← Chapters

အခန်း (၇၁-၇၂)

Vol. 8 Ch. 71-72

အခန်း (၇၁-၇၂)

Vol. 8 Ch. 71-72

71 01

အခန်း ၇၁ အပြာစာအုပ်နှင့် ဖုံးကွယ်ထားသော ရည်ရွယ်ချက်

ရွှီထင်းရှန်းက အိမ်ရှေ့လိုက်ကာကိုမပြီး အထဲကို လှမ်းဝင်လာတဲ့အခါမှာတော့၊ ကိုယ်ပေါ်မှာ ဂွမ်းစောင်ပါးလေး တစ်ထည်ကိုခြုံထားရင်း ခန်ပေါ်မှာ ဒူးတုပ်ထိုင်နေတဲ့ ကျောက်အာကို မြင်လိုက်ရတော့တယ်။

သူမရဲ့ပါးပြင်နှစ်ဖက်ဟာ နီမြန်းလို့နေပြီး မျက်လုံးအစုံကလည်း အရောင်တောက်နေပေမဲ့၊ မျက်မှောင်ကို ကြုတ်ရင်း ဒေါသထွက်ချင်ယောင် ဆောင်နေတယ်။ ဒါပေမဲ့ အဲဒီပုံစံက ကြည့်ရတာတော့ အပြင်ပန်းပဲရှိပြီး အတွင်းကတော့ ရှက်နေတဲ့ ပုံစံမျိုး ဖြစ်နေတယ်။

"နင်... ဒါ ဘာအပြင်စာအုပ်တွေ ဖတ်နေတာလဲ"

"ဒီစာအုပ်ကို ပြောတာလား"

ရွှီထင်းရှန်းက စိတ်အေးလက်အေးနဲ့ပဲ မေးလိုက်တယ်။

"ဟုတ်တယ်…ဒီစာအုပ်ပဲ"

ကျောက်အာက သူမရဲ့ ဘေးနားမှာရှိတဲ့ စာအုပ်ကို လက်နဲ့ပုတ်ရင်း ဒေါသထွက်တဲ့ အမူအရာနဲ့ ပြောလိုက်တော့တယ်။

ရွှီထင်းရှန်းကတော့ တည်ငြိမ်မှုမပျက်ဘဲ "အော်... ဒီစာအုပ်ကို ပြောတာလား။ ဒါက ပါ့သို ယူလာပေးတာလေ၊ ဆရာက ပေးလိုက်တာလို့ ပြောတာပဲ"

ကျောက်အာမှာတော့ အံ့သြလွန်းလို့ မှင်သက်သွားပြီးမှ ထစ်ထစ်ငေါ့ငေါ့နဲ့ "ဆရာ ဟုတ်လား နင် ငါ့ကို လိမ်နေတာပဲ ဖြစ်ရမယ်၊ လင်းကျောင်းအုပ်ကြီးက နင့်ကို ဒီလိုစာအုပ်မျိုး ဘယ်မှာ ဖတ်ခိုင်းပါ့မလဲ"

"ဒီလိုစာအုပ်မျိုး ဒီစာအုပ်က ဘာဖြစ်လို့လဲ" ရွှီထင်းရှန်းက ပြောရင်းဆိုရင်းနဲ့ သူမအနားကို တိုးလာပြီး ဘေးမှာ ဝင်ထိုင်လိုက်တော့တယ်။ အဲဒီနောက် ဘာမှမဖြစ်သလိုမျိုး စာမျက်နှာတွေကို ဟိုလှန်ဒီလှန် လုပ်ရင်းဆိုလာတယ်။ "ဒီစာအုပ်က တကယ်တော့ အတော်လေး ကောင်းပါတယ်"

"ကောင်းတယ် ဟုတ်လား ဒါက သိသိသာသာကြီးကို၊ ဒါက... ဒါက..."

"ဒါက ဘာဖြစ်လို့လဲ"

"ဒါက အပြာစာအုပ်ကြီးလေ"

ရွှီထင်းရှန်းက ခပ်တိုးတိုး ရယ်မောလိုက်ပါတယ်။ သူ့ရဲ့ရယ်သံဟာ အလွန်ကို ဆွဲဆောင်မှုရှိပြီး ထူးခြားတဲ့ အရှိန်အဝါတစ်ခု ပါနေသလိုဖြစ်နေတော့၊ ကျောက်အာနားထဲမှာ အတော်ကို အနေရခက်သွားပြီး မသိစိတ်နဲ့ ဘေးကို နည်းနည်း ဆုတ်လိုက်မိတယ်။

"မထင်ရဘူးပဲ... ကျောက်အာက 'အပြာစာအုပ်' အကြောင်းတောင် သိနေတာလား"

ကျောက်အာက သူ့ကို လုံးဝ မော့မကြည့်ရဲတော့ပါဘူး။ "ငါက ဘာလို့ မသိရမှာလဲ၊ မကောင်းတဲ့ စာအုပ်ဆိုတာ အဲဒီလို စာအုပ်မျိုးပဲပေါ့"

"ဒါဆိုရင်တော့ မင်း မှားသွားပြီ"

ရွှီထင်းရှန်းက အခုမှ အတည်ပေါက်နဲ့ သူမကို စိုက်ကြည့်ပြီး ပြောတော့တယ်။ "ပညာရှိတို့ရဲ့ အမြင်က တစ်မျိုး၊ လူမိုက်တို့ရဲ့ အမြင်က တစ်မျိုးလို့ ဆိုရမှာပေါ့။ စာအုပ်တစ်အုပ်ရဲ့ အကောင်းအဆိုးဆိုတာက ဖတ်တဲ့သူအပေါ်မှာပဲ မူတည်တယ်။ မင်းကတော့ ဒါကို မြင်မြင်ချင်းမှာ အရှက်သိက္ခာမဲ့ပြီး ညစ်ပတ်တယ်လို့ ထင်ကောင်းထင်လိမ့်မယ်။ ဒါပေမဲ့ မင်းမသိတာက ဒီစာအုပ်ဟာ လူ့လောကရဲ့ သဘာဝတွေနဲ့ မြို့ပြနေထိုင်မှု ဘဝတွေကို အမြင့်ဆုံးအဆင့် ရေးသားထားတဲ့ လက်ရာတစ်ခုပဲ။ လူသားတွေရဲ့ ပင်ကိုယ်စိတ်နဲ့ လက်တွေ့လောကရဲ့ ရုပ်ပျက်ဆင်းပျက် အမှန်တရားတွေကို အကုန်ဖွင့်ချထားတာ။ အထက်က အရာရှိကြီးတွေကနေစလို့ အောက်ခြေ လူတန်းစားတွေအထိ လောကရဲ့ ဖြစ်ပျက်သမျှကို အသေးစိတ် ဖော်ပြထားတာလေ။ ငါက စာဖတ်နေတဲ့သူဆိုတော့ နောင်ကျရင် အရာရှိ လုပ်ရမှာပဲ၊ အဲဒီအခါကျရင် လောကရဲ့သဘာဝတွေကို ကောင်းကောင်း နားလည်ထားမှသာ နယ်မြေအလိုက် အုပ်ချုပ်တဲ့နေရာမှာ အဆင်ပြေမှာပေါ့"

71 02

ဒီစကားတွေကို နားထောင်ပြီး ကျောက်အာခေါင်းတွေတောင် မူးနောက်သွားရတယ်။ တစ်ခုခုတော့ လွဲနေသလိုပဲလို့ ခံစားရပေမဲ့၊ ရွှီထင်းရှန်းရဲ့ပုံစံကတော့ တကယ့်ကို တည်ကြည်လေးနက်လွန်းနေတာကြောင့် သူမ ဘာမှပြန်မပြောနိုင် ဖြစ်နေတယ်။

"ဒါပေမဲ့... ဒါပေမဲ့လည်း ဒါက မဟုတ်သေးပါဘူး။ ဒီစာအုပ်က နင်ပြောသလို မဟုတ်ပါဘူး၊ အဲဒါက... အဲဒါတွေ ရေးထားတာလေ..."

"အဲဒါတွေက ဘာတွေလဲ"

"ယောကျာ်းနဲ့မိန်းမကြားက... အဲဒီကိစ္စတွေလေ" ကျောက်အာမှာ အတော်ခက်ခက်ခဲခဲ ပြောလိုက်ရတယ်။

"ဘယ်ကိစ္စလဲ"

သူက ထပ်ပြီး မေးခွန်းထုတ်ပြန်တယ်။ စကားအဆုံးမှာ အသံလေးက နည်းနည်း မြင့်သွားတာကြောင့် ကျောက်အာရဲ့နားထဲမှာ ကျိန်းစပ်စပ် ဖြစ်သွားပြီး၊ ဒီကောင်လေးက သူမအနားကို ပိုတိုးလာတာကို သတိထားမိလိုက်တယ်။ နှစ်ယောက်သားကြားမှာ အလွန်နီးကပ်နေပြီး၊ ထူးဆန်းတဲ့ လေထုတစ်ခုကြောင့် သူမမှာ အလွန်ကို စိတ်လှုပ်ရှားပြီး အနေရခက်လာတော့တယ်။

သူမက အနေရခက်တာကို ဖုံးကွယ်ဖို့အတွက် ချောင်းတစ်ချက် ဟန့်လိုက်ပြီး ဘာမှမဖြစ်သလိုနဲ့ "ဘာလို့ ဒီလောက်တောင် ကပ်ထိုင်နေတာလဲ၊ ဟိုဘက်ကို နည်းနည်း တိုးပါဦး၊ အရမ်းပူနေပြီ"

ရွှီထင်းရှန်းက သူမကို တစ်ချက်ကြည့်ပြီး လိမ္မာပါးနပ်စွာနဲ့ပဲ အနောက်ကို နည်းနည်း ပြန်ဆုတ်ပေးတယ်။

"ဘာပဲဖြစ်ဖြစ်... နင် ဒီလိုစာအုပ်မျိုး ဖတ်တာက မသင့်တော်ပါဘူး။ နင်ပြောတဲ့ အချက်တွေက စာအုပ်ထဲက အကြောင်းအရာတွေနဲ့ လုံးဝမဆိုင်ဘူး။ နောက်ဆိုရင် ဒီစာအုပ်ကို လုံးဝ မဖတ်နဲ့တော့၊ စိတ်ဓာတ်တွေ ပျက်စီးကုန်ဦးမယ်"

ရွှီထင်းရှန်းက သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ပြီး မျက်လုံးအစုံနဲ့ သူမကို စူးစိုက်ကြည့်ကာ ညှိုးငယ်စွာ မေးလိုက်တယ်။ "မင်းက ငါ့ကို တကယ်ပဲ မယုံတာလား"

"ယုံတာ မယုံတာ မဟုတ်ဘူးလေ။ ဒါပေမဲ့ ငါ ဖတ်ကြည့်သလောက်တော့ နင်ပြောတာနဲ့ လုံးဝ မတူတာ အမှန်ပဲ"

"ငါ ပြောပြီးပြီလေ... အမြင်ချင်း မတူကြဘူးလို့။ မင်းကတော့ ဒီထဲက ညစ်ပတ်တဲ့ အပိုင်းတွေကိုပဲ မြင်နေတာ၊ ဒါပေမဲ့ ငါမြင်တာကတော့ ရှီးမန်ချင်းရဲ့ ဘေးနားမှာရှိတဲ့ လူတွေရဲ့ ဖြစ်တည်မှုတွေပဲ။ ရှီးမန်ချင်းရဲ့ ရက်စက်ယုတ်မာမှု၊ ဝမ်အဘွားရဲ့ အကျိုးကိုပဲ ကြည့်တတ်တဲ့ အကျင့်၊ ပြီးတော့..."

