← Chapters

အခန်း (၇၇-၇၈)

Vol. 8 Ch. 77-78

အခန်း (၇၇-၇၈)

Vol. 8 Ch. 77-78

77 01

အခန်း (၇၇)

ရွှီထင်းရှန်းနှင့် ရွှီကျွင်းခိုင်တို့ ထွက်ခွာသွားကတည်းက အဘိုးရွှီတစ်ယောက် လိပ်ပြာလွင့်နေသကဲ့သို့ ဖြစ်နေလေတယ်။

အရင်တုန်းကလည်း ဒီလိုပါပဲ။ ရွှီချင်းရှန် စာမေးပွဲသွားဖြေတိုင်း အဖြေမထွက်မချင်း သူ ဂနာမငြိမ် ဖြစ်လေ့ရှိတယ်။

"ဒီအဘိုးကြီးက ခုထိ မမှတ်သေးဘူး၊ ကြုံဖူးတာလည်း မနည်းတော့ဘူး၊ ဘာလို့ ဒီလို ဖြစ်နေရတာလဲ။ သားကြီးတုန်းကတော့ ထားလိုက်တော့၊ ရှို့ချိုင်ဘွဲ့က ခက်တာကိုး။ ဒါပေမဲ့ သားကြီး ပြောသွားသားပဲ၊ ကျွင်းခိုင်က ဒီတစ်ခေါက် အနည်းဆုံး ထုံရှန်း အဆင့်တော့ ရမှာပါဆိုပြီး... ဘာပူစရာ ရှိလို့လဲ"

မှန်တယ်... ရွှီချင်းရှန်က စကားပြင်ပြောတာ ကြာပြီ။ ကျွင်းခိုင် ဝင်ဖြေရင် အနည်းဆုံး ရှို့ချိုင်ဘွဲ့ရမယ် ဆိုတာကနေ အနည်းဆုံး ထုံရှန်းအဆင့်တော့ ရမယ်ဆိုပြီး ပြောင်းပြောထားတာ။ ထုံရှန်းနဲ့ ရှို့ချိုင်ဘွဲ့ဆိုတာ မိုးနဲ့မြေလို ကွာခြားပေမဲ့ အဘိုးရွှီကတော့ ဒါတွေကို ဂရုမစိုက်နိုင်တော့ဘူး။ စာမေးပွဲ အောင်ရင် ပြီးရောဆိုတဲ့ သဘောပဲ။

နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရပြီးပြီဖြစ်လို့ ရှို့ချိုင်ဘွဲ့ရဖို့ ဘယ်လောက်ခက်ခဲတယ်ဆိုတာ သူ နားလည်နေပြီ။ တကယ်လို့များ ရှို့ချိုင်ဘွဲ့သာ ရခဲ့ရင် အိပ်မက်ထဲထိတောင် ထရယ်မိမှာ သေချာတယ်။

အဘိုးရွှီရဲ့ စိတ်ထဲမှာတော့ ရွှီထင်းရှန်း အောင်မယ်လို့ ထင်မထားဘူး။ ရွှီထင်းရှန်း စာသင်တာ တစ်နှစ်တောင် မပြည့်သေးဘူးလေ။ ပြီးတော့ ရွှီထင်းရှန်းက တမင်ဖုံးကွယ်ထားတဲ့အတွက် ချင်းယွမ်ကျောင်းအုပ်ကြီးက သူ့ဆရာရင်း ဖြစ်တယ်ဆိုတာ ရွှီမိသားစုဝင်တွေ မသိကြဘူး။ ဒီကြားထဲ ရွှီချင်းရှန်ကလည်း တမင်နှိမ်ပြီး ပြောထားတော့ အဘိုးရွှီအမြင်မှာ ကုန်းအာက ကုန်းအာပါပဲ၊ စာသင်ကျောင်းကောင်းကောင်းမှာ တက်နေရင်တောင် နှစ်အနည်းငယ်လောက် သင်ယူပြီးမှ ဖြစ်မှာလို့ ယူဆထားတယ်။

အဘိုးရွှီတစ်ယောက် စိတ်နဲ့လူနဲ့ မကပ်တာ ရက်အတော်ကြာနေပြီမို့ ရွာသားတွေလည်း သူ ဘာတွေးနေမှန်း ရိပ်မိနေကြတယ်။ ခရိုင်အဆင့်၊ စီရင်စုအဆင့် စာမေးပွဲတွေရှိတိုင်း ရွှီလျန်ရှင်းတစ်ယောက် ဒီလိုဖြစ်နေကျကိုး။

အောင်စာရင်း ထွက်မယ့်ရက် နီးလာတော့ အဘိုးရွှီက ရက်တွက်မှားနေတယ်လို့ သူ့ကိုယ်သူ ထင်နေမိတယ်။ ဒီနေ့လို့ စိတ်ထဲ ထင်နေပေမဲ့ မေးကြည့်တော့ ရက်က မဟုတ်သေးဘူး။

တကယ်တမ်း အောင်စာရင်း ထွက်တဲ့နေ့ ရောက်တော့လည်း ဒီအတိုင်းပဲ။ ဒါပေမဲ့ ဒီတစ်ခါတော့ ဒီနေ့ ဘယ်နှရက်လဲဆိုတာ အဘွားကျောက်ကို မမေးရဲတော့ဘူး။ ဒါကြောင့် အိုးစည်ဗုံမောင်းသံတွေနဲ့ သတင်းကောင်းလာပို့တဲ့ အသံတွေ ကြားရတဲ့အခါ သူ ချက်ချင်း အာရုံမရ ဖြစ်နေတော့တယ်။

ရွာသူကြီးကျန့်က ပြောမပြတတ်တဲ့ အပြုံးမျိုးနဲ့ သတင်းပို့တဲ့ လူတွေကို ဦးဆောင်ပြီး အိမ်ရှေ့ရောက်လာမှသာ သူ သတိဝင်လာခဲ့တယ်။

ဒီအချိန်တိုအတွင်းမှာပဲ ရွှီမိသားစုထဲက တစ်ယောက်ယောက် စာမေးပွဲ အောင်တယ်ဆိုတဲ့ သတင်းက ရွာတစ်ခုလုံး ပျံ့နှံ့သွားပြီး လူတိုင်း စုရုံးရောက်ရှိလာကြတယ်။

"ဂုဏ်ယူပါတယ် အဘိုးရွှီရေ" သတင်းလာပို့သူက အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာတစ်ပြင်လုံး ပြုံးဖြီးနေတယ်။

အဘိုးရွှီမှာ လက်ထဲက ဆေးတံ ဘယ်အချိန် ပြုတ်ကျသွားမှန်းတောင် မသိဘဲ တုန်ရီနေတဲ့ ခြေလှမ်းတွေနဲ့ ရှေ့တိုးလာခဲ့တယ်။

ရွာသူကြီးကျန့်က မနာလိုဝန်တိုစိတ်ကို မနည်းထိန်းချုပ်ထားရင်း ပြောလာတယ်။ "လျန်ရှင်းရေ... မင်းတော့ လူရာဝင်ပြီဟေ့"

77 02

"ငါ... ငါ..." အဘိုးရွှီခမျာ ဘာပြောရမှန်းမသိ၊ ခေါင်းထဲမှာ ဗလာဟင်းလင်း ဖြစ်နေသလိုပဲ။

အဲဒီအချိန်မှာ ရွှီမျိုးနွယ်စုခေါင်းဆောင်လည်း သတင်းကြားလို့ ရောက်လာပြီး ရွာသူကြီးကျန့်ကို လှမ်းပြောလိုက်တယ်။ "ဟုတ်တာပေါ့၊ လျန်ရှင်းက အခုမှ တကယ် အောင်မြင်မှု ရတာ။ ငါတို့ရွာမှာ သားသမီး မြေးမြစ်တွေအပေါ် လျန်ရှင်းလောက် ဂရုစိုက်တာ ဘယ်သူရှိလဲ။ ဆယ်စုနှစ်ပေါင်းများစွာ တစ်ရက်မှ မပျက်ကွက်ခဲ့ဘူး၊ အခုတော့ ဘုရားသခင် မျက်နှာသာ ပေးပြီပေါ့။ ဒါ ငါတို့ ရွှီမျိုးနွယ်စုရဲ့ ကံကောင်းခြင်းပဲ"

ရွှီမျိုးနွယ်စုခေါင်းဆောင်ရဲ့ မျက်နှာမှာ ပျော်ရွှင်မှုတွေ ဖုံးမရ ဖိမရ ဖြစ်နေပေမဲ့ ရွာသူကြီးကျန့်ကို စောင်းမြောင်း ပြောဖို့တော့ မမေ့ဘူး။ ရွာသူကြီးကျန့်ရဲ့ သားမြေးတွေလည်း စာသင်ကြပေမဲ့ တစ်ယောက်မှ အဖြစ်မရှိကြဘူးလေ။

"အောင်ပြီလား... ငါ့မြေး ကျွင်းခိုင်လေး နောက်ဆုံးတော့ အောင်ပြီပေါ့" အဘွားကျောက်က အိမ်ထဲကနေ ပြေးထွက်လာပြီး လူအုပ်ကို အတင်းတိုးဝှေ့ကာ သတင်းပို့သူ ရှေ့ရောက်အောင် သွားမေးတော့တယ်။

သတင်းပို့သူကတော့ ပထမဆုရှင် (အန်းရှို့)ရဲ့ ငယ်နာမည်က ကျွင်းခိုင် (လူတော်လူကောင်း) လို့ ထင်မှတ်သွားပြီး ဒီမိသားစုက နာမည်ပေး တော်လိုက်တာလို့ တွေးမိလိုက်တယ်။ ကျွင်းခိုင်ဆိုတာ လူငယ်ပညာတတ်လို့ အဓိပ္ပာယ်ရတယ် မဟုတ်လား။ ဒါကြောင့် ခေါင်းကို ဆတ်ခနဲ ငြိမ့်ပြပြီး ပြောလိုက်တယ်။ "ဂုဏ်ယူပါတယ် အဘွားရေ၊ အဘွားရဲ့ မြေးက ဒီတစ်ခေါက်မှာ အောင်မြင်ရုံတင် မဟုတ်ဘဲ ခရိုင်တစ်ခုလုံးရဲ့ ပထမဆုရှင် (အန်းရှို့) ဖြစ်လာတာပါ၊ လူရာချီထဲမှာမှ နံပါတ်တစ်ပါဗျ"

ပထမဆုရှင်ရဲ့ အဘွားက အန်းရှို့ဆိုတာ ဘာမှန်း မသိတာ မြင်တော့ သတင်းပို့သူက သေချာရှင်းပြပြီး ကောင်းနိုးရာရာ စကားတွေ ပြောဆိုပေးနေတယ်။ ရည်ရွယ်ချက်ကတော့ အိမ်ရှင်တွေ ပျော်ပြီး ဆုကြေးငွေ များများပေးဖို့ပါပဲ။

