုင်း ချုပ်ဆိုထားတဲ့ စာချုပ်အမြောက်အများရှိနေတယ်။
ကြည့်ရင်တော့ မျက်စိရှုပ်ပုံရပေမဲ့ ဒီလိုတွေ ခွဲချုပ်ထားတာကလည်း အခုလို အမွေခွဲတဲ့အခါ ပိုမိုလွယ်ကူသွားစေတယ်။ ရှိသမျှမြေအားလုံးကို စာချုပ်တစ်ခုတည်း ချုပ်ဆိုထားရင် မိသားစုဝင်တွေကို အမွေခွဲပေးဖို့အတွက် ခရိုင်တရားရုံးကို စာသွားတင်ရမဲ့အပြင် ရွာသူကြီးကိုလည်း အရင်တင်ပြရဦးမယ်။
အဲဒီလူက သူတို့ရွှီမိသားစုရဲ့ဂုဏ်သိက္ခာကို ငဲ့ကွက်ပြီး ဒီလျှို့ဝှက်ချက်ကို ထိန်းသိမ်းထားပေးရတဲ့အထိတော့ သဘောမနော မကောင်းလောက်ဘူး။ အဘိုးရွှီက လယ်ကွက်တွေကို သဘောတူထားတဲ့အတိုင်း ၆ မုဆီ အညီအမျှခွဲပေးလိုက်ပြီး ပိုတဲ့ ၂မုကိုတော့ ဒုတိယမိသားစုခွဲက ရရှိသွားတယ်။
25 02
ရွှီမိသားစုတိုင်းက သူတို့ပိုင်ဆိုင်မဲ့ မြေစာချုပ်ကို တစ်ယောက်တစ်လှည့် လာယူကြပြီး ရွှီထင်းရှန်းအလှည့် ရောက်တော့မှ အဘိုးရွှီက ရုတ်တရက်ထပြောတယ်။
“မိသားစုထုံးစံအရ မင်းရဲ့ပညာရေးကို ငါတို့ကထောက်ပံ့ပေးရမှာဆိုပေမဲ့ မနေ့က လူတိုင်း အမွေခွဲပြီးရင် ကိုယ့်ဝမ်းကိုယ်ကျောင်းရမယ်လို့ မင်းကိုယ်တိုင်ပြောခဲ့တာမို့ နောင်မှာ လူကြီးတွေက ဘာမှတာဝန်မယူပေးဘူးလို့ လာမပြောနဲ့”
အဘိုးရွှီက သူ့ကိုသာ စောဒကမတက်ဖို့ပြောပေမဲ့ သူကိုယ်တိုင်ကျ တစ်မိသားစုလုံးကို စောဒကတက်ချင်နေတဲ့ပုံပဲ။ ဘယ်လိုမဆို ဒီကိစ္စတွေ အခုလိုအဆုံးသတ်သွားရတဲ့ တရားခံကို ပြန်ခြေရာကောက်ကြည့်မယ်ဆို ရွှီထင်းရှန်းပဲလေ။
အဲဒီလိုဆိုရင်တောင် သူ ဒီမြေး ၂ကို အခုလိုခလောက်ဆန်ရတဲ့အတွက် သွားအပြစ်တင်လို့မရဘူးဆိုတာ ကောင်းကောင်းသဘောပေါက်တယ်။ သို့သော်လည်း သူစိတ်ကူးယဥ်ခဲ့ဖူးတဲ့ အေးအတူပူအမျှ သင့်မြတ်တဲ့မိသားစုလေး တကွဲတပြားဖြစ်သွားတော့ ဒီမြေးအပေါ် မုန်းတီးစိတ်တချို့ရှိတာတော့ အမှန်ပဲ။
“ဒီမြေးက နောင်မှာ ဘာကိုမှအပြစ်တင်မှာ မဟုတ်ပါဘူး”
အဘိုးရွှီက သူ့ရှေ့မှောက်က ပိန်ပါးနုနယ်တဲ့ မြေးငယ်လေးကို ကြည့်လိုက်ပြီး သူ့မျက်ဝန်းထဲ အမည်ဖော်မရတဲ့ ခံစားချက်များစွာ ရောပြွန်းလာတယ်။ သူက တစ်ခဏလောက် ပါးစပ်တပြင်ပြင်လုပ်နေပေမဲ့ ဘာအသံမှ ထွက်မလာဘဲ နောက်ဆုံးတော့ သေတ္တာထဲက နောက်ဆုံးပိတ်ကျန်တဲ့ ပိုက်ဆံအိတ်အရှုံ့လေးတစ်ထုပ်ကို ကမ်းပေးလိုက်တယ်။
“ဒါပေမဲ့လည်း ငါ မင်းအဘိုးက မမျှတဘူးလို့တော့ အပြောမခံနိုင်ပါဘူး။ ရွာသူကြီးနဲ့ အားလုံးအရှေ့မှာ မင်းကိုကျောင်းထားပေးမယ်လို့ ကတိပေးခဲ့ပြီးသွားပြီပဲ။ ငါ့စကားငါတည်ရမှာပေါ့၊ ရော့ ဒါက ငါအရင်ကတည်းက နည်းနည်းချင်းဖဲ့စုထားတာတွေ အခုတော့ မင်းကို အကုန်ပေးလိုက်မယ်၊ ဘယ်လောက်မှမရှိပေမဲ့ အချိန်တစ်ခုလောက်အထိတော့ အသုံးခံမှာပါ ရှေ့လျှောက်တော့”
သူက သက်ပြင်းလေးလေးချလိုက်ပြီး “အားလုံး ကိုယ့်ခြေထောက်ပေါ်သာ ကိုယ်ရပ်တည်ကြပေါ့ ဟုတ်လား”
ရွှီထင်းရှန်းက ပိုက်ဆံထုပ်လေးကို တရိုတသေ လက်ခံလိုက်တယ်။ အခန်းထဲကလူတိုင်းရဲ့ မျက်လုံးတွေကတော့ အဲဒီအိတ်အဟောင်းလေးဆီမှာပဲ ကပ်ပါလာပြီး အထူးသဖြင့် အကြီးဆုံးမိသားစုခွဲက အဆိုးဆုံးပဲ။
သူတို့က အပေါ်ယံမှာသာ တည်ငြိမ်ချင်ယောင်ဆောင်ထားပေမဲ့ အကြည့်တွေကတော့ အထဲမှာဘယ်လောက်ပါသလဲဆိုတာ ထိုးဖောက်ကြည့်ချင်နေတဲ့ ပင်အပ်တွေအတိုင်းပဲ။ ရွှီထင်းရှန်းက ချက်ချင်းဆိုသလိုပဲ ပိုက်ဆံထုပ်လေးကို ဖြည်ကြည့်လိုက်တဲ့အခါ အထဲက ကျိုးကြေနေတဲ့ ငွေစလေးတွေ ခုန်ထွက်လာတယ်။
အကြမ်းဖျင်း ရေတွက်ကြည့်လိုက်တဲ့အခါ သူတို့အားလုံးပေါင်းရင်တော့ ငွေ ၂တုံးလောက် ရမယ်ထင်တာပဲ။ သူက ပိုက်ဆံတွေကို ထုတ်ယူပြီးမှ ပိုက်ဆံအိတ်အဟောင်းလေးကို ပြန်ကမ်းပေးလိုက်တော့ အဘိုးရွှီက နားမလည်ဖြစ်သွားတယ်။
“ဒါက ဘာလုပ်-”
တကယ်တော့ သူတစ်ယောက်တည်း အံ့ဩသွားတာမဟုတ်ဘဲ အခန်းထဲကလူတိုင်း ရှုပ်ထွေးသွားကြတာ။ ကျောက်အာတစ်ယောက်တည်းသာ သူ့ကောင်လေးဘာလို့ ဒီလိုလုပ်သလဲဆိုတာ သိထားတာ။
ဒီတစ်ချိန်လုံး သူ့ကောင်လေးက ဖြစ်ပျက်သမျှ ကံဆိုးမှုတွေကို ဒီလူတွေအပေါ် ပုံချပြီး နာကျည်းမုန်းတီးနေမယ် ထင်ခဲ့တာ။ ဘာလို့ဆို တစ်ချိန်တည်းမှာပဲ သူမလည်း မကူနိုင် မကယ်နိုင်သလို ဖြစ်ရလို့လေ။
အခုတော့ ကြည့်ရတာ သူမ ဒီကိစ္စကို အတွေးလွန်ခဲ့တာဖြစ်ရမယ်။ ဒါပေါ့ ကျောက်အာက ဒီလူတွေကို ခွင့်လွှတ်လိုက်တာမဟုတ်ပေမဲ့ ကျိတ်မုန်းနေရတာက အလကားသက်သက် စိတ်ပင်ပန်းရတာပဲ အဖက်တင်လို့ သူတို့နဲ့ထိပ်တိုက်တွေ့ပစ်လိုက်တာက ပိုလက်တွေ့ကျတယ်လို့ ယူဆတယ်။
အတိုပြောရရင် ကျောက်အာမှာ အကြီးဆုံးမိသားစုခွဲကို အခက်တွေ့အောင် လုပ်လို့ရတဲ့နည်းတွေမှ တစ်ပုံကြီး။ ဒါပေမဲ့ သူမက ကိုယ့်ကိစ္စကိုယ် အာရုံစိုက်ဖို့ကိုသာ ရွေးချယ်ခဲ့ပြီး ပိုက်ဆံသာ ကုန်းရုန်းရှာခဲ့တယ်။
25 03
သူ့ကောင်လေးလည်း ဒီသဘောတရားကို နားလည်ပြီး ကျင့်သုံးဖို့ မျှော်လင့်ခဲ့တာ။ ကျောက်အာက စာအုပ်စာပေတွေထဲက တခမ်းတနားနိုင်တဲ့ ကျင့်ဝတ်စည်းမျဥ်းတွေကို နားမလည်ပေမဲ့ ရွှီချင်းရှန်လို မြေနိမ့်ရာ လှံစိုက်ပြီး ဂုတ်သွေးစုပ်တတ်တဲ့လူကတော့ ယောက်ျားမပီသဘူးဆိုတာ သိသေးတယ်။
“ဒီမြေးက ကံကောင်းထောက်မစွာနဲ့ လူကြီးတစ်ယောက်ရဲ့လမ်းညွှန်မှုကြောင့် သင့်တော်မဲ့ ကျောင်းတစ်ကျောင်း ရှာတွေ့ခဲ့ပါတယ် အဲဒီက ကျောင်းစရိတ်တွေက နည်းလွန်းတာကြောင့် ဒီငွေတွေကတင် လုံလောက်နေပါပြီ”
သူ့စကားတွေက အခန်းထဲကလူတိုင်းကို မျက်ခုံးတွေမြင့်တက်သွားစေတယ်။ အဘိုးရွှီကတော့ မနေနိုင်ဘဲ ထုတ်မေးတော့တယ်။
“ဘယ်လိုကျောင်းမို့လို့ ဒီလောက်တောင် သက်သာရတာလဲ”
တစ်မိသားစုလုံးက ရွှီချင်းရှန်ရဲ့ ဦးနှောက်ဆေးထားမှုကြောင့် ကျောင်းကောင်းတွေက ဈေးကြီးတယ်လို့ပဲ သိထားကြတာ။ အမှန်တော့ တကယ်လည်း အဲဒီလိုပါပဲ။ ချင်းဟယ်ကျောင်းတော်က ဟူယန်းမြို့မှာ အကောင်းဆုံးလို့ သတ်မှတ်ခံရပြီး ရှားစီရင်စုအတွင်းမှာလည်း အတော်လေး ကျော်ကြားတယ်။
