အခန်း (၂၇-၂၈)
Vol. 3 Ch. 27-28
27 01
အပိုင်း 27
အခန်းငယ်လေးထဲက ကွပ်ပျစ်ပေါ်မှာ ဆယ်ကျော်သက်လေးတစ်ယောက်နဲ့ ယောက်ျားပျိုတစ်ဦး မျက်နှာချင်းဆိုင် ထိုင်နေကြတယ်။ ကောင်လေးက အကောင်သေးသေး ဖြူဖွေးဖွေးနဲ့မို့ နုနယ်ပုံရပြီး တစ်ဖက်က လူပျိုလေးကတော့ အရပ်ရှည်ရှည် တောင့်တောင့်တင်းတင်းကိုမှ ကြေးဝါရောင် အသားအရည်နဲ့ ချောမောတဲ့သွင်ပြင်ရှိတယ်။
ကျန်းဝူက ကျောက်အာထက် ၂နှစ်ကြီးတာကြောင့် လက်ရှိ သူက အသက် ၁၈ဆိုတဲ့ အိမ်ထောင်ပြုဖို့ အကောင်းဆုံးအရွယ်ထဲဝင်နေပြီ။ ဒါကြောင့်လည်း ယောက်ျားပီသတဲ့ဟန် တဖြည်းဖြည်း ကူးပြောင်းနေတာ ဖြစ်နိုင်တယ်။
“ထင်းရှန်း ကျောင်းရောက်ရင် စာကြိုးစားနော်။ မင်းအစ်မ ကြိုးစားထားရတာတွေကို အလဟဿမဖြစ်စေနဲ့။ တကယ်လို့ တစ်ယောက်ယောက်က အနိုင်ကျင့်ခဲ့ရင် ဒီအစ်ကိုကြီး ကျန်းဆီသာ ပြေးလာခဲ့လိုက် မင်းတို့ကိုကြီးက သေချာလေး ခြောက်လွှတ်ပေးလိုက်မယ်!”
အခန်းထဲစဝင်လာကတည်းက ကျန်းဝူက ရွှီထင်းရှန်းနဲ့ စကားစမြည်ပြောဖို့ ကြိုးစားနေခဲ့တာ။ တစ်ဖက်လူက သူ့ကိုသိပ်မကြည်ဘူးဆိုတာ သိပေမဲ့လည်း ဒီကောင်လေး ကြိုက်ကြိုက်မကြိုက်ကြိုက် ကိစ္စတော့မရှိပါဘူး။ သူ သဘောကျနေတဲ့တစ်ယောက်က ဒီကောင်လေးကို ဂရုစိုက်နေသရွေ့ သူကလည်း အနည်းအကျဥ်းတော့ စောင့်ရှောက်ပေးရမှာပဲ။
ဘာလို့ဆို နောင်မှာ ကျောက်အာနဲ့သူ လက်ထပ်ပြီးသွားတဲ့အချိန်ကျ ဒီကောင်လေးက သူ့ယောက်ဖ ဖြစ်လာမှာလေ။ အဲဒီအတွေးနဲ့ ကျန်းဝူတစ်ယောက် ရွှီထင်းရှန်းကို အောက်ကျို့ပေါင်းရမယ်ဆိုတောင် စိတ်ထဲမထားဘူး။
အဲဒါထက် သူ့မျက်လုံးထဲမှာ ရွှီမိသားစုရဲ့ဒုတိယမြေး ကုန်းကျစ်ကို အခုထိ ကလေးလို့ ယူဆထားတုန်းပဲ။ ကလေးတွေက သူတို့အမေတွေ အစ်မတွေနဲ့ပတ်သက်လာရင် ပိုင်ဆိုင်လိုစိတ်ကြီးပြီး တစ်ယောက်ယောက် ချဥ်းကပ်လာတိုင်းလည်း သဘောမကျဖြစ်တတ်တာ ပုံမှန်ပါပဲ။
ရွှီထင်းရှန်းကတော့ ကျန်းဝူကို စူးစူးရဲရဲစိုက်ကြည့်နေဆဲဖြစ်ပြီး သူ့ရင်ထဲက မနာလိုမှုတွေကို ထိန်းချုပ်ဖို့ မနည်းကြိုးစားနေရတယ်။ သူက ဒီလူ့အရှေ့မှာ ကလေးဆန်တယ်လို့ အမြင်မခံနိုင်သလို မျက်စိသူငယ် နားသူငယ်လည်း အဖြစ်မခံနိုင်ဘူး။
အဲဒါတွေထက် သူက ဒီယောက်ျားအရှေ့မှာ အရာရာ နောက်ကောက်ကျနေတာမျိုး ပိုတောင်မဖြစ်ချင်ဘူး။ နောက်ဆုံးမှာတော့ သူက ကိုယ့်လျှာကိုယ် မထိန်းနိုင်တော့ဘဲ လွှတ်ကနဲ ထွက်သွားတော့တယ်။
“ခင်ဗျား ကျောက်အာကို ကြိုက်နေတာလား”
ကျန်းဝူက အံ့ဩသွားပုံရပေမဲ့ တုံ့ဆိုင်းခြင်းမရှိ ခေါင်းညိတ်ပြလာတယ်။ ရွှီထင်းရှန်းရဲ့မျက်နှာကတော့ သူ့ရဲ့ပေါ့ပေါ့ပါးပါး အဖြေကြောင့် ဝက်အသည်းလို မဲပုပ်သွားတယ်။
“သူက ကျွန်တော်နဲ့သဘောတူထားတာ”
“သဘောတူထားတာ မဟုတ်ပါဘူး။ မင်းလည်းသိတဲ့အတိုင်း ဦးလေးရွှီနဲ့ အဒေါ်ချူတို့က အစကတည်းက ကျောက်အာကို သမီးတစ်ယောက်အနေနဲ့ ခေါ်မွေးလိုက်တာလေ။ ဆိုတော့ မင်းတို့က မောင်နှမတွေ သူက မင်းအစ်မ။ လူကြီးတွေက မင်းကို သူ့လက်ထဲ စိတ်ချလက်ချ အပ်ခဲ့ချင်လို့ ခေါင်းစဥ်တစ်ခု အလွယ်ပေးလိုက်တာ”
ဒါပေါ့ ရွှီထင်းရှန်းလည်း ဒါကိုကောင်းကောင်းသိနေလို့သာ။ ကျန်းဝူရဲ့ ဖြစ်တည်မှုက သူ့ကို အတော်လေး ခြိမ်းခြောက်နေနိုင်တာ။
“မင်းအစ်မကို စိတ်မချဘူး။ နှမြောတယ်ဆိုရင် သူ့ကို ကောင်းကောင်းတန်ဖိုးထားပေးမဲ့ လူတစ်ယောက် ရှာပေးလိုက်ပေါ့။ မင်းတို့မိသားစုအခြေအနေကြောင့် မင်းအစ်မ မင်းအတွက် ဘယ်လောက်အနစ်နာခံခဲ့ရသလဲဆိုတာ မင်းလည်း သိမှာပါ။ ဒါပေမဲ့ ညီလေး စိတ်သာချထားလိုက် ငါ မင်းအစ်မကို လက်ထပ်လိုက်တာနဲ့ မင်းကိုပါ ညီအရင်းတစ်ယောက်လို ခေါ်ပြီးစောင့်ရှောက်ပေးမှာ သိလား”
ကျန်းဝူက သိမ်းသွင်းချင်ဇောနဲ့ အကျိုးအကြောင်းသင့်စွာ ပြောနေပေမဲ့ ရွှီထင်းရှန်းရဲ့မျက်နှာအရောင်ကတော့ မြင်မကောင်းအောင် ဆိုးဝါးလာတယ်။
“စိတ်ကူးယဥ်နေတာတွေ ရပ်လိုက်လို့ရပါပြီ။ ကျွန်တော်က သူ့ကို ဘယ်တော့မှ ခင်ဗျားလက်ထဲထည့်ပေးမှာ မဟုတ်လို့”
ဒီလိုပြောတာတောင် သူ့ကို စိတ်ပူခြင်းအလျဥ်းမရှိ အူမြူးစွာနဲ့ ရယ်ပြလာတဲ့ ကျန်းဝူရဲ့အပြုအမူအရ သူ့စကားကို အတည်မယူဘူးဆိုတာ သိပ်သိသာတယ်။ ထိုအချိန်မှာပဲ ကျောက်အာက သစ်သားဗန်းလေးပေါ် ပန်းကန်လုံး ၃လုံးတင်ရင်း အခန်းထဲဝင်လာပြီး အလယ်က ပန်းကန်လုံးကတော့ ကျန်နှစ်လုံးထက်စာရင် သိသိသာသာ ပိုကြီးတယ်။
“လာ မြန်မြန် ခေါက်ဆွဲတွေမအေးခင် စားလိုက်ကြ”
27 02
“ပန်းကန်လုံးကြီးကိုလည်း ကြည့်ပါဦးကွာ။ ကျောက်အာ မင်းကတော့ ငါ့ကိုဝက်အထင်နဲ့ ဇွတ်ကျွေးနေတာလား ဟုတ်လား”
ကျန်းဝူက အရယ်တစ်ဝက်နဲ့ ပြောလာတော့ ကျောက်အာကလည်း ခွန်းတုံ့ပြန်တယ်။
“အစ်ကိုကတော့လေ ဘာတွေလျှောက်ပြောနေတာလဲ။ ကျွန်မက အစ်ကို မဝမှာစိုးလို့ပါနော်”
သူမက ပြောရင်းဆိုရင်း ရှာလကာရည် အနေတော်ထည့်ထားတဲ့ တစ်ပန်းကန်ကို ရွှီထင်းရှန်းအရှေ့ တွန်းပို့ပေးလိုက်တယ်။
“လာ မြန်မြန်စား စားပြီးတာနဲ့ တန်းထွက်မှာဆိုတော့ အချိန်သိပ်မရှိဘူး”
အဲဒီလိုနဲ့ သူမက ကွပ်ပျစ်ပေါ်ဝင်ထိုင်လိုက်တော့ ညာဘက်ခြမ်းမှာ ကျန်းဝူ ဘယ်ဘက်ခြမ်းမှာ ရွှီထင်းရှန်းဖြစ်သွားတယ်။ ကျန်းဝူက ခေါက်ဆွဲတွေကို တရှူးရှူးမြည်တဲ့အထိ မြိန်ရေရှက်ရေ စားရင်း ကျောက်အာကိုလည်း အရင်ထဲက သူမ လက်ရာဘယ်လောက်ကောင်းကြောင်း အဆက်မပြတ် ချီးမွမ်းနေတယ်။
ဆိုတော့ ဒီလူက အရင်ကတည်းက ကျောက်အာလုပ်ပေးတဲ့ခေါက်ဆွဲကို စားဖူးတယ်ပေါ့။ ဘယ်နှခါတောင် စားဖူးတာလဲ။ ဘယ်တုန်းကလဲ။ ဘာလို့ သူကမသိရတာလဲ။
