အခန်း (၆၇-၆၈)
Vol. 7 Ch. 67-68
67.1 01
အခန်း 67.1
“မုဆိုးမရွှီရဲ့ အိမ်”
ဒီအမျိုးသမီးအကြောင်းကို ပြောရမယ်ဆိုရင်တော့ အရင်ဦးဆုံး သူမရဲ့မူလမျိုးရိုးက ရွှီမဟုတ်ကြောင်း ပြောရလိမ့်မယ်။ သူမက အိမ်နီးချင်းရွာတစ်ရွာကဖြစ်ပြီး ယွီချင်းရွာထဲက ရွှီမျိုးရိုးယောက်ျားတစ်ယောက်နဲ့ လက်ထပ်လိုက်တာဖြစ်တယ်။
ဖြစ်ချင်တော့ အိမ်ထောင်ရေးကံမကောင်းခဲ့ဘဲ ခင်ပွန်းသည်က လက်ထပ်ပြီး နှစ်အနည်းငယ်အတွင်းမှာပဲ ဆုံးပါးသွားခဲ့တယ်။ သူမမှာ ဆွေမျိုးသားချင်းရော ကလေးရောမရှိတဲ့အတွက် တစ်ယောက်တည်း ကျန်ခဲ့တယ်။
ဒါတင်မကသေးဘူး အဓိကထောက်ပြချင်တာက သူမယောက်ျားဘက်က ဦးလေးတွေကလည်း လူကောင်းသူကောင်းတွေ မဟုတ်ကြဘူး။ သူ့ယောက်ျားက မောင်နှမသားချင်းထဲမှာ အငယ်ဆုံးဖြစ်တဲ့အတွက် သူမတို့ယူတဲ့အချိန် ယောက္ခမကြီးက ဆုံးပါးသွားနှင့်ပြီ။
ကျန်ခဲ့တဲ့ ယောက္ခထီးဖြစ်သူကလည်း အစကတည်းက ကျန်းမာရေးမကောင်းတာမို့ သက်တမ်းမရှည်ခဲ့ပါဘူး။ ဒါပေမဲ့ ကံကောင်းတာက လူအိုကြီးက သူမသေခင် သူ့သားတွေအားလုံးကို အမွေခွဲပေးခဲ့တာပဲ။
အဲဒီလိုနဲ့ မုဆိုးမ ရွှီလည်း သူ့ယောက်ျားကွယ်လွန်သွားခဲ့ပေမဲ့ ယောက္ခထီးရဲ့အမွေ လယ် ၂ဧက ရလိုက်တယ်။ သာမန်နေ့တွေမှာ သူမက လယ်ကွက်ကို သူရင်းငှားပြုစားပြီး အိမ်မှာလည်း အပိုဝင်ငွေရအောင် အပ်ချုပ်သေးတယ်။
တစ်ယောက်တည်းနေတဲ့သူအတွက် ဒီငွေလေးတွေက လုံလောက်တာထက် ပိုခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိုချောင်လည်တဲ့ဘဝလေးက ၂နှစ်ဆိုတဲ့ကာလလေးအထိပဲ ခံလိုက်မယ်လို့ ဘယ်သူထင်မှာလဲ။
လောဘကြီးတဲ့ ဦးလေးဖြစ်သူတွေက သူမက ချွေးမဖြစ်တဲ့အတွက် နောက်ပိုင်း တခြားလူကို ယူသွားရင် သူတို့မြေကွက်ပါ ပါသွားမှာဆိုတဲ့ စွပ်စွဲချက်နဲ့အတူ ပိုင်ဆိုင်သမျှ ပြန်သိမ်းသွားခဲ့တယ်။
သူမလည်း ဒါမျိုးကို လုံးဝလက်မခံခဲ့ဘူးပေါ့။ ဒါပေမဲ့ ဒီနေရာက သူမဇာတိမဟုတ်သလို ကူညီပေးမဲ့ အမျိုးအဆွေမပြောနဲ့ မျိုးရိုးရွှီတွေနဲ့ပဲ ဝိုင်းနေတဲ့နေရာမျိုးလေ။ နောက်ဆုံးမှာတော့ ဘယ်လိုပဲတောင့်ခံခံ အိမ်လေးပဲကျန်ခဲ့ပြီး မြေကွက်ကတော့ တခြားဦးလေးတွေ ခွဲယူတာ ခံလိုက်ရတယ်။
လူတိုင်းက ဒီကောင်မလေးတော့ တစ်ယောက်တည်း ကြာကြာနေနိုင်မှာမဟုတ်ဘဲ မိဘအိမ် ပြန်ပြေးရတော့မယ်လို့ တက်ညီလက်ညီ တွေးခဲ့ကြပေမဲ့ သူမက ဒီအိမ်မှာပဲ ဆက်နေခဲ့တယ်။
လူတွေက သူမကို ရွာထဲမှာ သိပ်မတွေ့ရတတ်ပေမဲ့ ကြည့်လိုက်တိုင်း အိမ်မှာဆန်အပြည့်နဲ့ သူမဘဝက သက်တောင့်သက်သာရှိနေပုံ ရတယ်။ နောက်တော့ ညဘက်ဆို သူမအိမ်မှာ ယောက်ျားလေးတွေ အဝင်အထွက်ရှိတယ်ဆိုတဲ့ ကောလဟာလက ရွာထဲမှာ ပျံ့နှံ့လာတော့တယ်။
ဒီကိစ္စက နည်းနည်းတော့ သိက္ခာကျဖွယ်ရာကောင်းလို့ မိသားစုခေါင်းဆောင်ရွှီက ဒီမုဆိုးမနဲ့ပတ်သက်ပြီး ဖြေရှင်းဖို့ အားလုံးကို ဘိုးဘွားကန်တော့ခန်းမှာ ခေါ်တိုင်ပင်ခဲ့တယ်။ ဒါပေမဲ့ ဒီမိန်းမကလည်း ယောက်ျားဆုံးပြီးကတည်းက အတော်များများ ဖြတ်ကျော်ခဲ့ရတာမို့ သူမ အရှက်သိက္ခာကိုတောင် ဂရုမစိုက်တော့ဘူး ထင်ပါရဲ့။
မိသားစုခေါင်းဆောင်က သူမက မိန်းမကောင်းမပီသဘဲ ရွှီမျိုးရိုးကို သိက္ခာချတယ်လို့ ဆိုလာတော့ အမျိုးသမီးကလည်း အဲဒီရွှီမျိုးရိုးအားလုံးက မိန်းကလေးတစ်ယောက်ကိုတောင် အနိုင်ကျင့်တဲ့ မြေသူခိုးတွေလို့ ပြန်ခံပြောတယ်။
သူမကလည်း ရွှီမိသားစုရဲ့ချွေးမတစ်ယောက်ပဲ။ ဒါပေမဲ့ သူတို့က ခွဲတမ်းကို မပေးမှတော့ သူမ ဘယ်လိုနေထိုင်ရတော့မလဲ။ နောက်ပြီး သူမက သူ့ယောက်ျားရဲ့ပိုင်ဆိုင်မှုကိုတော့ မဖြစ်မနေ ကာကွယ်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ ဆိုလာတယ်။ သူမကို ခြိမ်းခြောက်လာတဲ့သူတိုင်းကိုလည်း ရုံးတော်တင်ပစ်မယ်လို့ သတိပေးခဲ့သေးတယ်။
67.1 02
ဒီလိုခေါင်းမာပြီး ပြတ်သားတဲ့သူမကို နောက်ဆုံးကျ ဘယ်သူမှ ဘာမှမလုပ်နိုင်တော့ဘူး။ ဒီလိုနဲ့ သူမက ရွှီအိမ်က မောင်းထုတ်ခံလိုက်ရပေမဲ့ ရွာအစွန်ကတစ်နေရာကို ရွေးချယ်ပြီး ရွာသားတစ်ယောက်ယောက်ရဲ့အကူအညီနဲ့ အိမ်ဆောက်ကာ အဲဒီမှာပဲ နေထိုင်ခဲ့တာ နှစ်တချို့ရှိနေပြီ။
လွန်ခဲ့တဲ့ကာလတွေထဲ သူမအကြောင်း ဘာမှအထွေအထူးမကြားခဲ့ရပေမဲ့ သူမကတော့ အဆင်ပြေနေခဲ့တာပါပဲ။ နေ့တိုင်း စားသောက်နေထိုင်ဖို့ ပိုက်ဆံဘယ်ကရသလဲမသိပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ရွာထဲမှာ ဒီမုဆိုးမ ရွှီလို့ပြောလိုက်တိုင်း ယောက်ျားသားတွေက မရေမရာ ရယ်မောကြသလို မိန်းမတွေကတော့ ရွံစရာတစ်ခုလို နှာခေါင်းရှုံ့ကြတယ်။
ဒါတွေက ပြီးခဲ့တဲ့အစောပိုင်းနှစ်တွေမှ စဖြစ်လာတာတွေပါ။ အဲဒီတုန်းက ရွှီထင်းရှန်းရော ကျောက်အာရောက ငယ်သေးတော့ ဒါတွေကိုလည်း လူကြီးတွေဆီက ဟိုစပ်စပ် ဒီစပ်စပ် ကြားခဲ့ရတာ။
နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်မိတဲ့အချိန် မတိုင်ပင်ပါဘဲ တစ်ခုတည်းကိုသာ တွေးမိသွားကြတယ်။ ဒီလိုနဲ့ အချင်းချင်း စိတ်ထဲကနေဆက်သွယ်လိုက်ပြီး ခြံစည်းရိုး ကျိုးနေတဲ့နားအထိ ခြေသံလုံလုံနဲ့ လျှောက်လာခဲ့ကြတယ်။
မုဆိုးမရွှီရဲ့အနောက်ဘက်က ဟင်းရွက်စိုက်ခင်းလေးက သိပ်မကြီးဘဲ ဧကဝက်လောက်သာ ရှိတယ်။ အိမ်လေးက အုတ်နဲ့ဆောက်လုပ်ထားပြီး ဘယ်နဲ့ညာမှာ မီးဖိုချောင်နဲ့စတိုခန်း နှစ်ကန့်သာပါဝင်တယ်။ ဒါကြောင့် သူမက အိမ်မှာဘယ်တိရစ္ဆာန်မှ မမွေးထားဘူး။
သူတို့ တစ်လျှောက်လုံး တိတ်တိတ်လေး တိုးကပ်လာပြီးမှ ရှေ့ဆက်သွားလေ လူသံတွေကိုကြားလာရလေပဲ။ ယောက်ျားတစ်ယောက်ရဲ့ ခပ်တိုးတိုးအသံနဲ့အတူ မိန်းကလေး ရယ်သံလွင်လွင်က လေအဝှေ့မှာ တွဲပါလာတယ်။
“ဟိုးအရင်ကတည်းက ရှင်ကျွန်မကို ဆံထိုးဝယ်ပေးမယ် ပြောထားတာနော်။ အခုထိ ဆံထိုးက ဘယ်ဆီနေမှန်း မသိသေးဘူး။ ရှင်ကတော့ နေ့တိုင်းပေါ်လာတုန်းပဲ။ ကျွန်မ ရှင့်ကို တံမြက်စည်းနဲ့ လိုက်ရိုက်မှာ မကြောက်ဘူးလား ပြော”
“မင်းက ငါ့ကို မောင်းထုတ်ရက်တယ်ပေါ့”
“ဘာလို့ မထုတ်ရက်ရမှာလဲ။ ရှင့်လိုလူမျိုးက ရှားတာမှမဟုတ်တာ …”
နောက်တော့ အသံနှစ်ခုက သူတို့ချင်းပဲ ကြားရလောက်အောင် တိုးသွားပြီး မုဆိုးမရွှီရဲ့ ခပ်ညုညု ရယ်သံသာ ကြားလိုက်ရတယ်။ ခဏနေတော့ သူမအသံက တစ်ဆင့်ပိုမြင့်လာပြီး
