← Chapters

အခန်း (၈၁-၈၂)

Vol. 9 Ch. 81-82

အခန်း (၈၁-၈၂)

Vol. 9 Ch. 81-82

81 01

အခန်း (၈၁)

ရွှီချင်းရှန်က သေချာ ကြည့်ပြီးစစ်ဆေးလိုက်တယ်။ အဖုက အဖုပါပဲ၊ တခြား ထူးခြားတာမျိုး ဘာမှ မရှိပါဘူး။

နည်းနည်းလေး နီနေပြီး အပေါ်မှာ အဖြူစက်လေးတွေ ရှိနေတာကလွဲရင် သာမန်အဖုလေးတွေနဲ့ တူတယ်။ စောစောက သူ အားနဲ့ ကုတ်လိုက်လို့ တချို့အဖုတွေ ပေါက်သွားပြီး အရည်ကြည်လေးတွေ စိမ့်ထွက်လာတယ်။

အဲဒီအချိန်မှာ မုဆိုးမရွှီက ဗန်းလေး ကိုင်ပြီး ဝင်လာတယ်။ ရွှီချင်းရှန်လည်း ဒီလိုပုံစံကို သူများ မြင်သွားရင် သိက္ခာကျမယ်ဆိုပြီး အဝတ်အစားနဲ့ ဖြစ်သလို သုတ်ကာ ခါးပတ် ပြန်စည်းလိုက်တယ်။

"အိမ်မှာ စားစရာက ဒါပဲ ရှိတော့တယ်" ရွှီချင်းရှန်က အငမ်းမရ စားသောက်နေတာ မြင်တော့ မုဆိုးမရွှီက စိတ်ပျက်လက်ပျက် ပြောရှာတယ်။

"မင်း ဘာပူနေတာလဲ၊ ငါ့မိဘတွေ ငါ့ကို မကြာခင် ပြန်လာခေါ်မယ်လို့ ငါ ပြောထားတယ် မဟုတ်လား"

ရွှီချင်းရှန် ထင်ထားတာ လွဲသွားတယ်။ အဲဒီနေ့က အဘိုးရွှီ ပြန်ရောက်သွားပြီး စိတ်နဲ့လူနဲ့ မကပ်ဖြစ်နေပေမဲ့ အဘွားကျောက် ဘယ်လိုပဲ ပူဆာပူဆာ၊ ရွှီချင်းရှန်ကို ပြန်ခေါ်ဖို့ လုံးဝ ပါးစပ်မဟဘူး။

သူက အဘွားကျောက်နဲ့ မတူဘူး၊ ပိုပြီးတွေးခေါ်မြော်မြင်တတ်တယ်။ မျိုးနွယ်စုစာရင်းကနေ ထုတ်ပယ်တယ်ဆိုတာ သူ တစ်ယောက်တည်း သဘောနဲ့ လုပ်ခဲ့တာမဟုတ်ဘူး၊ မျိုးနွယ်စုဝင်တွေ အားလုံးရှေ့မှောက်မှာ ဆုံးဖြတ်ခဲ့တာလေ။ ဘယ်လိုလုပ် ပြန်ပြင်လို့ ရမလဲ။ ချွေးမဖြစ်သူ အဒေါ်ယန်နဲ့ မြေးနှစ်ယောက်ကို ငဲ့ညှာလို့သာ ဒီလောက်နဲ့ ပြီးသွားတာ။

အဘွားကျောက်က အဘိုးရွှီကို ပြောလို့ မရမှန်း သိတော့ သားဖြစ်သူဆီ အစားအသောက်တွေ သွားပို့တယ်။ ဒါကို အဘိုးရွှီ သိပေမဲ့ မတားပါဘူး။

ကျောက်အာ၊ အဒေါ်ကျိုးနဲ့ အဒေါ်စွန်းတို့က အဘွားကျောက် တစ်ယောက်တည်း အလုပ်ရှုပ်နေတာကို မြင်နေရတယ်။ သူက ရွှီချင်းရှန်အတွက် အသားဟင်းတွေ ချက်ပြုတ်နေရင်း ပါးစပ်ကလည်း အဒေါ်ယန်ကို မကျေမနပ် ဆဲဆိုနေလေရဲ့။

ဟုတ်တယ်... အဒေါ်ယန်ကို ဆဲနေတာ။

တကယ်တမ်း သူ ဆဲချင်တာက ရွှီထင်းရှန်းကို။ ဒါပေမဲ့ အဘိုးရွှီက တားမြစ်ထားသလို တတိယအိမ်နဲ့ စတုတ္ထအိမ်ကလည်း ဘာအပြစ်မှမရှိ၊ ကျောက်အာကလည်း မပတ်သက်ဘူးဆိုတော့ အဒေါ်ယန် တစ်ယောက်တည်း မြေစာပင် ဖြစ်ရရှာတယ်။ အဘွားကျောက် အမြင်မှာတော့ အဒေါ်ယန်ဟာ 'လင်ကို ရောင်းစားပြီး ကိုယ်ကျိုးရှာတဲ့ မိန်းမ' ပေါ့။

အဒေါ်ယန်သာ ပါးစပ် မဖွာခဲ့ရင် သူ့သားကြီး ဒီလို အဖြစ်ဆိုးမျိုး ကြုံရမှာ မဟုတ်ဘူး၊ မျိုးနွယ်စုကနေ အထုတ်ခံရမှာ မဟုတ်ဘူးလို့ သူ ယူဆတယ်။ ဒုတိယသားကို သနားတာ မှန်ပေမဲ့ သားကြီးကို ပိုချစ်တာကိုး။ အထူးသဖြင့် အခုလို ဒုက္ခရောက်နေချိန်မှာ ပိုသနားမိတယ်။ သားကြီးက ပင်ပင်ပန်းပန်း အလုပ်မလုပ်နိုင်ရှာဘဲနဲ့ အဘိုးကြီးက ရက်ရက်စက်စက် လယ်ထဲ မောင်းထုတ်တယ်ဆိုပြီး အဘိုးရွှီကိုပါ မကျေမနပ် ဖြစ်နေတာ။

အခုတော့ ကြည့်... လယ်လည်း ဖြစ်ထွန်းအောင် မစိုက်နိုင် လူပါ လဲသွားပြီ။

အဒေါ်ယန်ကတော့ အရင်က အချစ်ခံရဆုံး ချွေးမ ဘဝကနေ အဘွားကျောက်ရဲ့ မျက်နှာသာ မပေးခံရဆုံးသူ ဖြစ်သွားပြီ။ အဘွားကျောက်က သားကြီးကို ချစ်သလောက် အဒေါ်ယန်ကို မုန်းနေတော့တာပဲ။

ဒါပေမဲ့ အဒေါ်ယန်က အရင်ကထက် အများကြီး တည်ငြိမ်သွားတယ်။ ရွှီကျွင်းခိုင် ကျောင်းသွားတက်ကတည်းက သူ့အကျင့်စရိုက်တွေ ပြောင်းလဲသွားတယ်။ အရင်လို ဂျီးမများတော့ဘဲ ဘယ်သူ့ကိုမှ မခေါ်တော့ဘဲ လယ်ထဲဆင်းပြီး အလုပ်လုပ်တယ်။

အခုဆိုရင် အကြီးဆုံးအိမ်ရဲ့ လယ် ၁၀ ဧကကို သူနဲ့အဘိုးရွှီ နှစ်ယောက်တည်း လုပ်ကိုင်နေရတာ။ သားငယ်ရွှီယို့ခိုင်လည်း အရင်လို မဆိုးတော့ဘဲ လိမ္မာလာတယ်။ အိမ်ရဲ့အခြေအနေ ပြောင်းလဲသွားမှုက လူတိုင်းကို ပြောင်းလဲစေခဲ့တာပဲ။ ကောင်းလား၊ဆိုးလား ဆိုတာတော့ မပြောတတ်ဘူး၊ လောလောဆယ်တော့ ကောင်းတဲ့ဘက် ဦးတည်နေတယ်။

