အခန်း (၃၁-၃၂)
Vol. 4 Ch. 31-32
31 01
အခန်း (၃၁)
မိုးလင်းလို့ ကြက်တွန်သံစဲတာနဲ့ အဆောင်က ကျောင်းသားတွေ အကုန်အိပ်ရာထကြပြီ။
ကျောင်းအုပ်ကြီးလင်းမြောင် ဦးဆောင်ပြီး ပညာရှိကြီးတွေကို ပူဇော်ကန်တော့ကြတယ်။ ပြီးတော့ ကျောင်းသားတွေက ဆရာတွေကို ဂါရဝပြုကြတယ်။ အဲဒီလိုနဲ့ မနက်ခင်း အခမ်းအနား အစီအစဉ် ပြီးဆုံးသွားတာပေါ့။
အဲဒါပြီးတော့ အားလုံး စာသင်ဆောင်ကို ပြန်လာကြတယ်။
ဆရာ မရောက်သေးဘူးဆိုတော့ အားလုံးက တိတ်ဆိတ်ငြိမ်သက်ပြီး ခေါင်းငုံ့ စာဖတ်နေကြတယ်။ စာသင်ဆောင်တစ်ခုလုံး တိတ်ဆိတ်နေပြီး စာရွက်လှန်သံ တရှပ်ရှပ်ကိုပဲ ကြားနေရတယ်။
ဒါပေမဲ့ ဘေးလူတွေနဲ့မတူဘဲ ကွဲပြားနေသူကတော့ ရွှီထင်းရှန်းပါပဲ။ တခြားသူတွေက စာဖတ်နေကြပေမဲ့ သူကတော့ စာကူးရေးနေတာ။
သူက စားပွဲခုံကို အင်္ကျီလက်စနဲ့ သပ်ရပ်အောင် သုတ်လိုက်တယ်။ ပြီးတော့ ခြင်းတောင်းကိုဖွင့် စာရေးကိရိယာတွေ ထုတ်လိုက်တယ်။ မင်အိုးကို နေရာချ မင်တောင့်နဲ့ ရေထည့်ထားတဲ့ ဝါးဘူးလေးကို ထုတ်ပြီး မင်အိုးထဲ ရေနည်းနည်းထည့်ပြီး မင်သွေးလိုက်တယ်။
အရင်တုန်းက ရွှီထင်းရှန်းဟာ တာ့ရွှယ်ကျမ်းတစ်အုပ်နဲ့ ကျုံးယုံကျမ်း တစ်အုပ်ကို ကူးရေးပြီးသွားပြီ။ အခု သူကူးနေတာကတော့ လွန်းယွီပေါင်းချုပ်တဲ့။ ဒီပေါင်းချုပ်ကျမ်းက အရင်နှစ်အုပ်နဲ့မတူဘဲ စုစုပေါင်း ဆယ်အုပ်တောင် ရှိတာဆိုတော့ ရွှီထင်းရှန်းမှာ ဒုတိယမြောက် စာအုပ်ကိုပဲ ရောက်သေးတယ်။
မင်သွေးပြီးတာနဲ့ သူက စုတ်တံမှာ မင်တို့ပြီး ပတ်ဝန်းကျင်ကို မေ့လျော့သွားတဲ့အထိ အာရုံစိုက်ပြီး စာကူးရေးတော့တာပဲ။
သူ့လက်ရေးက သိပ်မမြန်လှဘူး။ ဘာလို့လဲဆိုတော့ သူက တစ်ဖက်က စာကူးရင်း တစ်ဖက်ကလည်း အတိတ်ဘဝက အမှတ်ဉာဏ်တွေကို ပြန်ဆက်နေရလို့လေ။ တာ့ရွှယ်ကျမ်းကို ကူးရေးပြီးတုန်းက သူ ပြန်ရွတ်ကြည့်ဖူးတယ်။ အပြည့်အစုံ မရပေမဲ့ ငါးပုံခြောက်ပုံလောက်တော့ မှတ်မိနေတာ တွေ့ရတယ်။
စာမေးပွဲဖြေရမယ့် ရှစ်ကျောင်းဖွဲ့ စာစီစာကုံးဆိုတာက စာအုပ်ကြီး လေးအုပ်ထဲက ခေါင်းစဉ်တွေကို အခြေခံထားတာကိုး။ ဒါကြောင့် ပထမဆုံး လုပ်ရမှာက စာအုပ်ကြီးလေးအုပ်ကို အလွတ်ရွတ်နိုင်ဖို့နဲ့ မှတ်စုတွေကို တစ်လုံးမကျန် မှတ်မိနေဖို့ပဲ။
အရင်တုန်းက ရွှီထင်းရှန်းရဲ့ မှတ်ဉာဏ်က သိပ်မကောင်းလှဘူး။ စာလုံးရေ တစ်ထောင်ကျော် လောက်ရှိတဲ့ စာတစ်ပုဒ်ကို မှတ်မိဖို့ တော်တော်လေး ကြိုးစားအားထုတ်ရတယ်။ ဒါပေမဲ့ ဟိုအိပ်မက်ကို မက်ပြီးနောက်ပိုင်းမှာတော့ သူ့မှတ်ဉာဏ်တွေ တရှိန်ထိုး တိုးတက်လာတာ သတိထားမိလိုက်တယ်။ အိပ်မက်ထဲမှာ ယခင်ဘဝက သူ လေ့လာဖူးခဲ့တဲ့ စာတွေဖြစ်နေလို့ အခု ပြန်နွှေးလိုက်ရုံနဲ့ ခရီးရောက်နေတာ ဖြစ်ချင်ဖြစ်မှာပေါ့။
ဒါပေမဲ့ ဒီလောက်နဲ့ မလုံလောက်သေးပါဘူး။ သူက အရင်တုန်းက စာပေလေ့လာမှုကို တော်တော်လေး ပစ်ပယ်ထားခဲ့မိတာဆိုတော့ အခု အခြေခံကနေစပြီး ပြန်ကြိုးစားရမှာ။
မျက်စိတစ်မှိတ်အတွင်းမှာပဲ တစ်နာရီကျော်လောက် ကုန်သွားရော။ အဲဒီတော့မှ ဆရာမုန့်ဝမ်ပေါ် ရောက်လာတယ်။
ဒီဆရာက မနေ့က စာအုပ်ဝေတုန်းက တွေ့ခဲ့ရတဲ့ အဘိုးကြီးလေ။ သူက ဒုတိယအတန်းကို တာဝန်ယူ သင်ပေးမယ့်သူပေါ့။ မောက်ပါ့သို ပြောပြတာတော့ ဒီဆရာက ရှေးရိုးစွဲကြီးပြီး စည်းကမ်းအရမ်းကြီးသတဲ့။ ဒီစာသင်ဆောင်ကို ရောက်လာတဲ့ ကျောင်းသားတွေက အသက်မငယ်ကြတော့ပေမဲ့ ဆရာ့စည်းကမ်းကို ဖောက်ဖျက်မိရင် လက်ဝါးရိုက်ပြီး အပြစ်ပေးတတ်သေးတာ။
ဆရာမုန့်က ရှို့ချိုင်အဆင့် စာအောင်ပုဂ္ဂိုလ်တစ်ဦးဖြစ်ပေမဲ့ အသက်အရွယ် ကြီးရင့်နေပြီ။
'ဆင်းရဲတဲ့ ရှို့ချိုင် ချမ်းသာတဲ့ ကျူရန်' ဆိုတဲ့ စကားပုံ ရှိတယ်မလား။ ရှို့ချိုင်အဆင့် ပညာတတ်တွေက အစိုးရထောက်ပံ့ကြေး နည်းနည်းရနိုင်ပေမဲ့ ချမ်းသာကြွယ်ဝတာမျိုး မရှိကြဘူး။ အခွန်ကင်းလွတ်ခွင့်နဲ့ လုပ်အားပေး ကင်းလွတ်ခွင့်ကလွဲရင် သာမန်လူတွေနဲ့ မထူးခြားလှဘူး။
ဆရာမုန့်က အဲဒီစကားပုံအတွက် အကောင်းဆုံး ဥပမာပဲ။ ကျောင်းကပေးတဲ့ လစာနည်းနည်းနဲ့ မိသားစု စားဝတ်နေရေးကို ဖြေရှင်းနေရတော့ တော်တော်လေး ချို့တဲ့ပုံရတယ်။ အရောင်လွင့်နေတဲ့ သူ့ရဲ့ ဝတ်ရုံစိမ်းရှည်ကြီးကို ကြည့်ရုံနဲ့တင် အခြေအနေကို ခန့်မှန်းလို့ရနိုင်တယ်။
ဒီအကြောင်းတွေကို ရွှီထင်းရှန်း အသေးစိတ် သိနေရတာက အရာရာကို စပ်စုတတ်တဲ့ မောက်ပါ့သိုရဲ့ ကျေးဇူးကြောင့်ပေါ့။
ဆရာမုန့်ရဲ့သင်ပုံသင်နည်းက အတော်လေး စေ့စပ်သေချာပြီး မျက်နှာလိုက်တာမျိုး မရှိဘူး။ သူက စာအုပ်ကြီးလေးအုပ်ထဲက တာ့ရွှယ်ကျမ်းကနေ စသင်တယ်။
31 02
အရင်ဆုံး သူက တစ်ခေါက် ဖတ်ပြတယ်။ ပြီးတော့မှ စာလုံးတစ်လုံးချင်း ဝါကျတစ်ကြောင်းချင်းရဲ့ အဓိပ္ပာယ်တွေနဲ့ ကိုးကားချက်တွေကို ရှင်းပြတယ်။ ကြားထဲမှာ ကျောင်းသားတစ်ယောက်ယောက်ကို ထခိုင်းပြီး ပြန်ရွတ်ခိုင်းတတ်သေးတယ်။
မှန်အောင် ရွတ်နိုင်ရင် ကိစ္စမရှိပေမဲ့ မှားသွားရင်တော့ အဲဒီကျောင်းသားက ရှေ့ထွက် လက်ဝါးဖြန့်ပေးရပြီး ဆရာမုန့်က ပေတံနဲ့ ရိုက်တော့တာပဲ။ စာရေးရတဲ့ ညာဘက်လက်ကို မရိုက်ဘဲ ဘယ်ဘက်လက်ကိုပဲ ရိုက်လေ့ရှိတယ်။
