← Chapters

အခန်း (၉၇-၉၈)

Vol. 10 Ch. 97-98

အခန်း (၉၇-၉၈)

Vol. 10 Ch. 97-98

97 01

အခန်း (၉၇)

"စူးလန်" ရှန်ဖူ ခဏတော့ ကြောင်သွားပေမဲ့ ချက်ချင်းပဲ အတွေးတွေ များသွားတယ်။ သူ တွေးမိတာက "ရွှီရှို့ချိုင်က ငါ့အိမ်က ထုံဖန်းကို သဘောကျနေတာလား။ အရင်က လမ်းမှာ အမှတ်မထင်တွေ့ပြီး စွဲလမ်းသွားလို့ စုံစမ်းကြည့်တော့မှ ငါ့ရှန်မိသားစုကလူ ဖြစ်နေတာ သိသွားတာလား"

ရွှီထင်းရှန်းက ခပ်ခါးခါး ပြုံးလိုက်ပြီး ပြောလိုက်တယ်။

"သခင်လေး အထင်လွဲနေပါပြီ။ သူက ကျွန်တော့်ဇနီးရဲ့ အစ်မအရင်း ဖြစ်သလို ခင်ဗျားတို့အိမ်က ဆဋ္ဌမသခင်လေးရဲ့ထုံဖန်းလည်း ဖြစ်ပါတယ်"

ရှန်ဖူရဲ့မျက်နှာပေါ်က အပြုံးတွေက တဖြည်းဖြည်း ပျောက်ကွယ်သွားပါတော့တယ်။ "ဒီလောက်တောင် တိုက်ဆိုင်လှချင်လား"

"သခင်လေးအနေနဲ့ ကူညီပေးစေချင်ပါတယ်။ သူက ထုံဖန်း တစ်ယောက်ပဲလေ။ ဘယ်လိုပဲဖြစ်ဖြစ် ဖြေရှင်းရမှာဆိုတော့ သူ့ကို အသက်ရှင်ခွင့် ပေးလိုက်တာက စေတီပုထိုး ခုနစ်ဆင့် တည်ရတာထက် မြတ်ပါတယ်"

ရှန်ဖူက သူ့ကို စိုက်ကြည့်ပြီး ဆိုတယ်။ "ရွှီရှို့ချိုင်က တော်တော်လေး သိထားတာပဲ"

ရွှီထင်းရှန်းက လက်နှစ်ဖက်ကို ဆုပ်ကိုင်ထားရင်း ဆက်ပြီး ပြုံးနေတုန်းပါပဲ။ "ဒီတစ်ခေါက် ကျွန်တော်နဲ့ဇနီး လာတာကလည်း အစ်မဖြစ်သူကို အိမ်ဖော်ဘဝကနေ ရွေးထုတ်သွားချင်လို့ပါ။ ကျွန်တော့်ဇနီးက ဘဝမှာ ကံမကောင်းရှာပါဘူး။ ငယ်ငယ်ကတည်းက အစ်မနဲ့ ကွဲကွာခဲ့ရပြီး တစ်ယောက်တစ်နေရာ ဖြစ်နေခဲ့တာ။ အခု ကိုယ့်မှာ အင်အားလေး နည်းနည်းရှိလာပြီဆိုတော့ မိသားစု ပြန်ဆုံချင်ကြတာပေါ့။ ဒါပေမဲ့ ဒီလိုကိစ္စမျိုး ဖြစ်နေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ အကျိုးအကြောင်း စုံစမ်းကြည့်တော့မှ အတွင်းရေးတချို့ကို သိလိုက်ရတာပါ"

ရှန်ဖူ ခဏလောက် စဉ်းစားလိုက်တယ်။ "သာမန် ထုံဖန်းသာဆိုရင်တော့ ရွှီရှို့ချိုင် ပြောလာမှတော့ ငါလည်း ခွင့်ပြုမှာပေါ့။ ဒါပေမဲ့ ဒီထုံဖန်းရဲ့အဆင့်အတန်းက ထူးခြားနေတော့ ငါ့သဘောနဲ့ငါ ဆုံးဖြတ်လို့ မရဘူး"

ရှန်ဖူရဲ့သဘောထားက အေးစက်သွားပြီဆိုတာ ရွှီထင်းရှန်း ရိပ်မိလိုက်ပါတယ်။ ဒါပေမဲ့ မျိုးရိုးကြီး မိသားစုက သခင်လေးပီပီ ယဉ်ကျေးမှုကိုတော့ ထိန်းထားဆဲပါပဲ။ ဒီလို စဉ်းစားနေတာကလည်း အမူအရာ သက်သက်ပါပဲ။ သူ့ရဲ့ ရှို့ချိုင်ဘွဲ့ကြောင့် မဟုတ်ဘဲ အရင်က အထင်ကြီးခဲ့တာကြောင့်သာ ရွှီထင်းရှန်းကို အသာတကြည် နောက်ဆုတ်သွားဖို့၊ ထပ်ပြီးအတင်းမတောင်းဆိုဖို့ စကားနဲ့ နှစ်ယောက်ကြား သိက္ခာမပျက်စေချင်လို့ အရိပ်အမြွက် ပြောလိုက်တာပါ။

အကယ်၍ ရွှီထင်းရှန်းကသာ အခြေအနေကိုသိပြီး နောက်ဆုတ်သွားရင် နှစ်ဖက်လုံး အဆင်ပြေသွားမှာပါ။ တတိယသခင်လေးရဲ့ စိတ်ကို ကျေနပ်အောင် လုပ်ပေးရာ ရောက်သလို နောင်တစ်ချိန်မှာလည်း ရှန်မိသားစုရဲ့ အကူအညီကို ရနိုင်ပါတယ်။ ရှန်းရှီးဒေသက ရှန်မိသားစုရဲ့ အာဏာစက်အောက်မှာ ရှိတာဆိုတော့ အကျိုးကျေးဇူးက မသေးပါဘူး။ ဒါပေမဲ့ ရွှီထင်းရှန်းမှာတော့ သေချာပေါက် လုပ်ရမယ့် အကြောင်းရင်း ရှိနေတယ်။

သူက ရင်ထဲမှာ သက်ပြင်းတစ်ချက် တိုးတိုးလေး ချလိုက်ပြီး လက်အုပ်ချီကာ ပြောလိုက်တယ်။ "သခင်လေးက ရှန်သခင်ကြီး အမတ်ကြီးချုပ် ရာထူးရမယ့် ကိစ္စကြောင့် အခက်တွေ့နေတာလား။ အမတ်ကြီးချုပ်ရာထူးဆိုတာ နိုင်ငံတော်ရဲ့အရေးကြီးကိစ္စပါ။ ထုံဖန်း တစ်ယောက်အတွက်နဲ့ အချိန်ကုန်ခံပြီး အားစိုက်မနေသင့်ပါဘူး"

"မင်း... ဘာကို သိနေတာလဲ" ရှန်ဖူရဲ့မျက်နှာက တည်ငြိမ်နေတုန်းဆိုပေမဲ့ ကိုင်ထားတဲ့ လက်ဖက်ရည်ခွက်ထဲက ရေတချို့က အပြင်ကို ဖိတ်ကျသွားပါတယ်။ အဲဒါက သူ့ရင်ထဲမှာ ဘယ်လောက်တောင် ထိတ်လန့်သွားသလဲဆိုတာကို သက်သေပြနေတာပါပဲ။

သူက လက်ဖက်ရည်ခွက်ကို ဘေးမှာ ချထားလိုက်ပြီး ရွှီထင်းရှန်းကို စေ့စေ့ကြည့်လိုက်တယ်။ လက်ဖက်ရည် စိုသွားတဲ့ သူ့လက်ကိုတော့ ကျောနောက်မှာ တင်းတင်းဆုပ်ထားတယ်။

ရွှီထင်းရှန်းက အဲဒါတွေကို မမြင်ချင်ယောင်ဆောင်ပြီး သူ့လက်ထဲက လက်ဖက်ရည်ကိုပဲ ငုံ့ကြည့်ရင်း ပြောလိုက်တယ်။ "နန်းတွင်းမှာတော့ ဝူ၊ ချန်၊ ရှန်၊ မော့ ဆိုပြီး အင်အားကြီး လေးဖက် ရှိတာပေါ့။ ကြည့်ရတာတော့ ဝူမိသားစုက အာဏာအရှိဆုံးလို့ ထင်ရပေမဲ့ တကယ်တော့ မဟုတ်ပါဘူး။ ဝူအမတ်ကြီးချုပ် ပေါ်လာကတည်းက ဝူမိသားစုရဲ့ ဩဇာက အရမ်းကြီးလာပြီး ဘယ်သူမှ မယှဉ်ရဲကြဘူး။ ဒါပေမဲ့ သူတို့မှာလည်း သေစေနိုင်တဲ့ အားနည်းချက် ရှိပါတယ်"

97 02

"ဘာအားနည်းချက်လဲ"

ရွှီထင်းရှန်းက ပြုံးလိုက်တယ်။ "သခင်လေး... ကျွန်တော် လိုချင်တဲ့လူကို ပေးမှာလား"

"မင်း"

အတော်ကြာမှ ရှန်ဖူက ပြောလိုက်တယ်။ "စကားတစ်ခွန်းတည်းနဲ့ လူတစ်ယောက်ကို လဲမယ်ဆိုတော့ ရွှီရှို့ချိုင်ရဲ့အရောင်းအဝယ်က တော်တော်လေး တွက်ခြေကိုက်လှချင်လား"

"ဒီစကားတစ်ခွန်းက ရှန်မိသားစုဝင်ကို အမတ်ကြီးချုပ် ရာထူးကို အေးအေးဆေးဆေး ရစေမှာဖြစ်သလို ဝူမိသားစုကိုလည်း ခေါင်းငုံ့စရာ မလိုစေရဘူးလို့ ကျွန်တော် အာမခံပါတယ်"

ရှန်ဖူလည်း အရင်လို အေးအေးဆေးဆေး မနေနိုင်တော့ဘဲ ရွှီထင်းရှန်းကို စေ့စေ့စိုက်ကြည့်နေမိတယ်။ ရွှီထင်းရှန်းကတော့ တည်တည်ငြိမ်ငြိမ် ပြုံးနေတုန်းပါပဲ။ သူက သာမန် ကျေးလက်သားလေးပဲ ဖြစ်ပေမဲ့ အခုပြလိုက်တဲ့ အငွေ့အသက်က ရှန်ဖူထက် တစ်ချက်မှ မနိမ့်ပါဘူး။ ရှန်ဖူကိုယ်တိုင်တောင် အောက်ခြေ ရောက်သွားသလို ခံစားနေရတာပါ။

အမှန်ကတော့ ရှန်မိသားစုက အကူအညီ လိုနေတာပါ။ "တပ်မက်မှု မရှိရင် ကြံ့ခိုင်တယ်" ဆိုတဲ့ စကားက အမှန်ပါပဲ။ တကယ်တမ်း ရှန်မိသားစုကလည်း ဝူမိသားစုကို ခေါင်းမငုံ့ချင်ကြဘူး။ ရှန်မိသားစုလို မျိုးရိုးကြီးတွေက ဝူမိသားစုလို ကုန်သည်မျိုးရိုးကနေ တက်လာသူတွေကို အထင်သေးတတ်ကြတာကိုး။ ဝူမိသားစုရဲ့အမြစ်က မခိုင်သေးဘူးလို့ မြင်ကြတော့ ဝူအမတ်ကြီးချုပ် ဘယ်လောက် အာဏာကြီးကြီး မျိုးရိုးကြီးတွေကတော့ ရင်ထဲမှာ အထင်မကြီးကြပါဘူး။

