← Chapters

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

33 01

အခန်း (၃၃)

ရွှီထင်းရှန်းက မူလကတော့ ကျောင်းပိတ်ရက်မှ ချန်ကျန်းကို တုန်းလီကျူဆီ ခေါ်သွားမလို့ပါ။

ဒါပေမဲ့ ပြန်စဉ်းစားကြည့်တော့ ကျောင်းပိတ်ရက်က တစ်ရက်တည်းရှိတာ သူ လုပ်စရာတွေကလည်း ရှိနေသေးတယ်လေ။ ဒါနဲ့ နေ့လယ်ဘက် အချိန်ခဏလောက် ယူပြီး အဆောင်မှူးကို ပစ္စည်းသွားဝယ်ချင်လို့ ခဏလောက် အပြင်ထွက်ခွင့်ပေးပါ လို့ ခွင့်တောင်းလိုက်တယ်။ အဆောင်မှူးကလည်း ခွင့်ပြုလိုက်တာနဲ့ သူတို့ အပြင်ထွက်လာခဲ့ကြတယ်။

တုန်းလီကျူကို ရောက်တော့ ဆိုင်အကူ အားချိုင် တစ်ယောက်တည်း ပျင်းရိပျင်းတွဲ ထိုင်နေတာ တွေ့ရတယ်။

မေးကြည့်တော့မှ သူဌေးချန်းက နောက်ဖေးအိမ်မှာ ရှိနေတယ်တဲ့။

ရွှီထင်းရှန်းက ဒီကို ခဏခဏ လာနေကျဆိုတော့ အားချိုင်နဲ့လည်း ရင်းနှီးနေပြီ။ ဒါနဲ့ သူတို့သုံးယောက်ကို ခေါ်ပြီး နောက်ဖေးဘက် ဝင်သွားလိုက်တယ်။ စကားများတတ်တဲ့ မောက်ပါ့သိုတောင် ဒီလိုနေရာမျိုးရောက်တော့ ပါးစပ်ပိတ်ပြီး ငြိမ်ကုပ်နေရှာတယ်။

သူဌေးချန်းက နေပူစာလှုံရင်း လက်ဖက်ရည်သောက်နေတယ်။ အရိပ်ကောင်းတဲ့ သစ်ပင်ကြီးအောက်မှာ ပက်လက်ကုလားထိုင်လေးနဲ့ ဘေးမှာ စားပွဲပုလေးတစ်လုံး ချထားပြီး ဇိမ်ကျနေတာ နတ်စည်းစိမ်နဲ့ မခြားပါဘူး။

ရွှီထင်းရှန်းကို မြင်တော့ သူက ပြုံးပြုံးရွှင်ရွှင်နဲ့ လက်လှမ်းပြတယ်။ “ဒီနေ့ ဘယ်လိုလုပ် အားနေတာလဲ”

သူ့မျက်လုံးတွေကတော့ ချန်ကျန်းတို့အပေါ် ရောက်နေတယ်။

ရွှီထင်းရှန်းကလည်း အနေအထိုင် မခက်ပါဘူး။ ပက်လက် ကုလားထိုင်ဘေးက ခွေးခြေပုလေးမှာ ဝင်ထိုင်လိုက်တယ်။

“ဦးလေးချန်း... ဒီလိုပါ ကျွန်တော့်မှာ ကျောင်းနေဖက် သူငယ်ချင်းတစ်ယောက် ရှိလို့...” သူက အကျိုးအကြောင်း အကြမ်းဖျင်း ပြောပြပြီး ချန်ကျန်းရဲ့ လက်ရေးမူကို ထုတ်ပြလိုက်တယ်။

သူဌေးချန်းက စာအုပ်ကို ယူပြီး ဟိုလှန်ဒီလှန် လုပ်ကြည့်တယ်။ ကြည့်ရင်းကြည့်ရင်းနဲ့ သူ့လှုပ်ရှားမှုတွေ ရပ်တန့်သွားတယ်။

တော်တော်ကြာမှ သူက သက်ပြင်းချလိုက်ပြီး ရယ်မောပြောဆိုတယ်။ “မင်းလက်ရေးက မဆိုးဘူးလို့ ငါထင်ထားတာ။ ဒီကောင်လေးရဲ့ လက်ရေးက မင်းနဲ့ယှဉ်ရင် နည်းနည်းမှ မညံ့ပါလား။ ဒါပေမဲ့ နည်းနည်းတော့ နုသေးတယ် ပြီးတော့ ထက်မြက်လွန်းတယ်။ မင်းရဲ့လက်ရေးလို တည်ငြိမ်ရင့်ကျက်မှု မရှိသေးဘူး။ စာလုံးတွေထဲမှာ အရှုံးမပေးလိုတဲ့ စိတ်ဓာတ်တွေ အပြည့်ပါနေတယ်။ လက်ရေးက လူကို ဖော်ပြတယ်ဆိုတာ အမှန်ပဲ ဒီကောင်လေးရဲ့ရင်ထဲမှာ ရည်မှန်းချက်ကြီးကြီးမားမား ရှိနေပုံရတယ်”

ရွှီထင်းရှန်းက ဘေးနားက နားထောင်နေရင်း သူ့မျက်ဝန်းထဲမှာ မှောင်မိုက်တဲ့ အရိပ်အယောင်တချို့ ဖြတ်ပြေးသွားတယ်။

သူ တခြားအကြောင်း တွေးနေတာ မဟုတ်ပါဘူး။ အိပ်မက်ထဲက အကြောင်းကို သတိရသွားလို့ပါ။ အိပ်မက်ထဲမှာ သူက ဟန်ဆောင်ကောင်းသူ အပြုံးအောက်မှာ ဓားဝှက်ထားသူ ပါးစပ်က ဘုရား လက်က ကားရား လူမျိုး ဖြစ်ခဲ့တယ်။ ကြီးမားတဲ့ အပြောင်းအလဲကြီးတစ်ခု ကြုံပြီးနောက်ပိုင်းမှာ သူက လူတော်လူကောင်း ဟန်ဆောင်ပြီး အတွင်းစိတ် ယုတ်မာသူ ဖြစ်လာခဲ့တယ်။

အိပ်မက်ထဲမှာ တစ်ယောက်ယောက်က သူ့ကို ဆဲခဲ့ဖူးတာ မှတ်မိသေးတယ်။ “မင်းက လူယုတ်မာပဲ။ အပြင်ပန်းက သူတော်ကောင်းယောင်ဆောင်ထားတဲ့ တကယ့် လူယုတ်မာစစ်စစ်”

ဒီစကားက မမှားပါဘူး။ သူက တကယ်ပဲ အဲဒီလိုလူမျိုး ဖြစ်ခဲ့တာ။

သူ့ဆရာက သူ့ကို စိတ်သည်သာ အမှန်တရား အသိနဲ့အလုပ် တစ်ထပ်တည်းကျစေ ကိုယ်ကျင့်တရား ကောင်းမွန်စေ လို့ သင်ပေးခဲ့ပေမဲ့ သူကတော့ သစ္စာဖောက်တစ်ယောက် ဖြစ်လာခဲ့တယ်။ သူ့မျက်လုံးထဲမှာ ဘုရင်မရှိ အထက်အောက်မရှိ ကျင့်ဝတ်သိက္ခာမရှိ။ အပြင်ပန်းကြည့်ရင်တော့ အမတ်ချုပ်ကြီးရွှီက သဘောထားကြီးတယ်။ ပြည်သူ့အပေါ် ကြင်နာတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းကျတော့ ဝံပုလွေလို ရည်မှန်းချက်ကြီးပြီး ငါ့ဘက်ပါရင် အသက်ချမ်းသာမယ် ငါ့ကိုဆန့်ကျင်ရင် သေစေ ဆိုတဲ့လူမျိုး။

ချန်ဟွမ်းကျစ် အမည်ရင်း ချန်ကျန်းကတော့ မတူဘူး။ သူက ခေါင်းမာတယ် အရိုင်းဆန်တယ်လို့ ထင်ရပေမဲ့ အတွင်းစိတ်က ဖြောင့်မတ်မှန်ကန်တယ်။

ဒီလိုလူမျိုးကတော့ ဘဝမှာ အခက်အခဲတွေ ကြုံရတတ်တယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့အားနည်းချက်တွေက အပြင်မှာ ပေါ်လွင်နေတတ်ပြီး ရွှီထင်းရှန်းလို လူယုတ်မာတွေ တိုက်ခိုက်ဖို့ လွယ်ကူနေလို့လေ။ အခု သူ ချန်ကျန်းနဲ့ မိတ်ဆွေဖွဲ့တာလည်း ရည်ရွယ်ချက်က ရိုးသားပါ့မလား။