81 02

ရွှီချင်းရှန်ရဲ့အကြံအစည် မအောင်မြင်ခဲ့ပေမဲ့ သူက နေမကောင်း ဖြစ်နေတဲ့အတွက် အဘွားကျောက်ရဲ့ပြုစုစောင့်ရှောက်မှုကို ခံယူနေရတယ်။ လယ်အလုပ်တွေကို အဘိုးရွှီ ဝင်လုပ်ပေးနေတော့ သူ့ဘဝက အရင်အတိုင်း ပြန်ဖြစ်သွားသလိုပါပဲ။

ဒါကြောင့် သူက အခွင့်ကောင်းယူပြီး အိမ်မှာပဲ အေးဆေး နှပ်နေလိုက်တယ်။

တစ်နေ့မှာ အဘွားကျောက် ပြန်သွားပြီးနောက် သူလည်း စားသောက်ပြီး အပြင်ထွက်ဖို့ ပြင်တယ်။ မုဆိုးမရွှီက ဘယ်သွားမလို့လဲ မေးတော့ လေညှင်းခံ ထွက်မလို့ပါလို့ ဖြေပြီး ထွက်လာခဲ့တယ်။

မုဆိုးမရွှီရဲ့အိမ်က ရွာအစွန်မှာ ရှိတာမို့ လူသွားလူလာ နည်းတယ်။ သူ လျှောက်လာတဲ့ လမ်းတစ်လျှောက် ဘယ်သူနဲ့မှ မဆုံဘူး။

သူက ရှဟယ်ရွာ (အောက်ပိုင်းမြစ်ရွာ) ဘက်ကို ထွက်လာခဲ့တယ်။ ရှဟယ်ရွာက ယွီချင်းရွာနဲ့ ရေနွေးကြမ်းတစ်အိုး သောက်ချိန်လောက်ပဲ လမ်းလျှောက်ရတာကြောင့် သိပ်မဝေးပါဘူး။ ရွာထဲရောက်တော့ ကျွမ်းကျင်စွာနဲ့ လမ်းကြားလေးတွေထဲ ဝင်သွားပြီး အိမ်ငယ်လေး တစ်လုံးရှေ့ ရောက်သွားတယ်။

အိမ်လေးက သာမန်တောသူတောင်သား အိမ်လေးပါပဲ။ သူ ခြံဝင်းတံခါးကို တွန်းဖွင့်လိုက်တော့ အမျိုးသမီးငယ် တစ်ယောက် အိမ်ထဲက ထွက်လာပြီး သူ့ကို ပြုံးပြတယ်။

"အစ်ကိုကြီး... ရောက်လာပြီလား"

အမျိုးသမီးက ရိုးရိုးရှင်းရှင်းပဲ ဝတ်ဆင်ထားတယ်။ အရမ်းလှပတယ်လို့ မဆိုနိုင်ပေမဲ့ သန့်သန့်ပြန့်ပြန့် ပိန်ပိန်ပါးပါးလေး။ ရွှီချင်းရှန်ကို မြင်တာနဲ့ သူမက အပြေးလေး လာကြိုပြီး လက်မောင်းကို တွဲကာ အိမ်ထဲ ခေါ်သွားတယ်။

ဧည့်ခန်းထဲ ဝင်လိုက်တော့ မည်းမည်းပိန်ပိန် ကိုင်းကိုင်းနဲ့ လူတစ်ယောက် ထိုင်နေတာ တွေ့ရတယ်။ သူ့မိန်းမက ရွှီချင်းရှန်ရဲ့လက်မောင်းကို တွဲထားတာ မြင်ပေမဲ့ မမြင်ချင်ယောင် ဆောင်ပြီး ပြုံးဖြီးဖြီးနဲ့ ခေါင်းညိတ် နှုတ်ဆက်ကာ အပြင်ထွက်ပေးရှာတယ်။

ဒီအိမ်က သာမန်လင်မယား နေထိုင်တဲ့ အိမ်လို့ ထင်ရပေမဲ့ တကယ်တမ်းကျတော့ တိတ်တဆိတ် ပျော်ပါးတဲ့ နေရာပါပဲ။ တံခါးပိတ်ပြီး အသားကုန်သည် လုပ်တဲ့ နေရာပေါ့။

အပြင်ပန်း ကြည့်ရင် ဘယ်သူမှ မသိနိုင်ဘူး။ ရွှီချင်းရှန် သိခဲ့တာကလည်း တိုက်ဆိုင်လို့ပါ။ တစ်ခေါက်တုန်းက သူ တခြားရွာက ပြန်လာရင်း လမ်းဘေးမှာ လဲနေတဲ့ ဒီအမျိုးသမီးကို တွေ့လို့ ကူညီပြီး အိမ်ပြန်ပို့ပေးခဲ့တာ။

လူလည် အချင်းချင်း ဆိုတော့ မျက်လုံးချင်း ဆုံတာနဲ့ တစ်ဖက်လူ ဘာလိုချင်လဲ ဆိုတာ သိနေကြတယ်။ ရွှီချင်းရှန်က အိမ်ပြန်ပို့ရင်း နှစ်ယောက်သား အဆင်ပြေသွားကြတာ။

နောက်ပိုင်းကျမှ သူ သိလိုက်ရတာက ဒီအမျိုးသမီးမှာ ရောဂါသည် ယောက်ျား ရှိနေပြီး ဆေးဖိုးဝါးခ လိုအပ်နေလို့ ဒီလို အလုပ် လုပ်နေတာတဲ့။ ယောက်ျားဖြစ်သူကလည်း သူ့မိန်းမ တခြားယောက်ျားတွေနဲ့ ပတ်သက်ပြီး ပိုက်ဆံရှာတာကို လက်ခံထားတယ်။

နှစ်ဦးနှစ်ဖက် သဘောတူကြတာပေါ့။ ပြီးတော့ ဈေးကလည်း သက်သာတယ်၊ တစ်ခါပျော်ရင် ကြေးပြား ဆယ်ပြားလောက်ပဲ ပေးရတာ။ မုဆိုးမရွှီ ကိုယ်ဝန်ရသွားကတည်းက သူ့ကို အနားမကပ်ခိုင်းတော့ ရွှီချင်းရှန်လည်း ဆာလောင်နေတာမို့ ဒီနေရာကို မကြာခဏ ရောက်ဖြစ်တယ်။

ဒါပေမဲ့ ဒီရက်ပိုင်း ပိုက်ဆံပြတ်နေလို့ မရောက်ဖြစ်တာ ကြာပြီ။ အခု အဘွားကျောက်ဆီက ပိုက်ဆံ နည်းနည်း ရတာနဲ့ ချက်ချင်း ရောက်ချလာတာ။

ပျော်ပါးပြီးသွားတော့ ရွှီချင်းရှန် စိတ်ကျေနပ်သွားတယ်။ ယားယံနေတာတွေလည်း ပျောက်သွားသလိုပဲ။ သူက ပျော်ရွှင်စွာနဲ့ ပြုံးနေပေမဲ့ ခုတင်ပေါ်က အမျိုးသမီးရဲ့မျက်လုံးထဲမှာ ထိတ်လန့်မှုတွေ ဖြစ်ပေါ်နေတာကို သတိမထားမိလိုက်ဘူး။

81 03

ရွှီချင်းရှန် အဝတ်အစား ဝတ်ပြီးတော့မှ အမျိုးသမီးက အပေါ်ထပ်အင်္ကျီ ကောက်စွပ်ပြီး ခုတင်ပေါ်က ဆင်းလာတယ်။

"အစ်ကိုကြီး... ပြန်တော့မလို့လား"

ရွှီချင်းရှန်က ခေါင်းညိတ်ပြပြီး ကြေးပြားတစ်ဆုပ်ကို ခုတင်ပေါ် ပစ်ပေးကာ လှည့်မကြည့်ဘဲ ထွက်သွားတယ်။

အမျိုးသမီးက သက်ပြင်းချပြီး ကြေးပြားတွေကို လိုက်ကောက်တယ်။ ပြီးတော့ လက်ကိုင်ပဝါလေးနဲ့ ထုပ်လိုက်တယ်။ ရောဂါသည် ယောက်ျားက ရွှီချင်းရှန်ကို လိုက်ပို့ပြီးတာနဲ့ အခန်းထဲ အမြန် ဝင်လာတယ်။