ရွှီထင်းရှန်းက လက်ဝါးရိုက်တဲ့ အကြောင်းကို အရင်က ကြားဖူးပေမဲ့ ဟာသလို့ပဲ ထင်ခဲ့မိတာ။ ငယ်တုန်းကလွဲရင် ဒီအရွယ်ရောက်မှ လက်ဝါး အရိုက်ခံရမယ်လို့ မထင်ထားခဲ့ဘူးလေ။ အခု ကျောင်းစတက်မှပဲ မျက်မြင်ကိုယ်တွေ့ ကြုံရတော့တယ်။
ဒါပေမဲ့ အဲဒီနည်းလမ်းက ထိရောက်တယ်လို့ ဆိုရမယ်။ စောစောက ကျောင်းသားတစ်ယောက် ရွတ်တာ မှားလို့ ပေတံနဲ့ ငါးချက် အရိုက်ခံလိုက်ရတယ်။ အဲဒီနောက်ပိုင်း ဆရာမုန့် ဆက်သင်တော့ ဘယ်သူမှ စိတ်မလွင့်ရဲကြတော့ဘူး။
မူလကတော့ စိတ်လွင့်နေတဲ့သူတွေ များတယ်။ ဘာလို့လဲဆိုတော့ ကျောင်းသားဟောင်းတွေက ဒီတာ့ရွှယ်ကျမ်းကို သင်ဖူးပြီးသားကိုး။ အခု တစ်ခေါက် ထပ်သင်ရပြန်တော့ ငြီးငွေ့မိကြတာ သဘာဝပဲလေ။
“မင်းတို့ကို အစကနေ ပြန်သင်ပေးနေတာ ဒုက္ခပေးနေတယ်လို့ မထင်ကြနဲ့။ ပထမတန်းကို မဝင်နိုင်ဘူးဆိုကတည်းက မင်းတို့စာတွေ မပိုင်နိုင်သေးလို့ပဲ။ စာအုပ်ကြီးလေးအုပ်ဆိုတာ ကျယ်ပြောနက်ရှိုင်းတယ်။ တစ်ခေါက်ဖတ်တာနဲ့ ဆယ်ခေါက်ဖတ်တာ ခံစားနားလည်မှုချင်း မတူနိုင်ဘူး။ အဲဒီအထဲမှာမှ တာ့ရွှယ်ကျမ်းက အရေးကြီးဆုံးပဲ။ ကျမ်းပေါင်းထောင်ချီ ရှိပါစေ ဒီအခြေခံသဘောတရားနဲ့ မကင်းကွာကြဘူး။ တာ့ရွှယ်ကို ပိုင်နိုင်ရင် မင်းတို့နောင်ရေးအတွက် ကောင်းကျိုးတွေ အများကြီး ရှိလာလိမ့်မယ်”
“ကျူးဇီ ပညာရှိကြီး ပြောဖူးတာ ရှိတယ်။ တာ့ရွှယ်ဆိုတာ လူကြီးလူကောင်းတို့ သင်ယူရမယ့် ပညာရပ်တဲ့။ တာ့ရွှယ်ကျမ်းရဲ့ လမ်းစဉ်ကို နားလည်မှသာ ကြီးမြတ်တဲ့ ပညာရပ်တွေကို ဖန်တီးနိုင်မှာ။ သူတစ်ပါးကို အုပ်ချုပ်စီမံချင်ရင် ကိုယ့်ကိုယ်ကိုယ် အရင်ဆုံး ပြုပြင်ပျိုးထောင်ရမယ်။ကိုယ့်ကိုယ်ကိုယ် ပြုပြင်ပြီးမှ မိသားစုကို သိုက်မြိုက်စေမယ် တိုင်းပြည်ကို အုပ်ချုပ်နိုင်မယ် လောကကြီးကို ငြိမ်းချမ်းစေနိုင်မယ်။ကိုယ့်ကိုယ်ကိုယ် ပြုပြင်တယ်ဆိုတာ ဘာလဲ။ အမှန်တရားကို ရှာဖွေခြင်း ဗဟုသုတကို တိုးပွားစေခြင်း စိတ်ရင်းစေတနာ မှန်ကန်ခြင်း စိတ်နှလုံး ဖြောင့်မတ်ခြင်း...”
ဆရာမုန့်က ရှေ့ဆင်မြင့်ထက်မှာ ရေပက်မဝင်အောင် ဟောပြောပို့ချနေတယ်။ စာသင်နေသလို ဆုံးမသွန်သင်နေသလိုပေါ့။
ဒါပေမဲ့ အောက်မှာထိုင်နေတဲ့ ရွှီထင်းရှန်းရဲ့စိတ်ကတော့ တခြားကို ရောက်နေပြီ။ ဆရာမုန့် သင်နေတဲ့ တာ့ရွှယ်ကျမ်း ဆိုတာ ကျူးဇီ ပညာရှိကြီးရဲ့ မူကွဲလေ။ အရင်မင်းဆက် လက်ထက်က ချန်-ကျူး လီသဘောတရား ခေတ်စားလာပြီးနောက်ပိုင်း ဒါက နိုင်ငံတော် အသိအမှတ်ပြု ပညာရပ်ဖြစ်လာခဲ့တယ်။ စာသင်သားတွေက လီသဘောတရားကို သင်ယူရပြီး စာမေးပွဲမှာလည်း ဒါကိုပဲ ဖြေကြရတာ။
ဒါပေမဲ့ အရင်မင်းဆက်လက်ထက်တုန်းက လီသဘောတရားဟာ ဝမ်ယန်မင် ဦးဆောင်တဲ့ ရှင်းသဘောတရားရဲ့ ပြင်းပြင်းထန်ထန် စိန်ခေါ်တာကို ခံခဲ့ရဖူးတယ်။ လီသဘောတရားက အမှန်တရားကို ရှာဖွေခြင်းနဲ့ လူ့ဆန္ဒတွေကို ဖယ်ရှားပြီး ကောင်းကင်တရားကို ထိန်းသိမ်းခြင်းကို ဦးစားပေးတယ်။ ဒါပေမဲ့ ရှင်းသဘောတရားကတော့ မိမိစိတ်သာ ပဓာန လို့ ဆိုတယ်။ ချန်-ကျူးတို့ရဲ့ အယူအဆမှာ လီဆိုတာ လောကကြီးရဲ့ မူလအစဖြစ်ပြီး အရာခပ်သိမ်းက အဲဒီတရားအောက်မှာ ရှိတယ်တဲ့။ ရှင်းသဘောတရားသမားတွေကတော့ မိမိစိတ်သည်သာ လီ ဖြစ်တယ်လို့ ယူဆကြတယ်။
လီသဘောတရားဟာ ထိုးနှက်ချက်တွေကြောင့် တဖြည်းဖြည်း မှေးမှိန်လာပြီး ရှင်းသဘောတရားက နေရာရလာခဲ့တယ်။
ဒါပေမဲ့ လွန်လေသော် ဘေးဖြစ် ဆိုသလိုပဲ နောက်ပိုင်းမှာ ရှင်းသဘောတရားက လမ်းမှား ရောက်သွားရော။ အကောင်းအဆိုး ခွဲခြားစရာမလို သင်ယူလေ့လာစရာ မလိုဆိုတဲ့ အယူအဆတွေ ဝင်လာပြီး စာပေလောကမှာ ပျက်စီးမှုတွေ ဖြစ်လာတယ်။ ရိုးရှင်းတာကို မုန်းပြီး ဆန်းပြားတာကိုပဲ လိုက်စားလာကြတယ်။ ရလဒ်ကတော့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပေမဲ့ ဗဟုသုတမရှိ ခေတ်ကာလကို နားမလည်တဲ့ စာပေသမားတွေ ပေါ်လာတာပဲ။ ဒါကြောင့် ချန်-ကျူး လီသဘောတရားက ပြန်လည်ခေတ်စားလာတာ ဖြစ်တယ်။
တကယ်တော့ ဆရာမုန့် သင်နေတဲ့ တာ့ရွှယ်ကျမ်းက ကျူးရှီး ပြုပြင်ထားတဲ့ မူကွဲသာဖြစ်ပြီး မူရင်းကျမ်း မဟုတ်ပါဘူး။
ဒါပေမဲ့ အရင်မင်းဆက် ပြိုလဲချိန်က စစ်မက်ဖြစ်ပွားတာတွေ မင်းဆက်သစ်ထူထောင်စ အခြေအနေတွေနဲ့ ဧကရာဇ်မင်းတွေရဲ့ အာဏာတည်မြဲရေးအတွက် တင်းကျပ်စွာ ထိန်းချုပ်ပိတ်ပင်မှုတွေကြောင့် အခုဆိုရင် တာ့ရွှယ်မှာ မူရင်းကျမ်းဟူ၍ ရှိသေးကြောင်း သိတဲ့သူ သိပ်မရှိတော့ဘူး။ ရှင်းသဘောတရား ဆိုတာလည်း ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီ။ အနည်းဆုံးတော့ ဆရာမုန့် လို အဆင့်အတန်းရှိသူတွေ သိနိုင်မှာ မဟုတ်ဘူး။
31 03
ရွှီထင်းရှန်း ဒီအရာတွေကို သိနေရတာက အိပ်မက်ထဲမှာ ကြုံခဲ့ရတဲ့ ထူးခြားဖြစ်စဉ်တွေကြောင့်လေ။ အဲဒီအချိန်ကမှ သူက မင်းမှုထမ်းတွေနဲ့ ဧကရာဇ်တို့ကြားက အားပြိုင်မှုဆိုတာ ဟိုးအရင်ကတည်းက စခဲ့ကြောင်း နားလည်ခဲ့ရတာ။
ရှင်းသဘောတရားကို ပိတ်ပင်တားဆီးပြီး ချန်-ကျူး လီသဘောတရားကို နိုင်ငံတော် အသိအမှတ်ပြု ပညာရပ်အဖြစ် ပြန်သတ်မှတ်လိုက်တာကလည်း အဲဒီအားပြိုင်မှုရဲ့ သာဓကတစ်ခုပဲ။
ဘာကြောင့်လဲ။
