အခန်း (၇၉-၈၀)
Vol. 8 Ch. 79-80
79 01
အခန်း (၇၉)
စကားပြောလိုက်တဲ့သူက ရွှီထင်းရှန်းပင်။
သူ့စကားသံကြောင့် အခန်းထဲမှာရှိတဲ့ လူအားလုံး သူ့ကို ဝိုင်းကြည့်လိုက်ကြတယ်။
အဘိုးရွှီကတော့ ရွှီထင်းရှန်း စိတ်မကောင်း ဖြစ်နေတယ်လို့ ထင်လိုက်တယ်။ ရွှီထင်းရှန်းရဲ့ ပွဲကောင်းရက်မြတ်လေးမှာ ဦးလေးဖြစ်သူက ဖျက်ဆီးလိုက်တာကိုး။ သူက နှစ်သိမ့်စကား ပြောမလို့ ပြင်လိုက်တုန်း ရွှီထင်းရှန်းက ထပ်မေးလိုက်တယ်။ "ဦးလေး... ကျွန်တော့်ကို ပြောပါဦး၊ ကျွန်တော့်အဖေ ဘယ်လို သေသွားတာလဲ"
ရွှီချင်းရှန်ရဲ့ မျက်နှာက ချက်ချင်း ပျက်သွားသလို ဘေးမှာရှိတဲ့ အဒေါ်ယန်လည်း ထို့အတူပဲ။
"နင့်အဖေ ဘယ်လိုသေလဲ ဟုတ်လား။ နင့်အဖေ ဘယ်လိုသေလဲ နင် မသိဘူးလား" ရွှီချင်းရှန်က အရင်တုန်းက သုံးနေကျ နည်းလမ်းဟောင်းအတိုင်း ကိစ္စကို ဖုံးဖိပြီး ကျော်ချဖို့ ကြိုးစားတယ်။ သူက စိတ်မရှည်တဲ့ လေသံနဲ့ ပြောပြီး အဒေါ်ယန်ဘက် လှည့်ကာ ဆူလိုက်သေးတယ်။ "နင်က ဘာရပ်ကြည့်နေတာလဲ၊ ငါ့ကို လာမတွဲဘူးလား။ အိမ်ရောက်မှ နင့်အကြောင်း သိမယ်၊ ငါ့ကို ဒီလောက်ထိ ရိုက်ရဲတယ်ပေါ့လေ"
အဒေါ်ယန်က ဘယ်လို စိတ်ကူးပေါက်လဲ မသိဘူး၊ တကယ်ပဲ သွားတွဲပေးရှာတယ်။
ရွှီထင်းရှန်းက အေးစက်စက် ရယ်မောလိုက်ပြီး "ဒါပေမဲ့ အဒေါ် ခုနက ပြောလိုက်တာ ဒီလို မဟုတ်ပါဘူး။ ဦးလေး... ခဏတဖြုတ်တော့ ဖုံးကွယ်လို့ ရချင်ရမယ်၊ တစ်သက်လုံးတော့ ဖုံးကွယ်ထားလို့ မရပါဘူး။ ခုနက အဒေါ်ပြောတာကို ကြားလိုက်တဲ့ ရွာသားတွေ မနည်းဘူး၊ လူတွေကို အရူး လုပ်မနေပါနဲ့"
ဒီစကား ကြားတော့ အခန်းထဲက လူတွေအားလုံး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေကြတယ်။ အဘိုးရွှီနဲ့ ရွှီချင်းဟွိုင်တို့ဆို ဘာမှ နားမလည်နိုင် ဖြစ်နေကြတာပေါ့။
"ဒါ ဘာဖြစ်ကြတာလဲ" ရွှီမျိုးနွယ်စုခေါင်းဆောင်က မေးတယ်။
ကျောက်အာက ဝင်ပြောလိုက်တယ်။ "ဦးလေးကို မေးကြည့်ပါ၊ သူ အသိဆုံးပါ"
ရွှီထင်းရှန်းက ဆက်ပြောတယ်။ "အဲဒီတုန်းက ကျွန်တော့်အဖေ အသတ်ခံရလို့ သေလုမျောပါး ဖြစ်နေတာတောင် ဦးလေးက မပစ်ထားခဲ့လို့ ကျေးဇူးတင်ရဦးမယ်။ ဒါပေမဲ့ ဦးလေး စေတနာကောင်းလို့ မဟုတ်ဘူး ဆိုတာ ကျွန်တော် သိတယ်။ ဦးလေးက ကျွန်တော့်အဖေဟာ မိသားစု အခြေအနေကို ငဲ့ပြီး အမှန်တိုင်း ထုတ်မပြောဘူး ဆိုတာကို တွက်ချက်ထားလို့လေ။ ပြီးတော့ အိမ်ပြန်ရောက်ရင် အဖြေပေးရခက်မှာ စိုးလို့ ခေါ်လာခဲ့တာ မဟုတ်လား။ ကျွန်တော့်အဖေရဲ့ စိတ်နေသဘောထားသာ မဟုတ်ရင် ဦးလေးကို အဲဒီလို ကျိန်စာတိုက်ခိုင်းဖို့ ဘယ်ဖိအားပေးပါ့မလဲ။ ဦးလေးရဲ့စိတ်နေသဘောထားသာ မဟုတ်ရင်လည်း အဲဒီလို ကတိမျိုး ဘယ်ပေးပါ့မလဲ။ လိပ်ပြာမလုံလို့ ပေးလိုက်ရတာလေ"
"သနားစရာကောင်းတဲ့ ကျွန်တော့်အဖေက အစ်ကိုဖြစ်သူ စာမေးပွဲ သွားဖြေတာကို လိုက်ပို့ပေးတာပါ။ အစ်ကိုလုပ်တဲ့သူက စာကို ကောင်းကောင်း မကြိုးစားဘဲ မပတ်သက်သင့်တဲ့ မိန်းမနဲ့ သွားပတ်သက်ပြီး ပြဿနာရှာခဲ့မှန်း ဘယ်သူ ထင်မှာလဲ။ ဦးလေးက ပြဿနာတက်ပြီဆိုတာ သိလိုက်တာနဲ့ ကျွန်တော့်အဖေကို လွှဲချလိုက်တယ်၊ အဲဒါကြောင့် ကျွန်တော့်အဖေက ဘာမှန်းညာမှန်း မသိဘဲ အစားဝင်ခံပြီး သေပေးလိုက်ရတာ"
ရွှီထင်းရှန်း ပြောနေရင်း ရွှီချင်းရှန်ရဲ့မျက်နှာက ပြာနှမ်းသွားပြီး ဘာမှ ပြန်မပြောနိုင် ဖြစ်နေတယ်။
ရွှီထင်းရှန်းကတော့ ရမ်းသမ်း စွပ်စွဲကြည့်လိုက်တာပါ၊ ဒါပေမဲ့ ရွှီချင်းရှန်ရဲ့ ပုံစံကို ကြည့်လိုက်တော့ သူ ထင်တာ မှန်နေမှန်း သိလိုက်ရလို့ ပိုပြီး နာကျည်းမုန်းတီးသွားတယ်။ "ဦးလေးမှာ လူစိတ် ရှိသေးရင် ဒီနေ့ ဘိုးဘေးတွေ ရှေ့မှောက်မှာ အမှန်အတိုင်း ရှင်းပြပါ။ မဟုတ်ရင် ကျွန်တော် ဦးလေးကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး"
79 02
အဘိုးရွှီက တုန်လှုပ်ချောက်ချားစွာနဲ့ မေးတယ်။
"သားကြီး... ကုန်းအာ ပြောတာ တကယ်လား"
ရွှီချင်းရှန်က မျက်လုံးတွေ ဂနာမငြိမ် ဖြစ်နေပြီး အော်ဟစ်တယ်။
"ဘာတွေလာပြောနေတာလဲ၊ အဖေ... အဖေကတောင် ကျွန်တော့်ကို မယုံတော့ဘူးလား"
"ဒီကိစ္စကို အဒေါ် ကိုယ်တိုင် ဦးလေးနဲ့ ရန်ဖြစ်တုန်းက ထုတ်ပြောလိုက်တာ၊ ရွာသားတွေ အများကြီး ကြားလိုက်ကြတယ်။ အဘိုး မယုံရင် အပြင်ထွက်ပြီး မေးကြည့်ပါ" ကျောက်အာက ဝင်ထောက်တယ်။
အဒေါ်ယန် မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး နှုတ်ခမ်းတွေ တုန်ရီနေတယ်။
"သားကြီး... ငါ့ကို အမှန်တိုင်း ပြောစမ်း၊ ဘာတွေ ဖြစ်ခဲ့တာလဲ"
"အဖေ..."