"ပိုက်ဆံရော"

အမျိုးသမီးက လက်ကို မြှောက်ပြလိုက်တော့ မည်းမည်းပိန်ပိန်လူက လှမ်းလုတယ်။ ဒါပေမဲ့ အမျိုးသမီးက ရှောင်လိုက်ပြီး ပြောလိုက်တယ်။

"နောက်ဆို ဒီအလုပ် မလုပ်တော့ဘူး"

ယောကျ်ားလုပ်သူက ဂရုမစိုက်ဘဲ ထပ်လုပြီး ယူလိုက်တယ်။

"ငါ အသား သွားဝယ်လိုက်ဦးမယ်"

"နောက်ဆို ဒီအလုပ် မလုပ်တော့ဘူးလို့" အမျိုးသမီးက ထပ်ပြောတယ်။

ယောကျ်ားလုပ်သူက လှည့်ကြည့်ပြီး "မလုပ်ရင် ငါ့ဆေးဖိုး၊ အသားဖိုး ဘယ်က ရမလဲ။ ငါ့ရောဂါက ကောင်းကောင်း မစားရင် သေမှာကွ"

သေဆိုတဲ့ စကားလုံး ကြားတော့ သူ့မျက်လုံးတွေ ပြူးကျယ်လာတယ်။ ပြီးမှ အသံကို နှိမ့်ပြီး "ငါ သိပါတယ်၊ မင်း ငါ့အတွက်နဲ့ ဒုက္ခခံနေရတာ။ ဒါပေမဲ့ ငါ့ရောဂါကလေ..." စကားမဆုံးခင်မှာပဲ အဆုတ်တွေ ထွက်ကျမတတ် ချောင်းဆိုးပါလေရော။ အတော်ကြာမှ ရပ်သွားတယ်။

အမျိုးသမီးရဲ့ မျက်လုံးတွေ နီရဲလာပေမဲ့ မျက်ရည်မကျဘူး။ "ရှင် မသိပါဘူး၊ ခုနက အစ်ကိုကြီးဆီမှာ ကျွန်မ ရောဂါ ကူးသွားပြီ။ ဒီရောဂါက လူသတ်ရောဂါ၊ အသက်ရှင်ဖို့ မလွယ်တော့ဘူး"

"ကူးသွားပြီ ဟုတ်လား"

အမျိုးသမီးက ခေါင်းညိတ်တယ်။ "ကျွန်မ ခုနက မြင်လိုက်တယ်..." သူ ဘာမြင်လဲ ဆိုတာ ထုတ်မပြောပေမဲ့ သူ့အသံက တုန်ရီနေတာကို ကြည့်ရင် ဘယ်လောက် ကြောက်နေလဲ ဆိုတာ သိသာတယ်။ "ကျွန်မ ဖြစ်တုန်းကလိုပဲ..."

"ကူးသွားပြီ..." ယောကျ်ားလုပ်သူက ရေရွတ်လိုက်ပြီး အသံတိုးသွားတယ်။ "ကူးရင်လည်း ကူးပါစေတော့။ ဒီလောကကြီးက လူစားတဲ့ လောက၊ လူချင်း သတ်နေကြတဲ့ လောကပဲ။ ငါတို့က တမင် လုပ်တာ မဟုတ်ပါဘူး၊ ဘုရားရှင် မျက်နှာသာ မပေးလို့ပါ"

ပြောရင်းနဲ့ သူက လွင့်မျောနေသလိုမျိုး အပြင်ထွက်သွားတယ်။

တကယ်တော့ သူတို့လည်း တစ်ချိန်က ပျော်ရွှင်ခဲ့ကြဖူးပါတယ်။ ဒါပေမဲ့ သူ ဘယ်လိုဖြစ်ပြီး ဒီလို သူဌေးရောဂါရလာလဲ မသိဘူး။ နေ့မနား ညမနား ချောင်းဆိုးတယ်၊ အစားကောင်း အသောက်ကောင်းတွေ တောင့်တတယ်။ သမားတော်ပြတော့ အဆုတ်ထဲ ပိုးဝင်နေတာ၊ ကုမရဘူး၊ ကောင်းကောင်း ကျွေးမွေးပြီး မွေးထားရမယ်၊ ဒါမှ ပိုးကောင်တွေ အစာစားရပြီး အဆုတ်ကို မစားမှာ လို့ ပြောတယ်။

နဂိုကတည်းက မချမ်းသာတဲ့ အိမ်က ဒီလို ရောဂါသည်ကို မွေးထားရတော့ မွဲတေကုန်တာပေါ့။ တခါတုန်းက သူ ရောဂါထပြီး သေလုမျောပါး ဖြစ်တုန်း သူ့မိန်းမက သမားတော် သွားပင့်ရင်း လမ်းမှာ လူဆိုးတွေ မုဒိမ်းကျင့်တာ ခံလိုက်ရတယ်။

81 04

ဒီအခြေအနေ ရောက်နေမှတော့ သိက္ခာတွေ ဘာတွေ ဂရုမစိုက်နိုင်တော့ဘူး။ သူ့မိန်းမက သူ့ကို မပစ်သွားဘဲ ပြုစုနေတာကိုပဲ ကျေးဇူးတင်နေမိတယ်။ သူ အရင်ဘဝက ကောင်းမှုတွေ အများကြီး လုပ်ခဲ့လို့ ဒီလို မိန်းမမျိုး ရတာလို့ တွေးခဲ့ဖူးတယ်။

နောက်မှ သူ သိလိုက်ရတာက သူ ကောင်းမှု လုပ်ခဲ့တာ မဟုတ်ဘူး၊ မကောင်းမှုတွေ အများကြီး လုပ်ခဲ့လို့ သူ့မိန်းမဆီ ကူးစက်ရောဂါ ရောက်လာတာ ဖြစ်မယ်။

သမားတော်က ကုတောင် မပေးဘဲ မောင်းထုတ်လိုက်တယ်။

သူတို့ သေဖို့ ကြိုးစားခဲ့ကြသေးတယ်။ ကြိုးကွင်းတောင် စွပ်ပြီးပြီ၊ ဒါပေမဲ့ ကြောက်စိတ်ဝင်ပြီး မသေဖြစ်ခဲ့ဘူး။

သေရမှာထက် စာရင် ရှင်နေရတာ ကောင်းသေးတယ် ဆိုပေမဲ့ ရင်ထဲမှာတော့ နာကျည်းချက်တွေ အပြည့်ပဲ။ ဘုရားက ဘာလို့မတရားတာလဲ။ လူဆိုးတွေကိုကျ ဒုက္ခမပေးဘဲ သနားစရာ ကောင်းတဲ့ သူတို့လို လူတွေကိုမှ ဘာလို့ ဒုက္ခပေးရတာလဲ။

ဒီလို စိတ်ထားမျိုးနဲ့ပဲ သူက သူ့မိန်းမကို ခန္ဓာကိုယ် ရောင်းစားခိုင်းခဲ့တာ။

သေချင်းဆိုးတွေ... အကုန် သေကုန်ကြ၊ ဘာပဲဖြစ်ဖြစ် တစ်နေ့ သေကြရမှာပဲ။

မျက်နှာကို ကောင်းကောင်း မမှတ်မိလိုက်တဲ့ လူတစ်ယောက်ကို သူ သတိရလိုက်တယ်။ ဒီလူလည်း လူကောင်းတော့ မဟုတ်လောက်ဘူး၊ မဟုတ်ရင် ဘာလို့ သူတို့ကို အသုံးချပြီး သူများ ဒုက္ခရောက်အောင် လုပ်မှာလဲ။ ဒါပေမဲ့ သူ ဂရုမစိုက်ပါဘူး၊ ဘာပဲဖြစ်ဖြစ် သေရတော့မယ့် အတူတူ။