သို့ပေမဲ့ တစ်ခုရှိတာက ကောင်းတိုင်းလည်း ငွေများတာနဲ့ တိုက်ရိုက်အချိုးကျမနေဘူး။ အဲဒီအိပ်မက်ထဲမှာ သူက ချင်းဟယ်ကျောင်းတော်မှာ ၃နှစ်လောက် တက်ခဲ့တာမို့ ကောင်းကောင်းအကြောင်းသိနေပြီ။
ငွေကိုရေလိုဖြုန်းနိုင်တဲ့သူတွေကတော့ ဆရာတွေရဲ့ နှစ်သက်မှုလည်းခံရပြီး ပိုလည်းရှေ့ရောက်လိမ့်မယ်။ သဘာဝအားဖြင့် ပင်ကိုယ်ဉာဏ်ကောင်းပြီး ကြိုးစားအားထုတ်မှုရှိတဲ့သူတွေလည်း တိုးတက်တာပဲပေါ့။
လမ်းမှန်ကိုသာ လိုက်သရွေ့ သူတို့အတွက် ထုန်ရှန်းအဆင့်အောင်ဖို့ဆိုတာ အသာလေးပဲ။ တချို့ကံကောင်းတဲ့သူတွေဆို ဒီထက်မြင့်မားတဲ့ အဆင့်တွေတောင် ကျော်ဖြတ်သွားနိုင်တာတွေရှိသေးတယ်။
ဥပမာ ရွှီချင်းရှန်လိုပေါ့၊ သူက လယ်သမားမိသားစုနောက်ခံစစ်စစ်က ဆင်းသက်လာတာမို့ ကျောင်းက တခြားလယ်သမားကလေးတွေကို သူတို့ဆီလာအောင် ဆွဲဆောင်ဖို့အတွက် ရွှီချင်းရှန်ကို အတန်းဖော်တွေကြား ပိုမိုအရေးပေးခဲ့တယ်။
အဲဒီလိုနဲ့ မြှောက်စားခံရတာကို ဟုတ်လှပြီထင်နေတဲ့ ရွှီချင်းရှန်ကလည်း ချင်းဟယ်မှာ ငါးနှစ်တိတိ တက်ခဲ့ပြီး ထိုကာလအတောအတွင်း ပေးသွင်းခဲ့ရတဲ့ အခကြေးငွေတွေ လက်ဆောင်ပဏာတွေဆိုတာ ရေတွက်လို့တောင် မရတော့ဘူး။
ဘယ်လိုပဲဖြစ်ဖြစ် အဲဒါက ကျောင်းဘက်က တတ်နိုင်တဲ့ ပမာဏအကုန်ပဲ။ တကယ်တမ်း ခရိုင်အဆင့်တွေ ပြည်နယ်အဆင့်တွေရောက်လာတဲ့အခါ တကယ့်အရည်အချင်းက စကားပြောလာပြီး ဖြေဆိုသူအားလုံးက ကိုယ့်ကိုယ်ကိုယ်ကလွဲ တခြားဘယ်သူ့ကိုမှ အားကိုးလို့မရတော့ဘူး။
ရွှီထင်းရှန်းက သူ့ရင်ထဲကရှုပ်ထွေးနေတဲ့ ချည်ခင်တွေကို ဖိနှိပ်လိုက်ပြီး သူတက်ဖို့ကြံရွယ်ထားတဲ့ ကျောင်းနာမည်ကို အကြမ်းဖျင်းပြောပြလိုက်တယ်။
“ဟုတ်ကဲ့ ချင်းယွမ်ကျောင်းတော်လို့ခေါ်ပါတယ်”
“အဟက်”
ရွှီချင်းရှန်က ခနဲ့တယ်။ တိတ်ဆိတ်နေတဲ့အလယ် သူ့နှာမှုတ်သံက ကျယ်လောင်သွားတော့ အဘိုးရွှီကလည်း သေချာပေါက် ကြားသွားပြီး သိချင်စိတ်နဲ့ လှည့်မေးလိုက်တယ်။
“သားကြီး အဲဒီကျောင်းက မကောင်းလို့လား”
ရွှီချင်းရှန်က သူ့မျက်နှာထားကို အမြန်ပြန်ပြင်ပြီး အတည်ပေါက်ဟန်နဲ့ “ဟမ်။ မဟုတ်တာ မဟုတ်ပါဘူး။ ကျောင်းတိုင်းက ကောင်းတာပဲပေါ့ အဲဒီကျောင်းကလည်း ဟူယန်းမြို့ရဲ့အကောင်းဆုံးကျောင်းတစ်ကျောင်း ဖြစ်ခဲ့ပါတယ်”
‘ဖြစ်ခဲ့တယ်’ဆိုတာက ဒီနေရာမှာ အဓိကသော့ချက်ပဲ။
“ဒါဆို ဘာလို့ကျောင်းလခက သိပ်နည်းနေရတာလဲ”
ဒါက ဖြေရခက်တဲ့မေးခွန်းပဲ။ ရွှီချင်းရှန်က ခဏလောက်စဥ်းစားလိုက်ပြီးတော့မှ “ချင်းယွမ်ကျောင်းတော်က သေးလွန်းတော့ သိပ်လည်း နာမည်မရှိဘူးလေ။ ခရိုင်မှူးနဲ့ စာစစ်ကြီးတို့ စစ်ဆေးရေးဝင်ရင်တောင် အဲဒီကျောင်းကို ကျော်ကျော်သွားတတ်ကြတယ်။ ဒါပေမဲ့ ချင်းဟယ်ကျောင်းတော်ကတော့ မတူဘူး။ သူက ကျွန်တော်တို့ တစ်နယ်လုံးမှာ အရမ်းသတင်းမွှေးတော့ ခရိုင်မှူးတို့က လာစစ်ဆေးရုံတင်မက တစ်ခါတလေ ကျောင်းသားတွေကိုပါ စာဝင်သင်ပေးသွားသေးတယ်၊ ချင်းဟယ်ကျောင်းအုပ်နဲ့ ခရိုင်မှူးတို့ ဘယ်လောက်ရင်းနှီးလဲဆိုတာ ကျွန်တော်ပြောပြဖူးတယ်လေ၊ အဖေ မေ့သွားပြီလား။ အဲဒီတော့ ကျောင်းလခတွေက ပေးရတာပေါ့”
25 04
အဘိုးရွှီက ခေါင်းတညိတ်ညိတ်လုပ်ပြီးမှ ရွှီထင်းရှန်းဘက် ပြန်လှည့်လာတယ်။
“အဲဒီကျောင်းက တော်တော်လေး နိမ့်ပါးမှတော့ ချင်းဟယ်မှာတက်တာပဲ ပိုကောင်းလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် မင်းဦးလေးက ကျောင်းသားဟောင်းဆိုတော့ မျက်နှာလေးဘာလေး ပိုရတာပေါ့”
ရွှီထင်းရှန်းက အနည်းငယ် ဒွိဟပွားသွားတယ်။ အမှန်တိုင်းပြောရရင် သူ့အဘိုးက သူ့အပေါ် မြေးတစ်ယောက်လို ဂရုစိုက်သေးဦးမယ်လို့ မထင်ထားဘူး။ ဒါပေါ့ ဒီလောက်လေးကတော့ အကြီးဆုံးမိသားစုခွဲကို ဆက်ဆံပုံနဲ့တော့ ဘယ်ယှဥ်နိုင်ဦးမလဲ။
မညာတမ်းပြောရရင် အဘိုးရွှီက အရင်ကတည်းက မိသားစုဝင်အားလုံးကို တန်းတူညီမျှဆက်ဆံပေးခဲ့တာ။ အဘွားကျောက် လွန်လွန်ကြူးကြူး ဘက်လိုက်လာပြီဆိုရင်လည်း သူကပဲ ဦးဆောင်ပြီး ဖျန်ဖြေပေးခဲ့တာမို့ ဒီမိသားစုအခုထိ ခံနေတာက သူ့ကြောင့်လို့တောင် ပြောလို့ရတယ်။
ဒါပေမဲ့ ဆင်းရဲသားတွေဖြစ်တဲ့အလျောက် မိသားစုထဲမှာ အလားအလာအရှိဆုံးသူကိုသာ ဦးစားပေးမြှောက်စားရမယ်ဆိုတဲ့ အသိကြောင့်သာ ရွှီချင်းရှန်တို့သားအဖဘက် အနည်းငယ် မျက်နှာလိုက်ခဲ့တာ။
တစ်ယောက် အောင်မြင်သွားတာနဲ့ တစ်မိသားစုလုံးတင်မက ခြံထဲက ကျွဲနွားတွေပါ ဘုံနန်းစံရမှာ။ ဒါပေမဲ့ လောကကြီးမှာ ဘယ်သူက တစ်သက်လုံး သူများခြေနင်းခံချည်း ဖြစ်ပေးချင်မှာလဲ။ အထူးသဖြင့် အဲဒီ ‘အတူတကွဘုံနန်းစံရမဲ့’ အခြေအနေက နည်းနည်းလေးတောင် နီးစပ်မလာတဲ့အချိန်မှာလေ …
လူတိုင်း ကိုယ့်ရပိုင်ခွင့်ကိုယ် တောင်းတာ အပြစ်မဟုတ်ဘူး။ ဒါပေမဲ့ အဓိကအချက်က သူတို့အမြင်မှာ ‘ရပိုင်ခွင့်’ဆိုတာကို ဘယ်လိုမြင်သလဲဆိုတာပဲ။ ရွှီထင်းရှန်းက ဒီသဘောသဘာဝကို အိပ်မက်ထဲမှာ သင်ယူခဲ့ရပြီးသားမို့ အခုတော့ ကောင်းကောင်းနားလည်သွားပြီ။
“ဒီမြေးကတော့…”
ရွှီထင်းရှန်း သူ့စကားတောင်ဆုံးအောင် မပြောရသေးဘူး ရွှီချင်းရှန်ရဲ့ အလျင်စလို တားမြစ်သံက ကြားဖြတ်ဝင်လာတယ်။
“အဖေ ဒီအတွက်စိတ်ပူစရာ မလိုပါဘူး ကုန်းအာကလည်း ဘယ်လိုမဆို စာအရမ်းလိုက်နိုင်တာမှ မဟုတ်တာ။ သူ့ကိုချင်းဟယ်ကျောင်းပို့လည်း အချိန်ကုန် ငွေကုန်တာပဲ အဖက်တင်မှာ။ အရင်ဆုံး အတွေ့အကြုံအတွက် ဒီလိုကျောင်းလေးတွေ ပို့တာ ပိုကောင်းပါတယ်”
“ဒါပေမဲ့ …”
ရွှီထင်းရှန်းရဲ့နှုတ်ခမ်းသားတွေက မသိမသာ စုဝိုင်းသွားပေမဲ့ မျက်နှာကတော့ မူမပျက်သေးဘဲ
“အဘိုး ကျွန်တော် အဲဒီကျောင်းကို သွားကြည့်ပြီးသွားပါပြီ။ မဆိုးဘူးထင်လို့ အဲဒီမှာတက်ဖို့ လုပ်ထားတာပါ”
“တွေ့လား တွေ့လား။ သူကိုယ်တိုင် တက်ချင်တယ်လို့ ပြောနေတာ!”
