အခန်း (၄၅-၄၆)
Vol. 5 Ch. 45-46
45 01
အခန်း 45
ကျောက်အာက ရွှီထင်းရှန်း လာဖက်ကတည်းက တစ်ကိုယ်လုံးတောင့်တင်းနေခဲ့ပေမဲ့ တဖြည်းဖြည်း နွေးလာတော့လည်း သူမခန္ဓာကိုယ်က မသိစိတ်ရဲ့ခိုင်းစေမှုကြောင့် သက်တောင့်သက်သာဖြစ်သွားတော့တယ်။
ကျောက်အာက တင်းထားတဲ့ အကြောအချဥ်တွေအကုန် ဖြေလျှော့လိုက်ပြီး သူမဂုတ်ပေါ်က မွှေးညှင်းနုတွေကို လာရိုက်ခတ်နေတဲ့ တစ်ဖက်လူရဲ့ စည်းချက်မှန်မှန် အသက်ရှူသံကြောင့် ရွှီထင်းရှန်းလည်း အိပ်မပျော်သေးတာ သိလိုက်တယ်။
သူမက စိတ်ရောကိုယ်ပါ အခြေအနေပိုကောင်းလာတာမို့ တခြားကိစ္စတွေကို တွေးပူလို့ရသွားပြီ။
“ဒေါ်လေးတို့ကိစ္စ … ဘယ်လိုလုပ်လိုက်လဲ”
အမှန်တော့ သူမက ရွှီထင်းရှန်း ပြန်လာပေမဲ့ ဘာလို့ဘာမှမပြောသေးတာလဲဆိုတာ ပိုသိချင်နေမိတယ်။ ရွှီထင်းရှန်းက သူပြောခဲ့သမျှကို အတိုချုပ်ရှင်းပြလိုက်တယ်။
“တကယ်လို့ အဲဒီလိုသာဆို ကျောက်မိသားစုက အလျှော့တော့ပေးလိုက်ပေမဲ့ အငြှိုးထားမှာ ကျိန်းသေတယ်။ ဒီလိုဆို ဒေါ်လေးက သူတို့မိသားစုထဲရောက်တာနဲ့ ပိုနှိပ်စက်ခံရတော့မှာ”
“အဲဒါတွေ စိုးရိမ်မနေပါနဲ့ သူလုပ်ခဲ့တာ သူပြန်ခံရတာပဲပေါ့”
ကျောက်အာက တဒင်္ဂလောက် တိတ်ဆိတ်သွားတယ်။
“ကုန်းအာ ဒီတလော နင်အများကြီး ပြောင်းလဲသွားတယ်နော်”
ရွှီထင်းရှန်းက တောင့်တင်းလျက်နဲ့ပဲ မသိချင်ယောင်ဆောင်ပြီး ပြန်မေးတယ်။
“ဘာတွေ ပြောင်းလဲသွားလို့လဲ”
“အမ် …. စကားရွှင်လာတယ်။ အရင်ကဆို နင့်ဆီက စကားတစ်ခွန်းကြားရဖို့ တော်တော်ခဲယဥ်းတာလေ။ ပြီးတော့ ပိုလည်းပွင့်လင်းပြီး သဘောထားကြီးလာသလိုပဲ။ အရင်ဆို အရမ်းလျှို့ဝှက်တာ။ အခုတော့ အိမ်ကလူတွေကို ဘယ်လိုကိုင်တွယ်ရမလဲလည်း သိလာပြီ။ အရင်လိုသာဆို နင်က အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် ဒေါသထွက်ရင်ထွက် မထွက်ရင် တစ်နေကုန် ဆူပုပ်နေတတ်တာလေ။ ဒါပေမဲ့ အခုတော့ အများကြီး ထက်မြက်လာတယ်”
ဆိုတော့ သူက သူမအမြင်မှာ ဒီလိုပုံစံဖြစ်ခဲ့တာပေါ့…
“ဒါဆို အခုလိုပြောင်းလဲသွားတာကရော ကောင်းတာလား ဆိုးတာလား”
“သေချာပေါက် ကောင်းတာပေါ့”
“ကောင်းရင် ရပြီ။ လူဆိုတာ အမြဲတမ်း ကြီးပြင်းလာရတာမလား။ ငါကလည်း တစ်သက်လုံး တူညီတဲ့လူ ဖြစ်နေလို့မရဘူးလေ”
ရွှီထင်းရှန်းက အဓိပ္ပာယ်ပါပါပြောလာတော့ ကျောက်အာက သက်ပြင်းချတယ်။ တကယ့်ကို သူ့ကောင်လေးက ရင့်ကျက်လာပြီပဲ။ သူမက အဖိခံရတဲ့အပေါ် အနည်းငယ် မသက်မသာဖြစ်လို့ ပူးကပ်နေရာက ရှေ့ကိုမသိမသာ တိုးပြီး ခွာလိုက်တယ်။
“အရွယ်ရောက်လာတာ ကောင်းပါတယ်။ ဒါပေမဲ့ နင်က ပိန်လွန်းသေးတယ်။ ဒီနံရိုးတွေကို ကြည့်စမ်းပါဦး လူကိုတောင် ထိုးလို့ရနေပြီ”
“မကြာခင် ဝလာမှာပါ။ အခုလည်း အရင်ကထက်စာရင် ဝနေပါပြီ”
ကျောက်အာကတော့ ကျိန်ပြောရင်တောင် သူ့စကားကိုမယုံလို့ တစ်ခုခုပြန်ပြောဖို့အလုပ်မှာပဲ ဝမ်းဗိုက်က စူးအောင့်လာတဲ့ဝေဒနာကြောင့် ချက်ချင်း ဒူးကွေးလိုက်ရတယ်။
“ဘာဖြစ်လို့လဲ”
“ဘာမှ … မဖြစ်ဘူး”
ကျောက်အာက အသက်လုရှူနေရင်းက တစ်ဝက်တစ်ပြတ် ပြန်ဖြေတယ်။ ရွှီထင်းရှန်းက ခဏလောက်စောင့်ပြီးမှ ဘယ်နေရာ နာနေသလဲ ကြည့်ဖို့ ကျောက်အာကို ပုခုံးကနေကိုင်ပြီး ပက်လက်လှန်လိုက်တယ်။
“ခဏလောက် ငြိမ်နေလိုက်ရင် သက်သာသွားမှာ”
“တစ်ခါမှ သမားတော် ပြဖို့ မတွေးဖူးဘူးလား”
“ဘာလို့ပြရမှာလဲ။ မိန်းကလေးတိုင်း ဒီလိုဖြစ်ကြတာပဲ”
45 02
“ဘာပဲဖြစ်ဖြစ် သမားတော်သွားပြလိုက်တာ ပိုကောင်းမယ်။ မင်းပြီးတဲ့ရက်ကျ သွားကြတာပေါ့။ ငါအဖော်လိုက်ပေးမယ်”
ရွှီထင်းရှန်းက ပြောပြောဆိုဆို သူမရဲ့ဝမ်းဗိုက်အောက်နားကို လက်တင်လိုက်ပြီး “နှိပ်ပေးမယ် မနာတော့အောင်လို့”
“နှိပ်မယ်။ အယ် အဲဒီလောက်အထိ လုပ်ပေးစရာ မလိုပါဘူး”
ကျောက်အာက အဆင်မပြေတာကြောင့် သူ့ကို တွန်းထုတ်လိုက်ချင်ပေမဲ့ သူမမှာ အားမရှိတာတော့ စိတ်မကောင်းစရာပဲ။
“ငါကလေးတုန်းက ဗိုက်အောင့်ရင်လည်း မင်းက အမြဲတမ်း ဒီလိုနှိပ်ပေးခဲ့တာ”
ပါးစပ်ကလည်း ပြောရင်း လက်ဖဝါးနွေးနွေးကလည်း သူမဝမ်းဗိုက်ပေါ်မှာ ငြင်သာစွာ လှုပ်ရှားနေတယ်။ စစချင်းသာ နေရခက်ရပေမဲ့ တစ်ချက်နှစ်ချက်နှိပ်ပြီးတာနဲ့ နေသားကျလာတော့ ကျောက်အာလည်း ထွေထူးကို ငြင်းဆန်မနေတော့ဘူး။
ဒီတိုင်း သူ့ကောင်လေးက ဒီနေ့ကျမှ အတော်လေး တွေးပေးတတ်တာပဲလို့သာ ခံစားလိုက်မိတယ်။ ဒါကို တွေးပေးတတ်တယ်လို့ ခေါ်မယ် ထင်တာပဲ။ ကျောက်အာက ဇိမ်ခံလို့ကောင်းကောင်းနဲ့ အနည်းငယ် မျက်လုံးတွေစင်းလာပေမဲ့ သူမ သံသယတွေကိုတော့ ထုတ်မေးလိုက်တုန်းပဲ။
“ကုန်းအာ ဒါလာရင် ဗိုက်မအောင့်အောင် နှိပ်ပေးရမယ်ဆိုတာ ဘယ်လိုသိတာလဲ”