"ဘုရားရေ... ငါ့မြေး ကျွင်းခိုင် တကယ် အောင်တာပဲ" အဘွားကျောက်က ထပ်အော်လိုက်ပြန်တယ်။ လူအုပ်ထဲက အဒေါ်ယန်ဆိုရင် မျက်ရည်တွေတောင် သုတ်နေလေရဲ့၊ သူ့သား တကယ် အောင်ပြီကိုး။

"ကဲ... တော်ကြစမ်း၊ ဗဟုသုတ မရှိလိုက်ကြတာ" အဘိုးရွှီက ပါးစပ်ကသာ ဆူငေါက်နေပေမဲ့ မျက်နှာပေါ်က အပြုံးကတော့ ပီပြင်နေလေပြီ။

ထုံးစံအရ သတင်းပို့သူက နောက်တစ်ကြိမ် တရားဝင် ကြေညာပေးရတယ်။

တကယ်တော့ ဒီသတင်းပို့သူတွေက ခရိုင်ရုံးက လွှတ်လိုက်တဲ့ ဝန်ထမ်းတွေ မဟုတ်ဘူး။ ဟူယန်းမြို့နယ်ထဲက ဒီအလုပ်နဲ့ ထမင်းစားနေကြသူတွေ ဖြစ်ပြီး အောင်စာရင်း ကပ်တဲ့နေရာမှာ ကြိုစောင့်ကာ သတင်းယူ၊ ပြီးမှ ကာယကံရှင် အိမ်ကို အပြေးအလွှား လာပို့ကြတာ ဖြစ်တယ်။

ပုံမှန်အားဖြင့် ခရိုင်အဆင့် စာမေးပွဲမှာ ပထမ ၁၀ ဦးလောက်ကိုပဲ လိုက်ပို့လေ့ ရှိတယ်။ ဒါပေမဲ့ တချို့ကတော့ ကြုံတုန်း ဝင်ငွေရှာချင်တာမို့ အဆင့် ၅၀ လုံးကို လိုက်ပို့တတ်ကြတယ်။ တစ်ခေါက်လာပို့ရင် ခြေညောင်းခံရုံနဲ့ အနည်းဆုံး ငွေတစ်ကျပ်သားလောက်တော့ ရတတ်တယ်လေ။

သူများငွေကို အလကားလိုချင်တာ မဟုတ်တဲ့အတွက် ဟန်လုပ်စရာ ရှိတာကိုတော့ သေချာ လုပ်ရတယ်။ အိမ်ရှင်တွေ ပျော်လွန်းလို့ ဘာလုပ်ရမှန်း မသိအောင် ဖြစ်သွားမှ ဆုကြေးငွေ များများ ရမှာကိုး။

သတင်းပို့သူက လက်ထဲက အနီရောင် စာလိပ်ကို ဖြန့်လိုက်ပြီး အသံကျယ်ကျယ်နဲ့ ဖတ်ပြလိုက်တယ်။ "သတင်းကောင်း ပါးအပ်ပါသည်... ရှမင်းဆက် ခရိုင်အဆင့် စာမေးပွဲကြီးမှာ စာသင်သား ရွှီထင်းရှန်းဟာ ခရိုင်ဝန်မင်းရွှီရဲ့ ရွေးချယ်မှုနဲ့ ပထမအဆင့် အောင်မြင်သူ ဖြစ်လာခဲ့ပါပြီ..."

အဘိုးရွှီက ပြုံးနေရင်းနဲ့မှ တဖြည်းဖြည်း အပြုံးတွေ ခဲသွားတော့တယ်။

"ကျွင်းခိုင် မဟုတ်ဘူးလား" သူ တိုးတိုးလေး မေးလိုက်တယ်။

"အဘိုးရွှီ... ကျုပ်တို့က နာမည်ရင်းကိုပဲ သုံးပြီး ကြေညာတာလေ၊ အခု အောင်မြင်သူက အဘိုးရဲ့ မြေး ရွှီထင်းရှန်းပါ"

77 03

အဘွားကျောက်ရဲ့ "ကျွင်းခိုင် မဟုတ်ဘူးတဲ့လား" ဆိုတဲ့ အာမေဋိတ်သံဟာ ရွာသားတွေရဲ့ ဆူညံသံအောက်မှာ ပျောက်ကွယ်သွားလေတယ်။

"ငါ ပြောသားပဲ... ကုန်းအာ ဖြစ်မှာပါလို့"

"သူများတွေက ရှို့ချိုင်ဘွဲ့ရ ဆရာကြီး နှစ်ယောက်တောင် အားကိုးရှိတာ၊ ပြောစရာ လိုသေးလား"

သတင်းလက်ခံသူတွေဆီက ဆုကြေးငွေရမယ့် အရိပ်အယောင် မမြင်ရတော့ သတင်းပို့သူရဲ့ မျက်နှာထားလည်း တင်းမာစ ပြုလာတယ်။ အဲဒီတော့မှ ရွှီမျိုးနွယ်စုခေါင်းဆောင် သတိဝင်လာပြီး သူ့အင်္ကျီလက်ကြားထဲက ငွေတုံးကို ထုတ်ကာ အတင်း ထိုးထည့်ပေးလိုက်ရတယ်။

"နည်းတယ်လို့ သဘောမထားပါနဲ့၊ လက်ဖက်ရည်ဖိုးပေါ့ကွာ"

သတင်းပို့သူက လက်ထဲက ငွေကို ချိန်ဆကြည့်လိုက်တော့ နှစ်ကျပ်သားလောက် ရှိတာမို့ မနည်းဘူးလို့ ယူဆကာ လက်ကို ယှက်ပြီး နှုတ်ဆက် ထွက်သွားကြတယ်။ "ကျေးဇူးတင်ပါတယ် အဘိုးရွှီ၊ ကျုပ်တို့ သွားလိုက်ဦးမယ်၊ နောက်ထပ် သတင်းပို့စရာ အိမ်တွေ ရှိသေးလို့"

ရွှီမျိုးနွယ်စုခေါင်းဆောင်က သတင်းပို့သူကို လိုက်ပို့ပြီးပြန်လာတော့ ရွာသားတွေလည်း နှုတ်ဆက်ပြီး ပြန်ကုန်ကြပြီ။ ရွာသူကြီးကျန့်ဆိုရင် ဘယ်အချိန်က ပြန်သွားမှန်းတောင် မသိလိုက်ဘူး။ သူက ပြုံးရွှင်စွာနဲ့ လှည့်ကြည့်လိုက်တော့ အဘိုးရွှီတစ်ယောက် တွေဝေငေးမောနေတာ တွေ့လိုက်ရတယ်။ "မင်း... ကုန်းအာ အောင်တာ မင်း မပျော်ဘူးလား"

"မပျော်တာ မဟုတ်ပါဘူး၊ ဘာလို့ မပျော်ရမှာလဲ"

"မင်း ဘယ်သူ့ကို မျက်နှာလိုက်ချင်လဲ ဆိုတာ ငါ ဂရုမစိုက်ဘူး၊ ဒါပေမဲ့ မိုက်မဲတဲ့ အလုပ်တော့ မလုပ်မိစေနဲ့"

ပြောပြီးတာနဲ့ ရွှီမျိုးနွယ်စုခေါင်းဆောင် ထွက်ခွာသွားတော့တယ်။ အဘိုးရွှီတစ်ယောက်တည်း ဘာတွေ တွေးနေမှန်း မသိဘဲ ကျန်ရစ်ခဲ့တယ်။

ဒီကိစ္စက ယွီချင်းရွာလေးထဲမှာ ရက်အနည်းငယ်လောက် ဆူညံသွားပြီးမှ တဖြည်းဖြည်း ပြန်ငြိမ်သက်သွားတယ်။

ဒါကြောင့် ရွှီထင်းရှန်း မြို့ပေါ်က ပြန်ရောက်လာတဲ့အချိန်မှာ ရွာသားတွေက အရင်ရက်တွေကလောက် စိတ်လှုပ်ရှားမှု မရှိကြတော့ဘူး။ သူ့ကို မြင်တဲ့အခါ "ဟေ့ကောင်လေး... တော်ပါပေတယ်" ဆိုတဲ့ စကားလောက်သာ ပြောကြတော့တယ်။

ရွှီထင်းရှန်းက မြို့ပေါ်မှာ ရက်အနည်းငယ် ကြာသွားတယ်။ စည်းမျဉ်းအရ ခရိုင်အဆင့် စာမေးပွဲပြီးတိုင်း အောင်မြင်သူတွေက ခရိုင်ဝန်မင်းရဲ့ ဆင့်ခေါ်မှုကို စောင့်ဆိုင်းရစမြဲ ဖြစ်တယ်။

ခရိုင်ဝန်မင်း ကိုယ်တိုင်က အဓိက စစ်ဆေးသူ အနေနဲ့ ရွေးချယ်ပေးခဲ့တာ ဖြစ်လို့ ဆရာတစ်ဆူလို ဖြစ်နေပြီမို့ ဂါရဝမပြုလို့ မဖြစ်ဘူးလေ။ ဒီလို ဆရာမျိုးက ကျင်းရှီစာမေးပွဲ အောင်မြင်ပြီးမှ တော်စပ်ရတဲ့ ဆရာမျိုးလောက် အရေးမပါလှပေမဲ့ အစိုးရလောကမှာက လူမှုဆက်ဆံရေးကို အလေးထားရတဲ့အတွက် ဒီလို ဟန်ပြအခမ်းအနားမျိုးကို မဖြစ်မနေ လုပ်ဆောင်ရလေ့ ရှိတယ်။

အထူးသဖြင့် ရွှီထင်းရှန်းက ခရိုင်ဝန်ရွှီ ကိုယ်တိုင် အာမခံပြီး ရွေးချယ်ပေးခဲ့သူ ဖြစ်နေတာကိုး။

ယေဘုယျအားဖြင့် ခရိုင်အဆင့် ပထမဆုရှင်ဟာ မတော်တဆမှုမရှိရင် ရှို့ချိုင်ဘွဲ့ရဖို့ သေချာသလောက် ရှိတယ်။ လက်အောက်ငယ်သားက အထက်လူကြီး မျက်နှာကို ထောက်ရသလို အထက်လူကြီးကလည်း လက်အောက်ငယ်သားရဲ့ သိက္ခာကို ငဲ့ရတာကြောင့် ဒီလို ကျေးဇူးတရားမျိုးကို လစ်လျူရှုလို့ မရပြန်ဘူး။

ခရိုင်ရုံးက ပြန်လာတော့ မသွားမဖြစ် သွားရမယ့် နေရာတွေ ဖြစ်နေတဲ့ လင်းမိသားစုဆီကိုလည်း ဝင်ရသေးတယ်။

77 04

ရွှီထင်းရှန်း အိမ်ပြန်ရောက်တဲ့အခါ ရွှီမိသားစုဝင်အားလုံး အိမ်ဝမှာ စောင့်နေကြတာ တွေ့ရတယ်။ ရွှီထင်းရှန်း ရွာထိပ်ကို ရောက်ကတည်းက အာရုံစိုက်နေကြတဲ့ ရွာသားတွေ သတင်းလာပို့ထားကြတာကိုး။