ရွှီထင်းရှန်းက ခေါင်းညိတ်ပြပြီး ဆက်ပြောတယ်။
“အမှန်ပဲ ဦးလေး ကျွန်တော်ကတော့ ဝမ်းကွဲအစ်ကိုလည်း ဒီကျောင်းမှာတက်သင့်တယ်လို့ ထင်တယ်။ ကျွန်တော်တို့မိသားစုက ဆင်းရဲတာကြောင့် တခြားရွေးချယ်စရာတွေ ရှိနေရဲ့သားနဲ့ ကြေးကြီးတဲ့ကျောင်းတော်တွေကို တကူးတက တက်စရာမလိုဘူးလေ”
“မင်းက ဘာသိလို့လဲ။!”
ရွှီချင်းရှန်က ချက်ချင်းဆိုသလို အော်ငေါက်လာပြီး ထပ်ပြောတော့မဲ့အချိန်မှာပဲ အဘိုးရွှီရဲ့ သတိပေးသလို အကြည့်တစ်ချက်ကြောင့် ပြန်ငြိမ်သွားရတယ်။ အမှန်တော့ ရွှီထင်းရှန်းက သူတို့ဘယ်လိုတုံ့ပြန်မလဲ သိပြီးသားမို့ ဒါကို ထုတ်ပြောဖို့ မရည်ရွယ်ထားပါဘူး။
ဒါပေမဲ့လည်း အဘိုးရွှီရဲ့ ‘ပိုကောင်းတဲ့ကျောင်းကိုတက်’ဆိုတဲ့ သိမ်းသွင်းမှုက သူ့ကို စိတ်ပြောင်းသွားစေခဲ့တယ်။ မျှော်မှန်းထားတဲ့အတိုင်းပဲ သူတို့က ဒီလိုဆိုမှတော့ ထားလိုက်ပါတော့ သူ့စိတ်ရင်းကို ပြပြီးသွားပြီပဲ။
25 05
“တကယ်လို့ စိတ်ပိုင်းဖြတ်ပြီးပြီဆိုရင်လည်း အဘိုးက ဘာမှထပ်မပြောတော့ဘူး။ ဒါပေမဲ့ နောင်အနာဂတ်မှာတော့ ကြီးမားတဲ့အောင်မြင်မှုတွေ ရဖို့မျှော်လင့်တယ်။ ဒီအဘိုးကြီးကို စိတ်မပျက်စေနဲ့”
ရွှီထင်းရှန်းက ခေါင်းအသာငုံ့လိုက်ပြီး “ဒီမြေးက အဘိုးတို့ကို စိတ်မပျက်စေရပါဘူး”
အဲဒီလိုနဲ့ အဘိုးရွှီက အားလုံးကို မှာစရာတချို့မှာပြီးတာနဲ့ ပြန်ခိုင်းလိုက်တော့တယ်။ ရွှီမိသားစုလယ်ကွက်တွေကို ရောင်းဖို့က မခက်ပါဘူး။ သတင်းပျံ့သွားတာနဲ့ အပြိုင်အဆိုင် ဝယ်ဖို့ရောက်လာတဲ့သူတွေမှ အများကြီး။
အဘိုး ရွှက သူတို့ထဲက ဈေးအများဆုံးပေးတဲ့သူကိုရွေးပြီး လယ် ၂မုရောင်းလိုက်ရုံနဲ့ စုစုပေါင်း ငွေ ၂၄တုံးရခဲ့တယ်။ အခုချိန်မှာတော့ မြေဈေးက ဒီလောက်ပတ်ချာလည်မှာပဲ နည်းနည်းထပ်စောင့်ရင် ပိုတက်လာနိုင်ချေရှိပေမဲ့ သူတို့က အားချင်းလိုအပ်နေတာလေ။
လက်ထဲငွေရလာတဲ့အခါ ရွှီချင်းရှန်က ချက်ချင်းလက်ငင်း သူ့သားကိုခေါ်ပြီး ကျောင်းအပ်ဖို့ မြို့တက်သွားတယ်။ ဒီနေရာမှာ ချင်းယွမ်နဲ့မတူဘဲ ချင်းဟယ်ကျောင်းတော်က နာမည်ကြီးတဲ့အလျောက် စာရင်းသွင်းရလည်း ခက်တယ်။
နှစ်တိုင်း ကျောင်းသားအဝင်များတာမို့ နည်းနည်းလေး နောက်ကျသွားရင်တောင် လူဦးရေပြည့်သွားမှာ စိုးရတယ်။ အဲဒီလိုနဲ့ သူတို့သားအဖနှစ်ယောက် ကျောင်းတော်ကြီးအရှေ့မှာ တစ်နာရီလောက် တန်းစီပြီး ကျောင်းအပ်ခဲ့ရတယ်။
ထိုနေ့ညနေခင်းမှာပဲ သူ့သားနဲ့အတူပြန်ရောက်လာတဲ့ ရွှီချင်းရှန်က ပြုံးဖြီးနေပြီး လူတိုင်းကိုပေးတဲ့သူ့အပြုံးက ညနေနေရောင်ထက်တောင် တောက်ပနေသေးတယ်။ ရွှီကျွင်းခိုင်ကလည်း ပုံမှန်ထက် ရွှင်ပြနေပြီး သူ့လက်ထဲမှာတော့ ချင်းဟယ်ကျောင်းတော်လို့ နာမည်ထိုးထားတဲ့ အိတ်တစ်ခု ပိုက်ထားတယ်။
သားအဖနှစ်ယောက်က ရောက်ရောက်ချင်း သူတို့အဆောင်ထဲကို ဝင်သွားပြီးမှ ခဏကြာတော့ ပြန်ထွက်လာတယ်။ ထိုအချိန် ရွှီကျွင်းခိုင်က သူ့ရဲ့အသစ်စက်စက် ကျောင်းဝတ်စုံကို လဲပြီးသွားပြီ။ ဖြစ်ချင်တော့ သူတို့သွင်းရတဲ့တစ်နှစ်စာထဲမှာ စားသောက်နေထိုင်စရိတ်အပြင် စာအုပ်ဖိုးနဲ့ကျောင်းဝတ်စုံဖိုးတွေပါ ထည့်ကောက်ထားတာ။
တူညီဝတ်စုံက သာမန်စာသင်သားတွေနဲ့မတူဘဲ ကျယ်ပြန့်တဲ့လက်ဖျားစနဲ့ အစိမ်းရင့်ရောင်ကိုမှ အနားမှာ အနက်ရောင်ကွပ်ထားပြီး ခါးပတ်ကလည်း အနက်ရောင်ဆင်တူပဲ။ သပ်ရပ်တဲ့ဝတ်စုံက ပညာရှင်တွေဝတ်ရုံနဲ့တောင် အလားသဏ္ဍာန်တူညီပြီး ဝတ်ထားသူကို သူမတူတဲ့အရှိန်အဝါတစ်ခု ပေးစွမ်းတယ်။
နဂိုကတည်းက ရုပ်ရည်သန့်ပြန့်တဲ့ ရွှီကျွင်းခိုင်က အခုတော့ ကျောင်းဝတ်စုံကျေးဇူးနဲ့ အတော်လေး ချောမောခန့်ညားနေတော့တယ်။
“ချောလိုက်တာ!”
