အခန်း (၅၃-၅၄)
Vol. 6 Ch. 53-54
53 01
အခန်း (၅၃)
ရွာသူကြီးကျန့်အိမ်ရှေ့က ကြေးမောင်းသံ ထပ်ထွက်လာပြန်ပြီ။ အရင်တစ်ခေါက်ကလို ဂုဏ်ယူဝင့်ကြွားနေတဲ့ ပုံစံမျိုး မဟုတ်တော့ဘဲ ဒီတစ်ခေါက်မှာတော့ ရွာသူကြီးကျန့်ဟာ အတော်လေးကို နွမ်းနယ်ချည့်နဲ့နေတယ်။
ဒီတစ်ခေါက် အစည်းအဝေးကို ဦးဆောင်သူက သူမဟုတ်တော့ဘဲ ရွှီဆွေမျိုးစုခေါင်းဆောင် ဖြစ်နေတယ်။
အိမ်မကြီးရှေ့က လှေကားထစ်တွေပေါ်မှာ ကုလားထိုင်တချို့ ချထားပြီး ရွာထဲက သက်ကြီးဝါကြီး ရပ်မိရပ်ဖတွေ ထိုင်နေကြတယ်။ ရွှီဆွေမျိုးစုခေါင်းဆောင်ကတော့ ဆေးတံအိုးကို ကိုင်ပြီး မတ်တတ်ရပ်လျက် အောက်ဘက်က ပြည့်နှက်နေတဲ့ ရွာသားတွေကို လေးနက်တည်ကြည်တဲ့ မျက်နှာထားနဲ့ ပြောလိုက်တယ်။
“ပြီးခဲ့တာတွေလည်း ပြီးပါစေတော့။ လူဆိုတာ အမှားနဲ့ မကင်းကြပါဘူး။ ရွာသူကြီးကျန့်က ရွာသားတွေအတွက် စေတနာနဲ့ လုပ်ပေးတာပါ။ ငွေခိုထားပြီး မဝေပေးချင်လို့ လုပ်တာမျိုး မဟုတ်ဘူးဆိုတာ ကျွန်တော် အာမခံပါတယ်။ ကြည့်ကြပါဦး... ဒီရက်ပိုင်း သူ ဘယ်လောက်တောင် စိတ်ပူခဲ့ရသလဲဆိုတာ။ ကျွန်တော် လာတွေ့တုန်းကဆိုရင် အိပ်ရာထဲကတောင် မထနိုင်ရှာဘူး”
ရွာသားတွေရဲ့မျက်လုံးပေါင်းများစွာက အပေါ်မှာထိုင်နေတဲ့ ရွာသူကြီးကျန့်ဆီ ရောက်လာကြတယ်။ အကြည့်တွေထဲမှာ မကောင်းတဲ့ သဘောထားတွေ မပါတော့ဘဲ သနားစရာ သံဝေဂရစရာ အကြည့်မျိုးတွေ ဖြစ်နေတယ်။
ဒါပေမဲ့ ဒီလို သနားဂရုဏာသက်တဲ့ အကြည့်တွေက ရွာသူကြီးကျန့်အတွက်တော့ ခံရခက်စေပါတယ်။ သူက ဘယ်သူ့ကို အပြစ်တင်ရမလဲ။ ရွှီဆွေမျိုးစုခေါင်းဆောင်ရဲ့ စကားကြောင့် ရွာသားတွေရဲ့ ဒေါသပြေသွားတာ မှန်ပေမဲ့ သူကတော့ သတိမကြီးမိလို့ လူလိမ်ခံရတဲ့အပြင် အခုလို ပြိုင်ဘက်ဟောင်းရဲ့ကယ်တင်မှုကိုပါ ခံလိုက်ရပြီး ရွာသားတွေရဲ့ သနားခြင်းကို ခံနေရတာက သိက္ခာကျစရာပါပဲ။
“တခြားဟာတွေ မပြောတော့ပါဘူး။ ရွာသားတွေ အလကားသက်သက် ပင်ပန်းသွားရတာ ဘယ်သူမှ မလိုလားပါဘူး။ ပြီးပြီးရော ဆိုပြီး ထားလိုက်လို့လည်း မရဘူး။ အခု လက်ရှိအခြေအနေမှာ ဒီတောင်ကုန်းကို ဝယ်ချင်တဲ့သူ ရှိနေတယ်။ ရောင်းမလား မရောင်းဘူးလား။ ရောင်းမယ်ဆိုရင်တော့ ဟိုသူဌေးပေးတဲ့ ဈေးလောက်တော့ ဘယ်ရမလဲ။ ရွာသားတွေလည်း သိတဲ့အတိုင်း ဒီတောင်ကုန်းအစုတ်က အဲဒီလောက်လည်း တန်ဖိုးမရှိပါဘူး။ ဒီကိစ္စက ကျွန်တော်တို့ကို သင်ခန်းစာ ပေးလိုက်တာပါပဲ။ ကိုယ်နဲ့ မတန်တဲ့အရာကို မမက်မောသင့်ဘူး။ ကောင်းကင်ပေါ်ကနေ ငွေတွေ ပြုတ်ကျလာဖို့ မလွယ်ဘူး။ ကိုယ့်လုပ်အားနဲ့ကိုယ် ရိုးရိုးသားသား ရှာဖွေတာကမှ အစစ်အမှန်ပါပဲ”
“ဆွေမျိုးစု ခေါင်းဆောင် ပြောတာ မှန်တယ်။ ကျွန်တော်တို့သာ လောဘ မတက်ခဲ့ရင် သူဌေး လှည့်စားတာ ခံရမှာ မဟုတ်ဘူး”
“လောဘတက်မိလို့ပါပဲလေ”
ဒီစကားတွေက ရွာသူကြီးကျန့်အတွက် ရည်ရွယ်ပြောသလို ဖြစ်နေတယ်။ တစ်သက်လုံး ပါးနပ်လာခဲ့သမျှ အိုကာမှ နာရတယ် ဆိုသလိုပါပဲ။ ပြိုင်ဘက်ဟောင်းရှေ့မှာ အရှက်ကွဲရပြီး ရွာသားတွေရဲ့ ဝေဖန်မှုကို ခံနေရရှာတယ်။
ရွာသူကြီးကျန့် ဝမ်းနည်းပက်လက် ဖြစ်နေချိန်မှာပဲ ရွာသားတချို့က ဘယ်သူက ဝယ်ချင်တာလဲ ဘယ်လောက်ပေးမှာလဲလို့ မေးလာကြတယ်။
ရွှီဆွေမျိုးစုခေါင်းဆောင်က ပြုံးလိုက်ပြီး လက်ကာပြကာ ငြိမ်သက်စေလိုက်တယ်။ “ဒီလူကို ရွာသားတွေ အားလုံး သိကြပါတယ်။ ကျွန်တော်တို့ရဲ့ လူရင်းပါပဲ။ အပြင်လူတွေလိုမျိုး ကျွန်တော်တို့ကို လိမ်မှာညာမှာ မဟုတ်ပါဘူး။ တစ်ရွာတည်းသားတွေမို့ အကြောင်းသိတွေချည်းပါပဲ”
“ဆွေမျိုးစုခေါင်းဆောင်ရယ်... ဘယ်သူလဲဆိုတာ ပြောပြပါဦး”
“ဟုတ်ပါ့... ဘယ်သူက ဒီလောက် ငွေသုံးနိုင်တာလဲ”
“ရွှီလျန်ရှင်း (အဘိုးရွှီ) မိသားစု ဒုတိယအိမ်ခွဲက ကုန်းအာလေ။ သူက ငွေ ၁၀၀ လျန်နဲ့ ဒီတောင်ကုန်းကို ဝယ်မယ်တဲ့”
ရွာသားတွေ အုတ်အော်သောင်းတင်း ဖြစ်သွားကြတယ်။
“လျန်ရှင်းအိမ်က ကုန်းအာ ဟုတ်လား”
“အဲဒီကောင်လေးက မြို့တက် ကျောင်းသွားတက်နေတာ မဟုတ်ဘူးလား”
“သူက ဒီတောင်ကုန်းကို ဝယ်ပြီး ဘာလုပ်မှာလဲ”
ရွှီဆွေမျိုးစုခေါင်းဆောင်က အားလုံးကို ငြိမ်ခိုင်းလိုက်ပြီး “ကဲ... ကျွန်တော် ပြောနေရင် ရှင်းမှာ မဟုတ်ဘူး။ ကာယကံရှင် ကိုယ်တိုင် ရှင်းပြပါစေ”
သူ ပြောလိုက်တာနဲ့ ဘေးနားကနေ လူငယ်လေးတစ်ယောက် ထွက်လာတယ်။ ရွှီမိသားစုက ကုန်းအာ ပါပဲ။
ဒါပေမဲ့ ဒီကုန်းအာက အရင်ကနဲ့ မတူတော့ဘူး။ အရင်တုန်းက ရွာသားတွေ မြင်ဖူးတဲ့ ရွှီကုန်းအာ ဆိုတာ ရုပ်ရည်မဆိုးပေမဲ့ စကားနည်းပြီး ရွာထဲမှာ ခေါင်းငိုက်စိုက်နဲ့ သွားလာတတ်တဲ့ ကောင်လေးပါ။ ရွာထဲက လမ်းဘေးခွေးလေးတွေလိုပဲ မှိုင်တွေတွေလေးပေါ့။
53 02
အခုတော့ ခါးကို မတ်မတ်ထားပြီး ဟန်ပန်အမူအရာက တည်ငြိမ်ခန့်ညားနေတယ်။ စာမတတ်ပေမဲ့ ရွာသားတွေ ခံစားမိတာကတော့ ဒီကောင်လေးဟာ လမ်းဘေးခွေးလေးကနေ မုဆိုးတွေမွေးတဲ့ မျိုးကောင်း အမဲလိုက်ခွေးကြီးလို ပြောင်းလဲသွားပြီ ဆိုတာပါပဲ။ တက်ကြွလန်းဆန်းနေပြီး ရွာသားတွေနဲ့ မတူတဲ့ အရှိန်အဝါမျိုး ရှိနေတယ်။
မြို့တက် ကျောင်းနေလိုက်တာနဲ့ လူပါ ပြောင်းသွားတာပဲ။
တချို့ကလည်း ဟိုတလောက ရွှီမိသားစုမှာ စာစွမ်းပြခဲ့တာကို ပြန်သတိရသွားကြတယ်။ အဲဒီတုန်းကတည်းက ရှို့ချိုင်တွေ ချီးကျူးရလောက်အောင် တော်ခဲ့တာကိုး။ အခု ကိုယ်ကျိုးစီးပွားနဲ့ ယှဉ်လာတော့ ရွာသားတွေအရှေ့မှာ မကြောက်မရွံ့ ရပ်နေတဲ့ ရွှီထင်းရှန်းကို ကြည့်ပြီး အားကိုးချင်စရာ ကောင်းတယ်လို့ ခံစားလိုက်ကြရတယ်။
