← Chapters

အခန်း (၃၅-၃၆)

Vol. 4 Ch. 35-36

အခန်း (၃၅-၃၆)

Vol. 4 Ch. 35-36

35 01

အခန်း (၃၅)

ထမင်းစားပြီးတော့ အဒေါ်စွန်းက အဒေါ်ကျိုးကို ဝိုင်းကူသိမ်းပေးပြီး အဒေါ်ယန်က ပန်းကန်တွေ သွားဆေးတယ်။

လုပ်စရာ ဘာမှမရှိတော့တာနဲ့ လူကြီးနှစ်ယောက်ကို နှုတ်ဆက်ပြီး အဒေါ်စွန်းက သူ့ယောက်ျား ရွှီချင်းဟွိုင်ကို ဆွဲခေါ်ပြီး အခန်းပြန်လာခဲ့တယ်။

သုံးယောက်သား ခြေလက်ဆေးကြောပြီး ခုတင်ပေါ်တက်တာနဲ့ သူမက မနေနိုင်မထိုင်နိုင် မေးတော့တယ်။ “အစ်ကိုချင်းဟွိုင်... ကျောက်အာလုပ်တဲ့အလုပ်က တကယ်ပဲ အဲဒီလောက် ဝင်ငွေကောင်းတာလား”

ရွှီချင်းဟွိုင် ပြန်ရောက်ရောက်ချင်း အဒေါ်စွန်းကို ပြောပြခဲ့ပြီးသားပါ။ ဒါပေမဲ့ အဒေါ်စွန်းက သိပ်အလေးမထားခဲ့ဘူး။ ဒီနေ့ ကျောက်အာက ပစ္စည်းတွေအများကြီး ဝယ်လာပြီး အိမ်ကြီးဘက်ကို အသားတစ်ပန်းကန်တောင် လာပို့တယ်ဆိုတော့မှ မျက်လုံးပြူးသွားတာ။

အဒေါ်စွန်း တွက်ကြည့်လိုက်တာ အဲဒီအသားပန်းကန်က အနည်းဆုံး တစ်ကျင်းလောက် ရှိတယ်။ တစ်ကျင်းဆို ကြေးပြားဆယ်ဂဏန်းလောက် ပေးရတာ။ အဲဒါကို နှမြောခြင်းမရှိ လာပို့လိုက်တာပဲ။ အဒေါ်စွန်း ဆိုရင်တော့ ဘယ်တော့မှ အဲဒီလိုလုပ်မှာ မဟုတ်ဘူး။ ဒါကြောင့်လည်း စောစောက အဘိုးရွှီ သားနဲ့ချွေးမကို ပညာပေးတုန်းက သူမ ငြိမ်ကုပ်နေခဲ့တာပေါ့။

ဒါကိုကြည့်ရင် ကျောက်အာ တကယ် ပိုက်ဆံရနေပြီဆိုတာ သေချာတယ်။

စီးပွားရေး လုပ်တာချင်း အတူတူ ရွှီချင်းဟွိုင်ခမျာ နေ့တိုင်း လမ်းဘေး ဈေးသည်ဘဝနဲ့ လှည့်လည်ရောင်းချနေရတာ အပင်ပန်းဆုံးပဲ။ ရောင်းတာကလည်း အပ်တို့ အပ်ချည်တို့လို အသေးအမွှားတွေဆိုတော့ ဈေးသက်သာပြီး အမြတ်နည်းတယ်။ ကံကောင်းတဲ့နေ့ဆို ကြေးပြားဆယ်ဂဏန်းလောက် ရပေမဲ့ ကံမကောင်းရင် ဆယ်ပြားလောက်ပဲ ရတာ။

ကျောက်အာက ကျန်းဝူနဲ့တောင် တွဲလုပ်သေးတာ ဘာလို့ စတုတ္ထမိသားစုခွဲကို မခေါ်နိုင်ရမှာလဲ။ နှစ်အိမ်က ဒီလောက် ရင်းနှီးတာပဲလေ။ ရွှီထင်းရှန်းနဲ့ ကျောက်အာတောင် သူတို့ကို ဦးလေး၄ အဒေါ်၄ ခေါ်နေကြတာပဲဟာ။

အဒေါ်စွန်းက သူမရဲ့အကြံကို ပြောပြလိုက်တော့ ရွှီချင်းဟွိုင်က ပြန်မေးတယ်။ “ငါတို့စီးပွားရေးကလည်း ပုံမှန်လည်ပတ်နေတာပဲ။ မင်းက ဘာလို့ ဒီလိုတွေးရတာလဲ”

“ငွေများရင် ဘယ်သူမုန်းလို့လဲ။ ကျောက်အာက ဘယ်သူနဲ့လုပ်လုပ် လုပ်ရမှာပဲဟာ ငါတို့နဲ့တွဲလုပ်ရင် ပိုမကောင်းဘူးလား”

“ဒါပေမဲ့ ကျန်းဝူ ရှိသေးတယ်လေ။ ပြီးတော့ ကျန်းဝူမှာက လှည်းရှိတယ်။ ငါတို့အိမ်မှာ လှည်းမှ မရှိတာ။ သူတို့ အလုပ်ဖြစ်နေတာကို ငါတို့က ကြားဝင်ပြီး နေရာလုရင် ဘယ်ကောင်းမလဲ။ ငါ ကြိုပြောထားမယ်။ ဒီကိစ္စ ကျောက်အာကို လုံးဝသွားမပြောနဲ့။ တော်ကြာ ငါတို့က လူကြီးဖြစ်ပြီး ကလေးတွေဆီက ဝေစုခွဲချင်တယ်လို့ အထင်ခံရလိမ့်မယ်”

ဒီအချက်ကိုတော့ အဒေါ်စွန်း မစဉ်းစားမိဘူး။ ယောက်ျားက ပြတ်ပြတ်သားသား ပြောလိုက်တော့ သူမ ဘာမှဆက်မပြောတော့ဘူး။ ဒါပေမဲ့ ညဘက် ခုတင်ပေါ်ရောက်တော့ ဒီကိစ္စကိုပဲ တွေးနေမိတာ ညသန်းခေါင်လောက်မှ အိပ်ပျော်သွားတယ်။

ကျောက်အာ ပန်းကန်ဆေးပြီး အခန်းပြန်ရောက်တော့ ခုတင်ပေါ်မှာ သပ်ရပ်နေပြီ။

စားပွဲပုလေးကို သန့်ရှင်းရေးလုပ်ပြီး ထောင့်မှာ ကပ်ထားတယ်။ အိပ်ရာခင်းလည်း ခင်းပြီးပြီ။ အောက်မှာ မွေ့ရာထူထူကြီး ခင်းထားပြီး အပေါ်မှာ စောင်နှစ်ထည်ကို ဘယ်တစ်လုံး ညာတစ်လုံး သေသေသပ်သပ် ခေါက်တင်ထားတယ်။ ပုံမှန်အတိုင်းပါပဲ။

ကျောက်အာ စိတ်ထဲ ကျေနပ်သွားတယ်။ ဟိုတလောက ဖျားပြီးကတည်းက ကောင်လေးက အများကြီး ပြောင်းလဲသွားတယ်။ အိမ်မှုကိစ္စ ကူလုပ်ပေးတတ်လာသလို လူကိုလည်း ဂရုစိုက်တတ်လာတယ်။

သူ ဝယ်ပေးတဲ့ ဆံထိုးနဲ့ နားဆွဲအကြောင်း တွေးမိပြန်တယ်။ ကျောင်းတက်တာ ဆယ်ရက်ပဲ ရှိသေးတယ်။ ပုံမှန်စာသင်ချိန်အပြင် နားတဲ့အချိန်တွေမှာ စာကူးပြီး ရှာထားတဲ့ပိုက်ဆံတွေနဲ့ သူမကို လက်ဆောင် ဝယ်ပေးတာလေ။ တွေးမိတာနဲ့ စိတ်ထဲ ကြည်နူးသွားတယ်။

