← Chapters

အခန်း (၈၀၁-၈၀၂)

Vol. 81 Ch. 801-802

အခန်း (၈၀၁-၈၀၂)

Vol. 81 Ch. 801-802

အခန်း (၈၀၁) ရှေးဟောင်း နတ်ဆေးဆရာ ရှုယန့်၊ ဝါးကျမ်းစာ နှင့် ချိပ်ပိတ်ခံထားရသော ကျေးရွာ

ပိုင်အိမ်တော်၏ ကောင်းကင်ထက်၌ နတ်ဘုရားအလင်းတန်းများ တောက်ပနေပြီး မြင့်မြတ်လှသော နတ်ဘုရားအငွေ့အသက်များ ဖုံးလွှမ်းနေသည်။

"ဟော်နတ်သမီး ဘယ်မှာလဲ"

ကျန်းကော်လောင်က အသံကျယ်ကြီးဖြင့် ဟိန်းဟောက်လိုက်ရာ ထိုအသံမှာ မိုးခြိမ်းသံကဲ့သို့ ပိုင်အိမ်တော်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။ သို့သော်လည်း အပြင်ဘက် လမ်းမပေါ်တွင်မူ ထူးခြားစွာပင် အလွန်တိတ်ဆိတ်နေဆဲဖြစ်ပြီး မည်သူမျှ ထိုအသံကို မကြားနိုင်ကြချေ။

နတ်ဘုရားတစ်ပါး၏ စီရင်ချက်ချသံကဲ့သို့သော ထိုအသံကြောင့် ပိုင်အိမ်တော်သားများမှာ ထိတ်လန့်တုန်လှုပ်ကုန်ပြီး အခန်းထဲမှ အလုအယက် ပြေးထွက်လာကြသည်။ နတ်ဘုရားအုပ်စုကို မြင်လိုက်ရသောအခါ အံ့အားသင့်ဘဝင်ခိုက်သွားကြသော်လည်း ပိုင်သခင်ကြီးက အတင်းသတိကပ်ကာ အော်ပြောလိုက်သည်။

"မြန်မြန်... အနောက်ဘက်ဆောင်ကိုသွားပြီး လီဆရာလေးကို သွားပင့်ကြစမ်း"

စကားဆုံးသည်နှင့် တစ်ပြိုင်နက် ထူးခြားတင့်တယ်လှသော လူငယ်တာအိုဆရာလေး ပေါ်လာပြီး

"မလိုပါဘူး... ငါကိုယ်တိုင် ရောက်လာပြီ" ဟု လီယန်ချူက ပြုံးလျက် ပြောလိုက်သည်။

ကောင်းကင်ယံထက်တွင် မြည်းကို ပြောင်းပြန်စီးထားသော ကျန်းကော်လောင်၏ အကြည့်မှာ လီယန်ချူထံသို့ ကျရောက်လာပြီး

"တာအိုဆရာလေး... ဟော်နတ်သမီး ဘယ်မှာလဲ"

ကျန်းကော်လောင်မှာ ကြည့်ရသည်မှာ သဘောကောင်းသည့် အဖိုးအိုတစ်ဦးနှင့် တူသော်လည်း ယခုအခါ မျက်လုံးများ ပြူးကြည့်ကာ ဒေါသထွက်နေသဖြင့် လူသတ်ငွေ့များပင် ထွက်ပေါ်နေသည်။ လီယန်ချူက တစ်ချက်ကြည့်လိုက်ရုံဖြင့် ၎င်းတို့အားလုံးမှာ မြေခွေးဝါများက ပုံရိပ်ယောင်ဖန်တီးထားခြင်း ဖြစ်ကြောင်း သိလိုက်ရသဖြင့် သူက ခပ်ပြောင်ပြောင် ရယ်လိုက်ကာ

"ဟော်နတ်သမီးက ထင်းဂိုဒေါင်ထဲမှာ"

"ရိုင်းစိုင်းလိုက်တာ"

"သတ္တိရှိလှချေလား"

"သာမန်လူသားတစ်ယောက်က နတ်ဘုရားတွေကို စော်ကားဝံ့တယ်ပေါ့"

နတ်ဘုရားလေးပါးလုံးက ပြိုင်တူ ငေါက်ငမ်းလိုက်ကြသည်။

လီယန်ချူ၏ အကြည့်မှာ ကျောတွင် ရှေးဟောင်းဓားကို လွယ်ထားသည့် လွီတုံးပင်းထံ ကျရောက်သွားသည်။ လွီတုံးပင်းမှာ မုတ်ဆိတ်ရှည်လေးများဖြင့် ခန့်ညားထည်ဝါလှသော်လည်း

"အပေါ်ယံပဲ ရှိတာပါလား... ရှီအိမ်တော်က အဖိုးကြီးနဲ့ယှဉ်ရင်တောင် အများကြီး နိမ့်ကျနေသေးတယ်"

ဟု လီယန်ချူက အေးစက်စွာ လှောင်ပြောင်လိုက်သည်။

ထိုရှီအိမ်တော် အဖိုးကြီး မှာ သူ၏ တိုက်ခိုက်မှုကို ခံရသော်လည်း သေဆုံးခြင်းမရှိဘဲ လျှို့ဝှက်အတတ်ဖြင့် နေရာရွှေ့ပြောင်းသွားခဲ့ခြင်း ဖြစ်သည်။ သူ၏ အငွေ့အသက်မှာ ဖုံးကွယ်ထားသဖြင့် လီယန်ချူပင်လျှင် ခဏတာ ခြေရာခံမရခဲ့ချေ။ စဉ်းစားကြည့်လျှင် ထိုကဲ့သို့ အသက်ရှည်ရန်သာ အထူးတလည် လေ့လာနေသည့် မိစ္ဆာအိုကြီးများသည် အသက်ဘေးမှ လွတ်မြောက်မည့် နည်းလမ်းများကို အထူးကျွမ်းကျင်နေမည်မှာ အသေအချာပင်။ ရှီအိမ်တော်က သားမြေးတစ်ယောက်ပင် အဖိုးကြီးပေးထားသည့် လက်နက်ဖြင့် ထွက်ပြေးနိုင်ခဲ့သည် မဟုတ်ပါလား။

ကောင်းကင်ထက်မှ လွီတုံးပင်းသည် လီယန်ချူ၏ အထင်သေးသော အကြည့်ကို မြင်လိုက်ရသောအခါ ဒေါသတကြီး အော်ဟစ်လိုက်သည်။

"တာအိုဆရာလေး..."

သို့သော် စကားမဆုံးခင်မှာပင် လီယန်ချူက အော်ဟစ်လိုက်သည်။

"နတ်ဘုရားယောင်ဆောင်နေတဲ့ ကောင်တွေ... အောက်ကို ဆင်းခဲ့စမ်း "

ထိုအသံမှာ ဗုံးပေါက်ကွဲသကဲ့သို့ ပြင်းထန်လှသည်။

ဘုန်း... ဘုန်း... ဘုန်း

မြူခိုးများ ပေါက်ကွဲထွက်သွားပြီးနောက် မြေခွေးဝါ လေးကောင်မှာ ခြံထဲသို့ ကျလာကာ မျက်လုံးများထဲတွင် ရက်စက်သော အကြည့်များဖြင့်

"ကောင်းပြီလေ နတ်ဘုရားအနွယ်ဝင်တွေကိုတောင် မင်းတို့က ရန်စဝံ့တယ်ပေါ့ အဘွားကြီးသာ သိသွားရင် မင်းတို့ မိသားစုတစ်ခုလုံးကို သေစေရမယ်"

ဟု မြေခွေးဝါတစ်ကောင်က လူလိုမတ်တပ်ရပ်၍ လူစကားပြောလိုက်သည်။

မြေခွေးဝါ ဆိုသည်မှာ အလွန်ပင် မိစ္ဆာဆန်လှသည်။ ၎င်းတို့သည် လူတစ်ဦးတည်းကိုသာ ဒုက္ခပေးသည်မဟုတ်ဘဲ မျိုးဆက်ပေါင်းများစွာအထိ မျက်ခြေမပြတ် စောင့်ကြည့်ကာ ဒုက္ခပေးတတ်ကြသည်။ သို့သော် လီယန်ချူက ထိုမြေခွေးဝါများကို ကြောက်ရွံ့နေမည်လော။

သူက လက်ညှိုးဖြင့် အသာအယာ ညွှန်လိုက်သည်။

"ချုပ်နှောင်ခြင်းအတတ် "

ထိုမြေခွေးဝါများအားလုံးမှာ လီယန်ချူ၏ စွမ်းအားများဖြင့် အချုပ်အနှောင် ခံလိုက်ရသည်။ ပိုင်သခင်ကြီးက အမြန်ပြေးလာပြီး

"လီဆရာလေး... အခု ဘာဆက်လုပ်ရမလဲ" ဟု မေးမြန်းသည်။

လီယန်ချူက အသာအယာ ပြုံးကာ

"ရှစ်ပါးသောနတ်မင်းတွေထဲမှာ အခုမှ ငါးယောက်ပဲ ရှိသေးတာဆိုတော့ ဒီညတော့ အေးအေးဆေးဆေး ရှိမှာမဟုတ်ဘူး။ ငါကိုယ်တိုင် ဒီမှာ စောင့်ကြည့်နေမယ်၊ ဒီမြေခွေးဝါတစ်သိုက်လုံးကို ရှင်းပစ်မယ်၊ ပိုင်သခင်ကြီး စိတ်ချလက်ချ နေပါ"

လီယန်ချူ၏ စကားကြောင့် ပိုင်သခင်ကြီးမှာ မျက်နှာလေး အနည်းငယ် ဝင်းပလာပြီး စိတ်အေးသွားရသည်။ ဤကဲ့သို့ မိစ္ဆာများ၏ နှောင့်ယှက်မှုကို မည်သူမျှ ခံနိုင်မည်မဟုတ်ချေ။ ဟော်နတ်သမီး တစ်ယောက်တည်းနှင့်ပင် ဤမျှ ဒုက္ခများနေသည်ကို၊ နောက်ထပ် အများကြီးသာ ထပ်ရောက်လာပါက မိသားစုတစ်ခုလုံး ဒုက္ခရောက်ကုန်ပေလိမ့်မည်။

ထင်ထားသည့်အတိုင်းပင် ခဏအကြာ၌ ဟန်ရှန်းကျီ ၊ လန်ချိုင်ဟယ် နှင့် ချောင်ကော်ကျုတ် သုံးဦး ထပ်မံရောက်ရှိလာသည်။ ဤသုံးဦးမှာ အရှိန်အဝါ ပိုမိုပြင်းထန်ရုံမက၊ ခေါင်းသုံးလုံး လက်ခြောက်ဖက်ဖြင့် မီးဘီးစီးထားသည့် နာကျား ကိုပါ ခေါ်လာကြသေးသည်။

လီယန်ချူမှာ ရယ်ချင်သွားသည်။ ဤမြေခွေးဝါများက တကယ်ကို ရဲတင်းလှပေသည်။ ထင်မှတ်ထားသည့်အတိုင်း ထိုအုပ်စုကိုလည်း သူ အလွယ်တကူပင် ဖမ်းဆီးလိုက်သည်။ လီယန်ချူက ၎င်းတို့ကို ချက်ချင်း မသတ်သေးခြင်းမှာ ၎င်းတို့၏ ကျင့်စဉ်အဆင့်က မမြင့်သော်လည်း သင်ယူထားသည့် ပုံရိပ်ယောင်အတတ်များက အဆင့်မြင့်နေသဖြင့် နောက်ကွယ်တွင် လက်ညှိုးညွှန်ပြနေသည့် ဆရာတစ်ယောက် ရှိနေမည်ကို သိနေသောကြောင့် ဖြစ်သည်။

ဒီမြေခွေးဝါတွေရဲ့ ပုံစံအရဆိုရင် အဲဒီ 'အဘွားကြီး' ဆိုတဲ့ တစ်ယောက်ကလည်း သိပ်တော့ မစွမ်းလောက်ပါဘူး။ ဒါပေမဲ့ နတ်ဘုရားပုံစံတွေ ပြောင်းလဲနိုင်ပြီး တိမ်စီးတာတွေကို ဖန်တီးနိုင်တာကတော့ နောက်ကွယ်မှာ တစ်ခုခု ရှိနေရမယ် ဟု လီယန်ချူက တွေးတောလိုက်သည်။