"မင်းက ငါတို့ ရွှီမိသားစုရဲ့ မျက်နှာကို တောက်ပစေခဲ့ပြီ" အဘိုးရွှီက ပြောတယ်။

ဒီစကားကို ကြားရတော့ ရွှီထင်းရှန်းရဲ့ ရင်ထဲမှာ ခံစားချက်တွေ ရှုပ်ထွေးသွားတယ်။ အရင်ဘဝ အိပ်မက်ထဲတုန်းက ဒီအချိန်မှာ သူ အကြားချင်ဆုံး စကားက ဒီစကားပါပဲ။ နောက်ပိုင်း မတော်တဆမှုတွေ ဖြစ်ပြီး သူ ကျင်းရှီဘွဲ့ ရတဲ့အထိ ဒီစကားကို ကြားခွင့် မရခဲ့ဘူး။ ဘဝနှစ်ခုစာ ပေါင်းပြီးမှ ရလာတဲ့ နောင်တတစ်ခုက ဒီအချိန်ကျမှ ပြည့်စုံသွားခဲ့ပေမဲ့ သူ့ရင်ထဲမှာတော့ ထင်မှတ်ထားသလောက် ပျော်ရွှင်မှု မရှိလှပေ။

ဝမ်းသာတာတော့ ဝမ်းသာပါတယ်၊ ဒါပေမဲ့ မှန်းထားသလောက် မဟုတ်တော့တာ။

"ဒါ မြေးတစ်ယောက်အနေနဲ့ လုပ်သင့်တဲ့ အလုပ်ပါ"

အဘိုးရွှီက ပြုံးရွှင်စွာနဲ့ ရွှီထင်းရှန်းရဲ့ ပခုံးကို ပုတ်လိုက်တယ်။ "အရင်တုန်းက မင်းအစ်ကိုကြီး ထုံရှန်းအဆင့် အောင်တုန်းက ငါတို့အိမ်မှာ သုံးရက်တိတိ မီးခိုးတိတ် ဧည့်ခံပွဲ ကျင်းပခဲ့တယ်။ အဲဒီတုန်းက ငါ ပြောခဲ့ဖူးတယ်၊ ရွှီမိသားစုရဲ့ မြေးတွေထဲက တစ်ယောက်ယောက် စာမေးပွဲ အောင်ရင် ဒီလိုပဲ ကျင်းပပေးမယ်လို့။ မျိုးနွယ်စုခေါင်းဆောင်လည်း ပြောသွားပြီ၊ မင်း ပြန်ရောက်တာနဲ့ ပွဲစမယ်တဲ့။ ပစ္စည်းတွေ အကုန် ပြင်ဆင်ပြီးပြီ၊ မနက်ဖြန် စကြမယ်"

ရွှီထင်းရှန်း ကြောင်သွားပြီး "မလုပ်ရင် မကောင်းဘူးလား။ ကျွန်တော် ခရိုင်အဆင့် စာမေးပွဲ အောင်တယ် ဆိုပေမဲ့ ထုံရှန်းအဆင့်နဲ့ ရှို့ချိုင်ဘွဲ့ ရမရ ဆိုတာ မသေချာသေးဘူးလေ။ သိုသိုသိပ်သိပ် နေတာ ပိုကောင်းမယ် ထင်တယ်"

"လုပ်ရမယ်၊ လုပ်ကို လုပ်ရမယ်။ မျိုးနွယ်စုခေါင်းဆောင်ကိုယ်တိုင် ပြောထားတာ၊ ငါတို့ခရိုင်ရဲ့ ပထမဆုရှင်တဲ့ နံပါတ်တစ်ကွ ဟူယန်းမြို့နယ်တစ်ခုလုံးမှာ ငါတို့ ရွှီမိသားစုက နံပါတ်တစ် ဖြစ်သွားတာ။ ပစ္စည်းတွေတောင် အကုန်ဝယ်ပြီးပြီ၊ မင်း ဘာမဝင်မပါနဲ့၊ အေးဆေးသာ စောင့်နေ"

ဒီလောက်ထိ ပြောလာမှတော့ သူ ငြင်းလို့ မရတော့ဘူး။

ဒီဘက်မှာ အဘိုးရွှီက ရွှီထင်းရှန်းကို ဆွဲခေါ်ပြီး ပြောဆိုနေပေမဲ့ ဟိုဘက်မှာတော့ ရွှီချင်းရှန်ရဲ့မျက်နှာက မဲမှောင်နေလေရဲ့။ အဒေါ်ယန်ကတော့ သူတို့ အိမ်ထဲဝင်လာကတည်းက ရွှီကျွင်းခိုင်ကိုပဲ ဂရုစိုက်နေပြီး အခု ဘာပြဿနာမှ မရှိတော့တာ သေချာမှ သားကို အခန်းထဲ ဆွဲခေါ်သွားတော့တယ်။

"မအောင်လည်း ကိစ္စမရှိပါဘူး၊ မင်းအဖေတုန်းကလည်း ကြိမ်ဖန်များစွာ ဖြေပြီးမှ အောင်ခဲ့တာပဲ။ သား... သိပ်ပြီး ခံစားမနေပါနဲ့"

"အမေ... ကျွန်တော် ဘာမှ မဖြစ်ပါဘူး" ရွှီကျွင်းခိုင်က ခပ်ဖွဖွ ရယ်မောရင်း ပြန်ပြောတယ်။

အဒေါ်ယန်က သားဖြစ်သူကို သေချာ စူးစမ်းကြည့်ပြီးမှ ယုံကြည်သွားပုံရတယ်။ "သား သိပ်မတွေးရင် ပြီးတာပါပဲ၊ အမေက သား တစ်ခုခု ဖြစ်သွားမှာ စိုးလို့ပါ"

မီးခိုးတိတ် ဧည့်ခံပွဲကို သုံးရက်တိုင်တိုင် ကျင်းပခဲ့တယ်။

ရွှီမျိုးနွယ်စု ဘိုးဘွားပိုင် ခန်းမဆောင်ရှေ့က ကွင်းပြင်မှာ မဏ္ဍပ်ထိုး၊ မီးဖိုတွေ ဆောက်ပြီး ချက်ပြုတ်ကျွေးမွေးကြတယ်။

မီးခိုးတိတ် ဧည့်ခံပွဲ ဆိုတာက စားပွဲဝိုင်း သိမ်းတယ်လို့ မရှိဘဲ လာသမျှလူ အကုန်ကျွေးတဲ့ ပွဲမျိုး၊ လက်ဖွဲ့ ပေးစရာလည်း မလိုဘူး၊ အားလုံး ပျော်ပျော်ပါးပါး စားသောက်ကြရုံပဲ။ ဒါဟာ ရွှီမျိုးနွယ်စုအတွက် ရှားပါးတဲ့မင်္ဂလာကိစ္စ ဖြစ်တာကြောင့် မျိုးနွယ်စုခေါင်းဆောင်ရဲ့အမိန့်နဲ့ တစ်မျိုးနွယ်လုံး လာရောက် ကူညီပေးကြတယ်။

အနီးအနား ရွာတွေက သက်ကြီးဝါကြီးတွေ၊ စာပေပညာရှင်တွေလည်း ရောက်လာကြတယ်။ ပထမဆုရှင်ရဲ့ဘုန်းကံကို လာရောက် ထိတွေ့ပြီး လာမယ့်နှစ်တွေမှာ သူတို့လည်း ပထမဆုရှင် ဖြစ်လာမလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။

77 05

ရှို့ချိုင်ဘွဲ့ရ ကျိုးနဲ့ဟယ်တို့လည်း ရောက်လာကြတယ်။ ရွှီထင်းရှန်းရဲ့ အရည်အချင်းကို အစောဆုံး အသိအမှတ်ပြုခဲ့သူတွေ ဖြစ်တဲ့အတွက် သူတို့ဟာ ဂုဏ်သရေရှိ ဧည့်သည်တော် နေရာမှာ ထိုင်ခွင့်ရကြတယ်။

ဒါတင်မကသေးဘူး၊ ဆရာလင်းမြောင်၊ သူဌေးချန်းနဲ့ ချင်းယွမ်ကျောင်းတော်က အခြားကျောင်းသားတွေလည်း ရောက်လာကြတယ်။

ရွှီမျိုးနွယ်စုခေါင်းဆောင်ဆိုတာ ရွှီမိသားစု နာမည်ကြီးဖို့ ဘယ်တော့မှ လက်လွတ်ခံမယ့်သူ မဟုတ်တော့ ဒီလို အခွင့်အရေးကို လက်လွတ်ခံစရာ အကြောင်း မရှိဘူး။ ရွာသူကြီးကျန့်မှာတော့ ဒေါသထွက်လွန်းလို့ မျက်နှာကြီး မဲနေပေမဲ့ ဟန်လုပ်ပြီး ပြုံးပြနေရရှာတယ်။ ပြီးတော့ ဒီအခွင့်အရေးကို အသုံးချပြီး သူဟာ ရွာသူကြီးဖြစ်ကြောင်း ပြသဖို့ ကြိုးစားနေရသေးတယ်။

ဒီရက်ပိုင်းတွေက ရွှီထင်းရှန်းရဲ့ ဘဝမှာ အထည်ဝါဆုံး အချိန်တွေလို့ ပြောရမယ်။ ချီးကျူးစကားတွေ၊ မြှောက်ပင့်စကားတွေက သူ့ဆီကို တရစပ် ဝင်လာနေတယ်။ တကယ်တော့ လူတွေဆိုတာ ဒီလိုပါပဲ။ အရင်တုန်းက ကိုယ့်ကို အထင်သေး ရွံရှာခဲ့ကြပေမဲ့ ကိုယ် အရှိန်အဝါ တက်လာတာ မြင်တာနဲ့ ဖားလိုတဲ့သူတွေက ပျားပန်းခပ် လှုပ်ရှားလာကြစမြဲပဲ။

ဒီလို အခြေအနေမျိုး ကြုံနေရသူ နောက်တစ်ယောက်ကတော့ ချန်ကျန်းပါပဲ။ သူ ဒီလောက်ထိ စိတ်လှုပ်ရှား ခံစားရတာမျိုး တခါမှ မကြုံဖူးဘူး။ ထင်းရှန်း ပြောတာ မှန်တယ်။ စိတ်ဓာတ်ကျစရာ မလိုဘူး၊ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်နေစရာ မလိုဘူး။ တနေ့ကျလို့ သူတို့အပေါ်ကနေ စီးမိုးနိုင်တဲ့ အချိန်ရောက်ရင် သူတို့က မင်းရဲ့ကျပ်တည်းခဲ့တဲ့ အချိန်တွေကို အလိုလို မေ့သွားကြလိမ့်မယ်။ မင်းကို သူတို့ စော်ကားခဲ့ဖူးတာတွေကို မင်း ပြန်သတိရမှာ စိုးရိမ်ပြီး မင်းကိုပါ အတင်း မေ့ခိုင်းကြလိမ့်မယ်။