“ရှင်က တကယ်အသုံးမကျတဲ့ ထုန်ရှန်းပဲ။ အိမ်မှာ စောင့်ကြည့်နေတဲ့ အဖေနဲ့မိန်းမတစ်ယောက်လုံး ရှိနေသေးတယ်လေ။ ပြီးတော့ အခုတလော ရှင့်သားကို ကျောင်းထားပေးဖို့ ကျောင်းလိုက်ရှာနေတယ်ဆို ယန်ရှီပေးလိုက်တဲ့ ငွေတွေနဲ့ ကျွန်မကို လာချော့နေတာလား ပြော”
ရွှီချင်းရှန်ရဲ့မျက်နှာက ဒီစကားတွေထွက်လာတာနဲ့ ချက်ချင်း ပျက်ကျသွားတယ်။ မုဆိုးမရွှီရဲ့ နက်နေအောင် ဆိုးထားတဲ့ မျက်ခုံးတစ်ဖက်က ပင့်တက်သွားပြီး သူမက မျက်လုံးမှိတ်ကာ ရင်ဘတ်ပေါ် မှီချလာတယ်။
“ဒါပေမဲ့ ရှင့်မှာ ချော့ဖို့စိတ်ကလေး ရှိသေးတယ်ဆိုတော့လည်း ဒီက လက်ခံပေးလိုက်ပါမယ်လေ။ တစ်နေ့ကျ ရှင်ကျွန်မကို အလိုမလိုက်တော့မှာကိုပဲ စိုးရိမ်နေတာ”
မိန်းကလေးအသံက နူးညံ့ချိုသာလွန်းလို့ အပြင်ကချောင်းနားထောင်နေတဲ့ ကျောက်အာတစ်ယောက် နားထဲပုရွက်ဆိတ်တက်သလို အသည်းယားသွားပြီး အခန်းထဲက ရွှီချင်းရှန်လည်း စိတ်မထိန်းနိုင်တော့ဘူး။
သူက ချက်ချင်းပဲ မုဆိုးမရွှီ အခုလေးတင်ပြောလိုက်တာကို စိတ်ထဲမထားတော့ဘဲ စတင်ပွေ့ဖက်နမ်းရှုံ့တော့တယ်။ အထဲကစကားသံတွေက ခဏလောက် တိတ်ဆိတ်သွားပြန်တယ်။ တစ်အောင့်နေတော့ မုဆိုးမရွှီက ထပ်ပြောတယ်။
“အွန်းမ် … ဒါပေမဲ့ ရှင် ကျောင်းသွားမရှာဘူးဆို ကျွင်းခိုင်ကို ဘယ်လိုလုပ်မှာလဲ”
“မင်းက ဘာမဟုတ်တာကို စိတ်ပူနေတာပဲ။ ငါ့မှာ ဒါကိုဖြေရှင်းဖို့ စဥ်းစားထားတာ ရှိပါတယ် …”
67.1 03
အပြင်က ကျောက်အာကတော့ သူ့နှုတ်ခမ်းသူ အကြိမ်ကြိမ် ရိုက်ပစ်လိုက်တယ်။ သူမ မုဆိုးမရွှီကို မြင်ဖူးပါတယ်။ ထိုအမျိုးသမီးက ထိပ်တန်းအလှပဂေးတော့မဟုတ်ပေမဲ့ ကျေးလက်ဒေသမှာတော့ ကြည့်ကောင်းတဲ့မိန်းကလေးပါ။
ဒါပေမဲ့ မမြင်ကွယ်ရာမှာ ဒိလောက်အထိလို့တော့ မထင်ထားဘူး။ ရွာထဲက မိန်းမတွေ သူ့နာမည်ပါလာတိုင်း ဆူပူကြိမ်းမောင်းနေတာတောင် ယောက်ျားသားအများစု ဆက်လာနေသေးတာ အံ့ဩစရာမရှိတော့ပါဘူး။
တကယ်လို့ သူမ မှတ်ထားတာသာ မှန်မယ်ဆို မုဆိုးမရွှီက ဝါစဥ်အရ ရွှီချင်းရှန်ရဲ့ ဝမ်းကွဲမရီးပဲ။ ဒါက တကယ်ကို …
သူမတို့နည်းတူ ရွှီကျွင်းခိုင်လည်း တစ်နေရာရာမှာ ပုန်းနားထောင်နေမှာကို မြင်ယောင်ကြည့်လိုက်တော့ ကျောက်အာက စိတ်ထဲအတော်လေး မသက်မသာဖြစ်သွားရတယ်။ သားက အဖေဖြစ်သူ ခြေလှမ်းပျက်နေတာကို ဖမ်းဖို့လာပေမဲ့ သူမတို့က ပက်ပင်းတိုးလို့ လိုက်လာခဲ့တာဆိုတော့ ဒီမှာ နှစ်ဖက်တွေ့ရင် အတော်မျက်နှာပူစရာဖြစ်သွားလိမ့်မယ်။
ဒီအတွေးနဲ့ ကျောက်အာက ရွှီထင်းရှန်းကို လက်ကနေဆွဲခေါ်ရင်း အမြန်ပြန်ဖို့ အချက်ပြလိုက်တယ်။ ဖြစ်ချင်တော့ ရွှီထင်းရှန်းကလည်း ဒီကိစ္စအပေါ် သိပ်စိတ်မဝင်စားတာကြောင့် နှစ်ယောက်သား တိတ်တိတ်လေး ပြန်ထွက်လာကြတယ်။
သူတို့ အိမ်ပြန်ရောက်တဲ့အထိ နှစ်ယောက်စလုံးက ကျန်နေခဲ့တဲ့ ရွှီကျွင်းခိုင်တစ်ယောက် သွားသောင်းကျန်းမလားဆိုတာ သိချင်နေသေးတယ်။ ဒါမှမဟုတ် တခြားတစ်ခုခုများ ဖြစ်ခဲ့သေးလားပေါ့။
သူတို့က အချိန်တစ်ခုအထိ သို့လော သို့လောဖြစ်နေခဲ့ကြပေမဲ့ ဘယ်လောက်မှ မကြာလိုက်ပါဘဲ ရွှီကျွင်းခိုင် ပြန်ရောက်လာခဲ့တယ်။
ဘာလဲ… အားလုံး အဆင်ပြေသွားပြီလား။
စိတ်အေးဟန် သက်မ,ချမိလိုက်တဲ့ သူတို့က ဒီလိုအဖေရထားတဲ့ ရွှီကျွင်းခိုင်ကို ပြန်စဥ်းစားလိုက်မိရင်လည်း စိတ်မကောင်းမဖြစ်ဘဲ မနေနိုင်တော့ဘူး။ ဒီကိစ္စကို မေ့ထားလိုက်ကြတာပေါ့။
တစ်နေ့တာက လျင်မြန်စွာ ကုန်ဆုံးသွားပြီး နေလုံးကြီး မိုးကုတ်စက်ဝိုင်းမှာ မေးတင်တော့မှပဲ ရွာထဲမှာ လူသံသူသံတွေ ကြားလာရတယ်။ နေအေးသွားတော့မှ ကလေးလူကြီး အရွယ်စုံက ရွာတစ်ပတ် ညနေခင်း လမ်းလျှောက်ထွက်လာကြပြီး အေးမြတဲ့လေညှင်းကို အရသာခံနေကြတယ်။
ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ကျသွားမှ ရွှီမိသားစုရဲ့ညစာက အသင့်ဖြစ်တယ်။ နွေရာသီက နေ့တာရှည်ပြီး ညတာတိုလာတော့ ထမင်းချက်တာကလည်း ခါတိုင်းထက် ပိုနောက်ကျတယ်။ ရွှီချင်းရှန်ကလည်း ပုံမှန်အတိုင်း ထမင်းဝိုင်းခင်းပြီးတော့မှ ရောက်လာတယ်။
သူ့ရဲ့ဖုန်တသောသော သွင်ပြင်ကိုကြည့်လိုက်တာနဲ့တင် နေရာအစုံ ပြေးလွှားထားတယ်လို့ အောက်မေ့ရတယ်။ လတ်တလော ရာသီဥတုပြင်းနေတာက တစ်ကြောင်း သူ့သားအတွက် ကျောင်းရှာနေရတာက တစ်ကြောင်းကြောင့် ရွှီချင်းရှန်က သူ့စာသင်ဝိုင်းက ကလေးတွေကို ပိတ်ရက်အရှည်ကြီး ပိတ်ပေးထားတယ်။
အဘွားကျောက်ကတော့ သူ့သားလေးတစ်ယောက် နေပူကျဲတဲကြီးမှာ တစ်နေကုန် ပြေးလွှားထားရတာကိုတွေးမိပြီး ရင်ထဲဆို့သွားလို့ အဒေါ် ယန်ကို ရေတစ်ခွက်ခပ်ခိုင်းကာ ဖိနပ်တွေ လဲပေးလိုက်တယ်။
သူတို့ပြီးတော့မှ မိသားစုက ထမင်းဝိုင်းမှာ စုဝေးလိုက်ကြတယ်။ ရွှီချင်းရှန်ကြည့်ရတာ ဆာနေပုံမပေါ်ဘဲ တူကိုင်ထားတဲ့လက်က ပန်းကန်လုံးထဲက ထမင်းတွေကို စိတ်မပါစွာ ထိုးဆွနေတယ်။ အဘွားကျောက်က သူဟင်းမကြိုက်ဘူး ထင်သွားပြီး ဟင်းကောင်းတွေကို သူ့ပန်းကန်ထဲ သေချာခပ်ထည့်ပေးလိုက်တယ်။
အိမ်မှာ အာဟာရပြည့်ဝအောင်လို့ နောက်နေ့ကျ ကြက်စတူးလုပ်ပေးမယ်လို့လည်း တက်တက်ကြွကြွ ပြောလိုက်သေးတယ်။
“အမေ ကျွန်တော် ဒါကိုစိတ်ထဲတောင် မရှိပါဘူး။ ဒီတိုင်း ကျွင်းခိုင် ကျောင်းအတွက်ပဲ စိတ်ပူနေတာ”
67.1 04
သူ ဒီလိုပြောလိုက်တာနဲ့ အားလုံးက သူ့ကို မော့ကြည့်လာတယ်။ ရွှီချင်းရှန်က တူနှစ်ချောင်းကို စားပွဲပေါ်ချလိုက်ပြီး အားလုံးထဲမှာမှ ရွှီထင်းရှန်းဆီ တည့်တည့်ကြည့်လိုက်ရင်း
“ထင်းရှန်း ဦးလေး မင်းကိုပြောစရာတစ်ခု ရှိတယ်”
ဒီတော့မှ ထမင်းငုံ့စားနေတဲ့ ရွှီထင်းရှန်းက သူ့ကို အာရုံစိုက်လာတယ်။
“မင်းရဲ့အဒေါ်ကို စိတ်ထဲမထားပါနဲ့။ သူက ဘာမှမသိလို့ ချင်းဟယ်ကျောင်းတော်ကလည်း ရုတ်ခြည်းပိတ်ချသွားတော့ မင်းအဒေါ်က ကုန်ခဲ့တာတွေအတွက် စိတ်မကြည်တာကို အဲဒီနေ့က ကျောက်အာအပေါ် ပုံချလိုက်မိတယ် ထင်ပါတယ်။ လတ်တလော ဦးလေး အပြင်မှာကြားခဲ့ရသလောက် ချင်းယွမ်ကသာ ဒီနယ်ဒီကျေးမှာ အကောင်းဆုံးကျောင်းတဲ့။ ဒီတော့ ဦးလေးက မင်းအဒေါ် လုပ်ထားတဲ့ ရန်ပွဲကို မေ့ပြီး ကျွင်းခိုင်ကို သွင်းပေးလို့ရမလားဆိုတာ ရှေ့မျက်နှာ နောက်ထားပြီး ပြောရတော့မှာပဲ”
“နေ့စဥ်ရက်ဆက် လမ်းလျှောက်ရလွန်းလို့ ဖိနပ်နှစ်ရံလည်း ပျက်သွားပြီ။ ဒါတောင် ချင်းယွမ်ထက်ကောင်းတဲ့ ကျောင်းကို အနီးနားမှာ ရှာမတွေ့သေးဘူး။ အဲဒါကြောင့် မင်းတို့ကျောင်းအုပ်ကြီးဆီမှာ မင်းအစ်ကိုကို လက်ခံပေးဖို့ သွားပြောပေးလို့ရမလား?”
