အခန်း (၉၁-၉၂)
Vol. 10 Ch. 91-92
91 01
အခန်း (၉၁)
ကျောက်အာ ဘာကြောင့်လာတယ်ဆိုတဲ့ အကြောင်းအရင်းကို ကြားလိုက်ရတဲ့အခါ ရွှီထင်းရှန်းရဲ့မျက်လုံးအစုံက ချက်ချင်းဆိုသလို မှောင်မှောင်သွားခဲ့တယ်။
သူ့ရင်ထဲက ကြမ်းတမ်းတဲ့ ခံစားချက်တွေကို အစွမ်းကုန် ထိန်းချုပ်ထားရတယ်။ ဘာကြောင့်ရယ်မသိ၊ အိပ်မက်ထဲက သူနဲ့ကျောက်အာတို့ရဲ့ မင်္ဂလာရက်နီးကပ်လာလေလေ၊ သူက အကြောင်းမဲ့ ပိုပြီးစိုးရိမ်လာလေလေပါပဲ။ မတော်တဆမှုတစ်ခုခု ဖြစ်သွားမှာကို ကြောက်တယ်၊ အရင်လမ်းဟောင်းအတိုင်း ပြန်ရောက်သွားမှာကို ကြောက်တယ်၊ အဆိုးဆုံးကတော့ သူမ သေသွားမှာကို သူ အရမ်းကြောက်နေမိတာ။
တကယ်တမ်းတော့ လက်တွေ့ဘဝနဲ့ အိပ်မက်က အများကြီး ကွာခြားသွားပါပြီ။ အိပ်မက်ထဲက ဒီလိုအချိန်မျိုးမှာ သူက ချင်းဟယ်ကျောင်းတော်မှာ ပညာသင်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်နေရဆဲဖြစ်ပြီး ကျောက်အာနဲ့ကြားမှာလည်း ဆက်ဆံရေးက အဆင်မပြေဘဲ တင်းမာနေခဲ့တာလေ။ ဒါပေမဲ့ အခုတော့ သူက စာမေးပွဲတွေမှာ ဆက်တိုက်ပထမရထားပြီး ရှို့ချိုင်ဘွဲ့ကိုလည်း ရရှိထားပြီဖြစ်သလို နှစ်ယောက်သားကလည်း မကြာခင် လက်ထပ်ကြတော့မှာ ဖြစ်တယ်။ ဒါကြောင့် အရင်လို အဖြစ်ဆိုးမျိုး လုံးဝပြန်မဖြစ်နိုင်သလို ကျောက်အာလည်း သေမှာမဟုတ်ဘူးသူ ယုံကြည်ထားတယ်။ ဒါပေမဲ့လည်း သူ ကြောက်နေမိတုန်းပါပဲ။
ဒါဟာ အဲဒီအိပ်မက်ထဲမှာ အရေးကြီးဆုံးအပိုင်းတစ်ပိုင်း ပျောက်ဆုံးနေတာကြောင့်လည်း ဖြစ်နိုင်တယ်။
ရွှီထင်းရှန်းက အသက်ကို ဝဝရှူလိုက်ပြီး မသွားခိုင်းချင်တဲ့ စိတ်ဆန္ဒကို ဖိနှိပ်ထားရင်း ကျောက်အာ အပြင်ထွက်ပြီး ဘာလုပ်မလို့လဲဆိုတာကိုပဲ မေးမြန်းလိုက်တယ်။
ကျောက်အာက အနည်းငယ် တုံ့ဆိုင်းနေပေမဲ့ နောက်ဆုံးတော့ အမှန်အတိုင်းပဲ ပြောပြလိုက်တယ်။
စကားဆုံးသွားတဲ့အခါ ရွှီထင်းရှန်းရဲ့ရင်ထဲမှာ စိုးရိမ်စိတ်တွေ လျော့ကျသွားသလို တစ်ဖက်ကလည်း အားမလိုအားမရ ဖြစ်သွားမိတယ်။ "ဒီကိစ္စကို ဘာလို့ငါ့ကို မပြောပြတာလဲ"
ကျောက်အာက မျက်တောင်လေး ခတ်ခတ်ပြီး ဘာမှပြန်မပြောပေမဲ့ သူမရဲ့ အဓိပ္ပာယ်ကတော့ ရှင်းတယ်။ 'နင်က စီးပွားရေးမှ မလုပ်တတ်တာ၊ နင့်ကို ပြောတော့ရော ဘာထူးမှာမလို့လဲ' ဆိုတဲ့ သဘောပါပဲ။
ရွှီထင်းရှန်းက နှုတ်ခမ်းကို ခပ်ဖွဖွစိလိုက်မိတယ်။ ကျောက်အာဟာ လက်ရှိမှာ သူ့ကို ရှုံးနိမ့်မှု ခံစားချက် ပေးနိုင်တဲ့ တစ်ဦးတည်းသောသူ ဖြစ်တယ်ဆိုတာကို သူ ဝန်ခံရပါလိမ့်မယ်။ အိပ်မက်ထဲမှာတုန်းကလည်း ဒီလိုပါပဲ၊ သူမအပေါ်မှာ သူဟာ အမြဲတမ်း ရှုံးနိမ့်မှုနဲ့ အားကိုးရာမဲ့တဲ့ ခံစားချက်မျိုးပဲ ခံစားခဲ့ရတာလေ။
သူ အရင်က သေချာစဉ်းစားဖူးတယ်။ ဒါဟာ ကျောက်အာရဲ့စရိုက်နဲ့ပဲ ဆိုင်ပါလိမ့်မယ်။
သူမက ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တယ်၊ ကိုယ့်ဘာကိုယ် ဆုံးဖြတ်ချက်ချနိုင်တယ်၊ အရည်အချင်းရှိတယ်။ သူမဘဝမှာ သူ ရှိရှိမရှိရှိ ဘာမှမထူးသလိုတောင် ဖြစ်နေတာ။ သူမက ကိုယ့်ဘာကိုယ် လုပ်ကျွေးနိုင်ရုံတင်မကဘဲ သူသာမရှိရင် သူမဘဝက ပိုတောင် အဆင်ပြေသွားဦးမလားထင်ရတယ်။
အဲဒီလိုပါပဲ၊ လွှတ်ထားလို့လည်းမရ၊ တင်းကျပ်လို့လည်းမရတဲ့ အခြေအနေမျိုးပါ။ ရှုံးနိမ့်မှုတွေ ခံစားရပြီး အားကိုးရာမဲ့နေပေမဲ့လည်း သူမကိုပဲ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားချင်မိတယ်၊ ဘယ်တော့မှ လက်မလွှတ်ချင်ဘူး။ အိပ်မက်ထဲက 'သူ' ကတော့ ဒီလို ရှုပ်ထွေးတဲ့ ခံစားချက်တွေကို ကောင်းကောင်း မကိုင်တွယ်နိုင်ခဲ့ဘူး။ တော်သေးတာက သူ ဒီအိပ်မက်ကို မက်ခဲ့အများကြီး ပိုပြီးရင့်ကျက်လာခဲ့တာလေ။
"ငါတို့နှစ်ယောက်က ဒီကမ္ဘာပေါ်မှာ အရင်းနှီးဆုံးသူတွေလေ။ ငါ့မှာ ဘာကိစ္စရှိရှိ မင်းကို ပြောပြတာပဲ၊ မင်းမှာ ကိစ္စရှိရင်ရော ငါ့ကို မပြောပြသင့်ဘူးလား။ ငါက ဘာမှမကူညီနိုင်ရင်တောင် အတူတူ ဝေမျှခံစားပေးရတာပေါ့"
91 02
ရွှီထင်းရှန်းက တိုးတိုးလေး ပြောလိုက်တယ်။
'ဒီကမ္ဘာပေါ်မှာ အရင်းနှီးဆုံးသူတွေ' ဆိုတဲ့ စကားကို ကြားလိုက်ရတဲ့အခါ ကျောက်အာက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ မိဘတွေဆုံးပါးသွားပြီးနောက် သူမနဲ့ ဒီကောင်လေး နှစ်ယောက်တည်း ကျန်ရစ်ခဲ့တဲ့ ပုံရိပ်တွေကို မတွေးဘဲ မနေနိုင်တော့ပါဘူး။ သူမရဲ့ မျက်ဝန်းတွေက ချက်ချင်းဆိုသလို နူးညံ့သွားသလို အသံအနေအထားကလည်း ပြောင်းလဲသွားတယ်။
"အဲဒီတုန်းက နင့်ကို ပြောပြချင်ရင်တောင် မရဘူးလေ၊ နင်က အိမ်မှာ ရှိနေတာမှ မဟုတ်တာ" သူမ ပြောရင်း ခဏရပ်လိုက်ပြီးမှ ဆက်ပြောလိုက်တယ်။
"အခုတော့ နင် သိသွားပြီပဲဥစ္စာ"
"ဒါဆို အခု ဘယ်လိုလုပ်ဖို့ စိတ်ကူးထားလဲ"
ကျောက်အာက သူမ ကြိုတင်ပြင်ဆင်ထားတဲ့ အစီအစဉ်တွေနဲ့ အခု အပြင်ထွက်ပြီး ဘာတွေလုပ်မယ်ဆိုတာကို သူ့ကို အကုန်ပြောပြလိုက်တယ်။
ရွှီထင်းရှန်းရဲ့ မျက်လုံးထဲမှာ အံ့အားသင့်ရိပ်တွေ ရှိနေပေမဲ့ မအံ့သြသလိုလည်း ခံစားရတယ်။ အိပ်မက်ထဲမှာတုန်းက ကျောက်အာဟာ စီးပွားရေးလုပ်ငန်းမှာ တကယ်ကို ပါရမီပါခဲ့တာလေ။ နှမြောစရာကောင်းတာက အဲဒီပါရမီတွေကို သူကိုယ်တိုင်ပဲ ဖျက်ဆီးခဲ့မိတာလေပဲ။
ဒါတွေကို တွေးမိတော့ သူ့မျက်ဝန်းတွေ မှောင်ကျသွားပြန်တယ်။ "ငါ မင်းနောက်ကို လိုက်ခဲ့မယ်"
ရှရှန်းခရိုင်၊ ဝမ်ချင်းကျေးရွာအုပ်စုက ရွာတစ်ရွာမှာ ရွာသားအယောက်ပေါင်းများစွာက မြင်းလှည်းတစ်စီးကို ဝိုင်းထားကြတယ်။
ဒီမြင်းလှည်းက သာမန်မြင်းလှည်းတွေနဲ့ မခြားနားပေမဲ့ တစ်ခုတည်းသော ထူးခြားချက်ကတော့ လှည်းနံရံမှာ ဟူကျိဆိုတဲ့ စာလုံးကြီးနှစ်လုံး ရိုက်နှိပ်ထားတာလေပဲ။ လှည်းမောင်းနေတဲ့ အသားမည်းမည်း ပိန်ပိန်လူရဲ့ အဝတ်အစားပေါ်မှာလည်း ဟူကျိဆိုတဲ့ တံဆိပ်က ပါနေတယ်။
ရွာသားတွေက အရမ်းကိုဒေါသထွက်နေကြပြီး လှည်းကို မသွားခိုင်းဘဲ လမ်းပိတ်ထားကြတယ်။ လှည်းမောင်းသမားဆီကနေ ရှင်းလင်းတဲ့ အဖြေတစ်ခု မရမချင်း မလွှတ်ပေးနိုင်ဘူးဆိုကြတယ်။