"ပြောမှာလား၊ မပြောဘူးလား" အဘိုးရွှီက လက်ထဲက ဆေးတံကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး ရွှီချင်းရှန်ကို စိုက်ကြည့်နေတယ်။
ရွှီထင်းရှန်းက ပြောလိုက်တယ်။
"အဒေါ်... ဒီကိစ္စက ဖုံးထားလို့ မရတော့ဘူး။ ခဏတဖြုတ် ဖုံးကွယ်ထားလို့ ရချင်ရမယ်၊ တစ်သက်လုံးတော့ မရဘူး။ အဒေါ်တို့ မပြောလည်း အမှန်တရားကို ကျွန်တော် ရှာဖွေနိုင်တယ်။ လူတစ်ယောက် သေလောက်တဲ့အထိ အရိုက်ခံရတာ အမှုအခင်း မဖြစ်ဘဲ နေမလား။ စီရင်စုမြို့တော်က ရုံးတော်မှာ မှတ်တမ်း ကျန်နေမှာပဲ"
အဒေါ်ယန် ဆက်ပြီးတောင့်မထားနိုင်တော့ဘူး။ "ကျွန်မလည်း အတိအကျကြီးတော့ မသိပါဘူး။ တခါတုန်းက သူ မူးလာပြီး ယောင်ရမ်း ပြောမှ ဒုတိယလေးက..."
"အမေ" ရွှီကျွင်းခိုင်က အပြင်ကနေ ပြေးဝင်လာပြီး အဒေါ်ယန်ရဲ့လက်ကို ဆွဲကာ တောင်းပန်တိုးလျှိုးတယ်။
"အမေ... ဒါတွေ မဟုတ်ဘူးလို့ ပြောလိုက်စမ်းပါ"
"အမေ..."
အခြေအနေကို ကြည့်ပြီး ရွှီကျွင်းခိုင်လည်း သဘောပေါက်သွားတယ်။ သူ နာကျင်စွာနဲ့ ထိုင်ချလိုက်ပြီး ညည်းတွားလိုက်တယ်။
"ကျွန်တော့်မှာ ဘာလို့ ဒီလို အဖေမျိုး ရှိနေရတာလဲ"
သားဖြစ်သူရဲ့ပုံစံကို မြင်တော့ အဒေါ်ယန် ရင်ထဲမှာ ဓားနဲ့ မွှန်းလိုက်သလို ခံစားလိုက်ရတယ်။ တုန်ရီနေတဲ့ လက်တွေနဲ့ သားကို ဆွဲထူဖို့ ကြိုးစားပေမဲ့ မရဘူး။
စောစောက ရွှီချင်းရှန် သူ့ကို ပြည့်တန်ဆာမအတွက် ရိုက်နှက်ခဲ့တာတွေ၊ အရင်တုန်းက သူ့လက်ထဲက ပိုက်ဆံတွေကို လိမ်လည် ယူခဲ့တာတွေ၊ ဒီရက်ပိုင်း သားလေး စုထားတဲ့ ပိုက်ဆံတွေကို ယူဖို့ ကြိုးစားနေတာတွေကို ပြန်သတိရလာတယ်။
တခြားအကြောင်းအရာတွေလည်း အများကြီး ခေါင်းထဲ ဝင်လာတယ်။
သူက သက်ပြင်းတစ်ချက် ရှိုက်လိုက်ပြီး "ငါ သိတာကတော့... သူ စီရင်စုမြို့တော် ရောက်တုန်းက မပတ်သက်သင့်တဲ့ မိန်းမနဲ့ ပတ်သက်မိပြီး ဟိုဘက်က ယောက်ျား မိသွားလုနီးပါး ဖြစ်ခဲ့တယ်။ နောက်ပိုင်း အဲဒီယောက်ျားက ဘယ်လို စုံစမ်းပြီး လိုက်လာလဲ မသိဘူး၊ သူနဲ့ ပက်ပင်းတိုးမိတော့ ရွှီချင်းရှန် ဆိုတာ ဘယ်ကောင်လဲ လို့ မေးတယ်တဲ့။ သူက ဒုက္ခရောက်တော့မယ်ဆိုတာ သိလိုက်တာနဲ့ ဒုတိယလေးကို လက်ညှိုးထိုးပြီး ဟိုမှာ ရွှီချင်းရှန်ပါလို့ လွှဲချလိုက်တာ"
79 03
အဒေါ်ယန် ပြောပြတာက ရွှီထင်းရှန်း ခန့်မှန်းတာနဲ့ တစ်ထပ်တည်း ကျနေတယ်။ ရွှီထင်းရှန်း အဖေ သေဆုံးမှုက ရွှီချင်းရှန်နဲ့ တိုက်ရိုက် ပတ်သက်နေတယ်။ ပိုဆိုးတာက ကိစ္စမဟန်တော့မှန်းသိလို့ ညီဖြစ်သူကို တမင်သက်သက် ရေထဲ ဆွဲချလိုက်တာပဲ။
ရွှီချင်းရှန်က အဒေါ်ယန် သူ့ကို ရောင်းစားလိုက်ပြီ ဆိုတာ သိလိုက်တယ်။ အဘိုးရွှီကလည်း အတင်းမေးမြန်းနေတာနဲ့ နောက်ဆုံးမှာ အဖြစ်အပျက်ကို အကြမ်းဖျင်း ဝန်ခံလိုက်ရတယ်။
ပြောပြီးတာနဲ့ သူက ငိုယိုပြီး "ကျွန်တော် တကယ် မသိပါဘူး၊ သူတို့ ဒီလောက် လက်လွန်လိမ့်မယ် လို့ မထင်ခဲ့ဘူး။ ကျွန်တော်က စာမေးပွဲ ဖြေခါနီးမို့ ထိခိုက်ဒဏ်ရာ ရရင် စာမေးပွဲ ဖြေလို့ မရမှာ စိုးလို့ လျှောက်ပြောလိုက်မိတာပါ... သူတို့က လူကို ဒီလောက်ထိ သေအောင် ရိုက်မယ်လို့ ဘယ်ထင်ပါ့မလဲ..."
"မင်း... မင်း တကယ် မိုက်မဲတဲ့ကောင် သား၂က ဘာလို့ မင်းကို အဲဒီလို ကတိမျိုး တောင်းခဲ့လဲ ဆိုတာ အခုမှ ငါ နားလည်တော့တယ်..."