အဒေါ်ယန်က အားရပါးရ ချီးမွမ်းလိုက်ပြီး မျက်လုံးတွေပိတ်တဲ့အထိ ပြုံးရယ်နေတယ်။ အဘွားကျောက်ကလည်း ထပ်တလဲလဲ ခေါင်းညိတ်ထောက်ခံရင်း သူ့အချစ်ရဆုံးမြေးကို ခေါင်းအစခြေအဆုံး လိုက်ပတ်ကြည့်ကာ ချီးကျူးမဆုံးဖြစ်နေတယ်။
ဘေးတစ်ဖက်က ရွှီချင်းရှန်ကတော့ တစ်မျက်နှာလုံး ဂုဏ်ယူဟန်အပြည့်နဲ့ ရပ်နေပြီး တံခါးပေါက်က ခုံမှာထိုင်နေတဲ့ အဘိုးရွှီတောင် မနေနိုင်ဘဲ သာမန်ထက် ပိုစိတ်ရွှင်နေတယ်။ ဒီလိုအချိန်မှာ တခြားမိသားစုခွဲကလူတွေလည်း ခြံဝန်းထဲဆင်းပြီး အကြီးဆုံးမိသားစုကို တစ်ခွန်းနှစ်ခွန်း ချီးကျူးပေးရတာ သဘာဝပဲ။
လူတိုင်းရဲ့ အထင်အမြင်ကြီးမှတ်ချက်တွေကြားမှာ ရွှီကျွင်းခိုင်က ခေါင်းမော့ရင်ကော့ထားပေမဲ့ နောက်ဆုံးကျတော့လည်း အရမ်းကြီး မာန်ဝင့်နေလို့မရတာကြောင့် နှိမ့်ချဟန်လေး လုပ်ယူရသေးတယ်။ သူက လူအုပ်ထဲက ရွှီထင်းရှန်းရှိရာဘက်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး “ထင်းရှန်း မင်းရဲ့ ချင်းယွမ်ကျောင်းကရော ကျောင်းဝတ်စုံပေးလား”
ရွှီထင်းရှန်းက ခေါင်းခါပြလိုက်ပြီး “ဟင့်အင်း ဂုဏ်ပြုပါတယ် ဝမ်းကွဲအစ်ကို စာသင်နှစ်စတော့မယ်ဆိုပေမဲ့ ဒီလောက်အခကြေးငွေလေးနဲ့တော့ သူတို့ ဝတ်စုံပေးနိုင်မယ် မထင်ဘူး”
“အေးပေါ့ မင်းကတော့ သိမှာမဟုတ်ဘူး။ ငါတို့ကျောင်းဆို သူတို့ကျောင်းသားတွေအတွက် ဝတ်စုံတင်မကဘူး။ စုတ်တံရော မှင်တုံးရော စာအုပ်တွေပါပေးသေးတာ။ ပစ္စည်းအားလုံးကလည်း ငါသုံးနေကျ အရည်အသွေးနဲ့သိပ်မကွာဘူး။ စုတ်တံတစ်ချောင်း တစ်ချောင်း ဆိုင်တွေမှာသွားဝယ်ရင် ပြား ၂၀လောက် အသာလေး ပေးရလိမ့်မယ်”
25 06
ဒီကောင်က ပေါ်တင်ကြီး လာကြွားနေတာပဲ။
ကျောက်အာက တော်တော်လေး စိတ်တိုသွားရပေမဲ့ ပြန်ပြောရင်လည်း ကလေးနဲ့ပြိုင်ဖြစ်သလိုဖြစ်နေမှာစိုးတယ် ငြိမ်ခံနေပြန်တော့လည်း လည်ချောင်းထဲ ဆန်တက်လာတဲ့ ဒေါသတွေက အတောသတ်နိုင်မှာမဟုတ်ဘူး။
အဲဒီလိုနဲ့ သူမက အနုနည်းသုံးဖို့ပြင်လိုက်ပြီး အပြုံးကြီးကြီး အရင်ပြုံးပြလိုက်တယ်။
“ဟုတ်လား။ ဒီလောက်ငွေတွေသွင်းထားပြီး ဒါလေးပဲပြန်ရတာကို ပျော်နေတာ နင်တစ်ယောက်ပဲရှိမယ် ထင်တယ်နော်။ ကျွင်းခိုင်”
ရွှီကျွင်းခိုင်ကလည်း သူမအကြံကို ရိပ်မိပုံရတယ်။ ချက်ချင်းပဲ ဟန်ဆောင်အပြုံးကို ကောက်တပ်လိုက်ပြီး “ကျောက်အာ နင်လည်း ချင်းဟယ်ကျောင်းတော်ကို ကောင်းတယ်လို့ ထင်တယ်မလား။ အဲဒါများ ကုန်းအာကိုပါ ငါနဲ့အတူတူ လိုက်တက်ခိုင်းလိုက်ပါလား။ အစ်ကိုကြီးတစ်ယောက်အနေနဲ့ ငါလည်း သူ့ကို ကူညီသင်ပြပေးမှာပေါ့”
ဘယ်သူက နင့်အကူအညီကို လိုချင်နေလို့လဲ။။
ဒါပေါ့ ဒါကိုတော့ အကျယ်ကြီး ထုတ်ပြောလိုက်လို့ ဘယ်ရမလဲ။ အဲဒီအစား ကျောက်အာက သူ့ကို အကြည့်တစ်ချက်ပစ်သွင်းလိုက်ပြီး “လယ်တစ်ခုလုံး ရောင်းပြီးမှ တက်ရမဲ့ကျောင်းမျိုးတော့ တော်ပါပြီ”
ဒီတစ်ခွန်းက ရွှီကျွင်းခိုင်ကို ရှက်ရွံ့မှုနဲ့အတူ မျက်နှာတွေနီရဲတက်သွားစေတယ်။ သူက တစ်ခုခုပြန်တုံ့ပြန်ချင်ပေမဲ့ အားလုံးအရှေ့မှာမို့ ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းလိုက်ရပြီး ရွှီထင်းရှန်းကိုသာ စူးစူးစိုက်စိုက်ကြည့်ပေးလိုက်တယ်။
သူ့ဘာသာဘေးနားမှာ အေးအေးဆေးဆေးနေနေတဲ့ ရွှီထင်းရှန်း - ။။။
ရွှီထင်းရှန်းက သူလုပ်တာလည်း မဟုတ်ပါဘဲ ဘာလို့မျက်စောင်းခဲခံလိုက်ရသလဲ နားမလည်တော့ဘူး။ သို့သော် သူဘာမှဆက်မတွေးနိုင်ခင်မှာပဲ ကျောက်အာက သူ့လက်မောင်းကနေ ဆွဲခေါ်သွားပြီး ပါးစပ်ကလည်း ရေပက်မဝင် ရွတ်သွားတယ်။
“လာ လာ ကုန်းအာ နောက်နှစ်ရက်နေရင်ပဲ ကျောင်းစတက်ရတော့မှာမလား။ ငါတို့ထုပ်ပိုးစရာတွေ အများကြီးရှိသေးတယ်။ အရင်ဆုံး စာရင်းတစ်ခုလုပ်ကြတာပေါ့ ဘာတစ်ခုမှ ကျန်သွားလို့မရဘူး”
……………..
******
26 01
အပိုင်း 26
ကျောက်အာတို့နှစ်ယောက်က ပြောခဲ့တဲ့အတိုင်း သူတို့ရဲ့ဒုတိယမိသားစုခွဲအခန်းလေးဆီကို ပြန်လာပြီး ကုတင်ပေါ် ထိုင်ချလိုက်တယ်။ အစကတည်းက စာရင်းလုပ်ဖို့ရွယ်ထားတဲ့ ကျောက်အာက တမင်တကာ စာရွက်နဲ့မှင်တုံးတွေတောင် ယူဆောင်လာခဲ့ပြီး ရွှီထင်းရှန်းလက်ထဲ ထည့်ပေးလိုက်တယ်။
အဲဒီလိုနဲ့ သူမက ပစ္စည်းတစ်ခုခေါ်ပေးတဲ့အခါ ရွှီထင်းရှန်းက ကုတင်ပေါ်မှာ ထိုင်မှတ်တော့တယ်။ သူတို့ထုပ်ပိုးတဲ့အခါ မရှိမဖြစ်လိုမဲ့တစ်စုံတစ်ရာ ကျန်ခဲ့မှာစိုးတဲ့စိတ်ကြောင့် ကျောက်အာက တချို့ပစ္စည်းတွေကို ထပ်တလဲလဲ မေးပြီးမှ ထုပ်ပြီးကြောင်း အတည်ပြုရဲတယ်။
နှစ်ယောက်သားရဲ့ မဆုတ်မနစ်အားထုတ်မှုတွေကိုတောင် ရှက်စရာကောင်းအောင် စာရွက်ပေါ်က အရေအတွက်က တစ်မျက်နှာတောင် မပြည့်ဘူး။ စုစုပေါင်း ၇ခု ၈ခုလောက်သာရှိတဲ့စာရင်းထဲမှာ ၆ခုက ‘တပည့်အဖြစ် လက်ခံပေးဖို့ ဆက်သရတဲ့ လက်ဆောင်ပဏာ’တွေဖြစ်တယ်။
ဒါလေးရေးဖို့ စာရွက်တစ်ရွက်တောင် အကုန်ခံဖို့လိုလို့လား။
ကျောက်အာက အတော်ရှက်သွားပေမယ့် သူမအကျင့်အတိုင်း ဖြစ်ပြီးတာတွေကို ပြန်နောင်တရမနေဘဲ ရွှီထင်းရှန်းကိုသာ ဘာလိုသေးလဲ ဆက်စဥ်းစားခိုင်းလိုက်တယ်။ ကူကယ်ရာမဲ့နေတဲ့ ရွှီထင်းရှန်းကတော့ အကြိမ်တစ်ထောင်လောက် ခေါင်းခြောက်မတတ် တွေးတောပြီးမှ လိုအပ်လောက်မဲ့ အရာနှစ်ခု ထပ်ထည့်ပေးလိုက်တယ်။