ကျောက်အာ ကြောင်အမ်းအမ်း ဖြစ်သွားရပါတယ်။ ဒါဆိုရင် သူမရဲ့ စိတ်ထားက အဆင့်အတန်း နိမ့်နေလို့သာ ဒီထဲက ညစ်ပတ်တာတွေကိုပဲ မြင်နေတာလား။

သူမက မခံချင်စိတ်နဲ့ အတင်းဆက်ငြင်းတယ်။

"အဲဒါဆိုရင်လည်း ဒီစာအုပ်ကို အများကြီး ဖတ်တာက မကောင်းပါဘူး"

ရွှီထင်းရှန်းက ခေါင်းညိတ်လိုက်ပြီး ဝန်ခံလိုက်တယ်။

"ဟုတ်တယ်.. တကယ်တော့ မကောင်းပါဘူး"

ကျောက်အာက သူ အခုလို လွယ်လွယ်နဲ့ ဝန်ခံလိမ့်မယ်လို့ မထင်ထားတာကြောင့် မသိစိတ်နဲ့ မေးလိုက်မိတယ်။

"ဘာလို့ မကောင်းတာလဲ"

စကားတောင် မဆုံးသေးပါဘူး၊ ရွှီထင်းရှန်းက သူမအပေါ်ကို အုပ်မိုးပြီး အတင်းဖိချလိုက်တော့တယ်။

71 03

"ဒါကြောင့် မကောင်းတာပေါ့။"

ကျောက်အာမှာ ဘာဖြစ်သွားမှန်းတောင် မသိလိုက်ရဘူး။

ရွှီထင်းရှန်းက ချောင်းတစ်ချက်ဟန့်လိုက်ပြီး အနည်းငယ် ရှက်ကိုးရှက်ကန်းနဲ့ ရှင်းပြတယ်။

"မင်းလည်း သိတာပဲ၊ ငါက အခု ကလေးမဟုတ်တော့ဘူး။ အရွယ်ရောက်လာတယ်ဆိုတာက အရပ်အမောင်းတင် မကဘူး၊ တခြားနေရာတွေလည်း ကြီးထွားလာတာပဲ။ တခါတလေကျရင် စိတ်ထဲမှာ မသင့်တော်တဲ့ အတွေးတွေ ဝင်လာတတ်ပြီး မလိုအပ်တဲ့ စိတ်လှုပ်ရှားမှုတွေ ဖြစ်လာတတ်တာပေါ့။ အထူးသဖြင့် ဒီစာအုပ်ကို ဖတ်ပြီးရင်တော့ အဲဒီစိတ်တွေက ပိုပြီး ခဏခဏ ဖြစ်ပေါ်လာတတ်တယ်"

ကျောက်အာရဲ့ ဦးနှောက်ထဲမှာတော့ ဒိန်းခနဲ ဖြစ်သွားပါတော့တယ်။ အဲဒီညက သူ အရက်မူးပြီး ပြဿနာရှာခဲ့တာကို သတိရသွားသလို၊ စောစောက စာအုပ်ထဲမှာ ရှီးမန်ချင်းရဲ့ ရမ္မက်ဇောတွေ ကြွတက်လာပြီး အောက်ပိုင်းက အရာတွေ ပေါ်လာတဲ့ အခန်းကို ဖတ်လိုက်ရတာကိုလည်း ပြေးမြင်ယောင်မိတယ်။

အစကတည်းက နီရဲနေတဲ့ သူမရဲ့ မျက်နှာလေးဟာ အခုဆိုရင် သွေးတွေ ပန်းထွက်တော့မတတ် ပိုပြီးနီမြန်းလာတော့တယ်။

"နင်... နင် နင် နင်..."

တစ်ချိန်တည်းမှာပဲ ကျောပြင်တစ်လျှောက်မှာ ကြက်သီးမွေးညင်းတွေ ထသွားပြီး တစ်ကိုယ်လုံးက အာရုံခံစားမှုတွေ စူးရှလာတယ်။ သူမရဲ့ခြေထောက်ကို တစ်ခုခုက လာပြီး ထိတွေ့နေတာကိုလည်း သိသိသာသာ ခံစားနေရတယ်။

'ဒုတိယအချက်... မြည်းတစ်ကောင်လိုမျိုး ပစ္စည်း အားကောင်းရမယ်။'

စာအုပ်ထဲက ဝမ်အဘွား ပြောတဲ့ စကားကို သတိရသွားတာကြောင့် သူမရဲ့ စိတ်ထဲမှာလည်း မဟုတ်ကဟုတ်ကတွေ လျှောက်တွေးမိပြီး နှိုင်းယှဉ်နေမိတော့တယ်။

"ကျောက်အာ... မင်းသိလား... ယောကျာ်းတစ်ယောက်ဟာ အဲဒီလို ရမ္မက်စိတ်တွေ ဖြစ်ပေါ်လာတိုင်းမှာ၊ စိတ်ကူးယဉ်စရာ တစ်စုံတစ်ယောက် ရှိတတ်ကြတယ်။ ငါ့ရဲ့ စိတ်ထဲက လူက ဘယ်သူလဲဆိုတာ မင်း သိလား"

"ငါ... ငါ..."

ရွှီထင်းရှန်းက ထပ်ပြီး ခပ်တိုးတိုး ရယ်လိုက်ပြန်ပါတယ်။ နှစ်ယောက်သားရဲ့ နဖူးချင်းက ထိလုနီးပါးဖြစ်နေပြီး နှာခေါင်းကထွက်တဲ့ လေငွေ့တွေတောင်မှ ရောယှက်နေတော့တယ်။ သူက တိုးတိုးလေး ကပ်ပြောလိုက်တယ်။ "မင်းလည်း အဲဒါ မင်းမှန်း သိနေတာပဲလေ။ တကယ်တော့ ငါလည်း တမင်လုပ်တာ မဟုတ်ပါဘူး၊ စိတ်ကို မထိန်းနိုင်လို့ပါ။ လူငယ်ဆိုတာ သွေးကြွတတ်တာ သဘာဝပဲ မဟုတ်လား"

သူ ရယ်မောလိုက်တဲ့ အချိန်မှာပဲ ကျောက်အာရဲ ခြေထောက်ကို တစ်ခုခုက ထပ်ပြီး အသာလေး ထိတွေ့လိုက်ပြန်တယ်။

အဲဒီ အပူရှိန်နဲ့ မာကျောမှုကို ခံစားလိုက်ရတဲ့အခါ ကျောက်အာမှာ ပြုတ်ထားတဲ့ ပုစွန်ထုပ်ကြီး တစ်ကောင်လိုပဲ နီရဲသွားတော့တယ်။ တစ်ချိန်တည်းမှာပဲ သူမရဲ့ ဦးနှောက်ထဲမှာ ပုံရိပ်တစ်ခု ပေါ်လာတယ်။ အမျိုးသမီးတစ်ယောက်ဟာ အဝတ်အစားတွေ ဖရိုဖရဲနဲ့ ဆံပင်တွေလည်း ပြန့်ကျဲနေပြီး ထင်းပုံကြီးပေါ်မှာ အဖိခံထားရတဲ့ ပုံရိပ်ပေါ့။ တခြားနေရာတွေကတော့ သေသေသပ်သပ် ရှိနေပေမဲ့၊ အောက်က စကတ်ကြားထဲကနေ ဖြူဝင်းလှတဲ့ ခြေတံလေး နှစ်ဖက်ကတော့ လေထဲမှာ ယိမ်းခါနေတဲ့ မြင်ကွင်းမျိုးပါ။

"ကျောက်အာ... ကျောက်ကျင်ရွေ့က ငါ့အဒေါ်လေး အပေါ်မှာ လုပ်ခဲ့သလိုမျိုး ငါလည်း မင်းအပေါ်မှာ လုပ်ချင်နေတာ ကြာလှပြီ..."

အဲဒီအချိန်မှာပဲ အပြင်ကနေ ဝါးလုံးတစ်ခုကို တစ်စုံတစ်ယောက်က တိုက်မိသွားသလိုမျိုး ဒုန်းဆိုတဲ့ အသံကျယ်ကြီး ထွက်ပေါ်လာတယ်။

71 04

အဲဒီအသံက ကျောက်အာကို ချက်ချင်း သတိပြန်ဝင်စေပြီး ရွှီထင်းရှန်းကို အတင်းတွန်းဖယ်လိုက်တော့တယ်။

"ဘယ်သူ ပြန်လာတာလဲ မသိဘူး၊ ကျွန်မ အပြင်ထွက်ကြည့်လိုက်ဦးမယ်"

သူမဟာ အလျင်အမြန်ပဲ ခန့်ပေါ်က ဆင်းလိုက်ပြီး လိုက်ကာကို လှန်ကာ အပြင်ကို ပြေးထွက်လာခဲ့တယ်။ အပြင်က အေးစိမ့်လှတဲ့ လေတွေက သူမရဲ့မျက်နှာကို ရိုက်ခတ်သွားတော့မှ ပူထူနေတဲ့ မျက်နှာလေးက ပြန်ပြီးအေးသွားတော့တယ်။ သူမ မော့ကြည့်လိုက်တဲ့အခါမှာတော့ ဦးလေးကြီးရွှီချင်းရှန်က ကုပ်ကုပ်ကုပ်ကုပ်နဲ့ အရှေ့ခန်းထဲကို ဝင်သွားတာကို မြင်လိုက်ရတယ်။

သူမ မျက်စိမှားတာ မဟုတ်မှန်း သေချာအောင် ကောင်းကင်ကို ကြည့်လိုက်တော့ အခုမှ ရှန်(ညနေ ၃နာရီမှ ညနေ ၅နာရီ)အချိန်ပဲ ရှိသေးတယ်။ ရွှီချင်းရှန်က ဘာလို့ဒီအချိန်ကြီးမှာ ပြန်ရောက်လာရတာလဲ။

ပြီးတော့ သူတစ်ယောက်တည်းပဲ ရှိတာပါ။ တကယ်ဆိုရင် အိမ်ထောင်စုကြီးတစ်ခုလုံး အတူတူ ပြန်လာရမှာ မဟုတ်လား။

ကျောက်အာဟာ မသိစိတ်နဲ့ အခန်းထဲကို ပြန်ဝင်လာပြီး၊ အပြင်ကို လိုက်ထွက်ဖို့ လုပ်နေတဲ့ ဟေးကျစ်ကိုလည်း ပြန်မောင်းလိုက်တယ်။ အဲဒီနောက် လိုက်ကာနောက်မှာ ပုန်းပြီး အပြင်ကို ချောင်းကြည့်နေတော့တယ်။