တစ်ညလုံး ကုန်လွန်သွားသော်လည်း ထပ်မံရောက်ရှိလာသည့် မြေခွေးဝါ မရှိတော့ချေ။ အပြင်ထွက်လှုပ်ရှားနေသည့် မြေခွေးဝါတစ်သိုက်လုံး ဤနေရာတွင်ပင် လက်ရဖမ်းဆီးခံလိုက်ရပြီ ထင်သည်။ ထိုမြေခွေးဝါများ၏ ထွက်ဆိုချက်အရ ၎င်းတို့မှာ မြို့ပြင်ရှိ ယွီရှားတောင် မှ မိစ္ဆာများဖြစ်ကြပြီး၊ ထို အဘွားကြီး မှာ သူတို့၏ ဘိုးဘွားပင် ဖြစ်သည်။

လီယန်ချူက ၎င်းတို့ကို စောင့်မနေတော့ဘဲ ယွီရှားတောင်သို့ တိုက်ရိုက်ပင် သွားရောက်နှိမ်နင်းရန် ဆုံးဖြတ်လိုက်သည်။ ယွီရှားတောင်ထဲတွင် ဂူတစ်ခုရှိပြီး ၎င်းကို ပုံရိပ်ယောင်အတတ်ဖြင့် ဖုံးကွယ်ထားသဖြင့် သာမန်လူသားများ မမြင်နိုင်ကြချေ။

သို့သော် လီယန်ချူအတွက်မူ ဘာမှမဟုတ်ချေ။ သူ သိချင်သည်မှာ မြေခွေးဝါတစ်သိုက်က ဂူထဲတွင် ကျင့်ကြံနေသည်ကို အဘယ်ကြောင့် ဤမျှ အဆင့်မြင့်သော ပုံရိပ်ယောင်အတတ်များဖြင့် ဖုံးကွယ်ထားရသနည်းဟူသည်ပင်။ ၎င်းတို့မှာ လူကို ဒုက္ခပေးရန် မကြောက်သည့်အပြင်၊ ထိုဂူထဲရှိ အချုပ်အနှောင်များမှာ မိစ္ဆာအတတ်ထက် နတ်ဘုရားတို့၏ အတတ်ပညာနှင့် ပိုတူနေသောကြောင့် ဖြစ်သည်။

"ဒီနေရာပဲလား" လီယန်ချူက တိုးတိုးလေး ရေရွတ်လိုက်သည်။

"မှန်တယ် တာအိုဆရာလေး... မင်းသိတတ်ရင် ငါတို့ကို အမြန်လွှတ်ပေးစမ်း မဟုတ်ရင် အဘွားကြီး မိသွားတဲ့အခါ မင်းရဲ့ အရေခွံကို ဆွဲခွာပြီး အသားတွေကို နုတ်နုတ်စင်းပစ်လိမ့်မယ် "

ဟု မြေခွေးဝါတစ်ကောင်က ကြိမ်းဝါးလိုက်သည်။

"အဘွားကြီးက လူသားစားတာလား" လီယန်ချူက မေးလိုက်သည်။

မြေခွေးဝါ၏ မျက်လုံးများမှာ ရက်စက်သော အနီရောင်အလင်းများ ထွက်ပေါ်လာပြီး လူစကားဖြင့် လှောင်ပြောင်လိုက်သည်။

"ဒါပေါ့ အဘွားကြီးက လူကို ရက်ရက်စက်စက် စားတာ မင်းလို သေချင်ဇောနဲ့ ရောက်လာတဲ့ တာအိုဆရာကတော့ အခွင့်အရေးရှိတုန်း ငါတို့ကို အမြန်လွှတ်ပေးလိုက် မဟုတ်ရင် မင်း ခံရတော့မယ် "

လီယန်ချူက ခေါင်းညိတ်လိုက်ကာ

"ကောင်းပြီလေ၊ လူစားတယ်ဆိုရင် ရပြီ"

"..............." မြေခွေးဝါများအားလုံး ဆွံ့အသွားကြသည်။

လီယန်ချူ ထိုဂူထဲသို့ ဝင်လိုက်သောအခါ အလွန်ညှီစော်နံသောအနံ့ကို ခံစားလိုက်ရသည်။ မြေပြင်တွင် တောရိုင်းတိရစ္ဆာန် အရိုးများသာမက လူအရိုးများကိုပါ ဟိုတစ်စ ဒီတစ်စ ပစ်ထားသည်ကို တွေ့ရသည်။ ဤဂူ၏ ပုံစံမှာ ကျင့်ကြံသူတို့၏ ဂူဗိမာန်နှင့် တူပြီး မိစ္ဆာဂူနှင့် မတူချေ။

သူ အတွင်းသို့ ဆက်ဝင်သွားသောအခါ ကျောက်စားပွဲ၊ ကျောက်ထိုင်ခုံများနှင့် ကျောက်တံတားတို့ကို တွေ့ရသည်။ အတွင်းပိုင်းမှာ အလွန်ကျယ်ဝန်းလှပေသည်။ အထဲသို့ ရောက်သည်နှင့် နတ်ဘုရားတစ်အုပ်စု ရပ်နေသည်ကို မြင်လိုက်ရသည်။ ပန်းခြင်းကို ကိုင်ထားသည့် နတ်မိမယ်များ၊ စေတီတော်ကို ကိုင်ထားသည့် ထော့ထာနတ်မင်း ၊ ကြီးမားထွားကျိုင်းသည့် ကျူလင်နတ်မင်း အစရှိသဖြင့် ယောက်ျား မိန်းမ အစုံအလင်ပင်။

ထိုင်ခုံပေါ်တွင် ထိုင်နေသူမှာ ခေါင်းတွင် အဖိုးတန်သရဖူ ဆောင်းထားသည့် ခန့်ညားသော အမျိုးသမီးကြီးတစ်ဦး ဖြစ်သည်။ သူမမှာ ခြေဗလာဖြင့် ဖြစ်ပြီး မြင့်မြတ်သော အရှိန်အဝါများ ထွက်ပေါ်နေသည်။ လီယန်ချူ ဝင်လာသည်နှင့် ထိုနတ်ဘုရားများက လှမ်းကြည့်လိုက်ကြပြီး သရဖူဆောင်းထားသည့် အမျိုးသမီးကြီးက လီယန်ချူကို အေးစက်စွာ ကြည့်လိုက်ကာ သူ၏နောက်မှ ဖမ်းခေါ်လာသည့် မြေခွေးဝါများကို မြင်သွားသည်။

"အဘွားကြီး... ကယ်ပါဦး ကျွန်တော်တို့ကို ကယ်ပါဦး"

"အဘွားကြီး... ကယ်ပါ" ဟု မြေခွေးဝါများက လူစကားဖြင့် အော်ဟစ် အကူအညီတောင်းကြသည်။

သရဖူဆောင်းထားသည့် အမျိုးသမီးကြီးက အေးစက်စွာ ပြောလိုက်သည်။

"ဘယ်က တာအိုမိတ်ဆွေလဲ... အလုပ်လုပ်တာကတော့ ဘာမျက်နှာမှ မထောက်ပါလား၊ ငါ့ရဲ့ မြေးမြစ်တွေကို ဘာလို့ ဖမ်းလာတာလဲ "

အခြား နတ်ဘုရား များကလည်း လီယန်ချူကို ဝိုင်း၍ ဒေါသတကြီး ကြည့်ကြသည်။ လီယန်ချူက တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤအုပ်စုမှာလည်း မြေခွေးဝါတစ်သိုက်ဖြစ်ကြောင်း သိလိုက်ရသည်။ ထိုမြင့်မြတ်လှပါသည်ဆိုသော အမျိုးသမီးကြီးမှာ အမှန်တကယ်တော့ မျက်နှာတစ်ခုလုံး တွန့်လိပ်နေသည့် ရုပ်ဆိုးလှသော မြေခွေးဝါအိုကြီးပင် ဖြစ်သည်။ မြေခွေးဝါများသည် မြေခွေးများကဲ့သို့ပင် လူသားပုံစံကို အတုယူရန် အလွန်နှစ်သက်ကြသည်။

လီယန်ချူက အေးစက်စွာ ပြောလိုက်သည်

"လူတွေရဲ့ အသက်ဓာတ်ကို စုပ်ယူတယ်၊ လူသားစားတယ်၊ နတ်ဘုရားယောင်ဆောင်တယ်... မင်းတို့လို တိရစ္ဆာန်တွေက တကယ်ကို ရဲတင်းလှပါလား "

ထိုမြေခွေးဝါများမှာ အငြိုးအတေးများနှင့် မိစ္ဆာအငွေ့အသက်များ ဖုံးလွှမ်းနေပြီး အလွန်ပင် ညှီစော်နံလှသည်။ လီယန်ချူ၏ စကားကြောင့် ၎င်းတို့အားလုံးမှာ မူလရက်စက်သော ပုံစံများ ထွက်ပေါ်လာသည်။

လီယန်ချူက ပါးစပ်မှ ယန်မီး ကို မှုတ်ထုတ်လိုက်သည်။ ထိုမီးတောက်များမှာ ချက်ချင်းပင် ဟုန်းဟုန်းတောက်လောင်သွားပြီး ဂူထဲရှိ မြေခွေးဝါအားလုံးကို ပြာဖြစ်အောင် လောင်ကျွမ်းစေလိုက်သည်။ စင်ကြယ်အောင်ပင် လောင်ကျွမ်းသွားတော့သည်။

သူက ဘေးပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ ဤဂူထဲတွင် ရှေးဟောင်း အချုပ်အနှောင် အချို့ ကျန်ရှိနေသည်ကို တွေ့ရသည်။ ဤသည်မှာ ရှေးဟောင်း နတ်ဆေးဆရာတစ်ဦး၏ ကျင့်ကြံရာဂူ ဖြစ်ဟန်တူသည်။

သူ သေဆုံးသွားပြီးနောက် မြေခွေးဝါများက ဝင်ရောက် သိမ်းပိုက်ထားခြင်း ဖြစ်ပေလိမ့်မည်။ ဂူထဲမှ အနံ့အသက်များမှာ အလွန်ပင် ဆိုးဝါးလှသဖြင့် လီယန်ချူက စစ်မှန်သောယန်မီးဖြင့် ဂူအတွင်းရှိ မိစ္ဆာခြေရာလက်ရာအားလုံးကို ရှင်းလင်းပစ်လိုက်သည်။ မြေပြင်ပေါ်ရှိ အရိုးများကိုပါ ပြာဖြစ်အောင် လောင်ကျွမ်းစေလိုက်ရာ တစ်ဂူလုံး စင်ကြယ်သွားတော့သည်။

စစ်မှန်သောယန်မီးမှာ အလွန်ပင် ယန်စွမ်းအား ပြင်းထန်သဖြင့် မိစ္ဆာမှန်သမျှကို ချေမှုန်းနိုင်သည်။ မီးလောင်ကျွမ်းပြီးနောက် လေထုမှာ ပုံမှန် ပြန်ဖြစ်သွားပြီး မိစ္ဆာအငွေ့အသက်များလည်း ပျောက်ကွယ်သွားသည်။

တောင်တစ်တောင်လုံးကို ဒုက္ခပေးနေသည့် မြေခွေးဝါတစ်သိုက်မှာ လီယန်ချူ၏လက်ထဲတွင် အလွယ်တကူပင် ဇာတ်သိမ်းသွားရသည်။ ၎င်းတို့သည် နေ့စဉ်နှင့်အမျှ နတ်ဘုရားယောင်ဆောင်ကာ လူသားစားနေကြသော်လည်း ယနေ့တွင်မူ စစ်မှန်သော တာအိုနတ်ဘုရားနှင့် တွေ့ဆုံကာ အမြစ်ပြတ်သွားရခြင်း ဖြစ်သည်။

လီယန်ချူသည် ဂူအတွင်း ရှာဖွေကြည့်သောအခါ ဝါးကျမ်းစာ တစ်သိုက်နှင့် ဆေးလုံးထည့်သည့် ပုလင်းအချို့ကို တွေ့ရသည်။ ဆေးလုံးများကိုမူ မြေခွေးဝါများက စားပစ်လိုက်ပြီဖြစ်သည်။ ဝါးကျမ်းစာများကိုလည်း ဖွင့်ကြည့်ဖတ်ရှုထားပုံရသည်။ လီယန်ချူက ဝါးကျမ်းစာကို ဖတ်ကြည့်သောအခါ ၎င်းတို့မှာ ကျင့်ကြံသူ များ၏ ကျင့်စဉ်များဖြစ်ကြောင်း သိလိုက်ရသည်။

