အခန်း (၃၇-၃၈)
Vol. 4 Ch. 37-38
37 01
အခန်း (၃၇)
ညဘက်မှာ ကျောက်အာက ဟင်းကောင်းတွေချက်ပြီး ကျန်းဝူနဲ့ ရွှီချင်းဟွိုင်တို့ကို ဖိတ်ကျွေးတယ်။
အလုပ်ကိစ္စဆွေးနွေးမှာဖြစ်လို့ အဒေါ်စွန်းနဲ့မောက်ဒန် မပါလာကြဘဲ အိမ်မကြီးဘက်မှာပဲ ထမင်းစားကြတယ်။
ထမင်းဝိုင်းမှာ အဘွားကျောက်က အဒေါ်စွန်းကို ကြည့်ပြီး မေးတယ်။ “စတုတ္ထသားက နေ့လယ်ရော ညရော ဒုတိယမိသားစုအခန်းထဲမှာပဲ အောင်းနေတော့တာလား။ ထမင်းမစားတော့ဘူးလား”
အဒေါ်စွန်းက အပြုံးနဲ့ဖုံးပြီး ပြန်ဖြေတယ်။ “ကျောက်အာက ကျန်းဝူကို ကျေးဇူးတင်လို့ ထမင်းဖိတ်ကျွေးတာလေ။ ဒုတိယမိသားစုမှာက အရက်သောက်ဖော်မရှိလို့ သူ့ဦးလေးကို အဖော်ခေါ်ထားတာပါ”
“လူကြီးက ကလေးကို အဖော်လုပ်ပေးရတယ် ဟုတ်လား” အဒေါ်ယန်က ဝင်ထောက်တယ်။ အဒေါ်စွန်း ညာတာကို တခြားလူ ယုံချင်ယုံမယ် သူကတော့ မယုံဘူး။ တစ်ခုခုတော့ ထူးခြားနေပြီ။
“အာ... အစ်မကြီး ပြောပုံကလည်း… ငါတို့အိမ်က စည်းကမ်းကြီးတဲ့ အိမ်ကြီးအိမ်ကောင်းမှ မဟုတ်တာ။ ထမင်းတစ်နပ်တည်း စားတာပဲဟာ ဘာလို့ လူကြီးလူငယ် လာခွဲနေတာလဲ။ ကျန်းဝူက ဒုတိယမိသားစုကို အများကြီး ကူညီပေးထားတာလေ။ ကုန်းအာ မြို့တက် ကျောင်းသွားတက်တာကအစ အစစအရာရာ လိုက်ပို့ပေးတာ။ တခြားကိစ္စတွေလည်း ရှိသေးတယ်။ ထမင်းတစ်နပ်လောက်တော့ ကျွေးသင့်တာပေါ့”
အဒေါ်ယန်က မကျေမနပ်နဲ့ ပြောတယ်။ “ကျွေးချင်ရင်လည်း အိမ်မကြီးမှာ ကျွေးပေါ့။ အဖေနဲ့အမေကိုရော တစ်မိသားစုလုံးကိုရော မျက်နှာမထားတော့ဘူးလား”
အဒေါ်စွန်း စိတ်ရှုပ်လာပြီ။ အရင်တုန်းကဆိုရင်တော့ အဒေါ်ယန်ကို ကြောက်ရပေမဲ့ အခုက အိမ်ခွဲပြီးပြီဆိုတော့ ဂရုစိုက်စရာ မလိုတော့ဘူး။
သူမ နှုတ်ခမ်းမဲ့ပြီး ခနဲ့လိုက်တယ်။ “ကျန်းဝူကို ငါတို့ ထမင်းစားဖိတ်ဖူးတာပဲ။ သူ ဘယ်နှစ်ခါ လက်ခံဖူးလို့လဲ။ ကျန်းမိသားစုက ဘာလို့ ငါတို့အိမ်မှာ ထမင်းမစားချင်လဲဆိုတာ အစ်ကိုကြီးနဲ့ အစ်မကြီး ကိုယ့်ဟာကိုယ် သိမှာပါ။ ပြီးတော့ အစ်မကြီးက ကိုယ့်ပိုက်ဆံနဲ့ အသားဝယ် အရက်ဝယ်ပြီး ဧည့်ခံချင်လို့လား။ ခံချင်တယ်ဆိုရင်တော့ ကျွန်မ အခုချက်ချင်း ကျန်းဝူနဲ့ အစ်ကိုချင်းဟွိုင်ကို သွားခေါ်လိုက်မယ်”
ဒီစကားက တော်တော် နာစရာကောင်းတယ်။ ကျန်းဟိုင်နဲ့ ရွှီချင်းရှန် ပြဿနာတက်ပြီးကတည်းက နှစ်အိမ် ဆက်ဆံရေး ပျက်သွားတာလေ။ ကျန်းမိသားစုက ဒုတိယသား ရွှီချင်းစုန့် မျက်နှာကြောင့်သာ ဆက်ဆံနေတာ။ ကျန်းဝူ တစ်ယောက်ပဲ ရံဖန်ရံခါ လာလည်တယ်။ အဘိုးရွှီ ထမင်းစားဖိတ်ရင်တောင် သူ ဘယ်တော့မှ မစားဘူး။
ဒါကို အားလုံး သိကြပေမဲ့ ဘယ်သူမှ ထုတ်မပြောကြဘူး။ အခု အဒေါ်စွန်းက အဒေါ်ယန်ကို ပိုက်ဆံစိုက်ပြီး ဧည့်ခံခိုင်းနေတော့ အဒေါ်ယန် ဘယ်လုပ်ရဲပါ့မလဲ။
နေ့လယ် ထမင်းစားတုန်းက ရွှီကျွင်းခိုင်က သူ့ဆရာ မွေးနေ့ရောက်တော့မယ် ကျောင်းသားတွေက ဂါရဝပြုလက်ဆောင် ပေးရမယ်လို့ ပြောတယ်။ ဆရာက ပစ္စည်းမယူဘူး ငွေပဲ ယူတယ်တဲ့။ အနည်းဆုံး ငွေတစ်တုံးက စပေးရမယ် များရင်များသလောက် ကောင်းတယ်တဲ့။
