အခန်း (၄၁-၄၂)
Vol. 5 Ch. 41-42
41 01
အခန်း 41
အဲဒီလိုနဲ့ တာဝန်ခံယောင်က ယူကြည့်ပြီး သူလိုအပ်တဲ့ဟင်းသီးဟင်းရွက်တွေ မှာတော့တယ်။ ပြောတော့သာ တချို့တလေပဲ ယူမယ်လို့ဆိုတာ တကယ်တမ်းကျ သူ့အလုပ်သမားလေးတွေကို ဂိုဒေါင်ထဲသယ်သွားခိုင်းတာတွေများ တစ်ခြင်းပြီးတစ်ခြင်းပဲ။
အဲဒါတွေအပြင် သူက ကျောက်အာ စွတ်(ခူး)လာတဲ့ တောင်ပေါ်က စားမှိုမျိုးစုံသာမက ကျန်းမိသားစု မနေ့ကမှလိုက်ထားတဲ့ တောယုန်နဲ့ဒရယ်သားတွေရော ပြီးခဲ့တဲ့ရက်ပိုင်းကမှ အင်္ကျီရောင်းပြီး ရထားတဲ့ကြက်ဥတွေပါ နှစ်ကတ်လောက် ရွေးယူသွားတယ်။
အစကတည်းက ကြက်ဥတွေက သိပ်အထားမခံတာကြောင့် ရွှီချင်းဟွိုင်က ကျောက်အာတို့ ဒီလောက် အများကြီး ဘယ်လိုစားကုန်ပါ့မလဲလို့ တွေးပူနေခဲ့ပြီး တကယ်လည်း သူ ဒီလုပ်ငန်းထဲ ဝင်လာပြီးတဲ့နောက် ဥတွေက တောင်လိုပုံနေတာတွေ့လိုက်ရတော့ ပိုတောင် ခေါင်းကြီးသွားခဲ့တယ်။
သူ မထင်မှတ်ထားတာကတော့ ခရီးလေးတစ်ခေါက်မှာတင် ရာနဲ့ချီ ရောင်းကုန်သွားမယ်ဆိုတာပဲ။
“ဟားဟား မင်းက လာဘ်မြင်တတ်တဲ့ စီးပွားရေးသမားလေးပဲ။ မနက်ဖြန်လည်း ဒီအချိန်ပဲ ထပ်လာခဲ့”
တာဝန်ခံယောင်ရဲ့ နက်ရှိုင်းတဲ့အဓိပ္ပာယ်ပါတဲ့စကားတွေကို ကျောက်အာတစ်ယောက်သာ သိတယ်။ သူမက ပြုံးပြုံးလေးနဲ့ “ကောင်းပါပြီ။ မပူပါနဲ့ မနက်ဖြန် သေချာပေါက် ပြန်လာခဲ့ပါမယ်”
ကျောက်အာက ကမ်းပေးလာတဲ့ ပိုက်ဆံအထုပ်လိုက်ကို လက်ခံပြီးတာနဲ့ တာဝန်ခံကြီးကို နှုတ်ဆက်ကာ လှည်းပေါ်တက်ပြီး ထွက်လာခဲ့တယ်။ ရွှီချင်းဟွိုင်က ခေါင်းငိုက်လျက် လှည်းမောင်းနေပြီး ကျောက်အာကလည်း တိတ်ဆိတ်နေတယ်။ ရှန်ခဲ့လိုင်နဲ့ နည်းနည်းလှမ်းလာတော့မှ နှစ်ယောက်သားက စိတ်အေးဟန် လေပူတစ်ချက်မှုတ် ထုတ်လိုက်မိတယ်။
“ဦးလေး ၄ မြန်မြန် ရှန်ကျူးကိုသွားကြတာပေါ့”
“ဟုတ်ပြီ”
နောက်ထပ်စားသောက်ဆိုင်ကြီးဆီကို အလျင်စလို သွားနေရင်း သူတို့နှစ်ယောက်က လမ်းမှာ စကားပြောဖြစ်ကြတယ်။ ရွှီချင်းဟွိုင်က သက်ပြင်းချလိုက်ပြီး “ကုန်စိမ်းရောင်းတာက အမြတ်ရတယ်ပြောလို့ ဦးလေးက ခြောက်ပဲ တစ်ပြားလောက်ပဲ မြတ်မယ်လို့ ထင်ထားတာ။ ငါတို့ယူလာတဲ့ အသီးအနှံတွေကလည်း ရွာဘက်မှာ ပိုလျှံနေတဲ့ဟာတွေဆိုတော့ ဒါတောင် ဘယ်လိုဖြစ်လို့ ဒီမှာ အသားတစ်ကီလိုဈေးနဲ့ ရောင်းလို့ရသွားတာလဲ”
ကျောက်အာက သူ့အမေးကြောင့် ဘာတွေသဘောကျသွားသလဲမသိ ရယ်မောလာတယ်။
“ဟားဟား ဦးလေးရယ် သမီးတို့ မြတ်နေတယ်ဆိုတာ ဒီအလုပ်ကိုစလုပ်တာ သမီးတို့တွေပဲ ရှိသေးလို့လေ။ နောက်ပိုင်း လိုက်ဖြန့်တဲ့သူတွေ များလာတာနဲ့ ဒီလောက်တောင် ဈေးရတော့မှာမဟုတ်ဘူး”
ရွှီချင်းဟွိုင်က အခုလေးတင် တာဝန်ခံယောင်ကို ရောင်းလိုက်တဲ့ အသီးအရွက်တွေကို သက်ပြင်းချနေတာ မဆန်းတော့ပါဘူး။ ကျောက်အာက ဈေးစမခေါ်ဘဲ တစ်ဖက်လူပေးတာပဲ စောင့်ယူခဲ့တာ။
တာဝန်ခံအနေနဲ့လည်း တံခါးပေါက်အရှေ့အထိ လာရောင်းပေးတဲ့သူတွေကို လှည့်ဖျားကိုမဖြစ်နိုင်တော့ သူတို့မနေ့က ဈေးထဲမှာဝယ်ခဲ့တဲ့ ကုန်ဈေးနှုန်းအတိုင်းပဲ ပေးဝယ်လိုက်ပြီး နည်းနည်းတောင် ပိုပေးလိုက်သေးတယ်။
ကျောက်အာက အသီးအရွက်ဖိုးနဲ့တင် ငွေ ၈၀၀လောက်ရနေပြီ။ တောင်ထွက်မှိုတွေနဲ့ ကြက်ဥတွေပါ ပေါင်းလိုက်တော့ သူတို့တစ်ဆိုင်ထဲနဲ့ အမြတ်အစွန်းတော်တော်ရခဲ့တယ်လို့ ပြောလို့ရတယ်။ သူတို့ ဒီအသီးအနှံတွေကို ယူလာတဲ့ဈေးက ကြေးပြား ၂ပြားနဲ့ဆို အခုရောင်းလိုက်တာက ၈ပြားနဲ့မို့ လမ်းခရီးစရိတ်ပါ ကာမိတယ်။
“ဒါနဲ့ ကျောက်အာ တာဝန်ခံယောင်က တကယ်အဲ့လိုပြောခဲ့တာလား။ ဒါပေမယ့် သမီး ကုန်စိမ်းမရောင်းတော့တာ တော်တော်ကြာနေပြီမဟုတ်ဘူးလား”
ကျောက်အာက အပြုံးမပျက်သေးဘဲ “ဘယ်ပြောခဲ့မလဲ ဦးလေးရဲ့ ဒါပေမယ့် တွေးကြည့်လိုက်လေ၊ ကိုယ်က ဆိုင်ထဲက လူတစ်ယောက်နဲ့မှမသိဘဲနဲ့ ဘယ်လိုဝင်တိုးလို့ရမှာလဲ။ အဲဒီတော့ သမီးက အလုပ်သမားတစ်ယောက်နဲ့ အရင်ရင်းနှီးအောင်လုပ်ပြီးမှ သူတို့ဆီက ဆိုင်ရှင်နာမည်ကို စကားနှိုက်ထားလိုက်တာ။ အခုကြည့် အလုပ်ဖြစ်သွားတယ်မလား။ ကျန်တာတွေကတော့ ဈေးထဲနှစ်ရက်လောက် သွားလာလိုက်တာနဲ့ အကြောင်းသိသွားလိမ့်မယ်”
41 02
ရွှီချင်းဟွိုင်က မချီးမွမ်းဘဲ မနေနိုင်တော့ဘူး။
“လောကကြီးထဲ ကျင်လည်နေတဲ့ ဒီဦးလေးထက်တောင် သမီးက ပိုကျွမ်းနေပါလားကွ”
“ဘယ်ကသာ သမီးလည်း မနှစ်တုန်းက ဒီမှာဈေးလာခင်းရင်းနဲ့မှ တဖြည်းဖြည်း သိလာတာတွေပါ။ ဘယ်အရာမဆို အချိန်ယူရတာပါပဲ”
သူတို့ စကားလက်ဆုံကျနေတဲ့အချိန်မှာပဲ လျူရှန်းကျူရဲ့မီးဖိုချောင်တံခါးနား ရောက်လာခဲ့တယ်။ အရှေ့တစ်ခေါက်ကအတိုင်းပဲ ကျောက်အာက ဘယ်လောက်မှတောင် အားမစိုက်ထုတ်လိုက်ရဘဲ အသီးအရွက်တစ်ပုံ ကုန်သွားပြန်တယ်။
ဒီတစ်ဆိုင်ကလည်း နောက်နေ့ထပ်လာခဲ့ဖို့ပြောတော့ ကျောက်အာက အလွန်အမင်း ဝမ်းမြောက်စွာပဲ ကတိပေးခဲ့လိုက်တယ်။ နောက်တော့ သူတို့က နောက်ပန်းတိုင်တစ်ခုဖြစ်တဲ့ ကျွေ့ရှန်းလုံဆီကို ထပ်ဆက်ပြန်တယ်။ ဒီတစ်ခါလည်း ထိုနည်း၎င်းပဲ အောင်မြင်ခဲ့တယ်။
သုံးခါဆက်တိုက် ရောင်းကုန်သွားပြီးတဲ့နောက် ရွှီချင်းဟွိုင်ရဲ့မျက်လုံးတွေက အံ့အားသင့်မှုကြောင့် အင်မတန် ပြူးကျယ်နေခဲ့တယ်။
“ဘယ်လိုလုပ် သုံးနေရာလုံး သူတို့ဈေးထွက်ဝယ်တဲ့အချိန်နဲ့ ကိုက်အောင်လုပ်ထားတာလဲ။ သူတို့ဆိုင်က အရင်ဈေးထဲမှာ သွားဝယ်ပြီးသားဖြစ်နေမှာ မစိုးဘူးလား”
ကျောက်အာက ကြိုတင်ခန့်မှန်းလို့မရအောင် ထရယ်လာပြီး ရွှီချင်းဟွိုင်က အလျှော့မပေးဘဲ ထပ်မေးတော့မှ ဖြေတယ်။
