အခန်း (၅၁-၅၂)
Vol. 6 Ch. 51-52
51 01
အခန်း (၅၁)
မှိန်ဖျဖျမီးရောင်အောက်မှာ အခန်းလေးက တိတ်ဆိတ်ငြိမ်သက်နေတယ်။
ဒါပေမဲ့ လေထုထဲမှာ ဖုံးကွယ်ထားတဲ့ မီးတောက်တစ်ခု ရှိနေသလိုပဲ။ တစ်ချက်လေး မီးပွားကျလိုက်တာနဲ့ လောင်ကျွမ်းသွားနိုင်တဲ့ အခြေအနေမျိုး။ သူတို့နှစ်ယောက်ရဲ့ မျက်နှာတွေက အရမ်းနီးကပ်နေပြီး အသက်ရှူသံတွေကိုတောင် တစ်ဖက်နဲ့တစ်ဖက် ခံစားနေရတယ်။
ကျောက်အာလည်း ဒီလိုမဖြစ်သင့်မှန်း သိပေမဲ့ မျက်နှာတစ်ခုလုံး ပူထူနေတယ်။ ငရုတ်သီးနဲ့ ပက်ခံရသလိုပဲ။
ညစာချက်တုန်းက ငရုတ်သီး လျှော့ထည့်ခဲ့သင့်တာ။
သူမက သူ့ကို တည့်တည့်မကြည့်ရဲဘဲ မျက်လွှာချထားတယ်။ စကားသံကလည်း တုန်တုန်ရီရီနဲ့။ “နင်က... နင်က အိမ်မှာ တစ်ဦးတည်းသော ယောကျ်ားသားပဲလေ”
သူမက သူ့ကို အသာတွန်းထုတ်ပြီး ထမင်းစားဖို့ တူလှမ်းယူလိုက်တယ်။ ဒါပေမဲ့ ရွှီထင်းရှန်းက သူမလက်ကောက်ဝတ်ကို လှမ်းဖမ်းထားလိုက်တယ်။
“ငါ့မေးခွန်းကို မဖြေရသေးဘူး”
“ဘာမေးခွန်းလဲ”
“ငါက မင်းယောကျ်ားဆိုတာ ဝန်ခံပြီလား”
“မင်းက အိမ်မှာ တစ်ဦးတည်းသော ယောကျ်ားသားပဲ မဟုတ်ဘူးလား” သူမက ခေါင်းငုံ့ပြီး သူ့ကို မကြည့်ဘဲ နေတယ်။
“အဲဒါ မတူဘူး။ အိမ်က ယောကျ်ားသားနဲ့ မင်းယောကျ်ားဆိုတာ မတူဘူး”
“ဘာ မတူတာလဲ” ကျောက်အာ ပါးစပ်က အလိုအလျောက် ထွက်သွားတယ်။ ပြောပြီးမှ ကိုယ့်ပါးစပ်ကိုယ် ပြန်ရိုက်ချင်စိတ် ပေါက်သွားတယ်။
ရွှီထင်းရှန်း ပြုံးလိုက်တယ်။ သူမကို ကြည့်ပြီး ပြောတယ်။ “အိမ်က ယောကျ်ားသားဆိုတာ လူကြီးမိဘ ဖြစ်နိုင်တယ်။ ညီအစ်ကို မောင်နှမ ဖြစ်နိုင်တယ်။ ဒါပေမဲ့ မင်းယောကျ်ားဆိုတာက... ငါတို့နှစ်ယောက် တစ်စောင်တည်း အတူအိပ်လို့ ရတယ်။ ကျောက်ကျင်ရွေ့က သူ့မိန်းမကို လုပ်သလို ငါက မင်းကို လုပ်လို့ရတယ်...”
ကျောက်အာ ဒေါသထွက်သွားပြီး မတ်တတ်ထရပ်လိုက်တယ်။ သူ့လက်ကို ပုတ်ထုတ်လိုက်ပြီး မျက်လုံးပြူးကြည့်ကာ ပြောတယ်။ “ကုန်းအာ... နင် ပျက်စီးနေပြီ။ အမှန်အတိုင်း ပြောစမ်း ဘယ်သူ သင်ပေးတာလဲ။ ရွာထဲက လူကြီးတွေ ပြောတာ ကြားလာတာလား ကျောင်းက သူငယ်ချင်းဆိုးတွေ သင်ပေးတာလား”
သူမရဲ့တုံ့ပြန်မှုက မျှော်လင့်ထားတာထက် ပြင်းထန်နေတော့ ရွှီထင်းရှန်း ကြောင်သွားတယ်။
အခွင့်ကောင်းယူပြီး ကျောက်အာက စက်သေနတ်ပစ်သလို ဆက်ပြောတယ်။ “နင်က ငယ်သေးတယ်။ မဟုတ်တာတွေ လျှောက်မတွေးနဲ့။ အခုချိန်မှာ နင်လုပ်ရမှာက စာကြိုးစားဖို့ပဲ။ မိဘတွေရဲ့ ဆန္ဒကို မမေ့နဲ့။ အမေ မသေခင် မှာသွားတာကို မမေ့နဲ့။ သူတို့က နင့်ကို ရွှီကျွင်းခိုင်ထက် သာစေချင်တာ။ ရာထူးဂုဏ်ထူး ရစေချင်တာ။ အရင်းအဖျား မညီတာတွေ လျှောက်မလုပ်နဲ့”
ဒီစကားတွေက တော်တော်လေး စိတ်ဓာတ်တက်ကြွစရာ ကောင်းပါတယ်။ ရွှီထင်းရှန်းသာ အိပ်မက်မမက်ခဲ့ဖူးရင် ဒီစကားတွေအောက်မှာ ပြားပြားဝပ်သွားမှာ သေချာတယ်။
ဒါပေမဲ့ သူက အိပ်မက်မက်ခဲ့ဖူးတယ်လေ။ အိပ်မက်ထဲမှာ ဒီမိန်းမက အလည်ဆုံး ဟန်အဆောင်ဆုံးဆိုတာ သူ သိတယ်။ သူမကို အကျပ်အတည်းထဲ မတွန်းပို့ရင် ဘယ်တော့မှ ဝန်ခံမှာ မဟုတ်ဘူး။
ဒါပေမဲ့ သူက အတင်းအကျပ် မလုပ်ချင်ပြန်ဘူး။
