အခန်း (၃၉-၄၀)
Vol. 4 Ch. 39-40
39 01
အခန်း (၃၉)
နောက်တစ်နေ့ မနက်ရောက်တော့ လေးယောက်သား အိပ်ရာထရတာ လေးလံထိုင်းမှိုင်း နေကြတယ်။ အဝတ်အစားဝတ်တာတောင် ပုံမှန်ထက် ပိုနှေးနေသလိုပဲ။
မနေ့ညက အိပ်ရာဝင် နောက်ကျကြတာကိုး။ မနက်ခင်း ခေါင်းလောင်းထိုးသံကြားလို့ နိုးလာကြပေမဲ့ အိပ်ရာပေါ်မှာ ငူငူငိုင်ငိုင် ဖြစ်နေကြတုန်းပဲ။ အထူးသဖြင့် ရွှီထင်းရှန်းကတော့ အဆိုးဆုံးပါပဲ။ ကျန်တဲ့သုံးယောက် အိပ်ပျော်သွားတဲ့အချိန်ထိ သူက မအိပ်သေးဘဲ စာဆက်ဖတ်နေခဲ့တာလေ။
ထမင်းစားဆောင်မှာ မနက်စာ သွားစားကြတော့လည်း နှာခေါင်းသွေးထွက်မတတ် အိပ်ချင်မူးတူး ဖြစ်နေကြတယ်။ စာသင်ဆောင်ရောက်တော့ ဆရာမုန့်က ရှေ့ကနေ စာသင်နေပေမဲ့ သူတို့ခမျာ အိပ်ငိုက်မကျသွားအောင် မနည်းတောင့်ခံနေရရှာတယ်။
မနက်ပိုင်းတစ်ပိုင်းလုံး ဒီလိုပဲ ပြီးသွားတယ်။ မောက်ပါ့သိုကတော့ ဂရုမစိုက်လှပေမဲ့ ချန်ကျန်းကတော့ လေးလေးနက်နက် သတိပေးလာတယ်။
“ဝတ္ထုတွေက ဖတ်လို့ကောင်းတာ မှန်ပေမဲ့ ဒီလိုဆက်လုပ်နေလို့ မဖြစ်ဘူး။ နောက်နှစ်လနေရင် သုံးလပတ်စာမေးပွဲ ရှိသေးတာ မမေ့ကြနဲ့ဦး”
စာမေးပွဲအကြောင်း ကြားလိုက်ရတော့မှ အားလုံး ကြက်သီးထသွားကြတယ်။ မောက်ပါ့သိုက ခေါင်းငိုက်စိုက်ချပြီး “ငါကတော့ မျှော်လင့်ချက် မရှိပါဘူးကွာ။ မူလကတည်းက စာညံ့တာပဲဟာ။ အောင်မယ် မအောင်မယ်လည်း မသိပါဘူး”
လီတာ့ထျန်လည်း တွေဝေသွားတဲ့ပုံပဲ။ စောစောက စာကြိုးစားမယ်ဆိုပြီး စိတ်ဓာတ် တက်ကြွနေတဲ့ ပုံစံတွေ ပျောက်ကုန်ပြီ။
“မင်းကို ဟဲ့မင်က ခြေဖဝါးအောက်ထည့်ပြီး နင်းထားတာ ခံချင်ရင် နောက်ပိုင်း ကျောင်းထွက်ပြီး အိမ်ပြန်ရောက်တဲ့အခါ မင်းက ဟဲ့မင်လောက် မတော်ဘူးဆိုတဲ့ စကားကို ခံနိုင်ရည်ရှိရင်တော့ ဆက်ပြီး ကဲနေလိုက်လေ” ရွှီထင်းရှန်းက ရုတ်တရက် ဝင်ပြောလိုက်တယ်။
“ငါတို့ကျရှုံးပြီး အရှက်ကွဲမှာကို စောင့်ကြည့်နေတဲ့သူတွေ မနည်းဘူးလို့ ငါထင်တယ်။ ငါကတော့ ကိစ္စမရှိပေမဲ့ မင်းတို့ကော ခံနိုင်ရည်ရှိမလား” ချန်ကျန်းကလည်း ထောက်ပေးတယ်။
ထင်တာမဟုတ်ပါဘူး တကယ်ကို ရှိနေတာပါ။
ထမင်းစားဆောင်က ပြဿနာပြီးကတည်းက ယွီဇီယိုနဲ့ ဟူလျန်ရှန် ဦးဆောင်တဲ့ ပထမအတန်းက ကျောင်းသားတွေနဲ့ သူတို့လေးယောက် အဆင်မပြေကြတော့ဘူး။ ဒုတိယအတန်း ကျောင်းသားတွေကလည်း သူတို့ကို ရှောင်ဖယ်လာကြတယ်။ အရင်က လူချစ်လူခင်များတဲ့ မောက်ပါ့သိုတောင် အခုဆိုရင် လူတွေက ဝေးဝေးက ရှောင်ကွင်း သွားကြတာ မလွှဲသာလို့ တွေ့ရင်တောင် စကားလမ်းကြောင်းလွှဲပြီး ရှောင်ထွက်သွားကြတာမျိုး ကြုံနေရပြီ။
ဒါကြောင့်လည်း မောက်ပါ့သို တစ်ယောက် အပေါင်းအသင်း မရှိတော့ဘဲ အခန်းဖော်တွေနဲ့ပဲ စာကြိုးစားမယ်လို့ ဆုံးဖြတ်ခဲ့တာပါ။ ဒါပေမဲ့ ဝတ္ထုစာအုပ်တွေ ရောက်လာတော့ စိတ်ဓာတ်တွေက ပြန်လျော့သွားပြန်ရော။
“ငါလည်း ဝတ္ထုကို သိပ်စိတ်မဝင်စားပါဘူး။ မင်းတို့ စာလုပ်မယ်ဆိုရင် ငါလည်း လိုက်လုပ်မယ်” လီတာ့ထျန်က ဆုံးဖြတ်ချက်ချလိုက်တယ်။
အခုဆို သုံးယောက်ကတစ်ဖက် မောက်ပါ့သိုကတစ်ဖက် ဖြစ်သွားပြီ။ မောက်ပါ့သိုလည်း ခေါင်းကုတ်ပြီး အရှုံးပေးလိုက်ရတယ်။ “ဒါဆိုလည်း မဖတ်တော့ဘူးကွာ”
အဲဒီအချိန်မှာ ရွှီထင်းရှန်းက လည်ချောင်းရှင်းပြီး ပြောလိုက်တယ်။ “အဲဒီစာအုပ်တွေ ငါ့ဆီ ပေးထားလိုက်”
“ငါတောင် မဖတ်တော့ဘူး မင်းက ဖတ်ဦးမလို့လား။ သွားပါပြီ... ထင်းရှန်းကို ငါ ဖျက်ဆီးမိပြီ ထင်တယ်”
ရွှီထင်းရှန်းက သူ့ကို မျက်စောင်းထိုးကြည့်ပြီး ပြောလိုက်တယ်။ “ငါတို့လေးယောက်ထဲမှာ မင်းက စိတ်အလိုလိုက်ဆုံးပဲ။ စာအုပ်တွေ မင်းဆီမှာထားရင် မင်းအောင့်နိုင်မှာ မဟုတ်ဘူး။ အဆောင်ပြန်ရောက်ရင် ငါ့ဗီရိုထဲ ထည့်ပြီး သော့ခတ်ထားလိုက်မယ်။ မင်းဖတ်ချင်ရင် ငါ့ကိုပြော ငါ ကြီးကြပ်ပေးမယ်”
စကားအနည်းငယ် ပြောလိုက်ရုံနဲ့ ရွှီထင်းရှန်းဟာ ကြံရာပါအဖြစ်ကနေ ပစ္စည်းထိန်းအဖြစ် ပြောင်းလဲသွားပြီး ဝတ္ထုစာအုပ်တွေကို တရားဝင် သိမ်းပိုက်လိုက်နိုင်တယ်။
မောက်ပါ့သိုခမျာ ရွှီထင်းရှန်းရဲ့တည်ကြည်လေးနက်တဲ့ ပုံစံကိုကြည့်ပြီး ထင်းရှန်းက တကယ့် မိတ်ဆွေကောင်းပဲ လို့တောင် တွေးမိရှာတယ်။ မနေ့ညက ဘယ်သူ နောက်ဆုံးမှ မီးပိတ်ပြီး အိပ်လဲဆိုတာကိုတောင် မေ့သွားပြီ။ ချန်ကျန်းတစ်ယောက်ပဲ ရိပ်မိသလိုလိုနဲ့ ရွှီထင်းရှန်းကို လှမ်းကြည့်လိုက်တယ်။
39 02
ဒီဘက်အခြမ်းမှာတော့ ကျောက်အာတို့သုံးယောက် လားဝယ်ဖို့ ရောက်နေကြတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ တစ်စုံတစ်ယောက်က လားပြန်ရောင်းဖို့ လုပ်နေတာနဲ့ သွားတိုးတယ်။
အညိုရောင်သမ်းတဲ့ အမည်းရောင် မြင်းလားတစ်ကောင်ပါ။ အသက်က နှစ်နှစ်ကျော်ရုံပဲ ရှိသေးတယ်။ သွားတွေ၊ မျက်လုံးတွေကို ကြည့်ရတာ ကျန်းမာသန်စွမ်းပုံ ရတယ်။
