အခန်း (၅၉-၆၀)
Vol. 6 Ch. 59-60
59 01
အခန်း (၅၉)
ဆရာနားနေဆောင်ထဲမှာ ကျောင်းအုပ်ကြီးလင်းမြောင်က စားပွဲမှာ ထိုင်နေတယ်။ သူဌေးချန်းကတော့ ဟိုလျှောက်ဒီလျှောက်နဲ့ ဂနာမငြိမ် ဖြစ်နေတယ်။
“ဒီကိစ္စမှာ ကောင်းယို့ကျစ် လက်ချက်မပါဘူးလို့ ကျွန်တော် လုံးဝမယုံဘူး။ စာပေပြိုင်ပွဲလေး လုပ်တာနဲ့ လူတစ်ယောက် သေသွားတယ်ဆိုတာ မဖြစ်နိုင်ဘူး။ သူက ချင်းယွမ်ကျောင်းတော်ကို ပိတ်စေချင်လို့ တမင်ကြံစည်ထားတာ ဖြစ်မယ်”
လင်းမြောင် သက်ပြင်းချလိုက်တယ်။ “ညီလေးမော့ကျစ်... သိပ်ပြီး မသင်္ကာမဖြစ်ပါနဲ့။ ဘာပဲဖြစ်ဖြစ် လူ့အသက်တစ်ချောင်းလေ။ ကောင်းယို့ကျစ်က ဘယ်လောက်ပဲ ယုတ်မာပါစေ ကျောင်းသားအသက်နဲ့ ရင်းပြီး မကစားလောက်ပါဘူး။ ငါ မေးကြည့်ပြီးပြီ။ ကျောင်းသားတွေက ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ကြတာတော့ ဟုတ်တယ်”
“ဘယ်သူ့ကို ရိုက်မိလဲဆိုတာ သေချာ မေးပြီးပြီလား”
“အဲဒီအချိန်က လူတွေ ရှုပ်နေတော့ သူတို့လည်း ဘယ်သူ့ကို ရိုက်မိလဲ မမှတ်မိကြဘူး။ မြို့နယ်ရုံးက လူတွေကတော့ မျက်နှာထောက်ပြီး ကျောင်းသားတွေကို မဖမ်းသေးပါဘူး။ ဒါပေမဲ့ စောင့်ကြည့်နေတယ်။ သူတို့ အချင်းချင်း တိုင်ပင်မှာစိုးလို့ ပေးမတွေ့ဘူး”
“ဒါဆို သူတို့က မင်းတို့ရိုက်တာလို့ ပြောရင် မင်းတို့ရိုက်တာ ဖြစ်သွားရောပေါ့။ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ခံရတော့မှာပေါ့”
လင်းမြောင် ခဏငြိမ်နေပြီးမှ ပြောတယ်။ “မြို့နယ်ရုံးက လူတွေကို မေးကြည့်ပြီးပြီ။ သေသွားတဲ့ ကျောင်းသား နာမည်က စွန်းဟဲ့တဲ့။ အဲဒီအချိန်က အခင်းဖြစ်ပွားတဲ့ နေရာမှာ ရှိနေခဲ့တာ သေချာတယ်”
သူဌေးချန်း မျက်မှောင်ကြုတ်ပြီး ထိုင်ခုံမှာ ဝင်ထိုင်လိုက်တယ်။
အခြေအနေက တော်တော် ဆိုးနေပြီ။ ကောင်းယို့ကျစ်နဲ့ ခရိုင်ဝန်ဟူတို့က ဆွေမျိုးတွေ။ မြို့နယ်ရုံးကလည်း ချင်းယွမ်ကျောင်းတော်က လူတွေကို ဖမ်းထားတဲ့ ကျောင်းသားတွေနဲ့ ပေးမတွေ့ဘူး။ တကယ်လို့ ကောင်းယို့ကျစ်က မရိုးမသား ကြံစည်နေရင် သူတို့ ဘာမှမတတ်နိုင်ဘဲ ခံရတော့မယ်။ ချင်းယွမ်ကျောင်းတော် ပိတ်သိမ်းခံရတဲ့အထိ ဖြစ်သွားနိုင်တယ်။
သူဌေးချန်းကတော့ ဒါဟာ ချင်းဟယ်ကျောင်းတော်က ချင်းယွမ်ကျောင်းတော်ကို ပိတ်စေချင်လို့ ထောင်ချောက်ဆင်တာလို့ သံသယ ဝင်နေတုန်းပဲ။
“အစ်ကို့ကို ဘယ်လို ပြောရမှန်းတောင် မသိတော့ဘူး။ ဟိုတုန်းက ဘာလို့ သူ့တောင်းဆိုချက်ကို လက်ခံလိုက်ရတာလဲ။ ၅ နှစ်အတွင်း စာမေးပွဲ ဝင်မဖြေရဘူးတဲ့။ စီရင်စုအဆင့် စာမေးပွဲက ၃ နှစ်မှ တစ်ခါ ရှိတာ။ ၅ နှစ်ဆိုရင် ၂ ခါတောင် လွတ်သွားပြီ။ အစ်ကို့မှာ ၅ နှစ်ပေါင်း ဘယ်နှစ်ခါ ကျန်သေးလို့လဲ” သူဌေးချန်းက ရင်နာနာနဲ့ ပြောတယ်။
လင်းမြောင်က အားနာပါးနာ ပြုံးလိုက်တယ်။ “ညီလေးမော့ကျစ်... အဲဒီတုန်းက အကြောင်းရှိလို့ပါ။ ငါ သူ့အကွက်ထဲ ဝင်မိသွားတာ။ ဒါပေမဲ့ လူကြီးလူကောင်း ကတိဆိုတာ ဖျက်လို့ မရဘူးလေ။ ပြီးတော့ စီရင်စုအဆင့် စာမေးပွဲက ခက်ပါတယ်။ ငါ ၂ ခါ ဖြေဖူးတယ် မအောင်ခဲ့ဘူး။ မသေချာမှတော့ စောစောဖြေတာနဲ့ နောက်ကျမှ ဖြေတာ ဘာမှ မကွာပါဘူး”
သူဌေးချန်း စိတ်တိုပြီး ခေါင်းခါလိုက်တယ်။ “အစ်ကိုကြီးအန်းချီ... ကျွန်တော် မသိဘူးများ မှတ်နေလား။ ဟိုတုန်းက အစ်ကို ငယ်သေးလို့ လေ့လာမှု အားနည်းလို့ မအောင်တာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီနှစ်တွေအတွင်း အစ်ကို ဘယ်လောက် ကြိုးစားခဲ့လဲ ကျွန်တော် သိတယ်။ ဟန်ပြသက်သက် လုပ်နေတာလို့တော့ လာမပြောနဲ့။
