← Chapters

အခန်း (၆၁-၆၂)

Vol. 7 Ch. 61-62

အခန်း (၆၁-၆၂)

Vol. 7 Ch. 61-62

61.1 01

အခန်း 61.1

“ကျောင်းတွင်းသူလျှို”

ရွှီထင်းရှန်းက ခေါင်းညိတ်ပြတယ်။

“ဒီကိစ္စတစ်ခုလုံးက လုံးဝမူမမှန်နေလို့ ယုတ္တိရှိရှိ တွေးကြည့်မယ်ဆို ချင်းယွမ်မှာ သူလျှိုရှိနေတာပဲ ဖြစ်လိမ့်မယ်”

“ဒါဆို အခုဘာလုပ်ကြမှာလဲ။ အနီးအနားက ရွာတိုင်းကို လူခွဲရှာကြမလို့လား”

ရွှီထင်းရှန်းရဲ့တုံ့ဆိုင်းသွားတဲ့ အမူအရာကိုမြင်တော့ ကျောက်အာက နောက်အကြံတစ်ခု ထပ်ပေးကြည့်တယ်။

“ငါ့အမြင်တော့ ပင်လယ်တစ်ပြင်လုံး ပိုက်ကွန်ချထားတာထက် တစ်နေရာထဲမှာပဲ စမျှားတာ ပိုထိရောက်မယ် ထင်တယ်။ အဲဒီကျောင်းသားရဲ့မိသားစုကလည်း အခုဆို ကျောင်းထဲမှာပဲရှိနေလောက်ဦးမှာဆိုတော့ သတင်းရဖို့ဆို ငါတို့ ချင်းဟယ်ကျောင်းထဲ အရင်ဝင်မှဖြစ်မယ်”

“ဘယ်လိုဝင်မှာလဲ?”

“ရွှီကျွင်းခိုင် ရှိသေးတာ မမေ့နဲ့လေ”

အမှန်ပဲ ရွှီကျွင်းခိုင်က ဒီတစ်ချိန်လုံး ချင်းဟယ်ကျောင်းတော်မှာ တက်နေခဲ့တာ။

“သူက ကူညီမှာတဲ့လား?”

ရွှီထင်းရှန်းက နဂိုကတည်းက သူများကို အကူအညီတောင်းရမှာ မကြိုက်တာ သူ့ပြိုင်ဘက်ဆို ပိုဆိုးတာပေါ့။ အခုအများအမြင်မှာ သူက ရွှီကျွင်းခိုင်ထက် သာနေပြီဆိုရင်တောင် အချိန်အတော်များများမှာတော့ သူနဲ့မတွေ့ရအောင် ရှောင်နေတုန်းပဲ။

ကျောက်အာက သူ့ကိုတစ်ချက်ကြည့်လိုက်ပြီးမှ သက်ပြင်းချတယ်။

“ဟင်း တကယ်တော့ ရွှီကျွင်းခိုင်က အမြင်ကပ်စရာကောင်းပေမဲ့ ဆိုးဝါးတဲ့အထဲတော့ မပါပါဘူး။ လူကြီးတွေလုပ်ခဲ့တာကို သူ့အပေါ် သွားပုံချလို့မရဘူးလေ”

ရွှီထင်းရှန်းရဲ့နှုတ်ခမ်းနှစ်လွှာက တင်းတင်းစေ့ပိတ်ထားဆဲပဲ။ သူ့အမြင်မှာတော့ ဘယ်သူပဲ မတရားလုပ်လုပ် ရွှီကျွင်းခိုင်က အကြီးဆုံးမိသားစုက ဖြစ်နေသရွေ့ မျက်မုန်းကျိုးခံနေရမှာပဲ။

“မေ့သွားပြီလား ငယ်ငယ်တုန်းက နင့်ကို ဘယ်သူ ပစ္စည်းတွေ မျှပေးခဲ့သလဲဆိုတာ.. ဒါပေမဲ့ အဘွားနဲ့အဒေါ်၁တို့က ကြားထဲက ဝင်တားခဲ့တာလေ။ ပြီးတော့ နင်ကလည်း မလိုချင်တော့တာနဲ့ နှစ်ယောက်သားက တဖြည်းဖြည်း စိမ်းသွားကြတာမလား”

ကျောက်အာရဲ့စကားတွေက လိမ်ညာတာ တစ်ခုမှမပါဘူး။ တကယ်လည်း ငယ်ငယ်တုန်းက သူတို့နှစ်ယောက်ကြား ညီအစ်ကိုဆက်ဆံရေးက အတော်လေး‌ ရင်းနှီးခင်မင်တယ်လို့ ပြောလို့ရတယ်။ ဒုတိယမိသားစုခွဲက လင်မယား ဆုံးပါးသွားတော့မှသာ ရွှီထင်းရှန်းက အိမ်ကလူတွေအားလုံးကို ရှောင်ဖယ်လာခဲ့တာ။

လူကြီးတွေရဲ့ ခွဲခြားဆက်ဆံမှုအောက်မှာ ရွှီကျွင်းခိုင် ဆော့ဖို့လာခေါ်ရင်တောင် ရွှီထင်းရှန်းက အေးတိအေးစက် ဆက်ဆံတတ်တော့ အချိန်ကြာလာတဲ့အခါ ညီအစ်ကိုနှစ်ယောက်က သူစိမ်းတရံတွေလို ဖြစ်သွားတော့တယ်။

အတိတ်ကအကြောင်း ပြန်ပြောရမယ်ဆိုရင် စာအုပ်တွေက ဈေးကြီးပြီး ရွှီမိသားစုကလည်း နောက်ခံမတောင့်တာကြောင့် ကလေးတိုင်းကို စာအုပ်အသစ် တစ်ဆက်စာ မဝယ်ပေးနိုင်ဘူး။ ရွှီကျွင်းခိုင်တောင် သူ့အဖေသုံးခဲ့တာတွေ ပြန်သုံးရတာ ရွှီထင်းရှန်းဆို ပိုဆိုးပေါ့။

ကျောင်းတက်တဲ့အရွယ်ရောက်တော့ ရွှီကျွင်းခိုင်ကပဲ သူ့စာအုပ်ကို ရွှီထင်းရှန်းနဲ့ အတူမျှကြည့်ပေးခဲ့တာမို့ နှစ်ယောက်သားက ပထမဆုံးအခြေခံ အက္ခရာတွေကို အတူတူသင်ကြားခဲ့ကြတာ။

ငယ်ဘဝတုန်းက ဆက်ဆံရေးကောင်းခဲ့ကြပေမဲ့ ရွှီထင်းရှန်းကတော့ လက်ရှိအခြေအနေကိုသာ ကြည့်နေတုန်းပဲ။ ကျောက်အာက ဘယ်လိုလုပ် သူတွေးနေတာကိုမသိဘဲ နေမှာလဲ။

61.1 02

“ကဲပါ ငါ သူ့ကို သွားပြောကြည့်လိုက်ပါမယ်။ သူ ကူညီနိုင်ရင်တော့ ကောင်းတာပေါ့။ မကူညီနိုင်လည်း ကိုယ့်ဘာသာ နောက်တစ်နည်း ထပ်ရှာကြတာပေါ့လေ”

တစ်ချိန်တည်းမှာပဲ ချင်းယွမ်ကျောင်းက လူတွေ စိတ်ညစ်နေသလို ချင်းဟယ်ကျောင်းတော်ကြီးကလည်း သူတို့နဲ့ မထူးမခြားနားပါပဲ။ ကျောင်းသားတစ်ယောက်က ကျိုးကြောင်းရှင်းပြမရစွာ သေဆုံးသွားခဲ့တယ်ဆိုတာက သူနဲ့အခန်းတူ အဖော်တွေကို အတော်လေး ကြောက်ရွံ့ထိတ်လန့်စေတယ်။

ချင်းဟယ်က ချင်းယွမ်လို ကျောင်းသေးလေးမဟုတ်တာကြောင့် ကျောင်းသားဦးရေများသလို အဆောင်မှာလည်း တစ်ခန်းကို ၇ယောက် ၈ယောက်လောက် မျှနေရတယ်။ ဖြစ်ချင်တော့ ဆုံးသွားတဲ့ စွန်းဟယ်က ရွှီကျွင်းခိုင်နဲ့ အခန်းဖော်ဖြစ်ပြီး သူ့ဘေးကပ်ရပ် ကုတင်မှာပဲ အိပ်တဲ့လူ။

ထိုနေ့မှာ စွန်းဟယ်က နေ့လယ်ပိုင်းအတန်းကို မတက်တာကြောင့် ရွှီကျွင်းခိုင်က အကျိုးအကြောင်း သွားမေးခဲ့ပေမဲ့ တစ်ဖက်လူက ဘာမှပြန်မဖြေချင်ခဲ့ဘူး။ နောက်တော့ စွန်းဟယ်တစ်ယောက် သူ့ဝမ်းဗိုက်ကို ခဏတိုင်းဆိုသလို ဖိကိုင်နေတာ တွေ့လို့ ဗိုက်မကောင်းဘူးလို့တောင် ထင်လိုက်သေးတယ်။

ညဘက် အားလုံးမီးမှိတ်သွားတဲ့အချိန်အထိ ဘေးချင်းကပ်လျက် ကုတင်က တိုးဖျော့ဖျော့ ညည်းသံတွေ ထွက်နေတုန်းမို့ ဟိုဘက်ထောင့်က ရှုဟိုင်တောင် အိပ်မရတော့ဘဲ သူ့ကို ပါးစပ်ပိတ်ထားဖို့ အော်လိုက်သေးတယ်။

အဲဒီတုန်းက သူလည်း အိပ်မပျော်သေးသလို တစ်ဖက်လူကလည်း နာကျင်နေဟန်ရပေမဲ့ နှစ်ဦးသားလုံး တိတ်သွားခဲ့တယ်။ မြို့ပေါ်ကကျောင်းတွေမှာ စီနီယာတွေက ကျောင်းသားသစ်တွေကို အနိုင်ကျင့်တယ်ဆိုတာ ဖြစ်နေကျပဲ။

တောသားလေး ရွှီကျွင်းခိုင်ကတော့ ချင်းဟယ်စရောက်တော့မှ ပြင်ပလောက,က ဒီလိုပါလားဆိုတာ သိသွားတာ။ ဒီထဲမှာ သူကြွယ်အိမ်တော်က သခင်လေးတွေလည်းပါတော့ ကျောင်းသားအချင်းချင်းထဲမှာတောင် အထက်တန်းစား အလယ်တန်းစားနဲ့ အောက်ခြေတန်းစားဆိုပြီး ခွဲထားသေးတယ်။

ပိုက်ဆံလည်းရှိ ပညာလည်းတော်တဲ့သူတွေကတော့ ထိပ်တန်းပေါ့။ ပိုက်ဆံရှိပေမဲ့ စာမတော်တဲ့လူတွေက အလယ်လတ်တန်းစားလို့‌ ပြောလို့ရပြီး ဗဟုသုတလည်း နည်းပါး နောက်ခံလည်းမရှိတဲ့ သူ့လို ကျေးလက်က ကျောင်းသားသစ်တွေကတော့ မေးနေစရာတောင်မလို အောက်ဆုံးအဆင့်ထဲ တန်းဝင်သွားတော့တယ်။

စွန်းဟယ်ကလည်း သူနဲ့အဆင့်အတူတူပဲ။ စွန်းဟယ်ကျတော့ ကျောင်းသားဟောင်းဆိုပေမဲ့ သူ့မိသားစုက ဆင်းရဲတာကြောင့် ဖယ်ကျဥ်ခံထားရတာ။ နောက်ပြီး လူချမ်းသာကလေးတစ်စုက ဒီအချက်ကို နင်းပြီး မကြာခဏဆိုသလို စွန်းဟယ်ကို ခိုင်းစားတတ်ကြတယ်။

အစကတော့ သူ့မိသားစုအိမ်မှာ ဗိုလ်ဖြစ်ခဲ့တဲ့ ရွှီကျွင်းခိုင်က အတော်လေး မခံမရပ်နိုင်ဖြစ်ခဲ့ပေမဲ့ နောက်ဆုံးကျတော့လည်း အားမတန်လို့ မာန်လျှော့ရတော့တာပါပဲ။ အခုဆို သူ့မှာ ကျောင်းကသူငယ်ချင်းတွေကို မျက်နှာလုပ်ဖို့အတွက် အိမ်ပြန်တိုင်း အဖေ့ဆီက မုန့်ဖိုးလက်ဖြန့်တောင်းနေရတာ အပယ်ခံ မဖြစ်ဖို့ပဲ။

တစ်ခါတလေ ညနက်လာတဲ့အခါ ဒါတွေဘယ်တော့ပြီးမှာလဲလို့ တွေးမိတယ်။ ဒါပေမဲ့လည်း သူရအောင် သည်းခံမှဖြစ်မယ် သူ့မိဘတွေရဲ့ မျှော်လင့်ချက်ကို မပြောနဲ့ဦး အဘိုးနဲ့အဘွားဆို သူ့ကိုကျောင်းထားပေးဖို့ လယ်တောင် ထုတ်ရောင်းခဲ့ရတာ။