လားမှာလည်း မြင်းလားနဲ့ မြည်းလားဆိုပြီး ကွဲပြားမှုရှိတယ်။ ဥပမာ ရွာထဲက တာ့ချင်း ဆိုတဲ့ကောင်က မြည်းလားပါ။ မြင်းထီးနဲ့ မြည်းမ မိတ်လိုက်ရာက မွေးဖွားလာတာမို့ ပုံစံရော အရောင်ပါ မြည်းနဲ့တူတယ်။ သာမန်မြည်းထက် နည်းနည်းပိုကြီးပြီး အမောခံနိုင်တယ် ပြေးနိုင်တယ်။
မြင်းလားကျတော့ မြင်းမနဲ့ မြည်းထီး မိတ်လိုက်ရာက မွေးဖွားလာတာ။ ပုံစံရော အရောင်ပါ မြင်းနဲ့တူတယ်။ ကိုယ်ထည်ကြီးမားပြီး ဝန်တင်နိုင်စွမ်း ကောင်းတယ်။ လယ်ထွန်အားက နွားလောက် မကောင်းပေမဲ့ အတော်လေး အသုံးဝင်တယ်။ ပြီးတော့ နွားမှာမရှိတဲ့ အမြန်နှုန်းလည်း ရှိတယ်။
တစ်ခုပဲရှိတာက လားဆိုတာ မျိုးစပ်ထားတာမို့ မွေးကတည်းက မျိုးပွားနိုင်စွမ်း မရှိကြဘူး။ ဒါကြောင့် ပုံမှန်အားဖြင့် လားရောင်းတယ်ဆိုရင် တစ်ဆင့် ပြန်ရောင်းတာ ဒါမှမဟုတ် ပွဲစားတွေဆီက ဝယ်တာမျိုးပဲ ရှိတတ်တယ်။
ဒီလူကတော့ အိမ်မှာ အရေးပေါ် ငွေလိုနေလို့သာ အဖိုးတန်တိရစ္ဆာန်ကို ထုတ်ရောင်းရတာပါ။
ကျန်းဝူက မုဆိုးသားမို့ တိရစ္ဆာန်အကြောင်း နားလည်တယ်။ သူက ကြည့်ပြီး အဆင်ပြေတယ်ဆိုမှ ဈေးမေးကြည့် ကြတယ်။ ရောင်းတဲ့လူက ငွေလိုနေတာမို့ ဈေးကြီး မခေါ်ဘူး။ ပုံမှန်ဆို မြင်းလားက မြည်းလားထက် ဈေးကြီးပေမဲ့ သူက မြည်းလား ဈေးလောက်ပဲ ခေါ်တယ်။ ၂၅ လျန် တဲ့။
ကြည့်ရတာ လိမ်မယ့်ပုံလည်း မပေါ်တာနဲ့ ကျောက်အာက ဈေးမဆစ်တော့ဘဲ ဝယ်လိုက်တယ်။
ရောင်းတဲ့လူကလည်း သဘောကောင်းပါတယ်။ လားတောင် ရောင်းလိုက်ရပြီဆိုတော့ လှည်းကိုပါ အပိုလက်ဆောင် ပေးလိုက်တယ်။ လှည်းအိမ်က ကျောက်အာလိုချင်တဲ့ ပုံစံမျိုး မဟုတ်ပေမဲ့ အလကားရတာပဲလေ မယူဘဲ နေပါ့မလား။ နောက်မှ လှည်းအိမ်အသစ် ပြန်လုပ်လိုက်ရင် ရတာပဲ။
အဲဒီနောက် သူတို့သုံးယောက် လှည်းနှစ်စီးမောင်းပြီး ယွီချင်းရွာဘက် ပြန်လာခဲ့ကြတယ်။
ရွာထဲဝင်တာနဲ့ လူတွေက ဝိုင်းကြည့်ကြတော့တာပဲ။
ကျန်းမိသားစုမှာ လှည်းရှိတာ ရွာသားတွေ သိပြီးသားပါ။ အရေးအကြောင်းရှိရင် ငှားသုံးနေကျလေ။ အခု နောက်ထပ် လှည်းတစ်စီး ထပ်ပါလာတာ မောင်းတဲ့သူကလည်း ရွှီမိသားစုက စတုတ္ထဦးလေး ရွှီချင်းဟွိုင် ဖြစ်နေတော့ ရွာထဲမှာ ပွက်လောရိုက်သွားတယ်။ လူတွေ ဝိုင်းအုံလာပြီး စပ်စုကြတော့တာပဲ။
တောရွာသဘာဝက ဒီလိုပါပဲ။ ပစ္စည်းကြီးကြီးမားမား တစ်ခုခုဝယ်လာရင် ခဏလေးနဲ့ တစ်ရွာလုံး သိကုန်ရော။ စိတ်ရင်းနဲ့ ဝမ်းသာပေးသူရှိသလို မနာလိုသူတွေလည်း ရှိတာပေါ့။ ဒါပေမဲ့ ယွီချင်းရွာမှာ ရွှီနဲ့ ကျန်းက မျိုးရိုးကြီးတွေဆိုတော့ ရွှီမျိုးရိုးတွေကတော့ ကိုယ့်လူ အဆင်ပြေတာကို ဂုဏ်ယူပြီး ကြွားချင်နေကြတယ်။
ဒါကြောင့် ရွှီချင်းဟွိုင်တို့ အိမ်ပြန်မရောက်ခင်မှာပဲ စတုတ္ထဦးလေး လှည်းဝယ်လာတယ် ဆိုတဲ့ သတင်းက ရွှီမိသားစုဆီ အရင်ရောက်နှင့်နေပြီ။
အဒေါ်ယန်က ဒီသတင်းကြားတာနဲ့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ပြီး ရွာစာသင်ကျောင်းဆီ တန်းပြေးတော့တယ်။ စာသင်ကျောင်းက ရွှီမိသားစု ဘိုးဘွားပိုင်နတ်စင်နားမှာ ရှိပြီး ရွှီဆွေမျိုးစုခေါင်းဆောင်ရဲ့ အိမ်နဲ့ မဝေးပါဘူး။ ဟိုတုန်းက ရွှီချင်းရှန်း စာသင်ဝိုင်း ထောင်ချင်တုန်းက အဘိုးရွှီက အိမ်မှာပဲ သင်စေချင်တာ။ ဒါပေမဲ့ ဆွေမျိုးစုခေါင်းဆောင်က ရွာသူကြီးကို ပြောဆိုပြီး ရွာမြေနေရာလေး တောင်း ဆွေမျိုးတွေဆီက အလှူငွေကောက်ပြီး အုတ်နီခဲ အဆောက်အအုံလေး ဆောက်ပေးခဲ့တာ။
ရိုးရှင်းပေမဲ့ ရွှီဆွေမျိုးစုအတွက်တော့ ဂုဏ်ယူစရာ စာသင်ကျောင်းလေးပေါ့။ ရွာက ကလေးတွေလည်း တခြားရွာအထိ သွားစရာမလိုဘဲ ဒီမှာပဲ စာသင်လို့ရတာကိုး။
အဒေါ်ယန် ရောက်သွားတော့ ရွှီချင်းရှန်းက အခန်းလွတ်တစ်ခန်းထဲမှာ အိပ်ငိုက်နေတယ်။
သူမ တံခါးကို ဝုန်းခနဲ ဖွင့်လိုက်တော့ ရွှီချင်းရှန်းလန့်နိုးသွားတယ်။
“ရှင်က အိပ်နေနိုင်သေးတယ်ပေါ့။ စတုတ္ထဦးလေးတို့ လှည်းဝယ်လာကြပြီ။ ဟိုတလောက အိမ်ခွဲချင်တယ်ဆိုပြီး ပူဆာနေတာ ဒီအတွက်ကိုး။ ရှင်တို့အဖေကသာ စတုတ္ထဦးလေးက အိမ်အတွက် အလုပ်လုပ်ပေးတယ် တစ်ပြားမှ မယူဘူး ပြောနေတာ။ တကယ်တမ်းကျတော့ လက်ဝါးကြီးအုပ်ထားတာပဲ”
ရွှီချင်းရှန်းက အစမှာ ကြောင်သွားပေမဲ့ ချက်ချင်းပဲ ဟာသလုပ်လိုက်တယ်။ “လှည်းတစ်စီးများ ဘာဆန်းလို့လဲ။ ဘယ်လောက်တန်မှာမို့လို့လဲ”
39 03
“နွားလှည်း မဟုတ်ဘူး လှည်းယာဉ် တော်ရဲ့”
ဒီစကားကြားမှ ရွှီချင်းရှန်း ထိုင်ခုံပေါ်ကနေ ထိတ်ခနဲ ထရပ်လိုက်တယ်။
ရွှီချင်းဟွိုင်နဲ့ ကျောက်အာတို့ အိမ်ပြန်ရောက်တဲ့အချိန်မှာ မျက်နှာတွေတောင် ညောင်းနေပြီ။
ရွာသားတွေက ဝိုင်းမေးကြ ဝမ်းသာစကား ပြောကြနဲ့ဆိုတော့ ပြန်ဖြေရတာ မောလှပြီလေ။ ကိုယ်က လှည်းဝယ်နိုင်လို့ မောက်မာတယ် အထင်မခံရအောင် လူတိုင်းကို ပြုံးပြုံးရွှင်ရွှင် ဆက်ဆံရတာကိုး။
“ကျောက်အာ... နင် အိမ်ထဲဝင် နားလိုက်တော့။ ဒီကောင်ကြီးကို ဦးလေးပဲ ပြုစုလိုက်မယ်။ ခဏနေရင် သူ့အတွက် နေစရာတဲလေး ထိုးပေးရဦးမယ်။ သက်တောင့်သက်သာ နေရမှ ဖြစ်မှာ”