ရွှီချင်းရှန်ရဲ့မျက်နှာက တစ်လျှောက်လုံး အင်မတန် တည်ကြည်လေးနက်နေပြီး ပြောသမျှစကားတိုင်းကလည်း စိတ်ရင်းအမှန်လို့ ထင်ရလောက်အောင် ပီပြင်တယ်။
******
67.2 01
အခန်း 67.2
တကယ်လို့ သူမသာ မနက်တုန်းကကိစ္စကို တပ်အပ်မမြင်ခဲ့ဘူးဆို ရွှီချင်းရှန်က စရိုက်မကောင်းရင်တောင် သူ့သားအတွက်တော့ တွေးပေးရှာသားပဲလို့ ထင်သွားမိမှာ။
ဒါပေမဲ့ အမှန်တရားကို သိထားပြီးသားဖြစ်နေတော့ မိန်းမပိုက်ဆံနဲ့ မယားငယ်ကို သွားချော့တာမလောက်လို့ မိသားစုအရှေ့မှာပါ ပေါ်တင်လိမ်နေတာကြီးက ရွံစရာကောင်းလွန်းလို့ ကျောက်အာခမျာ နေရာမှာတင် အန်ချင်သွားရတယ်။
မနက်တုန်းက သူ ဒီလောက်သေချာနေတာ မဆန်းတော့ပါဘူး။ ဒီလူ့ဆီမှာ အစောကြီးကတည်းက ဉာဏ်နီဉာဏ်နက်အကြံတွေ ရှိနေခဲ့တာကိုး။ သူက ချက်ချင်းထုတ်မပြောဘဲ အချိန်ကောင်းကိုစောင့်ပြီးမှ ပြောလာတော့ သူ့ကောင်လေးက ဘယ်လိုသွားငြင်းနိုင်မှာလဲ။
ဘေးမှာ စောင့်ကြည့်နေတဲ့ အဘွားကျောက်နဲ့အဘိုးရွှီတို့ရှိတဲ့အပြင် ဒီကိစ္စသာ အပြင်ကိုပျံ့သွားရင်လည်း ရွာသားတွေပါးစပ်ထဲမှာ ထင်းအာကပဲ ကျေးစွပ်တဲ့သူ ဖြစ်ပြန်ဦးမယ်။ ကျောက်အာက တစ်စက္ကန့်လောက် ထရပ်ပြီး ဒီလူ့ကြောင်သူတော်မျက်နှာဖုံးကို ဆွဲဖြဲဖို့ အားလုံးကို အမှန်အတိုင်းပြောပြလိုက်ချင်တာ။
ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ရွှီကျွင်းခိုင်ရဲ့အမည်ဖော်မရတဲ့မျက်နှာက သူမ မျက်စိထဲ မြင်ယောင်လာတယ်။ ကျောက်အာက ဖြည်းဖြည်းချင်း ထမင်းဝါးနေသေးတဲ့ ရွှီထင်းရှန်းကို တစ်ချက် ချောင်းကြည့်လိုက်တဲ့အခါ မျက်နှာကတော့ ဘာခံစားချက်မှမရှိပေမဲ့ မျက်ဝန်းနက်တွေက အေးစက်သွားတာ သတိထားမိလိုက်တယ်။
“ထင်းရှန်း မင်းဦးလေး ၁ကတော့ ဒီကိစ္စကိုပြောပြီးသွားပြီ။ မင်းကရော ဘယ်လိုလဲ။ တစ်ခုခု ပြောဦးလေ”
အဘိုးရွှီရဲ့လောဆော်ချက်ကို အဘွား ကျောက်က ပြန်တုံ့ပြန်တယ်။
“အောင်မယ်လေး ဒါလေးများ ဘာမလုပ်ပေးနိုင်စရာရှိလဲ။ ကုန်းအာ သွား နင့်ဆရာကို သွားပြောပေးလိုက်။ နင့်အစ်ကိုက နဂိုကတည်းက စာတော်တဲ့ဟာ။ ဆရာကြီးလည်း သဘောကျမှာသေချာတယ်”
ကျောက်အာက တစ်ခုခုပြောလိုက်ချင်ပေမဲ့ ရွှီထင်းရှန်းက ပန်းကန်လုံးကိုချပြီး စားပွဲအောက်ကနေ သူမလက်ကို ဆွဲရင်း ဟန့်တားလိုက်တယ်။
“ကောင်းပါပြီ ဦးလေး ကျွန်တော်မနက်ဖြန် ကျောင်းပြန်သွားမှာဆိုတော့ ဆရာ့ကို တစ်ခါတည်း ပြောပေးပါမယ်”
ရွှီချင်းရှန်မျက်နှာပေါ်က ရွှင်ပျမှုက သိသာပေမဲ့ သူက တတ်နိုင်သမျှ ဖုံးဖိလိုက်တယ်။ ဘေးက ရင်တမမနဲ့ ကြည့်နေတဲ့ အဒေါ်ယန်လည်း ထိုနည်း၎င်းပဲ။ သူမက နည်းနည်း မတင်မကျဖြစ်သွားပေမဲ့ ရင်ထဲမှာတော့ အလုံးကြီးကျပြီး ပျော်ရွှင်သွားတယ်။
သူ့သားလေး ပညာရေးနဲ့ယှဥ်လာရင် သူမ မျက်နှာပျက်ရလည်း ကိစ္စမရှိပါဘူး။
“ထင်းရှန်း ဒေါ်လေးက ကျေးဇူးတင်ပါတယ်။ အရင်က မသိခဲ့လို့ ကျောက်အာကို အပြစ်တင်ခဲ့မိတာလည်း …”
“တော်ပါတော့”
တစ်စုံတစ်ယောက်ရဲ့အော်သံနဲ့အတူ ကြွေပန်းကန်လုံးကို စားပွဲပေါ်ဆောင့်ချလိုက်တဲ့ ခွက်ကနဲအသံကလည်း ကျယ်လောင်စွာထွက်ပေါ်လာပြီး အစားပဲမဲနေတဲ့ အငယ်လေးနှစ်ယောက်တောင် တုန်တက်သွားကာ ဒီဘက်ကို ချက်ချင်းကြည့်လာတယ်။
ရွှီကျွင်းခိုင်ရဲ့မျက်နှာက မသိရင် တစ်စုံတစ်ခုကို မျိုသိပ်ထားရသလိုမျိုး အတော်အကျည်းတန်နေပြီး သူ့ရဲ့ကြမ်းတမ်းတဲ့အပြုအမူက အားလုံးကို လန့်သွားစေတယ်။
“ကျွင်းခိုင် ဘာဖြစ်လို့လဲ”
“ဘာမှထပ်မပြောနဲ့တော့ ကျွန်တော် ချင်းယွမ်မှာ မတက်ဘူး”
သူ့ကြည့်ရတာ ပြောစရာအများအပြားကို မနည်းချုပ်တည်းထားရပုံပေါ်ပြီး ရင်ဘတ်ကလည်း မြန်ဆန်တဲ့အသက်ရှူသံကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်နေတယ်။ သူ့ပုံစံက မွန်းကျပ်စရာကောင်းလွန်းလို့ ဒီစကားလုံးတွေ ထွက်ဖို့တောင် မနည်းကြိုးစားယူခဲ့ရတဲ့အတိုင်းပဲ။
ရွှီကျွင်းခိုင်က စိတ်ဆိုးမာန်ဆိုး ပြုမူပြီးတဲ့နောက် ခေါင်းတောင် မော်မလာတော့ဘူး။ သူချက်ချင်း ထထွက်သွားချင်ပေမဲ့ အဒေါ်ယန်ရဲ့ဟန့်တားခြင်း ခံလိုက်ရတယ်။
67.2 02
“ကျွင်းခိုင် သား ဘာဖြစ်လို့လဲ။ ချင်းယွမ်ကျောင်းတော်က ဘယ်လောက်ကောင်းလိုက်သလဲ။ ဘာလဲ မင်းအမေ အရင်ကလုပ်ခဲ့တာကြောင့် ရှက်လို့လား။ ဒါဆို အမေ အခုပဲ ထင်းရှန်းတို့ကို ပြန်တောင်းပန်ပေးမယ်လေ …”
အဒေါ်ယန်ကြည့်ရတာ နည်းနည်း ပျာယာခတ်နေပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေတယ်။ သူ့အမေအဖြစ်ကိုမြင်တော့ ရွှီကျွင်းခိုင်တစ်ယောက် ခံစားချက်မျိုးစုံကို ဖိနှိပ်လိုက်ရပြီး ဘဝကြီးက မောပန်းစရာကောင်းလွန်းတယ်လို့ ခံစားလိုက်ရတယ်။
သူ ဘာပြောရမှန်းလည်း မသိတော့လို့ ပြောပြီးသားစကားသာ ထပ်ပြောဖြစ်လိုက်တယ်။
“အမေ သား အဲဒီမှာ မတက်ချင်လို့ပါ။ ဘယ်ကျောင်းဖြစ်ဖြစ် အဆင်ပြေတယ်။ ဒါပေမဲ့ ချင်းယွမ်တော့ မသွားချင်ဘူး”
“ကျွင်းခိုင် …”
“အေး မသွားချင်လည်း မသွားနဲ့။ ဒါပေမဲ့ မင်းအဲဒီမှာမတက်ဘူးဆို နောက်ဘယ်တော့မှ ကျောင်းပြန်တက်ရမယ် စိတ်မကူးနဲ့!”
ရွှီချင်းရှန်က ရုတ်တရက်ထရပ်ပြီး ဒေါသတကြီး အော်တယ်။
“အားလုံးက အလိုလိုက်ထားလို့ ခေါင်းပေါ်တက်ထိုင်ချင်နေတာ။ အဖေက နေ့တိုင်း သူ့ကြောင့် နေပူကျဲတဲမှာ ထီးဖြူဖိနပ်ပါးတဲ့အထိ လိုက်ရှာပေးခဲ့တာကိုမှ အားမနာ။ ငါ့မှာ မင်းအတွက် အသိမိတ်ဆွေတွေဆီမှာ ဘယ်လောက်အောက်ကျခံခဲ့ရသလဲ သိလား။ အခုလည်း ကိုယ့်တူဆီမှာတောင် အကူအညီတောင်းပြီး တက်ခိုင်းတာကို မသွားချင်ဘူးလေး ဘာလေးနဲ့။ မင်းအဲဒီကို မသွားချင်တော့ ဘယ်မှာတက်မှာမို့လို့လဲ”
“သားကြီး ဘာလို့ကျွင်းခိုင်ကို အရမ်းဆူနေတာလဲ။ ရူးနေပြီလား?”