ရိုးရှင်းတဲ့ ဥပမာတစ်ခု ပြရရင် ရှင်းသဘောတရားက စိတ်ကို အခြေခံတယ်။ ခင်ဗျားက ဧကရာဇ်ဖြစ်ပေမဲ့ ခင်ဗျား ကောင်းမှသာ ကျုပ်စိတ်ထဲက ခင်ဗျားကို အရှင်သခင်အဖြစ် လက်ခံမယ်။ ခင်ဗျား မကောင်းရင် ခင်ဗျားကို အရှင်သခင်အဖြစ် အသိအမှတ်မပြုနိုင်ဘူး။ ဒါမှမဟုတ် အပြင်ပန်းသာ နာခံဟန်ပြပြီး စိတ်ထဲက မလေးစားတာမျိုး ဖြစ်နိုင်တယ်။
ဒါပေမဲ့ ချန်-ကျူး လီသဘောတရားကတော့ အဲဒီလိုမဟုတ်ဘူး။ ခင်ဗျားက ဧကရာဇ်ဖြစ်တာနဲ့ တစ်ပြိုင်နက် ကျုပ်က ကျင့်ဝတ်ဝတ္တရားတွေအရ ခင်ဗျားကို နာခံရမယ်။ ခင်ဗျား ကောင်းတာ ဆိုးတာ အပထား အရှင်သခင် ဖြစ်နေသမျှ ကာလပတ်လုံး နာခံရမယ်။ ဒါက ကောင်းကင်တရား ဖြစ်တယ်။ ဒါကို ဖောက်ဖျက်တဲ့သူက တိရစ္ဆာန်နဲ့ မခြားနားဘူး။ နာခံသူမှသာ သူတော်စင် ဖြစ်မယ်။
ဒါကြောင့် လီသဘောတရား ပြန်လည်ခေတ်စားလာတာက ဆန်းကြယ်တဲ့ ကိစ္စ မဟုတ်ပါဘူး။
စာသင်ဆောင်ထဲမှာတော့ ဆရာမုန့်ရဲ့အသံကလွဲရင် တိတ်ဆိတ်ငြိမ်သက်နေတယ်။
ရွှီထင်းရှန်းရဲ့နှုတ်ခမ်းထောင့်မှာ လှောင်ပြုံးတစ်ခု ချိတ်ဆွဲလိုက်မိတယ်။ လီသဘောတရားတို့ ရှင်းသဘောတရားတို့ ဆိုတာက အာဏာရှိသူတွေ အချင်းချင်း အာဏာလုဖို့ သုံးတဲ့ လက်နက်တွေပါပဲ။
အာဏာရှိသူက သူတစ်ပါးကို နိုင်ထက်စီးနင်း လုပ်နိုင်ပြီး အာဏာမဲ့သူကတော့ ခံရသူသာ ဖြစ်ရမယ်။ အခုလက်ရှိ သူကလည်း သန်းပေါင်းများစွာသော အနိုင်ကျင့်ခံ လူတန်းစားထဲက တစ်ယောက်သာ ဖြစ်တယ်။ ဒါကြောင့် သင်ခိုင်းတာကိုပဲ သင်ယူလိုက်ပါတော့မယ်။ အများကြီး တွေးနေလည်း အပိုပဲလေ။
အဲဒီလို တွေးလိုက်ပြီးတော့ ရွှီထင်းရှန်းဟာ ရှေ့က သင်ကြားပို့ချချက်တွေကို အာရုံစိုက် နားထောင်လိုက်တော့တယ်။
ဆရာမုန့်က နှစ်နာရီကျော်ကြာအောင် စာသင်ကြားပြီးမှ စာအုပ်ပိတ်ပြီး ကျောင်းသားတွေကိုကိုယ်တိုင်လေ့လာဖို့ ပြောတယ်။
စာသင်ကျောင်းကို ရောက်လာရင် ဆရာတွေက စာသင်ကြားပေးရုံကလွဲရင် ကျောင်းသားတွေရဲ့ပညာရေးကို အလွန်အကျွံ ဝင်မစွက်ဖက်ကြဘူး။ တစ်ခေါက် သင်ပေးလိုက်လို့ နားလည်ရင် နားလည် နားမလည်ရင် အတန်းဖော်အချင်းချင်း ဆွေးနွေးတိုင်ပင်တာ ဒါမှမဟုတ် စာအုပ်တွေ ရှာဖွေဖတ်ရှုတာပဲ လုပ်ရတယ်။
ကိုယ့်ဘာသာ လေ့လာတာကပဲ အဓိကပေါ့။ ဒါပေမဲ့ နားမလည်ရင် ဆရာ့ဆီ သွားမေးလို့တော့ ရပါတယ်။
ဆရာမုန့် ထွက်သွားပြီး မကြာခင် သာယာနာပျော်ဖွယ် ခေါင်းလောင်းသံ ပေါ်လာတယ်။ နေ့လယ်စာ စားချိန် ရောက်ပြီ။
ရွှီထင်းရှန်းက စားပွဲခုံကို ရှင်း စာရေးကိရိယာတွေကို ခြင်းတောင်းထဲ ထည့်ပြီး အဆောင်ကို ပြန်သယ်သွားတယ်။ မောက်ပါ့သိုနဲ့ လီသာ့ထျန်တို့ နှစ်ယောက်လည်း သူနဲ့အတူ ပါလာကြတယ်။ သူတို့နှစ်ယောက်ရဲ့ မျက်နှာမှာ စိတ်ပျက်လက်ပျက် အမူအရာတွေ ပေါ်နေတာကြည့်ရင် တာ့ရွှယ်ကျမ်းကို သူတို့ အကြိမ်ကြိမ် သင်ဖူးနေရုံမကဘူး ဆရာမုန့်ရဲ့စကားတွေလည်း သူတို့ခေါင်းထဲ ဝင်ပုံမရဘူး။
သုံးယောက်သား ထမင်းစားဆောင်ကို ရောက်လာကြတယ်။ ဒီနေ့တော့ ဟင်းကောင်းမှာကျွေးမယ့်သူမရှိတာနဲ့ ကိုယ့်ဘာသာ ထမင်းခပ်ပြီး စားပွဲလွတ်တစ်ခုမှာ ဝင်ထိုင်လိုက်ကြတယ်။
ထမင်းစားဆောင်ထဲမှာလည်း အုပ်စုငယ်လေးတွေ ကွဲပြားနေတယ်။ အများစုက ရင်းနှီးသူချင်း စုထိုင် စကားပြောရင်း စားသောက်နေကြတာ။ ဒီအရွယ် ကျောင်းသားတွေအတွက် စားချိန်မပြော အိပ်ချိန်မပြော ဆိုတဲ့ စည်းကမ်းကို လိုက်နာမယ့်သူ မရှိပါဘူး။ မောက်ပါ့သို ပြောသလိုပဲ အရသာမရှိတဲ့ ထမင်းဟင်းကို စားရတာဖြစ်လို့ အမြည်းလုပ်စရာ စကားလေးဘာလေး မရှိရင် ဘယ်လိုလုပ် မျိုချလို့ရမှာလဲ။
အဲဒီအထဲမှာ လူအများ စိတ်ဝင်စားမှု အခံရဆုံးကတော့ ပထမအတန်းက အုပ်စုငယ် နှစ်ခုပါပဲ။ အဲဒီလူဆယ်ယောက်ကျော်က တခြားသူတွေထက် ပညာအရည်အချင်း အများကြီးသာလွန်ပြီး စာအုပ်ကြီးလေးအုပ်နဲ့ ကျမ်းကြီးငါးစောင်ကို သင်ပြီးသားတွေလေ။ အခုဆို သူတို့က စာမေးပွဲဖြေပြီး ဘွဲ့ထူးဂုဏ်ထူးတွေ ရဖို့ ရှစ်ကျောင်းဖွဲ့စာစီစာကုံး ရေးနည်းကို လေ့လာနေကြပြီ။
စာတတ်ပေတတ် ပညာရှင်နဲ့ မူလတန်းအဆင့်ကလေးငယ်တို့ ကွာခြားသလိုပေါ့။ တစ်ဝိုင်းတည်း အတူထိုင်ရင်တောင် ပြောစရာ စကားချင်း တူမှာမဟုတ်ဘူး အဆင့်အတန်းချင်း ကွာခြားလွန်းလှတယ်။
31 04
ရွှီထင်းရှန်း အမြင်မှာတော့ ထမင်းစားဆောင်ရဲ့ အရှေ့ဘက်ထောင့်က အားလုံးရဲ့ အာရုံစိုက်ရာ ဗဟိုချက် ဖြစ်နေတယ်။
အဲဒီနေရာက စားပွဲဝိုင်းတချို့မှာ လူလွတ်နေပေမဲ့ ဘယ်သူမှ သွားမထိုင်ရဲကြဘူး။ ထမင်းခပ်လာတဲ့ ကျောင်းသားတွေက တခြားဝိုင်းတွေမှာ ကျပ်ကျပ်တည်းတည်း တိုးဝှေ့ထိုင်ရင် ထိုင်ကြမယ် အဲဒီနေရာလွတ်ကိုတော့ သွားမထိုင်ကြဘူး။
“ဘာကြည့်နေတာလဲ။ အဲဒါ ယွီဇီယိုနဲ့ ဟူလျန်ရှန် လေ။ တို့ကျောင်းမှာ စာမေးပွဲ အောင်မြင်ပြီးသား ကျောင်းသားဆိုလို့ သူတို့ပဲ ရှိတာ”
မောက်ပါ့သို ပြောနေတာက အလယ်ခေါင်မှာ ထိုင်နေတဲ့ လူငယ်နှစ်ယောက် အကြောင်းပါ။ ကြည့်ရတာ အသက်မကြီးလှသေးဘူး ဆယ့်ခုနစ် ဆယ့်ရှစ်နှစ် ဝန်းကျင်လောက်ပဲ ရှိဦးမယ်။ တစ်ယောက်က စာပေသမား ရုပ်သွင်ရှိပြီး နောက်တစ်ယောက်က အေးဆေးတည်ငြိမ်ပုံ ရတယ်။ အပြင်ပန်း ကြည့်ရုံနဲ့တင် သူတို့ရဲ့အရှိန်အဝါက ဟဲ့မင်ထက် အများကြီး သာလွန်ကြောင်း သိသာနေတယ်။ သူတို့က ဘေးလူတွေနဲ့ စကားပြောနေကြပြီး ထူးထူးခြားခြား အပြုအမူတွေ မလုပ်ပေမဲ့ တစ်ချက်ကြည့်လိုက်ရုံနဲ့ ထင်ရှားပေါ်လွင်နေတယ်။