သူဌေးချန်းရဲ့ပေါ့ပေါ့ပါးပါး စကားတစ်ခွန်းက သူ့ရင်ထဲမှာ လှိုင်းတံပိုးတွေ ထန်သွားစေလိမ့်မယ်လို့ ရွှီထင်းရှန်းတောင် ထင်မထားခဲ့ဘူး။ သူဌေးချန်းကတော့ ဒါကို မသိပါဘူး။ စာအုပ်ကို ပိတ်လိုက်ပြီး မေးတယ်။ “မင်းပြောတဲ့ သူငယ်ချင်းက ဘယ်သူလဲ”

ရွှီထင်းရှန်း ထသွားပြီး ချန်ကျန်းကို ခေါ်လာခဲ့တယ်။

ချန်ကျန်းကတော့ ဒီကြားထဲမှာ ဘာတွေ ဖြစ်ပျက်သွားမှန်း မသိရှာဘူး။ စိုးရိမ်တကြီးနဲ့ လျှောက်လာပြီး အရိုအသေပြုတယ်။

“မကြောက်ပါနဲ့ကွာ။ မင်းက ထင်းရှန်းရဲ့သူငယ်ချင်းဆိုတော့ ငါ့တူလိုပါပဲ။ မင်းလက်ရေးက တော်တော်ကောင်းတယ်။ နောက်ဆို အောင်မြင်မယ့်သူပဲ။ ဒါပေမဲ့ မင်းက ကျောင်းသား ဖြစ်နေသေးတာဆိုတော့ စာမေးပွဲဖြေတဲ့အခါကျရင် လက်ရေးက အရမ်းထက်မြက်လွန်းရင် အစစ်ဆေးခံရတဲ့အခါ အမြင်မကြည်တာ ခံရတတ်တယ်။ နောက်ပိုင်း သတိထားပါဦး”

“ကျေးဇူးတင်ပါတယ် ဦးလေးချန်း”

33 02

သူဌေးချန်းက ရယ်မောပြီး “ကျေးဇူးတင်စရာ မလိုပါဘူး။ ဦးလေးချန်းလို့ပဲ ခေါ်ပါ။ ငါ့ဆီမှာ ကူးစရာ စာအုပ်တွေ အများကြီး ရှိတယ်။ မင်း လုပ်ချင်တယ်ဆိုရင် ထင်းရှန်းလိုပဲ တစ်အုပ်ကူးရင် ငွေတစ်တုံး (၁ လျန်) ပေးမယ်။ စာရွက်နဲ့ မင်ကိုတော့ ငါ့ဘက်က ထုတ်ပေးမယ်။ ခဏနေ အားချိုင် ဆီသွားပြီး သိသင့်တာတွေ မေးလိုက်ဦး”

အဲဒီနောက် ရွှီထင်းရှန်းနဲ့ သူဌေးချန်း စကားနည်းနည်းပြောပြီး ချန်ကျန်း လိုအပ်တဲ့ စာရွက်စာတမ်းတွေ ထုတ်ယူကာ လေးယောက်သား ပြန်ထွက်လာကြတယ်။

“တစ်အုပ်ကို ငွေတစ်တုံးဆိုတာ တော်တော်များတာပဲ” မောက်ပါ့သိုက အားကျစိတ်နဲ့ တံတွေး မျိုချလိုက်တယ်။ စောစောက အထဲမှာ အကြာကြီး အောင့်ထားရတော့ အခုမှ စကားပြောခွင့်ရတာလေ။

“အဲဒါ အာကျန်း လက်ရေးကောင်းလို့လေ။ မင်းလက်ရေးသာ ထင်းရှန်းတို့ အာကျန်းတို့လောက် ကောင်းရင် မင်းလည်း ရမှာပေါ့” လီသာ့ထျန်က အမှန်အတိုင်း ပြောချလိုက်တယ်။

“ဟွန်း... ငါတို့နှစ်ယောက် အရင်ဘဝက ရန်သူတွေ ဖြစ်ခဲ့တာ နေမှာ။ ငါ့အားနည်းချက်ဆို ထောက်ပြဖို့ပဲ ဝါသနာပါတယ်နော်”

ဟိုဘက်မှာ နှစ်ယောက်သား စနောက်နေကြချိန် ဒီဘက်မှာ ချန်ကျန်းက ရွှီထင်းရှန်းကို ကျေးဇူးတင်စကား ပြောနေတယ်။ “ကျေးဇူးပါ။ မင်းကြောင့်သာ မဟုတ်ရင် ဦးလေးချန်းက ငါ့ကို ဒီလောက်ဈေးပေးမှာ မဟုတ်ဘူးဆိုတာ ငါသိပါတယ်”

“ဘာကျေးဇူးတင်စရာ ရှိလို့လဲ။ တာ့ထျန် ပြောသလို မင်းလက်ရေး ကောင်းလို့ပါ”

“ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်” ချန်ကျန်းက ရှားရှားပါးပါး စိတ်လှုပ်ရှားနေပုံရတယ်။ သူ့လွယ်အိတ်ကြိုးကို တင်းတင်းဆုပ်ကိုင်ထားတယ်။ အထဲမှာ စာရွက်တွေနဲ့ မင်တောင့်တွေ ရှိနေတာကိုး။ “ဒီငွေက ငါ့အတွက် အရမ်းအရေးကြီးတယ်။ ငါ သေချာပေါက် ကြိုးစားပြီး ကူးပါ့မယ်”

ရွှီထင်းရှန်းက သူ့ပခုံးကို ပုတ်လိုက်ပြီး ခေါင်းညိတ်ပြလိုက်တယ်။

အဲဒီအချိန်မှာ မောက်ပါ့သိုနဲ့ လီသာ့ထျန်တို့ ရောက်လာကြတယ်။ “ကဲ... ကျေးဇူးတင်တာတွေ တော်တော့။ အချိန်စောသေးတယ် တစ်နေရာရာ သွားလည်ကြမလား”

ဘယ်သွားလည်မလဲ။ သုံးယောက်သား မျက်လုံးထဲမှာ ဒီမေးခွန်း ရှိနေတယ်။

လီသာ့ထျန်က အမြန်တားလိုက်တယ်။ “တော်ပါတော့ကွာ ဒီလောက်အချိန်လေးနဲ့ ဘာသွားလည်ဦးမှာလဲ။ မနက်ဖြန် ကျောင်းပိတ်ရက်ကျမှ မင်းသဘောရှိ လည်တော့”

ရွှီထင်းရှန်းက ရုတ်တရက် ပြောလိုက်တယ်။ “ဒါနဲ့... ငါ ပစ္စည်းတစ်ခု ဝယ်ချင်လို့။ မောက်ပါ့သို... မင်း သိမလား။ မြို့ထဲမှာ မိန်းကလေးတွေ ကြိုက်တတ်တဲ့ ပစ္စည်းလေးတွေ... ဟို...”

သူက သေချာရှင်းပြနေတုန်းမှာပဲ မောက်ပါ့သိုက သဘောပေါက်သွားပြီး ခုန်ဆွခုန်ဆွ ဖြစ်သွားတယ်။ “မင်းရဲ့ဇနီးလောင်းလေးအတွက် ဝယ်ပေးချင်လို့မလား။ လာလာ... ငါ လိုက်ပြမယ်”

သူ့နောက်ကို လိုက်သွားရင်း လမ်းကြားလေးတွေထဲ ဝင်လာခဲ့ကြတယ်။ ကျောင်းသားလေး လေးယောက် လမ်းကြားကျဉ်းကျဉ်းလေးထဲ ရောက်နေတာပေါ့။

မောက်ပါ့သိုက ရှေ့က သွားရင်း ပြောတယ်။ “ဒီနေရာက မထင်မရှား ရှိပေမဲ့ ပစ္စည်းစုံတယ်ကွ။ ငါ့အစ်မဆို ခဏခဏ လာဝယ်တယ်။ ပန်းပွင့်လေးတွေ ဘာလေးတွေပေါ့။ ငါတို့အိမ်ကလည်း သိပ်ချမ်းသာတာ မဟုတ်တော့ ရွှေဆိုင် ငွေဆိုင် မသွားနိုင်ဘူးလေ။ ကုန်သည်သည်တွေဆီမှာကျတော့လည်း ပစ္စည်းက မကောင်းဘူး။ ဒီနေရာက အတော်ပဲ”

စကားဆုံးတာနဲ့ မလှမ်းမကမ်းမှာ တံခါးပေါက်ကျဉ်းကျဉ်းလေး တစ်ခု တွေ့လိုက်ရတယ်။ အိမ်တစ်အိမ်ရဲ့ ခြံစည်းရိုးကို ဖောက်ပြီး ဆိုင်ဖွင့်ထားပုံရတယ်။ နေရာက မကျယ်ပါဘူး အခန်းတစ်ခန်းစာလောက်ပဲ ရှိတယ်။