ရွှီထင်းရှန်းရဲ့လက်တွေက ခဏလောက်တန့်သွားပြီးမှ ဘာမှမဖြစ်သလို ပြန်လှုပ်ရှားလာတယ်။
“ခန့်မှန်းကြည့်လိုက်တာ”
အမှန်တော့ အဲဒီအိပ်မက်ထဲမှာလည်း ကျောက်အာက ဓမ္မတာနဲ့ပတ်သက်လို့ သမားတော်သွားပြဖူးတယ်။ သမားတော်က သူမက ကလေးဘဝကတည်းက ပင်ပန်းဆင်းရဲခံခဲ့ရတာကြောင့် ခန္ဓာကိုယ်က အနည်းငယ် အအေးဓာတ်များနေတာလို့ ပြောခဲ့တယ်။
ကျောက်အာရဲ့ကိုက်ခဲမှုက သမားတော်ပေးတဲ့ ဆေးတွေသောက်ပြီးမှ ဖြည်းဖြည်းချင်း သက်သာလာခဲ့တယ်။ တကယ်လို့ နာကျင်မှုက မခံမရပ်နိုင်အောင် ဖြစ်လာခဲ့ရင် အနွေးအိတ်ကပ်ပေးတာဖြစ်ဖြစ် နှိပ်နယ်တာဖြစ်ဖြစ် လုပ်လို့ရတယ်လို့လည်း ပြောခဲ့တာ သူမှတ်မိပါသေးတယ်။
တစ်ခါတလေ အချိန်တွေကြာလာလေ အဲဒီအိပ်မက်က ပိုပြီး ရှေ့ဖြစ်ဟောဆန်လာလေပဲ။ ရွှီထင်းရှန်းက အဲဒါက အိပ်မက်မဟုတ်ဘဲ သူ တကယ်နေထိုင်ခဲ့ဖူးတဲ့ ဘဝများလားလို့တောင် တွေးမိလာတယ်။
သူ အတွေးနက်နေတဲ့အချိန်မှာပဲ ကျောက်အာက အိပ်ပျော်သွားပြီ။ ရွှီထင်းရှန်းလည်း အချိန်တစ်ခုလောက်အထိ ဆက်နှိပ်နယ်ပေးနေခဲ့ရင်း နောက်ဆုံး သူပါ အိပ်ပျော်သွားတော့တယ်။ သူက မနက်အရုဏ်မတက်ခင်အထိပဲ အိပ်ခဲ့ပြီး ကျောက်အာကတော့ နေအတော်မြင့်မှ နိုးလာခဲ့တယ်။
မျက်လုံးပွင့်တာနဲ့ ချက်ချင်း အိပ်ရာပေါ်က ကုန်းထလိုက်မိတဲ့အကြောင်းအရင်းကတော့ ဒီနေ့သူမရဲ့ ကုန်စိမ်းစီးပွားရေးလေး ဘယ်လိုဖြစ်သွားပြီလဲဆိုတဲ့အတွေးကြောင့်ပဲ။ ကျောက်အာက အိပ်ရာပေါ်က အမြန်ဆင်း အဝတ်အစားကောက်လဲပြီးတော့မှ ခန္ဓာကိုယ်အောက်ပိုင်းတွေ မကိုက်ခဲတော့တာ သတိထားမိလိုက်တယ်။
ပုံမှန်ဆို သူမက ပထမဆုံးနှစ်ရက်လောက်အထိ ဘယ်မှမသွားနိုင်ဘဲ အတော်လေး မသက်မသာဖြစ်နေကျ ဒါပေမဲ့ တစ်ညထဲနဲ့ သက်သာသွားလိမ့်မယ်လို့ မထင်ထားဘူး။ နှိပ်ပေးတာက တကယ် ထိရောက်သွားတာလား။
သူမအတွေးတွေက ကစဥ့်ကလျားဖြစ်နေပြီး ရှုပ်ယှက်ခတ်နေတဲ့ကြားကပဲ တံခါးဖွင့်ပြီး အခန်းထဲက အလျင်စလိုထွက်လာတော့ ခြံထဲမှာအဝတ်ထိုင်လျှော်နေတဲ့ အဒေါ်စွန်းနဲ့ ဆုံတယ်။
“နိုးပြီလား။ မပူပါနဲ့ ကုန်းအာက နင်ပိုအိပ်လို့ရအောင်ဆိုပြီး မနက်ကတည်းက နင့်ဦးလေးနဲ့လိုက်သွားတယ်”
“သူက ဘာလို့လိုက်သွားတာလဲ။ ဒီနေ့ ကျောင်းရှိတယ်မဟုတ်ဘူးလား”
“အေး ကုန်းအာပြောတာတော့ အစကတည်းက သူ ဒီနေ့အတွက်ပါ ခွင့်တိုင်ထားတယ်တဲ့ ဒီနေ့မသွားရင် နောက်နှစ်ရက်လောက် အိမ်မှာထပ်နေလို့ရတယ်လို့ ပြောတာပဲ။ ပြီးတော့ နင် ဟိုဟာဖြစ်နေတယ်မလား။ မသက်သာရင် အရင်သွားလဲနေလိုက် ဒီအဒေါ်က မနက်စာချန်ထားတယ် အခန်းထဲယူလာပေးမယ်”
45 03
“မဟုတ်တာ သမီးဘာသာ လုပ်နိုင်ပါတယ်”
အဒေါ်စွန်းက လက်တွေကိုဆေးကြောလိုက်ပြီး သူမကို အခန်းဘက် အတင်းပြန်တွန်းပို့တော့တယ်။
“ကဲပါ ယဥ်ကျေးမနေစမ်းပါနဲ့ ကုန်းအာက ငါ့ကို ကိုယ်တိုင်မှာခဲ့တာ။ ငါလည်း မိန်းကလေးပဲ။ အဲဒါက ဘယ်လောက် နာကျင်ရလဲဆိုတာ သိတာပေါ့ မောက်ဒန်လေး မရခင်အထိ ငါ့မှာ တော်တော်ခံလိုက်ရတာ။ ဆေးဆရာသွားပြတော့လည်း သူပေးလိုက်တဲ့ဆေးတွေ သောက်တုန်းသာ သက်သာတာ။ နောက်တော့ မောက်ဒန်လေး ရတော့မှ ကိုက်တာခဲတာတွေ တော်တော်ပျောက်သွားတာ။ နင်လည်း နောက်ထပ်တစ်နှစ် နှစ်နှစ်လောက်ပဲ ခံရတော့မှာပါ။ ကုန်းအာနဲ့ယူပြီး ကလေးရတဲ့အခါကျ ဒါကြီးကို ကြောက်နေစရာ မလိုတော့ပါဘူး”
ဒီလိုစကားမျိုးကြားရတာ ကျောက်အာအတွက် ပထမဆုံးပဲ။ အထူးသဖြင့် သူမနဲ့ကုန်းအာတို့က ကလေးရလာမယ်ဆိုတာမျိုးပေါ့။ ကျောက်အာက တော်တော်လေး မသက်မသာခံစားလိုက်ရတယ်။ သူမ အသိစိတ် ပြန်ဝင်လာတဲ့အချိန်မှာတော့ အိမ်ခန်းထဲ အတင်းပို့ခံလိုက်ရပြီမို့ မထူးတော့မဲ့အတူတူ ကုတင်ပေါ် ပြန်ထိုင်ချလိုက်တယ်။
ခဏနေတော့ အဒေါ်စွန်းက ယာဂုတစ်ပန်းကန် ချဥ်ဖတ်အနည်းငယ်နဲ့ ပေါက်စီနှစ်လုံး သယ်ပြီး ပြန်ရောက်လာတယ်။
“စားပြီးသွားရင် ပန်းကန်တွေ စားပွဲပေါ်ပဲတင်ထားလိုက် နောက်မှ လာယူမယ်။ ကုန်းအာက ဘာမှမလုပ်ဘဲ လဲနေခိုင်းဖို့လည်း ပြောသွားသေးတယ်။ ငါ တကယ် မသိခဲ့ဘူး ကုန်းအာ အဲဒီကောင်လေး ဂရုစိုက်တတ်သားပဲ”
အဒေါ်စွန်းရဲ့မျက်လုံးတွေက အတော်လေး အံ့ဩရိပ်တွေသန်းနေပြီးမှ ကျောက်အာရဲ့ ရှက်နေတဲ့မျက်နှာလေးကိုမြင်တော့ ပြုံးမိသွားတယ်။
“ဖြည်းဖြည်းစားပေါ့ ငါအဝတ်သွားလျှော်လိုက်ဦးမယ်”
သူမ ထွက်သွားတဲ့အထိ ကျောက်အာကတော့ ထူးထူးဆန်းဆန်း ရှက်မိနေတုန်းပဲ။ ကုန်းအာလည်း အခုတော့ ဘယ်လိုဂရုစိုက်ရမလဲ သိလာပြီ။ ဟုတ်မယ် ထင်တာပဲ ဘယ်လိုမဆို သူမ အိပ်ရေးဝအောင် အိပ်ဖို့ သူက အစောကြီးထပြီး အသီးအနှံသွားရောင်းပေးတယ်ဆိုတော့ ဒါသိတတ်တာပဲပေါ့။