“စာမေးပွဲ အောင်ပြီးသား ဟုတ်လား”
“ဟုတ်တယ်။ သူတို့နှစ်ယောက်လုံး ထုံရှန်းတွေလေ (ခရိုင်အဆင့် စာအောင်သူ)။ ရှို့ချိုင်အဆင့်ကို တစ်ခါတည်းနဲ့ မအောင်မြင်ခဲ့ပေမဲ့ နောက်တစ်ခါ ဖြေရင်တော့ သေချာပေါက် အောင်မှာပါ” မောက်ပါ့သိုက နားလည်သလိုနဲ့ သူ့ပခုံးကို ပုတ်ပြီး ပြောတယ်။ “အားကျသွားပြီမလား။ တကယ်တော့ ငါလည်း အစတုန်းက အားကျတာပါပဲ။ ဒါပေမဲ့ ကြာလာတော့လည်း သူတို့နဲ့ကိုယ်တွေက လူတန်းစားချင်း မတူဘူးဆိုတာ နားလည်လာရော”
“ဘာလို့ လူတန်းစားချင်း မတူရမှာလဲ”
“ဒါတောင် မင်းနားမလည်ဘူးလား” မောက်ပါ့သိုက လက်ဟန်ခြေဟန်နဲ့ ရှင်းပြတယ်။ “ဥပမာပြောရရင် သူတို့က ပန်းပွင့်တွေဆို ငါတို့က သစ်ရွက်တွေ သူတို့က လမင်းကြီးဆို ငါတို့က ကြယ်လေးတွေ သူများတောက်ပဖို့အတွက် အလှဆင်ပေးရတဲ့ ဘဝတွေလေ”
လီသာ့ထျန်က မနေနိုင်တော့ဘဲ ရယ်မောပြီး ဆဲလိုက်တယ်။ “ငါကတော့ ကြယ်ကလေး မလုပ်နိုင်ပါဘူး။ မင်းဘာသာမင်း လုပ်ချင်လုပ်။ ကြယ်ကလေးတဲ့... မင်းမို့လို့ မရွံမရှာ”
မောက်ပါ့သိုက ပြုံးစိစိနဲ့ လီသာ့ထျန်ကို တွန်းထိုးကာ မိန်းမလျာပုံစံမျိုး လက်ညှိုးလေးကွေးပြပြီး ပြောလိုက်တယ်။ “အစ်ကိုကြီးထျန်ကလည်း... အစ်ကိုကြီးရဲ့ အသည်းနှလုံးလေးကို ဘယ်လိုလုပ် မေ့ရက်နိုင်ရတာလဲ။ ကျွန်မက အစ်ကိုကြီးရဲ့ ကြယ်ကလေးပါရှင်”
သူ့ပုံစံက အသည်းယားစရာ ကောင်းလွန်းလို့ လီသာ့ထျန်မှာ ရွံရှာလွန်းပြီး တံတွေးထွေးဟန် ပြုလိုက်တယ်။ “ငါ့နားက ထွက်သွားစမ်းပါကွာ။ မင်း ဘယ်က ပြဇာတ်တွေ ကြည့်လာပြန်ပြီလဲ။ ငါက မင်းလို ကြယ်ကွေးလေး မလိုချင်ပါဘူးကွ။ ပြီးတော့ ထင်းရှန်းက အခုမှ ကျောင်းစတက်တာ ငါတို့နဲ့မှ မတူတာ။ မင်းက ဘာကိစ္စ သူ့ကို ကြယ်ကလေးလို့ သတ်မှတ်ရတာလဲ။ ထင်းရှန်းက ရှို့ချိုင်ဖြစ်မယ့် ပါရမီရှင် ဖြစ်ချင်ဖြစ်မှာပေါ့”
မောက်ပါ့သိုက လက်ခုပ်တီးပြီး ထောက်ခံလိုက်တယ်။ “ဟုတ်သားပဲ။ ငါလည်း ထင်တယ်။ ထင်းရှန်းက သာမန်လူနဲ့ မတူဘူး။ နောက်ကျရင် ဟိုအစ်ကိုယွီတို့ အစ်ကိုဟူတို့ကို ကျော်တက်သွားမှာ။ ဝင်ဖြေလိုက်တာနဲ့ ရှို့ချိုင်ဖြစ်ပြီး ငါတို့တောင် မျက်နှာပန်းလှရဦးမှာ”
“အရှက်မရှိ ကြွားလုံးထုတ်လိုက်တာ”
ကျောဘက်ဆီက အသံတစ်သံ ထွက်လာတယ်။ သုံးယောက်သား လှည့်ကြည့်လိုက်တော့ ဟဲ့မင် ဦးဆောင်တဲ့ ကျောင်းသား သုံးလေးယောက်က ထမင်းပန်းကန်တွေကိုကိုင်ပြီး ရပ်ကြည့်နေကြတာ တွေ့လိုက်ရတယ်။
စကားပြောလိုက်တာက ဟဲ့မင် မဟုတ်ဘဲ သူ့ဘေးက ပုပုကွကွ ကျောင်းသားတစ်ယောက်ပါ။ အဲဒီလူက ဟဲ့မင်ကိုယ်စား ပြောပေးမှန်း သိသာလှတယ်။ ဘာလို့လဲဆိုတော့ ဟဲ့မင်က အဲဒီစကားကို ကြားတဲ့အခါ ကျေနပ်တဲ့ အပြုံးမျိုး ပြုံးလိုက်လို့လေ။
“မင်းတို့လို ကောင်တွေကများ အစ်ကိုယွီတို့ အစ်ကိုဟူတို့ကို ကျော်တက်မယ်တဲ့လား။ အရှက်မရှိ ကြွားလုံးထုတ်တာ မဟုတ်ရင် ဘာခေါ်မလဲ”
အသံက အတော်ကျယ်တာမို့ ထမင်းစားဆောင်တစ်ခုလုံး တိတ်ဆိတ်သွားတယ်။ အရှေ့ဘက်ထောင့်က စားပွဲဝိုင်းနှစ်ခုက လူတွေလည်း ဒီဘက်ကို လှမ်းကြည့်လာကြရော။
******
32 01
အခန်း (၃၂)
မောက်ပါ့သို တစ်ယောက် သူ့ပါးစပ်က လက်လွတ်စပယ် ပြောလိုက်တဲ့စကားကြောင့် ဒီလောက်ကြီးမားတဲ့ ပြဿနာကြီး ဖြစ်လာလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။
သူ့ကိုကြည့်လိုက်ရင် အမြဲတမ်း ပေါက်ကရတွေ လုပ်နေတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းကျတော့ သူက အသက်မပြည့်သေးတဲ့ ကောင်လေးတစ်ယောက်ပါပဲ။ ဒါပေမဲ့ ဘယ်လိုလူမျိုးကို ရန်စလို့ရတယ် ဘယ်လိုလူမျိုးကို ရန်စလို့မရဘူးဆိုတာကိုတော့ သူ ကောင်းကောင်းကြီး နားလည်ထားတယ်။
ရန်စတယ် ဆိုတဲ့ အဓိပ္ပာယ်က အတော်လေး ကျယ်ပြန့်တယ်။ ဥပမာ - သူလေးစားရတဲ့ အထင်ကြီးရတဲ့သူတွေကို ရန်စလို့မရဘူး။ အစ်ကိုယွီ (ယွီဇီယို) နဲ့ အစ်ကိုဟူ (ဟူလျန်ရှန်) လိုလူမျိုးတွေပေါ့။ သူများတွေက သူ့ထက် ပညာတော်တယ် လူချစ်လူခင်များတယ်ကိုယ်ကျင့်တရားပိုင်းမှာလည်း အပြစ်ပြောစရာမရှိဘူး။ ဒီလိုလူမျိုးတွေကို ဘယ်တော့မှ သွားမထိရဘူး။
ဒါပေမဲ့ ဟဲ့မင်လို လူမျိုးကျတော့ သူနဲ့ ကွာခြားတယ်။ ပညာရေးမှာ သူ့ထက်သာတယ်ဆိုပေမဲ့ စိတ်သဘောထား သေးသိမ်တယ် မနာလိုဝန်တိုတတ်တယ်။ ဒီလိုလူမျိုးကိုဆိုရင် မောက်ပါ့သိုက ပါးစပ်သနမရှိ ပြောချလိုက်ဖို့ ဝန်မလေးဘူး။
သူတို့နှစ်ယောက်ကြားမှာ အငြိုးအတေးတွေ ရှိနေတာကလည်း ဒီအကြောင်းရင်းတွေကြောင့်ပဲ ဖြစ်သလို အရင်ကတည်းက ရှိနေတဲ့ ရန်ငြိုးဟောင်းတွေကြောင့်လည်း ပါတာပေါ့။
“ဟဲ့မင် မင်းရဲ့ခွေးကို လျှောက်ပြောခိုင်းမနေနဲ့။ ငါက အဲဒီသဘောနဲ့ ပြောတာ မဟုတ်ဘူး”
“ဒါဆို မင်းက ဘာသဘောနဲ့ ပြောတာလဲ။ ဒီကောင်လေးက အစ်ကိုယွီ အစ်ကိုဟူ တို့ထက် အများကြီးသာတယ်။ ဝင်ဖြေတာနဲ့ ရှို့ချိုင်ဖြစ်မှာလို့ မင်းပြောခဲ့တာ မဟုတ်ဘူးလား။ ဒါက အစ်ကိုယွီတို့ အစ်ကိုဟူတို့ကို စာမေးပွဲမအောင်ဘူးဆိုပြီး လှောင်ပြောင်လိုက်တာ မဟုတ်လို့ ဘာလဲ!”