"ဘာဖြစ်လို့လဲ" ရွှီထင်းရှန်းကတော့ ဘယ်သူကများ အချိန်မတော် လာနှောင့်ယှက်တာလဲဆိုပြီး စိတ်တိုနေတုန်းမှာပဲ ကျောက်အာရဲ့အမူအရာကြောင့် ထူးဆန်းပြီး မေးလိုက်တယ်။

"ဦးလေးကြီး ပြန်လာတာ၊ သူတစ်ယောက်တည်းပဲ"

ရွှီထင်းရှန်းရဲ့ဦးနှောက်က ကျောက်အာထက် အများကြီး ပိုပြီးထက်မြက်တယ်။ တစ်ခုခုတော့ မှားနေပြီဆိုတာ သူ ချက်ချင်း ရိပ်မိလိုက်တာနဲ့ သူလည်း ခန်ပေါ်က ဆင်းလာပြီး ကျောက်အာနဲ့အတူ လိုက်ကာကြားကနေ အပြင်ကို ဝိုင်းချောင်းကြတယ်။

"နင် ဘာလုပ်တာလဲ" သူ့ရဲ့ရင်ဘတ်ကြီးက သူမရဲ့ကျောပြင်ကို လာကပ်နေတာ ခံစားရတာကြောင့် ကျောက်အာက လက်နဲ့ တွန်းထုတ်တယ်။

"ငြိမ်ငြိမ်နေပါ၊ ဦးလေးကြီး သိသွားပါဦးမယ်"

ကျောက်အာမှာတော့ ခေါင်းတွေတောင် ပေါက်ထွက်တော့မလို ခံစားရပေမဲ့၊ စိတ်ကို အတတ်နိုင်ဆုံး ထိန်းပြီးတော့ပဲ အပြင်ကို ဆက်ကြည့်နေရတယ်။ ဒါပေမဲ့ ရွှီထင်းရှန်းရဲ့ အရှက်မရှိမှုကိုတော့ သူမ အထင်သေးမိသွားတာပေါ့။ သူက ပိုပြီးသက်သောင့်သက်သာရှိအောင်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူမရဲ့ကျောပြင်ကို တစ်ကိုယ်လုံး ကပ်ထားရုံတင်မကဘဲ၊ လက်နှစ်ဖက်နဲ့ပါ သူမရဲ့ခါးလေးကို သိုင်းဖက်ထားသေးတယ်။

ကျောက်အာမှာ အပူရှိန်ကြောင့် လန့်သွားမိတယ်။ သူမရဲ့ စိတ်ထဲမှာတော့— ဟေးကျစ် ရမ္မက်စိတ်တွေ ကြွလာတဲ့အခါ နေရာအနှံ့ ပတ်ပြေးပြီး ခွေးမလေးတွေကို လိုက်ရှာတတ်တာကို ပြေးမြင်ယောင်မိတယ်။ 'ဒီကောင်လေးကလည်း အဲဒီအဆင့်ကို ရောက်နေပြီလား ဒါပေမဲ့ အခုက နွေဦးရာသီတောင် မဟုတ်သေးဘူးလေ' သူမက တွေးနေမိတာပေါ့။

သူမက သူ့ကို တွန်းဖယ်ချင်ပေမဲ့ မျက်နှာပျက်မှာစိုးတာကြောင့် စကားလွှဲလိုက်တယ်။ "ငါတို့ ဒီလို ချောင်းကြည့်နေလို့ မဖြစ်ဘူး၊ ဟေးကျစ်ကို သွားခိုင်းလိုက်မယ်"

ပြောပြောဆိုဆိုနဲ့ သူမက သူ့ကို တွန်းဖယ်လိုက်ပြီး ဘေးနားက ဟေးကျစ်ကို အချက်ပြလိုက်တယ်။ ဟေးကျစ်ကလည်း ချက်ချင်းပဲ အားတက်သရောနဲ့ ရောက်လာတယ်။ သူမက လိုက်ကာကို နည်းနည်းဟပြီး မျက်စိတစ်ဆုံးက အရှေ့အိမ်ဘက်ကို မေးထိုးပြလိုက်တဲ့အခါ ဟေးကျစ်လည်း အပြင်ကို ပြေးထွက်သွားတော့တယ်။

ဟေးကျစ်ဟာ ထင်ထားတာထက် ပိုပြီးလူနားလည်တယ်။ ရွှီချင်းရှန်က တံခါးကို မပိတ်ထားတာကြောင့် သူ အလွယ်တကူ အရှေ့အိမ်ထဲကို တိုက်ရိုက်ဝင်သွားနိုင်တယ်။

ကျောက်အာတို့ စောင့်နေတဲ့ ခဏအချိန်လေးမှာပဲ အရှေ့ဆောင်ထဲကနေ ဒေါသတကြီး ဆဲဆိုသံတွေကို ကြားလိုက်ရတော့တယ်။

71 05

သူမဟာ ချက်ချင်းပဲ လိုက်ကာကို လှန်ပြီး ထွက်လာခဲ့သလို ရွှီထင်းရှန်းကလည်း အနောက်ကနေ ကပ်ပါလာတယ်။

အရှေ့အိမ်ထဲ ရောက်တဲ့အခါမှာတော့ ရွှီကျွင်းခိုင်ရဲ့အခန်းတံခါးက ဟောင်းလောင်း ပွင့်နေတာကို တွေ့ရတယ်။ ဟေးကျစ်ကတော့ ရွှီချင်းရှန်ရဲ့ ဘောင်းဘီနားကို ကိုက်ပြီး လုံးဝမလွှတ်ဘူး။ ရွှီချင်းရှန်ရဲ့လက်ထဲမှာလည်း တစ်ခုခုကို ကိုင်ထားပြီး၊ တစ်ဖက်ကလည်း အော်ဆဲကာ ခြေထောက်ကို အတင်းခါထုတ်ပြီး ဟေးကျစ်ရဲ့အကိုက်ခံရတာကနေ လွတ်အောင် ကြိုးစားနေတယ်။

"ဟေးကျစ်... မင်း ဘာလုပ်တာလဲ ဒါက ဦးလေးကြီးလေ" ကျောက်အာက အမြန်ပြေးသွားပြီး တားလိုက်တယ်။

ဟေးကျစ်ကလည်း ပါးနပ်စွာနဲ့ပဲ ပါးစပ်ကို လွှတ်လိုက်ပြီး ဘေးကို ဆုတ်သွားတယ်။

"ဦးလေးကြီး... ဟေးကျစ်ကို စိတ်မရှိပါနဲ့နော်။ ဦးလေးက ဒီအချိန်ကြီးမှာ ရုတ်တရက် ပြန်လာတော့ သူက သေသေချာချာ မမြင်ဘဲ အိမ်ကို သူခိုးဝင်တယ် ထင်သွားလို့ နေမှာပါ"

"သူခိုး ဟုတ်လား။ ငါ့ရုပ်က သူခိုးနဲ့ တူနေလို့လား။ ဒီခွေးစုတ်ကတော့..."

"ဟောဗျာ... အခန်းထဲမှာ ဘာလို့ ဒီလောက်တောင် ရှုပ်ပွနေရတာလဲ။ ဟေးကျစ်က ဦးလေးကို ဘာလို့ ကိုက်တာလဲဆိုတာ အခုမှ သိတော့တယ်။ သူက ဦးလေးကို အိမ်ထဲမှာ မွှေနှောက်နေတဲ့ သူခိုးလို့ ထင်သွားတာကိုး။ ဒါနဲ့... ဦးလေးလက်ထဲမှာ ကိုင်ထားတာက ဘာလဲ"

ကျောက်အာက ပြောရင်းဆိုရင်းနဲ့ စပ်စုချင်ဟန်ဆောင်ကာ ရွှီချင်းရှန်ရဲ့ လက်ထဲက ပိုက်ဆံအိတ်လေးကို အမြန်လုယူလိုက်တယ်။ "ဒါ ကျွင်းခိုင်ရဲ့ပိုက်ဆံအိတ် မဟုတ်လား။ ဦးလေးက အခန်းထဲမှာ ပစ္စည်းတွေ အတင်းလိုက်ရှာနေတာ... ဒါကို ရှာနေတာလား"

ရွှီချင်းရှန်ရဲ့မျက်နှာကတော့ ဆတ်ခနဲ တောင့်သွားတော့တယ်။ အဲဒီနောက်မှာတော့ သူက မာန်ပါပါနဲ့ ပြန်အော်လိုက်တယ်။ "ငါ ဘာရှာရှာ... မင်းလို မိန်းကလေးနဲ့ ဘာဆိုင်လို့လဲ"

ကျောက်အာက လက်ထဲက ပိုက်ဆံအိတ်ကို တစ်ချက် ချိန်ဆကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်က အပြုံးတွေ ပျောက်ကွယ်သွားတယ်။ "ဆိုင်တာပေါ့... ကျွန်မ မမှားဘူးဆိုရင် ဒီထဲက ငွေတွေအားလုံးက ကျွန်မ ကျွင်းခိုင်ကို ပေးထားတဲ့ ငွေတွေလေ"

ရွှီချင်းရှန်က ပြန်လုဖို့ လက်လှမ်းလိုက်ရင်း "ဒါက မင်း ကျွင်းခိုင်ကို ပေးထားတဲ့ လုပ်အားခပဲလေ၊ အဲဒီတော့ ဒါက ကျွင်းခိုင်ရဲ့ပိုင်ဆိုင်မှု ဖြစ်သွားပြီ၊ မင်းနဲ့ ဘာမှမဆိုင်တော့ဘူး။ မြန်မြန်ပေးစမ်း"

"ဦးလေးကြီး... ကျွန်မက ဘာလို့ ဦးလေးကို ပေးရမှာလဲ။ မမှားဘူးဆိုရင် ဒါက ကျွင်းခိုင်ရဲ့ငွေလေ၊ ဦးလေးနဲ့လည်း မဆိုင်ပါဘူး"

"ဘာလို့ မဆိုင်ရမှာလဲ၊ ငါက သူ့အဖေပဲ"

အဲဒီအချိန်မှာပဲ အပြင်ကနေ လိုက်ကာကို လှန်ပြီး လူသံတွေ ကြားလိုက်ရပါတော့တယ်။ "မင်းအဖေကလည်း... မျက်စိတစ်မှိတ်အတွင်းမှာတင် ပျောက်သွားတာပဲ၊ ဘယ်ကို ရောက်သွားမှန်းလည်း မသိဘူး။ ဟင်... အခန်းတံခါးက ဘာလို့ပွင့်နေတာလဲ၊ မင်းအဖေ ပြန်ရောက်နေတာလား မင်းတို့တွေ ဘာဖြစ်နေကြတာလဲ"