ကိုယ့်စိတ်ထဲမှာ တစ်ခုခု ခိုးလိုးခုလု ဖြစ်နေတာနဲ့ သူ့ကို မျက်နှာဆိုးကြီးပြလို့ ဘယ်ဖြစ်မလဲ။ ဒါကြောင့် သူမ ပြုံးလိုက်ပြီး မေးလိုက်တယ်။ “ခဏနေရင် စာမဖတ်တော့ဘဲ အိပ်တော့မလား”

“မဖတ်တော့ပါဘူး”

“အင်းလေ... နေ့တိုင်း စာဖတ်နေရင် မျက်လုံး ထိခိုက်မှာပေါ့။ အိမ်ပြန်ရောက်တုန်း ခဏလောက် အနားပေးလိုက်။ ငါ ရေနွေး သွားတည်လိုက်မယ် ရေချိုးပြီးရင် အိပ်ကြတာပေါ့”

35 02

“ငါ သွားတည်လိုက်မယ်”

အရင်တုန်းက ကျောက်အာကပဲ ရေနွေးတည်ပြီး သူ့ကို ခြေထောက်ဆေးပေးခဲ့တာ။ အခု သူက သူမကို ပြန်လုပ်ပေးချင်တယ်။

ကျောက်အာက ပြုံးစိစိနဲ့ စလိုက်တယ်။ အထင်သေးတဲ့သဘောတော့ မပါပါဘူး။ “နင် မီးမွှေးတတ်လို့လား”

“မွှေးတတ်တာပေါ့!” ပြောပြောဆိုဆိုနဲ့ သူက ခေါင်းငုံ့ပြီး ထွက်သွားတယ်။ ကျောက်အာ တားလို့တောင် မရလိုက်ဘူး။

နှစ်ယောက်သား မီးဖိုချောင်ထဲ ရောက်တော့ ကျောက်အာက ပြောနေတုန်းပဲ။ “ကြည့်ပါဦး... ငါနဲ့လာလုနေတယ်။ ရေနွေးတည်တာလေးများ ဘာဖြစ်လို့ လုနေရတာလဲ”

မီးဖိုထဲမှာ မီးကြွင်းမီးကျန်လေးတွေ ရှိနေသေးတယ်။ ရွှီထင်းရှန်းက မီးဖိုရှေ့ထိုင်ချပြီး ထင်းတွေ ထိုးထည့်တော့တာပဲ။

သူက ခေါင်းငုံ့ပြီး ထင်းတွေ ဇွတ်ထိုးထည့်နေတာ ကျောက်အာ တားဖို့ ပြင်လိုက်ချိန်မှာ နောက်ကျသွားပြီ။ မီးဖိုထဲက မီးခိုးမည်းတွေ အလုံးလိုက် ထွက်လာတော့တယ်။

မီးက မတောက်ဘဲ မီးခိုးတွေပဲ ထွက်နေတာ။

သူ့ခမျာ မီးခိုးမွှန်ပြီး ချောင်းတွေ ဆိုးနေရပြီ။ ကျောက်အာလည်း နှာခေါင်းပိတ်ပြီး ယပ်ခတ်နေရတယ်။

“ဒီလိုလုပ်လို့ ဘယ်ရမလဲ။ မီးညှပ်နဲ့ အောက်က မီးခဲတွေကို အရင်မွှေပေးရတယ်။ ပြီးမှ ထင်းခြောက် သေးသေးလေးတွေ ထည့်ပြီး မီးတောက်အောင် လုပ်ရတာ။ မီးတောက်လာမှ ထင်းချောင်းကြီးတွေ ထည့်ရတယ်”

ကျောက်အာက ပြောရင်းဆိုရင်း မီးညှပ်နဲ့ ထင်းတွေ ပြန်ဆွဲထုတ်တယ်။ ထင်းစသေးသေးလေးတွေထည့် မီးညှပ်နဲ့ မွှေပေးလိုက်တော့ မီးတောက်လေးတွေ ထွက်လာတယ်။ ခဏနေတော့ မီးတောက်ကြီး လာပြီး စောစောက ထုတ်ထားတဲ့ ထင်းတွေ ပြန်ထည့်လိုက်တယ်။

ရွှီထင်းရှန်း ရှက်သွားတယ်။ ကျောက်အာပြောတာ မှန်နေတာကိုး။ သူက တကယ်ပဲ မီးမွှေးတတ်တာ မဟုတ်ဘူး။ မီးမွှေးတာလေးတောင် လူကို မီးခိုးမွှန်အောင် လုပ်မိသေးတယ်။

သူက အသံအုပ်အုပ်နဲ့ ပြောတယ်။ “နောက်တစ်ခါဆို ငါ တတ်သွားပါပြီ”

ကျောက်အာက မျက်လုံးလေးတွေ မှိတ်သွားတဲ့အထိ ပြုံးပြီး အားပေးတယ်။ “နင်က ဉာဏ်ကောင်းတာပဲ သင်လိုက်ရင် တတ်မှာပါ”

သူ မနေနိုင်ဘဲ သူမကို မော့ကြည့်လိုက်တယ်။ မီးဖိုထဲက မီးရောင်ကြောင့် သူမမျက်နှာလေး နီရဲနေတယ်။ ပါးနီသုတ်ထားသလို လှနေတယ်။

တကယ်တော့ ကျောက်အာက မိတ်ကပ် လိမ်းရတာ မကြိုက်ဆုံးပဲ။ အိပ်မက်ထဲမှာ ချမ်းသာလာတုန်းကတောင် သူမက လိမ်းခြယ်လေ့ မရှိဘူး။ သူမဆုံးပါးသွားပြီးနောက်ပိုင်း သူတွေ့ဖူးသမျှ မိန်းကလေးတိုင်းက မိတ်ကပ်တွေ လိမ်းကြတယ်။ အဖြူရောင်ပေါင်ဒါတွေ အနီရောင်ပါးနီတွေနဲ့ မျက်နှာဖုံးစွပ်ထားသလို သူတို့ရဲ့ ရုပ်သွင်အစစ်ကို မမြင်ရဘူး။

သူ တဖြည်းဖြည်းနဲ့ သူမနား တိုးသွားမိတယ်။ တကယ်တော့ ဘာလုပ်ရမယ်လို့ ရည်ရွယ်ချက် မရှိပါဘူး။ စိတ်အလိုလိုက်ပြီး တိုးသွားမိတာ။

သူမက ရုတ်တရက် လှည့်လိုက်တော့ သူ့နှာခေါင်းနဲ့ တိုက်မိမလို ဖြစ်သွားတယ်။ သူမ ကြောင်သွားပြီးမှ ဟားတိုက် ရယ်မောတော့တယ်။

“နင့်နှာခေါင်းကို ကြည့်ဦး ဟေးကျစ်နဲ့ တူနေပြီ”

ရွှီထင်းရှန်းရဲ့ မျက်နှာဖြူဖြူလေးပေါ်က နှာခေါင်းထိပ်မှာ မီးသွေးတွေပေပြီး မည်းနေတာကိုး။ အဲဒီအချိန်မှာ အမွှေးပွပွ အကောင်တစ်ကောင် ရောက်လာပြီး ခေါင်းထိုးဝင်လာတယ်။ ဟေးကျစ်ပါ။ သူက ဘယ်ညာကြည့်ပြီး ဘာတွေ ပြောနေကြတာလဲ ဆိုတဲ့ပုံစံနဲ့ ကြည့်နေတယ်။ ခွေးမျက်လုံးတွေက စိုစွတ်နေပြီး နှာခေါင်းထိပ်လေးကလည်း မည်းနက်နေတယ်။ ကျောက်အာ ပိုပြီး ရယ်ချင်သွားတယ်။