"ကျင့်ကြံသူ"

လီယန်ချူ အံ့အားသင့်သွားသည်။ ကျင့်ကြံသူ များမှာ မဟာရှ အင်ပါယာခေတ် ကတည်းက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူ ပထမဆုံးအကြိမ် ကျင့်ကြံသူကျင့်စဉ်ကို တွေ့ခဲ့သည်မှာ ဝေမြို့ပြင်မှ ဂူသင်္ချိုင်းကြီးထဲတွင် ဖြစ်သည်။ ထိုနေရာတွင် ကျန့်နန်နယ်စားကြီးက ကျင့်ကြံသူကျင့်စဉ်များကို တမင်ချန်ထားခဲ့သော်လည်း လီယန်ချူ၏ အမြင်တွင်မူ ၎င်းတို့မှာ ဖတ်၍မရသော သင်္ကေတများသာ ဖြစ်သည်။ သို့သော် ဤနေရာမှ ကျင့်စဉ်များမှာ ရှေးဟောင်း စာလုံးများဖြင့် ရေးသားထားသဖြင့် လီယန်ချူအတွက် ဖတ်ရန် မခက်ခဲချေ။

ဤနေရာတွင် ကျင့်ကြံခဲ့သည့် ရှေးဟောင်း နတ်ဆေးဆရာ၏ အမည်မှာ ရှုယန့် ဖြစ်ကြောင်း လီယန်ချူ သိလိုက်ရသည်။ ဤကျင့်စဉ်မှာ လီယန်ချူ၏ အမြင်တွင် အဆင့်မမြင့်လှဘဲ တတိယအဆင့်သို့ မရောက်နိုင်ဘဲ ဒုတိယအဆင့် အလယ်အလတ် အထိသာ ကျင့်ကြံနိုင်မည် ဖြစ်သည်။

သို့သော် ဝါးကျမ်းစာထဲတွင် အသုံးဝင်သော နတ်ဘုရားအတတ် အချို့ကို ရေးသားထားသည်။ ပုံရိပ်ယောင်အတတ်၊ မျက်လှည့်အတတ်၊ လေမိုးခေါ်အတတ်နှင့် အခွံမာအတတ် အစရှိသဖြင့် ဖြစ်သည်။ အခွံမာအတတ်မှာ သံမဏိဝတ်စုံအတတ်ကဲ့သို့ ဓားမတိုး လှံမတိုးအောင် ပြုလုပ်နိုင်ခြင်းဖြစ်သည်။

လီယန်ချူသည် ယခင်က ဤအတတ်ကို ရရှိခဲ့ပါက အလွန်ပင် အားကိုးရမည်ဖြစ်သော်လည်း ယခုအခါ သူ၏ ခန္ဓာကိုယ်မှာ အလွန်ပင် သန်မာနေပြီဖြစ်သဖြင့် နတ်ဘုရားလက်နက်များနှင့် ခုတ်လျှင်ပင် ဒဏ်ရာမရနိုင်တော့ချေ။

ပုံရိပ်ယောင်အတတ်နှင့် မျက်လှည့်အတတ်တို့မှာမူ အလွန်စိတ်ဝင်စားစရာ ကောင်းလှသည်။ သာမန်အတတ်များနှင့် မတူဘဲ ရှေးဟောင်းကျင့်ကြံသူများ၏ နည်းလမ်းမှာ အလွန်ဆန်းကြယ်လှပြီး ၎င်းတို့၏ ကျင့်ကြံမှု အတွေ့အကြုံများကိုပါ ရေးသားထားသည်။

ဒီကျမ်းစာတွေက ရှေးဟောင်းစာလုံးတွေနဲ့ ရေးထားတာကို၊ မြေခွေးဝါတွေက ဘယ်လိုလုပ် ဖတ်တတ်တာလဲ ဟု လီယန်ချူက ခဏမျှ တွေးတောမိသော်လည်း သိပ်တော့ အာရုံမစိုက်တော့ချေ။ မြေခွေးဝါများသည် လူသားကဲ့သို့ ဝတ်စားစားသောက်ကာ ကျင့်ကြံမှုများကိုပင် အတုယူနိုင်သည်ဖြစ်ရာ ရှေးဟောင်းစာလုံးကို တတ်မြောက်နေခြင်းမှာလည်း မထူးဆန်းလှချေ။

ထိုကျမ်းစာများထဲတွင် ကျင့်စဉ်များသာမက ထူးခြားဆန်းပြားသော အဖြစ်အပျက်များကိုလည်း ရေးသားထားသည်။ ၎င်းမှာ တောရွာပုံပြင်များ သို့မဟုတ် ဒဏ္ဍာရီများနှင့် တူသည်။ ထိုရှုယန့်မှာ အဆင့်မြင့်ကျင့်ကြံသူ မဟုတ်သော်လည်း အတွေ့အကြုံ အလွန်များသူဖြစ်သဖြင့် သူ မြင်တွေ့ခဲ့ရသမျှကို ဝါးကျမ်းစာပေါ်တွင် ထွင်းထုမှတ်တမ်းတင်ခဲ့သည်။ လီယန်ချူ စာပိုဒ်တစ်ခုကို ဖတ်လိုက်ရသောအခါ မှင်တက်သွားရသည်။

ထိုနေရာတွင် ကျေးရွာတစ်ခုအကြောင်း ရေးသားထားသည်။ ရှုယန့် ငယ်စဉ်က မတော်တဆ ရောက်ရှိသွားခဲ့သည့် ရွာကလေး ဖြစ်သည်။ ရွာသားများမှာ ရိုးသားဖော်ရွေကြပြီး ရွာထဲတွင် အလွန်လှပသော အမျိုးသမီးတစ်ဦး ရှိသည်။ ရှုယန့်က ထိုအမျိုးသမီးကို အသေးစိတ် ဖော်ပြထားသည်။ အသားအရေမှာ ဖြူဝင်းဥနေပြီး မျက်ဝန်းများမှာ ကြည်လင်သော ရေပြင်ကဲ့သို့ပင်၊ ကိုယ်လုံးကိုယ်ပေါက်မှာလည်း ကျော့ရှင်းလှပသည်... အစရှိသဖြင့် အလွန်အမင်း ချီးမွမ်းထားသည်။

ထိုစာသားများကို လီယန်ချူက ရိုးရိုးရှင်းရှင်း အနှစ်ချုပ်လိုက်လျှင် - အသားဖြူဖြူ၊ ခြေတံရှည်ရှည်၊ ကိုယ်လုံးကိုယ်ပေါက် လှလှပပဖြင့် နတ်သမီးလေးတစ်ပါးကဲ့သို့ ချောမောသူပင် ဖြစ်သည်။ ထို့အပြင် ထိုအမျိုးသမီးသည် လေမိုးခေါ်နိုင်သည့် နတ်ဘုရားအတတ်များကို တတ်မြောက်ထားပြီး ရှုယန့် သင်ယူခဲ့သော အတတ်ငယ်များမှာ ထိုအမျိုးသမီးထံမှ သင်ယူခဲ့ခြင်း ဖြစ်သည်။

"ဒါက ကောင်းပုရွာ မဟုတ်လား"

လီယန်ချူ အံ့အားသင့်သွားသည်။ ဤနေရာတွင် ကောင်းပုရွာ၏ သတင်းအစအနကို တွေ့ရှိလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ထို့အပြင် ရှုယန့်သည် ထိုအမျိုးသမီးကို အလွန်စွဲလမ်းသဖြင့် ရွာသို့သွားသည့် လမ်းကြောင်းကိုလည်း အသေးစိတ် ရေးသားထားခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ရှုယန့် ပြန်လည်ရှာဖွေသောအခါ ထိုရွာမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူ အကြိမ်ကြိမ် ရှာဖွေခဲ့သော်လည်း အစအနပင် မတွေ့ရသဖြင့် လက်လျှော့ခဲ့ရသည်။

လီယန်ချူ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ ဤသည်မှာ "မက်မွန်ပွင့်တော " ပုံပြင်နှင့် တူနေသည်။ အခြားတစ်ဖက်မှ ကြည့်လျှင် ထိုရွာမှာ သရဲရွာ တစ်ခု ဖြစ်နိုင်သော်လည်း၊ ကောင်းပုရွာ၏ အဆင့်အတန်းမှာ သာမန်သရဲရွာထက် ပိုမြင့်မားကာ မဟာချိပ်ပိတ်အတတ် ဖြင့် ကမ္ဘာမြေကို ချိပ်ပိတ်ထားသကဲ့သို့ ဖြစ်နေသည်။ အကယ်၍ ချိပ်ပိတ်ခံထားရသည်ဆိုပါက ရှုယန့် အဘယ်ကြောင့် ပြန်ရှာမတွေ့ရသနည်းဟူသည်မှာ ရှင်းလင်းသွားပေလိမ့်မည်။

လီယန်ချူသည် ထိုမှတ်တမ်းတစ်ခုလုံးကို ဖတ်ကြည့်သော်လည်း ရွာအမည်ကို ဖော်ပြထားခြင်း မရှိသည်ကို သတိထားမိသည်။ အများစုမှာ ထိုအမျိုးသမီးအပေါ် ထားရှိသည့် ရှုယန့်၏ အချစ်ကိုသာ ရေးသားထားခြင်း ဖြစ်သည်။

ရွာနာမည် မပါလို့ပဲ ကွယ်ပျောက်ခြင်းကနေ လွတ်မြောက်နေတာလား ဟု လီယန်ချူက တွေးတောလိုက်သည်။ သော့ချက်စာလုံး ရှာဖွေမှုကဲ့သို့ပင်၊ ရှေးခေတ်က ကွယ်ပျောက်ခြင်းအတတ်ကို အသုံးပြုစဉ် ကောင်းပုရွာ ဆိုသည့် အမည် မပါဝင်ခဲ့သဖြင့် ရှုယန့်၏ မှတ်တမ်းမှာ ကျန်ရှိနေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ကွယ်ပျောက်ခြင်းအတတ် ကို လီယန်ချူလည်း တတ်မြောက်ထားသည်။ သူ၏ အမှောင်ဖုံးကွယ်အတတ်သည် သူ့ကိုယ်သူ ကွယ်ပျောက်ထားနိုင်သည်။

အကယ်၍ သူက ပိုင်အိမ်တော်သားများကို ထိုအတတ်ဖြင့် ကွယ်ပျောက်စေပါက ၎င်းတို့မှာ သူတို့ကိုယ်သူတို့ပင် သတိရတော့မည်မဟုတ်ချေ။ မှတ်ဉာဏ်များမှာလည်း အလိုအလျောက် ပြောင်းလဲသွားပြီး ရုပ်ရည်များကိုပါ ကွယ်ပျောက်သွားစေမည် ဖြစ်သည်။

ရှေ့တွင် အစွမ်းထက်သော ကျင့်ကြံသူတစ်ဦးက မိစ္ဆာများကို နှိမ်နင်းပေးခဲ့သည်ဟုသာ မှတ်မိနေပြီး၊ ထိုသူမှာ ယောက်ျားလား၊ မိန်းမလား၊ ရဟန်းလား သို့မဟုတ် တာအိုဆရာလား ဆိုသည်ကို လုံးဝ မှတ်မိတော့မည်မဟုတ်ချေ။ သို့သော် သူ၏ အတတ်မှာ သူ့ကိုယ်သူသာ ကွယ်ပျောက်နိုင်ခြင်းဖြစ်ပြီး တစ်ဖက်လူ၏ မှတ်ဉာဏ်ကို ကွယ်ပျောက်စေရန်မှာ အခြားသော နည်းလမ်းများကို အသုံးပြုရမည် ဖြစ်သည်။

