← Chapters

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

95 01

အခန်း (၉၅)

ကျောက်အာရဲ့ရင်ထဲမှာ တစ်ချက်တည်းနဲ့တင် အောက်ခြေကို ထိုးဆင်းသွားသလိုမျိုး ခံစားလိုက်ရတယ်။

သူမဟာ အရင်တစ်ခေါက်က ဒုတိယအစ်မဆီ လာတွေ့တုန်းက၊ သူမရဲ့မင်္ဂလာပွဲကို လိုက်ပို့ပေးနိုင်မလားလို့ မေးခဲ့ဖူးတာကို သတိရသွားမိတယ်။ အဲဒီတုန်းက ဒုတိယအစ်မဟာ အရင်အတိုင်းပဲ လှပနုနယ်နေတုန်းဆိုပေမဲ့၊ မျက်ဝန်းတွေထဲမှာတော့ နွမ်းနယ်နေတဲ့ အရိပ်အယောင်တချို့ ရှိနေခဲ့တယ်။

အစ်မက မလာနိုင်ဘူးလို့ ပြောခဲ့တယ်။ ရှန်မိသားစုရဲ့အိမ်ဖော်တွေက အပြင်ကို စိတ်ကြိုက်ထွက်ခွင့် မရှိဘူးတဲ့လေ။ အဲဒီတုန်းက ဒုတိယအစ်မရဲ့လေသံက သိပ်မကောင်းတာနဲ့ ကျောက်အာလည်း ထပ်ပြီးမမေးရဲခဲ့သလို၊ သူမကိုယ်တိုင်လည်း အလုပ်တွေများနေတာကြောင့် သေချာမစဉ်းစားခဲ့မိဘူး။ အခု ပြန်တွေးကြည့်မှ အိမ်ဖော်တစ်ယောက်ဟာ အသက်ကို ရောင်းထားရတယ်ဆိုရင်တောင်မှ အပြင်ကို လုံးဝထွက်ခွင့်မရှိဘူးဆိုတာက မဖြစ်နိုင်သလောက်ပါပဲ။ ဒါ့အပြင် ခုနက အဒေါ်ကြီး ပြောသွားတဲ့ စကားကကော ဘာကိုဆိုလိုတာလဲ။ စူးလန်ကို အခုတွေ့လို့မရဘူးဆိုတာက ဘာဖြစ်လို့လဲ။

ဒုတိယအစ်မ ဘာများ ဖြစ်နေလို့လဲ။

သူမဟာ ဒုတိယအစ်မရဲ့ 'ထုံဖန်း' (အမြဲတမ်း အလုပ်အကျွေးပြုရတဲ့ အိမ်ဖော်) ဘဝကို ပြန်တွေးမိသွားသလို၊ အစ်မဖြစ်သူ အရင်က ပြောခဲ့ဖူးတဲ့ စကားတွေကိုလည်း သတိရသွားတယ်။

"ငါ အရင်က နင်တို့ကို ပြောပြီးသားပဲ၊ ငါကတော့ အပြင်ထွက်ပြီး အဲဒီလို ဆင်းရဲတဲ့ ဘဝကို မဖြတ်သန်းချင်ဘူး။ အခု ငါက ထုံဖန်းတစ်ယောက်ပဲ ဖြစ်နေသေးပေမဲ့ ဆဋ္ဌမသခင်လေးက ကတိပေးထားတယ်။ သခင်မအသစ် အိမ်ထဲဝင်လာပြီးရင် ငါ့ကို ယိညန် ရာထူး ပေးမယ်တဲ့"

သခင်မအသစ် ရောက်လာတော့မယ်ဆိုတော့ ဒုတိယအစ်မဟာ ထုံဖန်းတစ်ယောက်အနေနဲ့ တစ်ဖက်လူရဲ့ မျက်စိစပါးမွေး စူးစရာ ဖြစ်သွားပြီး အနှိပ်စက်ခံနေရတာများလား။

ကျောက်အာဟာ ချက်ချင်းပဲ ထိတ်လန့်သွားပြီး တံခါးကို အတင်းပြန်ခေါက်ပါတော့တယ်။ သူမရဲ့လှုပ်ရှားမှုတွေက အရမ်းကို စိုးရိမ်ကြီးနေပြီး တံခါးကို ဒုန်းဒုန်းဒုန်းနဲ့ ဆူညံနေအောင် ခေါက်နေတာပါ။

တံခါးက ဝုန်းခနဲ ပွင့်လာတာကြောင့် ကျောက်အာဟာ မှောက်လျက် လဲကျသွားလုနီးပါး ဖြစ်သွားလို့ ဘေးက ရွှီထင်းရှန်းက သူမကို အမြန်ပဲ ဖမ်းထိန်းပေးလိုက်ရတယ်။

ပေါ်လာတဲ့သူက ခုနက အဒေါ်ကြီးပဲ ဖြစ်ပြီး၊ မျက်နှာမှာ စိတ်မရှည်တဲ့ အရိပ်အယောင်တွေ အပြည့်ပါပဲ။ "နင်တို့ကတော့ တကယ်ကို မပြီးနိုင်မစီးနိုင်ပါလား။ ပြောပြီးပြီလေ၊ အခု စူးလန်ကို တွေ့လို့မရဘူးလို့။ နင်တို့က သူ့မိသားစုဝင်တွေလား။ တစ်အိမ်သားလုံး တကယ်ကို..."

'တကယ်ကို' ဆိုတဲ့ နောက်ကွယ်က စကားကို သူမက အဆုံးထိ မပြောပေမဲ့ သူမရဲ့အမူအရာက သက်သေပြနေပါတယ်။ သူမက ကျောက်အာနဲ့ ရွှီထင်းရှန်းကို အထင်အမြင်သေးတဲ့ပုံစံနဲ့ အပေါ်အောက် အကဲခတ်ကြည့်လိုက်တယ်။

95 02

ကျောက်အာက တစ်ခုခု ပြောဖို့ ပြင်လိုက်တဲ့ အချိန်မှာပဲ ရွှီထင်းရှန်းက သူမကို နောက်ဆီ ဆွဲလိုက်ပြီး အေးစက်စက် ပြုံးရင်းနဲ့ "ခင်ဗျားကတော့ စကားပြောတာ တကယ်ကို မယဉ်ကျေးပါလား။ ရှန်မိသားစုက အစေခံတွေကို ဒီလိုပဲ စကားပြောဖို့ သင်ပေးထားတာလား။ ကျုပ်က ခင်ဗျားတို့အိမ်က တတိယသခင်လေးနဲ့လည်း အနည်းငယ် သိကျွမ်းဖူးတယ်။ သူကတော့ ယဉ်ကျေးသိမ်မွေ့ပြီး ဘယ်သူ့ကိုမှ ချမ်းသာဆင်းရဲ ခွဲခြားဆက်ဆံတာ မဟုတ်ဘူး။ ရှန်မိသားစုရဲ့ အစေခံတွေက ဒီလောက်ထိ ရိုင်းစိုင်းလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"

အဒေါ်ကြီးဟာ အနည်းငယ် လန့်သွားပေမဲ့ သူတို့နှစ်ယောက်ရဲ့ အဝတ်အစားက ရိုးရှင်းလွန်းတာကို ပြန်တွေးမိသွားတယ်။ တတိယသခင်လေးနဲ့ သိတဲ့သူက ဘာဖြစ်လို့ နောက်ဖေးတံခါးကနေ အိမ်ဖော်မလေးတစ်ယောက်ကို လာရှာနေမှာလဲ။ ဒီလူဟာ သူမကို ခြိမ်းခြောက်နေတာပဲ ဖြစ်ရမယ်လို့ သူမက ကောက်ချက်ချလိုက်ပါတော့တယ်။

"နင်ကလား တတိယသခင်လေးနဲ့ သိတာ... ငါကတောင် နတ်မင်းကြီးတွေနဲ့ သိသေးတယ် ပြောရမလား။ တကယ်ကို ကံဆိုးတာပဲ၊ မနက်စောစောစီးစီး ရူးကြောင်ကြောင် လူတွေ လာပြီး ပြဿနာရှာနေကြတယ်။ မြန်မြန် ထွက်သွားကြစမ်း။ ထပ်ပြီး လာနှောင့်ယှက်နေရင်တော့ ငါ အိမ်စောင့်တွေကို ခေါ်ပြီး မင်းတို့ကို ရုံးတော် ပို့ခိုင်းလိုက်မယ်" သူမက ဆဲဆိုရင်းနဲ့ နောက်ဆုတ်သွားပြီး တံခါးကို ပိတ်လိုက်တယ်။ "ဒီနေရာက ဘယ်နေရာလဲဆိုတာလည်း ကြည့်ဦး၊ ရှန်မိသားစုက မင်းတို့လိုလူတွေ လာပြီး ရမ်းကားလို့ရတဲ့ နေရာမှတ်နေလား"

အနက်ရောင် တံခါးကြီးဟာ ကျောက်အာနဲ့ ရွှီထင်းရှန်းတို့ရဲ့ ရှေ့မှာတင် ဝုန်းခနဲ ပိတ်သွားတော့တယ်။

ကျောက်အာကတော့ အရှက်ရနေတာတွေကိုတောင် ဂရုမစိုက်နိုင်တော့ဘဲ အရမ်းကို စိုးရိမ်တကြီးနဲ့ ပြောရှာတယ်။ "ဘယ်လိုလုပ်ကြမလဲ။ ဒုတိယအစ်မ တစ်ခုခုဖြစ်နေပြီဆိုတာတော့ သေချာနေပြီ။ မရဘူး... မရဘူး၊ ငါ လူသွားရှာပြီး အကူအညီတောင်းမှ ဖြစ်မယ်"

ပြောပြောဆိုဆိုနဲ့ သူမက လှည်းရှိရာကို ပြေးသွားတာကြောင့် ရွှီထင်းရှန်းလည်း အမြန်ပဲ လိုက်သွားရတာပေါ့။ လှည်းပေါ်ရောက်တော့ ရွှီထင်းရှန်းက ဘယ်ကိုသွားမလဲလို့ မေးတဲ့အခါ၊ သူမက 'ဟယ်ရုန်းရှန်' ဆိုင်ကို သွားဖို့ ပြောလိုက်ပါတယ်။

အဲဒီကို ရောက်တဲ့အခါမှာတော့ ရှန်ဖျင်းက ဆိုင်မှာ ရှိနေတာပါ။

ကျောက်အာက စူးလန် ဘာဖြစ်နေတာလဲဆိုတာကို စိုးရိမ်တကြီးနဲ့ မေးမြန်းတဲ့အခါ ရှန်ဖျင်းက သက်ပြင်းတစ်ချက် ချလိုက်ပြီး သူတို့နှစ်ယောက်ကို ဧည့်ခန်းလေးထဲ ခေါ်သွားတော့တယ်။