ရွှီထင်းရှန်းက နေရာယူပြီးတာနဲ့ ရွှီဆွေမျိုးစုခေါင်းဆောင်နဲ့ ရပ်မိရပ်ဖတွေကို အရိုအသေပြုတယ်။ လူကြီးတွေကလည်း ကျေနပ်သလို မုတ်ဆိတ်တွေသပ်ပြီး ခေါင်းညိတ်ပြကြတယ်။ ပြီးတော့မှ ရွာသားတွေဘက် လှည့်လာတယ်။
“ဘကြီး၊ အဘ၊ ဦးလေး၊ ဒေါ်လေးတို့... ကျွန်တော် ဂါရဝပြုပါတယ်” သူက လက်နှစ်ဖက်ယှက်ပြီး ဦးညွှတ်လိုက်တယ်။ ခါးပြန်မတ်လိုက်တော့ ရှက်သလိုလို ပြုံးလိုက်ပြီး “တကယ်တော့ ဆွေမျိုးစုခေါင်းဆောင်ကြီးက ရှင်းပြခိုင်းလို့သာ ပြောရတာပါ။ ကျွန်တော်လည်း စကားကြီးစကားကျယ်တွေ မပြောတတ်ပါဘူး။ ရွာသားတွေ ပင်ပင်ပန်းပန်း ရှင်းလင်းထားတဲ့ တောင်ကုန်းကြီး ဒီအတိုင်း ပစ်ထားရမှာ နှမြောလို့ပါ။ တိုက်ဆိုင်ချင်တော့ ကျွန်တော့် ကျောင်းနေဖက် သူငယ်ချင်းနှစ်ယောက်က စီးပွားရေးလုပ်တဲ့ အိမ်ကပါ။ ကျွန်တော်က ဦးဆောင်ပြီး သူတို့ကို ရှယ်ယာဝင်ခိုင်းပြီး ဒီတောင်ကို ဝယ်လိုက်တာပါ။ သီးနှံစိုက်လို့ မရရင်လည်း ဟင်းရွက်စိုက်မယ်။ ကြက်တွေ၊ ဘဲတွေ မွေးမယ်။ သစ်သီးပင်တွေ စိုက်မယ်... အရင်းတော့ မရှုံးလောက်ပါဘူး”
သူက စကားကို ခဏရပ်ပြီး ဆက်ပြောတယ်။ “ဒါပေမဲ့ ရွာက တခြားအစီအစဉ် ရှိတယ်ဆိုရင်တော့ ကျွန်တော် မပြောခဲ့သလိုပဲ သဘောထားလိုက်ပါ။ ရွာရဲ့ အကျိုးစီးပွားကသာ ပထမပါ”
ပြောပြီးတာနဲ့ သူက ဘေးကို ပြန်ကပ်ရပ်နေလိုက်တယ်။ ရွှီဆွေမျိုးစုခေါင်းဆောင်က ဆက်ပြောတယ်။ “အခြေအနေက ဒီလိုပါပဲ။ ဒီတစ်ခါတော့ အရင်လို တစ်ယောက်နှစ်ယောက်တည်း ဆုံးဖြတ်လို့ မဖြစ်ဘူး။ ရွာသားတွေ သဘောအတိုင်းပါပဲ။ ကျွန်တော့်အမြင် ပြောရရင် ထင်းရှန်းက ရွာသားတွေရဲ့ အခက်အခဲကို ဖြေရှင်းပေးချင်လို့ လုပ်တာပါ။ သူ့သူငယ်ချင်းတွေက စီးပွားရေးလုပ်ချင်ရင် ဘယ်မှာလုပ်လုပ် ရတာပဲလေ။ ရှန်ရွှေ့ရွာတို့ နွားဂျိုတောင်ကုန်းတို့ဆိုရင် မြို့နဲ့ ပိုတောင်နီးသေးတယ်။ ဒီရွာအထိ လာလုပ်တယ်ဆိုတာ ထင်းရှန်းကို မျက်နှာထောက်လို့ပါ”
အောက်မှာ ရွာသားတွေ တီးတိုးတီးတိုး တိုင်ပင်နေကြတယ်။
ခဏနေတော့ တစ်ယောက်က ထပြောတယ်။ “ရောင်းလိုက်တာပဲ ကောင်းပါတယ်။ ငွေ ၅၀၀ မရရင်တောင် ၁၀၀ ရတာပဲ အိမ်တိုင်း နည်းနည်းတော့ ဝေစုရကြမှာပေါ့”
“ဟုတ်တယ်... ဒီအတိုင်း ပစ်ထားလည်း ဘာမှသုံးမရဘူး။ ကလေးတွေ သွားဆော့ရင် ဆူးခြစ်မိမှာပဲ စိုးရတယ်”
“ကျွန်တော် ပြောရမှာတော့ အားနာပေမဲ့ အဲဒီ ဆူးခြုံတွေက ထင်းစိုက်ရင်တောင် မီးခိုးမွှန်တယ်။ ခြောက်အောင်လှန်းပြီး မီးမွှေးရင်လည်း ဝုန်းခနဲ ထတောက်ပြီး ချက်ချင်း ပြာကျသွားတာ”
ဦးဆောင်ပြောမယ့်သူ ရှိလာတော့ ထောက်ခံသူတွေ များလာတယ်။
ရွှီဆွေမျိုးစုခေါင်းဆောင်က ကန့်ကွက်သူ ရှိမရှိ ထပ်မေးတယ်။ ဘယ်သူမှ မကန့်ကွက်ကြဘူး။ တစ်အိမ်ကို ငွေ ၂ လျန် မရရင်တောင် ရာဂဏန်းလောက်တော့ ရဦးမှာ။ ပင်ပင်ပန်းပန်း လုပ်ထားရတာ ဘာမှမရဘဲ နေတာထက်စာရင် တော်သေးတာပေါ့။
“အားလုံး သဘောတူတယ်ဆိုရင် ထင်းရှန်းက ရွာသူကြီးကျန့်ဆီ ငွေသွားပေးလိမ့်မယ်။ ရွာသူကြီးကျန့်က မြေစာချုပ် လုပ်ပြီးတာနဲ့ အားလုံး ဒီကိုပြန်လာပြီး ငွေထုတ်ကြပေတော့”
“ကောင်းပါပြီ... ဆွေမျိုးစုခေါင်းဆောင်ကြီး ပြောတဲ့အတိုင်းပါပဲ။ ဒီတစ်ခါတော့ ကုန်းအာ ကျေးဇူးကြောင့် အဆင်ပြေသွားတာပေါ့”
“ဘာ ကုန်းအာလဲ။ နာမည်ပြောင်းသွားပြီ ထင်းရှန်းတဲ့” ဘေးကလူက ဝင်ပြင်ပေးတယ်။
“ဟုတ်သားပဲ... ထင်းရှန်း... ထင်းရှန်း။ ထင်းရှန်းက အခုဆို တကယ် စွမ်းရည်ရှိနေပြီ။ သူငယ်ချင်း နှစ်ယောက်လောက် ခေါ်လိုက်တာနဲ့ ငွေ ၁၀၀ တန်းရတာပဲ”
“လူငယ်တွေက တကယ် အားကိုးရတယ်ဟေ့”
ရွာစည်းဝေးပွဲ ပြီးတိုင်း ဒီလိုပါပဲ။ အလုပ်ကိစ္စ ပြီးတာနဲ့ ရောက်တတ်ရာရာ ပြောကြတော့တာ။ ဒီနေ့တော့ ရွှီလျန်ရှင်း မိသားစု ဒုတိယအိမ်က ထင်းရှန်းအကြောင်း ပြောမဆုံး ဖြစ်နေကြတယ်။
သဘာဝကျစွာပဲ အကြီးဆုံးမိသားစုက ရွှီကျွင်းခိုင်နဲ့ နှိုင်းယှဉ်ပြောဆိုကြပြန်တယ်။ အရင်ကတည်းက ရှုံးနိမ့်ခဲ့ပြီးသား အခုဆိုရင် ပိုလို့တောင် ယှဉ်စရာ မရှိတော့ဘူး။
လူအုပ်ကြီးရဲ့ ထောင့်တစ်နေရာမှာ ရွှီမိသားစုဝင်တွေ ရပ်နေကြတယ်။
53 03
ရွှီချင်းရှန်း မျက်နှာက မယုံနိုင်သလို ဖြစ်နေတယ်။ အဒေါ်ယန်ဆိုရင် မျက်လုံးတွေတောင် ပြူးထွက်မတတ်ပဲ။ အဘိုးရွှီ မျက်နှာကတော့ ခံစားချက်ပေါင်းစုံ ရောပြွန်းနေတယ်။ ဒီလောက် ကြီးမားတဲ့ကိစ္စကို ရွှီထင်းရှန်းက အိမ်ကို လုံးဝ အသိမပေးဘဲ ဆွေမျိုးစုခေါင်းဆောင်နဲ့ တန်းတိုင်ပင်ခဲ့တာကိုး။
အဒေါ်စွန်းက အကြီးဆုံးမိသားစု လင်မယားကို မျက်စောင်းထိုးကြည့်ပြီး သူ့ယောကျ်ားကို ပြောတယ်။ “ထင်းရှန်းက တကယ် လက်တွေ့သမားပဲ။ တချို့လူတွေလို ဟန်ပြသက်သက် လုပ်တာ မဟုတ်ဘူး”
စကားဆုံးတာနဲ့ ရွာထဲက လူကြီးတချို့ အဘိုးရွှီနား ရောက်လာကြတယ်။
“လျန်ရှင်း... ခင်ဗျားမြေးက တကယ် မသေးဘူးဗျ။ နောင်ဆိုရင် လူကြီးလူကောင်း ဖြစ်လာမှာ သေချာတယ်”
“အရည်အချင်း ရှိတယ်... အနာဂတ်က တောက်ပနေတာပဲ”
“နောင်ဆို လျန်ရှင်းကြီး စံရတော့မှာပဲ”
လာပြောသူတွေက အဘိုးရွှီနဲ့ ရွယ်တူတွေ ဒါမှမဟုတ် ဆွေမျိုးတွေချည်းပဲ။ အဘိုးရွှီခမျာ ပြုံးပြီး ခေါင်းညိတ်ရုံကလွဲလို့ ဘာမှ မတတ်နိုင်ဘူး။
ဘေးက အကြီးဆုံးမိသားစု လင်မယားရဲ့မျက်နှာတွေကတော့ ကြည့်လို့မကောင်းအောင် ပျက်ယွင်းနေပြီ။
...
