အခန်း (၄၃-၄၄)
Vol. 5 Ch. 43-44
43.1 01
အခန်း 43.1
သူတို့ အဘွားကျောက်ကို ဒီလိုပုံစံနဲ့မြင်လိုက်ရမှတော့ ဘယ်လိုလုပ်နားမလည်ဘဲ နေမလဲ။
“အမေ ကျောက်မိသားစုက ကျွန်မတို့နဲ့အမျိုးတော်ရင်တောင် တင်မတောင်းဘဲ လက်ထပ်ချင်လို့တော့ ဘယ်ရမလဲ။ လယ်မရှိ အိမ်မရှိ ဆင်းရဲသားတွေတောင် မိန်းမယူချင်ရင် အနည်းအကျဥ်း တင်တောင်းရတာပဲ ကိုယ်ကျ တစ်ပြားတစ်ချပ်မှ မပေးဘဲ မိန်းကလေးဘက်ကပဲ ဆီလည်းစိုက် ဆားလည်းစိုက်ဆိုတာမျိုး ဘယ်မှာရှိလို့လဲ”
အဒေါ်စွန်းရဲ့စကားတွေက အဘွားကျောက်ထက် ရွှီစွေ့အယ်ကို ဆွေ့ဆွေ့ခုန်သွားစေတယ်။ သူမက မနေနိုင်တော့ဘဲ မတ်တပ်ထရပ်ကာ “ယောင်းမ ၄ စကားကို ဘယ်လိုပြောရမလဲဆိုတာရော သိရဲ့လား။ တင်မတောင်းဘဲ မိန်းမလိုချင်တယ်ဆိုတာ ဘာကိုပြောတာလဲ”
အဒေါ်စွန်းက ဟန်ဆောင်ပြုံးလိုက်ပြီး “တကယ်လည်း အဲဒီလိုပဲမဟုတ်ဘူးလား။ စွေ့အယ် ဒီအစ်မက နင့်ကိုအပြစ်ပြောတာတော့ မဟုတ်ပေမဲ့ ဘယ်မိသားစုက ဒီလိုမမျှတတဲ့ကိစ္စမျိုး လုပ်တာမြင်ဖူးလို့လဲ”
“ဘာတွေလာပြောနေတာလဲ။ ကာယကံရှင် ကျွန်မ အဆင်ပြေရင်ရနေပြီမလား။ ကျွန်မ ကျေနပ်တယ်လေ ပြီးတော့ နှစ်ဖက်မိသားစုဆိုတာလည်း ရင်းနှီးတာမှ တစ်ဖက်ကမ်းတောင်လွန်သေးတယ်။ ဘယ်သူက ဒါတွေဂရုစိုက်နေလို့လဲ”
ရွှီစွေ့အယ်က သူ့ဘက်သူကာပြီး အားကြိုးမာန်တက်ပြောလာတယ်။
“အေး ဘယ်သူမှဂရုမစိုက်ဘူးဆိုလည်း ဘာလို့ ငါတို့က ပိုက်ဆံထုတ်နေရဦးမှာလဲ။ အရမ်းနားလည်မှုတွေရှိနေလို့ သူတို့မပေးဘူးဆို ငါတို့လည်း မပေးဘူးပေါ့ မဟုတ်ဘူးလား”
အဒေါ်စွန်းကပဲ လက်ဦးမှုယူပြီး ဆက်ပြောတော့ ရွှီစွေ့အယ်တစ်ယောက် ကိုယ့်နားကိုယ်တောင် မယုံနိုင်တော့ဘဲ အကျယ်ကြီး ထငိုတော့တယ်။
“အီးဟီး ကိုကြီး ၄ ကြည့်ပါဦး ကိုကြီးမိန်းမကို ဘာမှမပြောတော့ဘူးလား”
သို့ပေမဲ့ အဒေါ်စွန်းက ရွှီချင်းဟွိုင်ပြောတာကို စောင့်မနေဘဲ “နင့်ကိုကြီး ၄ကို ပြောခိုင်းတော့ရော ဘာထူးသွားမှာမို့လို့လဲ။ ဒါက အမှန်ပဲမဟုတ်ဘူးလား။ သူတို့ဘက်ကျ ဘာမှမထုတ်ဘဲ ငါတို့ပဲပေးရမယ်ဆိုတာကြီးက အကျိုးအကြောင်းသင့်လားလို့ နင် အပြင်လူတွေ သွားမေးကြည့် သွား!”
ရွှီစွေ့အယ်က ဆွဲဆွဲငင်ငင်ကို ငိုကြွေးနေပြီး အဘိုးရွှီရဲ့မျက်နှာကလည်း ဒယ်အိုးဖင်လို မဲနက်လာတယ်။
“တိတ်စမ်း! နင့်မှာ ငိုဖို့သတ္တိတောင်ရှိသေးတယ်ပေါ့။ နင်သာ အဲဒီရှက်စရာကောင်းတာကိုမလုပ်ခဲ့ရင် ဒါတွေတစ်ခုမှဖြစ်လာမှာမဟုတ်ဘူး!”
“အဘိုးကြီး …”
အဘွားကျောက်ကလည်း တအားစိတ်ရှုပ်နေရပေမဲ့ သူ့ယောက်ျားကိုတော့ မနေနိုင်ဘဲ ဝင်တားလိုက်မိတုန်းပဲ။ အဘိုးရွှီက စားပွဲပေါ် ဆေးလိပ်ပြာခွက်ကို ဘန်းခနဲ လက်နဲ့မှောက်ချလိုက်ပြီး “မင်းလည်း ပါးစပ်ပိတ်ထား မင်းသာ ကောင်းကောင်းသွန်သင်ခဲ့ရင် သူ ဒီလိုရှက်ဖို့ကောင်းတာကြီးကို လုပ်ပါ့မလား။ မင်းကို သမီးကို ထိန်းကျောင်းခွင့်ပေးလိုက်တာ ငါမှားတာပဲ။ အခုတော့ ကြည့် ဖြစ်ချင်တာတွေဖြစ်နေပြီ။ အခုမှတော့ ဘာပဲပြောပြော ကိုယ်ထွက်ကျတဲ့ မစင် ကိုယ့်ဘာသာ ကြည့်သုတ်ကြတော့ ငါတော့ ဘာမှကို ဂရုမစိုက်တော့ဘူး!”
မွန်းကျပ်စရာကောင်းတဲ့ တိတ်ဆိတ်မှုကြီးပြီးတော့ အဘွားကျောက်ကပါ ငိုယိုလာပြီး သားအမိနှစ်ယောက်က မသိရင် တစ်ယောက်ယောက်က ရိုက်နှက်အနိုင်ကျင့်လိုက်တဲ့အတိုင်း ငိုခြင်းချနေကြတယ်။
သို့ပေမဲ့ လက်ရှိအိမ်ကလူတိုင်းရဲ့ အာရုံက သူတို့ဆီမှာမဟုတ်ဘဲ အဘိုးရွှီရဲ့စကားတွေကြောင့် အတော်လေး ထိတ်လန့်အံ့ဩသွားကြတယ်။ သူဆိုလိုချင်တာ စွေ့အယ်က ရှက်စရာကိစ္စတစ်ခုခုလုပ်လိုက်ပြီး လူမိသွားလို့ ကျောက်မိသားစုက တင်တောင်းဖို့ တုံ့ဆိုင်းနေတာကြောင့် သူတို့ရွှီမိသားစုဘက်ကပဲ စရိတ်စကအကုန်ခံရမယ်လို့ ပြောတာလား။
43.1 02
တကယ်လို့ ဟုတ်တယ်ဆို ရွှီစွေ့အယ်နဲ့ကျောက်ကျင်ရွေ့တို့က အင်မတန်ရှက်စရာကောင်းတဲ့ တစ်စုံတစ်ရာလုပ်ခဲ့တာ ဖြစ်ရမယ်။ အဘွားကျောက်က ထိန်းမနိုင်သိမ်းမရ အော်ငိုနေရင်း
“ရတယ်လေ ဂရုမစိုက်ကြနဲ့ပေါ့ နင်ကရော ဘာတွေလာငိုနေတာလဲ။ ပါးစပ်ပိတ်တော့ လာ ထ!!”
သူမ ဗလုံးဗထွေးရွတ်နေရင်း ရွှီစွေ့အယ်ကိုလည်း လက်မောင်းကနေ အတင်းဆွဲခေါ်နေတယ်။
“အမေ ဘာလုပ်မလို့လဲ”
ရွှီချင်းပိုင်က ရှေ့တက်ပြီး တားလိုက်တယ်။
“ဘာလုပ်မလို့လဲ။ ဘာမှမလုပ်ပါဘူး ဒီမအေက အသက်ရလာတော့ သားတွေတင်မက ချွေးမတွေဆီကပါ အမုန်းခံရ မလေးမစားလုပ်ခံရနဲ့ သေခါနီး မုန်းဆေးခြယ်သလို ဖြစ်နေတာကိုး။ ဒီလိုဆိုမှတော့ ငါ့ဟာငါ မြစ်ထဲသွားခုန်ချပြီး သတ်သေပစ်လိုက်တော့မယ်။ အဲဒီလိုဆို နင်တို့လည်း မကြည့်ချင်တဲ့ ငါ့မျက်နှာမမြင်ရတော့ဘူးမလား။”
“အမေ့!!”