ဆိုင်းဘုတ်မရှိ နာမည်မရှိပေမဲ့ အထဲဝင်ကြည့်လိုက်တော့ အပြင်အဆင်က သေသပ်လှပပြီး မိန်းကလေးသုံးပစ္စည်းတွေ ရောင်းတဲ့နေရာမှန်း သိသာတယ်။

“အဒေါ်ကြီး... ကျွန်တော် လာပြန်ပြီ” မောက်ပါ့သိုက ဝင်ဝင်ချင်း အော်နှုတ်ဆက်တယ်။

“အော်... မောင်ရင်လေးကိုး။ ဒီနေ့ အစ်မ မပါဘူးလား” ဆိုင်ရှင်က အသက်လေးဆယ်ကျော် အမျိုးသမီးကြီးပါ။ အရွယ်တင်ပြီး သပ်ရပ်စွာ ဝတ်စားထားလို့ ကြည့်ရတာ စိတ်ချမ်းသာစရာ ကောင်းတယ်။

“ဟားဟား... ဒီနေ့ သူငယ်ချင်းတွေကို လိုက်ပို့တာဗျ”

ဆိုင်ရှင်အမျိုးသမီးက ကျောင်းသားလေးတွေကို ကြည့်ပြီး သဘောပေါက်သလို ခေါင်းညိတ်ပြတယ်။ “ကဲ... ကြည့်ကြ ကြည့်ကြ။ ကြိုက်တာရှိရင် လျှော့ပေးမယ်”

33 03

မောက်ပါ့သိုနဲ့ ဆိုင်ရှင် စကားပြောနေတုန်း ရွှီထင်းရှန်းက ကောင်တာရှေ့ ရောက်နေပြီ။ ဒီဆိုင်ရဲ့ ကောင်တာက ထူးခြားတယ်။ ခါးလောက်မြင့်တဲ့ စားပွဲပေါ်မှာ သစ်သားသေတ္တာလေးတွေ တင်ထားပြီး သေတ္တာထဲမှာ ဖဲသားခင်းကာ ပစ္စည်းလေးတွေ တစ်ခုချင်းစီ ပြသထားတယ်။

ပိုက်ဆံအိတ်၊ ရနံ့အိတ်၊ ဘီး၊ လက်ကိုင်မှန်၊ ဆံထိုးကနေစပြီး ခေါင်းစီးကြိုး၊ ပန်းပွင့်၊ နားကပ်၊ နားဆွဲ အစုံအလင် ရှိတယ်။ ရွှီထင်းရှန်းက မိန်းကလေးအသုံးအဆောင်တွေကို တစ်ခါမှ သေချာမဝယ်ဖူးတော့ မျက်စိတွေ လည်ကုန်တယ်။

မောက်ပါ့သို ရောက်လာပြီး ဆရာကြီးလုပ်တော့တယ်။ “မင်း ဘာဝယ်ချင်လဲ ပြော။ ငွေဘယ်လောက် သုံးမလဲ။ တစ်ခုတည်း ဝယ်မှာလား အများကြီး ဝယ်မှာလား။ ငါ ရွေးပေးမယ်”

ဒီတော့ တည်ငြိမ်တဲ့ ရွှီထင်းရှန်းက လူနုံလူအ ဖြစ်သွားပြီး မောက်ပါ့သိုက ဦးဆောင်သူ ဖြစ်လာတော့တယ်။

“ဒီပုလဲပွင့်လေး ဘယ်လိုလဲ။ မိန်းကလေးတွေက ပန်းရောင် ကြိုက်တယ် ငါ့အစ်မဆို ဒါမျိုး ကြိုက်တာ...”

“ဒါမှမဟုတ် ဒီသစ်သားဆံထိုးလေး။ ပုံစံလေးက ဆန်းတယ်ကွ။ ပြီးတော့ ဒီနားဆွဲလေး...”

“မောက်ပါ့သို... မင်းက ဘယ်လိုလုပ် ဒါတွေ သိနေတာလဲ” လီသာ့ထျန်က စပ်စုတယ်။

မောက်ပါ့သိုက မျက်နှာပိုးသတ်ပြီး… “ငါ့အစ်မကြောင့်လေ။ လာဝယ်တိုင်း ငါ့ကို ခေါ်လာတော့ မြင်ဖူးတွေ့ဖူးပြီး သိသွားတာပေါ့”

ရွှီထင်းရှန်းက မက်မွန်သား ဆံထိုးဟောင်းလေး တစ်ချောင်းကို စိုက်ကြည့်နေတာ တွေ့တော့ သူက ဝင်ပြောတယ်။ “ဒီဆံထိုး မဆိုးဘူး။ ကျက်သရေရှိတယ် ကလေးဆန်မနေဘူး။ သူနဲ့လိုက်တဲ့ နားဆွဲတစ်ရံလည်း ရှိတယ်။ ဒါပေမဲ့ ဈေးတော့ မနည်းလောက်ဘူး”

“မောင်ရင် မျက်စိရှိသားပဲ။ ဒါက မြို့ကြီးကနေ အခုမှ ရောက်ထားတဲ့ ဒီဇိုင်းအသစ် တစ်စုံပဲ ပါတာ။ မက်မွန်သား အဟောင်းကို သုံးထားပြီး လက်ရာက သိပ်သေသပ်တယ်။ ဆံထိုးခေါင်းကို ငွေနဲ့ လုပ်ထားပြီး ခေါင်ရမ်းပန်းပုံ ဖော်ထားတာ...”

နောက်ဆုံးတော့ လေးယောက်သား ဆိုင်ထဲက ပြန်ထွက်လာကြတယ်။ ရွှီထင်းရှန်းရဲ့ လွယ်အိတ်ထဲမှာ သစ်သားဘူးလေး တစ်ဘူး ပါလာတယ်။

“ထင်းရှန်း... မင်း တော်တော်ရက်ရောတာပဲ။ ပစ္စည်းနှစ်ခုအတွက် ငွေတစ်တုံးတောင် သုံးလိုက်တယ်။ မင်း ရက်အများကြီး စာကူးပြီး ရှာထားရတဲ့ ပိုက်ဆံတွေလေ” လက်ဖွာတဲ့ မောက်ပါ့သိုတောင် နှမြောပြီး ပြောရှာတယ်။ သူ့အမြင်မှာတော့ မိန်းကလေးပစ္စည်းဆိုတာ ကြေးပြား ၁၀၀ လောက်ဆို ပြီးပြီလေ။ သူငယ်ချင်းက ဒီလောက်ဈေးကြီးတာ ဝယ်လိမ့်မယ် မထင်ထားဘူး။

“ပစ္စည်းက ကောင်းတယ်လေ။ ပိုက်ဆံက နောက်မှ ရှာလို့ရတာပဲ” ရွှီထင်းရှန်း ပြုံးလိုက်ပြီး လွယ်အိတ်ထဲက ဘူးလေးကို အသာစမ်းကြည့်လိုက်တယ်။

“ဟုတ်တော့ ဟုတ်ပါတယ်။ ဇနီးလောင်းလေးအတွက် ဆိုတော့လည်း ကပ်စေးနည်းလို့ ဘယ်ဖြစ်မလဲနော်”

ကျောင်းကို ပြန်ရောက်တာနဲ့ ခေါင်းလောင်းထိုးသံ ကြားလိုက်ရတယ်။

လေးယောက်သား အဆောင်ကို အပြေးပြန် ပစ္စည်းထားပြီး စာသင်ဆောင်ကို သွားကြတယ်။

ပုံမှန် နေ့လယ်ပိုင်းတွေမှာ စာမသင်ဘဲကိုယ့်ဘာသာ လေ့လာရတယ်။

ဒါပေမဲ့ မနက်ဖြန် ကျောင်းပိတ်ရက်ဆိုတော့ ဒီနေ့ညနေပိုင်းမှာ လူတိုင်း စိတ်လှုပ်ရှားနေကြတယ်။

ကျောင်းသားအများစုက အနီးအနား ရွာတွေကဆိုတော့ ညနေ ၃ နာရီလောက်ဆို ကျောင်းဆင်းကြပြီ။ အဆောင်ပြန် ပစ္စည်းသိမ်းပြီး မကြာခင်မှာပဲ ကျောင်းကြီး တိတ်ဆိတ်သွားတယ်။

လေးယောက်သား ကျောင်းဝင်းထဲက ထွက်လာတော့ အဝေးကနေ လှမ်းခေါ်သံ ကြားလိုက်ရတယ်။ “ထင်းအာ... ဒီမှာ...”