အဘွားကျောက်က မျက်ရည်တစမ်းစမ်းနဲ့ သူ့မြေးအစား ဘေးကနေ ဝင်အော်တယ်။
“အမေ ကျွန်တော်လည်း သူ့ကိုမပြောချင်ပါဘူး။ ဒါပေမဲ့ အခုလုပ်ပုံကို ကြည့်ပါလား”
ရွှီချင်းရှန် ဒီလိုပြောတဲ့အခါ သူ့ဆီမှာ ရိုးသားစစ်မှန်မှုတွေနဲ့ပြည့်နှက်လွန်းလို့ သားဖြစ်သူအတွက် အကောင်းဆုံးလုပ်ပေးခဲ့ပေမဲ့ ခြေစုံကန်ခံလိုက်ရတဲ့သူတစ်ယောက်လို အောက်မေ့ရတယ်။ မသိတဲ့သူတွေအတွက်ပေါ့လေ။
ဒါပေမဲ့ ဒါတွေအားလုံးက ရွှီကျွင်းခိုင်မျက်လုံးထဲ ရောက်လာတဲ့အခါ သူ့အဖေရဲ့ ပုန်းကွယ်နေတဲ့ နောက်ထပ်ပါရမီတစ်ခုကို မြင်တွေ့လိုက်ရသလိုမို့ သူ့မှာ ရယ်တောင်ရယ်ချင်သွားရတယ်။
“အဖေ ဘယ်လိုတောင် … ဘယ်လိုမျက်နှာနဲ့ တကယ်ပဲ ဘယ်လိုမျက်နှာနဲ့ ကျွန်တော်တို့ကို လာတွေ့ရဲသေးတာလဲ”
ရွှီကျွင်းခိုင်က ဒီစကားတွေကို ခက်ခက်ခဲခဲနဲ့ ဆို့နင့်စွာ ထုတ်အော်လိုက်မိတယ်။
“ဘယ်လိုမျက်နှာနဲ့ဆိုတာ ဘာကိုပြောချင်တာလဲ။ အို ဒီကောင်စုတ်လေး ဘယ်တုန်းက လူကြီးကို ပြန်ခံပြောတတ်သွားတာလဲ။ မင်း လာစမ်း”
ရွှီချင်းရှန်က ရိုက်ဖို့ရွယ်တော့ အဒေါ်ယန်က သူ့သားကို အမြန်ဆွဲဖက်ပြီး ကာတယ်။
“သားကြီး ဘာလုပ်တာလဲ”
တစ်ခဏလောက် အခန်းထဲမှာ အုတ်အော်သောင်းနင်းဖြစ်သွားပြီး ဆွဲလားရမ်းလား ဖြစ်နေတဲ့ကြားမှာ ရွှီကျွင်းခိုင်က သူ့ဆုံးဖြတ်ချက်ကို အခိုင်အမာ အော်ပြောပြီး ပြေးထွက်သွားတယ်။
“ဘယ်လိုပဲဖြစ်ဖြစ် ချင်းယွမ်မှာတော့ လုံးဝမတက်နိုင်ဘူး”
ထိုနေ့ညက အကြီးဆုံးမိသားစုခွဲရဲ့အခန်းထဲမှာ ပြဿနာတွေ တော်တော်တက်ခဲ့တယ်။ အဘိုးအဘွားနှစ်ယောက်က ရွှီချင်းရှန်ကို ကလေးကို နားဝင်အောင်ပြောဖို့ ဝိုင်းဖြောင်းဖြခဲ့ကြပေမဲ့ သူတို့သွားပြီး ဘယ်လောက်မှမကြာခင်မှာပဲ သားအဖနှစ်ယောက်က ထပ်အခြေအတင်ဖြစ်ကြပြန်တယ်။
ဒါပေမဲ့ နောက်ဆုံးရလဒ်ကတော့ မိဘနှစ်ယောက် ဘယ်လောက်ပြောပြော ရွှီကျွင်းခိုင်က ချင်းယွမ်မှာ တက်ဖို့ ယတိပြတ်ငြင်းဆန်နေတုန်းပဲ။ ရွှီချင်းရှန်က ဒေါသပုန်ထပြီး တစ်ယောက်ယောက်ကို ထရိုက်ချင်စိတ် ပေါက်နေသလို အဒေါ်ယန်ကလည်း နေ့တိုင်းငိုနေတယ်။
67.2 03
ဒါပေမဲ့ ဘာတွေပဲဖြစ်နေပါစေ ရွှီကျွင်းခိုင်ကို ဘယ်သူမှ စိတ်ပြောင်းအောင် မစွမ်းဆောင်နိုင်ခဲ့ဘူး။ အဲဒါတင်မက ရွှီမိသားစုဝင်တွေအားလုံး တစ်ယောက်တစ်လှည့် နားချတာတောင် သူက ဘူးခံငြင်းနေတုန်းပဲ။
ကျောက်အာနဲ့ရွှီထင်းရှန်းတို့သာ ဘာတွေဖြစ်နေလဲ နားလည်တာ။ ဒီလိုနဲ့ ဒီကိစ္စကို ဒီတလောအတွင်း ခဏရပ်တန့်ထားလိုက်ကြတယ်။ အချိန်တွေက လျင်မြန်စွာ ကုန်ဆုံးသွားပြီး ဆောင်းဦးကာလရဲ့ ကောက်ရိတ်သိမ်းပွဲတော်က မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိလာတယ်။
ကောက်ရိတ်သိမ်းပွဲဆိုတာ လယ်သမားတွေအတွက် မအားလပ်ရဆုံးအချိန်ပဲ။ သူတို့မှာ စိုက်ထားသမျှ ရိတ်သိမ်းရမှာကို မပြောနဲ့ဦး ဒီရာသီက ဆောင်းအတွက် လိုအပ်တာတွေ သိုလှောင်ရမဲ့ကာလပဲ။ ကောက်ရိတ်သိမ်းပွဲပြီးတာနဲ့ ရာသီဥတုက ရုတ်တရက် ပိုအေးခဲလာတော့တယ်။
ယွီချင်းရွာရဲ့ ဆောင်းရာသီက ချမ်းအေးလွန်းတယ်။ ကျောက်အာရဲ့လုပ်ငန်းကလည်း ရာသီအပေါ်လိုက်ပြီး လုပ်ကိုင်ရတာ။ ဆောင်းဦးကနေ တကယ့်ဆောင်းတွင်းထဲ ဝင်လာတော့ ဘာစီးပွားမှ လုပ်စရာမရှိတော့ဘူး။
ဒါပေမဲ့လည်း လွန်ခဲ့တဲ့လတွေမှာ ရှာထားတာနဲ့တင် သူတို့တစ်နှစ်လောက် ထိုင်စားလို့ရနေပြီ။ ရွှီထင်းရှန်းက အိမ်နဲ့ကျောင်း ကူးကလန်ခတ်နေရတုန်းဆိုပေမဲ့ လင်းမြောင်က သူ့တပည့်လေးယောက်ကို လာမဲ့ ၂လပိုင်း ဝင်ခွင့်စာမေးပွဲမှာ အစမ်းဝင်ဖြေကြည့်စေချင်တာကြောင့် သူ့မှာ မအားလပ်နိုင်အောင် စာလုပ်နေရတယ်။
နန်းတွင်းစာမေးပွဲကို ဖြေတော့မယ်ဆိုကတည်းက သဘာဝအားဖြင့် သူ ပေါ့ပေါ့လေး မတွေးရဲဘူးပေါ့။ နှင်းတွေ သည်းသည်းမဲမဲ စကျလာတော့မှ ချင်းယွမ်ကျောင်းတော်က ပိတ်ပေးလိုက်ပြီး နောက်နှစ်နွေဦးကျမှ ပြန်ဖွင့်မယ်လို့ ကြေညာလိုက်တယ်။
ရွှီထင်းရှန်းက အထုပ်အပိုးတွေနဲ့ အိမ်ပြန်လာပြီး နေ့တိုင်း အခန်းထဲမှာပဲ စာရေးစာဖတ်လုပ်ကာ အချိန်ကုန်တယ်။ တစ်ခါတလေ အားလပ်တဲ့အခါကျ ကျောက်အာကို စာသင်ပေးတယ်။ သူ့ဘဝကြီးက ဒီအတိုင်းလေးပဲ အတော်လေး ပျော်မွေ့စရာကောင်းနေခဲ့တယ်။
ဒါပေမဲ့ သူနဲ့ယှဥ်ရင် ကျောက်အာကတော့ အတော်လေး စိတ်ပျက်နေတယ်။ ဘာလို့ဆို အပြင်က နှင်းခဲတွေကြောင့် သူ့မှာ ဘယ်မှမသွားနိုင်တော့ အလကားသက်သက် ပိုက်ဆံရှာရမဲ့အချိန်တွေ ကုန်တယ်လို့ပဲ ထင်တယ်။
နေ့ရက်တွေက ဒီအတိုင်းပဲ ဆက်သွားနေပြီး မျက်စိတစ်မှိတ် ကျောက်တစ်ခတ်အတွင်းမှာတင် တစ်နှစ်တာက ကုန်ဆုံးဖို့ နီးကပ်လာခဲ့တယ်။
******
68.1 01
အခန်း 68.1
တစ်ရွာလုံးက ဝတ်ရုံဖြူလွှားထားသလိုမျိုး နှင်းထုနှင်းခဲတွေနဲ့ ဖုံးလွှမ်းနေတယ်။ အပင်တိုင်း ခေါင်မိုးတိုင်းပေါ်မှာ ထူထဲတဲ့ နှင်းပြင်တစ်ထပ်ရှိနေပြီး တံစက်မြိတ်အောက်မှာလည်း သလင်းကျောက်လို ကြည်လင်တဲ့ ရေခဲချွန်တွေ တွဲလဲခိုနေတယ်။
ဒီလိုအချိန်မှာတော့ ရွာသားအများစုက အပြင်မထွက်ကြဘဲ အိမ်ထဲမှာပဲ မီးလင်းဖိုနား ကွေးနေကြတာများတယ်။ တစ်နှစ်ပတ်လုံး အလုပ်လုပ်ပြီးသွားတဲ့နောက် ဆောင်းကာလမှာတော့ သူတို့က ကိုယ့်ကိုယ်ကိုယ် နားရက်ရှည်ပေးထားကြတယ်။
အိမ်တိုင်းလိုလိုမှာ မြေပဲပြုတ်၊ပဲလှော်၊ကန်စွန်းဥဖုတ်စတဲ့ ပူပူလောလော အစားအစာတွေကို ပြင်ဆင်ထားတတ်ကြတယ်။ အေးစိမ့်နေတဲ့ ရာသီဥတုမှာ အပူပေးအိပ်ရာပေါ် စောင်လေးခြုံရင်း ဒီအဆာပြေမုန့်တွေ ဝါးရတဲ့ခံစားချက်က ကောင်းကင်ဘုံနဲ့တောင် မလဲနိုင်ဘူး။
လက်ရှိ ရွှီထင်းရှန်းလည်း ထို့အတူပဲ။ သူက အနွေးထည်ပါးပါးလေးတစ်ထည် ဝတ်ထားပြီး အပူပေးအိပ်ရာပေါ်မှာ ခြေထောက်တွေကို စောင်ထဲထိုးကာ ထိုင်နေတယ်။ သူ့အရှေ့မှာတော့ ဖရုံစေ့ မြေပဲလှော်နဲ့ တခြားအဆာပြေမုန့်တွေ တင်ထားတဲ့ စားပွဲလေးတစ်ခုရှိပြီး ဘေးနားမှာ အခွံထည့်ဖို့ ဝါးကျည်တောက်လေးတစ်ခုတောင် ရှိသေးတယ်။