တကယ်တမ်းကျတော့ စူးလန်မှာ ကိုယ်ဝန်ရှိနေတာပါ။ စူးလန်မှာ ကိုယ်ဝန်ရခါစပဲ ရှိသေးတာဖြစ်ပြီး၊ ဆဋ္ဌမသခင်လေးက သခင်မအသစ်ကို လက်ထပ်ပြီး အိမ်ထဲခေါ်ရမယ့် အချိန်နဲ့မှ တိုက်တိုက်ဆိုင်ဆိုင်ကြီး ကိုယ်ဝန်ရှိသွားခဲ့တာပဲ။

ဒီဆဋ္ဌမသခင်လေး ရှန်ကျစ်ဆိုတာက ရှန်မိသားစုရဲ့ဒုတိယသခင်ကြီး ရှန်ရွှယ်ရဲ့ အငယ်ဆုံးသား ဖြစ်ပါတယ်။ ရှန်ရွှယ်က အပြင်မှာ အရာရှိလုပ်နေပေမဲ့ သားနှစ်ယောက်ကိုတော့ ဇာတိမြေမှာပဲ ထားခဲ့တာဖြစ်တယ်။ ပထမအချက်ကတော့ ရှန်မျိုးနွယ်စုရဲ့ စည်းကမ်းအရ စာမေးပွဲမအောင်သေးတဲ့ သားမြေးတွေဟာ ဇာတိမှာပဲ စာသင်ရမှာ ဖြစ်လို့ဖြစ်ပြီး၊ ဒုတိယအချက်ကတော့ မိဘဘိုးဘွားတွေကို ပြုစုစောင့်ရှောက်ဖို့အတွက်ပဲ။

ဆဋ္ဌမသခင်လေးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက စေ့စပ်ထားပြီးသား ဖြစ်သလို၊ သတို့သမီးဘက်ကလည်း နောက်ခံအင်အား တကယ့်ကို တောင့်တင်းတဲ့သူဖြစ်တယ်။ သူတို့နှစ်ယောက်ဟာ မနှစ်ကတည်းက လက်ထပ်ရမှာဖြစ်ပေမဲ့ သတို့သမီးဘက်က လူကြီးတစ်ယောက် ကွယ်လွန်သွားတာကြောင့် မင်္ဂလာရက်ကို ရွှေ့ဆိုင်းခဲ့ရတာ။ အဲဒါကြောင့်ပဲ ဆဋ္ဌမသခင်လေးက အသက် ၂၀ နီးပါး ရှိနေပြီဖြစ်ပေမဲ့ အခုထိ လက်မထပ်ရသေးတာ ဖြစ်တယ်။

95 03

ရှန်အဘွားအိုကြီးက ဆဋ္ဌမသခင်လေးကို အမြဲတမ်း အလိုလိုက်ခဲ့သလို၊ မြေးဖြစ်သူမှာ နစ်နာနေရတယ်လို့ တွေးမိတာကြောင့် အိမ်ထောင်ကြီးတွေရဲ့ ထုံးစံအတိုင်း အမျိုးသားတွေအတွက် အလုပ်အကျွေးပြုမယ့် 'ထုံဖန်း' တွေကို စီစဉ်ပေးခဲ့တာပါ။ စူးလန် အပါအဝင် 'စု' နာမည်တပ်ထားတဲ့ အိမ်ဖော်လေးဦးဟာ ဒီလိုနဲ့ပဲ ရောက်ရှိလာခဲ့ကြတာပေါ့။

အဲဒီထဲမှာ စူးလန်တစ်ယောက်ပဲ ထုံဖန်းအဆင့်ကို ရောက်ခဲ့ပြီး ဆဋ္ဌမသခင်လေးရဲ့ အဆောင်မှာတော့ သူမက ဩဇာအရှိဆုံးသူ ဖြစ်လာခဲ့တယ်။

တကယ်လို့သာ စူးလန်က ဆဋ္ဌမသခင်လေးကို ငြိမ်ငြိမ်လေး ပြုစုရင်းနဲ့ မင်္ဂလာဆောင်ပြီးတဲ့အခါ သခင်မအသစ်ကို ကောင်းကောင်းဖားနိုင်ခဲ့မယ်ဆိုရင် 'ယိညန်' ရာထူးကို ရနိုင်မှာပါ။ ဒါပေမဲ့လည်း သတို့သမီးဘက်ကနေ လူလွှတ်ပြီး စကားပါးလာတာကတော့ မင်္ဂလာမဆောင်ခင်မှာ ဆဋ္ဌမသခင်လေး အနားက ထုံဖန်းတွေအားလုံးကို နှင်ထုတ်ရမယ်တဲ့လေ။

တကယ်တော့ ဂုဏ်သရေရှိတဲ့ မိသားစုတွေ ဒါမှမဟုတ် တစ်ဖက်မိသားစုကို လေးစားတဲ့ မိသားစုတွေမှာတော့ ဒီလိုပဲ ပြုမူလေ့ရှိကြတာပါ။ ရှန်အဘွားအိုကြီးကလည်း အစတုန်းကတော့ ဒါကို သိပ်ဂရုမစိုက်ခဲ့ပေမဲ့၊ အခု သတို့သမီးဘက်က အတင်းအကျပ် ပြောလာတဲ့အခါမှာတော့ ထုံဖန်းတစ်ယောက်ဆိုတာ ဖယ်ရှားလိုက်ရုံပါပဲလို့ တွေးလိုက်ပါတယ်။

ဒါပေမဲ့ ကံဆိုးချင်တော့ ဒီအချိန်မှာမှ စူးလန်က ကိုယ်ဝန်ရှိသွားခဲ့တာပါပဲ။

ပြောရဦးမယ်ဆိုရင် အိမ်ထောင်ကြီးတွေမှာ အမျိုးသားတွေအတွက် 'ထုံဖန်း'တွေ ထားပေးလေ့ရှိပေမဲ့ စည်းကမ်းတစ်ခုတော့ ရှိသေးတယ်။ အဲဒါကတော့ ထုံဖန်းတွေအားလုံးဟာ ကိုယ်ဝန်တားဆေးကို မပျက်မကွက် သောက်ရမယ်ဆိုတာပါပဲ။ သခင်မအသစ် အိမ်ထဲမဝင်ရသေးခင်မှာ အိမ်ဖော်မလေးတစ်ယောက်က ကိုယ်ဝန်ရလာတာမျိုးကို လုံးဝခွင့်မပြုနိုင်လို့ပါပဲ။

ဒီလို အိမ်ထောင်ကြီးတွေက သားသမီးရတနာကို တန်ဖိုးထားကြတယ်ဆိုပေမဲ့လည်း တစ်ဖက်မှာတော့ အိမ်ထောင်ရေး စည်းကမ်းတွေကို အရမ်းကို တင်းကျပ်ကြတာပါ။ ကိုယ်လုပ်တော်က မွေးတဲ့သားဦးက သခင်မက မွေးတဲ့သားထက် အရင်ဦးဆုံး ရောက်ရှိလာတာမျိုးဟာ မိသားစုကို ပျက်စီးစေမယ့် နိမိတ်လို့ ယူဆကြသလို၊ တစ်ဖက်က သတို့သမီးမိသားစုကိုလည်း မျက်နှာဖြတ်ရိုက်လိုက်သလိုမျိုး ဖြစ်စေတယ်။

ဘယ်လို သိက္ခာရှိတဲ့ မိသားစုမဆို ကိုယ့်သမီးကို ချစ်တယ်ဆိုရင် ဒီလိုကိစ္စမျိုးကို လုံးဝလက်ခံမှာ မဟုတ်ပါဘူး။ ရှန်မိသားစုကလည်း ဒါကို ခွင့်မပြုချင်ပေမဲ့ ကိစ္စကတော့ ဖြစ်သွားခဲ့ပြီလေ။ အဲဒါကြောင့်လည်း စူးလန်ကို အချုပ်ထဲ ထည့်ထားလိုက်တယ်။

ဗိုက်ထဲက ကလေးနဲ့ ပတ်သက်ရင်တော့ အဘွားအိုကြီးရဲ့ဆန္ဒက ကိုယ်ဝန်ဖျက်ဆေးတစ်ခွက်နဲ့ပဲ ပြဿနာကို အစဖျောက်ပြီး အဆုံးသတ်လိုက်ဖို့ပါပဲ။ ဒါပေမဲ့ ဆဋ္ဌမသခင်လေးကတော့ သဘောမတူဘူးပေါ့။ သို့ပေမဲ့လည်း ဒါက သူသဘောမတူရုံနဲ့ ပြီးသွားမယ့် ကိစ္စမှ မဟုတ်တာ။ အဲဒီတော့ စူးလန်နဲ့ သူမဗိုက်ထဲက ကလေးရဲ့ အသက်ဟာ တကယ်ကို စိုးရိမ်ရတဲ့ အခြေအနေကို ရောက်နေတော့တယ်။

အကြောင်းစုံကို ကြားလိုက်ရတော့ ကျောက်အာခမျာ ခြေထောက်တွေတောင် ပျော့ခွေသွားပြီး ကိုယ့်ကိုယ်ကိုယ် အားတင်းကာ မတ်တတ်ရပ်လိုက်ရတယ်။ "မကယ်နိုင်တော့ဘူးလားဟင်။ ကလေးကို မကယ်နိုင်ရင်တောင်မှ လူကိုတော့ ကယ်လို့ရနိုင်မလား"

ရှန်ဖျင်းကလည်း သက်ပြင်းတစ်ချက် ချလိုက်ပြီး မျက်နှာမှာ နွမ်းနယ်နေတဲ့ အရိပ်အယောင်တွေနဲ့ ပြောရှာတယ်။

"တခြားကိစ္စဆိုရင်တော့ ကျွန်တော် တစ်နည်းနည်းနဲ့ ကူညီပေးနိုင်ဦးမှာပါ။ ဒါပေမဲ့ ဒီကိစ္စကတော့..."