အခု ကြည့်လေ... ရွာသားတွေက ချန်ကျန်းနဲ့ သူ့ညီမလေးကို အနိုင်ကျင့်ခဲ့ဖူးတာတွေကို လုံးဝမေ့သွားကြပုံပဲ။ သူတို့ အိမ်နဲ့ ခြံမြေတွေ ပြန်ရရုံတင် မကဘူး၊ အရင်ကထက်တောင် ပိုကျယ်ဝန်းတဲ့ နေရာတွေ ရလာတယ်။ လူတွေရဲ့ မျက်နှာမှာ ရွံရှာမုန်းတီးတဲ့ အမူအရာတွေ မရှိတော့ဘဲ အပြုံးတွေနဲ့ ချည်းပါပဲ။

ဘာကြောင့်လဲဆိုတော့ သူဟာ ခရိုင်အဆင့် စာမေးပွဲရဲ့ ဒုတိယဆုရှင် ဖြစ်နေလို့ပဲ။ ဒီအဆင့် ရထားမှတော့ အနည်းဆုံး ထုံရှန်းအဆင့်က သေချာနေပြီ။

သူတို့က ထုံရှန်း တစ်ယောက်ကို ပြစ်မှားဖို့ မတတ်နိုင်ကြဘူး၊ ရှို့ချိုင်ဘွဲ့ရဆိုရင် ပိုဆိုး၊ ကျူရန်တို့ ကျင်းရှီတို့ ဆိုရင်တော့ ပြောမနေနဲ့တော့။

ဒါကြောင့် သူကရော ဒီလူတွေကို ဘာလို့ အပြစ်ယူနေရမှာလဲ။

အရင်တုန်းက သူ ရွှီထင်းရှန်းကို မေးဖူးတယ်။ ထင်းရှန်း... မင်း မနာကြည်းဘူးလား လို့။

ဘာလို့ နာကြည်းရမှာလဲ။

တစ်နေ့ကျရင် သူတို့က ကိုယ့်ခြေဖဝါးအောက် ရောက်လာမယ့် လူတွေပဲဟာ။

"အစ်ကိုကြီး... ငါတို့တွေ ဘယ်သွားမလို့လဲ" ချန်ရှို့လန်က မေးတယ်။

"အစ်ကိုကြီး မင်းကို လူတစ်ယောက်နဲ့ သွားတွေ့ပေးမလို့"

"အစ်ကိုကြီးလိုပဲ တော်တဲ့သူလား"

"ဒါပေါ့... အစ်ကိုကြီးထက်တောင် ပိုတော်သေးတယ်"

...

လီသာ့ထျန်လည်း အလားတူပါပဲ။

77 06

လီသာ့ထျန်ရဲ့အဘိုး ရွာသူကြီးလီက သူ့မြေးရဲ့ပခုံးကို လက်ဝါးကြီးနဲ့ တဘုန်းဘုန်း ရိုက်ရင်း "ငါ့မြေးက ငါ့မျက်နှာကို တောက်ပစေတာပဲကွာ။ ယွီချင်းရွာက ရွှီမိသားစု မီးခိုးတိတ် ဧည့်ခံပွဲ ကျင်းပတယ် ကြားတယ်၊ အဘိုးလည်း မင်းအတွက် ကျင်းပပေးမယ်။ ငါတို့အိမ်ရဲ့ ပထမဆုံး ပညာတတ်လေးကွ ငါ ပြောပါတယ်... ငါ့မြေး သာ့ထျန်က တခြားကလေးတွေနဲ့ မတူပါဘူးလို့၊ မင်းကသာ မယုံတာ"

နောက်ဆုံး စကားကတော့ လီသာ့ထျန်ရဲ့ အဖေလီဟိုင်ကို ပြောလိုက်တာ။ လီဟိုင်မှာတော့ ပါးစပ်စေ့မရအောင် ပြုံးလို့၊ ခေါင်းကိုလည်း တဆတ်ဆတ် ငြိမ့်လို့။

အဘိုးနဲ့ အဖေရဲ့ပုံစံကို ကြည့်ပြီး လီသာ့ထျန် စိတ်ထဲမှာ သူ့ရည်မှန်းချက်က ရွာသူကြီး အဆင့်လောက်တင် မကတော့ဘဲ ဒီထက် ပိုမြင့်မားတဲ့ နေရာတစ်ခုကို မှန်းဆလို့ ရနိုင်မယ်လို့ ခံစားလိုက်ရတယ်။

...

မောက်ပါ့သိုလည်း သူ ပြန်ရောက်ရောက်ချင်း စာမေးပွဲ အောင်တဲ့အကြောင်း ပြောပြလိုက်တယ်။

တကယ်တော့ မောက်မိသားစုက စောစောစီးစီး သိပြီးသား၊ သူ နောက်ဆုံးကနေ ကပ်ပါလာတယ် ဆိုတာကအစ သိနေကြတာ။

"စာကို သေချာ ကြိုးစားပါလို့ ပြောထားတာကို တစ်နေ့တစ်နေ့ လျှောက်လည်နေတယ်၊ ကြည့်စမ်း ရှက်စရာကောင်းလိုက်တာ၊ ရှေ့နားလေး ကပ်ပါလာရင် တော်သေး၊ အခုတော့ အမြီးဆုံးမှာ ချိတ်လို့" ပြောနေသူက မောက်ပါ့သိုရဲ့ အမေ အဒေါ်ဟုန်။ မောက်ပါ့သိုရဲ့ ရုပ်ရည်က အမေတူ ဖြစ်ပြီး ဖြူဖြူဖွေးဖွေး ဝဝကစ်ကစ်နဲ့။ မျက်လုံးအိမ်နားက အရေးအကြောင်းလေးတွေကို ကြည့်ရင် ရယ်မောတတ်သူမှန်း သိသာတယ်။

မောက်ပါ့သိုရဲ့ အဖေကတော့ ဆန့်ကျင်ဘက်၊ မည်းမည်းပိန်ပိန်နဲ့။ အဒေါ်ဟုန် ပြောသလို ဆိုရင် မီးသွေးပုံထဲ လူးလာသလိုပဲတဲ့။

အဖေဖြစ်သူက အိမ်မှုကိစ္စ ဝင်မပါလေ့ ရှိတာကြောင့် မိန်းမက သားကို ဆူနေတာ မြင်တော့ ဘာပြောရမှန်း မသိဘဲ သားဖြစ်သူကို သနားတဲ့ အကြည့်နဲ့သာ ကြည့်နေရှာတယ်။

မောက်မိသားစုမှာ နောက်ထပ် လူတစ်ယောက် ရှိသေးတယ်၊ အဲဒါက မောက်ပါ့သိုရဲ့ အစ်မကြီး အပျိုဟိုင်းလေး မောက်ရူယွိ ပါပဲ။

မောက်ရူယွိက မောက်မိသားစုမှာ ရုပ်အချောဆုံး၊ အရပ်ရှည်ရှည်နဲ့ ကျက်သရေ ရှိတယ်။ စိတ်နေသဘောထားက အမေတူ။ အမေက မောင်လေးကို ဆူနေတာ မြင်တော့ ဝင်မတားတဲ့အပြင် ဘေးကနေတောင် ဝမ်းသာအားရ လုပ်နေသေးတယ်။

မောက်ပါ့သိုခမျာ ခေါင်းငိုက်စိုက်နဲ့ ပြန်မပြောရဲဘဲ သူ့အခန်းထဲ ဝင်ပြေးရတော့တယ်။

တစ်ညနေခင်းလုံး အောင်းနေပြီးမှ လေရှူဖို့ အပြင်ခိုးထွက်လာတော့ အရှေ့ဘက် ဆိုင်ခန်းထဲမှာ သူ့အမေ စကားပြောနေသံ ကြားလိုက်ရတယ်။

မောက်မိသားစုရဲ့ကုန်စုံဆိုင်က လမ်းကြားထဲမှာ ဖွင့်ထားတာဆိုတော့ လာဝယ်လေ့ရှိသူတွေက အိမ်နီးနားချင်းတွေ များတယ်။ စကားစမြည် ပြောရင်းနဲ့ တဖက်လူက ရိုးရိုးပဲ မေးလိုက်တာကို အဒေါ်ဟုန်က စကားလမ်းကြောင်းလွှဲပြီး မောက်ပါ့သို အကြောင်း ဆွဲထည့်တော့တာပဲ။

"ကျုပ်သားက ကြည့်သာ ဆိုးတာ၊ တကယ်တော့ လိမ္မာပါတယ်တော်။ ဒီမှာ ကြည့်... တိတ်တဆိတ်နဲ့ ခရိုင်အဆင့် စာမေးပွဲ အောင်လာတယ်လေ။ လာမယ့် ဧပြီလကျရင် စီရင်စုအဆင့် သွားဖြေရဦးမှာ။ ကျုပ်ဖြင့် သူ့ကို အောင်မယ်လို့ မမျှော်လင့်ပါဘူး၊ ပြဿနာ မရှာရင် တော်ပါပြီ"

နောက်ဆုံးအဆင့်မို့ ဘယ်သူမှ လာသတင်းမပို့ကြတော့ အိမ်နီးချင်းတွေက မောက်ပါ့သို အောင်တာ မသိကြသေးဘူး။ အခုလို ကြားလိုက်တော့ ဝိုင်းပြီး ဂုဏ်ပြုစကား ပြောကြတယ်။ ဒီတော့မှ အဒေါ်ဟုန်က နှိမ့်ချဟန် ပြန်လုပ်ပြနေလေရဲ့။ ပြောရင်းဆိုရင်းနဲ့ အဒေါ်ဟုန်က ဝမ်းသာလွန်းလို့ ဈေးလျှော့ပေးမယ်၊ အတူတူ ပျော်ကြတာပေါ့ ဆိုပြီး လုပ်ပြန်ရော။

ခဏနေတော့ မောက်မိသားစုက ဝတုတ်လေး စာမေးပွဲ အောင်တယ်ဆိုတဲ့ သတင်းက ပတ်ဝန်းကျင်တစ်ခုလုံး ပျံ့သွားပြီး မောက်ကုန်စုံဆိုင်မှာ ပစ္စည်းတွေ ဈေးလျှော့ပေးနေတယ် ဆိုပြီး လူတွေ ဝိုင်းလာကြတော့တယ်။

ဆိုင်ရှေ့က ဆူညံသံတွေကို နားထောင်ရင်း မောက်ပါ့သိုက သူ့နဖူးကို ရိုက်ကာ ရယ်လိုက်တယ်။ "သူ့အကွက်ထဲ ဝင်သွားပြန်ပြီ၊ တကယ်တော့ သူ ပျော်နေတာပဲဟာ"

...

