အခန်း (၂၉-၃၀)
Vol. 3 Ch. 29-30
29 01
အပိုင်း 29
နှစ်ယောက်သားက စာအုပ်ဆိုင်လေးကနေ လူတစ်ကိုယ်စာလောက်ကြီးတဲ့ အဝတ်ထုပ်ကြီးတွေ သယ်လာတဲ့အချိန်ကစလို့ အရှေ့ဘက်ဈေးမှာ ကျောက်အာတစ်ယောက် နေရာထိုင်ခင်းလေးတစ်ခု ခင်းပြီးသွားတဲ့အချိန်အထိ ကျန်းဝူမှာ ဘယ်လိုတုံ့ပြန်ရမှန်းမသိသေးဘူး။
ကျောက်အာရဲ့ ယာယီဆိုင်လေးဆိုတာကလည်း ဈေးရဲ့မြေကွက်လပ်တစ်ခုမှာ ဖျာအကြီးကြီးခင်းပြီး အဲဒီအပေါ် ယူလာတဲ့အင်္ကျီအဝတ်အစားတွေ ပုံထားပေးလိုက်တာပါပဲ။ အဲဒါတင်မက သူမက ဘေးမှာရပ်ထားတဲ့ ကျန်းဝူရဲ့မြည်းလှည်းမှာတောင် အင်္ကျီတွေချိတ်ပြထားလိုက်သေးတယ်။
ဖြတ်သွားဖြတ်လာတချို့က အများနဲ့မတူ တမူထူးပြီး အမြင်ဖမ်းစားနိုင်တဲ့ ခင်းကျင်းမှုကြောင့် ချက်ချင်းသတိထားမိသွားကြတယ်။ ကျောက်အာကတော့ သူမ စိတ်ကျေနပ်တဲ့အထိ ပြင်ဆင်ပြီးတာနဲ့ ဈေးလမ်းတစ်လျှောက် အသံပါဝါကောင်းကောင်းနဲ့ အော်ရောင်းတော့တယ်။
“အင်္ကျီတွေ.. ဘောင်းဘီတွေ… လှလည်းလှ တန်လည်းတန်တဲ့အဝတ်အစားတွေနော်။ အရည်အသွေးမြင့် ပစ္စည်းကောင်းကိုမှ ငွေတစ်တုံးတောင် မကုန်ဘူးဆိုတော့ ဒီထက်ပေါတာ မရှိတော့ဘူးဟေ့။ တစ်ထည်မှ ၆၀ တစ်ထည်မှ ၆၀ သုံးထည်ဆို ၁၅၀ပဲပေး!”
သူမရဲ့ ကျယ်လောင်ပြီး စည်းချက်ညီတဲ့ရောင်းသံက ဈေးထဲကလူအများအပြားရဲ့ အာရုံကို အရင်ဆွဲဆောင်သွားတယ်။ လူတွေလှည့်ကြည့်လာတာနဲ့ ဖြူနီပြာဝါ စတဲ့အရောင်အသွေးစုံလင်တဲ့ အဝတ်အစားတွေကို တန်းမြင်လိုက်ရပြီး တစ်ချက်ကြည့်ရုံနဲ့ လှလား မလှလားဆိုတာ ခွဲခြားသိနိုင်တယ်။
ပိတ်စတွေက သစ်လွင်နေပြီး အများကြားထဲ ထင်းထွက်နေတဲ့ အနီရဲရဲ အစိမ်းစိုစိုနဲ့ ပြာလွင်လွင်အရောင်လေးတွေက ပန်းပေါင်းစုံ ပျားလုပ်သားတွေကို ညှို့ယူသလိုမျိုး ဝိုင်းအုံလာစေတယ်။
တချို့ဒီဇိုင်းလှလှ ဂါဝန်လေးတွေက ချိတ်နဲ့ဆွဲပြထားပြီး အကြည့်နဲ့တင် အိဖက်နေတာကြောင့် အသားဘယ်လောက်ကောင်းလဲ သိသာတယ်။ သူတို့က ဖျာပေါ်က အဝတ်ပုံကို အကဲခတ်ရုံသာမက လှည်းပေါ်မှာပြထားတဲ့ အင်္ကျီတွေကိုတောင် ကိုင်ကြည့်လာကြတယ်။
တကယ်လည်း အင်္ကျီသားက အရည်အသွေးကောင်းတဲ့အပြင် ကာလပေါ်ဖက်ရှင်လည်း ဖြစ်နေပြန်သေးတယ်။ ဒါတွေကို တစ်ထည်မှ ကြေးပြား ၆၀တဲ့လား။ အပြင်မှာသွားဝယ်ရင် ပြား ၆၀ဆို ပိတ်စ တစ်ကိုက်နှစ်ကိုက်လောက်သာ ရပြီး ကိုယ်တိုင်လည်း အပင်ပန်းခံချုပ်ရဦးမယ်။
အားလုံးကို ချင့်တွက်ပြီးတဲ့အခါ သက်လတ်ပိုင်းအဒေါ်ကြီးတွေက ရုတ်တရက် စုပြုံလာကြတယ်။
“ကောင်လေး ဒါတွေအားလုံး တစ်ထည်ကို ၆၀နဲ့ရမှာလား”
ကျောက်အာက အပြုံးလေးနဲ့ ခေါင်းညိတ်ပြလိုက်ပြီး “အပြင်ပိုင်းက ဝမ်းဆက်တွေက တစ်ထည် ၆၀ အတွင်းဘက်က အင်္ကျီနဲ့ ဘောင်းဘီတွေကတော့ တစ်ထည်ချင်း ၆၀ ဒီဘက်က အနွေးထည်တွေကတော့ ၁၅၀ဖြစ်သွားမယ်။ နည်းနည်းဈေးမြင့်ပေမဲ့ ချုပ်ရိုးချုပ်သားကို သေချာကြည့်ကြည့်ပါ။ မျက်စိမှိတ်ဝယ်တောင် မနစ်နာဘူး တကယ်ပြောတာ”
သူ့စကားကြောင့် လျင်ထက်တဲ့မိန်းမတချို့က အစောကတည်းက သူတို့မျက်စိကျနေတဲ့အထည်တွေကို စရွေးတော့တယ်။ တချို့က အင်္ကျီတွေကို ဆွဲထုတ်ကြည့်ပြီး ပစ္စည်းကောင်းရလိုက်တာနဲ့ မျက်နှာပေါ်က အပျော်တွေကို ဖုံးဖိမရဘူး။
တချို့ကတော့ သူတို့လိုချင်တဲ့အင်္ကျီတွေက ယောက်ျားဝတ်တွေ ဖြစ်နေတာမြင်တော့ စိတ်ပျက်သွားကြတယ်။ ဒါပေမဲ့လည်း အဝတ်ပုံကြီးက မနည်းတာမို့ သူတို့လက်ထဲမှာ အနည်းဆုံး ကိုယ်ကြိုက်တဲ့တစ်ထည်စီတော့ ရှိကြတယ်။
သူတို့ကိုင်ကြည့်သမျှက မဆိုးတာမြင်တော့ ယောကျ်ားဝတ်ဖြစ်နေလည်း ဘာအရေးလဲ တန်တာပဲ အိမ်ကယောက်ျားတွေအတွက် ဝယ်သွားလို့ရတယ်လေ။ အဲဒီလိုနဲ့ သူတို့က စိတ်တိုင်းကျတာတွေကို လက်ထဲကိုင်ထားလိုက်ပြီး မရသေးတဲ့ တချို့တွေကလည်း ဆောင့်ကြောင့်ထိုင်ပြီး အပီအပြင်ရွေးတော့တယ်။
အဲဒီမှာမှ အကြိုက်တူတဲ့သူနှစ်ယောက် လာတွေ့နေရင် လက်မြန်တဲ့သူက အောင်နိုင်သူပဲ။ မရလိုက်တဲ့သူကလည်း စိတ်ပျက်သွားပေမဲ့ တခြားအဝတ်တွေအများကြီး ကျန်သေးတော့ ဝမ်းနည်းဖို့မအားဘဲ နောက်ကောင်းတာလေးတွေ လွတ်မသွားဖို့အရေး အသည်းအသန် ပြန်ကုန်းရွေးတယ်။
29 02
ရတနာသိုက်ထဲက ကြိုက်ရာရွေးနေရတဲ့ အခုလိုခံစားချက်က တကယ်ပျော်ဖို့ကောင်းတယ်။ ရွေးနိုင်လေ အလှလေးတွေ ပိုတွေ့လေမို့ နောက်ဆုံးအချိန်အထိ လက်မလျှော့အောင် ဝယ်သူကို ဖမ်းစားထားနိုင်တယ်။
အဲဒီအပြင် အကြိုက်တူတဲ့အဒေါ်ကြီးတချို့ကလည်း ရှိနေတော့ အပြိုင်အဆိုင်လုရတဲ့ လေထုက ပိုလို့တောင် စိတ်လှုပ်ရှားစရာ ကောင်းနေတော့တယ်။ ရွေးတဲ့သူတွေ များလာလေလေ ဝိုင်းအုံကြည့်တဲ့မျက်စိတွေလည်း များလာလေလေပဲ။
ရတနာသိုက် ရှာပုံတော်မှာ ဈာန်ဝင်နေတဲ့အဒေါ်ကြီးတွေကတော့ ဘေးလူတွေ ရပ်ကြည့်နေတာတောင် သတိမထားမိကြဘူး။
“ဟိုဟာလေး လှတယ်”
“ဟိုတစ်ယောက်က အကောင်းစား ရသွားတာပဲ”
“ဟုတ်ပါ့ အဲဒါက ရှားပါးအရောင်လေးနော်”
“အစ်ကိုကျန်းဝူ အစ်ကိုက ဒီဘက်ကိုကြည့်ထားလိုက် ကျွန်မက ဟိုဘက်သွားလိုက်မယ်”
ကျန်းဝူက ကျောက်အာပြောတဲ့အတိုင်း ခေါင်းညိတ်ပြလိုက်ပြီး နှစ်ယောက်သားက တာဝန်ကိုယ်စီ ယူလိုက်ကြတယ်။ မကြာခင်မှာပဲ အဒေါ်ကြီးတချို့က ရွေးပြီးသားအင်္ကျီတွေနဲ့ ရောက်လာပေမဲ့ သူတို့မျက်နှာပေါ်မှာတော့ အနည်းငယ် လျှော့မလားလို့ မျှော်လင့်ရိပ်တွေသန်းနေတယ်။
“ကောင်လေး ဈေးကိုနည်းနည်းလောက် ထပ်လျှော့ပေးဖို့မရှိဘူးလား”
ကျောက်အာက ခေါင်းခါပြလိုက်ပြီး မူယာမာယာပိုပြတော့တယ်။
“အိုင်းယား မမကြီးတို့က အမြင်ရှိလိုက်တာ။ တကယ့်ကောင်းပေ့တွေကိုမှ ရွေးထားတာပဲ ကိုယ့်လက်ထဲကပစ္စည်းရဲ့ အရည်အသွေးကိုတော့ သိမှာပါနော်။ တကယ်တော့ ကျွန်တော်လည်း ဒါတွေကို အရှုံးခံပြီး လာရောင်းတာပါ။ ထပ်လျှော့ခိုင်းလို့ကတော့ ငိုမှာနော် အီး”
“အောင်မယ်လေး ဒီကောင်လေး ဟန်ဆောင်ကောင်းလိုက်တာ နည်းနည်းလေးပဲ လျှော့ခိုင်းတဲ့ဟာ ဘာလို့ငိုမှာတုန်း”