တကယ်ကြီး သူမကို ဘယ်သူမှမတားဘူးဆို အပြင်လူတွေမြင်ရင် ဘယ်ကောင်းပါ့မလဲ။ အဲဒီလိုနဲ့ အခြေအနေတွေ ပိုမဆိုးလာခင် ချွေးမတွေရော သားတွေပါ အသည်းအသန် ဝင်ဆွဲရတော့တယ်။
“အမေ မလုပ်ပါနဲ့ ကျွန်တော်တို့က ဘယ်တုန်းက မုန်းတယ်ပြောမိလို့လဲ”
“နင်တို့ပဲ ငါက ကြာလေ ပွစိပွစိလုပ်လေလို့ ထင်နေတာမဟုတ်ဘူးလား။ အခုလည်း နင်တို့ညီမလေး မင်္ဂလာဆောင်အတွက်တောင် ပိုက်ဆံမထုတ်ပေးချင်ကြတော့ဘူးလေ အောင်မယ်လေး ရှိတာဖြင့် ဒီညီမတစ်ယောက်တည်းကို နှလုံးသားမဲ့တဲ့ဟာတွေ”
အဘွားကျောက်က အော်ရင်းဟစ်ရင်း အတင်းအိမ်ပြင်ထွက်ဖို့ ရုန်းကန်နေတယ်။
“ပေးမှာပေါ့ ဘာလို့မပေးရမှာလဲ။ ဒီညီမလေးတစ်ယောက်ပဲ ရှိတဲ့ဟာ ဟုတ်တယ်မလား။ ညီ ၃ ညီ ၄ ပြောလိုက်ကြလေ။ မင်းတို့က ဒီလိုတွေဖြစ်နေတာတောင် မပေးဘဲ နေနိုင်သေးတာလား”
ရွှီချင်းရှန်ရဲ့အသံက ဟိန်းထွက်လာပြန်တယ်။
“ပေးမယ် ပေးမယ် အမေ ထင်ရာမစိုင်းပါနဲ့”
ရွှီချင်းပိုင်က နောက်ဆုံးအလျှော့ပေးလိုက်တော့ အဘွားကျောက်က တိတ်နေသေးတဲ့ ရွှီချင်းဟွိုင်ဆီ လှည့်ကြည့်လာတယ်။ အဲဒီလိုနဲ့ ရွှီချင်းဟွိုင်ကလည်း နောက်ဆုံးခေါင်းညိတ်ပြလိုက်ရပြီး
“အစ်ကိုကြီးတွေဖြစ်ပြီး ညီမလေးအတွက် ခန်းဝင်ပစ္စည်း မစိုက်ပေးနိုင်ပါဘူးလို့ ဘယ်လိုပြောထွက်မှာလဲ”
အဲဒိတော့မှ အဘွားကျောက်က ပြန်ထိုင်ချလိုက်ပြီး အင်္ကျီလက်နဲ့မျက်ရည်တွေ သုတ်နေတယ်။
“စွေ့အယ် နင့်ရဲ့ယောင်းမနှစ်ယောက်နဲ့ အစ်ကိုတွေကို ကျေးဇူးတင်လိုက်လေ။ သူတို့ကြောင့်သာမဟုတ်ရင် နင် မင်္ဂလာတောင်ဆောင်ရမှာမဟုတ်ဘူး”
ရွှီစွေ့အယ်ကလည်း နှာတရှုံ့ရှုံ့နဲ့ အငိုရပ်သွားပေမဲ့ ရှိုက်သံတစွန်းတစတော့ ထွက်နေတုန်းပဲ။
“ဟင့် ကျေးဇူးတင်ပါတယ် ကိုကြီး ၃ ယောင်းမ ၃နဲ့ ကိုကြီး ၄ ယောင်းမ ၄”
ကျောက်အာက ဒီတစ်လျှောက်လုံး ပွဲကြည့်ပရိတ်သတ်အနေနဲ့ပဲ ဘေးကနေ ရပ်ကြည့်နေပြီး အခြေအနေတွေ တည်ငြိမ်သွားတာမြင်တော့မှ စိတ်အေးဟန် သက်ပြင်းချလိုက်မိတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ စကားနဲ့ဖော်ပြလို့မရတဲ့ ထူးဆန်းမှုတစ်ခုကို မသိစိတ်က အလိုလိုခံစားနေရတယ်။
ဘယ်နေရာက ထူးဆန်းနေတာလဲ မပြောတတ်ပေမဲ့ ကျောက်အာ စိတ်ထဲမှာတော့ ဒါတွေအားလုံးက သရုပ်ဆောင်နေတာသက်သက်ပဲဆိုတဲ့ ခံစားချက်မျိုး ရုတ်တရက် ဝင်လာခဲ့တယ်။ အထူးသဖြင့် အဆုံးသတ်မှာ အဘွားကျောက်က ရွှီစွေ့အယ်ကို သူ့အစ်ကိုငယ်နှစ်ယောက်ကိုပဲ ကျေးဇူးတင်ခိုင်းတဲ့ကိစ္စ။
43.1 03
သူ့မှာ အစ်ကိုက နှစ်ယောက်ပဲရှိတာလား။ နောက်ပြီး အခန်းထဲမှာ အဒေါ် ယန်ကလည်း တစ်ချိန်လုံးရှိနေတာ။ အဒေါ်ယန်ဆိုတာ သူတို့ဘက်နစ်နာရင် ဘယ်တော့မှငြိမ်နေတတ်တဲ့ လူစားမဟုတ်ဘူး။ ဒါပေမဲ့ ဒီနေ့ကျ အတော့်ကို တိတ်ဆိတ်နေတာက ထူးဆန်းနေတယ်။
ဘယ်နေရာမဆို လျင်ထက်တဲ့ကျောက်အာက ချက်ချင်းဆိုသလို အထာနပ်သွားပြီး နှုတ်ခမ်းတွေကို အသာတွန့်ချိုးကာ ရုတ်တရက်ထပြောတယ်။
“ဒေါ်လေး မငိုပါနဲ့။ ဒေါ်လေးက မကြာခင်ပဲ ပူပူနွေးနွေးလက်ထပ်ရတော့မှာ မင်္ဂလာယူရမဲ့အချိန်မှာ ငိုနေတာ မကောင်းပါဘူး တကယ်ဆိုရင် ဦးလေး ၃နဲ့၄တို့ မရှိတောင် ပူစရာမလိုဘူး သိရဲ့လား။ ဒေါ်လေးမှာ ဦးလေး ၁တစ်ယောက်လုံး ရှိနေတာပဲ အစ်ကိုအကြီးဆုံးအနေနဲ့ ညီမငယ်လေးအတွက် တာဝန်မယူပေးဘဲနေပါ့မလား။ မဟုတ်ဘူးလား ဦးလေး ၁”
…………..
******
43.2 01
အခန်း 43.2
“ဒါ-ဒါပေါ့”
ရွှီချင်းရှန်က စိတ်ထဲမှာ ရင်ဘတ်ဖိရင်း ဟန်ဆောင်ပြောယူလိုက်ရတယ်။ သူ့ဘေးမှာရပ်နေတဲ့ အဒေါ်ယန်ကတော့ နှလုံးခုန်သံတွေတောင် ကပြောင်းကပြန်ဖြစ်ကုန်ပြီး မနေနိုင်ဘဲ သူမရှိရာဘက်ကို အသာလေး ခိုးကြည့်လာတယ်။
ထင်တဲ့အတိုင်းပဲ နောက်ဆုံးတော့ သူမ အစိုးရိမ်ရဆုံးကိစ္စ ဖြစ်လာပြီပဲ။ တစ်ဆက်တည်းမှာပဲ အဒေါ်စွန်းရဲ့အသံဆာဆာကိုလည်း ကြားလိုက်ရတယ်။
“ဟုတ်တယ် စွေ့ယီ အများကြီးမတွေးနဲ့ ကျောက်အာပြောသလိုပဲ။ ဘယ်လိုပဲဖြစ်ဖြစ် နင့်မှာ အစ်ကို ၃ယောက်တောင် ရှိသေးတယ်။ ခဲအို ၁ကလည်း သူ့ညီမအရင်း ခက်ခဲနေတာကို ဘယ်ကြည့်နေမှာလဲ”
‘အစ်ကို ၃ယောက်’ဆိုတဲ့နေရာမှာ အဒေါ်စွန်းက တမင်တကာ ဖိပြောလိုက်တော့ မျက်ရည်သုတ်နေတဲ့ သားအမိနှစ်ယောက်က လုပ်လက်စတွေ တန့်ပြီး တောင့်ခဲသွားသလို ရွှီချင်းရှန်ရဲ့အပြုံးကလည်း ကွက်ကွက်ကွင်းကွင်း လွင့်ပြယ်သွားတယ်။
ဒါကိုမြင်တော့ အခန်းထဲကလူတိုင်း အခြေအနေကို ရိပ်မိသွားကြပေမဲ့ ဘယ်သူမှ တိုက်ရိုက်မပြောသေးဘဲ အဒေါ်စွန်းနဲ့ အဒေါ်ကျိုးတို့က အဘွားကျောက်တို့နှစ်ယောက် မျက်နှာသစ်ဖို့ဆိုပြီး တမင်တကာ ရေသွားခပ်ကြတယ်။
ဘာပဲဖြစ်ဖြစ် လိုရင်းကိုသွားကြတာပေါ့။
သူတို့ပြန်ရောက်တဲ့အခါ သူ့ယောက်ျားအပြောကိုတောင် စောင့်မနေဘဲ အဒေါ်စွန်းက အရင်လက်ဦးမှုယူလိုက်တယ်။
“အဖေရော ဘယ်လိုလုပ်ချင်လဲ။ ပြောပါဦး တစ်ခုတော့ မပူနဲ့ ကျွန်မတို့အားလုံးက ခဲအို ၁တို့ ပေးတဲ့အတိုင်း ပေးကြမှာပါ”
အဒေါ်ကျိုးက မိသားစုစကားဝိုင်းမှာ ဝင်ပြောတာတွေ ကန့်ကွက်တာတွေ လုပ်လေ့မရှိပေမဲ့ ဒီတစ်ခေါက်တော့ သူမလည်း အလားတူ ထောက်ခံလိုက်တယ်။
“ဟုတ်တယ် ကျွန်မတို့မိသားစုက ဆင်းရဲပေမဲ့ ခဲအို ၁နဲ့ တန်းတူပေးဖို့ စိတ်ကူးရှိပါတယ်”