အဘိုးရွှီ ရင်ဘတ်စည်တီးမတတ် ခံစားလိုက်ရတယ်။ သူ့ရင်ထဲမှာ ကြာမြင့်စွာ ကိန်းအောင်းနေတဲ့ သံသယတွေ အခုမှ ရှင်းသွားတော့တယ်။ သား၂ သေခါနီး ကျေးဇူးတရားကို အကြောင်းပြပြီး အစ်ကိုဖြစ်သူကို အဲဒီလို ကတိပေးခိုင်းတုန်းက အဘိုးရွှီ စိတ်ထဲမှာ ဘဝင်မကျခဲ့ဘူး။ အဲဒီ မကျေနပ်ချက်က မိသားစု ပြဿနာတွေ ဖြစ်လာတိုင်း ပိုပိုဆိုးလာခဲ့တာ။
အထူးသဖြင့် မြေးနှစ်ယောက်ကြား ရွေးချယ်စရာ ကြုံလာတိုင်း သား၂က ဘာလို့ ဒီလောက် အတ္တကြီးရတာလဲ၊ ခွေးလေးက စာမတော်ပါဘူးဆိုမှ ဘာလို့ အတင်းအကျပ် ကတိတောင်းခဲ့ရတာလဲလို့ သူ အပြစ်တင်မိခဲ့တယ်။
အခုမှ သူ နားလည်သွားပြီ။ သားကြီးက သား၂အပေါ်မှာ အသက်တစ်ချောင်းစာ အကြွေးတင်နေခဲ့တာကိုး။
သား၂က မတရား သေခဲ့ရပေမဲ့ မိသားစုအရေးကို ငဲ့ပြီး ဘာမှ ထုတ်မပြောခဲ့ရှာဘူး။
"သေချင်းဆိုးကောင်... အဲဒါ မင်းညီလေးကွ၊ မင်းရဲ့ညီအရင်းခေါက်ခေါက်ကြီး" အဘိုးရွှီက ငိုရင်း ဆဲရင်း လက်ထဲက ဆေးတံနဲ့ ရွှီချင်းရှန်ကို အတင်း ရိုက်နှက်တော့တယ်။ ရွှီချင်းရှန်က အော်ဟစ် ငိုယိုနေပေမဲ့ ဘယ်သူကမှ ဝင်မဆွဲကြဘူး။
အဘွားကျောက်တောင် မဆွဲရဲဘူး။ အဘိုးကြီး ဒီလောက်ထိ ဒေါသထွက်တာ သူ တစ်ခါမှ မမြင်ဖူးဘူးလေ။
ရွှီထင်းရှန်းက အသက်ပြင်းပြင်း ရှူလိုက်ပြီး မျက်လုံးအိမ်တွေ နီရဲနေလျက်နဲ့ ပြောလိုက်တယ်။ "ကျွန်တော် သူနဲ့ ဆွေမျိုး ပြတ်စဲမယ်။ ဒီအိမ်မှာ သူ ရှိရင် ကျွန်တော် မရှိဘူး၊ ကျွန်တော် ရှိရင် သူ မရှိစေရဘူး"
သူ့အသံက အေးစက်ပြီး ကျယ်လောင်ခြင်း မရှိပေမဲ့ တဖက်က အော်ဟစ်ငိုယိုသံတွေကို လွှမ်းမိုးသွားတယ်။
အဘိုးရွှီက သူ့ဘက် လှည့်လာပြီး "ခွေးလေးရယ်... ဘယ်လိုပဲ ဖြစ်ဖြစ် သူက မင်းရဲ့..." 'ဦးလေးအရင်း' ဆိုတဲ့ စကားလုံးက လည်ချောင်းဝမှာတင် တစ်ဆို့သွားတယ်။ ဒီလို လူမျိုးကို ဦးလေးအရင်းလို့ ဆက်ပြောဖို့ အဘိုးရွှီ ပါးစပ်မဟရဲတော့ဘူး။
ရွှီထင်းရှန်းပြောတာ အိမ်ခွဲမယ်ဆိုတဲ့သဘော မဟုတ်ဘူး။ တကယ်တမ်းကျတော့ ရွှီမိသားစုက အိမ်ခွဲပြီးသား။ သူ့ဆိုလိုရင်းက ရှင်းတယ်၊ ရွှီမျိုးနွယ်စုခေါင်းဆောင်နဲ့အဘိုးရွှီကို မျိုးနွယ်စုထဲကနေ ရွှီချင်းရှန်ကို ထုတ်ပယ်ဖို့ ဖိအားပေးလိုက်တာပဲ။
ရွေးချယ်စရာ တစ်ခုတည်း ရှိတယ်၊ ရွှီထင်းရှန်းလား၊ ရွှီချင်းရှန်လား။
တကယ်လို့ ဒီကိစ္စသာ ခရိုင်အဆင့် စာမေးပွဲ မတိုင်ခင် ဖြစ်ခဲ့ရင် ရွှီမိသားစုနဲ့ ရွှီမျိုးနွယ်စုဟာ ထုံရှန်း အဆင့်ရှိတဲ့ ရွှီချင်းရှန်ကို စွန့်လွှတ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အခုတော့ အခြေအနေ ပြောင်းသွားပြီ။ ရွှီမိသားစုမှာ အသက် ၁၅ နှစ်တောင် မပြည့်သေးတဲ့ ပထမဆုရှင် တစ်ယောက် ပေါ်ထွက်လာပြီလေ။
79 04
အသက် ၁၅ နှစ် မပြည့်သေးတဲ့ ပထမဆုရှင် ဆိုတာ ဘာအဓိပ္ပာယ်လဲ သိလား။ သူက ငယ်ငယ်ရွယ်ရွယ်နဲ့ ရှို့ချိုင်ဘွဲ့ရဖို့ သေချာသလောက် ရှိနေပြီ။ ရှို့ချိုင်ဖြစ်တဲ့ အသက်အရွယ် ငယ်လေလေ၊ ကျူးရန်ဖြစ်ဖို့ အခွင့်အလမ်း များလေလေပဲ။ ကျင်းရှီဘွဲ့တောင် ရနိုင်သေးတယ်။
ရွှီချင်းရှန်ကတော့ အသက် လေးဆယ်နား ကပ်နေပြီ၊ စာမေးပွဲ အကြိမ်ကြိမ် ဖြေတာတောင် ရှို့ချိုင် မဖြစ်သေးတဲ့ ထုံရှန်း အိုကြီး ဖြစ်နေပြီ။
"မင်း ဘာစကား ပြောတာလဲ၊ မင်းဦးလေးကို မောင်းထုတ်ချင်တာလား" အဘွားကျောက်က မနေနိုင်ဘဲ ဝင်ပြောတယ်။
ရွှီထင်းရှန်းက သူ့ကို ဂရုမစိုက်ဘဲ အင်္ကျီစကို မကာ ရွှီမျိုးနွယ်စုခေါင်းဆောင် ရှေ့မှာ ဒူးထောက်လိုက်တယ်။
"အဘိုးရွှီ ဆုံးဖြတ်ပေးပါ"
ရွှီမျိုးနွယ်စုခေါင်းဆောင်က သက်ပြင်းချလိုက်တယ်။ "ကောင်းပြီလေ... စောစောက ကိစ္စမှာတုန်းကလည်း ချင်းရှန်ကို ဘယ်လို အပြစ်ပေးရမလဲ၊ ဘယ်လိုမှ သတိပေးရမလဲ ဆိုတာ ငါ စဉ်းစားနေတာ။ ကြည့်ရတာ ချင်းရှန်ကို မျိုးနွယ်စုထဲ ဆက်ထားလို့ မဖြစ်တော့ဘူး ထင်တယ်"
"အစ်ကိုဟိုင်..."
"အဘိုး..."
ရွှီမျိုးနွယ်စုခေါင်းဆောင် ကိုယ်တိုင် ဘိုးဘွားပိုင် ခန်းမဆောင်ကို ဖွင့်ပြီး မျိုးနွယ်ဝင် အားလုံးကို ခေါ်ကာ ရွှီချင်းရှန်ကို မျိုးနွယ်စု စာရင်းကနေ ပယ်ဖျက်လိုက်တယ်။
ဒီနေ့က စပြီး ရွှီချင်းရှန်ဟာ မျိုးနွယ်စု မရှိတဲ့သူ ဖြစ်သွားပြီ။
မျိုးနွယ်စု မရှိရင် အထီးကျန်ပဲ၊ အားကိုးရာမဲ့ပဲ၊ သေသွားရင်တောင် ဘိုးဘွားပိုင် သင်္ချိုင်းမှာ မြှုပ်ခွင့် မရှိဘူး။ ပိုဆိုးတာက တစ်စုံတစ်ယောက်က ရုံးတော်ကို တိုင်ကြားလိုက်ရင် သူ့ရဲ့ပညာတတ်ဘွဲ့ထူးကိုပါ ရုပ်သိမ်းခံရနိုင်တယ်။ ကိုယ့်မျိုးနွယ်စုကတောင် လက်မခံဘဲ မောင်းထုတ်ခံရတဲ့သူဆိုတော့ အကျင့်စာရိတ္တ ပျက်ပြားသူလို့ သတ်မှတ်ခံရပြီး အစိုးရကလည်း ဒီလိုလူမျိုးကို ဘွဲ့ထူး ဆက်ပေးထားမှာ မဟုတ်ဘူး။