“ဒီမှာ လာရောင်းဖို့လုပ်ကတည်းက ဒီမြို့ရဲ့ဈေးစည်ချိန်နဲ့ ဈေးကွဲချိန်တွေကို လိုက်လေ့လာရတယ်လေ။ သူတို့တွေကလည်း အသည်များများရှိတဲ့အချိန်မှ ထွက်ဝယ်ကြတာ။ ဒါမှ ကောင်းကောင်းရွေးလို့ရမှာ။ ပြီးတော့ ဦးလေး အခုချိန်မှ ဈေးသွားရင်လည်း ဟိုမှာ ဘာမှရှိတော့မှာမဟုတ်ဘူး”
“ဘာလို့လဲ”
ကျောက်အာက သူတို့လှည်းအနောက်က အသီးအရွက်ခြင်းတွေကို တစ်ချက် မျက်စပစ်ပြလိုက်တာနဲ့ ရွှီချင်းဟွိုင်က သူ့မေးခွန်းသူ အဖြေသိသွားတယ်။ သူက မှင်သက်နေရာက အတော်လေး ငြင်သာတဲ့လေသံနဲ့ ပြောလာတယ်။
“ငါတို့ အသီးအနှံတွေယူဖို့သွားတုန်းက ဘယ်ရွာဖြစ်ဖြစ် အားလုံးက စောင့်ရတာမရှိဘဲ အဆင်သင့်ဖြစ်နေတာ တွေ့ရတယ်။ မသိရင် အားလုံးက ကြိုတင်ပြင်ဆင်ထားကြသလိုမျိုး ပြီးတော့ သမီး သူတို့ကို ပိုက်ဆံပေးတာလည်း မတွေ့ဘူး”
ကျောက်အာက သူ့ရဲ့ထိုးဖောက်သိမြင်နိုင်စွမ်းကြောင့် အနည်းငယ် အံ့ဩသွားပြီးမှ ခေါင်းညိတ်တယ်။
“ဦးလေး သတိထားမိတာပဲ။ ဟုတ်တယ် သမီးက သူတို့နဲ့ ပြီးခဲ့တဲ့ဆောင်းကတည်းက သွားပြောထားတာ။ ဒီနှစ်နွေဦးပေါက်တဲ့အခါ ထွက်သမျှ အသီးအနှံအကုန် လက်ကားပေး။ ပြန်ရတဲ့ငွေက မြတ်စေရမယ်ဆိုပြီး တခြားရွာတွေကိုလည်း အင်္ကျီသွားရောင်းတုန်းက စပ်ထားခဲ့ပြီးသား။ အဲဒါကြောင့် သမီးတို့သွားတော့ သူတို့ အဆင်သင့်ဖြစ်နေတာပေါ့။ ဒီနေ့ရောင်းရတဲ့ငွေတွေကိုတော့ မနက်ဖြန် သွားယူတဲ့အခါ ပေးလိုက်လို့ရတယ်”
ရွှီချင်းဟွိုင်က ဒီကောင်မလေး ဒီလောက်အထိ စီးပွားမြင်တတ်လိမ့်မယ်လို့ မထင်ထားဘူး။ သူမက မနှစ်ကတည်းက အစီအစဥ်ရှိတဲ့အပြင် အခုအကောင်အထည်ဖော်နိုင်ဖို့ တစ်နှစ်တောင် ကြိုတင်ပြောဆိုထားလိုက်သေးတယ်။
တောရွာက တောင်သူလယ်သမားတွေကတော့ ပိုက်ဆံလိုချင်ရုံကလွဲ အများကြီးမတွေးကြဘူးပေါ့။ သူတို့သိတာ လယ်ကထွက်တဲ့ဟာမှန်သမျှ သွားရောင်းရင် ငွေရတယ်ဆိုတာပဲ။ အဲဒီလိုနဲ့ လတ်ဆတ်တဲ့အသီးအနှံတွေကို စားမယ့်အစား ရောင်းဖို့ သိမ်းထားကြတာများတယ်။
ဒါပေမယ့် တစ်နိုင်တစ်ပိုင်လေး မြို့တက်ပြီးသွားရောင်းဖို့ဆိုတာ လမ်းစရိတ်နဲ့တင် အရင်းပါ ပြုတ်သွားနိုင်တယ်။ ဒီတော့ အခုကျောက်အာလို ကြားထဲက အိမ်တိုင်ရာရောက် လာယူပြီး သွားရောင်းပေးမယ့်သူရှိတော့ အိမ်မှာထိုင်ပြီး မပင်မပန်းဘဲ ပိုက်ဆံရတာပေါ့။
ဒီအချက်ကြောင့်ပဲ မြို့ကဈေးတွေမှာ အသီးအရွက်တွေက မလတ်ဆတ်ဘဲ ဈေးလည်းကြီးလို့ လူတိုင်းက တစ်ခါတလေ တက်လာတတ်တဲ့ တောသည်တွေကို စောင့်ဝယ်ကြရတယ်။ နဂိုကတည်းက လမ်းမြင်တတ်တဲ့ ကျောက်အာက မြို့နဲ့ရွာ ကူးသန်းသွားလာရင်း ဒီအချက်ကိုတွေ့မြင်ပြီး နှစ်ဦးနှစ်ဖက် အဆင်ပြေမယ့်စီးပွားတစ်ခု လုပ်ဖို့အကြံရလာတာ။
41 03
အမှန်တော့ ရွှီချင်းဟွိုင်မရှိလည်း ကျောက်အာက ဒါတွေလိုက်လုပ်လို့ရတာပဲ။ သူ့ကို ပါတနာမလုပ်ခင်ကတည်းက ဦးလေးက ဒီနားကမြို့နယ်တွေနဲ့ ရင်းနှီးလို့လို့ ပြောထားပေမယ့် တကယ်တမ်းကျ သူမက ရလာတဲ့အမြတ်တွေကို ခွဲဝေပေးချင်လို့ကိုး။
ရွှီချင်းဟွိုင်က သူ့အတွေးတွေကို ထုတ်ပြောလာတဲ့အခါ ကျောက်အာက ပြုံးရင်းပဲ “ဦးလေး ဘာလို့ဒါတွေပြောနေတာလဲ။ ဘယ်လိုပဲ သမီးအကြံက ကောင်းနေပါစေဦး လုပ်သားအင်အား မလုံလောက်ရင် သွားမှာပဲ။ ဒီလိုစီးပွားမျိုးက ရေရှည်တစ်သက်လုံး လုပ်ကိုင်သွားရမှာဆိုတော့ သမီးတို့ ဦးစီးပေးမယ့်လူတစ်ယောက် လိုကိုလိုမှာပဲ။ ဦးလေး အခု ဒါတွေအသေးစိတ်မသိရင်တောင် နောက်ပိုင်းကျ သိလာလိမ့်မယ်”
“အေးပါ ဆိုတော့ နှစ်ဆိုင်လုံးက ဈေးမြင့်မြင့်ပေးတယ်ဆိုတာ မြို့မှာ အသီးအနှံရှားလို့လား”
ကျောက်အာက သူ့ကို လိမ်ဖို့စိတ်ကူးမရှိတာကြောင့် အသာခေါင်းညိတ်ပြလိုက်တယ်။
“ဟုတ်တယ်။ မနှစ်က ဒီလိုအချိန်ပဲ အသီးအရွက်တွေက တစ်ကီလိုကို ငါးဆယ်နီးပါးလောက် ထိုးတက်သွားတာ။ ဒီနှစ်ဆိုပိုတောင် ဈေးတွေတက်နေသေးတယ်”
ရွှီချင်းဟွိုင်က အံ့ဩပြီးရင်း အံ့ဩရတော့တယ်။ အကြောင်းအရင်းသိနေတဲ့ ကျောက်အာကတော့ ရှက်တက်တက်နဲ့
“အဟဲ တစ်ရက်နှစ်ရက်လောက်ပါပဲ။ နောက်ကျ အားလုံးလည်း ဒီဈေးကို ကျင့်သားရသွားကြတာပဲ။ တကယ်တော့ သမီးက ဒီနည်းနဲ့စားသောက်ဆိုင်ကြီးတွေကို ဖောက်သည်ပေးဖို့ စီစဥ်ထားပေမယ့် ဒါကြောင့် အသီးအနှံတွေ အရမ်းဈေးတက်သွားလိမ့်မယ်လို့ ဘယ်သူသိမှာလဲ”
နောက်ဆုံးတော့ လေပူတစ်ချက်နဲ့အတူ ရွှီချင်းဟွိုင်က ဆိုလာတယ်။
“ဟူး ကြည့်ရတာ ရှေ့လျှောက် ဒီဦးလေးက ငါ့တူမဆီက ပြန်သင်ရတော့မယ့်ပုံပါပဲကွာ”
“ဒါက ဘာမှမဟုတ်ပါဘူး။ ဒီတိုင်း ခန့်မှန်းရုံပါပဲ”
“ဒါဆို ငါတို့ ကျွေ့ရှန်းလုံပြီးရင် ဘယ်ထပ်သွားကြမှာလဲ”
“အစ်ကိုကျန်းဝူက ကျန်းနန်က သူကြွယ်အိမ်တော်တွေကို ရောင်းဖို့သွားတယ်လေ။ သူ့ကိုပြန်လာရင် တစ်ခါတည်း ချင်းယွမ်ကျောင်းရှေ့ လာခဲ့လို့ မှာထားတယ်။ အဲ့ကိုပဲသွားကြတာပေါ့”
“ဘာလုပ်ဖို့ ကုန်းအာတို့ကျောင်းရှေ့ သွားမှာလဲ”
“သမီး သူ့ကို ကူခိုင်းစရာလေး တစ်ခုရှိလို့ စာချုပ်ရေးပေးဖို့အတွက်လေ။ သမီးတို့က မရေးတတ်မှတော့ ပညာတတ်တစ်ယောက်ကို ခေါ်တာ အကောင်းဆုံးပဲ”
“စာချုပ်”
“အင်း မနေ့ကအဖြစ်ကြောင့်သာမဟုတ်ရင် သမီးလည်း ကိုယ့်နယ်သားအချင်းချင်း ပါးစပ်စကားနဲ့တင် ပြောထားရင်ရမှာပဲလို့ တွေးနေဦးမှာ။ ဒါပေမယ့် အခုတော့ စာချုပ်ချုပ်ထားမှ တော်ကာကျမယ်လို့ ထင်တယ်။ အဲဒါမှ သူတို့လည်း စာချုပ်ရှိနေတော့ အသီးအနှံတွေကို တခြားလူ ရောင်းလို့မရမှာ”
ဒီလိုသာဆို ရလဒ်အနေနဲ့ အနီးအနားက ရှိသမျှလယ်ထွက်ပစ္စည်းအကုန် သူတို့လက်ထဲ ရောက်လာမှာပေါ့။ ဒီလိုသာဆို နောက်ပိုင်းကျ အသီးအနှံတွေကို သူတို့ကြိုက်တဲ့ဈေးခေါ်ပြီး ရောင်းလို့ရတော့မှာပေါ့။