******

72 01

အခန်း ၇၂ ဖုံးကွယ်ထားသော မကောင်းမှုနှင့် မုန်တိုင်းထန်သော မိသားစု

အဒေါ်ကြီးယန်က အခန်းထဲက အခြေအနေတွေကို ကြည့်ပြီး မှင်သက်အံ့သြသွားရတယ်။

ဒီတစ်ခေါက် သူမရဲ့ယောကျာ်းနဲ့သားတွေကို ခေါ်ပြီး မိဘအိမ် ပြန်ခဲ့တာက တကယ့်ကို မသာယာတဲ့ ခရီးတစ်ခု ဖြစ်ခဲ့တယ်။ မူလကတော့ နှစ်သစ်ကူးကာလမို့လို့ မင်္ဂလာရှိရှိ ဖြတ်သန်းချင်ခဲ့တာ။ ဘယ်လောက်ပဲ အဆင်မပြေမှုတွေရှိရှိ နှစ်သစ်ကူးမှာတော့ ရန်မဖြစ်ကြဘူးဆိုတဲ့ ထုံးစံရှိတာကိုး။ ဒါပေမဲ့ မွန်းတည့်စာ စားနေတုန်းမှာပဲ သူမရဲ့အဖေဖြစ်သူက အရက်လေး နည်းနည်း ဝင်သွားတာနဲ့ ရွှီမိသားစုအကြောင်းတွေကို တောက်လျှောက် ညည်းတွားတော့တယ်။ အထူးသဖြင့် ရွှီချင်းရှန်ဟာ ဘယ်လောက်အထိ အရည်အချင်း မရှိကြောင်း၊ ဒီလောက်နှစ်တွေအထိ စာမေးပွဲဖြေတာတောင် ရှို့ချိုင်ဘွဲ့လေး တစ်ခုတောင် မရနိုင်ကြောင်း စသဖြင့် နားမခံသာတဲ့ စကားလုံးတွေကိုပဲ ရွေးပြောနေခဲ့တာ။

ဒါကတော့ ယန်ကျန့်ရဲ့အကျင့်ဆိုးပါပဲ၊ အရက်မူးလာပြီဆိုရင် သူ့ရဲ့ ပါးစပ်ကို သူ လုံးဝ မထိန်းနိုင်တော့ဘူး။

အရင်တုန်းကဆိုရင်တော့ ရွှီချင်းရှန်ဟာ အလိုက်အထိုက် ပြုံးပြီး နားထောင်နေကျပါ၊ ဒါပေမဲ့ ဒီတစ်ခါတော့ ဘာဖြစ်သွားမှန်းမသိဘဲ ယန်ကျန့်ကို ပြန်ပြီး အချေအတင် ငြင်းခုံတော့တယ်။ စကားအနည်းငယ် ပြောပြီးတာနဲ့ သူဟာ တူကို ပစ်ချပြီး ချက်ချင်းပဲ ထွက်သွားခဲ့တယ်။

အဲဒီမြင်ကွင်းကို ကြည့်ပြီး အဒေါ်ကြီးယန်မှာတော့ ကြောင်အမ်းအမ်း ကျန်ရစ်ခဲ့တယ်။ ဒါပေမဲ့ တစ်ဖက်ကခင်ပွန်း တစ်ဖက်ကဖခင်ဆိုတော့ နှစ်ဖက်စလုံးကို အဆင်ပြေအောင် သူမကပဲ လိုက်ပြီး ဖျောင်းဖျရတယ်။ အနိုင်နိုင် ချော့မော့ပြီးတာနဲ့ သားနှစ်ယောက်ကို ခေါ်ပြီး အိမ်ကို အမြန်ပြန်လာခဲ့တာပါ၊ အခုလို မြင်ကွင်းမျိုးနဲ့ တိုးလိမ့်မယ်လို့ သူမ လုံးဝ ထင်မထားခဲ့ဘူး။

"အိမ်မှာ ဘာတွေဖြစ်နေတာလဲ၊ သူခိုးဝင်တာလား ဘာလား... ဘာလို့ ဒီလောက်အထိ ရှုပ်ပွနေရတာလဲ" အဒေါ်ကြီးယန်က အခန်းထဲက ဖရိုဖရဲ ဖြစ်နေမှုတွေကို ကြည့်ပြီး မေးလိုက်တယ်။

ဇနီးသည်ကို မြင်လိုက်ရတဲ့အခါ ရွှီချင်းရှန်ဟာ မီးပူနဲ့အထိုးခံလိုက်ရသလိုမျိုး မျက်နှာက ဆတ်ခနဲ ပျက်သွားပြီး လွှတ်ခနဲ ပြောမိသွားတယ်။ "မင်းက ဘာလို့ ဒီလောက်အထိ စောစောပြန်လာရတာလဲ" ပြီးမှ သူ အမှားပြောမိမှန်း သိသွားတာကြောင့် ချက်ချင်းပဲ လေသံပြောင်းလိုက်တယ်။ "မင်း ပြန်လာတာ အချိန်ကိုက်ပဲ၊ ငါတို့အိမ်ကို သူခိုးဝင်နေတယ်"

"သူခိုး ဟုတ်လား။ ဘယ်ကသူခိုးလဲ" အဒေါ်ကြီးယန်မှာ အံ့သြလွန်းလို့ မေးရင်း ဟိုကြည့်ဒီကြည့် လုပ်နေရှာတယ်။

"ဘယ်သူရှိဦးမှာလဲ၊ သူတို့ပေါ့"

ရွှီချင်းရှန်ကတော့ ဒေါသတကြီးနဲ့ ရှေ့ကို လှမ်းတက်လိုက်ပြီး ပြောကာ ကျောက်အာတို့ကို လက်ညှိုးထိုးပြီး အပြစ်ကို ပြောင်းပုံချတော့တယ်။ "ငါ ပြန်ရောက်တော့ အိမ်က အကုန်မွှေနှောက်ခံထားရတာ၊ အဲဒီမှာ ကျောက်အာက ငါတို့ အခန်းထဲမှာ ပစ္စည်းတွေ ခိုးဖို့ လိုက်ရှာနေတာကို ငါ တွေ့လိုက်ရတာပဲ"

အဒေါ်ကြီးယန်ဟာ မသိစိတ်ကနေ ဒါဟာ မဖြစ်နိုင်ဘူးလို့ ထင်ပေမဲ့လည်း ရွှီချင်းရှန်ကတော့ လိမ်ပြောမှာ မဟုတ်ဘူးလို့ ယူဆမိပြန်တယ်။ ကျောက်အာကတော့ မှင်သက်သွားရပြီး ရွှီချင်းရှန်ဟာ ဒီလောက်အထိ အရှက်သိက္ခာ ကင်းမဲ့လိမ့်မယ်လို့ သူမ လုံးဝမထင်ထားခဲ့ဘူး။

သူမဟာ ရွှီချင်းရှန်ရဲ့အရှက်မရှိတဲ့ လုပ်ရပ်အပေါ်မှာ နောက်တစ်ကြိမ် ထိတ်လန့်သွားမိတယ်။ 'အရင်က ဒီလူဟာ ဒီလောက်အထိ ယုတ်မာနိုင်မှန်း ဘာလို့ ငါ မသိခဲ့တာလဲ' လို့ သူမ တွေးနေမိတယ်။

ရွှီထင်းရှန်း ကတော့ ခပ်အေးအေးပဲ လှောင်ပြုံး ပြုံးလိုက်တယ်။ ရွှီချင်းရှန် ဒီလိုတုံ့ပြန်လာတာက သူ့အတွက်တော့ အံ့သြစရာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့စိတ်ထဲမှာတော့ ရွှီချင်းရှန်ဆိုတာ အစကတည်းက လူကောင်းတစ်ယောက် မဟုတ်မှန်း သူ သိနေလို့ပဲ။

72 02

"ဦးလေးကြီး... စကားပြောရင် လိပ်ပြာသန့်သန့် ပြောစမ်းပါ။ ဘယ်သူကများ ဦးလေးတို့ အခန်းထဲမှာ ပစ္စည်းတွေ မွှေနှောက်နေလို့လဲ။ တကယ်တမ်းက ဦးလေးကြီး တစ်ယောက်တည်း ခိုးကြောင်ခိုးဝှက်နဲ့ အိမ်ကို အရင်ပြန်လာပြီး အခန်းထဲမှာ ပစ္စည်းတွေ မွှေနေလို့ ဟေးကျစ်က သူခိုးထင်ပြီး ကိုက်လိုက်တာလေ။ အဲဒီအသံ ကြားလို့ ကျွန်တော်တို့ ရောက်လာမှ ဦးလေးကြီးရဲ့ လုပ်ရပ်ကို တွေ့ရတာပါ"

"ဘယ်သူက အိမ်တွင်းသူခိုးလဲဆိုတာ သူ့စိတ်သူ အသိဆုံးဖြစ်မှာပါ။ ငါကသာ လက်ပူးလက်ကြပ် မဖမ်းမိရင် မင်းနဲ့ ဒီလောက်အထိ စကားများနေစရာ မလိုဘူး" ရွှီချင်းရှန်က အတင်းအော်တယ်။

ရွှီကျွင်းခိုင်ကတော့ အဒေါ်ကြီးယန်ရဲ့အနောက်ကနေ လိုက်ဝင်လာတာဖြစ်ပြီး၊ ဘေးကနေ ဒါတွေကို ကြည့်ရင်း ရင်ထဲမှာ အလွန်ကိုနာကျင်နေရတယ်။ ဘာတွေဖြစ်နေသလဲဆိုတာကို သူ အကြမ်းဖျင်း ရိပ်မိနေပေမဲ့၊ ဘာမှထုတ်မပြောနိုင်ဘဲ စိတ်ပူပန်စွာနဲ့ ဝင်တားရှာတယ်။ "အဖေ... လျှောက်မပြောပါနဲ့၊ အစ်မကျောက်အာက ဘယ်လိုလုပ်ပြီး သူခိုးဖြစ်မှာလဲ"

"လူရုပ်ကြည့်လို့ စိတ်ကို သိနိုင်တာ မဟုတ်ဘူး၊ သူခိုးဆိုတာ မျက်နှာကြည့်ရုံနဲ့ သိနိုင်လို့လား" ရွှီချင်းရှန်က တောက်တစ်ချက် ခေါက်လိုက်ပြီး ရွှီကျွင်းခိုင်ကို မျက်စောင်းထိုးပြီး ဆဲဆိုတော့တယ်။

"မင်းက ငါ့သား ဟုတ်ရဲ့လား၊ ကိုယ့်အဖေပြောတဲ့ စကားကိုတောင် မယုံဘူးလား။ ငါက သူမကို မဟုတ်မမှန် စွပ်စွဲနေတယ်လို့ မင်း ထင်နေတာလား"

ဒီလောက်အထိ ပြောလာတော့မှ အဒေါ်ကြီးယန်လည်း ယုံကြည်သွားပြီး "ဟဲ့... ကောင်မလေး၊ နင်က ကောင်းတာမသင်ဘဲ သူခိုးအတတ်ကို သင်နေတာလား။ ငါ့အခန်းထဲအထိ လာခိုးရဲတယ်ပေါ့၊ ငါ နင့်ကို ဘယ်လို..."

"အမေ... ဘာလုပ်တာလဲ။ အစ်မကျောက်အာက သူခိုး မဟုတ်ပါဘူး။ အဖေပြောတာကို လျှောက်မယုံစမ်းပါနဲ့"

ရွှီကျွင်းခိုင်က အတင်း ဝင်တားတယ်။

"ငါက ဘာလို့ လျှောက်ပြောရမှာလဲ..."

