အခန်း (၆၃-၆၄)
Vol. 7 Ch. 63-64
63.1 01
အခန်း ၆၃.၁.
လူအုပ်ကြီးက စက္ကန့်အနည်းငယ်လောက် လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီးတဲ့နောက် လူငယ်တစ်စု မနည်းတိုးထွက်လာကြတယ်။ သူတို့အားလုံးက ကျောင်းသားဝတ်စုံလေးတွေနဲ့ဖြစ်ပြီး တွန်းထိုးနေတဲ့ လူပင်လယ်ကြီးထဲမှာ ခြေနှစ်ဖက် ကောင်းကောင်းရပ်နိုင်ပြီဆိုတာနဲ့ ကျောင်းသားတစ်ယောက်က တစ်စက်မနားဘဲ သူ့ကိုယ်သူ သပ်ရပ်အောင်ပြင်ဆင်ပြီး ရုံးတော်စင်မြင့်ပေါ် ခြေလှမ်းလာတယ်။
“မြင့်မြတ်တဲ့ ခုံရုံးကို နှောင့်ယှက်ရဲတာ ဘယ်သူလဲ”
ခရိုင်မှူးဟူက အရှေ့ကစားပွဲကို လက်နဲ့ဒုန်းကနဲထုချပြီး အော်တယ်။
“ဒီငယ်သားက ချင်းယွမ်ကျောင်းတော်က ကျောင်းသားတစ်ယောက်ဖြစ်ပြီး မျိုးရိုးက ရွှီ နာမည်က ထင်းရှန်းလို့ခေါ်ပါတယ်။ ဒီတစ်ခေါက် အမှုမှာ ကျွန်တော့်ဆရာအစား ရှေ့နေလုပ်ပေးဖို့ ရောက်လာတာပါ။ ဒီငယ်သားရဲ့ အဆင်အခြင်မဲ့မှုတွေကို ခရိုင်မှူးကြီးကပဲ သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ ဆယ်မိုင်ကျော်ကျော်ကနေ အဝေးကြီးခရီးနှင်လာရတာဖြစ်လို့ ရုံးတော်ကို တမင်နှောင့်ယှက်ဖို့ မရည်ရွယ်ပါဘူး”
ရွှီထင်းရှန်းက လက်သီးနှစ်ဖက်ဆုပ်လို့ ခေါင်းငုံ့ဦးညွှတ်ရင်း ရှင်းပြတယ်။
“ဒီကောင်လေး ဘာလာလုပ်တာလဲ မြန်မြန် မသွားသေးဘူးလား။ ဒါက မင်းလိုကျောင်းသားလေးတစ်ယောက် ဖြေရှင်းနိုင်တဲ့ကိစ္စမဟုတ်ဘူး”
လင်းမြောင်က ရှုပ်ထွေးတဲ့မျက်ဝန်းတွေနဲ့ ငေးကြည့်ရင်း နောက်မကျခင် ဟန့်တားတာကို ရွှီထင်းရှန်းကတော့ အသာပဲပြုံးပြလိုက်တယ်။
“အရင်နေ့က ကျွန်တော့်ကို တပည့်အဖြစ်လက်ခံမယ်လို့ ဆရာပဲ ပြောခဲ့တာမဟုတ်ဘူးလား။ လက်ရှိ ဒီကျောင်းသားက ဆရာကြီးရဲ့ တရားဝင်တပည့်တပန်းမဖြစ်သေးရင်တောင် ရင်ထဲမှာတော့ အစကတည်းက ကိုယ့်ဆရာလို့ သတ်မှတ်ခဲ့တာပါ။ အခု ဆရာရော ကျွန်တော့်ရဲ့ အတန်းဖော်တွေပါ ဒုက္ခရောက်နေတာကို ဘယ်သူက ကြည့်နေနိုင်မှာလဲ။ အလျင်စလို အိမ်ပြန်သွားတယ်ဆိုတာလည်း ရွေးချယ်စရာမရှိလို့ပါ။ ဒီတပည့်က သာပေါင်းညာစားလုပ်ပြီး ကျောင်းတော်ကို သစ္စာဖောက်ဖို့ တစ်ခါမှ မတွေးခဲ့ဖူးပါဘူး”
ခရိုင်မှူးဟူက သူ့ရဲ့စကားအရှည်ကြီး ပြီးတော့ မျက်မှောင်ကျုံ့ရင်း စိတ်မရှည်လက်မရှည် ထပြောတယ်။
“ဒါက တရားခွင်၊ မင်းတို့ဆရာတပည့် စကားဖောင်ဖွဲ့ချင်ရင် ဒီအမှုပြီးမှ ဖွဲ့ကြ။ လင်းမြောင် ဒီအရာရှိက မင်းရဲ့နန်းတော်အသိအမှတ်ပြု စာသင်သားဆိုတဲ့ဂုဏ်ပုဒ်ကို ထောက်ရှုပြီး လွှတ်ပေးခဲ့တာ တကယ်လို့ မင်းတို့ဘက်က တရားခွင်ကိုထပ်နှောင့်ယှက်နေမယ်ဆိုရင် ဒိအရာရှိက လုပ်သင့်လုပ်ထိုက်တာ လုပ်ရလိမ့်မယ်”
လင်းမြောင်က သူ့တပည့်ကိုယ်စား အယူခံဝင်ပေးမလို့အလုပ်မှာပဲ ရွှီထင်းရှန်းက ရှေ့တစ်လှမ်းတက်ပြီး
“ခရိုင်မှူးဟူ အမှုကိုနှောင့်နှေးအောင်လုပ်တာ ဆရာမဟုတ်ဘဲ ဒီငယ်သားဆိုတာ သိမြင်မယ် ထင်ပါတယ်။ အဲဒါကြောင့် တာဝန်အရအရေးယူရမယ်ဆိုလည်း ဒီငယ်သားကိုပဲ အပြစ်ယူပါ။ ဆရာနဲ့ ဘာမှမသက်ဆိုင်ပါဘူး”
ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး သေချာလေး ခွဲခြမ်းစိတ်ဖြာကြည့်လိုက်ရင် ရွှီထင်းရှန်းက အလိမ္မာနည်းသုံးပြီး ခရိုင်မှူးက သူ့လိုကလေးတစ်ယောက်နဲ့ ပြိုင်ဖြစ်နေတယ်ဆိုတာ သွယ်ဝိုက်ပြောဆိုလိုက်တာပဲ။
ဒါက ခရိုင်မှူးဟူက စိတ်သဘောထားသေးတယ်လို့ ပြောလိုက်တာပဲမဟုတ်လား။
သဘာဝကျကျဆိုလျှင်တော့ ခရိုင်မှူးဟူအနေနဲ့ ဒါတွေပါလိုက်ပြီး ဂရုစိုက်မနေနိုင်ဘူးပေါ့။ ဒါပေမဲ့လည်း အမှုက ပြီးသေးတာမဟုတ်ဘူး။ ဒီကောင်လေးက အထက်ကို စိတ်အနှောင့်အယှက်ဖြစ်အောင် သွားလုပ်တာ ခရိုင်မှူးက ပြန်လက်စားချေမှာ မကြောက်ဘူးလား မသိဘူး။
ရှန်ဖူက ရုံးတော်ကပေးတဲ့ ရေနွေးကြမ်းတစ်ငုံ သောက်လိုက်တယ်။ ဘာဖြစ်ဖြစ်ပါလေ သူက တစ်ပါးသူဆီက လက်ခံထားတာရှိမှတော့ ဘာမှပြန်မလုပ်ပေးဘဲ နေလို့မှမရတာ။ တခြားဟာတွေ မကူညီပေးနိုင်ရင်တောင် သူတို့ဘက်က အနည်းငယ် လိုက်ပြောပေးတာလောက်တော့ ရပါတယ်။
63.1 02
အမှုက စစ်ဆေးနေပြီဆိုရင်တောင် တစ်ဖက်လူက အပြစ်ကင်းကြောင်း မသေချာသေးသရွေ့ သူ မကူညီပေးခဲ့ဘူးလို့ ပြောလို့မရတော့ဘူးပေါ့။
“ဒီလူငယ်လေးက သူ့ဆရာအတွက် စိတ်ကောင်းစေတနာနဲ့ လာခဲ့တာ ခရိုင်မှူးဟူကပဲ နားလည်ပေးလိုက်ပါ”
ဒါကိုကြားမှ ခရိုင်မှူးဟူက ချက်ချင်း အချိုးပြင်ပြီး အပြုံးတစ်ခုနဲ့ ဟန်ဆောင်လိုက်တယ်။
“ရှန်သခင်လေး ၃ပြောသလိုပဲ။ ဒီရုံးတော်ရဲ့ အကြီးအကဲတစ်ယောက်အနေနဲ့ ကျုပ်က ကလေးတစ်ယောက်နဲ့ ငြင်းခုံနေလို့ ဘယ်ရမလဲ။ ဘယ်သူက ငယ်ရွယ်တုန်း အမှားမလုပ်ခဲ့ဖူးလို့လဲ။ လူတိုင်း မရင့်ကျက်သေးတဲ့အချိန်မှာတော့ ထင်ရာစိုင်းတတ်ကြတာပဲလေ။ ဒါပေမဲ့ မောင်ရင် အပြစ်ဒဏ်မခံချင်ဘူးဆို ရုံးတော်က စည်းကမ်းတွေကို လိုက်နာပေးဖို့တော့ လိုမယ်”
သူက ရွှီထင်းရှန်းတစ်ယောက် ဒါကိုအခွင့်ကောင်းယူပြီး နောက်ပြန်ဆုတ်သွားမယ်ပေါ့ ဒါပေမဲ့ ဒီကောင်လေးက ဦးညွှတ်ကျေးဇူးတင်ပြီးတာနဲ့ ခေါင်းမာနေဦးမယ်လို့ ဘယ်သူထင်မှာလဲ။
“ဒီငယ်သားက ရုံးတော်ကို အကြောင်းပြချက်တစ်ခုနဲ့ ရောက်လာခဲ့တာပါ။ ဆရာက ဘယ်လိုမဆို တစ်ယောက်တည်း ထွက်ဆိုလို့မရတာကြောင့် ကျွန်တော်က ငယ်ပေမဲ့ ချင်းယွမ်ကိုယ်စား ရှေ့နေလုပ်ပေးဖို့ ယုံကြည်ချက်ရှိပါတယ်”
“မင်းက”
ရွှီထင်းရှန်းက ခရိုင်မှူးနဲ့ တခြားလူတွေ ဘာမှမကန့်ကွက်နိုင်ခင်မှာပဲ ရိုသေလေးစားမှုအပြည့် လေသံနဲ့ မျက်လွှာချပြီး ထပ်ဖြည့်ပြောလိုက်တယ်။
“တကယ်လို့ ဒီငယ်သား မှတ်မိတာမှန်မယ်ဆို သာ့ချန်ဥပဒေအရ ငြင်းခုံမှုတစ်စုံတစ်ရာ ဖြစ်ပွားလာခဲ့ပြီဆို တရားပြိုင်နှစ်ယောက်က ကိုယ်တိုင် ရုံးတော်သွားစရာမလိုဘဲ နီးစပ်တဲ့ လူတစ်ယောက်ကို အစားထိုးသွားခိုင်းလို့ရတယ်လို့ သိရပါတယ်။ အဲဒီလူကလည်း အနည်းဆုံး အသက် ၁၄နှစ်ပြည့်ပြီးရင် အကျုံးဝင်တယ်လို့ ပါရှိပါတယ်။ ကံကောင်းချင်တော့ ဒီငယ်သားကလည်း ၁၄နှစ်တင်းတင်း ပြည့်ပြီးသွားပါပြီ”
ခရိုင်မှူးဟူရဲ့ ပယ်ချမဲ့စကားတွေက လည်ချောင်းဝမှာတင် တစ်သွားပြီး သူက မကျေမနပ် နှာမှုတ်လိုက်မိတယ်။
“ဟမ့် မင်းကို ဒီဟာတွေ နားလည်လိမ့်မယ်လို့ မထင်ထားဘူး”
ရွှီထင်းရှန်းကတော့ ရှက်ပြုံးလေးနဲ့သာ နောက်တစ်ခါ ထပ်အရိုအသေပြုလိုက်တယ်။ ဒီတစ်ခါတော့ ရေနွေးကြမ်းကိုသာ အာရုံစိုက်နေခဲ့တဲ့ ရှန်ဖူလည်း စိတ်ဝင်စားလာခဲ့ပြီ။ ဒီလူငယ်လေးက အတော် စိတ်ဝင်စားစရာကောင်းတယ်လို့ ခံစားလာရတယ်။
သူ့ကြည့်ရတာ ကြောက်တတ်ပုံပေါ်ပေမဲ့ သတ္တိရှိတယ် အဲဒီလိုဆိုပြီးလည်း ဘဝင်လေဟပ်နေတာ မဟုတ်ဘဲ ကျိုးနွံနေပြန်တယ်။ သူ သတိထားမိဆုံးတစ်ချက်ကတော့ ဘယ်တော့မဆို တစ်ခုခုပြောပြီးတိုင်း ခါးကိုင်းဦးညွှတ်တတ်တာပဲ။ သူ့ပုံစံက အများကြီးသိထားပေမဲ့ သိထားတာ ပေါ်သွားမှာလည်း စိုးရွံ့နေပုံရတယ်။
ရှန်ဖူက ခရိုင်မှူးဟူ ခေါင်းညိတ်လက်ခံပြီး တရားခွင်စတော့မှာမို့ ကျောင်းသားလေးကို ဒူးထောက်ဖို့ ပြောတဲ့အချိန်အထိ သူ ဘာလုပ်ချင်မှန်း နားမလည်နိုင်သေးဘူး။ ခဏနေမှ ရွှီထင်းရှန်းရဲ့ သူက ဆရာကြီး လင်းအစား လာခဲ့တာမို့ ဆရာကြီးတောင် ဒူးမထောက်ရရင် သူလည်း မထောက်ရတာဖြစ်သင့်တယ်မလားဆိုတဲ့ ရှည်ရှည်ဝေးဝေး တောင်းဆိုချက်ကို ကြားလိုက်ရပြီး နားလည်သွားတော့တယ်။
ဒီဉာဏ်များတဲ့ ငလည်လေးက ခရိုင်မှူးဟူကို ဒူးမထောက်ချင်လို့ကိုး…