တစ်ဖက်မှာတော့ ရွှီဆွေမျိုးစုခေါင်းဆောင်က ရွာသူကြီးကျန့်ကို ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောနေတယ်။ “ရွာသူကြီးရေ... ဒီကိစ္စ ခင်ဗျားပဲ တာဝန်ယူပေးပါတော့။ မြန်မြန်ဆန်ဆန်လေး လုပ်ပေးပါဦး ရွာသားတွေက စောင့်နေကြတာ”
ရွာသူကြီးကျန့် ရင်ထဲမှာ သွေးအန်မတတ် ခံစားနေရတယ်။ ကောင်းသတင်းကျတော့ ရွှီမျိုးရိုးတွေ ယူသွားပြီး သူကတော့ သိက္ခာကျရတဲ့အပြင် အလုပ်ပါ လုပ်ပေးရဦးမယ်။
ဒါပေမဲ့ မလုပ်ပေးလို့ကလည်း မရပြန်ဘူး။ ဟိုသူဌေးသား သောက်ကောင်လေးက သူ့ကို ကောင်းကောင်းကြီး လှည့်စားသွားတာကိုး။
“စိတ်ချပါ... ခဏလေးနဲ့ ပြီးစေရမယ်”
ရွှီဆွေမျိုးစုခေါင်းဆောင်က ရယ်မောပြီး သူ့ပခုံးကို ပုတ်ကာ ထွက်ခွာသွားတယ်။
ရွာသူကြီးကျန့် ရင်နာလွန်းလို့ သွေးထပ်အန်ချင်သွားတယ်။
ရွှီဆွေမျိုးစုခေါင်းဆောင်က ရွာသူကြီးအိမ်က ထွက်လာပြီး အိမ်ပြန်တော့ ရွှီထင်းရှန်းက ဘေးကနေ လိုက်ပို့တယ်။
အိမ်ပေါက်ဝရောက်တော့ ဆွေမျိုးစုခေါင်းဆောင်က လှည့်ကြည့်ပြီး ပြောတယ်။ “ကဲ... ရပြီ။ ငါ့လို လူအိုကြီးကို လိုက်ပို့စရာ မလိုပါဘူး”
“အဘိုး”
“မင်း တော်တော် လုပ်ရည်ကိုင်ရည် ရှိတယ်။ ရွှီမိသားစုအတွက် မျက်နှာပန်းလှစေခဲ့တယ်”
ရွှီထင်းရှန်းက ရှက်သလို ပြုံးလိုက်တယ်။ “အဘိုးရယ်... ကျွန်တော်က ရွာသားတွေ စိတ်ပူနေကြတာ မကြည့်ရက်လို့ တတ်နိုင်တာလေး ဝင်ကူညီပေးရုံပါ”
ရွှီဆွေမျိုးစုခေါင်းဆောင်က သူ့ပခုံးကို ပုတ်လိုက်တယ်။ “တော်ပါကွာ... မင်းက ငါ့လို လူအိုကြီးရှေ့မှာ ဟန်ဆောင် မနေပါနဲ့တော့။ အဘိုးက မင်း ဘာလုပ်ချင်တယ်ဆိုတာ ဂရုမစိုက်ပါဘူး။ ရွှီမိသားစု အကျိုးစီးပွားကို ဦးစားပေးရင် ပြီးတာပါပဲ”
ပြောပြီးတာနဲ့ သူက သီချင်းလေး ညည်းပြီး ခြံထဲ ဝင်သွားတယ်။ ရွာသူကြီးကျန့်ရဲ့ မရှုမလှ မျက်နှာကြီးကို မြင်လိုက်ရလို့ ဒီနေ့ ထမင်းပိုစားဝင်မယ် ထင်တယ်။
ရွှီထင်းရှန်း တံခါးဝမှာ ရပ်ကျန်နေခဲ့တယ်။
ရွှီမိသားစု အကျိုးစီးပွားကို ဦးစားပေးရမယ်။
ရွှီမိသားစု ဂုဏ်တက်စေရမယ်။
ကျန့်မျိုးရိုးကို နှိပ်ကွပ်နိုင်ရင် ပိုကောင်းတယ်။
ရွှီထင်းရှန်းက ဒီအချက်ကို အသုံးချပြီး ဆွေမျိုးစုခေါင်းဆောင်ကို သူ့ဘက်ပါအောင် ဆွဲဆောင်နိုင်ခဲ့တာ။
ဆွေမျိုးစုခေါင်းဆောင်ဆိုတာ ဒီလိုလူမျိုးပါပဲ။ အရင်တုန်းက ရွှီချင်းရှန်းကို အားပေးခဲ့သလို ရွှီမိသားစု သိက္ခာအတွက် အဘိုးရွှီကို ဖိအားပေးပြီး ရွှီထင်းရှန်းကို ကျောင်းပို့ခိုင်းခဲ့တယ်။ ရွှီချင်းရှန်း လာတိုင်ပင်တုန်းကလည်း ရွှီချင်းရှန်းဘက်က ရပ်တည်ခဲ့တယ်။ အခုတစ်ခါလည်း သူ အလိုရှိတာ ဖြစ်လာအောင် တွန့်ဆုတ်ခြင်းမရှိ ကူညီပေးခဲ့တယ်။
ရွှီထင်းရှန်း မဲ့ပြုံး ပြုံးလိုက်ပြီး လှည့်ထွက်လာခဲ့တယ်။
ရွာသူကြီးကျန့်က အလုပ်သွက်တယ်။ အချိန်ဆွဲလို့ မရမှန်းသိလို့ နောက်တစ်နေ့မှာပဲ မြေစာချုပ် လုပ်ပေးလိုက်တယ်။
53 04
ရွာသားတွေ သူ့အိမ်မှာစုပြီး ငွေခွဲကြတယ်။ ကျောက်အာ မသွားဘူး ရွှီထင်းရှန်းလည်း မသွားဘူး။
“ရော့... ဒီမှာ”
ရွှီထင်းရှန်းက တံဆိပ်နီကြီး နှိပ်ထားတဲ့ မြေစာချုပ်ကို ကျောက်အာလက်ထဲ ထည့်ပေးတယ်။ ဒါပေမဲ့ ကျောက်အာ မျက်နှာက သိပ်မပျော်ဘူး။
ပြောရရင် ဒီရက်ပိုင်း သူမ စိတ်နဲ့ကိုယ်နဲ့ မကပ်ဘူး ဖြစ်နေတယ်။
“ဘာဖြစ်လို့လဲ” အခုမှပဲ ရွှီထင်းရှန်း သတိထားမိတယ်။ သူ ပြန်ရောက်တဲ့ နှစ်ရက်အတွင်း အရမ်းအလုပ်ရှုပ်နေခဲ့တာကိုး။
ကျောက်အာ သက်ပြင်းချလိုက်ပြီး သူ့ကို ကြည့်တယ်။ “ငါ ဘာလို့ ငွေ ဆယ်ဂဏန်းလောက် ထပ်စိုက်ပြီး စုစုပေါင်း ငွေ ၁၀၀ ပေးလိုက်လဲ သိလား”
ရွှီထင်းရှန်း နှုတ်ခမ်းစေ့ပြီး ဘာမှမပြောဘဲ နားထောင်နေလိုက်တယ်။
ကျောက်အာ ချက်ချင်း ပြောမထွက်ဘူး။
“နောက်ဆို ဒီလို မလုပ်ပါနဲ့တော့” ဒီလောက်ပဲ ပြောလိုက်တယ်။
ဒီလိုပုံစံမျိုးကို ရွှီထင်းရှန်း မမြင်ဖူးသလိုပဲ။ အိပ်မက်ထဲမှာ သူနဲ့ ကျောက်အာ ရန်ဖြစ်ကြတာကို သတိရသွားတယ်။ လက်ထပ်ပြီးတော့ ရန်ခဏခဏ ဖြစ်ကြတယ်။ ကျောက်အာက သူ့ကို ပြန်မပြောချင်လို့ ငြိမ်နေတတ်တယ်။ သူကတော့ သူ့အမြင် မှန်တယ်ဆိုပြီး ဇွတ်အတင်း လုပ်တယ်။ သူမက ဘာမှမပြောဘဲ နေပေမဲ့ လုပ်စရာရှိတာ ဆက်လုပ်တယ်။ သူက သူမ သူ့ကို နားမလည်ဘူးဆိုပြီး ဒေါသထွက်တယ်။ သူမလည်း မပျော်ဘူး။
“ငါ လုပ်တာ မှားတယ်လို့ ထင်လား” သူ့အသံက တင်းမာနေတယ်။
ကျောက်အာ စိတ်ထဲ သက်ပြင်းချလိုက်ကာ အားတင်းပြုံးပြီး ပြောတယ်။ “ထားလိုက်ပါတော့... ဘာပဲဖြစ်ဖြစ် ကောင်းတဲ့ကိစ္စပါပဲ”
တကယ်တော့ ဒီကိစ္စမှာ သူမလည်း ပါတာပါပဲ။ ကောင်လေး တစ်ယောက်တည်း ဒီလောက် လုပ်နိုင်မှာ မဟုတ်ဘူး။ နောက်ပိုင်း လှုံ့ဆော်တာတွေ တွန်းအားပေးတာတွေမှာ သူမလည်း ပါဝင်ခဲ့တယ်။ ဒါပေမဲ့ ရွှီထင်းရှန်းရဲ့ လူတွေစိတ်ကို ကြိုးကိုင်တဲ့ စွမ်းရည်က မြင့်မားလွန်းတော့ သူမတောင် ကြောက်သွားမိတယ်။
အစပိုင်းမှာတော့ ပျော်နေခဲ့ပေမဲ့ တောင်ပေါ် ရောက်သွားပြီး ပင်ပင်ပန်းပန်း လုပ်ကိုင်နေကြတဲ့ ရွာသားတွေရဲ့မျက်နှာပေါ်က အပြုံးတွေကို မြင်လိုက်ရတဲ့အခါ ပျော်ရွှင်မှုတွေ ပျောက်ဆုံးသွားတယ်။
ဘာကြောင့် မပျော်တာလဲ ဘာကြောင့် အပြစ်ရှိသလို ခံစားရတာလဲ သူမ မသိဘူး။ ကိုယ့်ကိုယ်ကျိုးအတွက်နဲ့ လူအများကြီးကို အရူးလုပ်လိုက်သလို ခံစားရတယ်။ ဘယ်သူကမှ ဘယ်သူ့ကို အကြွေးတင်နေတာ မဟုတ်ဘူး။ ကိုယ်လိုချင်တာ ရဖို့အတွက် တစ်ရွာလုံးကို လှည့်စားလိုက်တာ မတရားဘူးလို့ ခံစားရတယ်။
ဒီလို လူတွေကို လှည့်စားတဲ့ နည်းလမ်းတွေက ကျောက်အာကို ကြောက်လန့်စေတယ်။ ဒါကြောင့် သူမ မလိုအပ်ဘဲ ရွှီချင်းဟွိုင် တို့ကို ခေါ်ပြီး ရှယ်ယာဝင်ခိုင်းခဲ့တာ။ တကယ်တမ်း သူမတစ်ယောက်တည်း ငွေ ၅၀ နဲ့ ဝယ်နိုင်လျက်သားနဲ့ မိတ်ဖက်လိုလို ဘာလိုလို ခေါင်းစဉ်တပ်ပြီး နောက်ထပ် ငွေ ၅၀ ထပ်ထည့်လိုက်တာ။
“ငါ မှားတယ်လို့ ထင်နေတာလား”
“ကုန်းအာ... ငါတို့က...”