ခဏလေးအတွင်းမှာပဲ ရွာသားတွေက ရွှီမျိုးနွယ်စုခေါင်းဆောင်ရဲ့ ပြတ်သားမှုကို ချီးကျူးကြတယ်။ ကိုယ့်တူအရင်း၊ ပညာတတ် တစ်ယောက် ဖြစ်နေတာတောင် မျက်နှာမလိုက်ဘဲ ဒီလောက် ပြင်းပြင်းထန်ထန် အပြစ်ပေးရဲလိမ့်မယ်လို့ ဘယ်သူမှ ထင်မထားခဲ့ကြဘူး။
ရွာသူကြီးကျန့်တောင် အံ့သြသွားတယ်။
ဒါပေမဲ့ တချို့ လူလည်တွေကတော့ ဒီကိစ္စက ရိုးရိုးရှင်းရှင်း မဟုတ်ဘူးဆိုတာ ရိပ်မိကြတယ်။ တကယ်လို့ မုဆိုးမရွှီ ကိစ္စတစ်ခုတည်းဆိုရင် စောစောကတည်းက အပြစ်ပေးပြီးလောက်ပြီ၊ အခုမှ နှစ်ခါပြန် လုပ်စရာ မလိုဘူး။ အရင်က ရွှီဒုတိယ သေဆုံးမှုမှာ ရွှီချင်းရှန်လက်ချက် ပါတယ် ဆိုတဲ့ ကောလာဟလတွေနဲ့ ဆက်စပ်ကြည့်ရင် အဖြေပေါ်နေတာပဲ။
ထားလိုက်ပါတော့... ဒီတစ်ခါ ရွှီချင်းရှန်ကို မျိုးနွယ်စုကနေ ထုတ်ပယ်ရာမှာ ရွှီကျွင်းခိုင်ကိုတော့ ရောပြီး အပြစ်မပေးခဲ့ဘူး။
ဒါက ရွှီမျိုးနွယ်စုခေါင်းဆောင်၊ အဘိုးရွှီနဲ့ ရွှီထင်းရှန်းတို့ သဘောတူထားတဲ့ ကိစ္စပါ။ 'ပြစ်မှု ကျူးလွန်သူသာ အပြစ်ခံရမည်' ဆိုတဲ့အတိုင်း တကယ်တမ်းကျတော့ အဒေါ်ယန်နဲ့ ရွှီကျွင်းခိုင်မှာ အပြစ်မရှိဘူး။ အဒေါ်ယန်က ဖုံးကွယ်ပေးခဲ့တယ်ဆိုပေမဲ့ နောက်ဆုံးမှာ သူမ ထုတ်ဖော်ပြောလိုက်လို့သာ ရွှီချင်းရှန် ဝန်ခံခဲ့ရတာဆိုတော့ ကုသိုလ်၊ အကုသိုလ် ကျေတယ်လို့ သတ်မှတ်လိုက်ကြတယ်။
ရွှီကျွင်းခိုင် မထိခိုက်ရအောင် မျိုးနွယ်စု မှတ်တမ်းမှာ ရွှီချင်းရှန်ရဲ့ နာမည်ဘေးမှာ 'ကွယ်လွန်' ဆိုတဲ့ စာလုံးလေး ရေးထိုးလိုက်တယ်။ ဒီစာလုံးကို ရွှီထင်းရှန်း ကိုယ်တိုင် ရေးထိုးခဲ့တာပါ။ ဒီနေ့က စပြီး ရွှီချင်းရှန် ဆိုတဲ့ လူသား ရှိနေဦးမယ် ဆိုပေမဲ့ အရင်က ရွှီချင်းရှန် မဟုတ်တော့ပါဘူး။
အဒေါ်ယန်နဲ့ရွှီကျွင်းခိုင်က ရွှီမိသားစုအိမ်မှာပဲ ဆက်နေခွင့်ရကြတယ်။ ရွှီချင်းရှန်ကတော့ မုဆိုးမရွှီနဲ့အတူ မုဆိုးမရွှီရဲ့ အိမ်ကို ပြောင်းရွှေ့သွားရတယ်။
ဒါက ရွှီမိသားစုအတွက် ခေါင်းခဲစရာ ကိစ္စတစ်ခုကို ဖြေရှင်းပေးလိုက်သလိုပါပဲ။ ရွာသူကြီးကျန့်က မုဆိုးမရွှီကို ကလေးမွေးတဲ့အထိ စောင့်ရှောက်ထားဖို့ ပြောခဲ့တုန်းက ရွှီမိသားစု ဘယ်မှာ ထားရမလဲ ဆိုပြီး အခက်တွေ့နေတာ။
အချိန်တွေ ကုန်ဆုံးတာ မြန်ဆန်လိုက်တာ၊ ဧပြီလတောင် ရောက်တော့မယ်။ ရွှီထင်းရှန်းတစ်ယောက် စီရင်စုအဆင့်စာမေးပွဲ ဖြေဆိုဖို့ ခရီးထွက်ရတော့မယ့် အချိန် ရောက်လာပြီ။
******
80 01
အခန်း (၈၀)
ဒီတစ်ကြိမ် ချင်းယွမ်ကျောင်းတော်ကနေ ခရိုင်အဆင့် စာမေးပွဲ အောင်မြင်သူ ရွှီထင်းရှန်းတို့ လေးယောက်အပြင် ဝမ်ချီနဲ့လီစုန်းဆိုတဲ့ ကျောင်းသားတွေအပါ ခြောက်ယောက် ရှိတယ်။
စီရင်စုအဆင့် စာမေးပွဲ ဖြေရမယ့်အချိန် နီးကပ်လာပြီ။ ဟူယန်းမြို့နယ်ကနေ ဖျင်ယန်းစီရင်စုအထိ သွားဖို့ တစ်ရက်ကျော်ကျော်လောက် ကြာတာကြောင့် ဆရာလင်းမြောင်က ကျောင်းသားတွေကို ခေါ်ပြီး စောစောထွက်ဖို့ ဆုံးဖြတ်လိုက်တယ်။
ဒါ့အပြင် စီရင်စုအဆင့် စာမေးပွဲက ခရိုင်အဆင့်ထက်ပိုပြီး စည်းကမ်း တင်းကျပ်တယ်။ စာမေးပွဲ ဖြေဆိုခွင့် ရဖို့အတွက် လင်ရှန်းဘွဲ့ရ နှစ်ဦးက အာမခံပေးရမှာဖြစ်ပြီး စာမေးပွဲ စဖြေတဲ့နေ့မှာ အဲဒီ အာမခံပေးသူ နှစ်ဦးစလုံး လူကိုယ်တိုင် ရှိနေရမှာပါ။ ဒါကြောင့် ဆရာလင်းမြောင်က စီရင်စုမြို့တော်မှာရှိတဲ့ သူ့မိတ်ဆွေတွေကို အကူအညီ တောင်းဖို့ စီစဉ်ထားတယ်။
တိုက်တိုက်ဆိုင်ဆိုင် ကျောက်အာစီးပွားရေးကလည်း အလုပ်များနေချိန် ဖြစ်နေတာကြောင့် ဒီလို အခြေအနေမျိုးမှာ သူမ လိုက်သွားလို့ မဖြစ်တော့ပါဘူး။ ရွှီထင်းရှန်း မရှိတော့ရင် သူမလည်း အလုပ်ကို ပိုပြီး အာရုံစိုက်နိုင်မှာပါ။
သူက ရွှီထင်းရှန်းအတွက် ခရီးဆောင်အိတ် ပြင်ဆင်ပေးပြီး ငွေကြေး အလုံအလောက် ထည့်ပေးကာ ခရီးပို့ပေးလိုက်တယ်။
ကျောက်အာက ဝန်ထုတ်ဝန်ပိုး လျော့သွားသလို ပေါ့ပါးလန်းဆန်းနေတာကို သူ ရိပ်မိနေတာကြောင့် ထွက်ခွာခါနီးမှာ ရွှီထင်းရှန်းက စိတ်ကောက်ချင်သလို ဖြစ်နေတယ်။
"ဘာလို့ မသွားသေးတာလဲ၊ ရှန်လေး အပြင်မှာ စောင့်နေ..." သူမ စကားမဆုံးလိုက်ဘူး၊ ရွှီထင်းရှန်းက သူမကို နံရံမှာ ကပ်ပြီး အတင်းဖိနမ်းလိုက်တော့တာပဲ။
နမ်းတာကလည်း ကြမ်းကြမ်းတမ်းတမ်း၊ ခွဲခွာခါနီးမှာ သူမနှုတ်ခမ်းကို ကိုက်လိုက်သေးတယ်။ "ငါ့ကို စောင့်နေနော်"
ပြောပြီးတာနဲ့ ရွှီထင်းရှန်းက လှည့်မကြည့်တော့ဘဲ ထွက်သွားတော့တယ်။
ကျောက်အာ ခဏလောက် ကြောင်နေပြီးမှ သတိပြန်ဝင်လာတယ်။ နှုတ်ခမ်းကို သုတ်ရင်း အိမ်ဝတံခါးဆီ သွားကြည့်လိုက်တော့ လှည်းလေးက အဝေးကို ရောက်နေပြီ။