ရွှီချင်းဟွိုင်ရဲ့အသံမှာ သံယောဇဉ်တွေ ပြည့်နှက်နေတယ်။ ယောကျ်ားတွေက မြင်းတို့ လှည်းတို့ဆိုရင် သိပ်ချစ်တတ်ကြတာပဲ။ ဟိုတုန်းက ကျန်းမိသားစု လှည်းဝယ်တုန်းက ကျန်းဝူဖြစ်သလို အခု ရွှီချင်းဟွိုင်လည်း ဒီလိုပါပဲ။
တကယ်တော့ ရွှီချင်းဟွိုင် ဒီလိုဖြစ်တာ အကြောင်းရှိပါတယ်။ လှည်းယာဉ်ဆိုတာ တောရွာမှာ ရှားပါးပစ္စည်း ဖြစ်သလို သူက နေ့တိုင်း ကုန်ထမ်းပြီး ခြေကျင် လျှောက်ရောင်းရသူလေ။ တစ်လဆို ဖိနပ်ဘယ်နှရံလောက် ပေါက်လဲ မမေးနဲ့။ ခြေဖဝါးမှာ အသားမာတွေ တက်နေတာများ ထူပိန်းနေတာပဲ။ အဒေါ်စွန်း သူ့ကို ခြေထောက် ဆေးပေးတိုင်း သနားလို့ ငိုရတယ်။
သူ့ရဲ့အကြီးမားဆုံး အိပ်မက်က လှည်းတစ်စီးလောက် ပိုင်ဆိုင်ဖို့ပါပဲ။ မြည်းလှည်းဖြစ်ဖြစ် လှည်းယာဉ်ဖြစ်ဖြစ် ရပါတယ်။ အခုတော့ သူ့အိပ်မက် ပြည့်ဝသွားပြီ။
ကျောက်အာက ပြောထားတယ်လေ။ ဒီလှည်းကို အဓိကမောင်းရမှာက သူပါတဲ့။ ဒါကြောင့် သူ့မိတ်ဆွေကြီးကို ကောင်းကောင်း ပြုစုရမှာပေါ့။
ကျောက်အာက ပြုံးလိုက်တယ်။ စတုတ္ထဦးလေးရဲ့ ခံစားချက်ကို သူ နားလည်ပါတယ်။ သူလည်း တစ်ချိန်က ကိုယ်ပိုင် လှည်းလေးတစ်စီး လိုချင်ခဲ့ဖူးတာပဲ။ ဒါမှ ကြိုက်တဲ့နေရာကို သွားလို့ရမှာလေ။
သူမ အခန်းတံခါးဖွင့်ပြီး ရေဝင်သောက်တယ်။
ရေတစ်ငုံ ငုံလိုက်တုန်းမှာပဲ အပြင်ဘက်က ဆူညံသံတွေ ကြားလိုက်ရတယ်။
ရွှီချင်းရှန်းတို့ လင်မယား ပြန်ရောက်လာတာပါ။ ဒါတင်မကဘူး လယ်ထဲက အဘိုးရွှီနဲ့ တတိယဦးလေး ရွှီချင်းပိုင်တို့ကိုပါ သွားခေါ်လာကြတယ်။
“ကောင်းလှချည်လား စတုတ္ထဦးလေး... ဒီလောက်ကြီးတဲ့ ပစ္စည်းဝယ်တာတောင် အိမ်ကို အသိမပေးဘူးပေါ့။ အဖေကတော့ ပြောလိုက်ရင် စတုတ္ထဦးလေးက အိမ်အတွက် အပင်ပန်းခံတယ် ရှာသမျှပိုက်ဆံ တစ်ပြားမှ မချန်ဘဲ အပ်တယ်ဆိုပြီး ချီးမွမ်းနေတာ။ အိမ်ခွဲတာ ဘယ်နှရက်မှ မကြာသေးဘူး တစ်ပြားမှ မချန်ဘူးဆိုတဲ့လူက လှည်းကြီးတစ်စီး ဝယ်လာပါရောလား”
အဘိုးရွှီရဲ့ခြေထောက်မှာ ရွှံ့တွေ ပေနေတုန်းပဲ။ သူ့မျက်နှာက တည်ငြိမ်နေပေမဲ့ ဒီလိုတည်ငြိမ်နေတာကပဲ ပိုပြီး ကြောက်စရာကောင်းနေတယ်။
ပြောရရင် အဘိုးရွှီ သံသယဝင်သွားပြီ။
“အစ်ကိုကြီး... မင်း စတုတ္ထဦးလေးကို အဲဒီလို မစွပ်စွဲပါနဲ့။ သူက အဲဒီလိုလူမျိုး မဟုတ်ပါဘူး”
ရွှီချင်းပိုင်က ဝင်ပြောတယ်။
ရွှီချင်းရှန်းက သူ့ကို တွန်းထုတ်လိုက်တယ်။ “မင်း ဖယ်နေစမ်းပါ။ မင်းက သုံးစားမရအောင် ရိုးအလွန်းတယ်။ သူက အဲဒီလိုလူမျိုး မဟုတ်ဘူးတဲ့လား။ မင်းက လယ်ထဲမှာ ပင်ပင်ပန်းပန်း လုပ်နေရတဲ့အချိန်မှာ သူက လှည်းဝယ်ပြီး လျှောက်ကြွားနေတာ။ ဆောင်းဦးပေါက်လို့ သီးနှံတွေ ရိတ်သိမ်းရင် သူက မင်းဆီက ဝေစုလာခွဲဦးမှာ”
ဒီအကြောင်း ပြောမယ်ဆိုရင် အိမ်ခွဲတုန်းက လယ်လုပ်ငန်းနဲ့ ပတ်သက်ပြီး သဘောတူခဲ့တာတွေကို ပြန်ပြောရလိမ့်မယ်။
ဒုတိယမိသားစုက လယ်မလုပ်နိုင်တာ သေချာတယ်။ ဒါကြောင့် ကျောက်အာက ပြတ်ပြတ်သားသားပဲ ပြောခဲ့တယ်။ အပြင်ကလူတွေကို လယ်ငှားသလိုမျိုးပဲ သီးနှံထွက်ရင် သူမက ၆၀ ရာခိုင်နှုန်းပဲ ယူမယ်။ ကျန်တဲ့ ၄၀ ရာခိုင်နှုန်းကို လယ်လုပ်ပေးတဲ့ မိသားစုတွေကို ခွဲပေးလိုက်မယ်လို့ ပြောခဲ့တယ်။
အကြီးဆုံးမိသားစုကတော့ ဒီလောက် ရက်ရောချင်ပုံ မရဘူး။ ဒါပေမဲ့ သူတို့အိမ်မှာလည်း လယ်လုပ်မယ့်သူ မရှိတော့ လက်ခံလိုက်ရတယ်။ ဒီနှစ်အိမ်ကတော့ ရှင်းပေမဲ့ တတိယမိသားစု စတုတ္ထမိသားစုနဲ့ အဘိုးရွှီတို့ကျတော့ ခွဲရခက်တယ်။ နောက်ဆုံးတော့ အဘိုးရွှီက ဆုံးဖြတ်လိုက်တယ်။ အိမ်တိုင်းကိုယ့်ဝေစု ၆၀ ရာခိုင်နှုန်းကို ယူ ကျန်တဲ့ မြေအားလုံးရဲ့ ၄၀ ရာခိုင်နှုန်းကို လုပ်အားစိုက်တဲ့ သုံးယောက် မျှယူကြမယ်လို့ သဘောတူခဲ့ကြတယ်။
39 04
တကယ်တော့ အခုချိန်က လယ်ထဲမှာ အလုပ် သိပ်မရှိပါဘူး။ ထွန်ယက်စိုက်ပျိုးပြီးကာစမို့ မြေဩဇာကျွေးတာ ရေလောင်းတာ ပေါင်းသင်တာတွေတောင် မလိုသေးဘူး။ ဒါပေမဲ့ အဘိုးရွှီနဲ့ ရွှီချင်းပိုင်တို့က မနေတတ်မထိုင်တတ်လို့ လယ်ထဲဆင်းပြီး ပျိုးပင်လေးတွေ ပြုပြင်လိုက် လယ်ကန်သင်း ပြင်လိုက် လုပ်နေကြတာ။
ရွှီချင်းရှန်းက ဒီအချက်ကိုကိုင်ပြီး ပြဿနာရှာမယ်လို့ ဘယ်သူမှ ထင်မထားခဲ့ဘူး။
ဒါပေမဲ့ ရွှီချင်းရှန်းပြောတာလည်း မမှားပြန်ဘူး။ ရွှီချင်းပိုင်က လယ်ထဲမှာ လုပ်နေရပြီး ရွှီချင်းဟွိုင်က အပြင်ထွက်နေတာဆိုတော့ ရွှီချင်းပိုင် နစ်နာသလို ဖြစ်နေတာပေါ့။
အထူးသဖြင့် လှည်းတစ်စီးလုံး ဝယ်လာတာမြင်တော့ ရွှီချင်းရှန်းပြောသလို စတုတ္ထဦးလေးက အရောင်းအဝယ် လုပ်လို့ရတဲ့ ငွေတွေကို ခိုးဝှက်စုဆောင်း ထားတာဆိုရင် တတိယဦးလေးခမျာ တော်တော် နစ်နာသွားပြီ။ ကိုယ်က ပင်ပင်ပန်းပန်း စိုက်ပျိုးထားတဲ့ သီးနှံကိုကျတော့ တစ်မိသားစုလုံး ခွဲစားရပြီး ဟိုကကျတော့ ငွေစုပြီး လှည်းဝယ်စီးနေတာကိုး။