လှည်းမောင်းသမားက အသားမည်းမည်း ပိန်ပိန်နဲ့ ရုပ်ရည်ကတော့ လုံးဝကို မထူးခြားပါဘူး။ ဒါပေမဲ့ သူ့ရဲ့စကားပြောပုံနဲ့ အမူအရာကတော့ အရမ်းကို မောက်မာလွန်းလှတယ်။
သူက လှည်းခေါင်းပေါ်ကနေ ထရပ်လိုက်ပြီး မျက်လုံးအပြူးသားနဲ့ အော်ပြောလိုက်တယ်။ "မင်းတို့တွေ အခုပဲ ဖယ်ကြစမ်း။ နောက်ကို ငါတို့ 'ဟူကျိ'ဆီ ဟင်းသီးဟင်းရွက်တွေ မရောင်းချင်တော့ဘူးလား။ မင်းတို့ကို အခါခါ ပြောပြီးပြီလေ၊ ဒီဈေးနှုန်းက အပေါ်က သတ်မှတ်တာ၊ ငါတို့လို အောက်ခြေလူနဲ့ ဘာမှမဆိုင်ဘူး။ ငါ့ကို လာပိတ်ထားတော့ ဘာထူးမှာလဲ"
"မင်းနဲ့ ဘာလို့မဆိုင်ရမှာလဲ။ ငါတို့က ဟူကျိဆိုတာ ဘာမှန်းမသိဘူး၊ မင်းကိုပဲ သိတယ်။ တစ်လတောင် မပြည့်သေးဘူး၊ ဟင်းရွက်ဈေးက တစ်ဆယ်ကျော်ကနေ အခု ပြားဂဏန်းအထိ ကျသွားပြီ။ မင်းတို့က ငါတို့ရဲ့ စာရင်းတွေကို လိမ်ညာချင်နေတာပဲ"
"ဟုတ်တယ်၊ ဟုတ်တယ်"
"အရင်က ဈေးကျရင်တောင် ဒီလောက်အထိ မြန်မြန်ဆန်ဆန် မကျဖူးဘူး"
"ငါ့မှာ မြို့ပေါ်က စားသောက်ဆိုင်မှာ အလုပ်လုပ်တဲ့ အမျိုးရှိတယ်။ သူက မီးဖိုချောင်မှာ ကူပေးနေတာ။ မင်းတို့က ငါတို့ဆီကနေ ဈေးပေါပေါနဲ့ ဝယ်သွားတဲ့ ဟင်းရွက်တွေကို စားသောက်ဆိုင်တွေဆီမှာ ဈေးကြီးကြီးနဲ့ ပြန်ရောင်းနေတာ ငါတို့ မသိဘူးမှတ်လို့လား" လူအုပ်ထဲက ရွာသားတစ်ယောက်က အော်ပြောလိုက်တယ်။
91 03
"နှလုံးသားမရှိတဲ့ ကုန်သည်ယုတ်တွေ"
"ဒီနေ့သာ အဖြေတစ်ခု မပေးရင် မင်း ဒီကနေ ထွက်သွားဖို့ မစဉ်းစားနဲ့"
ရွာသားတွေက ဒေါသတကြီးနဲ့ အော်ဟစ်နေကြတော့ အသားမည်းမည်းလူလည်း နည်းနည်းတော့ လန့်သွားတယ်။ ဒါပေမဲ့ ပြန်ပြီး ဆဲဆိုလိုက်သေးတယ်။ "ဘယ်သူက ငါတို့ ဟူကျိက ဈေးပေါပေါနဲ့ ဝယ်ပြီး ဈေးကြီးကြီးနဲ့ ရောင်းတယ်ပြောတာလဲ၊ အဲဒီကောင် ထွက်ခဲ့စမ်း။ သူ့ပါးစပ်ကို ရိုက်ခွဲပစ်မယ်။ ငါတို့ ဟူကျိက စီးပွားရေးလုပ်ရင် သစ္စာရှိဆုံးဆိုတာ လူတိုင်းသိတယ်။ ပုပ်သိုးသိုး ဟင်းရွက်တွေကို အသားဈေးနဲ့ ရောင်းချင်နေတာလား၊ မင်းတို့က ဓားပြတိုက်ချင်နေတာလား"
"ဓားပြတိုက်တာက မင်းတို့ကွ။ မင်းတို့ ဟူကျိက ဓားပြတွေ၊ ငါတို့ရဲ့ စာရင်းတွေကို လိမ်နေကြတာ"
ရွာသားတွေက တစ်ယောက်တစ်ပေါက်နဲ့ ဆဲဆိုနေကြတော့ အသားမည်းမည်းလူလည်း မယှဉ်နိုင်တော့ဘဲ ပြောလိုက်တယ်။
"ကောင်းပြီ၊ ကောင်းပြီ။ ငါတို့က ဓားပြတွေပဲ ထားပါတော့။ မင်းတို့ ဟင်းရွက်တွေကို ငါတို့ ဟူကျိက မဝယ်တော့ဘူး၊ ရပြီလား"
အဲဒီစကားကို ကြားလိုက်ရတဲ့အခါ ရွာသားတွေ ချက်ချင်းပဲ တုန်လှုပ်သွားကြတယ်။ သူတို့က ဈေးကောင်းရချင်တာပဲ ရှိတာလေ၊ မရောင်းချင်တာ မဟုတ်ပါဘူး။
မရောင်းရင် ဘယ်လိုလုပ်မလဲ။ ဟင်းသီးဟင်းရွက်ဆိုတာ တခြားပစ္စည်းတွေနဲ့ မတူဘူးလေ။ ဒီလိုရာသီဥတုမျိုးမှာ တစ်ရက်လောက်ထားလိုက်ရင်ပဲ ညှိုးနွမ်းသွားမှာပါ။ အဲဒီအခါကျရင် တစ်ပြားမှ တန်မှာမဟုတ်တော့ဘဲ အကုန်အလဟဿ ဖြစ်ကုန်တော့မှာပါ။
"မင်းက ဘာငါတို့ဟင်းရွက်တွေကို မဝယ်ရမှာလဲ။ ဒါတွေက မင်းတို့ လိုချင်တယ်ဆိုလို့ စိုက်ထားတာလေ"
"ဟုတ်တယ်၊ ဘာဖြစ်လို့လဲ"
ဒါပေမဲ့ ဒီလိုပြောတဲ့သူက နည်းနည်းပဲ ရှိတယ်။ အများစုကတော့ မျက်နှာပျက်ပြီး တုံ့ဆိုင်းကုန်ကြပါပြီ။
ဒါကို မြင်လိုက်ရတဲ့အခါ အသားမည်းမည်းလူက ပိုပြီ အရှိန်ရလာတယ်။ "မင်းတို့တွေ ဟိုလူဒီလူ ပြောတာကို လိုက်နားမယောင်နဲ့။ ဒီဟင်းရွက်တွေက ဘယ်လောက်တန်လဲဆိုတာ မင်းတို့ရင်ထဲမှာ မသိဘူးလား။ အရင်က ဘာဈေးကြီးခဲ့တာလဲဆိုတာရော မသိဘူးလား။ ငါပြောမယ်၊ မင်းတို့တွေ ခဏလောက် မြတ်သွားတာနဲ့တင် တော်သင့်ပြီ။ ဒါတွေကို ဂျင်ဆင်းတွေ၊ ရွှေတုံးတွေ ထင်နေတာလား။ ဒီဟင်းရွက်တွေရောင်းပြီး အိမ်ဆောက်၊ မိန်းမယူ၊ ကလေးမွေးပြီး မိသားစုတစ်ခုလုံးကို ကျွေးမွေးဖို့ စိတ်ကူးနေတာလား။ တော်စမ်းပါ၊ နေ့ခင်းကြောင်တောင် အိပ်မက်မမက်ကြနဲ့ဦး"
"မင်းက ဘာဒီလိုစကားမျိုး ပြောရတာလဲ"
"ငါ ဒီလိုပြောတော့ ဘာဖြစ်လဲ။ မြန်မြန်ဖယ်ကြစမ်း၊ မင်းတို့ မရောင်းချင်လည်း ရောင်းမယ့်သူတွေ အများကြီးပဲ။ ငါတို့က မင်းတို့ကို အသနားခံနေရတယ် မှတ်နေလား"
အသားမည်းမည်းလူက လှည်းကို မောင်းထွက်ဖို့ ဟန်ပြင်လိုက်တော့ ရွာသားတွေက ပြန်တားကြတယ်။
"နောက်ထပ် တစ်ပြားလောက် ထပ်တိုးပေးမရဘူးလား"
"တစ်ပြားမှ မတိုးပေးနိုင်ဘူး။ မင်းတို့ ရောင်းချင်ရောင်း၊ မရောင်းချင်နေ" အသားမည်းမည်းလူက အပေါ်စီးကနေ စိုက်ကြည့်ရင်း ပြောလိုက်တယ်။
နောက်ဆုံးတော့လည်း ဒီရွာသားတွေကပဲ အရှုံးပေးလိုက်ရတယ်။ ဟင်းရွက်တွေ ပုပ်ကုန်တာထက်စာရင်တော့ တော်သေးတာပေါ့။
ဒီလို အခြေအနေမျိုးတွေက နေရာအနှံ့အပြားမှာ ဖြစ်ပျက်နေတာလေ။ အစတုန်းက ဖော်ဖော်ရွေရွေရှိလှတဲ့ ဟူကျိဟာ အခုတော့ အမူအရာတွေ အကုန်ပြောင်းလဲသွားပြီး အရမ်းကို ရိုင်းစိုင်းကြမ်းတမ်းလာခဲ့တယ်။
91 04
ဟူကျိဆီမှာ ဈေးပေါပေါနဲ့ မရောင်းချင်ဘဲ မြို့ပေါ်ကို ကိုယ်တိုင် သွားရောင်းဖို့ ကြိုးစားတဲ့ ရွာသားတွေလည်း ရှိတယ်။
အဲဒီလိုတွေးတဲ့သူတွေက အများကြီးပါပဲ။
ဒါပေမဲ့ ကံဆိုးတာက မြို့ထဲမဝင်ခင်မှာတင် အတားခံလိုက်ရတာလေပဲ။ တားတဲ့သူတွေကတော့ ဟူကျိက လူတွေပါပဲ။
"မင်းတို့တွေ ဒီဟင်းရွက်တွေကို ဘယ်ယူသွားမလို့လဲ။ အရင်ကတော့ အိမ်မှာ ဟင်းရွက်မရှိတော့ဘူးလိမ်ပြောပြီး အခုတော့ ခိုးပြီး သွားရောင်းမလို့လား။ ငါတို့ကို ဘယ်သူက အလို့ ရတယ်များ မှတ်နေတာလဲ။ မင်းတို့ ငါတို့ ဟူကျိနဲ့ စာချုပ်ချုပ်ထားတာကို မမေ့နဲ့ဦး။ ငါတို့ သခင်ကြီးက မြို့နယ်အရာရှိရုံးမှာ လူရှိတယ်။ စာချုပ်ကို ဂရုမစိုက်တဲ့သူ ရှိရင်တော့ ရုံးတော်ကိုသွားပြီး ဖြေရှင်းကြတာပေါ့"
ဒီလိုပြောလိုက်တဲ့အခါ ရွာသားတွေ ကြောက်ပြီး နောက်ဆုတ်သွားကြပြန်တယ်။ သတ္တိရှိတဲ့ ရွာသားအနည်းငယ်ပဲ ကျန်တော့ပေမဲ့ လူနည်းစုဆိုတော့ ဘာမှလုပ်လို့မရပါဘူး။