တကယ်တော့ သူကိုယ်တိုင်လည်း နည်းလမ်းပေါင်းစုံ ရှာကြည့်ခဲ့ပြီးပါပြီ။ စူးလန်ကို ကယ်နိုင်ဖို့ တတ်နိုင်သမျှ ကြိုးစားခဲ့ပေမဲ့ သူက ရှန်မိသားစုမှာ မွေးလာတဲ့ အစေခံတစ်ယောက်ပဲလေ။ သခင်တွေရဲ့ ကိစ္စကို သူက ဘယ်လိုလုပ်ပြီး ဝင်စွက်ဖက်နိုင်မှာလဲ။

95 04

သူ့အဖေက ရှန်အိမ်တော်ရဲ့ အိမ်တော်ထိန်းချုပ် ဖြစ်နေတာကြောင့် ရှန်ဖျင်းက အကြောင်းစုံကို ပိုပြီးသိနေတာပါ။ အဘွားအိုကြီးက ဒီကိစ္စကို အရမ်းဒေါသထွက်နေသလို၊ သတို့သမီးဘက်ကလည်း ဝင်စွက်ဖက်မှုတွေက များလွန်းနေတယ်။ သူတို့က ဒါဟာ သူတို့ရဲ့ သိက္ခာကို စော်ကားတာလို့ ယူဆနေကြတာလေ။

ဒါပေမဲ့ ကံဆိုးတာက ရှန်မိသားစုရဲ့အာဏာက သတို့သမီးမိသားစုလောက် မကြီးမားတာပါပဲ။ တချို့ကိစ္စတွေမှာ တစ်ဖက်လူကို အကူအညီတောင်းဖို့ လိုနေတာကြောင့် ဆဋ္ဌမသခင်လေး ဘယ်လောက်ပဲ ဆူပူသောင်းကျန်းပါစေ၊ လူကြီးတွေကတော့ လုံးဝခွင့်မပြုပါဘူး။ ဆဋ္ဌမသခင်လေးရဲ့ အဖေကိုယ်တိုင်ကတောင် "ဒီမင်္ဂလာပွဲကို ဘာအမှားအယွင်းမှ မရှိစေနဲ့" ဆိုပြီး စာပို့ထားတယ်။

သတို့သမီးဘက်ကလည်း ဆဋ္ဌမသခင်လေးက ထုံဖန်းတစ်ယောက်အတွက်နဲ့ အိမ်မှာ ပြဿနာရှာပြီး မင်္ဂလာပွဲကို ဖျက်ချင်နေတယ်ဆိုတာကို ဘယ်လိုနည်းနဲ့ သိသွားလဲ မသိပါဘူး။ အဲဒါကြောင့် သူတို့က ဒီထုံဖန်းကို သေချာပေါက် ဖြေရှင်းလိုက်ပါ၊ မဟုတ်ရင် ဒီမင်္ဂလာပွဲကို ဖျက်ပစ်မယ်ဆိုပြီး ထပ်ပြီး စကားပါးလာပြန်တယ်။ ဒီနေရာမှာ 'ဖြေရှင်းတယ်' ဆိုတဲ့ အဓိပ္ပာယ်က သာမန် ဖြေရှင်းတာမျိုး မဟုတ်ဘူးဆိုတာ လူတိုင်း သိကြတာပေါ့။ အဲဒါကြောင့်လည်း ကျောက်အာက အခုလို မေးလိုက်တယ်။

"အဲဒီ သတို့သမီးမိသားစုက ဘယ်သူတွေမို့လို့ ဒီလောက်တောင် ဗိုလ်ကျနေရတာလဲ။ ငါ့အစ်မက ထုံဖန်းတစ်ယောက်အနေနဲ့ သခင်မအသစ်ထက် အရင်ကိုယ်ဝန်မရသင့်ဘူးဆိုတာ ငါသိပါတယ်။ ကလေးမလိုချင်ရင်လည်း မယူတော့ဘူးပေါ့။ ဒါပေမဲ့ အခုတော့ လူ့အသက်ကိုပါ ယူချင်နေကြတာလား"

ရှန်ဖျင်းက ခဏလောက် တိတ်သွားပြီးမှ ပြောလိုက်ပါတယ်။ "ဝူမိသားစုရဲ့ သမီးလို့ပဲ ကျွန်တော် သိထားတယ်"

"ဝူမိသားစု... အဲဒီ ဝူမိသားစုက အဲဒီလောက်တောင် အာဏာကြီးလို့လားဟင်"

"ဒီ ဝူမိသားစုက ဝူအမတ်ချုပ်ကြီး (ဂေလောင်) ရဲ့ မိသားစုပဲ" ရှန်ဖျင်းက ပြန်ဖြေတယ်။

"အမတ်ချုပ်ကြီး… အဲဒါက တကယ်ကို ရာထူးကြီးတဲ့ အရာရှိလား"

ရွှီထင်းရှန်းက နှုတ်ခမ်းကို တင်းတင်းစိထားပြီး ကျောက်အာကို သူ့ရဲ့ ရင်ခွင်ထဲ ဆွဲသွင်းလိုက်တယ်။ "အမတ်ချုပ်ကြီးဆိုတာ တကယ်ကို ရာထူးကြီးတဲ့ အရာရှိပဲ။ ရှန်မိသားစုက သခင်ကြီးနှစ်ယောက်လုံးထက်တောင် ရာထူးပိုကြီးတယ်။ အဲဒါကြောင့်လည်း ရှန်မိသားစုက တစ်ဆင့်ပြီးတစ်ဆင့် အလျှော့ပေးနေရတာပေါ့။ ကိုယ့်ရဲ့သားမြေးရင်းခေါက်ခေါက်ကိုတောင် မကယ်နိုင်တော့တဲ့ အခြေအနေမှာ သာမန်အိပ်ဖော်မလေး တစ်ယောက်ကို ဖြေရှင်းဖို့ ဆိုတာကတော့ သူတို့အတွက် ဘာမှမဟုတ်တော့ဘူး"

သူ့ရဲ့စကားတွေက ရှန်ဖျင်းရဲ့ ရင်ကို အပ်နဲ့ ထိုးလိုက်သလိုပါပဲ။ ရွှီထင်းရှန်း ပြောတာကလည်း အမှန်ပဲလေ။ ဒီကိစ္စကို ရှန်မိသားစုတစ်ခုလုံးက လျှို့ဝှက်ထားကြပေမဲ့၊ အဘွားအိုကြီးရဲ့ မကျေနပ်မှုတွေ၊ ဆဋ္ဌမသခင်လေးက ဒီမင်္ဂလာပွဲကို မလုပ်ချင်တော့ဘူးဆိုပြီး အော်ဟစ်နေတာတွေနဲ့ အပြင်က အရာရှိကြီးတွေဆီက စာတွေ အကြိမ်ကြိမ် ရောက်လာနေတာတွေက အားလုံးကို ဖော်ပြနေတာပါပဲ။ အဲဒါကြောင့်လည်း ရှန်ဖျင်းက ဒီလောက်အထိ မျှော်လင့်ချက် ကင်းမဲ့နေရတာပေါ့။

"ဒီစကားကို ဒီမှာတင် တစ်ခါတည်း ပြောပြီး မေ့လိုက်ကြပါ။ အပြင်မှာတော့ လုံးဝထပ်မပြောမိပါစေနဲ့၊ ဘေးဒုက္ခ ရောက်သွားနိုင်တယ်" သူက နွမ်းနယ်စွာနဲ့ ပြောလိုက်ပါတယ်။

ကျောက်အာခမျာ ငိုချလိုက်ပါတော့တယ်။ သူမ မငိုဘဲ မနေနိုင်တော့ပါဘူး။ သူမရဲ့ စိတ်ထဲမှာတော့ ရှန်မိသားစုဆိုတာကိုက အရမ်းကို ကြီးမားလှတဲ့ အရာကြီးပါ။ အခုတော့ ရှန်မိသားစုထက်တောင် ပိုပြီးအာဏာကြီးတဲ့ မိသားစုဆီကနေ သူမရဲ့ အစ်မကို ဘယ်လိုများ ကယ်တင်နိုင်ပါ့မလဲ။

"ဘယ်လိုလုပ်ရမလဲ... ဘယ်လိုလုပ်ရမလဲ"

တစ်သက်မှာ ပထမဆုံးအကြိမ်အဖြစ် ကျောက်အာ ဒီလောက်အထိ မျှော်လင့်ချက် ကင်းမဲ့သွားတာ။ ဒါက ကြိုးစားရုံနဲ့ ဖြစ်တဲ့ ကိစ္စမှ မဟုတ်တာ။ ဒီလိုအာဏာရှိသူတွေအတွက်တော့ သူတို့လို သာမန်လူတွေဆိုတာ ပုရွက်ဆိတ်လိုပါပဲ၊ နင်းသတ်လိုက်ရင် သေသွားမှာပဲလေ။ ပိုဆိုးတာက သူမရဲ့ အစ်မက အသက်ကို ရောင်းထားရတဲ့ အစေခံတစ်ယောက် ဖြစ်နေတာပါပဲ။

95 05

"ငါ သူတို့ကို သွားတောင်းပန်မယ်" သူမ မျက်ရည်တွေကို သုတ်ပြီး အပြင်ကို ပြေးထွက်ဖို့ ပြင်လိုက်ပေမဲ့ ရွှီထင်းရှန်းက ဖမ်းဆွဲထားလိုက်တယ်။

ရှန်ဖျင်းကလည်း ဝမ်းနည်းစွာနဲ့ ပြောရှာတယ်။ "မထူးပါဘူး" ဆဋ္ဌမသခင်လေးကိုယ်တိုင် ပြဿနာရှာတာတောင် မရတာ၊ ကျောက်အာလို ကျေးလက်က မိန်းကလေးတစ်ယောက် သွားတောင်းပန်ရုံနဲ့ ဘာများထူးလာမှာလဲ။

"မထူးလည်း ငါ သွားကြိုးစားကြည့်ရမှာပဲ"

ရွှီထင်းရှန်းက သူမကို ဆွဲထားရင်း ဆိုတယ်။ "စိတ်ကို အေးအေးထားပါ၊ ငါ ပြောတာ နားထောင်ဦး"

"ဘာပြောမှာလဲ။ အိမ်ပြန်ရောက်မှပဲ ပြောတော့"

ကျောက်အာက သူ့လက်ကို ခါထုတ်လိုက်ပေမဲ့ "ငါပြောတာ နားထောင်စမ်း" ဆိုပြီး ရွှီထင်းရှန်းက သူမရဲ့ ပခုံးကို ဆုပ်ကိုင်ကာ သူမရဲ့ မျက်လုံးတွေကို စိုက်ကြည့်လိုက်တယ်။

"စိတ်မလောပါနဲ့၊ ဒီကိစ္စကို ငါ ဖြေရှင်းမယ်"

"နင့်မှာ နည်းလမ်းရှိလို့လား"

ရွှီထင်းရှန်းက ခေါင်းညိတ်ပြလိုက်တယ်။ နည်းလမ်းမရှိရင်တောင် သူ လုပ်ကို လုပ်ရပါလိမ့်မယ်။ ကျောက်အာအတွက်တင်မကဘဲ သူကိုယ်တိုင်လည်း ဒုတိယအစ်မအပေါ်မှာ ကျေးဇူးကြွေး တစ်ခု တင်ရှိနေလို့ပါပဲ။

