အခန်း (၆၅-၆၆)
Vol. 7 Ch. 65-66
65.1 01
အခန်း ၆၅.၁
ဒီမတော်တဆဖြစ်ရပ်က ချင်းယွမ်ကျောင်းတော်ထဲမှာ အလန့်တကြား ဖြစ်သွားသေးတယ်။ အဲဒီတုန်းကတော့ တချို့ကျောင်းသားတွေက ဘာထပ်စွပ်စွဲပြန်ပြီလဲလို့ မေးခွန်းထုတ်ခဲ့ကြပေမဲ့ နောက်ကျတော့မှ ပေါက်ကြားလာတဲ့ စကားတွေကတစ်ဆင့် ရုံးတော်က ထိန်းသိမ်းခဲ့တယ်ဆိုတာ စွန်းဟေးရဲ့သေဆုံးမှုနဲ့ သက်ဆိုင်နေကြောင်း သိခဲ့ရတာ။
အဲဒီကတည်းက ထိုနေ့ရန်ပွဲတုန်းက ကျောင်းသားတွေ ပြောပြောနေတဲ့ အတွင်းသူလျှိုဆိုတာ ပေါ်ပေါက်သွားခဲ့တယ်။ ဖြစ်ချင်တော့ ဟူလျန်ရှန်းကိုး။ အမှန်တော့ တချို့တွေက သူ့ကိုသံသယဝင်နေတာ ကြာပြီ။
ဒါပေမဲ့ ဒီအမှုက ရုတ်တရက်ကြီး ထဖြစ်ပြီး ပါဝင်တဲ့ကျောင်းသားတွေလည်း ချက်ချင်း ထိန်းသိမ်းခံလိုက်ရတော့ ကြားထဲမှာ အဆက်အသွယ်တွေ ပြတ်ကုန်ပြီး အချက်လက်အနည်းစု လွတ်သွားတာသာ ဖြစ်တယ်။
တကယ်လည်း အဲဒီနေ့တုန်းက ဟူလျန်ရှန်းသာ ဝမ်းပျက်ဝမ်းလျှောမဖြစ်ခဲ့ရင် သူပါ ရန်ပွဲပါသွားမှာမလား။ ဒါပေမဲ့ ကံကောင်းထောက်မစွာနဲ့ ဗိုက်မကောင်းတာကြောင့် အချုပ်ထဲ မဝင်လိုက်ရဘူး။
သို့သော်ငြား တစ်ခါတလေ ကံအရမ်းကောင်းနေတာကလည်း လူတွေရဲ့ သံသယကို ပိုတိုးလာစေတယ်။ အချိန်တစ်ခုအထိ ကျောင်းတော်ထဲမှာ ဆွေးနွေးမှုအမျိုးမျိုးပေါ်ပေါက်ခဲ့ပြီး ယေဘုယျအားဖြင့် ကျောင်းသားအချို့ရဲ့ သုံးသပ်ချက်အရဆိုရင် စွန်းဟေးရဲ့သေဆုံးပုံက -
စွန်းဟေး(ကြိုးကြာငှက်)ရဲ့နာမည်က သူ့နာမည်နဲ့ဆင်နေတော့ လူချမ်းသာသခင်လေးတစ်ယောက်ဖြစ်တဲ့ စွန်းဟယ်(မြစ်ကြီး)က စဝင်ကတည်းက မကျေနပ်တာဖြစ်လိမ့်မယ်။ ဒါပေမဲ့ နာမည်က မိဘတွေပေးတာဆိုတော့ တခြားသူနဲ့ဆင်တိုင်း အလွယ်တကူလည်း ပြောင်းလို့လည်း မရဘူး။
နဂိုကတည်းက ဒါကို ရန်ထောင်နေပါတယ်ဆိုမှ စွန်းဟေးရဲ့နောက်ခံကလည်း ဆင်းရဲတော့ သခင်လေးစွန်းရဲ့ အရှက်ခွဲခံ အနိုင်ကျင့်ခံလေး ဖြစ်လာတော့တယ်။ စွန်းဟယ်က သခင်လေးဖြစ်တဲ့အလျောက် ဘယ်သူမှလည်း ဝင်မတားရဲသလို အဲဒါထက် မျက်နှာလုပ်ပြီး ဝင်ကူပေးမဲ့သူတောင် ရှိဦးမယ်။
အဲဒိတော့ စွန်းဟေးက ကျောင်းတက်နေစဥ်အတွင်း သူတို့အုပ်စုရဲ့ ညှင်းပန်းမှုကို အတော်လေး ခံခဲ့ရတာ ဖြစ်လိမ့်မယ်။ အစကတော့ သူက မကျေနပ်ရုံ အပျင်းပြေရုံဆိုပေမဲ့ စွန်းဟေးက နောက်ဆုံးတစ်ခေါက်မှာ တကယ်ကြီး သေသွားလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။
ဒါက အသေးအမွှားမဟုတ်လို့ စွန်းဟယ်က သူ့မိဘတွေကို ဖွင့်ပြောလိုက်တဲ့အခါ စွန်းလင်မယားက ကျောင်းအုပ်ကောဆီ အကျိုးအကြောင်းသွားပြောပြလိုက်တယ်။ အဲဒီလိုနဲ့ ကောယိုကျစ်က သူ့ရဲ့ထက်မြက်လှတဲ့ ပညာတတ်ဦးနှောက်ကိုသုံးပြီး သူအမြင်ကပ်တဲ့ ချင်းယွမ်အပေါ် ပုံချဖို့ စီစဥ်လိုက်တယ်။
ဒီအချိန်မှာ သူလျှိုတစ်ယောက်က လိုလာပြီ။ ဇာတ်လမ်းဆင်ဖို့ ဟိုဘက်က အတွင်းလူတစ်ယောက်သာမရှိရင် ကျောင်းသားအုပ်စုနှစ်ဖွဲ့ ချိန်းထိုးဖြစ်ကြမှာလည်း မဟုတ်ဘူး။ သူတို့နဲ့ အခန်းတူတဲ့ကျောင်းသားတချို့ ပြောတာတော့ တကယ်လည်း ဒီရန်ပွဲကို ဟူလျန်ရှန်းက စစီစဥ်တာတဲ့။
ခရိုင်ရုံးက ကောယိုကျစ်နဲ့ စွန်းဟယ်တို့ကို ဘယ်လိုလုပ်လိုက်သလဲ မသိရသလို သူတို့ကျောင်းသားတွေအနေနဲ့လည်း လက်လှမ်းမှီတဲ့နေရာမဟုတ်ဘူး။ လင်းမြောင်ကတော့ စုံစမ်းလို့ရပေမဲ့ သူက တလောကတင် ဒီအမှုကနေ လွတ်လာပြီးပြီဆိုတော့ တခြားသူတွေရဲ့ကိစ္စက သူအာရုံစိုက်စရာ မဟုတ်တော့ဘူး။
ကျန်တဲ့လူတွေက လင်းမြောင်ဘာတွေးသလဲ မသိကြပေမဲ့ ရွှီထင်းရှန်းကတော့ စိတ်ထဲ ကျိတ်တွေးလိုက်မိတယ်။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စတွေ ကြုံတွေ့ပြီးတဲ့နောက်မှာတော့ သူ့ရဲ့ ပေါပေါပဲပဲဆရာက နည်းနည်းပိုပြီး ထက်မြက်လာတယ် ထင်ပါရဲ့။
သင်ခန်းစာ နံပါတ်တစ်ကတော့ မမေးသင့်တာတွေကို မမေးတာပဲ။ အမှန်တော့ ရွှီထင်းရှန်းကလည်း ရလဒ်ကို စိတ်မဝင်စားပါဘူး။ ရှန်သခင်လေး ၃က ဖြောင့်မတ်တဲ့စိတ်ထားရှိသူလို့ သတ်မှတ်လို့ရတယ်။ သူပြောပြခဲ့တဲ့ ဇာတ်လမ်းလေးက တခြားလူတွေထက် သခင်လေးရှန်ရဲ့ရင်ထဲ အဓိကသွားထိခဲ့တယ် ထင်ပါတယ်။
စွန်းဟေး ဘယ်လိုဆုံးသွားတာလဲလို့ မေးလာတဲ့အချိန် သူသာ အမှန်အတိုင်း အသေးစိတ်ဖြေလိုက်ရင် သခင်လေးရှန်လိုလူက ဒီတိုင်း လက်ပိုက်ကြည့်နေတော့မှာ မဟုတ်ဘူး။ နောက်ပြီး ရှားစီရင်စုဆိုတာ ရှန်အိမ်တော်ရဲ့ပိုင်နက်ပဲ။
ဒီလိုနဲ့ သိပ်မကြာခင်မှာပဲ အမှုပိတ်သွားသလို ခရိုင်မှူးဟူလည်း ရှားစီရင်စုက ရွှေ့ပြောင်းသွားတော့တယ်။ သူ ဘယ်လိုဖြစ်လို့ ဒီလိုအပြောင်းခံလိုက်ရသလဲဆိုတာ ဘယ်သူမှမသိကြဘူး။ အသစ်ရောက်လာတဲ့ ခရိုင်မှူးက မျိုးရိုး စွီဆိုတာပဲ အရပ်သားတွေ နားထဲဝင်လာတယ်။
65.1 02
ခရိုင်မှူးစွီက စစပြောင်းလာတဲ့နေ့မှာပဲ ချင်းယွမ်ကျောင်းတော်ကိုရောက်လာပြီး ပြီးခဲ့တဲ့အမှုမှာ အမှန်တရားပေါ်အောင် စွမ်းဆောင်ပေးခဲ့တဲ့ လင်းမြောင်နဲ့ကျောင်းသားတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပိတ်သိမ်းလိုက်တဲ့ ချင်းဟယ်ကျောင်းဝန်းကိုပါ တိုးချဲ့နေရာယူဖို့ ပြောလာတယ်။
ဒီလိုနဲ့ ကျောင်းအုပ်ကြီး လင်းရဲ့ ကျောင်းနေရာမလောက်လို့ ဂိတ်ပေါက်မှာ ပြုံတိုးနေတဲ့ ကျောင်းသားတွေကို များများစားစား လက်မခံရဲတဲ့ပြဿနာက ဖြေရှင်းပြီးသားဖြစ်သွားတယ်။ ဒီအပြင် ခရိုင်မှူးစွီက လင်းမြောင်နဲ့ အားလုံးပြောဆိုသွားပြီးတဲ့နောက် ရွှီထင်းရှန်းကို သီးသန့်ခေါ်တွေ့ခဲ့တယ်။
“ဒီတစ်ခေါက် သူရဲကောင်းလေးက လူငယ်လေးတစ်ယောက်ဖြစ်နေတာပဲ။ စာသာ ကြိုးစားသင်ယူပါ။ အဆုံးထိရောက်သွားလိမ့်မယ်”