ဒီအချက်ကို တွေးလိုက်မိတော့ ရွှီချင်းဟွိုင်က မနေ့ကဖြစ်ခဲ့တဲ့ဟာတွေကိုတောင် စိတ်ထဲမရှိတော့ဘူး။ သူ့ခေါင်းထဲ ဖောက်ထွင်းသိမြင်ပုံရတဲ့ ကျောက်အာက “ဦးလေး ၄ အများကြီးမတွေးနဲ့ဦး။ သမီးတို့မှာ လူအင်အားမရှိတော့ အလှမ်းမမှီသေးတဲ့နေရာတွေ ရှိနေဦးမှာပဲ။ ပြီးတော့ ရှားစီရင်စုကြီးတစ်ခုလုံး အနီးနားမှာ ရှိနေသေးတာကို မေ့သွားပြီလား။ တကယ်လို့ အသီးအရွက်ဈေးတွေသာ မတရားခေါင်ခိုက်လာရင် လူတွေကလည်း တခြားမြို့ကပဲ သွားဝယ်ကြတော့မှာပေါ့”
ဒီမှာ ဆန်ကုန်သည်နဲ့ အထည်ကုန်သည်တွေလို လှည့်လည်ရောင်းချတဲ့သူတွေ စီးပွားဖြစ်နေတယ်ဆိုတာ သူတို့ရောင်းတာတွေက ဈေးမှန်နေလို့ နောက်ပြီး ကျောက်အာလို အသီးအရွက်ကုန်သည်တွေ ဘာလို့မရှိတာလဲဆိုတော့ ကုန်စိမ်းတွေက အထားမခံဘဲ လမ်းခရီးရှည်ရင် နွမ်းသွားတတ်သေးတယ်။ မလတ်ဆတ်မှတော့ ဘယ်သူက ယူချင်တော့မှာလဲ။
41 04
“ဒါပေမယ့် ဦးလေး တွေးတာနည်းနည်းတော့ မှန်ပါတယ်။ သမီးတို့ဆီမှာ အလုပ်သမားသာ ပိုရှိလာတာနဲ့ မသွားရသေးတဲ့ရွာတွေဆီပါ သွားကြမယ် အရင်ဆုံး ဘယ်လောက်မှမဝေးတဲ့ အန်းယန်းမြို့ကို သွားတာ အကောင်းဆုံးပဲ။ ဒီအတိုင်းသာဆို နောက်ပိုင်းကျ သမီးတို့ရှားစီရင်စုကြီး တစ်ခုလုံးကိုတောင် မင်းမူလို့ရရင် ရသွားမှာဆိုတော့ ဦးလေးရဲ့အတွေးကလည်း ဖြစ်လာနိုင်ချေရှိတယ်”
ဒါပေမယ့် ဒါက လက်ရှိတော့ စိတ်ကူးယဥ်လို့ရတဲ့အနေအထားပဲ ရှိပါသေးတယ်။ လက်တွေ့ဖြစ်လာဖို့ဆို သွားရမယ့်လမ်းက အရှည်ကြီးရှိသေးတယ်။
“တခြားလူတွေက အထည်ကုန်သည် လက်ဖက်ခြောက်ကုန်သည်တွေပဲ လုပ်ကြမှာမို့ သမီးတို့ကတော့ ရှေ့လျှောက်လည်း ကုန်စိမ်းသည်ပဲ လုပ်ကြတာပေါ့”
ကျွေ့ရှန်းလုံကိုသွားတဲ့ခရီးကလည်း မှန်းထားတဲ့အတိုင်း အောင်မြင်ခဲ့ပြန်တယ်။ အဲဒီလိုနဲ့ သူတို့နှစ်ယောက်က ချင်းယွမ်ကျောင်းတော် ဂိတ်ဝအရှေ့ကိုသာ မောင်းလာခဲ့တော့တယ်။ နွေဦးမို့ လေရူးက ဘက်ပေါင်းစုံကနေ တိုက်ခတ်နေတဲ့အချိန် နေရောင်ခြည်ကလည်း ခပ်နွေးနွေး ဖြာကျနေတယ်။
ကျောက်အာက ကျောင်းရှေ့ရောက်တာနဲ့ လှည်းပေါ်ကဆင်းပြီး တံခါးသွားခေါက်တော့ ဘယ်လောက်မှ မစောင့်လိုက်ရဘဲ အသက်ကြီးကြီး ကျောင်းစောင့်တစ်ဦးက လာဖွင့်ပေးတယ်။
“ဘာကိစ္စရှိလို့လဲ”
“မင်္ဂလာပါဦးလေး ကျွန်မမောင်လေးက ဒီကျောင်းက ကျောင်းသားပါ။ အိမ်မှာအရေးကြီးကိစ္စရှိလို့ သူ့ကိုခဏလောက် ခေါ်တွေ့လို့ရမလား မသိဘူး”
ကျောင်းစောင့်ဦးလေးကြီးက ကျောက်အာ ခဏတိုင်းလိုလို ပစ္စည်းတွေလာပေးနေကျမို့လို့ သူမကို ရင်းနှီးနေပြီ။ သရုပ်ဆောင်ကောင်းတဲ့ ကျောက်အာက သောကဝေနေတဲ့မျက်နှာလေးပါ လုပ်ပြလိုက်တော့ တကယ်ယုံသွားပုံရှိတဲ့ ဦးလေးကြီးက ချက်ချင်းဆိုသလိုပဲ ရွှီထင်းရှန်းကို သွားခေါ်ပေးတယ်။
တစ်အောင့်နေတော့ သူမ မျှော်နေတဲ့လူငယ်လေးက လမ်းလျှောက်ထွက်လာပြီး ကျောက်အာကိုတွေ့တာနဲ့ မျက်ခုံးတွေစုကျုံ့ကာ ခြေလှမ်းကျဲကြီးတွေနဲ့ အနားအမြန်ရောက်ချလာတယ်။
“ဘာဖြစ်လို့လဲ”
ကျောက်အာက သူ့ကိုလက်ကနေ ဘေးကိုအမြန်ဆွဲခေါ်လိုက်ပြီး “အိမ်မှာဘာမှမဖြစ်ဘူး ဒီတိုင်း ထွက်လာလို့ရအောင် ဆင်ခြေပေးလိုက်တာ”
အဲဒီတော့မှ ရွှီထင်းရှန်းက စိတ်သက်သာရာရဟန် သက်ပြင်းတစ်ချက် ချလိုက်နိုင်ပြီး ခေါင်းမော့လာတာနဲ့ ကျောက်အာမျက်လုံးကို တည့်တည့်စိုက်ကြည့်ကာ အတည်ပေါက်ပဲ မေးလိုက်တယ်။
“ဒါဆို ငါ့ကိုလွမ်းလို့လား”
အယ် … ။။
ကျောက်အာက လန့်သွားတယ်။ ဒါပေမယ့်လည်း အဲဒါကိုများများစားစားတွေးမနေဘဲ လိုရင်းသာ တန်းသွားဖို့ ဆုံးဖြတ်လိုက်တယ်။
“တကယ်တော့ စာရေးပေးရမယ့်ဟာရှိတယ်။ အလျင်လိုနေလို့ ဒီကိုလာလိုက်တာ”
ရွှိထင်းရှန်းက သူ မျှော်လင့်ထားတဲ့အဖြေမဟုတ်လို့ စိတ်ပျက်သွားတာတော့ မဟုတ်ပေမယ့် နည်းနည်းတော့ တိတ်ဆိတ်သွားတယ်။ ကျောက်အာက တကယ် သူများမေတ္တာကို နားမလည်ဘူးပဲ။ ဒါပေမယ့်လည်း သူမ တကယ် အလေးအနက်ဖြစ်နေတာတွေ့တော့ ပြန်မေးတယ်။
“ဘာရေးပေးရမလဲ။ ပြောလိုက်လေ အတန်းပြီးရင် ရေးထားလိုက်မယ်”
ဒီတစ်ခေါက်ကျ ကျောက်အာက နည်းနည်း ရှက်သွားရပေမယ့် ရင်ခုန်တာမျိုးမဟုတ်ဘဲ အဲဒါထက် ရေးရမှာတွေများလွန်းလို့ အားနာပြီး မလုံမလဲဖြစ်သွားတာဖြစ်တယ်။ သူမက မနေ့ကကိစ္စတွေကို ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်တယ်။
ရွှီထင်းရှန်းက အစပိုင်းမျက်မှောင်ကြီးကြုတ်ပြီး နားထောင်နေရာက နောက်ဆုံးကျောက်အာက သက်သေနဲ့တကွ ပြီးပြည့်စုံစွာ ဖြေရှင်းလိုက်နိုင်တာ ကြားရတော့မှ တွန့်ချိုးနေတဲ့မျက်ခုံးတွေ ပြေလျော့သွားတယ်။
41 05
“ဆိုတော့ အဲဒါကြောင့် ဒီနေ့ နင့်ကို စာချုပ်တွေလာရေးခိုင်းတာ။ ပြီးရင် သူတို့အားလုံးကို သွားလက်မှတ်ထိုးခိုင်းလိုက်မယ်။ အဲဒါမှ နောင်မှာ ကတိဖျက်လို့မရအောင်လို့လေ”
“အင်း မင်းအကြံကောင်းတယ်။ မင်းစီးပွားအတွက်လည်း အဆင်ပြေတယ်။ ဒါမှ တစ်ယောက်ယောက်က မနာလိုပြီး လာလုတဲ့အခါကျ သက်သေအထောက်အထားနဲ့ ပြန်ချေပလို့ရမှာ”
ရွှီထင်းရှန်းက ပုံမှန်အတိုင်းပြောလိုက်ပေမယ့် ကျောက်အာကတော့ အံ့ဩသွားပြီး “ထင်းအာ ဒါတွေ ဘယ်လိုနားလည်တာလဲ”
ရွှီထင်းရှန်းက လည်ချောင်း အသာရှင်းလိုက်ပြီး စာပေပညာရှင်ကြီးလို ဟန်နဲ့ပန်နဲ့ ပြောလာတယ်။
“အဟမ်း စာဖတ်ခြင်းက လောကကြီးရဲ့အကြောင်းစုံကို သိရှိစေတယ်။ စိတ်အာရုံကလည်း ရေကန်လိုပဲ တည်ငြိမ်လေ ပိုကြည်လေပဲ။ ဒီအခါ အရာအားလုံးကို ဘယ်လိုဖြေရှင်းရမလဲ ရှင်းရှင်းလင်းလင်း သိသွားတာပေါ့”
“စာလေ့လာတာက တကယ်ကောင်းတာပဲ။ ငါတို့ထင်းအာလေး တစ်နေ့တခြား ပိုပိုပြီး ထွန်းပေါက်လာလိုက်တာ ဟင်း”
ကျောက်အာ ဒီလိုသက်ပြင်းချတိုင်း ရွှီထင်းရှန်းနားထဲမှာတော့ ‘ငါတို့အိမ်က ကလေး ကြီးပြင်းလာပြီပဲ’ဆိုတဲ့ အသံကို တစ်ပြိုင်တည်း သွားသွားကြားယောင်မိနေတယ်။ အတိတ်က သူက ဒါကိုမုန်းတာကြောင့် အမြဲတမ်း ရန်ရှာတတ်ပေမယ့် အခုတော့ မလုပ်ဖြစ်တော့ဘူး။