ရွှီထင်းရှန်းက သူ့နှာခေါင်းကို သုတ်မလို့လုပ်တော့ ကျောက်အာ လှမ်းဆွဲထားလိုက်တယ်။

“မသုတ်နဲ့ မသုတ်နဲ့... ငါ သုတ်ပေးမယ်။ နင့်လက်နဲ့ သုတ်လိုက်ရင် တကယ့် ခွေးပေါက်စ ဖြစ်သွားလိမ့်မယ်”

သူမလက်တွေက နူးညံ့ပြီး နွေးထွေးတယ်။ မျက်လုံးလေးတွေ မှိတ်သွားတဲ့အထိ ပြုံးနေတယ်။ သူ ငေးကြည့်နေတုန်းမှာပဲ သူမလက်က ပြန်ရုတ်သိမ်းသွားပြီ။ သူ သူ့နှာခေါင်းကို စမ်းကြည့်လိုက်တယ်။

“ပြောင်သွားပြီလား”

35 03

ကျောက်အာ ခေါင်းညိတ်တယ်။ “ပြောင်သွားပြီ။ နင့်ကို မှန်ပေးကြည့်ချင်လိုက်တာ ဟား ဟား ဟား”

ရွှီထင်းရှန်း ရှက်သွားပြီး တိုးတိုးလေး အော်တယ်။ “ဘာရယ်စရာ ပါလို့လဲ”

“အေးပါ... အေးပါ... မရယ်တော့ပါဘူး”

စကားပြောနေတုန်း ရေနွေးလည်း ဆူသွားပြီ။

ရွှီထင်းရှန်းက ခြေဆေးကန် သွားယူတယ်။ ကျောက်အာက ရေနွေးခပ်ထည့်တယ်။ အဲဒီအချိန် အဒေါ်ကျိုးဝင်လာပြီး မေးတယ်။ “အစောကြီး နားကြတော့မလို့လား”

“တစ်နေ့ကုန် ပင်ပန်းလာလို့ စောစော နားတော့မလို့”

ကျောက်အာနဲ့ အဒေါ်ကျိုး စကားပြောနေတုန်း ရွှီထင်းရှန်းက ရေထည့်ထားတဲ့ကန်ကို မပြီး ထွက်သွားတယ်။

အဒေါ်ကျိုးက ပြုံးပြီး ပြောတယ်။ “ကုန်းအာက အခုဆို တော်တော် တည်ငြိမ်လာပြီ နင့်ကိုလည်း ကူလုပ်ပေးတတ်နေပြီ” (ကုန်းအာ-ခွေးပေါက်လေး)

ကျောက်အာ ရယ်လိုက်ပြီး ပြောတယ်။ “လူကြီးဖြစ်လာပြီလေ။ ဒါနဲ့ မီးဖိုထဲက ရေနွေးတွေ ကျန်သေးတယ် အဒေါ် သုံးလိုက်လေ”

“အေး... အေး...”

ရွှီထင်းရှန်းရေကန်ကို အခန်းထဲ သယ်လာတယ်။

လမ်းက တိုပေမဲ့ သစ်သားကန်က ကြီးပြီးလေးတော့ တော်တော်လေး မနည်းသယ်ရတယ်။

ညောင်းသွားတဲ့ လက်မောင်းကို ပွတ်ရင်း မနက်ဖြန်ကစပြီး လေ့ကျင့်ခန်းလုပ်မှ ဖြစ်မယ်လို့ တွေးလိုက်တယ်။ ကျောက်အာက သူ့ကို မောင်လေးလို ဆက်ဆံနေတာ မဆန်းပါဘူး သူက တကယ်မှ အားမရှိတာကိုး။

သူ တွေးနေတုန်း ကျောက်အာ ဝင်လာတယ်။

“ပင်ပန်းသွားပြီမလား။ ကန်က လေးတယ်လေ”

သူ အမြန်မတ်တတ်ရပ်ပြီး ဟန်ကိုယ့်ဖို့ လုပ်လိုက်တယ်။ “ရပါတယ် သိပ်မလေးပါဘူး”

“မြန်မြန်ဆေး ရေအေးသွားဦးမယ်”

ရွှီထင်းရှန်း ခုတင်ပေါ်ထိုင် ဖိနပ်နဲ့ ခြေအိတ်ချွတ်ပြီး ခြေထောက်ကို ရေထဲ စိမ်လိုက်တယ်။

ရေအပူချိန်က အနေတော်ပဲ။ နည်းနည်းပူပေမဲ့ နေလို့ကောင်းတယ်။

ရုတ်တရက် သူ့ရှေ့မှာ လူတစ်ယောက် ရောက်လာတယ်။ ကျောက်အာက ခွေးခြေပုလေး ယူလာပြီး သူ့မျက်နှာချင်းဆိုင်မှာ ထိုင်ကာ ဖိနပ်ချွတ်ပြီး ခြေထောက်ကို ရေထဲ ထည့်လိုက်တယ်။

အချိန်မကုန်အောင်လို့ ငယ်ငယ်ကတည်းက နှစ်ယောက်သား အတူတူ ခြေဆေးလေ့ရှိတယ်။ ရေချိုးတဲ့ရက်ကလွဲရင် နေ့တိုင်း ဒီလိုပါပဲ။

ကျောက်အာရဲ့ ခြေဖဝါးမှာ လက်ဖဝါးလိုပဲ အသားမာလေးတွေ ရှိတယ်။ ခြေထောက် နုတာချင်း ယှဉ်ရင် သူမက ရွှီထင်းရှန်းလောက် မနုဘူး။

သူ့ခြေထောက်က အောက်မှာ သူမခြေထောက်က အပေါ်မှာ။

“ငါ ပွတ်ပေးမယ်”

သူမ ပြုံးပြီးပြောကာ သူ့ခြေထောက်ကို ခြေထောက်ချင်း ပွတ်ပေးတယ်။ အားမရတော့ ကုန်းပြီး လက်နဲ့ဆေးပေးတယ်။ အရင်ဆုံး ကိုယ့်ခြေထောက်ကိုယ် ဆေးတယ်။ ပြီးတော့ သူ့ခြေထောက်ကို လာဆေးပေးတယ်။

ရွှီထင်းရှန်းက မီးပူလောင်သလို ခြေထောက်ကို ရုတ်လိုက်တယ်။ “မဆေးနဲ့တော့ ပြောင်နေပါပြီ”

“ပြောင်ပြီလား”

သူ ခေါင်း ကမန်းကတန်း ညိတ်ပြီး ဘေးကအဝတ်နဲ့ ခြေထောက်သုတ်ကာ ခုတင်ပေါ် တင်လိုက်တယ်။

ကျောက်အာက သူ ထူးဆန်းနေတယ်လို့ ထင်လိုက်တယ်။ ဘယ်အချိန်ကစပြီး ကောင်လေးက ခြေထောက် အဆေးမခံတော့တာလဲ မသိဘူး။ ငယ်ငယ်တုန်းကတော့ သူမပဲ ဆေးပေးနေကျလေ။

ရွှီထင်းရှန်း သုတ်ပြီးတော့ ကျောက်အာဆက်သုတ်တယ်။

35 04

ပြီးတော့ ကျောက်အာ ဖိနပ်စီးပြီး ရေသွားသွန်တယ်။ ပြန်လာတော့ ဟေးကျစ်ရဲ့ခွက်ထဲ ရေရှိသေးတာ မြင်မှ တံခါးဂျက်ထိုး မီးမှုတ်သတ်ပြီး အမှောင်ထဲမှာ ခုတင်ပေါ် တက်လိုက်တယ်။

အခန်းထဲမှာ မှောင်မည်းနေတယ်။ ဒီည လမသာဘူး။

ရွှီထင်းရှန်းက လဲနေပြီ။ တိတ်ဆိတ်နေတယ်။

ကျောက်အာ အမှောင်ထဲမှာ အဝတ်အစားလဲတယ်။ စောင်လှန်ပြီး ဝင်လိုက်တော့ လူတစ်ယောက်ကို သွားတိုက်မိတယ်။