ဒါကို သာမန်အားပေးစကားတွေလို့ ထင်ရင်မှားသွားလိမ့်မယ်။ အမှန်တော့ သူက ဒီတစ်ခေါက် လာမဲ့ခရိုင်စာမေးပွဲမှာ ရွှီထင်းရှန်းအတွက် တစ်နေရာ ဖယ်ထားပေးတယ်ဆိုတာ သွယ်ဝိုက်ပြောသွားတာပဲ။ ရှို့ချိုင်မဟုတ်တောင် အနည်းဆုံး ထုန်ရှန်းအဆင့်လောက်တော့ သေချာနေပြီ။
ရွှီထင်းရှန်းကလည်း သဘောပေါက်တာကြောင့် စိတ်အေးသွားတယ်။ နေ့ရက်တွေက တဖြည်းဖြည်း ကုန်လွန်လာပြီး စွန်းဟေးရဲ့သေဆုံးမှုကလည်း နောက်ဆုံးတော့ လူတိုင်းပါးစပ်ထဲ မှေးမှိန်လာခဲ့တယ်။ စပ်စုတဲ့တချို့လူတွေက စွန်းဟေး ဘယ်လိုဆုံးသွားလဲဆိုတာ ရွှီထင်းရှန်းကို တိတ်တိတ်လေး လာမေးကြပေမဲ့ သူကတော့ ဒီလျှို့ဝှက်ချက်ကို အဆုံးထိ ထိန်းသိမ်းထားခဲ့တယ်။
ကြာလာတော့ အားလုံးလည်း လက်လျှော့သွားကြတယ်။ တစ်နေ့မှာတော့ ရွှီထင်းရှန်းက ကျောင်းစောင့်ကြီးကနေတစ်ဆင့် လင်းမြောင်ရဲ့ရုံးခန်းကို ဆင့်ခေါ်ခံခဲ့ရတယ်။ အခန်းထဲရောက်တော့ ကျောင်းအုပ်ကြီးရဲ့မျက်နှာက ပုံမှန်ထက်စာရင် အနည်းငယ် မဲမှောင်နေတယ်။
ရွှီထင်းရှန်းက သူ့အမူအရာကို ခဏလောက်အကဲခတ်နေရင်း နောက်ဆုံးတော့ ဒေါသထွက်နေတာဖြစ်ကြောင်း ရိပ်ဖမ်းမိသွားတယ်။ ဒီတလောအတွင်း အလုပ်နဲ့လက်နဲ့မပြတ်လို့ သူ့ဆရာရဲ့ စမ်းရေလို အေးမြကြည်လင်တဲ့စိတ်လေးက ဆတ်ဆတ်ထိမခံဖြစ်လာခဲ့တာများလား။
သူက စိတ်ထဲ ခန့်မှန်းချင်သလို ခန့်မှန်းနေတဲ့အချိန် လင်းမြောင်ကတော့ သူ့ကိုကြည့်ရင်း စိတ်ဆိုးတစ်ဝက် ရယ်ချင်တစ်ဝက်နဲ့ ဘုတောတောလိုက်တယ်။
“ဘာလာကြည့်နေတာလဲ”
“မကြည့်ပါဘူး။ ဒီတပည့်က ဆရာ အခုတလော နည်းနည်း ပိုငယ်သွားပုံရတော့ စိတ်ခံစားချက်တွေတောင် ထုတ်ပြတတ်နေပြီလို့ တွေးမိရုံပါပဲ”
သနားစရာကောင်လေးခမျာ မောက်ပါ့သိုနဲ့ အချိန်အတော်ကြာ အတူနေခဲ့ပြီးတဲ့နောက် အကျင့်တွေကူးပြီး လျှာစောင်းထက်လာခဲ့တယ်။ အရင်က ရွှီထင်းရှန်းသာဆို ဒီလိုမျိုး လုံးဝပြောနိုင်မှာမဟုတ်ဘူး။
လင်းမြောင်က လည်ချောင်းရှင်းလိုက်ပြီးမှ သူနဲ့ဆက်ငြင်းမနေတော့ဘဲ “မင်းက ဆရာ ဆရာဆိုတာသာ ထပ်နေအောင်ခေါ်တာ *‘ပိုင်ရှီ’ဆိုတာကျ တစ်ခါမှမသုံးပါလား။ ငါ့ကို ဘယ်လိုဆရာလို့ ခေါ်နေတာလဲ”
(*သာမန်ဆရာထက် ပိုလေးနက်တဲ့ အခေါ်အဝေါ်)
ရွှီထင်းရှန်းက ရုတ်တရက် အအော်ခံလိုက်ရလို့ ကြောင်အမ်းသွားပြီးမှ အခုချက်ချင်းပဲ တပည့်အဖြစ်ခံယူပွဲ ထစီစဥ်ရတော့မလို ဖြစ်သွားတယ်။
“အခုပဲ ဒီတပည့်က လိုအပ်တာတွေ သွားပြင်ဆင်လိုက်ပါ့မယ် ဆရာ”
ရွှီထင်းရှန်းက ပြုံးတုံ့တုံ့နဲ့ ပြောပြီးနောက် အလျင်စလို ထွက်လာခဲ့လိုက်တယ်။ လင်းမြောင်ကတော့ ထွက်ခွာသွားသူရဲ့ နောက်ကျောကိုကြည့်ပြီး မနိုင်သလို ခေါင်းခါလိုက်မိတယ်။
…………….
******
65.2 01
အခန်း 65.2
ဆရာတပည့် ဆက်ဆံရေးကို တစ်ဆင့်ပိုနက်ရှိုင်းစေဖို့အတွက် တပည့်လက်ခံပွဲက မဖြစ်မနေလိုအပ်တာလည်း မှန်သလို ဒီအခမ်းအနားက အင်မတန် ရိုးရှင်းတာလည်း ဟုတ်တယ်။ လင်းမြောင်က ရွှေတွေငွေတွေ မက်တဲ့လူစားမျိုးမဟုတ်တာကြောင့် ရွှီထင်းရှန်းက ဦးလေးချန်းကိုတောင် တကူးတကသွားပြီး သူ့ဆရာအကြိုက်ကို မေးခဲ့သေးတယ်။
ဒါပေမဲ့ သူ့မှာအထူးတလည် ကြိုက်နှစ်သက်တာမျိုးမရှိတော့ ရွှီထင်းရှန်းက လက်ဆောင်ပစ္စည်းတိုင်းကို ထုံးတမ်းအစဥ်အလာအတိုင်း အရိုးရှင်းဆုံးတွေသာ ပြင်ဆင်ပေးသွားလိုက်တယ်။
တန်ဖိုးက အရေးကြီးတာမဟုတ်ဘဲ အဓိပ္ပာယ်ကသာ အရေးပါတာဖြစ်တယ်။ တပည့်လက်ခံပွဲအတွက် အခြေခံလက်ဆောင် ၆မျိုးဆိုတာ ရှေးကတည်းက လက်ဆင့်ကမ်းလာတဲ့ ရိုးရာဓလေ့တစ်ခုပဲ။ ဒီအခမ်းအနားမှာ တပည့်ဖြစ်သူက ဆရာသခင်ထံကို အသားခြောက်၊ တရုတ်နံနံ၊ တောကြက်မောက်သီး၊ ကြာစေ့၊ စွန်ပလွံနီနဲ့ ပဲနီလေးတို့ကို ပေးအပ်ရလိမ့်မယ်။
ရွှီထင်းရှန်းက ဒါတွေအပြင် ကောက်ကာငင်ကာ ဝယ်လာတဲ့ ယမကာနှစ်အိုးကိုလည်း ထည့်ပြင်ဆင်ခဲ့သေးတယ်။ ကျောက်အာကတော့ အင်မတန် ရိုးရှင်းလှတဲ့ လက်ဆောင်တွေကိုကြည့်ပြီး အရမ်းပစ်စလက်ခတ်ဆန်နေမလားလို့ တွေးမိသေးတယ်။
ဒါပေမဲ့ ဘာထပ်ဝယ်ရမလဲလို့ မေးရင်လည်း ဘာဖြေရမှန်း မသိပြန်ဘူး။ ဒီလိုနဲ့ နောက်ဆုံးတော့ ရွှီထင်းရှန်းစကားပဲ နားထောင်လိုက်တော့တယ်။ နောက်တစ်နေ့ကျ ရွှီထင်းရှန်းက သပ်သပ်ရပ်ရပ် ထုပ်ပိုးထားတဲ့ လက်ဆောင်တွေနဲ့အတူ ဆရာကြီး လင်းတို့အိမ်ကို အလည်လာခဲ့တယ်။
အမှန်တော့ ဆရာကြီးရဲ့ ခပ်ငယ်ငယ်အိမ်လေးက ကျောင်းဝင်းရဲ့ အနောက်မြောက် ခြံစည်းရိုးနဲ့ ကပ်လျက်မှာ ဆောက်ထားတာမို့ နောက်ဖေးတံခါးကနေ ကျောင်းတော်ထဲသွားလို့ရတယ်။ လင်းမြောင်မှာ မိသားစုဝင်ဆိုလို့ သူ့မိန်းမရယ် သမီးရယ်ပဲရှိတယ်။
ဆရာကတော်ထောင်ရှီက အတော်လေး ယဥ်ကျေးသိမ်မွေ့ပြီး လှပတဲ့အမျိုးသမီးဖြစ်သလို ရုပ်ရည်ကလည်း အသက်နှစ်ဆယ်လောက်သာ ထင်ရအောင် နုပျိုတယ်။ တစ်ဦးတည်းသောသမီး လင်းယန့်ရန်ကတော့ ဒီနှစ် ၁၇ပြည့်မှာဖြစ်ပြီး သူ့အမေနဲ့ရုပ်ဆင်ကာ အိန္ဒြေရပြီး ရိုးရိုးယဥ်ယဥ်လေးပဲ။
ရွှီထင်းရှန်း ရောက်လာတဲ့အချိန် လင်းမိသားစုက အခုမှနံနက်စာ စားပြီးကြတာဖြစ်တယ်။ ဧည့်သည်လာတာမြင်တော့ ထောင်ရှီက စားပွဲကိုသန့်ရှင်းရေးလုပ်ပြီးတာနဲ့ သူ့သမီးကို အနောက်သွားခိုင်းလိုက်တယ်။
နောက်ကျမှ တစ်ယောက်တည်းပြန်ရောက်လာပြီး လက်ထဲက လက်ဖက်ရည်နဲ့ မုန့်ပဲသရေစာဗန်းကို ချပေးရင်း ဝင်ထိုင်တယ်။ လင်းမိသားစုက ချမ်းသာတယ်လို့ ခေါ်လို့မရလို့ အိမ်မှာ အစေခံမရှိဘူး။ ပုံမှန်ဆို ထောင်ရှီနဲ့ သူ့သမီးတို့သာ အိမ်မှုကိစ္စအဝဝကို လုပ်ကြရတယ်။
“မသွားနဲ့ ခဏစောင့်ဦး”
အစကတော့ ရွှီထင်းရှန်းက နားမလည်ခဲ့ဘူး။ သိပ်မကြာခင်မှာပဲ မောက်ပါ့သိုက သူ့နည်းတူ လက်ဆောင်ပစ္စည်းတွေနဲ့ ရောက်ချလာတော့မှ သဘောပေါက်သွားတာ။ ဒါပေမဲ့ လင်းမြောင်ကတော့ လှုပ်ရှားမဲ့ဟန် တစ်စက်မှမရှိသေးဘဲ သူ့ထိုင်ခုံမှာ ငြိမ်ငြိမ်လေး အကြမ်းရည်ငုံနေတုန်းပဲ။