ရွှီချင်းပိုင်က သဘောရိုးပေမဲ့ ဘေးက အဒေါ်ကျိုးရဲ့ မျက်လုံးတွေကတော့ အရောင်တောက် လာတယ်။
“ဒီလိုဆိုရင်တော့... ဒီလှည်းက မိသားစုပိုင် ဖြစ်သင့်တယ်။ အိမ်တိုင်း စီးပိုင်ခွင့် ရှိရမှာပေါ့” အဒေါ်ယန်က ဝင်ပြောတယ်။
“ခင်ဗျားတို့ ယုံချင်ယုံ မယုံချင်နေ... ဒီလှည်းက ကျွန်တော် တစ်ယောက်တည်း ဝယ်တာ မဟုတ်ဘူး”
“ငါ့လှည်းက ဘယ်အချိန်တုန်းက မိသားစုပိုင် ဖြစ်သွားတာလဲ။ ငါတောင် မသိပါလား” ကျောက်အာက အိမ်ထဲက ထွက်လာရင်း ပြောလိုက်တယ်။
သူမက ရွှီချင်းရှန်းကို ဂရုမစိုက်ဘဲ အဘိုးရွှီကို ကြည့်ပြီး ပြောတယ်။ “အဘိုး... ဒီလှည်းက သမီး ဝယ်တာပါ။ စတုတ္ထဦးလေး ဝယ်တာ မဟုတ်ပါဘူး။ သမီးက လှည်းမောင်း မသင်ရသေးလို့ စတုတ္ထဦးလေးကို အကူအညီတောင်းပြီး မောင်းခိုင်းလိုက်တာပါ”
ဒီစကားက ရေကန်ထဲ ကျောက်ခဲပစ်ချလိုက်သလိုပဲ။ အဒေါ်ယန်က ချက်ချင်း အော်တော့တယ်။ “နင် ဝယ်တာ ဟုတ်လား။ နင့်မှာ ဘယ်ကပိုက်ဆံရှိလို့ ဝယ်နိုင်ရမှာလဲ။ ကျောက်အာ... အဒေါ်ကြီး မပြောချင်ပေမဲ့ နင်က စတုတ္ထဦးလေးအတွက် လိုက်ဖုံးပေးမနေပါနဲ့။ အမှန်အတိုင်း ပြောစမ်းပါ”
ကျောက်အာ ခေါင်းညိတ်လိုက်တယ်။ “အမှန်အတိုင်း ပြောရရင်တော့ ဒီလှည်းက သမီးရယ် ကျန်းဝူရယ် စတုတ္ထဦးလေးရယ် သုံးယောက်စပ်တူ ဝယ်ထားတာပါ။ စီးပွားရေး အတူတူ လုပ်ဖို့လေ။ အစုဝင်ငွေမှာ သမီးက အများဆုံး ထည့်ထားတာဆိုတော့ သမီးပိုင်တယ် ပြောလို့ရတယ် မဟုတ်လား”
အဒေါ်ယန် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပေမဲ့ မလျော့ပေးဘူး။ “ပါးစပ်က ပြောရုံနဲ့ ယုံရမလား။ နင် ပြောတိုင်း ဟုတ်ရောလား။ ငါကတော့ စတုတ္ထဦးလေး သူ့ဘာသာ ဝယ်တာလို့ပဲ မြင်တယ်”
ရွှီချင်းဟွိုင်ခမျာ အစ်ကိုကြီးနဲ့ အစ်မကြီးမို့ သည်းခံနေတာ။ အခုတော့ မနေနိုင်တော့ဘူး။ “ခင်ဗျားတို့က ဘာပြောပြော မယုံဘူး ဆိုတော့လည်း သဘောပဲ”
“တွေ့လား အဖေ... သူ ဝန်ခံလိုက်ပြီ”
အဖြူကို အမည်းဖြစ်အောင် ပြောတတ်တဲ့ သူတို့ပါးစပ်ကိုတော့ လက်ဖျားခါပါရဲ့။
ကျောက်အာ စိတ်ထဲမှာတော့ ကောင်လေးကို ကျေးဇူးတင်မိတယ်။ မနေ့က စပ်တူလုပ်မယ် ပြောတုန်းက နှုတ်ကတိပဲ ထားကြမလို့။ ငွေတွေကိုလည်း စုပြီး ကျောက်အာလက်ထဲ ထည့်လိုက်ကြတာ။
ဒါပေမဲ့ မထွက်ခင်မှာ ရွှီထင်းရှန်းက စာချုပ်ချုပ်ဖို့ အကြံပေးခဲ့တယ်။ ဘာစီးပွားရေး လုပ်မယ် ဘယ်သူက ငွေဘယ်လောက် ထည့်တယ် အမြတ် ဘယ်လိုခွဲမယ် ဆိုတာ အသေးစိတ် ရေးထားတယ်။
အဲဒီတုန်းက ကျန်းဝူနဲ့ ရွှီချင်းဟွိုင်က မလုပ်ချင်ကြဘူး။ ယုံလို့ ပေါင်းတာပဲ ဘာလို့ စာချုပ်ချုပ်နေမလဲပေါ့။ ရွှီထင်းရှန်းက အတင်းပြောမှ သူကိုယ်တိုင် စာချုပ်ရေးပြီး သုံးယောက်စလုံး လက်ဗွေနှိပ်ခဲ့ကြတာ။
ရွှီချင်းဟွိုင်ကတော့ သူ့အစ်ကိုရဲ့ အရှက်မရှိမှုကြောင့် ဒေါသထွက်လွန်းလို့ လက်သီးတွေ ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။ ရွှီချင်းရှန်းက အခြေအနေ မဟန်မှန်းသိတော့ အဘိုးရွှီ နောက်ကျောဘက် ဝင်ပုန်းပြီး အော်တယ်။ “ကြည့်ပါဦး အဖေ... စတုတ္ထဦးလေးက လူပါ ရိုက်ချင်နေပြီ”
အခြေအနေတွေ ရှုပ်ထွေးနေတုန်း ကျောက်အာက ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ အခန်းထဲ ဝင်သွားတယ်။ ခဏနေတော့ စာရွက်တစ်ရွက်ကိုင်ပြီး ထွက်လာတယ်။
“မယုံရင် ဒါကို ကြည့်လိုက်။ စတုတ္ထဦးလေး... ဦးလေးဆီက စာချုပ် မေ့နေပြီလား” သူမက ပြောရင်း ရယ်လိုက်တယ်။
39 05
“ကျွန်မတို့ နှစ်ယောက် ပေါင်းကြံတယ် ထင်နေရင် ကျန်းမိသားစုဆီမှာလည်း တစ်စောင် ရှိသေးတယ်။ ကျန်းဝူကို သွားခေါ်ပြီး သက်သေပြခိုင်းလိုက်မယ်”
ဒီတော့မှ ရွှီချင်းဟွိုင် သတိရသွားပြီး အခန်းထဲ ဝင်ရှာတယ်။ စာချုပ်ကို အဒေါ်စွန်းက သိမ်းထားတာ။ အဒေါ်စွန်းက မောက်ဒန်ကို ခေါ်ပြီး မိဘအိမ် ပြန်သွားတာဆိုတော့ တစ်ခန်းလုံး နှံ့အောင် ရှာပြီးမှ တွေ့တယ်။
စာချုပ်နှစ်စောင်ကို အဘိုးရွှီရှေ့ ချပြလိုက်တယ်။ အဘိုးရွှီက စာမတတ်ပေမဲ့ စာလုံးတွေ တူမတူတော့ ခွဲတတ်တယ်။ ရွှီချင်းရှန်းရဲ့ မျက်နှာ ပျက်သွားတာကို ကြည့်ရင်ပဲ သိသာပါတယ်။
ရွှီချင်းရှန်းက အရှုံးမပေးချင်သေးဘူး။ “ဒီမှာ ရေးထားတာ စတုတ္ထဦးလေးက ငွေ ၅ လျန် ထည့်တယ်တဲ့။ အဲဒီ ၅ လျန်က ဘယ်က ရတာလဲ။ အိမ်ကငွေ ခိုးထားတာ မဟုတ်ဘူးလို့ ငြင်းဦးမလား”
စာချုပ် သွားယူကတည်းက ရွှီချင်းဟွိုင်မျက်နှာက တည်နေတယ်။
အခုတော့ သူ့မျက်နှာမှာ ဝမ်းနည်းမှုတွေ နာကြည်းမှုတွေ ပြည့်နှက်လာတယ်။ သူက ရွှီချင်းရှန်းနဲ့ အဘိုးရွှီကို စိုက်ကြည့်ပြီး တစ်လုံးချင်း ပြောလိုက်တယ်။
“ခင်ဗျားတို့ ယုံချင်ယုံ မယုံချင်နေ... ဒီငွေတွေက မောက်ဒန်အမေ မင်္ဂလာဆောင်တုန်းက ပါလာတဲ့ငွေတွေနဲ့ ဒီနှစ်တွေအတွင်း သူ့မိဘတွေက ထောက်ပံ့ပေးထားတဲ့ ငွေတွေ။ ပြီးတော့ အဖေ... အဖေ တကယ်ပဲ သားကို စိတ်နာအောင် လုပ်ရက်တယ်။ အစ်ကိုကြီးက သားကို အဲဒီလို စွပ်စွဲနေတာတောင် အဖေက ထိုင်ကြည့်နေတယ်ပေါ့လေ”