အရင်တုန်းကတော့ အစ်ကိုက စာမေးပွဲကို စိတ်ကုန်ပြီး ဇာတိပြန်လာကာ ဆရာ လုပ်နေတယ်လို့ ထင်ခဲ့တာ။ ဆရာကြီး ဆုံးသွားတဲ့အချိန်ကလည်း ကောင်းယို့ကျစ် ခွဲထွက်သွားတဲ့ အချိန်နဲ့ တိုက်ဆိုင်နေတော့ ကျောင်းကို ဦးစီးမယ့်သူ လိုနေတာလေ။ ဒါပေမဲ့ နောက်ကွယ်မှာ ဒီလို အကြောင်းတွေ ရှိနေမယ်လို့ မထင်ခဲ့ဘူး။ ကောင်းယို့ကျစ်က ယုတ်မာကောက်ကျစ်တဲ့သူ အစ်ကိုက ဘာကိစ္စ လူကြီးလူကောင်း ကတိတည်နေရမှာလဲ”
အတိတ်က အကြောင်းတွေ ပြောလာတော့ လင်းမြောင် ငြိမ်သက်သွားတယ်။ နှစ်တွေအကြာကြီး ဖြတ်သန်းခဲ့ရတဲ့ အဖြစ်အပျက်တွေက မျက်စိရှေ့မှာ ရုပ်ရှင်ပြသလို ပေါ်လာတယ်။ တော်တော်ကြာမှ သူ သက်ပြင်းချပြီး ပြောတယ်။ “မော့ကျစ် ညီလေး... ပြီးခဲ့တာတွေ ထားလိုက်ပါတော့။ အခု အရေးကြီးတာက ဖမ်းခံထားရတဲ့ ကျောင်းသားတွေ ကိစ္စပဲ”
သူဌေးချန်း ဒေါသထွက်နေတုန်းပဲ။ “အစ်ကို စဉ်းစားကြည့်လေ။ အခုသာ အစ်ကို့မှာ ကျွီရန်ဘွဲ့ ရှိနေရင် ကောင်းယို့ကျစ် ဒီလောက် လှုပ်ရှားရဲပါ့မလား။ သူက အစ်ကို စာမေးပွဲဝင်ဖြေပြီး အောင်သွားမှာ ကြောက်လို့ တမင်ပိတ်ပင်ထားတာ။ အစ်ကို အောင်သွားရင် ချင်းဟယ်ကျောင်းတော် ရပ်တည်လို့ မရတော့ဘူးလေ။ အစ်ကိုကြီးအန်းချီရယ်... ဘာပြောရမှန်းကို မသိတော့ပါဘူး”
အခန်းထဲမှာ ခဏ တိတ်ဆိတ်သွားတယ်။
“ထားလိုက်ပါတော့... အစ်ကို မကြားချင်မှန်းသိလို့ မပြောတော့ပါဘူး။ အခု အခြေအနေကို ကြည့်ရတာ သူတို့ဘက်က အသာစီးရနေတယ်။ သေသွားတဲ့ ကျောင်းသားအကြောင်း ဘာမှ မသိရဘဲနဲ့ ဘယ်လို ဖြေရှင်းမလဲ။ သူ့မိဘတွေက အမှုမလုပ်ဘူး ဆိုရင်တောင် ကောင်းယို့ကျစ်က ဒီအခွင့်အရေးကို လက်လွှတ်မှာ မဟုတ်ဘူး”
လင်းမြောင် တော်တော်ကြာမှ ပြောတယ်။ “ငါ ဘာဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ ငါနဲ့ ကောင်းယို့ကျစ် ရဲ့ ရန်ငြိုးကြောင့် ကလေးတွေ ဒုက္ခရောက်မှာပဲ စိုးရိမ်တာ”
59 02
သူဌေးချန်း မတ်တတ် ထရပ်လိုက်တယ်။ “ကျွန်တော် အပြင်ထွက်ပြီး သတင်း စုံစမ်းကြည့်လိုက်ဦးမယ်။ အခု လောလောဆယ် လုပ်နိုင်တာကတော့ မြို့နယ်ရုံးက လူတွေ ကျောင်းသားတွေကို မခေါ်သွားအောင် ဆွဲထားဖို့ပဲ။ ခေါ်သွားရင်တော့ ကျွန်တော်တို့ လက်လှမ်းမမီတော့ဘူး”
“ညီလေးမော့ကျစ်... အစ်ကို ဒုက္ခပေးသလို ဖြစ်နေပြီ” လင်းမြောင် အားနာစွာ ပြောတယ်။
“ဘာ ဒုက္ခလဲ။ ကျွန်တော်က အစ်ကို့မျက်နှာကြောင့် လုပ်ပေးတာ မဟုတ်ပါဘူး။ ဆရာကြီးရဲ့မျက်နှာကြောင့်ပါ” ပြောပြီးတာနဲ့ သူဌေးချန်း ထွက်သွားတယ်။ လင်းမြောင်က သူ့ကျောပြင်ကို ငေးကြည့်ရင်း ခါးသက်သက် ပြုံးလိုက်တယ်။
သူဌေးချန်း ဒီလိုပြောတာက သူ့ကို အားမနာစေချင်လို့ ဆိုတာ သူ သိပါတယ်။
ရွှီထင်းရှန်းတို့ လေးယောက် ဆွေးနွေးနေကြပေမဲ့ အဖြေမထွက်ဘူး။
သူတို့က ကာယကံရှင်တွေ မဟုတ်သလို ကူညီပေးနိုင်တဲ့ အင်အားလည်း မရှိဘူး။ စောင့်ကြည့်ရုံပဲ တတ်နိုင်တယ်။
နေ့လယ်ရောက်တော့ ထမင်းစားဆောင် သွားကြတယ်။ ပုံမှန်ဆိုရင် ဆူညံနေတတ်တဲ့ ထမင်းစားဆောင်က ဒီနေ့တော့ တိတ်ဆိတ်ခြောက်ကပ်နေတယ်။ ကျောင်းသားအများစုက ခေါင်းငိုက်စိုက် ကျနေပြီး စိတ်ဓာတ်ကျနေပုံ ရတယ်။
ညနေပိုင်းလည်း စာသင်ချိန် မရှိဘူး။ အဆောင်မှူး တစ်ယောက်လာပြီး အခန်းထဲမှာ ကိုယ့်ဘာသာ စာဖတ်နေဖို့ မှာသွားတယ်။ နှစ်ရက်ဆက်တိုက် ဒီလိုဖြစ်နေတော့ အားလုံး စိုးရိမ်ထိတ်လန့် နေကြတယ်။
မောက်ပါ့သို တစ်ပတ်လောက် လျှောက်ကြည့်ပြီး ပြန်လာတယ်။ အခန်းတိုင်းက ကျောင်းသားတွေ ကြောက်လန့်နေကြတယ် စာဖတ်ဖို့ စိတ်မပါကြဘူးတဲ့။
