← Chapters

အခန်း (၆၉-၇၀)

Vol. 7 Ch. 69-70

အခန်း (၆၉-၇၀)

Vol. 7 Ch. 69-70

69.1 01

အခန်း 69.1

အပြင်မှာ နှင်းဝေနေတဲ့အချိန်ဆိုပေမဲ့ အရုဏ်ဦးအလင်းရောင်က စောစီးစွာ ထွန်းလင်းလာခဲ့တယ်။ ကျောက်အာက ထုံးစံအတိုင်း နေပွင့်တာနဲ့ အိပ်ရာထပြီး ရွှီထောက်အာနဲ့အတူ နံနက်စာအဖြစ် ပြောင်းဖူးကိတ်အပြင် ရွှေဖရုံသီးနဲ့ မုယောစပါးကိုရောကာ ယာဂုတစ်မျိုး လုပ်လိုက်တယ်။

အားလုံးချက်ပြုတ်ပြင်ဆင်ပြီးတာနဲ့ ကျောက်အာက ဒုတိယအခန်းငယ်ထဲက လူတစ်စုကို လာနှိုးတယ်။ တစ်အောင့်နေတော့ ခပ်ထူထူဂွမ်းကပ်အနွေးထည်တွေနဲ့ တစ်ယောက်ပြီးတစ်ယောက် ထွက်လာတဲ့ လူငယ်လေးတွေက ပင်ဂွင်းလေးတွေအတိုင်း အိပ်မှုံစုန်မွှားနဲ့ အတန်းလိုက်လေး ရောက်လာကြတယ်။

နှင်းနတ်သမီးက မနေ့ကမှ နားရက်ယူသွားတာကြောင့် ပတ်ဝန်းကျင်က အဖြူရောင်နှင်းထုတွေဟာ အရည်မပျော်သေးဘူး။ အခန်းထဲက ထွက်တာနဲ့ ခြေထောက်နစ်ဝင်သွားတဲ့အထိ နစ်တဲ့နှင်းတွေကို အသည်းတယားနဲ့ အရင်ကောက်ကိုင်လိုက်တာ မောက်ပါ့သိုပဲ။

သူက လက်ထဲက နှင်းတစ်ဆုပ်ကို ဘောလုံးလိုလုံးပြီး လီသာ့ထျန် အာရုံထားမနေတဲ့အချိန် လည်ပင်းနဲ့ပုခုံးကြား ထိုးထည့်ပစ်လိုက်တယ်။ နှင်းလုံးပေါက်တဲ့နေရာမှာတော့ ရွာက ကလေးတွေကို မြို့သားတွေ လိုက်မမှီဘူး။

တစ်ချီနှစ်ချီပြီးတာနဲ့ မောက်ပါ့သိုတစ်ယောက် အလံဖြူထောင်သွားတော့တယ်။ ရှားရှားပါးပါး ကြက်တူရွေး မောသွားတဲ့မြင်ကွင်းကို မြင်လိုက်ရတဲ့သူတွေကတော့ တဟားဟား ရယ်ကုန်ကြတယ်။ အဲဒီထဲမှာ အခုမှအိမ်နောက်ဖေးက ထွက်လာတဲ့ ရွှီထောက်အာတောင် ပါးစပ်ကိုအုပ်ပြီး တခစ်ခစ်ရယ်နေသေးတယ်။

“ဒီကလေးတွေ တကယ်အဆော့သန်ကြတာပဲ”

အဒေါ်ကျိုးက ပြုံးပြုံးလေး ပြောရင်း ကျောက်အာကို ထပ်မေးတယ်။

“ဒါနဲ့ ဟိုကလေးနှစ်ယောက်က ဘာလို့မျက်နှာတွေအထိ အုပ်ထားကြတာလဲ။ ကြည့်ရတာ မြို့သားလေးတွေ တစ်ခါမှ ရွာဘက်မရောက်ဖူးဘူး ထင်ပါရဲ့။ အအေးဒဏ်ပြင်းပြင်းကို မခံနိုင်ကြဘူး။ အေးပေါ့လေ… တို့တောရွာဘက်က လေကလည်း ပြင်းတာကိုး။ မြို့က ခပ်နုနုလေးတွေ ဘယ်ခံနိုင်ပါ့မလဲ”

ကျောက်အာက ဒီအမေးမှာ နှုတ်ခမ်းတွေကိုသာ ဖိပိတ်ပြီး အသာခေါင်းညိတ်ပြလိုက်ရတယ်။ သဘာဝအားဖြင့် မောက်ပါ့သိုနဲ့ လီသာ့ထျန်တို့နှစ်ယောက်လုံး မျက်နှာတွေဖုံးထားရတယ်ဆိုတာ အအေးဒဏ်ကြောင့် မဟုတ်တာ သူမ ဘယ်လိုသွားပြောလို့ရမှာလဲ။

အိမ်မကြီးထဲက အဘိုးရွှီလည်း အပြင်က ဆယ်ကျော်သက်လေးတွေရဲ့ သိုက်သိုက်မြိုက်မြိုက် ရယ်သံတွေကို ကြားတဲ့အခါ မပြုံးဘဲမနေနိုင်တော့ဘူး။ မောက်ပါ့သိုနဲ့တခြားလူတွေက မနေ့ကပဲ အိမ်မကြီးကိုသွားပြီး လူကြီးသူမတွေကို သွားနှုတ်ဆက်ခဲ့သေးတယ်။ ဒါကြောင့် လူအိုကြီးက သူတို့က ရွှီထင်းရှန်းရဲ့ အတန်းဖော်တွေဆိုတာ သိနေတာ။

အတန်းဖော်ဆိုမှ အဘိုးရွှီက သူ့စိတ်ထဲ ရွှီကျွင်းခိုင်ကို သွားမြင်ယောင်မိပြန်တယ်။ ဟိုနေ့က ကိစ္စပြီးကတည်းက ရွှီမိသားစုအကုန်လုံး ကျွင်းခိုင်ကို နားချလို့မရသေးဘူး။ ရက်ပိုင်းလောက်အထိ ရွှီချင်းရှန်နဲ့ သူ့သားတို့က တံဇောင်းနဲ့မျက်ချေးဖြစ်နေပြီး နောက်ဆုံး ရွှီချင်းရှန်က ကျောင်းတစ်ကျောင်း ရှာတွေ့ခဲ့ပေမဲ့ ဟူယန်းမြို့မှာမဟုတ်ဘဲ သူတို့နဲ့ဘေးချင်းကပ် အန်ယန်းမြို့ထဲမှာဖြစ်တယ်။

ကျောင်းက အိမ်နဲ့တစ်မြို့တည်းမဟုတ်သလို ဝေးလည်းဝေးတဲ့အတွက် တစ်ခါတစ်ခါ ပြန်လာဖို့ ရက်နဲ့ချီကြာတတ်တယ်။ အဲဒါကြောင့် ရွှီကျွင်းခိုင်က အန်ယန်းမှာ ကျောင်းစတက်ကတည်းက အိမ်ပြန်လာတာ ရှားသွားတော့တယ်။

ရွှီထင်းရှန်းက အိမ်ပြန်လာလို့ အတော်ကြာကြာ အနားယူပြီးတာတောင် ကျွင်းခိုင်ကတော့ အရိပ်တောင် မမြင်ရသေးဘူး။ စိုးရိမ်ပူပန်လာတဲ့ရွှီမိသားစုက လူတစ်ယောက်နဲ့ စာပါးလိုက်တဲ့အခါ ၂၃ရက်နေ့ကျ ပြန်လာမယ်လို့ သတင်းရပေမဲ့ အခုထိ ရောက်မလာသေးဘူး။

69.1 02

အဘိုးရွှီက နောက်နေ့နံနက်စာ စားတဲ့အထိ စောင့်ဖို့တွေးထားတယ်။ ဒါမှ ထမင်းဝိုင်းမှာ သူသားကြီးကို ကျွင်းခိုင် ၂၃ရက်နေ့ ပြန်လာနိုင်မလားဆိုတာ မေးခိုင်းလို့ရအောင်လို့။ လက်ရှိမှာတော့ သူ တကယ် လမ်းပျောက်နေတယ်လို့ ခံစားနေရတယ်။

သူ့မြေးကြည့်ရတာ သူ့အဖေနဲ့ ကမ္ဘာမကျေရန်သူတွေ ဖြစ်လာသလိုပဲဆိုပေမဲ့ ဘာဖြစ်လို့လဲဆိုတာတော့ သေချာမသိရသေးဘူး။ နံနက်စာ စားပြီးတဲ့အခါ ကျောက်အာက ကလေးတစ်စုကို အပြင်ထွက်ဖို့ ဦးဆောင်ခေါ်သွားတယ်။

သူတို့အားလုံးက ရာသီဥတုဒဏ်ကို အံတုနိုင်အောင် အထပ်ထပ်ဝတ်စားထားပြီး အဖွဲ့ထဲမှာ ရွှီထောက်အာလည်း ပါလာခဲ့တယ်။ သူမက အိမ်မှာချည်းနေနေရတာ မွန်းကျပ်လာတာကြောင့် ကျောက်အာက နည်းနည်းပါးပါး လေကောင်းလေသန့်ရအောင်လို့ ခေါ်ထုတ်လာခဲ့လိုက်တာသာ ဖြစ်တယ်။

ဒါပေါ့ အဲဒါထက် သူမက လီသာ့ထျန်နဲ့ဒီကောင်လေးတွေရဲ့ အစွမ်းအစကို နည်းနည်း စိတ်ပူတာလည်း ပါတာပေါ့။ သူတို့အုပ်စုက စုစုပေါင်း လှည်းနှစ်စီးခွဲသွားကြပြီး ကျောက်အာက အရှေ့ကမြည်းကို ဦးဆောင်သလို လီသာ့ထျန်က အနောက်ကလှည်းနဲ့ လိုက်လာတယ်။

ကျောက်အာက စထွက်ကတည်းက ဘယ်ကိုသွားမလဲ ခေါင်းထဲရှိပြီးသားမို့ လမ်းမှာမရပ်ဘဲ အားလုံးကို နီးစပ်ရာ ရွာတစ်ရွာဆီ ခေါ်ဆောင်လာခဲ့တယ်။ သူမ ရွာထဲဝင်တာနဲ့ အလယ်ခေါင်က ဂျုံခင်းကြီးဆီ တည့်တည့်မောင်းသွားပြီး နေရာတစ်ခုရွေးကာ လှည်းထဲက ဂေါ်ပြားနှစ်ချောင်းထုတ်ရင်း မောက်ပါ့သိုနဲ့အဖွဲ့ကို နှင်းကော်ထုတ်ဖို့ အလုပ်ပေးလိုက်တယ်။

ရွေးထားတဲ့နေရာမှာ နှင်းတွေ ပြောင်သွားပြီဆိုတာနဲ့ ကျောက်အာက နှစ်ကူးကဗျာစာရွက်တွေကို ရွှီထောက်အာကို ကူထုတ်ခိုင်းလိုက်တယ်။ ကလေးမက ဖင်ပေါ့တာမို့ နှစ်ယောက်သား ကဗျာတွေကို တစ်ရွက်ချင်းဖြန့်ခင်းဖို့ ဘယ်လောက်မှ မကြာလိုက်ဘူး။

ဒီအပြင် မြည်းလှည်းလေးရဲ့ တစ်ဖက်ခြမ်းကလည်း စာရွက်နီနီတွေနဲ့ ဖုံးလွှမ်းသွားပြီး ဆုတောင်းစကားတွေက လေအဝှေ့မှာ စိတ်ကူးယဥ်ဆန်ဆန် လွင့်မျောနေတော့တယ်။ နှင်းထုတွေရဲ့ပံ့ပိုးမှုနဲ့ တစ်ကွင်းလုံးစွတ်စွတ်ဖြူနေတဲ့ကြားမှာ မြင်ရတာဆိုလို့ အနီရောင်စာရွက်တွေပဲရှိတော့ ရှုခင်းက အတော်လေး မျက်စိပသာဒဖြစ်စေတယ်။

အဲဒီအချိန်မှာပဲ ကျောက်အာက မောင်းသေးသေးလေးကို ထုတ်ပြီး ကြည်လင်တဲ့အသံနဲ့ ထုချလိုက်တယ်။

ဒေါင်

ရွာထဲကလူတွေက ဒီမောင်းသံနဲ့ ရင်းနှီးပြီးသား။ ဒီအသံထွက်လာတိုင်း ဈေးပေါပေါနဲ့ ပစ္စည်းကောင်းတွေ ရတတ်တယ်။ ဒီရက်တွေထဲ အိမ်မှာပဲထိုင်နေရတဲ့ မိန်းမတချို့က ပျင်းလွန်းလို့ ဒီမောင်းထုသံကိုပဲ ကြားယောင်မိနေပြီး လူချောလေး ရောက်လာတယ်လို့တောင် ထင်ယောင်ထင်မှားတွေ ဖြစ်နေကြတယ်။

ပီသတဲ့မောင်းသံလေး ငြိမ်သွားပြီးတော့ ဘယ်လောက်မှ မကြာလိုက်ဘူး မောက်ပါ့သိုနဲ့ သူငယ်ချင်းတစ်စု အင်မတန် များပြားတဲ့ အမဲရောင်ခေါင်းတွေ သူတို့ဘက် အရှိန်နဲ့ပြေးလာတာ တွေ့လိုက်ရတယ်။

ရွာသားတွေက ပုခုံးပေါ်မှာ တစ်ခုခုကိုတင်ပြီး သူတို့ရှိတဲ့ဘက်ကို ဦးတည်လာကြတာ တစ်ရွာလုံးနီးပါးပဲ။ လူအုပ်က အင်အားတောင့်လွန်းလို့ အဝေးကြည့်တောင် အတော်လေး ကြောက်စရာကောင်းတာတော့ အမှန်ပဲ။

ဘာလဲ… ဘာဖြစ်သွားတာလဲ။

“အစ်မကျောက်အာ… အစ်မအစ်မ ဒီလူအုပ်ကြီးရဲ့ ဒေါသကိုသွားဆွမိပြီ ထင်တယ်။ သူတို့ ကျွန်တော်တို့ကို ရိုက်ဖို့ရောက်လာကြတာလား”

မောက်ပါ့သိုရဲ့ တုန်တုန်ယင်ယင်အပြောကို ကျောက်အာက ဘာမှမပြောဘဲ အပြုံးလေးနဲ့ပဲ ပြန်ဖြေတယ်။ လူအုပ်ကြီး နီးကပ်လာတာနဲ့ သူမက ခပ်ကျယ်ကျယ် စတင်အော်ပြောတယ်။