“ဒါဆို ဘယ်လိုစာချုပ်ရေးဖို့ တွေးထားလဲ။ ထားလိုက်ပါတော့ ငါ့ဘာသာ ကြည့်လုပ်လိုက်တော့မယ်။ ဒါပေမယ့် ဘယ်နှစောင်လောက် လိုချင်တာလဲ။ အရမ်းများရင် စာရွက်မလောက်မှာ စိုးရတယ်”
“အဲဒါအတွက်တော့ မပူပါနဲ့။ လမ်းမှာဦးလေးချန်းဆီဝင်ပြီး လိုအပ်တာတွေ ဝယ်လာပေးတယ်”
သူမက လှည်းပေါ်က စာရေးပစ္စည်းအထုပ်ကို သွားယူတော့ ရွှီထင်းရှန်းကလည်း နောက်ကလိုက်သွားပြီး သူ့ဦးလေးကိုတွေ့တော့ နှုတ်ဆက်လိုက်တယ်။
“အရွက်တစ်ရာထဲလား။ လိုလိုပိုပို ရေးထားလိုက်တာ ကောင်းမယ် ထင်တယ်”
ကျောက်အာက အစကတည်းက သူ့ကောင်လေး မအားလပ်မှာဆိုတဲ့ စိုးရိမ်စိတ်ကြီးပိုက်ပြီး လာခဲ့ရတာ။ အခုတော့ သူမ ထင်ထားသလို ဥပေက္ခာအပြုမခံရတဲ့အပြင် စေတနာတွေပါ ကောင်းနေတာ မြင်ရတော့ အတော်လေး ရင်ထဲထိသွားတယ်။
“ဒါပေမယ့် တစ်ယောက်တည်း ဒီလောက်အများကြီး ဘယ်လိုရေးနိုင်မှာလဲ။ ဆယ်ရွက်လောက်ရေးပြီး နားရင်ရော။ ကျွန်မက အရမ်းအလျင်လိုနေတာတော့ မဟုတ်ပါဘူး”
“ကိစ္စမရှိဘူး လုပ်စရာရှိရင် အရင်သွားလုပ်လေ။ နေ့လယ်ကျမှ ပြန်လာခဲ့ပေါ့။ အဲဒီအခါ အပြီးရေးထားလိုက်မယ်”
အဲဒီလိုနဲ့ ဒီကိစ္စက ဖြေရှင်းပြီးသားဖြစ်သွားပြီး ရွှီထင်းရှန်းက အထဲဝင်သွားသလို ကျောက်အာတို့ကတော့ အဲဒီနေရာမှာပဲ ကျန်းဝူလာတဲ့အထိ စောင့်နေလိုက်တယ်။ နောက်နာရီဝက်လောက်နေတော့ ကျန်းဝူရောက်လာပြီး လှည်းပေါ်က အသီးအရွက်တွေတော့ မတွေ့ရတော့ဘူး။
ကြည့်ရတာ အကုန်ရောင်းထွက်သွားတဲ့ပုံပါပဲ။ ဒါပေမယ့် သူကြွယ်တွေက အရမ်းဇီဇာကြောင်တော့ နည်းနည်းအချိန်ကြာသွားတာဖြစ်ရမယ်။ ဘာပဲဖြစ်ဖြစ် မနက်ဖြန်အတွက် အမှာစာတွေ ရခဲ့တယ်ဆိုကတည်းက ကောင်းမွန်တဲ့အစပါပဲ။
တစ်ချိန်တည်းမှာပဲ ကျောင်းတော်ထဲမှာလည်း အတန်းတွေ လွှတ်ချိန်ဖြစ်တယ်။ ရွှီထင်းရှန်းက အခုနက ရေးကြီးသုတ်ပြာနဲ့ အပြင်ထွက်သွားတာကြောင့် မောက်ပါ့သိုက သူ့အိမ်မှာ တစ်ခုခုဖြစ်လား မေးချင်ခဲ့ပေမယ့် အတန်းဝင်နေရလို့ မမေးခဲ့ရဘူး။
အခုတော့ သူတို့က ရွှီထင်းရှန်းကို အတန်းရှေ့မှာ စောင့်နေကြပေမယ့် တကယ်တမ်း ရောက်လာတော့လည်း မေးချိန်တောင် မရလိုက်ခင်မှာပဲ တစ်ဖက်လူက သူတို့ကို ဆွဲခေါ်သွားတယ်။
“ဘာမှမပြောနဲ့ဦး။ အရင် ငါ့ကိုတစ်ခုကူညီပေး… ဒါတွေကို အစောင်ရေတချို့လောက် ကူရေးပေးပါလား”
………….
******
42 01
အခန်း 42
ရွှီထင်းရှန်းက သူတစ်ယောက်တည်း ရေးပေးနိုင်တယ်လို့ ဟစ်ကြွေးခဲ့ပေမဲ့ တကယ်တမ်းကျ အရွက်တစ်ရာဆိုတာ နည်းတဲ့ပမာဏ မဟုတ်ပေဘူး။ ချန်ကျန်းရော လီသာ့ထျန်ရော ကူးရေးတဲ့အပေါ် ခေါင်းနှစ် အာရုံစိုက်နေကြတဲ့အချိန် မောက်ပါ့သိုတစ်ယောက်ထဲသာ စုတ်တသပ်သပ်နဲ့ တဗျစ်တောက်တောက် ပြောဆိုနေတယ်။
“ငါ တကယ်မသိခဲ့ဘူး။ ထင်းရှန်းကလည်း မကောင်းတဲ့ကောင်ပဲကိုး စာချုပ်ချုပ်တာ တခြားလူ လိုက်နာရမဲ့ဟာတွေပဲ ရေးထားတယ်။ လုပ်ငန်းက ဘယ်လိုဆိုတာတောင် မရှင်းပြထားဘူး”
ရွှီထင်းရှန်းကတော့ အသံထွက်လာတဲ့သူ့ကို မော်ကြည့်လာပြီး အထုပ်ထဲက စာရွက်တချို့ထပ်ထုတ်ကာ ထိုးပေးလိုက်တယ်။
“မင်းက ဒါတွေပြောဖို့တောင် အချိန်ရမှတော့ ရော့ ဒါလေးနည်းနည်း ထပ်ကူးလိုက်”
“နည်းနည်း။ ဒါက နည်းနည်းလား။ မင်းက လက်စားချေနေတာပဲကွ”
မောက်ပါ့သိုက ပါးစပ်ကသာ မကျေမချမ်း အော်ဟစ်နေတာ လက်ကတော့ ပိုအရှိန်မြန်လာတယ်။ အစကတော့ ကျောက်အာက စာချုပ်အစောင်တစ်ရာ ရေးဖို့ဆိုတာ အရမ်းကြာမယ်လို့ ထင်ထားတာ။ ဒါပေမဲ့ ရွှီထင်းရှန်း စာရွက်တစ်ထပ်နဲ့ ထွက်လာဖို့ ဘယ်လောက်မှ မစောင့်လိုက်ရဘူး။
“တစ်ဖက်လူနာမည်တွေတော့ မရေးထားဘူး။ စာချုပ်မှာ နာမည်ရေး လက်မှတ်ထိုးမှ အကျုံးဝင်မှာ”
သူက စရေးကတည်းက ဒါကိုသတိထားမိခဲ့တာမို့ နာမည်ဖြည့်ရမဲ့နေရာမှာတော့ ကွက်လပ်ထားပေးလိုက်တယ်။
“ဒါပေမဲ့ လက်ရှိ ဘယ်သူမှ စာမရေးတတ်တော့ ငါ ညကျထွက်လာပြီး အဖော်လိုက်ပေးရင်ရော”
“အဲဒါကတော့ …” ကျောက်အာက မတင်မကျဖြစ်သွားတယ်။ “ဒီတိုင်း နာမည်တွေကို ကြိုဖြည့်ထားလို့မရဘူးလား။ သွားရမဲ့အိမ်က များတော့ နင်လိုက်လာရင် တစ်ညထဲနဲ့ ပြီးမှာမဟုတ်ဘူး။ ပြီးတော့ ညဘက်က အလုပ်လုပ်ဖို့ ကောင်းတဲ့အချိန်မဟုတ်ဘူးလေ”
“ဒါဆို အားလုံးနာမည် မှတ်မိလား”
ကျောက်အာက ခေါင်းညိတ်ပြပြီး သူမရင်ဘတ်အိတ်ကပ်ထဲက စာအုပ်ကလေး ထုတ်လိုက်တယ်။
“အကြမ်းဖျင်းပဲ မှတ်မိတာ။ ဒါပေမဲ့ စာရင်းတော့ မှတ်ထားတယ်”
ရွှီထင်းရှန်းရဲ့သိချင်စိတ်တွေက တိုးမြင့်သွားတယ်။ သူမက စာမရေးတတ်ပေမဲ့ စာရင်းတော့ မှတ်တတ်တယ်လား။ သူက စပ်စုချင်ဇောနဲ့ စာအုပ်လေးကို ဖြတ်ခနဲယူသွားလိုက်တာ ကျောက်အာတောင် တားချိန်မရလိုက်ဘူး။
ဒါဟာ သူမ ပထမဆုံးအကြိမ်အဖြစ် ရွှီထင်းရှန်းအရှေ့မှာ ပျာယာခတ်သွားတာပဲ။ ကျောက်အာက ထိတ်လန့်တကြားနဲ့ စာအုပ်ကို ပြန်လုဖို့လုပ်ပေမဲ့ တစ်ဖက်လူက လျင်သွားတာ နှမြောစရာပဲ။ ရွှီထင်းရှန်းက အမြန်ကျောပေးလိုက်ပြီး စာအုပ်ကို ဖွင့်ကြည့်လိုက်တယ်။
“ဟာ နင် ပြန်ပေး”
ကျောက်အာက သူ့နောက်ကျောကို သူမတစ်ကိုယ်လုံးနဲ့ ဖိကပ်ပြီး လိုက်လုပေမဲ့ အရမ်းနောက်ကျသွားခဲ့ပြီ။ ရွှီထင်းရှန်းက စာရွက်ပေါ်မှာ အဓိပ္ပာယ်ဖော်မရအောင် ရေးခြစ်ထားတဲ့ သင်္ကေတလေးတွေကို ကြည့်ရင်း အပြုံးတစ်ခု ဖြစ်ပေါ်လာတယ်။
သင်္ကေတလေးတွေထဲ စက်ဝိုင်းနဲ့ အစက်ကလေးတွေပါသလို မြက်နဲ့တူတဲ့ အမှတ်အသားတွေအပြင် အချောင်းလေးသုံးချောင်းလည်း ပါသေးတယ်။ ဒါက မြစ်တို့ စမ်းချောင်းတို့ကို ဆိုလိုတာလား။ နောက်တစ်မျက်နှာ လှန်ကြည့်လိုက်တော့လည်း နောက်ထပ် တောင်ကုန်းပုံ အကွေးလေးတွေ မြင်းပုံစံတွေပါ ထပ်တွေ့လိုက်ရပြန်တယ်။