အခန်းထဲမှာ ဆူညံပွက်လောရိုက်နေတုန်းမှာပဲ အပြင်ကနေ အသံတစ်သံ ထွက်လာပါတယ်။ "ချွေးမကြီး... ဘာတွေဖြစ်နေတာလဲ။ ဘာလို့ ဒီလောက်အထိ ဆူညံနေရတာလဲ"

အဲဒါကတော့ အဘိုးရွှီရဲ့အသံဖြစ်ပြီး အဘွားကျောက်လည်း အတူတူပြန်ရောက်လာတယ်။ သူတို့နှစ်ယောက် ခြံထဲဝင်လာကတည်းက အရှေ့အိမ်ထဲက ဆူညံသံတွေကို ကြားနေရတာကြောင့် အဘိုးရွှီက လိုက်ကာကို လှန်ဝင်လိုက်ပြီး အားလုံးကို အံ့သြတကြီး ကြည့်လိုက်တယ်။

"အဖေ... အချိန်ကိုက် ပြန်လာတာပဲ။ ဒီကျောက်အာဆိုတဲ့ ကောင်မလေးက သူခိုးလုပ်နေတာ၊ ကျွန်တော့်အခန်းထဲအထိ လာခိုးရုံတင်မကဘူး။ အခန်းကိုလည်း ဖရိုဖရဲ ဖြစ်အောင် မွှေထားသေးတယ်"

"ကျောက်အာ..."

ကျောက်အာမှာတော့ ဒေါသထွက်လွန်းလို့ မျက်နှာလေးတောင် ပြာနှမ်းနေပြီ။ သူမက 'ငါတော့ သူတစ်ပါးကိစ္စကို ဝင်ပါမိလို့ အမှုပတ်ရပြီ' လို့ တွေးပြီး နောင်တရနေမိတယ်။

သူမက လက်ထဲက ပိုက်ဆံအိတ်ကို မြှောက်ပြလိုက်ပြီး ရှင်းပြတယ်။

"ရှင်တို့ ယုံချင်ယုံ၊ မယုံချင်နေ တကယ်က ဦးလေးကြီးက ခိုးကြောင်ခိုးဝှက်နဲ့ တစ်ယောက်တည်း ပြန်လာပြီး အခန်းထဲမှာ ပစ္စည်းတွေ မွှေနေတာပါ။ အဲဒါကို ဟေးကျစ်က မြင်တော့ သူခိုးထင်ပြီး ကိုက်လိုက်တာ၊ ကျွန်မနဲ့ထင်းရှန်းက အသံကြားလို့ လာကြည့်မှ ဦးလေးကြီးရဲ့လက်ထဲမှာ ဒါကို တွေ့လိုက်ရတာပဲ။ ကျွန်မ မမှားဘူးဆိုရင် ဒီအိတ်က ကျွင်းခိုင်ရဲ့အိတ် မဟုတ်လား၊ ဒီထဲက ငွေတွေကလည်း ကျွန်မ ကျွင်းခိုင်ကို ပေးထားတဲ့ ငွေတွေလေ။ ကျွန်မက ပေးပြီးသား ငွေကို ဘာလို့ ပြန်ခိုးရမှာလဲ အဲဒီလို လုပ်မဲ့အစား အစကတည်းက မပေးဘဲ နေလိုက်မှာပေါ့"

ရွှီထင်းရှန်းကတော့ အားလုံးကို အေးစက်စက် လှောင်ပြုံးနဲ့ ကြည့်နေပြီး အဘိုးရွှီကို ပြောလိုက်ပါတယ်။ "အဘိုး... ကျွန်တော် ကျောက်အာအတွက် သက်သေခံပါတယ်။ ဟေးကျစ် အကြောင်းကို အဘိုး သိတာပဲ၊ သူက အကြောင်းမဲ့ ဘယ်တော့မှ မအော်သလို လူကိုလည်း မကိုက်ပါဘူး။ ဒါပေမဲ့ ဒီနေ့မှ ထူးထူးဆန်းဆန်း ဦးလေးကြီးကို ကိုက်လိုက်တာလေ"

72 03

ဒါကတော့ အမှန်တရားပါပဲ။ ဟေးကျစ်ဆိုတဲ့ ခွေးဟာ ငယ်ငယ်ကတည်းက တခြားခွေးတွေနဲ့ မတူပါဘူး။ တခြားအိမ်က ခွေးတွေက လူမြင်တာနဲ့ ဟောင်ကြပေမဲ့၊ သူကတော့ ငယ်ငယ်ကတည်းက မဟောင်ပါဘူး။ အရင်ကဆိုရင် အဘွားကျောက်က အနေတဲ့ခွေးလို့တောင် အထင်သေးပြီး အစာကျွေးရတာ အလကားမို့လို့ လွှင့်ပစ်ဖို့တောင် အကြိမ်ကြိမ် ပြောခဲ့ဖူးတာပါ။ နောက်မှ သိလိုက်ရတာကတော့ သူက မဟောင်တတ်တာ မဟုတ်ဘဲ ဟောင်ဖို့အတွက် မတန်ဘူးလို့ ယူဆနေတာကိုး။

တစ်ခါက စိုက်ပျိုးရေး အလုပ်များတဲ့ ရာသီမှာ ရွာထဲကို သူခိုးအုပ်စု ဝင်လာဖူးတယ်။ အိမ်တိုင်းက လူတွေ လယ်ထဲမှာ အလုပ်ရှုပ်နေချိန်မှာ သူတို့က တစ်အိမ်ဝင်တစ်အိမ်ထွက် ခိုးကြတာပေါ့။ သူတို့က အတွေ့အကြုံရှိတော့ ရွာထဲဝင်တာနဲ့ ခွေးတွေကို အရင်ဆေးခတ်တယ်။ ဒါကြောင့်လည်း ရွှီအိမ်ထဲကို အေးအေးဆေးဆေး ဝင်လာနိုင်ခဲ့တာပါ။ ဟေးကျစ်က အဲဒီအချိန်မှာ အိမ်မှာ ရှိနေပေမဲ့ ဘာအသံမှ မပြုပါဘူး၊ သူခိုးတွေကတောင် ဒီအိမ်က ခွေးမမွေးဘူးထင်တယ်လို့ အံ့သြနေကြတာပေါ့။

ဒါပေမဲ့ ခဏအကြာမှာတော့ သူတို့တွေ မရယ်နိုင်တော့ပါဘူး။ သူတို့ဟာ ခွေးအုပ်ကြီးရဲ့ ဝိုင်းတာကို ခံလိုက်ရလို့ပါပဲ။ အဲဒါကတော့ ဟေးကျစ်ဟာ သူတို့ သတိမထားမိတဲ့ အချိန်မှာ အိမ်နောက်ဖေးကနေ ခိုးထွက်သွားပြီး၊ ရွာထဲက သူ့ရဲ့ သူငယ်ချင်း ခွေးတွေကို အကုန်သွားခေါ်လာခဲ့လို့ပါ။ အဲဒီအချိန်မှာတော့ ခွေးဟောင်သံတွေက ကောင်းကင်ယံအထိ ပဲ့တင်ထပ်သွားပြီး၊ သူခိုးတွေဟာ ထွက်ပြေးဖို့တောင် အချိန်မရတော့ပါဘူး။ ခွေးတွေက အသားပါအောင် ကိုက်တာကြောင့် ရွာသားတွေလည်း ကျေးလက်က ခွေးတွေဟာ ဒီလောက်အထိ ရက်စက်မှန်း အခုမှပဲ သိလိုက်ရတော့တယ်။ ရွာသားတွေ အသံကြားလို့ ပြေးလာတဲ့အခါမှာတော့ ဒဏ်ရာဗရပွနဲ့ သူခိုးတွေကို လက်ရဖမ်းဆီးနိုင်ခဲ့တယ်။

အဲဒီအချိန်ကစပြီး ရွာသားတွေက သိသွားကြတာကတော့ ဟေးကျစ်ဟာ အနေတာ မဟုတ်ဘဲ ဟောင်ရမှာ ပျင်းနေလို့သာ ဖြစ်ကြောင်းပါပဲ။ 'ကိုက်မဲ့ခွေးဟာ အသံမပြုဘူး' ဆိုတဲ့ စကားပုံက တကယ်ပဲ မှန်ကန်နေခဲ့တာ။

ရွှီချင်းရှန်ရဲ့အကိုက်ခံထားရတဲ့ ဘောင်းဘီနားကို ကြည့်ပြီး အဘိုးရွှီရဲ့မျက်နှာဟာ အလွန်ကို ကြည့်ရဆိုးသွားတော့တယ်။

အဒေါ်ကြီးယန်ဟာ သူမရဲ့ ယောကျာ်းကို မယုံကြည်နိုင်စွာနဲ့ စိုက်ကြည့်ရင်း၊ အသံကုန် အော်ဟစ်ပြီး ငိုချလိုက်တော့တယ်။ သူမက ရွှီချင်းရှန်ကို ပြေးရိုက်ရင်း ငိုယိုကာ အော်ဟစ်တော့တယ်။

"ရွှီချင်းရှန်... ရှင် တကယ့်ကို အူမဲတဲ့ သေနာကောင်ပဲ။ ကျွန်မဆီက ငွေတွေကို ခိုးတာက ထားပါဦး၊ အခုတော့ ကျွင်းခိုင်ရဲ့ ငွေကိုတောင် ခိုးရဲတယ်ပေါ့။ ဒါက ရှင့်သား နေ့မနား ညမနား၊ မျက်လုံးတွေ နီရဲတဲ့အထိ စာရေးပြီး ရှာထားတဲ့ ငွေတွေလေ။ ရက်အတော်ကြာအောင် လက်တောင် မမြှောက်နိုင်တဲ့အထိ ပင်ပန်းခံထားရတာ။ ကျွန်မတောင်မှ သားရှာတဲ့ငွေကို ယူဖို့ မျက်နှာပူနေတာကို... ရှင်က ဘယ်လိုမျက်နှာမျိုးနဲ့ ခိုးရဲတာလဲ"

"မင်း ဘာလုပ်တာလဲ၊ တော်တော့... ဒီမိန်းမကြီးကတော့..." ရွှီချင်းရှန်က ပျာပျာသလဲနဲ့ လိုက်ရှောင်နေရတယ်။

အဘွားကျောက်လည်း မှင်သက်သွားရတယ်။ အရင်ကဆိုရင်တော့ သူမဟာ သားကြီးဘက်ကနေ အမြဲကာကွယ်ပေးနေကျပါ၊ ဒါပေမဲ့ အခုတော့ မျက်လုံးတွေ နီရဲနေတဲ့ မြေးကြီးကို ကြည့်ပြီး သူမမှာ ဘာစကားမှ ပြောမထွက်နိုင်တော့ဘူး။

"မင်း တကယ်ကို ရူးသွားပြီ... ရူးသွားပြီ"