ရုတ်တရက် ဝမ်းနည်းစိတ် ဖြစ်လာပြီး တစ်စုံတစ်ခု ပျောက်ဆုံးသွားသလို သူမ ခံစားလိုက်ရတယ်။
ဒါပေမဲ့ ခဏနေတော့ ကျောက်အာ ခေါင်းထဲမှာ ဒီကိစ္စတွေ မရှိတော့ဘူး။
ဒီနှစ် သူမတို့ လုပ်ငန်းက မနှစ်ကထက် ပိုကျယ်ပြန့်လာတယ်။ ဟူယန်းမြို့နယ်နဲ့ အန်းယန်းမြို့အပြင် နောက်ထပ် နေရာသစ် နှစ်ခုမှာပါ ဈေးကွက်ချဲ့ထွင်ထားတယ်။ တောင်ကုန်းလေးပေါ်မှာလည်း တစ်နှစ်လောက် ပြုပြင်ထားတော့ မြေဆီလွှာ ကောင်းမွန်လာပြီး ဟင်းသီးဟင်းရွက် နှစ်သီးတောင် စိုက်ပြီးပြီ။
ဒါတွေချည်း အားကိုးလို့ မရပေမဲ့ သူတို့မှာ ခိုင်မာတဲ့ အခြေခံအုတ်မြစ် ရှိလာပြီလို့ ပြောလို့ရတယ်။ အခုဆိုရင် တောင်ကုန်းလေးက ရုပ်ပြောင်းသွားပြီ။ တချို့နေရာတွေကို ဟင်းခင်း လုပ်ထားပြီး ဟင်းသီးဟင်းရွက် စိုက်မရတဲ့ နေရာတွေမှာ သစ်သီးပင်တွေ စိုက်ထားတယ်။ အဒေါ်စွန်းနဲ့ အဒေါ်ကျိုးတို့လည်း အလုပ်မရှားတော့ဘူး။ တောင်ပေါ်မှာ ကြက်တွေ ဘဲတွေ မွေးမြူရေး လုပ်ပေးရတယ်။ ဝက်မွေးဖို့ မသင့်တော်လို့သာ၊ မဟုတ်ရင် ဝက်ပါ မွေးချင်နေကြတာ။
ဆယ်ရက်ကျော်လောက် လုပ်ကြည့်ပြီးတဲ့အခါ ဒီနည်းလမ်းက အတော်လေး သက်သာကြောင်း သူတို့ တွေ့လာရတယ်။ ဟင်းသီးဟင်းရွက်တွေ ရောင်းလို့ရသလို ကြက်တွေ ဘဲတွေကိုလည်း သိပ်ဂရုစိုက်စရာ မလိုဘူး။ အတောင်ပံ ညှပ်ပြီး လွှတ်ထားလိုက်ရင် သူတို့ဘာသာ ပိုးကောင်တွေ ရှာစားကြလို့ ဟင်းခင်းထဲ ပိုးမကျတော့သလို အစာကျွေးရတာလည်း သက်သာသွားတယ်။
တစ်ခုပဲ လုပ်ရတာက အချိန်တန်ရင် အိမ်ပြန်တတ်အောင် သင်ပေးဖို့ပဲ။ ဒါပေမဲ့ ဒီကောင်လေးတွေက လည်ပါ့၊ ခဏလောက် မောင်းသွင်းပေးလိုက်တာနဲ့ အချိန်တန်ရင် အိမ်ပြန်ရမှန်း သိနေကြပြီ။
80 02
နောက်တစ်ခုက မနှစ်ကတည်းက စီစဉ်ထားခဲ့တဲ့ ကျောက်အာရဲ့အထည်ချုပ်လုပ်ငန်းပါပဲ။
ဟင်းသီးဟင်းရွက် သွားပို့ရင်း ဈေးပေါတဲ့ အထည်လိပ် ရနိုင်မယ့် နေရာတွေကို စုံစမ်းခဲ့တယ်။ နောက်ဆုံးတော့ ဆိုင်နှစ်ဆိုင်နဲ့ အချိတ်အဆက် ရခဲ့ပြီး အထည်လိပ်တချို့ ဝယ်ကာ စမ်းသပ် ချုပ်လုပ်ကြည့်ခဲ့တယ်။
ချုပ်လုပ်မယ့် အမျိုးသမီးတွေကိုလည်း ကြိုပြောထားပြီးသားဖြစ်တာကြောင့် တောင်ကုန်းပေါ်မှာ အိမ်အသစ် ထပ်ဆောက်ပြီး အလုပ်ရုံ အသေးစားလေး လုပ်ထားလိုက်တယ်။
လုပ်အားခကို အထည်အရေအတွက်နဲ့ ပေးတာမို့ များများလုပ်ရင် များများရတယ်။ တစ်စုံချုပ်ရင် ၅ ပြား ရတယ်။ လက်မြန်တဲ့သူတွေဆို တစ်နေ့ကို ၄-၅ စုံလောက်ပြီးတော့ ပြား၂၀ ကျော်လောက် ရကြတယ်။ ဒါက ယောက်ျားကြီး တစ်ယောက် အပြင်မှာ အလုပ်ကြမ်း လုပ်ရင် ရတဲ့ နှုန်းထားနဲ့ တူတယ်။ အိမ်မှုကိစ္စလည်း မလစ်ဟင်း၊ လူကြီးမိဘလည်း ပြုစုလို့ရတော့ ပိုအဆင်ပြေသွားတယ်။
ဒီသတင်းသာ ထွက်သွားရင် လာလုပ်ချင်တဲ့သူတွေ အများကြီး ရှိလာမှာ သေချာပေမဲ့ ကျောက်အာက လူတွေ အာရုံစိုက်ခံရတာ မကြိုက်ဘူး။ ဒါကြောင့် အရင်က သူ့ဆီမှာ အလုပ်လုပ်ဖူးသူ တချို့ကိုပဲ ခေါ်ခိုင်းလိုက်တယ်။
ပထမဆုံးအသုတ် အထည်တွေ ရလာတော့ ကျောက်အာကိုယ်တိုင် လိုက်ရောင်းကြည့်တယ်။
ထင်မှတ်မထားလောက်အောင် ရောင်းကောင်းနေတယ်။ ကျောက်အာကိုယ်တိုင်လည်း အဝတ်အထည် မရောင်းရတာ ကြာပြီကိုး။ သူက ဉာဏ်ကောင်းတယ်၊ အထည်သား ရွေးတတ်တယ်။ လောဘမကြီးဘဲ ယောက်ျားဝတ်အတွက် ဒီဇိုင်း ၃ မျိုး၊ မိန်းမဝတ်အတွက်တော့ အသက်အရွယ်အလိုက် ဒီဇိုင်းမျိုးစုံ ရွေးချယ်ထားတယ်။
ဥပမာ မိန်းကလေးငယ်တွေအတွက် တောက်ပတဲ့ အရောင်လေးတွေနဲ့ ခေတ်မီတဲ့ ဒီဇိုင်းတွေ ချုပ်ပေးတယ်။ အသက်ကြီးတဲ့ အမျိုးသမီးတွေ အတွက်တော့ ရင့်ကျက်တည်ငြိမ်တဲ့ အရောင်နဲ့ ဒီဇိုင်းမျိုး ရွေးချယ်ပေးတယ်။ အဘွားအရွယ်တွေအတွက်တော့ မလုပ်တော့ဘူး။ ဘာလို့လဲဆိုတော့ အဲဒီအရွယ်တွေက အလှအပ သိပ်မမက်တော့သလို ချွေတာတတ်ကြလို့ အဝတ်အစားအသစ် သိပ်မဝယ်ကြတော့ဘူးလေ။
ဒါတင်မကသေးဘူး၊ အဝတ်အစား ရောင်းရင်းနဲ့ ခေါင်းပတ်ကြိုး၊ ပန်းကုံး၊ မိတ်ကပ် စတဲ့ အလှကုန် ပစ္စည်းလေးတွေပါ တွဲရောင်းတယ်။ ဒီအကြံကို ရွှီချင်းဟွိုင် (စတုတ္ထဦးလေး) ပေးတာ။ သူက အရင်က ကုန်သည် လုပ်ဖူးတော့ ဘယ်ကနေ ဈေးပေါပေါနဲ့ ရနိုင်မလဲ ဆိုတာ သိနေတယ်။
ယောက်ျားတွေကတော့ ထားလိုက်ပါတော့၊ မိန်းကလေးတွေ အဝတ်လာဝယ်ရင် ဒီလို အသေးအမွှားလေးတွေပါ တွဲဝယ်တတ်ကြစမြဲ။ တစ်ခုချင်းစီက အမြတ်နည်းပေမဲ့ အရေအတွက် များလာရင် မနည်းဘူးလေ။ ကြာလာတော့ အဝတ်အစား ရောင်းရသလောက်နီးပါး အမြတ်ကျန်လာတာမို့ ကျောက်အာလည်း ပစ္စည်းမျိုးစုံ ထပ်ဖြည့်ပြီး ရောင်းချတော့တာပဲ။