သူမ စောင်မှားဝင်မိတာပဲ။

နောက်တစ်ဖက်ကို စမ်းမလို့လုပ်တုန်း လက်ကို လှမ်းဆွဲခံလိုက်ရတယ်။

အမှောင်ထဲမှာ ရွှီထင်းရှန်းအသံက တုန်နေတယ်။ “စောင်ထဲမှာ အေးတယ် နွေးအောင် လုပ်ပေးပါလား”

ဒီအလုပ်က အရင်တုန်းက ကျောက်အာ လုပ်နေကျပါ။ ရွှီထင်းရှန်းက ငယ်ငယ်က အားနည်းတော့ တစ်ယောက်တည်း အိပ်ရင် မနွေးဘူး။ ကျောက်အာ ဒုတိယမိသားစုကို ရောက်လာကတည်းက သူနဲ့ အတူအိပ်တာ။ ကြီးလာတော့ စောင်ခွဲအိပ်ကြပေမဲ့ ရာသီဥတုအေးပြီး မီးမဖိုရသေးတဲ့ ရက်တွေဆိုရင် ကျောက်အာက စောင်ကို နွေးအောင် လုပ်ပေးပြီးမှ သူ့ကို ပေးအိပ်တာ။

“နင် ဘယ်အရွယ် ရောက်နေပြီလဲ။ အစ်မကို စောင်နွေးခိုင်းတုန်းလား”

သူ ဘာမှပြန်မပြောဘူး။ ဒါပေမဲ့ ဆွဲထားတဲ့လက်ကို လွှတ်ပေးလိုက်တယ်။

ရွှီထင်းရှန်းလည်း ကိုယ့်ပါးစပ်က ဒီလိုစကားမျိုး ထွက်သွားတာကို ရှက်နေမိတယ်။ နောင်တ ရနေတုန်းမှာပဲ လက်တစ်စုံက စောင်ထဲဝင်လာပြီး သူ့လက်တွေ ခြေထောက်တွေကို လာစမ်းတယ်။ “မနက်ဖြန်ကျရင် သမားတော် သွားပြရမယ်။ ဒီအရွယ်ဆို သွေးသား ဆူဖြိုးနေရမယ့်ဟာကို ဘာလို့ လက်တွေ ခြေထောက်တွေ အေးစက်နေရတာလဲ”

ပါးစပ်က ပြောရင်းနဲ့ သူမက စောင်ခြုံပြီး တိုးဝင်လာတယ်။

နှစ်ယောက်သား ပူးကပ်နေပေမဲ့ ကြားထဲမှာ စောင်နှစ်ထပ် ခံနေပါသေးတယ်။ သူမလက်က သူ့စောင်ထဲဝင်လာပြီး သူ့လက်ကို ပွတ်ပေးတယ်။ ခဏနေတော့ စောင်အပေါ်ကနေ သူ့ကို ဖက်ထားလိုက်တယ်။

ဒါတင်မကဘူး သူမခြေထောက်တွေပါ သူ့စောင်ထဲ ဝင်လာတယ်။

စောင်ထဲမှာ သူမက သူ့ခြေထောက်ကို ခြေထောက်နဲ့ လာထိကြည့်တယ်။ အေးစက်နေလို့ တွန့်သွားတယ်။ ဒါပေမဲ့ နောက်မဆုတ်ဘဲ သူ့ခြေထောက်ကို ပွတ်ပေးပြီး နွေးအောင် လုပ်ပေးတယ်။

ခဏနေလို့ မနွေးလာတော့ သူမက ခြေထောက်နဲ့ သူ့ခြေထောက်ကို ညှပ်ပြီး ဆွဲယူကာ သူမရဲ့ခြေသလုံးကြားထဲ ထည့်ပြီး ညှပ်ထားပေးတယ်။

“ကျောက်အာ... ဟိုနားဆွဲလေ... ငါတို့လက်ထပ်တဲ့နေ့ကျရင် မင်း နားဖောက်ပြီး ဝတ်မယ်မလား” တိတ်ဆိတ်နေတဲ့ကြားက ရွှီထင်းရှန်း ရုတ်တရက် မေးလိုက်တယ်။

ဒါပေမဲ့ ပြန်ဖြေတဲ့အသံ မကြားရဘဲ ဟောက်သံသဲ့သဲ့လေးသာ ထွက်လာတယ်။

သူ ပြုံးလိုက်ပြီး ခြေထောက်ကို သူမခြေထောက်ကြားထဲ ပိုတိုးဝင်လိုက်ကာ အိပ်ပျော် သွားတော့တယ်။

******

36 01

အခန်း (၃၆)

မိုးသောက်အလင်း ရောင်လာတာနဲ့ ရွှီထင်းရှန်း နိုးလာတယ်။

သူ မျက်လုံးဖွင့်လိုက်တော့ အခန်းထဲမှာ မှောင်နေတုန်းပဲ။

ခုတင်ပေါ်မှာတော့ ရှုပ်ပွနေပြီး သူတို့နှစ်ယောက်ရဲ့စောင်တွေက ဘယ်အချိန်ကတည်းက လိမ်ရှုပ်နေမှန်း မသိဘူး။ အရင်တုန်းက မနက်ထရင် သပ်သပ်ရပ်ရပ် ရှိနေတတ်တဲ့ ပုံစံမျိုး မဟုတ်တော့ဘူး။ ရွှီထင်းရှန်း စဉ်းစားကြည့်တော့ ညက အိပ်ရင်း ပူလာလို့ စောင်ကိုကန်ထုတ်လိုက်တာ ထင်တယ်။

သူတို့နှစ်ယောက်စလုံး အတူတူပဲ ဖြစ်မယ်။

သူမက သူ့အနားမှာ ကပ်အိပ်နေတယ်။ သူမအိပ်နေပုံက ကြည့်မကောင်းဘူး။ ညာဘက်ခြေထောက်က သူ့ခြေထောက်ပေါ် ခွထားတယ်။ ခေါင်းအုံးက တစ်ဝက်လောက်ပဲ အုံးထားပြီး ကျန်တစ်ဝက်က ခုတင်စွန်းမှာ တွဲလောင်းကျနေတယ်။

သူမ အိပ်ပျော်နေတုန်းပဲ။ ရွှီထင်းရှန်းက ကျောက်အာရဲ့ဒီလိုပုံစံကို တွေ့ရခဲတယ်။ အခု ကြည့်လိုက်တော့ ဒီလိုပုံစံလေးက ချစ်စရာကောင်းနေသလိုပဲ။

သူ မနေနိုင်ဘဲ အနားကို နည်းနည်း တိုးလိုက်တယ်။ သူမရဲ့အသက်ရှူသံ သဲ့သဲ့လေးကိုတောင် ကြားနေရတယ်။ သူ ပိုပြီး သေချာမြင်လာရတယ်။ သူမ ဝတ်ထားတဲ့ အင်္ကျီအပါးလေးအောက်က လည်တိုင်ဖြူဖြူလေးမှာ အနီရောင်ကြိုးလေး တစ်ချောင်း ဆွဲထားတယ်။

သူ ထပ်တိုးလိုက်တယ်။ ထိခါနီးလေးမှာ ခေါင်းငုံ့လိုက်ပြီး သူမရဲ့ပါးပြင်နဲ့ သူ့နဖူးကို ထိကပ်လိုက်တယ်။ တော်တော်ကြာမှ ခေါင်းပြန်မော့လိုက်ပြီး သူမရဲ့ ပါးပြင်ကို သူ့နှုတ်ခမ်းနဲ့ ထိလိုက်တယ်။

“ကျောက်အာ...”