စားပွဲပေါ်က အပူပေးဖိုလေးအထက်မှာလည်း သူကိုယ်တိုင်နှပ်ထားတဲ့ ရေနွေးကြမ်းတစ်အိုး ရှိနေတယ်။ ကရားလေးထဲမှာ ဇီးသီးချဥ်၊လိမ္မော်နဲ့ သစ်တော်သီးခြောက်တို့ အချိုးအစားညီမျှစွာ ပါဝင်နေပြီး ကြည့်ရထူးဆန်းပေမဲ့ သောက်လို့တော့ ကောင်းတယ်။
သူ့ရဲ့ ချိုချိုချဥ်ချဥ်ပေါင်းစပ်မှုက လူကိုဝမ်းနွေးစေပြီး အစာခြေတဲ့နေရာမှာလည်း အကူအညီပေးလို့ ရင်ပြည့်ရင်ကယ်တာမျိုး မဖြစ်တော့ဘူး။ ဒီရက်တွေထဲ ရွှီထင်းရှန်းတစ်ယောက် ကိုယ်အလေးချိန် သိသိသာသာ တက်လာပြီး အရင်ချောင်ကျနေတဲ့ ပါးနှစ်ဖက်က ဖောင်းထွက်လာတာများ တစ်ချက်ကြည့်ရုံနဲ့ သိနိုင်တယ်။
သူက မွေးကတည်းက ဖြူဖြူသေးသေးလေးဆိုပေမဲ့ အခုတော့ မျက်နှာအစိတ်အပိုင်းအချို့မှာ ကျန်ရှိနေသေးတဲ့ ကလေးအဆီလေးတွေ ထိုးတက်လာတယ်။ သူ အမုန်းဆုံးကတော့ ကျောက်အာတစ်ယောက် သူ့ပါးကို လာလာညှစ်တာပဲ။
ကျောက်အာကလည်း ဒီတလောအတွင်း ဝိတ်တက်လာတဲ့ ပြည့်ပြည့်လေးကို သတိထားမိနေတာ ကြာပြီ။ နောက်ဆုံးတော့ သူမလည်း အသည်းယားစိတ်ကို မထိန်းနိုင်တော့ဘဲ ဟေးကျစ်လေးကို ငယ်ငယ်တုန်းကလုပ်သလိုမျိုး သူ့ကိုတွေ့တိုင်း ပါးဆွဲညှစ်မိတော့တယ်။
ဒါပေမဲ့ အခုတော့ ဟေးကျစ်က ကြီးလာတာနဲ့ ပေါက်စလေးတုန်းကလို အသားလည်း မရှိတော့ဘဲ အမွှေးတွေကလည်း မနူးညံ့တော့လို့ ဒီလိုအခွင့်အရေး မရတော့ပါဘူး။ လောလောဆယ် ဟေးကျစ်က ကျောက်အာဘေးမှာ ဝမ်းလျားမှောက်နေရင်း မီးလင်းဖိုထဲက ကန်စွန်းဥတွေကို မျက်တောင်မခတ် စိုက်ကြည့်နေတယ်။
ကျေးလက်တောရွာတွေမှာ အနွေးဓာတ်ထိန်းဖို့ဆို အပူပေးအိပ်ရာကလွဲပြီး မိးလင်းဖိုတွေလည်း ရှိသေးတယ်။ အလုပ်မရှုပ်ချင်တဲ့ တချို့လူတွေက ထောင့်တစ်နေရာမှာ အုတ်နီခဲနည်းနည်းရှာပြီး ရွှံ့စေးနဲ့ ဖြစ်သလို လုပ်လိုက်တာများတယ်။
ဆောင်းကုန်သွားတဲ့အခါ အဲဒီအုတ်နီခဲတွေကို ဖယ်လိုက်ရုံပဲမို့ အိမ်လည်းမရှုပ်သလို နေရာလည်း သိပ်မယူဘူးလေ။ သူတို့လည်း အလုပ်သက်သာတာပေါ့။ ကျောက်အာလည်း ဒီလိုနည်းကို ပိုသဘောကျတယ်။
အဲဒါကြောင့် လက်ရှိ သူတို့အခန်းအလယ်က လေးထောင့်စားပွဲက ဖယ်ရှားခံလိုက်ရပြီး စတုရန်းမီတာတစ်ဝက်လောက်မြင့်တဲ့ ကြီးမားတဲ့မီးလင်းဖိုကြီးကို အစားထိုးထည့်ထားတယ်။ မီးလင်းဖိုဘေးမှာတော့ အုတ်ခဲသုံးလုံးနဲ့ အဖြစ်သဘောခုထားတဲ့ ခွေးခြေခုံပုလေးရှိပြီး အပေါ်မှာ ဂွမ်းသားကူရှင်လေး ခုလိုက်တော့ ထိုင်ရတာ သက်တောင့်သက်သာရှိသွားတယ်။
မီးခဲရဲရဲပေါ်က ကန်စွန်းဥတွေက ကျက်စပြုနေပြီမို့ ထူးထူးခြားခြား မွှေးရနံ့တစ်ခုက လေထဲပျံ့လွင့်လာတယ်။ ရွှီထင်းရှန်းရဲ့မျက်ဆန်တွေက မကြာခဏဆိုသလို ဒီဘက်ကို ရောက်ရောက်နေပြီး ဟေးကျစ်ကတော့ ပိုတောင် မစောင့်နိုင်ဖြစ်နေတယ်။ သူ့ကြည့်ရတာ အခုချက်ချင်း မီးပုံထဲဝင်ပြီး တစ်ခုကောက်ဆွဲလိုက်ချင်နေသလိုပဲ။
ဒါပေမဲ့ ဟေးကျစ်တစ်ကောင် စိတ်အလိုလိုက်ပြီး သူ့လက်ဖဝါးကို မလှမ်းခင် ကျောက်အာက ဖတ်ခနဲ ရိုက်ချလိုက်တယ်။
68.1 02
“ကြည့်စမ်း ဘယ်လောက် ငတ်ကြီးကျလဲဆိုတာ အမွှေးမီးလောင်မှာတောင် မကြောက်တော့ဘူးလား”
ဟေးကျစ်က လျှာတစ်လစ်နဲ့ စပ်ဖြဲဖြဲလုပ်ပြတယ်။ ခွေးနက်လေးရဲ့ ပြောင်ချော်ချော်မျက်နှာထားက အရှက်မဲ့လွန်းလို့ စကားသာပြောတတ်ရင် အပူလောင်သွားလည်း ကိစ္စမရှိဘူး အရင်စားရဖို့ အရေးကြီးတယ်လို့ ပြောမဲ့ရုပ်။
“ခဏလေး စောင့်… ကောင်းကောင်းမကျက်သေးဘူး”
ဒီတစ်ခွန်းကတော့ ခွေးရော သခင်ကိုရော ပြောတာဖြစ်တယ်။ ကန်စွန်းဥဖုတ်တဲ့နေရာမှာတော့ ကျောက်အာက အနံ့ကိုကြည့်တာနဲ့တင် ကျက်လား မကျက်လား ကောင်းကောင်းပြောနိုင်တယ်။ သူမက မီးညှပ်နဲ့ ကန်စွန်းဥတွေကို ဟိုဘက်ဒီဘက် လှန်နေလိုက်တယ်။
ကန်စွန်းဥဆိုတာ ခဏလေးနဲ့ တူးသွားမှာစိုးလို့ မီးသွေးကြားထဲ တန်းထည့်လိုက်လို့မရဘူး။ အဲဒါကြောင့် သူတို့ကို အုတ်ခဲအနားစွန်းမှာ တင်ပြီး ဖြည်းဖြည်းချင်း ကင်ပေးရတယ်။ ဒါမှ အရမ်းလည်းမစိမ်းဘဲ အနံ့လေးပိုမွှေးမှာ။
ဒါတွေကြောင့် ကျောက်အာက အုတ်ခဲမီးဖိုကို ကြိုက်တာ ဒီပေါ်မှာ ကြိုက်တာတင်ဖုတ်လို့ရသလို ဟော့ပေါ့တောင် စားလို့ရတော့ အရမ်းအဆင်ပြေတယ်။ ခဏနေတော့ လေထဲက အချိုနံ့ကပိုအားကောင်းလာတဲ့အခါ ကျောက်အာက ချက်ချင်း ကန်စွန်းဥတချို့ကို အိုးနှုတ်ခမ်းနားက ဖယ်လိုက်တယ်။
တစ်ခုကို မြေကြီးပေါ် ပစ်ချပေးလိုက်ပြီး ကျန်တာတွေကိုတော့ ဝါးခြင်းလေးထဲ ပြောင်းထည့်ကာ ကုတင်နား ယူလာပေးလိုက်တယ်။
“လာမြည်းကြည့်ပါဦး”
“မအေးဘူးလား။ ဒီမှာလာထိုင်”
အသံနှစ်သံက တစ်ပြိုင်နက်ထဲ ထွက်လာတယ်။ ကျောက်အာက ပြုံးမိသွားပြီး
“မီးအပူနားမှာနေနေတာ ဘယ်လိုလုပ်အေးမလဲ”
“ကုတင်လောက်တော့ မနွေးဘူးလေ”
ကျောက်အာက သူ့အပြောကို မငြင်းဆန်နိုင်တော့ ကုတင်ခြေရင်းနား ဝင်ထိုင်ကာ စားပွဲအောက်က ရွှီထင်းရှန်း ခြေထောက်ထည့်ထားတဲ့စောင်ပုံထဲ ခြေထောက်တစ်ဝက် ထိုးထည့်လိုက်တယ်။ သူမ ခြေထောက်တွေ ဝင်လာတာနဲ့ ကြီးစိုးခြယ်လှယ်ချင်တဲ့ ခြေထောက်နှစ်ချောင်းက အတင်းပူးကပ်လာပြီး ရွှီထင်းရှန်းက စောင်ကိုပိုကျပ်ကျပ်လေး ပတ်လိုက်တယ်။
လေတိုးစရာတောင်မရှိတော့ ကျောက်အာရဲ့ခြေဖဝါးနှစ်ဖက်က အချိန်တိုအတွင်းမှာတင် နွေးလာတော့တယ်။ ဒီအချိန်မှာ ကန်စွန်းဥတွေကလည်း မီးဖိုပေါ်ကချတုန်းကလောက် မပူတော့ဘူး။ ကျောက်အာက တစ်ခုယူကာ နှစ်ပိုင်းချိုးလိုက်တော့ ရွှေရောင်သန်းတဲ့ အတွင်းသားတချို့ ပေါ်ထွက်လာတယ်။
“ရော့”
ရွှီထင်းရှန်းက တစ်ကိုက်ကိုက်လိုက်ပြီး “အင်း ချိုတယ်”
သူက နှစ်ကိုက်သုံးကိုက်နဲ့ ကုန်အောင်စားလိုက်ပြီး နောက်တစ်ခုထပ်ယူတယ်။ ကျောက်အာကတော့ လက်ထဲက ကန်စွန်းဥတစ်ပိုင်းကိုတောင် အငွေ့ပျောက်အောင် မှုတ်နေရဆဲမို့ ရွှီထင်းရှန်းတစ်ယောက် ဘယ်တုန်းက ဒီလောက်ပူပူကျစ်ကျစ်ကြီး စားနိုင်သွားတာလဲလို့ အံ့ဩနေတယ်။
“အရမ်းအများကြီးမစားနဲ့ဦး။ ခဏနေ ထမင်းစားရဦးမှာ”