စတဲ့ စတဲ့အတွေးပေါင်းစုံက သူ့စိတ်ထဲက မနာလိုခြင်း မီးတောက်ကို လောင်စာဖြည့်ပေးလိုက်သလိုမို့ ဒီခေါက်ဆွဲစတိုင်က သူ့အကြိုက်ဆိုရင်တောင် လောလောဆယ် စားချင်စိတ်မရှိတော့ဘူး။ ဘယ်လောက်တောင်လဲဆို ကျောက်အာက သူ့ကို ဘာလို့မစားတာလဲ မေးလာမှ သူက အသိစိတ်ပြန်ဝင်လာပြီး တောင့်တင်းနေတဲ့မျက်နှာနဲ့ပဲ။
“ရှာလကာရည် မပါလို့”
“ရှာလကာရည် မပါဘူးလား”
ကျောက်အာက အလျင်အမြန် သူ့ပန်းကန်လုံးကိုယူပြီး နမ်းကြည့်လိုက်တယ်။ သူမ ခေါက်ဆွဲတွေမချပေးခင်မှာပဲ ရှာလကာရည် ထည့်လိုက်တာ သေချာမှတ်မိပါတယ်။ ဒါပေမဲ့ ထည့်ထားတဲ့ပမာဏက နည်းတော့ အနံ့ရှူကြည့်လည်း မသိသာဘူး။
“ဟုတ်တာပဲ ခဏနော် အခုသွားထည့်ပေးမယ်”
ဒီလိုပြောပြီးတာနဲ့ ကျောက်အာက သူ့ပန်းကန်ယူပြီး မီးဖိုချောင်ဆီ အလျင်စလို ပြေးထွက်သွားတယ်။ ရွှီထင်းရှန်းကတော့ ရှေ့တည့်တည့်က ကျန်းဝူကိုသာ ပြာကျမတတ် စိုက်ကြည့်ပေးလိုက်တယ်။
ဒီလူ စားတာ တော်တော်မြန်တာပဲ … နင်ပြီးသေမှာ မကြောက်ဘူးလား မသိဘူး။
ရွှီထင်းရှန်းရဲ့ အကြည့်တွေက အရမ်းသိသာသွားလို့ ထင်ပါတယ် ကျန်းဝူက ခေါင်းမဖော်တမ်း ဆွဲနေရာကနေ မော့ကြည့်လာပြီး “မင်းအစ်မရဲ့ ခေါက်ဆွဲက အရသာရှိပြီးသား ရှာလကာရည် ထပ်ထည့်စရာတောင် မလိုပါဘူး”
ရွှီထင်းရှန်းက သူ့ကို ဘာမှမပြောဘဲ လျစ်လျူရှုလိုက်တယ်။ ခဏနေတော့ ကျောက်အာပြန်ရောက်လာပြီး သူ့ရှေ့ ပန်းကန်လုံးချပေးလာတော့ သူလည်း တူကောက်ကိုင်ရင်း တိတ်တဆိတ်ပဲ ပါးစပ်ထဲ ခေါက်ဆွဲအချို့ ထိုးသွင်းလိုက်တယ်။
ခေါက်ဆွဲ ဘယ်လောက်ကောင်းကောင်း သူ့အတွက်တော့ အရသာ မရှိတုန်းပဲ။
“ကောင်းကောင်းစား များများစားမှ အားရှိပြီး အစ်ကိုကျန်းဝူလို သန်မာလာမှာ”
ဪ ဆိုတော့ သူမအမြင်မှာ သူက ကျန်းဝူလောက်တောင် အားမရှိဘူးပေါ့လေ ကျန်းဝူက သူ့ထက်ပိုသာတယ်ပေါ့။။
သူတို့ရဲ့နံနက်စာဝိုင်းလေးက လူတိုင်းကိုယ်ပိုင် အတွေးတစ်ခုနဲ့အတူ ပြီးဆုံးသွားတယ်။ ကျန်းဝူနဲ့ကျောက်အာတို့က ရယ်မောပြောဆိုနေကြတဲ့အချိန် တစ်ယောက်သောသူကတော့ မျက်နှာသေနဲ့သာ တိတ်ဆိတ်နေတယ်။
ကျောက်အာက ပန်းကန်တွေဆေးပြီးလို့ နောက်ဆုံးအကြိမ် အထုပ်အပိုးအကုန် စစ်ဆေးပြီးတဲ့အခါကျတော့မှ သူတို့ စထွက်ဖို့လုပ်ကြတယ်။ ကျန်းဝူက ကျောက်အာ ရွှီထင်းရှန်းအတွက် ပြင်ဆင်ပေးထားတဲ့အထုပ်ကြီးကို လွှားကနဲ ပုခုံးပေါ်တင်ရင်း သုံးယောက်သား အခန်းထဲက ထွက်လာကြတယ်။
သူတို့ ခြံဝရောက်တဲ့အချိန်မှာပဲ အဘိုး ရွှီရဲ့အသံက ရုတ်တရက် ထွက်လာတယ်။
27 03
“ကျန်းဝူ အာ… ကုန်းကျစ်ကို မြို့လိုက်ပို့မလို့လား”
ကျန်းဝူက ခြေလှမ်းတွေရပ်လိုက်ပြီး ခေါင်းတစ်ချက်ညိတ်ပြတယ်။
“ဒါဆို ကျွင်းခိုင်ကိုပါ ခေါ်သွားပေးလို့ရလား။ သူလည်း မြို့တက်ရမှာ ဒါပေမဲ့ သူကတော့ ချင်းဟယ်ကျောင်းတော်ကိုသွားမှာ မင်းဦးလေး ချင်းရှန်ဆီက ကြားရသလောက်တော့ နှစ်ကျောင်းလုံးက လမ်းကြုံတယ်ဆို”
“အယ် အဲဒါက…”
ကျန်းဝူက ကျောက်အာကို တစ်ချက်လှမ်းကြည့်တယ်။ မနေ့တုန်းက သူ့ဆီရောက်လာကတည်းက အကြီးဆုံးမိသားစုခွဲက သူတို့ဘာသာ လှည်းတစ်စီးငှားထားပေမဲ့ အတူတူမလိုက်သွားချင်ကြောင်းကို ကျောက်အာက ပြောပြထားပြီးသား။
အဲဒါကြောင့်လည်း ကျန်းဝူက စစ်ဆေးမေးမြန်းခြင်းမရှိ လက်ခံပေးခဲ့တာ။ ထိုအချိန် ရွှီချင်းရှန်က သူတို့အဆောင်ထဲကထွက်လာပြီး
“အဖေ့ ဘာလို့အဲဒါတွေ သွားပြောနေတာလဲ။ ကျွန်တော်တို့လှည်းက ခဏနေရောက်တော့မဲ့ဟာ”
“အခုရောက်သေးလို့လား။ ဘယ်အချိန်ရှိနေပြီလဲ သိလား။ မင်းတို့ မြည်းလှည်းနဲ့ဆိုရင်တောင် ရွာနဲ့မြို့က နာရီလောက်သွားရမှာ။ ဒီနေ့က ကျွင်းခိုင်ရဲ့ စစတက်ချင်းနေ့ ကျောင်းစဖွင့်ရက်မှာတင် နောက်ကျလို့ကတော့ ငါ့မြေးအပြစ်ပေးခံရမှာပေါ့ကွ”
အဘိုးရွှီက စိတ်အနှောင့်အယှက်ဖြစ်သလို ပြောလာတယ်။ တကယ်လည်း ရွှီချင်းရှန်ကိုယ်တိုင် အောက်မကျချင်လို့သာ ပါးစပ်က ဒီလိုပြောလိုက်ရတာ ရင်ထဲမှာတော့ သောကပင်လယ်ဝေနေပြီ။ တစ်နေ့ကတည်းက အနီးနားရွာက မိတ်ဆွေတစ်ယောက်ရဲ့မြည်းလှည်းကို ကိုယ်တိုင် သီးသန့်သွားငှားခဲ့တာ။
ဒါပေမဲ့ ဘယ်သူထင်မှာလဲ။ သူတို့နံနက်စာ စားသောက်ပြီးတဲ့အချိန်အထိ အဲဒီမြည်းလှည်းအရိပ်အယောင်ကိုတောင် မတွေ့ရသေးဘူး။ ဒုတိယမိသားစုခွဲကလည်း သူတို့ဘာသာ လှည်းတစ်စီးငှားထားပြီး ကျန်းမိသားစုဆီကဆိုတာလည်း သိထားတယ်။
ရွာထဲမှာ မြည်းလှည်းပိုင်တာဆိုလို့ နှစ်အိမ်ပဲရှိပြီး သူကြီးအိမ်ကလည်း သွားတောင်းလို့မကောင်းသလို ကျန်းမိသားစုကလည်း သူ့အပေါ် ရန်ငြှိုးထားထားတယ်ဆိုတာ မသိဘဲနေပါ့မလား။ ညီလေး၂ဆုံးတုန်းက ကျန်းဟိုင်တစ်ယောက် သူ့ကိုဘယ်လိုပြောဆိုခဲ့သလဲဆိုတာ သူအခုထိမမေ့သေးဘူး။
ကျန်းမိသားစုတွေကို လမ်းမှာတွေ့ရင်တောင် သူတို့က အချင်းချင်း တံစောင်းနဲ့မျက်ချေး ဖြစ်နေကြတာ။ ဒါကြောင့်လည်း သူ့သား ကျောင်းနောက်ကျတော့မယ်ဆိုတာ သိနေတာတောင် ကျောက်အာတို့ဆီကို အကူအညီသွားမတောင်းတာပေါ့။
“ကျန်းဝူ သားရေ မင်းညီကိုပါ ခေါ်သွားပေးလိုက်ပါ”
လူကြီးတစ်ယောက်က ဒီလိုပြောလာမှတော့ ကျန်းဝူလည်း ငြင်းလို့မရတော့ဘူးပေါ့။
“ရပါတယ် အဘိုး ရွှီ ကျွန်တော့်အတွက် အပန်းမကြီးပါဘူး”
ရွှီချင်းရှန်က မလှုပ်မယှက်ရှိနေသေးတာမြင်တော့ အဘိုးရွှီက မြန်မြန်နောက်လှည့်ပြီး သူ့ကိုဆူပြန်တယ်။
“ဒီမှာဘာရပ်လုပ်နေသေးတာလဲ။ ချွေးမကြီးရေ ကျွင်းခိုင်အထုပ်တွေ ယူလာခဲ့တော့”
“ဟုတ်ကဲ့ ဟုတ်ကဲ့ လာပါပြီ”