အဘိုးရွှီက ဘာမှမပြောဘဲ လက်ထဲက ဆေးတံခွက်ကိုသာ အကြောင်းမဲ့ပွတ်နေတယ်။ ရွှီစွေ့ယီနဲ့အဘွားကျောက်တို့ကို မပြောနဲ့ဦး ရွှီချင်းရှန်ရဲ့မျက်နှာက ပြိုတော့မဲ့မိုးလို မဲမှောင်သွားတာများ ကြည့်လို့တောင် မကောင်းဘူး။
အမှန်တော့ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီလူတစ်စုက တတိယမိသားစုခွဲနဲ့ စတုတ္ထမိသားစုခွဲတို့ကို မခေါ်ခင်ကတည်းက သူတို့ကြား တိတ်တဆိတ် လက်ဝါးချင်း ရိုက်ထားကြတာ။ အစကတည်းက ဒါက မိသားစုတိုင်ပင်တာကို မဟုတ်ခဲ့ဘူး။
အဘိုးရွှီက သူ့သားကြီးမှာ ကုန်းကောက်စရာတောင် မရှိတာ သိပြီးသား။ ဒါပေမဲ့ အငယ်မလေးရဲ့ကိစ္စကလည်း လျစ်လျူရှုထားလို့မရပြန်ဘူး။ ပြန်တွေးကြည့်လိုက်တော့ သားကြီးမှာမရှိပေမဲ့ သား ၄နဲ့ ကျောက်အာတို့မှာတော့ လက်ထဲအနည်းအကျဥ်းရှိဦးမှာ ကျိန်းသေတယ်။
လှည်းဝယ်ဖို့တောင် ပိုက်ဆံရှိမှတော့ စွေ့ယီအတွက် ခန်းဝင်ပစ္စည်းပေးဖို့မရှိဘူးလား။
အဲဒီလိုနဲ့ ဒီနေ့ရဲ့မိသားစုပြဇာတ်ကြီးက ဖြစ်လာတော့တာပဲ။ ပထမတော့ မိသားစုခွဲနှစ်ခုလုံးက ဒီကိစ္စကို သဘောတူလိုက်ပြီးပြီ။ ဒါပေမဲ့ ကျောက်အာက အခြေအနေကို ဒီလိုပြန်ပြောင်းလိုက်မယ်လို့ ဘယ်သူမှမထင်ထားဘူး။
တစ်ခန်းလုံး ဘာအသံမှ ထွက်မလာတော့ဘဲ အဘွားကျောက်က သူ့ယောက်ျားနဲ့သားကြီးတို့ကို တစ်ယောက်တစ်လှည့်စီကြည့်လိုက်ပြီးမှ ကျောက်အာဘက် လှည့်လာတယ်။
“ကျောက်အာ နင်က လက်ရှိ ဒီလောက်အလုပ်အကိုင် ကောင်းနေတာ လှည်းတောင်ဝယ်ထားသေးတယ်လေ။ အဲဒီနေ့တုန်းကကျ ဒီအဘိုးအဘွားတွေအရှေ့မှာ သိပ်ကိုအာကျယ်ပြနေပြီး ဒီနေ့ နင့်ဒေါ်လေး လက်ထပ်ဖို့ကိစ္စကျတော့မှ ဒုတိယမိသားစုခွဲကိုယ်စား နည်းနည်းပါးပါး ထုတ်ပေးဖို့ အစီအစဥ်မရှိဘူးလား”
ကျောက်အာက အဘွားကျောက်ရဲ့စကားကြောင့် ဒေါသထွက်လွန်းလို့ လှောင်ရယ်လိုက်မိတယ်။ အငယ်တွေက လူကြီးတွေရဲ့ခန်းဝင်ပစ္စည်းအတွက် ကိုယ်ပိုင်ဝင်ငွေထည့်ရမယ်လို့ သူမ တစ်ခါမှမကြားဖူးပါဘူး။
“အမေ ဘာတွေပြောနေတာလဲ။ ကျောက်အာက ကလေးပဲရှိသေးတာလေ”
43.2 02
ရွှီချင်းဟွိုင်က အခြေအနေမဟန်တော့လို့ ဝင်ထိန်းတယ်။
“အဲဒီတော့ရော ဘာဖြစ်လဲ။ ကလေးဆိုတာနဲ့ နင့်အစ်ကိုကြီးကို ပြောဆိုနေတာ ကျော်ပေးလိုက်ရမှာလား။ နင့်အစ်ကိုကြီးက ကျွင်းခိုင်ကျောင်းစရိတ်နဲ့တင် ခက်ခဲနေတာ အားလုံးလည်းအသိပဲကို ဒီကောင်မလေးက တမင်တကာ ဘေးကျပ်နံကျပ်ဖြစ်အောင် လုပ်နေတာလေ။ ဘာလဲ။ နင်တို့က ကိုယ့်အစ်ကိုကြီးကို ငပေါလုပ်ပြီး ချမ်းသာတာ ကြွားချင်နေတာမလား။ အဲဒီလောက်တောင် ကြွားချင်နေရင်လည်း လာလေ ပိုက်ဆံပေးပေါ့”
ဒါကိုမြင်တော့ အဘွားကျောက်က သူ့သမီးနဲ့သူ့သားကို ကာပြောဖို့အတွက် စကားကိုလှည့်ပစ်လိုက်တာ သဘောပေါက်သွားပေမဲ့ ထွေထူးပြီး အံ့ဩမနေတော့ပါဘူး။ ဒီအိမ်ကလူတွေက တစ်ထစ်ရှိ သူ့လှည်းကိုပဲ စကားထဲထည့်ပြောနေမှာ သိပြီးသား။
အနှေးနဲ့အမြန် သူ့ဘက်လှည့်လာမဲ့ စကားဝိုင်းမှာ သူမ အစကတည်းက ထမပြောဘူးဆိုတာ ဒီလူတွေရဲ့ သရုပ်ဆောင်စွမ်းရည်ကို စောင့်ကြည့်ချင်လို့ပဲ။ အခုတော့ မျက်နှာဖုံးက သူမကြောင့် ကွာကျသွားတော့ ဒီလူတွေခမျာ လူကြီးသိက္ခာတောင် မဆည်နိုင်တော့ဘူး။
ကျောက်အာရဲ့နှုတ်ခမ်းတွေက ဖုံးဖိမရအောင် ကွေးတက်သွားပေမဲ့ မျက်လုံးတွေက အင်မတန် အေးစက်နေပြီး ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်တယ်။
“ဟုတ်ပြီလေ အဘွားက ကျွန်မကို ချမ်းသာတယ်လို့ပြောတယ်နော်။ တကယ်တမ်း ကျွန်မမှာ ငွေရှိတယ်ဆိုရင်တောင် ထုတ်ပေးဆိုတာနဲ့ ထုတ်ပေးလိုက်ရမှာလား။ သင့်တော်တဲ့ အကြောင်းအရင်းတစ်ခုတော့ ပေးရမှာပေါ့။ မဟုတ်ဘူး… အခုချက်ချင်း ရွာထဲသွားပြီး လမ်းမှာတွေ့တဲ့လူကို မေးကြည့်ရအော။င် ဒေါ်လေး လက်ထပ်တဲ့အခါ တူမဖြစ်သူကပါ ခန်းဝင်ပစ္စည်းအတွက် ငွေစိုက်သင့်သလားလို့ တကယ်လို့ သူတို့ထဲက တစ်ယောက်ပဲဖြစ်ဖြစ် ပေးသင့်တယ်လို့ ဖြေရင် ကျွန်မတကယ်ထုတ်ပေးမယ်”
“နင်…”
“ဦးလေး ၁က ပိုက်ဆံမရှိဘူး ဘာလို့လဲ။ ကျွင်းခိုင်ကို ကျောင်းထားပေးနေရလို့ ကောင်းပြီ။ အဘွား ဒါတောင်စဥ်းစားတတ်တယ်မလား။ ဒါပေမဲ့ ကျောင်းတက်နေတဲ့ ကုန်းအာနဲ့ကျွန်မလို အရွယ်မရောက်သေးတဲ့ ကလေးတွေဆီမှာကျ ပိုက်ဆံရှိမယ် ထင်တယ်ပေါ့။ ငွေက အပင်သီးနေတယ်လို့ ထင်နေတာလား။ အဘွား ကျွန်မ ဒီလိုမပြောသင့်ပေမဲ့ အဘွား ဒီစကားပြောတဲ့အချိန် ဦးလေး ၃တို့မိသားစုနဲ့ ဦးလေး ၄တို့မိသားစုရဲ့ ခံစားချက်ကိုရော ထည့်တွေးပေးရဲ့လား။ ဦးလေး ၄နဲ့ကျွန်မ နေ့တိုင်း အရုဏ်မတက်ခင် အလုပ်သွားလုပ်နေရတာ အားလုံးသိတာပဲ”
“ပြီးတော့ အဘွား နေမထွက်ခင် လှည်းမောင်းရတာ ဘယ်လောက်ခက်လဲသိလား။ ဘယ်တော့ ချိုင့်ခွက်ကျွံပြီး မှောက်မလဲ မသိရတဲ့အခြေအနေမှာ ကံကိုယုံပြီး သွားရတာ။ မနက်ကနေ ညအထိ တစ်နေကုန် နေရာတကာပတ်သွားနေရတာ အငယ်ဖြစ်ပြီး ရိုင်းတယ်လို့တော့ မထင်နဲ့။ လူလူချင်းတူပါလျက်နဲ့ တချို့ကမွဲတေပြီး တချို့ကကျ ချမ်းသာတယ် ဘာကွာသွားလို့လဲ။ စိတ်ဓာတ်ကွာတာပေါ့… ဦးလေး ၁လိုလူမျိုးက တစ်သက်လုံး မွဲနေမှာပဲ။ သူ့ကို ဘယ်သူက တစ်နေ့တစ်နေ့ ကိုယ့်အစွမ်းအစကိုယ် အသုံးချမယ်မရှိဘဲ သူတစ်ပါး ဝင်ငွေအပေါ် အမြတ်ထုတ်ဖို့ ပြောထားလို့လဲ။ ဒီလိုလူမှ မဆင်းရဲ ဘယ်သူဆင်းရဲမလဲ”
“ဘာပဲဖြစ်ဖြစ် စွေ့ယီအတွက် နင်ပေးချင်ချင်မပေးချင်ချင် ပေးကိုပေးရမှာပဲ!!”