ဒါပေမဲ့ လက်တွေ့အခြေအနေက ခက်ခဲလွန်းလို့ ရှန်မိသားစုက ခေါင်းငုံ့ပေးနေရတာပါ။ အကယ်၍သာ ရင်ထဲမှာ မကျေနပ်တာတွေ မရှိရင်၊ တစ်ဖက်လူကို တကယ်ပဲ ဖားချင်ခဲ့ရင် ဆဋ္ဌမသခင်လေးမှာ ထုံဖန်းရှိနေစရာ မလိုသလို ဒီကိစ္စကလည်း ဒီလောက်အထိ ကြီးကျယ်လာစရာ မရှိပါဘူး။ ဒါဟာ သားသမီးချင်း လက်ထပ်မယ့်ကိစ္စကို သုံးပြီး တစ်ဖက်နဲ့တစ်ဖက် အားပြိုင်နေကြတာပါ။

ဝူအမတ်ကြီးချုပ်က စိတ်ထားကျဉ်းမြောင်းသူဆိုတော့ တမင်အခက်တွေ့အောင် လုပ်နေတာဖြစ်ပြီး ရှန်မိသားစုကတော့ အစွမ်းကုန် ခုခံနေတာပါ။ အသေးအဖွဲ ကိစ္စအနေနဲ့ ကြည့်ရင်တော့ ထုံဖန်းတစ်ယောက်နဲ့ သူမ ဗိုက်ထဲက ကလေးကို ဖြေရှင်းမယ့် ကိစ္စဆိုပေမဲ့ အကြီးအကျယ် ကြည့်ရင်တော့ နှစ်ဖက်လုံးရဲ့ အားပြိုင်မှုမှာ ရှန်မိသားစုဘက်က ရှုံးနေတာပါပဲ။

"မင်းပြောတာတွေက အမှန်လား အမှားလားဆိုတာ ငါ ဘယ်လို သိနိုင်မှာလဲ"

"ကျွန်တော့်လို ကျောင်းသားလေးတစ်ယောက်က သခင်လေးကို တမင် လိမ်မယ်ဆိုတာက အသက်မရှည်ချင်လို့ ကြိုးဆွဲချသေမယ့်သူနဲ့ တူနေမှာပေါ့"

ရှန်ဖူက သူ့ကို တစ်ချက်ကြည့်လိုက်တယ်။ "ငါ နည်းနည်းတော့ သိချင်မိတယ်။ မင်းလို ကျေးလက်သားလေး တစ်ယောက်က ဒီလို နန်းတွင်းရေးတွေကို ဘယ်လိုလုပ် သိနေတာလဲ" ဒီနေရာမှာ ရှန်ဖူက ရွှီထင်းရှန်းရဲ့ နောက်ကြောင်းကို စုံစမ်းခိုင်းထားတာကို လုံးဝ မဖုံးကွယ်ဘဲ ထုတ်ပြောလိုက်တာပါ။

တကယ်တော့ ရွှီထင်းရှန်းက မအံ့သြပါဘူး။ အရင်က အမှုအခင်းကြောင့် ရှန်ဖူက စာနာတာမျိုး ရှိနိုင်ပေမဲ့ သူက စာမေးပွဲ သုံးကြိမ်ဆက်တိုက် ပထမရလိုက်တာက ဒီ 'ကျေးလက်သားလေး'ကို ရှန်မိသားစုဝင်တွေရဲ့ မျက်စိထဲမှာ နေရာတစ်ခု ရစေခဲ့တာပါ။ ဒါတွေအားလုံးက ဆက်စပ်နေတာပါ။ ကျိုးဟယ်ရှင်းရဲ့ နောက်ကွယ်မှာ ရှန်မိသားစု ရှိနေသလို စူးယိုကျန့်ရဲ့ နောက်ကွယ်မှာလည်း ရှန်မိသားစုပဲ ရှိတာပါ။ ရွှီထင်းရှန်းက ကျိုးဟယ်ရှင်းကတစ်ဆင့် ကိုယ့်ကိုယ်ကိုယ် ထင်ရှားအောင် လုပ်ခဲ့ပြီး ရှန်မိသားစုရဲ့ သတိထားမှုကို ယူခဲ့တယ်။ ပြည်နယ်အဆင့် စာမေးပွဲမှာ ပထမရလိုက်တာက ရှန်မိသားစုရဲ့သဘောထားကို အတည်ပြုပေးလိုက်သလိုပါပဲ။

ဒါဟာ ရွှီထင်းရှန်းကိုယ်တိုင် ဖန်တီးခဲ့တဲ့ အခြေအနေဖြစ်ပေမဲ့ သူက လည်ပါတယ်။ အခွင့်အရေးကို ယူခဲ့ပေမဲ့ လက်တွေ့ကျကျ ဘာမှပြန်မပေးသေးဘူး။ အခု ဝမ်ကျောက်တိရဲ့ကိစ္စက မမျှော်လင့်ဘဲ ဖြစ်လာတာပါ။ သူ့အစီအစဉ်အရဆိုရင် နောက်ထပ် နှစ်အနည်းငယ်လောက် ငြိမ်နေချင်သေးပေမဲ့ အခုတော့ သူ့အစွမ်းအစကို စောစောစီးစီး ပြလိုက်ရပါပြီ။ နောင်မှာ မလိုလားအပ်တဲ့ ပြဿနာတွေ အများကြီး ရှိလာနိုင်တာကို သူ တွေးထားပြီးသားပါ။

97 03

"ကျွန်တော့်မှာလည်း ကျွန်တော့်ရဲ့သတင်းရင်းမြစ် ရှိတာပေါ့။ ဒါကိုတော့ သခင်လေးကို ပြောပြဖို့ အဆင်မပြေပါဘူး"

ရွှီထင်းရှန်းက အဲဒီလို ပြောလိုက်တော့ ရှန်ဖူက မြောက်ဘက်တောင်တန်း ကျောင်းတော်နဲ့ လုဟွမ်ချင်း၊ ပြီးတော့ စာမေးပွဲမတိုင်ခင် လင်းမြောင်က ရွှီထင်းရှန်းကို ခေါ်ပြီး မြောက်ဘက်တောင်တန်း ကျောင်းတော်ကို သွားခဲ့တာကို ချက်ချင်း တွေးမိသွားတယ်။

ဒါဟာ လုဟွမ်ချင်းရဲ့ ညွှန်ကြားချက်တွေလား။ မြောက်ဘက်တောင်တန်း ကျောင်းတော်က ဘယ်တုန်းကမှ နန်းတွင်းရေးတွေမှာ ဝင်မပါခဲ့ဘူးဆိုတာ လူတိုင်းသိကြတယ်။ ဒါကြောင့်လည်း ကျောင်းတော်နဲ့ ရှန်မိသားစုဟာ ရှန်းရှီးဒေသမှာ ငြိမ်းငြိမ်းချမ်းချမ်း အတူနေနိုင်ခဲ့တာ။

ရှန်ဖူရင်ထဲမှာ အတွေးပေါင်းစုံ ဝင်လာတယ်။ အခုတော့ ရွှီထင်းရှန်းဆီက စကားတစ်ခွန်း ကြားချင်စိတ်ထက် ရွှီထင်းရှန်းနဲ့ မြောက်ဘက်တောင်တန်း ကျောင်းတော်ရဲ့ ဆက်ဆံရေးကို ပိုပြီး အလေးထားသွားတော့တယ်။ ဒါတွေကို သိနေတယ်ဆိုရင် လုဟွမ်ချင်းက သူ့ကို အရမ်းသဘောကျနေတာ ဖြစ်ရမယ်၊ ဒါမှမဟုတ် ဒီမျိုးဆက်ရဲ့ အဓိက မြေတောင်မြှောက်ပေးမယ့် ကျောင်းသား ဖြစ်နေနိုင်ပါတယ်။ ရှန်မိသားစုက မြောက်ဘက်တောင်တန်း ကျောင်းတော်ရဲ့ အလုပ်လုပ်ပုံကို ကောင်းကောင်းသိတယ်။ သူတို့က နန်းတွင်းရေးမှာ ဝင်မပါပေမဲ့ ကိုယ့်လူယုံတွေကိုတော့ အမြဲတမ်း နေရာချထားတတ်ကြတာကိုး။

ထုံဖန်း တစ်ယောက်ကို လွှတ်ပေးလိုက်ရုံနဲ့ နည်းလမ်းတစ်ခု ရမယ့်အပြင် မြောက်ဘက်တောင်တန်း ကျောင်းတော်နဲ့လည်း ရင်းနှီးမှု ရဦးမယ်။ ရှန်ဖူက မအပါဘူး၊ ဒီစာရင်းကို သူ ကောင်းကောင်း တွက်တတ်ပါတယ်။ ရွှီထင်းရှန်း ပြောတာက အမှားပဲ ဖြစ်နေဦးတော့၊ သူတို့အနေနဲ့ ဝူအမတ်ကြီးချုပ်နဲ့ သဘောထားချင်း တိုက်ဆိုင်အောင် လုပ်ရမှာဖြစ်ပြီး တခြားသူတစ်ယောက်ကို အစားထိုးလိုက်ရင်လည်း ရတာပဲလေ။ တစ်ဖက်လူက လိုချင်တာက ဒီထုံဖန်း မဟုတ်ဘဲ ရှန်မိသားစုရဲ့သဘောထားကိုပဲ မဟုတ်လား။ ရှန်မိသားစုက သူတို့ရှေ့မှာ ဒူးထောက်ပြဖို့ပဲလေ။

ခဏလေးအတွင်းမှာပဲ ရှန်ဖူရဲ့ဦးနှောက်ထဲမှာ အတွေးပေါင်းစုံ ဖြတ်ပြေးသွားပြီးနောက် သူက အကျယ်ကြီး ရယ်မောလိုက်တယ်။ "ကောင်းပြီ၊ ငါ မင်းကို ကတိပေးတယ်"

"သခင်လေးကို ကျေးဇူးတင်ပါတယ်"

ရှန်ဖူက ပြတ်သားသလို လူမှုရေးလည်း နားလည်သူပါ။ ရွှီထင်းရှန်းဆီက စကားကို အတင်းမမေးတော့ဘဲ စူးလန်ကို သွားခေါ်ခိုင်းလိုက်ပါတော့တယ်။

မကြာခင်မှာပဲ အဲဒီအစေခံ ပြန်ရောက်လာပေမဲ့ စကားပြောရ ခက်နေသလို မျက်နှာကလည်း ပျက်နေတယ်။ "ဘာဖြစ်လို့လဲ။ ရှိတာကိုပဲ အမှန်အတိုင်း ပြောစမ်း" ရှန်ဖူနဲ့ ရွှီထင်းရှန်းတို့က အပေးအယူ တည့်သွားပြီဆိုတော့ စကားပြောရတာ အဆင်ပြေနေကြပြီ။ အစေခံက ဒီလို ပုံစံပြနေတော့ ရှန်ဖူကလည်း ကွယ်ရာမှာ ခေါ်ပြောနေစရာ မလိုဘူးလို့ ဆုံးဖြတ်လိုက်တာပါ။

"သခင်လေး... စူးလန်ကို ဆေးတိုက်လိုက်ပြီ"

အဲဒီစကား ကြားလိုက်တာနဲ့ "ဒုန်း" ဆိုတဲ့ အသံနဲ့အတူ တစ်ယောက်ယောက် လဲကျသွားတဲ့ အသံကို ကြားလိုက်ရတယ်။ အဲဒါက အပြင်မှာ စောင့်ရင်း အခြေအနေ မကောင်းတာ သိလို့ ခိုးနားထောင်နေတဲ့ ကျောက်အာပါပဲ။ ကျောက်အာ တော်တော်လေး နာကျင်သွားပုံရတယ်။ ကျေးလက်က ကလေးတွေက လဲကျတာ ကျင့်သားရနေပေမဲ့ အခုတစ်ခါမှာတော့ သူ မြေကြီးပေါ်ကနေ ပြန်မထနိုင်တော့ပါဘူး။ ရွှီထင်းရှန်းက အပြေးအလွှား သွားဆွဲပေမဲ့ မရတာနဲ့ သူမကို ပွေ့ချီပြီး ထူပေးလိုက်ရတယ်။