အဲဒီလိုနဲ့ သူတို့လေးယောက်သား လှည်းပေါ်တက်ပြီး စထွက်ခဲ့ကြတယ်။ အစကတော့ ရွှီချင်းရှန်က သူ့သားကို ကိုယ်တိုင်လိုက်ပို့ဖို့ ကြံရွယ်ထားသော်ငြား လှည်းလေးရဲ့ နေရာအကန့်အသတ်ကြောင့် လက်လျှော့လိုက်ရတယ်။
မြည်းလှည်းလေးရဲ့ ပုံရိပ် အဝေးတစ်နေရာမှာ ပျောက်ကွယ်သွားတဲ့အထိ လိုက်ကြည့်ရင်း သူ့ရင်ထဲ အင်တင်တင်ခံစားလိုက်ရတယ်။ သူက တစ်ရွာလုံးကို ကြွားဝါဖို့ပြင်ထားပေမဲ့ အခုတော့ နာမည်မရတဲ့အပြင် ဒုတိယမိသားစုခွဲဆီမှာတောင် မျက်နှာငယ်ခဲ့ရသေးတယ်။
လှည်းပေါ်မှာ အပိုလူတစ်ယောက်ပါလာတော့ အသွားလမ်းတစ်လျှောက်လုံး တိတ်ဆိတ်နေကြတယ်။ မြည်းလှည်းလေးက သိပ်မကြာခင်မှာပဲ ဟူယန်းမြို့ထဲဝင်လာပြီး အရှေ့ပိုင်းကို ထပ်ခရီးဆက်ကြတယ်။ သူတို့ ချင်းဟယ်ကျောင်းတော်အရှေ့ ရောက်တဲ့အခါမှာတော့ ကျန်းဝူက လှည်းကို ရပ်ပေးလိုက်တယ်။
27 04
ကျန်းဝူက အစကတည်းက ရွှီမိသားစုရဲ့အကြီးဆုံးမိသားစုခွဲတွေကို ကြည့်မရတာမို့ ကူညီပေးဖို့ စိတ်ကူးမရှိဘဲ လှည်းပေါ်မှာ အခန့်သားထိုင်နေလိုက်တယ်။ အဒေါ်ယန်က သူ့သားအတွက် အများကြီး ပြင်ဆင်ပေးလိုက်တော့ အထုပ်ကြီးနှစ်ထုပ်တောင် ပါလာပြီး ရွှီကျွင်းခိုင်တစ်ယောက် တစ်အိတ်တောင် ကောင်းကောင်းမသယ်နိုင်ဘူးဖြစ်နေတယ်။
သူ့မျက်နှာက ရှက်ရွံ့မှုကြောင့် နီရဲလာပေမဲ့ ဘယ်သူ့ကိုမှ အကူအညီမတောင်းဘဲ ဆက်ရုန်းကန်နေတယ်။ နောက်ဆုံး မနေနိုင်တဲ့ ကျောက်အာကပဲ လှည်းပေါ်ကခုန်ဆင်းပြီး သူ့အထုပ်နှစ်ထုပ်စလုံးကို လက်တစ်ဖက်စီမှာ မရင်း ဂိတ်တံခါးအရှေ့အထိ သယ်ပေးလိုက်ရတော့တယ်။
ရွှီကျွင်းခိုင်က သူမအနောက်က အိုးတို့အန်းတမ်းနဲ့ ပါလာတယ်။
“အထဲတော့ လိုက်မပို့ပေးတော့ဘူး တစ်ယောက်ယောက်ကိုသာ ကူသယ်ခိုင်းလိုက် ထင်းအာလည်း ကျောင်းသွားရဦးမယ် အခုမသွားရင် ငါတို့နောက်ကျသွားလိမ့်မယ်”
ရွှီကျွင်းခိုင်က ကျောက်အာကို ရင်ထဲခံစားချက်တွေရောပြွန်းနေတဲ့ မျက်လုံးတွေနဲ့ ကြည့်လာပြီး “ကျောက်အာ ငါ တစ်နေ့ ရှို့ချိုင်ဖြစ်ကိုဖြစ်လာမှာ”
“အေး အေး စာသာကြိုးစား”
ကျောက်အာက အချိန်ထပ်မဆွဲနေတော့ဘဲ တန်းလှည့်ထွက်လာပြီး ရွှီကျွင်းခိုင်ကတော့ သူမနောက်ကျောပြင်ကိုသာ ကြည့်ရင်း ကျန်ရစ်ခဲ့တယ်။ လှည်းကလေးက နောက်ထပ်မှတ်တိုင်ဖြစ်တဲ့ ချင်းယွမ်ကျောင်းတော်အရှေ့ ရောက်တဲ့အခါ တစ်ခါရပ်တန့်သွားပြန်တယ်။
ဒီတစ်ခါတော့ ကျန်းဝူက ထိုင်မနေတော့ဘဲ အထုပ်ကြီးတစ်ထုပ်ကို အမြန်ကူသယ်ပေးလိုက်တော့ ကျောက်အာက လက်ကိုင်အထုပ်လေးကိုသာ ဆွဲရင်း သူတို့ရွှီထင်းရှန်းကို ကျောင်းထဲလိုက်ပို့ကြတယ်။ အလုပ်သမားတစ်ယောက်က သူတို့ကိုတွေ့တာနဲ့ အဆောင်အထိ လမ်းလိုက်ပြပေးတယ်။
ကျောင်းအဆောင်လေးက ရိုးရှင်းစွာ ဖွဲ့စည်းထားပြီး လေးထောင့်ကျကျအခန်းရဲ့ လေးဖက်လေးလံမှာ အိပ်ရာတစ်ခုစီနဲ့ အလယ်မှာ လျှောက်လမ်းကျဥ်းလေးတစ်ခုရှိပြီး လေးယောက်နေအခန်းလေးအဖြစ် မြင်ရတယ်။
အိပ်ရာတိုင်းရဲ့ ဘေးမှာတွဲလျက်ကပ်ပါနေတဲ့ ထျန်အန်းစားပွဲတစ်လုံးစီရှိပြီး ရိုးရှင်းတဲ့သစ်သားဗီရိုလေးလုံးက နံရံတစ်လျှောက် ကပ်လျက်ရှိနေကြတယ်။ ရွှီထင်းရှန်းက အရင်ရောက်တာမို့ အလုပ်သမားလေးက သူကြိုက်ရာနေရာကို ရွေးဖို့ပြောသွားပြီး ကျောက်အာတို့ကိုလည်း အကြာကြီးနေလို့မရကြောင်း တစ်ပါတည်း မှာကြားသွားခဲ့တယ်။
ကျောက်အာက သူ့ကောင်လေး စာလုပ်တဲ့အခါ လေကောင်းလေသန့်နဲ့ အလင်းရောင်ကောင်းကောင်းရဖို့အတွက် ပြူတင်းပေါက်နဲ့အနီးဆုံးလည်းဖြစ် ထောင့်လည်းကျတဲ့နေရာကို ရွေးပေးလိုက်တယ်။
သူမက အိပ်ရာထုပ်ကြီးကို ဖြည်ပြီးတာနဲ့ ကုတင်အလွတ်ပေါ်မှာ စခင်းတော့တယ်။ ကျန်းဝူက ကူညီပေးချင်ပေမဲ့ ရွှီထင်းရှန်းက အရင်ဦးသွားပြီး နှစ်ယောက်သားက အိပ်ရာခင်းတဲ့အတောအတွင်း စကားတစ်ခွန်းမပြောတောင် ဘယ်လောက် အတိုင်အဖောက်ညီသလဲဆိုတာကို ပါးပါးလေး ပြသွားတယ်။
ကျန်းဝူကတော့ ဘေးကရပ်ကြည့်ရင်း မနာလိုအားကျနေရတာပေါ့။ ရွှီထင်းရှန်းက သူ့အဖြစ်ကို မျက်လုံးထောင့်ကနေကြည့်ရင်း ကျေနပ်ပီတိဖြစ်သွားပြီးမှ စိတ်ထဲကအပျော်တွေကို ပြန်ထိန်းရင်း ပုံမှန်မျက်နှာနဲ့သာ ကျောက်အာကို တခြားအရာတွေ ဆက်ကူလုပ်ပေးနေလိုက်တယ်။
ကျောက်အာက သစ်သားဗီရိုကိုဖွင့်ကြည့်ကာ လက်နဲ့အရင်သပ်ကြည့်ပြီး ဖုန်မရှိတာသေချာတော့မှ ယူလာတဲ့အဝတ်အစားတွေနဲ့ တခြားအသုံးအဆောင်တွေကို စနစ်တကျ စီထည့်ပေးလိုက်တယ်။ အားလုံး ထည့်ပြီးလို့ တံခါးပြန်ပိတ်လိုက်တဲ့အခါကျမှ သော့ခတ်လို့ရတဲ့နေရာကို တွေ့သွားတယ်။
“နောက်ကျ သော့ခလောက်တစ်ခု ဝယ်ပေးမယ်။ ဘယ်တော့ဖြစ်ဖြစ် အခန်းထဲမှာ ကိုယ်မရှိဘူးဆိုတာနဲ့ သော့ခတ်သွားနော်”
အားလုံးနေရာတကျဖြစ်သွားလို့ ကျောက်အာတို့ပြန်ဖို့လုပ်တဲ့အချိန် ရွှီထင်းရှန်းက ကျောက်အာကို လက်ဖျားစကနေဆွဲပြီး သူ့နားခေါ်လိုက်တယ်။
“မင်းမှာ ပိုင်ရှင်ရှိတယ်ဆိုတာ မမေ့နဲ့နော်”
27 05
“အမ် ဘာလို့ဒီအကြောင်းက ထပ်စလာပြန်တာလဲ”
“ဘာပဲဖြစ်ဖြစ် ဒီတစ်ချက်ကိုသာ သေချာမှတ်ထားပါ အဲဒါကို မမေ့ရင် ရပြီ”
အစကတော့ ရွှီထင်းရှန်းက ကျောက်အာကို ကျန်းဝူနဲ့ဝေးဝေးနေဖို့ ပြောမလို့လုပ်ထားပေမဲ့ ရုတ်တရက် စိတ်ပြောင်းသွားခဲ့တယ်။ သူမ ကြည့်ရတာ တစ်ဖက်လူရဲ့သဘောထားကို ရိပ်မိပုံမပေါ်ဘူး။ မသိဘူးဆိုကတည်းက မပြောတာ အကောင်းဆုံးပဲ။ သူ့အတွက်တော့ ကျောက်အာ ဒါကိုဘယ်တော့မှ မသိလေ ပိုကောင်းလေပဲ။
“အင်းပါ အင်းပါ သိပါပြီ စာသာကြိုးစားလုပ်နော်”
ရွှီထင်းရှန်းက သူမရဲ့ပြီးစလွယ်အဖြေကြောင့် စိတ်မချနိုင်သေးဘူး။
“ငါ ဆရာ့ကိုပြောပြီး ရတဲ့အချိန် အိမ်တန်းပြန်လာမယ်။ မင်းကတော့ ငါမရှိတုန်း အိမ်မှာအရာရာကို ဂရုတစိုက်နေ ညဘက်တွေလည်း အပြင်မထွက်နဲ့”