ရွှီထင်းရှန်း သူမကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်တယ်။ ပြီးတော့ ရုတ်တရက် မျက်နှာငယ်လေး ဖြစ်သွားတယ်။ “ကျောက်အာ... မင်းက ငါ့မိန်းမ မလုပ်ချင်ဘူးလား”
ရုတ်တရက်ကြီး ပြောင်းလဲသွားတဲ့ အခြေအနေကြောင့် ကျောက်အာ ကြောင်သွားတယ်။
ကောင်လေးက သူ့ကို စိုက်ကြည့်နေတယ်။ မျက်လုံးထဲမှာ အားကိုးရာမဲ့မှုတွေ ကြောက်ရွံ့မှုတွေ ပြည့်နေပြီး မျှော်လင့်ချက် ရောင်ခြည်သန်းနေတယ်။
နှုတ်ခမ်းပါးပါးလေးကို တင်းတင်းစေ့ထားပြီး ပါးဖောင်းဖောင်းလေးတွေက မို့တက်နေတယ်။ နှာခေါင်းဝက ပွလိုက်ပိန်လိုက် ဖြစ်နေတာကို ကြည့်ရင် ဝမ်းနည်းနေမှန်း သိသာတယ်။ ငယ်ငယ်တုန်းကလိုပါပဲ။ အပြင်ထွက်ကစားချင်ရင် မပြောဘဲ ခန့်မှန်းခိုင်းတတ်တဲ့ ပုံစံလေး။
မိဘတွေ ဆုံးတုန်းကလည်း သူက ဒီလိုပဲ ကြည့်ခဲ့တာ။ သူမက ငိုနေပေမဲ့ သူကတော့ မငိုဘဲ သူမလက်ကို ဆွဲပြီး ကျောက်အာ... ငါတို့နှစ်ယောက်ပဲ ကျန်တော့တယ် လို့ ပြောခဲ့တာကို အခုထိ မှတ်မိနေတုန်းပဲ။
သူမ အလိုအလျောက် ပြုံးလိုက်မိတယ်။
51 02
ဘယ်လောက်ပဲ ခက်ခဲပါစေ သူ့ရှေ့ရောက်ရင် သူမက အမြဲတမ်း ပြုံးနေတတ်တာပဲ။
“ဘယ်ဟုတ်ပါ့မလဲ... နင် လျှောက်မတွေးပါနဲ့”
“ဒါပေမဲ့ မင်းစိတ်ထဲမှာ ငါ့မိန်းမ မလုပ်ချင်ဘူးလို့ ငါ ခံစားရတယ်။ မင်း ငါ့ကို ထားခဲ့တော့မလို့လား” ရွှီထင်းရှန်းက ရုတ်တရက် သူမရင်ခွင်ထဲ တိုးဝင်လာပြီး ခါးကို ဖက်ထားလိုက်တယ်။ မျက်နှာကို ပခုံးပေါ်တင်ထားပြီး တကယ့် ကလေးလေးလိုပဲ။
ကျောက်အာ သူ့မျက်နှာကို မမြင်ရပေမဲ့ အသံအက်အက်လေးကို ကြားနေရတယ်။ “ငါ သိတယ်... အစ်ကိုကျန်းဝူက မင်းကို ကြိုက်နေတာ ငါသိတယ်။ သူက မင်းကို လက်ထပ်ချင်နေတာ။ ဒါကြောင့် ငါ သူ့ကို မုန်းတယ်။ မင်း ရွှီမိသားစုကို စွန့်ခွာပြီး အစ်ကိုကျန်းဝူ မိန်းမ သွားလုပ်တော့မလို့လား။ သူများတွေ ပြောကြတယ် လင်မယားမှ တစ်သက်လုံး အတူနေရတာတဲ့ တစ်စောင်တည်း အိပ်ရတာတဲ့။ ငါ မင်းကို တခြားလူနဲ့ ပေးမအိပ်နိုင်ဘူး”
ကျောက်အာ ခေါင်းတွေ ရှုပ်ကုန်ပြီ။ တော်တော်ကြာမှ အဓိကအချက်ကို ဖမ်းမိတယ်။ “နင်... နင် ဘယ်လိုလုပ် ဒါတွေသိနေတာလဲ။ အစ်ကိုကျန်းဝူက ငါ့ကို ကြိုက်တယ်ဆိုတာ ဘယ်သူပြောလဲ။ သူ နင့်ကို လာပြောတာလား”
“အစ်ကိုကျန်းဝူ ပြောတာ... မင်းက မိဘတွေ မျက်နှာကြောင့်သာ ငါ့မိန်းမအဖြစ် ခံယူထားတာတဲ့။ ငါသာ မင်းကို တကယ်ချစ်ရင် မင်းကို နားလည်ပေးမယ့် ယောကျ်ားနဲ့ ပေးစားသင့်တယ်တဲ့။ မင်းက ငါ့ကို ကျောင်းထားပေးရတာ ပင်ပန်းလှပြီတဲ့...”
သူမ မမြင်ရတဲ့နေရာမှာ ရွှီထင်းရှန်း ပြုံးလိုက်တယ်။ ဒါပေမဲ့ အသံကတော့ ဝမ်းနည်းနေတုန်းပဲ။ “ကျောက်အာ... ငါ မင်းကို ဂရုစိုက်ပါ့မယ်။ ငါ့ကို မထားခဲ့ပါနဲ့နော်”
ကျောက်အာ နှုတ်ခမ်းကို တင်းတင်းစေ့ထားတယ်။ ရင်ဘတ်တွေ နိမ့်လိုက်မြင့်လိုက် ဖြစ်နေရင်း အသံမာမာနဲ့ ပြောလိုက်တယ်။ “နင် လျှောက်မတွေးနဲ့။ ငါ ဘယ်မှ မသွားဘူး”
သူမ ထင်သားပဲ။ ကောင်လေးက ရုတ်တရက်ကြီး ဘာလို့ ပြောင်းလဲသွားတာလဲလို့။ ဒါကြောင့်ကိုး။ ကောင်လေးက အစကတည်းက ခံစားလွယ်ပြီး အတွေးများတတ်တာ။ အခု အရင်ကထက် ကြီးလာပေမဲ့ ကျောက်အာ စိတ်ထဲမှာတော့ ကလေးလေးပါပဲ။
“ဒါဆို မင်းက ငါ့မိန်းမ လုပ်မှာလား”
“လုပ်မှာပေါ့!”
“ငါတို့ ထာဝရ အတူနေမယ် ဘယ်တော့မှ မခွဲဘူးနော်”
“အင်း!”