ထိုစဥ် သူတို့နှစ်ယောက်စလုံး အောက်ပိုင်းက အေးခနဲ ခံစားလိုက်ရတယ်။ တရားခံကတော့ အခုပဲ သူ့ဝေစုကုန်လို့ ထပ်လာတောင်းတဲ့ ဟေးကျစ်တစ်ယောက် သူတို့ခြေထောက်ထည့်ထားတဲ့ စောင်ကိုဆွဲချပစ်လိုက်တာပဲ။
လျှာတန်းလန်းနဲ့သူက အခုထိ မဝသေးပုံရတယ်။
“ဒီရက်ပိုင်းမှာတင် ဘယ်လောက်ဝလာလဲ ကြည့်ဦး မင်းထပ်စားနေရင် *ချိုင်ဟွာက ကြိုက်တော့မှာ မဟုတ်တော့ဘူးနော်”
(*ခွေးမလေး နာမည်)
68.1 03
ရွှီထင်းရှန်းက လုံးတုတ်နေတဲ့ ခွေးမဲလေးကို ကြည့်ပြီး လှောင်တယ်။ ဟေးကျစ်ကတော့ အစာဘယ်သူ့ဆီမှာရှိလဲ သိနေတဲ့ပုံနဲ့ သူ့ကိုအဖက်တောင်မလုပ်ဘဲ ကျောက်အာခြေထောက်နားမှာသာ ကပ်ချွဲနေတယ်။
မိန်းမတောင်မရှိတဲ့ လူတစ်ယောက်က မောင်းမဆောင်တစ်ခုလုံးရှိနေတဲ့ ခွေးကို ဘယ်ယှဥ်နိုင်မလဲ။ ဟေးကျစ် အိမ်ကထွက်တဲ့အခါ တစ်ရွာလုံးက ခွေးမလေးတွေက သူ့ကိုလိုက်ကပ်နေကြတာ။ ဒါပေမဲ့ သူကတော့ မိန်းမကို မောင်နှမဇုန်ထဲကတောင် ဆွဲမထုတ်နိုင်လို့ သနားစရာပုံဖမ်းပြီး ကြံစည်နေရတယ်။
လက်ရှိမှာတော့ တစ်ရွာလုံးရဲ့ စော်ကြည်ခွေး ဟေးကျစ်က အမြှီးယမ်းလိုက် လျှာနဲ့လျက်လိုက်နဲ့ ကလေးတစ်ယောက်လို လုပ်နေတယ်။ ကြီးကောင်ကြီးမားနဲ့မှမလိုက် ဉာဏ်များနေတဲ့ပုံက တစ်စက်မှမလိုက်ဖက်ဘူးဆိုပေမဲ့ ကျောက်အာအတွက်တော့ အလုပ်ဖြစ်တယ်။
ကျောက်အာက သူ့ရဲ့ချစ်စရာအကြည့်ထောင်ချောက်ထဲ လုံးဝကျသွားပုံရပြီး ပြုံးဖြီးကာ ခေါင်းလေးကို ပုတ်ပေးရင်း ဝါးခြင်းထဲက ကန်စွန်းဥတစ်ခု ထုတ်ပေးလိုက်တယ်။ ဟေးကျစ်ကတော့ သူ့ဆုလာဘ်ကို ပါးစပ်မှာကိုက်ကာ အခန်းထောင့်ပြန်မသွားခင် ရွှီထင်းရှန်းကို တစ်ချက်ကြည့်သွားသေးတယ်။
မသိရင် ကြည့် ဒါက တချို့တွေမရနိုင်တဲ့ကျွမ်းကျင်မှုပဲဆိုတဲ့ပုံနဲ့ ဖင်ခါပြီး ထွက်သွားတယ်။ ဆူပုပ်သွားတဲ့ ရွှီထင်းရှန်းက မနာလိုစွာ ဆိုလာတယ်။
“ဒီလောက် အမြင်ကပ်ဖို့ကောင်းတဲ့ကောင်ကို မင်းပဲ ယုယနေလိုက်”
“ဟေးကျစ်က အမြင်ကပ်ဖို့မကောင်းပါဘူး။ ကြည့်ပါလား ဘယ်လောက်သွက်လက်လဲ”
သူမက ပြောရင်းဆိုရင်း လက်လှမ်းလာတော့ ဟေးကျစ်က ကျောက်အာလက်ဖဝါးအောက် တစ်ခါခိုဝင်လာပြီး နှုတ်သီးခေါင်းနဲ့ ပွတ်သီးပွတ်သပ် လာလုပ်တယ်။ ကျောက်အာကလည်း အကြင်နာမေတ္တာတွေ ယိုဖိတ်နေတဲ့ပုံနဲ့ ပြန်ကုတ်ပေးတယ်။
အခန်းထဲမှာ လူတစ်ယောက်နဲ့ ခွေးတစ်ကောင်က သိပ်ကိုသဟဇာတဖြစ်နေတော့ ချန်လှပ်ထားခံရတဲ့ တစ်ယောက်သောသူက မကျေနပ်မှုတွေနဲ့ ရင်ထဲချဥ်စူးနေတယ်။ ရွှီထင်းရှန်းက စိတ်ဆိုးလွန်းလို့ ကန်စွန်းဥတောင် ပြီးအောင် မစားတော့ဘဲ ချက်ချင်း စောင်ကောက်ခြုံကာ အိပ်ပစ်လိုက်တယ်။
ကျောက်အာက အိပ်သွားတဲ့သူကို တစ်ချက်လှမ်းကြည့်လိုက်ပြီး သူ့ကောင်လေးတစ်ယောက် စိတ်ကောက်သွားပြန်ပြီဆိုတာ သိလိုက်တယ်။ ဒီကောင်လေး အရွယ်ရောက်လာပြီး စာမှာသာ တော်ချင်တော်မယ် အတွင်းစိတ်လေးကတော့ ကလေးဆန်နေတုန်းပဲ။
နောက်ပြီး ဒီတလောအတွင်း နှစ်ယောက်သားက အချိန်ပြည့်တွေ့နေရလို့ ကျောက်အာက ရွှီထင်းရှန်းကို အရင်ကလောက် သိပ်သည်းသည်းလှုပ် မဖြစ်တော့တာလည်း ပါတယ်။ အရင်ကဆို ကျောက်အာက သူနဲ့အကြာကြီးနေမှ တစ်ခါပြန်တွေ့ရတာမို့ သူ အိမ်ပြန်လာတဲ့အချိန်လေးတိုင်း စိတ်ဆိုးစိတ်ကောက်မဖြစ်ရအောင် သူ့ကိုပဲဦးစားပေး ချော့တတ်တယ်။
ဒါပေမဲ့ အခုတော့ ချော့ရပေါင်းများလာတော့ သူမလည်း ပင်ပန်းလာပြီ။ ကျောက်အာက လက်ကျန်ကန်စွန်းဥတွေကို ကုန်အောင်စားလိုက်ပြီး ဘေးနားက လက်သုတ်ဝတ်နဲ့ လက်သုတ်ကာ တခြားဟာတွေကို သိမ်းဆည်းလိုက်တယ်။
ရွှီထင်းရှန်းက အရမ်းဇီဇာကြောင်တယ်။ သူက တစ်ခုခုစားပြီးတိုင်း လက်သုတ်တတ်ပေမဲ့ ထယူရမှာလည်း ပျင်းတာကြောင့် အကြောင်းသိတဲ့ကျောက်အာက ဘေးမှာ လက်သုတ်ဝတ်ကို အသင့်တင်ထားပေးလိုက်တယ်။
အားလုံးသပ်သပ်ရပ်ရပ် သိမ်းဆည်းလုပ်ကိုင်ပြီးတော့ ကျောက်အာက စာရင်းစာအုပ်ထုတ်ကာ ပေသီးကိုင်လိုက်တယ်။ သူမ အတွက်အချက်သင်နေတာ ရက်ပိုင်းလောက်ရှိပြီ။ သင်ပေးတဲ့သူကတော့ သေချာပေါက် ရွှီထင်းရှန်းပဲပေါ့။
သူမက စိတ်ထဲမှာ ပေါင်းနည်းနှုတ်နည်းတွေကို အရင်စဥ်းစားပြီးမှ ပေသီးပေါ်က လက်တွေကို ဖြည်းဖြည်းချင်း လှုပ်ရှားလိုက်တယ်။
******
68.2 01
အခန်း 68.2
တခြားတစ်ဖက်မှာတော့ ရွှီထင်းရှန်းတစ်ယောက် သူမများ ချဥ်းကပ်လာမလားလို့ ခဏလောက်စောင့်နေခဲ့ပေမဲ့ ပေသီးတွက်သံတွေကိုပဲ ကြားလိုက်ရတော့ ရင်ထဲ တော်တော်ကြေကွဲသွားတယ်။
သူက အနားလာဖို့ပြောလိုက်ချင်ပေမဲ့ ဘယ်မျက်နှာနဲ့ခေါ်ရမလဲ မသိတော့ ထိကပ်နေဆဲဖြစ်တဲ့ သူမခြေထောက်တွေကို သူ့ခြေသလုံးနဲ့ အငြှိုးကြီးကြီးထားရင်း ထပ်တလဲလဲ တွန်းတိုက်ပြီး မကျေနပ်ကြောင်းပြတယ်။
“လာမနှောင့်ယှက်နဲ့။ ဒါလေးပြီးအောင် တွက်ပါရစေဦး”
ကျောက်အာက ငြိမ်ငြိမ်မနေတဲ့ ခြေထောက်တွေကို စိတ်ရှုပ်သလို တွန်းဖယ်လိုက်တော့ ရွှီထင်းရှန်းရဲ့ ခံပြင်းမှုဒီဂရီက ပိုတက်လာတော့တယ်။ သူ တစ်ခုခုပြောဖို့အလုပ်မှာပဲ အပြင်က လှုပ်လှုပ်ရှားရှားအသံတွေ ကြားလိုက်ရပြီး မရှေးမနှောင်းမှာတင် မောက်ပါ့သိုရဲ့ အာကျယ်အာကျယ်အသံ ထွက်လာတယ်။
နှစ်ယောက်သားက နားကြားမမှားတာ သေချာမှ အိပ်ရာပေါ်က အမြန်ဆင်းပြီး အနွေးထည်ကောက်ဝတ်ကာ အခန်းကန့်လန့်ကာလေးကို မ,ပြီး အပြင်ထွက်လာကြတယ်။ တကယ်လည်း ရွှီမိသားစုခြံတံခါးအရှေ့မှာ မြည်းလှည်းတစ်စီး ထိုးရပ်နေပြီး မောက်ပါ့သိုတင်မက လီသာ့ထျန်နဲ့ချန်ကျန်းတို့လည်း ပါလာတယ်။
သူတို့သုံးယောက်က ဂွမ်းကပ်အနွေးထည် ခပ်ထူထူကို ဝတ်ဆင်ထားကြပြီး ခေါင်းပေါ်မှာလည်း နားအုပ်တဲ့ ဆောင်းတွင်းဦးထုပ်လေးကိုယ်စီ ဆောင်းထားတယ်။ လူရွယ်လေးတွေရဲ့ ပါးနှစ်ဖက်က အအေးဒဏ်ကြောင့် နီရဲနေပြီး စကားပြောတိုင်း ပါးစပ်က အဖြူငွေ့တွေ တဖွားဖွား ထွက်လာတယ်။
သူ့အစ်ကို ၃က ခေါင်မိုးပေါ်က နှင်းခဲတွေ ဖယ်ထုတ်နေတာကို သစ်သားလှေကားပေါ် မှီကြည့်နေတဲ့ ရွှီချင်းဟွိုင်က သူတို့ထွက်လာတာတွေ့တော့ ဝင်ပြောတယ်။
“ထင်းအာ ဒီကောင်လေးတွေက မင်းအတန်းဖော်တွေလို့ ပြောတယ်”