“ဟေးကျစ်တစ်ကောင်လုံး ရှိနေတာပဲ ထင်းအာရယ်… ဘာလဲ ငါ့ကို တစ်ယောက်ယောက်က လာကိုက်စားသွားမှာ စိုးလို့လား”
အဲဒါတင်မကသေးဘူး၊ ကျောက်အာက ဦးလေးကျန်းနဲ့သူ့သားဆီက သင်ထားတဲ့ ကိုယ်ခံပညာတချို့တောင် တတ်သေးတာမို့ ယောက်ျားတစ်ယောက် နှစ်ယောက်လောက်ကတော့ အသာလေးပဲ။
“ဘာပဲဖြစ်ဖြစ်ပါ။ ငါပြောတာကို အမြဲစိတ်ထဲသတိရနေ ဟုတ်ပြီလား”
“အင်း အင်း အင်း သိပြီ မှတ်ထားလိုက်မယ်”
အဲဒီလိုနဲ့ ကျောက်အာတို့နှစ်ယောက် ထွက်သွားပြီးတဲ့အခါ အခန်းထဲမှာ ရွှီထင်းရှန်းတစ်ယောက်ပဲ ကျန်ခဲ့ပြီး သူက ခဏလောက်အထိ ခေါက်တုံ့ခေါက်ပြန် လျှောက်နေမိတယ်။ သူ့စိတ်တွေနောက်ဆုံး တည်ငြိမ်သွားတော့မှ ကိုယ့်အိပ်ရာပေါ်ကိုယ် တက်ပြီး အံဆွဲထဲက ဆန်စက္ကူတချို့ ထုတ်ကာ မပြီးသေးတဲ့ တစ်ဝက်တစ်ပြတ် စာအုပ်ကို ကူးရေးနေလိုက်တယ်။
သူ အလုပ်လုပ်နေတာ အချိန်တစ်ခုလောက်ရောက်တဲ့အခါမှာပဲ တစ်စုံတစ်ယောက်က အခန်းတံခါးကို တွန်းဖွင့်ဝင်ရောက်လာတယ်။
“အိုက်ယား တကယ်ကြီး တစ်ယောက်ယောက်က ငါ့ထက်စောရောက်နေတယ်ဟ”
ဝင်လာတဲ့သူက ၁၆ ၁၇လောက်ပဲရှိဦးမဲ့ ခပ်ဝဝ ကျောင်းသားလေးတစ်ယောက်ဖြစ်ပြီး သူ့နောက်ကျောမှာတော့ သူ့ကိုယ်ထက်နှစ်ဆလောက်ကြီးမဲ့ အိတ်ကြီးတစ်ခုကို လွယ်ထားတယ်။
ရာသီဥတုက အရမ်းမပူသေးတာတောင် ထိုသူကတော့ တခြားတစ်ဖက်က ကုတင်ဆီလျှောက်လာရင်း ဟောဟဲလိုက်နေပြီး ချွေးတဒီးဒီးကျနေတယ်။ နောက်ဆုံး သူ့အိတ်ကြီးကို ကုတင်ပစ်တင်ပြီး သူပါ မောမောနဲ့ ထိုင်ချပစ်လိုက်ပြီးမှ အမေးထုတ်လာတယ်။
“ဟေ့ လူသစ်လေး မင်းနာမည်ဘယ်လိုခေါ်လဲ”
………………
******
28 01
အပိုင်း 28
တစ်ဖက်လူက ဘာမှပြန်မပြောတဲ့အခါ ဖက်တီးလေးကပဲ မနေနိုင်တော့ဘဲ သူ့ကိုယ်သူ အရင်ဦးဆုံး မိတ်ဆက်လိုက်တယ်။
"ငါက မောက်ပါ့သို။ 'ရတနာရှစ်ပါး'ထဲက သိုကိုယူထားတာ 'ဥစ္စာကြွယ်ဝ'တဲ့ သဘောလည်း သက်ရောက်တယ်"
သူ့အပြောကြောင့် ရွှီထင်းရှန်းလည်း မရယ်ဘဲ မနေနိုင်တော့ဘူး။
"ဆိုတော့ မင်းမိသားစုက အရမ်းချမ်းသာလို့လား”
အဲဒီလိုမှမဟုတ်ရင် ဘယ်သူက ဒီလိုတကူးတက လာကြွားနေမှာလဲ။
မောက်ပါ့သိုက ကိုးရို့ကားရားဟန်နဲ့ ခေါင်းကုတ်လိုက်ပြီးမှ "ငါတို့က အဲ့လောက်လည်း မချမ်းသာပါဘူး။ ကုန်စုံဆိုင်လေးတစ်ဆိုင်တော့ ရှိပေမဲ့ ဒီနာမည်က အဘိုးပေးထားတာလေ သူက ဘယ်သူ့ကိုတွေ့တွေ့ ဒီလိုမိတ်ဆက်ပေးနေကျပဲ"
ဆိုတော့ ဒါက မိသားစုကြောင့် အကျင့်ဖြစ်သွားတာပေါ့
ရွှီထင်းရှန်းက ရယ်ချင်စိတ်ကိုမနည်းထိန်းပြီး ပြန်မိတ်ဆက်လိုက်တယ်။
"ငါက ရွှီထင်းရှန်း"
"မင်းနာမည်က ခေါ်ရခက်လိုက်တာ ဒါနဲ့ မင်းကဘယ်ကတုန်း”
"ငါက ဟူယန်းမြို့ပြင်က ယွီချင်းရွာလို့ခေါ်တဲ့နေရာက လာတာ"
သူတို့စကားပြောနေတုန်း နောက်ထပ် တစ်စုံတစ်ယောက်က အခန်းထဲ ဝင်လာပြန်တယ်။ အခုဝင်လာတဲ့သူက သူတို့နှစ်ယောက်လုံးကို မြင့်မားတဲ့အရပ်နဲ့ အုပ်မိုးလိုက်ပြီး ရိုးသားပွင့်လင်းမဲ့ပုံပေါ်တယ်။
ပုံပန်းသဏ္ဍာန်ကို ကြည့်တာနဲ့တင် သူကလည်း ရွာစွန်ရွာဖျားတစ်နေရာက လာမှန်းသိသာပြီး ဖက်တီးလေးရဲ့မိတ်ဆက်ပေးမှုက ရွှီထင်းရှန်းရဲ့အထင်ကို ပိုခိုင်မာသွားစေတယ်။
ထိုသူ့နာမည်က လီသာ့ထျန်လို့ခေါ်ပြီး ကြီးမားစိမ်းစိုသော လယ်ခင်း လီလို့အဓိပ္ပာယ်ရတယ်။ မှန်းထားတဲ့အတိုင်းပဲ သူက သာ့ဝမ်ရွာရဲ့ ရွာသူကြီး သို့မဟုတ် ရွာအကြီးအကဲရဲ့ မြေးဖြစ်ကြောင်းပါ သိလိုက်ရတယ်။
မောက်ပါ့သိုနဲ့ လီသာ့ထျန်တို့က ဒီကျောင်းမှာ ကျောင်းသားဟောင်းတွေမို့ လက်ရှိစာသင်နှစ်က သူတို့အတွက် တတိယမြောက်ဖြစ်သလို အဆောင်အတူတူနေတာလည်း မနှစ်ကတည်းကပဲ။ ဒီတော့ နှစ်ယောက်သားက ကောင်းကောင်းရင်းနှီးနေတာ မဆန်းဘူး။
ပါးစပ်ထဲရေပက်မဝင်အောင် ပြောနိုင်လွန်းတဲ့ တက်တက်ကြွကြွ မောက်ပါ့သိုကြောင့် ရွှီထင်းရှန်းတောင် သူတို့စကားဝိုင်းထဲ ပါသွားရတယ်။ သူတို့သုံးယောက် စကားကောင်းနေတဲ့အချိန်မှာပဲ နောက်ဆုံးအခန်းဖော်က လျှောက်ဝင်လာခဲ့တယ်။
ထိုအခန်းဖော်က အတော်လေး တိတ်ဆိတ်ပြီး ပိန်ပါးသုန်မှုန်တဲ့သွင်ပြင်ရှိကာ အိုဟောင်းနွမ်းပါးတဲ့ ဝတ်စားဆင်ယင်ပုံနဲ့တင် မရှိတဲ့မိသားစုကဆိုတာ သိသာတယ်။
သူက စဝင်လာကတည်းက စကားတစ်လုံးမှမဆိုဘဲ နောက်ဆုံးကျန်တဲ့ တံခါးပေါက်နားက ကုတင်မှာပဲ အထုပ်အပိုးတွေ ချပြီး စတင်အိပ်ရာခင်းနေတယ်။ လုပ်ကိုင်နေတဲ့ တစ်လျှောက်လုံးလည်း တခြားလူသုံးယောက်ကို တစ်ချက်တောင်ဝင့်မကြည့်ဘဲ တစ်ချိန်လုံး ခေါင်းငုံ့ထားတယ်။
"ထင်းရှန်း မင်းက အခုမှအသစ်ဆိုတော့ ငါကျောင်းကို လိုက်ပြမယ်လေ"
မောက်ပါ့သိုက စိတ်အားထက်သန်စွာ ကမ်းလှမ်းလာတော့ ရွှီထင်းရှန်းကလည်း မငြင်းတော့ဘဲ အဲ့လိုနဲ့ သုံးယောက်သား အဆောင်ကထွက်လာကြတယ်။
ကျောင်းအဆောင်က စာကြည့်တိုက်ရဲ့ ဘယ်ဘက်အစွန်ပိုင်းလောက်မှာ တည်ရှိပြီး ဒါကိုကျော်ရင်တော့ ကျောင်းသားတွေ မြှားပစ်လေ့ကျင့်လို့ရတဲ့ မြှားပစ်ကွင်းရှိတယ်။
ရှေးယခင်အချိန်ကတည်းက စာသင်သားတစ်ယောက်ဟာ စာပေယဉ်ကျေးမှုသာမက ဂီတ မြင်းစီးမြှားပစ်နဲ့ လက်ရေးလှအတတ်တို့အပြင် တွက်ချက်ခြင်းဆိုတဲ့ ဒီအနုပညာခြောက်ရပ်ကိုပါ ကျွမ်းကျင်ရမယ်လို့ လာရှိတာ။
ပြီးခဲ့တဲ့ မင်းဆက်ကတည်းက နန်းတွင်းစာမေးပွဲရဲ့ သတ်မှတ်ချက်တွေကို အမျိုးမျိုးပြုပြင် ပြောင်းလဲခဲ့တာမို့ နောက်ဆုံးတော့ အရည်အချင်းပြည့်မှီတဲ့ မင်းမှုထမ်းတစ်ယောက် ဖြစ်ဖို့က စာရွက်ပေါ်မှာ အရေးအသားကောင်းရုံနဲ့တင် ပြီးသွားခဲ့တယ်။