ရှန်ဖူက မနေနိုင်ဘဲ နှုတ်ခမ်းထောင့်တွေ ကွေးတက်သွားတယ်။ ခရိုင်မှူးဟူကတော့ ပြောစရာစကား နင်သွားပြီး အာဏာပြလိုက်ချင်ပေမဲ့ စောင့်ကြည့်နေတဲ့ မျက်လုံးပေါင်းများစွာကိုလည်း ထည့်တွက်ရသေးတာကြောင့် အောင့်သက်သက်နဲ့ လျှော်ပေးလိုက်ရတယ်။
အဲဒါထက် ရှန်ဖူကလည်း မသိချင်ယောင်ဆောင်နေပြီး ဘာမှပြောမလာဘူးလေ။ ဒီလိုနဲ့ တရားခွင်က စွန်းလင်မယားဘက်က တရားစွဲထားတဲ့ အသနားခံလွှာကို လက်ထောက်တရားသူကြီးက စာတသံပေတသံ ဖတ်တာကနေ ပြန်စတယ်။
စကားလုံးအသွားအလာကို နားထောင်ကြည့်ရုံနဲ့တင် သူတို့ဘက်က ရှေ့နေ ကျူးရဲ့နည်းလမ်းက အတော်လေး ပါးနပ်တယ်လို့ ဆိုနိုင်တယ်။ သူ့စကားလုံးတိုင်းက သွေးမျက်ရည်တွေနဲ့ ရေးသားထားပြီး လူတကာကို မျက်ရည်လည်စေတယ်။
63.1 03
အောက်မှာနားထောင်နေတဲ့ သာမန်အရပ်သားတွေ မပြောနဲ့ ခရိုင်မှူးဟူတောင် ဒီလူ့ဖွဲ့နွဲ့တင်ပြချက်ကြောင့် ခံစားသွားရတယ်။ အကြမ်းဖျင်းပြောရရင် ရှေ့နေတစ်ယောက်ရဲ့ အရည်အချင်းကို သူ့အသနားခံလွှာကနေ တစ်ဆင့်ကြည့်လို့ရတယ်။
အခုခေတ်ကြီးမှာ အမှုတစ်ခုရုံးရောက်တိုင်း ရှေ့နေ့တွေပါ လာစရာမလိုတော့ဘူး။ ပထမအချက်ကတော့ ရှေ့နေလိုတဲ့အထိ အမှုကိစ္စကြီးဆိုတာ အလွန်ရှားပါးပြီး ဒုတိယအနေနဲ့ကတော့ လူအများစုက ငှားရတဲ့တန်ကြေးမြင့်မြင့်ကို တော်တန်ရုံမပေးနိုင်လို့ပဲ။
ဒီလိုနဲ့ တရားစွဲဆိုမှုတိုင်းရဲ့ ၇၀ရာခိုင်နှုန်းလောက်က အသနားခံလွှာကို ကြည့်ပြီး ဆုံးဖြတ်လိုက်တာချည်းပဲ။ အဲဒါကြောင့် အသနားခံလွှာမှာ ရေးတာကောင်းမကောင်းအပေါ် မူတည်ပြီး တရားသူကြီးတွေက တရားပြိုင်တွေအပေါ် အရှုံးအနိုင်ခွဲပေးလေ့ရှိတယ်။
ဒါပေါ့ ဒါကလည်း လက်ရှိအရပ်သားတွေကြားမှာ နန်းသုံးစကားက သိပ်ရေပန်းမစားတော့တာလည်း ပါတာပေါ့။ သာမန်ပြည်သူအများစုက မတူကွဲပြားတဲ့ အသံထွက်တွေကြောင့် နန်းသုံးစကားကို သိပ်မပြောကြဘူး။
သာ့ချန်ဥပဒေအရတော့ ဒေသန္တရရုံးက မင်းမှုထမ်းတွေက တာဝန်ကျရာ ထမ်းဆောင်ရတာကြောင့် နယ်ခံတွေမဟုတ်ကြဘူး။ တကယ်လို့ အပြင်လူကို ဒေသိယစကားနဲ့သွားပြောရင် ဗန်းစကားသုံးရင်တောင် ဒီလိုအသေးအဖွဲကိစ္စလေးတွေနဲ့ တရားရုံးက ခေါင်းရှုပ်ခံမှာ မဟုတ်ဘူး။
“တကယ် သနားဖို့ကောင်းလိုက်တာ ခရိုင်မှူး သေချာပေါက် သေသွားတဲ့ကလေးဘက်က ရပ်တည်ပေးမှကို ရလိမ့်မယ်”
“ဒီစာသင်သားတွေက ကြည့်တော့သာ ယဥ်ကျေးသိမ်မွေ့ပုံရတာ တကယ်တမ်းကျ သူတို့ကမှ ပိုရက်စက်တဲ့လူတွေကိုး”
“လူမဆန်တဲ့လုပ်ရပ်ပဲ”
မောက်ပါ့သိုက ဘေးလူတွေမှတ်ချက်ကြောင့် သူတို့နဲ့စာရင်းသွားရှင်းဖို့ ပြင်ပေမဲ့ လီသာ့ထျန်က ခပ်တင်းတင်း နောက်ပြန်ဆွဲလိုက်လို့ ငြိမ်သွားတယ်။
“ကောင်းပြီ တိတ်ကြ တိတ်ကြစမ်း။ ကိုယ် ဘယ်နေရာရောက်နေလဲဆိုတာ သတိရကြဦး”
လူအုပ်ထဲမှာတော့ ကျောက်အာက သူမ လက်ဖဝါးနှစ်ဖက်ကို ဂနာမငြိမ်စွာ ပွတ်သပ်ရင်း ရုံးတော်စင်မြင့်မှာ တစ်ကိုယ်တည်း ရပ်နေတဲ့ ပိန်ညှက်ညှက်ပုံရိပ်လေးကို မသက်မသာ ကြည့်နေမိတယ်။
ရုံးတော်စာတန်းကြီးကလည်း အကြီးကြီးပဲ။ ထိုင်နေတဲ့ ခရိုင်မှူးကလည်း အရမ်းဩဇာကြီးလွန်းတယ်။ ကုန်းအာ ကိုင်တွယ်နိုင်ပါ့မလား။ သူ အဆင်ပြေပါ့မလား။ မဟုတ်ဘူး သူ လုပ်နိုင်မှာပါ.. သူမကပဲဖြစ်ဖြစ် ကုန်းအာကို ယုံကြည်ပေးရမယ်။
အခုက ရွှီထင်းရှန်းပြောဖို့အလှည့် မရောက်သေးဘူး။ ခရိုင်မှူးဟူက တရားလိုဘက်က တင်ပြချက်ကို နားထောင်ပြီးနောက် မျက်မြင်သက်သေ တင်သွင်းဖို့ အချက်ပြလိုက်တယ်။ သဘာဝအားဖြင့် အဲဒါက ထိုနေ့တုန်းက စွန်းဟယ်နဲ့အတူ ရန်ပွဲနွှဲခဲ့ကြတဲ့ ကျောင်းသားအုပ်စုပဲပေါ့။
သူတို့အားလုံးမျက်နှာပေါ်မှာ ဒဏ်ရာဒဏ်ချက်ကိုယ်စီနဲ့ ရက်သတ္တပတ်တချို့ ကြာသွားလို့ အရမ်းထင်းမနေဘူးဆိုရင်တောင် အနီးကပ်ကြည့်ရင် ရှိနေတုန်းပဲ။ ဒီလူတွေက တရားလိုဘက်က သက်သေအနေနဲ့ အဲဒီနေ့တုန်းက စွန်းဟယ်တစ်ယောက် ဒဏ်ရာအပြင်းအထန်ရခဲ့ကြောင်း ထွက်ဆိုကြတယ်။
အဓိကကတော့ ဝမ်းဗိုက်နားပဲ။ ရန်ပွဲက ကသောင်းကနင်းဖြစ်နေတဲ့အချိန် စွန်းဟယ်က အတော်လေး ကန်ကျောက်ခံခဲ့ရတယ်လို့ ဆိုတယ်။ ဒါကြောင့် ပြန်ရောက်လာပြီးတဲ့နောက် ဗိုက်နာတယ်လို့ အော်ညည်းနေခဲ့ပေမဲ့ သူတို့နောက်တစ်ခါ ထပ်မေးကြည့်တော့ ကောင်းသွားပြီလို့ ဖြေခဲ့တယ်တဲ့။
သူတို့ကလည်း ဆရာတွေသိသွားမှာကြောက်လို့ ကျောင်းဆေးခန်းကို မခေါ်သွားပေးခဲ့ဘူး။ နောက်ပြီး စွန်းဟယ်ကလည်း သက်သာသွားပြီလို့ ပြောတာကြောင့် ပေါ့ပေါ့တန်တန် သဘောထားခဲ့တယ်လို့ ပြောပြတယ်။
ဒါပေမဲ့ စွန်းဟယ်က ညကြီးသန်းခေါင်ကျမှ ရုတ်တရက် သွေးထအန်ပြီး သေသွားမယ်လို့ ဘယ်သူထင်မှာလဲ။
63.1 04
မျက်မြင်သက်သေတွေက စုစုပေါင်း ကျောင်းသား ၅ယောက်ဖြစ်ပြီး သူတို့က အင်မတန် တည်ငြိမ်စွာ ရှင်းပြသွားတယ်။ တစ်ခဏလောက်အထိ လူထုအမြင်က ချင်းဟယ်ဘက်ကိုပဲ အလေးသာနေခဲ့ပြီး ရှန်ဖူကတော့ ရင်ထဲတိတ်တဆိတ် သက်ပြင်းချမိလိုက်တယ်။
ကြည့်ရတာ ဒီအမှုက အဆုံးသတ်သွားပြီ ထင်ပါတယ်။
တစ်ဖက်ကျောင်းသားတွေကလည်း လူသတ်ဖို့အစီအစဥ် မရှိလောက်ဘူး။ ဒါပေမဲ့ ခြေလွန်လက်လွန်တွေဖြစ်သွားပြီး မသိလိုက်ခင်မှာပဲ ဘာမဟုတ်တဲ့ ရန်ပွဲတစ်ခုကြောင့် လူ့အသက်တစ်ချောင်း ဆုံးရှုံးသွားရတယ်။
လောကကြီးမှာ ဒီလိုအဖြစ်သနစ်တွေ များမြောင်စွာရှိခဲ့ဖူးပြီး အခုတော့ ဒီကျောင်းသားတွေကို ကံတရားက မျက်နှာသာမပေးခဲ့ဘူးလို့ပဲ သတ်မှတ်ရတော့မှာပေါ့လေ။ အဲဒါထက် ဒီကံဆိုးမှုက သူတို့တစ်ဘဝလုံးကိုပါ နှောင့်ယှက်ဖျက်ဆီးပစ်တော့မှာ။
******
63.2 01
အခန်း 63.2
အမှုတစ်ခုမှာ လူ့အသက်တစ်ချောင်းပါလာပြီဆိုရင် စီရင်ချက်က ဘာပဲဖြစ်နေပါစေ ပါဝင်ပတ်သက်တဲ့ လူတွေအတွက် သူတို့အရာရှိလမ်းကြောင်းက ဆုံးပြီပဲ။ နောက်ပြီး ဒီကောင်လေးတွေက မင်းမှုထမ်းဖြစ်ဖို့ နှစ်ပေါင်းများစွာ စာလေ့လာခဲ့ကြတာ။
ဘယ်စာသင်သားမဆို နန်းတွင်းစာမေးပွဲမှာ အမှတ်မြင့်မြင့်ရပြီး နာမည်ဂုဏ်သတင်းတစ်ခု တည်ဆောက်ချင်ကြတာ သူတို့အိပ်မက်ပဲ။ အခုတော့ ချင်းယွမ်ကျောင်းတော်ဘက်က ကျောင်းသားတွေရဲ့ မျက်နှာက သွေးမရှိသလို ဖြူစုတ်နေပြီ။ ပုံမှန်မှာ တည်တည်ငြိမ်ငြိမ်ရှိတတ်တဲ့ ဝမ်ချီတောင် မနေနိုင်ဘဲ တုန်လှုပ်နေတော့တယ်။
“ခရိုင်မှူးဟူ ဒီငယ်သားမှာ ပြောစရာတစ်ခုရှိပါတယ်”
“ပြောပါ”
“အဲဒိနေ့က အငြင်းအခုံဖြစ်ခဲ့တယ်ဆိုရင်တောင် ကျွန်တော်က အစကနေအဆုံး ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ကိုယ်ထိလက်ရောက် မလုပ်ခဲ့ဖူးပါဘူး။ ဒါပေမဲ့ ကျန်တဲ့လူတွေသာ စိတ်မထိန်းနိုင်ဘဲ လုံးထွေးသတ်ပုတ်ခဲ့ကြတာပါ”
ဝမ်ချီကစလို့ ဒီလိုပြောလာတဲ့အခါ တခြားသူတွေကလည်း
“ဟုတ်ပါတယ် ခရိုင်မှူးကြီး ကျွန်တော်လည်း သူတို့အင်္ကျီတွေကို ဖြဲခဲ့တာကလွဲရင် ဘယ်သူ့ကိုမှ မရိုက်ခဲ့ပါဘူး”
“သူတို့ကို စရိုက်တာ ကျွန်တော်မဟုတ်ပါဘူး ယွီကျစ်ယို့ အရင်လက်ပါတာပါ”
ယွီကျစ်ယို့ကတော့ ကိုယ့်ကိုယ်ကိုယ် ဇွတ်ကာကွယ်နေကြတဲ့လူတွေကို မျက်ထောင့်နီကြီးနဲ့ စိုက်ကြည့်လိုက်မိတယ်။
“မင်းတို့တွေ…”
ရုံးတော်စင်မြင့်ပေါ်မှာတင် တစ်ယောက်တစ်ပေါက် ရန်ဖြစ်ငြင်းခုံလာကြတော့ အောက်မှာထိုင်နေတဲ့ ကောယိုကျစ်က ရှက်လွန်းလို့ ခေါင်းငုံ့နေတဲ့ လင်းမြောင်ကိုကြည့်ကာ လက်ဖျားစနဲ့ ပါးစပ်ကိုအုပ်ပြီး လှောင်ရယ်လိုက်တယ်။
ကိုယ်သင်ပေးနေတဲ့ ကျောင်းသားတွေက အရေးကြုံရင် အတန်းဖော်ကိုစွန့်ပြီး ကိုယ်ကျိုးကြည့်နေမှတော့ ဒါက ဆရာကောင်းလို့ခေါ်သေးဦးမလား။ ဒီလိုတွေဖြစ်နေတာတောင် ကိုယ့်ကိုယ်ကိုယ် ဆရာကောင်း လူကြီးလူကောင်းလို့ ခေါ်နေသေးရင် ဒါအရှက်မဲ့တာပဲ။ လင်းမြောင် လင်းမြောင် ဒါတောင် မင်းက ငါ့ကိုလူဆိုးလို့ ထင်နေတုန်းပဲလား?