ငါ နည်းနည်း ဉာဏ်များလိုက်မိပေမဲ့ ကျန်းဝူ ပြောတာတွေက အမှန်တွေပါပဲ။ ငါ့စိတ်ကလည်း အမှန်ပါပဲ။ မင်း သဘောတူပြီးပြီဆိုတော့ နောက်ဘယ်တော့မှ နောင်တမရနဲ့တော့။
“ဒါဆို ငါ စိတ်ချပြီ”
ဒါက အဖြစ်အပျက်လေး တစ်ခုပါပဲ။ ဒါပေမဲ့ ဒီကိစ္စပြီးနောက်ပိုင်း ကျောက်အာက ရွှီထင်းရှန်းကို မရှောင်တော့ဘူး။
ရွှီထင်းရှန်း သိပါတယ်။ ဒါက မူလနေရာကို ပြန်ရောက်သွားတာနဲ့ တူတူပါပဲ။ ကျောက်အာက သူ့ကို အားကိုးရမယ့် ယောကျ်ားတစ်ယောက်အနေနဲ့ မမြင်သေးပါဘူး။ ဒါပေမဲ့ သူမကို အတင်းအကျပ် ဖိအားပေးတာထက်တော့ ကောင်းပါတယ်။
အိပ်မက်မက်ပြီးနောက်ပိုင်း သူ သူမကို ဇွတ်မလုပ်ချင်တော့ဘူး။ ဖြည်းဖြည်းချင်းပဲ သိမ်းသွင်းတော့မယ်။
တိုးတက်မှု မရှိတာတော့ မဟုတ်ပါဘူး။ အနည်းဆုံးတော့ ရွှီထင်းရှန်းက အခုဆိုရင် ကျောက်အာနဲ့ တစ်စောင်တည်း အိပ်မယ်လို့ ဗြောင်တောင်းဆိုရဲလာပြီ။ အရင်လို ဆင်ခြေတွေ ပေးနေစရာ မလိုတော့ဘူး။ သူမကို ကြည့်ပြီး ပြောလိုက်ရုံနဲ့ သူမက သဘောတူတယ်။
နည်းနည်းလေး တွန့်ဆုတ်နေရင် မင်း ငါ့မိန်းမ မလုပ်ချင်လို့လား လို့ မေးလိုက်ရုံပဲ။ သူမ ချက်ချင်း အလျှော့ပေးတယ်။
အရှက်မရှိဘူးဆိုပေမဲ့ ရွှီထင်းရှန်းကတော့ စိတ်မလုံတာမျိုး မရှိတဲ့အပြင် သဘောတောင် ကျနေသေးတယ်။
သဘောကျလွန်းလို့ ကျောင်းပိတ်ရက်ကုန်လို့ ကျောင်းပြန်တက်ရမှာကိုတောင် မသွားချင် ဖြစ်နေတယ်။
“အဲဒီကိစ္စ မင်း စိတ်မပူနဲ့။ လောလို့ မရဘူး။ တခြားလူ ဝယ်ရင် ကိစ္စမရှိပေမဲ့ ရွှီမျိုးရိုးနဲ့ ဝယ်မယ်ဆိုရင် ရွာသူကြီးကျန့်က ဒုက္ခပေးမှာ စိုးရတယ်။ ဒါပေမဲ့ စိတ်မပူနဲ့။ ငါ ကျောင်းပြန်ရောက်ရင် လူကြုံနဲ့ စုံစမ်းခိုင်းလိုက်မယ်။ မင်းက ငါပြောတဲ့အတိုင်း အရင်လုပ်ထား။ ကျန်တာကို အခြေအနေကြည့်ပြီး ဆက်လုပ်”
ကျောက်အာ ခေါင်းညိတ်လိုက်တယ်။ လွယ်အိတ်ကို သူ့လက်ထဲ ထည့်ပေးပြီးတော့ ခုတင်ပေါ်က အထုပ်နဲ့ ခြင်းတောင်းကို ယူတယ်။
အထုပ်ထဲမှာ ကျောင်းမှာဝတ်ဖို့ အဝတ်အစားတွေ ပါတယ်။ ခြင်းတောင်းထဲမှာတော့ ကျောက်အာ ကိုယ်တိုင် လုပ်ထားတဲ့ ပဲငပိနဲ့ ငရုတ်သီးဆီတို့ဟူး နှစ်အိုး ပါတယ်။ ထမင်းနဲ့စားစား ခေါက်ဆွဲနဲ့စားစား အရမ်းကောင်းတယ်။
51 03
မူလကတော့ ကျောက်အာက သူ့ကောင်လေး အီသွားမှာစိုးလို့ အစာပြောင်းအောင် ထည့်ပေးလိုက်တာ။ ဒါပေမဲ့ ကျောင်းရောက်တော့ အရမ်းလူကြိုက်များသွားတယ်။ မောက်ပါသို့ဆိုရင် အိုးကို ဖက်ထားပြီး မလွှတ်တော့ဘူး။ နောက်ဆုံးတော့ ၁၀ ရက် တစ်အိုးကနေ ၁၀ ရက် ၄ အိုး ဖြစ်လာတယ်။ ဒါတောင် မလောက်ချင်ဘူး။
ဒါပေမဲ့ အိမ်မှာလည်း သိပ်မကျန်တော့ဘူး။ ဒါတွေက မနှစ်က ဆောင်းဦးတုန်းက လုပ်ထားတာတွေလေ။ ကုန်ခါနီးပြီ။ ကျောက်အာက သူ့ကောင်လေးမှာ သူငယ်ချင်းကောင်းတွေ ရှိနေတာသိတော့ သူငယ်ချင်းတွေကို ကျွေးဖို့အတွက် များများ ထည့်ပေးချင်တယ်။ ဒါပေမဲ့ ရွှီထင်းရှန်းက ကပ်စေးနည်းပြီး မယူချင်ဘူး။ ၄ အိုးက အများဆုံးပဲတဲ့။
ရွှီထင်းရှန်း ခြင်းတောင်းကို လှမ်းယူတယ်။ သူမက မပေးဘူး။ သူက အတင်း လုယူလိုက်တယ်။
ယူပြီးတော့ မသွားသေးဘဲ သူမကို ရပ်ကြည့်နေတယ်။
ကျောက်အာ ကြောင်သွားတယ်။ “ဘာဖြစ်လို့လဲ။ ရှန်းဇီ အပြင်မှာ စောင့်နေပြီ”
“ငါ မသွားချင်ဘူး” ဒါ အမှန်တရားပဲ။
“ဘာလို့ မသွားချင်ရတာလဲ။ နင် စာဖတ်ရတာ အကြိုက်ဆုံး မဟုတ်ဘူးလား”
“ငါ မင်းနဲ့ အတူအိပ်ချင်တယ်။ ကျောင်းရောက်ရင် တစ်ယောက်တည်း အိပ်ရတော့မှာ”
“တိုးတိုးပြော” ကျောက်အာ တံခါးဝကို လှမ်းကြည့်လိုက်တယ်။ ပြီးတော့ သူ့ကို မျက်စောင်းထိုးတယ်။ “နင် ငါ့ကို ဘယ်လို ကတိပေးထားလဲ။ ဒီကိစ္စ အပြင်မှာ မပြောရဘူးလေ”
သူက မျက်နှာငယ်လေးနဲ့ ဆိုလိုက်တယ်။ “ငါ မင်းကိုပဲ ပြောတာလေ သူများကို ပြောတာမှ မဟုတ်တာ။ ပြီးတော့ မင်းက ငါ့မိန်းမပဲဟာ။ တစ်စောင်တည်း အိပ်တာ ဘာဆန်းလို့လဲ”
“ငါတို့ လက်မထပ်ရသေးဘူး ဘာပဲဖြစ်ဖြစ် မပြောနဲ့! မြန်မြန်သွား နောက်ကျနေမယ်။ နင် ကတိပေးထားတယ်နော် စာကြိုးစားမယ်ဆိုတာ။ မဟုတ်တာတွေ လျှောက်မတွေးနဲ့”
ဒီတစ်ခါတော့ ရွှီထင်းရှန်း မငြင်းတော့ဘဲခေါင်းညိတ်လိုက်တယ်။ “ကျောက်အာ... စိတ်ချပါ ငါ ရှို့ချိုင် ဖြစ်အောင် ကြိုးစားပြီး မင်းကို ရှို့ချိုင်ကတော် ဖြစ်စေရမယ်”