အဲဒီတော့မှပဲ ကျောက်အာက ကျေနပ်သလို ခေါင်းတစ်ချက်ညိတ်လာတော့တယ်။ ပြင်ဆင်တာနဲ့ တစ်နေကုန်သွားပြီး ညနေရောက်တော့ အဒေါ်စွန်းက အားလုံးကို ညစာစားဖို့ ခေါ်တယ်။ လောလောဆယ်အထိ ရွှီမိသားစုက အိမ်မခွဲခင်တုန်းကလိုမျိုး ထမင်းလက်ဆုံစားကြတုန်းပါပဲ။
ကွာသွားတာဆိုလို့ အရှေ့မှာ ချထားတဲ့ဟင်းခွက်တွေကသာ ကိုယ့်မိသားစုအလိုက် ခွဲထားတာပဲရှိတယ်။ အိမ်မှာမစားတဲ့သူတွေအတွက်ကတော့ ချက်စရာမလိုဘူးပေါ့။ ဒါပေမဲ့ ခြံထဲမှာ နှပ်ထားတဲ့ ချဥ်ဖတ်အိုးတွေနဲ့ စိုက်ခင်းထဲက ဟင်းရွက်တွေကတော့ ပေါတာမို့ ကြိုက်သလောက် ယူစားလို့ရတယ်။
ဒီနေ့ညထမင်းဝိုင်းအခြေအနေက အရင်နေ့တွေထက်စာရင် အများကြီး ပိုပေါ့ပေါ့ပါးပါးရှိတယ်။ ကြည့်ရတာ ဝိုင်းထိုင်နေတဲ့လူတိုင်းရဲ့ မကျေနပ်မှုတွေ လျော့ပါးသွားလို့နဲ့တူပါတယ်။ အဲဒါထက် အဘိုးရွှီက အမွေခွဲပြီးကတည်းက မရွှင်မပျဖြစ်နေခဲ့တာမို့ အားလုံးက သူ့ကို စိတ်ရွှင်အောင်လုပ်ဖို့ အကောင်းဆုံး နေပြကြရတယ်။
မိသားစုခွဲ ၃ခုက ထမင်းစုစားတဲ့အချိန်တိုင်း ခေါင်းစဥ်တစ်ခုခု မရမကရှာပြီး ဝိုင်းဖွဲ့ပြောဆိုကြတယ်။ အကြီးဆုံးမိသားစုခွဲကတော့ တစ်ခါတလေ ထဖောက်တတ်ပေမဲ့ ဘယ်သူမှ သူတို့စကားကို အဖတ်လုပ်မနေတော့ဘူး။
စားသောက်ပြီးတဲ့နောက် ကျောက်အာက ပန်းကန်ကူဆေးပေးပြီး ရေချိုးဖို့ ရေနွေးတည်လိုက်တယ်။ ရွှီထင်းရှန်းက အရင်ရေသွားချိုးပြီး ကျောက်အာကတော့ အဝတ်လျှော်ခြင်းတောင်းလေး ပိုက်ကာ စိုက်ခင်းအနောက်က ရေချိုးဆောင်လေးထဲ ရေနှစ်ပုံးသယ်လာလိုက်တယ်။
နောက်တော့ အပြင်က ကျောက်ပြားမှာ သူမရဲ့လျှော်ဖွတ်ခြင်းအမှု စတင်တော့တယ်။ အချိန်က မှောင်ရီသန်းစပြုလာပြီမို့ ဘယ်သူမှမရှိတော့တဲ့ ဟင်းရွက်ခြံလေးက စိမ်းစိုစိုမြင်ကွင်းနဲ့ အတော်စိတ်ချမ်းသာစရာကောင်းနေတယ်။
ကျောက်အာက ကြိုးနဲ့ချည်ထားတဲ့ သစ်သားပုံးကို ရေတွင်းထဲပစ်ချလိုက်ပြီးမှ ပြန်ဆွဲတင်တယ်။ ပါလာတဲ့ရေတွေကို အောက်က စည်ပိုင်းထဲ ကျွမ်းကျင်စွာ ဖြည့်လိုက်ပြီး နောက်တစ်ပုံးခပ်ဖို့ လှည့်လိုက်တဲ့အချိန်မှာပဲ ရုတ်တရက် အနောက်မှာ လာရပ်တဲ့လူတစ်ယောက်ကြောင့် လန့်သွားရတယ်။
“အောင်မယ်လေး”
သူမ လှည့်ကြည့်လိုက်တော့ ရွှီကျွင်းခိုင်ဖြစ်နေပြီး သူ့မျက်နှာက တစ်မျိုးတစ်ဖုံ ထူးဆန်းနေတယ်။
“ဘာလို့ ဒီနားလာရပ်နေတာလဲ။!”
“…. လက်ဆေးဖို့ ရေခပ်မလို့”
26 02
ကျောက်အာက သူ့ကို ခဏလောက် မကြည်တကြည် ကြည့်ပေးလိုက်ပြီးမှ ရေတစ်ပုံးထပ်ဆွဲပေးလိုက်ပြီး ဘေးနားမှာရှိနေတဲ့ စည်ပိုင်းတစ်ခုထဲ သက်သက်လောင်းထည့်ပေးလိုက်တယ်။
ဒီရေတစ်ပုံးက သူ့အတွက် လက်ဆေးဖို့ ခပ်ပေးမှန်းသိလို့ ရွှီကျွင်းခိုင်ကလည်း တိတ်တဆိတ်ပဲ ဟိုဘက်လျှောက်သွားပြီး ခြေလက်ဆေးကြောလိုက်တယ်။ လုပ်စရာရှိတာ လုပ်ပေးပြီးတဲ့နောက် ကျောက်အာက သူ့ကိုလျစ်လျူရှုလိုက်ပြီး လျှော်ရမဲ့အဝတ်တွေကို ရေထဲနှစ်လိုက်တော့တယ်။
သူမက တိုက်ချွတ်နေတဲ့ တစ်ချိန်လုံးခေါင်းငုံ့ထားပေမဲ့ အပေါ်ကအရိပ်တစ်ခု စီးမိုးကျလာတဲ့အခါမှာတော့ စိတ်အနှောင့်အယှက်ဖြစ်စွာနဲ့ ခေါင်းထောင်ကြည့်လာတယ်။
“ဘာလို့ ရပ်နေသေးတာတုန်း။”
ရွှီကျွင်းခိုင်ရဲ့မျက်နှာပေါ်မှာ ရှက်ရွံ့ဟန်တချို့ ထင်ဟပ်နေပေမဲ့ သူ့လေသံကတော့ အထက်စီးဆန်တုန်းပဲ။
“ကျေးဇူးတင်မလို့”
“ဪ အေး”
ကျောက်အာက တိုပြတ်ပြတ်ပဲ တုံ့ပြန်လိုက်ပြီး သူ့အလုပ်သူ ဆက်လုပ်နေတယ်။ ရွှီကျွင်းခိုင်ကတော့ သူမရဲ့ မှောင်ရိပ်ကျနေတဲ့ မျက်နှာတစ်ဝက်ကို ကြည့်ပြီး ခဏလောက် တုံ့ဆိုင်းနေပြီးမှ “ကျောက်အာ နင်ငါ့ကို အထင်သေးတာ သိတယ် ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ငါက နောက်ဆုံး စာမေးပွဲအောင်ပြီး ရှုချိုင်ဖြစ်လာမှာ ကြည့်နေ”
“နင် ရှုချိုင်ဖြစ်တာ မဖြစ်တာက ငါနဲ့ဘာဆိုင်လို့လဲ။ အဲဒါ အဘိုးတို့ကိုပဲ သွားပြော”
ရွှီကျွင်းခိုင်က တဒင်္ဂလောက် ဆွံ့အသွားပြီးမှ “ဘယ်လိုမဆို ငါက သေချာပေါက် ရှုချိုင်ဖြစ်လာအောင်လုပ်မှာ… နင်စောင့်ကြည့်နေလိုက် ငါနင့်ကို သက်သေပြမယ်! ငါက ကုန်းကျစ်ထက် အများကြီးသာတယ်ဆိုတာကို”
လာပြီ သူလာကြွားပြန်ပြီ…
ကျောက်အာ သူ့ကိုအမုန်းဆုံးက အဲဒီလေလုံးထွားတတ်တဲ့အကျင့်ပဲ။ ငယ်ငယ်လေးကတည်းက သူကောင်းစားဖို့ ခဏခဏ ကုန်းအာကို တက်နင်းနေကျ။ ဒါပေမဲ့ သူမ ခွန်းတုံ့ပြန်ဖို့လုပ်လိုက်တဲ့အချိန်မှာပဲ ရွှီကျွင်းခိုင်က လမ်းလျှောက်ထွက်သွားနှင့်ပြီးပြီ။
ဘာလားဟ…
ချင်းဟယ်နဲ့ချင်းယွမ် ကျောင်းတော်နှစ်ခုစလုံးက တစ်နေ့ထဲ တစ်ရက်ထဲ စဖွင့်ကြမှာဖြစ်တယ်။ ရွှီချင်းရှန်ကတော့ တနေ့ကတည်းက သူသားကို ခပ်စောစောမြို့ရောက်အောင်လို့ မြည်းလှည်းတစ်စီးတောင် ငှားပြီးသွားပြီ။
တစ်မိသားစုလုံးက ရွှီကျွင်းခိုင်ကို ကျောင်းထားလို့ရအောင် မြေအထိ ထုတ်ရောင်းခဲ့ရပေမဲ့ အဘိုးရွှီကတော့ အင်မတန် ပျော်ရွှင်နေတုန်းပဲ။ သူက ရွှီထင်းရှန်းကိုတောင် ကျွင်းခိုင်တို့မြည်းလှည်းနဲ့အတူ လိုက်သွားဖို့ ပြောခဲ့သေးပေမဲ့ အဒေါ်ယန်ရဲ့ လူ့မျက်နှာလို့တောင် ပြောလို့မရတော့တဲ့ အကျည်းတန်အမူအရာကို မြင်ပြီးတဲ့နောက် ကျောက်အာတို့က အလိုက်တသိပဲ ငြင်းခဲ့လိုက်တော့တယ်။
“လက်ထဲပိုက်ဆံစုမိတာနဲ့ အိမ်အရင်ဆောက်ပြီး ခွဲထွက်ကြမယ်”
သူတို့ကိုယ်ပိုင်အခန်းလေးထဲ ပြန်ရောက်တဲ့အခါ ကျောက်အာက မနေနိုင်ဘဲ ပြောတယ်။
ဆိုတော့ ဒါကြောင့် သူမက မိသားစုအခန်းထက် မြေကိုတောင်းခဲ့တာကိုး ….