များရင်များသလောက် ကောင်းတယ် ဆိုတာထား အနည်းဆုံး ငွေတစ်တုံးဆိုတာက မနည်းဘူး။
ရွှီချင်းရှန်တုန်းကတောင် ပွဲတော်ရက် လက်ဆောင်လောက်ပဲ ပေးရတာ။ အခုကျမှ ဆရာတွေက မွေးနေ့ကို အကြောင်းပြပြီး ငွေညှစ်နေကြတာ။ ဒါပေမဲ့ မပေးလို့ကလည်း မဖြစ်ပြန်ဘူး။ ဆရာကို မျက်နှာမလုပ်ရင် ရွှီကျွင်းခိုင်ကို ပညာမသင်ပေးဘဲ နေမှာ စိုးရတယ်။ ငွေအများကြီးတောင် ကုန်ထားပြီးပြီ ဒီလောက်ငွေလေး နှမြောနေလို့ မဖြစ်ဘူးလေ။ မွေးနေ့ဆိုတာ တစ်နှစ်မှ တစ်ခါပဲ ရှိတာ ခဏခဏ ရှိတာမှ မဟုတ်တာ။
ရွှီချင်းရှန်တို့လင်မယားမှာ ပိုက်ဆံမရှိတော့ လူကြီးနှစ်ယောက်ဆီက တောင်းရတာပေါ့။ အဘွားကျောက် ကြားတော့ ဆရာကို ငွေမက်တယ်ဆိုပြီး ဆဲဆိုတော့တာပဲ။ မူလက တိတ်တိတ်လေး လုပ်မလို့ဟာ အခုတော့ တစ်အိမ်လုံး သိကုန်ပြီ။
အဒေါ်ယန် လက်ထဲမှာ ပိုက်ဆံမရှိတာ ထားဦး ရှိရင်တောင် ကိုယ့်ပိုက်ဆံကို ထုတ်သုံးပြီး လူကြီးတွေ ပိုက်ဆံကို ချွေတာပေးမယ်လို့ ဘယ်ပြောမလဲ။
အဒေါ်ယန် မျက်နှာကြီး နီရဲပြီး ဘာမှ ပြန်မပြောနိုင်တော့ဘူး။ ထွက်သွားချင်ပေမဲ့ မသွားရဲ နေပြန်တော့လည်း မျက်နှာပူစရာ။ တော်သေးတာပေါ့ အဘွားကျောက်က ဝင်ကယ်လိုက်လို့။
“ဘာတွေ ဆူညံနေကြတာလဲ။ ထမင်းစားမှာလား မစားဘူးလား”
ဒီတော့မှ အားလုံး ငြိမ်ပြီး ထမင်းဆက်စားကြတယ်။
37 02
တစ်ချိန်တည်းမှာ ဒုတိယမိသားစု အခန်းထဲမှာတော့ စားကောင်း သောက်ကောင်းတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ရှိနေတယ်။
ယွီချင်းရွာက အေးတဲ့အရပ်ဆိုတော့ ဆောင်းတွင်းရောက်ရင် အရက်သောက်ပြီး အအေးဒဏ် ခံကြရတယ်။ ဒါကြောင့် ကလေးလူကြီးမရွေး အရက်နည်းနည်းတော့ သောက်တတ်ကြတယ်။
ကျန်းဝူက တိုက်တွန်းလို့ ကျောက်အာလည်း ပန်းကန်လုံးတစ်ဝက်လောက် ဝင်သောက် လိုက်တယ်။
သုံးယောက်သား စားရင်းသောက်ရင်း စကားပြောကြတယ်။ တကယ်တမ်း သောက်တာက ရွှီချင်းဟွိုင်နဲ့ ကျန်းဝူတို့ပါ။ ကျောက်အာကတော့ တစ်ငုံနှစ်ငုံလောက်ပဲ စိမ်ပြေနပြေ သောက်တာ။ ရွှီထင်းရှန်းကတော့ ထမင်းစားပြီးတာနဲ့ စာဖတ်မယ်ဆိုပြီး ခုတင်ပေါ် တက်သွားပေမဲ့ နားစွင့်နေတယ်။
ထမင်းစားပြီးတဲ့အချိန်မှာ ကိစ္စတွေလည်း ဆွေးနွေးပြီးသလောက် ရှိနေပြီ။
အကြမ်းဖျင်း သဘောတူညီချက်ကတော့ သုံးအိမ်စလုံး ငွေစုထည့်ပြီး အတူတူလုပ်ကြမယ်။ စုထားတဲ့ငွေနဲ့ လှည်းတစ်စီး ဝယ်မယ်။
လှည်းဝယ်ဖို့ အကြံပေးတာက ရွှီထင်းရှန်းပါ။ ဒီလိုစီးပွားရေးမျိုးလုပ်ရင် လှည်းက မရှိမဖြစ် လိုအပ်တာကိုး။ လှည်းတစ်စီးတည်းနဲ့ လျှောက်သွားနေရရင် ဘာလို့ အစုရှယ်ယာ ဝင်စရာ လိုဦးမှာလဲ။
လှည်းမှာ ဈေးအကြီးဆုံးက သယ်ယူပို့ဆောင်ရေး လားပဲ။ အရွယ်ရောက်ပြီးသား လားတစ်ကောင်ဆိုရင် ငွေ ၂၀ လျန်လောက် ပေးရတယ်။ လှည်းအိမ် ဆောက်တာနဲ့ဆိုတော့ စုစုပေါင်း အရင်းအနှီး ၃၀ လျန်လောက် လိုမယ်လို့ တွက်ထားကြတယ်။