အခုဆိုရင် သူတို့ရဲ့လှည်းက ရွေ့လျားကုန်စုံဆိုင်လေး ဖြစ်နေပြီ။ မနှစ်က ဆောင်းတွင်းတုန်းက လက်သမားခေါ်ပြီး လှည်းဘေးကာတွေကို ဖြုတ်လို့ရအောင် ပြင်ခိုင်းထားတယ်။ အခုတော့ အဲဒီ ဘေးကာကို ချလိုက်ရင် ပစ္စည်းတင်ရောင်းလို့ရတဲ့ စင်လေး ဖြစ်သွားတာပေါ့။ ဒါက ကုန်သည်လောကမှာ ရှေ့ဆောင်လမ်းပြ ဖြစ်သွားခဲ့တယ်။
အရာအားလုံး လမ်းကြောင်းမှန်ပေါ် ရောက်သွားပြီမို့ ကျောက်အာ တစ်ယောက် သက်ပြင်းချနိုင်ပါပြီ။ ရက်တွေ တွက်ကြည့်လိုက်တော့ မြို့တော်က ရွှီထင်းရှန်းလည်း စာမေးပွဲ ဖြေတော့မယ့် အချိန် ရောက်နေပြီ။
ဆရာလင်းမြောင်တို့အဖွဲ့ နောက်ကျသွားခဲ့ကြတယ်။
စီရင်စုအဆင့် စာမေးပွဲက သုံးနှစ်မှ နှစ်ကြိမ် ကျင်းပတာ။ မနှစ်က မကျင်းပဖြစ်ခဲ့လို့ ဒီနှစ်မှာ လာဖြေတဲ့သူတွေ အများကြီး ဖြစ်နေတယ်။ သူတို့ ရောက်သွားချိန်မှာ တည်းခိုခန်း အတော်များများ ပြည့်နေပြီ။ နောက်ဆုံးတော့ စာမေးပွဲခန်းနဲ့ ဝေးပြီး အတော်လေး စုတ်ပြတ်နေတဲ့ တည်းခိုခန်း တစ်ခုမှာပဲ တည်းခိုလိုက်ရတယ်။
80 03
ဒီတည်းခိုခန်းမှာတောင် အခန်းလွတ် နည်းနည်းပဲ ကျန်တော့တာ။ တည်းခိုခန်းထဲမှာ စာဖြေသူတွေ အများကြီး ရောက်နေကြတယ်။ နေ့လယ်စာ စားချိန် ရောက်သွားတော့ ခန်းမထဲမှာ ကျောင်းသားတွေ ဝိုင်းဖွဲ့ပြီး စကားတွေ ပြောနေကြတာ တွေ့လိုက်ရတယ်။
နေရာချပြီးတာနဲ့ ဆရာလင်းမြောင် အပြင်ထွက်သွားတယ်။
မိုးချုပ်မှ ပြန်ရောက်လာပြီး မျက်နှာထားက သိပ်မကောင်းဘူး။ အပြင်မှာ စိတ်ညစ်စရာ တစ်ခုခု ကြုံခဲ့ရပုံပဲလို့ ရွှီထင်းရှန်း ခန့်မှန်းမိလိုက်တယ်။
နောက်တစ်နေ့ ဆရာလင်းမြောင် ထပ်ထွက်သွားပြန်တယ်။ ညနေစောင်းမှ ပြန်ရောက်လာပြီး ဒီတစ်ခါတော့ မျက်နှာမှာ အပြုံးရိပ် သမ်းနေတယ်။ ကျောင်းသားတွေကို အာမခံပေးမဲ့ လင်ရှန်းဘွဲ့ရ နှစ်ယောက် ရှာတွေ့ပြီလို့ ပြောတယ်။
ဆရာလင်းမြောင် ဒီတစ်ခေါက် အတော်လေး စိတ်ဆင်းရဲခဲ့ရတယ်။ အရင်က ရင်းနှီးတယ် ထင်ခဲ့တဲ့ မိတ်ဆွေတွေဆီ သွားတဲ့အခါ မျက်နှာတောင် အတွေ့မခံဘဲ အစေခံတွေနဲ့ ပြန်လွှတ်လိုက်ကြတယ်။ တခြားအိမ် သွားပြန်တော့လည်း တွေ့တော့ တွေ့ခွင့်ရပေမဲ့ အာမခံပေးဖို့ ငြင်းဆိုကြတယ်။
အာမခံပေးတယ် ဆိုတာက အန္တရာယ် များတယ်လေ၊ တစ်ခုခု မှားယွင်းသွားရင် ကိုယ်ပါ ဒုက္ခရောက်နိုင်တာကိုး။
ဆရာလင်းမြောင်လည်း ဒီသဘောတရားကို နားလည်ပါတယ်။ ဒါကြောင့်လည်း သူ ကိုယ်တိုင် အာမခံပြီး ရင်းနှီးတဲ့ မိတ်ဆွေတွေကို အကူအညီ တောင်းခဲ့တာပါ။ သူ ထင်တာက သူကိုယ်တိုင် ပြောရင် ယုံကြည်ကြမယ်လို့ပေါ့။ ဒါပေမဲ့ ဒီလို ငြင်းလွှတ်ခံရမယ်လို့ ထင်မထားခဲ့ဘူး။
သူ ပြန်သွားပြီးတဲ့အခါ အဲဒီ မိတ်ဆွေတွေက "လင်းမြောင် တစ်ယောက် တောမှာ နေတာ ကြာပြီး စည်းကမ်းတွေ နားမလည်တော့ဘူး" ဆိုပြီးလှောင်ပြောင် ပြောဆိုနေကြတာကို သူ မသိရှာဘူး။
ဒီစည်းကမ်းဆိုတာက စီရင်စုအဆင့် စာမေးပွဲ မတိုင်မီ လင်ရှန်းဘွဲ့ရတွေကို အာမခံ ခိုင်းရင် ပေးရတဲ့ "စည်းကမ်း" ပါပဲ။
ဆရာလင်းမြောင်က မြောက်ပိုင်းစာသင်ကျောင်းမှာ ပညာသင်ခဲ့ဖူးတော့ အာမခံပေးမယ့်သူ မရှားခဲ့ဘူး။ ကျေးလက် ရောက်သွားတော့လည်း သူ့ဆီ လာပြီး အာမခံပေးဖို့ တောင်းဆိုရင် လူကောင်းဖြစ်တယ်ဆိုတာနဲ့ ပိုက်ဆံမယူဘဲ ကူညီပေးလေ့ ရှိတယ်။ ဒါကြောင့် နှစ်တိုင်း ဒီအချိန်မှာ မြို့တော်က လင်ရှန်းဘွဲ့ရတွေ ဝင်ငွေကောင်းကြတယ် ဆိုတာ သူ မသိဘူး။
ခရိုင်အဆင့် စာမေးပွဲမှာတောင် အာမခံ တစ်ယောက်ကို အနည်းဆုံး ငွေ ၂ ကျပ်သား ပေးရတယ်။ ဒါတောင် မလောက်ငဘူး။ ခရိုင်တစ်ခုမှာ လင်ရှန်းဘွဲ့ရက လက်ချိုးရေလို့ ရတာကိုး။ ဆရာလင်းမြောင် အလုပ်ရှုပ်ရတာ အကြောင်းမဲ့ မဟုတ်ဘူး။ သူက စည်းကမ်းကြီးပေမဲ့ သဘောကောင်းတယ်၊ ပိုက်ဆံလည်း မယူဘူး ဆိုတော့ လူတိုင်း သူ့ဆီ ပြေးလာကြတာပေါ့။
စီရင်စုအဆင့်ကျတော့ ခရိုင်အဆင့်ထက် မြင့်သွားပြီ။ အာမခံပေးဖို့အတွက် အနည်းဆုံး ငွေ ၅ ကျပ်သားလောက် ပေးရတယ်။ ဆရာလင်းမြောင်က ကျောင်းသား ၆ ယောက် ခေါ်လာပြီး ပိုက်ဆံ တစ်ပြားမှ မပေးဘဲ အကူအညီ တောင်းတော့ ဘယ်သူက ကြိုဆိုမှာလဲ။
ရွှီထင်းရှန်းကတော့ ဒီသဘောတရားကို ကောင်းကောင်း သိတယ်။ အရင်ဘဝ အိပ်မက်ကြောင့် တစ်ကြောင်း၊ ရွှီချင်းရှန်က စာမေးပွဲ သွားဖြေတိုင်း အိမ်က ပိုက်ဆံတောင်းတဲ့ အကြောင်းပြချက်တွေထဲမှာ အာမခံခဆိုတာ ပါလေ့ရှိပြီး အဘွားကျောက်က အမြဲတမ်း ကျိန်ဆဲလေ့ရှိတာကြောင့် တစ်ကြောင်းပေါ့။
အဘွားကျောက်လို တောသူကြီး အမြင်မှာတော့ အဲဒီလင်ရှန်းဘွဲ့ရတွေက သွေးစုပ်ကောင်တွေပဲ။
ရွှီထင်းရှန်းက အာမခံပေးမယ့်သူ ဘယ်က ရှာတွေ့လဲလို့ မေးကြည့်တယ်။ ဆရာလင်းမြောင်က ကိုယ့်ပိုက်ဆံ စိုက်ထုတ်ပြီး ငှားလာမှာ စိုးလို့လေ။