ကျောက်အာရဲ့ မျက်လုံးတွေ ပြူးကျယ်နေပြီး စကားလည်း မပြောနိုင်တော့ဘူး။ ရွှီထင်းရှန်းက ရင်ထဲမှာ မချိမဆန့် ခံစားရတာနဲ့ သူမကို အသာလေး ပုတ်ပေးရင်း "မစိုးရိမ်နဲ့ဦး၊ ဆေးသောက်လိုက်ရုံနဲ့ သေချင်မှ သေမှာပါ။ ငါတို့ အခုပဲ ဒုတိယအစ်မကို သွားခေါ်ပြီး ပြန်ကြမယ်"

97 04

"ဒါကတော့ တကယ်ပဲ" ရှန်ဖူက သက်ပြင်းချရင်း မတ်တတ်ရပ်လိုက်တယ်။ "ငါ့နောက်ကို လိုက်ခဲ့ကြ"

စူးလန်ကတော့ သူမကို အချုပ်ထဲ ထည့်ကတည်းက သူမရဲ့ လောင်းကြေး ရှုံးသွားပြီဆိုတာ သိထားပြီးသားပါ။ ကိုယ်ဝန်ရှိနေတဲ့ ထုံဖန်းတစ်ယောက်ကို နှင်ထုတ်လိုက်ရင် ဘယ်လိုဖြစ်မလဲဆိုတာ သိသာလှပါတယ်။ ညစ်ပတ်သွားပြီဖြစ်တဲ့ သူမကို ဘယ်သူကမှ လက်ထပ်မှာ မဟုတ်တော့ပါဘူး။ တစ်ယောက်ယောက်က လက်ခံမယ်ဆိုရင်တောင် မုဆိုးဖို ဒါမှမဟုတ် မသန်စွမ်းသူပဲ ဖြစ်မှာပါ။ စူးလန်ရဲ့စိတ်ဓာတ်အရ သူမက အဲဒီလို ဘဝမျိုးကို လုံးဝ လက်မခံနိုင်လို့ အခုလို စွန့်စားခဲ့တာပါ။

သူမ အောင်မြင်မယ်လို့ ထင်ခဲ့တာ။ ဆဋ္ဌမသခင်လေးကို ထားပါဦး၊ အဘွားအိုကြီးက သူမကို ဘယ်လောက်ပဲ မုန်းမုန်း ဗိုက်ထဲက မြေးကိုတော့ နှမြောလိမ့်မယ်လို့ ထင်ခဲ့တာပါ။ အကယ်၍ သူမသာ ဆက်ရှိနေနိုင်ရင် ပြန်နိုးထနိုင်မယ့် အခွင့်အရေး ရှိနေသေးပေမဲ့ အခုတော့ "အကယ်၍" ဆိုတာ မရှိတော့ပါဘူး။ တကယ်တော့ သူမဘဝက နိမ့်ကျရမှာပဲ ထင်ပါတယ်။ ကိုယ်နဲ့ မတန်တဲ့ ချမ်းသာမှုကို မမက်မောသင့်ခဲ့ပါဘူး။

စူးလန်က ဒီအခန်းငယ်လေးထဲမှာ ငြိမ်ငြိမ်လေး ထိုင်နေတယ်။ ကျွေးတာစားပြီး အိပ်ခိုင်းရင် အိပ်တယ်။ ထုံဖန်းတွေရဲ့ တိုးတိုးတိတ်တိတ် ကဲ့ရဲ့သံတွေကို ကြားနေရပေမဲ့ ဘာမှမခံစားရတော့ပါဘူး။ သူက လူပြောသူပြောကို ဂရုစိုက်မယ့်သူဆိုရင် ဒီနေရာကို ရောက်လာမှာ မဟုတ်ပါဘူး။ သိက္ခာဆိုတာ ဘာလဲ၊ ဒီလမ်းကို စလျှောက်ကတည်းက သူမဟာ သိက္ခာကို စွန့်လွှတ်ခဲ့ပြီးသားပဲ။

ဆဋ္ဌမသခင်လေး တစ်ခါလာလိုက်၊ နှစ်ခါလာလိုက် လုပ်ပေမဲ့ သူပြောသမျှကို စူးလန် နားမဝင်တော့ပါဘူး။ သူမ အမြင်မှာ ဆဋ္ဌမသခင်လေးက ရုပ်ချောပြီး အဆင့်အတန်း မြင့်ပေမဲ့ စရိုက်ကတော့ နည်းနည်း ထူးဆန်းတယ်။ ဒီနေရာမှာ အချုပ်ခံထားရကတည်းက စူးလန်က မိမိရဲ့လမ်းဆုံးကို တွေးထားပြီးသားမို့ အရင်လို ဖားပြီး မျက်နှာချိုသွေးချင်စိတ်လည်း မရှိတော့ပါဘူး။

ဖြစ်ချင်သလို ဖြစ်ပါစေတော့။ ဆဋ္ဌမသခင်လေးက သူမကို တကယ် ချစ်နေတယ်လို့ စူးလန် မထင်ပါဘူး။ သူက မိသားစုကို အန်တုချင်လို့သာ လုပ်နေတာပါ။ ဆဋ္ဌမသခင်လေးကို အစေခံအဖြစ် နှစ်ပေါင်းများစွာ ပြုစုလာတော့ စူးလန်က ဒီသခင်လေး စရိုက်ကို ကောင်းကောင်းသိတယ်။ လူကြီးတွေက သူ့ကို ဖိနှိပ်လေ သူက ပိုပြီး တော်လှန်ချင်လေပဲ၊ နောက်ဆုံးတော့ အမြဲတမ်း ရှုံးသွားရစမြဲပါ။ ခဏကြာရင် သူက ကစားစရာ အသစ်တစ်ခု ထပ်ရှာပြီး ရှန်မိသားစုကို ဆက်ပြီး တော်လှန်နေဦးမှာပါပဲ။

"နင်ကတော့ မိသားစုကို ဒုက္ခပေးဖို့ မွေးလာတဲ့ အကုသိုလ်ကောင်ပဲ" အဘွားအိုကြီးက အမြဲတမ်း ဒီလို ညည်းတွားတတ်ပေမဲ့ ဆဋ္ဌမသခင်လေးကို အချစ်ဆုံးကတော့ သူမပါပဲ။ စူးလန်က အစကတည်းက အဘွားအိုကြီးကိုပဲ မျှော်လင့်ချက် ထားခဲ့တာ၊ ဆဋ္ဌမသခင်လေးကို မဟုတ်ပါဘူး။ ဒါကြောင့် အဘွားအိုကြီးက သူမကို ချုပ်ထားဖို့ အမိန့်ပေးလိုက်ကတည်းက အခြေအနေက ပြောင်းလို့ မရတော့မှန်း သိလိုက်တာပါ။

စူးလန် မိမိကိုယ်ကိုယ် ဒီနေရာမှာပဲ လမ်းဆုံးတော့မယ်လို့ ထင်နေတုန်းမှာပဲ တံခါးက ဝုန်းခနဲ ပွင့်လာပါတော့တယ်။ မှောင်နေတဲ့ အခန်းထဲကို နေရောင်တွေ တိုးဝင်လာပြီး အဝတ်အစား ပွတ်တိုက်သံတွေနဲ့ ခြေသံတွေကို ကြားလိုက်ရတယ်။ စူးလန် ခေါင်းမော့ကြည့်လိုက်တော့ ရှေ့ဆုံးက အဘွားအိုကြီးဖြစ်ပြီး သူ့နောက်မှာ လူအများကြီး ပါလာတယ်။ အဲဒီလူတွေရဲ့ အကြည့်တွေက အမျိုးမျိုးဆိုပေမဲ့ အားလုံးရဲ့ အကြည့်ထဲမှာ သနားတာတွေ ပါနေကြတယ်။

တကယ့်ကို သနားစရာပဲ အရမ်းကို သနားဖို့ ကောင်းတယ်

အရင်က လူကုန်ကူးသူတွေ ခေါ်သွားတုန်းကလည်း ရွာသားတွေက ဒီလို အကြည့်မျိုးနဲ့ ကြည့်ခဲ့ကြတာပါ။ အဲဒီအချိန်ကတည်းက စူးလန်ဟာ သူမကိုယ်သူမ ဘယ်တော့မှ သနားစရာ မဖြစ်အောင် နေမယ်လို့ ဆုံးဖြတ်ခဲ့ပေမဲ့ အခု သေခါနီးမှာတော့ ဒါမျိုး ထပ်ကြုံရပြန်ပါပြီ။ သူမက ကျောက်အာကို သတိရသွားတယ်။ အဲဒီ ငတုံးမလေး ညီမလေးက ကြည့်ရတာ ထက်မြက်ပုံရပေမဲ့ တကယ်တော့ အရမ်းကို အေးဆေးလွန်းသူပါ။

တကယ်တော့ စူးလန်က ကျောက်အာကို "လူဆိုတာ သိက္ခာကို စွန့်လွှတ်နိုင်မှ ပိုပြီး ကောင်းကောင်း နေနိုင်တာ" လို့ အကြိမ်ကြိမ် ပြောပြချင်ခဲ့ပေမဲ့ ညီမလေးကို မြင်တိုင်း အဲဒီစကားကို ပြောမထွက်ခဲ့ပါဘူး။ သူမ ထပ်ပြောချင်တာက အမျိုးသားဆိုတာ အသက်ကြီးမှ လူကို ချစ်တတ်တာ၊ အခုလို ကောင်လေးမျိုးက ဘယ်အချိန်မှာ နင့်ကို ချစ်တတ်လာမှာလဲ။ သူ နင့်ကို ချစ်တတ်လာတဲ့ အချိန်မှာ နင်က အိုနေပြီ ဖြစ်နိုင်သလို သူက တခြားသူကို ပြောင်းချစ်နေမှာပေါ့။

97 05

ဒါတွေကို စူးလန် ပြောမထွက်ခဲ့ပါဘူး။ ဒါဟာ ကံကြမ္မာပါပဲ။ အနည်းဆုံးတော့ ညီမလေးက သူမထက်စာရင် ကံကောင်းပါတယ်။ ပင်ပန်းရင်တောင် အေးအေးဆေးဆေး နေနိုင်တာကိုး။ ဟိုကောင်လေးကတော့ ကျေးဇူးကန်းတဲ့သူ မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းရမှာပေါ့။ မဟုတ်ရင်တော့ သူမ သရဲဘဝနဲ့တောင် သူ့ကို လွှတ်မှာ မဟုတ်ပါဘူး

အဒေါ်ကြီး တစ်ယောက်က ဆေးခွက်ကို ကိုင်ပြီး လာနေပါပြီ။ မည်းနက်နေတဲ့ ဆေးရည်တွေက ခါးသက်တဲ့ အနံ့တွေကို ထုတ်လွှတ်နေတယ်။ စူးလန်က နှုတ်ခမ်းကို တစ်ချက်သပ်ပြီး "ဒီလောက်အထိ ကြမ်းစရာ လိုလို့လား" လို့ ဆိုကာ အဒေါ်ကြီးကို မဲ့ကြည့်လိုက်တယ်။ "ငါ့ကို သကြားလုံးလေး နည်းနည်း ပေးလို့ ရမလား"

အဒေါ်ကြီးမှာ ကြောင်သွားတယ်။ သေခါနီးလူက သကြားလုံး စားချင်တယ်ဆိုတာ တစ်ခါမှ မကြုံဖူးဘူးလေ။ "ဒီလောက် ခါးတဲ့ဆေးကို အဒေါ်ကိုယ်တိုင် သောက်ကြည့်ပါလား ငါက အာမွန်သကြားလုံး စားချင်တာ" စူးလန်က ရဲရဲတင်းတင်း ပြောလိုက်တယ်။