လီယန်ချူသည် ထိုဝါးကျမ်းစာကို သိမ်းဆည်းလိုက်သည်။ ကိစ္စများ ပြတ်သားသွားစေရန် သူသည် နတ်ခေါ်အတတ် ကို အသုံးပြုကာ အနီးနားရှိ ဝိညာဉ်များနှင့် မိစ္ဆာအားလုံးကို စုစည်းလိုက်သည်။ မြေခွေးဝါ အချို့လည်း ရောက်လာကြပြီး ၎င်းတို့အားလုံးမှာ အငြိုးအတေးများနှင့် မိစ္ဆာနံ့များ ထွက်ပေါ်နေသဖြင့် လီယန်ချူက စစ်မှန်သောယန်မီးဖြင့် အကုန်လုံးကို ရှင်းလင်းပစ်လိုက်ပြီးနောက် တိမ်စီးကာ ထွက်ခွာလာခဲ့သည်။

သူသည် ရှုယန့်၏ မှတ်တမ်းပါ လမ်းကြောင်းအတိုင်း လိုက်လာရာ ကောင်းပုရွာ ပျောက်ကွယ်သွားသည့် နေရာသို့ ရောက်ရှိလာသည်။ သို့သော် ထိုနေရာမှာ တောအုပ်တစ်ခုသာဖြစ်ပြီး ရွာလုံးဝမရှိချေ။

လီယန်ချူ၏ မျက်ဝန်းများမှာ နတ်ဘုရားအလင်းများ တောက်ပလာပြီး ပုံရိပ်ယောင်အတတ်များ ရှိမရှိ စစ်ဆေးကြည့်သည်။ ရှေးဟောင်းကျင့်ကြံသူ ရှုယန့်၏ ဂူဗိမာန်ကိုပင် သာမန်ကျင့်ကြံသူများ မမြင်နိုင်ခဲ့လျှင် ဤနေရာတွင်လည်း တစ်ခုခု ရှိနေနိုင်သောကြောင့် ဖြစ်သည်။ သို့သော် သူ၏ တတိယအဆင့် အလယ်အလတ် နတ်ဘုရားမျက်စိဖြင့် ကြည့်သော်လည်း ဘာမှ မထူးခြားချေ။

သူသည် အနီးနားတွင် လှည့်ပတ်ရှာဖွေသော်လည်း ထူးခြားသောနေရာ မတွေ့ရချေ။

ဒီတစ်ခေါက် ကျန်းနန်ကို လာတာ ကောင်းပုရွာအတွက်ပဲ၊ ဒီရွာမှာ ဘာတွေဖြစ်နေလဲဆိုတာ သေချာပေါက် သိအောင် လုပ်ရမယ် ဟု လီယန်ချူက ဆုံးဖြတ်လိုက်သည်။ ထိုစဉ် သူ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။

"ဟုတ်သားပဲ... ယင်ယန်ကောင်းကင်တံဆိပ် "

ထိုတံဆိပ်ပေါ်တွင် များပြားလှသော မျဉ်းကြောင်းများနှင့် လောကီအရာရာအားလုံး ပါဝင်နေဟန်ရှိသဖြင့် ၎င်း၏ အဆင့်အတန်းမှာ သူ ထင်ထားသည်ထက် များစွာ မြင့်မားနိုင်သည်။ သူသည် ထိုကျောက်စိမ်းတံဆိပ်ကို ထုတ်ယူလိုက်သော်လည်း မည်သို့ ဆက်လုပ်ရမည်ကို မသိချေ။

အဘယ်ကြောင့်ဆိုသော် သူသည် ထိုတံဆိပ်ကို အပြည့်အဝ မပိုင်စိုးရသေးသဖြင့် စွမ်းအားများကို မထုတ်သုံးနိုင်သေးသောကြောင့် ဖြစ်သည်။ သို့သော် သူသည် ထိုတံဆိပ်ကို ကိုင်ဆောင်ကာ ပတ်ဝန်းကျင်၌ လှည့်ပတ်ကြည့်နေစဉ် တံဆိပ်မှ အလင်းတန်းများ စတင်ထွက်ပေါ်လာတော့သည်။

သူ ရေတံခွန်တစ်ခု၏ ရှေ့သို့ ရောက်သောအခါ ယင်ယန်ကောင်းကင်တံဆိပ်၏ အလင်းမှာ အလွန်တောက်ပလာသဖြင့် မျက်စိပင် မဖွင့်နိုင်လောက်အောင် ဖြစ်သွားသည်။

ဟွာကော်ရှန်းတောင် လိုမျိုး ရေတံခွန်နောက်မှာ ဝှက်ထားတာလား

သူသည် ရေခွဲအဆောင် ကို အသုံးပြုကာ ရေတံခွန်ကို ခွဲလိုက်ပြီး အောက်ဘက်ရှိ ရေကန်ကိုပါ စစ်ဆေးသော်လည်း ဘာမှ မတွေ့ရချေ။ ထိုစဉ် လက်ထဲမှ တံဆိပ်မှာ စတင် လည်ပတ်လာတော့သည်။

လီယန်ချူသည် တံဆိပ်နှင့် သူ၏ ဆက်နွှယ်မှုမှာ ပိုမိုအားကောင်းလာသည်ကို ခံစားလိုက်ရသည်။ တံဆိပ်ပေါ်မှ မျဉ်းကြောင်းများသည် အဝေးတစ်နေရာသို့ ဆန့်ထွက်သွားသော်လည်း လီယန်ချူ၏ ရှေ့သို့ ရောက်သောအခါ ရပ်တန့်သွားသည်။

တံဆိပ်သည် လီယန်ချူ၏ လက်ဖဝါးမှ လွတ်ထွက်သွားပြီး ဟင်းလင်းပြင်ရှိ နေရာလွတ်တစ်ခုတွင် ဝဲပျံကာ လည်ပတ်နေတော့သည်။ ၎င်းသည် လက်ယာရစ် ကိုးကြိမ်၊ လက်ဝဲရစ် ကိုးကြိမ် လည်ပတ်နေသည်။ (ကိုး ဆိုသည်မှာ အဆုံးစွန်သော ကိန်းဂဏန်းဖြစ်ပြီး အကန့်အသတ်မရှိခြင်းကို ကိုယ်စားပြုသည်။)

ကိုးကြိမ်စီ လည်ပတ်ပြီးနောက် လီယန်ချူ၏ မျက်စိရှေ့တွင် အလင်းတန်းတစ်ခု ပေါ်လာပြီး တံဆိပ်မှာ သူ၏လက်ထဲသို့ ပြန်လည်ကျရောက်လာသည်။ လီယန်ချူ၏ မျက်စိများ ဝေဝါးသွားပြီးနောက် သူသည် တောအုပ်ထဲမှ စပါးခင်းများရှိရာ နေရာသို့ ရောက်ရှိသွားတော့သည်။ သူ၏ ရှေ့တွင် စိမ်းသက်သော ရွာကလေးတစ်ရွာ ရှိနေပြီး အဝေးတွင် တောင်တန်းကြီးများကို မြင်တွေ့ရသည်။

ယခင် သူရှိနေသော တောင်ကုန်းများမှာ နိမ့်သော်လည်း ယခုမြင်တွေ့ရသည့် တောင်တန်းများမှာမူ အလွန်မြင့်မားထည်ဝါကာ နဂါးကြီးတစ်ကောင် ဝပ်စင်းနေသည့်အလား လှပလှပေသည်။

တောင်ခြေတွင် ရွာကလေးတစ်ရွာ ရှိနေပြီး ယခုအချိန်မှာ ထမင်းချက်ချိန်ဖြစ်သဖြင့် မီးခိုးများ တအိအိ တက်နေသည်။ ကလေးငယ်များမှာ ကျွဲစီး၍ ဆော့ကစားနေကြပြီး အမျိုးသမီးများမှာ ရွာထိပ်၌ ရက်ကန်းရက်နေကြသည်... လူသားလောက၏ အေးချမ်းသော မြင်ကွင်းတစ်ခုပင်။

ဒါ ကောင်းပုရွာလား

လီယန်ချူ ရင်ခုန်သွားသည်။ သူသည် ကောင်းပုရွာကို ရှာဖွေရန် ကျန်းနန်သို့ လာခဲ့ခြင်း ဖြစ်သည်။ လမ်းတွင် အဖြစ်အပျက်များစွာ ကြုံတွေ့ခဲ့ရသည်။ ကျန်းနန်မြို့တော် အပြောင်းအလဲများ၊ ရှေးဟောင်းသားရဲကြီး နိုးထလာမှု၊ ကျိုဖုန်းတောင်သို့ သွားရောက်ခြင်းနှင့် မြေအောက်နန်းတော်ထဲသို့ ဝင်ရောက်ခြင်း၊ ထို့နောက်တွင်မူ ရိုင်းစိုင်းသော ကမ္ဘာငယ်လေးထဲသို့ ရောက်ရှိသွားခြင်း အစရှိသည်တို့ကို ကျော်ဖြတ်ပြီးနောက် ယခုအခါ ကောင်းပုရွာဟု ယူဆရသော နေရာသို့ ရောက်ရှိလာပြီဖြစ်သည်။

သူသည် ဝိညာဥ်မျက်စိဖြင့် အကဲခတ်လိုက်ရာ ဤရွာမှာ အလွန်အေးချမ်းပြီး လူသားတို့၏ အငွေ့အသက်များသာ ရှိကာ မိစ္ဆာအငွေ့အသက် သို့မဟုတ် သရဲအငွေ့အသက် လုံးဝ မရှိချေ။

အရင်တစ်ခေါက် လူတွေကို ကယ်တုန်းက ကောင်းပုရွာထဲမှာ သရဲတွေပဲ ရှိတာ မဟုတ်လား

လီယန်ချူ တွေးတောလိုက်သည်။ သူ၏ ဝိညာဉ်အိတ်ထဲတွင် ဝိညာဉ်ပေါင်း ရာချီရှိခဲ့သော်လည်း နောက်ပိုင်းတွင် ပျောက်ကွယ်သွားခဲ့သည်။ လီယန်ချူ အချိန်ဆွဲမနေတော့ဘဲ ရွာထဲသို့ ဝင်၍ တစ်ဦးဦးကို မေးမြန်းရန် ဆုံးဖြတ်လိုက်သည်။

သူ ရွာထိပ်သို့ ရောက်သောအခါ ဆံပင်နှစ်ဖက် ခွဲစည်းထားသည့် မိန်းကလေးငယ်တစ်ဦး ပြေးလာပြီး လီယန်ချူကို ကြည့်ကာ

"ရှင်က ဘယ်သူလဲ" ဟု ကြည်လင်ရိုးသားသော အသံလေးဖြင့် မေးမြန်းလိုက်သည်။

လီယန်ချူသည် ထိုကလေးမလေး၏ အရှိန်အဝါကို ကြည့်လိုက်ရာ သရဲအငွေ့အသက် မရှိဘဲ ထူးခြားသော နတ်ဘုရားအငွေ့အသက် အနည်းငယ်ကို ခံစားလိုက်ရသည်။ ထိုကလေးမလေးမှာ နတ်ဘုရားဖြစ်နေခြင်း မဟုတ်ဘဲ ဤနေရာတွင် နတ်ဘုရားအငွေ့အသက် ပြည့်နှက်နေသည့် ပစ္စည်းတစ်ခု သို့မဟုတ် လူတစ်ဦး ရှိနေသဖြင့် သူမထံတွင် ထိုအငွေ့အသက်များ ကူးစက်နေခြင်း ဖြစ်ပေလိမ့်မည်။

လီယန်ချူ ငေးမှိုင်နေသည်ကို မြင်သောအခါ ကလေးမလေးက ထပ်မေးသည်။

"အကိုကြီး... ရှင်က ဘယ်သူလဲ၊ ဘာလာလုပ်တာလဲ"

လီယန်ချူက ပြုံးလိုက်ပြီး သူ၏ ရင်ခွင်ထဲမှ သကြားလုံးအချို့ကို ထုတ်ပေးကာ

"ညီမလေး... ဒီနေရာက ဘာနေရာလဲ" ဟု မေးလိုက်သည်။

ကလေးမလေးမှာ သကြားလုံးများကို မြင်သောအခါ မျက်လုံးလေးများ တောက်သွားသော်လည်း ချက်ချင်းပင် သတိကပ်ကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားပြီး ခေါင်းခါလိုက်သည်။

"သမီးက သူစိမ်းပေးတဲ့ သကြားလုံးကို မစားဘူး"