“ကောင်းချီးတွေ လာပြီ။ လာဘ်လာဘတွေ ရောက်လာပါပြီ။ တကူးတကသွားပြီး ခယစရာလည်း မလိုသလို ဈေးကြီးပေးပြီးလည်း ဝယ်စရာမလိုတော့ဘူးနော်။ အရေးအသားလည်းကောင်း ကံလည်းတက်စေမဲ့ နှစ်သစ်ဆုမွန်ကောင်းတွေ ဒီမှာ ပေါပေါလောလော ရောင်းပေးနေပါပြီ။ တစ်ရွက်မှ ငါးဝမ်၊ အကြီးက ငါးဝမ်၊ အသေးက သုံးဝမ်၊ အကြီးတစ်စုံ ဝယ်တာနဲ့ ဖူကျီတစ်ခု လက်ဆောင်ပေးမှာနော်။ ဖူကျီတစ်ခုထဲဆို တစ်ဝမ်ပါပဲ။ ရောင်းရင်းတို့ရဲ့ တံခါးမကြီးမှာပဲ ချိတ်မလား ခြံဝမှာပဲ ဆွဲမလား လှည်းမှာပဲတပ်မလား။ ကြိုက်ရာယူ အများဆုံးမှ ငါးဝမ်၊ နှစ်စကတည်းက ကောင်းချီးနဲ့ ဖွင့်ထားမှ နောက်နှစ် ကောက်ရိတ်သိမ်းချိန်မှာ အထွက်တိုးမှာနော်”

69.1 03

“အောင်မယ်လေး ငါကတော့ ဒီမောင်လေးရဲ့အသံကို ကြားရတာနဲ့တင် ကောင်းချီးတစ်ပါးလို့ ယူဆလိုက်ပါပြီနော်”

အမျိုးသမီးကြီးတစ်ယောက်က ထပြောတယ်။

“ဟုတ်ပါ့အေ ငါဘာလို့ ဒီလိုတော်တဲ့ကလေးမျိုး မမွေးမိတာလဲ မသိပါဘူး”

“တကယ်လို့ နင်သာ အဲဒီလိုတစ်ယောက်မွေးလိုက်လို့ကတော့ နေ့တိုင်း အိမ်မှာ ယပ်ခတ်ပြီး သားရှာကျွေးတာ ဇိမ်နဲ့ထိုင်စားနေရတော့မှာ”

အဒေါ်ကြီးတွေက သူတို့ဘာသာ ရယ်ရင်းမောရင်း တွတ်ထိုးနေကြတယ်။

“ဦးလေးအဒေါ် အဘိုးအဘွားတို့ ဒီတစ်ခေါက်တော့ ကျွန်တော်တို့ ပစ္စည်းဖိုးကို ငွေသားပဲ လက်ခံပါတော့မယ်ခင်ဗျ။ မိုးနတ်မင်းက ဒီနှစ်မှာ အားလုံးကို ကောင်းချီးပေးခဲ့တယ်။ အိမ်တိုင်းလိုလို အထွက်ကောင်းခဲ့တာမို့ အခုဆို ဂိုဒေါင်ထဲမှာ အစားအသောက်တွေ ပြည့်လျှံနေလောက်ပေါ့။ ဒါပေမဲ့ အချိန်ကလည်း နှစ်ကူးရောက်တော့မယ်ဆိုတော့ ကျွန်တော့်မှာ အိမ်က မိန်းမသားတွေအတွက် အင်္ကျီသစ် ဖိနပ်အသစ်တွေ ဝယ်ပေးရဦးမှာမို့ စီးပွားလာလုပ်ရတာပါ”

“အေးပါ အေးပါ။ မင်းယူချင်တာ ယူ ငါတို့ စိတ်မဆိုးပါဘူး။ ငါတို့ကတောင် လူတိုင်းတတ်နိုင်သလောက်နဲ့ လာလာရောင်းပေးနေတဲ့ လာဘ်ခေါ်ကောင်လေးကို မျှော်နေရတာပါနော်။ အားလုံးပဲ ဒီတစ်ခေါက်တော့ ငွေစပဲ ပေးကြရအောင်”

ယောက်ျားကြီးတစ်ယောက်က သူထမ်းလာတဲ့ ကုန်စိမ်းထုပ်ကို မြေကြီးပေါ်ချကာ လက်မောင်းကြားညှပ်ထားတဲ့ ပိုက်ဆံအိတ်ကို ထုတ်လိုက်တယ်။

“လာဘ်ခေါ်ကောင်လေး ဒီဦးလေးအတွက် မင်းရွေးပေးစမ်းပါ။ အိမ်မှာ တံခါးမကြီးအပြင် ခြံတံခါးရယ်၊ အနောက်တံခါးနဲ့ စပါးကျီမှာပါ ကပ်ချင်လို့ ဪ… ပြီးတော့ ကြက်ခြံအမိုးမှာရောပဲ”

ကျောက်အာက ရိုးရိုးတန်းတန်းပဲ လှည်းပေါ် ချိတ်ထားတဲ့အထဲက သုံးလေးရွက်လောက် ပြလိုက်ပြီး ရွှီထောက်အာကလည်း ဘေးနားက ကောင်းနိုးရာရာလေးတွေ ဝိုင်းကူပြပေးတယ်။

“ဦးလေး ဒီမှာ အကြီးတစ်စုံနဲ့ အသေးလေးစုံဆို လောက်လောက်ပါတယ်။ အားလုံးပေါင်း ၁၇ဝမ်ဆိုပေမဲ့ တစ်ဆက်လုံးဝယ်မယ်ဆိုရင်တော့ ၁၅ဝမ်နဲ့ယူ။ အဲဒါအပြင် တံခါးတစ်ချပ်စီအတွက် ဦးလေးကို လက်ဆောင်အဖြစ် ဖူကျီ ငါးခုတောင် ထပ်ပေးလိုက်မယ်။ ဘယ်လိုလဲ”

“ကောင်းတာပေါ့ ယူမယ်”

ခေါ်ဈေးက အရမ်းပေါတဲ့အပြင် တစ်ခုဝယ် တစ်ခုလက်ဆောင်ရမှာဆိုတော့ တစ်ခုထဲဝယ်တာနဲ့တင် တန်နေပြီ။ ရွာသားအများစုက ရင်ထဲထိခတ်သွားပြီး တစ်ယောက်ကို တစ်ဆက်နီးပါး ဝယ်ဖို့လုပ်ကြတယ်။ ကျောက်အာကတော့ သူတို့အတွေးမမှားအောင် ပြောပါသေးတယ်။

“ဦးလေးတို့ အဒေါ်တို့ အိမ်မှာအရမ်းမလိုဘူးဆိုလည်း နည်းနည်းပဲ ခွဲယူလို့ရပါတယ်။ အသေးနှစ်စုံ အကြီးတစ်စုံပါတဲ့ဟာမျိုးဆို ဖူကျီ သုံးခုပါမဲ့အပြင် ၁၀ဝမ်နဲ့ ယူသွားကြနော်”

ချက်ချင်းလက်ငင်းဆိုသလိုပဲ အခုနက အိမ်မှာမွေးမြူရေးခြံမရှိလို့ ပိုနေမှာကြောက်ပြီး နောက်ဆုတ်နေတဲ့သူတွေတောင် တစ်ယောက်ပြီးတစ်ယောက် အလုအယက် ဝိုင်းလာကြတယ်။ မြင်ကွင်းက အတော်လေး စည်ကားပြီး ရှုပ်ယှက်ခတ်နေတာတောင် ကျောက်အာကတော့ ကျင့်သားရနေတဲ့အတိုင်း တည်ငြိမ်စွာပဲ စာရွက်ပေးလိုက် ပိုက်ဆံယူလိုက် လုပ်နေတယ်။

ရွှီထောက်အာအတွက် ဒီလိုမျိုးမြင်ရတာ ဒါပထမဆုံးပဲ။ လူအရမ်းများလို့ သူမက စိတ်လှုပ်ရှားပြီး ထိတ်လန့်နေပေမဲ့ အစ်မကျောက်အာခိုင်းတဲ့အတိုင်း အမှားမရှိအောင် တသွေမတိမ်းလိုက်လုပ်နိုင်ဆဲပဲ။

မောက်ပါ့သိုနဲ့ ကျန်တဲ့နှစ်ယောက်က အချိန်အတော်ကြာတဲ့အထိ အရှေ့ကမြင်ကွင်းကနေ အာရုံပြန်လည်မလာသေးဘူး။ မိန်းကလေးနှစ်ယောက်ထဲ မနိုင်တော့တာတွေ့တော့ ရွှီထင်းရှန်းက အားလုံးကို ဝိုင်းရောင်းပေးဖို့ ခေါ်တော့မှ ချန်ကျန်းနဲ့လီသာ့ထျန်တို့ အသိပြန်ဝင်လာကြတာ။

69.1 04

“လာဘ်ခေါ်ကောင်လေး ဒီကဗျာတွေက ကောင်းရောကောင်းရဲ့လား။ ငါတို့ ဆရာကြီး ထုန်ရှန်းအိမ်သွားပြီး ရေးခိုင်းရင်တောင် ဒီလောက် မကုန်ဘူး”

ရွာတိုင်းမှာတော့ အနှောင့်တစ်ယောက်က ရှိတတ်စမြဲပါပဲ။ ကျောက်အာက ဒီလိုလူတွေနဲ့ ရင်ဆိုင်ရလည်း စိုးရိမ်မသွားဘဲ အပြုံးလေးနဲ့ပဲ ရှင်းပြလိုက်တယ်။

“ဦးလေး ကြိုက်ရင် ထုန်ရှန်းတစ်ယောက်အိမ်သွားပြီး ရေးခိုင်းလို့ရပါတယ်။ တစ်ယောက်တည်းကျ အဆင်ပြေတာပေါ့။ ဒါပေမဲ့ ဆရာကြီးက အလုပ်များတော့ လူတိုင်းကို ဘယ်လိုက်ရေးပေးနိုင်ပါ့မလဲ။ ဦးလေးကိုတောင် တံခါးမကြီးအတွက်ပဲ ရေးပေးရင် ရေးပေးမှာ ဦးလေးကရော တံခါးတိုင်းမှာ မချိတ်တော့ဘူးလား။ ကျွန်တော်တို့က မတူဘူးလေ။ တခြားဟာကို ပြောရင်တောင် ကျော်သွားပေးလို့ရသေးတယ်။ ဒါပေမဲ့ လက်ရေးနဲ့ စာအရေးအသားကို ထည့်ပြောလာရင်တော့…”

သူမက နောက်လှည့်ပြီး ရွှီထင်းရှန်းနဲ့ ကျန်တဲ့လူတွေကို လက်ညှိုးထိုးပြလိုက်တယ်။

“သူတို့တွေက ဘယ်သူလဲ သိလား။ ဒီညီလေးတွေအားလုံး ချင်းယွမ်ကျောင်းတော်က စာသင်သားတွေချည်းပဲ။ ခရိုင်မှူးနဲ့ ကျောင်းအုပ်ကြီးရဲ့ ချီးမြှောက်ခြင်းခံထားရတဲ့လူတွေ သူတို့က လက်ရှိထုန်ရှန်းမဟုတ်သေးတောင် နောက်နှစ်ကျ ဖြစ်လာမှာပဲ။ အနာဂတ်အရာရှိလောင်းလေးတွေက ထုန်ရှန်းတင်မဟုတ် ရှို့ချိုင်တောင်ဖြစ်ရင် ဖြစ်သွားနိုင်သေးတယ်။ ဒီလိုဆိုရင်ရော ဦးလေး ဘာပြောချင်သေးလဲ?”

“ဟာ”

“ချင်းယွမ်ကျောင်းတော်ကလား။ ငါတော့ ဒီကျောင်းတော်ကြီးက ထိပ်တန်းလို့ ကြားဖူးတယ်။ လူတိုင်း သူတို့ကလေးတွေကို အဲဒီမှာထားချင်ပေမဲ့ ကျောင်းအပ်ဖို့တောင် မလွယ်ဘူးတဲ့”

“ငါလည်း သူများတွေ ပြောတာကြားဖူးတယ်။ ဒိတ်ဒိတ်ကျဲ သခင်လေးတွေ သွားအပ်တာတောင် မရခဲ့ဘူးတဲ့။ သူတို့မှာ အရည်အချင်း မပြည့်လို့ဆိုပဲ”

ရွာသားတစ်ယောက်က အလေးအနက် ဝင်ပြောတယ်။

“ဒါဆို သူတို့အားလုံးက ပညာရှင်တွေပဲ”

ချက်ချင်းဆိုသလို ရွှီထင်းရှန်တင်မက ကျန်တဲ့လူတွေဆီမှာပါ လူတွေပြည့်လျှံနေအောင် ရောက်ချလာတယ်။ ဒိတော့မှ မောက်ပါ့သိုက မျက်နှာပေါ်က ခပ်တုံးတုံး အပြုံးကို ကောက်ဖယ်လိုက်ပြီး လက်နှစ်ဖက်ကို ယှက်ရင်း ရှေ့တစ်လှမ်းတိုးကာ ဆိုတယ်။

“ဦးလေးတို့ ဒေါ်လေးတို့ အရမ်းချီးကျူးလွန်းနေပါပြီ”

“ကြည့် ဒီကောင်လေးက အပြုအမူနဲ့တင် တခြားလူတွေနဲ့ကွာတယ်ကွ အနာဂတ်ဆရာသခင်လောင်းလေး”

ရွှီထင်းရှန်းနဲ့ ကျန်နှစ်ယောက်ကတော့ ကျောင်းအုပ်ကြီး လင်းဟန်ဖမ်းနေတဲ့ အရှေ့က ငါးပူတင်းကိုကြည့်ပြီး အကျယ်ကြီးအော်ရယ်ကြတော့တယ်။

ဒီကောင်က ဘယ်လိုလုပ် တခြားလူတွေနဲ့ ကွာမှာတဲ့လဲ။ ဟားဟားဟား…

“ကျောင်းသားလေး ကျောင်းသားလေး ဘာတွေရေးထားတာလဲ ဖတ်ပြစမ်းပါဦး။ ငါတို့က ဝယ်သာဝယ်နေတာ စာမတတ်တော့ မဖတ်တတ်ဘူး”

အဒေါ်ကြီးတစ်ယောက်က သူ့ဆုတောင်းစာရွက်ကို လှမ်းပေးပြီး တောင်းဆိုလိုက်တာနဲ့ မကြွားချင်ရှာတဲ့ မောက်ပါ့သိုက ချက်ချင်း အသံနေအသံထားနဲ့ ဖတ်ပြတော့တယ်။

“နှစ်စဥ်နှစ်တိုင်း ရွှေလာပါစေ။ နေ့စဥ်ရက်ဆက် ငွေလာပါစေတဲ့။ ဒီက ဒေါင်လိုက်လေးကတော့ ကံကောင်းပါစေလို့ပြောတာ”

“ဟယ် ကောင်းလိုက်တာ”

“ဒါဆို ဒါလေးကရော?”