ဒီစကားကြားတော့ ဆရာလင်းမြောင် ရှက်သွားတယ်။ သူလည်း မိတ်ဆွေ ထျန်ရှို့ချိုင် ပြောပြမှ လူတွေ ဘာလို့ ငြင်းလွှတ်လဲ ဆိုတာ သိလိုက်ရတာ။
80 04
မနက်ပိုင်းတုန်းက ဆရာလင်းမြောင် နောက်ထပ် မိတ်ဆွေဟောင်း နှစ်ယောက်ဆီ သွားခဲ့ပေမဲ့ အခြေအနေ မထူးခြားဘူး။ ပြန်ထွက်လာတော့ ဆင်းရဲတဲ့ စာပေပညာရှင် တစ်ယောက်နဲ့ ဆုံတယ်။ သူလည်း ကျောင်းသားတွေအတွက် အာမခံ လိုက်ရှာနေတာ ဆိုတော့ နှစ်ယောက်သား တိုင်ပင်ပြီး အပြန်အလှန် အာမခံ ပေးဖို့ သဘောတူလိုက်ကြတယ်။(ထျန်ရှို့ချိုင်ကလည်း လင်ရှန်းအဆင့်ရှို့ချိုင်ပါ)
ထမင်းစားရင်း စကားစမြည် ပြောကြမှ ထျန်ရှို့ချိုင်ဆီကနေ အတွင်းသဘောတွေ သိလိုက်ရတာ။ ဆရာလင်းမြောင်လိုပဲ ထျန်ရှို့ချိုင်ကလည်း ပိုက်ဆံတောင်းရမှာ ရှက်တတ်သူ ဖြစ်ပြီး ဆင်းရဲတဲ့ ကျေးလက်က လာသူမို့ အခုလို ဒုက္ခရောက်နေကြတာ။
ထျန်ရှို့ချိုင်နဲ့ သူ့ကျောင်းသား ၃ ယောက်က အနီးအနားက တည်းခိုခန်းမှာ တည်းခိုနေကြတယ်။
နောက်တစ်နေ့မှာတော့ ဆရာလင်းမြောင်က ရွှီထင်းရှန်းတို့ကို ခေါ်ပြီး စာမေးပွဲ စာရင်း သွားသွင်းတယ်။ ခရိုင်အဆင့်နဲ့ သိပ်မကွာခြားလှပါဘူး။
ပြီးတာနဲ့ အားလုံး စိတ်ငြိမ်ငြိမ်ထားပြီး စာပြန်ကျက်ကြတယ်။ အခြေအနေကို ကြည့်ပြီး မီးစင်ကြည့် ကတာပေါ့။
ကျောက်အာ တောင်ပေါ်က ပြန်ဆင်းလာရင်း ရွှီမိသားစုရဲ့လယ်ကွက်တွေကို ဖြတ်လာတယ်။ လယ်ကွက် အများစုက စိမ်းစိုနေပြီး ကြည့်လို့ကောင်းပေမဲ့ အကွက်တစ်ကွက်ကတော့ အရောင် မမှန်ဘူး ဖြစ်နေတယ်။
သေချာကြည့်လိုက်တော့ တကယ်ပဲ ဟုတ်နေတယ်။ တခြားအကွက်တွေက ရှင်သန်လန်းဆန်းနေပေမဲ့ အဲဒီအကွက်ကတော့ ရေငတ်နေသလို၊ ပြုစုဂရုစိုက်မှု မရှိသလို ဖြစ်ပြီး သေလုမျောပါး ဖြစ်နေတယ်။
ကြည့်လိုက်တော့ ဒါက ရွှီချင်းရှန်ကို ခွဲပေးထားတဲ့ လယ်ကွက်ဖြစ်နေတယ်။
အဲဒီကိစ္စ ဖြစ်ပြီးနောက် ရွှီချင်းရှန် အိမ်က နှင်ချခံလိုက်ရတယ်။
သူ ဘယ်လိုပဲ ဆိုးခဲ့ပါစေ၊ သားအရင်း ဖြစ်နေတဲ့အပြင် အလုပ်ကြမ်းလည်း မလုပ်နိုင်၊ စာသင်ကျောင်းလည်း ဆက်ဖွင့်လို့ မရတော့ ငတ်သေမှာ စိုးရိမ်ရတယ်။
အဘိုးရွှီ ရက်အနည်းငယ်လောက် စဉ်းစားပြီး သားလတ်၊ သားငယ်နဲ့ ရွှီထင်းရှန်းကို ခေါ်တိုင်ပင်ပြီး ရွှီချင်းရှန်ကို လယ် ၂ ဧက ခွဲပေးဖို့ ဆုံးဖြတ်လိုက်တယ်။
ရွှီတတိယဦးလေးနဲ့ ရွှီစတုတ္ထဦးလေးက ဘာမှမပြောကြဘူး။ ပြောလည်း အဘိုးရွှီက နားထောင်မှာ မဟုတ်ဘူးလေ။ ရွှီထင်းရှန်းကို ခေါ်တာကလည်း ဟန်ပြ သက်သက်ပါပဲ။
အဘိုးရွှီရဲ့ဆိုလိုရင်းကို ရွှီထင်းရှန်း သိပေမဲ့ ဘာမှ ဝင်မပြောဘဲ အဘိုး သဘောပါလို့ပဲ ပြောလိုက်တယ်။
အဘိုးရွှီ ဝမ်းသာသွားပြီး သူ့လယ်ထဲက ၂ ဧကကို ရွှီချင်းရှန်ကို ခွဲပေးလိုက်တယ်။
အကြီးဆုံးအိမ်အတွက် ဝေစုကိုတော့ မထိပါဘူး။ တကယ်တော့ အဘိုးရွှီက ကျန်တဲ့ သား ၃ ယောက်ကို အနစ်နာခံခိုင်းလိုက်တာပါပဲ။ မူလက သဘောတူညီချက်အရ အဘိုးရွှီတို့ လယ်ကို သားတွေက စိုက်ပျိုးခွင့် ရပြီး အဘိုးရွှီတို့ ဆုံးပါးသွားရင် ညီတူညီမျှ ခွဲယူကြရမှာ။ အခုတော့ မျိုးနွယ်စုက ထုတ်ပယ်ခံရတဲ့သူအတွက် ၂ ဧက ဖဲ့ပေးလိုက်တော့ ကျန်တဲ့သူတွေ ရမယ့် ဝေစု လျော့သွားတာပေါ့။
ဒါပေမဲ့ အခုချိန်မှာ ဒုတိယအိမ်၊ တတိယအိမ်နဲ့ စတုတ္ထအိမ်တွေမှာ ကိုယ်ပိုင် စီးပွားရေးတွေ ရှိနေကြပြီ ဆိုတော့ ဘယ်သူမှ သိပ်ဂရုမစိုက်ကြတော့ပါဘူး။
ဒီနှစ် နွေဦးပေါက်ကတည်းက ရွှီချင်းဟွိုင်က သူ့လယ်တွေကို သူများလက် ငှားလုပ်ခိုင်းဖို့ ပြင်ဆင်နေတယ်။ စီးပွားရေး လုပ်ငန်းက အရမ်းများနေတော့ လယ်စိုက်ဖို့ အချိန်မရှိတော့ဘူးလေ။
သူ စပြောလိုက်တာနဲ့ တတိယအိမ်ကလည်း လိုက်လုပ်ချင်လာတယ်။ ပုံမှန်ဆိုရင် ရွှီချင်းပိုင်က ညီဖြစ်သူရဲ့လယ်ကို ယူစိုက်လိုက်မှာ။ ဒါပေမဲ့ မနှစ်ကတည်းက သူတို့လင်မယား တောင်ကုန်းပေါ်မှာ သွားကူလုပ်ပေးနေကြတာ။ ရွှီချင်းဟွိုင်က တစ်လကို ငွေ ၁ ကျပ်ပေးသလို အဒေါ်ကျိုးကိုလည်း ၅၀၀ ပေးတယ်။ နှစ်ယောက်ပေါင်း တစ်လ ၁ ကျပ်ခွဲ၊ တစ်နှစ်ဆို ငွေ ၂၀ နီးပါး ရနေပြီ။
80 05
လယ်စိုက်ရင် တစ်နှစ်လုံးနေမှ ၂၀ မရနိုင်ဘူး။ အခွန်ဆောင်၊ စားဖို့ ဖယ်ပြီးရင် ငွေစ ၅-၆ ကျပ်လောက်ပဲ ကျန်မှာ။ ရွှီချင်းပိုင်တို့ လင်မယားက စကားနည်းပြီး အလုပ်ကြိုးစားသူတွေ ဆိုတော့ ရွှီချင်းဟွိုင်က သဘောကျပြီး တောင်ပေါ်မှာပဲ အချိန်ကုန်စေချင်နေတာ။
တွက်ချက်ကြည့်ပြီးနောက် အဒေါ်ကျိုးက လယ်တွေကို သူများလက် ငှားလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ အခွန်ဆောင်ပြီးရင် ကျန်တာ စားဖို့ပဲ ထားတော့မယ်၊ ပိုက်ဆံကို ဟိုဘက်က ရှာမယ် ဆိုပြီးပေါ့။