စကားဆုံးသည်နှင့် သူမသည် တစ်ခုခုကို သတိရသွားဟန်ဖြင့် ဝါးခနဲ အော်ငိုလိုက်တော့သည်။

"အမေရေ ရွာထိပ်မှာ ရုပ်ချောချောနဲ့ လူဆိုးတစ်ယောက်က သမီးကို သကြားလုံးပေးပြီး ပြန်ပေးဆွဲဖို့ လုပ်နေတယ် "

ထိုစကားကြောင့် ရွာထဲတွင် ချက်ချင်း ဆူညံသွားပြီး ကျန်းမာသန်စွမ်းသည့် လူငယ်တစ်သိုက်မှာ ပေါက်ပြား၊ တံစဉ်းများ ကိုင်ဆောင်ကာ ပြေးထွက်လာကြသည်။

"................." လီယန်ချူ ဆွံ့အသွားရသည်။

သူသည် တစ်နေ့တွင် ကလေးမလေးတစ်ယောက်၏ ပြန်ပေးဆွဲသမားအဖြစ် သတ်မှတ်ခြင်း ခံရလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ဖူးချေ။ သို့သော်လည်း ထိုကလေးမလေး၏ သတိရှိမှုကိုတော့ သူ ချီးကျူးမိပါသည်။

"ဘယ်က ကောင်လဲ... ငါတို့ ကောင်းပုရွာကို လာပြီး လူခိုးဖို့ ကြိုးစားနေတာ"

ဟု အသံကြီးဖြင့် အော်ဟစ်ကာ လူသန်ကြီးတစ်ဦး ပြေးထွက်လာသည်။

သူ၏ လက်မောင်းကြွက်သားများမှာ ဖောင်းကားနေပြီး လက်ထဲတွင် သံတူကြီးတစ်ချောင်းကို ကိုင်ဆောင်ထားကာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။

အခန်း (၈၀၂) ရိုးသားဖြူစင်သော ကောင်းပုရွာနှင့် လူဟောင်းများက ပိုအဆင်ပြေသည်

လီယန်ချူ၏ အကြည့်သည် သံတူကြီးကို ကိုင်ဆောင်ထားသော ထွားကျိုင်းသည့် လူရွယ်ထံသို့ ကျရောက်သွားသည်။

သူ ဤလူကို အရင်က မြင်ဖူးသည်။

"ကောင်းဟူ... ဘယ်လိုလဲ၊ ငါ့ကို မမှတ်မိတော့ဘူးလား"

သံတူကို ကိုင်ထားသည့် ထိုလူမှာ ခဏမျှ ကြောင်အသွားပြီး "မင်းက ငါ့ကို သိလို့လား" ဟု ပြန်မေးသည်။

လီယန်ချူ မျက်မှောင်ကြုတ်လိုက်မိသည်။ ယခင်က ဝမ်သခင်ကြီး၏ ကိုယ်ထဲသို့ ပူးကပ်ခဲ့သော ဝိညာဉ်တစ်အုပ်စုထဲတွင် နောက်ဆုံး၌ လမ်းရှာ၍ ထွက်ပြေးသွားခဲ့သူမှာ ဤပန်းပဲဆရာပင် ဖြစ်သည်။ ထို့ကြောင့် လီယန်ချူက သူ့ကို ကောင်းကောင်း မှတ်မိနေခြင်းဖြစ်သည်။ ထို့ပြင် ဇာတ်သဘင်ကသည့် ကောင်းရှောင်ဝမ် ဆိုသော မိန်းကလေးကိုလည်း မှတ်မိနေသေးသည်။ သို့သော် ယခုအခါ ဤပန်းပဲဆရာက သူ့ကို မသိသလို ဖြစ်နေသည်။

"မင်း ဝမ်သခင်ကြီးကိုယ်ထဲ ပူးခဲ့တယ်လေ၊ နောက်တော့ ငါ့လက်ထဲ အဖမ်းခံရပြီး ပျောက်ကွယ်သွားတာ... ဒါတွေ အကုန်လုံးကို မင်း မမှတ်မိတော့ဘူးလား"

ဟု လီယန်ချူက မေးလိုက်သည်။

ထွားကျိုင်းသော လူရွယ်က သူ၏ အနည်းငယ် ထူထဲသော မျက်ခုံးနှစ်ဖက်ကို စုကြုတ်လိုက်ပြီး

"မင်း ဘာတွေ လျှောက်ပြောနေတာလဲ" ဟု ဒေါသတကြီး ဟောက်လိုက်သည်။

လီယန်ချူက ရွာသားတစ်ယောက်ချင်းစီကို ကြည့်လိုက်ရာ အချို့ကို သူ သိသော်လည်း အချို့ကိုမူ တစ်ခါမျှ မမြင်ဖူးချေ။ သို့သော် ထိုသူအားလုံးမှာ ဒေါသထွက်နေသည့် မျက်နှာများဖြင့် သူ့ကို ရန်သူကဲ့သို့ ကြည့်နေကြသည်။ ရှေးခေတ်ကာလတွင် လူကုန်ကူးသူများနှင့် တွေ့ပါက ဘာမှ အထွေအထူး လုပ်နေစရာ မလိုဘဲ ရွာထဲသို့ ဆွဲခေါ်ကာ ရိုက်သတ်ပြီး တစ်နေရာရာတွင် ပစ်ထားလိုက်ရုံသာ ရှိသည်။

'မှတ်ဉာဏ်တွေမှာ ပြဿနာရှိနေတာလား' လီယန်ချူ တွေးတောလိုက်သည်။

ထိုစဉ် သံတူကို ကိုင်ထားသော လူရွယ်က လီယန်ချူ၏ တာအိုဝတ်ရုံကို လှမ်း၍ ဖမ်းဆွဲလိုက်ကာ

"ဒီရူးနေတဲ့ တာအိုဆရာကတော့ ဘာတွေ လျှောက်ပြောနေတာလဲ... ငါတို့ဆီ လာပြီး လူလိမ်တာလား"

လီယန်ချူ ခဏမျှ မှင်တက်သွားရသည်။ သူသည် ပန်းပဲဆရာ၏ သန်မာလှသော လက်မောင်းကို ကြည့်လိုက်သည်။ အမြဲတမ်း ပန်းပဲထုနေရသဖြင့် ကြွက်သားများက ဖောင်းကားနေပြီး အားအင် အလွန်ရှိလှသည်။ သူက လီယန်ချူ၏ ကော်လာကို ဖမ်းဆွဲလိုက်သောအခါ လီယန်ချူမှာ ခဏတာ ရှောင်တိမ်းခြင်း မပြုနိုင်ခဲ့ချေ။

လီယန်ချူ မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိပြီးနောက် စမ်းသပ်ကြည့်လိုက်ရာ ရွာထဲသို့ စတင်ဝင်ရောက်စဉ်က ရှိနေခဲ့သော ပြင်းထန်လှသည့် သွေးဓာတ်အရှိန်အဝါနှင့် သမုဒ္ဒရာကဲ့သို့ ကျယ်ပြောလှသော ကျင့်စဉ်စွမ်းအားများမှာ ယခုအခါ ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း သိလိုက်ရသည်။ သူသည် သာမန်လူသားတစ်ဦး ဖြစ်သွားပြီ။

ကောင်းဟူက သူ့ကို ရွာထဲသို့ ဆွဲခေါ်သွားသည်။ ရွာသားများမှာ ဒေါသတကြီး ရှိနေကြသော်လည်း လူကိုတော့ အဆင်ခြင်မဲ့ ရိုက်သတ်ခြင်း မပြုကြချေ။ ဤကဲ့သို့သော ခံစားချက်မှာ လီယန်ချူအတွက် အလွန်ပင် ကြာမြင့်ခဲ့ပြီဖြစ်သည်။ သူ၏ သန်မာလှသော ခန္ဓာကိုယ်ဖြင့်ဆိုပါက သာမန်ပန်းပဲဆရာ တစ်ယောက် မဆိုထားနှင့်၊ ရှေးဟောင်း သားရဲကြီးတစ်ကောင် ပြေးဝင်လာလျှင်ပင် ဆွဲဖြဲပစ်နိုင်စွမ်း ရှိသည်။

လီယန်ချူက ကောင်းဟူ၏ လက်မောင်းကို ဖမ်းကိုင်ကာ အသာအယာ ဆွဲထုတ်လိုက်ရာ ကောင်းဟူမှာ ဟန်ချက်ပျက်ပြီး လွင့်ထွက်သွားတော့သည်။ သူသည် ကျင့်စဉ်စွမ်းအားနှင့် သန်မာသော ခန္ဓာကိုယ်ကို ဆုံးရှုံးသွားခဲ့သော်လည်း သူက မန္တန်ရွတ်၊ အဆောင်ဆွဲရုံသာ တတ်သည့် သာမန်တာအိုဆရာ မဟုတ်ချေ။ သူ၏ အခြေခံ အကျဆုံးသော အစွမ်းမှာ သိုင်းပညာ ဖြစ်သည်။ ယခုအခါ သွေးဓာတ်များ မရှိတော့သော်လည်း သိုင်းပညာ အခြေခံမှာ ကျန်ရှိနေဆဲ ဖြစ်သဖြင့် သာမန်ပန်းပဲဆရာတစ်ဦးကို ရင်ဆိုင်ရန်မှာ ခဲယဉ်းသော ကိစ္စမဟုတ်ချေ။

ကောင်းဟူသည် မျက်ခုံးများ စုကြုတ်လျက် ချက်ချင်း ပြန်ထလာပြီး

"ကောင်းပြီလေ ဒီတာအိုဆရာက ငါတို့ရွာထဲ လာပြီး ရမ်းကားချင်တာပေါ့"

ဟု အော်ဟစ်ကာ သံတူကို ချလိုက်ပြီး လီယန်ချူ၏ ခေါင်းကို လက်သီးဖြင့် လှမ်းထိုးလိုက်သည်။

လီယန်ချူ၏ အတိုက်ကို ခံလိုက်ရသော်လည်း ကောင်းဟူသည် လူသတ်စိတ် မရှိသေးချေ။ ထိုအချက်ကို လီယန်ချူ သတိထားမိလိုက်ပြီးနောက် အနည်းငယ် ပြုံးလိုက်မိသည်။ သာမန်တာအိုဆရာ သို့မဟုတ် ရဟန်းများသာဆိုလျှင် ကျင့်စဉ်စွမ်းအား မရှိပါက အခုလို အခြေအနေတွင် အစစ်ခံရရုံ သို့မဟုတ် အောင့်အည်းခံရရုံသာ ရှိမည်။

သို့သော် လီယန်ချူက ခန္ဓာကိုယ်ကို လျင်မြန်စွာ တိမ်းရှောင်လိုက်သဖြင့် ကောင်းဟူ၏ ပြင်းထန်လှသော လက်သီးမှာ လေထဲတွင်သာ ဆုံးသွားသည်။ သူက ခြေတစ်လှမ်း တိုးလိုက်ပြီး ကောင်းဟူ၏ ခြေထောက်နှစ်ဖက်ကြားသို့ ဝင်ကာ လက်ဝါးဖြင့် တွန်းထုတ်လိုက်သည်။

ကောင်းဟူ၏ သန်မာလှသော ခန္ဓာကိုယ်ကြီးမှာ ဟန်ချက်မထိန်းနိုင်ဘဲ လေးငါးလှမ်းခန့် နောက်သို့ လွင့်သွားကာ မြေပေါ်သို့ ဘုန်းခနဲ လဲကျသွားတော့သည်။ ဤသည်မှာ ပြတင်းပေါက်ဖွင့်ကာ လကိုကြည့်ခြင်း ဆိုသည့် သိုင်းကွက်ပင် ဖြစ်သည်။

"မင်းတို့ နားလည်မှု လွဲနေပြီ၊ ငါက လူကုန်ကူးသူ မဟုတ်ပါဘူး... စောစောက ကလေးမလေးကို သကြားလုံးပေးတာက လမ်းမေးချင်လို့ပါ"

ဟု လီယန်ချူက ရှင်းပြလိုက်သည်။

အားအင်များနှင့် ခန္ဓာကိုယ်စွမ်းအားများ ဆုံးရှုံးသွားသော်လည်း လီယန်ချူ၏ သိုင်းပညာမှာ သာမန်လူသန် ခုနစ်ယောက် ရှစ်ယောက်လောက်ကို ရင်ဆိုင်ရန် ပြဿနာ မရှိချေ။ ကောင်းဟူမှာ ကြောင်အသွားသလို၊ ဘေးပတ်ပတ်လည်မှ လူများမှာလည်း ထွားကျိုင်းသန်မာလှသော ကောင်းဟူကို လွယ်လွယ်ကူကူ လှဲချနိုင်သည့် လီယန်ချူကို ကြည့်ကာ အံ့အားသင့်သွားကြသည်။