အိပ်မက်ထဲမှာတုန်းကတော့ ဝမ်ကျောက်တိက သေသွားခဲ့တာပါ။ ဒါပေမဲ့ အခုအချိန်မှာ မဟုတ်ဘဲ ဆဋ္ဌမသခင်မ အိမ်ထဲဝင်လာပြီးမှ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

သူမ ဘယ်လိုသေသွားလဲဆိုတာ ဘယ်သူမှ မသိလိုက်ရဘဲ ရုတ်တရက်ကြီး ဖြစ်သွားခဲ့တာပါ။ ကျောက်အာက အဲဒီသတင်းကို ကြားတော့ ရူးမတတ် ခံစားခဲ့ရတယ်။

နောက်ဆုံးမှာတော့ အလောင်းတောင် ပြန်မတွေ့ခဲ့ရပါဘူး။ အဲဒီအချိန်တုန်းက သူနဲ့ ကျောက်အာကြားမှာ ဆက်ဆံရေး အကောင်းဆုံးအချိန် ဖြစ်ခဲ့ပေမဲ့၊ အမြဲတမ်း သန်မာလှတဲ့ ကျောက်အာက ပထမဆုံးအကြိမ်အဖြစ် ဒီလောက်ထိ ဝမ်းနည်းပူဆွေးခဲ့ရတာပါ။

အဲဒီကိစ္စတွေ ပြီးသွားလို့ အတော်ကြာတဲ့အခါမှာတော့ လူတစ်ယောက် ရောက်လာခဲ့တယ်။

အဲဒီလူက ရှန်မိသားစုရဲ့ ဆဋ္ဌမသခင်လေး ရှန်ကျစ်ရဲ့ လူယုံအစေခံတစ်ယောက်ပါ။

သူက ပြောပြတာကတော့ စူးလန်က မသေခင်မှာ ဆဋ္ဌမသခင်လေးကို တောင်းဆိုခဲ့တယ်တဲ့။ သူမရဲ့ညီမလေး ကျောက်အာနဲ့ ညီမလေးရဲ့ ယောက်ျားဖြစ်သူ ရွှီကုန်းအာကို သေချာပေါက် စောင့်ရှောက်ပေးပါဆိုပြီးတော့ပေါ့။

ဆဋ္ဌမသခင်လေးကလည်း သူမကို ကတိပေးခဲ့တဲ့အတိုင်း ရွှီကုန်းအာကို ရှန်မိသားစုရဲ့ မျိုးနွယ်စုကျောင်းတော်မှာ ပညာသင်ဖို့ လာခေါ်တာ ဖြစ်ပါတယ်။

အဲဒီအချိန်တုန်းက ရွှီထင်းရှန်းဟာ ရှန်မိသားစုရဲ့ မျိုးနွယ်စုကျောင်းတော်ဆိုတာ ရှန်းရှီးပြည်နယ်မှာ ဘယ်လောက်ထိ နာမည်ကြီးလဲဆိုတာ သိနေပါပြီ။ မြောက်ဘက်တောင်တန်း ကျောင်းတော်နဲ့တောင် ယှဉ်နိုင်တဲ့ နေရာမျိုးလေ။ ရှန်မိသားစုက ရှန်မျိုးနွယ်မဟုတ်တဲ့သူကို သူတို့ကျောင်းမှာ လုံးဝ ပညာသင်ခွင့် မပေးတတ်ပါဘူး။ ဒါကြောင့် ရှန်မိသားစုရဲ့ အာဏာနဲ့ဆိုရင် အဲဒီကျောင်းကို ဝင်ခွင့်ရတာဟာ ကောင်းကင်ဘုံကို တက်လှမ်းမယ့် လမ်းပွင့်သွားတာနဲ့ တူတူပါပဲ။

95 06

အဲဒီတုန်းက ကျောက်အာကတော့ ဒုတိယအစ်မဟာ ရှန်အိမ်တော်မှာ ဘယ်လိုသေသွားလဲ၊ ဘာကြောင့် သေတာလဲဆိုတာကိုပဲ သိချင်နေခဲ့တာပါ။ သူမက ရှန်မိသားစုကို အရမ်းမုန်းတီးသွားတာကြောင့် သူတို့ရဲ့ ပေးကမ်းမှုကို ဘယ်လိုမှ လက်မခံနိုင်ခဲ့ပါဘူး။

ဒါပေမဲ့ သူ (ရွှီထင်းရှန်း) ကတော့ စိတ်လှုပ်ရှားသွားခဲ့တယ်။

အဲဒီတုန်းက သူဟာ ချင်းဟယ်ကျောင်းတော်မှာ ဒုက္ခပေါင်းစုံ ကြုံခဲ့ရပြီး လောကအကြောင်းကိုလည်း အများကြီး သိနေပါပြီ။ သူ့ရဲ့ စိတ်ဓာတ်တွေကလည်း အများကြီး ပြောင်းလဲနေခဲ့ပြီ။ အထူးသဖြင့် ကျောက်အာရဲ့ ဝမ်းနည်းပူဆွေးမှုတွေက သူ့ရင်ကို အမြဲတမ်း တိုက်စားနေတာကြောင့်၊ အဲဒီအချိန်မှာ အာဏာနဲ့ အောင်မြင်မှုက ဘယ်လောက်အရေးကြီးလဲဆိုတာ သူ အသိဆုံးဖြစ်နေခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့ ဒီအတွေးတွေကို ကျောက်အာကတော့ နားမလည်ပေးနိုင်ခဲ့ပါဘူး။

ဒါဟာ အိပ်မက်ထဲမှာ ကျန်းဝူကလွဲရင် သူတို့နှစ်ယောက်ကြားမှာ အကြီးမားဆုံး အက်ကြောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။

ကျောက်အာက သူ ရှန်မိသားစုကျောင်းကို ဝင်တာဟာ အောင်မြင်မှုကိုပဲ မက်လို့၊ ဒုတိယအစ်မရဲ့ သေဆုံးမှုကို အသုံးချခဲ့တာလို့ ထင်သွားခဲ့တာလေ။

သူ ဘယ်လိုပဲ ရှင်းပြရှင်းပြ သူမက မယုံခဲ့ပါဘူး။

သူမရဲ့စိတ်ထဲမှာတော့ သူဟာ လူယုတ်မာတစ်ယောက် ဖြစ်သွားခဲ့တယ်။ နောက်ပိုင်းမှာ ဒီကိစ္စက တဖြည်းဖြည်း မှေးမှိန်သွားပြီး သူတို့နှစ်ယောက် ပြန်ပြီး အဆင်ပြေသွားကြတယ်ဆိုရင်တောင်မှ၊ ဒီအက်ကြောင်းကတော့ သူတို့ကြားမှာ အမြဲတမ်း ရှိနေခဲ့တယ်။

ရွှီထင်းရှန်းနဲ့ ကျောက်အာတို့ 'ဟယ်ရုန်းရှန်' ဆိုင်ကနေ ထွက်လာခဲ့ကြတယ်။ သူတို့နှစ်ယောက်ရဲ့ ကျောပြင်ကို ကြည့်ပြီး ရှန်ဖျင်းက သက်ပြင်းချကာ ခေါင်းခါလိုက်မိတယ်။

သူတို့ပြောသွားတဲ့ စကားတွေကို သူ ကြားလိုက်ရပေမဲ့ ရွှီထင်းရှန်းက စူးလန်ကို ကယ်နိုင်မယ်ဆိုတာကိုတော့ သူ မယုံပါဘူး။ 'ရှို့ချိုင်'လေး တစ်ယောက်ဆိုတာ ကျေးလက်က လူတွေအတွက်တော့ ကြီးကျယ်နေမှာ ဖြစ်ပေမဲ့ ရှန်မိသားစုအတွက်တော့ ဘာမှ မဟုတ်ပါဘူး။

သူက ရွှီထင်းရှန်းကို စိတ်လိုက်မာန်ပါ မလုပ်ဖို့ တားခဲ့ပေမဲ့ တစ်ဖက်လူကတော့ နားဝင်ပုံမရပါဘူး။

"ဒါဆို အခု ဘယ်သွားကြမလဲ" အပြင်ရောက်တော့ ကျောက်အာက မေးတယ်။

"ရှန်အိမ်တော်ကို သွားမယ်"

"ဒီလောက်တောင် လောနေတာလား။ နင့်မှာ ဘာနည်းလမ်းရှိလဲဆိုတာလည်း မပြောရသေးဘဲနဲ့ ဒီအတိုင်း ဇွတ်ဝင်သွားလို့ ဖြစ်ပါ့မလား"

"ငါ ရှန်တတိယသခင်လေးနဲ့ နှစ်ခါလောက် တွေ့ဖူးတယ်။ အကြောင်းပြချက်တစ်ခု ပေးပြီး တစ်ဖက်လူရဲ့ အခြေအနေကို အရင် စုံစမ်းကြည့်မယ်" ရွှီထင်းရှန်းက ကျောက်အာကို စိုးရိမ်စိတ်တွေ မတိုးစေချင်လို့ အမှန်အတိုင်း အကုန်မပြောဘူး။

တကယ်တော့ ဒီကိစ္စက ထင်ထားတာထက် အများကြီး ပိုပြီးရှုပ်ထွေးနေတယ်။

******

96 01

အခန်း (၉၆)

ဒီအကြောင်းအရာတွေက အဲဒီအိပ်မက်ထဲက အချက်အလက်တွေပေါ်မှာ အခြေခံထားတာပါ။ အိပ်မက်ထဲမှာလည်း သူက အခုလိုပဲ ရှန်မိသားစုရဲ့ မျိုးနွယ်စုကျောင်းတော်ကို တက်ခဲ့ရတယ်။ အဲဒီကို ရောက်သွားတော့မှ သူ အရင်က ဘယ်လောက်တောင် အမြင်ကျဉ်းခဲ့သလဲဆိုတာရယ်၊ ဆင်းရဲတဲ့ ပညာသင်တွေအတွက် ဘွဲ့ထူးဂုဏ်ထူး ရဖို့က ဘယ်လောက်ခက်ခဲသလဲဆိုတာကို သိလာရတယ်။ အဲဒါက ဆင်းရဲတာတစ်ခုတည်းကြောင့် မဟုတ်ဘဲ အမြင်နဲ့အခွင့်အလမ်းတွေကပါ ကွာခြားလွန်းနေလို့ပါပဲ။