အဘွားကျောက်က ဒေါသကြောင့် တဆတ်ဆတ်တုန်နေတယ်။
“ကျွန်မကလည်း ဘာပဲဖြစ်ဖြစ် ပေးဖို့စိတ်ကူးမရှိပါဘူး။ ပေးချင်တဲ့သူ ကြိုက်သလောက် ပေးကြ!!”
“နင်နဲ့ဆက်မပြောတော့ဘူး။ ငါ့မြေး ကုန်းအာပြန်လာတဲ့အခါကျ ဒီအကြောင်းတွေအကုန် ပြန်ပြောပစ်မယ်!”
“ဒါဆိုလည်း အဲဒီမြေးနဲ့ သွားပြောလေ။ ဘာလို့ ကျွန်မကို လာပြောနေလဲ”
ဒီလိုပြောပြီးတာနဲ့ ကျောက်အာက နောက်လှည့်ထွက်သွားတော့တယ်။
******
44 01
အခန်း 44
“အေး ကောင်းတာပေါ့ ဝမ်ကျောက်အာရေ နင်က တကယ့် မျက်ဖြူဝံပုလွေမပဲ။ ငါတို့မိသားစုက ဒီလိုအစော်ကားခံရဖို့ နင့်ကို ဒီလောက်အကြာကြီး ကျွေးမွေးလာခဲ့တာလား …”
ကျောက်အာက အိမ်မကြီးထဲက နောက်လှည့်မကြည့်စတမ်း ထွက်လာခဲ့ပြီး အဘွားကျောက်ရဲ့ဆဲဆိုသံတွေကို နောက်ချန်ထားရစ်ခဲ့လိုက်တယ်။ တိမ်ကွဲလို့ လသာပြီး ညလေပြည်ကလည်း တဖြူးဖြူး တိုက်ခတ်နေပေမဲ့ သူမကတော့ ပင်ပန်းနွမ်းနယ်မှုကိုသာ ခံစားနေရတယ်။
အရင်လိုသာဆို သူမ ဘယ်တော့မှ ဒီလိုပြန်ပြောဖြစ်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီနေ့ကတော့ အကြောင်းအရင်းတချို့ကြောင့် အချိန်အကြာကြီး မျိုသိပ်ခဲ့တဲ့စကားတွေက ပေါက်ကွဲထွက်လာတာ။ ဒီတလော အိမ်မှာ တစ်ယောက်နဲ့တစ်ယောက် အကောက်ကြံတာတွေ များလွန်းလို့ သူမရဲ့စိတ်ရှည်သည်းခံမှုတွေ ကုန်ဆုံးသွားတာဖြစ်ရင်ဖြစ် မဟုတ်လည်း အခုရက်ပိုင်း သူမ အရမ်းပင်ပန်းနေလို့ ဖြစ်မယ် ထင်ပါတယ်။
သို့သော် သိပ်မကြာခင်မှာပဲ ကျောက်အာတစ်ယောက် အကြောင်းအရင်း အတိအကျကို သိသွားရတော့တယ်။ ဖြစ်ချင်တော့ သူမ ဒီလောက်စိတ်ဆတ်နေတာ ဓမ္မတာလာနေလို့ကိုး။ အခန်းပြန်ပြီး အိပ်ခါနီး အဝတ်လဲတော့မှ စိုစိစိခံစားလိုက်ရတာ။
ကျောက်အာက လစဥ်ဓမ္မတာလာတိုင်း ဝမ်းဗိုက်နာကျင်မှုဝေဒနာကို မခံမရပ်နိုင်အောင် ခံစားရလေ့ရှိတယ်။ နောက်ဆက်တွဲရလဒ်ကတော့ ပုံမှန်လောက် သည်းမခံနိုင်တော့ဘဲ ဒေါသကြီးပြီး အရာရာကို စိတ်ဆတ်နေမိတာပဲ။
ကျောက်အာက အောက်ဆုံးအံဆွဲထဲက သုံးနေကျ ဂွမ်းထုပ်လေးတစ်ခု ထုတ်လိုက်ပြီး ပေကျံသွားတဲ့အဝတ်အစားတွေကို နေထွက်မှ လျှော်မယ်ဆိုတဲ့ စိတ်ကူးနဲ့ ကုတင်ခြေရင်းနားမှာပဲ ပစ်ချထားလိုက်တယ်။
ပြီးတော့မှ အင်္ကျီဘောင်းဘီအသန့် လဲဝတ်ပြီးတာနဲ့ အိပ်ရာပေါ် လဲချကာ ခြေကုန်လက်ပန်းကျသွားတယ်။ လောလောဆယ် အောင့်မြက်နေတဲ့ နာကျင်မှုနဲ့ ခံစားမှုအသိအာရုံတွေအားလုံးက တစ်နေရာမှာပဲ စုပြုံနေတယ်။
သူမက ကုတင်ပေါ်မှာ အကြိမ်ပေါင်းများစွာ ဟိုဘက်ဒီဘက်လှိမ့်နေပြီးမှ ကွေးအိပ်တာက ပိုပြီးသက်သာစေမှန်း သိသွားတဲ့အခါ ဒူးနှစ်ဖက်ကို ပိုက်ရင်း ပုစွန်ထုပ်ကွေးအနေအထားနဲ့ ငြိမ်နေလိုက်တော့တယ်။
ကံဆိုးချင်တော့ အပူပေးအိပ်ရာက နွေးနေရမဲ့အစား ရေခဲပြင်အလား အေးစက်နေတာပဲ။ ဒီနေ့ကျမှ ပြူတင်းပေါက်က ဝင်လာတဲ့ ဧည့်သည်လေညှင်းတွေက အကူအညီဖြစ်မနေဘဲ ကျောက်အာရဲ့ခြေတွေလက်တွေကို ရေခဲကူရိုက်ပေးနေတယ်။
တစ်ကိုယ်လုံး ကိုက်ခဲနေသော်ငြား ချမ်းစိမ့်ပြီး အိပ်မရမဲ့အတူတူ ကျောက်အာက သူမအတွေးတွေကိုပဲ ပျံ့လွင့်ခွင့်ပေးလိုက်တယ်။ အဘွားကျောက်က အစကတည်းက ဒုတိယမိသားစုခွဲကို ပြဿနာရှာဖို့လုပ်နေတာ သူမရဲ့ပေါက်ကွဲမှုက သူလိုချင်တာနဲ့ ကွက်တိဖြစ်သွားတယ်။
သေချာပေါက် မနက်ဖြန်ကျရင်တော့ ကုန်းအာကို လူလွှတ်ခေါ်ခိုင်းပြီး ဒီညဖြစ်ပျက်သွားသမျှကို တိုင်တောပြီးသွားလောက်ပြီ။ အဲဒီအခါ ကုန်းအာက ဘယ်သူ့ဘက်လိုက်မှာလဲ။ ဘာကိစ္စပဲဖြစ်ဖြစ် အဘွားကျောက်က သူ့အဘွားအရင်းပဲလေ။
ဒီတော့ စိတ်ထဲမှာ သူမဘက်လိုက်ချင်နေရင်တောင် အပေါ်ယံမှာတော့ ရန်စထပ်မပွားဖို့အတွက် လူကြီးတွေအလိုကျ လိုက်ပေးရမှာပဲ။ ဒါမှမဟုတ်လည်း တကယ်ကြီး သူမကို ဒေါသထွက်ပြီး ဆူချင်ဆူလာလိမ့်မယ်။
ကျောက်အာက ခုနထဲက အားလုံးတွေးမိပြီးသားမို့ ဒီလိုသောင်းကျန်းမိသွားတာဖြစ်တယ်။ မိန်းကလေးတွေဆိုတာ ထင်ရာစိုင်းတတ်ကြတယ်မလား။ ဥပမာ အကြီးဆုံးမိသားစုခွဲက အဒေါ်ယန်တို့ အဒေါ်စွန်းတို့လိုလေ။
မိန်းကလေးတွေက ယောက်ျားလေးတွေထက် စိတ်ခံစားမှုပိုလွယ်တာကြောင့် သူတို့တစ်ခုခု အပြောမှားသွားရင်တောင် ယောက်ျားတွေက ပြန်ဖာထေးပေးကြရတာပဲ မဟုတ်ဘူးလား။ သူကရော ဒီလိုလုပ်ပေးပါ့မလား။
‘လား’ပေါင်းများစွာသော မရေမရာအတွေးတွေနဲ့ပဲ ကျောက်အာတစ်ယောက် နောက်ဆုံးအိပ်ပျော်သွားခဲ့ပြီး အိပ်မက်ထဲမှာတောင် အရမ်းချမ်းတယ်လို့ ခံစားနေရတုန်းပဲ။ ဆန့်ကျင်ဘက်ကတော့ ကျောက်အာတစ်ယောက် အဘွားကျောက်ရဲ့ အပ်ပေါက်ရာကို ပုဆိန်ရာဖြစ်အောင် ပြောင်းလဲနိုင်မှုကို လျှော့တွက်လိုက်မိတာပဲ။