လမ်းထောင့်မှာ လှည်းတစ်စီး ရပ်ထားတယ်။ လှည်းပေါ်မှာ လူနှစ်ယောက် ထိုင်နေတယ်။

တစ်ယောက်က အမျိုးသား တစ်ယောက်က ကောင်လေးတစ်ယောက်။

ရွှီထင်းရှန်း မျက်နှာ ချက်ချင်း မည်းမှောင်သွားတယ်။

မောက်ပါ့သိုက မေးမလို့ ပြင်တုန်းရှိသေး ဟိုကောင်လေးက လေပွေလို ပြေးရောက်လာတယ်။ “မင်း ဒီအချိန် ကျောင်းဆင်းမယ်ဆိုတာ ငါမှတ်မိသားပဲ။ အစ်ကိုကျန်းဝူက မဟုတ်ဘူး ပြောနေသေးတယ်။ လာ... အိမ်ပြန်ရအောင်။ ငါ ဟင်းတွေ အများကြီး ဝယ်လာတယ် ညကျရင် ကောင်းကောင်း ချက်ကျွေးမယ်”

33 04

ဒီကောင်လေးက ကျောက်အာပါပဲ။

သူမက အသံကို တမင်နှိမ်မပြောဘဲ ပုံမှန်အတိုင်း ပြောလိုက်တော့ မိန်းကလေးအသံ ကြည်ကြည်လေး ထွက်လာတာပေါ့။ မောက်ပါ့သိုခမျာ ကြက်ဥအလုံးလိုက် မျိုချမိသလို ပါးစပ်အဟောင်းသား ဖြစ်သွားတယ်။

ကျောက်အာက အခုမှ သတိထားမိပြီး မေးတယ်။ “ဒါ နင့်ရဲ့ ကျောင်းနေဖက်တွေလား”

ရွှီထင်းရှန်းက တိုးတိုးလေး ဖြေတယ်။ “အင်း”

“ဘာဖြစ်လို့လဲ။ မပျော်ဘူးလား။ ဘယ်သူ အနိုင်ကျင့်လို့လဲ။ ပြော... ငါ ဆုံးမပေးမယ်”

“ထင်းရှန်းကို ဘယ်သူမှ အနိုင်မကျင့်ပါဘူး။ မင်း... မင်းက...”

“ငါက ထင်းအာရဲ့အစ်မပါ။ နင်တို့က သူ့သူငယ်ချင်းတွေ ဖြစ်မယ်” ကျောက်အာ ဝမ်းသာသွားတယ်။ သူ့ကောင်လေးက အရမ်း အထီးကျန်ဆန်ပြီး အပေါင်းအသင်း မရှိဘူးလို့ ထင်ထားတာ။ အခု သူငယ်ချင်းတွေ ရှိနေတော့ ဝမ်းသာတာပေါ့။

“သူက ငါ့အစ်မ မဟုတ်ဘူး ငါ့မိန်းမ” ရွှီထင်းရှန်းက ကျောက်အာကို ဆွဲယူလိုက်ပြီး ပြောကာ အတင်းဆွဲခေါ်သွားတော့တယ်။ “ငါ သွားတော့မယ်”

မောက်ပါ့သိုက ကြက်ဥတစ်လုံး ထပ်မျိုချမိပြန်ပြီ။ တော်တော်ကြာမှ သူက “ဪ... ထင်းရှန်းက အစ်မကြီးတွေကို ကြိုက်တာကိုး။ ဒါ သူ့ရဲ့ ဇနီးလောင်းပေါ့...”

“ဘာ အစ်မကြီးလဲ။ မင်းပါးစပ်ထဲရောက်ရင် စကားက ရုပ်ပျက်ဆင်းပျက် ဖြစ်ကုန်ရော။ သွားစို့... တော်ကြာ လှည်းမမီဘဲ နေမယ်”

လမ်းတစ်လျှောက်လုံး ရွှီထင်းရှန်း မျက်နှာက မကောင်းဘူး။ ကျောက်အာလည်း ကျန်းဝူ ရှိနေတော့ ဘာဖြစ်တာလဲ မမေးရဲဘူး။ ဘေးနားကနေ ဟာသတွေ ပြောပြီး ပျော်အောင် လုပ်ပေးနေရတယ်။

ကျန်းဝူကတော့ ဘာမှ မသိရှာဘူး။ ပြုံးပြုံးလေးနဲ့ ကျောက်အာ ပြောတာတွေကို နားထောင်နေတယ်။

ရွာရောက်တော့ ကျန်းဝူက ရွာထိပ်ကို မပတ်တော့ဘဲ ရွှီအိမ်ရှေ့ တန်းမောင်းပို့ပေးတယ်။

ကျောက်အာနဲ့ ရွှီထင်းရှန်း လှည်းပေါ်က ဆင်းတော့ ကျန်းဝူက ပစ္စည်းတွေ ကူချပေးတယ်။

ကျောက်အာ ပြောတာ တကယ်မမှားဘူး ပစ္စည်းတွေ အများကြီးပဲ။ ဆန်တစ်အိတ် ဂျုံတစ်အိတ် ဝက်လက်နှစ်ချောင်း ဝက်သား ငါးကျင်း နဲ့ တခြား ဟိုဟိုဒီဒီ ပစ္စည်းတွေအပြင် အထည်နှစ်လိပ်တောင် ပါသေးတယ်။

ရွှီမိသားစု တစ်အိမ်လုံး ထွက်ကြည့်ကြတယ်။ အဒေါ်ကျိုးနဲ့ အဒေါ်ယန် ပါ ပါတယ်။

ဒီနေ့ ရွှီကျွင်းခိုင် ပြန်လာမှာမို့လို့ ရွှီချင်းရှန် သွားကြိုတာ ပြန်လာပြီ ထင်နေကြတာ။

“ကျောက်အာ... ပစ္စည်းတွေ အများကြီးပါလား” အဒေါ်စွန်းက စပ်စုတယ်။

ကျောက်အာက တံခါးဖွင့် ပစ္စည်းတွေ သယ်ထည့်ရင်း ဖြေတယ်။ “ရှားရှားပါးပါး ထင်းအာ ပြန်လာတာဆိုတော့ အားရှိအောင် ကျွေးချင်လို့ပါ”

အဘွားကျောက်က အိမ်ကြီးပေါ်ကနေ မျက်နှာပုပ်သိုးသိုးနဲ့ ကြည့်ပြီး “နင်လည်း ပြန်လာတတ်သေးတယ်ပေါ့။ တစ်နေ့တစ်နေ့ လူအရိပ်တောင် မမြင်ရဘူး။ ဘယ်မိန်းကလေးက နင့်လို နေလို့လဲ”

ကျောက်အာက မျက်နှာငယ်လေးနဲ့ ပြောလိုက်တယ်။ “အဘွားကလည်း... သမီး နေ့တိုင်း ပြန်လာပါတယ် မိုးမချုပ်ခင် ပြန်ရောက်ပါတယ်။ ထင်းအာ ကျောင်းစရိတ်အတွက် ပိုက်ဆံရှာနေရလို့ပါ ငွေမရှိဘဲ ဘယ်လိုလုပ်မလဲ”

အဘွားကျောက် နှာမှုတ်ပြီး အိမ်ထဲ ဝင်သွားတယ်။

ကျောက်အာက ဂရုမစိုက်ပါဘူး။ ကျန်းဝူ ဘက်လှည့်ပြီး “အစ်ကိုကျန်းဝူ... ကျေးဇူးတင်ပါတယ်နော်။ မနက်ဖြန်ကျရင် အိမ်မှာ ကောင်းကောင်း အနားယူလိုက်ဦး”

“ဒါဆို ငါပြန်တော့မယ်” ကျန်းဝူ ခေါင်းညိတ်ပြီး ပြောကာ ထွက်သွားတယ်။

“ကောင်းပြီ လိုက်မပို့တော့ဘူးနော်”

ပစ္စည်းတွေ နေရာချပြီးမှ ကျောက်အာက ရွှီထင်းရှန်းဘက် လှည့်ကြည့်တယ်။

သူ စိတ်ဆိုးနေတုန်းပဲ။ ဒီကောင်လေးက စိတ်ကောက်တတ်လိုက်တာ။ သူမ နှာခေါင်းကို ပွတ်လိုက်ပြီး အဝတ်အစားယူကာ အခန်းထောင့်က လိုက်ကာကာထားတဲ့ နေရာမှာ အဝတ်သွားလဲလိုက်တယ်။

ခဏကြာတော့ ယောကျ်ားလေးဝတ်စုံကနေ မိန်းကလေးဝတ်စုံ ပြောင်းပြီး ထွက်လာတယ်။

သူမ ခေါင်းငုံ့ပြီး ဆံပင်စည်းနေတုန်း ရှေ့မှာ လူတစ်ယောက် ရောက်လာတယ်။

မော့ကြည့်လိုက်တော့ သူက သစ်သားဘူးလေး တစ်ဘူးကမ်းပေးနေတာ တွေ့လိုက်ရတယ်။

“ဘာလဲ”

သူ ဘာမှမပြောဘဲ သူ့ရဲ့ မျက်လုံးနက်နက်တွေနဲ့ စိုက်ကြည့်နေတယ်။

ကျောက်အာ ဘူးလေးကို ယူပြီး ဖွင့်ကြည့်လိုက်တယ်။

“ဒါ ငါ့အတွက်လား”