“တိတ်စမ်း!”
ခရိုင်မှူးဟူက စားပွဲကိုလက်နဲ့ထုပြီး စိတ်ဆိုးမာန်ဆိုး ထအော်တယ်။
“တရားရုံးမှာ ဆူညံဆူညံလုပ်ရဲတယ်ဟုတ်လား။ မင်းတို့တွေ ငယ်သေးလို့ ကံကောင်းသွားတယ် မဟုတ်ရင် ဒီခရိုင်မှူးက မှတ်လောက်သားလောက်အောင် ကြိမ်ဒဏ်ပေးပစ်လိုက်မှာ”
သူ့ကြိမ်းမောင်းသံကြောင့် တစ်ခန်းလုံး ပြန်တိတ်ဆိတ်သွားပြီး သူတို့မှာပြောစရာတွေ ရှိနေသေးရင်တောင် ဒီကျောင်းသားတွေက တစ်လုံးမှမဟရဲတော့ဘူး။
“ခရိုင်မှူးဟူ တကယ်တော့ သူတို့ပြောတာ အမှန်ပဲ သူတို့တကယ် ဘယ်သူ့ကိုမှ ကိုယ်ထိလက်ရောက် မရိုက်နှက်ခဲ့ပါဘူး”
ဒီအသံထွက်လာတာနဲ့ အပြင်ရော အထဲမှာရောရှိတဲ့ လူတိုင်းရဲ့မျက်စိတွေက စင်ထောင့်တစ်နေရာမှာ တည်ငြိမ်အေးဆေးစွာ ရပ်နေတဲ့အသံပိုင်ရှင် ရွှီထင်းရှန်းဆီ ရောက်လာကြတယ်။
“ဘာကိုပြောချင်တာလဲ”
ရွှီထင်းရှန်းက သူ့မေးခွန်းကို အမေးနဲ့ ပြန်ပိတ်တယ်။
“ခရိုင်မှူးကြီး ဒီငယ်သားက မရိုမသေ ခရိုင်မှူးကို မေးချင်တာလေး ရှိပါတယ်။ တရားရုံးက သေဆုံးသူအလောင်းပေါ်က ဒဏ်ရာတွေကို စစ်ဆေးပြီးသွားပါပြီလား”
ခရိုင်မှူးဟူက အံ့ဩသွားပေမဲ့ ဒေါသမီးက ချက်ချင်းလှိုက်တက်လာတယ်။
“အဓိပ္ပာယ်မရှိတဲ့ မေးခွန်းပဲ ဒီခရိုင်မှူးက သေဆုံးသူဒဏ်ရာကို မစစ်ဆေးဘဲ အမှုကိုဘယ်လိုကြားနာလို့ရမှာလဲ”
63.2 02
သူက ထပေါက်ကွဲပြီးတော့မှ ဝိုင်းကြည့်နေတဲ့ အများရှိသေးတယ်ဆိုတာ သတိရသွားပြီး လေသံကိုပြန်ပြောင်းလိုက်တယ်။
“ထားလိုက်ပါတော့ မင်းက ငယ်သေးတာမို့ ဒီအရာရှိကပဲ ခွင့်လွှတ်ပေးလိုက်မယ်။ မှုခင်းသမားတော်ကို အဲဒီနေ့က ဒဏ်ရာစစ်ဆေးချက်စာတမ်းနဲ့အတူ ရုံးတင်လိုက်”
ဘယ်လောက်မှတောင်မကြာလိုက် အနည်းဆုံး အသက် ၆၀ကျော်နေလောက်မဲ့ မှုခင်းသမားတော်အိုကြီးတစ်ယောက်က စာရွက်တစ်တွဲနဲ့ ရောက်လာတယ်။ လူအိုကြီးအနေနဲ့ ရုံးတော်ကိုရောက်တာ ဒါပထမဆုံးဟုတ်ဟန်မရဘူး။
ရာနဲ့ချီတဲ့လူတွေအရှေ့မှာ သူရှာဖွေတွေ့ရှိတာကို အသေးစိတ် ပြောပြသွားတာများ တစ်ချက်မယိမ်းယိုင်သလို ကိုယ်ဟန်အနေအထားကလည်း နှိမ့်ချနေတာမဟုတ်ဘဲ အောက်ခြေလွတ်နေတာမျိုးလည်း မဟုတ်ဘူး။
စွန်းဟယ်ရဲ့သေဆုံးရတဲ့ အကြောင်းအရင်းက ကိုယ်တွင်းအင်္ဂါ သွေးယိုစီးခြင်းကြောင့်ဖြစ်ပြီး သည်းခြေပေါက်ကာ သေဆုံးသွားတယ်လို့ သိရတယ်။ မှုခင်းစစ်ကြီးက ဆေးပညာဆိုင်ရာ အသေးစိတ်အချက်အလက်တွေပါ ထည့်ပြောပြသွားတယ်။
အတွင်းကြေဒဏ်ရာတွေဆိုတာ ခန့်မှန်းရမလွယ်တာကြောင့် သေဆုံးသူရဲ့ ပါးစပ်ကနေ သွေးအန်ရုံလောက်နဲ့ အတိအကျပြောလို့မရဘူးတဲ့။ ဒီအမှုက အင်မတန်အရေးကြီးတာကို ရိပ်မိလို့ လူအိုကြီးက နစ်နာသူရဲ့ ခန္ဓာကိုယ်တွင်း အခြေအနေကိုပါ ရှင်းပြလာတယ်။
သူပြောသလောက်တော့ စွန်းဟယ်ရဲ့သည်းခြေက မူမမှန်စွာ ပေါက်ပြဲနေပြီး သူ့အူမကြီးထဲမှာလည်း အပေါက်တစ်ပေါက် ဖြစ်နေသေးတယ်ဆိုပဲ။ အဲဒီလောက်အထိ မလိုအပ်ပေမဲ့ သူက အတော်လေး ကွက်ကွက်ကွင်းကွင်း ရှင်းပြနေတာကြောင့် နားထောင်သူအပေါင်းက နားတွေ နှာခေါင်းတွေ လက်နဲ့အုပ်လိုက်မိကြတယ်။
စိတ်မခိုင်တဲ့တချို့ဆို နေရာမှာတင် အန်ချလိုက်တာတွေရှိတယ်။
“ကောင်းပြီ ကောင်းပြီ ဒီလောက်ဆို ပြန်လို့ရပါပြီ”
ခရိုင်မှူးဟူက စိတ်မသက်မသာနဲ့ အမြန်နှင်လွှတ်လိုက်တော့မှ မှုခင်းသမားတော်က ပြန်ထွက်သွားတယ်။
“ကဲ မင်းမှာ ဘာကန့်ကွက်စရာရှိသေးလဲ”
ခရိုင်မှူးက သူ့ကို စိတ်မရှည်ဟန်နဲ့ မေးလာတော့ ရွှီထင်းရှန်းက အပြစ်ကင်းဖြူစင်သလို လုပ်ပြလိုက်ပြီး “ဒီငယ်သားက တစ်ခါမှ ကန့်ကွက်ချင်တာ မရှိခဲ့ပါဘူး”
သူ့တုံ့ပြန်ချက်က ခရိုင်မှူးဟူကို ပြောစရာပျောက်ရှသွားစေတယ်။
ဒါဆို သူ့မှာ မှုခင်းစစ်ကြီးကိုတောင် တကူးတကခေါ်ပေးခဲ့တာ ဒီမသတီစရာတွေကို ဘာမှမဟုတ်ဘဲ သည်းခံနားထောင်ပေးခဲ့ရတာပေါ့။ ဒီကောင်လေး ငါ့ကို လာကစားနေတာလား။
တစ်ဖက်က ရှန်ဖူရဲ့မျက်ဝန်းတွေကတော့ ပြုံးရိပ်သန်းသွားတယ်။ ကြည့်ရတာ တကယ်လည်း အဲဒီကောင်လေးက တမင်လှည့်စားလိုက်ပုံရတယ်။ ဒါပေမဲ့ သူက ဘာဆက်လုပ်ချင်နေတာလဲ။
ဒါကိုတွေးမိလိုက်တော့ ရှန်သခင်လေး ၃က မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ဘူး။ ရွှီထင်းရှန်းက ခရိုင်မှူးဟူကို ပြုံးပြုံးလေး ကြည့်ရင်း တလေးတစား မြှောက်ပင့်လိုက်တယ်။
“ခရိုင်မှူးဟူက အမှုပေါင်းများစွာကို အတွင်းကျကျ မှန်မှန်ကန်ကန် စစ်ဆေးပေးခဲ့တာ ဒီတစ်ခေါက်မှာလည်း ဒဏ်ရာတွေကို မစစ်ကြည့်ဘဲ ဘယ်နေပါ့မလဲ?”
