← Chapters

အခန်း (၅၇-၅၈)

Vol. 6 Ch. 57-58

အခန်း (၅၇-၅၈)

Vol. 6 Ch. 57-58

57 01

အခန်း (၅၇)

ကျောင်းမှာ စာကြည့်တိုက်တစ်ခု ရှိတယ်။ ပထမအတန်း ကျောင်းသားတွေပဲ ဝင်ခွင့်ရှိတာ။

စာကြည့်တိုက်က မကြီး‌ဘဲ နှစ်ထပ်အဆောက်အအုံလေးသာဖြစ်တယ်။ ဒါပေမဲ့ ချင်းယွမ်ကျောင်းတော် စဖွင့်ကတည်းက စုဆောင်းထားတဲ့ စာအုပ်တွေ အကုန်ရှိတယ်။ မြို့ကြီးပြကြီးက ကျောင်းတွေနဲ့ ယှဉ်ရင် ဘာမှ မဟုတ်ပေမဲ့ ဟူယန်းမြို့နယ်လို နေရာမျိုးအတွက်တော့ ရှားပါးရတနာပါပဲ။

ချင်းယွမ်ကျောင်းတော်က အဆင်မပြေမှုတွေကြားကနေ ကျောင်းသားတွေ လာတက်ချင်အောင် ဆွဲဆောင်နိုင်တာက ကျောင်းအုပ်ကြီးလင်းမြောင်ရဲ့ ဂုဏ်သတင်းကြောင့်ရယ် ဒီစာကြည့်တိုက်ကြောင့်ရယ်ပါ။

ရှေးဟောင်းစာပေတွေကို ကျမ်း၊ သမိုင်း၊ ဒဿန၊ စာပေပေါင်းချုပ် ဆိုပြီး လေးမျိုးခွဲထားတယ်။ ကျူးဇီ မတိုင်ခင်က ကွန်ဖြူးရှပ်ပညာရှင်တွေက ကျမ်းခြောက်စောင်ကို အခြေခံထားပြီး လေ့လာကြတယ်။ ကျူးဇီ လက်ထက်ရောက်မှ စာအုပ်ကြီးလေးအုပ် ကျမ်းကြီးငါးစောင်ကို အရင်သင်ပြီးမှ ကျန်တာဆက်သင်ဖို့ ပြင်ဆင်သတ်မှတ်ခဲ့တယ်။

ချင်းယွမ်ကျောင်းတော်ကလည်း ဒီအတိုင်းပဲ လိုက်နာတယ်။ စာအုပ်ကြီးလေးအုပ် ကျမ်းကြီးငါးစောင်ကို ကျွမ်းကျင်ပြီး ပထမအတန်း ဝင်ခွင့်ရမှ တခြားစာအုပ်တွေ လေ့လာခွင့် စာစီစာကုံး ရေးခွင့် ပြုတာ။

စာကြည့်တိုက်ထဲမှာ ဒီစာအုပ်တွေတင် မကပါဘူး။ ကျောင်းသားတွေ ရတနာလို တန်ဖိုးထားတဲ့ စာမေးပွဲလမ်းညွှန်စာအုပ်တွေ မေးခွန်းဟောင်းတွေလည်း ရှိတယ်။

စာမေးပွဲလမ်းညွှန်စာအုပ်တွေ ဆိုတာက ခေတ်အဆက်ဆက် စာမေးပွဲမှာ အောင်မြင်ခဲ့တဲ့ စံပြစာစီစာကုံးတွေပါ။ ဥပမာ ‘ခေါင်းစဉ်ကြီး သုံးသောင်း’၊ ‘ခေါင်းစဉ်ကြီးပေါင်းချုပ်’၊ ‘ခေါင်းစဉ်ငယ်ပေါင်းချုပ်’၊ ‘စာအုပ်ကြီးလေးအုပ် အနှစ်ချုပ်’ စသဖြင့်ပေါ့။ ဒီစာအုပ်တွေက စာမေးပွဲဖြေမယ့်သူတိုင်း မရှိမဖြစ် လိုအပ်တာတွေပဲ။ ခေါင်းစဉ်ကြီး၊ခေါင်းစဉ်ငယ် ခွဲထားပြီး ခေါင်းစဉ်တစ်ခုချင်းစီအတွက် စံပြစာစီစာကုံးတွေ ထည့်ပေးထားတယ်။

“ဒါတွေပဲဟေ့” မောက်ပါ့သိုက စာအုပ်ကို ပွတ်သပ်ရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်တယ်။

ချန်ကျန်းနဲ့ လီသာ့ထျန်လည်း အတူတူပါပဲ။

ရှစ်ကျောင်းဖွဲ့စာစီစာကုံး ဘယ်လိုရေးရမှန်း မသိသေးတဲ့ ကျောင်းသားတွေအတွက် ဒီစံပြစာစီစာကုံးတွေက လမ်းပြမြေပုံလိုပါပဲ။ အများကြီး အထောက်အကူ ဖြစ်စေတယ်။ ဒါကြောင့် မောက်ပါ့သိုက သတင်းရရချင်း သူငယ်ချင်းတွေကို ဆွဲခေါ်လာတာ။

“ငါ ရန်သူ့စခန်းထဲ ဝင်ပြီး အလှပြ မျက်နှာချိုသွေး ငွေကုန်ခံပြီး စုံစမ်းခဲ့ရတာ အလကား မဖြစ်တော့ဘူး”

ဒီအကြောင်း ပြောရရင် နည်းနည်း ပြန်ပြောင်းပြောရဦးမယ်။

ဒုတိယအတန်းကျောင်းသားတွေက ကြက်ထက်စောထ ခွေးထက်နောက်ကျ အိပ်ပြီး စာကြိုးစားရပေမဲ့ ပထမအတန်း ကျောင်းသားတွေကတော့ နတ်ပြည် ရောက်နေသလိုပါပဲ။

မနက်စာ၊ ညစာ လေ့လာချိန် ရှိပေမဲ့ ဆရာမလာတာ များတယ်။ စာသင်ဆောင်ထဲမှာပဲ နေစရာ မလိုဘူး။ ကျောင်းဝင်းထဲ ကြိုက်သလို သွားလာလို့ ရတယ်။ ဆရာ စာသင်ချိန်လည်း နည်းသွားပြီး ကိုယ့်ဘာသာ လေ့လာဖို့ အချိန်ပိုပေးထားတယ်။

စည်းကမ်းမကြီးတော့ ပထမအတန်း စရောက်ကာစ သူတို့အဖွဲ့ နည်းနည်း ပေါ့သွားကြတယ်။ အထူးသဖြင့် မောက်ပါ့သိုပေါ့။ နေ့တိုင်း ယောင်ချာချာ လုပ်ပြီး အကျင့်ဟောင်းတွေ ပြန်ပေါ်လာတယ်။

ပထမအတန်းရောက်ပြီး ပထမဆုံး ဆယ်ရက်ပတ် စာမေးပွဲရောက်မှ အထိနာကြတော့တယ်။ ကျောင်းအုပ်ကြီး ကိုယ်တိုင် မေးခွန်းထုတ်တဲ့ ရှစ်ကျောင်းဖွဲ့စာစီစာကုံး ဖြေရတာ။

ရွှီထင်းရှန်းကလွဲရင် ကျန်တဲ့သုံးယောက်စလုံး ဘာရေးရမှန်းမသိ ဗရုတ်သုက္ခတွေ ဖြစ်ကုန်ရော။

စာမေးပွဲပြီးတော့ ကျောင်းသားအားလုံးရဲ့ စာစီစာကုံးတွေကို ကပ်ပြထားတယ်။ အချင်းချင်း လေ့လာလို့ရအောင်ပေါ့။ အဲဒီမှာ သူတို့သုံးယောက်ရဲ့ စာက အောက်ဆုံးရောက်နေပြီး လူတွေရဲ့လှောင်ပြောင်မှုကို ခံရတော့တာပဲ။ ဒီလိုလူတွေ ဘယ်လိုလုပ် ပထမအတန်း ရောက်လာတာလဲ ဆိုပြီး ကဲ့ရဲ့ကြတယ်။