အဒေါ်ကြီး တုံ့ဆိုင်းနေတုန်း ကုတင်ပေါ်မှာ ထိုင်နေတဲ့ အဘွားအိုကြီးက အမိန့်ပေးလိုက်တယ်။ "သူ့ကို သွားယူပေးလိုက်ပါ" မကြာခင်မှာပဲ သကြားလုံးတွေ ရောက်လာပြီး စူးလန်ရဲ့ ရှေ့မှာ ချပေးလိုက်ပါတယ်။ လှပတဲ့ ပန်းကန်ပြားလေးပေါ်မှာ ပျားရည်ရောင်ရှိပြီး နို့နှစ်ရောင် အစင်းလေးတွေ ပါတဲ့ သကြားလုံးလေးတွေက အစီအရီ ရှိနေပါတယ်။ ကြားထဲမှာလည်း အာမွန်စေ့လေးတွေ ပါတာပေါ့။ သကြားလုံးနဲ့ မတူဘဲ ကျောက်စိမ်းရုပ်လေးတွေနဲ့တောင် တူနေပါတယ်။ မျိုးရိုးကြီး မိသားစုတွေကတော့ အရာရာကို အလှဆုံးနဲ့ အကောင်းဆုံး ဖြစ်အောင် လုပ်တတ်ကြတာဆိုတော့ ဒါတွေကို မြင်ပြီး စိတ်လှုပ်ရှားသွားတာကတော့ သဘာဝပါပဲ။

အခန်းထဲမှာ တိတ်ဆိတ်နေပြီး အားလုံးရဲ့ အကြည့်က ဆေးခွက်နဲ့ သကြားလုံးတွေဆီမှာပဲ ရှိနေပါတယ်။ စူးလန်က သူမရဲ့ ဖြူဝင်းတဲ့ လက်ချောင်းလေးတွေနဲ့ သကြားလုံးတစ်လုံးကို ယူပြီး ပါးစပ်ထဲ ထည့်လိုက်ပါတယ်။ အချိုဓာတ်ကို ခံစားပြီးမှ သူမက ဆေးခွက်ကို ကိုင်ပြီး တုံ့ဆိုင်းမှု လုံးဝမရှိဘဲ တစ်ကျိုက်တည်း သောက်လိုက်တော့တယ်။

အပ်ကျသံတောင် ကြားရလောက်အောင် တိတ်ဆိတ်သွားတယ်။ စူးလန်က ဆေးခွက်ကို အဒေါ်ကြီးဆီ ပစ်ပေးလိုက်တာက သူဌေးသမီးတစ်ယောက်လိုပါပဲ။ သူမက ဆေးနံ့ကို မကြိုက်သလိုနဲ့ လက်ကို ဝှေ့ယမ်းပြီး အဒေါ်ကြီးကို ထွက်သွားခိုင်းလိုက်တယ်။ နောက်ထပ် လက်တစ်ဖက်ကတော့ သကြားလုံးကို ထပ်ယူလိုက်ပြန်တယ်။

"ရှင်တို့ ဘာလို့ မသွားကြသေးတာလဲ" ပါးစပ်ထဲမှာ အချိုဓာတ်ကို ခံစားရင်း စူးလန်က အဘွားအိုကြီးတို့ကို စိုက်ကြည့်ပြီး မေးလိုက်ပါတယ်။ သူမက ပြုံးလိုက်ပြီး "လူသေတာကို ကြည့်ရတာ ဒီလောက်တောင် သဘောကျကြတာလား။ အဘွားအိုကြီး... အဘွားလည်း အသက်ကြီးလှပြီပဲ၊ ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဒီလောက်အထိ အပင်ပန်းခံနေရတာလဲ"

သူမရဲ့ စိတ်ထဲက ထက်မြက်ပြီး ရဲတင်းတဲ့ စရိုက်က ဒီအချိန်မှာ ပေါ်လာပါတော့တယ်။ စူးလန်က ပုံမှန်ဆိုရင် ဒီလိုမျိုး မဟုတ်ပါဘူး။ အခုတော့ သေရတော့မယ်ဆိုတာ သိနေလို့ သူမရဲ့ ပင်ကိုယ်စရိုက် ပေါ်လာတာပေါ့။ တစ်ယောက်ယောက်က စူးလန်ကို ရိုင်းလှချင်လားလို့ ဆူပေမဲ့ အဘွားအိုကြီးက တားလိုက်ပါတယ်။ အဘွားအိုကြီးက လူသေတာကို ကြည့်ချင်လို့ မဟုတ်ပါဘူး၊ ဆဋ္ဌမသခင်လေး ရောက်လာမှာကို သိနေလို့ပါ။ တခြားသူတွေက သူ့ကို တားနိုင်မှာ မဟုတ်ဘူး၊ သူမရဲ့အိုမင်းနေတဲ့ အရိုးတွေကပဲ သူ့ကို တားနိုင်မှာကိုး။

တံခါးကို ဝုန်းခနဲ ကန်ဖွင့်လိုက်တဲ့ အသံနဲ့အတူ တန်ဖိုးကြီး အဝတ်အစားတွေ ဝတ်ထားတဲ့ အမျိုးသားတစ်ယောက် လေမုန်တိုင်းလိုပဲ အထဲကို ဝင်လာပါတယ်။ အထဲရောက်တော့ သူက ဆေးခွက်ကို အရင်ကြည့်ပြီး အခန်းထဲက လူအားလုံးကို လှည့်ကြည့်လိုက်ပါတယ်။ "ခင်ဗျားတို့တွေ တကယ့်ကို ကောင်းကြတာပဲ၊ တကယ့်ကို ကောင်းကြတယ်"

နောက်ထပ် ဝုန်းဆိုတဲ့ အသံကတော့ သူ စားပွဲကို မှောက်လှန်လိုက်တဲ့ အသံပါပဲ။ စားပွဲကို မှောက်ပြီးတာနဲ့ စင်ပေါ်က တန်ဖိုးကြီး ပစ္စည်းတွေကိုလည်း လိုက်ခွဲပါတယ်။ ခဏချင်းမှာပဲ အခန်းတစ်ခုလုံးဟာ ပရမ်းပတာ ဖြစ်သွားပြီး ပစ္စည်းကွဲသံတွေ ညံသွားတော့တယ်။ အခန်းထဲမှာ စူးလန်ကလွဲရင် အဘွားအိုကြီး တစ်ယောက်ပဲ တည်တည်ငြိမ်ငြိမ် ရှိနေပါတယ်။ ကျန်တဲ့ အစေခံတွေကတော့ ငြိမ်နေကြပေမဲ့ မျက်နှာတွေကတော့ ပျက်နေကြပါပြီ။

97 06

ပြန်ပြီး တိတ်ဆိတ်သွားတဲ့ အခန်းထဲမှာ ဆဋ္ဌမသခင်လေးရဲ့ အသက်ရှူသံ ပြင်းပြင်းကိုပဲ ကြားရပါတော့တယ်။

"ဖျက်ဆီးလို့ အားရပြီလား" အဘွားအိုကြီးက ပြောလိုက်ပါတယ်။ "အားရရင် အဘွားနဲ့အတူ လိုက်ခဲ့" သူမက လက်လှမ်းကို အားပြုပြီး ထလိုက်ပါတယ်။ အသက်ကြီးပြီဆိုတော့ လှုပ်ရှားရတာ မလွယ်တော့ပါဘူး။

"အဘွား..."

အဘွားအိုကြီးက ဘာမှပြန်မပြောဘဲ အပြင်ကို ထွက်ဖို့ ပြင်လိုက်ပါတယ်။

"အဘွား" နောက်တစ်ကြိမ် အော်လိုက်တဲ့ ဆဋ္ဌမသခင်လေးရဲ့ အသံမှာ နာကျင်မှုတွေ ပြည့်နေပါတယ်။ "ကျွန်တော် မခံနိုင်တော့ဘူး၊ မခံနိုင်တော့ဘူး။ ကျွန်တော်က လူသားတစ်ယောက်ပါ၊ ပစ္စည်းတစ်ခု မဟုတ်ပါဘူး။ ကျွန်တော် ပြောတာကို နားထောင်ပေးလို့ မရဘူးလား။ ဘာလို့ တခြားသူတွေ ပြောသမျှကိုပဲ လိုက်လုပ်နေရတာလဲ။ သူတို့ ဖြစ်ချင်သလိုပဲ လုပ်နေကြတာ၊ ကျွန်တော့်ကိုရော ဘာလို့ မမေးကြတာလဲ"

"အာ... သွေးတွေ"

******

98 01

အခန်း (၉၈)

ဘယ်သူ့ဆီက ထွက်လာမှန်းမသိတဲ့ တိုးတိုးလေး အော်လိုက်တဲ့ အသံတစ်ခုက အရာရာကို ရပ်တန့်သွားစေခဲ့တယ်။ ဆဋ္ဌမသခင်လေး လှည့်ကြည့်လိုက်တော့ စူးလန်က ခုတင်တိုင်ကို မှီထားတာကို တွေ့လိုက်ရပြီး သူမရဲ့ အဝါနုရောင် စကတ်ပေါ်မှာ သွေးတွေ စီးကျနေပါပြီ။

အဲဒီဆေးခွက်ထဲက ဆေးက အဆိပ်တော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒါဟာ ကိုယ်ဝန်ဖျက်ဆေးပါ။ အဲဒီအထဲမှာမှ အပြင်းထန်ဆုံး ကိုယ်ဝန်ဖျက်ဆေးမျိုး ဖြစ်နေတာပေါ့။ ပုံမှန်ဆိုရင် ဒီလိုဆေးမျိုး သောက်လိုက်ရင် သွေးသွန်ပြီး သေသွားတတ်ပါတယ်။ အဲဒါကြောင့်လည်း စူးလန်က ခုနတုန်းက အဘွားအိုကြီးကို ဘာလို့ ဒီလောက်တောင် ရက်စက်ရတာလဲလို့ ပြောခဲ့တာပါ။

သူမ ရှန်အိမ်တော်ကို စရောက်ခါစတုန်းက ဒီလိုဆေးမျိုး သောက်ခဲ့ရတဲ့သူတစ်ယောက်ကို မြင်ဖူးပါတယ်။ အဲဒါကတော့ တာဝန်ခံတစ်ယောက်ရဲ့ မိန်းမဖြစ်ပြီး ဖောက်ပြန်ရာကနေ ကိုယ်ဝန်ရသွားခဲ့တာပါ။ အဲဒီတာဝန်ခံက သူ့မိန်းမကို အပြစ်ပေးချင်သလို အဲဒီလူကိုလည်း ပေါ်လာစေချင်တာကြောင့် သူ့မိန်းမကို ဒီဆေးတစ်ခွက် အတင်းတိုက်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အဲဒီအမျိုးသမီး သေသွားခဲ့ပေမဲ့ အဲဒီလူကတော့ ဘယ်မှာမှန်း ရှာမတွေ့ခဲ့ပါဘူး။

အဲဒီနောက်မှာ အစေခံတွေကြားမှာ တီးတိုးပြောတာတွေ ရှိခဲ့ပေမဲ့ အဲဒီတာဝန်ခံက ရှန်အိမ်တော်မှာ မျက်နှာပန်းလှတဲ့သူ ဖြစ်နေတာကြောင့်ရော၊ အဲဒီအမျိုးသမီးကလည်း တကယ်ပဲ ဖောက်ပြန်ခဲ့တာကြောင့်ရော ဘယ်သူမှ အပြင်ကို ထုတ်မပြောရဲခဲ့ကြပါဘူး။ အဲဒီတုန်းက ဆေးကြိုဖို့ တာဝန်ကျခဲ့တာက အခုမှ အိမ်ထဲဝင်လာကာစ မီးဖိုချောင်က ထုံဖန်း စူးလန်ပါပဲ။ သူမဟာ အဲဒီဆေးရဲ့အနံ့ကို တစ်သက်လုံး မှတ်မိနေခဲ့တာမို့ ဆေးခွက်ကို မြင်လိုက်ရကတည်းက အထဲမှာ ဘာတွေ ပါနေမလဲဆိုတာကို သူမ သိနေခဲ့တာပါ။