နောက်ပြီး ဒုတိယမိသားစုခွဲကလူတွေလည်း ရှိသေးတယ်။ အခုဆို ရွာသားတွေ သူ့ကို ဘယ်လိုတောင် ပြောနေကြပြီလဲဆိုတာ မသိချင်မှအဆုံးပဲ။ ဒါကြောင့် သူကသာ ရွှီမိသားစုရဲ့ အထွန်းပေါက်ဆုံး မျိုးဆက်သစ်ဆိုတာ အားလုံးကို သက်သေပြမှဖြစ်မယ်။

သို့ပေသိတိုင် စွန်းဟယ်ရဲ့ ရုတ်တရက် သေဆုံးမှုက သူ့စိတ်ခွန်အားတွေအားလုံးကို ရိုက်ချိုးပစ်လုနီးပါးပဲ။ ဘာလို့ဆို စွန်းဟယ်ရဲ့သွေးအလိမ်းလိမ်းနဲ့ သေခါနီးပုံစံကို သူ့မျက်လုံးနှစ်လုံးနဲ့ ကိုယ်တိုင် မြင်တွေ့ခဲ့ရတာမို့လို့လေ။

အဲဒီညမှာ သွေးတွေက ဆက်တိုက်ထွက်နေတာ တစ်နေရာလုံး သွေးချင်းချင်းနီပဲ။ တစ်ကျောင်းလုံးကလူတွေမယ် ကြက်သေသေပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းတောင် မသိကြတော့ဘူး။ ရှန်ရှန်းနဲ့ ကျောင်းအုပ်ကြီးတို့ရောက်လာမှ ထိတ်လန့်နေတဲ့ကျောင်းသားတွေကို အခန်းပြန်ခိုင်းပြီး ဘယ်သူ့ကိုမှ ဝင်ခွင့်ထွက်ခွင့်မပေးဘဲ ကန့်သတ်ထားလိုက်ကြတယ်။

61.1 03

ဘာတွေဖြစ်သွားလဲ ဘယ်သူမှမသိကြဘူး။ လူတိုင်းက စွန်းဟယ်ရဲ့သေဆုံးမှုကို ခေါင်းထဲက မထုတ်နိုင်ကြသေးဘဲ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတာလားလို့တောင် ယူဆခဲ့ကြသေးတယ်။

ထိုတစ်ညလုံး သူတို့တွေ အကြောက်တရားနဲ့ ကျီးလန့်စာစား အိပ်စက်ခဲ့ရပြီး နောက်တစ်နေ့ အရုဏ်တက်ကျမှ ကျောင်းအုပ်ကြီးက ကျောင်းသားတွေကို စုရုံးခိုင်းကာ တစ်ခုခုပြောပြီး ပြန်လွှတ်ပေးခဲ့တယ်။

အဲဒီကတည်းက စွန်းဟယ်ဆိုတဲ့အမည်နာမတစ်ခုက တားမြစ်စကားလုံးဖြစ်လာပြီး ဘယ်သူတစ်ဦးတစ်ယောက်မှ ဒီကိစ္စကို မဟရဲကြတော့ဘူး။ အမှန်တော့ လက်ရှိ ဘာတွေဖြစ်နေလဲ သူ သိထားပါတယ်။

သူကြားသလောက် စွန်းဟယ်ရဲ့မိသားစုတွေ ရောက်လာပြီး ချင်းယွမ်ကျောင်းရှေ့မှာတောင် ပြဿနာသွားရှာသေးတယ်လို့ သိခဲ့ရတယ်။ ဒါတွေက သူနဲ့ ဘာမှမဆိုင်ဘူးဆိုတာ သိတယ်။ ဒါပေမဲ့လည်း စွန်းဟယ် ဘာကြောင့် ဒီလိုသေသွားရတာလဲ။

ပြီးခဲ့တဲ့ နှစ်ရက်ထဲမှာ ရွှီကျွင်းခိုင်လည်း သူ့ဘာသာ တိတ်တိတ်လေး တွေးကြည့်ခဲ့မိတယ်။ စွန်းဟယ်ရဲ့အင်မတန် ထူးခြားလှတဲ့ အလှတရားနဲ့ အဲဒီလူချမ်းသာကလေးတွေ အခေါ်တော်ရှိတိုင်း ပြန်လာတဲ့အခါကျ မျက်နှာက ကြောက်ဖို့လန့်ဖို့ကောင်းအောင် ဖြူဖျော့နေတာတွေ ပြီးတော့ သူ တစ်ခါကြားဖူးတဲ့ အဲဒီစကားလုံးတွေ …

“ရွှီကျွင်းခိုင် မင်းအစ်မ ရောက်နေတယ်”

ရုတ်တရက် အသိလာပေးတဲ့ ဒီအသံက သူ့ကိုအတွေးနယ်ပယ်ထဲက ချက်ချင်း ပြန်ကန်ထွက်လာစေတယ်။ ရွှီကျွင်းခိုင်က သူ့ကုတင်ပေါ်ကနေ ငုပ်တုပ်ထထိုင်လာပြီး ခဏလောက် နဝေတိမ်တောင်ဖြစ်သွားတယ်။

အစ်မ…

သူက ကြောင်တောင်တောင်ဖြစ်နေပေမဲ့ ကုတင်ပေါ်က ဆင်းလာလိုက်ပြီး အပြင်ထွက်ဖို့အလုပ်မှာပဲ အဲဒီလူက သတိပေးတဲ့အနေနဲ့ နားနားကပ်ပြောသွားသေးတယ်။

“ကျောင်းအုပ်ကြီး ပြောထားတာ မမေ့နဲ့နော် မပြောသင့်တာ ဘာမှမပြောမိစေနဲ့”

သူက ခပ်လေးလေးပဲ ခေါင်းအသာညိတ်ပြလိုက်တယ်။

…………..

******

61.2 01

အခန်း 61.2

ချင်းဟယ်ကျောင်းတော်ရဲ့ ဧည့်ခန်းဆောင်ထဲမှာ ကောက်ကြောင်းပေါ်တဲ့ ခန္ဓာကိုယ်တောင့်တောင့်နဲ့ အရပ်မြင့်မြင့် မိန်းကလေးတစ်ဦး မတ်တပ်ရပ်နေတယ်။ သူမက မကျဥ်းမကျယ်မျက်ဝန်း နှာတံမြင့်မြင့်နဲ့ ခပ်ရဲရဲနှုတ်ခမ်းတစ်စုံရှိပြီး နက်မှောင်ရှည်လျားတဲ့ ဆံနွယ်တွေကိုတော့ ကျစ်ဆံမြီးခပ်သေးသေး နှစ်ချောင်းနဲ့အတူ အနောက်မှာ စုစည်းထားတယ်။

ဒီအပြင် ပန်းပွင့်အဆင် အပြာနုဦးထုပ်လေးကလည်း ဦးခေါင်းပေါ်မှာ ရိုးရိုးယဥ်ယဥ် ရှိနေသေးတယ်။ ပုံပန်းသွင်ပြင်ကိုကြည့်တာနဲ့တင် သူမက နီးစပ်ရာရွာက မိန်းကလေးဆိုတာ သိသာတယ်။ သူမ အသားအရည်က သခင်မလေးတွေလို ဖြူဖွေးနူးညံ့မနေပေမဲ့ ပုံမှန်မဟုတ်တဲ့ ဆွဲဆောင်မှုနဲ့ ချောလှတယ်။

ရွှီကျွင်းခိုင်က ကျောက်အာကို မြင်လိုက်ရတဲ့ အခိုက်အတန့်မှာပဲ ကြောင်အမ်းဆွံ့အသွားတယ်။ သူမကို ဒီလိုပုံစံနဲ့ သူ တစ်ခါမှမမြင်ဖူးဘူး။ ကျောက်အာက အမြဲလိုလို ပြင်ဆင်ခြယ်သတတ်တဲ့ မိန်းကလေးမဟုတ်တာကြောင့် မိန်းမဝတ်အင်္ကျီဝတ်ထားရင်တောင် ဆံပင်ကို တစ်ချောင်းထဲစုချည်ပြီး ဖြစ်သလို နေတတ်တယ်။

“အိုင်းယား ရှောင်ကျွင်း ဒီအစ်မက ဘယ်လောက်သတိရနေသလဲ မသိဘူးမလား”

ကျောက်အာကလည်း သူ့ကိုတွေ့တာနဲ့ ချက်ချင်း ဝမ်းသာအားရ အနားလျှောက်လာတယ်။ ဒီအကြင်နာယိုဖိတ်နေတဲ့ စကားတွေကိုကြားတော့ ရွှီကျွင်းခိုင်က ပိုတောင် ဇဝေဇဝါဖြစ်သွားပြီး အစ်မဆိုတဲ့အသုံးအနှုန်းကို ခပ်တိုးတိုး ရေရွတ်လိုက်မိတယ်။

“အစ်မ”

“အယ် ဘာဖြစ်တာလဲ။ တစ်ရက်နှစ်ရက်လေး မတွေ့ရတာနဲ့ ဒီအစ်မကို မေ့သွားပြီလား။ ဒီတစ်ခေါက် နားရက် ဘာလို့အိမ်ပြန်မလာတာလဲ။ အမေနဲ့ တစ်မိသားစုလုံးက မင်းကိုစိတ်ပူနေတာ။ ကျောင်းမှာတစ်ခုခုဖြစ်လားဆိုပြီး ပြီးတော့ အစ်မလည်း ငါ့မောင်လေး ကျောင်းမှာ ကောင်းကောင်းမစားရမှာစိုးလို့ အိမ်ချက်ဟင်းလေးတွေ ယူလာတယ်။ ဒီမှာကြည့် အသားပေါက်စီတွေရော ကြက်ဥတွေရော အစုံပဲ”

ကျောက်အာရဲ့ပုံစံက တကယ် နွေးထွေးတဲ့ အစ်မကြီးတစ်ယောက်လိုပဲ။ ဒီတလောအတွင်း ကျောင်းကကိစ္စတွေကြောင့် ရွှီကျွင်းခိုင်ရဲ့စိတ်အခြေအနေက အတော်လေး အောက်ဆုံးရောက်နေခဲ့တာ။ အခု သူ့လက်ကိုကိုင်ပြီး သေချာဂရုစိုက်ပေးနေတာ မြင်တဲ့အခါ ဟန်ဆောင်နေရင်တောင် ရင်ထဲမထိဘဲ မနေနိုင်တော့ဘူး။

ဒီလိုနဲ့ သူ့မျက်ခမ်းစပ်တွေက အနည်းငယ် နီရဲလာခဲ့တယ်။

“ဘာဖြစ်လို့လဲ?”

ကျောက်အာက ပြောင်းလဲသွားတဲ့ သူ့မျက်နှာကို လိုက်အကဲခတ်နေတယ်။ သူမ ရွှီကျွင်းခိုင်ကို တအားလန့်အောင်လုပ်မိသွားပြီလား မသိဘူး။

“ဘာမှမဖြစ်ဘူး။ လုပ်ရမဲ့စာတွေ အရမ်းပုံနေလို့ ဒီတစ်ခေါက် အိမ်ပြန်မလာဖြစ်တာ”

ရွှီကျွင်းခိုင်က လေသံလေးနဲ့ တီးတိုးပြောတယ်။ ဒါကိုမြင်တော့မှ ဘေးနားက တစ်ချိန်လုံးစောင့်ကြည့်နေတဲ့ ကျောင်းစောင့်က အသက်ရှူချောင်သွားတော့တယ်။

“မဖြစ်ရင် ကောင်းတာပေါ့။ လာ လာ အစ်မ ဘာတွေယူလာလဲ ပြမယ်”

သူမက ပါးစပ်ကလည်း ဒီလိုပြောရင်း လက်မှာချိတ်ထားတဲ့ ဝါးခြင်းတောင်းလေးကို စားပွဲပေါ်တင်ကာ အုပ်ထားတဲ့ အဝတ်စကို ဖယ်လိုက်တယ်။ ခြင်းထဲက စက္ကူနဲ့ပတ်ထားတဲ့ ပေါက်စီအချို့ရယ် အိမ်ချက်ဟင်းအမယ် အနည်းငယ်နဲ့ ချဥ်ဖတ်နှစ်ဘူးကို ထုတ်လိုက်တယ်။

ဟင်းတွေကတော့ အသားခြောက်ကြော်ကိုမှ ငရုပ်ပွစိမ်း၊ မျှစ်နဲ့မှိုတို့လို အသီးအရွက်အစုံပါဝင်ပြီး အရံဟင်းတွေကလည်း ငရုတ်သီးနီနီလေးတွေနဲ့ ခပ်စပ်စပ်လေးဆိုတော့ အတော်လေး သွားရည်ကျချင်စရာ ကောင်းနေတယ်။