သူက ဘာမှမပြောသေးတော့ သူငယ်ချင်းနှစ်ယောက်ခမျာ လက်ထဲအထုပ်အလေးကြီးတွေနဲ့ ဒုက္ခခံနေရတယ်။ လီသာ့ထျန်နဲ့ ချန်ကျန်းတို့ပါ ရောက်လာတော့မှ လင်းမြောင်က လက်ထဲက ကြွေခွက်ကိုချလိုက်တယ်။
65.2 02
“မင်းတို့လေးယောက်စလုံးက စိတ်နေစိတ်ထားမတူကြပေမဲ့ အကျင့်စာရိတ္တ ကောင်းမွန်ကြတာကြောင့် ဒီနေ့ ဒီဆရာက စိတ်ရင်းနဲ့တကွ မင်းတို့ကို တပည့်တပန်းအဖြစ် လက်ခံလိုက်မယ်။ ဒါကြောင့် ရှေ့လျှောက် မင်းတို့တွေလည်း ဆင်ခြင်တုံတရားနဲ့ လူမွန်လူမြတ်လမ်းစဥ်ကို လိုက်ပြီး ဒီဆရာကို စိတ်မပျက်စေဖို့ မျှော်လင့်တယ်။ ယေဘုယျအားဖြင့်သာ စာအတူကြိုးစားပြီး အများကြား ဂုဏ်တက်ဖို့လုပ်မယ်ဆိုတာတွေက နောက်ထား၊ ပညာရှိဆိုတာ အရင်ဆုံး ကိုယ့်စိတ်နှလုံးကို အတွင်းအပြင် သန့်စင်မွန်မြတ်အောင် ကျင့်ယူရတယ်။ နောက်တော့မှ ကိုယ်ကျင့်တရားနဲ့ စိတ်နေစိတ်ထားကို ပြုပြင်၊ ပြီးတော့မှ ပညာဗဟုသုတတွေက နောက်ဆုံးအဆင့် ကိုယ့်ကိုယ်ကိုယ် မွမ်းမံတဲ့အတောအတွင်းမှာ ရိုးသားဖြောင့်မတ်မှုကလည်း အရမ်းအရေးကြီးတယ်။ ကိုယ်ကောင်းမှ ကိုယ့်ပတ်ဝန်းကျင်ကို ကောင်းမှုပြုနိုင်မှာ။ ကိုယ့်ပတ်ဝန်းကျင်ကောင်းမှ ကိုယ့်တိုင်းပြည်က တိုးတက်စည်ပင်လာမှာ။ နောက်ဆုံးကျ လောကကြီးလည်း သူတော်ကောင်းတရားနဲ့ ငြိမ်းချမ်းသွားမယ်ပေါ့လေ”
လင်းမြောင်က မိန့်ခွန်းအရှည်ကြီး မိန့်ကြားခဲ့ပေမဲ့ အကျဥ်းချုံ့လိုက်ရင်တော့ ‘ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးပုံစံဖြစ်အောင်လုပ်၊ မိသားစုနဲ့ပတ်ဝန်းကျင်ကို သိတတ် နိုင်ငံ့အကျိုးသယ်ပိုးပြီး ကမ္ဘာကြီးကို အေးချမ်းအောင်လုပ်’လို့ ဆိုလိုချင်တာ။
အမှန်တော့ ဒီစကားလုံးအကြီးကြီးတွေက သူတို့လေးယောက်အတွက်ဆို နည်းနည်းစောနေသေးတယ်။ ဒါပေမဲ့ ဆရာကြီး လင်းက သူ့တပည့်တွေကို ငယ်ငယ်ကတည်းက ဒီစိတ်ဓာတ် ရိုက်သွင်းထားချင်တာကြောင့်ပဲ။
ရွှီထင်းရှန်းကတော့ ပြီးခဲ့တဲ့မတော်တဆက အခုထိ လင်းမြောင်အပေါ် သက်ရောက်မှုရှိနေတုန်းလို့ ယူဆတယ်။ မဟုတ်ရင် သူဒါတွေကို အကျယ်တဝင့် အလေးအနက်ထားပြီး ဆုံးမနေမှာ မဟုတ်ဘူး။ မှာစရာရှိတာ အားလုံးမှာပြီးသွားတဲ့အခါ နေမွန်းတည့်ချိန်တောင်ရောက်နေပြီမို့ ဆရာကတော်က သူတို့လေးယောက်လုံးကို ထမင်းတစ်ခါတည်းစားသွားဖို့ ဖိတ်ခေါ်လာတယ်။
မောက်ပါ့သိုကတော့ အရင်ကတည်းက အာသွက်လျှာသွက်ဖြစ်တာကြောင့် အခုလည်း သူမကို ကူညီပေးဖို့ လိုက်သွားတယ်။ လင်းမိသားစုမှာ စုစုပေါင်း အခန်းသုံးခန်းရှိပြီး အဓိကဧည့်ခန်းရယ် စာကြည့်ခန်းရယ်နဲ့ အိပ်ခန်းဆိုပြီး ခွဲထားတယ်။
အိမ်နောက်ဖေးမရောက်ခင် အကန့်လေးကတော့ လင်းယန်ယန်အခန်းဖြစ်တယ်။ အိမ်လေးက ကျဥ်းတဲ့အတွက် အနောက်ကပြော အရှေ့ကကြားနေရပြီး ရွှီထင်းရှန်းတို့သုံးယောက်ခမျာ မောက်ပါ့သိုရဲ့ မျက်နှာလိုမျက်နှာရ စကားတွေကို ရှက်ရှက်နဲ့နားထောင်နေရတယ်။
နှုတ်ချိုတဲ့သူက ထောင်ရှီကို ဆရာကတော် ဆရာကတော်ဆိုကာ ပါးစပ်ကမချဘဲ ကြက်သတ်ဖို့နဲ့ ဟင်းရွက်သင်တဲ့နေရာမှာလည်း အိမ်မှာအမြဲလုပ်နေကျဆိုပြီး ဝင်ကူပြန်တယ်။ အိမ်မှာဆို သူ့အစ်မက သူ့ကိုအလုပ်ခိုင်းနေကျလို့ ပြောတဲ့အခါ အမျိုးသမီးထောင်ရှီရဲ့ရယ်သံထွက်လာပြီး လင်းယန်ယန်က သူ့အစ်မနဲ့တူတယ် ရုပ်လည်းလှပြီး အနေအထိုင်လည်း သိမ်မွေ့တယ်လို့ ဆိုတဲ့အခါကျ မိန်းမပျိုလေးရဲ့ ရယ်သံထွက်လာတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ရွှီထင်းရှန်းတို့က ယောက်ျားလေးတွေမို့ ထောင်ရှီက ပြုံးပြဖော်ရွေပေမဲ့ လင်းယန်ယန်ကတော့ မျက်လုံးချင်းဆုံတာတောင် မရှိဘူး။ ဒါကလည်း လင်းမိသားစုရဲ့ တင်းကျပ်တဲ့စည်းကမ်းတွေကြောင့် ထင်ပါတယ်။
အိမ်ထောင်မကျသေးတဲ့ မိန်းမပျိုတစ်ယောက်က ယောက်ျားလေးတွေ လာတာမြင်တာနဲ့ မျက်နှာချင်းမဆိုင်မိအောင် ရှောင်ရတယ်။ အဲဒီလိုနဲ့ ချက်ပြုတ်ပြီးတဲ့နောက် နေ့လယ်စာထမင်းဝိုင်းကို ဆရာတပည့် ယောက်ျားလေးတွေက သက်သက် ဆရာကတော်တို့သားအမိနှစ်ယောက်က သက်သက် တည်ခင်းထားတယ်။
ရွှီထင်းရှန်းတို့က စားသောက်ပြီးတဲ့အခါ ဆရာတို့လင်မယားနှစ်ယောက်လုံးကို တရိုတသေ နှုတ်ဆက်ပြီး ထွက်လာကြတယ်။ အိမ်လေးကနေ အနည်းငယ်လှမ်းတဲ့နေရာရောက်မှ လေးယောက်သားက ခြေလှမ်းတွေတန့်ပြီး အချင်းချင်း ကြည့်လိုက်ကြတယ်။
“မင်းတို့တွေ နှုတ်တော်တော်လုံကြတာပဲ”
65.2 03
ရွှီထင်းရှန်းက သူတို့ကို အပြုံးတစ်ပွင့်နဲ့ ထိုးနှက်တယ်။
“ဟေ့ ငါက မင်းမစဥ်းစားရသေးဘူးလို့ ထင်လို့မပြောတာ။ ကျောင်းအုပ်ကြီးကို ငါ့ဆရာဖြစ်ခွင့်ပေးလိုက်ပေမဲ့ မင်းတို့ကိုကြီးက အရမ်းတော်လွန်းလို့ ဆရာက ငါ့တစ်ယောက်တည်းကိုပဲ လက်ခံမှာ စိုးရိမ်လို့ အဲဒီအခါ မင်းတို့နှလုံးသားလေးတွေ ကွဲကြေရမှာလေ။ အဲဒါကြောင့် မပြောတာ”
မောက်ပါ့သိုက အရှက်မရှိ မျက်နှာပြောင်တိုက်စွာ ပြောလာတော့ လီသာ့ထျန်က ပြုံးရင်း ခေါင်းယမ်းလိုက်မိတယ်။ ချန်ကျန်းကတော့ အမှန်တိုင်းထုတ်ပြောလာတယ်။
“ငါလည်း အဲဒါကြောင့် တွန့်ဆုတ်နေတာ။ အစက လာဖို့တောင် အစီအစဥ်မရှိဘူး။ ဒါပေမဲ့လည်း ရှေ့တစ်လျှောက်လုံး မင်းတို့ကောင်တွေကိုပါ တပည့်အဖြစ်လက်ခံပေးဖို့ ဆရာ့ကို ပြောပေးလို့ရတယ်ဆိုပြီး လာခဲ့လိုက်တာ”
ရွှီထင်းရှန်းက လင်းမြောင် သူ့ကိုခေါ်တွေ့တုန်းကပုံကို သတိရသွားပြီး တခြားသူတွေကို သိချင်စိတ်နဲ့ မေးကြည့်လိုက်တယ်။
“ဒါနဲ့ ဆရာက မင်းတို့ကို ဘယ်လိုလာပြောတာလဲ။ တပည့်အဖြစ် လက်ခံပေးမယ်ဆိုပြီးလား?”