သူမ ထွက်သွားပြီးချင်းမှာပဲ အဘွားကျောက်က ဆဲဆိုနေရာက သူ့သား ရွှီချင်းပိုင်ကို အမြန်မြို့တက်ပြီး ချင်းယွမ်ကျောင်းတော်တံခါးကို သွားခေါက်ဖို့ တိုက်တွန်းတော့တယ်။ အဲဒီလိုနဲ့ ရွေးချယ်စရာမရှိတော့တဲ့ ရွှီချင်းပိုင်က သူ့အဘွား အသည်းအသန်ဖြစ်နေလို့ပါဆိုတဲ့ အကြောင်းပြချက်နဲ့ ရွှီထင်းရှန်းကို ညကြီးမင်းကြီး ခေါ်ထုတ်လာခဲ့ရတယ်။
44 02
လမ်းရောက်တော့မှ ရွှီချင်းပိုင်က သူ့တူကို ဖြစ်ပျက်သမျှ အကျဥ်းချုံ့ပြောပြလိုက်တယ်။
“မင်းအဘွားကို အပြစ်မမြင်ပါနဲ့။ သူကလည်း မင်းဒေါ်လေးငယ်ကြောင့် အရမ်းစိတ်ပူနေလို့ပါ။ ပြီးတော့ ကျောက်အာလည်း မှားတယ် ပြောစရာရှိရင်တောင် ကောင်းကောင်းမွန်မွန် ထိန်းပြောလို့ရတာပဲကို အခုတော့ သူ့စကားတွေကြောင့် မင်းအဘွားက သွေးနားထင်ဆောင့်တက်ပြီး နှလုံးပြန်ဖောက်လာပြန်ပြီ”
အဘွားကျောက်က နှလုံးရောဂါရှိပေမဲ့ အရမ်းပြင်းထန်တာတော့ မဟုတ်ဘူး။ ရံဖန်ရံခါမှာလည်း သမားတော်ဆီ သွားပြနေကျဖြစ်သလို သမားတော်ကြီးကလည်း အသက်အန္တရာယ်အထိ စိုးရိမ်စရာမရှိဘူးလို့ ပြောပြီးသားပဲ။
ဒါကို ရွှီတစ်မိသားစုလုံးသိပေမဲ့ ရွှီချင်းပိုင်တစ်ယောက်သာ အခုချိန်အထိ သူ့အမေ လှည့်သမျှ ခံနေရသေးတာ။ ဘယ်လိုမဆို ရွှီထင်းရှန်းကလည်း အဘွားကျောက်က ထစ်ကနဲရှိ သူ့သားတွေကို ဒီရောဂါနဲ့ပဲကိုင်ပေါက်နေကျဆိုတာ သိထားပြီးသားမို့ အထူးတလယ် စိတ်ပူမနေဘူး။
သူ့ကိုလာခေါ်တာ ဦးလေး ၄မဟုတ်ဘဲ ဦးလေး ၃ဖြစ်နေတာလည်း အံ့ဩစရာမရှိတော့ပါဘူး။ ကြည့်ရတာ အကြောင်းသိပြီးသား ဦးလေး ၄ကို ပြောမရလို့ အဘွားက ဦးလေး ၃ကို လွှတ်လိုက်တဲ့ပုံပဲ။
“မင်းဒေါ်လေးငယ်ကလည်း တော်တော် အတင့်ရဲတဲ့ကလေးမ၊ မင်းအဘိုးပြောတာ ကြားခဲ့သလောက် အခုသူ့မှာကိုယ်ဝန်ရှိနေလို့ မင်္ဂလာဆောင်ဖို့ အရမ်းလောနေရတာတဲ့။ ပြီးတော့ ကျောက်မိသားစုကလည်း ဒါကိုနင်းပြီး တင်တောင်းငွေမပေးနိုင်ဘူးလို့ ငြင်းနေတယ်လေ။ မင်းအဘွားကလည်း သူ့သမီးကို ဘယ်လိုမှ မျက်နှာအပျက်ခံမှာမဟုတ်ဘူး။ အဲဒါကြောင့် ကိစ္စတွေက ဒီလိုဖြစ်လာရတာပဲ ဟူး”
ညကြီးသန်းခေါင်မို့လို့ လှည်းကလေးက ရွာလမ်းတစ်လျှောက် အပြင်းနှင်နေသလို စကားနည်းတဲ့ရွှီချင်းပိုင်ကလည်း ဒီနေ့ကျမှ စကားရွှင်နေတယ်။ တိတ်ဆိတ်နေတဲ့ လမ်းလေးပေါ်မှာ မြင်းလှည်းအရှေ့ဘက်မှာ ချိတ်ဆွဲထားတဲ့ မီးအိမ်လေးဆီက လိမ္မော်ရောင်အလင်းကပဲ ပတ်ဝန်းကျင်တစ်ခုလုံးကို အလင်းပေးနေတယ်။
ဒီမီးအိမ်အသစ်လေးက ကျောက်အာဝယ်ထားတာဖြစ်ပြီး အတော်လေး ဈေးများတယ်လို့ သိရတယ်။ သူတို့နှစ်ယောက် ယွီချင်းရွာရဲ့ဝင်ပေါက်ကို ရောက်တာနဲ့ ခွေးတွေက တစ်ကောင်ပြီးတစ်ကောင် ထဟောင်ကြတော့တယ်။
တစ်လမ်းလုံး ခွေးဟောင်သံတွေနဲ့ ဆူညံနေပြီးမှ ရွှီမိသားစုအိမ်အရှေ့ ရောက်လာပြီး ရွှီချင်းပိုင်က လှည်းကိုခြံဝန်းထဲ မောင်းဝင်ပြီးတာနဲ့ ရွှီထင်းရှန်းက အမြန်ခုန်ဆင်းလိုက်တယ်။ ဒီကောင်လေး သူတို့ဒုတိယမိသားစုအခန်းဆီ ကသုတ်ကရက် သွားနေတာမြင်တော့ ရွှီချင်းပိုင်က လှမ်းအော်တယ်။
“ထင်းရှန်း ကျောက်အာကို အရမ်းမဆူနဲ့ဦး”
ရွှီထင်းရှန်းကတော့ သူ့ကိုလျစ်လျူရှုကာ အခန်းထဲဝင်လာလိုက်တယ်။ တစ်ခန်းလုံးက မှောင်မဲနေပြီး အပြင်က အလင်းရောင်မှိန်မှိန်ဖျော့ကြောင့်သာ ကုတင်ပေါ်က ဖောင်းမို့နေတဲ့အရာတစ်ခုကို မြင်လိုက်ရတာ။
သူ ဝင်လာပြီးတော့မှ ကျောက်အာက တံခါးလော့မချထားဘူးဆိုတာ သဘောပေါက်လိုက်တယ်။ သူမ တစ်ခါမှ လော့ချဖို့မမေ့ဖူးပါဘူး။ ရွှီထင်းရှန်းက ကုတင်နားလျှောက်လာပြီး ကျောက်အာရဲ့နဖူးပေါ် လက်တင်ကြည့်လိုက်တော့ အေးစက်နေတာ တွေ့လိုက်ရတယ်။
“ကျောက်အာ ကျောက်အာ”
သူ့ရဲ့စိုးရိမ်တကြီး လှုပ်နှိုးမှုအောက်မှာ ကျောက်အာက အိပ်ချင်မူးတူးနဲ့ နိုးလာတယ်။
“ဟင်မ် … ဘာဖြစ်လို့ ဒီအချိန်ကြီး ပြန်လာတာလဲ”
ရွှီထင်းရှန်းက ဘာမှမပြောသေးတဲ့အချိန် အပြင်က ခေါ်သံတစ်ခု ထွက်လာတယ်။ ကြည့်ရတာ သူတို့က မစောင့်နိုင်တော့ဘူး ထင်ပါတယ်။ ဒီလိုနဲ့ သူလည်း ကျောက်အာကို စောင်သေချာပြန်ခြုံပေးလိုက်ပြီး တစ်ချက်နှစ်ချက်ပုတ်ကာ ပြန်အိပ်ခိုင်းလိုက်တယ်။
သူ အိမ်မကြီးထဲရောက်တဲ့အခါ အဘိုးရွှီတို့လင်မယားရယ် ရွှီစွေ့အယ်ရယ်ပဲ ရှိတော့ပြီး ကျန်တဲ့လူတွေကတော့ အခန်းကိုယ်စီပြန်သွားကြပြီ။
44 03
“ကုန်းကျစ် ကျောက်အာ ဘာတွေလုပ်ခဲ့သလဲ သိလား။ သူ့ကြောင့် အမေ့မှာ ဒေါသထွက်ပြီး သတိတောင်လစ်သွားရတယ်”
ရွှီစွေ့အယ်ရဲ့စောဒကတက်သံ ထွက်လာတဲ့အချိန် ရွှီထင်းရှန်းက ဖိနပ်ချွတ်ပြီး အိမ်ပေါ်တက်ရုံပဲ ရှိသေးတယ်။ ရွှီထင်းရှန်းက သူမရဲ့ရင်းနှီးသလိုလိုနဲ့ မရင်းနှီးတဲ့မျက်နှာကို ပြန်ကြည့်လိုက်တယ်။