အဲဒီလိုနဲ့ အနုပညာခြောက်ရပ်က တဖြည်းဖြည်း မှေးမှိန်လာခဲ့လိုက်တာ အခုတော့ စာပေယဉ်ကျေးမှုလက်ရေးလှနဲ့ အတွက်အချက်တို့သာ ကျန်တော့တယ်။
ကျန်တဲ့ပညာရပ်တွေကတော့ စာသင်သားတွေအမြင်မှာ လိုအပ်တယ်လို့တောင် အထင်မခံရတော့ဘဲ ဒီတိုင်း ပညာတတ်တွေရဲ့ဝါသနာရယ်လို့သာ အကြမ်းဖျင်း မှတ်ယူခံလိုက်ရတော့တယ်။
အတိုပြောရရင် စာသင်ကျောင်းတွေနဲ့ နန်းတွင်းဌာနတွေမှာ မြှားပစ်ကွင်းတွေ ထားထားပေးပေမဲ့ အမှတ်သညာတစ်ခုအပြင် မပိုတော့ဘူး။ ချင်းယွမ်ကျောင်းတော်မှာလည်း ကျောင်းသားတွေက အပန်းဖြေဖို့အတွက်သာ တစ်ခါတလေ မြှားပစ်လေ့ရှိတယ်။
28 02
မြှားပစ်ကွင်းက ဘယ်လောက်မှမကျယ်ဝန်းဘဲ အများဆုံး တစ်မုလောက်သာ ရှိပေမဲ့ သစ်ပင်ပန်းပင်တွေ အမြောက်အများနဲ့ တန်ဆာဆင်ထားပြီး အခုကလည်း ပြန်လည်ဖူးပွင့်ကာစ နွေဦးရာသီမို့ ဘေးပတ်ဝန်းကျင်တစ်ခုလုံးက စိမ်းစိုသာယာနေတော့တယ်။
သူတို့ မြှားပစ်ကွင်းထဲက လမ်းလေးအတိုင်းလျှောက်လာတဲ့အချိန်မှာပဲ မောက်ပါ့သိုက ဘေးဘီဝဲယာကို ခပ်မြန်မြန်လိုက်ကြည့်ပြီး ဘယ်သူမှမရှိတာမြင်မှ ရွှီထင်းရှန်းနား တိုးလာပြီး ကပ်ပြောတယ်။
“အဲဒီချန်ကျန်းက နည်းနည်းတည့်အောင်ပေါင်းဖို့ ခက်တယ်။ သူ့ကို စကားအများကြီး သွားမပြောတာ အကောင်းဆုံးပဲ”
သူ့လေသံကို ဖမ်းကြည့်လိုက်တာနဲ့တင် ကိုယ်ပိုင်ခံစားချက်တချို့ ပါဝင်နေသလိုပဲ။ ဒီနှစ်ယောက်နဲ့ ချန်ကျန်းတို့ကြားမှာ ရန်ငြှိုးတစ်ခုခုများရှိလို့လား။ ရွှီထင်းရှန်းက သူ့စိတ်ထဲကမေးခွန်းကို ထုတ်မေးလိုက်တဲ့အချိန်မှာတော့ ပေါက်ပေါက်ဖောက်လွန်းတဲ့ မောက်ပါ့သလိုတစ်ယောက် တိတ်ဆိတ်သွားပြီး လီသာ့ထျန်ကလည်း ဝေ့လည်ကြောင်ပတ်လုပ်နေတယ်။
အချိန်တိုလေးပဲရှိသေးပေမဲ့ ဒီနှစ်ယောက်ပုံစံကို အကဲခတ်ရသလောက်တော့ အကြောင်းမရှိဘဲ နောက်ကွယ်မှာသူများကို မကောင်းပြောမဲ့လူမျိုးတွေ မဟုတ်ပါဘူး။ ပြီးတော့ ဒီနှစ်ယောက်ပုံစံကြည့်ရတာ ပြောပြဖို့ အကျပ်ရိုက်နေဟန်လည်းပေါက်တော့ အဲဒီချန်ကျန်းကပဲ တကယ် ပြဿနာရှိနေတာလား။
နှစ်ယောက်စလုံးက ပြောပြချင်ပုံမရတော့ ရွှီထင်းရှန်းလည်း သူတို့ကို ထပ်ဖိအားမပေးတော့ဘဲ ဒီမေးခွန်းတွေကို သူ့စိတ်ထဲမှာပဲ သိမ်းထားလိုက်တော့တယ်။ ဒီနေ့က ပထမဆုံးကျောင်းတရားဝင် ဖွင့်တဲ့ရက်ဆိုပေမဲ့ စာသင်ဖို့ထက် ကျောင်းသားတွေ အချင်းချင်း ရင်းနှီးမှုတစ်ခုတည်ဆောက်ဖို့ အဓိကရည်ရွယ်ထားတာ။
ဒါကြောင့် အတန်းချိန်တွေကတော့ ကွန်ဖြူးရှပ်ကို ဂုဏ်ပြုတဲ့အခမ်းအနားပြီးလို့ မနက်ဖြန်မှ စတင်မှာဖြစ်တယ်။ ပါးစပ်သွက်တဲ့ မောက်ပါ့သိုက သူ့ကို ဒါတွေအားလုံး အသေးစိတ်ပြောပြရုံတင်မက ကျောင်းနဲ့ပတ်သက်တဲ့ တခြားသိစရာတွေပါ မျှဝေပေးခဲ့သေးတယ်။
ဥပမာ ဒီကျောင်းမှာ စုစုပေါင်း ကျောင်းသား ၃၀ရှိပေမဲ့ ဆရာကတော့ ၃ယောက်သာရှိပြီး သူတို့ထဲကတစ်ယောက်ကလည်း ကျောင်းအုပ်ကိုယ်တိုင်ဆိုတဲ့အကြောင်းပေါ့။ ဆိုလိုချင်တာကတော့ ကျောင်းသားနဲ့ဆရာ အရေအတွက်မမျှတာပဲ။
ဒီအယောက် ၃၀ကို ပထမအခန်းနဲ့ဒုတိယအခန်းဆိုကာ ခွဲခြားသတ်မှတ်ပေးထားပြီး စာတော်တဲ့ကျောင်းသားတွေက ပထမအခန်းရသလို ဒုတိယအခန်းမှာတော့ ကျောင်းသားသစ်တွေနဲ့ လပတ်စာမေးပွဲ သို့မဟုတ် နောက်ဆုံးစာမေးပွဲကြီးကို ကျတဲ့ကျောင်းသားတွေကို ထားတယ်။
ကျောင်းသားသစ်ဖြစ်တဲ့အတွက် ရွှီထင်းရှန်းက ဒုတိယအခန်းရမှာ ကျိန်းသေသလို သိပ်မထက်မြက်တဲ့ ဒီနှစ်ယောက်ကလည်း ဒုတိယအခန်းကပဲဖြစ်တယ်။
“ငါမနှစ်က နောက်ဆုံးစာမေးပွဲကြီးမှာ ဗိုက်နာနေလို့ကွာ မဟုတ်လို့ကတော့ ငါသေချာပေါက် ပထမအခန်းဝင်ပြီး ကျောင်းအုပ်ကြီးကိုယ်တိုင် သင်ပေးတာခံရမှာ”
မောက်ပါ့သိုက ဟန်ကိုယ့်ပြီး ပြောပေမဲ့ လီသာ့ထျန်ကတော့ ခေါင်းကုပ်ရင်း အရိုးခံအတိုင်းပဲ ပြောပြလာတယ်။
“ငါ့မိသားစုက ငါ့အပေါ်အများကြီး မျှော်လင့်ထားကြပေမဲ့ ငါကတော့ ကိုယ့်အရည်အချင်းကိုယ် သိပါတယ်။ ဘယ်လိုမဆို နောက်တစ်နှစ် နှစ်နှစ်လောက် စာသင်ပြီးတာနဲ့ ရွာမှာ သမာအာဇီဝ လယ်လုပ်စားပြီး အဘိုးနေရာ ဆက်ခံရမှာပေါ့”
သူ့မိသားစုရဲ့တစ်ဦးတည်းသောသားအနေနဲ့ ဒီအဖြေက မှန်းရလွယ်ပါတယ်။ သူတို့နဲ့အခန်းတူတဲ့ ချန်ကျန်းကလည်း ဒုတိယအခန်းကပဲဖြစ်ပြီး သူ့စွမ်းဆောင်ရည်က ညံ့တယ်ဆိုတာထက် သာမန်လောက်ပါပဲလို့ မောက်ပါ့သိုရဲ့အပြောအရ သိရတယ်။
ဒါပေမဲ့လည်း ရွှီထင်းရှန်းကတော့ အကြောင်းစုံမသိသေးသရွေ့ ဘယ်သူ့ကိုမှ ကြိုတင်ဝေဖန်ထားဖို့ စိတ်ကူးမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် စစတက်တဲ့ရက်မှာတင် ချင်းယွမ်ကျောင်းတော်နဲ့ပတ်သက်တဲ့ ယေဘုယျအချက်အားလုံးတော့ သိလိုက်ရတယ်။
28 03
သူတို့သုံးယောက်က စကားတပြောပြောနဲ့ပဲ ကိုယ့်အဆောင်ကို ပြန်ရောက်လာတယ်။ ကျောင်းမှာ အဆောင်ခန်းပေါင်း ၁၀ခန်းကျော်လောက်ရှိပြီး ကျောင်းသားအများစုက အခုမှ အထုပ်အပိုးချဆဲမို့ တစ်နေရာလုံးက ဆူညံပွက်လောရိုက်နေတယ်။
သူတို့အခန်းဆီ ပြန်ရောက်တဲ့အခါ ချန်ကျန်းက သူ့စာကြည့်စားပွဲမှာထိုင်ပြီး စာအုပ်တစ်အုပ်ဖတ်နေပုံရတယ်။ သူရတဲ့နေရာက ပြူတင်းပေါက်နဲ့အဝေးဆုံးမှာဖြစ်တဲ့အပြင် အပြင်ကအသံဗလံတွေကြောင့် အခန်းတံခါးပါ ပိတ်ထားလိုက်တော့ တစ်နေရာလုံးက မှောင်မဲနေပြီး စာကြည့်ဖို့ ခက်ခဲလွန်းတယ်။
သူတို့သုံးယောက်ဝင်လာတော့ ချန်ကျန်းက တစ်ချက်မော့ကြည့်ပြီးတာနဲ့ သူ့စာအုပ်သူ ခေါင်းပြန်နှစ်သွားတယ်။ ဒီအခန်းဖော်နဲ့ပတ်သက်လို့ မောက်ပါ့သိုပြောထားတာတွေကလွဲရင် ရွှီထင်းရှန်းကတော့ သူက အတော်လေး ကြိုးစားတယ်လို့ တွေးမိတယ်။