ညနေစောင်းတော့ အပြင်က ဆူညံသံတွေ ကြားရတယ်။ ကျောင်းသားတွေ အခန်းထဲက ထွက်ကြည့်ကြတယ်။ ချင်းဟယ်ကျောင်းတော်က လူတွေ လာရမ်းကားနေကြပြန်ပြီတဲ့။
ချင်းယွမ်ကျောင်းတော် တံခါးဝမှာ ချင်းဟယ်ကျောင်းတော်က ကျောင်းသား ၁၀ ယောက်ကျော် ရောက်နေတယ်။ သူတို့နဲ့အတူ ရွာသားပုံစံပေါက်တဲ့ လူ ၃ ယောက် ပါတယ်။ လင်မယား နှစ်ယောက်နဲ့ အသက် ၆၀ ကျော် အဖွားအို တစ်ယောက်။
အဓိက ရမ်းကားနေတာက အဲဒီအဖွားအိုပါပဲ။
အပြာရောင် အင်္ကျီအကြမ်းကြီး ဝတ်ထားပြီး ခေါင်းပေါင်း ပေါင်းထားတယ်။ မြေကြီးပေါ် ထိုင်ချပြီး ပေါင်ကို ပုတ်ကာ ငိုချင်းချနေတယ်။ ချင်းယွမ်ကျောင်းတော်က ယုတ်မာတယ် လူသတ်တယ် ဆိုပြီး အော်ဟစ်နေတယ်။
ဘေးက လင်မယားနှစ်ယောက်ကလည်း ဝမ်းနည်းပက်လက် ငိုကြွေးနေကြတယ်။
“ငါ့မြေးအသက်ကို ပြန်ပေး။ မင်းတို့ အစိုးရလူတွေကို လာဘ်ထိုးပြီး လူသတ်ကောင်တွေကို ဖုံးကွယ်ထားတာ ငါတို့ မသိဘူး မမှတ်နဲ့။ လူသတ်ရင် အသက်ပြန်ပေးရမယ် ကြွေးယူရင် ပြန်ဆပ်ရမယ်။ မင်းတို့ စာတတ်ပေတတ်တွေက စိတ်ဓာတ် ယုတ်မာလိုက်တာ။ စာတွေကို ခွေးဝမ်းဗိုက်ထဲ ထည့်ဖတ်ထားတာလား...” အဖွားအိုက ထပ်တလဲလဲ ဆဲဆိုနေတယ်။
သူမ ပြောတာတွေက နည်းနည်းလေးပါ ဘေးက ချင်းဟယ်ကျောင်းသားတွေ ပြောတာတွေကမှ နာစရာ ကောင်းတာ။
စာပေကျမ်းဂန်တွေ ကိုးကားပြီး ရိသဲ့သဲ့နဲ့ ပြောကြတယ်။ အဓိက ဆိုလိုရင်းကတော့ လူသတ်ကောင်တွေကို ထုတ်ပေးဖို့ပါပဲ။
ဆရာမုန့် ဆရာမုန့်နဲ့ အဆောင်မှူးတွေက တံခါးဝမှာ ပိတ်ရပ်ထားကြတယ်။
ဒီအခြေအနေမှာ သူတို့ ဘာမှ ပြန်မပြောနိုင်ဘူး။ အထဲ ဝင်မလာအောင် တားထားရုံပဲ တတ်နိုင်တယ်။
“အဘွား... ကျွန်တော်တို့ အစိုးရကို လာဘ်မထိုးပါဘူး။ ကျောင်းသားတွေကို အစိုးရလူတွေက ထိန်းသိမ်းထားပါတယ်။ မကြာခင် အမှန်တရား ပေါ်လာမှာပါ။ တကယ်လို့ အဘွားမြေးက ကျွန်တော်တို့ ကျောင်းသားတွေ လက်ချက်နဲ့ သေတာဆိုရင် ကျွန်တော်တို့ တာဝန်ယူပါ့မယ်” ကျောင်းအုပ်ကြီး လင်းမြောင် ထွက်လာပြီး ရှင်းပြတယ်။
အဖွားအိုက မျက်လုံးပြူးကြည့်တယ်။ ဘေးက ကျောင်းသားတွေ ပြောပြမှ ဒီလူက ကျောင်းအုပ်ကြီး လူသတ်ကောင်တွေကို ကာကွယ်ပေးထားတဲ့သူ ဆိုတာ သိလိုက်တယ်။
အိုး...ခနဲ အော်ရင်း လင်းမြောင်ဆီ ပြေးဝင်သွားပြီး။ ကန်လိုက် ရိုက်လိုက်နဲ့ ရမ်းကားတော့တာပဲ။ “မင်းက လူယုတ်မာပဲ။ ထွက်ရဲသေးတယ်ပေါ့။ မင်းတို့က ငါ့မြေးကို သတ်တာ။ ငါ့မြေးကို ကျောင်းထားပေးဖို့ ဘယ်လောက် ပင်ပန်းခဲ့ရလဲ မင်းသိလား။ ငါ့မြေးက ဉာဏ်ကောင်းတယ်။ မကြာခင် စာမေးပွဲ ဝင်ဖြေတော့မှာလို့ ဆရာက ပြောထားတာ။ အခုတော့ မင်းတို့ သတ်လိုက်ကြပြီ။ ငါ မင်းကို သတ်မယ်... သတ်မယ်...”
59 03
အခြေအနေ ရှုပ်ထွေးကုန်ပြီ။ လင်းမြောင်ရဲ့အင်္ကျီတွေ စုတ်ပြဲကုန်တယ်။ ဆံပင်တွေ ဖရိုဖရဲ ဖြစ်ကုန်တယ်။ မျက်နှာမှာလည်း လက်သည်းရာတွေ ထင်ကုန်တယ်။
ကျောင်းအုပ်ကြီးဆိုတာ အမြဲတမ်း သပ်သပ်ရပ်ရပ် နေတတ်သူလေ။ အင်္ကျီဆို မီးပူတိုက်ထားသလို ပြောင်လက်နေတာ။ အခုလို ဖြစ်ပျက်နေတာ တစ်ခါမှ မမြင်ဖူးဘူး။
ကျောင်းသားတချို့ သည်းမခံနိုင်တော့ဘဲ ပြေးထွက်လာကြတယ်။
“စကားပြောရင် ပြောပါ ဘာလို့ လူရိုက်ရတာလဲ”
“ခင်ဗျားတို့အိမ်က လူသေတာ ဆရာနဲ့ ဘာဆိုင်လို့လဲ။ သတ်တဲ့လူကို သွားရှာပါလား”
ချင်းယွမ်ကျောင်းသားတွေ ထွက်လာတော့ ချင်းဟယ်ကျောင်းသားတွေ ကြောက်ပြီး နောက်ဆုတ်သွားကြတယ်။ အဖွားအိုက မြေကြီးပေါ် လဲချပြီး လူးလှိမ့်ကာ အော်တော့တယ်။ “လူသတ်နေပါပြီ... လူသတ်နေပါပြီ... ချင်းယွမ်ကျောင်းက လူတွေ လူသတ်နေပါပြီ။ လူယုတ်မာတွေ... ကယ်ကြပါဦး...”