ပြီးတော့ ဆက်ပြောတယ်။ “ငါ ရှို့ချိုင် ဖြစ်ရင် ငါတို့ လက်ထပ်ကြမယ်နော်”
“နင် ရှို့ချိုင် ဖြစ်မှ ပြော…”
“ဒါဆို မင်း သဘောတူတယ်လို့ ငါ သတ်မှတ်လိုက်ပြီ”
ရွှီထင်းရှန်း ထွက်သွားတော့မှ ကျောက်အာ သက်ပြင်းချနိုင်တယ်။
ကောင်လေးက ချော့ရခက်လာပြီလို့ ခံစားရတယ်။ အရင်တုန်းကတော့ အထီးကျန်ဆန်ပြီး ထိခိုက်လွယ်လွန်းလို့ ပြောင်းလဲစေချင်ခဲ့တာ။ အခု ပြောင်းလဲလာတော့လည်း ခေါင်းကိုက်ရပြန်ပြီ။
တစ်ခါတလေ တည်ငြိမ်သလိုလိုနဲ့ တစ်ခါတလေ ကလေးဆန်ပြီး နွဲ့ဆိုးဆိုးတယ်။ စိတ်ကူးတွေကလည်း ဆန်းကြယ်တယ်။
ကျောက်အာ ဒီနှစ်ရက်အတွင်း ဖြစ်ပျက်ခဲ့တာတွေကို ပြန်စဉ်းစားကြည့်တယ်။ သူမ သရဲပူးသလို ဖြစ်သွားလို့သာ သူ့တောင်းဆိုမှုတွေကို လိုက်လျောမိတာ နေမှာပါ။
စဉ်းစားလို့ အဖြေမပေါ်တော့ ဆက်မစဉ်းစားတော့ဘူး။ ကောင်လေးက ၁၀ ရက်နေမှ ပြန်လာမှာ။ ဖြည်းဖြည်းချင်း စဉ်းစားလို့ ရတယ်။ သူပြောသွားတဲ့ စကားတွေကို ပြန်စဉ်းစားပြီး စိတ်ထဲမှာ အစီအစဉ် ချလိုက်တယ်။ တံခါးသော့ခတ်ပြီး အပြင်ထွက်လာခဲ့တယ်။
အိမ်ပေါက်ဝရောက်မှ ရုတ်တရက် စိတ်ပြောင်းသွားပြီး စတုတ္ထမိသားစု အခန်းဘက် လှည့်သွားတယ်။
“အဒေါ်စွန်း... ကျွန်မ ပြောစရာ ရှိလို့”
စာရေးသူ၏ အမှာစာ
ကုန်းအာ : ဟုတ်တယ်... ကျွန်တော်က သရဲပဲ။
******
52 01
အခန်း (၅၂)
နေ့လယ်စာစားပြီးခါစမှာ ရွာထဲကို ဧည့်သည်တစ်ယောက် ရောက်လာတယ်။
ကျယ်ဝန်းခန့်ညားတဲ့ မြင်းလှည်းတစ်စီးက ရွာထိပ်ကနေ မောင်းဝင်လာတာ ဒီမြင်ကွင်းက ယွီချင်းရွာနဲ့ သိပ်မအပ်စပ်လှဘူး။ ဒါကြောင့် ရွာသားတွေ အများကြီး အိမ်ပြင်ထွက်ပြီး အဝေးကနေ လှမ်းကြည့်နေကြတယ်။
မြင်းလှည်းက ခဏလောက်မောင်းလာပြီး လမ်းဘေးမှာ လူတစ်ယောက်တွေ့တော့ ရပ်လိုက်တယ်။ လူတစ်ယောက်ဆင်းလာပြီး လမ်းမေးတယ်။ ပြီးတော့ ဆက်မောင်းသွားတယ်။
မြင်းလှည်းလွန်သွားတော့ ရွာသားတွေက လမ်းမေးခံရတဲ့ ရွာသားနား ဝိုင်းအုံလာကြတယ်။ “ဟေးလောင်ပါး... ဒီလူက ဘာလာလုပ်တာတဲ့လဲ”
ဟေးလောင်ပါး ကြောင်တောင်တောင် ဖြစ်နေတုန်းပဲ။ ထပ်မေးမှ ပြန်ဖြေတယ်။ “ရွာသူကြီးကို ရှာတာတဲ့။ ရွာထဲက တစ်ခုခုကို လာဝယ်မလို့ ဆိုလားပဲ”
“ဘာလာဝယ်တာလဲ”
“ငါ ဘယ်သိမလဲ။ လှည်းထဲကလူ ပြောတာတော့ တောင်ကုန်းအစုတ်လေးတစ်ခုကို ဝယ်မလို့တဲ့။ ဘာလို့ ဒီလို ငှက်တောင်မနားတဲ့ နေရာမျိုးကို လာဝယ်တာလဲ မသိပါဘူး”
“တောင်ဝယ်မယ် ဟုတ်လား။ ဟာ... မဖြစ်သေးဘူး ရွာသူကြီးအိမ် သွားကြည့်မှပဲ”
ခဏလေးအတွင်းမှာပဲ ရွာသူကြီးအိမ်ကို သူဌေးတစ်ယောက် ရောက်လာတယ်ဆိုတဲ့သတင်းက တစ်ရွာလုံး ပျံ့သွားတယ်။
ဘယ်လောက် ချမ်းသာလဲ။
ပုံစံကြည့်ရတာတော့ သာမန်သူဌေး မဟုတ်လောက်ဘူး။
အဲဒီသူဌေးက တောင်လာဝယ်တာတဲ့။
ရွာသူကြီးကျန့်ရဲ့ဧည့်ခန်းမဆောင်မှာ သာမန်လူတွေ မထိုင်ရတဲ့ ထိပ်ဆုံးနေရာမှာ လူနှစ်ယောက် ထိုင်နေတယ်။
တစ်ယောက်ကတော့ ရွာသူကြီးကျန့်။ နောက်တစ်ယောက်ကတော့ မီးခိုးရောင်နောက်ခံမှာ ရွှေချည်ထိုးထားတဲ့ ဝတ်စုံဝတ်ထားတဲ့ လူကောင်ဝဝ လူငယ်လေးတစ်ယောက်။ အသက်က သိပ်မကြီးသေးဘူး ၁၇ ၁၈ နှစ်လောက်ပဲ ရှိဦးမယ်။ ဒါပေမဲ့ ဟန်ပန်အမူအရာကတော့ မသေးလှဘူး။
ဝတ်ထားတဲ့ အဝတ်အစားတွေက တောက်ပြောင်နေရုံမကဘူး လက်မှာလည်း ကျောက်မျက်ရတနာ လက်စွပ်တွေ အများကြီး ဝတ်ထားတယ်။ ဒီနေ့ နေသာနေတော့ အပြင်ကဝင်လာတဲ့ နေရောင်ခြည်က လက်စွပ်တွေကို ထိုးပြီး ရွာသူကြီးကျန့် မျက်စိတောင် ကျိန်းတယ်။
အဲဒီလူငယ်ဝဝလေးက သူ့ရှေ့က လက်ဖက်ရည်ပန်းကန်လုံးကို ရွံရှာသလို ကြည့်နေတယ်။ သူ့ဘေးက လူယုံတော်က မျက်ရိပ်မျက်ကဲ ပြနေလို့သာ ပါးစပ်ထဲက စကားလုံးတွေ ထွက်မလာတာ။
ရွာသူကြီးကျန့်က မျက်လုံးထောင့်ကနေ အကဲခတ်နေတာ။ ကောင်းတဲ့စကား ထွက်မလာမှန်း သိတယ်။ ဒါပေမဲ့ ဘာတတ်နိုင်မလဲ။ သူတို့လို တောရွာလေးမှာ ကြမ်းတမ်းတဲ့ ကြွေပန်းကန်လုံးနဲ့ပဲ သောက်ရတာလေ။ မြို့ကြီးပြကြီးတွေကလို ကြွေသားနု ပန်းကန်လုံးတွေ ဘယ်ရှိပါ့မလဲ။
“သခင်လေး... ဘာကိစ္စများ ရှိပါသလဲ” ရွာသူကြီးကျန့်က သူလည်း လူရာဝင်ကြောင်း ပြချင်လို့ စကားလုံး အကြီးကြီးတွေ ရွေးသုံးလိုက်တယ်။
ဒါပေမဲ့ လူငယ်ဝဝလေးက ဂရုမစိုက်ပါဘူး။ လက်ဝှေ့ယမ်းပြီး ထစ်ငေါ့ငေါ့ ပြောနေတယ်။ “ဝမ်... လျူ...”