ဒါက ကျောက်အာရဲ့လက်ရာစစ်စစ်ပါပဲ။ ရွှီကျွင်းခိုင်က အစားအသောက်တွေထက် ကျောက်အာကိုသာ တစ်ချက်မော့ကြည့်လိုက်မိတယ်။ ကျောက်အာက ပိတ်ရက်တိုင်း ရွှီထင်းရှန်းအတွက် ချက်ပြုတ်ပေးတတ်တယ်။

သူလည်း စားချင်ပေမဲ့ ဆန္ဒကို သိက္ခာနဲ့ထိန်းနေရတော့ ဘယ်မျက်နှာနဲ့ပြောရမလဲ မသိဘူး။

“မြန်မြန် နှစ်လုပ်လောက်စားလိုက် တကယ်လို့ နင်မစားရင် ငါအိမ်ပြန်ရောက်တဲ့အခါ အမေ့ကို ဘယ်လိုရှင်းပြရမှာလဲ”

61.2 02

ကျောက်အာက အားတက်သရော တိုက်တွန်းနေရာက ဘေးနားမှာ အခုထိရပ်နေသေးတဲ့ ကျောင်းစောင့်ကို မဝံ့မရဲ ဖိတ်ခေါ်ကြည့်လိုက်တယ်။

“ဒီလူကြီးမင်းက နင်တို့ကျောင်းက ဆရာလား။ လူကြီးမင်းရော ရှောင်ကျွင်းနဲ့အတူ လာစားချင်သလား မသိဘူး။ ဒါတွေအားလုံးက တောဟင်းတွေဆိုတော့ လူကြီးမင်း မနှစ်သက်မှာ‌တော့ စိုးမိပါရဲ့”

အမှန်တော့ ကျောင်းစောင့်ကြီးလည်း ဟင်းဘူးတွေ ဖွင့်လိုက်ကတည်းက အရောင်အဆင်းနဲ့ မွှေးကြိုင်နေတဲ့အနံ့ကြောင့် တံတွေးမျိုချနေမိတာ။ သူ့အကြည့်က မနေနိုင်ဘဲ ဒီဘက်ကိုပဲ ရောက်ရောက်လာတာကနေ အခုလို ထုတ်ပြောခံလိုက်ရမှ ရှက်သွားပြီး ချောင်းတစ်ချက်ဟန့်ရင်း ပြန်ငြင်းလိုက်တယ်။

“မိန်းကလေးက ယဥ်ကျေးလိုက်တာ ကျုပ်က ဆရာမဟုတ်ပါဘူး”

သူက ရွှီကျွင်းခိုင်ဘက်လှည့်ရင်း “မင်းအစ်မက စားစေချင်တယ်ဆိုတော့လည်း ဒီမှာစားသောက်ပြီးမှ အခန်းပြန်ပေါ့ အရမ်းတော့ မကြာစေနဲ့”

“ဟုတ်ကဲ့”

ကျောင်းစောင့်က ဒီလိုမှာပြီး ရှောင်ပေးလိုက်တယ်။ ကျောက်အာက ထွက်သွားတဲ့သူ့နောက်ကျောကို မယုံသင်္ကာ လိုက်ကြည့်ရင်း တကယ်မရှိတော့ဘူးဆိုမှ ဒီဘက်ပြန်လှည့်လိုက်တော့ ရွှီကျွင်းခိုင်က ဘူမသိကိုးမသိနဲ့ တူကိုင်ပြီး စစားဖို့လုပ်နေတာ တွေ့လိုက်ရတယ်။

“အဲဒီလူပုံစံက ဘာလို့ထူးဆန်းနေတာလဲ”

သူမ တီးတိုးမေးလိုက်တဲ့အခါ ရွှီကျွင်းခိုင်ရဲ့ တူကိုင်ထားတဲ့လက်တွေက မသိမသာ တန့်သွားတယ်.

“ဘာက ထူးဆန်းလို့လဲ?”

အမှန်တော့ ကျောင်းစောင့်ကြီးက ကျောင်းသားတွေ မတော်တဆ လျှို့ဝှက်ချက်ကို ထုတ်ပြောမိသွားမှာစိုးလို့ တမင်စောင့်ကြည့်နေတယ်ဆိုတာ သူလည်း သတိထားမိတယ်။ ဒါကြောင့် ဒီကိစ္စကြီး မပြီးမချင်း အဘက်ဘက်က စောင့်ကြည့်ခံနေရမယ်ဆိုတာ မှန်းလို့ရတယ်။

ကျောက်အာက သူ့အတွက်‌ ပေါက်စီနဲ့ ဟင်းတချို့ခပ်ထည့်ပေးသလို ဟန်ဆောင်ရင်း စားပွဲအရှေ့ကို မသိမသာ ကိုင်းကာ ခပ်တိုးတိုး ဆိုတယ်။

“တကယ်တော့ ငါဒီနေ့လာတာ နင့်ကိုမေးစရာရှိလို့ နင်တို့ကျောင်းမှာ စွန်းဟယ်ဆိုတဲ့လူတစ်ယောက် ရှိတယ်။ အမြစ်ပြတ်ဆိုတဲ့ စာလုံး မဟုတ်ဘူးနော်၊ မြစ်ကြီးဆိုတဲ့ စာလုံးနဲ့ စွန်းဟယ်လေ။ သူ့ကိုသိလား?”

ရွှီကျွင်းခိုင်က ဒီနာမည်တစ်ခု ထွက်လာတာနဲ့ ထိတ်လန့်သွားပြီး လက်ထဲက တူတောင်လွှတ်ချလိုက်မိတယ်။ နောက်မှ အလျင်စလို ပြန်ကောက်ကိုင်ရင်း ခေါင်းငုံ့လိုက်တော့ ကျောက်အာက မရမက လိုက်မေးတော့တယ်။

“ကြည့် ဘာလို့ အဲဒီလောက် လန့်သွားတာလဲ ဖြည်းဖြည်းစား ငါအိမ်ရောက်ရင် ထပ်လုပ်ပေးပါမယ် နင်တို့ကျောင်းက တကယ် … ကျောင်းသားတွေကို နည်းနည်းလေးတောင် နားခွင့်မပေးဘူးပဲ”

သူမ ပြောနေတဲ့အချိန် ရွှီကျွင်းခိုင်က တိတ်တဆိတ် အမေးထုတ်လာတယ်။

“ဘာလို့ သူ့ကိုမေးတာလဲ?”

ကျောက်အာက တကယ်တော့ ရွှီကျွင်းခိုင်ရဲ့ပုံစံကို မြင်ပြီးကတည်းက တစ်ခုခုသိထားမယ်ဆိုတာ သဘောပေါက်လိုက်တယ်။ ဒါပေမဲ့ နံရံတွေမှာ နားတွေမျက်စိတွေရှိနေမှာစိုးလို့ ဂရုစိုက်တတ်တဲ့ အစ်မကြီးပုံစံ တစ်ခါလောက် အော်လိုက် တိုးတိုးလေး ပြောလိုက်နဲ့ လာရင်းအမှန်ကို အတိုချုပ်ရှင်းပြလိုက်တယ်။

“အသက်တစ်သက်ဆိုပေမဲ့လည်း အပြစ်မရှိတဲ့လူတွေအပေါ်တော့ မပုံချသင့်ဘူးလေ။ ထင်းရှန်းတို့ ကျောင်းအုပ်ကြီးက လူကောင်းပါ။ ဟိုကျောင်းသားတစ်စုကလည်း လက်ပါမိတာမှန်ပေမဲ့ ဘယ်လိုမဆို ဒါက လူ့အသက်နော်။ ခဏတဖြုတ်သာ ဖုံးကွယ်ထားလို့ရမယ်။ တစ်သက်လုံးတော့ ရမှာမဟုတ်ဘူး။ တကယ်လို့ နင် တစ်ခုခုသိထားတယ်ဆို ငါတို့ကို ပြောပြပါ။ ဒါမှနင့်သူငယ်ချင်းလည်း မျက်စိကောင်းကောင်းမှိတ်နိုင်မှာ”

ရွှီကျွင်းခိုင်ကတော့ သူမ ပြောသမျှကို လျစ်လျူရှုကာ စားသောက်တဲ့အပေါ်မှာပဲ အာရုံစိုက်ထားတယ်။ သူ့ကြည့်ရတာ ဆယ်နှစ်ဆယ်မိုးငတ်နေတဲ့ပုံနဲ့ တစ်လုပ်ပြီးတစ်လုပ် သွင်းနေပြီး နဂိုကတည်းက ဟင်းတွေက စပ်တာမို့ သူ့နှုတ်ခမ်းတွေက နီရဲဖူးယောင်လာတယ်။

61.2 03

ရွှီကျွင်းခိုင်ကတော့ ဂရုမစိုက်သလို ခပ်မြန်မြန်စားနေဆဲဖြစ်တာကြောင့် နွေရာသီမဟုတ်တာတောင် သူ့နဖူးစပ်မှာ ချွေးစက်တွေသီးလာတယ်။ နောက်ဆုံး ပေါက်စီတစ်လုံး ကုန်သွားတော့မှ စကားစဖို့ အသ့င်ဖြစ်ဟန်နဲ့ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပေမဲ့ လည်ချောင်းထဲက မွန်းကျပ်မှုကြောင့် နင်နေသေးတယ်။

ဒါကြောင့် ကျောက်အာက သူ့ဘေးက ရေနွေးကရားကို သွားစစ်ကြည့်လိုက်တော့ ရေရှိနေမှန်းသိတာနဲ့ တစ်ခွက်ငှဲ့ပေးလိုက်တယ်။ ရွှီကျွင်းခိုင်က တစ်ခွက်လုံးကုန်အောင် မော့သောက်ပြီးတော့မှ နင်တာ သက်သာသွားပေမဲ့ ရင်ထဲက တစ်ဆို့နေတာတွေတော့ မပြေသေးဘူး။

လွန်ခဲ့တဲ့နေ့တွေတုန်းက ကျောင်းအုပ်ကြီး သူတို့ကိုပြောခဲ့တာတွေကို မှတ်မိနေတုန်းပဲ။ အဲဒီတုန်းက ပထမဆုံးအကြိမ်အဖြစ် ကျောင်းအုပ်ကြီးရဲ့ အကျည်းတန်ပြီး ရက်စက်တဲ့ပုံကို မြင်ခဲ့ဖူးတာ။ ပြီးတော့ ကျောင်းမှာ တခြားကျောင်းသားတွေကို ပေါ်တင်အနိုင်ကျင့်နေတဲ့ လူချမ်းသာသခင်လေးအချို့ကိုလည်း သွားမြင်ယောင်မိတယ်။

"ကောင်းကင်ဘုံက လူတစ်ယောက်ကို ကြီးမြတ်တဲ့ တာဝန်တွေ ပေးတော့မယ်ဆိုရင် အရင်ဆုံး သူ့ရဲ့ စိတ်ဓာတ်ကို ပင်ပန်းစေတယ်၊ သူ့ရဲ့ ခန္ဓာကိုယ်ကို နာကျင်စေတယ်..." ဒါတွေက စာအုပ်ထဲမှာ သင်ခဲ့ရတာတွေပါ။ ဆရာတွေကလည်း ဒီလိုပဲ သင်ကြားပေးခဲ့ကြပါတယ်။ သူကိုယ်တိုင်လည်း ဒီစကားတွေနဲ့ ကိုယ့်ကိုယ်ကိုယ် အားပေးခဲ့ပေမဲ့ တချို့သော အရာတွေကတော့ ကိုယ်တိုင်မကြုံရသရွေ့ မနာကျင်နိုင်ပါဘူး။

စွန်းဟယ်တစ်ယောက် အမြဲတမ်း ဖြူဖျော့နေတာကို သူမှတ်မိပါသေးတယ် …

ရွှီကျွင်းခိုင်က ထိပ်တန်းကျောင်းသားမဟုတ်ရင်တောင် သူ့အတွက် ဘာကအကျိုးရှိလဲ မရှိလဲဆိုတာတော့ ခွဲခြားတတ်သေးတယ်။ ကျောင်းအုပ်ကြီးကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး အားလုံးရေငုံနှုတ်ပိတ်နေနိုင်ရင် ကိစ္စကြီးပြီးသွားတဲ့အခါကျ သူတို့ထဲက တစ်ယောက်ကို အနီးကပ်သင်ကြားပေးမယ်လို့ ကတိပေးခဲ့တာပဲ။

ဒီလိုသာဆို နောက်ဆုံး သူလည်း အဖေမျှော်လင့်သလို နောက်နှစ်မှာ အနည်းဆုံး ထုံရှန်းတစ်ယောက်ဖြစ်လာနိုင်ပေမဲ့ တကယ်တမ်း ရင်ထဲမှာတော့ အပြည့်အဝ စိတ်သန့်နိုင်မှာ မဟုတ်ဘူး။ သူ သေချာတောင် မစဥ်းစားနိုင်သေးခင်မှာပဲ နှုတ်ဖျားဝက အမှန်တရားတွေကတော့ တန်းစီထွက်ကုန်ကြပြီ။