လည်ချောင်းထဲက အသံထွက်လာပေမဲ့ နောက်ဆုံးတော့ ပြန်မြိုချလိုက်တယ်။ သူ သူမမျက်နှာနားမှာကပ်ပြီး လဲချလိုက်တယ်။ အသက်ရှူသံကို ထိန်းထားရင်း သူမကို မနိုးစေဖို့ ဂရုစိုက်လိုက်တယ်။

ရွှီထင်းရှန်း နောက်တစ်ခါ ပြန်နိုးလာတော့ မိုးလင်းနေပြီ။

ဘေးမှာ လူမရှိတော့ဘူး။ ကျောက်အာလည်း အခန်းထဲမှာ မရှိဘူး။ သူ ထိတ်ခနဲ ထထိုင်လိုက်တယ်။ အင်္ကျီဝတ်ရင်း ရင်ထဲမှာ တစ်မျိုးကြီး ဖြစ်နေတယ်။

ခုတင်ပေါ်က ဆင်းလိုက်တုန်း တံခါးပွင့်လာတယ်။ ကျောက်အာ ဝင်လာပြီး ပုံမှန်အတိုင်းပဲ ပြောတယ်။ “နိုးပြီလား။ နင် အိပ်ပျော်နေတာ နှစ်နှစ်ခြိုက်ခြိုက်ပဲ။ ငါ မနက်စာ ချန်ထားပေးတယ်”

သူ သူမနောက်ကနေ လိုက်ထွက်လာတယ်။ ဒီနေ့ နေသာတယ်။ နေရောင်က မျက်စိကျိန်းစရာ ကောင်းတယ်။ ဟေးကျစ်က အိမ်ရှေ့မှာ အမြီးတနှံ့နှံ့နဲ့ ထိုင်နေတယ်။ သူ ထွက်လာတာ မြင်တော့ သူ့ခြေထောက်နား လာဝပ်တယ်။

ရွှီထင်းရှန်းက မိုးမခကိုင်းကို ဆားတို့ပြီး သွားတိုက် မျက်နှာသစ်တယ်။

ဂျုံမုန့်နဲ့ ပြောင်းဖူးဆန်ပြုတ်ကို ကျောက်အာက မနက်စာအဖြစ် ယူလာပေးတယ်။

ရွှီထင်းရှန်း ပန်းကန်ကို ယူ တစ်ငုံသောက်ပြီး ဂျုံမုန့်ကို ကိုက်လိုက်တယ်။ သူ အိမ်ထဲ ပြန်မဝင်တော့ဘဲ အိမ်ရှေ့က ခွေးခြေပုလေးမှာ ထိုင်စားလိုက်တယ်။

“နင် စားနှင့်နော် ငါ နောက်ဖေးက ဟင်းခင်းထဲ သွားကြည့်လိုက်ဦးမယ်”

သူ ဘာမှပြန်မပြောဘူး။ သူမ နိုးလာတုန်းက အခြေအနေကို မြင်ပြီး ဘယ်လိုခံစားရမလဲ ဆိုတာ တွေးနေတုန်းပဲ။ သူက ဘယ်လိုလုပ် အိပ်ပျော်သွားရတာလဲ။

အဒေါ်စွန်းက အိမ်ထဲကနေ လှမ်းချောင်းနေတာ။ ကျောက်အာ နောက်ဖေးဘက် ထွက်သွားတာ မြင်တော့မှ အိမ်ထဲက ထွက်လာတယ်။

“ကုန်းအာ... အခုမှ ထတာလား”

“အဒေါ်စွန်း...”

“ကျောင်းမှာ ပင်ပန်းလား။ အဒေါ် ကြည့်ရတာ နင် ပိန်သွားသလိုပဲ” အဒေါ်စွန်းက စကားစရှာလိုက်တယ်။

“ဟုတ်လား” ရွှီထင်းရှန်းက ဂျုံမုန့်ကို ပါးစပ်ထဲကိုက်ထားရင်း သူ့မျက်နှာကို စမ်းကြည့်လိုက်တယ်။

သူမ သက်ပြင်းချလိုက်တယ်။ “နင်ကလည်း ကိုယ့်ကိုယ်ကိုယ် အရမ်း ဖိအားမပေးပါနဲ့။ ဖြည်းဖြည်းချင်း သင်ယူပေါ့”

အဒေါ်စွန်းက ဒီလိုလေသံမျိုးနဲ့ ပြောခဲတာမို့ ရွှီထင်းရှန်း နည်းနည်း အနေရခက်သွားတယ်။ သူက သူမ ဘာလုပ်ချင်နေတာလဲလို့ စဉ်းစားနေတုန်း သူမက လိုရင်းကို ပြောလိုက်တယ်။

36 02

“ကုန်းအာရယ်... အဒေါ်လေး နင်နဲ့ တိုင်ပင်စရာ ရှိလို့။ နင့်ဦးလေးလေ... နေ့တိုင်း လမ်းဘေးဈေးသည် လိုက်လုပ်နေရတာ ဖိနပ်တွေသာ ပါးကုန်တယ် ပိုက်ဆံက ဘယ်လောက်မှ မရရှာဘူး။ နင့်ဦးလေး ပြောတာတော့ ကျောက်အာက အခု စီးပွားရေး ကောင်းနေတယ်ဆို။ အဲဒါလေ... ကျောက်အာကို ပြောပေးပါလား နင့်ဦးလေးကိုပါ ခေါ်လုပ်ပေးဖို့။ သူစိမ်းတွေ ကောင်းစားတာထက်ကိုယ့်လူရင်း အဆင်ပြေတာ ပိုကောင်းတယ် မဟုတ်လား။ ငါတို့က ဆွေမျိုးတွေပဲဟာ...”

အဒေါ်စွန်း နည်းနည်း စိတ်လှုပ်ရှားနေတယ်။ နှုတ်ခမ်းကို သပ်လိုက်ပြီး ဆက်ပြောတယ်။ “ဒါပေါ့... ငါတို့အိမ် အဆင်ပြေဖို့တင် မဟုတ်ပါဘူး။ နင်နဲ့ ကျောက်အာ အတွက်လည်း ကောင်းပါတယ်။ ကျောက်အာက အပျို ဖြစ်နေပြီ။ ကျန်းဝူကလည်း လူပျိုသိုးကြီး။ နှစ်ယောက်သား အတူတူ သွားလိုက်လာလိုက် လုပ်နေတာ သိပ်ကြည့်မကောင်းဘူး။ နင့်ဦးလေး ပါသွားရင် အခြေအနေ မတူတော့ဘူးလေ”

ရွှီထင်းရှန်း မျက်လုံး အရောင်တောက်သွားတယ်။ “အဒေါ်လေးက ဘာလို့ ကျောက်အာကိုကိုယ်တိုင် သွားမပြောတာလဲ။ စီးပွားရေးက ကျွန်တော် လုပ်တာမှ မဟုတ်တာ ကျွန်တော် ဆုံးဖြတ်လို့ မရဘူးလေ”

“ဘာလို့ ဆုံးဖြတ်လို့ မရရမှာလဲ။ နင်က ဒုတိယမိသားစုရဲ့ အိမ်ထောင်ဦးစီးလေ ယောကျ်ားသားပဲဟာ။ နင် ပြောရင် ကျောက်အာ နားထောင်မှာပေါ့။ အဒေါ်လေး ဝန်ခံပါတယ်ကိုယ်ကျိုးပါတာတော့ မှန်ပါတယ်။ ဒါပေမဲ့ နင်နဲ့ ကျောက်အာ အတွက်လည်း စေတနာ ပါပါတယ်။ နင်တို့က ကလေးတွေဆိုတော့ လူတွေရဲ့ အတင်းအဖျင်း ဘယ်လောက်ကြောက်စရာကောင်းလဲ မသိကြဘူး”

ပြောနေတုန်း ကျောက်အာ နောက်ဖေးက ထွက်လာတယ်။ “ဘာအတင်းအဖျင်းက ကြောက်စရာ ကောင်းတာလဲ”

အဒေါ်စွန်း လန့်သွားတယ်။ ကျောက်အာ ကြားသွားမယ် မထင်ထားတော့ ရှက်ရှက်နဲ့ ရယ်လိုက်တယ်။ သူမ စကားလွှဲမလို့ လုပ်တုန်း ရွှီထင်းရှန်းက ဖြတ်ပြောလိုက်တယ်။ “ကျောက်အာ... အဒေါ်စွန်းက သူ့ယောကျ်ားကို နင်နဲ့အတူ စီးပွားရေး ခေါ်လုပ်ခိုင်းချင်လို့တဲ့”