ဘေးက လူယုံတော်က ပါးစပ်လှုပ်ပြီး ကူပြောပေးနေပေမဲ့ သူက မမှတ်မိဘူး။ နောက်ဆုံး စိတ်မရှည်တော့ဘဲ အော်လိုက်တယ်။ “တည့်တည့်သာ ပြောလိုက်စမ်းပါ ဘာတွေ လုပ်ပြနေတာလဲ။ သူ့နာမည်က ဘာရွာသူကြီးတဲ့လဲ”
ငန်းဥလောက်ရှိတဲ့ ကျောက်လက်စွပ် ဝတ်ထားတဲ့ လက်ညှိုးတုတ်တုတ်ကြီးနဲ့ ရွာသူကြီးကျန့် မျက်နှာကို ထိုးချိန်ပြီး မေးလိုက်တယ်။
လူယုံတော် နေရခက်သွားတယ်။ ရွာသူကြီးကျန့် မျက်နှာလည်း ပျက်သွားတယ်။ “ကျွန်တော့်နာမည် ကျန့် ပါ။ ရွာသူကြီးကျန့် လို့ ခေါ်ရင် ရပါပြီ”
“ဪ... ရွာသူကြီးကျန့်ကိုး” လူငယ်ဝဝလေးက လက်ခုပ်တီးပြီး လူယုံတော်ကို ပြောတယ်။ “သူ့ကို ပြောလိုက် ငါ့နာမည်မောက်လို့”
ကြည့်ကောင်းအောင် ဝတ်စားထားပြီး ဟန်ပန်ရှိလို့သာ မဟုတ်ရင် ရွာသူကြီးကျန့် သူ့ကို ဆွဲထုတ်ပစ်လိုက်ပြီ။ မျက်နှာချင်းဆိုင် ထိုင်နေတာတောင် လူယုံတော်ကနေတစ်ဆင့် စကားပါးခိုင်းနေတယ်။ ဒါ သူဌေးတွေရဲ့ စရိုက်လား။
လူယုံတော်က လိမ္မာတယ်။ ပြုံးပြုံးလေးနဲ့ ရွာသူကြီးကျန့်ကို ပြောတယ်။ “ကျွန်တော့်သခင်လေး နာမည်က မောက်ပါ။ မောက်မိသားစု ကုန်သည်လုပ်ငန်းရဲ့ သခင်လေးပါ။ သခင်ကြီးအမိန့်နဲ့ အလုပ်ကိစ္စ ပထမဆုံးအကြိမ် ထွက်လုပ်တာမို့ လိုအပ်တာရှိရင် ရွာသူကြီးကျန့် ခွင့်လွှတ်ပေးပါဗျာ”
တွေ့လား... ဒါမှ လူစကား ပြောတာ။
ရွာသူကြီးကျန့်လည်း ပြုံးပြုံးရွှင်ရွှင်နဲ့ ပြန်ပြောတယ်။ နှစ်ယောက်သား အပြန်အလှန် စကားပြောပြီးနောက် ဒီသခင်လေးအကြောင်း အနည်းငယ် သိလာရတယ်။
မောက်မိသားစု ကုန်သည်လုပ်ငန်းက ရှဖန် ခရိုင်မှာ အကြီးဆုံး လုပ်ငန်းတွေထဲက တစ်ခုဖြစ်ပြီး ဖျင်းယန် စီရင်စုမှာလည်း နာမည်ကြီးတယ်။ မောက်မိသားစုမှာ စည်းကမ်းတစ်ခု ရှိတယ်။ သားသမီးတွေ အရွယ်ရောက်ရင် အိမ်စီးပွားရေး ဆက်ခံနိုင်ကြောင်း ပြဖို့အတွက် အပြင်ထွက်ပြီး အတွေ့အကြုံ ရှာရတယ်။ ဒီတစ်ခေါက်က သခင်လေးမောက် ဟူယန်းမြို့နယ်ကို ပထမဆုံးအကြိမ် လာတာတဲ့။ ယွီချင်းရွာ အနောက်ဘက်က တောင်ကုန်းလေးကို သူ သဘောကျသွားတယ်တဲ့။
52 02
ဘာကြောင့် ဒီလို ငှက်တောင်မနားတဲ့ နေရာက တောင်ကုန်းလေးကို သဘောကျတာလဲ ဆိုတာကိုတော့ လူယုံတော်က မပြောဘဲ ပြုံးနေတယ်။ ရွာသူကြီးကျန့် ထင်တာကတော့ သူဌေးသားတွေ စိတ်ကူးပေါက်ပြီး အပျော်ရှာတာ ဖြစ်မှာပေါ့။
တခြားဟာတွေ သိစရာ မလိုပါဘူး။ သူ တောင်ဝယ်ချင်တယ် ဈေးကောင်းပေးမယ် ဆိုတာ သိရင် ပြီးပြီ။
လောကအကြောင်း နားမလည်တဲ့ သိုးဝဝလေးက သူ့ရှေ့မှာ ဝံပုလွေကြီး ဟန်ဆောင်နေတာကိုး။ ငါ စားခဲ့တဲ့ ဆားက မင်းစားခဲ့တဲ့ ထမင်းထက်တောင် များသေးတယ်ကွ…
ရွာသူကြီးကျန့် စိတ်ထဲ တွေးနေပေမဲ့ မျက်နှာကတော့ ပြုံးဖြီးနေတယ်။ “သခင်လေးက ဘယ်လောက် ပေးချင်လို့လဲ။ ဒီတောင်က ရွာပိုင်ဆိုပေမဲ့ ကျွန်တော် တစ်ယောက်တည်း ဆုံးဖြတ်လို့ မရဘူး။ ရွာမှာ လူတွေအများကြီး ရှိတာ ငွေနည်းရင် တစ်ယောက်ကို ဘယ်လောက်မှ ရမှာ မဟုတ်ဘူး။ အဲဒီတော့...” သူက မျက်နှာကို ခက်ခဲတဲ့ပုံ လုပ်ပြတယ်။ တကယ်တော့ ဈေးကိုင်ချင်လို့သာ။
သခင်လေးမောက်က မောက်မောက်မာမာနဲ့ ရွာသူကြီးကျန့် ကို အထင်သေးသလို ကြည့်တယ်။ “သူ့ကို ပြောလိုက် ငါ့မှာ ငွေအများကြီး ရှိတယ်လို့”
လူယုံတော်က ရွာသူကြီးကျန့်ကို လှည့်ပြောတယ်။ “ကျွန်တော့်သခင်လေး ပြောတာ သူ့မှာ ငွေအများကြီး ရှိတယ်တဲ့”
“ဒါဆို ဘယ်လောက် ပေးနိုင်မလဲ သိပါရစေ။ ကျွန်တော် စိတ်မှန်း တွက်ကြည့်လို့ ရတာပေါ့။ ရွာသားတွေကိုလည်း ပြန်ပြောပြလို့ ရတာပေါ့”