ရှန်မျိုးနွယ်စုကျောင်းမှာ သူဟာ သာမန်လူတွေ စိတ်ကူးတောင် မယဉ်နိုင်တဲ့ အခွင့်အရေးတွေကို ရခဲ့တယ်။ ရှန်မိသားစုဝင်တွေနဲ့ တန်းတူရတဲ့ အဲဒီအခွင့်အရေးတွေဟာ ဆဋ္ဌမသခင်လေး ရှန်ကျစ်ရဲ့ ကူညီမှုကြောင့်ဆိုတာ နောက်ပိုင်းကျမှ သူ သိလာရတာပါ။ ရှန်ကျစ်ဆိုတာက ရွှီထင်းရှန်းရဲ့ အမြင်မှာတော့ အတော်လေး ရှုပ်ထွေးတဲ့ လူတစ်ယောက်ပဲ။ အပျော်အပါးမက်သလို ထင်ရပေမဲ့ ထုံးတမ်းစဉ်လာတွေကို ဂရုမစိုက်ဘဲ ဖောက်ထွက်တတ်သူဖြစ်လို့ ရှန်မိသားစုဝင်တွေနဲ့ လုံးဝကို ကွဲပြားနေပါတယ်။ ရှန်မိသားစုက အမျိုးသားတွေ အားလုံးက စာဖတ်တာ၊ စာမေးပွဲအောင်တာနဲ့ အရာရှိလုပ်ဖို့ကိုပဲ ဘဝရည်မှန်းချက် ထားကြပေမဲ့ သူတစ်ယောက်ပဲ အဲဒီအရာတွေကို အရေးမစိုက်ဘဲ နေခဲ့တာပါ။ တစ်ချိန်ကတော့ ဆဋ္ဌမသခင်လေးက သူ့ကို မျက်နှာသာပေးတာဟာ ဝမ်ကျောက်တိကြောင့်လို့ ထင်ခဲ့ပေမဲ့၊ နောက်ပိုင်း ရှန်မိသားစုအကြောင်းနဲ့ နန်းတွင်းအာဏာ စည်းမျဉ်းတွေကို သိလာတဲ့အခါမှာတော့ အဲဒီအချက်တစ်ခုတည်းကြောင့် မဟုတ်ဘူးဆိုတာ သူ နားလည်သွားတယ်။

ရှန်မိသားစုနဲ့ လက်ထပ်မယ့် ဝူမိသားစုက သမီးပျိုဟာ ဘယ်သူလဲဆိုတာကိုလည်း ရွှီထင်းရှန်း သိပြီးသားပါ။ သူမက ဝူမိသားစုရဲ့ သမီးလို့ ဆိုပေမဲ့ တကယ်တော့ ဝူအမတ်ကြီးချုပ်ရဲ့တူမတော်စပ်သူပါ။ ဝူမိသားစုက ကျဲ့ကျန်းဒေသက မျိုးရိုးကြီး မိသားစုဖြစ်ပြီး မျိုးဆက်အလိုက် ကုန်သွယ်မှုကို အခြေခံခဲ့ကြပေမဲ့ အစိုးရအဖွဲ့ထဲ အာဏာရဖို့ကိုတော့ ဘယ်တုန်းကမှ လက်မလွှတ်ခဲ့ကြဘူး။ အရင်မင်းဆက်ကတည်းက ဝူမိသားစုက အရာရှိတချို့ ထွက်ခဲ့ပေမဲ့ အခု တာ့ချန်းမင်းဆက် ရောက်တော့မှ ဝူမိသားစုက ထိပ်တန်းမျိုးရိုးကြီး ဖြစ်လာတာ။

အရင်မင်းဆက်နှောင်းပိုင်းမှာ နေရာအနှံ့ ပုန်ကန်မှုတွေဖြစ်ပြီး တော်လှန်ရေးတပ်တွေ ပေါ်လာတဲ့အခါ တာ့ချန်းကို တည်ထောင်တဲ့ ဧကရာဇ်ကလည်း အဲဒီထဲက တစ်ယောက်ဖြစ်တယ်။ သူက မူလက စစ်သူကြီးတစ်ယောက်ပဲ၊ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ တော်လှန်ရင်းနဲ့ အင်အားကြီးတဲ့ အဖွဲ့အစည်းကို တည်ထောင်နိုင်ခဲ့တာ။ အဲဒီတုန်းက ဂျင်လူမျိုးတွေက နယ်စပ်ကို ကျော်ဝင်လာလို့ အလယ်ပိုင်းဒေသက ပြည်သူတွေ ဒုက္ခရောက်နေကြတယ်။ ဒီအတိုင်းသာ ဆက်သွားရင် တိုင်းတစ်ပါးသားတွေ လက်အောက် ရောက်တော့မယ်ဆိုတာသိတော့ အတွင်းရေးမှာပဲ အားပြိုင်နေကြတဲ့ အမတ်တွေနဲ့ မျိုးရိုးကြီး မိသားစုတွေဟာ ထိတ်လန့်သွားပြီး ကိုယ့်အတွက် လမ်းစရှာလာကြပါတယ်။ အဲဒီအချိန်မှာ ဝူမိသားစုက ရွေးချယ်လိုက်တဲ့သူက ကျဲ့ကျန်းမှာ အခြေစိုက်နေတဲ့ ထိုက်ကျူ (ဧကရာဇ်လောင်း) ပါပဲ။

ငွေကြေးတွေ အများကြီး လှူရုံတင်မကဘဲ ရိက္ခာနဲ့ လူအင်အားပါ ပံ့ပိုးပေးခဲ့လို့ ထိုက်ကျူရဲ့ အင်အားက ပိုကြီးလာပြီး လာခိုလှုံသူတွေလည်း များလာပါတယ်။ နောက်ဆုံးမှာတော့ အင်အားစုအားလုံးကို စုစည်းပြီး ဂျင်လူမျိုးတွေကို မောင်းထုတ်နိုင်ခဲ့သလို လှပတဲ့ လောကကိုလည်း ပြန်လည်ထူထောင်နိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ထိုက်ကျူက ဧကရာဇ်အဖြစ် နန်းတက်ပြီး နန်းသက်အမည်ကို 'ချန်ထျန်း' လို့ သတ်မှတ်ခဲ့ပါတယ်။ အဲဒါက 'ကောင်းကင်ဘုံရဲ့ အလိုတော်အတိုင်း ပေါ်ထွန်းလာသူ' လို့ အဓိပ္ပာယ်ရပါတယ်။

"ယုန်သေရင် အမဲလိုက်ခွေးကို ချက်စားတယ်၊ ငှက်ကုန်ရင် လေးကို သိမ်းဆည်းတယ်" ဆိုတဲ့ စကားတွေကလည်း အကြောင်းမဲ့ မဟုတ်ပါဘူး။ ချန်ထျန်းဧကရာဇ်က သူရဲကောင်းတွေကို ကောင်းကောင်း ဆက်ဆံချင်ပေမဲ့ သူက စစ်သားဘဝက လာသူဆိုတော့ စစ်တိုက်တုန်းကပဲ အာဏာရှိခဲ့ပြီး ငြိမ်းချမ်းသွားတဲ့အခါမှာတော့ ဝေဖန်သံတွေ ထွက်လာပါတယ်။ အထူးသဖြင့် တာ့ချန်းမင်းဆက် တည်ထောင်တာဟာ အင်အားစုများစွာ ပေါင်းစည်းထားတာဖြစ်လို့ အခြေအနေတွေက အတော်လေး ရှုပ်ထွေးပါတယ်။

96 02

အဲဒီအချိန်မှာ ဝူမိသားစုက အချိန်မီပဲ နောက်ဆုတ်သွားခဲ့တယ်။ သူတို့က ကုန်သည်မျိုးရိုးက လာတာဆိုတော့ ကုန်သည်အဖြစ်ပဲ ဆက်နေမယ်လို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီအချက်ကြောင့်ပဲ ချန်ထျန်းဧကရာဇ်က ဝူမိသားစုရဲ့ ကျေးဇူးကို အမြဲသတိရနေပြီး ဝူအမတ်ကြီးချုပ်ရဲ့အဖေ ဆုံးပြီး သားဖြစ်သူ ပေါ်လာတဲ့အထိ အဲဒီမျက်နှာသာပေးမှုက ရှိနေဆဲပဲ။ ဝူအမတ်ကြီးချုပ်က မွေးကတည်းက ထူးချွန်တဲ့ ပါရမီရှင်ဖြစ်ပြီး နန်းတွင်းအဖွဲ့ထဲမှာ ရှားပါးတဲ့ လူတော်တစ်ယောက်ပါ။ ဧကရာဇ်ကလည်း မျိုးရိုးကြီးမိသားစုတွေနဲ့ အမတ်တွေကြားမှာ အားပြိုင်နေရလို့ အားကိုးရမယ့်လူယုံ လိုနေတဲ့အချိန်မှာ ဝူမိသားစုက စည်းကမ်းရှိသလို အခြေအနေကိုလည်း နားလည်တာ၊ ဝူအမတ်ကြီးချုပ်ကလည်း အရည်အချင်းရှိတာတွေကြောင့် တဖြည်းဖြည်း မြှင့်တင်ပေးခဲ့ရာက ဝူအမတ်ကြီးချုပ်ဟာ တစ်နိုင်ငံလုံးမှာ အမြင့်ဆုံး အာဏာရှိသူ ဖြစ်လာခဲ့တယ်။

ဝူမိသားစုနဲ့ ယှဉ်ရင်တော့ ရှန်မိသားစုက နည်းနည်း မှေးမှိန်နေတယ်။ ရှန်မိသားစုက ရှန်းရှီးဒေသမှာ အခြေစိုက်လာတာ နှစ်ပေါင်း ရာနဲ့ချီနေပြီဖြစ်တဲ့ မျိုးရိုးကြီး မိသားစုပါ။ အရင်မင်းဆက်မှာ အရမ်း နာမည်ကြီးခဲ့ပြီး အရာရှိတွေ အများကြီး ပေါ်ခဲ့ပေမဲ့ အခုမင်းဆက် ချန်ထျန်းဧကရာဇ် လက်ထက်မှာတော့ အမတ်ကြီးချုပ် တစ်ယောက်ပဲ ပေါ်ခဲ့ပြီး သုံးနှစ်ပဲ တာဝန်ထမ်းဆောင်ခဲ့ရတယ်။ အဲဒီသူကတော့ ရှန်မိသားစုရဲ့ အဘိုးအိုကြီး ရှန်မုန့် ဖြစ်ပြီး ရှန်လီနဲ့ ရှန်ရွှယ်တို့ရဲ့ ဘိုးဘေးပါ။ ရှန်မုန့် ဆုံးပြီးနောက်မှာ ရှန်မိသားစုက ပိုမှေးမှိန်သွားခဲ့ပြီး ရှန်လီတို့ လက်ထက်ရောက်မှ နည်းနည်း ပြန်နိုးထလာတာပါ။ ဒါပေမဲ့လည်း အာဏာရဲ့ ဗဟိုချက်နဲ့ ဝေးနေတာ ကြာပြီဖြစ်လို့ ရှန်မိသားစုရဲ့ အာဏာက အရင်လို မဟုတ်တော့ပါဘူး။ အဲဒါကြောင့်ပဲ အမတ်ကြီးချုပ် ရာထူးရဖို့ ဝူမိသားစုကို အကူအညီ တောင်းနေရတာ။