“စီးပွားရေး ခေါ်လုပ်မယ် ဟုတ်လား” ကျောက်အာက အဒေါ်စွန်းကို ကြည့်ပြီး နှုတ်ခမ်းစေ့လိုက်တယ်။

အဒေါ်စွန်း နေရခက်သွားပြီး ကျောက်အာ ကြည့်တာကို မခံနိုင် ဖြစ်သွားတယ်။

ဟုတ်ပါပြီ ကျောက်အာ ကွယ်ရာမှာ တူတော်မောင်ကို မြှောက်ပင့်ပေးပြီးကိုယ့်ဘက်ပါအောင် လုပ်တာ မကောင်းမှန်း သူမ သိပါတယ်။ ဒါပေမဲ့ စကားစမိမှတော့ နောက်ဆုတ်လို့ မဖြစ်တော့ဘူး။ မနေ့ညက တစ်ညလုံး စဉ်းစားခဲ့ပြီးပြီ ဒီအခွင့်အရေးကို လက်လွှတ်မခံနိုင်ဘူး။ ငွေမက်တယ်လို့ အပြောခံရပါစေ လယ်လုပ်တာက ပိုက်ဆံ ဘယ်လောက်ရမှာမို့လဲ။ မောက်ဒန်ကို ကျောင်းထားပေးချင်သေးတယ်။ ကျောင်းစရိတ် ဘယ်လောက်ကြီးလဲ ဆိုတာ ရွှီကျွင်းခိုင်ကို ကြည့်ရင် သိသာတာပဲ။

သူမ စောစောက ပြောတာတွေကို ပြန်ပြောပြတယ်။ ပြောပြီးတော့ ကျောက်အာကို စိုက်ကြည့်နေတယ်။

ကျောက်အာ မျက်နှာ တည်နေတယ်။ အဒေါ်စွန်းကတော့ မဖြစ်တော့ဘူး ထင်နေပြီ။ အစကတည်းက အဆင်မပြေခဲ့တာလေ။ ဒါပေမဲ့ ကျောက်အာ ခေါင်းညိတ်လိုက်ပြီး ပြောတယ်။ “ကောင်းပြီလေ။ နေ့လယ် စတုတ္တဦးလေး လယ်က ပြန်လာရင် ကျွန်မဆီ လာခဲ့ခိုင်းလိုက်”

ကျောက်အာကတူမ ကိုယ်ကအဒေါ် ဒါပေမဲ့ အဒေါ်စွန်းကတော့ ကြက်ပေါက်စလို ခေါင်းညိတ်ပြလိုက်တယ်။ ကျောက်အာက ကိုယ့်ဦးလေးကို သူ့ဆီ လာခိုင်းတာ ဘာမှ မဖြစ်သလိုပါပဲ။

ကျောက်အာ မနက်စောစော ထကတည်းက မနေ့က ဝယ်လာတဲ့ ဝက်လက်တွေကို ခုတ်ထစ်ထားပြီးပြီ။

ဝက်လက်ကို ဝက်သားနီချက် ချက်မယ်။ အရင်ဆုံး ရေနွေးဖျောပြီး သွေးညှီနံ့ ပျောက်အောင် ဆေးတယ်။ ဆီအိုးတည် သကြားထည့်ပြီး သကြားရည် လုပ်တယ်။ ဝက်လက်ထည့် မွှေတယ်။ အရက်နည်းနည်း ပဲငံပြာရည်နည်းနည်း ထည့်ပြီး အရောင်တင်တယ်။ ကြက်သွန်မြိတ်၊ ဂျင်း၊ ကြက်သွန်ဖြူ ထည့်မွှေတယ်။ ရေမြုပ်အောင် ထည့်ပြီး မီးအေးအေးနဲ့ တည်ထားတယ်။

အရိုးတွေကိုတော့ စွပ်ပြုတ် လုပ်တယ်။ အရိုးကို ထုခွဲ ဂျင်း ကြက်သွန်မြိတ် နာနတ်ပွင့် သစ်ကြံပိုးခေါက် ထည့်ပြီး ပြုတ်တယ်။

မြေအိုးနဲ့ တည်တာဆိုတော့ မွှေးနေတာပဲ။

ဒီဟင်းနှစ်မယ်က အချိန်ပေးရတော့ ကျောက်အာက မီးအေးအေးလေး လုပ်ထားခဲ့ပြီး ပစ်ထားလိုက်တာ။

နေ့လယ်စာ စားချိန်နီးမှ မီးဖိုချောင်ဝင်ပြီး သတ်သတ်လွတ် ဟင်းနှစ်ခွက် ကြော်လိုက်တယ်။

မနေ့ကလိုပဲ အိမ်ကြီးဘက်ကို ဟင်းနည်းနည်း သွားပို့တယ်။

36 03

မများပါဘူး၊ လူကြီးနှစ်ယောက် စားရုံလောက်ပဲ။ ကျောက်အာက မကောင်းတာကို ကောင်းတာနဲ့ တုံ့ပြန်တတ်သူ မဟုတ်ပေမဲ့ အခုထိ ထမင်းအိုး မခွဲရသေးတော့ အတူတူ စားနေရတာလေ။ လူကြီးတွေကို မပို့ဘဲ ကိုယ့်ဘာသာ ခိုးစားတာကျတော့လည်း မကောင်းဘူး။

ထမင်းပန်းကန်တွေ ပြင်ဆင်ပြီးပြီ။ စတုတ္ထဦးလေး ရွှီချင်းဟွိုင် ပြန်ရောက်နေတာ ကျောက်အာ မြင်ပါတယ်။ အဒေါ်စွန်းနဲ့ အခန်းထဲမှာ တီးတိုး ပြောနေကြတာ။ သူမ ပြတင်းပေါက်ကနေ လှမ်းခေါ်လိုက်တော့ ခဏနေ ရွှီချင်းဟွိုင် ရောက်လာတယ်။

အခန်းထဲ ဝင်ဝင်ချင်းပဲ ဒီကိစ္စ မပြောခဲ့သလို သဘောထားလိုက်ပါလို့ ပြောတယ်။ အဒေါ်စွန်းနဲ့ အခန်းထဲမှာ စကားများခဲ့ပုံ ရတယ်။ ကျောက်အာက စောင့်နေလို့သာ ထွက်လာတာ မဟုတ်ရင် ပြီးမှာ မဟုတ်ဘူး။

“စတုတ္တဦးလေး... ထိုင် စားရင်း ပြောကြတာပေါ့”

“စတုတ္တဦးလေးက ဘယ်မျက်နှာနဲ့ စားရမှာလဲ။ နင့်အဒေါ် ပြောတာတွေ နားမထောင်နဲ့ သူက ပိုက်ဆံမြင်ရင် ဘာမှ မသိတော့ဘူး”

“စားပါ စတုတ္တဦးလေးရယ်... ကျွန်မနဲ့ကုန်းအာက စတုတ္တဦးလေးကို ထမင်းတစ်နပ်တောင် မကျွေးနိုင်ဘူး ထင်နေလား”

ဒီတော့မှ ရွှီချင်းဟွိုင်လည်း ဝင်ထိုင်လိုက်တယ်။

ရွှီမိသားစု တစ်ခုလုံးမှာ ကျောက်အာ လက်ရာ အကောင်းဆုံးပဲ။ အားလုံးက အသိအမှတ်ပြုကြတယ်။ ဒါပေမဲ့ သူမက ချက်ခဲတယ်။

ကျောက်အာ အရက်ပါ ပြင်ထားတယ်။ ရွှီချင်းဟွိုင်က နူးအိနေတဲ့ ဝက်လက်တစ်ဖတ် ယူစားလိုက် အရက်တစ်ငုံ သောက်လိုက်နဲ့ ဇိမ်ကျသွားတယ်။ “ကျောက်အာ လက်ရာက ရှယ်ပဲ။ နူးအိပြီး အီမနေဘူး”