ကျောက်အာက အကြီးတွေကသာ အငယ်တွေကို ဂရုစိုက်ရမယ်ဆိုတဲ့ သဘောသဘာဝကိုပဲ စိတ်ထဲစွဲနေတုန်းမို့ အခုအငယ်ဖြစ်သူက သူ့ကို ပြန်ဂရုစိုက်ပေးလာတဲ့အခါ ကျင့်သားမရသေးဘဲ ဒါကို ‘ဂရုစိုက်တယ်’ဆိုတာထက် သိတတ်တယ်လို့ပဲ ခေါင်းစဥ်တပ်ချင်နေတယ်။
စားသောက်ပြီးတော့ သူမက ဆက်လဲနေလိုက်တယ်။ အမှန်တော့ သူမ ဓမ္မတာလာတိုင်း ကိုက်ခဲနေကျမို့ ဘယ်မှလျှောက်မသွားချင်ဘဲ ဒီလိုကွေးနေချင်ခဲ့တာ အခြေအနေက မပေးလို့သာ ငွေရှာခဲ့ရပေမဲ့ အခုတော့ ဆန္ဒလေးတစ်ခု ပြည့်မြောက်ခဲ့ပြီပေါ့။
လောလောဆယ် နေလို့လည်း အတော်ကောင်းလာပြီဆိုတော့ ငြိမ်ငြိမ်မနေနိုင်တဲ့ ကျောက်အာက ပြန်ကုန်းထပြီး သူမ စာရင်းစာအုပ်လေးနဲ့ ပိုက်ဆံထုပ်ကို ထုတ်ကာ ဒီရက်တွေအတွင်း ဝင်ငွေနဲ့ထွက်ငွေကို စတင်တွက်ချက်တော့တယ်။
ရွှီထင်းရှန်းတို့ ပြန်လာတဲ့အထိ ကျောက်အာက ရေတွက်လို့မပြီးသေးဘူး။ သူမက တစ်ရာအထိပဲ အများဆုံးရေတတ်လို့ ကြေးပြားလေးတွေကို တစ်ရာစီ စုပုံတွက်တဲ့နည်းလမ်းကို သုံးကြည့်ခဲ့ပေမဲ့ အပုံလေးတွေ များလာလေ မှားလာလေပဲ။
သူမ စဥ်းစားလေလေ ခေါင်းက ထိုးကိုက်လာလေလေဖြစ်နေတော့ အရင်က ဖတ်ဖို့လွယ်တဲ့ စာရင်းစာအုပ်လေးတောင် ပိုက်ဆံတွက်တဲ့အခါ အတော်လေး ကြီးမားတဲ့ စိတ်ရှုပ်စရာကြီးဖြစ်လာတော့တယ်။
ရွှီထင်းရှန်း အခန်းထဲဝင်လာတဲ့အချိန် စားပွဲပေါ်က ပိုက်ဆံအပုံလိုက်နဲ့ အဲဒီကြေးပြားတွေကို ငူငူကြီး ထိုင်ကြည့်နေတဲ့ အနည်းငယ် ကူကယ်ရာမဲ့ဟန်ပေါ်နေတဲ့ ကျောက်အာကို တန်းတွေ့လိုက်ရတယ်။ သူ ဝင်လာတဲ့အသံကြားလို့ လှည့်ကြည့်လာတဲ့ သူမ မျက်လုံးတွေက သိသိသာသာ ဝင်းလက်သွားတယ်။
“နင်လာပြီပဲ လာ လာ ငါ့ကို ကူတွက်ပေးပါဦး”
အဲဒီလိုနဲ့ ရွှီထင်းရှန်းတစ်ယောက် အင်္ကျီအဝတ်အစားတောင်မလဲနိုင်ဘဲ သူမကို ပိုက်ဆံကူရေပေးရတော့တယ်။ သူရေပြီးသား ကြေးပြားတွေကို ကျောက်အာက ကြိုးနဲ့သီပြီး စုစုပေါင်း ကြေးပြား ၁၀၀၀ခိုတွဲနေတဲ့ ကြိုးလေးက ငွေ ၁တုံးကျော်ကျော် ၂တုံးလောက်နဲ့ ညီမျှတယ်။
45 04
သူ ရောက်လာတာနဲ့ အချိန်တိုအတွင်း စားပွဲပေါ်က အရာမှန်သမျှက ရှင်းလင်းတိကျသွားတော့ ကျောက်အာက မချီးကျူးဘဲ မနေနိုင်တော့ဘူး။
“ကုန်းအာက အရမ်းတော်တာပဲ။ ငါ့အကြာကြီး ထိုင်တွက်နေတာတောင် မပြီးနိုင်ဘူး”
ရွှီထင်းရှန်းက သူမကို တစ်ချက်ကြည့်လိုက်ပြီး “မတွက်နိုင်တော့ရင် ငါ့ကိုကူခိုင်းပေါ့။ မင်းကိန်းဂဏန်းတွေ သိသွားတဲ့အခါကျ ဒီလောက်က ကိုယ့်ဘာသာ ရေနိုင်သွားလိမ့်မယ်။ စကားမစပ် မင်းကို ငါလှဲနေခိုင်းခဲ့တာမဟုတ်ဘူးလား။ ဘယ်လိုဖြစ်လို့ ပိုက်ဆံထိုင်တွက်နေတာလဲ”
ကျောက်အာက မလုံမလဲနဲ့ သွားအကုန်ပေါ်အောင် ပြုံးဖြီးပြလာတယ်။
“ဟီး လုပ်ငန်းကစတာ ကြာပြီလေ ၁၀ရက်လောက်တောင် ရှိတော့မယ်။ ဒါပေမဲ့ ဝေစုတွေမခွဲပေးရသေးဘူး။ အရင်နေ့တွေကလည်း စာရင်းလုပ်ထားတာမရှိတော့ အခုမှသတိရလို့ … သူတို့ကို ဒီတိုင်းဆက်ခိုင်းနေလို့မဖြစ်ဘူးလေ။ ပိုက်ဆံမရမှတော့ ဘယ်သူက အလုပ်ဆက်လုပ်ချင်စိတ် ရှိတော့မှာလဲ”
ဒါကိုကြားတော့ ရွှီထင်းရှန်းက ကုတင်ပေါ်ကဆင်းသွားပြီး စုတ်တံ မှင်တုံးနဲ့ စာရွက်တွေ သွားယူလာတယ်။
“ဒါတွေနဲ့ ဘာလုပ်မလို့လဲ”
“စာရင်းလုပ်မယ်ဆို လုပ်ပေးမယ်လေ။ ဘာပဲဖြစ်ဖြစ် စပ်တူလုပ်ကြတာမလား။ အခုရှုပ်မှ နောင်ရှင်းမှာ”
သူက ပြောရင်းဆိုရင်း ကျောက်အာရဲ့ မှတ်စုစာအုပ်လေးကို ဆွဲယူလိုက်တယ်။ ခဏလောက် ကြည့်လိုက် အဓိပ္ပာယ်ဖော်လိုက်လုပ်ပြီးမှ စာရွက်ပေါ်မှာ ချရေးတော့တယ်။ နာမည်စာရင်းတွေ ရေးပြီးသွားမှ စာရင်းထဲကငွေပမာဏနဲ့ လက်ရှိကြေးပြားတွေကို ကိုက်မကိုက် စစ်ပြီး အညီအမျှ တွက်ချက်ပြန်တယ်။
“၁၀ရက်တစ်ခါ မင်းအတွက် စာရင်းလုပ်ပေးမယ်။ ပြီးမှ မင်းက ငွေတွေပြန်ခွဲပေးပေါ့။ ပိုက်ဆံပေးပြီးသွားရင်လည်း သူတို့ကို စရံထပ်ထည့်ပြီး လက်မှတ်ထိုးခိုင်းဖို့ မမေ့နဲ့ဦး။ နောက်တစ်ခေါက် နားရက်ရလို့ ပြန်လာတာနဲ့ မင်းကို အက္ခရာတွေ စသင်ပေးမယ်။ အရင်ဆုံး သုံးလုံးတွဲတွေကနေ စကြတာပေါ့”
ဒီစကားတွေကို ပုံမှန်လေသံနဲ့ပြောလာတဲ့ ရွှီထင်းရှန်းက လက်ကလည်း တစ်ချက်မှရေးနေတာ မရပ်သွားဘူး။ နံနက်ခင်းအလင်းရောင်အောက် တစ်ချိန်တည်းမှာ အလုပ်နှစ်ခုလုပ်ရင်း စနစ်တကျ ညွှန်ကြားပေးနေတာက ကျောက်အာအမြင်မှာ အင်မတန် ကြည့်လို့ကောင်းနေတော့တာပဲ။
သူ့ကောင်လေးက ရုတ်တရက်ကြီး အရွယ်ရောက်လာတာ မြန်လွန်းလို့ ထင်ပါရဲ့ သူမကတော့ မျက်စိရှေ့တင် ပညာရှင်ကြီးတစ်ယောက်ကို မြင်နေရသလို ခံစားလိုက်ရတော့တယ်။ ပညာတတ်တဲ့သူတွေက တကယ်ကို ကွဲပြားတာပါလား …
လက်ရှိမှာတော့ ကျောက်အာတစ်ယောက် ခေါင်းညိတ်ပြီး ‘အင်းပါ’ဆိုတဲ့စကားတစ်ခွန်းအပြင် ဘာမှမပြောနိုင်တော့ဘူး။
………….