ဒါပေမဲ့လည်း ရှန်မိသားစုရဲ့ သဘောထားက အမြဲတမ်း ဝေဝေဝါးဝါး ဖြစ်နေခဲ့တယ်။ ဝူမိသားစုနဲ့ လက်ထပ်ပြီး မဟာမိတ်ဖွဲ့ဖို့ ပြင်နေပေမဲ့ နန်းတွင်းမှာတော့ ရှန်မိသားစုနဲ့ ဝူမိသားစုက လမ်းကြောင်းချင်း မတူကြဘူး။ အခုတစ်ကြိမ်မှာ ရှန်မိသားစုက အမတ်ကြီးချုပ် ရာထူးအတွက် ဝူအမတ်ကြီးချုပ်ကို အကူအညီတောင်းတော့ ဝူအမတ်ကြီးချုပ်ဘက်က ဈေးဆစ်လာတယ်။ သားသမီးချင်း လက်ထပ်မယ့်ကိစ္စကို သုံးပြီး ရှန်မိသားစုရဲ့ သဘောထားကို စမ်းသပ်လာခဲ့တယ်။

ရွှီထင်းရှန်းကတော့ ဝူချန်လို လူမိုက်နဲ့ သူ့သမီးက ရှန်မိသားစုထဲက ကိစ္စတွေကို သိနိုင်လောက်အောင် တော်လိမ့်မယ်လို့ လုံးဝမယုံပါဘူး။ ဒီကိစ္စဟာ ဝူအမတ်ကြီးချုပ်ရဲ့ ခွင့်ပြုချက်မပါဘဲ ဝူချန်အနေနဲ့ လုပ်ရဲမှာ မဟုတ်ဘူး။ ရှန်မိသားစုကလည်း ဒါကို သိနေပုံရပါတယ်။ ဒါကြောင့်ပဲ ရှန်လီနဲ့ ရှန်ရွှယ်တို့က အခြေအနေမကောင်းလို့ အိမ်ကို စာတွေ အကြိမ်ကြိမ် ပို့နေကြတာဖြစ်ပြီး ဒီအချိန်ဟာ ရှန်လီ အမတ်ကြီးချုပ် ရာထူးရဖို့အတွက် အရေးကြီးဆုံး အချိန်လည်း ဖြစ်နေပါလိမ့်မယ်။

ဒီအချက်တွေ အားလုံးက ရွှီထင်းရှန်းက အိပ်မက်ထဲက အချက်အလက်တွေကိုသုံးပြီး တွေးတောထားတာပါ။ အခု ပြဿနာက ဒီကစားကွက်ကို ဘယ်လို ဖြိုမလဲဆိုတာပါပဲ။ တစ်နိုင်ငံလုံးကို တုန်လှုပ်စေနိုင်တဲ့ အင်အားကြီး နှစ်ဖက်နဲ့ ယှဉ်ရင် ဝမ်ကျောက်တိ ဆိုတဲ့ အောက်ခြေထုံဖန်းရဲ့အသက်က ဘာမှ မတန်သလောက်ပါပဲ။ သူကိုယ်တိုင်ကလည်း အခုအချိန်မှာ အောက်ခြေလူတန်းစားပဲ ရှိသေးတော့ ဘယ်လိုနည်းနဲ့ ဘေးကင်းအောင် လုပ်ပြီး ကျောက်အာရဲ့အစ်မကို ကယ်မလဲ။

ရွှီထင်းရှန်းက လှည်းမောင်းရင်း နက်နက်နဲနဲ စဉ်းစားနေတယ်။ ကျောက်အာကတော့ လှည်းထဲမှာ ထိတ်လန့်ပြီး ထိုင်နေလို့ ကောင်လေးရဲ့ ထူးခြားတဲ့ အမူအရာကို သတိမထားမိပါဘူး။ လမ်းတစ်ဝက် ရောက်တော့ ရွှီထင်းရှန်းက လှည်းကို ခဏရပ်လိုက်တယ်။ သူက လှည်းထဲဝင်လာပြီး ကျောက်အာကို ကြည့်ကာ သက်ပြင်းချလိုက်မိတယ်။ "ဘာလို့ ထပ်ငိုနေပြန်တာလဲ"

ရှိုက်သံကြားလို့ သူ ဝင်လာတာပါ။ ကျောက်အာကတော့ မအောင့်နိုင်တော့ဘူး။ ကောင်လေးက နည်းလမ်းရှိတယ်လို့ နှစ်သိမ့်ပေမဲ့ ဒါက အားပေးစကား သက်သက်ပဲဆိုတာ သူမ သိနေတယ်။

"ကုန်းအာ... ဒုတိယအစ်မ တကယ်ပဲ သေသွားမှာလား"

သူမက နောက်ဆုံး မျှော်လင့်ချက်အနေနဲ့ ရွှီထင်းရှန်းရဲ့ အင်္ကျီလက်ကို ဆွဲပြီး မေးလိုက်တယ်။

96 03

"ငါ ပြောပြီးပြီပဲ၊ ငါ နည်းလမ်းရှာပါ့မယ်။ ဒုတိယအစ်မ မသေစေရဘူး"

"တကယ်လား။ ငါ ကိုယ့်ကိုယ်ကိုယ် အရမ်းအတ္တကြီးတယ်လို့ ခံစားရတယ်။ ဒုတိယအစ်မက ငါ့အတွက် အမြဲ စဉ်းစားပေးခဲ့ပေမဲ့ ငါကတော့ သူ့အတွက် ဘာမှ မလုပ်ပေးနိုင်ဘူး။ ငါ သူ့ကို ပိုဂရုစိုက်ပေးခဲ့သင့်တာ။ ဒါမှမဟုတ် သူ့ကို အိမ်ဖော်ဘဝကနေ ရွေးထုတ်ဖို့ နည်းလမ်းရှာခဲ့သင့်တာ။ ဒါပေမဲ့ ဒုတိယအစ်မက ဒီကိစ္စကို ဝင်မပါနဲ့လို့ပြောလို့ ငါကလည်း ဝင်မပါခဲ့မိဘူး။ ငါ တကယ်ကို မလုပ်သင့်တာကို လုပ်မိတာပဲ"

"... အားလုံးက ငါ့အမှားတွေပါ။ ငါသာ အရင်က ဒုတိယအစ်မရှေ့မှာ ရွှီမိသားစုရဲ့ မကောင်းကြောင်းတွေကို အမြဲမပြောခဲ့ရင် ဒုတိယအစ်မလည်း အဲဒီ ထုံဖန်းအလုပ်ကို သွားလုပ်မှာ မဟုတ်ဘူး။ သူ အဲဒီလို စိတ်ကူးတာက ငါနဲ့ သေချာပေါက် ပတ်သက်နေမှာပဲ" ကျောက်အာက ရွှီထင်းရှန်းရဲ့ရင်ခွင်ထဲမှာ မှီပြီး ရှိုက်ကြီးတငင် ငိုပါတော့တယ်။ "ဒုတိယအစ်မက အရမ်းပင်ပန်းခဲ့တာ။ အရင်က အိမ်မှာ မိန်းကလေး ငါးယောက်ရှိတော့ အစ်မကြီးနဲ့ ဒုတိယအစ်မက အရွယ်ရောက်နေပြီ။ တတိယအစ်မကို ရောင်းရတော့မယ့် အခြေအနေမှာ ဒုတိယအစ်မကပဲ ရှေ့ထွက်ပြီး သူ့ကိုပဲ ရောင်းပါလို့ ပြောခဲ့တာ။ သူ ရှန်မိသားစုကို စရောက်ခါစကလည်း အဆင်မပြေဘူး။ နှစ်နှစ်လောက်အထိ မီးဖိုချောင်မှာ အလုပ်လုပ်ခဲ့ရတာ။ သူကတော့ ဘာမှမပြောပေမဲ့ ငါကတော့ အကုန်မြင်နေရတာပဲ... သူက ဒီလိုပဲ၊ ပါးစပ်က ဆိုးပေမဲ့ စိတ်ထားကတော့ ပြတ်သားတယ်။ နင့်အပေါ် ကောင်းချင်ရင်တောင် ပါးစပ်ကတော့ ဆူနေတတ်တာမျိုးပေါ့..."

"... ဒုတိယအစ်မ လမ်းမှားသွားတာကို ငါသိပါတယ်။ ဒါပေမဲ့ သူ့စိတ်ထဲမှာ ဘာတွေးနေလဲဆိုတာ ငါသိတယ်။ သူက တစ်နေ့ အပြင်ပြန်ထွက်လာရင် ထပ်ပြီးအရောင်းခံရမှာကို ကြောက်နေတာ။ ဒါကြောင့် သူက လူရာဝင်တဲ့သူဖြစ်အောင် ကြိုးစားခဲ့တာပါ။ တကယ်တော့ ငါလည်း အတူတူပါပဲ၊ ဒါပေမဲ့ ငါကတော့ ကံကောင်းလို့ နင့်ကို တွေ့ခဲ့တာပေါ့..."