ပြောပြီးတာနဲ့ ရွှီချင်းဟွိုင်က လှည့်မကြည့်ဘဲ ထွက်သွားတော့တယ်။
******
40 01
အခန်း (၄၀)
“စတုတ္ထသား”
အဘိုးရွှီက လက်ကို အလိုအလျောက် လှမ်းလိုက်မိရာ လက်ထဲက ဆေးတံခွက်ထဲမှ ဆေးရွက်ကြီးပြာတွေ လွင့်ထွက်သွားပြီး သူ့ပေါင်ပေါ် ကျကုန်တယ်။
သူက ပြာတွေကို လိုက်ခါရင်း မျက်နှာက တွေဝေငေးငိုင်နေတယ်။
ဟုတ်တယ်... သူ ဘာလို့ ဒီအတိုင်း ထိုင်ကြည့်နေခဲ့တာလဲ။ စတုတ္ထသားက ရိုးဖြောင့်တဲ့သူ ရှိတာကို ရှိတဲ့အတိုင်း ပြောတတ်သူ။ သူကိုယ်တိုင်ကလည်း မိသားစုဝင်တွေကို အမြဲတမ်း ပြောနေကျလေ။ စတုတ္ထသားက အိမ်အတွက် ပင်ပင်ပန်းပန်း အလုပ်လုပ်ပေးပေမဲ့ တစ်ပြားမှ ကိုယ်ကျိုး မရှာဘူးလို့ ထပ်တလဲလဲ ပြောခဲ့တာပဲ။
ဒါပေမဲ့ သူ့စိတ်ထဲမှာလည်း သံသယ ဝင်နေမိလို့ များလား။ ဒါမှမဟုတ် တခြားသားတွေ သံသယဝင်ပြီး စိတ်ဝမ်းကွဲမှာ စိုးလို့ အဲဒီလို ထပ်တလဲလဲ ပြောနေခဲ့တာလား။ ဒါကြောင့် အကြီးဆုံးသားက စတုတ္ထသား အိမ်က ပိုက်ဆံခိုးပြီး လှည်းဝယ်တယ်လို့ လာတိုင်တုန်းက သူ့စိတ်ထဲမှာ တကယ်ပဲ ယုံကြည်ခဲ့မိတယ်။
မဟုတ်ဘူး... မဟုတ်ဘူး... သူက စတုတ္ထသားရဲ့ရှင်းပြချက်ကို နားထောင်ချင်လို့သာ စောင့်ကြည့်နေခဲ့တာ။ ကိစ္စတွေကို ရှင်းရှင်းလင်းလင်း ဖြစ်သွားမှ မိသားစု စိတ်ဝမ်းမကွဲမှာ မဟုတ်လား။
အဘိုးရွှီ ရင်ထဲမှာ အောင့်သက်သက် နာကျင်လာပြီး ခေါင်းတွေ ထူပူလာတယ်။
အဲဒီအချိန်မှာ အကြီးဆုံးသားရဲ့အသံ ထွက်လာပြန်တယ်။ “စွန်းမိသားစုမှာ သားမရှိတာမှ မဟုတ်တာ။ သမီးကို ငွေတွေအများကြီး ထောက်ပံ့ပေးမယ်တဲ့လား။ ဘယ်သူ့ကို အရူး လာလုပ်နေတာလဲ”
အဘိုးရွှီ ဝုန်းခနဲ ထရပ်လိုက်တယ်။ သတိဝင်လာချိန်မှာတော့ အကြီးဆုံးသားရဲ့ ပါးကို ရိုက်ပြီးသား ဖြစ်နေပြီ။
“မင်း ပါးစပ်ပိတ်ထားစမ်း”
“အဘိုးကြီး” အဘွားကျောက်က အော်လိုက်တယ်။
“အားလုံး ပါးစပ်ပိတ်ကြ”
တစ်လောကလုံး တိတ်ဆိတ်သွားတယ်။
ခဏကြာတော့ ခြံထဲကနေ အဒေါ်စွန်းရဲ့ပျော်ရွှင်နေတဲ့အသံ ထွက်ပေါ်လာတယ်။ “ဟယ်... တကယ်ကြီး လှည်းဝယ်လာတာပဲ။ ကြည့်ပါဦး... လားကြီးက သန်လိုက်တာ။ လယ်လည်း ထွန်လို့ရ လှည်းလည်း ဆွဲလို့ရတယ် တကယ့် အကောင်ကြီးပဲ။ ဟေး... ယောကျ်ားရေ... ချင်းဟွိုင်... အိမ်ကလူတွေ ဘယ်ရောက်ကုန်လဲ”
မောက်ဒန် အသံလေးလည်း ကြားရတယ်။ “လားကြီး... လားကြီးက အကြီးကြီးပဲ”
အိမ်မကြီးထဲ ရောက်လာမှ အဒေါ်စွန်းက လူတွေအများကြီး ရပ်နေတာကို တွေ့လိုက်ရတယ်။
“ရှင်တို့ ဘာလုပ်နေကြတာလဲ”
ကျောက်အာ လှုပ်ရှားလိုက်တယ်။ စားပွဲပေါ်က စာချုပ်နှစ်စောင်ကို ယူပြီး တံခါးဝဘက် လျှောက်လာတယ်။
“အဒေါ်စွန်း... ဒါအဒေါ်တို့ စာချုပ် သေချာ သိမ်းထားလိုက်”
“ကျောက်အာ... ဘာဖြစ်ကြတာလဲ။ ဒီစာချုပ်ကို ဘယ်လိုလုပ် ရှာတွေ့တာလဲ။ ငါ တော်တော် လုံအောင် ဝှက်ထားတာကို နင့်ဦးလေး တော်တော် ရှာလိုက်ရမှာပဲ”
ကျောက်အာ ဘာမှ ပြန်မပြောဘဲ သက်ပြင်းချကာ သူမဘေးကနေ ဖြတ်ပြီး ထွက်သွားတယ်။
အဒေါ်စွန်းလည်း အခြေအနေ မဟန်မှန်း သိလိုက်တယ်။ အိမ်ထဲက လူတွေကို ကြည့် ကျောက်အာ့ ကျောပြင်ကို ကြည့်ပြီးမှ သဘောပေါက်သွားကာ သူမတို့အခန်းဘက် ပြေးသွားတယ်။
“အမယ်လေး... သူခိုး ဝင်မွှေသွားတာပဲ”
အိမ်မကြီးထဲက လူတွေ တိတ်တဆိတ် ထွက်ခွာသွားကြတယ်။ ရွှီချင်းရှန်းက ဒီအသက်အရွယ်ရောက်မှ အဖေရိုက်တာ ပထမဆုံး ခံရဖူးတာမို့ အသံတိတ်နေတယ်။ အဘွားကျောက်လည်း အဘိုးရွှီ တကယ် ဒေါသထွက်နေမှန်း သိလို့ ငြိမ်နေတယ်။
အဒေါ်ယန်က ခေါင်းငိုက်စိုက်ကျနေတဲ့ ရွှီချင်းရှန်းကို တွဲပြီး ခေါ်ထုတ်သွားတယ်။ တတိယမိသားစု လင်မယားလည်း ဆက်မနေတော့ဘဲ ကိုယ့်အခန်းကိုယ် ပြန်ကြတယ်။ သူတို့ အခန်းပြန်ရောက်ခါစမှာပဲ စတုတ္ထမိသားစု အခန်းတံခါး ဝုန်းခနဲ ပွင့်လာပြီး အဒေါ်စွန်းက ရူးမတတ် ပြေးထွက်လာတယ်။
40 02
ခြံထဲမှာ လားကြီးကို ကြည့်နေတဲ့ မောက်ဒန်လေးတောင် လန့်ပြီး ငိုတော့တာပဲ။
ကျောက်အာလည်း အိမ်ထဲမှာ မနေနိုင်တော့ဘဲ ထွက်လာပြီး လှမ်းခေါ်လိုက်တယ်။ “အဒေါ်စွန်း”
အဒေါ်စွန်းက သူမကို ဂရုမစိုက်ဘဲ အရှေ့ဘက် အဆောင် အကြီးဆုံးမိသားစု အခန်းဆီ တန်းပြေးသွားတယ်။
အခန်းထဲ မဝင်ဘဲ တံခါးဝမှာ ဖင်ချထိုင်ပြီး ငိုချင်းချတော့တာပဲ။
“မကောင်းဆိုးဝါးတွေ... အရှက်မရှိတဲ့ ကောင်တွေ လူကို အနိုင်ကျင့်တာ လွန်လွန်းတယ်ဟေ့ တစ်မိသားစုလုံးက ကပ်ပါးကောင်တွေ ဖြစ်နေပြီးကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေကြတယ်။ သူများခေါင်းပေါ် တက်ပြီး မစင်စွန့်ရုံတင် မကဘူး စွပ်စွဲတာကလည်း ပါးစပ်ထဲ ရှိရာ လျှောက်ပြောတယ်။ ဒီမကောင်းဆိုးဝါးတွေက တစ်သက်လုံး ပါးစပ်ပဲ ပါလာပြီး လက်မပါလာဘူး။ ဘာအလုပ်မှ မလုပ်တတ်ဘဲ ညီအစ်ကိုတွေ လုပ်ကျွေးတာ ထိုင်စားနေကြတယ်။ အကြီးကောင်ရော ငယ်ကောင်ရော တစ်မိသားစုလုံးကို ရှာကျွေးထားရတာ တစ်သက်လုံး ပင်ပန်းခံလာရပြီး ကောင်းကျိုး မရတဲ့အပြင် သူခိုးပါ ဖြစ်ရသေးတယ်