သခင်လေးမောက်က လူယုံတော်ကို ပြောတယ်။ “သူ့ကို ပြောလိုက် ငွေ ၅၀၀ ပေးမယ်လို့”
ငွေ ၅၀၀…
ရွာသူကြီးကျန့်ရဲ့ ဆေးတံတောင် လွတ်ကျမတတ် ဖြစ်သွားတယ်။ တကယ်ကို သိုးဝဝလေးပဲ။
သခင်လေးမောက် သဘောကျတဲ့ တောင်ကုန်းလေးက ၅၀ ဧကလောက်ပဲ ရှိတာ။ အရေးကြီးဆုံးက ဒီတောင်က တောပြုန်းနေပြီ။ ရွာနဲ့ နီးတော့ ရွာသားတွေက ထင်းခုတ်ကြတယ် ခုတ်ပြီး ပြန်မစိုက်ကြဘူး။ အခုဆိုရင် ဆူးခြုံတွေ ပေါင်းပင်တွေနဲ့ သစ်ငုတ်တိုတွေပဲ ကျန်တော့တာ။
ရွာသူကြီးကျန့် မှန်းထားတာ ငွေ ၁၀၀ လောက်ရရင်တောင် များနေပြီ။ အခု ဒီလောက် ဈေးကောင်းပေးမယ်လို့ ထင်မထားဘူး။
ငွေ ၅၀၀…
ဒီမြေက ရွာပိုင်မို့ ရွာက ရောင်းချင်ရင် ရောင်းလို့ရတယ်။ တောင်မြေဆိုတာ မြေလွတ်မြေရိုင်းထက်တောင် တန်ဖိုးနည်းသေးတယ်။ မြို့နယ်ရုံးကို ငွေနည်းနည်းပါးပါး ပေးလိုက်ရင် မြေစာချုပ် လုပ်လို့ရပြီ။ သခင်လေးမောက်က ငွေ ၅၀၀လို့ ပြောလိုက်တာနဲ့ ရွာသူကြီးကျန့် ခေါင်းထဲမှာ တွက်ချက်နေပြီ။ မြေစာချုပ်လုပ်ခ ဘယ်လောက်ကုန်မလဲ ရွာသားတွေကို ဘယ်လောက်ခွဲပေးမလဲ ကိုယ့်အိတ်ထဲ ဘယ်လောက်ကျန်မလဲ ဆိုတာပေါ့။
“ဘာလဲ... မရောင်းချင်ဘူးလား”
“ရောင်းမယ်... ရောင်းမယ်... သေချာပေါက် ရောင်းမယ်”
“ဒါဆို ပြီးရော။ တစ်ခုပဲ တောင်းဆိုမယ်။ တောင်ကုန်းပေါ်က ဆူးခြုံတွေ သစ်ငုတ်တိုတွေကို ရွာက ရှင်းပေးရမယ်”
သခင်လေးမောက် ပြန်သွားတာ ကြာပြီ။ ရွာသူကြီးကျန့် အိမ်ထဲမှာ ငေးငိုင်နေတုန်းပဲ။
ရွာသားတွေ တစ်ယောက်ပြီး တစ်ယောက် လာမေးမှ သတိပြန်ဝင်လာတယ်။ သူ့သား ကျန့်ကောင်းဖုန်းကို မောင်းတီးပြီး ရွာသားတွေ စုခိုင်းလိုက်တယ်။
ခဏနေတော့ ကျန့်မိသားစု ဘိုးဘွားပိုင်နတ်စင်ရှေ့က ညောင်ပင်ကြီးအောက်မှာ ဒယ်အိုးဖုံးလောက်ရှိတဲ့ ကြေးမောင်းသံ ထွက်ပေါ်လာတယ်။ နေ့လယ်စာ စားပြီး အိပ်နေတဲ့သူတွေ အလုပ်လုပ်နေတဲ့သူတွေ အကုန်လုံး ရွာသူကြီးကျန့် အိမ်ဝင်းထဲ ရောက်လာကြတယ်။
ခြံဝင်းထဲမှာ မဆံ့တော့ ခြံပြင် ခြံစည်းရိုးပေါ် သစ်ပင်ပေါ်မှာပါ လူတွေ ပြည့်နေတယ်။
ဘာကိစ္စလဲလို့ မေးကြတယ်။ တချို့က ကြားထားတာတွေကို လိုရာဆွဲပြီး ပြန်ပြောပြကြတယ်။ ရွာသူကြီးကျန့် စကားမပြောရသေးခင်မှာပဲ သတင်းက ပျံ့နေပြီ။
ရွာသူကြီးကျန့် အိမ်ထဲမှာ လူတစ်စု ရောက်နေတယ်။ ယွီချင်းရွာက ရပ်မိရပ်ဖတွေပါ။
ရွာသူကြီးကျန့်က လုပ်ထုံးလုပ်နည်းအရ သူတို့ကို အရင်ပြောပြတယ်။ သူတို့ ဆွေးနွေး ဆုံးဖြတ်တာကိုတောင် မစောင့်ဘဲ ဂုဏ်ယူဝင့်ကြွားစွာနဲ့ အပြင်ထွက်ပြီး ကြေညာလိုက်တယ်။
ဒီလောက် ကောင်းတဲ့ကိစ္စကို သူ စွမ်းဆောင်ပေးလိုက်တာလေ။ ရပ်မိရပ်ဖတွေ သဘောတူဖို့ လိုသေးလို့လား။ ထင်းခြောက်တစ်ချောင်းတောင် ငွေ ၅၀၀နဲ့ ရောင်းရတယ်ဆိုရင် အဲဒီတောင်ကုန်း အစုတ်လေးက ရွာသားတွေ စိတ်ထဲမှာ ထင်းခြောက်လောက်တောင် တန်ဖိုးမရှိတာ။
52 03
ရွာသူကြီးကျန့် ပြောလိုက်တော့ ရွာသားတွေ ပျော်သွားကြတယ်။ ကန့်ကွက်သူ မရှိဘူး။
ယွီချင်းရွာမှာ အိမ်ခြေ ၂၀၀ ကျော် ရှိတယ်။ မြို့နယ်ရုံးကို ပေးရမယ့် စရိတ်တွေ နှုတ်လိုက်ရင်တောင် တစ်အိမ်ကို ငွေ ၂ လျန်လောက် ရမယ်။
ငွေ ၂ လျန် တောရွာမှာ ချွေတာသုံးရင် ကိုယ့်လယ်က ဆန် ကိုယ်စားရင် တစ်နှစ်လုံးမှ ငွေ ၂ လျန်လောက်ပဲ ကုန်တာ။ အလကားရတဲ့ ငွေပဲ။ တောင်ကုန်း ရှင်းရမယ် ဆိုတာက အသေးအဖွဲပါ။ ရွာမှာ လူတွေအများကြီး ရှိတာ တစ်ယောက် တစ်လက် ဝိုင်းလုပ်လိုက်ရင် ပြီးသွားမှာ။