ခရိုင်မှူးဟူက တစ်ခုခုပြောဖို့ ပါးစပ်အဟမှာပဲ ရွှီထင်းရှန်းက သူ့ကိုပြောချိန်မပေးဘဲ လိုရင်းကိုဆက်သွားတယ်။
“တကယ်တော့ မျက်စိလျှမ်းတာ ခရိုင်မှူးရဲ့ လက်အောက်ငယ်သားတစ်ယောက်ယောက် ဖြစ်ပါလိမ့်မယ်။ အမှန်ဆို ဒီအမှားက ခရိုင်မှူးနဲ့ဘာမှမဆိုင်ပါဘူး။ အောက်ကလူတွေကသာ ရောသွားတာဖြစ်လိမ့်မယ်”
ခရိုင်မှူးဟူရဲ့မျက်နှာပေါ်က အပြုံးက ပပျောက်သွားပြီး သူ့မှာ မတင်မကျဖြစ်လာတယ်။ ထိုအချိန်မှာပဲ လူငယ်လေးက မထင်မှတ်ထားတဲ့ မေးရိုးပြုတ်ကျလောက်စရာ အမှန်တရားတစ်ခုကို ဆက်ဖော်ထုတ်လိုက်တယ်။
63.2 03
“တချို့လူတွေက ကိုယ့်တာဝန်ကိုယ်မကျေပွန်ဘဲ ပေါ့ပျက်ပျက် လုပ်လိုက်လို့သာ ဒီကိစ္စကြီးက ကျွန်တော်တို့ ချင်းယွမ်ကျောင်းတော်ခေါင်းပေါ် ကျလာပြီး ကျောင်းအုပ်ကြီးကိုလည်း စိတ်ဒုက္ခပေး ကျောင်းသားတွေကိုလည်း စာဆက်မသင်ရဲအောင် လုပ်သွားတာ။ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံး ပုပ်ရတဲ့အဖြစ်ပါပဲ”
“ဒီငယ်သားက ဘာမှမဟုတ်သေးဘူးဆိုရင်တောင် စာအုပ်တွေတော့ အများကြီးဖတ်ဖူးပါတယ်။ အရာရှိတွေဆိုတာ ရိုးသားမျှတပြီး တရားရုံးရဲ့ ဂုဏ်ကျက်သရေကိုလည်း သိထားပါတယ်။ ခရိုင်မှူးနဲ့တရားသူကြီးတို့ကို လူတွေ ဘယ်လောက်လေးစားကြတယ်ဆိုတာလည်း မျက်မြင်ပါပဲ။ ဒီနေ့ ကျွန်တော် ဒီရုံးတော်မှာ ရပ်ရဲတာကလည်း ကျွန်တော့်ရဲ့ချင်းယွမ်ကျောင်းတော်အတွက် တရားမျှတမှု ယူပေးချင်လို့ပါ။ ဒါကြောင့် ခရိုင်မှူးလည်း အဲဒီလက်လွတ်စပယ် လုပ်တတ်တဲ့သူကို အမြန်ဆုံးရှာဖွေပြီး ကျွန်တော်တို့ ချင်းယွမ်ကျောင်းတော်အတွက် မျှမျှတတ အရေးယူပေးဖို့ မျှော်လင့်ပါတယ်”
ဒီစကားလုံးတွေက ကျယ်လောင်ပြီး ရဲတင်းလွန်းလို့ ကြားလိုက်ရတဲ့လူတိုင်း ကိုယ့်နားကိုယ် မယုံနိုင်ဖြစ်သွားကြတယ်။ ဒါပေမဲ့လည်း တစ်ချိန်တည်းမှာပဲ လူအတော်များများက ဒီကျောင်းသားငယ်လေး စိတ်လွတ်သွားပြီလားလို့ ထင်သွားကြတယ်။
ဘာလို့ဆို သူက ဘယ်လိုလုပ်ပြီး ခရိုင်မှူးကိုတောင် မျှတအောင်လုပ်ပေးဖို့ မျက်နှာချင်းဆိုင် တောင်းဆိုရဲတာလဲ?
အများက အံ့ဩထိတ်လန့်နေကြတဲ့အချိန် ထောင့်တစ်နေရာက ရှန်ဖူတစ်ယောက်တည်းသာ သူ့မျက်ဝန်းထဲမှာ အတွေးနက်သွားတဲ့ အရိပ်အယောင်တွေ ဖြတ်ပြေးသွားတယ်။
…………..
******
63.3 01
အခန်း 63.3
အင်မတန် အကျည်းတန်စွာ သိသိသာသာ မျက်နှာပျက်သွားတဲ့အထဲမှာ ကောယိုကျစ်လည်း ပါဝင်ပြီး လောလောဆယ် သူ့နံရိုးကြားက နှလုံးအိမ်ကလည်း ပေါက်ကွဲထွက်မတတ် ခုန်လှုပ်နေတယ်။ သူ့သူငယ်အိမ်တွေ ထိတ်လန့်တကြားကျုံ့ဝင်သွားတဲ့အချိန်မှာပဲ ခရိုင်မှူးဟူက သူမေးချင်နေတဲ့မေးခွန်းကို ကောက်မေးလိုက်တယ်။
“ဘာကို သွယ်ဝိုက်ပြောချင်နေတာလဲ”
“ဒီငယ်သားက ဘာကိုမှသွယ်ဝိုက်မပြောချင်ပါဘူး။ ဒါပေမဲ့ ချင်းဟယ်ကျောင်းတော်မှာ တကယ်ကြီး စွန်းဟယ်အပြင် နောက်ထပ်စွန်းဟေးဆိုတဲ့ ကျောင်းသားတစ်ယောက် ရှိသေးတယ်ဆိုတာ အသိပေးချင်ရုံပါပဲ။ တကယ်တမ်း ကွယ်လွန်သွားတဲ့သူက အဲဒီနေ့တုန်းက ချင်းယွမ်ကလူတွေနဲ့ ရန်ဖြစ်ခဲ့တဲ့ စွန်းဟယ်မဟုတ်ဘဲ စွန်းဟေးပါ။ ဒါကြောင့် ဒီစွန်းဟေးရဲ့သေဆုံးမှုက ကျွန်တော်တို့ကျောင်းကလူတွေနဲ့ ဘာမှမသက်ဆိုင်ပါဘူး။ ဒါဆို ချင်းဟယ်ကျောင်းဝန်းထဲမှာ ဆုံးပါးသွားတဲ့သူက ဘယ်လိုလုပ် ချင်းယွမ်ခေါင်းပေါ် ကျလာခဲ့ရသလဲဆိုတာ မေးခွန်းထုတ်ချင်စရာပါ”
ရွှီထင်းရှန်းက ဘယ်သူ့တုံ့ပြန်ချက်ကိုမှ စောင့်မနေဘဲ ကောယိုကျစ်ဘက် လှည့်သရော်လိုက်တယ်။
“လူကြီးမင်းကော လူကြီးမင်းရဲ့အကြံက အတော်လေး ပိရိတာပဲ။ ပိရိလွန်းလို့ ကျွန်တော်တို့ချင်းယွမ်က ကျောင်းသားတွေမှာ ကိုယ်မလုပ်ခဲ့တဲ့အပြစ်အတွက် စွပ်စွဲလည်းခံရ စိတ်ဒုက္ခလည်းရောက်ရနဲ့ ဂုဏ်သိက္ခာပါ ဆုံးရှုံးခဲ့ရသေးတယ်။ ဒီအပြင် မသေချာမရေရာတဲ့ ကျောင်းသားတွေရဲ့အနာဂတ်ကို စိတ်ပူလို့ လူကြီးလူကောင်းပီပီ ရပ်တည်ပေးလာတဲ့ ကျောင်းအုပ်ကြီးပါ အချုပ်ခန်းထဲ ဝင်ခဲ့ရတယ်”
တရားခွင်တစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားတော့တယ်။ လာရောက်ကြည့်ရှုသူတိုင်းက သူတို့အချင်းချင်း နှာခေါင်းရှုံ့ပြောဆိုနေကြပြီး စာရေးနဲ့ လက်ထောက်တရားသူကြီးတို့ပါ တစ်ယောက်နဲ့တစ်ယောက် ကြည့်လိုက်မိကြတယ်။
ပူးပေါင်းကြံစည်တဲ့သူတွေထဲမှာ ကောယိုကျစ်တစ်ယောက်သာ မျက်နှာအမူအရာ ပြောင်းလဲသွားတယ်။ ဒီထဲမှာ ခရိုင်မှူးဟူလည်း ပါတယ်ဆိုပေမဲ့ သူက ဆယ်စုနှစ်နီးပါး အရာရှိလုပ်ခဲ့ပြီးတဲ့နောက်မှာတော့ ဟန်ဆောင်ကောင်းသူအဖြစ် စာရင်းဝင်သွားလို့ နားမလည်ဟန်နဲ့ ဘာတွေဖြစ်နေတာလဲဆိုတာကိုပဲ မေးနေတယ်။
ဒီတစ်ခေါက်တော့ ရွှီထင်းရှန်းကလည်း လှည့်ပတ်ပြောမနေတော့ဘဲ အဲဒီစွန်းဟေးဆိုတဲ့ ကျောင်းသားနဲ့ သူ့အဘွားကို မထင်မှတ်ဘဲ အရင်တုန်းက သိကျွမ်းခဲ့ဖူးတယ်ဆိုတာကနေ စပြောတယ်။ ဒါပေမဲ့ သူက အိပ်မက်ထဲမှာ မြင်ခဲ့တဲ့အကြောင်းတော့ ထုတ်မပြောဘူးပေါ့။
အဲဒီအစား သူက ဒီမြေးအဘွားနှစ်ယောက်နဲ့ အရင်တုန်းက ကြုံဆုံခဲ့ဖူးတယ်လို့သာ အပေါ်ယံရှင်းပြလိုက်ပြီး ထိုကောင်လေးနာမည်က စွန်းဟေးဖြစ်ကြောင်း သေချာတယ်လို့ ဆိုတယ်။ ဒီအချက်ကြောင့်ပဲ အဲဒိတုန်းက အနည်းငယ်သံသယဝင်ခဲ့မိပြီး စိတ်ထဲက အထင်က သက်သေပြလို့မရတာကြောင့် စွန်းဟေးရဲ့အိမ်ကို ကိုယ်တိုင်သွားရောက်ခဲ့ကြောင်း လျှောက်တင်လိုက်တယ်။
အားလုံးက သူပြောတာကို အစအဆုံးကြားပြီးတဲ့နောက် ပိုတောင် ဆူညံပွက်လော ရိုက်သွားကြတယ်။ စွန်းဟေးရဲ့မိဘတွေဆို နေရာမှာတင် ကြက်သေသေသွားပြီး အချိန်အတော်ကြာမှ ရွှီထင်းရှန်းကို သူတို့သားလေး ဘယ်လိုသေသွားခဲ့သလဲဆိုတာ မေးဖို့သတိရတယ်။
ရွာငယ်လေးက ရိုးသားတဲ့ဆင်းရဲသား လင်မယားနှစ်ယောက်ကိုမြင်တော့ ရွှီထင်းရှန်းရဲ့မျက်ဝန်းတွေက ခံစားချက်တချို့ ရောပြွန်းသွားပြီး လည်ချောင်းဝက စကားတွေတောင် တစ်ဆို့သွားခဲ့တယ်။
“အဲဒါတော့ ကျွန်တော်လည်း မသိတာကြောင့် လူကြီးမင်းကောကိုသာ မေးရပါလိမ့်မယ်”
63.3 02
ထိုအခါ ကောယိုကျစ်ရဲ့မျက်နှာက အရောင်စုံပန်းချီကားလို ဖြူတစ်လှည့် စိမ်းတစ်လှည့် ပြောင်းနေတယ်။ ရွှီထင်းရှန်းရဲ့မြှားဦးက သူ့ဘက်တည့်တည့်လှည့်လာတော့ သူက မတ်တပ်ထရပ်ကာ ဟန်ကိုယ့်ဖို့ ပြန်နှာခေါင်းရှုံ့လိုက်တယ်။
“ဟမ့် မင်းပြောတာအကုန်လုံး ယုံရအောင် မင်းကိုယ်မင်း ဘယ်သူထင်နေလဲ။ ဒါ ရုံးတော်ကွ မင်းမှာ ဘာသက်သေရှိလဲ?”
ရွှီထင်းရှန်းကလည်း လှောင်ပြုံးပြုံးလိုက်ပြီး သူ့ကိုလျစ်လျူရှုကာ လက်ဖျားစထဲက စာရွက်တစ်ရွက် ဆွဲထုတ်လိုက်တယ်။ သူ ဖြည်ပြလိုက်တဲ့အခါ အထဲက တစ်စုံတစ်ယောက်ရဲ့ ပုံတူပန်းချီလေး ထွက်လာတယ်။
ရုပ်ပုံက အသက်ဝင်လွန်းလို့ ထိုလူငယ်ကို မြင်ဖူးတဲ့သူတိုင်း ဒါဟာ စွန်းဟေးဆိုတာ သိလိမ့်မယ်။ အထူးသဖြင့် စာရွက်ပေါ်က သူ့ရဲ့ ခပ်ကုပ်ကုပ်ပုံစံက ရှင်းရှင်းလင်းလင်း ထည့်သွင်းရေးခြယ်ထားတာကြောင့် မှားဖို့မဖြစ်နိုင်ဘူး။
ရွှီထင်းရှန်းက ပုံတူလေးကို စွန်းမိသားစုအရှေ့ယူသွားပြလိုက်တယ်။
“ဒါ လူကြီးမင်းတို့သား စွန်းဟေးဟုတ်ပါသလား”
စွန်းလင်မယားက ခေါင်းသွက်သွက်ညိတ်ပြပြီး တစ်ချိန်တည်းမှာပဲ အထူးသဖြင့် စွန်းဟေးရဲ့မိခင်ဖြစ်သူက ‘သားလေးဟေးအာ’ဆိုတာရေရွတ်ရင်း မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျလာတယ်။
ရွှီထင်းရှန်းက ပုံတူကို ပြန်ယူပြီး တရားခံဘက်ခြမ်းမှာ ရပ်နေတဲ့ ချင်းယွမ်ကကျောင်းသားတွေအရှေ့ ပြလိုက်ပြန်တယ်။
“မင်းတို့ ဒီလူကို မြင်ဖူးလား”
ကျောင်းသားအားလုံးက ခေါင်းခါပြပြီး ဒီလူကို တစ်ခါမှမတွေ့ဖူးဘူးလို့ ဖြေကြတယ်။ ဒီတော့မှ ရွှီထင်းရှန်းက ပုံတူကို အားလုံးအရှေ့ ဖြန့်လျက်သား ထပ်ပြလိုက်ပြီး သေချာရှင်းပြတယ်။
“အဲဒီနေ့တုန်းက ရန်ပွဲမှာပါဝင်ခဲ့တာ ရွာမိသားစုက စွန်းဟေးမဟုတ်ဘဲ မြို့က ကုန်သည်သူကြွယ်တွေဖြစ်တဲ့ စွန်းအိမ်တော်က သား စွန်းဟယ်ပါ။ တကယ်လို့ ခရိုင်မှူးဟူ မယုံသေးဘူးဆို အခုချက်ချင်း တစ်ယောက်ယောက်ကို စွန်းအိမ်တော်လွှတ်ပြီး သခင်လေးစွန်းကို ခေါ်လာခဲ့ခိုင်းလိုက်ပါ။ ခရိုင်မှူးကတော့ ဒီစွန်းဟယ်က ဘယ်အိမ်ကလဲဆိုတာ သိလောက်မှာပါ ဟုတ်တယ်မလား?”