နောက်ဆုံး အကုန်အံထုတ်လို့ပြီးသွားတဲ့အခါ ရွှီကျွင်းခိုင်က ရေနွေးကရားတစ်အိုးကုန်အောင် မော့သောက်ပြီးမှ မတ်တပ်ထရပ်တယ်။ သူက ကျောက်အာနည်းအတိုင်း လိုက်တုပြီး အသံကျယ်ကြီးနဲ့ ပြဇာတ်ခင်းလိုက်တယ်။

“အစ်မ အိမ်ရောက်ရင် အမေ့ကိုပြောလိုက်ပါ။ ကျွန်တော့်အတွက် စိတ်မပူပါနဲ့လို့ ကျွန်တော် ကျောင်းမှာ ကောင်းကောင်းအဆင်ပြေနေပြီး နောက်နှစ် ရှို့ချိုင်တစ်ယောက်ဖြစ်အောင် ကြိုးစားပါမယ်”

ကျောက်အာက သိလိုက်ရတဲ့အကြောင်းအရာတွေကြောင့် ထိတ်လန့်ရနေဆဲဖြစ်ပြီး သူ့အသံကြားမှ လက်ရှိကို ပြန်ရုန်းထွက်လာနိုင်တယ်။ သူမက ချက်ချင်းခေါင်းညိတ်ပြလိုက်ပြီး

“ဒါဆို အစ်မပြန်တော့မယ်။ မင်းနောက်တစ်ခါ နားရက်ရတဲ့အခါကျ ပြန်လာခေါ်မယ်”

“ကောင်းပါပြီ”

ရွှီကျွင်းခိုင်က ကျောက်အာ သိပ်ထားတဲ့ ချဥ်ဖတ်နှစ်ဘူးယူပြီး သူ့အခန်းသူ ပြန်သွားတယ်။ ထိုစဥ် ကျောက်အာကလည်း ဝါးခြင်းအလွတ်လေးကို ဆွဲကာ ကျောင်းတော်ကြီးရဲ့ လျှောက်လမ်းကနေ ထွက်လာခဲ့တယ်။

သူမက တစ်လမ်းလုံး ခေါင်းငုံ့လျက်သားနဲ့ မရပ်မနားလျှောက်လာပြီး လမ်းဘေးက လူတစ်ယောက် လှမ်းခေါ်လိုက်တော့မှ ကြေကွဲစရာအတွေးတွေကို ရုတ်သိမ်းလိုက်နိုင်တယ်။

“စုံစမ်းလို့ရခဲ့လား”

ရွှီထင်းရှန်းက မေးတော့ ကျောက်အာက ခေါင်းတစ်ချက်ညိတ်ပြလိုက်တယ်။

“အင်း”

…………….

******

62.1 01

အခန်း 62.1

ဦးလေးချန်းက နေရာအနှံ့အပြားကို ခြေဆန့်ခဲ့ပေမဲ့ သူ့ခရီးစဥ်က ထင်သလောက် အကူအညီမရခဲ့ဘူး။ ကျေးလက်တောရွာလေးတွေမှာ သူ့ခြေတံလက်တံက လင်းမြောင်လောက်တောင် မရှည်တော့ အထက်ပိုင်းကို မရောက်နိုင်ဖြစ်နေတယ်။

သူ့ရဲ့တခြားအသိတွေကလည်း တရားလိုဘက်က မိသားစုနဲ့ ချင်းဟယ်ကျောင်းတော်ဆိုတဲ့ နာမည်ကြားတာနဲ့ ချက်ချင်း ပါးစပ်ကို ကော်နဲ့ကပ်ထားသလို တင်းတင်းစေ့ပိတ်ထားတော့တယ်။ ဒီကြားထဲ ချင်းဟယ်က ကျောင်းသားတွေ နှစ်ကြိမ်တိတိ ထပ်မံပြဿနာလာရှာခဲ့သေးတော့ တစ်သုတ်ပြီးတစ်သုတ် ရွာပြန်တဲ့ကျောင်းသားတွေသာ တစ်စတစ်စ များပြားလာခဲ့တယ်။

ခရိုင်တရားရုံးက တာဝန်ရှိသူတွေလည်း ထပ်ရောက်လာတဲ့အခါ လင်းမြောင်အနေနဲ့ ဆက်တင်းခံနေလို့မရတော့ဘဲ ပါဝင်ပတ်သက်တဲ့ကျောင်းသားတစ်စုကို အစောင့်တွေလက်ထဲ အပ်လိုက်ရတော့တယ်။

တစ်ချိန်တည်းမှာပဲ ကျောင်းအုပ်ကြီးက သူကိုယ်တိုင် ပညာရှင်ဝတ်ရုံကိုချွတ်ပြီး ကျောင်းသားတွေနဲ့အတူ အချုပ်ခန်းထဲ လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ အမှန်တော့ ဒါတွေအားလုံး သူကျူးလွန်ထားတာမဟုတ်လို့ ဒီလိုလုပ်ပေးစရာမလိုဘူး။

ဒါပေမဲ့ လင်းမြောင်က ချင်းယွမ်ရဲ့ကျောင်းအုပ်အနေနဲ့ သူ့တပည့်တွေအပေါ် တာဝန်ရှိတယ်လို့ တွေးတာလည်းပါသလို ထောင်ထဲမှာ သူ့ကျောင်းသားတွေ အာဏာပြခံရမှာ စိုးတာလည်း ပါတယ်။

လူကြီးတစ်ယောက်အနေနဲ့ သူရှိနေတော့ ခရိုင်ရုံးက အစောင့်တွေလည်း အရမ်းမလုပ်ရဲတော့ဘူးပေါ့။ အရိုးသားဆုံးပြောရရင် ဒီကိစ္စက ပေါ့သေးသေးမဟုတ်ဘူး။ လင်းမြောင်က နန်းတွင်းလွှတ်တော်ကတောင် ထောက်ပံ့ကြေးပေးရတဲ့အထိ အသိအမှတ်ပြုခံရတဲ့ ထူးချွန်စာသင်သားတစ်ယောက်။

ဒါကြောင့် လာဖမ်းတဲ့ ရဲမက်တွေကလည်း သူ့ကို အတင်းအကျပ် မဖမ်းဝံ့ကြပါဘူး။ အချိန်တော်တော်ကြာအောင် အခြေအတင် ဖြစ်နေပြီးမှ ခရိုင်မှူးကြီးဟူက ရုံးတော်ရဲ့ အလုပ်ဝတ္တရားကို နှောင့်ယှက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လင်းမြောင်ကိုပါ ဖိတ်ခေါ် (ဖမ်းဆီး) သွားခဲ့ပါတယ်။

ချင်းယွမ်မှာ ထိန်းချုပ်ကွပ်ကဲပေးမဲ့ ဦးဆောင်သူလည်း မရှိရော အရာအားလုံးက ဖြစ်ချင်တိုင်းဖြစ်နေကြတယ်။ အိမ်ပြန်တဲ့ကျောင်းသားတွေက တစ်နေ့တခြား ပိုပိုများလာပြီး နောက်ဆုံး ဆရာမုန့်၊ဆရာမော့နဲ့ လက်တစ်ဆုပ်စာ ကျောင်းသားအနည်းငယ်သာ ကျန်ရှိတော့တယ်။

ဦးလေးချန်းမှာလည်း လင်းမြောင်ရဲ့ စာအုပ်ကြီးအတိုင်း ဖြောင့်မတ်မှုအပေါ် စိတ်လည်းတို စိတ်မကောင်းလည်းဖြစ်ရလို့ ဒီကိစ္စကြီး ကောင်းတဲ့ဘက် အလှည့်အပြောင်းလေး ဖြစ်ပါစေတော့ဆိုတဲ့စိတ်နဲ့ တခြားနေရာတွေဆီကို အကူအညီလိုက်တောင်းဖို့ ပြေးရပြန်တယ်။

တစ်ဖက်မှာလည်း ရွှီထင်းရှန်းနဲ့အဖွဲ့က ကျောက်အာပြန်သယ်လာတဲ့ သတင်းတွေ ရပြီးတဲ့နောက် ဟူယန်းမြို့နယ်ကနေ နေ့တစ်ဝက်သာ ခရီးဆက်ရမဲ့ အနီးအနားက ရွာလေးတစ်ရွာဆီကို အပြေးနှင်နေကြတယ်။

အရာအားလုံးက အခိုက်အတန့်တစ်ခုပေါ် မူတည်နေတယ်။

ရှားစီရင်စု အန်းရန်လမ်းပေါ်မှာ တည်ရှိတဲ့ ခရိုင်ရုံးမှာတော့ ခရိုင်မှူးကြီးဟူရဲ့မျက်နှာက ရှားရှားပါးပါး လေးနက်တည်ကြည်နေပြီး အရှေ့က ပညာရှင်ဝတ်စုံ ဝတ်ထားတဲ့ သက်လတ်ပိုင်းလူတစ်ယောက်ကို စိုက်ကြည့်နေတယ်။

အဲဒီလူက ဖြောင့်တန်းတဲ့ မျက်ခုံး၊ မေးစေ့အောက်မှာ ရှည်လျားတဲ့ မုတ်ဆိတ်တချို့ရှိသလို မျက်နှာပေါက်နဲ့ ကိုယ်နေဟန်ထားကလည်း ဘယ်လိုကြည့်ကြည့် စာတတ်ပေတတ်ပုံ ပေါက်တယ်။

ထိုလူက တခြားမဟုတ် ချင်းဟယ်ကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီး ကောယိုကျစ်ပဲ။

62.1 02

“ဘာအမှားအယွင်းမှ မဖြစ်ဘူးဆိုတာ သေချာပါတယ်နော်။ မဟုတ်လို့ကတော့ မင်းကိုတင်မဟုတ် ငါ့ကိုယ်ငါပါ မကာကွယ်နိုင်ဖြစ်သွားလိမ့်မယ်။ အဲဒီလင်းမြောင်က ဘာမှအထင်ကြီးစရာမရှိဘူးဆိုပေမဲ့ သူ့ဆရာ ဘယ်သူလဲဆိုတာ မမေ့နဲ့ဦး။ လုဟွမ်ချင်းက တောင်ပေါ်ကျောင်းလေးက ဆရာတစ်ယောက်ဆိုပေမဲ့ သူက ကျင့်ရှီဘွဲ့ရထားသူဖြစ်သလို သူ့တပည့်တွေက တစ်တိုင်းပြည်လုံး အနှံ့ရှိနေတာ။ တချို့ဆို နန်းတွင်းအရာရှိတွေတောင် ဖြစ်နေပြီ”

“ဦးလေး စိတ်မပူပါနဲ့။ ဦးလေး လုံးဝဒုက္ခမရောက်စေရဘူးလို့ အာမခံပါတယ်။ လင်းမြောင်က တသမတ်တည်း တွေးတတ်တဲ့သူဆိုတာ မပြောနဲ့ဦး အဲဒီအထက်ကလူတွေတောင် သူတို့တွေက ကျွန်တော် ဒီလို ကိုယ်စားဝင် အသေခံခိုင်းတဲ့ လှည့်ကွက် သုံးမယ်ဆိုတာ စဥ်းစားမိမှာမဟုတ်ဘူး။ ပြီးတော့ နောက်ကနေ ပံ့ပိုးပေးမဲ့ စွန်းမိသားစုလည်း ရှိသေးတယ်လေ။ ကြည့်ပါလား ဘာများဖြစ်နိုင်မှာမို့လို့လဲ”

“မဖြစ်လာရင် ပိုကောင်းလိမ့်မယ်” ခရိုင်မှူးဟူက တစ်အောင့်လောက် ညည်းညူနေရင်းက သူ့မုတ်ဆိတ်မွှေးကို တစ်ချက်ပွတ်သပ်လိုက်ပြီး “ဒီကိစ္စက မြန်မြန်ပြီးသွားမှာဆိုတော့ မင်းလည်း စိတ်အေးနေလို့ရတယ်။ သန်ဘက်ခါကျ မင်းလူကို တရားလိုအနေနဲ့ ရုံးတော်မှာ အမှုလာဖွင့်ခိုင်းလိုက်။ ပြီးရင် ငါတို့ တရားစီရင်လို့ရပြီ။ ပုံမှန်အတိုင်း စစ်ဆေးပြီးလို့ စီရင်ချက်ချပြီးတာနဲ့ နစ်နာသူအလောင်းကို သဂြိုလ်ဖို့ ပေးလိုက်မယ်။ သူတို့ဘယ်လောက်တော်တော် ဒီအမှုကိုတော့ ပြောင်းပြန်လှန်နိုင်မှာမဟုတ်ပါဘူး”