“ဟုတ်ပါ့ ဟုတ်ပါ့ တကယ်လို့ သား နည်းနည်းလောက် လျှော့ပေးရင် အဒေါ်တို့က နောက်တစ်ထည် နှစ်ထည်လောက် ထပ်ဝယ်မှာပေါ့”
သူမက ပြောပြီးတာနဲ့ ဘေးကမိန်းမကြီးတွေကိုလည်း မျက်စပစ်ပြလိုက်တော့ အချင်းချင်း လုံးဝမသိတဲ့လူတွေက အခုများတော့ ခေါင်းညိတ်လာကြတာ တစ်ပြိုင်နက်ထဲ။
“အေးလေ အေးလေ ငါတို့က အများကြီးဝယ်ဖို့လုပ်ထားတာ ကောင်လေး နည်းနည်းလောက် လျှော့ပေးပါဦးလား”
ကျောက်အာရဲ့မျက်ခုံးနှစ်ခုက နည်းနည်းစုကျုံ့လာပြီး “ဟား ဟုတ်ပြီလေ။ မမကြီးတို့မို့လို့ အမှန်အတိုင်းပြောပြတာနော်။ တကယ်တော့ ကျွန်တော်တို့က အထည်သစ်ရောင်းတဲ့သူတွေ မဟုတ်ဘူး။ ဖြစ်ချင်တော့ ကျွန်တော်တို့အပေါင်ဆိုင်မှာ ဆုံးသွားတဲ့အင်္ကျီတွေက များလွန်းလို့ ထားစရာနေရာမရှိတော့တာ။ အဲဒါကြောင့် ဒီမှာအရှုံးခံပြီး လာရောင်းနေရတာပါ။ ပြောရရင် သူတို့ကို ပင်မင်းသွားအပ်ခတောင် မကြေပါဘူးဆိုတော့ ဒီထက်တော့ လျှော့လို့မရတော့ဘူး”
“အာ အဲဒါကြောင့်ကိုး ဒီလောက်ကောင်းတဲ့ဟာတွေကို ဘာလို့ဈေးပေါပေါနဲ့ ရတာလဲလို့ စဥ်းစားနေတာ”
ဘေးနားက အိမ်ရှင်မတစ်ယောက်က သဘောပေါက်သွားသလို ဝင်ပြောတယ်။ ကျောက်အာက အခွင့်အရေးရတာနဲ့ ချက်ချင်း အားရပါးရ ပြောတော့တယ်။
“ဟုတ်တယ်မလား အစ်မက ကြည့်တတ်လိုက်တာ အားလုံးလည်းသိတာပဲ အပေါင်ဆိုင်တွေက တကယ့်ခေါင်တွေမှ လက်ခံတာလေ။ ဒီတစ်ထည်ကိုပဲ အရင်ကြည့်လိုက်ပါဦး အသားလေးကလည်း ကောင်း ချုပ်ရိုးချုပ်သားကလည်း ဘယ်လောက်တောင် သေသပ်လိုက်သလဲ။ ဒါပေမဲ့ ကျွန်တော်ထပ်ပြောရင် ကိုယ့်ငါးချဥ်ကိုယ် ချဥ်တယ်ဖြစ်မှာစိုးလို့ ဘာမှမပြောတော့ဘူး။ ကိုယ့်ဘာသာပဲ ကြည့်ကြပါ”
ဒီခေတ်ကြီးမှာ အထည်ဟောင်းတွေ ဝတ်တာက အထူးသဖြင့် သာမန်အရပ်သားတွေနဲ့ ရွာသူရွာသားတွေကြားမှာ ရှက်စရာကိစ္စမဟုတ်တော့ဘူး။ ကိုယ်အလှမ်းမမှီနိုင်တဲ့ ထိပ်တန်းပိတ်စကို အဟောင်းလေးဝတ်နိုင်တာနဲ့တင် တော်တော်ကျေးဇူးတင်စရာ ကောင်းနေပြီ။
29 03
ပုံမှန်လိုသာဆို သူတို့လို အောက်ခြေတန်းစားတွေက ဒီလိုတန်ဖိုးကြီးပိတ်စတွေကို ဝတ်ဖို့မပြောနဲ့ တစ်သက်နဲ့တစ်ကိုယ် မြင်တောင်မြင်ဖူးကြတာ မဟုတ်ဘူး။
အခုတော့ အရည်အသွေးမြင့်အထည်တွေကို သက်သက်သာသာနဲ့ရမှတော့ အဟောင်းဆိုလည်း ဘာအရေးလဲ။ ဒီနှစ် နှစ်သစ်ကူးညနဲ့ တခြားပွဲတော်တွေမှာ တစ်မိသားစုလုံး ထည်လဲဝတ်လို့ရပြီလေ
ဒီလိုအတွေးနဲ့ တချို့တွေက ငွေချေဖို့ရှေ့တိုးလာကြတယ်။
“မောင်လေးက အပြောကောင်းလိုက်တာဟယ်။ အေးပါ အေးပါ ငါ ဒီနှစ်ထည် ယူလိုက်မယ်နော်”
“နှစ်ထည်တည်းလား။ အစ်မ ကျွန်တော်က တစ်ထည် ၆၀ကို သုံးထည်ယူရင် ၁၅၀နဲ့ပေးထားတာနော်။ အခုနှစ်ထည်နဲ့တင် ၁၂၀ ဖြစ်နေပြီပဲ နောက်တစ်ထည်ထပ်ယူလိုက်ပါလား။ ၃၀ပဲကျမှာလေ ထက်ဝက်ကြီးတောင် လျော့မှာနော် နောက်မှ ကျွန်တော်သတိမပေးဘူးလို့ မပြောနဲ့”
“ဟက် မောင်လေး မင်းပြောတာလည်း ဟုတ်သားပဲ။ အဲဒါဆို ငါနောက်တစ်ထည် ထပ်ရွေးလိုက်ဦးမယ် ဒါခဏဖယ်ထားပေး”
အဲဒီလိုနဲ့ ငါသုံးထည် နင်သုံးထည်ဆိုပြီး အားလုံးက သူတို့အတွက် အင်္ကျီသုံးထည်စီ အနည်းဆုံးယူသွားကြတယ်။ ကျောက်အာ မီးမောင်းထိုးပြလိုက်တဲ့ အချက်က သူတို့ရင်ထဲ တန်းထိသွားတာကြောင့် ဝယ်သူတိုင်းက အထည်အရေအတွက် များများယူဖို့ တေးမှတ်လိုက်ပြီး ပျော်ရွှင်စွာ အလုအယက်ပြိုင်ရွေးနေကြတော့တယ်။
မကြာခင်မှာပဲ လှည်းပေါ်မှာချိတ်ထားတဲ့ အင်္ကျီတွေပါ ဆွဲဖြုတ်ယူသွားကြပြီး ဖျာပေါ်မှာသာ ဟိုတစ်ထည် ဒီတစ်ထည် ကျန်တော့တယ်။ ဒါတောင် လူတွေဝိုင်းအုံနေကြသေးပြီး အားလုံးက ရှိသေးလားဆိုတာပဲ မေးနေကြတယ်။
“ဒါပေါ့ အများကြီးရှိသေးတယ် ခဏပဲစောင့်”
ဝယ်သူတွေရဲ့တောင်းဆိုမှုနဲ့ သူသယ်လာခဲ့တဲ့ အဝတ်ထုပ်ကြီးတစ်ထုပ်လုံးနီးပါး ရောင်းကုန်သွားပြီး အနည်းငယ် ဒီဇိုင်းအောက်ပြီး အရောင်မွဲတဲ့တစ်ထည် နှစ်ထည်သာ ကျန်တယ်။ အဲဒီအချိန်အထိ အားပေးသူတွေအမြောက်အမြား ရှိသေးပေမဲ့ ကျောက်အာက ဒုတိယထုပ်ကိုမဖြည်တော့ဘဲ ဆိုင်သိမ်းဖို့လုပ်တော့ ကျန်းဝူက ကူညီနေရင်း နားမလည်ဟန် မေးလာတယ်။
“ကျန်တဲ့တစ်ထုပ်ကို ဆက်မရောင်းတော့ဘူးလား”
“ရောင်းမှာ ဒီမှာမဟုတ်ဘူး အလုပ်မရှုပ်အောင်သာ တစ်ခါတည်း သယ်လာလိုက်တာ။ ကျန်တဲ့အထုပ်ကို ရွာတွေမှာ လိုက်ရောင်းမှာ”
ကျန်းဝူက နောက်ဆုံးတော့ ကျောက်အာရဲ့အကြံကို သဘောပေါက်သွားတယ်။ ပန်းကလေးတစ်ပွင့် ကြည့်အကောင်းဆုံးဖြစ်နေဖို့က သစ်ရွက်စိမ်းလေးတွေရဲ့ ပံ့ပိုးကူညီမှုလည်း ရှိဦးမှ။ ဘေးမှာဝန်းရံပေးနေတဲ့ သစ်ရွက်လေးတွေမရှိမှတော့ ပန်းကလေးရဲ့ ထူးခြားတဲ့အလှက ဘယ်လိုပေါ်လွင်တော့မှာလဲ။
“မင်းတကယ်ပဲ ဘယ်လိုဖြစ်ပြီး ဒီလောက်တော်နေရတာလဲ ဟမ်”
သူက အထင်ကြီးတဲ့လေသံနဲ့ မနေနိုင်ဘဲ ချီးကျူးလိုက်မိတော့ ကျောက်အာကလည်း ယဥ်ကျေးမနေတော့ဘဲ ယုံကြည်ချက်အပြည့်နဲ့ ထုတ်ရယ်လိုက်တယ်။
“ဟားဟား ကျွန်မမိဘတွေကျေးဇူးကြောင့်လေ”
သို့သော်ငြား ဒီနာမ်စားလေးတွေ ထွက်ကျလာတာနဲ့ ကျောက်အာရဲ့အပြုံးမျက်ဝန်းလေးတွေက မသိမသာ မှိုင်းညှို့သွားတယ်။ ကျန်းဝူက အလိုက်သိစွာပဲ ဒီခေါင်းစဥ်ကို ဆက်မပြောတော့ဘဲ အဲဒီအစား ဘယ်ရွာကို အရင်သွားချင်လဲဆိုတာသာ မေးလိုက်တယ်။
နှစ်ယောက်သားက သူတို့အရင်တုန်းက အသီးအနှံလိုက်ကောက်နေကျ ရွာလေးတွေကိုပဲ သွားဖို့ဆုံးဖြတ်လိုက်တယ်။ ရွာသားတွေက သူတို့နှစ်ယောက်နဲ့ မစိမ်းတာမို့ မြည်းလှည်းကို လမ်းတစ်ဝက်မှာ ဖြတ်တားတာမျိုး ရွာထဲအဝင်မခံတာမျိုးတွေ မလုပ်ကြဘူး။
အများအားဖြင့် မြို့စွန်ကရွာငယ်လေးတွေမှာ ဆောင်းဦးရောက်တိုင်း ရိတ်သိမ်းပြီးသား ကောက်ပဲသီးနှံတွေအခြောက်ခံဖို့ သုံးတဲ့ဂျုံခင်းတွေရှိတတ်တယ်။ ရွာရဲ့အလယ်တည့်တည့် သို့မဟုတ် ဝင်ပေါက်နားမှာ တည်ရှိတဲ့ အဲဒီအခင်းကွက်လပ်ကြီးက အများပိုင်ဖြစ်တာကြောင့် ကျန်းဝူက ဒီနေ့ရဲ့ပထမဆုံးရွာရဲ့ ဂျုံခင်းမှာ လှည်းရပ်လိုက်တယ်။