အထူးသဖြင့် လီယန်ချူ၏ ကိုယ်ပေါ်မှ ထွက်ပေါ်နေသော တောင်ကြီးတစ်တောင်ကဲ့သို့ တည်ငြိမ်လှသည့် အရှိန်အဝါနှင့် ခန့်ညားထည်ဝါသော ရုပ်ရည်၊ ဖြောင့်မတ်သော အမူအရာတို့ကြောင့် ရွာသားများမှာ သူ့အပေါ် ယုံကြည်မှု ရှိလာကြသည်။ လူငယ်တစ်သိုက်မှာ ရှေ့သို့ မတိုးရဲကြတော့ချေ။ လီယန်ချူက စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သဖြင့် နားလည်မှု လွဲနေခြင်းများ ပြီးဆုံးသွားသည်။

ဤနေရာမှာ ကောင်းပုရွာ အမှန်ပင် ဖြစ်ကြောင်း လီယန်ချူ သိလိုက်ရသည်။ ကောင်းဟူက လီယန်ချူ၏ သိုင်းပညာကို အလွန်ပင် ချီးကျူးပြီး သူ၏ ပန်းပဲဖိုသို့ ခေါ်သွားသည်။ စကားစမြည် ပြောဆိုကြရင်း လီယန်ချူက ရွာထဲတွင် လေမိုးခေါ်နိုင်သော အမျိုးသမီးတစ်ဦး ရှိမရှိ မေးမြန်းလိုက်သည်။

ကောင်းဟူက နားထောင်ပြီးနောက် ခေါင်းခါကာ

"မရှိပါဘူး၊ လူသားက ဘယ်လိုလုပ်ပြီး လေမိုးခေါ်နိုင်မှာလဲ" ဟု ရယ်မောကာ ပြောသည်။

လီယန်ချူက ကောင်းဟူကို ကြည့်လိုက်ရာ ကောင်းဟူ၏ အပြုံးမှာ ရိုးသားဖြူစင်လှသည်။ ရုပ်ရည်မှာ ကြောက်စရာ ကောင်းသော်လည်း စိတ်ထားမှာ မဆိုးလှချေ။ လီယန်ချူသည် သူနှင့် ခဏမျှ စကားပြောပြီးနောက် ပန်းပဲဖိုမှ ထွက်ကာ ရွာထဲတွင် လှည့်လည်ကြည့်ရှုသည်။

ဆံပင်နှစ်ဖက် ခွဲစည်းထားသော ကလေးမလေးမှာ ပန်းပဲဆရာ ကောင်းဟူထံ ပြေးသွားပြီး

"ဦးလေး... အမမဖြူ က လေမိုးခေါ်နိုင်တယ် မဟုတ်ဘူးလား" ဟု အသံကြည်လေးဖြင့် မေးသည်။

ကောင်းဟူက လီယန်ချူ၏ ကျောပြင်ကို ကြည့်ကာ အသံကို နှိမ့်လိုက်ပြီး

"ဒီအကြောင်းကို လျှောက်မပြောနဲ့၊ မဟုတ်ရင် အမမဖြူကို ဒုက္ခပေးသလို ဖြစ်လိမ့်မယ်" ဟု ပြောသည်။

ကလေးမလေးက ခေါင်းလေးကို စောင်းကာ

"အော်... အဲဒီ လီတာအိုဆရာက လူကောင်း မဟုတ်ဘူးလား" ဟု မေးသည်။

စောစောက လီယန်ချူက မိမိကိုယ်ကို မိတ်ဆက်ထားပြီး ရွာသားများ၏ ရန်လိုမှုကိုလည်း လျှော့ချနိုင်ခဲ့သဖြင့် ကလေးမလေးက လီယန်ချူကို လူဆိုးမဟုတ်ပါက လူကောင်းဟုပင် သတ်မှတ်လိုက်ခြင်း ဖြစ်သည်။ ကောင်းဟူက ရယ်လိုက်ပြီး ကလေးမလေး၏ ခေါင်းကို ပွတ်ကာ

"လူကောင်းလား လူဆိုးလား ဆိုတာ တစ်ခါတလေကျရင် အခြေအနေပေါ် မူတည်ပြီး ပြောင်းလဲတတ်တယ်... အဓိကကတော့ ဘယ်သူ့ကိုမဆို အမမဖြူရဲ့ အကြောင်းကို မပြောဖို့ပဲ"

ဟု ပြောလိုက်ရာ ကလေးမလေးက နားမလည်သော်လည်း ခေါင်းညိတ်ပြသည်။

လီယန်ချူ ကောင်းပုရွာထဲတွင် လှည့်လည်ကြည့်ရှုရာ ရွာသားများမှာ တကယ်ပင် ဖော်ရွေပြီး ရိုးသားကြသည်ကို တွေ့ရသည်။ သို့သော် သူ၏ စိတ်ထဲတွင် စိုးရိမ်နေသည့် အချက်မှာ အဘယ်ကြောင့် သူ၏ ကျင့်စဉ်စွမ်းအားများ ပျောက်ကွယ်သွားသနည်းဟူသည်ပင်။ ယခင်က လျူအိမ်တော်မြို့နယ်သို့ မှားယွင်းရောက်ရှိစဉ်ကလည်း စွမ်းအားများ အဖိနှိပ်ခံခဲ့ရသော်လည်း ထိုစဉ်က သူ၏ စိတ်ဝိညာဉ်ထဲရှိ အစွမ်းထက်သော နတ်ဘုရားလက်နက်များကို ဆက်သွယ်နိုင်သေးသည်။

သို့သော် ယခုတစ်ခေါက်မှာမူ အခြေအနေ ကွဲပြားနေသည်။ လီယန်ချူသည် သူ၏ ခါးတွင် ချိတ်ထားသည့် ကျန့်ကျောင်းဓား၊ ရင်ခွင်ထဲမှ ရှစ်ခွင်မှန်နှင့် မိုးကြိုးအဆောင်တို့ကို ကြည့်လိုက်သည်။ ထိုနတ်ဘုရားလက်နက်အားလုံးမှာ စွမ်းအားများ ကင်းမဲ့သွားပြီး သာမန်ပစ္စည်းများကဲ့သို့ ဖြစ်နေသည်။

ကျန့်ကျောင်းဓားမှာ ထက်မြက်သော ရှေးဟောင်းဓားတစ်လက်သာ ဖြစ်သွားပြီး၊ ရှစ်ခွင်မှန်နှင့် မိုးကြိုးအဆောင်တို့မှာလည်း မိစ္ဆာများကို နှိမ်နင်းနိုင်စွမ်း ရှိတော့မည် မဟုတ်ချေ။ လီယန်ချူမှာ လောကကြီးနှင့် လုံးဝ အဆက်အသွယ် ပြတ်တောက်သွားသလို ဖြစ်နေပြီး သိုလှောင်အိတ်ကိုလည်း ဖွင့်၍ မရတော့ချေ။ သူသည် ရင်ခွင်ထဲမှ ယင်ယန်ကောင်းကင်တံဆိပ်ကို ထုတ်ကြည့်သော်လည်း ၎င်းမှာလည်း သာမန် ကျောက်စိမ်းတံဆိပ်တစ်ခုသာ ဖြစ်နေသည်။

'ဒီနေရာမှာ ဘယ်လို ချိပ်ပိတ်အတတ်တွေ ရှိနေတာလဲ' လီယန်ချူ၏ စိတ်နှလုံးမှာ လေးလံနေသည်။

သူသည် ကောင်းပုရွာကို စုံစမ်းရန် လာခဲ့ခြင်းဖြစ်သော်လည်း အသက်နှင့်ရင်းရန် လာခဲ့ခြင်း မဟုတ်ချေ။ ရုတ်တရက် စွမ်းအားကြီးမားသော အင်အားများ ဆုံးရှုံးသွားခြင်းက သူ့ကို စိတ်မသက်မသာ ဖြစ်စေသည်။ သို့သော် သူ၏ စိတ်ဓာတ်မှာ ခိုင်မာလှသဖြင့် "ရောက်လာမှတော့ ရောက်တဲ့အတိုင်း ရင်ဆိုင်ရုံပဲ" ဟု ဆုံးဖြတ်လိုက်သည်။

သူသည် လမ်းတစ်လျှောက် မေးမြန်းခဲ့သော်လည်း နတ်သမီးအကြောင်းကို မည်သူမျှ မသိကြချေ။ ရွာသားများမှာ အသားဖြူဖြူ၊ ခြေတံရှည်ရှည်ဖြင့် လှပလှသော လေမိုးခေါ်နိုင်သည့် နတ်သမီးတစ်ပါး ရှိခဲ့ဖူးသည်ကို လုံးဝ မသိကြသလိုပင်။

ထိုစဉ် လီယန်ချူသည် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသဖြင့် ခြေလှမ်းများကို ရပ်တန့်လိုက်သည်။

"ကောင်းရှောင်ဝမ်"

အမျိုးသမီးငယ်မှာ လှည့်ကြည့်လိုက်ပြီး လီယန်ချူနှင့် အကြည့်ချင်းဆုံသောအခါ မျက်နှာလေး နီသွားပြီး

"တာအိုဆရာက ကျွန်မနာမည်ကို ဘယ်လိုလုပ် သိတာလဲ" ဟု တိုးတိုးလေး မေးသည်။

လီယန်ချူသည် ဤအမျိုးသမီးငယ်မှာ ယခင်က ဝမ်သခင်ကြီးကို ပူးခဲ့သည့် ဝိညာဉ်မလေး၊ ဆိုလိုသည်မှာ ဇာတ်ဝတ်စုံဖြင့် ကပြနေသည့် မိန်းကလေးဖြစ်ကြောင်း မှတ်မိလိုက်သည်။ သို့သော် သူမမှာလည်း လီယန်ချူကို လုံးဝ မမှတ်မိတော့ချေ။

လီယန်ချူက ပြုံးလိုက်ကာ

"ငါက တာအိုတရား လာရှာတာပါ၊ ခုနကပဲ လေမိုးခေါ်တဲ့ အတတ်ကို သင်ယူခဲ့တယ်၊ အသေအချာ လေ့ကျင့်ပြီးရင် နောင်ကျရင် ငါလည်း အဲဒါနဲ့ပဲ အသက်မွေးရတော့မှာပေါ့" ဟု ပြောသည်။

ကောင်းရှောင်ဝမ်က အံ့အားသင့်စွာ

"ဘာ... တာအိုဆရာက လေမိုးခေါ်တဲ့အတတ်ကို သင်ခဲ့တာလား" ဟု မေးသည်။

'ဒီတုံ့ပြန်မှုကတော့... အစအန ရပြီပဲ' လီယန်ချူက ခေါင်းညိတ်လိုက်ပြီး

"ဟုတ်တယ်၊ ငါ အကြာကြီး တောင်းပန်ပြီးမှ သင်ပေးတာ၊ သင်တန်းကြေးက ငွေတုံး ဆယ်တုံးတောင် ပေးလိုက်ရတယ်" ဟု ပြောသည်။

ကောင်းရှောင်ဝမ်က မျက်လုံးလေးများ ဝိုင်းသွားကာ

"ငွေဆယ်တုံးတောင်"

ဟု အံ့အားသင့်စွာ ပြောသည်။

သူမက

"အမမဖြူက ဒီအတတ်ကို ဘယ်သူ့ကိုမှ မသင်ပေးဘူးလို့ ပြောထားတာ မဟုတ်လား" ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။

'အမမဖြူ...' လီယန်ချူက ထိုစကားကို ကြားလိုက်သောအခါ

"ငါ့ရဲ့ စိတ်ရင်းကို ကြည့်ပြီး သင်ပေးတာ ထင်တယ်၊ ဒါပေမဲ့ အဲဒီမိန်းမက လူလိမ်နဲ့ တူနေတယ်၊ လေမိုးခေါ်တယ်ဆိုတာကလည်း အလိမ်အညာတွေ ဖြစ်မှာပါ" ဟု ပြုံးလျက် ပြောလိုက်သည်။