ကျောက်အာက ၁၅ လျန် ကျန်းဝူက ၁၀ လျန် ရွှီချင်းဟွိုင်က ၅ လျန် ထည့်မယ်။ ဒီစီးပွားရေးကို ကျောက်အာက ဦးဆောင်တာဖြစ်လို့ ငွေများများ ထည့်တာ သဘာဝပါပဲ။
အမြတ်ခွဲဝေမှုကတော့ ကျောက်အာက ၅၀ ရာခိုင်နှုန်း ကျန်းဝူက ၃၀ ရာခိုင်နှုန်း ရွှီချင်းဟွိုင်က ၂၀ ရာခိုင်နှုန်း ယူကြမယ်လို့ သဘောတူလိုက်ကြတယ်။ အပေါင်ဆိုင်က အထည်ဟောင်း ယူရောင်းတဲ့ နည်းလမ်းကို ကျောက်အာ ရှာတွေ့ခဲ့တာမို့ သူမက ရှယ်ယာအများဆုံး ရသင့်တာပေါ့။
ရွှီချင်းဟွိုင်က မူလက ၂၀ ရာခိုင်နှုန်း မယူချင်ပါဘူး။ သူက ကြားဝင်လာတာ ဖြစ်ပြီး အရင်းအနှီးလည်း အနည်းဆုံး ထည့်တာကိုး။ ဒါပေမဲ့ ကျောက်အာက သူ့ကို နားချတယ်။ သူက ရွာတွေအနှံ့ သွားဖူးတော့ လူသိများတယ် နယ်မြေကျွမ်းကျင်တယ်။ ကျန်းဝူကလည်း အိမ်ကိစ္စတွေ ရှိတတ်တယ်။ သူမကလည်း ရွှီထင်းရှန်းကို ပြုစုစောင့်ရှောက်ရဦးမယ်။ နောက်ပိုင်း ပင်ပင်ပန်းပန်း လုပ်ရမှာက ရွှီချင်းဟွိုင် ဖြစ်လို့ ပိုရသင့်တယ်ဆိုပြီး ပြောမှ လက်ခံလိုက်တာ။
ရွှီချင်းဟွိုင် ပြန်သွားတော့ ကျောက်အာက ကျန်းဝူကို အိမ်ပေါက်ဝအထိ လိုက်ပို့တယ်။
ကျန်းဝူက အရက်သောက်ထားလို့ မျက်နှာ နီရဲနေပြီး မျက်လုံးတွေ တောက်ပနေတယ်။ အရက်ကြောင့်လား လရောင်ကြောင့်လားတော့ မသိဘူး။
“ကျောက်အာ...”
“အစ်ကိုကျန်းဝူ... လမ်းဖြည်းဖြည်းလျှောက်နော်။ ဟေးကျစ်ကို လိုက်ပို့ခိုင်းလိုက်ရမလား” ကျန်းဝူက မုဆိုးဆိုတော့ အရက်နိုင်တယ်။ ဆောင်းတွင်း တောထဲသွားရင် အအေးဒဏ် ခံနိုင်အောင် အရက်သောက်ရတာကိုး။
ဒီည ကျန်းဝူ သိပ်မသောက်ထားမှန်း ကျောက်အာ သိလို့ကိုယ်တိုင် လိုက်မပို့တာ။
“မလိုပါဘူး။ ငါ့ဘာသာ ပြန်တတ်ပါတယ်” သူ ခဏရပ်ပြီး ကျောက်အာကို လှည့်ကြည့်တယ်။ “ကျောက်အာ... နင့်ခေါင်းပေါ်က ဆံထိုးသစ်လေး လှလိုက်တာ။ ဘယ်တုန်းက ဝယ်လိုက်တာလဲ။ ငါ မမြင်ဖူးပါလား”
ကျောက်အာက ကျန်းဝူ မေးမယ် မထင်ထားလို့ ကြောင်သွားတယ်။ ပြီးမှ ပြုံးပြီး ပြောတယ်။ “ထင်းအာ ဝယ်ပေးတာပါ။ သူ စာကူးပြီး ပိုက်ဆံရလာတာနဲ့ မသုံးတတ် မစွဲတတ် ဆံထိုး သွားဝယ်လိုက်တာလေ”
ကျန်းဝူက ကျောက်အာကိုယ်တိုင် ဝယ်တာလို့ ထင်ထားတာ။ မိန်းကလေးဆိုတော့ အလှအပ ကြိုက်တယ်လေ။ ရွှီထင်းရှန်း ဝယ်ပေးမယ်လို့ လုံးဝထင်မထားခဲ့ဘူး။
သူ ဘယ်လောက်ရှိသေးလို့ မိန်းကလေးကို ဆံထိုး ဝယ်ပေးတတ်နေပြီလဲ။
ကျန်းဝူ မျက်နှာပေါ်က အပြုံး ပျက်သွားတယ်။ ရင်ဘတ်ထဲမှာ ဝှက်ထားတဲ့ ဆံထိုးလေးကို အသာစမ်းကြည့်လိုက်မိတယ်။
ငွေဆံထိုးလေးပါ။ သူ ငွေအများကြီး ပေးဝယ်ထားတာ။ ဆံထိုးပေါ်က အကွက်အဆင်တိုင်းကို သူ အလွတ်ရနေပြီ။ ခဏခဏ ထုတ်ကြည့် ပွတ်သပ်ကြည့်ပေမဲ့ ပေးဖို့ သတ္တိမရှိခဲ့ဘူး။ သူမ လက်မခံမှာ ကြောက်လို့ သူမ သူ့စိတ်ကို သိသွားမှာ ကြောက်လို့...