******
46 01
အခန်း 46 part 1
ဘယ်နှရက်မှမရှိတဲ့ ရွှီထင်းရှန်းရဲ့နားရက်လေးက မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားပြီး ပြီးခဲ့တဲ့ နှစ်ရက်လုံး ကျောက်အာက စကားနားထောင်စွာနဲ့ အိပ်ရာပေါ်မှာပဲ ငြိမ်ငြိမ်လေး လဲနေခဲ့တယ်။ ရွှီထင်းရှန်းက သူမကို ဘာမှကိုမလုပ်ခိုင်းဘူး။ အိမ်မှာလိုအပ်တာတွေကို မတတ်တခေါက် လုပ်ပေးတာလည်း သူပဲ အစောကြီးထပြီး ကုန်စိမ်းသွားယူတာလည်း ရွှီချင်းဟွိုင်နဲ့သူပဲ။
ဒီရက်တွေအတွင်း သူမ ဘယ်လောက်ပဲ ဆန့်ကျင်ပါစေ အသုံးမဝင်ဘူး။ ဒါကြောင့် ကျောက်အာအနေနဲ့ သူ့ကောင်လေးက အရမ်းစိုးမိုးတတ်ပါလားဆိုတာ ပထမဆုံးအကြိမ် သိလိုက်ရတော့တယ်။ ရွှီထင်းရှန်း ချင်းယွမ်ကျောင်းတော်ကိုပြန်သွားမှ ကျောက်အာက နောက်ဆုံး အိပ်ရာပေါ်က ထခွင့်ရပြီး ကြမ်းပေါ် ခြေချရတာကို ထူးထူးခြားခြား ပျော်သွားမိတယ်။
နေ့လယ်စာ စားသောက်ပြီးတဲ့နောက် ရွှီချင်းဟွိုင်က ကျန်းဝူကိုသွားခေါ်တဲ့အချိန် ကျောက်အာကတော့ စားပွဲပေါ်ကို စာရင်းစာအုပ်လေးနှစ်အုပ်အပြင် သေချာရေတွက်ထားတဲ့ ပိုက်ဆံတွေပါ တင်လိုက်တယ်။ တစ်အုပ်က ရွှီထင်းရှန်း သူမကို ကူပြီးတွက်ပေးထားတဲ့ ဝေစုခွဲစာအုပ်ဖြစ်ပြီး နောက်တစ်အုပ်ကတော့ တစ္ဆေလက်ဆော့ထားသလား အောက်မေ့ရတဲ့ သူမရဲ့ ဂန္ဓဝင်မှတ်စုစာအုပ်ဖြစ်တယ်။
“ထင်းအာက သုံးယောက်လုံးအတွက် အတိအကျ စာရင်းလုပ်ပေးသွားတယ်။ ပြီးခဲ့တဲ့ ၁၀ရက်ထဲမှာ သမီးတို့ စုစုပေါင်း ၆သောင်း ၄ထောင့် ၂ရာကျော်လောက် ရခဲ့တယ်”
ဆယ်ရက်လောက်နဲ့ လက်ထဲ ၆၂ လျန်းကျော်ကျော်ရတယ်ဆိုတာ ကြားတာနဲ့ ရွှီချင်းဟွိုင်နောက်က လိုက်လာတဲ့ အဒေါ်စွန်းက ဝမ်းသာလုံးစို့သွားလို့ မအော်မိအောင် သူ့ယောက်ျားကို ဆွဲဆိတ်ရင်း စိတ်ထိန်းလိုက်ရတယ်။
“အားလုံးက ရှန်းခယ်လိုက်နဲ့ တခြားစားသောက်ဆိုင်တွေရော အစ်ကိုကျန်းဝူ တာဝန်ယူထားတဲ့ ကျန်းနန်က ရောင်းရငွေတွေပါ ပါတယ်။ ကျန်းနန်က အိမ်တော်တွေက ချမ်းသာတော့ အိမ်တော်ထိန်းတွေကလည်း နည်းနည်းပါးပါးဆို ဈေးဆစ်မနေတော့ဘူးလေ။ သူတို့က တစ်ခါတလေ စိတ်တိုင်းကျရင် မုန့်ဖိုးပါပေးလိုက်သေးတယ်။ လက်ရှိ ၂ လျန်းကျော်ကျော်က အစ်ကိုကျန်းဝူ လာပေးတဲ့ မုန့်ဖိုးတွေကို စုထားတာပဲ”
“ဒီတစ်ခေါက် သမီးတို့ရတဲ့ ငွေအများကြီးကိုပဲ ကြည့်ပြီး တရားသေတွက်လို့တော့မရဘူး။ အရင်ကပြောခဲ့သလိုပဲ။ အခုက အချိန်ကောင်းမို့လို့ လုပ်စားလို့ကောင်းနေတာ။ ရှေ့လျှောက် ဈေးထဲမှာ အသီးအနှံက ပေါလာတော့မှာဆိုတော့ အဲဒီအချိန်ကျရင်တော့ အခုလောက် အလုပ်မဖြစ်တော့မှာ စိုးရိမ်ရတယ်။ အဲဒါတစ်ခုတော့ စိတ်ထဲ ကြိုမှတ်ထားမှရမယ်”
ရွှီချင်းဟွိုင်က ခေါင်းကုတ်ပြီး ပြုံးတယ်။
“ဦးလေးတို့အတွက်ကတော့ ဒီတစ်ခေါက်နဲ့တင် နှစ်ဝက်စာလောက် ကာမိသွားပြီဆိုတော့ နောက်ပိုင်း စီးပွားကျလည်း ကိစ္စမရှိပါဘူး။ ပြီးတော့ အရောင်းအဝယ်ဆိုတာ ပိုက်ဆံမရင်းဘဲနဲ့တော့ ဘယ်မြတ်မလဲ။ သမီးပြောတာ ဦးလေး နားလည်ပါတယ်”
ကျောက်အာက ခေါင်းညိတ်လိုက်တယ်။
“အင်း ဒါက သီးသန့် အမြတ်ချည်းပဲရှိသေးတယ်။ ကုန်ကျစရိတ်တွေအားလုံး ဖယ်လိုက်ရင်တောင် ၅၂ လျန်းနဲ့ ၄၃ ဝမ်ကျန်ဦးမယ်။ ဦးလေး ၄က ၂၀ ရာခိုင်နှုန်းဆိုတော့ ၁၀ လျန်းနဲ့ ၆၈ ဝမ် အစ်ကိုကျန်းဝူကတော့ ၁၅ လျန်းနဲ့ ၅၂ ဝမ်ဆီ ရမယ်။ ရော့ ဒီမှာ ဦးလေး ၄အတွက် ဒါက အစ်ကိုကျန်းဝူအတွက်”
ရွှီချင်းဟွိုင်နဲ့ ကျန်းဝူတို့နှစ်ယောက်လုံး ကျောက်အာကမ်းပေးတဲ့ ပိုက်ဆံထုပ်တွေကို သက်သက်စီခွဲယူလိုက်ပြီး သုံးယောက်သား စကားဆက်ပြောနေကြတယ်။
“တကယ်တော့ ဒါတွေ ဘယ်လိုတွက်ရမလဲ သမီး မသိပါဘူး။ ထင်းအာပဲ အကုန်လုပ်ပေးသွားတာ။ သူပြောတာတော့ အားလုံးက စပ်တူလုပ်နေတာမို့လို့ ဝေစုတွေကို စာရင်းအတိအကျ လုပ်ထားတာ ပိုကောင်းတယ်တဲ့။ အဲဒါမှ ခင်မင်နေတဲ့ကြားက ငွေကြောင့် မိတ်မပျက်ရမှာတဲ့”
46 02
သူမက ရွှီထင်းရှန်းပြောခဲ့တာကို အကြမ်းဖျင်း ပြန်ပြောပြလိုက်ပြီးတဲ့နောက် ကျန်းဝူနဲ့ရွှီချင်းဟွိုင်တို့ကို စာရင်းစာအုပ်ထဲမှာ ငွေလက်ခံရရှိကြောင်း လက်မှတ်ထိုးခိုင်းလိုက်တယ်။ သူတို့က စာမရေးတတ်တာကြောင့် လက်မှတ်ထိုးတယ်ဆိုတာထက် လက်ဗွေနှိပ်တယ်ဆို ပိုမှန်မယ်။