“ဦးလေး ပြောတာမှန်တယ် ကျွန်တော်အခုချက်ချင်း သွားစီစဥ်လိုက်ပါ့မယ်”

ခရိုင်မှူးဟူက ခေါင်းညိတ်ပြလိုက်ပြီး ကောယိုကျစ်လည်း ပြန်သွားတယ်။ သူထွက်သွားတော့မှ ခရိုင်မှူးဟူက ဘယ်နေရာ ဟာကွက်ရှိသေးလဲလို့ ထပ်စဥ်းစားလိုက်သေးတယ်။ သူဘာမှတွေးမရတော့မှသာ စိတ်အေးလက်အေးနဲ့ ရေနွေးကြမ်းငုံနိုင်တော့တယ်။

အမှန်တော့ ခရိုင်မှူးဟူရဲ့ နဂိုသတိကြီးတဲ့အကျင့်အရဆို ဒီလိုကိစ္စကို တာဝန်ယူခေါင်းခံနေမှာမဟုတ်ဘူး။ မတတ်နိုင်စွာဘဲ သူ့ရဲ့သားသမီးမရှိတဲ့ညီက ကောယိုကျစ်ကို မွေးစားလိုက်တော့ ခေါင်းကိုင်အဖေဖြစ်သွားတဲ့သူ့မှာ မျက်နှာလွှဲ ခဲပစ်လုပ်လို့မရတော့ဘူး။

မျိုးရိုးစဥ်ဆက်အရ ကျောင်းအုပ်ကောက သူ့တူလို့ ယူဆလို့ရတယ်။ နောက်ပြီး ဒီနှစ်တွေအတောအတွင်း တစ်ဖက်လူလုပ်ပေးလို့ သူအကျိုးခံစားခဲ့ရတာတွေလည်း မနည်းဘူး။ စွန်းအိမ်တော်လို ရှားစီရင်စုမှာ နာမည်ကျော်တဲ့ ကုန်သည်သူဌေးတွေကအစ လာဘ်ထိုးလာတော့ ခရိုင်မှူးဟူလည်း တောက်ပနေတဲ့ ငွေအပုံလိုက်ကြောင့် သူ့သတိတွေကို လေထဲလွှင့်ပစ်လိုက်မိတယ်။

အခုတော့ အရာအားလုံး စီစဥ်ထားတဲ့အတိုင်း ဖြစ်သွားဖို့ပဲ မျှော်လင့်ရတော့မယ်ဆိုပေမဲ့ ဘာရယ်ကြောင့်မှန်းမသိ ရင်ထဲစိုးထိတ်နေမိတယ်။ သူ အသေးစိတ် တိတ်တိတ်လေး ကြိုတင်တွေးတောပြီးမှပဲ ကြောက်လန့်မှုကို ထိန်းချုပ်လိုက်နိုင်တယ်။ မဟုတ်ရင် သူ ဒီလောက်အထိ ပြတ်သားနေမှာမဟုတ်ဘူး။

ခရိုင်တရားရုံးထဲမှာ ထိန်းသိမ်းခံထားရတဲ့ လူတစ်စုက အရင်ကတည်းက အဆက်အသွယ်ရှိတဲ့ လူတွေရဲ့အသုံးချခံသက်သက်ပဲ။ အချုပ်ခန်းထဲမှာတောင် ထောင်သားတွေကို သုံးမျိုးသုံးစား ခွဲထားကြတယ်။

အဲဒါကတော့ အာဏာလည်းမရှိ ဆွေမျိုးလည်းမရှိ သုံးစားလို့လည်းမရတဲ့လူတွေက အောက်ဆုံးအဆင့် ပိုက်ဆံမရှိပေမဲ့ တစ်နေရာရာမှာ အသုံးချလို့ရတဲ့ သာမန်လူတွေက အလယ်အလတ်အဆင့်နဲ့ ငွေရော အာဏာရောရှိတဲ့ အကောင်ကြီးကြီးတွေကတော့ သွားထိလို့မရတဲ့ အမြင့်ဆုံးအဆင့်ပေါ့။

သူတို့တွေက သေချာဂရုတစိုက် ဆက်ဆံရမဲ့လူတွေဖြစ်ပြီး ခရိုင်မှူးရဲ့မှာကြားချက်အရ ထောင့်စောင့်နဲ့ တခြားအရာရှိတွေခမျာ လက်လွတ်စပယ် သဘောမထားရဲဘူး။ အခုဒီအချုပ်ခန်းထဲမှာ အဲဒီလိုလူတွေရှိနေတော့ မဆင်မခြင် မထိဖို့အတွက် ခရိုင်မှူးက ညွှန်ကြားထားတယ်။

အတိအကျပြောရရင် လူတွေမဟုတ်ဘဲ လူတစ်ယောက်ထဲပါ ပြီးတော့ အဲဒီလူကလည်း အတော်လေး ပြောရဆိုရလက်ပေါက်ကပ်တယ်။ ထောင်စောင့်တွေက အချိန်တွေအများကြီး ကုန်ပြီးတာတောင် သူနဲ့ ကျောင်းသားတွေကို သက်သက်စီ ခွဲထုတ်လို့မရသေးဘူး။ ပညာရှင် လင်းမျိုးရိုးက ထင်သလောက် သိမ်းသွင်းရမလွယ်ဘူး။

ကျောင်းသားတစ်စုက သူ့မျက်စိအောက်မှာတင် စားလိုက်၊ သောက်လိုက်၊ အိပ်လိုက်နဲ့ ရှိနေကြတယ်။ အမှန်တော့ ရံဖန်ရံခါကျ ထောင်စောင့်တွေက အတော်လေး ကဲ့ရဲ့ချင်စရာကောင်းတယ်လို့ မြင်တယ်။ ဒီစာသင်သားတွေက သူတို့ဂုဏ်သိက္ခာနဲ့ ပုံရိပ်ကို အလေးအထားဆုံးပဲ။

62.1 03

အခုတော့ အသက်ဘေးက လွတ်မြောက်ဖို့အတွက် ဒါတွေ တစ်ခုမှဂရုမစိုက်နိုင်တော့ဘဲ အများအရှေ့မှာ ချီးပါသေးပေါက်လုပ်နေရတယ်။ အဖြူရောင်ဝတ်စုံနဲ့ လင်းမြောင်ကတော့ ကောက်ရိုးကြမ်းပြင်ပေါ်မှာ မတ်မတ်ထိုင်နေပြီး အများဆုံးရှိ ၂၀မကျော်သေးတဲ့ ကျောင်းသားတစ်စုက ပတ်ပတ်လည်မှာ ဝိုင်းနေတယ်။

သူတို့ထဲမှာ အကြီးဆုံးဆိုလို့ အသက် ၂၀အရွယ်သာရှိပြီး ကျန်တာတွေက အကုန် ၁၅ ၁၆တွေချည်းပဲ။ လက်ရှိ ဆယ်ကျော်သက်လေးတွေရဲ့ မျက်နှာက ဖြူဖျော့ကာ စိုးရိမ်ထိတ်လန့်စိတ်တွေ ပြည့်နေတယ်။

“ဆရာ ကျွန်တော်တို့ ပြန်လွတ်နိုင်ပါ့မလားဟင်?”

ကလေးမျက်နှာနဲ့ ကောင်လေးတစ်ယောက်က တွန့်ဆုတ်ဆုတ်မေးလိုက်တဲ့အခါ သူ့ဘေးကလူက ချက်ချင်း ကြားဖြတ်ပြောတယ်။

“မင်းက ယုတ္တိမရှိတာတွေ ပြောနေတာပဲ။ ငါတို့ပြန်လွတ်မယ် ထင်လား”

ဒါကိုကြားတော့ ဝမ်ချီနဲ့ယွီကျစ်ယို့တို့အပါအဝင် ရှိသမျှလူတိုင်း ပိုတောင်စိတ်ဓာတ်ကျသွားကြတယ်။

“တကယ်လို့ ငါသာသိခဲ့ရင် အဲဒီနေ့တုန်းက သူတို့ချိန်းတာကို မသွားခဲ့ပါဘူးကွာ။ ကျောင်းသားတွေကြား ရန်ပွဲလေးက ဒီလောက်အထိ ဖြစ်သွားလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ”

“ငါတော့ ဟိုတစ်ယောက် သေသွားတာ ငါတို့ကြောင့်ဆိုတာ မယုံနိုင်ဘူး။ ငါတို့အားလုံးက လူသတ်နိုင်တဲ့အထိ အားရှိတဲ့သူတွေမှမဟုတ်တာ။ ဘယ်လိုလုပ် သူ့ကို ရိုက်သတ်နိုင်မှာလဲ?!”

“ဒါပေမဲ့လည်း ဘယ်သိနိုင်မလဲ လူတွေအများကြီး လုံးထွေးသတ်ပုတ်နေတာ တစ်ယောက်တစ်ချက် ကန်တောင်..”

“တော်တော့!”

ဝမ်ချီရဲ့အော်သံက သူတို့ငြင်းခုံပွဲကို ရပ်တန့်သွားစေတယ်။ မလှမ်းမကမ်းက ထောင်စောင့်တွေကလည်း အသံကြောင့် စပ်စပ်စုစု လှည့်ကြည့်လာတဲ့အခါ စာတတ်ပေတတ်တွေတစ်စု မယားငယ်တွေလို ငြင်းခုံသတ်ပုတ်နေကြတာ မြင်လိုက်ရပြီး ပြုံးတုံ့တုံ့နဲ့ အရှေ့ပြန်လှည့်သွားတယ်။

“ဒီလိုနေရာရောက်နေတာတောင် မဟုတ်မဟတ်တွေ ပြောနိုင်သေးတယ်ဟုတ်လား?”

ဝမ်ချီရဲ့အမူအရာက ခါတိုင်းထက်ပို သုန်မှုန်မဲမှောင်နေတယ်။ အခုလေးတင် စကားမှားပြောလိုက်မိတဲ့ ကျောင်းသားတစ်ယောက်က လေသံလေးနဲ့ ပြန်တုံ့ပြန်တယ်။

“ကျွန်တော်က အမှန်ကိုပြောပြတာပါ။ သူတို့က အဲဒီတုန်းက ကျွန်တော်တို့ လက်ပါတာကို ပြောနေကြပေမဲ့ တကယ်တမ်းကျ ဟိုဘက်ဒီဘက် တွန်းလားထိုးလားပဲ လုပ်ခဲ့ကြတာ။ ဘယ်လိုလုပ် လူသေတဲ့အထိဖြစ်မှာလဲ”

“တကယ်လို့ ယွီကျစ်ယို့သာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး ခြေမြန်လက်မြန်မရှိဘူးဆို ဒါတွေဖြစ်လာမှာတောင် မဟုတ်ဘူး အရင်ဆုံး စထိုးတာ သူ”

ဒါအမှန်ပဲ။ ဒါကိုကြားတော့ အားလုံးက ထောင့်နားမှာထိုင်နေတဲ့ ယွီကျစ်ယို့ဆီ လှည့်ကြည့်လိုက်ကြတယ်။ သူက ခေါင်းမော့လာပြီး လူအုပ်ကို ပြန်ကြည့်လာတဲ့ မျက်နှာက အနည်းငယ် အကျည်းတန်နေတယ်။

လက်ရှိအချိန်မှာတော့ တစ်ခါက လျှမ်းလျှမ်းတောက်ခဲ့တဲ့ တပည့်ကျော်ယွီကျစ်ယို့ဟာ ရှုံးနိမ့်သွားတဲ့ တိုက်ကြက်လိုမျိုး ယဲ့ယဲ့သာကျန်တော့တယ်။ သူ့မျက်ဝန်းတွေက တစ်ချက်လက်သွားပြီး ခြောက်ကပ်ကပ် ရယ်လိုက်တယ်။

“အကုန်လုံးက ဘယ်လိုလုပ် ငါ့ကြောင့်ဖြစ်ရမှာလဲ အဲဒီတုန်းက…”

“ကဲ တော်ကြတော့”

လင်းမြောင်က ရုတ်ခြည်း ထပြောတော့ အချုပ်ခန်းတစ်ခုလုံး တမဟုတ်ချင်း ငြိမ်ကျသွားတယ်။

…………..