သုံးယောက်သား မျက်နှာမပြရဲအောင် ဖြစ်သွားတယ်။ ရွှီထင်းရှန်းလည်း သိပ်မတော်ပါဘူး ဆိုပြီး အပြောခံရတယ်။

တကယ်တော့ သူတို့လည်း နစ်နာပါတယ်။ ဆယ်ရက်ပတ် စာမေးပွဲ ရှိမှန်းလည်း မသိ စာစီစာကုံး ရေးနည်းလည်း မသင်ရသေးဘဲ ဖြေခိုင်းတာကိုး။ ရေးနိုင်တာကိုက ကံကောင်းနေပြီ။

57 02

ရွှီထင်းရှန်းက သင်ပေးချင်ပေမဲ့ သံသယဝင်ခံရမှာ စိုးလို့ မသင်ပေးခဲ့ဘူး။ ပြီးတော့ အိပ်မက်ထဲမှာ ဒီအပိုင်းတွေက ဝါးတားတား ဖြစ်နေတယ်။ ဒါပေမဲ့ သူသိတာတစ်ခုက စာကြိုးစားရင် အိပ်မက်ထဲက အသိပညာတွေ ပြန်ပေါ်လာတတ်တယ် ဆိုတာပါပဲ။

မောက်ပါ့သိုက အလှောင်ခံရလို့ ဒေါသထွက်ပြီး နည်းလမ်းရှာတော့တာပဲ။ ရက်အနည်းငယ်ကြာတော့ စာစီစာကုံးရေးနည်း တွေ့ပြီဆိုပြီး သူငယ်ချင်းတွေကို စာကြည့်တိုက် ခေါ်လာတာ။ တကယ်တမ်းကျတော့ စံပြစာစီစာကုံးတွေ ဖြစ်နေတယ်။

ရွှီထင်းရှန်း စာအုပ်ကို လှန်ကြည့်ပြီး ပြုံးကာ ပြန်ထားလိုက်တယ်။

“ထင်းရှန်း... ဘာဖြစ်လို့လဲ” ချန်ကျန်း က မေးတယ်။

“ဘာမှ မဖြစ်ပါဘူး။ တကယ်တော့ ဒီစာအုပ်တွေက သိပ်အသုံးမဝင်ပါဘူး” သူက ခဏရပ်ပြီး ဆက်ပြောတယ်။ “ဒါပေမဲ့ ဖတ်ကြည့်တာတော့ မမှားပါဘူး။ လေ့လာလို့ ရတာပေါ့”

သူတို့ နားမလည်ပေမဲ့ ဘာမှ မပြောကြဘူး။

စံပြစာစီစာကုံး ပေါင်းချုပ်က အတွဲ ၄၀ ကျော် ရှိတယ်။ တစ်ခါငှားရင် ၂ အုပ်ပဲ ရတယ်။ သူတို့ လေးယောက် ကြိုက်တဲ့စာအုပ် ၂ အုပ်စီ ရွေးပြီး အလုပ်သမားဆီမှာ စာရင်းမှတ်ကာ ငှားသွားကြတယ်။

ဆယ်ရက် ကုန်ဆုံးသွားပြီး ကျောင်းပိတ်ရက် ရောက်လာတယ်။

ဒီတစ်ခါ ရွှီထင်းရှန်းကို လာကြိုတာက ကောရှန်။ ကျောက်အာ မပါဘူး။ မေးကြည့်မှ မနက်ဖြန် ရွှီစွေ့အယ် မင်္ဂလာဆောင်မို့ ကျောက်အာ အိမ်မကြီးမှာ ကူလုပ်ပေးနေရတယ်တဲ့။

ရွှီထင်းရှန်း သဘောပေါက်သွားပြီး ကျောင်းပြန်ဝင်ကာ ခွင့်သွားတိုင်တယ်။ ပထမအတန်း ဆရာမုန့်ကို မတွေ့တာနဲ့ ကျောင်းအုပ်ကြီးဆီ သွားလိုက်တယ်။

ကျောင်းအုပ်ကြီး လင်းမြောင် က ဘာမှမမေးဘဲ ၂ ရက် ခွင့်ပေးလိုက်တယ်။

ပြန်ခါနီးမှာ လင်းမြောင်က မှာလိုက်တယ်။ “ခွင့်ယူပေမဲ့ စာမလွတ်စေနဲ့။ နားမလည်တာ ရှိရင် ငါ့ဆီ လာမေး”

ရွှီထင်းရှန်း အံ့ဩပြီး လှည့်ကြည့်လိုက်မိတယ်။

ကျောင်းအုပ်ကြီး ကိုယ်တိုင် သင်ပေးမယ်ဆိုတာ ရှားပါးတဲ့ အခွင့်အရေးလေ။ တစ်ကျောင်းလုံးမှာမှ လူနည်းနည်းပဲ ရတာ။ အခုလို လာမေးလို့ ရတယ်ဆိုတာက သီးသန့်သင်ပေးမယ်လို့ ပြောတာနဲ့ တူတူပဲ။

ရွှီထင်းရှန်း အံ့ဩနေတာ မြင်တော့ လင်းမြောင်က ဆက်ပြောတယ်။ “ငါ မင်းရဲ့အစ်ကိုမော့ကျစ်(သူဌေးချန်း)ကို ကတိပေးထားတယ်။ မင်းကို သေချာ သင်ပေးမယ်လို့လေ။ ကတိမဖျက်ပါဘူး”

ရွှီထင်းရှန်း ပြုံးလိုက်တယ်။ ဒီကျောင်းအုပ်ကြီးက ထူးဆန်းတယ်။ စေတနာနဲ့ လုပ်ပေးတာတောင် လူအထင်လွဲစေမယ့် စကားမျိုး ပြောတတ်တယ်။

“ကျေးဇူးတင်ပါတယ် ကျောင်းအုပ်ကြီး” သူက ရိုရိုသေသေ အရိုအသေပြုပြီး ထွက်လာခဲ့တယ်။

ယွီချင်းရွာ ရောက်တော့ ရွှီအိမ်မှာ စည်ကားနေပြီ။

ခြံဝင်းထဲမှာ လူတွေ ရှုပ်နေတယ်။ ထောင့်တစ်နေရာမှာ မြေကြီးမီးဖို ၂ လုံး ဖိုထားတယ်။ ဒယ်အိုးကြီးတွေထဲမှာ ရေနွေးတွေ ဆူနေတယ်။ အမျိုးသမီးတစ်သိုက်က ဟင်းရွက်သင် အသားလှီး ကြက်မွေးနှုတ်နဲ့ အလုပ်ရှုပ်နေကြတယ်။

ရွှီဆွေမျိုးစုက အမျိုးသမီးတွေက လာကူကြတယ်။ ရွာဓလေ့အရ တစ်အိမ်မှာ မင်္ဂလာဆောင်ရင် ဆွေမျိုးတွေ ဝိုင်းကူရတယ်။

တောရွာမင်္ဂလာဆောင်ဆိုတာ ရေစီးသလိုမျိုး ဧည့်ခံပွဲ တစ်သုတ်ပြီး တစ်သုတ် လာစားကြတဲ့ ပွဲကျင်းပလေ့ရှိတယ်။ သတို့သားအိမ်ရော သတို့သမီးအိမ်ရော လုပ်ရတယ်။ ချမ်းသာတဲ့အိမ်တွေက စားဖိုမှူးငှားပေမဲ့ အများစုကတော့ ကိုယ့်ဘာသာ ချက်ကြတယ်။

ဧည့်ခံပွဲအတွက် ကြိုတင်ပြင်ဆင်ရတာတွေက များတယ်။ မနက်ဖြန်ကျမှ လုပ်ရင် မမီတော့ အသားဟင်းတွေကို ကြိုချက်ထားရတယ်။