မောက်ပါ့သိုက ဟဲ့မင်ရဲ့ နောက်လိုက် ပုပုကွကွကောင်လေးကို ခွေးလို့ တင်စားခေါ်ဝေါ်လိုက်ပေမဲ့ အဲဒီခွေးက အတော်လေး စကားတတ်ပြီး အမှားကို အမှန်ဖြစ်အောင် ပြောနိုင်မှန်း သူ မထင်ထားခဲ့ဘူး။
စကားတစ်ခွန်းတည်းကို စာလုံးလေး နည်းနည်းလောက် ဖြုတ်လိုက်ရုံနဲ့ အဓိပ္ပာယ်က ပြောင်းပြန်ဖြစ်သွားရော။
မောက်ပါ့သို တစ်ယောက် ဒေါသထွက်လွန်းလို့ မျက်နှာကြီး နီရဲလာပေမဲ့ ဘယ်လို ပြန်ချေပရမလဲ မသိဘူး။ တစ်ဖက်မှာလည်း ယွီဇီယိုနဲ့ ဟူလျန်ရှန် ဘေးနား ဝိုင်းထိုင်နေတဲ့ ကျောင်းသားတွေကပါ ဝိုင်းဝန်း ပြစ်တင်ပြောဆိုလာကြတယ်။
“တကယ်ကို အဓိပ္ပာယ်မရှိဘူး။ အခုခေတ် ဒုတိယအတန်း ကျောင်းသားတွေက အရည်အချင်း ပိုပိုညံ့လာပါလား”
“ဟုတ်ပါ့ အစ်ကိုယွီတို့ အစ်ကိုဟူတို့နဲ့များ လာယှဉ်ချင်နေသေးတယ်။ မိုးဘယ်လောက်မြင့်လဲ မြေဘယ်လောက်နိမ့်လဲဆိုတာ နားမလည်တဲ့ကောင်တွေ”
“ပညာမဲ့သူက သတ္တိကောင်းတယ်ဆိုတာ ဒါမျိုးကို ခေါ်တာနေမှာ...”
ပညာတတ်တွေ ဆဲတာက သာမန်လူတွေနဲ့ မတူဘူးဆိုတာ ဒါပါပဲ။ ဆဲရေးတိုင်းထွာစကား တစ်လုံးမှ မပါပေမဲ့ ကြားရတဲ့သူအဖို့ ရင်ထဲစူးသွားအောင် နာကျင်စေတယ်။
အထူးသဖြင့် ပထမအတန်း ကျောင်းသားတွေဆိုတာ ကျောင်းတော်မှာ ထိပ်တန်းအဆင့်တွေလေ။ ဒုတိယအတန်းကျောင်းသားတွေ အားလုံးက သူတို့ကို လေးစားအားကျကြတယ် ခင်မင်ရင်းနှီးခွင့် ရချင်ကြတယ်။ သူတို့ဆီက ပညာနည်းနည်းလောက် ဖြစ်ဖြစ် သင်ယူခွင့်ရရင် ဒါမှမဟုတ် အဆက်အသွယ်တစ်ခုလောက် ရရင်ကို ကျေနပ်နေကြတာ။ တစ်နေ့ သူတို့ထဲက တစ်ယောက်ယောက် စာမေးပွဲအောင်သွားရင် ငါကတော့ ဘယ်သူဘယ်ဝါနဲ့ ကျောင်းနေဖက်ပါကွ လို့ ဂုဏ်ယူဝင့်ကြွားစွာ ပြောလို့ရမယ်လေ။
ဒါနဲ့ယှဉ်ရင် စာညံ့တဲ့ ကျောင်းသားတွေကိုတော့ ဘယ်သူမှ အဖက်လုပ်မှာ မဟုတ်ဘူး။
“ဒီမောက်ပါ့သိုက တကယ်ကို မောက်မာလွန်းတယ်။ မနှစ်က ကျောင်းထုတ်ခံရခါနီး ဖြစ်သွားတာ မဆန်းပါဘူး”
“သူ့အဘိုးက ကျောင်းအုပ်ကြီးဆီကိုယ်တိုင်လာပြီး အသနားခံလို့သာ ဆက်နေခွင့်ရတာလို့ ကြားတယ်”
“ကြားတယ် ဟုတ်လား ငါက မျက်မြင်သက်သေကွ။ မင်းတို့မမြင်လိုက်ရဘူး သူ့အဘိုးက ကျောင်းအုပ်ကြီးရှေ့မှာ ဘယ်လိုတောင်းပန်နေရတာလဲဆိုတာ...”
ပတ်ဝန်းကျင်က တီးတိုးပြောသံတွေ ညံလာတယ်။ လူတွေရဲ့ စိတ်ထဲက မကောင်းတဲ့ သဘောထားတွေ ကဲ့ရဲ့ရှုတ်ချမှုတွေက အခုချိန်မှာ အထင်သား ပေါ်လာတော့တယ်။
32 02
အိပ်မက်ထဲတုန်းကလည်း ရွှီထင်းရှန်းဟာ ဒီလိုအခြေအနေမျိုး ကြုံခဲ့ဖူးတယ်။ တကယ်တော့ ကာယကံရှင်အနေနဲ့ဆိုရင် ဒီလို သူတော်ကောင်း ယောင်ဆောင်ပြီး တီးတိုးကဲ့ရဲ့နေကြမယ့်အစား ရှေ့ထွက်လာပြီး ကျယ်ကျယ်လောင်လောင် ဆဲဆိုတာ ဒါမှမဟုတ် လက်ပိုက်ပြီး ရန်ဖြစ်တာကို ပိုလိုလားမိလိမ့်မယ်။
အခုလိုကျတော့ ဒေါသထွက်စရာရှိလည်း ထွက်မရ ရင်ဖွင့်စရာရှိလည်း ဖွင့်မရနဲ့ အတော်လေး ခံစားရခက်တယ်။
မောက်ပါ့သိုခမျာ ဒေါသထွက်လွန်းလို့ တစ်ကိုယ်လုံး တုန်ရီနေပြီး မျက်နှာကြီးက သွေးစက်ကျမတတ် နီရဲနေပြီ။
ဟိုဘက်ဝိုင်းက ယွီဇီယိုကတော့ အေးအေးဆေးဆေး ပြုံးလိုက်ပြီး ပြောလိုက်တယ်။ “ကဲပါ ထမင်းစားကြပါစို့။ အရေးမပါတဲ့ ကိစ္စတွေကို စိတ်ထဲထားမနေပါနဲ့”
“အရေးမပါတဲ့ကိစ္စတဲ့လား... အစ်ကိုယွီ ပြောတာ သိပ်မှန်တာပဲ” ဟူလျန်ရှန်က လက်ခုပ်တီးပြီး ထောက်ခံလိုက်တယ်။ ပြီးတော့ ရွှီထင်းရှန်းတို့ဘက်ကို အေးစက်စက် အကြည့်တစ်ချက် ပို့လိုက်ပြီး မျက်နှာလွှဲသွားတယ်။
“ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတဲ့ လူတွေပါပဲကွာ”
အရေးမပါတဲ့ကိစ္စနဲ့ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းသူ ဆိုတဲ့ စကားနှစ်ခွန်းက မောက်ပါ့သိုရဲ့မောက်မာမှုကို ရည်ညွှန်းသလို ရွှီထင်းရှန်းရဲ့ အရှက်မရှိမှုကိုလည်း လှောင်ပြောင်လိုက်တာပါပဲ။
မောက်ပါ့သိုကတော့ သူ့ကိုယ်သူ ဂရုမစိုက်ပါဘူး။ သူက မျက်နှာပြောင်တိုက်နေကျပဲလေ။ ဒါပေမဲ့ သူ့ရဲ့ မဆင်မခြင် စကားတစ်ခွန်းကြောင့် သူငယ်ချင်းသစ်ပါ ဒုက္ခရောက်ရတော့မယ်လို့ သူ ထင်မထားခဲ့ဘူး။
“အစ်ကိုယွီ အစ်ကိုဟူ... ခင်ဗျားတို့ တခြားသူတွေရဲ့ သွေးထိုးစကားကို နားမယောင်ပါနဲ့။ ကျွန်တော် အပြောမှားသွားတာပါ။ ထင်းရှန်းနဲ့ ဘာမှမဆိုင်ပါဘူး”
အရှေ့ဘက်ထောင့်က စားပွဲဝိုင်းနှစ်ခုမှာတော့ ရယ်မောသံတွေ ထွက်ပေါ်နေပြီး ဘယ်သူမှ ဒီဘက်ကို လှည့်မကြည့်ကြတော့ဘူး။
ရွှီထင်းရှန်းက သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ့ကို လှမ်းဆွဲလိုက်တယ်။ “တော်ပါတော့ မောက်ပါ့သိုရာ...”