အမှန်တော့ အချိန်အတော်ကြာ သိကျွမ်းလာပြီးတဲ့နောက်မှာ လင်းမြောင်က အရေမထူတဲ့လူစားမျိုးဆိုတာ သိနိုင်ပါတယ်။ သူဘာလို့ အမြဲတမ်း သီးသန့်နေပြီး တင်းကျပ်တဲ့ပုံဖမ်းထားရသလဲ ဆိုတာကလည်း အများအားဖြင့် သူ့ရဲ့နုနယ်တဲ့ စိတ်ကလေးကို ဖုံးကွယ်ဖို့ပဲ။
“အာ အဲဒါက ငါလုပ်ပြမယ် ကြည့်နေ”
မောက်ပါ့သိုက ဒီလိုပြောပြီးတာနဲ့ လက်နှစ်ဖက်ကို နောက်ပစ်လိုက်ပြီး ဗိုက်ကိုရှေ့ထုတ်ကာ လင်းမြောင်ဟန်ပန်နဲ့ ဟိုဘက်ဒီဘက် လျှောက်ပြလိုက်တယ်။ နောက်တော့ သူက ချန်ကျန်းတို့သုံးယောက်ကို ဘေးတစ်စောင်းကြည့်ရင်း မရှိတဲ့မုတ်ဆိတ်မွှေးကို တဖွဖွဆွဲကာ အင်မတန် တည်ကြည်တဲ့မျက်နှာပေးနဲ့ ပြောလာတယ်။
“အင်းမ် ဆိုတော့ မင်းတို့က ငါ့ကို ပိုင်ရှီဖြစ်စေချင်ကြတာပေါ့လေ”
လေးယောက်စလုံးက ဗိုက်ကြောတွေနာတဲ့အထိ အူလှိုက်သည်းလှိုက် ရယ်ကြတော့တယ်။ ဒါပေမဲ့ သူတို့မသိလိုက်တာက မလှမ်းမကမ်းမှာ သူတို့ရဲ့ပိုင်ရှီအသစ်စက်စက်က ဒယ်အိုးဖင်လို မဲတူးတဲ့မျက်နှာနဲ့ ရပ်နေတယ်ဆိုတာပဲ။
တပည့်လက်ခံပွဲပြီးတဲ့အခါ ဆရာကလည်း သူ့ကျောင်းသားတွေကို လက်ဆောင်တစ်ခု ပြန်ပေးရတာ ထုံးစံပဲ။ လင်းမြောင်က သူ့မိန်းမကို အရင်ထဲက ပြင်ခိုင်းထားခဲ့တာဆိုပေမဲ့ ထောင်ရှီကလည်း မောက်ပါ့သိုကြောင့် မေ့သွားခဲ့တယ်။
သူတို့အားလုံးပြန်သွားတဲ့အချိန်ကျမှ ထောင်ရှီက သတိရသွားလို့ ကလေးတွေ အဝေးကြီးမရောက်သေးလောက်ဘူးဆိုပြီး သူ့ကို အမြန်လိုက်ပေးခိုင်းလိုက်တာ။
ဘယ်သူက ဒီမြင်ကွင်းကိုမြင်ရလိမ့်မယ်လို့ ထင်ထားမှာလဲ။
လင်းမြောင်က သူ့လက်ထဲ ကိုင်ထားတာကို လက်ဖျားစထဲ ပြန်ထိုးထည့်ကာ မကြည်မလင် မျက်နှာထားနဲ့ပဲ ချာကနဲလှည့်ထွက်သွားတယ်။
ဟမ့် ဆရာကိုမလေးမစားလုပ်တဲ့ ကောင်စုတ်လေးတွေ လက်ဆောင်ရဖို့ မတန်ဘူး။
******
66.1 01
အခန်း 66.1
ရွှီထင်းရှန်းနဲ့တခြားသူတွေကတော့ ဒီလျှို့ဝှက်ချက်လေးကို သူတို့ကလွဲပြီး ဘယ်သူမှမသိလိုက်ဘူးလို့ ထင်ထားကြတယ်။ လေးယောက်သား အပင်တွေအုံ့ဆိုင်းနေတဲ့ မြေနီလမ်းလေးကနေ ကျောင်းတော်ဝင်ပေါက်နားကို လျှောက်လာခဲ့ကြပေမဲ့ အနားမရောက်သေးခင်ကတင် ဂိတ်ရှေ့မှာ လူအမြောက်အမြား စုဝေးနေတာ တွေ့လိုက်ရတယ်။
လူအုပ်ကြီးဆိုတာကလည်း သူတို့သားသမီးမြေးမြစ်တွေကို လက်ဆွဲပြီး ကျောင်းအပ်ဖို့စောင့်နေတဲ့ လူကြီးသူမတွေပဲ။ မောက်ပါ့သိုကတော့ သူတို့ရဲ့သနားစရာအဖြစ်ကိုကြည့်ပြီး သက်ပြင်းချကာ သူ့သူငယ်ချင်းတွေကို လှည့်ပြောလိုက်တယ်။
“လမ်းကြောင်းပြောင်းရအောင်”
ဒီလိုနဲ့ သူတို့အားလုံး လျှောက်လာခဲ့တဲ့လမ်းအတိုင်း နောက်ပြန်လျှောက်ကာ ကျောင်းအနောက်တံခါးကို ခေါက်လိုက်တော့မှ အထဲကကျောင်းစောင့်ကြီးက လာဖွင့်ပေးတယ်။ ဒီတော့မှပဲ သူတို့တွေ ကျောင်းထဲဝင်လို့ရတော့တယ်။
ဒီတလောအတွင်း ချင်းယွမ်ကျောင်းသားတွေအားလုံး အရှေ့ပေါက်က အဝင်အထွက် မလုပ်ကြတော့ဘူး။ ဒါပေမဲ့ လက်ရှိက နေ့လယ်ခင်းကြီးမို့ ဘယ်သူမှမရှိလောက်ဘူး ထင်ခဲ့သော်လည်း အနောက်တံခါးမှာ ကျောင်းသားတွေပြည့်လျှံနေခဲ့တယ်။
ဒီရက်ပိုင်းထဲမှာပဲ သူတို့ကျောင်းမှာ လူဦးရေ အများကြီးတိုးပွားလာပြီး အများစုက ချင်းဟယ်က ပြောင်းလာတဲ့လူတွေပဲ။ ပြီးခဲ့တဲ့အဖြစ်ကြောင့် ချင်းယွမ်ကလူတွေကတော့ သူတို့ကို အကောင်းမမြင်နိုင်ဘဲ ကျောင်းအုပ်ကြီးကိုတောင် သူတို့ဘာထပ်လုပ်မလဲ မသိဘူးဆိုပြီး ချင်းဟယ်ကျောင်းသားတွေကို လက်မခံဖို့ သွားဖျောင်းဖျခဲ့ကြသေးတယ်။
သို့သော် လင်းမြောင်ကတော့ လက်မခံခဲ့ပေမဲ့ ငြင်းဆန်တာမျိုးလည်း မလုပ်ခဲ့ဘူး။ ခရိုင်မှူးရှုက အကြိမ်ပေါင်းမနည်း အရိပ်အမြွက်ပေးခဲ့တာတောင် သူကတော့ ဘယ်လိုပဲဖြစ်ဖြစ် ကျောင်းအပ်လက်ခံတဲ့နေရာမှာ အတော်လေး သတိထားနေတုန်းပဲ။
ကြည့်ရတာ လူတွေက ကိုယ်မရနိုင်တာတွေကိုမှ အသည်းအသန် လိုချင်ကြတာ ထင်ပါတယ်။ စာရင်းပိတ်သွားပါပြီဆိုမှ ဒီရက်ထဲလာအပ်တဲ့လူတွေ ပိုပိုများလာပြီး ငြင်းလွှတ်ရင်လည်း တံခါးမကြီးကိုပိတ်ဆို့ကာ သူတို့လိုချင်သလို မဖြစ်မချင်း ပြန်မဲ့ပုံမပေါ်ဘူး။
လေးယောက်သား အဆောင်ကိုပြန်ရောက်တာနဲ့ ခဏတဖြုတ်အနားယူပြီးတဲ့အခါ စာလုပ်ဖို့ပြင်ကြတယ်။ ပုံမှန်ဆို စာလုပ်ဖို့အရမ်းပျင်းတဲ့ မောက်ပါ့သိုတောင် အားလုံးနည်းတူ စာထလုပ်နေတယ်။
လောလောလတ်လတ် အနီးကပ်တပည့်ဖြစ်သွားလို့ စိတ်ဓာတ်တွေတက်ကြွနေတာ ကျိန်းသေပေမဲ့ ဒီတက်ကြွမှုက ဘယ်အချိန်အထိ ခံမလဲတော့ မသိဘူး။ နေ့လယ်ရောက်တော့ ထမင်းစားချိန်ဖြစ်တဲ့အတွက် ထုံးစံအတိုင်း အတန်းကို စောဆင်းပေးခဲ့တယ်။
မနက်ဖြန်က ကျောင်းသားတွေ နားရက်ဖြစ်တယ်။ နားရက်ရောက်တိုင်း ဆရာတွေက နောက်ဆုံးချိန်ကို စောစောဆင်းပေးလေ့ရှိတယ်။ ဒီနေ့က ကျောက်အာတစ်ယောက် ရွှီထင်းရှန်းကို လာကြိုရမဲ့နေ့ပဲ။ သူမက လတ်တလောကမှ လှည်းမောင်းသင်ထားပြီး အတော်လေး စိတ်အားထက်သန်နေတယ်။
ရွှီထင်းရှန်းက ကျောင်းဝန်းထဲက ခြေတစ်လှမ်းထွက်လိုက်တာနဲ့ ယောက်ျားလေးအဝတ်အစားတွေနဲ့ လှည်းမောင်းသူနေရာမှာ ထိုင်နေတဲ့ ကျောက်အာတစ်ယောက် သူ့ကို ပြုံးပြနေတာ လှမ်းမြင်လိုက်တယ်။ ၇လပိုင်းဖြစ်နေပြီမို့ ရာသီဥတုက မခံမရပ်နိုင်အောင် ပူပြင်းလာပြီ။
66.1 02
ရွှီထင်းရှန်းက အင်္ကျီပါးပါးလေးတစ်ထည်ထဲ ဝတ်ထားတာတောင် ချွေးတဒီးဒီးကျနေတာ ကျောက်အာဆို မပြောနဲ့တော့။ သူမမျက်နှာတစ်ခုလုံး အပူဒဏ်ကြောင့် နီရဲနေပြီး နဖူးမှာချွေးစက်တွေချည်းပဲ။
“ဒီလိုအချိန်ဆို နေကအရမ်းပူတာ။ အပူလျှပ်မယ်။ နောက်ကျ လာမကြိုနဲ့တော့။ ကိုယ့်ဘာသာ မပြန်တတ်တာလည်း မဟုတ်ဘူး။ ငါ တစ်ယောက်တည်းလည်း ပြန်လာတတ်ပါတယ်”
ရွှီထင်းရှန်းက သူမကိုကြည့်ပြီး မနိုင်သလို ပြောတယ်။
“အပူလျှပ်တတ်တယ်ဆိုတာတော့ သိသားပဲနော်။ တကယ်လို့ နင် မြို့ဝင်ပေါက်အထိ နေပူထဲလမ်းလျှောက်လာပြီး တစ်လမ်းလုံး ခုန်ဆောင့်နေတဲ့ နွားလှည်းကို စီးလာလည်း အပူဒဏ်က ပိုခံရတာပဲမဟုတ်ဘူးလား။ မြည်းလှည်းကမှ ရပ်ထားတုန်းပဲ ပူတာ။ စထွက်တာနဲ့ အဲဒီလောက်မပူတော့ဘူး”
ရွှီထင်းရှန်းက တစ်ခုခုပြန်ငြင်းဖို့အလုပ် နောက်ကနေ အမြင်ကပ်စရာကောင်းတဲ့အသံတစ်ခု ထွက်လာတယ်။