ရွှီထင်းရှန်း အိမ်ထဲဝင်တာနဲ့ လာနှုတ်ဆက်တဲ့သူတွေ များနေတယ်။

အထူးသဖြင့် အသက်ကြီးတဲ့ အဒေါ်ကြီးတွေက စကားလာပြောကြတယ်။ ပြန်မပြောရင် ရိုင်းရာကျမှာစိုးလို့ ပြန်ပြောရင်းနဲ့ အာခေါင်တွေ ခြောက်ကုန်ပြီ။ အကြောင်းပြချက်ပေးပြီး အခန်းထဲ ဝင်ပြေးမှ ရတော့တယ်။ တံခါးဝရောက်တော့ ကျောက်အာ ထွက်လာတာနဲ့ တိုးတယ်။

“ကျောက်အာ”

“နင် အခန်းထဲမှာ နားနေလိုက်။ ငါ သွားကူလုပ်လိုက်ဦးမယ်” ပြောပြီးတာနဲ့ မီးဖိုချောင်ဘက် ပြေးထွက်သွားတယ်။

57 03

ရွှီထင်းရှန်း အခန်းထဲဝင် လွယ်အိတ်ချ အဝတ်ဟောင်းတွေ ထုတ်ပြီး ခုတင်ပေါ် လဲနေလိုက်တယ်။

အတွေးလွန်နေတုန်း အပြင်က ရယ်မောသံတွေ ကြားလို့ သတိဝင်လာတယ်။

နားစွင့်ကြည့်တော့ အမျိုးသမီးတွေ စနောက်နေကြတာ။ ကျောက်အာ အသံလည်း ပါတယ်။ ဒါပေမဲ့ ဆူညံနေလို့ သေချာ မကြားရဘူး။

နားထောင်ရင်း နားထောင်ရင်းနဲ့ အိပ်ပျော်သွားတယ်။

ပြန်နိုးလာတော့ ထမင်းစားဖို့ လာခေါ်ကြပြီ။ ခြံဝင်းထဲမှာ စားပွဲဝိုင်း ၃ ၄ လုံး ခင်းထားတယ်။ ဝိုင်းကူတဲ့သူတွေကို ထမင်းကျွေးတာပါ။

ပွဲနေ့ မဟုတ်သေးတော့ ရိုးရိုးရှင်းရှင်းပဲ ပြင်ထားတယ်။ ဟင်း ၄ ခွက် (အသားဟင်း အသီးအရွက်ဟင်း) ပါတယ်။

သူ ထွက်လာတာ မြင်တော့ အဒေါ်ရှို့ရှင်းလို့ ခေါ်တဲ့ ဘွားလေး (၇) က လှမ်းခေါ်တယ်။ အဘိုးရွှီရဲ့ဦးလေးတော်စပ်သူရဲ့မိန်းမဆိုတော့ ဘွားလေး ခေါ်ရတာပေါ့။

ဘွားလေး (၇) ဘေးမှာ ကျောက်အာ ထိုင်နေတယ်။ အဲဒီဝိုင်းမှာ အသက်ကြီးတဲ့ အဒေါ်ကြီးတွေချည်းပဲ။ ဘွားလေး (၇) က ပြုံးစိစိနဲ့ လက်လှမ်းပြတယ်။ “ကုန်းအာ... လာ... ဒီမှာ လာထိုင်။ နင်က အရက်မသောက်တတ်တော့ ယောကျ်ားတွေဝိုင်းမှာ မထိုင်နဲ့”

ကုန်းအာ ဆိုတာ ဆဲတာ မဟုတ်ပါဘူး။ လူကြီးတွေက ချစ်စနိုး ခေါ်တာပါ။

ရွှီထင်းရှန်း သွားထိုင်လိုက်တယ်။ ဘွားလေး (၇) က ကျောက်အာ ဘေးက အမျိုးသမီးတစ်ယောက်ကို ဖယ်ခိုင်းတယ်။ “ဖယ်ပါဦးအေ... မျက်စိမပါဘူးလား။ ဒီမှာ လာထိုင်နေတယ်။ နေရာပေးလိုက်ဦး”

အဲဒီအမျိုးသမီးကလည်း ဟာသလုပ်တတ်တယ်။ “အမယ်လေး... အိုလာတော့ လူရာမဝင်တော့ဘူး။ ကဲပါ... ဖယ်ပေးပါတယ်တော်။ လင်မယားနှစ်ယောက် အတူထိုင်ကြပါစေ”

တစ်ဝိုင်းလုံး ဝိုင်းရယ်ကြတယ်။ ကျောက်အာ မျက်နှာကြီး ရဲတက်လာတယ်။ သူမ ရွှီထင်းရှန်းကို ခိုးကြည့်လိုက်တော့ သူနဲ့ အကြည့်ချင်း ဆုံသွားတယ်။

သူမ မျက်နှာလွှဲလိုက်ပေမဲ့ ရင်ထဲမှာတော့ ဟိုနေ့က အကြောင်းတွေ ပြန်သတိရသွားတယ်။

ဘွားလေး (၇) က ရွှီထင်းရှန်းကို စကားပြောနေပြီ။

ကျောင်းအကြောင်း မေးတယ်။ စာလိုက်နိုင်လား မေးတယ်။ မေးရင်း မေးရင်းနဲ့ လိုရင်း ရောက်လာတယ်။ “ကျောက်အာကို ဘယ်တော့ လက်ထပ်မှာလဲ”

ဒီမေးခွန်းကို ကျောက်အာကို မေးပြီးပြီ။ စောစောက ရယ်မောနေကြတာ ဒါ မေးနေကြတာ။

ကျောက်အာက ရှက်လွန်းလို့ ရွှီထင်းရှန်းသာ ဆုံးဖြတ်မှာပါလို့ လွှဲချလိုက်တာ။ အခု ရွှီထင်းရှန်း ရောက်လာတော့ တကယ် မေးနေကြပြီ။

ရွှီထင်းရှန်းက ကျောက်အာကို တစ်ချက်ကြည့်ပြီး ပြုံးကာ ဖြေလိုက်တယ်။ “နောက်နှစ်ပါ”

ဘွားလေး (၇) ရယ်မောလိုက်တယ်။ “တွေ့လား... ယောကျ်ားလေးတွေကမှ ပြတ်သားတာ။ ကျောက်အာကို မေးတော့ ဖြေကို မဖြေဘူး။ ကုန်းအာဆီ လွှဲချနေတယ်။ ကဲ... ကုန်းအာ ပြောလိုက်ပြီ။ နင် ဘာငြင်းဦးမလဲ”

“ဘွားလေး (၇)”

“အမယ်လေး... ရှက်နေလိုက်တာ။ ကျောက်အာ ရှက်တာ မြင်ရခဲတယ်”

ဒီအဘွားကြီးတွေကတော့ လုပ်ပြီ။

“ကောင်းပါတယ်... နောက်နှစ်ဆို မင်္ဂလာဆောင်ရပြီပေါ့။ နင်တို့ မိဘတွေ သိရင် ဝမ်းသာကြမှာ”

ဒီစကားကြားတော့ နှစ်ယောက်လုံး ငြိမ်သွားကြတယ်။

“ကုန်းအာ... နင်တို့ မိဘတွေ မဆုံးခင် စိတ်အပူဆုံးက နင့်ကိစ္စပဲ။ နင့်အမေ မဆုံးခင် ငါ့လက်ကို ကိုင်ပြီး မှာသွားတယ်။ ဘွားလေးရယ်... ကုန်းအာက အေးတယ်။ ကျောက်အာက အလုပ်လုပ်တတ်ပေမဲ့ ဘာမှနားမလည်ဘူး။ သူတို့ကို ကြည့်ရှုပေးပါဦး။ သူတို့နှစ်ယောက် လက်ထပ်ပြီး ကလေးမွေးမှ စိတ်ချမယ်တဲ့။