ဟူကျိနဲ့ ရန်ဖြစ်တဲ့ ရွာသားတွေလည်း ရှိတယ်။ ဒါပေမဲ့ ပြန်ရလိုက်တာကတော့ အရိုက်အနှက်ခံရတာပဲ ရှိတယ်။
ရွာသားတွေမှာ ဘာမှခုခံနိုင်စွမ်း မရှိကြပါဘူး။ ဟင်းရွက်ဈေးတွေ တစ်နေ့ထက်တစ်နေ့ ကျဆင်းနေတာကိုပဲ ကြည့်နေရတယ်။ ဟူကျိ မပေါ်လာခင်ကထက်တောင် ဈေးက ပိုကျသွားပါပြီ။
ဒီအချိန်မှာတော့ ရွာသားတော်တော်များများ နောင်တရနေကြပါပြီ။ အရင်တုန်းက ဝမ်ကျိကလူတွေ လာဝယ်တုန်းက ဈေးနှုန်းက အမြဲတမ်း တည်ငြိမ်နေခဲ့တာလေ။
တစ်နှစ်ပတ်လုံးမှာ ဈေးအကျဆုံးအချိန်မှာတောင် အခုလောက်အထိ ဈေးကို နှိမ်တာမျိုး မရှိခဲ့ပါဘူး။ ဒါပေမဲ့ အခုတော့ ဘာပြောပြော နောက်ကျသွားပါပြီ။ သူတို့တွေဟာ ငွေမက်ပြီး အားလုံးပေါင်းကာ ဟူကျိနဲ့အတူ ဝမ်ကျိကို မောင်းထုတ်ခဲ့ကြတာလေ။ အခုတော့ ဟူကျိမှာ ပြိုင်ဘက်မရှိတော့သလို စိတ်ဓာတ်တွေလည်း ယုတ်မာလာကြပြီဆိုတော့ ဒီလိုဖြစ်ရတာဟာ ကိုယ်ပြုတဲ့ကံ ကိုယ်ပြန်ခံရတာပဲဆိုရပါလိမ့်မယ်။
ခရိုင်ဝန်ရွှီက ရုံးတော်နောက်ဘက်က သူ့အိမ်ကို ပြန်ရောက်တဲ့အခါ အမြဲတမ်း နူးညံ့သိမ်မွေ့တဲ့ ဇနီးဖြစ်သူက အိမ်စေတွေကို ဒေါသတကြီး ဆူပူနေတာကို မြင်လိုက်ရတယ်။
သူက ကုလားထိုင်မှာ ထိုင်လိုက်ပြီးမှ ဒေါသ မပြေသေးတဲ့ ဇနီးသည်ကို ကြည့်လိုက်တယ်။
"ဘာတွေဖြစ်ဒီလောက်တောင် ဒေါသထွက်နေရတာလဲ"
"အမတ်မင်း မသိလို့ပါ။ ဒီအိမ်စေတွေက တကယ့်ကို ယုတ်မာလွန်းလို့။ ကျွန်မတို့ မိသားစု လေးယောက်လုံးအတွက် အရင်ကဆိုရင် ဟင်းရွက်နဲ့ အသားစရိတ်က တစ်လကို ငွေအနည်းငယ်ပဲ ကုန်တာ။ အခု ဒီလမှာတော့ နှစ်ဆမက ပိုကုန်နေပြီ"
ရွှီမိသားစုက အရမ်းကြီးချမ်းသာတာတော့ မဟုတ်ပါဘူး။ သူတို့ကိုယ်တိုင်လည်း သာမန်မိသားစုကနေ လာတာလေ။ သတ္တမတန်းစား မြို့နယ်ဝန်တစ်ယောက်ရဲ့ တစ်နှစ်စာ လစာက ငွေပြားအနည်းငယ်ပဲ ရှိတာလေ။ ခရိုင်ဝန်ရွှီက အိမ်က အမေအိုကြီးကိုလည်း ထောက်ပံ့ရသေးသလို ညီအစ်ကိုတွေကိုလည်း ကူညီရသေးတာကြောင့် လက်ထဲမှာ ငွေက အမြဲတမ်း လောက်ရုံပဲ ရှိတယ်။
အရင်ကတည်းက ရွှီသခင်မက ဟင်းရွက်ဖိုးတွေ တဖြည်းဖြည်း တက်လာတာကို သတိထားမိပေမဲ့ အိမ်စေတွေက ရုံးတော်က ခန့်ထားပေးတာတွေ ဖြစ်နေတာကြောင့် သူမက အရမ်းကြီး မပြောချင်ပါဘူး၊ သူတို့တွေက သူမကို နှိမ်ပြီး ကြည့်မှာ စိုးတာကြောင့်ပါ။ ဒါပေမဲ့ သူမက သည်းခံလေလေ ဒီအိမ်စေတွေက ပိုပြီးရဲတင်းလာလေလေဖြစ်ပြီး ဒီလထဲမှာတော့ ဟင်းရွက်ဖိုးက မယုံနိုင်လောက်အောင်ကို မြင့်တက်လာခဲ့တယ်။
91 05
ဒီတော့ ရွှီသခင်မလည်း မသည်းခံနိုင်တော့ဘဲ အရင်က စိတ်ထားနဲ့မတူအောင် ဆူပူလိုက်မိတာလေ။
ရွှီသခင်မက အကြောင်းစုံကို ပြောပြနေတုန်းမှာပဲ အောက်မှာ ဒူးထောက်နေတဲ့ အိမ်စေတွေကလည်း မဟုတ်ပါဘူးငြင်းဆိုနေကြတယ်။
"အမတ်မင်းပါ၊ ကျွန်တော်တို့တွေက ဟင်းရွက်ဝယ်တဲ့ ငွေတွေကို ခိုးယူနေတာ မဟုတ်ပါဘူး။ အခုဈေးကွက်မှာ ဟင်းရွက်ဈေးတွေက အရမ်းကို တက်နေတာလေ။ သခင်မနဲ့ သခင်မလေးတို့က အသားမစားဘဲ ဟင်းရွက်ပဲ စားချင်တယ်ဆိုတော့ လတ်လတ်ဆတ်ဆတ် ဟင်းရွက်တွေရဖို့ ကျွန်တော်တို့တွေ ဘယ်လောက်တောင် ကြိုးစားနေရလဲဆိုတာ။ နေ့တိုင်း အဲဒီဟင်းရွက်တွေရဖို့ မြို့တစ်ပတ်လုံးကို လှည့်ပတ်နေရတာလေ၊ သခင်မ အခုလို စွပ်စွဲတာကို မခံနိုင်ပါဘူး"
ဈေးဝယ်တာဝန်ယူရတဲ့ အဒေါ်ကြီးကလည်း မကြာသေးခင်က ဟင်းရွက်ဈေးတွေ ဘယ်လောက်တက်နေလဲဆိုတာကို ပြောပြနေတယ်။ လွန်ခဲ့တဲ့ နှစ်လက ပြားဂဏန်းကနေ အခုဆို တစ်ဆယ်ကျော်အထိ ဖြစ်နေပြီ၊ ဟင်းရွက်ဈေးက အသားဈေးထက်တောင် ပိုကြီးနေပြီညည်းတွားနေကြတယ်။ ဒါပေမဲ့ သခင်မနဲ့ သခင်မလေးကို ကောင်းကောင်းကျွေးနိုင်ဖို့အတွက် သူတို့ကလည်း အကောင်းဆုံးတွေကိုပဲ ရွေးဝယ်နေရတာလေတဲ့။
ဒီလူတွေက ဘယ်သိပါ့မလဲ၊ ရွှီသခင်မနဲ့ ခရိုင်ဝန်ရွှီတို့က ငယ်ငယ်ကတည်းက အတူတူ ဆင်းရဲပင်ပန်းစွာ ဖြတ်သန်းလာခဲ့ကြတာလေ။ ခရိုင်ဝန်ရွှီက ရာထူးရတာ နှစ်အနည်းငယ်ပဲ ရှိသေးပြီး နောက်ခံလည်း မရှိ၊ အထက်လူကြီးတွေကို ပေးကမ်းဖို့ ငွေလည်းမရှိတာကြောင့် တာဝန်ကျတဲ့ နေရာတိုင်းမှာ သတ္တမတန်းစား ရာထူးနဲ့ပဲ ရှိနေခဲ့တာလေ။
အရင်က တာဝန်ကျခဲ့တဲ့ နေရာတွေက ရှမုန့်ထက်တောင် ပိုပြီး ဆင်းရဲငတ်မွတ်တဲ့ နေရာတွေပါ။ ပြောရရင်တော့ ငှက်တောင် နားစရာမရှိတဲ့ နေရာမျိုးတွေပေါ့။ အခု ရှမုန့်မှာတော့ အရင်ကထက် အများကြီး ပိုအဆင်ပြေတယ်။
ဒါပေမဲ့ သူတို့ရဲ့ အမြင်ကတော့ အရင်အတိုင်းပါပဲ။ အရင်ကဆိုရင် ဘယ်သူကမှ ခရိုင်ဝန်ကတော်ကို လာပြီး ဖားတာမျိုး မရှိပါဘူး၊ ဘာလို့လဲဆိုတော့ အားလုံးက ဆင်းရဲနေကြတာကိုး။ အခုတော့ ချမ်းသာတဲ့သူတွေက လာပြီး ပေါင်းချင်ကြပေမဲ့ ခရိုင်ဝန်ရွှီက အခုမှရောက်ကာစဆိုတော့ ခြေကုပ်မမြဲသေးတာကြောင့် ဘယ်သူနဲ့မှ အလွန်အကျွံ မပတ်သက်ရဲပါဘူး။ သူ့ဇနီးကိုလည်း အဲဒီသူဌေးကတော်တွေနဲ့ မပေါင်းဖို့ တင်းတင်းကျပ်ကျပ် တားမြစ်ထားတယ်။
ရွှီသခင်မရဲ့ အမြင်မှာတော့ အသားက ဟင်းရွက်ထက် ဈေးကြီးရမှာပါ။ ဒါပေမဲ့ သူမက ခရိုင်ဝန်ကတော် ဖြစ်နေတော့ အိမ်စေတွေရှေ့မှာ အဲဒီလို ပြောဖို့ကလည်း မကောင်းပါဘူး။ ဒါကြောင့် သူမက ကိုယ်အလေးချိန် ထိန်းဖို့အတွက် ဟင်းရွက်ပဲ စားတာလေပြောရင်း သမီးဖြစ်သူကိုပါ ဟင်းရွက်ပဲ ကျွေးနေတာလေ။
ဒါကြောင့် ရွှီမိသားစုရဲ့အခြေအနေကတော့ အမျိုးသမီးနှစ်ယောက်က ဟင်းရွက်ပဲ စားပြီး အသားဟင်းတွေကိုတော့ ခရိုင်ဝန်ရွှီနဲ့ တစ်ဦးတည်းသော သားဖြစ်သူအတွက်ပဲ ချန်ထားပေးတာလေ။ ဒါပေမဲ့ အခုလို ဟင်းရွက်ဈေးက အသားဈေးထက် ပိုကြီးနေမယ်ဘယ်သူက ထင်ထားပါ့မလဲ။ ဒါကြောင့်လည်း ရွှီသခင်မက လုံးဝ လက်မခံနိုင်ဖြစ်နေရတာလေ။
ဒီလိုကိစ္စမျိုးကိုတော့ အိမ်စေတွေကို ပြောပြလို့မရပါဘူး။ ဒါပေမဲ့ ခရိုင်ဝန်ရွှီကတော့ အကုန်လုံးကို သိနေတယ်။ သူ့ဇနီးက ခေါင်းလေးငုံ့ပြီး မျက်နှာလေး နီရဲနေတာကို မြင်ရတော့ သူ့ရင်ထဲမှာ သနားစိတ်တွေ၊ နှမြောစိတ်တွေနဲ့ ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်လာတယ်။