“အိုင်းယား ရွှီထင်းရှန်း ကျောက်အာ အစ်မက မင်းကို ဂရုစိုက်လို့ပြောနေတာကို စေတနာကို နားမလည်ဘူးလား”
ပြောသူက သေချာပေါက် မောက်ပါ့သိုပဲပေါ့။ ကျန်တဲ့သုံးယောက် ကျောင်းထဲကနေ အတူထွက်လာတဲ့အချိန် အပေါက်ဝတောင်မရောက်သေးဘူး ‘အစ်မကျောက်အာ’လို့ မောက်ပါ့သိုက စအော်လာတာ။
ချန်ကျန်းကလည်း အစ်မကျောက်အာလို့ နှုတ်ဆက်လာပေမဲ့ သူကပုံမှန်အသံနဲ့ပဲ လီသာ့ထျန်ကတော့ ကျောက်အာကို ပြုံးရင်းသာ ခေါင်းတစ်ချက်ညိတ်ပြလိုက်တယ်။ ဒါကို မောက်ပါ့သိုမြင်တော့ ကဲ့ရဲ့ဖြစ်အောင် ကဲ့ရဲ့လိုက်သေးတယ်။
“မင်းကို ကြည့်ပါဦး။ လူတွေကို ဘယ်လိုခေါ်ရမှန်းတောင် မသိသေးဘူး”
လီသာ့ထျန်က သူ့ကို မျက်စောင်းခဲကြည့်လိုက်တော့ စပ်ဖြီးဖြီးလုပ်ရင်း “အဟဲ အရင်က မခေါ်ဖူးတာလည်း မဟုတ်ဘူး။ မင်းက အစ်မကျောက်အာထက် နည်းနည်းလေးပဲ ကြီးတဲ့ဟာ တစ်ခါလောက် အစ်မလို့ခေါ်လိုက်ရုံနဲ့တော့ ဘာမှမဖြစ်သွားပါဘူး”
ကျောက်အာကတော့ ဒီလူတစ်စုကိုကြည့်ပြီး ဘာပြောရမှန်းတောင် မသိတော့ဘူး။ ပြီးခဲ့တဲ့ စွန်းဟယ်အမှုမှာထဲက သူတို့နဲ့လိုက်စုံစမ်းပေးခဲ့တာကြောင့် ကျောက်အာ ဒီသူငယ်ချင်းလေးတွေနဲ့ အတိုင်းအတာတစ်ခုအထိ ရင်းနှီးနေပြီ။
ဒီသုံးယောက်ရဲ့ အကျင့်နဲ့ပုံစံတွေကိုပါ သိထားပြီး ဒီမောက်ပါ့သိုကတော့ သေချာပေါက် တက်ကြွတဲ့ကြက်ဖပဲ။ လီသာ့ထျန်က အမြင်ကပ်ပုဒ်မနဲ့ သူ့ကို တစ်ချက် လှမ်းကန်လိုက်တယ်။
“သွား မင်းအိမ်မင်းပြန်တော့ ငါတို့လည်း ပြန်ရဦးမယ်”
သူနဲ့ချန်ကျန်းကလည်း ကျေးလက်မှာပဲနေတာဆိုပေမဲ့ ရွှီထင်းရှန်းတို့ရွာနဲ့ လမ်းကြောင်းချင်း မတူကြဘူး။ ဒါပေမဲ့လည်း မြို့ဝင်ပေါက်အထိတော့ အတူတူစီးသွားလို့ရတယ်။ နောက်မှ ကိုယ့်ရွာကိုယ်သွားမဲ့ လှည်းကို ပြောင်းတက်လိုက်လို့ရတယ်။ မောက်ပါ့သိုတစ်ယောက်ထဲသာ မြို့မှာနေတာ။
“မပြန်ဘူးကွာ လုပ်ရဲရင် ထပ်လုပ်လေ”
သူက လီသာ့ထျန်ကို ရန်တွေ့ပြီးတော့မှ ကျောက်အာဘက်ကို အသနားခံတဲ့ပုံလေးနဲ့ လှည့်လာတယ်။
“အစ်မကျောက်အာ ကျွန်တော့်ကို ခဏလောက် လိုက်ခွင့်ပေးပါနော်။ အပြင်က ရာသီဥတုကိုလည်း ကြည့်ပါဦး”
မွန်းလွဲပိုင်းမှာတောင် နေက သိပ်ပြင်းနေတာ မီးလုံးကြီးတစ်လုံးလိုပဲ။ ဝတဲ့မောက်ပါ့သိုမပြောနဲ့။ သူတို့ ခဏလေး ရပ်နေမိတာတောင် ကျောတစ်ပြင်လုံး ချွေးရွှဲနေပြီ။
“ကဲပါ ဒါဆိုလည်း တက်”
သူမစကားမဆုံးခင်မှာပဲ မောက်ပါ့သိုက လှည်းပေါ် သူ့ခန္ဓာကိုယ်နဲ့မှမလိုက် မျောက်တစ်ကောင်လို လျင်မြန်သွက်လက်စွာ တက်သွားပြီး အကောင်းဆုံးနေရာကို ဦးပြီးမှ လီသာ့ထျန်ကို အောင်နိုင်သူအပြုံးကြီး ပြုံးပြလိုက်တယ်။
66.1 03
ရွှီထင်းရှန်းကတော့ သူ့ကို ပြောမနိုင်တော့လို့ လွှတ်ထားလိုက်ရတယ်။ နောက်ဆုံး ကျန်တဲ့သုံးယောက်သားပါ တက်ပြီးသွားတဲ့နောက် ကျောက်အာက ကြာပွတ်ကို အသာယမ်းလိုက်တော့ အရွယ်အစားကောင်းတဲ့ မြည်းကြီးကလည်း စတင်ပြေးတော့တယ်။
မြို့ကလမ်းတွေက ဖြောင့်ဖြူးတာကြောင့် လှည်းကလေးက အတော်လေး ငြိမ်ဆိမ်စွာ ရွေ့လျားနေတယ်။ မောက်ပါ့သိုက သူ့အကျင့်အတိုင်း နှုတ်ချိုပြနေတော့ ချီးမွမ်းခံရတဲ့ ကျောက်အာရဲ့ရယ်သံလွင်လွင်က ခဏတိုင်းထွက်ပေါ်လာတတ်တယ်။
ထောင့်နားက ရွှီထင်းရှန်းရဲ့မျက်နှာကတော့ ဒယ်အိုးဖင်လို မဲတူးလာပြီး သူတို့ လမ်းဆုံလမ်းခွရောက်တဲ့အခါ လှည်းဘီးတောင် သေချာမရပ်သေးဘူး၊ မောက်ပါ့သိုက အကန်ချခံလိုက်ရတယ်။
အခုတော့ လီသာ့ထျန် လှောင်တဲ့အလှည့်ပဲ။ မြို့ဝင်ပေါက်ရောက်တော့မှ လီသာ့ထျန်နဲ့ချန်ကျန်းတို့နှစ်ဦးသား ဆင်းလိုက်ကြပြီး လမ်းခွဲသွားကြတယ်။ ဝန်ပေါ့သွားတာနဲ့ လှည်းကလေးကလည်း ပိုမိုလျင်မြန်စွာ ခရီးနှင်တော့တယ်။
မြို့ထဲမှာက လူရှုပ်တာကြောင့် သတိမထားရင် တိုက်မိနိုင်တယ်။ ဒါကြောင့် ကျောက်အာခမျာ သူမလှည်းအရှိန်ကို မနည်းထိန်းမောင်းနေရတယ်။
“နောက်ကျ ပါ့သိုနဲ့ စကားမပြောနဲ့။ သူက ပါးစပ်မကောင်းဘူး”
ကျောက်အာက အရှေ့ကလမ်းကို ကြည့်မောင်းနေရင်းကပဲ “ငါကတော့ သူက အဲဒီလောက်မဆိုးဘူးလို့ ထင်တာပဲ။ ပါ့သိုက နည်းနည်း အာသွက်လျှာသွက်ဖြစ်ရုံပါ”
သူမက မောက်ပါ့သိုထက်ကြီးသလို ထိုကောင်လေးကလည်း နှုတ်ချိုပြီး တစ်ဖက်လူကို မြှောက်ပင့်တတ်တဲ့လူမျိုး သူ့ရဲ့ကလေးဆန်တဲ့ပုံစံလေးကြောင့် ကျောက်အာကတော့ မောက်ပါ့သိုကို မောင်လေးလို ဆက်ဆံတတ်တယ်။
“အဲဒါက မင်းမှသူ့ရဲ့ တခြားပုံစံကို မမြင်ဖူးသေးတာ”
“ပါ့သိုမှာ တခြားပုံစံရှိတယ်ပေါ့”
ကျောက်အာက စိတ်ဝင်စားသွားပြီး သူ့ကို ပုခုံးပေါ်ကနေ တစ်ချက်ကျော်ကြည့်လာတယ်။
“ရှိတာပေါ့ သူ့ဗီဇကိုယ်၌က မိန်းကလေးတွေနဲ့ ရောရောနှောနှော နေတတ်တာ။ သူ့အိမ်နီးနားဝန်းကျင်မှာဆို သူ့ပါးစပ်နဲ့ အစမခံရဖူးတဲ့ ကောင်မလေး တစ်ယောက်မှမရှိဘူး”
ရွှီထင်းရှန်းရဲ့ဖော်ပြချက်က အတော်လေး ဆိုးဝါးပြီး တစ်လမ်းထဲနေတဲ့ အစ်မရှောင်ဟွားနဲ့ အစ်မချောင်တို့ကိုတောင် ဘယ်လိုလိုက်စသလဲဆိုတာ ဥပမာအနေနဲ့ ပြောပြလိုက်သေးတယ်။
“သူက တကယ်ကြီး အဲဒီလိုလား။ ငါက ဒီတိုင်း တက်ကြွတဲ့ကောင်လေးလို့ပဲ ထင်ထားတာ”
ကျောက်အာက နည်းနည်း မယုံနိုင်ဖြစ်သွားတယ်။
“သူကတော့ ထုတ်ပြပါ့မလား။ တွေးကြည့်လိုက်စမ်းပါ သူ့နှုတ်က ဒီလောက်ချိုနေတာ ပုံမှန်တော့မဟုတ်လောက်ဘူးမလား။ သဘာဝအားဖြင့် သူ့လျှာက ဘာလို့ဒီလောက်သွက်နေလဲဆိုတာ တစ်ခုခုတော့ အကြောင်းအရင်းရှိရမှာပေါ့။ မင်း မသိလို့ သူကလေ ပရောပရည်လုပ်တတ်ရုံတင်မက ပေါ့ပျက်ပျက်လည်း နေသေးတာ …”
ရွှီထင်းရှန်းက သူငယ်ချင်းဆက်ဆံရေးကိုတောင် မထောက်ဘဲ မောက်ပါ့သိုရဲ့ အောက်ဖဲအကုန်လှန်တော့တယ်။ မောက်ပါ့သိုကို နှိပ်ကွပ်ဖို့ဆို သူ အကုန်တတ်တယ်။ သူ့ပါးစပ်ကထွက်လာမှ မောက်ပါ့သိုရဲ့ ခေါင်းအစခြေအဆုံးက တစ်ခုမှကို ကောင်းကွက် မရှိတော့ဘူး။
ထိုစဥ်
ဟတ်ချိုး ဟတ်ချိုး…
အိမ်ထဲစဝင်လာကတည်းက ဆက်တိုက် နှာချေနေတဲ့ မောက်ပါ့သိုက စိတ်ထဲ ဘယ်ကောင် သူ့မကောင်းကြောင်း ပြောနေသလဲဆိုပြီး မကျေမချမ်းတွေးကာ တရားခံကိုတောင် မှန်းပြီး ပြန်ကျိန်ဆဲလိုက်သေးတယ်။
“ဒါတောင် သူနဲ့ သူငယ်ချင်း လုပ်သေးတယ်ပေါ့?”