တကယ်တော့ ငါ မပြောသင့်ပါဘူး။ နင်က ကျောင်းနေပြီး အမြင်ကျယ်နေပြီ။ စာတတ်ပေတတ်တွေက မျက်လုံးမြင့်တတ်ကြတယ်။ ကျောက်အာကို မနှိမ်ပါနဲ့။ ကျောက်အာက နင့်အတွက် အများကြီး ပေးဆပ်ထားရတာ”

ဘွားလေး (၇) စကားတွေက လေးနက်တယ်။ သူမ စနောက်နေတာတွေက ရွှီထင်းရှန်းကို သတိပေးချင်လို့ဆိုတာ ရှင်းသွားပြီ။

57 04

သူမက အပြင်လူဆိုတော့ တည့်တည့်ပြောရခက်လို့ ရိပ်ဖမ်းသံဖမ်း ပြောနေတာ။ ရွှီထင်းရှန်း ကြီးပွားလာရင် တောသူမလေး ကျောက်အာကို ပစ်သွားမှာ စိုးရိမ်လို့။

“ဘွားလေး (၇) ... စိတ်ချပါ။ အဲဒီလို ဖြစ်လာမှာ မဟုတ်ပါဘူး။ ကျွန်တော် ဘယ်သူ့ကို စွန့်ပစ် စွန့်ပစ် ကျောက်အာကိုတော့ ဘယ်တော့မှ စွန့်ပစ်မှာ မဟုတ်ပါဘူး” ရွှီထင်းရှန်းက လေးလေးနက်နက် ကတိပေးလိုက်တယ်။

“နင် အဲဒီလို ပြောတော့လည်း စိတ်ချရတာပေါ့”

အဲဒီအချိန်မှာ တခြားအမျိုးသမီးတစ်ယောက်က ဝင်ပြောတယ်။ “တော်ပါတော့အေ... နင်ကလည်း စိတ်ပူတတ်လွန်းတယ်။ ကုန်းအာက အဲဒီလိုလူမျိုး မဟုတ်ပါဘူး။ စားကြ... စားကြ... ဟင်းတွေ အေးကုန်တော့မယ်”

စကားလမ်းကြောင်း လွှဲလိုက်လို့ အခြေအနေ ပြန်ကောင်းသွားတယ်။

ဒါပေမဲ့ ရွှီထင်းရှန်းနဲ့ကျောက်အာကတော့ တိတ်ဆိတ်နေကြပြီး ကိုယ့်အတွေးနဲ့ကိုယ် ဖြစ်နေကြတယ်။

ထမင်းစားပြီးတော့ ဝိုင်းကူသိမ်းဆည်းပေးပြီး ဆွေမျိုးတွေ ပြန်သွားကြတယ်။

ကျောက်အာ ရေနွေးတည်ပြီး ရေချိုးဖို့ ပြင်တယ်။

ရွှီထင်းရှန်း အရင်ချိုး ပြီးမှ သူမ ချိုးတယ်။ အိမ်ရှေ့ပြန်ရောက်တော့ အခန်းတိုင်း တံခါးပိတ်ပြီး မီးမှိန်မှိန်လေးတွေ လင်းနေပြီ။ တိတ်ဆိတ်အေးချမ်းနေတယ်….

ဟေးကျစ်က သူမကို မြင်တော့ အမြီးနှံ့ပြတယ်။

သူမ အခန်းထဲ ဝင်လိုက်တော့ ရွှီထင်းရှန်း စာဖတ်နေတယ်။

“အိပ်တော့လေ” သူက စာအုပ်ပိတ်ပြီး ပြောတယ်။

ကျောက်အာ ရုတ်တရက် ရင်တုန်သွားတယ်။

အိပ်ရာပြင်သလို ဟန်ဆောင်ရင်း သူမရဲ့စောင်ကို ခပ်ဝေးဝေးမှာ သွားခင်းတယ်။ ရွှီထင်းရှန်းက ဒါကို မြင်ပေမဲ့ ဘာမှ မပြောဘူး။

“မင်းကြည့်ရတာ စိတ်နဲ့ကိုယ်နဲ့ မကပ်သလိုပဲ။ စောစောက ကိစ္စကြောင့်လား” သူက မေးလိုက်တယ်။

“မဟုတ်ပါဘူး။ ငါ... ငါ... ထူးဆန်းနေသလို ခံစားရလို့”

“ဘာဖြစ်လို့လဲ။ ငါ့ကို မယူချင်လို့လား” ရွှီထင်းရှန်းက မျက်လုံးမှေးပြီး အနားကပ်လာတယ်။

“မဟုတ်... မဟုတ်ပါဘူး။ ငါတို့နှစ်ယောက် ကလေးမွေးမယ်ဆိုတာကြီးက ထူးဆန်းနေလို့”

ကျောက်အာအနား သူပိုကပ်လိုက်တယ်။ “မင်း ငါနဲ့ ကလေး မမွေးချင်လို့လား”

ကျောက်အာ ကောင်လေး မျက်နှာကို ကြည့်လိုက်တယ်။

လူပျိုပေါက် ဖြစ်လာပြီဆိုပေမဲ့ နုနယ်နေသေးတယ်။ ဒီလောက် သေးသေးကွေးကွေး ကောင်လေးနဲ့ ကလေးမွေးရမယ်ဆိုတာ စဉ်းစားကြည့်ရင် ရယ်စရာ ဖြစ်နေတယ်။

အတွေးလွန်ပြီး ပါးစပ်က ထွက်သွားမိတယ်။ “နင်က ငယ်သေးတယ်လေ”

“မင်း ငါ့ကို ငယ်တယ်လို့ ထင်နေတာလား”

“မဟုတ်ပါဘူး... မဟုတ်ပါဘူး”

“ငါ မကြာခင် ကြီးလာတော့မှာပါ။ ပြီးတော့ အခုလည်း မငယ်တော့ပါဘူး”

ရိုးရိုးသားသား ပြောတာပါပဲ။ ဒါပေမဲ့ ရွှီထင်းရှန်းက စိုက်ကြည့်နေတော့ ကျောက်အာ စိတ်ထဲမှာ တစ်မျိုးကြီး ထင်သွားတယ်။ ဟိုနေ့ညက ကိစ္စကို သွားသတိရမိတယ်။

သူ့မျက်နှာက တည်ကြည်နေပေမဲ့ သူမ အတွေးတွေက လမ်းလွဲကုန်ပြီ။

မျက်နှာတွေ ပူလာပြီး စောင်ကို ကမန်းကတန်း ဆွဲယူလိုက်တယ်။ “ကဲပါ... မပြောနဲ့တော့။ မနက်ဖြန် စောစောထရမယ်။ အိပ်ကြစို့”

စောင်ထဲ ဝင်မလို့ လုပ်တော့ အဆွဲခံလိုက်ရတယ်။

“ဘာလုပ်တာလဲ”

“မင်း ဘာလို့ အဝေးကြီး သွားအိပ်တာလဲ” ရွှီထင်းရှန်းက ဝေးနေတဲ့ စောင်ကို မေးငေါ့ပြတယ်။

“ဝေးလို့လား။ မဝေးပါဘူး”

“ဝေးတာပေါ့။ မင်း ငါ့ကို ရွံနေတာလား”

မရွံကြောင်း ပြဖို့အတွက် စောင်ကို မူလနေရာ ပြန်ရွှေ့လိုက်ရတယ်။ စိတ်ထဲမှာလည်း အားတင်းထားတယ်။ 'ဘာရှက်စရာ ရှိလဲ။ ဟိုနေ့က သူ မူးနေတာ မှတ်မိမှာ မဟုတ်ဘူး။ မှတ်မိရင် အခုလို ပုံမှန်နေနိုင်မှာ မဟုတ်ဘူး။ မတော်တဆ ဖြစ်ရပ်တစ်ခုပါပဲ' လို့ ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်လိုက်တယ်။