ဒီအဖြစ်အပျက်ကြီးက အတက်အကျများစွာနဲ့ ရင်ဖိုလှိုက်မောဖွယ်ကောင်းလှတယ်။ ခရိုင်မှူးဟူက အမှုက သူတို့စီစဥ်ထားတဲ့အတိုင်း ချောမွေ့စွာ ပြီးဆုံးတော့မှာမို့ သခင်လေးရှန်ကိုတောင် အနောက်ကနားနေခန်းထဲမှာ အကြမ်းရည်အတူသောက်ဖို့ ဖိတ်မလို့လုပ်ထားတာ။
အခုတော့ ကိစ္စက မပြီးသေးဘူးနဲ့ တူပါတယ်။ တကယ်လည်း တစ်အောင့်နေတော့ စွန်းအိမ်တော်မှာ စွန်းဟယ်ဆိုတဲ့နာမည်နဲ့ လူတစ်ယောက်ရှိကြောင်း အရာရှိတစ်ယောက်က လာတင်ပြပြီး သူက တကယ့်စွန်းဟယ်ဟုတ်လား မဟုတ်လားတော့ မသိဘူးလို့ ဆိုတယ်။
ရွှီထင်းရှန်းကတော့ ပြေးကြည့်စရာမလို တွေးကြည့်ရုံနဲ့တင် သူပဲဆိုတာ သိလိုက်ပြီ။ နောက်ပြီး ဒီခရိုင်မှူးဟူက သူကြွယ်အိမ်က သခင်လေးတစ်ယောက်ကို ကာကွယ်ပေးဖို့အတွက်နဲ့ သူ့ကိုယ်ပိုင်ရာထူးကို စွန့်စားမှာမဟုတ်ဘူးဆိုတာလည်း သိတယ်။
ရွှီထင်းရှန်းက အဲဒီအိပ်မက်ကျေးဇူးကြောင့် ဒီနန်းတွင်းအရာရှိတွေရဲ့ လုပ်ပုံကိုင်ပုံနဲ့ပတ်သက်ပြီး နောကျေနေပြီးသား။ အရေးကြုံလာရင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ နယ်ရုပ်ကို ထိုးကျွေးမှာပဲ။ သေချာပေါက်ပါပဲ စွန်းဟယ်က ချက်ချင်းတရားရုံးရောက်လာပြီး ချင်းယွမ်ကကျောင်းသားတွေကလည်း ရန်ဖြစ်တုန်းက သူပါတယ်ဆိုတာ ထောက်ခံကြတယ်။
အမှန်တော့ ကိစ္စတွေက ဒီအထိတောင်ရောက်နေမှတော့ တစ်စုံတစ်ယောက်က အကောက်ကြံဖို့အတွက် ကြားမှာဝင်နှောင့်ထားပြီဆိုတာ အတော်လေး သိသာနေပါပြီ။ အများကြီးတွေးနေစရာမလိုဘဲ ကောယိုကျစ်က ပထမဆုံး သံသယရှိသူဖြစ်လာခဲ့တယ်။
စွန်းဟေးတစ်ယောက် ဘယ်လိုသေသွားပြီး ကောယိုကျစ်ကလည်း ဘာလို့ ဒီလောက်ရှည်ရှည်ဝေးဝေးအထိ စီစဥ်ပြီး ချင်းယွမ်ကျောင်းတော်ကို သေမှုသေခင်း တရားခံအဖြစ် ခေါင်းစဥ်တပ်လိုက်သလဲဆိုတာတွေက ရှန်ဖူ ဆက်နေနေတဲ့ အကြောင်းပြချက်တွေပဲ။ ဒါပေါ့ ဒါကလည်း သူတစ်ယောက်ထဲ ဘယ်ဟုတ်မလဲ။
63.3 03
ကောယိုကျစ်ရဲ့မျက်နှာက မြင်မကောင်းအောင် ပျက်ယွင်းသွားပြီး မတတ်နိုင်တဲ့အဆုံး သူက သူ့ရည်ရွယ်ချက်အားလုံးကို ဝန်ခံလိုက်ရတော့တယ်။ ဖြစ်ချင်တော့ သူက လင်းမြောင်နဲ့ ရန်ငြှိုးဟောင်းတစ်ခုရှိပြီး ချင်းယွမ်ကိုပိတ်စေချင်တာနဲ့ ဒီလိုချောက်ချလိုက်တာလို့ ဆိုတယ်။
စွန်းဟေးရဲ့သေဆုံးမှုကတော့ တကယ်လုံးဝ မတော်တဆသက်သက်သာဖြစ်ပြီး ရုတ်တရက် ရောဂါဟောင်း ထဖောက်လို့ဆုံးသွားကြောင်း ပြောပြတယ်။ ဒါပေမဲ့ သူက ရုံးတော်က အရာရှိတွေကို လာဘ်ထိုးပြီး ဆေးစစ်ချက်ကို ပြောင်းခိုင်းခဲ့တာလို့လည်း ဝန်ခံလာတယ်။
ချည်ခင်က အခုမှအကုန်လုံး ရှင်းလင်းသွားပြီး သူ့ဟာနဲ့သူ အဆက်စပ်မိသွားတယ်။ ထိုအခါ ချင်းယွမ်ကလူတွေတင်မဟုတ် ဟောခန်းထဲက ပြည်သူတွေပါ သူ့ကို ပြင်းထန်စွာ ဆူပူကြိမ်းမောင်းကြတော့တယ်။
သာမန်လူတွေခေါင်းထဲမှာ စာသင်သားတွေ အထူးသဖြင့် ကျောင်းဆရာတွေဆိုတာ လောကမှာ ကိုယ်ကျင့်တရားအကောင်းဆုံးသူတွေရယ်လို့ မှတ်ယူထားကြတာ။ သင်တဲ့ဆရာကိုယ်၌က ကောက်ကျစ်နေမှတော့ ကျောင်းသားတွေကို ဘယ်လိုဆုံးမမှာလဲ။
အားလုံးထဲမှာတောင် ချင်းဟယ်ကျောင်းတော်က ဟူယန်းတစ်မြို့လုံးမှာ အကောင်းဆုံးမို့ ဒီကို ဈေးမြင့်မြင့်ပေးပြီး ထားတဲ့ကျောင်းသားမိဘတွေ အများကြီးရှိတယ်။ အခု ချင်းဟယ်ရဲ့ တည်ထောင်သူက ဒီလိုဆိုမှတော့ သူတို့တွေ ဒေါသပုန်ထတာ မဆန်းဘူး။
“ဒါက သိပ်အဓိပ္ပာယ်မရှိသေးဘူး။ တကယ်လို့ လက်စားချေချင်ရုံပဲဆိုရင် ဘာလို့ စွန်းဟေးကိုပါ စွန်းဟယ်အဖြစ် နာမည်တပ်ထားတာလဲ။ နာမည်နှစ်ခုက စာလုံးပေါင်းဆင်လို့ တကယ်ပဲ မတော်တဆ မှားရေးမိတာလား”
ရုတ်တရက် ထွက်လာတဲ့ အသံကြည်ကြည်က ရှန်ဖူဆီကပဲ။ နောက်တော့ ဟောခန်းမကြီးက သူ့အပြောတွေကြောင့် တွေးစရာရသွားတဲ့အတိုင်း တိတ်ကျသွားတယ်။ ကောယိုကျစ်ရဲ့မျက်ဆန်တွေက အနည်းငယ် သေသွားသလို ရွှီထင်းရှန်းကလည်း တိတ်တခိုး သက်ပြင်းချမိလိုက်တယ်။
ကြည့်ရတာ သူ ဒီထက်ပိုပြီး ထိမ်ချန်ထားလို့မရတော့ဘူး ထင်ပါတယ်။ အမှန်တော့ ရွှီထင်းရှန်းက အမှုကို ရှင်းပြနေတဲ့တစ်လျှောက်လုံး မလိုလားအပ်တဲ့ လျှို့ဝှက်ချက်တွေ မပေါ်သွားအောင် ခက်ခက်ခဲခဲ ကြိုးစားခဲ့တာ။
ဒါပေမဲ့ သူ့အားစိုက်ထုတ်မှုတွေကို တစ်ယောက်ယောက်က အလဟဿဖြစ်စေလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ နောက်ပြီး အဲဒီလူကလည်း အခန်းထဲမှာ အရေးပါဆုံးလူ ရှန်ဖူဖြစ်နေမယ်လို့ စိတ်ကိုမကူးထားတာ။
ထားလိုက်ပါတော့လေ ကံကြမ္မာကိုယ်၌က တချို့လူတွေကို အပြစ်ပေးချင်နေတာ ထင်ပါရဲ့
…………
******
64.1 01
အခန်း 64.1
တိတ်ဆိတ်သွားတဲ့ ဟောခန်းမကြီးထဲမှာ ရှန်သခင်လေး ၃ရဲ့ အေးဆေးတဲ့လေသံက ဖြည်းညှင်းစွာ ထပ်မံထွက်လာခဲ့တယ်။
“စွန်းဟေးက သူ့ရောဂါနဲ့သူ ဆုံးသွားတယ်ဆိုကတည်းက ကျောင်းအုပ်ကောအနေနဲ့ အမှန်အတိုင်း ပြောလိုက်လို့ရတာပဲ။ မဟုတ်လည်း ညမှောင်တဲ့အခါ အလောင်းကို ချင်းယွမ်ကျောင်းတော်အရှေ့မှာ သွားပစ်ထားလိုက်ရုံပဲ။ ဘာလို့ ဒီလိုရှုပ်ထွေးတဲ့နည်းလမ်းကိုမှ သုံးခဲ့ရတာလဲ။ ထပ်ဖြည့်ပြောရရင် လူကြီးမင်းကောက ကျောင်းအုပ်ဆိုပေမဲ့ သာမန်ပညာတတ်တစ်ယောက်အပြင် မပိုဘူး။ ဒါဆိုဘယ်လိုအကြောင်းအရင်းကများ မင်းလို မြို့မျက်နှာဖုံးရှင်ရဲ့ သားတစ်ယောက်ကိုတောင် သေချင်ယောင်ဆောင်ပေးတဲ့အထိ သဘောတူစေခဲ့တာလဲ”
ဒီနေရာမှာတော့ ‘မင်း’ဆိုတာ စွန်းဟယ်ကို ရည်ညွှန်းတာဖြစ်တယ်။ သူ့အမေးက ဆွဲငင်တတ်တဲ့ လမင်းလိုပဲ အောက်က ကြည့်ရှုသူတွေရဲ့ အတွေးသံသယတွေကို ဒီရေအလား တိုးပွားလာစေတယ်။ လူအုပ်ကြီးဆီက တိုးတစ်ခါ ကျယ်တစ်ခါ ထွက်ပေါ်လာတဲ့ မေးခွန်းတွေက စွန်းဟယ်မျက်နှာကို သိသိသာသာ ပျက်ယွင်းသွားစေတယ်။
သို့ပေသိ သူက ဇွတ်တည်ငြိမ်ချင်ဟန်ဆောင်ဖို့ အပြုံးတစ်ခု ညှစ်ထုတ်လိုက်တော့ မျက်နှာတစ်ပြင်လုံးမူမမှန်စွာ တွန့်လိမ်သွားခဲ့တယ်။ ရွှီထင်းရှန်းကတော့ ဒါကိုမြင်တာနဲ့ မျက်လုံးတွေက မသိမသာ အေးစက်သွားတယ်။
ယောက်ျားတွေက တကယ်ကို ထူးဆန်းတဲ့သတ္တဝါတွေပဲ။ ယုတ်မာတဲ့အခါကျ မှားလို့မှားမှန်း မသိဘဲ ကြားဝံ့စရာတောင်မရှိတဲ့အရာတွေကို အလွယ်တကူ လုပ်နိုင်တယ်။ ဒါပေမဲ့ ဘေးကျပ်နံကျပ်ဖြစ်တော့မှ ကြောက်တတ်သေးတယ်လား။ ဘာတွေ ကြောက်နေတာလဲ။ လုပ်ရဲရင် ခံရဲရမှာပေါ့။
ရွှီထင်းရှန်းက ဘယ်လောက်စဥ်းစား စဥ်းစား ဒီလိုလူတွေကို တကယ်နားမလည်နိုင်ဘူး။
“ဒီကျောင်းသားက ဘာတွေဖြစ်သွားမှန်း တကယ်မသိပါဘူး။ ကျောင်းအုပ်ကြီးက ကျောင်းမှာ မတော်တဆတစ်ခုဖြစ်သွားတယ် ပြောကတည်းက မိဘတွေကလည်း စိတ်ပူလို့ ဒဏ်ရာတွေကို အိမ်မှာ ကုရင်း အနားယူလို့ရအောင် ခေါ်သွားခဲ့တာပါ”
ဒါက အကြောင်းပြချက်ကောင်းဆိုပေမဲ့ လိမ်တဲ့သူက တည်ငြိမ်မနေတော့ မျက်စိပါတဲ့ဘယ်သူမဆို သူလိမ်နေတာ သိနိုင်တယ်။ ဒါပေမဲ့ ရှန်ဖူကတော့ စိတ်ထဲမထားဘဲ စိတ်ဝင်တစားနဲ့တောင် သူနဲ့ဆက်ဆွေးနွေးလိုက်သေးတယ်။