“မင်း ငါလုပ်တာ မမှန်ဘူးလို့ ထင်နေတယ်” ရွှီထင်းရှန်းက အတည်ပြုလိုက်တယ်။ နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး မေးရိုးတွေ ထောင်နေတယ်။ မျက်လုံးတွေက သူမကို စူးစိုက်ကြည့်နေတယ်။
“မဟုတ်ဘူး... နင် မှားတယ်လို့ မထင်ပါဘူး။ နင်က အလုပ်ဖြစ်အောင် လုပ်တာမှန်း ငါသိပါတယ်။ ငါက...”
“မင်းက ဘာဖြစ်လဲ”
“ငါက... လူတွေကို ဒီလို မလှည့်စားသင့်ဘူးလို့ ထင်တာ။ ဘာလိုချင်ချင် ရိုးရိုးသားသား နည်းလမ်းနဲ့ ယူသင့်တယ်။ သူများကို ခေါင်းပုံဖြတ်ပြီး မယူသင့်ဘူး။ နင် မသိပါဘူး... ငါ တောင်ပေါ် ရောက်တုန်းက လူတွေ ပျော်နေကြတာ မြင်တော့... ငါ့ရင်ထဲမှာ နေလို့ မကောင်းဘူး။ လူဆိုတာ အမှားအမှန် ခွဲခြားတတ်ရမယ် ကိုယ်ဉာဏ်ကောင်းတိုင်း သူများကို အရူးလုပ်လို့ မရဘူး... အဲဒီလို ခံစားချက်ကြီးက မကောင်းဘူး...”
ကျောက်အာ စကားတွေ ရှေ့နောက်မညီ ဖြစ်နေတယ်။ ရွှီထင်းရှန်းရဲ့ မျက်လုံးထဲမှာ အမည်းရောင် အရိပ်တွေ ပိုပိုများလာပြီး သူ့ဘေးပတ်ဝန်းကျင်မှာ လေထုက အေးစက်လာတယ်။
ကျောက်အာက သတိမထားမိဘဲ ဆက်ပြောနေတယ်။ “ကုန်းအာ... နင် ဉာဏ်ကောင်းတာ ငါ သိပါတယ်။ သူတို့က နင့်ကို ရွှီကျွင်းခိုင်လောက် မတော်ဘူး ပြောကြပေမဲ့ ငါ့မောင်လေးက သူ့ထက် သာတယ်ဆိုတာ ငါ သိတယ်။ ဒါပေမဲ့ ဉာဏ်ကောင်းတာကို အလွဲသုံးစား မလုပ်ရဘူး။ လမ်းမှန်ပေါ်မှာပဲ သုံးရမယ်။ ဒီနေ့ ငါတို့က သူများကို လှည့်စားလိုက်ပေမဲ့ တစ်နေ့ကျရင် ငါတို့ထက် တော်တဲ့သူက ငါတို့ကို ပြန်လှည့်စားလိမ့်မယ်။ ဒီနည်းလမ်းကို သုံးပါများပြီး အရသာတွေ့သွားရင် နောင်ကျရင် နင် ကြီးကြီးမားမား အမှားတွေ ကျူးလွန်မိပြီး ဒုက္ခရောက်မှာ ငါ ကြောက်တယ်...”
53 05
ကြီးကြီးမားမား အမှားဆိုတာ ဘာလဲ။ နိုင်ငံတော် အာဏာကို ချယ်လှယ်တာ ဘုရင်ကို ကစားတာမျိုးလား။
တကယ်တော့ သူမ ပြောတာ မမှားပါဘူး။ သူ့ပင်ကိုယ်စရိတ်က အဲဒီလိုလူမျိုးပဲ။ ဥပဒေကို မလေးစားဘူး စည်းကမ်း မလိုက်နာဘူး။ ကိုယ့်အကျိုးစီးပွားသာ ပဓာနပဲ။ သူများ ဘာဖြစ်ဖြစ် ဂရုမစိုက်ဘူး။
ကျောက်အာက စာမတတ်ပေမဲ့ အမှန်တရားတွေကို သိတယ်။ ရွှီထင်းရှန်းက သူမရဲ့ စကားလုံးတွေကနေ ဆိုလိုရင်းကို နားလည်လိုက်တယ်။
သူက မထီမဲ့မြင် ပြုချင်စိတ် ပေါက်သွားပေမဲ့ သူမရဲ့စကားတွေထဲမှာ သူ့ကို စိတ်ပူနေတာကို သတိထားမိလိုက်တယ်။
ဒါကြောင့် သူမက နောက်ထပ် ငွေ ၅၀ ထပ်ထည့်လိုက်တာပေါ့။ တစ်နေ့ကျရင် လူတွေ သိသွားမှာ သူ့နာမည် ပျက်မှာစိုးလို့လေ။ သူ မကြားချင်မှန်း သိရက်နဲ့ ပြောနေတာလည်း သူ့အတွက်ပဲ။
ရွှီထင်းရှန်းရဲ့မျက်နှာပေါ်က အေးစက်မှုတွေ ပျောက်ကွယ်သွားတယ်။ တင်းမာနေတဲ့ ကြွက်သားတွေ လျော့ကျသွားတယ်။
“ဒါဆို ရိုးရိုးသားသား နည်းလမ်းနဲ့ ဒီမြေကို ဘယ်လို ဝယ်မလဲဆိုတာ မင်း စဉ်းစားမိလား” သူ ရုတ်တရက် မေးလိုက်တယ်။
“ငါတို့...”
“ဟုတ်တယ်။ ငါတို့ ရွာသူကြီးကျန့်ဆီ တိုက်ရိုက်သွားပြီး ဝယ်လို့ရတယ်။ အားစိုက်ရင် ရနိုင်တယ်။ ဒါပေမဲ့ နောင်ရေးကို မင်း တွေးကြည့်ဖူးလား။ မင်း ဒီမြေကို တန်ဖိုးထားမှန်း ငါသိတယ်။ မင်း အရည်အချင်းနဲ့ ဆိုရင် ငွေအများကြီး ရှာနိုင်မှာ သေချာတယ်။ ဒါပေမဲ့ ဒီမြေကနေ ငွေတွေ အများကြီး ရလာတဲ့အခါ လူတွေက မနာလိုဖြစ်ပြီး ပြဿနာ ရှာရင် ဘယ်လို လုပ်မလဲ။ တစ်ယောက်နှစ်ယောက်ဆိုရင် ထားပါတော့ ရွာတစ်ဝက်လောက်က မနာလို ဖြစ်လာရင် ဘယ်လို လုပ်မလဲ”
ကျောက်အာက တစ်ခုခု ပြန်ပြောမလို့ လုပ်တော့ သူက လက်ကာပြတယ်။ “မြေစာချုပ် ရှိတယ်လို့ မပြောနဲ့။ ဒီတောရွာမှာ စည်းကမ်းဆိုတာ ဘာလဲ မင်း သိပါတယ်”
ကျောက်အာ မိုးကြိုးပစ်ခံရသလို ငြိမ်ကျသွားတယ်။
ဟုတ်တယ်... တောရွာဆိုတာ တခြားနေရာနဲ့ မတူဘူး။ ဥပဒေက ရှိသလိုလိုနဲ့ မရှိဘူး။ တစ်ခါတလေ အစိုးရ ဥပဒေထက် အိမ်မှာ ယောကျ်ားသား ဘယ်နှယောက် ရှိလဲ လူအင်အား ဘယ်လောက် တောင့်တင်းလဲ ဆိုတာက ပိုစကားပြောတယ်။
မိုးခေါင်တဲ့နှစ်တုန်းက ရွာနှစ်ရွာ ရေလုကြရင်း လူသတ်မှု ဖြစ်တာ သူမ မြင်ဖူးတယ်။ လူသေသွားပေမဲ့ အစိုးရက အရေးမယူနိုင်ဘူး။ လူတွေ အရမ်းများတော့ ဘယ်သူသတ်မှန်း မသိဘူးလေ။ ရွာလူကြီးတွေ ထိုင်ညှိလိုက်တာနဲ့ ပြီးသွားတာပဲ။
ယောကျ်ားသား မရှိတဲ့ အိမ်ဆိုရင်လည်း အနိုင်ကျင့် ခံရတာပဲ။ အမျိုးတွေက မျိုးဆက်ဆက်ခံဖို့ ဆိုပြီး အိမ်နဲ့ ခြံကို အတင်းသိမ်းယူတာတွေလည်း ရှိတယ်။
“ရွာသူကြီးကျန့်က ရွှီမျိုးရိုးတွေကို ရန်သူလို သဘောထားတာ။ ငါတို့ ရိုးရိုးသားသား ဝယ်ထားရင်တောင် နောက်ပိုင်း တစ်ယောက်ယောက်က မရိုးမသား လုပ်ချင်ရင် သူက နောက်ကနေ မြှောက်ပင့်ပေးမှာပဲ။ ပြီးတော့ အကြီးဆုံးမိသားစုကို မမေ့နဲ့။ အဘိုးနဲ့ အဘွားကို မမေ့နဲ့။ သူတို့က လူကြီးတွေ။ ငါတို့ ဒီရွာက မထွက်သရွေ့ ရွှီမျိုးရိုး သုံးနေသရွေ့ သူတို့ကို သတိထားနေရမယ်။
မင်း ဒီမြေကို လိုချင်မှန်း သိလို့ ငါက နည်းလမ်းသုံးပြီး ဝယ်ပေးတာ။ မင်းအတွက် နောက်နောင် စိတ်ပူစရာ မရှိအောင် ရှင်းပေးလိုက်တာ။ မင်း မကြိုက်ရင် နောက်ဆို ငါ မလုပ်တော့ပါဘူး” နောက်ဆုံး စကားလုံးတွေက ဝမ်းနည်းသံ ပါနေတယ်။ သူ့မျက်လုံးတွေက အရောင်မှိန်သွားတဲ့ ကျောက်မျက်ရတနာလိုပဲ။
ကျောက်အာ ပျာယာခတ်သွားတယ်။ “ငါက နင် မှားတယ်လို့ ပြောတာ မဟုတ်ပါဘူး။ ငါက... ငါက...”