ဒါပေမဲ့ တစ်ဖက်ကလည်း အခြေအနေတစ်ခုခု မှားယွင်းနေပြီဆိုတာကို သူ သတိထားမိလိုက်တယ်။ အရင်ကလည်း ရုံးတော်က လူတွေ ပြောနေကြတာကို သူ ကြားဖူးတယ်၊ ဟင်းရွက်ဈေးက အသားဈေးထက် ပိုကြီးနေပြီဆိုတာကိုပေါ့။ သူကတော့ ပိုပြောနေကြတာလို့ပဲ ထင်ထားတာ၊ အခုလိုမျိုး အခြေအနေအထိ ဖြစ်နေလိမ့်မယ်မထင်ထားခဲ့ပါဘူး။
"ဒါကတော့ ကုန်သည်ယုတ်တွေ ကြားကနေ အမြတ်ထုတ်နေတာ သေချာတယ်။ ငါ သေချာစုံစမ်းပြီးရင်တော့ အဲဒီလူတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်"
91 06
ဒီလိုပြောလိုက်တော့မှ ရွှီသခင်မရဲ့မျက်နှာလည်း အနည်းငယ် ပြေလည်သွားသလို အိမ်စေတွေရှေ့မှာလည်း မျက်နှာပန်းလှသွားတယ်။ အိမ်စေတွေ ပြန်သွားပြီးတဲ့နောက် ခရိုင်ဝန်ရွှီက သူ့ဇနီးကို နှစ်သိမ့်ပေးလိုက်ပြီး ချက်ချင်းပဲ အောက်ကလူတွေကို အကျိုးအကြောင်း စုံစမ်းဖို့ ခိုင်းလိုက်တယ်။
ဒါပေမဲ့ ဒီလိုကိစ္စမျိုးက စုံစမ်းဖို့ မလွယ်ပါဘူး။ ရဲမက်တွေ ဈေးထဲကိုသွားပြီး ဟင်းရွက်ဆိုင်တိုင်းကို မေးကြည့်တော့ ဈေးနှုန်းက တကယ်ပဲ မြင့်တက်နေတာလေ။
သေချာမေးမြန်းကြည့်တော့မှ သိရတာက မနှစ်က ကောက်ပဲသီးနှံတွေ အထွက်ကောင်းတောင်သူတွေ အဆင်ပြေခဲ့ကြပြီး ဒီနှစ်မှာတော့ ဆန်စပါးတွေ ပိုထွက်ဖို့အတွက် ဟင်းရွက်စိုက်တဲ့ မြေတွေကိုပါ ဆန်စပါး စိုက်ပစ်လိုက်ကြတာလေ။ ရှမုန့်ခရိုင်က မြေကလည်း အရမ်းကြီး မြေဆီလွှာမကောင်းသလို ရာသီဥတုကလည်း အေးပြီး လေထန်တာကြောင့် ဟင်းရွက်အထွက်နှုန်းက တောင်ပိုင်းက နေရာတွေလို မကောင်းပါဘူး။
ပစ္စည်းရှားရင် ဈေးတက်တာကတော့ သဘာဝပါပဲ။
ရဲမက်တွေက ဒီအချက်ကို ခရိုင်ဝန်ရွှီဆီ သတင်းပို့လိုက်တယ်။
ခရိုင်ဝန်ရွှီက ဆင်းရဲတဲ့ မိသားစုကနေ လာတာဆိုတော့ တောင်သူတွေက ဆန်စပါးကို ဘယ်လောက် တန်ဖိုးထားလဲဆိုတာ သိတယ်။ ဆန်စပါး ပိုစိုက်ပြီး ဟင်းရွက် လျှော့စိုက်တာက ထူးဆန်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဟင်းရွက်ဈေးက အခုလောက်အထိ ကြီးနေတာကတော့ တကယ်ကို အံ့သြစရာပါပဲ။ အခုမှ ရှစ်လပိုင်းပဲ ရှိသေးတယ်၊ ဆယ်လပိုင်း ရာသီဥတုအေးလာပြီး ဟင်းရွက်တွေ ပိုရှားလာရင်တော့ ဈေးက ကောင်းကင်အထိ တက်သွားမှာလားလို့တောင် တွေးမိတယ်။
သူ ဘာလုပ်ရမှန်းမသိ ဖြစ်နေတုန်း၊ သူ့ဘာသာသူပဲ ဟင်းရွက်စိုက်ခင်းလေး တစ်ခုလုပ်ပြီး စိုက်စားရမလား စဉ်းစားနေတဲ့အချိန်မှာပဲ ရွှီရှို့ချိုင် လာတွေ့တယ်သတင်းလာပို့တယ်။
ခရိုင်ဝန်ရွှီက အစတုန်းက ဘယ်သူလဲ ချက်ချင်းမမှတ်မိပါဘူး။ ရှို့ချိုင်တစ်ယောက်က သူ့လို ခရိုင်ဝန်တစ်ယောက်ကို လာတွေ့တယ်ဆိုတော့ ဘာကိစ္စပါလိမ့် တွေးနေမိသေးတယ်။ ဒါပေမဲ့ ရဲမက်က ဒါဟာ ရွှီထင်းရှန်းဖြစ်တယ်ပြောပြလိုက်တော့မှ သူ မှတ်မိသွားတယ်။
"အမြန်ဖိတ်လိုက်ပါ"
မကြာခင်မှာပဲ ရွှီထင်းရှန်းကို အထဲဖိတ်လိုက်တယ်။
သူက ကျောင်းသားဝတ်စုံကို ဝတ်ဆင်ထားပြီး ရုပ်ရည်က သန့်ပြန့်ကာ ခန္ဓာကိုယ်ကလည်း ဖြောင့်စင်းနေတယ်။ မျက်နှာလေးက နည်းနည်းတော့ နုနယ်သေးပေမဲ့ မျက်ခုံးကြားက တည်ငြိမ်တဲ့ အမူအရာကတော့ အဲဒီနုနယ်မှုကို ဖုံးကွယ်ထားတယ်။
ရွှီထင်းရှန်းက နှုတ်ဆက်ပြီးနောက်မှ ထိုင်ခုံမှာ ထိုင်လိုက်တယ်။
နှစ်ယောက်သား အပြန်အလှန် နှုတ်ဆက်စကားတွေ ပြောကြတယ်။ ခရိုင်ဝန်ရွှီက လူအများရှေ့မှာ ရှိတတ်တဲ့ တည်ကြည်တဲ့ အမူအရာကို ခဏဖယ်ထားပြီး အရမ်းကို ဖော်ဖော်ရွေရွေ ဆက်ဆံတယ်။ ရွှီထင်းရှန်းကလည်း ပညာရပ်ဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးဖို့ လာတာလေ အစပျိုးလိုက်တာကြောင့် စကားပြောရတာ အဆင်ပြေနေတယ်။
ဒါပေမဲ့ စကားပြောရင်းနဲ့ ခရိုင်ဝန်ရွှီက ရွှီထင်းရှန်းမှာ ပြောစရာ ကိစ္စတစ်ခုခု ရှိနေတယ်ဆိုတာကို ရိပ်မိလိုက်တယ်။ သူက ဟန်ဆောင်မနေဘဲ တိုက်ရိုက်ပဲ မေးမြန်းလိုက်တယ်။
"ကျွန်တော် ဒီနေ့လာတာက တကယ်တော့ ကိုယ်ရေးကိုယ်တာ ကိစ္စလေး တစ်ခုရှိလို့ အမတ်မင်းကို အကူအညီတောင်းချင်လို့ပါ။ ဒါဟာ ပြည်သူတွေရဲ့ စားဝတ်နေရေးနဲ့လည်း ဆိုင်သလို တစ်ဖက်ကလည်း ကျွန်တော့်ရဲ့ဇနီးလောင်းက တခဏလောက် ဝေဖန်ပိုင်းခြားမှု မှားယွင်းပြီး အမှားတစ်ခု လုပ်မိသွားတာကြောင့် အခြေအနေတွေ မဆိုးရွားခင်မှာ အချိန်မီ ပြန်လည်ကုစားပေးချင်လို့ပါ"
91 07
ခရိုင်ဝန်ရွှီက စိတ်ဝင်စားသွားတယ်။ ဒါပေမဲ့ သူ စိတ်ဝင်စားတာက ပြည်သူ့အရေးထက် ရွှီထင်းရှန်းမှာ ဇနီးရှိနေပြီဆိုတာကိုပါ။ ရွှီထင်းရှန်းက ကြည့်ရတာ အသက်လည်း သိပ်မကြီးသေးဘဲ ဘယ်လိုဖြစ်မိသားစု ရှိနေရတာလဲပေါ့။
ခရိုင်ဝန်ရွှီရဲ့ သိချင်စိတ်ကို ရိပ်မိပုံရတဲ့ ရွှီထင်းရှန်းက အကြောင်းစုံကို အေးအေးဆေးဆေးပဲ ရှင်းပြလိုက်ပါတော့တယ်။
******
92 01
အခန်း (၉၂)
အကြောင်းစုံကို နားထောင်ပြီးနောက် ခရိုင်ဝန်ရွှီမှာ သက်ပြင်းကိုသာ အကြိမ်ကြိမ် ချမိပါတော့တယ်။ ထိုနေ့က ယွီချင်းရွာသို့ သူကိုယ်တိုင် သွားရောက်စဉ်ကတည်းက ဤကိစ္စမှာ မရိုးရှင်းမှန်း သူ သိထားပြီးသားဖြစ်သော်လည်း နောက်ကွယ်တွင် ဤမျှအထိ ဇာတ်လမ်းများစွာ ရှိလိမ့်မည်ဟုတော့ မထင်မှတ်ထားခဲ့မိပေ။
ရွှီထင်းရှန်း၏ ပွင့်လင်းမြင်သာစွာ တိုင်ပင်မှုက ခရိုင်ဝန်ရွှီကို ရင်းနှီးနွေးထွေးမှုတစ်မျိုး ခံစားရစေသည်။ နှစ်ဦးကြား ဆက်ဆံရေးမှာ အလွန်ပင် ရင်းနှီးသွားသယောင်ရှိ၏။
ဤကဲ့သို့သော ကိစ္စမျိုးမှာ အထူးသဖြင့် ရွှီထင်းရှန်းကဲ့သို့ စာမေးပွဲ သုံးကြိမ်ဆက်တိုက် ပထမရထားသူအဖို့ နောင်တစ်ချိန်တွင် အနာဂတ်မှာ အလွန်တောက်ပလာမည်မှာ သေချာလှသည်။ ယခုကဲ့သို့ အောင်မြင်မှုရနေချိန်တွင် မိသားစုအတွင်းရေး ကိစ္စရပ်များကို ဖုံးကွယ်ထားတတ်ကြသည်မှာ ဓမ္မတာပင်ဖြစ်၏။ ပညာတတ်တစ်ဦးအနေဖြင့် သိက္ခာကို အလေးထားရမည်မဟုတ်ပါလား။
သို့သော်လည်း ရွှီထင်းရှန်းကမူ ဤကိစ္စများကို သူ့အား အိတ်သွန်ဖာမှောက် ပြောပြလာခြင်းမှာ သူ့အပေါ်တွင် မည်မျှအထိ ယုံကြည်ရင်းနှီးမှုရှိသည်ကို ပြသနေခြင်းပင် ဖြစ်သည်။