37 03
အခုတော့ သူများ လက်ဦးသွားပြီ။
“ထင်းရှန်းက နင့်ကို ဆံထိုးတောင် ဝယ်ပေးတတ်နေပြီကိုး”
“အင်း... သူ တော်တော် တည်ငြိမ်လာပြီ”
သူမရဲ့ အပြုံးကို ကြည့်ပြီး ကျန်းဝူ စိတ်မကောင်း ဖြစ်သွားတယ်။ “သူ ပိုက်ဆံ ဘယ်လောက် ရှာနိုင်လို့လဲ။ ကလေးက ကလေးလို မနေဘူး။ အဲဒီပိုက်ဆံတွေ စုထားပြီး စာအုပ်ဝယ်ရင် ပိုကောင်းမှာ”
ကျောက်အာ မျက်နှာထား တင်းသွားတယ်။ အပြုံးတွေ ပျောက်ပြီး ပြန်ဖြေရှင်းချက် ထုတ်တယ်။ “အိမ်ကလည်း သူ့ကို ပိုက်ဆံရှာဖို့ မမျှော်လင့်ပါဘူး။ စာကြိုးစားရင် ပြီးတာပါပဲ။ ဒါက သူ့စေတနာလေ”
စောစောကတော့ မသုံးတတ်မစွဲတတ်လို့ ပြောနေပြီး အခုကျတော့ ဘက်လိုက်နေပြန်ပြီ။
ကျောက်အာ စိတ်သဘောထားက ရှင်းပါတယ်။ ကိုယ့်လူကိုကိုယ်တိုင်သာ ပြောချင်ပြောမယ်။ သူများလာပြောတာတော့ မကြိုက်ဘူး။
ကျန်းဝူက ကျောက်အာ ဘယ်လောက်ထိ ရွှီထင်းရှန်းကို ကာကွယ်လဲဆိုတာ သိတော့ ဆက်မပြောရဲတော့ဘူး။
“ဒါဆို ငါ ပြန်တော့မယ်။ မနက်ဖြန် မနက်စောစော လာခဲ့မယ်”
“အင်း... ကျေးဇူးပါ အစ်ကိုကျန်းဝူ”
ဒီစကားတွေ ပြောပြီးတော့ ကျောက်အာလည်း လိုက်ပို့မယ်ဆိုတဲ့စကား မပြောတော့ဘူး။ အိမ်ပေါက်ဝမှာ ခဏရပ်ပြီးမှ ပြန်ဝင်လာခဲ့တယ်။ ခြံထဲက အရိပ်ထဲမှာ ရပ်နေတဲ့ ရွှီထင်းရှန်းကတော့ သူမ မမြင်ခင် အခန်းထဲ အမြန်ဝင်ပြေးသွားတယ်။
တစ်ညတာ ကုန်ဆုံးသွားတယ်။
နောက်တစ်နေ့ မနက်စောစောမှာ ကျန်းဝူ လှည်းမောင်းပြီး ရောက်လာတယ်။
မနက်စာ စားပြီးတာနဲ့ သူတို့သုံးယောက် ကျန်းဝူ ကျောက်အာ ရွှီချင်းဟွိုင်တို့က ရွှီထင်းရှန်းကို ကျောင်းလိုက်ပို့ကြတယ်။
ပြီးတော့မှ လှည်းဝယ်ဖို့ ထွက်လာကြတယ်။
******
38 01
အခန်း (၃၈)
မောက်ပါ့သို တစ်ယောက် မနက်ပိုင်းတစ်ပိုင်းလုံး အောင့်အည်းသည်းခံနေရတယ်။
ဆရာမုန့် ရှေ့ကနေ စာသင်နေတုန်း သူက ဘေးမှာထိုင်နေတဲ့ ရွှီထင်းရှန်းကို မျက်လုံးဒေါင့်ကပ်ပြီး ခဏခဏ ခိုးကြည့်နေတာ။ ခေါင်းလောင်းထိုးပြီး ဆရာထွက်သွားတာနဲ့ ချက်ချင်းကပ်လာတယ်။
“မြန်မြန်... ငါ့ကို ပြောပြစမ်း...”
လီတာ့ထျန်က သူ့ကို လှမ်းဆွဲလိုက်ပြီး ဘေးဘီကို ကြည့်ကာ သတိပေးတယ်။ “ပြောစရာရှိ အဆောင်ရောက်မှ ပြော”
မောက်ပါ့သိုက ရွှီထင်းရှန်းကို ဆွဲခေါ်သွားတော့တယ်။ လီတာ့ထျန် သက်ပြင်းချလိုက်ပြီး စားပွဲခုံတွေ ရှင်းလင်း ကိုယ့်ပစ္စည်းကိုယ်သိမ်းကာ ချန်ကျန်းကိုပါခေါ်ပြီး အဆောင်ဘက် လိုက်သွားတယ်။
နှစ်ယောက်သား အခန်းထဲ ဝင်ဝင်ချင်း မောက်ပါ့သိုရဲ့ စိတ်မရှည်တဲ့အသံကို ကြားလိုက်ရတယ်။ “မြန်မြန်ပြောစမ်းပါ ဟိုနေ့က လာတဲ့တစ်ယောက်က မင်းရဲ့ ဇနီးလောင်းလေးလား”
ရွှီထင်းရှန်း ဒီလိုဖြစ်လာမယ်ဆိုတာ သိနေပြီးသား။ “မင်း ငါ့ကို အလောတကြီး ဆွဲခေါ်လာတာ ဒါမေးဖို့လား”
“မင်း မသိပါဘူးကွာ... ငါ ပြန်ရောက်ကတည်းက တစ်ရက်လုံး စဉ်းစားနေရတာ။ မင်းဇနီးလောင်းက ဘာလို့ ယောကျ်ားလေး ဝတ်စုံ ဝတ်ထားတာလဲ။ ပြီးတော့ သူနဲ့အတူ ပါလာတဲ့ ယောကျ်ားကြီးက ဘယ်သူလဲ။ အဲဒီနေ့က မင်းမျက်နှာ မကောင်းတာ ငါ သတိထားမိတယ်။ ဒါ... ဒါဆို...”
မောက်ပါ့သို မျက်နှာကြီး ဖြူဖတ်ဖြူရော် ဖြစ်သွားပြီ။ ဝတ္ထုတွေ ဖတ်ပါများပြီး သူ့ခေါင်းထဲမှာ ဇာတ်လမ်းတွေ ဆက်နေပြီလေ။
ရွှီထင်းရှန်းက ပြန်ဖြေဖို့ စဉ်းစားနေတုန်း သူက ဆက်ပြောတယ်။ “တကယ်တော့ သူက မင်းဇနီးလောင်း မဟုတ်ဘဲ မင်းအစ်မဝမ်းကွဲ ဖြစ်နေပြီး ဟိုလူကြီးက မင်းအစ်ကို ဖြစ်နေတာလား။ မင်းက... မင်းက...”