တစ်ခုပဲ ရှိတယ်၊ သူ့မိန်းမကို ပေးမသိချင်ဘူး။ သူ့မိန်းမက စိတ်ထား ကောင်းတယ်၊ သိသွားရင် ဝမ်းနည်းနေလိမ့်မယ်။

လူက သက်ပြင်းချလိုက်ပြီး ကြေးပြားတွေကို ဆုပ်ကိုင်ကာ ရွာထိပ်ကို ထွက်လာခဲ့တယ်။

"လျူမည်း... အသား လာဝယ်ပြန်ပြီလား"

"အေး... နှစ်ပိဿာလောက် ချိန်ပေးစမ်း" ချောင်းတစ်ချက် ဆိုးရင်း သူ ပြောလိုက်တယ်။

ဖျင်ယန်းစီရင်စုမှာ မိုးတွေ ဆက်တိုက် ရွာနေတာ ရက်အတော် ကြာပြီ။

နေရာတိုင်း စိုစွတ်နေပြီး ပုံမှန် လေတိုက် ဖုန်ထူတတ်တဲ့ ဒေသက အခုတော့ မိုးများတဲ့ ကျန်းနန်ဒေသ ရောက်နေသလိုပါပဲ။

တည်းခိုခန်းထဲမှာ လူတွေ ပြည့်ကျပ်နေပြီး အပြင်ထွက်လို့လည်း မရတော့ ကျဉ်းကျဉ်းကျပ်ကျပ် နေရာလေးမှာပဲ လှည့်ပတ်နေရတယ်။ ရက်ကြာလာတော့ စကားများ ရန်ဖြစ်သံတွေ ကြားလာရတယ်။

မိုးကလည်း မတိတ်၊ စာမေးပွဲ ရက်ကလည်း နီးလာတော့ ကျောင်းသားတွေ အားလုံး စိတ်ဖိစီးပြီး ဂနာမငြိမ် ဖြစ်နေကြတယ်။

ရွှီထင်းရှန်းတို့ အဖွဲ့ကတော့ အခန်းထဲမှာ စာကျက်နေကြတာ ရက်အတော် ကြာပြီ။ ကံကောင်းလို့ မောက်ပါ့သိုဆိုတဲ့ လူရွှင်တော်လေး ပါနေလို့သာ၊ မဟုတ်ရင် ဘယ်လို အချိန်ကုန်ရမလဲ မသိဘူး။

"ဒီစီရင်စုအုပ်ချုပ်ရေးမှူး နာမည်က ကျိုးဟယ်ရှင်းတဲ့၊ ချန်ထျန်း နန်းစံ ၁၈နှစ်မှာ ကျင်းရှီဘွဲ့ ရခဲ့တာ။ သူက ရှေးရိုးဆန်ပြီး စည်းကမ်းကြီးတယ်၊ ဟိတ်ဟန်ထုတ်တာကို အမုန်းဆုံးပဲ။ ဒါကြောင့် ဒီတစ်ခေါက် စာဖြေရင် မင်းတို့ မှတ်ထားရမှာက စာစီစာကုံးကို သိပ်ပြီး အဆန်းထွင် မရေးနဲ့၊ ရိုးရိုးရှင်းရှင်းနဲ့ တိုတိုတုတ်တုတ် ရေးတာ အကောင်းဆုံးပဲ" ရွှီထင်းရှန်းက ပြောတယ်။

ဒါ စာမေးပွဲ မဖြေခင် ကျူရှင်ပေးနေတာလား။

မောက်ပါ့သိုက မျက်လုံးလေး ကလည်ကလည်နဲ့ ကြည့်နေတယ်။ ခရိုင်အဆင့် စာမေးပွဲတုန်းကလည်း ရွှီထင်းရှန်းက သူတို့ကို သီးသန့် သင်ပေးခဲ့ဖူးတယ်။ အဲဒီတုန်းက သတိမထားမိပေမဲ့ အခု ပြန်စဉ်းစားကြည့်ရင် သူတို့ စာမေးပွဲ အောင်ခဲ့တာ ရွှီထင်းရှန်း ပြောတာကို နားထောင်ခဲ့လို့ပဲ။

81 05

"ထင်းရှန်း... မင်းက စီရင်စုဝန်မင်းရဲ့နာမည်နဲ့ အကြိုက်ကို ဘယ်လို သိတာလဲ" ချန်ကျန်းက လိုရင်းကို မေးလိုက်တယ်။ လီသာ့ထျန်ဆိုရင် ဒါမျိုး တွေးမိမှာ မဟုတ်ဘူး။ မောက်ပါ့သို ဆိုရင်လည်း စကားလမ်းကြောင်း လွဲသွားဦးမှာ။

"ငါ လေ့လာထားတာပါ"

အားလုံး သံသယဝင်နေတာ မြင်တော့ ရွှီထင်းရှန်းက ရှင်းပြတယ်။ "မင်းတို့ သတိမထားမိလို့ပါ၊ ဒီရက်ပိုင်း ထမင်းစားခန်းမှာ ကျောင်းသားတွေ ပြောနေတာ ငါ ကြားတယ်။ ပြီးတော့ ချန်ထျန်းခေတ်က စံပြစာစီစာကုံး တချို့ကို ငါ ဖတ်ဖူးတယ်၊ အဲဒီထဲမှာ စီရင်စုဝန်မင်းရဲ့ ပြည်နယ်အဆင့်နဲ့ အဆင့်မြင့် စာမေးပွဲ ဖြေတုန်းက စာတွေကို ဖတ်ကြည့်ပြီး သူ့စိတ်နေသဘောထားကို ခန့်မှန်းကြည့်တာ။ နောက်ပြီး သူ ရာထူးယူထားစဉ် ကာလအတွင်း စစ်ဆေးခဲ့တဲ့ စာမေးပွဲတွေက အောင်မြင်သူတွေရဲ့ စာတွေကို လိုက်ရှာဖတ်ကြည့်တော့ သူ့အကြိုက်က မပြောင်းလဲသေးဘူး ဆိုတာ တွေ့ရတယ်"

ချန်ကျန်းတို့ သုံးယောက်စလုံး အံ့သြသွားကြတယ်။

"အဲဒါကြောင့် ဆရာက အခန်းထဲမှာ စာဖတ်ခိုင်းထားတာကို မင်းက စာအုပ်ဆိုင် လျှောက်သွားနေတာကိုး။ ဒါတွေကို သွားကြည့်နေမယ်လို့ ထင်မထားဘူး။ ငါ ဘာလို့ မစဉ်းစားမိပါလိမ့်" မောက်ပါ့သိုက တအံ့တသြ ပြောတယ်။

လီသာ့ထျန်က ဝင်ပြောတယ်။ "မင်း မြင်ရင်တောင် စဉ်းစားမိမှာ မဟုတ်ပါဘူး။ ထင်းရှန်းက စေ့စပ်သေချာပြီး အမြော်အမြင် ရှိလို့ပါ"

ရွှီထင်းရှန်းက ပြုံးပြီး ခေါင်းခါလိုက်တယ်။ "မဟုတ်ပါဘူး၊ သူ့အကြိုက် လိုက်တာပါပဲ။ လူတိုင်းမှာ အကြိုက် ရှိစမြဲလေ။ ဒီတစ်ခေါက် စာဖြေသူ ထောင်ချီ ရှိတာ၊ နည်းလမ်း မသုံးရင် ငါလည်း အောင်မယ်လို့ အာမမခံနိုင်ဘူး"

"ဒါဆို ငါတို့လည်း သူ့အကြိုက် လိုက်ရမှာပေါ့"

ရွှီထင်းရှန်းက ခေါင်းညိတ်တယ်။ "လွယ်မယ် မထင်နဲ့နော်။ စာရေးဟန်ဆိုတာ ပါရမီပဲ။ တချို့က အလှဆင် ရေးတာ ကြိုက်တယ်၊ တချို့က ရိုးရိုးရှင်းရှင်း ကြိုက်တယ်။ သူများက မုန်လာဥ စားချင်တာကို မင်းက ဂေါ်ဖီထုတ် သွားပေးရင် စားပါ့မလား။ ဒီကိစ္စ ဆရာ့ကို မပြောနဲ့နော်၊ သူက ဖြတ်လမ်းနည်း သုံးတာ မကြိုက်ဘူး။ ငါ ပြောတာကို မှတ်ထားပြီး ကိုယ့်ဘာသာ ချင့်ချိန် ဆုံးဖြတ်ကြ။ ဒါပေမဲ့ မေးခွန်းက ဘာလဲ ဆိုတာပေါ်လည်း မူတည်သေးတယ်"