မျိုးရိုးကြီး အိမ်တော်တွေရဲ့ အတွင်းပိုင်းကတော့ ဒီလိုပါပဲ။ အပြင်မှာတော့ ခမ်းနားထည်ဝါပြီး စည်းစိမ်ချမ်းသာတွေနဲ့ ပြည့်နေပေမဲ့ အတွင်းထဲမှာတော့ မနာလိုမှုတွေ၊ ယုတ်မာမှုတွေနဲ့ ပြည့်နေတတ်ပါတယ်။ လူတစ်ယောက်ကို သေစေချင်ရင်တောင် ကိုယ့်ရဲ့ သိက္ခာကို ထိန်းသိမ်းချင်ကြတာကြောင့် ဘယ်သူကပဲ မေးမေး 'ကိုယ်ဝန်ပျက်ကျပြီး သွေးသွန်သေတာ' ဆိုတဲ့ စကားတစ်ခွန်းက လူတိုင်းရဲ့ ပါးစပ်ကို ပိတ်ဖို့ လုံလောက်နေပါတယ်။ ဒါဟာ ဂုဏ်သိက္ခာရှိတဲ့ ကိစ္စမှ မဟုတ်တာကိုး။

စူးလန်က ပြုံးနေဆဲဖြစ်ပေမဲ့ သူမရဲ့ မျက်နှာကတော့ တဖြည်းဖြည်း ဖြူလျော်လာပါတယ်။ စက္ကူတစ်ချပ်လိုပဲ ဖြူဖျော့လာတာပါ။ "သခင်လေး... ကျွန်မ ရှင့်ကို ကိစ္စတစ်ခုလောက် တောင်းဆိုလို့ ရမလား"

ဆဋ္ဌမသခင်လေးရဲ့ ခြေထောက်တွေက တုန်ရီနေပါတယ်။ သူက တစ်လှမ်းချင်း လျှောက်လာပြီး စူးလန်ရဲ့ ရှေ့မှာ ဒူးထောက်ထိုင်လိုက်ပါတယ်။ "ပြောပါ"

စူးလန်က ခုတင်တိုင်ကို မှီထားရင်း အားအင်ကုန်ခမ်းနေတဲ့ အသံနဲ့ ပြောလိုက်ပါတယ်။ "ကျွန်မမှာ ညီမလေး တစ်ယောက်ရှိတယ်၊ အဲဒီ ညီမလေး တစ်ယောက်တည်း ရှိတာပါ။ ပြီးတော့ ညီမလေးရဲ့ ယောက်ျားလေးလည်း ရှိတယ်။ သူတို့ကို စောင့်ရှောက်ပေးပါလို့ ကျွန်မ တောင်းဆိုချင်ပါတယ်။ ဒါဟာ စူးလန် ရှင့်ကို ပထမဆုံးအကြိမ် တောင်းဆိုတာမို့လို့ သေချာပေါက် ကတိပေးပါနော်။ မဟုတ်ရင် ကျွန်မ သရဲဖြစ်သွားတဲ့အခါ နေ့တိုင်း ရှင့်ရဲ့ ခုတင်နားကို လာပြီး ရှင့်နားထဲကို လေနဲ့ လာမှုတ်နေမှာ..."

ဒီနားထဲကို လေမှုတ်တာဆိုတဲ့ စကားက အမှတ်တရလေးတစ်ခု ရှိပါတယ်။ စူးလန်က သူစိမ်းတွေရှေ့မှာဆိုရင် ငြိမ်ကုပ်နေတတ်ပေမဲ့ ဆဋ္ဌမသခင်လေး ရှေ့မှာတော့ သူမရဲ့ တကယ့် အမူအရာတွေကို လုံးဝ မဖုံးကွယ်ထားပါဘူး။ ဆဋ္ဌမသခင်လေးကလည်း သူမရဲ့ အဲဒီလို တက်ကြွလှုပ်ရှားနေတဲ့ ပုံစံလေးကို သဘောကျတာပါ။ ဒါဟာ တစ်ခါတုန်းက နှစ်ယောက်သား ကျီစယ်ရင်း ပြောခဲ့တဲ့ စကားလေးပေါ့။ ဆဋ္ဌမသခင်လေးက စူးလန်ကို ရိုင်းလှချင်လားလို့ ဆူရမယ့်အစား သူမကို ဘာမှ မပြောခဲ့ပါဘူး။

98 02

ဆဋ္ဌမသခင်လေးရဲ့ မျက်လုံးထဲမှာ မျက်ရည်တွေ ဝဲလာပြီး တုန်ရီနေတဲ့ အသံနဲ့ ပြောလိုက်ပါတယ်။ "ငါ ကတိပေးပါတယ်..."

"သူ့ရဲ့ စောင့်ရှောက်မှုကို ငါ မလိုချင်ဘူး၊ ငါ လိုချင်တာက နင် အကောင်းအတိုင်း ရှိနေဖို့ပဲ ဘာတွေ လျှောက်ပြောနေတာလဲ၊ မြန်မြန် ထစမ်း" ဒီအသံနဲ့အတူ ကျောက်အာက လေမုန်တိုင်းတစ်ခုလိုပဲ အထဲကို ပြေးဝင်လာပါတယ်။

သူမက အထဲကို ရောက်တာနဲ့ စူးလန်ကို ဖက်ပြီး ငိုပါတော့တယ်။ ရွှီထင်းရှန်းနဲ့ ရှန်ဖူတို့ကတော့ နောက်ကနေ ပါလာကြပါတယ်။ ရွှီထင်းရှန်းရဲ့ မျက်နှာက ပျက်နေသလို ရှန်ဖူလည်း အတူတူပါပဲ။ အခြေအနေတွေက နောက်ကျသွားပြီဆိုတာကို ရှန်ဖူ ခံစားလိုက်ရပါတယ်။ ဘာလို့ ဒီလောက်တောင် လက်မြန်ခဲ့ကြတာလဲ။ အဘွားအိုကြီးက ဒီကိစ္စကို ထပ်ပြီး အချိန်ဆွဲလို့ မရတော့ဘူးဆိုတာ သိနေတာကြောင့် ဒီနေ့မှာပဲ အပြတ်ရှင်းဖို့ ဆုံးဖြတ်လိုက်တာကို ရှန်ဖူ မသိခဲ့ပါဘူး။

"နင်ကလည်း... ငါ ဘာပြောပြော နင်က နားမထောင်ဘူး။ ဒီနေရာက ဘာကောင်းလို့ နင့်ရဲ့ စိတ်ကို ဒီလောက်အထိ ဆွဲဆောင်ထားနိုင်ရတာလဲ။ အခု ငါ့မှာ ငွေတွေ ရှိနေပြီ၊ နောက်ကျရင်လည်း အများကြီး ရှာဦးမှာ။ ငါတို့ မိသားစုက အခု ရှန်မိသားစုထက်တောင် ပိုပြီးချမ်းသာကြွယ်ဝလာဦးမှာပါဆို..." ကျောက်အာက ငိုရင်း ပြောနေရှာပါတယ်။

"နင်က တော်တော်လေး တက်ကြွနေပါလား။ ငါ အခု အားမရှိတာကို ကြည့်ပြီး ငါ့ကို လာပြီး ဆူနေတာလား... နင်ကတော့လေ တကယ်ပဲ သတ္တိတွေ ကောင်းနေတာပဲ..."

"မမ... စကားတွေ အများကြီး မပြောနဲ့တော့။ ကျွန်မ မမကို သမားတော်ဆီ ခေါ်သွားမယ်၊ သေချာပေါက် ဘာမှ မဖြစ်စေရဘူး" ကျောက်အာက တုန်ရီနေတဲ့ လက်တွေနဲ့ စူးလန်ကို ပွေ့ချီဖို့ ကြိုးစားပါတယ်။

စူးလန်ကတော့ ဘာမှမဖြစ်သလိုမျိုး ပြုံးပြလိုက်ပါတယ်။ "အပင်ပန်းမခံပါနဲ့တော့ ညီမလေးရယ်။ ဒီဆေးကတော့ ပြန်ကယ်လို့ မရတော့ပါဘူး"

"နင်ကလည်း အကောင်းလေး တစ်ခွန်းလောက်တောင် မပြောဘူး။ သွားကြစမ်းပါ၊ နင့်ကို အိမ်ဖော်ဘဝကနေ ရွေးထုတ်ဖို့ ငါ အစောကြီးကတည်းက စဉ်းစားထားတာ။ ဒါပေမဲ့ နင်ကပဲ အမြဲတမ်း တားနေခဲ့တာလေ။ ဒီနေရာက ဘာများ ကောင်းလို့လဲ၊ လူတွေရဲ့ အသားနဲ့ သွေးကို စားနေကြတဲ့ နေရာကြီး..."

ကျောက်အာက အကြိမ်ကြိမ် ကြိုးစားပေမဲ့ စူးလန်ကို မချီနိုင်ပါဘူး။ ရွှီထင်းရှန်းက အနားကို လာပြီး သူမရဲ့ လက်ထဲကနေ စူးလန်ကို လွှဲပြောင်း ပွေ့ချီလိုက်ပါတယ်။ နှစ်ယောက်သားဟာ လူတွေကို ဂရုမစိုက်တော့ဘဲ အပြင်ကို ခေါ်သွားဖို့ ပြင်လိုက်တဲ့အခါမှာတော့ ဘယ်သူမှ လာတားရဲတဲ့သူ မရှိပါဘူး။ စူးလန်ရဲ့စကတ်ပေါ်မှာ သွေးတွေက ရဲရဲနီနေတာမို့လို့ သူမမှာ သွေးဘယ်လောက်တောင် ကျန်ဦးမလဲဆိုတာကို လူတွေက ကြည့်ပြီး ထိတ်လန့်နေကြတာပါ။

အထူးသဖြင့် အခု ကျသွားတဲ့ သွေးတွေဟာ ရှန်မိသားစုရဲ့ မျိုးဆက်သွေးတွေ ဖြစ်နေတာကြောင့် ဆဋ္ဌမသခင်လေးကလည်း ဘေးမှာ ရပ်ကြည့်နေတော့ ဘယ်သူက ဘာပြောရဲပါ့မလဲ။

တံခါးဝကို ရောက်တဲ့အခါ ကျောက်အာက အသက်ကို ဝဝရှူလိုက်ပြီး နောက်ကို လှည့်ကြည့်ကာ အင်္ကျီလက်ထဲကနေ ငွေပြား နှစ်တုံးကို ထုတ်ပြီး မြေကြီးပေါ်ကို ပစ်ချလိုက်ပါတယ်။ "အရင်က ရှင်တို့ ငါ့အစ်မကို ငွေ ၁၀ ပြားနဲ့ ဝယ်ခဲ့တာမလား၊ အခု ငါက ရှင်တို့ဆီကို နှစ်ဆ ပြန်ပေးလိုက်ပြီ"

သူမရဲ့မျက်နှာက အေးစက်နေပါတယ်။ "ငါ့အစ်မရဲ့ သက်သေခံစာချုပ်ကို ပြန်ပေးပါ။ သူမ သေရမယ်ဆိုရင်တောင် ရှင်တို့ ရှန်မိသားစုရဲ့ အစေခံဆိုတဲ့ နာမည်ကြီးနဲ့တော့ အသေမခံနိုင်ဘူး"

"နင်တို့က ဘယ်ကလူတွေလဲ၊ ဘယ်လောက်တောင် သတ္တိရှိနေကြတာလဲ..." နောက်ဆုံးတော့ တစ်ယောက်က စကားပြောနိုင်သွားပါတယ်။

"သူ့ရဲ့ စာချုပ်ကို ပေးလိုက်ပါ" ဒါကတော့ ရှန်ဖူရဲ့ အသံပါပဲ။

98 03

တတိယသခင်လေးက အမိန့်ပေးလိုက်ပြီဆိုတော့ ဘယ်သူမှ မငြင်းရဲပါဘူး။ အိမ်တွင်းရေးကို အဘွားအိုကြီးက စီမံခန့်ခွဲတယ် ဆိုပေမဲ့ ရှန်မိသားစုရဲ့ ဒီအိမ်ကြီးကိုတော့ တတိယသခင်လေးကပဲ အုပ်ချုပ်နေတာကိုး။ မကြာခင်မှာပဲ လူတစ်ယောက်က စာချုပ်ကို ယူလာပေးပါတယ်။ ကျောက်အာက အဲဒါကို သေချာကြည့်ပြီး အင်္ကျီလက်ထဲ ထည့်လိုက်ကာ ရွှီထင်းရှန်းကို မြန်မြန်သွားဖို့ တွန်းပါတယ်။