ရွှီထင်းရှန်းတို့ ရောက်သွားတော့ ဒီမြင်ကွင်းကို တွေ့လိုက်ရတယ်။ တော်သေးတာက ဒီလမ်းက လူပြတ်လို့ မဟုတ်ရင် လူတွေ အများကြီး ဝိုင်းအုံနေလောက်ပြီ။
“ကြည့်ရတာ လူသေလို့ ဝမ်းနည်းနေတဲ့ ပုံစံနဲ့ မတူဘဲ လူမိုက်တွေ ငွေညှစ်ဖို့ လာရမ်းကားနေသလိုပဲ” မောက်ပါ့သိုက မေးစေ့ကို ပွတ်ရင်း သုံးသပ်တယ်။
ရွှီထင်းရှန်း မျက်လုံး အရောင်တောက်သွားတယ်။ လီသာ့ထျန်နဲ့ ချန်ကျန်း ကတော့ ဒီအချိန်မှာတောင် ပေါက်ကရ ပြောနေသေးတယ် ဆိုပြီး ခေါင်းခါကြတယ်။
“ကျောင်းအုပ်ကြီးနဲ့ ဆရာတွေကို အထိအခိုက် မခံနိုင်ဘူး။ သွားကူရအောင်”
“နေဦး” ရွှီထင်းရှန်းက တားလိုက်တယ်။
သူက ဘယ်ညာကြည့်ပြီး တံခါးထဲ ပြေးဝင်သွားတယ်။ ခဏနေတော့ ပန်းအိုးတစ်လုံး ကိုင်ပြီး ပြန်ထွက်လာတယ်။ လူအုပ်ထဲ တိုးဝင်သွားတော့ မောက်ပါ့သိုတို့လည်း နောက်က လိုက်သွားကြတယ်။
ရှေ့ဆုံးရောက်တော့ ပန်းအိုးကို ကြမ်းပြင်ပေါ် ခွမ်းခနဲ ပစ်ခွဲလိုက်တယ်။
“ရပ်! အားလုံး ငြိမ်စမ်း!”
ရုတ်တရက် အသံကျယ်ကြီး ကြားလိုက်ရတော့ အားလုံး ငြိမ်ကျသွားတယ်။ ဒီကောင်လေး ဘာလုပ်မလဲ ဆိုတာ ကြည့်နေကြတယ်။
“ခင်ဗျား... အိမ်မှာ လူသေထားတာလား” သူက အဖွားအိုကို လက်ညှိုးထိုး မေးလိုက်တယ်။
အဖွားအို ဘာမှ မပြောရသေးခင် ချင်းဟယ်ကျောင်းသား တစ်ယောက်က ဝင်ပြောတယ်။ “မင်း ဘယ်လို စကားပြောတာလဲ။ စာတတ်ပေတတ် ဖြစ်ပြီးတော့...”
“ငါမေးတာ အရင်ဖြေ။ ခင်ဗျားအိမ်မှာ လူသေထားတာ ဟုတ်လား မဟုတ်ဘူးလား”
အဖွားအိုက သူ့အရှိန်အဝါကြောင့် ကြောင်ပြီး ခေါင်းညိတ်ပြလိုက်တယ်။
“အိမ်မှာ လူသေထားရင် အသုဘ မလုပ်ဘဲ ဒီမှာ ဘာလာအော်နေတာလဲ”
အဖွားအိုက သူ့ရဲ့ ယုတ္တိရှိပြီး မောက်မာတဲ့ စကားကြောင့် ကြောင်အသွားတယ်။ တော်တော်ကြာမှ သတိဝင်လာပြီး “ငါ့မြေးကို မင်းတို့ ချင်းယွမ်ကျောင်းက...”
ရွှီထင်းရှန်း ဖြတ်ပြောလိုက်တယ်။ “ခင်ဗျားမြေး ဘယ်မှာ သေတာလဲ”
အဖွားအိုက အလောတကြီး ပြန်ဖြေတယ်။ “ငါတို့ မနက်ကမှ သတင်းရတာ။ ငါ့မြေး အရိုက်ခံရပြီး သေသွားတယ်တဲ့...”
“ဒါဆို ခင်ဗျားမြေးက ချင်းယွမ်ကျောင်းတော်မှာ သေတာ မဟုတ်ဘူးပေါ့” အဖွားအို ခေါင်းညိတ် လိုက်တယ်။ ရွှီထင်းရှန်း ဆက်ပြောတယ်။ “ချင်းဟယ်ကျောင်းတော်မှာ သေတာဆိုရင် ချင်းယွမ်ကျောင်းတော်ကို လာပြီး ဘာကိစ္စ လာရမ်းကားနေတာလဲ။ အဓိပ္ပာယ် မရှိလိုက်တာ”
“ကျောင်းအုပ်ကြီးပြောတာ မင်းတို့ ချင်းယွမ်က ကျောင်းသားတွေ ရိုက်သတ်တာတဲ့...”
“ချင်းဟယ်ကျောင်းအုပ်ကြီးက ပြောတိုင်း ဟုတ်ရောလား။ ဒါဆို ငါတို့ကလည်း ပြောမယ်... ချင်းဟယ်ကျောင်းတော်မှာ သေတာဆိုတော့ ချင်းဟယ်ကျောင်းသားတွေ ရိုက်သတ်တာ ဖြစ်မယ်။ ပြစ်မှု လွတ်အောင် ငါတို့ကို လာပုံချနေတာ နေမှာပေါ့။ အဖွားကြီး... ခင်ဗျား အသက် ဒီလောက်ကြီးနေပြီ ဒီသဘောတရားတောင် နားမလည်ဘူးလား။ သူခိုးက လူဟစ် ဆိုတာ ကြားဖူးတယ်မလား။ ငါတို့နဲ့ ခင်ဗျားမြေးနဲ့ ဘာရန်ငြိုးမှ မရှိဘဲ ဘာလို့ သတ်ရမှာလဲ”
“အဲဒါ...”