******

62.2 01

အခန်း 62.2

တစ်အောင့်နေတော့ ဝမ်ချီက စကားစလာတယ်။

“အဲဒီတုန်းက ဖြစ်ခဲ့တာတွေကို အတိအကျ မှတ်ဉာဏ်ပြန်ခေါ်ကြတာ ပိုကောင်းမယ် ထင်တယ်။ အချုပ်ထဲရောက်နေပြီဆိုမှတော့ မကြာခင် ရုံးတော်အတင်ခံရမှာပဲ တရားခွင်ရောက်တဲ့အခါ ဘယ်ဟာမှန်တယ် မှားတယ်ဆိုတာ သေချာပြန်ပြောနိုင်မှဖြစ်မယ်။ ဘယ်အချိန် ဘယ်နေရာမှာ ဘယ်သူ့ဘက်က စခေါ်တယ် ဘယ်လိုတွေဖြစ်သွားတယ်ဆိုတာ ငါတို့ ရှင်းရှင်းလင်းလင်း တင်ပြရမယ်”

“အစ်ကိုဝမ်ပြောတာ မှန်တယ်”

နောက်တော့ သူတို့အုပ်စုက အဲဒီနေ့က ဖြစ်ပျက်သမျှကို ခေါင်းချင်းဆိုင် ဆွေးနွေးကြပြီး ထောင့်စောင့်တွေကြားမှာစိုးလို့ အစကနေအဆုံးအထိ တိုးတိုးတိတ်တိတ်သာ ပြောသွားကြတယ်။ ဒီကြားထဲ မဖြစ်စလောက် ငြင်းခုံကြတာတွေလည်း အများကြီးရှိပေမဲ့ အများစုကတော့ ဘယ်သူစလက်ပါတာလဲ ဆိုတဲ့နေရာမှာပဲ သံသရာလည်နေကြတယ်။

ဒီလိုနဲ့ သူတို့စကားဝိုင်းက နှုတ်ရေးငြင်းခုံတာကနေ လက်တွေပါ ပါလာပြီး အခုဘယ်လိုမဆို အချုပ်ထဲရောက်နေပြီဆိုတော့ ဒီကောင်လေးတွေက နာမည်တွေ သိက္ခာတွေလည်း အရေးမထားတော့ပုံ ရတယ်။

ရှုပ်ယှက်ခတ်ဆူညံနေတဲ့ကြား ထောင့်နားမှာ ထိုင်နေတဲ့ လင်းမြောင်ကတော့ ကူကယ်ရာမဲ့စွာ မျက်စိတွေ ဖိမှိတ်ထားလိုက်တော့တယ်။

တရားခွင်ကြားနာမဲ့နေ့က မကြာခင် ရောက်ရှိလာပြီး သူ့ရဲ့ဖြောင့်မတ်မှုနဲ့ တရားမျှတတာကို သက်သေပြဖို့အတွက် ခရိုင်မှူးဟူက အများပြည်သူ လာရောက်ကြားနာလို့ရကြောင်း ကြေညာခဲ့တယ်။ ခရိုင်တရားရုံးရဲ့ အဓိကဟောခန်းကြီးအပြင်ဘက်မှာ လာကြည့်တဲ့အရပ်သားတွေနဲ့ ပြည့်နှက်နေပြီး စုစုပေါင်း အယောက်သုံးရာလောက်ရှိတယ်။

သူတို့ကြားထဲမှာ ပါဝင်ပတ်သက်သူတွေရဲ့ မိသားစုဝင်တွေပါသလို အပျော်သဘော လာကြည့်တဲ့သူတွေလည်း ပါတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်ထဲက ကျောင်းနှစ်ကျောင်းက ကျောင်းသားတွေ ရန်ဖြစ်ပြီး လူသေသွားတဲ့ကိစ္စက တစ်မြို့လုံးအနှံ့ ပျံ့သွားပြီးပြီ။

လူတိုင်းက လမ်းဘေးလူမိုက်တွေ အုပ်စုဖွဲ့ရန်ဖြစ်တာပဲ မြင်ဖူးတာ။ ဒီလိုစာသင်သားတွေ ရန်ဖြစ်တယ်ဆိုတာ တော်တန်ရုံ ဘယ်သူမှမကြားဖူးကြဘူး။ သူတို့တွေပဲ လူကြီးလူကောင်းဆိုတာ ကိုယ်ထိလက်ရောက် မပြုမူကြဘူးလို့ ပြောကြတာ မဟုတ်ဘူးလား။

ဒီလို ထူးထူးခြားခြားသတင်းက လူတချို့အတွက် အတော်လေး ဆွဲဆောင်စရာဖြစ်နေပြီး ဒီနေ့ တရားခွင်ရှိတယ်လည်းကြားရော လုပ်စရာမရှိတဲ့လူအများစုက ချက်ချင်း ရောက်လာကြတော့တယ်။

“ရုံးတော်ဖွင့်စေ”

ကျယ်လောင်တဲ့ အသိပေးသံ ဟိန်းထွက်လာတာနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ကိုယ့်နေရာကိုယ် အလျင်အမြန်ဝင်ထိုင်လိုက်ပြီး မြေပြင်ကလူတွေကိုလည်း ငြိမ်သက်ဖို့ တိုက်တွန်းလိုက်တယ်။ များမကြာမှီမှာပဲ အမှုထမ်းဝတ်စုံအပြည့်နဲ့ ခရိုင်မှူးဟူက လက်ထောက်တရားသူကြီး နှစ်ဦးနဲ့အတူ ရုံးတော်အနောက်ကနေ ထွက်ပေါ်လာတယ်။

ခရိုင်မှူးဟူက တရားစီရင်ရေးအခန်းရဲ့ အလယ်တည့်တည့်ရှိ အမြင့်ဆုံးခုံမှာ နေရာယူလိုက်ပြီး ဘေးက စာရေးက လွန်ခဲ့တဲ့ရက်က တင်ထားတဲ့ တရားစွဲဆိုချက်ကို တရိုတသေ ကမ်းပေးလာတယ်။ ယေဘုယျအားဖြင့် မပြီးပြတ်သေးတဲ့ အမှုတစ်ခုရဲ့ တရားခွင်တိုင်းက သုံးရက် သို့မဟုတ် ခြောက်ရက်တစ်ခါ ပြန်လည်ကြားနာလေ့ရှိတယ်။

အချိန်တချို့ ကုန်လွန်လာတာနဲ့ အဓိကဟောခန်းအပြင်မှာ ကြားနာသူတွေနဲ့ ကျိတ်ကျိတ်တိုးနေပြီး အခုလေးတင် တစ်မှုပြီးသွားတဲ့ လူတွေကတော့ ဒီလူအုပ်ကို မနည်းတိုးထွက်သွားရတယ်။ ခရိုင်မှူးဟူက အနောက်က နားနေခန်းထဲမှာ ရေနွေးကြမ်းသွားသောက်ပြီးတော့မှ တရားခွင်မှာ ပြန်လာထိုင်တယ်။

အသေးစားတူလေးရဲ့ တဒုတ်ဒုတ်အသံ နှစ်ချက်ဆင့်ထွက်လာပြီးတဲ့နောက် လက်ထောက်တရားသူကြီးက ကြည်လင်တဲ့အသံနဲ့ ညွှန်ကြားလိုက်တယ်။

“စွန်းအိမ်တော်က သားဖြစ်သူရဲ့သေဆုံးမှုအပေါ် ချင်းယွမ်ကျောင်းတော်က ကျောင်းသားအချို့ကို စွဲချက်တင်ထားတာကြောင့် တရားလိုနဲ့အတူ ချင်းယွမ်ကျောင်းကလူတွေပါ ရုံးတော်ထဲ ဝင်လာပေးပါ”

62.2 02

မကြာခင်မှာပဲ တာဝန်ရှိသူတွေ ဦးဆောင်မှုနောက်ကနေ တန်းစီပါလာတာကတော့ ချင်းယွမ်ကျောင်းသားတွေပဲ။ ထိုအချိန်မှာပဲ ဟောခန်းအပြင်ဘက်ကနေ ရုတ်ခြည်းဆိုသလို တစ်စုံတစ်ခုကို ပြိုင်တူရွတ်ဆိုနေကြတဲ့ ဆူဆူညံညံအသံတချို့ ထွက်ပေါ်လာတယ်။

“အပြစ်ရှိသူတွေ ပြန်ပေးဆပ်ရမယ်။ အသက်ကိုအသက်နဲ့ ပေးဆပ်ရမယ်”

ခရိုင်တရားရုံးရဲ့ အဆောက်အဦးဝင်းအပြင်ကနေ တူညီတဲ့ကျောင်းဝတ်စုံနဲ့ လူငယ်လေးတွေက သုံးယောက်တစ်တန်းစီ ညီညာတဲ့စည်းချက်နဲ့ ချီတက်လာကြတယ်။ အားလုံးရဲ့မျက်နှာက မတရားခံရသလို အမူအရာတွေနဲ့ တရားခွင်ထဲအထိ ဦးတည်လာကြတော့ လူအုပ်ကြီးလည်း မတတ်သာဘဲ လမ်းဖွင့်ပေးလိုက်ရတယ်။

ဒီကျောင်းသားတွေက အသံကျယ်ပေမဲ့ စည်းကမ်းတော့ လိုက်နာသေးပြီး အထဲမဝင်ဘဲ ကော်ရစ်ဒါမှာတင် ရပ်တန့်သွားကြတယ်။ သူတို့နောက်ကနေ ထွက်လာတဲ့လူကတော့ ချင်းဟယ်ကျောင်းတော်က ကျောင်းအုပ်ကြီး ကောယိုကျစ်ပဲ။

သူက သူ့ကျောင်းသားတွေကိုမြင်တော့ မကြည်မလင်မျက်နှာထားနဲ့ ဆူပူလိုက်တယ်။

“မင်းတို့တွေ ဘာလို့လာဆူညံနေကြတာလဲ?”

“ဆရာကြီး စွန်းဟယ်က အပြစ်မရှိဘဲ ဆုံးသွားရတာ။ ကျွန်တော်တို့ သူ့ရဲ့နစ်နာမှုကို ဒီတိုင်းမကျော်သွားပေးလိုက်နိုင်ပါဘူး။ ကျွန်တော်တို့ တရားမျှတမှု…”

“တော်ပြီ မင်းတို့တွေ!!”

သူက တစ်ချက်မာန်မဲပြီးတာနဲ့ ခေါင်းတယမ်းယမ်းနဲ့ တရားခွင်ထဲ ဝင်သွားတယ်။ တစ်ချိန်တည်းမှာပဲ စွန်းမိသားစုရဲ့ ဖခင်ဖြစ်သူ စွန်းယိုထျန်က တရားသူကြီးတွေအရှေ့မှာ ဒူးထောက်ဦးညွှတ်ပြီး ငိုကြွေးတော့တယ်။

“တရားသူကြီးမင်းများ ကျေးဇူးပြုပြီး တရားမျှတမှု ပြန်ယူပေးပါ”

ဒါကိုမြင်တော့ ဘေးပတ်ဝန်းကျင်ကလူတိုင်း သူ့ကိုသနားကရုဏာ သက်သွားပြီး ချင်းယွမ်ကျောင်းတော်ကလူတွေကို ပညာတတ်ရဲ့သားနဲ့ ဒီလောက်နှလုံးသားမဲ့ရလားလို့ ကြိမ်းမောင်းကြတော့တယ်။

အများပြည်သူရဲ့ သဘောထားကပါ ဆိုးဝါးလာတော့ ချင်းယွမ်ကကျောင်းသားတွေခမျာ မျက်နှာက ဇီးရွက်လောက်ပဲ ရှိတော့တယ်။ လင်းမြောင်ကတော့ သက်ပြင်းတစ်ချက်ချလိုက်မိပြီး အရာရှိတွေက ထိုင်ခုံလာပေးတာတောင် ငြင်းဆန်ရင်း ဟောခန်းအလယ်မှာ ကျောင်းသားတွေနဲ့နည်းတူ ခပ်မတ်မတ် ရပ်နေတယ်။

“လင်းအစ်ကို”

ကောယိုကျစ်က လက်နှစ်ဖက်ယှက်ရင်း နှုတ်ဆက်လာပေမဲ့ လင်းမြောင်ကတော့ လျစ်လျူရှုထားလိုက်တယ်။ ကောယိုကျစ်က တစ်ဖက်လူရဲ့ သဘောထားကိုမြင်တော့ ရယ်သံစွက်ရင်း ရင်းနှီးသလို အားနာသလို လာပြောနေသေးတယ်။

“ကျွန်တော်တို့က ရှစ်ရှုံးအဖေရဲ့လက်အောက်မှာ စာအတူလေ့လာခဲ့တယ်ဆိုရင်တောင် ဒီတစ်ခေါက်က လူ့အသက်ပါ ပါနေတာမို့ ရှစ်ရှုံး နားလည်ပေးဖို့မျှော်လင့်ပါတယ်”

လင်းမြောင်က တစ်ချက်သာ မျက်လွှာဝင့်ကြည့်လိုက်တယ်။ သူ့ဆရာတူညီရဲ့ ကြောင်သူတော်ပုံစံကိုမြင်တော့ သူ့မှာ ဘယ်လိုတုံ့ပြန်ရမှန်းတောင် မသိတော့ဘူး။

ဒီကောယိုကျစ်က အရင်ကတည်းက အမြဲဒီလိုပဲ။ သူက သာတဲ့ဘက် ကူးတာသိပ်မြန်ပြီး အဓိကက သူ့အပြစ်တွေကို လက်ပူးလက်ကြပ်မပြနိုင်တာကြောင့် လူတွေက အံကြိတ်ပြီး သည်းခံနေရုံသာ ရှိတယ်။