မရင်းနှီးဘူးဆိုတာက မတွေ့တာ နှစ်တွေအများကြီး ကြာနေပြီမို့လို့ ရင်းနှီးတယ်ဆိုတာကတော့ သူမရဲ့ဘယ်တော့မှမပြောင်းလဲမဲ့ အရင်ဆုံး တိုင်တောတတ်တဲ့ အကျင့်ကြောင့်ပဲ။ တကယ်လို့ သူနဲ့ကျောက်အာတို့ကြားမှာ အများကြီး တိုးတက်မလာဘူးဆို အိပ်မက်ထဲကအတိုင်း ဆက်ဖြစ်သွားမှာပဲ။
အဲဒီတုန်းက သူ့ရဲ့တရားသေတွေးနည်းတွေက ပြဿနာဖြစ်စေခဲ့တာ သူက ကျောက်အာကို ကာကွယ်ပေးချင်ရုံသာမက မိသားစုအရှေ့မှာလည်း မျက်နှာကောင်းရချင်တာကြောင့် စိတ်ထဲကမပါသော်လည်း လူကြီးတွေအလိုကျ လိုက်လုပ်ပေးခဲ့ရတယ်။
ကျောက်အာမှာ အပြစ်မရှိမှန်း သိတာတောင် သူပြန်လာတော့ သူမကို တအားဆူပူကြိမ်းမောင်းခဲ့တာကြောင့် အခုမှပြန်လည် နွေးထွေးစပြုနေတဲ့ နှစ်ယောက်ကြားဆက်ဆံရေးက တဖန်အေးစက်သွားခဲ့ရတော့တယ်။
နောက်ပိုင်း သူရင့်ကျက်လာတဲ့အချိန်ကျမှ ပြန်တွေးကြည့်တော့ သူ ဘယ်လောက်မှားခဲ့မှန်း နောင်တရခဲ့တာ။ ဒါပေမဲ့ အိပ်မက်ထဲမှာတော့ သူ့အဒေါ်အငယ်ဆုံးက လက်မထပ်ခင် ကိုယ်ဝန်မရသေးပေမဲ့ သူမအိမ်ထောင်ရေးကိစ္စကလည်း အရမ်းအဆင်ပြေနေတာတော့ မဟုတ်ဘူး။
တကယ်တော့ တွေးကြည့်စမ်းပါ… သူများဆက်ဆံရေးကို ပြိုကွဲအောင်လုပ်တဲ့သူရဲ့ အိမ်ထောင်ရေးကရော ဖြောင့်ဖြူးနေပါ့မလား။ အထူးသဖြင့် သူ့ရဲ့အဘွား(အဘွားကျောက်ရဲ့အမေ)က ရွှီစွေ့အယ်ကို ငယ်ငယ်ကတည်းက သဘောမကျခဲ့တာ။
ရွှီထင်းရှန်းက သူ့စိတ်ထဲမှာပဲ သရော်တော်တော်တွေးနေမိလို့ အရှေ့က သားအမိနှစ်ယောက် ခင်းတဲ့ဒရာမာကိုတောင် တစ်စက်မှ မကြားလိုက်ဘူး။
“ဒေါ်လေး”
သူ ရုတ်တရက် အသံပြတ်ပြတ်နဲ့ အော်လိုက်တော့မှ သားအမိနှစ်ယောက်ရဲ့ ခြင်တွေလို တဝီဝီအသံက ရပ်သွားတာ။
“ဒေါ်လေးတို့ အလျင်လိုနေတာသိပေမဲ့ ကိစ္စတိုင်းက လောတိုင်းလည်း ကောင်းတာမှ မဟုတ်တာ”
သူက ဒီတစ်ခွန်းပြောပြီးတာနဲ့ အဘွားကျောက်တို့နှစ်ယောက်ကို လျစ်လျူရှုလိုက်ပြီး အဘိုးရွှီကိုသာ တည့်တည့်ကြည့်လိုက်တယ်။
“အဘိုး အဘွားက ဒေါ်လေးမျက်နှာပျက်မှာ ကြောက်လို့ တင့်တောင်းတင့်တယ် ဆောင်စေချင်တာ နားလည်ပါတယ်။ ဒါပေမဲ့ ပြန်တွေးကြည့်ရင် ဒီလိုအကျည်းတန်ကိစ္စကြီးက ဖြစ်ပျက်သွားပြီးမှတော့ တင့်တောင်းတင့်တယ် ဖြစ်ပါတော့မလား”
မီးတောင်ပေါက်သလိုဖြစ်နေတဲ့ သားအမိနှစ်ယောက်နဲ့မတူဘဲ စမ်းရေလို လေသံအေးလေးနဲ့ ထောက်ပြလာတဲ့ ကောင်လေးငယ်က ဝါကျင့်ကျင့်မီးရောင်အောက်မှာ အတော်လေး ရိုးသားမှန်ကန်ပုံ ပေါက်နေတယ်။
အမှန်တော့ ရွှီထင်းရှန်းမှာ ပါရမီတစ်ခုရှိပြီး သူ့ရဲ့ပိန်သေးသေးခန္ဓာနဲ့ အပြစ်ကင်းသလို မျက်နှာလေးက ဘယ်သူ့ကိုမဆို စိတ်နှလုံးပျော့ပျောင်းသွားစေတာကြောင့် အချိန်တိုအတွင်း သူ့ဘက်ပါလာအောင် သိမ်းသွင်းနိုင်တယ်။
အခုလည်း ထိုနည်း၎င်းပဲမို့ လူကြီးတွေဆီက ဆူပူသံထွက်မလာဘဲ သူတို့ကြည့်ရတာ သူပြောလိုက်တဲ့စကားကို အနက်အဓိပ္ပာယ် ဖွင့်နေပုံရတယ်။
“တွေ့တဲ့အတိုင်း ဒေါ်လေးက စိတ်အလိုလိုက်ပြီး လက်မထပ်ခင် ယောက်ျားတစ်ယောက်နဲ့ ကိုယ်ဝန်ရခဲ့တယ်။ ကျေးလက်ဒေသမှာ မိန်းကလေးတစ်ယောက် ဒီလိုဖြစ်သွားတာနဲ့ တစ်မိသားစုလုံး ကဲ့ရဲ့ခံရပြီး တစ်သက်လုံး ခေါင်းမဖော်နိုင်အောင် ဖြစ်လိမ့်မယ်။ မိသားစုထဲမှာ တခြားသမီးမိန်းကလေးတွေ ရှိတယ်ဆိုလည်း လက်ထပ်ဖို့မပြောနဲ့။ ဘယ်ယောက်ျားလေးမှ အနားတောင်ကပ်မှာ မဟုတ်တော့ဘူး။ ဒါက တစ်မျိုးနွယ်လုံးအတွက် အင်မတန် ရှက်ဖို့ကောင်းတဲ့အရာပဲ။ ကျောက်မိသားစုကလည်း ဒါကိုသိလို့ ကျွန်တော်တို့ကို အခုလိုနင်းလာတာ”
44 04
သူ့ရဲ့ပွင့်လင်းတဲ့စကားတွေကြောင့် အဘွားကျောက်ရဲ့မျက်နှာက မြင်မကောင်းအောင် ပျက်ကျသွားသလို ရွှီစွေ့အယ်ကလည်း တစ်ကြိမ်နှစ်ကြိမ်မက ထရိုက်ချင်စိတ်တွေ ပေါက်လာပေမဲ့ ဘယ်လိုမဆို သူ ပြောသမျှအမှန်တွေမို့ သည်းခံလိုက်ရတယ်။ အဘိုးရွှီရဲ့မျက်နှာကလည်း မုန်တိုင်းထန်တော့မဲ့ ကောင်းကင်လို မဲကျလာတယ်။
ရွှီမိသားစုရဲ့အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ မျှတရမယ်ဆိုတာ သိပေမဲ့ ဒီလိုအကျိုးဆက်တွေကို သိနေလို့လည်း တခြားမိသားစုခွဲတွေကို ခန်းဝင်ပစ္စည်းအတွက် တောင်းဖို့ လုပ်ရတာပေါ့။ သူ့သားနှစ်ယောက်က မပေးချင်တာ သေချာနေတော့ သူ့မိန်းမ နည်းလမ်းဟောင်းကြီး ထုတ်သုံးတာကို ထိုင်ကြည့်နေရုံပဲ ရှိတော့တယ်။
အခုနက မိသားစုစကားဝိုင်းမှာတောင် ဘယ်သူမှထုတ်မပြောရဲတဲ့ အမှန်တရားတွေက ရွှီထင်းရှန်းပါးစပ်ထဲက ထွက်လာတော့ အဘိုးရွှီကို ပိုတောင်ကြောက်လန့်သွားစေပြီး ဆင်ခြင်ဉာဏ်မရှိတဲ့ သူ့မိန်းမနဲ့သမီးကိုလည်း ပိုပိုအမြင်မကြည်ဖြစ်လာရတယ်။