ခရိုင်ဝန်ရွှီသည်လည်း ထိုခံစားချက်ကို ကောင်းစွာ နားလည်နိုင်သည်။ သူကိုယ်တိုင်လည်း ဆင်းရဲသား တောင်သူမျိုးရိုးမှ လာသူဖြစ်ရာ၊ တောင်သူသားတစ်ဦး ဘဝတစ်ခုကို ရုန်းကန်တည်ဆောက်ရချိန်တွင် ကြုံတွေ့ရသည့် အောင်မြင်မှုများ၏နောက်ကွယ်မှ အခါး၊အချို ဒုက္ခအဝဝကို သူ့ထက် ပိုသိသူ မရှိနိုင်တော့ပေ။
"ဟိုတုန်းက ငါ့ဇနီးသည်ကလည်း အဝတ်အစားတွေ ချုပ်လုပ်ပြင်ဆင်ပေးပြီး ရတဲ့ငွေလေးနဲ့ အိမ်ထောင်ရေးကို ထိန်းကျောင်းခဲ့ရတာ။ အဲဒီငွေလေးတွေနဲ့ပဲ ငါလည်း ကျင်းရှီဘွဲ့ ရအောင် ကြိုးစားခဲ့ရတာပေါ့" ခရိုင်ဝန်ရွှီ၏မျက်နှာတွင် အတိတ်ကို ပြန်လည်အောက်မေ့ရင်း ဝမ်းနည်းရိပ်များ ယှက်သန်းသွားကာ သူ့ရင်ထဲမှ နောင်တအချို့ကိုလည်း အရိပ်အယောင် မြင်နေရသည်။
အရာရှိဖြစ်လာလျှင် ပြဿနာအားလုံး ပြေလည်သွားမည်၊ အစားအသောက် အဝတ်အစားအတွက် ပူစရာမလိုဘဲ ရွှေနန်းငွေနန်းနှင့် ခန့်ခန့်ညားညား နေရမည်ဟု ထင်မှတ်ထားခဲ့သော်လည်း တကယ်တမ်း အရာရှိဖြစ်လာသည့်အခါမှသာ ဤလမ်းခရီးမှာ မည်မျှအထိ ခက်ခဲကြောင်းကို ကိုယ်တိုင် သိမြင်လာရခြင်းဖြစ်၏။ နောက်ခံအင်အား မရှိသည့်အတွက် ဆင်းရဲနွမ်းပါးသည့် ဒေသများတွင်သာ တာဝန်ထမ်းဆောင်ခဲ့ရပြီး သုံးနှစ်တာကာလကို ခက်ခဲစွာ ဖြတ်သန်းပြီးမှ နေရာသစ်တစ်ခု ရောက်လာပြန်လျှင်လည်း ခြေလှမ်းတိုင်းမှာ ခက်ခဲနေမြဲပင်။
အိမ်ကလူတွေကလည်း ငြိမ်ငြိမ်မနေကြပေ။ အရင်က ဆင်းရဲလှသည့် ဒေသတွင် တာဝန်ကျစဉ်က အမျိုးတွေ လာရောက်ခိုလှုံမှာကို တားထားနိုင်ခဲ့သော်လည်း အခုနေရာပြောင်းလာသည့်အခါမှာတော့ သူ့အမေအိုကြီးဆီကနေ ညီအစ်ကိုတွေကို ခေါ်ပြီး လာနေတော့မည့်အကြောင်း စာတွေ အကြိမ်ကြိမ် ရောက်လာနေပြီ ဖြစ်သည်။
ခိုလှုံသည်ဆိုသည်မှာလည်း သူ အရာရှိဖြစ်နေပြီမို့ ကောင်းကောင်းစား၊ ကောင်းကောင်းနေရမည်ဟု ထင်မှတ်နေကြခြင်းသာဖြစ်၏။ သူတို့ မသိသည်မှာကား ခရိုင်ဝန်ကတော်ကြီးကိုယ်တိုင် ဟင်းရွက်ဖိုး ငွေအနည်းငယ်အတွက် အိမ်စေတွေနဲ့ ဒေါသတကြီး ငြင်းခုံနေရသည့် အဖြစ်ကိုပင်။
92 02
နောင်တွင် အိပ်ဆောင်သို့ ပြန်ရောက်သည့်အခါ ဇနီးဖြစ်သူက အရှက်ရကာ တိုးတိုးလေး ငိုကြွေးနေမည်ကိုတွေးမိပြီး သူကိုယ်တိုင်လည်း မည်သို့မျှ မနှစ်သိမ့်နိုင်သည်ကို သိနေသဖြင့် ခရိုင်ဝန်ရွှီ၏ ရင်ထဲတွင် ပို၍ပင် နောင်တရမိနေတော့သည်။
သူက သက်ပြင်းကို ခပ်ဖွဖွချရင်း ရွှီထင်းရှန်းကို ကြည့်ကာ စိတ်ကို တင်းလိုက်သည်။ "မင်းရဲ့ဇနီးလောင်းကလည်း စိတ်ထားဖြောင့်မတ်တဲ့သူပဲ။ ဟိုဟူဆိုတဲ့လူနဲ့ ဈေးပြိုင်တာကလည်း မတတ်သာလုပ်ခဲ့ရတာဆိုတော့ ငါကလည်း သူ့ကို ဘယ်လိုလုပ် အပြစ်တင်နိုင်ပါ့မလဲ။ သူ့ကို မစိုးရိမ်ဖို့ ပြောလိုက်ပါ။ ဒီလိုကိစ္စမျိုးကို သူက ကြိုတင်သိမြင်ပြီး လာပြောပြတာကိုပဲ ငါက ကျေးဇူးတင်ရဦးမယ်။ မဟုတ်ရင် ကိစ္စတွေက ပိုကြီးသွားပြီး အထက်ကလူတွေ သတိထားမိသွားရင် ငါလည်း..."
ကျန်သည့်စကားကို သူ ဆက်မပြောတော့ဘဲ ခေတ္တရပ်လိုက်ပြီးမှ "ကုန်သည်ယုတ်တွေက တကယ်ကို ရွံစရာကောင်းတာပဲ။ ဒါပေမဲ့ ဒီအတိုင်းတော့ ထားလို့မရဘူး။ အစိုးရက ပြည်သူတွေရဲ့ စားဝတ်နေရေးကို အမြဲတမ်း အလေးထားခဲ့တာပဲ။ ဈေးနှုန်းတွေကို ထိန်းညှိဖို့အတွက် ဒေသအလိုက် သိုလှောင်ရုံတွေ ထားရှိပြီး ဆန်စပါးဈေးကျရင် ဝယ်စုမယ်၊ ဈေးတက်ရင် ပြန်ထုတ်ရောင်းမယ်ဆိုတဲ့ စနစ်တွေ ရှိထားပြီးသားပါ။ ဒါပေမဲ့ အခုလို ဟင်းရွက်လေးတွေကတောင် ဒေသတစ်ခုလုံးရဲ့ တည်ငြိမ်မှုကို ထိခိုက်စေနိုင်လိမ့်မယ်ငါ မထင်ထားခဲ့မိဘူး။ အခုချက်ချင်းပဲ ဟူတာ့ဟိုင်ကို ဖမ်းဆီးစစ်ဆေးဖို့ ငါ ခိုင်းလိုက်မယ်။ ဒီစာချုပ်တွေကိုတော့ မင်းပဲ ပြန်ယူသွားလိုက်ပါတော့။ မင်းဇနီးလောင်း ပိုင်ဆိုင်တာဆိုမှတော့ သူ့ဆီမှာပဲ ရှိနေသင့်တာပေါ့။ ဒါပေမဲ့ တစ်ခုတော့ မှတ်ထားပါ၊ ဘာပဲလုပ်လုပ် သတိနဲ့ လုပ်ကြဖို့ပေါ့"
"အမတ်မင်းကို ကျေးဇူးအများကြီး တင်တယ်ခင်ဗျာ" ရွှီထင်းရှန်းက အရိုအသေပေး နှုတ်ဆက်လိုက်ပြီးနောက် ပြန်ထိုင်ကာ "ဒါပေမဲ့ ကျွန်တော့်မှာ အမတ်မင်းကို အကူအညီတောင်းချင်တာ တစ်ခု ကျန်ပါသေးတယ်။ ပြောရမှာ အားတော့နာတယ်"
"ပြောပါဦး"
"ကျွန်တော်က အခုမှ ရှို့ချိုင်တစ်ယောက်ပဲ ရှိသေးပေမဲ့ ကျွန်တော့်ရင်ထဲမှာတော့ ကြီးမားတဲ့ ရည်မှန်းချက်တွေ ရှိတယ်။ နောင်တစ်ချိန်မှာ အစိုးရအတွက် အကျိုးပြုနိုင်သူ တစ်ယောက် ဖြစ်ချင်တာလေ။ မကြာသေးခင်က ဆရာနဲ့အတူ အုပ်ချုပ်ရေး၊ ဥပဒေနဲ့ သမိုင်းကြောင်းတွေကို လေ့လာတဲ့အခါမှာ အရာရှိတစ်ယောက် ဖြစ်ရတာ မလွယ်ကူသလို လောကကြီးကလည်း ခက်ခဲနက်နဲမှန်း သိလာရတယ်။ အခု ဒီကိစ္စကို ကြုံလိုက်ရတော့ ကုန်သွယ်မှုပိုင်းမှာ အစိုးရရဲ့ ထိန်းချုပ်နိုင်စွမ်းက အားနည်းနေသေးတာကို သတိပြုမိလိုက်တယ်။ ကျွန်တော့်ရဲ့ အမြင်ကတော့ ကျဉ်းမြောင်းပါသေးတယ်၊ အုပ်ချုပ်ရေးဆိုင်ရာ မဟာဗျူဟာကြီးတွေကိုတော့ ကျွန်တော် ကောင်းကောင်း နားမလည်သေးပါဘူး။ ဒါပေမဲ့ ဒီဟင်းရွက်ကိစ္စလေးကိုပဲ ဥပမာထားကြည့်ရင် အစိုးရဘက်က ထိန်းချုပ်နိုင်မယ့် နည်းလမ်းတစ်ခုခုသာ ရှိခဲ့မယ်ဆိုရင် ဈေးနှုန်းတွေ ဒီလောက်အထိ တက်ပြီး ဈေးကွက်ကို ထိခိုက်မှာမျိုး ပူစရာမလိုတော့ပါဘူး"
ရွှီထင်းရှန်း၏စကားက တစ်စုံတစ်ခုကို လမ်းခင်းပေးနေမှန်း သိသာလှသဖြင့် ခရိုင်ဝန်ရွှီက မေးလိုက်သည်။ "မင်းမှာ ဘယ်လိုအကြံဉာဏ်မျိုး ရှိလို့လဲ"
"ကျွန်တော့်ရဲ့အမြင်က မှားရင်လည်း ခွင့်လွှတ်ပေးပါ အမတ်မင်း" သူက ထပ်မံ၍ အရိုအသေပေးလိုက်ပြီးမှ မတ်တတ်ရပ်ကာ "ဒီကိစ္စက အခုလို ထိန်းမနိုင်သိမ်းမရ ဖြစ်သွားတာက လူတွေက အလေးမထားခဲ့ကြလို့ပါ။ လူတိုင်းက ဆန်စပါးဈေးနှုန်းကိုပဲ အဓိကထားကြပြီး ဒီလို ဟင်းရွက်လေးတွေကိုတော့ အသေးအဖွဲလို့ပဲ သတ်မှတ်ထားကြတာကိုး"