“အဲဒီလိုဆိုရင် မင်းက အပြည့်အဝ အပြစ်ကင်းတာပဲ။ ဒါဆို တကယ့်တရားခံက ကျောင်းအုပ်ကောပေါ့”
စွန်းဟယ်က ကောယိုကျစ်ကို မျက်လုံးထောင့်ကနေတောင် မကြည့်ရဲဘဲ ခေါင်းညိတ်ပြလိုက်တယ်။ သူ ဒီကိုထွက်လာတုန်းက သူ့အဖေက ဘာတွေပဲဖြစ်နေပါစေ လုံးဝဝန်မခံလိုက်နဲ့လို့ သေချာမှာခဲ့တာ။ သူသာ ဝန်မခံသရွေ့ ထွက်ပြေးဖို့ နည်းလမ်းရှိသေးတယ်။
သူ့မိသားစုနောက်ခံနဲ့ဆိုရင် သေမှုသေခင်းဆိုရင်တောင် အသာလေး လစ်ထွက်လာလို့ရတယ်။ ဒီထက်ပိုကျိန်းသေတာက ခရိုင်မှူးဟူရော ကောယိုကျစ်ရော ရှိနေသေးတယ်။ ဒီလူနှစ်ယောက်က အမှုကိုဖုံးကို သူ့အဖေဆီက ငွေဘယ်နှတုံးတောင် လက်ခံထားခဲ့သလဲ။
ဒီလိုတွေးမိသွားတော့ စွန်းဟယ်က နောက်ဆုံး အနည်းငယ် တည်ငြိမ်လာတယ်။
“တကယ်လို့ ခင်ဗျား မယုံဘူးဆို ကျောင်းအုပ်ကြီးကို မေးကြည့်လို့ရတယ်”
ဒီတစ်ခါတော့ ကောယိုကျစ်က သူနဲ့မထူးခြား မခြားနားဖြစ်သွားပြီ။ ဒါပေမဲ့ လှေက ရေဝင်နေပြီမို့ သူသာ အားလုံးအတွက်ခေါင်းခံပေးလိုက်ရင် ခရိုင်မှူးဟူနဲ့စွန်းမိသားစုတို့က သူ့ကို တိတ်တိတ်လေး စောင့်ရှောက်ပေးကြမှာပဲ။
ရှန်သခင်လေး၃ မရှိသရွေ့ ဒီခရိုင်ရုံးနဲ့ အမှုက ခရိုင်မှူးဟူ လက်ထဲမှာ အပြည့်အဝရှိနေတာ။ တကယ်လို့ သူက အသိဉာဏ်တိမ်ပြီး အားလုံးကို ဖော်လိုက်မယ်ဆိုရင် ရှန်သခင်လေး ၃က ခွင့်လွှတ်ပေးရင်တောင် ကျန်တဲ့သူတွေက အပြတ်ရှင်းလိမ့်မယ်။
“ဒီကိစ္စက သူနဲ့ဘာမှမဆိုင်ပါဘူး။ သူ့ကို ကျုပ်တမင် အာရုံလွှဲခဲ့တာ”
သူ့ရဲ့ သူရဲကောင်းဆန်ဆန်အသံထွက်လာတော့ ရှန်ဖူက အင်မတန် ရယ်ရတဲ့ပြက်လုံးတစ်ခု ကြားလိုက်ရသလို ထရယ်တယ်။ ကောယိုကျစ်နဲ့တခြားသူတွေ သူ့အပြောကို ဂနာမငြိမ်စွာ စောင့်ဆိုင်းနေတဲ့အချိန်မှာပဲ ရှန်ဖူက ရွှီထင်းရှန်းဘက်ကို လှည့်မေးတယ်။
64.1 02
“မင်းမှာ ပြောစရာတစ်ခုခုရှိလား”
ရွှီထင်းရှန်းက ခန့်မှန်းပြီးသားမို့ သူ ဒီလိုမေးလာတဲ့အပေါ် နည်းနည်းလေးတောင် အံ့ဩမနေဘူး။ ပညာအရည်အချင်းပိုင်းမှာဆိုရင် ရှန်ဖုဟာ အထက်တန်းလွှာ မိသားစုဝင်တွေထဲမှာ ထိပ်တန်းက မဟုတ်ပါဘူး၊ အလယ်အလတ်အဆင့်လောက်ပဲ ရှိတာ။ ဒါကြောင့်လည်း သူ့ထက် ထူးချွန်တဲ့သူတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ ကျင့်ရှီဘွဲ့ရနေတဲ့ အချိန်မှာ သူက အခုထိ ကျူးရင်ဘွဲ့ပဲ ရှိနေသေးတာပေါ့။
သူများတွေထက်စာရင် အရမ်းတော်မနေလို့လည်း ရှန်ဖူက အားလုံးထက်ပိုပြီး အတည်ပေါက် ကြိုးစားတယ်။ ကိုယ့် ကိုယ်ရည်ကိုယ်သွေးကို အမြဲတမ်း မြှင့်တင်ဖို့လုပ်နေတဲ့ ဒီလိုစိတ်ဓာတ်က အတော်လေး ကြောက်ဖို့ကောင်းပြီး တကယ်လည်း အရာထင်ခဲ့တယ်။
ဒီတော့ သူ့စကားလုံးတွေထဲမှာ ယိုပေါက်တစ်ခုရှိနေတာ သိလို့ကို ရွှီထင်းရှန်းက တမင်တကာ အပြစ်အနာအဆာတစ်ခု ချန်ခဲ့တာ။ မဟုတ်လည်း ဒါက သူ့ပုံစံအစစ်အမှန်မဟုတ်ဘူးလို့ တွေးမိတာလည်း ပါနိုင်ပါတယ်။
တကယ့် ‘သူ’က တစ်ဖက်လူအပေါ် ဒီလိုထည့်သွင်းစဥ်းစားတတ်တဲ့ စိတ်နဲ့ ဖြေရှင်းမှာမဟုတ်ဘူး။ သူက အမြဲတစေ အဆုံးထိသွားရင်သွား မဟုတ်ရင် လုံးဝမသွားနဲ့ဆိုတဲ့ လူစားမျိုးမို့ သူတစ်ခါခဲမိပြီဆိုတာနဲ့ သေတဲ့အထိ ကိုက်ထားမှာ လုံးဝလွှတ်ပေးဖို့ စိတ်ကူးမရှိဘူး။
ဒါပေမဲ့ ဒီတစ်ခေါက်မှာတော့ အပြစ်သားတွေကို ထင်ရာစိုင်းတဲ့စိတ်နဲ့ ကြီးကြီးမားမား သင်ခန်းစာပေးဖို့မလုပ်ဘဲ လျှော့ပေါ့ပေးလိုက်တယ်။ ဒါကသာ တကယ့် ‘သူ’များလား။
ရွှီထင်းရှန်းက အဲဒီအိပ်မက် မက်ပြီးကတည်းက အချိန်ပြည့် သူ့အတွင်းထဲမှာ နှစ်ကိုယ်ကွဲနေတယ်ဆိုတဲ့ ခံစားချက်ကြီးရနေခဲ့တာ တော်တော်ကြာပြီ။ သူက ခဏပဲ ချင့်ချိန်လိုက်တယ် နောက်တော့ အတော်လေး ခန့်မှန်းရခက်တဲ့ ခံစားချက်မျိုးစုံရောပြွန်းနေတဲ့ အပြုံးတစ်ခုက သူ့နှုတ်ခမ်းမှာ ခိုတွဲလာတယ်။
“ဒီငယ်သားက ဇာတ်လမ်းတစ်ပုဒ်ပြောပြချင်တယ်”
“ပြော”
ဒီလိုနဲ့ ရွှီထင်းရှန်းက သူရထားတဲ့အသေးစိတ် အမှန်တရားအားလုံးကို အခြေခံပြီး သူ့ကိုယ်ပိုင်ခံစားချက်လေး တချို့ပေါင်းထည့်ကာ အင်မတန် ပူဆွေးဝမ်းနည်းစရာကောင်းတဲ့ အဖြစ်အပျက်တစ်ခုကို ဆွေးဆွေးမြည့်မြည့် ပြောပြခဲ့တယ်။
အဓိကဇာတ်ဆောင်က အပူအပင်ကင်းတဲ့ လယ်တောထဲမှာ မွေးဖွားလာတဲ့ ရွာသားကောင်လေးတစ်ယောက်ဖြစ်ပြီး ဘဝက မပြည့်စုံပေမဲ့ သူ့ကို အရမ်းချစ်မြတ်နိုးတဲ့ အဖေရယ်၊ အမေရယ်၊ အဘွားရယ်ရှိနေတော့ နေရတာ အတော်ပျော်စရာကောင်းခဲ့တယ်ပေါ့။
သူ သိတတ်စအရွယ်မရောက်ခင်အထိ နေ့ရက်တိုင်းက ဒီလိုပဲကုန်လွန်သွားခဲ့တယ်။ သူ့ရဲ့ဆင်းရဲပေမဲ့ ကောင်းစားစေချင်တဲ့မိဘတွေက ရုတ်တရက်ကြီး သူတို့သားလေးကို မိုးလင်းက မိုးချုပ် ခါးမမတ်ရတဲ့ သာမန်လယ်သမားအဖြစ်နဲ့ အရိုးမထုတ်သွားစေချင်ဘူး။
သူတို့သားလေးက ဉာဏ်လည်းထက်မြက်ပုံပေါ်တော့ ကောင်းမွန်တဲ့ အနာဂတ်လေး ရှိသင့်တယ်လို့ ထင်ကြတယ်။ သူက မင်းမှုထမ်းမဟုတ်ရင်တောင် ရွာမှာပဲ ကိုယ်ပိုင်ကျောင်းလေးဖွင့်ပြီး အိမ်နီးချင်းရွာကကလေးတွေနဲ့ တခြားသူတွေကို စာသင်ပေးလို့ရတယ်လေ။
ဒီလိုနဲ့ သူ့မိဘတွေက သူတို့နှစ်ရှည်လများ စုဆောင်းထားခဲ့တာတွေကို ထုခွဲရောင်းချပြီး သားလေးကို စာစသင်ဖို့ ရွာကျောင်းလေး ထားပေးခဲ့တယ်။ အဲဒီအချိန်ကစပြီး ကောင်လေးက သူ့ရဲ့စာသင်သားခရီးလမ်းကို စတင်လျှောက်ခဲ့တော့တယ်။
အဲဒီတုန်းက သူသိတာဆိုလို့ သာမန်လယ်သမား မိသားစုက ကလေးတစ်ယောက် စာသင်နိုင်ဖို့ ဘယ်လောက်ခက်ခဲသလဲဆိုတာပဲ ရှိတယ်။ သိတတ်တဲ့ကောင်လေးက သူ့မိဘတွေ တစ်နေကုန် နေပူထဲသွားရှာထားတဲ့ ငွေနဲ့ဝယ်ပေးထားတဲ့ စာရွက်တွေ မှင်တုံးတွေကို မဖြုန်းတီးချင်ပေမဲ့ သူ့မှာ အိမ်ထဲမှာပဲ နေပြီး စာလုပ်ရတယ်။
64.1 03
တစ်ခါတလေ သူက ဒီစာအုပ်တွေနဲ့ပတ်သက်ပြီး အနည်းငယ် စောဒကတက်မိတယ်။ ဒီစာတွေ သင်နေရတာကြောင့်သာမဟုတ်ရင် သူလည်း အမေတို့အလုပ်ကို ဝိုင်းကူလုပ်ပေးလို့ရပြီး အိမ်မှာလူပိုကြီးလို ဖြစ်မနေတော့ဘူးပေါ့။
စာအုပ်တွေက အကုန်မကောင်းဆိုးဝါးတွေချည်းပဲဆိုတာ သူစိတ်ပေါက်လာတိုင်း ပြောတတ်တဲ့စကားလေးတစ်ခု၊ ဒါပေမဲ့ အဲဒီစိတ်ဝင်စားစရာ စာအုပ်တွေကို လက်ကမချနိုင်အောင် ဖြစ်နေတာလည်း သူပဲ။
ဒါပေမဲ့ မကြာခင်မှာပဲ သူက ဒီအသုံးမဝင်တဲ့အကြံကို စွန့်ပစ်လိုက်တော့တယ်။ သူ့မိသားစုက စာသင်ဖို့ ဒီလောက်ငွေတွေအကုန်ကျခံထားရတာ သူက ပေါ့ပျက်ပျက်နဲ့ အလဟဿလုပ်လိုက်လို့ မဖြစ်ဘူး။ ဒါကြောင့် သူဆက်ပြီး ကြိုးကြိုးစားစား စာလေ့လာရမယ်ဆိုတဲ့အတွေးသာ ခေါင်းထဲရိုက်သွင်းထားလိုက်တော့တယ်။
နောက်ဆုံးတော့ ကလေးလေးက ကောင်လေးကနေ ဆယ်ကျော်သက်အရွယ်ကို ရောက်ရှိလာခဲ့တယ်။ သူက အသိပညာရှိပြီး ရွာမှာစာတတ်တဲ့လူရယ်လို့ သတ်မှတ်နိုင်ပေမဲ့ ဒါက မလုံလောက်သေးဘူး။ ရွာကျောင်းက ဆရာငယ်လေးကလည်း သူ့ကို ဒီထက်ပိုပြီး မသင်ပေးနိုင်တော့ဘူး။