အားလုံးက မီးသွေးခဲနဲ့ရေးထားတာဖြစ်ပြီး အလွန်ရိုးရှင်းပေမဲ့ ဆွဲထားတဲ့အထဲမှာ တူညီတဲ့သဏ္ဍာန်အချို့ ပါဝင်နေတာ သေချာကြည့်ရင် သိတယ်။ အဲဒါကြောင့် မသိတဲ့သူဆို ရှေးဟောင်းဘာသာစကား တစ်ခုခုလို့တောင် ထင်သွားလိမ့်မယ်။
42 02
ကျောက်အာက လက်အရှည်ကြီး ဆန့်တန်းထားလျက်နဲ့ပဲ “ပြန်ပေးပါဆို အဲဒါ ငါ့ဘာသာ မှတ်ထားတာတွေ နင် မဖတ်တတ်ပါဘူး။ ငါတစ်ယောက်ပဲ သိတယ်”
နေရောင်အောက်မှာ ကောင်လေးကျောပေါ်ကနေ အသည်းအသန်လှမ်းဆွဲနေတဲ့ မိန်းကလေးပုံစံက ရယ်စရာဖြစ်နေပေမဲ့ ဒီမြင်ကွင်းကနေ သူတို့နှစ်ယောက်ရဲ့ ရင်းနှီးမှုကို တွေ့ရတာကြောင့် ကလူကျီစယ်နေတာလို့တောင် ထင်နိုင်တယ်။
အပြင်လူတွေ အမြင်မှာတော့ ဒါက ဘာမှမထူးဆန်းပါဘူး။ ဘယ်လိုမဆို ဆယ်ကျော်သက်လေးတွေ ပျော်ပါးနေတာပဲပေါ့။ ဒါပေမဲ့ ကျန်းဝူမျက်လုံးထဲမှာတော့ ဒီမြင်ကွင်းတစ်ခုလုံးက အတော်လေး ဒေါသထွက်စရာဖြစ်နေတယ်။
နောက်ဆုံးတော့ သူမနေနိုင်ဘဲ အော်ခေါ်လိုက်တော့တယ်။
“ကျောက်အာ”
“ဟမ် အစ်ကိုကျန်းဝူ ဘာဖြစ်လို့လဲ”
ကျောက်အာကတော့ ဘာကိုမှသတိမမူမိဘဲ သူ့ကို နောက်လှည့်ကြည့်လာတယ်။ ကျန်းဝူရဲ့မျက်နှာက အနည်းငယ် မာတင်းနေပြီး “ဒီကိုမြန်မြန်လာခဲ့ အလုပ်ကိစ္စအကြောင်း ပြောစရာတွေရှိသေးတယ်။ ထင်းရှန်းလည်း ကျောင်းထဲ ပြန်ဝင်ရဦးမှာပေါ့”
ဒီတော့မှ ကျောက်အာက ပူးကပ်နေတဲ့သူမတို့နှစ်ယောက်က မြင်မကောင်းဖြစ်နေတာ ရိပ်မိသွားပြီး အလျင်စလို ပြန်ခွာလိုက်တယ်။
“စာအုပ်ပြန်ပေးပါဆို။ အဲဒါမှ မြန်မြန်ကိစ္စဖြတ်နိုင်မှာ”
“ဒါဆို ဒါကဘာလဲ အရင်ပြောပြ”
ရွှီထင်းရှန်းက မြင်းခေါင်း စက်ဝိုင်းအကြီးကြီးနဲ့ တောင်ကုန်းလေးပုံစံ ရေးခြယ်ထားတဲ့ ပုံသုံးခုကို ညွှန်ပြကာ မေးလိုက်ပေမဲ့ သူ့အကြည့်တွေကတော့ ကျန်းဝူဆီမှာပဲ ရှိနေတယ်။ ကျောက်အာက ချက်ချင်းမဖြေဘဲ သူ နောက်တစ်ခါ ထပ်မေးတော့မှ အင်တင်တင်နဲ့ ဖြေလာတယ်။
“အဲဒါ မာသာ့ရှန် နာမည်ကို ပြောတာ”
“ဒါဆို အနောက်က စက်ဝိုင်းပုံကရော”
ကျောက်အာက မနိုင်တဲ့အဆုံး မျက်နှာကို လက်နဲ့ပွတ်ချကာ အကုန်လုံး ပြောပြရတော့တယ်။
“အဝိုင်းတစ်ခုဆို ၁၀ *ကျင်း ၁၀ ယူနစ်လို့ပြောတာ။ အစက်ကလေးတစ်စက်ဆို ၁ ကျင်းပဲ”
(*ရှေးတရုတ် အချိန်အတွယ်တစ်ခု ဖြစ်ပုံရပါတယ်။)
“ဆိုတော့ မင်းက မာသာ့ရှန်ဆီက ကုန်စိမ်း ၁၃ကီလို ယူထားတယ်လို့ ပြောတာလား”
ကျောက်အာက စိတ်မရှည်တော့ဘဲ စာအုပ်လေးကိုဆွဲလုကာ ဆောင့်ကြီးအောင့်ကြီး အမှားပြင်ပေးလာတယ်။
“ကုန်စိမ်း မဟုတ်ဘူး။ အဲဒါကြက်ဥ ၁၃လုံး… ကဲပါ ဒီအကြောင်းက ထားလိုက်ပါတော့ ငါ နာမည်ပြောရင် နင်က ဖြည့်ပေး”
ရွှီထင်းရှန်းကလည်း သူမကို တကယ်စိတ်တိုအောင် မလုပ်ချင်ပါဘူး။ အဲဒီလိုနဲ့ ကျောင်းဆောင်ပြန်ပြီး လိုအပ်တဲ့မှင်နဲ့စုတ်တံ ယူလာပြီးတဲ့နောက် ပြောတဲ့အတိုင်း နာမည်တွေ လိုက်ဖြည့်ပေးလိုက်တယ်။ ကျောက်အာရဲ့စာရင်းမှတ်ပုံကို ကြည့်ပြီး သရဲပန်းချီနဲ့တူလိုက်တာလို့ ကဲ့ရဲ့ချင်မနေနဲ့။
တကယ်တမ်း မှတ်ထားတဲ့ပုံစံနဲ့ နာမည်အဓိပ္ပာယ်တွေက ကွက်တိကျလွန်းလို့ ရွှီချင်းဟွိုင်တောင် သူမရဲ့ဖြတ်ထိုးဉာဏ်ကို ချီးကျူးနေတာ။ အဲဒါကြောင့် စာတတ်တဲ့သူရဲ့အမြင်နဲ့ စာမတတ်တဲ့သူရဲ့အမြင်က ကွာနေတာ မဆန်းတော့ဘူး။
ဒီလိုချီးမွမ်းနေတာမြင်တော့ ရွှီထင်းရှန်းခမျာ ဘာပြောရမှန်းတောင် မသိတော့ဘူး။ အားလုံး ရေးပေးပြီးတာနဲ့ သူက ကျောက်အာကို ဘေးနားဆွဲခေါ်လိုက်တယ်။
“ကျောက်အာ ငါ ဒီတစ်ခေါက် အိမ်ပြန်လာတဲ့အခါကျ မင်းကို စာသင်ပေးမယ်”
“စာသင်ပေးမယ်”
42 03
ကျောက်အာရဲ့မျက်လုံးထဲမှာ အံ့အားသင့်မှုတချို့ အရင်ဝင်ရောက်လာပြီးမှ စိုးရွံ့မှုတွေက ပြန်ကြီးစိုးသွားတယ်။
“ဖြစ်နိုင်ပါ့မလား။ ငါတော့ စာတတ်တဲ့မိန်းကလေးတွေ တစ်ယောက်မှ မမြင်ဖူးပါဘူး။ ကြည့်ရတာ အိမ်တော်ကြီးက သခင်မလေးတွေပဲ ရှိမယ်ထင်တယ်”
ကျောက်အာက သာမန်စီးပွားရေးမှာတောင် စာမဖတ်တတ်တာ နည်းနည်းဆိုးတယ်လို့ ထင်ပေမဲ့ ဘယ်တုန်းကမှ သင်ယူဖို့တော့ မတွေးဖူးဘူး။
“ဘာလို့မဖြစ်နိုင်ရမှာလဲ။ ငါက ဖြစ်တယ်ဆို ဖြစ်တယ်ပဲ”
ရွှီထင်းရှန်း ကျောင်းဝန်းထဲ ပြန်ဝင်သွားတာတွေ့မှ ကျောက်အာက နောက်လှည့်ပြီး စောင့်နေတဲ့လူနှစ်ယောက်ဆီ ပြန်လျှောက်လာတယ်။ သူမ အနားရောက်တာနဲ့ ကျန်းဝူက တန်းမေးတော့တယ်။
“ကျောက်အာ ထင်းရှန်း အခုနက ဘာပြောသွားတာလဲ”
“အစ်ကိုက ဘာလို့ အဲဒါကိုသိချင်နေတာလဲ”
ကျောက်အာက သူ့ကိုမယုံသင်္ကာကြည့်လာတယ်။
“ဒီတိုင်းသိချင်လို့ စပ်စုကြည့်တာ”
“ဘာမှမဟုတ်ပါဘူး။ ထင်းအာက နောက်တစ်ခေါက် သူပြန်လာရင် ကျွန်မကိုပါ ရေးတတ်ဖတ်တတ်အောင် သင်ပေးမယ်တဲ့”
ကျောက်အာမျက်နှာပေါ်က အပြုံးရေးရေးကိုတွေ့တော့ ကျန်းဝူက အနည်းငယ် မသက်မသာခံစားလိုက်ရတယ်။
ငါ ဘာလို့စာမသင်ခဲ့ရတာလဲ။ သူသာ စာတတ်ရင် ကျောက်အာကိုသင်ပေးတဲ့သူကလည်း သူဖြစ်နေမှာမလား။
ဘာမှထပ်မပြောတော့ဘဲ သုံးယောက်သားက ကြုံရာလမ်းဘေးဆိုင်လေးမှာပဲ နေ့လယ်စာဝင်စားပြီး စာချုပ်မှာ လက်မှတ်လိုက်ထိုးခိုင်းဖို့ လူခွဲလိုက်ကြတယ်။ ကျန်းဝူက တစ်ယောက်တည်းဖြစ်ပြီး ကျောက်အာနဲ့ ရွှီချင်းဟွိုင်တို့ကတော့ တစ်တွဲ သွားလိုက်ကြတယ်။
အစက ကျန်းဝူက ကျောက်အာနဲ့သွားချင်ခဲ့ပေမဲ့ ရွှီချင်းဟွိုင်က ဒီလုပ်ငန်းနဲ့ပတ်သက်ပြီး သိပ်မကျွမ်းကျင်သေးတာကြောင့် တစ်ယောက်တည်း လွှတ်လိုက်လို့မရဘူး။ အခုတော့ ကျန်းဝူတစ်ယောက် ရွှီချင်းဟွိုင် မြန်မြန်တတ်သွားဖို့ပဲ ဆုတောင်းနေရတော့တယ်။ ဒါမှ သူ ကျောက်အာနဲ့အရင်လို နှစ်ယောက်တည်း အတူရှိနိုင်မှာ။