ယွီချင်းရွာလေး တစ်ခုလုံး ပျော်ရွှင်ဆူညံနေတဲ့ အချိန်မှာပဲ မျှော်လင့်မထားတဲ့ ကိစ္စတစ်ခု ဖြစ်လာခဲ့တယ်။

ဒီကိစ္စက ကြီးတယ်လို့ ပြောရမလို၊ သေးတယ်လို့ ပြောရမလိုနဲ့... ရွှီမျိုးနွယ်စုခေါင်းဆောင်ရဲ့ ပျော်ရွှင်ကြည်နူးနေတဲ့ စိတ်နှလုံးကိုတော့ ရေခဲရေနဲ့ လောင်းချလိုက်သလို အေးစက်သွားစေခဲ့လေတယ်။

******

78 01

အခန်း (၇၈)

ရွှီမိသားစုရဲ့ ပျော်ရွှင်ကြည်နူးနေတဲ့ အငွေ့အသက်တွေက ရွှီချင်းရှန်ရဲ့ မျက်စိကို အတော်လေး စပါးဆူး စိုက်နေစေတယ်။

အခန်းထဲမှာ ပုန်းအောင်း မနေရင်လည်း လူတွေနဲ့ တွေ့တိုင်း ရွှီထင်းရှန်းအကြောင်းပဲ ပြောလာကြတယ်။ ဒါဟာ သူ့အသည်းနှလုံးကို လှီးဖြတ်ပြီး အသားကို ဝါးစားနေသလိုပဲ။ အဖေဖြစ်သူကလည်း ပါးစပ်ဟလိုက်တာနဲ့ ထင်းအာ၊ ထင်းအာဆိုတော့ ရွှီချင်းရှန်ရဲ့ ရင်ထဲမှာ ဒဏ်ရာတွေ ဗလပွ ဖြစ်နေပြီ။

ဒီလို အချိန်မျိုးမှာ မုဆိုးမရွှီဆီ ရောက်မှပဲ သူ စိတ်သက်သာရာ ရတော့တယ်။

ဟင်းပွဲလေး တစ်ပွဲနှစ်ပွဲနဲ့ အရက်တစ်အိုး ချထားပြီး ကိုယ်လုံးနွဲ့နွဲ့လေးကို ပိုက်ထားလိုက်ရရင် နတ်စည်းစိမ်နဲ့တောင် မလဲနိုင်ဘူး။ တခါတလေ တွေးကြည့်ရင် သူ့ကိုယ်သူတောင် အရူးလို့ ထင်မိတယ်။ ဘာလို့ စာမေးပွဲတွေ ဖြေနေဦးမှာလဲ၊ ဒီလို သက်သောင့်သက်သာ နေလိုက်ရင် မကောင်းဘူးလား၊ ဘာလို့ ကိုယ့်ဒုက္ခ ကိုယ်ရှာနေမှာလဲလို့ပေါ့။

"လာပါဦး... ကိုယ့်ကို အဖော်ပြုပြီး နှစ်ခွက်လောက် သောက်ပါဦး" ရွှီချင်းရှန်က မူးနေပြီမို့ မျက်လုံးတွေက မှေးစင်းနေတယ်။

မုဆိုးမရွှီက မျက်စောင်းထိုးလိုက်ပြီး "ရှင်ကလည်း တကယ်ပါပဲ၊ အလကားရတဲ့ အရက်ကို မသောက်ဘဲ ကျွန်မဆီ လာသောက်နေတယ်"

ရွှီချင်းရှန်က သူ့ကို ဆွဲဖက်ပြီး နမ်းလိုက်တယ်။ "အဲဒီ တောသားတွေနဲ့ သောက်ရတာ မင်းနဲ့ အတူနေရသလောက် ဘယ်နေပါ့မလဲ။ အခုဆိုရင် မင်းကို ကြည့်နေရတာ ဘယ်လောက်ကြည့်ကြည့် မဝနိုင်ဘူး"

မုဆိုးမရွှီက ဘာလို့ ရွှီချင်းရှန် နောက်ကောက်ကောက်ပါအောင် လိုက်နေရသလဲ ဆိုတာ ဒါကြောင့်ပါပဲ။ လက်ထဲမှာ ငွေကြေး သိပ်မရှိတော့ပေမဲ့ ရွှီချင်းရှန်က ရုပ်ဖြူဖြူသန့်သန့်၊ အနေအထိုင် တတ်တယ်၊ အပြောအဆို ချိုသာတယ်၊ ပြီးတော့ စာပေပညာရှင် ဆိုတော့ မိန်းမတွေ ကြွေတာ မဆန်းပါဘူး။

"လျှာအရိုးမရှိတိုင်း လျှောက်ပြောနေ၊ ရှင်အိမ်မှာလည်း မိန်းမ ရှိသားပဲ၊ နေ့တိုင်း မျက်နှာချင်းဆိုင်နေရတာ မဟုတ်ဘူးလား"

"သူ့အကြောင်း မပြောစမ်းပါနဲ့၊ သူက မင်းလောက် ဘယ်ကောင်းပါ့မလဲ။ သူ့အသားကို ကိုင်လိုက်ရင် အရိုးတွေ ထိမိလို့ လက်နာတယ်၊ မင်းလောက် ဘယ်နူးညံ့အိစက်ပါ့မလဲ..."

သူတို့နှစ်ယောက် တတီတီ ပြောနေကြချိန် အပြင်ဘက်က လူတစ်ယောက်ကတော့ ပေါက်ကွဲလုမတတ် ဖြစ်နေပြီ။

ရုတ်တရက် တံခါးပွင့်သွားပြီး အဒေါ်ယန် ပြေးဝင်လာကာ မုဆိုးမရွှီရဲ့ ဆံပင်ကို ဆွဲပြီး ရိုက်နှက်တော့တယ်။ သူ့နောက်မှာတော့ ရွာထဲက အမျိုးသမီးတစ်ယောက် ကြောင်တောင်တောင်လေး ရပ်ကြည့်နေတယ်။

"နင့်လို အရှက်မရှိတဲ့ မိန်းမယုတ်၊ ငါ့ယောက်ျားကို ခိုးစားရဲတယ်ပေါ့လေ၊ နင့်ကို အပိုင်းပိုင်း ဆွဲဖြဲပစ်မယ်" အဒေါ်ယန်က ပါးစပ်ကလည်း ဆဲ၊ လက်ကလည်း မုဆိုးမရွှီကို မနားတမ်း ရိုက်နှက်နေတယ်။

မုဆိုးမရွှီက သေးသေးသွယ်သွယ်လေး၊ အဒေါ်ယန်ကတော့ ထွားထွားကြိုင်းကြိုင်းနဲ့ ဝတုတ်တုတ်ဆိုတော့ ဘယ်ယှဉ်နိုင်ပါ့မလဲ။ ခဏလေးအတွင်းမှာပဲ အဒေါ်ယန်က အပေါ်စီးကနေ ဖိပြီး ရိုက်နှက်နေတော့တယ်။

မုဆိုးမရွှီခမျာ "အမေရေ ကယ်ပါဦး"လို့ အော်ရင်း ရွှီချင်းရှန်ကို အကူအညီ တောင်းနေရှာတယ်။ ရွှီချင်းရှန်က အစတုန်းကတော့ ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ထွက်ပြေးဖို့ ကြံနေတာ၊ ဒါပေမဲ့ မူးနေတာကြောင့် ခြေမခိုင် လက်မခိုင် ဖြစ်နေတယ်။ မုဆိုးမရွှီရဲ့ သနားစရာပုံစံကို မြင်လိုက်တော့ ရုတ်တရက် သွေးဆူသွားပြီး အဒေါ်ယန်ကို ဆွဲဖယ်ကာ ပါးနှစ်ချက် ဆင့်ရိုက်လိုက်တယ်။

"တော်တော့... တော်လောက်ပြီ"

အဒေါ်ယန် ကြောင်သွားတယ်။ ရွှီချင်းရှန်နဲ့ အိမ်ထောင်ကျပြီးကတည်းက သူ့ကို ပထမဆုံးအကြိမ် ရိုက်ဖူးတာပဲ။ အံ့သြရာကနေ ဝမ်းနည်းစိတ်နဲ့ ဒေါသစိတ် ပေါင်းစပ်သွားပြီး ငိုယိုကာ ရွှီချင်းရှန်ဆီ ပြေးဝင်သွားတယ်။

78 02

"လာလေ... ရိုက်စမ်း၊ ကျွန်မကို သေအောင်သာ ရိုက်သတ်လိုက်တော့။ ရှင်က အရှက်မရှိတဲ့ကောင်၊ စာပေပညာရှင် ဂုဏ်ပုဒ်နဲ့ မတန်တဲ့ ကောင်၊ ဘုံပြည့်တန်ဆာမကို ခိုးစားရတာ မရွံဘူးလား..."

ရွှီချင်းရှန်က မုဆိုးမရွှီကို ကယ်တင်နိုင်လိုက်ပေမဲ့ သူ့ကိုယ်သူတော့ မကယ်နိုင်ခဲ့ဘူး။ အဒေါ်ယန်ရဲ့ လက်ချက်နဲ့ နောက်ဆုတ်သွားရပြီး မျက်နှာအနှံ့ ကုတ်ဖဲ့ခံလိုက်ရလို့ သွေးတွေ စို့နေပြီ။

"အမယ်လေး... ပြဿနာတော့ တက်ကုန်ပြီ" အတူပါလာတဲ့ အမျိုးသမီးက ပေါင်ကို ရိုက်ပြီး အပြင်ကို ပြေးထွက်သွားတယ်။

သူက ရွှီမိသားစု အိမ်ရှေ့ရောက်တာနဲ့ "အဒေါ်ကျောက်ရေ... အဒေါ်ရဲ့ သားကြီးနဲ့ ချွေးမတို့ ရန်ဖြစ်နေကြပြီ၊ မြန်မြန်သွားပါ၊ မဟုတ်ရင် လူသတ်မှု ဖြစ်တော့မယ်" လို့ အော်ပြောလိုက်တယ်။

အိမ်ထဲမှာ ရှိနေတဲ့ အဘွားကျောက်က အသံကြားတော့ မသိစိတ်နဲ့ လှမ်းမေးလိုက်တယ်။ "ဘယ်မှာ ဖြစ်တာလဲ"

"မုဆိုးမရွှီရဲ့ အိမ်မှာလေ"

သူ အော်လိုက်တဲ့ အသံကြောင့် ခဏလေးအတွင်းမှာ ရွာသားတွေ အကုန်သိကုန်ပြီး မုဆိုးမရွှီရဲ့ အိမ်ရှေ့မှာ လူတွေ ဝိုင်းအုံလာကြတယ်။ ဘိုးဘွားပိုင် ခန်းမဆောင်ရှေ့က ဧည့်ခံပွဲဆီကိုလည်း သတင်းရောက်သွားတော့ ရွှီမျိုးနွယ်စုခေါင်းဆောင်ရဲ့ မျက်နှာထားက ချက်ချင်း မဲမှောင်သွားတယ်။

သူက အဘိုးရွှီကို မျက်ရိပ်ပြလိုက်ပေမဲ့ ရွာသူကြီးကျန့်က မြင်သွားပြီး ပြုံးစစနဲ့ မေးလာတယ်။ "ကိုရွှီရေ... ဘာဖြစ်ကြတာလဲ၊ လျှို့ဝှက်ချက်တွေ ဘာတွေနဲ့"

ရွှီမျိုးနွယ်စုခေါင်းဆောင်က ဟန်လုပ်ပြုံးလိုက်ပြီး "လျန်ရှင်းရဲ့မိန်းမ အိမ်မှာ ပြဿနာရှာနေလို့တဲ့၊ သူ့ကို ပြန်ကြည့်ခိုင်းလိုက်တာပါ"