ရွှီထင်းရှန်းက ဒီအမေးတစ်ခွန်းမှာ နင်သွားပြီး ခဏလောက် ပါးစပ်ပိတ်သွားတယ်။
66.1 04
“အမှန်တော့ ဒါတွေကလွဲရင် သူက တခြားနေရာမှာတော့ လူကောင်းပါ”
“ဒီကောင်လေး တော်တော် ပါးစပ်ဆိုးတာပဲ။ အနာဂတ်မှာ သူ့ကို လက်ထပ်ရမဲ့ကောင်မလေးကတော့ ကံဆိုးတာပဲ”
“ဟုတ်တာပေါ့။ အဲဒါကြောင့် သူ့ကိုနောက်ဆို အဖက်ကိုမလုပ်နဲ့တော့။ သူက လူတွေကို လှည့်ဖျားတဲ့နေရာမှာ ဆရာကြီး၊ တကယ်လို့ မိန်းကလေးတစ်ယောက်သာ သူ့သကာရည်လောင်း အပြောတွေအောက် ကျသွားရင် သေချာပေါက် ပြန်တက်လာနိုင်မှာ မဟုတ်ဘူး”
သင်ထားတဲ့ သူတော်ကောင်းတရားတွေကိုမှ အားမနာ လုပ်ကြံပြောဆိုနေတဲ့ရွှီထင်းရှန်းက နောက်နှစ်အနည်းငယ်ကြာတဲ့အခါ သူ့စကားတွေ အကုန်မိန်းကလေးတစ်ယောက် နားထဲရောက်သွားလိမ့်မယ်လို့ မထင်မှတ်ထားဘူး။
ထိုအခါ အကြောင်းအရင်းကို သိသွားတဲ့ မောက်ပါ့သိုဟာလည်း ဒီကောင့်ကို သေတဲ့အထိ လည်ပင်းညှစ်သတ်ချင်စိတ်တွေ ပေါက်သွားတော့တယ်။ ဒါပေမဲ့ အဲဒါက ဖြစ်လာမဲ့ အနာဂတ်ကကိစ္စပဲ။
…………..
******
66.2 01
အခန်း 66.2
နှစ်ယောက်သား အိမ်ရောက်တဲ့အခါ ပထမဆုံးလုပ်ဖြစ်တာက ရေသွားချိုးတာပဲ။ ကျောက်အာက အရင်ဆေးကြောသန့်စင်ပြီးမှ ရွှီထင်းရှန်းက ဝင်ချိုးတယ်။ သူ ရေချိုးဆောင်ထဲက အဝတ်သန့်တွေနဲ့ ပြန်ထွက်လာတဲ့အခါ အိမ်မကြီးရဲ့ဧည့်ခန်းမှာ ထိုင်နေတဲ့ အဘွားကျောက်ရဲ့ ကျိန်ဆဲသံတစီစီကို ကြားလိုက်ရတယ်။
သူမပါးစပ်က ဖရုသဝါစာတွေရဲ့ အဓိကဦးတည်ချက်ကတော့ ကျောင်းလခတွေ အလုံးအရင်းယူပြီးမှ ရုတ်တရက် ပိတ်ချပစ်လိုက်တဲ့ ချင်းဟယ်ကျောင်းတော်ကလွဲ ဘာရှိဦးမှာလဲ။ ရွှီကျွင်းခိုင် မြို့ကပြန်ဆင်းလာတဲ့အချိန် သူက ဖြစ်ပျက်ခဲ့သမျှကို တစ်လုံးတစ်ပါဒမျှမဟဘဲ ကျောင်းအုပ်ကြီးက ပြစ်မှုကျူးလွန်လို့ ချိတ်ပိတ်ခံလိုက်ရတယ်လို့ပဲ ပြောထားတယ်။
နောက်တစ်နေ့ကျတော့ ရွှီချင်းရှန်က သေချာအောင်လို့ သူ့သားကိုခေါ်ပြီး သွားကြည့်တဲ့အခါ တကယ်လည်း ကျောင်းတံခါးကြီးပေါ်မှာ ချိတ်စည်းနှစ်ခု ကန့်လန့်ဖြတ်ကာထားတာ တွေ့လိုက်ရတာကြောင့် အချည်းနှီးဖြစ်ပြီး ပြန်လာလိုက်ရတယ်။
အဲဒီကတည်းက အဘွားကျောက်က သတိရတိုင်း ကျောင်းအုပ်ကြီး ကောင်းကို သူများချွေးနည်းစာ ခေါင်းပုံဖြတ်သွားတဲ့ လူယုတ်မာအဖြစ် ဆဲနည်းပေါင်းစုံနဲ့ တတွတ်တွတ်ထိုင်ကျိန်ဆဲနေတော့တာပဲ။
“အမေ နည်းနည်းလောက် တိုးပါလား။ ကျွင်းခိုင် စာလုပ်နေလို့”
အဒေါ်ယန်က အိမ်တွင်းပြူတင်းပေါက်ငယ်လေးက လှမ်းပြောတော့မှ အဘွားကျောက်က တိခနဲ ရပ်သွားတယ်။ ရွှီထင်းရှန်းက အားလုံးကို မရှိသလို သဘောထားပြီး သူတို့ဒုတိယမိသားစုခွဲ အခန်းလေးထဲ ဝင်လာတဲ့အခါ ကျောက်အာကလည်း အပြင်ကအသံတွေကို ကြားတယ် ထင်ပါတယ်။ နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း မတတ်နိုင်သလိုသာ သက်ပြင်းပြိုင်တူ ချမိလိုက်ကြတယ်။
နောက်ကျ ကျောက်အာက မနေနိုင်လို့ ရွှီကျွင်းခိုင်ကို ချင်းယွမ်မှာ တက်ချင်လားလို့ သွားမေးခဲ့သေးတယ်။ ဒီတစ်ခေါက်အမှုမှာ ကယ်တင်ရှင်ဖြစ်ခဲ့တဲ့ ရွှီထင်းရှန်းရဲ့နာမည်နဲ့သာဆို ချင်းဟယ်ကျောင်းသားဖြစ်ခဲ့လည်း သွင်းပေးဖို့မခက်ဘူး။
ဒါပေမဲ့ သူမ သွားပြောမိခဲ့တဲ့အချိန်က အချိန်ကောင်းမဟုတ်ဘူးဆိုတာတော့ မသိလိုက်ဘူး။ ကျောက်အာက အဒေါ်ယန်နဲ့မှ တည့်တည့်တိုးပြီး သူမဟာ သူတို့ရဲ့ ကံဆိုးမိုးမှောင်ကျမှုအပေါ် ကျိတ်ဝမ်းသာပြီး လာလှောင်ပြောင်နေတယ်လို့တောင် စွပ်စွဲခံခဲ့ရသေးတယ်။
အောက်ဆုံးရောက်နေပေမဲ့ မာန်မလျှော့သေးတဲ့ အဒေါ်ယန်က သူတို့ကို လာသနားဖို့မလိုဘဲ ကျွင်းခိုင်ကလည်း ချင်းယွမ်လို စုတ်ပဲ့နေတဲ့နေရာနဲ့ မတန်ဘူးလို့ ထောင်လွှားစွာ ပြောဆိုခဲ့တော့ ထုံးစံအတိုင်း စေတနာကို စော်ကားခံလိုက်ရတဲ့ ကျောက်အာကလည်း ဘယ်ငြိမ်ခံနေတော့မလဲ။
သူမတို့ရန်ပွဲက အဘွား ကျောက်တို့လင်မယားပါ အခန်းထဲကထွက်လာရတယ်။ နောက်ဆုံး အဘိုးရွှီက ရှေ့တက်ပြီး နှစ်ဖက်စလုံးကို ဟန့်တားလိုက်တော့မှ ဒီကိစ္စက ပြီးတယ်။ အမှန်တော့ ရွှီကျွင်းခိုင်ကလည်း စပြောကတည်းက ကျောက်အာရဲ့ကမ်းလှမ်းချက်ကို ငြင်းဆန်ခဲ့တာ။
မြို့က ပြန်လာပြီးနောက်ပိုင်း ရွှီကျွင်းခိုင်တစ်ယောက် အိမ်မှာပဲသောင်တင်နေပြီး အခန်းထဲက အပြင်ထွက်တာတောင် တော်တော်ရှားလာတယ်။
“ကျွန်မ ထပ်သွားမေးလိုက်ရမလား”
“ဟင့်အင်း ဒီအရှုပ်တွေကို ခေါင်းထဲထည့်မနေနဲ့။ ရွှီကျွင်းခိုင်က အဆင်ပြေပေမဲ့ သူ့မိဘတွေက စေတနာနားလည်တဲ့လူတွေ မဟုတ်ဘူး။ အလကား ပြဿနာပဲရှာလိမ့်မယ်”
ကျောက်အာက လက်ခံတဲ့အနေနဲ့ ခေါင်းညိတ်ပြလိုက်တယ်။ အမှန်တော့ သူမလည်း ထပ်မမေးချင်တော့ပါဘူး။ မဟုတ်ရင် ဘာလို့ဒီလိုလေသံနဲ့ မေးကြည့်မှာလဲ။ ညစာစားချိန်ရောက်လာတော့ ရွှီချင်းရှန် ပြန်ရောက်လာတယ်။
တစ်ချက်ကြည့်တာနဲ့တင် ယိမ်းယိုင်နေတဲ့သူ့ပုံစံက တစ်နေရာရာသွားသောက်လာတာ သိသာတယ်။
“အားရှန် အပြင်မှာ ထမင်းစားလာခဲ့လား။ မစားရသေးရင် တစ်ခါတည်း လာဝိုင်းလိုက်”
66.2 02
အဘိုးရွှီက ပြောတော့ ရွှီချင်းရှန်က ပြည့်အင့်နေတဲ့သူ့ဗိုက်သူ အောက်က လက်တစ်ဖက်ခံထားလိုက်ပြီး လေချဥ်တက်ရင်း အသံလေးလေးနဲ့ ပြန်ဖြေတယ်။
“အေ့ မစားတော့ဘူး အဖေ အေ့”
“ချွေးမကြီး နင့်ယောက်ျားကို နားရအောင် မြန်မြန်အခန်းထဲပြန်ပို့ပေးလိုက်”