ရွှီထင်းရှန်း မျက်နှာ မည်းမှောင်သွားတယ်။ ဒါပေမဲ့ မောက်ပါ့သိုက သတိမထားမိဘဲ သူ့ပခုံးကို ပုတ်ကာ သနားစရာ မျက်နှာထားနဲ့ ပြောတယ်။ “ဒါက လောကဝတ်နဲ့ မညီဘူးကွ။ မင်း စိတ်ထိန်းမှ ဖြစ်မယ် ညီအစ်ကိုရာ...”
“သွားစမ်းပါကွာ... မင်း ဘာတွေ လျှောက်တွေးနေတာလဲ။ အဲဒီလူက ငါတို့ရွာသားပါ ငါ့အဖေနဲ့ ခင်တယ်။ ကျောက်အာ စီးပွားရေးလုပ်တာ အဖော်မရှိလို့ သူ့ကို အကူအညီ တောင်းထားတာ...”
မတတ်သာတဲ့အဆုံး ရွှီထင်းရှန်းက အကျိုးအကြောင်း အကြမ်းဖျင်း ရှင်းပြလိုက်ရတယ်။
သူက အများကြီး မပြောချင်ပေမဲ့ ကိစ္စတွေက တစ်ခုနဲ့တစ်ခု ဆက်စပ်နေတော့ မပြောလို့ မရပြန်ဘူး။ နောက်ဆုံးတော့ သူ့ဘဝအကြောင်းနဲ့ ကျောက်အာ စီးပွားရေးလုပ်တဲ့ အကြောင်းတွေပါ ပြောပြလိုက်ရတယ်။
တကယ်တော့ သူလည်း သူငယ်ချင်းတွေကို ဖုံးကွယ်ထားချင်တာ မဟုတ်ပါဘူး။ ရေရှည် ပေါင်းသင်းရင် သိလာကြမှာပဲလေ။
ရွှီထင်းရှန်း ပြောပြနေတုန်း မောက်ပါ့သိုက ကြားဖြတ်ပြီး ရွှီချင်းရှန်တို့လင်မယားကို ဆဲလိုက် သက်ပြင်းချလိုက် လုပ်နေတယ်။
“ဒါဆို... ဒီကျန်းဝူ ဆိုတဲ့လူက အစ်မကျောက်အာကို ကြိုက်နေတာပေါ့။ ဒါပေမဲ့ အစ်မကျောက်အာက မသိဘူး။ မင်းကလည်း အစ်မကျောက်အာကို ကြိုက်တယ်။ ဒါပေမဲ့ အစ်မကျောက်အာက မင်းကို မောင်လေးလိုပဲ သဘောထားတာပေါ့ ဟုတ်လား”
ဒါက ရွှီထင်းရှန်း ဘဝမှာ အရှက်ရဆုံး အချိန်ပဲ။ သူ မျက်နှာကြီး တင်းပြီး ဘာမှ ပြန်မပြောနိုင်ဘူး။
မောက်ပါ့သိုက တေ့တေ့ တေ့တေ့နဲ့ စုပ်သပ်နေတယ်။ ရွှီထင်းရှန်း သူ့ကို ဆွဲထိုးချင်စိတ် ပေါက်လာတယ်။
“ဟာ... ငါက ဘာများလဲလို့။ ဒီကိစ္စ ငါ့တာဝန်ထား။ ဒီနေ့ကစပြီး အစ်မကျောက်အာ မျက်လုံးထဲမှာ မင်းကလွဲပြီး ဘယ်သူမှ မရှိစေရဘူး။ ဟိုကျန်း ဘာဆိုလား... ဘေးဖယ်လိုက်”
ရွှီထင်းရှန်းက သံသယ မျက်လုံးတွေနဲ့ ကြည့်တယ်။
မောက်ပါ့သို စိတ်လှုပ်ရှားသွားတယ်။ “မင်း ငါ့ကို အထင်မသေးနဲ့။ ငါက ဈေးကွက်ထဲက ဝတ္ထုမှန်သမျှ အကုန်ဖတ်ပြီးသားကွ။ စာမေးပွဲဖြေတာ မကောင်းပေမဲ့ အချစ်ရေးကိစ္စမှာတော့...” သူက မိန်ရေယှက်ရေ ရယ်လိုက်ပြီး ရင်ဘတ်ကို ပုတ်ကာ ပြောတယ်။ “ငါက မင်းထက် ဆရာကျတယ်”
“တော်ပါတော့ကွာ... ထင်းရှန်း မင်း သူ့စကား နားမယောင်နဲ့” လီတာ့ထျန် ဝင်ပြောတယ်။
“သူက ပါးစပ်ကသာ ဘာကောင် ညာကောင် ပြောနေတာ တကယ်တမ်းကျတော့ အသုံးမကျဘူး။ ဟိုတုန်းက အိမ်နီးချင်း ရှောင်ချောင် ပြောင်းသွားတုန်းက စောင်ခေါင်းမြီးခြုံပြီး ငိုနေတာ ဘယ်သူလဲ မသိဘူး” ရိုးသားတဲ့ လီတာ့ထျန်က အမှန်အတိုင်း ပြောချလိုက်တယ်။
မောက်ပါ့သို ရှက်ပြီး ဒေါသထွက်သွားတယ်။ “ဟေ့ကောင် လီတာ့ထျန်... မင်း ငါ့ကို အထင်သေးတယ်ပေါ့လေ။ မင်းတို့ စောင့်နေ ငါ အခုသွားမယ် ခဏနေ ပြန်လာခဲ့မယ်”
သူက ပြောပြီးတာနဲ့ လေပွေလို ပြေးထွက်သွားတယ်။
38 02
နေ့လယ်စာ စားပြီးလို့ ၁၅ မိနစ်လောက် တစ်မှေးအိပ် နာရီဝက်လောက် စာထဖတ်ပြီးတဲ့ အချိန်ထိ သူ ပြန်မရောက်သေးဘူး။
ဘယ်တွေ သွားနေမှန်း မသိဘူး။ ပြန်ရောက်လာတော့ သူခိုးရုပ်ပေါက်နေတယ်။ ဝတဲ့ခန္ဓာကိုယ်က ပိုဝနေသလိုပဲ။ အခန်းဖော်တွေ မဟုတ်ရင် သတိထားမိမှာ မဟုတ်ဘူး။
သူ အမောတကြီးနဲ့ ရေနွေးအိုးမော့သောက်ပြီး အင်္ကျီကြယ်သီးတွေ ဖြုတ်တော့တယ်။
လီတာ့ထျန်က လှမ်းဟန့်တယ်။ “မင်းက ပညာတတ်လေ နေ့ခင်းကြောင်တောင်ကြီး အင်္ကျီချွတ်ရလား”
“ဖယ်စမ်းပါ လီတာ့ထျန်ရာ... မင်း ဒီနေ့ ငါ့ကို တိုက်ခိုက်နေတာ များပြီနော်။ ငါ ချွတ်မယ်ကွာ... ချွတ်မယ်...”