ကျောက်အာ ပြုံးပြီး ရွှီထင်းရှန်းကိုလည်း ဟင်းထည့်ပေးတယ်။ များများစား ဒါတွေက နင့်အတွက် လုပ်ထားတာ ဆိုတဲ့ သဘောပေါ့။

“စောစောက ပြောသလိုပဲ... နင့်စီးပွားရေး ငါ ဝင်မရှုပ်ပါဘူး။ တူမလေး လုပ်လို့ အဆင်ပြေနေတာကို ငါက ဆွေမျိုးအင်အားသုံးပြီး ဝင်ပါရင် ဘယ်ကောင်းမလဲ။ နင့်အဒေါ် စကား နားမထောင်နဲ့ မိန်းမသားတွေက ဆံပင်ရှည်ပြီး ဉာဏ်တိမ်တယ်။ လျှောက်ပြောနေတာ”

ကျောက်အာက ပြုံးပြီး နားထောင်နေတယ်။ သူ ပြောပြီးတော့မှ ပြန်ပြောတယ်။ “တကယ်တော့ စတုတ္တဦးလေး... ကျွန်မ လက်ခံလိုက်တာ ဆွေမျိုးမို့လို့ မဟုတ်ပါဘူး။ ကျွန်မမှာ တခြား အကြံအစည် ရှိလို့ပါ။ ကျွန်မနဲ့ ကျန်းဝူ နှစ်ယောက်တည်းဆို လူအင်အား မလောက်ဘူး။ ဒီစီးပွားရေးက ဘယ်ကလာလဲ စတုတ္တဦးလေးလည်း သိတာပဲ။ ပိုက်ဆံရလွယ်ပေမဲ့ ရေရှည် မခံဘူး။ ဒီရက်ပိုင်း အပြင်ထွက်ရင်း စဉ်းစားမိတာ တစ်ခုရှိတယ်။ အခုလို အထည်ဟောင်း ရောင်းတာ တွက်ခြေကိုက်ရင် အထည်သစ် ဝယ်ပြီး အင်္ကျီချုပ်ရောင်းရင်ရော မဖြစ်နိုင်ဘူးလား”

“ကိုယ်တိုင် ချုပ်မယ် ဟုတ်လား”

ကျောက်အာ ခေါင်းညိတ်တယ်။ “အပေါင်ဆိုင်က အထည်တွေက အကန့်အသတ် ရှိတယ်။ ကိုယ့်ဘာသာ ချုပ်ရင်တော့ စိတ်ကြိုက် လုပ်လို့ရပြီ။ ကျွန်မ တွက်ကြည့်တယ်။ သာမန် ဆေးဆိုးချည်ထည် တစ်အုပ်ကို ဈေးကွက်ပေါက်ဈေး ကြေးပြား ၃၀၀ လောက် ရှိတယ်။ တစ်အုပ်ဆို အင်္ကျီ ၅ ထည်လောက် ချုပ်လို့ရတယ်။ ဆိုတော့ တစ်ထည်ကို ၅၀ ၆၀ ဝမ်လောက် ကျမယ်။ ဒါက ဈေးကွက်ပေါက်ဈေးနော်။ တကယ်တမ်း အများကြီး ဝယ်ရင် ဈေးက ၃ ပုံ ၁ ပုံလောက် သက်သာမယ်။ များများဝယ်လေ ဈေးသက်သာလေ အမြတ်များလေပဲ”

ဒီလို တွက်နည်းလောက်တော့ ရွှီချင်းဟွိုင်လည်း တွက်တတ်ပါတယ်။ သူ စဉ်းစားပြီး မေးတယ်။ “ဒါပေမဲ့ အထည်ဝယ်ပြီး ချုပ်ရဦးမယ်လေ။ လက်ခ ထည့်တွက်ရမယ်။ ပြီးတော့ ဘယ်သူ ချုပ်မှာလဲ။ ဆိုဒ်ကရော ဘယ်လို လုပ်မှာလဲ။ ဒါတွေ စဉ်းစားရမယ်”

ကျောက်အာ ပြုံးလိုက်တယ်။ “ဒီရက်ပိုင်း ကျွန်မ အလကား လျှောက်သွားနေတာ မဟုတ်ပါဘူး။ ကျွန်မတို့ ဝတ်တဲ့ အင်္ကျီတွေက ပွပွကြီးတွေလေ။ နည်းနည်း ကြီးတာ သေးတာ ပြဿနာ မရှိဘူး။ မိန်းကလေးတွေဆို ဆိုဒ်က သိပ်မကွာဘူး။ ဆိုဒ် ၂ ခုလောက် လုပ်ထားရင် ရပြီ။ ယောကျ်ားလေးတွေ အတွက်ကျတော့ ဆိုဒ် နည်းနည်း ပိုလိုမယ်။ များသောအားဖြင့် ကြီးတာ ဝယ်သွားပြီးကိုယ့်ဘာသာ ပြန်ပြင်ဝတ်ကြတာပဲ”

“ဒါပေမဲ့ နင့်အထည်ဟောင်းတွေ ရောင်းရတာက အထည်သား ကောင်းလို့လေ။ သာမန် အထည်သားနဲ့ ချုပ်ရင် လူတွေက ဝယ်ပါ့မလား။ ကိုယ့်ဘာသာ အစဝယ်ပြီး ချုပ်ဝတ်ကြမှာပေါ့” ဆင်းရဲသားတွေက အင်္ကျီအသင့်ချုပ် မဝယ်ဘဲ ကိုယ့်ဘာသာ ချုပ်ဝတ်ကြတာ ဒါကြောင့်ပါ။

“ဒါကြောင့် ကျွန်မတို့က ဈေးသက်သာတဲ့ အထည်ရင်းမြစ် ရှာရမယ်။ အရေအတွက် များများ ထုတ်ပြီး ဈေးကို ချရမယ်။ ကိုယ့်ဘာသာ ချုပ်တာထက် တန်မှ ဝယ်ကြမှာ။ ဒီထဲမှာ အခွင့်အရေးတွေ အများကြီး ရှိတယ်။ အမြတ်လည်း များတယ်။ အသေးစိတ် တွက်ချက်ဖို့ပဲ လိုတာ။ လုပ်အားခကတော့ ပိုလွယ်တယ်။ ကျွန်မတို့ရွာမှာ အင်္ကျီမချုပ်တတ်တဲ့ မိန်းမ ဘယ်သူရှိလဲ။ လက်ခ နည်းနည်း ပေးလိုက်ရင် ဝိုင်းလုပ်မယ့်သူတွေ အများကြီး” ဒါကိုတော့ ဟိုတလောက ပန်းထိုးလုပ်ငန်း လုပ်တုန်းက သူမ သိခဲ့တာ။

36 04

ရွှီချင်းဟွိုင် ငြိမ်သွားတယ်။ အရက်ကို တစ်ငုံချင်း သောက်ရင်း စဉ်းစားနေတယ်။

တော်တော်ကြာမှ သူ ပြောတယ်။ “ကောင်းပြီလေ။ နင် ဘယ်လို လုပ်ချင်လဲ။ အရင်းအနှီးတော့ ငါ အများကြီး မတတ်နိုင်ဘူး။ ငွေနည်းနည်းနဲ့ လုပ်အားတော့ ထည့်နိုင်တယ်”

ကျောက်အာ လိုချင်တာ ဒါပါပဲ။ ဒါပေမဲ့ ရွှီချင်းဟွိုင်နဲ့ ပတ်သက်ပြီး သူမမှာ တခြား အကြံ ရှိသေးတယ်။