“ဒါနဲ့... ခင်ဗျားမြေး နာမည်က စွန်းဟယ် ဆိုတာ ဟုတ်ရဲ့လား”
******
60 01
အခန်း (၆၀)
ကျောင်းသားလေးရဲ့ မေးခွန်းကို ကြားတော့ အဖွားအိုက အလိုအလျောက် ပြန်ဖြေလိုက်တယ်။ “ငါ့မြေး နာမည်က စွန်းဟဲ့ ပါဆို။ ဒီနာမည်ကို ရွာထဲက ပညာအရှိဆုံး လူကြီးက ပေးထားတာ။ မင်းကလည်း ထူးထူးဆန်းဆန်းတွေ လာမေးနေတယ်”
ရွှီထင်းရှန်း မျက်လုံး အရောင်တောက်သွားတယ်။ အဖွားအိုရဲ့ မျက်နှာကို သေချာ အကဲခတ်ကြည့်တယ်။
လိမ်နေပုံ မရပါဘူး။ ဒါဆို ဒီကိစ္စမှာ တစ်ခုခု လွဲနေတာ ရှိမလား။
သူ စဉ်းစားနေတုန်း ချင်းဟယ်ကျောင်းတော်က လူတွေ လှုပ်ရှားလာကြတယ်။ ကြိုတင် တိုင်ပင်ထားသလိုပဲ ဝိုင်းအုံလာကြတယ်။
“မင်းတို့ ချင်းယွမ်က လူတွေ ဘာကြံစည်နေတာလဲ။ အဖွား... သူနဲ့ စကားမပြောပါနဲ့။ ချင်းယွမ်က လူတွေက ကောက်ကျစ်တယ်။ စွန်းဟဲ့ သေသွားတာ သူတို့လက်ချက်ကြောင့်ပဲ”
“မင်းတို့က အဖြူကို အမည်း ဖြစ်အောင် ပြောနေတာပဲ။ လူများတိုင်း အနိုင်ကျင့်လို့ ရမယ် ထင်နေလား”
“လာ... အဖွား... ပြန်ကြရအောင်။ ကျောင်းအုပ်ကြီးကို ပြန်တိုင်ပင်ကြတာပေါ့။ ဒီမှာနေရင် အနိုင်ကျင့်ခံနေရဦးမယ်”
ချင်းဟယ်ကျောင်းသားတွေက အဖွားအိုကို ဝိုင်းဆွဲပြီး လေပွေလို ခေါ်ထုတ်သွားကြတယ်။
လူစုကွဲသွားတော့မှ အားလုံး သက်ပြင်းချနိုင်ကြတယ်။
“ကျောင်းအုပ်ကြီး... အဆင်ပြေရဲ့လား” ဆရာမုန့် က မေးတယ်။
လင်းမြောင် ပါးပြင်ပေါ်က သွေးစတွေကို သုတ်လိုက်ပြီး ခေါင်းခါပြတယ်။ “ဘာမှ မဖြစ်ပါဘူး”
ဆရာမို လည်း သက်ပြင်းချတယ်။ “တော်သေးတာပေါ့”
ဆရာသုံးယောက်စလုံး ပုံပျက်ပန်းပျက် ဖြစ်နေကြတယ်။ စာတတ်ပေတတ် ပုဂ္ဂိုလ်တွေရဲ့ ဂုဏ်သိက္ခာတွေ ဘယ်ရောက်ကုန်ပြီလဲ မသိဘူး။ ရင်ထဲမှာတော့ ဝမ်းနည်းနေကြတယ်။
“ကျောင်းသားတွေရော... အဆင်ပြေကြရဲ့လား” လင်းမြောင်က မေးတယ်။
“ပြေပါတယ် ဆရာကြီး”
“ဒါဆို အထဲဝင်ကြစို့”
အားလုံး အထဲဝင်ကြတယ်။ ရွှီထင်းရှန်းတို့ အလှည့်ရောက်တော့ လင်းမြောင်က လှမ်းခေါ်တယ်။ “ရွှီထင်းရှန်း... ငါနဲ့ လိုက်ခဲ့”
မောက်ပါ့သိုတို့က စိုးရိမ်တကြီး ကြည့်နေကြပေမဲ့ ဘာမှ မတတ်နိုင်ဘူး။ ရွှီထင်းရှန်းကတော့ လင်းမြောင် နောက် လိုက်သွားတယ်။
ဆရာနားနေဆောင် ရောက်တော့ လင်းမြောင်က အခန်းထဲ ဝင်ပြီး အဝတ်အစား လဲတယ်။
ပြန်ထွက်လာတော့ ပုံမှန်အတိုင်း သပ်သပ်ရပ်ရပ် ဖြစ်သွားပြီ။ ပါးပေါ်က လက်သည်းရာတွေလည်း သက်သာသွားတယ်။ စားပွဲမှာ ထိုင်ပြီး ရွှီထင်းရှန်းကို ကြည့်တယ်။ “စောစောက ဝိုင်းဖြေရှင်းပေးတာ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ သူတို့က လူသေထားလို့ ဝမ်းနည်းနေတဲ့သူတွေလေ။ သူတို့ရဲ့ ဝမ်းနည်းမှုကို အခွင့်ကောင်းယူပြီး ကိုယ်လိုချင်တာ ရအောင် မလုပ်သင့်ဘူး။ မင်းစေတနာ မှန်တယ် ဆိုပေမဲ့ပေါ့”
လင်းမြောင် သက်ပြင်းချလိုက်တယ်။ “မင်းက ဉာဏ်ကောင်းတယ်။ သတ္တိရှိတယ်။ ဒါပေမဲ့ စကားလုံးလှည့်ကွက်တွေ သုံးပြီး အနိုင်ယူတာကို ဝါသနာပါလွန်းတယ်။ လူတွေက မင်းကို အထင်သေးသွားနိုင်တယ်။ လူကြီးလူကောင်း ဆိုတာ ရိုးသားရမယ်။ ကောင်းကင်ကို မလှည့်စားရဘူး လူကို မလှည့်စားရဘူး ကိုယ့်စိတ်ကို မလှည့်စားရဘူး။ ဒါမှ လူကြီးလူကောင်း စစ်စစ်ပဲ။
ဟိုတစ်နေ့က မင်းရဲ့အစ်ကို မော့ကျစ် ခေါ်လာတုန်းက ငါ မင်းကို တပည့်အဖြစ် လက်ခံချင်ခဲ့တယ်။ ဒါပေမဲ့ လောလောဆယ် မခံသေးဘူး။ မင်းက စာကြိုးစားတယ် ဉာဏ်ကောင်းတယ်။ နောင်တစ်ချိန် ကြီးပွားမယ့်သူပဲ။ ဒါပေမဲ့ လူကြီးလူကောင်းဆိုတာ လုပ်သင့်တာ လုပ် မလုပ်သင့်တာ ရှောင်ရမယ်။ ဉာဏ်နီဉာဏ်နက်တွေ သုံးပြီး ဖြတ်လမ်းလိုက်တာများရင် နောင်ကျရင် ကိုယ့်လမ်းကိုယ် ပိတ်သလို ဖြစ်သွားလိမ့်မယ်”