ရွှီထင်းရှန်းက ခြေလှမ်းတွေကို ခဏရပ်လိုက်ပြီး ရှန်ဖူဘက်ကို လှည့်ကြည့်လိုက်တယ်။ "စိတ်မကောင်းပါဘူး သခင်လေး၊ အခုတော့ ကျွန်တော်တို့ရဲ့ အရောင်းအဝယ်က မအောင်မြင်တော့ဘူး ထင်တယ်"

သူ့ရဲ့မျက်နှာမှာ အပြုံးတစ်ခု ရှိနေပေမဲ့ မျက်လုံးထဲမှာတော့ ဘာအပြုံးမှ မရှိပါဘူး။ သူ့ရဲ့ နက်မှောင်တဲ့ မျက်ဝန်းတွေက အေးစက်လွန်းလှပြီး လူတွေကို အဝေးကို တွန်းထုတ်နေသလိုပါပဲ။

ရှန်ဖူလည်း မသိမသာနဲ့ အအေးဓာတ်တစ်ခုကို ခံစားလိုက်ရပြီး အားနာစွာ ပြောလိုက်ပါတယ်။ "ဒီကိစ္စကတော့ မမျှော်လင့်ဘဲ ဖြစ်သွားခဲ့တာပါ"

ရွှီထင်းရှန်းက ခေါင်းညိတ်ပြလိုက်ပြီး ဘာမှ ထပ်မပြောတော့ဘဲ ကျောက်အာနဲ့အတူ ထွက်ခွာသွားတော့တယ်။ သူတို့ သုံးယောက် ဒီခြံဝန်းထဲကနေ ထွက်သွားတော့မှ ဆဋ္ဌမသခင်လေးက သတိပြန်ဝင်လာပြီး နောက်ကနေ အပြေးအလွှား လိုက်ဖို့ ပြင်ပါတယ်။

"သူ့ကို တားလိုက်စမ်း" အဘွားအိုကြီးရဲ့အသံ ထွက်လာပါတယ်။ "သူမ သွားချင်ရင် သွားပါစေ၊ ဒါပေမဲ့ မင်းကတော့ လိုက်သွားလို့ မရဘူး"

ဆဋ္ဌမသခင်လေးက အဘွားအိုကြီးကို ကြည့်လိုက်ပါတယ်။ သူ့ရဲ့ အသံက အရမ်းကို တိုးညှင်းနေပါတယ်။ "အဘွား... ကျွန်တော် လိုက်ပို့ချင်ရုံလေးတင်ပါ..."

"ဆဋ္ဌမလေး" လို့ ရှန်ဖူက လှမ်းအော်လိုက်တယ်။

"ကြည့်ရုံလေးတောင် မရဘူးလား။ လူက သေသွားပြီလေ၊ အကုန်လုံး သေသွားပြီ"

အဘွားအိုကြီးက မျက်လုံးကို ခဏမှိတ်လိုက်ပြီး တောင်ဝှေးကို အားပြုကာ အပြင်ကို လမ်းလျှောက်သွားတယ်။ သူမရဲ့ ခြေလှမ်းတွေက တုန်တုန်ချိချိနဲ့ပေါ့။ တံခါးဝကို ရောက်တဲ့အခါမှာတော့ သူမက ပြောလိုက်ပါတယ်။

"အခြေအနေက ဒီလို ဖြစ်သွားပြီဆိုတော့ အရင်က လုပ်ခဲ့သမျှတွေ အလဟဿ အဖြစ်မခံပါနဲ့တော့"

ဆဋ္ဌမသခင်လေးက ရယ်မောလိုက်ပါတယ်။ အစကတော့ တိုးတိုးလေး ရယ်နေတာဖြစ်ပေမဲ့ နောက်ပိုင်းမှာတော့ အရူးတစ်ယောက်လိုပဲ အကျယ်ကြီး ရယ်မောပါတော့တယ်။ "အကုန်လုံး ထွက်သွားကြစမ်း။ အခုချက်ချင်း ထွက်သွားကြ"

"ဆဋ္ဌမလေး"

"ထွက်သွားကြလို့ ပြောနေတယ် အကယ်၍ ခင်ဗျားတို့က ဒီမင်္ဂလာပွဲကို အောင်မြင်စေချင်သေးတယ်ဆိုရင်ပေါ့"

သူက အေးစက်စွာ ပြောလိုက်တော့တယ်။

"တစ်နေ့ကျရင် မင်း နားလည်လာမှာပါ"

ရှန်ဖူက သက်ပြင်းချရင်း ပြောလိုက်ပြီး အဘွားအိုကြီးကို တွဲကာ ထွက်သွားပါတယ်။ ကျန်တဲ့အစေခံတွေလည်း အသီးသီး ထွက်ခွာသွားကြပါတော့တယ်။ အတော်လှမ်းလှမ်းကို ရောက်တဲ့အခါမှာတော့ တစ်စုံတစ်ယောက်ရဲ့အသံကို သဲ့သဲ့လေး ကြားလိုက်ရပြန်ပါတယ် "ကျွန်တော် ဘယ်တော့မှ နားလည်လာမှာ မဟုတ်ဘူး... ဘယ်တော့မှ..."

အဘွားအိုကြီးလည်း မသိမသာ တုန်လှုပ်သွားပါတယ်။ ရှန်ဖူက နှစ်သိမ့်ပေးလိုက်ပါတယ်။ "အဘွား... မစိုးရိမ်ပါနဲ့၊ ဆဋ္ဌမလေး ဘာမှမဖြစ်စေရပါဘူး" အဘွားအိုကြီးက ဘာမှပြန်မပြောပေမဲ့ ခြေလှမ်းတွေကို ခဏရပ်လိုက်ပါတယ်။ သူမက အိုမင်းနေတဲ့ မျက်လုံးတွေနဲ့ ဝေးလံတဲ့ ကောင်းကင်ယံကို ကြည့်လိုက်သလို ဒီအိမ်ကြီးကိုလည်း တစ်ချက် ကြည့်လိုက်ပါတယ်။ ဒါဟာ ရှန်မိသားစုရဲ့ အိမ်တော်ကြီးဖြစ်သလို ရှန်မိသားစုရဲ့ အမြစ်လည်း ဖြစ်ပါတယ်။ "တစ်နေ့ကျရင် ဆဋ္ဌမလေး သိလာမှာပါ။ ငါတို့အားလုံးဟာ ကိုယ့်အတွက်ကိုယ် ရှင်သန်နေကြတာ မဟုတ်ဘူးဆိုတာကို..."

98 04

ရှန်အိမ်တော်ကနေ ထွက်လာကာစမှာတင် လှည်းတစ်စီးက သူတို့ရှေ့မှာ ဝုန်းခနဲ လာရပ်ပါတယ်။ အဲဒါကတော့ ရှန်ဖျင်းပါပဲ။ "မြန်မြန် လှည်းပေါ်တက်"

နှစ်ယောက်သားလည်း အများကြီး မစဉ်းစားတော့ဘဲ လှည်းပေါ် တက်လိုက်ကြပါတယ်။ စူးလန်ကတော့ သတိလစ်နေပါပြီ။ အရုပ်ဟောင်းလေးတစ်ရုပ်လိုပဲ အသက်ဓာတ် ကင်းမဲ့နေသလိုပါပဲ။ "ငါ မင်းတို့ကို ဒီနေရာကနေ အရင် ခေါ်ထုတ်သွားမယ်"

အချိန်ဘယ်လောက် ကုန်သွားလဲ မသိပါဘူး၊ ဘယ်လောက်အထိ မောင်းလာခဲ့လဲဆိုတာလည်း မသိပါဘူး။ လှည်းက အိမ်ကြီးတစ်အိမ်ထဲကို ဝင်သွားပြီး ရပ်လိုက်ပါတယ်။ "အစ်ကိုရှန်... ကျွန်တော်တို့က သမားတော်ဆီ သွားမလို့လေ၊ ဘာလို့ ဒီကို ခေါ်လာတာလဲ"

"ဒီမှာ သမားတော် ရှိတယ်၊ ခဏနေမှ အေးဆေး ပြောပြမယ်"

သူတို့ သုံးယောက်ဟာ စူးလန်ကို အခန်းတစ်ခုထဲက ခုတင်ပေါ်မှာ တင်ထားလိုက်ပါတယ်။ ရှန်ဖျင်းကလည်း မကြာခင်မှာပဲ သမားတော်ကို ခေါ်လာပါတယ်။ သမားတော်က သွေးခုန်နှုန်းစမ်းတယ်၊ ဆေးပေးတယ်၊ အစအဆုံး တိတ်တိတ်ဆိတ်ဆိတ်ပါပဲ။ ကျောက်အာကတော့ ဘာလုပ်ရမှန်းမသိဘဲ ငိုင်နေသလို ရွှီထင်းရှန်းကတော့ အလုပ်ရှုပ်နေတဲ့ ရှန်ဖျင်းကို သံသယနဲ့ ကြည့်နေပါတယ်။

သမားတော် ပြန်သွားတော့မှ အခန်းထဲမှာ သုံးယောက်ပဲ ကျန်ပါတော့တယ်။ "ဒါတွေက ဘာဖြစ်တာလဲဆိုတာ ရှင်းပြလို့ ရမလား" လို့ ရွှီထင်းရှန်းက တိတ်ဆိတ်မှုကို ဖြိုခွင်းပြီး မေးလိုက်ပါတယ်။

သမားတော် ထွက်သွားကတည်းက စူးလန်ကိုပဲ စိုက်ကြည့်နေတဲ့ ရှန်ဖျင်းက နောက်ကို လှည့်ကြည့်လိုက်ပါတယ်။ သူက ရှေ့က လူငယ်လေးကို ကြည့်လိုက်တဲ့အခါ ထိုလူငယ်လေးရဲ့ မျက်လုံးထဲမှာ အရာရာကို သိမြင်နေတဲ့ အရိပ်အယောင်တွေကို မြင်လိုက်ရတော့ မျက်နှာကို ပွတ်ရင်း ပြောလိုက်တယ်။ "ငါ ဆေးကို လဲလိုက်တာပါ"

ဒါဟာ သူ နောက်ဆုံး ချန်ထားခဲ့တဲ့ နည်းလမ်းဖြစ်ပြီး မတတ်သာတဲ့ အခြေအနေရောက်မှ သုံးဖို့ စဉ်းစားထားတာပါ။ ရွှီထင်းရှန်းတို့ ထွက်သွားပြီးတဲ့နောက်မှာ အဘွားအိုကြီးက စူးလန်ကို အပြတ်ရှင်းတော့မယ်ဆိုတဲ့ သတင်းကို သူ ရလိုက်တယ်။ ဒါကြောင့် သူက ဆေးထဲမှာ တစ်ခုခု လုပ်ဖို့ လူလွှတ်လိုက်တာပါ။

လူတွေ မသိအောင် လုပ်ရမှာဖြစ်သလို အချိန်ကလည်း အရမ်းလောနေတာကြောင့် ဆေးကို လုံးဝလဲလိုက်တာမျိုး မဟုတ်ဘဲ ဆေးခွက်ထဲက ဆေးတွေကို အများကြီး သွန်ပစ်လိုက်ပြီး အနည်းငယ်ပဲ ချန်ကာ ရေတွေ ထပ်ထည့်လိုက်တာပါ။ ရှန်ဖျင်းရဲ့အဖေက ရှန်အိမ်တော်ရဲ့ အိမ်တော်ထိန်းချုပ် ဖြစ်နေသလို သူကိုယ်တိုင်လည်း တတိယသခင်လေးရဲ့ အနားမှာ နှစ်ပေါင်းများစွာ ရှိနေခဲ့တာဆိုတော့ ဒီကိစ္စက သူ့အတွက် ခက်ခဲကောင်း ခက်ခဲနိုင်ပေမဲ့ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။