57 05

ဒီလို တွေးလိုက်တော့မှ စိတ်ငြိမ်သွားပြီး အိပ်ပျော်သွားတယ်။

တစ်ညတာ ကုန်ဆုံးသွားတယ်။

မနက် မိုးမလင်းခင်မှာပဲ တစ်အိမ်လုံး နိုးနေကြပြီ။

ကိုယ့်လူတွေ အရင်ပြင်ဆင်ပြီး မိုးလင်းလာတော့ အကူတွေ ရောက်လာတယ်။

ဒီနေ့က အလုပ်များတယ်။ နေ့လယ်ကစ ဧည့်ခံပွဲစပြီး ညနေ သတို့သမီး ထွက်သွားတဲ့အထိ ညဘက် ကျန်တဲ့သူတွေ စားသောက်တဲ့အထိ ဆက်တိုက် လုပ်ရမှာ။

အားလုံး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေကြတယ်။ ကျောက်အာက ရွှီထင်းရှန်းကို အခန်းပြန် စာဖတ်ခိုင်းပေမဲ့ သူက မပြန်ဘူး။ ကျောက်အာ နားမှာပဲ တဝဲလည်လည် လုပ်ပြီး ကူညီပေးနေတယ်။

ဧည့်သည်တွေက သူတို့လင်မယား သင့်မြတ်တာကို စကြနောက်ကြတယ်။ အဘိုးရွှီနဲ့အဘွားကျောက်ကိုလည်း ဒီနှစ် သမီးမင်္ဂလာဆောင် နောက်နှစ် မြေးမင်္ဂလာဆောင်ဆိုတော့ ကံကောင်းလိုက်တာလို့ ချီးကျူးကြတယ်။

အဘိုးရွှီ စိတ်ထဲမှာ ခံစားချက်တွေ ရှုပ်ထွေးနေပေမဲ့ အပြင်ပန်းမှာတော့ ပြုံးရယ်နေတယ်။

ကျန်းဝူလည်း လာကူတယ်။ ဒီမြင်ကွင်းကို ကြည့်ရင်း စိတ်မကောင်း ဖြစ်နေပြီး သူ့မျက်နှာမှာ ဝမ်းနည်းရိပ်တွေ ထင်ဟပ်နေတယ်။

ကောရှန် မနေနိုင်တော့ဘဲ သူ့ကို လူလွတ်တဲ့နေရာ ဆွဲခေါ်သွားတယ်။ “မင်း ကျောက်အာနဲ့ သူငယ်ချင်းတောင် မဖြစ်ချင်တော့ဘူးဆိုရင် ဆက်ပြီးဒီလိုနေလိုက်။ ငါ သတိမပေးဘူး မထင်နဲ့”

ပြောပြီးတာနဲ့ ကောရှန် ဟင်းပွဲသယ်ဖို့ ထွက်သွားတယ်။

ဗြောက်အိုးသံတွေ ကြားရပြီ။ ပွဲက စတော့မယ်။

ဗြောက်အိုးသံတွေ ဆူညံနေတယ်။ ခြံထဲမှာ လူတွေ ပြည့်နေတယ်။ အားလုံး ပျော်ရွှင်နေကြတယ်။ ကျန်းဝူ မော့ကြည့်လိုက်တယ်။

လူအုပ်ကြားထဲမှာ ကျောက်အာနဲ့ ရွှီထင်းရှန်း ယှဉ်တွဲ ရပ်နေကြတယ်။

ကျောက်အာက နားပိတ်ထားပြီး ပြုံးနေတယ်။ ရွှီထင်းရှန်းလည်း ပြုံးနေတယ်။

ငါ... သဘောပေါက်သင့်ပြီ ထင်တယ်။

******

58 01

အခန်း (၅၈)

ညနေစောင်းတော့မှ သတို့သားဘက်က လာကြိုတဲ့အဖွဲ့ ရောက်လာတယ်။

ကျောက်မိသားစုက အခြေအနေ မဆိုးတော့ မြင်းလှည်းငှားပြီး လာကြိုကြတာ။ ကျောက်ကျင်ရွေ့က အနီရောင် မင်္ဂလာဝတ်စုံ ဝတ်ထားပြီး လှည်းကိုလည်း အနီရောင်ပိတ်စတွေနဲ့ အလှဆင်ထားတော့ ကြည့်ရတာ ကျက်သရေ ရှိတယ်။

ကျောက်မိသားစုဘက်က ဆွေမျိုးတွေလည်း အများကြီးပါပြီး ဗြောက်အိုးသံတွေလည်း ဆူညံနေတယ်။

တံခါးအပြင်ဘက်မှာ သတို့သားအဖွဲ့ ရောက်နေပြီ။

တံခါးအတွင်းဘက်မှာတော့ ရွာသားတွေက တံခါးကို ပိတ်ထားပြီး ပြုံးရွှင်နေကြတယ်။

တောရွာဓလေ့အရ သတို့သားက သတို့သမီးကို ခေါ်ချင်ရင် တံခါးသုံးဆင့် ဖြတ်ကျော်ရတယ်။ အိမ်ရှေ့တံခါးမကြီးက ပထမဆုံး အဆင့်ပဲ။

ကျေးလက်သားတွေဆိုတော့ ကဗျာရွတ်တာတို့ ဘာတို့မလုပ်တတ်ဘူး။ အတင်းတိုးဝင်ရင်ဝင် မဟုတ်ရင် ဟုန်ပေါင်း ပေးပြီး ဝင်ခွင့်တောင်းရတယ်။ တံခါးစောင့်တွေကလည်း အလွယ်တကူတော့ ပေးမဝင်ဘဲ နည်းနည်းပါးပါးတော့ ဈေးကိုင်ရတယ်။

အပြင်ကလူတွေက ချော့ပြောလိုက် ဟုန်ပေါင်း ကမ်းပေးလိုက် လုပ်နေပေမဲ့ အထဲကလူတွေက မဖွင့်ပေးသေးဘူး။ “နောက်ဆို အင်္ကျီဘယ်သူ လျှော်မှာလဲ” တို့ ဘာတို့ မေးခွန်းတွေ မေးနေကြတယ်။

ခြံဝင်းထဲက လူတွေက ရယ်မောပြီး ကြည့်နေကြတယ်။ သတို့သား ဘယ်လိုဖြေမလဲလို့ စောင့်နေကြတာ။ ရုတ်တရက် အပြင်ဘက်မှာ ဆူညံသံတွေ ကြားလိုက်ရတော့ အထဲကလူတွေ ကြောင်သွားကြတယ်။

အပြင်က အော်သံတွေကြားမှ ဘာဖြစ်လဲဆိုတာ သိရတယ်။

သတို့သားက စိတ်ကောက်ပြီး ပြန်မယ် လုပ်နေတာတဲ့။

တကယ်ကို...

တံခါးစောင့်တဲ့ ရွာသားတွေနဲ့ဆွေမျိုးတွေ မျက်နှာပျက်သွားကြတယ်။ ဒါပေမဲ့ ဒီကိစ္စက နောက်ပြောင်လို့ မရမှန်းသိတော့ တံခါး အမြန်ဖွင့်ပေးလိုက်ကြတယ်။

အပြင်ဘက်မှာ ရှုပ်ထွေးနေပြီ။ ကျောက်ကျင်ရွေ့ ရင်ဘတ်က ပန်းကုံး ပြုတ်ကျပြီး မြေကြီးပေါ် ရောက်နေတယ်။

ကျောက်ကျင်ရွေ့က လှည်းပေါ်တက်ပြီး ပြန်ဖို့ လုပ်နေတယ်။ ကျောက်မိသားစုဝင်တွေက ဝိုင်းဆွဲထားကြတယ်။

ခြံဝင်းထဲမှာတော့ သပ်သပ်ရပ်ရပ် ဝတ်စားထားတဲ့ အဘိုးရွှီ အိမ်ထဲက ထွက်လာတယ်။ မျက်နှာပေါ်က အပြုံးတွေ ပျောက်ပြီး ဒေါသတွေ ထွက်နေတယ်။