“ကြိုးစားသူတိုင်း ပျော်ရွှင်ဖို့ နှစ်တိုင်း အထွက်တိုးပါစို့ …”

လီသာ့ထျန်က နှာခေါင်းရှုံ့လိုက်ပြီး သူ့သူငယ်ချင်းတွေကို ကပ်တိုးလေး အတင်းချလိုက်တယ်။

“ကြည့်လိုက် ငါတို့ နောက်ဆုံးတော့ ပါ့သိုတစ်ယောက် အသုံးဝင်တဲ့နေရာ တွေ့ခဲ့ပြီကွ”

******

69.2 01

အခန်း 69.2

ဒီလိုနဲ့ နှစ်ကူးဆုတောင်းတွေကို အသံကျယ်ကျယ်နဲ့ ဟိတ်ဟန်ပါပါ ဖတ်ပြနေတဲ့ မောက်ပါ့သိုနားမှာ အဒေါ်ကြီးတွေ ဝိုင်းဝိုင်းလည်နေတယ်။ လက်မလည်အောင် ရောင်းနေရသလို အာတွေခြောက်လာပြီး အခုမှပဲ ကျောက်အာ သူတို့ကို ဘာလို့ကဗျာတွေ ဒီလောက်အများကြီးရေးခိုင်းလဲ နားလည်သွားတော့တယ်။

ကဗျာတွေက အရမ်းဂန္ဓဝင်ဆန်နေစရာ မလိုဘူး။ ကာရံညီပြီး နားလည်လွယ်ရင် ရပြီ။ ကျေးလက်ဒေသက ရွာသူရွာသားတွေက ဒီလိုမျိုးတွေကို ပိုနှစ်သက်ကြတယ်။ အရေအတွက်တစ်ခုအထိ ဒီရွာမှာရောင်းပြီးသွားတဲ့အခါ ကျောက်အာက ဆိုင်သိမ်းပြီး နောက်တစ်ရွာကို ထပ်ဆက်တယ်။

သူတို့သွားတာ နှစ်ရွာပဲရှိသေးတယ် စုစုပေါင်း နှစ်ကူးဆုတောင်းစာ ငါးရာကျော်ကျော်နဲ့ ဖုဆိုတဲ့အဆောင်စာရွက်လေးတွေက အားလုံးနီးပါး ရောင်းထွက်သွားပြီ။ အများကြီး အလုပ်ရှုပ်ခဲ့ရပေမဲ့ မြန်ဆန်လွန်းတဲ့ ငွေဝင်နှုန်းကြောင့် လီသာ့ထျန်နဲ့ တခြားသူတွေအကုန် ထိတ်လန့်အံ့ဩသွားကြတယ်။

သူတို့သုံးထားတဲ့ စာရွက်သားက အရမ်းကောင်းနေတာမဟုတ်သလို မှင်ရည်ကလည်း သာမန်ပါပဲ။ ဒီစီးပွားမှာ အားစိုက်ထုတ်လိုက်ရတာဆိုလို့ သူတို့လက်ညောင်းတာ တစ်ခုတည်းရှိတယ်။ ပြန်တွက်ကြည့်ရင် ငွေဘယ်လောက်မှမရင်းရဘဲ လုပ်အားနဲ့တင် တစ်ဆက်ကို ၁၀ ဝမ်ရတယ်ဆိုတော့ သူတို့ ၈၀ရာခိုင်နှုန်းလောက် မြတ်နေပြီ။

“အစ်မကျောက်အာ စာရွက်တွေက ကုန်တော့မှာဆိုတော့ ကျွန်တော်တို့အိမ်မှာ နည်းနည်းထပ်သွားရေးလိုက်တာ ပိုမကောင်းဘူးလား။ ကျန်တာတွေကို ကျဲ ရောင်းပြီးပြန်လာတဲ့အခါကျ ကျွန်တော်တို့လည်း နောက်တစ်သုတ် ပြီးနေလောက်ပြီလေ”

အားလုံး‌ မှင်သက်နေရာက ရုန်းမထွက်နိုင်တဲ့အချိန် ချန်ကျန်းက ရုတ်တရက် ထပြောတယ်။ ကျောက်အာလည်း ဒါကိုပဲတွေးနေတာ။ အမှန်တိုင်းပြောရရင် သူမက အနီးနားရွာတွေတင်မက မြို့ပေါ်မှာပါ သွားရောင်းဖို့ စိတ်ကူးထားတယ်။

အခုလည်း ကြည့်ရသလောက် သူမတို့လုပ်ငန်းလေးက အလားအလာရှိပုံပေါ်တော့ မြို့ပေါ်မှာတောင် စီးပွားဖြစ်နိုင်ချေရှိတယ်။

“ဒါဆိုလည်း နှစ်ကူးအချိန်ကို အခွင့်ကောင်းယူပြီး ငါတို့ပိုက်ဆံအများကြီး ရှာကြတာပေါ့။ ဒီအပိုငွေလေးက မင်းတို့ရဲ့ နောက်နှစ်စာမေးပွဲအတွက်လည်း အကူအညီဖြစ်မှာပါ။ ဘယ်လိုမဆို လောကကြီးမှာ ငွေကတော့ အမြဲတမ်းလိုနေတာပဲမလား။ ကျောင်းသားဆိုပြီး စားဝတ်နေရေးကို လျစ်လျူရှုထားလို့မှမရတာဆိုတော့ မင်းတို့ပြန်သွားရေးကြ။ ငါတို့ကတော့ ဆက်ရောင်းလိုက်ဦးမယ်။ ပြန်လာတဲ့အခါ လူတချို့ထပ်ခေါ်လာမှာမို့ ရောင်းတဲ့နေရာမှာ လူမလောက်မှာ စိတ်မပူနဲ့။ အားလုံး အတူကြိုးစားကြတာပေါ့။ ဪ ပြီးတော့ ကိုယ်လုပ်ရင်လုပ်သလောက် ငါတို့အမြတ်ကို ဝေပုံကျခွဲမှာမို့ ဒီအစ်မကြီးက အားလုံးကို မျှမျှတတ ပေးမှာပါ”

ကျောက်အာက အတော်လေး ပြည့်စုံစွာ ပြောသွားတာမို့ တခြားသူတွေက ဘာမေးခွန်းထုတ်စရာမှတောင် မလိုလိုက်ဘူး။ ဒီတော့ သူတို့က နှစ်အုပ်စုခွဲလိုက်ပြီး ရွှီထင်းရှန်းက သူ့သူငယ်ချင်းတွေကို အိမ်ပြန်ခေါ်သွားမဲ့အချိန် ကျောက်အာကတော့ လက်ကျန်တွေဆက်ရောင်းဖို့ ရွှီထောက်အာနဲ့ နောက်တစ်ရွာ ဆက်မှာဖြစ်တယ်။

“အစ်မ ထောက်အာကိုပါ ခေါ်သွားမလို့လား”

ရွှီထင်းရှန်းက လီသာ့ထျန်မောင်းမဲ့ လှည်းပေါ် တက်ပြီးတဲ့အချိန်အထိ စိတ်မချနိုင်ဖြစ်နေတုန်းပဲ။

“အောင်မယ်လေး ဆယ်မိုင်လောက်တောင်မရှိတဲ့ ဒီခရီးမှာ ငါ့ကို တစ်ယောက်ယောက် ကိုက်စားသွားမှာ ကြောက်နေတာလား။ ဟေးကျစ်ပါလာတာကိုရော မေ့သွားပြီလား?”

သူမက ရယ်ရယ်မောမောနဲ့ ပြောလိုက်တော့ လှည်းပေါ် ခွေအိပ်နေတဲ့ ခွေးနက်လေးက ချက်ချင်းခေါင်းထောင်လာပြီး ရွှီထင်းရှန်းကို ကြည့်ကာ ခေါင်းယမ်းပြလာတယ်။ သူတို့အိမ်ကထွက်လာကတည်းက လှည်းပေါ်မှာအိပ်နေတဲ့ ဟေးကျစ်က ဘယ်လောက်နေခဲ့ခိုင်းခိုင်း ခေါင်းမာမာနဲ့ မဆင်းတာမို့ လောနေတဲ့သူတို့လည်း ခေါ်လာခဲ့လိုက်တာ။

“ကောင်းပါပြီ ဒါဆိုလည်း နှစ်ယောက်စလုံး စောစောပြန်လာခဲ့ကြပါ”

69.2 01

တကယ်လည်း ကဗျာတွေက ဘယ်လောက်မှမကျန်တာမို့ အချိန်တိုအတွင်း ရောင်းကုန်သွားပြီး ကျောက်အာတို့ ထင်ထားတာထက် စောစောပြန်ရောက်လာခဲ့တယ်။ သူမတို့ အိမ်ပြန်ရောက်တဲ့အခါ ရွှီကျွင်းခိုင်လည်း ပြန်ရောက်နေလို့ ရွှီတစ်မိသားစုလုံး အသံဗလံတွေနဲ့ စည်ကားသိုက်မြိုက်နေကြတယ်။

ရွှီကျွင်းခိုင်က ဝေးလံလှတဲ့ ခရီးလမ်းကြောင့် မျက်နှာနဲ့ ခြေလက်တွေမှာ နှင်းကိုက်တဲ့ဒဏ်ကို တော်တော်ခံစားလိုက်ရတယ်။ အမှန်တော့ သူ တက်တဲ့ကျောင်းမှာကိုယ်၌က ရွာမှာလို အပူပေးအိပ်ရာ မရှိတာကြောင့် ကျောင်းသားတွေက နွေးအောင် မီးလှုံဖို့ပဲရှိတယ်။

တကယ်လို့ မီးသွေးဝယ်ဖို့တောင် ပိုက်ဆံမရှိတဲ့ကျောင်းသားတွေကတော့ ရာသီဥတုနှိပ်စက်တာ ခံရုံကလွဲ တခြားရွေးစရာမရှိတော့ဘူး။ သူ့မြေးအဖြစ်ကို မြင်တာနဲ့ အဘွားကျောက်ရဲ့ ဝမ်းပန်းတနည်းငိုသံက ခြံပြင်ကတောင် ကြားရတယ်။

ကျောက်အာက တိတ်တိတ်လေး သက်ပြင်းချကာ ရွှီချင်းပိုင်ကို လှည်းအပ်ပြီး သူမတို့အခန်းထဲ ဝင်လာခဲ့လိုက်တယ်။ အထဲမှာတော့ ရွှီထင်းရှန်းနဲ့ သူငယ်ချင်းတစ်စု အမှန်အကန် ကဗျာစပ်နေကြတာ‌ တွေ့လိုက်ရတယ်။

ကြည့်ရတာ အားလုံးက ကြိုးစားရင် ကြိုးစားသလောက်ရတယ်ဆိုတာ သဘောပေါက်သွားတဲ့ပုံပါပဲ။ ဒါကြောင့် စိတ်အားထက်သန်တဲ့ လူငယ်လေးတစ်စုက ပိုက်ဆံရှာဖို့ အပီအပြင်ကြိုးစားနေကြတယ်။ သူတို့အတွက် မဖြစ်မနေ ငွေရှာဖို့မလိုသေးပေမဲ့ ဒီလောကကြီးမှာ ဘယ်အရာက ငွေမလိုလို့လဲ။

ကျောက်အာက ဖင်ပူအောင်မထိုင်ရသေးခင်မှာပဲ ရာချီတဲ့ကဗျာအသစ်တစ်သုတ်က ပြီးသွားတာမို့ သူမလည်း အကြာကြီးနားမနေတော့ဘူး။ ဒါပေမဲ့ ဒီတစ်ခေါက်မှာတော့ မိန်းကလေးနှစ်ယောက်တည်း စိတ်မချတဲ့အတွက် ရွှီချင်းဟွိုင်ပါ လိုက်သွားတယ်။

သူတို့အုပ်စုက နေဝင်ရီတရောအချိန်အထိ ပျားပန်းခတ်အလုပ်ရှုပ်နေကြပြီး ကျောက်အာ ဒုတိယတစ်ကြိမ် ပြန်လာတော့မှ အားလုံး အနားယူဖို့ဆုံးဖြတ်လိုက်ကြတယ်။ ရောင်းရငွေက များလွန်းလို့ တစ်အိတ်ထဲနဲ့ မဆံ့ဘဲ နှစ်အိတ်ခွဲထည့်ရတယ်။

ကျောက်အာက နှစ်အိတ်လုံးကို အိပ်ရာပေါ် သွန်ချလိုက်တဲ့အခါ တချွင်ချွင်မြည်သံက လူတကာကို နားဝင်ချိုစရာလို့ မြင်သွားစေတယ်။ မောက်ပါ့သိုက ကြေးပြားပုံလေးကို ကြည့်ပြီး မျက်စိတလက်လက်နဲ့ အမေးထုတ်တယ်။

“အစ်မကျောက်အာ စုစုပေါင်း ဘယ်လောက်ရခဲ့လဲ”

“သိပ်တော့ မများပါဘူး။ ငါ့အထင် ငွေတုံး ၁၀တုံးစာလောက်တော့ ရှိမယ်”

သူတို့က စုစုပေါင်း ရွာငါးရွာသွားခဲ့ပြီး တစ်ရွာရောက်တိုင်း ပျမ်းမျှ အခုနှစ်ရာလောက်တော့ ရောင်းရတာချည်းပဲ။ အကြီးအသေး ၁၅ဝမ် ၁၀ ဝမ်ဆိုပြီး နှစ်မျိုးရှိသလို လက်လီပေးတာတွေလည်း ရှိပေမဲ့ ကျောက်အာကတော့ ဈေးဘယ်လောက်မှ မကွာဘူးဆိုတာ သိထားပြီးသား။

“မင်းတို့ အားရှိသေးရင် ဒီမှာ လာကူရေပေးကြဦး ပြီးတာနဲ့ ငါတို့ တန်းခွဲကြတာပေါ့”

ပိုက်ဆံရမဲ့စကားကြားတာနဲ့ သူတို့ခန္ဓာကိုယ်က အလိုလိုအားပြန်ပြည့်လာတယ်။ အဲဒီလိုနဲ့ တစ်ယောက်က ရေတွက် တစ်ယောက်က သီရင်း ကြေးပြားလေးတွေက အချိန်တိုအတွင်း ပမာဏအတိအကျ ထွက်လာတယ်။

ပိုလည်းမပိုဘူး လိုလည်းမလိုဘူး။ အားလုံး ၁၀ လျန်းနဲ့ ၇၈ ဝမ် ထွက်လာတာ ကျောက်အာပြောတဲ့အတိုင်း ကွက်တိပဲ။ သူတို့မှာ လူ ၇ယောက်ရှိတာဆိုတော့ ပိုက်ဆံကို ၇ပုံ အညီအမျှပုံလိုက်တဲ့အခါ တစ်ပုံကို ၁ လျန်းကျော်ကျော် ၂ လျန်းလောက်ရတယ်။