အစက လေထုက ကောင်းမွန်နေသော်ငြား အခုအခန်းထဲမှာ လူမှုရေးမကောင်းတဲ့သူငယ်ချင်း တစ်ယောက်ရှိနေတော့ သူတို့လည်း ကိုယ့်ဘာသာ ဟီးဟီးဟားဟား မလုပ်နေချင်တာနဲ့ လီသာ့ထျန်က စာအုပ်တွေထုတ်ပြီး စလေ့လာသလို ရွှီထင်းရှန်းကလည်း မပြီးပြတ်သေးတဲ့ စာကူးရေးခြင်းအမှုကို လုပ်ဆောင်တော့တယ်။
စပ်စုချင်စိတ်များတဲ့ မောက်ပါ့သိုကတော့ ရွှီထင်းရှန်း ကူးရေးတာကို ကြည့်ဖို့ အနားတိုးလာတယ်။ ဒါပေမဲ့ ခဏနေတော့ သူလည်း တဖြည်းဖြည်း ပျင်းလာတယ် ထင်ပါရဲ့ အခန်းထဲကထွက်သွားပြီး အပြင်မှာ အလေလိုက်နေတော့တယ်။
လီသာ့ထျန်ရဲ့ပြောပြချက်အရ မောက်ပါ့သိုက အဆောင်နေကျောင်းသားတွေကြားထဲမှာ အတော်ရေပန်းစားပြီး မသိတဲ့သူမရှိတဲ့အထိ မိတ်ဆွေသူငယ်ချင်းလည်း ပေါတယ်တဲ့။ မောက်ပါ့သို တစ်ယောက် အော်ဟစ်ရင်း အလျင်စလိုပြန်ပြေးဝင်လာဖို့ အချိန်ဘယ်လောက်မှ မကြာလိုက်ပါဘူး။
“ထင်းရှန်းရေ မင်းကို တစ်ယောက်က ပစ္စည်းတစ်ခုလာပေးသွားတယ်!!”
တိတ်ဆိတ်နေတဲ့အခန်းက သူ့အော်သံနဲ့ပဲ ပြည့်နှက်သွားပြီး ရွှီထင်းရှန်းကတော့ လန့်သွားတယ်။
“ဘယ်သူက ဘာပေးသွားတာလဲ”
မောက်ပါ့သိုက သူ့လက်ထဲက ကြေးဝါသော့ခလောက်လေးကို လှုပ်ယမ်းပြရင်း “ကျောင်းစောင့်ပြောတာတော့ မိန်းကလေးတစ်ယောက် လာပေးသွားတာတဲ့”
သူက ပြောရင်းဆိုရင်း မျက်နှာကြီးကို ပြုံးဖြီးကာ တဖြည်းဖြည်း အရှေ့တိုးလာသေးတယ်။
“ဟဲဟဲ ဘာလဲ မြန်မြန်ပြောစမ်းပါ ဘယ်သူလေးလဲ။ မင်းညီမလား။ သူ့ကြည့်ရတာ ကိုယ်လုံးကိုယ်ပေါက် တော်တော်လှမဲ့ပုံမျိုး”
လီသာ့ထျန်က သူ့သူငယ်ချင်းကိုယ်စား မျက်နှာပူသွားရလို့ မောက်ပါ့သိုကို ပြန်ဆွဲကာ ရွှီထင်းရှန်းကို အားတုံ့အားနာဟန်နဲ့ ပြောလာတယ်။
“သူ့ကို စိတ်ထဲမထားပါနဲ့ ဒီကောင်က ပါးစပ်က ပေါက်ကရအကုန်လျှောက်ထွက်နေတာ ဟိုလိုမျိုး မဟုတ်ပါဘူး”
ရွှီထင်းရှန်းကလည်း နားလည်တာပေါ့။ သူက မောက်ပါ့သိုဆီက သော့ခလောက်လေးကို လှမ်းယူလိုက်ပြီး “ငါ့ညီမမဟုတ်ဘူး။ ငါ့မိန်းမ”
ဒီတစ်ခွန်းက သူတို့နှစ်ယောက်လုံးကို ကြောင်အမ်းမှင်သက်သွားစေတဲ့အပြင် အခန်းထောင့်က တစ်ကမ္ဘာလုံးကို လျစ်လျူရှုထားပုံရတဲ့ ချန်ကျန်းကိုပါ ခေါင်းထောင်ကြည့်လာစေတယ်။
“မိန်းမ။ နေပါဦး မင်းက အသက်ဘယ်လောက်မို့လို့တုန်း”
မောက်ပါ့သိုက ၁၅နှစ်ပဲရှိသေးပေမဲ့ သူ့အရွယ်ရောက်မှုအပေါ် ဂုဏ်ယူပေမဲ့ ရွှီထင်းရှန်းကတော့ အိမ်ထောင်ကျဖို့ အရမ်းငယ်လွန်းသေးတယ်။ အသက် ၁၅တောင်ပြည့်ပုံမပေါ်တဲ့သူက မိန်းမရှိတယ်တဲ့လား။
ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုကြတာမှန်ပေမဲ့ မိန်းကလေးတောင် အနည်းဆုံး၁၅ ၁၆လောက်မှ ပေးစားကြတာဖြစ်ပြီး ယောက်ျားလေးဆို ၁၇ ၁၈ရောက်မှ အရွယ်ရောက်တာလို့ သတ်မှတ်ကြတာ။ ၁၅နှစ်အောက် ကောင်လေးတစ်ယောက်က မိန်းမရှိတယ်ဆိုတာ တော်တော်ရှော့ရစရာ သတင်းပဲ။
“ငါတို့က လက်မထပ်ရသေးပါဘူး။ ငါ ၁၅နှစ်ပြည့်မှ ယူကြမှာ”
28 04
“ဪ ဆိုတော့ ဇနီးလောင်းပေါ့။ အေးပါ အေးပါ သော့လေးတစ်ခုအတွက် မင်းဇနီးလောင်းက ဟိုကနေဒီအထိ လာပေးတယ်ဆိုတော့ မင်းကိုတော်တော်ဂရုစိုက်ပုံရတယ်။ ကြည့်ရတာ သူက မင်းကိုသော့ခတ်ပြီး သိမ်းရင်သိမ်း ဒါမှမဟုတ်လည်း မင်းနှလုံးသားတံခါးလေးကို ဖွင့်ဖို့ကြံနေတာများလားနော်”
ရေးတတ်ဖတ်တတ် သွားပြီးကတည်းက မောက်ပါ့သိုက ကမ္ဘာသစ်တစ်ခု ဖွင့်လှစ်လိုက်နိုင်သလို ခံစားလိုက်ရပြီး သူ့အားလပ်ချိန်အကုန်လုံးကို ရသစာပေ အထူးသဖြင့် နာမည်ကြီးတဲ့ ဝတ္ထုစာအုပ်တွေနဲ့ တခြားအချစ်ကဗျာလင်္ကာတွေအပေါ်မှာပဲ သုံးတော့တယ်။
သူ့အဖေပေးသမျှ မုန့်ဖိုးအားလုံးကလည်း အဲဒီစာအုပ်တွေကြောင့်ပဲ ကုန်တာများတယ်။ သို့သော် ရွှီထင်းရှန်းကတော့ သူ့သူငယ်ချင်းအသစ်လေးရဲ့ ဒီဘက်ခြမ်းကို မသိသေးတာမို့ ဒါက မြို့သားတွေစတိုင်လို့သာ မှတ်ယူလိုက်တယ်။
လူငယ်လေးက အပြောလည်းကြွယ်သလို သတင်းလည်းစုံတဲ့အတွက် မြို့ကလူတွေနဲ့ တစ်ပုံစံတည်းပဲ။ ကံကောင်းလို့ သူလည်း အရင်ကတစ်ခါနှစ်ခါမြို့တက်ဖူးလို့ပေါ့ မဟုတ်လို့ကတော့ သူ့လိုတောသားငတုံးက မောက်ပါ့သိုရဲ့ ကျီစယ်လွန်းတဲ့ပြောပုံဆိုပုံတွေကြား လန့်ဖြန့်သွားလိမ့်မယ်။
မောက်ပါ့သိုက လီသာ့ထျန်ဆွဲထားတဲ့ကြားက သူ့မျက်နှာနားတိုးကပ်ပြီး နားရွက်တက်ချိတ်မတတ် စပ်ဖြီးဖြီးလုပ်နေတုန်းပဲ။ ရွှီထင်းရှန်းက သူ့မျက်နှာကြီးကို ခက်ခက်ခဲခဲ တွန်းထုတ်ပြီးတော့မှ သူ့ဗီရိုအရှေ့ထလာပြီး သော့ခတ်လိုက်တယ်။
“တွေ့တဲ့အတိုင်း ဒီသော့က ဗီရိုခတ်ဖို့ လူကို သော့ပိတ်ထားဖို့လည်း မဟုတ်သလို နှလုံးသားကို ဖွင့်ဖို့လည်း မဟုတ်ဘူး”
ရွှီထင်းရှန်းရဲ့ တုံးတိဆန်လွန်းတဲ့ပုံစံကိုတွေ့တော့ မောက်ပါ့သိုက သူ့အိပ်ရာပေါ် ဝုန်းကနဲလဲချသွားပြီး ခြေထောက်တွေ လေထဲကန်ကာ ‘ဘယ်လောက်တောင် ရိုမန်တစ်မဆန်တဲ့ကောင်လဲ’ဆိုပြီး မကျေမချမ်းဖြစ်နေတော့တယ်။
အဲဒီလိုနဲ့ နေ့လယ်ခင်းရောက်လာပြီး တစ်ချိန်လုံး အိပ်ရာပေါ်မှာ အသေကောင်လိုလှဲနေတဲ့ မောက်ပါ့သိုက ရုတ်တရက် ကျားတစ်ကောင်လို သွက်သွက်လက်လက် ခုန်ထလာတာကြောင့် အနီးနားက ရွှီထင်းရှန်းရဲ့ မှင်ခွက်ကိုတောင် ကန်မိတော့မလို့။
ဒါပေမဲ့ သူ့အံဆွဲဆီ အသည်းအသန်ပြေးသွားပုံကို ကြည့်ရသလောက်တော့ ဒါလည်း သတိထားမိပုံမရပါဘူး။ မောက်ပါ့သိုက ပန်းကန်လုံးကြီးကြီး နှစ်လုံးကို အမြန်ဆွဲထုတ်လိုက်ပြီး ရင်မှာပိုက်ကာ သူတို့ကိုလည်း အလျင်စလို အော်ခေါ်လာတယ်။
“မြန်မြန် မြန်မြန် ငါတို့နောက်ကျရင် အကျန်တွေပဲစားရလိမ့်မယ်!!”