ဒီလူကြီးက လူမှုဆက်ဆံရေး ညံ့လိုက်တာ။ သူများက စေတနာနဲ့ ကူညီပေးတာတောင် ကျေးဇူးတင်ရမယ့်အစား ဆရာလုပ်ပြီး ဆုံးမနေသေးတယ်။
60 02
ဒါပေမဲ့ သူ့စကားတွေက စေတနာပါတယ်ဆိုတာ သိသာနေတော့ ရွှီထင်းရှန်း စိတ်မဆိုးနိုင်ဘူး။ သူ ဟိုတလောက မောက်ပါ့သို စာအုပ်ကိစ္စကို ရည်ညွှန်းနေမှန်း သိလိုက်တယ်။
အိပ်မက်မက်ပြီးကတည်းက သူ့စရိုက် ပြောင်းသွားတာကို ထောက်ပြတဲ့သူ နှစ်ယောက် ရှိပြီ။
တစ်ယောက်က ကျောက်အာ နောက်တစ်ယောက်က အခု ကျောင်းအုပ်ကြီး။
ပုံမှန်ဆို သူ ဂရုစိုက်မှာ မဟုတ်ဘူး။ ကျောက်အာ မို့လို့သာ သူ သည်းခံတာ။ အခု ဒီလူကြီးကပါ လာပြောနေတော့ သူ နည်းနည်း ပြန်ပက်ချင်စိတ် ပေါက်လာတယ်။
“ဆရာကြီး အမြင်မှာ လူကြီးလူကောင်း ဆိုတာ ဘယ်လိုမျိုးလဲ” သူ မေးလိုက်တယ်။
လင်းမြောင် ကြောင်သွားတယ်။ “လူကြီးလူကောင်း ဆိုတာ ကိုယ်ကျင့်တရားကို ဦးစားပေးရမယ်။ ကိုယ်ကျင့်တရား ကောင်းမွန်ဖို့ အစွမ်းကုန် ကြိုးစားရမယ်”
ဒါတွေက တာ့ရွှယ်ကျမ်းထဲက စာတွေချည်းပဲ။
“လူကြီးလူကောင်းက ရိုးသားတယ်။ လူယုတ်မာက စိုးရိမ်ပူပန်မှု များတယ်လို့ ဆိုကြတယ်။ ဒါပေမဲ့ လက်တွေ့လောကမှာ ပြောင်းပြန် ဖြစ်နေတယ်။ လူယုတ်မာတွေက ထင်ရာစိုင်းပြီး ပျော်ပါးနေကြတယ်။ လူကြီးလူကောင်းတွေကျတော့ အနိုင်ကျင့်ခံရပြီး စိတ်ဆင်းရဲ နေရတယ်။ ဒီနေ့ ဆရာကြီးတို့ ကြုံရသလိုပေါ့”
“အမှန်တရားက အမှန်တရားပါပဲ။ လူကြီးလူကောင်းက ခဏတာ ဒုက္ခရောက်ပေမဲ့ တစ်နေ့ကျရင် အမှန်တရား ပေါ်လာမှာပါ”
“အမှန်တရား ပေါ်လာတဲ့အချိန်ကျရင် လူက သေသွားပြီလေ။ ဘာထူးတော့မှာလဲ”
လင်းမြောင် သူ့ကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်တယ်။ စိတ်မဆိုးတဲ့အပြင် ဆက်ရှင်းပြတယ်။ “ရွှန်ဇီကျမ်းမှာ ပါတယ်... လူကြီးလူကောင်းက စိတ်ဓာတ်မြင့်မားရင် ကောင်းကင်တရားကို လိုက်နာတယ်။ စိတ်ဓာတ်နိမ့်ကျရင် တရားသဘောနဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်တယ်။ ဗဟုသုတ ရှိရင် အကြောင်းအကျိုး ဆက်စပ်ပြီး နားလည်တယ်။ မရှိရင်လည်း ဥပဒေကို လေးစားလိုက်နာတယ်။ သူများကို လေးစားတယ်။ ရိုသေတယ်။ ပျော်ရင် တရားနဲ့အညီ ပျော်တယ်။ ဝမ်းနည်းရင် တည်ငြိမ်တယ်။ အောင်မြင်ရင် ယဉ်ကျေးတယ် ရှုံးနိမ့်ရင် ချွေတာတယ်။
လူယုတ်မာကျတော့ ပြောင်းပြန်ပဲ။ စိတ်ဓာတ်မြင့်မားရင် မောက်မာကြမ်းတမ်းတယ်။ နိမ့်ကျရင် ယုတ်မာကောက်ကျစ်တယ်။ ဗဟုသုတ ရှိရင် ခိုးဝှက်ဖို့ ကြံတယ်။ မရှိရင် သူများကို ဒုက္ခပေးတယ်။ သူများကို အထင်သေးတယ် ရန်ငြိုးထားတယ်။ ပျော်ရင် ဘဝင်မြင့်တယ်။ ဝမ်းနည်းရင် ကြောက်ရွံ့တယ်။ အောင်မြင်ရင် မောက်မာတယ် ရှုံးနိမ့်ရင် လက်လျော့တယ်။ ရှေးစကား ရှိတယ်... လူကြီးလူကောင်းက တိုးတက်တယ် လူယုတ်မာက ဆုတ်ယုတ်တယ် တဲ့။ ဒါကို ပြောတာပဲ”
လင်းမြောင်က သူ့ကို မနှိမ်ပါဘူး။ ဆုံးမချင်တဲ့ စေတနာနဲ့ ပြောပြတာပါ။
ရွှီထင်းရှန်း ပြုံးလိုက်တယ်။ “ပစ်မှတ် ရှိနေရင် မြှားက လာမှာပဲ။ သစ်ပင်အုပ် ကောင်းနေရင် ပုဆိန်က ရောက်လာမှာပဲ”
ရွှီထင်းရှန်းကလည်း ရွှန်ဇီကျမ်းထဲက စာကိုပဲ ပြန်ကိုးကားလိုက်တာ။ ဒါပေမဲ့ အဓိပ္ပာယ်ကို လိုရာဆွဲလိုက်တယ်။