ကောင်းရှောင်ဝမ်မှာ ချက်ချင်းပင် မျက်နှာနီရဲလာကာ ဒေါသတကြီးဖြင့်

"ဘာတွေ လျှောက်ပြောနေတာလဲ အမ မဖြူက လူလိမ် မဟုတ်ပါဘူး၊ သူ တကယ် မိုးခေါ်ပေးနိုင်တာ "

လီယန်ချူက အမူအရာ မပျက်ဘဲ သက်ပြင်းချကာ

"အင်း... ပိုက်ဆံကတော့ ပေးလိုက်ရပြီဆိုတော့ လေ့ကျင့်ကြည့်ရမှာပေါ့၊ လူကို သိသိသာသာကြီး မလိမ်ရင် တော်ပါပြီ"

ဟု ပြောသည်။

ကောင်းရှောင်ဝမ်က မကျေမနပ်ဖြစ်ကာ

"ငါ ပြောပြမယ်၊ အမမဖြူက လူလိမ် မဟုတ်ဘူး သူနဲ့ လေမိုးခေါ်တဲ့အတတ်ကို သင်တာက မင်းအတွက် တန်ဖိုးရှိတာထက်ကို ပိုတယ် "

ဟု ခါးထောက်ကာ လီယန်ချူကို ရန်တွေ့တော့သည်။

လီယန်ချူက ခေါင်းညိတ်လိုက်ပြီး နောက်တစ်ကြိမ် သက်ပြင်းချကာ

"ငါ့အမေဆီက အမွေရထားတဲ့ လက်ကောက်ကိုတောင် သူ့ကို ပေးခဲ့ရတာ၊ နောက်ဆိုရင် ငါ့အမေရဲ့ လက်ကောက်ကို မြင်ရတော့မှာ မဟုတ်ဘူး... ထားပါတော့လေ၊ အတတ်ပညာအတွက်ဆိုရင် ဒါတွေက တန်ပါတယ်"

ကောင်းရှောင်ဝမ်၏ ဒေါသမှာ အနည်းငယ် လျော့သွားပြီး စူးစမ်းစွာ မေးသည်။

"အမမဖြူက မင်းအမေရဲ့ လက်ကောက်ကိုတောင် ယူသွားတာလား"

လီယန်ချူက ခေါင်းညိတ်ပြလိုက်ရာ ကောင်းရှောင်ဝမ်က သံသယဖြင့်

"မဟုတ်သေးပါဘူး၊ အမမဖြူက အရင်က အဲဒီလို မဟုတ်ဘူး၊ ဒီတစ်ခါကျမှ ဘာလို့ အဲဒီလောက် အဖိုးတန်တာတွေ တောင်းတာလဲ" ဟု ပြောသည်။

လီယန်ချူက ကောင်းရှောင်ဝမ်ကို ကြည့်ကာ

"မင်းက ဇာတ်ကရတာ ဝါသနာပါတယ်လို့ ကြားတယ်၊ ငါကတော့ အရပ်တကာ လှည့်လည်သွားလာနေတဲ့သူဆိုတော့ လူအမျိုးမျိုး မြင်ဖူးတယ်... မင်းကို ကြည့်ရတာ နောင်ကျရင် နာမည်ကြီး မင်းသမီးတစ်ယောက် ဖြစ်လာမှာ သေချာတယ်"

ဟု ပြောလိုက်သည်။

ကောင်းရှောင်ဝမ်က ဝမ်းသာအားရဖြင့် "တကယ်လား" ဟု မေးသည်။

လီယန်ချူက ခေါင်းညိတ်ကာ

"ဟုတ်တယ်၊ ငါ့ဆီမှာ မင်းနဲ့လိုက်ဖက်တဲ့ ဇာတ်လမ်းကောင်းတွေ ရှိတယ်၊ ငါ ပြောပြမယ်လေ"

ဟု ပြောပြီး သူ၏ ယခင်ဘဝမှ မှတ်မိနေသော ဂန္ထဝင် ဇာတ်လမ်းအချို့ကို လျှောက်၍ ပြောပြလိုက်သည်။ ကောင်းရှောင်ဝမ်မှာ အလွန်စိတ်ဝင်စားသွားပြီး နားထောင်လေလေ မျက်လုံးများ တောက်ပလေလေ ဖြစ်လာသည်။

"မင်းခေါင်းထဲမှာ ဒီလောက်ကောင်းတဲ့ ဇာတ်လမ်းတွေ ရှိနေတာပဲ လာ... ငါ အမမဖြူကို သွားပြောပေးမယ်၊ မင်းအမေရဲ့ လက်ကောက်ကို ပြန်ပေးခိုင်းမယ်"

လီယန်ချူက အံ့သြဟန်ဖြင့်

"တကယ် ဖြစ်နိုင်လို့လား"

ဟု မေးရာ ကောင်းရှောင်ဝမ်က ရယ်မောကာ

"ဒါပေါ့၊ အမမဖြူက ဒီလို ပစ္စည်းတွေကို မမက်မောပါဘူး၊ မင်းရဲ့ လက်ကောက်ကို ယူထားတာက မင်းကို စမ်းသပ်တာ ဖြစ်မှာပါ၊ လာ... လိုက်ခဲ့၊ မင်းက လူကောင်းတစ်ယောက်ပဲ"

ဟု ပြောသည်။

လီယန်ချူက လက်အုပ်ချီကာ

"ကျေးဇူးတင်ပါတယ် " ဟု ပြောလိုက်သည်။

ကောင်းရှောင်ဝမ်က လက်ယမ်းပြကာ ပြုံးလျက် လီယန်ချူကို ရွာအတွင်းပိုင်းသို့ ခေါ်သွားသည်။ ကောင်းပုရွာရှိ အိမ်များမှာ ရိုးရှင်းပြီး ရှေးကျလှသည်။

ကောင်းရှောင်ဝမ်က အိမ်တစ်အိမ်၏ ရှေ့သို့ ရောက်သောအခါ

"ဒီမှာ ခဏစောင့်၊ ငါ အထဲဝင်ပြီး အမမဖြူကို ပြောပြလိုက်မယ်"

ဟု ဆိုကာ ဝင်သွားသည်။

လီယန်ချူက ပြုံးလျက် ကျေးဇူးတင်လိုက်သည်။ နတ်သမီး၏ သတင်းအစအနကို ဤမျှ လွယ်လွယ်ကူကူ ရရှိလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ဤရွာတွင် နတ်သမီး အမှန်တကယ် ရှိနေသည်။ 'အမမဖြူ' လီယန်ချူ တွေးတောလိုက်မိသည်။

ယခင်က ရွာသားများကို မေးစဉ်က အားလုံးက မသိဘူးဟု ပြတ်ပြတ်သားသား ဖြေခဲ့ကြသော်လည်း အချို့မှာ သိသိသာသာကြီး ပြတ်သားနေသဖြင့် လီယန်ချူက မသင်္ကာ ဖြစ်ခဲ့ခြင်း ဖြစ်သည်။

'လူဟောင်းနဲ့ တွေ့ရတာ တကယ်ပဲ အလုပ်ဖြစ်တယ်၊ ကောင်းရှောင်ဝမ်ကတော့... ပေါင်းလို့ရတဲ့သူပဲ' လီယန်ချူ တွေးတောနေစဉ် ကောင်းရှောင်ဝမ် ပြန်ထွက်လာကာ တံခါးကို ဖွင့်ပြီး ပြုံးပြသည်။

"လီတာအိုဆရာ၊ ရပြီ... ဝင်ခဲ့တော့"

'ရွာက ကောင်မလေးတွေက တကယ်ပဲ ရိုးသားတာပဲ' လီယန်ချူ ကောင်းရှောင်ဝမ်၏ နောက်မှ လိုက်ဝင်သွားသည်။ အိမ်ထဲရှိ အပြင်အဆင်များကို ကြည့်လိုက်ရာ ခြံဝင်းထဲတွင် မြေကွက်လပ်ကို သေသေသပ်သပ် ညှိထားပြီး ဓားများ၊ လှံများလည်း ထားရှိထားသည်မှာ သိုင်းလေ့ကျင့်သည့် နေရာနှင့် တူနေသည်။

လီယန်ချူ မျက်ခုံးပင့်လိုက်မိသည်။

'ဒီနတ်သမီးက... သိုင်းသင်ရတာ ဝါသနာပါတာလား'

သူ သိပ်မဝေးသေးခင်မှာပင် အသက်ဓာတ် ပြည့်ဝနေသော အဖိုးအိုတစ်ဦး အိမ်ထဲမှ ထွက်လာသည်။ သူသည် အဝတ်ဖိနပ်ကို စီးထားပြီး ခါးတွင် အနက်ရောင် ခါးပတ်ကို ပတ်ထားသည်။ သူ၏ ဘေးတွင် ကြွက်သားများ ဖောင်းကားနေပြီး အသက်ရှူနှုန်း တည်ငြိမ်ကာ မျက်လုံးများ တောက်ပြောင်နေသော လူငယ် လေးငါးဦးလည်း ပါလာသည်။ ကြည့်ရသည်မှာ အလွန်ပင် ဖျတ်လတ်သန်မာလှသည်။

လီယန်ချူ မျက်ခုံးပင့်ကာ ကောင်းရှောင်ဝမ်ကို ကြည့်လိုက်သောအခါ သူမက အဖိုးအို၏ ဘေးသို့ ပြေးသွားပြီး လီယန်ချူကို မျက်နှာပြောင်ပြကာ

"လာလေ ဒါပဲ မင်းရဲ့ အမမဖြူဆိုတာ... သူ့ကို ပြောလိုက်ဦး "

လီယန်ချူ ခဏမျှ ကြောင်အသွားပြီးနောက် အဖြစ်မှန်ကို သိလိုက်သဖြင့် ရယ်မောလိုက်မိသည်။ ကောင်မလေးတစ်ယောက်၏ လှည့်စားခြင်းကို ခံလိုက်ရလိမ့်မည်ဟု မထင်ထားခဲ့ချေ။

"ဒါက ဘာသဘောလဲ" ဟု လီယန်ချူက မေးလိုက်သည်။

ကောင်းရှောင်ဝမ်က ခါးထောက်ကာ ဒေါသတကြီးဖြင့်

"မင်းလို ရုပ်ချောချောနဲ့ တာအိုဆရာက လူကောင်းမဟုတ်ဘူးဆိုတာ ငါသိတယ် ငါ့ကို လာပြီး အမမဖြူက အတတ်တွေ သင်ပေးတယ်လို့ လိမ်သေးတယ်... အမမဖြူက အခု ရွာထဲမှာ မရှိတာကို မင်းက ဘယ်သူ့ဆီမှာ သင်တာလဲ၊ ဘယ်သူ့ကို လာလိမ်နေတာလဲ "

သန်မာလှသော လူငယ်တစ်သိုက်က လီယန်ချူကို ဝိုင်းထားလိုက်ကြသည်။ ထို့နောက် နောက်ထပ် နှစ်ယောက်က တံခါးကို ပိတ်ကာ တုတ်ကြီးများကို ကိုင်လျက် အနားသို့ တိုးလာကြသည်။ လီယန်ချူ နားလည်သွားပြီ။ ဤကောင်မလေးက သူ့စကားကို လုံးဝ မယုံဘဲ လူသွားခေါ်ခြင်းသာ ဖြစ်သည်။ ဤအဖိုးအိုကို ကြည့်ရသည်မှာ သိုင်းဆရာတစ်ဦးနှင့် တူသည်။

လီယန်ချူက ခဏစဉ်းစားပြီးနောက်

"ငါ့မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး၊ ငါက ဒီရွာထဲမှာ လေမိုးခေါ်နိုင်တဲ့ နတ်သမီးအကြောင်းကိုပဲ သိချင်တာပါ"

ဟု ပြောလိုက်သည်။

အဖိုးအိုက ပြုံးလိုက်ပြီး "ရိုက်ကြစမ်း" ဟု အမိန့်ပေးလိုက်သည်။

လီယန်ချူ : ".............."