ဒါကြောင့် ကျောက်အာ ပြန်ရောက်လာတော့ ရွှီမိသားစုက မနက်ဖြန် တောင်ရှင်းဖို့ ကိစ္စ ပြောပြီး ပျော်ရွှင်နေကြတာ ကြားလိုက်ရတယ်။
အထူးသဖြင့် အကြီးဆုံးမိသားစု လင်မယားက အပျော်ဆုံးပဲ။ ရွှီကျွင်းခိုင် ကျောင်းစရိတ် လိုနေတာလေ။ လူကြီးတွေဆီက တောင်းမရဘူး။ အဘိုးရွှီရဲ့သမီးငယ် ရွှီစွေ့အယ်ရဲ့ တင်တောင်းငွေကို ယူသုံးမလို့ ကြံတာလည်း မအောင်မြင်ဘူး။
ဒီကိစ္စကြောင့် ဒီရက်ပိုင်း အကြီးဆုံးမိသားစုနဲ့ အိမ်မကြီးက လူကြီးတွေ ကြားမှာ စကားများနေကြတာ။
ရန်တောင် ဖြစ်လိုက်ကြသေးတယ်။ ရွှီစွေ့အယ်က သူ့တင်တောင်းငွေကို အကြီးဆုံးအစ်ကို သုံးပစ်ရင် တစ်ရွာလုံးကြားအောင် အော်ပြောမယ်လို့ ခြိမ်းခြောက်မှ ငြိမ်သွားကြတာ။
ငွေလိုနေတုန်း ငွေရောက်လာတော့ အကြီးဆုံးမိသားစု ပျော်တာ မဆန်းပါဘူး။
တတိယမိသားစုက အဒေါ်ကျိုး မျက်နှာ မကောင်းပြန်ဘူး။ စတုတ္ထမိသားစုကတော့ ဘာမှ ဝင်မပြောဘူး။ ဒီတစ်ခါတော့ အဘိုးရွှီ ဘာမှ မပြောရသေးခင်မှာပဲ အဒေါ်ကျိုးက ပြတ်ပြတ်သားသား ပြောလိုက်တယ်။ သူ့ယောကျ်ားက နေ့တိုင်း လယ်လုပ်ရတာ ပင်ပန်းလို့ တောင်ရှင်းတဲ့အလုပ် မလုပ်နိုင်တော့ဘူးတဲ့။
တတိယမိသားစု မလုပ်ဘူး။ စတုတ္ထမိသားစုလည်း မလုပ်ဘူး။ ဒုတိယမိသားစုကတော့ ပြောစရာတောင် မလိုဘူး။ ဒါဆို အကြီးဆုံးမိသားစုပဲ ကျန်တော့တာပေါ့။
အဘိုးရွှီ ကျေနပ်သွားတယ်။ အကြီးဆုံးမိသားစု လင်မယားလည်း ပျော်သွားတယ်။ ပြီးမှ ပြန်စဉ်းစားမိတယ်။ တခြားအိမ်တွေက မလုပ်ဘူးဆိုရင် ဘယ်သူ လုပ်မှာလဲ။ ရွာစည်းကမ်းအရ တစ်အိမ်ကို အနည်းဆုံး လူနှစ်ယောက် ထွက်ရမှာ။
အဘိုးရွှီ စိတ်ညစ်သွားတယ်။ ဒါပေမဲ့ မူဝါဒကတော့ မပြောင်းလဲဘူး။ ဘယ်သူ ငွေလိုချင်လဲ အဲဒီလူ လုပ်ပေါ့။ အကြီးဆုံးမိသားစုက ကတိရသွားပေမဲ့ အခန်းပြန်ရောက်တော့ အချင်းချင်း အပြစ်တင်ကြတယ်။ စောစောစီးစီး ပျော်ပြလိုက်မိလို့ ခံရတာပေါ့။ မရေမရာ နေခဲ့ရင် ကောင်းသား ငွေခွဲခါနီးမှ ပြောရင် ရတာပဲ ဆိုပြီး နောင်တရနေကြတယ်။
နောက်တစ်နေ့မှာ ယွီချင်းရွာ တစ်ရွာလုံး စည်ကားသိုက်မြိုက်နေတယ်။
အိမ်တိုင်းက ယောကျ်ား မိန်းမ လူကြီး လူငယ် အကုန်လုံး ပေါက်ပြားတွေ တူးရွင်းတွေ ထမ်းပြီး တောင်ပေါ် တက်ကြတယ်။ ၇ နှစ် ၈ နှစ်အရွယ် ကလေးတွေတောင် မြက်ပေါက်တူလေးတွေ ကိုင်ပြီး လူကြီးတွေနောက် လိုက်ကြတယ်။
ပထမရက်က အပင်ပန်းဆုံးပဲ။ ဆူးခြုံတွေ ခုတ်ရတယ်။ ခုတ်ပြီးသားတွေကို အိမ်သယ်သွားပြီး ထင်းလုပ်ကြတယ်။
ဒုတိယရက် နေ့လယ်လောက်ကျတော့ တောင်ကုန်းတစ်ခုလုံး ပြောင်သလင်းခါသွားတယ်။
ဒါနဲ့ မပြီးသေးဘူး။ မြေအောက်က အမြစ်တွေကို တူးထုတ်ရဦးမယ်။ ဒါက အခက်ဆုံးပဲ။ သေချာ စင်အောင် တူးရမယ်။ နည်းနည်းလေး ကျန်ခဲ့ရင်တောင် ဆူးခြုံတွေ ပြန်ပေါက်လာမှာ။
ခြုံပြောရရင် တောသူတောင်သားတွေက စိတ်သဘောထား သေးသိမ်တာလေးတွေ ရှိပေမဲ့ အလုပ်လုပ်ရင်တော့ တကယ် လုပ်ကြတယ်။ ခိုကပ်တဲ့သူ ရှားတယ်။
ဒီကြားထဲမှာ ကျောက်အာ တောင်ပေါ် တစ်ခေါက် တက်ကြည့်တယ်။ ဘာမှ မပြောဘဲ ပြန်ဆင်းလာတယ်။
တောင်အောက်ရောက်တော့ ရွှီချင်းဟွိုင်၊ ကျန်းဝူနဲ့ ကောရှန်တို့ကို ခေါ်တွေ့ပြီး တိုင်ပင်ကြတယ်။ ပြီးမှ လူစုခွဲလိုက်တယ်။
တောင်ကုန်းရှင်းတဲ့အလုပ် ပြီးသွားပြီ။ လယ်အားရက် ဖြစ်နေလို့သာ ဒီလောက် မြန်မြန်ပြီးတာ။
အလုပ်ပြီးတာနဲ့ ရွာသားတွေက ငွေတောင်းကြပြီ။ ရွာသူကြီးကျန့်က သူဌေး မကြာခင် လာကြည့်လိမ့်မယ် ပြီးရင် ငွေချေလိမ့်မယ် စိတ်မပူကြနဲ့လို့ ပြောတယ်။