အပေါ်ထပ်အင်္ကျီ ချွတ်လိုက် နောက်ထပ် အင်္ကျီတစ်ထပ် ချွတ်လိုက်နဲ့ နောက်ဆုံးတော့ ရင်ဘတ်နဲ့ ခါးမှာ ပတ်ထားတဲ့ စာအုပ်တွေ ပေါ်လာတယ်။
ဒီကောင်လေး ဘာလို့ ပိုဝနေလဲဆိုတာ ဒါကြောင့်ကိုး။
မောက်ပါ့သိုက စာအုပ်တွေကို ဆွဲထုတ်တယ်။ ကြမ်းပြင်မှာ ထိုင်နေတဲ့ သူငယ်ချင်းတွေရှေ့ကို တစ်အုပ်ပြီး တစ်အုပ် ပစ်ချလိုက်တာ ၁၂ အုပ်တောင် ရှိတယ်။
သူက စာအုပ်ပုံကို ပုတ်လိုက်ပြီး “ဒါတွေက ငါ့ရဲ့ အဖိုးတန်ရတနာတွေကွ။ ဘယ်သူ့ကိုမှ ငှားလေ့မရှိဘူး။ ထင်းရှန်း... မင်းကို ညီအစ်ကိုလို သဘောထားလို့ ငှားလိုက်တာ”
ရွှီထင်းရှန်း ကြောင်တောင်တောင် ဖြစ်နေတုန်း လီတာ့ထျန်က မေးလိုက်တယ်။ “မောက်ပါ့သို... မင်း သေချင်နေတာလား။ ဝတ္ထုတွေ ဒီလောက်အများကြီး ခိုးသွင်းလာတယ်။ ကျောင်းအုပ်ကြီး ပြောထားတာ မေ့သွားပြီလား”
မောက်ပါ့သိုက လက်ကာပြတယ်။ “ကိစ္စမရှိပါဘူး။ ဒီအခန်းထဲမှာ ငါတို့လေးယောက်တည်း ရှိတာ။ မင်းမပြော ငါမပြောရင် ဘယ်သူသိမှာလဲ”
အဲဒီအချိန်မှာ အတန်းတက်ခေါင်းလောင်း ထိုးတယ်။
မောက်ပါ့သိုက စာအုပ်တွေကို ပွေ့ပြီး ဗီရိုထဲ ထိုးထည့်ဖို့ ကြိုးစားတယ်။ ဒါပေမဲ့ သူ့ဗီရိုက အဝတ်အစားဟောင်းတွေနဲ့ ရှုပ်ပွနေတော့ နေရာမဆံ့ဘူး။ နောက်ဆုံးတော့ သူငယ်ချင်းသုံးယောက်ရဲ့ ဗီရိုတွေထဲ လိုက်ထည့်ထားလိုက်ရတယ်။
ဆရာမုန့်က ဆယ်ရက်အတွင်း တာ့ရွှယ်ကျမ်းကို သင်ပြီးသွားပြီ။ ဒီနေ့ လွန်းယွီ ပထမပိုင်း လေ့လာခြင်းကို စသင်တယ်။ သူက ကျူးဇီရဲ့ သင်ကြားနည်းအတိုင်း တစ်ဆင့်ချင်း သင်တယ်။
ကျူးဇီ ပြောခဲ့တာ ရှိတယ်။ “စာဖတ်နည်းဆိုတာ အစီအစဉ်တကျ ရှိရမယ် ဇွဲရှိရမယ်။ စာကြောင်းတွေ အဓိပ္ပာယ်တွေကို ဖြည်းဖြည်းချင်း လေ့လာပြီး လက်တွေ့ကျင့်သုံးရမယ်။ ဒါမှ စိတ်ငြိမ်ပြီး သဘောတရားတွေကို နားလည်လာမယ်” (လွန်းယွီက ကွန်ဖြူးရှပ်ဝါဒပါ)
“တာ့ရွှယ် ဆိုတာကိုယ်ကျင့်တရားရဲ့ တံခါးပေါက်ပဲ။ ဒါကို အရင်သင်ပြီးမှ လွန်းယွီ၊ မုန့်ဇီ၊ ကျုံးယုံတို့ကို ဆက်လေ့လာသင့်တယ်။ အခြေခံ သဘောတရားတွေကို နားလည်ပြီးမှ ကျန်တာတွေကို ဆက်လေ့လာရင် ပိုထိရောက်တယ်။ မဟုတ်ရင် လမ်းပျောက် သွားလိမ့်မယ်”
ညနေပိုင်းမှာ စာမသင်ဘဲ ကိုယ့်ဘာသာ လေ့လာချိန် ပေးထားတယ်။ မနက်က သင်ထားတာတွေကို ပြန်နွှေးတာပေါ့။ လွန်းယွီကို သင်ဖူးပြီးသားဆိုရင် တခြားဟာ လေ့လာလို့ရတယ်။ ဒါပေမဲ့ စာသင်ဆောင်ထဲမှာပဲ နေရမယ်။
ဆရာမုန့်က တစ်ခါတလေ ရှိတတ်သလို တစ်ခါတလေ မရှိဘူး။ မရှိဘူးဆိုပြီး ပေါ့ပေါ့နေလို့ မရဘူး။ ဘယ်အချိန် ရောက်လာမလဲ မသိနိုင်ဘူး။ ချင်းယွမ်ကျောင်းတော်က စည်းကမ်း ကြီးတယ်။ အိမ်စာမပြီးရင် ဆူညံရင် အပြစ်ပေးခံရတတ်တယ်။
ဒါကြောင့် ညနေခင်းလုံး တိတ်ဆိတ်နေတယ်။ နာရီဝက်နေမှ တစ်ခါ နားချိန်ပေးတယ်။ အိမ်သာသွား ရေသောက် လုပ်လို့ရတယ်။ အချိန်ပြည့်ရင်ကိုယ့်ဘာသာ ပြန်ဝင်လာရတယ်။