ရွှီထောက်အာက နဂိုကတည်းက ကူညီပေးဖို့သက်သက် လိုက်လာခဲ့တာမို့ ယူဖို့စိတ်ကူးမရှိပေမဲ့ ကျောက်အာက သူမဝေစုဖြစ်တဲ့ ကြေးပြားတွဲလေးကို အတင်းလက်ထဲထိုးထည့်ပေးရင်း

“ကဲပါ ထောက်အာရယ်… ကူညီတယ် မကူညီဘူးတွေ လုပ်မနေပါနဲ့။ ပိုက်ဆံဆိုတာ လိုမှာပဲ။ ဘယ်လောက်မှ မရှိဘူးဆိုပေမဲ့ ကိုယ့်ဘာသာ သိမ်းထားရင်သိမ်းထား နောက်ကျ ခန်းဝင်ပစ္စည်းတွေ ဘာတွေ ထုတ်လို့ရတာပေါ့။ နောက်ပိုင်း အိမ်ထောင်ကျလို့ လက်ထဲငွေလေးရှိနေတာ ပိုကောင်းတယ်”

ဒီလိုနဲ့ ထောက်အာက သူမဝေစုလေးနဲ့အတူ သူ့မိဘတွေကို သတင်းကောင်းပြောဖို့ တတိယမိသားစုခွဲအဆောင်ဆီ ပြန်သွားတယ်။ အဒေါ်ကျိုးက ပိုက်ဆံကိုမြင်တော့ မျက်ရည်တောင် လည်တယ်။

“နင့်အစ်မက သဘောကောင်းပြီး တွေးတတ်လိုက်တာ။ ကြည့်စမ်း… သူပေးရင်လည်း ယူထားလိုက်ပေါ့ သမီးရယ်… အမေတို့ နောက်မှ တစ်ခုခုပြန်လုပ်ပေးကြတာပေါ့”

69.2 03

ဒါက စကားသက်သက်ပြောတာ မဟုတ်ဘူး။ ကျောက်အာ အဒေါ်စွန်းတို့နဲ့ စီးပွားတွဲလုပ်လိုက်ကတည်းက အဒေါ်ကျိုးက စိတ်ထဲ တိတ်တိတ်လေး အားကျနေခဲ့တာ ကြာပြီ။ သူမလည်း သူ့ယောက်ျားကို ကျောက်အာဆီ နည်းနည်းပါးပါး သွားပြောကြည့်ဖို့ ပြောခဲ့ပါသေးတယ်။ ဒါပေမဲ့ ရွှီချင်းပိုင်က ဘယ်လိုမျက်နှာနဲ့မှ ထုတ်မပြောနိုင် ဖြစ်နေခဲ့တာ။

တော်သေးလို့ သိပ်မကြာခင်မှာပဲ ကျောက်အာက တောင်ပေါ်က မြေကွက်ဝယ်ပြီး သူတို့တတိယမိသားစုခွဲကိုပါ စားဝတ်နေရေး ချောင်လည်အောင် လုပ်ပေးလာလို့ပေါ့။ အဒေါ်ကျိုးက ကျောက်အာက စီးပွားအမြင်ရှိတာ လက်တွေ့မြင်ပြီးသွားပြီမို့ ဒုတိယမိသားစုခွဲ နောက်ကိုသာလိုက်ရင် သူတို့အနာဂတ်အတွက် စိတ်ပူစရာမလိုတော့ဘူးဆိုတာ သိပြီးသား။

ပျော်ရွှင်မှုဆိုတာ အမြဲတမ်း တိုတောင်းပါတယ်။ ညစာစားပြီးသွားတဲ့အခါ ကျောက်အာက နောက်ထပ်စာရွက်နီ အသစ်တစ်ထပ်ကြီးနဲ့ ရောက်ချလာပြန်တယ်။ ဒီစာရွက်တွေက နေ့လယ်တုန်းက မြို့ကမဆင်းခင် ဝယ်လာခဲ့တာဖြစ်ပြီး အရင်တစ်ခေါက်ကထက် အရွက်ရေပိုများတယ်။

“ကဲ စားလည်း စားပြီးပြီ။ နားလည်း နားပြီးပြီဆိုတော့ အလုပ်ပြန်လုပ်ကြတာပေါ့”

“အစ်မကျောက်အာ အရင်ဘဝက လယ်ရှင်ဖြစ်ခဲ့တာ နေမယ်”

ကျောက်အာက သူတို့အပြောကို နည်းနည်းလေးမှ မတုန်လှုပ်သွားဘဲ ခပ်ပြုံးပြုံးလေးနဲ့ ခေါင်းညိတ်ထောက်ခံလိုက်တယ်။

“မပူပါနဲ့ ဒီဘဝမှာလည်း မင်းတို့မကြီးက ပိုဆိုးတဲ့လယ်ရှင်ကြီး ဖြစ်လာဦးမှာမို့ စောင့်သာနေလိုက် အဲဒီနေ့က ဘယ်လောက်မှ မလိုတော့ဘူး”

အရွှတ်အနောက်လုပ်ပြီးတာနဲ့ သူတို့အားလုံး အလုပ်ကောင်းကောင်းပြန်လုပ်ကြတယ်။ ဒီတစ်ကြိမ်တော့ ရွှီထောက်အာနဲ့ အဒေါ်စွန်းတို့နှစ်ယောက်ပါ ကျောက်အာကို စာရွက်ကူညှပ်ပေးဖို့ ရောက်လာကြတယ်။

ကျောက်အာက ပထမပိုင်း စာရွက်တွေကို သူတို့နှစ်ယောက်နဲ့လွှဲခဲ့လိုက်ပြီး အပြင်ထွက်လာတယ်။ လောလောဆယ် အပြင်မှာ အမှောင်အတိကျနေပြီမို့ အိမ်မကြီးနဲ့ အကြီးဆုံးမိသားစုခွဲအဆောင်က မီးတွေလင်းနေပြီ။

သူမက အကြီးဆုံးမိသားစုခွဲအဆောင်ရဲ့ ထောင့်ဆုံးဘက်ခန်းကို လျှောက်သွားလိုက်ပြီး ပြူတင်းပေါက်နားရပ်ကာ တံခါးခေါက်လိုက်တယ်။ ဘယ်သူမှ ပြန်မဖြေဘူး။ သူမ အကြိမ်အနည်းငယ် ထပ်ခေါက်လိုက်တော့မှသာ အထဲက ပြူတင်းတံခါးပွင့်လာပြီး အရမ်းပိန်ချုံးသွားတဲ့ ရွှီကျွင်းခိုင်ရဲ့ မျက်နှာချွန်းချွန်း ထွက်ပေါ်လာခဲ့တယ်။

သူက ကျောက်အာကိုမြင်တော့ တော်တော်အံ့ဩသွားပေမဲ့ ထွက်လာတဲ့အသံကတော့ အတော်လေး အက်ကွဲခြောက်သွေ့နေတယ်။

“ကျောက်အာ.. တစ်ခုခုလိုလို့လား”

“နင် နားပြီးသွားပြီလား? မနားတော့ဘူးဆို ငါ့ကိုတစ်ခုကူလုပ်ပေးမလား?”

ရွှီကျွင်းခိုင်က သူမ သူ့ဆီအကူအညီလာတောင်းလိမ့်မယ်လို့ မထင်ထားတော့ နည်းနည်း ကြောင်အမ်းသွားတယ်။

“သိပ်တော့မနားရသေးဘူး။ ဒါပေမဲ့ ကူပေးလို့ရပါတယ် ဘာလုပ်ပေးရမှာလဲ?”

“ထွက်လာရင် သိလိမ့်မယ်”

အဒေါ်ယန်က ရွှီကျွင်းခိုင်ကို ဘယ်သွားမလို့လဲလို့ မေးသံထွက်လာပြီးတာနဲ့ တစ်ပြိုင်နက် တံခါးလည်းပွင့်လာတယ်။ ဖြစ်ချင်တော့ အဒေါ်ယန်ကပါ စိတ်မချလို့ ဘာထွက်လုပ်တာလဲလို့ မေးရင်း တကောက်ကောက် လိုက်လာခဲ့တာမြင်တော့ ကျောက်အာက စိတ်အေးအောင် ပြောပေးလိုက်တယ်။

“အဒေါ် စိတ်မပူပါနဲ့ သမီး ကျွင်းခိုင်ကို ကူခိုင်းစရာလေးရှိလို့ ခေါ်လိုက်တာပါ”

“ဘာမို့လို့ သူ့ကိုတောင်ခေါ်ခိုင်းရတာလဲ။ ကျောက်အာ နင်တကယ်ကြီး ငါတို့ကျွင်းခိုင်ကို ခိုင်းချင်သလို ခိုင်း…”

“အမေ တော်ပါတော့ ကျွန်တော်ကိုယ်တိုင် လုပ်ပေးချင်စိတ်ရှိလို့ ဟုတ်ပြီလား”

69.2 04

ရွှီကျွင်းခိုင်က ရုတ်တရက် ထပြောလိုက်တော့မှ အဒေါ်ယန်က ချက်ချင်း ပါးစပ်ပိတ်သွားတယ်။ ပြီးခဲ့တဲ့ကိစ္စကတည်းက သူ့သားလေး ပြောင်းလဲသွားတာ သူမ သတိထားမိပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် လက်ရှိကျွင်းခိုင်က နည်းနည်း ကြောက်စရာကောင်းတယ်။

ဒါတွေက သူမ အလိုလိုက်ခဲ့မိလို့,လို့ ပြောရင်လည်း ခံရမှာပါပဲ အဲဒါထက် သူက ရုတ်တရက် ထပေါက်ကွဲနိုင်တယ်လို့လည်း အမြဲတမ်း ခံစားမိနေတယ်။

“အေးပါ အမေ ဘာမှမပြောတော့ပါဘူး သွား သွား”

“သွားကြစို့”

နှစ်ယောက်သားက ဒုတိယမိသားစုခွဲရဲ့ အခန်းကန့်လန့်ကာကို မတင်လိုက်တဲ့အခါ စုရုံးရင်း တက်ညီလက်ညီ လုပ်နေကြတဲ့ မြင်ကွင်းကို တွေ့လိုက်ရတယ်။ အခန်းတွင်းလေထုက နွေးထွေးသိုက်ဝန်းပြီး လူတိုင်းက အပြုံးကိုယ်စီနဲ့ အင်မတန်ပျော်ရွှင်နေကြတဲ့ပုံပဲ။

“သူတို့ကို တွေ့လား။ အဲဒါအကုန်လုံး ကူညီခိုင်းဖို့ ငါ ဖမ်းထားတာတွေချည်းပဲ”

ကျောက်အာက ခေါင်းချင်းဆိုင်ရင်း နှစ်ကြောင်းစပ်ကဗျာတွေ ရေးနေတဲ့ကောင်လေးတစ်စုကို ညွှန်ပြရင်း စစနောက်နောက် ဆိုတယ်။ သူတို့မှာ ပစ္စည်းအလုံအလောက်မရှိတော့ တတိယမိသားစုနဲ့ စတုတ္ထမိသားစုက စားပွဲတွေပါ ငှားပြီး အားလုံးပေါင်း စားပွဲကြီးတစ်ခုလုပ်ထားရတယ်။

မိန်းကလေးတွေက ကုတင်ပေါ်မှာ စာရွက်ဖြတ်တာနဲ့ အလုပ်ရှုပ်နေကြတယ်။

“ကဗျာတော့ ရေးတတ်တယ်ဟုတ်… အဲဒါပဲ လုပ်ရုံပဲ မပူပါနဲ့ ပိုက်ဆံလည်း ပေးမှာပါ”

ရွှီကျွင်းခိုင်က ပိုက်ဆံစကားကြားတော့ အထင်လွဲသွားမှာစိုးလို့ အလျင်စလို ရှင်းပြတယ်။

“ပိုက်ဆံမပေးလည်း ကူပေးမှာပါ”

လက်ရှိ မောက်ပါ့သိုရဲ့လက်က ရေးရလွန်းလို့ ညောင်းကိုက်နေပြီ။ သူက ကျောက်အာ နောက်ထပ်ကျောင်းသားတစ်ယောက် ခေါ်လာတာတွေ့တော့ မျက်လုံးတွေ အရောင်လက်သွားပြီး ချက်ချင်း ပြေးထလာတယ်။

“မင်းလည်း ကူဖို့ရောက်လာတာလား။ လာ လာ ဒီကိုလာ”

သူက ပါးစပ်ကလည်းပြောရင်း လက်ကလည်း ရွှီကျွင်းခိုင်ကို ဂုတ်ပိုးကနေ ကိုင်ခေါ်သွားတယ်။ သူ အသိပြန်ဝင်လာတဲ့အချိန် ဖက်တီးလေးက သူ့လက်ထဲ စုတ်တံတစ်ချောင်း ထိုးထည့်ပေးပြီးသွားပြီ။

“အဲဒီမှာပဲ ရပ်မနေနဲ့ မြန်မြန်ရေးတော့လေ… ငါကတော့ လက်ညောင်းလို့ ခဏသွားနားလိုက်ဦးမယ်”

ရွှီကျွင်းခိုင်ရဲ့မျက်ဝန်းထောင့်တွေက အနည်းငယ် ပူစပ်လာတယ်။ သူက ဘာမှမပြောတော့ဘဲ စုတ်တံကို မှင်ရည်ထဲနှစ်ကာ စတင်ရေးတော့တယ်။

******

70 01

အခန်း ၇၀

ကျောက်အာက သူမ ဒီလုပ်ငန်းကို တိုးချဲ့ချင်တယ်ဆိုတာ အပြောသက်သက်မဟုတ်ဘူး။ နောက်တစ်နေ့နံနက်မှာပဲ သူမက ကျန်းဝူ၊ ကောင်းရှန်နဲ့ တခြားကူပေးနေကျ လူငယ်လေးတွေကို ခေါ်ခဲ့တယ်။

ကျန်းဝူနဲ့ကောင်လေးတွေက ဟူယန်းမြို့နဲ့ ရွာနီးစပ်ချုပ်တွေမှာ တစ်ရွာဝင်တစ်ရွာထွက် လိုက်ရောင်းဖို့တာဝန်ကျပြီး ရွှီထင်းရှန်းနဲ့ ကျန်တဲ့ကျောင်းသားတွေကတော့ အိမ်မှာ နှစ်ကူးကဗျာစပ်ဖို့ တာဝန်ယူရတယ်။

ရွှီထောက်အာ၊ တခြားအဒေါ်နှစ်ယောက်နဲ့ ကျောက်အာတို့ကတော့ စက္ကူဖြတ် စာရွက်စီပြီး ပိုက်ဆံတွက်တဲ့နေရာမှာ ကူညီရတယ်။ ပိုက်ဆံရေတဲ့နေရာမှာတော့ ကျောက်အာက အများဆုံး လုပ်ကိုင်ပေးရတာပေါ့။