29 04
ကျောက်အာကတော့ လိုအပ်သမျှပြင်ဆင်လာပြီးပြီမို့ သူတို့ဦးတည်တဲ့နေရာရောက်တာနဲ့ ဆိုင်စခင်းတော့တယ်။ သူမရဲ့လှုပ်လှုပ်ရှားရှား အပြုအမူကြောင့် သိပ်မကြာခင်မှာပဲ ရွာသားတချို့ ကွက်ကြည့်ကွက်ကြည့် လုပ်လာကြတယ်။
အများစုကတော့ စပ်စုချင်စိတ်ကြောင့် ရောက်လာကြတာဆိုပေမဲ့ လူအုပ်ထဲမှာ သူမနဲ့ရင်းနှီးတဲ့မျက်နှာတွေ အများကြီးပါနေပြီး တချို့ဆို ကျောက်အာရဲ့ အသီးအရွက်ရောင်းတဲ့လုပ်ငန်းက စီးပွားဖက်တွေဖြစ်နေတယ်။
အခုလည်း အဲဒီရင်းနှီးတဲ့လူတစ်ယောက်ကပဲ ရှေ့ထွက်လာပြီး မေးတယ်။
“ဒါက ဘာတုန်း။ ဒီနေ့တော့ အသီးအနှံတွေမယူတော့ဘူးလား”
“ယူချင်တာပေါ့ ဒါပေမဲ့ ကျွန်တော်ယူချင်ရင်တောင် ဦးကြီးတို့မှာ ပေးစရာရှိလို့လား”
ကျောက်အာရဲ့ပြက်လုံးကြောင့် အားလုံး ရယ်ပွဲကျသွားကြတယ်။ သူပြောတာလည်း ဟုတ်တာပဲ။ ဒီကာလမှာ လယ်လုပ်တဲ့မိသားစုတွေတောင် လတ်ဆတ်တဲ့ကောက်ပဲသီးနှံတွေ မစားနိုင်ကြတာ။ လူတိုင်းက ပြီးခဲ့တဲ့ဆောင်းဦးထဲက သိပ်ထားတဲ့ ချဥ်ဖက်တွေနဲ့ သိုလှောင်ထားတဲ့ ပြောင်းနှံတွေကိုသာ ကျစ်ကျစ်ပါအောင် သိမ်းထားရတဲ့အခြေအနေ။
လက်ရှိ သီးနှံတွေရိတ်သိမ်းချင်တယ်ဆို ရာသီဥတုနည်းနည်းနွေးလာမဲ့အချိန်ကို အရင်စောင့်ရလိမ့်မယ်။
“ကဲပါ ကဲပါ အလုပ်အကြောင်း ပြန်သွားကြရအောင် ဒီတစ်ခေါက်တော့ ကျွန်တော်က အသီးအနှံ လာယူတာမဟုတ်ဘဲ ဈေးလာရောင်းတာပါ။ လာပါ ဝင်ကြည့်လေ ပြီးတော့မှ ဒီကောင်လေး မိတ်ဆွေရောင်းရင်းတွေကို ဂရုမစိုက်ဘူးမပြောနဲ့နော်။ ဒီအထည်တွေအားလုံး မြို့ကနေ တကူးတကဝင်ဝယ်ပြီး လာရောင်းပေးတာ။ ဈေးကလည်း တန်မှတန် တစ်ထည်ကို ၂၀ ၃၀ပဲ။ ဒီဘက်က အနွေးထည်တွေကိုတော့ ၈၀လောက်ပေးပေါ့။ လာ လာ မြန်မြန်ရွေးနော် ခဏနေဆို ဆိုင်သိမ်းတော့မှာ။ ကျွန်တော့်မှာ တခြားရွာတွေသွားရောင်းရဦးမယ်”
“အထည်လာရောင်းတာပေါ့။ မောင်ရင်ကျောက်ခိုင်ကတော့ နာမည်အတိုင်း မလုပ်တတ်တဲ့ စီးပွားရေးကို မရှိဘူးဟေ့”
ရွာသားတချို့က ကျောက်အာရဲ့ နာမည်အတုနဲ့ပတ်သက်ပြီး ဟာသလုပ်တဲ့အခါ သူမကလည်း မူမပျက်ဘဲ ပြန်ရယ်ပေးလိုက်တယ်။ ဘယ်လောက်မှ မကြာလိုက်ခင်မှာပဲ ယောက်ျားသားတွေက စီးပွားရှာတော်တဲ့ လူငယ်လေးကျောက်နဲ့ စကားကောင်းနေတဲ့အချိန် မိန်းမတွေကတော့ အဝတ်ပုံကြီးကို မွှေနှောက်နေကြပြီ။
မြို့သားတွေကတော့ ဒီအဝတ်တွေကို မကြိုက်ချင်မကြိုက်ကြလိမ့်မယ် ဒါပေမဲ့ သူတို့မနှစ်မြို့တာနဲ့ ရွာသားတွေလည်း မကြိုက်ဘူးလို့မှ မဆိုလိုတာ။ ကျေးလက်ဒေသတွေမှာ ချည်ခင်ပိတ်စတွေက သိတဲ့အတိုင်း ရှားပါးတာမို့ အားလုံးက ရတဲ့ဖျင်ကြမ်းထည်တွေပဲ ချုပ်ဝတ်နေရတာ။
ကျောက်အာ ပုံပေးထားတဲ့အင်္ကျီတွေက အပြင်ပိုင်းအားဖြင့် မွဲနေသော်လည်း အသားကောင်းမှန်း သိသာတယ်။ ဘယ်လောက်နွမ်းနွမ်း ပိုးသားက ပိုးသားပဲလေ။ ပြီးတော့ ဝတ်ပြီးသားဆိုလည်း ဘာဖြစ်လဲ ဒီအင်္ကျီတွေမှာ အစင်းရာတစ်ရာတောင် မရှိတာ။
“တစ်ထည် ၂၀ကတော့ နည်းနည်းများတယ်ကွာ။ ဈေးလျှော့ပေးလို့မရဘူးလား”
“ဈေးဆစ်လို့မရဘူးနော်။ မဝယ်ရင် ခင်ဗျားတို့ပဲနောင်တရမှာ ဒီလိုပေါချောင်ကောင်းတွေ ရဖို့ဆိုတာ ရှားတယ်ဗျ။ အခုတောင် ကျွန်တော်ရရချင်း ကိုယ့်ရွာသားတွေ ရပါစေတော့ဆိုပြီး အရင်လာခဲ့တာ ဒီထက်တော့ ဈေးမဆစ်ကြနဲ့ဗျာ”
“ဒါပေမဲ့ အဒေါ်တို့လက်ထဲမှာ ငွေများများစားစားမရှိဘူးလေ။ ပိုက်ဆံအစား တခြားအိမ်မှာရှိတဲ့ပစ္စည်းတွေနဲ့ရော ပေးလို့ရလား”
အသက်ကြီးကြီးအဒေါ်တစ်ယောက်က မေးလာတော့ ကျောက်အာကလည်း သဘောတူပေးလိုက်တယ်။
“တခြားသူတွေတော့ မရဘူး။ ဒါပေမဲ့ ကျွန်တော့်အဒေါ်တွေဆိုရင်တော့ ရပါတယ်ဗျာ။ တိရစ္ဆာန်မဟုတ်ဘဲ ဥတို့အသားတို့ဆိုရင် ဘာဖြစ်ဖြစ်ပေးလို့ရပါတယ်။ ကျွန်တော် အားလုံးကို ရွာဈေးအတိုင်း တွက်ပေးလိုက်မယ်”
29 05
သူ့စကားကြောင့် မိန်းမကြီးအများစုက ဝမ်းသာပျော်ရွှင်သွားကြပြီး သူတို့ရွေးထားတဲ့အဝတ်တွေ ကျောက်အာလက်ထဲ အတင်းထိုးပေးကာ ပစ္စည်းတွေယူဖို့ အိမ်အမြန်ပြေးသွားကြတယ်။ တစ်အောင့်အကြာမှာပဲ လူတိုင်းက ဆန်ဆီဆား ကြက်ဥအစုံ လက်ထဲပိုက်ပြီး ပြန်ရောက်လာကြတယ်။
ပြောင်းနှံတို့ ဂျုံစေ့တို့ကတော့ သူ့အမျိုးအစားနဲ့သူ ဈေးပေါင်းစုံရှိတာပေါ့။ ကြက်ဥတွေကိုကျတော့ ရွာထဲမှာ တစ်လုံး ၂ပြားနဲ့ရောင်းပေမဲ့ ကြက်ဥလေး တစ်ခြင်းနှစ်ခြင်းရောင်းဖို့အတွက် မြို့အထိ တစ်လမ်းလုံးသယ်သွားဖို့ မလွယ်လို့ သူတို့က ကျောက်အာလို မြို့တက်ရောင်းမဲ့သူတွေဆီ လက်ကားဈေးနဲ့ ပေးလိုက်တယ်။
အခုတော့ သူတို့အခေါ် ရွာဈေးပေါ့လေ။ ဒါက ကျောက်အာကိုယ်တိုင် အရင်တုန်းက ထွင်ပေးခဲ့တဲ့နည်းလမ်းပဲ။ တစ်နာရီလောက်ကြာတဲ့အခါမှာတော့ ကျောက်အာက ကောက်ပဲသီးနှံအစုံ နှစ်အိတ်နဲ့ ကြက်ဥခြင်းအချို့ ရလိုက်ပြီး တခြားဟင်းရွက်အစုံလည်း ပါသေးတယ်။
သတ်မှတ်အထည်အရေအတွက် ကုန်သွားတာနဲ့ ကျောက်အာတို့က ဆိုင်အမြန်သိမ်းပြီး နောက်တစ်ရွာကို ထပ်ထွက်လာခဲ့တယ်။ အဲဒီလိုနဲ့ နေဝင်ချိန်ရောက်တော့ ရှိသမျှအင်္ကျီအားလုံး ရောင်းကုန်သွားပြီး သူတို့မြည်းလှည်းလေးကတော့ ငွေစတွေ ကုန်စိမ်းတွေနဲ့ ပြည့်နှက်နေတော့တယ်။
ကျန်းဝူက လှည်းကို ရွာနှစ်ရွာကြား လမ်းမကြီးရဲ့ဘေးတစ်နေရာမှာ ထိုးရပ်ပေးလိုက်တဲ့အခါ ကျောက်အာက လှည်းထဲမှာ ငွေစတွေရေတွက်နေတယ်။ သူမက တစ်ခါမှကျောင်းလည်းမတက်ဖူးသလို သင်္ချာလည်း မသင်ဖူးတဲ့အတွက် တစ်ရာလောက်အထိသာ ရေတတ်ပြီး တစ်ရာကျော်သွားရင် မသိတော့ဘူး။
ရသလောက် အကြိမ်ကြိမ်ကြိုးစားကြည့်ပေမဲ့ ရေထားသမျှတောင်မေ့သွားတာမို့ ကျောက်အာက ကြေးပြားထုပ်လေးကို စိတ်ရှုပ်ရှုပ်နဲ့ ပစ်ချလိုက်တယ်။
“အာ သွားတော့ဟာ ဘာမှမရေတော့ဘူး။ ဘာမှလည်းမသိတော့ဘူး”
ထိုအခါ မောင်းသူနေရာက ကျန်းဝူက သဘောတကျ ပြုံးလိုက်ပြီး “ငါ လာရေပေးရမလား”
“အစ်ကိုလည်း မသိဘူးမလား။ ကျွန်မကို ညာလို့ရမယ်မထင်နဲ့!”