ကျောက်အာနဲ့ရွှီချင်းဟွိုင်တို့က မှောင်စပြုတော့မှ ပြန်ရောက်လာကြပြီး မျက်နှာကို ကြည့်တာနဲ့တင် အရမ်းပင်ပန်းနေတယ်ဆိုတာ သိသာတယ်။ ရွှီချင်းဟွိုင်က မြင်းကိုလှည်းကဖြုတ်ပြီး ဇောင်းထဲထည့်ကာ အစာခွက်ထဲမှာလည်း ရေနဲ့မြက်ခြောက် ဖြည့်ပေးလိုက်ပြီးတဲ့နောက် တစ်ကိုယ်လုံး ဖြီးသင်ပေးလို့ပြီးမှ သူ့အခန်းထဲဝင်သွားတယ်။
အဒေါ်စွန်းကလည်း ချက်ပြုတ်ပြီးစီးသွားပြီမို့ နှစ်ယောက်လုံးကို ထမင်းလာစားဖို့ ခေါ်လိုက်တယ်။ ဒီနေ့လည်း အဒေါ်စွန်းက သူတို့နဲ့ကျောက်အာတို့အတွက်ပဲ သီးသန့်ချက်ထားတာ။ အမှန်အတိုင်းပြောရရင် စတုတ္ထမိသားစုခွဲက ဟိုကိစ္စ ဖြစ်ပြီးကတည်းက အိမ်မကြီးမှာ အတူသွားမစားဘဲ ကိုယ့်ဘာသာ ချက်စားနေတာ တစ်ရက်နှစ်ရက်လောက်ရှိပြီ။
ဒါပေမဲ့ အဒေါ်စွန်းက သူတို့ဆန်ကို မယူဘဲ ကိုယ့်ဝေစုနဲ့ကိုယ် ချက်တာကြောင့်သာ ဘာအသံမှ ထွက်မလာကြတာ။ အခုတော့ အဒေါ်စွန်းက ကျောက်အာအပေါ် အရင်ကလိုမဟုတ်တော့ဘဲ အတော်လေး စေတနာကောင်းနေတယ်။
အဲဒါကလည်း ရွှီချင်းဟွိုင်တစ်ယောက် ပြန်လာပြီးတော့ သူ့မိန်းမကို ဒီစီးပွားကဘယ်လောက် အကျိုးအမြတ်ရှိသလဲ ပြောပြလိုက်တာလည်း ပါမယ်ထင်ပါတယ်။ လောလောဆယ် ဒီလုပ်ငန်းကိုဦးဆောင်နေတဲ့ အကြီးဆုံးသူဌေးက ကျောက်အာဆိုမှတော့ သူမက ဒီနတ်ဘုရားလေးကို ပစ်ပယ်ထားလို့ဘယ်ရမလဲ။
အဒေါ်စွန်းက ဒီတလောအတွင်း ကျောက်အာကိုပါ သူတို့ဆီမှာ ထမင်းလာစားဖို့ခေါ်နေတာ ခဏခဏပဲ။ လူကြီးတစ်ယောက်က အရင်ဖိတ်ခေါ်နေတာကြောင့် သူမလည်း ငြင်းလို့မရတော့ဘူး။ တကယ်တော့ ကျောက်အာကိုယ်တိုင်လည်း အိမ်မကြီးမှာ သွားသွားပြီး မိသားစုအားလုံး ထမင်းလက်ဆုံစားရတာကို သိပ်ကြိုက်နေတာ မဟုတ်ဘူး။
42 04
ဘာကြောင့်ရယ်မသိပေမဲ့ အရိပ်အခြည်ကြည့်နေရတဲ့ လေထုကြီးမှာ ကိုယ့်ထမင်းကိုယ် ဖြောင့်အောင်တောင် မစားရဘူး။ တစ်ခါတလေ သူမ အဘိုးရွှီကို နားမလည်ဘူး။ သားလေးယောက်စလုံးက အမွေတောင် ခွဲလိုက်ပြီပဲဟာ။
အတူစုစားနေတော့ရော ပြန်ပေါင်းထုပ်သွားကြမှာမို့လို့လား။ ဒါက ပြဿနာကို လက်ယပ်ခေါ်နေသလိုတောင် ဖြစ်မနေဘူးလား။
ဒါပေမဲ့လည်း သူမက အငယ်ဖြစ်တာကြောင့် စိတ်ထဲကစကားတွေကို ထုတ်ပြောလို့မရတာ ရှင်းပါတယ်။ အဲဒီလိုနဲ့ ကျောက်အာက စတုတ္ထမိသားစုရဲ့ ဖိတ်ခေါ်မှုကိုလက်ခံပြီး အနာဂတ်မှာလည်း ကိုယ့်ဘာသာ ခွဲစားကြတာမျိုး အစပြုလာဖို့ မျှော်လင့်နေတော့တယ်။
“စွေ့အယ် ပြန်လာပြီ”
ရွှီချင်းဟွိုင် စားပွဲဝိုင်းမှာထိုင်လိုက်တာနဲ့ ပြောလာတဲ့ အဒေါ်စွန်းရဲ့စကားကြောင့် ကျောက်အာရော သူရော လန့်သွားတယ်။ ရွှီစွေ့အယ်က အဘိုးရွှီတို့ရဲ့အငယ်ဆုံး သမီးလေးဖြစ်ပြီး ဒီနှစ်မှ အသက်၁၆နှစ်ပဲရှိသေးတာမို့ လက်ထပ်ဖို့ စောင့်နေဆဲအပျိုလေးဖြစ်တယ်။
မကြာသေးခင်ကပဲ ရွှီစွေ့အယ်က အဘွားကျောက်ရဲ့အမေအိမ်ကို သွားချင်တယ်ဆိုပြီး နားပူနားဆာလုပ်နေလို့ နဂိုကတည်းကမှ အိမ်တွင်းပြဿနာတွေနဲ့ စိတ်ရှုပ်နေတဲ့ အဘွားကျောက်က စိတ်တိုတိုနဲ့ နှင်လွှတ်လိုက်လို့ ရွှီချင်းဟွိုင်တောင် လိုက်ပို့ရသေးတယ်။
သူမက အဲဒီမှာ တစ်လကျော်ကျော်နေပြီး ဒီနေ့မှ အိမ်ပြန်ရောက်လာခဲ့တာ။
“ပြန်လာတယ်ဆိုတော့လည်း ပြန်လာတယ်ပေါ့” ရွှီချင်းဟွိုင်က မျက်မှောင်ကျုံ့ရင်း “ဒီကောင်မလေးက ရင့်သာမရင့်ကျက်သေးတာ ပြန်လာရကောင်းမှန်းတော့ သိသားပဲ”
ဒီစကားကို ရှင်းရှင်းလင်းလင်း သိဖို့ဆို နောက်ထပ်ကိစ္စတစ်ခုအကြောင်း ပြောမှရမယ်။ အဘွားကျောက်တို့မိသားစုက ကျောက်ကျားရွာအနီးမှာ နေထိုင်ကြပြီး ယွီချင်းရွာကနေသွားမယ်ဆို နှစ်နာရီလောက်ကြာတယ်။
အဘွားကျောက်ရဲ့အဖေက ဆုံးပါးသွားပေမဲ့ အမေကတော့ ရှိသေးတယ်။ ကျောက်မိသားစုမှာ သားသုံးယောက်ရှိပြီး အခုတော့ အဲဒီသားသုံးယောက်စလုံးလည်း ကွယ်လွန်သွားခဲ့ပြီဖြစ်တယ်။ အဘွားကျောက်ရဲ့အမေက လက်ရှိသူ့အကြီးဆုံးသားနဲ့ လိုက်နေနေတာမို့ ရွှီစွေ့အယ်သွားတဲ့အိမ်က အဘွားအိမ်မဟုတ်ဘဲ သူ့ဦးလေးအိမ်ဖြစ်နေတာ။
သူမရဲ့အကြီးဆုံး ဦးလေး ကျောက်မှာ သားသုံးယောက်ထပ်ရှိတယ်။ အကြီးနဲ့အလတ်က အိမ်ထောင်ကျတာကြာပြီမို့ မျိုးဆက်တွေအများကြီးရှိနေတဲ့ သူတို့ကို အထူးတလည် ထည့်မပြောနေတော့ဘူး။
ဒါပေမဲ့ သားငယ် ကျောက်ကျင်ရွေ့အကြောင်းတော့ ပြောမှဖြစ်မယ်။ ဦးလေးကျောက်ရဲ့ ဒုတိယမိန်းမကမွေးတဲ့ သားငယ် ကျောက်ကျင်ရွေ့ကို သူတို့ရွာမှာ ယောက်အာလို့ သိကြတယ်။ ဦးလေးကျောက်က သက်လတ်ပိုင်းမှာပဲ မုဆိုးဖိုဖြစ်သွားလို့ အောင်သွယ်တော်အကူအညီနဲ့ နောက်ထပ်မိန်းမတစ်ယောက် လက်ရှိယောက်အာအမေဒေါ်ကြီးဟုန်နဲ့ အိမ်ထောင်ထပ်ပြုခဲ့တယ်။
ဒေါ်ကြီးဟုန်က ဒေါ်ကြီးလို့သာခေါ်ရတာ သူ့ယောက်ျားထက် အသက် ၂၀လောက်ငယ်ပြီး ဦးလေးကျောက်က ငါးဆယ်ထဲဝင်နေတဲ့အချိန် သူမကတော့ အသက် ၃၀သာရှိသေးတယ်။ သူတို့သား ကျောက်ကျင်ရွေ့ကတော့ ဒီနှစ်မှ ၁၇နှစ်ပြည့်မှာဖြစ်တယ်။ ဒီတော့ ဝါစဥ်အရဆို ကျောက်ကျင်ရွေ့က ရွှီစွေ့အယ်ရဲ့ အစ်ကိုဝမ်းကွဲပဲ။
ရှေးယခင်ကတည်းက အစ်ကိုတွေက ညီမငယ်တွေကို ချစ်မြတ်နိုးပြီး ညီမလေးတွေကလည်း အစ်ကိုကြီးတွေကို အားကိုးချစ်ခင်ကြတာ ထုံးစံပဲ။ ကျောင်ကျင်ရွေ့က ဘယ်လိုတွေးလဲတော့မသိပေမဲ့ ရွှီစွေ့အယ်ကတော့ သူ့ကို အတော်လေး နွေးထွေးပြီး ခင်တွယ်ရှာတယ်။
ဒါကြောင့်လည်း ဘယ်တော့မဆို အကြောင်းအမျိုးမျိုးပြပြီး သူ့ဦးလေးအိမ်သွားဖို့ တာဆူနေသလို အခုလည်း တစ်လကျော်လောက် သွားနေခဲ့တာပေါ့။ သို့ပေမဲ့ ကံကောင်းချင်တော့ ဒါကိုသိတဲ့လူကြီးတွေက သူတို့နှစ်ယောက်ကို မနှစ်ကပဲ စေ့စပ်ကြောင်းလမ်း ပေးခဲ့တယ်။