ငါ့ယောကျ်ားကို ပြောသားပဲ ရှင်က တုံးလွန်းပါတယ်လို့။ ရှင် ပင်ပင်ပန်းပန်း လုပ်နေတာ ဘယ်သူ့အတွက်လဲ ညီအစ်ကိုတွေ အတွက်လား။ ညီအစ်ကိုတွေက ရှင့်ကို လေလည်သံလောက်တောင် သဘောမထားဘူး။ ခွေးမွေးရင်တောင် သခင်ပြန်လာရင် အမြီးနှံ့ပြသေးတယ်။ ညီအစ်ကို မွေးထားတာကျတော့ စားပြီးသောက်ပြီး သွေးတွေ ခြင်ဆီတွေပါ စုပ်ယူသွားတာတောင် အားမရသေးဘူး အသားက နံသေးတယ်တဲ့”
အဒေါ်စွန်း ဆဲတာတွေက နာစရာ ကောင်းလွန်းလို့ ရွှီချင်းရှန်း မျက်နှာကြီး ဝက်အသည်းရောင် ဖြစ်နေပြီ။ အဒေါ်ယန်လည်း ဒေါသထွက်လွန်းလို့ တစ်ကိုယ်လုံး တုန်နေတယ်။ ဒါပေမဲ့ လင်မယားနှစ်ယောက်လုံး အခန်းထဲမှာပဲ ပုန်းနေပြီး မထွက်ရဲကြဘူး။ စတုတ္ထမိသားစု လင်မယားက ရူးနေပြီလေ။ အခုချိန်မှာ ကျောက်စိမ်းကို ကျောက်ခဲနဲ့ သွားတိုက်ရင် ကျောက်စိမ်းပဲ ကွဲမှာပေါ့။
ငြိမ်နေမှ ရမယ် သည်းခံမှ ရမယ်။
သူတို့နှစ်ယောက် သည်းခံနိုင်ပေမဲ့ အဘွားကျောက်က မခံနိုင်တော့ဘူး။ ဝုန်းခနဲ ထရပ်ပြီး တံခါးဘက် ထွက်လာတယ်။
“ဘယ်သွားမလို့လဲ ထိုင်နေစမ်း”
“အဘိုးကြီး”
“ဒီမိသားစု ကွဲသွားတာ မြင်ချင်ရင် ထွက်သွားလေ”
အဘွားကျောက်က အင်္ကျီစကို ဆွဲဖျစ်လိုက်ပြီး ခြေဆောင့်ကာ ခုတင်ပေါ် ပြန်ထိုင် မျက်ရည်ပေါက်ကြီးငယ် ကျတော့တယ်။
အပြင်မှာ အဒေါ်စွန်းက ဆဲလို့ ကောင်းတုန်း။ အခုတော့ ရွှီချင်းဟွိုင်ဘက် လှည့်ဆဲပြန်ပြီ။
“...ငါ့မျက်လုံးက ကန်းနေလို့ ဒီအိမ်ကို ရောက်လာတာ။ ရှင်က ရိုးသားကြိုးစားတယ်ဆိုပြီး ယူလိုက်မိတာ။ ဝက်ဝယ်ရင် ဝက်ခြံပါ ကြည့်ရမယ်ဆိုတာ မေ့သွားတယ်။ ဒီအိမ်ရောက်ကတည်းက မောက်ဒန်လေးတောင် ကြီးနေပြီ။ ငါ့အတွက် အင်္ကျီချုပ်ပေးတာ လက်ချိုးရေလို့ ရတယ်။ အိမ်ထဲမှာ ရှာကြည့်လိုက်၊ ကြေးပြား ၁၀ ပြားလောက် တွေ့ရင်တောင် ချမ်းသာနေပြီ။ကလေးအင်္ကျီချုပ်ဖို့တောင် ငါ့မိဘပေးထားတဲ့ ပိုက်ဆံကို ထုတ်သုံးရတယ်။ အိမ်ပြန်ရောက်တိုင်း အမေက မေးတယ်။ သမီးရေ... နင့်အင်္ကျီက ဝတ်တာ ဘယ်နှနှစ်ရှိပြီလဲတဲ့။
ဘယ်နှနှစ် ရှိပြီလဲ ဟုတ်လား။ ငါ့ဘာသာတောင် မမှတ်မိတော့ဘူး။ အမေက ငါ့ကို ပိုက်ဆံခိုးပေးလိုက်ပေမဲ့ မသုံးရဲဘူး။ ယုတ်မာကောက်ကျစ်တဲ့ လူတွေက ပြဿနာရှာမှာ စိုးလို့။ ကဲ... အခု အိမ်ခွဲပြီးပြီ။ မောက်ဒန်လေးအတွက် စီးပွားရေးလေးလုပ်မယ် ကြံတုန်းရှိသေးတယ် သူခိုးလို့ စွပ်စွဲခံရပြီ။ ရွှီချင်းဟွိုင်... ရှင် ပြောစမ်း၊ ငါ ဘာလို့ မျက်ကန်းပြီး ရှင်နဲ့ ယူမိတာလဲ။ ဒီမိသားစုက ဘာတွေလဲ”
ကျောက်အာက မောက်ဒန်လေးကို အိမ်ထဲခေါ်သွားပြီး မုန့်ကျွေးကာ ချော့နေတယ်။
မောက်ဒန်လေးက မုန့်စားရင်း မျက်ရည်တွေ ကျနေရှာတယ်။ ကျောက်အာက သူ့ခေါင်းလေးကို ပွတ်ပေးရင်း သက်ပြင်းချမိတယ်။
အဒေါ်စွန်းက မျက်ရည်တွေ နှပ်တွေနဲ့ မြေကြီးပေါ် ထိုင်ပြီး အရူးမလို ဖြစ်နေတယ်။ တော်သေးတာပေါ့ ရွှီမိသားစုခြံဝင်းက ကျယ်ပြီး အိမ်နီးချင်းတွေနဲ့ ဝေးလို့။ မဟုတ်ရင် ရွာသားတွေ လာကြည့်ကုန်ကြပြီ။ ဒါပေမဲ့ ဆက်အော်နေရင်တော့ မပြောတတ်ဘူး လမ်းသွားလမ်းလာတွေ ကြားကုန်မှာ။
ရွှီချင်းဟွိုင်က စတုတ္ထမိသားစု အခန်းဝမှာ ပေါ်လာပြီး သူမကို လာဆွဲတယ်။
40 03
“ထတော့... အိမ်ထဲဝင်မယ်”
“မဝင်ဘူး။ ငါ့စိတ်ထဲ မကျေနပ်လို့ ငိုတာတောင် မရဘူးလား”
“မရှက်ဘူးလား”
“ရှင်က ရှက်တတ်သေးတယ်ပေါ့။ ရှင်က ရှက်တတ်ပေမဲ့ တချို့လူတွေက မရှက်တတ်ကြဘူး”
အဒေါ်စွန်းက ငိုရှိုက်ရင်း မတ်တတ်ရပ်လိုက်တယ်။ ယောကျ်ားကို နှစ်ချက်လောက် ထုရိုက်ပြီး လင်မယားနှစ်ယောက် တွန်းထိုးကာ အခန်းထဲ ဝင်သွားကြတယ်။
ခြံဝင်းထဲမှာ ငြိမ်သက်သွားပေမဲ့ သုသာန်တစပြင်လို တိတ်ဆိတ်ခြောက်ခြားနေတယ်။
နေ့လယ်စာ ဘယ်သူမှ မချက်ကြဘူး။ အားလုံး ထမင်းစားဖို့ မေ့နေကြသလိုပဲ။
ညနေရောက်တော့ အဒေါ်ကျိုးက ထမင်းချက်ပေမဲ့ စတုတ္ထမိသားစုက ထွက်မစားကြဘူး။ ကျောက်အာလည်း မနေ့က ဟင်းကျန်တွေ ရှိနေသေးလို့ အိမ်မကြီးဘက် မသွားတော့ဘူး။ ဟင်းကျန်တွေ နွှေးပြီး စတုတ္ထမိသားစုကို နည်းနည်း ပို့ပေးလိုက်တယ်။ ကျန်တာကိုတော့ ကိုယ့်အခန်းထဲမှာပဲ စားလိုက်တယ်။
ထမင်းစားပြီးတော့ ရွှီချင်းဟွိုင်က တတိယမိသားစု အခန်းထဲ ဝင်သွားတယ်။ ရွှီချင်းပိုင်နဲ့ ဘာတွေပြောလဲတော့ မသိဘူး။ သူပြန်ထွက်သွားတော့ ရွှီချင်းပိုင်က အိမ်မကြီးဘက် ထွက်လာတယ်။
“အဖေ... စတုတ္ထသားက ပြောတယ်။ အိမ်ခွဲတုန်းက ပိုနေတဲ့ လယ် ၄၀ ရာခိုင်နှုန်းထဲက သူ့ဝေစုကို ၂၀ ရာခိုင်နှုန်းပဲ ယူမယ်တဲ့”
အဘိုးရွှီ ကြောင်သွားပြီးမှ ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်တယ်။