ကျောက်အာရဲ့ခွန်းတုံ့ပြန်စကားကြောင့် ကျန်းဝူက ရှက်ရှက်နဲ့ ချောင်းအသာဟန့်လိုက်တယ်။ နောက်တော့ ကျောက်အာက ရုတ်တရက် ကြေးပြားတွေကို သွန်ချလိုက်ပြီး မျက်မှန်းအားဖြင့် ၁၀ပုံပုံလိုက်ရင်း ၂ပုံကို အထုပ်လေးသက်သက် ဖယ်ပေးထားလိုက်တယ်။
“ဟုတ်သား ရော့ ဒါက အစ်ကို့ဝေစု လှည်းပေါ်ကပစ္စည်းတွေ တစ်ဝက်လည်းပါတယ်”
“ငါတို့က ၈ပုံ ၂ပုံယူဖို့ ပြောထားတာလေ။ ဘယ်လိုလုပ် တစ်ယောက်တစ်ဝက်ဖြစ်သွားတာတုန်း”
“ကုန်စိမ်းတွေက ထည့်မတွက်ဘူးလေ၊ ပိုက်ဆံပဲပြောတာ ဒါပေမဲ့ ကျွန်မရဲ့တစ်ဝက်ပါ တစ်ခါတည်း အစ်ကိုအိမ်ယူသွားပေးပါလား။ မနက်ဖြန် မြို့တက်ရောင်းချင်သေးလို့”
“ဟုတ်ပြီ ဒါဆို မနက်ဖြန်နံနက် လာခေါ်လိုက်မယ်”
“အင်း”
သူတို့ပြောဆိုနေတုန်း အဝေးတစ်နေရာက ဟူယန်းမြို့တံတိုင်းကြီးက မျက်စိထဲပေါ်လာတာကြောင့် ကျောက်အာက မျက်လုံးတွေအရောင်လက်သွားပြီး “အစ်ကို လမ်းသင့်သေးတယ်မလား။ မြို့ဘက်ပြန်လှည့်လို့ရလား။ ကျွန်မ ထင်းအာကို ဥလေးတွေ ပေးလိုက်ချင်လို့”
ကျန်းဝူက မြည်းဇက်ကြိုးကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး အပြုံးတစ်ခုနဲ့ “ရတယ်လေ အချိန်ကလည်းစောသေးတာပဲ အလျင်စလို ပြန်စရာမလိုပါဘူး”
အဲဒီလိုနဲ့ ရှုပ်ယှက်ခတ်နေတဲ့ တစ်နေကုန်သွားပြီးတော့ အဆောင်ပြန်လာတဲ့ ရွှီထင်းရှန်းကလည်း သူ့အတွက် ကြက်ဥတစ်ခြင်း ရောက်နေတယ်ဆိုတာ ကြားလိုက်ရတယ်။ ပို့သူကတော့ မနက်က တစ်စုံတစ်ယောက်နဲ့ အတူတူပဲတဲ့။
…………
******
30 01
အပိုင်း 30
အသစ်တွေ့ အဟောင်းမေ့ဆိုသလိုပဲ ဟင်းကောင်းထမင်းကောင်းတွေ ရောက်လာတော့ ဘေးနားက အရံဟင်းလေးတွေခမျာ တောင်ပို့လေးလိုစုပုံပြီး မျက်နှာငယ်နေရရှာတယ်။ သူတို့သုံးယောက်စလုံး ဘယ်သူမှ ချမ်းသာတဲ့မျိုးရိုးက ဆင်းသက်လာကြတာ မဟုတ်ဘူး။ အထူးသဖြင့် မရှိတဲ့မိသားစုက လာတဲ့ လီသာ့ထျန်ပေါ့။
သူက အရင်ထရပ်လိုက်ပြီး ကိုယ့်ပန်းကန်ကိုယ် ဆေးကြောပြီးတာနဲ့ ကျန်နေတဲ့အရံဟင်းတွေအားလုံးကို ညနေကျရင် ထပ်စားဖို့အတွက် သူ့ပန်းကန်လုံးထဲ လှယ်ထည့်လိုက်တယ်။
မောက်ပါ့သိုကတော့ သိသိသာသာ မျက်နှာကြီးရှုံ့တွသွားပြီး အရသာမရှိတဲ့ ညနေစာဆိုတဲ့အတွေးကတင် သူ့ကို အတော်လေး စကားနည်းသွားစေတယ်။ သူတို့အဆောင်ကိုပြန်ရောက်တော့လည်း ချန်ကျန်းက သူ့စားပွဲမှာပဲ စာကုန်းလုပ်နေတာ တွေ့လိုက်ရပြန်တယ်။
ရွှီထင်းရှန်းက သူ့ကို ဒီတစ်နေ့ခင်းလုံး ထမင်းစားဆောင်မှာ မတွေ့ခဲ့ရတာ ရိပ်မိလိုက်ပေမဲ့ သူတို့က ရင်းနှီးတဲ့ဆက်ဆံရေးမဟုတ်တော့ လူငယ်လေးကို တစ်ခုခုသွားတိုက်တွန်းဖို့ကလည်း ခက်နေတယ်။ နောက်တော့ သူတို့သုံးယောက်ပဲ ရေချိုးဆောင်က ရေတစ်ပုံးသွားခပ်ပြီး ခြေလက်ဆေးလိုက်ကြတယ်။
နာရီဝက်လောက် တစ်ရေးတစ်မောအိပ်ပြီးတော့ သူတို့ပြန်နိုးလာတော့လည်း ချန်ကျန်းက သူ့စားပွဲမှာ စာလုပ်နေတုန်းပဲ။ ဒါတစ်ခုထဲနဲ့တင် ရွှီထင်းရှန်းကတော့ ဒီလူ့အကျ့င်စရိုက်ကို အနည်းအကျဥ်း နားလည်လိုက်ပြီ။
ဘာတွေဘယ်လိုပဲဖြစ်နေဖြစ်နေ သူ့လုံ့လဝီရိယကတော့ မပျက်ပြားသွားဘူးဘဲ။ ကြည့်ရတာ ဆင်းရဲတဲ့မိသားစုနောက်ခံကြောင့်များလား။
ရွှီထင်းရှန်းက ဒီအတွေးကြောင့် ဘာရယ်မဟုတ် အိပ်မက်ထဲက သူ့ကိုယ်သူတောင် ပြန်သတိရသွားတယ်။ ထိုနေ့ နေ့လယ်ခင်းမှာ ရှိသမျှကျောင်းသားအကုန် ဟောခန်းမကြီးထဲမှာ စုကြတယ်။
ဟောခန်းကြီးတစ်ခုလုံးက ခေါင်လည်းမြင့်သလို အတော်လည်း ကျယ်ဝန်းပြီး ဘယ်နဲ့ညာဆိုကာ နှစ်ခြမ်းခွဲထားတယ်။ တစ်ဆောင်လုံးရဲ့ လေးဖက်လေးလံမှာ ပြူတင်းပေါက်အကျယ်ကြီး သုံးခုစီ ဖောက်ထားပြီး အရှေ့တည့်တည့်မှာတော့ ဟောပြောတဲ့စင်မြင့်လေးရှိတယ်။
ဟောခန်းထဲမှာ ဘာခုံမှမရှိတာမို့ အားလုံးက ကြမ်းပြင်ပေါ်မှာပဲ စားပွဲပုလေးတစ်လုံးစီနဲ့ ထိုင်လိုက်ကြတယ်။ သုံးဖက်စလုံးက ပြူတင်းပေါက်တွေကြောင့် လေကောင်းလေသန့်ရသလို အလင်းရောင်လည်း တော်တော်ရတယ်။
ဒုတိယအခန်းက ကျောင်းသားအယောက်နှစ်ဆယ်ကျော်ပြီး ချင်းယွမ်ကျောင်းတော်ရဲ့ လူဦးရေ ၇၀ရာခိုင်နှုန်းလောက် ရှိနေတယ်လို့ ဆိုနိုင်တယ်။ ကျန်တဲ့ ဆယ်ယောက်မပြည့်တပြည့် ကျောင်းသားတွေကတော့ ခန်းမရဲ့ညာဘက်ကပ်လျက်မှာ ရှိနေတဲ့ပထမအခန်းကပဲပေါ့။
စင်မြင့်ပေါ်မှာတော့ အသက် ၅၀အရွယ်လောက်ရှိမဲ့ လူကြီးတစ်ယောက် ရပ်နေတယ်။ ဇရာကြောင့် မဲနက်တဲ့ခေါင်းကလည်း အဖြူတချို့ရောပြွန်းနေပြီး မျက်နှာကလည်း တည်တံ့နေတယ်။ သူ့ရှင်းလင်းချက်တွေက လိုရင်းတိုရှင်းဖြစ်ပြီး ကျောင်းသားတွေကို စာအုပ်တွေ စည်းကမ်းတကျကိုင်ဖို့ မှာပြီးတာနဲ့ အခန်းထဲက ထွက်သွားတယ်။
ထိုအခါ စီနီယာကျောင်းသားနှစ်ယောက်က ဆရာကြီးကိုယ်စား ကျောင်းရဲ့သင်ရိုးညွှန်းတမ်းစာအုပ်တွေ လိုက်ဝေပေးပြီး သူတို့ကြည့်ရတာ အားလုံးနဲ့ ရင်းနှီးသိကျွမ်းပုံရတယ်။ ရွှီထင်းရှန်းက အခုနကတည်းက မောက်ပါ့သိုနဲ့လီသာ့ထျန်တို့ကိုမေးထားလို့ ချင်းယွမ်ကျောင်းတော်ကလည်း ကျောင်းစာအုပ်တွေ အလကားပေးတယ်ဆိုတာ သိထားပြီးသား။
အဲဒါတင်မကဘဲ သူတို့ပေးတဲ့စာအုပ်တွေကလည်း အတော်လေး သင့်တော်တယ်။ ကျောင်းသားတစ်ယောက်စီတိုင်းက စာပေကြီးလေးကျမ်းလုံးအပြင် သူတို့ကို အသေးစိတ် အနက်ဖွင့်ပြထားတဲ့ စကားပြေရှင်းလင်းတမ်း စာအုပ်သေးလေးတွေပါ ရရှိမှာဖြစ်တယ်။