******

34 01

အခန်း (၃၄)

သစ်သားဘူးလေးက ခြောက်လက်မလောက် ရှည်ပြီး အတွင်းမှာ ဖဲသားခင်းထားတယ်။ အပေါ်မှာ သစ်သားဆံထိုး တစ်ချောင်းနဲ့ နားဆွဲတစ်ရံ တင်ထားတယ်။

ဆံထိုးက မက်မွန်သားအဟောင်းနဲ့ ပြုလုပ်ထားပြီး အညိုရောင်ရင့်ရင့်ရှိတယ်။ ထိပ်ပိုင်းက ခေါင်ရမ်းပန်းပုံစံ ဖြစ်ပြီး ပန်းခိုင်အောက်ခြေကို ငွေနဲ့ကွပ်ထားတယ်။ ပန်းပွင့်အလယ်မှာ လက်သည်းခွံတစ်ဝက်လောက် ရှိတဲ့ ခေါင်ရမ်းပန်းကျောက်လေး မြှုပ်နှံထားတယ်။

ကျောက်ရဲ့ အရည်အသွေးက သိပ်မကြီးပေမဲ့ အလွန်ကြည်လင်တယ်။ နူးညံ့ပြီး အရောင်အဆင်း လှပလို့ တကယ့် ခေါင်ရမ်းပန်းလေးလိုပဲ။ ခေါင်ရမ်းပန်းကျောက် ဆိုတဲ့ နာမည်နဲ့ တကယ်လိုက်ဖက်တယ်။

အရောင်နဲ့ လက်ရာကို ကြည့်ရင် ဒါဟာ သစ်သားဆံထိုးတွေထဲမှာ အကောင်းစားလို့ ပြောလို့ရတယ်။

နားဆွဲလေးကလည်း ဆံထိုးနဲ့ တစ်သားတည်းပဲ။ ရေစက်ပုံသဏ္ဌာန် ရှိပြီး ရိုးရှင်းပေမဲ့ ချစ်စရာကောင်းတယ်။ မိန်းကလေးတိုင်း မြင်တာနဲ့ ကြိုက်နှစ်သက်မယ့် ပစ္စည်းမျိုးပဲ။

ကျောက်အာလည်း မိန်းကလေးပဲလေ လှပတဲ့အရာတွေကို ကြိုက်တာပေါ့။ ဒါပေမဲ့ နေ့စဉ်အလုပ်တွေ ရှုပ်နေသလို အရင်ကလည်း ဆင်းရဲလွန်းလို့ ဒီလိုပစ္စည်းမျိုး မဝယ်နိုင်ခဲ့ဘူး။ အခု သူ့ရှေ့မှာ လက်ဝတ်ရတနာလေး ရောက်နေပြီ။ ဒါကလည်း သူ့ကောင်လေးကိုယ်တိုင် ဝယ်ပေးထားတာဆိုတော့ ပြောမပြတတ်အောင် ဝမ်းသာမိတယ်။

သူမရဲ့မျက်ခုံးကြားက ပျော်ရွှင်မှုကို မြင်တော့ ရွှီထင်းရှန်း စိတ်သက်သာရာ ရသွားတယ်။ မူလကတော့ ပိုက်ဆံဖြုန်းတယ်လို့ အဆူခံရမှာ စိုးရိမ်နေတာ။

တွေးနေတုန်းမှာပဲ ကျောက်အာက မေးလိုက်တယ်။ “ဘယ်လောက်ပေးရလဲ။ ဈေးမပေါလောက်ဘူး”

ရွှီထင်းရှန်းက ကြေးပြား ဆယ်ဂဏန်းလောက်ပါလို့ လိမ်ပြောချင်ပေမဲ့ သူမ ယုံမှာမဟုတ်မှန်း သိနေတော့ အမှန်အတိုင်းပဲ ပြောလိုက်တယ်။

ငွေတစ်တုံး ပေးရတယ်ဆိုတာ ကြားတော့ ကျောက်အာ နှမြောသွားတယ်။ ဒါပေမဲ့ သိပ်တော့ မပြင်းထန်ပါဘူး။ ဒီရက်ပိုင်း စီးပွားရေးကောင်းလို့ ဝင်ငွေကောင်းနေတာလည်း ပါတာပေါ့။ ငွေတစ်တုံးရှိပြီး တစ်တုံးလုံး သုံးပစ်လိုက်တာနဲ့ ငွေဆယ်တုံးရှိပြီး တစ်တုံးသုံးတာက ခံစားချက်ချင်း မတူဘူးလေ။

သူ့ကောင်လေးက ဘယ်ကငွေနဲ့ ဝယ်တာလဲလို့ စဉ်းစားမိပြန်တယ်။ ဟိုတလောက စာကူးခတွေ အများကြီး သုံးလိုက်ပြီလေ။ နောက်ထပ် စာတစ်အုပ် ထပ်ကူးလိုက်တာလား။

ဒီလိုတွေးမိတော့ စိတ်ထဲ ကြည်နူးသွားပြီး “စာကူးလို့ရတဲ့ ပိုက်ဆံနဲ့ ဝယ်တာမလား။ ဝယ်ပြီးမှတော့လည်း ပြီးပါစေတော့ ခဏနေရင် ငါပြန်ပေးမယ်”

“မလိုပါဘူး”

ကျောက်အာက မလိုပါဘူး ဆိုတာ ဘာကို မလိုတာလဲ စဉ်းစားနေတုန်း သူက ထပ်မေးတယ်။ “ကြိုက်လား”

သူမ မော့ကြည့်လိုက်တော့ ကောင်လေးရဲ့ မျက်လုံးတွေက နက်မှောင်တောက်ပနေတယ်။ ခွေးပေါက်လေးတစ်ကောင်ရဲ့ စိုစိုစွတ်စွတ် မျက်လုံးလေးတွေလိုပဲ။ အရင်တုန်းက ဟေးကျစ်ကို ခွေးပေါက်ဘဝနဲ့ ကျန်းအိမ်ကနေ ပွေ့လာတုန်းက အကြည့်မျိုးလေးပေါ့။ ဟေးကျစ် လေးက သူ့လက်ဖဝါးကို လျှာနုနုလေးနဲ့ လျက်ပေးတတ်သေးတယ်။

အခု ဟေးကျစ်လည်း ခွေးကြီးဖြစ်လာပြီ။ ကောင်လေးလည်း ကြီးပြင်းလာပြီ။ လူကို ဂရုစိုက်တတ်လာပြီ ဆံထိုးဝယ်ပြီး ကန်တော့တတ်လာပြီ။

ကျောက်အာ မနေနိုင်ဘဲ သူ့ခေါင်းကို လှမ်းပွတ်လိုက်တယ်။ “ကြိုက်တာပေါ့ အရမ်းကြိုက်တယ်။ ဒါပေမဲ့ ငါ့မှာ နားပေါက် မရှိတော့ နားဆွဲက တပ်လို့မရဘူး”

ရွှီထင်းရှန်းက ခေါင်းပွတ်ခံရလို့ ရုန်းမလို့ လုပ်တုန်း ဒီစကားကြားတော့ သူမ နားသီးလေးကို လှမ်းကြည့်လိုက်မိတယ်။

ကျောက်အာရဲ့နားသီးလေးက တော်တော်ချစ်စရာကောင်းတယ်။ အသားပြည့်ပြည့်လေးနဲ့ ကြည်လင်နေတာပဲ။ ရွာက လူကြီးတွေ ပြောစကားအရဆိုရင် ဒါမျိုးက ကုသိုလ်ကံကောင်းတဲ့ နားသီးမျိုးတဲ့။

ရုတ်တရက် ကိုက်ထည့်ချင်စိတ် ပေါက်သွားပြီး ရင်ထဲ တင်းကျပ်သွားတယ်။ “ငါ တပ်ပေးမယ်လေ”

“အခု တပ်မလို့လား။ ငါ့ဆံပင်တွေက ရှုပ်ပွနေတာကို”

“ငါ တပ်ပေးမယ်!”