“မောက်ပါ့သိုက ဘယ်သူ့ကိုမှ လှောင်ပြောင်လိုစိတ် မရှိပါဘူးလို့ ကျွန်တော် သက်သေပြနိုင်ပါတယ်။ သူတို့သုံးယောက်က စနောက်နေကြရုံပါ ပြောတဲ့အထဲမှာလည်း အစ်ကိုယွီနဲ့အစ်ကိုဟူကို အားကျလေးစားကြောင်းတွေပဲ ပြောသွားတာပါ။ သူပြောတာကို တခြားသူတွေက တမင်အဓိပ္ပာယ်လွဲအောင် လုပ်နေတာပါ”
အသံအက်ကွဲကွဲတစ်ခု ရုတ်တရက် ထွက်ပေါ်လာတယ်။ သူတို့သုံးယောက်ရဲ့ နောက်ကျောဘက် စားပွဲမှာ ထိုင်နေတဲ့ ချန်ကျန်းက ဝင်ပြောလိုက်တာပါ။ သူက ပုံမှန်ဆို လူမသိသူမသိ နေတတ်သူမို့ ရွှီထင်းရှန်း တို့တောင် သူ့ကို သတိမထားမိကြဘူး။
“မင်း...” မောက်ပါ့သို လှည့်ကြည့်လိုက်ပြီး အံ့ဩသွားတယ်။ ချန်ကျန်းက သူ့ဘက်ကနေ ဝင်ပြောပေးလိမ့်မယ်လို့ ထင်မထားဘူးလေ။
ချန်ကျန်းရဲ့ စကားကြောင့် အရှေ့ဘက်ထောင့်က လူတွေအားလုံး ဒီဘက်ကို ပြန်လှည့်ကြည့်လာကြတယ်။
“မင်းက သက်သေပြနိုင်တယ် ဟုတ်လား။ ဘာနဲ့ သက်သေပြမှာလဲ” ဘေးနားမှာ ရပ်ကြည့်နေတဲ့ ဟဲ့မင်က မေးလိုက်တယ်။ သူ့အသံက ပေါ့ပါးသယောင်ရှိပေမဲ့ လှောင်ပြောင်သံတွေ အပြည့်ပါနေတယ်။
အားလုံးက သူဘာပြောချင်လဲဆိုတာ နားလည်ကြတာမို့ ဝိုင်းရယ်ကြတော့တယ်။
“သူကများ သက်သေပြမယ်တဲ့လား။ တစ်လေတည်း လွင့်တဲ့ ငှက်မွေးတွေဆိုတာ သက်သေပြချင်တာလား” တစ်ယောက်ယောက်က တီးတိုး လှောင်ပြောင်လိုက်တယ်။
ချန်ကျန်းရဲ့မျက်နှာ ပျက်သွားပြီး ခေါင်းငုံ့သွားတယ်။ စားပွဲအောက်က သူ့လက်တွေကတော့ တင်းတင်းဆုပ်ထားလျက်ပေါ့။
ရွှီထင်းရှန်းက မူလကတော့ ဝင်မပြောဖို့ ဆုံးဖြတ်ထားတာ။ အိပ်မက်မက်ပြီးနောက်ပိုင်း သူ့စိတ်က အတော်လေး တည်ငြိမ်သွားပြီလေ။ တစ်ခါတလေကျရင် သူ့အတွေးတွေက ထူးဆန်းနေတတ်တယ်။ ပုံမှန်ဆို ဒေါသထွက်ရမယ့် ကိစ္စတွေကိုတောင် သူ ဂရုမစိုက်တော့ဘူး။ ဒီလို ရန်ဖြစ်စကားများ နေတာတွေက ကလေးကစားစရာတွေလို ဖြစ်နေတယ်လို့ ခံစားရတယ်။
ဒါပေမဲ့ လူနှစ်ယောက်က သူ့ဘက်ကနေ ကာကွယ်ပြောပေးနေတာတောင် အားလုံးရဲ့ ဝိုင်းဝန်းလှောင်ပြောင်မှုကို ခံနေရတဲ့အချိန်မှာ သူဆက်ပြီး ငြိမ်နေရင်တော့ ရန်မဖြစ်ချင်လို့ မဟုတ်တော့ဘဲ ကြောက်လို့ ဖြစ်သွားလိမ့်မယ်။
32 03
“မိတ်ဆွေတို့အားလုံးက ပညာတတ်တွေပဲ အခြေအမြစ်မရှိတဲ့ စကားတွေကို နားမယောင်သင့်ဘူးဆိုတာ သိကြမှာပါ။ လူယုတ်မာတွေရဲ့ သွေးထိုးစကားကို ယုံပြီး ဘာလို့ ဒီလိုပြောနေကြတာလဲ။ ကျွန်တော်တို့မှာ အဲဒီလို ရည်ရွယ်ချက် လုံးဝမရှိပါဘူး။ ရှိတယ်ထားဦးတော့... မင်းတို့က ဘာကိစ္စ ဒီလောက်ထိ လှောင်ပြောင်နေကြရတာလဲ”
ပုပုကွကွကောင်လေးက ပြန်ပြောဖို့ ပြင်လိုက်ပေမဲ့ ရွှီထင်းရှန်းက သူ့ကိုတောင် ပြန်စိန်ခေါ်နေသလို ဖြစ်နေတော့ ရယ်မောပြီး လက်ညှိုးထိုးပြတယ်။ “ကြားကြရဲ့လား။ ငါပြောတာက အခြေအမြစ်မရှိတဲ့ စကားတဲ့။ သူကတော့ မောက်မာလွန်းလို့ကိုယ့်ကိုယ်ကိုယ်တောင် မမြင်တော့ဘူး”
ထမင်းစားဆောင်တစ်ခုလုံး ဆူညံသွားတယ်။ အားလုံးက ရွှီထင်းရှန်းကို မောက်မာလွန်းသူလို့ ဝိုင်းပြောနေကြတယ်။
ယွီဇီယိုနဲ့ ဟူလျန်ရှန်တို့ရဲ့ မျက်လုံးတွေကတော့ အေးစက်သွားတယ်။ ဒီစကားက သူတို့ကို စိန်ခေါ်လိုက်တာပဲ။
ရှိတယ်ထားဦးတော့ ဘာဖြစ်လဲ ဆိုတဲ့ စကားက စာအုပ်ကြီးလေးအုပ်တောင် မသင်ရသေးတဲ့ကောင်က သူတို့ကို မခန့်လေးစား လုပ်လိုက်တာပဲလေ။
ရွှီထင်းရှန်းကတော့ နောက်မဆုတ်ဘူး။ “ကောင်းကင်ဘုံရဲ့ လမ်းစဉ်က ခိုင်မာတယ်။ လူကြီးလူကောင်းဆိုတာ ကိုယ့်ကိုယ်ကိုယ် အားကိုးပြီး ကြိုးစားရတယ်။ မင်းတို့က သူတစ်ပါးအောက်မှာ နေချင်ကြတာလား။ မင်းတို့က ဂုဏ်ထူးရာထူးကို မလိုချင်ဘဲနဲ့ ဘာကိစ္စ စာလာသင်နေကြတာလဲ”
ဒီစကားက ထက်မြက်လွန်းလို့ ရှိသမျှလူတွေရဲ့ ဟန်ဆောင်မျက်နှာဖုံးတွေကို ဆွဲခွာလိုက်သလို ဖြစ်သွားတယ်။
ဟုတ်တာပေါ့… ဘယ်သူက သူများအောက်မှာ နေချင်မှာလဲ။ ဘယ်သူက သူများကို ဖားနေချင်မှာလဲ။ ယွီဇီယိုနဲ့ ဟူလျန်ရှန်ကို လူတိုင်းက ဝိုင်းမြှောက်စားနေကြပေမဲ့ တကယ်တမ်း စိတ်ရင်းနဲ့ လေးစားသူက ဘယ်နှစါယောက်ရှိလို့လဲ။ ကွယ်ရာမှာတော့ နှစ်အကြာကြီးသင်ပြီးမှ ထုံရှန်းပဲ အောင်တာ ရှို့ချိုင်တောင် တစ်ခါတည်းနဲ့ မအောင်ဘူး ဆိုပြီး အတင်းပြောနေကြတာပဲ။
ကိုယ့်အလှည့်ရောက်ရင်တော့ ငါက သူတို့လောက် အချိန်မကြာသေးလို့ပါ ဝင်ဖြေလိုက်ရင် ထိပ်ဆုံးကနေ အောင်မှာ ဆိုတဲ့ စိတ်ကူးမျိုး လူတိုင်းမှာ ရှိကြစမြဲပဲ။ ဒါပေမဲ့ အပြင်ပန်းမှာတော့ ဒီစိတ်တွေကို ဖုံးကွယ်ထားကြတယ်။ ဒီနေ့ကျမှ ရွှီထင်းရှန်းက ဗွင်းဗွင်းရှင်းရှင်းကြီး ဖွင့်ချလိုက်တော့တာ။
ဒီစကားက ပုပုကွကွကောင်လေး တစ်ယောက်တည်းကို ပြောတာမဟုတ်ပေမဲ့ သူကတော့ အရင်ဆုံး ထိတာပေါ့။
အရှက်ရပြီး မျက်နှာနီရဲသွားတဲ့ အရသာကို သူလည်း ခံစားလိုက်ရပြီ။ ရွှီထင်းရှန်းကို လက်ညှိုးထိုးပြီး “မင်း... မင်း...” လို့ ပြောရုံကလွဲပြီး ဘာမှ ပြန်မပြောနိုင်တော့ဘူး။
“ပညာမဲ့ပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးသူ၊ ယုတ်ညံ့ပြီး ကိုယ့်သဘောနဲ့ကိုယ် လုပ်သူ” ရွှီထင်းရှန်းက ရွံရှာတဲ့ မျက်နှာထားနဲ့ နောက်တစ်ခွန်း ထပ်ပြောလိုက်တယ်။
သူ လှည့်ထွက်သွားဖို့ ပြင်လိုက်ချိန်မှာ ဟူလျန်ရှန် ထရပ်လိုက်တယ်။
သူက ရွှီထင်းရှန်းကို အေးစက်စွာ ကြည့်ပြီး မေးတယ်။ “တကယ့်ကို ရည်မှန်းချက်ကြီးပါပေတယ်။ မင်းရဲ့ နာမည်လေး သိပါရစေလား”
ရွှီထင်းရှန်းက ခြေလှမ်းတန့်လိုက်ပြီး လက်နှစ်ဖက်ယှက်ကာ အရိုအသေပြုရင်း ပြန်ဖြေတယ်။
“ကျွန်တော့်နာမည် ရွှီထင်းရှန်းပါ။ ရည်မှန်းချက်ကြီးတယ်တော့ မဟုတ်ရပါဘူး။ လူကြီးလူကောင်းဆိုတာ နှိမ့်ချတတ်ပါတယ်။ လူကြီးလူကောင်းက ပေါင်းသင်းဆက်ဆံပေမဲ့ မဖွဲ့စည်းဘူး။ လူယုတ်မာကတော့ ဖွဲ့စည်းပေမဲ့ ပေါင်းသင်းမဆက်ဆံဘူး။ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်နိုင်ကြပါစေ”
ဟူလျန်ရှန်ရဲ့မျက်နှာက ဆေးဆိုးပန်းရိုက်ထားသလို အရောင်အမျိုးမျိုး ပြောင်းသွားတယ်။
ဒါက သူ့ကို လူကြီးလူကောင်း မဟုတ်ဘူး မျက်နှာလိုက်တယ် အဖွဲ့အစည်းဖွဲ့ပြီး လူနိုင်ကျင့်တယ်လို့ ဗြောင်ကျကျ ဆဲလိုက်တာပဲလေ။
ဒီစကားတွေ ပြောပြီးတာနဲ့ ရွှီထင်းရှန်းက လက်ရှည်ဝတ်ရုံကို ခါလိုက်ပြီး ထွက်သွားတော့တယ်။
မောက်ပါ့သိုနဲ့ လီသာ့ထျန်လည်း အနောက်ကနေ အမြန်လိုက်သွားကြတယ်။
ချန်ကျန်းက ကြောင်တောင်တောင်လေး ရပ်ကျန်နေတာ မြင်တော့ မောက်ပါ့သိုက ပြန်လှည့်လာပြီး သူ့ကိုပါ အတင်းဆွဲခေါ်သွားတော့တယ်။
“ဟာ... ထင်းရှန်း မင်း ဒီလောက်ထိ ဆဲတတ်မယ်လို့ ငါမထင်ထားဘူး။ ပညာမဲ့ပြီးကိုယ့်ကိုယ်ကိုယ် အထင်ကြီးသူ ယုတ်ညံ့ပြီးကိုယ့်သဘောနဲ့ကိုယ် လုပ်သူ တဲ့။ လူကြီးလူကောင်းက ပေါင်းသင်းဆက်ဆံပေမဲ့ မဖွဲ့စည်းဘူး လူယုတ်မာကတော့ ဖွဲ့စည်းပေမဲ့ ပေါင်းသင်းမဆက်ဆံဘူး တဲ့။ ဟားဟား... ရင်ထဲ တကယ် ရှင်းသွားတာပဲကွာ။ ငါက မင်းထက် စကားပိုများပေမဲ့ ဆဲတဲ့နေရာမှာတော့ မင်းကို မမီပါလား”
32 04
“တော်ပါတော့ကွာ မင်းရယ်နေတာကြီးက ကြည့်မကောင်းဘူး” လီသာ့ထျန်က ဝင်ပြောတယ်။
ချန်ကျန်းကလည်း မေးတယ်။ “ငါ့လက်ကို လွှတ်ပေးလို့ ရမလား”
အဲဒီတော့မှ မောက်ပါ့သို သတိဝင်လာပြီး သူ ချန်ကျန်းရဲ့ လက်ကိုကိုင်ထားမိလျက်သားဖြစ်နေတာ တွေ့တော့ ချက်ချင်း လွှတ်ချလိုက်တယ်။
“ဖယ် ဖယ် ဖယ်... ငါ ဘာလို့ မင်းလက်ကိုကိုင်မိသွားတာပါလိမ့်”
ချန်ကျန်းက ခေါင်းငုံ့ပြီး ထွက်သွားဖို့ လုပ်တော့ မောက်ပါ့သိုက သူ့အပြုအမူ လွန်သွားမှန်း သိလိုက်ပြီး ပြန်ရှင်းပြတယ်။ “ဟေ့ရောင်... အထင်မလွဲပါနဲ့ ငါက အဲဒီသဘော ပြောတာ မဟုတ်ပါဘူး။ ယောကျ်ားချင်း လက်ကိုင်တယ်ဆိုတာက... အင်း... မင်း သိပါတယ်...”