ကျောင်းဆင်းခေါင်းလောင်းထိုးမှ သက်ပြင်းချနိုင်ကြတယ်။ တချို့က အဆောင်ပြန် တချို့က ထမင်းစားဆောင် တန်းသွားကြတယ်။
ထမင်းစား ရေချိုးပြီးတော့ မီးတွေထွန်းပြီး စာဖတ်ဖို့ ပြင်ကြတယ်။
မောက်ပါ့သိုက ဝှက်ထားတဲ့ ဝတ္ထုစာအုပ်တွေ ထုတ်လာပြီး ရွှီထင်းရှန်းရှေ့ ပုံပေးလိုက်တယ်။
“ဒီစာအုပ်တွေ ဖတ်ပြီးရင် ဘာလုပ်ရမလဲဆိုတာ မင်း သိလာလိမ့်မယ်”
ရွှီထင်းရှန်း စိတ်ပျက်လက်ပျက်နဲ့ ကြည့်လိုက်တယ်။ “မောက်ပါ့သိုရာ... နေပါစေတော့။ ငါ ဒါတွေ စိတ်မဝင်စားပါဘူး”
နှစ်ပေါင်း ၇၀ ကြာတဲ့ အိပ်မက်ထဲမှာရော လက်ရှိဘဝမှာပါ သူ ဝတ္ထုဖတ်လေ့ မရှိဘူး။ ဒါတွေက အနှစ်သာရမရှိတဲ့ စာပေတွေလို့ပဲ သတ်မှတ်ထားတာ။ သာမန်လူတွေ အပျင်းပြေ ဖတ်ဖို့လောက်ပဲ ကောင်းတယ်။
38 03
အရပ်သုံးစကားတွေနဲ့ ရေးထားပြီး သရဲတစ္ဆေ၊ ရာဇဝင် အချစ်ဇာတ်လမ်းတွေ ပါတယ်။ စာမေးပွဲမအောင်တဲ့ စာရေးဆရာတွေက ဝမ်းစာရှာဖို့ ရေးထားတာတွေပဲ အတည်ယူလို့ မရဘူး။
ဒါကြောင့် မောက်ပါ့သို ပြောတာကို သူ နားမဝင်ဘူး။
“ဖတ်ကြည့်ပါကွာ... တစ်ခေါက်လောက်”
“ငါ တကယ် စိတ်မဝင်စားလို့ပါ”
သူတို့နှစ်ယောက် ငြင်းနေတုန်း လီတာ့ထျန် ရောက်လာပြီး စာအုပ်တစ်အုပ် ကောက်ယူလိုက်တယ်။ “ထင်းရှန်း မဖတ်ရင် ငါ့ပေး…”
“လီတာ့ထျန်... မင်းလည်း ဖတ်တတ်တယ်လား”
လီတာ့ထျန်က ရိုးရိုးအအ ပြုံးလိုက်တယ်။ “အပျင်းပြေပေါ့ကွာ။ စာဖတ်ရတာ ခေါင်းမူးလာရင် ဒါလေးဖတ်ပြီး အပန်းဖြေတာ”
ပြီးတော့ သူက မောက်ပါ့သိုကို မေးတယ်။ “ဒါတွေက အသစ်တွေလား။ ငါ မမြင်ဖူးပါလား။ ဘယ်လောက်ပေးဝယ်ရလဲ”
“အသစ်မဟုတ်ပါဘူး။ ငါ့ရဲ့ အထူးစုဆောင်းမှုတွေထဲက ထင်းရှန်းအတွက် သီးသန့်ရွေးလာတာ။ သူက ထုံလွန်းလို့လေ”
ဒီလောက်ထိ ပြောနေမှတော့ ရွှီထင်းရှန်းလည်း တစ်အုပ် ယူလိုက်ရတယ်။ “ဒါဆို တစ်အုပ်လောက် စမ်းဖတ်ကြည့်မယ်”
မောက်ပါ့သို ကျေနပ်သွားတယ်။ ချန်ကျန်းကိုလည်း မေးလိုက်တယ်။ ချန်ကျန်းက မျက်နှာတည်ပေမဲ့ သဘောကောင်းတယ်။ သူငယ်ချင်းတွေ စိတ်မပျက်စေချင်လို့ တစ်အုပ် ယူလိုက်တယ်။
အဲဒီလိုနဲ့ ကျောင်းသားလေး လေးယောက် မီးရောင်အောက်မှာ စာကြိုးစားနေပုံ ပေါက်ပေမဲ့ တကယ်တမ်းကျတော့ ဝတ္ထုဖတ်နေကြတာ။
ကင်းလှည့်တဲ့ အဆောင်မှူး လာကြည့်တော့ သူတို့ စာလုပ်နေတယ်ထင်ပြီး ခေါင်းညိတ်ကာ ထွက်သွားတယ်။
ည ၉ နာရီခွဲလောက် မီးပိတ်ခေါင်းလောင်းထိုးမှ အိပ်ရာဝင်ကြတယ်။
ရွှီထင်းရှန်း ခုတင်ပေါ် လဲနေပေမဲ့ စောစောက ဖတ်လိုက်တဲ့ ဇာတ်လမ်းအကြောင်း တွေးနေမိတယ်။
မောက်ပါ့သို ပြောတာ မမှားဘူး။ တကယ်ပဲ အချစ်ဇာတ်လမ်း။ သူဖတ်လိုက်တာက အိပ်မက်လွမ်းချင်းတဲ့။ ကျောင်းသားတစ်ယောက်က ဘုန်းကြီးကျောင်းမှာ စာကျက်ရင်း အနီးနားက သီလရှင်ကျောင်းက သီလရှင်လေး ဝမ်ချန်ကို တွေ့ပြီး ကြိုက်သွားတဲ့အကြောင်း။