အဘိုးရွှီကလည်း အလိုက်သင့် ဝင်ပြောတယ်။ "ဟုတ်ပါ့၊ ဒီမိန်းမကြီးက တကယ် စိတ်မချရပါဘူး။ ကဲ... ကိုရွာသူကြီးတို့၊ ကိုဟိုင်တို့ ထိုင်နေကြဦး၊ ကျုပ် ခဏ ပြန်လိုက်ဦးမယ်"

သူ မတ်တတ်ထရပ်လိုက်တာနဲ့ ရွာသူကြီးကျန့်က လှမ်းဆွဲထားတယ်။ "မိန်းမတွေ ရန်ဖြစ်တာ သေးသေးဖွဲဖွဲ ကိစ္စ မဟုတ်ဘူး။ တခါတလေ ဒီလို ကိစ္စသေးသေးမွှားမွှားလေးတွေကနေ ပြဿနာကြီး ဖြစ်သွားတတ်တယ်။ ကျုပ်က ရွာသူကြီး ဆိုတော့ အိမ်တွင်းရေး ဝင်မပါချင်ပေမဲ့ ကူပြီး ဖျောင်းဖျပေးလို့ ရတာပဲလေ"

ရွှီမျိုးနွယ်စုခေါင်းဆောင်ရဲ့ မျက်နှာထားက ပိုဆိုးသွားတယ်။ "ဒီလောက် ကိစ္စလေးကို ခင်ဗျား ဝင်ပါစရာ မလိုပါဘူး၊ လူတွေကြားရင် ရယ်စရာ ဖြစ်နေမယ်။ ခင်ဗျား ထိုင်သောက်နေပါ၊ ကျုပ် လျန်ရှင်းကို လွှတ်လိုက်မယ်"

သူတို့ ပြောနေတုန်း လူတစ်ယောက် ပြေးလာပြီး အော်ပြောလိုက်တယ်။

"ရွှီချင်းရှန် ဖောက်ပြန်နေတာကို သူ့မိန်းမ မိသွားပြီတဲ့ဗျို့၊ မုဆိုးမရွှီရဲ့ အိမ်မှာ ပွဲကြမ်းနေကြပြီ"

ဒီစကားထဲမှာပါတဲ့ သတင်းအချက်အလက်တွေက တော်တော် များတယ်။ ဖောက်ပြန်တယ်၊ မုဆိုးမရွှီ၊ ဖမ်းမိတယ်... ရွာသားတွေ ဒါကို ကြားတော့ ထမင်းတောင် ဆက်မစားနိုင်တော့ဘဲ တူတွေ ပစ်ချပြီး ထွက်သွားကြကုန်ရော။

တစ်ယောက်စ၊ နှစ်ယောက်စ ကနေ ခဏလေးအတွင်းမှာပဲ မဏ္ဍပ်ထဲက လူအများစု ထွက်သွားကြတော့ ရွှီမျိုးနွယ်စုခေါင်းဆောင် တားချိန်တောင် မရလိုက်ဘူး။

မျိုးရိုးနာမည်ကျန့်ဖြစ်တဲ့ ရွာသားတစ်ယောက်က အော်တောင် ခေါ်နေသေးတယ်။

"ဒါ ကြည့်ကောင်းမယ့် ပွဲပဲဟေ့၊ သွားကြည့်ရအောင်"

ရွှီမျိုးနွယ်စုခေါင်းဆောင်ခမျာ ဒေါသထွက်လွန်းလို့ မီးခိုးထွက်မတတ် ဖြစ်နေပေမဲ့ ဘယ်လိုမှ တားလို့မရဘူး။ ရွာထဲမှာ ရွှီမျိုးနွယ်တွေ များသလို ကျန့်မျိုးနွယ်တွေလည်း မနည်းဘူး။ သူက ရွှီမျိုးနွယ်တွေကို ထိန်းချုပ်နိုင်ပေမဲ့ ကျန့်မျိုးနွယ်တွေကိုတော့ ဘယ်ထိန်းချုပ်နိုင်မလဲ။

78 03

ဒီကိစ္စက ရွာသူကြီးကျန့်နဲ့ မကင်းဘူး ဆိုတာ သိသာနေတယ်။

'ဒီအဖိုးကြီးက ငါ့ကို ဒီလို အကွက်ဆင်တာကိုး' ရွှီမျိုးနွယ်စုခေါင်းဆောင် စိတ်ထဲမှာ ရွှီချင်းရှန်ကိုရော ရွာသူကြီးကျန့်ကိုပါ ကျိန်ဆဲလိုက်တယ်။ ဒါပေမဲ့ ဖြစ်ပြီးသွားပြီ ဆိုတော့ အမြန်ဆုံး ရှင်းလင်းမှ ဖြစ်တော့မယ်။

သူက သားဖြစ်သူကို ဧည့်သည်တွေ ဆက်ဧည့်ခံခိုင်းထားပြီး အဘိုးရွှီနဲ့အတူ အလျင်အမြန် ထွက်ခွာသွားကြတယ်။

တခြားတဖက်မှာတော့ ကျောက်အာနဲ့ ရွှီထင်းရှန်းတို့လည်း သတင်းကြားကြားချင်း ရွှီမိသားစုဆီ ထွက်လာခဲ့ကြတယ်။

မုဆိုးမရွှီရဲ့အိမ်ရှေ့ မရောက်ခင်မှာပဲ လူအုပ်ကြီး ဝိုင်းအုံနေတာ တွေ့လိုက်ရတယ်။ ဆွေးနွေးငြင်းခုံသံတွေ၊ အမျိုးသားနဲ့ အမျိုးသမီး အော်ဟစ်ငိုယိုသံတွေ ရောထွေးနေတယ်။

"ဟယ်... ဒီရွှီချင်းရှန်က တကယ် လူယုတ်မာပဲ။ ဟိုတုန်းက ရွှီဒုတိယ သေရတာ သူ မဖောက်ပြန်သင့်တဲ့သူနဲ့ ဖောက်ပြန်လို့၊ ရွှီဒုတိယခမျာ လူမှားပြီး အသတ်ခံလိုက်ရတာတဲ့" အနားမရောက်ခင်မှာပဲ ရွာသားတစ်ယောက် ပြောနေသံကို ရွှီထင်းရှန်း ကြားလိုက်ရတယ်။

သူ့ခေါင်းထဲမှာ မိုးကြိုးပစ်ချလိုက်သလို ဖြစ်သွားပြီး ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်သွားကာ အဲဒီလူကို ဖမ်းဆွဲလိုက်တယ်။ "ခင်ဗျား ဘာပြောလိုက်တာလဲ" သူ့မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်နေတယ်။

"ငါ ပြောတာက..." အဲဒီလူ လှည့်ကြည့်လိုက်တော့ ရွှီထင်းရှန်း ဖြစ်နေတာမို့ မျက်နှာပျက်ပြီး စကားစ မဆက်ရဲတော့ဘူး။

ကျောက်အာလည်း ဒီစကားကို ကြားလိုက်တယ်။ သူ့ယောက်ျား စိတ်လှုပ်ရှားနေတာမြင်တော့ အမြန်ပြေးလာပြီး ဆွဲထားလိုက်တယ်။ "စိတ်မလောပါနဲ့၊ ဖြည်းဖြည်း မေးကြည့်တာပေါ့"

"ခင်ဗျား ဘာပြောလိုက်တာလဲလို့" ရွှီထင်းရှန်းက ထပ်မေးလိုက်တယ်။

"ဟာ... ထင်းရှန်းရာ၊ ဒီကိစ္စကို ငါ ဘယ်လို ပြောရမလဲ။ ငါတစ်ယောက်တည်း ကြားတာ မဟုတ်ပါဘူး၊ အများကြီး ကြားလိုက်ကြတာပါ။ အဒေါ်ယန်က မင်းဦးလေးနဲ့ ရန်ဖြစ်တုန်း ထုတ်ပြောလိုက်တာလေ၊ မယုံရင် မေးကြည့်ပါလား" ဒီလူကလည်း ပြဿနာတက်မှာ စိုးတာနဲ့ စကားလွှဲပြီး လူအုပ်ထဲ တိုးဝင် ပျောက်ကွယ်သွားတယ်။

ရွှီထင်းရှန်း တစ်ယောက်တည်း မျက်နှာမဲမဲနဲ့ ကျန်ရစ်ခဲ့တယ်။

သူ့အဖေရဲ့ စိတ်နေသဘောထားနဲ့ ဆိုရင် ရန်ငြိုးရန်စဖြစ်စရာ အကြောင်းမရှိဘူးလို့ သူ တွေးခဲ့ဖူးတယ်။ ဘယ်လို ရန်ငြိုးမျိုးမို့လို့ လူသတ်တဲ့အထိ ဖြစ်ရတာလဲ။ အဲဒီတုန်းက သူ အမှုဖွင့်မယ် ပြောတော့ ဦးလေးဖြစ်သူက တားမြစ်ခဲ့တယ်။ လူသတ်သမားတွေက မြို့ပေါ်က လူမိုက်တွေမို့ သူတို့ မယှဉ်နိုင်ဘူး၊ တရားမျှတမှု မရတဲ့အပြင် မိသားစုပါ ဒုက္ခရောက်မယ် ဆိုပြီး ပြောခဲ့တာ။

အဲဒီတုန်းက သူက ငယ်သေးတော့ ကိုယ်ပိုင်ဆုံးဖြတ်ချက် မချနိုင်ခဲ့ဘူး။ ဦးလေးနဲ့အဘိုးက ဒီလိုပြောတော့ သူလည်း ငြိမ်ခံလိုက်ရတယ်။ ဒါပေမဲ့ စိတ်ထဲမှာတော့ နောင်တစ်ချိန် ငါ အောင်မြင်လာရင် ဒီလိုကိစ္စမျိုး ထပ်မဖြစ်စေရဘူးလို့ ဆုံးဖြတ်ချက် ချခဲ့တယ်။ နှစ်တွေ ကြာလာလို့ လူတွေ မေ့လုနီးပါး ဖြစ်နေတဲ့ ကိစ္စမှာ ဒီလို နောက်ကွယ်က ဇာတ်လမ်းရှိနေမယ်လို့ ထင်မထားခဲ့ဘူး။

ဝင်းထဲမှာတော့ ရွှီမျိုးနွယ်စုခေါင်းဆောင် ရောက်လာပြီး အော်ဟစ် အမိန့်ပေးလိုက်တယ်။ "မိုက်ရိုင်းလိုက်တာ၊ တကယ့်ကို မိုက်ရိုင်းတာပဲ၊ မြန်မြန် ဖမ်းချုပ်ပြီး ခေါ်သွားကြစမ်း"

ဘေးနားက ရွာသူကြီးကျန့်ကတော့ ပြုံးစစနဲ့ ဝင်မတားဘဲ "ဘယ်လို ဖြစ်ရတာလဲ၊ ချင်းရှန်းက ရွာမှာ မျက်နှာရှိတဲ့သူပဲ၊ ဒီကိစ္စက တော်တော်လေး ကျင့်ဝတ်ဖောက်ဖျက်ရာ ကျနေပြီ။ မုဆိုးမရွှီ ဆိုတာက..."