သို့သော် ချွင်းချက်ကတော့ ကျောင်းသားတွေက ကျောင်းကပေးတဲ့စာအုပ်တွေကို အိမ်ယူသွားလို့မရဘဲ စာသင်နှစ်တစ်နှစ်ကုန်ပြီးတိုင်းလည်း ကျောင်းကိုပြန်အပ်ရတယ်။ စီနီယာကျောင်းသားတွေကတော့ မနှစ်ကတည်းက သူတို့သုံးခဲ့တဲ့စာအုပ်တွေပဲ ပြန်ယူရုံမို့ အရင်ဆုံးရသွားကြတယ်။
30 02
ကျောင်းသားသစ်တွေအတွက်ကျ ဟောင်းနွမ်းပျက်ကျနေတဲ့ စာအုပ်အဟောင်းတွေပဲ ရှိပြီး ရွေးချင်ရင်တောင် ရွေးစရာမရှိဘူး။ ဒီလိုနဲ့အစဥ်လိုက် တန်းစီတဲ့အခါ ရွှီထင်းရှန်းကတော့ ကျောင်းသားတန်းကြီးရဲ့ အနောက်ဆုံးရောက်သွားတယ်။
မောက်ပါ့သိုနဲ့လီသာ့ထျန်တို့ကလည်း ကျောင်းသားဟောင်းဖြစ်တဲ့အတွက် သူတို့စာအုပ်တစ်ထပ်ကို ယူပြီးသွားကြပြီ။ ဒါပေမဲ့ ရွှီထင်းရှန်းရတဲ့စာအုပ်တွေက စုတ်ပြတ်တာထက်ပိုပြီး စာရွက်တွေပါ ပြုတ်နေတာတွေ့တော့ မောက်ပါ့သိုက မနေနိုင်ဘဲ ထပြောတော့တယ်။
“ဟိုဘက်မှာ တခြားစာအုပ်တွေ ရှိသေးတယ်မလား။ အဲဒါနဲ့လဲပေးလို့မရဘူးလား”
စာအုပ်ဝေပေးဖို့တာဝန်ရှိတဲ့ကျောင်းသားက ပြတ်သားစွာ ခေါင်းယမ်းပြလိုက်ပြီး “ဘယ်ရမလဲ။ မင်းဒီကျောင်းကိုအခုမှတက်ဖူးတာလည်း မဟုတ်ဘူး ငါတို့ရတာတွေပဲ ယူပြီး လဲလို့မရဘူးဆိုတာမသိဘူးလား”
မောက်ပါ့သိုက ထိုသူကို အကြည့်စူးစူးတစ်ချက်ပေးလိုက်ပြီး “ဟယ်မင်း မင်းငါ့အပေါ် လက်စားချေချင်လို့လုပ်နေတာမလား။ အဲဒီလိုဆိုရင်တောင် ကိုယ်ကျိုးအတွက် ဆရာကြီးပေးထားတဲ့အာဏာကိုတော့ အလွဲသုံးစားမလုပ်သင့်ဘူး။ ဟိုဘက်မှာ စာအုပ်သစ်တစ်ဘူးကို ငါ့မျက်စိကြီးနဲ့ မြင်နေရတာလေ!”
“အာဏာအလွဲသုံးစားလုပ်တယ်ဆိုတာ ဘာကိုပြောချင်တာလဲ” ဟယ်မင်းဆိုသူက သူ့လက်ဖျားစတွေကို စန့်ရန့်အောင်လုပ်ရင်း ဒီအရေးမပါတဲ့ ငြင်းခုံမှုလေးအပေါ် ဂရုမစိုက်ချင်ဟန်ဆောင်နေပေမဲ့ သူ့မျက်နှာကတော့ အထင်သေးရိပ်တချို့ ပေါ်လွင်နေတယ်။
“ဒီရောက်တာဖြင့် သုံးနှစ်လောက်ရှိနေတာတောင် ပထမအခန်းမဝင်နိုင်တဲ့သူတစ်ယောက်အပေါ် ငါက ဘာတွေများ ရန်ငြှိုးရှိရဦးမှာလဲ။ ငါလိုလူကလေ။ ဟက် အာဏာအလွဲသုံးစားလုပ်တယ်တဲ့လား။ တွေးကြည့်စမ်းပါဦးကွာ အဟက်”
အနီးနားကကျောင်းသားတွေက ဆန္ဒကိုသိက္ခာနဲ့ထိန်းရင်း မရယ်မိအောင် အတတ်နိုင်ဆုံးထိန်းကြပေမဲ့ မထိန်းနိုင်တဲ့ တချို့ကတော့ ခစ်ခနဲအသံထွက်လာတာကြောင့် မောက်ပါ့သိုရဲ့ မျက်နှာဝိုင်းပြည့်ပြည့်ကို အရှက်ဒေါသနဲ့ ရဲတက်လာစေတယ်။
“ငါ ဟယ်မင်းက ငါ့တာဝန်ကိုထမ်းဆောင်တဲ့အခါ အမြဲတမ်း ဝေဖန်သံတွေကို သည်းညည်းခံပေးခဲ့တာ။ အဲဒီဘူးထဲက စာအုပ်သစ်တွေက ပိုင်ရှင်ရှိတယ်ကွ အဲဒီပိုင်ရှင်က သူပဲ!”
ဟယ်မင်းရဲ့ညွှန်ပြမှုကြောင့် မောက်ပါ့သိုတို့အပါအဝင် အားလုံးရဲ့အကြည့်တွေက အနောက်ဆုံးမှာ တိတ်တဆိတ်ရပ်နေတဲ့ ချန်ကျန်းဆီရောက်သွားတယ်။ ချန်ကျန်းက နဂိုကတည်းက သွေးမရှိတဲ့အသားအရည်နဲ့ ပိန်ပါးတဲ့အပြင် သူဝတ်ထားတဲ့ မီးခိုးရောင်ခပ်နွမ်းနွမ်းအပေါ်ကုတ်က သူ့ပုံစံကို ပိုတောင် သိမ်နုပ်သွားစေတယ်။
သူက ဘယ်သူနဲ့မှ မျက်လုံးချင်းမဆုံတာကို မပြောနဲ့ဦး သူ့အသွင်အပြင်ကိုယ်၌က လူအုပ်ထဲဝင်လိုက်တာနဲ့ ရောနှောပျောက်ကွယ်သွားမှာမျိုး အခုလည်း မျက်လုံးပေါင်းဆယ်နဲ့ချီက သူ့ဆီရောက်လာတာ ခံစားမိတော့မှ ချန်ကျန်းက မော့ကြည့်လာတယ်။
အူတူတူဆိုပေမဲ့ သူ့မှာထူးခြားတာတစ်ချက်က လျှို့ဝှက်ချက်ပေါင်းများစွာ ကွယ်ဝှက်ထားတယ်လို့ထင်ရတဲ့ မျက်ဆံနက်နက်တွေနဲ့ အစွန်းဖက်မှာ အနည်းငယ်ကော့တက်နေတဲ့ ဇာမဏီမျက်ဝန်းတွေပဲ။
“ချန်ကျန်းက မင်းတို့ထက် စီနီယာကျတယ်။ အဲဒါကြောင့် ကျောင်းသားသစ်တွေက နောက်ဆုတ်ပေးရမှာထုံးစံပဲ။ ဒါငါတို့ကျောင်းစည်းကမ်းပဲ မင်းမေ့သွားတာလား”
ဒါကိုကြားတော့ အားလုံးက နားလည်သွားတယ်။ တကယ်လည်း သူတို့ကျောင်းတော်မှာ တရားဝင်တော့မဟုတ်ပေမဲ့ အများသဘောတူလက်ခံထားတဲ့ အဲဒီလိုစည်းကမ်းမျိုး ရှိတယ်။ ချင်းယွမ်ကျောင်းတော်က တဖြည်းဖြည်း ဆုတ်ယုတ်လာတာနဲ့အမျှ ဆရာတွေက စရိတ်စကအားလုံးကို ကျောင်းသားတွေပေးတဲ့ ကျောင်းလခနဲ့ပဲ ဖြေရှင်းနေရတာ။
သို့သော် ဆရာကြီးက မတတ်နိုင်တဲ့ကျောင်းသားတွေကို ငဲ့ညှာပြီး ကျောင်းလခကို လျှော့ပေးထားတာမို့ အခုလိုစာအုပ်တွေ ထောက်ပံ့ပေးရတဲ့နေရာမှာ ငွေကြေးအများကြီးမသုံးနိုင်တော့ဘူး။ ချင်းယွမ်ကျောင်းတော်ကြီး ချောင်လည်ကောင်းစားစဥ်ကတော့ ကျောင်းတော်ရဲ့ ကိုယ်ပိုင်ပုံနှိပ်ခန်းမှာ မှင်ရည်နဲ့ပုံနှိပ်ပြီး ကျောင်းနာမည်နဲ့ ခမ်းနားစွာ ထုတ်ဝေပေးခဲ့တာ။
30 03
လက်ရှိမှာတော့ ဒီလိုတွေလည်း မလုပ်နိုင်တော့တာကြောင့် ပေးသမျှစာအုပ်တွေက လက်ရေးနဲ့ကူးရေးထားတာတွေဖြစ်ပြီး နှစ်အတော်ကြာ လက်ပေါင်းများစွာအောက် အသုံးပြုခဲ့ရတော့လည်း အိုဟောင်းစုတ်ပြဲလာတော့တယ်။
ကျောင်းသားအရေအတွက်က များလာတဲ့အလျောက် ကျောင်းက အစစအရာရာ လိုက်မပံ့ပိုးပေးနိုင်တော့တာတွေလည်း ရှိလာတယ်။ အဲဒါကြောင့် စာအုပ်အသစ်တွေက စီနီယာတွေနဲ့ ပထမအခန်းကကျောင်းသားတွေအတွက်ဖြစ်ပြီး သူတို့ပြီးမှ ဒုတိယအခန်းကလူတွေဆိုတဲ့ စည်းမျဥ်းတစ်ခုက အလိုအလျောက်ပေါ်လာခဲ့တယ်။