ဒီတော့ ကျောက်အာလည်း အင်း လို့ပဲ ပြောလိုက်ရပြီး ခေါင်းကို ရွှီထင်းရှန်းဘက် တိုးပေးလိုက်တယ်။ နည်းနည်း မြင့်နေသလားလို့ ဒူးလေးပါ ကွေးပေးလိုက်သေးတယ်။

ရွှီထင်းရှန်းက ဘူးထဲက ဆံထိုးကို ယူပြီး သူမရဲ့ ဆံထုံးထဲ ထိုးထည့်လိုက်တယ်။ ပြီးတော့ သေချာကြည့်တယ်။ ကြည့်လေ ကြည့်လေ လှလေပဲ။ ကျောက်အာက မနေနိုင်တော့ဘဲ မေးလိုက်မှ သတိဝင်လာတယ်။ “ပြီးပြီလား”

သူကမန်းကတန်း လက်ပြန်ရုတ်ပြီး ချောင်းဟန့်လိုက်တယ်။ “ပြီးပြီ”

34 02

“လှလား” ကျောက်အာ မတ်တတ်ရပ်ပြီး ခေါင်းကို ဘယ်ညာ လှည့်ကြည့်တယ်။ ဒါက သူ့ဘဝမှာ ပထမဆုံးအကြိမ် မိန်းကလေး ဆံထိုး ထိုးဖူးတာပဲ။ အရင်ကဆို ကြိုးနဲ့ပဲ စည်းထားတာလေ။

ဆံထိုးက မလေးပေမဲ့ ခေါင်းပေါ်မှာ အလေးချိန်တစ်ခု ပိုလာသလို ခံစားရတယ်။

“ကြည့်ရတာ ထူးဆန်းမနေဘူးလား”

ရွှီထင်းရှန်း ခေါင်းခါလိုက်တယ်။ “အရမ်းလှတယ်”

“တကယ်လား” သူမ မနေနိုင်ဘဲ မှန်သွားကြည့်တယ်။

မှန်က ဟောင်းနွမ်းပြီး အစင်းရာတွေ ထနေပြီ။ ပုံရိပ်က ဝါးတားတားမို့ သေချာ မမြင်ရဘူး။ ကြည့်မရတော့ စိတ်ပျက်လက်ပျက်နဲ့ မှန်ကို ပြန်ချလိုက်တယ်။ “ငါ ထမင်းသွားချက်လိုက်ဦးမယ်။ နင် အခန်းထဲမှာ ခဏနားနေနော်”

သူမက ဘူးလေးကို စားပွဲပေါ်တင် အောက်က ခြင်းတောင်းထဲက အသားတစ်တုံး ယူပြီး ထွက်သွားတယ်။

ခြံထဲမှာ ကျောက်အာနဲ့ အဒေါ်ကျိုး စကားပြောသံတွေ ကြားနေရတယ်။ ရွှီထင်းရှန်း စာအုပ်ထုတ်ပြီး ဖတ်နေပေမဲ့ စာလုံးတွေက ခေါင်းထဲ မရောက်ဘဲ သူမရဲ့လည်တိုင်ဖြူဖြူလေးနဲ့ ချစ်စရာကောင်းတဲ့ နားသီးလေးကိုပဲ မြင်ယောင်နေမိတယ်။

ညစာအတွက် ကျောက်အာက ဝက်သားကြော် ငါးဝါနဲ့ ပဲပြားဟင်း၊ ဂေါ်ဖီထုပ်နဲ့ တောင်ပိန်းဥကြော်တို့ ချက်တယ်။ ထမင်းကလည်း ဆန်ကောင်း ထမင်းဖြူ။ ရှားစီနယ်ဘက်က စပါးမစိုက်တော့ ဆန်ကို ဈေးကြီးပေးဝယ်ရတာ။ ကျောက်အာက ငါးကျင်းလောက် ဝယ်ထားတာလေ။

ဟင်းတွေက များနေတော့ ပန်းကန်လုံးအကြီးကြီး တစ်လုံးထဲ ခပ်ထည့်လိုက်ပြီး ကျန်တာကို တခြားပန်းကန်လုံးထဲ ထည့်လိုက်တယ်။ ခြံထဲမှာ ဆူညံသံတွေ ကြားလိုက်ရတယ် ရွှီချင်းရှန်တို့သားအဖ ပြန်ရောက်လာကြပြီ။

“အဒေါ်ကျိုး... ထမင်းခူးတော့”

အဒေါ်ကျိုးက ဟင်းတွေ ပြင်ဆင်ပြီးသား ထမင်းလည်း ချက်ပြီးသား။ ရွှီချင်းရှန်တို့ ပြန်လာရင် ဟင်းနွှေးပြီး စားရုံပဲ။ ကျောက်အာ ချက်ပြီးတာနဲ့ မီးဖိုကို ဖယ်ပေးလိုက်တယ်။

ကျောက်အာက ဟင်းပန်းကန်တွေကို နှစ်ခေါက်လောက် သယ်ပြီး အခန်းထဲ ပို့တယ်။ ရွှီထင်းရှန်းကို အရင်စားထားဖို့ ပြောပြီး သူမက ဖယ်ထားတဲ့ ဟင်းပန်းကန်ကို ယူကာ အိမ်မကြီးဘက် သွားတယ်။

အိမ်မကြီးမှာ အဘွားကျောက်က ရွှီကျွင်းခိုင်ကို ဟိုမေးဒီမေး လုပ်နေတယ်။

ကျောက်အာ ဝင်သွားပြီး ခုတင်ပေါ်မှာ ပြုံးဖြီးနေတဲ့ အဘိုးရွှီကို ပြောလိုက်တယ်။ “အဘိုး... သမီး ဟင်းနည်းနည်း ချက်ထားလို့ အဘိုးနဲ့ အဘွားမြည်းရအောင် လာပို့တာ။ သမီးနဲ့ ကုန်းအာတို့ရဲ့ စေတနာပါ”

“လိမ္မာတယ်။ ညစာ အတူတူ စားပါလား”

ကျောက်အာ ပြုံးပြီး ခေါင်းခါလိုက်တယ်။ “မစားတော့ပါဘူး အဘိုး။ သမီး ဟိုမှာလည်း ဖယ်ထားပါသေးတယ်။ ကုန်းအာက ပြန်ရောက်ကတည်းက ဗိုက်ဆာနေတာ ကျွင်းခိုင် ပြန်ရောက်တာ နောက်ကျနေတော့ သမီးတို့ အရင် စားလိုက်ပါပြီ။ သူ စားတောင် နေလောက်ပြီ။ သမီးလည်း သွားစားလိုက်ပါဦးမယ်။ ကျေးဇူးပါ အဘိုး”

34 03

အဘိုးရွှီက ဘာမှထပ်မပြောတော့ဘူး။ ကျောက်အာ ပြန်ထွက်လာတယ်။

အခန်းပြန်ရောက်တော့ ရွှီထင်းရှန်း ထမင်းမစားရသေးဘူး။

စားပွဲပေါ်မှာ ဟင်းလေးခွက် သေသပ်စွာ ပြင်ထားပြီး ထမင်းပန်းကန်တွေပါ ခပ်ထားလျက်သား။

ကျောက်အာ ဖိနပ်ချွတ်ပြီး ခုတင်ပေါ် တက်လိုက်တယ်။ “ဘာလို့ မစားသေးတာလဲ”

“နင့်ကို စောင့်နေတာ”

“ဘာစောင့်စရာ လိုလို့လဲ။ စားကြစို့”

နှစ်ယောက်သား ထမင်းစားရင်း စကားပြောကြတယ်။ ကျောက်အာက ကျောင်းအကြောင်း မေးတယ်။ အိပ်လို့စားလို့ ကောင်းရဲ့လား အနိုင်ကျင့်တဲ့သူ ရှိလား ဆရာက စည်းကမ်းကြီးလား စသဖြင့်ပေါ့။

ရွှီထင်းရှန်းက တစ်ခုချင်း ဖြေပြတယ်။

သူမကို ကြည့်ရင်း သူက မေးလိုက်တယ်။ “နင် အခု ကျန်းဝူနဲ့ အတူတူ ဈေးရောင်းနေတာလား။ အင်္ကျီတွေ မကုန်သေးဘူးလား”

ကျောက်အာက သူ့ပန်းကန်ထဲ ဟင်းထည့်ပေးရင်း “ကုန်တာ ကြာပါပြီ။ နောက်ထပ် နှစ်ထုပ် ထပ်ယူလာတာ။ နင် မသိပါဘူး အင်္ကျီတွေက ရောင်းကောင်းတယ် အမြတ်လည်း များတယ်”

ရွှီထင်းရှန်း ရိပ်မိပါတယ်။ ကျောက်အာ စိတ်နဲ့ အမြတ်မကျန်ရင် ဘယ်တော့မှ ငွေသုံးကြမ်းမှာ မဟုတ်ဘူး။ သူမက ကပ်စေးနည်းတာ မဟုတ်ပေမဲ့ စေ့စပ်သေချာတယ်။ ပိုလျှံမှ သုံးတတ်တာ။

“ဒီတစ်ခေါက် ပြီးရင် နားလိုက်တော့” သူက ပေါ့ပေါ့ပါးပါး ပြောလိုက်တယ်။

“ဘာလို့လဲ”

ဘာလို့လဲ ဟုတ်လား။ သူ ကျန်းဝူကို သဝန်တိုလို့ပါ လို့တော့ ဘယ်ပြောမလဲ။

“နင်က မိန်းကလေးလေ အပြင်ထွက်လွန်းရင် သူများတွေ အတင်းပြောလိမ့်မယ်”