"ဒါပေမဲ့ အိမ်ထောင်စုတိုင်းမှာ မရှိမဖြစ်လိုအပ်တဲ့ အခြေခံပစ္စည်း ၇ မျိုး ရှိတယ်။ ထင်း၊ ဆန်၊ ဆီ၊ ဆား၊ ပဲငံပြာရည်၊ ရှာလကာရည်နဲ့ လက်ဖက်ခြောက်တို့ပါ။ ဆားဆိုရင် အစိုးရက တိုက်ရိုက်ထိန်းချုပ်ထားတယ်၊ ဘာလို့လဲဆိုတော့ လူတိုင်းအတွက် မရှိမဖြစ်မို့လို့ပဲ။ တကယ်တော့ ဟင်းရွက်ကလည်း အတူတူပါပဲ။ အမြတ်နည်းဘယ်သူမှ စိတ်မဝင်စားကြပေမဲ့ အခုလို ကိစ္စမျိုးဖြစ်လာရင်တော့ လူတွေက သတိထားမိလာကြမှာပါ။ ငွေမျက်နှာတစ်ခုတည်း ကြည့်တတ်ကြတဲ့ လူ့သဘာဝအရ အမတ်မင်းက အခုတစ်ယောက်ကို ပြင်းပြင်းထန်ထန် အပြစ်ပေးလိုက်ရင်တောင် နောက်ပိုင်းမှာ ဟာကွက်ကို ရှာပြီး လုပ်မယ့်သူတွေ ရှိနေဦးမှာပဲ"
92 03
"ဒါဆိုရင် ဘယ်လို နည်းလမ်းမျိုး ရှိနိုင်မလဲ"
"အမတ်မင်းအနေနဲ့ ဒီလုပ်ငန်းကို လုပ်ကိုင်ခွင့်ကို လူတစ်ယောက်တည်းကိုပဲ ပေးထားလိုက်ဖို့ပါ။ တခြားသူတွေကိုတော့ ဈေးကွက်ထဲ ဝင်ခွင့်မပြုပါနဲ့။ အဲဒီအခါကျရင် ဈေးနှုန်းတွေ ကမောက်ကမဖြစ်လာတိုင်း အမတ်မင်းအနေနဲ့ အဲဒီလူတစ်ယောက်တည်းကိုပဲ ခေါ်ပြီး ဖြေရှင်းလိုက်ရုံပါပဲ"
ဤစကားကို ကြားလိုက်ရသည့်အခါ ခရိုင်ဝန်ရွှီက ရွှီထင်းရှန်း၏ ဆိုလိုရင်းကို နားလည်သွားပါတော့သည်။
ဤမျှလောက် ရှည်ရှည်ဝေးဝေး ပြောနေသည်မှာ ရွှီထင်းရှန်းအနေဖြင့် သူ့ဆီမှ လုပ်ပိုင်ခွင့် လက်မှတ်တစ်ခုကို လိုချင်နေခြင်းသာ ဖြစ်သည်။ အစိုးရ၏ အာဏာကို အသုံးချကာ ဈေးကွက်ကို လက်ဝါးကြီးအုပ်ချင်နေခြင်းပင်။ သို့သော်လည်း ရွှီထင်းရှန်းက သူ့အပေါ်တွင် ပေးဆပ်လိုက်သည့် ကျေးဇူးကလည်း မနည်းပေ။ ပထမအချက်အနေဖြင့် သူ မသိလိုက်ဘဲ ဖြစ်လာနိုင်မည့် ဘေးဒုက္ခကို ကြိုတင်သိရှိအောင် လုပ်ပေးခဲ့သည်။ ဒုတိယအချက်မှာ ဤနည်းလမ်းကို အသုံးပြု၍ ဈေးကွက်ကို တည်ငြိမ်အောင် လုပ်နိုင်ခဲ့လျှင် သူသည် အထက်သို့ အစီရင်ခံစာတင်ကာ သူ၏ အုပ်ချုပ်ရေးစွမ်းရည်ကို ပြသနိုင်မည်ဖြစ်ပြီး ၎င်းသည် သူ၏ ရာထူးတက်ရေးအတွက် အမှတ်ကောင်းများ ရစေမည်ဖြစ်သည်။
ရွှီထင်းရှန်း ပြောသကဲ့သို့ပင် အိမ်ထောင်စုတိုင်းတွင် မရှိမဖြစ်လိုအပ်သည့် အရာများမှာ အမြတ်နည်းသော်လည်း တစ်စုံတစ်ယောက်ကသာ နောက်ကွယ်မှ လက်ဝါးကြီးအုပ် ဈေးကစားလိုက်လျှင် ဈေးကွက်ကြီးတစ်ခုလုံး ကမောက်ကမ ဖြစ်သွားနိုင်သည် မဟုတ်ပါလား။
"ပြီးတော့ အစိုးရအတွက်လည်း အကျိုးရှိတယ်။ ဟိုတစ်စု ဒီတစ်စု ဖြစ်နေတဲ့ လုပ်ငန်းတွေကို တစ်စုတစ်စည်းတည်း ဖြစ်သွားစေတဲ့အတွက် ကုန်သွယ်ခွန် ကောက်ခံတဲ့အခါမှာလည်း ပိုပြီးလွယ်ကူသွားမှာပါ။ ဒါပေမဲ့ ဟင်းရွက်ဆိုတာက တန်ဖိုးနည်းတဲ့ အရာမို့အခွန်ကိုတော့ အရမ်းကြီး မကောက်ဖို့ အမတ်မင်းကို မေတ္တာရပ်ခံချင်တယ်။ အခွန်များရင် ဈေးကွက်ကို ထပ်ပြီး ရိုက်ခတ်နိုင်လို့ပါ"
ကောင်းလေစွ၊ ဒီကောင်လေးက အမြတ်နဲ့ အရှုံး၊ အကျိုးနဲ့ အပြစ်အားလုံးကို ရှင်းပြသွားပြီဆိုတော့ သူ့မှာ ငြင်းစရာ အကြောင်းပြချက် မရှိတော့ပေ။
ခရိုင်ဝန်ရွှီက သူ့မုတ်ဆိတ်ကို ခပ်ဖွဖွသပ်ရင်း ပြုံးကာ မေးလိုက်သည်။ "ဒါဆိုရင် ရွှီရှို့ချိုင်မှာ ထောက်ခံပေးချင်တဲ့သူ ရှိလို့လား။ ငါကလည်း ဒီကို ရောက်တာ မကြာသေးတော့ ဒီကလူတွေကို သိပ်မသိသေးဘူး"
"အမတ်မင်းသာ ယုံကြည်မယ်ဆိုရင် ကျွန်တော့်ဇနီးလောင်းရဲ့ 'ဝမ်ကျိ ဟင်းရွက်အရောင်းအဝယ်' ကနေ တာဝန်ယူပေးနိုင်တယ်။ တကယ်တော့ ကျွန်တော့်ဇနီးလောင်းက အမှားကို သိပြီးကတည်းက ဖြေရှင်းမယ့် နည်းလမ်းကို ရှာတွေ့ထားပြီးသားပါ။ ဒါပေမဲ့ သူ့မှာ အင်အားမလောက်ဖြစ်နေတာ။ ကျွန်တော်ကလည်း ဒီကိစ္စက ပြည်သူတွေရဲ့ စားဝတ်နေရေးနဲ့ သက်ဆိုင်နေတာမို့အမတ်မင်းကို မကွယ်မဝှက်ဘဲ အခုလို လာရောက်အသိပေးရခြင်း ဖြစ်ပါတယ်"
"ဘယ်လို နည်းလမ်းမျိုးလဲ"
"ကျွန်တော့်ဇနီးလောင်းက မြေရိုင်းအချို့ကို ဝယ်ယူပြီး စိုက်ပျိုးဖို့ လူလွှတ်ထားပြီးသားပါ။ ဟင်းရွက်ဆိုတာက အချိန်တိုအတွင်း ဖြစ်ထွန်းတဲ့အရာမို့အကြာဆုံး နှစ်လ၊ အမြန်ဆုံး တစ်လအတွင်းမှာတင် ရနိုင်တယ်။ အဲဒီဟင်းရွက်တွေ ဈေးကွက်ထဲ ရောက်လာပြီဆိုရင်တော့ ပြဿနာက အလိုလို ပြေလည်သွားမှာပါ။ နှမြောစရာကောင်းတာက ကျွန်တော်တို့ဆီမှာ အရင်းအနှီးက နည်းနေသေးပြီး အကုန်လုံးကိုတော့ မလွှမ်းမိုးနိုင်သေးတာလေပဲ"
ခရိုင်ဝန်ရွှီက ရုတ်တရက် အကျယ်ကြီး ရယ်မောလိုက်ပါတော့သည်။ အတော်ကြာအောင် ရယ်ပြီးမှ ရွှီထင်းရှန်းကို လက်ညှိုးထိုးကာ ခေါင်းခါရင်း ဆိုလိုက်သည်။ "လူလည်လေး"
သူက မတ်တတ်ရပ်လိုက်ပြီး "ထားပါတော့၊ မင်းတို့ ဇနီးမောင်နှံက တစ်ယောက်က သတ္တိရှိတယ်၊ တစ်ယောက်က အကြံဉာဏ်ကောင်းတယ်။ ငါကလည်း မင်းတို့ကို ကူညီပေးလိုက်ပါ့မယ်။ ဒါဟာ ငါ့အတွက်လည်း အလုပ်ရှုပ်သက်သာတာပေါ့။ အရာရှိတစ်ယောက်ရဲ့ အုပ်ချုပ်ရေးမှာ အဓိကအချက်က 'ငြိမ်းချမ်းတည်ငြိမ်မှု' ပဲ မဟုတ်လား"
92 04
ခရိုင်ဝန်ရွှီက ရွှီထင်းရှန်းကို အဓိပ္ပာယ်ပါပါ တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့ကို ပြန်လည်ပို့ဆောင်ပေးဖို့ ခိုင်းလိုက်သည်။
ရွှီထင်းရှန်း အပြင်ကို လမ်းလျှောက်ထွက်လာရင်း နှာခေါင်းကို ပွတ်ကာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေမိသည်။
ခရိုင်ဝန်ရွှီ ပြောသွားတဲ့ 'သတ္တိရှိတယ်၊ အကြံဉာဏ်ကောင်းတယ်' ဆိုတာမှာ အကြံဉာဏ်ရှိသူကတော့ ကျောက်အာကို ဆိုလိုခြင်းဖြစ်ပြီး သတ္တိရှိသူကတော့ သူ့ကို ဆိုလိုခြင်း ဖြစ်သည်။
သတ္တိမရှိဘဲနှင့် ရှို့ချိုင်လေး တစ်ယောက်က ခရိုင်ဝန်တစ်ယောက်ရှေ့မှာ ဤမျှအထိ ရဲရဲတင်းတင်း စကားပြောရဲပါ့မလား။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဒါဟာ လာဘ်ထိုးခြင်းတစ်မျိုးပင်ဖြစ်ကာ အလွန်ကို ရဲတင်းလှသည့် လုပ်ရပ်ပင်။
ရွှီထင်းရှန်းက ဘယ်အချိန်မှာ လာဘ်ထိုးလိုက်သလဲဟု မေးစရာရှိသည်။