ဒီလိုနဲ့ ဆောင်းလယ်ကစလို့ အအေးဓာတ်အကဲဆုံး ဆောင်းကုန်ပိုင်းလောက်မှာတော့ ဒီဒေသမှာရှိသမျှ ရွာပေါင်းစုံကို တစ်ရွာမကျန် လှည့်ရောင်းဖြစ်ခဲ့ပြီး နှစ်ကူးကဗျာ စုစုပေါင်း နှစ်ထောင်ကျော် ရောင်းကုန်ခဲ့တယ်။

ဒီကြားထဲမှာ စာရေးခြင်းကို တာဝန်ယူရတဲ့ ရွှီထင်းရှန်းနဲ့အဖွဲ့ကတော့ အပင်ပန်းဆုံးပေါ့။ နေ့တိုင်းလိုလို ထမင်းစားချိန်ကလွဲပြီး မိုးလင်းမိုးချုပ် လက်လည်းလှုပ် ဦးနှောက်လည်းသုံးရတော့ အတော်လေး အားကုန်ပေမဲ့ နေ့စဥ်လုပ်အားခက မြိုးမြိုးမြက်မြက်ရတော့လည်း အားလုံးက ကြိုးစားပေးကြရှာပါတယ်။

ကျောက်အာက သူတို့တွေအတွက် ဘာမှမလုပ်ပေးနိုင်တော့ ဟင်းကောင်းကောင်းချက်ပြီး အကျွေးအမွေးမှာ တတ်နိုင်သလောက် ဂရုစိုက်ပေးတယ်။ ဒီကာလအတောအတွင်း တခြားရွှီမိသားစုတွေက ဒီလူတွေနေ့တိုင်း ကျောက်အာတို့အခန်းထဲမှာ ဘာတွေစုလုပ်နေကြလဲဆိုပြီး လာစပ်စုသေးတယ်။

သူတို့က ကပ်တိုးလေး လာချောင်းကြည့်ကြတော့မှ အပြင်မှာ ပလူပျံနေတဲ့ နှစ်ကူးကဗျာတွေက ဒုတိယမိသားစုခွဲ လက်ချက်ဆိုတာ သိသွားကြတော့တယ်။ လတ်တလော ကာရံညီတဲ့ လာဘ်ခေါ်ကဗျာလေးတွေက တော်တော်ရေပန်းစားနေတာ။

အရင်လိုဆို တစ်ယောက်ယောက်က ကဗျာတွေအိမ်မှာချိတ်ချင်ရင် ရွာထဲက စာတတ်တဲ့ ထုန်ရှန်းတစ်ယောက်ကို တကူးတက လက်ဆောင်ပဏာဆက်သပြီးမှ ခခယယ ရေးခိုင်းရတာ။ အဲဒါကြောင့် ရွှီချင်းရှန်ဆို နှစ်တိုင်း ဒီလိုရေးပေးပြီး သေရည်တို့ အသားတို့လို တံစိုးလက်ဆောင်တွေရနေကျပဲ။

တစ်ခုလိုချင်ရင် တစ်ခုတော့ပေးရမှာပေါ့။ အဲဒါကြောင့် ရွာသားအများစုကလည်း ပိုက်ဆံမတတ်နိုင်တောင် သူတို့ကျေးလက်မှာပေါတဲ့ သေရည်ဖြစ်ဖြစ် အသီးအနှံဖြစ်ဖြစ် ပြန်ပေးကြတယ်။

ဒါပေမဲ့ ဒီနှစ်မှာတော့ အံ့ဩစရာကောင်းလောက်အောင်ပင် တစ်ဦးတစ်ယောက်မှ ရောက်မလာခဲ့ဘူး။ ရွှီချင်းရှန်က ဒီကိစ္စကို စဥ်းစားမရဖြစ်လွန်းလို့ ရွာထဲမှာ မေးစမ်းကြည့်တော့မှ ကျန်းမိသားစုက ကောင်လေးက နှစ်ကူးကဗျာတွေကို ဈေးတန်တန်နဲ့လိုက်ရောင်းနေလို့မှန်း သိလိုက်ရတော့တယ်။

ရွှီချင်းရှန်က တော်တော်လေး ဒေါသထွက်သွားသလို အဲဒီကျန်းမိသားစု ဘယ်ကနေ ဘယ်လို ဒီကဗျာတွေ ရခဲ့သလဲဆိုတဲ့ သိချင်စိတ်ကလည်း ပြင်းပြနေခဲ့တယ်။ ဘာလို့ဆို သူတို့ဆီမှာ စာတတ်တဲ့သူမှ မရှိတာ။

နောက်ပြီး သူ့အသိတွေဝယ်ပြီး လာလာကြွားတဲ့ အဲဒီစာရွက်ပေါ်က လက်ရေးကလည်း သူ့နည်းပါး ကောင်းမွန်နေခဲ့တယ်။ ခြုံပြောရရင် သူ့စားခွက်ပျောက်သွားတဲ့အတွက် ရွှီချင်းရှန်ကတော့ အရမ်းစိတ်တိုနေမှာ သဘာဝပဲ။

ပိုဆိုးတာက တစ်ဖက်မှာ သူ မုဆိုးမရွှီကိုလည်း နှစ်သစ်လက်ဆောင်တွေ ပေးမယ်လို့ ကတိပေးထားသေးတယ်။ နဂိုကတည်းက ပိုက်ဆံမရှိပါဘူးဆိုမှ အခုအလကားရမဲ့ အသားနဲ့သေရည်တွေကပါ ပျောက်သွားတော့ ဘယ်လိုလုပ်မလဲ။ လက်ရှိ သူ့ပိုက်ဆံအိတ်က သူ့မျက်နှာထက်တောင် ပြောင်ရှင်းသေးတယ်။

နောက်ဆုံးကျမှ သူ့ကို ကြိတ်မနိုင်ခဲမရနဲ့ စားပေါက်ပိတ်သွားအောင် လုပ်တဲ့သူက သူ့ကိုယ်ပိုင်မိသားစုထဲကဆိုတာ သိလိုက်ရတာ။

70 02

ရတယ်လေ မိသားစုခွဲ ၂! အဲဒီအစုတ်ပလုတ်လေးနှစ်ကောင်က နောက်ဆုံးအထိ သူ့ကို ဆန့်ကျင်သွားကြမယ်ပေါ့။

ဒါပေမဲ့ ဒီတစ်ခေါက် သူ့ကို ဘယ်သူမှ မကူညီခဲ့တာတော့ နှမြောစရာပဲ။ စီးပွားစပ်တူ လုပ်နေတယ်ဆိုကတည်းက တတိယမိသားစုနဲ့ စတုတ္ထမိသားစုခွဲတို့က ကျောက်အာတို့နောက်မှာ မားမားမတ်မတ် ရှိနေပြီးသား။

အဘိုးရွှီတို့လင်မယားကလည်း ဘာငွေမှမတောင်းသလို မိသားစုဝင်တွေ သင့်မြတ်နေကြတာကိုပဲ လိုချင်နေတဲ့လူတွေ။ ဘက်လိုက်တတ်တဲ့ အဘွားကျောက်က ဒီတစ်ခေါက် ဒီလုပ်ငန်းမှာ သူ့အချစ်ဆုံးမြေးကလည်း အဆင်ပြေနေတာတွေ့တော့ ဘယ်ပြောတော့မလဲ။ အဒေါ်ယန်ကတော့ သူ့သားလေး မကောင်းတာလုပ်နေတာ မဟုတ်တဲ့အတွက် ထောက်ခံပေးထားတဲ့ပုံပေါ်တယ်။

အထူးသဖြင့် ရွှီကျွင်းခိုင်က ပိုက်ဆံကိုင်ပြီး ပြန်ရောက်လာတဲ့အခါမှာပေါ့။ ကျောက်အာက တစ်နေ့စာတစ်နေ့ တစ်ခါတည်းရှင်းပေးတဲ့အပြင် သူတို့မှာ လူအင်အားတိုးလာတဲ့အလျောက် စီးပွားကလည်း ပိုချဲ့ထွင်လာနိုင်တော့ တစ်ယောက်ကို ပုံသေ ၂ လျန်းလောက် ရကြတယ်။

ရွှီကျွင်းခိုင်အတွက် သူ့ဘာသာ ပိုက်ဆံရှာနိုင်တာ ဒါပထမဆုံးအကြိမ်ပဲ။ ဒါကြောင့် လူငယ်လေးရဲ့ စိတ်လှုပ်ရှားပျော်ရွှင်မှုကိုတော့ ပြောပြစရာ မလိုဘူးပေါ့။ သူ့အမေက ဒုတိယမိသားစုခွဲနဲ့ပတ်သက်ပြီး အောက်ကျမခံနိုင်ဘူးဆိုတာလည်းသိတော့ သူက ပိုက်ဆံရတာနဲ့ အဒေါ်ယန်ကို အရင်သွားပြတတ်တယ်။

အဒေါ်ယန်ရဲ့ခံစားချက်က ဘယ်လောက်ပဲ ရှုပ်ထွေးနေပါစေ သူမက သူ့သားလေး ပျော်ရွှင်ပြီး ဝင်ငွေလေးတစ်ခု အတည်တကျရနေတာကိုတော့ မပိတ်ပင်ပါဘူး။ အဲဒါထက် မိသားစုမှာ ဘယ်လောက်ပဲ ငွေလိုလို ရွှီကျွင်းခိုင်ဆီက လုံးဝမတောင်းခဲ့ဘူး။

အခုဆို နှစ်သစ်က နီးကပ်လာပြီဆိုပေမဲ့ သူမတို့ ဘာမှမဝယ်ရသေးတော့ ပိုဆိုးပေါ့။ ဒါပေမဲ့ ဒါက သူ့သားလေးရဲ့ ပထမဆုံးကိုယ်ပိုင် ဝင်ငွေလေးလေ။ ဘယ်လိုပဲဖြစ်ဖြစ် ရွှီကျွင်းခိုင်ကတော့ သူ့မိသားစုအကြောင်းသိတဲ့အတွက် သိတတ်ပြီး အတင်းပေးရှာပါတယ်။ ဒါပေါ့ သူ့အဖေကလည်း ဒီအခွင့်ကောင်းကို မသိသေးလို့သာ သူ့ဆီ ရောက်မလာတာ။

“အမေ ဒီပိုက်ဆံကိုယူပြီး နှစ်ကူးအတွက် လိုအပ်တာတွေဝယ်လိုက်ပါ။ အဘွားတို့ဆီကပဲ အမြဲတမ်း လက်ဖြန့်နေလို့မရဘူးလေ။ ဘယ်လိုမဆို သူတို့လည်း ကျပ်တည်းနေကြတာမလား”

ဟုတ်တယ်.. တကယ်လည်း အဘိုးအဘွားလင်မယားနှစ်ယောက်က လောလောဆယ် လက်ထဲတစ်ပြားမှ မရှိတော့ဘူး။ ဒီနှစ်အထွက်ကောင်းလို့ အမြတ်များများ ရလိုက်တာတောင် အခွန်အခပေးလိုက်ရတာနဲ့ နောက်နှစ်အတွက် ရိက္ခာလောက်ပဲ ကျန်တော့တယ်။

အထူးသဖြင့် ဒီနှစ်ကောက်ရိတ်သိမ်းချိန်မှာ ဂျုံဈေးတွေက ထိုးကျသွားတော့ သူတို့က နောက်ဆုံး ငွေ ၂တုံးနဲ့ ဈေးဖြတ်လိုက်ရပေမဲ့ ရွှီချင်းရှန်က သူ့သားနောက်နှစ် ကျောင်းစရိတ်အတွက်ဆိုပြီး အားလုံးယူသွားခဲ့ပြန်တယ်။

ဒါကိုလည်း သူ့အမေက သူကျောင်းလခအတွက် စိတ်မပူအောင် လာပြောပြခဲ့တာဆိုပေမဲ့ သူကတော့ အဖေလိမ်နေပြန်ပြီဆိုတာ သဘောပေါက်လိုက်တယ်။ သေချာပေါက် အဲဒီပိုက်ဆံတွေအကုန် မုဆိုးမရွှီဆီပဲ ရောက်သွားမှာ။ ဒါကြောင့် ဒီနှစ်အကြီးဆုံးမိသားစုရဲ့ နှစ်ကူးပွဲက ခါတိုင်းလောက် မျက်နှာပန်းလှမှာမဟုတ်ဘူး။

အဒေါ်ယန်က နှစ်ကုန် ဝက်ဖော်လို့ သူတို့ဝေစုရတဲ့အခါကျမှ ကိုယ်စားဖို့နည်းနည်းသိမ်းထားပြီး ကျန်တာကို ထုတ်ရောင်းပြီးမှ ရတဲ့ငွေနဲ့ လိုတာတွေဝယ်ဖို့ စိတ်ကူးထားကြောင်း ပြောပြတော့ ရွှီကျွင်းခိုင် ရင်ထဲ တော်တော်မကောင်းတော့ဘူး။

“ယူလိုက်ပါ အမေရယ် ကျွန်တော် ကျောက်အာဆီက ထပ်ရလာမှ ကိုယ့်အတွက်ကိုယ် စုထားလိုက်ပါ့မယ်”

သူအတင်းတိုက်တွန်းတော့မှ အဒေါ်ယန်က လက်ခံတော့တယ်။ လပြက္ခဒိန်ရဲ့ နောက်ဆုံးလ ၂၄ရက်ကစလို့ ရွာထဲကအိမ်တိုင်းလိုလို ဝက်ဖော်ကြပြီး အပြင်က အအေးဒဏ်က ရွာသားတွေရဲ့ စိတ်အားထက်သန်မှုကို မသတ်နိုင်ပါဘူး။

ကျေးလက်တောရွာတွေမှာ အသားငါးဆိုတာ စားရမလွယ်တာကြောင့် သူတို့မှာ နှစ်ကုန်ပိုင်း ဝက်ဖော်တဲ့အချိန်ကိုသာ မျှော်တလင့်လင့်နဲ့ နေကြရတယ်။ ဒါပေမဲ့ အသားအဝစားလို့ရမဲ့ စားသောက်ပွဲတော်ကြီးဆိုတာ အပြောပဲရှိတာပါ။

တကယ်တမ်းကျ နှစ်ကူးမှာ လိုအပ်တဲ့ အိမ်အပြင်အဆင်တွေ အဝတ်အစားအသစ်တွေကိုလည်း ဝက်သားရောင်းပြီးပဲ ဝယ်ရတာပဲ။ အဲဒါကြောင့် သူတို့က ဝက်ဖော်ခဲ့ရင်တောင်မှ နှစ်ကူးညစာစားပွဲအတွက်ပဲ ချန်ထားပြီး ကျန်တာကို ဝက်မမွေးထားတဲ့ ရွာသားတွေဆီ ပြန်ရောင်းကြတယ်။