ဒါကြောင့် ရွှီမိသားစုရဲ့လယ်တွေ အကုန်လုံး သူများလက်ထဲ ရောက်သွားတယ်။ အဘိုးရွှီ စိတ်မကောင်း ဖြစ်ပေမဲ့ သူတစ်ယောက်တည်းလည်း မစိုက်နိုင်တော့ ကြည့်နေရုံပဲ ရှိတော့တယ်။
ရွာထဲမှာတော့ ဒီသတင်းကြောင့် ပွက်လောရိုက်သွားတယ်။ ရွှီမိသားစု ဘာဖြစ်ကုန်ပြီလဲပေါ့။ တချို့ကတော့ ရွှီမိသားစု စီးပွားရေး ကောင်းနေမှန်း ရိပ်မိပြီး မနာလို ဖြစ်ကြတယ်။ ဒါပေမဲ့ ရွှီမျိုးနွယ်စုခေါင်းဆောင်နဲ့ ရွှီထင်းရှန်း ရှိနေတော့ ဘယ်သူမှ အသံကျယ်ကျယ် မထွက်ရဲကြဘူး။
အခု ရွှီမိသားစု လယ်တွေထဲမှာ အဘိုးရွှီရဲ့ ကိုယ်ပိုင်လယ်ကလွဲရင် ရွှီချင်းရှန် စိုက်ပျိုးတဲ့ ၂ ဧကပဲ ကျန်တော့တယ်။
သူများလက် ငှားထားတဲ့ လယ်တွေကတော့ သီးစားသမားတွေက ဂရုတစိုက် စိုက်ပျိုးထားလို့ ဖြစ်ထွန်းနေတယ်။ ရွှီချင်းရှန်ရဲ့လယ်ကတော့ ကြည့်ရဆိုးလိုက်တာ၊ လယ်သမား အချင်းချင်းတောင် ဆဲချင်စရာ ဖြစ်နေတယ်။
ကျောက်အာက အဘိုးရွှီ သိမသိ စဉ်းစားနေမိတယ်။
နောက်ဆုံးတော့ သူမ မပြောတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ တကယ်တမ်းကျတော့ အဘိုးရွှီ သိပြီးသားပါ။ ရွှီချင်းရှန်ဆီ နှစ်ခေါက်လောက် သွားပြီး ဆူပူကြိမ်းမောင်းခဲ့ပြီးပြီ။ ရွှီချင်းရှန်က ခေါင်းညိတ်ပြပြီး ပြီးရင် ပြီးရော ပုံစံနဲ့ နေတာပဲ။
အပင်တွေ ဝါကုန်ပြီး ပေါင်းပင်တွေ ထူထပ်နေတာ မြင်တော့ အဘိုးရွှီ ဒေါသထွက်ပြီး မုဆိုးမရွှီရဲ့ အိမ်ကို လိုက်သွားတယ်။ ဒီတစ်ခါတော့ ပါးစပ်နဲ့ မပြောတော့ဘဲ ဝင်ရိုက်တော့တာပဲ။
ရိုက်လို့မှ ၃-၄ ချက် မပြည့်သေးဘူး၊ ရွှီချင်းရှန် မူးလဲသွားပါလေရော။
အဘိုးရွှီ လန့်ဖျပ်သွားပြီး သားတွေကို သွားခေါ်တယ်။
ရွှီချင်းပိုင် အိမ်မှာ မရှိလို့ အဘွားကျောက်က ကျောက်အာကို အကူအညီ တောင်းတယ်။ ကျောက်အာက တောင်ပေါ်တက်ပြီး ရွှီချင်းပိုင်ကို သွားခေါ်ပေးတယ်။ အဘိုးရွှီနဲ့ အဘွားကျောက်ကတော့ မုဆိုးမရွှီ အိမ်ကို အရင် ပြေးသွားကြတယ်။
ကျောက်အာနဲ့ ရွှီချင်းပိုင် သမားတော် ခေါ်ပြီး ရောက်သွားတော့ မုဆိုးမရွှီက အဘိုးရွှီတို့ လင်မယားရှေ့မှာ ငိုပြနေတယ်။ စားဝတ်နေရေး ကျပ်တည်းကြောင်း၊ ကိုယ်ဝန်ကြီးနဲ့ ကြက်ဥတောင် မစားရကြောင်း၊ ရွှီချင်းရှန်က လယ်လုပ်ရတာ ပင်ပန်းလွန်းလို့ နေ့တိုင်း အိမ်ပြန်ရောက်ရင် တုံးလုံးလဲနေကြောင်း ပြောနေတယ်။
အဘွားကျောက်က မျက်ရည်တွေ သုတ်လို့။ သားကြီး ပင်ပန်းနေတာ မြင်တော့ ရင်နာရှာတာပေါ့။
အခန်းထဲမှာ ပစ္စည်းတွေ ရှုပ်ပွနေပြီး ရွှီချင်းရှန်က ခုတင်ပေါ်မှာ လဲနေတယ်။ မျက်နှာက ဖြူဖပ်ဖြူရော်နဲ့ ပိန်ကျသွားတယ်။
ဒါပေမဲ့ ကျောက်အာကတော့ နည်းနည်းမှ သနားစိတ် မဝင်ဘူး။
အခြေအနေ အရေးကြီးတယ် ဆိုလို့ ရွှီချင်းပိုင်က အနီးအနား ရွာက သမားတော်ကို ခေါ်လာခဲ့တာ။ ဒီသမားတော်ကလည်း သာမန်လောက်ပဲ တတ်တာမို့ အားနည်းနေတယ်၊ အနားယူဖို့ လိုတယ် လို့ပဲ ပြောတယ်။ ရွှီချင်းရှန် သတိရလာတော့ အဘွားကျောက်ကို ဖက်ပြီး ကလေးတစ်ယောက်လို အော်ငိုပါလေရော။
80 06
စောစောက ပြာပြာသလဲ ဖြစ်နေတဲ့ အဘိုးရွှီကတော့ အခု တည်ငြိမ်သွားပြီး "ကံပဲကွာ" လို့ ပြောကာ ထွက်သွားတယ်။
ကျောက်အာနဲ့ ရွှီချင်းပိုင်လည်း ပြန်လာခဲ့ကြတယ်။ လမ်းမှာ ကျောက်အာက ပြောလိုက်တယ်။ "ကျွန်မ ထင်တာတော့ သူ ဟန်ဆောင်နေတာ"
"အစ်ကိုကြီးက..." ရွှီချင်းပိုင် စကားစပြီးမှ ရပ်လိုက်တယ်။ သူက သူတစ်ပါး အတင်း ပြောတတ်သူ မဟုတ်ဘူး။ ပြီးတော့ ဒုတိယအိမ်နဲ့ ရွှီချင်းရှန်ရဲ့ ရန်ငြိုးကို သိထားလို့ ဆက်မပြောတော့တာ။
တကယ်တမ်းကျတော့ ရွှီချင်းရှန် ဟန်ဆောင်နေတာ အမှန်ပါပဲ။ အဘွားကျောက်တို့ ပြန်သွားတာနဲ့ သူ ထထိုင်လိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်တယ်။ "ကြည့်နေလိုက်၊ မကြာခင် ငါ့ကို အိမ်ပြန်ခေါ်တော့မှာ"
မုဆိုးမရွှီက ပြုံးလိုက်ပေမဲ့ မျက်လုံးထဲမှာတော့ အထင်သေးတဲ့ အရိပ်အယောင် ဖြတ်ပြေးသွားတယ်။
"စားစရာ ရှိလား၊ ငါ ဗိုက်ဆာပြီ"
မုဆိုးမရွှီက မျက်နှာငယ်လေးနဲ့ ပြောပြီး ထွက်သွားတယ်။ "ဆန် တစ်ပန်းကန်စာပဲ ကျန်တော့တယ်၊ သွားချက်လိုက်မယ်"
ရွှီချင်းရှန်က ခုတင်ပေါ် ပြန်လဲလိုက်ပြီး မကြာခင် သက်တောင့်သက်သာ ပြန်နေရတော့မယ်လို့ တွေးရင်း ပျော်နေတယ်။
တကယ်တော့ သူ့ကို အပြစ်တင်လို့ မရဘူး။ တောထဲဆင်းပြီး အလုပ်လုပ်ရတာ ဘယ်လောက် ပင်ပန်းလဲ ဆိုတာ သူ ကိုယ်တိုင် ကြုံမှ သိရတာလေ။
တွေးရင်းနဲ့ သူ့ပေါင်ကြားကို ကုတ်လိုက်တယ်။
ကုတ်လို့ မပြေတာနဲ့ လက်နှိုက်ပြီး ထပ်ကုတ်လိုက်တယ်။
မထူးခြားတာနဲ့ ခါးပတ်ဖြည်ပြီး ကြည့်လိုက်တော့...
သူ့ "အဲဒီနေရာ"မှာ အနီရောင် အဖုအပိမ့်တွေ ထွက်နေတာ တွေ့လိုက်ရတော့တယ်။
******