ရွှီထင်းရှန်းကတော့ ဒီဖက်တီးရဲ့ ဆန္ဒစောမှုကိုကြည့်ပြီး မနိုင်သလို ခေါင်းယမ်းလိုက်မိတယ်။ သူက စားပွဲသေးလေးပေါ်က စာရေးကိရိယာအားလုံးကို နေရာတကျ စီရီပြီးမှ သူ့ကိုယ်ပိုင် ပန်းကန်တစ်ခုယူကာ အိပ်ရာပေါ်က ဆင်းလာတယ်။
သူတို့သုံးယောက်သား ထမင်းစားဆောင်ဆီဦးတည်ဖို့ အသင့်ဖြစ်နေတဲ့အချိန် ချန်ကျန်းကတော့ သူ့နေရာမှာ တုပ်တုပ်မလှုပ်ရှိနေတုန်းပဲ။ ရွှီထင်းရှန်း သူ့ဘေးနားက ဖြတ်လျှောက်သွားတဲ့အချိန်မှာတော့ လူငယ်လေးက တစ်စုံတစ်ခုကို ခိုးကြောင်ခိုးဝှက်လုပ်နေတာ ရိပ်ကနဲ မြင်လိုက်ရတယ်။
ကျောင်းကန်တင်းက သူတို့အဆောင်ဘေးချင်းကပ်က ခြံဝန်းငယ်လေးထဲမှာပဲ ဆောက်ထားပြီး ဟောခန်းလေးက လေးထောင့်စားပွဲရှည် ၁၀ခုကျော်ကျော်လောက် ဆန့်တယ်။ အခုလက်ရှိမှာတော့ အစားအသောက်ထုတ်ပေးတဲ့ ကောင်တာအရှေ့မှာ တန်းစီစောင့်နေတဲ့ ကျောင်းသားတွေအများအပြားရှိနေတယ်။
တချို့က စာသင်သားဝတ်စုံတွေ ဝတ်ထားပေမဲ့ တချို့ကတော့ အိမ်နေရင်းဖျင်ကြမ်းထည်တွေနဲ့သာ ဖြစ်ပြီး လူတန်းကြီးက ရွေ့နေတာ အတော်လေး နှေးကွေးတယ်။ မောက်ပါ့သိုက ဒီမြင်ကွင်းကိုမြင်တာနဲ့ ခြေထောက်ဆောင့်ပြီး နောင်တရသလို မြည်တမ်းတော့တယ်။
“အာ နောက်ကျပြန်ပြီ”
ကျောင်းကကျွေးတဲ့ တစ်နပ်စာက အတော်လေး ပြည့်ပြည့်ဝဝရှိတယ်။ အကြောင်းကလည်း ကျောင်းသားတစ်ယောက်က သူယူလာတဲ့ ဆန်ဂျုံပမာဏအတိုင်း ထမင်းစားလက်မှတ်တွေ ရပြီး အချိန်ကျလာရင် ကန်တင်းမှာ နေ့လယ်စာ လာထုတ်လို့ရလို့လေ။
ဆန်တစ်လုံးကို လက်မှတ်တစ်စောင်ရတာမို့ ကိုယ်က များများယူလာနိုင်လေ လက်မှတ်သူဌေးဖြစ်လေပဲ။ ရွှီထင်းရှန်းက စုစုပေါင်း အလုံးငါးဆယ်ယူလာတာကြောင့် လက်မှတ် ၅၀ ပြန်ရထားတယ်။
28 05
လက်မှတ်တစ်စောင်စီက အဓိကဟင်းလျာတွေတင်မဟုတ်ဘဲ အရံဟင်းတွေအတွက်လည်း အကျုံးဝင်တယ်။ အရံဟင်းတွေကလည်း ချဥ်ဖတ်နဲ့ အသီးအရွက်စွပ်ပြုတ်လိုမျိုး ဈေးသက်သာတဲ့ပါဝင်ပစ္စည်းတွေပဲမို့ ကြိုက်သလောက် ယူစားလို့ရတယ်။
အသားဟင်းတွေလည်း ပါပေမဲ့ ကျောင်းသားတစ်ယောက်က အထူးတလည် မှာမှသာ ကျောင်းကထမင်းချက်တွေက လုပ်ပေးတာ။ နောက်ဆုံးတော့ အကြာကြီးစောင့်ပြီးသွားတဲ့နောက် ရွှီထင်းရှန်းတို့အလှည့် ရောက်လာခဲ့တယ်။
သူတို့အရှေ့ရောက်တာနဲ့ အသီးအရွက်အရံဟင်းနှစ်အိုးက မျက်စိအရှေ့မှာ ပေါ်လာတယ်။ ဂေါ်ဖီကြော်နဲ့ ကျောက်ဖရုံဟင်းရည်က ဖြူဖတ်ဖြူလျော်နဲ့ စားချင်စရာတောင်မရှိလို့ ထမင်းချက်ရဲ့ ကျွမ်းကျင်မှုကိုတောင် သံသယဝင်လာမိတယ်။ အဆိုးဆုံးကတော့ ဆီအရမ်းများတာပဲ။
မောက်ပါ့သိုက အခြေအနေကိုမြင်တော့ လက်ခုပ်ထတီးပြီး ရုတ်တရက် သူရဲကောင်းဆန်ဆန် ရှေ့တက်ဆိုလိုက်တယ်။
“ကဲ ထားလိုက်တော့ ဒီဟာတွေကိုကြည့်တာနဲ့တင် ငါ့စားချင်စိတ်ပါ ပျောက်တယ်။ ကံကောင်းလို့ အခုမှနှစ်စပဲရှိသေးတော့ ဒီအခန်းဖော်က သူဌေးဖြစ်နေတယ်လေ။ အဲဒါကြောင့် ဒီနေ့တော့ မင်းတို့နှစ်ယောက်ကို ဟင်းကောင်းထမင်းကောင်းလေး ဝယ်ကျွေးလိုက်ပါမယ်”
သူက ရွှီထင်းရှန်းတို့နှစ်ယောက် ပြန်အပြောကိုတောင်မစောင့်ဘဲ အိတ်ထဲက လက်တစ်ဆုပ်စာ ထမင်းစားလက်မှတ်တွေကို သူရဲကောင်းက သူ့သွေးသောက်တွေအတွက် ရှေ့ဆုံးကရပ်တည်ဖို့ ဓားဆွဲကိုင်လိုက်တဲ့အတိုင်း ရဲရဲရင့်ရင့် ဆွဲထုတ်လိုက်ပြီး စားဖိုဆောင်အကူလေး အရှေ့ ချပေးလိုက်တယ်။
“ကျွန်တော်တို့ကို အချဥ်နဲ့ဝက်သားကင်များများရယ် ပဲတီချဥ်နဲ့ အသားမွှေကြော်တစ်ပွဲ လုပ်ပေးပါ သုံးယောက်စာ ပွဲကြီးကြီးနော်”
ရွှီထင်းရှန်းက သူတို့နဲ့ဒီနေ့မှစခင်တာဖြစ်တဲ့အတွက် နည်းနည်းအားနာမိသွားတာ ပုံမှန်ပဲ။ ဒါပေမဲ့ သူဘာမှမတားနိုင်ခင်မှာပဲ လီသာ့ထျန်က ဝင်ဆွဲလိုက်ပြီး “ဒီနေ့ကံကောင်းသွားတယ်လို့ပဲ မှတ်လိုက်ပါ။ ဒီကောင် သုံးပုံနဲ့ဆို သူ့လက်မှတ်တွေက ဘယ်လောက်မှခံမှာမဟုတ်ဘူး အဲ့တော့ သူ့စေတနာ အလကားမဖြစ်သွားရအောင်လို့ ငါတို့ စားလိုက်ကြမယ်။ နောက်မှ သူလက်မှတ်ကုန်သွားတဲ့အခါ ငါတို့ပြန်ကျွေးကြတာပေါ့”
ရွှီထင်းရှန်းက ဒီသမာရိုးကျမဟုတ်တဲ့ ကျေးဇူးဆပ်နည်းကြီးကြောင့် ကြောင်အသွားပြီး မျက်လုံး ကလယ်ကလယ်ဖြစ်သွားပေမဲ့ ဘာမှတော့ ထပ်မပြောတော့ဘူး။ သူတို့မှာထားတဲ့ဟင်းပွဲတွေ ရောက်လာဖို့ ဘယ်လောက်မှ မစောင့်လိုက်ရပါဘူး။
ပွဲကြီးဆိုတဲ့အတိုင်း ဇောက်နက်တဲ့ပန်းကန်လုံးထဲမှာ အမောက်အလျှံထည့်ပေးထားတာမို့ ယောက်ျားလေးသုံးယောက် အဝစားဖို့လုံလောက်တယ်။ သူတို့က ထမင်းဖြူသုံးပွဲမှာပြီးတာနဲ့ စားပွဲအလွတ်တစ်လုံးမှာ ဝင်ထိုင်လိုက်တယ်။