သူ့ဆိုလိုရင်းက လူကြီးလူကောင်း ဘယ်လောက်ပဲ ကောင်းကောင်း ကျင့်ကြံကျင့်ကြံ အလကားပဲ။ လူယုတ်မာက ရောက်လာပြီး ဒုက္ခပေးမှာပဲ။ လူကြီးလူကောင်းက ခံရမှာပဲ။
ဒီလို ကလိမ်ကကျစ် ပြန်ပြောလိုက်တာကို ကြားတော့ လင်းမြောင် ပါးစပ်အဟောင်းသား ဖြစ်သွားတယ်။
တော်တော်ကြာမှ သက်ပြင်းချပြီး ပြောတယ်။ “မင်းက အပြင်ပန်း ရိုသေပေမဲ့ အတွင်းစိတ်က ပုန်ကန်ချင်နေတာပဲ။ လူကြီးလူကောင်းက ကောင်းကင် လူကြီး သူတော်စင် စကားတွေကို ကြောက်ရွံ့ရိုသေတယ်။ လူယုတ်မာကတော့ မကြောက်ဘူး။ စော်ကားတယ်။ တစ်နေ့ကျရင် ကိုယ့်မီး ကိုယ်ရှို့သလို ဖြစ်သွားလိမ့်မယ်။ ထားလိုက်ပါတော့... မင်းက ငယ်ပါသေးတယ်။ နောက်ဆို ဆရာ သေချာ သင်ပေးပါ့မယ်”
ရွှီထင်းရှန်း စိတ်ထဲမှာ ဒါကြောင့် ကျွန်တော်က လူကြီးလူကောင်း မဟုတ်ဘဲ လူယုတ်မာ ဖြစ်နေတာပေါ့လို့ ပြောမလို့ လုပ်တုန်း ဆရာကြီးက သင်ပေးမယ် ပြောလာလို့ အံ့ဩသွားတယ်။
သူ့စိတ်ရင်းကို ဒီလောက် ဗြောင်ဖွင့်ပြောလိုက်တာတောင် မမုန်းဘဲ သဘောကျသွားတာလား။
“ဒီကိစ္စ ပြီးသွားရင် ဆရာ မင်းကို သေချာ သင်ပေးမယ်” လင်းမြောင်က ပြုံးပြီး ပြောတယ်။
60 03
ငြင်းလို့ ရမလား။
ရွှီထင်းရှန်းလို လူပါးတောင် ခေါင်းမူးသွားပြီ။
နှုတ်ခမ်းစေ့ပြီး ပြန်ပြောလိုက်တယ်။ “ဆရာကြီး အခုချိန်မှာ စိတ်ပူရမှာက ကိုယ့်ကိုယ်ကိုယ် ဘယ်လို ကာကွယ်ရမလဲ ဆိုတာပါ”
ဒီတစ်ခါတော့ လင်းမြောင် မျက်နှာ မည်းသွားပြီ။
ရွှီထင်းရှန်း ကြာကြာ မနေဘဲ ပြန်ထွက်လာတယ်။
အဆောင်ပြန်လမ်းမှာ အိပ်မက်အကြောင်း စဉ်းစားနေမိတယ်။
စောစောက အဖွားအိုကို မေးခွန်းထုတ်ခဲ့တာက အိပ်မက်ထဲက အဖြစ်အပျက် တစ်ခုကြောင့်ပါ။ အိပ်မက်ထဲတုန်းက ချင်းဟယ်ကျောင်းတော်မှာ ကျောင်းသားတစ်ယောက် သေဆုံးခဲ့ဖူးတယ်။ အဲဒီတုန်းက ကျောင်းအုပ်ကြီးနဲ့ ဆရာတွေက ဖုံးဖိထားလိုက်လို့ ကျောင်းသားတွေ ကြောက်လန့်တကြား ဖြစ်ခဲ့ရတယ်။
သေဆုံးသူ နာမည်က စွန်းဟဲ့။ စွန်းဟယ် မဟုတ်ဘူး။
ရွှီထင်းရှန်း မှတ်ဉာဏ်ထဲမှာ စွန်းဟယ် ဆိုတဲ့လူ မရှိဘူး။ အိပ်မက်ထဲမှာ ဒီပြဿနာ ဖြစ်ခဲ့သလား မဖြစ်ခဲ့သလား သူ မသိဘူး။ အဲဒီတုန်းက သူက အပယ်ခံ ဘဝမို့ ဘာမှ မသိခဲ့ရဘူး။
ဒါပေမဲ့ ဒီအချက်လေးတွေ ဆက်စပ်ကြည့်လိုက်တော့ မရိုးသားဘူးဆိုတာ ခံစားမိနေတယ်။
အဆောင်ပြန်ရောက်တော့ မောက်ပါ့သိုတို့က ဝိုင်းမေးကြတယ်။ ကျောင်းအုပ်ကြီး ချီးကျူးလားပေါ့။
ရွှီထင်းရှန်း နှာခေါင်းပွတ်လိုက်တယ်။ ချီးကျူးတာ မဟုတ်ဘဲ လူယုတ်မာလို့ အဆဲခံရတာတော့ မပြောတော့ပါဘူး။ သူ တွေ့ရှိထားတာတွေ ပြောပြပြီး အကူအညီ တောင်းလိုက်တယ်။
အိပ်မက်အကြောင်းတော့ ထည့်မပြောဘူး။ သူက အဖွားအိုကို စကားနှိုက်ကြည့်တုန်းက သူ့မြေးနာမည်က စွန်းဟယ် မဟုတ်ဘဲ စွန်းဟဲ့ ဖြစ်ကြောင်း သိလိုက်ရတယ်လို့ လိမ်ပြောလိုက်တယ်။
အသံထွက်တူပေမဲ့ စာလုံးကွဲတယ်။
သူငယ်ချင်း သုံးယောက်စလုံး သံသယ ဝင်သွားကြတယ်။ အထူးသဖြင့် မောက်ပါ့သိုပေါ့။ ကြက်သွေးထိုးခံရသလို တက်ကြွလာတယ်။
“ငါ ထင်သားပဲ... တစ်ခုခု ရှိနေပြီ”
ချန်ကျန်းက မေးတယ်။ “ဒါဆို ဘယ်လို လုပ်ကြမလဲ”
“အဖွားအို ပြောတုန်းက သူ့မြေးနာမည်ကို ရွာထဲက ပညာအရှိဆုံးလူ ပေးထားတာတဲ့။ ငါတို့ အဲဒီရွာကို အရင်ရှာရမယ်။ ပြီးရင် နာမည်ပေးတဲ့လူကို ရှာရမယ်။ ကျန်တာ နောက်မှ ဆက်လုပ်”
“ကောင်းပြီ။ ဒါပေမဲ့ ဘယ်ရွာလဲဆိုတာ ဘယ်လို ရှာမလဲ။ ဒီနားတစ်ဝိုက်မှာ ရွာတွေ အများကြီးပဲ”
“ခက်လည်း ရှာရမှာပဲ”
“ကျောင်းအုပ်ကြီးကို ပြောပြရင် မကောင်းဘူးလား” လီသာ့ထျန်က အကြံပေးတယ်။