ဒါပေမဲ့ နှစ်ရက်စောင့်လည်း မလာ နောက်ထပ် နှစ်ရက်စောင့်လည်း မလာတော့ ရွာသူကြီးကျန့် ထိတ်လန့်လာတယ်။
အဲဒီနေ့တုန်းက အံ့ဩဝမ်းသာလွန်းလို့ ကတိတွေ ပေးလိုက်မိတာ။ စရန်ငွေ တောင်းဖို့ မေ့သွားတယ်။ ဘယ်မှာ သွားရှာရမလဲ ဆိုတာလည်း မသိဘူး။
52 04
ဒါပေမဲ့ ရွာသားတွေကိုတော့ ဒီလို ပြောလို့ မဖြစ်ဘူးလေ။ သူဌေးတွေက အလုပ်များလို့ပါ ဘာပူစရာ ရှိလဲလို့ပဲ ပြောရတာပေါ့။
တစ်ရက် နှစ်ရက် သုံးလေးရက် ကြာသွားတယ်။ သူဌေး အရိပ်အယောင်တောင် မမြင်ရဘူး။ ရွာထဲမှာ ပွက်လောရိုက်ကုန်ပြီ။
မပင်ပန်းဘူး ဆိုရင်တော့ လိမ်တာပေါ့။ တောင်သူတွေရဲ့ ချွေးက တန်ဖိုးမရှိဘူး ဆိုပေမဲ့ အလကားတော့ အဖြစ်မခံနိုင်ဘူးလေ။
ရွာထဲမှာ ကောလာဟလတွေ ထွက်လာတယ်။ တချို့က ပြောကြတယ်... ရွာသူကြီးကျန့်က တမင်သက်သက် လုပ်အားပေး ခိုင်းတာတဲ့။ အရင်တုန်းကလည်း သူ ပြောဖူးတယ်လေ။ ဒီတောင်ကုန်းကြီးက ကြည့်ရဆိုးတယ် ရှင်းပြီး သစ်ပင်စိုက်ရင် နောင်လာနောက်သားတွေ ကောင်းစားမယ်တဲ့။ အဲဒီတုန်းက ဘယ်သူမှ နားမထောင်ကြဘူး။ ကိုယ့်အလုပ်နဲ့ကိုယ် မအားကြဘူးလေ။ အခုတော့ ဥပါယ်တံမျဉ် သုံးပြီး ခိုင်းတာ ဖြစ်မယ်တဲ့။
တချို့ကျတော့ ပြောကြတယ်။ သူဌေးက ငွေပေးပြီးသွားပြီ ရွာသူကြီးကျန့်က တစ်ယောက်တည်း မျိုထားတာတဲ့။ ရွာသားတွေကို မပေးချင်လို့တဲ့။
ရွာသားတွေက ကျန့်အိမ်ကို တစ်သုတ်ပြီး တစ်သုတ် လာမေးကြတယ်။ အရင်တုန်းက ဒီလိုမျိုး တစ်ခါမှ မဖြစ်ဖူးဘူး။ ရွာသူကြီးကျန့်ရဲ့ အာဏာစက် ယိုင်နဲ့လာပြီ။
ရွာသူကြီးကျန့်ခမျာ စိတ်ပူလွန်းလို့ နှုတ်ခမ်းမှာ အဖုတွေ ပေါက်ကုန်ပြီ။ နေ့တိုင်း ခုတင်ပေါ် လဲနေရတယ်။ သူ့မိန်းမက ရေဝတ် တင်ပေးနေရတယ်။ အဲဒီအချိန်မှာ ရွှီထင်းရှန်း ကျောင်းပိတ်လို့ ပြန်ရောက်လာတယ်။
သူက ရွှီဆွေမျိုးစုခေါင်းဆောင် အိမ်ကို အရင်သွားတယ်။ နောက်တစ်နေ့ မနက်မှာ ဆွေမျိုးစုခေါင်းဆောင်နဲ့အတူ ရွာသူကြီးကျန့် အိမ်ကို သွားကြတယ်။
စာရေးသူ၏ အမှာစာ -
ဒီအပိုင်းက အသေးစိတ်လွန်းတယ်လို့ မထင်ပါနဲ့။ တောင်ဝယ်တဲ့ ကိစ္စက ကျောက်အာရဲ့ စီးပွားရေးနဲ့ သက်ဆိုင်သလို သေချာ မရှင်းရင် နောက်ပိုင်း ပြဿနာတွေ တက်နိုင်လို့ပါ။ (တောရွာနဲ့ မြို့ပြ နေထိုင်ပုံ မတူပါဘူး။ အခုခေတ်ထိ တောရွာတွေမှာ ကိုယ့်ရွာကိစ္စ ကိုယ်ရှင်းကြတာ များတယ်။ ရန်ဖြစ်တာ လယ်လုတာ ရေလုတာတွေ ရှိတယ်။ ဘာလို့ ယောကျ်ားလေး ဦးစားပေးလဲဆိုတော့ လယ်လုပ်ဖို့ ယောကျ်ားအား လိုလို့ပါ။ ပြီးတော့ သားမရှိရင် အနိုင်ကျင့်ခံရတတ်တဲ့ ဓလေ့ကြောင့်လည်း ပါပါတယ်။)
အရေးကြီးဆုံးကတော့ ဒါဟာ မင်းသားနဲ့ မင်းသမီးရဲ့ မတူညီတဲ့ ခံယူချက်တွေ ထိပ်တိုက်တွေ့ဆုံခြင်းပါပဲ။
အရင်က ပြောဖူးသလိုပဲ... အတိတ်ဘဝက ကုန်းအာဟာ လူကောင်း မဟုတ်ပါဘူး။ ရည်မှန်းချက် အောင်မြင်ဖို့ ဘာမဆို လုပ်ရဲသူပါ။ ဉာဏ်များတယ် ဆိုတာထက် ယုတ်မာတယ်လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။ အခုတော့ အိပ်မက်က သူ့အပြုအမူတွေကို လွှမ်းမိုးလာပါပြီ။ အတိတ်ဘဝတုန်းက ကျောက်အာနဲ့ ဝေးကွာသွားရတာက ခံယူချက်ချင်း မတူလို့ပါ။
ဒီဘဝမှာလည်း ပြဿနာတချို့ ရှိဦးမှာပါ။ ဒါပေမဲ့ စိတ်မပူပါနဲ့ ဖြေရှင်းသွားမှာပါ။ နှစ်ယောက် အတူနေရင် ဘယ်သူက ဘယ်သူ့ကို အလိုလိုက်တယ် ဆိုတာ မရှိပါဘူး။ မင်း တစ်လှမ်းဆုတ် ငါ တစ်လှမ်းဆုတ် ကြတာပါပဲ။
အကြောင်းမဲ့ အလိုလိုက်တာမျိုး ငါ့ဝတ္ထုမှာ မရှိပါဘူး။
******