“အခုကစပြီး ၁၀ရက်တစ်ခါ ဒီလိုပဲလုပ်သွားမယ်။ နောက်လာမဲ့ ၁၀ရက်မှာ သမီးတို့လုပ်ရမှာက အရင်လုပ်ငန်းကို ဆက်ထိန်းထားပြီး မသွားရသေးတဲ့ရွာတွေဆီပါ ထပ်သွားကြမယ်။ အဲဒီလယ်သမားတွေနဲ့လည်း စာချုပ်ထပ်ချုပ်ကြတာပေါ့။ ဒါပေမဲ့ အဓိကက သမီးတို့မှာ လူအင်အားလိုနေသေးတယ်။ လူခေါ်ရင်လည်း ဦးလေး ၄ရော အစ်ကိုကျန်းဝူရော နှစ်ယောက်လုံး သတိထားရွေးမှရမယ်။ အရမ်းအားကိုးရပြီး အကျင့်ကောင်းတဲ့သူဖြစ်ဖို့ လိုတယ်”
လေးနက်တဲ့ကိစ္စတွေနဲ့ပတ်သက်လာရင် ကျောက်အာမှာ ဘယ်သူမှ သူမစကားကို ပေါ့ပေါ့လေး သဘောမထားရဲစေတဲ့ အရှိန်အဝါတစ်ခုရှိတယ်။ ရွှီချင်းဟွိုင်နဲ့ကျန်းဝူတို့က တစ်လျှောက်လုံး နားထောင်လိုက် အကြံပေးလိုက် လုပ်နေခဲ့ပြီး နောက်ဆုံး နာရီဝက်လောက် ပြောဆိုဆွေးနွေးပြီးမှ ကိုယ်စီပြန်သွားကြတယ်။
သူတို့နဲ့အတူ လိုက်ထွက်လာတဲ့ ကျောက်အာကလည်း ကောင်းမိသားစုဆီသွားဖို့ ပြင်လိုက်တယ်။ အစောနက အလုပ်သမားခေါ်ဖို့ပြောကတည်းက ကျောက်အာက ကောင်းအိမ်က အငယ်ဆုံးသား ကောင်းရှန်ကို ထောက်ခံပေးခဲ့တယ်။
ရွှီချင်းဟွိုင်နဲ့ကျန်းဝူတို့ကလည်း ကောင်းရှန်ဆိုတဲ့လူငယ်လေးကို သိကြတယ်။ ဒီကောင်လေးက ငယ်ငယ်တုန်းက နည်းနည်း ဆိုးသွမ်းပေမဲ့ ပင်ပန်းတဲ့ဒဏ်တော့ တော်တော်ခံနိုင်တာမို့ သူတို့လည်း သဘောတူခဲ့ကြတယ်။
ဒါပေါ့ သူတို့သုံးယောက်ပဲ သဘောတူနေလို့တော့ ဘယ်ရမလဲ။ ကာယကံရှင်ကိုယ်တိုင် လက်ခံမှရမှာပေါ့။ ကျောက်အာက ကောင်းရှန်နဲ့ရင်းနှီးတာကြောင့် သူမကိုယ်တိုင် အိမ်သွားပြီး အကျိုးအကြောင်းပြောဖို့ ဆုံးဖြတ်လိုက်တယ်။
ကောင်းမိသားစုအိမ်က ယွီချင်းရွာရဲ့အစွန်ဆုံးမှာ တည်ရှိပြီး ယေဘုယျအားဖြင့် မျိုးရိုးနာမည်အရောတွေအားလုံးက ရွာစွန်မှာနေထိုင်ကြတယ်။ အချိန်ကြာလာတော့ အဲဒါက မျိုးရိုးနာမည် အနည်းစုသာရှိတဲ့ မိသားစုတွေအတွက် သီးသန့်နေရာဖြစ်လာတယ်။
ခဏတိုင်းလိုလို ရွာထဲအသွားအလာလုပ်ဖို့ အဆင်မပြေတာကလွဲရင် စိမ်းလန်းတဲ့တောင်တန်းကြီး နောက်ခံနဲ့ ပန်းနံ့လှိုင်နေတဲ့ ဒီနေရာလေးက အတော်အတန် နေလို့ကောင်းပါတယ်။ ကျောက်အာ ကောင်းမိသားစုဆီရောက်တဲ့အခါ အခြေအနေက အနည်းငယ် တည်ငြိမ်မနေတာ သတိထားမိလိုက်တယ်။
အဝေးကနေတောင် တစ်စုံတစ်ယောက် ခြံထဲမှာ ငြင်းခုံနေတဲ့အသံဗလံတွေကို ကြားနေရတယ်။ ထိုအချိန် လူတစ်ယောက်က ရှေ့မကြည့် နောက်မကြည့် ခြံထဲက ဝုန်းဒိုင်းကျဲထွက်လာတာကြောင့် သူမကိုတောင် ဝင်တိုက်မိမလိုဖြစ်သွားတယ်။
အဲဒါ ကောင်းရှန်ပဲ။
ကောင်းရှန်က ဒီနှစ်ဆို ၁၇နှစ်ရှိပြီမို့ ကျောက်အာထက် တစ်နှစ်ကြီးတယ်။ ဒီဒေသက ယောက်ျားလေး အတော်များများ လူကောင်ကြီး ဖွံ့ထွားကြတာမို့ ကောင်းရှန်ကလည်း အရပ်မြင့်မြင့်နဲ့ အသားညိုညိုဖြစ်ပြီး လက်ရှိ အရောင်လွင့်နေတဲ့ အညိုရောင်ဝမ်းဆက် ဝတ်ထားတယ်။
သူ့ကြည့်ရတာ အနည်းငယ် ဒေါသထွက်နေပုံရပြီး မျက်နှာအမူအရာကတော့ မှားယွင်းစွပ်စွဲခံရသလို ဖြစ်နေတယ်။
“ဘာဖြစ်တာလဲ”
ကောင်းရှန်က ခြေလှမ်းတွေတန့်သွားတယ်။
“အစ်မကျောက်အာဒီမှာဘာလုပ်နေတာလဲ။ တစ်ခုခုလိုလို့လား”
ဒီမှာ သူက ပိုကြီးရဲ့သားနဲ့ ဘာလို့ကျောက်အာကို ‘အစ်မ’လို့ခေါ်တာလဲလို့ မေးစရာရှိတယ်။ ကောင်းရှန်က ငယ်စဥ်ကတည်းက အတော်လေး သောင်းကျန်းတဲ့သူဖြစ်တာကြောင့် ရွာထဲက သက်တူရွယ်တူတွေကြားမှာ ကလေးဗိုလ်ပဲ။
ရွာထဲမှာ သူများအပင်က အသီးခိုးစားရင်လည်း သူတို့အဖွဲ့ ငှက်သိုက်တွေ လိုက်ပစ်ရင်လည်း သူက ခေါင်းဆောင် မြစ်ထဲမှာ ရေကူးမလား ငါးမျှားမလား အကုန် သူမပါရင် မပြီးဘူး။ သူက ကလေးဘဝကတည်းက မလုပ်ရဲတာ ဘာမှမရှိဘူး။
46 03
နောက်ပြီး သူတို့စိတ်ကလည်း စာရွက်လှန်တာထက်တောင် ပိုမြန်သေးတယ်။ အခုချိန် သွေးသောက်ညီအစ်ကိုတွေဆို နောက်တစ်စက္ကန့်ကျ လုံးထွေးသတ်ပုတ်နေပြန်ရော။ ရွှီထင်းရှန်းက အားနည်းချူချာတာကြောင့် ဒီကြမ်းတမ်းတဲ့ ကလေးတစ်သိုက်ကြား မဝင်ဆံ့တော့ အမြဲတစေ အနိုင်ကျင့်ခံရတတ်တယ်။
ကျောက်အာ ရွှီမိသားစုထဲဝင်လာပြီး သိပ်မကြာခင်မှာပဲ ဒုတိယမိသားစုခွဲက ကလေးသတို့သမီးလေး ခေါ်မွေးစားလိုက်တယ်ဆိုတဲ့သတင်းက ရွာထဲမှာ တစ်ယောက်စကား တစ်ယောက်ပြန့်သွားတော့တယ်။ လူကြီးတွေက တီးတိုးတီးတိုး သဖန်းပိုးလုပ်တာကို ကလေးတွေက ကြားသွားတော့ ဘာမသိညာမသိနဲ့ အတင်းလိုက်ချတော့တယ်။
ရွှီချင်းစုန့်တို့ လယ်ထဲရောက်နေလို့ ကျောက်အာက သူတို့ကို ထမင်းစားဖို့ ပြန်သွားခေါ်တဲ့အချိန်ဆို အဲဒီကလေးတစ်သိုက်က လက်ခုပ်လက်ဝါးတီးရင်း ခွေးကလေး(ကုန်းကျစ်)မိန်းမဆိုပြီး စနောက်လေ့ရှိတယ်။