အဘွားကျောက်လည်း ပြာယာခတ်နေတယ်။ ကျောက်ကျင်ရွေ့ကို ပြေးရိုက်ချင်စိတ် ပေါက်နေတယ်။

မင်္ဂလာပွဲလေးပါ ဒီလို ဖြစ်လာမယ်လို့ ဘယ်သူ ထင်မှာလဲ။

အပြင်ဘက်မှာ ကျောက်ကျင်ရွေ့ကို တားလို့ မရသေးဘူး။ သူ ဘာဖြစ်သွားလဲ မသိဘူး။ ခေါင်းမာပြီး ပြန်မယ်ပဲ လုပ်နေတယ်။

ကျောက်အာ အထဲကနေ လှမ်းကြည့်နေတယ်။ ကျောက်မိသားစုက ပါလာတဲ့သူတွေ ငိုတော့မလို ဖြစ်နေကြပြီ။

အဘိုးရွှီ ဒေါသထွက်လွန်းလို့ တစ်ကိုယ်လုံး တုန်နေတယ်။ အခန်းထဲက ရွှီစွေ့အယ်ရဲ့ငိုသံ ကြားနေရတယ်။ သူမလည်း အပြင်က အခြေအနေကို သိသွားပြီ ထင်တယ်။

အဘွားကျောက်က ရွှီချင်းရှန်ကို လှမ်းအော်တယ်။ “အကြီးကောင်... သွား... ဟို ကျောက်ကျင်ရွေ့ ဆိုတဲ့ ကောင်စုတ်ကို သွားဆွဲခေါ်ခဲ့”

ရွှီချင်းရှန်က မသွားချင်လို့ စိတ်မရှည်စွာ ပြောတယ်။ “အမေရာ... တော်ပါတော့။ သူ မယူချင်ရင် နေပါစေ။ စွေ့အယ်က ယောက်ျားမရမှာ ကြောက်လို့လား”

သူ့စိတ်ထဲမှာတော့ ဒီလောက် လူအများကြီးရှေ့မှာ မိန်းကလေးဘက်က သွားတောင်းပန်ရအောင် သိက္ခာမရှိဘူးလား လို့ တွေးနေတယ်။

အဘွားကျောက်က ရွှီချင်းပိုင်ကို ခေါ်ပြန်တယ်။ ရွှီချင်းပိုင်က သိက္ခာကြောင့် မသွားချင်တာ မဟုတ်ပါဘူး။ မင်္ဂလာနေ့မှာတောင် ဒီလိုလုပ်ရက်တဲ့ကောင်နဲ့ ယူရင် သူ့ညီမလေး စိတ်ချမ်းသာပါ့မလားလို့ တွေးမိလို့ ဖြစ်တယ်။

သူ တွန့်ဆုတ်နေတုန်း ရှိသေး အဘွားကျောက်က ဆဲတော့တာပဲ။ “တတိယကောင်... နင်က သုံးစားမရတဲ့ အကောင်။ ကိုယ့်ညီမကိုတောင် ဂရုမစိုက်ဘူး”

သူမက ဆဲရင်းနဲ့ ရွှီချင်းဟွိုင်ကို လှမ်းခေါ်တယ်။ ဒါပေမဲ့ အဘိုးရွှီက ဟန့်တားလိုက်တယ်။ “တော်စမ်း... အရှက်ကွဲတာ မလောက်သေးဘူးလား”

ဗြောက်အိုးသံတွေ ရပ်သွားပြီ။ ပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်နေတယ်။

ကျောက်အာ ဘယ်ညာ ကြည့်လိုက်ရင်း စိတ်ထဲက သက်ပြင်းချပြီး တံခါးဝဘက် ထွက်သွားတယ်။ ရွှီထင်းရှန်း လှမ်းဆွဲပေမဲ့ မမီလိုက်ဘူး။

58 02

သူမက လမ်းလျှောက်တာ မြန်တယ် ပုံစံကလည်း ကြမ်းတမ်းတယ်။ လာကြိုတဲ့အဖွဲ့က မတားရဲဘူး။ ကျောက်ကျင်ရွေ့ ရှေ့ ရောက်သွားတယ်။

ကျောက်ကျင်ရွေ့ ဘာမှ မလုပ်ရသေးခင် သူ့ရှေ့မှာ အရပ်ရှည်ရှည် ကောင်မလေးတစ်ယောက် ရောက်လာတယ်။ ပြီးတော့ သူ့ပါးကို နှစ်ချက်ဆင့် ရိုက်ထည့်လိုက်တယ်။

“ဖြောင်း... ဖြောင်း...”

“ဝင်ပြီး တောင်းပန်မလား ဒါမှမဟုတ် ပြန်မလား။ တစ်ခု ရွေးလိုက်။ ဒါပေမဲ့ ဒီနေ့ကစပြီး နင်တို့ ကျောက်မိသားစုရွာကို ငါတို့ ယွီချင်းရွာက အဆက်အသွယ် ဖြတ်လိုက်ပြီ။ နောက်နောင် ငါတို့ ယွီချင်းရွာပိုင်တဲ့ နေရာမှန်သမျှ နင်တို့ရွာက လူတွေ ခြေမချနဲ့!”

အားလုံး ငြိမ်ကျသွားတယ်။

ကျောက်ကျင်ရွေ့လည်း အံ့ဩသွားတယ်။ သူ့ကို ရိုက်ရဲရုံမက ခြိမ်းခြောက်ရဲတဲ့သူ ရှိမယ် မထင်ထားဘူး။

ယွီချင်းရွာသားတွေက ထောက်ခံကြတယ်။ “ဟုတ်တယ်... ငါတို့ရွာက မိန်းကလေးကို အနိုင်ကျင့်ရဲတယ်ပေါ့။ နောက်နောင် ကျောက်မိသားစုရွာက လူတွေ တွေ့ရင် ရိုက်မယ်ဟေ့”

“စည်းကမ်း နားမလည်လိုက်တာ။ ရွာတိုင်း မင်္ဂလာဆောင်ရင် ဒီလိုပဲ စနောက်ကြတာပဲ။ သူက လူကို အရှက်ခွဲတယ်”

“နောက်ဆို ငါတို့ရွာက လူတွေ ကျောက်မိသားစုရွာနဲ့ မင်္ဂလာမဆောင်ကြနဲ့။ ဒီလိုကောင်မျိုး ရှိတဲ့ ရွာက ဘယ်ကောင်းမလဲ”

ရွာသားတွေ ပိုပိုများလာပြီး ဝိုင်းအုံလာကြတယ်။ ဒီနေ့ ရွှီမိသားစု မင်္ဂလာဆောင်မို့ တစ်ရွာလုံး ရောက်နေကြတာလေ။ ကျောက်အာ စကားကြောင့် ကျောက်မိသားစုရွာက လူတွေ မျက်နှာပျက်ကုန်ကြတယ်။

ရွာသားတွေက အပြောမဟုတ်ဘူး တကယ်လုပ်မှာ။ တစ်ရွာနဲ့ တစ်ရွာ အဆက်အသွယ် ဖြတ်တယ်ဆိုတာ မသေးလှဘူး။ အထူးသဖြင့် မင်္ဂလာကိစ္စတွေမှာ ထိခိုက်မယ်။ ရွေးချယ်စရာ ရှိရင် ဘယ်သူက ယွီချင်းရွာကို ရန်စပြီး ကျောက်မိသားစုရွာနဲ့ သွားပတ်သက်မလဲ။

ပြီးတော့ နှစ်ဖက်ရွာမှာ အပြန်အလှန် ပေးစားထားတဲ့ သားသမီးတွေ ဘယ်လိုလုပ်မလဲ။ အားလုံး ပြန်ခေါ်ရတော့မလို ဖြစ်နေပြီ။

ဒါပေမဲ့ ကျောက်မိသားစုရွာသားတွေက ယွီချင်းရွာသားတွေကို အပြစ်မတင်ပါဘူး။ ကျောက်ကျင်ရွေ့ကိုပဲ အပြစ်တင်ကြတယ်။