ရွှီချင်းပိုင် သက်ပြင်းချပြီး ပြန်ထွက်သွားတယ်။
နောက်တစ်နေ့ မနက်စောစော မိုးမလင်းခင်မှာပဲ ရွှီချင်းဟွိုင်နဲ့ ကျောက်အာတို့ အပြင်ထွက်ကြတယ်။
နှစ်ယောက်သား လှည်းမောင်းပြီး အနီးအနား ရွာတွေကို တစ်ပတ်ပတ်တယ်။ နေထွက်ချိန်မှာ ဟူယန်းမြို့ကို ရောက်တယ်။ ဈေးဘက်ကို မသွားဘဲ ဟင်းသီးဟင်းရွက်တွေ အပြည့်တင်ထားတဲ့ လှည်းနဲ့ စားသောက်ဆိုင်ကြီး တစ်ဆိုင်ဆီ ဦးတည်သွားတယ်။
ဟူယန်းမြို့က မကြီးပေမဲ့ သေးလည်း မသေးပါဘူး။ အနီးအနား ရွာတွေအတွက်တော့ အကြီးဆုံးမြို့ဖြစ်လို့ စည်ကားတယ်။ စားသောက်ဆိုင်ကြီး သုံးဆိုင်ရှိတယ်။ ရှန်းခယ်လိုက်၊ လျူရှန်းကျူ၊ ကျွေ့ရှန်းလုံတို့ ဖြစ်တယ်။ လက်ဖက်ရည်ဆိုင် အရက်ဆိုင်လေးတွေတော့ မရေတွက်နိုင်အောင် ရှိတယ်။
ကျောက်အာတို့က ရှန်းခယ်လိုက်ကို အရင်သွားတယ်။
နေထွက်စ အချိန်ဆိုတော့ စားသောက်ဆိုင်တွေမှာ အလုပ်စနေကြပြီ။ ဆိုင်ဖွင့်ချိန်က မနက် ၉ နာရီလောက်မှ ဆိုပေမဲ့ ကြိုတင်ပြင်ဆင်ရတာတွေ ရှိတယ်လေ။
ဥပမာ ရှန်းခယ်လိုက်ဆိုရင် ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ်ပဲ သုံးတယ်။ ညသိပ်ဟင်းရွက် မသုံးဘူး။ ဒါကြောင့် မနက်တိုင်း ဈေးသွားပြီး ဝယ်ရတယ်။
ဟင်းရွက် လာပို့ခိုင်းလို့ မရဘူးလားလို့ မေးစရာ ရှိတယ်။ ဒါပေမဲ့ တောင်သူတွေက အမြဲတမ်း စိုက်ပျိုးနေတာ မဟုတ်ဘူး။ ပိုမှ လာရောင်းတာ။ ပြီးတော့ ဟင်းရွက် နည်းနည်းလေး အတွက်နဲ့ မြို့တက်ရောင်းရတာ မကာမိဘူး။
ဒါကြောင့် စားသောက်ဆိုင်တွေက မနက်တိုင်း ဈေးသွားဝယ်ရတာ အလုပ်တစ်လုပ် ဖြစ်နေတယ်။ တော်သေးတာက ဈေးထဲမှာ ပစ္စည်းစုံလို့သာပေါ့။
ရှန်းခယ်လိုက် တံခါးမကြီး ပိတ်ထားပေမဲ့ နောက်ဖေးတံခါး ပွင့်နေတယ်။ ဆား၊ ဆန်၊ ဟင်းခတ်အမွှေးအကြိုင်၊ ထင်း၊ အသားငါး လာပို့တဲ့သူတွေ ဝင်ထွက်သွားလာနေကြတယ်။ အလုပ်သမား နှစ်ယောက်က စောင့်နေပြီး တစ်ယောက်က စာရင်းမှတ် တစ်ယောက်က ချိန်တွယ်နဲ့ အလုပ်ရှုပ်နေကြတယ်။
ကျောက်အာက လှည်းကို နောက်ဖေးပေါက်မှာ ရပ်ပြီး လှည်းပေါ်က ဆင်းလိုက်တယ်။ အလုပ်သမားနား သွားပြီး ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောတယ်။ “အစ်ကိုကြီး... ဈေးဝယ်ရေး တာဝန်ခံနဲ့ တွေ့ချင်လို့ပါ”
အလုပ်သမားက အသားလာပို့တဲ့ သားသတ်သမားနဲ့ အလေးချိန်ကိစ္စ ငြင်းနေတာ။ သူက အလုပ်ရှုပ်ပြီး မျက်စိလည်နေတော့ ၂၂ ပိဿာ ၇၀ ကျပ်သားကို ၂၁ ပိဿာ ၇၀ ကျပ်သားလို့ မှတ်မိနေတယ်။ သားသတ်သမားက ပြန်ချိန်ခိုင်းပေမဲ့ သူက မလုပ်ချင်ဘူး။ ပစ္စည်းက လေးတော့ တစ်ယောက်တည်း မနိုင်ဘူးလေ။ သူ့အဖော်ကလည်း ရှာလကာရည် လာပို့တဲ့သူကို ခေါ်ပြီး အထဲဝင်သွားတယ်။
40 04
“ဒါ အလေးချိန် မှားနေတာဗျ။ ပြန်ချိန်ပေးပါ”
“စောစောက ခင်ဗျား ကြည့်နေတာပဲဟာ”
သူတို့ ငြင်းနေတုန်း ကျောက်အာ ရောက်လာပြီး တာဝန်ခံကို မေးတော့ စိတ်တိုသွားတယ်။ “ခင်ဗျားက ဘာလုပ်မလို့လဲ။ ရောက်ရောက်ချင်း တာဝန်ခံကို မေးနေတယ်”
ကျောက်အာက စိတ်မဆိုးပါဘူး။ “ကျွန်မ ဟင်းသီးဟင်းရွက် လာရောင်းတာပါ။ မနက်ခင်း ခူးလာတာဆိုတော့ လတ်လတ်ဆတ်ဆတ်တွေ”
“မလိုဘူး။ ကျွန်တော်တို့ဆီမှာ ဟင်းရွက် လာပို့စရာ မလိုဘူး။ နေ့တိုင်း ဈေးကနေ အလတ်ဆတ်ဆုံး သွားဝယ်တယ်”
“အစ်ကိုကြီး... ကြည့်ပါဦး။ ကျွန်မတို့ဆီမှာ ပစ္စည်းစုံတယ်နော်”
“စုံတယ် ဟုတ်လား။ ဘယ်လောက် စုံမှာလဲ။ မလိုပါဘူးဆိုမှ ဘာလို့ လာရှုပ်နေတာလဲ” တကယ်တော့ သူ ငြင်းရတာ အကြောင်းရှိတယ်။ ဟင်းရွက် တစ်မယ်နှစ်မယ်လောက်နဲ့ မလောက်ဘူးလေ။ ဈေးကို ဘယ်လိုပဲဖြစ်ဖြစ် သွားရမှာပဲ။ လူတိုင်းဆီက လိုက်ဝယ်နေရင် ရှုပ်ကုန်မှာပေါ့။
စားသောက်ဆိုင် စနစ်က ရှေ့ပိုင်း မီးဖိုချောင် ဈေးဝယ်ရေး ဆိုပြီး ခွဲထားတယ်။ ဈေးဝယ်ရေးက ဝယ်လာတာတွေကို စာရင်းပြန်တင်ရတယ်။ ပုံမှန် လာပို့နေကျ ဆိုင်တွေဆိုရင် ပစ္စည်းပို့ စာရင်းမှတ် လကုန်မှ ရှင်းလို့ ရတယ်။
ဟင်းရွက်ကျတော့ ဈေးသက်သာတယ်။ တစ်မျိုးကို ကြေးပြား ဆယ်ဂဏန်းလောက်ပဲ ကျတာ။ အကြွေးစနစ် လုပ်လို့ မရဘူး။ လက်ငင်းရှင်းရမယ်။ ငွေကို အောက်ခြေဝန်ထမ်းတွေကိုင်လို့မရဘူး။ တာဝန်ခံကလည်း တစ်ယောက်ချင်းစီ လိုက်ရှင်းပေးနေရင် အလုပ်ရှုပ်တယ်။ ဈေးသွားပြီး တစ်ခါတည်း ဝယ်လိုက်တာက ပိုလွယ်တယ်။
ဒါတွေကို သူက ကျောက်အာကို ရှင်းပြမနေပါဘူး။ ဒါပေမဲ့ ကျောက်အာက အရင်တုန်းက ဈေးရောင်းဖူးတော့ နားလည်ပါတယ်။
“ကျွန်တော့်နဲ့ ရှင်တို့ တာဝန်ခံက ခင်တယ်။ သူက ကျွန်တော့်ကို လာပို့ခိုင်းထားလို့ပါ”
ဒီစကားကြားတော့ အလုပ်သမားက သံသယ မျက်လုံးနဲ့ ကြည့်တယ်။ “ဒါဆို စောင့်နေ။ ဟင်းရွက်က ကျွန်တော်တို့ တာဝန် မဟုတ်ဘူး။ ခဏနေရင် တာဝန်ခံယောင် လာလိမ့်မယ်”
ကျောက်အာ ခေါင်းညိတ်ပြီး ဘေးဖယ်ရပ်နေလိုက်တယ်။
ရွှီချင်းဟွိုင်က လှည်းပေါ်က ဆင်းလာပြီး တိုးတိုးလေး မေးတယ်။ “ကျောက်အာ... နင်...”