တစ်ခါတလေ လင်းမြောင်က သိပ်ဒေါသထွက်လွန်းလို့ သူ့ကိုသတ်ပစ်လိုက်ချင်တဲ့အထိ ဖြစ်ခဲ့ရပေမဲ့ နောက်ဆုံးမှာတော့ သူက ပညာတတ်၊ ဆိုးသွမ်းတဲ့လူမိုက် မဟုတ်ဘူးဆိုတာသာ ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးခဲ့ရတယ်။

အခုလည်း တိတ်တဆိတ် ခံပြင်းရုံမှအပ တခြားလုပ်နိုင်တာမရှိတော့ ဒီလူကို ဖက်ပြောမနေတော့ဘူး။ ထိုအချိန် အရာရှိတစ်ယောက်က ကောယိုကျစ်ဆီ လျှောက်လာပြီး အပြုံးတစ်ခုနဲ့ ပြောလာတယ်။

“ကျောင်းအုပ်ကြီး ကျေးဇူးပြုပြီး ထိုင်ပါဦး။ ကျွန်တော်တို့ ခရိုင်တရားရုံးရဲ့ စည်းမျဥ်းအရ လူကြီးမင်းက ပညာရှိဖြစ်တဲ့အပြင် နစ်နာသူဘက်ကမို့လို့ ထိုင်လို့ရပါတယ်”

62.2 03

ကောယိုကျစ်က လင်းမြောင်ဆီ အကြည့်ရောက်သွားတော့ အရာရှိလေးကလည်း တစ်ချက်လှမ်းကြည့်ပြီးမှ လျော့ရဲရဲအပြုံးလေးနဲ့ “ကျောင်းအုပ်ကြီးလင်းကိုလည်း ထိုင်ခိုင်းပါတယ် ကျောင်းအုပ်ကြီးက မထိုင်တာပါ”

“ကောင်းပြီလေ ဒါဆိုလည်း ကျုပ်ကို နေရာလိုက်ပြပေးပါဦး”

ပြောဆိုပြီးတာနဲ့ ကောယိုကျစ်က အရာရှိညွှန်ပြလိုက်တဲ့ ထိုင်ခုံမှာ လက်နှစ်ဖက်ကို လက်ရန်းမှာတင်ရင်း ခန့်ခန့်ကြီး ဝင်ထိုင်လိုက်တယ်။ ခဏနေတော့ အပြင်ကနေ လူတစ်ယောက် ရုံးတော်စင်မြင့်အပေါ် တက်လာတာကြောင့် ခရိုင်ဝန်က အမိန်ပေးလိုက်တယ်။

“မင်းက ဘယ်သူလဲ၊ နာမည်ကို တင်ပြစမ်း”

ပိန်ပါးပြီး အပြာရောင်ဝမ်းဆက်ဝတ်ထားတဲ့ သက်လတ်ပိုင်းအရွယ် လူတစ်ယောက်က ရောက်တဲ့နေရာမှာ ရပ်သွားပြီး တုံ့ပြန်တယ်။

“ဒီစာသင်သားက ကျူးဟဲရှန်းပါ။ ချင်းဟယ်ကျောင်းအုပ်ဆရာကြီးရဲ့ အကူအညီတောင်းမှုကြောင့် ဒီအမှုက တရားလို စွန်းလင်မယားကိုယ်စား လာရောက်ပေးတာပါ။ စွန်းမိသားစုက မကြာသေးခင်ကပဲ သားဖြစ်သူကို ဆုံးရှုံးခဲ့ရတာကြောင့် စိတ်ခံစားချက် အတက်အကျဖြစ်နေတဲ့အချိန် လာထွက်ဆိုရင် မလိုလားအပ်တာတွေ ဖြစ်လာမှာစိုးလို့ ဆရာကြီးက သူတို့အစား ဒီစာသင်သားကို လာခိုင်းလိုက်တာပါ”

…………..

******

62.3 01

အခန်း 62.3

ဒီကျူးဟဲရှန်းက အရင်တုန်းက ရှို့ချိုင်ဘွဲ့ရထားသူမို့လို့ စာသင်သားလို့ သုံးနှုန်းနိုင်ပြီး ခရိုင်မှူးကို တွေ့ဆုံတဲ့အခါ သာမန်အရပ်သားတွေလို ဒူးထောက်စရာမလိုတာက ဂုဏ်ထူးဆောင်ဘွဲ့ ရှိသူတွေအတွက် နန်းတော်က ပေးထားတဲ့ အခွင့်ထူးတစ်ရပ်ပဲ။

ခရိုင်မှူးဟူက ခေါင်းညိတ်ပြလိုက်ပြီး တစ်ဖက်မှာရပ်နေတဲ့ ချင်းယွမ်ကလူတွေဆီ စောင်းငဲ့ကြည့်လိုက်တယ်။

“မင်းတို့မှာရော ကိုယ်စားထွက်ဆိုပေးမဲ့သူ ရှိသလား”

ပွဲကြည့်ပရိတ်သတ်တွေက သူတို့ကြားထဲ အရှေ့အနောက် လိုက်ရှာနေကြတဲ့အချိန် လင်းမြောင်ကတော့ ခါးသီးတဲ့ခံစားချက်နဲ့ပဲ ခေါင်းအသာခါပြလိုက်တယ်။

“မရှိပါဘူး”

သူက ခဏလောက် တိတ်နေပြီးမှ ရှိရင်းစွဲနေရာကနေ ရှေ့တစ်လှမ်းတိုးကာ “ဒီဆရာကပဲ ချင်းယွမ်ဘက်က ကျောင်းသားတွေအတွက် အမှန်အတိုင်း ထွက်ဆိုပေး…”

“ခဏလေးပါ!”

လင်းမြောင်ရဲ့ စကားကိုဖြတ်ပြီး အလျင်စလို ထွက်လာတဲ့အသံက ဦးလေးချန်းဖြစ်ပြီး သူက အသက်နှစ်ဆယ်အရွယ် တည်ငြိမ်ခန့်ညားတဲ့ လူငယ်တစ်ယောက်နဲ့အတူ ဟောခန်းမထဲ ဝင်လာတယ်။ လိုက်ပါလာတဲ့ လူငယ်လေးက လူကြားထဲ ထိုးထွက်တဲ့အထိ အရပ်မြင့်ပြီး သိပ်အရောင်မတောက်တဲ့ နက်ပြာရောင် ပညာရှင်ဝတ်စုံနဲ့တောင် ထူးထူးခြားခြား ချောမောတင့်တယ်နေတယ်။

သူ့အပြင်ပန်းပုံကိုကြည့်ပြီး သိပ်အရေးမပါလောက်တဲ့လူလို့ ထင်ရင် မှားသွားလိမ့်မယ်။ ဒီလူငယ်လေးက ဣန္ဒြေကြီးတဲ့ခရိုင်မှူးဟူကိုတောင် ထိုင်ခုံကထပြီး ကြိုဆိုရတဲ့အထိ လုပ်နိုင်တယ်။

“တတိယ သခင်လေးရှန်”

ခရိုင်မှူးဟူက ကြီးမားတဲ့ တရားစီရင်ရေး ကောင်တာကြီးကိုတောင် ခုန်ပျံကျော်လွှားပြီး သူ့ဝတ်ရုံကို မနိုင်မနင်းမကာ အသည်းအသန် အရှေ့ရောက်လာတယ်။ မသိတဲ့လူတွေကတော့ သူက အတော်လေး ဖော်ရွေပျူငှာတယ်လို့တောင် အောက်မေ့သွားနိုင်တယ်။

တင်းမာတဲ့မျက်နှာထားကနေ ချက်ချင်း ပြုံးဖြီးသွားကတည်းက တစ်ဖက်လူကို မျက်နှာလုပ်နေတယ်ဆိုတာ သိသာပါတယ်။ ရှန်ဖူကတော့ အသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းတစ်ချက်သာ ညိတ်ပြတယ်။

“ဟူ ရှန်းကျွင်း”

ရှန်မိသားစုရဲ့ သားကြီးကတော့ 'ထိုက်ချန်စီချင်း' (နန်းတွင်းထုံးတမ်းစဉ်လာဆိုင်ရာ အရာရှိချုပ်) ရာထူးနဲ့ တကယ့်ကို အဆင့် ၃ ရှိတဲ့ အရာရှိကြီး ဖြစ်သလို၊ ဒုတိယသားကလည်း ချန်ထျန် ၂၀ နှစ်ရဲ့ 'ကျွမ်းယွမ်' (ပထမစွဲ) ဖြစ်ပြီး အခုဆိုရင် ကျန်းနန်ဒေသမှာ မြို့အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။ သူ မြို့တော်ကို ပြန်ရောက်တဲ့အခါမှာတော့ အစိုးရရဲ့ အရေးပါတဲ့ အမတ်ကြီး ဖြစ်လာမှာ အသေအချာပါပဲ။ ပိုပြီး အံ့သြစရာကောင်းတာက ရှန်မိသားစုရဲ့ အဘိုးကြီးဟာ အရင်က 'နန်းတွင်းအမတ်ချုပ်'တစ်ယောက် ဖြစ်ခဲ့ဖူးတာပါ။ အခု ကွယ်လွန်သွားပြီဆိုပေမဲ့လည်း သူ့ရဲ့ သြဇာအာဏာကတော့ ကျန်ရှိနေဆဲပါပဲ။ ဒါကြောင့် ခရိုင်မှူးဟူလို ဟိတ်ကြီးဟန်ကြီး လူမျိုးတောင် မာနတွေခဝါချပြီး ဖော်လန်ဖားလုပ်နေတာ မဆန်းတော့ဘူး။

“သခင်လေးရှန် ဒီနေ့ ဘယ်လိုဖြစ်လို့ ဒီကိုရောက်လာတာပါလဲ”

“ကြားနာဖို့ လာတာပါ”

ဒါကိုကြားတော့ ခရိုင်မှုးဟူက ချက်ချင်း တစ်ဖက်က ကောယိုကျစ်ကို အကြည့်တစ်ချက် ပို့လိုက်တယ်။ ရှန်သခင်လေးဆိုကတည်းက မတ်တပ်ထရပ်ပြီးသားဖြစ်နေတဲ့ တစ်ဖက်လူက သူ့ဦးလေးရဲ့အကြည့်ကို သဘောပေါက်တာကြောင့် မသိမသာ ခေါင်းယမ်းပြလိုက်တယ်။

62.3 02

သူက တတိယသခင်လေးရှန်လိုလူမျိုးကို ဘယ်လိုလုပ် ဖိတ်ကြားနိုင်မှာလဲ။ တကယ်လို့ သူသာ ဒီလိုလုပ်နိုင်စွမ်းရှိနေရင် ဝေးလံခေါင်ဖျားတဲ့နေရာက ကျောင်းအုပ်ငယ်လေး ဘယ်ဖြစ်နေတော့မလဲ။ ဒါဆို သူ မဖိတ်ရင် ချင်းယွမ်ဘက်က လူတွေက ခေါ်ထားတာများလား။

အထူးသဖြင့် တတိယသခင်လေးရှန်နဲ့ အတူတွဲပါလာတဲ့လူက အခုနကပဲ လင်းမြောင်နဲ့ စကားရပ်ပြောနေတာ။ ကောယိုကျစ်တို့ နှစ်ယောက်သား မျက်နှာအမူအရာက တစ်ခဏအတွင်း အနည်းငယ် မဲကျသွားပြီး သခင်လေးရှန်ဘာလာလုပ်သလဲ အရမ်းသိချင်နေကြတယ်။

“အားလပ်ချိန်တုန်းက ဒီမှာ ကျောင်းသားတစ်ယောက် ဆုံးသွားတယ်ကြားလို့ လာနားထောင်ရုံတင်ပါ။ ခရိုင်မှူးဟူ ဂရုစိုက်စရာမလိုပါဘူး။ အရင်လိုပဲ မျှမျှတတ ကိုင်တွယ်ပါ”

တစ်ဖက်မှာတော့ လင်းမြောင်က ရှက်ပြုံးလေးနဲ့ သူဌေးချန်းကို လှမ်းပြောတယ်။

“ညီလေးမော့ကို ဒုက္ခပေးမိပါပြီ”

ဦးလေးချန်းကတော့ ဒီရက်တွေထဲ မျက်နှာတွေချောင်ကျသွားပြီး အခုလည်း ခြောက်ကပ်နေတဲ့အသံနဲ့

“ဘယ်ကသာ ဒီသခင်လေးရှန်နဲ့ ကျွန်တော်က အရင်ထဲက အမှတ်မထင်ဆုံခဲ့ဖူးတယ် ဒီတစ်ခေါက်က သူလိုချင်တာကို ပေးလိုက်နိုင်လို့သာ …” သူက ခဏတန့်လိုက်ပြီးမှ “ဘာပဲဖြစ်ဖြစ် သူ့လို အရှိန်အဝါရှိတဲ့လူတစ်ယောက် ရှိနေတော့ ခရိုင်မှူးဟူလည်း မဆင်မခြင် စီရင်ချက်မချရဲတော့ဘူးပေါ့။ အစ်ကိုကြီး ကျွန်တော် ဒီလောက်ပဲ ကူညီပေးနိုင်တယ်”