သူကတော့ စူးလန်ရဲ့ အသုဘအခမ်းအနား လုပ်တဲ့အချိန်ကျမှ လူကို ခိုးထုတ်ဖို့ စီစဉ်ထားတာပါ။ ဒါပေမဲ့ မမျှော်လင့်ဘဲ ဒီနှစ်ယောက်က ရောက်လာခဲ့တာကြောင့် အစီအစဉ်က နည်းနည်း ပြောင်းသွားပေမဲ့လည်း သူ ဖြစ်ချင်တာနဲ့တော့ ထပ်တူကျသွားတယ်။ "အခုတော့ စူးလန်ရဲ့ ကံတရားအပေါ်မှာပဲ မူတည်တော့တယ်။ သမားတော်က ပြောတယ်... ဆေးပမာဏက မများတော့ ခန္ဓာကိုယ်ကိုတော့ ထိခိုက်နိုင်ပေမဲ့ အသက်အန္တရာယ်တော့ မရှိနိုင်ဘူးတဲ့။ ဘယ်လိုဖြစ်လာမလဲဆိုတာကိုတော့ နောက်ထပ် နှစ်ရက်လောက် စောင့်ကြည့်ရဦးမယ်"

ဒီသတင်းက ကျောက်အာအတွက်တော့ တကယ့်ကို သတင်းကောင်းပါပဲ။ သူမက ငိုမလို ရယ်မလိုနဲ့ ဘာလုပ်ရမှန်းတောင် မသိဖြစ်နေတာကြောင့် ရွှီထင်းရှန်းက နှစ်သိမ့်ပေးလိုက်တယ်။

"ကဲပါ... အများကြီး မစဉ်းစားနဲ့တော့။ အစ်မစူးလန်က ကံကောင်းလို့ ဒီလို ဖြစ်သွားတာပဲ"

98 05

"အစ်ကိုရှန်... တကယ်ပဲ ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်"

"ငါ့ကို ကျေးဇူးမတင်ပါနဲ့၊ ငါကတော့..." ကျန်တဲ့စကားကို ရှန်ဖျင်းက ဆက်မပြောဘဲ သက်ပြင်းတစ်ချက်ပဲ ရှည်ရှည်ချလိုက်ပါတော့တယ်။

နောက်ထပ် ရက်အနည်းငယ်မှာတော့ ကျောက်အာနဲ့ ရွှီထင်းရှန်းတို့က ဒီအိမ်မှာပဲ စူးလန်ကို စောင့်ကြည့်နေခဲ့ကြပါတယ်။ ဒီအိမ်က ရှန်ဖျင်းက ဒီလိုကိစ္စမျိုးအတွက် ကြိုတင်ငှားထားတဲ့ အိမ်ပါ။ သူကိုယ်တိုင်မှာလည်း နေစရာ ရှိပေမဲ့ လူတွေ မသိအောင် လုပ်ရမှာကြောင့် စူးလန်ကို အဲဒီကိုခေါ်သွားဖို့ကတော့ အဆင်မပြေပါဘူး၊

စူးလန်က ဆေးသောက်ပြီးတဲ့နောက်မှာ သွေးတွေ တိတ်သွားခဲ့ပါတယ်။ သူမ သတိပြန်ရလာပြီး အရင်ကထက်လည်း အများကြီး ပိုကောင်းလာပါတယ်။ တစ်ခုပဲ ရှိတာကတော့ အဲဒီကလေးက ပျက်မသွားခဲ့ပါဘူး။ သမားတော်က နောက်တစ်ခါ လာကြည့်ပြီး သွေးခုန်နှုန်းစမ်းတဲ့အခါမှာတော့ စူးလန်က တကယ့်ကို ကံကောင်းတယ်လို့ ဆိုရပါမယ်။ ဒီလောက်ပြင်းတဲ့ ကိုယ်ဝန်ဖျက်ဆေးကိုမှ ပမာဏနည်းလို့ပဲ ဖြစ်ဖြစ်၊ ကလေးကတော့ ရှိနေဆဲပါပဲ။ သမားတော်ကတော့ အတွင်းရေးတွေကို မသိပါဘူး။ ရှန်ဖျင်းက သူတို့နှစ်ယောက်ဟာ လင်မယားတွေပါလို့ လိမ်ပြောထားတာကြောင့် သမားတော်ရဲ့စကားတွေက သူတို့အတွက်တော့ နည်းနည်းတော့ နေရခက်စေပါတယ်။

ကလေးက မပျက်သွားဘူး ဒါဆို ဘယ်လိုလုပ်ကြမလဲ။ စူးလန်က အံကြိတ်ပြီး သမားတော်ကို ကိုယ်ဝန်ဖျက်ဆေး ထပ်ပေးဖို့ တောင်းဆိုပါတယ်။ သမားတော်က အရမ်းလန့်သွားပြီးမှ သိလိုက်ရတာက ဒါဟာ မှားသောက်တာ မဟုတ်ဘဲ ဒီမိန်းကလေးက ကလေးကို မလိုချင်လို့ ဖြစ်ရမယ်ဆိုတာကိုပေါ့။ ဒါပေမဲ့ တခြားသူရဲ့ ကိစ္စမှာ သူလည်း ဝင်မပါရဲတာကြောင့် အမှန်အတိုင်းပဲ ပြောပြလိုက်ပါတယ်။ သူမက အခုမှ ကိုယ်ဝန်ဖျက်ဆေး သောက်ထားတာဆိုတော့ ခန္ဓာကိုယ်က အားနည်းနေသေးတယ်၊ အခုအချိန်မှာ နောက်ထပ် ဆေးတစ်ခွက် ထပ်သောက်မယ်ဆိုရင်တော့ ကလေးတင်မကဘဲ လူပါ သေသွားလိမ့်မယ်လို့ ဆိုပါတယ်။

သမားတော် ထွက်သွားတော့ အခန်းထဲက လူအားလုံး ဘာမှမပြောနိုင်ကြတော့ပါဘူး။ ဘာပြောရမှန်းကို မသိကြတာပါ။ လူကို ကယ်နိုင်ခဲ့ပေမဲ့ ကလေးက ရှိနေသေးတယ်၊ ထပ်ပြီး ဖျက်လို့လည်း မရဘူးဆိုတော့... ဒီကလေးကို မွေးပြီး ရှန်မိသားစုဆီ ပြန်ပို့ရမှာလား။ ဒါပေမဲ့ စူးလန် မသေတဲ့သတင်းကတော့ ဖုံးထားလို့ မရတော့ဘူးပေါ့။ ခက်ခက်ခဲခဲနဲ့ မီးတွင်းထဲကနေ ခေါ်ထုတ်လာကာမှ ပြန်ပြီး ပို့ရမှာလား။

"မမ... အဲဒီလိုဆိုရင်လည်း မွေးလိုက်ပါတော့။ ကျွန်မတို့ မိသားစုက ကလေးတစ်ယောက်ကိုတော့ ကျွေးနိုင်ပါသေးတယ်"

"မွေးလာရင် အဖေမရှိဘူးလေ"

စူးလန်က အမူအရာကင်းမဲ့နေပြီး ပြောလိုက်တယ်။

မမရဲ့ပုံစံကို ကြည့်ပြီး ကျောက်အာလည်း ရင်ထဲမှာ မကောင်းပါဘူး။ "အဖေမရှိရင် အမေရှိတယ်၊ အဒေါ်နဲ့ ဦးလေးလည်း ရှိတာပဲ။ သူ့ကို နစ်နာအောင်တော့ မထားပါဘူး"

"ရှင်တို့အားလုံး အပြင်ထွက်ကြပါဦး၊ ငါ ခဏလောက် အေးအေးဆေးဆေး နေချင်လို့"

ကျောက်အာက တုံ့ဆိုင်းနေပေမဲ့ ရွှီထင်းရှန်းကတော့ သူမရဲ့ လက်ကို ဆွဲပြီး အပြင်ကို ခေါ်သွားလိုက်တယ်။ အခန်းထဲမှာ ရှန်ဖျင်းပဲ ကျန်ခဲ့တယ်။ သူလည်း အပြင်ထွက်ဖို့ ပြင်ပေမဲ့ အရမ်းကို တုံ့ဆိုင်းနေပြီး တံခါးနားရောက်တော့ သူက တံခါးကို ပြန်ပိတ်ပြီး စူးလန်ရဲ့နားကို ပြန်လာတယ်။

"မင်းသာ ငါ့ကို လက်ထပ်မယ်ဆိုရင် ငါ သူ့ရဲ့အဖေ လုပ်ပေးပါ့မယ်" သူ့ရဲ့ အသံတွေက တုန်ရီနေတယ်။ ခုတင်ပေါ်မှာ ထိုင်နေတဲ့ အဖြူရောင်ဝတ်စုံနဲ့ အမျိုးသမီးကို ကြည့်ရင်း "စူးလန်... ငါ့ကို လက်ထပ်မလား။ ဒီစကားကို ငါ အရင်ကလည်း ပြောခဲ့ဖူးတယ်၊ ဒါပေမဲ့ မင်းက ငြင်းခဲ့တာလေ။ အခု ငါ ထပ်ပြီး ပြောပါရစေ၊ ငါ့ကို လက်ခံပေးပါ။ ငါ မင်းအပေါ်မှာရော ဒီကလေးအပေါ်မှာရော အကောင်းဆုံး ဖြစ်အောင် လုပ်ပေးပါ့မယ်"

98 06

စူးလန်က ခေါင်းကို မော့တောင်မကြည့်ဘဲ ငြိမ်နေတယ်။ အတော်ကြာမှ သူမဆီကနေ ရယ်သံသဲ့သဲ့ ထွက်လာပါတယ်။

စူးလန်က ရယ်နေတာပါ။

ဒါပေမဲ့ အဲဒီရယ်သံထဲမှာ ဘာခံစားချက်မှ မပါပါဘူး။ ရယ်ပြီးတော့မှ သူမက ပြောလိုက်ပါတယ်။ "ရှန်ဖျင်း... ငါ လက်မခံနိုင်ဘူး။ အရင်ကလည်း ရှင့်ကို လက်မထပ်ချင်ခဲ့ဘူး၊ အခုလည်း အတူတူပါပဲ"

"ဘာလို့လဲ"

"ဘာလို့လဲ ဟုတ်လား" သူမက နာကျင်နေတဲ့ အမျိုးသားရဲ့ မျက်နှာကို မော့ကြည့်လိုက်တယ်။ သူမရဲ့မျက်လုံးတွေက တုန်ရီသွားပေမဲ့ ချက်ချင်းပဲ အရင်လို တည်ငြိမ်သွားတယ်။ ဒါပေမဲ့ အဲဒီတည်ငြိမ်မှုကတော့ အရမ်းကို ရက်စက်လွန်’တယ်။ "ဘာအကြောင်းပြချက်မှ မရှိပါဘူး၊ ရှင့်ကို လက်မထပ်ချင်လို့ပါပဲ"

ရှန်ဖျင်းက တစ်စုံတစ်ယောက်ရဲ့ ထိုးနှက်မှုကို ခံလိုက်ရသလိုပါပဲ။ သူ မနည်း အားတင်းပြီး ရပ်နေရတယ်။ "ဒါက ဆဋ္ဌမသခင်လေးကြောင့်လား" သူ နာကျင်စွာ မေးလိုက်တယ်။

စူးလန်က မျက်လုံးကို ခဏမှိတ်လိုက်ပြီး အေးစက်စွာ ပြောလိုက်တယ်။ "ရှင်က အဲဒီလို ထင်နေတယ်ဆိုရင်လည်း အဲဒီလိုပဲ သတ်မှတ်လိုက်ပါတော့" သူမ အခန်းထဲမှာ တိတ်ဆိတ်သွားပြီး အတော်ကြာမှ အက်ကွဲနေတဲ့ အသံတစ်ခု ထွက်လာပါတယ်။ "ငါ... ငါ သိပါပြီ" အဲဒီနောက်မှာတော့ တုန်တုန်ချိချိနဲ့ ထွက်သွားတဲ့ ခြေသံတွေကို ကြားလိုက်ရပြီး တံခါးက အသာအယာ ပြန်ပိတ်သွားပါတော့တယ်။ အဲဒီအချိန်ကျမှ စူးလန်ရဲ့မျက်လုံးထဲကနေ မျက်ရည်တွေ စီးကျလာတော့တယ်။