အဲဒီလိုဆိုတိုင်းလည်း တရားဝင် လက်မထပ်ရသေးတဲ့ ဘယ်မိန်းမပျိုလေးမှ ယောက်ျားလေးအိမ်ကို တစ်လကိုးသီတင်းလောက် သွားမနေပါဘူး။ အဲဒါထက် နှစ်ယောက်က နှစ်ကုန်ရင်ပဲ လက်ထပ်တော့မှာ နည်းနည်းလောက်စောင့်တော့ ဘာဖြစ်မှာမို့လို့လဲ။ ပတ်ဝန်းကျင်အမြင်ကိုလည်း ထည့်တွက်ရဦးမယ်လေ။
42 05
ဒီစကားတွေက ရွှီချင်းဟွိုင် သူ့ညီမကိုလိုက်ပို့တုန်းက လမ်းမှာပြောခဲ့တာတွေပါပဲ။ ဒါပေမဲ့ အမေဖြစ်သူတစ်ယောက်လုံး နောက်ခံရှိနေတဲ့ ညီမဆိုးလေးကတော့ နားမဝင်တာကြောင့် သူလည်း လက်လျှော့ပြီး လွှတ်ပေးလိုက်ရတော့တာ။
သူတို့ ဒီအကြောင်းပြောနေတဲ့အချိန်မှာပဲ ခြံထဲကနေ လှမ်းခေါ်လာတဲ့ ရွှီစွေ့အယ်ရဲ့အသံစူးစူးကို ကြားလိုက်ရတယ်။ မကြာပါဘူး စိတ်လက်တစ်ဆစ်နဲ့ သူမက အိမ်ထဲဇိုးဇိုးဇက်ဇက် ဝင်လာပြီး ကျောက်အာကို တစ်ချက်ကြည့်ပြီးမှ သူ့အစ်ကိုဘက် လှည့်ကာ
“ကိုကြီး ၄ သမီးပြန်လာတာကို လာတောင်မတွေ့ဘူး။ အဖေက ယောင်းမ ၄တို့ကို အိမ်မကြီးထဲမှာ စုစားဖို့ခေါ်လိုက်တယ်။ သူ့ကိုရောပဲ”
အဲဒီ‘သူ’ဆိုတာက ကျောက်အာကို ရည်ရွယ်တာပဲပေါ့။ ရွှီစွေ့အယ်က ကြီးမားတဲ့ မျက်ဆန် သွယ်လျတဲ့မျက်နှာနဲ့မွေးဖွားလာတာဖြစ်ပြီး ခါးပိုသေးတယ်ထင်ရအောင် ခါးပတ်ကို ကျပ်တဲ့အထိ စည်းထားရင်း ကြက်ပေါက်ရောင် အပေါ်ထပ်ကုတ်နဲ့ စကပ်နီရဲရဲတွဲဝတ်ထားတဲ့ သူမက ဝတ်တတ်စားတတ်တယ်။
ငယ်ငယ်ကတည်းက ရွှီစွေ့အယ်က ရွာမှာအလှဆုံးဖြစ်ပြီး ကြီးလာတဲ့အထိ ဒီဂုဏ်ပုဒ်ကို ထိန်းထားနိုင်ဆဲပဲ။ ဒါပေမဲ့ ကျောက်အာရောက်လာတဲ့အချိန်ကျမှ သူမနေရာက ခြိမ်းခြောက်ခံလိုက်ရတာ။
သူမက ကျောက်အာထက် အသားပိုဖြူပြီး မျက်နှာပေါက်လည်းပိုသွယ် မျက်လုံးမျက်ဖန်လည်း ပိုဝိုင်းတာမှန်ပေမဲ့ တစ်ယောက်တည်းနေရင် လှသလိုထင်ရပြီး ကျောက်အာနဲ့ယှဥ်လိုက်တဲ့အခါကျ သူ့လောက် မလှဘူးလို့ ခံစားရတယ်။
ရွှီစွေ့အယ်က သူမကိုယ်သူမ မိဘမဲ့ကျောက်အာထက် မနိမ့်ဘူးလို့ထင်ပေမဲ့ အပြင်လူအားလုံးကတော့ ကျောက်အာကို ပိုသာတယ်လို့ထင်ကြတယ်။ အိမ်မှာတောင် သူတို့မိသားစုရဲ့ အလားအလာအရှိဆုံး တူတော်မောင်က ကျောက်အာကို သဘောကျနေခဲ့တယ်။
ဟုတ်တယ်… ရွှီကျွင်းခိုင်က အရင်ကတည်းက ကျောက်အာကို တစ်ဖက်သတ် ကြိုက်နေခဲ့ပြီး ဒါကိုသိတာလည်း တစ်အိမ်လုံးမှာ ရွှီစွေ့အယ်တစ်ယောက်ပဲရှိတယ်။ ရွာထဲမှာဆိုလည်း လူပျိုမှန်သမျှက ကျောက်အာအပေါ် ကောင်းကြပြီး ကျောက်အာက သူတို့ထဲကတချို့နဲ့ နပန်းလုံးဖူးတာတောင် ယောက်ျားလေးတွေမျက်လုံးထဲ ကျောက်အာပဲရှိပြီး သူမက မေ့ပျောက်ခံနေရတယ်။
ကျောက်အာမရှိတော့မှသာ သူမက ဒုတိယရွေးချယ်မှုလိုဖြစ်နေတာက အတော်ခံပြင်းစရာကောင်းတယ်။ ဒါတွေကြောင့် ရွှီစွေ့အယ်က ကျောက်အာအပေါ် အကောင်းမြင်စိတ်မရှိတာ သိသာပါတယ်။
အထူးသဖြင့် သူမ ဒီတစ်ခေါက် အိမ်ပြန်လာတာနဲ့ မိသားစုတွေအိမ်ခွဲလိုက်ရတာ ကျောက်အာတို့ကြောင့်ဆိုတာ သိလိုက်ရတော့ ပိုတောင် အမြင်ကပ်သွားပေမဲ့ အဖေဖြစ်သူရဲ့တစ်ချက်လွှတ်အမိန့်ကြောင့် ဘာပြဿနာမှမရှာရဲဘဲ တည့်သလို ဟန်ဆောင်နေရတယ်။
သို့သော်ငြား ဟန်ဆောင်ပြုံးပြနေတဲ့ သူမမျက်နှာက သံပုရာသီးကိုက်ထားရသလို ရှုံ့တွနေတယ်ဆိုတာ နည်းနည်းလေးတောင် သိပုံမရပါဘူး။ ကျောက်အာမပြောနဲ့ စတုတ္ထမိသားစုက လင်မယားနှစ်ယောက်တောင် သူမရဲ့အပြုံးတုကို မြင်သွားပြီး အဒေါ်စွန်းက စိတ်ထဲမထားဖို့ ကျောက်အာကို မျက်စပစ်ပြလာတယ်။
တကယ်တော့ သူတို့ရဲ့ယောင်းမအငယ်ဆုံးလေးကို ဒီအိမ်မှာ သူ့အဖေအမေနှစ်ယောက်ကလွဲရင် ဘယ်သူမှ ကြည့်မရပါဘူး။ ဒါပေမဲ့ သူတို့က ချွေးမသက်သက်ပဲမို့ မကြိုက်သော်လည်း အောင့်ကာနမ်းနေရတာ။
ရွှီချင်းဟွိုင်ကလည်း အစကငြင်းလိုက်ချင်ပေမဲ့ ရွှီစွေ့အယ်က သူ့ကိုပဲ ခြိမ်းခြောက်ဟန်ကြီးနဲ့ စိုက်ကြည့်နေတဲ့အခါ မတတ်သာဘဲ လေးယောက်လုံး သူမနောက် လိုက်သွားရတော့တယ်။ အိမ်မကြီးထဲမှာ အယောက်စီတိုင်းရှိနေကြပြီး ဟင်းပန်းကန်တွေကလည်း များလွန်းလို့ စားပွဲနှစ်ခုနဲ့တောင် ခင်းထားရတယ်။
“ထိုင်ကြ ဒီနေ့ စွေ့အယ်ပြန်လာပြီဆိုတော့ မင်းတို့အမေက ဟင်းကောင်းကောင်းချက်ထားတယ်။ တစ်မိသားစုလုံး ဒီလိုအချိန်မှ စုမစားရင် ဘယ်အချိန်စားမှာလဲ”
အဘိုးရွှီရဲ့အသံက တိုးညှင်းပေမဲ့ ဒါတွေအားလုံး ရွှီချင်းဟွိုင်ကို ရည်ညွှန်းတဲ့စကားတွေဆိုတာ သိသာတယ်။ အမေနဲ့ကိုင်ပေါက်မှသာ ဒီခေါင်းမာတဲ့သားက လာထိုင်မှာ။ စားသောက်နေတဲ့တစ်လျှောက်လုံး တင်းမာနေတဲ့ လေထုကို ပြေလျော့အောင်လုပ်ဖို့ သူ့မိဘတွေနဲ့ စကားတစ်ခွန်းနှစ်ခွန်း လှမ်းပြောနေတဲ့ ရွှီစွေ့အယ်ရဲ့အသံကလွဲလို့ ဘယ်သူမှစကားမဆိုကြဘူး။
42 06
ထမင်းစားလို့ပြီးတဲ့အခါ ပန်းကန်ခွက်ယောက်တွေ သိမ်းဆည်းဆေးကြောရမှာက ချွေးမတွေတာဝန်ပဲ။ ရွှီချင်းဟွိုင်က သူ့မိန်းမကိုထားပြီး ကိုယ့်အခန်းကိုယ်ပြန်ဖို့အလုပ် အဘိုးရွှီရဲ့တားဆီးခြင်းခံလိုက်ရတယ်။
“မင်းတို့မသွားနဲ့ဦး ငါပြောစရာရှိသေးတယ်”
အဲဒီလိုနဲ့ မိသားစုခွဲလေးခုစလုံး နေရာမှာပြန်ထိုင်လိုက်ကြတယ်။ မျက်နှာချင်းဆိုင် မတွေ့တာ တစ်ရက်နှစ်ရက်ပဲရှိသေးတယ်။ လူအိုကြီးက ရှိရင်းစွဲထက် ဆယ်နှစ်လောက် အိုစာသွားပြီး ခေါင်းပေါ်က ဆံပင်ဖြူတွေလည်း ပိုများလာသယောင်ရှိတယ်။
စိတ်ဖိစီးမှုတွေကြောင့် ထင်ပါရဲ့ အဘိုးရွှီက ဆေးတံသောက်တာကို ပိုမိုစွဲလမ်းလာပြီး သူထိုင်နေတဲ့ကွပ်ပျစ်တစ်ဝိုက် ဆေးရွက်ကြီးဖတ်တွေနဲ့ ပြာမှုန့်တွေချည်းပဲ။ သူ့သားတွေက ဆေးတံလျှော့သောက်ဖို့ သိမ်းသွင်းချင်ပေမဲ့ ဒီရွာမှာ လူကြီးသူမတိုင်းက ဆေးတံမသောက်တဲ့သူ ရှားတာမို့ ပြောမရဘဲ စိတ်တိုင်းကျ လွှတ်ထားပေးလိုက်ရတော့တယ်။