သူတို့ လေးယောက် ခဏလောက် ဆက်ဆွေးနွေးပြီး စာဆက်ရေးကြတယ်။

မိုးက နှစ်ရက်လောက် ဆက်ရွာပြီး စာမေးပွဲ မဖြေခင် တစ်ရက်အလိုမှာ တိတ်သွားတယ်။ ကျောင်းသားအားလုံး သက်ပြင်းချနိုင်ကြပြီ။ အဲဒီနေ့မှာ ရွှီထင်းရှန်းတို့ စာမကျက်တော့ဘဲ အပြင်ထွက် လမ်းလျှောက်ပြီး စိတ်အပန်းဖြေကြတယ်။

နောက်တစ်နေ့ မနက် နှစ်ချက်တီးလောက်မှာ ဆရာလင်းမြောင်က ကျောင်းသားတွေကို နှိုးပြီး မျက်နှာသစ်၊ မနက်စာ စား၊ စာမေးပွဲ ဖြေမယ့် ပစ္စည်းတွေ စစ်ဆေးခိုင်းကာ အပြင်ခေါ်သွားတယ်။

မူလက ဆရာလင်းမြောင်က လှည်းငှားမလို့ပဲ၊ ဒါပေမဲ့ နောက်ကျသွားလို့ လှည်းတွေ အကုန်ပြည့်ကုန်ပြီ။ ဒါကြောင့် လမ်းလျှောက်သွားရတော့တယ်။ တော်သေးတာက သူတို့ တည်းခိုခန်းနဲ့ စာမေးပွဲခန်းက ၁၅ မိနစ်လောက်ပဲ လျှောက်ရတာ။

လမ်းမပေါ်မှာ လူသံ၊ လှည်းသံတွေ ဆူညံနေပြီး မီးတုတ်တွေက ကြယ်ရောင်တွေလို တန်းစီနေတယ်။ သူများတွေက လှည်းနဲ့၊ ကိုယ်တွေက ခြေလျင်ဆိုတော့ လမ်းဘေးကပ် လျှောက်ရတာ လူမတိုးလို့ တော်သေးတယ်။

လမ်းတစ်လမ်း ကျော်ပြီး နောက်တစ်လမ်း အရောက်မှာတော့ ရှေ့မတိုးသာ ဖြစ်သွားတယ်။

မှောင်မှောင်မဲမဲနဲ့ သွားကြတာ ဆိုတော့ ကိုယ့်လမ်း ကိုယ်ကြည့်ပြီး လှည်းတွေ ပိတ်မိနေကြတာ။ ရွှီထင်းရှန်းတို့က လူကြားထဲကနေ တိုးထွက်သွားလိုက်တယ်။ နောက်က ပိတ်မိနေတဲ့ ကျောင်းသားတွေလည်း စိတ်မရှည်တော့ဘဲ လှည်းပေါ်က ဆင်းပြီး လမ်းလျှောက်လာကြတယ်။

81 06

တဖြည်းဖြည်းနဲ့ လမ်းပေါ်မှာ လူတွေ များလာပြီး လှည်းတွေ နည်းသွားတယ်။ မောက်ပါ့သိုက လူတိုးလို့ အော်လိုက်တယ်။ ရွှီထင်းရှန်းက လီသာ့ထျန်ကို မျက်ရိပ်ပြပြီး ပြောလိုက်တယ်။ "ဆရာ့ကို ကာထား"

သူတို့ လေးယောက်က ဆရာလင်းမြောင်ကို အလယ်မှာထားပြီး ဘေးကနေ ဝိုင်းကာကာ ရှေ့ဆက်တိုးသွားကြတယ်။

******

82 01

အခန်း (၈၂)

လှည်းစီးတာထက် လမ်းလျှောက်တာက ပိုမြန်တယ်ဆိုတာ သိလာတော့ လှည်းပေါ်က ဆင်းပြီး လမ်းလျှောက်လာတဲ့ လူတွေ ပိုများလာတယ်။

လူအုပ်ကြီးက တဖြည်းဖြည်း ကြီးလာပြီး နောက်ဆုံးတော့ ရေစီးကြောင်းလိုပဲ လူတွေကို အရှေ့ဘက် တွန်းပို့နေသလို ဖြစ်နေတော့တယ်။

မနည်းတိုးဝှေ့ပြီး စာမေးပွဲခန်းမရှေ့က လမ်းမကြီးဆီ ရောက်လာတော့ အတားအဆီးတွေ တွေ့ရတယ်။ ရုံးတော်အရာရှိငယ်တွေက လမ်းထိပ်မှာ ခြံစည်းရိုး ခတ်ထားပြီး စာဖြေသူတွေနဲ့ အာမခံပေးမယ့် လင်ရှန်းဘွဲ့ရတွေလောက်သာ ဝင်ခွင့်ပြုတယ်။ သူတို့အားလုံး အထောက်အထား ပြပြီးမှ ဝင်ခွင့်ရကြတယ်။

လူရှင်းတဲ့ ကွင်းပြင်ကျယ် တစ်နေရာရောက်မှ ဆရာတပည့်တွေ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိကြတယ်။ ဆရာလင်းမြောင်ရဲ့ ဦးထုပ် ကျွတ်ကျသွားသလို၊ မောက်ပါ့သိုရဲ့ဖိနပ်တစ်ဖက်လည်း ကျွတ်ကျန်ခဲ့တယ်။ လီသာ့ထျန်နဲ့ချန်ကျန်းတို့လည်း အဝတ်အစားတွေ ဖရိုဖရဲ ဖြစ်နေကြတယ်။ တော်သေးတာက စာမေးပွဲဖြေမယ့် ပစ္စည်းတွေ ထည့်ထားတဲ့ ခြင်းတောင်းကိုတော့ လွတ်မကျအောင် ကိုင်ထားနိုင်ခဲ့လို့။

"ဒုက္ခပါပဲ... ဆရာ့ ဦးထုပ်..." ဆရာလင်းမြောင် ညည်းတွားလိုက်တယ်။

ခဏနေရင် စီရင်စုအုပ်ချုပ်ရေးမှူးနဲ့ တွေ့ရမှာ၊ ဦးထုပ် မပါဘဲ တွေ့လို့ ဘယ်ဖြစ်မလဲ။

"ဆရာ... ဒီမှာပါ" ရွှီထင်းရှန်းက ကမ်းပေးလိုက်တယ်။ စောစောက လူတိုးတုန်း ဆရာ့ ဦးထုပ် လွင့်သွားတာ မြင်လို့ သူ လှမ်းဖမ်းထားလိုက်တာ။

ဆရာလင်းမြောင် ဦးထုပ်ဆောင်း၊ အဝတ်အစား ပြန်ပြင်ဝတ်လိုက်မှ ပုံမှန် တည်ငြိမ်တဲ့ ပုံစံ ပြန်ရောက်သွားတယ်။

ဒါပေမဲ့ မောက်ပါ့သိုကတော့ မတည်ငြိမ်နိုင်တော့ဘူး။ ဖိနပ်မပါဘဲ သူ ဘယ်လို လုပ်မလဲ။

သူ့မျက်နှာက မိဘဆုံးပါးသွားသလို မဲ့ရွဲ့နေတော့ ဆရာလင်းမြောင်က နှစ်သိမ့်လိုက်တယ်။ "မပူပါနဲ့၊ ဒီနားမှာ ဖိနပ်နဲ့ဦးထုပ် ရောင်းတဲ့သူတွေ ရှိပါတယ်"