ကျောက်အာ ထမင်းပန်းကန် ချလိုက်တယ်။ “ဘယ်သူ ပြောမှာလဲ။ နင် အဘွား ပြောတာတွေ နားယောင်နေပြန်ပြီလား။ သူ့အကျင့် နင်လည်း သိသားနဲ့ ငါတို့နှစ်ယောက်ကို ကြည့်မရလို့ အပြစ်ရှာနေတာ”

ရွှီထင်းရှန်း အသံက အနည်းငယ် အောင့်သွားတယ်။ “ငါ ဘယ်သူ့စကားမှ နားမယောင်ပါဘူး။ အိမ်မှာ ငွေမလိုတော့တာကို နင် ဘာကိစ္စ ဒီလောက် ပင်ပင်ပန်းပန်း လုပ်နေရဦးမှာလဲ”

“ငါ မပင်ပန်းပါဘူး။ ပြီးတော့ ငါတို့ ငွေလိုတယ်။ နင် မသိလို့ပါ။ ကျောင်းစရိတ် တစ်ခုတည်းနဲ့ ပြီးရော မှတ်လို့လား။ စာအုပ်ဖိုး စာရေးကိရိယာဖိုးတွေ ရှိသေးတယ်။ နောက်ကျရင် စာမေးပွဲသွားဖြေဖို့ ခရီးစရိတ်တွေ လိုဦးမယ်။ ဦးလေးကြီး စာမေးပွဲသွားဖြေတုန်းက ငွေအနည်းဆုံး အစိတ်လောက် ကုန်တာ နင် မေ့သွားပြီလား။ ပြီးတော့ ငါတို့အိမ်ဆောက်ဖို့ ရှိသေးတယ်။ အခန်းတစ်ခန်းတည်းနဲ့ ဘယ်လောက်ကြာကြာ နေမှာလဲ။ သူတို့နဲ့ အတူနေရတာ ဘာလုပ်လုပ် အဆင်မပြေဘူး...”

“အဲဒါတွေ ငါ ရှာနိုင်ပါတယ်! မိန်းမသားတစ်ယောက် အနေနဲ့ ဒီလောက် ပင်ပန်းခံနေစရာ မလိုဘူး” ရွှီထင်းရှန်း အသံကျယ်သွားတယ်။

“နင် ရှာနိုင်တယ်။ ဘယ်လိုရှာမှာလဲ။ စာကူးပြီးတော့လား?” ကျောက်အာက လေးလေးနက်နက် ကြည့်ပြီး ပြောတယ်။ “တကယ်တော့ နင့်ကို စာမကူးစေချင်ပါဘူး။ နင်က ကျောင်းမှာ စာကြိုးစားရမှာလေ။ ငါက ပညာမတတ်ပေမဲ့ အလုပ်ဆိုတာ ဇောက်ချလုပ်မှ ဖြစ်မယ် ဆိုတာတော့ နားလည်တယ်”

“အဲဒါကို အရင်းအဖျား မညီဘူးလို့ ခေါ်တယ်”

“အေး... ဟုတ်တယ်။ နင်က အရင်းအဖျား ညီအောင် နေရမယ်။ အဓိကအလုပ်ကို လုပ်ရမယ်။ ကျောင်းသွားတာ စာသင်ဖို့ ပိုက်ဆံရှာဖို့ မဟုတ်ဘူး”

“စာကူးတာက ငါ့ပညာရေးကို မထိခိုက်စေပါဘူး”

“ဘာပဲဖြစ်ဖြစ် အိမ်ကိစ္စ နင် ဝင်မပါနဲ့။ ပိုက်ဆံရှာတဲ့ကိစ္စ နင် စိတ်မပူနဲ့။ နင် စာပဲ သေချာလုပ်”

ရွှီထင်းရှန်း သက်ပြင်းချလိုက်တယ်။ “ကျောက်အာ... နင်က ငွေကို အဲဒီလောက်တောင် မက်မောသလား။ ငွေဆိုတာ ဖြည်းဖြည်းရှာလို့ ရပါတယ်။ ကိုယ့်ကိုယ်ကိုယ် အရမ်းကြီး ဖိအားမပေးပါနဲ့”

ကျောက်အာ တုန်လှုပ်သွားတယ်။ တော်တော်ကြာမှ မျက်လွှာချပြီး ပြောတယ်။

34 04

“အင်း... ငါ ငွေမက်တယ်” အရမ်းမက်တယ်။ အရမ်းကို မက်တယ်။

အဲဒီနောက်ပိုင်း ဘာမှ စကားမပြောကြတော့ဘူး။ ကျောက်အာရဲ့ပုံစံက စကားဆက်မပြောချင်မှန်း သိသာနေတော့ ရွှီထင်းရှန်းလည်း ပြောစရာတွေ ရှိပေမဲ့ မြိုသိပ်လိုက်ရတယ်။

ထမင်းစားပြီးတော့ ကျောက်အာ ပန်းကန်တွေ သိမ်းပြီး ဆေးဖို့ ယူသွားတယ်။

ရွှီထင်းရှန်း ကူလုပ်ပေးချင်ပေမဲ့ သူမ လက်မခံဘူး။

အိမ်မကြီးဘက်မှာ ထမင်းဝိုင်းက ဆူညံနေတယ်။ ခြံထဲမှာတော့ တိတ်ဆိတ်နေတယ်။

ကျောက်အာက ဇလုံထဲ ပန်းကန်တွေ ထည့်ပြီး ငေးကြည့်နေမိတယ်။

ဟုတ်တယ်... သူ ငွေမက်တယ်။ ငယ်ငယ်ကတည်းက မက်တာ။

ဒုတိယမိသားစုက လင်မယားနှစ်ယောက် ဆုံးသွားတုန်းက ကျောက်အာ ဘာတွေ ခံစားခဲ့ရလဲ ဘယ်သူမှ မသိဘူး။ သူတို့ပေးခဲ့တဲ့ မေတ္တာတရားတွေက ခဏလေးနဲ့ ပျောက်ကွယ်သွားတယ်။ ပျော်ရွှင်မှုတွေ ပျောက်ဆုံးသွားပြီး ဝမ်းနည်းဖို့ အချိန်တောင် မရလိုက်ဘဲ ကိုယ့်ရပိုင်ခွင့်အတွက် တိုက်ပွဲဝင်ခဲ့ရတယ်။

နာရေးကိစ္စကနေ အုတ်ဂူတည်တဲ့အထိ ကျောက်အာဟာ ရူးသွပ်နေတဲ့ သားရဲတစ်ကောင်လိုပဲ ဘယ်သူ့ကိုမှ အထိမခံဘူး။ အားလုံးပြီးသွားလို့ သတိပြန်ဝင်လာတဲ့ အချိန်မှာတော့ အကြီးဆုံးမိသားစုရဲ့ဟန်ဆောင်မှုတွေကို မြင်လိုက်ရတယ်။

အဲဒီအချိန်ကျမှ သူမရဲ့မူလဗီဇကို ပြန်သတိရလာတယ်။ သူမရဲ့ အကြီးမားဆုံး ဆန္ဒက ငွေအများကြီး ပိုင်ဆိုင်ချင်တာပဲ။ ပြဿနာ အများစုက ငွေနဲ့ ဖြေရှင်းလို့ ရတယ်။ ငွေမရှိလို့သာ ဝမ်းနည်းစရာတွေ ဖြစ်လာရတာ။

သူ့အစ်မ ရောင်းစားခံရတာ သူမကိုယ်တိုင် ရောင်းစားခံရခါနီး ဒုတိယမိသားစုက ကယ်တင်ခဲ့တာ ဒုတိယမိသားစုက မိဘနှစ်ပါး သေဆုံးရတာ ရွှီမိသားစုရဲ့ ပဋိပက္ခတွေ... အားလုံးက ငွေမရှိလို့ပဲ။

ငွေလိုနေလား။

တကယ်တော့ မလိုတော့ပါဘူး။ ဒီဆယ်ရက်အတွင်းမှာ ကျန်းဝူကို ခွဲပေးပြီးတာတောင် ဆယ်တုံးကျော် ကျန်သေးတယ်။

သူတို့နှစ်ယောက် တစ်နှစ်စာ စားဖို့ လောက်တယ်။ ဆောင်းဦးရာသီ စပါးရိတ်သိမ်းရင် ပိုတောင် အဆင်ပြေဦးမယ်။ ဒါပေမဲ့ ကျောက်အာ အတွက်တော့ မလောက်သေးဘူးလို့ ခံစားနေရတုန်းပဲ။

...