မောက်ပါ့သိုက ချက်ချင်း ငြင်းတယ်။ “ဘာလို့ ပြောရမှာလဲ။ ဒါ ငါတို့ စွမ်းဆောင်ပြရမယ့် အချိန်ပဲ။ ဒီကိစ္စ အောင်မြင်ရင် ငါတို့က ကျောင်းကို ကယ်တင်တဲ့ သူရဲကောင်းတွေ ဖြစ်လာမှာ။ ကျောင်းအုပ်ကြီး သဘောကျပြီး ငါတို့ကို တပည့်အဖြစ် လက်ခံရင် ဘယ်လောက်ကောင်းမလဲ။ ယွီဇီယိုတို့တောင် ကျောင်းအုပ်ကြီး တပည့် ဖြစ်ချင်လို့ လုနေကြတာ”
ယွီဇီယိုတို့အကြောင်း ပြောမိတော့ အခု အချုပ်ထဲ ရောက်နေတဲ့ ကျောင်းသားတွေကို သတိရသွားကြတယ်။
ဒီပြဿနာကို စခဲ့တာ ယွီဇီယိုပါ။ ချင်းယွမ်ကျောင်းတော်က ပထမအတန်းကျောင်းသား ၂၀ လောက်ထဲမှာ တစ်ဝက်လောက် ပါသွားပြီ။ ယွီဇီယိုနဲ့ ဝမ်ချီ တို့ ပါတယ်။ ဟူလျန်ရှန်ကတော့ ဗိုက်နာလို့ မပါလိုက်ရဘူး။
လေးယောက်သား ကျောင်းပြင်ထွက်ဖို့ တိုင်ပင်ကြတယ်။
ဒီရက်ပိုင်း ကျောင်းသားတွေ ကြောက်လန့်ပြီး အိမ်ပြန်ကုန်ကြပြီ။ ကျန်ခဲ့တဲ့သူတွေက ပြန်သွားတဲ့သူတွေကို သရဲဘောကြောင်တယ်လို့ ပြောကြတယ်။ ရွှီထင်းရှန်းတို့ လေးယောက်လည်း ပြန်မယ်ဆိုတော့ အပြောခံရမှာ သေချာတယ်။
လင်းမြောင် ဒီသတင်း ကြားတော့ ဝမ်းနည်းစွာ ပြုံးလိုက်တယ်။
60 04
ရွှီထင်းရှန်း လုပ်ရပ်က သူ ပြောခဲ့တဲ့အတိုင်းပဲ။ လူယုတ်မာဆိုတာ အန္တရာယ်ရှိရင် ရှောင်ပြေး တတ်ကြတယ်လေ။ ထားလိုက်ပါတော့... ဆရာတပည့် ရေစက် မပါဘူးလို့ပဲ မှတ်ယူလိုက်တော့မယ်။
လေးယောက်သား ကျောင်းပြင်ရောက်တော့ ဘယ်သွားရမှန်း မသိဘူး။
လမ်းပေါ်မှာ ယောင်လည်လည် ဖြစ်နေတုန်း လှည်းတစ်စီး သူတို့ရှေ့ ထိုးရပ်လိုက်တယ်။
“ထင်းအာ... နင်တို့ ဘာလုပ်နေကြတာလဲ။ ဒီနေ့ ကျောင်းပိတ်လို့လား”
ကျောက်အာ…
ကောရှန်က လှည်းမောင်းနေပြီး သူမက ယောကျ်ားလေးဝတ်စုံ ဝတ်လျက် ဘေးမှာ ထိုင်နေတယ်။ လှည်းရပ်တာနဲ့ ခုန်ဆင်းလာပြီး သူတို့ရှေ့ ပိတ်ရပ်လိုက်တယ်။
ပါးစပ်က မေးနေပေမဲ့ မျက်လုံးတွေကတော့ သံသယ ဖြစ်နေတယ်။ ကျောင်းပြေးလာတယ်လို့ ထင်နေပုံပဲ။
“အာ... အစ်မ...” မောက်ပါ့သိုက ခေါင်းကုတ်ပြီး ခေါ်လိုက်တယ်။ ရွှီထင်းရှန်း ရှေ့မှာ ပေါက်ကရ ပြောရဲပေမဲ့ ကျောက်အာ ရှေ့ကျတော့ မပြောရဲဘူး။ အစ်မ လို့ပဲ ခေါ်လိုက်တယ်။
ကျန်တဲ့နှစ်ယောက်လည်း လိုက်ခေါ်ကြတယ်။ လီသာ့ထျန်ဆိုရင် သူ့ထက်ငယ်တာတောင် အစ်မ ခေါ်လိုက်တယ်။
ကျောက်အာ သဘောကျသွားပြီး ပြုံးလိုက်တယ်။ ရွှီထင်းရှန်း မျက်နှာ မည်းသွားတယ်။
သူက စိတ်မကြည်ပေမဲ့ ကျောက်အာကို ရှင်းပြလိုက်တယ်။ “မဟုတ်ပါဘူး။ ငါတို့ မပြေးပါဘူး။ ကိစ္စရှိလို့ပါ”
“ဘာကိစ္စလဲ။ လှည်းပေါ်တက် ပြော။ ဘယ်သွားချင်လဲ လိုက်ပို့မယ်”
စကားက ရိုးရိုးလေးပေမဲ့ စောင့်ကြည့်နေမယ်ဆိုတဲ့သဘော သက်ရောက်နေတယ်။ ကျောက်အာက ဒီလိုပါပဲ။ တည့်တည့်မပြောဘဲ ဝိုက်ပြီး ပြောတတ်တယ်။
ရွှီထင်းရှန်း မလိမ်ချင်တော့ဘူး။ ကျောင်းက ကိစ္စတွေ သူ တွေ့ရှိထားတာတွေ အကုန် ပြောပြလိုက်တယ်။
“နင်တို့ကလည်း... ဒီလိုကိစ္စမျိုးက လူများမှ ပြီးမှာပေါ့။ ဖုံးကွယ်ထားစရာ လိုလို့လား” ကျောက်အာ ရယ်လိုက်တယ်။ ကလေးဆန်လိုက်တာလို့ ပြောချင်ပေမဲ့ မပြောတော့ဘူး။
“သတင်းမပေါက်ကြားစေချင်လို့ပါ။ ကျောင်းထဲမှာ သစ္စာဖောက် ရှိနေတယ်လို့ ငါ ထင်တယ်” ရွှီထင်းရှန်းက ပြောလိုက်တယ်။
စာရေးသူ၏ အမှာစာ
ကုန်းအာ : ဒါကြောင့် ကျွန်တော်က လူကြီးလူကောင်း မဟုတ်ဘဲ လူယုတ်မာ ဖြစ်နေတာပေါ့။
လင်းမြောင် (မုတ်ဆိတ်သပ်ရင်း) : တပည့်က ဆိုးသွမ်းနေတာ ဆရာ့အပြစ်ပါ။
******