ရှေးစကား ရှိတယ်။ သမီးပေးရင် ခေါင်းမော့ ချွေးမယူရင် ခေါင်းငုံ့တဲ့။ မင်္ဂလာဆောင်ရင် ဒီလို စနောက်တာ ထုံးစံပဲ။ သူကျမှ ဘာကောင်မို့လို့ စိတ်ကောက်ပြီး ပြန်မယ် လုပ်နေရတာလဲ။

တခြားရွာက လူတွေ ကျောက်မိသားစုရွာလာပြီး ချွေးမလာယူရင် ဒီလိုလုပ်ရဲမလား။ သူတို့ရွာက မိန်းကလေးကို ဒီလို လူအများကြီးရှေ့မှာ အနိုင်ကျင့်ရင် သူတို့လည်း သည်းခံမှာ မဟုတ်ဘူး။ ဒီလိုသာ အလွယ်တကူ ခွင့်လွှတ်လိုက်ရင် နောင်ကျရင် ကိုယ့်သမီးတွေ အနိုင်ကျင့်ခံရမှာပေါ့။

ဒါကြောင့် ဒီလိုအချိန်မှာ ရွာထဲက လူတွေ မတည့်ရင်တောင် ညီညွတ်သွားတတ်ကြတယ်။

ရွာသူကြီးကျန့် ထွက်လာပြီး လက်ညှိုးထိုး ပြောတယ်။ “ခင်ဗျားတို့က ကျုပ်တို့ရွာကို မလေးစားတာပဲ”

ရွှီမျိုးနွယ်စုခေါင်းဆောင်လည်း ထွက်လာတယ်။ မျက်နှာထား တင်းတင်းနဲ့ ပြောတယ်။ “ခင်ဗျားတို့က ငါတို့ ရွှီမျိုးရိုးတွေကို မျက်လုံးထဲ မထည့်တာလား”

လာကြိုတဲ့အဖွဲ့ထဲက လူကြီးတွေက ဝင်ထိန်းပေးရတယ်။ လူငယ်တွေ မိုက်ရူးရဲ ဆန်မှာစိုးလို့ လူကြီးတွေ ပါလာတာ။ “စိတ်လျော့ကြပါ။ ဒီကောင်လေးက ငယ်သေးလို့ နားမလည်တာပါ။ ကျွန်တော်တို့ ဆုံးမလိုက်ပါ့မယ်”

သူတို့က ကျောက်ကျင်ရွေ့ကို ဘေးခေါ်ထုတ်ပြီး ပြောဆိုဆုံးမကြတယ်။ ဘာတွေ ပြောလဲတော့ မသိဘူး။ ကျောက်ကျင်ရွေ့ ငြိမ်သွားတယ်။

လူတိုင်းကို တောင်းပန်ပြီး အိမ်ထဲ ဝင်သွားတယ်။ မျက်နှာကတော့ မကောင်းသေးဘူး။

ရွှီမိသားစုဝင်တွေ မျက်နှာမကောင်းကြဘူး။ အဘိုးရွှီက အားတင်းပြုံးနေရတယ်။ ကျောက်ကျင်ရွေ့က ခေါင်းမြီးခြုံထားတဲ့ ရွှီစွေ့အယ်ကို ခေါ်ထုတ်သွားတော့ ဗြောက်အိုးဖောက်ဖို့တောင် မေ့နေကြတယ်။

ကျောက်အာ သတိပေးမှ ဖောက်ကြတယ်။

ဗြောက်အိုးသံတွေ ဆူညံသွားပေမဲ့ အရင်လို ပျော်ရွှင်စရာ မကောင်းတော့ဘူး။ တိမ်မည်းတွေ ဖုံးလွှမ်းနေသလိုပဲ။

ကျောက်အာ သက်ပြင်းချလိုက်ပြီး အားတင်းပြုံးကာ အော်ပြောလိုက်တယ်။ “စားပွဲ စပြီ”

ကောရှန်တို့အဖွဲ့က ဟင်းပွဲတွေ လိုက်ချပေးတယ်။ အဘိုးရွှီတို့က ဧည့်သည်တွေကို ဧည့်ခံကြတယ်။ ပတ်ဝန်းကျင်က ပြန်ပြီး စည်ကားလာတယ်။

58 03

ဧည့်သည်တွေ စားသောက်နေကြမှ ကျောက်အာ မီးဖိုချောင်ဘက် ဝင်သွားတယ်။

ရွှီထင်းရှန်း နောက်က လိုက်ဝင်လာတယ်။

ကျောက်အာ သူ့ကို ကြည့်ပြီး ပြောတယ်။ “အဒေါ်လေး ငါ့ကို အပြစ်မတင်ရင် ကောင်းမှာပဲ”

အဲဒီအချိန်တုန်းက ရွှီမိသားစုက ဘာလုပ်ရမှန်းမသိ ဖြစ်နေကြတာ။ ကျောက်အာ ဝင်ဖြေရှင်းလိုက်တာ အကောင်းဆုံးပဲ။ ရွှီမိသားစု ကိုယ်စားလည်း ဖြစ်သလို အိမ်ကယောကျ်ားသားတွေ မျက်နှာ မပျက်အောင်လည်း ကာကွယ်ပေးရာ ရောက်တယ်။

တကယ်တော့ ကျောက်အာ သဘောအရဆိုရင် ဘုရားမရှိခိုးရသေးတာမို့ ဖျက်သိမ်းလိုက်လို့ ရတယ်။ ဒါပေမဲ့ ရွှီစွေ့အယ် ဗိုက်ကြီးနေတာကို ရွှီမိသားစုဝင်တွေပဲ သိကြတာ။ ဒါကြောင့် အလျင်စလို မင်္ဂလာဆောင်ရတာလေ။

“သူ မင်းကို ဘာအပြစ်တင်စရာ ရှိလို့လဲ။ ကိုယ်ထွေးတဲ့ တံတွေး ကိုယ်ပြန်မိန်ရတာပဲ...”

ရွှီထင်းရှန်း ဆက်ပြောမလို့ လုပ်တုန်း အပြင်က လှမ်းခေါ်သံ ကြားလို့ ထွက်သွားလိုက်ရတယ်။

ဧည့်ခံပွဲပြီးတော့ ခြံဝင်းထဲမှာ ရှုပ်ပွနေတယ်။

ရင်းနှီးတဲ့သူတွေပဲ ကျန်ခဲ့ပြီး ဝိုင်းရှင်းပေးကြတယ်။ ပြီးတဲ့အချိန်မှာ ညနက်နေပြီ။

အားလုံး ပင်ပန်းနေကြပြီ။ ကူညီတဲ့သူတွေ ပြန်သွားတော့ ကိုယ့်အခန်းကိုယ်ပြန်ပြီး နားကြတယ်။ သူတို့ လဲကာစ ရှိသေး အိမ်မကြီးဘက်က အဘိုးရွှီရဲ့ငေါက်ငမ်းသံတွေနဲ့အဘွားကျောက်ငိုသံ ကြားရတယ်။

တစ်ညတာ ကုန်ဆုံးသွားတယ်။

ရက်ဆက် ပင်ပန်းထားလို့ နောက်တစ်နေ့ ရွှီမိသားစုဝင်တွေ အိပ်ရာထ နောက်ကျကြတယ်။

ဒီနေ့ အိမ်မှာ အခြေအနေ မကောင်းဘူး။ အဘိုးရွှီ မျက်နှာ မကောင်းဘူး။ အဘွားကျောက်က တစ်ချိန်လုံး ငိုနေတယ်။ သမီးလေး သနားစရာကောင်းကြောင်း ကျောက်မိသားစုက ယုတ်မာကြောင်းပြောပြီး ငိုတယ်။ ညရောက်တော့ မနက်ဖြန် ကျောက်ကျင်ရွေ့က ရွှီစွေ့အယ်ကို ပြန်မပို့မှာ စိုးရိမ်ပြီး ငိုပြန်ရော။