ရွှီထင်းရှန်းက သိပ်တော့အံ့ဩမနေပါဘူး။
“ဒီကိစ္စတွေကို ဂရုစိုက်နေရင် မင်းပဲ ပင်ပန်းရလိမ့်မယ်။ အဲဒီတော့ ခေါင်းထဲ ထည့်မနေနဲ့တော့”
သူ ဒီလိုအကြံပေးလိုက်တော့ ကျောက်အာက ခေါင်းအစခြေအဆုံး အကဲခတ်လာတာကြောင့် ရွှီထင်းရှန်းက ရိပ်မိသွားပြီလားဆိုပြီး ရင်တုန်သွားရပေမဲ့ နောက်တော့ ကျောက်အာက တစ်ဖက်ကိုအကြည့်လွှဲလိုက်ရင်း
“ဂရုစိုက်နေတာတော့ မဟုတ်ပါဘူး။ ဒီတိုင်း စိတ်တိုစရာကောင်းလို့”
26 03
အဲဒီလိုနဲ့ပဲ ကျောက်အာက လုပ်စရာရှိတာတွေလုပ်ဖို့ အခန်းထဲက ထွက်သွားတဲ့အချိန် ရွှီထင်းရှန်းကတော့ သုန်းလီဗိမာန်က ယူလာတဲ့စာအုပ်ကို စတင်ကူးရေးလိုက်တော့တယ်။ ကျောက်အာ ပြန်ရောက်လာတာ ခဏတွင်းချင်းမို့ ရွှီထင်းရှန်းကတော့ အိမ်မှုကိစ္စသွားဝိုင်းကူပေးတယ်လို့ပဲ တွက်ထားလိုက်တယ်။
ထိုနေ့ည ထမင်းဝိုင်းကတော့ အနံ့အရသာ ပြည့်စုံမွှေးကြိုင်တဲ့ ဟင်းလျာတွေနဲ့ ပြည့်နှက်ကာ သွားရည်ယိုချင်စရာ ဖြစ်နေတယ်။ တကယ်တော့ အဘိုးရွှီကိုယ်တိုင် သူ့မိန်းမနဲ့ ချွေးမတွေကို ဒီနေ့အတွက် အထူးတလယ် ကြက်တစ်ကောင် သတ်ခိုင်းပြီး တို့ဖူးနဲ့အသားဟင်းများများ ချက်ခိုင်းလိုက်တာဖြစ်တယ်။
တစ်မိသားစုလုံးက တစ်ခုနဲ့မလောက်လို့ နှစ်ခုခင်းထားရတဲ့စားပွဲဝိုင်း ပတ်ပတ်လည်မှာ စုဝေးထိုင်နေကြပြီး မောက်ဒန်နဲ့ယို့ခိုင်လို ကလေးငယ်လေးတွေကတော့ စားကောင်းသောက်ဖွယ်တွေကို အငမ်းမရ အိန္ဒြေမဆည်နိုင် ဖြစ်နေတဲ့အချိန် လူကြီးတွေကတော့ အဘိုးရွှီ စကားစလာမှာကိုပဲ ထိုင်စောင့်နေကြတယ်။
လူအိုကြီး ကြည့်ရတာ ပြောချင်တာတွေများလွန်းလို့ ဘယ်ကစပြောရမှန်းမသိ ဖြစ်နေပုံရတယ်။ အတော်လေးကြာတော့မှ သူက သက်ပြင်းတစ်ချက်နဲ့ စတင်တယ်။
“ဟူး ပြီးခဲ့တာတွေကို ထားလိုက်ပါတော့။ အခုကစပြီး မင်းတို့ညီအစ်ကိုသုံးယောက် သင့်သင့်မြတ်မြတ်နဲ့ နေထိုင်လုပ်ကိုင်သွားစေချင်တယ်။ ရွှီမိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို မယုတ်မလျော့အောင် ဆက်ထိန်းသိမ်းပြီး ကောင်းကောင်းမွန်မွန်နေကြမယ်ဆိုရင် ငါအခုသေရတောင် နောက်ဆံမတင်းတော့ဘူးပေါ့”
“ဟာ အဘိုးကြီး ရှင် ဘာတွေလျှောက်ပြောနေတာလဲ။ ထမင်းဝိုင်းမှာ စားချင်စိတ်မရှိအောင်လို့”
“ဟုတ်တယ်လေ အဖေကလည်း ဘာလို့ နိမိတ်မရှိတဲ့သေစကားတွေ ပြောနေတာလဲ”
“မပူပါနဲ့ အဖေ အားလုံးက အိမ်ခွဲလိုက်ပြီဆိုရင်တောင် ညီအစ်ကိုတွေဖြစ်နေတုန်းပါပဲ တစ်မိသားစုထဲပဲဟာ အရေးကြီးရင် သွေးနီးရမှာပေါ့ လောကဓံ ဘယ်လောက်ဆိုးဆိုး တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီပြီး နေသွားကြမှာပါ”
အဘိုးရွှီက ဒီလိုစကားတွေ ထွက်လာတော့မှ ခေါင်းတညိတ်ညိတ်နဲ့ ပင့်သက်ရှိုက်လိုက်တယ်။
“အေး မင်းတို့အကုန်လုံး ဒီလိုစိတ်ဓာတ်ရှိတယ်ဆိုရင်တော့ ငါရင်အေးရပြီပေါ့ကွာ။ မနက်ဖြန်က ကျွင်းခိုင်နဲ့ထင်းရှန်းတို့နှစ်ယောက်လုံး ကျောင်းစတက်ရတော့မဲ့နေ့ပဲ။ ငါတို့ရွှီမိသားစုက မျိုးရိုးစဥ်ဆက် လယ်သမားတွေအဖြစ်ပဲ ရှိနေသေးတာမို့ ဒီအဘိုးက ငါ့မြေးနှစ်ယောက်လုံး အလားအလာကောင်းပြီး ရွှီအိမ်ကို ဂုဏ်တက်အောင်လုပ်ပေးဖို့ မျှော်လင့်တယ်နော်”
သူက နှစ်ယောက်လုံးလို့သာ ပြောတာ မျက်လုံးကတော့ ရွှီကျွင်းခိုင်ဆီပဲရောက်နေတာမို့ ဘယ်သူ့ကိုပိုမျှော်လင့်လဲဆိုတာ သိသာပါတယ်။ ရေနံဆီမီးအိမ်ရဲ့ ခပ်မှိန်မှိန် အဝါရောင်အလင်းအောက်မှာ ရွှီကျွင်းခိုင်ရဲ့မျက်နှာက စိတ်လှုပ်ရှားမှုနဲ့အတူ ဝင်းလက်လာပြီး သူက ချက်ချင်း ခါးမတ်ကာ အားပါးတရဆိုလာတယ်။
“မပူပါနဲ့ အဘိုး ဒီမြေးက သေချာပေါက် စိတ်မပျက်စေရပါဘူး”
“ကောင်းတယ် ကောင်းတယ်” အဘိုးရွှီက ကျေနပ်ပီတိဖြစ်စွာ ခေါင်းတဆတ်ဆတ် ညိတ်ပြီးမှ တူစကိုင်တယ်။
“ကဲ လာ စားရအောင် အားလုံးများများစားကြ။ ကလေးနှစ်ယောက်အတွက် အားပေးတာလို့ ယူဆပြီး”
ထိုနေ့ညစာဝိုင်းကတော့ အင်မတန် လိုက်လျောညီထွေဖြစ်လှတဲ့ ရယ်မောပြောဆိုသံတွေနဲ့သာ စည်ကားနေပြီး အားလုံးက တစ်ဖက်လူ စိတ်မသက်မသာဖြစ်ရမဲ့စကားတွေကို ရှောင်ဖယ်ရင်း အေးချမ်းတဲ့လေထုကို ထိန်းသိမ်းထားတယ်။
အဘိုးရွှီက အများကြီးသောက်လိုက်မိပြန်တာမို့ သူ့မျက်နှာညိုညိုကြီးက နီရဲနေတော့တယ်။ စားသောက်ပြီးစီးလို့ အားလုံးလူစုကွဲသွားတဲ့အချိန်အထိ အဘိုးရွှီက သူ့မိန်းမနဲ့ ရယ်မောပျော်ရွှင်နေတုန်းမို့ အဘွားကျောက်ကတောင် လူအိုကြီးလက်မောင်းကို ခဏခဏရိုက်ပြီး ဘာလို့ ဒီလောက်စိတ်ရွှင်နေသလဲ နားမလည်နိုင်တော့ဘူးလို့ စနောက်နေတယ်။
သူ ဘာလို့ပျော်နေလဲ။ တကယ်တော့ သူလည်း သေချာမသိပါဘူး။ ဒီတိုင်း စိတ်အခြေအနေကောင်းနေရုံပါပဲ …
****
26 04
နောက်တစ်နေ့ နံနက်အစောပိုင်းမှာတော့ ရွှီမိသားစုခြံဝိုင်းကြီးက တဖန်အသက်ဝင်လာပြန်တယ်။ အမှန်တော့ တတိယနဲ့စတုတ္ထမိသားစုခွဲတို့က အစောကြီးမထချင်ပါဘူး ဒါပေမဲ့ အကြီးဆုံးမိသားစုခွဲရဲ့ အင်မတန် ဆူညံလွန်းတဲ့အသံတွေကြောင့်သာ ဆက်အိပ်လို့မရတော့လို့ ထလာရတာ။
အခုဆို အိမ်မကြီးရဲ့ ဘယ်ဘက်ခြမ်းမှာ လူသံ၊ပစ္စည်းသံတွေနဲ့ ဆူညံပွက်လောရိုက်နေတာ တော်တော်ကြာနေပြီ။ အဒေါ်ယန်ရဲ့ အိမ်ထဲကလှမ်းခေါ်သံက တစ်ခြံလုံးကြားရအောင် ကျယ်လောင်ပြီး သူထုပ်ပေးဖို့ တစ်ခုကျန်သွားတယ်ဆိုကာ ရွှီချင်းရှန်ရဲ့ လှည်းကို ခဏစောင့်ခိုင်းဖို့ အော်ပြန်တယ်။
အဲဒီလိုနဲ့ ကျန်တဲ့လူတွေခမျာ စောစောအိပ်ရာသိမ်းလိုက်ရတော့တယ်။ ကျောက်အာနဲ့ရွှီထင်းရှန်းတို့ကတော့ အစကတည်းက နိုးနေပြီးသား။ သူတို့ကတော့ အကြီးဆုံးမိသားစုခွဲဘက်ခြမ်းလောက် ဗရုတ်သုတ်ခဖြစ်မနေဘဲ အားလုံးစီစဥ်တကျ ရှိနေတယ်။