အဘိုးရွှီက ခြေဆောင့်ပြီး သက်ပြင်းချလိုက်တယ်။

"အရင်တစ်ခေါက်ကလည်း သားအတွက် စာသင်ကျောင်း ရှာပေးမယ်ဆိုပြီး ကျွန်မဆီကနေ ငွေစင် ၁၀ သားလောက် လိမ်ယူသွားသေးတယ်။ နောက်ဆုံးကျတော့ ထင်းရှန်းကို အကူအညီတောင်းပြီး ကျွင်းခိုင်ကို ချင်းယွမ်မှာ ထားဖို့ လုပ်ခဲ့တာ မဟုတ်လား။ အဲဒီမှာ ချင်းယွမ်လည်း မတက်ဖြစ်၊ ကျောင်းသစ်လည်း ရှာမတွေ့ဘဲ ငွေတွေပဲ ကုန်သွားခဲ့တာ။ အဲဒီနောက်မှာ ကျွန်မ ဆယ်နှစ်ကျော် စုထားတဲ့ အိုးခြမ်းပဲ့ ငွေလေးတွေကိုလည်း ရှင့်ကို အကုန်ပေးခဲ့တယ်လေ။ အခု ပြောစမ်းပါ... အဲဒီငွေတွေ ဘယ်ရောက်ကုန်ပြီလဲ"

72 04

"ဘယ်ရောက်ရမှာလဲ၊ သုံးလိုက်ပြီပေါ့"

"ဒါဆို ဘာတွေအတွက် သုံးလိုက်တာလဲ။ ပြီးတော့ အဘိုးတို့ဆီကနေ နောက်နှစ် ကျောင်းလစာအတွက်ဆိုပြီး ယူထားတဲ့ ငွေရော အဲဒါလည်း သုံးပစ်လိုက်ပြီလို့တော့ မပြောနဲ့ဦးနော်"

ဒါကတော့ မေးနေစရာတောင် မလိုပါဘူး၊ သေချာပေါက် သုံးပစ်လိုက်ပြီမို့လို့သာ သားဖြစ်သူရဲ့ ငွေကို အခုလို အန္တရာယ်ကြားက လာခိုးတာပေါ့။

"ရှင်... သေနာကောင် သားရဲ့ကျောင်းလစာကိုတောင် ဖြုန်းပစ်ရသလား..."

"ကျွင်းခိုင်ဆီမှာ ငွေတွေ ရှိနေတာပဲ မဟုတ်လား"

"တကယ်လို့ မရှိရင်ရော မရှိရင် ဘယ်လိုလုပ်မလဲ"

အဒေါ်ကြီးယန်က မအပါဘူး၊ အမှန်အတိုင်း ပြောရရင် သူမဟာ တခြားမိန်းမတွေထက် ပိုပြီးပါးနပ်ပါတယ်။ ကျောင်းလစာကို အရင်ယူသွားတာဖြစ်ပြီး၊ ကျွင်းခိုင်က နောက်မှ ငွေရှာနိုင်ခဲ့တာလေ။ တကယ်လို့သာ ကျွင်းခိုင်က ငွေမရှာနိုင်ခဲ့ရင်၊ နောက်နှစ်မှာ ကျွင်းခိုင် ကျောင်းတက်စရာ မရှိတော့ဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အခု အိမ်ထောင်စုကြီးရော၊ အဘိုးအဘွားတွေရဲ့ လက်ထဲမှာပါ ငွေက ပြောင်သလင်းခါနေပြီ မဟုတ်လား။

ရွှီချင်းရှန်ကတော့ အမေးခံရလွန်းလို့ရော၊ အရိုက်ခံရလွန်းလို့ပါ စိတ်တိုလာပြီး အဒေါ်ကြီးယန်ကို တွန်းဖယ်လိုက်တယ်။ "လောကမှာ 'တကယ်လို့' ဆိုတာတွေ အများကြီး မရှိဘူးကွ"

အဒေါ်ကြီးယန်မှာ အရှိန်နဲ့ မြေပြင်ပေါ်ကို လဲကျသွားတော့တယ်။

ရွှီကျွင်းခိုင်က အမြန်ပြေးသွားပြီး သူ့အမေကို တွဲထူလိုက်ကာ မျက်လုံးတွေ နီရဲလျက်နဲ့ အော်မေးလိုက်တယ်။

"အဖေ... အဖေ တကယ်ပဲ ဘာတွေ လုပ်ချင်နေတာလဲ"

အဘိုးရွှီမှာတော့ ဒေါသထွက်လွန်းလို့ တစ်ကိုယ်လုံး တုန်ရင်နေပြီး ခါးကြားက ဆေးတံကို ထုတ်ကာ သားဖြစ်သူကို ရိုက်တော့တယ်။ "မင်း... မင်း... တကယ့်ကို အသိဉာဏ် မရှိတဲ့ကောင်… မင်း..."

"တော်ပါတော့ အဘိုးကြီးရယ်၊ မရိုက်ပါနဲ့တော့။ တကယ်လို့ တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ"

အဘွားကျောက်က ရှေ့ကနေ ဝင်တားတယ်။

"တစ်ခုခု ဖြစ်သွားရင်လည်း သေပစ်လိုက်ပါစေ၊ ဒီလို အသုံးမကျတဲ့ကောင်ကို"

"ရှင် ကျွန်မကို အမှန်အတိုင်းပြော... ရှင် အပြင်မှာ တခြားမိန်းမတစ်ယောက်နဲ့ ပတ်သက်ပြီး အဲဒီအတွက် ငွေတွေ သုံးနေတာ မဟုတ်လား" အဒေါ်ကြီးယန်က အော်မေးလိုက်တယ်။ လူတစ်ယောက်အကြောင်းကို အသိဆုံးကတော့ သူ့ဘေးမှာ အမြဲရှိနေတဲ့ ဇနီးသည်ပါပဲ။ အဒေါ်ကြီးယန်ဟာ ပြောရင်းဆိုရင်းနဲ့ ဒါဟာ ဖြစ်နိုင်ခြေ အရှိဆုံးပဲလို့ ပိုပြီး ယုံကြည်လာတယ်။ သူမက မြေပြင်ကနေ ထလာပြီး ရွှီချင်းရှန်ကို အတင်းဆွဲထားကာ "ရှင် ကျွန်မကို အမှန်အတိုင်း ပြောစမ်း၊ အပြင်မှာ မိန်းမ ထားထားတာလား"

ဒီစကားကို ကြားတော့ အဘိုးရွှီလည်း ဆဲဖို့တောင် မေ့သွားပြီး ဝင်ပြောတယ်။

"ချွေးမကြီး... စကားပြောရင် ဆင်ခြင်ဦးလေ။ သားကြီးက အဲဒီလိုလူ မဟုတ်ပါဘူး။ မင်းတို့ လင်မယား ဖြစ်လာတာ ဒီလောက်ကြာပြီ၊ သူ အပြင်မှာ ဘယ်တုန်းက မဟုတ်တာ လုပ်ဖူးလို့လဲ"

အဘွားကျောက်ကလည်း အဒေါ်ကြီးယန်ကို ဆဲပါတယ်။ "နင်ကတော့လေ... ကိုယ့်ယောကျာ်းကို အဲဒီလို ပြောလိုက်လို့ မင်းရင်ထဲမှာ အေးသွားမှာလား"

အဒေါ်ကြီးယန်ရဲ့မျက်လုံးတွေကတော့ အရောင်တစ်ချက် တောက်သွားပြီး ကျောက်အာနဲ့ ရွှီထင်းရှန်းဆီကို အကြည့်တွေ ရောက်သွားတယ်။ ဒါပေမဲ့ ချက်ချင်းပဲ အပ်နဲ့ အထိုးခံလိုက်ရသလိုမျိုး အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ထပ်အော်တယ်။ "ဘာပဲဖြစ်ဖြစ် ကျွန်မ ဂရုမစိုက်ဘူး၊ ဒီနေ့ ဒီကိစ္စကို အသေသေချာချာ ရှင်းမပြရင်တော့ ကျွန်မတို့ ကွာရှင်းကြရုံပဲ ရှိတော့မယ်"

72 05

"ရှင်းစရာ မလိုဘူး။ မင်းက တကယ်ကို စိတ်ရှုပ်စရာ ကောင်းတာပဲ" ရွှီချင်းရှန်က အဒေါ်ကြီးယန်ကို တွန်းဖယ်လိုက်ပြီး အနောက်ကို တစ်ချက်တောင် လှည့်မကြည့်ဘဲ အိမ်ပြင်ကို ပြေးထွက်သွားတော့တယ်။ အဘိုးရွှီ လှမ်းခေါ်တာတောင် သူ မရပ်ခဲ့ဘူး။

ဒီကိစ္စကတော့ ဒီအတိုင်းပဲ ပြီးသွားခဲ့ရတယ်။ အဲဒီနောက်မှာတော့ ကျောက်အာနဲ့ ရွှီထင်းရှန်းတို့ ကိုယ့်အခန်းကိုယ် ပြန်လာခဲ့ကြတယ်။ အရှေ့ဆောင်ဘက်မှာတော့ တိတ်ဆိတ်လို့ နေပေမဲ့၊ အိမ်မကြီးဘက်က အဘွားကျောက်ရဲ့ သက်ပြင်းချသံကြီးကိုတော့ ခြံထဲကနေတင် ကြားနေရတယ်။

ကျောက်အာက သက်ပြင်းတစ်ချက်ချလိုက်ပြီး မေးလိုက်တယ်။ "ဦးလေးကြီးက ကျွင်းခိုင်ရဲ့ငွေကို ယူတာက အဲဒီ ရွှီမုဆိုးမ ဆီကို ပေးဖို့ ဖြစ်မှာလား"

ရွှီထင်းရှန်းကတော့ အဒေါ်ကြီးယန်ရဲ့ စောစောက အကြည့်ကို စဉ်းစားနေမိတယ်။ အဒေါ်ကြီးယန်က အပြင်မှာ မိန်းမရှိလားလို့ မေးတုန်းက ဘာလို့ သူတို့နှစ်ယောက်ကို လှမ်းကြည့်ရတာလဲ ဒါမှမဟုတ် ရွှီကျွင်းခိုင်က ရွှီမုဆိုးမကိစ္စကို သူ့အမေကို ပြောပြလိုက်ပြီလား အဒေါ်ကြီးယန်က သူတို့တွေ ပေါက်ကြားသွားမှာကို စိုးရိမ်လို့များလား။

ဒါပေမဲ့ ရွှီထင်းရှန်းကတော့ ဒါဟာ မဖြစ်နိုင်ဘူးလို့ ချက်ချင်း ပြန်တွေးမိတယ်။ ရွှီကျွင်းခိုင်ဟာ အဲဒီနေ့က သူတို့နှစ်ယောက် အနောက်က လိုက်လာမှန်း မသိခဲ့ဘူး။ နောက်ပြီး ရွှီကျွင်းခိုင်ရဲ့စရိုက်အရဆိုရင် မိဘတွေကြားမှာ အနေရခက်မှာ စိုးတာကြောင့် ဒီကိစ္စကို သူ့အမေကို ဘယ်လိုမှ ပြောပြမှာ မဟုတ်ဘူး။ ကျွင်းခိုင်က မပြောဘူးဆိုရင် အဒေါ်ကြီးယန်ကလည်း သိစရာ အကြောင်းမရှိဘူး။ ဒါဆိုရင် သူမ ဘာလို့ အဲဒီလို ကြည့်ရတာလဲ။