ကျောက်အာက မျက်စိတစ်ဖက် မှိတ်ပြလိုက်တယ်။ နှစ်ယောက်သား ငြိမ်ငြိမ်လေး စောင့်နေကြတယ်။
ခဏကြာတော့ နောက်ဖေးပေါက်ကနေ လူတစ်ယောက် ထွက်လာတယ်။
အပြာရောင် ဝတ်ရုံရှည် ဝတ်ထားပြီး အသက် ၄၀ ကျော်လောက် ရှိမယ်။ လက်မှာ ကြောင်မျက်လုံး ကျောက်စိမ်းလက်စွပ်ကြီး ဝတ်ထားတယ်။ အလုပ်သမား နှစ်ယောက်က သူ့ကို မြင်တာနဲ့ တာဝန်ခံလို့ နှုတ်ဆက်ကြတယ်။
သူ့နောက်မှာ အလုပ်သမား နှစ်ယောက် ပါလာတယ်။ သူက ခေါင်းညိတ်ပြပြီး ထွက်သွားဖို့ ပြင်တုန်း လူတစ်ယောက် သူ့ရှေ့ ရောက်လာတယ်။
“တာဝန်ခံယောင်... မင်္ဂလာပါ”
“မင်းက...”
“တာဝန်ခံယောင်က ကျွန်တော့်ကို မေ့သွားပြီလား။ ခင်ဗျား ကျွန်တော့်ဆီက ဟင်းရွက် ဝယ်ဖူးတယ်လေ။ ကျွန်တော့်ဟင်းရွက်တွေက လတ်ဆတ်တယ် နောက်ဆို လာပို့ပါလို့ ပြောခဲ့တယ်လေ”
တာဝန်ခံယောင် မျက်ခုံးပင့်လိုက်တယ်။ သူ အဲဒီလို ပြောဖူးလို့လား။
“ဟိုတစ်နေ့ကလေ... ခင်ဗျားက ကျွန်တော့် ဟင်းရွက်တွေ နုတယ်။ နောက်တစ်ခါ ရှိရင် ချန်ထားပါလို့ ပြောခဲ့တယ်။ ခင်ဗျားက ရှန်းခယ်လိုက်က ပါလို့တောင် ပြောခဲ့သေးတယ်။ မေ့သွားပြီလား”
ကောင်လေးက ဝမ်းနည်းနေတဲ့ ပုံစံလေးနဲ့ ပြောနေတော့ တာဝန်ခံယောင်လည်း ဇဝေဇဝါ ဖြစ်သွားတယ်။ ငါ တကယ် ပြောဖူးသလားပေါ့။
တကယ်တော့ ဈေးထဲမှာ မနက်ဖြန် ရှိရင် ချန်ထားနော် ဆိုတဲ့ စကားမျိုးက ခဏခဏ ပြောလေ့ရှိတာပဲ။ ဒါပေမဲ့ ဘယ်သူမှ အတည်မယူကြဘူး။ ပြည့်တန်ဆာအိမ်လိုပဲ ငွေပေးရင် ပြီးရော သံယောဇဉ် မထားကြဘူး။ ဘယ်သူက သီးသန့် လူတစ်ယောက်အတွက် ချန်ထားပေးမှာလဲ။
သူကိုယ်တိုင်လည်း အတည်မပြောခဲ့ပါဘူး။ အခု တကယ်ကြီး လာပို့တယ်ဆိုတော့ အားနာသွားတယ်။ “မင်း ဟင်းရွက်တွေ ဘယ်မှာလဲ။ ပြစမ်း။ ကောင်းရင် ယူလိုက်မယ်လေ”
40 05
ဘာပဲဖြစ်ဖြစ် ဈေးသွားရမှာပဲဟာ ဒီမှာ ကောင်းရင် ဒီကပဲ ယူလိုက်မယ်လို့ တွေးလိုက်တယ်။
“ပါပါတယ်... ဟိုမှာ ကြည့်လိုက်ပါ” ကျောက်အာက လှည်းဘက်ကို ညွှန်ပြတယ်။
ဟင်းရွက်သည်က လှည်းနဲ့တောင် လာသကိုး။ တွေးနေတုန်းမှာပဲ ရွှီချင်းဟွိုင်က လှည်းပေါ်က ခြင်းတောင်းတွေကို တစ်တောင်းပြီး တစ်တောင်း ချပေးနေတာ မြင်လိုက်ရတယ်။
စောစောက ရိုးရိုးအအ ကောင်လေးလို့ ထင်ရတဲ့သူက အခုတော့ ပြုံးဖြီးနေတယ်။ “ကြည့်ပါဦး တာဝန်ခံယောင်... ဈေးထဲမှာ ကျွန်တော့် ဟင်းရွက်လောက် လတ်ဆတ်တာ ရှိချင်ရှိမယ်၊ ဒါပေမဲ့ ကျွန်တော့်လောက် များတာတော့ မရှိဘူး။ ခင်ဗျား မှာလိုက်ကတည်းက ကျွန်တော့်စိတ်ထဲ မှတ်ထားတာ။ ခြံထဲက အသစ်ထွက်တာမှန်သမျှ ခူးပြီး လာပို့တာ။ ငရုတ်ပွ၊ မုန်ညှင်း၊ တရုတ်နံနံကိုက်လန်၊ မုန်ညှင်းဖြူ... ကြည့်ပါဦး နုဖတ်နေတာပဲ။ ဟောဒီမှာ ရှန်ချွန်းရွက်တွေ အပင်ပေါ်က ခူးလာကာစ”
တကယ်လည်း နုဖတ်နေတာပဲ။
ဆောင်းတွင်းတစ်တွင်းလုံး နွေဦးအစ အေးစက်စက် ရက်တွေမှာ အစိမ်းရောင် မမြင်ရတာ ကြာပြီ။ အခုလို စိမ်းစိမ်းစိုစို နုနုထွတ်ထွတ် ဟင်းရွက်တွေ မြင်လိုက်ရတော့ စိတ်ထဲ ကြည်နူးသွားတယ်။ နွေဦးပေါက်စ ဟင်းရွက်သစ်တွေ မပေါ်သေးခင် အချိန်ဆိုရင် တာဝန်ခံယောင် ခေါင်းကိုက်ရဆုံး အချိန်ပဲ။ စားသောက်ဆိုင်ဆိုတာ အသားချည်းပဲ ရောင်းလို့မရဘူး။ အသီးအရွက်လေး ပါမှ စားကောင်းတာ။
ဒါပေမဲ့ ဟင်းရွက်က ရှားတယ်။ ရှိရင်လည်း နည်းနည်းလေး။
တစ်ခါတလေ တောသူတောင်သားတွေကို ပြောချင်တယ်။ ဟင်းရွက်သစ် ပေါ်ရင် ကိုယ့်ဘာသာပဲ မစားဘဲ လာရောင်းကြပါလို့။ ဒါပေမဲ့ သူတို့က အိမ်စား လောက်မှ ပိုတာလေး လာရောင်းကြတာ။ သူက ပြောလည်း သူတို့က နားမဝင်ဘူး။
ဒီရက်ပိုင်း စားသောက်ဆိုင်မှာ ဟင်းရွက်ကို ချွေတာ သုံးနေရတာ။ ဒီနေ့ ဈေးသွားရင် စိတ်ကြိုက် ရပါ့မလားလို့ တွေးနေတုန်း အခုတော့ မျက်စိရှေ့မှာ အပုံလိုက် ရောက်လာပြီ။
သူ အံ့ဩပြီး ငေးနေတုန်း ကျောက်အာ အသံက သတိပြန်ဝင်စေတယ်။ “တာဝန်ခံယောင်... ဘယ်လောက် ယူမလဲ”
“အကုန် ယူမယ်” သူက လက်ဝှေ့ယမ်းပြီး ပြောလိုက်ပေမဲ့ ပြောပြီးမှ တွန့်သွားတယ်။
ကောင်လေးက ဆက်ပြောတယ်။ “ခင်ဗျားတို့ဆိုင်က ဒီလောက် အများကြီး ကုန်ပါ့မလား။ ဟင်းရွက်က တခြားပစ္စည်းနဲ့ မတူဘူး အထားမခံဘူး။ တစ်ရက် ထားရင်တောင် နွမ်းသွားရော။ ရှန်းခယ်လိုက်က မြို့မှာ အကောင်းဆုံးဆိုင်လေ ညသိပ်ဟင်းရွက် မရောင်းဘူးလို့ ကြားဖူးတယ်။ ဒီနေ့ လိုသလောက်ပဲ ယူပါလား။ မနက်ဖြန် ကျွန်တော် ထပ်လာပို့မယ်”
“မနက်ဖြန် ရှိသေးတယ်လား”
“ရှိတာပေါ့ လိုသလောက် ရှိတယ်”
******