70 03

အဘိုးရွှီက ပြီးခဲ့တဲ့ရက်တွေကတည်းက အိမ်နီးချင်းရွာက သားသတ်သမားကို ကြိုငှားထားပြီးသား။ တကယ့်နေ့ရောက်တဲ့အခါ ရွှီတစ်မိသားစုလုံး နံနက်အစောထဲက ရှုပ်ယှက်ခတ်နေကြတယ်။ သားသတ်သမားက ဝက်သတ်တာကလွဲပြီး ကျန်တာဘာမှလုပ်ပေးတာ မဟုတ်ဘူး။

ဝက်တွေက ဆောင်းတစ်တွင်းလုံး ရွှံ့နွံထဲမှာ အနွေးစိမ်နေတာကြောင့် အခုဖော်ရတော့မယ်ဆိုတော့ ရေချိုးပေးဖို့လိုလာပြီ။ ဒီလိုနဲ့ ကြီးမားတဲ့ဝက်ကြီးနှစ်ကောင် တစ်ကိုယ်လုံးသန့်စင်သွားတော့မှ သားသတ်သမားက အလုပ်စတယ်။

သူက ရွှီချင်းပိုင်နဲ့ ရွှီချင်းဟွိုင်တို့နှစ်ယောက်ကို ဝက်ခေါင်းကနေ ထိန်းကိုင်ခိုင်းထားတယ်။ ပုံမှန်ဆို ဖွံ့ထွားတဲ့ဝက်တွေက နဂိုကတည်းက အပျင်းထူလို့ လဲနေတတ်တာများတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ သေရမှာသိနေတဲ့အတိုင်း ဆူညံသံပေါင်းစုံပေးပြီး သနားစရာကောင်းအောင် အော်ဟစ်မြည်တမ်းနေတယ်။

မောက်ပါ့သိုက အစက ဝက်ဖော်တာကို အနီးကပ်သွားကြည့်ချင်ခဲ့ပေမဲ့ အခုတော့ အသံတွေကိုကြားပြီးနောက် ပြူတင်းပေါက်ကနေပဲ ခေါင်းထုတ်ပြီး ချောင်းကြည့်ရဲတော့တယ်။ လီသာ့ထျန်ကတော့ ငကြောက်လို့ စနောက်ပြီး အသည်းအသန် ရယ်ပွဲကျနေတယ်။

မောက်ပါ့သိုက ဒီလှောင်ပြောင်မှုကို မခံနိုင်လို့ ချက်ချင်း ကုတင်ပေါ်က ထဆင်းပြီး သူရဲကောင်းဆန်ဆန်‌ ခြေလှမ်းတွေနဲ့ တံခါးပေါက်က လီသာ့ထျန်ကို အပြင်ထွက်ဖို့ အတင်းတွန်းဖယ်လိုက်တယ်။

ဒါပေမဲ့ သူ ထွက်လိုက်တာနဲ့ သားသတ်သမားက ထက်ရှတဲ့ဓားမကြီးတစ်ချောင်းကို လေထဲမြှောက်အရှိန်ယူပြီး ဝက်တွေလည်ပင်းပေါ် ဇွက်ကနဲ စိုက်လိုက်တာ တွေ့လိုက်ရတယ်။ ထိုအခါ ဝက်ကြီးရဲ့နားကွဲမတတ် အော်သံအပြင် သွေးရဲရဲတွေက ချက်ချင်း ပန်းထွက်လာတယ်။

အဒေါ်ကျိုးက ဝက်သွေးခဲဖို့ ထွက်လာသမျှသွေးတွေကို ဇလုံတစ်လုံးနဲ့ခံသလို ရွှီထောက်အာကလည်း နောက်တစ်လုံးနဲ့ ထပ်ခံတယ်။ ထိုအချိန် ကျောက်အာက ပန်းကန်လုံးလေးတစ်လုံးထဲက အရာတွေကို ဒယ်ဇောက်ကြီးထဲ လောင်းထည့်ကာ ဝက်သွေးတွေကို မခဲအောင် ပြောင်းဖူးရိုးနဲ့ မွှေပေးနေတယ်။

သွေးသံရဲရဲတွေကို မြင်စမရှိတဲ့ မြို့သားလေး မောက်ပါ့သိုကတော့ ချက်ချင်း နောက်ပြန်ဆုတ်လိုက်ပြီး သူ့မျက်နှာဝဝကလည်း သွေးမရှိသလို ဖြူဖျော့သွားတယ်။ လီသာ့ထျန်ကတော့ စိတ်ကြိုက်လှောင်တော့တယ်။

“ဟားဟားဟား… ဒါနဲ့များ ငကြောက်မဟုတ်ဘူး လုပ်ချင်သေးတယ်”

အမြဲတမ်း လျှာစောင်းထက်ခဲ့တဲ့ မောက်ပါ့သိုတစ်ယောက် အခုတော့ဖြင့် ကြောက်လန့်မှုကြောင့် ဦးနှောက်တောင် ခဲသွားသလိုပဲ။ ခဏနေမှ သူက စိတ်ပြန်ငြိမ်သွားပြီး မေးလာတယ်။

“အစ်မကျောက်အာက အဲဒီသွေးတွေနဲ့ ဘာလုပ်မလို့လဲ”

“ဝက်သွေးချောင်း လုပ်မလို့လေ စားကောင်းတယ်”

“မင်းတို့ အဲဒါကိုစားနိုင်သေးတယ် ဟုတ်လား။ ငါတော့ မစားဘူ!”

ဒါပေမဲ့ သူက အပြောစောပြီး မကြာခင်မှာပဲ ကိုယ့်စကားနဲ့ကိုယ် မျက်နှာတည့်တည့် ဖြတ်ရိုက်ခံလိုက်ရတော့တယ်။ ရွှီမိသားစုရဲ့ဝက်ကြီးနှစ်ကောင်က နာရီနဲ့ချီပြီးမှ အားလုံးကိုင်လို့ပြီးတယ်။

ဝက်သတ်ရတာ လွယ်ပေမဲ့ အမွှေးနှုတ်ရတာတော့ ခက်တယ်။ သားသတ်သမားက အသားနှစ်တုံးနဲ့ ပြန်သွားတာနဲ့ သတင်းရတဲ့ရွာသားတွေက ချက်ချင်းဆိုသလို စုပြုံလာတော့တယ်။

“အားဟွိုင် မင်းဝက် ရောင်းတော့မယ်ဆို ဘယ်လောက် ရောင်းမှာလဲ?”

ရွှီချင်းဟွိုင်က ကြောင်အမ်းနေတဲ့အချိန် အဘိုး ရွှီက အိမ်ထဲကထွက်လာပြီး ဝင်ပြောတယ်။

“ငါတို့ အများကြီး မရောင်းတော့ဘူး။ ကိုယ့်အတွက်ကိုယ် လောက်အောင်ချန်ပြီးမှ ပိုတဲ့ ၅၀သားလောက်ပဲ ရောင်းမှာ”

70 04

“ဟာ ဒီနှစ်နည်းလှချေလား။ အေးပေါ့လေ မင်းတို့က မိသားစုများတော့ များများချန်ရတာပေါ့”

အဘိုးရွှီက အများနည်းတူ လိုက်ရယ်လိုက်ပေမဲ့ သူတို့အိမ်ခွဲလိုက်ပါပြီဆိုတာ ဘယ်လိုပြောရမှာလဲ။ ဝက်နှစ်ကောင်က အတွင်းကလီစာတွေ ထုတ်ပြီးသွားတော့ အသားချည်းဆို တစ်ရာကျော်လောက်ပဲ ကျန်တယ်။

ဒါဆို ထပ်ငါးပုံပုံရင် တစ်မိသားစုမှ ကီလို ၃၀ပဲရမှာ။ သူရောင်းမဲ့ ၅၀ကလည်း သားကြီးနဲ့ သူတို့လင်မယားဝေစုထဲက တစ်ဝက်မို့ နှစ်သစ်ညစာအတွက်ဆို သူတို့မှာ ၁၀သားပဲ ကျန်တယ်။ ရွှီချင်းဟွိုင်က ဝယ်သူတွေအတွက် အသားချိန်ပေးဖို့ ထွက်သွားနှင့်ပြီ။

ပုံမှန်ဆို တစ်ဆယ်သားကို ၁၅ဝမ်ဆိုသော်လည်း နှစ်ကူးအချိန်မှာတော့ ၂၀အထိ ဈေးတင်လို့ရတယ်။ သို့ပေမဲ့လည်း သူတို့က တစ်ရွာထဲသား အချင်းချင်းမို့ အားလုံးကို ၁၈ဝမ်နဲ့ပဲ လျှော့ရောင်းပေးလိုက်တယ်။

ဒီလိုနဲ့ အသား ၅၀သားက ငွေတစ်တုံးနီးပါးလောက်ပဲ ရတယ်။ ရွှီချင်းဟွိုင်က ရောင်းရငွေကို အဘိုး ရွှီလက်ထဲ ထည့်ပေးလိုက်ပြီး နားမလည်သလိုမေးတယ်။

“အဖေ ဘာလို့အများကြီး ထုတ်ရောင်းလိုက်တာလဲ။ ဒီလိုနဲ့ နှစ်ကူးညမှာ ဘာစားမလဲ?”

“ဘာစားရမလဲ ရှိတာစားမှာပေါ့ ခါတိုင်းလည်း အိမ်မှာ နှစ်ရက်ခြား သုံးရက်ခြားလောက် အသားစားနေရတာပဲဟာ နှစ်ကူးညမှ စားရတာမဟုတ်ဘူး”

သူက ခပ်မာမာ ပြန်ပြောတော့ ရွှီချင်းဟွိုင်လည်း ဘာမှထပ်မပြောတော့ဘူး။ ဒါပေမဲ့ သူက တတိယမိသားစုနဲ့ သွားညှိပြီး အိမ်မကြီးကို အမွေခွဲပြီးတဲ့နောက် နှစ်ကူးလက်ဆောင်အနေနဲ့ သေရည်နှစ်အိုးအပြင် အသား ၃ကီလိုသွားပေးလိုက်တယ်။

ဒုတိယမိသားစုခွဲကလည်း ဒါကိုလက်ခံတာပေါ့။ ကျောက်အာက အပေးအကမ်းနဲ့ပတ်သက်လာရင် ဘယ်တော့မှ နောက်ကောက်ကျတတ်တဲ့သူ မဟုတ်တာကြောင့် အထူးသဖြင့် သူမတို့ဆီမှာ လူလည်းနည်းတော့ အသားတွေက ပိုလျှံနေတာမို့ ရိုးရိုးတန်းတန်းပဲ ရှားကျူခိုင်ကို အများကြီး ချက်ဖို့လုပ်လိုက်တယ်။

အရင်တုန်းကတော့ အားလုံးဝိုင်းချက်ကြတာဆိုပေမဲ့ အခုတော့ ဦးသူချက်စနစ်ဖြစ်သွားပြီ။ အမှန်တော့ အကြီးတွေအနေနဲ့ ဒီလိုရိုးရာကို အငယ်တွေကို ဦးဆောင်ခိုင်းလို့မသင့်ဘူး။ ဒီတော့ ရွှီချင်းပိုင်တို့ ညီအစ်ကိုနှစ်ယောက်က စလို့ တစ်မိသားစုက အသား ၅ကီလို ထည့်ဝင်ရမယ်လို့ သတ်မှတ်ပေးလိုက်တယ်။

အဆီများပြီး မွှေးပျံ့တဲ့ဝက်ဗိုက်သားကို ခပ်ပါးပါး လှီးဖြတ်ထားလိုက်တယ်။ အသားလွှာတွေက နူးညံ့ပေမဲ့ အရမ်းမပါးသလို အရမ်းလည်းမထူဘူး။ သံဒယ်အိုးကြီးကလည်း အပူပေးထားပြီးသွားပြီ။ အရင်ဆုံး ဆီနည်းနည်းနဲ့ လှီးထားတဲ့ အသားလွှာတွေကို အဝါရောင်သန်းတဲ့အထိ ကြော်ရမယ်။

ပြီးရင် အသားကထွက်လာတဲ့ ဝက်ဆီတွေ မခန်းသွားခင်လေးမှာ ကြက်သွန်မိတ်၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီး စတာတွေကိုရောပြီး သမအောင်မွှေပေးရမယ်။ နောက်တော့မှ ပဲငံပြာရည်နဲ့ ဟင်းချက်ဝိုင်ကို အတော်အသင့်ထည့်ကာ ရေအတန်ငယ် ထည့်လိုက်တဲ့အခါ ဝက်သားက အရသာဝင်ပြီး နူးအိလာလိမ့်မယ်။

ဟင်းကို မီးများများနဲ့ ဆူအောင်တည်ပြီးသွားရင်တော့ မီးလျှော့ပြီး ထပ်နှပ်ထားဖို့လိုတယ်။ ဒီအချိန်မှာမှ အခဲခံထားတဲ့ ဝက်သွေးချောင်းတွေနဲ့ တို့ဖူးတို့ကို တုံးပြီးပစ်ထည့်လိုက်တယ်။ ဒီအရာနှစ်ခုလုံးက တည်ထားလေ ပိုအရသာရှိလေပဲ။

အပြင်က ဝက်အူချောင်းနဲ့ ဝက်အသည်းနှလုံးတွေကိုလည်း အနေတော် လှီးဖြတ်ပြီးသွားပြီမို့ အိုးထဲပစ်ထည့်ကာ ဆားနဲ့ အရသာမှုန့်အချို့ ထပ်ဖြူးလိုက်တယ်။ အားလုံးကျက်ဖို့အတွက် ဆယ့်ငါးမိနစ်လောက် ထားရပြီး နောက်ဆုံးမှ အချဥ်တည်ထားတဲ့ အသီးအရွက်တွေကို အုပ်ရတာ။

အချိန်ကြာလာတာနဲ့ အသားရဲ့မွှေးရနံ့နဲ့အတူ ဟင်းရွက်ချဥ်ရဲ့ အနံ့က တွဲထွက်လာတော့ အနားမှာရှိတဲ့လူတိုင်းကို သွားရည်တမြမြ ဖြစ်လာစေတော့တယ်။ မောက်ပါ့သိုက စချက်ကတည်းက မီးဖိုချောင်အပေါက်ဝမှာ ဆောင့်ကြောင့်ထိုင်စောင့်နေတာ တော်တော်ကြာပြီ။

ဟေးကျစ်ကလည်း သူ့ခြေထောက်နားမှာ ထိုင်နေပြီး လျှာတန်းလန်းနဲ့ အနံ့ကို အရသာခံနေရတယ်။ နောက်ဆုံးတော့ ကျက်သွားတဲ့ ရှားကျူခိုင်အိုးကြီးကို မီးဖိုပေါ်က ချလိုက်နိုင်ပေမဲ့ အိမ်ထဲသယ်မသွားတော့ဘဲ ခြံထဲမှာခင်းထားတဲ့ လေးထောင့်စားပွဲပေါ်ပဲ တင်လိုက်တယ်။