ရွှီထင်းရှန်း ပြောချင်တာလည်း ဒါပါပဲ။ နှစ်တိုင်း စီရင်စုအဆင့် စာမေးပွဲမှာ စာဖြေသူတွေ အများကြီး လာကြတော့ လူတိုးရင်း ဖိနပ်ကျွတ်တာ၊ ဦးထုပ် လွင့်တာ၊ မင်အိုး ကွဲတာတွေ ဖြစ်တတ်စမြဲ။ စာမေးပွဲခန်းမ ဆိုတာ အဝတ်အစား သေသပ်ဖို့ လိုအပ်တဲ့နေရာမျိုးဆိုတော့ ဒီအခွင့်အရေးကို အသုံးချပြီး ရုံးတော်အရာရှိငယ် တချို့က စီးပွားရှာကြတာလေ။

ဒါပေမဲ့ ဈေးကတော့ အပြင်ဈေးထက် အဆမတန် ကြီးတယ်။

မောက်ပါ့သို ဝမ်းသာသွားပြီး သွားဝယ်ဖို့ လုပ်ပေမဲ့ ခြေဗလာနဲ့မို့ နာနေပြီ။ ဒါနဲ့ လီသာ့ထျန်ကို အကူအညီ လှမ်းတောင်းတယ်။ "သူငယ်ချင်းကောင်းဆိုတာ ဒုက္ခရောက်မှ သိရတာကွ၊ မင်း သွားဝယ်ပေးပါကွာ"

လီသာ့ထျန် ခေါင်းခါရင်း လူအုပ်ထဲ တိုးဝင်သွားတယ်။ ခဏနေတော့ ကုန်သည်လို ဝတ်ထားတဲ့ ရုံးတော်အရာရှိငယ် တစ်ယောက်ကို ခေါ်လာတယ်။

ဒီအချိန်မှာ ဆရာလင်းမြောင်က ကျောင်းသားတွေကို ပစ္စည်းခြင်းတောင်း စစ်ဆေးခိုင်းတယ်။ တစ်ခုခု ပျက်စီးနေရင် အခု ဝယ်ထည့်လို့ ရသေးတယ်၊ အထဲရောက်ရင် မရတော့ဘူး။

82 02

တကယ်ပဲ ချန်ကျန်းရဲ့မင်တောင့်က နှစ်ပိုင်းကျိုးနေပြီး မောက်ပါ့သိုရဲ့ မင်သွေးကျောက်က ထောင့်တစ်နေရာ ပဲ့နေတယ်။ အတွေ့အကြုံ ရှိတဲ့သူ ပါလာတာ ကောင်းတယ်ဆိုတာ ဒါမျိုး ပြောတာ။

သူတို့ လိုအပ်တာတွေကို ဈေးကြီးကြီး ပေးပြီး ဝယ်ဖြည့်လိုက်ကြတယ်။ ပြီးမှ လူစာရင်း စစ်တဲ့ နေရာကို သွားကြတယ်။

ဆရာလင်းမြောင်က အာမခံပေးသူဖြစ်လို့ အရင်ဝင်သွားနှင့်တယ်။ ရွှီထင်းရှန်းတို့က တန်းစီစောင့်နေကြတယ်။ လူစာရင်း စစ်တာက မြို့နယ်အလိုက် ခေါ်တာပါ။ ရွှီထင်းရှန်း တန်းစီနေတုန်း ဝမ်ချီနဲ့လီစုန်း ရောက်လာကြတယ်။ ဝမ်ချီက စကားနည်းသူမို့ ဘာမှမပြောပေမဲ့ လီစုန်းကတော့ အပြစ်တင်စကား ဆိုတယ်။ "မင်းတို့ကလည်း မစောင့်ကြဘူးကွာ"

ပြောပြီးတာနဲ့ သူ မှားမှန်း သိလိုက်တယ်။ အဲဒီလို အခြေအနေမျိုးမှာ ကိုယ့်ကိုယ်ကိုယ်တောင် မနည်းရုန်းထွက်ရတာ၊ ဘယ်သူ့ကို သွားစောင့်နိုင်မှာလဲ။

"ကျောင်းအုပ်ကြီးရော"

"ဆရာ ဝင်သွားပြီ"

မကြာခင် ရှရှန်းခရိုင်က စာဖြေသူတွေကို ခေါ်တယ်။ ရွှီထင်းရှန်း အလှည့်ရောက်တော့ စစ်ဆေးရေးမှူးက သူ့ကို ကြည့်ပြီး မေးတယ်။ "မင်းက ရွှီထင်းရှန်းလား၊ ရှရှန်းခရိုင်ရဲ့အန်းရှို့ ဆိုတာလား"

ရွှီထင်းရှန်း ခေါင်းညိတ်ပြလိုက်တယ်။

ချက်ချင်းပဲ စစ်ဆေးရေးမှူးရဲ့မျက်နှာထား ပြောင်းလဲသွားတယ်။ အသံလည်း တိုးသွားပြီး လမ်းပြပေးတယ်။ "ဒီဘက်ကြွပါခင်ဗျာ စည်းကမ်းအရ မြို့နယ်အလိုက် ပထမ ၁၀ ဦးက ခန်းမဆောင်ထဲမှာ နေရာရပါတယ်၊ အန်းရှို့ဆိုတော့ ပြောစရာ မလိုတော့ဘူးပေါ့"

"ကျေးဇူးပါပဲဗျာ" ရွှီထင်းရှန်းက လက်ယှက် နှုတ်ဆက်ပြီး နောက်ကို လှည့်ကြည့်လိုက်တယ်။ အားကျတဲ့ မျက်လုံးပေါင်းများစွာရဲ့ အလယ်ကနေ ညာဘက်ခြမ်းက လူနည်းတဲ့ လမ်းကြောင်းဆီ ထွက်ခွာသွားတယ်။

ဘယ်လမ်းကြောင်းနဲ့ ညာလမ်းကြောင်းက ဆက်ဆံပုံခြင်း ကွာခြားလှပါတယ်။ ဘယ်လမ်းကြောင်းမှာ တာဝန်ကျတဲ့ စစ်ဆေးရေးမှူးတွေက ကြမ်းတမ်းပြီး စာဖြေသူတွေရဲ့သိက္ခာကို ထည့်မတွက်ဘူး။ သံသယဖြစ်စရာတွေ့ရင် အဝတ်အစားတွေပါ ချွတ်ခိုင်းပြီး စစ်ဆေးတတ်တယ်။ ပစ္စည်းခြင်းတောင်းဆိုရင် အောက်ဆုံးထိ မွှေနှောက်ရှာဖွေတာ။

စာမေးပွဲ ဖြေဖို့ မခက်ဘူး၊ အခန်းထဲ ဝင်ဖို့ ခက်တယ် ဆိုတာ ဒါပဲ။ ကိုယ်ခန္ဓာ ရှာဖွေခံရတာတင်မကဘူး၊ စာပေပညာရှင်တွေ တန်ဖိုးထားတဲ့ သိက္ခာကျဆင်းမှုကိုပါ သည်းခံရတာ။ ဒါပေမဲ့ မတတ်နိုင်ဘူး။ သည်းမခံနိုင်ရင် မဖြေနဲ့ပေါ့၊ ဖြေချင်တဲ့သူတွေ အများကြီး ရှိသေးတာပဲ။

စာမေးပွဲနဲ့ရာထူးရာခံက ဆက်စပ်နေတော့ မသမာမှု လုပ်ချင်သူတွေက ဒုနဲ့ဒေး။ မထင်မှတ်ထားတဲ့ နည်းလမ်းတွေနဲ့ ခိုးချတတ်ကြလို့ ဒီလို ကြမ်းကြမ်းတမ်းတမ်း စစ်ဆေးရတာပါ။

ညာဘက်လမ်းကြောင်းကတော့ လူနည်းတဲ့အပြင် စစ်ဆေးရေးမှူးတွေကလည်း ယဉ်ကျေးတယ်။ စာဖြေသူတွေကို ကိုယ့်ဘာသာ ပစ္စည်းခြင်းတောင်း ဖွင့်ပြခိုင်း၊ အဝတ်အစား ဖြေပြခိုင်းပြီး စစ်ဆေးရုံလောက်ပါပဲ။