အစကတော့ ကျောက်အာက သည်းခံခဲ့သေးတယ်။ တစ်နေ့ ရွှီထင်းရှန်း လေကောင်းလေသန့်ရအောင်လို့ အပြင်ထွက်လာတဲ့အချိန် သူမကလည်း ဘေးမှာအဖော်လုပ်ပေးနေခဲ့တယ်။
အဲဒီအချိန်မှာပဲ ထိုကလေးအုပ်စုက သူမတို့နား ရောက်လာပြီး ဝိုင်းလိုက်တယ်။
“ရွှီအိမ်က ကုန်းကျစ်ဟာ ပိန်ညှက်သေးပါတယ်။ သူ့မိန်းမ ကျောက်အာကတော့ အရပ်ရှည်ပါသတဲ့။ မိန်းမက စကားနားမထောင်ရင်တော့ ယောက္ခမကြီးတော့ ငိုတော့မှာ ငိုတော့မှာ”
ရွှီကုန်းကျစ်က ငယ်သေးလို့ အများကြီးနားမလည်ဘူးဆိုရင်တောင် ဝိုင်းဖွဲ့လှောင်ပြောင်ပြီး ဆိုနေတဲ့သီချင်းကြောင့် နေရာမှာတင် ထိုင်ငိုတော့တယ်။ ကျောက်အာက သူတို့ကို မောင်းထုတ်သေးပေမဲ့ ဘယ်သူမှ အဖက်မလုပ်ဘဲ ဆက်ဆိုနေကြတာကြောင့် သည်းမခံနိုင်တဲ့အဆုံး တစ်ယောက်ကို ဆွဲပြီးရိုက်တော့တယ်။
အဲဒီအရိုက်ခံရတဲ့တစ်ယောက်က ကောင်းရှန်ပဲ။ အဲဒီကတည်းက သူတို့အားလုံး ကုန်းကျစ်ကို စနောက်ရင် ကျောက်အာလက်နဲ့တွေ့မယ်ဆိုတာ သဘောပေါက်သွားကြတယ်။ ကလေးတွေရန်ပွဲကို လူကြီးတွေ ဝင်ပါလို့မသင့်တာကြောင့် သူတို့ကလေးက ကျောက်အာ အရိုက်ခံနေရတာသိလည်း ဘယ်သူမှ ဘာမှမပြောကြဘူး။
သူတို့ကလေး ထိခိုက်ရှရာ အနည်းငယ်များသွားတော့မှသာ ဒုတိယမိသားစုခွဲက လင်မယားကို လာတိုင်တတ်ကြတယ်။ ရွှီချင်းစုန့်က စိတ်ထားကောင်းပြီး ဖြောင့်မတ်တဲ့သူဆိုပေမဲ့ အကြောင်းအရင်းကို သိနေတော့ တစ်ယောက်ယောက် လာတိုင်လည်း ဒီဘက်နားကဝင်ပြီး ဟိုဘက်နားက ထုတ်ပစ်လိုက်တာပဲ။
သူ အိမ်ပြန်လာတဲ့အခါ ကျောက်အာကို အရသာရှိတဲ့သရေစာတွေနဲ့တောင် ဆုချလိုက်သေးတယ်။ သူ့အမြင်မှာတော့ ကျောက်အာက အရင်လက်ပါလို့ ဘယ်လိုပဲအပြစ်ရှိတယ်ဆိုပါစေ မသိနားမလည်တဲ့ကလေးတွေက မိန်းမတွေ ယောက္ခမတွေကို နားလည်ပါ့မလား။ ဆိုတော့ ပါးစပ်မလုံတဲ့ လူကြီးတွေအပြစ်ပဲပေါ့။
အဲဒီလိုနဲ့ ရွာထဲက ရွယ်တူကလေးတွေထဲမှာ အထူးသဖြင့် ပါးစပ်ဆော့တတ်တဲ့ ယောက်ျားလေးတွေထဲမှာ ကျောက်အာ လက်စာမမိဖူးတာဆိုလို့ အနည်းငယ်ပဲရှိတယ်။ အရိုက်ခံရပြီးသွားတော့ အားလုံးက ကြောက်ရွံ့လေးစားတဲ့အနေနဲ့ သူမကို ‘အစ်မ’လို့ တပ်ခေါ်ကြတယ်။
အခုလည်း ကောင်းရှန်က သူမထက် အသက်ပိုကြီးတာတောင် ‘အစ်မ’လို့ခေါ်နေတယ်ဆိုတာ ငယ်ငယ်ကတည်းက နှုတ်ကျိုးနေလို့ပဲ။
……………..
******
46.2 01
အခန်း 46.2
အဲဒီအရိုက်ခံရတဲ့ အမှတ်တရကြီးက တွေးလိုက်တိုင်း အီစိမ့်နေတုန်းမို့လို့ အရွယ်ရောက်လာလည်း သူမကို ခေါ်ပုံခေါ်နည်း အမြန်မပြောင်းနိုင်သေးတာ။
“မဟုတ်ဘူး ငါမေးတာ နင်ဘာဖြစ်လာတာလဲလို့”
ကျောက်အာက ခြံထဲကို တစ်ချက်လှမ်းကြည့်လိုက်တော့ ကောင်းရှန်ရဲ့အကြီးဆုံးမရီးက တစ်ခုခု စိတ်ဆိုးမာန်ဆိုးနဲ့ပြောနေပြီး ကောင်းရှန်အမေရဲ့မျက်နှာထားကလည်း သိပ်မကောင်းလှဘူး။ သူမက ပြောရင်းဆိုရင်း မျက်ရည်တွေပါ သုတ်နေသေးတယ်။
ကောင်းရှန်ကတော့ ခေါင်းငုံ့လိုက်ပြီး နှုတ်ခမ်းတွေ မဲ့ကျသွားတယ်။
“အဲဒီအကြောင်းကတော့ မပြောချင်တော့ပါဘူး”
ဒါကိုကြားတာနဲ့ ကျောက်အာက ဘာတွေဖြစ်နေလဲ ချက်ချင်း သဘောပေါက်သွားတယ်။ ကောင်းရှန်ရဲ့ဖခင်က စောစောစီးစီး ဆုံးပါးသွားပြီး အငယ်ဆုံးဖြစ်တဲ့ ကောင်းရှန်က သူ့အစ်ကိုနှစ်ယောက်နဲ့ အသက်တော်တော်ကွာတယ်။
ကောင်းမိသားစုက ရွာထဲမှာ ချမ်းသာတဲ့စာရင်းမဝင်ပေမဲ့ ဘယ်တော့မှ မငတ်ဖူးသေးတဲ့အိမ်လို့တော့ ပြောလို့ရတယ်။ သူတို့မှာ လယ်ဧက အနည်းငယ်သာရှိပြီး အဒေါ်ကြီးကောင်းက သူ့သားသုံးယောက်နဲ့အတူ မခွဲမခွာ နေထိုင်ကြတယ်။
အစပိုင်းနှစ်တွေကတော့ အကုန်အဆင်ပြေတယ်။ သူ့အစ်ကိုနှစ်ယောက် အိမ်ထောင်ကျပြီး ကလေးရလာတာနဲ့ ကောင်းရှန်က သူ့မရီးတွေမျက်လုံးထဲမှာ လာစူးတဲ့ ဆံပင်မွှေးဖြစ်သွားတော့တာပဲ။ သူ ဘယ်လောက်ပဲ လယ်ထဲမှာကုန်းရုန်းလုပ်လုပ် သူမတို့က အပြစ်မရှိ အပြစ်ရှာလိုက်ရမှ ကျေနပ်တယ်။
သို့ပေမယ့် ဘဝပေးအခြေအနေတွေကြောင့် မိသားစုတွင်း ဆက်ဆံရေး ဘယ်လောက်ဆိုးဝါးနေပါစေ သည်းခံရမှာပဲ။ အခုကောင်းရှန်အမေနဲ့ သူ့ချွေးမ ရန်ဖြစ်နေရတဲ့အကြောင်းအရင်းကလည်း အဒေါ်ကြီ ကောင်းက သူ့သားအတွက် သင့်တော်မဲ့ မိန်းကလေးရှာတွေ့ထားလို့ အမြန်တင်တောင်းဖို့ လုပ်ပေမဲ့ ချွေးမနှစ်ယောက်က သူတို့အိတ်ထဲက မစိုက်ရအောင်လို့ မျက်ရည်ခံထိုးပြနေကြတာ ဖြစ်တယ်။