အိုးကြီးက တော်တော်ကြီးပြီး ပွက်ပွက်ဆူနေတာဆိုတော့ အိမ်ရှေ့အိမ်နောက် ပြောင်းရွှေ့ဖို့မလွယ်ဘူး။ ဟင်းကျက်ပြီဆိုတာနဲ့ လူကြီးကို အရင်ဦးချတာတွေ ဘာတွေလုပ်မနေတော့ဘဲ မအေးသွားခင် ကလေးလူကြီးအားလုံး ကိုယ့်ပန်းကန်ကိုယ်ကိုင်ကာ ရတဲ့နေရာမှာ ဆွဲတော့တယ်။

70 05

လောဘကြီးပြီး အိုးနားကပ်ထိုင်နေတဲ့ မောက်ပါ့သိုက ရေချိုးထားသလို ချွေးတွေ စီးကျနေပေမဲ့ ဟိုတစ်ခေါက်တုန်းက တောင်ပေါ်က မြေကွက်ကိစ္စကြောင့် မျက်နှာကို ကွယ်ထားတဲ့ ဦးထုပ်နဲ့မာဖလာတွေကို ဆွဲချွတ်ချင်တာတောင် မချွတ်နိုင်ဖြစ်နေတယ်။

ဒီနေရာမှာတော့ လီသာ့ထျန်လည်း ထိုနည်း၎င်းပဲ။ ရွှီမိသားစုထဲမှာတော့ ထူးထူးခြားခြားအနေနဲ့ ရွှီချင်းရှန်တစ်ယောက် သူ့ဂုဏ်တွေသိက္ခာတွေအားလုံး ချောင်ထဲထိုးကာ တဟူးဟူးမှုတ်ပြီး အသားတွေချည်းပဲ ပလုတ်ပလောင်း ရွေးစားနေတယ်။ ဒီတလော သူ အသားငတ်နေတာ တော်တော်ကြာပြီလေ။

ဗိုက်မဆံ့အောင်စားပြီးသွားတော့မှ သူက သွားကြားထိုးရင်း ရယ်ကျဲကျဲ ထုတ်ပြောတယ်။

“ကျောက်အာ ဒီနှစ်ကုန်မှာ ဝက်ဖော်လို့ရတဲ့အသားတွေ မပြောနဲ့ နှစ်ကူးကဗျာတွေ ရောင်းပြီး အများကြီးထောသွားတာ။ ဒီဦးလေးကို နည်းနည်းပါးပါး မကန်တော့ချင်ဘူးလား?”

အားလုံးက ရွှီချင်းရှန်ရဲ့ အရှက်မဲ့မှုကို ပြောစရာစကားတောင် မရှိတော့လို့ ငြိမ်ကျသွားကြတယ်။ အားလုံးထဲမှာ အဘိုးရွှီရဲ့မျက်နှာက မြင်မကောင်းအောင် ပျက်ကျသွားပြီး သူက ရှက်ရှက်နဲ့ ချက်ချင်းထဆူတယ်။

“သားကြီး မင်းအသားတွေ အစားလွန်ပြီး ရူးသွားပြီလား။ အခုနလေးတင် ကျောက်အာက မင်းကို အသားရော အရက်ရော ပေးပြီးသွားပြီ မဟုတ်ဘူးလား။ ဒါတောင် မင်းလိုအင်က မပြည့်နိုင်ဘူးလား?”

“အဖေ ဒါကဘယ်တူပါ့မလဲ။ အရင်နှစ်တွေတုန်းက ကျွန်တော်တို့မိသားစုမှာ ဘယ်တုန်းကမှ အသားမလောက်တာ မရှိဖူးဘူး။ ဒီနှစ်လည်း သူတို့သာ ကျွန်တော့်အလုပ်ကို မလုသွားရင် ဒီနေ့အသားလေး နည်းနည်းပဲ စားရပါ့မလား။ တကယ်လို့ သူ ဒါတွေကို ပြန်လျော်မပေးဘူးဆို ဘယ်သူက ကျွန်တော့်အတွက် နစ်နာကြေးလာပေးမှာလဲ”

ရွှီချင်းရှန်က ဒါတွေပြောချင်တာမှ ပါးစပ်ကိုယားနေတာ မျက်နှာမပျက်ချင်လို့သာ ထုတ်မပြောခဲ့တာ ဒါပေမဲ့ တစ်ဖက်မှာလည်း မုဆိုးမရွှီက သူ့ကိုအသည်းအသန် ပိုက်ဆံတောင်းနေလို့သာ နောက်ဆုံးထုတ်ပြောလိုက်ရတာ။

မုဆိုးမရွှီက ရမ္မက်နတ်ဆိုးတစ်ကောင်လိုပဲ။ ရွှီချင်းရှန်လည်း အရင်တုန်းက ဒီလိုမိန်းမက ညစ်ညမ်းတယ်ဆိုပြီး ရွံရှာခဲ့ဖူးတယ်။ ဒါပေမဲ့ အဲဒီတစ်ခါလေး ကျသွားပြီးတဲ့နောက် ဒီကျွင်းထဲက ပြန်ကိုတက်မလာနိုင်တော့ဘူး။

အဓိကအချက်က သူဟာ နဂိုကတည်းက ပိုင်စိုးပိုင်နင်းဆန်တဲ့ဗီဇရှိသူမို့ သူ ထိတွေ့လိုက်တဲ့မိန်းမကိုလည်း တခြားယောက်ျားတွေ ထိကိုင်တာ မခံချင်ဘူး။ မုဆိုးမ ရွှီကလည်း သူ့စကားနားထောင်ပြီး တခြားလူတွေနဲ့ အဆက်အသွယ်ဖြတ်လိုက်ပေမဲ့ သူမလည်း စားဖို့သောက်ဖို့ လိုသေးတယ်လေ။

အဲဒီလိုနဲ့ ထောက်ပံ့ပေးဖို့ပြောတာ နည်းလမ်းကျပါတယ်။ တကယ်တမ်း နည်းလမ်းမကျတာက ကိုယ်သယ်တဲ့ကျောက်တုံး အလေးချိန်ကို နိုင်မနိုင်မသိဘဲ ဇွတ်မခဲ့တဲ့ ရွှီချင်းရှန်ပဲ။ အခုတော့ အဲဒီကျောက်တုံးက သူ့ခြေထောက်ပေါ် ပြန်ကျတော့မယ်။

“မင်းတကယ် မူးပြီး ဦးနှောက်ချောင်သွားပြီကိုး။ ကလေးတွေနဲ့တောင် ပြိုင်ငြင်းလိုက်သေးတယ်။ ပြီးတော့ ကျောက်အာက ကျွင်းခိုင်ကိုလည်း ပိုက်ဆံပေးသေးတယ်။ အဲဒါက မင်းရဲ့အသားတွေ သေရည်တွေနဲ့ အတူတူပဲ မဟုတ်ဘူးလား”

အဘိုးရွှီက သံက စတီးဖြစ်မလာတဲ့အပေါ် အတော်လေး အားမလိုအားမရဖြစ်ရပြီး သားကြီးက အပြင်လူတွေရှိနေတာတောင် ဂရုမစိုက်ဘဲ မိသားစုသိက္ခာကျအောင် ဘယ်တုန်းက ဒီလိုမျက်နှာပြောင်တိုက်တတ်သွားတာလဲဆိုတာ တွေးမရတော့ဘူး။

“ကျွင်းခိုင်ကို စာရေးခပေးတာလား”

ရွှီချင်းရှန်က အမြဲလိုလို အိမ်မကပ်တာကြောင့် သူ့သားပိုက်ဆံရတာ မသိသေးဘူး။ သူ့မျက်လုံးတွေက ချက်ချင်း အရောင်တောက်သွားပြီး အရှက်မရှိတဲ့အပြုံးနဲ့ပဲ ရယ်ကျဲကျဲ ပြောလာတယ်။

“အဖေကလည်း ဘာတွေ စိတ်ဆိုးနေတာလဲ။ ကျွန်တော်က ဒီတိုင်း ကျောက်အာကို နောက်နေတာပါ”

70 06

ဒါပေမဲ့ သူ့ဟာသက ဘယ်သူ့အတွက်မှ ရယ်ချင်စရာကောင်းမနေဘူး။ တတိယမိသားစုနဲ့ စတုတ္ထမိသားစုဆီက ဘာအသံမှထွက်မလာသလို မောက်ပါ့သိုနဲ့ တခြားသူတွေကလည်း အပြင်လူတွေမို့ မကြားချင်ယောင်သာ ဆောင်ပေးနေကြတယ်။ ဒါပေမဲ့ သူတို့ထဲ ရွှီကျွင်းခိုင်ကတော့ ရှက်ရွံ့မှုကြောင့် ခေါင်းတောင်မဖော်ရဲတော့ဘူး။

ပူနွေးသော်လည်း အရသာမဲ့သွားသလို ခံစားရတဲ့ ရှားကျူခိုင်ကို စားသောက်ပြီးတဲ့နောက် လူတိုင်း အလုပ်ပြန်စကြတယ်။ အခုသူတို့က နီးစပ်ရာရွာတိုင်းကို သွားပြီးသွားပြီဆိုတော့ ကျောက်အာရဲ့အစီအစဥ်က နောက်ရက်တွေထဲ ဒီသုံးနေရာကို သွားဖို့ပဲ။

အဲဒါကတော့ ဟူယန်းမြို့ရယ် အန်ယန်းမြို့ရယ် ခရိုင်တစ်ခုလုံးအောက်က မြို့နယ်လေးတွေရယ် ဖြစ်တယ်။ ဆိုလိုတာက သူတို့နောက်ထပ် သုံးရက်လောက် ကြိုးကြိုးစားစား လုပ်ရဦးမယ်။

ဘယ်လိုပဲဖြစ်ဖြစ် အိတ်ထဲဖောင်းလာတဲ့ ငွေစတွေကြောင့် ဘယ်သူတစ်ဦးတစ်ယောက်ကမှ ပင်ပန်းတယ်လို့ မခံစားရပါဘူး။ အားလုံးက လုပ်ပါများတော့ ကျောက်အာတောင် ကြီးကြပ်ပေးစရာမလိုတော့ဘဲ သူ့ဟာနဲ့သူ စနစ်တကျ လုပ်ဆောင်နေတော့တယ်။

ရွှီကျွင်းခိုင်က ရေအိမ်သွားချင်လာလို့ စာရေးတာခဏနားပြီး နောက်ဖေးသွားတဲ့အချိန် ဘယ်တုန်းထဲက ချောင်းနေမှန်းမသိတဲ့ မျက်လုံးတစ်စုံကလည်း လိုက်ပါလာခဲ့တယ်။ ရလဒ်ကတော့ ရွှီကျွင်းခိုင်တစ်ယောက် အိမ်သာထဲက ထွက်ထွက်လာချင်း သူ့အဖေရဲ့ တားဆီးခြင်းခံလိုက်ရတော့တာပဲ။

“မင်းလက်ထဲ ဘယ်လောက်ရှိလဲ ငါ့ကိုပေးစမ်းပါ”

ရွှီကျွင်းခိုင်က နှုတ်ခမ်းသားတွေကို တင်းတင်းစေ့လိုက်မိပြီး “ကျွန်တော့်မှာ ဘာမှမရှိဘူး”

ရွှီချင်းရှန်က စိတ်မရှည်တဲ့ပုံဖြစ်သွားတယ်။

“ငါမင်းအမေကို မေးပြီးသွားပြီ သူက မင်းဆီ မတောင်းချင်လို့တဲ့။ အဲဒါကြောင့် ငါလာတောင်းတာ။ အဲဒီငွေကလည်း မင်းနောက်နှစ် ကျောင်းစရိတ်အတွက်ပါကွ”

“အဖေ အဘွားဆီမှာလည်း အဲဒီလိုပြောပြီး တောင်းပြီးသွားပြီလေ။ ပြောစမ်းပါ ဒီလောက် ပိုက်ဆံတွေရနေတာကို မစုနိုင်ရအောင် အဲဒီငွေတွေက ဘယ်ရောက်သွားလို့လဲ?”

“ဒီကောင်စုတ်လေး မင်းဘာသိလို့လဲ။ ကလေးကများ လူကြီးတွေကိစ္စကို လာမေးခွန်းထုတ်ချင်နေသေးတယ် … ပိုက်ဆံသာ ပေးစမ်းပါ”

“ကျွန်တော့်မှာ မရှိဘူး”

“မင်း ပေးမှာလား မပေးဘူးလား”

“အဖေ တကယ်ပဲ ဒီလိုတွေလုပ်နေတာ အဲဒီမုဆိုးမရွှီကြောင့်လား?”

ရွှီချင်းရှန်က နွေလယ်ခေါင် မိုးကြိုးပစ်ချသလို အလန့်ကြီးလန့်သွားတယ်။ သူ့သားကို ဒီအကြောင်း သိနေမယ်လို့ မထင်ထားဘူး။

သူ ဘယ်လိုသိတာလဲ။ ဘယ်ကတည်းက သိနေတာလဲ? သူ့အမေကိုရော သွားပြောလိုက်ပြီလား။

“ဘာကို မုဆိုးမ ရွှီတွေ မုဆိုးမ လီတွေ လုပ်နေတာလဲ။ ဒီတိုင်း အဲဒီလိုတွေ ရှိတယ်ကွာ မင်းကိုပြောရမှာ ပျင်းလို့ ကဲ မပေးချင်လည်း မပေးနဲ့တော့”

ရွှီချင်းရှန်က ရင်ထဲစိုးရိမ်သောက တစ်ပုံတစ်ပင် ထိုးတက်လာလို့ ငွေတောင်မညှစ်ရဲတော့ဘဲ အမြန်ရှောင်ထွက်သွားတယ်။ ရွှီကျွင်းခိုင်ကတော့ ဆို့နင့်စွာ မျက်စိတွေဖိပိတ်လိုက်မိပြီး အလုပ်ထဲပြန်ဝင်ဖို့အတွက် စိတ်ရွှင်ဖို့တောင် မနည်းလုပ်ယူလိုက်ရတယ်။

ဒီတစ်ခေါက် ကဗျာရောင်းရငွေက လူတိုင်း ငွေ ၁၅တုံးစီ ရလိုက်စေတယ်။ အထူးသဖြင့် နောက်ဆုံးနှစ်ရက်မှာ မြို့တော်ကြီးက ရူးခါမတတ် အလုအယက်ဝယ်ကြတယ်ဆိုပေမဲ့ နောက်မှလိုက်ဖွင့်တဲ့ နှစ်ကူးဆုတောင်းကဗျာဆိုင်တွေကြောင့် ကျောက်အာတို့စီးပွားက နည်းနည်းကျသွားရတာ။

ဒါကိုမြင်တော့ ကျောက်အာက သူတို့လက်ထဲ ပစ္စည်းကုန်တာနဲ့ ဆိုင်သိမ်းပြီး ထွက်လာခဲ့တော့တယ်။ အနာဂတ်ကို ကြိုမြင်နေတာမဟုတ်ပေမဲ့ ဒီလိုဖြစ်လာမယ်ဆိုတာ ကြိုတင်ခန့်မှန်းထားပြီးသား။ လူတွေက ရေစီးနောက်လိုက်ရတာ ကြိုက်တယ်လေ။