သူ ဘာကို သိရမှာလဲ။ သူ ဘာမှ နားမလည်ပါဘူး။
“ဒါနဲ့ ကျေးဇူးတင်စကား ပြောဖို့ မေ့နေတာ။ စောစောက ငါ့ဘက်ကနေ ရဲရဲဝံ့ဝံ့ ပြောပေးလို့ ကျေးဇူးပါကွာ” မောက်ပါ့သိုက ရှက်ကိုးရှက်ကန်းနဲ့ ခေါင်းကုတ်ရင်း ပြောတယ်။
“ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူး။ ငါက မင်းအတွက် ပြောပေးတာ မဟုတ်ဘူး”
မောက်ပါ့သို ကြောင်သွားတယ်။ “ငါ့အတွက် မဟုတ်ရင် ဘယ်သူ့အတွက် ပြောတာလဲ” သူက ချန်ကျန်းကို ကြည့်လိုက် ပြီးတော့ ရွှီထင်းရှန်းကို လှမ်းကြည့်လိုက်တယ်။
“မင်းတို့နှစ်ယောက် ဘယ်တုန်းက ဒီလောက် ရင်းနှီးသွားကြတာလဲ”
ရွှီထင်းရှန်းလည်း ကြောင်တောင်တောင် ဖြစ်သွားတယ်။
ချန်ကျန်းက ခဏလောက် တွေဝေနေပြီးမှ ပြောတယ်။ “ကြက်ဥတစ်လုံးအတွက် ကျေးဇူးတင်တာပါ”
ရွှီထင်းရှန်း ဘာမှ ပြန်မပြောနိုင်ခင်မှာပဲ မောက်ပါ့သိုက အော်ကြီးဟစ်ကျယ် လုပ်တော့တာပဲ။
“ကြက်ဥတစ်လုံးတည်း အတွက်လား။ ကြက်ဥတစ်လုံးတည်းနဲ့ မင်းက ဟိုလူအုပ်ကြီးကို ရန်စလိုက်တာလား”
ချန်ကျန်းရဲ့မျက်နှာပေါ်မှာ စိတ်မသက်မသာဖြစ်မှု တချို့ ဖြတ်ပြေးသွားပေမဲ့ ချက်ချင်း ပြန်ပျောက်သွားတယ်။ သူက နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ပြောတယ်။ “ငါက ဘယ်လိုပဲဖြစ်ဖြစ် ကျောင်းမှာ လူချစ်လူခင်မှ မများတာ သူတို့ကို ရန်စမိလည်း ထူးမခြားပါဘူး”
မောက်ပါ့သိုက နားလည်သဘောပေါက်သွားပြီး သက်ပြင်းချလိုက်တယ်။ သူ့ပခုံးကို ပုတ်ရင်း “ထားလိုက်ပါတော့ ငါ မင်းကို အမြင်ပြောင်းသွားပါပြီ။ အရင်က မင်းအပေါ် ထားခဲ့တဲ့ အငြိုးတွေကို လျှော်ပစ်လိုက်တော့မယ်။ လူဆိုတာ အမှားနဲ့ မကင်းဘူးလေ ပြင်နိုင်ရင် ကောင်းတာပါပဲ”
သူကတော့ စကားကြီးစကားကျယ်တွေ ပြောနေတာပါပဲ။ ဒါပေမဲ့ ချန်ကျန်းကတော့ နားမလည်နိုင် ဖြစ်နေတယ်။ “ဘာကို ပြင်နိုင်ရင် ကောင်းတာလဲ”
“အဲဒါက...” မောက်ပါ့သို စကားတစ်ဝက်နဲ့ ရပ်သွားပြီး ရယ်ကျဲကျဲ လုပ်လိုက်တယ်။ “ဘာမှမဟုတ်ပါဘူး ငါ လျှောက်ပြောတာပါ”
သူက စကားလွှဲချင်နေပေမဲ့ ရွှီထင်းရှန်းကတော့ အမှန်အတိုင်း ဖွင့်ပြောလိုက်တယ်။
သုံးယောက်သား တစ်ယောက်တစ်ပေါက် ရှင်းပြပြီးတဲ့နောက် ချန်ကျန်း တိတ်ဆိတ်သွားတယ်။
တော်တော်ကြာမှ သူက ပြောတယ်။ “မင်းတို့ ယုံမယုံတော့ မသိဘူး အဲဒါ ငါလုပ်တာ မဟုတ်ဘူး”
“မင်း မဟုတ်ရင် ဘယ်သူလဲ။ ဝမ်ချီးလား။ ဒါပေမဲ့... ဒါပေမဲ့ သူလည်း ထမင်းလက်မှတ် ပျောက်သွားတာပဲလေ” မောက်ပါ့သိုက မယုံတဝက် ယုံတဝက်နဲ့ မေးတယ်။
ချန်ကျန်းက နှုတ်ခမ်းကို စေ့ထားပြီး ဘာမှမပြောဘူး။
အဲဒီအချိန်မှာ လီသာ့ထျန်က ဝင်ပြောတယ်။ “အစကတည်းက ဒီကိစ္စ မရိုးရှင်းဘူးလို့ ငါပြောသားပဲ။ မင်းမှ မယုံတာ။ ငါ မင်းကို ပြောဖူးတယ်မလား။ ဝမ်ချီး ဘယ်သူနဲ့ စကားပြောနေတာ တွေ့လဲဆိုတာ”
ပုပုကွကွကောင်လေး မာရှို့။
မာရှို့ ဆိုတာ ဟဲ့မင်ရဲ့ခါးပိုက်ဆောင်လေ။ ဟဲ့မင်နဲ့ မောက်ပါ့သိုက တစ်ရပ်ကွက်တည်းသားတွေ။ နှစ်အိမ်လုံးက ကုန်စုံဆိုင်ဖွင့်ထားကြပြီး သိပ်မဝေးကြဘူး။ မျက်နှာချင်းဆိုင် နေကြရတာဆိုတော့ နှစ်ဘက်မိသားစုက မကြာခဏ ပဋိပက္ခ ဖြစ်လေ့ရှိတယ်။ ဒါကြောင့် ဟဲ့မင်က မောက်ပါ့သိုကို မျက်မုန်းကျိုးနေသလို မောက်ပါ့သိုကလည်း ဟဲ့မင်ကို မကြည့်ရဘူး။
32 05
“မာရှို့က ငါ့ကို လာရှာပြီး မင်းစာအုပ်ကို ဖျက်ဆီးခိုင်းဖူးတယ်။ ငါ လက်မခံခဲ့ဘူး” ချန်ကျန်းက ပြောတယ်။
ဒီစာအုပ်ဆိုတာ ကျောင်းက ဝေပေးထားတဲ့ စာအုပ်ကို ပြောတာပါ။ ကျောင်းသားက မတော်တဆ ဖျက်ဆီးမိရင်တောင် လျော်ကြေးပေးရတတ်ပြီး တမင်သက်သက် လုပ်ရင်တော့ ကျောင်းထုတ်ခံရနိုင်တယ်။
“သူက ငါ့ကို ဒီလိုတောင် လုပ်ရဲတယ်ပေါ့လေ။ ပြီးခဲ့တဲ့တခေါက် ငါ ကျောင်းထုတ်ခံရခါနီး ဖြစ်သွားတာလည်း သူတို့လက်ချက်ပဲ နေမှာ။ ငါ ကျောင်းထဲ ဝတ္ထုစာအုပ် ခိုးသွင်းတာကို သူတို့ ဘယ်လိုသိပြီး ကျောင်းအုပ်ကြီးဆီ သွားတိုင်လိုက်မှန်း မသိဘူး” မောက်ပါ့သိုက အခုမှ ဇာတ်ရည်လည်သွားတော့တယ်။ “ဝမ်ချီး... ဟဲ့မင်... မင်းတို့ကွာ...”