သူမက သူ့ကို နှစ်သိမ့်ပေးချင်ပေမဲ့ ဘယ်လို ပြောရမလဲ မသိဘူး။ “အင်းပါ... ငါ မှားသွားပါတယ်။ နင့်ကို အထင်မလွဲသင့်ပါဘူး။ ငါက နင် လမ်းမှားရောက်သွားမှာ စိုးလို့ပါ”
ရွှီထင်းရှန်း ရုတ်တရက် ပြုံးလိုက်တယ်။ မျက်လုံးတွေ အရောင် ပြန်တောက်လာတယ်။ ကြည်လင်တဲ့ အလင်းရောင်လေးတွေနဲ့ အပြစ်ကင်းစင်တဲ့ ပုံစံလေးပေါ့။ ဒါပေမဲ့ ကောက်ကျစ်တဲ့ အရိပ်အယောင်လေးလည်း ပါနေတယ်။
“မကြောက်ပါနဲ့။ ငါ ရှို့ချိုင် ဖြစ်သွားရင် ပြီးပါပြီ။ ငါ ရှို့ချိုင် ဖြစ်ရင် ဒီလို နည်းလမ်းတွေ သုံးစရာ မလိုတော့ဘူး”
“ကုန်းအာ...”
“မင်း ငါ့ကို အထင်လွဲခဲ့တာဆိုတော့ ငါ့ကို ပြန်လျော်ကြေးပေးရမယ်။ ကျောက်အာ... ငါ မင်းကို နမ်းချင်နေတာ ကြာပြီ။ လျော်ကြေးအနေနဲ့ ငါ့ကို အနမ်းတစ်ပွင့် ပေးပါလား”
အယ်...
စာရေးသူ၏ စကား -
ကုန်းအာ : ဒါကို အရည်အချင်းလို့ ခေါ်တယ် သိလား။ ဘယ်လိုပဲ ရန်ဖြစ်ဖြစ် ဘယ်လိုပဲ အကျပ်အတည်း ဖြစ်ဖြစ် ဒီအမတ်ချုပ်ကြီးက အနမ်းရအောင် ပြောင်းယူတတ်တယ်။ (*  ̄3)(ε ̄ *)
မျက်နှာဖုံး : မြန်မြန်လုပ်ကြ ဒါ ဘယ်သူ့ ကလေးလဲ။ လာဆွဲကြပါဦး။ ကြည့်ရတာ မျက်စိစပါးမွှေးစူးလွန်းလို့။
ကျောက်အာ (မျက်နှာအုပ်ပြီး ကမန်းကတန်း လျှောက်သွားရင်း) : သည်းခံပါ... သည်းခံပါ... ကျွန်မ ပြန်ခေါ်သွားပြီး ကောင်းကောင်း ဆုံးမလိုက်ပါ့မယ်။
ကုန်းအာ : အာဟာရရည်လေး ပေးကြပါဦး Comment ပေးကြပါဦး မဟုတ်ရင် စာရေးသူက ကျောက်အာကို ပေးမနမ်းဘူးတဲ့။
******
54 01
အခန်း (၅၄)
ကျောက်အာ ကောင်လေးမျက်နှာကို ကြည့်လိုက်တယ်။ သူမ ဘယ်လိုမှ မလွန်ဆန်နိုင်တဲ့ ခွေးပေါက်လေးမျက်လုံး စိုစိုစွတ်စွတ်တွေနဲ့။
နမ်းရမယ် ဟုတ်လား။
“မင်း ငါ့ကို အပြစ်တင်နေတုန်းပဲ ဆိုတာ ငါ သိပါတယ်”
“မဟုတ်ပါဘူးဆို”
“မင်း ငါ့ကို အပြစ်တင်နေတယ်။ အပြစ်မတင်ဘူး ဆိုရင် တစ်ခါလောက် နမ်းပြလိုက်လေ။ ဒါဆို ငါ ယုံပေးမယ်”
ကျောက်အာ ခေါင်းထဲမှာ ရှုပ်ထွေးနေတယ်။ ဒီလိုလုပ်လို့ မသင့်တော်မှန်း သိတယ်။ ဒါပေမဲ့ သူ့စကားသံတွေက နားထဲမှာ ပဲ့တင်ထပ်နေတယ်။
‘မင်း ဒီမြေကို လိုချင်မှန်း သိလို့ ငါက နည်းလမ်းသုံးပြီး ဝယ်ပေးတာ။ မင်းအတွက် နောက်နောင် စိတ်ပူစရာ မရှိအောင် ရှင်းပေးလိုက်တာ။ မင်း မကြိုက်ရင် နောက်ဆို ငါ မလုပ်တော့ပါဘူး။’
‘မကြောက်ပါနဲ့။ ငါ ရှို့ချိုင် ဖြစ်သွားရင် ပြီးပါပြီ။’
“တစ်ခါတည်းနော်” ကျောက်အာ တွေဝေစွာ မေးလိုက်တယ်။
ရွှီထင်းရှန်း က ခေါင်းကို သွက်သွက်ညိတ်ပြတယ်။
“ဒါဆို... ဒါဆို မျက်လုံးမှိတ်ထား”
သူက သူမကို တစ်ချက်ကြည့်ပြီး စကားနားထောင်တဲ့ ကလေးလေးလို မျက်လုံးမှိတ်လိုက်တယ်။
ကျောက်အာက သူ့ရဲ့ကျောက်စိမ်းရောင် သန်းနေတဲ့ မျက်နှာလေးကို ကြည့်နေမိတယ်။ ကောင်လေးရဲ့ မျက်တောင်တွေက ထူပြီး ရှည်နေတာပဲ။ ကော့ညွတ်နေတာ။ ဒါကြောင့် သူ့မျက်လုံးတွေက တွင်းနက်ကြီးလို နက်မှောင်နေတာကိုး။
သူမ စိတ်ကို တည်ငြိမ်အောင် ထားပြီး အသက်ပြင်းပြင်း ရှူလိုက်တယ်။ မျက်လုံးမှိတ်ပြီး သူမမှန်းထားတဲ့ နေရာ ပါးပြင်ကို နှုတ်ခမ်းနဲ့ ဖိကပ်ဖို့ ပြင်လိုက်တယ်။
သူမ မျက်လုံးမှိတ်လိုက်တဲ့အချိန်မှာ ရွှီထင်းရှန်း မျက်လုံးဖွင့်ကြည့်လိုက်တယ်။ သူမက မျက်လုံးလေးမှိတ် နှုတ်ခမ်းလေး စူထားတာ ဝက်ပေါက်စလေးနဲ့ တူနေတယ်။
သူက မျက်နှာကို နည်းနည်းလေး စောင်းလိုက်တယ်။ သူမရဲ့နှုတ်ခမ်းလေးက သူ့နှုတ်ခမ်းပါးပါးလေးပေါ် တည့်တည့် ကျရောက်လာတယ်။
ကျောက်အာ တစ်ခုခု လွဲနေပြီဆိုတာ သိလိုက်တယ်။ အလိုအလျောက် မျက်လုံးဖွင့်ကြည့်လိုက်တော့ သူ့ရဲ့ ပြုံးစစ မျက်လုံးတွေနဲ့ သွားဆုံတယ်။
သူမ နောက်ဆုတ်မလို့ လုပ်ပေမဲ့ ခါးကို ဖက်ထားခံလိုက်ရပြီ။ သူက နှုတ်ခမ်းချင်း ထိကပ်လျက်သားနဲ့ ပြောတယ်။ “ဘာလို့ ဒီနား ရောက်လာတာလဲ။ ကျောက်အာက ဒီလောက် ဆိုးမယ်မထင်ထားဘူး။ ငါ့ကို အခွင့်ကောင်းယူတာလား။ ထားလိုက်ပါတော့... မင်း စားချင်မှတော့ စားလိုက်လေ။ ဒါပေမဲ့ ငါ့နှုတ်ခမ်းမှာ နှုတ်ခမ်းနီ မပါဘူးနော်”
ပြောပြီးတာနဲ့ သူက အနမ်းကို ပိုနက်ရှိုင်းအောင် လုပ်လိုက်တယ်။ ကျောက်အာ ဘာမှမပြင်ဆင်ရသေးခင်မှာပဲ သူမ လျှာဖျားလေး စုပ်ယူခံလိုက်ရတယ်။
သူမ ခေါင်းထဲမှာ ဗလာဟင်းလင်း ဖြစ်သွားတယ်။ ရွှီထင်းရှန်းရဲ့လက်က မရောက်သင့်တဲ့ နေရာ ရောက်လာမှ သတိပြန်ဝင်လာတယ်။
“နင် ဘာလုပ်တာလဲ”
ခွန်အားကြီးတာ ကောင်းပါတယ်။ ရွှီထင်းရှန်းက ကြိုတင်ပြင်ဆင်ထားပေမဲ့ သူ့ရဲ့ သေးသွယ်တဲ့ လက်မောင်းတွေ ခြေထောက်တွေက ကျောက်အာရဲ့တွန်းအားကို မခံနိုင်ဘူး။ ဒါပေမဲ့ သူ့လက်တစ်ဖက်ကတော့ ခေါင်းမာစွာနဲ့ မပြောသင့်တဲ့ နေရာမှာ ကပ်နေတုန်းပဲ။
ကျောက်အာက သူမရဲ့ ရင်ဘတ်ပေါ်မှာ တင်နေတဲ့ လက်ဖြူဖြူလေးကို ကြည့်ပြီး မျက်နှာကြီး ရဲတက်လာတယ်။ မီးနဲ့ အပက်ခံရသလိုပဲ။
54 02
“ကုန်းအာ... နင် ပျက်စီးနေပြီ။ ကျောက်ကျင်ရွေ့ဆီက သင်လာတာမလား။ နင်... နင်...”