ကောင်းရှန်အစ်ကိုနှစ်ယောက်ကလည်း ဘာမှဝင်မပြောပေးကြဘူး။ အဒေါ်ကြီး ကောင်းက တစ်နေ့တခြား စိတ်မအေးလွန်းလို့ တစ်ခုခု ဖြေရှင်းမဲ့နည်းလမ်း ပေးမယ်မကြံနဲ့ ချွေးမတွေက တန်းပိတ်ပြီးသားပဲ။
နောက်ဆုံး သူမလည်း သည်းမခံနိုင်တော့လို့ ထိပ်တိုက်တွေ့ကြတဲ့အခါ ကောင်းရှန်က သူ့အမေ ငိုယိုနေတာကို မကြည့်နိုင်လို့ တံခါးကိုအားနဲ့ဆောင့်ပိတ်ပြီး ထွက်လာခဲ့လိုက်တာ။
“မနက်ဖြန် မြို့တက်ပြီး အလုပ်တစ်ခုသွားရှာတော့မယ်”
ကျောက်အာက သက်ပြင်းချလိုက်မိတယ်။ ကောင်းရှန်မှာ အရင်ကတည်းက ဒီလိုအကြံရှိတာ သူမ သိပြီးသား ဒါပေမဲ့ အဒေါ်ကြီး ကောင်းက ဘယ်လိုမှခွင့်မပြုဘူး။ သူမက သားငယ်လေးတစ်ယောက်ထဲ မြို့ကြီးပြကြီး တက်သွားရမဲ့အပေါ် စိတ်မချဘဲ စိုးရိမ်နေတာကြောင့် လယ်အလုပ်ထဲပဲ သွင်းထားခဲ့တယ်။
“ငါလည်း အခုနင့်ကို ဒါကြောင့်ပဲ လာရှာတာ။ ငါလောလောဆယ် ဦးလေး ၄နဲ့ အစ်ကိုကျန်းဝူတို့နဲ့အတူ စီးပွားစပ်တူလုပ်နေတာ ရှိတယ်။ ဒါပေမဲ့ ငါတို့မှာ လုပ်သားအင်အားလိုနေတယ်။ အဲဒါကြောင့် နင်အဆင်ပြေရင် လာလုပ် လုပ်အားခအနေနဲ့ ငါတို့ထဲက ၅ရာခိုင်နှုန်းပေးမယ်။ ဒီအတိုင်း ဆက်ကြိုးစားသွားလိုက်တာနဲ့ နှစ်ကုန်လောက်တောင် နင်မိန်းမယူရင်ယူလို့ရဦးမယ်။ ပြီးရင် အဒေါ့်ကိုခေါ်ထုတ်ပြီး သက်သက်ခွဲနေဖို့လည်း သိပ်မခက်ခဲလောက်တော့ဘူးပေါ့”
46.2 02
ကျောက်အာက တွေးထားပြီးသား။ ကျန်းဝူကို မပြောနဲ့ဦး ဦးလေး ၄ကလည်း သူ့ကိုယ်ပိုင်လယ်တွေရှိသေးတာမို့ ကြားရက်တွေမှာ မအားလပ်ဘူး။ ပြီးတော့ သူတို့က လောလောဆယ် တစ်ယောက်တည်း လုပ်ကိုင်နိုင်မဲ့ အလုပ်သမားတစ်ယောက် အလောတကြီးလိုအပ်နေတာ။
သူမ ကောင်းရှန်ကို သဘောကျရတဲ့အကြောင်းအရင်းက ငယ်ငယ်ကတည်းက သိကျွမ်းခဲ့လို့တင်မကဘဲ ဒီကောင်လေးမှာ အမြင်ကျယ်ပြီး သင်လွယ်တတ်လွယ်တဲ့အခံလေးအပြင် ရင်းနှီးတဲ့သူငယ်ချင်း အနည်းငယ်လည်း ရှိသေးတာကြောင့်ပဲ။
အဲဒါထက် သူက အကျင့်စာရိတ္တကောင်းမွန်သလို ဖြတ်ထိုးဉာဏ်လည်း ကောင်းပြီး ခက်ခဲတဲ့ဒဏ်လည်း ကြံ့ကြံ့ခံနိုင်သေးတယ်။ အကူခေါ်ဖို့ဆို အင်အားရော ဉာဏရော ကောင်းနေမှဖြစ်မှာ ဒီလိုအချိန် သူမစိတ်ထဲ ပထမဆုံးပေါ်လာတဲ့သူက ကောင်းရှန်ပဲ။
“ဟုတ်ပြီလေ အစ်မကျောက်အာက ပြောလာမှတော့ ကျွန်တော်လုပ်မယ်။ ကျွန်တော် ကောင်းကောင်းအလုပ်မလုပ်ရင် ပိုက်ဆံမပေးနဲ့”
“နင့်ကို ဘာလုပ်ခိုင်းမှာလဲဆိုတာတောင် အရင်မမေးတော့ဘူးပေါ့”
ကျောက်အာက စနောက်တော့ ကောင်းရှန်က သူ့ခေါင်းကို ရှက်ရှက်နဲ့ကုပ်ရင်း “ထားပါလေ ကျွန်တော့်ကို အကောင်လိုက် ရောင်းစားနိုင်တာမှ မဟုတ်တာ”
အခုအားလုံးက အခြေတကျဖြစ်သွားပြီဆိုတော့ နောက်တစ်နေ့မှာပဲ ကျောက်အာက ကောင်းရှန်ကိုခေါ်ပြီး ဖောက်သည်ယူတဲ့ရွာတွေဆီကို ထွက်လာခဲ့တယ်။ ရက်ပိုင်းလေးအတွင်းမှာပဲ ကောင်းရှန်က သူမတို့လုပ်ငန်းရဲ့ သဘောသဘာဝကို ကောင်းကောင်း နားလည်သွားတယ်။
အမှန်တော့ သူက ကျောက်အာ ငွေရှာနေတာကိုသိပေမဲ့ ဒီလောက်အထိ တော်မယ်မှန်း မထင်ထားခဲ့ဘူး။ ရွာထဲမှာလည်း အစ်မကျောက်အာ အလုပ်လုပ်နေတယ်ဆိုတာပဲ ပြောနေကြတာ ဘာလုပ်တယ်ဆိုတာတော့ အတိအကျမသိကြဘူး။
ကောင်းရှန်က ငတုံးမဟုတ်တာကြောင့် သဘာဝအားဖြင့် လုပ်မယ်ဆို လုပ်လို့ရတဲ့ စီးပွားရေးတွေ အများကြီးရှိတာ သိတယ်။ အဲဒါကြောင့် သူက အများကြီး ကြိုးစားလုပ်ကိုင်ပေးပြီး အသုံးဝင်မဲ့ အကြံဉာဏ်တချို့တောင် ပေးလိုက်သေးတယ်။
အချိန်တန်တော့ ကျောက်အာက သူ့ဝေစုကိုခွဲပေးလာပြီး ကောင်းရှန်က ဒီလောက်များမယ်လို့ မထင်ထားတာ အမှန်ပဲ။ သူက မျက်နှာပူပူနဲ့ ငြင်းပေမဲ့ နောက်ဆုံးကျတော့လည်း လက်ခံလိုက်ရတာပဲ။
နောက်ကျတော့ သူက လူအင်အားများတာ ပိုကောင်းမယ်လို့တွေးမိပြီး အသိထဲက ကောင်လေးနှစ်ယောက်ကိုပါ ထပ်ခေါ်သွင်းလိုက်ပေမဲ့ သူတို့လစာကိုတော့ သူ့ထဲကပဲ ပြန်မျှပေးတာဖြစ်တယ်။
ကူပေးမဲ့ လူအရေအတွက်များလာတာနဲ့ သူတို့လုပ်ငန်းလေးကလည်း တဖြည်းဖြည်း ချဲ့ထွင်လာနိုင်တယ်။ အစတုန်းက တောင်ပိုင်းတစ်ဝိုက်က စားသောက်ဆိုင်ကြီးတချို့သာရှိတဲ့ အနေအထားကနေ အခုတော့ တစ်မြို့လုံးမှာရှိတဲ့ စားသောက်ဆိုင်ကစလို့ တည်းခိုခန်းတွေ သေရည်ဆိုင်လေးတွေအထိ ကျောက်အာရဲ့အစားအသောက် ပို့ဆောင်မှုလုပ်ငန်းက တွင်ကျယ်လာခဲ့တော့တယ်။