စူးလန်ဟာ ကျောက်အာနဲ့ ရွှီထင်းရှန်းတို့နောက်ကို လိုက်ပြီး ယွီချင်းရွာက တောင်ကုန်းလေးပေါ်မှာ လာနေတယ်။ တောင်ပေါ်က အိမ်က နည်းနည်းတော့ ကျဉ်းတဲ့အပြင် သူမရဲ့မမအတွက် အေးအေးဆေးဆေး နေလို့ရမယ့် နေရာလေးတစ်ခု ဖန်တီးပေးချင်တာကြောင့် ကျောက်အာက အခန်းနှစ်ခန်း ထပ်ဆောက်ဖို့ စီစဉ်လိုက်တယ်။

သူတို့ ထွက်လာတဲ့အချိန်မှာ ရှန်ဖျင်း လာမပို့ပါဘူး။ အဲဒီနေ့ကတည်းက ရှန်ဖျင်း တစ်ခါမှ ပေါ်မလာတော့ပါဘူး။ အိမ်မှာတော့ အသက်ကြီးတဲ့ အဒေါ်ကြီးတစ်ယောက်ပဲ ကျန်ခဲ့ပြီး သူတို့အတွက် ထမင်းချက်ပေးတာတွေ လုပ်ပေးပါတယ်။ ဒီလို အခြေအနေမျိုးမှာ ကျောက်အာလည်း ကျေးဇူးတင်စကားတောင် ပြောဖို့ အခွင့်မသာခဲ့ပါဘူး။

ရက်တွေက တဖြည်းဖြည်း ကုန်ဆုံးသွားပြီး စူးလန်ရဲ့အခြေအနေကလည်း ပိုကောင်းလာတယ်။ အခုဆိုရင် အပြင်ထွက်ပြီး နေပူစာလှုံတာတွေတောင် လုပ်နိုင်နေပြီ။ ကျောက်အာကလည်း သူမကို အကောင်းဆုံးတွေပဲ ကျွေးမွေးပြုစုတာကြောင့် မျက်နှာလေးကလည်း တဖြည်းဖြည်း သွေးရောင်လွှမ်းလာပါတယ်။ အပြင်လူတွေကိုတော့ ကျောက်အာက သူမရဲ့ မမဟာ ခင်ပွန်းဆုံးသွားပြီး ကိုယ်ဝန်နဲ့ ကျန်ရစ်ခဲ့တာပါလို့ လိမ်ပြောထားပါတယ်။ အဒေါ်ကောင်းတို့၊ အဒေါ်ကျိုးတို့၊ အဒေါ်စွန်းတို့နဲ့ တခြား အလုပ်လာလုပ်တဲ့ အမျိုးသမီးတွေကလည်း စူးလန်ကို အရမ်းဂရုစိုက်ကြပါတယ်။ တစ်ခါတလေ ကျောက်အာ အားမလပ်တဲ့အခါ သူတို့ကပဲ ဝိုင်းပြီး ကူညီပေးကြတယ်။

တောင်ကုန်းလေးပေါ်မှာတော့ အရင်လိုပဲ ပျော်ရွှင်စရာတွေနဲ့ ပြည့်နေတော့တယ်။ ဒီလို ပတ်ဝန်းကျင်မျိုးမှာ စူးလန်လည်း အရင်လို တက်ကြွလာတယ်။ တစ်ခါတလေ ကောင်လေးတွေ ဆိုးရင်လည်း သူမကပဲ ဗိုက်ကြီးတကားကားနဲ့ လိုက်ပြီး ဆူပူနေတာပေါ့။ တစ်ခုရှိတာက စူးလန်ဟာ သူမရဲ့အရင်နာမည်ဖြစ်တဲ့ ဝမ်ကျောက်တိဆိုတဲ့ နာမည်ကို ပြန်သုံးလိုက်တယ်။ ဝမ်ကျောက်အာ၊ ဝမ်ကျောက်တိ... ညီအစ်မတွေဆိုတာ သိသာတာပေါ့။

အရင်က ကျောက်အာက မေးဖူးပါတယ်။ မမက ဒီနာမည်ကို အရမ်းမုန်းတာ မဟုတ်ဘူးလား၊ ကျွန်မကိုတောင် နာမည်ပြောင်းဖို့ အမြဲပြောနေခဲ့တာလေ၊ အခု ဘာလို့ ပြန်သုံးတာလဲလို့ပေါ့။ ဝမ်ကျောက်တိက အဓိပ္ပာယ်ပါတဲ့ စကားတစ်ခွန်း ပြောခဲ့ပါတယ်။ "လူဆိုတာ ကိုယ့်ကိုယ်ကိုယ် ဘယ်သူလဲဆိုတာ သိဖို့ လိုအပ်တယ်" တဲ့။

98 07

ညဘက် အိမ်ပြန်ရောက်တော့ ကျောက်အာက ဒီစကားကို ရွှီထင်းရှန်းကို မေးကြည့်လိုက်တယ်။ အခုဆိုရင် ရာသီဥတုက နွေးလာပြီ။ ဒါပေမဲ့ နှစ်ယောက်သားကတော့ စောင်တစ်ထည်ထဲမှာပဲ အတူတူ အိပ်ကြဆဲပဲ။ ဒါကတော့ ရွှီထင်းရှန်းရဲ့ အတင်းအကျပ် တောင်းဆိုမှုကြောင့် ဖြစ်ပေမဲ့ ကျောက်အာလည်း ဘာမှမပြောပါဘူး။ ကျောက်အာကလည်း အဲဒီလောက်အထိ ဇီဇာကြောင်တဲ့သူ မဟုတ်ပါဘူး၊ လက်ထပ်ပြီးသား ဇနီးမောင်နှံတွေပဲ အတူတူ အိပ်ရမှာပေါ့။ မဟုတ်ရင် ဇနီးမောင်နှံလို့ ဘယ်ခေါ်မလဲ။

ဇနီးမောင်နှံ... အခုဆိုရင် သူတို့ ဆက်ဆံရေးက ဒီလိုမျိုး ဖြစ်နေပြီပေါ့။ ဒါကို တွေးမိတိုင်း ကျောက်အာ ရှက်နေမိတုန်းပါပဲ။ ဒါပေမဲ့ နှစ်ယောက်သားကတော့ ပိုပြီးရင်းနှီးလာကြတယ်။ အရင်က ကိစ္စတွေကို ဖြတ်သန်းပြီးတဲ့နောက်မှာ ကျောက်အာလည်း သူမရဲ့ရှေ့က အမျိုးသားဟာ ငယ်သေးတယ်ဆိုစေဦးတော့ ဘဝရဲ့အခက်အခဲတွေကိုတော့ ရင်ဆိုင်နိုင်စွမ်း ရှိတယ်ဆိုတာကိုပါ သိလာရတယ်။ သူသာ မရှိရင် ကျောက်အာတစ်ယောက် စီးပွားရေးရော၊ သူမရဲ့ မမကိစ္စရော ဘယ်လို ကိုင်တွယ်ရမလဲတောင် မသိပါဘူး။

ကျောက်အာရဲ့မေးခွန်းကို ကြားတော့ ရွှီထင်းရှန်းက သက်ပြင်းချရင်း ပြောလိုက်တယ်။ "ဒါဟာလည်း နဂိုမူလ အခြေအနေကို ပြန်ရောက်သွားတာပဲ" ကျောက်အာက နားမလည်ပါဘူး။ "နဂိုမူလ အခြေအနေ ဒါက ဘာဆိုင်လို့လဲ"

ရွှီထင်းရှန်းက ရှင်းပြတယ်။ ဝမ်ကျောက်တိဟာ သူမကိုယ်သူမ မုန်းတီးခဲ့သလို ဒီနာမည်ကိုလည်း မုန်းခဲ့တယ်။ ဒါကြောင့် သူမ အင်အားရှိလာတဲ့အခါမှာ နာမည်ပြောင်းလိုက်တာပေါ့။ စူးလန်... ကြည့်ရတာ အရမ်းကို ယဉ်ကျေးသိမ်မွေ့တဲ့ နာမည်ပဲ။ ဝမ်ကျောက်တိ ဆိုတဲ့ နာမည်လို မရိုးရှင်းပါဘူး။ ဒါကြောင့် ဝမ်ကျောက်တိက နာမည်ပြောင်းလိုက်တာထက် သူမရဲ့အတိတ်တွေကို စွန့်လွှတ်ပြီး 'စူးလန်' ဆိုတဲ့ ပုံစံမျိုးနဲ့ ရှေ့ဆက်ဖို့ ကြိုးစားခဲ့တာ။ ဒါပေမဲ့ အရာရာကို ဖြတ်သန်းပြီးတဲ့နောက်မှာတော့ သူမဟာ ဘယ်လောက်ပဲ နာမည်ပြောင်းပါစေ၊ သူမရဲ့စိတ်ထဲမှာတော့ အဲဒီ ဝမ်ကျောက်တိ ဆိုတဲ့သူပဲ ရှိနေဆဲဆိုတာကို သူမ သိသွားတာပေါ့။

တကယ်တော့ နာမည်ဆိုတာ ဘာများ အရေးကြီးလို့လဲ။ နာမည်က လူတစ်ယောက်ကို ပြောင်းလဲပေးနိုင်တာ မဟုတ်ဘူး၊ အရေးကြီးတာက လူပဲလေ။ အိပ်မက်ထဲမှာတုန်းက ရွှီထင်းရှန်းလည်း သူ့နာမည်ကို သူ မုန်းခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုတော့ သူဟာ ရွှီထင်းရှန်း အဖြစ်ပဲ ရှိနေဆဲပါပဲ။

"နာမည်လေး တစ်ခုကနေတောင် ဒီလောက်အထိ တွေးလို့ ရတာလား" ကျောက်အာကတော့ တကယ်ကို ထူးခြားတဲ့သူပါပဲ။ တစ်ခါတလေဆိုရင် အရမ်းကို ရိုးသားသလိုမျိုး ဖြစ်နေပေမဲ့ တစ်ခါတလေကျတော့လည်း အရမ်းကို ထက်မြက်လှပါတယ်။

"ဒါနဲ့ နှမြောစရာကောင်းတာက အစ်ကိုရှန်ပဲ။ မမက ဘာလို့ သူ့ကို လက်မခံတာလဲ မသိဘူးနော်"

ဒီကိစ္စကိုသာ ထပ်ပြီး ဆွေးနွေးနေမယ်ဆိုရင် ဒီညမှာ ဘာမှ လုပ်ဖြစ်မှာ မဟုတ်ပါဘူး။ အရင်ကလည်း ရွှီထင်းရှန်းက ကျောက်အာရဲ့ အဲဒီလို မေးခွန်းတွေကြောင့် အကြိမ်ကြိမ် အခွင့်အရေး လက်လွတ်ခဲ့ရဖူးတာကိုး။ ဇနီးသည်ရဲ့ သံသယတွေကို ဖြေရှင်းပေးရင်းနဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ ဒုက္ခပေးသလို ဖြစ်နေတာ။

"ငါ ထင်တာတော့ အခု အဲဒီအကြောင်းတွေကို ဆွေးနွေးမယ့်အစား ငါတို့ လုပ်သင့်တာကိုပဲ လုပ်ရအောင်"

"ဘာလုပ်မှာလဲ"

ရွှီထင်းရှန်းက စောင်ကို အမြန်ဆွဲခြုံလိုက်ပြီး နှစ်ယောက်သားကို ဖုံးအုပ်လိုက်တော့တယ်။ မကြာခင်မှာပဲ စောင်ကြီးက လှုပ်ရှားလာပြီး ကျောက်အာရဲ့ "ဟိုမှာ မရဘူး၊ ဒီမှာ မလုပ်နဲ့" ဆိုတဲ့ ညည်းတွားသံလေးတွေ ထွက်ပေါ်လာပါရင်း ပြောရင်းပြောရင်းနဲ့ပဲ အသံတွေက ပျောက်ကွယ်သွားတော့တယ်။ ညကတော့ ရှည်လျားနေဆဲပါပဲ။

******

All Chapters