သူ စကားကို ဆက်မပြောဘဲ ခေါင်းပဲ ခါပြလိုက်တယ်။

78 04

မုဆိုးမရွှီက အကျင့်ပျက်တာ တစ်ပိုင်း၊ ဆွေမျိုးတော်စပ်ပုံအရ ရွှီချင်းရှန်ရဲ့တူမ တော်စပ်နေတာက တစ်ပိုင်းမို့ ဒါက ပြဿနာကြီး ဖြစ်နေတာ။ ဦးလေးနဲ့တူမ ဖောက်ပြန်တာက ယောက္ခမနဲ့ချွေးမ ဖောက်ပြန်တာလောက် မဆိုးရွားဘူးဆိုပေမဲ့ မျိုးရိုးတူ အချင်းချင်း ဖောက်ပြန်တာလို့ သတ်မှတ်လို့ ရတယ်။ သာမန်လူဆိုရင် ထားလိုက်ပါတော့၊ ရွှီချင်းရှန်က စာပေပညာရှင် ဖြစ်နေတာကိုး။

ရွှီမျိုးနွယ်စုခေါင်းဆောင်က ရွှီချင်းရှန်တို့ကို ခေါ်ထုတ်သွားတော့ အိမ်ရှေ့က လူအုပ်ကြီးလည်း နောက်ကနေ လိုက်သွားကြတယ်။

ကျောက်အာက စိုးရိမ်တကြီးနဲ့ ပြောလာတယ်။ "ကဲပါ... အရမ်း မတွေးပါနဲ့တော့၊ ငါတို့တွေလည်း လိုက်သွားကြည့်ရအောင်"

ရွှီထင်းရှန်း ခေါင်းညိတ်ပြပြီး ရှေ့ကနေ ဦးဆောင် ထွက်သွားတယ်။

ဒီအချိန်မှာ ရွှီချင်းရှန်ရဲ့ အရက်ရှိန်က ပြယ်သွားပြီ။ ကြမ်းပြင်ပေါ် ပစ်ချခံထားရပြီး ရေအေးနဲ့ အပက်ခံထားရလို့ ရုပ်ပျက်ဆင်းပျက် ဖြစ်နေတယ်။

အဒေါ်ယန်လည်း အခြေအနေ ဆိုးရွားမှန်းသိလို့ စိတ်လှုပ်ရှားနေတယ်။

ရွှီမျိုးနွယ်စုခေါင်းဆောင်က ထိပ်ဆုံးမှာ ထိုင်နေပြီး မျက်နှာထားက အတော်ဆိုးနေတယ်။ အဘိုးရွှီလည်း ထို့အတူပဲ။

အိမ်ထဲရော အိမ်ပြင်မှာပါ လူတွေ ပြည့်နှက်နေတယ်။ ကိစ္စက ဒီအဆင့်ထိ ရောက်လာမှတော့ ဖုံးဖိလို့ မရတော့ဘူး။ ဆက်ဖုံးဖိမယ် ဆိုရင် ကြက်ဖက ဥ ဥတယ်၊ ကြက်မက တွန်တယ် ဆိုတဲ့ စကားလို ဖြစ်မနေဘူးလား။

မုဆိုးမရွှီကိုလည်း ခေါ်လာပြီး ဘေးမှာ ရပ်ခိုင်းထားတယ်။

စောစောက အဒေါ်ယန် ဆွဲဖြဲထားလို့ စုတ်ပြတ်နေတဲ့ အဝတ်အစားနဲ့ ရှုပ်ပွနေတဲ့ ဆံပင်တွေကို သူ ပြန်ပြင်ထားပြီးပြီ။ အခု ခေါင်းငိုက်စိုက်ချပြီး ရပ်နေတဲ့ပုံက သနားကရုဏာ သက်စရာ ကောင်းနေပြန်ရော။

ရွှီမျိုးနွယ်စုခေါင်းဆောင် စိတ်ထဲမှာတော့ ဒီမိန်းမကို ဟိုးအရင်ကတည်းက ရေလှောင်အိမ်ထဲ ထည့်ပြီး ရေနစ်သတ်ခဲ့သင့်တာလို့ တွေးမိတယ်။ အရင်တုန်းက သူ မလုပ်ချင်လို့ မဟုတ်ဘူး၊ ရွာသူကြီးကျန့်က ဝင်ရှုပ်တာ တစ်မျိုး၊ မုဆိုးမရွှီကိုယ်တိုင်က လျှို့ဝှက်ချက်တွေကို ကိုင်ပြီး ခြိမ်းခြောက်တာ တစ်မျိုးမို့ မလုပ်ခဲ့ရတာ။

ဒီမုဆိုးမရွှီက မခေဘူး၊ ရွှီမျိုးနွယ်ထဲက ယောက်ျားတွေ အတော်များများနဲ့ ပတ်သက်ဖူးတယ်။ တခြားလူတွေက သူ့ကို အပျော်မယ်လို့ ထင်ကြပေမဲ့ တကယ်တမ်းကျတော့ အဆိပ်ပြင်းတဲ့ ကင်းမြီးကောက်မကြီးပဲ။ ရွာသူကြီးကျန့် မိသားစုက မြှောက်ပင့်ပေးတာရယ်၊ ဒီမိန်းမက ပါးစပ်သရမ်းတာရယ် ပေါင်းလိုက်ရင် ရွှီမျိုးနွယ်စုတစ်ခုလုံး ပွက်လောရိုက်ကုန်မှာမို့ ရွှီမျိုးနွယ်စုခေါင်းဆောင်လည်း မျက်စိမှိတ် နားပိတ်ပြီး ရွာထဲမှာ ဆက်နေခွင့် ပေးထားခဲ့တာ။

နောက်ပိုင်း သူ ငြိမ်ကုပ်နေပြီး ပြဿနာ မရှာတော့ ရွှီမျိုးနွယ်စုခေါင်းဆောင်လည်း သတိမထားမိတော့ဘူး။ အခုမှပဲ ဒီလို ဗုံးပေါက်ကွဲလာတော့တာပဲ။

"ပြောစမ်း... သူ မင်းကို ဘယ်လို မြှူဆွယ်တာလဲ"

ဒီစကားကို ကြားတော့ ကြည့်နေတဲ့ ရွာသားတွေ စိတ်ဝင်စားသွားကြတယ်။ လူနည်းစုလောက်ပဲ ဒီစကားရဲ့ အဓိပ္ပာယ်ကို နားလည်ကြပြီး အဲဒီအထဲမှာ ရွှီချင်းရှန်လည်း ပါတယ်။

ရွှီချင်းရှန်က အရက်ပြယ်သွားပြီမို့ ပြဿနာ ကြီးကျယ်နေပြီ ဆိုတာ သိလိုက်တယ်။ နည်းနည်းလေး မှားတာနဲ့ သူ့ဘဝ တစ်ခုလုံး ပျက်စီးသွားနိုင်တယ်။ အခုချိန်မှာ အတတ်နိုင်ဆုံး ပြန်ကုစားဖို့ပဲ ရှိတော့တယ်။

ဒါကြောင့် သူက ချက်ချင်း ငိုချလိုက်ပြီး မုဆိုးမရွှီနဲ့ ဖြစ်ပျက်ခဲ့တာ ဒီရက်ပိုင်းလေးတင် ရှိသေးကြောင်း၊ မုဆိုးမရွှီက စတင်မြှူဆွယ်ခဲ့တာ ဖြစ်ကြောင်း၊ အဲဒီနေ့က သူ အရက်သောက်ပြီး ပြန်လာတော့ လမ်းမှာ တွေ့ပြီး အိမ်ထဲ အတင်း ဆွဲခေါ်သွားကြောင်း ကတိကဝတ်တွေ ပြုပြီး ပြောရှာတယ်။

78 05

ဒီစကားကို ကြားတော့ ရွာသားတွေက ဟားတိုက် ရယ်မောကြတယ်။ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာလေ၊ ဒါပေမဲ့ ကာယကံရှင်က ဒီလို ပြောနေမှတော့ သူများတွေက ဘာဝင်ပြောလို့ ရမလဲ။ ကိုယ်နဲ့ မဆိုင်တဲ့ ကိစ္စမှာ ဝင်ပါပြီး ရန်လုပ်စရာ အကြောင်းမှ မရှိတာ။

"အစ်ကိုချင်းရှန်... စကားပြောရင် သစ္စာရှိပါ၊ ကျွန်မက ရှင့်ကို မြှူဆွယ်တယ် ဟုတ်လား" မုဆိုးမရွှီက ရှိုက်ကြီးတငင် ငိုကြွေးရင်း ပြောတယ်။

လူအုပ်ထဲက တစ်ယောက်က အော်ပြောတော့တယ်။ "မှားနေပြီ... အစ်ကိုလို့ မခေါ်ရဘူး၊ ဦးလေးလို့ ခေါ်ရမှာ"

အားလုံးက ဝိုင်းရယ်ကြပြန်တော့ ရွှီမျိုးနွယ်စုခေါင်းဆောင် ဒေါသထွက်ပြီး ခြေဆောင့်ကာ ဟိန်းဟောက်လိုက်တယ်။

"တိတ်ကြစမ်း"

"အစ်ကိုရွှီ... စိတ်မဆိုးပါနဲ့" ရွာသူကြီးကျန့်က ဘေးကနေ ဝင်ပြောပြီး ရွာသားတွေကို လှည့်ဆူလိုက်တယ်။ "မင်းတို့ကောင်တွေလည်း တကယ်ပါပဲ၊ အားနေရင် ဝင်ရှုပ်နေကြတယ်"

ငြိမ်သွားမှ ရွှီမျိုးနွယ်စုခေါင်းဆောင်က တည်ငြိမ်တဲ့ မျက်နှာထားနဲ့ ပြောတယ်။ "ချင်းရှန်က မင်း သူ့ကို မြှူဆွယ်တယ်လို့ ပြောတယ်၊ လူတွေက ရယ်စရာလို့ ထင်ကြပေမဲ့ ငါကတော့ ယုံတယ်။ ချင်းရှန်က အနေအထိုင် တည်ကြည်တယ်၊ မင်းကတော့ အကျင့်စာရိတ္တ ပျက်ပြားတာ လူတိုင်း အသိပဲ။ မင်း ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမ ဖြစ်ရှာတယ်၊ အားကိုးစရာ မိဘဆွေမျိုး မရှိရှာဘူး ဆိုပြီး ငါ သနားလို့ လက်ခံထားတာ၊ မင်းက ကျေးဇူးကန်းပြီး ငါ့ရွှီမိသားစု မျိုးဆက်ကို လာဖျက်ဆီးတယ်။ ဒီတစ်ခါတော့ မင်းကို သည်းမခံနိုင်တော့ဘူး။ ဟေ့လူတို့... ဒီမိန်းမကို ပါးစပ်ပိတ်၊ ကြိုးတုပ်ပြီး ဘိုးဘွားပိုင် ခန်းမဆောင်ရှေ့မှာ ဒူးထောက်ခိုင်းထား။ ပြီးရင် ရက်ကောင်းရွေးပြီး ရေလှောင်အိမ်ထဲ ထည့်မယ်။ ဒါမှ နောင်လာနောက်သား ရွှီမိသားစု အမျိုးသမီးတွေ အနေအထိုင် ဆင်ခြင်တတ်မှာ"