ခုနကပြောသွားသည့် ကုန်သွယ်ခွန်ကိစ္စ၊ အခွန်ကြီးလျှင် မခံနိုင်မည့်ကိစ္စ၊ မြေရိုင်းဝယ်ပြီး စိုက်ပျိုးမည့်ကိစ္စများမှာ လာဘ်ထိုးခြင်းမဟုတ်လျှင် ဘာဖြစ်နိုင်ဦးမည်နည်း။ အစိုးရမှာ ထိုကဲ့သို့ အခွန်သတ်မှတ်ချက် မရှိသေးသော်လည်း နောင်တွင် အခွန်ကောက်သည့်အခါ အနည်းအများ တင်ပြရန်မှာ ခရိုင်ဝန်ရွှီ၏လက်ထဲတွင်သာ ရှိသည်။ ထို့အပြင် ခရိုင်ဝန်ရွှီက 'ဝမ်ကျိ ဟင်းရွက်အရောင်းအဝယ်' ကိုသာ တစ်ဦးတည်း လုပ်ပိုင်ခွင့် ပေးလိုက်သည်ဆိုလျှင်လည်း အကျိုးအမြတ်ကို ခွဲဝေပေးရမည်မှာ အလိုလို သိသာနေသည့် ကိစ္စပင်။
ရှေးယခင်ကတည်းက လုပ်ငန်းကြီးများက ဒေသခံအရာရှိကြီးများကို အစုရှယ်ယာများ ခွဲပေးတတ်ကြသည်မှာ ကွယ်ရာက သဘောတူညီချက်များပင် ဖြစ်သည်။ အကယ်၍ တခြားသူသာဆိုလျှင် ခရိုင်ဝန်ရွှီက ဤသို့ ဆက်ဆံမည်မဟုတ်ဘဲ အပြင်သို့ နှင်ထုတ်လိုက်မည်သာ ဖြစ်၏။ သူသည် အသစ်ရောက်လာသူဖြစ်သလို သတိကြီးသူလည်း ဖြစ်သဖြင့် လာဘ်လာဘကို လက်ခံလျှင်ပင် လူရွေးတတ်သူ ဖြစ်သည်။
သို့သော်လည်း ခရိုင်ဝန်ရွှီက ရွှီထင်းရှန်းကို အလွန်သဘောကျနေသလို၊ သူမှတစ်ဆင့် နယ်စားမင်းကြီးနှင့် ဆက်သွယ်နိုင်ရန်လည်း မျှော်လင့်နေခြင်း ဖြစ်သည်။ ရွှီထင်းရှန်းကို ကူညီပေးခြင်းနှင့်အတူ ဤနည်းလမ်းက ထိရောက်ပါက သူသည် အထက်သို့ အစီရင်ခံစာတင်ကာ သုံးနှစ်ပြည့်သည့်အခါ ရာထူးတက်ရန်အတွက် လမ်းခင်းနိုင်မည် ဖြစ်သည်။
ထို့ကြောင့် ဤတွေ့ဆုံမှုမှာ မြေခွေးအိုကြီးတစ်ကောင်ကို မြေခွေးပေါက်စလေးက ရေထဲသို့ ဆွဲခေါ်လိုက်သည့် အရောင်းအဝယ်တစ်ခုပင် ဖြစ်တော့သည်။
မြေခွေးအိုကြီးက အနည်းငယ် စိမ်းနေသေးသော်လည်း သင်ပြရလွယ်ကူသူ ဖြစ်သည်။ မြေခွေးပေါက်စလေးကတော့ ယုံကြည်မှုအပြည့်ရှိနေပုံရသော်လည်း သူ့ရင်ထဲက စိုးရိမ်မှုကိုတော့ သူကိုယ်တိုင်သာ သိပါလိမ့်မည်။
ရွှီထင်းရှန်းက အရာရှိလောကအကြောင်းကို သူ သိထားပြီးသားဟု ထင်မှတ်ထားသော်လည်း အမှန်တကယ်တော့ ထိုအရာများမှာ အိပ်မက်တစ်ခုသာဖြစ်ခဲ့ပြီး လက်တွေ့ဘဝတွင်မူ ဤသည်မှာ သူ ပထမဆုံးအကြိမ် လာဘ်ထိုးဖူးခြင်းပင် ဖြစ်ပေတော့မည်။
ရွှီထင်းရှန်း ရုံးတော်တံခါးဝကနေ ထွက်လာတဲ့အခါ ကျောက်အာက အပြင်မှာ စောင့်နေဆဲဖြစ်၏။
နှစ်ယောက်သား လှည်းပေါ်တက်ပြီး ရှေ့ကို ဆက်ထွက်လာကြသည်။ ရွှီထင်းရှန်း ပြောပြတာကို နားထောင်ပြီးနောက် ကျောက်အာ အံ့သြသွားရတာက တခြားကိစ္စမဟုတ်ဘဲ 'ဝမ်ကျိ ဟင်းရွက်အရောင်းအဝယ်' ဆိုတဲ့ နာမည်ကြောင့်ပါပဲ။
ဟင်းရွက်အရောင်းအဝယ်ဆိုတဲ့ နာမည်မျိုးက ဆိုင်လေးတစ်ဆိုင်တော့ ရှိမှ ဖြစ်မှာမဟုတ်လား။
92 05
"နင့်ဟာကလည်း ဘယ်လို နာမည်ပေးလိုက်တာလဲ၊ ငါတို့မှာ ဆိုင်မှ မရှိသေးတာ"
ကျောက်အာလည်း ဆိုင်ဖွင့်ဖို့ မစဉ်းစားခဲ့တာ မဟုတ်ပါဘူး။ ဒါပေမဲ့ အရင်က လက်ထဲမှာ အရင်းအနှီး မရှိခဲ့သလို မြို့ပေါ်က လူပေါင်းစုံကြားမှာ သူတို့လို နောက်ခံမရှိတဲ့သူတွေ ဆိုင်လာဖွင့်ရင် အနှိမ်ခံရမှာကိုလည်း သူမ စိုးရိမ်ခဲ့တာလေ။
"အရင်က မရှိတာက အခု ဖွင့်လို့မရဘူးမဆိုလိုပါဘူး။ မင်းက လုပ်ငန်းကို ကြီးကြီးမားမား လုပ်ချင်တာဆိုမှတော့ ဆိုင်တစ်ဆိုင်ရှိတာက လူတွေကို ပိုပြီး ယုံကြည်မှု ပေးနိုင်တာပေါ့။ လူအနည်းငယ်နဲ့ လှည်းအနည်းငယ်ပဲ ရှိနေရင်တော့ ဒါက အပျော်တမ်း လုပ်နေသလိုမျိုးပဲ မြင်နေကြမှာ"
ဒီပြဿနာကို ကျောက်အာလည်း ကောင်းကောင်း သိတယ်။ အရင်က သူတို့ စီးပွားရေးလုပ်တုန်းက ဟင်းရွက်သွားဝယ်ရင် ငွေကို ချက်ချင်းအကျေချေရတယ်။ ဘာလို့လဲဆိုတော့ ရွာသားတွေက သူတို့ကို မယုံကြလို့ပါ။ တစ်ယောက်နဲ့တစ်ယောက် မသိကြတော့ ဟင်းရွက်က တန်ဖိုးမကြီးပေမဲ့ တောင်သူတွေရဲ့ သွေးချင်းချွေးချင်းစာရင်းမို့အကြွေးဆိုတာ လုံးဝမပေးကြပါဘူး။
ငွေကို အကျေချေလိုက်ရတဲ့အတွက် လက်ထဲမှာ လှည့်ပတ်သုံးဖို့ ငွေက အမြဲတမ်း နည်းနေတတ်တယ်။
အခု ဟူသခင်ကြီးနဲ့ ထိပ်တိုက်တွေ့လိုက်ရတဲ့အခါမှာတော့ လက်ထဲမှာ ငွေသားရှိဖို့က ဘယ်လောက် အရေးကြီးတယ်ဆိုတာ ကျောက်အာ သိသွားပါပြီ။ အကယ်၍ သူမလက်ထဲမှာ ငွေသားအမြောက်အမြားသာ ရှိခဲ့မယ်ဆိုရင် အချိန်အကြာကြီး မလိုပါဘူး၊ နာရီဝက်လောက်အတွင်းမှာတင် တစ်ဖက်လူကို ပြိုလဲသွားအောင် လုပ်နိုင်တယ်။
ပြီးတော့ ဆိုင်ရှိရင် အဝတ်အစား စီးပွားရေးနဲ့ တခြားစီးပွားရေးတွေပါ လုပ်ရတာ ပိုလွယ်သွားမှာပါ။ ကောင်လေး ပြောတာ မှန်တယ်။ ကြီးကြီးမားမား လုပ်ချင်ရင်တော့ လူအနည်းငယ်၊ လှည်းအနည်းငယ်နဲ့ မရတော့ဘူး။
"ဒီကိစ္စပြီးရင်တော့ ငါ ဆိုင်တစ်ဆိုင် သွားရှာတော့မယ်" ကျောက်အာက လက်သီးလေး ဆုပ်ပြီး ပြောလိုက်တယ်။ ပြီးမှ သူမက ရွှီထင်းရှန်းကို စူးစမ်းသလို မေးလိုက်တယ်။ "နေပါဦး၊ နင်က စီးပွားရေးမှ မလုပ်ဖူးတာ၊ ဒါတွေကို ဘယ်လိုလုပ် သိနေတာလဲ"
"ငါလား" ရွှီထင်းရှန်းက စကားကို အဆုံးမသတ်ဘဲ လျှို့ဝှက်ချက်တစ်ခုလို လုပ်နေပြီး မပြောပြပါဘူး။
"မြန်မြန်ပြောပါ၊ ငါ သိချင်လို့"
ရွှီထင်းရှန်းက သူမကို တစ်ချက်ကြည့်လိုက်ပြီး သူ့ရဲ့ နက်မှောင်တဲ့ မျက်လုံးတွေက လည်ပတ်သွားတယ်။ "မင်း သိချင်တယ်ဆိုရင်လည်း ရတယ်။ ဒါပေမဲ့ ဒီနေ့ ငါ မင်းအတွက် ဒီလောက်ကြီးမားတဲ့ ကိစ္စကြီးကို လုပ်ပေးခဲ့တာဆိုတော့ မင်းက ငါ့ကို ကျေးဇူးမတင်ဘူးလား"
ကျောက်အာက နားမလည်သလိုနဲ့ "ဘာကျေးဇူးလဲ၊ ငါတို့ကြားမှာ ကျေးဇူးတင်စရာ လိုသေးလို့လား" သူမက ခေတ္တတုံ့ဆိုင်းသွားပြီးမှ "ဒါဆိုရင် အိမ်ပြန်ရောက်ရင် ရှင် အကြိုက်ဆုံး မုန့်ပြားအသားညှပ် လုပ်ကျွေးမယ်လေ၊ ဘယ်လိုလဲ"
မုန့်ပြားအသားညှပ်ဆိုတာ ကြားလိုက်တာနဲ့ ရွှီထင်းရှန်းက အရင်က မြို့ပေါ်မှာ တခြားသူတွေက သူ့ကို 'မုန့်ပြားအသားညှပ် ရှို့ချိုင်'ဆိုပြီး ဘယ်လို လှောင်ပြောင်ခဲ့ကြလဲဆိုတာ သတိရသွားတယ်။
သူက ဂရုမစိုက်ဘူးဆိုပေမဲ့လည်း စိတ်ထဲမှာတော့ တစ်မျိုးကြီး ဖြစ်နေတာ အမှန်ပါပဲ။ သူက မဖုံးကွယ်ထားဘဲ ကျောက်အာကို အဲဒီအကြောင်း ပြောပြလိုက်တယ်။ ကျောက်အာက ဒေါသတကြီးနဲ့ ပြောလိုက်တယ်။ "အဲဒီ ပညာတတ်တွေက တကယ့်ကို အလုပ်မရှိတာပဲ။ မုန့်ပြားအသားညှပ်စားတာ ဘာဖြစ်လို့လဲ၊ ဗိုက်မဝရင် စာမေးပွဲဖြေဖို့ ဘယ်မှာ အင်အားရှိပါ့မလဲ"