ကျောက်အာက မနေ့ညကတည်းက အိတ်အကြီးကြီးထဲမှာ ခေါင်းအုံး၊ စောင်နဲ့ အိပ်ရာခင်းအစုံအလင်အပြင် အလဲအလှယ်ဝတ်ဖို့ အင်္ကျီတချို့ရယ် နေ့စဥ်သုံးပစ္စည်းတွေရယ်ကို စနစ်တကျ စုထည့်ပေးထားတယ်။
“လျှော်ရမဲ့အဝတ်တွေအတွက် စိတ်မပူနဲ့။ ငါကိုယ်တိုင် ကျောင်းမှာ လာလျှော်ပေးလို့ရတယ်။ ဘယ်လိုမဆို ၁၀ရက်တစ်ခါ အိမ်ပြန်ခွင့်ပေးတာပဲ။ အဲဒီတော့ ဝတ်စရာမရှိမှာ စိုးရိမ်စရာမလိုပါဘူး။ ပိုက်ဆံတွေကိုလည်း ကိုယ့်အနီးနားမှာပဲထားနော်။ ကျောင်းမှာလူတွေက များကများနဲ့ အချိုးမပြေတဲ့လူတွေကိုပဲ လိုက်ကြည့်မနေနဲ့။ တစ်ခါတလေ လူကြီးလူကောင်းပုံပေါက်တဲ့သူတွေက ပိုဆိုးတယ်။ ကိုယ့်အနားကလူတွေကိုလည်း သတိထားပြီး ကိုယ့်ကိုယ်ကိုယ်လည်း သေချာဂရုစိုက် တခြားလူတွေ အနိုင်ကျင့်တာမခံနဲ့။ ပြီးတော့ အရမ်းလည်း ကပ်စေးနည်းမနေနဲ့ဦး။ လိုတာရှိရင်သုံး ပိုက်ဆံလိုရင်လည်း ငါ့ကိုလာပြော ဟုတ်ပြီလား”
ကျောက်အာက အမေအိုကြီးတစ်ယောက်လို မှာလို့မပြီးတော့ဘူး။ ရွှီထင်းရှန်းကတော့ သူမဘေးမှာရပ်ရင်း ကျောက်အာတစ်ယောက် ဘာတစ်ခုမှမကျန်ခဲ့အောင် လိုက်စစ်ပေးနေတာကို ကြည့်ပြီး သူ့ရင်ထဲ ဘာကြောင့်ရယ်မသိ ဝမ်းနည်းခြင်းတွေ လှိုက်တက်လာတယ်။
သူက ကျောင်းအိပ်ကျောင်းစား နေရမလား။ အိမ်ကပဲ အသွားအလာ လုပ်ရမလားဆိုတဲ့ကိစ္စကို ထပ်တလဲလဲတွေးခဲ့ပြီးမှ ကျောင်းမှာအဆောင်နေဖို့ ဆုံးဖြတ်လိုက်တာ။ ဘယ်လိုမဆို အိပ်မက်က ဘယ်လောက်ပဲ လက်တွေ့ဆန်နေပါစေ အိပ်မက်ပါပဲလေ။
အဲဒါကြောင့် သူကတော့ လက်ရှိစာလေ့လာတဲ့အပေါ်မှာပဲ စိတ်အလုံးစုံနှစ်ထားဖို့လိုပြီး အဲဒီလိုလုပ်ဖို့ အကောင်းဆုံးနည်းလမ်းက ကျောက်အာနဲ့အဝေးမှာ ယာယီခွဲနေဖို့ပဲ။
“စိတ်မပူပါနဲ့ ငါ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နိုင်ပါတယ်။ ပြီးတော့ မင်းလည်း အလုပ်ကိုနိုင်သလောက်ပဲလုပ် အရမ်းအပင်ပန်းခံစရာမလိုဘူး။ အဆင်မပြေလည်း ရတယ်။ ဦးလေး ၃နဲ့ ၄တို့ဝေစုဖယ်လိုက်ရင်တောင် ငါတို့အတွက် အိမ်မှာ ဂျုံစေ့တွေ အလုံအလောက်ရှိသေးတာပဲ။ ငါ့မှာလည်း ဦးလေးချန်းဆီက အလုပ်ရှိသေးတယ်လေ”
“အင်းပါ ဟုတ်ပါပြီ ဟုတ်ပါပြီ”
ကျောက်အာက အားလုံးကို အိတ်ထဲပြန်ထိုးထည့်ရင်း ပြီးစလွယ်ဖြေတယ်။ သူမလေသံ နားထောင်ရသလောက် သူ့စကားတွေကို အရေးတယူမရှိတာ သိသာတယ်။ ရွှီထင်းရှန်းက သူမ အပြင်မှာ အရမ်းတွေအပင်ပန်းမခံစေချင်လို့ အဘိုးရွှီခွဲပေးလိုက်ပြီးကတည်းက သူတို့ပိုင်ဆိုင်မှုတွေကို ကျောက်အာဆီ ခဏတိုင်း ရွတ်ပြနေကျ။
ဒါပေမဲ့ ကြည့်ရတာတော့ ကျောက်အာက တစ်ဖက်နားကဝင် တစ်ဖက်နားက ထုတ်လိုက်သလိုပဲ။ ရွှီထင်းရှန်းကတော့ ထိုကောင်မလေးရဲ့ စိတ်ဓာတ်နဲ့ပတ်သက်ပြီး ဘယ်လိုလုပ်ရမလဲတောင် မသိတော့ဘူး။
ဒါပေမဲ့လည်း ဒါတွေက ဘယ်သူ့အပြစ်မို့လို့လဲ။ အရင်တုန်းက ကျောက်အာ မိန်းကလေးတစ်ယောက်က အပြင်မှာ ပိုက်ဆံထွက်ရှာတာကို ရှက်ပြီး တားရကောင်းမှန်းတော့ သိပေမဲ့ ဖြေရှင်းဖို့ နည်းလမ်းမရှာပေးနိုင်တဲ့ သူကိုယ်တိုင်ရဲ့အပြစ်တွေပါပဲလေ။
အဲဒီကတည်းက ကျောက်အာက ငွေနဲ့ပတ်သက်လာရင် သူနဲ့မတိုင်ပင်ချင်တော့ဘဲ သူပြောတဲ့ ပိုက်ဆံနဲ့ပတ်သက်တဲ့ကိစ္စတွေကိုလည်း အတည်မယူတော့တာ မဆန်းပါဘူး။ ရွှီထင်းရှန်းက တစ်ခုခုထပ်ပြောဖို့အလုပ်မှာပဲ ခြံထဲက သူစိမ်းယောကျ်ားလေးအသံတစ်သံ ထွက်လာတယ်။
26 05
အသံပိုင်ရှင်ကတော့ သူနဲ့မစိမ်းသက်တဲ့ ကျန်းဝူပဲ။ အနောက်မှာတော့ အဒေါ်ကျိုးရဲ့အသံပါ ကပ်ပါလာတယ်။
“အယ် ဝူကျစ် ဘာလို့ဒီအချိန်ကျမှ ရောက်လာတာလဲ”
“ကျွန်တော်က ထင်းရှန်းတို့ကို မြို့ကျောင်းလိုက်ပို့ပေးမလို့ ဒီနေ့က ကျောင်းစတက်ရမဲ့နေ့မလား။ ကျောက်အာက မနေ့ကပဲ ကျွန်တော့်ကိုလာကြိုပေးဖို့ အိမ်မှာလာပြောသွားလို့လေ။ အဖေကလည်း သူများနောက်ကျမယ်ဆိုပြီး စောစောလွှတ်လိုက်တာ”
ဒီတော့မှ အဒေါ်ကျိုးက ချက်ချင်းနားလည်သွားတယ်။ ကျောက်အာက ဟိုမိသားစုနဲ့ယှဥ်လာရင် နည်းနည်းလေးတောင် အရှုံးမခံချင်ဘူးဘဲ။ ယွီချင်းရွာမှာ သူကြီးအိမ်နဲ့ ကျန်းမိသားစုတို့သာ ကိုယ်ပိုင်မြည်းလှည်း တစ်စီးစီ ပိုင်ကြတာ။
ကျန်းလီကျန်းကတော့ သက်ဆိုင်ရာအစည်းအဝေးတွေကျရင် မြို့နဲ့ရွာ အသွားအလာ လုပ်ရလွန်းလို့ မဖြစ်မနေဝယ်ထားတာဆိုပေမဲ့ ကျန်းမိသားစုကတော့ … သူတို့ကတော့ ဒီတိုင်းချမ်းသာလို့ ဝယ်ထားကြတာပါပဲ။
အဲဒါထက် သူတို့က ချမ်းသာပေမဲ့ ပေါ်ပေါ်ထင်ထင်မဟုတ်ဘဲ ခပ်လျှိုလျှိုနေတတ်တဲ့ သူကြွယ်တွေ။ ကျန်းလင်မယားက ဘယ်တော့မှမကြွားဝါ မပြိုင်ဆိုင်တတ်ဘဲ သူတို့သားနှစ်ယောက်ကလည်း ရွာထဲမှာ အတော်လေး လူသိများပြီး အသိအမှတ်ပြုခံရတဲ့ လူငယ်လေးတွေဖြစ်တယ်။
ယွီချင်းရွာမှာ ထူးထူးခြားခြား နာမည်ကြီးတဲ့ လူငယ်နှစ်ယောက်ရှိပြီး တစ်ယောက်က ပညာရေးနဲ့ရုပ်ရည်ပိုင်းမှာ ကျော်ကြားတဲ့ ရွှီကျွင်းခိုင်ဆို နောက်တစ်ယောက်က ယောက်ျားပီသပြီး လူမှုရေးရှိတဲ့ ကျန်းဝူပဲ။
ပုံပန်းသွင်ပြင်ကိုပဲပြောပြော မိသားစုနောက်ခံကိုပဲကြည့်ကြည့် ကျန်းဝူက ကာလသားတိုင်းရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတာ။ ဒါတင်မကသေးဘူး သူက ဖော်ရွေပြီး တောလိုက်ကျွမ်းကျင်တဲ့ မုဆိုးတစ်ဦးဖြစ်တာမို့ ရွာထဲမှာ သူ့ကို လက်ထပ်ချင်တဲ့အပျိုလေးတွေမှ ဒုနဲ့ဒေး။