နောက်တစ်နေ့ မနက်စောစော အဘွားကျောက်က လူတိုင်းကို နှိုးတယ်။

သူမက သူများကို နှိုးရုံတင်မကဘူး ကိုယ့်ကိုယ်ကိုယ်လည်း ဒုက္ခပေးနေတယ်။ မနက်ခင်း တစ်ပိုင်းလုံး ဂနာမငြိမ် ဖြစ်နေတယ်။ နေ့လယ်လောက်ကျမှ ကျောက်ကျင်ရွေ့က ရွှီစွေ့အယ်ကို ခေါ်ပြီး ရောက်လာတယ်။

ကြည့်ရတာတော့ အဆင်ပြေပုံ ရပါတယ်။ ရွှီစွေ့အယ် မျက်နှာမှာ အပြုံးတွေ တွေ့ရတယ်။

ဒါမြင်တော့မှ အဘွားကျောက် စိတ်အေးသွားတယ်။ ကျန်တဲ့လူတွေလည်း သက်ပြင်းချနိုင်ကြတယ်။

ဟိုနေ့က ကိစ္စကို ဘယ်သူမှ ပြန်မပြောကြဘူး။ ရွှီမိသားစုက ရွှီစွေ့အယ် မျက်နှာထောက်လို့ မပြောတာ။ ကျောက်ကျင်ရွေ့ကလည်း ကိုယ့်အမှားကိုယ်သိလို့ မပြောရဲဘူး။

ညနေစောင်းမှ သူတို့ ပြန်သွားကြတယ်။ မင်္ဂလာဆောင်ပြီး သုံးရက်မြောက်နေ့ ပြန်လာရင် နေဝင်မိုးချုပ်မတိုင်ခင် ယောကျ်ားလေးအိမ် ပြန်ရောက်ရမယ်ဆိုတဲ့ ဓလေ့ ရှိတာကြောင့်ပင်။

ရွှီထင်းရှန်း ကျောင်းပိတ်ရက် တစ်ရက်ရယ် ခွင့်နှစ်ရက်ရယ်ပေါင်းပြီး သုံးရက် နားလိုက်ရတယ်။ ရွှီစွေ့အယ် မင်္ဂလာကိစ္စ ပြီးသွားပြီမို့ နောက်တစ်နေ့ ကျောင်းပြန်တက်တယ်။

ကျောင်းတံခါးဝ ဝင်လိုက်တာနဲ့ လေထုက တစ်မျိုးကြီး ဖြစ်နေတာ သတိထားမိတယ်။

မနက်ခင်း စာသင်ချိန် ဖြစ်သင့်ပေမဲ့ ကျောင်းကြီးက တိတ်ဆိတ်နေတယ်။ အဆောင်ပြန်ရောက်ပြီး မောက်ပါ့သို တို့ကို မေးကြည့်မှ သူ မရှိတဲ့ နှစ်ရက်အတွင်း ကျောင်းမှာ ပြဿနာတက်ထားမှန်း သိရတယ်။

အဖြစ်အပျက်က ရှုပ်ထွေးတယ်။ ချင်းယွမ်ကျောင်းတော်က ပထမအတန်း ကျောင်းသားတချို့နဲ့ ချင်းဟယ်ကျောင်းတော်က ကျောင်းသားတချို့ စာပေပြိုင်ပွဲ လုပ်ဖို့ ချိန်းထားကြတာ။ ဒါပေမဲ့ စကားများပြီး ရန်ဖြစ်ကြတယ်။

နှစ်ဖက် လူအင်အား တူတော့ အပြန်အလှန် ထိခိုက်ကြတာပေါ့။

ဒါတင် မကဘူး။ ဟိုဘက်က လူတစ်ယောက် ပြန်ရောက်ပြီး အဲဒီညမှာပဲ သေသွားတယ်။ ကိစ္စ ကြီးသွားပြီ။ ချင်းဟယ်ကျောင်းအုပ်ကြီး ကောင်းယို့ကျစ်က အမှုဖွင့်လိုက်တယ်။ ချင်းယွမ်ကျောင်းတော်ဘက်က အစိုးရလူတွေ ရောက်လာမှ သိရတာ။

58 04

ပါဝင်ပတ်သက်တဲ့ ကျောင်းသားတွေက ပညာတတ်တွေ ဖြစ်သလို ကျောင်းအုပ်ကြီးကလည်း အာမခံပေးထားလို့ ထောင်ထဲ မရောက်သေးဘူး။ သီးသန့် အခန်းမှာပဲ ထိန်းသိမ်းခံထားရတယ်။ ဒါပေမဲ့ ကြာကြာတော့ မခံနိုင်လောက်ဘူး။

ချင်းဟယ်ကျောင်းတော်ဘက်က ကျောင်းသားတွေက အဖွဲ့လိုက် လာပြီး ဖြေရှင်းချက်တောင်းနေကြတယ်။ သေဆုံးသူရဲ့မိသားစုကလည်း မနက်စောစောစီးစီး ကျောင်းရှေ့လာပြီး ရမ်းကားနေကြတယ်။ ဒါကြောင့် ကျောင်းပိတ်ထားရတာ။

“သူတို့က ဘယ်လိုလုပ် ချိန်းတွေ့ကြတာလဲ။ တစ်ယောက်နဲ့တစ်ယောက် မသိကြဘဲနဲ့။ ကြားထဲက တစ်ယောက်ယောက် မြှောက်ပင့်ပေးတာ နေမှာ” ရွှီထင်းရှန်း မေးလိုက်တယ်။

လီသာ့ထျန် သက်ပြင်းချလိုက်တယ်။ ချန်ကျန်း ရှင်းပြမှ ရွှီထင်းရှန်း သိလိုက်ရတယ်။ ကျောင်းနှစ်ကျောင်းက ကျောင်းသားတွေ တိတ်တဆိတ် စာပေပြိုင်ပွဲ လုပ်လေ့ရှိတာ ကြာပြီတဲ့။ ဆရာတွေနဲ့ကျောင်းအုပ်ကြီးကိုတော့ မပြောကြဘူး။

ကျောင်းနှစ်ကျောင်းက နီးသလို ပြိုင်ဘက်တွေလည်း ဖြစ်တယ်။ ဟူယန်းမြို့နယ်မှာ အောက်တိုဘာလတိုင်း ကျောင်းပြိုင်ပွဲ ရှိတယ်။ ပထမရတဲ့ကျောင်းက အစိုးရ ထောက်ပံ့ကြေး ရတယ်။

အရင်တုန်းက ချင်းယွမ်ကျောင်းတော်က အမြဲပထမ ရတယ်။ နောက်ပိုင်း ချင်းဟယ်ကျောင်းတော် ပေါ်လာပြီးကတည်းက ချင်းယွမ်က ဒုတိယနေရာ ရောက်သွားတယ်။

စာပေသမားတွေက ပထမနေရာကိုပဲ လိုချင်ကြတာ။ လူငယ်တွေဆိုတော့ ပိုဆိုးတာပေါ့။ ဒါကြောင့် ပြိုင်ပွဲမတိုင်ခင် အစမ်းသဘောမျိုး တိတ်တဆိတ် ယှဉ်ပြိုင်ကြတာ။ အတော်ဆုံး ကျောင်းသားတွေ ပါဝင်လေ့ရှိတယ်။

အိပ်မက်ထဲမှာ ဒီကိစ္စ မပါတာ မဆန်းပါဘူး။ အိပ်မက်ထဲတုန်းက ရွှီထင်းရှန်းက ချင်းဟယ်ကျောင်းတော်မှာ တက်ခဲ့တာ။ စာညံ့တော့ အောက်ဆုံးရောက်နေပြီး ဒီလိုကိစ္စတွေ မသိခဲ့ဘူး။

“ကျောင်းအုပ်ကြီး ဘာပြောလဲ”

သုံးယောက်စလုံး ခေါင်းခါကြတယ်။ ရွှီထင်းရှန်းလည်း အခြေအနေ ဆိုးဝါးမှန်း သိလိုက်တယ်။ ဒီကိစ္စ ကောင်းကောင်း မဖြေရှင်းနိုင်ရင် ချင်းယွမ်ကျောင်းတော် ပိတ်သိမ်းခံရနိုင်တယ်။

******

All Chapters