အဒေါ်ယန်က လက်ထဲက ပန်းကန်နဲ့တူကိုချပြီး ရွှီချင်းရှန်ကို လက်ကနေတွဲကူကာ သူတို့အိပ်ခန်းဆီ လိုက်ပို့တယ်။ အခန်းထဲရောက်တော့ ကုတင်ပေါ်ပစ်ချလိုက်တဲ့ အဒေါ်ယန်ရဲ့အပြုအမူတော့ သိပ်တော့ငြင်သာမနေဘူး။
သူမက ခွေခေါက်ကျသွားတဲ့ ရွှီချင်းရှန်တစ်ယောက် အိပ်ရာပေါ်မှာ သက်တောင့်သက်သာဖြစ်တဲ့အထိ လူးလှိမ့်နေတာကိုကြည့်ပြီး အတော်လေး ဒေါသထွက်နေတဲ့လေသံနဲ့ ဆိုလာတယ်။
“ရှင် ကျွင်းခိုင်ကို ဘယ်ကျောင်းထားမလဲဆိုတာ ဆုံးဖြတ်ပြီးပြီလား။ နေ့တိုင်း အပြင်သွား မိုးချုပ်မှ အသိစိတ်မရှိအောင်သောက်ပြီးသာ ပြန်လာတယ်။ ဘာအဖြေမှ ပြန်ပါမလာဘူး။ ကျွန်မ အံဆွဲထဲမှာလည်း တစ်ပြားမှမရှိတော့ဘူး သိလား။ အားလုံး ရှင့်ကိုပေးလို့ကုန်ပြီ။ တကယ်လို့ ရှင်ဒီတိုင်းဆက်သွားနေမယ်ဆို နောက်ပိုင်း ကိုယ့်ဘာသာ ကြည့်လုပ်တော့”
ရွှီချင်းရှန်က သူမ ကြိမ်းမောင်းသံကို မျက်စိမပွင့်တပွင့်နဲ့ လက်ကာပြရင်း စိတ်မရှည်သလို ပြန်တုံ့ပြန်တယ်။
“နေစမ်းပါ ဒီကိစ္စက အဲဒိလောက်လွယ်နေတယ်လို့ ထင်လား။ မကောင်းတဲ့ကျောင်းမှာ ထားတာထက် အိမ်မှာနေနေတာက ပိုတောင်ကောင်းသေးတယ်။ တကယ့်ကျောင်းတော်ကြီးတွေက ဒီအချိန်ကျမှ လက်မခံတော့ဘူးကွ။ အမှန်ဆို ချင်းယွမ်လည်း တော်တော် ကောင်းလာပါပြီ။ မင်းကို ဘယ်သူက ပြဿနာသွားရှာခိုင်းလို့လဲ။ ဟမ်… အခုတော့ မင်းလုပ်လို့ ငါ့မှာ နေ့တိုင်း ပြေးလွှားနေရတယ်မလား”
အဒေါ်ယန်က ဆွံ့အသွားတော့တယ်။ တကယ်လို့ သူမသာ ချင်းယွမ်ကျောင်းတော်က ဒီလောက်ကောင်းမယ်မှန်းသိရင် လည်စင်းခံရတောင် အဲဒီလိုမပြောခဲ့ပါဘူး။ ကိစ္စတွေကလည်း ရေစီးသန်တဲ့မြစ်လို ပြောင်းလဲမြန်လွန်းတာကိုး။
အရင်က မထင်မရှားကျောင်းလေးက နေ့ချင်းညချင်း ဟူယန်းတစ်မြို့နယ်လုံးမှာ အကောင်းဆုံးကျောင်းအဖြစ် ထိုးတက်သွားလိမ့်မယ်လို့ ဘယ်သူက ကြိုသိမှာလဲ။
ဒီရက်တွေအတွင်း ကံတရားက ပစ်ပယ်ထားလို့ စိတ်မကြည်ရတဲ့ကြားထဲ ကျောက်အာက ကျွင်းခိုင်ကို အတင်းအကျပ် လုပ်နေတာမြင်တော့ ဒီဟာမလေး သူ့သားကို တမင်အနေကျပ်အောင် လုပ်နေတယ်လို့ပဲ မသိစိတ်က အလိုလို ထင်လိုက်မိတာ။
အခုတစ်မိသားစုလုံးက ဒီရန်ပွဲကိုသိထားတော့ သူမမှာ နောင်တရရင်တောင် ဘယ်မျက်နှာနဲ့ နောက်ပြန်ဆုတ်ရတော့မလဲ။
အဲဒီလိုနဲ့ အဒေါ်ယန်က ရှိသမျှသွားတင်းတင်းကြိတ်ပြီး သူမ အချိန်အတော်ကြာ စုဆောင်းထားခဲ့တဲ့ ငွေစငွေနတွေကို ထုတ်ပေးကာ ကျောင်းတစ်ကျောင်းရှာပေးဖို့ ရွှီချင်းရှန်ကို နေ့နေ့ညည မျက်နှာလိုက်လုပ်ခိုင်းနေတော့တာပဲ။
သူမ ကျွင်းခိုင်ကို ချင်းယွမ်ထက်ကောင်းတဲ့ကျောင်း ရှာပေးရမယ်။ ဒါပေမဲ့ ရွှီချင်းရှန်တစ်ယောက် နေ့တိုင်း ပြေးလွှားနေပေမဲ့ ဘာမှမထူးတာတော့ စိတ်မကောင်းစရာပဲ။
“မင်း ငါ့ကို ပိုက်ဆံနည်းနည်း ထပ်ပေးစမ်းပါ။ မနက်ဖြန် ငါ့အသိတွေကိုခေါ်ပြီး တစ်ဝိုင်းလိုက်ကျွေးလိုက်ရင် ဒီကိစ္စက ဖြေရှင်းပြီးသားဖြစ်သွားမှာ”
“ထပ်ကျွေးဦးမလို့လား။ ရှင်သူတို့ကို အိမ်ပဲခေါ်လာလိုက်ပါလား။ ကျွန်မ ချက်ပေးလိုက်ရင်ရော”
“မြန်မြန်လုပ်စမ်းပါ။ မင်းမို့ အိမ်ကိုထမင်းစားဖိတ်ဖို့ ပြောရဲသေးတယ်။ ငါတို့လို တောကျတဲ့နေရာကို ဘယ်သူကလာချင်မှာလဲ။ ပြီးတော့ ဘယ်သူက ကောင်းကောင်းမွန်မွန် မကျွေးမွေးဘဲ အလကားလိုက်ကူညီပေးနေမှာလဲ။ မင်းဆိုရင်ရော လုပ်ပေးမှာလား?”
“ဒါပေမဲ့ အိမ်မှာ ဘယ်မှာပိုက်ဆံရှိတော့လို့လဲ …”
66.2 03
ရွှီချင်းရှန်က ကုတင်ခေါင်းရင်းမှာ ကျောမှီလိုက်ပေမဲ့ ဘာမှမပြောဘဲ သူ့မိန်းမကိုသာ မျက်လုံးတွေမှေးကျဥ်းရင်း စိုက်ကြည့်နေတာက ‘ဟုတ်လို့လား’ လို့ မမေးရုံတမယ်ပဲ။ နောက်ဆုံး အလံဖြူထောင်ပြလိုက်ရတာက အဒေါ်ယန်ဖြစ်ပြီး သူမက တုံ့ဆိုင်းဆိုင်းနဲ့ပဲ ဗီရိုဆီ လျှောက်သွားလိုက်တယ်။
ကုတင်နား ပြန်ရောက်လာတဲ့ အဒေါ်ယန်ရဲ့လက်ထဲမှာ အကြွေအပဲ့ ငွေစလေးတစ်ခု ရှိနေပြီး အမျိုးသမီးရဲ့မျက်နှာမှာလည်း နာကျင်ရိပ်အပြည့်နဲ့။
“ဒါ ကျွန်မမှာရှိတာ အကုန်ပဲ”
ရွှီချင်းရှန်ကတော့ ဘာကိုမှဂရုမစိုက်ဘဲ အလျင်စလို ဆွဲလုသွားပြီး ရင်ဘတ်အိတ်ကပ်ထဲ ထည့်သိမ်းကာ နေမြဲအတိုင်း ဆက်နေမဲ့ပုံရတယ်။ ရွှီထင်းရှန်း နားရက်ရလို့ပြန်လာတိုင်း ကျောက်အာက သူမ တတ်နိုင်သမျှ အိမ်မှာရှိနေအောင် ကြိုးစားတယ်။
ဒီလိုလုပ်ခြင်းအားဖြင့် ကျောင်းကိုထည့်ပေးလိုက်ဖို့ အရံဟင်းတွေအများအပြား လုပ်ချိန်ရသွားသလို တစ်ဖက်မှာလည်း ဒါကိုအခွင့်ကောင်းယူပြီး အိမ်သန့်ရှင်းရေး လုပ်လို့ရတယ်လေ။ ရွှီထင်းရှန်းမရှိတဲ့အချိန်ဆို သူမလည်း တစ်နေကုန် အလုပ်ထဲပဲ ရောက်နေတာမို့ ပြန်လာခဲ့ရင်တောင် ဘာမှမလုပ်နိုင်ဘဲ တန်းအိပ်သွားတာများတယ်။
အဲဒီလိုနဲ့ နောက်တစ်နေ့နံနက်အစောပိုင်းမှာတင် ကျောက်အာက အဝတ်လျှော်တဲ့နေရာကို အပိုင်ဦးထားပြီး စောင်တွေ အိပ်ရာခင်းတွေ စစိမ်တယ်။ ဒီထဲမှာ ရွှီထင်းရှန်း ပြန်ယူလာတဲ့ အဝတ်ပေတွေလည်း ပါတယ်။
ဆပ်ပြာမြှုပ်တွေ ပလုံစီထနေတဲ့ သစ်သားပုံးတွေကို ကြည့်ရုံနဲ့တင် ရွှီထင်းရှန်းက ဘေးထွက်ရပ်မနေနိုင်ဘဲ ရေခပ်တဲ့နေရာမှာ ဝင်ကူပေးတယ်။ ဒီတလောအတွင်း လုပ်ပါများလာတော့ အရင်က ရေပုံးတစ်ဝက်ပဲ ခပ်နိုင်လို့ ကျောက်အာဆီက အရယ်ခံခဲ့ရတာကနေ အခုတော့ တစ်ပုံးနီးပါး ခပ်နိုင်ခဲ့ပြီ။
တစ်ပုံးနီးပါးပဲလားဆိုပြီး မေးငေါ့ဖို့ မစဥ်းစားနဲ့… ဒီလိုပုံးတွေက အပြည့်ခပ်လိုက်ရင် တွင်းထဲက ပြန်ဆွဲတင်တဲ့အခါကျ ရေအများကြီး လျှံကျလာလိမ့်မယ်။ နှစ်ယောက်သားက စကားတပြောပြောနဲ့ လျှော်ဖွတ်နေကြတယ်။