ပြောရရင် ကျန်းမိသားစုက ရွှီမိသားစုရဲ့ဒုတိယမိသားစုခွဲနဲ့ အဆက်အဆံရှိတယ်။ ကျန်းဝူရဲ့အဖေ ကျန်းဟိုင်နဲ့ ရွှီချင်းစုန့်တို့က အတော်လေး ရင်းနှီးကြတယ်။ အဲဒါကြောင့် ရွှီချင်းစုန့်ရဲ့ မမျှတတဲ့သေဆုံးမှုအပြီး ကျန်းမိသားစုက ရွှီမျိုးရိုးတွေနဲ့ ဆက်ဆံရေးကျဲသွားပြီး လာလည်တာတောင် ရှားသွားတယ်။
အဲဒါကြောင့် အဒေါ်ကျိုးက ခဲအို ၂မျက်နှာနဲ့ ကျောက်အာက သွားတောင်းဆိုရဲတာအပြင် များများစားစား မတွေးတော့ဘူး။ ကျန်းဝူက သူ့ရဲ့တောင့်တင်းတဲ့ခန္ဓာကိုယ်နဲ့ မြင့်မားတဲ့အရပ်အမောင်းကြောင့် ရိုးရိုးနက်ပြာရောင်ဝမ်းဆက် ဝတ်ထားတာတောင် လူကြားထဲ ထင်းထွက်နေတယ်။
အခုက မတ်လပိုင်းထဲရောက်နေတာတောင် ယွီချင်းရွာက အအေးဓာတ်ရှိနေဆဲမို့ မနက်ခင်းမြူတွေက ဝေနေတုန်းပဲ။ မြူမှိုင်းတွေကြားထဲမှာ သူ့ပုံစံက အတော်လေး စိတ်ကူးယဥ်ချင်စရာ ကောင်းနေတယ်။ ကျောက်အာက အသံကြားတာနဲ့ သူတို့အခန်းထဲက အမြန်ပြေးထွက်လာတယ်။
“ကျန်းဝူ ကော ဘာလို့အစောကြီးရောက်လာတာလဲ။ မနက်စာရော စားလာလား”
“ဟင့်အင်း ငါနောက်ကျမှာစိုးလို့ ဘာမှမစားဘဲ ထွက်လာခဲ့တာ”
“ဟုတ်လား ဒါပေမဲ့ အချိန်က လိုပါသေးတယ် လာ မနက်စာတစ်ခါတည်း ဝင်စားသွားလိုက်လေ”
ကျောက်အာက ဒီလိုပြောပြီးတာနဲ့ အိမ်ထဲပြန်ဝင်သွားတဲ့အချိန် ရွှီထင်းရှန်းကတော့ တံခါးဝမှာ ပိတ်ရပ်ရင်း ကျန်းဝူကိုသာ တစိုက်မတ်မတ် စိုက်ကြည့်နေတယ်။ ကျန်းဝူက သူ့မူပိုင်အပြုံးကြီးကြီးနဲ့ အနားလျှောက်လာပြီး “ထင်းရှန်း မင်းက မင်းတို့ကိုကြီးကိုတောင် အိမ်ထဲ ပေးမဝင်တော့ဘူးလား”
သူက မျက်နှာပြောင်ပြောင်နဲ့ ဆိုလာတော့ ရွှီထင်းရှန်းခမျာ မတတ်သာဘဲ ဘေးဖယ်ပေးလိုက်ရတယ်။ ကျောက်အာကတော့ သူမတို့အခန်းထဲကနေ ဂျုံဖြူတစ်ဆုပ်ယူလာပြီး မီးဖိုချောင်ထဲ ဝင်လာတယ်။ အိမ်ခွဲမယ်ဆိုကတည်းက အဘိုးရွှီက ခြံထဲက တိရစ္ဆာန်တွေအပြင် အိမ်မှာရှိသမျှ အစားအသောက်ရိက္ခာအားလုံးကို အညီအမျှ ခွဲပေးလိုက်တာကြောင့် ကျောက်အာတို့လည်း ဂျုံဖြူတစ်ထုပ်ရလိုက်တယ်။
ကျောက်အာက ရလာကတည်းက ရွှီထင်းရှန်းအတွက် ကျောင်းမတက်ခင် အထူးသီးသန့်တစ်ခုလုပ်ပေးဖို့ ရည်ရွယ်ထားပြီးသား။ ကျန်းဝူ ရောက်လာတာက ကွက်တိဖြစ်သွားတော့ အခုက ဒီဟာကို ထုတ်သုံးဖို့အချိန်ပဲ။
26 06
ကျောက်အာက ဟင်းချက်တဲ့နေရာမှာလည်း လက်ဆိပ်ရှိပေမဲ့ ကိုယ်တိုင်ဝင်ချက်တာ ရှားတယ်။ အကြောင်းကတော့ အရွယ်ရောက်ကတည်းက ဒီအိမ်မှာ မီးဖိုချောင်တာဝန်က သူမအတွက်မဟုတ်သလို စိတ်ကလည်း နေ့တိုင်းငွေရှာဖို့ပဲ အာရုံရှိနေတာမို့ ရံဖန်ရံခါသာ ဝင်ကူပေးတတ်တာ။
ကျောက်အာက ဂျုံသားကို ကောင်းကောင်းနယ်ပြီးတဲ့အခါ စိုက်ခင်းထဲက လိုအပ်တဲ့အသီးအရွက်တချို့ သွားခူးတယ်။ နွေဦးရာသီဆိုတာ ပြန်လည်မွေးဖွားခြင်းလို့ တင်စားရတဲ့ကာလဖြစ်ပြီး ယွီချင်းရွာက အေးမြတဲ့ရာသီဥတုကြောင့် မြေကြီးတွေက မပွသေးဘူး။
သို့ပေမဲ့ သူတို့စိုက်ခင်းထဲက အသီးအနှံတွေကတော့ အရင်ကတည်းက စိုက်ထားပြီးသားမို့ အပြည့်အဝ မသီးမပွင့်သေးပေမဲ့ ကြက်သွန်မြိတ်တွေကတော့ စိမ်းစိုကာ ရှည်ထွက်နေခဲ့တယ်။ ကျောက်အာက လက်တစ်ဆုပ်စာ ဖြတ်ယူပြီးမှ ကောင်းကောင်း ဆေးကြောလိုက်တယ်။
အဒေါ်ကျိုးက မီးဖိုတစ်ခုကို သုံးနေတာကြောင့် သူမက ဘေးမှာအရံထားထားတဲ့ မီးဖိုကို ထင်းထိုးလိုက်ပြီး ဒယ်စောက်ကြီးတစ်ခုကို ဆေးပြီး မီးပေါ်တင်လိုက်တယ်။ ဒယ်စောက်ကို အပူပေးထားတဲ့အချိန် ကြက်ဥတစ်လုံးနှစ်လုံးခွဲပြီး ပန်းကန်ထဲ ထည့်မွှေနေလိုက်တယ်။
ဒါမှ ကြော်တဲ့အခါ ပွပွလေးဖြစ်အောင်လို့ တကယ်လည်း အပူနဲ့တွေ့တဲ့အခါ ကြက်ဥတွေက ဖောင်းတက်လာပြီး ကျောက်အာက ဆီထည့်ကာ သံယောင်းမနဲ့မွှေ ပေးနေတယ်။ နောက်တော့ ရွာထဲက တို့ဖူးလုပ်တဲ့အိမ်က ဈေးသက်သက်သာသာနဲ့ ဝယ်လာတဲ့တို့ဖူးတုံးကို လောင်းထည့်လိုက်ပြီး ယောင်းမနဲ့ပဲ အတုံးလေးတွေ ပိုင်းလိုက်တယ်။
ရွှေဝါရောင်သန်းလာတဲ့အထိ ဟိုဘက်ဒီဘက် လှန်ပေးပြီးတာနဲ့ တို့ဖူးတုံးတွေကို တစ်ဖက်ကပ်လိုက်ပြီး ဆီထပ်ထည့်တယ်။ ပြီးတာနဲ့ သူမ အသင့်လှီးချွတ်ထားတဲ့ ချင်းရယ် ငရုတ်သီးရယ်ကို စုထည့်လိုက်ပြီး မွှေးလာတဲ့အထိ ကြော်ပြန်တယ်။
အနံ့လေးသင်းလာတဲ့အခါ ကြက်ဥမွှေကြော်ကို ဒယ်စောက်ထဲပြန်ထည့်လိုက်ပြီး ရေအနည်းငယ်ထည့်ကာ ဆား ငရုတ်ကောင်းအနည်းငယ် ဖြူးပြီးမှ အဖုံးအုပ်ထားလိုက်တယ်။ မီးဖိုပေါ်က ချတော့မဲ့အချိန်မှ တစ်ပြားရိုက်ထားတဲ့ ကြက်သွန်ဖြူအချို့ကို ပစ်ထည့်လိုက်တဲ့အခါ များမကြာမှီမှာပဲ ခေါက်ဆွဲမှာထည့်မဲ့ ဟင်းရည်က အဆင်သင့်ဖြစ်သွားတယ်။
သူမက အစာတွေကို ဘေးတစ်ဖက်တင်လိုက်ပြီး ခေါက်ဆွဲပြုတ်ဖို့ ရေအလုံအလောက် ထပ်လောင်းထည့်တယ်။ ရေကိုအပူပေးထားတုန်း ကျောက်အာက ဂျုံလုံးကို သေချာလှိမ့်ရင်း ဖိပြားလိုက်ပြီးမှ စဥ့်နီတုံးပေါ်မှာ ဓားနဲ့အတိအကျပိုင်းဖြတ်လိုက်တဲ့အခါ ညီညာတဲ့ ခေါက်ဆွဲပြားလေးတွေ ရလာတယ်။
“ကြည့်စမ်း ဒီကောင်မလေး သွက်နေရော ငါတို့ကျောက်အာနဲ့ယှဥ်ရင် ဒီအဒေါ်က လက်စွမ်းကျနေပြီပဲ”
အဒေါ်ကျိုးက ခပ်ပြုံးပြုံးလေး စနောက်တော့ ကျောက်အာကလည်း အဖုံးဖွင့်လိုက်တာကြောင့် အလုံးအရင်းထွက်လာတဲ့ အငွေ့တွေကြား ခေါက်ဆွဲတွေ ပြုတ်မကျအောင် သေချာဂရုစိုက်ထည့်နေရင်း ပြန်ဖြေတယ်။ သူမမျက်နှာက ပြုံးချိုနေပြီး အသံကလည်း အတော်လေး တက်ကြွကြည်လင်နေတယ်။
“အောင်မယ်လေး သမီးကို ချီးမွမ်းမနေပါနဲ့။ သမီးက မြန်ပဲမြန်တာ ဒေါ်လေးလောက် လက်ရာမကောင်းပါဘူး”
“အေးပါ ဒီကောင်မလေး အနှိမ့်ချတတ်ဆုံးပဲ”
ထိုစဥ် ဒုတိယမိသားစုခွဲရဲ့ အခန်းငယ်လေးထဲမှာတော့ ရွှီထင်းရှန်းနဲ့ ကျန်းဝူတို့က မျက်နှာချင်းဆိုင် ထိုင်နေကြတယ်။
…………..
******