သူမ ကမန်းကတန်း တွန်းထုတ်လိုက်တယ်။ ဒီတစ်ခါတော့ သူ ဝေးဝေးရောက်သွားတယ်။
ရွှီထင်းရှန်း ခုတင်ပေါ် ပက်လက်လန်ကျသွားပေမဲ့ မလှုပ်မယှက် ငြိမ်နေတယ်။ လက်ချောင်းလေးတွေကို နှာခေါင်းနား ကပ်ပြီး မွှေးပျံ့တဲ့ ရနံ့လေးကို ရှူရှိုက်နေတယ်။ ကျောက်အာက ခုတင်အောက် ဆင်းပြီး အဝတ်အစားတွေ ပြန်ပြင်နေတုန်း သူ ငြိမ်နေတာ သတိထားမိသွားတယ်။
စောစောက ဒုန်းခနဲ အသံကြားလိုက်တာ သတိရပြီး သူ့အနား ကပ်ကြည့်လိုက်တယ်။ သူမ ကိုင်းကြည့်လိုက်တုန်း သူက ဆွဲချလိုက်တော့ သူ့အပေါ် ပြိုကျသွားတယ်။
ကျောက်အာ ဒေါသထွက်မလို့ လုပ်တုန်း သူက ညည်းသံလေးနဲ့ ပြောတယ်။ “ကျောက်အာ... ငါ ခေါင်းကိုက်တယ်...”
သူ့မျက်နှာထားက နာကျင်နေပုံရပြီး မျက်မှောင်ကြုတ်ထားတယ်။ ကျောက်အာ ဒေါသတွေ ပျောက်ကုန်ပြီ။
“ငါ စမ်းကြည့်မယ်။ နာလား။ သမားတော်ဆီ သွားရအောင်။ စောင့်နော်...” သူမ ထမလို့ လုပ်တော့ သူက ဆွဲထားတယ်။ “မသွားပါနဲ့။ နည်းနည်း နာရုံပါ။ ခဏလောက် လဲနေရင် သက်သာသွားမှာပါ”
“အိမ်မှာ ပိုက်ဆံရှိပါတယ် ဆေးဖိုး မနှမြောပါနဲ့”
“တကယ် ဘာမှ မဖြစ်ပါဘူး။ ခဏ နားရင် ရပါပြီ။ မင်း နှိပ်ပေးပါလား”
ကျောက်အာလည်း ပြာသွားတယ်။ တောရွာမှာ ခေါင်းခိုက်မိရုံနဲ့ သမားတော်သွားပြလေ့ မရှိဘူး။ အထူးသဖြင့် ကလေးတွေဆိုရင် လူကြီးတွေက ပွတ်ပေးလိုက်ရင် ပြီးရော။
ကျောက်အာက သူ့ကို ဖွဖွလေး နှိပ်ပေးနေတယ်။
ရွှီထင်းရှန်းကတော့ အလှလေးရဲ့ ပြုစုမှုကို ခံယူရင်း စိတ်ထဲမှာ ကျေနပ်နေတယ်။
သူမရဲ့လေးနက်တဲ့ မျက်နှာလေးကို ကြည့်ပြီး တွေးနေမိတယ်။ ကျောက်အာက ရိုးတယ်။ ရိုးလွန်းတယ်။ သူ ဘာပြောပြော ယုံတယ်။
သူလည်း ရိုးခဲ့ဖူးပါတယ်။ အရင်တုန်းက အိပ်မက်ထဲတုန်းကဆိုရင် ကျောက်အာက သူ့ကို ကလေးလို ဆက်ဆံတာကို စိတ်ထဲ ခုပြီး မကျေမနပ် ဖြစ်ခဲ့ဖူးတယ်။
အခုတော့ နားလည်သွားပြီ။ အခြေအနေက တူတူပါပဲ ကိုယ် ဘယ်လို ကိုင်တွယ်မလဲ ဆိုတာပေါ်ပဲ မူတည်တယ်။
“ကျောက်အာ... ငါ ခေါက်ဆွဲစားချင်တယ်။ မှိုခြောက်ပန်းခြောက် ဝက်သားနဲ့ ချက်ထားတဲ့ ခေါက်ဆွဲလေ”
“အင်း... ချက်ပေးမယ်။ အိမ်မှာ ပစ္စည်းအဆင်သင့် ရှိတယ်”
“ဝက်သားကြော်လည်း စားချင်တယ်။ ကျောင်းက ထမင်းတွေက စားလို့မကောင်းဘူး။ မင်း ထည့်ပေးလိုက်တဲ့ အချဉ်တွေကို မောက်ပါ့သိုက တစ်ဝက်လောက် စားပစ်တယ်။ ငါ့အတွက် ဘာမှ မကျန်ဘူး”
“ငါ ပိုထည့်ပေးမယ် ပြောတုန်းက နင်မှ လက်မခံတာ”
“ကျောက်အာ လုပ်တဲ့ အချဉ်က ငါပဲ စားရမှာ။ ဆောင်းဦးပေါက်ထိ စားချင်တာ။ သူတို့ကို မကျွေးချင်ဘူး။ နည်းနည်းကျွေးတာတောင် ငါ့ဘက်က တော်တော် သည်းခံထားရတာ”
ကျောက်အာ မီးဖိုချောင်ရောက်ပြီး ဂျုံနယ်နေတုန်း တွေးနေမိတယ်။
ဒီနေ့ ကောင်လေးက အရမ်းကလေးဆန်နေတယ်။ နွဲ့ဆိုးဆိုးနေတော့ အရင်တုန်းက ပုံစံလေး ပြန်ပေါ်လာတယ်။ အမေက နေမကောင်းဘူး။ အဖေလည်း အလုပ်သွားရတုန်းက အိမ်မှုကိစ္စတွေကို သူမပဲ လုပ်ခဲ့ရတာ။ မီးဖိုခုံထက် နည်းနည်းပဲ အရပ်ပိုမြင့်သေးတယ်။ ကောင်လေးက သူမအောက် ခေါင်းနှစ်လုံးလောက် ပိုပုသေးတယ်။ သူ့ကိုယ်သေးသေးလေးနဲ့ သူမနောက်က တကောက်ကောက် လိုက်ပြီး “ကျောက်အာ…ကျောက်အာ” နဲ့ ခေါ်ခဲ့တာ။
“ကျောက်အာ... ငါ ဘယ်ရီသီး စားချင်တယ်”
“ကျောက်အာ... ငါ ကြက်ဥ စားချင်တယ်”
“ကျောက်အာ... အစ်ကိုကျွင်းခိုင်က အသားစားရတယ် ငါက ဘာလို့ မစားရတာလဲ”
သူမ သူ့ကိုခေါ်ပြီး ငှက်သိုက် ရှာတယ် ငှက်ဥ ရှာကျွေးတယ်။ တောကြက်တစ်ကောင် ဖမ်းမိတုန်းကဆိုရင် ကင်ကျွေးဖူးသေးတယ်။ အဲဒီတုန်းက ကြက်ကင်တာ သိပ်မကျွမ်းကျင်သေးလို့ မကျက်တကျက် ဖြစ်နေပေမဲ့ သူကတော့ အရသာရှိရှိ စားခဲ့တာ။
“ကျောက်အာ... မွှေးလိုက်တာ”
ဘယ်အချိန်ကစပြီး ဒီလိုပုံစံလေး ပျောက်သွားမှန်း မသိဘူး။ အခု ပြန်ရလာလို့ တော်သေးတာပေါ့။
54 03
“ကျောင်းပိတ်ရက် ပြီးလို့ ကျောင်းပြန်ရောက်တိုင်း ကြက်နာကျသလို မှိုင်နေတာပဲ။ ဘာလဲ... ဟိုအစ်ကိုကျန်းဝူက နှောင့်ယှက်နေပြန်ပြီလား”
ရွှီထင်းရှန်းက မောက်ပါ့သိုကို တစ်ချက်ကြည့်လိုက်ပြီး စားပွဲခုံမှာ ဝင်ထိုင်တယ်။ လွယ်အိတ်ထဲက စာရေးကိရိယာတွေ ထုတ်ပြီး စီစီညီညီ ချထားတယ်။ ပြီးမှ လွယ်အိတ်ကို အောက်ချလိုက်တယ်။
သူ ဘာမှပြန်မပြောတော့ မောက်ပါ့သို စိတ်တိုသွားတယ်။ “ဟေ့ကောင် ရွှီထင်းရှန်း... အကူအညီ လိုတုန်းကတော့ အစ်ကိုကြီး အစ်ကိုကြီးနဲ့။ အခု ကိစ္စပြီးသွားတော့ ခွေးမောင်းသလို မောင်းထုတ်နေပါလား။ ကျေးဇူးကန်းတဲ့ကောင်”
မောက်ပါ့သို စကားပြောလိုက်ရင် အကောင်းကနေ အဆိုး ဖြစ်သွားရော။
လီတာ့ထျန်က သူတို့နောက်မှာ ရယ်နေတယ်။ မောက်ပါ့သို ခါးကို ထိုးပြီး မေးတယ်။ “မောက်ပါ့သို... မင်း ဘာစာအုပ်တွေ ဖတ်ပြန်ပြီလဲ”
မောက်ပါ့သိုအကြောင်း လီတာ့ထျန် အသိဆုံးပါ။ ကျောင်းပိတ်ရက် တစ်ရက်အတွင်းမှာ မောက်ပါ့သိုက စာအုပ်ဆိုင်ပြေးပြီး ဝတ္ထုအသစ် နှစ်အုပ် ဝယ်လာပြန်ပြီ။
ဆရာ မရောက်သေးဘူး။ စာသင်ဆောင်ထဲမှာ ကျောင်းသား နည်းနည်းပဲ ရှိသေးတယ်။ မောက်ပါ့သိုက မဟုတ်တာ လုပ်နေကျပေမဲ့ လူကြားမှာတော့ ကြောက်တတ်တယ်။ တိုးတိုးလေး ပြောလိုက်တယ်။ “ဘုရားသခင်က မပြောရဘူးတဲ့”
“မင်းက ဘုရားဆိုရင်တောင် အဝဆုံး ဘုရား ဖြစ်မှာ”
“လီတာ့ထျန်... မင်း ငါ့ကို ဝတယ် ပြောရဲတယ်ပေါ့” မောက်ပါ့သို ဒေါသထွက်ပြီး ခုန်ဆွခုန်ဆွ ဖြစ်နေတယ်။
နှစ်ယောက်သား ရန်ဖြစ်နေကြတာကို ရွှီထင်းရှန်းနဲ့ ချန်ကျန်းက ကြည့်ပြီး ခေါင်းခါနေကြတယ်။