“ဟုတ်တယ်။ ဦးလေး ၄ သူတို့က ကျွန်တော့်အတန်းဖော်တွေ”
ရွှီထင်းရှန်းက သူ့ဦးလေးကို ပြန်ဖြေပြီးတော့မှ သူငယ်ချင်းတွေဘက်ကို လှည့်သွားပြီး
“မင်းတို့က ဘယ်လိုလုပ် ဒီရောက်နေကြတာလဲ။ ငါ့အိမ်ကို ဘယ်လိုသိလဲ”
ကျောက်အာက ဘေးကနေ ဝင်ဧည့်ခံလိုက်တယ်။
“လာလာ ဝင်ထိုင်ဦး။ အထဲရောက်မှ ဆက်ပြောကြ”
လီသာ့ထျန်က မြည်းလှည်းလေးကို ခြံထဲမောင်းလာတဲ့အခါ ရွှီချင်းပိုင်ကလည်း ခေါင်မိုးပေါ်က ဆင်းလာပြီဖြစ်လို့ ကူပေးနေတဲ့ ရွှီချင်းဟွိုင်က လှေကားကိုလွှတ်ပြီး တစ်ယောက်က မြည်းကို ဇောင်းထဲ သွင်းပေးလိုက်သလို နောက်တစ်ယောက်က လှည်းကိုဘေးမှာ ကူရွှေ့ပေးလိုက်တယ်။
ဒီနေ့ရာသီဥတုက မေးရိုက်မတတ်မို့ တိရစ္ဆာန်တွေကိုလည်း အပြင်မှာ ဒီတိုင်း ထုတ်ထားလို့မရတော့ဘူး။ လီသာ့ထျန်က အကြီးနှစ်ယောက်လုံးကို တရိုတသေ ကျေးဇူးတင်ပြီးတော့မှ အားလုံးနဲ့အတူ အခန်းထဲလိုက်ဝင်သွားတယ်။
မောက်ပါ့သိုက သူ့အကျင့်အတိုင်း စကားတပြောပြောနဲ့ လျှောက်လာတယ်။
“မင်းအိမ်က ယွီချင်းရွာမှာလို့ပြောတယ်မလား။ ပြီးတော့ ငါတို့နားမှာ လမ်းကျယ်ကြီးတစ်ခုလည်း ရှိတယ်ဆို အဲဒီလိုနဲ့ ရှာတွေ့သွားတာပဲ။ အိမ်မှာ ပျင်းဖို့ကောင်းလွန်းလို့ သာ့ထျန်နဲ့အားကျန်းတို့ကိုပါ အဖော်ဆွယ်ပြီး နောက်ဆုံး မင်းဆီရောက်လာကြတာ”
အရှေ့ကဦးဆောင်သွားနေတဲ့ ရွှီထင်းရှန်းက ပိတ်ထူကန့်လန့်ကာလေးကို မလိုက်တာနဲ့ အထဲက အနွေးဓာတ်လေးက သူ့မျက်နှာကို ချက်ချင်း လာရိုက်ခတ်တယ်။ မောက်ပါ့သိုက အင်မတန် ဝမ်းသာရွှင်မြူးသွားပြီး နှင်းကိုက်နာဖြစ်မတတ် အေးခဲနေတဲ့သူ့ခြေထောက်တွေကို အမြန်ခါထုတ်ကာ အထဲပြေးဝင်သွားတယ်။
“ဝါး… အထဲက အရမ်းနွေးတာပဲ”
သူက ပြောရင်းဆိုရင်း အခန်းအလယ်က မီးလင်းဖိုကိုတွေ့ပြီး ပိုအနားကပ်သွားတယ်။ ကျန်တဲ့လူတွေကလည်း မီးလင်းဖိုနားမှာပဲ ဝိုင်းထိုင်လိုက်ကြပြီး မောက်ပါ့သိုကတော့ ဒီအကြံ ဘယ်လောက်ကောင်းကြောင်း တဖွဖွ ချီးမွမ်းနေရင်း အိမ်ပြန်ရောက်ရင် သူလည်း တစ်ခုလုပ်ထားဦးမယ်လို့တောင် ပြောလိုက်သေးတယ်။
လီသာ့ထျန်ကတော့ အုတ်တစ်ခဲ မနိုင်ရင်တောင် ကံကောင်းဆိုပြီး ဘေးက ဝင်လှောင်တယ်။ မြို့ကြီးပြကြီးတွေနဲ့ တောရွာတွေမှာ ဆောင်းကိုဖြတ်သန်းပုံချင်း ကွာကြတယ်။ မြို့မှာက အိမ်ထဲ အနွေးဓာတ်ပေးနိုင်တဲ့ စနစ်သိပ်မရှိဘဲ အပူပေးအိပ်ရာကိုတောင် အနည်းစုပဲ သုံးစွဲကြတယ်။
68.2 02
အများစုက ပြူတင်းပေါက်အလုံပိတ်ပြီး အိမ်ထဲအနွေးထည်ကိုယ်စီနဲ့ ကွေးနေလိုက်ကြတာချည်းပဲ။ ဒီကောင် သူ့အိမ် မီးလောင်သွားမှာမကြောက်ဘူးလား။
ဒါကို ထောက်ပြလိုက်တော့ မောက်ပါ့သိုက အတော်လေး ခါးသီးစွာ ငိုမဲ့မဲ့ဖြစ်သွားတယ်။ ဆောင်းရာသီရောက်တဲ့အခါ မြို့ပြတွေက တကယ်နေလို့မကောင်းဘဲ ကျေးလက်ဒေသတွေကသာ ပိုသက်တောင့်သက်သာရှိတာ။
ရွာမှာ ထင်းပေါတော့ အချိန်မရွေး မီးလှုံလို့ရသလို ရွာသားတွေက ဆောင်းဦးစဝင်ကတည်းက ထင်းတွေစုဆောင်းထားကြတာဆိုတော့ ဆောင်းတွင်းမှာ အေးမှာမပူရတော့ဘူး။ ဒါပေမဲ့ မြို့ပြလို တစ်အိမ်နဲ့တစ်အိမ် ပူးကပ်နေတဲ့နေရာမှာကျ မီးဘေးအန္တရာယ် ကြောက်ရတာကြောင့် မီးမွှေးတောင် သတိကြီးကြီးထားရတယ်။
မောက်ပါ့သိုကို ဝလို့ ကိုယ်တွင်းအပူချိန်မြင့်မယ်လို့တော့ မထင်လိုက်နဲ့။ သူ့အဆီတွေက အပူဒဏ်ရော အအေးဒဏ်ရော မခံနိုင်ဘူး။ အပြင်မှာ နှင်းဝေနေတဲ့အခါ သူက ကုတင်ပေါ်မှာ စောင်ခြုံကွေးရင်း ခြေထောက်တစ်ချောင်းတောင် မချနိုင်ဘူး။
အဲဒီလိုနဲ့ နေ့စဥ်ရက်ဆက် ကုတင်ပေါ်မှာပဲ အချိန်ကုန်နေရတဲ့အခါ အိမ်မှာနေရတာ ပျင်းလာပြီး အားလုံးကို အဖော်စပ်ကာ သူများကို ဒုက္ခပေးဖို့ ရောက်ချလာခဲ့တယ်။
“မင်းအိမ်က မီးလင်းဖိုက တော်တော်ကြီးတာပဲ။ မင်းခွေးကလည်း ဝလိုက်တာ တုတ်နေရော…. အခန်းလေးက နေချင်စရာလေးနော် $#@#$% …”
တောသား မြို့တက်မဟုတ်ဘဲ အခုမှ ရွာရောက်ဖူးတဲ့ မြို့သားလေးအတွက် မြင်မြင်သမျှက အဆန်းတကြယ် ဖြစ်နေတော့တယ်။ သူက ဟေးကျစ်ကို ပတ်ပတ်လည်ကြည့်ရင်း တအားချီးကျူးနေတော့ ခွေးနက်လေးကတောင် ဒီလူမြို့သားဖြစ်ပြီး တုံးလိုက်တာဆိုတဲ့ဆိုဒ်နဲ့ မော့ကြည့်တယ်။
“ဘောင်းဘီတွေ ခြောက်ရင် ကုတင်ပေါ်သွားကြလေ။ အဲဒီမှာပိုနွေးတယ်”
“အိုင်းယား အစ်မကျောက်အာက လှလည်းလှ စိတ်ထားလေးကလည်း ကောင်းနဲ့ ကျွန်တော်တို့ ဟူယန်းတစ်မြို့လုံးမှာ အလှဆုံးပန်းကလေးပဲ တကယ်”
မောက်ပါ့သိုက အပြောချိုချိုနဲ့ မျက်နှာလုပ်လို့ မဆုံးခင်မှာပဲ လီသာ့ထျန်က ဖော်ကောင်လုပ်တယ်။
“မင်း အစ်မယန်ယန်ကိုလည်း ဒီတိုင်းပဲ ပြောခဲ့တာပဲ”
“ဟုတ်လို့လား” မောက်ပါ့သိုက ရှော့ရသလိုနဲ့ “မင်း အမှတ်မှားတာ နေမှာပေါ့”
ဒီကြားထဲ ရွှီထင်းရှန်းက သူ့ကိုရရင်ရသလို သွားပုပ်လေလွင့်ပြောထားပေမဲ့ ကျောက်အာကတော့ ဒီကောင်လေးက အကြည်ဓာတ်လေးလို့ ထင်မြင်မိတုန်းပဲ။ သူမက အလိုလို ပြုံးမိသွားပြီး
“အေးပါ အေးပါ… မင်းတို့မကြီးက တလောတုန်းက သိုးတစ်ကောင်ဝယ်ပြီး ရေခဲရိုက်ထားတယ်။ မနေ့ကပဲ အသားတစ်ပိုင်း လှီးထားသေးတာ။ ဒီနေ့ တိုက်တိုက်ဆိုင်ဆိုင် အားလုံးရောက်လာတော့ နေ့လယ်ကျ သိုးသားဟင်းချက်ပေးမယ်”
“ရေး….အစ်မကျောက်အာက အရမ်းကောင်းတာပဲ။ ဒီမှာ အစားအသောက်တွေ ကောင်းမယ်မှန်း သိသားပဲ အဟဲ”
တကယ်တော့ ဒါက မောက်ပါ့သိုတင်မဟုတ် ကျန်တဲ့သုံးယောက်လုံး ရွှီထင်းရှန်းအိမ်ဆိုတာနဲ့ အဝေးကြီးကလာခဲ့တာ ဒီအကြောင်းအရင်းကြောင့်ပဲ။ အစ်မကျောက်အာက လက်ရာကောင်းတယ်လေ။ ကျောက်အာကတော့ သဘောတကျ ရယ်မောရင်း အိမ်မှာရှိတဲ့ အဆာပြေမုန့်တွေ အလျှံပယ်ချပေးကာ အားလုံးကို ခေါင်းပုတ်ပေးပြီး မီးဖိုချောင်ထဲ ချက်ပြုတ်ဖို့ဝင်သွားတယ်။
နေ့လယ်စာစားချိန်ရောက်လာတော့ မောက်ပါ့သိုက နောက်တစ်ခါထပ် အံ့အားသင့်သွားခဲ့ရပြန်တယ်။ ဘာလို့ဆို ရွှီမိသားစုရဲ့အိုးတွေက တခြားအိမ်တွေနဲ့မတူလို့ပဲ။ သူတို့က အိုးကို မီးလင်းဖိုပေါ် တိုက်ရိုက်တင်လို့ရအောင်လို့ သံဒယ်အိုးတွေ သုံးကြတယ်။