ကျောက်အာက ရွှီမိသားစုကို မရောက်ခင်က ကိစ္စတွေကို ရွှီထင်းရှန်းကို ပထမဆုံးအကြိမ် ပြောပြတာပါ။ ဒီကိစ္စတွေကို သူ ဘယ်တော့မှ ထုတ်မပြောဘဲ လျှို့ဝှက်ထားခဲ့တာ။ မိဘတွေကလည်း မမေးခဲ့ကြသလို ရွှီထင်းရှန်းကလည်း အရင်က ကလေးဆိုတော့ မတွေးမိခဲ့ဘူး၊ ကြီးလာတော့လည်း မမေးဖြစ်ခဲ့ဘူး။ ကျောက်အာမှာ အိမ်ဖော်အဖြစ် ရောင်းစားခံရတဲ့ ဒုတိယအစ်မ ရှိတယ်ဆိုတာပဲ သူ သိထားတာ။ တကယ်တော့ ဒုတိယအစ်မရှိရင် အစ်မကြီးနဲ့ မိဘတွေလည်း ရှိဦးမှာပေါ့။ ဒါပေမဲ့ သူမက ဘယ်တော့မှ ထုတ်မပြောတာက သူမရဲ့ရင်ထဲမှာ အနာရွတ်ကြီး ဖြစ်နေလို့ပဲ။

"ကံကောင်းလို့ နင့်ကို တွေ့ခဲ့တာ" ဆိုတဲ့ စကားကတော့ ကျောက်အာကို ရွှီထင်းရှန်းရဲ့မိဘတွေ ခေါ်လာခဲ့လို့ပါ။ အမှန်ကတော့ ရွှီထင်းရှန်းက လမ်းဘေးမှာ ခြေထောက်ကျိုးနေတဲ့ ကျောက်အာကို တွေ့ပြီး မိဘတွေကို ပြောပြခဲ့တာ။ ကျောက်အာက လူကုန်ကူးသူတွေဆီက ထွက်ပြေးလာတာဖြစ်ပြီး လမ်းမှာ လှည်းပေါ်က ခုန်ချလို့ ခြေထောက်ကျိုးသွားတာပါ။ ခြေထောက်ကျိုးနေပေမဲ့ ဆက်ပြေးရင်း နောက်ဆုံး မလှုပ်နိုင်တော့ဘဲ လဲနေခဲ့တာပါ။ အဲဒီတုန်းက လူကုန်ကူးသူတွေက လိုက်လာပေမဲ့ ရွှီထင်းရှန်းရဲ့ မိဘတွေက သားဖြစ်သူကို ဆေးကုဖို့ ယူလာတဲ့ ငွေတွေနဲ့ ကျောက်အာကို ဝယ်ယူခဲ့ကြတာပါ။

ဒီကိစ္စကို ကျောက်အာက အမြဲမှတ်ထားခဲ့တယ်။ မြက်တောထဲမှာ လဲနေတဲ့ သူမကို လက်ညှိုးထိုးပြီး "ဟိုမှာ လူတစ်ယောက် ရှိတယ်" ဆိုပြီး ပြောခဲ့တဲ့ မျက်နှာဖျော့ဖျော့နဲ့ ကောင်လေးကို သူမ မှတ်မိနေခဲ့ပါတယ်။ လူကုန်ကူးသူက သူမကို အတင်းခေါ်ဖို့ လုပ်တုန်း ဇနီးမောင်နှံနှစ်ယောက်က လူကိုကယ်ဖို့နဲ့ သားကို ဆေးကုဖို့ကြားမှာ တုံ့ဆိုင်းနေခဲ့ကြတယ်။ အဲဒီတုန်းကလည်း အဲဒီကောင်လေးကပဲ ပြောခဲ့တာက။

"ဆေးက အရမ်းခါးတယ်၊ ကျွန်တော် မသောက်ချင်ဘူး၊ သောက်လည်း မထူးပါဘူး၊ သူ့ကိုပဲ ဝယ်လိုက်ပါ"

အဲဒီအချိန်ကတည်းက သူမဟာ ဒီကောင်လေးရဲ့ကျေးဇူးကို တစ်သက်လုံး ဆပ်မယ်၊ သူ့အပေါ် အမြဲကောင်းပေးမယ်လို့ သစ္စာဆိုခဲ့တာ။ အခုတော့ အဲဒီကောင်လေးက လူကြီးဖြစ်လာပြီး သူမကလည်း သူ့ဇနီး ဖြစ်လာခဲ့ပြီ။ ဒါပေမဲ့ သူမဘေးမှာ သူ အမြဲ ရှိနေပေမဲ့ ဒုတိယအစ်မကတော့ သေရတော့မှာ။

"ကုန်းအာ..."

"ကဲပါ၊ မငိုနဲ့တော့။ စိတ်ချပါ၊ ငါ မင်းရဲ့ဒုတိယအစ်မကို သေချာပေါက် ကယ်ပေးပါ့မယ်" ရွှီထင်းရှန်းက သူမရဲ့မျက်ရည်တွေကို သုတ်ပေးရင်း ကျောက်အာ ပြောသွားတဲ့ 'ကံကောင်းခြင်း'ဆိုတဲ့ စကားကို ပြန်တွေးနေမိတယ်။ ကျောက်အာရဲ့ကံက မကောင်းခဲ့ပါဘူး။ ဒါကြောင့်ပဲ အိပ်မက်ထဲမှာ တစ်သက်လုံး ပင်ပန်းဆင်းရဲခဲ့ရပြီး ကောင်းစားတဲ့နေ့ တစ်ရက်မှ မရှိဘဲ သေသွားခဲ့ရတာ။ ဒီတစ်သက်မှာတော့ သူမရဲ့ ကံကောင်းခြင်း စကားတွေကို လက်တွေ့ဖြစ်လာအောင်၊ ဘဝတစ်လျှောက်လုံး အဆင်ပြေအောင် သူ သေချာပေါက် လုပ်ပေးသွားမှာပါ။

96 04

လှည်းက ရှန်အိမ်တော်ရှေ့ကို မကြာခင် ရောက်လာတယ်။ ဒီတစ်ခါတော့ နောက်ဖေးတံခါးကို မသွားတော့ဘဲ အိမ်ကြီးရဲ့ဘေးတံခါးဆီကို သွားလိုက်ပါတယ်။ မသွားခင်မှာ ရွှီထင်းရှန်းက စာရေးကိရိယာဆိုင်မှာ လာတွေ့ကြောင်း အကြောင်းကြားလွှာ (ပိုက်ထဲ့) တစ်စောင် ဝယ်ပြီး သူ့နာမည် ရေးခဲ့တယ်။ လှည်းပေါ်က ဆင်းတော့ အဲဒီ အကြောင်းကြားလွှာကို ကိုင်ပြီး ဘေးတံခါးဆီ လျှောက်သွားလိုက်တယ်။

"တတိယသခင်လေးက ပြောထားပါတယ်၊ အားတဲ့အခါ လာတွေ့ဖို့ ဖိတ်ထားလို့ပါ"

အဲဒီစကား ကြားတော့ တံခါးစောင့်က အကြောင်းကြားလွှာကို ယူပြီး အထဲဝင်သွားပါတယ်။ ရွှီထင်းရှန်းက တံခါးရှေ့မှာ စောင့်နေပြီး ၁၅ မိနစ်လောက် ကြာတော့ တံခါးစောင့် ပြန်ထွက်လာတယ်။

"တတိယသခင်လေးက အထဲကို ဖိတ်ပါတယ်"

ရွှီထင်းရှန်းက ခေါင်းညိတ်ပြပြီး ရှန်အိမ်ထဲဝင်ဖို့ လုပ်တုန်း ကျောက်အာက လှည်းပေါ်က ဆင်းပြီး သူ့နောက်က လိုက်လာတယ်။ တံခါးစောင့်က ရွှီထင်းရှန်းကို အံ့သြသလို ကြည့်တော့ သူက အသာလေး ပြုံးပြီး

"ဒါက ကျွန်တော့်ရဲ့ စာကြည့်ဖော်လေးပါ"

ကျောက်အာက ဒီနေ့ အပြင်ထွက်တော့ ယောက်ျားလေးဝတ်စုံ ဝတ်ထားလို့ စာကြည့်ဖော်လေးလို ဟန်ဆောင်ရတာ အဆင်ပြေနေတယ်။ နှစ်ယောက်သား တံခါးစောင့်နောက်က လိုက်သွားကြတယ်။ ရှန်အိမ်တော်ကြီးရဲ့ အတွင်းပိုင်းက အရမ်းခမ်းနားပေမဲ့ ရှေးဟောင်းအငွေ့အသက်နဲ့ တည်ငြိမ်မှုတွေလည်း ရှိနေတော့ မျိုးရိုးကြီး အိမ်တော်ဆိုတာ ဒီလိုပါပဲလားလို့ ထင်ရပါတယ်။ တံခါးစောင့်က သူတို့ကို လမ်းတစ်ဝက်အထိပဲ ပို့ပေးပြီး နောက်တစ်ယောက်က လမ်းပြပေးပြန်တယ်။ ရှန်အိမ်ထဲမှာ လူတိုင်း စိတ်ကြိုက် သွားလာခွင့် မရှိပုံပါပဲ။

ခြံဝန်းတစ်ခုရှေ့ ရောက်တော့ ပတ်ဝန်းကျင် အလှအပတွေက ပြောင်းသွားပြန်တယ်။ မြက်ခင်းစိမ်းတွေ၊ စီးနေတဲ့ ရေမြောင်းလေးတွေနဲ့ ဟိုနားဒီနားက ဝါးရုံပင်လေးတွေက သခင်လေးတစ်ယောက်ရဲ့ အိမ်နဲ့မတူဘဲ တောထဲက ရသေ့တစ်ပါးရဲ့ နေရာနဲ့တောင် တူနေပါတော့တယ်။ အဲဒီနေရာ ရောက်တော့ လမ်းပြသူက ဆုတ်သွားပြီး အပြာရောင် ဝတ်ထားတဲ့ အစေခံ ထွက်လာကာ သူတို့ကို အထဲဖိတ်တယ်။ စာကြည့်ခန်းရှေ့ ရောက်တော့ ကျောက်အာကို အပြင်မှာ ခဏစောင့်ခိုင်းပြီး ရွှီထင်းရှန်းကိုပဲ အထဲခေါ်သွားတယ်။

ရွှီထင်းရှန်း အထဲဝင်သွားတော့ တတိယသခင်လေးဖြစ်တဲ့ ရှန်ဖူက စာဖတ်နေတုန်းပဲ။ အမှန်က ဒီအခန်းထဲက အရာအားလုံးက စာအုပ်တွေချည်းပါပဲ။ ဒီစာအုပ်တွေ အားလုံးက ရှန်ဖူ ပိုင်တာဖြစ်ပြီး စာအုပ်တွေကို နေလှန်းပေးဖို့တင် အစေခံ ၁၀ ယောက်ကျော် ရှိတယ်။ သူတို့က နေ့တိုင်း စာအုပ်တွေကို ဂရုစိုက်ပေးရုံပဲ။ ဒီနေရာက စာအုပ်သိုလှောင်တဲ့ နေရာဆိုတော့ ဧည့်သည် ဧည့်ခံဖို့ မရည်ရွယ်လို့ သာမန် ဧည့်ခန်းတွေလို ခမ်းနားအောင် ပြင်မထားပါဘူး။ အထဲဝင်လိုက်တာနဲ့ ကျယ်ဝန်းတဲ့ အခန်းကြီးကို တွေ့ရမှာဖြစ်ပြီး ရှေ့ရောနောက်ရော ပြတင်းပေါက်တွေ ဖွင့်ထားလို့ လေဝင်လေထွက်ကောင်းပြီး လင်းနေတယ်။ နံရံတစ်လျှောက်မှာ စာအုပ်စင်တွေက စနစ်တကျ ရှိနေတယ်။ အခန်းထဲမှာ ကုလားထိုင်တွေ မရှိဘဲ နေရာအနှံ့မှာ ထိုင်ခုံပုလေးတွေပဲရှိလို့ ရှန်ဖူ အဆင်ပြေတဲ့နေရာမှာ ထိုင်ပြီး စာဖတ်နိုင်အောင် စီစဉ်ထားဟန်ရှိတယ်။ လက်လှမ်းမီရာမှာ စာအုပ်ရှိသလို အဆင်ပြေတဲ့နေရာမှာလည်း ထိုင်လို့ရတယ်။