ရွှီမျိုးနွယ်စုခေါင်းဆောင်က သတ်ဖြတ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ စကားနည်းနည်း ပြောရုံနဲ့ မုဆိုးမရွှီကို သေမိန့် ပေးလိုက်တာပါပဲ။

စောစောကတည်းက သူ့အကွက်ကို မြင်သာပါတယ်။ မုဆိုးမရွှီက စမြှူဆွယ်တယ်လို့ စွပ်စွဲတယ်၊ မုဆိုးမရွှီက နဂိုကတည်းက နာမည်ပျက် ရှိပြီးသား၊ သူ့ကို ရေလှောင်အိမ်ထဲ ထည့်ပြီး သတ်တာက တရားမျှတမှု ဖော်ဆောင်တာပဲမို့ ဘယ်သူမှ ဘာပြောလို့ မရဘူး။

မုဆိုးမရွှီ သေသွားရင် ရွှီချင်းရှန်ရဲ့ ဂုဏ်သိက္ခာ နည်းနည်း ထိခိုက်မယ် ဆိုပေမဲ့ အသက်အန္တရာယ် မရှိတော့ဘူး။ ခဏတဖြုတ် ခေါင်းငုံ့ခံနေလိုက်ရင် ပြီးသွားမယ့် ကိစ္စပဲ။

ကျောက်အာ့ ရင်ထဲမှာ စိမ့်ခနဲ အေးသွားပြီး ဘယ်လို ခံစားရမှန်း မသိတော့ဘူး။

ရွှီမျိုးနွယ်စုခေါင်းဆောင် ယုတ်မာတာလား။ သူ့နည်းလမ်းက မဖြူစင်ဘူး ဆိုတာတော့ မှန်တယ်၊ ဒါပေမဲ့ သူ့နေရာက ကြည့်ရင် ဒီနည်းလမ်းက အလုံခြုံဆုံးပဲ။

ရွာသူကြီးကျန့်လည်း သဘောပေါက်လိုက်ပြီး မျက်နှာပျက်သွားတယ်။

အမိန့်ပေးပြီးတာနဲ့ အမျိုးသမီးတစ်သိုက် ကြိုးတွေ ကိုင်ပြီး တက်လာကြတယ်။ မျိုးနွယ်စုထဲက အမျိုးသမီးတွေ ပြစ်မှုကျူးလွန်ရင် အမျိုးသမီးတွေကပဲ စီရင်လေ့ ရှိတာကိုး။

သူတို့က မုဆိုးမရွှီရဲ့ ပါးစပ်ကို ပိတ်၊ ကြိုးတုပ်ဖို့ လုပ်ကြတော့ မုဆိုးမရွှီက အတင်း ရုန်းကန်ပြီး ရွှီချင်းရှန်ကို ကယ်ပါလို့ အော်ဟစ်နေတယ်။ သူ့အသံက စူးရှပြီး ပုံစံကလည်း သနားစရာ ကောင်းလှတယ်။

ဒါပေမဲ့ ရွှီချင်းရှန်ကတော့ ခေါင်းငိုက်စိုက်ချထားပြီး မော့မကြည့်ရဲဘူး။

ဆံပင်တွေ ဖားလျားကျနေတဲ့ မုဆိုးမရွှီက အေးစက်စက် ရယ်မောလိုက်ပြီး သူ့ပါးစပ်ကို လာပိတ်တဲ့ အမျိုးသမီးရဲ့ လက်ကို ကိုက်ထည့်လိုက်တယ်။ အော်သံ ထွက်လာတာနဲ့ တပြိုင်နက် သူက လူတွေကို တွန်းထုတ်လိုက်ပြီး -

"ငါ သေလို့ မဖြစ်ဘူး၊ ငါ သေရင် ငါ့ဗိုက်ထဲက ကလေး ဘယ်လို လုပ်မလဲ"

78 06

ဒီစကား ကြားလိုက်တာနဲ့ တိတ်ဆိတ်သွားကြတယ်။

ရွှီမျိုးနွယ်စုခေါင်းဆောင်က ငေါက်လိုက်တယ်။ "နင့်ဗိုက်ထဲက ကလေးက ဘယ်သူ့ဟာမှန်း ဘယ်သူ သိမလဲ"

မုဆိုးမရွှီက ဂရုမစိုက်တဲ့အပြင် ပြုံးတောင် ပြုံးလိုက်သေးတယ်။ သူ့ဗိုက်လေးကို ပွတ်သပ်ရင်း "ကျွန်မ အစ်ကိုချင်းရှန်းနဲ့ တွဲပြီးကတည်းက ဘယ်သူနဲ့မှ မပတ်သက်တော့ဘူး၊ သူ့ကလေး မဟုတ်ရင် ဘယ်သူ့ကလေး ဖြစ်မလဲ"

ပြီးတော့ သူက ရွှီချင်းရှန်ကို သနားစဖွယ် ကြည့်ပြီး မေးလိုက်တယ်။ "အစ်ကိုချင်းရှန်း... ရှင် ရှင့်ကလေးကို မလိုချင်တော့ဘူးလား"

ရွှီချင်းရှန် တွေဝေသွားတယ်။

ရွာသူကြီးကျန့်က မတ်တတ်ရပ်လိုက်ပြီး "ဒီကိစ္စက ခက်သွားပြီ။ ကလေး ရှိနေပြီ ဆိုတော့ သေဒဏ်ကျထားတဲ့ အမျိုးသမီး ဖြစ်ရင်တောင် ကလေးမွေးပြီးမှ အပြစ်ပေးရတာ ထုံးစံပဲ။ ပြီးတော့ ညီအစ်ကိုရွှီရာ... မုဆိုးမရွှီက အရင်တုန်းက ဆိုးခဲ့ပေမဲ့ ဒီနှစ်ပိုင်းတွေမှာ ပြုပြင်နေထိုင်လာတာပဲ၊ အတိတ်က ကိစ္စတွေနဲ့ ရောပြီး အပြစ်မယူပါနဲ့။ ကျုပ်တို့ အားလုံး နားလည်ပါတယ်၊ ဒီကိစ္စက လက်ခုပ်နှစ်ဖက်တီးမှ မြည်တာပါ"

'လက်ခုပ်နှစ်ဖက်တီးမှ မြည်တယ်' တဲ့... စကားတတ်လိုက်တာ။

ဘေးက ကြည့်နေတဲ့ ရွာသားတွေ ဘာမှ မပြောကြပေမဲ့ အများစုက ဒီလိုပဲ တွေးနေကြတယ်။

ရွာသားတစ်ယောက်က ထောက်ခံလာတယ်။ "ကလေး မွေးပြီးမှ ဆက်ပြောကြမလား"

"လပိုင်းလောက် စောင့်ရမယ့် ကိစ္စပဲဟာ"

ရွှီမျိုးနွယ်စုခေါင်းဆောင်က ရွာသူကြီးကျန့်ကို စူးစူးရဲရဲ ကြည့်လိုက်တယ်။ သူ့သဘောက ရှင်းတယ်၊ မင်း တကယ် ဝင်ပါချင်တာလား ပေါ့။ ရွာသားတွေရဲ့ သဘောထားကို သူ ဂရုမစိုက်ပေမဲ့ ရွာသူကြီးကျန့်ကိုတော့ လစ်လျူရှုလို့ မရဘူး။ လူ့အသက်နဲ့ ဆိုင်နေသလို ဥပဒေနဲ့လည်း ငြိစွန်းနေတယ်။ ရွာသူကြီး ဆိုတာ အရာရှိ အငယ်စားပဲ၊ သူက မဖြစ်ဘူး ပြောရင် ဘယ်သူမှ လုပ်လို့ မရတော့ဘူး။

ရွာသူကြီးကျန့်က လုပ်ရပ်နဲ့ သက်သေပြလိုက်တယ်။ "ပြန်ခေါ်သွားပြီး မွေးခိုင်းလိုက်၊ ကလေးမွေးပြီးမှ ဆက်ပြောကြတာပေါ့။ တကယ်ပါပဲ... မင်္ဂလာရှိတဲ့ နေ့ရက်လေးမှာ စိတ်ပျက်စရာတွေ ဖြစ်ကုန်ပြီ"

သူက လက်ကာပြပြီး ရွာသားတွေကို ပြန်ခိုင်းလိုက်တယ်။ ရွှီမိသားစုဝင်တွေထက်တောင် ပိုပြီးအာဏာရှိနေသလိုပဲ။

ရင်ထဲမှာ စုပြုံနေတဲ့ မကျေနပ်ချက်တွေ ပျောက်ကွယ်သွားလို့ သူ့မျက်နှာမှာ ပေါ့ပါးရွှင်လန်းနေတယ်။

အခု ရွာသူကြီးကျန့်က ရွှီမျိုးနွယ်စုခေါင်းဆောင်ကို စကားပြန်ပိတ်ဖို့ အလှည့်ရောက်ပြီ။ "ညီအစ်ကိုရွှီ... သွားစို့၊ အရက် ဆက်သောက်ကြမယ်။ ဒီနေ့က ထင်းရှန်းရဲ့ နေ့ထူးနေ့မြတ်လေ၊ ဒီလို ကိစ္စတွေနဲ့ ပျော်ပွဲရွှင်ပွဲကို မပျက်စီးစေနဲ့"

ရွှီမျိုးနွယ်စုခေါင်းဆောင်ရဲ့ သားကြီးက ရှေ့ထွက်လာပြီး ဝင်ပြောတယ်။ "ဦးလေး... ကျွန်တော် လိုက်သောက်ပေးပါ့မယ်။ အဖေက အသက်ကြီးပြီ၊ ဒီရက်ပိုင်း အရက်သောက်တာလည်း များသွားပြီ။ ပြီးတော့ သူ့မှာ ရောဂါအခံ ရှိတယ်၊ ချောင်းတွေ ဆိုးနေတာ။ ထပ်သောက်ရင် အမေ ဆူတော့မယ်"

ရွာသူကြီးကျန့်လည်း ဆက်ပြီး အပြစ်ရှာမနေတော့ဘဲ စကားပြောရင်း အပြင်ထွက်သွားကြတယ်။

ရွာသားတွေလည်း လူစုကွဲသွားကြပြီ။ ရွှီချင်းရှန်က ကြမ်းပြင်ကနေ ထပြီး ထွက်သွားဖို့ ပြင်လိုက်တုန်း လူတစ်ယောက်က လှမ်းတားလိုက်တယ်။

"ခဏနေဦး... ကျွန်တော် ပြောစရာ ရှိသေးတယ်"

******

All Chapters