သူများတွေ ဘာလုပ်ပြီးအောင်မြင်နေလဲ သူတို့လည်း လိုက်လုပ်ကြမှာပဲ။ ဘယ်လိုမဆို မြို့မှာက စာတတ်တဲ့သူတွေ ပိုများတော့ စာရွက်နဲ့မှင်ရှိရင် လူတိုင်းရေးပြီး ရောင်းလို့ရနေတာပဲ။ ဒါကြောင့် မြို့မှာက တောရွာတွေလိုမဟုတ်ဘဲ ကိုယ့်စီးပွားလုခံရချေက ၈၀ရာခိုင်နှုန်းရှိတယ်။

70 07

အဲဒါကြောင့် ကျောက်အာက လက်ထဲမြတ်နေပြီဆိုတော့မှ နောက်ဆုံးဒီနေရာတွေကို အပိတ်သဘောသွားဖို့ ဆုံးဖြတ်လိုက်တာဖြစ်လို့ စိတ်ထဲ ဘာမှဝမ်းနည်းမနေဘူး။ သူမက အားလုံးကို ဝေပုံကျခွဲပေးပြီးတာနဲ့ အိမ်ပြန်လွှတ်လိုက်တော့တယ်။

၂၉ရက်မြောက်နေ့မှာတော့ ရွှီထင်းရှန်းက ဆရာကြီးလင်းမြောင်ကို နှစ်ကူးလက်ဆောင်ပေးဖို့ မြို့တက်သွားတယ်။ ဒါတွေပြီးတာနဲ့ သူ့မှာ နှစ်ကူးညကို ကြိုဆိုဖို့စောင့်နေရုံပဲ။ နှစ်ကူးအကြိုညစာကို အိမ်မကြီးထဲမှာပဲ မိသားစုတွေဝိုင်းဝန်း စားသောက်ကြတယ်။

ပြီးတာနဲ့ ကိုယ့်အခန်းကိုယ်ပြန်ကာ သန်းခေါင်ယံကို စောင့်နေရုံပဲ။ ဒါပေမဲ့ ဒီတလောအတွင်း ကျောက်အာနဲ့ရွှီထင်းရှန်းတို့ နှစ်ယောက်လုံးက အရမ်းပင်ပန်းခဲ့တော့ ခေါင်းချတာနဲ့ အိပ်ပျော်သွားပြီး အပြင်က ကလေးတွေ ‌ဗျောက်အိုးဖောက်သံ ထွက်လာတော့မှ နှစ်သစ်ကူးသွားပြီဆိုတာ သိလိုက်ကြတာ။

လပြက္ခဒိန်ရဲ့ နှစ်ဆန်း ၁ရက်ကျရင် ထုံးတမ်းစဥ်လာအရ ရွာထဲက မျိုးရိုးတူ လူကြီးသူမတွေဆီ အလည်သွားရပြီး ၂ရက်မြောက်ကျရင်တော့ ကိုယ့်ယောက္ခမအိမ်ကို သွားရတယ်။ အဘွား‌ကျောက်ရဲ့အမေက သက်ရှိထင်ရှားရှိနေဆဲမို့ ပြောစရာတောင်မလို တခြားမိသားစုခွဲနှစ်ခုက အဘိုးရွှီတို့လင်မယားနဲ့ သူတို့အမေအိမ်သွားကြတယ်။

ဒီလိုနဲ့ သွားစရာမရှိတဲ့ ဒုတိယမိသားစုခွဲသာ အိမ်မှာတစ်ယောက်တည်း ကျန်ခဲ့ကြတော့တယ်။ သူတို့နှစ်ယောက်သားက ရှားရှားပါးပါး တိတ်ဆိတ်အေးချမ်းတဲ့အချိန်လေးကို အခွင့်ကောင်းယူကာ အကြာကြီးအိပ်ပစ်လိုက်ပြီး မွန်းတည့်ချိန်ကျော်တော့မှ ထကြတယ်။

နိုးတာနဲ့ နံနက်စာအတူစားပြီးသွားတဲ့အခါ အိပ်ရာပေါ်မှာပဲ စာအုပ်ဖတ်ရင်း ကွေးနေကြတယ်။ ဒီနေ့ တစ်အိမ်လုံး တိတ်ဆိတ်နေတာက ခြောက်ခြားဖို့တောင်ကောင်းလို့ နေသားမကျသေးတဲ့ သူတို့က စာဖတ်တဲ့ထဲမှာပဲ အာရုံနှစ်ထားကြတယ်။

ရွှီထင်းရှန်းကလည်း သူ့ဟာနဲ့သူ စာဖတ်နေတော့ ကျောက်အာက မနှောင့်ယှက်တော့ဘဲ သူပေးထားတဲ့ ဂဏန်းသင်္ချာဆိုတဲ့ မိတ္တူတစ်အုပ်ကို ထုတ်ကြည့်လိုက်တယ်။ သူမက အခုစာဖတ်တတ်သွားပြီဆိုရင်တောင် စာလုံးအများကြီးကို မမှတ်မိသေးဘူး။

တစ်မျက်နှာမှာ သူမ မသိသေးတဲ့စာလုံးအချို့ ရှိနေသေးတယ်။ တစ်ခါတလေကျ ဘာမှနားမလည်တာတောင် ရှိတယ်။ တကယ်လို့ အရင်လိုသာဆို သူမ ချက်ချင်း သွားမေးမိမှာဆိုပေမဲ့ အခုရွှီထင်းရှန်းကလည်း စာထဲဈာန်ဝင်နေပုံရတော့ လောလောဆယ် မှတ်ထားပြီး နောက်မှမေးဖို့ ဆုံးဖြတ်လိုက်တယ်။

သူမက ဖတ်ရင်းဖတ်ရင်း နားမလည်တာတွေများလာတော့ ဦးနှောက်ကလည်း အလိုအလျောက် အိပ်ငိုက်လာတယ်။ ဒီလိုနဲ့ ဘယ်လောက်ကြာကြာ အိပ်ပျော်သွားတယ်မသိ သူမ ပြန်နိုးလာတော့ အခန်းထဲမှာ ဘယ်သူမှမရှိတော့ဘူး။

သူမ ဘေးမှာစာအုပ်ရှိနေသေးတဲ့အတွက် ရွှီထင်းရှန်း ရေအိမ်သွားတာဖြစ်မယ်လို့ ခန့်မှန်းမိလိုက်တယ်။ ကျောက်အာက သန်းဝေရင်း ဘာရယ်မဟုတ် စာအုပ်ကို ကောက်ကိုင်ကြည့်လိုက်တယ်။ ရွှီထင်းရှန်းဖတ်တဲ့စာအုပ်တွေကို သူမ ဘယ်တုန်းကမှ နားမလည်ခဲ့တာမို့ အခုလည်း မဖတ်တတ်လောက်ဘူးပဲ ထင်လိုက်တာ။

ဒါပေမဲ့ ဒီတစ်အုပ်ကတော့ သူမ အရင်ကတွေ့ဖူးတဲ့ ဂန္ဓဝင်စာပေတွေ မဟုတ်ဘူးဆိုတာ ဘယ်သူကထင်ထားမှာလဲ။ အရင်တုန်းက အသံတောင်မထွက်တတ်တဲ့ စကားလုံးအမြင့်တွေနဲ့ ပြည့်နေရာက အခုတော့ …

သူမ စာအုပ်အဖုံးကို ပြန်ကြည့်လိုက်တဲ့အခါ ကျောင်းတော်လို့ အဓိပ္ပာယ်ရတဲ့ စာလုံးရေးထားတယ်။ ဒါပေမဲ့ လက်ထဲမှာ ကိုင်ထားလေလေ တစ်ခုခုတော့ မှားနေပြီလို့ ခံစားရလေပဲ။ ဒီလိုနဲ့ ဖင်တစ်ပြန် ခေါင်းတစ်ပြန် လှန်ကြည့်လိုက်တော့မှသာ စာအုပ်မှာ အဖုံးနှစ်ထပ်ရှိနေတာ မထင်မှတ်ဘဲ တွေ့လိုက်ရတယ်။

အပြင်အဖုံးက နက်ပြာရောင် ဗြောင်နောက်ခံပေါ်မှာ ‘ကျောင်းတော်’လို့သာ ရိုးရှင်းစွာ ရေးသားထားပြီး အထဲက အဖုံးက အများကြီး ပိုအရောင်စုံတဲ့ ရုပ်ပုံတစ်ချပ်ပဲ။ ပန်းချီထဲမှာ လူနှစ်ယောက်ပွေ့ဖက်နေတဲ့ပုံ ပြထားပေမဲ့ စာရွက်သားက သိပ်မကောင်းလို့ ရှင်းရှင်းလင်းလင်းတော့ မမြင်ရဘူး။

ကျောက်အာက ဘာပုံမှန်း အတိအကျမပြောနိုင်ပေမဲ့ ပုံထိပ်ဆုံးမှာတော့ ခေါင်းစဥ်ဖြစ်ဟန်တူတဲ့ ‘ကျင်းနှင့်မေ့’ဆိုတဲ့ စကားလုံးတွေကို ရေးရေးလေး မြင်လိုက်တယ်။ ဝိုးတဝါးမြင်ရုံနဲ့ကို သူမ သဘောပေါက်သွားပါပြီ။

70 08

ဟင် သူ့ကောင်လေးက တကယ်ကြီး ဒီလိုစာအုပ်တွေလည်း ဖတ်တာပဲ။ ပြီးတော့ အဖုံးကိုတောင် ကျောင်းစာအုပ်ပုံစံနဲ့ ဖုံးထားလိုက်သေးတယ် တယ်ဉာဏ်များတာပဲ။

ကျောက်အာက ဒါဘာအကြောင်းအရာကို ရေးထားတဲ့စာအုပ်လဲ မသိပေမဲ့ ဖုံးထားတယ်ဆိုမှတော့ သေချာပေါက် ကောင်းတဲ့စာပေ မဖြစ်နိုင်ဘူး။ ဒီအတွေးနဲ့ သူမ အထဲကိုလှန်ကြည့်လိုက်တဲ့အခါ ရွှီထင်းရှန်း ဖတ်လက်စဖြစ်တဲ့ စာမျက်နှာကို ရောက်သွားတယ်။

ကျောက်အာက ခွဲခြမ်းစိတ်ဖြာဖို့ မျက်စိတွေတောင် မှေးကျဥ်းရင်း အနီးကပ် ကြည့်လိုက်တဲ့အခါ

‘အမျိုးသားဟာ ဒေါသဖြင့် ပေါက်ကွဲရန် နောက်လှည့်လိုက်သောအခိုက်မှာတင် အင်မတန် လှပပြီး စွဲမက်ဖွယ်ကောင်းသော မိန်းကလေးတစ်ဦးအား တွေ့လိုက်ရသည်။ အမျိုးသမီးငယ်မှာ ဇင်ယော်တောင် မျက်ခုံး၊ သမင်မလေးသကဲ့သို့ မျက်ဖန်ကြည်ကြည် နှာတံမြင့်မြင့်နဲ့အတူ ချယ်ရီပန်းလို ပန်းရောင်သန်းလှတဲ့ နှုတ်ခမ်းသားတစ်စုံအပြင် နှင်းဆီနီပါးအို့များလည်း ရှိနေလေသည်။

ဖြူနုသော အသားအရည်နှင့် ကောက်ကြောင်းပေါ်လွင်သော ခန္ဓာမှာ ခါးသွယ်သွယ် တင်ကားကားဖြင့် ပေါင်းစပ်လိုက်သောအခါ အကြည့်ပင်လွှဲရခက်၏။ ဖွံ့ထွားထွားရင်နှစ်မွှာသည်လည်း အမြင်နှင့်ပင် နူးညံ့အိစက်ဟန်ရလေကာ ထို့ထက် ဖြောင့်တန်းနေသော ပေါင်တံကြားတွင်လည်း…

အီး ဒါဘာတွေလဲ။

ရွှီထင်းရှန်းက ပြန်မလာသေးတော့ ကျောက်အာလည်း ထပ်ဖတ်ကြည့်လိုက်ရာ ‘ရှီမန့်ချင်း’လို့အမည်ရတဲ့ ယောက်ျားတစ်ယောက်က ဖန်ကျင်းလျန်လို့ခေါ်တဲ့ မိန်းကလေးနဲ့ဖောက်ပြန်ဖို့ ရှေ့တော်နေ ဝမ်ပိုတစ်ယောက်ပါ ခေါ်ထားတာ တွေ့လိုက်ရတယ်။

ဝမ်ပိုက ပြောတယ်။

“အရာရှိအပေါင်းတို့ ကျွန်ုပ်စကားကို အရင်နားထောင်ကြည့်ပါ။ ‘ချစ်ဇာတ်ခင်းတယ်’ဆိုတာက အတော်လေး အဓိပ္ပာယ်များတဲ့ စကားလုံးတစ်ခုပါ။ ဒါပေမဲ့ ယခုကာလမှာတော့ လူတိုင်းက ဖောက်ပြန်တယ်ဆိုတာကို ရည်ညွှန်းဖို့သုံးနေကြပါတယ်။ သို့သော် မိန်းမနဲ့ယောက်ျား အချင်းချင်း သံယောဇဥ်တွယ်သွားဖို့ အချက် ၅ချက်ပဲလိုပါတယ်။

ပထမတစ်ချက် ဖန်အန်းလို လှပတဲ့ရုပ်ရည်၊ ဒုတိယတစ်ချက် မြည်းတစ်ကောင်လို သက်လုံအားကောင်းဖို့နဲ့ တတိယကတော့ ချမ်းသာကြွယ်ဝဖို့ပါ။ လေးချက်မြောက်အနေနဲ့ စိတ်ရှည်သည်းခံပြီး ထိုမိန်းကလေးအပေါ် ဂရုစိုက်ပေးနိုင်ရမယ်။ နောက်ဆုံးတစ်ချက်ကတော့ သီးသန့်အချိန်ဖယ်ထားပေးဖို့ပါ။ ဒါတွေပေါင်းလိုက်တော့မှ ဒီကိစ္စကို ‘ချစ်ဇာတ်ခင်း’တယ်လို့ ခေါ်နိုင်တာပါ”

ကျောက်အာက ဖတ်ရင်းဖတ်ရင်း မျက်နှာကြီးနီရဲလာပြီး တံခါးဝက လှုပ်ရှားသံကြားတဲ့အခါ ချက်ချင်း လက်ထဲကစာအုပ်ကို လွှင့်ပစ်ကာ မရှက်ဟန်နဲ့ ဆူပူတယ်။

“ထင်းအာ နင် ဘယ်လိုစာအုပ်တွေဖတ်နေတာလဲ”

******

All Chapters