ဝမ်ချန်က အရမ်းလှတယ်။ သူဌေးသမီး ဖြစ်ပေမဲ့ မိသားစု ဒုက္ခရောက်လို့ သီလရှင် ဝတ်လိုက်ရတာ။ အေးအေးဆေးဆေး တရားအားထုတ်ချင်ပေမဲ့ ကျောင်းသားလေးက လာနှောင့်ယှက်နေတာပေါ့။
ကျောင်းသားက ခြံစည်းရိုးကျော်တယ်။ သစ်ပင်တက်တယ်။ မိုးရွာထဲမှာ ကဗျာရွတ်တယ်။ စောင်းတီးပြတယ်။ ပညာရှိကြောင်းပြသလို ရင်ခုန်အောင်လည်း လုပ်တယ်။ သီလရှင်လေးခမျာ အိပ်မပျော် စားမဝင် ဖြစ်လာပြီး နောက်ဆုံးတော့ ချစ်သူတွေ ဖြစ်သွားကြရော။
ရွှီထင်းရှန်း ဖတ်လိုက်တာက ဝမ်ချန် ရေခပ်ဆင်းရင်း ခြေထောက်ခေါက်သွားတဲ့ အခန်းကဏ္ဍ။ ကျောင်းသားက တွေ့ပြီး ကူညီမယ်လုပ်တုန်း မိုးသည်းလာတယ်။ လမ်းမှာ ဂူတစ်ဂူ တွေ့လို့ ဝင်ခိုကြတယ်။ သီလရှင်လေး အဝတ်တွေ စိုရွှဲနေလို့ မီးဖိုပြီး အဝတ်လှန်းပေးတယ်။ ကျောင်းသားကတော့ အအေးဒဏ်ကို ကြိတ်ခံပြီး လူကြီးလူကောင်း ပီပီ ကျောပေးထားတယ်။
ရုတ်တရက် သီလရှင်လေး အော်လိုက်တော့ သူ လှည့်ကြည့်မိတယ်။ သီလရှင်လေးက အဝတ်အစား ဖရိုဖရဲ ဖြစ်နေတယ်။ မြက်ခြောက်ကို မြွေထင်ပြီး လန့်အော်တာတဲ့။
နောက်ဆက်တွဲ ဘာဖြစ်မလဲ။
ရွှီထင်းရှန်း သိချင်နေပေမဲ့ မီးပိတ်လိုက်ရပြီလေ။
သူ လူးလှိမ့်နေတုန်း ဘေးက အလင်းရောင် တွေ့လိုက်ရတယ်။ မောက်ပါ့သို ရဲ့ စောင်ထဲက လာတာ။
“မောက်ပါ့သို... မင်း ဘာလုပ်နေတာလဲ”
မောက်ပါ့သိုက ပုစွန်ထုပ်လို ကွေးပြီး စောင်ခေါင်းမြီးခြုံထားတယ်။ အထဲမှာ မီးခွက် ထွန်းထားတာ။
“မင်း စောင် မီးလောင်မှာ မကြောက်ဘူးလား”
တစ်ဖက်က လီတာ့ထျန်ရဲ့ ရယ်သံ ထွက်လာတယ်။ “ထင်းရှန်း... စိတ်မပူနဲ့။ သူက ကျွမ်းကျင်တယ်။ အရင်ကလည်း ဒီလိုပဲ ခိုးဖတ်နေကျ။ တစ်ခါမှ မီးမလောင်ဖူးသလို အဆောင်မှူးလည်း မမိဖူးဘူး”
38 04
ရွှီထင်းရှန်း ကြည့်လိုက်တော့ လီတာ့ထျန်ဆီကလည်း မီးရောင် ထွက်နေတယ်။ ဒီကောင် ရိုးတယ်ဆိုပြီး မရိုးပါလား။
“မင်းတို့ကွာ... တကယ်ပါပဲ”
“ဖတ်လို့ကောင်းနေတုန်းကွ။ မပြီးရင် အိပ်ပျော်မှာ မဟုတ်ဘူး”
ရွှီထင်းရှန်း ပြန်လဲလိုက်တယ်။ ကျောင်းသားက သီလရှင်လေးကို ဘယ်လိုလိုက်လဲဆိုတာ ပြန်မြင်ယောင်လာတယ်။
လိုက်တယ်…
သီတာကြော့ နှမပျိုကို လူကြီးလူကောင်းတို့ မြတ်နိုးသည် ဆိုတဲ့ စာချိုးကို စာသင်သားတိုင်း သိပါတယ်။ ဒါပေမဲ့ ဒီလိုနည်းနဲ့ လိုက်ရတယ်ဆိုတာကိုတော့ ရွှီထင်းရှန်း အခုမှ သိတာ။
အမှောင်ထဲမှာ တရှဲရှဲ အသံ ကြားလိုက်ရတယ်။
ရွှီထင်းရှန်း သူ့ပစ္စည်း ဘယ်နားရှိလဲ သိတယ်။ မီးခွက်ကို စမ်းယူလိုက်တယ်။ သူက ဟိုနှစ်ယောက်လို စောင်ခေါင်းမြီး မခြုံဘူး။ နံရံဘက်ကပ် အိပ်နေတာ ဆိုတော့ ကျောပေးလိုက်ပြီး စောင်ကို ပခုံးပေါ်ထိ ဆွဲတင်လိုက်တယ်။ ပြီးတော့ မီးခြစ်နဲ့ မီးခွက်ကို ညှိလိုက်တယ်။ လက်တစ်ဖက်နဲ့ မီးခွက်ကို ကာပြီး စာအုပ်ပေါ်က စာလုံးသေးသေးလေးတွေကို ဖတ်ဖို့ ပြင်လိုက်တယ်။
******