ဦးလေးချန်းက ရှင်းရှင်းမပြောတောင် လင်းမြောင်က ဘယ်လိုလုပ် သဘောမပေါက်ဘဲနေမှာလဲ။ ဒီတတိယသခင်လေးရှန်မှာ အများက တိတ်တခိုးပေးထားတဲ့ ‘စာအုပ်ရူး’ဆိုတဲ့ နာမည်ပြောင်ရှိတယ်။ အကြောင်းကတော့ သူက စာအုပ်စာပေ စုဆောင်းရတာကို ရူးလောက်အောင် နှစ်သက်လို့ပဲ။ ရှန်ဖူက တခြားသခင်လေးတွေလို မြှားပစ် မြင်းစီးမဟုတ်ဘဲ ထူးခြားရှားပါးတဲ့ စာပေကျမ်းဂန်တွေကို ရှာဝယ်ရတာ အတော်လေး ဝါသနာကြီးတယ်။

ဦးလေးချန်းတို့မိသားစုက အရင်ကတည်းက ပညာတတ်မျိုးရိုးဆိုတာ မပြောနဲ့ဦး။ သူ့စာအုပ်ဆိုင်လေးက သေးငယ်ရင်တောင် ချန်းမိသားစုရဲ့ မျိုးရိုးသုံးဆက်လောက်က အဖိုးတန်ဂန္ဓဝင်စာအုပ်တွေကို ဝါသနာအဖြစ်ဝယ်စုခဲ့တာ။ သူတို့မှာ စု့န်မင်းဆက်က တားမြစ်ခံထားရတဲ့ ရှေးဟောင်းစာအုပ်တစ်အုပ်တောင် ရှိသေးတယ်။

ချန်းမိသားစုက ဘယ်သူ့ကိုမှ ဒီအကြောင်းမပြောပြခဲ့ဖူးလို့ ရှန်ဖူတစ်ယောက် ဘယ်ကသိလာသလဲတော့ မသိပေမဲ့ ထိုသခင်လေးက တကယ်ကြီး လက်ပါးစေတစ်ယောက်လွှတ်ပြီး ဦးလေးချန်းကို လာရှာခဲ့တယ်။

ဒါပေမဲ့ ဦးလေးချန်းက မိသားစုအမွေအနှစ်ဖြစ်တာကြောင့် ထုတ်ရောင်းဖို့ ငြင်းဆန်ခဲ့တယ်။ ကံကောင်းလို့ ရှန်ဖူကလည်း စာရိတ္တကောင်းတဲ့ လူကြီးလူကောင်းတစ်ယောက်ဖြစ်တာကြောင့် တစ်ဖက်လူကို အတင်းတွန်းအားမပေးတော့ ဒီကိစ္စက ပြီးသွားခဲ့တာ။

ဒီတစ်ခေါက် ဦးလေးချန်းက လုံးဝကူကယ်ရာမဲ့နေလို့ နောက်ဆုံးကောက်ရိုးမျှင်အဖြစ် ရှေးဟောင်းစာအုပ်ကို ရှန်အိမ်တော်အရှေ့ အရောက်ပို့ပေးလိုက်မှ ရှန်ဖူက တရားခွင်မှာလာထိုင်ပေးဖို့ သဘောတူခဲ့တယ်။

သို့သော်လည်း ရှန်ဖူက သူ့အနေနဲ့ ဘာမှဝင်ကူညီပေးမှာမဟုတ်ဘဲ အဟန့်အဖြစ်သာ လာပေးတာဖြစ်ကြောင်း မလာခင်ကတည်းက ကြိုတင်အပြတ်ပြောထားပြီးသား။ အများဆုံးဆိုလို့ နောက်ဆုံးစီရင်ချက်ချတဲ့အခါ မတရားတာ တွေ့ရင်တော့ ခရိုင်မှူးဟူကို ဆုံးဖြတ်ချက်ယိမ်းယိုင်အောင် အနည်းငယ် စွက်ဖက်ပေးဖို့ပဲ ရှိတယ်။

ဦးလေးချန်းက ရှန်ဖူကို ဒီအမှုမှာ ချင်းယွမ်ဘက်က ကူညီဖြေရှင်းပေးမယ်ထင်နေရင်တော့ စိတ်မကောင်းစွာပဲ ဒါဟာ မဖြစ်နိုင်ကြောင်း ပြောရလိမ့်မယ်။ လင်းမြောင်က ခေါင်းငိုက်စိုက်ရင်း လက်နှစ်ဖက်ကို ယှက်ထားတယ်။

“ကိုယ့်ကိုယ်ကိုယ်လည်း ရှက်မိပါတယ်”

“ဘာလို့ရှက်ရမှာလဲ။ အစ်ကိုကြီးကို ကယ်ဖို့ထက် ဘာကအရေးကြီးလို့လဲ?”

ဦးလေးချန်းက ထပ်တလဲလဲ လက်ကာပြနေပေမဲ့ လင်းမြောင်ကတော့ တကယ် ရှက်မိတယ်။ ဖြစ်ပျက်လာခဲ့တဲ့ ကိစ္စတွေကြောင့် သူ လိုက်နာကျင့်သုံးနေတဲ့ အရာတွေက မှန်သေးရဲ့လားတောင် သံသယဝင်လာမိတယ်။

62.3 03

တစ်ဖက်မှာလည်း ခရိုင်မှူးဟူက ဒါကိုကြားမှ စိတ်သက်သာရာရဟန် သက်ပြင်းတစ်ချက် ချမိတယ်။ ပြန်စဥ်းစားကြည့်လိုက်တော့လည်း ရှန်မိသားစုဆိုတာ သူတို့ရဲ့ နာမည်ဂုဏ်သတင်းအပေါ် သိပ်အရေးထားတဲ့လူတွေ သူတို့က ဘယ်လိုလုပ် လင်းမြောင်လို အပြစ်သားကို ကူညီပေးမှာလဲ။

ကြည့်ရတာတော့ သူက တစ်ယောက်ယောက်ဆီက အမှုကို အကြမ်းဖျင်းကြည့်ရှုပေးဖို့ အကူအညီ တောင်းခံထားရတာပဲဖြစ်လိမ့်မယ်။ ဒီလိုဆိုလည်း ခရိုင်မှူးဟူကတော့ သတိကြီးကြီးနဲ့ စီရင်ရတော့မှာပဲ။

ဘယ်လိုပဲဖြစ်ဖြစ် သူ ဒီအမှုကို ဘယ်လိုသက်သေတင်သွင်းပြီး စီရင်ချက်ချမလဲဆိုတာကအစ ကောင်းကောင်းတွေးထားပြီးသား။ ပြီးတော့ မျက်မြင်သက်သေတွေရော ဆေးစစ်ချက်တွေရော အပြည့်အစုံရှိနေတာ ချင်းယွမ်ကျောင်းကလူတွေက သူတို့ကြံစည်ထားတာကို ဘယ်နည်းနဲ့မှ ရှာတွေ့သွားနိုင်မှာမဟုတ်ဘူး။

အမှုက စီရင်ချက်ချပြီးတာနဲ့ အဆုံးသတ်သွားပြီ။ အဲဒီအခါ သူ တတိယသခင်လေးရှန်ကို လေးစားတဲ့အနေနဲ့ လင်းမြောင်တို့ကို ပြစ်မှုကြီးကြီးမားမား မဟုတ်ဘဲ နယ်နှင်ဒဏ်ပေးလိုက်လို့ရတာပဲ။ ဒီလုပ်ရပ်က သဘောထားကြီးတဲ့ ခရိုင်မှူးဆိုပြီး သူ နာမည်ကောင်းရရုံတင်မဟုတ် သခင်လေးရှန်အရှေ့မှာလည်း မျက်နှာကောင်းရလိမ့်မယ်။

အမှန်တော့ သူတို့နှစ်ယောက်စလုံးက အစကတည်းက လင်းမြောင်တို့အုပ်စုကို သေဒဏ်ပေးတဲ့အထိလုပ်ဖို့ မရည်ရွယ်ထားပါဘူး။ အကောင်ကြီးကြီးတစ်ယောက်ကို လွတ်အောင်လုပ်ပေးပြီး ချင်းယွမ်ကျောင်းတော်ကို ပိတ်လိုက်စေချင်ရုံပဲ။

ခရိုင်မှူးဟူက သူ့စိတ်ထဲမှာ အားလုံးစီစဥ်တကျဖြစ်တာ သေချာတော့မှ ရှန်ဖူကို ထိုင်ခုံဆီ သေချာလိုက်ပို့ကာ သူ့နေရာသူ ပြန်တက်သွားတယ်။ ဆူဆူညံညံ ဖြစ်နေတဲ့အခန်းကို ငြိမ်အောင်လုပ်ဖို့ နောက်ထပ် တူနှစ်ချက်ဆင့်ထုပြီးတဲ့အခါမှာတော့ ဦးလေးချန်းကလည်း ဟောခန်းအပြင်ကို ခပ်သုတ်သုတ် ပြန်ထွက်သွားတယ်။ ခရိုင်မှူးဟူက ချင်းယွမ်ဘက်ကလူတွေကို တစ်ခါပြန်ကြည့်လိုက်ပြီး

“ကဲ ပြန်စကြတာပေါ့ အခုနက မေးတဲ့အတိုင်းပဲ မင်းတို့ဘက်မှာရော ရှေ့နေရှိသလား။ မရှိရင် ဒီအရာရှိက တရားခွင်စတော့မယ်”

တကယ်လည်း ချင်းယွမ်ကျောင်းတော်ဘက်မှာ ဘာရှေ့နေမှရှိမနေဘူး။ အရိုးသားဆုံးပြောရရင် သူတို့က မငှားချင်တာမဟုတ်ဘဲ ကျောင်းတော်က သူမရှိတော့ အတော်လေး ဗြောင်းဆန်နေတာကြောင့် ငှားချိန်မရလိုက်တာ။

ဒီအပြင် လင်းမြောင်မှာ သမီးနဲ့မိန်းမအပြင် တခြားဘယ်သူမှမရှိတာကြောင့် ဦးလေးချန်းက ရှေ့နေငှားဖို့လုပ်တာတောင် ဘယ်သူက ဒီအမှုကိုမကိုင်ရဲကြဘူး။ သူ တစ်အိမ်တက် တစ်အိမ်ဆင်း သွားပင့်ဖိတ်တာတောင် အားလုံးက အသေးစိတ်သိပြီးသွားတဲ့နောက် ခေါင်းခါ လက်ကာပြတဲ့သူတွေချည်းပဲ။

မဟုတ်ရင် ဦးလေးချန်းက သူ့အဖိုးတန်စာအုပ်ကိုတောင် ရောင်းပြီး သခင်လေးရှန်ကို တကူးတက သွားခေါ်ခဲ့ပါ့မလား။

ဖြောင့်မတ်တဲ့နည်းသုံးလို့မရတော့ သူက အနည်းငယ်ဉာဏ်များပြီး ခရိုင်မှူးဟူကို နောက်ဆုံးအမိန့်ချတဲ့အခါ လျှော့ပေါ့ပေးအောင် လုပ်လိုက်တာ။

“မရှိပါဘူး”

လင်းမြောင်က ရိုးသားစွာပဲ ခေါင်းယမ်းပြလိုက်ပြီး ရှေ့တက်ကာ “တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် ဒီဆရာကပဲ ရှေ့နေအဖြစ် ထွက်ဆို-“

“ခဏလေး နေပါဦး”

ဟောခန်းအပြင်ဘက်က အလောတကြီးအသံ ထွက်လာပြန်တယ်။ ဒီတစ်ကြိမ်လှမ်းကြည့်လာတဲ့ ခရိုင်မှူးဟူရဲ့မျက်နှာက မြင်မကောင်းတော့ဘူး။ သူက တိတ်တဆိတ်ပဲ သူ့စိတ်သူ ပြင်ဆင်လိုက်တယ်။

ဒီတစ်ခေါက် ဧကရာဇ်ကိုယ်တိုင် ဆင်းလာတာမဟုတ်ရင် ဘယ်သူဖြစ်ဖြစ် သူအဲဒီလူကို မှတ်လောက်သားလောက်အောင် သင်ခန်းစာပေးပစ်တော့မယ်။ ဘယ့်နှယ့် တစ်ယောက်ပြီးတစ်ယောက် မပြီးနိုင်တော့ဘူး။ တရားခွင်ဆိုတာ လူတိုင်း ဝင်နှောင့်ယှက်လို့ရတဲ့နေရာလား။

……………….

******

All Chapters