ကျောက်အာက အဓိကဟင်းလျာအပြင် ပိုင်စုန့် ရှီတာကဲမှို၊ မုန်လာချဥ်နဲ့ တို့ဖူးတို့လိုမျိုး အရံဟင်းအများအပြားကိုလည်း ပြင်ဆင်ထားသေးတယ်။
“အစ်မကျောက်အာ အစ်မတို့အိမ်မှာ နေရာအပိုမရှိဘူးလား။ ကျွန်တော် ဒီမှာ ၂ရက်လောက် နေသွားချင်လို့”
68.2 03
သူ့အသံထွက်မလာခင် သူကိုယ်တိုင် ရှက်တက်တက်ခံစားလိုက်ရပေမဲ့ ဘယ်လိုမဆို ပြောင်တဲ့မျက်နှာ ဒီတိုင်းထားပြီး အတည်ပေါက် ဆက်ပြောတယ်။
“ကျွန်တော် ထင်းရှန်းနဲ့ စာအတူမလုပ်ရတာ တော်တော်ကြာပြီဆိုတော့ ရောက်တုန်းရောက်ခိုက် လုပ်သွားမလားလို့။ ဒါနဲ့ ဒီကိုမလာခင် ဆရာ့အိမ်ကို အရင်ဝင်ခဲ့လိုက်တော့ ဆရာက မင်းကို ပေးခိုင်းလိုက်တဲ့ စာအုပ်တွေရှိတယ်”
ဒီစဥ်ဆက်မပြတ် နှင်းမုန်တိုင်းက မြို့နဲ့ရွာကို ကူးလူးသွားလာဖို့ ခက်ခဲစေတော့ တစ်နေရာထဲမှာအတူရှိတဲ့ မောက်ပါ့သိုကပဲ တပည့်ဝတ်ကျေပွန်စွာနဲ့ လင်းမြောင်တို့အိမ်မှာ မကြာခဏ သွားရောက်ကူညီလုပ်ကိုင်ပေးတတ်တယ်။
“အိမ်မှာ နေရာတွေရှိပါတယ်။ ကုတင်ကလည်း မင်းတို့အကုန်လုံး အိပ်လို့ရအောင် ကျယ်တာပဲ။ အိပ်ရာခင်းတွေရော ခေါင်းအုံးတွေရော အပိုတွေရှိသေးတယ်။ နောက်ပြီး ဒီနှစ်ရက်ထဲမှာ ဝက်ဖော်ဖို့ရှိသေးတော့ မပြန်ခင် ရှားကျူခိုင်ပါ စားသွားကြ”
“ရှားကျူခိုင်က ဘာကြီးလဲ”
တကယ့်ကို ဘာမှမသိနားမလည်တဲ့ မြို့သားငတုံးလေးပဲ။ သူကလွဲလို့ ကျန်တဲ့ရွာသားလေးတွေ အကုန်လုံး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ရင်း အမည်ဖော်မရတဲ့အပြုံးတစ်ခု ဖြစ်ပေါ်လာကြတယ်။
“ရှားကျူခိုင်ဆိုတာ မင်းအရင်က မစားဖူးတဲ့ဟင်းတစ်မျိုးပေါ့ကွာ”
(ရှားကျူးခိုင် - တရုတ်ပြည်ရဲ့ အရှေ့မြောက်ပိုင်းဒေသတွေမှာ နှစ်ကူးနီးလာတာနဲ့ ချက်ပြုတ်လေ့ရှိတဲ့ ဒေသဟင်းလျာတစ်မျိုးပါ။ ရွာသားတွေက ဝက်တစ်ကောင်ဖော်ပြီး သွေးခြောက်သွတ်ထားတဲ့ ဝက်အူချောင်းတွေနဲ့ တခြားအချဥ်စိမ်ထားတဲ့ အသီးအရွက်တွေကို ပေါင်းချက်လေ့ရှိပါတယ်)
“ဪ ရှင်းသွားတာပဲ လီသာ့ထျန်ရယ်”
မောက်ပါ့သိုက အနားပြေးသွားပြီး တစ်ချက်လောက် နောက်စေ့ကိုပိတ်ရိုက်လိုက်ချင်ပေမဲ့ ကြားထဲမှာ သံဒယ်အိုးကြီး ခြားနေတာကြောင့် ငြိမ်လိုက်ရတယ်။ ထိုအချိန် ကျောက်အာက ထပ်ပြောတယ်။
“တကယ်လို့ ရှားကျူခိုင်စားချင်ရင် လုပ်ကျွေးမှာပေါ့။ ဒါပေမဲ့ အရင်ဆုံးတော့ ငါ့ကိုတစ်ခု လုပ်ပေးရမယ်”
“ဘာလုပ်ပေးရမှာလဲ”
ကျောက်အာက ပြီတီတီလုပ်ရင်း စားသောက်ပြီးမှ ရှင်းပြမယ်လို့ ပြောထားလိုက်တယ်။ တကယ်တော့ ကျောက်အာ လုပ်ခိုင်းတာက သူမကို နွေဦးပွဲတော်ကဗျာတိုလေးတွေ ကူရေးပေးစေချင်တာပါပဲ။ သူမက ပွဲတော်ကဗျာတွေတင်မက နှစ်သစ်အတွက် ဆုတောင်းစကားတွေရေးဖို့တောင် စာရွက်နီတွေ ကြိုဝယ်ထားပြီးသွားပြီ။
“ဒါက မင်းတို့ရဲ့ ဗဟုသုတကို စမ်းသပ်ရမဲ့အချိန်ပဲ။ ငါက စာပေကဗျာတွေနဲ့ပတ်သက်ပြီး မတော်တော့ ဒီကိစ္စကို မင်းတို့ကိုပဲ အပ်လိုက်ပြီနော်။ မပူပါနဲ့ ဒီစာရွက်တွေကုန်တဲ့အထိ ရေးပြီးသွားတဲ့အခါကျ ဒီအစ်မကြီးက အားလုံးကို ပျော်ဖို့ကောင်းတဲ့နေရာတွေ ခေါ်သွားပေးမှာပါ။ ကဲ စလိုက်ကြတာပေါ့ မင်းတို့ကရေး ငါက ညှပ်မယ်”
ကျောက်အာက အနီရောင်စက္ကူတစ်ထပ်ကို ဘယ်ကမှန်းမသိ ဆွဲထုတ်လာပြီး လေးထောင့်စားပွဲလေးပေါ် ဘုန်းခနဲ တင်ပေးလိုက်တယ်။ ဒီစာရွက်တွေက သာမန်စက္ကူတွေနဲ့မတူဘဲ အလျားအနံပိုကျယ်ကာ အဆုံးအစမရှိလို့ ထင်ရတယ်။
မောက်ပါ့သိုနဲ့ တခြားလူတွေက ဖြန့်ခင်းလိုက်မှ ပိုကြီးနေတဲ့စာရွက်လိပ်ကိုမြင်ကာ သူတို့အနည်းဆုံး အခုတစ်ရာလောက် ရေးရမယ်လို့ တွက်လိုက်ကြတယ်။
“အစ်မကျောက်အာ ဒီလောက် ကဗျာတွေအများကြီး ဘာလုပ်မှာမို့လို့လဲ”
မောက်ပါ့သိုက အောင့်သက်သက်နဲ့ မေးတော့ ကျောက်အာက တက်ကြွစွာပဲ အဖြေပေးလိုက်တယ်။
“ရောင်းဖို့ပေါ့… ဒီစီးပွားလေးက နှစ်သစ်မကူးခင် သိပ်အလုပ်ဖြစ်မှာ ဒီလိုဆို မင်းတို့လည်း မုန့်ဖိုးအများကြီး ရှာလို့ရပြီလေ”
လေးယောက်သားက ဒီလိုမက်လုံးတွေနဲ့ပဲ အတင်းအကျပ် စေခိုင်းခံလိုက်ရတယ်။ သူတို့က အိမ်ထဲမှာပဲ တစ်နေ့ခင်းလုံးကုန်တဲ့အထိ နှစ်ကြောင်းစပ်ကဗျာလေးတွေ ထိုင်ရေးခဲ့ကြတယ်။ တော်သေးတာက အခန်းလေးက နွေးပြီး လူလည်းများလို့ စကားတပြောပြော ရယ်ရယ်မောမောနဲ့ပဲ အချိန်ကုန်လို့ကုန်မှန်း မသိသာတော့ဘူး။
68.2 04
သူတို့တစ်ရွက်ရေးပြီးတိုင်း ကျောက်အာက အဲဒါကို အပူပေးအိပ်ရာပေါ်မှာ အခြောက်သွားခံတယ်။ မှောင်ရီပျိုးစရောက်လာတဲ့အခါမှာတော့ သူတို့တွေ စုစုပေါင်း အရွက် ၅၀၀နီးပါး ရေးပြီးသွားကြပြီ။ ဒီထဲမှာ နှစ်ကြောင်းစပ်ကဗျာ လှလှလေးတွေအပြင် နှစ်သစ်ဆုတောင်းတွေလည်း ရာနဲ့ချီအောင် ပါဝင်တယ်။
ဒီတော့မှ ကျောက်အာက ကျေနပ်ပြုံးကြီးနဲ့ ညစာချက်ဖို့ မီးဖိုချောင်ထဲဝင်သွားပြီး ကျန်ခဲ့တဲ့ လူငယ်လေးတွေကတော့ အိပ်ရာပေါ် အတုံးအရုန်း လဲပြိုသွားကြတယ်။ မောက်ပါ့သိုက ကားယားကြီးလဲနေရင်း သက်ပြင်းတချချနဲ့ ကျောက်အာက အရမ်းရက်စက်တယ်လို့ ပွစိပွစိပြောနေတယ်။
သူ ထမင်းလေးတစ်နပ် စားလိုက်တာနဲ့ အသက်ပါထွက်အောင် လုပ်နေတယ်။ ဒါပေမဲ့ အရသာရှိတဲ့ ညစာက လည်ချောင်းထဲက ကွန်ပလိန်းတွေအကုန် ပျောက်သွားအောင် စွမ်းဆောင်နိုင်တယ်။ စားသောက်ပြီးတဲ့အခါ သူမက သူတို့ခြေလက်ဆေးလို့ရအောင် ရေနွေးတည်ပေးတဲ့အပြင် ဒီနှစ်ဝယ်ထားတဲ့ ခေါင်းအုံးအသစ် စောင်အသစ်တွေပါ ထုတ်ပေးခဲ့လိုက်တယ်။
နောက်တော့မှ တတိယမိသားစုခွဲမှာ ရွှီထောက်အာနဲ့ သွားအိပ်တယ်။ ဒုတိယမိသားစုခွဲရဲ့ အခန်းလေးထဲမှာတော့ ကျောက်အာရဲ့ ထွက်ခွာသွားတဲ့ နောက်ကျောပြင်ကို ကြည့်ရင်း အံတကြိတ်ကြိတ် ကျန်ခဲ့ရတဲ့သူတစ်ယောက်ရှိသလို သူဟိုဘက်အိပ် ငါဒီဘက်အိပ်နဲ့ အပျော်ကြီးပျော်နေကြတဲ့ တစ်သိုက်လည်း ရှိတယ်။
ရွှီထင်းရှန်းကတော့ အခုနေ ဒီကောင်တွေအားလုံးကို အခန်းပြင် ဆောင့်ကန်ထုတ်ပစ်လိုက်ချင်တော့တာပဲ။
******