ကျောက်အာက အရင်ကတည်းက အလုပ်တစ်ခုလုပ်ရင် မြန်ဆန်တာ အခုသူ့ကို ဘေးကကူပေးမဲ့သူပါ ရှိလာတော့ လက်ကို စက်တပ်ပေးလိုက်သလိုပဲပေါ့။ အားလုံး လျှော်လို့ပြီးသွားတော့လည်း တစ်ယောက်တည်း မညှစ်နိုင်တဲ့ အိပ်ရာခင်းတွေ စောင်တွေကို နှစ်ယောက်သား ဆန့်ကျင်ဘက် အစွန်းနှစ်ဖက်ကနေ တက်ညီလက်ညီ ညှစ်ကြတယ်။ အခုဆို ရွှီထင်းရှန်းက အိမ်မှုကိစ္စတွေလုပ်တဲ့နေရာမှာ အတော်အသုံးကျလာပြီလို့ ပြောလို့ရတယ်။ အခုဆို ကျောက်အာ ဘေးကနေ ထိုင်သင်ပေးနေစရာတောင် မလိုတော့ဘူး။
ရွှီထင်းရှန်းဆို အမြဲတမ်း အလိုလိုက်တတ်တဲ့ ကျောက်အာကိုကြည့်ပြီး သူမက တခြားအပျိုတွေလို အိမ်မှုကိစ္စဆိုတာ မိန်းကလေးတွေအတွက်ပဲလို့ ယူဆထားတယ် မထင်လိုက်နဲ့။ လူဆိုတာနဲ့ ယောက်ျားမိန်းမမရွေး ကိုယ်ခေါင်းချတဲ့တစ်နေရာ သန့်ရှင်းဖို့နဲ့ ဝမ်းတစ်ထွာကို ကိုယ့်ဘာသာဖြည့်နိုင်ရမယ်လို့ သူမ ထင်တယ်။
အဲဒါထက် ငယ်ငယ်လေးကတည်းက မျက်စိရှေ့မှာ ရွှီချင်းစုန့်လို ဥပမာကောင်းကြီးကို မြင်ပြီး ကြီးပြင်းလာတာကြောင့်လည်း ပါတယ်။ ထင်းအာအဖေကလည်း သူ အိမ်မှာရှိတဲ့အချိန်တုန်းက တစ်အိမ်လုံးရဲ့အတွင်းအပြင် အိမ်မှုကိစ္စအဝဝကို လုပ်ဆောင်ပေးခဲ့တာ။
အဝတ်လှန်းဖို့ ကြိုးတန်းတွေက ခြံနောက်ဘက်မှာမို့ ကျောက်အာတို့ ရေစစ်လို့ပြီးတော့ ဟင်းရွက်ခြံနား ထွက်လာခဲ့တဲ့အချိန်မှာပဲ အဝေးတစ်နေရာကနေ ကောက်ရိုးပုံကိုကွယ်ပြီး ခိုးကြောင်ခိုးဝှက် ထွက်သွားတဲ့ ရွှီချင်းရှန်ရဲ့နောက်ကျောကို တွေ့လိုက်ရတယ်။
ရွှီမိသားစုရဲ့ဟင်းရွက်ခြံက မြင့်မားတဲ့ခြံစည်းရိုးနဲ့ ကာရံထားတာဖြစ်တယ်။ ကျေးလက်တောရွာတွေက ရိုးရှင်းပါတယ်။ ခြံစည်းရိုးခတ်ထားပေမဲ့ သူခိုးရန်ကို ကြောက်လို့တော့ မဟုတ်ဘူး။ ဘယ်လိုမဆို နယ်ဘက်မှာ ဟင်းသီးဟင်းရွက်က အပေါဆုံးမို့ လာခိုးပါဆိုတောင် ဘယ်သူမှ စိတ်မဝင်စားကြဘူး။
ခြံလေးရဲ့အနောက်မှာ တံခါးပေါက်လေး တစ်ခုရှိပြီး အရင်ကဆို ကျောက်အာ ပိုက်ဆံရှာဖို့လုပ်တိုင်း ဒီကနေ ခိုးထွက်နေကျပဲ။ တံခါးလေးက သစ်သားပြားတောင်မဟုတ်ဘဲ ကောက်ရိုးမျှင်တွေကိုသာ ကြိုးနဲ့ချည်ပြီး ကာထားတာမို့ အသုံးပြုပြီးသွားရင် ခြေရာလက်ရာက ပျက်ကျန်ခဲ့တာပဲ။
ဒီရွှီချင်းရှန်က နေ့ခင်းကြောင်တောင်ကြီး အိမ်ရှေ့တံခါးကမသွားဘဲ ဒီအနောက်ပေါက်မှာ ဘာလာလုပ်နေတာလဲ။
သူတို့နှစ်ယောက်က သိချင်သွားပေမဲ့ အများကြီးတော့ ဆက်တွေးမနေဘူး။ ဘာလို့ဆို လှန်းရမဲ့အဝတ်တွေ အများကြီးရှိနေသေးတာမို့ ရေချိုးဆောင်နားက ညှစ်ပြီးသား အင်္ကျီဇလုံတွေသာ ပြန်သွားသယ်လိုက်တယ်။
66.2 04
သူတို့ အရှေ့ပြန်ထွက်လာတဲ့အခါ မသိမသာ ခါးကိုင်းကာ ခေါင်းငုံ့လျက် လျှောက်လာတဲ့ရွှီကျွင်းခိုင်နဲ့ ပက်ပင်းတိုးပြန်ပြီး သူ့ကြည့်ရတာ တစ်နေရာရာကို အလျင်စလို သွားနေပုံရတယ်။
“အမ်…. ငါ အိမ်သာသွားမလို့”
ရွှီကျွင်းခိုင်က ဘယ်လောက်စိတ် ပုံမှန်မဟုတ်သလဲဆို အခုချိန် သူ့ပုံစံက ဘယ်လောက်ထူးဆန်းနေလဲဆိုတာတောင် သိပုံမပေါ်ဘူး။ ဘာလို့လဲဆိုတော့ သူက ဘယ်တုန်းက ဒုတိယမိသားစုခွဲက နှစ်ယောက်ကို စကားလာပြောဖူးလို့လဲ။ အိမ်သာတက်တာကို လာတင်ပြဖို့ဝေးစွ …
ကျောက်အာနဲ့ရွှီထင်းရှန်းက အချင်းချင်း အကြည့်ဖလှယ်လိုက်ပြီး နောက်ဆုံး သိချင်စိတ်ကို ထိန်းမရတော့လို့ ခပ်သုတ်သုတ်ထွက်သွားတဲ့ သူ့နောက်ကို တိတ်တိတ်လေး လိုက်ချောင်းတော့တယ်။ ခြံအနောက်ဘက်ရောက်တာနဲ့ ရွှီကျွင်းခိုင်က တကယ် အိမ်သာဘက်ကို ခြေဦးမလှည့်တဲ့အပြင် ကောက်ရိုးပုံအနောက်ဝင်ပြီး ပျောက်သွားတယ်။
အဲဒီနောက်မှာ ရှိတာဆိုလို့ ကောက်ရိုးတံခါးပဲ။
“လိုက်ကြည့်ကြရအောင်”
“မင်းရဲ့စပ်စုချင်စိတ်ကိုတော့ မနိုင်ဘူး”
ရွှီထင်းရှန်းက မနိုင်သလို ခေါင်းတယမ်းယမ်းနဲ့ဆိုတော့ ကျောက်အာက ခပ်တိုးတိုးလေး ထုတ်ရယ်တယ်။
“ဘာပဲဖြစ်ဖြစ် ဘယ်သူမှမသိပါဘူး။ သူတို့ကြည့်ရတာ အရမ်းမသင်္ကာစရာကောင်းလို့”
အမှန်တော့ သူလည်း အဲဒီလိုပဲတွေးမိတယ်။ ဒီလိုနဲ့ အကြံတူဉာဏ်တူနှစ်ယောက်က အရှေ့ကသားအဖနှစ်ယောက် သွားတဲ့အတိုင်း ခပ်ခွာခွာကနေ တစ်လမ်းလုံး လိုက်လာခဲ့တယ်။ နွေကာလရဲ့ မွန်းတည့်ချိန်က ပြင်းထန်လွန်းတာကြောင့် လမ်းပေါ်မှာ ခွေးတစ်ကောင် ကြောင်တစ်မြှီးတောင် ရှိမနေဘူး။ အထူးသဖြင့် ရွှီကျွင်းခိုင် ဦးတည်နေတဲ့လမ်းက ရွာအစွန်ဘက်မို့ လူသွားလူလာ ကျဲပါးလွန်းတယ်။
တောဓလေ့အိမ်ဖွဲ့စည်းပုံတွေက တော်တော်ရိုးရှင်းပြီး တစ်ရွာလုံး ပုံစံတူတွေပဲ။ အိမ်ရှေ့မှာ ခြံဝန်းထားမယ် အနောက်ဘက်မှာ စိုက်ခင်းလုပ်မယ် ပြီးရင် အိမ်တိုင်းလိုလိုရဲ့ အနောက်ဘက်ခြမ်းမှာ ကောက်ရိုးတစ်ပုံကတော့ ရှိတတ်ကြတယ်။
အချိန်တစ်ခုအထိ လျှောက်ပြီးသွားတဲ့အခါ ရွှီကျွင်းခိုင်က ခြေလှမ်းတွေ ပိုသွက်လာပြီး ကောက်ရိုးပုံတစ်ခုနောက် ဝင်ရောက် ပျောက်ကွယ်သွားတာတွေ့တော့ ကျောက်အာတို့လည်း အလျင်စလိုပဲ သုတ်ခြေတင်ပြီး လိုက်လာခဲ့တယ်။
ဒါပေမဲ့ ဒီလောက်အကြာကြီး နောက်ယောင်ခံလိုက်လာတာတောင် ဘယ်သူ့ကိုမှ မမြင်ရဘဲ ဒီနေရာကလည်း တစ်စုံတစ်ယောက်ရဲ့အိမ်နောက်ဘက်ခြမ်းနဲ့ ဆင်တူနေတယ်။ နှစ်ယောက်လုံး အချင်းချင်း ကြည့်လိုက်မိကြပြီး ရွှီထင်းရှန်းက လေသံလေးနဲ့ မေးလာတယ်။
“ဒါ ဘယ်သူ့အိမ်လဲ”
“မုဆိုးမ ရွှီရဲ့အိမ်”
******