“ဒါပေမဲ့ အဘိုး ဒီကိစ္စက ကျွန်တော်တို့မိသားစုအတွက်ပဲ အားနည်းချက် မဟုတ်ဘူးဆိုတာကိုရော တွေးကြည့်မိရဲ့လား။ ဒီမြေးမှတ်မိတာ မှန်မယ်ဆို ကျောက်ကျင်ရွေ့ကလည်း ကျောင်းတက်နေပုံရတယ်။ ကိုယ်ကျင့်သိက္ခာနဲ့ အရှက်တရားမရှိတဲ့ စာသင်သားတစ်ယောက်က မသိနားမလည်တဲ့ မိန်းမပျိုလေးတစ်ယောက်ကို အမြတ်ထုတ်ရုံသာမက မိန်းကလေးဘက်က မိသားစုကိုတောင် ပြန်အကျပ်ကိုင်လိုက်သေးတယ်ဆိုတာက ဆောင်ကြာမြိုင်သွားပြီး အခကြေးငွေမပေးတဲ့ လူယုတ်မာတွေနဲ့ တစ်တန်းထဲ မဖြစ်သွားဘူးလား”
အားပါးတရပြောနေပြီးမှ သူ့စကားတွေ ဘယ်အဆင့်အထိ ရောက်သွားလဲဆိုတာ သဘောပေါက်သွားတဲ့ပုံနဲ့ ရွှီထင်းရှန်းက ရှက်တက်တက်ပြုံးရင်း တောင်းပန်လိုက်တယ်။
“ဒီမြေးက လူကြီးတွေအရှေ့မှာ ရိုင်းမိပါပြီ။ ဒါပေမဲ့ ဒါက အမှန်ပါပဲ။ ဒီတော့ လက်ရှိအဘိုးတို့က အရမ်းစိုးရိမ်နေကြပေမဲ့ တကယ်တမ်း ပိုကြောက်လန့်နေရမဲ့သူတွေက သူတို့တွေပဲ ဒီကိစ္စကြီးပေါ်သွားမှာ။ ကျွန်တော်တို့ကြောက်သလို သူတို့လည်း ဒီအတိုင်းပဲဆိုတာ မမေ့ပါနဲ့။ ဘာလို့ဆို ဒါက သူတို့သားရဲ့ အနာဂတ်တက်လမ်းတစ်ခုလုံးကို ဖျက်ဆီးနိုင်ရုံတင်မဟုတ်ဘဲ ဒေါ်လေးကလည်း တစ်ဖက်မိသားစုရဲ့အညှာကို ကိုင်ထားတယ်ဆိုတာ”
“ဘာအညှာလဲ”
ရွှီစွေ့အယ်က ရွှီထင်းရှန်းစကားထဲက သူမကို ဆောင်ကြာမြိုင်က ပန်းမိန်းကလေးတွေနဲ့ယှဥ်တဲ့အပေါ် ရန်တွေ့ရမှာတောင် မေ့သွားပြီး သိချင်စိတ်နဲ့မေး လာတယ်။
“ဒေါ်လေး ဗိုက်ထဲကကလေးပေါ့” ရွှီထင်းရှန်းက ရိုးရိုးလေး ပြုံးတယ်။ “တကယ်လို့ သူတို့မှာ ကျောက်မိသားစုရဲ့ မြေးကို စွန့်လွှတ်နိုင်တဲ့သတ္တိရှိမယ်ဆို ရှေ့ဆက်တိုးစမ်းပါလို့!”
အဘိုးရွှီက ဒီစကား ကြားပြီးတဲ့နောက် တိတ်ဆိတ်သွားပြီး ကောင်းကျိုးဆိုးကျိုးတွေကို ချင့်ချိန်တွက်ဆနေပုံရတယ်။
“အဘိုးနဲ့အဘွား ကျွန်တော်တို့ ဒေါ်လေးအတွက်လည်း ထည့်စဥ်းစားရဦးမယ်လေ။ သူတို့က အခုတောင် ဒေါ်လေးကို ဖိချင်နေတာ။ အသိသာကြီးပဲ တကယ်လို့ ကျွန်တော်တို့သာ ဒီကိစ္စမှာပါ။ ဆက်ခေါင်းငုံ့ပေးလိုက်မယ်ဆိုရင် ဒေါ်လေး ကျောက်မိသားစုအိမ်မှာ အိမ်ထောင်သက်တစ်လျှောက်လုံး ခေါင်းပြန်မမော်နိုင်အောင် ဖိနှိပ်ခံရလိမ့်မယ်”
“အောင်မယ် လုပ်ရဲရင် လုပ်ကြည့်လိုက်လေ”
အဘွားကျောက်က သူ့သမီးပုခုံးပေါ်မှာ အားနည်းချင်ယောင်ဆောင်နေရင်းက လည်ချောင်းကွဲမတတ် ထအော်လာတယ်။
“သူတို့က လုပ်ရဲလို့ လုပ်တောင်လုပ်ပြီးသွားပြီလေ။ အဘွား တွေးကြည့်ပါဦး သူတို့သာ အဘွားမျက်နှာကိုထောက်ရင် ကျောက်မိသားစုက ဒီလိုလုပ်ပါ့မလား”
အဘွားကျောက်က ချက်ချင်းပါးစပ်ပိတ်သွားပြီး သူ့မျက်နှာအိုအိုကလည်း သူ့အမေဘက်က မိသားစုက သူမအပေါ် လုပ်ရက်တဲ့အကြောင်း အသိဝင်လာလို့ထင်ပါရဲ့၊ ရုတ်ခြည်း မဲ့ကျသွားတယ်။ ကုန်းအာပြောတာလည်း အမှန်ပဲ။ ကျောက်မိသားစုသာ သူမကို လေးစားသေးတယ်ဆိုရင် သူတို့ဒီလိုလုပ်ပါ့မလား။
“ဒီတော့ ဒေါ်လေး… ဒေါ်လေးက ဘာတွေစိတ်ဒုက္ခခံနေမှာလဲ။ အခုဆို မပေါ့မပါးကြီးနဲ့မလား။ ဒီတိုင်း အိမ်မှာအခန့်သားသာ ထိုင်စောင့်နေလိုက်ပါ။ သူတို့တွေ မကြာခင် ကျွန်တော်တို့တံခါးပေါက်အရှေ့ ရောက်လာမှာ အာမခံရဲတယ်။ အချိန်တန်ရင် ကျွန်တော်ပြောသလိုမျိုး ကျောက်မိသားစုဘက်ကသာ ဒေါ်လေးကို လက်ထပ်ဖို့ ခယပြီး တောင်းဆိုပါစေ။ ကျွန်တော်တို့ နစ်နာသူတွေဘက်က သူတို့ကို အရင်သွားခယနေရမှာ မဟုတ်ဘူး”
44 05
တစ်ခန်းလုံးက အင်မတန် တိတ်ဆိတ်သွားပြီး ကွပ်ပျစ်ပေါ်က လူသုံးယောက်ကလည်း သူ့ရဲ့စကားအရှည်ကြီးကို ကိုယ်စီတွေးဆနေကြတယ်။ တစ်အောင့်နေမှ အဘိုးရွှီက သူ့ပေါင်သူ ဖြန်းကနဲပုတ်လိုက်ပြီး ထပြောတယ်။
“ကုန်းအာပြောတာ မျှတတယ်။ ဒီလိုပဲလုပ်ကြတာပေါ့”
နောက်တော့မှ သူက ရွှီထင်းရှန်းကို ခေါင်းအစခြေအဆုံး ခြုံငုံကြည့်လိုက်ပြီး “မြို့မှာ စာသွားသင်ပြီးတော့ မင်းတကယ် တိုးတက်လာတာပဲ။ ငါ့မြေးက အခုဆို အမှန်တရားတွေ အများကြီးတောင် နားလည်လာပြီ။ ဒါပေမဲ့ ရှေ့လျှောက်တော့ ကိုယ့်စကားကိုယ် ဆင်ခြင်ပြီး ပြောသင့်တယ်”
ရွှီထင်းရှန်းက အပြုံးလေးနဲ့ ခေါင်းညိတ်နာခံတဲ့အခါ အဘိုးရွှီက လက်ကာပြလိုက်ရင်း
“ကဲ ဒါဆိုလည်း သွားနားတော့ ညနက်နေပြီ”
အဲဒီလိုနဲ့ အဘွားကျောက်ရဲ့ သူ့ကိုတိုင်တန်းပြောဆိုဖို့ ခေါ်တဲ့ကိစ္စက အစတောင်မဖော်ရသေးခင် ပြီးဆုံးသွားတော့တယ်။ အိမ်မကြီးထဲက ထွက်လာမှ ရွှီထင်းရှန်းရဲ့မျက်နှာအမူအရာက အေးစက်သွားတယ်။
ရင်ထဲက ကြာစေ့က ခါးသလို ဝမ်းထဲက သစ်တော်ကလည်း ချဥ်လာမှာပဲ။ ဒီနေ့ရဲ့ ကိုယ်စိုက်ပျိုးသမျှက မနက်ဖြန် ကိုယ်လာရိတ်သိမ်းမှာကို စောင့်နေမှာ။
ရွှီထင်းရှန်း သူတို့အခန်းထဲပြန်ဝင်လာတဲ့အချိန်အထိ ကျောက်အာက အိပ်ပျော်နေတုန်းပဲ။ ဒါက ပုံမှန်မဟုတ်ဘူး။ သူမရဲ့အေးစက်နေတဲ့ ကိုယ်အပူချိန်ကို ပြန်တွေးမိလိုက်တော့ ရွှီထင်းရှန်းက စိတ်မပူဘဲ မနေနိုင်တော့ဘူး။