“စွေ့အယ်ရဲ့မင်္ဂလာဆောင်ကို ရက်ရှေ့တိုးမှရမယ်။ အစကတော့ သူ့ခန်းဝင်ပစ္စည်း လုံလုံလောက်လောက် ပေးလို့ရအောင် လယ်ငွေထွက်တဲ့ နှစ်ကုန်အချိန်ကို စောင့်ပြီးမှ လုပ်ပေးမလို့ဆိုပေမဲ့ အခုက မတိုးလို့မရတော့လို့ ပြဿနာက ငါ့မှာ ပိုက်ဆံအလုံအလောက်မရှိဘူးဆိုတော့ အခုမင်းတို့အစ်ကိုတွေကိုပဲ အားကိုးရတော့မယ်”
ဒီကိစ္စကို အကြီးဆုံးမိသားစုခွဲကလူတွေတောင် မသိကြဘူး။ အားလုံးက ဒါကိုကြားတဲ့အခါ မျက်နှာပေါ်က အံ့အားသင့်မှုတွေကို မဖုံးထားနိုင်တော့ဘူး။ အားလုံးထဲမှာမှ ပါးစပ်အသွက်ဆုံး အဒေါ်စွန်းက အရင်ထပြောတယ်။
“အားလုံးက အဆင်ပြေနေရဲ့သားနဲ့ ဘာလို့ ရက်ကိုစောလုပ်ချင်ရတာလဲ”
တကယ်တော့ သူတို့သာ ပိုက်ဆံထုတ်ဖို့ တာဝန်မရှိဘူးဆို မင်္ဂလာဆောင်ကို စောပဲလုပ်လုပ် နောက်ကျမှလုပ်လုပ် ဘယ်သူမှစိတ်ဝင်စားမှာ မဟုတ်ဘူး။ ဒါပေမဲ့ အခုတော့ အဘိုးရွှီရဲ့စကားတွေက စွေ့အယ်ရဲ့ခန်းဝင်ပစ္စည်းတွေအတွက် သူတို့ကပါ ပိုက်ဆံစိုက်ထုတ်ပေးရမဲ့ပုံပေါက်နေတယ်။
အိမ်ကမိန်းကလေးတစ်ယောက် လက်ထပ်တဲ့အခါ ညီအစ်ကိုမောင်နှမ၊ယောင်းမတွေက လုံးဝကြီး လျစ်လျူရှုထားလို့မရဘဲ နည်းနည်းပါးပါးတော့ ဝင်ကူရမှာဆိုပေမဲ့ အခုက အားလုံး အမွေခွဲလိုက်ကြပြီလေ။
သားသမီးတွေအားလုံးက ရှိသမျှဟာ အကုန်အပိုင်စီးလိုက်လို့ ဒီသမီးပျိုလေးအတွက် လာတောင်းတယ်ဆိုတာ ထား… ဒါပေမဲ့ အဘိုးရွှီတို့လင်မယားနဲ့ စွေ့အယ်အတွက် လယ် ၆မုတိတိ ပေးထားတာတောင် ခန်းဝင်ပစ္စည်းအတွက် ငွေထပ်တောင်းတယ်ဆိုတာက ဘယ်သူမှမမျှော်လင့်ထားတဲ့ကိစ္စပဲ။
ရွှီချင်းပိုင်နဲ့ရွှီချင်းဟွိုင်တို့ နှစ်ယောက်က အချင်းချင်းကြည့်လိုက်ပြီးမှ ချင်းဟွိုင်က မေးတယ်။
“ဒါဆို အဖေပြောပါ။ ကျွန်တော်တို့ တစ်မိသားစုကို ဘယ်လောက်ထုတ်ပေးရမှာလဲ”
အဘိုးရွှီက ခဏလောက် စဥ်းစားလိုက်သေးတယ်။
“အင်း တစ်မိသားစုကို အနည်းဆုံး ငွေ ၂တုံးလောက်တော့ ပေးရမယ်”
“ငွေ ၂တုံးတောင် မိသားစုခွဲ ၃ခုဆိုတော့ စုစုပေါင်း ၆တုံးပေါ့။ ဒါတောင် အဖေနဲ့အမေတို့ပေးမှာ မပါသေးဘူး။ လက်ထပ်ရင် ယောက်ျားလေးဘက်က တင်တောင်းတဲ့ဟာတွေကို ထည့်မပြောနဲ့ဦး။ ဒါတောင် ကျွန်မတို့ဘက်က ငွေထပ်ပေးရမယ်ပေါ့။ အဖေ သူတို့ကျောက်မိသားစုဘက်က ဘယ်လောက်ပေးလဲ။ မဟုတ်ဘူး… တစ်ပြားတစ်ချပ်မှ မလျော့ဘဲ စွေ့အယ်ကို တင်တောင်းရမှာပေါ့”
အဒေါ်စွန်းကပဲ ထပ်ပြောတယ်။ ဒီခေတ်ကာလရဲ့ လက်ထပ်စည်းမျဥ်းတွေအရ ယောက်ျားလေးဘက်က ယူမဲ့မိန်းကလေးကို မဖြစ်မနေ တင်တောင်းရမယ်။ တကယ်လို့ မိန်းကလေးဘက်က မိဘတွေက သူတို့သမီးကို တန်ဖိုးထားတယ်ဆိုရင် ခန်းဝင်ပစ္စည်းတွေပါ ထည့်ပေးလိုက်လေ့ရှိတယ်။
ယွီချင်းရွာရဲ့သတ်မှတ်ချက်တွေအရတော့ ယောက်ျားလေးက တင်တောင်းငွေများလေလေ မိန်းကလေးမိသားစုအပေါ် ပိုလေးစားသမှုရှိလေပဲတဲ့။ သို့ပေမဲ့ သူတို့က သာမန်လယ်သမားတွေမို့ တင်တောင်းတဲ့ပစ္စည်းတွေကလည်း လယ်ထွက်အစားအသောက်တွေပဲပေါ့။
တကယ်လို့ ငွေကြေးအနည်းငယ် တတ်နိုင်တဲ့လူတွေဆိုရင်တော့ မိန်းကလေးဘက်ကို လက်ကောက် နားတောင်းနှစ်စုံလောက်ပါ ထည့်သွင်းတင်တောင်းကြတယ်။ ဒါက သူတို့မိသားစုရဲ့ ပိုင်ဆိုင်မှုကို ပြသရာရောက်သလို မျက်နှာလည်း ရတယ်လေ။
42 07
ဒါပေါ့ တင်တောင်းငွေက ငွေ ၃ ၄တုံးကနေ အများဆုံး ၈တုံးလောက်အထိ ရှိတတ်ကြတယ်။ သူတို့ရတဲ့ လယ်ယာထွက်ပစ္စည်းတွေနဲ့ တင်တောင်းငွေတွေထဲမှာမှ တစ်သက်လုံး ကျွေးမွေးစောင့်ရှောက်လာတဲ့ မိဘတွေကို ကျေးဇူးတင်တဲ့အနေနဲ့ တချို့တဝက် ပြန်လည်မျှဝေရတယ်။
ဒီလက်ဆောင်ပဏာတွေက တကယ်တော့ သတို့သမီးထက် သတို့သမီးရဲ့မိဘတွေအတွက် ရည်ရွယ်ပြီး ပေးတာများတယ်။ ဒါပေမဲ့လည်း အဲဒါကိုမှ မိဘတွေက သူတို့သမီးအရေးကြုံရင် ထုတ်သုံးလို့ရအောင်ဆိုပြီး ခန်းဝင်ပစ္စည်းထဲ ထည့်ပေးလိုက်တာလည်း ရှိတယ်။
ရွှီမိသားစုနဲ့ကျောက်မိသားစုတို့ရဲ့ ဝင်ငွေအခြေအနေအရဆို အနည်းဆုံး နှစ်ဖက်မျက်နှာလှဖို့အတွက် ငွေသားချည်းပဲ ၈တုံး သို့မဟုတ် ၉တုံးလောက် ပေးရလိမ့်မယ်။
“ဟုတ်တယ် အမေ ကျောက်မိသားစုဘက်က ဘယ်လောက်တင်တောင်းလဲ”
အဒေါ်ကျိုးကပါ ဝင်မေးလာတော့ ဘေးမှာထိုင်နေတဲ့ ရွှီစွေ့အယ်ရဲ့မျက်နှာက မဲကျသွားပြီး တစ်ခုခုထပြောဖို့ လုပ်ပေမဲ့ သူ့အမေက လက်ကို အကြမ်းပတမ်း ဆွဲဆောင့်ပြီး တားလိုက်တာကြောင့် ပြန်ငြိမ်လိုက်ရတယ်။
အဘွားကျောက်ကတော့ ချွေးမနှစ်ယောက်ကို စူးစိုက်ကြည့်ရင်း “ဘာလဲ ယောင်းမဖြစ်သူက လက်ထပ်ပါတော့မယ်ဆိုမှ နင်တို့အစ်မတွေက အကြီးဖြစ်ပြီး နည်းနည်းပါးပါး ကူစိုက်ပေးသင့်တာ မဟုတ်ဘူးလား။”
အဲဒါကြောင့် အဘွားကျောက်ကို မထက်ဘူးလို့ပြောကြတာ။ သူမက ကိုယ့်ကိုယ်ကိုယ် ဉာဏ်ကောင်းတယ်ထင်ပြီး လုပ်ချင်ရာလုပ်လိုက်တိုင်း အဆိုးနဲ့ အဆုံးသတ်သွားရတာချည်းပဲ။ ဒီချွေးမနှစ်ယောက်က အရင်လိုဆိုရင်တော့ ကောင်းတာပေါ့။ အခုတော့ အိမ်ခွဲပြီးနောက်ပိုင်း သူမရဲ့ဩဇာအာဏာက မရှိသလောက် နည်းပါးလာတာကိုလည်း မေ့နေတဲ့ပုံပါပဲ။
ဒါပေမဲ့ အဒေါ်ကျိုးတို့နှစ်ယောက်က ဘာမှခွန်းတုံ့မပြန်သေးပေမဲ့ အဘွားကျောက်ရဲ့အမူအရာက ထူးဆန်းနေတာ အတပ်သိသွားတော့တယ်။
“အမေ ဘယ်လိုပြောလိုက်တာလဲ။ ကျွန်မတို့က မပေးချင်လို့ပြောနေတာ မဟုတ်ပါဘူး ယောင်းမအကြီးတွေအနေနဲ့ ခန်းဝင်ပစ္စည်းပြင်ဆင်ပေးရမှာ ထုံးစံပဲလေ။ ဒါပေမဲ့ တစ်ဖက်က တင်တောင်းငွေတောင် မသိရမှတော့ မိသားစုလို့ခေါ်ပါဦးမလား”
“ဟုတ်တယ် အမေ … ဧကန္တ ကျောက်မိသားစုက ဘာမှတင်မတောင်းထားလို့လား”
ဒီမေးခွန်းထွက်လာတာနဲ့ အဘွားကျောက်က ချက်ချင်းဆိုသလို အသက်ဝိညာဥ် မဲ့သွားတော့တယ်။
******