ဟင်းပွဲတွေက ကြည့်လို့သာမကောင်းတာ စားကြည့်တော့ တော်တော်လေး အရသာရှိတယ်။ မောက်ပါ့သိုကတော့ ပလုပ်ပလောင်း စားနေရင်း “စာအုပ်တစ်အုပ်ကို အဖုံးကြည့်ပြီး ဆုံးဖြတ်လို့မရဘူးဆိုတာ အမှန်ပဲတွေ့လား။ ငါတို့ထမင်းချက်ကြီးက ချက်တတ်သားပဲကွ ဒီတိုင်း ကြည့်တော့သာ မလှတာ”
ချဥ်ချဥ်စပ်စပ် ပဲတီချဥ်က ထမင်းဖြူနဲ့ အင်မတန်တွဲဖက်စားလို့ ကောင်းပြီး အသားလေးလည်းပါတော့ ရွှီထင်းရှန်းတောင် မနေနိုင်ဘဲ ထမင်းနှစ်ပန်းကန်လောက် ဝင်သွားတယ်။ အခုသူတို့က အေးအေးလူလူ စားသောက်နေပြီမို့ မောက်ပါ့သိုရဲ့ သိချင်စိတ်တွေက စလာပြန်တယ်။
“ဒါနဲ့ မင်းဇနီးလောင်းအကြောင်း ပြောပြစမ်းပါ။ နှစ်ယောက်သား ဘယ်လိုစတွေ့တာလဲ။ မိဘတွေက အောင်သွယ်တော် ဆက်ထားလို့လား။ ငါတော့ မထင်ပါဘူး မင်းတို့ကြည့်ရတာ မြင်မြင်ချင်းချစ်သွားလို့ သာယာတဲ့အိမ်ထောင်ရေးတစ်ခု ထူထောင်ဖို့ တိတ်တိတ်လေး ကြိုးစားနေတဲ့ ချစ်သူနှစ်ယောက်နဲ့ပိုတူတာ ကျွတ် ကျွတ် မင်းတို့ဇာတ်လမ်းက ငါဖတ်ထားတဲ့ဝတ္ထုထဲက ဇာတ်လိုက်တွေနဲ့ တစ်ပုံစံတည်းပဲ ကဲပါ ငါ့ကို အကုန်ပြောပြစမ်းပါ”
ရွှီထင်းရှန်းကတော့ သူ့ကို မနိုင်သလိုသာ ကြည့်လိုက်မိတယ်။
****
ကျောက်အာနဲ့ကျန်းဝူတို့ ချင်းယွမ်ကျောင်းဝင်းထဲက ထွက်လာပြီးတဲ့နောက် ပထမဆုံးလုပ်ဖြစ်တာက ရွှီထင်းရှန်းအတွက် သော့ခလောက်တစ်ခု သွားဝယ်တာပဲ။ ဒါပေမဲ့ သူတို့ပြန်လာပေးတော့ ကျောင်းစောင့်ကြီးက ဝင်ခွင့်မပေးဘူးလို့ ဘယ်သူထင်မှာလဲ။
28 06
အဲဒီလိုနဲ့ ကျောက်အာမှာ ကြုံရာလူကိုသာ ရွှီထင်းရှန်းဆီပေးပေးဖို့ အကူအညီတောင်းလိုက်ရပြီး နှစ်ယောက်သား မြည်းလှည်းနဲ့ ပြန်လာခဲ့ကြတယ်။
“ကျောက်အာ ဒီနေ့ဘာဆက်လုပ်ဖို့ရှိသေးလဲ။ မရှိရင် ငါတို့မြို့ထဲမှာ ခဏလောက် လမ်းလျှောက်ကြရင် မကောင်းဘူးလား”
ကျန်းဝူက လှည်းမောင်းနေရင်း သာမန်ကာလျှံကာ ပြောကြည့်လိုက်တယ်။
“မကောင်းပါဘူး ကျွန်မမှာ စဥ်းစားထားတာရှိတယ် အစ်ကိုကျန်းဝူ လှည်းရပ်လို့ရမဲ့နေရာကျ ခဏလောက်ရပ်ပေးပါလား။ အင်္ကျီလဲမလို့ ပြီးရင် ကောကို တစ်ခါတည်း လုပ်ငန်းစဖို့ခေါ်သွားတော့မယ်”
“ဒီနေ့ချက်ချင်းလား”
“ဟုတ်တယ် အခုချက်ချင်းပဲ အစ်ကိုရေ ကျွန်မ အခုတလော မအားလပ်နိုင်လို့သာ ရွှေ့ထားရတာ မဟုတ်ရင် အစ်ကိုဆီ လာတာ ကြာပြီ”
အဲဒီလိုနဲ့ ကျောက်အာအလိုကျအတိုင်း ကျန်းဝူက ရှေ့တစ်မျှော်မှာ လှည်းကို လမ်းဘေးချရပ်ပေးလိုက်တယ်။ ကျောက်အာက လှည်းပေါ်က ကန့်လန့်ကာအားလုံး ချလိုက်ပြီး အဝတ်အစားလဲခြင်း စတင်တော့တယ်။
ကျန်းဝူကတော့ အပြင်မှာဆင်းထိုင်နေပြီး သူ့စိတ်ကူးတွေကြား နစ်မျောနေတယ်။ တစ်အောင့်ကြာတော့ ကန့်လန့်ကာတွေ ပြန်တင်ခံလိုက်ရပြီး ယောက်ျားဝတ်နဲ့ လူငယ်လေးတစ်ယောက် ထွက်လာခဲ့တယ်။
“တောင်ဘက်ခြမ်းကို အရင်သွားကြရအောင်”
အသံကြားလို့ သူလှည့်ကြည့်လိုက်တဲ့အခါ အခုတော့ ကျောက်အာကို မိန်းကလေးလို့ ဘယ်လိုမှမပြောနိုင်တော့ဘူး။ သူမက အရပ်မြင့်မြင့် အသားဖွေးဖွေးနဲ့ ပိန်သွယ်ပေမဲ့ သန်မာပုံရတယ်။
ဆိုးဆေးအကူကြောင့် မဲနက်ဖြောင့်တန်းနေတဲ့ မျက်ခုံးထူထူအောက်မှာ ကြယ်တာရာတွေလို လင်းလက်နေတဲ့ မကျဥ်းမကျယ် မျက်အိမ်တစ်စုံရှိနေတယ်။ ခြုံငုံသုံးသပ်ရရင်တော့ သူမက အရမ်းကြီးလည်း ယောကျ်ားဆန်မနေသလို အရမ်းလည်း ကနွဲ့ကလျဖြစ်မနေဘူး။
ကျန်းဝူမြင်ဖူးသလောက်တော့ ကျောက်အာက မိန်းကလေးအဝတ်အစားထက် ယောက်ျားလေးအင်္ကျီတွေနဲ့ ပိုလိုက်တာ။ တစ်ခါတလေ သူတွေးမိတယ် အရင်တုန်းက ပိန်ပိန်သေးသေး ကလေးမလေးက ဘယ်လိုလုပ် ဒီလောက်အထိထွားလာရတာလဲလို့…
မသိလိုက်ခင်မှာပဲ ကျန်းဝူက ကျောက်အာဆီက အကြည့်မခွာနိုင်တော့ဘူး။
“အစ်ကိုကျန်းဝူ ဘာဖြစ်လို့လဲ။ ကျွန်မမျက်နှာမှာ တစ်ခုခုပေနေလို့လား”
ကျောက်အာက အလိုအလျောက် မျက်နှာကိုပြန်ကိုင်ကြည့်လိုက်မိတယ်။ ဒီကောင်မလေးက အရမ်းခေါင်းမာလွန်းတာကြောင့် သူ့ခံစားချက်တွေကို ရိပ်မိသွားရင် အဆက်အသွယ်တောင် လုပ်တော့မှာမဟုတ်ဘူး။
အဲဒိတော့ ရှောင်ဖယ်မခံရဖို့အရေး ဖြည်းဖြည်းချင်း သွားတာအကောင်းဆုံးပဲ။ တကယ်လို့ သူ့မောင်လေးကိုသာ သိမ်းသွင်းနိုင်ရင် သူ့အတွက် ဒီတိုက်ပွဲမှာ တစ်ဝက်အနိုင်ရသွားပြီလို့ ပြောနိုင်တယ်။
ဒီလိုအတွေးနဲ့ပဲ ကျန်းဝူက ပြုံးပြလိုက်ပြီး “ဘာမှမဟုတ်ဘူး။ ဒီတိုင်း မင်းခေါင်းလေးထဲမှာ ငါ့ကို ဘယ်တွေခေါ်သွားဖို့ ကြံနေသလဲဆိုတာ စဥ်းစားနေတာ”
ကျောက်အာက လူယုတ်မာအပြုံးလေးတစ်ခုနဲ့ တုံ့ပြန်လိုက်တယ်။
“အဟင်းဟင်း အဲဒါကတော့ ခဏနေရင် သိမှာပေါ့”
………….
******