ကျောက်အာက နောက်တစ်ကြိမ် ထပ်မေးတော့မှ ရွှီထင်းရှန်းလည်း သတိဝင်လာပြီး ပြန်ဖြေလိုက်တယ်။

"ဒါက သိသာနေတာပဲလေ၊ မေးနေစရာတောင် လိုလို့လား"

"ဒါပေမဲ့ သူက ဘယ်လိုမျက်နှာမျိုးနဲ့ ဒီလို လုပ်ရဲတာလဲ" ကျောက်အာကတော့ ရွှီချင်းရှန်ရဲ့ လုပ်ရပ်တွေကို တွေးမိတိုင်း မယုံနိုင်အောင် ဖြစ်နေရဆဲပါပဲ။

"လူတစ်ယောက်နဲ့ တစ်ယောက်ကတော့ အတွေးအခေါ်ချင်း မတူကြဘူးလေ"

"ဒါဆိုရင် ဒီကိစ္စကို ငါတို့ကပဲ အမြဲဖုံးကွယ်ထားပေးရမှာလား။ ငါကြည့်ရတာ အဒေါ်ကြီးယန်က တကယ် သနားစရာ ကောင်းပါတယ်။ သူ့ယောကျာ်းက မုဆိုးမနဲ့ ဖောက်ပြန်နေတာကို သိနေတဲ့သူတွေက အကုန်လုံး သူ့ကို ဖုံးကွယ်ထားကြတယ်၊ အဲဒီထဲမှာ သူ့ရဲ့သားအရင်းတောင် ပါနေသေးတယ်"

"တော်တော့... မင်းက ဘာလို့ သူ့အတွက် စိတ်ပူနေတာလဲ။ ရွှီကျွင်းခိုင်က မပြောဘူးဆိုရင်လည်း သူ့မှာ အကြောင်းပြချက် ရှိမှာပေါ့။ သားတစ်ယောက်အနေနဲ့ ကိုယ့်အဖေရဲ့ အမှားကို ဘယ်လိုလုပ်ပြီး ထုတ်ပြောနိုင်ပါ့မလဲ၊ အထူးသဖြင့် ဒီလိုကိစ္စမျိုးကိုလေ။ နောက်ပြီး သိသွားရင်ရော ဘာထူးမှာလဲ။ ပြဿနာ တက်ကြဦးမလား လူတစ်ယောက်ရဲ့ စိတ်က မရှိတော့ရင် ဘယ်လောက်ပဲ ရန်ဖြစ်ဖြစ် မထူးတော့ပါဘူး"

ကျောက်အာက သက်ပြင်းတစ်ချက်ချလိုက်ပြီး ဘာမှထပ်မပြောတော့ဘူး။

ခဏကြာတော့မှ သူမက စောစောကကိစ္စကို သတိရသွားပြီး အနေရခက်လာပြန်တယ်။ ဒါပေမဲ့ ပြောသင့်တာကိုတော့ သူမ ပြောချင်နေတုန်းပါပဲ။ "အဲ... ဒါနဲ့၊ နင်လည်း အခု စာမေးပွဲ ဖြေတော့မှာဆိုတော့... အဲဒီစာအုပ်ကို နောက်ဆိုရင် မဖတ်တာ အကောင်းဆုံးပဲ။ နောက်ပြီး... တကယ်လို့ အဲဒီလို စိတ်လှုပ်ရှားမှုတွေ ဖြစ်လာရင်လည်း နည်းနည်းလောက် အောင့်ထားလိုက်ပါ။ ငါကြည့်ရတာ ဟေးကျစ်တောင်မှ ရမ္မက်ကြွတဲ့ အချိန်ဆိုတာ ခဏလေးပါပဲ၊ အောင့်ထားလိုက်ရင် ပြီးသွားတာပဲလေ"

စကားဆုံးတာနဲ့ သူမဟာ ချက်ချင်းပဲ အခန်းထဲကနေ ထွက်သွားတော့တယ်။ ရွှီထင်းရှန်း တစ်ယောက်တည်းသာ မှင်သက်ပြီး ကျန်ရစ်ခဲ့တာပေါ့။

72 06

ဒီလိုကိစ္စက အောင့်ထားလို့ ရပါ့မလား၊ ပြီးတော့ 'ရမ္မက်ကြွတာ' တဲ့လား... သူက ခွေးမှ မဟုတ်တာ။

၃ ရက်နေ့ ရောက်တဲ့အခါမှာတော့ ရွှီမိသားစုက အိမ်ထောင်ကျပြီးသား သမီးတွေ အကုန်ပြန်လာကြပါတယ်။

ထုံးစံအရဆိုရင်တော့ ၂ ရက်နေ့က ယောက္ခမအိမ် ပြန်ရမဲ့နေ့ပါ။ ဒါပေမဲ့ မိခင်ဖြစ်သူမှာလည်း မိဘအိမ် ရှိနေတာကြောင့် ရွှီမိသားစုကတော့ ၃ ရက်နေ့ကို သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ အိမ်ထောင်ကျပြီးသား ရွှီစွေ့ဖျင်း၊ ရွှီစွေ့အယ်နဲ့ ဦးလေးကြီးရဲ့သမီး ရွှီမန့်အာတို့ အကုန်ပြန်ရောက်လာကြပါတယ်။ ရွှီမန့်အာကတော့ ဦးလေးကြီးရဲ့ သမီးဦးဖြစ်ပြီး၊ သူမရဲ့ယောက္ခမအိမ်က အန်းယန်းဒေသမှာ ဖြစ်တာကြောင့် အလှမ်းဝေးလို့ ပုံမှန်ဆိုရင် ပြန်လာခဲပါတယ်။ နှစ်သစ်ကူးလို ပွဲတော်ရက်တွေမှာမှ တစ်ခါတလေ ပြန်လာတာပါ။

မနေ့က ကိစ္စတွေကြောင့် ရွှီမိသားစုရဲ့လေထုက သိပ်တော့ မကောင်းလှဘူး။ လူတိုင်းက ဘာမှမဖြစ်သလိုမျိုး ဟန်ဆောင်နေကြပေမဲ့လည်း၊ အနည်းငယ်တော့ အရိပ်အယောင်တွေ ပေါ်နေတာပေါ့။ ဒါပေမဲ့ အဒေါ်ကြီးယန်ကလည်း သမီးနဲ့သမက်ရှေ့မှာတော့ ဒီလို အရှက်ရစရာတွေကို ထုတ်ပြောမှာ မဟုတ်ပါဘူး။

ရွှီစွေ့အယ်ကတော့ ဗိုက်အတော်လေး ထွက်နေပြီဖြစ်ရာ တွက်ကြည့်မယ်ဆိုရင်တော့ မကြာခင် မွေးတော့မှာပင်။ ထမင်းဝိုင်းမှာ အဘွားကျောက်က ကျောက်မိသားစုဆီကို ဘယ်နေ့မှာ 'မွေးဖွားခြင်း ဂုဏ်ပြုလက်ဆောင်' သွားပို့မလဲဆိုတာကို ပြောနေတုန်းမှာပဲ ရွှီစွေ့အယ်က ဗိုက်နာတယ်လို့ အော်ပါတော့တယ်။ သူမဟာ တကယ်ပဲ မွေးဖွားဖို့ အချိန်ရောက်လာတာပါ။

အဲဒီနောက်မှာတော့ တစ်အိမ်လုံး ယောက်ယက်ခတ်သွားတော့တယ်။ ဒီလိုအချိန်မျိုးမှာ ဝမ်းဆွဲသည်ကို ဘယ်မှာ သွားရှာရပါ့မလဲ။ ရွာထဲမှာ တစ်ယောက်ရှိပေမဲ့ သွားကြည့်တော့ အိမ်မှာ မရှိပါဘူး။ နောက်ဆုံးတော့ တခြားသူတွေက ရွှီစွေ့အယ်ဘေးမှာ စောင့်နေကြပြီး၊ ရွှီချင်းဟွိုင်တို့ ညီအစ်ကိုနှစ်ယောက်ကတော့ အပြင်ထွက်ပြီး ဝမ်းဆွဲသည် လိုက်ရှာရတော့တယ်။

ဝမ်းဆွဲသည်ကို အနိုင်နိုင်နဲ့ ပင့်လာနိုင်ခဲ့ပြီး၊ မိုးလင်းကနေ မိုးချုပ်တဲ့အထိ အားစိုက်ခဲ့ရတယ်။ ညဘက် ရောက်ခါနီးကျမှ ရွှီစွေ့အယ်ဟာ သမီးလေး တစ်ယောက်ကို ဖွားမြင်ခဲ့တယ်။

သမီးလေးမှန်း သိလိုက်ရတဲ့အခါ ကျောက်ကျင်ရွေ့ရဲ့မျက်နှာက ချက်ချင်းပဲ ပျက်သွားခဲ့ပေမဲ့ ဘာမှတော့ ထုတ်မပြောခဲ့ဘူး။

တစ်နေ့လုံး လုံးပန်းလိုက်ရတာကြောင့် တစ်မိသားစုလုံး အလွန်ပင်ပန်းနေကြပြီး၊ ကိုယ့်အခန်းကိုယ်ပြန်ကာ အနားယူကြတယ်။ နောက်တစ်နေ့ မနက်စောစောမှာတော့ ကျောက်ကျင်ရွေ့ဟာ ဇနီးသည်ကို ထားခဲ့ပြီး သူ့အိမ်ကို သူ တစ်ယောက်တည်း ပြန်သွားတော့တယ်။

အရင်ကတည်းက သေသေချာချာ တိုင်ပင်ထားကြတာကတော့— အိမ်ထောင်ကျပြီးသား သမီးတွေဟာ မိဘအိမ်မှာ မီးနေခြင်းမလုပ်ရဘူးဆိုတဲ့ အစဉ်အလာ ရှိတယ်။ ဒါကြောင့် ရွှီစွေ့အယ်ကို ကျောက်မိသားစုဆီ မဖြစ်မနေ ပြန်ပို့ရမှာပေါ့။ ဒါပေမဲ့ အခုက သူမရဲ့ အခြေအနေက ပုံမှန်မဟုတ်တာကြောင့်၊ သူမကို မိဘအိမ်မှာ ရက်အနည်းငယ်လောက် အားမွေးခိုင်းပြီးမှ ပြန်ပို့ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ကျောက်ကျင်ရွေ့ မိဘအိမ်ကို ပြန်သွားတာက သတင်းကောင်း ပါးဖို့တင်မကဘဲ၊ ကျောက်မိသားစုဝင်တွေကို လာခေါ်ဖို့လည်း ပါတာပါ။ ရှေးအစဉ်အလာအရ ချွေးမ မီးနေတဲ့အချိန်မှာ ယောက္ခမက ဘေးနားမှာ ပြုစုစောင့်ရှောက်ပေးရမှာဖြစ်သလို၊ မီးနေသည်အတွက် လိုအပ်တဲ့ အာဟာရတွေဖြစ်တဲ့ ကြက်၊ ဘဲ၊ အသား၊ ငါး စတာတွေကိုလည်း ယောက်ျားဖက်က မိသားစုကပဲ တာဝန်ယူ ထောက်ပံ့ပေးရမှာ ဖြစ်ပါတယ်။