သူတို့ကို တားမလို့ လုပ်တုန်း ဘေးက ကျောင်းသားတချို့ ဖြတ်သွားရင်း လှောင်ရယ်သံ ကြားလိုက်ရတယ်။ “ဒီလိုကောင်တွေကများ ပထမအတန်း ဝင်ချင်တယ်တဲ့”
ဒီလို အပြောခံရတာ မောက်ပါ့သို ကြောင့်ပါ။
သူက ရုတ်တရက်ကြီး စာကြိုးစားလာတာကို လူတိုင်း အံ့ဩနေကြတာ။ အရင်က သူနဲ့ ခင်တဲ့သူတွေတောင် ပြဿနာ တက်ပြီးကတည်းက ရှောင်ဖယ်နေကြတယ်။ ဟဲ့မင်ကိစ္စ ဖြစ်ပြီးနောက်ပိုင်း တချို့က ပြန်လာပေါင်းချင်ကြတယ်။
မောက်ပါ့သိုက လူပါးဆိုတော့ သိပါတယ်။ ဒါပေမဲ့ ရန်မဖြစ်ချင်လို့ စကားပြန်ပြောတယ်။ စာကြိုးစားနေတာက ပထမအတန်း ဝင်ချင်လို့ပါလို့ ပြောလိုက်မိတယ်။ ဒီစကားက ပြန့်သွားပြီး မောက်ပါ့သိုကို မကြည်တဲ့သူတွေက လှောင်စရာ ဖြစ်လာတာပေါ့။
မျက်နှာချင်းဆိုင် လှောင်ရဲတယ်ဆိုကတည်းက သူတို့နဲ့ မတည့်တဲ့သူတွေ ဖြစ်မှာ။
မောက်ပါ့သို ဒေါသထွက်ပြီး ထမလို့ လုပ်တော့ ချန်ကျန်းက ဆွဲထားတယ်။ “ထားလိုက်ပါကွာ... ဂရုမစိုက်နဲ့”
ရွှီထင်းရှန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်တယ်။ “မင်း ပထမအတန်း ဝင်သွားရင် သူတို့မျက်နှာကို ဖြတ်ရိုက်လိုက်သလို ဖြစ်သွားမှာ”
သူတို့က အသံကို တိုးမထားတော့ ဟိုဘက်က လူတွေ ကြားတာပေါ့။ စောစောက လှောင်ရယ်သွားတဲ့ ကျောင်းသား လီချောင်က မထီမဲ့မြင် လုပ်လိုက်တယ်။ “မင်းတို့ ပထမအတန်း ဝင်ရင် မြစ်ဝါမြစ်ရေ ပြောင်းပြန်စီးလိမ့်မယ်”
“တကယ် ဝင်သွားရင် ဘယ်လိုလုပ်မလဲ” ရွှီထင်းရှန်းက ရုတ်တရက် မေးလိုက်တယ်။
“ဝင်သွားရင် ဟုတ်လား” လီချောင် ကြောင်သွားပြီးမှ ပြတ်ပြတ်သားသား ပြောတယ်။ “သူက ပုံမှန် စာကြိုးစားတာမှ မဟုတ်တာ။ စာမေးပွဲနီးမှ ကမန်းကတန်း လုပ်နေတာ တကယ် ဝင်သွားရင် ဘုရားသခင် မျက်စိကန်းလို့ပဲ နေမှာ”
“ငါ ဝင်သွားရင် ဘယ်လိုလုပ်မလဲ”
“လောင်းမလား... လောင်းမလား” ဘေးက ကျောင်းသားတွေက မြှောက်ပေးကြတယ်။
လီချောင်က ပြောလိုက်တယ်။ “မင်း ပထမအတန်း ဝင်ရင် ငါ မင်းကို ငွေတစ်တုံး လျော်မယ်။ မဟုတ်ဘူး... ၅ လျန် လျော်မယ်”
ကျောင်းမှာ စည်းကမ်းကြီးပေမဲ့ စာပေနဲ့ ပတ်သက်တဲ့ လောင်းကစားမျိုးကိုတော့ ခွင့်ပြုထားတယ်။ ကဗျာစပ်တာ စာစီစာကုံးရေးတာ လောင်းကြတယ်။ အခု စာမေးပွဲရလဒ်ကို လောင်းတာလည်း စာကြိုးစားဖို့ တွန်းအားတစ်ခု ဖြစ်စေတာပေါ့။ ဒါပေမဲ့ ကြေးက နည်းနည်း ကြီးနေတယ်။
လီချောင်က မြို့သား။ ပိုက်ဆံရှိတယ်။ ဒါပေမဲ့ ၅ လျန် ဆိုတာ သူ့အတွက်လည်း မနည်းပါဘူး။ မောက်ပါ့သိုက ဒုတိယအတန်းမှာတောင် အောက်ဆုံးရောက်နေတာမို့ သုံးလအတွင်း ပထမအတန်း ဝင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ တွက်ထားတာ။
သဘောကောင်းတဲ့ ကျောင်းသားတချို့က ဝင်တားကြတယ်။ လီချောင်က မောက်ပါ့သိုကို တမင် ဂျင်းထည့်နေတာလို့ ထင်ကြတယ်။ မောက်ပါ့သိုက ပေါက်ကရ လုပ်တတ်ပေမဲ့ လူဆိုး မဟုတ်ပါဘူး။ ဒီလောက်ကြီး လောင်းစရာ မလိုပါဘူး။
54 04
“သူကိုယ်တိုင် ပထမအတန်း ဝင်မယ်လို့ ပြောထားတာလေ။ အခုကျမှ ဘာလို့ မလောင်းရဲရတာလဲ” လီချောင်က မျက်နှာနီနီနဲ့ အော်တယ်။
မောက်ပါ့သိုက လက်သီးဆုပ်လိုက်တယ်။ “လောင်းမယ်ကွာ…ဘာကြောက်ရမှာလဲ။ ငါ ပထမအတန်း မဝင်ရင် ၅ လျန် လျော်မယ်။ ဝင်သွားရင် မင်း ပိုက်ဆံပေးဖို့ ပြင်ထား။ ဒီက သူငယ်ချင်းတွေ အကုန် သက်သေပဲ”
“သက်သေ လုပ်တာပေါ့။ ဘယ်သူ ကြောက်လို့လဲ။ မင်း လာယူနိုင်မလားဆိုတာပဲ စောင့်ကြည့်ရမှာ”
အဲဒီအချိန်မှာ ခေါင်းလောင်းထိုးတယ်။ အားလုံး နေရာတကျ ပြန်ထိုင်ကြတယ်။ ဆရာမုန့် ရောက်လာပြီး စာသင်တယ်။
နားချိန်ရောက်တော့ မောက်ပါ့သို အိမ်သာသွားတုန်း ချန်ကျန်းက ရွှီထင်းရှန်းကို မေးတယ်။ “မင်း တမင် လုပ်လိုက်တာမလား”
ရွှီထင်းရှန်း ပြုံးလိုက်တယ်။ “သူ့ကို တွန်းအားပေးလိုက်တာပါ။ မဟုတ်ရင် ပေါ့နေမှာ”
လေးယောက်ထဲမှာ ရွှီထင်းရှန်းကို ထားလိုက်တော့ ချန်ကျန်းက အကြိုးစားဆုံးပဲ။ လီတာ့ထျန်က မထင်ရပေမဲ့ အခြေခံပိုင်တယ်။
ရွှီထင်းရှန်း သူတို့ကို စမ်းသပ်ဖူးတယ်။ လီတာ့ထျန် ဘာလို့ ပထမအတန်း မဝင်လဲဆိုတာ စဉ်းစားမရဘူး။
ဖြစ်နိုင်တာက မောက်ပါ့သို ဆွဲဆောင်လို့ ပျက်စီးနေတာ ဖြစ်မယ်။ ဒါမှမဟုတ် သူ့စိတ်က စာသင်တာမှာ မရှိဘဲ နှစ်နှစ်လောက်နေရင် အိမ်ပြန်ပြီး အဘိုးအလုပ် ဆက်လုပ်မယ်လို့ တွေးထားပုံရတယ်။ စိတ်မပါရင် ဘယ်အောင်မြင်မလဲ။
မောက်ပါ့သို ကျတော့ ရွှီထင်းရှန်းအတွက် အခက်ခဲဆုံးပဲ။
မောက်ပါ့သိုက ဉာဏ်ကောင်းတယ်။ မှတ်ဉာဏ်လည်း ကောင်းတယ်။ စာသေချာ ကြိုးစားရင် ရှို့ချိုင် ဖြစ်ဖို့ မခက်ဘူး။
ဒီရက်ပိုင်း သူတို့နဲ့ ပေါင်းပြီး စာကြိုးစားလာတာ တိုးတက်မှု မြန်တယ်။ ဒါပေမဲ့ စိတ်မရှည်ဘူး။ အာရုံစူးစိုက်မှု နည်းတယ်။ နောက် ၁၀ ရက်လောက်ဆို သုံးလပတ် စာမေးပွဲ ရောက်ပြီ။ ရွှီထင်းရှန်းက သူ့ကို ပိုကြိုးစားစေချင်တယ်။
“မင်းပြောတာ ဟုတ်တယ်။ ကိုယ်ကျိုးစီးပွားနဲ့ မဆိုင်ရင် သူက စာမေးပွဲကို အလေးထားမှာ မဟုတ်ဘူး”
ဒီလိုနဲ့ သုံးလပတ် စာမေးပွဲနေ့ ရောက်လာတယ်။
ဒီနေ့ ကျောင်းသားတွေ စောစောထကြတယ်။
မနက်စာကလည်း ပုံမှန်ထက် ကောင်းတယ်။ ထမင်းစားဆောင်က ဒီနေ့ အထူးနေ့ဆိုတာ သိပုံရတယ်။
ထမင်းစားပြီးတော့ တချို့က အဆောင်ပြန်စာဖတ် တချို့က ခြံထဲလမ်းလျှောက်ရင်း စာကျက်နေကြတယ်။
ခေါင်းလောင်းထိုးတော့ စာသင်ဆောင် သွားကြတယ်။