တစ်ဆင့်မြင့်တဲ့နေရာကို ရောက်ဖို့ဆို ပိုကောင်းတဲ့ကျောင်းကို တက်မှရမယ်။ ဒီတစ်ခါလည်း သူ့မိဘတွေက သူ့ကို ခါတိုင်းလိုပဲ ပံ့ပိုးပေးခဲ့ပြန်တယ်။ သူ့ကို သူတို့သိတဲ့အကောင်းဆုံးကျောင်းကို ထားပေးဖို့အတွက် အိမ်က လယ်တစ်ကွက်ကိုတောင် ထုတ်ရောင်းခဲ့တယ်။
အဲဒီလိုနဲ့ လူငယ်လေးက သူ့မိသားစုတွေရဲ့ မျှော်လင့်ချက် တနင့်တပိုးနဲ့အတူ သူ မျှော်လင့်တောင့်တခဲ့ရတဲ့ မြို့က ကျောင်းတော်ကြီးကို ရောက်လာခဲ့တယ်။ စိတ်မကောင်းစရာက ဒီနေရာဟာ သူတွေးထားသလို အေးချမ်းသာယာတဲ့နေရာဟုတ်မနေတာပဲ။
သူက ဆင်းရဲတယ်။ ဒါကြောင့် သူ့အင်္ကျီတွေကလည်း အမြဲတစေ အဖာတစ်ရာနဲ့ဖြစ်နေတတ်တယ်။ သူ့ဘဝမှာ အကောင်းဆုံးအင်္ကျီဆိုလို့ သူ့မိဘတွေ ခြစ်ကုပ်စုပြီး ငွေအများကြီးသွင်းခဲ့ပေမဲ့ ကျောင်းတော်အတွက်တော့ ထောက်ထားသောအားဖြင့် လှူလိုက်တဲ့ ကျောင်းဝတ်စုံပဲရှိတယ်။
ဒီကျောင်းဝတ်စုံက သူ့ရဲ့နွမ်းပါးမှုနဲ့ မဝံ့မရဲပုံကို ဖုံးကွယ်ထားပေးတယ်။ သူက ခရုလေးလိုပဲ ဖြည်းဖြည်းနဲ့မှန်မှန် သူ့ပန်းတိုင်ကို အရောက်သွားနေခဲ့တယ်။ သို့သော်ငြား ဒီကမ္ဘာကြီးက သတ္တဝါငယ်လေးအပေါ် လေနီကြမ်းတွေ တိုက်ခတ်ပေးလာတာကတော့ ရက်စက်တဲ့အမှန်တရားပဲ။
ဒီကျောင်းမှာ ချမ်းသာတဲ့ကျောင်းသားတွေက ဆင်းရဲသားတွေကို အမြင်ကပ်ပြီး အနိုင်ကျင့်ကြတယ်။ အဆိုးဆုံးက ငွေရှိတဲ့အပြင် အာဏာပါရှိတဲ့ ကျောင်းသားတွေက တချို့တွေရဲ့အသက်ကို မြက်တစ်ပင်လို သဘောထားပြီး အလွယ်တကူ ဆွဲနှုတ်နေတာပဲ။
သူတို့က သူ့ကို စိတ်ကြည်နေတဲ့အချိန်ဆို လက်တိုလက်တောင်းပဲ ခိုင်းပြီး စနောက်လှောင်ရယ်ကြတယ်။ သူတို့ စိတ်မကြည်တဲ့အခါကျရင်တော့ ဖြစ်လာသမျှအားလုံးကို သူ့အပေါ် ရိုက်နှက်ကန်ကျောက်ပြီး မာန်မဲတော့တယ်။
သူ့မှာ ဘာမှမပြောရဲတာကြောင့် ဒီတိုင်းပဲ ငြိမ်ခံနေရတယ်။ သူ့ပုခုံးပေါ်မှာ မိသားစုတွေရဲ့ မျှော်လင့်ချက်ကိုလည်း သယ်ပိုးထားရသေးတာကြောင့် ခဏပဲ သည်းခံလိုက်ရင် တစ်နေ့ကျရင်တော့ ဒီနေရာက ခေါင်းမော့ရင်ကော့ပြီး ထွက်သွားနိုင်မှာပါ။
ဒါပေမဲ့ လူငယ်လေးက လူ့သဘာဝရဲ့ ထိတ်လန့်စရာကောင်းတဲ့ အကျည်းတန် ရက်စက်မှုတွေကို လျှော့တွက်လိုက်မိတာတော့ နှမြောစရာပဲ။ အဲဒီလိုနဲ့ နောက်ဆုံးတော့ သူ့ရဲ့ အသက်ကိုပါ ပေးဆပ်လိုက်ရတော့တယ်။
ဇာတ်လမ်းလေးက ကြေကွဲဖွယ်ရာကောင်းစွာနဲ့ ပြီးဆုံးသွားခဲ့တယ်။
******
64.2 01
အခန်း ၆၄.၂
ပုံပြင်လေးရဲ့အဆုံးမှာ ခန်းမကြီးထဲ တိတ်ဆိတ်မှုသာ ကျန်ရစ်ခဲ့ပြီး ငြိမ်သက်လွန်းလို့ ကိုယ့်အသက်ရှူသံကိုတောင် ပြန်ကြားနိုင်တယ်။ ရုတ်ခြည်းဆိုသလို တစ်စုံတစ်ယောက်ရဲ့ ပေါ့ပါးဟန်ရသော်လည်း လေးလံပြီး ဝန်ထုပ်အပြည့်နဲ့ ရယ်သံဖျော့ဖျော့က ဖြည်းဖြည်းချင်း ထွက်လာတယ်။
နားထောင်သူတွေထဲမှာတော့ လူတချို့က အသံတိတ်ငိုကြွေးနေကြပြီး ရှိုက်သံက ဆို့နင့်ဖွယ်ရာကောင်းလွန်းလို့ ကြားရသူတွေကိုတောင် စိတ်မချမ်းမြေ့ဖြစ်စေတယ်။ လူအုပ်ကြားထဲက ကျောက်အာကလည်း ပါးစပ်ကိုလက်နဲ့အုပ်ရင်း ပါးနှစ်ဖက်လုံးမှာ မျက်ရည်သွင်သွင် ကျနေခဲ့တယ်။
မောက်ပါ့သို၊ လီသာ့ထျန်နဲ့ချန်ကျန်းတို့မျက်နှာမှာလည်း ခံစားချက်မျိုးစုံနဲ့ မျက်ရည်တွေ ဝဲနေတယ်။ တခြားတစ်နေရာမှာတော့ သိမ်မွေ့ချောမောတဲ့ လူငယ်လေးတစ်ယောက်က လူပင်လယ်ကြီးနောက်မှာ ပုန်းကွယ်ရင်း တိတ်တဆိတ် မျက်ရည်မိုး ရွာနေတော့တယ်။
“ဒါက မင်းပြောပြချင်တဲ့ ဇာတ်လမ်းလား”
ရှန်ဖူ့ရဲ့အသံက အနည်းငယ် ငေးငိုင်မိန်းမောနေတယ်။ ရွှီထင်းရှန်းက ဆက်ပြုံးမနေတော့ဘဲ ခေါင်းညိတ်ပြလိုက်တယ်။
“ဘာလို့အစကတည်းက မပြောခဲ့တာလဲ”
ဘာလို့ မပြောလဲ။ဒါကအစ ထုတ်ပြောဖို့ လိုအပ်ခဲ့လို့လား။
ရှန်ဖူက မြင့်မြတ်တဲ့ရုံးတော်စင်မြင့်မှာ မားမားမတ်မတ် ရပ်နေတဲ့ လူငယ်လေးကို တစ်ချက်ကြည့်လိုက်တယ်။ အမှန်အတိုင်းပြောရရင် ကောင်လေးက သူထင်ထားတာထက် ပိုရဲရင့်တယ်။
ကိစ္စတွေရဲ့လားရာကိုလည်း မထင်မှတ်ထားတဲ့ဘက်ကို ပြောင်းလဲနိုင်စွမ်းရှိပြီး သူ့ဆရာနဲ့အတန်းဖော်တွေအပြင် အခြေအနေတစ်ခုလုံးကိုပါ ကယ်တင်နိုင်ခဲ့တယ်။ သူ့မှာ အရွယ်နဲ့မလိုက်တဲ့ သတိတစ်ခုရှိနေပြီး ခရိုင်မှူးဟူနဲ့ အမေးအဖြေလုပ်တုန်းကလည်း ဘယ်သူ့ကိုမှ မထိမပါးဘဲ လွတ်လွတ်ကင်းကင်း ရွေးဖြေခဲ့တာ။ အားမတန်တဲ့ ကျောင်းသားတစ်ယောက်ဖြစ်နေလို့ကို အဓိကမပြောမဖြစ်တဲ့ ကောယိုကျစ်ကလွဲ ကျန်တဲ့လူတွေအားလုံးကို မကောင်းမှန်းသိတာတောင် မစော်ကားမိအောင် ပါးနပ်စွာ တိမ်းရှောင်ခဲ့တယ်။
သူ့ကြည့်ရတာ တကယ်လို့ တတ်နိုင်ရင် ကျောင်းအုပ်ကောနဲ့တောင် မငြိချင်တဲ့ပုံပါပဲ။ ဒါကတင် ဒီကောင်လေးဟာ သူ့ရဲ့အားနည်းတဲ့ မိသားစုနောက်ခံကို ကောင်းကောင်းသဘောပေါက်တယ်လို့ ဆိုနိုင်တယ်။
သာမန်လယ်သမားတစ်ယောက်က ဘယ်လောက်ပဲ မှန်နေပါစေ ခရိုင်မှူး၊ ဟူယန်းရဲ့အကောင်းဆုံးကျောင်းပိုင်ရှင်နဲ့ လူချမ်းသာစွန်းမိသားစုတို့ကိုတော့ ယှဥ်မတိုက်နိုင်ဘူးမလား။ အခန့်မသင့်လို့ ဒီလူတွေသာ သူ့ကို မျက်စိဆံပင်မွှေးစူးသွားရင် တစ်မိသားစုလုံး ချေမှုန်းခံရလိမ့်မယ်
ဒါတောင် သူ့ဆရာနဲ့အတန်းဖော်တွေကို လွတ်မြောက်အောင် ကယ်တင်ဖို့ သူရောက်လာသေးတယ်။ တစ်ဖက်က အင်အားကြီးတဲ့ တရားလိုတွေကိုလည်း မျက်နှာသာတချို့ ပေးပြီးတော့ပေါ့။ ဒါပေမဲ့ သူက အရမ်းထင်ရာစိုင်းပြီး ရွှီထင်းရှန်း အကောင်းဆုံးထိန်းသိမ်းဖို့ ကြိုးစားထားတဲ့ အကြံကို ချိုးဖျက်လိုက်မိတာတော့ စိတ်မကောင်းစရာပဲ။
ရှန်ဖူက စိတ်ထဲမှာ တိတ်တဆိတ် အသိအမှတ်ပြုရင်း နောက်ဆက်တွဲ သက်ပြင်းတစ်ချက်နဲ့ လူငယ်လေးကို ရှုပ်ထွေးစွာ ကြည့်နေမိတယ်။ ရွှီထင်းရှန်းကတော့ ဒီမျက်နှာထားကိုကြည့်တာနဲ့တင် ရှန်သခင်လေး ၃ အရမ်းအတွေးလွန်နေပြီဆိုတာ သိလိုက်တယ်။
ဒါပေမဲ့ တကယ်လည်း သူက ဉာဏ်များတဲ့လူဆိုတာ အမှန်ပဲ။ သူ(ရွှီထင်းရှန်း)က အခုသာ ချင်းဟယ်က ‘စွန်းဟေး’ကို သက်ပြင်းတချချနဲ့ သနားပြနေပေမဲ့ လိုအပ်လာရင် သူလိုချင်တဲ့ အခွင့်အရေးရဖို့အတွက် ဒါကိုချနင်းသင့်ရင် ချနင်းပစ်မှာပဲ။
ဒါဆို ဘာလို့ နဂိုအကြံကို လက်လျှော့လိုက်သလဲလို့ မေးရင်တော့ ဒီရှန်သခင်လေး ၃ကို ဘယ်သူက ဒီလောက်အထိ အလိုက်ကမ်းဆိုးမသိဘူးလို့ ထင်ထားမှာလဲ။
“ကြည့်ရတာ ငါက မင်းရဲ့အစီအစဥ်ကို ဖျက်ဆီးလိုက်မိတယ် ထင်ပါရဲ့”
ရာထူးမြင့်တဲ့လူတွေက အမြဲတမ်း မရိုးမဖြောင့်နဲ့။ ရှန်ဖူ ရှန်ဖူ မင်းက ဘေးကလူတွေကိုတောင် မကြည့်တော့ဘူးလား။
ရွှီထင်းရှန်းက အပြင်ပန်းမှာတော့ မျက်တောင်ပုတ်ခတ်ပုတ်ခတ်နဲ့ လုံးဝ မအူမလည်ပုံစံသာ လုပ်ပြလိုက်တယ်။
“သခင်လေး ၃က ဘာကိုဆိုလိုချင်တာလဲ မသိဘူး?”