ရွှီမိသားစုက ဒါတွေကို မတတ်နိုင်လို့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ရှေးအစဉ်အလာအရ ဆင်းသက်လာတဲ့ အယူအဆက စွေ့အယ်က ကျောက်မိသားစုအတွက် မျိုးဆက်သစ်ကို မွေးဖွားပေးတာဖြစ်လို့၊ သူမရဲ့ စားဝတ်နေရေးကို ကျောက်မိသားစုကပဲ တာဝန်ယူရမှာပါ။ မဟုတ်ရင်တော့ ရွှီမိသားစုအတွက်လည်း မျက်နှာပျက်စရာ ဖြစ်သလို၊ တကယ်တမ်း အပြင်မှာ ပြောဖြစ်ကြရင် ကျောက်မိသားစုအတွက်လည်း အလွန်ကို အရှက်ရစရာကြီး မဟုတ်လား။ 'ကျောက်မိသားစုက ဒီလောက်တောင် ဆင်းရဲလို့လား၊ ချွေးမ မီးနေတာကိုတောင် မိဘအိမ်မှာ သွားစားခိုင်းနေရတယ်' ဆိုတဲ့ ကဲ့ရဲ့သံတွေကို ခံရမှာကိုး။

72 07

မူလကတော့ ဒီကိစ္စက ဘာမှ အမှားအယွင်း ရှိလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။ ဒါပေမဲ့ မထင်မှတ်ဘဲ ကျောက်ကျင်ရွေ့ဟာ ပြန်သွားပြီးကတည်းက အရိပ်အယောင်တောင် မမြင်ရတော့ဘူး။ နှစ်ရက်လောက် စောင့်ကြည့်ပြီးတဲ့နောက် အဘွားကျောက်က တစ်ခုခုတော့ မှားနေပြီဆိုတာ သိလိုက်ရလို့ ရွှီချင်းဟွိုင်ကို ကျောက်အိမ်ဆီ လွှတ်ပြီး စုံစမ်းခိုင်းလိုက်တယ်။ ရွှီချင်းဟွိုင် ရောက်သွားတဲ့အခါမှာလည်း ကျောက်မိသားစုဝင်တွေက 'မလာဘူး' လို့တော့ မပြောပေမဲ့၊ နှစ်သစ်ကူးကာလမှာ အိမ်မှာ အလုပ်တွေ အရမ်းများနေလို့ အချိန်မရသေးဘူးလို့ပဲ အကြောင်းပြခဲ့ကြတယ်။

အစဉ်အလာအရ ပြောရင်တော့ ဒါက ဟုတ်သလိုလို ရှိပေမဲ့၊ ချွေးမ မီးနေတာကိုတောင် တစ်ခါမှ မျက်နှာမပြနိုင်လောက်အောင် အလုပ်များနေတယ်ဆိုတာကတော့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စပါ။ အဘွားကျောက်က ကျောက်ကျင်ရွေ့ ဘယ်ရောက်နေလဲလို့ မေးတဲ့အခါ ရွှီချင်းဟွိုင်က သူ့ကိုလည်း မမြင်ခဲ့ဘူးလို့ ဆိုတယ်။ တကယ်တော့ ရွှီချင်းဟွိုင်ရဲ့ရင်ထဲမှာ ဒေါသတွေ ပြည့်နေတာ။ ဒါပေမဲ့ နှစ်သစ်ကူးကာလ ဖြစ်နေတာရယ်၊ ညီမဖြစ်သူကလည်း မီးနေသည် ဖြစ်နေတာရယ်ကြောင့် အောင့်အည်းပြီး ဘာမှထုတ်မပြောခဲ့တာ ဖြစ်တယ်။ ကျောက်မိသားစုဝင်တွေက အလုပ်များတာကတော့ အမှန်ဖြစ်နိုင်ပေမဲ့၊ ဂရုမစိုက်တာကတော့ ပိုပြီးသေချာနေတာပေါ့။ အထူးသဖြင့် ဟုန်းရှီ (ကျင်ရွေ့အမေ) ဆိုရင် မွေးလာတာက သမီးလေးမှန်း သိတာနဲ့ စကားပြောတိုင်းမှာ နှိမ်ချချင်တဲ့ အမူအရာတွေက သိသာလွန်းနေတယ်။

အဘွားကျောက်မှာလည်း ဘာမှမတတ်နိုင်ဘဲ သမီးအငယ်မလေးကိုသာ ပြန်ပြီးနှစ်သိမ့်ပေးနေရတယ်။ အထူးသဖြင့် အခုမှ မွေးစကလေးလေး ရှိနေတာကြောင့် အဘွားကျောက်လည်း ရက်အတော်ကြာအောင် နေ့မနား၊ညမနား ပြုစုပေးနေရတယ်။ ဒီလိုနဲ့ ရွှီစွေ့အယ်ဟာ မိဘအိမ်မှာပဲ ဆက်နေဖြစ်သွားတယ်။ ရွှီအိမ်ဝင်းထဲမှာတော့ အချိန်မရွေး ကလေးငိုသံတွေ ထွက်ပေါ်နေတာကြောင့် အရင်ကထက် ပိုပြီး စည်ကားနေခဲ့တယ်။

ရွှီမိသားစုရဲ့သမီးအငယ်မ မိဘအိမ်မှာ ကလေးမွေးတဲ့အကြောင်းကို ရွာထဲက လူတွေကလည်း အစောကတည်းက သိနေကြတဲ့အပြင် အခုဆိုရင် နေ့တိုင်း ကလေးငိုသံတွေကို ကြားနေရတော့ လူတွေကလည်း အိမ်အထိ လာပြီးစပ်စုလာတော့တယ်။

"စွေ့အယ်ရဲ့ ယောက္ခမရော ဘာလို့ မမြင်ရတာလဲ။ ယောက်ျားဖြစ်သူကကော ဘာလို့ မလာတာလဲ"

တကယ်တော့ ဒါတွေက အတင်းအဖျင်း စကားတွေပါပဲ၊ တချို့ကလည်း စေတနာနဲ့ မေးကြတာပါ။ ဒါပေမဲ့ ရွှီမိသားစုဝင်တွေရဲ့ နားထဲမှာတော့ အဲဒီစကားတွေက ဆူးနဲ့ အထိုးခံရသလိုပါပဲ။ နှစ်သစ်ကူး ၂ ရက်နေ့ကနေ ၁၅ ရက်နေ့ (မီးထွန်းပွဲတော်) အထိ ကုန်ဆုံးသွားပေမဲ့ ကျောက်မိသားစုဘက်က ဘာသံမှ ထွက်မလာတော့တဲ့အခါမှာတော့ အဘိုးရွှီ တကယ်ပဲ ဒေါသထွက်တော့တယ်။ သူက သူ့ရဲ့သားသုံးယောက်ကို အမိန့်ပေးလိုက်ပါတယ်။ "တခြားဟာတွေ ထားလိုက်ဦး၊ ကျောက်ကျင်ရွေ့ကို အတင်းအဓမ္မ ဖမ်းခေါ်လာခဲ့ကြစမ်း"

ရွှီချင်းဟွိုင်တို့ ညီအစ်ကို သုံးယောက်စလုံး ဘာမှမပြောဘဲ လှည်းကိုမောင်းပြီး ကျောက်အိမ်ဆီကို ချက်ချင်း သွားကြတယ်။ ကျောက်ကျင်ရွေ့ကို အတင်းအဓမ္မ ဖမ်းခေါ်ဖို့ လုပ်တဲ့အခါမှာတော့ ကျောက်အိမ်မှာ မထင်မှတ်တဲ့ အခြေအနေတစ်ခုနဲ့ တိုးတော့တယ်။ ဟုန်းရှီဆိုတဲ့ အမျိုးသမီးကြီးက ရွှီမိသားစုဝင်တွေ ရောက်လာတာကို မြင်တာနဲ့ ရွာထဲမှာ အော်ဟစ်အကူအညီတောင်းလိုက်တာကြောင့် ရွာသားတွေ စုရုံးရောက်လာပြီး သူတို့ရဲ့လှည်းကို ဝိုင်းထားလိုက်ကြပါတော့တယ်။"

ရွှီချင်းဟွိုင်တို့ညီအစ်ကို သုံးယောက်မှာ အကြာကြီး ရှင်းပြပြီးတော့မှပဲ အနိုင်နိုင် လွတ်လာခဲ့ကြတယ်။ ဘာမှကြီးကြီးမားမား မဖြစ်ခဲ့ပေမဲ့၊ ကျောက်မိသားစုဘက်ကတော့ တကယ့်ကို သိက္ခာကျသွားခဲ့ရတယ်။ ဒါပေမဲ့ ဒီအဖြစ်အပျက်က ရွှီမိသားစုနဲ့ကျောက်မိသားစုကြားမှာ နောက်ထပ် အာဃာတ ဆူးတစ်ချောင်းကို ထပ်ပြီးစိုက်ထူလိုက်သလိုဖြစ်တာကြောင့် နှစ်ဖက်မိသားစုဟာ မျက်နှာပျက်စရာ အခြေအနေအထိ ရောက်သွားခဲ့တယ်။

72 08

အဲဒီနောက်မှာတော့ ကျောက်မိသားစုဝင်တွေ ရောက်လာကြတယ်။ အရိုက်အနှက်တွေ၊ ဆဲဆိုသံတွေနဲ့အတူ သူတို့ဘက်က အမှားကို ဝန်ခံပြီး ရွှီစွေ့အယ်ကို အိမ်ပြန်ခေါ်သွားကြတယ်။ ဒါပေမဲ့ ကျောက်အာကတော့ အဝေးကနေ ဒီမြင်ကွင်းကိုကြည့်ရင်း စွေ့အယ် အိမ်ပြန်ရောက်တဲ့အခါ ဘဝကတော့ အတော်လေး ခက်ခဲတော့မှာပဲလို့ တွေးမိလိုက်တယ်။ ဟုန်းရှီနဲ့ သားဖြစ်သူတို့ ရွှီအိမ်မှာ အရှက်ခွဲခံလိုက်ရတဲ့ ဒေါသတွေကို စွေ့အယ်အပေါ်မှာပဲ ပြန်ပြီး ပုံချကြမှာ အသေအချာပဲ မဟုတ်လား။

ဘယ်လိုပဲဖြစ်ဖြစ် နှစ်သစ်အစမှာတင် မြင်တွေ့လိုက်ရတဲ့ ဒီပြဇာတ်ကြီးကတော့ ကျောက်အာအတွက် တကယ့်ကို အံ့သြမှင်သက်စရာကောင်းတာကြောင့် ထမင်းစားရင်းတောင် အပူအပင်မရှိ ကြည့်နေမိတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ သူမ ဒါတွေကို ဂရုမစိုက်နိုင်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ခရိုင်ဝန်မင်းက ကြေညာချက် အသစ်တစ်ခုကို ထုတ်ပြန်လိုက်လို့ပါပဲ။ အဲဒါကတော့ 'ရှန့်ရှီ' (ခရိုင်အဆင့် စာမေးပွဲ) ကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ကျင်းပတော့မယ်ဆိုတဲ့ သတင်းပါပဲ။

******

All Chapters