ရွာတွေလှည့်ပြီး ဈေးရောင်းတုန်းက ဆန်တို့ ကြက်ဥတို့နဲ့ လဲခဲ့ရတာကို သူမ ပြောပြတယ်။ ပြီးတော့ ဆက်ပြောတယ်။ “စတုတ္တဦးလေး... ကျွန်မ အရင်က ဟင်းသီးဟင်းရွက်တွေ မြို့တက်ရောင်းဖူးတာ စတုတ္တဦးလေး သိသားပဲ။ အဲဒီတုန်းကတည်းက အကြံတစ်ခု ရခဲ့တယ်။ မြို့ပေါ်မှာ ချမ်းသာတဲ့သူတွေ များတယ်။ စားသောက်ဆိုင်တွေ သေရည်ဆိုင်တွေလည်း ရှိတယ်။ သူတို့က စားသောက်ကုန်တွေ လိုတယ်။ အဲဒါတွေက ရွာတွေကပဲ လာတာလေ။ ရှားပါးတဲ့ ပစ္စည်းတွေဆိုရင်တော့ အဝေးက လာတာပေါ့။ ဒါပေမဲ့ အများစုကတော့ အနီးအနားကပဲ။

ကျွန်မတို့က တောသားတွေ ဆိုတော့ သိပါတယ်။ တောကလူတွေ မြို့တက်ဖို့ မလွယ်ဘူး။ လယ်အလုပ်တွေနဲ့ မအားကြဘူး။ ပစ္စည်းနည်းနည်းလေး သွားရောင်းဖို့ မြို့တက်ရတာ မကာမိဘူး။ ကျွန်မ စဉ်းစားမိတာက... အရင်းအနှီးနဲ့ လူအင်အား ရှိလာရင် ရွာတွေ လိုက်ပြီး ပစ္စည်းတွေ လိုက်ဝယ်မယ် ပြီးရင် မြို့ပေါ် ခရိုင်မြို့တွေ တက်ပြီး ပြန်ရောင်းမယ်။ ဒါဆို ပိုက်ဆံ အများကြီး ရမှာ”

အထည်ချုပ်လုပ်ငန်းဆိုရင်တော့ ရွှီချင်းဟွိုင်က နားမလည်တော့ တွန့်ဆုတ်နေမိတာ။ ဒီအလုပ်ကျတော့ သူ ကျွမ်းတယ်။

သူ့မျက်လုံးတွေ အရောင်တောက်လာတယ်။ “ကျောက်အာရယ်... နင့်ခေါင်းထဲမှာ ဘာတွေ ရှိနေတာလဲ။ ဘာပဲ ဖြစ်ဖြစ် ထူးထူးဆန်းဆန်းတွေ တွေးတတ်တယ်။ အထည်ချုပ်တာတော့ ငါ သိပ်မရေရာဘူး။ ဒီအလုပ်ကတော့ ဖြစ်မယ် ထင်တယ်ဟေ့”

ကျောက်အာ ရယ်လိုက်တယ်။ “စတုတ္တဦးလေးလည်း ဖြစ်မယ် ထင်တယ်မလား။ အခုလောလောဆယ် အရင်းအနှီး နည်းသေးတော့ အထည်ချုပ်လုပ်ငန်း ချက်ချင်း စလို့မရသေးဘူး။ ဒါကြောင့် ဒီကုန်သည်လုပ်ငန်း အရင်စချင်တာ။ အထည်ချုပ်ကတော့ ဘေးကနေ ဖြည်းဖြည်းချင်း လုပ်သွားမယ်။ အရင်းအနှီး ရလာမှ အကြီးကြီး လုပ်ကြတာပေါ့”

အဲဒီနောက် နှစ်ယောက်သား အသေးစိတ် ဆွေးနွေးကြတယ်။ အရေးကြီးတဲ့အပိုင်း ကျန်နေသေးလို့ ညကျမှ ကျန်းဝူကို ခေါ်ပြီး ဆက်ပြောကြမယ်လို့ ချိန်းလိုက်တယ်။

ရွှီထင်းရှန်းကတော့ ကျောက်အာနဲ့ ကျန်းဝူ ကြားထဲ လူတစ်ယောက် ထည့်ချင်ရုံ သက်သက်ပါ။ ဒီလောက်ထိ ဖြစ်သွားမယ် မထင်ထားဘူး။

တကယ်ပဲ တချို့အရာတွေက ဖြစ်လာမယ့် လမ်းကြောင်းအတိုင်း ဖြစ်လာတာပါပဲ။ သူ ကျောင်းပြန်တက်တာလို အိပ်မက်ထဲကလို ကျောက်အာ စီးပွားရေး လုပ်တာလိုမျိုးပေါ့။

ဒါပေမဲ့ အိပ်မက်ထဲက ရွှီထင်းရှန်းနဲ့ မတူတော့ဘူး။ ဟိုတုန်းကတော့ ခေါင်းမာတယ်။ နိုင်လိုမင်းထက် ပြုတယ်။ သံသယများတယ်။ အလျှော့မပေးတတ်ဘူး။ ကျောက်အာကို စီးပွားရေး မလုပ်စေချင်ဘူး။ ကျန်းဝူနဲ့ မပတ်သက်စေချင်ဘူး။ သူမ စီးပွားရေးလုပ်တာက သူ့သိက္ခာ ကျတယ် လူတွေ လှောင်ပြောင်မယ်လို့ ထင်ခဲ့တယ်။ အခုတော့ သူက နည်းလမ်းပြောင်းပြီး စောင့်ကြည့်တတ်လာပြီ။ စိတ်ထားလည်း ပြောင်းလဲသွားလို့ အိပ်မက်ထဲကထက် ပိုပြီးရှင်းရှင်းလင်းလင်း မြင်တတ်လာပြီ။

ကျောက်အာက ငွေမက်တာ မှန်ပေမဲ့ စီးပွားရေးလုပ်ရတဲ့ အရသာကို ပိုမက်မောတာပါ။

ဒီအကြောင်းတွေ ပြောနေတုန်း သူမ မျက်လုံးထဲက အရောင်တွေကို သူ မြင်နေရတယ်။ အဲဒါက အိပ်မက်ထဲမှာ မကြာခဏ မြင်ခဲ့ရတဲ့ အရောင်တွေပဲ။ ကြယ်တွေလို တောက်ပနေပြီး ဖမ်းစားနိုင်စွမ်း ရှိတယ်။

အိပ်မက်ထဲမှာ သူတို့နှစ်ယောက် အကြီးအကျယ် ရန်ဖြစ်ခဲ့တာကို သတိရမိတယ်။

ဟုန်အာလေးမှာ ဈေးသည်အမေ မရှိစေချင်လို့ သူမက နောက်ဆုတ်ပေးခဲ့တယ်။ ဒါပေမဲ့ စိတ်မပျော်ရွှင်ခဲ့ဘူး။ သူ ဘယ်လိုပဲ ကြိုးစားကြိုးစား သူမ မပျော်ဘူး။ သူက သံသယတွေ ဝင်ပြီး သူမ ကျန်းဝူကို မမေ့နိုင်သေးဘူးလို့ ထင်ခဲ့တယ်။ အဲဒီအချိန်မှာ သူက စာမေးပွဲဖြေဖို့ မြို့တော် တက်သွားရတယ်။ အဲဒါ သူတို့ရဲ့ နောက်ဆုံး နှုတ်ဆက်ခြင်း ဖြစ်သွားတယ်။

အဲဒီကစပြီး တစ်သက်လုံး ပြန်မတွေ့ရတော့ဘူး။ အဲဒီပုံရိပ်က သူ့မှတ်ဉာဏ်ထဲမှာ နောက်ဆုံး ကျန်ရစ်ခဲ့ပြီး ညတိုင်း အိပ်မက်ဆိုး ဖြစ်ခဲ့ရတယ်။

သူ့ရဲ့ မိုက်မဲတဲ့ အတ္တတွေ လောကအမြင်တွေကြောင့် သူမရဲ့ပျော်ရွှင်မှုကို မဖျက်ဆီးသင့်တော့ဘူး။

******

All Chapters