ဒါကို ကြားတော့ ရွှီထင်းရှန်းက ရယ်မောလိုက်မိပြီး မောက်ပါ့သို အရင်က ပြောခဲ့တဲ့ စကားတွေကို သတိရသွားတယ်။
92 06
ခရိုင်စာမေးပွဲနဲ့ စီရင်စုစာမေးပွဲတွေရဲ့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေနဲ့ ယှဉ်ရင် ကျောင်းတော်အဆင့်စာမေးပွဲကတော့ ပိုပြီးသက်ညှာတယ်။ ကိုယ့်အရည်အချင်းနဲ့ကိုယ် ဖြေဆိုနိုင်ရင် တစ်ဝက်လောက်က အောင်ကြတာလေ။ ဒါကြောင့် ဒီတစ်ခေါက်မှာ သူတင်မကဘဲ မောက်ပါ့သိုတို့ သူငယ်ချင်း သုံးယောက်လုံးလည်း အောင်မြင်ခဲ့ကြတယ်။ ဒါပေမဲ့ သူက အိမ်ကို အမြန်ပြန်ချင်တာကြောင့် အရင်ဦးအောင် ထွက်လာခဲ့တာ။
ဆရာလင်းမြောင်ကတော့ မြို့ပေါ်မှာ ကိစ္စလေးတွေ ကျန်နေသေးလို့ မောက်ပါ့သိုတို့ သုံးယောက်က ဆရာနဲ့အတူ နောက်မှ လိုက်လာကြမှာဖြစ်ပြီး အခုဆိုရင် လမ်းမှာပဲ ရှိဦးမှာပါ။
"ဒါတော့ မရဘူးလေ၊ ငါက ကလေးမှ မဟုတ်တာ။ မုန့်ပြားအသားညှပ် တစ်ခုတည်းနဲ့ ငါ့ကို လာဖျောင်းဖျမရဘူး"
"ဒါဆို နင်က ဘာလိုချင်လို့လဲ။ ပြောလေ၊ စုတ်တံ၊ မှင်၊ စက္ကူ၊ မှင်ကျောက် လိုချင်တာ အကုန်ဝယ်ပေးမယ်"
"ငါလား၊ ငါ လိုချင်တာက ဒါ—"
ရွှီထင်းရှန်းက ဘာမှအချက်မပေးဘဲ ကျောက်အာရဲ့ခါးလေးကို ဆွဲဖက်လိုက်ပါတော့တယ်။
ကျောက်အာက အရပ်ရှည်ပေမဲ့ ကိုယ်လုံးကိုယ်ပေါက်က သွယ်လျတာကြောင့် ခါးလေးကလည်း သေးသေးလေးပါ။ ရွှီထင်းရှန်းက တစ်ခါတလေဆိုရင် ဒီလောက် ခါးသေးသေးလေးနဲ့ သူမက ဘယ်ကနေ အင်အားတွေ ဒီလောက်ရနေတာလဲလို့တောင် အံ့သြမိတယ်။
ဒါပေမဲ့ အမျိုးသားတစ်ယောက်အနေနဲ့တော့ ဒီလိုသွယ်လျပြီး နူးညံ့တဲ့ ခါးလေးကို ဖက်ထားရတာက တကယ့်ကို ထူးခြားတဲ့ ခံစားချက်ပါပဲ။
သူက ကျောက်အာရဲ့နှုတ်ခမ်းလေးတွေကို ငုံ့နမ်းလိုက်တယ်။ အခုတော့ သူက အရပ်ရှည်လာပြီဆိုတော့ အရင်လို နမ်းဖို့အတွက် ထောင့်စွန်းတွေကို လိုက်ရှာနေစရာ မလိုတော့ပါဘူး၊ အလွယ်တကူပဲ နမ်းရနေပါပြီ။ နောင်တစ်ချိန်မှာ သူက ပိုပြီးအရပ်ရှည်လာဦးမှာဖြစ်ပြီး ကျောက်အာကတော့ ဒီအရပ်မှာပဲ ရှိနေတော့မှာ။ တစ်နေ့မှာ ကောင်လေးက လူကြီးတစ်ယောက် ဖြစ်လာပြီး အမျိုးသမီးကြီးကတော့ မိန်းကလေးငယ်လေးတစ်ယောက် ဖြစ်သွားမှာပါ။
အိပ်မက်ထဲမှာတုန်းက ကျောက်အာက သူ့ရင်ခွင်ထဲမှာ မျက်ခုံးလေးတွေ တွန့်ပြီး ညည်းတွားနေခဲ့တာကို သတိရလိုက်တဲ့အခါ သူ့ရဲ့ အသက်ရှူသံတွေက မမှန်တော့ဘဲ မျက်ဝန်းတွေကလည်း ပိုပြီး မှောင်ကျလာတယ်။
ကျောက်အာက သူ့ကို အတင်းတွန်းထုတ်လိုက်ပြီးမှ အသက်ရှူမဝသလိုနဲ့ အော်ငေါက်လိုက်တယ်။
"နင် ဘာလုပ်တာလဲ၊ ဒါက လှည်းပေါ်မှာလေ။ ကောင်းရှန်... ကောင်းရှန်က အပြင်မှာ ရှိနေတာကို"
"ငါ အမြန်လက်ထပ်ချင်ပြီ"
ဒီစကားက ရုတ်တရက်ကြီးမို့ ကျောက်အာက ခဏလောက် စဉ်းစားပြီးမှ ဘာကို ဆိုလိုတာလဲဆိုတာ နားလည်သွားတယ်။
"နင်... နင်… နင်က အခုထိ ဒီလိုပဲလား။ ဟေးကျစ်တောင် ရာသီကျော်သွားပြီ"
ဒါကြောင့်လည်း ဒီဇနီးမောင်နှံက တကယ့်ကို လိုက်ဖက်တာပဲ။ အတွေးတွေကလည်း အတူတူပါပဲ၊ ဒါက ဟေးကျစ်နဲ့ ဘာဆိုင်လို့လဲ။
ရွှီထင်းရှန်းက နားလည်သွားတဲ့အခါ မျက်နှာက ချက်ချင်းဆိုသလို မည်းမှောင်သွားပြီး သူမရဲ့နှုတ်ခမ်းကို တစ်ချက် ခပ်နာနာလေး ကိုက်လိုက်တယ်။ "ငါ့ကို ဟေးကျစ်နဲ့ လာမနှိုင်းနဲ့၊ သူက ငါ့ကို မယှဉ်နိုင်ပါဘူး"
ကျောက်အာက အမှတ်မထင် မေးလိုက်တယ်။ "သူက ဘယ်နေရာမှာ နင့်ကို မယှဉ်နိုင်တာလဲ"
ရွှီထင်းရှန်းက သူ့တံတွေးသူ သီးသွားပြီး တဟွတ်ဟွတ်နဲ့ ချောင်းဆိုးပါတော့တယ်။
92 07
သူ ချောင်းဆိုးတာ ရပ်သွားတော့မှ ဒီကိစ္စက ပြီးသွားတယ်။
ကျောက်အာက သူ့ကျောကို ပွတ်ပေးနေတဲ့ လက်ကို ပြန်ရုပ်လိုက်ပြီး "ဒါနဲ့ နေပါဦး၊ နင် ပြောပြမယ်ဆိုတာ မပြောရသေးဘူး" စီးပွားရေးသမား တစ်ယောက်အနေနဲ့ ငွေပေးထားပြီး ပစ္စည်းမရတာက လုံးဝ လက်မခံနိုင်တဲ့ ကိစ္စပဲ မဟုတ်လား။
"မင်းရဲ့ သင်္ချာတွေကို ဘယ်သူ သင်ပေးခဲ့တာလဲဆိုတာ မေ့သွားပြီလား"
ဒါကတော့ သူ သင်ပေးခဲ့တာပေါ့။
ရွှီထင်းရှန်းက သူမကို သင်္ချာတင် သင်ပေးခဲ့တာ မဟုတ်ပါဘူး၊ အိမ်က စီးပွားရေးဆိုင်ရာ စာအုပ်တွေကိုလည်း သူကပဲ ဘယ်ကနေ ရလာမှန်းမသိဘဲ ယူလာပေးခဲ့တာလေ။ အဲဒီတုန်းက ကျောက်အာက စာစသိကာစ၊ သင်္ချာစသင်နေတုန်း သူက စာအုပ်တွေ အများကြီး ယူလာပေးပြီး အားရင် ဖတ်ကြည့်ဖို့ ပြောခဲ့တာလေ။
စာအုပ်တွေကို သူကိုယ်တိုင် ရွေးပေးခဲ့တာဆိုတော့ သူကိုယ်တိုင်လည်း ဖတ်ဖူးပြီး သိနေလို့သာ ရွေးပေးခဲ့တာ ဖြစ်ပါလိမ့်မယ်။
ကျောက်အာ မသိတာကတော့ အိပ်မက်ထဲမှာတုန်းက ရွှီထင်းရှန်းဟာ အဲဒီစာအုပ်တွေကို ဖတ်ရုံတင်မကဘဲ အတော်လေးကို နက်နက်နဲနဲ လေ့လာခဲ့တာလေ။ အကယ်၍ သူသာ စီးပွားရေးကို စိတ်ဝင်စားခဲ့ရင် ဘယ်လို စီးပွားရေးမျိုးမဆို သူ့အတွက်တော့ အေးဆေးပါပဲ။
ဒါပေမဲ့ အိပ်မက်ထဲက ရွှီထင်းရှန်းဟာ ဘယ်တော့မှ စီးပွားရေး မလုပ်ခဲ့သလို လုံးဝကိုစက်ဆုပ်ရွံရှာခဲ့တာလေ။ ရွှီအမတ်ကြီးက ကုန်သည်တွေကို အရမ်းမုန်းတယ်ဆိုတာ လူတိုင်းသိကြပေမဲ့ အားလပ်တဲ့အချိန် ဒါမှမဟုတ် ညဉ့်နက်တဲ့အချိန်တွေမှာ သူ့လက်ဘေးမှာ အမြဲရှိနေတတ်တဲ့ စာအုပ်ကတော့ စီးပွားရေးဆိုင်ရာ စာအုပ်တစ်အုပ်ပဲ ဖြစ်နေတတ်တာကိုတော့ ဘယ်သူမှ မသိနိုင်ကြပါဘူး။
ဒါကြောင့်လည်း ဒီတစ်ခေါက်မှာ သူက အချိန်တိုအတွင်း ကျောက်အာရဲ့ အစီအစဉ်မှာ လိုအပ်နေတာတွေကို အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်ခဲ့တာဖြစ်သလို သူမအတွက် လမ်းခင်းပေးပြီး ဆိုင်ဖွင့်ဖို့အထိ လမ်းညွှန်ပေးနိုင်ခဲ့တာ ဖြစ်တယ်။
'မင်းက စိတ်ဝင်စားလို့၊ ဒါကြောင့် ငါလည်း သိနေတာပေါ့'
ဒီစကားတွေကို ပြောလိုက်ဖို့က လွယ်ကူမယ်သူ ထင်ထားခဲ့ပေမဲ့ တကယ်တမ်းကျတော့ ပါးစပ်ဖျားတင် တင်နေပြီး ပြောမထွက်ခဲ့ပါဘူး။ ဒါပေမဲ့ သူ ယုံကြည်တယ်။ ဒီစကားကို သူမကို ပြောပြဖို့အတွက် သူ့မှာ တစ်သက်လုံး အချိန်ရှိနေပါသေးတယ်။
သေချာပေါက်ကိုပဲပေါ့။
******