ချန်ကျန်းလည်း ပထမ ၁၀ ဦးထဲ ပါတော့ ခန်းမဆောင်ထဲမှာ နေရာရတယ်။ မောက်ပါ့သိုနဲ့ လီသာ့ထျန်ကတော့ သနားစရာ ကောင်းရှာတယ်။

ဒီအဆင့်ကို ကျော်ဖြတ်ပြီးတာနဲ့ စာမေးပွဲ ခန်းမထဲ ဝင်လို့ရပြီ။

စစ်ဆေးရေးမှူး တစ်ယောက်က ရွှီထင်းရှန်းကို အကျယ်ဝန်းဆုံး ခန်းမဆောင်ကြီးဆီ ခေါ်သွားပေးတယ်။

82 03

ဒီနေရာက စီရင်စုစာသင်ကျောင်းဝင်းထဲမှာရှိပြီး နေရာကျယ်ဝန်းပေမဲ့ အကောင်းဆုံးနေရာကတော့ အလယ်က ခန်းမဆောင်ကြီးပါပဲ။ လင်းလင်းချင်းချင်း ရှိတဲ့အပြင် ပတ်ဝန်းကျင်လည်း ကောင်းတယ်။ တစ်ခုပဲ ရှိတာက စီရင်စုအုပ်ချုပ်ရေးမှူး ကိုယ်တိုင် ကြီးကြပ်တဲ့နေရာ ဖြစ်နေတာ။ စိတ်ဓာတ်မခိုင်မာရင် ကြောက်လန့်ပြီး ကောင်းကောင်းမဖြေနိုင် ဖြစ်တတ်တယ်။

ဒါပေမဲ့ ကောင်းကျိုးလည်း ရှိပြန်တယ်။ စီရင်စုအဆင့်စာမေးပွဲက ခရိုင်အဆင့်လိုပဲ အဓိကစစ်ဆေးသူက ဆုံးဖြတ်ခွင့်ရှိတယ်။ စီရင်စုအုပ်ချုပ်ရေးမှူးက ကိုယ်တိုင်ဆုံးဖြတ်ပြီး ရွေးချယ်နိုင်တယ်။ အဖြေလွှာ အပ်တဲ့အချိန် စီရင်စုအုပ်ချုပ်ရေးမှူးက ချက်ချင်းစစ်ဆေးပြီး အောင်ပေးလိုက်တာမျိုးလည်း ရှိနိုင်တယ်။

တခြားနေရာတွေကတော့ ကံတရား အတိုင်းပါပဲ။ နေရာထိုင်ခင်း မကောင်းတာ၊ အလင်းရောင် မရတာ၊ လေတိုက်တဲ့ လမ်းကြောင်း ဖြစ်နေတာမျိုး ကြုံရနိုင်တယ်။ တချို့ကတော့ နောက်မှ ထပ်ဆောက်ထားတဲ့ တဲအိမ်လေးတွေမှာ ဖြေရတယ်။ ကျဉ်းကျပ်ပြီး ပူလွန်းအေးလွန်း ဖြစ်တတ်သလို အိမ်သာနား ကပ်နေရင်တော့ အနံ့ဆိုးတွေပါ ရှူရှိုက်ရမှာ။

အရင်ဘဝ အိပ်မက်ထဲတုန်းက ရွှီထင်းရှန်း အဲဒီလို နေရာမျိုးမှာ ဖြေခဲ့ရဖူးတယ်။ ပြန်ရောက်တာနဲ့ တစ်ရက်လောက် ထမင်းမစားနိုင်ဘူး ဖြစ်သွားတာ။ ဒါကြောင့် အခုလို ကျယ်ဝန်းတဲ့ ခန်းမဆောင်ကို မြင်ရတော့ သူ ကျေနပ်သွားတယ်။

နေရာထိုင်ခင်းကို ကြည့်လိုက်တော့...

ဟားဟား... ရှေ့ဆုံးတန်းက စားပွဲကြီးနဲ့ တည့်တည့်ပဲ။ စီရင်စုအုပ်ချုပ်ရေးမှူးရဲ့ မျက်စိအောက်တည့်တည့်မို့ ခိုးချဖို့ မစဉ်းစားနဲ့တော့။

သူ တစ်ယောက်တည်းတော့ မဟုတ်ဘူး။ ဖျင်ယန်းစီရင်စု လက်အောက်က ခရိုင် ၁၂ ခုရဲ့ ပထမဆုရှင် (အန်းရှို့)တွေ အကုန်လုံး ရှေ့ဆုံးတန်းမှာ နှစ်တန်းခွဲပြီး ထိုင်ရတာ။ စီရင်စုအုပ်ချုပ်ရေးမှူးနဲ့ မျက်နှာချင်းဆိုင်ပေါ့။ တခြား အန်းရှို့ ၁၀ ဦးဝင်သူတွေကတော့ ဘေးပတ်လည်မှာ ထိုင်ရတယ်။ ချန်ကျန်းဆိုရင် ရွှီထင်းရှန်းရဲ့ ဘယ်ဘက် နောက်နားလေးမှာ ရှိတယ်။

ရွှီထင်းရှန်းလိုပဲ ရှေ့ဆုံးတန်း အလယ်တည့်တည့်မှာ ထိုင်ရမယ့် စာဖြေသူ တစ်ယောက်ကတော့ မျက်နှာမကောင်းဖြစ်နေပြီး စစ်ဆေးရေးမှူးကို တိုးတိုးလေး မေးမြန်းနေတယ်။ ရွှီထင်းရှန်းကတော့ ဂရုမစိုက်ဘဲ ဝင်ထိုင်လိုက်တယ်။

စစ်ဆေးရေးမှူးက ခေါင်းခါပြလိုက်တော့ အဲဒီလူ မျက်နှာဖြူဖပ်ဖြူရော် ဖြစ်သွားပေမဲ့ ဝင်ထိုင်လိုက်ရရှာတယ်။

ရွှီထင်းရှန်း စိတ်ထဲမှာ ခေါင်းခါလိုက်မိတယ်။ ဒီလောက် စိတ်ဓာတ်ပျော့ညံ့ရင်တော့ ဒီတစ်ခေါက် ကျဖို့များတယ်။ ခရိုင်အဆင့် ပထမဆုရှင်ဖြစ်တိုင်း စီရင်စုအဆင့် အောင်မယ် မထင်နဲ့။ စွမ်းဆောင်ရည် မကျဆင်းမှသာ အောင်မှာ၊ စွမ်းဆောင်ရည် ကျသွားရင်တော့ အိမ်ပြန်ရမှာပဲ။

မကြာခင် စီရင်စုအုပ်ချုပ်ရေးမှူး ရောက်လာပြီး ကျောင်းသားတွေ အားလုံး မတ်တတ်ရပ် နှုတ်ဆက်ကြတယ်။

ကွန်ဖြူးရှပ်ရုပ်ပုံကို သယ်ဆောင်လာပြီး စီရင်စုအုပ်ချုပ်ရေးမှူးက ဦးဆောင်ကာ ဂါရဝပြုကြတယ်။ ပြီးမှ ကျောင်းသားတွေဘက် လှည့်လာတယ်။

"ဂါရဝပြုပါတယ် ခင်ဗျာ"

"ထိုင်ကြပါ"

ရွှီထင်းရှန်း ထိုင်လိုက်ရင်း အရှေ့က စားပွဲကြီးမှာ ထိုင်နေတဲ့ အနီရောင် ဝတ်စုံနဲ့ စီရင်စုအုပ်ချုပ်ရေးမှူးကို လှမ်းကြည့်လိုက်တယ်။ လူက ပိန်ပိန်ပါးပါး၊ အသက် ၅၀ ဝန်းကျင်လောက် ရှိမယ်။ မျက်မှောင်ကြုတ်ထားလို့ နဖူးမှာ အရေးအကြောင်းတွေ ထင်နေပြီး နှုတ်ခမ်းတင်းတင်းစေ့ထားပုံက စည်းကမ်းကြီးပြီး ခက်ထန်မယ့်ပုံ ပေါက်နေတယ်။