'တကယ်ပဲ... တောကျရွာကျ လူတွေက ရက်စက်ကြတာပဲ'

ဤလူငယ်များမှာ အမှန်တကယ်ပင် သိုင်းသင်ထားသူများ ဖြစ်သည်။ တစ်ယောက်က လီယန်ချူ၏ ခါးကို ခြေထောက်ဖြင့် လှမ်းကန်လိုက်ရာ လေတိုးသံပင် ထွက်ပေါ်လာသည်။ ဤကဲ့သို့သော အခြေခံအဆင့် တိုက်ပွဲများကို လီယန်ချူ မတိုက်ရသည်မှာ ကြာပြီဖြစ်သည်။ သို့သော် ယခုအခါတွင်မူ ကောင်းကောင်း မတိုက်နိုင်ပါက မြေပေါ်မှာ အနင်းခံရပြီး အရှက်ကွဲရတော့မည် ဖြစ်သည်။

သူက ခန္ဓာကိုယ်ကို လျင်မြန်စွာ တိမ်းရှောင်လိုက်ပြီး လက်တစ်ဖက်ဖြင့် ထိုလူငယ်၏ အားကို ဖယ်ထုတ်လိုက်သည်။ ထို့နောက် ခြေတစ်လှမ်း တိုးကာ ပုခုံးဖြင့် ရင်ဘတ်ကို တိုက်လိုက်ပြီး ခါးကို လှည့်ကာ ထိုလူငယ်ကို လှဲချလိုက်သည်။

လူတိုင်းမှာ အတွင်းအားများ မရှိဘဲ သိုင်းကွက်သက်သက်ဖြင့်သာ တိုက်ခိုက်နေကြခြင်း ဖြစ်သဖြင့် လီယန်ချူက ရွာထဲမှ သိုင်းဆရာကို ရှုံးနိမ့်မည် မဟုတ်ချေ။

ဤလက်ဦးမှုကြောင့် သိုင်းသင်နေသော လူငယ်များမှာ ခဏမျှ ကြောင်သွားသော်လည်း သူတို့က ချက်ချင်းပင် ဆက်လက် တိုက်ခိုက်ကြသည်။ သူတို့ထဲမှ တစ်ယောက် လဲသွားသော်လည်း ကျန်သူများက ဝံပုလွေများကဲ့သို့ ဝိုင်းအုံလာကြသည်။ သို့သော်လည်း ထင်မှတ်ထားသည့်အတိုင်း

ဘုန်း... ဘုန်း... ဘုန်း

အားလုံးမှာ လီယန်ချူ၏ လက်ထဲတွင် မြေပေါ်သို့ ပြန့်ကျဲကာ လဲကျကုန်ကြသည်။

"တော်သေးတာပေါ့... ငါက သိုင်းပညာ အနည်းငယ် တတ်ထားလို့"

ဟု လီယန်ချူက အေးဆေးစွာ ပြောလိုက်သည်။

သူသည် အဖိုးအို၏ ရှေ့သို့ သွားကာ မျက်လုံးချင်း ဆုံကြည့်လိုက်ရာ အဖိုးအိုက ရယ်မောလိုက်ပြီး

"သိုင်းပညာက တကယ်ကို ကောင်းတာပဲ... ငါက အသက်ကြီးပြီဆိုတော့ မင်းကို မယှဉ်နိုင်ပါဘူး၊ အဲဒီလိုကြီး ကြည့်မနေပါနဲ့" ဟု ဆိုသည်။

လီယန်ချူက ကောင်းရှောင်ဝမ်ကို လှည့်ကြည့်ကာ

"ငါ့မှာ တကယ် မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး၊ ငါက မင်းရဲ့ အမမဖြူကိုပဲ ကိစ္စအချို့ မေးချင်လို့ လာတာပါ"

ဟု ပြောသည်။

ကောင်းရှောင်ဝမ်မှာ မျက်နှာလေး ဖြူလျော့သွားသည်။ ထိုစဉ် ခြံဝင်းတံခါးမှာ ရုတ်တရက် ပွင့်သွားပြီး တံခါးမင်းတုပ် ကျသွားသည်။ လှပသော အမျိုးသမီးတစ်ဦး ပေါ်လာသည်။ သူမသည် ရိုးရှင်းသော အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ကျောတွင် ဆေးတောင်းတစ်လုံး လွယ်ထားသည်။

"မင်းက ငါ့ကို လာရှာတာလား"

ထိုအမျိုးသမီး၏ အသံမှာ နူးညံ့ပြီး တည်ငြိမ်လှသည်။

လီယန်ချူက လှည့်မကြည့်သေးဘဲ ဆံဖြူအဖိုးအိုကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။

"ထုံးမှုန့်တွေနဲ့ ပက်မယ့် အကွက်တွေကိုတော့ မလုပ်ပါနဲ့တော့... မဟုတ်ရင် မင်းရဲ့ လက်ကျန်ဘဝတစ်ဝက်ကို ခုတင်ပေါ်မှာပဲ ကုန်ဆုံးရလိမ့်မယ်လို့ ငါ စိုးရိမ်မိတယ်"

အဖိုးအို၏ လက်မှာ ခါးနားတွင် ရှိနေပြီး တစ်ခုခုကို ထုတ်ရန် ပြင်နေခြင်း ဖြစ်သည်။ လီယန်ချူ အမှန်ပင် ခန့်မှန်းနိုင်သည်။ သူသာ လှည့်ကြည့်လိုက်လျှင် ဤအဘိုးကြီးက ထုံးမှုန့်များဖြင့် ပက်မည်မှာ သေချာသည်။

'တကယ်ပဲ ဉာဏ်များတဲ့သူတွေပဲ'

"ဦးလေးကောင်း... စိုးရိမ်စရာ မလိုပါဘူး၊ ဒီတာအိုဆရာက လူဆိုး မဟုတ်ပါဘူး"

ဟု ထိုအမျိုးသမီးက တိုးတိုးလေး ပြောလိုက်သည်။

အဖိုးအိုကမှ သူ၏ လက်ကို ပြန်ထုတ်လိုက်သည်။ သို့သော် သူသည် ဤလူငယ်တာအိုဆရာကို ကြည့်ကာ အဘယ်ကြောင့် ဤမျှ လောကအတွေ့အကြုံများပြီး ပါးနပ်နေရသနည်းဟု တွေးတောနေမိသည်။

လီယန်ချူက နောက်သို့ အနည်းငယ် ဆုတ်ပြီးမှ တံခါးဝရှိ အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးကို လှည့်ကြည့်လိုက်သည်။ ထိုအမျိုးသမီး၏ မျက်နှာမှာ အလွန်ပင် လှပပြီး အရပ်ရှည်ကာ နတ်သမီးတစ်ပါးကဲ့သို့ ခန့်ညားလှသော်လည်း စိမ်းသက်ခြင်း မရှိဘဲ ရင်းနှီးဖော်ရွေသော ခံစားချက်ကို ပေးသည်။ လီယန်ချူ၏ ခေါင်းထဲတွင် အချက်အလက်အချို့ ပေါ်လာသည်။

'အသားဖြူဖြူ၊ ခြေတံရှည်ရှည်၊ လှလှပပ...'

ဤသည်မှာ သူ ရရှိထားသော ကောင်းပုရွာ၏ အချက်အလက်များပင် ဖြစ်သည်။

"မင်းက ကောင်းပုရွာက နတ်သမီးလား"

ဟု လီယန်ချူက မေးလိုက်သည်။

"နတ်သမီးလား" အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးက အသာအယာ ပြုံးကာ

"အဲဒီလိုပဲ ပြောလို့ရမှာပေါ့" ဟု ဆိုသည်။

လီယန်ချူသည် လောကရှိ အလှပဆုံး အမျိုးသမီးများစွာကို မြင်ဖူးသော်လည်း ဤအမျိုးသမီးကဲ့သို့ ထူးခြားသော အရှိန်အဝါမျိုးကို တစ်ခါမျှ မတွေ့ဖူးချေ။ သူမသည် နတ်သမီးတစ်ပါးကဲ့သို့ စင်ကြယ်သော်လည်း အသိပညာ ကြွယ်ဝပြီး တည်ငြိမ်သည့် အငွေ့အသက်များ ရှိနေသည်။

ကြည့်ရသည်မှာ နန်းတွင်းမှ ပညာတတ် အမျိုးသမီးကြီးတစ်ဦး သို့မဟုတ် စာပေနှင့် အနုပညာတွင် ကျွမ်းကျင်သော အမျိုးသမီးတစ်ဦးနှင့် တူလှသည်။ လီယန်ချူသည် သူမကို ကြည့်လိုက်သည်နှင့် 'မိသားစုပညာပေး'၊ 'ဆရာမ' စသည့် စကားလုံးများကို ပြေးမြင်မိသည်။

ထိုအမျိုးသမီးသည် လီယန်ချူကို ကြည့်နေပြီး လီယန်ချူက

"မင်းက ငါ့ကို အိပ်မက်ထဲမှာ လာကယ်ဖို့ ပြောခဲ့တာလေ"

ဟု ပြောရန် ပြင်လိုက်သော်လည်း စကားလုံးများမှာ လည်ချောင်းထဲမှာတင် ရပ်သွားသည်။

အစောပိုင်းက သူသည် အကူအညီတောင်းသော အသံတစ်ခုကိုသာ ကြားခဲ့ရခြင်း ဖြစ်သည်။ နောက်ပိုင်း ကျန်းနန်သို့ ကောင်းပုရွာ၏ သဲလွန်စကို လာရှာစဉ်မှသာ နတ်သမီးအကြောင်းကို သိခဲ့ရခြင်း ဖြစ်သဖြင့် ဤနတ်သမီးမှာ အကူအညီတောင်းသူ ဖြစ်မည်ဟု သူက အလိုအလျောက် သတ်မှတ်လိုက်ခြင်းသာ ဖြစ်သည်။ သို့သော် တကယ်တမ်းတွင်မူ ထိုသို့ မဟုတ်နိုင်ချေ။

လီယန်ချူက တိုးတိုးလေး ပြောလိုက်သည်။

"မင်းတို့အားလုံးက ဝိညာဉ်တွေလို့ ငါ ပြောလိုက်ရင် မင်းတို့က ငါ့ကို အရူးဆိုပြီး မောင်းထုတ်ကြမလား"

ကောင်းရှောင်ဝမ်က မျက်လုံးပြူးကာ လီယန်ချူကို ကြည့်ပြီး

"ဒီတာအိုဆရာက ရုပ်ကလေးကဖြင့် ချောပါရဲ့၊ ပါးစပ်ကတော့ လျှောက်ပြောနေတာပဲ " ဟု ရန်တွေ့သည်။

သို့သော် အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးက လက်ကို မြှောက်ကာ ကောင်းရှောင်ဝမ်ကို တားလိုက်သည်။

"တာအိုဆရာကို ဘယ်လို ခေါ်ရမလဲ"

သူမ၏ အမူအရာမှာ လီယန်ချူ၏ စကားကြောင့် အနည်းငယ်မျှပင် တုန်လှုပ်ခြင်း မရှိချေ။

"ငါ့နာမည် လီယန်ချူပါ"

အမျိုးသမီးက ပြုံးလိုက်ပြီး

"လီတာအိုဆရာပဲ၊ ကျွန်မနောက်ကို လိုက်ခဲ့ပါ" ဟု ဆိုသည်။

ကောင်းရှောင်ဝမ်က ဘေးမှနေ၍

"အမမဖြူ... ဒီတာအိုဆရာက လျှောက်ပြောနေတာ၊ လူကောင်း မဟုတ်ဘူး၊ ပြီးတော့ ရုပ်ချောတဲ့ အမျိုးသားတွေက ယုံလို့မရဘူး " ဟု ပြောသည်။

အမျိုးသမီးက ပြုံးကာ "လျှောက်မပြောနဲ့" ဟု ဆိုပြီး လှည့်ထွက်သွားသည်။

ကောင်းရှောင်ဝမ်က လီယန်ချူကို မျက်စောင်းထိုးပြရာ လီယန်ချူကလည်း သူမကို ပြန်၍ မျက်စောင်းထိုးလိုက်သည်။

ယခင်က ကောင်းရှောင်ဝမ်ကို တွေ့စဉ်က ဇာတ်ကရင်း အော်ဟစ်နေခဲ့ပြီး ဝိညာဉ်အဖြစ် အဖမ်းခံရစဉ်ကလည်း ငိုယိုနေခဲ့သော်လည်း ယခုအခါတွင်မူ ဤမျှ ဆိုးသွမ်းလိမ့်မည်ဟု မထင်ထားခဲ့ချေ။

All Chapters