သူတို့က အသီးအနှံတွေကို အချိန်မှီတင်ပို့နိုင်သလို အသီးအရွက်တွေရဲ့ အရည်အသွေးကလည်း အင်မတန်လတ်ဆတ်ပြီး မြို့ထဲက ဈေးထက်လည်း သက်သာတော့ ဘယ်သူက မယူဘဲနေမလဲ။ ဒီ့အပြင် အမြင်ရှိတဲ့ကျောက်အာက သူမတို့ကုန်စည်တွေထဲ ဝက်သားအနည်းငယ်ပါ ထပ်ထည့်လိုက်တော့ အသားသည်တချို့ရဲ့ မျက်စောင်းတွေက အလိုလိုနေရင်း ကျလာတော့တယ်။
အဲဒီလိုနဲ့ ခြုံငုံပြောရရင် ကျောက်အာရဲ့စီးပွားရေးက ဟိုဟိုဒီဒီမှာ ဒီရေအလား တိုးပွားနေခဲ့ပေမဲ့ ရွှီထင်းရှန်းဘက်မှာတော့ အရာအားလုံးက စာသင်ခန်း ထမင်းစားဆောင် အဆောင်စတာတွေနဲ့ပဲ သံသရာလည်နေခဲ့တယ်။
ဘဝကြီးက အနှစ်သာရမဲ့ပြီး ပျင်းစရာကောင်းတယ်လို့တောင် ခံစားလာရတယ်။ ချန်ကျန်းနဲ့ ရွှီထင်းရှန်းတို့ရဲ့ ကြီးကြပ်မှုကြောင့် မောက်ပါ့သိုနဲ့ လီသာ့ထျန်တို့လည်း အရင်ကထက်စာရင် စာကို လက်လွတ်စပယ် သဘောမထားရဲတော့ဘူး။
46.2 03
အဓိကက လက်ရှိသူတို့တစ်ဖွဲ့လုံးက တစ်ကျောင်းလုံးရဲ့ ဖယ်ကျဥ်ခြင်းခံနေရပေမဲ့ ဘယ်သူမှ ဂရုစိုက်နေတာမဟုတ်လို့ လေးယောက်သားကတော့ ကိုယ့်အဖွဲ့နဲ့ကိုယ် နေပျော်နေတာပဲ။ ဒါပေမဲ့ ဒီနေ့မှာတော့ ကိစ္စတစ်ခုဖြစ်ပျက်ခဲ့လေတယ်။
နေဝင်ရီတရော အချိန်ကျလာတဲ့အခါ လေးယောက်သားက ညစာစားပြီးတာနဲ့ ခြေလက်သန့်စင်ပြီး ကိုယ့်နေရာကိုယ် ရောက်သွားကြတယ်။ တစ်ယောက်ကို မီးအိမ်တစ်လုံးစီနဲ့ စာရေးစားပွဲမှာ ဘေးချင်းယှဥ် ထိုင်နေကြတယ်။
ရွှီထင်းရှန်းက ထုံးစံအတိုင်း စာကူးရေးနေတဲ့အချိန် ချန်ကျန်းကလည်း ထိုနည်း၎င်းပဲ။ သို့ပေမဲ့ ငြိမ်ငြိမ်မနေနိုင်တဲ့ မောက်ပါ့သိုက စာလုပ်ရင်း ပျင်းလာတဲ့အခါ ဘေးနားက ရွှီထင်းရှန်း ဒါမှမဟုတ် လီသာ့ထျန်ကို ရန်စလေ့ရှိတယ်။
အများအားဖြင့်တော့ သူ့ဒဏ်ကိုခံရတာ လီသာ့ထျန်ပဲ။ ဒါပေမဲ့ ဘယ်သူက ရွှီထင်းရှန်းကို လက်ထဲစုတ်တံ ကိုင်ခိုင်းထားလို့လဲ။ တုံ့ပြန်တာမြန်တဲ့ သကောင့်သားလေးက အရှောင်လည်းကောင်းတော့ နောက်ဆုံး မှင်တစ်ပုလင်းလုံး မှောက်ကျလာတာ သူ့ကိုယ်ပေါ်ပဲ။ ဒီလိုနဲ့ မောက်ပါ့သိုတစ်ယောက် သင်ခန်းစာ ကောင်းကောင်းရသွားတော့တယ်။
မကြာခင် မီးမှိတ်ဖို့အတွက် အပြင်ဘက်က ခေါင်းလောင်းသံနှစ်ချက်ထွက်လာပြီး လူတိုင်းက မီးအိမ်ငြှိမ်းကာ ကိုယ့်အိပ်ရာပေါ်ကိုယ် တက်သွားကြတယ်။ ထိုအချိန် အိပ်လို့မပျော်သေးတဲ့ မောက်ပါ့သိုက သူစာအုပ်ဖတ်ချင်လို့ပါ ခဏလောက်ပါဆိုပြီး တကျီကျီ ပူဆာနေတော့ နားမခံနိုင်တော့တဲ့ ရွှီထင်းရှန်းက မြန်မြန် တစ်အုပ်ထုတ်ပေးလိုက်ရတယ်။
မောက်ပါ့သိုက ကျေနပ်ပီတိဖြစ်စွာနဲ့ စောင်ကိုခေါင်းအထိခြုံလိုက်ပြီး မီးအိမ်ထွန်း ရလာတဲ့စာအုပ်လေးကို ဖွင့်ဖတ်ဖို့အလုပ်မှာပဲ ရုတ်တရက် အပြင်က ခြေသံတွေ ကြားလိုက်ရတယ်။ သူက ချက်ချင်း မီးအိမ်ငြှိမ်းလိုက်ပြီး စာအုပ်ကိုလည်း သူ့ခွကြားထဲ ထိုးထည့်လိုက်တယ်။
တစ်ချိန်တည်းမှာပဲ သူတို့အခန်းတံခါးက အပြင်ကတွန်းဖွင့်ခံလိုက်ရပြီး အသက်ကြီးကြီး ကျောင်းအရာရှိဟောင်းတစ်ယောက် ဝင်လာတယ်။ အမှန်တော့ ဒီလူက ကျောင်းသားတွေအတွက် အိပ်မက်ဆိုးပဲ။
ဘာလို့ဆို သူက တစ်နှစ်ပတ်လုံး ကျောင်းသားတွေအခန်းကို ညဘက်လိုက်စစ်ပြီး အတော်လေးလည်း စည်းကမ်းကြီးတယ်။ အဆောင်တစ်ခုလုံးကိုလည်း သူပဲကြပ်မတ်ထိန်းသိမ်းတာကြောင့် အဆောင်မှူးလို့လည်း ပြောနိုင်တယ်။
နေ့ဘက်မှာဆို သူ့ကိုမမြင်ရဘူး ညဘက်ကျမှ ပေါ်လာတတ်တဲ့သူက မြင်သမျှလူတိုင်းကို တစ္ဆေသရဲလို ခြောက်လှန့်နိုင်သေးတယ်။ သူပေါ်လာတဲ့နေရာက ကျောင်းသားက ဒုက္ခအကြီးအကျယ်ရောက်ပြီပဲ။ ဒါက ကျောင်းအဆောင်မှူးအပေါ် မောက်ပါ့သိုရဲ့ဖော်ပြချက်ပဲ။
တကယ်တော့ အဆောင်မှူးက တစ်ယောက်တည်းလာတာမဟုတ်ဘဲ သူ့အနောက်မှာ ကျောင်းသားအနည်းငယ်ပါပြီး ဦးဆောင်လာတဲ့တစ်ယောက်က ဘေးခန်းက ကျိုးလီလို့အမည်ရတဲ့ တစ်ယောက်ဖြစ်တယ်။
ဒီတစ်ယောက်ကိုမြင်တာနဲ့ မောက်ပါ့သိုရဲ့သူငယ်အိမ်တွေက ကျုံ့ဝင်သွားပြီး အလိုအလျောက် နိမိတ်မကောင်းတဲ့ခံစားချက်ကြီး ရလိုက်တယ်။
“လျူလောင် သူပဲ အဲဒိနေ့တုန်းက ကျွန်တော် ဒီဘက်အခန်းကို ရေနွေးကရားလာငှားတော့ အဲဒီမောက်ပါ့သို စာအုပ်တစ်အုပ်ဖတ်နေတာ တွေ့လိုက်တာ။ သူက ကျွန်တော်လည်း လာရော စာအုပ်ကို အမြန်ဖွက်လိုက်တာ ကျောင်းစာအုပ်တော့ မဖြစ်နိုင်ဘူး မနှစ်တုန်းကလည်း ကျောင်းကို ညစ်ညမ်းစာပေတွေယူလာလို့ ကျောင်းစည်းကမ်း အခေါက်တစ်ရာကူးလိုက်ရတဲ့တစ်ယောက်ကို မှတ်မိပါသေးတယ် ကြည့်ရတာ အခုလည်း မနှစ်တုန်းကလိုပဲ ထပ်ဖြစ်ပြန်ပြီ ထင်တယ်”
………………
******