မင်အိုး စုတ်တံ ရေဘူးတွေ စစ်ဆေးကြတယ်။ တချို့က စိတ်လှုပ်ရှားပြီး အိမ်သာ ခဏခဏ ပြေးကြတယ်။ ထိုင်ခုံမှာ ထိုင်ခါစ ရှိသေး ဗိုက်နာလာပြန်လို့ ထပြေးရပြန်ရော။ ဆရာမုန့်နဲ့ တိုးပြီး ခွင့်တောင်းကာ အိမ်သာဘက် ပြေးသွားတယ်။
ဆရာမုန့်က ဒီနေ့ စာအုပ်မပါဘူး။ စာရွက်ပုံကြီး ပိုက်လာတယ်။
ရှေ့ဆုံးတန်းက ကျောင်းသားတွေကို စာရွက်တွေ ဝေခိုင်းလိုက်တယ်။ စာရွက်ဝေပြီးတော့ အိမ်သာသွားတဲ့ ကျောင်းသား ပြန်ရောက်လာတယ်။ “ကဲ... စမယ်။ ရှီချန်တစ်ဝက် (တစ်နာရီ) အချိန်ရမယ်။ အချိန်ပြည့်ရင် သိမ်းမယ်”
စာရွက်ရကတည်းက ရွှီထင်းရှန်း ဖတ်ကြည့်ပြီးပြီ။
ကျောင်းက ကိုယ်တိုင် ပုံနှိပ်ထားတဲ့ စာရွက်မို့ အရည်အသွေး မကောင်းဘူး။ မင်တွေက မခြောက်သေးလို့ ကိုင်လိုက်ရင် လက်မည်းသွားတယ်။ ကျောင်းက ဆင်းရဲတော့ ဒီလောက်ပဲ တတ်နိုင်တာကိုး။
အရေးကြီးတာက စာရွက်မဟုတ်ဘူး မေးခွန်းတွေပါ။
ဒီတစ်ခါ ကွက်လပ်ဖြည့်မေးခွန်း ၄၀ အဓိပ္ပာယ်ဖွင့်ဆိုချက် မေးခွန်း ၁၀ စုစုပေါင်း အပုဒ် ၅၀ ပါတယ်။
ကွက်လပ်ဖြည့်ဆိုတာ ထန် မင်းဆက်ကတည်းက ရှိခဲ့တာ။ စာပိုဒ်ထဲက စာလုံးတချို့ ချန်ထားပြီး ဖြည့်ခိုင်းတာ။ အဓိပ္ပာယ်ဖွင့်ဆိုချက် ဆိုတာက စာတစ်ကြောင်းပေးပြီး အဓိပ္ပာယ် ရှင်းခိုင်းတာ။ စာအုပ်ထဲကအတိုင်း တစ်လုံးမကျန် ရေးနိုင်ရင် အကောင်းဆုံးပဲ။
ဒုတိယအတန်းကျောင်းသားတွေက ရှစ်ကျောင်းဖွဲ့စာစီစာကုံး မသင်ရသေးလို့ မမေးဘူး။ ကွက်လပ်ဖြည့်နဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေက အလွတ်ကျက်ထားရင် ဖြေနိုင်တယ်။ စာအုပ်ကြီးလေးအုပ် ကျမ်းကြီးငါးစောင်နဲ့ မှတ်စုတွေကို ပိုင်နိုင်ရင် ရပြီ။ ခက်တာက မေးခွန်း များလွန်းတာပဲ။
တစ်နာရီ အတွင်း အပုဒ် ၅၀ ဖြေရမှာ။ နည်းနည်းလေး နှေးလိုက်ရင် မပြီးဘဲ နေမယ်။
54 05
ရွှီထင်းရှန်း မော့ကြည့်လိုက်တော့ ကျောင်းသားအများစုက ရေးနေကြပြီ။ သူလည်း စုတ်တံကို မင်တို့ပြီး စရေးလိုက်တယ်။
ပထမဆုံး ကွက်လပ်ဖြည့်မေးခွန်းက မုန့်ဇီကျမ်း လျန်ဟွေဝမ် အခန်းက လာတာ။
ချီရွှမ်ဝမ် မင်းကြီးက မေးတယ်။ “ချီဟွမ်းနဲ့ ကျင်းဝမ် တို့အကြောင်း ကြားဖူးသလား”
မုန့်ဇီက ပြန်ဖြေတယ်။ နောက်ဆက်တွဲကို ချန်ထားတယ်။
ရွှီထင်းရှန်းက ချက်ချင်း ရေးချလိုက်တယ်။ “ကွန်ဖြူးရှပ်တပည့်တွေက ဟွမ်းနဲ့ ဝမ်တို့အကြောင်း မပြောကြပါဘူး။ ဒါကြောင့် နောက်လူတွေဆီ မရောက်ခဲ့ပါဘူး။ ကျွန်တော်လည်း မကြားဖူးပါဘူး။ မပြောမဖြစ် ပြောရမယ်ဆိုရင် ဘုရင်ကျင့်ဝတ် အကြောင်းပဲ ပြောပါရစေ”
ဒီမေးခွန်းတွေက မခက်ပါဘူး။ ခက်တာက တစ်လုံးမှ မမှားရဘူး။ တစ်လုံးမှားရင် တစ်ပုဒ်လုံး မှားရော။ ရွှီထင်းရှန်းက ဒီရက်ပိုင်း စာကူး စာကျက် လုပ်ထားလို့ စာအုပ်တွေကို အလွတ်ရနေပြီ။
အထူးသဖြင့် အိပ်မက်ထဲမှာ အခါခါ သင်ခဲ့ဖူးတော့ အခု ပြန်နွှေးလိုက်ရုံနဲ့ မှတ်မိနေတယ်။ ဒါကြောင့် ချန်ကျန်းတို့က သူ့ကို အံ့ဩနေကြတာ။ စာသိပ်မကျက်ဘဲ စာကူးနေတာ များပေမဲ့ မေးလိုက်ရင် အကုန်ရနေလို့လေ။
ရွှီထင်းရှန်းက ကွက်လပ်ဖြည့် အပုဒ် ၄၀ ကို တရစပ် ရေးချလိုက်တယ်။ စုတ်တံချပြီး အနားယူလိုက်တယ်။ ဘေးဘီကို ကြည့်လိုက်တော့ အားလုံးက ခေါင်းငုံ့ပြီး ရေးနေကြတုန်းပဲ။ ရေဗူးယူပြီး ရေသောက်လိုက်တယ်။ ပြီးမှ အဓိပ္ပာယ်ဖွင့်ဆိုချက် မေးခွန်း ၁၀ ပုဒ်ကို ဆက်ဖြေတယ်။
အဓိပ္ပာယ်ဖွင့်ဆိုချက်တွေက မေးခွန်းတိုလေးတွေမို့ မြန်မြန်ပြီးတယ်။
ဖြေပြီးတော့ ပြန်စစ်ဆေးတယ်။ မမှားဘူး သေချာမှ စုတ်တံကို ရေခွက်ထဲထည့်ပြီး ဆေးလိုက်တယ်။
သူ့အပြုအမူက ထင်ရှားလွန်းနေတယ်။ ကျောင်းသား ၃၀ ကျော်လုံး အသည်းအသန် ဖြေနေချိန်မှာ သူက အေးအေးဆေးဆေး ဖြစ်နေတာကိုး။ ပြီးသွားပြီ ဆိုတာ သိသာနေတယ်။
ရှေ့ဆုံးမှာထိုင်နေတဲ့ ဆရာမုန့်က ရွှီထင်းရှန်းကို စိုက်ကြည့်နေတယ်။
သဲနာရီကို ကြည့်လိုက်တော့ အချိန်က တစ်ဝက်ပဲ ကုန်သေးတယ်။
စာမေးပွဲကြီးကြပ်သူ အနေနဲ့ ဆရာမုန့်က ဒီစာမေးပွဲ ဘယ်လောက်ခက်လဲ ဆိုတာ သိတယ်။ မေးခွန်းများပြီး အချိန်နည်းတယ်။ ကျောင်းသားအများစု ဖြေလို့ မပြီးကြဘူး။ မပြီးရင် အမှတ်လျော့မယ် ပထမအတန်း မဝင်နိုင်ဘူးပေါ့။
ရွှီထင်းရှန်းက စောစောစီးစီး ပြီးသွားတာ ဘာသဘောလဲ။ တကယ် တတ်လို့လား ဒါမှမဟုတ် မဖြေတတ်လို့ လက်လျော့လိုက်တာလား။
ဆရာမုန့်က ရွှီထင်းရှန်း အကြောင်း နည်းနည်း သိပါတယ်။ ကျောင်းစတက်တုန်းက ကျောင်းအုပ်ကြီးက ဒီကောင်လေးကို ဂရုစိုက်ပေးဖို့ မှာဖူးတယ်။ ပုံမှန်ကြည့်ရင်တော့ သိပ်ထူးချွန်တဲ့ပုံ မပေါ်ဘူး။ အေးဆေး နေတတ်တယ်။ အရင်တုန်းကလည်း ရွာကျောင်းမှာပဲ နေခဲ့တာဆိုတော့ အခြေခံ သိပ်မရှိလောက်ဘူးလို့ ထင်ထားတာ။
ခဏလောက် စဉ်းစားပြီးမှ ဆရာမုန့် ပြောလိုက်တယ်။ “ပြီးတဲ့သူတွေ စာရွက် လာထပ်လို့ ရပြီ”
တိတ်ဆိတ်နေတဲ့ အခန်းထဲမှာ အသံထွက်လာတော့ ကျောင်းသားတွေ လန့်သွားကြတယ်။ တစ်ယောက်ယောက် မတ်တတ်ရပ်လိုက်မှ ပြီးသွားတဲ့သူ ရှိမှန်း သိကြတယ်။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… ကိုယ့်စာရွက်ကိုယ် ပြန်ကြည့်ပြီး အံ့ဩသွားကြတယ်။ စာမေးပွဲ မဟုတ်ရင် အော်မိကြမှာ သေချာတယ်။
ရွှီထင်းရှန်းက လွယ်အိတ်ကို လွယ် စာရွက်ကို ကိုင်ပြီး ဆရာမုန့် ရှေ့သွားတယ်။ ရိုရိုသေသေ အပ်လိုက်တယ်။
ဆရာမုန့်က စာရွက်ကို တစ်ချက်ကြည့် သူ့ကို တစ်ချက်ကြည့်ပြီး ခေါင်းညိတ်ပြတယ်။
ရွှီထင်းရှန်း ထွက်သွားတယ်။
******