ချန်ကျန်းက ဒီကျောင်းတော်ကိုရောက်တာ အချိန်တစ်ခုလောက်ရှိနေပြီ။ အကြောင်းအရင်း အတိအကျတော့ မရှိပေမဲ့ သူကဘယ်တုန်းကမှ စီနီယာအကြီးတန်းတွေထဲ အသိအမှတ်အပြုမခံရဘဲ အဟောင်းဆုံး အစုတ်ဆုံးဆိုတဲ့စာအုပ်တွေသာ သုံးခဲ့ရတာ။ အခုမှ ဘယ်လိုဖြစ်လို့ ဟယ်မင်းမျက်စိထဲ အရေးပါပြီး ရာထူးတိုးသွားသလဲ မသိဘူး။
ဒါပေမဲ့ မောက်ပါ့သိုရဲ့စကားတွေကို ထည့်စဥ်းစားပြီး ဟယ်မင်းရဲ့လေသံနဲ့ အပြုအမူကို သတိထားကြည့်ရင်တော့ ဒီလူက သူမကျေနပ်လို့ အာဏာသုံးပြီး အနိုင်ကျင့်နေတယ်ဆိုတာ သိသာတယ်။
အမြဲတမ်း မတရားတာကို လက်ပိုက်ကြည့်မနေနိုင်တဲ့ မောက်ပါ့သိုက အခုလည်း ဟယ်မင်းနဲ့ တစ်ပွဲတစ်လမ်းနွှဲဖို့ပြင်လိုက်ပေမဲ့ ရွှီထင်းရှန်းက ဆွဲလိုက်လို့သာ အရှိန်ပျက်သွားရတာ။
“ထားလိုက်ပါတော့ လေ့လာဖို့စာအုပ်ရတာနဲ့တင် တော်ပါပြီ ဒီကိစ္စလေးအတွက် ရန်ဖြစ်နေစရာမလိုပါဘူး”
သူက သူရတဲ့စာအုပ်အဟောင်းလေးတွေကိုပဲ အိတ်ထဲထည့်သိမ်းပြီး မောက်ပါ့သိုကို ဆွဲခေါ်လာတော့ လီသာ့ထျန်လည်း အနောက်ကလိုက်လာခဲ့တယ်။ သူတို့အပြင်ရောက်တော့မှ မောက်ပါ့သိုက မကျေမချမ်းနဲ့ ပြောတယ်။
“ထင်းရှန်း မင်းဘာလို့ငါ့ကို တားလိုက်တာလဲ၊ အဲဒီကောင်က ငါ့ကိုမကျေနပ်လို့ တမင်လုပ်နေတယ်ဆိုတာ အသိသာကြီးပဲ။ အဲဒါကို လက်မခံတဲ့အပြင် မင်းနဲ့ချန်ကျန်းကိုတောင် တစ်ဆောင်ထဲသားတွေ သွေးကွဲအောင် ရန်တိုက်လိုက်သေးတယ်”
“မင်း အဲဒါတွေတောင် နားလည်နေရင် ဘာလို့သူနဲ့ဆက်ပြီး ငြင်းခုံနေမှာလဲ။ ပြီးတော့ အဲဒီစည်းမျဥ်းက တကယ်လည်းရှိတယ်။ မင်းကလည်း သူနဲ့ဆက်ငြင်းနေမယ်ဆိုရင် နောက်ဆုံး မင်းအပြစ်ဖြစ်သွားမှာပဲ”
“ဒါပေမဲ့ ချန်ကျန်းက အရင်ကတည်းက စာအုပ်အစုတ်တွေပဲ သုံးနေကျလေ”
“အဲဒါဆိုလည်း သူတစ်ခါလောက် အကောင်းရသွားတော့ရော ဘာဖြစ်လဲ။ ဘယ်လိုမဆို ဘယ်သူမှ ဒီလိုဆက်ဆံမခံရသင့်ဘူးလေ”
ရွှီထင်းရှန်းက အပြုံးလေးနဲ့ပြောနေပေမဲ့ သူ့လေသံထဲမှာ ခံစားချက်တချို့ ပါဝင်နေတယ်။ ရွှီထင်းရှန်းက အဲဒီအိပ်မက်ကို ပြန်တွေးလိုက်မိပြီး အိပ်မက်ထဲက ‘သူ’ကလည်း ချင်းဟယ်ကျောင်းတော်ကို စဝင်ဝင်ချင်းတုန်းက အမြဲတမ်း အနိုင်ကျင့်ခံရပြီး အပယ်ခံဖြစ်ခဲ့တာ။
အဲဒီတုန်းက သူ့ကိုကျောင်းထားပေးဖို့အတွက် ကျောက်အာက သူမလက်ထဲမှာရှိသမျှ ငွေအားလုံး သုံးခဲ့တာကြောင့် တခြားလိုအပ်တဲ့ အင်္ကျီအဝတ်အစားနဲ့ ကျောင်းလွယ်အိတ်တွေ မဝယ်နိုင်တော့ဘူး။
နွမ်းလျလျတောသားတစ်ယောက်က ခမ်းနားတဲ့မြို့ကျောင်းရောက်သွားတော့ ဝတ်နိုင်စားနိုင်သူတွေရဲ့ အထင်သေးကဲ့ရဲ့ခြင်းခံရတာ မဆန်းပါဘူး။ သူ့မှာ ကြေးတစ်ပြားတောင် မရှိတဲ့အတွက် ရွှီထင်းရှန်းက ကျောင်းကကျွေးတဲ့ပေါက်စီနဲ့ ထမင်းသာ စားခဲ့ပြီး အရံဟင်းတစ်ပွဲတောင် မမှာစားရဲဘူး။
ဒီလိုဆိုးရွားတဲ့ဆက်ဆံပုံတွေရဲ့အစက သူဆင်းရဲလို့တင်မဟုတ်ဘဲ ကျောင်းကို အရင်ရောက်နေတဲ့ ရွှီကျွင်းခိုင်ရဲ့ကျေးဇူးတွေလည်း အများကြီးပါတယ်။ ရွှီကျွင်းခိုင်က သူ့ထက်အရင်စောတက်ခဲ့တာကြောင့် အတန်းဖော်တွေကြား ရွယ်တူတချို့နဲ့ ရင်းရင်းနှီးနှီးပေါင်းသင်းနေပြီ။
ရွှီကျွင်းခိုင် ဖြန့်ထားတဲ့စကားတွေကြောင့် တစ်ကျောင်းလုံးက သူ့မှာငယ်ငယ်ကတည်းက သဘောတူထားတဲ့ တောသူမတစ်ယောက်ရှိပြီး အဘိုးအဘွားတွေ မေ့လဲတဲ့အထိ ဆိုးသွမ်းသောင်းကျန်းခဲ့တယ်ဆိုတာတွေကို မျက်စိစုံမှိတ်ယုံနေခဲ့တယ်။
လူတိုင်းက သူ့ကိုဆို အထင်သေးတယ်။ စက်ဆုပ်တယ်။ သူ့ရဲ့မပြည့်စုံမှုကိုတောင် ထိုက်တန်တယ်လို့ မှတ်ချက်ပြုကြတယ်။ ကျောက်အာရဲ့လုပ်ငန်းလေးက တိုးပွားလာတာနဲ့ သူလည်း လက်ထဲပိုက်ဆံမရှားတော့ပေမဲ့ အားလုံးရဲ့ ဒီထင်မြင်ချက်ကြီးက သူချင်းဟယ်ကျောင်းတော်က မထွက်မချင်း ကျန်ရစ်နေတုန်းပဲ။
30 04
ရွှီထင်းရှန်းက သူကိုယ်တိုင်တောင် မသိလိုက်ခင် ချန်ကျန်းကို ကိုယ်ချင်းစာပေးနေမိမှန်း သိလာတယ်။ သူ ချန်ကျန်းကို စတွေ့တဲ့အချိန်ကတည်းက လိုတာထက် ပိုအကဲခတ်နေမိတာ။ ဖြစ်ချင်တော့ ချန်ကျန်းက သူအိပ်မက်ထဲမှာမြင်တွေ့ခဲ့ရတဲ့ ‘သူ’နဲ့အဖြစ်ချင်းသွားတူနေလို့ကိုး။
သုန်မှုန်တာရော အထင်သေးခံရတာရော မပြည့်စုံတဲ့ဘဝကအစ တူနေတာ။
“မင်းမသိပါဘူး …”
မောက်ပါ့သိုက တစ်ခုခုပြောချင်ပေမဲ့ ရုတ်တရက်ကြီး တန့်သွားတယ်။ ဘာလို့ဆို ချန်ကျန်းက အခုလေးတင်ရထားတဲ့ စာအုပ်သစ်တစ်ဆက်ကို ပွေ့ပြီး သူတို့နားက ဖြတ်လျှောက်သွားလို့ပဲ။ ထုံးစံအတိုင်း ချန်ကျန်းက သူတို့ကို မသိချင်ယောင်ဆောင်နေပေမဲ့ ရွှီထင်းရှန်းကတော့ ငုံ့နေတဲ့ခေါင်းအောက်က မသိမသာ မော်ကြည့်လာတဲ့မျက်ဝန်းတွေကို ဖမ်းမိလိုက်တုန်းပဲ။
လူမိသွားတဲ့အခါ ချန်ကျန်းက ချက်ချင်းမျက်နှာလွှဲပစ်လိုက်တယ်။ ဆတ်ခနဲခါလိုက်တဲ့ခေါင်းကြောင့် မျက်နှာပေါ်မှာအုပ်ကျနေတဲ့ ဆံပင်အချို့က လွင့်သွားပြီး သူ့မေးရိုးအောက်မှာ ပုန်းကွယ်နေတဲ့ အနီရောင်အမာရွတ်တစ်ခုကို ရွှီထင်းရှန်း မထင်မှတ်ဘဲ တွေ့လိုက်ရတယ်။
ဖြတ်ခနဲမြင်လိုက်ရတဲ့ ဒီဒဏ်ရာက သူ့ကို တစ်စုံတစ်ယောက်ကို သွားသတိရစေတယ်။ အဲဒီအိပ်မက်ထဲမှာ အရမ်းထူးချွန်တဲ့လူတစ်ယောက် ပေါ်လာဖူးတယ်။ အဲဒီတုန်းက အိပ်မက်ထဲက ‘သူ’က နယ်မြို့လေးကနေ မြို့တော်ကြီးကို ရွှေ့ပြောင်းကာစ ကြီးမားတဲ့အပြောင်းအလဲကို ရင်ဆိုင်နေရတဲ့အချိန် သူ့ဘဝမှာ သုညဖြစ်ခဲ့တဲ့ကာလလို့လည်း ပြောလို့ရတယ်။