အိမ်မကြီးဘက်မှာတော့ ထမင်းဝိုင်းဖွဲ့နေကြပြီ။

ဒီနေ့ အဘွားကျောက်က အသားဝယ် ကြက်သတ်ပြီး ချက်ထားလို့ ဟင်းကောင်းတွေ ပါတယ်။ ဒါပေမဲ့ ကျောက်အာ လာပို့တဲ့ ဟင်းတစ်ခွက်လောက်တော့ လူကြိုက်မများဘူး။

ကျောက်အာက လက်ရာကောင်းတယ်လေ။ ဝက်သားကြော်က ဆီရွှဲရွှဲ မှိုခြောက်နဲ့ မုန်ညှင်းဖြူထည့် ငရုတ်သီးလေး အုပ်ထားတော့ စပ်စပ်လေးနဲ့ စားလို့ကောင်းတယ်။ အားလုံးက အဲဒီဟင်းကိုပဲ လုနှိုက်နေကြတာ ခဏလေးနဲ့ ကုန်သွားရော။

အဒေါ်ယန်က နောက်ဆုံးအဖတ်လေး လှမ်းနှိုက်မလို့ လုပ်တုန်း ရွှီချင်းဟွိုင်က ဖြတ်နှိုက်စားလိုက်တယ်။ အဒေါ်ယန် စိတ်မကောင်းဖြစ်ပြီး ပြောတယ်။ “ကျောက်အာက တော်တော် လည်တာပဲ။ ဟင်းကောင်းတွေ သူ့အခန်းထဲမှာ ဝှက်စားပြီး ငါတို့ ဒီလောက် အများကြီးအတွက် တစ်ပန်းကန်တည်း လာပေးတယ်”

စောစောက ကျောက်အာ လာပို့တုန်းက ရွှီကျွင်းခိုင် ရှိနေတာမို့ သူက တိုးတိုးလေး ပြောတယ်။ “အမေ... ထမင်းစားရင် စားပါ။ ဘာတွေ လျှောက်ပြောနေတာလဲ”

အဒေါ်ယန် သဘောပေါက်သွားပြီး “အမေက ဒီတိုင်း ပြောကြည့်တာပါ။ ဒါနဲ့ ကျောက်အာက ဒီရက်ပိုင်း ဘာတွေ လုပ်နေတာလဲ။ အရိပ်တောင် မမြင်ရဘူး”

ဒီအကြောင်း ပြောလိုက်တာနဲ့ အဘွားကျောက် ဒေါသထွက်လာတယ်။ “ဘယ်သိမလဲ။ တစ်နေ့ကုန် ပျောက်နေပြီး မိုးချုပ်မှ ပြန်လာတယ်”

သူမက ပြောရင်းနဲ့ စိတ်တိုလာပြီး အဘိုးရွှီကို တိုင်တယ်။ “အိမ်ခွဲပြီးကတည်းက ဘယ်သူ့ကိုမှ မနိုင်တော့ဘူး။ ပြောလိုက်ရင် ပြန်ပက်တယ်။ ဘယ်မိန်းကလေးက သူ့လို နေလို့လဲ။ နေ့တိုင်း ယောကျ်ားတစ်ယောက်နဲ့ အတူသွားလိုက် ပြန်လာလိုက် လုပ်နေတာ။ ဟိုကျန်းမိသားစုက ကျန်းဝူက ကျောက်အာကို ကြိုက်နေတာများလား”

အဘိုးရွှီက ငေါက်လိုက်တယ်။ “လျှောက်ပြောမနေနဲ့။ စတုတ္ထလေး ပြောတာတော့ ကျောက်အာနဲ့ ကျန်းဝူ စီးပွားရေး လုပ်နေကြတာတဲ့”

ရွှီချင်းဟွိုင်က ခေါင်းညိတ် ထောက်ခံတယ်။

34 05

တိုက်ဆိုင်တာပါ။ ဟိုတလောက သူ တခြားရွာမှာ ကုန်သွားရောင်းတုန်း လူမတွေ့လို့ စုံစမ်းကြည့်တော့ ဂျုံနယ်ကွင်းဘက် ရောက်နေကြတယ် ဆိုတာ သိရတယ်။

သွားကြည့်တော့ တစ်ရွာလုံးနီးပါး ရောက်နေကြတာ။ ယောကျ်ားတွေက အပြင်မှာ ထိုင်စကားပြော ကလေးတွေက ဆော့ မိန်းမတွေကတော့ အုံခဲနေကြတယ်။

ခဏနေတော့ မိန်းမတစ်ယောက်က အော်တယ်။ “တော်ရေ... ခြင်းတောင်း လာယူပါဦး”

သူ့ယောကျ်ားက ခြင်းတောင်းယူပြီး သွားတော့ တခြားလူတွေက စကြတယ်။ “မင်းမိန်းမက တော်တော်ဖြုန်းတာပဲ။ အများကြီး ဝယ်ပြန်ပြီလား”

အဲဒီလူက ရယ်ပြီး ပြောပြီး ခြင်းတောင်း သွားယူတယ်။ “ငါ့မိန်းမက မဖြုန်းတတ်ပါဘူး။ ဒီကျောက်ချိုင် ညီလေး ရောင်းတာတွေက ကောင်းလွန်းလို့ ဝယ်ထားတာ။ တစ်ခါဝယ်ထားရင် တစ်မိသားစုလုံး နှစ်အတော်ကြာ ဝတ်လို့ရတယ်”

ထူးဆန်းတာက စောစောက လုယက်နေကြပေမဲ့ ခြင်းတောင်း သယ်လာရင်တော့ လမ်းဖယ် ပေးကြတယ်။

ရွှီချင်းဟွိုင် စိတ်ဝင်စားလို့ သွားကြည့်တော့မှ အဝတ်အစားတွေ လုဝယ်နေကြတာ တွေ့ရတယ်။

ရောင်းနေတာက ကျောက်အာနဲ့ ကျန်းဝူ တို့ပေါ့။

ဒါပေမဲ့ ရွှီချင်းဟွိုင်က အကုန်မပြောပြဘဲ သူတို့နှစ်ယောက် စီးပွားရေး လုပ်နေတယ်လို့ပဲ ပြောလိုက်တယ်။

“ပြီးတော့ ကျောက်အာက ကုန်းအာရဲ့မိန်းမလေ။ ကုန်းအာ ၁၅ နှစ်ပြည့်ရင် ပေါင်းဖက်ကြမှာ။ တစ်ရွာလုံး သိတယ်။ ကျန်းဟိုင်နဲ့ ရွှီဒုတိယသားက သူငယ်ချင်းတွေ ကျန်းဝူနဲ့ကျောက်အာကလည်း ငယ်သူငယ်ချင်းတွေ။ မိန်းကလေးတစ်ယောက်တည်း ဈေးသွားရောင်းတာ မကောင်းလို့ ကျန်းဝူ လိုက်စောင့်ရှောက်ပေးတာ နေမှာပါ။ လျှောက်မတွေးပါနဲ့”

အဘွားကျောက် နှာမှုတ်ပြီး ငြိမ်သွားတယ်။

“နောက်ပြီး အကြီးဆုံးချွေးမ... ကျောက်အာက အပြစ်ပြောစရာ မရှိပါဘူး။ ဟင်းကောင်း ချက်ပြီးရင်တောင် သူ မစားဘဲ ငါတို့ကို လာပို့တာ။ ဒီလောက် ဟင်းတစ်ပန်းကန်ဆိုတာ အသားမနည်းဘူး။ ငါတို့ မိသားစုက လူများနေလို့ပါ။ မင်းတို့သာ အဲဒီလို စေတနာထားရင် ငါတို့ သေတောင် ပျော်ပျော်ကြီး သေရဲပါတယ်”

အဘိုးရွှီက အရက်သောက်ထားလို့ မျက်နှာ နီရဲနေပေမဲ့ ပျော်နေပုံရတယ်။ အိမ်ခွဲတဲ့ကိစ္စ သူ့စိတ်ထဲ ရှိနေတုန်းပဲ။ သားသမီးတွေ စိတ်ဝမ်းကွဲမှာ စိုးရိမ်လို့ ဒီအခွင့်အရေးယူပြီး အကြီးဆုံးသားကို သတိပေးလိုက်တာ။

အဒေါ်ယန်က ကုန်းတိုက်မလို့ လုပ်ပေမဲ့ ယောက္ခမရဲ့အငေါက်ခံလိုက်ရတော့ ငြိမ်နေလိုက်ရတယ်။

ရွှီချင်းရှန်က ဝင်ထိန်းပေးတယ်။ “အဖေ စိတ်ချပါ။ အဖေနဲ့ အမေကို ဘယ်သူမှ မပြစ်မှားရဲပါဘူး။ ရှိရင် ကျွန်တော် အရင်ဆုံး ဆုံးမပစ်မယ်”

“ဒါဆို ပြီးတာပဲ”

အဘိုးရွှီက သူ့ကို တစ်ချက်ကြည့်ပြီး အရက်ခွက် မော့လိုက်တယ်။ ဒီကိစ္စ ဒီလောက်နဲ့ ပြီးသွားတယ်။

******

All Chapters