အစေခံက ရွှီထင်းရှန်းကို ခေါ်လာပြီးနောက် ပြန်ထွက်သွားတယ်။ ရှန်ဖူက ဘာမှမပြောဘဲ စာအုပ်ကိုပဲ အာရုံစိုက်နေလို့ ရွှီထင်းရှန်းလည်း မနှောင့်ယှက်ဘဲ ပတ်ဝန်းကျင်ကို ကြည့်ကာ နေရာတစ်ခုမှာ ထိုင်လိုက်တယ်။ လေပြည်က အေးနေပေမဲ့ အထဲမှာတော့ အအေးဒဏ်ကို မခံစားရဘူး။ ရွှီထင်းရှန်း ထိုင်နေတဲ့ နေရာက နွေးနေတာပဲ။ ဒီအခန်းအောက်မှာ မြေအောက်အပူပေးတဲ့ အစီအမံတွေလုပ်ထားလို့ အပြင်မှာ ဆောင်းရာသီလို အေးနေရင်တောင် အတွင်းမှာတော့ နွေဦးလို နွေးနေတယ်။

96 05

ဒါဟာ မျိုးရိုးကြီးမိသားစုက သားသမီးတွေပဲ ရနိုင်တဲ့ အခွင့်အရေးပါ။ သူတို့အတွက် ပင်ပင်ပန်းပန်း စာဖတ်ရတာမျိုး မရှိဘဲ မွေးကတည်းက အကောင်းဆုံး အဝတ်အစား၊ အစားအသောက်နဲ့ အခွင့်အရေးတွေ ရထားကြတာ။ အိပ်မက်ထဲမှာ တစ်ချိန်က ရွှီထင်းရှန်းဟာ ဒီအချက်ကို မကျေနပ်ခဲ့ဖူးပေမဲ့ အချိန်ကြာလာတော့လည်း သဘာဝအတိုင်းပဲ လက်ခံနိုင်လာတယ်။ သူက ထိုင်နေရင်း နည်းနည်း ပျင်းလာလို့ ဘေးက စာအုပ်စင်ပေါ်က စာအုပ်တစ်အုပ် လှမ်းယူလိုက်တယ်။ အဲဒါက "နိုင်ငံအသီးသီးရဲ့ အောင်မြင်မှုနဲ့ ကျဆုံးမှုတွေအကြောင်း ဆွေးနွေးချက်" ဆိုတဲ့ စာအုပ်ပါ။ ရွှီထင်းရှန်းကလည်း ရှေ့ဆက်မယ့် စာမေးပွဲကြီးအတွက် ပြင်နေချိန်ဆိုတော့ အဲဒီစာအုပ်ကို စိတ်ဝင်တစား ဖတ်နေတော့တယ်။

ဖတ်ရင်းနဲ့ သူဟာ အာရုံထဲ လုံးဝ ရောက်သွားခဲ့တယ်။ အချိန်ဘယ်လောက် ကုန်သွားမှန်း မသိဘဲ အသံသဲ့သဲ့ ကြားလို့ ကြည့်လိုက်တော့ ရှန်ဖူက စာအုပ်ကို ချပြီး ကိုယ်လက်ဆန့်နေတယ်။ ရှန်ဖူက မျက်နှာမှာ အပြုံးတစ်ခုနဲ့ ပြောလိုက်တယ်။ "မင်းကလည်း စာဖတ်တာကို တကယ် ဝါသနာပါတာပဲနော်"

ရွှီထင်းရှန်းက စာအုပ်ကို ပိတ်ပြီး ရိုးရိုးလေးပဲ ပြန်ပြောလိုက်ပါတယ်။

"စာအုပ်ထဲမှာ ရွှေအိမ်နန်းတော် ရှိတယ်လို့ ဆိုကြတာကိုး"

ရှန်ဖူက ရယ်လိုက်တယ်။ အထဲမှာ လှုပ်ရှားမှုရှိတာသိလို့ အစေခံက လက်ဖက်ရည် လာချပေးတယ်။ ရှန်ဖူက လက်ဖက်ရည် တစ်ငုံ သောက်လိုက်ပြီးမှ

"ဒါကတော့ အမှန်တရားပဲ။ လူတွေ စာဖတ်တာဟာ စာအုပ်ထဲမှာ သူတို့ လိုချင်တာတွေ ရှိနေလို့ပဲ မဟုတ်လား။ ဒါဆို မင်းအတွက်ကော... ဒီစာအုပ်တွေထဲမှာ မင်း လိုချင်တာတွေ ရှိနေသလား"

သူက စကားပြောရင်း ဘေးက စာအုပ်တွေကို လက်ညှိုးထိုးပြတယ်။

"ဘွဲ့ထူးဂုဏ်ထူး၊ အာဏာ၊ ချမ်းသာကြွယ်ဝမှုနဲ့ လုပ်ပိုင်ခွင့်တွေပေါ့" ရွှီထင်းရှန်းက တည်တည်ငြိမ်ငြိမ်ပဲ ပြန်ဖြေပြီး လက်ဖက်ရည် သောက်လိုက်တယ်။ ဒါက အကောင်းဆုံး လက်ဖက်ရည်ပဲ။ ရှန်ဖူအတွက်တော့ ဒါဟာ သာမန်ပဲ ဖြစ်နိုင်ပေမဲ့ ကျေးလက်ကလာတဲ့ ရွှီထင်းရှန်းအတွက်တော့ အလွန်တန်ဖိုးကြီးတဲ့အရာပါ။ ဒါပေမဲ့လည်း ရွှီထင်းရှန်းရဲ့အမူအရာက တစ်ချက်မှ မပျက်ဘဲ အေးဆေးနေတယ်။

ရှန်ဖူက သူ့ကို အကဲခတ်နေပေမဲ့ ဘာမှရှာမတွေ့ဘူး။ ဒီကောင်လေးရဲ့ နောက်ခံကို သူ စုံစမ်းပြီးသား ဖြစ်ပေမဲ့ ထူးခြားချက် တစ်ခုမှ မရှိတဲ့ သာမန် ကျေးလက်သားလေးပါပဲ။ ဒါပေမဲ့ ရှန်ဖူဟာ ဒီကောင်လေးနဲ့ တွေ့တိုင်း သူ့ရဲ့ ထူးခြားတဲ့ အငွေ့အသက်ကို အမြဲခံစားရတယ်။ အကယ်၍ ဒီကောင်လေးမှာ ထူးခြားချက်ရှိတယ်ဆိုရင် လုဟွမ်ချင်းရဲ တပည့်မြေး တော်စပ်နေတာပဲ ရှိတယ်၊ ဒါပေမဲ့ အဲဒီလို တပည့်မြေးမျိုးက လုဟွမ်ချင်းမှာ ရာနဲ့ချီ ရှိမှာပါ။

ရှန်ဖူက အသာလေး ပြုံးလိုက်တယ်။ သူက ဘယ်လောက်ပဲ ဖော်ဖော်ရွေရွေ နေပါစေ သူ့ရဲ့ရာထူးနဲ့ ဂုဏ်က ရှိနေဆဲပဲ။ အစောပိုင်းက စကားတွေက စမ်းသပ်တာဖြစ်ပြီး အခု စုံစမ်းလို့ မရတဲ့အခါမှာတော့ သူက ဆက်ပြီး စကားများမနေချင်တော့ပါဘူး။

"ဒါနဲ့ ရွှီရှို့ချိုင်က ဒီနေ့ ဘာကိစ္စနဲ့ ရောက်လာတာလဲ"

"သခင်လေးက ချီးကျူးလွန်းနေပါပြီ။ အရင်က သခင်လေး ဖိတ်ထားတာဆိုတော့ ကျွန်တော်ကလည်း လူမှုရေးအရ လာတွေ့ရမှာပေါ့။ ဒါပေမဲ့ အရင်က ကျွန်တော့်ဘဝရဲ့အရေးကြီးတဲ့ ကိစ္စလေးတွေ ရှိနေလို့ မအားခဲ့တာပါ။ အခု အားသွားပြီဆိုတော့ လာတွေ့တာပါ"

သူက ခဏရပ်ပြီးမှ "ဒါ့အပြင် ဒီနေ့ လာတာကလည်း ကိစ္စတစ်ခု ရှိလို့ပါ။ ကျွန်တော်နဲ့ သခင်လေးကြားမှာ ရေစက် နည်းနည်း ရှိတယ်လို့ပဲ ဆိုရမှာပေါ့"

"ဘယ်လိုမျိုးလဲ"

"ကျွန်တော် သခင်လေးဆီမှာ လူတစ်ယောက်ကို လာတောင်းချင်လို့ပါ"

96 06

ဒီတောင်းတယ်ဆိုတဲ့ စကားကို ပြောလိုက်တာနဲ့ ရွှီထင်းရှန်းဟာ ရှန်ဖူအပေါ်မှာ ကျေးကျူးကြွေး တစ်ခု တင်သွားပြီလို့ ဆိုရမှာပါ။ တကယ်တော့ ရွှီထင်းရှန်းက ရှန်မိသားစုနဲ့ အလွန်အကျွံ မပတ်သက်ချင်ပေမဲ့ ကံကြမ္မာက အလိုလို ဖန်တီးလာတာပဲ။ အိပ်မက်ထဲမှာ ဝမ်ကျောက်တိ သေလို့ ရှန်မိသားစုကျောင်း ဝင်ခဲ့ရသလို လက်တွေ့မှာလည်း ဝမ်ကျောက်တိကြောင့်ပဲ ရှန်မိသားစုနဲ့ ပတ်သက်လာရပြန်ပါတယ်။

"ရွှီရှို့ချိုင်ရဲ့ လာရင်းက ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာပြီပဲ။ လူတစ်ယောက်ကို တောင်းမယ် ဘယ်လိုလူကို တောင်းချင်တာလဲ"

"ကျွန်တော် တောင်းချင်တဲ့သူက အိမ်တော်က ထုံဖန်း တစ်ယောက်ပါ။ သူ့နာမည်က စူးလန် လို့ ခေါ်ပါတယ်"

******

All Chapters