ခန်းမဆောင်ထဲမှာ အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်နေတယ်။ မေးခွန်းစာရွက်တွေ ဝေငှပေးလိုက်တယ်။ စာအုပ်ကြီးလေးအုပ် ဆိုင်ရာ မေးခွန်း ၂ ပုဒ်၊ စာအုပ်ကြီးငါးအုပ် ဆိုင်ရာ မေးခွန်း ၁ ပုဒ်၊ ကဗျာ ၂ ပုဒ် ဖြေရမယ်။

82 04

ပထမဆုံး မေးခွန်းခေါင်းစဉ်က "စည်းကမ်း မရှိလျှင်..." တဲ့။

ရွှီထင်းရှန်း ပြုံးလိုက်မိတယ်။ ဒါ ကျိုးဟယ်ရှင်း (စီရင်စုအုပ်ချုပ်ရေးမှူး) ထုတ်မယ့် မေးခွန်းမျိုးပဲ။

စာမေးပွဲတိုင်းမှာ ပထမဆုံး မေးခွန်းက အရေးကြီးဆုံးပဲ။ ခရိုင်အဆင့်မှာ ၅ ခါ ဖြေရသလို စီရင်စုအဆင့်မှာ ၃ ခါ ဖြေရတယ်။ ဒါပေမဲ့ ပထမအဆင့်မှာ စာဖြေသူ ထောင်ချီ ရှိတာမို့ အဓိကစစ်ဆေးသူအနေနဲ့ အဖြေလွှာတိုင်းကို အစအဆုံး ဖတ်ဖို့ စိတ်ရှည်မှာ မဟုတ်ဘူး။ ဒါကြောင့် ပထမဆုံးအဖြေကို ဖတ်ကြည့်လိုက်တာနဲ့ ဒီလူ ဘယ်အဆင့် ရှိတယ်ဆိုတာ ဆုံးဖြတ်လိုက်လေ့ ရှိတယ်။ ပထမအဖြေ မကောင်းရင် နောက်အဖြေတွေ ဘယ်လောက် ကောင်းကောင်း အပယ်ခံရမှာပဲ။

ရွှီထင်းရှန်း ပြုံးမိတာက စီရင်စုအုပ်ချုပ်ရေးမှူးရဲ့စိတ်နေသဘောထားကို သူ ခန့်မှန်းမိလို့ပါ။

ဒီမေးခွန်းကို ကြည့်ရင် ဒီတစ်ခေါက် အောင်မအောင်ဆိုတာ ဒီမေးခွန်း တစ်ပုဒ်တည်းနဲ့ ဆုံးဖြတ်သွားမယ့် သဘော ရှိတယ်။ ကျိုးဟယ်ရှင်း ဆိုတဲ့ လူက ရှေးရိုးဆန်သလို သူ့စိတ်ကြိုက် လုပ်တတ်သူကိုး။

စိတ်ကြိုက် မလုပ်ဘူးဆိုရင် ဒီလို ကိုယ်လိုချင်တဲ့ ပုံစံမျိုး မေးခွန်း ထုတ်ပါ့မလား။

ရွှီထင်းရှန်းက ကျန်တဲ့ မေးခွန်းတွေကိုပါ သေချာဖတ်ရှုပြီးမှ မင် စသွေးတယ်။

သူက စာမရေးခင် ကိုယ်တိုင် မင်သွေးရတာ ကြိုက်တယ်။ အရင်ဘဝ အိပ်မက်ထဲမှာ ဝန်ကြီးချုပ် ဖြစ်နေချိန်တောင် ကိုယ်တိုင် မင်သွေးလေ့ ရှိတယ်။ မင်သွေးနေရင်း စိတ်ကို တည်ငြိမ်အောင် ထားပြီး အတွေးတွေကို ရှင်းထုတ်လို့ ရတာကိုး။

အခုချိန်မှာ သူ့စိတ်က တည်ငြိမ်အေးဆေး နေတယ်။ ဘေးပတ်ဝန်းကျင်ကို လိုက်မကြည့်ပေမဲ့ ဘေးနားက လူတွေ မင်သွေးနေတဲ့ အသံတွေ၊ အသက်ရှူ မမှန်တဲ့ အသံတွေကို ကြားနေရတယ်။

တချို့လူတွေ စိတ်လှုပ်ရှားနေကြပြီ။

တကယ်တော့ ရှေ့က လူကြီးက စက္ကူကျားကြီးပါ၊ အပြင်ပန်းသာ ကြောက်စရာ ကောင်းတာ။

'စက္ကူကျားကြီး' လို့ အခေါ်ခံနေရတဲ့ စီရင်စုအုပ်ချုပ်ရေးမှူးကတော့ လက်ဖက်ရည်သောက်ရင်း ကျေနပ်နေတယ်။ ကျောင်းသားတွေ ကြောက်လန့်နေတာကို သဘောကျနေတာ။

82 05

တခြားလူတွေ မသိပေမဲ့ ကျိုးဟယ်ရှင်းက ကိုယ့်အကြောင်း ကိုယ်သိတယ်။ ဒီလောက် အခြေအနေလေးနဲ့တောင် စိတ်မထိန်းနိုင်ရင် ပြည်နယ်အဆင့် စာမေးပွဲကြီး (ရှန်းရှီ) ကို သွားမဖြေနဲ့တော့လို့ သူ ယူဆထားတယ်။

ရုတ်တရက် ခွမ်းဆိုတဲ့အသံ ကြားလိုက်ရတယ်။ ကျောင်းသားတစ်ယောက် မင်သွေးရင်း မတော်တဆ မင်သွေးကျောက်ကို တိုက်မိပြီး ပြုတ်ကျ ကွဲသွားတာ။ မင်ရည်တွေ ဖိတ်ကုန်သလို ကျောက်လည်း ကွဲသွားတယ်။

အဲဒီကျောင်းသားရဲ့မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွားတယ်။ တခြား ကျောင်းသားတွေက သနားတဲ့ မျက်လုံးတွေနဲ့ လှမ်းကြည့်ကြတယ်။

အဖြေလွှာ စာရွက်က တစ်ယောက် တစ်စုံပဲ ရတာ၊ အပိုမရှိဘူး။ တကယ်လို့ မင်ရည်စွန်းမသွားရင်တော့ စီရင်စုအုပ်ချုပ်ရေးမှူးကို တောင်းပန်ပြီး ဆက်ဖြေလို့ ရနိုင်သေးတယ်။ စွန်းသွားရင်တော့ နောက်နှစ်မှ ပြန်လာခဲ့တော့။

ရွှီထင်းရှန်းက ဘေးနားမှာ ရှိနေတာမို့ လှမ်းကြည့်လိုက်တော့ မင်ရည်တွေက အဖြေလွှာစာရွက် အတော်များများကို စွန်းထင်းသွားတာ တွေ့လိုက်ရတယ်။

သူ စိတ်ထဲကနေ သက်ပြင်းချလိုက်ပြီး သူ့ရှေ့က စာရွက်ပေါ်မှာ "စည်းကမ်း မရှိလျှင်..." ဆိုတဲ့မေးခွန်းအတွက် နိဒါန်းစာကြောင်းကို စတင်ရေးသားလိုက်တယ်။

"စည်းကမ်း ဟူသည် မရှိမဖြစ် လိုအပ်သောအရာ ဖြစ်ပြီး ဉာဏ်ပညာနှင့် ကျွမ်းကျင်မှုတို့ဖြင့် ပေါင်းစပ်မှသာ ပြည့်စုံနိုင်မည်..."

ခေါင်းစဉ် ဖွင့်ဆိုပုံနဲ့ ပတ်သက်ရင် သူ့မှာ နည်းလမ်းပေါင်းစုံ ရှိပါတယ်။ ဒါပေမဲ့ ကျိုးဟယ်ရှင်းဆိုတဲ့ လူနဲ့ တွေ့နေမှတော့ သူ့အကြိုက် လိုက်ရေးတာ အကောင်းဆုံးပဲ။

******

All Chapters