သူ့မျက်နှာကြီးက ဝက်အသည်းရောင် ဖြစ်သွားပြီး ဟဲ့မင်ဆီ ချက်ချင်း သွားရန်တွေ့ဖို့ လုပ်တော့တယ်။ ဒါပေမဲ့ လီသာ့ထျန် နဲ့ ရွှီထင်းရှန်းက သူ့ကို ဆွဲထားလိုက်ကြတယ်။
“သက်သေမရှိဘဲ သွားပြောရင် သူတို့က ဝန်ခံမှာ မဟုတ်ဘူး။ ပြဿနာကြီးသွားရင် ကျောင်းအုပ်ကြီးက မင်းကို အမြင်ကြည်တာ မဟုတ်တော့ မင်းပဲ ခံရလိမ့်မယ်”
“ငါ သူတို့နဲ့ လုံးဝ မကျေနပ်ဘူးကွာ”
ရွှီထင်းရှန်းက လည်ချောင်းရှင်းလိုက်ပြီး ရေအေး လောင်းချလိုက်တယ်။ “မင်းရဲ့ မကျေနပ်ဘူး ဆိုတာက ဘာမှ မထိရောက်ဘူး”
“ဒါဆို ဘယ်လိုလုပ်ရမလဲ။ ဒီတိုင်း ခံရမှာလား”
“လူကို ရိုက်ရင် မျက်နှာကို ရိုက်ရတယ်။ မင်းအတွက် အကောင်းဆုံး လက်တုံ့ပြန်နည်းက သူတို့ ဂုဏ်ယူနေတဲ့ အရာနဲ့ သူတို့မျက်နှာကို ပြန်ရိုက်ပြလိုက်ဖို့ပဲ”
ရွှီထင်းရှန်းက ဒီကိစ္စ ဒီလောက်နဲ့ ပြီးမှာမဟုတ်ဘူးဆိုတာ သိနေတယ်။ နောင်ကျရင် လှောင်ပြောင် သရော်ခံရမယ့် အဖြစ်မျိုး မရောက်ချင်ရင် သူလုပ်နိုင်တာ တစ်ခုပဲ ရှိတယ်။ အဲဒါကတော့ လာမယ့် သုံးလပတ် စာမေးပွဲမှာ အမှတ်ကောင်းကောင်းနဲ့ ပထမအတန်းကို ဝင်နိုင်အောင် ကြိုးစားပြီး သူ့စကား တည်ကြောင်း ပြဖို့ပါပဲ။
တစ်ယောက်တည်းဆို အထီးကျန်လွန်းတယ် လူနည်းနည်းလောက် ဆွဲခေါ်သွားမှ ဖြစ်မယ်။
ရွှီထင်းရှန်း တွက်ထားတဲ့အတိုင်းပါပဲ။ ထမင်းတစ်နပ် စားချိန်တောင် မကုန်ခင်မှာပဲ ထမင်းစားဆောင်က ကိစ္စဟာ ချင်းယွမ်ကျောင်းတော် တစ်ခုလုံး ပျံ့နှံ့သွားတယ်။
ကျောင်းအုပ်ကြီး လင်းမြောင်တောင် ကြားသွားတယ်။
ကြားပြီးတဲ့နောက် သူ့မျက်လုံးထဲမှာ စိတ်ပျက်တဲ့ အရိပ်အယောင်တချို့ ဖြတ်ပြေးသွားတယ်။ ဒါပေမဲ့ ဘာမှတော့ မပြောပါဘူး။ အဲဒီ စိတ်ပျက်မှုက ယွီဇီယို အပေါ်လား ဟူလျန်ရှန် အပေါ်လား ဒါမှမဟုတ် ရွှီထင်းရှန်း အပေါ်လား ဆိုတာတော့ ဘယ်သူမှ မသိနိုင်ဘူး။
ဒီဘက်မှာတော့ ရွှီထင်းရှန်းရဲ့စိတ်ဓာတ်မြှင့်တင်ပေးမှုကြောင့် မောက်ပါ့သို တစ်ယောက် စာလုပ်ချင်စိတ်တွေ ပေါက်လာခဲ့တယ်။ ရက်အတော်ကြာတဲ့အထိ ဘယ်မှမသွားဘဲ ငြိမ်ငြိမ်သက်သက် နေတော့တယ်။ စာသင်ဆောင် ထမင်းစားဆောင်နဲ့ အဆောင်ကလွဲရင် ဘယ်မှမသွားတော့ဘူး။ အဆောင်ရောက်ရင်လည်း ရွှီထင်းရှန်း ချန်ကျန်း တို့နဲ့အတူ စာကျက် စာကူး လုပ်နေတော့တယ်။ လီသာ့ထျန်ပါ သူတို့နဲ့ ရောပါသွားတယ်။
တစ်နေ့မှာတော့ မျက်စိအနားပေးရင်း ချန်ကျန်းက စပ်စုလိုက်တယ်။ “မင်းက အမြဲတမ်း စာကူးနေတာပဲ ဘာတွေ ကူးနေတာလဲ”
သူမေးလိုက်တာက သူ့ဘေးမှာ နှစ်နေရာကျော်လောက် ခြားပြီး ထိုင်နေတဲ့ ရွှီထင်းရှန်းကိုပါ။
ရွှီထင်းရှန်း လည်း စုတ်တံကို ချ နှာခေါင်းကို နှိပ်နယ်လိုက်ရင်း ပြန်ဖြေတယ်။ “စာအုပ် ကူးနေတာ”
ခဏနေတော့ သူဆက်ပြောတယ်။ “တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့။ မှတ်ဉာဏ်လည်း ပိုကောင်းလာမယ် ပိုက်ဆံလည်း ရမယ်”
“စာကူးတာ ပိုက်ဆံရတယ် ဟုတ်လား”
မောက်ပါ့သို စိတ်ဝင်စားသွားပြီး ရွှီထင်းရှန်းရဲ့ စားပွဲပေါ်က စာရွက်တွေကို လှမ်းကြည့်တယ်။
“စာကူးရင် စာမူခရတယ်ဆိုတာ မင်းတို့ မသိကြဘူးလား” ရွှီထင်းရှန်း ပြုံးလိုက်တယ်။ မသိကြတာလည်း မဆန်းပါဘူး။ ဆယ့်လေး ဆယ့်ငါးနှစ်အရွယ်ကလေးတွေ စာတောင် သေချာ မသင်တတ်သေးတာ စာကူးပြီး ပိုက်ဆံရှာဖို့ဆိုတာ ဘယ်တွေးမိပါ့မလဲ။ သူလည်း အိပ်မက်မက်ပြီးမှသာ ကိုယ်မသိခဲ့တဲ့ အရာတွေကို သိလာရတာလေ။ အိပ်မက်ထဲက သူဆိုရင်လည်း ဒီအချိန်မှာ ဒါမျိုး သိမှာ မဟုတ်ဘူး။
32 06
“မင်းက လက်ရေးလှတော့ ဖြစ်တာပေါ့။ ငါ့လက်ရေးက ကြက်ခြစ်ထားသလိုပဲ ဆရာမုန့် ဆူတာပဲ ခံနေရတယ်” မောက်ပါ့သိုက စားဝတ်နေရေးအတွက် တွေးနေတာ မဟုတ်ပါဘူး။ စာကူးလို့ ပိုက်ဆံရရင် ဝတ္ထုစာအုပ်တွေ ဝယ်ဖတ်လို့ရမလားလို့ တွေးမိတာပါ။ ဒါပေမဲ့ ရွှီထင်းရှန်းရဲ့ လက်ရေးကို မြင်ပြီး ကိုယ့်လက်ရေးကို ပြန်ကြည့်လိုက်တော့ လက်လျော့ လိုက်ပါတော့တယ်။
“လက်ရေးလှရင် ဈေးကောင်းရမယ် ညံ့ရင် ဈေးနည်းနည်းပဲ ရမှာပေါ့”
မောက်ပါ့သိုနဲ့ လီသာ့ထျန်ကတော့ကိုယ့်လက်ရေးကိုယ် သိကြတာမို့ နှစ်ခွန်းလောက် မေးပြီး မေ့သွားကြပေမဲ့ ချန်ကျန်းကတော့ စိတ်ထဲ မှတ်ထားလိုက်တယ်။
ညဘက်ရောက်တော့ မောက်ပါ့သိုနဲ့ လီသာ့ထျန် ခြေဆေးရေ သွားယူတုန်း သူက ရွှီထင်းရှန်းကို မေးတယ်။ “ထင်းရှန်း... ဟိုစာကူးပြီး ပိုက်ဆံရှာတဲ့ကိစ္စလေ... ငါ့ကိုပါ ခေါ်သွားလို့ ရမလား”
သူက အားနာနေပုံရတယ်။ စကားမဆုံးခင်မှာပဲ ဆက်ပြောတယ်။ “အဆင်မပြေရင်လည်း ထားလိုက်ပါ ငါက ဒီတိုင်း မေးကြည့်တာပါ”
ရွှီထင်းရှန်း စိတ်ထဲ သက်ပြင်းချလိုက်ပေမဲ့ အပြင်ပန်းမှာတော့ ပြုံးပြီး ပြောလိုက်တယ်။ “ဘာလို့ အဆင်မပြေရမှာလဲ။ အချိန်ကျရင် ငါခေါ်သွားပါ့မယ်”
ပိုပြီးတော့လည်း သူ မမေးတော့ဘူး။ တစ်ဖက်သားကို မျက်နှာမပျက်စေချင်လို့လေ။
ချန်ကျန်းကလည်း ဒါကို နားလည်ပါတယ်။ အဲဒီနေ့က သူ ဝင်ပြောပေးခဲ့တာ ကြက်ဥ တစ်လုံးတည်းအတွက် မဟုတ်ပါဘူး။ ရွှီထင်းရှန်းက သူ့ကို ကျေးဇူးရှင်ပုံစံနဲ့ မဆက်ဆံဘဲ ရိုးရိုးသားသား ဆက်ဆံခဲ့လို့ပါ။ တချို့က ဒါကို ဟန်ဆောင်တယ်လို့ ပြောချင်ပြောမယ်၊ ဒါပေမဲ့ သူ့အတွက်တော့ အဲဒီလိုဆက်ဆံခံရတာ စိတ်သက်သာရာ ရစေပြီး ပိုပြီး ကျေးဇူးတင်မိစေတယ်။
“အရင်ဆုံး ကျေးဇူးတင်စကား ပြောပါရစေ”
“ရပါတယ်”
မျက်စိတစ်မှိတ်အတွင်း ဆယ်ရက်ကုန်ဆုံးသွားပြီး ကျောင်းပိတ်ရက် ရောက်လာခဲ့ပါပြီ။
******