ရှန်ဖူက အပြုံးတစ်ပွင့်နဲ့ မတ်တပ်ထရပ်တယ်။
64.2 02
“မင်းမသိဘူးဆိုလည်း ထားလိုက်ပါတော့” သူက ခဏလောက် တန့်နေပြီးမှ ဆက်ပြောတယ်။ “ဒါနဲ့ စွန်းဟေး ဘယ်လိုဆုံးသွားသလဲဆိုတာ မေးလို့ရမလား”
“ကျွန်တော်လည်း မပြောလို့ရမလား?”
“ဟင်း မင်းမပြောချင်လည်း ထားပါလေ၊ ဒီအရာရှိက မင်းကိုအများကြီး အထင်ကြီးမိတယ်။ ဒါကြောင့် အားလပ်ချိန်တိုင်း ရှန်အိမ်တော်ကို လာလည်လို့ရတယ်။ ငါ့နာမည်ကိုသာ ပြောလိုက် တစ်ယောက်ယောက်က ခေါ်လာပေးလိမ့်မယ်”
ပြီးတာနဲ့ သူက ရွှီထင်းရှန်းအပြောကိုတောင် မစောင့်တော့ဘဲ အနားကဖြတ်သွားတဲ့အချိန် ပုခုံးကိုတစ်ချက်ပုတ်ကာ တရားရုံးတော်ထဲက ထွက်သွားတော့တယ်။ သူနဲ့အတူလိုက်လာတဲ့ လက်ပါးစေကလည်း သခင်နောက်ကို ခပ်သုတ်သုတ် လိုက်သွားတယ်။
လောလောဆယ် ခန်းမထဲမှာတော့ ကမောက်ကမတွေ ဖြစ်နေပြီ။ စွန်းလင်မယားက အသက်ရှူရပ်မတတ် အော်ငိုနေကြပြီး ကောယိုကျစ်နဲ့စွန်းဟယ်တို့ကတော့ ကျောရိုးဖယ်ခံလိုက်ရတဲ့အတိုင်း နေရာမှာပုံကျသွားတယ်။
ရွှီထင်းရှန်းကလည်း ချက်ချင်း ပျင်းရိလာသလိုခံစားရလို့ နေရာမှာတင် ကြောင်အမ်းမှင်သက်နေပုံရတဲ့ ခရိုင်မှူးဟူကို မော်ကြည့်လိုက်ပြီး “ခရိုင်မှူးခင်ဗျာ ဒီငယ်သားရဲ့ ဆရာဖြစ်သူနဲ့ အတန်းဖော်တွေကို ခေါ်သွားလို့ရပြီလား မသိဘူး”
“ရပြီ”
ဒီလိုအဖြေရပြီးတာနဲ့ ရွှီထင်းရှန်းက ဘယ်သူ့ကိုမှ ဂရုမစိုက်တော့ဘဲ လင်းမြောင်ကို ကူတွဲကာ သူဦးဆောင်ပြီး အပြင်ထွက်လာလိုက်တယ်။ ခရိုင်တရားရုံးရဲ့ ဂိတ်ဝက ထွက်လာပြီးတော့မှ အနောက်က ဖရိုဖရဲအသံတွေ အနည်းငယ် တိုးသွားတော့တာ။
ရွှီထင်းရှန်းက တခြားသူတွေကို တစ်ခုခုလှည့်ပြောဖို့အလုပ်မှာပဲ လူတစ်ယောက်က ရုတ်တရက်ကြီး သူ့ဆီပြေးဝင်ကာ တအီအီငိုရင်း အတင်းပွေ့ဖက်လာတယ်။
“ကုန်းအာ ပြောစမ်း ဒီကျောင်းကို စရောက်တုန်းကလည်း အနိုင်ကျင့်ခံခဲ့ရတယ်မလား။ ငါ့ကိုပြော… ဘယ်ကောင်တွေ လာဗိုလ်ကျရဲတာလဲလို့ ဒီအစ်မက ကူရိုက်ပေးမယ်”
ကျောက်အာက နှပ်တွေ မျက်ရည်တွေပေပွနေအောင် ငိုယိုနေတာမို့ အတော်လေး ရုပ်ဆိုးနေပြီး မိန်းကလေးတစ်ယောက်အနေနဲ့ အပြင်မှာတောင် ရှိမနေသင့်တော့ဘူး။ ဒါပေမဲ့ ရွှီထင်းရှန်းကတော့ ရင်ထဲက အပူလုံးကြီးကျသွားပြီး အခုမှ စိတ်အေးနိုင်တယ်။
ဒီတစ်ခါတော့ ရွှီထင်းရှန်းက သူ အဆင်ပြေကြောင်းပြောရင်း စွန်းဟေးရဲ့ကိစ္စကိုလည်း ပေးမသိတော့ဘူး။ မဟုတ်ရင် သူမ ဘာတွေ ဆက်တွေးနေဦးမလဲ မသိဘူးလေ။ “မင်း အတွေးလွန်နေပြီ”
****
ဒီလိုနဲ့ ချင်းယွမ်ကျောင်းတော်ကြီးက တစ်ချိန်ကလို ပြန်လည်အေးချမ်းသွားပြီး အိမ်ပြန်သွားတဲ့ကျောင်းသားတွေလည်း တစ်ဖွဲ့ပြီးတစ်ဖွဲ့ ပြန်ရောက်လာကြတယ်။ လင်းမြောင်နဲ့ ဆရာမုန့်တို့ကတော့ မသိရင် ဒီအမှုကြီးက ဘယ်တုန်းကမှ မဖြစ်ပျက်ခဲ့တဲ့အတိုင်း အစတောင်မဖော်ကြဘူး။
ကျောင်းသားအနည်းစုက မတရားခံခဲ့ရတဲ့အပေါ် ဒီထက်ပိုပြီး ရေးကြီးခွင်ကျယ်လုပ်ချင်ကြပေမဲ့ ဆရာတွေနဲ့ကျောင်းအုပ်ကြီးကြောင့် သူတို့လည်း ဘာမှမပြောရဲတော့ဘူး။ အရာအားလုံးက အတော်လေး ငြိမ်းချမ်းသွားတာကြောင့် ရွှီထင်းရှန်းတောင်မှ စမ်းရေလို တည်ငြိမ်တဲ့ လင်းမြောင်နဲ့ ဆရာနှစ်ယောက်ကြောင့် ကျောင်းသားတွေလည်း စိတ်နှလုံး အေးအေးချမ်းချမ်းနဲ့ သင်ယူနိုင်တာလို့ တစ်ခါတလေ တွေးမိသေးတယ်။
တစ်ဖက်လူတွေက အရှက်ရသလား မရသလား နောင်တရလား မရလားဆိုတာကတော့ ဒါ သူတို့အပိုင်းဖြစ်သွားပြီ။ တစ်ခါတလေ ငွေမရှိတဲ့အခါ လူ့အသက်တစ်ချောင်းကလည်း ဒီလိုပဲ ပေါပဲသွားနိုင်တယ်။
အရာအားလုံးက လေတစ်သုတ်မှာ လွင့်ပြယ်သွားမှာဖြစ်ပြီး ကိုယ့်ရှေ့ကလမ်းကြောင်းသာ ပစ္စုပ္ပန်မှာ ကျန်ရှိခဲ့လိမ့်မယ်။ ဒီလမ်းကတော့ တစ်ယောက်တည်း လျှောက်ရမှာဖြစ်သလို လှမ်းသမျှခြေလှမ်းတိုင်းမှာလည်း ဂရုတစိုက်နဲ့ သတိထားရမှာဖြစ်တယ်။
အမှားများမှ တိုးတက်မှာဆိုတဲ့ စကားကို လင်းမြောင်က အထင်အရှား သက်သေပြခဲ့တယ်။ တကယ်လို့ မပြောင်းလဲခင်ကဆိုရင်တောင် ရွှီထင်းရှန်းက ဒီလိုလူမျိုးကို သိပ်သဘောကျမှာမဟုတ်ဘူး။ ဒါပေမဲ့ ဒါတွေအားလုံး ကြုံတွေ့ခဲ့ရပြီးတဲ့နောက်မှာတော့ သူလည်း စာအုပ်ကြီးထဲကမဟုတ်တဲ့ သင်ခန်းစာတချို့ ရသွားပုံပေါ်ပါတယ်။
64.2 03
ဘာလို့ဆို အေးအေးလူလူ စာဆက်သင်နေတယ်လို့ ထင်ရတဲ့အဲဒီအခန်းဖော်တွေရဲ့ မျက်နှာပေါ်မှာ အရှက်ရမှုကို မြင်တွေ့နေရလို့ပဲ။ သူတို့လည်း ဒီအဖြစ်ကို သင်ခန်းစာယူပြီး တာဝန်ယူမှုရှိတဲ့ လူကြီးလူကောင်းတွေအဖြစ် ကြီးပြင်းလာဖို့ မျှော်လင့်တယ်။
တကယ်တော့ သူ့ရှုထောင့်အမြင်တွေကို ပြောင်းလဲလိုက်တာနဲ့တင် ဘယ်ဆယ်ကျော်သက်လေးက တောင်ကြီးပြိုကျလာတာကို မျက်တောင်တစ်ချက်မခတ်ဘဲ တည်ငြိမ်နေနိုင်မှာလဲ။ အဲဒီတုန်းက သူတို့ပြန်လာတော့ မောက်ပါ့သိုက ခရိုင်မှူးဟူတစ်ယောက် ရွှီထင်းရှန်းကို အငြှိုးထားမှာ ကြောက်တယ်လို့ တစ်ခါပြောဖူးတယ်။
ရွှီထင်းရှန်းကတော့ ဒီလူတွေ သူ့ကိုမျက်မုန်းကျိုးရင်တောင် အနည်းဆုံးတော့ ပေါ်တင်ကြီး ဘာမှမလုပ်ရဲပါဘူးဆိုတာ ထပ်တလဲလဲ ရှင်းပြပေမဲ့ သူတို့က နားလည်ပုံမပေါ်ဘူး။ နောက်ပြီး အဲဒါကြောင့်ပဲထင်ပါတယ်။
လူထုအမြင်ကို ကြောက်တဲ့ ခရိုင်မှူးဟူက ကျောင်းအုပ်ကောနဲ့ စွန်းဟယ်တို့ကို အလင်းလိုအလျင်နဲ့ အချုပ်ထဲထည့်လိုက်ပြီး ချင်းဟယ်ကျောင်းတော်ကြီးကလည်း ပြိုလဲသွားခဲ့တယ်။ ဒီသတင်းက တောမီးလိုပျံ့သွားတာနဲ့ ကျောင်းသားမိဘတွေကလည်း နေ့တိုင်းလိုလို ကျောင်းရှေ့လာပြီး ပိုက်ဆံပြန်လျော်ဖို့ တောင်းကြတော့တယ်။ တစ်နှစ်… တစ်နှစ်အတွက် သွင်းထားရတဲ့စရိတ်တွေက ဘယ်လောက်တောင် များလိုက်သလဲ။ အခုသူတို့မှာ တာဝန်ယူပေးမဲ့သူ မရှိတော့ဘူးဆိုတော့ ဘယ်သူမှ အေးအေးလူလူ ထိုင်မနေနိုင်တော့ဘူး။
အဓိကကတော့ မရှိတဲ့ကြားက ခြစ်ကုပ်ပေးထားတဲ့ သာမန်မိသားစုတွေက သူတို့ချွေးနည်းစာကို ပြန်လိုချင်ကြတာပေါ့။ ဒီမတော်တဆမှုမှာ သူတို့အရင်က နှိမ်ထားတဲ့ ကျောင်းငယ်လေးက ကျောင်းအုပ်လင်းမြောင်ဟာ အခက်ကြုံတာတောင် ကျောင်းသားတွေကို ပစ်မသွားဘဲ အချုပ်လည်း အတူလိုက်ဝင်ပေးတယ်ဆိုတာက ခရိုင်တစ်ခုလုံးအနှံ့ ဟိုးလေးတကျော်ကျော်ဖြစ်သွားတယ်။
ဒါကြောင့်ပဲ ချင်းဟယ်ကထွက်ပြီး သူတို့ချင်းယွမ်ကို ကျောင်းလာအပ်တဲ့လူတွေက သိသိသာသာ တိုးပွားလာခဲ့တယ်။ ဒီမြင်ကွင်းက ဆရာသခင်နှစ်ယောက်စလုံး အတောင့်တခဲ့ရဆုံးဆိုပေမဲ့ တကယ်တမ်း ဖြစ်လာတဲ့အခါကျ သူတို့ကိုင်တွယ်နိုင်ပါ့မလားတောင် မသိတော့ဘူး။
ထိုအချိန်မှာပဲ နောက်ထပ်ကိစ္စတစ်ခု ဖြစ်ပေါ်လာပြီး အဲဒါကတော့ ဟူလျန်ရှန်းတစ်ယောက် ရုတ်တရက်ကြီး ရုံးတော်အစောင့်တွေ လာဖမ်းတာ ခံလိုက်ရတာပဲ။
******