အဲဒီတုန်းက ထိုလူက နန်းတွင်းစာမေးပွဲမှာ ထိပ်ဆုံးအဆင့်ဝင်ခဲ့တဲ့ နာမည်ကျော် ကျွမ်းယွမ်တစ်ယောက် ဒါတင်မကသေးဘဲ သူက အမတ်ချုပ်ကြီးစွီရဲ့သမက်လည်း ဟုတ်သေးတယ်။ အားလုံးက ခြေတံလက်တံရှည်တဲ့ ယောက္ခထီးရဲ့ကောင်းမှုကြောင့် အောင်မြင်နေတဲ့သူလို့လည်း ပြောကြတယ်။
အမတ်ချုပ်ကြီးစွီက သူ့*ဆရာနဲ့ ကမ္ဘာမကျေရန်သူတွေမို့ အိပ်မက်ထဲက ရွှီထင်းရှန်းက တစ်နေ့တော့ သူဒီလူငယ်လေးနဲ့ ထိပ်တိုက်တွေ့ဦးမယ်ဆိုတာ ကြိုမှန်းမိပြီးသား။
(*ဒီနေရာမှာ အရင်ပိုင်းက သဘာပတိလို့ ပြန်ထားတဲ့လူကို ဆိုလိုတာဖြစ်ပြီး မင်နဲ့ချင်မင်းဆက်တွေမှာ ကျင်းရှီနဲ့ ကျူးရန်တို့ရဲ့အဖြေလွှာတွေကို စစ်ပေးရတဲ့ စာစစ်မှူးပုံစံမျိုးပါ)
တကယ်လည်း နောက်ဆုံးမှာ သူတို့တည့်တည့်တွေ့ခဲ့ပါတယ်။ ဒီထက်ပိုပြောရမယ်ဆိုရင် အဲဒီလူငယ်လေးက အိပ်မက်ထဲက ‘သူ’ရဲ့ ဘဝတစ်ဝက်လောက်မှာ အကြီးမားဆုံး ပြိုင်ဘက်ဖြစ်ခဲ့တာ။ သို့သော် ထိုလူ့နာမည်က ချန်ကျန်းမဟုတ်ဘဲ ချန်ဟွမ်းကျီဖြစ်နေတယ်။
ရွှီထင်းရှန်းက သူ့အိပ်မက်ထဲမှာ နန်းတွင်းလွှတ်တော်ထဲက လူအများစုပါးစပ်မှာ သူတို့နှစ်ယောက်က ဇာတိတူပြိုင်ဘက်တွေဆိုတဲ့နာမည်က ပျံ့လွင့်နေပေမဲ့ သူကသာ ဘယ်တုန်းကမှ အာရုံထဲမထည့်ခဲ့တာ မှတ်မိပါသေးတယ်။
နောက်မှ သူဒီချန်မျိုးရိုးရဲ့နောက်ကြောင်းကို စုံစမ်းကြည့်လိုက်တော့ လူငယ်လေးက နက္ခတ်မကောင်းတဲ့အချိန်မှာ မွေးဖွားလာပုံရတယ်။ သူက သူ့တစ်မိသားစုလုံးကို မီးဘေးမှာ ဆုံးရှုံးလိုက်ရတာဖြစ်နေတယ်။
ချန်ကျန်း ချန်ဟွမ်းကျီဆိုတာ သူပဲဖြစ်ရမယ်။
“ထင်းရှန်း … မင်း သူဘာလုပ်ခဲ့သလဲဆိုတာ မသိပါဘူး”
ကိုယ်ပိုင်အတွေးယာဥ်ကြောထဲနစ်နေတဲ့ ရွှိထင်းရှန်းက အခုမှ နောက်ဆုံးစကားတစ်ခွန်းကို မှီလိုက်ပြီး အလိုလို မေးမိလိုက်တယ်။
“သူက ဘာလုပ်ခဲ့လို့လဲ”
မောက်ပါ့သိုက ခြေထောက်ကိုဆောင့်ကြီးအောင့်ကြီး ကြမ်းပြင်ပေါ် ဆောင့်ချလိုက်တယ်။
“တော်ပြီ သူများအတင်းပြောတာ မကောင်းဘူးဆိုပေမဲ့ မင်းကိုတော့ ထပ်ပြီး မပြောပြလို့မရတော့ဘူး။ မနှစ်တုန်းက ငါတို့သုံးယောက်နဲ့ ဝမ်ချီလို့ခေါ်တဲ့တစ်ယောက် အခုအခန်းမှာပဲ အတူတူနေကြတာ။ ဝမ်ချီက ဒီနှစ်တော့ ကျောင်းမတက်ဘူးလား မသိဘူး။ ကဲ ထားပါ ဘာပဲဖြစ်ဖြစ် သူကလွဲရင်ကွာ ငါတို့သုံးယောက်လုံးက မချမ်းသာတောင် နည်းနည်းတော့ ပြေလည်ကြတယ်”
30 05
“သူ့မိသားစုက ဆင်းရဲလွန်းလို့ မကြာခဏ ကျောင်းလခနဲ့ ထမင်းဖိုးတွေ အကြွေးတင်နေတတ်တာ။ အဲဒါကလည်း အဓိကမဟုတ်ပါဘူး တကယ့်အကြောင်းအရင်းက ငါတို့သုံးယောက်လုံးရဲ့ ထမင်းစားလက်မှတ်တွေ ပျောက်ပျောက်သွားတာပဲ။ အစကတော့ ဘယ်သူမှသတိမထားမိပေမဲ့ တစ်နေ့ သာ့ထျန်က အခုမှလက်မှတ်အသစ်တွေ လဲလာပြီး သူ့အံဆွဲထဲ ထည့်ထားခဲ့တာ နောက်တော့ အဲဒါတွေအားလုံး ပျောက်သွားတော့တာပဲ။ အဲဒီတော့မှ ငါတို့ထဲမှာ သူခိုးရှိနေပြီဆိုတာသိလိုက်တာ”
သူက နာမည်တပ်မပြောတောင် ချန်ကျန်းကို သူခိုးလို့ ထင်မှတ်နေပုံရတယ်။
“အဲဒီတုန်းက ငါက တည့်ရှင်းဖို့လုပ်ပေမဲ့ သာ့ထျန်က သက်သေမရှိဘဲ စွပ်စွဲတာမကောင်းဘူး။ ဒီစွပ်စွဲချက်ကြီးက အရမ်းပြဿနာတက်နိုင်တယ်ဆိုလို့ ငြိမ်လိုက်ရတာ။ ကျောင်းအုပ်ကြီးက သူ့ကျောင်းသားတွေမှာ ကိုယ်ကျင့်တရားနဲ့ ဖြောင့်မတ်မှန်ကန်မှုကို အကြည့်ဆုံးပဲ။ အဲဒါကြောင့် ဒီကိစ္စသာ ပေါ်သွားရင် သူကျောင်းထုတ်ခံရမှာကျိန်းသေတယ်။ သူ့မိသားစုနောက်ခံကလည်း မပြည့်စုံတော့ နောက်တစ်ကျောင်းပြန်တက်ဖို့ လွယ်မှာမဟုတ်ဘူး။ နောက်နေ့ကျ ငါတို့သူ့ကို အနီးကပ်စောင်ကြည့်ကြတယ်။ သူ ဘာမှထပ်မလုပ်တော့တာမြင်မှ ငါတို့လည်း ဒါကိုလျှော်ပေးလိုက်တာ။ ဒါပေမဲ့ သူ့ကိုတော့ မခေါ်ကြတော့ဘူး”
ရွှီထင်းရှန်းက ခဏလောက် တန့်နေပြီးမှ ရုတ်တရက်ထမေးတယ်။
“ဘာလို့ သူခိုးတာလို့ သေချာနေတာလဲ”
“သူမှမဟုတ်ရင် ဘယ်သူရှိမှာလဲ”
မောက်ပါ့သိုပြောတာလည်း မမှားပါဘူး။ လေးယောက်စလုံးမှာ ချန်ကျန်းက အဆင်းရဲဆုံးမို့ သူမှမဟုတ်ရင် ဘယ်သူဖြစ်မှာလဲ။
“ဒီနေ့ နေ့လယ် ထမင်းစားဆောင်မှာ သူ့ကိုမတွေ့ခဲ့တာ သတိထားမိတယ်မလား။ သူက တစ်နေ့ကို နှစ်နပ်ပဲစားတာ နေ့လယ်စာ မစားဘူး”
မောက်ပါ့သိုက ထပ်ဖြည့်ပြောတော့ ရွှီထင်းရှန်းက အပြုံးပါးပါးနဲ့ “ဘာပဲဖြစ်ဖြစ် ငါကတော့ သူလုပ်တယ်လို့ မထင်ဘူး”
“ဘာလို့လဲ”
“ဒီတိုင်း ခံစားမိတာ”
တကယ်လည်း အလိုအလျောက် ဒီလို ခံစားမိလာတာ။ ကြည့်ရတာ အိပ်မက်ထဲက ပုံရိပ်တွေရဲ့ လွှမ်းမိုးမှုကြောင့် ထင်ပါရဲ့။ မောက်ပါ့သိုက သူ့ကို ထပ်သိမ်းသွင်းဖို့ကြိုးစားပေမဲ့ လူတွေဖြတ်သွားဖြတ်လာများလာတာနဲ့ ဒီခေါင်းစဥ်ကို အစမဖော်တော့ဘူး။
သူတို့သုံးယောက် အခန်းထဲပြန်ရောက်လာတော့လည်း ချန်ကျန်းက သူ့စားပွဲမှာ စာလုပ်နေပြန်တယ်။ နှစ်ဖက်စလုံးက ဘယ်သူမှဘာမှမပြောကြဘူး။ တကယ်တော့ အားလုံးက ကိုယ့်စာအုပ်ကိုယ် သိမ်းဆည်းနေရတာနဲ့ တစ်ယောက်နဲ့တစ်ယောက် စကားတောင်လှည့်မပြောဖြစ်ကြတာပါ။
“ငါက အဲဒီစာအုပ်အဟောင်းတွေ သုံးရတာ ကျင့်သားရနေပြီ၊ အဆင်မပြေရင် ငါ့ဟာနဲ့လဲပေးလို့ရတယ်”