နဖူးကို ထပ်စမ်းကြည့်လိုက်တော့ အဖျားမရှိတာ သိလိုက်ရတယ်။ မတတ်နိုင်တဲ့အဆုံး ကျောက်အာကို လှုပ်နှိုးပြီး အခြေအနေမေးလိုက်ရတယ်။
“နေလို့ထိုင်လို့ မကောင်းဘူးလား”
ကျောက်အာက ဘာမှမဖြေဘဲ စောင်ပုံအောက်မှာ မျက်မှောင်တွေ ကြုတ်နေတာကြောင့် သူ အလျင်လိုနေတဲ့လေသံနဲ့ ထပ်မေးလိုက်တော့မှ “မစိုးရိမ်နဲ့ ငါ ဘာမှမဖြစ်ပါဘူး”
သူမပုံစံက အရမ်းရင်းနှီးနေပြီး သူလက်ဆန့်ထုတ်ကာ လည်ပင်းကို စမ်းကြည့်ဖို့လုပ်တော့လည်း ကျောက်အာက အသည်းအသန် တွန်းဖယ်လာပြန်တာကြောင့် ရွှီထင်းရှန်း သဘောပေါက်သွားတယ်။ သူက ဗီရိုထောင့်နားက နေရာဟောင်းလေးကို စမ်းကြည့်လိုက်ပြီး အထုပ်လေးတစ်ထုပ်ကို မီးဖိုချောင်ဆီ ယူသွားလိုက်တယ်။
အမွှေးတိုင်တစ်ဝက်စာလောက် အချိန်ကျ ရွှီထင်းရှန်းက လက်ထဲသကြားညိုတစ်ခွက်နဲ့ ပြန်ရောက်လာတယ်။
“ထပြီး ဒါလေးနည်းနည်းသောက်လိုက်”
ကျောက်အာက အစကဘာမှန်းမသိသေးဘူး သူမ ပါးစပ်ထဲ ခပ်ချိုချိုအရသာဝင်လာတော့မှ သဘောပေါက်သွားတာ။
“သကြားညို။ ဘယ်ကရတာလဲ”
တကယ်လည်း ပူနွေးနွေး သကြားရည်လေးဝင်လာမှ သူမဝမ်းတွင်းထဲ အတော်လေး နေလို့ထိုင်လို့ကောင်းလာတယ်။
“ဒီလိုအချိန်ဆို အမြဲတမ်း သကြားညိုသောက်နေကျမလား။ မင်းထားထားတဲ့နေရာကပဲ ယူလိုက်တာ”
“ကျွန်မ ဒီအချိန် သကြားညိုသောက်တာနဲ့ ဘယ်မှာထားလဲဆိုတာ ဘယ်လိုသိတာလဲ”
မြင်ဖူးရင်တောင် မြင်ထားလို့ သိတယ်ဆိုတာ ဟုတ်သေးတယ် ဒါပေမဲ့ အခုက သူမ ဒီလိုဖျော်သောက်တိုင်း သူအနားမှာရှိနေတာမှမဟုတ်တာ။ ဒါကို ဘယ်လိုသိသွားတာလဲ။
အဲဒီအတွေးနဲ့ နောက်ဆုံးတော့ ကျောက်အာက ရွှီထင်းရှန်းအရှေ့မှာ ရှားရှားပါးပါး ရှက်ရွံ့လာခဲ့တော့တယ်။ သူမက အသက် ၁၀နှစ်အရွယ်ကတည်းက ရာသီသွေးစဆင်းခဲ့ပြီး အဲဒီတုန်းက ဘာမှနားမလည်သေးတော့ သွေးတွေထွက်ပြီး သေပြီထင်တာ။
44 06
ဒါပေမဲ့ အမျိုးသမီးချူက သူမကိုချော့မော့ ရှင်းပြပြီး လစဥ်သုံး အဝတ်စလေးတွေပါ ချုပ်ပေးခဲ့တာ။ အမျိုးသမီးချူပြောတာတော့ မိန်းမတွေရဲ့ ဓမ္မတာကိစ္စက ယောက်ျားတွေကို ပေးသိလို့မဖြစ်ဘူးတဲ့။ ကျောက်အာသိတဲ့ ယောက်ျားနဲ့မိန်းမကြားကွာခြားမှုဆိုလို့ ဒါတစ်ခုပဲရှိတယ်။
အဲဒါတင်မကသေး အမျိုးသမီးချူက မိန်းကလေးတစ်ယောက်က ကိုယ့်အရှက်သိက္ခာကို တန်ဖိုးထားရမယ်ဆိုတာနဲ့ ကိုယ့်ခန္ဓာကိုယ်ကို သူစိမ်းယောက်ျား ထိကိုင်လို့မရဘူးဆိုတာပါ သင်ပေးခဲ့တယ်။
အခု သူ့ကောင်လေးက သူမရဲ့ဓမ္မတာကိစ္စကို သိတာ ဟိုးအရင်ကတည်းဆိုတော့ ကျောက်အာတစ်ယောက် ခေါင်းတောင်မဖော်နိုင်တော့တာ မဆန်းဘူး။ လက်ရှိမှာတော့ သူမက စောင်အောက်မှာ မျက်နှာဝှက်ရင်း ဂရုမစိုက်သလို ဟန်ဆောင်နေပေမဲ့ နီရဲနေတဲ့ နားရွက်ဖျားလေးတွေက သစ္စာဖောက်နေတယ်။
“မြန်မြန်လာအိပ် နောက်ကျနေပြီ”
အဲဒီတော့မှ ရွှီထင်းရှန်းက ကုန်သွားတဲ့ သကြားခွက်ကို မီးဖိုချောင်ထဲသွားထား ကျန်နေသေးတဲ့ ရေနွေးအနည်းငယ်နဲ့ ခြေလက်အမြန်ဆေးပြီး အိပ်ရာပေါ်လာတယ်။ တိတ်ဆိတ်နေတဲ့ တစ်ခန်းလုံးမှာ ကျောက်အာရဲ့ ဟိုလှည့်ဒီလှည့်အသံပဲ ထွက်နေတယ်။
“ဘာဖြစ်လို့လဲ”
“ဘာမှမဖြစ်ဘူး အိပ်တော့”
ရွှီထင်းရှန်းက လက်ဆန့်ထုတ်ပြီး ကျောက်အာရဲ့လက်တစ်ဖက်ကို ကိုင်ကြည့်လိုက်တယ်။ တခြားဟာတွေကို မပြောနဲ့ဦး သူမအိပ်ရာထဲမှာ ဘာနွေးစရာမှမှမရှိတာ ဒီလောက်အေးခဲနေတာ မဆန်းတော့ဘူး။
“ချမ်းလို့လား”
“မချမ်းဘူး အိပ်ပါတော့ဆို မနက်ကျောင်းပြန်သွားရဦးမယ်မလား”
ရွှီထင်းရှန်းက တိတ်သွားတော့ ကျောက်အာက သူအောင်မြင်စွာ သိမ်းသွင်းလိုက်နိုင်ပြီထင်တာ။ ဒါပေမဲ့ သူမ ခြုံထားတဲ့စောင်က ရုတ်တရက် မတင်ခံလိုက်ရပြီး မရှေးမနှောင်းမှာပဲ လူတစ်ယောက်က အတင်းတိုးဝင်လာတယ်။
“ချမ်းနေတာ သိတယ်။ ငါ့တုန်းကလည်း မင်းပဲအမြဲတမ်း အနွေးဓာတ်ပေးခဲ့တာမလား။ ဆိုတော့ ဒီနေ့တော့ ငါက ပြန်လုပ်ပေးမယ်”
သာမန်ဆိုအားသန်တဲ့ ကျောက်အာက အခုအိပ်ချင်မူးတူးဖြစ်နေတာကတစ်ကြောင်း ဓမ္မတာကြောင့် အားနည်းနေတာကတစ်ကြောင်းမို့ သူမ လှုပ်ကြည့်တာတောင် တစ်လက်မမှ မရွေ့ဘူး။ အနောက်က အဖက်ခံရတာက အတော်လေး ထူးဆန်းပေမဲ့ ကိုယ်သင်းရနံ့ကတော့ ရင်းနှီးတယ်။
ဒါပေမဲ့လည်း ဘယ်လိုပဲဖြစ်ဖြစ် သူမအတွက်တော့ နေသားကျနေတာ မဟုတ်တဲ့အတွက် ထပ်ရုန်းဖို့ကြိုးစားလိုက်တဲ့အခါ တစ်ဖက်လူက သူမ လက်နှစ်ဖက်စလုံးရော ခြေနှစ်ချောင်းစလုံးကိုပါ သူ့ကိုယ်နဲ့ ဖိချုပ်ထားလိုက်တော့တယ်။
“ရုန်းမနေနဲ့”
“ငါ မချမ်းပါဘူးဆို ဖက်ထားပေးဖို့လည်း မလိုပါဘူး”
“မချမ်းလည်း ငါက နွေးစေချင်လို့လို့သာ တွက်လိုက်၊ မျက်လုံးမှိတ်တော့ ခဏနေ နွေးလာလိမ့်မယ်”
……………
******