ရုတ်တရက် စိမ်းသက်ပြီး ကွဲအက်တဲ့အသံတစ်ခု ထွက်လာတယ်။ ချန်ကျန်းဆီကပဲ။ သူက ရွှီထင်းရှန်းကို အလေးအနက်ကြည့်နေပြီး သူ့ကမ်းလှမ်းချက်ကလည်း စိတ်ရင်းနဲ့ဖြစ်ပုံရတယ်။ ရွှီထင်းရှန်းက သူ့ရဲ့ စာရွက်တွေပြုတ်နေတဲ့ စာအုပ်တွေကို ဂရုတစိုက်လေး စီနေရာက လှည့်ကြည့်တယ်။
စာအုပ်တွေက ဟောင်းနွမ်းနေပေမဲ့ သူကတော့ အတော်လေး သဘောကျတယ်။ အကြောင်းကတော့ စာမျက်နှာတိုင်းလိုလိုမှာ အရင်ပိုင်ရှင်တွေချန်ခဲ့တဲ့ မှတ်စုအတိုလေးတွေရှိနေလို့ပဲ။ တချို့က မှင်တွေပျက်နေပေမဲ့ တချို့ကတော့ ထင်ရှားနေတုန်းပဲ။ ဒီကနေတစ်ဆင့် ရွှီထင်းရှန်းက လူအနည်းငယ်ရဲ့ မတူညီတဲ့ရှုထောင့်တွေကို သင်ယူလိုက်ရတယ်။
ဘာပဲဖြစ်ဖြစ် ချန်ကျန်းက အဲဒီတုန်းက အဆင့်တစ် ကျွမ်းယွမ်ဖြစ်ပေမဲ့ သူကတော့ ၂၁နေရာမှာ ဒုတိယပဲ ရခဲ့တယ်။
“ရပါတယ် ဒီစာအုပ်တွေကလည်း အရမ်းမဆိုးဘူးလို့ ထင်တယ်”
30 06
အပျင်းကြီးတယ်ပဲပြောပြော ရွှီထင်းရှန်းကတော့ သူများအားစိုက်ထုတ်ထားတဲ့ အရာတွေကို အဆင်သင့်ခူးခပ်စားလိုက်တဲ့အပေါ် အပြစ်ရှိတယ်လို့ မခံစားရပါဘူး။ တကယ်လို့ ဒါတွေမှတ်ခဲ့တဲ့သူက ချန်ကျန်းဆို နောက်တစ်ခေါက်လည်း သူထပ်ရေးနိုင်မှာပဲလေ။
လောလောဆယ် သူ ရွှီထင်းရှန်းက အခုမှကျောင်းစတက်တဲ့ အသစ်လေးဖြစ်နေတာ။ သူ့မှာအိပ်မက်ထဲက မှတ်ဉာဏ်တွေရှိရင်တောင် တခြားလိုအပ်တာတွေ အများကြီးရှိနေတုန်းပဲ။ ချန်ကျန်းက တုံ့ဆိုင်းသွားပေမဲ့ ဘာမှဆက်မပြောတော့ဘဲ ခေါင်းငုံ့ပြီး စာပဲပြန်လုပ်နေလိုက်တယ်။
မကြာခင် ညစာစားရမဲ့အချိန်ရောက်လာခဲ့တယ်။ ချင်းယွမ်ကျောင်းတော်ရဲ့အချိန်စာရင်းက အတော်လေး သာမန်ပါပဲ။ နေထွက်ချိန်မှာ နံနက်စာစားမယ် နေဝင်ချိန်မှာ ညစာစားမယ်။ ဒီနေ့ညစာကတော့ ပန်းဂျုံနဲ့ပြောင်းနှံရောထားတဲ့ ခေါက်ဆွဲဖြစ်ပြီး ဂျုံအမျိုးမျိုးကို ရောစပ်ထားတဲ့ ပေါက်စီတွေလည်း တစ်ပုံရှိနေတယ်။
သူတို့ကတော့ ညသန်းခေါင်ဗိုက်ဆာတတ်တဲ့ ကျောင်းသားတွေအတွက် လုပ်ပေးထားတာမို့ စဥ်းစားပေးတတ်တယ်လို့ ပြောလို့ရတယ်။ ဒီတစ်ခေါက်တော့ ချန်ကျန်းလည်း ထမင်းစားဆောင်ကို ရောက်လာတယ်။
ဒါပေမဲ့ သူက ပုံမှန်အတိုင်းပဲ သူ့အစားအသောက်ယူပြီးတာနဲ့ လွတ်နေတဲ့ထောင့်မှာ ဝင်ထိုင်ပြီး ဘယ်သူ့ကိုမှ မကြည့်သလို စကားလည်းမပြောဘဲ တိတ်တဆိတ်စားသောက်နေတယ်။ စားသောက်ပြီးတော့ သူတို့ အဆောင်ပြန်လာတဲ့အချိန်မှာပဲ ကျောင်းစောင့်က လက်ထဲကြက်ဥတစ်ခြင်းနဲ့အတူ ရောက်လာတယ်။
“မင်းကို မနက်ကလာသွားတဲ့ မိန်းကလေးကပဲ ဒါတွေလာပေးသွားတယ်”
ရွှီထင်းရှန်းက ကမ်းပေးလာတဲ့ ကြက်ဥခြင်းလေးကို လက်ခံလိုက်ပြီး မောက်ပါ့သိုကတော့ စပ်ဖြီးဖြီးနဲ့ စတော့တယ်။
“ယို ယို ယို့ အဲဒါ မင်းရဲ့ဇနီးလောင်းလေးပဲ မလား။ အယ် အယ် သူက မင်းအတွက် ကြက်ဥတွေတောင် တကူးတက လာပို့ပေးပြန်ပြီနော်။ ဟီးဟီး”
“အေးပါ မျက်နှာပြောင်မနေနဲ့တော့”
ရွှီထင်းရှန်းက သူ့အခန်းထဲအထိ ဥခြင်းကိုသယ်လာခဲ့ပြီး မောက်ပါ့သိုကတော့ ‘သူ့ဇနီးလောင်းလေး ပို့ပေးလိုက်တဲ့ဥတွေကို စားချင်တယ်’ဆိုကာ အနောက်ကနေ စနောက်ရင်း လိုက်လာတယ်။ ရွှီထင်းရှန်းကလည်း ကပ်စေးနည်းတတ်တဲ့လူမျိုးမဟုတ်လို့ ကြက်ဥ ၁၀လုံးထုတ်ပေးလိုက်တယ်။
“စား စား ဒါပေမဲ့ တကယ့်မေးခွန်းက ဘယ်လိုစားရမလဲဆိုတာပဲ”
“အောင်မယ်လေး မပူပါနဲ့ ငါ့မှာနည်းရှိတယ်”
မောက်ပါ့သိုက ရွှီထင်းရှန်းရဲ့ အဖိုးတန်ဥလေးတွေကို သူ့အင်္ကျီအပိုတစ်ထည်ထဲ သေချာပိုက်ထည့်ပြီးတဲ့နောက် မနက်ကျယာဂုထဲထည့်စားလို့ရပြီလို့ ဝမ်းသာအားရ အော်ဟစ်ရင်း တစ်နေရာကိုအပြေးထွက်သွားတယ်။
သူပြန်လာဖို့ ဘယ်လောက်မှမကြာလိုက်ဘဲ အဲဒီတော့မှ ရွှီထင်းရှန်းက သူရေနွေးခန်းကို သွားပြီး အလုပ်သမားတစ်ယောက်ယောက်ကို ကြက်ဥ သွားပြုတ်ခိုင်းလိုက်တယ်ဆိုတာ သိလိုက်ရတယ်။ ပြုတ်ပြီး ရေအေးထဲပြန်စိမ်ထားတဲ့ ကြက်ဥညိုညိုတွေက အစကတော့ ကိုင်ကြည့်လိုက်ရင် အေးပေမဲ့ နောက်ကျ ခွာရင်းခွာရင်း အငွေ့တထောင်းထောင်း ထလာတယ်။
မောက်ပါ့သိုက ရွှီထင်းရှန်းနဲ့ အရမ်းရင်းနှီးသလိုသာ လုပ်နေတာ တကယ်တမ်းကျ သူလည်း လောဘမကြီးပါဘူး။ တစ်လုံးယူပြီးတာနဲ့ ကျန်တာတွေကို ပိုင်ရှင်ဆီ ပြန်ထိုးပေးလိုက်တယ်။ အဲဒီအခါ ရွှီထင်းရှန်းက သူ့အတွက်တစ်လုံး လီသာ့ထျန်အတွက် တစ်လုံးပေးပြီးတာနဲ့ ကျန်တာကိုသိမ်းထားဖို့ ပြင်လိုက်ပေမဲ့ ခဏတွင်းချင်းမှာပဲ သူစိတ်ပြောင်းသွားတယ်။
အဲဒီလိုနဲ့ သူက ကြက်ဥတစ်လုံးကိုင်ပြီး ထောင့်နားမှာ စာကုန်းလုပ်နေတဲ့ ချန်ကျန်းဆီ လျှောက်သွားရင်း လှမ်းပေးလိုက်တယ်။ အခွံခွာထားပြီးသား ဖြူဖွေးဖွေးဥလေးက မီးရောင်အောက်မှာ တောက်ပစိုလဲ့နေတာကြောင့် ချန်ကျန်းလည်း မထိန်းနိုင်ဘဲ အလိုအလျောက် လက်လှမ်းယူလိုက်မိတယ်။
သူ အသိပြန်ဝင်လာတဲ့အချိန်မှာတော့ ရွှီထင်းရှန်းက သူ့နေရာသူ လျှောက်သွားနှင့်နေပြီ။ ကြည့်ရတာ အခုနတုန်းက စာအုပ်လဲပေးမယ်လို့ ပြောထားတဲ့အခံကြောင့် ထင်ပါတယ် ဒီတစ်ခါတော့ မောက်ပါ့သိုတို့နှစ်ယောက်က ဘာမှပြောမလာဘူး။
အခန်းလေးက အတော်တိတ်ဆိတ်နေတယ်။ ချန်ကျန်းကလည်း ဘာမှမပြောဘဲ ခေါင်းငုံ့ကာ စာဆက်လုပ်နေတယ်။ ဒါပေမဲ့ သူ့လက်ထဲက ကြက်ဥလေးကိုတော့ အဆက်မပြတ် နယ်နေမိတယ်။
……………..
******